တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစည်းရုံးရေးစုဝေးပွဲ
Vol. 4 Ch. 56
"မသွားတော့ဘူး။ ကျွန်မ အိမ်ပြန်ရမယ်။ ညလယ်စာကတော့ ထားလိုက်ပါတော့။" ရှန်းမူမူက ယဉ်ကျေးစွာပြုံးပြီး ချန်ကျိုး၏ ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်သည်။
"ကောင်းပါပြီ။ ဒါဆို ကျွန်တော် အရင်ပြန်လိုက်တော့မယ်။ မနက်ဖြန်မှ တွေ့မယ် မစ္စရှန်း။" ချန်ကျိုးက ပြုံးပြကာ လက်ဝှေ့ယမ်း၍ နှုတ်ဆက်ပြီး ဝန်ထမ်းကားပါကင်ဆီသို့ လျှောက်သွားခဲ့သည်။
ရှန်းမူမူ ထွက်မသွားခင် စက္ကန့်အနည်းငယ်ကြာအောင် မတ်တပ်ရပ်နေခဲ့သည်။
စုထင်းရန်၏ စကားလုံးများက သူမ နားထဲတွင် ပဲ့တင်ထပ်နေကာ ချန်ကျိုး၏ တောက်ပသော အပြုံးက သူမ စိတ်ထဲသို့ ရောက်ရှိလာသည်။
သူမ မည်မျှ ကြိုးစားတွေးကြည့်ပါစေ ထိုတောက်ပသော အပြုံးကို 'မကောင်းသော ရည်ရွယ်ချက်များ' ဟူသော စကားလုံးနှင့် တွဲမြင်၍မရနိုင်ပေ။
သေချာပေါက် အဲဒီလို ဖြစ်မလာနိုင်လောက်ပါဘူး။
သူမက သက်ပြင်းတစ်ချက်ချကာ ပခုံးတွန့်လိုက်မိသည်။ ထို့နောက် လှည့်ထွက်သွားခဲ့၏။
မဝေးလှသော ကားအတွင်းမှ ချန်ကျိုးက ကားကို ချက်ချင်း စက်မနှိုးခဲ့ပေ။
သူ့လက်ကို ကားပြတင်းဘောင်သို့ တင်ပြီး ပြတင်းမှန်ကို ချလိုက်သည်။
သူ၏ တောက်လောင်နေသော အကြည့်များက အဝေးသို့ ထွက်ခွာသွားသည့် ပုံရိပ်ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့၏။
သူက အတွေးထဲတွင် နစ်ဝင်သွားသလို မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
***
ကျင်းမြို့၏ အမှတ် ၁ အလယ်တန်းကျောင်းက ကျောင်းစဖွင့်ပြီ ဖြစ်သည်။
အထက်တန်း တတိယနှစ် ကျောင်းသားများသည် သတင်းပို့ရန်အတွက် ပထမနှစ်နှင့် ဒုတိယနှစ်များထက် တစ်ပတ်စောပြီး ပြန်လာခဲ့ကြရသည်။
ချီရှောင်ပိုင်သည် ကျောပိုးအိတ်ကို ပခုံးထက်တင်ကာ စာသင်ခန်းထဲသို့ လျှောက်သွားသည်။ သူဝင်လာသည်နှင့် ဝေ့ကျောက်နန်က စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြရင်း ကြော်ညာသင်ပုန်းတွင် ကပ်ထားသော အတန်းခွဲဝေစာရင်းကို ညွှန်ပြနေသည်ကို တွေ့လိုက်ရသည်။
"ချီရှောင်ပိုင် အတန်းခွဲဝေမှုစာရင်း ထွက်လာပြီ။ ငါတို့က တန်းခွဲလေးမှာ အတူတူပဲ။"
ချီရှောင်ပိုင်တွင် ရင်းနှီးသော သူငယ်ချင်းများစွာ မရှိပေ။ ဝေ့ကျောက်နန်သည် သူ၏ ညီအစ်ကိုဟု သတ်မှတ်နိုင်သော တစ်ဦးတည်းသောသူ ဖြစ်သည်။
ထို့ကြောင့် ဤသတင်းကို ကြားသိလိုက်ရသည့်အခါ သူက ပျော်ရွှင်သွားသည်။
လူငယ်လေး၏ ချောမောကာ သိမ်မွေ့နူးညံ့သော မျက်နှာပေါ်တွင် ပျင်းရိသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက မေးကို မော်ရင်း ကျောင်းမုန့်ဆိုင်သို့ ဦးတည်လိုက်သည်။
"သွားရအောင်။ ငါ ရေငတ်လို့ သေတော့မယ်။"
နွေရာသီကုန်သွားသော်လည်း အပူဒဏ်က ရှိနေဆဲ ဖြစ်သည်။
ကားရပ်ရာနေရာမှ စာသင်ခန်းဆီသို့ လမ်းလျှောက်လာရသည်ကပင် သူ့ လက်ဖဝါးများကို ချွေးများ စို့လာစေသည်။
အရပ်တူညီသည့် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးနှစ်ယောက်က ရနံ့မွှေးကြိုင်နေသော ပရုတ်ပင်များ ရှိနေသည့် လမ်းတလျှောက်ကို ဖြတ်ကာ ကျောင်းမုန့်ဆိုင်သို့ အေးအေးဆေးဆေး လျှောက်သွားခဲ့ကြသည်။
နေ့လယ်ခင်း နေရောင်ခြည်က သူတို့၏ အနောက်ဘက်မှ အလင်းပေးနေလေရာ ချီရှောင်ပိုင်၏ ပုံရိပ်ကို မြေပြင်ပေါ်တွင် အနည်းငယ် ရှည်မျောမျော အရိပ်ထင်နေစေသည်။
သူတို့ဘက်သို့ လျှောက်လာနေသည့် မိန်းကလေးအချို့က မနေနိုင်ဘဲ သူတို့အား ခိုးခိုးကြည့်နေကာ သူတို့ မျက်ဝန်းများထဲမှ စိတ်လှုပ်ရှားပျော်ရွှင်မှုတို့နှင့် ရှက်ရွံ့နေမှုတို့အား ဝှက်မထားနိုင်ခဲ့ပေ။ သူတို့က သူငယ်ချင်းများကို လက်တို့ရင်း တီးတိုးပြောနေကြသည်။ "အဲဒီအချောလေးကို ကြည့်ပါဦး။"
ကောင်လေး၏ အေးစက်သော အကြည့်များက သူတို့အပေါ် သာမန်ကာလျှံကာ ဝေ့ဝဲသွားသည်။
အကြည့်က ခဏတာမျှသာ ဖြစ်သော်လည်း မိန်းကလေးများ၏ နှလုံးသားများသည် အဆပေါင်းများစွာ ပိုမြန်လာသည်။ သူမတို့က ရှက်ကိုးရှက်ကန်းဖြင့် အကြည့်များကို လွှဲလိုက်ကာ မြန်ဆန်လှသော ခြေလှမ်းများဖြင့် ပြေးထွက်သွားကြသည်။
ဝေ့ကျောက်နန်သည် ထိုသို့သောမြင်ကွင်းမျိုးကို ကျင့်သားရနေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သူက သက်ပြင်းချကာ ညည်းညူလိုက်၏။ "ကျစ်… ငါတို့ နှစ်ယောက်လုံးက အရပ်အမောင်းလည်း တူပြီး ချောတာချင်းလည်းအတူတူကို ကောင်မလေးတွေက ဘာလို့ မင်းကိုပဲ တိတ်တိတ်လေး သဘောကျပြီး ငါ့ကိုတော့ တစ်ချက်လေးတောင် မကြည့်ရတာလဲ။ တော်တော်လေး မတရားဘူး။ ငါတို့ကျောင်းက မိန်းကလေးတွေ အာရုံခံနိုင်စွမ်း ညံ့တယ်လို့ မင်းမထင်ဘူးလား။"
ချီရှောင်ပိုင်က မျက်ခုံးပင့်လိုက်သည်။ သူက သူ့သူငယ်ချင်းကို မျက်လုံးစွေကြည့်ရင်း သရော်လိုက်၏။ "သူတို့က မင်းကို သဘောမကျချင်တာလည်း ဖြစ်နိုင်တာပဲ။"
ဝေ့ကျောက်နန်က ချဲ့ချဲ့ကားကားပုံစံဖြင့် ခွန်းတုန့်ပြန်လိုက်သည်။ "ဘာလို့လဲ… ငါကရော ရုပ်မချောလို့လား။"
ချီရှောင်ပိုင်က ခေါင်းယမ်းလိုက်ပြီး ဆက်ကာ လမ်းလျှောက်နေရင်း ပြောလိုက်၏။ "ငါတော့ အဲဒီလို မထင်ဘူး။ မင်းက ရုပ်ဆိုးတယ်လို့ မသတ်မှတ်နိုင်ရုံလောက်ပဲ။"
မမျှော်လင့်ဘဲ ဝေ့ကျောက်နန်က ပြန်မငြင်းခုန်လာခဲ့ပေ။ သူက တစ်ခုခုကို တွေးမိလိုက်သလို လက်ခုပ်တစ်ချက်တီးလိုက်ပြီး အလန့်တကြားဟန်ဖြင့် ပြောလိုက်သည်။
"ဟုတ်သားပဲ။ ဒီနှစ် ငါတို့ကျောင်းက မိန်းကလေး အထက်တန်းကျောင်းနဲ့အတူ ပေါင်းပြီး တက္ကသိုလ်ဝင်ခွင့် လှုပ်ရှားမှုစုဝေးပွဲ ကျင်းပမယ်ဆိုတာ ကြားပြီးပြီလား။"
ကျင်းမြို့ အမှတ်တစ် အလယ်တန်းကျောင်းနှင့် ကျင်းမြို့ မိန်းကလေးအထက်တန်းကျောင်းတို့က ချစ်ကြည်ရင်းနှီးသော ကျောင်းများဖြစ်ပြီး မကြာခဏဆိုသလို စုဝေးပွဲများ အတူတကွ ကျင်းပကြသည်။
သို့ပေမယ့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ လှုပ်ရှားမှုစုဝေးပွဲကို သူတို့ ပူးပေါင်းကျင်းပတာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုသတင်းကို ကြားရသည့် ဝေ့ကျောက်နန်အပါအဝင် တတိယနှစ် အထက်တန်း ကျောင်းသားများ အားလုံးက အလွန် ပျော်ရွှင်နေကြသည်။
မိန်းကလေး အထက်တန်းကျောင်း၌ အချောအလှလေးများ အများကြီးရှိသည့်အတွက် သူက မျှော်လင့်ချက်အပြည့်နှင့် ဖြစ်နေခဲ့၏။
ချီရှောင်ပိုင်က သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ "အဲဒါကို ငါ မကြားမိဘူး။"
သူ ကြားမိလျှင်ပင် ဂရုမစိုက်ပေ။
သူ၏ လုံးလုံးလျားလျား လျစ်လျူရှုမှုကို မြင်သည့်အခါ ဝေ့ကျောက်နန်က ပို၍ပင် မခံမရပ်နိုင် ဖြစ်လာသည်။ သူက ခါးသီးစွာ ညည်းတွားလိုက်၏။
"သခင်လေးချီ အဲဒါကိုလေ 'လူချမ်းသာတွေက ဆင်းရဲသားတွေရဲ့ ဆင်းရဲဒုက္ခကို မသိဘူး၊" လို့ ခေါ်တယ် သိရဲ့လား။ မိန်းကလေးတွေ တော်တော်များများက မင်းကို သဘောကျကြတယ်။ အဲဒါကြောင့် မင်းက ငါတို့လို သာမန်ပြည်သူတွေရဲ့ စိတ်ဒုက္ခတွေကို နားမလည်နိုင်ပါဘူး။"
ချီရှောင်ပိုင်က မျက်ခုံးပင့်လိုက်သည်။ "အခုလေးတင်ပဲ မင်းက ရုပ်ချောတယ်လို့ ကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား။ အခုတော့ မင်းက သာမာန်ပဲဆိုတာ ဝန်ခံနေပြီလား။"
ဝေ့ကျောက်နန် : "......"
ချီရှောင်ပိုင်က ကျောင်းမုန့်ဆိုင်ရှိ ရေခဲသေတ္တာကို ဆွဲဖွင့်ပြီး အအေးခံထားသော ရေတစ်ပုလင်းကို ထုတ်ယူလိုက်သည်။
သူက ရေငတ်လွန်းနေသည့်အတွက် ပိုက်ဆံပင် အရင်မပေးနိုင်ဘဲ အဖုံးကို တန်းဖွင့်ကာ ချက်ချင်း မော့သောက်လိုက်သည်။
သူ့နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ရှိနေပြီး ငယ်ရွယ်ပျိုမြစ်၍ အပူအပင်ကင်းသော စိတ်ဝိညာဥ်ကို နေရောင်ခြည်က မီးမောင်းထိုးပြထားသည်။
ရိုးရိုး အနက်ရောင် တီရှပ်နှင့် မီးခိုးရောင် ဘောင်းဘီ ဝတ်ထားသည့်တိုင် သူသည် သူ့အသက်အရွယ်ရှိ အခြား ယောက်ျားလေးများထက် ပိုမိုစတိုင်ကျလှ၏။
ဝေ့ကျောက်နန်သည် မုန့်ဆိုင်ကောင်တာသို့ မှီ၍ စိတ်ပူပန်သောကရောက်နေသော မျက်နှာနှင့် သူ့ကို ကြည့်လိုက်သည်။
"ဟင်း..... ကောင်မလေးတွေအထင်ကြီးဖို့ စုဝေးပွဲမှာ ဆံပင်ပုံစံအလန်းစားလေး လိုချင်ခဲ့တာ။ သူတို့က မိဘတွေကိုလည်း လာတက်ခိုင်းတယ်တဲ့။ ငါ ဆံပင်ပုံစံပြောင်းလိုက်ရင် ငါ့ အမေက သေချာပေါက် ဆူလိမ့်မယ်။ မလုပ်ပြန်ရင်လည်း အထက်တန်းကျောင်း မိန်းကလေးတွေကို ငါ့ရဲ့ ချောမောလှတဲ့ ရုပ်ရည်ကို ထုတ်ပြလို့ မရနိုင်လောက်ဘူး။ ဒါက တော်တော်ဆိုးတာပဲ။"
ချီရှောင်ပိုင်၏ မျက်ခုံးများက စုကျုံ့သွားသည်။ "မိဘတွေလည်း တက်ရမှာလား။"
သူသည် ယခင်နှစ်များက ကောလိပ်ဝင်ခွင့် စာမေးပွဲ စည်းရုံးရေး စုဝေးပွဲကို ကျောင်းသားများသာ တက်ရောက်ရန် လိုအပ်ကြောင်း အမှတ်ရလိုက်သည်။
"ဟုတ်တယ်။ ငါတို့မှာ ကြီးကြပ်ရေးမှူးအသစ်တစ်ယောက်ရခဲ့ပြီး ဒီနှစ်မှာ ဆရာတွေ အများကြီးပြောင်းသွားတယ်။" ဝေ့ကျောက်နန်က ပြောလိုက်သည်။ "တံမြက်စည်းအသစ်တွေက ပြောင်စင်အောင် လှည်းချင်ကြတယ်လေ။ သူတို့က အရင်နှစ်တွေနဲ့ မတူအောင် လုပ်ချင်နေတာ။"
ထိုသို့ပြောပြီးနောက် ဝေ့ကျောက်နန်သည် ကျစ်ခနဲ စုတ်သပ်လိုက်ပြီး ရေဘူးဖိုး ငွေပေးချေနေသည့် ချီရှောင်ပိုင်ကို ကြည့်လိုက်သည်။ "ဟေ့ကောင်.. မင်း ဘာလို့ ဘာမှမသိနိုင်ရတာလဲ။"
ချီရှောင်ပိုင်က တံခါးဘေးရှိ ခုံတန်းလျားပေါ်တွင် ပျင်းရိစွာ ထိုင်ချလိုက်၏။ "ငါက မင်းလောက် အတင်းအဖျင်း မပြောတတ်ဘူးလေ။"
ဝေ့ကျောက်နန် : "ငါသာ မင်းသူငယ်ချင်းအဖြစ် ရှိမနေပေးရင် ဘယ်နေ့ကျောင်းစတက်ရမှန်းတောင် သိမှာ မဟုတ်ဘူး။"
ချီရှောင်ပိုင်က သူ့ကို စူးစူးရဲရဲ ကြည့်လိုက်သည်။
ဝေ့ကျောက်နန်က ၎င်းကို လျစ်လျူရှုပြီး မေးလိုက်သည်။ "စကားမစပ် ဒီစုဝေးပွဲကို ဦးလေးချီ လာမှာလား။ ဒါမှမဟုတ် သူ့လက်ထောက်လား။"
ချီရှောင်ပိုင်၏ အကြည့်က အဝေးမှ အားကစားကွင်းဆီသို့ ရောက်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။
"ငါလည်း မသိဘူး။"
..........
ထိုညတွင် ချီရှောင်ပိုင် အိမ်ပြန်ရောက်သည့်အခါ ရှန်းမူမူက ဧည့်ခန်းရှိ ဆိုဖာသေးသေးလေးပေါ်တွင် တီဗီဒရာမာကြည့်နေသည်ကို မြင်လိုက်ရသည်။ သူက ထိုကိစ္စကို သူမအား ပြောပြလိုက်သည်။
"တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စည်းရုံးရေး စုဝေးပွဲလား။"
ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ရှန်းမူမူက လိမ္မော်သီးကို အခွံခွာရင်း သူ့ကို မော့ကြည့်လိုက်သည်။ "ဟုတ်လား။"
ချီရှောင်ပိုင်က ရှန်းမူမူကို ကြည့်လိုက်ပြီးနောက် အပေါ်ထပ်ရှိ စာကြည့်ခန်းကို တစ်ချက်လှမ်းကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
"ဟုတ်တယ်။ ခင်ဗျား သွားမှာလား။ အဖေ သွားမှာလား။"
ရှန်းမူမူသည် အပေါ်ထပ်ရှိ ချီမော့၏ ထင်မြင်ချက်ကို မေးမြန်းရန် ရည်ရွယ်ချက်မရှိပေ။ သူမက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ "ငါ သွားမှာပေါ့။"
မိဘများ တက်ရောက်ရန် လိုအပ်သည့် စည်းဝေးပွဲများ ရှိနေသရွေ့ သူမက ကျောင်းလှုပ်ရှားမှုများတွင် ပျော်ပျော်ရွှင်ရွှင်ပင် ပါဝင်လိမ့်မည် ဖြစ်သည်။
ထို့ပြင် ၎င်းသည် ချီရှောင်ပိုင်၏ ကျောင်းတစ်ဝိုက်ရှိ အဆာပြေမုန့်များ ဝယ်စားရန်အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။ ချီရှောင်ပိုင်တို့ ကျောင်းအနီးဝန်းကျင်၌ စားစရာမုန့်များစွာ ရှိကြောင်း သူမ မှတ်မိပေသည်။
"ကောင်းပြီ။" သူမ ပြန်ဖြေတာကိုကြားသည့်အခါ ချီရှောင်ပိုင်က အသိအမှတ်ပြုသည့် အနေနှင့် ခေါင်းညိတ်လိုက်ပြီး သူ့အခန်းဆီ လျှောက်သွားသည့် လမ်း၌ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားသည်။
သူ့အခန်းထဲ ပြန်ရောက်သည့်အခါ စာကြည့်ထိုင်ခုံပေါ်တွင် ပျင်းရိစွာ မြုပ်သွားသည်အထိ ထိုင်ချလိုက်ပြီး ခပ်ငေးငေးနှင့် လက်ထဲမှ ဘောပင်န်ကို လှည့်နေခဲ့သည်။
သူ့စိတ်ခံစားချက်က နားမလည်နိုင်စွာ ပျော်ရွှင်မြူးနေသည်ကို ခံစားမိသည့်အခါ သူက ခေတ္တ ရပ်တန့်လိုက်ပြီး ဘောပင်န်အား စားပွဲပေါ်ချလိုက်သည်။
ထို့ကြောင့် သူသည် သူထင်ထားသလောက် လျစ်လျူရှုကာ မခံစားတတ်ခြင်း မဟုတ်ကြောင်း ထင်ရှားပေသည်။
ရှန်းမူမူက မိဘတစ်ဦးအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စည်းရုံးရေး စုဝေးပွဲသို့ တက်ရောက်မည်ဟု ကြားလိုက်သည့်အခိုက်အတန့်တွင် သူ၏ နှလုံးသားက သိမ်မွေ့သည့်... ကြည်နူးမှုကို ခံစားလိုက်ရပေသည်။
ယခင်က ကျောင်းလှုပ်ရှားမှုများတွင် မိဘများ တက်ရောက်န် လိုအပ်တဲ့အခါတိုင်း သူ့အတန်းဖော်များ၏ ထိုင်ခုံများတွင် သူတို့၏ အဖေနှင့် အမေတို့က နေရာယူထားလိမ့်မည် ဖြစ်သည်။
သူ့ ထိုင်ခုံမှာ ထိုင်နေသည့် သူက အမြဲတမ်း လက်ထောက်သုန်းတစ်ယောက်တည်း ဖြစ်၏။
လက်ထောက်သုန်းသည် အခြေအနေတိုင်းကို ဖြတ်ကျော်ရန် သင့်လျော်သော အပြုံးတစ်ခုကို အမြဲ ပြသထားသည်။
ချီရှောင်ပိုင်၏ အဆင့်များ မည်မျှမြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ သူ့မျက်နှာတွင် ပြောင်းလဲမှုတစ်ခုမျှ ပေါ်လာမည်မဟုတ်ပေ။
ဝေ့ကျောက်နန်က အမြဲတမ်း ညည်းညူကာ သက်ပြင်းချရင်း ပြောလေ့ ရှိသည်။ "မင်းက အဆင့်တွေ ကျသွားရင်တောင် စာသင်ဖို့ စိတ်ပူစရာ မလိုတာ အရမ်း မိုက်တာပဲ။ ငါ တကယ်ကို ငါ့ အမေ မိဘအစည်းအဝေးတွေ လာမတက်စေချင်ပေမယ့် ဖြစ်ချင်တော့ သူမက အရမ်း အားလပ်နေတယ်လေ။"
ထိုစကားများကို မကြာခဏကြားရပြီးနောက် အချိန်ကြာလာသည့်အခါ ချီရှောင်ပိုင်သည် သူ့အခြေအနေကလည်း သိပ်မဆိုးလှဘူးဟု ခံစားလာရပေသည်။
မိဘ မရှိသော မိဘတွေ့ဆုံပွဲများသည် မကောင်းသောအရာ မဟုတ်ပေ။
နောက်ဆုံးတွင် သူ၏ စာမေးပွဲရမှတ်များသည် သန်းရာနှင့်ချီသော သူ့မိသားစုကုမ္ပဏီ၏ ပရောဂျက်များနှင့် နှိုင်းယှဉ်ပါက အသေးအဖွဲဖြစ်သည်။
၎င်းက သိပ် အရေးမကြီးလှပေ။
"ဒေါက်... ဒေါက်...."
အလောတကြီး တံခါးခေါက်သံက သူ့အတွေးတွေကို အနှောင့်အယှက် ပေးလိုက်သည်။
တံခါးဖွင့်လိုက်သည့်အခါ ရှန်းမူမူက အပြင်မှာ ရပ်နေရင်း ပြောလိုက်၏။
"ချီရှောင်ပိုင် ပြီးခဲ့တဲ့ semester က နောက်ဆုံး စာမေးပွဲ စာရွက် တွေ ငါ့ကို ပြပါဦး။ မင်း ဘယ် ဘာသာရပ်မှာ အားနည်းလဲ.. ဘယ်ဘာသာရပ်က အားကောင်းလဲဆိုတာ ငါ့ကို ပြောပြ။"
"မင်း ဘယ်အခြေအနေမှာ ရှိတယ်ဆိုတာသိမှ မင်းရဲ့ ဆရာနဲ့ မရှက်ရွံ့ဘဲ စကားပြောနိုင်မှာ။ ပြီးတော့ အဲဒါက အနာဂတ်မှာ မင်းရဲ့ သင်ယူမှုတွေကို ပိုကောင်းလာအောင် ကြီးကြပ်ဖို့အတွက် ငါ့ကို အထောက်အကူ ပေးလိမ့်မယ်။"
သူမက ခေတ္တရပ်လိုက်ပြီး ခေါင်းယမ်းကာ ဆက်ပြောလိုက်၏။
"မဟုတ်ဘူး။ နောက်ဆုံးစာရွက်တွေချည်းပဲ မလုံလောက်ဘူး။ မင်းရဲ့ လစဉ်စာမေးပွဲစာရွက်တွေကိုရော ရှာလို့ရလား။ အဲဒါတွေ အားလုံးကို ငါ့ဆီ ပေးလိုက်။"
အသက် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးသည် ခဏတာ အံ့အားသင့်သွားပြီး လည်ချောင်းထဲမှ အသံပင် ထွက်မလာတော့အောင် ဆွံ့အနေသည်။
ရှန်းမူမူက ခေါင်းကို ငဲ့ကြည့်လိုက်သည်။ သူမက လက်ကို ချီရှောင်ပိုင်ရှေ့တွင် ဝှေ့ယမ်းလိုက်သည်။
"ဟေ့... မင်း ဘာလို့ ကြောင်ငေးနေတာလဲ။ မင်းမှာ အားကောင်းတဲ့ ဘာသာရပ် တစ်ခုမှ မရှိဘူးလို့တော့ မပြောနဲ့နော်။"
"ဟေး.. ဟေး... မင်း ကြားရဲ့လား။ အဲဒါက အရေးကြီးတယ်နော်။"