ငရဲဘုံကိုးပါးဓားတံဆိပ် ... ။
Vol. 23 Ch. 267
ဧကရာဇ်ကျိုးသည် နဂါးပလ္လင်၏ လက်ကိုင်ကို ပွတ်သပ်ကာ စိတ်ရှုပ်ထွေးမှုများ အပေါ် ငြိမ်သက်စေရန် ကြိုးစားနေ၏။
မနီးမဝေးတွင် ဧကရာဇ်ဥသျှောင်မှ ငြိမ်သက်စွာ ရပ်နေသည်။ အချိန်အတော်ကြာ ပြီးနောက် ဧကရာဇ်ကျိုးက သက်ပြင်းချကာ၊
“ ဒီကောင်လေး အရမ်းလှတယ် ... ခြစ်ရာတစ်ချက်တောင်မပါဘဲ ယွီတျန်းဟုန်ကို သတ်သွားသွားတယ် ... ဒါက မြေခွေးကြီး ကျင်းဟဲနဲ့ ယွင်ကျောက်ချုံးကို ...
... မလှုပ်ဝံ့စေတော့တာ သဘာဝပါပဲ ဧကရာဇ်ဥသျှောင် ... စုဟုန်လီ ဘယ်လိုနေမယ် မင်းထင်လဲ။ ”
ဧကရာဇ်ကျိုမှ မေးသည်။ ဟုန်ရှန့်ရှန်မှ ခေါင်းခါလိုက်ပြီး၊
“ စုဟုန်လီက အရင်လို မဟုတ်တော့ဘူး သူ့အတွေးတွေကို နားမလည်နိုင်ဘူး ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒီနေ့ပြသခဲ့တဲ့ စုရီရဲ့ ခွန်အားဟာ သူ့မျှော်လင့်ချက်ထက် ကျော်လွန် နေတာမို့ လျစ်လျူမရှုရဲပါဘူး။ ”
“ ဒါဆို မေလလေးရက်နေ့ ရောက်ရင် ဒီသားအဖကြား ဘယ်သူက နောက်ဆုံး ပျော်ရွှင် နိုင်မှာလဲ။ ”
ဤတစ်ကြိမ်၌ ဟုန်ရှန့်ရှန်မှ အနည်းငယ် စဉ်းစားပြီးနောက် ပြန်၍ဖြေကြားရန် ပြင်နေစဉ် အသံတစ်သံမှ နှောက်ယှက်လာ၏။
“ အရှင်မင်းကြီး၊ ပထမမင်းသားတွေ့ဖို့ တောင်းဆိုနေပါတယ်။ ”
အစေသံတစ်ဦး၏ ကျယ်လောင်စွာ သတင်းပို့သံကြောင့် နှစ်ဦးသား စကားရပ်သွား ကြတော့သည်။
“ သူ့ကို ဝင်ခွင့်ပြုလိုက်ပါ။ ”
ဧကရာဇ်ကျိုးမှ အစေခံထံ အမိန့်ပါးလျက် ဟုန်ရှန့်ရှန်ကို လှမ်းကြည့်ကာ၊
“ အဘိုးကြီးတွေတောင် ဒီကိစ္စအတွက် ထိတ်လန့်နေကြပြီ ... ။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
များမကြာခင် မီးခိုးရောင်ဝတ်လုံနှင့် လူငယ်တစ်ယောက် ခန်းမထဲသို့ ဝင်လာပြီး ဦးညွှတ်လျက်၊
“ မင်းရဲ့သားက မင်းကို နှုတ်ဆက်ပါတယ် ဧကရာဇ်ဖခင်။ ”
-ဟု ပြောကြားလာ၏။
ထိုလူငယ်သည် ဆံပင်ရှည်များကို ဆံညှပ်ဖြင့်ညှပ်ကာ နဂါးနှင့်ဖီးနစ်ရုပ်သွင်မျိုး ရှိနေသည်။ ပထမမင်းသား ဖြစ်၏။
ငယ်ရွယ်စဉ်၌ပင် ကျင့်ကြံရန်အတွက် အမည်မဲ့နဂါးတောင်သို့ ခေါ်ဆောင်ခြင်းခံရပြီး လူမြင်ကွင်းမှ နှစ်ပေါင်းများစွာ ပျောက်ကွယ် နေသူ ပေပင်။
“ နောက်ဆုံးတော့ မင်းငါ့ကိုလာတွေ့ဖို့ ဆန္ဒရှိတယ်။ ”
ဧကရာဇ်ကျိုး မျက်လုံးများတွင် ရှုပ်ထွေးသော အကြည့်များ ရှိနေခဲ့သည်။ ဤသားအကြီးဆုံးသည် အလွန်ထက်မြက်ပြီး ထူးကဲသော အရည်အချင်းရှိ၏။
ထို့ကြောင့် သူ့အသက်တစ်လ မပြည့်မီ အမည်မဲ့ နဂါးများနေထိုင်ရာ တောင်တန်းဆီသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။
ယခု နှစ်ဆယ့်ငါးနှစ်သား အရွယ် ရောက်ရှိနေပြီ ဖြစ်၏။ ထိုနှစ်များအတွင်း၌ ဖခင်နှင့်သား တွေ့ဆုံမှုသည် အကြိမ် အနည်းငယ်မျှသာ ရှိသည်။
“ ပြောပါ ... မင်းဘာလို့ ဒီကိုလာတာလဲ။ ”
ဧကရာဇ်ကျိုးမှ မေး၏။
“ ဧကရာဇ်ကို သတင်းပို့ပါတယ် ... အကြီးအကဲက မင်းနဲ့တွေ့ဖို့ အမည်မဲ့နဂါး တောင်ကို လာစေချင်နေတယ်။ ”
“ ဘာကိစ္စလဲ ... ။ ”
ဧကရာဇ်ကျိုးမှ ပြန်လည် မေးမြန်း လိုက်လေသည်။ သို့သော် ပထမမင်းသားက ပြန်မဖြေချေ။
“ ဟမ့် ... မင်းဟာ ငါ့ရဲ့သွေးသားပါ ... ဒါပေမယ့် မင်းငါ့ကိုတောင် ဒီလိုမပြောဘဲ နေဝံ့သလား။ ”
ဧကရာဇ်ကျိုးတစ်ယောက် ဒေါသထွက်လာ၏။ အမူအရာမှာ အုံ့မှိုင်းနေပြီး ခန်းမအတွင်းမှလေထုကို အလွန်တင်းကြပ် လာစေခဲ့သည်။
ပထမမင်းသားက ၎င်းကို ဂရုမစိုက်ဘဲ၊
“ အကြီးအကဲရဲ့ အမိန့်အတိုင်း လာတာပါ မလွန်ဆန်ဝံ့ပါဘူး။ ”
-ဟု တည်ငြိမ်စွာ ရှင်းပြလာ၏။
ဧကရာဇ်ကျိုးမှ တစ်ခုခု ပြောတော့မည့် အချိန်တွင် ဟုန်ရှန့်ရှန်က၊
“ အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ပထမမင်းသားကို အရှက်မခွဲပါနဲ့ အကြီးအကဲက မင်းကိုဖိတ်ကြားတာ တစ်ခုခုရှိလို့ပါ မင်းအဲဒီကို လူကိုယ်တိုင်သွားပြီး မေးမြန်းလို့ရပါတယ်။ ”
သို့မှသာ ဧကရာဇ်ကျိုးသည် သက်ပြင်းချလျက် သူ့လက်ကို ဝှေ့ယမ်းကာ၊
“ သွားတော့ ... တစ်နာရီအတွင်း သူနဲ့ငါလာတွေ့မယ်လို့ အကြီးအကဲကို ပြောပါ။ ”
“ ကောင်းပါပြီ။ ”
ပထမမင်းသားက အရိုအသေပေးပြီး လှည့်ထွက်သွားသည်။ အစမှအဆုံးအထိတိုင် အမိန့်အတိုင်း လိုက်နာသွားခဲ့၏။
ထိုမြင်ကွင်းသည် သူ့ကို ရင်နာစေသည်။ သက်ပြင်းချလျက်၊
“ တာအိုကိုရှာဖို့ သားအဖတွေကြား ဆက်ဆံရေးကို ဖြတ်ပစ်ဖို့ တကယ်လိုအပ်လား ဒီကမ္ဘာကြီးမှာ ဒီလိုအကြင်နာတရား ကင်းမဲ့တဲ့ တာအိုမျိုး ရှိနိုင်လား။ ”
“ အရှင်မင်းကြီး စိတ်အေးအေးထားပါ စုဟုန်လီတို့ သားအဖနှစ်ယောက်နဲ့ ယှဉ်ခဲ့ရင် ဒါက မဆိုးသေးပါဘူး။ ”
“ ဟမ့် ... စုဟုန်လီကိုတော့ ငါလေးစားမိတယ် ဒီလူက ... မိန်းမနဲ့သားကို သတ်ဝံ့တယ် ... ငါ့လို ဧကရာဇ်မင်းတစ်ပါး မလုပ်နိုင်တဲ့အရာပဲ ... ။ ”
“ အရှင်မင်းကြီး ငါ့အမြင်အရ ... အခု မင်းစိုးရိမ်သင့်တဲ့အရာက အမည်မဲ့နဂါးတွေ ပြောလာမယ့် ... အကြောင်းအရာပါ။ ”
“ အဟက် ... ဒါက နောက်ထပ် ဘာများဖြစ်ရမှာလဲ သူတို့က စုရီရဲ့ကံကြမ္မာကို မျက်စောင်းထိုးနေတာ သိသာပါတယ်။ ”
“ ဒါဆို အရှင်မင်းမြတ်က ဘယ်လို ဆုံးဖြတ်မှာလဲ။ ”
ဧကရာဇ်ဥသျှောင်၏ မေးခွန်းကြောင့် ဧကရာဇ်ကျိုးတစ်ယောက် နဂါးပလ္လင်ပေါ်မှ မတ်တပ်ထရပ်ကာ၊
“ ကမ္ဘာ့ကြီးရဲ့ အမြင်မှာ ... ငါဆိုတာ မဟာကျိုးအင်ပါယာရဲ့ဧကရာဇ်ပဲ ... လောကကို အုပ်စိုးတယ်၊ ခမ်းနားပြီး တန်ခိုးကြီးတယ် ...
... ဒါပေမယ့် ငါခေါင်းထက်မှာ တောင်ကြီးတစ်တောင်ရှိနေတာ ဘယ်သူ သိနိုင်မှာလဲ ...
... ဒီတောင်ကြီးသာ မရှိခဲ့ရင် ရှန်ရှင်းအဆင့်မှာ အနှစ်နှစ်ဆယ်ကြာအောင် အခုလို ဘယ်လိုများ ပိတ်မိနေနိုင်မှာလဲ။ ”
ထို့နောက် နဂါးပလ္လင်ထံ လက်ညှိုးထိုးပြကာ၊
“ ဒီကုလားထိုင်ပေါ် ထိုင်ပြီးတာနဲ့ တာအိုဘာသာကို ကျင့်ကြံဖို့ စွန့်လွှတ်ရမယ်လို့ သူတို့က ပြောခဲ့တယ်။ ”
-ဟု နာကျည်းစွာ ရေရွတ်တော့၏။
“ သတ္တဝါအားလုံးရဲ့ ယုံကြည်ချက်က မဟာကျိုးအင်ပါယာအပေါ်ကို သေချာပေါက် သက်ရောက်မှုရှိတယ် ... ဒါကြောင့် တော်ဝင်မိသားစုက ...
... အဲဒီသက်ရှိတွေရဲ့ ယုံကြည်ချက် အောက်မှာပဲ တာအိုကို စွန့်လွှတ်ထားရမယ်လို့ ဘယ်သူတွေးမိမှာလဲ။ ”
တစ်ဆက်တည်းမှာပင် လေသာဆောင်ထံ လျှောက်လှမ်းသွားလျက်ဖြင့်၊
“ ဒါပေမယ့် သူတို့ကတော့ အမည်မဲ့ နဂါးတောင်တန်းမှာ တစ်နှစ်ပတ်လုံး သက်ရှိ သတ္တဝါအားလုံးရဲ့ ယုံကြည်ချက်ကို အသုံးချပြီး နေ့ရောညပါ လေ့ကျင့်နေကြတယ် ...
... ဒါနဲ့ မလုံလောက်သေးဘူး ငါ့ကို ကမ္ဘာတစ်ဝှမ်းက အရင်းအမြစ်တွေ စုဆောင်း ခိုင်းစေတယ်၊ ဒါက အရမ်းလောဘကြီးတာပဲ မဟုတ်လား။ ”
ဟုန်ချန့်ချန်မှ အသံမထွက်ချေ။ ဤအရာသည် ဧကရာဇ်ကျိုး နန်းတက်သည့် နေ့မှစသော ဆူးပင်တစ်ပင်ဖြစ်ကြောင်း သူ သိထားခဲ့၏။ ထို့နောက် ဧကရာဇ်ကျိုးက မိုးကုပ်စက်ဝိုင်းထံ မျှော်ကြည့်ကာ၊
“ သူတို့ ပါ၀င်ချင်ရင် ... ပါဝင်ခွင့် ပေးလိုက်မယ်၊ ငှက်နဲ့ ဂုံးတွေရန်ဖြစ်တဲ့အခါ တံငါသည်တွေ အမြတ်ထွက်တယ်။ ”
-ဟု ရေရွတ်လိုက်တော့သည်။
***
ကျိုးကျိတောင်မှ ပြန်လာပြီးနောက် စုရီတစ်ယောက် လေထင်ရှူးစံအိမ်တွင် မုရှီတို့ နှင့်အတူ နေ့လည်စာ စားသောက်နေခဲ့၏။
မုရှီသည် မြေကြီးအဆင့်သို့ မကြာမီ တက်ရောက်နိုင်တော့ပေမည်။ များမကြာမီ စုရီက လူတိုင်းကို နှုတ်ဆက်ကာ အခန်းထဲ ဝင်လာခဲ့၏။
ယနေ့တွင် တစ်စုံတစ်ယောက်သည် သူ့လျှို့ဝှက်ချက်များကို သိမြင်နိုင်အောင် ကြိုးပမ်းခဲ့သည်။
ထိုလူသည် စုဟုန်လီဘေးရှိ အဖိုးကြီးဖြစ်နိုင်၏။ စုဟုန်လီနှင့် တွေ့စဉ်က ထိုသို့တစ်ကြိမ် ကြိုးစားဖူးသည်။
သို့သော် ဤတစ်ကြိမ်တွင် လျှို့ဝှက် ဆန်းကြယ်သော ရတနာဖြင့် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။ ယင်းကို ငရဲဘုံကိုးပါးဓားမှ ချက်ချင်း ခံစားမိကာ တုန့်ပြန်ခဲ့၏။
ထို့နောက် အတွေးများ ဖြတ်ကာ ကုတင်ပေါ်တင်ပျဉ်ခွေ တက်ထိုင်လိုက်သည်။ ခန္ဓာကိုယ်အတွင်း သွေးနှင့်ချီများ ယန်ဇီမြစ် ကဲ့သို့ ဟောက်သံထွက်ပေါ်လာ၏။
စစ်မှန်သောစွမ်းအင်သည် အပ်စိုက်မှတ်များနှင့် စွမ်းအင်လမ်းကြောင်းများ အတွင်း ဖြတ်သန်းလျက် ကိုယ်တွင်းအင်္ဂါများကို သန့်စင်ပေး၏။ ထိုစွမ်းအင် သံသရာသည် အထပ်ထပ်အခါခါ ဖြစ်ပေါ်နေသည်။
တစ်ချိန်တည်းမှာပင် ဒြပ်စင်လေးပါး တာအိုအလင်းရောင်သည်လည်း တဖြည်းဖြည်း ထွက်ပေါ်လျက် မြင့်မြတ်သော အသွင်အပြင်မျိုး ဖြစ်ပေါ်လာစေ၏။
ဤနည်းဖြင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ စုရီက သုံးရက်လုံးလုံး ကျောက်ရုပ်ကဲ့သို့ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေခဲ့၏။
သုံးရက်မြောက်သောညတွင် လေနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး သရက်ရွက်ထံ စွမ်းအင်များ ပြေးဝင်သွားတော့သည်။
ဤအခိုက်တွင် သရက်ရွက်သည် အနှစ်သာရကို စုပ်ယူနေသော ရေမြှုပ်တုံး တစ်တုံး ဖြစ်လာ၏။
“ ခရစ် ... ။ ”
ထိုအချိန်တွင် တင်ပျဉ်ခွေ ထိုင်နေသောစုရီသည် အတားအဆီးတစ်ခု ကျိုးသွားသကဲ့သို့ တုန်ရင်သွားသည်။
အဆုံးတွင် ကျင့်ကြံမှုသည် သိသိသာသာတိုးပြီး နောက်ဆုံးအတားအဆီးကို ဖြတ်ကျော်လျက် ပဉ္စမအဆင့်မဟာသခင်သို့ ဝင်ရောက်သွားခဲ့သည်။
ဒြပ်ငါးပါးတာအိုရောင်ဝါသည်လည်း စံအိမ်အထက် ပေတစ်ထောင်အထိ ထိုးတက် သွား၏။
ဤသို့ ပေတစ်ထောင်မြင့်သော ဒြပ်ငါးပါးတာအိုရောင်ဝါသည် အရိုင်းပြည်နယ် ကိုးပါး၌ပင် မည်သူမျှ မအောင်မြင်နိုင်ချေ။
သူ့တပည့် ဧကရီချင်းတန်သည်ပင် ပေတစ်ရာမြင့်သော ‘ဒြပ်ငါးပါးတာအိုရောင်ဝါ’ မျှသာ ရရှိခဲ့၏။
“ ချွင် ... ။ ”
ထိုအခိုက်တွင် စိတ်ဝိညာဉ်အတွင်း မထင်မရှားနှင့် ဓားမြည်သံတစ်သံ ထွက်ပေါ် လာသည်။
ငရဲဘုံကိုးဓားတွင် ရစ်ပတ်ထားသည့် သံကြိုးများအနည်းငယ် တုန်ခါလျက် စွမ်းအား အချို့ ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာခဲ့၏။ သိမ်မွေ့ပြီး မှော်ဆန်လှချေပြီ။
***