အခန်း ၁၃၉
Vol. 11 Ch. 139
စုချန်ယန် အံ့အားသင့်သွားပြီး နောက်လှည့်ကြည့်လိုက်တော့ လင်းယွီက သူမအနောက် သိပ်မဝေးတဲ့နေရာမှာ ရပ်နေပြီး သူမတို့နှစ်ယောက်ကို စူးစိုက်ကြည့်နေသည်။
"ခင်ဗျားက ကျွန်တော့်အစ်မရဲ့ မန်နေဂျာလား?" တုစမ်ယွီက ဝမ်းသာအားရနဲ့ မေးလိုက်သည်။ “ကျွန်တော်တို့အတန်းထဲမှာ ခင်ဗျားကိုကြိုက်တဲ့ အတန်းဖော်တွေရှိတယ်။ ခင်ဗျားနဲ့ ဓာတ်ပုံရိုက်လို့ရမလား?"
လင်းယွီက ချန်ယန်ဆီ လျှောက်သွားပြီး သူတို့နှစ်ယောက်ကို ငုံ့ကြည့်ကာ ပြုံးပြလိုက်သည်။ "ကိုယ်တို့အုပ်စုပုံ ရိုက်လို့ရတယ်"
"အဲဒါအရမ်းကောင်းတယ်"
တုစမ်ယွီက ကတ်ထူပုံးကို ချလိုက်ပြီး နောက်ဆုတ်ကာ ဓာတ်ပုံရိုက်ဖို့ သူ့ဖုန်းကို ထုတ်လိုက်သည်။
လင်းယွီက စုချန်ယန်ဘေးတွင် ရပ်နေသည်။ စုချန်ယန်က ကင်မရာကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။ သူမရဲ့မျက်နှာအများစုက မက်စ်နဲ့ကာနေပေမယ့် သူမရဲ့ ပြုံးနေတဲ့မျက်လုံးတွေကတော့ မှိတ်တုတ်မှိတ်တုတ်ကြယ်တွေလိုပင်။
"ကျေးဇူးတင်ပါတယ်!" တုစမ်ယွီက ဝမ်းသာအားရနဲ့ သူ့ဖုန်းယူကာ သူတို့နှစ်ယောက်ဆီ ပြေးသွားလိုက်သည်။
လင်းယွီက တစ်ဖက်လူကို ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ “ချန်ယန်ကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပြုပြီး သူ့ကို အနာဂတ်မှာ ဆက်ပြီး ပံ့ပိုးပေးပါဦး"
"ဒါပေါ့!"
တုစမ်ယွီက ညနေပိုင်းမှာ စာသင်ချိန်ရှိတာကြောင့် သူက အကြာကြီးမနေဘဲ ကျောင်းကိုပြန်မသွားခင် သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။
သူထွက်သွားပြီးတဲ့နောက်မှာ လင်းယွီက ငုံ့ပြီး မြေပြင်ပေါ်က ကတ်ထူပုံးကို ယူလိုက်သည်။ အထဲကို လှမ်းကြည့်လိုက်တော့ အပေါ်ကနေထူထဲတဲ့ မုန့်ထုပ်အလွှာအပြင် ရောင်စုံ စာအိတ်မျိုးစုံကို တွေ့လိုက်ရသည်။ အောက်ခြေမှာ ဘာရှိလဲဆိုတာတော့ မမြင်ရပေ။
"အစ်ကိုလင်း၊ ဘာလို့လိုက်လာတာလဲ?" စုချန်ယန် က မေးလိုက်သည်။
"စိတ်မချလို့"
စုချန်ယန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ "ကျွန်မက ကလေးမဟုတ်တော့ဘူးဆိုတာ သိရဲ့လား?'"
"ကိုယ်မင်းကို မယုံလို့မဟုတ်ဘူး၊ သူ့ကိုမယုံတာ။ သူက ကလေးပုံမပေါက်နေဘူး"
စုချန်ယန်မှာ ကြောင်သွားပြီး သူဘာကိုဆိုလိုလဲဆိုတာနားမလည်ပါချေ။
လင်းယွီက သူမကို သေသေချာချာ စဉ်းစားဖို့ အခွင့်အရေး မပေးချင်ပေ။ သူက ထုပ်ပိုးထားတဲ့ ကတ်ထူပုံးကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “မင်း သူ့ဆီက ဘာငှားတာလဲ?”
စုချန်ယန် ပြန်မဖြေရသေးခင် လင်းယွီက ဟန်စုန့်ရွှယ်မေးတဲ့အတိုင်း မေးလာသည်။ "ဘာလို့ ကိုယ့်ဆီ လာမငှားတာလဲ?"
စုချန်ယန် - “…”
ခုနတုန်းက ကြုံတွေ့ပြီးတဲ့နောက် လင်းယွီမှာ ယုံကြည်မှုပိုရှိလာကြောင်း သူမသိလိုက်ရသည်။ သူဒီလိုပြောနေတုန်းမှာ ရှောင်လုကိုတစ်ယောက်ထဲ ထားခဲ့လိမ့်မည်ပင်။
စုချန်ယန်က ပြောပြလိုက်သည်။ “ကျွန်မရဲ့ စာချုပ်သက်တမ်းက နောက်နှစ်မှာ ပြီးပြီဆိုတော့ တစ်နှစ်လောက် စာပြန်လေ့လာပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေချင်လို့"
ဒီစကားပြောပြီးတဲ့နောက်မှာ စုချန်ယန် နည်းနည်းစိုးရိမ်သွားသည်။ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်အကြောင်းပြောလိုက်တာက လင်းယွီကို မပျော်မရွှင်ဖြစါသွားစေမှာ စိုးတာကြောင့် ထပ်ပေါင်းပြောလိုက်သည်။
" စာချူပ်ကို အဆုံးသတ်ဖို့လည်း မလိုပါဘူး။ ကျွန်မက တစ်ချိန်တည်းမှာဘဲ အလုပ်လုပ်ရင် စာပြန်လေ့လာလို့ရပါတယ်"
စာချုပ်ကို ဖျက်သိမ်းလိုက်မယ်ဆိုရင်တောင် တစ်ယောက်ကိုတစ်ယောက် သူငယ်ချင်းအဖြစ် သတ်မှတ်ကြမယ်ဆိုပြီး ရှောင်လု အရင်က ပြောခဲ့တာတွေက အချိန်အကန့်အသတ်ကြောင့် အချင်းချင်းအပေါ် ထားတဲ့ ခံစားချက်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပင်။
လင်းယွီသာ ဆန္ဒရှိရင် သူ့ကိုအမီလိုက်နိုင်ဖို့၊ သူ့ဘေးမှာနေဖို့ သူမဘဝမှာ သိပ်ပြီးမအောင်မြင်ရင်တောင်မှ သူမသေချာပေါက် ကြိုးကြိုးစားစား အလုပ်လုပ်မည်။
သူ့စကားကြားပြီးတော့ လင်းယွီက ချက်ချင်းတုံ့ပြန်မလာချေ။ စက္ကန့်အနည်းငယ်ကြာပြီးတော့ နောက်ဆုံးသူပြောလာသည်။ “စာချုပ်ကို ရပ်စဲလိုက်ကြရအောင်။ မင်းကို ကိုယ့်ရဲ့ ဝန်ထမ်းအဖြစ်အမြဲတမ်း မရည်ရွယ်ထားဘူး"
စုချန်ယန်ရဲ့ရင်ထဲတုန်လှုပ်သွားသည်။ သူမ နှုတ်ခမ်းကို ကိုက်ပြီး “ဒါဆို ရှင်က ကျွန်မကို ဘာဖြစ်စေချင်တာလဲ” လို့ မေးလိုက်ချင်ပေမယ့် စောစောက ပြဇာတ်ရုံမှာ လင်းယွီဆီ ချဉ်းကပ်ဖို့ စုစည်းထားတဲ့ သူမရဲ့သတ္တိတွေနဲ့ စိတ်ခံစားချက်တွေကို ရင်းနှီးတဲ့ နည်းလမ်းနဲ့ ဖော်ရမှာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။
လင်းယွီရဲ့ တုံ့ပြန်မှုက သူမကို မျှော်လင့်ချက် အလင်းရောင် ပေးသည်။ သူမ မဝံ့မရဲဖြစ်နေတာကြောင့်ဖြစ်မည် မျှော်လင့်ချက် များများ ဆုပ်ကိုင်ထားလေ သူမကိုယ်သူမ ထုတ်ဖော်ဝံ့လေလေပင်။ အရာအားလုံးက သူမရဲ့ကိုယ်ပိုင် စိတ်ကူးသက်သက်သာဖြစ်မှာကို သူမကြောက်သည်။
လင်းယွီလည်းဘဲ ဒီနေရာမျာ သူမရဲ့ ပူဖောင်းကို ဖောက်ဖို့အစီအစဉ်မရှိပေ။ ဒီနေရာက သူ့ခံစားချက်တွေကို ဝန်ခံဖို့ မှန်ကန်တဲ့ နေရာမဟုတ်ဘူးလို့ သူယုံကြည်သည်။ အနည်းဆုံးတော့ ဒီနေ့အတွက်တော့ စုချန်ယန်ကို သူမရဲ့ သူငယ်ချင်းအပေါ် သူအာရုံစိုက်ပေးသင့်သည်။
ဒီမရှင်းလင်းတဲ့ စကားတွေကို ပြောရတာရဲ့ အကြောင်းရင်းမှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက် တစ်ခုလည်း ရှိသည်။ အနည်းဆုံးတော့ သူမမှာ သူ့အတွက် အာရုံနည်းနည်း ချန်ထားနိုင်လိမ့်မယ်လို့ သူမျှော်လင့်သည်။
စိတ်ထဲမှာ ဒီအတွေးတွေနဲ့အတူ သူက အရမ်းတစ်ကိုယ်ကောင်းဆန်တယ်လို့ လင်းယွီ ခံစားလိုက်ရသည်။
လင်းယွီက ပြောလာသည်။ “စာချုပ်ကို ရပ်စဲရာမှာ မင်းကို ကိုယ်ထောက်ခံတယ်၊ ဒါပေမယ့် မရပ်စဲခငါဒီကာလအတွင်းမှာ မင်းအလုပ်နဲ့ အချိန်ပိုင်းစာလေ့လာလို့ရတယ်။ မင်းမှာ မေးခွန်းတွေ ဒါမှမဟုတ် တစ်ခုခုနားမလည်လို့ရှိရင် ကိုယ့်ဆီအချိန်မရွေး လာလို့ရတယ်။ မင်းအတွက် ကိုယ်အမြဲရှိနေတယ်"
စုချန်ယန်မှာ ရင်ခုန်စွာနဲ့ သူ့ကို မော့ကြည့်လိုက်သည်။
“ဒါပေမယ့် အခုတော့ ဒီမုန့်တွေကို အရင်သိမ်းလိုက်မယ်။ မင်းအလုပ်လုပ်ဖို့ လိုသေးတယ်၊ မင်းရဲ့ပုံရိပ်ကိုစီမံဖို့ လိုအပ်နေသေးတာ နားလည်ရဲ့လား?"
စုချန်ယန် - “…”
ရုတ်တရက် လင်းယွီရဲ့ စကားတွေက အနည်းငယ် ပျော့သွားသလို သူမ ခံစားလိုက်ရသည်။
စုချန်ယန် ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောလိုက်သည်။ “နားလည်ပြီ”
ဒါကသူမရဲ့ ပုံရိပ်ကို စီမံရုံဘဲလေ။ စုချန်ယန်ကတော့ ဒါက ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်သည်။
လင်းယွီက ပြုံးလိုက်ပြီး “ဒါပေမယ့် တစ်ခါတစ်လေတော့ ဆုတွေ ရှိပါသေးတယ်”
စုချန်ယန်က ခေါင်းမော့လာပြီး စိတ်အားထက်သန်စွာနဲ့ မေးလိုက်သည်။ "ဘယ်လိုအခြေအနေမျိုးမှာ ဆုရနိုင်မှာလဲ?"
လင်းယွီက စဉ်းစားနေပြီး ခဏလောက်ကြာတော့ ပြောလာသည်။ “မင်းနာခံတဲ့အခါပေါ့"
စုချန်ယန်က မကျေမနပ်နဲ့ပြောလာသည်။ “ကျွန်မက အမြဲနာခံပါတယ်”
"ကိုယ်ဆိုလိုတာက နာနာခံခံနဲ့ မင်းကို ကိုင်ခွင့်ပေးတာကိုပြောတာ" လင်းယွီက ရှင်းပြလိုက်သည်။
စုချန်ယန်မှာ အံ့အားသင့်သွားပြီး သူမရဲ့မျက်နှာတစ်ပြင်လုံး နီရဲလာခဲ့သည်။ “ရှင်…” မကောင်းတဲ့လူ
သူမမှာ ကျန်တဲ့စာကြောင်းကို မပြောနိုင်တော့ဘဲ တိုးတိုးလေးရေရွတ်လိုက်သည်။
စုချန်ယန်မှာ လင်းယွီရဲ့ ရယ်နေတဲ့ အမူအရာကို မြင်မှ သူက သူမကိုစနေမှန်း သိလိုက်ရသည်။
တစ်ချိန်တည်းမှာဘဲ၊ သူမကို ပရောပရည်လုပ်နေမှန်း သတိပြုမိပြီး သူမရဲ့နှလုံးကလည်း ပြင်းပြင်းထန်ထန်တုန်လှုပ်သွားသည်။
ကားပါကင်ဆီသွားတဲ့လမ်းမှာ စုချန်ယန်က လင်းယွီကိုလျစ်လျူရှုထားလိုက်သည်။ နောက်ဆုံးတော့ ပုဇွန်အကြွပ်တစ်ထုပ်နဲ့ သူမကို ကျေနပ်သွားသည်။
တခြားသူတွေကို သွားမရှာခင် လင်းယွီရဲ့ကားထဲမှာ ကတ်ထူဘူးကိုထားလိုက်သည်။
သူတို့အနောက်တံခါးဆီ ရောက်တဲ့အခါ စုန့်မင်ကန်က မထွက်လာရသေးသလို တခြားသူတွေကလည်း စားသောက်ဖို့ ပူညံပူညံဖြစ်နေကြပြီ။ စုချန်ယန်က မကုန်သေးတဲ့ ပုဇွန်အကြွပ်ကြော်ထုပ်ကိုင်ထားတာကိုမြင်တော့ တစ်ဒါဇင်ထက်ကျော်တဲ့လူတွေက အဲ့ဒါကို အမြန်လတ်စသတ်လိုက်သည်။
စုချန်ယန် သက်ပြင်းချလိုက်သည်။ သူမ နှစ်ထုပ်လောက်ပိုယူခဲ့ရမှာ သူတို့ကိုကြည့်ရတာအရမ်း ဗိုက်ဆာနေကြတဲ့ပုံဘဲ။
လင်းယွီမှာ စုချန်ယန်က ဝအောင်မစားရသေးမှန်းခံစားရတဲ့အတွက် လူတိုင်း သတိမထားမိတာကို အခွင့်ကောင်းယူပြီး ဘီစကွတ်တစ်ထုပ်ကို သူမလက်ထဲ တိတ်တဆိတ် ထည့်ပေးလိုက်သည်။
စုချန်ယန်မှာ အံ့အားသင့်သွားပြီး လင်းယွီမှာ ဒီလို သေးသေးမွှားမွှားအရာတွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာ သိချင်သွားသည်။
လင်းယွီက ပြောလာသည်။ "ကိုယ် အဲဒါတွေကို စောစောကပြင်ဆင်ထားတာ"
စုချန်ယန်က သူတို့ဒီကိုမထွက်လာခင် သူမဗိုက်ဆာတဲ့အခါ စားဖို့ အစားအစာတွေ သူပြင်ဆင်ထားတယ်လို့ ပြောခဲ့တာကို သတိရလိုက်သည်။
ဟန်စုန့်ရွှယ် အထဲကို တစ်ချက်ကြည့်လိုက်ပြီးစုန့်မင်ကန် ဘာလို့ ထွက်မလာသေးလဲ ဆိုပြီး ရေရွတ်လိုက်သည်။ သူမ ဗိုက်ဆာဆာနဲ့ လှည့်ကြည့်လိုက်တော့ စုချန်ယန်ကလက်ထဲက ဘီစကွတ်တွေကို ဟမ်းစတား တစ်ကောင်လို စားနေတာကို တွေ့လိုက်ရသည်။
"စုချန်ယန်! ဘယ်လိုတောင် မုန့်ကိုတိတ်တိတ်လေး စားရဲရတာလဲ!" ဟန်စုန့်ရွှယ်က စုချန်ယန်ဆီ ခြေနှစ်လှမ်းသုံးလှမ်းနဲ့ အမြန်လှမ်းလာသည်။ "ငါ့ကို တစ်ပိုင်းပေး၊ ငါလည်းဗိုက်ဆာတယ်"
လင်းယွီက စုချန်ယန်အများကြီး စားမိမှာကြောက်တဲ့အတွက် အထုပ်သေးသေးလေးသာ ဝယ်ထားသည်။ အထဲမှာ အပိုင်းသေးသေးလေး လေးပိုင်းသာပါတဲ့အတွက် သူမက တစ်ပိုင်းကို ယူကာ ဟန်စုန့်ရွှယ်ကိုကျွေးလိုက်သည်။
"နောက်ထပ်ရှိသေးလား? နင် ဘယ်ကရလာတာလဲ?"
စုချန်ယန်က သစ္စာမစောင့်သိဘဲ ပြောလာသည်။ "မန်နေဂျာလင်း ငါ့ကိုပေးတာ"
ဟန်စုန့်ရွှယ်က လင်းယွီကို မျှော်တလင့်တကြီး ကြည့်လိုက်သည်။
အားလုံးက ဗိုက်ဆာနေတယ်ဆိုတာ မြင်တော့ လင်းယွီကသူ့ ညာဘက်အိတ်ကပ်ထဲက မတူကွဲပြားတဲ့ အရသာရှိတဲ့ ဘီစကွတ်တွေကို အင်တင်တင်နဲ့ ဝေပေးလိုက်သည်။ ဆရာ မုန့်ဝေတာကို စောင့်နေကြတဲ့ သူငယ်တန်းကလေးတွေလိုမျိုး လူတိုင်းက လင်းယွီအနား စုဝေးလာကြသည်။
လူတိုင်းက ဘီစကွတ်တွေ အကုန်လုံး ရလိုက်ပေမယ့် ချောကလက်တော့ တစ်ပြားမှ မရပါချေ။
စုချန်ယန်က ကလေးအားလုံးကြားမှာ အချစ်ခံရဆုံးကလေးဖြစ်သည်။ လူတိုင်းလူစုခွဲပြီးတဲ့နောက်မှာ ဆရာလင်းက သူမရဲ့လက်ထဲ ချောကလက် အဝိုင်းလေးကို တိတ်တိတ်လေး ထည့်ပေးလိုက်သည်။
စုချန်ယန်က အိတ်ကိုဖောက်ပြီး ပါးစပ်ထဲ ထည့်ခါနီးမှာ လင်းယွီက သူမနားထဲ တိုးတိုးလေးပြောလာသည်။ “ချောကလက်မှာ ကယ်လိုရီများလွန်းတယ်။ နက်ဖြန်မနက် အိမ်မှာ ရှောင်လုနဲ့ လေ့ကျင့်ခန်းလုပ်ပြီး နေ့လည်ကျရင် ရုံးကို လာခဲ့"
စုချန်ယန် - “…”
ဆရာလင်း၊ စိတ်ဓာတ်ကို ဘယ်လိုသတ်ရမလဲဆိုတာ မသိဘူးလား? အလုပ်ကိစ္စတွေက ညနေမှ ဆွေးနွေးလို့ မရဘူးလား?
အဆုံးမှာ၊ စုချန်ယန်ကတော့ ကယ်လိုရီများတဲ့ ချောကလက်ကို စားတုန်းပင်။
နာရီဝက်နီးပါးစောင့်ပြီးတဲ့နောက် စုန့်မင်ကန်က သူ့ကိုယ်ပိုင်အဝတ်အစားတွေကို ဝတ်ကာ ထွက်လာခဲ့သည်။
"နင် ပိုမြန်လို့ မရဘူးလား? ငါတို့အားလုံး ဗိုက်ဆာနေကြပြီ" ဟန်စုန့်ရွှယ်က မကျေမနပ်နဲ့ ပြောလိုက်သည်။ "နင်က ဘာလို့ ကလေးမလေးလို လုပ်နေရတာလဲ?"
ဒီနေ့ဖျော်ဖြေပွဲက အရမ်းအောင်မြင်ခဲ့ပြီး စုန့်မင်ကန်က လုံးဝကိုစိတ်အခြေအနေ ကောင်းနေသည်။ သူက ဟန်စုန့်ရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဗိုက်ဆာတယ်လို့ မပြောခင် နင့်ပါးစပ်ထဲက အကြွင်းအကျန်တွေကို အရင်သုတ်လိုက်လို့ရမလား?"
ဒါပေမယ့် ဒီအချိန်မှာ လူတိုင်းက ဗိုက်ဆာနေ လောက်သည်။ စုန့်မင်ကန်က ပြောလိုက်သည်။ “ ငါးမိနစ်လောက် လမ်းလျှောက်ရတဲ့ ဒီအနီးနားက စားသောက်ဆိုင်မှာ ကျွန်တော် မှာထားတာရှိတယ်။ ပြီးတော့ ဒီညအတွက် ကာရာအိုကေလည်း ဘိုကင်တင်ထားတာမို့ ဘယ်သူမှ ကားမမောင်းရဘူး”
"ငါတို့ ညစာ ဘာစားမှာလဲ?"
"steak"
"မြန်မြန်၊ နာမည်ကြီး မင်းသမီးက လမ်းပေါ်မှာ ဗိုက်ဆာနေရတယ်"
"နာမည်ကြီး မင်းသမီး? နင်မရှက်ဘူးလား?"
"ငါက အနာဂတ်မှာ ဘာလို့ နာမည်ကြီးမင်းသမီး မဖြစ်ရမှာလဲ?"
လူအုပ်က သာမာန်လူတွေလိုမျိုး စားသောက်ဆိုင်ဆီ လျှောက်လာကာ ပါပါရာဇီတွေဆီကနေ ဓာတ်ပုံရိုက်ခံရမှာကို ဂရုမစိုက်ဘဲ စကားစမြည်ပြောကာ ရယ်မောနေကြသည်။
စုချန်ယန်နဲ့ လင်းယွီတို့က လူအုပ်ရဲ့အနောက်ဘက်ကနေ လျှောက်နေပြီး ရှေ့က တက်ကြွနေသောအဖွဲ့ကို ကြည့်ကာ သူတို့မျက်လုံးထဲမှာတော့ ကြည်နူးမှုအရိပ်အယောင်တွေ ရှိနေသည်။