← Chapters

အခန်း ၁၁၁

Vol. 9 Ch. 111

အခန်း ၁၁၁

Vol. 9 Ch. 111

စုချန်ယန်မှာ အခြားသူတွေ သူမဆီ ယူလာတဲ့ အန္တရာယ်ကို ဂရုမစိုက်ပေမယ့် အပေးအယူလုပ်ရတာကို သဘောကျတတ်တဲ့သူ မဟုတ်ပါချေ။

ဆုံးဖြတ်ချက်ချပြီးတဲ့နောက် သူမက ချီဖုနဲ့ ရှန်ဖုကို အရင်ကြည့်လိုက်သည်။

အချိန်တွေအကြာကြီး ကုန်ဆုံးခဲ့တာကြောင့် တစ်ယောက်ကို တစ်ယောက် နားလည်နေကြပြီဖြစ်သည်။ ဒါကြောင့် စုချန်ယန် သူတို့ကို ကြည့်လာတဲ့အခါ သူတို့နှစ်ယောက်က တိတ်ဆိတ် နားလည်မှုအပြည့်နဲ့ သူမကို ပြုံးပြလိုက်ကြသည်။

စုချန်ယန်က သူတို့ကို ပြုံးပြပြီး လက်ထောက် ဒါရိုက်တာကို ကြည့်ကာ ပြောလိုက်သည်။ "စုန့်ရွှယ်နဲ့ အစ်မဟယ်ရှုကို ရွေးပါမယ်"

ထျန်းရုန်ရဲ့ကိုယ်က လှုပ်ရှားသွားကာ ဟန်စုန့်ရွှယ်ကတော့ ဝမ်းသာသွားသည်။

အံ့သြစရာကောင်းတာက သူတို့နှစ်ယောက်ကလွဲပြီး ဒီမှာ ရှိနေတဲ့လူတိုင်း ဒီရွေးချယ်မှုကို ဘယ်သူမှ မအံ့ဩကြပေ။

စကားပြောပြီးတော့ စုချန်ယန်က ဖြူစင်တဲ့မျက်နှာနဲ့ ထျန်းရုန် ကိုကြည့်ကာ ပြောလိုက်သည်။ "Miss ထျန်း၊ ရှင်က ဒေသခံဆိုတော့ တောင်ပေါ်က မြေပြင်အနေအထားကို ရင်းနှီးမယ်ထင်တယ်။ ကျေးဇူးပြုပြီး ချီဖုနဲ့ ရှန်ဖုကို ခေါ်သွားပေးပါဦး"

ထျန်းရုန်မှာ အံတင်းတင်းကြိတ်လိုက်ပြီး ဣန္ဒြေမပျောက်စေဖို့စိတ်ရှည်သည်းခံမှုအားလုံးကို သုံးလိုက်သည်။ သူမက အတင်းပြုံးလိုက်ပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့"

သူမရဲ့မျက်နှာက ကြည့်မကောင်းဖြစ်နေကြောင်း စုချန်ယန် မြင်နေရပေမယ့် ဒါနဲ့ပတ်သက်ပြီး သူမဘာမှမခံစားရပေ။

ထျန်းရုန်က ဒီ variety show မှာပါဖို့ ရွေးခဲ့တာကြောင့်၊ သူမ ဒီနေရာကိုလာတာက ပြဿနာတောင်းခံနေတယ်ဆိုတာ အစကတည်းက သူမကြိုသိထားသင့်သည်။

စုချန်ယန်က လူကိုရွေးရာမှာ အရမ်းခိုင်မာပေမယ့် သူမ ကေဘယ်ကားပေါ်တက်ခါနီးတွင် လင်းယွီရဲ့တုံ့ပြန်မှုကိုမြင်ချင်တဲ့အတွက်သူ့ဘက်ကို မသိစိတ်က လှည့်ကြည့်လိုက်သည်။

ဒါပေမယ့် စုချန်ယန် လှည့်ကြည့်လိုက်တော့ သူမကို တလျှောက်လုံး စောင့်ကြည့်နေသလို နက်နဲတဲ့ မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။

လင်းယွီမှာ စုချန်ယန် ရုတ်တရက် လှည့်ကြည့်လာမယ်လို့ မမျှော်လင့်ထားဘဲ သူ့အမူအရာက နည်းနည်း အံ့အားသင့်သွားကာ နှုတ်ခမ်းကွေးကာပြုံးပြလိုက်သည်။

သူ့တုံ့ပြန်မှုကိုမြင်တော့ စုချန်ယန်က သက်သာရာရသွားသလို သက်ပြင်းတစ်ချက်ချလိုက်သည်။

စုချန်ယန်ရဲ့ ကေဘယ်ကားနဲ့ အခြားသူ တွေမှာ အနောက်တွင် ရှိနေသည်။ မိုးပျံတောင်ကြားကို ဖြတ်ကျော်သွားတဲ့အခါ ဟန်စုန့်ရွှယ်က စိတ်လှုပ်ရှားစွာနဲ့ အော်လာတော့ စုန့်မင်ကန်က ခေါင်းလှည့်ကာ တစ်ခုခုပြောလိုက်ပြီး နှစ်ယောက်သား စကားများရန်ဖြစ်ကြတော့သည်။

သူတို့သည် ရန်ဖြစ်တာက မစိမ်းသက်နေဘဲ တခြားသူတွေလည်း ကျင့်သားရနေကြပြီဖြစ်သည်။

စုချန်ယန်က အမြင့်ကို နည်းနည်းကြောက်ပေမယ့် မနေနိုင်ဘဲ အောက်ဘက်ကို သိချင်စိတ်နဲ့ ကြည့်လိုက်သည်။

ကေဘယ်လ်ကားအောက်တွင် မီတာများစွာလောက် ခြောက်သွေ့နေတဲ့ မြစ်ကြမ်းပြင်က စုချန်ယန်ကို မူးဝေသွားစေတာကြောင့် သူမ ခေါင်းကို အမြန်မော့လိုက်သည်။

"ချန်ယန်!"

ရှောင်လုက ရုတ်တရက် အနောက်ကနေအော်‌ ခေါ်လာသည်။

စုချန်ယန် အနောက်ကိုလှည့်ကြည့်လိုက်သည်။

ရှောင်လုနဲ့ လင်းယွီတို့ရဲ့ ကေဘယ်ကားက သူမတို့နောက်မှာ ရှိနေသည်။

“ပြုံးမယ်”

ရှောင်လုကဖုန်းကို ထုတ်ကာ ဓာတ်ပုံနည်းနည်း ရိုက်လိုက်သည်။

စုချန်ယန်က ကျန်းရှစ်ချီလက်မောင်းကို ပုတ်လိုက်ပြီး ဓာတ်ပုံရိုက်ဖို့ လက်ဟန်ပြလိုက်သည်။

ကျန်းရှစ်ချီက လှည့်လာပြီး ကင်မရာဆီ အောင်ပွဲခံတဲ့ အမူအရာလုပ်လိုက်သည်။

ရှောင်လုက သူမရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကျေနပ်နေပြီး လင်းယွီကို ပြလိုက်ကာ အတူတူဝေမျှလိုက်သည်။

"ညီမ ဓာတ်ပုံကောင်းကောင်းရိုက်ခဲ့တယ် ဟုတ်!"

လင်းယွီက ရှောင်လု ဖုန်းထဲရှိ ဓာတ်ပုံတွေကို မှုန်ကုပ်ကုပ်နဲ့ငုံ့ကြည့်နေသည်။

ဓာတ်ပုံထဲတွင် လေက ကောင်မလေးရဲ့ ဆံပင်ကို တိုက်ခတ်လာတုန်းမှာ ကောင်မလေးရဲ့မျက်နှာတွင် သိမ်မွေ့ပြီး ပူပင်ကြောင့်ကြမဲ့တဲ့ အပြုံးလေးပေါ်လာသည်။

ခဏလောက်ကြည့်ပြီးတော့ သူက ရုတ်တရက် ခေါင်းညိတ်ပြလာပြီး “အင်း လှတယ်”

လင်းယွီရဲ့ တုံ့ပြန်မှုကြောင့် ရှောင်လုမှာ သူ့ဆီကနေ ဘာမှပြန်မပြောတာကို မျှော်လင့်ထားခဲ့တာကြောင့် အံ့အားသင့်သွားသည်။

သူမက အသက်ပြင်းပြင်းရှူလိုက်ကာ သတိထားပြီး မေးလာသည်။ “ဝမ်းကွဲအစ်ကို၊ အစ်ကို မဆိုလို…”

လင်းယွီက သူမကို ဖျတ်ခနဲ တစ်ချက်ကြည့်လာပြီး ရှောင်လုလည်း ဆက်မပြောတော့ပေ။

အရင်က လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး ရှောင်လုရဲ့ စိတ်ထဲတွင် ရုတ်တရက် ရဲရင့်တဲ့ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာသည်။

သူမရဲ့ဝမ်းကွဲအစ်ကိုက… ချန်ယန်ကို သဘောကျသွားတာများလား?

ရှောင်လုက ဖုန်းကို အဝေးပို့လိုက်ပြီး ခဏလောက် တုန့်ဆိုင်းနေကာ မဝံ့မရဲနဲ့ မေးလာသည်။ "ဝမ်းကွဲအစ်ကို၊ အစ်ကိုအရင်တုန်းက ချန်ယန်ကို ချိန်းတွေ့ရာမှာ မတားဘူးလို့ ပြောခဲ့တယ်လေ၊ အဲ့ဒါက အမှန်ပဲလား?"

လင်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး "အမ်း"

ရှောင်လုက ချောင်းဟန့်လိုက်ပြီး “အင်း… ညီမမှာ စစ်သား သူငယ်ချင်းတစ်ယောက်ရှိတယ် အခုတော့ အရာရှိတစ်ယောက်ပေါ့။ အရင်တုန်းက သူက ချန်ယန်ကိုတွေ့ချင်လို့ ညီမကိုဆက်သွယ်လာတယ်။ သူအရည်အချင်းရှိပြီး သင့်တင့်လျောက်ပတ်သလို ချန်ယန်ကိုလည်း တော်တော် သဘောကျတဲ့ပုံပဲ။ အစ်ကိုစိတ်မရှိရင် ချန်ယန်ရဲ့ဖုန်းနံပါတ်ကို သူ့ဆီပေးလိုက်လို့ရမလား?

လင်းယွီမှာ မျက်နှာပေါ်တွင် ခံစားချက်တစ်စုံတစ်ရာမပြဘဲ ငြိမ်သက်စွာနဲ့ သူမကိုကြည့်နေသည်။

ရှောင်လုမှာ သူ့ရဲ့ ထုတ်ဖော်မပြတတ်တဲ့ မျက်နှာကို အကြောက်ဆုံးဖြစ်သည်။ သူမမိဘတွေကို မကြောက်ဘဲ ဝမ်းကွဲအစ်ကိုပဲ ကြောက်တာက ထူးဆန်းသည်။

လင်းယွီရဲ့အကြည့်က ရှောင်လုကို စိတ်မသက်မသာဖြစ်စေပေမယ့် သူ့သဘောထားကို အရမ်းသိချင်နေတဲ့အတွက် သတ္တမွေးပြီး ပြောလိုက်တာဖြစ်သည်။

ခဏအကြာ လင်းယွီက အကြည့်ကိုရုတ်လိုက်ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။

စုချန်ယန်က ကျန်းရှစ်ချီနဲ့ စကားပြောနေသည်။

"ကုမ္ပဏီက မင်းကို လက်မှတ်ထိုးခိုင်းတဲ့ စာချုပ်ကို ဖတ်ပြီးပြီလား?"

ရှောင်လုက သူဘာလို့ ဒီအကြောင်း ပြောလာလဲဆိုတာ မသိဘဲ ကြောင်သွားသည်။ သူမက “ဟင့်အင်း၊ အစ်ကိုလက်မှတ်ထိုးခိုင်းလို့ ထိုးလိုက်တာပဲ။ အစ်ကိုက ညီမရဲ့ တစ်ဝမ်းကွဲဘဲလေ ဘယ်လိုလုပ် ညီမကိုဒုက္ခဖြစ်စေမှာလဲ?"

လင်းယွီက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး “မထူးဆန်းတော့ပါဘူး၊ အနုပညာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရှောင်တခင် ထုတ်ဖော်ခွင့်ကို တားမြစ်ထားတဲ့ စာပိုဒ်တစ်ခု စာချုပ်မှာပါတယ်၊ မဟုတ်ရင် ဥပဒေအရ တာဝန်ယူရမယ်"

ရှောင်လု - “…”

“အစ်ကို!”

သူမစကားပြောနေတုန်း ကေဘယ်ကားက ရုံဆီ တဖြည်းဖြည်း ချဉ်းကပ်လာသည်။

စုချန်ယန် ကေဘယ်ကားပေါ်ကဆင်းပြီး သက်ကယ်ကြိုးကို ဖြည်လိုက်တဲ့အချိန် ကြိုးပေါ်က မတော်တဆ တက်နင်းမိကာချော်လဲပြီး နောက်ပြန်ပြုတ်ကျသွားသည်။ ကံကောင်းထောက်မစွာနဲ့ သူမကိုယ်သူမ ဟန်ချက်ညီဖို့ ကေဘယ်ကား လက်ကိုင်ကို ချက်ချင်းဖမ်းကိုင်လိုက်သည်။

လင်းယွီက သူမနောက်ကျောကို စေ့စေ့ကြည့်ရင်း သူမရဲ့လှုပ်ရှားမှုတွေက သူ့ရင်ထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားစေကာသူ့ရဲ့မျက်ခုံးတွေကလည်း မသိလိုက်ဘာသာနဲ့ တွန့်ချိုးသွားသည်။

သူမဘာလို့ဒီလောက်ဂရုမစိုက်ရတာလဲ? ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ?

လင်းယွီက ခေါင်းကိုလှည့်လိုက်ပေမယ့် သူ့အကြည့်ကတော့ စုချန်ယန်ဆီကနေ မလွတ်သွားပေ။

"လုယင်း နောက်ကျ တောင်ပေါ်ရောက်တဲ့အခါကျရင် စုချန်ယန်ကို စောင့်ကြည့်ထား။ သူ့ကို ပြုတ်မကျစေနဲ့"

ရှောင်လုက အံ့အားသင့်သွားပြီး သူ့ကို မယုံသင်္ကာသလို ကြည့်လိုက်သည်။

လင်းယွီရဲ့ အကြည့်တွေက စုချန်ယန်ဆီမှာဘဲ ကော်နဲ့ကပ်ထားသလို မြဲမြံနေသည်။

အဲ့ဒီအချိန် ကေဘယ်ကားကရုံဆီ ရောက်လာသည်။ လင်းယွီက သက်ကယ်ကြိုးကို ဖြည်လိုက်ပြီး သူမရဲ့ တုံ့ပြန်မှုကို မစောင့်တော့ဘဲ စုချန်ယန်နောက်ဆီလိုက်သွားသည်။

ရှောင်လုမှာ ကေဘယ်ကားပေါ်မှာထိုင်ရင်း သူ့ဝမ်းကွဲအစ်ကိုရဲ့ အလျင်လိုနေတဲ့ နောက်ကျောကိုကြည့်ကာ စိတ်ရှုပ်သွားရသည်။

သူက ချန်ယန်ကို ကြိုက်နေတာလား၊ မကြိုက်နေတာလား?

ကေဘယ်ကားပေါ်ကနေ ဆင်းလာတော့ စုချန်ယန်မှာ တောင်ပေါ်ကရှုခင်းတွေဆီကနေ ဆွဲဆောင်ခံလိုက်ရသည်။

နှစ်ဘက်စလုံးတွင် စိမ်းလန်းစိုပြေ နေတဲ့ သစ်ပင်ကြီးတွေ၊ ကောင်း‌ကောင်းမွန်မွန် တည်ဆောက်ထားတဲ့ ဖျော်ဖြေရေး အဆောက်အအုံတွေနဲ့ ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိတဲ့ ကျောက်တုံးအချို့တွေ ရှိနေသဖြင့် အဲ့ဒါတွေက လူလုပ်ထာစတာလား သို့မဟုတ် သဘာဝအတိုင်းလားဆိုတာ သူမ မသိပေ။

"ချန်ယန်၊ ငါ့ကို ဓာတ်ပုံနည်းနည်းရိုက်ပေးပါဦး" ဟန်စုန့်ရွှယ်က အရှေ့ကနေ ပြန်ပြေးလာပြီး စုချန်ယန်ဆီ သူမရဲ့ဖုန်းကိုထိုး ပေးကာ လူမျက်နှာပုံသဏ္ဍာန်ရှိတဲ့ ကျောက်တုံးကြီးဆီ ပြေးသွားလိုက်သည်။

စုချန်ယန်က သူမအတွက် ဓာတ်ပုံနည်းနည်းရိုက်ပေးလိုက်ပြီးတော့ နောက်တစ်နေရာသွားဖို့ မရပ်မနား အပူကပ်ခံလိုက်ရသည်။

ချီဖုနဲ့ ကျန်နှစ်‌ယောက်က တောင်ပေါ်ကိုခြေလျင်တက်ရတာကြောင့် အနည်းဆုံး နာရီဝက်ခန့်ကြာ‌လောက်သည်။ ဒီနာရီဝက်အတွင်းမှာတော့ ပရိုဂရမ်အဖွဲ့က သူတို့ကို တောင်ပေါ်မှာ စိတ်ကြိုက်လည်ပတ်ခွင့်ပေးလိုက်သည်။

"ရှောင်ယို့ငါတို့ကို ဓာတ်ပုံရိုက်‌ ပေးလို့ရမလား?" ဟန်စုန့်ရွှယ်က အနောက်နားက သိပ်မဝေးတဲ့ချင်ယို့ကို လက်ယမ်းပြကာ စုချန်ယန်ကို အနောက်ဘက် ကခြောက်သွေ့တဲ့ မြစ်ကြမ်းပြင်ကို ကြည့်ဖို့ လုပ်ထားတဲ့ ပလက်ဖောင်းက လက်ရန်းအစွန်းဆီ ဆွဲလိုက်သည်။

ချင်ယို့က ပြေးလာပြီးဟန်စုန့်ရွှယ်ရဲ့ ဖုန်းကို ယူလိုက်သည်။

ဟန်စုန့်ရွှယ်က စုချန်ယန် ပခုံးကို မှီကာ တောက်ပစွာ ပြုံးလိုက်သည်။ သူတို့နောက်ရှိ လက်ရန်းက မမြင့်‌ပေ၊ စုချန်ယန်က သတိမထားမိဘဲ ပြုတ်ကျသွားမှာစိုးတဲ့အတွက် ဟန်စုန့်ရွှယ်ရဲ့ခါးကိုကိုင်လိုက်ပြီး ကင်မရာကိုကြည့်ကာ ပြုံးပြလိုက်သည်။

"ပြီးပြီလား?"

"အင်း! ရိုက်ပြီးပြီ!”

ဟန်စုန့်ရွှယ်က သူမအနောက်က လူတွေကို လက်ဝှေ့ယမ်းပြီး အော်ပြောလိုက်သည်။ "အစ်မဟယ်ရှု၊ ကျန်းရှစ်ချီ၊ စုန့်မင်ကန် ဒီကို မြန်မြန်လာ ဓာတ်ပုံအတူတူရိုက်ကြမယ်!"

အဲ့ဒီအချိန် လင်းယွီနဲ့ရှောင်လုတို့ က မှီလာသည်။ ဟန်စုန့်ရွှယ်က သူမရဲ့ဖုန်းကို ရှောင်လုဆီ ပေးလိုက်ပြီး "ရှောင်လု ငါတို့အတွက် ဓာတ်ပုံရိုက်ပေးပါဦး"

“ဒါပေါ့" ရှောင်လုက ဝမ်းသာအားရနဲ့ ဖုန်းကိုယူကာ သူတို့ကိုစုချန်ယန် အနားမှာ ရပ်ခိုင်းလိုက်သည်။

ရှောင်လုက သူတို့အတွက် အဖွဲ့လိုက်ဓာတ်ပုံနည်းနည်းလောက်ရိုက်ပေးလို့ပြီးတော့ လင်းယွီဆီ လှည့်ကာ ဖုန်းပေးလိုက်ပြီး "ညီမတို့လည်း ဓာတ်ပုံနှစ်ပုံလောက်ရိုက်လိုက်မယ်၊ အစ်ကိုက ညီမတို့အတွက် ဓာတ်ပုံရိုက်ပေး"

လင်းယွီက ခေါင်းညိတ်ပြီး ဖုန်းကိုယူလိုက်သည်။

ရှောင်လုက စုချန်ယန်ဘေးကို ပြေးသွားလိုက်ပြီး သူတို့နဲ့ အဖွဲ့လိုက် ဓာတ်ပုံ နည်းနည်းရိုက်လိုက်သည်။

"မစ္စတာလင်း ရှင်ရော ဘာလို့ ဓာတ်ပုံမရိုက်တာလဲ?"ဟန်စုန့်ရွှယ်က မေးလိုက်သည်။

လင်းယွီက ဖုန်းကို သူမဆီပြန်ပေးလိုက်ပြီးခေါင်းခါကာ ပြောလိုက်သည်။ “မလိုပါဘူး”

ရှောင်လုက အကြံတစ်ခုရသွားပြီး "ဟုတ်တယ် ဘော့စ်လင်း၊ ဘာလို့ ချန်ယန်နဲ့အတူ ဓာတ်ပုံ မရိုက်ရမှာလဲ?"

ဒီတစ်ကြိမ်မှာတော့ လင်းယွီက ချက်ချင်း မငြင်းလာပေ။ သူက စုချန်ယန်ကိုကြည့်လိုက်ပြီး သူမရဲ့ တုံ့ပြန်မှုကို စောင့်နေသည်။

စုချန်ယန်က ခဏလောက် အံ့အားသင့်သွားသည်။ သူမမှာ ငြင်းစရာအကြောင်းမရှိတာ အမှန်ပဲဆို‌တော့ နှုတ်ဆိတ်နေလိုက်သည်။

ဒါကိုမြင်တော့ ရှောင်လုက လင်းယွီရဲ့ အနောက်ဘက်ကို သွားလိုက်ပြီး သူ့ကိုအနောက်ကနေ စုချန်ယန်ဆီ တွန်းလိုက်ကာ ပြောလိုက်သည်။ "ဘော့စ်လင်း၊ ဒါက ခရီးသွားနေတယ်လို့ သတ်မှတ်ပြီး ဘာလို့ နည်းနည်းလောက် အနားမယူလိုက်လဲ?"

လင်းယွီက စုချန်ယန်ဘေးမှာရပ်ကာ သူမကို ကြည့်လိုက်သည်။

စုချန်ယန်က သူ့ကို ပြုံးပြသည်။

လင်းယွီ သက်ပြင်းတစ်ချက်ချလိုက်ပြီး စုချန်ယန်နားကပ်လိုက်ကာ သူမရဲ့နောက်ဘက်က လက်ရန်းပေါ် လက်တစ်ဖက်တင်လိုက်ပြီး ရှောင်လုလက်ထဲက ကင်မရာကို ကြည့်လိုက်သည်။

စုချန်ယန်က မတ်မတ်ရပ်‌နေပြီး ရှောင်လုနံပါတ်ရေတာနောက်ဆုံးစက္ကန့် ရောက်တဲ့အခါ ရှက်ပြုံးဖျော့ဖျော့လေး ပေါ်လာသည်။

နာရီဝက်လောက် ဓာတ်ပုံရိုက်ပြီးတဲ့ နောက်မှာတော့ ချီဖုနဲ့ကျန်တဲ့လူတွေ တောင်ပေါ်ကို ရောက်လာသည်။

ထျန်းရုန်မှာ အရင်က တောင်ပေါ်ကို တစ်ခါမှမတက်ခဲ့ဖူးပေ။ အပူရှိန်ကြောင့် မျက်နှာကာထားတာကို ချွတ်ထားပြီး သူမရဲ့ပါးပြင်တွေက နီရဲနေကာ သူမရဲ့ ကိုယ်ဟန်အနေအထားက အနည်းငယ် တုန်ယင်နေသည်။

ကျန်းရှစ်ချီ သူမကို ရေဘူးတစ်ဘူး ပေးလိုက်တော့ ထျန်းရုန်က ဘာအမူအရာမှမပြဘဲ ရေဘူးကိုယူလိုက်သည်။

All Chapters