သူက ဒေါသထွက်နေပုံရသော်လည်း ရယ်မောချင်နေဟန်လည်း တူသည်!
Vol. 3 Ch. 33
ရှန်းမူမူက ထိုစကားကို ကြားသည့်အခါ ခေါင်းလှည့်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်က အလွန် နီးကပ်နေပြီး ချီမော့၏ ရေချိုးဂျယ်လ်မှ ကောင်းမွန်သော ရနံ့လေးကိုပင် ရနိုင်ပေသည်။
သူမက ပေါ့ပါးစွာ အသက်ရှူလိုက်ပြီး ၎င်းမှာ သူမနှင့် တူညီသောဘရန်းမှ ရေချိုးဂျယ်လ်၏ ရနံ့ဖြစ်ကြောင်း သိလိုက်ရသည်။
သူမရှေ့ရှိ အမျိုးသား၏ ရေချိုးဝတ်ရုံက အနည်းငယ်ပြေလျော့နေပြီး ပုံမှန် ဝတ်စုံပြည့်ဝတ်နေကျ ပုံရိပ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
သူ့ဆံပင်ဖျားမှ ရေစက်များက ညှပ်ရိုးပေါ်သို့ ကျဆင်းလာပြီး ရေချိုးဝတ်ရုံထဲ ဝင်ရောက်ပျောက်ကွယ်သွားကာ အကြောင်းပြချက်မရှိဘဲ သူမအတွေးစိတ်ကူးများကို အရိုင်းဆန်လာစေသည်။
သူမက သူ၏ ဗလာကျင်းနေသော အပေါ်ပိုင်းခန္ဓာကိုယ်အား အမှတ်တမဲ့ မြင်ဖူးပြီး သူ၏ ရေချိုးဝတ်ရုံအောက်၌ ဖုံးကွယ်ခံထားရသော ခိုင်မာကျစ်လျစ်သည့် ခါးသဏ္ဌာန်ကို သိရှိပေသည်။
ဘာကြောင့်လဲဆိုတာ မသိပေမယ့် သူမ နားရွက်များက အနည်းငယ် ပူလောင်လာကာ မျက်လုံးများကို အလျင်စလို လွှဲဖယ်လိုက်သည်။
သူမက သူ့မျက်လုံးများထဲ စိုက်ကြည့်ရမည်ကို ရှက်ရွံ့သွားသောကြောင့် မျက်လွှာအနည်းငယ် ချရင်း တုန့်ပြန်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ။"
ချီမော့၏ အသံက ပုံမှန်အတိုင်း ခပ်နိမ့်နိမ့်သာ ဖြစ်သည်။
"အဲဒီ ဖောက်ပြန်တယ်ဆိုတဲ့ ကိစ္စက ကောလာဟလတွေဆိုပြီး ပြောခဲ့တာ ချီရှောင်ပိုင်ကို အရူးလုပ်ရအောင် အလိမ်အညာတစ်ခု ပြောလိုက်တာ မဟုတ်ဘူး။ မင်း အထင်မလွဲပါနဲ့။"
ညစာစားချိန်အတွင်း သူမ၏ ဗလာကျင်းနေသော စိတ်အခြေအနေမှာ ထိုကိစ္စကို အထင်လွဲနေသောကြောင့် ဖြစ်နိုင်ပေသည်။
စာချုပ်စာတမ်းအရ ပတ်သက်သည့် စုံတွဲအနေနှင် ထိုမျှအများကြီး ရှင်းပြရန် မလိုအပ်ပေ။
သို့သော် သူ ရေချိုးခန်းထဲမှ ထွက်လာသည့်အချိန်၌ သူမက ပါးကို လက်ဝါးထဲ ထည့်ထားရင်း အိပ်ရာထက် ထိုင်ကာ အတွေးထဲ နစ်နေသည့် ပုံစံကို မြင်လိုက်ရသည့်အခါ နောက်တစ်ခေါက်လောက် ထပ်ရှင်းပြလိုက်ရ၍လည်း မနစ်နာဟု ရုတ်တရက် ခံစားလိုက်ရသည်။
ရှန်းမူမူက သူမ ရှေ့မှ အမျိုးသားကို တည့်တည့် ကြည့်လိုက်သည်။
အနီးကပ်မြင်ရသည့် သူ၏ နက်မှောင်သော မျက်ခုံးနှင့် မျက်လုံးများ၊ ထက်ရှ၍ ပိရိသေသပ်သည့် မျက်နှာ အစိတ်အပိုင်းတို့က တစ်စုံတစ်ယောက်ကို မူးဝေလာသည်အထိ ဖမ်းစားညှို့ယူနိုင်သည်။
သူမက အတွေးများကို စုစည်းလိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ "အဲဒီကိစ္စက တကယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး။"
စကားလုံးများက အတိအကျ မဖြစ်ဟု ခံစားလိုက်ရသောကြောင့် သူမက ရပ်တန့်သွားပြီး အမှန် ပြန်ပြင်လိုက်သည်။
"ကျွန်မတို့က စာချုပ်နဲ့ ပတ်သက်ကြတဲ့ စုံတွဲပဲ။ ရှင် တကယ်ကြိုက်တဲ့ အမျိုးသမီး ရှိတယ်ဆိုရင် အဲဒါကို ဖောက်ပြန်တယ်လို့ ယူဆလို့ မရဘူး။ တခြားလူတွေ ရှာမတွေ့သွားအောင်သာ ဂရုစိုက်ပါ။"
အမျိုးသား၏ မေးရိုးလိုင်းက တဖြေးဖြေး တင်းကျပ်လာပြီး သူ့ မျက်လုံးများထဲတွင် ဖမ်းမိဖို့ ခက်ခဲသည့် အေးစက်မှု အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။
စက္ကန့်အတော်ကြာပြီးနောက် သူ့မျက်လုံးများထဲမှ အေးစိမ့်မှုက တဖြေးဖြေး ပျောက်ကွယ်သွားသော်လည်း သူ့အသံက ရေခဲကဲ့သို့ အေးစက်နေဆဲ ဖြစ်သည်။
"ကိုယ့်မှာ သဘောကျတဲ့ အမျိုးသမီး မရှိဘူး။"
ရှန်းမူမူက ခဏလောက် ကြောင်အသွားပြီးနောက် မျက်တောင်ခတ်လိုက်သည်။ "အာ.. ရှင် ယောက်ျားတစ်ယောက်ကို သဘောကျနေတာဆိုလည်း... ရပါတယ်။"
အမှန်တွင် သူမက ဤကိစ္စနှင့် ပတ်သက်ပြီး အချိန်အကြာကြီး ထူးဆန်းသလို ခံစားနေခဲ့ရတာ ဖြစ်သည်။
ချီမော့၏ ချောမောမှုနှင့် အဆင့်အတန်းဖြင့်ဆိုလျှင် သူက တစ်စုံတစ်ယောက်နှင့် အမှန်တကယ် လက်ထပ်ခြင်းမပြုဘဲ သူမနှင့် ဟန်ဆောင်လက်ထပ်မှု ပြုလုပ်ခဲ့ရပါသနည်း။
အကယ်၍ သူက ယောက်ျားတွေကိုသာ သဘောကျသူဖြစ်နေလျှင် အရာအားလုံးက အဓိပ္ပါယ်ရှိသွားပြီ ဖြစ်သည်။
သူမက အတွေးထဲ နစ်သွားသည်ဖြစ်ရာ အမျိုးသား၏ မျက်နှာက တဖြေးဖြေး မည်းမှောင်လာပြီး မျက်လုံးများကလည်း နက်မှောင်လာသည်ကို သတိမပြုမိလိုက်ပေ။
ချီမော့ ခန္ဓာကိုယ်မှ အေးစက်သည့် လေထုတို့ ထုတ်လွှတ်လာပြီး သူက သူမဘက်သို့ ရုတ်တရက် ယိုင်ချလာကာ အသံကို ဖြေးလေးစွာဖြင့် တစ်လုံးချင်း ပြောလိုက်သည်။
"ကိုယ်က ယောက်ျားတွေကို ကြိုက်တတ်တဲ့သူနဲ့ တူလို့လား။"
ထိုစကားနှင့် ပတ်သက်၍ ဘာမှ မှားယွင်းမနေသော်လည်း ရုတ်တရက် နီးကပ်လာသည့် အကွာအဝေးက သူမ၏ တည်ငြိမ်မှုကို ပျက်ပြားအောင် ပြုလုပ်နေသည်။
သူမ ပါးပြင်များက နီမြန်းလာပြီး လည်ပင်းက မသိလိုက်ဘဲ ကျုံ့သွားခဲ့သည်။
အခုလေးတင် ရေချိုးခန်းထဲမှ ထွက်လာပြီး စိုစွတ်နေသေးသော ဤအမျိုးသား၏ ချောမောမှုက သူမကို ဆွဲဆောင်နိုင်ကြောင်း ငြင်းပယ်မရပေ။
ရေချိုးဂျယ်လ်၏ ရနံ့က ယခင်ကထက် ပို၍ ရှင်းလင်းလာသည်။ သူမသည် ဘေးပတ်လည်မှ လေထုက ပို၍ ပူလောင်လာသကဲ့သို့ ခံစားလိုက်ရသည်။
သူမက အသက်ရှူအောင့်လိုက်ပြီး သူ့အား မော့ကြည့်၍ ချီမော့၏ စူးရှသော အကြည့်တို့နှင့် ရင်ဆိုင်လိုက်သည်။
သူက ဒေါသထွက်နေပုံရသော်လည်း ရယ်မောချင်နေဟန်လည်း တူသည်။
ချီမော့က ဖော်ပြရခက်သော အမူအရာနှင့် သူ့ရှေ့မှ ခန့်မှန်းရခက်သော တုံးအအ မိန်းကလေးအား စက္ကန့်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။
ထို့နောက် သူက မျက်ခုံးပင့်လိုက်ပြီး လှောင်ပြောင်လိုသည့် အသံနှင့် ပြောလိုက်သည်။
"မင်းမှာ တက်ကြွဆန်းပြားတဲ့ စိတ်ကူးယဥ်နိုင်စွမ်း ရှိနေတာပဲ။"
ထိုသို့ပြောပြီးနောက် သူက ကိုယ်ကို မတ်လိုက်ပြီး အဝေးသို့ လျှောက်ထွက်သွားခဲ့သည်။
နီရဲနေသော နားရွက်များနှင့် ရှန်းမူမူကို နောက်မှာ ချန်ရစ်ခဲ့သည်။သူမက မျက်တောင်ခတ်လိုက်ပြီး သူ၏ ဖြောင့်တန်းနေသော နောက်ကျောပုံရိပ်ကို ကြည့်ရင်း နားမလည်နိုင်စွာ ရှုပ်ထွေးကျန်ရစ်ခဲ့၏။
******
နောက်တစ်နေ့တွင်
ရှန်းမူမူက စုထင်းရန်၏ ဖုန်းခေါ်ဆိုမှုကြောင့် နိုးလာခဲ့သည်။
"မူမူ မနေ့ညက ဇနီးများအဖွဲ့လိုက်စကားပြောခန်းထဲမှာ အရမ်းကို သက်ဝင်တက်ကြွနေကြတာ။ ဘာလို့ တစ်ခွန်းမှ ဝင်မပြောတာလဲ။"
သူမတို့ အချိန်အတော်ကြာ ခင်မင်လာပြီးနောက် စုထင်းရန်က သူမကို မစ္စချီဟု ခေါ်ရသည်မှာ အလွန် ကိန်းကြီးခန်းကြီးနိုင်ကာ ဝေးကွာသည်ဟု တွေးမိပြီး ခင်မင်မှုအသုံးအနှုန်းဖြင့် ခေါ်ဆိုရန် ပြောင်းလဲလိုက်သည်။
ရှန်းမူမူက အိပ်ချင်နေသေးသော မျက်လုံးများကို ပွတ်လိုက်ပြီး အခုမှ နိုးနိုးချင်း အနည်းငယ် ရှတတနိုင်သည့် အသံနှင့် ပြောလိုက်သည်။
"မနေ့က ကျွန်မ ဖုန်းဘက်ထရီ ကုန်သွားလို့လေ။ အဲဒါကြောင့် အဖွဲ့ထဲက မက်ဆေ့ချ်တွေ မမြင်လိုက်ဘူး။"
စုထင်းရန်က ပြောလိုက်သည်။ "ကျိုး၊ ဝူ၊ ကျန်း.. အိုး မဟုတ်ဘူး... အဲဒီ မစ္စကျိုး၊ မစ္စဝူနဲ့ မစ္စကျန်း သုံးယောက်က အဖွဲ့လိုက် စကားပြောခန်းထဲ နင့်ကို ချီးမွမ်းနေလိုက်တာများ နင်မသိလိုက်ဘူးမလား။ ဘယ်လောက် ကြောင်သူတော်ဆန်လဲ ပြောမနေပါနဲ့တော့။"
"ငါ ကြားတာတော့ မစ္စဝမ်က ညလယ်ခေါင်ကြီး နှစ်နာရီ သုံးနာရီလောက်မှာ အိတ်ကြီးအိတ်ငယ် အသွယ်သွယ်နဲ့ ထွက်သွားတယ်တဲ့။ သူမ ထွက်သွားတုန်းက နေကာမျက်မှန်တောင် တပ်သွားသေးတယ်။"
သူမက ဖုန်းကို မျက်နှာနှင့် ပခုံးကြားညှပ်ထားပြီး သွားတိုက်နေရင်းနှင့် စုထင်းရန်၏ စကားကို နားထောင်နေသည်။
သူမ ပါးစပ်မှ အမြှုပ်များနှင့် မပီမသ မေးလိုက်သည်။
"သူမက ဒီလောက် ညဥ့်နက်နေမှ နေကာမျက်မှန် ဘာလို့ ဝတ်သွားတာလဲ။ အရိုက်ခံခဲ့ရလို့လား။"
စုထင်းရန် : "မဟုတ်လောက်ဘူး။ မစ္စတာဝမ်က စတီးလုပ်ငန်းရှင်ရဲ့ သမီးနဲ့ အဖော်ပြုပေးနေရတာ။ သူ့မှာ ပြန်လာဖို့ အချိန်ရှိမယ်မထင်ဘူး။ နေကာမျက်မှန်တပ်သွားတာ သူမကို တခြားလူတွေမြင်ရင် မျက်နှာပျက်မှာစိုးလို့ ထင်တယ်။"
ရှန်းမူမူက ပလုတ်ကျင်းလိုက်သည်။ "အာ.. မုန်းဖို့ကောင်းပေမယ့် သနားစရာလည်း ကောင်းနေတုန်းပဲ။ ဒီစကားက သိပ်မှန်တာပဲ။"
သူမသည် မနေ့က မာကျုံးကစားရင်း ဝမ်ချင်းဝေ့၏ သူမအပေါ် သာသာထိုးထိုး လှောင်ပြောင်ရယ်မောခဲ့ခြင်းအား မမေ့ပေ။
သူမက ဝမ်ချင်းဝေ့၏ အခြေအနေကို ကိုယ်ချင်းစာမိသော်လည်း ထိုကိုယ်ချင်းစာမှုကြောင့် ဝမ်ချင်းဝေ့၏ စရိုက်အား မကြိုက်နှစ်သက်ခြင်းကို ပြည်ဖုံးကားချပေးလိုက်လိမ့်မည်ဟုတော့ မဆိုလိုပေ။
စုထင်းရန်က သဘောတူသလို ခပ်တိုးတိုး အသံပြုလိုက်ပြီး ရုတ်တရက် တစ်ခုခု တွေးမိသွားသည်။
"အိုး... ဟုတ်သား။ မစ္စလီပြောတာတော့ အရင်တုန်းက မစ္စဝမ်ပြခဲ့တဲ့ ပန်းလည်ဆွဲက အတုတဲ့။ တကယ့် လည်ဆွဲအစစ်ကို ပြီးခဲ့တဲ့လတုန်းက လေလံပွဲမှာ နင့်ရဲ့ မစ္စတာချီ ဝယ်သွားခဲ့တာလို့ ပြောတယ်။"
ရှန်းမူမူက အံ့သြမှင်တက်သွားသည်။ "ဟမ်..."
သူမသည် ထိုအချိန်က ၎င်းလည်ဆွဲအား ရင်းနှီးသည်ဟု ခံစားခဲ့ရသော်လည်း ဘယ်လောက် စဥ်းစားကြည့်ပါစေ ဘယ်မှာမြင်ဖူးလဲ သတိမရခဲ့ပေ။ ထိုစကားကို ကြားမှ ရုတ်တရက် တစ်ခုခုကို ပြန်စဥ်းစားလိုက်မိ၏။
ရှန်းမူမူက သုံးထပ်မြောက် ရတနာအံဆွဲကို ဖွင့်လိုက်ပြီး လည်ဆွဲနှင့် လက်စွပ်များစွာကို မွှေနှောက်ရှာဖွေလိုက်သည်။
သေချာပေါက်ပင် သတိမထားမိနိုင်လောက်သည့် ထောင့်တစ်နေရာတွင် ထူးခြားသည့်ဒီဇိုင်းမရှိသလို ထူးခြားသည့် အလေးချိန်လည်း မရှိသော မှတ်မှတ်ထင်ထင် မရှိနိုင်မည့် ပန်းသဏ္ဌာန်စိန်လည်ဆွဲတစ်ခုကို မြင်လိုက်ရသည်။
သူမက ကျစ်ခနဲ စုတ်သပ်လိုက်၏။ သူမ၏ ရတနာသေတ္တာထဲ၌ သာမန်ပစ္စည်းတစ်ခုလို ပစ်စလတ်ခတ် ထည့်ထားသည့် လည်ဆွဲတစ်ခုက နှစ်ဆယ်မီလီယံ တန်သည်တဲ့လား။
သူမက သေချာပြန်တွေးလိုက်သည့်အခါ အိမ်တော်ထိန်းကျန်း ပြောခဲ့သည့် စကားတို့ကို အမှတ်ရလိုက်သည်။
"မဒမ် ဒီအံဆွဲတွေထဲက ရတနာတွေက ဆရာ လေလံပွဲကို သွားရင်းနဲ့ ပေါ့ပေါ့ပါးပါး ဝယ်လာခဲ့တာတွေပါ။ မဒမ် ဒီဇိုင်းကြိုက်ရင် နေ့တိုင်း ဝတ်လို့ရတယ်။ အရေးကြီးတဲ့ ပွဲတွေအတွက် မဒမ် ရွေးချယ်ဝတ်ဆင်နိုင်ဖို့ အများကြီး ပိုတန်ဖိုးရှိတဲ့ ရတနာတွေ မီးခံသေတ္တာထဲမှာ ရှိပါသေးတယ်။"
နှစ်ဆယ်မီလီယံလား။
ပေါ့ပေါ့ပါးပါး ဝယ်ပြန်ခဲ့တာလား။
နေ့တိုင်း ဝတ်ရမယ်တဲ့လား။
ဒီ ချီမော့က ဘယ်လောက်တောင် ချမ်းသာတာလဲ။
ကိုးရို့ကားယားနှင့် သူမ နှုတ်ခမ်းထောင့်က တွန့်သွားသည်။ : ...
မသိနိုင်လောက်အောင် ချမ်းသာသည့် ဤအမျိုးသားကို သူမ၏ အလကားလက်ဆောင်ရလာသော ရေချိုးဂျယ်လ်အား သုံးခိုင်းရဲသည့် သတ္တိမျိုး သူမထံ၌ မည်သို့ ရှိနိုင်ရပါသနည်း။