ခုန်ပေါက်နေသော မျောက်တစ်ကောင်။
Vol. 23 Ch. 274
“ လျှို့ဝှက်နည်းစနစ်ပေါင်း တစ်ထောင်ကို လက်ညိုးတစ်ချက်တည်းနဲ့ ... ဖြိုခွင်းနိုင်သလား ဘယ်လောက် ဝါကြွားလိုက်လဲ။ ”
စုဟုန်လီမှ အေးစက်စွာ ဟစ်အော်ပြီး ရွှေရောင်အလင်းတန်းသဖွယ် ပြေးလွှားလာ တော့၏။
ခန္ဓာကိုယ်ရှိ စွမ်းအင်လမ်းကြောင်းများ အားလုံးကိုဖွင့်ကာ နတ်အာရုံဖြင့် ပေါင်းစပ်ရာ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျ လှိုင်းများ ပျံ့ကားကုန်သည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များသည် ကမ္ဘာကြီး၏ အစိတ်အပိုင်း ဖြစ်လာ၏။ ရောင်ဝါများ တိုးလာခဲ့သည်။
လူတိုင်း၏ အမြင်တွင် စုဟုန်လီသည် ဤအချိန်၌ တောင်နှင့်မြစ်များ၏ စွမ်းအားကို ထုတ်ယူနိုင်သော အုပ်စိုးရှင်ဖြစ်ချေပြီ။
“ ဝှစ် ... ။ ”
စုဟုန်လီမှ လက်ကို ဝှေ့ယမ်းလိုက်၏။ မိုင်ပေါင်းများစွာ ဝေးကွာလွန်းသော အရပ်ဆီမှ ဝိညာဉ်စွမ်းအင်များ သူ့လက်ဖဝါးထဲ ချက်ခြင်း စုရုံးလာပြီး တောက်လောင်နေသော ရွှေရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် စုရီသည်လည်း နဂါးငွေ့တန်းကဲ့သို့သော ကြယ်မြစ်ကြီးအပေါ် ကိုင်ဆွဲကာ လွှဲခုတ်ပစ်လာ၏။
“ ဘန်း ... ။ ”
ဤဖြစ်စဉ်ကို ဖော်ပြရန် စကားလုံးမရှိချေ။ တောင်နှင့် မြစ်များကို ပြိုကျအောင် စွမ်းဆောင် နိုင်သော အဖျက်စွမ်းအင်များ အချင်းချင်း တိုက်မိသွားကြခြင်း ဖြစ်သည်။
မီးတောင်နှစ်လုံး တိုက်မိသွားသကဲ့သို့ ပြိုးပြက်လင်းလက်ကာ အပျက်အစီးများသည် လမ်းကြောင်းအရပ်ရပ်သို့ ပြန့်ကျဲသွား၏။
ရှေးဒဏ္ဍာရီများအရ တန်ခိုးရှင်တစ်ပါး ဒေါသထွက်သောအခါ တောင်များကို နှုတ်ယူပြီး မြစ်များကို ဖျက်စီးသည်။ ဤကဲ့သို့ပေပင်။
“ ဟိတ် ... ။ ”
စုဟုန်လီက လက်ဖဝါးတစ်ဖက်ဖြင့် လှမ်းရိုက်လိုက်ပြန်၏။ နဂါးလက်သည်းကဲ့သို့ လက်ဖဝါးကြီးက စုရီထံတိုးဝင်သွားသည်။
“ ဟမ့် ... ။ ”
စုရီမှ လက်ဓားဖြင့်သာ ပြန်လည် ခုတ်ထစ်လိုက်သည်။ ကြယ်မြစ်ကြီး ချက်ချင်း ခုန်ပေါက်သွား၏။
“ ခရစ် ... ။ ”
ကြယ်တစ်ပွင့်စီသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ထုတ်လွှတ်လာ ခဲ့သည်။ ထို့ကြောင့် စုဟုန်လီ ဖန်တီးထားသော နဂါးလက်သည်းခမျာ ကြေမွပြီး ပျက်ပြယ် သွားလေသည်။
သို့သော် စုဟုန်လီမှ ဂရုမစိုက်ချေ။ လက်ဝှေ့ယမ်းလျက် ဝိညာဉ်စွမ်းအင်များကို ထပ်မံစုစည်းလိုက်ပြန်သည်။
သူ့ထံမှ မြူခိုးများ စိမ့်ထွက်နေပြီး ရွှေရောင်အလင်းတန်းများက ခန္ဓာကိုယ်အပေါ် လွှမ်းခြုံပေးလာ၏။ ဤသည်မှာ လောကအုပ်စိုးရှင် ဖြစ်သည်။
တစ်ဖက်တွင် စုရီသည် ကောင်းကင်နှင့် မြေကြီးကြား မည်သည့်စွမ်းအင်မျှ ငှားယူခြင်း မရှိခဲ့ဘဲ စစ်မှန်သောစွမ်းအင်နှင့် ရုပ်ခွန်အား အပေါ်သာ မှီခိုအားထားခဲ့သည်။
“ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ချေးယူနိုင်ရင်တောင်မှ မကြာခင်မှာ မင်းအပေါ် ငြင်းဆန်ခြင်း ခံရလိမ့်မယ်၊ မင်းကို ...
... အရမ်းထက်မြက်နိုင်မယ်လို့ ... ငါထင်ခဲ့တာ အခုတော့ မင်းဟာ အမြင်နိမ့်ကျတဲ့ လူမိုက်တစ်ယောက်ပဲ။ ”
စုရီမှ ခေါင်းယမ်းကာ မှတ်ချက်ပေးပြီး လှုပ်ရှားလိုက်သည်။
“ စစ်မှန်သော ကျင့်ကြံသူတစ်ယောက်က ကောင်းကင်၊ မြေကြီးနဲ့ တောင်တန်းတွေအပေါ် ထိန်းချုပ်နိုင်တယ် ...
... ဒါဟာ သေမျိုးနဲ့ အင်မော်တယ်ကြား ခြားနားချက်ပဲ ... ဒါဆို ဘယ်သူ ငါ့ကိုငြင်းပယ် ဝံ့မှာလဲ ... ရယ်စရာ ကောင်းလိုက်တာ။ ”
သွေးဆိုး၏ မှတ်ချက်စကားကြောင့် စုဟုန်လီအကြည့်များ အေးစက်လာလေသည်။ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ဖြန့်ပြလိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအင်များ ချက်ချင်း စီးဝင်လာ၏။
ထို့နောက် တံဆိပ်တစ်ခု ဖန်တီးလိုက်ရာ ပေတရာခန့်ကျယ်သော စွမ်းအင်လှောင်အိမ်ကြီး ဖြစ်ပေါ်လာတော့သည်။
ဤသည်မှာ အလွန်မှော်ဆန်သော ချိပ်ပိတ်ခြင်းတံဆိပ်တော် ပေပင်။ ပိတ်မိသွားသူ မည်သူမဆို ထွက်ခွာနိုင်မည် မဟုတ်ချေ။
ပစ်မှတ်သည် လေကကြီးနှင့် အဆက်ပြတ်သွားကာ ခုခံနိုင်စွမ်းမဲ့သွားပေမည်။ ရေခဲလွှာအတွင်း ပိတ်မိနေသော ငါးတစ်ကောင် နှင့်တူပေ၏။
“ ချိုးဖြတ်စမ်း ... ။ ”
စုရီ၏ ဆံပင်များလွင့်ဝဲလျက် မီးလျှံများ တဟုန်းဟုန်း တောက်လာ၏။ ကြည်လင်သော နတ်အာရုံ ထွက်ပေါ်လာကာ ကြယ်မြစ်ဖြင့် ပေါင်းစပ်သွားသည်။
“ ဘန်း ... ။ ”
ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်း မှောင်မိုက်သွားပြီး မိုးများတဖွဲဖွဲကျလာတော့၏။ အဆုံးတွင် စွမ်းအင်လှောင်အိမ်မှာ ပြိုကျသွား လေသည်။ အကျိုးဆက်အနေဖြင့် အနည်းငယ် တုန်ခါလျက် စုရီသွေးများ ဆူပွက်လာ၏။
“ ဟမ့် ... ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို အသုံးချပြီး ငါ့ကိုနှိမ်နင်းနိုင်မယ်လို့ မင်းကိုဘယ်သူပြောလဲ။ ”
စုရီက ချက်ချင်း ရွေ့လျားလိုက်သည်။ ခန္ဓာကိုယ်အတွင်း စွမ်းအင်လမ်းကြောင်းများ၌ မီးလောင်နေသကဲ့သို့ အတွင်းအင်္ဂါငါးပါးသည် ရောင်စုံအလင်းများ ထုတ်ပေးလာ၏။
“ ဝှစ် ... ။ ”
ဤမြင်ကွင်းကို မြင်ချိန်၌ စုဟုန်လီမှ ရုတ်တရက် ရှေ့သို့ခုန်တက်ပြီး ညာဘက်လက် မြှောက်ကာ ရိုက်ချပစ်လိုက်သည်။
ကြည်လင် တောက်ပနေသော ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။ ကောင်းကင်နှင့် မြေကြီးထံမှ ပေးအပ်လာသော စွမ်းအားပေပင်။
“ ချိုးဖြတ်စမ်း ... ။ ”
လူတိုင်းအမြင်တွင် ဤလက်ဖဝါးသည် ကမ္ဘာကြီးတစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင် ချေ၏။ စုဟုန်လီကို ရန်ပြုလိုသူတိုင်း ကောင်းကင်ဘုံ၏ ရန်သူဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏ တန်ခိုးကို ထိန်းချုပ်လျက် သေမျိုးလောကအထက်တွင် ရပ်တည်နိုင်ခြင်းဟူသည် ဤလောက၏ အရှင်သခင်ဖြစ်ခြင်း မည်၏။
“ ဘန်း ... ။ ”
ဤတစ်ကြိမ် တွေ့ဆုံမှုတွင် စုရီခမျာ တစ်ချက်မျှ တုန်ခါလျက် ဆုတ်ခွာပေးလိုက်၏။ ထိုမြင်ကွင်းကြောင့် မုရှီ၊ ပုရီ၊ လန်စုနှင့် တခြား သူများ၏ မျက်နှာကို အနည်းငယ် ပြောင်းလဲသွားစေသည်။
တိုက်ပွဲစချိန်အတွင်း ပထမဆုံးအကြိမ် စုရီမှနောက်ဆုတ်လိုက်ရခြင်း ဖြစ်၏။ သို့တိုင် စိုးရိမ်မှုမှာ တိုးလာနေဆဲ ဖြစ်သည်။
“ ဒါက သေမျိုးနဲ့ အင်မော်တယ်ကြား ကွာခြားချက်ပဲ။ ”
စုဟုန်လီမှ အထင်သေးစွာဖြင့် ပြောကြားလိုက်သည်။ သူ မျက်ဝန်းများသည် ကျယ်ပြောလှသော ကောင်းကင်ကြီးနှင့်တူပြီး သက်ရှိအားလုံးကို ငုံ့ကြည့်နေ၏။
သူ့အမြင်တွင် ဤသွေးဆိုးသည် ထိုသက်ရှိများအနက်မှ ပုရွက်ဆိတ်တစ်ကောင် မျှသာ ဖြစ်ချေပြီ။
“ ဟား ဟား ဟား ... အဲဒီလိုလား ... ။ ”
စုရီက ရယ်သည်။ ထို့နောက်၊
“ ဒါဆို ကောင်းကင်နဲ့ မြေကြီးရဲ့ တန်ခိုးတော်မရှိရင် ... မင်းဘာဆက်လုပ်မလဲ ငါကြည့်ချင်တယ်။ ”
စကားဆုံးသည်နှင့် သူ့ရှေ့တွင် ကြယ်ငါးပွင့်ပေါ်လာပြီး အပြာ၊ အနီ၊ အဖြူ၊ အဝါနှင့် အနက်ရောင်များ ပြသလာ၏။
ဒြပ်စင်ငါးပါး တာအိုရောင်ဝါ ဖြစ်သည်။ ၎င်းတို့သည် အလွန် ကြည်လင်ပြတ်သားသော ရောင်ဝါအဖြစ်သို့ ရောနှောသွား၏။
ဒြပ်စင်ငါးပါးကို တစ်ပါးတည်းအဖြစ် ပေါင်းစပ်ခြင်းကြောင့် စုရီအသွင်အပြင်သည် အထိန်းအကွပ်မဲ့ လာခဲ့သည်။ လေဟာနယ် အက်ကွဲလျက် မှုန်ဝါးသွား၏။
ဤသည်မှာ မဟာသခင်အဆင့်၏ ပြီးပြည့်စုံသောစွမ်းအားဖြစ်သည်။ ကြယ်တာရာ ဓားကို ထုတ်လွှတ်ရန် နတ်အာရုံအပေါ် လမ်းပြအဖြစ် အသုံးပြုလိုက်၏။
“ သွား ... ။ ”
စုရီက သူ့လက်ချောင်းများကို ဝှေ့ယမ်းလိုက်သည်။ ကြယ်မြစ်ကြီးတစ်စင်းနှင့် ဒြပ်စင်ငါးပါးအလင်း စက်ကွင်းကြီး ရွေ့လျား သွား၏။ လေဟာနယ်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
ပေတစ်ထောင် အချင်းဝက်အတွင်း ကြောက်မက်ဖွယ် ကောင်းသော ပျက်စီးခြင်း အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွား၏။
ဒြပ်စင်ငါးပါး အလင်းစက်ကွင်းကြီး ပေါ်လာသောအခါ ကောင်းကင်နှင့်မြေကြီးကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း စုဟုန်လီ ခံစားလိုက်ရသည်။
ဒြပ်စင်ငါးပါး အလင်းစက်ကွင်းသည် ကောင်းကင်နှင့်မြေကြီးထံမှ စွမ်းအင်အားလုံးကို ဝါးမြိုလိုသည့် လက္ခဏာများ ပြသနေ၏။
ကောင်းကင်နှင့် မြေကြီးကြား စွမ်းအင်ဟူသည် ဒြပ်ငါးပါးဖြင့် မလွတ်ကင်းချေ။ ထို့ကြောင့် ချက်ချင်း မျက်နှာပြောင်းသွားကာ၊
“ ငါ့အတွက် ခွဲဖွင့်စမ်း ... ။ ”
-ဟု မဆိုင်းမတွ ထိုးဖောက်ပစ်လိုက်ရ၏။
“ ဝုန်း ... ။ ”
ကျောက်စိမ်းမြို့တော် တစ်ခုလုံး တုန်ဟည်းစေသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ် လာသည်။ ဒြပ်စင်ငါးပါး အလင်းစက်ကွင်းနှင့် ထိတွေ့သွားသော ရွှေလက်သီးသည် ဆပ်ပြာ ပူဖောင်းကဲ့သို့ ပေါက်ကွဲသွား၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
အကျိုးဆက်အနေဖြင့် စုဟုန်လီခမျာ ခြေလှမ်းပေါင်းများစွာ ပြန်လည် ဆုတ်ခွာလိုက် ရသည်။ ခြေတစ်လှမ်းသည် (၁၀)ပေခန့် ဝေးကွာချေ၏။
“ ရွှပ် ... ။ ”
ထို့သို့ ဆုတ်ခွာနေစဉ်အတွင်း စွမ်းအင်လှိုင်းများ ထိမှန်ကာ ဆံပင်ရှည်ရှည်များ ဖွာလန်ကျဲလျက် အဝတ်အစားများ စုတ်ပြဲကုန်ခဲ့သည်။
အရေပြား၌ပင် ထင်ရှားသော ပြန်ရှဒဏ်ရာများ ပေါ်လာသည်။ တန်ခိုးရှင် တစ်ပါးမှသည် ချက်ချင်း အရူးတစ်ယောက် အလား ကြည့်ရဆိုးသွားချေ၏။
“ ဒါ ... ။ ”
လူတိုင်း အံ့အားသင့်သွားကြသည်။ ဤသည်မှာ သူတို့သိသော စုဟုန်လီပင်လော။ စိတ်ရှုပ်ထွေးစွာဖြင့် လူတိုင်းက စုရီထံသို့ ပြန်ကြည့်လိုက်တော့သည်။
“ ဟမ့် ... ။ ”
စုဟုန်လီမှ အသံပြုလိုက်တော့၏။ လေထုထဲရှိ ဝိညာဉ်စွမ်းအင်များက အရှိန်အဟုန် ပြင်းပြင်းဖြင့် သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာကာ ဒဏ်ရာများကို ပြန်၍ကုသပေးနေသည်။
ဤမြင်ကွင်းအရ စုဟုန်လီ၏ ဝိညာဉ်စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် ယွီတျန်းဟုန်ထက် သာလွန်သောအဆင့်၌ ရှိနေသည်ကို မြင်သာချေ၏။
ကံမကောင်းစွာဖြင့် သူ့ပြိုင်ဘက်သည် စုရီဖြစ်နေသည်။ သွေးဆိုးဟု သူကိုယ်တိုင်ပင် သတ်မှတ်ထားသော သူ့သား ဖြစ်၏။
“ လာဦးမယ် ... ။ ”
စုရီမှ ရှေ့သို့ ခုန်တက်လိုက်ကာ လက်ဓားဖြင့်ပင် ထိုးခုတ်သည်။ ကြယ်မြစ်ကြီး လိုက်ပါလျက် ဒြပ်စင်ငါးပါးအလင်းစက်ကွင်းက ပြေးထွက်သွား၏။
စုဟုန်လီတစ်ယောက် မျက်နှာ မည်းမှောင်သွားသည်။ ကောင်းကင်နှင့်မြေကြီး အပေါ် သူ့ရောင်ဝါများဖြင့် ချိတ်ဆက်ထားသည့် နတ်အာရုံသည် ပြိုကျပေတော့မည်။
“ ချိုးဖြတ် ... ။ ”
ထို့ကြောင့် ဝိညာဉ်စွမ်းအင်များကို ထပ်မံစုစည်းချိန် မရတော့ဘဲ မိုးခြိမ်းသံကဲ့သို့ အော်ငေါက်လျက် ထိပ်တိုက်ရင်ဆိုင်ရန် ခွန်အားအပြည့် အသုံးပြုလိုက်ရ၏။
“ ဝုန်း ... ။ ”
ရလာဒ်အနေဖြင့် ပေပေါင်းများစွာ လွင့်စဉ်သွားရာကာ မြေပြင်ပေါ်သို့ ဇောက်ထိုး ပြုတ်ကျလုနီးပါး ဟန်ချက်ပျက်သွား၏။ ရှက်စရာပေပင်။
မြေကြီးအဆင့် အင်မော်တယ်များခမျာ ဦးရေပြားများ ယားယံကုန်သည်။ ဤစုရီသည် အမှန်ပင် အစွမ်းထက်ချေ၏။ သေမျိုးအဆင့် လူငယ်တစ်ယောက် မဟုတ်တော့ချေ။
ဤအခိုက်အတန့်တွင် စုဟုန်လီ၏ ဥပေက္ခာနှင့် မောက်မာခြင်းများ ပျောက်ကွယ် သွားလေသည်။ သွေးဆိုးသည် သူ့ပြိုင်ဘက် အဖြစ် ထိုက်တန်ကြောင်း ဝန်ခံလိုက်ရ၏။
“ ဘယ်လိုလဲ ... ကမ္ဘာကြီးရဲ့ ငြင်းပယ်ခြင်းခံရတာ နေသာထိုင်သာ ရှိရဲ့လား စုဟုန်လီ ... ။ ”
စုရီက လက်နှစ်ဖက် နောက်ပို့လျက် မေးမြန်းလိုက်သည်။ သူ ဦးခေါင်းအထက်တွင် ကြယ်တာရာများ တဖျပ်ဖျပ်ပေါ်လာ၏။
၎င်းတို့၏ အလင်းရောင်များသည် ကြည်လင်ပြတ်သားလွန်းကာ မှော်ဆန်သော ခံစားချက်မျိုး ပေးစွမ်းသည်။ သူ့အနားတွင် ဒြပ်စင်ငါးပါး အလင်းစက်ကွင်းက ထပ်မံ လည်ပတ်နေ၏။
စုရွှမ်ကြွယ်ဘဝတွင် ကောင်းကင်နှင့် မြေကြီးကြား နိယာမများကို နားလည်ခဲ့သဖြင့် အရိုင်းမြေကိုးပါးရှိ ဧကရာဇ်ကိုးပါးကိုပင် ဒူးထောက်စေခဲ့ဖူးသည်။
သူ့ရှေ့တွင် မျောက်တစ်ကောင်သည် ခုန်ပေါက်ပြီး တန်ခိုးရှင်ကဲ့သို့ ဝင့်ကြွားနေသည့် အပေါ် သည်းမခံနိုင်ချေ။
ထို့ကြောင့် ဆက်နွယ်မှုအပေါ် ဖြတ်ချပြီး စုဟုန်လီကို မူလမျောက်အသွင် ပြန်ရောက်သွား စေခဲ့သည်။ တစ်ဖက်လူသည် သူ့ကိုယ်သူ လွန်ကဲစွာ တွက်ဆထားချေ၏။
“ လာဦးမယ် ... ။ ”
စုရီမှ ပြုံးလျက် လှုပ်ရှားလိုက်သည်။ ကောင်းကင်နှင့်မြေကြီးကြား ကမောက်ကမ ဖြစ်သွားသည်။ ဤစွမ်းအားသည် ကြောက်စရာ မည်မျှ ကောင်းမည်ကို စိတ်ကူးကြည့်နိုင်၏။
လူတိုင်း၏ မျက်လုံးထဲတွင် ကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်ကြီး ရုတ်တရက် ပေါ်လာပြီး စုရီကို ဆွဲငင်သွားသည်။
ဆိုလိုသည်မှာ စုရီနှင့် သူတို့ကြား အာကာပြင် ခြားသကဲ့သို့ ထင်မှားလာစေခြင်း ပေပင်။ တစ်ဖက်လူသည် စကြာဝဠာကို အစိုးရသော တန်ခိုးရှင်ဖြစ်၏။
“ အသက်ဝင် ... ။ ”
တစ်ချိန်တည်းမှာပင် စုဟုန်လီမှ ကျယ်လောင်သော အော်ငေါက်သံများပြုလျက် ခန္ဓာကိုယ်အတွင်းမှ သဘာဝ ကျောက်နံရံကြီး ရှစ်ချပ်ကို ဆင့်ခေါ်လိုက်၏။
“ အမှောင်တောင်တန်း အစောင့်အကြပ် ကျောက်တိုင် ... ။ ”
သဘာဝကျောက်နံရံကြီးများသည် တောင်ကြီးတစ်လုံးကဲ့သို့ ချက်ချင်းထူထဲလာ၏။ ရောင်ဝါများမှာ ခိုင်ခံ့နေချေပြီ။
“ ဝုန်း ... ။ ”
ဤသည်မှာ အလွန်အစွမ်းထက်သော ကာကွယ်ရေး လျှို့ဝှက်နည်းစနစ်တစ်ရပ်ဖြစ်၏။ သို့သော် ကြယ်မြစ်ကြီး ဆင်းသက်လာသော အခါ ကျောက်နံရံသည် အမှုန်များအဖြစ်သို့ ချက်ချင်းပေါက်ကွဲသွားတော့သည်။
“ ဒါ ... ။ ”
အဆုံးတွင် ပြိုးပြက်လင်းလက်နေသော ကြယ်မြစ်ကြီးက စုဟုန်လီအပေါ် ကျဆင်းသွား တော့၏။
စုဟုန်လီခမျာ မျက်နှာပျက်ယွင်းစွာဖြင့် ချက်ချင်းဆုတ်ခွာလိုက်ရသည်။ စကြာဝဠာကြီး တစ်ခုလုံး ကျဆင်းလာသလိုပေပင်။
သို့သော် အသက်တစ်ရှိုက်စာမျှ နောက်ကျသွားပြီး ဥက္ကာခဲအလားကောင်းကင်မှ တစ်ဟုန်ထိုး ပြုတ်ကျသွားတော့၏။
“ ဝုန်း ... ။ ”
အဆုံးတွင် မြေပြင်၌ ပေရာပေါင်းများစွာ ကျယ်ပြောလှသော အပေါက်ကြီးတစ်ပေါက် ထွက်ပေါ်လာသည်။
ထိုအပေါက်ကြီးအောက်ခြေ၌ ပြန်လည် ကုစား၍မရသော ဒဏ်ရာများဖြင့် စုဟုန်လီကို ပုံပျက်ပန်းပျက် မြင်လိုက်ရ၏။
ခန္ဓာကိုယ်ရှိ ရောင်ဝါများ မှေးမှိန်လျက် အရေပြားမှ သွေးများစီးကျလာကာ သနားစရာ ကောင်းနေခဲ့ချေပြီ။
***