လက်ဖက်စိမ်းရေဒါက အချက်ပြနေတယ်
Vol. 1 Ch. 15
ချီရှောင်ပိုင်က သူ့ခြေလှမ်းများကို ရပ်ပြီး ဖြေးညင်းစွာ လှည့်ကြည့်လာသည်။
လျှိုကျန်းကျန်းက သူမ စိတ်ထဲ၌ ကြိတ်၍ ဝမ်းသာသွားသည်။ သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အရှေ့သို့ ပြေးသွားကာ ရပ်လိုက်သည်။
"ဒီနေ့လယ်တုန်းက ရှင့်ရဲ့ မိထွေးက ယောက်ျားတစ်ယောက်နဲ့ ဟိုတယ်ထဲ ဝင်သွားတယ်။ အဲဒါက ဦးလေးချီ မဟုတ်ဘူး။"
သူမ၏ စကားကို သက်သေပြရန်အတွက် လျှိုကျန်းကျန်းက ဖုန်းကို ထုတ်ကာ ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်လိုက်သည်။ သူမက ၎င်းကို ချီရှောင်ပိုင်၏ ရှေ့တွင် ကိုင်ထားကာ ပြလိုက်၏။
လျှိုကျန်းကျန်းသည် လတ်တလော၌ ချီရှောင်ပိုင်နှင့် စကားပြောရန် မည်သို့ အခွင့်အရေးရှာရမည်ကို စိတ်ပူနေ၍ ကောင်းကင်က သူမကို ကူညီခဲ့ခြင်း ဖြစ်နိုင်သည်။
ကြယ်ငါးပွင့်ဟိုတယ်တစ်ခု၏ ဝင်ပေါက်ရှေ့တွင်...
သူမသည် ရှန်းမူမူက လူစိမ်းတစ်ယောက်နှင့်အတူ ကားထဲမှ ထွက်လာပြီး ရယ်ရယ်မောမော စကားပြောရင်း ဟိုတယ်ထဲသို့ ဝင်သွားခဲ့သည်။
သူမက အလွန် ထိတ်လန့်သွားခဲ့၏။
ထိတ်လန့်အံ့သြနေရင်း သူမက ဖုန်းကို ထုတ်ယူကာ ဓာတ်ပုံအချို့ ရိုက်ကူးရန်လည်း မမေ့ခဲ့ပေ။
ဤသည်မှာ ချီရှောင်ပိုင်နှင့် စကားပြောဖို့ရာ ဆင်ခြေရှာရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။
ချီရှောင်ပိုင်က မျက်လွှာချရင်း ဖုန်းစခရင်ပေါ်သို့ တစ်ချက်ကြည့်လိုက်သည်။
သူက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
ချီရှောင်ပိုင်၏ အမူအရာအပြောင်းအလဲကို မြင်သောအခါ လျှိုကျန်းကျန်းက တွေးလိုက်သည်။ အောင်မြင်သွားပြီ။
သူမသည် ချီရှောင်ပိုင်၏ မိထွေးက သူမ ခန့်မှန်းထားသလို ကိစ္စထဲ ပါဝင်ပတ်သက်နေလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်ဟု စဥ်းစားနေသည်။
သို့မှသာ သူမက ချီရှောင်ပိုင်ကို လျှို့ဝှက်ချက် ကူထိန်းပေးမည်ဟု အစပြု ကမ်းလှမ်းနိုင်မည် ဖြစ်သည်။
တူညီသည့် လျှို့ဝှက်ချက်ကို မျှဝေထားသည့် လူနှစ်ယောက်က ပို၍ ရင်းနှီးသွားနိုင်ပေသည်။
ထို့နောက် သူမက အနည်းငယ် ပို၍ ကြိုးစားလိုက်လျှင် ချီရှောင်ပိုင်၏ ရည်းစားကောင်မလေး ဖြစ်လာနိုင်သည်။
ထိုသည်မှာ သူမ ဆယ်တန်း၌ ချီရှောင်ပိုင်ကို ပထမဆုံးတွေ့ဖူးကတည်းက ဖြစ်လာသည့် အိပ်မက်နှင့် ဆန္ဒဖြစ်လေသည်။
ချီရှောင်ပိုင်က စခရင်ထက်ကို အေးစက်စွာ ကြည့်နေရင်း နှုတ်ခမ်းတို့ကို ဖိပိတ်လိုက်သည်။
ဓာတ်ပုံထဲမှ အမျိုးသားက ရှန်းမူမူနှင့် သက်တူရွယ်တူ ဝန်းကျင် ဖြစ်သည်။
ဆိုလိုသည်မှာ ထိုသူက သူ့အဖေထက် ငယ်ရွယ်ပေသည်။
သူက စိတ်ထဲ၌ မည်မျှ ထိတ်လန့်တုန်လှုပ်နေပါစေ အခြားသူများရှေ့တွင် သူ့မျက်နှာထက် အခြားအရိပ်အယောင်များ ပြသ၍ မဖြစ်ပေ။
ချီရှောင်ပိုင်၏ အကြည့်များက ဖုန်းဆီမှ လွှဲဖယ်သွားသည်။ သူက ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တစ်စုံတစ်ရာကို သတိရသွားပြီး သူက ပြန်လှည့်လာကာ လျှိုကျန်းကျန်းကို ပြောလိုက်သည်။
"အဲဒီဓာတ်ပုံတွေ ငါ့ဆီ ပို့လိုက်။"
...........
ချီရှောင်ပိုင်က ဘက်စကက်ဘော ကစားချင်သည့် စိတ်မရှိတော့ပေ။ ဝေ့ချောင်နန်ကို သူ မလာတော့ဘူးဟု စာပို့လိုက်ပြီးနောက် ကားထဲသို့ တိုက်ရိုက် ဝင်သွားခဲ့သည်။
သူက ဒရိုင်ဘာကို ပြောလိုက်၏။ "အိမ်ပြန်မယ်။"
ချီရှောင်ပိုင်က ကားပြတင်းမှ အပြင်သို့ ငေးနေခဲ့သည်။
ကားပြတင်းမှ ရံဖန်ရံခါ ဖြတ်ဝင်လာသည့် လမ်းမီးတိုင် အလင်းများက သူ့မျက်နှာပေါ် ကျရောက်နေပြီး အလင်းနှင့် အမှောင်ကြား တစ်လှည့်စီ ဖြစ်ပေါ်နေသည်။
လူငယ်လေး၏ ခေါင်းမာပြီး နက်ရှိုင်းသော အကြည့်များအတွင်း စိတ်ပျက်ခြင်းဖြစ်စေ ဒေါသထွက်ခြင်းကို ဖြစ်စေ ရှာဖွေတွေ့ရှိရန် ခက်ခဲပေသည်။
ချီရှောင်ပိုင် အိမ်သို့ ပြန်ရောက်လာသည့်အခါ ရှန်းမူမူက ဧည့်ခန်းထဲမှ ဆိုဖာတွင် ထိုင်နေပြီး တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေသည်။
ချီရှောင်ပိုင်က သူ့ဖိနပ်ကို လဲရန် ကိုယ်ကိုကိုင်းချလိုက်ချိန်၌ ရှန်းမူမူက ဖုန်းပြော၍ ပြီးသွားပြီး သူမအိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ဤတိုက်ဆိုင်မှုက ချီရှောင်ပိုင်၏ အတွင်းစိတ်ကို လေးလံစေသည်။
သူသည် ရှန်းမူမူက သူမ ဖုန်းပြောနေခြင်းကို သူ့အား မကြားစေချင်သောကြောင့် အလျင်အမြန် ဖုန်းချလိုက်သည်ဟု သံသယရှိသွားသည်။
ချီရှောင်ပိုင် ပြန်လာသည်ကို မြင်သည့်အခါ ရှန်းမူမူက မေးလိုက်သည်။
"ပြန်လာပြီလား။ စားပြီးပြီလား။"
ဤရက်များအတွင်း ဆက်ဆံကြည့်ပြီးနောက် ရှန်းမူမူသည် ချီရှောင်ပိုင်အပေါ် သဘောထားက ကိုးရို့ကားယားနိုင်မှုတို့ တဖြေးဖြေး လျော့နည်းလာသည်။
သူမက သူမ၏ မိထွေးဟူသော နေရာကို လက်ခံနိုင်စွမ်းလည်း မြင့်မားလာသည်။
သူတို့၏ ရံဖန်ရံခါ တွေ့ဆုံမှုများအတွင်း သူမက တစ်ခါတစ်လေ နက်နဲမှု မရှိသည့် အလာပသလာပ စကားများ ပြောလိမ့်မည် ဖြစ်သည်။
ချီရှောင်ပိုင်၏ မျက်နှာက အမူအရာ ကင်းမဲ့နေပြီး သူက ဖိနပ်ပါးကို ပြောင်းစီးကာ အိမ်ထဲ လျှောက်ဝင်လာသည်။
"နည်းနည်းစားလာတယ်။"
ရှန်းမူမူ : "အိုး"
သူမက ပြန်လှည့်ကာ အပေါ်ထပ်သို့ တက်တော့မည့်အချိန်၌ ချီရှောင်ပိုင်က သူမကို လှမ်းခေါ်၍ တားလိုက်သည်။
"ခဏလေး—"
ရှန်းမူမူက ပြန်လှည့်ကြည့်လိုက်သည်။
ချီရှောင်ပိုင်က တွေဝေတွန့်ဆုတ်နေပုံပေါ်၏။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့အိတ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။
ရှန်းမူမူသည် သူ၏ အမူအရာထဲမှ မည်သည့် သဲလွန်စကိုမှ မရခဲ့ပေ။ သူမက ဇဝေဇဝါ ဖြစ်နေ၏။ "?"
ချီရှောင်ပိုင်က သူ့ဖုန်းကို ကမ်းပေးလိုက်သည်။
"တစ်ယောက်ယောက်က ကျွန်တော့်ကို ဓာတ်ပုံတချို့ ပြခဲ့တယ်။ တစ်ချက်လောက် ကြည့်ပါဦး။"
ချီရှောင်ပိုင်က အလွန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူက သူ ကြားခဲ့ရသည့် အကြောင်းကို မည်သည့် ခံစားချက်မှမပါဘဲ ပြန်ပြောခဲ့သည်။
ဖြစ်ရပ်၏ အမှန်တရားကို ရှာမတွေ့ခင် အလျင်စလို ကောက်ချက်ချလိမ့်မည် မဟုတ်ပေ။
သို့သော် သေးငယ်သည့် မီးပွားလေးက သူ့သံသယကို မီးညှိလိုက်သည်။
အမှန်တွင် သူ့အဖေက မိန်းမတစ်ယောက် အိမ်သို့ ခေါ်လာပြီး လက်ထပ်မည်ဟု ပြောခဲ့သည့်အခါ ချီရှောင်ပိုင်သည် စိတ်ရှုပ်ထွေးစွာနှင့် သိချင်ခဲ့သည်။
ရှန်းမူမူက ၂၈ နှစ်ဖြစ်ပြီး သူ့အဖေက ၃၈ နှစ် ဖြစ်၏။ သူတို့ကြား၌ အသက် ဆယ်နှစ် ကွာခြားသည်။ ၎င်းက အနာဂတ်၌ ပြဿနာဖြစ်လာလိမ့်မလား။
၂၈ နှစ် ရှန်းမူမူက ဘာလို့ သူမထက် အများကြီး အသက်ကြီးသည့်သူကို လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်ရပါသနည်း။
ယခု ချီရှောင်ပိုင်က ရှန်းမူမူနှင့် မျက်နှာချင်းဆိုင်၌ ရပ်နေခဲ့သည်။
သူက ဓာတ်ပုံအကြောင်း အောက်ခြေထိ တူးဆွချင်ပြီး သူ့ရင်ထဲ၌ တစ်ချိန်လုံးရှိနေသည့် မေးခွန်းများလည်း မေးချင်ခဲ့သည်။
ရှန်းမူမူက ထူးဆန်းသော အကြည့်တို့ဖြင့် ဖုန်းကို လှမ်းယူလိုက်သည်။ သူမက ဓာတ်ပုံတစ်ပုံချင်းဆီ ဆွဲ၍ ကြည့်နေခဲ့သည်။
သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ထိတ်လန့်တကြားနှင့် 'အဲဒါ ငါ မဟုတ်ဘူး' မှသည် 'ဓာတ်ပုံအရိုက်ခံရမယ်ဆိုတာသာ သိခဲ့ရင် နှုတ်ခမ်းအရောင်ကို ပိုတင်ခဲ့သင့်တာ' ဟု ပြောင်းလဲသွားလေသည်။
နောက်ဆုံး ဓာတ်ပုံ၌ လေတိုက်သွားပြီး သူမ ဆံပင်များက အလွန် ရှုပ်ပွနေခဲ့သည်။
ဘယ်သူက ဒါကို ရိုက်တာလဲ။ သူတို့က ဓာတ်ပုံခိုးရိုက်ပြီး ပြဿနာရှာချင်နေတာလား။
အနည်းငယ် ဒေါသဖြစ်စွာနှင့် ဖုန်းစခရင်ကို အားနှင့် ဖိဆွဲမိသွားကာ ဓာတ်ပုံအယ်လ်ဘမ်မှ တိုက်ရိုက်ထွက်၍ မက်ဆေ့ချ်စာမျက်နှာသို့ ရောက်သွားခဲ့သည်။
မတော်တဆနှင့် သူမက ချီရှောင်ပိုင်ထံ ဓာတ်ပုံပို့လာသူ၏ ပရိုဖိုင်ပုံကို မြင်လိုက်ရသည်။
ရှည်လျားဖြောင့်စင်းသည့် အနက်ရောင်ဆံပင်နှင့် အတုအယောင် ဖြူစင်ရိုးသားသည့် ပုံစံရှိသည်။
သူမက ချက်ချင်းပင် ဘယ်သူလဲ မှတ်မိသွားခဲ့၏။
အိုး ဒါက အရင်နေ့တုန်းက သူတို့အိမ်ကို ဧည့်သည်အဖြစ်လာခဲ့တဲ့ လက်ဖက်စိမ်းလေးမလား။
ရှန်းမူမူ၏ မျက်လုံးများက စူးရှသွားသည်။ သူမသည် လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က လျှိုကျန်းကျန်းတစ်ယောက် ချီရှောင်ပိုင်ထံ ပို့ထားခဲ့သည့် မက်ဆေ့ချ်ကို မြင်လိုက်ရသည်။
[ချီကောကော ရှင် အားရင် ဒီပိတ်ရက်မှာ တွေ့ပြီး စကားပြောကြရအောင်။ ဒီကိစ္စကို အစ်ကို ဖြေရှင်းဖို့ ကူညီပေးချင်တယ်။ စိတ်မပူပါနဲ့။ ကျွန်မ ဒါကို ရှင့်အတွက် ကျိန်းသေ လျှို့ဝှက်ပေးထားပါ့မယ်။ [ချစ်စရာကောင်းတဲ့ ကြောင်လေး အီမိုဂျီ JPG]]
တင်း.... တင်း—
ရှန်းမူမူ၏ လက်ဖက်စိမ်းထောက်လှမ်းရေး ရေဒါက ပွင့်လာသည်။
အဲဒီတော့ လျှိုကျန်းကျန်းက ချီရှောင်ပိုင်နဲ့ နီးစပ်နိုင်ဖို့ ဒီဓာတ်ပုံတွေ ရိုက်ခဲ့တာပေါ့လေ။
ရှန်းမူမူသည် ၎င်းက ရယ်ရသည်ဟု တွေးလိုက်မိသည်။ သူမက ချီရှောင်ပိုင်ထံသို့ ဖုန်းပြန်ပေးရင်း ပြောလိုက်သည်။
"ဆောရီး ငါ မတော်တဆ အယ်လ်ဘမ်ထဲက ထွက်သွားလို့။"
တခြားလူ၏ ဓာတ်ပုံအယ်လ်ဘမ်ထဲမှ ထွက်ပြီး ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်ကို ကြည့်ခြင်းက မယဥ်ကျေးရာကျပေသည်။ သို့သော် သူမက တကယ့်ကို တမင်လုပ်ခြင်း မဟုတ်ဘဲ ချီရှောင်ပိုင်အား ရှင်းပြရမည်ဟု ခံစားလိုက်ရသည်။
ချီရှောင်ပိုင်က ထိုကဲ့သို့သော ကိစ္စမျိုးကို ဂရုမစိုက်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဓာတ်ပုံများကို မြင်ပြီးနောက်၌ပင် ရှန်းမူမူ၏ တုန့်ပြန်မှုက တွေဝေနေသည်မှာ သူ့ကို အံ့အားသင့်စေသည်။
သူက တစ်စုံတစ်ခု ပြောလာမည်ကို စောင့်ဆိုင်းနေသကဲ့သို့ ရှန်းမူမူကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
ရှန်းမူမူက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ အမူအရာက ရုတ်တရက် မည်းမှောင်သွား၏။
"သူမက ငါ့ရဲ့ ဒီလို မလှမပပုံတွေကို ရိုက်ထားတာ။ မျှတသွားအောင် ငါ လူကိုယ်တိုင် သွားကြည့်သင့်တယ်မလား။"
ချီရှောင်ပိုင် : "......"
???
အဲဒါက အဓိကအချက်လား။
ရှန်းမူမူက စိတ်တိုနေဆဲ ဖြစ်သည်။
"ငါ အရောင်းဝန်ထမ်းကို မယုံလိုက်သင့်ဘူး။ ဒီသဘာဝကျကျ နှုတ်ခမ်းအရောင်ဆိုတာက အရောင်မရှိသလောက်ပဲ။ မင်း ဘယ်လို ထင်လဲ။"
ချီရှောင်ပိုင်က ရုတ်တရက် ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။
စက္ကန့်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူက အကူအညီမဲ့စွာ ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ ရုပ်မဆိုးပါဘူး။"
ရှန်းမူမူက သာမန်ကာလျှံကာ မေးလိုက်ခြင်း ဖြစ်သည်။ သူမသည် ချီရှောင်ပိုင်က တကယ်ကြီး အလေးအနက်ထားကာ ပြန်ဖြေလာမည်ဟု မျှော်လင့်မထားခဲ့ပေ။
သူမက ရုတ်တရက် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
ကောင်းပြီလေ။ နင်က အနာဂတ် အဓိကဇာတ်လိုက် ဖြစ်နေတာဆိုတော့ နင့်ရဲ့ အနုပညာခံစားနိုင်စွမ်းကို ယုံကြည်လိုက်မယ်။
ရှန်းမူမူက သူတို့၏ စကားပြောဆိုမှုကို လမ်းကြောင်းပေါ် ပြန်ဆွဲတင်လိုက်သည်။
"လျှိုကျန်းကျန်းက မင်းနဲ့ တွေ့ချင်နေတာ။ ငါ့ကိုပါ ခေါ်သွားပေးမလား။"