ကွာရှင်းရာ၌ အခက်အခဲမဖြစ်စေရန်...
Vol. 1 Ch. 13
သူမ စကားများကို ဂရုတစိုက်နားထောင်နေရင်း ချီမော့၏ မျက်လုံးများက အလင်းဖျော့ဖျော့ တောက်ပနေသည်။
ရှန်းမူမူက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဗီလာဝန်းတစ်ဝိုက် လျှောက်သွားရင်း စုဆောင်းခဲ့သည့် သတင်းများနှင့် သူမနှင့် ရင်းနှီးလာသည့် အိမ်နီးချင်း မစ္စစုန့်ထံမှ သိလာရသည်များကို လေ့လာဆန်းစစ်ရင်း ပို၍ တက်ကြွလာသည်။
သူမက လက်ဟန်ခြေဟန်များကို အသုံးပြုရင်း ချက်ကျလက်ကျ ပြောဆိုနေသည်။
"ရှင် သိလား။ ကျွန်မတို့ ပန်းအိုးတွေ ထိုးဖို့ ပန်းစည်းတစ်စည်းကို ငါးရာပေးရတယ်။ ငါးရာနော်။"
"ကျွန်မ တွက်ကြည့်ပြီးပြီ။ အိမ်မှာ ပန်းအိုးရှစ်အိုးတောင် ရှိတယ်။"
ထို့နောက် သူမက မေးစေ့ကို ထိရင်း တွေးတွေးဆဆနှင့် တွက်ချက်လိုက်သည်။
"ရှီယွိယွဲ့ဗီလာဝန်းထဲ အိမ်ထောင်စုတစ်ခုချင်းစီတိုင်းက တစ်နေ့ကို ငါးရာသုံးမယ်ဆိုရင် တစ်လကို ၇၅၀၀၀၀ တောင် ရမှာ။"
"ပြီးတော့ ရောင်းအားကို ဖြန့်ကျက်ဖို့ ရှီယွိယွဲ့ဗီလာဝန်း အနီးဝန်းကျင် အဆင့်မြင့်အိမ်ယာဝန်းတွေ ကြားနေရာမှာ ပန်းဆိုင်ဖွင့်ဖို့ တွေးထားတယ်။"
"တွက်ကြည့်ရင် တခြား ရပ်ကွက်တွေကို အသာထားပြီး ရှီယွိယွဲ့ဗီလာဝန်းတစ်ခုတည်းနဲ့တင် ကုန်ကျစရိတ်တွေကို နှုတ်ပြီးတော့ အသားတင်အမြတ်က သုံးသိန်းကျော်တယ်။"
သူမက 'ကျွန်မတို့ မိသားစု' ဟူသော အသုံးမျိုး သုံးနှုန်းလာသည်ကို ကြားသောအခါ အမျိုးသား၏ နက်နဲသော မျက်လုံးများက ခပ်ဖျော့ဖျော့ တောက်ပလာသည်။
သတိမပြုမိဘဲ ရှန်းမူမူက စိတ်အားထက်သန်စွာ ဆက်ပြောနေခဲ့သည်။ "ဒါပေမယ့် တကယ် လုပ်ရင်တော့ ကျွန်မ မှန်းထားတာထက် သေချာပေါက် ခက်ခဲလိမ့်မယ်။ ကျွန်မ နည်းလမ်းတချို့ စဥ်းစားကြည့်တယ်။ တကယ်လို့ စျေးလျှော့လိုက်မယ်ဆိုရင်ရော။ ပန်းတစ်စည်းကို သုံးရာနဲ့ရောင်းရင် စျေးကွက်ပြိုင်နိုင်လိမ့်မလား။"
"ပြိုင်နိုင်လိမ့်မယ်။ ဒါပေမယ့် မလိုအပ်ဘူး။" ချီမော့က အာရုံစိုက်နားထောင်နေပြီး ရှန်းမူမူက သူ့အမြင်ကို မေးသည့်အခါ တုန့်ပြန်လိုက်သည်။
ရှန်းမူမူက သူမကိုယ်သူမ သတိမထားမိလိုက်ဘဲ နှုတ်ခမ်းစူကာ သူမ အကြံဉာဏ်ပေါ်သို့ ရေအေးများလောင်းချခံလိုက်ရသလို အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
သူမ၏ အမူအရာသေးသေးလေးက အနီးရှိ အိမ်တော်ထိန်းနှင့် အိမ်စေများ၏ အမြင်တွင် ဇနီးသည်က သူမ ခင်ပွန်းအား ကပ်ချွဲနေသည့် ပုံပေါ်နေသည်။
ချီမော့က ပြောလိုက်သည်။ "မင်းရဲ့ အကြံဉာဏ်က အရမ်းကောင်းပြီး မင်းရဲ့ ချဥ်းကပ်မှုပုံစဲကလည်း သင့်လျော်တယ်။ စျေးလျှော့ပေးတယ်ဆိုတာက သာမန်ရပ်ကွက်တွေမှာဆိုရင် ကောင်းမွန်တဲ့ စျေးကွက်ဗျူဟာဖြစ်ပေမယ့် ဒီနေရာမှာတော့ အဲဒါက ချို့ယွင်းချက် ဖြစ်လာလိမ့်မယ်။"
ထိုစကားတစ်ခွန်းတည်းနှင့် ရှန်းမူမူက ချက်ချင်း နားလည်သွားသည်။
"ရှင် ဆိုလိုချင်တာ ဒီမှာနေတဲ့ လူတွေက စျေးကြီးတဲ့ ပန်းတွေကို ဝယ်ဖို့ဆန္ဒရှိမှာပဲဆိုတော့ စျေးလျှော့ပေးဖို့ မလိုအပ်ဘူးပေါ့။"
သူမက ခေါင်းကို ငဲ့ကြည့်ရင်း သူ့စကားများကို သူမဘာသာသူမ ရွတ်ကြည့်နေသည်။
"စျေးနှိမ့်ဖို့ မလိုအပ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ စျေးမြှင့်လို့တောင် ရသေးတယ်ပေါ့ ဟုတ်လား။"
ချီမော့၏ မျက်လုံးတို့က လှုပ်ရှားသွားသည်။ "ဟုတ်တယ်။ အဲဒါ ဖြစ်နိုင်တယ်။"
ရှန်းမူမူက အသိအမှတ်ပြုစွာ ပြုံးလိုက်ပြီး ချီမော့၏ ပခုံးကို သုံးခါ ပုတ်လိုက်သည်။
"အထင်ကြီးစရာပဲ။ အထင်ကြီးစရာပဲ။ စီးပွားရေးသမားတစ်ယောက်က ထင်ထားသလိုပဲ။"
သူက ငွေရှာရာ၌ သဘာဝအလျောက်ကို တော်ခြင်း ဖြစ်လေသည်။
မနီးမဝေးရှိ အိမ်တော်ထိန်းကျန်းမှာ ရှန်းမူမူက ချီမော့၏ ပခုံးအား ပုတ်လိုက်သည်ကို မြင်သည့်အချိန်၌ တောင့်တင်းသွားလေသည်။
သူသည် ချီမိသားစုအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့သူဖြစ်ပြီး သခင်လေးအား ထိုကဲ့သို့ ပေါ့ပေါ့တန်တန် ပခုံးပုတ်ရဲသည့်သူ မည်သူ့ကိုမှ မမြင်တွေ့ခဲ့ဖူးပေ။
ဘယ်လိုသရဲမျိုးလဲ။
ပြီးတော့ သခင်လေးက ပြုံးတောင် ပြုံးနေသေးတာလား။
ရှန်းမူမူက ချီမော့အား ချီးကျူးနေသည်ကို ကြည့်နေရင်း အိမ်တော်ထိန်းကျန်းသည် ချီမော့က သူ့ထံသို့ လက်ကို မသိမသာ မြှောက်ပြလိုက်သည်အား မြင်လိုက်ရသည်။
အိမ်တော်ထိန်းက ချက်ချင်း နားလည်သွားခဲ့၏။
မကြာခင်၌ အိမ်စေများက ပန်းလက်ဖက်ရည်တစ်အိုးနှင့် လက်ဖက်ရည်နှင့် တွဲဖက်စားသုံးရသည့် မုန့်တချို့ ယူလာပေးခဲ့သည်။
ရှန်းမူမူက လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး အေးအေးဆေးဆေးဖြင့် ချီမော့၏ အမြင်ကို မေးလိုက်သည်။
"ရှင် ဘယ်လိုထင်လဲ။ ဒီအစီအစဥ်က အလားအလာရှိတယ် ထင်လား။"
ချီမော့က အခိုင်အမာ ပြောလိုက်၏။ "ဒါက အရမ်းကောင်းတဲ့ စီမံချက်ပဲ။"
စီးပွားရေးသမားကြီးထံမှ ခွင့်ပြုချက်ကို ရပြီးနောက် ရှန်းမူမူက တယုတယပွတ်သပ်ခံလိုက်ရသည့် ကြောင်လေးတစ်ကောင်လို ခံစားလိုက်ရပြီး ကျေနပ်အားရနေခဲ့သည်။
ချီမော့၏ နက်ရှိုင်းသော မျက်လုံးများက တိတ်တဆိတ် တွေးဆနေဟန်ရှိပြီးနောက်မှ ဆက်ပြောလိုက်သည်။
"မင်းအတွက် အပြင်ဘက်မှာ ဆိုင်တစ်ဆိုင်ဖွင့်ဖို့လည်း စဥ်းစားကြည့်လို့ရတယ်။"
ရှန်းမူမူက သူ့စကားများကို ပြန်ရွတ်ကြည့်လိုက်ပြန်သည်။
"ပြင်ပဆိုင်တစ်ခု ဖွင့်ဖို့လား။"
ချီမော့က လက်ဖက်ရည်ခွက်ကို ကျက်သရေရှိစွာ ကောက်ကိုင်လိုက်ပြီး စိတ်အေးလက်သာ အနေအထားဖြင့် တစ်ငုံသောက်လိုက်သည်။
"ပြင်ပဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက်က ပန်းရောင်းရုံပဲမကဘူး။ ဘရန်းပရိုမိုးရှင်းလည်း လုပ်လို့ ရတယ်လေ။"
ရှန်းမူမူ: "ပန်းမရောင်းရဘူးလား။"
သူမက မျက်လွှာချရင်း သူ့စကားများကို စဥ်းစားနေသည်။
သူမ၏ အကြည့်များက အမှတ်တမဲ့နှင့် ပူနွေးနွေး ပန်းလက်ဖက်ရည်ပေါ် ကျရောက်သွားသည်။ ရုတ်တရက် သူမက တစ်စုံတစ်ခုကို နားလည်သွားပြီး ပြောလိုက်၏။
"ပြင်ပမှာ ဖွင့်တဲ့ဆိုင်ကိ ပန်းလက်ဖက်ရည်ကို အဓိကထားပြီး နေ့လယ်ခင်းလက်ဖက်ရည်ဆိုင် အဖြစ် လုပ်လိုက်မယ်။ ဖောက်သည်တွေ များလာရင် အလှပန်းအိုးထိုးအတန်း မဟုတ်ရင် ပန်းအနုပညာပြခန်းလို ပုံစံမျိုးလေး လုပ်လိုက်လို့ ရတယ်။"
သူမသည် ယခင်က TV ၌ မြင်ဖူးခဲ့သော ချမ်းသာသည့် အမျိုးသမီးများအကြောင်း ပြန်စဥ်းစားကြည့်လိုက်သည်။
သူတို့က လိုအပ်သလောက် စိတ်ကြိုက် သုံးဖြုန်းနိုင်ပြီးနောက် ကျက်သရေတင့်သည့် ဝါသနာတချို့ မွေးမြူချင်ကြလိမ့်မည် ဖြစ်သည်။
ရှန်းမူမူက ချက်ချင်း အကြံဉာဏ်ထွက်လာမည်ဟု မျှော်လင့်မထားခဲ့သောကြောင့် ကြားလိုက်ရသောအခါ ချီမော့၏ နှုတ်ခမ်းတို့က ကွေးညွှတ်သွားသည်။
"ကောင်းတဲ့အကြံပဲ။ ကြိုးစားကြည့်ဖို့ ထိုက်တန်တယ်။"
ချီမော့ကို မပြောခင် ပန်းဆိုင်ဖွင့်ရန် အစီအစဥ်က ရှန်းမူမူ၏ စိတ်ထဲတွင် အကြမ်းဖျင်း စီစဥ်ထားရုံသာ ရှိသေးသည်။
သူတို့ ဆွေးနွေးပြီးနောက် သူမသည် အစီအစဥ်ကို ယခုချက်ချင်းပင် အကောင်အထည် ဖော်နိုင်မည်ဟု ခံစားလိုက်ရသည်။ အဆင့်မြင့်အသိုင်းအဝိုင်းတွင် ဘရန်းကို တည်ဆောက်နိုင်ရန် နီးကပ်လာပုံရသည်။
ရှန်းမူမူက စိတ်လှုပ်ရှားနေပြီးနောက် ပြန်ပြီး ငြိမ်ကျသွားသည်။ ပြင်ပ၌ ဆိုင်ဖွင့်ခြင်းက ကောင်းမွန်သော်လည်း ကုန်ကျစရိတ်က ပိုမြင့်မားနိုင်သည်။
ချီမော့က စီးပွားရေးလောက၌ နှစ်များစွာ ကျင်လည်ခဲ့သူ ဖြစ်သည်။ သူက အကြည့်တစ်ချက်နှင့် သူမ၏ အမူအရာအပြောင်းအလဲကို မြင်နိုင်ပြီး လက်ဖက်ရည်ခွက်ကို ချကာ ဖြေးဖြေးချင်း ပြောလိုက်သည်။
"ကနဦးရင်းနှီးမြှုပ်နှံမှုကို ဘယ်လောက်လောက် ကုန်မယ်လို့ ခန့်မှန်းထားလဲ။ ကိုယ် မင်းအတွက် ပေးမယ်။"
"မလိုဘူး။" ရှန်းမူမူက စဥ်းပင်မစဥ်းစားဘဲ တန်းငြင်းလိုက်သည်။ ထို့နောက် သူမက နှစ်ယောက်သာ ကြားနိုင်သည့် အသံဖြင့် ပြောလိုက်သည်။ "ကွာရှင်းပြီးတော့ ပိုင်ဆိုင်မှုခွဲဝေတဲ့ အရှုပ်အထွေးတွေကို ရှောင်ဖို့ အများကြီး မစွက်ဖက်တာ ပိုကောင်းလိမ့်မယ်။"
ထိုစကားကို ကြားသည့်အခါ ချီမော့က လန့်သွားခဲ့သည်။
သူသည် ယခင်က ထိုအကြောင်းကို မစဥ်းစားမိခဲ့ပေ။
သူသည် ရှန်းမူမူက သူ့ပိုက်ဆံကို ယူလိုက်သည့်အတွက် သူ့အား ပိုင်ဆိုင်မှုကို ခွဲဝေပေးရမည်ဟု တွေးနေကြောင်း မသိခဲ့ပေ။
ချီမော့သည် နားမလည်နိုင်သော အကြည့်များနှင့် ရှန်းမူမူကို ကြည့်လိုက်သည်။
မကြာသေးခင်က သူမသည် သူတို့၏ လက်ထပ်မှုက အစစ်အမှန်ကဲ့သို့ ပြုမူနေခဲ့သည်။
ယခုတွင် သူမက မည်သည့်အတွက်ကြောင့် ကွာရှင်းမည့်အကြောင်းကို ထုတ်ပြောလာရပါသနည်း။
ရှေ့တိုးနောက်ငင်ပရိယာယ် သုံးချင်သည့် ရည်ရွယ်ချက် အနည်းငယ်မှ မရှိဘဲ ရိုးသားစွာ ပြောလာခြင်း ဖြစ်သည်။
လူ့သဘာဝကို နားလည်ပြီး ကျိုးကြောင်းစိတ်ဖြာတတ်သည့် ဤလူက ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်ကို ဖြတ်၍ မမြင်နိုင်ဟု ခံစားလိုက်ရပေသည်။
ခဏလောက်တွေးပြီးနောက် ရှန်းမူမူက နောက်ဆုံး၌ ဖြေရှင်းချက်တစ်ခုကို ရှာတွေ့လိုက်သည်။
၎င်းက ရန်ပုံငွေ မပြတ်လပ်စေဘဲ သူမ၏ ပန်းဆိုင်စီးပွားရေးကိုလည်း အလျင်အမြန် စတင်နိုင်မည် ဖြစ်သည်။
သူမက တောက်ပနေသော မျက်လုံးများနှင့် ချီမော့ကို တည့်တည့်ကြည့်လိုက်ပြီး မျက်တောင်ခတ်ရင်း ပြုံးပြလိုက်သည်။
"အမ်... ကျွန်မ ကနဦးရင်းနှီးမြှုပ်နှံငွေ နှစ်မီလီယံလောက် လိုတယ်။ ဘဏ်အတိုးနှုန်းထားအတိုင်းနဲ့ ရှင့်ဆီကနေ ချေးလို့ ရနိုင်မလား။ အဲဒီလို လုပ်လို့ရမလား။"
သူ သဘောမတူမှာကို စိုးရိမ်စွာဖြင့် သူမက အလျင်အမြန် ထပ်ပြောလိုက်သည်။
"အဲဒါကို ရှင် ဝန်ထမ်းက ဘော့စ်ဆီက လစာကြိုထုတ်တယ်လို့ပဲ တွေးလိုက်ပါလား။ အဲဒီအပေါ်မှာ အတိုးတောင် ရဦးမှာလေ။ ဘယ်လိုလဲ။"
သူမ ပြောပြီးသွားသည့်အခါ လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် အမျိုးသား၏ လက်များက တင်းကျပ်သွားသည်။
လစာလား။
သူမက သူတို့ လက်မထပ်ခင် သဘောတူညီထဲမှာ ပြောထားတဲ့ လစဥ်အသုံးစရိတ် ငါးသိန်းကို ရည်ညွှန်းနေတာလား။
'လစာ' ဟူသည့် စကားလုံးက အလွန် အေးစက်လှသည်။ ယခင်က နွေးထွေးနေသည့် လေထုက ချက်ချင်း ရေအေးနှင့် ပက်ခံလိုက်ရသလို အေးစက်သွားခဲ့၏။
ချီမော့က မျက်လွှာချလိုက်ပြီး သူ့မျက်လုံးများထဲမှ အရိပ်အယောင်များကို ထိန်းချုပ်ထားလိုက်၏။
ရှန်းမူမူက သူ့အဖြေကို စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေပြီး မျက်မှောင်ကြုတ်ထားခဲ့သည်။
အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် သူက မျက်လွှာပြန်ပင့်ကာ သူမကို အဓိပ္ပါယ်အပြည့်နှင့် စိတ်ဝင်စားစွာ ကြည့်လိုက်သည်။
"အိုခေ။"
သူ၏ အဖြေစကားက ရှန်းမူမူအတွက် ငွေလွှဲသံကို ကြားလိုက်ရသကဲ့သိုပင် ထင်မှတ်ရသည်။
သူမက လက်သီးဆုပ်ကာ တိတ်တဆိတ် အောင်ပွဲခံလိုက်၏။
ဟုတ်ပြီ၊ အောင်မြင်သွားပြီ။
ချမ်းသာသော ဒယ်ဒီ၏ ကျောထောက်နောက်ခံပြုပေးမှုနှင့် ရှန်းမူမူက စိတ်အားထက်သန်မှုအပြည့် ဖြစ်သွားခဲ့သည်။
ချီမော့ကို နှုတ်ဆက်ပြီးနောက် သူမက အပေါ်ထပ်သို့ ခုန်ပေါက်တက်သွားကာ ပန်းဆိုင်အတွက် ပြင်ဆင်ရန် လိုအပ်သည့်အရာများကို စာရင်း ပြုလုပ်ရန် အစီအစဥ်ဆွဲနေခဲ့သည်။
သူမ ဒုတိယလှေကားထစ်သို့ ရောက်သည့်အခါ သူမ မျက်လုံးထောင့်မှနေ၍ ချီမော့သည် ချီရှောင်ပိုင် ချန်ထားခဲ့သည့် လက်ပ်တော့ပ်ကို ကိုင်ကာ ဆိုဖာပေါ်သို့ လျှောက်လာသည်အား သတိပြုမိလိုက်သည်။
ရှန်းမူမူက အရှိန်ကို နှေးလိုက်ပြီး သိချင်စိတ်နှင့် လှမ်းကြည့်လိုက်သည်။
သူမသည် ချီမော့က လက်ပ်တော့ပ်ကို ဖွင့်ကာ ချီရှောင်ပိုင် ရေးထားသည့် စျေးဝယ်ပရိုဂရမ်၏ backend code များကို ကြည့်လိုက်သည်။
သူက စာမျက်နှာများကို ဖြေးဖြေးချင်း ဆွဲကြည့်နေပြီး code များကို အစမှအဆုံးထိ ဂရုတစိုက် ဖတ်နေခဲ့သည်။
သူ၏ စူးရှထက်မြက်သည့် အသွင်အပြင်က တစ်ခါတစ်ရံ၌ မျက်မှောင်ကြုတ်ကာ တစ်ခါတစ်ရံ၌ နူးညံ့သွားသည်။
ရှန်းမူမူက ခြေဖျားထောက်ကာ ဒုတိယလှေကားထစ်မှ မာစတာအိပ်ခန်းကို အလွန် သတိထား၍ အသံမထွက်အောင် လျှောက်သွားခဲ့သည်။ သို့သော် တံခါးကို ပိတ်လိုက်ပြီးနောက် သူမ၏ သံသယများက မြင့်တက်လာပေသည်။
ချီမော့က ချီရှောင်ပိုင်အား ဂရုမစိုက်ခြင်း မဟုတ်ပေ။
သို့ဆိုလျှင် သူက မည်သည့်အတွက် ပွင့်ပွင့်လင်းလင်း မဖော်ပြရပါသနည်း။