ဒီနေရာမှာ ဒူးထောက်ပါ။
Vol. 23 Ch. 269
“ အဲဒီတုန်းက ... မင်းအမေကို ပိတ်လှောင်ပစ်တယ်ဆိုတဲ့ သတင်း ငါကြားပြီး စုမိသားစုထဲကို ချက်ချင်း ဖောက်ဝင်ခဲ့တယ်၊
... ဒါပေမယ့် စုဟုန်လီက အရင်လို ကြင်နာတတ်တဲ့ အကျင့်စရိုက်မျိုး မရှိတော့ဘူး အေးစက်ပြီး ရက်စက်တဲ့ ပုံစံနဲ့ ... မင်းအမေက သူ့ကို အဲဒီလိုဖြစ်အောင် လုပ်ခဲ့တာလို့ ...
... သူ ပြောခဲ့တယ် မင်းအမေက တခြားကမ္ဘာကလာပြီး မကောင်းမြင်စိတ်တွေ ရှိနေတယ် အတိတ်ရဲ့ ဆက်ဆံရေးကြောင့်သာ မဟုတ်ရင် ...
... မင်းအမေကို နန်းတော်မှာ အကျဉ်းချနေမယ့်အစား သူသတ်ပစ်တယ်လို့ ငါ့ကိုပြောတယ်။ ”
စုရီမှ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းလာပြီး၊
“ မင်းကော၊ ဒီကိစ္စကို ဘယ်လိုမြင်လဲ။ ”
-လို့ ပြန်မေးလိုက်၏။
ပင်လယ်ဘုရင်၏ အမူအရာမှာ မရေမရာဖြစ်လာပြီး အဆုံးတွင် မုန်းတီးမှု ဒေါသများဖြင့်၊
“ ငါ မယုံဘူး ... ။ ”
-ဟု ပြန်ဖြေလာ၏။
“ မင်းအမေက ငါနဲ့စုဟုန်လီအသက်ကို ကယ်ခဲ့တယ် ... ဒီလို ကြင်နာတတ်တဲ့ လူမျိုးက ဘယ်လိုလုပ် ဒုက္ခပေးနိုင်မှာလဲ။ ”
ထိုသို့ပြောပြီးနောက် သူ၏ဆံပင်နှင့် မုတ်ဆိတ်မွေးများ လှုပ်ခါလျက် မတ်တပ်ထရပ် လိုက်သည်။
နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော နာကြည်းမှုများစွာကို ဆက်၍ ဖုံးကွယ်ထားလိုပုံ မရတော့ချေ။
စုရီမှ ဒေါသများ လောင်မြိုက်နေသော ပင်လယ်ဘုရင်ထံ တိတ်ဆိတ်စွာ ကြည့်နေပြီး အဆုံးတွင်၊
“ ဒေါသက ပြဿနာကို မဖြေရှင်းနိုင်ဘူး။ ”
-ဟု သတိပေးလိုက်သည်။
ပင်လယ်ဘုရင်တစ်ယောက် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။ ထို့နောက် သက်ပြင်းချကာ၊
“ မင်းအမေရဲ့ ခန္ဓာကိုယ်ပေါ်မှာ အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ မှော်ရတနာတစ်ခု ရှိတယ်လို့ ပြောခဲ့တယ် ...
... ဒါကြောင့် သူမဟာ အနာဂတ်မှာ သူမနဲ့ မတူတော့ရင် အဲဒီမှော်ရတနာဟာ ခန္ဓာကိုယ်ကို သိမ်းပိုက်သွားတာမို့ ... တတ်နိုင်သမျှ မြန်မြန် သတ်ပစ်ပါလို့ မှာကြားဖူးတယ်။ ”
-ဟု ဆက်၍ပြောပြလိုက်သည်။
ဤသည်မှာ ပိုင်ရှင်၏ဝိညာဉ်နှင့် ခန္ဓာကိုယ်အပေါ် လွှမ်းမိုးနိုင်သော ရတနာ တစ်ပါးပေပင်။
“ ဒါသာအမှန်ဆိုရင် ဒီရတနာက တကယ်ဆိုးတယ်။ ”
စုရီမှ ညည်းတွားလိုက်၏။
“ စုဟုန်လီက စူးစမ်းချင်စိတ် ပြင်းပြပြီး မှော်ရတနာကို ပြစေချင်ပေမယ့် မင်းအမေက သဘောမတူဘူး ... ဒေါသတောင် ထွက်သွားတယ် ...
... အဲဒီ ရတနာအကြောင်း မစဉ်းစားဖို့ စုဟုန်လီကို သတိပေးခဲ့တယ် မဟုတ်ရင် သူ့ကို ထိခိုက်လိမ့်မယ်လို့လဲ ပြောတယ် ...
... ရိုးရိုးသားသား ပြောရရင် ငါလည်း အရမ်းသိချင်နေခဲ့တယ် ဒါပေမယ့် မင်းအမေ စိတ်ဆိုးနေတာကို မြင်လိုက်ရတော့ အဲ့ဒီလို အတွေးတွေကို မတွေးဝံ့တော့ဘူး ...
... ဒါကြောင့် စုဟုန်လီ အကျင့်စရိုက် ပြောင်းလဲသွားရတဲ့ အကြောင်းရင်းက ... အဲဒီ မှော်ရတနာနဲ့ ဆက်စပ်နေပုံရတယ်လို့ ငါမြင်တယ်။ ”
စုရီက လှောင်ပြုံးပြုံးလိုက်၏။
“ အဲဒီရတနာက ဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာ အမေကောင်းကောင်း သိပါတယ် ... သူနဲ့ စုဟုန်လီတို့ လင်မယား ဖြစ်သွားရင်တောင်မှ ပေးမှာမဟုတ်ဘူး၊ ...
... စုဟုန်လီကသာ လောဘတကြီးနဲ့ အမေ့ဆီကနေ အဲဒီရတနာကို နည်းလမ်းအချို့ သုံးပြီးယူခဲ့တာ ဖြစ်ရမယ်။ ”
“ ငါလည်း ဒီလိုပဲထင်တယ် ဒါပေမယ့် ... ။ ”
“ ဒါပေမယ့် ဘာဖြစ်လဲ ... ။ ”
စုရီက ပြန်မေးသည်။
“ စုဟုန်လီရဲ့ စိတ်နေစိတ်ထားဟာ သိသိသာသာ ပြောင်းလဲသွားပေမယ့် သူ့မှာ ကိုယ်ပိုင် မှတ်ဉာဏ်တွေရှိနေဆဲပဲ ဝိညာဉ်ကို ဆုံးရှုံးသွားပုံမရဘူး ...
... ဒါ့အပြင် မင်းအမေကို အကျဉ်းချပြီးတည်းက လောကရေးရာတွေ အပေါ် သူ ဂရုမစိုက်တော့ဘူး ... နှစ်တွေ ကြာလာတဲ့အထိ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်လာခဲ့တယ်။ ”
ပင်လယ်ဘုရင်မှ စဉ်းစားရခက်ဟန်ဖြင့် ပြောကြားလာ၏။
“ ဆိုလိုတာက ... သူ့ခန္ဓာကိုယ်ကို မှော်ရတနာ မသိမ်းပိုက်နိုင်သေးဖူးလို့ သံသယ ရှိနေတာလား။ ”
“ မှန်တယ် ... မင်းအမေက အဲဒီမှော်ရတနာကို ထိန်းသိမ်းနိုင်တဲ့အတွက် သူ့လည်း နည်းလမ်းအချို့ ပေးခဲ့ပုံရတယ်။ ”
ထို့နောက် စုရီမှ အကြောင်းအရာကို ဆက်ပြောရန် ပျင်းသွားခဲ့၏။ ဇနီးကိုသတ်ပြီး သားကို တရားမ၀င် သားသမီးအဖြစ် မှတ်ယူထားသည့် လူယုတ်မာအတွက် တွေးတောကာ အချိန်မဖြုန်းလိုချေ။
သူ့ကို ဖခင်သတ်သားအဖြစ် နာမည်တပ်ခဲ့လျှင်ပင် လုံးဝ ဂရုမစိုက်ကြောင်း စုဟုန်လီ သိစေလိုသည်။
“ မေမေ ... မင်းကို သင်ပေးတဲ့ ကျင့်ကြံမှု နည်းစနစ်ကို ပြလို့ရမလား။ ”
စုရီမှ အကြောင်းအရာ ပြောင်းမေးသည်။
“ ဒါကို စိတ်ဝင်စားလိမ့်မယ်လို့ ... ငါမျှော်လင့်ထားပြီးသားပါ ကျောက်စိမ်းပြားမှာ ငါကူးရေးလာတယ်။ ”
ထို့နောက် ကျောက်စိမ်းပြား နှစ်ချပ်ကို ထုတ်ယူကာ စုရီထံ ကမ်းပေး၏။ စုရီမှ စူးစမ်း ဖတ်ကြည့်လိုက်သည်။
ရေးထိုးထားသည့် နည်းစနစ်မှာ ဝိညာဉ်တာအိုနယ်ပယ် အထွတ်အထိပ်ထိ ရောက်ရှိစေနိုင်၏။
စုရီအတွက်၊ ဤနည်းစနစ်သည် ထိပ်တန်းမဟုတ်သော်လည်း ၎င်းကို မိုးပြာ တိုက်ကြီးတွင် ထားရှိပါက အစွမ်းထက်သော အမွေတစ်ခုဖြစ်သည်မှာ သံသယမရှိချေ။
“ ငါ့အမေ မင်းတို့ကို တွေ့တုန်းက ရှန်ရှင်းအဆင့်ရောက်နေပြီ မဟုတ်လား။ ”
“ မှန်ပါတယ် ... ။ ”
ပင်လယ်ဘုရင်မှ ခေါင်းညိတ်သည်။
“ မထူးဆန်းပါဘူး ... ဒီနည်းစနစ်ကို သင်ပေးတုန်းက ... ဆယ်နှစ်အတွင်း မူလတာအို နယ်ပယ်ကိုရောက်ဖို့ မကြိုးစားရဘူးလို့ မှာကြားခဲ့တယ် မဟုတ်လား။ ”
“ အမှန်ပဲ ... ။ ”
အံ့အားသင့်နေသော ပင်လယ်ဘုရင်ထံ စုရီက ကျောက်စိမ်းပြားကို ပြန်ပေးလိုက်၏။ ကျန်ကျောက်စိမ်းပြားသည်လည်း ကျင့်ကြံမှုကို ဖြည့်စွက်ပေးသည့် နည်းစနစ်ပေပင်။
“ ငါ့အမေက မင်းကို အရင်တုန်းက သူငယ်ချင်းလို တကယ်ဆက်ဆံခဲ့တာပဲ။ ”
ထိုစကားသည် ရိုးရှင်းသော်လည်း ပင်လယ်ဘုရင်ကို ရှက်ရွံ့ နီရဲသွားစေတော့၏။
“ ဟုတ်ပါတယ်၊ မင်းအမေက ငါ့အပေါ် လမ်းပြပေးပါတယ် ဒါပေမယ့် သူဒုက္ခရောက်တဲ့ အချိန်မှာ ငါလက်စားမချေနိုင်ခဲ့ဘူး၊ ...
... နှစ်တွေကြာလာတာနဲ့အမျှ အပြစ်ရှိတယ်လို့ ခံစားခဲ့ရတယ် အဲဒါကို တွေးမိတိုင်း ငါအိပ်မပျော်နိုင်ဘူး။ ”
ထိုသို့ပြောကြားပြီးနောက် သက်ပြင်းရှည်ကြီးမှုတ်ထုတ်ကာ အမူအရာက မှုန်မှိုင်းသွားသည်။ များမကြာခင် ပင်လယ်ဘုရင် တစ်ယောက် ပြန်၍ငြိမ်သက်သွားကာ၊
“ သုံးရက်နေလို့ မင်းရှုံးရင် ... မင်းဘဝအတွက် ငါအသက်စွန့်ပြီး စုမိသားစုထဲ ဝင်လာခဲ့မယ် ... ငါ့ကို ခွင့်ပြုပါဦး။ ”
-ဟု နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
“ စုရီ သတိထားပါ ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမှောင်နတ်ဆိုးတောင်ကို ငါပြန်သွားတဲ့အခါ ဓားသင်္ချိုင်းဂူမရှိတော့ဘူး ...
... အဲဒီဓားသင်္ချိုင်းဂူထဲမှာ တုနှိုင်းမရတဲ့ ဓားတစ်လက်ရှိတယ်လို့ ... တစ်ခါက မင်းအမေ ပြောခဲ့ဖူးတယ် ဒါကြောင့် အဲဒီဓားကို စုဟန်လီ ယူသွားတာလို့ ငါသံသယရှိတယ် ... တာအိုစု မင်းလည်းသတိထားပါ။ ”
သို့တိုင် ပင်လယ်ဘုရင် အသံက အဝေးမှ ပဲ့တင်ထပ်ကျန်ရစ်ခဲ့ပြီး ပုံရိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
စုရီသည်သာ ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး အမူအရာက ယခင်အတိုင်း ငြိမ်သက်စွာ ကျန်ရစ်နေခဲ့၏။
ပင်လယ်ဘုရင်၏ ယခုအကြိမ် လည်ပတ်မှုသည် သူ၏သံသယများစွာကို ဖြေရှင်းပေးခဲ့သည်။
“ ဖန်းယွမ် ... ။ ”
“ အမိန့်ရှိပါ ဆရာစု။ ”
ဖန်းယွမ်က အမြန်ရောက်လာသည်။
“ ခေါက်ဆွဲပြုတ် တစ်ပန်းကန် သွားယူလာခဲ့ အသားမပါစေနဲ့။ ”
“ ဟုတ်ကဲ့ ... ။ ”
ဖန်းယွမ်မှ စိတ်ရှုပ်သွားသည်။ သို့တိုင် အမိန့်ကိုနာခံပြီး ထွက်ခွာသွား၏။ များမကြာခင် သက်သတ်လွတ် ခေါက်ဆွဲပြုတ် တစ်ပန်းကန် ကိုင်လျက် ပြန်ရောက်လာသည်။
“ သွားတော့ ... ။ ”
စုရီက ကြိမ်ကုလားထိုင်ပေါ်မှ ထထိုင်လိုက်ကာ ခေါက်ဆွဲ စားလိုက်တော့၏။ ဤအရသာသည် မျိုချရန်ပင် အနည်းငယ် ခက်ခဲချေပြီ။
သူ့အသက် လေးနှစ်အရွယ်တွင် မှောင်မည်းပြီး စိုစွတ်နေသော ရေခဲနန်းတော်၌ ဤသို့သော ခေါက်ဆွဲမျိုးကို စားခဲ့ရ၏။
သူ့အမေသည် ပိန်လှီ၍ အပြင်းဖျားကာ လှောင်အိမ်ထဲ ပိတ်မိနေသော သားရဲအလား အမှောင်ထုအောက်၌ နာကျင်မှုများစွာဖြင့် ရှင်သန်ရန် ရုန်းကန်နေရသည်။
ခေါက်ဆွဲတစ်ပန်းကန်လုံးစားပြီးနောက် ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းလိုက်ကာ ယခင်အတိုင်း ငြိမ်သက်သွား၏။
ဤသို့သော နေ့ရက်မျိုးကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသည်။ နောက်ထပ်သုံးရက်ခန့် ထပ်မံစောင့်ဆိုင်းခြင်းသည် ပြဿနာမရှိချေ။
***
“ တာအိုအစ်ကို ... ပင်လယ်ဘုရင်ရဲ့ လည်ပတ်မှုက ဘာဖြစ်မယ် ထင်လဲ။ ”
ထိုညတွင် စုဟုန်လီသည် ငါးမျှားနေရာမှ တာအိုဝတ်ရုံဝတ် အဘိုးအိုထံ မေးမြန်းလိုက်၏။ အဘိုးအိုက၊
“ ဒါက မင်းတို့ရဲ့ အတိတ်အကြောင်း ပြန်ပြောပြခဲ့တာ နေမှာပါ။ ”
-ဟု ပြန်လည် ဖြေကြားလိုက်သည်။
“ တာအိုအစ်ကို ... ဒီသားဆိုးက ပင်လယ်ဘုရင် ပြန်သွားတာတောင် ငြိမ်သက် နေနိုင်တုန်းပါလား။ ”
ဤတစ်ကြိမ်တွင် အဘိုးအိုမှ တုန့်ပြန်ခြင်းမပြုချေ။ တိတ်ဆိတ်သွား၏။ အဆုံးတွင် စုဟုန်လီက သက်ပြင်းချလိုက်ပြီး၊
“ တာအိုအစ်ကို မင်းတစ်ခုခု လုပ်ပါ။ ”
-ဟု အမိန့်ပေးလိုက်တော့သည်။
ထိုနေ့ညတွင် မုရှီနှင့် အဖွဲ့သားများသည် စားသောက်ဆိုင်တစ်ခုအတွင်း ပွဲခံပြီး ထွက်လာ ခဲ့ကြ၏။ သို့သော် သူတို့လမ်းကို အဘိုးအို တစ်ဦးမှ ပိတ်ဆို့ထားလေသည်။
လက်ထဲတွင် သားမြီးယပ်တစ်ချောင်း ကိုင်ဆောင်ကာ ခေါင်းတွင် ဆံပင်များ ထုံးချည် ထား၏။ ၎င်းက နွေးထွေးသောအပြုံးမျိုးဖြင့် မုရှီနှင့်အဖွဲ့ထံ ဦးညွှတ်လျက်၊
“ အခုလို နောက်ယှက်မိတဲ့ အတွက် တောင်းပန်ပါတယ် ... ကျေးဇူးပြုပြီး ဒီနေရာမှာ မင်းတို့ ဒူးထောက်ပါ။ ”
-ဟု ပြောကြားလာတော့သည်။
***