သခင်မချီအဖြစ် ထွက်ပေါ်လာခြင်း
Vol. 1 Ch. 6
ရှန်းမူမူရင်ထဲတွင် ပဋိပက္ခများဖြစ်နေသည်။ “ဟယ်လို၊ နေကောင်းလား” ဟုပြန်ဖြေလျှင် တစ်မျိုးကြီး ဖြစ်နေမည်။ “ဟယ်လို၊ ဒါလင်” ဟုပြန်ဖြေလျှင်လည်း အလွန်ပင် အကဲပိုနေသလို ဖြစ်နေဦးမည်။ သူမဘာတစ်ခွန်းမှ ပြန်မဖြေခင်တွင် ချီမော့၏ သံလိုက်လို ဆွဲငင်နိုင်ပြီး သာယာလှသော အသံသည် သူမ၏ နားစည်များ အရည်ပျော်သွားအောင် လာရိုက်ခတ်နေသည်။
“မနက်ဖြန်ကျရင် ကော့တေးပါတီ ရှိတယ်၊ ကိုယ်နဲ့ အတူသွားကြမယ်၊ လက်ထောက်သုန်းက မင်းကိုလာကြိုလိမ့်မယ်၊ အဆင်သင့်ပြင်ထားလိုက်”
ချီမော့ ဖုန်းချသွားပြီးနောက် ရှန်းမူမူသည် ချီမော့ပြောခဲ့သော “အဆင်သင့်ပြင်ထားလိုက်” ဟူသော စကားကို စဉ်းစားနေခဲ့သည်။
ဘာကို အဆင်သင့်ပြင်ထားရမည်နည်း။
သူမသည် နောက်ဆုံးတွင် သေချာစဉ်းစားဆုံးဖြတ်ပြီးနောက် အကောင်အထည်ဖော် လှုပ်ရှားဖို့ အချိန် ရောက်လာခဲ့ပြီ။
စာချုပ်အရ လက်ထပ်ထားသော်လည်း လူအများရှေ့တွင် ဟန်ဆောင်မပျက် ချစ်ပြဖို့ တာဝန်ရှိနေပါသည်။
ထိုပါတီပွဲတွင် အမှားအယွင်းများမဖြစ်အောင် သူမသည် ဖုန်းကိုဖွင့်လိုက်ပြီး ချီမော့၏ အချက်အလက်များကို အွန်လိုင်းပေါ်တွင် ရှာဖွေဖတ်ရှုနေသည်။
ချီမော့ဟူ၍ စာရိုက်ရှာနေရင်း သူမသည် ရှက်ပြီး ရယ်မောနေမိသည်။
သူမသည် ဒီနေရာသို့ ရောက်တာကြာနေပြီဖြစ်သော်လည်း အိပ်လိုက်စားလိုက်နှင့် ချီမော့သည် ဘယ်လိုလူစားမှန်း တစ်ခါမှ မလေ့လာခဲ့ဖူးသောကြောင့်ဖြစ်သည်။
ဘယ်လောက်တောင် ပေါ့ပေါတန်တန် နေခဲ့ပါလိမ့်။ သူမသည် သူမ စားသော အစားအစာ၊ အဝတ်အစားနှင့် နေထိုင်ရာတို့ကို မလေ့လာမစုံစမ်းခဲ့ပေ။
ရှန်းမူမူသည် သူမ ရှာဖွေတွေ့ရှိသွားသောအရာကြောင့် လန့်သွားသည်။
ချီမော့၏ နောက်ခံသမိုင်းကြောင်းသည် စကြာဝဠာတစ်ခုလုံးက မနာလိုဖြစ်ချင်စရာအထိ ဖြစ်နေသည်။
အသက်၂၃နှစ်တွင် ချီမော့သည် အိုင်တီနယ်ပယ်တွင် ကြီးမားသော စွမ်းဆောင်ရည်တစ်ခုကို ပြသခဲ့သည်။ သူ ပထမဆုံး ရေးခဲ့သော ဆော့ဖ်ဝဲကို နိုင်ငံခြားကုမ္ပဏီမှ စျေးကြီးပေးဝယ်ခဲ့သောကြောင့် သူ၏ ပထမဆုံးရွှေအိုး ဖြစ်လာခဲ့သည်။
ထို့နောက် သူသည် ဆော့ဖ်ဝဲကို အဓိကထား ထုတ်လုပ်သော ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ကုမ္ပဏီသည် တဖြေးဖြေး ကြီးထွားလာပြီး ကြီးမားသော အင်တာနက်ကုမ္ပဏီကြီး ဖြစ်လာခဲ့သည်။
ထူးဆန်းစွာဖြင့် ထိုသို့ကုမ္ပဏီချက်ချင်း တိုးတက်လာသော နှစ်များတွင် ချီမော့သည် လူရှေ့သို့ တစ်ခါမှ မထွက်ပြခဲ့ပေ။
သူ အသက် ၃၂ နှစ်အရွယ်ရောက်မှသာ ကုမ္ပဏီသည်လည်း လူသိများလာပြီး ပထမဦးဆုံးအကြိမ် လူရှေ့ထွက်ပြခဲ့လေသည်။
ကုမ္ပဏီကို IPO(ကိုယ်ပိုင်ကုမ္ပဏီမှ အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲလိုက်ခြင်း) လုပ်ပြီးနောက် ရက်၂၀ထဲနဲ့တင် ထိပ်တန်းစာရင်းပါသွားခဲ့ပြီး သူ့ကို ပေကျင်း သိပ္ပံအသိုင်းအဝိုင်းထဲမှ အချမ်းသာဆုံးလူစာရင်းထဲ ရောက်စေခဲ့သည်။
ချောမော ခန့်ညားသော သူဌေးအသစ်စက်စက်ကြီးသည် လူ့များရှေ့ပေါ်လာခဲ့ပြီး မြောက်မြားစွာသော အာရုံစိုက်ခံရမှုများ ဖြစ်ပေါ်စေခဲ့သည်။
ပေကျင်း၏ ထိတ်ထိတ်ကြဲမိသားစုများမှ အထက်တန်းစားအမျိုးသမီးများသည် ရှီမိဆီ အစုလိုက် အပြုံလိုက် ချဉ်းကပ်လာကြသည်။ အကြောင်းမှာ အများတကာ အားကျရသော ချီသခင်မ ဖြစ်ချင်သောကြောင့် ဖြစ်သည်။
ထိုအချိန်ဝန်းကျင်လောက်မှာပင် ချီမော့သည် သူ့တွင် ၁၁နှစ်အရွယ် သားတစ်ယောက်ရှိကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။
ထို့နောက် လူသိပ်မသိကြသော သူ၏ လက်ထပ်မှုသတင်း ပေါ်လာခဲ့သည်။
သတင်းတွင် ချီသခင်မအသစ်ဖြစ်လာမည့် သူသည် သာမန်မိသားစုကနေ ဆင်းသက်လာသူဖြစ်ကြောင်း ဖော်ပြထားသည်။
ရှန်းမူမူသည် ဖုန်းကို ဆက်လက်ပွတ်ဆွဲကြည့်ရင်း လူအများ ထိုအကြောင်းအရာကို ဆွေးနွေးထားသော ပိုစ့်ကို တွေ့လိုက်ရသည်။
-”ဒုတိယကြိမ် လက်ထပ်မဲ့ အဲ့ချီသခင်မရဲ့ ဓါတ်ပုံ တစ်ယောက်ယောက်မှာ ရှိကြလား၊ သူမ ဘယ်လိုပုံစံမျိုး ဆိုတာ ငါသေလောက်အောင် သိချင်နေပြီ”
-”သူ့ပထမမိန်းမနဲ့ ပက်သက်ပြီးတော့ အွန်လိုင်းပေါ်မှာ ဘာမှရှာမရဘူး၊ ဒုတိယမိန်းမဆိုရင်လည်း သူမ မျက်နှာကို လူသိရှင်ကြား တင်ထားမှာ မဟုတ်ဘူး”
-”ငါကြားတာတော့ အဲ့ချီသခင်မအသစ်က ဒီတိုင်းဘယ်သူမှ မသိတဲ့ သာမန်မိန်းကလေးပဲတဲ့၊ စင်ဒရဲလားပုံပြင် က လက်တွေ့ဘဝမှာ တကယ်ဖြစ်လာပြီလား”
-”စိတ်ကူးယဉ်မနေနဲ့၊ စင်ဒရဲလားက ဆင်းရဲချင် ဆင်းရဲလိမ့်မယ်၊ ဒါမဲ့ သူမအဖေကတော့ နာမည်ရှိပြီးသား၊ နတ်သမီးပုံပြင်တွေအကြောင်း အရူးထမနေနဲ့”
-”စဉ်းစားကြည့်ဦး သူမက တော်တော်လည်မဲ့မိန်းမပဲဖြစ်ရမယ်၊ တစ်လောကလုံးက မိန်းမတွေက ချီမော့ကို လက်ထပ်ချင်နေကြတာကို ဒီလို နောက်ခံလည်းမရှိ ပြစရာမျက်နှာလှလှလည်း မရှိတဲ့ မိန်းမက ဒီနေရာကို အပိုင်သိမ်းလိုက်နိုင်တယ်လေ၊ သူမက တကယ့်ကို ယောကျာ်းတစ်ယောက်ရဲ့ အသဲနှလုံးကို ဘယ်လိုဖမ်းစား ရမလဲဆိုတာ ကောင်းကောင်းသိနေလို့ပဲ ဖြစ်မယ်”
-”ဒီလက်ထပ်တာကလည်း စီးပွားရေးအရ ဒါမှမဟုတ် နိုင်ငံရေးအရသာ ဖြစ်လိမ့်မယ်။ သူမရဲ့ နောက်ခံကို လူသိမခံချင်လို့ သူမက ဘယ်သူမှ မဟုတ်ဘူးဆိုတာကို သတင်းလွှင့်ထားတာ ဖြစ်မယ်၊ ငါထင်တယ် သူမက ရာထူးကြီးကြီး တစ်ယောက်ရဲ့ ရုပ်ဆိုးဆိုးသမီးတစ်ယောက်ဖြစ်မှာ သေချာတယ်၊ ဝဝတုတ်တုတ်နဲ့ ရုပ်ဆိုးဆိုး မိန်းမကြီးပေါ့”
ရှန်းမူမူသည် အိပ်ရာပေါ်တွင် ထထိုင်လိုက်ပြီး သူမ၏ မျက်နှာအမူအရာသည် လေးနက်သွားသည်။
ကြည့်ရတာ မနက်ဖြန် ကော့တေးပါတီသည် သူမ၏ ပွဲဦးထွက် လူရှေ့ထွက်ပြခြင်း ဖြစ်ပေမည်။
စောနကလို အွန်လိုင်းအတင်းပြောသူများကြောင့် သူမ၏အခွင့်အရေးကို အပျက်အစီးခံမည် မဟုတ်။
သူမသည် အလှပဆုံးဖြစ်အောင် ပြင်ဆင်ရမည်။
သူမ၏ ဟန်ဆောင်ယောကျ်ားကိုလည်း ချစ်ပြရမည်။
နောက်တစ်နေ့တွင် ရှန်းမူမူသည် အိမ်တော်ထိန်းကို အလှပြင်ဆိုင်ဆီ လိုက်ပို့ခိုင်းသည်။ သူမသည် ခေါင်းစခြေအဆုံး အလှပဆုံး ပြင်ပစ်လိုက်သည်။
အလှပြင်ဆိုင်က ပြန်ထွက်လာသောအခါ သူမ၏ ဆံနွယ်နှင့် ခြေသည်းများမှာ မွှေးကြိုင်နေလေသည်။
ချီမော့၏ လက်ထောက်သုန်းသည် ရှန်းမူမူကို ဆက်သွယ်ခဲ့သည်။ ထိုလက်ထောက်မှ သူမသည် ဤကော့တေးပါတီမှာ လူချမ်းသာများစုဝေးကြသော ရံပုံငွေအတွက် ပါတီဖြစ်ကြောင်း သိလိုက်ရသည်။ ပေကျင်း၏ လူချမ်းသာများသည် သူတို့မိသားစုဝင်များနှင့် စုံညီစွာ တက်ရောက်ကြမည်ဖြစ်သည်။
သူမသည် ထိုပါတီပွဲများကို တီဗီနှင့် ဝတ္ထုထဲတွင် မြင်ဖူးလေသည်။
ယောကျာ်းများက စီးပွားရေးအကြောင်းပြောနေချိန်တွင် မိန်းမများက အလှအပကို ပြိုင်ဆိုင်ကာ အတင်းအဖျင်းများ ပြောဆိုကြသော ပွဲမျိုး ဖြစ်သည်။
အလုပ်လုပ်ခြင်းနှင့် တူပေသည်။
လက်ထောက်သုန်းက ပြောလိုက်သေးသည်။ ထိုပွဲတွင် သတင်းထောက်များစွာ လာမည်ဖြစ်ပြီး သူတို့သည် ပဟေဠိဆန် လျှို့ဝှက်ထားသော ချီသခင်မကို အားပါးတရ ဓါတ်ပုံရိုက်ယူကြမည် ဖြစ်သည်။
ထို့ကြောင့် သူမ၏ သူဌေးကို အခိုင်အမာ အားကိုးချင်လျှင် သူမ သေချာလုပ်ဆောင်ရပေမည်။
ရှန်းမူမူသည် ထိုသဘောတရားကို ကောင်းစွာ နားလည်ထားသည်။
ကင်မရာရှေ့တွင် သူမသည် လှပနေရမည်။
ရှန်းမူမူသည် မူလဇာတ်ကောင်နှင့် တစ်ထေရာတည်း တူနေသည်။ သို့သော် ကွဲပြားသော ပုံစံတစ်မျိုးဖြင့် တူနေခြင်း ဖြစ်သည်။
ထိုမူလဇာတ်ကောင်၏ ဗီရိုထဲတွင် နူးညံ့သိမ်မွေ့သော မိန်းကလေးဆန်ဆန် အဝတ်အစားများသာ ပြည့်နှက်နေသည်။
ရှန်းမူမူသည် ဟောင်ကောင်စတိုင် နှုတ်ခမ်းနီနီရဲရဲနှင့် ဆံပင်ကို လှိုင်းလုံးကြီးသဖွယ် ကောက်ထားခြင်းကို ပိုပြီး သဘောကျသည်။
သူမသည် သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းကို အရမ်း ဖော်ပြနေသလို မဟုတ်ပဲ လှလှပပ ပေါ်လွင်စေသော အနီရင့်ရောင်ဝတ်စုံကို ရွေးချယ်လိုက်သည်။
ထိုကော့တေးပါတီပွဲသို့ သွားရာတွင် ကားလမ်းပိတ်ခြင်းနှင့် ကြုံလိုက်ရသည်။ သူမ ပါတီပွဲသို့ ရောက်လာချိန်တွင် ချီမော့က ရောက်နှင့်နေပြီး ဖြစ်သည်။
ပါတီပွဲကျင်းပရာ ထိုခန်းမကြီးကို ရွှေနှင့် ကျောက်စိမ်းတို့ဖြင့် ခမ်းနားလှပစွာ အလှဆင်ထားသည်။
ယောကျာ်းနှင့် မိန်းမများသည် အကောင်းမွန်ဆုံး ဝတ်စားထားပြီး ဟိုတစ်စု ဒီတစ်စု နေနေကြသည်။
သူတို့ထဲမှ တစ်ချို့သည်-
“ဒီနေ့ပွဲကို ချီသခင်မလာမယ်ထင်လား”
“လာမှာ မဟုတ်ပါဘူး၊ ကြားထားတာတော့ သူမက ရုပ်ဆိုးတယ်ပြောတယ်၊ အဲ့ဒါကြောင့် သာမန်အသိုင်းအဝိုင်းထဲတောင် မဝင်ဆံ့ဘူးတဲ့” ဟူ၍ ပါးစပ်ကိုကွယ်ပြီး ခေါင်းကို စောင်းကာ ပြောဆိုနေကြသည်။
မိန်းမငယ်တစ်ယောက်သည် ဆံပင်ကိုသပ်ပြီး ဤသို့ပြောဆိုလိုက်သည်။
“အဲ့ဟာကို မေ့ထားလိုက်စမ်းပါ၊ ဒီမှာ အထက်တန်းစား မိန်းကလေးတွေက ချီမော့ ကွာရှင်းဖို့ကို တန်းစီ စောင့်နေကြတာ၊ နင် လူစာရင်းတောင် လုပ်နိုင်မယ်မထင်ဘူး”
“ငါကြားထားတာကျတော့တစ်မျိုး၊ သူမက ဒီတိုင်း သာမန်မိန်းကလေး တစ်ယောက်ပဲတဲ့”
“သူမ မလှတာတောင် ချီမော့က သူမကို အရမ်းလက်ထပ်ချင်နေရင် သေချာတယ်၊ အဲ့ကောင်မ ယောကျာ်းတစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လိုဖမ်းစားရမလဲဆိုတာကို တော်တော်ကျွမ်းနေလို့ပဲ ဖြစ်မယ်”
“ဟွန့်၊ ဘယ်သူ သိနိုင်မလဲ၊ ရှီက အလုပ်သရဲ၊ သူမက ဒီတိုင်း မိထွေး တစ်ယောက်ပဲ၊ သူက သူမကို ဘယ်လောက်တောင် ချစ်နိုင်မှာလဲ၊ သူ့သားကို ထိန်းဖို့ မိန်းမတစ်ယောက် ကောက်ယူလိုက်တာပဲ ဖြစ်မယ်”
“ဟီးဟီး၊ ဖြစ်နိုင်တယ်….”
လှောင်ပြောင်နေသူများသည် ရယ်မောနေတာကို ရပ်ပြီး ပါတီပွဲရှိ လူများအားလုံးအကြည့်တွေ စုံရာ ခန်းမအဝင်ဝကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
လှပသော မိန်းမပျိုလေးသည် ထိုနေရာတွင် ရပ်နေပြီး စကတ်ကို မ ထားသည်။
တံခါးစောင့်သည် ခန်းမအဝင်ဝတံခါးကို ဖွင့်လိုက်ပြီး ရှန်းမူမူကို လမ်းညွှန်ပေးကာ “ချီသခင်မ၊ ချီသူဌေးက ဟိုဖက်မှာပါ”
အဝေးကနေပင် ရှန်းမူမူသည် ချီမော့ကို ချက်ချင်းမှတ်မိသည်။
သူ၏ ချောမောသော အသွင်အပြင်ကြောင့် လူကြားထဲတွင် ထင်းနေခြင်း ဖြစ်သည်။ အရမ်းကို မှတ်မိလွယ်နေသည်။
ချီမော့သည် ဝိုင်ဖန်ခွက်ကို ကိုင်ထားပြီး သူ့ကို မြှောက်ပင့်ပြောဆိုနေသူများအကြား ရောက်နေသည်။ သူ့ပုံစံသည် အေးတိအေးစက်နှင့် အရင်ကနှင့် မတူသလို ဖြစ်နေသည်။
သူ့ကို နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းကနှင့် မတူပေ။
ယနေ့ ချီမော့မှာ အထက်တန်းစား အောင်မြင်ကျော်ကြားသော စီးပွားရေးသမားဟန်ပန်ဖြင့် ခေါင်းမှ ခြေအဆုံး မြင်နေရသည်။
သားသားနားနားရှိလှသော ဝတ်စုံသည် သူ၏ တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်ကို ပိုပြီး ပေါ်လွင်စေသည်။
ကျက်သရေရှိပြီး သားနားသော စကားအပြောအဆိုနှင့် လှုပ်ရှားမှုတိုင်းတွင် အခြားလူများကို သူနှင့် လက်တစ်ကမ်းအကွာမှာ ရှိစေသော အေးစက်မှုမျိုးကို မသိမသာ တွေ့နေရသည်။
ရှန်းမူမူသည် မရပ်တန့်သွားပဲ ချီမော့ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
သွားရာတစ်လျှောက်တွင် လူတကာအကြည့်ကို ဆွဲဆောင်နိုင်ခဲ့သည်။
ရှည်လျားသော ဝတ်စုံသည် သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းကို ပေါ်လွင်စေသည်။ သူမ၏ လည်တိုင်သည်လည်း ပုမနေပဲ ကျော့ရှင်းပြီး လှပနေသည်။
သူမ၏ သစ်အယ်သီးရောင် ဆံနွယ်များသည် ရေလှိုင်းအကောက်ဖြင့် အထပ်ထပ်ကျနေကာ ဖြူဖွေးပြီး ကျောက်စိမ်းရောင် သွေးကြောလေးများ မပေါ်တပေါ်ဖြစ်နေသော လည်တိုင်အလှကို ပေါ်လွင်စေရန် ဆံနွယ်များကို လည်တိုင်တစ်ဖက်ခြမ်းတွင် စုသိမ်းထားသည်။ သူမ၏ ကြက်သွေးရောင် နှုတ်ခမ်းလေးသည် မြင်သူတကာကို ညို့ယူဖမ်းစားနေသည်။
ပါတီပွဲခန်းမသည် နူးညံ့ဖျော့တော့သော အရောင်အဆင်းများဖြင့် အလှဆင်ထားသောပြီး သူမ၏ အလှကြောင့် သူမသည် တောက်ပသော အလင်းတန်းသဖွယ် ထင်ရှားစွာ ရှိနေလေသည်။
ချီမော့အကြည့်ကို သူမ သိမ်းပိုက်လိုက်သည်။
အကြည့်ချင်းဆုံသွားချိန်တွင် ရှန်းမူမူသည် သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးက မြှင့်တက်လာသည်။
သူမ၏ ရေးတေးတေး အပြုံးလေးကြောင့် ပါးချိုင့်လေးများ ပေါ်လာသည်။ တကယ့်ကိုပင် အသက်ရှူမှားလောက်သော အလှတရားပေတည်း။
ချီမော့မှာ သူ့မျက်စိသူမယုံနိုင်လောက်အောင် အကြည့်မလွှဲနိုင် ဖြစ်နေလေသည်။
သူမ ဤသို့ဝတ်စားထားသည်ကို သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
အရင်ကဆိုလျှင် ချီမော့အမြင်တွင် သူမသည် နူးညံ့သော အသွင်အပြင်ရှိသော ပန်းရောင်၊ ကောင်းကင်ပြာရောင်နှင့် အဝါဖျော့ရောင်တို့ကိုသာ ဝတ်ဆင်တတ်သည်။
ယခုအခါ ရှန်းမူမူသည် အနီရောင်ဝတ်စုံဖြင့် မျက်စိကြိမ်းလောက်အောင် လှပနေသည်။ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် စွဲမက်စရာ ဖြစ်နေသည်။
သူမ၏ ရေလှိုင်းကဲ့သို့ ကွေးကောက်ထားသော ဆံနွယ်များသည် လမ်းလျှောက်လိုက်တိုင်း သဘာဝကျကျ လှပစွာ ဖြာကျနေသည်။
ရှန်းမူမူသည် သူရှိရာသို့ ရောက်လာပြီး သူမ၏ ဖြူဖွေးသော လက်မောင်းလေးကို ချီမော့လည်ပင်းတွင် သိုင်းဖက်လိုက်ရင်း အချိုမြိန်ဆုံး အသံလေးနှင့် ပြောလိုက်သည်၊ “ဒါလင်~”