← Chapters

ခန္ဓကိုယ်နှင့် ဝိညာဉ် ‌ဝါးမျိုခံရခြင်း ... ။

Vol. 23 Ch. 265

ခန္ဓကိုယ်နှင့် ဝိညာဉ် ‌ဝါးမျိုခံရခြင်း ... ။

Vol. 23 Ch. 265

“ တောင်နဲ့မြစ်ကို ပိုင်းဖြတ်ခြင်း။ ”

သူ့ဓားသည် ယွီတျန်းဟုန်၏ ဓားအလင်းဒိုင်းကို မချိုးဖြတ်နိုင်ခဲ့သဖြင့် စုရီမှ ထပ်မံတိုက်ခိုက်ခဲ့သည်။

“ နေနှင့်လ ဖယ်ရှားခြင်း။ ”

ဤသည်မှာ အောင်နိုင်ခြင်း ဓားသုတ္တန် ဖြစ်သည်။ သေစေနိုင်သော ဓားချက်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်မိ၏။

“ စင်ကြယ်သော ကမ္ဘာကြီး ... ။ ”

တခဏအတွင်းမှာပင် ကျိုးကျိ တောင်တန်းကြီး တစ်ခုလုံး ဓားရိပ်များစွာဖြင့် ဖုံးလွှမ်းသွားသည်။

“ ဘောင်း ... ဘောင်း ဘောင်း။ ”

ထိုဓားရိပ်များ ကျဆင်းလာသောအခါ မိုးကြိုးဓားအလင်းဒိုင်းလွှာသည် ဆိုးရွားစွာ ပျက်စီးသွားတော့၏။

ယွီတျန်းဟုန်တစ်ယောက် မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး အကြိမ်ကြိမ် နောက်ပြန်ဆုတ်သွားသည်။

“ အရပ်မျက်နှာဆယ်ပါးသို့ လွှမ်းခြုံခြင်း။ ”

သို့သော် ဓားရည်ရွယ်ချက်များသည် အလွန်ကြောက်စရာကောင်းပြီး အရပ်မျက်နှာ အသီးသီးတွင် ရှိနေကာ နောက်ဆုတ်ရန် နေရာမရှိတော့ချေ။

ဤအခိုက်တွင် ထိပ်တိုက်တွေ့ဆုံရန် ရွေးချယ်လိုက်ရ၏။ လူနှင့်ဓား တသားတည်း ဖြစ်လာကာ ယွီတျန်းဟုန်မှ ကျိုးကျိတောင်ထံ ပေါင်းစည်းလိုက်သည်။

ရောင်ဝါသည် ကောင်းကင်နှင့် မြေကြီး ချိတ်ဆက်လျက် မကြုံစဖူးသော အဆင့်အထိ မြင့်တက်လာ၏။

“ အမှောင် မိုးကြိုး ပိုင်းဖြတ်ခြင်း။ ”

ကျယ်လောင်သော ဟောက်သံနှင့်အတူ နှင်းဖြူဓားကို ကောင်းကင်ပေါ် ထိုးညွှန်လိုက် တော့သည်။

ထို့နောက် အသက်နှင့် သေခြင်းကို လျစ်လျူရှုလျက် သူရဲကောင်းတစ်ဦးကဲ့သို့ ၎င်း၏ ခွန်အားများ စုစည်းကာ စုရီဓားကို ပြန်၍ချိုးဖျက်လိုက်သည်။

“ ဘုန်း ... ။ ”

ကောင်းကင်ကြီးပြိုကျပြီး မြေကြီးအက်ကွဲသွားသကဲ့သို့ ပြင်းထန်သော အဖျက်စွမ်းအင်များ တဟုန်ထိုး ပျံ့လွင့်သွားခဲ့၏။

ကျိုးကျိတောင်တန်းသည်လည်း ထိုစွမ်းအားကို မခံနိုင်တော့ဘဲ နေရာအချို့တွင် ရုတ်တရက် ပြိုကျကုန်သည်။ ချောက်ကမ်းပါး တလျှောက် ကျောက်တုံးမိုး ရွာချသွား၏။

အဝေးမှကြည့်နေသော လူအုပ်ကြီးမှာ မျက်ဝန်းများပြူးလျက် မှင်သပ်ကုန်တော့သည်။ တိုက်ပွဲနှင့် အနီးဆုံးအရပ်မှ ကြည့်နေသော ကျွမ်းကျင်သူများသည် စွမ်းအင်အလွှာများ ချက်ချင်း ဖန်တီးလိုက်ရ၏။

“ ဟိတ် ... ။ ”

စုရီမှ မိုး​​ကြိုးအလင်းဒိုင်းကို ဖျက်ဆီးပစ်ပြီးနောက် မဆိုင်းမတွ ထပ်မံ ခုတ်လွှဲ ချလာပြန်သည်။ ပြိုင်ဘက်အပေါ် အသက်ရှူရန် အခွင့်အရေး မပေးချေ။

“ ချိုးဖြတ်စမ်း ... ။ ”

​အောင်နိုင်​ခြင်း ဓားသုတ္တန်၏ ဆဋ္ဌမမြောက်လှုပ်ရှားမှုသည် ‘အတားအဆီးများ ဖြတ်တောက်​ခြင်း’မည်သည်။

“ မကောင်း​တော့ဘူး ... ။ ”

ဤတစ်ကြိမ်တွင် ယွီတျန်းဟုန်ခမျာ တုန်လှုပ်သွားပြီး ရှောင်တိမ်းရန် ကြိုးစားလိုက် လေသည်။

သို့သော် သူ၏ အ​မှောင်မိုးကြိုး သတ်ဖြတ်ခြင်းဓား အဓိပ္ပါယ်သည် ရှောင်ရန် မဟုတ်ချေ။

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ပေါင်းစည်းထားသော ဓားစွမ်းအင်များ ချက်ချင်း ပျက်ပြယ်သွားပေမည်။

“ ဖွင့် ... ။ ”

ယင်းကြောင့် ယွီတျန်းဟုန်တစ်ယောက် အံကြိတ်လျက် ဒေါသဖြင့် မျက်ဝန်းများနီရဲပြီး ရှေ့သို့တက်လှမ်းကာ ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ချက် ပြောင်းလဲလိုက်သည်။

“ ဝုန်း ... ။ ”

ဤတစ်ကြိမ်တွင် မီးတောင်နှစ်လုံး တိုက်မိသွားသကဲ့သို့ ပေါက်ကွဲသံများ ဆူညံသွား တော့၏။

စုရီဓားသည် သတ်ဖြတ်ခြင်း ဖြစ်သည်။ နှလုံးသားရှိ အတားအဆီးများကို ဖြတ်ကျော်ပြီး ခုခံမှုအားလုံးအပေါ် ချိုးဖျက်နိုင်မည်။

“ ရွှပ် ... ။ ”

ထို‌ကြောင့် ပေါက်ကွဲမှုအတွင်းမှ အကြွင်းအကျန် ဓားစွမ်းအင်သည် ယွီတျန်းဟုန် ရင်ဘတ်ပေါ် ထိမှန်သွားသည်။

“ ခွမ်း ... ။ ”

သို့သော် နှလုံးကို အကာအကွယ် ပေးထားသည့် မှန်တစ်ချပ် ထွက်ပေါ်လာသဖြင့် ထိုဓားကို တားဆီးနိုင်ခဲ့သည်။

“ အွတ် ... ။ ”

ကြေးမုံကွဲသွားပြီး အပိုင်းအစများ ထွက်ကျလာသည်။ သက်ရောက်မှု စွမ်းအားအရ မျက်နှာဖြူဖျော့လျက် ပါးစပ်မှသွေးများ ထွက်ကျသွား၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရသည်။ ထိုအချိန်တွင် စွမ်းအင် အကြွင်းအကျန်လှိုင်းမှာ ကျိုးကျိတောင်တခွင် ပျံ့နှံ့သွားခဲ့၏။

တောင်ကုန်းတစ်ခုလုံး တုန်ခါသွားပြီး အလယ်မှ နှစ်ပိုင်းကွဲသွား၏။ တိမ်ပင်လယ်ကို စောင့်ကြည့်နိုင်သည့် ခြောက်ကမ်းပါးကြီး ပျောက်ကွယ်သွားချေပြီ။

လူများစွာက ယွီတျန်းဟန်ရင်ဘတ်ပေါ် ဓားဖြင့်ထိုးသွင်းလိုက်သည်ကို မြင်လိုက်ရသော အခါတွင် စိတ်ဝိညာဉ်များ တုန်လှုပ်သွား၏။

“ ကောင်းတယ် ... ကောင်းတယ် အရမ်း ကောင်းတယ် ... ငါတျန်းဟုန်ကို မင်းဒီလောက် အထိ ဖိအားပေးနိုင်တာ ဂုဏ်ယူနိုင်ပြီ။ ”

စကားဆုံးသည်နှင့် နှင်းဖြူဓားအတွင်းမှ တံဆိပ်တစ်ခု ပွင့်လာခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအားများ တိုးထွက်လာတော့သည်။

ထိုရောင်ဝါရှေ့တွင် မဟာသခင်များပင် ပုရွက်ဆိတ်များသဖွယ် ကူကယ်ရာမဲ့မှုကို ခံစား လိုက်ရ၏။

“ စစ်မှန်သော ရေခဲနဂါး ဝိညာဉ်။ ”

ဤသည်မှာ ယွီတျန်းဟုန်၏ အစွမ်းအထက်ဆုံးသော ဝှက်ဖဲဖြစ်နေမည်မှာ သေချာချေပြီ။ ရေခဲနဂါးကြီးက နှင်းဖြူဓားကို ရစ်ပတ်လျက် ဟောင်သံပြုလာ၏။

“ ဟမ့် ... ၊ မိုးကြိုးအမိန့်စာမှာ ဝိညာဉ်တွေ ပါနေတာလား။ ”

စုရီ၏ မျက်လုံးများ၌ ထူးဆန်းသော အရောင်တစ်ခု တောက်ပလာသည်။ ထိုဓားကို သန့်စင်သော နည်းစနစ်သည် သူအသုံးပြုသော အမှောင်နတ်ဓားဖြင့် ဆင်တူ၏။

“ ငါဒီဓားနဲ့ ရေခဲနဂါးဝိညာဉ်ကို ... ပေါင်းစည်းဖို့ ရှစ်နှစ်လောက် ကြိုးစားခဲ့ရတယ် အကြွင်းမဲ့ပေါင်းစည်းခြင်း မဟုတ်တောင် မင်းလိုလူကို သတ်ပစ်ဖို့ လုံလောက်ပါပြီ။ ”

စကားဆုံးသည်နှင့် ယွီတျန်းဟုန်မှ နှင်းဖြူဓားဖြင့် လေဟာနယ်အတွင်း ကိုးကြိမ် ခုတ်ချပစ်လိုက်သည်။

“ နဂါး ချုပ်နှောင်ခြင်း ဓားအစီရင်။ ”

ဆယ်ပေရှည်သော ဓားရောင်ဝါကိုးစင်း အဟုန်ဖြင့် ပြေးထွက်လာပြီး လေထုအလယ် ဓားဖြူတစ်လက်အဖြစ် ပေါင်းစပ်သွား လေသည်။

သွက်လက်ပြီး ကြောက်မက်ဖွယ် ကောင်းသော ရေခဲနဂါးသည် ဤဓားအစီရင်၏ ဗဟိုချက်ဖြစ်၏။

ထိုကြောင့် ရေခဲနဂါးသည် နှင်းဖြူဓားအလင်းကို ရစ်ခွေလျက် အသက်ဝင် လာတော့သည်။ တိုက်ပွဲဝင် ဓားအစီရင် ဖြစ်၏။

“ ဝှစ် ... ။ ”

ကောင်းကင်နှင့် မြေကြီးကို မှေးမှိန်သွားစေသော ဓားရည်ရွယ်ချက်များက ကျိုးကျိတောင်အနှံ့ မိုးနှင်းအဖြစ် ကျစင်းလာတော့သည်။

“ နောက်ဆုတ် ... ။ ”

မဟာသခင်များနှင့် ရှန်ရှင်းအဆင့် သိုင်းသမားများအားလုံး တိုက်ပွဲကို ကြည့်ရှုရာမှ ထပ်မံ ဆုတ်ခွာလိုက်ရသည်။

မိုးနှင်းများသည် အမြင်၌လှပသော်လည်း အဖျက်စွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်း လှချေ၏။ မရဏအနံ့အသက်ပင် ခံစားရသည်။

အဝေးမှကြည့်ရုံဖြင့် နှလုံးသွေးများ အေးခဲသွားသည်။ ရေခဲနဂါးဝိညာဉ်သည် ဓား အစီရင်နှင့် ပေါင်းစည်းကာ အာကာပြင်ကို သိမ်းပိုက်ထားချေ၏။

ဤဖြစ်စဉ်မျိုးသည် သရဲတစ္ဆေများနှင့် နတ်ဘုရားများကို ကြောက်ရွံ့ရန် လုံလောက် လေသည်။

“ သွား ... ။ ”

ယွီတျန်းဟုန်မှ စုရီကို ထိုးနှက်လိုက်၏။ ကောင်းကင်၌ လွင့်မျောနေသော ဓားရိပ်ကြီးက စုရီထံ ကျဆင်းလာသည်။ ထိတ်လန့်ဖွယ် ကောင်းချေ၏။ စုရီမှ ပြုံးသည်။

“ ဟမ့် ... ဒီတိုက်ခိုက်မှုက ငါ့ဓားကိုသုံးဖို့ အရည်အချင်းပြည့်မီပါတယ် ... ။ ”

သူ့ညာလက်တွင် အမှောင်နတ်ဓား ပေါ်လာသည်နှင့် ရောင်ဝါသည် ရုတ်တရက် ပြောင်းလဲသွားကာ အထိန်းအကွပ်မဲ့လာ၏။

“ ရွှပ် ... ။ ”

အဆုံးတွင် ဓားကိုကိုင်လျက် ရှေ့သို့ ပြေးတက်သွားခဲ့သည်။ အနက်ရောင်အလင်း တစ်စလိုပေပင်။

“ ချိုးဖြတ်စမ်း ... ။ ”

ရွှေ၊ ထင်း၊ ရေ၊ မီး လေးပါးသော ဒြပ်စင်တာအိုရောင်ဝါများသည် စုရီရောင်ဝါနှင့် ရောနှောကာ ကောင်းကင်မှ ကျဆင်းလာသော ဓားရိပ်ကြီးကို ဖြတ်ထုတ်ပစ်ရန် ကြံရွယ်တော့၏။

“ ဘန်း ... ။ ”

ဒြပ်စင်လေးပါးဓားနှင့် ဓားရိပ်ကြီးတို့ ထိမှန်သွား၏။ ဖြစ်စဉ်နှစ်ခုလုံး ပျက်ပြယ်သွား လေသည်။

“ ဝူး ... ။ ”

ဓားအစီရင်ဗဟိုချက်ရှိ ရေခဲနဂါးသည် ပြင်းထန်စွာ တုန်ခါလျက် ဒေါသထွက်လာပြီး စုရီကို ဝါးမြိုရန် ပြင်လာတော့၏။

“ ဟိတ် ... ။ ”

စုရီမှ နောက်မဆုတ်ချေ။ ရေခဲနဂါးကို မျက်နှာမူကာ ထိပ်တိုက်ရင်ဆိုင်ရန် ခုန်တက် သွားခဲ့သည်။

အဝေးမှ လှမ်းကြည့်သော် နဂါးတစ်ကောင်ကိုသတ်ရန် ပျံသန်းနေသော ဓားတန်ခိုးရှင်နှင့် တူနေ၏။

“ ဘုန်း ... ။ ”

“ ဝူး ... ။ ”

အဆုံးတွင် ဓားရည်ရွယ်ချက်များ လွင့်ပါးလျက် ရေခဲနဂါးခမျာ လူလွန့်သွား၏။ ယွီတျန်းဟုန်တစ်ယောက် မျက်နှာမည်းမှောင် သွားချေပြီ။

သူသည် နဂါးချုပ်နှောင်ခြင်း ဓားအစီရင်အပေါ် အနည်းငယ်မျှသာ ဆုပ်ကိုင် ထားနိုင်ခဲ့၏။ သို့တိုင် ၎င်း၏စွမ်းအားသည် မူလတာအို နယ်ပယ်မှ ကျွမ်းကျင်သူများကို ခြိမ်းခြောက်ရန် လုံလောက်သည်။

ယခုမူ ဤစုရီသည် ရေခဲနဂါးကို ဖြုတ်ချနိုင်လုနီးပါးဖြစ်နေ၏။ နဂါးဝိညာဉ်သည် အစီရင်ဗဟိုချက်ဖြစ်သဖြင့် ထိုရလာဒ်မှာ မကောင်းနိုင်ချေ။ အစီရင်ပြိုကျနိုင်၏။

ဤနဂါး ချုပ်နှောင်ခြင်း ဓားအစီရင် စွမ်းအားကို ထုတ်ဖော်ရန်အတွက် နဂါးဝိညာဉ် ရှိနေရန် လိုအပ်သည်။

“ သတ် ... ။ ”

ထို့ကြောင့် ဓားအစီရင် ဗဟိုချက်ထံ ချက်ချင်းခုန်ဝင်ကာ ရေခဲနဂါး ဝိညာဉ်အပေါ် အနီးကပ် ထိန်းချုပ်လိုက်ရသည်။

“ ဟမ့် ... ဒီရေခဲနဂါးရဲ့ဝိညာဉ်ကို ... မင်းကသာ လုံးလုံးလျားလျား နှိမ်နင်းနိုင်ခဲ့ရင် ငါ့ကိုကြောက်သွားအောင် လုပ်နိုင်ပါလိမ့်မယ် အခုတော့ ... ။ ”

စကားဆုံးသည်နှင့် စုရီမှ ခေါင်းခါလျက် တုံ့ဆိုင်းမနေတော့ဘဲ ရေခဲနဂါးထံသို့ ဓားဖြင့် ပိုင်းချလိုက်တော့သည်။

တခဏချင်းမှာပင် လေထုအလဘ် ကြယ်တာရာများ ပြည့်နှက်နေသော အမှောင် တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။

“ ကျီး ... ။ ”

ဝိညာဉ်ဝါးမျိုခြင်းအမိန့် အသက်ဝင်လာခြင်းဖြစ်၏။ ကြမ်းကြုတ်သော ငှက်တစ်ကောင်သည် အတောင်ပံများကို ခတ်ကာ လူးပျံနေခဲ့သည်။

သူ့အတွက် သားကောင်ကို မြင်နေရသလိုပေပင်။ ခန္ဓာကိုယ်၌ အနက်ရောင် မီးလျှံများ တောက်လောင်နေသည်။

“ ခရစ် ... ။ ”

လက်သည်းများက လေဟာနယ်ကို ထိုးခွဲလျက် ရေခဲနဂါးဝိညာဉ်ထံ ဖမ်းဆွဲကိုင်ကာ ဆုတ်ဖြဲပြီး ဝါးမြိုလိုက်တော့သည်။

“ ဖွီး ... ။ ”

ရေခဲနဂါးဝိညာဉ်ခမျာ နှစ်ခြမ်းကွဲပြီး ရက်စက်ကြမ်းကြုတ်သော ငှက်၏ မျိုချခြင်း ခံလိုက်ရ၏။

ဤငှက်သည် မရဏကမ္ဘာရှိ တော်ဝင် နတ်မိစ္ဆာသားရဲ ကိုးပါးအနက်မှတပါး ဖြစ်သည်။ ရေခဲနဂါး ပျောက်ကွယ်သွားသည်နှင့် ဓားအစီရင် ပြိုကျသွားတော့၏။

“ ငါ ... ။ ”

ယွီတျန်းဟုန်တစ်ယောက် မျက်နှာ ဖြူဖျော့လျက် စကားပြောရန် ပြင်သော်လည်း သွေးမှုန်များကဲ့သို့ ကွဲထွက်သွားချေပြီ။

“ ဒါ ... ဘယ်လို ငှက်မိစ္ဆာမျိုးလဲ။ ”

ဓားတစ်ချောင်းတည်းဖြင့် ငှက်မိစ္ဆာသည် ‌ရေခဲနဂါးကိုမျိုချပြီး ယွီတျန်းဟုန်ကို သတ်ပစ် လိုက်၏။

မဟာချင်၏ မူလတာအိုအဆင့် အတွင်းပိုင်းသန့်စင်ခြင်း အထွတ်အထိပ်ရှိ ကျွမ်းကျင်သူတစ်ဦးသည် ဤနည်းဖြင့် မြူများသဖွယ် ပျံ့ကျဲသွားခဲ့သည်။

ဝိညာဉ်တစ်စပင် မလွတ်မြောက်ခဲ့ချေ။ မယုံနိုင်ဖွယ်ရာ ရက်စက်လွန်းသော မြင်ကွင်း ပေပင်။

၎င်း၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခမျာ ဤကမ္ဘာကြီး၌ လုံးဝမွေးဖွားခဲ့ခြင်း မရှိသကဲ့သို့ တကျိုက်တည်းစားသုံး ခံလိုက်ရခြင်းဖြစ်ချေ၏။

***

All Chapters