← Chapters

တစ်လကို မုန့်ဖိုးငွေ တစ်သန်းခွဲ

Vol. 1 Ch. 2

တစ်လကို မုန့်ဖိုးငွေ တစ်သန်းခွဲ

Vol. 1 Ch. 2

ရှန်းမူမူသည် စားဖို့အတွက် တူကို ကိုင်ယူခါနီးတွင် အိမ်တော်ထိန်းအား စိတ်ရင်းမှန်ဖြင့် ပြောခဲ့သည်။

“ကျေးဇူးပါရှင်”

အိမ်တော်ထိန်းလည်း သူမ၏ စကားကြောင့် ခဏတာ ရပ်တန့်သွားခဲ့သည်။

“ကျေးဇူးတင်စရာ မလိုပါဘူး သခင်မ၊ ဒါက ကျွန်တော့်အလုပ်ပါ”

အိမ်တော်ထိန်းအတွက် တွေးတောစရာ ဖြစ်သွားခဲ့သည်။

သူမက ထူးဆန်းနေသည်။

ပုံမှန်ဆိုလျှင် သခင်ကြီးအိမ်မှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သခင်မသည် အိမ်တော်ထိန်းနှင့် အစေခံများကို အထက်စီးဆန်ဆန် ဆက်ဆံတတ်လေသည်။

သို့သော် ဒီနေ့အဖို့တော့ သူမသည် ကျေးဇူးတင်စရာ ပြောဆိုခဲ့ပြီး ထိုသို့ပြောခဲ့သည်မှာလည်း စိတ်ရင်းမှန်ဖြင့် ပြောကြောင်း သိသာနေသည်။

အိမ်တော်ထိန်းမှာ သူမ၏ ထူးဆန်းသော အပြုအမူမည်သို့ကြောင့် ပြောင်းလဲသွားသည်ကို စဉ်းစားမရခင်မှာပင် ရှန်းမူမူသည် စကားတစ်ခွန်းထပ် ပြောလာခဲ့သည်-

“အိမ်တော်ထိန်းကျန်း၊ ရှင်ရော စားပြီးပြီလား၊ မစားရသေးရင် ကျွန်မနဲ့အတူ စားပါလား”

ဟင်းလျာများပြည့်လျှံနေသော စားပွဲကိုကြည့်ပြီး ရှန်းမူမူသည် တစ်ယောက်တည်း စားရမည်ကို နှမြောမိသဖြင့် ယခုကဲ့သို့ ရင်းနှီးသောကမ်းလှမ်းမှုကို ထုတ်ပြောခဲ့ခြင်းဖြစ်သည်။

အိမ်တော်ထိန်းမှာ ထိုကမ်းလှမ်းမှုကြောင့် ဂုဏ်ယူမိပြီး ချက်ချင်းပင် ခေါင်းခါလိုက်သည်၊ “မ...မစားတော့ပါဘူး သခင်မ”

အလွန်ပင် ထူးဆန်းနေသည်။

သခင်လေး၏ ဆယ်ကျော်သက်အရွယ် ဆိုးသွမ်းမှုကို ကြုံတွေ့နေရသောကြောင့် သခင်မ၏ စိတ်နေသဘောထားနှင့် သည်းခံနိုင်စွမ်းသည် ပြောင်းလဲသွားသည်လော။

သူမသည် လုံးဝကို ပြောင်းလဲသွားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေပေသည်။

ယနေ့သည် သောကြာနေ့ဖြစ်သောကြောင့် သခင်လေးမှာ သူ၏ သူငယ်ချင်းများကို အိမ်သို့ခေါ်လာပြီး ညဘက်ဆော့ကစားကြမည် ဖြစ်သည်။

သခင်မသည် ယခုတွင် စိတ်ကောင်းနေသော်လည်း သူမသည် မကြာခင် စိတ်ဆိုးပြီး တံခါးများကို ဆောင့်ပိတ်မည်လော။

ထိုသို့စဉ်းစားမိပြီး အိမ်တော်ထိန်း၏ မျက်လုံးထဲတွင် သူမအတွက် ကိုယ်ချင်းစာမှုနှင့် စိုးရိမ်မှု အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။

ရှန်းမူမူ၏ မိထွေးတစ်ယောက်အနေဖြင့် ဖြတ်ကျော်ရသော အခက်အခဲများအတွက် ကိုယ်ချင်းစာမိခြင်း၊ ထို့နောက် သခင်လေး၏ ဆိုးသွမ်းသော အကျင့်စရိုက်အတွက် အဖက်ဖက်က စိုးရိမ်မိခြင်းတို့ပင် ဖြစ်သည်။

အစေခံမိန်းကလေးမှာ ရှန်းမူမူ စားသောက်ပြီးသည်ကို မြင်ပြီး ထိုမိန်းကလေးသည် သူမကို ခေါင်းငုံ့အရိုအသေပေးပြီး အနီးနားသို့ လာခဲ့သည်။

“သခင်မ၊ ရေချိုးဖို့အတွက် ရေချိုးခန်းကို မနေ့က သခင်မ ညွှန်ကြားထားတဲ့အတိုင်း ပြင်ဆင်ပြီးပါပြီရှင့်”

ရှန်းမူမူ၏ မျက်စိ အနည်းငယ် ပြူးကျယ်သွားခဲ့သည် - ”?”

မနေ့ကလား။

ထိုအရာမှာ သူမ ယခုကမ္ဘာထဲသို့ မရောက်လာမှီ မူလဇာတ်ကောင်က ညွှန်ကြားခဲ့ခြင်းဖြစ်မည်ဟု တွေးမိလိုက်သည်။

အစေခံမိန်းကလေးသည် ရှန်းမူမူကို မာစတာ အိပ်ခန်းထဲရှိ ရေချိုးခန်းသို့ လိုက်ပို့ခဲ့သည်။

ရေချိုးခန်းဟု ဆိုသော်လည်း သူမအရင်ဘဝက နေခဲ့သော အိမ်ထက်ကျယ်ဝန်းနေသည်ကို တွေ့လိုက်ရသည်။ ထိုရေချိုးခန်းအကျယ်မှာ စတုရန်းမီတာ ၂၀၀ခန့် ရှိပေသည်။

ရေချိုးဇလုံကန်မှာလည်း ရေကူးကန်အသေးစားအရွယ်ရှိပြီး သင့်တင့်၍ သက်တောင့်သက်သာ ဖြစ်စေသော အပူချိန်ရှိသည့် ရေဖြည့်ထားသည်။ ရေနွေးငွေ့ဖျော့ဖျော့လေးနှင့် သင်းပျံ့သော အမွှေးရနံ့မှာ လေထဲတွင် ပျံ့ဝဲနေပေသည်။

ထိုဘေးတွင် ရာသီပေါ်သီးနှံများ  အပြည့်ဖြည့်ထားသော ကြွေပန်းကန် ရှိသည်။

ထို့ပြင် အမည်းရောင်အရည်ဟုထင်ရသော အရည်ကျိုထားသည့် ဂျယ်လီနှင့်တူသော အရာထည့်ထားသည့် ပန်းကန်လုံးလည်း ရှိနေသေးသည်။

ရှန်းမူမူသည် ပန်းကန်လုံးကို ကောက်ယူကာ နမ်းရှူကြည့်လိုက်သည်။

အနံ့ရှူရုံဖြင့် အလွန်ပင်ခါးသော ဆေးတစ်ခွက်မှန်း သိလိုက်လေသည်။

ထို့ကြောင့် သူမသည် ထိုအနံ့များ နှာခေါင်းတွင်းက ပျောက်သွားရန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မျက်မှောင်ကျုံ့ကာ နှာခေါင်းကို လက်နှစ်ချောင်းဖြင့် ညှပ်ပိတ်လိုက်သည်။ ထို့နောက် ထိုပန်းကန်လုံးကို သူမနှင့် ဝေးရာမှာ ထားလိုက်သည်။

ထိုအရာမှာ ဘယ်လိုအရာမျိုးဖြစ်ကြောင်း သူမ စဉ်းစားမရပေ။

ရှန်းမူမူတစ်ယောက် ထိုသို့ဖြစ်ပျက်သွားပုံကို အစေခံမိန်းကလေးမှာ မြင်ပြီး ရိုသေသမှုဖြင့်-

“သခင်မရှင့်၊ တရုတ်တိုင်းရင်းဆေးက ခါးတာကြောင့် သခင်မအတွက် ချိုတဲ့စွပ်ပြုတ်အရည်လေး ပြင်ပေးထားပါတယ်ရှင့်”

သူမသည် အသံကို အနည်းငယ် နိမ့်ပြီး လျှို့ဝှက်ဆန်းကြယ်သောအရာကို သိလိုသောအသံနေ အသံထားဖြင့် ပြောလေသည်။

“ဒီဆေးထဲ မရှိမဖြစ်ပါတဲ့ အဆီက လိမ္မော်ပွင့်ကနေဖြစ်ပြီး ခွန်အားဖြစ်စေပါတယ်”

“အဲ့ဒါကြောင့် သခင်မရဲ့ အမွေဆက်ခံသူလေးကို မကြာခင် မွေးဖွားချင်တဲ့ ဆန္ဒပြည့်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်”

ထိုမိန်းကလေးမှာ ထိုသို့ကပ်ဖားရပ်ဖားစကားလုံးများပြောဆိုပြီး အခန်းထဲက ထွက်သွားခဲ့သည်။

သူမထွက်သွားပြီးနောက် ရှန်းမူမူမှာ နားမလည်သော အမူအရာဖြင့် မျက်တောင်ခတ်လျက် ကျန်နေခဲ့လေသည်။

အားဖြစ်စေတယ် ဟုတ်လား။

အမွေဆက်ခံသူကို မကြာခင် မွေးချင်တယ် ဟုတ်လား။

ထိုအမည်းရောင်အရည်ကြီးမှာ နန်းတွင်းဝတ္ထုများတွင် ပါတတ်သော ကိုယ်ဝန်ဆောင်အားဆေးဖြစ်မှန်း သိလိုက်ပါတော့သည်။

ထို့ကြောင့် မူလဇာတ်ကောင်မှာ ချီမော့နဲ့မနေ့ညက အတူအိပ်ပြီး ကိုယ်ဝန်ရအောင် လုပ်ဖို့ ရည်ရွယ်ထားကြောင်း သဘောပေါက်သွားလေသည်။

သို့သော် လမ်းတစ်ဝက်မှာတင် စိတ်ပြောင်းသွားနိုင်သည်ကို မည်သူသိမည်နည်း။

ရှန်းမူမူသည် နှုတ်ခမ်းတွင် အပြုံးပါးပါးလေး ပြုံးလိုက်ပြီး ထိုဆေးကို ရေကန်ထဲသို့ သွန်ချလိုက်သည်။

သူမမှာ ဘာမှ မတတ်နိုင်သော်လည်း ဝတ္ထု၏ အတိုချုပ်မှ ထိုလက်ထပ်မှုအကြောင်းကို ပြန်လည်စဉ်းစားရင်း-

ဤဝတ္ထုတွင် သူမနေရာက မူလဇာတ်ကောင်မှာ လမ်းမှာမေ့လဲကျနေသော ချီမော့၏ အဘွားဖြစ်သူကို ကယ်တင်လိုက်ရာမှ အဘွားသည် သူမကို သဘောကျသွားပြီး မြေးဖြစ်သူနှင့် နေရာချပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဇာတ်ကောင်မှာ မြင်မြင်ချင်း ချီမော့ကို ချစ်မိသွားပေမဲ့လည်း ချီမော့ကတော့ စိတ်မဝင်စားခဲ့ချေ။

သူမသည် ချီမော့ကို ချဉ်းကပ်ခဲ့ပြီး စာချုပ်အရ သာ လက်ထပ်ရန် တောင်းဆိုခဲ့သည်။

ချီမော့အတွက်ကတော့ သူမကို လက်ထပ်လိုက်ခြင်းဟာ သူ့အဘွား၏ ဆန္ဒပြည့်အောင် လုပ်ပေးသလို ဖြစ်သောကြောင့် သဘောတူခဲ့သည်။

စာချုပ်အရ လစဉ် ယွမ် ငါးသိန်း ရမည့်အပြင် သူ့အဘွား သေဆုံးသွားပြီးလျှင် အေးအေးဆေးဆေး ကွာရှင်းပြီး များပြားလှသော နစ်နာကြေးလည်း ရရှိနိုင်ဦးပေမည်။

မှန်အရှေ့တွင် ရှန်းမူမူသည် သူမရောက်ရှိလာသော ဇာတ်ကောင်၏မျက်နှာကို သူမမျက်နှာသဖွယ် သတ်မှတ်ပြီး သေချာကြည့်နေသည်။

အရင်ဘဝတွင် လူအများက သူမ၏ အဆင်းလှပမှုကို ချီးမွမ်းကြသော်လည်း မိန်းကလေးတန်မဲ့ လက်မထပ်ပဲ တစ်ယောက်တည်းနေ၍ နှစ်ပေါင်းများစွာ အလုပ်ပဲလုပ်နေသည်ကို လှောင်ပြောင်ကြသော လူများလည်း ရှိပေသည်။

“မင်း မျက်နှာလှလှလေးနဲ့ဆိုရင် ပိုက်ဆံချမ်းသာတဲ့ ယောကျာ်းတစ်ယောက်ကို ရှာယူပစ်လိုက်လို့ ရတယ်။ ဒီလို မနက် ၉ကနေ ညနေ ၅ထိ ပင်ပင်ပန်းပန်း တစ်ဘဝလုံးလုပ်စရာမလိုဘူး၊ မင်း မျက်နှာလှလှလေးနဲ့ အဲ့လို လုပ်ဖို့ မတန်ပါဘူး။”

အဲ့လိုပြောခံရချိန်တုန်းက သူမသည် ထိုစကားလုံးများကို လျစ်လျူရှူထားခဲ့သည်။

ယခုတွင် ထိုလူများပြောခဲ့သော ဘဝမျိုးကို သူမ ရောက်ရှိလာခဲ့လေသည်။

မှန်ထဲတွင် သခွားစေ့လောက်ရှိသော မျက်နှာသေးသေးသွယ်သွယ်သည် သူမ၏ လက်တစ်ဖဝါးစာမျှသာ ရှိပါသည်။

မြေခွေးလို မျက်လုံး၊ ထူးခြားပြီး လှပသော နှာတံလေး ရှိ၏။

ရေနွေးငွေ့များ ပျံ့လွင့်နေသော ထိုရေချိုးခန်းတွင် သူမ၏ ပါးများသည် အနည်းငယ်မျှ နီမြန်းနေပြီး စနိုးဝှိုက်ကဲ့သို့ ဖြူဖွေးနေသော သူမ၏ အသားအရေနှင့် လိုက်ဖက်ညီကာ လှပနေသည်။

သူမ ပြုံးလိုက်သောအခါတွင် သူမ၏ မျက်ခုံးများသည် ကွေးညွှတ်သွားကာ သူမ၏ ရင်သပ်ရှုမောဖွယ် အလှအပကို ပိုမိုပေါ်လွင်စေသည်။

မှန်ထဲက အမျိုးသမီးသည် မျက်ခုံးတစ်ချက်ပင့်သက်သွားပြီး သူမ၏ ဇာတ်ကောင် အဆုံးသတ်မလှခြင်းကို တွေးမိ၍ ရှန်းမူမူသည် စကားလုံးတစ်လုံး ပါးစပ်မှ ထွက်သွားသည်။

“အလိုလေး”

ထိုဇာတ်ကောင်၏ ကြေကွဲစရာ အဆုံးသတ်မှာ အချစ်မျက်ကန်းဖြစ်သွားခဲ့ပြီး ချီသခင်မကြီး အရမ်းဖြစ်ချင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ကံကောင်းခြင်းတစ်ခုကတော့ ယခုလက်ရှိ သူမသည် အချစ်ရူးလေးတစ်ယောက် မဟုတ်ပေ။

သူမ၏ ယောကျာ်းနှင့် သားဖြစ်သူကြား ဘာပြသာနာမှ မလုပ်သရွေ့ ကြေကွဲစရာ အဆုံးသတ်နှင့် မကြုံတွေ့ရပဲ ကွာရှင်းပြီးလျှင်တောင် ချမ်းသာစွာ နေထိုင်နိုင်ဦးပေမည်။

ယောကျာ်း၏ သားဖြစ်သူအကြောင်း တွေးမိပြီး သူမ၏ မျက်နှာအမူအရာမှာ လေးနက်သွားခဲ့သည်။

ထိုလေးနက်သော မျက်နှာအမူအရာဖြင့် သူမ ဖုန်းကို ဖွင့်ကြည့်လိုက်လေသည်။

ထို့နောက် သူမ မသင်ယူခဲ့ရသော ပညာရပ်များကို လေ့လာရန် ပို့စ်များစွာကို သဲကြီးမဲကြီး လိုက်လံရှာဖွေဖတ်ရှုနေခဲ့သည်။

{မိထွေးနှင့် ယောကျာ်းပါ/မယားပါ သားအကြား စောင့်ထိန်းရမည့် အချက် ၆ချက်}

{မိထွေးတစ်ယောက်အနေဖြင့် မိသားစုဆက်ဆံရေးကို မည်သို့ သေချာစွာကိုင်တွယ်ရပုံ}

{မိထွေးတစ်ယောက်အနေဖြင့် ဆိုးသွမ်းပုန်ကန်တတ်သော ကလေးတစ်ယောက်နှင့် ဆက်ဆံရေး မည်သို့ကောင်းမွန်အောင် ပြုလုပ်ရပုံ}

နာရီအနည်းငယ်ကြာလာသောအခါ-

ရှန်းမူမူသည် ထိုစာများကိုဖတ်ရှုရင်း ပင်ပန်းလာသဖြင့် သူမ သောက်ရန် ငှက်သိုက်တစ်ပန်းကန် မီးဖိုချောင်တွင် သွားယူပြီး အိပ်ခန်းသို့ ပြန်လာခဲ့လေသည်။

သူမ ဒုတိယထပ်ကို ရောက်သည်နှင့်တစ်ပြိုင်နက် အောက်ထပ် အဝင်ဝမှ အားအင်အပြည့် တက်ကြွသော လူငယ်လေးများ၏ အသံကိုကြားနေရသည်။

“သခင်လေးချီ၊ အိမ်ကအကြီးကြီးပဲနော်၊ ဒီကိုရောက်ဖူးတာ ပထမဆုံးအကြိမ်ပဲ”

“သခင်လေးချီ၊ သခင်လေးရဲ့ မိထွေးမေမေလေးက ဒီနေ့ အိမ်မှာ မရှိဘူးမလား”

“ငါတို့တော့ မတွေ့ဖူးဘူး၊ ဒါပေမဲ့ သူမက သခင်လေးထက် အသက် ၁၁နှစ်ပဲကြီးတယ်ဆို ဟုတ်လား”

ထိုစကားသံများကိုကြားပြီး ရှန်းမူမူသည် သွားနေရာမှ  ခဏရပ်ပြီး ဒုတိယထပ်ရှိ လက်ရန်းကို မှီရင်း ထိုစကားသံများကို ဆက်လက်နားထောင်ချင်သောစိတ်များဖြစ်ပေါ်လာကာ ငွေဇွန်းလေးကို မွှေလျက် ရှိနေသည်။

သူမသည် ဝတ္ထုများစွာ ရုပ်ရှင်ဇာတ်လမ်းများစွာကို ကြည့်ဖူးသည်။

သခင်လေးချီမှာ မည်သို့ပုံစံမျိုးဖြစ်မည်ကို သူမ သိချင်နေမိသည်။

ရှီအိမ်ရာသည် အတော်ပင်ကြီးမားလှသည်။ ထိုအထက်တန်းကျောင်းသားများသည် အိမ်ထဲဝင်ရန် ဖိနပ်ချွတ်နေစဉ်မှာပင် သခင်လေးချီ၏ မိထွေးအကြောင်းကို အမျိုးမျိုး ထင်ကြေးပေးနေကြပေသည်။

“သခင်လေးချီရဲ့ မေမေလေးက အရမ်းလှတာပဲဆို”

“လှ မလှတော့ မသိဘူး ဒါပေမဲ့ သူမကိုကြည့်ရတာ အကြံအစည်ကြီးတဲ့ မခေသူပဲဖြစ်လိမ့်မယ်”

“ဟုတ်လောက်မယ် ပိုပြီးလှလေ ပိုပြီးရက်စက်တတ်လေပဲ”

ထိုစကားပြောနေသူများထဲတွင် ချောမောသောလူငယ်တစ်ယောက်ကို သူမ မျက်မှန်းတန်းမိသည်။

အသက် ၁၆၊ ၁၇နှစ်သာ ရှိသော အထက်တန်းကျောင်းသားများထဲတွင် ချီရှောင်ပိုင်သည် ထင်ထင်ရှားရှား ဖြစ်နေသည်။

ထိုလူငယ်သည် ဝတ္ထုများ၏ ချောမောသော ဇာတ်လိုက်ပုံစံဖြစ်နေပေသည်။

နူးညံ့သောပုံပန်းသွင်ပြင်ရှိသော်လည်း မောက်မာတတ်ပြီး အာခံတတ်သော ပုံစံရှိနေသည်။ အေးစက်စူးရှသော မျက်လုံး၊ အရပ်မှာလည်း အနည်းဆုံး ၁၈၃စင်တီမီတာ ရှိပေမည်။

ရိုးရှင်းသော အလယ်လတ်တန်းစားတန်ဖိုးရှိသော မီးခိုးရောင်တီရှပ်ကို ဝတ်ဆင်ထားပြီး နဖူးတွင် နဖူးစည်းအနီကို စည်းထားသည်။ နူးညံ့သိမ်မွေ့သယောင်ရှိသော်လည်း လုပ်ရဲကိုင်ရဲရှိပုံပေါ်အောင် ဝတ်ဆင်ထားသည်။ ထိုပုံဖြစ်နေသည်မှာ ဒီကမ္ဘာကြီးတွင် ဂျပန်စတိုင် ဖက်ရှင်သည် လူငယ်များအကြား ခေတ်စားနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

“ဟား”

ချီရှောင်ပိုင်၏ ပုံစံကို ကြည့်ရင်း ရှန်းမူမူသည် တိုးတိတ်စွာ သူမ၏နှလုံးသားထဲမှ ရယ်မိလိုက်သည်။

ဝတ္ထုများထဲက ဇာတ်လိုက်အားလုံးသည် အစကတည်းက သူတို့၏ အကောင်းဆုံးပုံပန်းသွင်ပြင်ဖြင့် ပေါ်လာကြသည်မှာ မဟုတ်လောက်ပေ။

ဆယ်ကျော်သက်အရွယ် ဇာတ်လိုက်များသည် မည်သို့ပင် ချောမောစေကာမူ ပိန်ပါးသော ပုံစံသာ ရှိကြသည်။

သူမအတွက် ထိုလူငယ်လေးမှာ အရိုင်းအစိုင်းကောင်လေးသာသာ ဖြစ်နေသည်။

သူမ တွေးတောနေစဉ် နောက်ထပ် နူးညံ့ပြီး တုန်ရီနေသော အသံလေး ထွက်ပေါ်လာသည်။

“ဟို….သခင်လေးချီ၊ သခင်လေးမေမေလေးက အရမ်းကြောက်ဖို့ကောင်းလား၊ ကျွန်မ နည်းနည်းကြောက်တတ်လို့ပါ”

ရှန်းမူမူသည် မျက်မှောင်ကြုတ်သွားပြီး အသံရှိရာကို လှည့်ကြည့်လိုက်သည်။

အသံပိုင်ရှင်မှာ ဆံပင်အနက်ရောင်နှင့် မိန်းကလေးဖြစ်ပေသည်။ သူမသည် အပြစ်ကင်းပုံပေါ်သော်လည်း သူမ၏အကြည့်မှာ အပြစ်မကင်းပေ။ ချီရှောင်ပိုင်ကို မဝံ့မရဲကြည့်ရင်း သူမ၏ လက်ချောင်းလေးများ တုန်ရီသယောင် လုပ်ပြနေသည်။

ထိုပုံစံကို မြင်လိုက်ရသော ရှန်းမူမူသည် ပြသာနာတစ်ခုဖြစ်နိုင်မည်ကို သူမ၏ ရေဒါက အချက်ပေးနေလေသည်။

တစ်စုံတစ်ယောက်က သူမကို ပြန်ဖြေလိုက်သည်။

“ဘာကြောက်စရာရှိလဲ၊ အဲ့မေမေလေးက သာမာန်မိသားစုကနေ လာတာကို ငါတို့သခင်လေးကို အော်ရဲစရာလား”

နောက်တစ်ယောက်ကလည်း ဝင်ပြောသည်။

“ဟုတ်တယ်၊ ဒါက သခင်လေးချီရဲ့ အိမ်ပဲ ငါတို့က သူမ မျက်နှာကိုကြည့်စရာလိုလို့လား လုံးဝပဲ”

“ဟုတ်ပါ့၊ ကြည့်နေ၊ ခဏနေအဲ့မေမေလေးကို တွေ့ရင် မမြင်ချင်ယောင်ဆောင်ပလိုက်မယ်၊ တစ်နည်းအားဖြင့် ငါကသခင်လေးဘက်ကပဲ”

“ငါရောပဲ”

“ငါရောပဲ”

All Chapters