ကျေးဇူး လောင်... ကုန်း
Vol. 2 Ch. 22
စီးအာသွင့် စားသောက်ဆိုင် VIP အခန်း။
"မစ္စတာချီ အလုပ်များနေတဲ့ကြားက ဒီနေ့ လာဖို့ အချိန်ဖဲ့ပေးတာ ကျေးဇူးတင်ပါတယ်။" မစ္စတာလီက ပြောမည့်စကားလုံးကို သေချာ ဂရုစိုက်၍ ချီမော့၏ အမူအရာကို သေချာ အကဲခတ်ရင်း ပြောလိုက်သည်။ ဤဒုတိယနှစ်ဝက်အတွင်း ကုမ္ပဏီ၏ စွမ်းဆောင်ရည် တည်ငြိမ်ကာ တိုးတက်လာခြင်း ရှိမရှိမှာ ချီမော့က အသစ်တည်ဆောက်ထားသည့် အပန်းဖြေစခန်း၏ စားသောက်ဆိုင်လုပ်ငန်းကို သူ့အား တာဝန်လွှဲပေးလိုခြင်း ရှိမရှိအပေါ်တွင် မူတည်နေသည်။
ထို့ကြောင့် သူက ပို၍ အာရုံစိုက်နေခဲ့သည်။
ချီမော့က တုန့်ပြန်သည့်အနေဖြင့် ခေါင်းညိတ်ရုံသာ ညိတ်လိုက်သည်။
ချီမော့က စကားနည်းသည့်သူဖြစ်ကြောင်း သိသဖြင့် မစ္စတာလီက စကားပြောရန် အစပြုကာ ခေါင်းစဥ်ရှာလိုက်သည်။
"မစ္စတာချီ ဒါလေး စမ်းစားကြည့်ပါလား။ ဒါကို ထိုင်းစားဖိုမှူးအသစ်က ချက်ထားတာ။ အရမ်း စစ်မှန်ပြီး အရသာရှိတယ်။"
ချီမော့က လှမ်းကြည့်လိုက်သည်။
ပန်းကန်ပြားပေါ်တွင် ထိုင်းစတိုင်လ် အသီးအရွက်ရောသည့် အမဲခြေထောက်ဟင်း တည်ခင်းထားသည်။
ထိုင်းဟင်းပွဲလား။
ချီမော့၏ မျက်လုံးများက အနည်းငယ် လှုပ်ခတ်သွားပြီး ရုတ်တရက် သူ့စိတ်ထဲသို့ မြင်ကွင်းတစ်ခု ဝင်ရောက်လာသည်။
မနေ့ညက မအိပ်ခင် ရှန်းမူမူက သူမဘာသာသူမ ရေရွတ်နေခြင်း ဖြစ်နိုင်သလို သူနှင့် ပျင်းရိစွာ စကားပြောနေခြင်းလည်း ဖြစ်နိုင်သည်ဟု ထင်ရသည်။
"အိမ်တော်ထိန်းကျန်းက ကျွန်မကို တကယ် ကိုယ်ဝန်ရှိနေတယ်လို့ ထင်နေပုံရတယ်။ ရယ်စရာပဲ။ ဒီနှစ်ရက်အတွင်း သူ မီးဖိုချောင်ကို ချက်ချင်းသမျှ ဟင်းပွဲတွေက ချဥ်ရင်ချဥ် မချဥ်ရင် စပ်နေတာချည်းပဲ။"
သူသည် ရှန်းမူမူက ပြောနေရင်း ခေါင်းမော့ကာ အနည်းငယ် နောင်တရနေဟန်ဖြင့် ပြောလိုက်သည်။ "အာ.. ရုတ်တရက်ကြီး တုန်ယမ်းဟင်းရည် သောက်ချင်သွားပြီ။ ထူးဆန်းလိုက်တာ။"
ရှန်းမူမူက ဖုန်းထဲမှ အစားအသောက်ပို့ဆောင်ရေး အက်ပ်ကို ဖွင့်လိုက်သည်။
ခဏအကြာ၌ သူမက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။ "ဒီစားသောက်ဆိုင်တွေကနေ တင်ထားတဲ့ ပုံတွေက စစ်မှန်ပုံမရဘူး။ ထားလိုက်ပါတော့လေ။"
............
ချီမော့သည် ဘာဖြစ်သွားလဲ သူ့ကိုယ်သူ မသိပေ။ မစ္စတာလီက အပန်းဖြေစခန်း၏ စားသောက်ဆိုင်လုပ်ငန်းအကြောင်း ပြောနေစဥ် သူက ရုတ်တရက် ဖြတ်မေးလိုက်၏။
"ခင်ဗျား ပြောတာ ဒီက စားဖိုမှူးက ထိုင်းလူမျိုးလား။"
မစ္စတာလီ၏ မျက်လုံးများက တောက်ပသွားသည်။ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော ချီမော့က အစပြု၍ မေးခွန်းတစ်ခု မေးလာသည်ကို မြင်သောအခါ သူက သူ့ကိုယ်သူ ကျေနပ်အားရသွားပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် မစ္စတာချီ။ ဒီစားဖိုမှူးက ထိုင်းမှာတောင် ထိပ်တန်းပါတဲ့။"
ချီမော့က တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။
.........
ဆယ့်ငါးမိနစ်ကြာပြီးနောက်...
စီးပွားရေးညစာစားပွဲက မကြာခင်ပြီးတော့မည်ဟု ခန့်မှန်းလိုက်ပြီး ဒရိုင်ဘာဝမ်က အချိန်အနည်းငယ်စော၍ ကားထိုးလာပြီး အပြင်တွင် ထွက်ရပ်ကာ မစ္စတာချီကို စောင့်နေလိုက်သည်။
မကြာခင်၌ စားသောက်ဆိုင်၏ ဆုံလည်တံခါးမှ လူများ လျှောက်ထွက်လာသည်။
ပုံမှန်အားဖြင့် ရှောင်ဝမ်သည် သူ၏ ပရော်ဖက်ရှင်နယ်ဆန်ဆန် အပြုံးကို ထိန်းသိမ်းထားကာ ချီမော့ ကားထဲ ဝင်ရန် စောင့်ဆိုင်းနေတတ်သည်။
ရုတ်တရက် သူ့မျက်နှာထက်တွင် ပဟေဠိဖြစ်နေသည့် အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။
သူက နှစ်များစွာကြာအောင် ချီမော့၏ ကိုယ်ပိုင်ဒရိုင်ဘာဖြစ်ခဲ့ပြီး မရေတွက်နိုင်သော စီးပွားရေးညစာစားပွဲများကို လိုက်ပို့ခဲ့ဖူးသည်။
သို့သော်လည်း ယနေ့ကဲ့သို့ ပါဆယ်အိတ် သယ်၍ လျှောက်ထွက်လာခြင်းမျိုး မည်သည့်အခါမှ မမြင်ဖူးခဲ့ပေ။
ချီမော့က အခြားလူများကို နှုတ်ဆက်ပြီးနောက် ရှောက်ဝမ်က သူ့လက်ထဲမှ အိတ်ကို သယ်ပေးရန် လျှောက်သွားခဲ့သည်ယေ
"မစ္စတာချီ ကျွန်တော် သယ်ခဲ့ပေးပါ့မယ်။"
ချီမော့က မရပ်တန့်ဘဲ ပြန်ဖြေလိုက်သည်။ "မလိုဘူး။ ငါ့ဘာသာ သယ်လိုက်မယ်။"
"အဆင်ပြေသလို လုပ်ပါ မစ္စတာချီ။"
သိချင်စိတ်ဖြစ်နေသော်လည်း ရှောင်ဝမ်က ထပ်မပြောတော့ပေ။ သူက ချီမော့အား တံခါးဖွင့်ပေးရန် ခြေလှမ်းကို အရှိန်မြန်လိုက်သည်။ ချီမော့ ကားထဲဝင်ပြီးနောက် သူက မေးရိုးမေးစဥ် မေးလိုက်သည်။
"မစ္စတာချီ ရှီယွိယွဲ့ဗီလာကို ပြန်မှာလား။ ရုံးကို ပြန်မှာလား။"
ချီမော့သည် နောက်နေ့ မနက်စောစော လေဆိပ်ဆင်းရမည် သို့မဟုတ် ညနောက်ကျသည်အထိ အလုပ်လုပ်မည့်အချိန်မျိုး၌ အနားယူအိပ်စက်ရန် သူ၏ ရုံးခန်းအတွင်း အိပ်ခန်းတစ်ခန်းရှိသည်။
ချီမော့၏ မျက်နှာက အရိပ်ထဲတွင် ကွယ်နေခဲ့ပြီး သူက တိုးသက်စွာ ဖြေလိုက်သည်။ "ရှီယွိယွဲ့ဗီလာကို။"
"ကောင်းပါပြီ မစ္စတာချီ။"
သူ၏ အဖြေကို ကြားပြီးနောက် ရှောင်ဝမ်က အပိုမေးခွန်းမေးလိုက်မိသည့်အတွက် နောင်တရသွားမိသည်။
ကြည့်ရသည်မှာ သူ၏ အခြေအနေကို ဖတ်နိုင်သည့်စွမ်းရည်က အိမ်တော်ထိန်းကျန်းနှင့် စီမံရေးလက်ထောက်သုန်းလောက် မကောင်းသည််ပုံရသည်။
မစ္စတာချီက တစ်မူထူးခြားစွာ အိမ်ပြန်ယူရန် ပါဆယ်သယ်လာသည်ကို မြင်ပါလျက် ဘယ်ကို ပြန်မလဲဟု တကယ်မမေးလိုက်သင့်ပေ။
အိမ်ကိုသာ ပြန်မည်မှာ သေချာပေါက်ပင် ဖြစ်သည်။
ရှောင်ဝမ်က လမ်းမပေါ် ရောက်သည့်အခါ ခါတိုင်းထက် အနည်းငယ် မြန်မြန် မောင်းလိုက်သည်။
ကားက ဗီလာဝန်းအတွင်း ဝင်လာသည့်အချိန်၌ ချီမော့ကိုင်ထားသည့် ဟင်းရည်က ပူနေဆဲ ဖြစ်သည်။
ဗီလာအတွင်းတွင်..
ရှန်းမူမူက အခုလေးတင် သူမ၏ ဆိုင်အသစ်ကို အလှဆင်ရန်အကြောင်း မန်နေဂျာ၏ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့သည်။
ဖုန်းခေါ်ဆိုမှုအဆုံးတွင် သူမသည် သူတို့၏ စကားပြောဆိုမှုက တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း သတိပြုမိလိုက်သည်။
ရှန်းမူမူက သူမ၏ ဆာလောင်နေသော ဗိုက်ကို ပွတ်သပ်လိုက်သည်။
သူမက ဘာစားရင်ကောင်းမလဲ စဥ်းစားနေစဥ် ပေါ့ပေါ့ပါးပါး ရှပ်တစ်ထည်သာ ဝတ်ထားသည့် ချီမော့က တံခါးမှ ဝင်လာခဲ့သည်။
သူ၏ အပေါ်ဝတ် အင်္ကျီက လက်တစ်ဖက်ပေါ်တွင် တွဲလောင်းချထားက သူက အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ပေးရင်း သဘာဝကျကျ ပြောလိုက်သည်။
"ငါ မင်းစားဖို့ ဝယ်လာတာ။"
ရှန်းမူမူက သတိလက်လွတ် ဖြစ်သွားသည်။ သူမက လက်ကို ဆန့်ထုတ်ကာ အိတ်ကို လှမ်းယူလိုက်သည်။ "ရှင်က ကျွန်မအတွက် စားစရာ ဝယ်လာတာလား။"
အိတ်အတွင်းမှ ချဥ်စပ်စပ်ရနံ့လေး ထုတ်လွှတ်နေပြီး သူမနှာခေါင်းကို လာရောက် ကျီစယ်နေကာ သူမ၏ ရသာခံအာရုံကို နှိုးဆွနေ၏။
ရနံ့က အံမခန်းပင်။
ချီမော့က နက်ခ်တိုင်ကို ဖြည်နေရင်း အထဲသို့ လျှောက်သွားကာ သာမန်ကာလျှံကာ ပြောလိုက်သည်။
"အင်း.. ပူနေလောက်တုန်းပဲ။"
ရှန်းမူမူ၏ မျက်လုံးထောင့်လေးများက ကွေးညွတ်သွားသည်။ "ဒါ ဘာလဲ။"
ချီမော့ : "အဲဒီစားသောက်ဆိုင်ရဲ့ စားဖိုမှူးက တုန်ယမ်းဟင်းရည် လုပ်တာ ကျွမ်းကျင်တယ်။ အဲဒါကြောင့် ဝယ်လာပေးတာ။ အုန်းဂျယ်လီအချိုပွဲ နှစ်ဘူးလည်း ပါတယ်။"
ထိုစကားကို ကြားသည့်အခါ သူမ မျက်နှာက ဝင်းလက်သွားလေသည်။
"ယေး... ကျွန်မ အခုတလော အဲဒါ စားချင်နေတာ။"
သူမက အမြဲလိုလို သွက်လက်ပြီး ကြင်နာမှုကို ပြသသည့်အခါ တက်တက်ကြွကြွ တုန့်ပြန်တတ်သည်။ သူမ အလုပ်လုပ်စဥ်က WeChat အဖွဲ့၌ စာအိတ်နီ လက်ခံရရှိသည့်အခါ အမြဲတမ်း 'ကျေးဇူး ဘော့စ်!' အီမိုဂျီကို အရင်ဆုံး ပို့တတ်ပေသည်။
သူမက ယောင်ဝါးဝါး ရေရွတ်လိုက်သည်။ "ကျေးဇူး လောင်—"
သူမ၏ မျက်လုံးထောင့်မှ အိမ်တော်ထိန်းကျန်း ဝင်လာသည်ကို မြင်လိုက်ရပြီး ဘော့စ်ဟု ခေါ်ချင်နေသည့် သူမကိုယ်သူမ ရပ်တန့်လိုက်သည်။
အိမ်တော်ထိန်းကျန်း၏ ရှေ့တွင် 'ကျေးဇူး ဘော့စ်' ဟု ပြောခြင်းက လင်မယားဆက်ဆံရေးက မနီးစပ်သလို ထင်မြင်သွားစေလိမ့်မည်။
ထို့ကြောင့် သူမက စကားလုံးကို အလျင်အမြန် ပြောင်းလဲလိုက်ရသည်။ "—ကုန်း"
ကျေးဇူး လောင်ကုန်း... (လောင်ကုန်း = ယောက်ျား/ခင်ပွန်း)
ချီမော့၏ မျက်ခုံးက အနည်းငယ် ပင့်မသွားသည်။ နက်ခ်တိုင် ဖြည်နေသည့် လှုပ်ရှားမှုများက ရပ်တန့်သွားပြီး နက်ရှိုင်းသည့် မျက်လုံးများက သူမကို လှည့်ကြည့်လာသည်။
တိတ်ဆိတ်စွာဖြင့် သူမကို စက္ကန့်အနည်းငယ် ကြည့်နေပြီးနောက် သူ့နှုတ်ခမ်းထောင့်များက ခပ်ရေးရေး ကော့ညွှတ်သွား၏။
ချီမော့က နက်ခ်တိုင်ကို အားနှင့် ဖြုတ်ပစ်လိုက်ပြီး ရှပ်အင်္ကျီမှ ပထမဆုံး ကြယ်သီးကို ဖြုတ်နေရင်း အဝတ်ဘီရိုသို့ သွားခဲ့သည်။
ရှန်းမူမူက အခုလေးတင် ပြောခဲ့သည့် စကားအနည်းငယ်၌ နစ်မြောမနေပေ။ အဆုံးမှာတော့ ထိုနေ့က ဝိုင်ကောင်တာတွင် သူမက လူအများကြီးရှေ့၌ ချီမော့ကို 'လောင်ကုန်း' ဟု ခေါ်ဖူးပြီးသား ဖြစ်သည်။
ယခု သူ့ကို ထိုကဲ့သို့ ခေါ်လိုက်ရခြင်းကို ရှိုးတို့ရှန်းတန်း ဖြစ်မနေတော့ပေ။
ယခုအချိန်၌ သူမ ဂရုအစိုက်ဆုံးက သူမလက်ထဲမှ တုန်ယမ်းဟင်းရည်ပင် ဖြစ်သည်။
သူမက အလွန် ဆာလောင်နေသည်။
ချီမော့က သူ၏ အဝတ်လဲခန်းထဲမှ အားကစားအဝတ်အစားနှင့် ပြန်ထွက်လာပြီး ပထမထပ်ရှိ အားကစားခန်းမသို့ ဝင်သွားခဲ့သည်။
နောက်ပိုင်းတွင် ရှန်းမူမူက လေ့လာကြည့်ခဲ့ပြီး ချီမော့၏ ဘဝနေထိုင်မှု ပုံစံအလေ့အထတချို့ကို အကျဥ်းချုပ်လိုက်သည်။
ဥပမာအနေနှင့် သူ အလုပ် ဘယ်လောက်များနေနေ အမြဲတမ်း တစ်ပတ်ကို နှစ်ရက်တော့ လေ့ကျင့်ခန်းဖြစ်အောင် လုပ်လေသည်။
ရှန်းမူမူက ဧည့်ခန်းထဲ၌ ထိုင်ရင်း အိတ်ထဲမှ တုန်ယမ်းဟင်းရည်ကို ထုတ်ယူလိုက်သည်။
မရည်ရွယ်ဘဲ မော့ကြည့်လိုက်သည့်အခါ Gym ခန်း၏ ရေခဲသားမှန်ချပ်ပြတင်းကို ဖြတ်ကာ အပြေးစက်ပေါ် တက်သွားသည့် ချီမော့အား မြင်လိုက်ရသည်။
ရုတ်တရက် သူမ စိတ်ထဲမှ အပြစ်ရှိစိတ်လေး ထွက်ပေါ်လာသည်။
သူ့တွင် ထိုမျှ ကောင်းမွန်သော ခန္ဓာကိုယ် တည်ဆောက်ပုံရှိနေပြီး ဖြစ်သည်။ ကျယ်ပြန့်သော ပခုံးများ၊ ကျဥ်းမြောင်းသော ခါး၊ ထင်ရှားသော ကြွက်သားလိုင်းများက ထုဆစ်ထားသကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း သူက လုံ့လရှိရှိ အားကစားလုပ်နေဆဲ ဖြစ်သည်။
သူက သာမန်လူတွေ စိတ်ပျက်အားလျော့ကုန်အောင် လုပ်ချင်နေတာလား။
ရှန်းမူမူက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ချီမော့အား စိုက်ကြည့်နေခဲ့သည်။ သူမက မီးဖိုချောင်သို့ သွားကာ ပန်းကန်လုံးနှစ်လုံး ထုတ်လာပြီး တုန်ယမ်းဟင်းရည်အား နှစ်ယောက်စာ ခွဲလိုက်သည်။
အချိန်ကို ကြည့်လိုက်ပြီး သူမက တွေးလိုက်သည်။ မကြာခင် ပုန်ကန်တတ်တဲ့ လူဆိုးလေး အိမ်ပြန်လာတော့မယ်။
အဘိုးကြီးချီက အလုပ်နဲ့ အားကစားမျှတပြီး ကျန်းမာအောင် နေချင်နေရင် သူမက သူ့သား အသေးလေးချီကို ဆွဲခေါ်ပြီး သူ့ရဲ့ ကျိုးကြောင်းမသင့်တဲ့ စံနှုန်းတွေ ချိုးဖောက်ဖို့ ကြံစည်ရမယ်။
သူမတစ်ယောက်တည်း ဝိတ်အတက်မခံနိုင်ဘူး။
.......
ဂျူလိုင်အစောပိုင်းတွင် ကျောင်းများက နွေရာသီပိတ်ရက်ပေးထားခဲ့သည်။
ကျောင်းကို နေ့တိုင်း သွားစရာမလိုသည့်အတွက် ချီရှောင်ပိုင်က ကိစ္စနှစ်ခု ပြုလုပ်ရန် ဆုံးဖြတ်ထားသည်။
အပြင်ထွက်၍ ဝေ့ချောင်နန်နှင့် အခြားလူများဖြင့် ဘက်စကက်ဘော ကစားပြီး ညစာစားတဲ့အချိန်ထိ အိမ်ပြန်မလာရန်။
မဟုတ်လျှင် အိမ်မှာ နေ့တိုင်း နေပြီး တစ်နေ့လုံး Lego Set တည်ဆောက်နေရန်။
သူက ထိုနှစ်ခုကို တစ်လှည့်စီ လုပ်နေခဲ့သည်။
မနေ့က ရှန်းမူမူသည် အိမ်တော်ထိန်းကျန်းက စုဆောင်းသည့် အခန်းထဲသို့ အပြီးထိ ပြည့်စုံအောင်ဆက်ပြီးသွားသော ပြိုင်ကား Lego Set ကို ယူဆောင်သွားသည်အား မြင်လိုက်ရသည်။
သူမသည် ယနေ့ ချီရှောင်ပိုင်က ဘက်စကက်ဘော ထွက်ကစားလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
သေချာပေါက်ပင် သိပ်မကြာခင်၌ သူမသည် တံခါးမှ ဝင်လာသည့် ဆယ်ကျော်သက်လေး၏ ခြေသံကို ကြားလိုက်ရသည်။
ချီရှောင်ပိုင်က ပျင်းတိပျင်းရွဲဟန်ဖြင့် ရှပ်တိုက်လျှောက်လာသည်။
ဧည့်ခန်းထဲသို့ ရောက်ရှိပြီးနောက် ကြည်လင်ကာ ပျော်ရွှင်နေသည့် အသံတစ်ခုက သူ့ကို ခေါ်လိုက်သည်အား ကြားလိုက်ရသည်။
"ရှောင်ချီ ဒီကိုလာပါဦး။"
ချီရှောင်ပိုင်၏ ဦးရေပြားက တဆစ်ဆစ် ဖြစ်သွားသည်။ ရှန်းမူမူက တောက်ပစွာ ပြုံးရင်း သူ့အား လက်ယပ်ခေါ်နေသည်ကို မြင်သည့်အခါ သူ့မျက်ခုံးများက ဇဝေဇဝါနှင့် စုကျုံ့သွားသည်။
သူက စိတ်မသက်မသာနှင့် ပြန်လှည့်ကြည့်လိုက်ပြီး ရှန်းမူမူက ယနေ့တွင် အလွန် စိတ်အားထက်သန်နေသလို ခံစားလိုက်ရသည်။
"ကျွန်တော် စားပြီးပြီ။ ထပ်မစားနိုင်တော့ဘူး။"
သို့သော် ရှန်းမူမူကို ထိုမျှ လွယ်လွယ်ကူကူ ငြင်းဆန်ရန် မဖြစ်နိုင်ပေ။ သူမက သူ့ကို ဆက်လက်၍ သွေးဆောင်လိုက်သည်။ "ဒါ ငါတို့အတွက် မင်းအဖေက အထူးဝယ်လာပေးတဲ့ တုန်ယမ်းချဥ်စပ်ဟင်းရည်ပဲ။"
ချီရှောင်ပိုင်က လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်။
"ဟမ်..."
သူ ကြားလိုက်တာ မှန်ရဲ့လား။
သူ့အဖေက...
အပြင်ကနေ ပါဆယ်ဝယ်လာပေးတာ...
သူတို့အတွက်လား။
ထိုအဓိကအချက် သုံးခုက တစ်လုံးချင်းဖြစ်ဖြစ် ပေါင်း၍ပဲဖြစ်ဖြစ် အဓိပ္ပါယ်မရှိပေ။
သူ့ရဲ့ နှုတ်နည်းပြီး အေးစက်သည့် အဖေက တကယ်ပဲ သူတို့အတွက် အပြင်စာကို ဝယ်လာခဲ့ပေးမှာတဲ့လား။