← Chapters

သူမကိုယ်သူမ အမေတစ်ယောက်အဖြစ် မမှတ်ယူထားခဲ့ဘူး၊ သူမဟာ မိထွေးတစ်ယောက်ပဲ

Vol. 1 Ch. 9

သူမကိုယ်သူမ အမေတစ်ယောက်အဖြစ် မမှတ်ယူထားခဲ့ဘူး၊ သူမဟာ မိထွေးတစ်ယောက်ပဲ

Vol. 1 Ch. 9

ဝေကျောက်နန်၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ သူ့ဘေးနားတွင် ပိုကာကစားနေသူများပါ သူ့ကို ဝိုင်းကြည့်ပြီး တီးတိုးပြောနေကြသည်။

“ချီသခင်လေးရဲ့ အမေက ဒီကိုရောက်နေတယ်လား။”

“ဘယ်သူ့အမေလဲ”

“ချီသခင်လေးရဲ့ အမေလေ”

မသိလျှင် သူတို့သည် လူတစ်ယောက်ကို ကြိမ်ဆဲနေသလို ဖြစ်နေသည်။

ချီရှောင်ပိုင်သည် မျက်မှောင်ကြုတ်လျှက် သူ့မျက်လုံးကို ဖြေးညင်းစွာ ဖွင့်ကြည့်လိုက်သည်။

မွန်းတည့်နေရောင်သည် ကြည်လင်သန့်စင်သော သူ့မျက်လုံးများထဲတွင် တောက်ပနေပြီး သူ့ကို ပို၍ ကြည့်ကောင်းအောင် လုပ်ပေးနေသည်။

မယုံကြည်သော အရိပ်အရောင်ကို သူ၏ မျက်စိသူငယ်အိမ်တွင် ဖြတ်ခနဲ တွေ့လိုက်ရသည်။

သူသည် အေးစက်စွာ အသက်ကို ရှူထုတ်လိုက်သည်။

“သွားစမ်းပါ၊ မင်းပြောတာ ငါယုံမယ်များ ထင်နေလား”

သူ မယုံကြည်ခဲ့ပေ။

ဝေကျောက်နန်သည် ပျင်းပြီး ပေါက်ကရတွေ လျှောက်ပြောနေသည်ဟုသာ သူ ယုံကြည်နေသည်။

ထို့နောက် သူ့မျက်လုံးကို ပြန်မှိတ်လိုက်ပြီး နေရောင်ထဲတွင် နေပူဆာ ဆက်လှုံနေလေသည်။

“တကယ်ပြောနေတာ၊ နောက်နေတာမဟုတ်ဘူး၊ မင်းမေမေလေးက အရမ်းလှတာ၊ မမှတ်မိနိုင်စရာ အကြောင်း မရှိဘူး”

ချီရှောင်ပိုင်သည် သူ့မျက်လုံးကို စုံဖွင့်လိုက်ပြီး ဝေကျောက်နန်ကို စိုက်ကြည့်ကာ သူ့စကားများသည် တစ်ခုခု မူမမှန်တော့ကြောင်း ခံစားမိနေသည်။ ဝေကျောက်နန်လည်း စိတ်မရှည်သည့် လေသံဖြင့် “မင်းအမေဟေ့”

ဝေကျောက်နန်သည် တောင်းပန်သလို ပြန််ပြောပြီး “မင်း မိထွေး၊ မင်း မိထွေးဟေ့၊ ငါမှားပြောမိတာ၊ ဆောရီး”

ဝေကျောက်နန်၏ စိတ်ရင်းမှန်နှင့် တကယ်ပြောနေသည်ကို မြင်ပြီး ချီရှောင်ပိုင်သည် မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေလေသည်။

အဲ့မိန်းမက တကယ် ဒီကို လာပါ့မလား။

ဌာနမှူးသည် မနေ့က အိမ်ကို လှမ်းအကြောင်းကြားခဲ့သည် သူသိနေသည်။

ခါတိုင်းလိုပင် လက်ထောက်သုန်းသည် သူ့အဖေကိုယ်စား လာပြီး အရာမရောက်သော စကားများ လာပြောမည်ဟုသာ သူ မှတ်ထင်ထားသည်။

ထိုမိန်းမသည် သူ့ကျောင်းကို လာလိမ့်မည်ကို တစ်ခါမှ စိတ်မကူးဖူးပေ။

သူမ ဒီကို ဘာအတွက် လာခဲ့သလဲ။

မဟုတ်မှလွဲရော သူမသည် ဒီကိုလာ၍ သူ မဟုတ်တာတစ်ခုခုလုပ်သည်ကို မျက်မြင်ကိုယ်တွေ့ လာဖမ်းပြီး အဖေ့ကို ပြန်တိုင်ပြောဖို့အတွက်များ ဖြစ်နေမည်လော။

မကြာမီ အတန်းဖော်တစ်ယောက်သည် ခေါင်မိုးထပ်ကို ရောက်လာပြီး ချီရှောင်ပိုင်ကို အသိပေးလိုက်သည်။

“ဆရာက မင်းကို ရုံးခန်းလာဖို့ ခေါ်ခိုင်းလိုက်တယ်”

ချီရှောင်ပိုင်သည် ရုံးခန်းတံခါးကို မဖွင့်ချင် ဖွင့်ချင်ဖြင့် ဖွင့်လိုက်လေသည်။

ဌာနမှူး၊ အတန်းပိုင်ဆရာနှင့် ပါမောက္ခကြီးတို့သည် ထိုနေရာတွင် ရှိနေကြသည်။

ရှန်းမူမူလည်း ထိုနေရာတွင် ရှိနေလေသည်။

မနှစ်သက်သော ခံစားချက်ဖြင့် သူ့မျက်ခုံးသည် တစ်ချက်တွန့်တက်သွားပြီး သူမ လာလည်း ဘာမှမထူးပါဘူး ဟူ၍ ပြတင်းပေါက်အပြင်ဖက်ကို မျက်နှာလွှဲပြီး ကြည့်လိုက်လေသည်။

အော်ချင်သလောက်အော် ဆူချင်သလောက်သာဆူ ဆိုပြီး ဒီကိစ္စကို မြန်မြန်ပြီးသွားစေချင်နေသည်။

ရုံးခန်းအပြင်ဖက်တွင် များစွာသော အတန်းဖော်များသည် ဝေကျောက်နန်၏ ဦးဆောင်မှုဖြင့် စုဝေးနေလေသည်။

တစ်ယောက်ကပြောလိုက်သည်၊ “ချီသခင်လေးတော့ ဒီတစ်ခါသွားပြီ၊ သူ့ မေမေလေး ရောက်လာတော့ ကောင်းကောင်းကြီး အဆူခံရမှာ သေချာတယ်”

“ငါတို့ချီသခင်လေးက အဲ့လောက်ကို ကြောက်မယ်များ ထင်နေလား”

“ပြောရခက်သား၊ အရင်ကဆို ရှီက ဘယ်လောက်ပဲ ပြသာနာရှာရှာ ဦးလေးရှီရဲ့ လက်ထောက်က လာဖြေရှင်းပေးနေကြ၊ ဒီတစ်ခေါက်တော့ သူ့မေမေလေး ကိုယ်တိုင် ရောက်ချလာတယ်ဆိုတော့ ထူးခြားလိမ့်မယ်ထင်တယ်”

ဝေကျောက်နန်သည် အတင်းပြောနေသူများကို ကန်လိုက်ပြီး ပြောလိုက်သည်မှာ-”မဟုတ်တာတွေ လိုက်ဟောင်မနေနဲ့” ဟူ၍ ဖြစ်သည်။

ရုံးခန်းသည် နံရံလေးသာ ခြားပြီး ရှန်းမူမူသည် အစက ထိုင်ခုံတွင် ထိုင်နေသော်လည်း ယခုတွင်မူ ချီရှောင်ပိုင် ဘေးတွင် လာရပ်နေလေသည်။

ချီရှောင်ပိုင်သည် သူမကို စောင်းကြည့်လိုက်ပြီး စိတ်မသက်မသာသည့်ပုံဖြင့် သူမနှင့် နည်းနည်းဝေးအောင် ထိုနေရာမှ ရွှေ့လိုက်သည်။

ဌာနမှူးက ရှေးဦးစွာ ပြောလိုက်သည်။

“ချီသခင်မ ခင်ဗျာ၊ ခင်ဗျားလည်း အလုပ်ရှုပ်နေတာကို သိပါတယ်၊ အဲ့ဒါကြောင့် ဒီကိစ္စကို မြန်မြန် ဖြေရှင်းလိုက်ကြရအောင်”

ဌာနမှူးသည် ရုပ်တည်ကြီးဖြစ်နေသော ပါမောက္ခသိုက်ကို ကြည့်လိုက်ပြီး ဆက်ပြောနေသည်-

“ပါမောက္ခသိုက်၏ အကြံပေးချက်အရ  ချီရှောင်ပိုင်ကို အတန်းရှေ့မှာ ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်စာကို အကျယ်ကြီး ဖတ်ခိုင်းပြီး သူမှားခဲ့တာကို ဝန်ခံခိုင်းမယ်၊ ဒီလိုလုပ်ပြီး ဒီကိစ္စကို ဖြေရှင်းပြီးပြီလို့ သဘောထားလိုက်ကြမယ်”

ထိုသို့ပြောပြီးနောက် ဌာနမှူးသည် တိတ်တခိုး အနေခက်သွားလေသည်၊ ပါမောက္ခသိုက် နောက်ကွယ်တွင် ရှန်းမူမူကို တောင်းပန်သော မျက်လုံးဖြင့် ကြည့်နေလေသည်။

ဌာနမှူးက ရှန်းမူမူသည် ချီရှောင်ပိုင်၏ မိထွေးဖြစ်ကြောင်း သိနေပြီး မိထွေးဖြစ်သောကြောင့် သူ့သားကို သေချာ ဆုံးမမည် မဟုတ်ကြောင်း ထင်နေလေသည်။ ထိုသို့သာ ဖြေရှင်းပေးလိုက်ရင် အားလုံး အဆင်ပြေသွားမည်ဟု တွေးထင်နေသည်။

တကယ်တမ်းတွင် ပါမောက္ခသိုက်သာ  ကျောင်းလာဖို့ တရားဝင် မဖိတ်ကြားခဲ့လျှင် ဤကိစ္စ အသေးအမွှားလေးအတွက်နှင့် မိဘများအထိ ခေါ်စရာ မလိုပေ။

အရင်ကဆိုလျှင် ချီရှောင်ပိုင်က မည်မျှကြီးမားသော ပြသာနာများ ရှာစေကာမူ ကျောင်းက မိဘများအထိ အကြောင်းမကြားတတ်ပေ။

ပေကျင်း နံပါတ်(၁) အထက်တန်းကျောင်းရှိ ကျောင်းသားအများစုသည် ထင်ရှားသော မိသားစုများမှ ဖြစ်ကြသဖြင့် ဌာနမှူးသည် ထိုကလေးများကို ပြင်းထန်စွာ စည်းကမ်း မတင်းကြပ်ရဲပေ။

ပါမောက္ခသိုက်သည် ထိုင်ခုံတွင် ခြေထောက်ကို ချိတ်ထိုင်ထားပြီး လက်ဖက်ရည်ခွက်ကို ကိုင်ထားလေသည်။ သူ့ပုံစံသည် “ကြည့်ကြသေးတာပေါ့ ဘယ်လောက်ထိ ခေါင်းမာပြီး ငါ့မျက်နှာပျက်အောင် လုပ်နိုင်မလဲဆိုတာ၊ မင်း အပြစ်ပေးမခံရမချင်း အလွတ်မပေးဘူးကွ” ဟူ၍ ဖြစ်နေသည်။

သူသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ရှန်းမူမူကို အထက်စီးဆန်သောအမူအရာဖြင့် ကြည့်လိုက်သည်၊ သူမ ခေါင်းညိမ့်ပြီး ဌာနမှူး တင်ပြထားသော ဖြေရှင်းနည်းကို လက်ခံလာသည်အထိ စောင့်နေခြင်း ဖြစ်သည်။

ရှန်းမူမူသည် ဌာနမှူးကို သူမနှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုလေး ပြုံးပြပြီး ပြောလိုက်သည်။

“ကျောင်းအုပ်ကြီးရှင့်၊ ကျွန်မက ဒီနေ့အဖို့ အလုပ်တွေ မရှုပ်ပါဘူး၊ ကျွန်မ ကျောင်းကို လာခဲ့တယ် ဆိုတာကလည်း ဒီကိစ္စကို သေသေချာချာ ဖြေရှင်းချင်လို့ လာခဲ့တာပါ၊ အဲ့တော့ အလျင်စလို ဖြေရှင်းစရာ မလိုပါဘူး၊ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်သွားကြပြီးတော့ ချီရှောင်ပိုင်က တကယ်မှားလား မှန်လားဆိုတာ စစ်ဆေးကြမယ်လေ”

ထိုစကားကိုကြားပြီး ရှန်းမူမူ မယုံသင်္ကာဖြစ်နေမှုကို ကြည့်လိုက်၍ ပါမောက္ခသိုက်၏ လက်ဖက်ရည်ခွက်ကို ကိုင်ထားသော လက်သည် အထိတ်တလန့်နှင့် တစ်ချက်တွန့်တက်သွားသည်။

“ချီသခင်မ၊ ဘာကို ပြောချင်တာလဲ၊ ကျွန်တော်က မှားပြီး စွပ်စွဲတယ်လို့ ပြောချင်နေတာလား”

ရှန်းမူမူသည် သူမ၏ နှုတ်ခမ်းသားကို အားနှင့် ဖိကပ်လိုက်ပြီး ဖြေးညင်းစွာ အလျင်မလိုသော အသံဖြင့် “ပါမောက္ခကြီးရှင့်၊ မတုန်လှုပ်သွားပါနဲ့၊ ကျွန်မလည်း ဒီကိစ္စကို လာရာလမ်းမှာ စဉ်းစားခဲ့ပြီးပါပြီ၊ ချီရှောင်ပိုင်က ဒီတစ်ခါမှားသွားတယ်ပဲထားဦး သူ့ကို ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်တဲ့စာပါ ဖတ်ခိုင်းပြီး တစ်တန်းလုံးကို တောင်းပန်တဲ့အထိ အပြစ်ပေးဖို့ကတော့ မလိုဘူးထင်တယ်”

ဆယ်ကျော်သက်တိုင်းတွင် မိမိကိုယ်ကို တန်ဖိုးထားမှုက ရှိကြသည်။

လူရှေ့ထွက်ပြီး တောင်းပန်ခိုင်းခြင်းသည် မိမိကိုယ်ကို တန်ဖိုးထားမှုကို အများကြီး ထိခိုက်သွားစေနိုင်လေသည်။

ထို့ပြင် ကျောင်းက ဒီကိစ္စကို ပုံကြီးချဲ့နေသည်ကို ရှန်းမူမူတစ်ယောက် ရိပ်မိလေသည်။

သူမ ထိုစကားများပြောလိုက်သည်နှင့် အခန်းထဲရှိလူများ အံ့အားသင့်သွားကြသည်။

အံ့အားသင့်ဆုံးမှာ ချီရှောင်ပိုင်ကိုယ်တိုင်ပင် ဖြစ်ပေသည်။

သူ့နားများကို သူမယုံနိုင်ဖြစ်နေသည်။

ဒီမိန်းမကြီးသည် အမှန်တကယ်ပင် သူ့အတွက် ပြောပေးခဲ့သည်လော။

ပါမောက္ခသိုက်သည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး ရှန်းမူမူကို မယုံနိုင်သော အမူအရာဖြင့် ကြည့်နေလေသည်။

“ချီသခင်မ၊ သူက ဘာအမှားမှ မလုပ်ထားဘူးလို့ ပြောချင်တာလား”

ရှန်းမူမူသည် ထိုပါမောက္ခကြီးမှာ စိတ်ထားသေးသိမ်ကြောင်းကို သိလိုက်သည်။

သူမသည် ပထမဆုံးစကားမှာပင် ချီရှောင်ပိုင်က မှားခဲ့လျှင်ဟူ၍ ပြောခဲ့သည်။ ထိုစကားကို ဘယ်လိုဖြစ်၍ သူ မကြားခဲ့သလို လုပ်ပြီး ဘာ့ကြောင့် သက်သက်ကြီး ရန်ထဖြစ်ချင်နေမှန်း မသိတော့ပေ။

သူမသည် ညင်သာစွာ ပြုံးလိုက်သည်။

“သူ ဘာအမှားမှ မလုပ်ဘူးလို့ ပြောတာ မဟုတ်ဘူးနော်၊ လူရှေ့ထွက်ပြီး တစ်တန်းလုံးကို တောင်းပန်ရတဲ့အထိ လုပ်တာက မလွန်ဘူးလားလို့ပါ”

ပါမောက္ခသိုက်၏ မျက်နှာအမူအရာမှာ ရုပ်ဆိုးလှသည်။ နှစ်ပေါင်းများစွာ စာသင်လာသည့်တစ်လျှောက် သူ့တွင် နောက်ဆုံးပြောစရာ လက်နက်တစ်ခု ရှိနေလေသည်။

“သူက တောင်းလည်း မတောင်းပန်၊ ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်စာလည်း မရေးဘူးဆိုရင် ခင်ဗျားက သူ ဘာအမှားမှ မလုပ်ထားလို့ ဒီလိုမျိုးတွေမလုပ်နိုင်ဘူးဆိုပြီး တွေးနေတာနဲ့ မတူဘူးလား”

ရှန်းမူမူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဒီစကားဝိုင်းက အားနည်းနည်းစိုက်ပြီး ပြောဆိုရမည် ဖြစ်ကြောင်း သိလိုက်လေသည်။

“ပါမောက္ခသိုက်၊ ချီရှောင်ပိုင်က ရှင့်ကို ပြန်ခံမပြောခဲ့ဘူး ပြီးတော့ ရှင် သူ့ကို အော်ပြီး မပြောခင်မှာပဲ သူ အတန်းထဲကနေ ထွက်သွားဖို့ တစ်ချက်မှ မရွေ့ခဲ့ဘူး”

“ရှင်က ဆရာတစ်ယောက်ပါ၊ ကျောင်းသားတွေအရှေ့မှာ ရှင့် လုပ်ပိုင်ခွင့်တွေကို လုပ်ပြဖို့ လိုတယ်ဆိုတာလည်း ကျွန်မနားလည်ပါတယ်၊ ဒါပေမဲ့ ကလေးတွေမှာလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ဆိုတာလည်း ရှိသေးတယ်လေ၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေပေါ့၊ သူတို့မှာ အရမ်း အားကောင်းတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတွေ ရှိကြတယ်၊ အဲ့တော့ ပါမောက္ခကြီးရယ်၊ ရှင့်ရဲ့ အဲ့လို ချီရှောင်ပိုင်အပေါ် ပြုမူလိုက်တာက သူ့ရဲ့ အဲ့ဒီ့တန်ဖိုးထားမှုလေးကို မထိခိုက်သွားစေနိုင်ဘူးလား”

...

ရှန်းမူမူ ထိုသို့ပြောနေသည်ကို ချီရှောင်ပိုင်သည် ဘေးကနေ သူမကို ငေးကြည့်နေလေသည်။

ထူးဆန်းပြီး မဖော်ပြနိုင်သော ခံစားချက်တစ်ခုသည် သူ့ရင်ထဲတွင် ဖြစ်ပေါ်လာသည်။

နေရခက်ပြီး နွေးထွေးစေသည်။

တစ်ခါမှ မရင်းနှီးသော ခံစားချက်မျိုး။

ဆယ်မိနစ်ကြာပြီးနောက် ချီရှောင်ပိုင်သည် ရုံးခန်းမှ ထွက်လာခဲ့သည်။

ဝေကျောက်နန်သည် မီးခိုးငွေ့ကဲ့သို့ သူ့အပေါ် ဖြန့်ကျဲသွားသလို ခုန်အုပ်လိုက်သည်။

“အဲ့တော့၊ ဘယ်လို ဖြစ်သွားလဲ၊ အဆူခံလိုက်ရလား”

“ဝေဖန်သုံးသပ်စာရေးဖို့ စာလုံးဘယ်နှလုံးစာ ရေးရမှာတဲ့လဲ၊ ၃,၀၀၀လား ၅,၀၀၀လား”

“မင်း မရေးချင်ရင် တစ်ယောက်ယောက်ကို ပိုက်ဆံပေးပြီး ရေးခိုင်းလိုက်လို့ ရတယ်နော်”

ချီရှောင်ပိုင်သည် ခုနက အဖြစ်အပျက်ကိုသာ စိတ်ရောက်နေလေသည်။ ဝေကျောက်နန်ကို သူ လျစ်လျူရှုထားလိုက်သည်။

ရှန်းမူမူလည်း ရုံးခန်းက ထွက်လာသည်။

ချီရှောင်ပိုင်သည် အေးစက်စွာ ဝေကျောက်နန်၏ စကားကြောကို ဖြတ်ခဲ့သည်။ “စကားလျှော့ပြောစမ်း”

ဝေကျောက်နန်သည် သူ့ပါးစပ်ကို ပိတ်လိုက်ပြီး ရှန်းမူမူကို အပြုံးလေးနှင့် သေသေချာချာ မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်လေသည်။

“ဟယ်လို၊ အန်တီ”

ရှန်းမူမူသည် အံကြိတ်ချင်သည်ကို ဖုံးကွယ်ရင်း မနည်းပြန်ပြုံးပြလိုက်ရသည်။

ထို့နောက် သူမသည် ချီရှောင်ပိုင်ဖက်လှည့်ပြီး ကြည့်လိုက်သည်။

“ကဲ....ငါအရင်အိမ်ပြန်လိုက်ဦးမယ်၊ မင်းလည်း ကိုယ့်အတန်းကို ပြန်သွားတော့”

သူမသည် ထိုသို့ပြောသည်ကို ချီရှောင်ပိုင်က တစ်မျိုးကြီး ခံစားလိုက်ရလေသည်။

သူမသည် အတန်းပိုင်ဆရာနှင့် ပါမောက္ခကြီးများရှေ့တွင် မိဘတစ်ယောက်အနေနှင့် မည်သို့ပြုမူရမည်ကို သိနေလေသည်။

သို့သော် ထိုကောင်လေးနှင့် ရင်ဆိုင်ရသည့်အခါတွင် သူမသည် သူမနေရာကို ရှာတွေ့ဖို့ ရုန်းကန်နေရသေးသည်။

ရှန်းမူမူသည် အရွယ်ရောက်နေသော သားတစ်ယောက်ကို ချက်ချင်း ရလိုက်သဖြင့် ကိုင်တွယ်ဖို့ ခဲယဉ်းလှသည်။

ချီရှောင်ပိုင်သည် “အင်း” ဟု အရင်ကနှင့် မတူကွဲပြားသော ပုံစံဖြင့် စာသင်ခန်းဖက်ကို လှည့်ထွက်သွားလေသည်။

ဝေကျောက်နန်လည်း ချီရှောင်ပိုင်နောက် လိုက်သွားပြီး သူ့ကိုကြည့်လိုက် ရှန်းမူမူကို ကြည့်လိုက်နှင့် အံ့သြသွားသော အမူအရာဖြင့် မေးလိုက်သည်။

“ဒါပဲလား၊ အန်တီက မင်းကို မဆူဘူးလား”

“ဟိုဝေဖန်သုံးသပ်စာရော ရေးစရာ မလိုဘူးလား”

ချီရှောင်ပိုင်သည် “ကျစ်” ဟုလုပ်လိုက်ပြီး ဝေကျောက်နန်ကို ကန်လိုက်သည်။ ဝေက ပေါက်ကရစကားတွေ အများကြီးပြောသည်ဆိုပြီး ထိုသို့ လုပ်လိုက်ခြင်းဖြစ်သည်။

“တိတ်စမ်း”

All Chapters