← Chapters

အခန်း ၁၄၆

Vol. 12 Ch. 146

အခန်း ၁၄၆

Vol. 12 Ch. 146

ဟန်စုန့်ရွယ်က ဒီတလော ဗီလိန်တစ်ဦးအဖြစ် ဖျော်ဖြေတင်ဆက်မှုရှိုးတစ်ခုမှာ ပါဝင်ခဲ့ပြီး ပရိသတ်မျက်ရည်ကျရကာ လူကြိုက်များ "ကြိမ်းမောင်းခံရ"သည့် စာရင်းမှာ ဟန်စုန့်ရွယ်က မကြာခဏဆိုသလို ပါဝင်လာသည်။

စုန့်မင်ကန်ကတော့ cross-dressing ဇာတ်ညွှန်းတွေက ဇာတ်ကောင်နေရာမှာ ပိုသရုပ်‌ဆောင်လာရကာ variety show တွေဘက်ကို ဦးတည်သွားသည်။

ချီဖုကတော့ အစီအစဉ်တင်ဆက်သူအဖြစ် လာရောက်ကမ်းလှမ်းခံရပြီး ကြံ့ခိုင်မှုဆိုင်ရာ ရှိုးများစွာ၌လည်း ပါဝင်လာရသည်။

ထျန်ချီကတော့ သရုပ်ဆောင်တာကို လက်မလျှော့ဘဲ စိတ်ခံစားမှု variety show ကhost တစ်ယောက်ဖြစ်ဖို့ စီစဉ်နေသည်။ သူမရဲ့ရွေးချယ်မှုအတွက် ဇာတ်ညွှန်းအများအပြားကို သူမဆီ ပေးပို့ထားပြီးပြီဟု ဆိုသည်။

ချင်ယို့ကတော့ ကျောင်းတက်နေတုန်း အချိန်ပိုင်းအလုပ်လုပ်နေပြီးvariety show ပွဲတွေမှာ မကြာခဏဆိုသလို ပေါ်လာကာ သင်ကြား‌ရေးအက်ပ်များအတွက်လည်း ထောက်ခံချက်များစွာကို ရခဲ့သည်။ မိသားစုကြွေးမြီတွေကိုဆပ်ဖို့ လုံလောက်တဲ့ငွေရပြီးရင်တော့ ဆောင်းရာသီနဲ့ နွေရာသီအားလပ်ရက်တွေမှာ သရုပ်ဆောင်အလုပ်တွေ ထပ်မံလုပ်ကိုင်ဖို့ စီစဉ်ထားသည်။

ရှန်ဖုကတော့ အဆင့်သတ်မှတ်ခံရတဲ့ ဂီတအစီအစဉ်တစ်ခုမှာ နည်းပြအဖြစ် ဖိတ်ကြားခံရပြီး များပြားတဲ့ အခကြေးငွေနဲ့ သုံးနှစ်စာချုပ်ကို ချုပ်ဆိုခဲ့သည်။

နောက်ဆုံးတော့ ဟယ်ရှုပင်။

သူမအခြေအနေက နည်းနည်းထူးခြားသည်။ သူမက အရင်တုန်းက အစားထိုးသရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ <Travel> နာမည်မကြီးခင်တုန်းက အနုပညာရှင်အချို့က သူမရဲ့ကျော်ကြားမှုကို ပြန်ယူပေးဖို့ ကြိုးစားခဲ့ပေမယ့် သူမကတော့ တိုက်ရိုက်ငြင်းခဲ့ ဝေဖန်မှုများစွာကို ရရှိခဲ့သည်။ သို့ပေမယ့် ဒါက သက်ရောက်မှု များစွာမရှိတဲ့အပြင် ဇာတ်ညွှန်းတွေနဲ့ variety show ကမ်းလှမ်းမှုတွေကိုလည်းရရှိခဲ့သည်။

သူတို့ရဲ့ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေဟာ အပြုသဘောဆောင်တဲ့ ဘက်ကို ဦးတည်နေကြသည်။

ဒီကာလအတွင်းမှာ စုချန်ယန် လည်းစာတွေပြန်လေ့လာသည်။ သူမ တစ်ခုခုကို နားမလည်တဲ့အခါဆို ရှောင်လု၊ လင်းယွီ၊ လက်ထောက်ရှု၊ ချင်ယို့နဲ့ တုစမ်ယွီ တို့ကို မေးလိမ့်မည်။ သူမရဲ့ စာလေ့လာမှု တိုးတက်မှုနှုန်းမှာ အတော်လေး ကောင်းမွန်ခဲ့ပြီး လာမယ့်နှစ်တွင် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုဖို့ စီစဉ်ထားသည်။

နိုဝင်ဘာလလယ်တွင်၊ <Sludge> ကို ရုံတင်ပြသခဲ့ပြီး ရုပ်ရှင်ရုံကြီးများတွင် လူများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့လည်း လူကြိုက်များခဲ့သည်။

ပရိုမိုးရှင်းဗီဒီယို ထွက်လာပြီးတဲ့နောက် စုချန်ယန်ရဲ့ အခန်းကဏ္ဍမှာ ရင်ဖိုစရာအကြောင်းအရာတစ်ခုဖြစ်လာပြီး လူအများက ဒီဇာတ်ကားအတွက် အများကြီးမျှော်လင့်ထားကြသည်။

ရုပ်ရှင်ထွက်တဲ့အချိန် စုချန်ယန်မှာ အလုပ်များနေပြီး တစ်နေ့ကို နာရီအနည်းငယ်သာ အိပ်ခဲ့ရသည်။ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒရာမာရဲ့ဖွင့်ပွဲအခမ်းအနားအပြီးတွင် စုချန်ယန်မှာ နောက်ဆုံးတွင် နားရက်နှစ်ရက် ယူခဲ့သည်။

ဒီအချိန်မှာ ဒီဇာတ်ကားဟာ ရုံတင်တာ လေးရက်ရှိပြီဖြစ်ပြီး Box Office က သန်း 600 ကျော်သွားကာ တဖြည်းဖြည်း မြင့်တက်လာသည်။

ရက်အတော်ကြာအောင် သူမကို ကောင်းကောင်းမတွေ့ရခဲ့တဲ့ လင်းယွီက ညနေပိုင်းမှာ video call ခေါ်လာသည်။

"မန်နေဂျာ လင်း"

စုချန်ယန်က ဒီရက်တွေမှာ အလုပ်များနေခဲ့တဲ့အတွက် ခေါင်းကို စောင်ထဲတွင် မြှုပ်ထားကာ ငိုက်မျဉ်းနေသည်။

လင်းယွီက အခုမှ အိမ်ပြန်ရောက်ပြီး အဝတ်မလဲရသေးတဲ့ပုံပင်။ သူက သူမကို ခဏလောက် စိုက်ကြည့်နေပြီး မေးလိုက်သည်။ "ပင်ပန်းနေပြီလား?"

“အမ်း…”

လင်းယွီက ခေါင်းညိတ်လိုက်ပြီး “မနက်ဖြန် ရုပ်ရှင်သွားကြည့်ချင်လား? မင်းရဲ့ရုပ်ရှင်လေ"

စုချန်ယန်က သမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။ "အင်း၊ ကျွန်မတို့ ရှောင်လုကိုရော ခေါ်သင့်လား?"

လင်းယွီ - "ကိုယ်တို့နှစ်ယောက်ပဲ"

ဒီကာလမှာ နှစ်ယောက်တည်း အတူတူ အချိန်သိပ်မကုန်ရသေးပေ။

စုချန်ယန် နားရွက်ကို ကိုင်လိုက်ကာ "အိုး"

လင်းယွီက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "နေ့ဘက်မှာ ကောင်းကောင်းအနားယူ၊ ညကျရင် ညစာစားဖို့ ကိုယ်လာခေါ်မယ်"

"သိပြီ ၊ ရှင်လည်း စောစောအနားယူသင့်တယ်"

"ဂွတ်ဒ်နိုက်"

"ဂွတ်ဒ်နိုက်"

Video call ပြီးသွားတော့ စုချန်ယန်က သူမရဲ့နီမြန်းနေတဲ့ ပါးပြင်တွေကို ထိလိုက်မိသည်။ လင်းယွီနဲ့ video call ပြောလေ့ရှိပေမယ့် သူမကတော့ ရှက်ရွံ့နေဆဲပင်။

စုချန်ယန်ညဘက် ကောင်းကောင်းအိပ်ပျော်သွားပြီး နောက်တစ်နေ့ ဆယ်နာရီထိုးခါနီးမှ နိုးလာခဲ့သည်။

သူမထလာတဲ့အခါ ရှောင်လုက ဧည့်ခန်းဆိုဖာပေါ်မှာ လှဲနေပြီး Weibo ကြည့်နေသည်။

ဒီအတောအတွင်း စုချန်ယန်မှာ လှည့်ပတ်နေတဲ့ ထိပ်ပိုင်းလိုမျိုး အလုပ်များနေပြီး ရှောင်လုလည်း ပျင်းရိမနေခဲ့ရပေ။ သူတို့ရဲ့ ဖုန်းကို ကြည့်ဖို့ အချိန်မရှိသလောက်ပင်။ ရှောင်လုသည် လက်ထောက်တစ်ယောက်ရဲ့အလုပ်တာဝန်ကို မကိုင်တွယ်နိုင်ကြောင်း လင်းယွီကို မကြာခဏ အစီရင်ခံတင်ပြီး လက်ထောက်ရှုကလည်း ကုမ္ပဏီကိစ္စတွေကို မကြာခဏ လုပ်ရ‌လေ့ရှိသည်။ လင်းယွီလည်း အရမ်းအလုပ်များနေတာကြောင့် ရှောင်လုကို ခဏလောက်သည်းခံဖို့ ပြောထားပြီး သိပ်မကြာခင် အခြေအနေတွေ ပိုကောင်းလာမယ်လို့ ပြောသည်။

စုချန်ယန်အ‌နေနဲ့ သူမရဲ့လက်ထောက်လုပ်နိုင်တဲ့အရာတွေကို သူမလည်းလုပ်နိုင်တာကြောင့် မလိုအပ်ဟု ခံစားရသည်။

စုချန်ယန် ဆင်းလာတာကိုမြင်တော့ ရှောင်လု ကပြောသည်။ "နင်သရုပ်ဆောင်တဲ့ ရုပ်ရှင်အတွက် ဝေဖန်ချက်တွေက အွန်လိုင်းမှာ အရမ်းမြင့်နေတယ်၊ အထူးသဖြင့် နင့်ရဲ့ဇာတ်ကောင်၊ နိုင်ငံရဲ့အချစ်ဦးလေ"

စုချန်ယန် က တခစ်ခစ်ရယ်ပြီး ပြောလိုက်သည်။ “အဲဒါက ချဲ့ကားထားတာ‌လောက်လည်းမဟုတ်ပါဘူး”

"ဒါက တကယ်ကို ချဲ့ကားတာပဲ"

ရှောင်လုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ " ငါ့ဝမ်းကွဲအစ်ကိုက မနက်စာ လာပို့ထားတယ်၊ မိုက်ခရိုဝေ့ထဲမှာ ရှိတယ်။ သွားစားလိုက်"

စုချန်ယန်က အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “Mr. လင်း လာသေးတာလား?"

ရှောင်လုက ခေါင်းညိတ်လိုက်ပြီး "သူက ဒီပန်းတွေကို ဝယ်လာတာလည်း သူပဲလေ။ စကားမစပ်၊ နင်တို့နှစ်ယောက်လုံး ဒီလို ဟိုလိုလိုဒီလိုလို ဆက်ဆံရေးရှိနေဝာကို ဘာလို့ သူ့ကို Mr. လင်းလို့ဘဲ ခေါ်နေသေးတာလဲ? အခု ကုမ္ပဏီကလူတိုင်းက နင်နဲ့ သူနဲ့ပတ်သက်တဲ့ ကောလဟာလတွေ ဖြန့်နေတာ"

ဒါကိုကြားတော့စုချန်ယန်က မီးဖိုချောင်ကို သွားတဲ့လမ်းမှာ ခဏရပ်သွားပြီး သံသယဝင်စွာနဲ့ မေးလိုက်သည်။ “ကုမ္ပဏီက လူတွေက ဘယ်လိုလုပ်သိနိုင်မှာလဲ?"

ရှောင်လုရဲ့ အပြုံးက ခဏလောက် တောင့်တင်းသွားသည်။

အိုး မဖြစ်ဘူး ငါမှားပြီး မပြောသင့်တာ ပြောမိသွားပြီ

ဒီကိစ္စကို သူတို့သုံးယောက်ပဲ သိကြောင်း စုချန်ယန် ရုတ်တရက် သဘောပေါက်သွားသည်။ သူမ ဘာမှမပြောခဲ့သလို လင်းယွီလည်း ပြောမှာ မဟုတ်ဘူး။ ဒါကို ပြောပြနိုင်တဲ့သူကတော့ ရှောင်လုဘဲ။

"လုယင်း!" စုချန်ယန်က ဒေါသတကြီး ပြေးလာပြီး သူမရဲ့လည်ပင်းကို လှမ်းဆွဲလိုက်သည်။ "နင် လျှို့ဝှက်ချက်တွေထိန်းတဲ့နေရာမှာ ဘယ်လိုတောင် အရမ်းဆိုးရွားရတာလဲ? !"

ရှောင်လုက မျက်နှာချိုသွေးကာ ပြုံးလိုက်ပြီး "ဝန်ထမ်း group chatမှာ မတော်တဆ ပြောမိသွားတာ၊ ဒါပေမယ့် ကုမ္ပဏီအပြင်က ဘယ်သူ့မှ မသိစေရဘူးလို့ ကတိပေးတယ်!"

"နင့်မှာ ဘာအာမခံချက်ရှိလဲ?!" စုချန်ယန်မှာ ဒေါသထွက်လွန်းလို့ ကိုက်ချင်လာသည်။ သူမကို အရင်ပြောပြလိုက်မိတာ နောင်တရတယ်။

“အို၊ လူတိုင်းက နင့်ကို အရမ်းကြိုက်ကြတာ။ နင်သာအနာဂတ် သူဌေးက‌တော် ဖြစ်လာတာမြင်ရင် သူတို့ ဝမ်းသာကြလိမ့်မယ်။ သူတို့က နင့်ကို 'သူဌေးကတော်' လို့တောင် တိတ်တိတ်လေးခေါ်ကြတယ်"

"လုယင်း!"

ရှောင်လုက လျှာထုတ်ပြလိုက်ပြီး "ဘာပဲဖြစ်ဖြစ် နင်နဲ့ ငါ့ဝမ်းကွဲအစ်ကိုက အနှေးနဲ့အမြန် အတူတူရှိကြတော့မှာပဲကို။ နင်က ငါ့ယောင်းမဖြစ်ပြီး ငါက နင့်ရဲ့ခယ်မလေးပေါ့။ နင်ငါ့ကိုသတ်လိုက်ရင် ငါတို့မိသားစုထဲမှာ မင်္ဂလာဆောင်နဲ့ အသုဘအခမ်းအနားကို အတူတူလုပ်ရလိမ့်မယ်"

စုချန်ယန်မှာ “ယောင်းမ"နဲ့ “မင်္ဂလာဆောင်” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အတွက် ရှက်သွားရသည်။ သူမက ဒေါသတကြီးနဲ့ ရှောင်လုပါးကို ကိုက်လိုက်သည်။

“အာ! ချီးပဲ၊ နင်ငါ့ကို တကယ်ကိုက်တယ်!"ရှောင်လုက နာကျင်စွာနဲ့ အော်လိုက်သည်။

"နင်က အခြေအမြစ်မရှိဘဲ ရိုင်းစိုင်းတဲ့ မှန်းဆချက်တွေပေးနေတာလေ!" စုချန်ယန်က ကြိမ်းမောင်းသည်။

ရှောင်လုက လက်နှစ်ဖက်ကို အလျင်အမြန် မြှောက်လိုက်ပြီး ပြောလိုက်သည်။ “တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ နင်အရင် သွားစားပါတော့။ ငါ့ဝမ်းကွဲအစ်ကိုက ခဏနေကျရင် ငါတို့ကို လာစစ်ဆေးဦးမယ်"

စုချန်ယန်က သူမကို မကျေမချမ်း စိုက်ကြည့်လိုက်ပြီး မီးဖိုချောင်ထဲ အမြန်ပြေးဝင်သွားသည်။

ရှောင်လုက သူမပါးပြင်ပေါ်က သွားရာကို ထိလိုက်ပြီး ပျောက်မသွားခင် အမြန်ဓာတ်ပုံရိုက်ကာ သူမရဲ့ဝမ်းကွဲအစ်ကိုဆီ ပို့လိုက်သည်။

[ယောင်းမဆီကနေ အကိုက်ခံရတယ်]

[လင်းယွီမှ ယွမ်5,000လွှဲလာပါသည်]

[အရမ်းချစ်စရာကောင်းတယ်]

[ချစ်စရာကောင်းတယ်? ညီမလည်း ညီမကချစ်စရာကောင်းတယ်လို့ထင်တယ်]

[လင်းယွီ - မင်းအနာဂတ်ယောင်းမရဲ့ သွားရာကိုပြောတာ]

[လူမဆန်ဘူး!!!]

လင်းယွီက သူမဟောက်တာကို လျစ်လျူရှုလိုက်ပြီး ဓာတ်ပုံကိုဖွင့်ကာ သွားကိုက်ရာ နေရာကို ချဲ့လိုက်ပြီး စခရင်ရှော့ရိုက်လိုက်သည်။

“ဒေါက်一”

ရုံးတံခါးခေါက်သံ ထွက်လာသည်။

"ဝင်လာခဲ့ပါ" လင်းယွီက ဖုန်းကိုချလိုက်သည်။

လက်ထောက်ရှုက တံခါးကိုတွန်းဖွင့်လာပြီး လင်းယွီကို လေးနက်တဲ့အမူအရာနဲ့ကြည့်လိုက်ကာ ပြောလာသည်။ "ဘော့စ်လင်း၊ ဥက္ကဌက ဘော့စ်ကို သူ့ရုံးခန်းဆီ ချက်ချင်းလာစေချင်နေတယ်"

လင်းယွီက မျက်လုံးပင့်လိုက်ပြီး မေးလိုက်သည်။ “ဘာကိစ္စဖြစ်လို့လဲ?"

လက်ထောက်ရှု - "ဘော့စ်နဲ့ စုချန်ယန်တို့အကြောင်း ဒီတလောကုမ္ပဏီမှာ ကောလဟာလတွေ ထွက်‌နေတယ်။ ဥက္ကဌက ဘော့စ်နဲ့ ချန်ယန်အကြောင်း ပြောချင်လို့တဲ့"

လင်းယွီက ခဏလောက် ရပ်သွားပြီး ပြောလိုက်သည်။ "ငါသိပြီ"

. . . . .

မနက်စာစားပြီးတာနဲ့ စုချန်ယန် ဧည့်ခန်းဆီပြန်လာတော့ ရှောင်လုက ဖုန်းကို လေးနက်တဲ့အမူအရာနဲ့ စာရိုက်နေတာကိုတွေ့လိုက်ရသည်။

သူမက စိတ်ငြိမ်သွားပြီး ရှောင်လုရဲ့ပါးစပ်နားမှာ ချယ်ရီခရမ်းချဉ်သီး တစ်လုံးထည့်လိုက်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

ရှောင်လုက အသီးကို ဝါးလိုက်ပြီး ဗလုံးဗထွေးပြောလာသည်။ "ဒီတလော နင့်နဲ့ ငါ့ဝမ်းကွဲအစ်ကိုကြား ဆက်ဆံရေးကြောင့် ငါ့ဝမ်းကွဲအစ်ကိုကို ငါတို့ဦးလေးက ရုံးခန်းထဲ ခေါ်သွားပြီး အဆူခံနေရတယ်ထင်တယ်လို့ ဝန်ထမ်း group chat ထဲမှာပြောနေကြတယ်"

စုချန်ယန် ရဲ့အမူအရာက အေးခဲသွားပြီး မေးလိုက်သည်။"ငါ့ကြောင့်လား?"

ရှောင်လုက တစ်ခုခုကို မှတ်မိသွားပြီး သူမမျက်နှာက စိတ်မချမ်းမသာ ဖြစ်သွားသည်။ “ငါ့ဝမ်းကွဲအစ်ကို အီတလီမှာအနုပညာရှင်တစ်ယောက်နဲ့တွဲတုန်းက ငါတို့ဦးလေးက သူတို့ရဲ့အနာဂတ်ချွေးမတစ်ယောက်ဟာ အနုပညာအသိုင်းအဝန်းက မဖြစ်ရဘူးလို့ ပြောခဲ့တယ်။ ဒီတော့ နင်နဲ့ ငါ့ဝမ်းကွဲအစ်ကိုက…”

စုချန်ယန်ရဲ့ မျက်နှာက ဖျော့တော့သွားသည်။ လင်းယွီ က သူမကို သဘောကျကြောင်း သူမသိလိုက်ရတဲ့အချိန်တုန်းပ စုချန်ယန်က အရာအားလုံးကို တွေးတောရင်း ပျော်ရွှင်ခဲ့ရသည်။ အခုတော့ လင်းယွီရဲ့ နောက်ခံအကြောင်း တွေးကြည့်လိုက်တော့ သူမနဲ့လုံးဝ ခြားနားနေသည်။ လင်းယွီရဲ့မိဘတွေက ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ?

သူမ မျက်နှာမကောင်းတာကိုမြင်တော့ ရှောင်လုလည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ "တောင်းပန်ပါတယ် ငါမပြောလိုက်သင့်ဘူး။ နင်နဲ့ ငါ့ဝမ်းကွဲအစ်ကိုက အခုထိ မတွဲရသေးတော့ ငါ့ဝမ်းကွဲအစ်ကိုမှာ တခြားအစီအစဉ်တွေ ရှိကောင်းရှိလိမ့်မယ်"

စုချန်ယန်ရဲ့ အမူအရာမှာ မသာမယာဖြစ်နေပေမယ့် သူမက စိတ်ငြိမ်အောင်လုပ်လိုက်ပြီး ခေါင်းခါလိုက်ကာ "ဒါက နင်စိုးရိမ်စရာ မဟုတ်ပါဘူး။ လင်းယွီသာ ငါနဲ့တကယ်ရှိချင်မယ် ဆိုရင် သူ့မိဘတွေလည်း အနှေးနဲ့အမြန်ဆိုသလို သိသွားမှာဘဲ"

ရှောင်လုက နည်းနည်းအပြစ်ရှိသလို ခံစားမိကာ စုချန်ယန်ရဲ့ လက်ကို ကိုင်လိုက်ပြီး ပြောလာသည်။ "ချန်ယန်၊ ဒါက နင့်အတွက် နားထောင်ရတာ ရက်စက်မှန်း သိပေမယ့် ငါနင့်ကို ပြောချင်တယ်၊ နင်နဲ့ ငါ့ဝမ်းကွဲတို့ တွဲရုံဘဲဆိုရင် ငါ့ဦးလေးက ဂရုစိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါ့ဝမ်းကွဲသာ အနာဂတ်မှာ နင်နဲ့အတူတူရှိချင်တယ်ဆိုရင်တော့ ငါ့ဦးလေးက..... သဘောတူလောက်မှာ မဟုတ်ဘူး"

သူမဘာကိုဆိုလိုလဲဆိုတာ စုချန်ယန် နားလည်သည် - လင်းယွီက သူမနဲ့ ကစားနိုင်ပေမယ့် လေးနက်တဲ့ ဆက်ဆံရေးဆိုရင်တော့ စဉ်းစားစရာတောင်မလိုပေ

စုချန်ယန်က ပြုံးလိုက်ပြီး "အဆင်ပြေပါတယ်။ နောက်ဆုံးမှာတော့ လက်ထပ်ရင်လည်း ကွာရှင်းပြတ်စဲတာနဲ့ အဆုံးသတ်သွားနိုင်တယ်။ ငါတို့ အခု အတူတူရှိနေရင်တောင် အဆုံးရှိ အတူရှိနိုင်မယ်လို့ မဆိုလိုနိုင်ဘူး"

“ချန်ယန်…”

“ကောင်းပြီ၊ ဒီည Mr.လင်းနဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတယ်။ နင်တော့ တစ်ယောက်ထဲ ထပ်ဖြစ်ပြန်ပြီ"

စုချန်ယန်က မျက်နှာကို ပွတ်လိုက်ပြီးထလိုက်ကာ အခန်းထဲပြန်ဝင်သွားသည်။

စုချန်ယန် လိမ်နေတာ မဟုတ်ပေ။ Relationships တွေဟာ အမြဲတမ်း မတည်မြဲပါချေ။ သူမနဲ့ လင်းယွီတို့ဟာ အပြည့်အဝတောင် မစရသေးပေမယ့် အဆုံးကို သူမမြင်နိုင်နေပြီဖြစ်သည်။

ဒါပေမယ့် ဒါက အဆင်ပြေပါတယ်။ သူမအနေနဲ့ နောက်ဆုံးရလဒ်ကို သိပြီးသွားပြီသည်။ ဖြစ်ရပ်က စိတ်ပျက်အားငယ်စရာ ကောင်း‌ပေမယ့် လင်းယွီကို သူမရဲ့နောက်ဆုံးကောင်းချီးတွေကိုပေးဖို့ သူမကိုယ်တိုင် ပြင်ဆင်လို့ရသေးသည်။

စုချန်ယန်က ဘယ်တုန်းကမှ လောဘမကြီးဘူး။

ဒီရက်အနည်းငယ်အတွင်းမှာ သူမက ဖုန်းကြည့်ရင်း အချိန်ဖြုန်းသည်။ သူမ မဖွင့်ကြည့်ရတဲ့ WeChat မက်ဆေ့ချ်‌တွေ အစုအပုံလိုက်ရှိနေသည်။

သူမ တစ်ချက်ကြည့်လိုက်တော့ သူမ သိတဲ့လူတိုင်းနီးပါးက သူမကို ဂုဏ်ပြုစာတွေ ပို့လာကြသည်။ စုချန်ယန်က တစ်ယောက်ချင်းစီကို စာပြန်လို့ပြီးတော့ group chat ကိုနှိပ်လိုက်သည်။ စကားပြောထားတာတွေက မနေ့ကနေရာမှာ ရပ်နေပြီး ဟန်စုန့်ရွယ်ဆီက မက်ဆေ့ချ်တွေကလည်း နည်းသထက် နည်းလာသည်။

လူတိုင်းရဲ့ဘဝတွေကလမ်းကြောင်းအမျိုးမျိုးကို ဦးတည်နေကြသည်။

စုချန်ယန်က ဒီကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားပေမယ့် ဒီလိုနေ့တွေရောက်လာတဲ့အခါမှာတော့ သူမ ဝမ်းနည်းမိသည်။

All Chapters