အခန်း ၁၁၅
Vol. 9 Ch. 115
လင်းယွီက သူမရဲ့ဒဏ်ရာကို သေချာဆေးကြောသန့်စင်ကာ ပတ်တီးစည်းပေးပြီး သတိပေးလိုက်သည်။ “နောက်နှစ်ရက်လောက်လက်ကို ရေမစိုစေနဲ့”
စုချန်ယန်က နာခံစွာနဲ့ ခေါင်းညိတ်ပြပြီး ပြောခဲ့သည်။ "အခုစားဖို့ ပြန်သွားလို့ရပြီလား?"
လင်းယွီက သူမကိုကြည့်ကာ "မရဘူး'
စုချန်ယန် မျက်နှာ ပျက်သွားခဲ့သည်။
"ဘာစားချင်လဲ? လုယင်းကို ယူလာခိုင်းပြီး ဒီမှာစားမယ်” သူပြောလိုက်သည်။
စုချန်ယန်ရဲ့မျက်လုံးတွေကတောက်ပလာကာ အထူးသဖြင့် သူမရဲ့ ပါးပြင်တွေက နည်းနည်းနီမြန်း နေပြီး ချစ်ဖို့ကောင်းလှသည်။ "ကျွန်မအတွက် အမဲသားခေါက်ဆွဲတစ်ပန်းကန်၊ အသားနှစ်တုံးနဲ့ စားချင်တယ်!"
လင်းယွီမှာ သူမရဲ့ ကြောင်တောင်တောင် အမူအရာကြောင့် မထိန်းနိုင်ဘဲ ရယ်လိုက်သည်။ သူ့ မသိစိတ်ကနေ သူမခေါင်းကို ထိဖို့ လက်လှမ်းလိုက်ပေမယ့် လက်က တစ်ဝက်တစ်ပျက် ရောက်သွားတော့ စုချန်ယန်က သူ့ကို ရှောင်လိုက်သလို ခေါင်းငုံ့လိုက်တာကို တွေ့လိုက်ရသည်။
လင်းယွီရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်သွားပြီး သူ့အမှားကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူကလှည့်ပြီး စုချန်ယန်ကို ခြုံထားပေးတဲ့ အင်္ကျီအိတ်ကပ်ထဲက သူ့ဖုန်းကို ထုတ်လိုက်ကာ ရှောင်လုကို ဖုန်းခေါ်ဖို့ မလှမ်းမကမ်းဆီ သွားလိုက်သည်။
စုချန်ယန်က လင်းယွီရဲ့ နောက်ဆက်တွဲ အပြုအမူကို မြင်ပြီး အရှက်လွန်သွားတဲ့ သူမကိုယ်သူမ စိတ်ထဲမှာ ကြိမ်းမောင်းလိုက်သည်။ ခုနတုန်းက လင်းယွီမှာ သူမခေါင်းကိုထိဖို့ လုပ်လိုက်တယ်လို့ ထင်လိုက်တဲ့အတွက် ရုတ်တရက် သူမအကြည့်ကို လွှဲလိုက်တာဖြစ်သည်။ ဒါပေမယ့် ဒါကသူမ အတွေးလွန်နေခဲ့တာပင်။ လင်းယွီက သူ့ဖုန်းကို ယူချင်ရုံပဲ!
ခဏအကြာ လင်းယွီက ဖုန်းပြောလို့ပြီးတော့ စုချန်ယန်ဆီပြန်ရောက်လာသည်။
စုချန်ယန်က သူ့အင်္ကျီကို ပြန်ပေးလိုက်ချင်ပေမယ့် လင်းယွီ က သူမကို တားလိုက်သည်။ “အပြင်မှာ အေးတယ်၊ ဆက်ဝတ်ထား"
"ရှင်ကရော?"
"မအေးဘူး"
စုချန်ယန် သူ့ကို မျက်တောင်ခတ်လိုက်ပြီး အအေးမမိအောင် အထဲမှာ သွားစားဖို့ အကြံပေးချင်လိုက်သည်။
ဒါပေမယ့် အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် သူမပြန်မပေးလိုက်ပေ။
ရှောင်လု ခေါက်ဆွဲလာပို့ဖို့ စောင့်နေတဲ့အချိန်မှာလင်းယွီက သူမနဲ့အတူ စားပွဲမှာ ထိုင်နေသည်။
စုချန်ယန်က ခုနတုန်းက အဖြစ်အပျက်ကို သတိရသွားပြီးအတော်ကြာ တုံ့ဆိုင်းနေပြီးမှ မေးလာသည်။ “ထျန်းရုန်ရဲ့ အခြေအနေကရော ဘယ်လိုလဲ?ဒါက ဟန်စုန့်ရွှယ်နဲ့ တခြားသူတွေနဲ့ ဘာမှမဆိုင်ပေမယ့် နေရာမှာ ဝန်ထမ်းတွေလည်း ရှိနေသေးတာ။ ဒီလိုထွက်လာတာထွက်လာရင် ဆိုးကျိုးတွေ မရှိနိုင်ဘူးလား?"
လင်းယွီက သာမာန်ကာလျှံကာပြောလာသည်။ "မင်း အမှားလုပ်ခဲ့လို့လား?"
စုချန်ယန်က သူ့ကို သံသယဝင်သလို ကြည့်လိုက်ပြီး သူ ရွဲ့နေတာလား ဒါမှမဟုတ် လေးလေးနက်နက် မေးတာလား မခွဲခြားနိုင်တာကြောင့် ပြန်မေးလိုက်သည်။ "ဒါဆို ကျွန်မ... အမှားလုပ်ခဲ့တာလား မလုပ်ခဲ့ဘူးလားဟင်?"
လင်းယွီ - “…”
လင်းယွီက ခဏလောက် ရပ်သွားပြီး မေးခွန်းကို ကွဲကွဲပြားပြားဖြေဖို့ ဆုံးဖြတ်လိုက်သည်။ "မင်းအမှားလုပ်ခဲ့တယ်လို့ မင်းထင်လား?"
စုချန်ယန်က ရိုးရိုးသားသားနဲ့ ခေါင်းညိတ်ပြီး ဖြေခဲ့သည်။ "မထင်ဘူး"
"မင်းက ဘာအမှားမှ မလုပ်ခဲ့တဲ့အတွက် ပြဿနာပေါ်လာတဲ့အခါ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို ဘာလို့ စိုးရိမ်နေမှာလဲ? စိုးရိမ်သင့်တဲ့သူက Miss ထျန်းရုန်ပဲ ဖြစ်သင့်တယ်” လင်းယွီက ခေါင်းညိတ်လိုက်သည်။
ထျန်းရုန်ကို ပြောလာတဲ့အခါမှာတော့ လင်းယွီရဲ့အမူအရာမှာ မရှင်းမလင်းနဲ့ မပျော်မရွှင်ဖြစ်လာသည်။
သူ့အမူအရာကိုမြင်တော့ စုချန်ယန်က သူ့မှာ အစီအစဉ်ရှိတယ်ထင်သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "မန်နေဂျာလင်းက ဘာလုပ်ဖို့ စီစဉ်ထားတာလဲ?"
လင်းယွီက သူမကို လှမ်းကြည့်လိုက်ပြီး “အခုက အလုပ်လုပ်ရမယ့် အချိန်မဟုတ်ဘူး"
စုချန်ယန်က ခဏလောက် အံ့ဩသွားပြီး သူမရဲ့စကားကို အမြန်ပြောင်းလိုက်သည်။ "အစ်ကိုလင်းက ဘာလုပ်ဖို့စီစဉ်ထားတာလဲ?"
လင်းယွီကမသိမသာ ခေါင်းငုံ့လိုက်ပြီး အမှုမထားသလို ပြောလာသည်။ "သူက သူ့ကိုယ့်သူ အရှက်ရဖို့ လုပ်နေတာ မဟုတ်ဘူးလား? သူလိုချင်တာကိုသာ ပေးလိုက်"
"ကျွန်မတို့က ဒါကို ဘယ်လိုလုပ်မှာလဲ?"
“ပထမအပိုင်းနှစ်ပိုင်းကို ထုတ်လွှင့်လို့ပြီးတော့ ပရိသတ်တွေက ဧည့်သည်ကိုးဦးကို အတိုင်းအတာတစ်ခုအထိ နားလည်သွားပြီ။ မင်းရဲ့ အကြီးမားဆုံး လက္ခဏာက တကယ်တော့ ရိုးရှင်းပြီး....."
လင်းယွီက ဆက်မပြောခင် ခဏရပ်လိုက်ပြီး "ရိုးရှင်းတာ၊ ဒါမှမဟုတ် တစ်နည်းပြောရရင် တုံးတာ"
စုချန်ယန် - “…”
“အဲဒါကို ပြန်ပြောစေချင်လား?"
လင်းယွီက ပြုံးလိုက်ပြီး “တကယ်တော့ ဒါက လူ့သဘောကို နားမလည်တဲ့ တုံးအတာမျိုးပါ။ တစ်ယောက်ချင်းစီရဲ့ ချို့ယွင်းချက်တွေကို ပရိသတ်က သိသိသာသာကို လက်ခံထားတယ်။ ဒီအခြေအနေမှာ၊ Miss ထျန်းရုန်ကို ငြင်းပယ်ခဲ့တဲ့ မင်းရဲ့ အပြုအမူက မင်းရဲ့ တကယ့်သဘာဝပဲလေ။ Miss ထျန်းရုန်ရဲ့ လက်ရှိအခြေအနေက မကောင်းဘူး၊ အထူးသဖြင့် သူ့ရဲ့ကျော်ကြားမှုပေါ့။ Miss ထျန်းရုန်က ပရိုဂရမ်အဖွဲ့ထဲကို ဝင်လာတာက ပရိုဂရမ်ကိုသုံးပြီး သူ့ကိုယ်သူ ဆေးကြောဖို့ ကြိုးစားနေတာပဲ။ အစီအစဉ် ထုတ်လွှင့်ပြီးနောက်မှာတော့ သူ့ရဲ့ အခြေအနေက ပရိသတ်အတွက် ရယ်စရာဖြစ်နေမှာပဲ"
လင်းယွီရဲ့စကားကိုကြားပြီးတော့ စုချန်ယန် အံ့ဩသွားသည်။
လင်းယွီက ဆက်ပြီး “ဒီည ဖြစ်ပျက်ခဲ့တဲ့ သတင်းကို ဘယ်သူမှ မဖြန့်ခဲ့ရင်တောင် ပြန့်သွားမှာ အသေအချာဘဲ။ သူကမင်းကို နာကျင်စေခဲ့လို့ အဲဒီအတွက် အဖိုးအခပေးသင့်တယ်"
လင်းယွီက ဒီလိုကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြတ်ပြတ်သားသား ဆုံးဖြတ်လေ့ရှိတာကို စုချန်ယန်အမြဲတမ်းသိထားပေမယ့် သူ့စကားကိုကြားပြီးတော့ သူမရင်ထဲ မနေနိုင်ဘဲ သက်ပြင်းရှိုက်လိုက်မိသည်။
လင်းယွီက ပြဿနာတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ရုံသာမက ရက်စက်လွန်းလှသည်။
ထျန်းရုန်ရဲ့ လက်ရှိအခြေအနေက မရေရာနေပြီဖြစ်သည်။ သူမအနေနဲ့ ကျော်ကြားမှုတွေ မရှိတော့ရင် ဖျော်ဖြေရေးနယ်ပယ်မှာ အနုပညာအလုပ်တွေကို လုပ်ဖို့ အခွင့်အလမ်းမရှိတော့ဘူးလို့ ဆိုလိုတာပင်။
ဒါပေမယ့် စုချန်ယန် ကတော့ သနားစရာလို့ မထင်သလို လင်းယွီရဲ့ ကိုင်တွယ်ပုံကိုလည်း မကြောက်ခဲ့ပါချေ။
လင်းယွီက သူမကို တလျှောက်လုံး ကူညီနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို၊ သူမဘက်ကလည်း လင်းယွီကို အမှန်တကယ် ယုံကြည်တာကြောင့်ဖြစ်မည် သူမကြောက်သလို မခံစားရပါချေ။
လင်းယွီက သူမရဲ့ အံ့အားသင့်နေတဲ့ အမူအရာကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "ကိုယ့်ရဲ့ ချဉ်းကပ်မှုက အကြင်နာမဲ့လွန်းတယ်လို့ ထင်လား?"
စုချန်ယန်က ခေါင်းခါပြီး ငြင်းလိုက်ချင်သည်။
သို့ပေမယ့် သူမမဖြေခင် လင်းယွီက ထပ်ပြောလာသည်။
"မကြောက်ပါနဲ့ ကိုယ် မင်းကို ဒီလိုဘယ်တော့မှဆက်ဆံမှာမဟုတ်ဘူး"
သူ့ရဲ့မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့မှုတွေ ဖြတ်သွားကာ စုချန်ယန်ရဲ့ရင်ထဲကို တည့်တည့်ကြည့်လိုက်သည်။
သူဘာလို့ သူမကို ရှင်းပြလာသလဲဆိုတာ သူမ မသိသလို စိတ်ချက်လက်ချဖြစ်အောင် စကားကို သူဘာလို့ပြောလဲဆိုတာ သူမ မသိပါချေ။
သူ့စကားတွေကြောင့် သူမရဲ့နှလုံးခုန်နှုန်းမှာ မတည်မငြိမ်ဖြစ်လာကာ လင်းယွီနဲ့ပတ်သက်တဲ့ ဘယ်ခံစားချက်ကိုမဆို သူမထိန်းချုပ်နိုင်တော့မည် မဟုတ်ကြောင်း စုချန်ယန်သိလိုက်ရသည်။
ကြယ်တွေ ကျိုးတို့ကျဲတဲနဲ့ လသာတဲ့ညမှာ တောင်ထိပ်ကိုဖြတ်တိုက်လာတဲ့ အေးမြတဲ့လေနုလေအေးနဲ့အတူ လူသူကင်းမဲ့ နေတဲ့လှေကားထစ်က နူးညံ့တောက်ပတဲ့အဝါရောင်အလင်းတန်း အောက်မှာ စုချန်ယန်ရဲ့နှလုံးသားက တားထားတဲ့ စည်းတစ်ခုကို ဖြတ်ကျော်သွားသည်။
လင်းယုရဲ့ ဘေးကင်းတဲ့အကွာအဝေးကို သူမ ဖြတ်ခဲ့တာမဟုတ်ဘဲ သူမရဲ့ကိုယ်ပိုင်ဘေးကင်းတဲ့အကွာအဝေးကို ဖြတ်ကျော်ခဲ့တာဖြစ်သည်။
ကံကောင်းထောက်မစွာနဲ့၊ သူမကိုယ်တိုင်သာ ဝေဒနာကို ခံစားခဲ့ရသည်။ ဒီအကြောင်းကို လင်းယွီ ဘယ်သောအခါမှ သိရမည်မဟုတ်သလို သူမရဲ့ အတွေးတွေကြောင့် လင်းယွီကို ဒုက္ခမပေးနိုင်ပါချေ။
ဒါက မယုံနိုင်လောက်အောင် လှပတဲ့ညမှာ စုချန်ယန်ကိုယ်တိုင် ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တဲ့ လုံးဝတားမြစ်ချက်တစ်ခုဖြစ်သည်။
လင်းယွီရဲ့သိမ်မွေ့တဲ့ အကြည့်ကို ရင်ဆိုင်ရင်း စုချန်ယန်က ပြုံးလိုက်ပြီး သဘာဝအတိုင်း အကြည့်လွှဲလိုက်သည်။
“အစ်ကိုလင်း၊ ကျွန်မ ရှင့်ကို ဘယ်တော့မှ မထိခိုက်စေရပါဘူး" စုချန်ယန်က ပြောလာသည်။
ရှောင်လု သူတို့နှစ်ယောက်ကို မြင်တဲ့အခါ စုချန်ယန်နဲ့ လင်းယွီတို့က တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောနေကြပြီး လေထုကလည်း အတော်လေးကို ကောင်းမွန်နေတဲ့ပုံပင်။
ရှောင်လု သူတို့ကို အဝေးကနေ မြင်လိုက်ရတော့ ပြုံးပြီး အစားအသောက်တွေကို ဘေးမှာထားလိုက်ကာ ဖုန်းနဲ့ ဓာတ်ပုံနှစ်ပုံရိုက်လိုက်သည်။
မကြာခင်မှာပဲ စုချန်ယန်က သူမအနောက်က ခြေသံကိုကြားလိုက်ပြီး ရှောင်လုက သူတို့ဆီ အစားအသောက်တွေ ယူလာတာကို တွေ့လိုက်ရသည်။
ရှောင်လုက သူ့ရှေ့မှာ အမဲသားခေါက်ဆွဲကို ချလိုက်ပြီး မေးလိုက်သည်။ "ချန်ယန် နင့်လက် ဘယ်လိုလဲ?"
စောစောက ဖြစ်ပျက်ခဲ့တာတွေကို တွေးရင်း စုချန်ယန်မှာ နည်းနည်း ရှက်ရွံ့သွားသလို ခံစားလိုက်ရပြီး ရိုက်ကူးရေး ပြီးသွားတာကိုဘဲ ကျေးဇူးတင်ရမည်။ မဟုတ်ရင် သူမ ပြောမပြတတ်အောင် ရှက်ရလိမ့်မည်။
သူမက ခေါင်းယမ်းပြီး ပြောလိုက်သည်။ “ငါ အဆင်ပြေပါတယ်၊ ဒါပေမယ့် ငါ့ရဲ့စိတ်တွေကတော့ ခဏတာလောက် ပိုကောင်းလာတယ်။ ငါသူတို့ကို လှန့်လိုက်မိလား?"
ရှောင်လု - "နင်အခုထိ သူတို့ကို မသိသေးဘူးလား? သူတို့က ဂရုမစိုက်သလို မေ့ထားကြတာ။ ဒီညမှာ ဘယ်လိုပျော်ရမလဲဆိုတာ သူတို့စီစဉ်ထားပြီးသား”
စုချန်ယန်က သက်ပြင်းတစ်ချက်ချရင်း ချီတုံချတုံနဲ့ မေးလိုက်သည်။ "ထျန်းရုန်..."
"သူလား..." ရှောင်လုက ပေါ့ပေါ့ပါးပါး ညည်းလိုက်ပြီး "သူ မျက်နှာပျက်သလို ခံစားလိုက်ရတာကြောင့်ဖြစ်မယ် ဘာမှပြန်မပြောဘဲ သူ့အခန်းထဲ ပြန်ဝင်သွားတယ်”
စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်ရဲ့ အကြည့်အောက်မှာ သူမရဲ့ တူတွေကို ကောက်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ စားလိုက်သည်။
စုချန်ယန် ဖြည်းဖြည်းချင်း စားရတဲ့အကြောင်းမှာ သူမရဲ့ပုံရိပ်ကောင်းဖို့အတွက် မဟုတ်ဘဲ ဒဏ်ရာက သူမရဲ့လက်ညိုးပေါ်မှာရှိနေတော့ နည်းနည်းများများလှုပ်ရှားမှုက နာကျင်စေသည်။
ရှောင်လုက ထျန်းရုန်ကိုတစ်ဖက်မှာ အကြိမ်အနည်းငယ်လောက် ကျိန်ဆဲလိုက်ပြီး လင်းယွီကတော့ သူတို့နှစ်ယောက်လုံးကို ပြုံးကြည့်နေသည်။
ခေါက်ဆွဲတစ်ပန်းကန် ပြီးတာနဲ့ စုချန်ယန်ရဲ့ အုံ့မှိုင်းနေတဲ့ စိတ်အခြေအနေကလည်း သူမရဲ့ ဗိုက်ပြည့်တာနဲ့ အတူ ပျောက်ကွယ်သွားတော့သည်။
သူမက ဟင်းရည်ကိုတစ်ငုံသောက်လိုက်ပြီး ကျေနပ်စွာနဲ့ သက်ပြင်းကိုချလိုက်ပြီး လှေကားထစ်အောက်ကနေ တစ်ယောက်ယောက်ခေါ်သံကို ကြားလိုက်ရသည်။
စုချန်ယန်က လက်ရန်းဆီပြေးသွားပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။
ဟန်စုန့်ရွှယ်က အောက်ထပ်မှာ ရပ်နေကာ သူမကို လက်ယမ်းပြီး "စုချန်ယန်၊ သွားလည်ရအောင်!"
ကျန်းရှစ်ချီနဲ့ အခြားသူများလည်း သူမဘေးတွင် ရပ်နေကာ အားလုံးက သူမကို ကြည့်နေကြသည်။
"ငါ့ကိုခဏစောင့်!" စုချန်ယန်လည်း သူတို့ကို လက်ယမ်းပြပြီးတော့ ထမင်းစား စားပွဲဆီပြန်လာကာ သူ့ရဲ့ အင်္ကျီကို လင်းယွီဆီ ပြန်ပေးလိုက်ပြီး ပြောလိုက်သည်။ "အစ်ကိုလင်း၊ ကျွန်မ သူတို့နဲ့ ခဏလောက် လိုက်လည်ချင်တယ်"
သူမ စကားပြောနေတဲ့ပုံက လူကြီးတစ်ယောက်ကို သကြားလုံးတောင်းနေတဲ့ ကလေးတစ်ယောက်လိုမျိုး သူမရဲ့မျက်လုံးတွေက တောက်ပနေသည်။
လင်းယွီက သူမလက်ထဲက အင်္ကျီကိုယူလိုက်ကာ သူမရဲ့ရိုးသားတဲ့အကြည့်အောက်မှာ ခေါင်းညိတ်ပြလိုက်ပြီး နည်းနည်း သတိပေးလိုက်သည်။ "တောင်ပေါ်မှာလေထန်နေတော့ ပြန်လာတဲ့အခါကျရင် ဂျက်ကပ်တစ်ထည်ဝတ်ထား"
ခဏလောက် တုံ့ဆိုင်းသွားပြီးတဲ့နောက်မှာ ရှောင်လုကလည်းပြောလာသည်။ “ဝမ်းကွဲအစ်ကို၊ ဒါဆို ညီမလည်း…”
စုချန်ယန်က ချက်ချင်း ပြောလိုက်သည်။ “ရှောင်လုကို ကျွန်မနဲ့ လိုက်ခွင့် ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူမလည်း ဒီည သူလည်းဘာလုပ်စရာမှ မရှိဘဲ"