အခန်း ၁၄၇
Vol. 12 Ch. 147
ညနေခင်းမှာ လင်းယွီက စုချန်ယန်ကို လာခေါ်ဖို့အိမ်အထိ ကားမောင်းလာသည်။
ခရီးတစ်လျှောက်လုံးမှာ လင်းယွီက ဥက္ကဋ္ဌရုံးခန်းဆီ ခေါ်ခံရတာကို မပြောခဲ့ပေ။ အဲ့ဒါက သူမအတွက် အရေးမကြီးဘူးလို့ စုချန်ယန် ခံစားရသည်။ လင်းယွီက သူမကို သဘောကျပြီး သူမနဲ့ အတူရှိချင်နေသရွေ့ နောက်ဆုံးရလဒ်ကို သူမ စိတ်မ၀င်စားပါချေ။ လုပ်ငန်းစဉ်ဟာ အရေးကြီးဆုံးဖြစ်ပြီး ရလဒ်မှာ ကျေနပ်ဖွယ်စရာ မကောင်းရင်တောင်မှ လှပတဲ့လုပ်ငန်းစဉ်ကို တစ်သက်တာ မှတ်မိနေမည်ဖြစ်သည်။
"ဒီည ဘာစားချင်လဲ?" လင်းယွီက မေးလာသည်။
စုချန်ယန် - "ဒီည ကျွန်မတို့ တစ်ခုခုစားလို့ရလား?"
"မင်းရဲ့ပုံရိပ်ကို ထိန်းသိမ်းရတာက မင်းအလုပ်ပဲ၊ ဒါပေမယ့် အခုက ကိုယ်တို့ဒိတ်နေတဲ့အချိန်ပဲ"
စုချန်ယန်က မျက်လုံးတွေကို ကျဉ်းမြောင်းပြီး ပြောလိုက်သည်။ "ကျွန်မ အချိုပွဲ စားချင်တယ်!"
"ချောကလက်လား?"
"ကိတ်မုန့်!"
လင်းယွီက ရယ်လိုက်ပြီး “ညစာစားပြီးရင် အချိုပွဲ စားကြမယ်။ ညစာအတွက် အနောက်တိုင်း အစားအစာ စားကြရင်ရော ဘယ်လိုလဲ?"
စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ ကျွန်မ steakနှစ်ခုစားချင်တယ်"
လင်းယွီ - “အဲ့ဒါပြီးရင် မင်း အချိုပွဲစားနိုင်ပါ့ဦးမလား?"
“စားနိုင်တယ်၊ အချိုပွဲတွေကို အဆာပြေအနေနဲ့ သတ်မှတ်ထားတယ်။ ကျွန်မဗိုက်ထဲမှာ အဓိက ဟင်းပွဲနဲ့ အဆာပြေအတွက် ခွဲထားတယ်"
"ကောင်းပြီ မင်းရွေးတဲ့အတိုင်း သွားလိုက်မယ်"
လင်းယွီက စုချန်ယန်ကို စားပွဲထိုးတွေက နိုင်ငံခြားသားတွေဖြစ်ကြတဲ့ အနောက်တိုင်း စားသောက်ဆိုင်တစ်ခုဆီခေါ်သွားသည်။
လင်းယွီက အင်္ဂလိပ်လို ကျွမ်းကျင်စွာနဲ့ မှာလိုက်သည်။ စားပွဲထိုးထွက်သွားပြီးတဲ့နောက်မှာ သူက ဘော့စ် ကိုကြည့်လာပြီး မေးလိုက်သည်။ "မင်းရဲ့အင်္ဂလိပ်သင်နေတာ ဘယ်လိုနေလဲ?"
ဒီတလော သူမ ဘာလေ့လာနေလဲဆိုတာ သူသိသည်။
စုချန်ယန်က နည်းနည်းရှက်သလို ခံစားလိုက်ရသည်။ "ရှင်နဲ့ စားပွဲထိုးပြောနေတာတွေကို ကျွန်မ နည်းနည်းပဲ နားလည်တယ်"
လင်းယွီက ခေါင်းညိတ်လိုက်ပြီး “မဆိုးပါဘူး။ သင်္ချာရော?"
သင်္ချာရောက်လာတဲ့အခါမှာတော့ စုချန်ယန်မှာ ပြောစရာပျောက်သွားသည်။ အရင်က သင်ခဲ့ဖူးပေမယ့် သူမအဆင့်က အများဆုံးမှ အလယ်တန်း အထက်တန်း အဆင့်ဘဲရှိသည်။ တုစမ်ယွီပေးထားတဲ့ လေ့ကျင့်ခန်းစာအုပ်တွေထဲမှာတောင် သူမ ပုစ္ဆာနည်းနည်းလောက်ဘဲ ဖြေရှင်းနိုင်သည်။ သင်္ချာကဘယ်လိုလုပ် ဒီလောက်တောင် ရှုပ်ထွေး၊ ခက်ခဲလွန်းရလဲဆိုတာကို သူမ နားမလည်နိုင်ဘူး။
သူမရဲ့ စိတ်ပျက်နေတဲ့ အမူအရာကို ကြည့်ပြီး လင်းယွီက ပြောလိုက်သည်။ "ကျူရှင်ဆရာ ခေါ်ချင်လား?"
စာချန်ယန် က ခေါင်းခါလိုက်ပြီး "ကျွန်မနှစ်ရက်လောက်နေရင် အဖွဲ့သားတွေနဲ့ တွေ့ရမှာ။ စာလုပ်ဖို့ အချိန်မရှိဘူး။ အဲ့ဒီအကြောင်းကို နောက်နှစ်မှ ပြောရအောင်"
လင်းယွီလည်း သူမကို သိပ်ပြီး အပင်ပန်းမခံစေချင်ပေ။ “စာလေ့လာတာ အလျင်လိုဖို့ မလိုဘူး။ မင်းရဲ့ကျောင်းက တစ်ယောက်ယောက်ကို ကိုယ် မေးဖူးတယ်။ မင်းက မင်းရဲ့ ကျောင်းသား အနေအထားကို နှစ်နှစ် ထိန်းသိမ်းဖို့ လျှောက်ပေးထားတယ်။ နှစ်သစ်ကူးပြီးရင် ကျောင်းမှာ စာရင်းသွင်းလို့ရပြီ။ နောက်နှစ် မင်းရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်က မကောင်းဘူးဆိုရင် နောင်မှာ ဆက်ဖြေလို့ရသေးတယ်"
စုချန်ယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကျေးဇူးပါ"
"မင်း ကိုယ့်ကို ကျေးဇူးတင်စရာ မလိုပါဘူး"
Steak ရောက်လာတော့ လင်းယွီက ပုံမှန်အတိုင်းဘဲ အတုံးလေးတွေ တုံးလိုက်ပြီး သူမကိုပေးလိုက်သည်။
ထမင်းစားနေတုန်းမှာ လင်းယွီက စကားနည်းနည်းဘဲပြောပြီး စုချန်ယန်လည်း တိတ်တိတ်ဆိတ်ဆိတ်စားသည်။
စုချန်ယန် ဗိုက်ပြည့်လို့ စိတ်ကျေနပ်သွားတဲ့အခါမှာတော့ ပြေပြစ်တဲ့ တယောသံက အနောက်တိုင်းစတိုင် စားသောက်ဆိုင်ကို လွှမ်းခြုံသွားသည်။
"ဝပြီလား?" လင်းယွီက သူမမျက်နှာချင်းဆိုင်မှာထိုင်နေကာ ပြုံးလိုက်သည်။
အနောက်တိုင်းစတိုင် စားသောက်ဆိုင်ရဲ့ အလင်းရောင် မှိန်မှိန်က သူ့မျက်နှာကို ပိုပြီးနူးညံ့သွားစေသည်။
စုချန်ယန်မှာ နားမလည်နိုင်ရလောက်အောက် စိတ်လှုပ်ရှားလာသည်။ သူမက ပါးစပ်ကို တစ်ရှူးနဲ့ သုတ်လိုက်ပြီး သူနဲ့အကြည့်ချင်းဆုံဖို့ တွန့်ဆုတ်နေမိသည်။ သူမက ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။ "ဝပြီ"
ကျယ်ဝန်းတဲ့စားသောက်ဆိုင်ထဲမှာ သူမတို့နှစ်ယောက်ဘဲကျန်တော့တာကို စုချန်ယန် သတိပြုမိသွားပြီး ဘယ်အချိန်တုန်းကလဲဆိုတာတောင် သူမ မသိလိုက်ပေ။
ဒါကို သဘောပေါက်သွားတော့ စုချန်ယန် က ပိုလို့တောင် စိတ်လှုပ်ရှားလာသည်။
လင်းယွီက သူမကို ပြုံးပြလာပြီး တိုးတိုးလေးပြောလာသည်။ “ကိုယ် မင်းနဲ့ စကားပြောချင်တယ်”
စုချန်ယန်က ခေါင်းညိတ်လိုက်သည်။ "အင်း"
"ချန်ယန်၊ အစက ကိုယ် မင်းကို ဒီအရာ တွေ ကြိုမပြောချင်ခဲ့ဘူး။ မင်းအခုထိ ကိုယ့်ကို ပြည့်ပြည့်ဝဝ လက်မခံရသေးဘူး"
စုချန်ယန် ခေါင်းခါပြီး ပြောလိုက်သည်။ "ပြောပါ"
“ဥက္ကဋ္ဌက ကိုယ့်ကို သူ့ရုံးခန်းဆီ ခေါ်တဲ့ကိစ္စ ဘာကြောင့် ကိုယ့်ကိုမမေးတာလဲ?” လင်းယွီရဲ့အပြုံးက တဖြည်းဖြည်း မှိန်ဖျော့လာပြီး သူ့အမူအရာမှာ ပိုလေးနက်လာသည်။
စုချန်ယန်က ခဏလောက်ရပ်သွားပြီး အံ့သြတဲ့အကြည့်နဲ့ ကြည့်လာသည်။ “ရှင်ဘယ်လိုသိတာလဲ…”
စကားဆုံးအောင်မပြောရသေးခင် ဒါက ပဲတွေကို ဖိတ်ကျစေတဲ့ ပါးစပ်ကြီးရှောင်လု လက်ချက်မှန်း သူမ ခန့်မှန်းမိလိုက်သည်။
"သူကိုယ့်ကို ဘာပြောလဲဆိုတာ မင်းမသိချင်ဘူးလား?"
လင်းယွီရဲ့အကြည့်တွေက လေးလံလာပြီး သူမကို ဗိုက်ဝပြီလားလို့ သူဘာလို့မေးလဲဆိုတာ စုချန်ယန်သိလိုက်သည်။ ဒီအကြောင်းအရာက ခံတွင်းတွေ့နေတုန်း ပြောရတာ အရမ်းပြင်းထန်သည်။
စုချန်ယန်ရဲ့ လည်ချောင်းက တင်းကျပ်လာပြီး ဘယ်လိုပြန်ဖြေရမလဲ မသိတော့ပေ။
"ဒါမှမဟုတ် ဥက္ကဌက ကိုယ့်ကို ဘာပြောပြော မင်းဂရုမစိုက်တာလား?"
“မဟုတ်ပါဘူး…” စုချန်ယန်က တိုးတိုးလေး ပြန်ပြောလိုက်သည် ။
"စုချန်ယန် ကိုယ် မင်းကို ကစားနေတာလို့ ထင်နေတာလား? ဒါကြောင့် ကိုယ့်အဖေက ကိုယ်တို့ကို သဘောတူလား မတူဘူးလားဆိုတာကို မင်းဂရုမစိုက်တာလား? ဒါမှမဟုတ် မင်းအတွက် ကိုယ်က ကစားစရာ သက်သက်ဘဲလား?"
“မဟုတ်ဘူး!” စုချန်ယန်ရဲ့ အသံက တယောအသံကို ကျော်ပြီး ရုတ်တရက်ထွက်လာသည်။
လင်းယွီက သူမကို တိတ်တဆိတ်ကြည့်နေပြီး ပြောလိုက်သည်။ "ဆက်ပြော"
စုချန်ယန်က မျက်ရည်တွေဝဲလာသည်။ "ကျွန်မ ဒီလိုမျိုး မတွေးထားပေမယ့် ဥက္ကဌက သဘောမတူရင် ကျွန်မက ဘာလုပ်နိုင်မှာလဲ? ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ထားရင်တောင် ကွာရှင်းလို့ရနေတာ။ ကျွန်မတို့က အဲ့ဒီအထိ ဘယ်တော့မှ မရောက်နိုင်ရင်ရော?"
လင်းယွီက သူမစကားကြားပြီး ခဏလောက်ငြိမ်သက်သွားသည်။ စုချန်ယန်က ခေါင်းကို မဝံ့မရဲ မော့လိုက်တော့ စားပွဲပေါ်က သူမလက်ကို သူကရုတ်တရက်ဆွဲလိုက်ကာ ကိုင်လိုက်သည်။
"ချန်ယန်၊ မင်း ကိုယ့်ကို ပြည့်ပြည့်ဝဝမယုံဘူး" လင်းယွီ ကပြောလာသည်။
သူက စုချန်ယန် ရဲ့လက်ကို လက်မနဲ့ပွတ်လိုက်ပြီး သူ့လေသံက တဖြည်းဖြည်း နူးညံ့လာသည်။ “ကိုယ့်ကိစ္စကို ကိုယ်ကိုင်တွယ်နိုင်တယ်။ မင်း ကိုယ့်ကို ယုံဖို့ပဲလိုတာ"
"မင်းကိုယ့်ကို လုံးလုံးယုံကြည်နိုင်ဖို့ ခက်ခဲတယ်ဆိုတာ ကိုယ်သိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကိုယ်တို့က ခွဲရမှာဘဲဆိုတဲ့ အတွေးတွေနဲ့ မင်းကို ကိုယ့်ဘေးမှာ စက္ကန့်တိုင်းကို မကုန်ဆုံးစေချင်ဘူး"
"အကြောင်းပြချက် နှစ်ခုကြောင့် ကိုယ်တို့အခြေအနေကို ကိုယ့်အဖေကို မပြောခဲ့ရဘူး။ ပထမအချက်က ကိုယ်တို့ရဲ့ဆက်ဆံရေးကို အတည်မပြုသေးလို့ပဲ။ ဒုတိယအနေနဲ့၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ကိုယ်ကိုင်တွယ်နိုင်တဲ့အတွက် မင်းစိတ်ပူဖို့မလိုဘူး”
စုချန်ယန် ခေါင်းငုံ့လိုက်ကာ ဘယ်လို ချေပရမလဲ မသိတော့ပေ။ လင်းယွီကို သူမယုံကြည်တယ်လို့ သူမခံစားမိပေမယ့် သူမက သူ့ကို ဒီလောက်ထိ မယုံကြည်သေးတဲ့ပုံပင်။
လင်းယွီအနေနဲ့ သူမနဲ့ သူ့မိသားစုကြားမှာ ပြတ်ပြတ်သားသား ရွေးချယ်ဖို့ မလိုအပ်ဟု သူမ ခံစားရသည်။
သူမဘာတွေတွေးနေလဲ သိနေသလိုမျိုး လင်းယွီကပြောလာသည်။ "ချန်ယန်၊ မိသားစုနဲ့ အချစ်ကို ကိုယ်ချိန်ညှိမယ်။ အဲ့ဒါတွေကြားမှာ ရွေးချယ်မှု ကိုယ်မလုပ်ပါဘူး။ မင်းစိတ်ပူတဲ့နေ့ တကယ် ရောက်လာရင်တောင် မင်းကိုယ့်လက်ကို မလွှတ်မချင်း ကိုယ်မင်းကိုလက်မလွှတ်ဘူး။ တစ်သက်လုံး လက်မထပ်ဖို့ ကိုယ်ရွေးချယ်နိုင်ပေမယ့် မင်းမှာတော့ ရွေးချယ်မှုတွေ အများကြီးရှိရမယ်"
သူ့စကားကြောင့် စုချန်ယန်ရဲ့နှာခေါင်းမှာ ချဉ်စူးလာသည်။ "ဒါဆို ကျွန်မလည်း လက်မထပ်ဘူး"
"ဒါဆို တစ်သက်လုံး ချစ်သူတွေဖြစ်ကြမှာလား?" လင်းယွီက အရွှန်းဖောက်သည်။
“ဟုတ်တယ်၊ အဲ့ဒီလိုလုပ်ရအောင်” စုချန်ယန်က ခေါင်းမာမာနဲ့ ပြန်ဖြေသည်။
လင်းယွီက ပြုံးပြီး သူမလက်ကို ချစ်စဖွယ် ဆုပ်ကိုင်လိုက်သည်။ "မိုက်မဲလိုက်တာ"
စုချန်ယန်က သူ့ကို မကျေမနပ်နဲ့ တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူမ မျက်နှာပေါ်မှာ မပြဖို့ကြိုးစားပေမဲ့လည်း ဒီကိစ္စကြောင့် တစ်နေ့လုံး စိတ်ဓာတ်ကျနေခဲ့ရသည်။
“ကောင်းပြီ၊ ကိုယ်တို့ရဲ့ လေးနက်တဲ့ ဆွေးနွေးမှုပြီးပြီ။ အခု တခြားအကြောင်းတွေ ပြောပြပါရစေဦး"
"ဘာကိုလဲ?" စုချန်ယန်က သူ့ကို စိုက်ကြည့်လိုက်သည်။
လင်းယွီက သူမကို စေ့စေ့ကြည့်ရင်း၊ သူ့မျက်လုံးထဲက ချစ်ခင်ကြင်နာမှုတွေက စုချန်ယန် ရဲ့ ဦးရေပြားကို တင်းကြပ်သွားစေသည်။ သူက စုချန်ယန်ရဲ့လက်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်ပြီး အနောက်တိုင်းစားသောက်ဆိုင်ရှိ တယောတီးသံက အဝေးကို လွင့်ပြယ်သွားကာ သူတို့နှစ်ဦးသာ ကျန်ရှိတော့သည်။
"စုချန်ယန်၊ ကိုယ်မင်းကို သဘောကျတယ်"
“ဘယ်အချိန်ကစလဲဆိုတာ မသိဘူး၊ မင်းနဲ့ပတ်သက်တဲ့ ဘယ်အရာက ကိုယ့်ကို ဆွဲဆောင်မှု အရှိဆုံးလဲဆိုတာ ကိုယ်သေချာမသိပေမယ့် မင်းတွေးနိုင်တဲ့ ကဏ္ဍတိုင်းက ကိုယ့်အတွက် အရမ်းဆွဲဆောင်မှုရှိတယ်။ ဒီအချက်တွေအားလုံးကို စဉ်းစားပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် မင်းနဲ့တူအောင်ထားဖို့ ဆုံးဖြတ်လိုက်တာ"
သူက လေးနက်တဲ့အမူအရာနဲ့ ပြောနေပြီး သူမကို မမှိတ်မသုန်ကြည့်နေကာ ရှောင်ခွင့်မပေးချေ။
“ကိုယ် အရင်က ဘယ်သူ့ကိုမှ မချစ်ဖူးသလို ရည်းစားလည်းမထားဖူးဘူး။ မင်းကို ရုပ်ရှင်တွေမှာ ပုံဖော်ထားတဲ့ ချစ်ခြင်းမေတ္တာမျိုး မပေးနိုင်ပေမယ့် ကိုယ်ပိုင်ဆိုင်သမျှ အရာအားလုံးကို ပေးမယ်။ ကိုယ်မင်းကို ကောင်းကောင်း ဆက်ဆံပါ့မယ်၊ ကိုယ့်ရဲ့သစ္စာစောင့်သိမှု၊ စိတ်ခံစားချက်အားလုံးနဲ့ မင်းကို ဖြည့်ဆည်းပေးမှာဖြစ်သလို မင်းရဲ့သစ္စာစောင့်သိမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ့်ဆီပေးနိုင်မယ်လို့ မျှော်လင့်တယ်။ အရေးကြီးဆုံးကတော့ မင်းရဲ့ယုံကြည်မှုကို ကိုယ်လိုချင်တယ်"
စုချန်ယန်မှာ သူ့လက်ချောင်းတွေ နည်းနည်းတုန်ရီသွားသလို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းနေပြီး လင်းယွီရဲ့မျက်နှာပေါ်မှာ အဝါရောင်အလင်းဖျော့ဖျော့က ဖြာကျနေပြီး သူ့မျက်လုံးတွေထဲက ချစ်ခြင်းမေတ္တာတွေက အဆပေါင်းများစွာ တိုးလာကာ စုချန်ယန်ကို အပြည့်အ၀ ဖုံးအုပ်ထားသည်။
"ချန်ယန်၊ မင်းစိတ်ပြောင်းဖို့ အခွင့်အရေးမပေးဘူးလို့ ကိုယ်ပြောခဲ့ပေမဲ့ မင်းအသက်က ငယ်သေးတယ်။ ပိုကောင်းတဲ့လူတွေကို မင်း မတွေ့ရသေးဘူး။ နောင်အနာဂတ်မှာ ရှိလာခဲ့ရင် ဒါမှမဟုတ် မင်းသူတို့ကို ပိုပြီး သဘောကျမယ်ဆိုရင် အဲဒီအချိန်ရောက်ရင် မင်းစိတ်ပြောင်းဖို့ ကိုယ်ခွင့်ပြုတယ်။ မင်းကိုယ့်ကို ထားခဲ့ဖို့ အခွင့်အရေး ပေးနေတာ။ အဲ့ဒါကို မင်းလက်ခံနိုင်လား?"
လင်းယွီရဲ့ အနက်ရှိုင်းတဲ့ အကြည့်အောက်မှာ စုချန်ယန်က ခေါင်းကို ဖြည်းဖြည်းချင်းခါလိုက်သည်။
လင်းယွီရဲ့အမူအရာမှာ အေးခဲသွားပြီး စုချန်ယန်ကို ကိုင်ထားတဲ့ လက်ကို အလိုလို လွှတ်ပေးလိုက်ချင်သွားသည်။ စုချန်ယန်မှာ သူမရဲ့လုပ်ရပ်ကြောင့် သူနားလည်မှုလွဲသွားတာကို သဘောပေါက်သွားပြီး သူ့လက်ကို ပြန်ရုတ်ခွင့်မပေးဘဲ ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
"မဟုတ်ဘူး၊ ရှင်နားလည်မှုလွဲနေပြီ!" စုချန်ယန်က စိုးရိမ်တကြီးနဲ့ ရှင်းပြလိုက်သည်။ "ကျွန်မဆိုလိုတာက ရှင့်ကိုထားခဲ့ဖို့ ရှင်ပြောခဲ့တဲ့ အခွင့်အရေးကို ကျွန်မ မလိုဘူးလို့"
လင်းယွီရဲ့အမူအရာမှာ ခဏလောက် အေးခဲသွားပြီး သိသိသာသာကို ငြိမ်သက်သွားသည်။
စုချန်ယန် - “အစ်ကိုလင်း၊ ကျွန်မစကားတွေက ရှင်ပြောသလောက် မချိုမြိန်လောက်ဘူး၊ ဒါပေမယ့်… ကျွန်မ ရှင့်ကို အရမ်းသဘောကျတယ်။ ရှင်က ဒီကမ္ဘာမှာ ကျွန်မသဘောအကျရဆုံးသူပဲ"
“အရင်တုန်းကတော့ ကျွန်မအိပ်မက်က ဝင်ငွေအလုံအလောက်ရှာ၊ စာအုပ်ဆိုင်တစ်ဆိုင်ဖွင့်ပြီး အေးချမ်းတဲ့ဘဝမှာ နေချင်ရုံတင်ဘဲ။ ဒါပေမယ့် အဲ့ဒါက မလုံလောက်ဘူးဆိုတာ ကျွန်မသိပါတယ်။ ရှင်က ရှေ့ကို ဆက်လျှောက်နေမှာ ဖြစ်သလို ကျွန်မကိုယ်ကျွန်မ ရှေ့ကို ဆက်ပြီး ကြိုးစားနေမှ ရှင်နဲ့အတူထပ်တူကျနိုင်မှာ။ ရှင့်အတွက် ကျွန်မ အဲ့ဒါကိုလုပ်ပေးဖို့ ဆန္ဒရှိတယ်"
လင်းယွီ သူမကို ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ အပြုံးရိပ်အယောင်တွေ ပေါ်လာခဲ့သည်။