← Chapters

မစ်စတာချီ မင်းရဲ့ ဇနီးလေးကို မျက်စိအောက်ကနေ အပျောက်မခံနိုင်ဘူးလား

Vol. 1 Ch. 7

မစ်စတာချီ မင်းရဲ့ ဇနီးလေးကို မျက်စိအောက်ကနေ အပျောက်မခံနိုင်ဘူးလား

Vol. 1 Ch. 7

ချီမော့နားတွင် ရပ်နေကြသော လူများသည် သူတို့ကိုယ်တိုင် သတိမထားမိပဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။

လေထုသည် ခေတ္တရပ်တန့်သွားသလို ဖြစ်နေသည်။

သူ့ဘေးနားမှ ယောကျာ်းကြီးများသည် မနာလိုသော မျက်စိဖြင့် ကြည့်နေကြသည်။

သူတို့ မနာလိုအားကျသည်မှာ ငွေကြေးလည်း ပြည့်စုံသည်၊ အလှပဂေးလေးကိုလည်း မိန်းမအဖြစ် ရယူထားနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။

ဘေးနားမှ မိန်းမများသည်လည်း မနာလို အားကျသော အကြည့်ဖြင့် ကြည့်နေကြသေးသည်။

အကြောင်းမှာ ချီမော့သည် ပုံမှန်ဆိုလျှင် ဘယ်မိန်းမမှ အနားအကပ်မခံ၊ အေးတိအေးစက် နေတတ်ပြီး ယခုတွင် ထိုမိန်းမသည် အလိုလိုက်ထားသော ကလေးငယ်သဖွယ် သူ့လည်ပင်းကို သိုင်းဖက်ထားခြင်းကို ခွင့်ပြုနေသည်။

ယခုလိုမျိုး တစ်ခါမျှ မမြင်ဖူးသည့်အပြင် ကြားတောင် မကြားဖူးပေ။

ချီမော့သည် လူများ၏ အမူအရာ အဖြစ်အပျက်များကို မြင်တွေ့လိုက်ရပြီး သူ့ရဲ့ ကြီးမားသော လက်ဖဝါးဖြင့် သူမ၏ သေးသွယ်သော ခါးလေးကို ဖက်ထားလိုက်သည်။

သူ့အသံသည် ညင်သာပြီး သံလိုက်ကဲ့သို့ ဆွဲငင်နေသည်။

“မင်း ရောက်လာပြီကိုး”

ဤစကားတစ်ခွန်းသည် အများအရှေ့တွင် ကြေညာချက်တစ်ခု ဖြစ်သည်။

သူ၏ ဆွဲဆောင်မှုရှိသော အသံသြသြကြီးထွက်ပေါ်လာပုံအရ သူသည် သူ့ဇနီးလောင်းအသစ်လေးကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြောင်း သိသာနေသည်။

ရှန်းမူမူသည် သူမ၏ ခါးကို တောင့်တောင့်ကြီး လုပ်ထားပြီး အသက်ကို ဖြေးဖြေးရှူလိုက်သည်။

သူ့လက်ဖဝါးကြီးများဖြင့် သူမကို သူ့နားကပ်အောင် ဆွဲကိုင်ထားသဖြင့် တစ်ခါတစ်ရံ ကိုယ်လုံးချင်း ပွတ်မိသလို ဖြစ်နေသည်။

ချီမော့နှင့် အရမ်းကပ်နေသဖြင့် သူ၏ ကိုယ်သင်းရနံ့သည် ရှန်းမူမူကို မူးယစ်ပြီး စွဲလမ်းစေသည်။

သူမ စိတ်ထိန်းမရ ဖြစ်နေသည်။

တကယ့်ကို စိတ်ထိန်းမရဖြစ်လာသည်။

ထိုအမျိုးသားသည် သူမကို သတိမမူမိပဲ အဆက်မပြတ် ဆွဲဆောင်နေလေသည်။

ယနေ့လို အဖြစ်အပျက်မျိုးကဲ့သို့ အရမ်းချစ်ကြသော စုံတွဲအဖြစ် ဟန်ဆောင်နေကြသော်လည်း မကြာခဏ ယခုလိုမျိုး ဖြစ်နေလျှင် သူမသည် သူနဲ့နှစ်ပါးသွားချင်စိတ်များ အမှန်တကယ်ပင် ဖြစ်ပေါ်မိပေမည်။

“ချီသခင်မ ဟုတ်တယ်မလား၊ မမြင်ဖူးပေမဲ့ နာမည်တော်တော်ကြီးနေတယ်နော်၊ တကယ့်ကို အလှပဂေးပဲ”

“ချီမော့ကတော့ အရမ်းကံကောင်းတာပဲ”

“ချီသခင်မကို တစ်ခါမှ မမြင်ဖူးဘူး၊ အရင်က ဆယ်လီဖြစ်ခဲ့သေးလား”

“ချီသခင်မ နောက်ဆို ဒီလို ကော့တေးပါတီပွဲတွေနဲ့ လေလံပွဲတွေကို ခဏခဏ တက်ရမယ်နော်”

“ဟားဟားဟား၊ ချီမော့ရယ် မင်းမိန်းမကို အဲ့လောက်တွန့်တိုမနေစမ်းပါနဲ့”

ချီးမွမ်းသော စကားလုံးများသည် ရေလှိုင်းပမာ တစ်လှိုင်းပြီး တစ်လှိုင်း အဆက်မပြတ် လာနေသည်။

ချီမော့၏ နှုတ်ခမ်း အနည်းငယ် ပြုံးယောင်သန်းသွားသည်။ ပုံမှန်ဆိုလျှင် သူသည် စကားတစ်ခွန်း နှစ်ခွန်း ပြန်ပြောတတ်သော်လည်း ယခုတွင်မူ သူတို့စကားများကို အပြုံးနှင့်သာ ပြန်လည်တုံ့ပြန်တော့သည်။

သူက ကျေနပ်သယောင်ရှိသည်၊ သို့သော်လည်း ခပ်ချေချေဖြစ်နေသည်။

စကားပြောနေရင်းနှင့်ပင် ရှန်းမူမူသည် သူမ၏ လက်ကို ချီမော့လည်ပင်းမှ ပြန်ရုတ်သိမ်းလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူမတို့သည် သရုပ်ဆောင်နေခြင်းသာ ဖြစ်သဖြင့် သူမသည် သူ့အပေါ် အဲ့လောက် တွယ်ကပ်နေစရာ မလိုပေ။

မထင်မှတ်စရာတစ်ခုမှာ သူမသည် သူမလက်ကို ပြန်ရုတ်သိမ်းလိုက်သော်လည်း ချီမော့လက်သည် သူမခါးကို ညင်သာစွာ ဖက်ထားဆဲ ဖြစ်ပေသည်။

သူမသည် ချီမော့ကို အထင်းသား စိုက်ကြည့်လိုက်သည်၊ သို့သော် ချောမောသော သူ့မျက်နှာသည် အရင်အတိုင်း ဘာခံစားချက်မှမရှိ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူမသည် စိတ်ဓါတ်ကျသလို ဖြစ်သွားသော်လည်း ပြန်လည်မြှင့်တင်လိုက်လေသည်။

ဟုတ်ပြီ။

သူသည် သူမကို ငွေကြေးထောက်ပံ့ပေးသော လူတစ်ယောက်သာဖြစ်သည်။

လင်မယားဖြစ်သောကြောင့် ဤအရာကို အခွင့်အရေးယူသည်ဟု သဘောထားစရာမလိုပါ။

ထိုသို့တွေးလိုက်ခြင်းဖြင့် ရှန်းမူမူ၏ မျက်နှာအမူအရာသည် သဘာဝကျကျ ဖြစ်သွားခဲ့သည်။

ချီမော့၏ ဇနီးသစ်လေးအကြောင်း အတင်းပြောနေသော လူတစ်ချို့သည် ယခုတွင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သူတို့မျက်စိများသည် ရှန်းမူမူဆီမှ အကြည့်မလွှဲနိုင် ဖြစ်နေသည်။

“ချီသခင်မက ကြားထားတဲ့ ကောလဟာလနဲ့ တခြားစီပဲနော်”

“သတင်းတွေက သာမန်မိန်းကလေးလို့ ပြောကြပေမဲ့ သူမရဲ့ အလှတစ်ခုတည်းနဲ့တင် လူတော်တော်များများကို ဆွဲဆောင်နိုင်တာပဲ”- တချို့က ပြောကြသည်။

“ကျစ်၊ သူမက သဘာဝအလှလား ခွဲစိတ်ထားတာလားဆိုတာ ဘယ်သူ သိနိုင်မှာလဲ”

တစ်စုံတစ်ယောက်က စိတ်ပျက်သော ပုံပေါက်သွားသည်၊ “သဘာဝအလှဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးကြီးတာက ချီသူဌေးက သူမကို သဘောကျနေတယ်ဆိုတာပဲ၊ ကြည့်ပါဦး သူမ ရောက်လာကတည်းက သူဌေးရဲ့ လက်က သူမခါးကနေကို မလွှတ်တော့ဘူး”

“မနာလိုဖြစ်စရာပဲ”

.....

သက်လတ်ပိုင်းလူကြီးတစ်ယောက်သည် ဝိုင်ဖန်ခွက်ကို ကိုင်ရင်း ချီမော့နား ရောက်လာသည်။

“ချီသူဌေး၊ ကျွန်တော်က မောင်ရှောင်းအုပ်စုရဲ့ ဥက္ကဌအသစ်၊ ဂျက်လို့ခေါ်ပါတယ်၊ ခင်ဗျားနဲ့ စကားပြောဖို့ အခွင့်အရေးကို စောင့်နေတာကြာပြီ၊ တစ်ဆိတ်လောက် ကျွန်တော်နဲ့ စကားပြောနိုင်မလား”

ချီမော့သည် နောက်ဆုံးတွင် သူမ၏ ခါးကို လွှတ်ပေးလိုက်လေသည်။ သူ့မေးစေ့ကို အနည်းငယ် စောင်းလိုက်ပြီး ထိုလူကြီး၏ ဖန်ခွက်နှင့် သူ့ဖန်ခွက်ကို အသာအယာတိုက်လိုက်သည်။

ချီမော့တစ်ယောက် အလုပ်ရှုပ်တော့မည်ကို သိလိုက်ရသဖြင့် ရှန်းမူမူသည် သူမဘာသာ အချိုပွဲများရှိရာ စားပွဲသို့ သွားလေသည်။

သူမသည် ထိုနေရာမှ ခပ်သွက်သွက် ထွက်လာပြီး အနည်းငယ် ဗိုက်ဆာသွားသည်။

စတော်ဘယ်ရီ ရှော့ကိတ်ကို စားရင် ကောင်းမလား ချောကလက်ကိတ်ကို စားရင် ကောင်းမလား ဝေခွဲမရဖြစ်နေချိန်တွင် စကားပြောသံတစ်သံသည် သူမနောက်မှ ထွက်ပေါ်လာခဲ့သည်။

“အလှလေး၊ မင်းကို တစ်ခါမှ မတွေ့ဖူးဘူး၊ မင်းက ဘယ်မိသားစုက အမျိုးသမီးငယ်လေးလဲ”

ဆံပင်ရှည်ရှည်နှင့် လူငယ်လေးတစ်ယောက်သည် သူမအနောက်မှ ပေါ်ထွက်လာခဲ့သည်။

သူ့အနေအထားနှင့် ပြုမူပုံကို ကြည့်ခြင်းအားဖြင့် သူသည် အခုမှသာ ပွဲကို ရောက်လာခဲ့ပြီး သူမသည် လက်ထပ်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်မှန်းမသိ လာကြူနေခြင်း ဖြစ်သည်။

ရှန်းမူမူသည် ပြန်ပြုံးပြလိုက်ပြီး သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

“ဟယ်လို ကျွန်မက ရှန်းမူမူပါ၊ ချီမော့ရဲ့ ဇနီးပေါ့”

ထိုလူငယ်လေးပုခုံးသည် တောင့်တောင့်ကြီး ဖြစ်သွားပြီး သူ့အပြုံးသည် အေးခဲသွားသည်။ ဝိုင်ဖန်ခွက်ကို မတုန်ရီအောင် မနည်းကိုင်ထားရသော်လည်း သူ့အတွင်းစိတ်တွင် အလွန်စိတ်လှုပ်ရှားနေသည်။

“အိုး...အာ....အဲ့ဒါဆို မင်းက ချီသခင်မပေါ့၊ မင်းအကြောင်း တော်တော်ကြားဖူးပါတယ်၊ ရိုင်းပြမိသွားရင် တောင်းပန်ပါတယ်”

စကားပြောနေရင်း သူ့ဖန်ခွက်ကို ရှန်းမူမူ၏ ဖန်ခွက်နှင့် တိုက်ရန် အနည်းငယ်အောက်သို့ ချလိုက်သည်။

ရှန်းမူမူသည် တစ်ငုံသောက်လိုက်ပြီး “ရပါတယ်ရှင့်” ဟူ၍ အေးဆေးစွာ တုံ့ပြန်လိုက်သည်။

ထိုလူငယ်လေးလည်း လှည့်ထွက်သွားသည်။

ချီမော့နှင့် စကားပြောနေသော လင်မယားစုံတွဲသည် ထိုမြင်ကွင်းကို မြင်ပြီး နောက်ပြောင်လိုက်သည်။

အမျိုးသမီးက ပြောလိုက်သည်၊ “ဟားဟားဟား၊ ချီသခင်မလေးက ငယ်သေးတာကိုး၊ ပြီးတော့ သူမလည်း ပထမဆုံး ကော့တေးပါတီပွဲကို တက်ဖူးတာဆိုတော့ သူများတွေက လက်မထပ်ရသေးတဲ့ အမျိုးသမီးငယ်လေးလို့ ထင်နေကြတယ်၊ အဲ့ဒါ ဘာလို့လဲဆိုတော့ ချီသူဌေးက သူ့ဇနီးအသစ်လေးကို အိမ်မှာ လူမမြင်အောင် ဝှက်ထားလို့လေ၊ တော်ကြာ သူများနောက်ပါသွားဦးမယ်”

ထိုအမျိုးသမီးဘေးနားမှာ ရှိသော သက်လတ်ပိုင်းလူကြီးသည် သူမနဲ့အတူ ရယ်မောရင်း “ငယ်ဂုဏ်ရှိတာ ကောင်းလိုက်တာ၊ ကျွန်တော်လည်း အသက် ၁၀နှစ်လောက် ပြန်ငယ်ရင် ချီသူဌေးနဲ့ ယှဉ်ပြိုင်ချင်ပါသေးတယ်”

အမျိုးသမီးလည်း ထိုလူကြီးကို စိုက်ကြည့်လိုက်ပြီး “ရှင်ကလား၊ အဲ့အစား အိပ်မက်ပဲမက်လိုက်၊ ရှင့်လိုလူက ပြန်ငယ်မယ်ဆိုရင်တောင် ချီသူဌေးကို ယှဉ်လို့ရမယ်မထင်ဘူး”

ထိုသူတို့၏ ရယ်မောသံများနှင့်အတူ ရှန်းမူမူသည် အနည်းငယ် ပြုံးချင်ယောင်ဆောင်လိုက်သည်။

ရှန်းမူမူသည် ပြုံးလိုက်တာမှ သူမ၏ ပါးစပ်ကြီး ထုံထောင်းသွားတဲ့အထိပင် ဖြစ်သည်။

ရုတ်တရက် သူမခါးကို နွေးထွေးသော လက်ကြီးတစ်စုံက ညင်သာစွာ ဖက်ထားသည်ကို ခံစားလိုက်ရသည်။

လှည့်ကြည့်လိုက်သောအခါ ချီမော့သည် စကားစမြည်ပြောဆိုခြင်း ပြီးဆုံးသွားပြီဖြစ်ကာ မူလအတိုင်း သူမခါးကို သူ့လက်ဖြင့် သိုင်းဖက်ထားလိုက်သည်။

ချီမော့က ပေါ့ပါးစွာ ပြောလိုက်သည် “မင်းတို့ ဘာတွေပြောနေတာလဲ”

ထိုအမျိုးသမီးက “ကျွန်မတို့ ချီသခင်မကို လူငယ်လေးတွေက စကားလာလာပြောကြတာကို ပြောနေတာပါ”

ရှန်းမူမူသည် ပြုံးနေဆဲဖြစ်သည်။

သို့သော် သူမစိတ်ထဲတွင် သူမကိုယ်သူမ ပြန်ဆဲနေလေသည် “သောက်ကျိုးနည်း”

စကားလာပြောသည်မှာ လူငယ်တစ်ယောက်တည်းပင် ဖြစ်သည်။ မည်သို့ “လူငယ်လေးတွေ” ဖြစ်သွားသည်ကို နားမလည်နိုင်တော့ပါ။

ဤအရာသည် လင်မယားအကြား ပြသာနာဖြစ်အောင် မွှေသော စကား ဖြစ်ပေသည်။

ကံကောင်းစွာဖြင့် သူမနှင့် ချီမော့၏ ဆက်ဆံရေးမှာ အတုအယောင်ဖြစ်သဖြင့် ချီမော့သည် ဂရုစိုက်မည် မဟုတ်ပေ။

ချီမော့သည် ထိုအမျိုးသမီး၏ စကားကို ပြန်လည် မတုံပြန်ခဲ့ပါ။ စားပွဲထိုးကို ခေါ်ရန် သူ့လက်ကို မြှောက်လိုက်သည်။

စားပွဲထိုးက ချီမော့၏ ဝိုင်ဖန်ခွက်အလွတ်ကို သိမ်းရန် လင်ဗန်း ယူလာခဲ့သည်။

သူမ သတိမထားမိလိုက်သည်မှာ သူမဘေးနားမှ အမျိုးသားသည် ဖန်ခွက်ကို လင်ဗန်းပေါ် ချလိုက်စဉ်တွင် အံကြိတ်သွားခြင်း ဖြစ်သည်။

ထို့နောက် သူမခါးမှ လက်ကြီးသည်လည်း ပုံမှန်ထက် တင်းကြပ်စွာ ဖက်ထားသည်ကို ခံစားလိုက်ရသည်။

သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းလေးသည် သူ့ကိုယ်နှင့် ကပ်ထားလျက် ရှိသည်။

သူ ပိုင်ဆိုင်သောအရာ ဖြစ်ကြောင်းကို အသေအချာ ဖော်ပြနေသကဲ့သို့ ဖြစ်နေသည်။

ရှန်းမူမူ၏ နှုတ်ခမ်းနီနီလေးလည်း အံ့အားသင့်မှုကြောင့် အနည်းငယ် ပွင့်ဟသွားခဲ့သည်။ သူမ တစ်ခဏ စဉ်းစားလိုက်ပြီးနောက် ဘာမျှပြန်မပြောခဲ့ပေ။

သူမထက် အရပ်ရှည်သော ထိုလူကို ကြည့်ရင်း သူမမျက်စိဖြင့် မျက်ရိပ်မျက်ကဲ ပြလိုက်သည်- ကျွန်မတို့တွေ အခုလိုမျိုး အမြွှာလို ပေါင်းစပ်ထားစရာ လိုလို့လား ဟူ၍ ဖြစ်သည်။

သူမ မျက်နှာရိပ် မျက်နှာကဲ ပြသသည်ကို သူ နားလည်ဖို့ မျှော်လင့်နေမိသည်။

ချီမော့၏ နက်မှောင်သော မျက်ဝန်းသည် နက်ရှိုင်းလှပြီး အေးစက်နေသည်။ သူ့အမူအရာနှင့် သူ့အတွေးသည် လုံးဝကို ဆန့်ကျင်ဖက် ဖြစ်နေသည်။

ရှန်းမူမူက ဟုတ်ပြီ၊ ငါ့ရဲ့ မျက်နှာရိပ်မျက်နှာကဲပြတာ မအောင်မြင်ဘူးပဲ။

သူမ အကြည့်ကို အချိုပွဲများရှိရာ စားပွဲကို ရွှေ့လိုက်ပြီး ထိုအရာကို အကြောင်းပြကာ လစ်ထွက်ရန် ကြံရွယ်လေသည်။ သူမသည် အသံတိုးတိုးဖြင့် မေးလိုက်သည်မှာ-

“ကျွန်မ စားဖို့ ကိတ်မုန့် သွားယူဦးမယ်၊ ရှင်အတွက်ရော ယူလာပေးရဦးမလား”

ချီမော့သည် သူမကို ငုံ့ကြည့်လိုက်ပြီး မျက်ခုံးကို အနည်းငယ် ပင့်လိုက်၍ အသံသြသြကြီးဖြင့် ပြောလိုက်သည်။

“မလိုဘူး”

“အိုကေ”

ရှန်းမူမူ တစ်ယောက်တည်း ထွက်သွားလိုက်သည်။

သူမသည် လူအုပ်ကို လှည့်စား၍ ထွက်လာခဲ့ပြီးနောက် ပွဲထဲရှိ အမျိုးသားများ၏ အကြည့်သည် သူမဆီမှ မခွါနိုင် ဖြစ်နေကြသည်။

ချီမော့သည် သူမနောက်ကျောကို ကြည့်လိုက်စဉ် အခြားအမျိုးသားများ သူမကို ကြည့်နေကြသည်ကို သတိထားလိုက်မိပြီး သူ့မျက်လုံးများသည် အန္တရာယ်ရှိစွာ နက်မှောင်သွားသည်။

ထို့နောက် သူ့မျက်ခုံးကို အနည်းငယ် ကြုတ်လိုက်ပြီး ဝိုင်ဖန်ခွက်ကို မြှောက်ကာ ပါးစပ်အပြည့် တစ်ငုံ အဝသောက်လိုက်လေသည်။

တိတ်ဆိတ်အေးစက်လှသော သူ့အသွင်အပြင်သည် သူ့ရင်ထဲရှိ အရိုင်းစိတ်ကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် သူ၏ ဟန်ဆောင်ကောင်းမှုဖြင့် အသက်အရွယ် ငယ်ငယ်လေးနှင့်ပင် လူ့လောကကြီးထဲတွင် စီးပွားရေးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့လေသည်။

စီးပွားရေးတွင် ပြိုင်ဆိုင်နေကြသော အမျိုးသားတို့တွင် ချက်ချင်း တုံ့ပြန်တတ်သော မိမိပိုင်ဆိုင်ကြောင်းကို ပြသသော ဗီဇကို ပိုင်ဆိုင်ထားကြသည်။

ရှန်းမူမူသည် ကိတ်မုန့်ထည့်ထားသော ပန်းကန်နှစ်ချပ်ကို ယူပြီး ပြန်လာသောအခါ ချီမော့၏ လက်သည် သူမ၏ ခါးတစ်ဝိုက်ကို သိုင်းဖက်ထားလိုက်သည်။

ရှန်းမူမူသည် အများကြီး မစဉ်းစားတော့ပေ။ သူ့အပြုအမူသည် လူရှေ့တွင် အရမ်းချစ်ပြသော လင်မယားအဖြစ် ဟန်ဆောင်ပေးရန်သာ ဖြစ်ကြောင်း နားလည်ထားသောကြောင့် ဖြစ်သည်။

သူမ၏ လက်တစ်ဖက်စီတွင် ကိတ်မုန့်ပန်းကန် တစ်ချပ်စီ ကိုင်ထားသည်။

စတော်ဘယ်ရီနှင့် ချောကလက်အရသာ ကိတ်မုန့်များ ဖြစ်ပြီး ကြည့်လိုက်ရုံနှင့်တင် အရသာရှိမှန်း သိသာနေသည်။

သူမ စားဖို့ပြင်နေတုန်းမှာပင် ရှန်းမူမူသည် ချီမော့ထံမှ အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။

သူမသည် သူ့ကိုပြန်ကြည့်လိုက်ရာ သူ့အကြည့်သည် ကိတ်မုန့်ပန်းကန်များသို့ ရောက်နေလေသည်။

ရှန်းမူမူသည် တစ်ခဏမျှ မျက်တောင်ခတ်လိုက်ပြီး စကားပြောရန် သူမပါးစပ်ကို ဖြေးညင်းစွာ ဖွင့်လိုက်သည်။

“အန်…နှစ်ပန်းကန်စလုံးက ကျွန်မစားဖို့ပါနော်၊ ရှင့်ကို စောစောကမေးတုန်းက မစားဘူးဆိုလို့ ရှင့်အတွက် မယူလာဘူး”

စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားခဲ့လေသည်။ ရှန်းမူမူသည် ထိုသို့ပြောလိုက်သည်မှာ မသင့်တော်ကြောင်း ခံစားလိုက်ရသည်။

သူသည် သူမအတွက် နေ့စဉ် နေဖို့ စားဖို့ ထောက်ပံ့သည့်အပြင် တစ်လအသုံးစရိတ် ယွမ် ငါးသိန်းကိုလည်း ပေးထားလေသည်။ ထို့ကြောင့် ကိတ်မုန့်ကလေး တစ်စိတ်အတွက် ယခုလို ပြုမူလိုက်သည်မှာ ကတ်သီးကတ်ဖဲ့နိုင်လှသည်။

ထိုသို့အပြောခံရပြီးနောက် ချီမော့သည် ရှန်းမူမူကို ပြန်ကြည့်လိုက်သည့် အကြည့်အရ သူသည် အခု ကိတ်မုန့်စားချင်နေတာလည်း ဖြစ်နိုင်သည်။

သူ စားချင်နေလျှင် ရှန်းမူမူသည် ဒီတိုင်း ပေးလိုက်သင့်သည်။

“ဒီမှာ၊ ရှင်စားချင်ရင် ချောကလက်ကိတ်မုန့်တော့ စားလို့ရမယ်၊ ကျွန်မ နောက်ထပ် သွားယူလိုက်ဦးမယ်”

သူမသည် သူ့ကို ကြည်ကြည်ဖြူဖြူဖြင့် ကိတ်မုန့်ပန်းကန် ကမ်းပေးလိုက်သည်။

ချီမော့သည် သူမ၏ အပြုအမူကြောင့် မယုံကြည်နိုင်လောက်သော အမူအရာဖြင့် သူမကို စက္ကန့်ပိုင်းခန့် ကြောင်ကြည့်နေလေသည်။

ထို့နောက် သူသည် ရယ်သွမ်းသော အသံဖြင့် “နှစ်ပန်းကန်စလုံးက မင်းဟာပါပဲ၊ သွားစားချည်”

ရှန်းမူမူသည် မျက်တောင်ခတ်လိုက်သည်-”???”

ရှင် မစားချင်ဘူးဆိုရင် ဘာကြောင့် ကျွန်မကို စိုက်ကြည့်နေခဲ့တာလဲ။

All Chapters