အခန်း ၁၂၅
Vol. 10 Ch. 125
နောက်တစ်နေ့မှာ နှစ်ယောက်သား မြို့တော်ဆီပြန်လာပြီး လမ်းခရီးမှာ ဘယ်ကိစ္စကိုမှ မပြောကြပေ။
စုချန်ယန်မှာ ခါတိုင်းလိုဘဲ ပုံမှန်အတိုင်းရှိနေပြီး ရှောင်လုကတော့ စိတ်ရှုပ်နေပုံရကာ လမ်းတွင် စကားသိပ်မပြောပေ။
မြို့တော်ကိုပြန်ရောက်လာတော့ စုချန်ယန်က ခရီးဆောင်အိတ်ကိုချဖို့ အိမ်ပြန်လာပြီး နောက်တော့ ရှောင်လုနဲ့အတူအတူ သတင်းပို့ဖို့ လင်းယွီရဲ့ ရုံးခန်းဆီ သွားလိုက်သည်။
လင်းယွီက သူတို့နှစ်ယောက် ဝင်လာတာကို မြင်တော့ လက်ထဲက စာရွက်စာတမ်းတွေကို ချလိုက်ပြီး ပြုံးလိုက်သည်။ "ဟိုမှာ အရင်ထိုင်ဦး"
စုချန်ယန်က ခေါင်းညိတ်ပြပြီး ရှောင်လုဘေးမှာ ဝင်ထိုင်လိုက်သည်။
ရှောင်လုက သူ့ ဖုန်းကိုဘဲ စူးစူးစိုက်စိုက်ကြည့်နေပြီး သူဘာတွေတွေးနေမှန်း မသိရပေ။
သူမက စိတ်ခံစားချက်တွေကို ဖုံးကွယ်ရာမှာ မကျွမ်းတာကြောင့် လင်းယွီ ရုံးခန်းကနေ ထွက်သွားတဲ့အချိန် သူမလက်မောင်းကို အားကိုးတကြီးနဲ့ ကိုင်လိုက်ပြီး ပြောလိုက်သည်။ "နင်စဉ်းစားနေတာ၊ ဘာတွေတွေးနေတာလဲ?"
ရှောင်လုက ရုတ်ချည်း သက်ပြင်းချပြီး ပြောလိုက်သည်။"ဘာမှမဟုတ်ပါဘူး"
ဒါပေမယ့် သူမရဲ့ ပုံစံကိုကြည့်ရင်တော့ သေချာပေါက်ကို ဘာမှမဟုတ်တာ မဖြစ်နိုင်ပေ။
စုချန်ယန်က သူမပုခုံးကို ဖက်လိုက်ပြီး "အဲဒါကို မစဉ်းစားနဲ့တော့ အရေးမကြီးဘူး။ နင်စိုးရိမ်နေတဲ့အရာက ဖြစ်လာမှာမဟုတ်ဘူး"
ရှောင်လုမှာ သူမဘာကိုဆိုလိုလဲဆိုတာ သိပေမယ့် ရှင်းပြလို့မရနိုင်တာကြောင့် ပြုံးသာပြုံးလိုက်သည်။ "သိပါတယ်"
ခဏအကြာ လင်းယွီက လက်ဖက်ရည်ခွက်နှစ်ခွက်ကို ကိုင်လာကာ စုချန်ယန်နဲ့ ရှောင်လု အရှေ့မှာ ထားလိုက်သည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှောင်လုမှာ စုချန်ယန်ရဲ့အချိန်ဇယားကို လင်းယွီဆီ တစ်ခုပြီးတစ်ခု အစီရင်ခံခဲ့သည်။ သူက စုချန်ယန်ကို ပြုံးကာမေးလိုက်သည်။ "မင်းပျော်ရဲ့လား?"
စုချန်ယန်က ခေါင်းညိတ်လိုက်သည်။ "အင်း"
နောက်တော့ လင်းယွီက သူတို့ဘေးက ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး ပြောလာသည်။ "ပရိသတ် ခုနစ်သန်းရဲ့ အကျိုးကျေးဇူးအတွက် ဘာလုပ်ရမလဲဆိုတာ စဉ်းစားပြီးပြီလား"
စုချန်ယန်က ခေါင်းခါလိုက်ပြီး "ဟင့်အင်း မန်နေဂျာလင်းရော ဘယ်လိုထင်လဲ?"
"တိုက်ရိုက်လွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြောရင်ရော ဘယ်လိုလဲ?" လင်းယွီက အကြံပြုသည်။
ရှောင်လုကလည်း ချက်ချင်းပဲ ပြောလာသည်။ "တိုက်ရိုက်လွှင့်တာ အရမ်းကောင်းတယ်။ ပရိသတ်တွေနဲ့ စကားပြောတဲ့အခါ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တယ်”
စုချန်ယန်က မကန့်ကွက်ဘဲ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ ဒါကို လုပ်လိုက်မယ်"
လင်းယွီက သူမကိုကြည့်လိုက်ပြီး “ကောင်းပြီ၊ ဒါဆို မင်းကိုယ်မင်း ပြင်ဆင်ထား။ Weibo မှာ ဒီည ရှစ်နာရီ livestream လုပ်မယ်"
“ကောင်းပြီ"
"အိုး၊ ဒါရိုက်တာဝမ်က မင်းအချိန်ရရင် ပရိုမိုးရှင်းဓာတ်ပုံနည်းနည်း ရိုက်ဖို့ မျှော်လင့်နေတယ်တဲ့"
"ပရိုမိုးရှင်းဓာတ်ပုံ?" စုချန်ယန်က သူ့ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်သည်။ <Sludge> တွင် သူမရဲ့အခန်းကဏ္ဍမှာ ဇာတ်လမ်းကို သွားစေမယ့်နေရာမှာ ပါဝင်ခဲ့ပေမယ့် အခြေခံအားဖြင့်တော့ သူမက မှတ်ဉာဏ်တွေအဖြစ်သာ ပါဝင်ခဲ့တဲ့အတွက် အများအားဖြင့် ပရိုမိုးရှင်းမှာ ပါလေ့မရှိပါချေ။
လင်းယွီ - “<Sludge> ရိုက်ကူးရေးမှာ မင်းရဲ့ပါဝင်မှုက တော်တော်လေးကို တုန်လှုပ်သွားစေခဲ့တယ်။ ပရိသတ်အများအပြားက တရားဝင်အကောင့်ကို စောင့်ကြည့်နေကြပြီး မင်းအတွက် ပရိုမိုးရှင်းဓာတ်ပုံတွေမပါလို့ရှိရင်၊ သူတို့ မင်းကို ဝေဖန်လိမ့်မယ်"
စုချန်ယန်က နားလည်သဘောပေါက်စွာနဲ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ဘယ်အချိန်ဖြစ်ဖြစ် ကျွန်မမှာ အချိန်ရှိပါတယ်။ ရှင်သွားစေချင်တဲ့အချိန်ဆို ကျွန်မကို အသိပေးပါ"
လင်းယွီက ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလာသည်။ " ချွန်းလင်တောင် ရှုခင်းသာ ဧရိယာရဲ့ တာဝန်ခံက မကြာသေးခင်တုန်းက ငါတို့ ကုမ္ပဏီကို ဆက်သွယ်လာပြီး မင်းနဲ့ ချီဖုကို ambassador အဖြစ် ဖိတ်ကြားဖို့ မျှော်လင့်နေတယ်။ ထျန်းရုန်ရဲ့လွှမ်းမိုးမှုကြောင့် ချွန်းလင်တောင်ရဲ့အွန်လိုင်း ပေါ်ကနာမည်ကျော်ကြားမှုက မကောင်းတာကြောင့် မင်းနဲ့ ချီဖုက သည် သူကိုတိုးတက်အောင်ကူညီနိုင်မယ်လို့ မျှော်လင့်နေကြတယ်။ ဈေးနှုန်းကညှိနှိုင်းလို့ရတယ်"
ချွန်းလင်တောင်က စုချန်ယန်နဲ့ချီဖုကို ဖိတ်တာက အကြောင်းပြချက်ရှိသည်။ ချီဖုက စီချွမ် မှဖြစ်ပြီး စုချန်ယန်ကတော့ အရင် ambassador နဲ့ပတ်သတ်မှု နည်းနည်းရှိသည်။ သူမသာ နောက်ထပ် ambassador ဖြစ်လာရင်ပရိသတ်တွေက ပိုပြီးလက်ခံလာလိမ့်မည်ပင်။
ဒါ့ပြင် စုချန်ယန်လည်း အဲ့ဒီနေရာကို သဘောကျသည်။
"ကောင်းပြီလေး မန်နေဂျာ လင်းပဲ စီစဉ်ပေးပါ" စုချန်ယန်ပြောလိုက်သည်။
လင်းယွီက သူ့အကြည့်ကို ရုတ်လိုက်ပြီး “ကောင်းပြီနားလည်ပြီ။ မင်းအနားယူဖို့ လက်ထောက်ရှုကို ပြန်ပို့ခိုင်းလိုက်မယ်။ လုယင်းနဲ့ ဆွေးနွေးစရာရှိသေးလို့"
စုချန်ယန်က သဘောတူလိုက်ပြီး ရုံးကနေထွက်ခဲ့လိုက်သည်။
စုချန်ယန် ထွက်သွားတဲ့အခါ လင်းယွီက ဆိုဖာပေါ်မှီလိုက်ပြီး သူ့ဘေးနားက စိတ်မသက်မသာဖြစ်နေတဲ့ ရှောင်လုကို ကြည့်လိုက်သည်။
ရှောင်လုမှာ သူ့အကြည့်အောက်မှာ ဦးရေပြားတွေ တင်းကြပ်လာသလို ခံစားလိုက်ရသည်။ "ဝမ်းကွဲအစ်ကို၊ ညီမကို လိုတဲ့နေရာတစ်ခုခုရှိလို့လား?"
လင်းယွီရဲ့ အမူအရာမှာ တည်ငြိမ်နေလျက် ပြောခဲ့သည်။ "ဘာဖြစ်ခဲ့လို့လဲ?"
ရှောင်လု မသိဟန်ဆောင်လိုက်ပြီး "ဘာတွေပြောနေတာလဲ? အစ်ကို့ကို အကုန်ပြောပြခဲ့တာဘဲ မဟုတ်ဘူးလား?"
လင်းယွီက သူမကို စိုက်ကြည့်ရင်းနဲ့ ပြောလာသည်။ "မင်းနဲ့ ချန်ယန် ကြားမှာ တစ်ခုခုလွဲနေတယ်"
ရှောင်လုမျက်ခုံးပင့်လိုက်ပြီး စုချန်ယန် တစ်ခုခုဖြစ်နေတယ်ဆိုတာ သူမက ဘာလို့ မသိလိုက်လဲဆိုတာ သိချင်သွားသည်။
“ပြော ငါစိတ်မဆိုးဘူး” လင်းယွီ စိတ်ရှည်ရှည်နဲ့ ပြောလိုက်သည်။
"အဲဒါ အစ်ကိုပြောတာနော်" ရှောင်လုက သူ့ကို သံသယနဲ့ ကြည့်လိုက်သည်။
“ငါပြောတာ” လင်းယွီက စိတ်ရှည်လက်ရှည်နဲ့ ခေါင်းညိတ်သည်။
ဝမ်းကွဲအစ်ကိုရဲ့ ပြတ်ပြတ်သားသား ကိုယ်ရည်ကိုယ်သွေးကို သိလိုက်ရတော့ ရှောင်လုက သက်သာရာရသလို သက်ပြင်းချလိုက်ပြီး “ဝမ်းကွဲအစ်ကို၊ မေးခွန်းတစ်ခု အရင်ဖြေပေးလို့ရမလား? အစ်ကို ချန်ယန်ကို နည်းနည်းလောက် ကြိုက်လား?"
လင်းယွီက သူမကို မရှောင်ဘဲ ကြည့်လိုက်ကာ ပြောလိုက်သည်။ "ကြိုက်တာ၊ နည်းနည်းလောက် ကြိုက်တာမဟုတ်ဘူး"
ရှောင်လု : “…”
ဘာကွာလို့လဲ?
ဒါပေမယ့် သူမခန့်မှန်းတာ မှန်သည်။ သူမရဲ့ဝမ်းကွဲအစ်ကိုက ချန်ယန်ကို သဘောကျသည်။
"ဒါကကိစ္စရှိလို့လား?" လင်းယွီက စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။
ရှောင်လုက သက်ပြင်းချပြီး ခေါင်းညိတ်လိုက်ကာ “ဟုတ်တယ်၊ ရှိုးမရိုက်ခင်မှာ အစ်ကို့အပေါ်ထားတဲ့ ခံစားချက်ကို ချန်ယန်ကိုမေးခဲ့တယ်"
လင်းယွီ နှုတ်ခမ်းကိုက်လိုက်သည်။ သူ့ကိစ္စတွေမှာ သူများတွေ ဝင်စွက်တာကို မကြိုက်ဘူး။ ခဏလောက် သူတိတ်ဆိတ်သွားပြီး မတတ်နိုင်ဘဲ မေးလိုက်သည်။ “သူ ဘာပြောလဲ?'
ရှောင်လုက မျက်ခုံးကို တွန့်ချိုးလိုက်ပြီး "သူဘာမှတော့ မပြောပါဘူး၊ အစ်ကို့ကိုတောင် ချီးကျူးလိုက် သေးတယ်။ ဒါပေမယ့် အစ်ကို့လို ပုံစံမျိုး ကြိုက်လားလို့ မေးလိုက်တော့ သူက နည်းနည်း ချီတုံချတုံဖြစ်နေတဲ့ ပုံဘဲ။ ညီမက သူစိတ်ဆိုးသွားမှာ ကြောက်လို့ လွန်ခဲ့တဲ့ရက်နည်းနည်းလောက်က သူ့ရှေ့မှာ အစ်ကိုနဲ့စကားပြောရင် ရှောင်ခဲ့တာ။ သူက သူအစ်ကို့ကို တွယ်ကပ်နေမှာ ညီမကကြောက်လို့ သူ့ကို ရှောင်နေတာလို့ အထင်လွဲသွားတဲ့ပုံဘဲ"
လင်းယွီက ဒေါသထွက်တော့မလိုမျိုး နှဖူးတွေ တွန့်လာသည်။
ရှောင်လုက ချက်ချင်းတောင်းပန်လိုက်သည်။ "အစ်ကို၊ တောင်းပန်ပါတယ်၊ ညီမ မှားမှန်းသိပါတယ်။ အစ်ကို့ကိုကူညီချင်ပေမယ့် ပိုဆိုးသွားအောင် လုပ်လိုက်မိတယ်"
လင်းယွီက သူမပြောတာကို တွေးနေပုံရပြီး မျက်ခုံးပင့်လိုက်သည်။ ချီတုံချတုံ ဖြစ်နေတာ? ချန်ယန်က ဘာလို့ ချီတုံချတုံဖြစ်တာလဲ? တစ်ခုခုကို မတော်တဆ စည်းမဲ့ကမ်းမဲ့ လုပ်လိုက်မိလို့လား? ဒါမှမဟုတ် သူ့လုပ်ရပ်တွေက ချန်ယန်ကို မပျော်မရွှင်ဖြစ်စေခဲ့လို့လား?
“အစ်ကို…” ရှောင်လုက သူ့အမူအရာ မရှင်းမလင်းဖြစ်နေတာကို မြင်ပြီး တိုးတိုးလေး အော် ခေါ်လိုက်သည်။
လင်းယွီက သူ့အတွေးထဲကနေ ရုန်းထွက်လိုက်ကာ မျက်ခုံးတွေ တွန့်ချိုးသွားသည်။ “အနာဂတ်မှာ ဒီကိစ္စကို ဝင်မစွက်ဖက်နဲ့”
ရှောင်လုမှာ နည်းနည်း စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရပြီး "ဒါဆို အစ်ကိုကအနာဂတ်မှာ ဘာလုပ်မှာလဲ? ချန်ယန်သာ အစ်ကို့ကို မကြိုက်ရင်…”
လင်းယွီရဲ့ ရှည်လျားတဲ့ မျက်တောင်တွေက တုန်ရီသွားကာ သူ့အကြည့်ကို အောက်ပို့လိုက်ပြီး “ငါ အကောင်းဆုံး ကြိုးစားမှာ။ သူက ငယ်သေးတယ်၊ အလျင်မလိုဘူး"
"ဒါပေမယ့် သူက နောက်နှစ် ကုမ္ပဏီနဲ့ စာချုပ်ရပ်တော့မှာလေ"
လင်းယွီက သူမကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။ "ဒီတော့ ဘာဖြစ်လဲ?"
ရှောက်လုက သူ့ပုံစံကို မြင်တဲ့အခါ ဇာတ်ပုလိုက်ပြီး တိုးတိုးလေး ပြောလာသည်။ “ဒါပေမယ့် အစ်ကိုက ချန်ယန် ထက် ခြောက်နှစ်ကြီးတာ… သူ့အသက်နဲ့ဆို၊ သူနဲ့သက်တူရွယ်တူကောင်လေးတွေကိုပဲ ကြိုက်မှာမဟုတ်ဘူးလား? မနေ့ညက အစ်ကိုတုရဲ့သားနဲ့ ဆက်သွယ်ရေးအချက်အလက်တွေကိုတောင် ဖလှယ်ခဲ့သေးတယ်"
လင်းယွီက အံကြိတ်ကာ သူမကို ပြုံးကြည့်လိုက်သည်။ ရှောင်လု ပါးစပ်ကို အလိုလိုပိတ်လိုက်မိသည်။
လင်းယွီက သူ့အကြည့်ကို ရုတ်လိုက်ပြီး “သူကြိုက်တာက သူ့ရဲ့လွတ်လပ်ခွင့်ပဲ။ သူငါ့ကိုကြိုက်လာအောင် ငါကြိုးစားရမှာ"
ရှောင်လု - "ဒါပေမယ့် အစ်ကို့ရဲ့ကြိုးစားမှုက အချည်းနှီးဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?" ဒါပေမယ့် သူမရဲ့ဝမ်းကွဲအစ်ကိုအတွက် နည်းနည်း စိတ်ထိခိုက်သွားပြီး စကားမပြောဖို့ ဆုံးဖြတ်လိုက်သည်။
ရှောင်လုက ဆင်ခြေပေးလိုက်ပြီး ရုံးခန်ကနေထွက်လာကာ လင်းယွီကို တိတ်ဆိတ်တဲ့ရုံးခန်းထဲမှာ တစ်ယောက်တည်းထားခဲ့လိုက်သည်။ သူ့ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
လုယင်းရဲ့ စကားကို သူ သဘောတူသည်။ သူက စုချန်ယန် ထက် ခြောက်နှစ်ပိုကြီးပြီး သူ့မျက်လုံးထဲမှာတော့ သူက သူဌေးတစ်ယောက်ပဲ ဖြစ်နိုင်သည်… ဒါမှမဟုတ် ရင်းနှီးတဲ့ သူငယ်ချင်းရဲ့အစ်ကိုတစ်ယောက်။ အဲ့ဒါကြောင့် "သဘောကျတယ်" ဆိုတာ ရောက်လာတဲ့အခါ သူမက ချီတုံချတုံဖြစ်သလို ခံစားလိုက်ရတာ ဖြစ်မည်။
အိမ်အပြန်လမ်းတွင် စုချန်ယန်က သူမရဲ့ပရိသတ်ခုနစ်သန်းအတွက် Weibo ပို့စ်တင်ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ လက်ထောက်ရှုက သူမကို အိမ်တံခါးဝမှာ ချပေးလိုက်ပြီး ကုမ္ပဏီကို ပြန်သွားလိုက်သည်။
စုချန်ယန်က အခန်းထဲမှာ ရေချိုးလိုက်သည်။ သူမ ထွက်လာတဲ့အခါ ရှောင်လုက ပြန်ရောက်နေပြီဖြစ်သည်။
"ချန်ယန်၊.နင့်ဖုန်းမြည်နေတယ်။ အရေးတကြီးကိစ္စရှိလို့လား?" ရှောင်လုက ဧည့်ခန်းကနေ လှမ်းလာပြီး စုချန်ယန်ဆီ ဖုန်းကမ်း ပေးလိုက်သည်။
စုချန်ယန်က ဆံပင်ကို မျက်နှာသုတ်ပုဝါနဲ့ သုတ်နေရင်းနဲ့ ဖုန်းကို ယူလိုက်သည်။
သူမကဖုန်းကို လော့ခ်ဖွင့်လိုက်ပြီး WeChat ကိုဖွင့်လိုက်တော့ တစ်ယောက်ယောက်က သူမဆီ သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုချက်အများကြီး ပေးပို့ထားကြောင်း တွေ့လိုက်ရသည်။
ပထမတောင်းဆိုချက်မှာ အမည်မပါချေ။ ဒုတိယတောင်းဆိုချက်မှာတော့ “တုစမ်ယွီ” ဆိုတဲ့နာမည်ပါသည်။ ဒါက သိပ်ပြီးတော့ မလုံလောက်ဘူးလို့ သူထင်တဲ့အတွက် သူ့အဖေက ဒီအပိုင်းအစီအစဉ်မှာ ပါတဲ့ဧည့်သည်ပါလို့ ရေးပြီးနောက်ထပ်တောင်းဆိုချက်တစ်ခု ပို့လိုက်သည်။
စုချန်ယန်က ဆံပင်တွေ သုတ်နေတဲ့ လှုပ်ရှားမှုက နှေးကွေးသွားပြီး သူ့သူငယ်ချင်း တောင်းဆိုချက်ကို လက်ခံလိုက်သည်။
စုချန်ယန် လက်ခံပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ သူက နှုတ်ဆက်စာတစ်စောင် ပို့လာသည်။
တုစမ်ယွီ - [မင်္ဂလာပါ အစ်မ၊ ကျွန်တော်က တုစမ်ယွီပါ]
ချစ်စရာ အီမိုဂျီတစ်ခုက ပါလာသည်။
စုချန်ယန် - [မင်္ဂလာပါ၊ ငါကတော့ စုချန်ယန် ပါ]
စုချန်ယန်မှာ အရင်က ပရိသတ်တွေ သိပ်မရှိခဲ့ဖူးသလို တစ်ခါတစ်လေ သူမကို နှစ်ပေါင်းများစွာ သဘောကျခဲ့တဲ့ ပရိတ်သတ်အချို့ကိုလည်း add လေ့ရှိတာကြောင့် တုံ့ပြန်မှု သိပ်မရှိပါချေ။
တုစမ်ယွီ - [အစ်မ၊ ဒီည live လွှင့်မှာလား? ကျွန်တော်ကြည့်ချင်ပေမယ့် အဖေက ခွင့်မပြုဘူး]
စုချန်ယန် - [မနက်ဖြန် တနင်္လာနေ့ဆိုတော့ အတန်းတက်ရမယ်မဟုတ်လား? စောစောအနားယူသင့်တယ်]
တုစမ်ယွီ - [နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် အစ်မ]
နောက်ထပ်နည်းနည်းလောက် စကားစမြည်ပြောလို့ပြီးတော့ တုစမ်ယွီကို သူ့အဖေက စာကျက်ဖို့ ခေါ်လိုက်သည်။
စုချန်ယန်က gaokao ကို မတက်ဖူးပေမယ့် အထက်တန်းကျောင်းတက်တဲ့နှစ်မှာ ကျောင်းသားတော်တော်များများဟာ စိတ်ဖိစီးမှုတွေ ခံစားရတာကို သူမသိတဲ့အတွက် စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့ တစ်ခုခုလုပ်တာ ကောင်းသည်။
ရှောင်လု ကုမ္ပဏီကနေ ပြန်လာပြီးတဲ့နောက်မှာ အခြေအနေတွေက ပုံမှန်ပြန်ဖြစ်သွားပြီး စုချန်ယန်လည်း အဲ့ဒါကို ထပ်မပြောတော့ပေ။