မေလ (၄)ရက်နေ့။
Vol. 23 Ch. 271
ညဉ့်နက်နေပြီ ဖြစ်သော်လည်း ဧကရာဇ်နန်းတော်အတွင်း၌ မီးများလင်းနေဆဲ ဖြစ်သည်။ ဧကရာဇ်ကျိုးက ကြားရသည့် သတင်းကြောင့် မျက်ခုံးပင့်သွားပြီး၊
“ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဲဒီ တာအိုအဖိုးကြီးဘယ်ကနေ ပေါ်လာမှန်း မသိဘဲ စုဟုန်လီနဲ့အတူ လိုက်ပါလာတယ်၊ ခုချိန်ထိ သူ့နာမည် ဒါမှမဟုတ် မူလကို ဘယ်သူမှ မသိကြဘူး။ ”
-ဟု ညည်းတွားတော့သည်။
“ အရှင်မင်းကြီး ... အဲဒီလူဟာ အန္တရာယ်များတယ်လို့ ဟိုးအရင်တည်းက ငါပြောခဲ့ဖူးပါတယ် ...
... ဒေါင်ဟွာဓားဂိုဏ်းရဲ့ မဟာအကြီးအကဲ ဖူယွင်လန်က ချင်မင်းဆက်မှာ တန်ခိုးအကြီးဆုံး ဓားသမား သုံးဦးစာရင်းဝင်တယ် ဒါတောင် သူက အဲဒီအဖိုးကြီးကို ဒီအတိုင်း လွှတ်လိုက်ရတယ်။ ”
ဟုန်ရှန့်ရှန်မှ တုန့်ပြန် ပြောကြားလာ၏။
“ ဒါဆို သူက ... စုဟုန်လီရဲ့ အရမ်းယုံကြည်နေရတဲ့ ဝှက်ဖဲ ဖြစ်နိုင်မလား။ ”
ဤတစ်ကြိမ်၌ ချန်ရှန့်ရှန်က ခေါင်းခါလိုက်ပြီး၊
“ သူသာ ဝှက်ဖဲဖြစ်ခဲ့ရင် ဒီညဘာလို့ ဖော်ထုတ်မှာလဲ၊ အဲဒီလူက စုဟုန်လီရဲ့အမိန့်ကို နာခံနေတာ ထင်ရှားပါတယ် ... ဆိုလိုတာက စုဟုန်လီသာ တကယ့်ကြောက်စရာ။ ”
ဧကရာဇ်ကျိုးက အသက်ပြင်းပြင်းရှူလျက်၊
“ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စုဟုန်လီတစ်ယောက်တည်း တံခါးပိတ်နေထိုင် ခဲ့တယ် ... အဲဒီကာလတွေမှာ ဒီအဖိုးကြီးက ရုတ်တရက် ပေါ်လာတာပဲ။ ”
ဟုန်ရှန့်ရှန်တစ်ယောက် တိတ်ဆိတ်သွားသည်။ ခဏအကြာတွင်၊
“ ဒီတစ်ခါတော့ စိတ်မပူပါနဲ့ အရှင်မင်းကြီး၊ အဖြေက မကြာခင် ပေါ်လာတော့မှာပါ။ ”
-ဟု ပြောကြားလိုက်တော့၏။
ထိုညတွင် တာအိုဝတ်ရုံဝတ် အဖိုးအို၏ အသွင်အပြင်ကြောင့် စုဟုန်လီနှင့် စုရီတို့သည် လျှို့ဝှက်ပြီး အစွမ်းထက်ကြောင်း လူအများက သတိပြုမိကုန်ကြသည်။
***
မေလ (၃)ရက်။
ထိုနေ့တွင် ဧကရာဇ်နန်းတော်မှ အရိပ်နဂါးတပ်သားများသည် စုမိသားစုကို ဗဟိုပြုလျက် ဆယ်မိုင်ဧရိယာအတွင်း နေထိုင်သည့် သာမန်လူအားလုံးကို ဖယ်ရှားပစ်ခဲ့သည်။
“ နောက်ဆုံးတော့ တာအိုမိတ်ဆွေနဲ့ စုမိသားစုတို့ရဲ့ တိုက်ပွဲက စတင်တော့မယ် ... ကံဆိုးစွာနဲ့ အဲဒီတိုက်ပွဲကို ငါကိုယ်တိုင် သွားကြည့်ခွင့် မသာခဲ့ဘူး။ ”
ထိုညတွင် နင်စစ်ဟွာသည် တောင်ထိပ်ပေါ်တွင် တစ်ယောက်ရပ်နေပြီး တိမ်ပင်လယ်ကို ငေးကြည့်နေ၏။
ငယ်ရွယ်နုပျို အပြစ်ကင်းစင်သော သူမ မျက်နှာပေါ်တွင် နောင်တရသည့်အရိပ်အမြွက် အချို့ ဖြစ်ပေါ်လာသည်။
ထို့နောက်တွင် ငေးငိုင်နေသော အမူအရာမျိုးဖြင့် ထိုင်နေသည့်ချာကျင်ထံ ပြန်လှည့်ကြည့်လိုက်၏။
သူမ မျက်လုံးများ မှိန်းဖျော့လျက် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ နင်စစ်ဟွာက လျှောက်လှမ်းသွားပြီး၊
“ စိတ်မပူပါနဲ့၊ မင်းရဲ့သခင်လေးကို ဒီကမ္ဘာမှာ ဘယ်သူမှ မသတ်နိုင်ပါဘူး။ ”
-ဟု နှစ်သိမ့်လိုက်တော့၏။
စိုးရိမ်ပူပန်ခြင်းသည် ဂရုစိုက်ခြင်းမှ ဆင်းသက်လာသည်။ သူမ နှလုံးသားထဲတွင် စုရီသည် အမှန်တကယ် နက်နက်ရှိုင်းရှိုင်း တည်ရှိနေကြောင်း မြင်သာချေ၏။
ဝါးရုံတစ်ခုအတွင်း ဝမ်လင်ရွယ်သည် ပြတင်းပေါက်မှ မြင်ကွင်းများကို ငေးကြည့်နေ ခဲ့သည်။
“ အစ်ကိုစု အဆင်ပြေရမယ်။ ”
တစ်ဖက်တွင် လက်ဖက်ရည် သောက်နေသော ဝမ်လင်ကျောက်မှ သူမ၏ အသံကြောင့် ဆတ်ခနဲ တုန်သွားသည်။
အကြင်သူသည် လအနည်းငယ်အတွင်း မဟာကျိုးမင်းဆက်တွင် အတောက်ပဆုံးသော လူငယ်တစ်ဦး ဖြစ်လာခဲ့၏။
ထိုမျှ အရည်အချင်း ရှိလိမ့်မည်ဟု မည်သူထင်မည်နည်း။ အရာအားလုံးအပေါ် ပြန်၍တွေးကြည့်လိုက်သော အခါ သူမကိုယ် သူမ လှောင်ပြောင်လိုက်မိ၏။
သူမ အမြင်သည် များစွာ နိမ့်ကျချေပြီ။ ဝမ်လင်ရွယ်ထက်ပင် ညံ့ဖျင်းလှ၏။ ရှက်စရာ ပေပင်။
***
မေလ (၄)ရက်နေ့။
ထိုနေ့တွင် မိုးမသောက်မီ အရပ်ရပ်မှ အင်အားစုအများအပြားသည် စုမိသားစုစံအိမ်သို့ ရောက်ရှိလာကြသည်။
၎င်းတို့သည် မဟာကျိုး၊ မဟာချင်နှင့် မဟာဝေကဲ့သို့ နိုင်ငံသုံးနိုင်ငံမှ အစွမ်းထက် ကျင့်ကြံသူများဖြစ်၏။
လူတိုင်းသည် နောက်ကျသွားပြီး ပွဲကြည့်ရန်နေရာကောင်းကို လက်လွှတ်လိုက် ရမည့်အပေါ် စိုးရိမ်နေကြသည်။
“ ဒီတိုက်ပွဲက အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေကို ... ဆွဲဆောင်နိုင်ခဲ့တာပဲ။ ”
ချင်ကျင်းက တိုးတိုးလေးပြောသည်။ သူမနှင့်အတူ သူမ၏ ဆရာသခင်သည်လည်း လိုက်ပါလာ၏။
ယနေ့ပွဲအတွက် ဇာတ်ကောင်သည် လွန်ခဲ့သော (၃)လခန့်တွင် တိမ်မြစ်စီရင်စု၌ ဆုံတွေ့ခဲ့သော ချီစုစည်းခြင်းအဆင့်မှ လူငယ်လေးတစ်ယောက်ဖြစ်သည်။
“ ဘာပဲဖြစ်ဖြစ် ... ဆရာစု အောင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ် ... ။ ”
ချန်ကွယ်ခယ်မှ လေးနက်သော အသွင်ဖြင့် မှတ်ချက်ပေး၏။
“ ဟမ့် ... ။ ”
သူတို့ဘေးရှိ သူတို့ဆရာက နှာခေါင်းရှုံ့၏။
“ စုရီက မင်းရဲ့ကယ်တင်ရှင်ဆိုတာ ငါသိပါတယ် ... ဒါပေမယ့် တစ်ဖက်မှာလည်း ငါတို့ဂိုဏ်းရဲ့ ရန်သူဆိုတာ မမေ့နဲ့။ ”
ထိုစကားကြောင့် ချန်ကွယ်ခယ်ခမျာ ခါးသီးသော အမူအရာဖြင့် ချက်ချင်း တိတ်ဆိတ် သွားတော့၏။
“ ဆရာ ... သခင်လေးစု ဒီတိုက်ပွဲကို အောင်နိုင်မယ်လို့ ထင်လား။ ”
တစ်ချိန်တည်းမှာပင် စုမိသားစုထံသို့ သွားရာလမ်းတွင် လန်စုက စိတ်လှုပ်ရှားနေ၏။
“ ပြောရခက်တယ် ... ။ ”
ဖူယွင်လန်မှ ခဏမျှ စဉ်းစားပြီး၊
“ ဒီတိုက်ပွဲမှာ ... ကွဲလွဲချက်တွေ အများကြီးရှိတယ် ... ဘယ်သူနိုင်မယ် ရှုံးမယ်ကို ခန့်မှန်းလို့ မရမှာ ငါကြောက်မိတယ်။ ”
“ ဒါပေမယ့် သခင်လေးစုကို နိုင်စေချင်တယ်။ ”
“ မင်းရဲ့ ကျေးဇူးရှင်မို့ ... သူ့အပေါ် သဘာဝကျကျ တွေးနေတာ ငါသိပါတယ် ... ဒါပေမဲ့ တိုက်ပွဲစတဲ့အခါ အလျင်စလို မလုပ်ပါနဲ့၊ ကျောက်စိမ်းမြို့တော်မှာ တန်ခိုးကြီးတဲ့လူတွေ အများကြီးရှိတယ် ...
... စုရီနဲ့ စုမိသားစုကြား အောင်နိုင်သူကို တကယ်မဆုံးဖြတ်နိုင်ခင် ... ဘာမှမလုပ်မိစေနဲ့ မဟုတ်ရင် စုရီရဲ့ရန်သူတွေက ငါတို့အပေါ် တိတ်တဆိတ် ပစ်မှတ်ထားလာလိမ့်မယ်။ ”
“ ဒါပေမယ့် ဆရာ... မင်းအနားမှာနေပြီး ဒီလိုပဲစောင့်ကြည့်နေမှာ ... မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ”
လန်စုမှ လိမ္မာပါးနပ်စွာဖြင့် ပြောကြားလိုက်သည်။ ဖူယွင်လန်တစ်ယောက် စကားမပြောတော့ဘဲ ပြုံးလျက် ပတ်ဝန်းကျင် အပေါ် အကဲခတ်လိုက်သည်။
စုမိသားစုကို ဗဟိုပြုလျက် လူအများအပြားသည် ဧရိယာပတ်ပတ်လည်ကို သိမ်းပိုက်ထားကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရ၏။
ရှန့်လင်ဘုံကျောင်းမှ အကြီးအကဲ ကျင်းဟဲနှင့် သင်္ကန်းဝတ်ထားသော ဘုန်းကြီး အများအပြားနှင့် အထူးသံတမန်အဖွဲ့မှ ထင်ရှား ကျော်ကြားသော ပုဂ္ဂိုလ်အများအပြား စသည်တို့ ဖြစ်သည်။
၎င်းတို့အနားတွင် လစက်ဝန်းဂိုဏ်းမှ ယွင်ကျန့်ချုံးမှ ဦးဆောင်သော မဟာဝေနိုင်ငံ၏ သံတမန်အဖွဲ့ရှိနေသည်။
သာမာန်အခြေအနေများ၌ ကျင်းဟဲ သို့မဟုတ် ယွင်ကျန်းချုံး မည်သူပင် ဖြစ်စေ အာရုံစိုက်မှုကို ခံရပေမည်။
သို့သော် ယနေ့တွင် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသူများစွာသည် ဤနေရာ တစ်ဝိုက်တွင် ရှိနေသောကြောင့် သာမန်မျှသာ ဖြစ်သွားသည်။ လွှမ်းမိုးနိုင်စွမ်း မရှိတော့ချေ။
ထို့နောက် ရှစ်ဖုန်းလျူနှင့် လျှို့ဝှက်နဂါး ဓားဂိုဏ်း ရောက်ရှိလာသည်။ နှစ်ပေါင်းများစွာ လူမြင်မှ ပျောက်ကွယ်နေသော ပင်လယ်ဘုရင် သည်ပင် ရောက်ရှိလာ၏။
သူနှင့်အတူ ငှက်မွှေးဘုရင်သည် အဖြူရောင်ဝတ်စုံဖြင့် ဓားကိုင်ပြီး ကောင်းကင်မှ ဆင်းသက်လာသည်။ ရောက်ရှိလာသောအခါ လူတိုင်း၏အာရုံကို ချက်ချင်း ရရှိသွား၏။
ထိုအချိန်တွင် ယွီချင်းဇီနှင့် စုပိုင်နင်သည် စက္ကူထီးကလေးရင်ပြင်တော် အပြင်ဘက်တွင် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေသည်။
သူတို့နှင့် မနီးမဝေးတွင် စုမိသားစုမှ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်စု စောစီးစွာ ရောက်ရှိနေ၏။ လူတိုင်းတွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေကြသည်။
ယနေ့တိုက်ပွဲသည် စုမိသားစု၏ အသက်နှင့်သေဆုံးခြင်းကို လူငယ်တစ်ဦးမှ အဆုံးအဖြတ်ပေးမည့် ပွဲပေပင်။
စံအိမ်အတွင်းရှိ စုဟုန်လီက အနက်ရောင်၀တ်ရုံကို ပြောင်းလဲဝတ်ဆင်ကာ ရှည်လျားသော ဆံပင်များကို ဆံထုံးအဖြစ် ချည်နှောင်ထားသည်။
နံနက်ခင်းအလင်းရောင်အောက်တွင် ရွှေရေချိုးထားသော သူတော်စင် တစ်ပါးကဲ့သို့ ထင်မှားစေ၏။
ကောင်းကင်နှင့် မြေကြီးကြားရှိ မြင့်မားလှသော တောင်တန်းကြီးတစ်ခုကဲ့သို့ မတုန်မလှုပ် လေးနက်ချေပြီ။
“ ဒီနှစ်တွေထဲမှာ ငါ့ရဲ့ခွန်အားကို ဒီလိုသေမျိုးကမ္ဘာကြီးက ကြည့်ဖို့တောင် မထိုက်တန်ဘူးလို့ ခံစားခဲ့ရတယ် ...
... ဒါကြောင့် ငါတစ်ယောက်တည်း နေထိုင်ပြီး ... ရွှေခေတ်ရောက်လာမဲ့ တနေ့ကို စောင့်မျှော်နေခဲ့တာ ... အခုတော့ ငါ့သွေးဆိုးက ဒီအခြေအနေထိ တွန်းပို့လာခဲ့ပြီ ...
... ကောင်းပြီ၊ ဒီနေ့ ... အဲဒီသွေးဆိုးကို သတ်ပြီး ... ငါစုဟုန်လီရဲ့ အရည်အချင်းအပေါ် ကမ္ဘာကြီးကို မြင်ခွင့်ပေးလိုက်မယ်။ ”
စကားဆုံးသည်နှင့် လက်နောက်ပို့ကာ စက္ကူထီးကလေးရင်ပြင်မှ ထွက်ခွာလာခဲ့သည်။ တာအိုဝတ်လုံနှင့် အဖိုးအိုမှ စကားမဆိုဘဲ သူနှင့် အနီးကပ် လိုက်ပါလာတော့၏။
တစ်ချိန်တည်းမှာပင် နံနက် အလင်းရောင်ကြောင့် စုရီက မျက်လုံးများဖွင့်ပြီး ကိုယ်လက် သန့်စင်လေသည်။
ယနေ့သည် မေလ (၄)ရက်နေ့ ဖြစ်၏။ တည်ငြိမ်သောအသွင်ဖြင့် ဖန်းယွမ်ပြင်ဆင်ပြီး နံနက်စာကို စားသောက်နေခဲ့သည်။
စုရွှမ်ကြွယ်ဘဝတွင် နှစ်ပေါင်း (၁၈၀၀၀၀)တိုင်အောင် ရှင်သန်လာခဲ့ပြီးနောက် သူ့အတွက် နေ့ရက်တိုင်းသည် သာမန်မျှသာ ဖြစ်၏။
နံနက်စာစားပြီးချိန်၌ ဖန်းယွမ်က ရထားလုံးတစ်စင်းနှင့်အတူ စောင့်နေချေပြီ။ ရထားပေါ်လှမ်းတက်ကာ၊
“ ငါ့ကို စုမိသားစုဆီ ပို့ပေးပြီးရင် ... ဝိုင်တစ်အိုးနဲ့ ကြက်ကြော်သွားဝယ်ထားပေး ... မမေ့နဲ့။ ”
-ဟု မှာကြားလိုက်သည်။
တည်ငြိမ်လွန်းသော ထိုအမူအရာနှင့် အသွင်ကြောင့် ဖန်းယွမ်ခမျာ လေးနက်သွား၏။ ဤသည်မှာ မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုး ပေပင်။ သူ့အတွက် တိတ်ဆိတ်နေချိန်တွင် မိုးခြိမ်းသံကို ကြားလိုက်ရသလိုဖြစ်၏။
***