ချီမော့ : 'မင်းက ကိုယ့်ကို ကလေးလို ချော့ဖို့ ကြိုးစားနေတာလား'
Vol. 4 Ch. 48
"သေချာပေါက် မဟုတ်ဘူးပေါ့။" ရှန်းမူမူက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
"ရှင်က အရမ်း ကောင်းကောင်းလုပ်ခဲ့ပြီးပါပြီ။"
မည်သူကမှ ဖခင်ဖြစ်ရန် မွေးဖွားလာခြင်း မဟုတ်ပေ။
ထို့အပြင် သူသည် ထိုအချိန်က အသက် ဆယ့်ငါးနှစ်အရွယ်သာ ရှိသေး၏။
ချီရှောင်ပိုင်ကို တစ်သက်လုံး ထောက်ပံ့နိုင်ရန်အတွက် သူ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် လုံလောက်သည့် ဓနဥစ္စာများ စုဆောင်းရရှိရန်မှာ မလွယ်ကူလှပေ။
ရှန်းမူမူ၏ မျက်လုံးများက ကုဝမ်၏ အုတ်ဂူကို စိုက်ကြည့်လိုက်သည်။
ဓာတ်ပုံထဲတွင် ကုဝမ်သည် ညင်သာစွာ ပြုံးပြနေပြီး သူမ၏ မျက်ခုံးကြားတွင် ဝမ်းနည်းမှုအရိပ်အငွေ့တို့ ရှိနေခဲ့သည်။ ချီရှောင်ပိုင်က သူမနှင့် အလွန်တူသည်။
ယခုအခါတွင် ရှန်းမူမူသည် သူတို့ သားအဖဆက်ဆံရေးသည် အဘယ့်ကြောင့် ဤမျှလောက် အဆင်မပြေဖြစ်နေရသည်ကို လုံးလုံးနားလည်သွားပြီဖြစ်သည်။
ချီရှောင်ပိုင်၏ မျက်နှာကို မြင်နေရသည့်အခါ သူက သူ့အစ်မကို မတွေးဘဲ မနေနိုင်လောက်ပေ။
ချီမော့သည် ချီရှောင်ပိုင်ကို ချစ်သလို မုန်းလည်း မုန်း၏။
သူ့အစ်မက အသက်ကိုပင်ပေးကာ ဤကလေးကို မွေးခဲ့သည့်အတွက် မုန်းတီးပေသည်။
သူသည် ချီရှောင်ပိုင်ကို ကောင်းကောင်း ဂရုစိုက်ပေးချင်သော်လည်း သူ့နှလုံးသားထဲက အတားအဆီးကို မဖြတ်ကျော်နိုင်ခဲ့ပေ။
သူက အဖေတစ်ယောက် ဖြစ်ရန် ဘယ်လို ပြုမူရမည်ကို သူ မသိခဲ့ဘဲ သူတို့ကြားတွင် ခပ်တန်းတန်းဖြစ်မှုနှင့် သတိထားမှုများ အမြဲရှိနေခဲ့သည်။
"သူက အမြဲတမ်း ရှင့်ကို သူ့ရဲ့ စံပြတစ်ယောက်အနေနဲ့ သဘောထားတာ။" ရှန်းမူမူက ရေကဲ့သို့ ညင်သာပျော့ပျောင်းသည့် အပြုံးလေးနှင့် နူးညံ့စွာ ပြောလိုက်သည်။ "သူ ထုတ်မပြောရင်တောင် သူက ရှင့်ကို အဖေအဖြစ် ပိုင်ဆိုင်ထားရတာ ဘယ်လောက် ဂုဏ်ယူနေလဲဆိုတာ သူ့မျက်လုံးတွေကနေ မြင်နိုင်တယ်။"
ချီမော့က ခဏလောက် ရပ်တန့်သွားပြီးမှ အက်ရှနေသည့် အသံဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ "အဲဒီလိုလား။"
"ဟုတ်တယ်။ ကျွန်မ ရှင့်ကို မလိမ်ဘူး။" ရှန်းမူမူက နူးညံ့သိမ်မွေ့သောအသံဖြင့် အခိုင်အမာ ပြောလိုက်သည်။
ထိုအချိန်တွင် သူမ၏ မျက်လုံးများက ဆောင်းဦးရေကဲ့သို့ တောက်ပနေပြီး သူမ အပြုံးက ရေခဲပြင်ကိုပင် အရည်ပျော်စေလောက်အောင် နွေးထွေးလှသည်။
အလတ်ဆတ်ဆုံးသော လေညင်း၊ အနွေးထွေးဆုံးသော စမ်းရေကဲ့သို့ပင် မငြိမ်သက်နေသည့် စိတ်အစဥ်ကို နှစ်သက်မှုဖြစ်စေကာ အေးချမ်းသွားစေနိုင်သည်။
ချီမော့က ခဏတာ အတွေးထဲတွင် ပျောက်ဆုံးသွားပြီး သူ့ ရင်ဘတ် ဘယ်ဘက်ခြမ်းတွင် မရင်းနှီးသည့် ခံစားချက်တစ်ခုက ရုတ်ခြည်း ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။
အေးစက်သောလေက သူတို့ပတ်ပတ်လည်ကို တိုက်ခတ်နေသေးသော်လည်း နွေဦးကဲ့သို့ နွေးထွေးနေမှုကို ခံစားရပေသည်။
"သူမကို ဘာလို့ ရှန်မြို့မှာ သင်္ဂြိုဟ်ခဲ့တာလဲ။" ရှန်းမူမူက သူ အတွေးထဲနစ်သွားသည်ကို မြင်သောအခါ ခေါင်းစဉ်ပြောင်းလိုက်သည်။
ချီမော့က သူ့စိတ်ခံစားချက်များကို ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။ "အဲဒီလူရဲ့ နာမည်မှာ နှင်း(ရွှယ်) ပါတာကြောင့် သူမ သေတဲ့အခါ နှင်းကျတဲ့နေရာမှာ မြှုပ်နှံခံချင်တယ်တဲ့။"
ရှန်းမူမူ၏ လှပသော မျက်ခုံးများက တင်းကျပ်စွာ စုကျုံ့သွားသည်။ "......"
ချီမော့က လှောင်ပြောင်ဟန်ဖြင့် ခပ်တိုးတိုး ရယ်မောရင်း ပြောလိုက်သည်။ "ချီရှောင်ပိုင်ရဲ့ နာမည်ကိုလည်း သူမပဲ ပေးခဲ့တာလေ။ ငယ်ရွယ်ပြီး နှင်းပွင့်တွေလို သန့်စင်ဖြူဖွေးတဲ့ ကောင်လေး ဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့။"
(T/N: ချီရှောင်ပိုင်ရဲ့ နာမည်အမှန်က ချီရှောက်ပိုင်ပါ။ ရှောက်နျန်(လူငယ်) ရဲ့ ရှောက်နဲ့ ပိုင်(အဖြူရောင်) ဆိုတဲ့ အဓိပ္ပါယ်ပါ။)
ရှန်းမူမူက ပို၍ပင် မျက်မှောင်ကြုတ်သွားခဲ့သည်။ "အဲဒီလူက သူမကို လှည့်စားပြီး အဲဒီလိုမျိုး ထားရစ်ခဲ့တာတောင် ဘာကြောင့်မို့လို….."
"ဘာကြောင့်မို့လို့ အဲဒီလောက် တုံးအနေရတာလဲလို့လား။" ချီမော့က အေးစက်စွာ ပြောလိုက်သည်။ "ကိုယ်လည်း နားမလည်ဘူး။"
သူက ၎င်းကို နားမလည်နိုင်ရုံသာမက သူ့အစ်မက လုံးဝ ထိုက်တန်ခြင်းမရှိသော ယောက်ျားကို အသက်သေဆုံးသည်ထိ တမ်းတနေဆဲ ဖြစ်သည်အား မျက်မြင်တွေ့ခဲ့ရပြီး သူ၏ ငယ်ရွယ်သော နှလုံးသားထဲ၌ ချစ်ခြင်းမေတ္တာနှင့် ထိုသို့သော ဆက်ဆံရေးများအား မယုံကြည်နိုင်တော့သည့် ခံစားချက်မျိုး မွေးဖွားလာပေသည်။
နောက်ပိုင်းတွင် သူသည် စီးပွားရေးတွင် အောင်မြင်လာသောအခါတွင်လည်း မိသားစုတစ်ခု စတင်ရန် အနည်းငယ်မျှ မစဉ်းစားခဲ့ပေ။
ခံစားချက်များသည် လူတို့၏ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်စွမ်းကို ဖျက်ဆီးပြီး မှားယွင်းသော ဆုံးဖြတ်ချက်များကို ပြုလုပ်မိစေကာ အသုံးမကျသည့် ထိခိုက်နစ်နာမှုများသာ ကြုံရလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။
သို့သော် လတ်တလောတွင် သူ၏ အမြင်က ပြောင်းလဲသွားပုံရသည်။
သူမ၏ ထွက်ပေါ်လာမှုက အလင်းတန်းတစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။
သူမက အမှောင်ထုကို တွန်းလှန်ကာ သူ၏ အသက်မဲ့သည့် ဘဝထဲသို့ တိုးဝင်လာသည်။
သူ့အား 'အိမ်' ဟူသော စကားလုံး၏ နွေးထွေးမှုကို ရှင်းရှင်းလင်းလင်း ခံစားရစေခဲ့သည်။
ရှန်းမူမူက လှပသော လက်နှစ်ဖက်ကို အချင်းချင်း ဆုပ်ကိုင်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်၏။ "လုံးဝ မတရားဘူး။"
"ဒါက ရှင်းရှင်းလင်းလင်းကို လူယုတ်မာကောင်ရဲ့ အပြစ်ပဲကို။ သူက နှစ်ဖက်စလုံးကို လှည့်စားခဲ့ပေမယ့် နောက်ဆုံးမှာ ဝမ်းနည်းစရာကောင်းတဲ့ အကျိုးဆက်တွေကို ခံစားခဲ့ရသူက ရှင့်အစ်မ ဖြစ်နေတယ်။ သူမက ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပေမယ့် အဲဒီလူယုတ်မာကြောင့် အားလုံး ပျက်စီးသွားခဲ့ရတယ်။"
သူမ စကားကို ခေတ္တရပ်တန့်လိုက်ပြီး လက်သီးများကို ပို၍ပင် တင်းကျပ်စွာ ဆုပ်ထားလိုက်ကာ သူမ၏ ရှည်လျားသော မျက်တောင်များသည် ဒေါသကြောင့် အနည်းငယ် တုန်ယင်နေသည်။
"အွန်လိုင်းမှာ ပြောကြတာ တကယ်ကို အဓိပ္ပါယ်ရှိတယ်။"
ချီမော့က သူမကို စူးစူးစိုက်စိုက်ကြည့်ရင်း မေးလိုက်သည်။ "ဘာပြောတာလဲ။"
ရှန်းမူမူ : "ယောက်ျားတွေနဲ့ မနီးကပ်စေနဲ့။ မင်းပဲ စိတ်မချမ်းမသာဖြစ်ရလိမ့်မယ်တဲ့။"
သူမပြောပြီးသည်နှင့် ထိုအမျိုးသား၏ မျက်လုံးများက မသိမသာ လှုပ်ခတ်သွားသည်။
ရှန်းမူမူ : "အမျိုးသမီးတွေက ကိုယ်တိုင် ပိုက်ဆံရှာပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်သင့်တယ်။ အဲဒါက တကယ် မှန်တဲ့ အမှန်တရားပဲ။ အချစ်ငှက်တွေလို ဇာတ်လမ်းလေးတွေ လုပ်ချင်ရင် အတားအဆီးတွေ ဖြစ်လာလိမ့်မယ်။ ရှင့် အစ်မအကြောင်း ကြားပြီးတော့ ဉာဏ်ရှိတဲ့လူတွေက အချစ်မှာ မနစ်မြုပ်သင့်ဘူးလို့ ကျွန်မ ပိုယုံကြည်သွားမိပြီ။"
ထိုလူ၏ မျက်လုံးများထဲ၌ မည်းမှောင်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ သူက ပေါ့ပေါ့ပါးပါး 'အင်း' ဟု ပြောလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
သူက မပြတ်သားဘဲ ဒွိဟဖြစ်စေသည့် အကြည့်တို့နှင့် အဝေးသို့ ငေးနေရင်း သူနှုတ်ခမ်းတို့က သူ့ကိုယ်သူ ရှုံ့ချနေဟန်ဖြင့် ခပ်ရေးရေး ကွေးညွှတ်သွားသည်။
တခဏကြာပြီးနောက် သူမ ဘေးနားရှိလူက မည်သည့် တုံ့ပြန်မှုမှ မပြုသည်ကို သတိပြုမိသွားပြီး ရှန်းမူမူက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
သူမသည် သူ့မျက်လုံးများ၌ အမြဲလိုလို အေးစက်မှုနှင့် အထီးကျန်မှုတို့သာ ရှိနေသည်က မည်သည့်အတွက် ဖြစ်ကြောင်း နောက်ဆုံးတွင် ရှင်းလင်းချက်တစ်ခုကို တွေ့ရှိခဲ့ပြီဟု သူမ ခံစားလိုက်ရသည်။
ယနေ့မတိုင်မီတွင် သူမသည် အမြဲတမ်း သပ်ရပ်ကျော့ရှင်း၍ ခန့်ညားတည်ငြိမ်ကာ အပြင်ဘက်ရှိ လူအများအပြား၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရသော ဤအမျိုးသားတွင် အမှန်တကယ်၌ ထိုကဲ့သို့ ဖုံးကွယ်ထားသော ဝမ်းနည်းဖွယ် လေးလံသည့် မှတ်ဉာဏ်တို့ ရှိနေကြောင်း မည်သည့်အခါမှ ထင်မှတ်မိလိမ့်မည် မဟုတ်ပေ။
သူမ နှလုံးသားက လီမွန်ကို အရည်ညှစ်ထားသလို ချဉ်စုတ်စုတ် အရသာနှင့် နာကျင်လာသလို ခံစားလိုက်ရသည်။
ချီမော့ကို ကြည့်နေသည့် သူမ၏ အကြည့်တို့တွင် မသိလိုက်ဘာသာနှင့် သနားကြင်နာခြင်းတို့ ယိုစိမ့်နေခဲ့သည်။
သူမ၏ အကြည့်ကို သတိထားမိခဲ့ပြီး လေးလံသော စိတ်အခြေအနေ ရှိနေသည့် အမျိုးသားက သူမဘက်သို့ လှည့်ကြည့်လာသည်။
"ကိုယ့်ကို အဲဒီလိုမကြည့်ပါနဲ့။"
နောက်တခဏတွင် သူက ခုံတန်းလေးမှ ထရပ်လိုက်သည်။
သူက လက်ကို ဆန့်ထုတ်ကာ သူမ ခေါင်းလေးကို ပွတ်သပ်ကာ ဆံပင်များအား ဖွလိုက်သည်။ သူ့နှုတ်ခမ်းထောင့်က မြင့်တက်လာပြီး စိတ်ဓာတ်ကျနေသည့် အကြည့်တို့က ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ကိုယ် အထင်လွဲသွားမိလိမ့်မယ်။"
သူမက သူ့ကို ဂရုစိုက်တယ်လို့ အထင်လွဲသွားမိပေလိမ့်မည်။
သူမ အစောပိုင်းက ပြောခဲ့သည့် 'အချစ်မှာ မကျရှုံးဘူး' ဟူသည့် စကားကို အပြောကြီးနေရုံပဲဟု အထင်လွဲသွားမိလိမ့်မည်။
သူမ၏ ဦးခေါင်းထိပ်ရှိ သိမ်မွေ့သော အထိအတွေ့ကြောင့် ရှန်းမူမူက မော့ကြည့်လိုက်သည်။
နှင်းမှုန်များ ကျဆင်းနေသည့် ရှုခင်းကို နောက်ခံထားပြီး သူမ၏ တောက်ပကာ ဆွဲဆောင်မှုရှိသည့် မျက်လုံးများသည် ခိုကိုးရာမဲ့ သမင်ငယ်လေးများကဲ့သို့ ပို၍ပင် တောက်တောက်ပပနှင့် ဆွဲဆောင်မှု ရှိနေသည်။
သူ့စကားနောက်ကွယ်က အဓိပ္ပါယ်ကို သူမ မစဉ်းစားရသေးခင် သူက လက်ကို ပြန်ရုတ်ပြီး လှည့်ထွက်သွားသည်။
"အိမ်ပြန်ကြမယ်။"
*****
ကားပေါ်တက်ပြီးနောက် ရှန်းမူမူသည် လေထုက အလွန်လေးလံနေလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ ချီမော့က သူမ ထင်ထားသည်ထက် ပိုမိုလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
သူက အင်္ကျီကို ဖြည်းညင်းစွာ ချွတ်၍ အပူပေးစက်ကို ဖွင့်ကာ ကားကို စ မောင်းလိုက်သည်။
ရှန်းမူမူက သူမအိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး သူ့အား လှမ်းပေးလိုက်သည်။ "စားချင်လား။"
ချီမော့က သူမကို လှည့်ကြည့်လိုက်ပြီး ရယ်ချင်စိတ်ကို မြိုသိပ်ထားရသည့် အသံနှင့် မေးလိုက်သည်။ "မင်းက ကိုယ့်ကို ကလေးလို ချော့ဖို့ ကြိုးစားနေတာလား။"
ရှန်းမူမူက ပြုံးလိုက်သည်။ "ရှင့်လိုမျိုး အရပ် ၁.၉ မီတာရှိတဲ့ ကလေး မရှိဘူး။"
ချီမော့၏ မျက်လုံးများထဲတွင် ရယ်မြူးရိပ်တို့နှင့် ပြည့်နေပြီး သူက ပုံမှန်စရိုက်နှင့် ကွဲပြားစွာ စနောက်လိုက်သည်။ "မင်းပဲ စားပါ။ ကိုယ်က ကလေးဆီကနေ သကြားလုမစားတတ်ဘူး။"
ရှန်းမူမူက အံ့အားသင့်သွားသည်။ "......"
ထိုအချိန်၌ ရှန်းမူမူ၏ ဖုန်းသို့ WeChat မက်ဆေ့ချ် ဝင်လာသည်။
ချီရှောင်ပိုင်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ရှန်းမူမူတို့ ဘယ်ရောက်နေသလဲဟု မက်ဆေ့ချ်ပို့ကာ သူ အိပ်ရာမှ နိုးလာသောအခါ ဗီလာထဲတွင် သူ တစ်ယောက်တည်းသာ ကျန်ခဲ့ရကြောင်း မကျေမနပ် ညည်းညူနေသည်။
ပုံမှန်အခြေအနေဆိုလျှင် ရှန်းမူမူသည် သူ့ကို ရွဲ့တဲ့တဲ့ စကားလေးများနှင့် တစ်ခွန်းနှစ်ခွန်းလောက်တော့ နှုတ်လှန်ထိုးလိမ့်မည် ဖြစ်သည်။
သို့သော် ယနေ့တွင် သူ့ရဲ့ နောက်ခံအကြောင်းကို သိရှိပြီးနောက်မှာတော့ သူမဟာ 180 ဒီဂရီလောက် ပြောင်းပြန်လှန်သွားပြီး နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
"ငါတို့ အခု ပြန်လာနေပြီ။ မနက်စာ စားပြီးပြီလား။ လိမ္မာတဲ့ကောင်လေး မင်း ဘာစားချင်လဲ။ ငါ မင်းအတွက် ဝယ်လာခဲ့ပေးမယ်။ [ကြင်နာတတ်တဲ့ဒေါ်လေး Emoji]"
ချီရှောင်ပိုင်က တောင့်တင်းသွားပြီး တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူက ဖုန်းခေါ်လာ၏။
ရှန်းမူမူသည် မျက်နှာထက်တွင် လေးနက်သည့် အကြည့်တို့ ရှိနေပြီး ဖုန်းကိုင်လိုက်သည်။
ဖုန်း၏ အခြားတစ်ဖက်မှ ချီရှောင်ပိုင်က ပြောလိုက်သည်။ "ဘာမှ မပြောနဲ့။ ကျွန်တော် ပြောတာကို နားထောင်။ ခင်ဗျား ပြန်ပေးဆွဲခံရတာဆိုရင် ချောင်းတစ်ခါဆိုးပြ။"
ရှန်းမူမူက ဆွံ့အသွားသည်။ "............"
သူမက အကူအညီ တောင်းဖို့ လိုအပ်နေတာကြောင့် ထူးထူးဆန်းဆန်း မက်ဆေ့ခ်ျတွေ ပို့နေတယ်လို့ သူ ထင်နေတာလား။
ရှန်းမူမူက အသံကို မြှင့်ကာ ပြောလိုက်သည်။ "ငါ လုံးဝကို အဆင်ပြေတယ်။ ပြန်ပေးဆွဲမခံရပါဘူးဟ!"
ထိုသို့ ပြောပြီးနောက် သူမက ကားမောင်းနေသော ချီမော့ကို လှည့်ကြည့်ကာ ညည်းညူဘဲ မနေနိုင်ခဲ့ပေ။
"ဒီကလေးခေါင်းထဲမှာ ဘာတွေရှိနေလဲမသိဘူး။ မနက်စာ ဘာစားချင်လဲလို့မေးတဲ့ဟာကို သူက တကယ်ကြီး ကျွန်မ ပြန်ပေးဆွဲခံရတာလို့ ထင်နေတယ်တဲ့။"
ချီမော့ နှုတ်ခမ်းများက ကွေးသွားကာ သူ၏ ချောမောသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ရှန်းမူမူ : "အဓိပ္ပါယ်မရှိလိုက်တာ။"
ဖုန်းတစ်ဖက်မှ ချီရှောင်ပိုင်၏ အသံ ထွက်ပေါ်လာသည်။
"ခင်ဗျားရဲ့ စကားက အရမ်းထူးဆန်းနေတယ်လေ။ ကျွန်တော် ဒီလိုတွေးမိတာ ပုံမှန်ပါပဲ။ ခင်ဗျား သေချာ သတိထားပြီး နိုးနိုးကြားကြားနေဖို့လိုတယ်၊ မူလတန်းကျောင်းသူလေးတွေတောင် ဒါကိုသိတယ် သိရဲ့လား။"
ရှန်းမူမူ အတော်လေး ဆွံ့အသွားရပေသည်။ "......ဒါကို ဂရုစိုက်ပေးတာလို့ ခေါ်တယ်။ မင်း ငါ့ကို ကျေးဇူးတင်ဖို့ အကြံပေးလိုက်မယ်နော်။"
ချီရှောင်ပိုင်က လှောင်ပြောင်ရယ်မောလိုက်သည်။ "ခင်ဗျားရဲ့စကားတွေကို သတိထားဖို့ အကြံပေးတယ်။"
ရှန်းမူမူက အသက်ပြင်းပြင်းရှူလိုက်သည်။ "......"
အိုခေ ကောင်းပြီလေ။
စိတ်မဆိုးနဲ့ ဒေါသမထွက်နဲ့။
အဲဒီကောင်စုတ်လေးနဲ့ ရန်ဖက်မဖြစ်နဲ့။