ပုံစံသစ်နဲ့ စကိတ်စီးမယ်
Vol. 3 Ch. 43
ချီရှောင်ပိုင်က ဇဝေဇဝါနှင့် လှည့်ကြည့်လိုက်သည်။ သူက လေဆိပ်၌ တွေ့ခဲ့သည့် အမျိုးသမီးက သူ့ထံသို့ ပျော်ရွှင်စွာဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသည်။
"တကယ် မင်းပဲကိုး။ ငါ မင်းရဲ့ နောက်ကျောကို ချက်ချင်း မှတ်မိလိုက်တာ။"
ချီရှောင်ပိုင်၏ ခေါင်းထက်၌ မေးခွန်းအမှတ်အသားတစ်ခု ဖြေးညင်းစွာ ပေါ်ထွက်လာသည်။
ကျွန်တော်တို့ အချင်းချင်း သိကြလို့လား။
ချွီဟွေ့က စီးပွားရေးလောက၌ သူမ အသုံးပြုသော ပေါ့ပေါ့ပါးပါးအပြုံးတစ်ခုကို မျက်နှာထက် တင်ထားပြီး သူနှင့် ရင်းနှီးမှုရယူလိုက်သည်။
"ရှောင်ပိုင် မင်းက မင်းအဖေ ငယ်ငယ်တုန်းကနဲ့ တူတာပဲ။ ချောမောမှုက လူအုပ်ကြားထဲမှာတောင် မျက်စိဖမ်းစားနိုင်တာလေ။ အန်တီ မင်းကို ချက်ချင်း မှတ်မိလိုက်တာ။"
ချီရှောင်ပိုင် မပြုံးသောအခါ သူက မဖော်ရွေသည့်ပုံပေါက်သည်။ သူသည် ရုတ်တရက် စိတ်အားထက်သန်မှုနှင့် ကြုံလိုက်ရသောအခါ အလွန် စိတ်မသက်မသာ ခံစားလိုက်ရပြီး စိတ်အနှောက်အယှက် ဖြစ်လာလေသည်။
သူ့အဖေက ထန်ရှင်းအုပ်စု၏ ယခင်ဥက္ကဋ္ဌကို သိနေသောကြောင့် သူက ချက်ချင်း ထွက်မသွားလိုက်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် တုန့်ပြန်သည့်အနေဖြင့် တွန့်ဆုတ်စွာနှင့် နှုတ်ခမ်းတို့ကို အတင်းဆွဲတင်ကာ ပြုံးဟန်ဆောင်ထားရသည်။
သူ့အမူအရာက နူးညံ့သိမ်မွေ့သွားသည်ကို မြင်သောအခါ ချွီဟွေ့၏ အပြုံးက ပို၍ ကြီးမားကျယ်ပြန့်လာသည်။ သူမက နို့နှစ်ရောင်ကုတ်အင်္ကျီကို တင်းတင်းဆွဲစေ့လိုက်ပြီး ခုံတန်းတွင် ထိုင်ကာ စိတ်အားထက်သန်စွာ စကားပြောလိုက်သည်။
"ရှောင်ပိုင် အန်တီတို့ WeChat လဲကြရင် ဘယ်လိုလဲ။ ရှန်မြို့နဲ့ မရင်းနှီးတာ ဒါမှမဟုတ် ဘယ်သွားရမှန်း မသိတာမျိုးဆိုရင် အန်တီက မင်းကို လမ်းညွှန်ပေးနိုင်တယ်လေ။"
"အန်တီက မင်းအဖေရဲ့ မိတ်ဆွေဟောင်းမို့ မင်းကို အန်တီ့ သားတစ်ယောက်လို မြင်တယ်။"
ချီရှောင်ပိုင်က သူမနှင့် အကွာအဝေးတချို့ ခြားသွားအောင် အဝေးသို့ အနည်းငယ် ရွှေ့လိုက်သည်။
"မလိုပါဘူး။ ကျွန်တော် အဲဒီလိုကိစ္စတွေ သိချင်ရင် အဖေ့ လက်ထောက်နဲ့ ကျွန်တော်တို့ အိမ်က အိမ်တော်ထိန်းက အချိန်မရွေး ကျွန်တော့်အတွက် စာရင်း ပြင်ပေးနိုင်တယ်။ ကိုယ့် ဒုက္ခ ကိုယ်မရှာပါနဲ့။"
ချွီဟွေ့၏ အပြုံးက အေးခဲသွားသည်။
သူမက ချီမော့ကို သူ့သားမှတဆင့် ရင်းနှီးချင်ပြီး ချီမိသားစုအတွင်း လက်ထပ်ဝင်ပြီးနောက် သူမ၏ လင်ပါသားနှင့် ရင်းနှီးမှုတည်ဆောက်ကာ အနာဂတ်အတွက် ပြင်ဆင်ထားလိုခြင်း ဖြစ်သည်။ သို့သော် သူမသည် ဤအသက် ဆယ့်ခုနစ်နှစ်အရွယ် ကလေးလေးက ခွဲရခက်သည့် အခွံမာသီး ဖြစ်နေမည်ဟု ထင်မှတ်မထားမိခဲ့ပေ။
"ဟား ဟား ဟား~" ချွီဟွေ့က သူမ၏ ရှက်ရွံ့မှုအား အပြုံးနှင့် ဖုံးကွယ်လိုက်သည်။ "အန်တီက ရှန်မြို့မှာ ကြီးပြင်းခဲ့တာလေ။ အဲဒီ အွန်လိုင်းက လမ်းညွှန်တွေထက် သေချာပေါက် ပိုသိတာပေါ့။ ဒါနဲ့ မင်းတို့ မနက်ဖြန် ဘယ်ကိုသွားပြီး ကစားဖို့ စီစဥ်ထားလဲ။"
ချီရှောင်ပိုင်က အိတ်ထဲသို့ လက်များကို ထည့်ကာ သာမန်ကာလျှံကာ ကြည့်လိုက်သည်။ "မသိဘူး။"
သူက အကြောင်းပြချက် အမျိုးမျိုးဖြင့် သူနှင့် ရင်းနှီးရန် ကြိုးစားကြသော အမျိုးသမီးများစွာကို မြင်ဖူးခဲ့သည်။ သူတို့က သူ့ကို အသုံးချကာ သူ၏ ချမ်းသာပြီး အစွမ်းထက်သည့် အဖေကို တွယ်တက်ချင်နေကြသည်။ ထို့ကြောင့် သူက ချွီဟွေ့၏ အတုအယောင် စိတ်အားထက်သန်မှုနှင့် အလွန် ရင်းနှီးပေသည်။
သူက စကားပြောခြင်းကို တတ်နိုင်သမျှ အဆုံးသတ်ရန် ပြန်ဖြေသည်ဆိုရုံမျှသာ ဖြေခဲ့သည်။
ချွီဟွေ့က ထိုအခွံမာအသီးအား ခွဲဖို့ရာ ဆက်ကြိုးစားရန် အကြောင်းအရာ ပြောင်း၍ ဆက်ပြောရန် ပြင်နေသည့်အချိန်၌ ရှန်းမူမူက အမှတ်တရပစ္စည်း အရောင်းဆိုင်မှ စျေးဝယ်အိတ်အသေးလေး ကိုင်ကာ ထွက်လာခဲ့သည်။
ချီရှောင်ပိုင်က ခုံတန်းတစ်ခုတွင် အခြားတစ်ယောက်နှင့်အတူ ထိုင်နေသည်ကို မြင်ပြီး သူမက မသိစိတ်အလျောက် မေးလိုက်၏။
"ဟမ်.. ချီရှောင်ပိုင် မင်းက ရှန်မြို့မှာ အသိအကျွမ်းတောင် ရှိနေပြီလား။"
ထို့နောက် သူမက 'ထိုအသိအကျွမ်း' အား ပြုံးပြလိုက်သည်။
"ဟယ်လို"
သူမ ပြောပြီးနောက် သူတို့ သုံးယောက်လုံး တိတ်ဆိတ်သွားပြီး လေထုကလည်း အေးခဲသွားပုံပေါ်သည်။
ချွီဟွေ့၏ အပြုံးက ပို၍ တောင့်တင်းလာ၏။ သူမ လျှာဖျားထက်မှ စကားများက တစ်ဆို့သွားသည်။ သူမသည် ရိုင်းပျခံလိုက်ရသလို ခံစားလိုက်ရသည်။
သူတို့ ယနေ့မနက်ကတင် လေဆိပ်၌ တွေ့ခဲ့ခြင်း ဖြစ်သည်။ သူမက ဘာကြောင့် မမှတ်မိသလို ဟန်ဆောင်နေရပါသနည်း။
ကိုးရို့ကားယား လေထုအလယ်၌ ချီရှောင်ပိုင်၏ ရယ်သံက တိတ်ဆိတ်မှုကို ချိုးဖျက်လာပြီး ရှန်းမူမူအား လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။
"ကျွန်တော် ထင်တာတော့ အိမ်တော်ထိန်းကျန်းဆီကနေ ကျန်းမာရေး အထောက်အကူပြုဆေးဝါးတွေ လိုအပ်နေတဲ့သူက ခင်ဗျားပဲ။"
ရှန်းမူမူ : "......"
သူမက မျက်နှာမမှတ်မိနိုင်မှု အနည်းငယ် ရှိကြောင်း ဝန်ခံပါသည်။
အထူးသဖြင့် ချွီဟွေ့ကဲ့သို့ နို့နှစ်ရောင် ကုတ်အင်္ကျီ ဝတ်ထားသည့် တစ်စုံတစ်ယောက်ကို သူမ အမှန်တကယ် မမှတ်မိနိုင်ပေ။ သူမသည် အခုနက အမှတ်တရဆိုင်ထဲ၌ ထိုသို့ဝတ်ဆင်ထားသော ချမ်းသာသည့် အမျိုးသမီး အနည်းဆုံး ရှစ်ယောက်လောက် မြင်ခဲ့ရပေသည်။
ချွီဟွေ့သည် အစကတည်းက ရှန်းမူမူအား သဘောမကျပေ။ ယခု သူမ၏ အမုန်းတရားက ပို၍ပင် ကြီးထွားလာသည်။
သူမသည် ချီမော့ကဲ့သို့ ထူးချွန်သည့် အမျိုးသားက မည်သည့်အတွက်ကြောင့် ဤကဲ့သို့ စဥ်းစားဉာဏ်မရှိသူမျိုးကို သဘောကျကြောင်း အမှန်တကယ် နားမလည်နိုင်ပေ။
ရှန်းမူမူနှင့် ချီရှောင်ပိုင် ထွက်သွားပြီးနောက်၌ပင် ချွီဟွေ့က စိတ်အနှောက်အယှက် ဖြစ်နေဆဲ ဖြစ်သည်။
သူမ၏ ယုံကြည်ချက်က ပို၍ပင် ပြင်းထန်လာ၏။
သူမကသာ ချီမော့နှင့် အမှန်တကယ် ထိုက်တန်သည့် သူဖြစ်လေသည်။
သူမက ထန်ရှင်းအုပ်စုကို အုပ်ချုပ်နိုင်ရုံကြောင့်သာမက သူ၏ အလုပ်အကိုင်ကို နောက်တစ်ဆင့်ရောက်အောင် မြှင့်တင်ပေးရန် ကူညီကာ ရှန်မြို့စျေးကွက်အား ထိုးဖောက်နိုင်ရန် ကူညီနိုင်သည်။
ပိုပြီး အရေးကြီးသည်မှာ သူမက သူ့လျှို့ဝှက်ချက်ကို သိပြီး သူ၏ ပင်ကိုယ်သရုပ်မှန်အား သိရှိထားသည်။
****
နောက်တစ်နေ့တွင်
ချီမော့က စောစောထပြီး အပန်းဖြေစခန်း၏ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ရိုးရှင်းသည့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။
နေ့လယ်ခင်းတွင် သူက ရှန်းမူမူနှင့် ချီရှောင်ပိုင်တို့ဖြင့်အတူ အပန်းဖြေ စကိတ်စီးရန် သွားခဲ့သည်။
အပန်းဖြေစကိတ်စီးကွင်းက အပန်းဖြေစခန်း၏ အဓိကဆွဲဆောင်နိုင်သော အရာဖြစ်သည်။ ၎င်းသည် အစကတည်းက အမြင့်ဆုံးသော စံသတ်မှတ်ချက်အရ တည်ဆောက်ထားသည်။ ဤတစ်ကြိမ်လာခဲ့ခြင်းက ခရီးသွားခြင်းအပြင် အဆောက်အအုံ တည်ဆောက်မှုနှင့် ပြင်ဆင်ရေးပစ္စည်းများ စံချိန်စံညွှန်းနှင့် မီမမီ စမ်းသပ်လို၍ ဖြစ်သည်။
ကေဘယ်ကားက သူတို့သုံးယောက်ကို တောင်စောင်းသို့ သယ်သွားခဲ့သည်။
ရှန်းမူမူက လော့ခ်ကာခန်းထဲမှ အဖြူနှင့် ခရမ်း စကိတ်စီးဝတ်စုံကို ဝတ်ပြီး ထွက်လာသည်။ ချီသားအဖလည်း လဲဝတ်ပြီးသည်ကို မြင်သည့်အခါ သူမ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
ချီမော့၏ အသားအရေက အေးစက်ကာ ဖြူဖျော့သည်။ ဝိုင်နီရောင်စကိတ်စီးဝတ်စုံကို ဝတ်လိုက်သည့်အခါ သူက ပို၍ ချောမောသွားကာ အခြားလူများက ဂရုမစိုက်ဘဲ မနေနိုင်လောက်အောင် မျက်စိဖမ်းစားဖွယ် ကောင်းနေ၏။
ရှန်းမူမူက ရက်ရက်ရောရော ချီးကျူးလိုက်သည်။ "ရှင်က အနီရောင်နဲ့ တကယ်လိုက်တာပဲ။ ကျွန်မရဲ့ အလှရသခံစားမှုက တကယ်ကောင်းတယ်မလား။"
ချီမော့က ခပ်ဖွဖွ ချောင်းဆိုးလိုက်ပြီး ပြန်မဖြေပေ။
ထိုစဥ်တွင် သူ့ကိုယ်သူ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားပြီး စကိတ်စီးမျက်မှန်တပ်ထားသည့် ချီရှောင်ပိုင်က တည်ငြိမ်မနေနိုင်ပေ။ သူသည် သူ၏ စကိတ်စီးဝတ်စုံက ပန်းရောင်ဖြစ်နေသည့် အချက်ကို လက်မခံနိုင်သေးဘဲ ရှိနေသည်။
ရှန်းမူမူက သူမ မေးစေ့ကို ထိရင်း စိတ်မသက်မသာဖြစ်နေသည့် ချီရှောင်ပိုင်ကို စစ်ဆေးကြည့်ရှုနေသည်။ သူမက မှတ်ချက်ပေးလိုက်၏။
"မင်း အဖေလောက် မချောပေမယ့် မင်းလည်း ကြည့်လို့ကောင်းပါတယ်။ ပန်းရောင်က မင်းကို နူးညံ့သိမ်မွေ့သွားသလို ထင်ရစေတယ်။"
ချီရှောင်ပိုင် : "နူးညံ့သိမ်မွေ့သွားတယ်လား။"
ဒီဖော်ပြချက်က ခွေးတစ်ကောင်အကြောင်း ပြောနေသလို ထင်မှတ်ရစေသည်။
ရန်းမူမူသည် ၎င်းနှင့် ပတ်သက်၍ ဘာမှ မှားနေသလို မထင်မိပေ။ သူမက လက်များကို စိတ်လှုပ်တရှားပွတ်ရင်း ပြောလိုက်၏။
"သွားကြစို့။ စကိတ်သွားစီးကြမယ်။"
ချီရှောင်ပိုင်က နစ်နာဟန်ဖြင့် သူ့အဖေကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက 'သူမ လူစကား ပြောနေတာ ဟုတ်ရဲ့လား။' ဟု မေးနေသည်မှာ ရှင်းလင်းပေသည်။ သို့သော် သူ့အဖေက သူ့ကို ကြည့်ပင်မနေကြောင်း တွေ့လိုက်ရသည်။ သူက လက်တစ်ဖက်နှင့် သူ့ စကိတ်ဘုတ်ကို ကိုင်ကာ လျှောက်သွားခဲ့သည်။
ချီရှောင်ပိုင်က တန့်သွားပြီးနောက် အမြန်လိုက်သွားခဲ့၏။
"ကျွန်တော့်ကို စောင့်ပါဦး။"
ရှန်းမူမူသည် အရင်က စကိတ်ကို အနည်းငယ်သာ စီးဖူးပြီး အများကြီး မဟုတ်ပေ။ ထို့ကြောင့် သူမက စကိတ်စီးရန် ခပ်ပြေပြေနှင့် နိမ့်သော ဆင်ခြေလျှောကိုသာ ရွေးချယ်ရဲပေသည်။
ချီရှောင်ပိုင်သည် ငယ်ရွယ်ပြီး ဘက်စကက်ဘော ကစားခြင်း၌ ကောင်းမွန်သည်။ ၎င်းက သူ၏ ပထမဆုံးအကြိမ် စကိတ်စီးခြင်းဖြစ်သော်လည်း သူက လျင်မြန်စွာ တတ်သွားခဲ့သည်။ ခပ်ပြေပြေ ဆင်ခြေလျှော၌ နှစ်ကြိမ်ခန့် ဆင်းပြီးနောက် စိတ်လှုပ်ရှားစရာမကောင်းဟု ခံစားလိုက်ရပြီး ပို၍ မြင့်သည့် ဆင်ခြေလျှောကို စိန်ခေါ်ကြည့်ရန် စတင်လိုက်သည်။
ရှန်းမူမူ အံ့အားအသင့်ရဆုံးက ချီမော့ ဖြစ်သည်။
အမြင့်ဆုံးနှင့် အမတ်စောက်ဆုံး စကိတ်စီးဆင်ခြေလျှောမှ အနီရောင်အရိပ်တစ်ခု ပြေးဆင်းလာသည်။
ချီမော့က သူ့ စကိတ်ဘုတ်ပေါ်တွင် တစ်ဖက်စောင်းယိမ်းကာ ခန္ဓာကိုယ်ကို သက်သောင့်သက်သာနှင့် ရှေ့သို့ ပြေးထွက်သွားစေပြီး သူ့ကိုယ်ဟန်အနေအထားက သမရိုးကျဖြစ်သော်လည်း ချောမောလှသည်။
ရှန်းမူမူ ဘယ်လိုမှ ထိန်းချုပ်မရနိုင်သော နှင်းလျှောစီးဘုတ်က ချီမော့၏ ကိုင်တွယ်ထိန်းချုပ်မှုအောက်၌ အလွန်နာနာခံခံ ရှိနေပြီး သူ ချိန်ညှိသည့် လားရာအတိုင်း ချောမွေ့စွာ ပြောင်းလဲသွားနိုင်ပေသည်။
နှစ်ကြိမ်လောက် စီးပြီးနောက် သူက များပြားလှသော ပရိတ်သတ် မိန်းကလေးများနှင့် ယောက်ျားလေးများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။ သူတို့က စကိတ်စီးခြင်းကို ရပ်တန့်ပြီး ဘေးမှပင် ရပ်ကြည့်နေကြ၏။
လျင်မြန်လှသည့် အရှိန်နှင့် အနီရောင်ပုံရိပ်က ဘယ်သူလဲဆိုတာ သူတို့ မသိကြသော်လည်း TV မှ အနုပညာရှင်များထက်ပင် ပို၍ ကြည့်ကောင်းသည်ဟု ခံစားကြရပေသည်။
သူတို့ ထပ်ကြည့်ရန် စောင့်နေသည့်အချိန်၌ သူတို့သည် သူက စကိတ်ဘုတ်ကို လက်တစ်ဖက်နှင့် သယ်ကာ ခပ်ပြေပြေ ဆင်ခြေလျှောသို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။
ရှန်းမူမူက သိပ်မမြင့်သည့် ဆင်ခြေလျှောမှ ဆင်းလာပြီး သူမ မျက်နှာကို နှင်းများ လာစင်ပြီး ပါးစပ်အပြည့် လေတစ်သုတ်လည်း တိုးဝင်လာ၏။
သူမ နှင်းကာမျက်မှန်မှ နှင်းများကို သုတ်ပြီးနောက် သူမသည် ချီမော့က အပြုံးမျက်လုံးများနှင့်အတူ သူမကို ဘေးဘက်မှ စောင့်ကြည့်နေသည်အား မြင်လိုက်ရသည်။
"ရှင် ဘာလို့ ဒီကိုလာခဲ့တာလဲ။ ရှင့်ကို မြင်ချင်လို့ စောင့်နေတဲ့ ဖန်တွေ အများကြီးရှိနေတာကို။"
ရှန်းမူမူက ပြုံးရင်းနှင့် သူ့ထံသို့ လျှောက်သွားကာ စနောက်လိုက်သည်။
အမျိုးသား၏ မျက်လုံးများက အနည်းငယ် လှုပ်ခတ်သွားပြီး သူက ပြုံးလိုက်သည်။ "တစ်ယောက်တည်း စီးရတာ ပျင်းဖို့ကောင်းတယ်။"
ရှန်းမူမူ : "ဒါပေမယ့် လူတွေက စကိတ်ကို တစ်ယောက်တည်း စီးကြတာ မဟုတ်ဘူးလား။"
ချီမော့ : "လုံးဝတော့ မဟုတ်ပါဘူး။"
ရှန်းမူမူ : "?"
ချီမော့က မျက်လုံးနှင့် အဝေးသို့ ကြည့်ပြလိုက်ကာ ဖြေးညင်းစွာ ပြောလိုက်၏။ "မင်း ဟိုလိုမျိုးလည်း စီးနိုင်တယ်။"
သူမက သူ ညွှန်ပြသည့် ဘက်သို့ ကြည့်လိုက်သည်။
ပြန့်ပြူးသည့် ရေခဲပြင်ပေါ်တွင် စုံတွဲများက စကိတ်ကို အတွဲလိုက်စီးနေကြ၏။
တစ်ယောက်က စကိတ်ဘုတ်ပေါ်တွင် ထိုင်နေစဥ် တစ်ဖက်လူက သူတို့၏ ပခုံးများကို ကိုင်ကာ တွန်းသွားပေသည်။
သို့မဟုတ်လျှင် အရှေ့ရှိ လူက ထိုင်နေသည့် လူ၏ လက်ကို ကိုင်ထားကာ ဆွဲခေါ်သွားပေးသည်။
"အာ.." ရှန်းမူမူသည် သူဆိုလိုသည်ကို နားလည်ကာ ရှက်ရွံ့စွာဖြင့် ဖြေးဖြေးချင်း ခေါင်းပြန်လှည့်လိုက်သည်။
ချီမော့က မျက်ခုံးပင့်လိုက်၏။ "စမ်းကြည့်ချင်လား။"
ရှန်းမူမူ : "ဒါပေမယ့်...ကျွန်မ ရှင့်ကို ဆွဲမခေါ်နိုင်မှာစိုးတယ်။"
ချီမော့ : "......"