အခန်း ၁၁၄
Vol. 9 Ch. 114
အခန်းထဲကလူတွေက စုချန်ယန်အကြောင်းကို နည်းနည်းသိသည်။ အွန်လိုင်းပေါ်တွင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရ ပေမယ့် သူမက အမြဲလိုလို ရယ်မောနေတတ်ကာ ဒီလိုအမူအရာမျိုးအရင်က တစ်ခါမှ မပြဖူးပေ။
ဟန်စုန့်ရွှယ်က နည်းနည်း ရှုပ်ထွေးသွားပေမယ့် စုချန်ယန်ရဲ့ အမူအရာက အဆင်မပြေဖြစ်နေတာကို မြင်လိုက်ရတဲ့အတွက် သူမရဲ့ ပန်းကန်ကို ရတနာတစ်ခု လက်ဆောင်ပေးလိုက်သလိုမျိုး ပေးလိုက်ကာ "စိတ်မဆိုးပါနဲ့၊ ဒီမှာ နင့်အတွက် ငါအခွံခွာထားတဲ့ ကဏန်းနဲ့ ကျောက်ပုဇွန်တွေရှိတယ်"
လူတိုင်း - “…”
နင်ဟာလေ လုံးဝကို အဓိပ္ပါယ်မရှိနေဘူး။
ထျန်းရုန်လည်း ပုလင်းကိုကိုင်ရင်း နေရာမှာဘဲခဏလောက် အေးခဲသွားသည်။ ဒီလိုမျိုး မမျှော်လင့်ထားရလောက်တဲ့ စုချန်ယန်ရဲ့ တုံ့ပြန်မှုကို သူမ မထင်ထားခဲ့သလို အခန်းထဲက တခြားသူတွေကလည်း ထူးထူးခြားခြား ပြုမူနေကြသည်။
ပုံမှန်အခြေအနေမှာဆို သူဆို့က သူမကို တားပြီး အရင်နှစ်သိမ့်ပေးသင့်တာမဟုတ်ဘူးလား? သူတို့အားလုံးက ဘာလို့ စုချန်ယန်ကိုပဲ အာရုံစိုက်နေကြတာလဲ?
စုချန်ယန်က နွေးထွေးမှုတွေမရှိတဲ့ အကြည့်တွေနဲ့ သူမကို ကြည့်လာကာ တည့်တိုးဘဲ ပြောလာသည်။ "နင့်ရဲ့ တောင်းပန်မှုကို ငါလက်မခံသလို နင့်အတွက် ငါ့ရဲ့အချိန်တွေကိုလည်း မဖြုန်းချင်ဘူး။ ကျေးဇူးပြုပြီး နောင်မှာ ဒီလို ပျင်းစရာကောင်းတဲ့ ကိစ္စတွေကို မလုပ်ပါနဲ့”
စုချန်ယန်မှာ ဒီလို ရန်လိုတတ်တဲ့ ပုံစံနဲ့ ပြောခဲတဲ့အတွက် လူတိုင်းက ဘာတုံ့ပြန်မှုမှမရှိဘဲ သူမကို အံ့အားသင့်စွာ ကြည့်နေကြသည်။
စုချန်ယန်မှာ သူမနဲ့ စကားပြောရင်း အချိန်မဖြုန်းချင်တော့တဲ့အတွက် တစ်ဖက်လှည့်ကာ ဟန်စုန့်ရွှယ် တစ်ညလုံး အခွံခွါထားတဲ့ သူမစားဖို့ အခွင့်အရေးမရခဲ့တဲ့ ကဏန်းနဲ့ ကျောက်ပုဇွန်တွေကို သူမဘာသာသူမ ယူကာ စစားတော့သည်။
အဲ့ဒီအချိန်မှာ ထျန်းရုန်ရဲ့ အခြေအနေကလည်း အရမ်းအဆင်မပြေဖြစ်လာသည်။
သို့ပေမယ့် အံ့အားသင့်စရာကောင်းစွာနဲ့ ဖျန်ဖြေသူအဖြစ် ပါလေ့ရှိတဲ့ ချီဖု အပါအဝင် လက်ရှိ ရှိနေကြတဲ့လူအားလုံးက တိတ်ဆိတ်မှုကို ချိုးဖျက်ဖို့ စကားမပြောကြပေ။
ကျန်းရှစ်ချီက ထျန်းရုန်ကို ရှုပ်ထွေးတဲ့အမူအရာနဲ့ကြည့်နေပေမယ့် အဆုံးမှာတော့ ဘာမှပြန်မပြောဘဲ ခေါင်းငုံ့လိုက်သည်။
"ချန်ယန် နင့်ရဲ့လက်!" ဟန်စုန့်ရွှယ်က ရုတ်တရက် သူမဘေးကနေ ထိတ်လန့်တကြားအော်လိုက်သည်။
စုချန်ယန်လည်း သူမရဲ့တူကိုင်ထားတဲ့ လက်ချောင်းထိပ်ကနေစူးရှတဲ့ ခံစားချက်ကို ရုတ်တရက် ရလိုက်သည်။
ဖန်ကွဲစလေးကြောင့် သူမရဲ့ လက်ချောင်းပေါ်က ပြတ်ရှရာအသေးလေးကို ခေါင်းငုံ့ကြည့်လိုက်တော့ သွေးတွေထွက်နေပြီး တူကနေစီးကျနေကာ ပန်းကန်လုံးထဲစီးကျနေကာ အထဲက အရသာရှိတဲ့ အစားအသောက်တွေမှာ စွန်းထင်းသွားသည်။
အဲ့ဒိအချိန် စုချန်ယန်မှာ ယကွဲလွဲတဲ့ခံစားချက်တွေနဲ့ ရှုပ်ထွေးမှုလှိုင်းလုံးကို ခံစားလိုက်ရသည်။ သူမရဲ့လက်ချောင်းတွေက နာကျင်ကိုက်ခဲမှုကြောင့် အစာစားချင်စိတ် လျော့ပါးသွားကာ ခံတွင်းပျက်သွားခြင်းတို့ကြောင့် ရေဖွင့်ချလိုက်သလို မတားမစီးနိုင်စွာ မျက်ရည်တွေ စီးကျလာသည်။
သူမရဲ့ မျက်လုံးတွေက အလျင်အမြန်နီရဲလာကာ ခေါင်းငုံ့ထားတော့မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ လက်ဖမိုးပေါ်ကျလာသည်။
မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရစွာ တစ်စက်ပြီးတစ်စက် စီးကျလာသည်။
စုချန်ယန်မှာ တုန်လှုပ်သွားပြီး သူမရဲ့လက်ချောင်း တွေကသွေးတွေကို သုတ်ဖို့တစ်ရှုးလှမ်းယူလိုက်သည်။
တစ်ချိန်ထဲမှာဘဲ လင်းယွီက သူမဘေးမှာ ပေါ်လာကာ သူမရဲ့လက်ကို တစ်ရှူးနဲ့ ကိုင်လိုက်ပြီး မျက်လုံးထဲတွင် စိုးရိမ်နေတြဲ အရိပ်အယောင်တွေနဲ့အတူ ပြောလာသည်။ "အရင်ဆုံး ပိုးသတ်ကြရအောင်"
စုချန်ယန်က နှုတ်ခမ်းမဲ့လိုက်ပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့ သူ့ကို ကြည့်ကာ "ဒါပေမယ့် ကျွန်မ စားလို့မပြီးသေးဘူး"
သူမဆီ ဘာတွေ လာမယ်မှန်း မသိပေမယ့် အပြင်မှာ နှိပ်စက်ညှဉ်းပန်းခံရပြီး အိမ်ပြန်ရောက်လာတဲ့ ခွေးကလေးလို ပိုင်ရှင်ဖြစ်သူက ခေါင်းကို ပုတ်ကာ စကားအနည်းငယ်နဲ့ နှစ်သိမ့်ပေးမယ်လို့ မျှော်လင့်နေသလိုမျိုး ခံစားလိုက်ရသည်။
ဒါပေမယ့် သူမကတော့ မှားရွေးလိုက်မိတဲ့ပုံပင်။ လင်းယွီက သူမစကားကိုကြားတော့ သူ့အမူအရာက နည်းနည်းမည်းမှောင်လာကာ မေးလိုက်သည်။ “နာလား?"
စုချန်ယန်က သူ့ကို စိုစွတ်နေတဲ့ မျက်လုံးတွေနဲ့ကြည့်ကာ ခဏလောက်တုံ့ဆိုင်းသွားပြီး ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်သည်။ "နည်းနည်း"
သူမက ပြောလို့ပြီးသွားတော့ ထပ်ပြောလာသည်။ "ဒါပေမယ့် ခံနိုင်ပါတယ်"
ဆိုလိုချင်တာကတော့ နာတာကို ခံနိုင်ရည်ရှိပေမယ့် ဗိုက်ဆာတာကိုတော့ မခံနိုင်ဘူးလို့ ဆိုချင်တာပင်။
လင်းယွီက သူမကို ရယ်လိုက်ပြီး ထိုင်ခုံပေါ်ကနေ နည်းနည်းဆွဲလိုက်ကာ "မင်းဒဏ်ရာကို အရင်ဆေးထည့်ဖို့ ခေါ်သွားပေးမယ်"
စုချန်ယန်မှာ နည်းနည်း မပျော်မရွှင်ဖြစ်နေပုံရပေမယ့် ဘာမှမပြောရဲဘဲ ထိုင်ခုံကနေထရပ်ကာ သူ့လှုပ်ရှားမှုနောက်ကို လိုက်လိုက်သည်။
လင်းယွီရဲ့ လက်ဖဝါးမှာ နွေးထွေးနေပြီး သူ့ရဲ့လက်ငါးချောင်းက သူမရဲ့လက်ကောက်ဝတ်ကို အလွယ်တကူဆွဲကာ အပြင်ကို ဆွဲခေါ်သွားသည်။
ဖြစ်စဉ်တစ်ခုလုံးကို လူတိုင်းက တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူတို့ကိုကြည့်နေကြသည်။
ထျန်းရုန်မှာ သိပ်မဝေးတဲ့နေရာမှာ ရပ်ကာ သူတို့ နှစ်ယောက်ကို ထိတ်လန့်စွာနဲ့ ကြည့်နေသည်။
သူတို့ သူမကိုဖြတ်သွားတဲအချိန် သူမလက်ထဲက ပုလင်းကို မသိစိတ်က ဆုပ်ကိုင်မိလိုက်တော့ လက်ဖဝါးမှာ အနည်းငယ် နာကျင်လာသည်။ သူမခေါင်းငုံ့ကာ ကြည့်လိုက်တော့ ညာဘက်လက်တစ်ဖက်တွင် ပြတ်ရှရာတစ်ခု ရှိနေမှန်း သိလိုက်ပြီး သွေးတွေစီးကျလာပေမယ့် ဘယ်သူကမှ သတိမပြုမိပေ။
ဖြတ်သွားတဲ့ လူနှစ်ယောက်ကို ထျန်းရုန်ဆက်ကြည့်လိုက်ပေမယ့် မမျှော်လင့်ထားစွာနဲ့ တစ်ဖက်လူရဲ့ အေးစက်စက်အကြည့်နဲ့ ဆုံသွားသည်။
တစ်ဖက်လူရဲ့ နက်နဲတဲ့ မျက်ခုံးနဲ့ မျက်လုံးတွေဟာ ကြင်နာတတ်ပုံပေါက်ကာ အများအားဖြင့် အမြဲတမ်း အပြုံးမျက်နှာရှိသည်။ သို့ပေမယ့် အခုတော့ သူ့မျက်လုံးထဲက တစ်ခုတည်းသော အရာမှာ အဆုံးမရှိတဲ့အေးစက်ခြင်းတွေပင်။
ထျန်းရုန်မှာ ရေခဲလှိုဏ်ဂူထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး တုန်လှုပ် ခြောက်ခြားသွားရသည်။ သူမ အမှတ်တမဲ့ နောက်ကို ခြေတစ်လှမ်းဆုတ်ကာ အမြန် အကြည့်လွှဲလိုက်သည်။
“Missထျန်း၊ မင်းရဲ့အပြုအမူက ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရအောင် လုပ်တယ်လို့ သံသယရှိတယ်၊ ထပ်ပြောရရင်...."
သူမကိုဖြတ်သွားတုန်းမှာ လင်းယွီက ပေါ့ပေါ့ပါးပါး နောက်ထပ်စာကြောင်းတစ်ကြောင်းပြောလာသည်။
“…ကြွေထည်ပစ္စည်းကို ထိတာက တရားမဝင်ဘူး၊ ကျေးဇူးပြုပြီး လေးစားမှုရှိပါ"
သူ့စကားကြားလိုက်ရတာနဲ့ ထျန်းရုန်ရဲ့ မျက်နှာက ချက်ချင်း အရောင်ပျောက်သွားကာ သူမရဲ့လက်ဖဝါးက နာကျင်မှုဟာလည်း ပိုပြင်းထန်လာကာ လက်ချောင်းတွေကိုပင် ကွေးမိသွားသည်။ ဝိုင်ပုလင်းက သူမလက်ထဲကနေ ချော်ထွက်သွားပြီး မြေကြီးပေါ်တွင် အပိုင်းပိုင်းအစစကွဲသွားသည်။
စုချန်ယန်ကို လင်းယွီက ငှက်ကုလားအုတ်တစ်ကောင်ကို ကြိုးနဲ့ဆွဲသွားသလိုမျိုး အပြင်ကိုခေါ်ထုတ်သွားသည်။
သူက ဟိုတယ်ဝန်ထမ်းကို ဆေးသေတ္တာတောင်းလိုက်ပြီး လှေကားထစ်ကနေ အပြင်ဘက်ကို ခေါ်သွားသည်။
ညလေနုလေအေးက အေးမြနေပြီး သူတို့ရဲ့အဝတ်တွေထဲ စိမ့်ဝင်လာသလို ခံစားရသည်။
သူမရဲ့ ဒဏ်ရာက နာကျင်မှုမှာ လက်ကောက်ဝတ်က နွေးထွေးမှုဖြင့် ဖုံးလွှမ်းနေသည်။ စုချန်ယန်မှာ လင်းယွီ ကိုင်ထားတဲ့ လက်ကို ကြည့်လိုက်သည်။ သူမရဲ့နှလုံးခုန်သံမှာဒရမ်တစ်ခုလိုမျိုး သူမရဲ့ နားထဲတွင် ပဲ့တင်ထပ်နေသည်။
သူမ ဘာလုပ်သင့်လဲ....
သူမမှာ အမှန်တကယ်ကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးလုနီးပါးနေသည်။
ဒါပေမယ့် ဒါက မဖြစ်နိုင်ဘူး။
သူမနဲ့ လင်းယွီက မတူညီတဲ့ကမ္ဘာနှစ်ခုက လူတွေပင်။
သူမရဲ့ အိပ်မက်က သတ်မှတ်ထားတဲ့ အဆင့်မှာဘဲ ရပ်သွားပေမယ့် လင်းယွီကတော့ မတူပါချေ။ သူက ဆက်တက်ဖို့ ရည်မှန်းထားသည်။ စုချန်ယန်အတွက် သူ့ကို အမီလိုက်နိုင်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့ အရာဖြစ်ပြီး သူမ ဘယ်တော့မှ မလုပ်နိုင်ဘူးဆိုတာလည်း သိသည်။
ဒါပေမယ့် သူမဘာလုပ်သင့်လဲ…
ဒီအခိုက်အတန့်မှာ သူ့မရဲစိတ်ထဲမှာ လင်းယွီနဲ့ပဲ ပြည့်နှက်နေသည်။
အကယ်၍ သူမသာ အချိန်မီ မရပ်လိုက်ရင် သူသိသွားပါက စုချန်ယန်မှာ ချက်ချင်း စွန့်ပစ်ခံလိုက်ရမည်ဖြစ်သည်။
သူမ ဘာလုပ်သင့်လဲ?
တစ်နေ့နေ့မှာလင်းယွီက သူမကို ရွံရှာသလို ကြည့်လာမယ်ဆိုတဲ့ အတွေးက စုချန်ယန်ကို တုန်လှုပ်စေသည်။
လမ်းတစ်လျှောက်တွင် လင်းယွီက ဘာစကားမှမပြောသလို အနောက်လည်း လှည့်မကြည့်လာပေ။
သူက စုချန်ယန်ကို လွတ်နေတဲ့ လှေကားထစ်တစ်ခုဆီ ခေါ်သွားပြီး သူမကိုကုလားထိုင်ပေါ် ဖိချလိုက်တာကသူမကို တုန်လှုပ်စေသည်။
စုချန်ယန် အံ့အားသင့်သွားတဲ့အခိုက်အတန့်မှာ အပေါ်ဝတ်တစ်ထည်က သူမရဲ့ပခုံးထက်မှာ ပေါ့ပေါ့ပါးပါး နေရာယူသွားပြီး ထူးဆန်းပေမယ့် မွှေးပျံ့တဲ့ရနံ့တစ်ခုက သူမကို လွှမ်းခြုံထားသည်။
စုချန်ယန်က ကြောင်တက်တက်နဲ့ ခေါင်းမော့ကြည့်လိုက်တော့ အနက်ရောင် ရှပ်အင်္ကျီဝတ်ထားတဲ့ လင်းယုက သူမအရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ရှိနေတာကို တွေ့လိုက်ရသည်။ သူရဲ့လက်ချောင်းရှည်တွေက ဆေးသေတ္တာကိုဖွင့်လိုက်ပြီး အိုင်အိုဒင်းနှင့် ဂွမ်းစတွေကို ယူလိုက်သည်။ နောက်တော့ စုချန်ယန်ကို မော့ကြည့်လာသည်။
မျက်လုံးချင်းဆုံမိတဲ့အခိုက်မှာ စုချန်ယန်က ခေါင်းငုံ့လိုက်ပြီး အမှားတစ်ခုခုလုပ်မိတဲ့ ကလေးတစ်ယောက်လိုမျိုး အကြည့်ကို ရှောင်လိုက်သည်။
လင်းယွီမှာ မနေနိုင်ဘဲ ရယ်လိုက်ပြီး သူ့ဘေးကခုံတန်းလျားပေါ် ပစ္စည်းတွေကို ချထားလိုက်သည်။ "ဘာကိုကြောက်နေတာလဲ? ဒေါသထွက်နေတာ မဟုတ်ဘူးလား?"
စုချန်ယန် မကြောက်ပေ၊ သူမမှာ အပြစ်ရှိသည်။
သူမက ရေရွတ်လာသည်။ “ကျွန်မ သူ့ကို စိတ်ဆိုးတာ၊ ရှင့်ကိုမဟုတ်ဘူး”
လင်းယွီက ငြိမ်သက်နေပြီး သူမရဲ့ ဒဏ်ရာရနေတဲ့ လက်ချောင်းကို ဒူးပေါ်တင်ကာ အိုင်အိုဒင်းနည်းနည်း လိမ်းဖို့ဝါဂွမ်းတံကို သုံးကာ ပြောလာသည်။ "နည်းနည်းနာလိမ့်ပေမယ့် သည်းခံလိုက်ပါ"
ခဏရပ်သွားပြီး သူကထပ်ပြောလိုက်သည်။ “ဒါက ကြီးကြီးမားမားတော့ မဟုတ်ဘူးမလား? မင်း ဒါကို ကိုင်တွယ်နိုင်ပါတယ်"
စုချန်ယန် - "...."
လင်းယွီက လူတွေကို နင်အောင်လုပ်တဲ့နေရာမှာ အရမ်း တော်တယ်ဆိုတာ သူမ သဘောပေါက်သွားသည်။
အခုအချိန်မှာတော့ ကောင်းကင်ကြီးဟာ လုံးဝကို မှောင်မိုက်နေပြီး သူတို့အပေါ်မှာ ခပ်မှိန်မှိန် အဝါရောင် မီးလုံးတစ်လုံးကို ချိတ်ဆွဲထားသည်။
လင်းယွီက ခေါင်းငုံ့ကာ သူမရဲ့ ဒဏ်ရာကို သေသေချာချာဆေးကြောပေးနေကာ စုချန်ယန်ကတော့ သူ့ရဲ့ အလေးအနက်နဲ့ အမူအရာကို အနီးကပ်ကြည့်နေသည်။
လင်းယွီက စကားလုံးတိုင်း ချောမောတဲ့သူဖြစ်ပြီး၊ဒီဘဝ ဒါမှမဟုတ် အရင်နှစ်ခုထဲတွင် သူမမြင်ဖူးသမျှထဲ အချောဆုံးဖြစ်သည်။
သူ့ရဲ့နက်နဲတဲ့မျက်လုံးတွေက နူးညံ့သိမ်မွေ့တဲ့အပြုံး နောက်မှာအမြဲလိုက်ပါလာပေမယ့် အခုတော့ ခက်ခဲတဲ့ပြဿနာတစ်ခုကို ရင်ဆိုင်နေရတဲ့ လူတစ်ယောက်ရဲ့အမူအရာလိုမျိုးမျက်ခုံးတွေက တွန့်ချိုးနေသည်။
ဒဏ်ရာကိုဆေးကြောသန့်စင်ပြီးတော့ သွေးစိမ်းတွေ တစ်ဖန်ပြန်ထွက်လာသည်။ သူက နည်းနည်းကိုင်းလိုက်ပြီး ဒဏ်ရာကို ညင်သာစွာ မှုတ်ပေးပြီး မော့ကြည့်လာကာ မေးလာသည်။ "နာလား?"
အဝါရောင်အလင်းတန်းတွေက သူ့မျက်နှာမှာ နည်းနည်းတောက်ပနေကာ သူ့အသွင်အပြင်ရဲ့ ပြတ်သားတဲ့လိုင်းတွေက ထင်းကနဲပေါ်လွင်နေပြီး သူ့မျက်လုံးထဲက ရွှေရောင်ဖျော့ဖျော့တွေက ညှို့ယူဖမ်းစားနေသည်။
စုချန်ယန်ရဲ့ ရင်ထဲမှာ တင်းကျပ်လာပြီး မသိစိတ်က လက်ချောင်းတွေကို လှုပ်လိုက်မိသည်။
စုချန်ယန်က နာသွားတယ်လို့ သူထင်သွားတဲ့အတွက်လှုပ်ရှားမှုတွေကို ပိုပြီး ညင်သာလိုက်သည်။
စုချန်ယန်မှာ သူ့ကို စေ့စေ့ကြည့်ကာ သူမခေါင်းထဲမှာ မကြုံစဖူး အတွေးတစ်ခု ဝင်လာသည်။
လင်းယွီသာ ဆန္ဒရှိရင် သူ့အနားမှာ ရပ်တည်ဖို့ သူမကြိုးစားရဲတဲ့ သတ္တိများရှိလားလို့ တွေးလိုက်မိသည်။
ဒီရုတ်တရက်အတွေးက စုချန်ယန်ကိုထိတ်လန့်သွားစေသည်။
အဲ့ဒီအတွေးက သူမစိတ်ထဲကနေ မထုတ်ခင် ခဏလောက်သာ ရှိခဲ့သည်။
သူမရဲ့ စိတ်ကူးက ရဲတင်းလွန်းတယ်လို့ ခံစားမိလိုက်သည်။