အခန်း ၁၅၁
Vol. 12 Ch. 151
သူတို့က မထင်မှတ်ဘဲ ဖောက်ထွင်းဝင်ရောက်လာတဲ့ တောက်ပတဲ့ အလင်းရောင်နဲ့တူပြီး လမ်းသွားလမ်းလာတွေရဲ့ စူးစမ်းလိုစိတ်တွေကို နှိုးဆွပေးနေသလိုပင်။
စုချန်ယန် သူမပတ်ဝန်းကျင်က အရာအားလုံးကို ကြည့်လိုက်သည်။ သူမရဲ့တကယ့်ဘဝနဲ့ မတူပေမယ့် နေရာတိုင်းမှာတော့ တူညီတဲ့အငွေ့အသက်တွေနဲ့ ပြည့်နှက်နေသည်။
သူမတခြားကမ္ဘာကို မရောက်ခဲ့ဘဲ ဒီမှာဘဲ အမြဲတမ်းနေခဲ့ သလိုမျိုးပင်။
ကျောင်းကနေ ထွက်ပြီးတဲ့နောက် သူတို့နှစ်ယောက်က စုချန်ယန်မိဘတွေရဲ့ သင်္ချိုင်းဆီ ရောက်လာကြသည်။
လင်းယွီက သင်္ချိုင်းဂူဘေးမှာရှိတဲ့ ပေါင်းပင်တွေကို သန့်ရှင်းရေး လုပ်လိုက်ပြီး အုတ်ဂူရှေ့မှာဂန္ဓမာဖြူပန်းစည်း ချလိုက်သည်။
"မင်းပြောစရာရှိလား?" လင်းယွီက စုချန်ယန်ဘက် လှည့်ကြည့်လိုက်သည်။
စုချန်ယန်က မှိန်းမောနေပုံရပြီး ခေါင်းခါလိုက်သည်။ သူမမှာ တကယ် ပြောစရာမရှိပါချေ။ သူမက သူတို့ရဲ့ သမီးအစစ် မဟုတ်ဘူးလို့ ပြောသင့်လား? ဒါမှမဟုတ် သူတို့ရဲ့သမီးက လွတ်လပ်ရေး ရသွားပြီးတဲ့နောက် မသိတစ်နေရာကို ထွက်သွားတယ်လို့ သူမပြောသင့်လား?
လင်းယွီနဲ့တွေ့ပြီးကတည်းက သူ့ကိုယ်သူ "system" လို့ခေါ်တဲ့ဟာနဲ့ "စုချန်ယန်" ရဲ့ အသံက သူမစိတ်ထဲမှာ ပေါ်မလာတော့သလိုပင်။
အခုပြန်တွေးကြည့်တော့ အိပ်မက်တစ်ခုလိုမျိုး ခံစားရသည်။
လင်းယွီက ပြုံးလိုက်ပြီး ကပ်လျက် အုတ်ဂူနှစ်ခုကို ကြည့်လိုက်သည်။ "ဦးလေး၊ အဒေါ်၊ အခုကစပြီး ကျွန်တော်က ချန်ယန်ကို သူ့ဘဝရဲ့ နောက်ဆုံးအခိုက်အတန့်အထိ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်သွားမှာပါ"
ပြန်တုံ့ပြန်လိုက်သလိုမျိုး လေပြည်က သုသာန်ကို ဖြတ်တိုက်သွားခဲ့သည်။
စုချန်ယန်က ဖြိုဖျက်ပြီးတဲ့နောက် သူမရဲ့မွေးရပ်မြေကအိမ်ကို ပြန်သွားသည်။ အိမ်ထဲမှာ မိသားစုနှစ်စု နေ နေကြပြီး မီးတွေ ပန်းဆိုင်းတွေနဲ့ အလှဆင်ထားတာက အရမ်းအသက်ဝင်လှသည်။
သူမရဲ့ မွေးရပ်မြေကနေ မြို့တော်ကို ပြန်ရောက်လာပြီးနောက် စုချန်ယန်က နှစ်သစ်ကူး အခမ်းအနား ပါတီကို တက်ရောက်ခဲ့သည်။ သူမရဲ့ နာမည်က ဖျော်ဖြေရေးလောကမှာ လူသိများလာပြီး A-list နာမည်ကြီး နီးပါးဖြစ်လာသည်။
ဒါပေမယ့် လက်ရှိ သူမမှာ<Sludge> လို့ခေါ်တဲ့ အထင်ကြီးဖွယ်ရာဇာတ်ကားတစ်ကားသာရှိတာကြောင့် အခြားအနုပညာရှင်တွေရဲ့ ပရိသတ်တွေဆီကနေ ဝေဖန်မှုကို မကြာခဏခံရသည်။ ဒါပေမယ့် စုချန်ယန် ရဲ့ အညစ်အကြေးတွေကို သူတို့ မတူးဖော်နိုင်ခဲ့တဲ့အတွက် အနှစ်သာရမရှိဘဲ စကားတွေကိုသာ ပြောနိုင်သည်။
ဖျော်ဖြေရေးနယ်ပယ်က မျက်လုံး ပေါင်းများစွာနဲ့အတူ သူမနဲ့ လင်းယွီတို့ရဲ့ ဆက်ဆံရေးကို တမင်သက်သက်ဖုံးကွယ်မထားတာ ဘာကြောင့်လဲဆိုတာ သူမသိချင်သည်။ တစ်နေရာရာကို အတူတူသွားတိုင်း သူတို့ကအမြဲလိုလို လက်ကိုင်ထားကြသည်။ အံ့သြစရာကောင်းတာက paparazzi တွေနောက်က လိုက်နေမလိုက်နေသလို လျှို့ဝှက်ပြီးတော့လည်း ဓာတ်ပုံမရိုက်ကြပါချေ။
ရှောင်လုနဲ့ လင်းယွီတို့ရဲ့ အိမ်ဟောင်းကို နှစ်သစ်ကူး အကြို မရောက်ခင် ကတည်းက ပါပါရာဇီတွေက သိနေတာကြာပြီလို့ ရှောင်လုပြောခဲ့ပေမယ့် Starlight Entertainment ရဲ့ လွှမ်းမိုးမှုကြောင့်၊ သူတို့က ဘာကိုမှ လူသိရှင်ကြား မလုပ်ဝံ့ချေ။
စုချန်ယန်နဲ့ လင်းယွီတို့က ကြီးကြီးမားမားကိစ္စလို့ မထင်ကြသလို သူတို့ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြပါချေ။ဘယ်အစီအစဉ်တွင်မှာမဆို ပါကြပေမယ့် စုချန်ယန်ကတော့ သူမက Single လို့ ဘယ်တော့မှ မပြောပါချေ။
သေချာပေါက်ကို လင်းယွီနဲ့သူမရဲ့ ဆက်ဆံရေးက ဒီအသိုင်းအဝန်းထဲမှာ လျှို့ဝှက်ချက် မဟုတ်သလို ရှိုးမှာလည်း သူမကို ဘယ်သူကမှ ဇွတ်အတင်းမေးမှာမဟုတ်ပါချေ။ နောက်ဆုံးမှာတော့ သူမကို Starlight Entertainment က ကျောထောက်နောက်ခံပြုထားသည်။
သူတို့သုံးယောက်က စကားစမြည်ပြောရင်း ရယ်မောရင်းနဲ့ စုချန်ယန် ရင်ထဲက ကြောက်ရွံ့မှုကလည်းတဖြည်းဖြည်း လွင့်ပြယ်သွားသည်။
ဒါပေမယ့် လင်းအိမ်ဟောင်းဆီ ရောက်လာပြီး အဝင်ပေါက်က သံတံခါးကြီးကို တွေ့လိုက်ရတဲ့အခါမှာတော့ စုချန်ယန်ရဲ့ထိတ်လန့်မှုတွေက ပြန်လည်ပေါ်ပေါက်လာကာ သူမမှာ ထွက်တောင် ထွက်ပြေးချင်လာသည်။
လင်းယွီက သူမကို နှစ်သိမ့်ပေးလာသည်။ “စိတ်မလှုပ်ရှားနဲ့။ ကိုယ့်အဖေ့ကို ကြိုပြီး အကြောင်းကြားထားတယ်။ သူက မင်းကို သဘောမကျရင်တောင် မင်းကို ခက်ခဲအောင်မလုပ်ပါဘူး"
စုချန်ယန် သူမဘာသာ တွေးလိုက်မိသည်။ သူမကိုခက်ခဲအောင်လုပ်တာက ကိစ္စမရှိဘူး သူမကို သူသဘောမကျတာကိုဘဲ ကြောက်တာ။
ခြံထဲကားဝင်လိုက်တာနဲ့ အကူတစ်ယောက်က ကားနား ရောက်လာပြီး လင်းယွီကိုပြုံးပြလာသည်။ "သခင်လေး၊ မတွေ့တာကြာပြီ"
လင်းယွီက ကားပေါ်ကနေဆင်းလိုက်ပြီး နည်းနည်းဦးညွှတ်လိုက်ကာ ခေါ်လိုက်သည်။ “ဦးလေးလျှို မတွေ့တာကြာပြီ။ အဖေ့ကို ပြုစုပေးလို့ ကျေးဇူးတင်ပါတယ်”
စိတ်လှုပ်ရှားစွာနဲ့ စုချန်ယန်က ကားတံခါးကိုဖွင့်ပြီး ထွက်လာသည်။
ဦးလေးလျှိုက စုချန်ယန် ကို တစ်ချက်ကြည့်ပြီး ကြင်ကြင်နာနာနဲ့ ပြောလာသည်။ "ဒါက Missစု ထင်တယ် ဟုတ်တယ်မလား?"
စုချန်ယန်က နည်းနည်း ဦးညွှတ်ပြီး နှုတ်ဆက်ခဲ့သည်။ "မင်္ဂလာပါ ဦးလေးလျှို၊ ကျွန်မက စုချန်ယန်ပါ"
စုချန်ယန်က စခရင်ပေါ်က ပုံနဲ့ ကွဲပြားသည်။ သူမက ထက်မြက်ပြီး စွဲမက်ဖွယ်ကောင်းသော ပုံစံရှိပြီး မာန်ပါတဲ့ အလှတစ်မျိုးရှိသည်။ သူမရဲ့ ထက်မြက်တဲ့ အသွင်အပြင်ကြောင့် လူအိုကြီးက သူမကို အမှန်တကယ် သဘောမကျခဲ့ဘဲ သူမက သခင်လေးနဲ့ ရှိနေသည်မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်ရှိရမယ်လို့ အမြဲတမ်း သံသယရှိနေတာဖြစ်သည်။
ဒါပေမယ့် အခု သူမကို ပထမဆုံးအကြိမ်တွေ့ရတဲ့အခါမှာတော့ သူမက စခရင်ပေါ်က ပုံစံနဲ့မတူတာကို သူသိလိုက်ရသည်။ သူမက ပေါ့ပေါ့ပါးပါး ၀တ်စားထားပြီး မိတ်ကပ်နည်းနည်း လိမ်းထားကာ အရမ်းသက်တောင့်သက်သာရှိလှသည်။
လင်းယွီ - "ချန်ယန်၊ ဦးလေးလျှိုက အိမ်ထိန်းလေ။ ကိုယ်တို့နိုင်ငံခြားမှာတုန်းက အဖေကို ပြုစုပေးခဲ့တာ ကျေးဇူးတင်ရမယ်"
စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး ကျိုးနွံစွာနဲ့ ပြုံးလိုက်သည်။
"ဦးလေးလျှို! သမီးကိုမှတ်မိလား?" ရှောင်လုက အနောက်ထိုင်ခုံကနေ ခုန်ထွက်လာကာ သူ့ကို ဖက်ဖို့ ပြေးလာသည်။
ဦးလေးလျှိုက ချက်ချင်း ရယ်လိုက်ပြီး ပါးစပ် မစေ့နိုင်တော့ပေ။ "သခင်မလေးလုယင်းကို ကျွန်တော်ဘယ်လိုလုပ် မေ့ရမှာလဲ၊ အဲဒီတုန်းက သခင်မလေးရဲ့ မိဘတွေနဲ့ ရန်ဖြစ်ပြီး အိမ်ကထွက်ပြေးရင် ဒီကိုဘဲ မကြာခဏရောက်လာတာလေ"
"အဲဒါတွေက ကြာနေပြီ၊ မပြောနဲ့၊ မပြောနဲ့တော့!"
"လုယင်း! အဲဒီမှာ ဘာ စောင့်နေတာလဲ? မြန်မြန်ဝင်လာခဲ့!”
အဲ့ဒီအချိန် အိမ်ရှေ့ကနေ အော်သံတစ်ခု ထွက်လာသည်။
"ဘာလို့အော်နေတာလဲ? သမီးတို့အခု ရောက်နေပြီမဟုတ်ဘူးလား?" လုယင်းက ပမာမခန့်နဲ့ ပြန်အော်ပြောလိုက်သည်။
နောက်တော့ သူမက စုချန်ယန်ကို လျှာထုတ်ပြပြီး ပြောလိုက်သည်။ "ငါ့လူအိုကြီးက ဒေါသကြီးတယ်"
စုချန်ယန်က သူမရဲ့လက်ဖဝါးကို ညှစ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ သူမရင်ဆိုင်ရမယ့် အရာနဲ့ ပတ်သက်ပြီး ရင်ထဲမှာ တုန်လှုပ်သွားကာ သူမ စင်ပေါ်ပထမဆုံးတက်တဲ့ အချိန်ကထက်တောင် ရင်တုန်ပန်းတုန်ဖြစ်ရသည်။
လင်းယွီက သူမ မသက်မသာ ဖြစ်နေတာကို သတိပြုမိပြီး သူမဆီ လှမ်းလာကာ သူမလက်ကို ဆုပ်ကိုင်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အဆင်ပြေပါတယ်၊ စိတ်လျှော့ထား၊ ကိုယ်ရှိတယ်"
စုချန်ယန်က သူ့ကို အားတင်းပြုံးပြလိုက်ပြီး ဒီလိုအခြေအနေမှာ ဘယ်လိုမှ စိတ်လျှော့ထားလို့မရဘူးလို့ တွေးလိုက်မိသည်။
သူတို့ သုံးယောက် ဗီလာဆီ လျှောက်သွားတော့ ဦးလေးလျှိုက ကားဂိုဒေါင်ထဲ ကားကို မောင်းသွင်းလိုက်ပြီး ပစ္စည်းတွေကို သယ်ယူသွားကြသည်။
"ဒီကောင်မစုတ်လေး မင်းရဲ့လူအိုကြီးဆီ လာမလည်တာ ဘယ်လောက်တောင်ကြာပြီလဲ?" သန်မာတဲ့လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လုယင်းဆီ လျှောက်လာပြီး မျက်လုံးပြူးကာ ကြိမ်းမောင်းသည်။
လုယင်းက ဂရုမစိုက်ဘဲ ရယ်လိုက်သည်။ “ပါးမှာ ဒုက္ခတွေ ကံဆိုးမှုတွေ မရှိဘဲ ဒီလောက် ချမ်းသာတဲ့ ဘဝကိုရထားတာ သမီးက ဘာလို့ ပါးကို နှောင့်ယှက်ရမှာလဲ… အား အား! အိုး! နာတယ်!"
စကားမဆုံးခင်မှာဘဲ အဲဒီလူက သူမနားကို ဖမ်းဆွဲလိုက်လိုက်သည်။ "သမီးမှားတယ်၊ သမီးမှားမှန်းသိပါတယ်! ယောင်းမလေး ဒီမှာရှိနေသေးလို့ မျက်နှာသာလေးပေးပါဦး!"
ရုတ်တရက် အပြောခံလိုက်ရတဲ့စုချန်ယန်က ရဲရင့်တဲ့မျက်နှာနဲ့ရှေ့ကိုလျှောက်လာသည်။ "ဦးလေး၊ မင်္ဂလာပါ၊ ကျွန်မက စုချန်ယန်ပါ"
အဲ့ဒီလူက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး စုချန်ယန်ကို စိုက်ကြည့်လိုက်သည်။ "မင်းက စုချန်ယန်လား?"
သူ့ရဲ့စရိုက်က ဒီလိုဖြစ်လိမ့်မည် - အဲ့ဒီလူ စကားပြောတဲ့အခါ အထက်စီးဆန်တဲ့အရှိန်အဝါရသည်။
လင်းယွီက မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့ကိုခြေတစ်ဝက်လှမ်းလိုက်ကာ စုချန်ယန်ကို သူ့အနောက်ဆီ ဆွဲလိုက် ပြီး ပြောလိုက်သည်။ “ဦးလေး၊ ချန်ယန်က ဦးလေးရဲ့စရိုက်ကို နားလည်တာမဟုတ်ဘူး။ ဒီလိုစကားမျိုးပြောရင် သူ့ကို စိတ်မသက်မသာဖြစ်စေတယ်"
စုချန်ယန် - “…”
တကယ် မဟုတ်ပါဘူး။
ပါးပါးလုက ဒေါသတကြီး စိုက်ကြည့်ရင်း နည်းနည်း စိတ်တိုသွားသည်။ "အခုတောင်မင်း သူ့ကို ဒီလိုကာကွယ်နေတာ၊ အနာဂတ်မှာ သူဘယ်လိုနေမလဲ? လုယင်းကိုဘဲကြည့်၊ အိမ်မှာ အဆင်မပြေမှုတွေကို ပိုရင်ဆိုင်စေရင်းနဲ့ သူ့ကို သန်မာအောင် ငါလေ့ကျင့်ပေးခဲ့တယ်၊ ဒါကြောင့် အပြင်က အဆင်မပြေမှုတွေကို သူမကြောက်ဘူး"
နောက်ဆုံးမှာ ရှောင်လုနားရွက် လွတ်လပ်သွားသည်။ သူမက နားရွက် တွေကို ပွတ်လိုက်ပြီး ပြောလိုက်သည်။ “ဘယ်သူ့ကို သမီးလို အရေထူတယ်လို့ ထင်တာလဲ? မိန်းကလေးတွေကို ဇိမ်ကျကျပြုစုစောင့်ရှောက်သင့်တယ်ဆိုတာ ရှင်းနေတာကို။ လိုက်ကြည့်လိုက်ပါဦး တနေကုန် လိုက်ပတ်ဆော့နေတဲ့ သမီးလိုလူ ဘယ်သူရှိလို့လဲ? အဲ့ဒါတွေအားလုံးကို ပါးဆီကနေ သင်ခဲ့တာလေ"
"မင်းပြန်ပြော နေပြန်ပြီ!"
ရှောင်လုက လင်းယွီနောက်ကို အမြန် ရွေ့သွားပြီး သူ့ကို ကြောက်ရွံ့သလို ကြည့်လိုက်သည်။
ပါးပါးလုက သူတို့ကို ကြည့်လိုက်သည်။ အချိန်အများစုမှာ သူက တည့်တိုးပြောရတာကို သဘောကျသည်။ သူက ဘာမှထပ်မပြောတော့ဘဲ ဘေးကို ရွှေ့လိုက်ကာ လင်းယွီကို ပြောလိုက်သည်။ “မင်းအဖေ အထဲမှာ စောင့်နေတယ်။ မင်း သူ့ကို ဘယ်လိုရှင်းပြမလဲ ကြည့်ရတာပေါ့"
စုချန်ယန်က သူ့ကို ပြုံးပြပြီး လင်းယွီနဲ့အတူ ဧည့်ခန်းထဲ ၀င်သွားလိုက်သည်။
ဧည့်ခန်းထဲမှာ လူတစ်ယောက်က ခပ်မတ်မတ်ထိုင်နေသည်။ သူ့မျက်နှာက လင်းယွီနဲ့ တချို့တလေဆင်သည်။ သူ ငယ်ငယ်က လူကြိုက်များခံခဲ့ရပုံ ပေါ်ပေမယ့် အခုအခိုက်အတန့်မှာတော့ သူက ဘာစိတ်ခံစားချက်မှမပြဘဲ အရမ်းအလေးအနက် ဖြစ်နေတဲ့ပုံပေါက်နေသည်။
“အဖေ” လင်းယွီက ခေါ်လိုက်သည်။
“ဦးလေး” စုချန်ယန်က စူးရှတဲ့သူ့အကြည့်ကို ရင်ဆိုင်ကာ အားတင်းပြောလိုက်သည်။
"ဦးလေး!" ရှောင်လု အော်ခေါ်လိုက်တော့ အဲ့ဒီလူရဲ့အမူအရာက နည်းနည်းနူးညံ့သွားပြီး ခေါင်းနည်းနည်းညိတ်ပြလိုက်သည်။
“လာ၊ ထိုင်ကြ” အဲ့ဒီလူက ပြောလိုက်သည်။
လင်းယွီက နေရာမှာဘဲ ရပ်နေတုန်းမှာ ရှောင်လုက စုချန်ယန်ကို တစ်ဖက်က ဆိုဖာမှာ ထိုင်ခိုင်းလိုက်သည်။
စုချန်ယန်က စိုးရိမ်တကြီးကြည့်လိုက်ပြီး လင်းယွီနဲ့အတူ မတ်တပ်ရပ်ချင်ပေမယ့် ရှောင်လုက တိတ်တဆိတ် တားလိုက်သည်။
“သူတို့သားအဖကိစ္စကို စိတ်မပူပါနဲ့”
ပါးပါးလုလည်း လျှောက်လာပြီး အဲ့ဒီလူရဲ့ဘေးမှာ ဝင်ထိုင်လိုက်ကာ နှစ်ယောက်စလုံးက အေးစက်စွာနဲ့ စိုက်ကြည့်နေကြသည်။ လင်းယွီကတော့ တည်တည်ငြိမ်ငြိမ်နဲ့ သူတို့အကြည့်ကို ရင်ဆိုင်လိုက်သည်။
"အဖေ၊ ဦးလေး၊ ကျွန်တော် ချန်ယန်ကို ခေါ်ပြန်လာတယ်"
လင်းစုန့်က မျက်လုံးပင့်လိုက်ပြီး သူ့အကြည့်တွေက လင်းယွီဆီမှာဘဲ ရှိနေသည်။ ဒီလို ဖိနှိပ်ချုပ်ချယ်တဲ့အကြည့်တွေကို လင်းယွီက မဖြုံပေ။
ခဏကြာတော့ လင်းစုန့်က ပြောလိုက်သည်။ “ထိုင်”
လင်းယွီက စုချန်ယန်ဘက်ကို လှည့်သွားတော့ လမ်းတစ်ဝက်မှာဘဲ အတားခံခိုက်ရသည်။ "ဟိုမှာ ထိုင်"
လင်းစုန့်က တစ်ဖက်က ဆိုဖာတစ်လုံးကို ညွှန်ပြလိုက်သည်။
လင်းယွီက သူ့ကို ကူကယ်ရာမဲ့စွာနဲ့ကြည့်လိုက်ပြီး စုချန်ယန်ကို ပြုံးပြကာ သူမကို စိတ်မပူဖို့ အချက်ပြလိုက်သည်။
စုချန်ယန်ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်ရမှာလဲ? လင်းယွီအဖေရဲ့ သဘောထားအရဆို သူက သူမအပေါ် လုံးဝကိုအထင်မကြီးပါချေ။
လင်းယွီထိုင်လိုက်တော့ လင်းစုန့်ရဲ့မျက်လုံးတွေက စုချန်ယန်ဆီ တည့်တည့်ရောက်သွားပြီး ပါးပါးလုကလည်း သူမကို အပေါ်အောက် စုန်ချည်ဆန်ချည်ကြည့်လာသည်။
စုချန်ယန်က တည်ငြိမ်ဟန်ဆောင်လိုက်ပြီး သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။
ဘေးကကြည့်နေတဲ့ လုယင်းက ဒီလိုအခြေအနေမျိုးမှာစိတ်ထိန်းထားနိုင်တဲ့ စုချန်ယန်ကြောင့် အံ့ဩသွားသည်။
“မင်းနဲ့ စကားပြောရင်းအချိန်ဖြုန်းဖို့ ငါ့မှာအစီအစဉ်မရှိဘူး" လင်းစုန့်ကပြောလာသည်။
သူ့လေသံက မကောင်းပေ၊ လင်းယွီက ချက်ချင်းပြောလိုက်သည်။ "အဖေ ကျွန်တော့်ကို ကတိပေးထားတာ မမေ့လိုက်နဲ့ဦး"
လင်းစုန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "လင်းမိသားစုရဲ့ချွေးမ တစ်ယောက်က ဖျော်ဖြေရေးနယ်ပယ်က မဖြစ်ရဘူးလို့ မင်းလည်းငါ့ကို ကတိပေးထားတယ်"
လင်းယွီက နှုတ်ခမ်းသပ်ပြီး ပြောလိုက်သည်။ “အဖေ၊ စကားကောင်းကောင်း မပြောချင်ရင်လည်း ကျွန်တော် ချန်ယန်ကို ခေါ်သွားလိုက်မယ်။ အဖေ စကားပြောချင်တဲ့အခါကျမှ သူ့ကိုအဖေနဲ့ ပေးတွေ့မယ်"
စုချန်ယန်ရင်ထဲမှာ တင်းကျပ်သွားသည်။ “ဦးလေး ကျွန်မအဆင်ပြေပါတယ်၊ ဦးလေးပြောချင်တာ ပြောပါ"
လင်းစုန့်က "မျက်ဖြူဝံပုလွေ" လို့ သရော်လိုက်သည်။
လင်းယွီရဲ့နှုတ်ခမ်းတွေ တင်းတင်းစေ့သွားသည်။ သူကောင်းကောင်း မကိုင်တွယ်နိုင်တာကြောင့် စုချန်ယန်ကို သူ့မိသားစုတွေအရှေ့မှာ မတရားပြောခံရတာကို သူ မလိုချင်ပါ။
သူနဲ့ဆို တည့်တည့်မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ စုချန်ယန်ကို လင်းစုန့်ကြည့်လိုက်သည်။ Starlight Entertainment ကြီးထွားလာသည်နှင့်အမျှ ဒီနှစ်တွေတစ်လျှောက် ဖျော်ဖြေရေးနယ်ပယ်မှာ မရေမတွက်နိုင်တဲ့ ညစ်ပတ်တဲ့အရာတွေကို သူမြင်တွေ့ခဲ့ရပြီးဖြစ်တာကြောင့် အနုပညာရှင်တွေအပေါ် သူ့အနေနဲ့ ဘာအထင်ကြီးစရာမှမရှိပေ။
ကစားရုံသပ်သပ်ဆို အဆင်ပြေပေမယ့် လေးလေးနက်နက်ဖြစ်လာရင်တော့ ဒါက လုံးဝ လက်ခံနိုင်စရာ မရှိပါချေ။ ဒါကို အစကတည်းက လင်းယွီကို ပြောဖူးသလို သူကလည်း အရမ်းအလေးအနက်ထားခဲ့သည်။
ဒါကြောင့် စုချန်ယန်ကို ခေါ်လာချင်ကြောင်း ပြောလာတဲ့အခါမှာတော့ လင်းစုန့်မှာ သူ့သားရဲ့နှလုံးသားကို အတိုင်းအတာတစ်ခုအထိ ဖမ်းစားနိုင်တဲ့မိန်းကလေးက ဘယ်လိုမျိုးလဲဆိုတာ သူတွေ့ချင်သွားသည်။
သူမအပေါ် ယခင်က သူ့ရဲ့အထင်အမြင်သေးမှုကြောင့် လင်းစုန့်က စုချန်ယန်နဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမှ မေးမြန်းဖို့ စိတ်မ၀င်စားခဲ့ချေ။
အခု သူ ကြည့်လိုက်တော့... သူမက တော်တော် ကြည့်ကောင်းသည်။
"အသက်ဘယ်လောက်ရှိပြီလဲ?" လင်းစုန့်က မေးလိုက်သည်။
စုချန်ယန်က ပြန်ဖြေလိုက်သည်။ "ဆယ့်ကိုးနှစ်ပြည့်တော့ပါမယ်"
"ဆယ့်ကိုးနှစ်?" လင်းစုန့်က ခဏရပ်သွားပြီး လင်းယွီကို မကျေမနပ်နဲ့ ကြည့်လိုက်သည်။ “သူက ဆယ့်ကိုးနှစ်ပဲရှိသေးတာ ကလေးဘဲရှိသေးတယ်။ ဒါက မင်းလုပ်ခဲ့တဲ့ ကောင်းတဲ့ကိစ္စလား?"
စုချန်ယန်ရဲ့ ဦးရေပြားတွေက တောင့်တင်းသွားသည်။ “ဦးလေး၊ ကျွန်မက ကလေးမဟုတ်တော့ပါဘူး၊အရွယ်ရောက်နေပါပြီ"
မူလကမ္ဘာမှာဆို သူမက လင်းယွီထက် တစ်နှစ်လောက်ဘဲငယ်သည်။
ပါးပါးလုကလည်း ပြောလာသည်။ “မင်းအသက် ဆယ့်ကိုးနှစ်မှာ စာမလေ့လာနေသင့်ဘူးလား? ဖျော်ဖြေရေး နယ်ပယ်ထဲဝင်လာတာ ဘယ်လောက်ကြာပြီလဲ?"
"ပါး၊ ဝမ်းကွဲအစ်ကိုရဲ့ ကိစ္စမှာ ဘာလို့ ဝင်စွက်နေတာလဲ?" ရှောင်လုက ပြောလိုက်သည်။
ပါးပါးလု - “မင်း သူ့ကို ဘာလို့ အစ်ကိုလို့ခေါ်လဲ ငါကရော ဘယ်လိုခေါ်လဲ? သူ့ကိစ္စတွေကို ငါကဘာလို့ စီမံလို့မရမှာလဲ?"
ရှောင်လု - “…”
စုချန်ယန်က ရှောင်လုရဲ့လက်ကို တိတ်တိတ်လေးဆွဲလိုက်ပြီး စကားမပြောဖို့ အချက်ပြလိုက်ကာ တစ်ဖက်လူကို ပြန်ဖြေလိုက်သည်။ “နှစ်နှစ်နီးပါး လောက်ရှိပါပြီ"
“အသက်ဆယ့်ခုနစ်နှစ်မှာ မင်း ဖျော်ဖြေရေးလောကထဲ ဝင်ခဲ့တာပေါ့။ ပိုက်ဆံကြောင့်လား ဒါမှမဟုတ် တခြားတစ်ခုခုကြောင့် လုပ်တာလား?'
"ပိုက်ဆံကြောင့်ပါ" စုချန်ယန်က တိုက်ရိုက်ဘဲ တုံ့ပြန်လာသည်။
တကယ်တော့ စုချန်ယန်ရဲ့ အစောပိုင်းကာလတွေဟာ မလွယ်ကူပါချေ။ သူမငယ်ငယ်ကတည်းက သူမမိဘတွေက ယာဉ်မတော်တဆမှုတစ်ခုမှာ ကွယ်လွန်သွားခဲ့ပြီး သူမကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တဲ့ ဆွေမျိုးတွေနဲ့အတူ နေထိုင်ခဲ့ရကာ သူမကို တာဝန်အရတောင် မပြုစုမစောင့်ရှောက်ခဲ့ပါချေ။
နောက်ပိုင်းမှာ သူမကျောင်းကနေ ထွက်ပြီး ဖျော်ဖြေရေးလောကထဲ ဝင်လိုက်တာကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။
သူမ ဖျော်ဖြေရေးလောကထဲ ဝင်ပြီးတဲ့နောက်မှာ ဖြိုချခဲ့တဲ့ အိမ်တွေနဲ့ ဆိုင်ခန်းတွေအတွက် ရှေ့နေတစ်ယောက်က လျော်ကြေးငွေတွေ ပေးအပ်ခဲ့ပေမယ့် လျော်ကြေးငွေတွေကို သူမကိုယ်တိုင် ခံစားခွင့်မရခဲ့ပါချေ။
လင်းစုန့်က နှာမှုတ်လိုက်သည်။ “မင်းမိဘတွေရော? သူတို့က မင်းကို ဂရုမစိုက်ဘူးလား?"
စုချန်ယန်က မျက်လွှာချကာ ပြောလိုက်သည်။ "ဆုံးသွားကြပါပြီ"
လင်းစုန့်နဲ့ ပါးပါးလုတို့ မျက်နှာတွေ တောင့်တင်းသွားသည်။ စလာတာနဲ့ နာကျင်ရတဲ့အချက်ကို ထိမိသွားလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားခဲ့ကြပါချေ။
နှစ်ယောက်စလုံးက ရှက်သွားပုံရသည်။ ပါးပါးလုက “ဒါ-ဒါဆို မင်းရဲ့ ဆွေမျိုးတွေကရော?"
စုချန်ယန်က ပြန်ဖြေလာသည်။ “ကျွန်မမိဘတွေ ဆုံးပါးသွားတဲ့ လျော်ကြေးငွေက သူတို့လက်ထဲမှာ ရှိတယ်။ ကျွန်မ အထက်တန်းရောက်တော့ သူတို့က ပိုက်ဆံတွေ အကုန်ကုန်သွားပြီ ကျွန်မကို ထပ်ပြီးမထောက်ပံ့နိုင်တော့ဘူးလို့ ရုတ်တရက် ပြောလာပြီး သူတို့ဆီကနေ နှင်ထုတ်ခံခဲ့ရတယ်"
စုချန်ယန် ပြောသမျှက အမှန်တွေချည်းပါပင်။ ဒါက သူမရဲ့စိတ်ထဲက မူလ"စုချန်ယန်" နဲ့ ပတ်သက်တဲ့ အချက်အလက် တစ်စိတ်တစ်ပိုင်းဖြစ်သည်။
လင်းစုန့်နဲ့ ပါးပါးလု - “…”
ပါးပါးလုက ရှောင်လုလိုမျိုး ဖြောင့်မတ်တဲ့လူပင်။ စုချန်ယန်ရဲ့ စကားတွေကို နားထောင်ပြီးတဲ့နောက်မှာ သူက မရည်ရွယ်ပါဘဲ သူမအတွက် မကျေမနပ် ဖြစ်နေကြောင်း သိလိုက်ရသည်။ "ဒါဆို မင်းဒီနှစ်တွေတစ်လျှောက်လုံး ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေရှိခဲ့လား?"
စုချန်ယန်က ခေါင်းခါလိုက်ပြီး “မခက်ခဲပါဘူး။ ဒီတိုင်းကောင်းကောင်းနေနိုင်ရုံနဲ့တင် လုံလောက်ပါတယ်”
လင်းစုန့် - “…”
ပါးပါးလု - “…"
ဒီတိုင်း....
ပထမဆုံး တွေ့ရာကနေ တစ်စုံတစ်ယောက်ရဲ့အနာကို သုံးကြိမ်တိုင်တိုင် ရိုက်နှက်မိလိုက်တာက သူ့အနေနဲ့ ဒဏ္ဍာရီလာ ယောက္ခမဆိုးတစ်ယောက်လို ခံစားလိုက်ရသည်။