လည်ပင်းက အနီရောင်လည်စည်းလေးက ပိုပြီး တောက်ပလာတယ်။
Vol. 2 Ch. 18
လျှိုကျန်းကျန်းက ချမ်းသားသော မိသားစုများ၏ ကလေးများအတွက် လက်ရွေးစင်ကျောင်းဖြစ်သည့် ပေကျင်း အမှတ် ၁ အလယ်တန်းကျောင်းသို့ ဝင်ရောက်နိုင်ရန် အလွန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ သို့မှသာ သူမက ချမ်းသာသော မိသားစုများမှ ကလေးများနှင့် တွေ့ဆုံနိုင်ပြီး ထိုလောကထဲ၌ ကြီးပြင်းနိုင်မည် ဖြစ်သည်။ သူမက ထိုအကြောင်းကြောင့် ကျောင်းမှ ထုတ်ပယ်ခံရလျှင် သူမဘဝက ဆုံးသွားလိမ့်မည် ဖြစ်၏။
ထိုအကြောင်းကို တွေးမိသည်နှင့် မျက်ရည်များက သူမ မျက်နှာထက် စတင်ကျဆင်းလာသည်။
"အန်တီ ကျွန်မ မှားသွားပါတယ်။ ကျွန်မ အဲဒီဓာတ်ပုံတွေနဲ့ အန်တီ့ကို ခြိမ်းခြောက်ဖို့ မကြိုးစားခဲ့သင့်ဘူး။ ကျွန်မ လုပ်တာ မှားသွားတာကို တကယ် သိပါပြီ။"
ရှန်းမူမူသည် တစ်စုံတစ်ယောက်က မျက်ရည်များကို အသုံးပြုပြီး သူမကို ယိမ်းယိုင်သွားအောင် ပြုလုပ်ခြင်းအား အမုန်းဆုံးဖြစ်သည်။ ထိုသည်မှာ သူမထက် ဆယ်နှစ်ကျော် ငယ်နေသည့် မိန်းကလေးဖြစ်နေလျှင်ပင် သူမက ချက်ချင်း ဒေါသထွက်လာတော့သည်။
သူမက အသံမြှင့်ကာ တင်းမာခက်ထန်စွာ ပြောလိုက်သည်။
"မငိုနဲ့"
ထိုမိန်းကလေးက ထိုကဲ့သို့ ဆက်ငိုနေလျှင် ရှန်းမူမူက သူမအား အနိုင်ကျင့်နေသလို ထင်မှတ်ရလိမ့်မည် ဖြစ်သည်။
နောက်ဆုံး၌ လျှိုကျန်းကျန်း၏ မျက်ရည်များ အကျရပ်သွားသောအခါ ရှန်းမူမူက ထပ်ပြောလိုက်သည်။
"မင်း ရိုက်လာတဲ့ အဲဒီဓာတ်ပုံတွေက ငါ့ကို မခြိမ်းခြောက်နိုင်ဘူး။ ငါ့မှာ ငါ့ကို ခြိမ်းခြောက်လာနိုင်တဲ့ ဘာအားနည်းချက်မှ မရှိဘူး။ အဲဒီလူနဲ့ ငါ့ကြားက ဆက်ဆံရေးကလည်း မင်း ထင်နေသလို မဟုတ်ဘူး။"
လျှိုကျန်းကျန်းက နှာတရှုံ့ရှုံ့ ဖြစ်နေသေးသော်လည်း အကျယ်ကြီး မငိုရဲပေ။
ရှန်းမူမူက ပြောလိုက်သည်။ "ငါက ကလေးတစ်ယောက်ကို အနိုင်ကျင့်နေတယ်လို့ မထင်အောင် မင်းကို ဒါတွေ ပြောပြနေရတာပဲ။"
လျှိုကျန်းကျန်းက ပြောလိုက်သည်။ "မဟုတ်ဘူး အန်တီ အားလုံးက ကျွန်မ အမှားပါ။"
"သေချာတာပေါ့။ ဒါက မင်းရဲ့ အမှားပဲ။" ရှန်းမူမူက ခိုင်မာပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ "မင်းက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အဲဒီလို ညစ်စုတ်တဲ့ အတွေးမျိုး မတွေးသင့်ဘူး။ မင်းက ငါတို့မိသားစု ချီရှောင်ပိုင်ကို လမ်းမှားအောင် မလုပ်သင့်ဘူး။"
ထိုစကားကို ကြားသည့်အခါ တစ်ချိန်လုံး ပြတင်းပေါက်ကို ငေးကြည့်ရင်း စကားဝင်မပြောချင်သည့် ချီရှောင်ပိုင်က ခေါင်းကို ဖြေးညင်းစွာ လှည့်လာပြီး ရှန်းမူမူအား ကြည့်လိုက်သည်။
သူ့အကြားအာရုံက ပြဿနာရှိနေခြင်း မဟုတ်နိုင်ပေ။
သူမက 'ငါတို့မိသားစု ချီရှောင်ပိုင်' ဟု ပြောလိုက်သည်လား။
ချီရှောင်ပိုင် : "..."
ရှန်းမူမူက ကာရိုက်တာထဲ နစ်ဝင်သွားသည့်အတွက် ချီရှောင်ပိုင်၏ ထူးဆန်းသော အမူအရာကို သတိမပြုမိဘဲ လျှိုကျန်းကျန်းကို ဆက်ပြောလိုက်သည်။
"မင်းအရွယ်ကလေးမျိုးက ဘာတွေးနေလဲ အစ်မ နားလည်တယ်။ ငါလည်း တစ်ချိန်က ငယ်ရွယ်ခဲ့တာပဲ။ ဒါပေမယ့် အခုချိန်ကစပြီး မင်းရဲ့ အတွေးတွေ ရပ်တန့်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အထက်တန်းကျောင်းသားတွေအတွက် အဓိကတာဝန်က သင်ယူလေ့လာဖို့ပဲ။ ငါတို့မိသားစုက အတော်လေး ရှေးရိုးဆန်တယ်။ သူ့အဖေနဲ့ ငါက သူ့ကို စောစောစီးစီး ချိန်းတွေ့တာမျိုး ခွင့်ပြုမှာ မဟုတ်ဘူး။"
ထိုစကားများအားလုံးကို အသက်တစ်ရှိုက်အတွင်း ပြောသွားခဲ့ပြီးနောက် ရှန်းမူမူသည် သူမကိုယ်သူမ သူ့သား၏ ချစ်သူကောင်မလေး မျက်နှာကို ဘဏ်ကတ်နှင့် ပစ်ပေါက်ပြီး 'ဒီမှာ ငါးမီလီယံ၊ အခု ငါ့သားနားက ထွက်သွား' ဟု ပြောလာသည့် ယောက္ခမကဲ့သို့ ထင်မှတ်လိုက်မိသည်။
သို့သော် သူမက ထိုကဲ့သို့ ခံစားချက်ကို အနည်းငယ်သာ ခံစားရပေသည်။
အဆုံးမှာတော့ ချီရှောင်ပိုင်က သူမ၏ သားအရင်း မဟုတ်ပါချေ။
သူမသည် ထိုဖန်တရာတေနေသည့် ဇာတ်ကြောင်းများကဲ့သို့ တစ်စုံတစ်ယောက်ကို ပိုက်ဆံနှင့် ဝယ်ရန် ကြိုးစားသည့် ရူးမိုက်သောအရာများကို မည်သည့်အခါမှ လုပ်လိမ့်မည် မဟုတ်ပေ။
၎င်းက တုံးအခြင်းသာ ဖြစ်ပေလိမ့်မည်။
သူမဘေးရှိ ချီရှောင်ပိုင်က ရေခဲရေတစ်ငုံ သောက်လိုက်ရုံသာ ရှိသေးသည်။ ရှန်းမူမူသည် သူမကိုယ်သူမ 'အစ်မ' ဟု ရည်ညွှန်းလိုက်သည်ကို ကြားသောအခါ သူက ရေသီးသွားလေသည်။ သူ၏ ခိုင်မာလှသည့် စိတ်စွမ်းအားကြောင့်သာ သူက ပြင်းထန်စွာ ချောင်းမဆိုးအောင် တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
အစ်မတဲ့လား။ ဘယ်လိုတောင်လဲ။
တစ်ဖက်လူက အန်တီလို့ ခေါ်နေတဲ့အချိန်မှာ ခင်ဗျားက ကိုယ့်မျိုးဆက်အဆင့်ကို ကိုယ်ဖာသာကိုယ် နှိမ့်ချလိုက်တာလား။
ခင်ဗျားရဲ့ အတွေးတွေက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။
အဖေက ဒီလို မိထွေးမျိုးကို လက်ထပ်လိုက်တာ တွေးမိရင်.....
အဖေ့ရဲ့ အကြိုက်ပုံစံ မိန်းမက.....
အရမ်း ထူးခြားတဲ့ပုံပဲ....
ဤရယ်စရာ ဟာသပြဇာတ်ပြီးဆုံးသွားပြီးနောက် လျှိုကျန်းကျန်းက နောက်ထပ် ချီရှောင်ပိုင်ကို မနှောက်ယှက်တော့ပါဟု အထပ်ထပ် ကျိန်ဆိုခဲ့သည်။
ရှန်းမူမူသည် ရုတ်တရက် မူရင်းစာအုပ်ထဲမှ အမျိုးသမီးဇာတ်လိုက်က ပေါ်လာဦးမည် မဟုတ်ကြောင်း အမှတ်ရလိုက်သည်။
ထိုအချိန်သို့ ရောက်လျှင် သူမက ချီမော့နှင့် ကွာရှင်းပြီး ဖြစ်လိမ့်မည်။
သူမက အမည်ခံယောက္ခမအနေဖြင့် အမျိုးသမီးဇာတ်လိုက်အတွက် လက်ဖက်စိမ်းမလေးတစ်ယောက်ကို စောစောစီးစီး ကူညီဖြေရှင်းပေးလိုက်ခြင်းဟု သတ်မှတ်နိုင်ပေသည်။
အမှတ်မယူဘဲ ကုသိုလ်ကောင်းမှု ပြုလိုက်ခြင်း ဖြစ်သည်။
ချက်ချင်းပင် ရှန်းမူမူသည် သူမ၏ လည်ပင်းရှိ အနီရောင်လည်စည်းလေးက ပို၍ တောက်ပလာသလို ခံစားလိုက်ရသည်။ (*ကောင်းမှုကုသိုလ်လုပ်လို့ ကုသိုလ်မှတ်တက်လာတာမျိုး)
သူမ၏ အမူအရာက ဂုဏ်ယူဝင့်ကြွားနေသည့်ဟန် ဖြစ်လာ၏။
ရှန်းမူမူနှင့် ချီရှောင်ပိုင်သာလျှင် စားပွဲ၌ ထိုင်ရင်း ကျန်နေခဲ့သည်။
ရှန်းမူမူကို ကြည့်နေသည့် ချီရှောင်ပိုင်၏ မျက်လုံးများထဲ၌ လေးစားမှုတို့ ပိုတိုးလာ၏။
သူက လက်များကို ပိုက်ထားရင်း သူ့မိထွေးက အလွန် လုပ်နိုင်စွမ်းရှိသည်ဟု ရှင်းလင်းစွာ ခံစားမိသော်လည်း ပုံမှန်အမူအရာကို ထိန်းသိမ်းထားပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။
"သူမ ကျွန်တော့်ကို လိုက်နှောက်ယှက်နေတာကို သဘောမကျဖြစ်နေတာ။ ဒီစိတ်အနှောက်အယှက် ဖြစ်စရာကို ဖြေရှင်းဖို့ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ ခင်ဗျား အဲဒီလောက် စကားပြောကောင်းမယ်လို့ ထင်မထားမိဘူး။"
သူမက ဤပြဿနာကို မည်သည့် ကြမ်းတမ်းသော စကားမှ မပြောဘဲ စကားအနည်းငယ်နှင့် ဖြေရှင်းလိုက်နိုင်ပေသည်။
သူမက ဓာတ်ပုံကိစ္စကို ဖြေရှင်းလိုက်နိုင်ရုံသာမက လျှိုကျန်းကျန်းကို နောက်ပိုင်း၌ သူ့အနား တဝဲလည်လည် လုပ်နေခြင်းမှပင် ရပ်တန့်စေလိုက်နိုင်သည်။
အလွန် ထက်မြက်လှသည်။
ရှန်းမူမူသည်လည်း ယနေ့ သူမ ပြဿနာကို ကိုင်တွယ်ဖြေရှင်းလိုက်သည့်ပုံစံအား အလွန် စိတ်ကျေနပ်နေပေသည်။ သူမက မျက်ခုံးပင့်ရင်း စနောက်လိုက်သည်။
"ကောင်လေး မင်း ရုတ်တရက်ကြီး ဒူးထောက်ပြီး ငါ့ကို အဖေလို့ ခေါ်ချင်သွားပြီမလား။"
ချီရှောင်ပိုင်၏ အမူအရာက အေးခဲသွားပြီးနောက် သူ့နှုတ်ခမ်းက တွန့်သွားလေသည်။ "..."
သူ့မျက်နှာက ချက်ချင်းပင် ငတုံးတစ်ယောက်ကို ကြည့်နေသလို ဖြစ်သွားခဲ့ပေသည်။
ခင်ဗျားနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတာလား။
အဲဒီလောက်အထိ မလိုအပ်ဘူးလေ။
တကယ် မလိုအပ်ပါဘူး။
ရှန်းမူမူက သူ့မျက်နှာထက်မှ အထင်အမြင်သေးသည့် အကြည့်ကို ဖတ်မိလိုက်သည်။ သူမက လက်ကို မြှောက်၍ သူ့ကို ရိုက်နှက်ဟန်ဆောင်လိုက်သည်။
"လူဆိုးလေး မင်း မျက်နှာပေါ်က အကြည့်က ဘာလဲ။"
အကြောင်းပြချက်အချို့ကြောင့် ချီရှောင်ပိုင်သည် ၎င်းက ရယ်ရသည်ကို တွေ့ရှိခဲ့ပြီး သူက ခွန်းတုန့်မပြန်ခဲ့ပေ။ ထို့အစား သူ၏ အမူအရာက လေးနက်လာပြီး ဖြေးဖြေးချင်း ပြောလိုက်သည်။
"ဟုတ်သားပဲ။ ခင်ဗျား ဒီကိစ္စကို အဖေ့ဆီ မပြောပြလို့ရနိုင်မလား။"
ရှန်းမူမူက မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး ချီရှောင်ပိုင် ဘာကို ကြံစည်နေသလဲ သိချင်နေသည်။
ဒီသားအဖက ဘာဖြစ်နေတာလဲ။ ဘာလို့ သူတို့နှစ်ယောက်က အချင်းချင်း သူတို့ကိစ္စတွေကို ပေးမသိချင်ကြရတာလဲ။
ချီရှောင်ပိုင်က အကြည့်များကို လွှဲဖယ်လိုက်ပြီး သူ့အသံတွင် ငယ်ရွယ်သူတို့၏ ခေါင်းမာမှုတို့ သယ်ဆောင်ထားသည်။
"ကျွန်တော် အဖေ့ကို မသိစေချင်ဘူး။"
ရှန်းမူမူက ရုတ်တရက် နားလည်သွားသည်။
မာနကြီးတဲ့ ယောက်ျားတစ်ယောက်က တကယ်ပါပဲ။
သူမက နားလည်နိုင်ပေသည်။
သူမက စိတ်ထဲ၌ နားလည်သော်ည်း သူမ ပါးစပ်နှင့် တိုက်ရိုက် ကတိပေးရန် ဆန္ဒမရှိခဲ့ပေ။
သူမသည် အစောပိုင်းက ငတုံးတစ်ကောင်ကို ကြည့်နေသလို အထင်အမြင်သေးသည့် အကြည့်ကို မမေ့ခဲ့ပေ။
ရှန်းမူမူက ဝင့်ကြွားစွာဖြင့် ကော်ဖီတစ်ငုံသောက်လိုက်ပြီး ဖြေးညင်းစွာ မေးလိုက်သည်။
"ကတိပေးလို့ရတယ်။ ဒါပေမယ့် အခြေအနေတစ်ခု ရှိတယ်။"
ချီရှောင်ပိုင်၏ မျက်ခုံးတို့က စုကျုံ့သွားသည်။ "ဘာအခြေအနေလဲ။"
ရှန်းမူမူက ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်သည့် ပြတင်းအပြင်ဘက်သို့ ကြည့်လိုက်သည်။
သူတို့က ယခု ကျောင်းနောက်ဘက်ရှိ လမ်းတစ်လမ်းသို့ ရောက်နေခဲ့ခြင်း ဖြစ်သည်။ ပိတ်ရက်၌ပင် ကျောင်းသားများက ထွက်လာလည်ပတ်ကြသဖြင့် စားသောက်ဆိုင်များနှင့် စျေးတန်းတို့က လူများဖြင့် ပြည့်နှက်နေခဲ့သည်။
"နယ်မြေခံအနေနဲ့ ငါ့ကို ဒကာခံပြီး ဝယ်ကျွေးသင့်တယ်။ မင်းက ဒီနေရာနဲ့ ရင်းနှီးတယ်လေ။"
အမှန်အတိုင်းပြောလျှင် ရှန်းမူမူသည် ဤကမ္ဘာသို့ ကူးပြောင်းလာကတည်းက ချီမိသားစု၏ စားဖိုမှူးပြုလုပ်သော တောင်တန်းနှင့် ပင်လယ်မှ ထူးခြားဆန်းပြားသော ဟင်းလျာများကို စားသောက်ရသည်အား ငြီးငွေ့နေပြီ ဖြစ်သည်။
ယခုလေးတင် သူမ ကားထဲက အပြင်ထွက်လာသည့်အချိန်၌ ကြက်ကြော်အနံ့ကို ရလိုက်သည်။
နူးညံ့သည့် ကြက်သားကို ပေါင်မုန့်စတို့ဖြင့် အုပ်ထားပြီး ဆီဖြင့် ကြွပ်ရွနေအောင် ကြော်ထားကာ ငရုတ်သီးမှုန့်နှင့် ဇီရာစေ့ဖြူးထားသည့် ရနံ့ဖြစ်သည်။
ရှန်းမူမူက တစ်ဖက်လမ်း၌ ရှိစဥ်ကတည်းက သွားရည်ယိုနေခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက သူတို့၌ လေးလေးနက်နက် ဖြေရှင်းစရာ ကိစ္စရှိနေ၍ ကြက်ကြော်သွားဝယ်ရန် အကြံမပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု ပြဿနာဖြေရှင်းပြီးသွားပြီဖြစ်ရာ သူမ၏ အာသီသက တစ်ဖန် ပြန်ပေါ်လာခဲ့သည်။
ထိုသည်ကို ကြားသည့်အခါ ချီရှောင်ပိုင်က မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။
သူသည် သူမက ရက်စက်သည် တောင်းဆိုမှုမျိုး လုပ်လိမ့်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။
ဒါလေးပဲလား။
သူက လည်ဂုတ်ကို ပွတ်ရင်း ထရပ်လိုက်ကာ တံခါးဆီ လျှောက်သွားပြီး ပြောလိုက်သည်။
"သွားကြမယ်။ ခင်ဗျား စားချင်တာ မှာလိုက်။"
ရှန်းမူမူ : "..."
ရှန်းမူမူက သူ့နောက်မှ ဖြေးညင်းစွာ လျှောက်လာခဲ့သည်။
သူ့ကို စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
ချမ်းသာတဲ့ ဘော့စ်တစ်ယောက်လိုမျိုး ဟန်ဆောင်ရတာ အရမ်းကြိုက်တာပဲလား။ လူဆိုးကောင်လေး။
ချီရှောင်ပိုင်သည် အစက ရှန်းမူမူ အညှာအတာမဲ့ စျေးကြီးသည့် အစားအသောက်များ မှာစားမည်ကို စိတ်ပြင်ဆင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ သူမက ကျောင်းအနီးဝန်းကျင်မှ အဆင့်မြင့် စားသောက်ဆိုင်များကို စိတ်မဝင်စားခဲ့ပေ။ ထို့အစား သူမ၏ အကြည့်တို့က လမ်းပေါ်မှ ပျံကျစျေးသည်၏ လှည်းသေးသေးလေးပေါ်တွင် ရပ်တန့်သွားသည်။
ပဲနီလေးကိတ်များ၊ ကန်စွန်းဥဖုတ်များ၊ အစာသွပ်ပန်ကိတ်များ၊ မီးသွေးဖိုနှင့် ကင်ထားသည့် ကြက်ခြေထောက်များ၊ ပဲစိမ်းစွပ်ပြုတ်.....
သူက တစ်ရာထက်နည်းသော ပိုက်ဆံကို အသုံးပြုပြီးနောက် ရှန်းမူမူက အားရကျေနပ်စွာ ပြောလိုက်သည်။ "ဝယ်ကျွေးတဲ့အတွက် ကျေးဇူးပါ အတန်းဖော်ချီ။ ငါ အခု ဗိုက်ပြည့်သွားပြီ။"
တစ်ရာတည်းနှင့် ရှန်းမူမူ၏ လျှို့ဝှက်ချက် ထိန်းသိမ်းပေးရန် ကတိရခဲ့ခြင်းက အမြတ်ထွက်ခြင်း ဖြစ်သည်။
ရှန်းမူမူသည်လည်း ကောင်းမွန်သည့် အပေးအယူ လုပ်ခဲ့သည်ဟု ခံစားမိခဲ့ပေသည်။
သူမသည် 'သန့်စင်ထားတဲ့ ဂျုံစပါးများကို မစားနိုင်သည့် ဝက်ဝံရိုင်း' ဟူသည့် ဥပစာစကား၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သွားသည်။
ကောင်းမွန်လှသည့် ထူးခြားဆန်းပြားသော အရသာရှိရှိ စားစရာများစွာကို စားသောက်ပြီးနောက် ကျောင်းနားဝန်းကျင်မှ သရေစာမုန့်များကို အမှန်တကယ် တမ်းတခဲ့သည်။
သူတို့နှစ်ယောက် ပြန်လာသည့်အချိန်၌ ရှန်းမူမူသည် ချီရှောင်ပိုင်က သွားနေခြင်းကို ရပ်လိုက်ပြီး မလှုပ်တော့သည်အား သတိပြုမိလိုက်သည်။