တာအိုအစ်ကို မင်းပြင်ဆင်ထားပါ။
Vol. 23 Ch. 266
အဝေးမှ တိုက်ပွဲကို ကြည့်နေသော ယွီချန်ရှန့်၏ မျက်ဝန်းများတွင် ယူဆချက်များ ဝိုးတဝါး ထင်ဟပ်လာသည်။
“ နမော အမိဒဗုဒ္ဓ။ ”
ရှန့်လင်ကျောင်းတိုက်၏ မဟာအကြီးအကဲ ကျင်းဟဲက လက်ဝှေ့ရမ်းကာ ကျမ်းဂန်များကို ရွတ်ဆိုပေးလိုက်သည်။
ယွီတျန်းဟုန်သည် မဟာချင်တွင် ထိပ်တန်းကျွမ်းကျင်သူ ငါးဦးအဆင့် ဝင်ချေ၏။ ယခုမူ ကျိုးကျိတောင်ထိပ်တွင် စတုတ္ထအဆင့် မဟာသခင်တစ်ပါး၏ လက်စတုံးခြင်း ခံလိုက်ရချေပြီ။
၎င်းသည် ရှစ်ဖုန်းလျူအတွက် ကျောရိုးတစ်လျှောက် အေးစက်လာစေသည်။ ချင်းလန်မြစ်တွင် မပြေးခဲ့သော် ထိုစဉ်တည်းက သေဆုံးရမည်ကို နားလည်လိုက်သည်။
ယွင်ကျန်းချုံးက ငှက်မွေးယပ်ကို ဆုပ်ကိုင်လျက် သက်ပြင်းချ၏။ မဟာဝေ၏ လစက်ဝန်းဂိုဏ်းမှ မဟာအကြီးအကဲတစ်ပါး အနေဖြင့် စုရီအပေါ် စိန်ခေါ်သင့်သည်။
သို့သော် တိုက်ပွဲအစမှ အဆုံးထိတိုင် စုရီသည်ထိခိုက်ဒဏ်ရာမရှိခဲ့ဘဲ ယွီတျန်းဟုန်ကို သတ်ပစ်နိုင်၏။ အလွန် ကြောက်စရာ ကောင်းချေပြီ။
ဧကရာဇ်ဥသျှောင်မှ နှုတ်ဆိတ်နေပြီး မျက်မှောင်ကြုတ်လိုက်တော့သည်။ အဝေးရှိ တာအို ဝတ်စုံဝတ် အဘိုးကြီးတစ်ယောက်က သူ့လက်သီးများကို ဖြည်လျက် တိတ်တဆိတ် ခေါင်းခါလိုက်ပြီး လှည့်ထွက်သွား၏။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။ ကျေးငှက်များပင် အသက်မဲ့ ကုန်သည့်အလား ငြိမ်သက်နေ၏။
လေထုထဲရှိ ကျောက်စိမ်းရောင်ဝတ်လုံ ၀တ်ဆင်ထားသည့် လူငယ်ထံ လှမ်းကြည့်ကာ ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။
“ ဝှစ် ... ။
စုရီကလက်လှိုင်းဖြင့် မြေပြင်ပေါ် ပြုတ်ကျနေသော ရှေးဟောင်းနှင်းဖြူဓားကို လှမ်းဆွဲလိုက်သည်။
“ ငါစုရီ ... ကျောက်စိမ်းမြို့တော်ကို မရောက်ခင်မှာ လူတော်တော်များများ ငါ့ကို သတ်ချင်နေတယ်လို့ ကြားခဲ့တယ် ... အခု ဘာလို့ ဘယ်သူမှ ဒီအခွင့်အရေးကို မယူကြတာလဲ။ ”
စုရီက လူအုပ်ကြီးကို ဝေ့ကြည့်ကာ မေးလိုက်သည်။ လူတိုင်း မျက်နှာလွှဲကုန်၏။ ထိုမြင်ကွင်းကြောင့် စုရီမှ စိတ်ပျက်သွားပြီး မြေပြင်ပေါ် ဆင်းသက်လိုက်သည်။
ထို့နောက် လက်နှစ်ဖက် နောက်ပို့ကာ ထွက်ခွာသွားတော့၏။ ၎င်း၏ သွယ်လျသော အသွင်သဏ္ဍာန် ပျောက်ကွယ်သွားသည်အထိ မည်သူမျှ အသံမထွက်ဝံ့ကြချေ။
***
စုဟုန်လီသည် မျက်ခုံးများပွတ်သပ်ကာ သူ့ရှေ့တွင် ရပ်နေသော ယွီချင်းဇီထံ ကြည့်ပြီး စိတ်ပျက်သွား၏။
“ မင်း ... အရမ်း ဉာဏ်ကောင်းတာပဲ။ ”
ဝမ်းနည်းပြနေသော ယွီချင်းဇီက နှလုံးသားကို ဓားနှင့် အထိုးခံလိုက်ရသကဲ့သို့ တကိုယ်လုံး တုန်ရင်လာသည်။
“ ဟုန်လီ ... ငါက စုမိသားစုအတွက် ဒီလိုလုပ်ရတာပါ ... ငါ့ကို ဘယ်လိုများ ဆူပူ ကြိမ်းမောင်းနေတာလဲ။ ”
သူမ စကားပြောနေစဉ် မျက်ဝန်းများမှ မျက်ရည်များ စီးကျလာပြီး ပို၍-ပို၍ ဝမ်းနည်း လာတော့၏။
“ ဟမ့် ... ဒါက စုမိသားစုအတွက် မဟုတ်ပါဘူး မင်းရဲ့သား စုပိုင်နင်အတွက်ပါ စုရီရဲ့ အရည်အချင်းကြောင့် ငါစိတ်ပြောင်းပြီး မိသားစုခေါင်းဆောင် နေရာကို ပေးလိုက်မှာ စိုးရိမ်နေတာမဟုတ်လား ... ထွက်သွား။ ”
စုဟုန်လီမှ မောင်းထုတ်လိုက်၏။ ယွီချင်းဇီတစ်ယောက် အေးခဲသွားလေသည်။ သို့တိုင် ချက်ချင်း မျက်ရည်များသုတ်ကာ လှည့်ထွက်လိုက်ရတော့၏။
စုဟုန်လီက သူ့လက်ကို ဝှေ့ယမ်းပြီး ထိုအကြောင်းအရာကို ဆက်မပြောလိုတော့ဘဲ၊
“ တာအိုအစ်ကို ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး မင်းရဲ့သုံးသပ်ချက်ကို ပြောပြပါ။ ”
-ဟု တောင်းဆိုလိုက်သည်။
တာအိုဝတ်ရုံဝတ် အဖိုးအိုက ခေတ္တမျှ တိတ်ဆိတ်နေကာ၊
“ ဒီကောင်လေးက တကယ့်ကို ကြောက်စရာ ကောင်းတယ်။ ”
-ဟု အစချီလိုက်၏။
ထိုစကားတစ်ခွန်းသည် စုဟုန်လီကို အနည်းငယ် မျက်မှောင်ကြုတ် သွားစေသည်။
“ တာအိုအစ်ကို၊ ငါ့ကို အသေးစိတ် ပြောပြပါ။ ”
သည့်နောက် တာအိုဝတ်ရုံဝတ်အဖိုးအိုက တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကို ပြန်ပြောင်းပြောပြလျက်၊
“ ဒါပေမယ့် အခုအချိန်အထိ စုရီရဲ့ ခွန်အားအစစ်အမှန်ကို ဘယ်သူမှ မသိနိုင်ဘူး ဖြစ်နေတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ အဆင်ပြေပါတယ် ဘယ်သူက ဝှက်ဖဲမရှိတဲ့ လူရှိမလဲ။ ”
စုဟုန်လီမှ ထူးထွေစွာ တုန်လှုပ်ခြင်း မရှိသေးချေ။ တာအိုဝတ်ရုံဝတ် အဖိုးအိုက မျက်ဝန်းများ မှေးစင်းလျက်၊
“ ဒါပေမယ့် စုရီက မတူဘူး ... သူ့ရဲ့အောင်မြင်မှုက အရမ်းမြန်တယ် အင်ပါယာ မြို့တော်ကနေ ထွက်လာတုန်း သူ မဟာသခင် ဒုတိယအဆင့်ပဲ ရှိသေးတယ်၊
... ရက်ပေါင်း နှစ်ဆယ်အတွင်းမှာ ... မဟာသခင် စတုတ္ထအဆင့်ကို ရောက်နေပြီ အောင်မြင်မှု တစ်ခုရယူပြီးတိုင်း သူ့ရဲ့ခွန်အားက အံ့သြစရာကောင်းတဲ့ အသွင်ကူးပြောင်းမှုမျိုး တစ်ခုရရှိလာတယ် ...
... သေချာတာကတော့ မေလလေးရက်မြောက်နေ့မှာ ပဉ္စမအဆင့်ကို သူ ရောက်နေလောက်ပြီ ...
... ဒါဆို ဒြပ်စင်ငါးပါး တာအိုရောင်ဝါကို ပြီးပြည့်စုံအောင် သန့်စင်နိုင်ပြီး ဒီကနေ့ထက် ပိုကြောက်စရာ ကောင်းလာလိမ့်မယ်။ ”
ထို့နောက် တာအိုဝတ်ရုံဝတ်အဖိုးအိုက သက်ပြင်းချကာ၊
“ ဒါက ငါခန့်မှန်းနိုင်တဲ့ အပေါ်ယံ အချက်အလက်လေး တစ်ခုပါပဲ။ ”
-ဟု အဆုံးသတ်လိုက်တော့သည်။
စုဟုန်လီမှ ခဏမျှ နှုတ်ဆိတ်နေပြီး၊
“ ဒါဆိုတခြား မှတ်သားစရာ ရှိသေးလား။ ”
-ဟု ထပ်မံမေးမြန်းလိုက်၏။
သူ့လေသံသည် ယခင်ကဲ့သို့ ငြိမ်သက်နေသော်လည်း မျက်ခုံးနှစ်ဖက်ကြား လေးနက်မှုအရိပ်အမြွက် ပေါ်လာသည်။
ယွီတျန်းဟုန် အသတ်ခံလိုက်ရသည့် သတင်းသည် သူ့ကို အနည်းငယ်အံ့သြသွားကာ စိတ်ထဲကသိကအောက် ဖြစ်စေ၏။
ဆယ်နှစ်ကျော်ကြာ မုန်းတီးခဲ့သော သားဆိုးကို ယခင်ကဲ့သို့ အထင်အမြင်သေးစွာ ဆက်ဆံ၍ မရတော့ကြောင်း နားလည် လိုက်မိသည်။
ခုန်ပေါက်ပြေးလွှားနေသော မျောက်တစ်ကောင်သည် ရုတ်တရက် ကမ္ဘာကို မှောက်လှန်နိုင်သော စွမ်းအားရှင် ဖြစ်လာချေ၏။ အံ့သြစရာပေပင်။
တာအိုဝတ်ရုံဝတ် အဖိုးအိုက အသက်ပြင်းပြင်းရှူပြီး၊
“ စုရီမှာ ... အလွန် ကြောက်စရာ ကောင်းလွန်းတဲ့ ... လျှို့ဝှက်ရတနာတစ်ပါး ရှိနေတယ်လို့ ငါသံသယဖြစ်မိတယ်။ ”
“ ရတနာလား ... ။ ”
စုဟုန်လီ မျက်လုံးများ၌ ထူးဆန်းသော အလင်းအရောင်များဖြင့် တောက်ပလာသည်။ ဤဝါကျသည် တွေးတောစရာဖြစ်၏။
တာအိုဝတ်ရုံအဖိုးအိုက လေးနက်လာပြီး၊
“ ယွီတျန်းဟုန်နဲ့ တိုက်ခိုက်တုန်းက ... သူ့ရဲ့ရောင်ဝါတချို့ကို ဖမ်းယူဖို့ ငါကြိုးစားခဲ့တယ်။ ”
-ဟု ပြောကြားလာသည်။
စုဟုန်လီတစ်ယောက် ချက်ချင်းပင် စိတ်ဝင်စားသွား၏။ အဖိုးအိုတွင် ကောင်းကင်ဘုံ သံလိုက်အိမ်မြှောင်ရှိသည်။
ဤအရာသည် အလွန်မှော်ဆန်သော ရှေးဟောင်း ရတနာဖြစ်၏။ ရောင်ဝါအချို့ကို စုဆောင်းနိုင်သရွေ့ ဆန်းကြယ်မှုများအပေါ် ဖော်ထုတ်နိုင်သည်။
ထိုသံလိုက်အိမ်မြှောင်သည် ဤနှစ်များအတွင်း သူ့အတွက် လျှို့ဝှက်ချက် များစွာကို ဖော်ထုတ်ရန် ကူညီပေးခဲ့၏။
“ အစ်ကိုတာအို မင်းဘာလို့ ဆက်မပြောတာလဲ။ ”
စုရီက တာအိုဝတ်လုံနှင့် အဘိုးအို၏ အမူအရာသည် တစ်ခုခု လွဲမှားနေခဲ့သည်ကို သတိပြုမိလိုက်သည်။
“ တာအိုမိတ်ဆွေ မင်းကိုယ်တိုင်ကြည့်ပါ။ ”
တာအိုဝတ်ရုံဝတ်အဖိုးအိုမှ ခါးသီးသော အပြုံးကိုပေးကာ ကြေးဝါဖြင့် ပြုလုပ်ထားသည့် သံလိုက်အိမ်မြှောင်ကို ထုတ်ပြလိုက်သည်။
သံလိုက်အိမ်မြှောင်ပတ်လည်တွင် နေ၊ လ၊ ကြယ်၊ ပန်း၊ ငှက်များ၊ အင်းဆက်များ၊ ငါးစသည့် ပုံရိပ်များဖြင့် ရေးထွင်းထား၏။
အလယ်ဗဟိုတွင် မျက်ဝန်းကဲ့သို့ သွေးနီရောင် ဝိညာဉ်ပုတီးစေ့တစ်လုံး ရှိသည်။ ၎င်းကို အသက်သွင်းလိုက်သော အခါတွင် တိမ်နှင့်ရူရ်များက အရာတစ်ခုအသွင် မထင်မရှားဖြစ်ပေါ်လာ၏။
သို့သော် ဤအခိုက်တွင် တစ်စုံတစ်ရာ ထိမှန်သွားသကဲ့သို့ မျက်နှာပြင်၌ ကန့်လန့်ဖြတ် မျဉ်းတစ်ကြောင်း ပေါ်လာတော့သည်။
ဤမြင်ကွင်းကြောင့် စုဟုန်လီမျက်နှာ ပေါ်တွင် အရိပ်အယောင်တချို့ ဖြတ်ပြေးသွား လေသည်။ ငြိမ်သက် မနေနိုင်တော့ချေ။ အချိန်အတော်ကြာပြီးနောက် မျက်ခုံးမွှေးများကို ပွတ်သပ်လျက်၊
“ ဒါဆို ဒီကောင်လေးရဲ့ ရတနာက ကောင်းကင်ဘုံ သံလိုက်အိမ်မြှောင်ကိုတောင် ခုခံကာကွယ်နိုင်တာပေါ့ ... ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
တာအိုဝတ်ရုံဝတ်အဖိုးအိုက ခေါင်းညိတ်ပြ၏။
“ ဒီလို ဖြစ်သင့်တယ်။ ”
“ ဟမ့် ... ဒီသားဆိုးကို ငါတကယ် လျှော့တွက်လို့မရဘူး ထင်တယ်။ ”
ထို့နောက် တစ်ခုခုကို သတိရသွားပြီး သူ့မျက်နှာသည် အလွန်အမင်း မှိုင်းညို့သွားကာ အေးစက်လာချေ၏။
“ ဒီရတနာကို ရီယုဖေးက စုရီထံ ထားခဲ့တယ်လို့ မင်းသံသယဖြစ်နေတာလား။ ”
အဘိုးအိုက သူ့အမူအရာကြောင့် မေးမြန်းသည်။
“ ဒါကလွဲလို့ တခြားအကြောင်းပြချက်ကို ငါမတွေးနိုင်သေးဘူး အဲဒီတိရစ္ဆာန်မ ငါ့အပေါ် လှည့်စားခဲ့တယ်လို့ သံသယရှိမိတယ် ...
... သူ့ပစ္စည်းတွေထဲကနေ ဘာတစ်ခုမှ ငါရှာမတွေ့ခဲ့ဘူး အခုတော့ ဒီသားဆိုးအတွက် ထားခဲ့တာပဲ ဖြစ်ရမယ်။ ”
စုဟုန်လီသည် ပုံမှန်အသွင်အပြင်နှင့် လုံးဝကွဲထွက်ကာ ဒေါသတကြီး ဖြစ်နေသည်။ လူသတ်ရန် ရည်ရွယ်ချက်မှာလည်း ရုတ်ချည်းပေါ်လာ၏။
“ ဒါက ထင်ကြေးသက်သက်ပါ။ ”
တာအိုဝတ်လုံနှင့် အဘိုးအိုက နှစ်သိမ့်လိုက်သည်။ စုဟုန်လီတစ်ယောက် အသက်ပြင်းပြင်းရှူလျက် တာအိုဝတ်ရုံဝတ် အဖိုးအိုထံ ရုတ်တရက် လှည့်ကြည့်၏။
“ တာအိုအစ်ကို၊ သားဆိုးလေး ပိုင်ဆိုင်ထားတဲ့ စွမ်းအားက အလေးအနက် ထားဖို့ ငါ့ကို သတိပေးနေတယ် ... ဒီအတွက် မင်းလည်းပြင်ဆင်ထားရင် ပိုကောင်းမယ်။ ”
ဤအခိုက်တွင် စုဟုန်လီအကြည့်ကို လက်ခံရရှိသော တာအိုဝတ်ရုံဝတ် အဖိုးအိုသည် ချက်ချင်းအေးခဲသွားပြီး အမူအရာများ တောင့်တင်းလာသည်။
သို့သော် အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် သူက ခေါင်းညိတ်ကာ၊
“ စိတ်မပူပါနဲ့ တာအိုမိတ်ဆွေ ... ဒီလိုရက်မျိုးက အနှေးနဲ့အမြန်ရောက်လာမှာကို ငါသိပြီးသားပါ ပြင်ဆင်ထားပါတယ်။ ”
-ဟု တုန့်ပြန်ပြောကြားလိုက်တော့၏။
***