← Chapters

အခန်း ၁၂၉

Vol. 10 Ch. 129

အခန်း ၁၂၉

Vol. 10 Ch. 129

စုချန်ယန် ဂိမ်းရှုံးသွားတော့ သူမရဲ့ နဖူးနဲ့ ဖုန်းကို စိတ်ပျက်စွာနဲ့ ဖိလိုက်သည်။

"စုချန်ယန် နင်ဘယ်မှာလဲ?" လင်းယွီမသိတဲ့ အမျိုးသမီးသရုပ်ဆောင်ယောက်က အော်လိုက်သည်။

စုချန်ယန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “သစ်ပင်ကြီးဆီကို”

အမျိုးသမီးသရုပ်ဆောင် - "?"

"ဦးတည်ရာ၊ ဦးတည်ရာကို ပြောတာ"

“ဘယ်‌နေရာမှာလဲ ငါမသိဘူး။ ဘာပဲဖြစ်ဖြစ် သူကတော့ ဝတ်ကောင်းစားလှ ဝတ်ထားပြီး သစ်ပင်နောက်မှာ ပုန်းနေတယ်”

ရှောင်လုက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ "ခဏစောင့် ညီအစ်ကိုမောင်နှမတွေက နင့်အတွက် လက်စားချေပေးမယ်"

စုချန်ယန်က ရှောင်လုနား ကပ်ပြီး စခရင်ကိုချောင်းကြည့်ဖို့ လုပ်တုန်း သူမရဲ့ မျက်လုံးထောင့်ကနေ ရင်းနှီးတဲ့ အသွင်အပြင်ကို သတိထားမိသွားသည်။ သေချာကြည့်လိုက်တော့မှ သူမ မသိလိုက်တဲ့အချိန်မှာ ရောက်လာတဲ့ လင်းယွီဘဲဖြစ်သည်။

လင်းယွီက တံခါးနားမှာ မလှုပ်မယှက် ရပ်နေပြီး စုချန်ယန်ကို စိုက်ကြည့်နေသည်။ စုချန်ယန် သူ့ကို ကြည့်လိုက်တော့ လင်းယွီက မျက်လုံးတွေ မှေးကျဉ်းလိုက်သည်။

"မန်နေဂျာ လင်း!"

စုချန်ယန်မှာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ကစားရင်း မိဘတွေကို မြင်လိုက်ရတဲ့ ကလေးတစ်ယောက်လိုမျိုး ချက်ချင်း မတ်မတ်ထိုင်လိုက်ကာ တောက်ပတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်လာသည်။ တစ်ချိန်တည်းမှာဘဲ သူမက ဂိမ်းထဲမှာ နစ်မြှုပ်နေတဲ့ ရှောင်လုကို တံတောင်နဲ့တိုက်လိုက်သည်။

အလုပ်များနေတဲ့ကြားကနေ ရှောင်လုက ခေါင်းကိုမော့လာပြီး လင်းယွီကို ပြောလိုက်သည်။ "ဘော့စ်လင်း ခဏစောင့်နော် ဒီဂိမ်းက မပြီးသေးဘူး"

လင်းယွီက ဘာမှပြန်မပြောပေ။ သူက ဒါရိုက်တာဝမ်ကို သွားနှုတ်ဆက်ပြီး စုချန်ယန်ရဲ့ဘေးကို ရောက်လာကာပြောလိုက်သည်။ "အဆင်ပြေတယ်၊ ငါမင်းကို စောင့်နေမယ်"

စုချန်ယန်က မျက်လုံးထောင့်များမှာ အပြုံးတစ်ပွင့်နဲ့အတူ ပျော်နေပုံရသည်။ သူမရဲ့ မျက်နှာက အထူးတလည်ကို ပန်းရောင်သန်းနေသည်။

"ငါတို့နိုင်ပြီ!" ရှုဟောက်က အော်လိုက်သည်။

စုချန်ယန်က ဝမ်းသာအားရနဲ့ ပြောလာသည် "ဟောက်ကျီ၊ အားလင်၊ ရှင်တို့က တကယ်ကို အံ့သြစရာဘဲ"

ရှောင်လုက မကျေမနပ်ဖြစ်ပြီး "ငါက မတော်ဘူးပေါ့?"

စုချန်ယန်က ပြုံးပြီး ခေါင်းကို ရှောင်လု ပခုံးနဲ့ ပွတ်ကာ ပြောလိုက်သည်။ "နင်က ငါ့ထက် ပိုတော်ပါတယ်"

ရှောင်လုက စိတ်ကောက်သွားသည်။ "ဒါပေါ့"

ရှုဟောက်က မော့ကြည့်လိုက်ကာ လင်းယွီကို နှုတ်ဆက်လိုက်ပြီး ဖုန်းကိုပိတ်လိုက်သည်။ "ချန်ယန်၊ မင်းတို့‌တွေအရင်ပြန်လိုက်‌တော့လေ။ ငါတို့ နောက်တစ်ခေါက် ပြန်ကစားလို့ရတယ်"

ရှောင်လုကက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။ "group တစ်ဖွဲ့ ဖွဲ့ရအောင်၊ လုပ်ကြမလား? အားတဲ့အခါကျရင် အတူတူကစားလို့ရတာပေါ့"

“သေချာပေါက်ပေါ့"

လင်းယွီက သူတို့တွေ groupထဲ တစ်ယောက်ပြီးတစ်‌ယောက် ထည့်နေတာကို ကြည့်ရင်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

နောက်ဆုံးမှာ သူတို့groupထဲ အားလုံးကို ထည့်လို့ပြီးတော့ လင်းယွီက ပြောလိုက်သည်.ယ “ငါတို့ အခုသွားကြတော့မလား?"

"သွားကြစို့"

စုချန်ယန်က တခြားသူတွေကို လက်ပြနှုတ်ဆက်ကာ လင်းယွီနဲ့ သီးသန့်ခန်းကနေ မထွက်ခင် ဒါရိုက်တာဝမ်ကို တစ်ခုခုပြောလိုက်သည်။

အပြင်ထွက်လာတာနဲ့ စုချန်ယန်က နည်းနည်း မကျေမနပ်ဖြစ်နေပုံရပြီး ရှောင်လုနဲ့ ဂိမ်းအကြောင်းတွေ ဆွေးနွေးနေသည်။

လင်းယွီက သူတို့ပြောနေတာတွေကို နားမလည်တဲ့အတွက် စကားတစ်ခွန်းမှ မပြောနိုင်ပါချေ။

ကားပေါ်ရောက်တော့ ရှောင်လုက ကားနောက်ခန်းကို တိုက်ရိုက်တက်ပြီး ပြတင်းပေါက်ကို မှီလိုက်ကာ လင်းယွီကို ပြုံးပြီး ပြောလိုက်သည်။ "ဝမ်းကွဲအစ်ကို၊ ဒီည ညီမ အရက်နည်းနည်း သောက်ထားတယ်။ အစ်ကိုမောင်းလို့ရမလား?"

လင်းယွီက ခေါင်းညိတ်ပြပြီး စုချန်ယန်ရှေ့ ခြေတစ်လှမ်းတိုးလိုက်ကာ ခရီးသည်တံခါးကို ဖွင့်ပေးလိုက်သည်။

အစတုန်းက စုချန်ယန်မှာ နောက်ခုံမှာ ထိုင်ချင်ပေမယ့် ဒီအခြေအနေကိုမြင်တော့ ခရီးသည်ထိုင်ခုံမှာ ထိုင်ဖို့ကလွဲလို့ ရွေးစရာမရှိတော့ပေ။ သူမ နောက်ထိုင်ခုံမှာ ထိုင်ရင်လည်း လင်းယွီကို ဒရိုင်ဘာလို ဆက်ဆံရာကျဦးမည်။

ကားက လမ်းမပေါ်မှာ မောင်းနှင်နေပြီး စုချန်ယန်က ထိုင်ခုံကို ဖြတ်ကာ ရှောင်လုနဲ့ စကားနည်းနည်းလောက် ပြောလိုက်သည်။ ဒါက သိပ်အဆင်မပြေဘူးလို့ သူမခံစားမိတဲ့အတွက် တခြားဘာမှ မပြောဖြစ်တော့ပေ။

ရှောင်လုက နှစ်ခွက်လောက်ဘဲသောက်ပြီး မိနစ်နည်းနည်းအကြာမှာ ငြိမ်သက်သွားကာ ထိုင်ခုံမှာ လှဲရင်းအိပ်ပျော်သွားသည်။

လင်းယွီက နောက်ကြည့်မှန်ကနေ တဆင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ချန်ယန်၊ အိတ်ထဲမှာ စောင်တစ်ထည်ရှိတယ်။ ရှောင်လုကို ခြုံပေးလိုက်ပါလား"

စုချန်ယန် နောက်လှည့်ကြည့်လိုက်တော့ အနောက်ဘက်ထိုင်ခုံထောင့်မှာ အနက်ရောင်အိတ်တစ်လုံးကို တွေ့လိုက်သည်။

လင်းယွီက လမ်းဘေးမှာ ကားကို ရပ်လိုက်သည်။ စုချန်ယန်က ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး ထိုင်ခုံပေါ် ဒူးတစ်ဖက်ထောက်ကာ အနောက်ဘက် ရောက်သွားပြီး စောင်ကိုထုတ်ကာ ရှောင်လုကျောဘက်ကို ခြုံပေးလိုက်သည်။

ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီဖြစ်ပြီး ဒီလိုမျိုးအိပ်နေတာက သေချာပေါက်ကို အအေးမိလိမ့်မည်ပင်။

စုချန်ယန်က ထိုင်ခုံခါးပတ်ကို ပတ်ပြီးတဲ့နောက်မှာ လင်းယွီက ရုတ်တရက် သူ့အကျီကို သူမလက်ထဲ ထည့်လိုက်သည်။

လင်းယွီရဲ့ ခန္ဓာကိုယ်က နွေးထွေးမှုတွေက စုချန်ယန်ရဲ့ ခြေထောက်တွေကို လွှမ်းခြုံသွားတော့ သူမ တဒင်္ဂလောက် ကြောင်အသွားသည်။

သူမ မတုံ့ပြန်ရသေးခင်မှာ လင်းယွီက ကားကို ပြန်စမောင်းလိုက်သည်။ “ပြန်ရောက်ဖို့ တစ်နာရီလောက် ကြာဦးမယ်။ မင်းလည်း အနားယူသင့်တယ်"

သူ့အင်္ကျီက အရမ်းနွေးထွေးပြီး မွှေးရနံ့သင်းသင်းလေးရသည်။

စုချန်ယန်မှာ ငြင်းဖို့ တုံ့ဆိုင်းနေသည်။

“အမ်း”

စုချန်ယန် က ခေါင်းငုံ့ပြီး အသံတိုးတိုးနဲ့ တုံ့ပြန်လိုက်သည်။

သူမက သူ့အင်္ကျီကိုခဏ ငှားထားတဲ့အတွက် လျှော်ပြီးတော့မှ ပြန်ပေးဖို့ စီစဉ်လိုက်သည်။

စုချန်ယန်က သူမရဲ့ကိုယ်အပေါ်ပိုင်းနဲ့ ဒူးခေါင်းတွေကို လုံဖို့ သူမရဲ့ပခုံးပေါ်က နေခြုံလိုက်သည်။ ကားပြတင်းပေါက်ကနေ အပြင်ဘက် လှည့်ကြည့်လိုက်တော့ ကားအသွားအလာ များနေပြီး လူတွေစည်ကားနေပေမယ့် ကားပြတင်းပေါက်က အပြင်ဘက်ရှိ အသံ‌တွေ အားလုံးကို ခွဲထုတ်ထားသည်။

ကမ္ဘာကြီးက အလုပ်ရှုပ်နေပေမယ့် ကိုယ် နှလုံးခုန်သံကိုယ်ပြန်ကြားရလောက်အောင် ကားက တိတ်ဆိတ်နေသည်။

သူမဒီလိုခံစားရတာ ပထမဆုံးအကြိမ်မဟုတ်ပေမယ့် စုချန်ယန်ရဲ့ ရင်ထဲမှာတော့ "ဒီကမ္ဘာက တကယ်ကို အံ့သြစရာကောင်းတယ်” ဆိုပြီး အံ့ဩချီးကျူးစရာကောင်းနေဆဲပင်။

စကားတစ်ခွန်းမှ မပြောဘဲ လင်းယွီဘေးမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေရုံနဲ့ သူမ အလွယ်တကူ ကျေနပ်နိုင်မှန်း သိလိုက်သည်။

ဒီအခိုက်အတန့်မှာ သူမအနေနဲ့ နောက်နှစ် ကုမ္ပဏီနဲ့ စာချုပ်ဆက်မချုပ်ဘဲ Starlight Entertainment မှာဘဲဆက်နေမယ်ဆိုပါက သူ့ဘေးမှာသူမ တစ်သက်လုံးနေလို့ရမှာလားလို့ တွေးမိသွားသည်။

သို့ပေမယ့် ဒီအတွေးက စုချန်ယန် ရက်ရက်စက်စက်နဲ့ မငြိမ်းသတ်ခင်လေး တစ်ခဏလောက်ဘဲ ပေါ်လာတာဖြစ်သည်။

လင်းယွီက သူတို့အိမ်ရှေ့ တံခါးရှေ့အထိ လိုက်ပေးလာပြီး စုချန်ယန်က ရှောင်လုကို ဖြည်းဖြည်းချင်း နှိုးလိုက်ကာ လင်းယွီကို ပြောလိုက်သည်။ "အစ်ကိုလင်း၊ ကျွန်မ ကုတ်ကိုလျှော်ပြီးမှ ပြန်ပေးမယ်နော်"

လင်းယွီက ခေါင်းခါလိုက်ပြီး “မလိုပါဘူး”

ပြောရင်းနဲ့ စုချန်ယန်ရဲ့လက်ထဲက အင်္ကျီကို ယူလိုက်သည်။

“စောစောအနားယူ မနက်ဖြန်မနက် ဘာစားချင်လဲ?"

ရှောင်လုက မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး နောက်ခုံကနေ ထထိုင်လိုက်သည်။ "အစားအသောက်တွေ မှာလို့ရတာလား?"

လင်းယွီက သဘောတူသလိုလို သဘောမတူသလိုလိုအမူအရာနဲ့ ခေါင်းညိတ်လိုက်ပြီး နောက်တော့ စုချန်ယန် ကို ကြည့်လိုက်သည်။

အဲ့ဒီအချိန် စုချန်ယန်မှာ ရုတ်တရက် လန့်သွားပြီး နောက်ခုံက ရှောင်လု ကို ချက်ချင်းကြည့်လိုက်သည်။ "နင်ဘာစားချင်လဲ?"

သူတို့သုံးယောက်မှာ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာသည်။

ကားမောင်းနေတဲ့ လင်းယွီက စုချန်ယန်ကို အေးအေးဆေးဆေး ကြည့်နေပြီး စုချန်ယန်ကတော့ ရှောင်လုကို ထိတ်လန့်စွာနဲ့ ကြည့်နေသည်။ ရှောင်လု သူတို့နှစ်ယောက်ကို အံသြတဲ့အမူအရာနဲ့ ကြည့်နေပြီး သူမရဲ့ မျက်လုံးတွေ စုချန်ယန်နဲ့ လင်းယွီကြား ကူးလူးသွားသည်။

ရှောင်လုက တုံ့ဆိုင်းနေပြီး ပြောလိုက်သည်။ " အနောက်တိုင်း အစားအစာရော? အသားကင်? ဘယ်လိုလဲ?"

စုချန်ယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အဲ့ဒါဘဲ စားကြတာပေါ့၊ ကျေးဇူးပါ မန်နေဂျာလင်း"

စကားပြောပြီးတဲ့နောက်မှာ စုချန်ယန်က ကားတံခါးကိုဖွင့်လိုက်ပြီး ထွက်လိုက်သည်။

စုချန်ယန်ရဲ့ ထိတ်လန့်နေတဲ့ အမူအရာမှာ ရှက်ရွံ့တဲ့အရိပ်အယောင်တွေ ရောထွေးနေသည်။ လင်းယွီ ရင်ဘတ်ထဲမှာ ဖော်မပြနိုင်တဲ့ ယားယံမှုကို ခံစားလိုက်ရသည်။ တစ်ခုခုကို ဆုပ်ကိုင်ထားသလို သူခံစားမိပေမယ့် အဲဒါကို ပြဖို့နေနေသာသာ သူအတည်မပြုဝံ့ပေ။

စုချန်ယန်က အမြန် နှုတ်ဆက်ပြီး အိမ်ထဲဝင်လိုက်သည်။

အိမ်ရှေ့တံခါးကိုပိတ်ပြီးတာနဲ့ စုချန်ယန်ရဲ့ ပူလောင်နေတဲ့ ပါးပြင်တွေက နောက်ဆုံးတော့ အေးမြသွားသည်။

သူမမှာ ဘာဖြစ်ခဲ့လဲဆိုတာ သူမကိုယ်သူမ သေချာမသိပါချေ။ လင်းယွီရဲ့ အကြည့်တွေက သူမကို နားမလည်နိုင်အောင် တုန်လှုပ်သွားစေသည်။ သူမ လျှို့ဝှက်ထားတဲ့ခံစားချက် တွေကို သူအလွယ်တကူ ရှာတွေ့သွားမှာစိုးတဲ့အတွက် သူနဲ့ မျက်လုံးချင်း မဆုံရဲပါချေ။

အနည်းဆုံးတော့ အခုအချိန်မှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ကိုးလကျန်သေးတဲ့အတွက် စုချန်ယန် သူ့ကို ရှာမတွေ့သွားစေချင်ပေ။

"နင်ဘာလို့ ဒီလောက်မြန်မြန်ပြေးတာလဲ? အပြင်မှာ သရဲရှိလို့လား?"

ရှောင်လုမှာ လုံးလုံးမနိုးသေးဘဲ နည်းနည်း စိတ်ရှုပ်ထွေးနေပုံရသည်။

စုချန်ယန်က သက်ပြင်းချပြီး ပြောလိုက်သည်။ "အပြင်မှာ ဘာသရဲမှ မရှိပါဘူး" ဒါပေမယ့် ငါ့ရင်ထဲမှာတော့ သရဲတွေရှိနေတယ်။

အခန်းထဲဝင်ပြီးနောက်မှာ စုချန်ယန်က အဝတ်အသန့်တချို့ယူပြီး ရေချိုးခန်းထဲဝင်ကာ ရေချိုးပြီးတဲ့နောက်မှာ တော့သူမရဲ့ ပွက်ပွက်ဆူနေတဲ့ ဦးနှောက်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်သွားသည်။

. . . . .

နောက်တစ်နေ့တွင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။

နံနက်စောစောမှာ လင်းယွီက နံနက်စာနဲ့အတူ နှင်းဆီတစ်ပွင့်ကို လက်ထဲတွင် ကိုင်လာသည်။ ပန်းအိုးထဲက ညှိုးနွမ်းနေတဲ့ ပန်းတွေနဲ့ အစားထိုးပြီးတော့ ကုမ္ပဏီဆီ သူဘာသာသူ သွားသည်။

စုချန်ယန်လည်း ပျင်းနေလို့မရတော့ပေ။ နေ့လည်ပိုင်းမှာ သူမက ချီဖုနဲ့ ချွမ်လင်းတောင်ရဲ့ပရိုမိုးရှင်းဓာတ်ပုံတွေကို ရိုက်ရမည်ဖြစ်သည်။

မနက်ခင်းမှာ စုချန်ယန်က အိပ်ရာထဲမှာ လှဲနေပြီး group ထဲကဟန်စုန့်ရွှယ်နဲ့ စကားစမြည်ပြောနေသည်။

သူမရဲ့အဆိုအရ၊ ဒီတစ်‌လော သူတို့ရဲ့လက်ထဲမှာ လှုပ်ရှားမှုတွေ အများကြီးရှိ‌နေသည်။ အလုပ်များလွန်းတဲ့အတွက် ခဏတော်အနားရပေ။ သူမက လူသိနည်းတဲ့အချိန်ကို အရမ်းလွမ်းဆွတ်နေသည်။ အခုတော့ သူမ တစ်ခုခုဝယ်ဖို့ အပြင်ထွက်တာနဲ့ လက်မှတ်ထိုးဖို့ အလိုက်ခံရတော့သည်။

<Travel> ပရိုဂရမ်ဟာ Cat&Dog Video တွင် ကြည့်ရှုမှုနံပါတ်တစ်ဖြစ်တဲ့ variety show ဖြစ်လာသည်။ သူတို့သည် ယခုအချိန်အထိ အပိုင်းသုံးပိုင်းသာ ထုတ်လွှင့်ခဲ့ပြီးဖြစ် ပေမယ့်ဒီရှိုးက ကြီးကြီးမားမား အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့သည်။

ဖျော်ဖြေရေးအစီအစဉ်မှာ ပါဝင်ရိုက်ကူးခဲ့တဲ့ ဧည့်သည်တွေအားလုံးလည်း အနုပညာလောကမှာ အမိုက်စားသရုပ်ဆောင်တွေ ဖြစ်လာကြသည်။ သူတို့ပါဝင်တဲ့ ဘယ်အစီအစဉ်မဆို ကြည့်ရှုနှုန်း မြင့်မားလာသည်။

နေ့လည်စာစားပြီးတဲ့နောက် လင်းယွီက ချွမ်လင်း‌တောင်မှာ ပရိုမိုးရှင်း ဓာတ်ပုံရိုက်ဖို့အတွက် လေဆိပ်ဆီ မောင်းသွားသည်။

လေဆိပ်ကိုရောက်တာနဲ့ ထွက်ပေါက်ဘေးနှစ်ဖက်မှာ ပရိသတ်တွေနဲ့ စည်ကားနေသည်။ စုချန်ယန် ပေါ်လာတဲ့အခါ သူတို့ရဲ့အော်သံတွေက အမိုးကြွမတတ်ပင်။

စုချန်ယန်က သူတို့ကို နှုတ်ဆက်ပြီး တာဝန်ခံ ပြင်ဆင်ထားတဲ့ ကားထဲကို ဝင်လိုက်သည်။

ချွမ်လင်း တောင်ကိုရောက်ပြီးနောက်မှာ တာဝန်ခံက စုချန်ယန်ကို အဝတ်လဲဖို့ အခန်းတစ်ခုဆီ ခေါ်သွားသည်။ အဲ့ဒါက ရိုးရာဝတ်စုံဖြစ်သည်။ စုချန်ယန် ပြင်ဆင်ပြီးခါနီးမှာ ချီဖုလည်း အခြားအခန်းကနေထွက်လာသည်။

All Chapters