အခန်း ၁၅၄ Extra 1.1
Vol. 12 Ch. 154 Exe 1.1
ရုပ်ရှင်အသစ်ရိုက်ကူးနေတဲ့ အတောတွင်းမှာ စုချန်ယန်က လင်းယွီ၊ ရှောက်လုတို့နဲ့အတူ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့ သူမရဲ့မွေးရပ်မြေဆီ ပြန်သွားခဲ့သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲ စတဲ့နေ့မှာ လမ်းများပေါ်တွင် လူများဖြင့် စည်ကားနေသည်။
လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတွေက ကျောင်းအ၀င်ဝမှ စာမေးပွဲဖြေဆိုသူတွေရဲ့ စိတ်အခြေအနေကို ထိခိုက်စေနိုင်တဲ့ ယာဉ်မတော်တဆမှုတွေကို တားဆီးဖို့အတွက်အကာအကွယ်များ တပ်ဆင်ထားသည်။
ရှောက်လုက သူတို့နှစ်ယောက်ကို ကျောင်းဂိတ်တံခါးအထိ ကားမောင်းပို့ပေးသည်။ စုချန်ယန် နောက်ပြန်လှည့်ကြည့်လိုက်တော့ ဝမ်းကွဲအစ်ကိုနဲ့ သူ့ညီမတို့ အချင်းချင်း တီးတိုးတီးတိုး ပြောနေကြတာကို တွေ့လိုက်ရသည်။
"ထမင်းစားပြီးတဲ့အထိ စောင့်ဦး" စုချန်ယန်က လက်ထဲက မုန့်ကြော်ချောင်းကို ကုန်အောင် စားလိုက်သည်။ လင်းယွီက သူမကို အခွံခွာထားတဲ့ ကြက်ဥပြုတ်တစ်လုံးပေးလိုက်သည်။
စုချန်ယန်က အချိန်ဖြုန်းသလိုဖြစ်မှာ စိုးတဲ့အတွက် မြန်စားလိုက်သည်။ သူမရဲ့ပါးတွေက ဟမ်းစတားတစ်ကောင်လို ဖောင်းကားနေပြီး ရှောင်လုလည်း သူမအလွန်အကျွံစားမိပြီး နေမကောင်းဖြစ်မှာကို စိုးရိမ်သွားသည်။
"ဖြည်းဖြည်းစား" လင်းယွီက မျက်မှောင်ကြုတ်ကာ သူမကျောကို ပုတ်လိုက်သည်။ မုန့်ကြော်တချောင်းနဲ့ ကြက်ဥနှစ်လုံးကို စားပြီးတဲ့အခါ ပဲနို့ထဲက ပိုက်ကို သူမပါးစပ်ထဲ ထည့်ပေးလိုက်သည်။
စုချန်ယန်က အငုံအကြီးကြီး တစ်ငုံသောက်လိုက်ပြီး လင်းယွီက သူမပါးစပ်နားက အကြွင်းအကျန်တွေကို လက်နဲ့သုတ်ပေးလိုက်သည်။ “မင်းရဲ့ ID ကတ်နဲ့ ဝင်ခွင့်လက်မှတ်က ကျောပိုးအိတ်ထဲမှာ ရှိတယ်။ စိတ်မပူနဲ့ ကောင်းကောင်း မလုပ်နိုင်ခဲ့လည်း အဆင်ပြေတယ်"
စုချန်ယန်က ပါးစပ်အပြည့်နဲ့ စကားမပြောနိုင်ဖြစ် နေတာကြောင့် သူမကခေါင်းညိတ်ပြလိုက်ပြီး လင်းယွီရဲ့ပါးကို နမ်းဖို့ ရှေ့ကို ကိုင်းလိုက်သည်။ "ကျေးဇူးဘဲ"
သူမက တိုးတိုးလေးပြောလိုက်သည်။
လင်းယွီက သူမရဲ့လည်ပင်းကိုင်လိုက်ပြီး သူမနဖူးကို ပြင်းပြင်းထန်ထန် နမ်းလိုက်ကာ အီတလီလို ပြောလိုက်သည်။ "ကံကောင်းပါစေ"
လျစ်လျူရှုခံထားရတဲ့ ရှောင်လုက ဒီမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ တွဲတာ ခြောက်လကြာတဲ့အခါမှာ သူတို့က လူသိရှင်ကြား ချစ်ခင်ပြတာကို ရှောင်ရှားဖို့ အစပိုင်းမှာ ကြိုးစားခဲ့ကြပေမယ့် ဒီတလောမှာ စုချန်ယန်က ပိုပြီးတော့ အရှက်မရှိဖြစ်လာသည်။
စုချန်ယန်က သူတို့နှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ဦးထုပ်နဲ့ မက်စ်ကိုတပ်ကာ ကားတံခါးကိုဖွင့်ကာ ယုန်တစ်ကောင်လို ခုန်ချလိုက်ပြီး ကျောင်းတံခါးဆီ ပြေးသွားလိုက်သည်။
လင်းယွီရဲ့ မျက်လုံးတွေက သူမ မြင်ကွင်းကနေပျောက်ကွယ်သွားသည့်တိုင်အောင် သူမပုံသဏ္ဍာန်ကို လိုက်ကြည့်ပြီးနောက် အကြည့်ရုတ်လိုက်သည်။
ရှောင်လုက သက်ပြင်းချပြီး "ပထမသုံးလက ဟန်းနီးမွန်းကာလလို့ ပြောကြတယ် မဟုတ်လား? နင်တို့နှစ်ယောက်တွဲနေတာ ခြောက်လလောက်ရှိပြီ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် မငြီးငွေ့သေးတာလဲ?"
လင်းယွီက သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "စမ်းကြည့်ရင် သိလာလိမ့်မယ်"
“ညီမ…”
အထက်တန်းကျောင်းတုန်းက ရည်းစားနဲ့ ချိန်းတွေ့ပြီးနောက် သူမနဲ့ ဘယ်တော့မှ ရည်းစားထပ်မထားခဲ့ပေ။ ဒါပေမယ့် နေ့တိုင်း အတူတူ နေနေတာက ငြီးငွေ့စရာ မကောင်းဘူးလား? သို့ပေမယ့် အဲ့ဒီအကြောင်းကိုပြောရရင် စုချန်ယန်က ဒီတလော ရိုက်ကူးရေးနဲ့ အလုပ်တွေရှုပ်နေပြီး သူမရဲ့အစ်ကိုဖြစ်သူက စုချန်ယန်ကို သိပ်မတွေ့ရတာကြောင့် သူ မငြီးငွေ့တာတော့ အံ့ဩစရာမဟုတ်ပေ။
လင်းယွီက သူမတွေးနေတာတွေကို နားလည်တဲ့ပုံပေါ်ကာ ပြောလိုက်သည်။ "ငါလည်း မငြီးငွေ့သလို ချန်ယန်လည်း ငြီးငွေ့မှာမဟုတ်ဘူး"
ရှောင်လုက ပခုံးတွန့်လိုက်ပြီး "ဒါက သေချာပေါက် မမှန်ဘူး။ ချန်ယန်ရဲ့ခံစားချက်ကို အစ်ကိုတကယ်ထိန်းချုပ်နိုင်လို့လား? အခုအချိန်မှာ အစ်ကိုက သူ့သမီးအတွက် အကာအကွယ် လွန်ကဲနေတဲ့ အဖေတစ်ယောက်လိုဘဲ။ မုန့်စိမ်းကြော်တစ်ချောင်းနဲ့ ကြက်ဥနှစ်လုံး အဲဒီအယူသီးတာတွေကို ဘယ်ကကြားလာတာလဲ? တရုတ်နိုင်ငံက အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် အများဆုံးရမှတ်က ဘာသာရပ်တစ်ခုစီအတွက် ရမှတ် ၁၅၀ ဆိုတာကို အစ်ကို မသိဘူးလား? ဒါ့ပြင် ချန်ယန်ကအစ်ကို့လိုမျိုး အကာအကွယ် လွန်ကဲနေတဲ့ အဖေလိုမျိုး ချစ်သူကောင်လေးကို ချန်ယန်က ကိုင်တွယ်နိုင်မှာတဲ့လား"
လင်းယွီ မတုံ့ပြန်ရသေးခင် ရှောင်လုက ကျောချမ်းသလိုပြောလာသည်။ "ညီမရဲ့ အနာဂတ်ချစ်သူက ညီမရဲ့အဖေလိုပဲ ညီမကို ချုပ်ကိုင်ထားရင် သေချာပေါက်ကို သူနဲ့နေချင်မှာမဟုတ်ဘူး"
လင်းယွီက သူမကို အပြုံးတစ်ဝက်နဲ့ကြည့်ပြီး ပြောလိုက်သည်။ "မင်းကိုယ်မင်းဘဲ ဂရုစိုက်ပါဦး"
ရှောင်လုက နှုတ်ခမ်း စူပြီး ကားကို လမ်းဘေးမှာ ရပ်ထားလိုက်ကာ ကျောင်းနားက ဟိုတယ်တစ်ခုကို ဘိုကင်တင်လိုက်သည်။ လင်းယွီကတော့ အသံလုံအောင်နဲ့နေရာပေါ်မူတည်ပြီး အခန်းတွေကို ရွေးနေသည်။ ရှောင်လုမှာ မတတ်နိုင်ဘဲ ခံစားလိုက်ရသည်။
"ချန်ယန် အနှောင့်အယှက်ဖြစ်မှာ ကြောက်ရင် ဘာလို့ဟိုတယ်တစ်ခုလုံး မငှားလိုက်လဲ?"
လင်းယွီ - “အနီးနားမှာ ကျောင်းတွေ အများကြီးရှိပြီး နေ့ခင်းဘက်မှာ အနားယူမယ့် ကျောင်းသားတွေလည်း အများကြီးရှိတယ်”
ရှောင်လုက ပခုံးတွန့်ပြီး ပြောလိုက်သည်။ "အမှန်ဘဲ"
စုချန်ယန်က နောက်ဆုံး စာမေးပွဲခန်းမှာ ရှိနေပြီး သူမရဲ့ ထိုင်ခုံကလည်း နောက်ဆုံးတစ်လုံး ဖြစ်သည်။ ထိုင်ပြီးတဲ့နောက်မှာ သူမက ဦးထုပ်ချွတ်ပြီး IDကတ်နဲ့ ဝင်ခွင့်လက်မှတ်ကို စားပွဲပေါ်တင်လိုက်ကာ ကျောပိုးအိတ်ကိုတော့ စင်မြင့်ပေါ်တင်လိုက်ပြီး ထိုင်လိုက်ကာ မနေ့ညက ချင်ယို့ ရှင်းပြခဲ့တဲ့ သင်္ချာပုစ္ဆာတချို့ကို ပြန်စဉ်းစားနေလိုက်သည်။
ခြောက်လကျော်ကျော်လောက် စာလေ့လာပြီး ရှောင်လုနဲ့ လင်းယွီတို့ရဲ့ လမ်းညွှန်မှုအောက်မှာ စုချန်ယန်ရဲ့ အင်္ဂလိပ်စာက သိသိသာသာ တိုးတက်လာသည်။ သူမရဲ့တရုတ်ဘာသာရပ်က သာလွန်ကောင်းမွန်နေပေမယ့် သင်္ချာနဲ့ ပတ်သက်လာရင်တော့ လင်းယွီဖြစ်စေ ချင်ယို့ဖြစ်စေ သူမကို ဘယ်လိုဘဲ သင်ပေးပါစေ အသုံးမဝင်ပေ။ နည်းနည်းရှုပ်ထွေးသွားတာနဲ့ သူမက နောက်ဆက်တွဲ အဆင့်တွေကို မလိုက်နိုင်တော့ပေ။
စာမေးပွဲခန်းထဲကို ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။ ဖြေဆိုသူအများစုက တစ်ယောက်နဲ့တစ်ယောက် မသိကြဘဲ သက်ဆိုင်ရာ ထိုင်ခုံတွေမှာ စိုးရိမ်စွာနဲ့ ထိုင်နေကြသည်။ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိတ်တိတ်လေးတောင် စကားမပြောကြပေ။
ခဏအကြာ စာမေးပွဲမစခင် ဆယ့်ငါးမိနစ်သာ ကျန်တော့တဲ့အတွက် ဖြေဆိုသူအားလုံးကို သန့်စင်ခန်းသုံးထားနိုင်ကြောင်း သတိပေးလာသည်။ စာမေးပွဲစသည်နဲ့ မလိုအပ်ပါက စာမေးပွဲခန်းကနေ ထွက်လို့မရပါချေ။
စာဖြေသူတချို့က သန့်စင်ခန်းသွားကြပြီး စုချန်ယန်ကတော့ စားပွဲပေါ်မှီရင်း ဖော်မြူလာတွေကို တိတ်တဆိတ် ရွတ်နေသည်။
အားလုံးက အရမ်းစိတ်လှုပ်ရှားနေတာကြောင့် စုချန်ယန်ကိုဘယ်သူမှ သတိမထားမိကြ ချေ။ စုချန်ယန်က ကျောင်းသားတွေရဲ့ အာရုံကို မဆွဲဆောင်ချင်ဘဲ မျက်လုံးအောက်က မက်စ်ကို ဆွဲချလိုက်သည်။
ဆယ့်ငါးမိနစ်အကြာ ပထမဆုံး စာမေးပွဲ စပြီး စာမေးပွဲအခန်းစောင့်က မေးခွန်းတွေကို ကိုင်ကာ ဝင်လာခဲ့သည်။
ပထမဆုံး စာမေးပွဲမှာ တရုတ်ဘာသာ ဖြစ်သည်။ စာရွက်တွေကို ဖြန့်ဝေတော့ အရှေ့တန်းက ကျောင်းသားက စုချန်ယန်ကို စာရွက်လှည့်ပေးသည်။ စုချန်ယန်ကိုတွေ့လိုက်ရတဲ့အခါသူမက ခဏရပ်သွားသည်။
စုချန်ယန်က စာရွက်ကိုယူကာ သူမကို ပြုံးပြလိုက်သည်။
စာမေးပွဲကစနေပြီ။ စုချန်ယန်က သူမရဲ့ အမည်နဲ့ ဖြေဆိုသူနံပါတ်ကို အရင်ရေးပြီးတော့ လင်းယွီရဲ့ ညွှန်ကြားချက်အတိုင်း သူမက စာရွက်ကိုယူကာ စာစီစာကုံး ခေါင်းစဉ်ကို ချက်ချင်းကြည့်လိုက်သည်။
တရုတ်ဘာသာက စုချန်ယန် အတော်ဆုံးဘာသာရပ်မဟုတ်သလို သူမအတွက် အဆိုးဆုံးလည်း မဟုတ်ပေမယ့် အောင်ဖို့ကတော့ ပြဿနာမဟုတ်ချေ။
ပထမစာမေးပွဲက ဆယ့်တစ်နာရီခွဲမှာ ပြီးဆုံးပြီး ခေါင်းလောင်းသံ ကြားတဲ့အခါ စုချန်ယန်က သက်ပြင်းချကာ ဘောပင်ကို ချလိုက်သည်။
စာရွက်တွေကိုသိမ်းတဲ့ပြီးနောက် အရှေ့တန်းက ကောင်မလေးက ရုတ်တရက် လှည့်လာကာ သိချင်စိတ်နဲ့မေးလိုက်သည်။ "နင်က စုချန်ယန်လား?"
စုချန်ယန်က သူမရဲ့ကျောပိုးအိတ်ကို စင်မြင့်ပေါ်ကနေ ယူလိုက်ပြီး ဦးထုပ် ဆောင်းလိုက်သည်။ သူမက မေးခွန်းကိုကြားတော့ တခဏလောက် တုံ့ဆိုင်းသွားပြီး ပါးစပ်ရှေ့မှာ လက်ညှိုးထားက တိတ်တိတ်လေးနေဖို့ အမူအရာပြလိုက်သည်။
“ဘယ်သူ့ကိုမှ မပြောနဲ့နော်” စုချန်ယန်က မျက်လုံးတွေ ကွေးညွတ်သွားတဲ့အထိ ပြုံးပြလာသည်။
ကောင်မလေးရဲ့ မျက်လုံးတွေက ချက်ခြင်း ပြူးကျယ်လာကာ အသက်ရှူမြန်လာသည်။ “နင်… နင်…”
“စိတ်မလှုပ်ရှားနဲ့" စုချန်ယန် က သူမကိုပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ "ငါက နင့်လို စာမေးပွဲလာဖြေတဲ့သူဘဲ"
ကောင်မလေးက ဗလုံးဗထွေးနဲ့ ပြောလာသည်။ “ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးရင် တခြားသူတွေကို ပြောပြလို့ရမလား? ငါ့… ငါ့ကောင်လေးက နင့်ကို အရမ်းကြိုက်တာ…”
စုချန်ယန်က ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့! နေ့လည်မှပြန်တွေ့ကြမယ်"
"နေ့လည်မှတွေ့မယ်!" ကောင်မလေးက စိတ်လှုပ်ရှားစွာနဲ့ သူ့ကိုလက်ပြလိုက်သည်။
စုချန်ယန်က သူမရှိနေတာကြောင့် အခြားသူတွေကို မထိခိုက်စေချင်တဲ့အတွက် ဦးထုပ်ကိုနှိမ့်လိုက်ကာ ကျောပိုးအိတ်ကိုသယ်ရင်း စာသင်ခန်းထဲကနေထွက်လာလိုက်သည်။
လင်းယွီက အရမ်းပေါ်လွင်နေတဲ့အတွက် အစက သူ့ကို ဒီနေ့ သူမနဲ့အတူ မလိုက်စေချင်ခဲ့ပေ။ ဒါပေမယ့် လင်းယွီက လာဖို့ စာမေးပွဲအပြီးမှာ ဟော့ပေါ့ညစာစားဖို့ သူမကိုသွေးဆောင်တော့သည်။ သွေးဆောင်တာကို သူမ မခုခံနိုင်တော့ဘဲ သူ့ကို လာခွင့်ပေးလိုက်ရသည်။
ပိုပြီး သိုသိုသိပ်သိပ် ဖြစ်စေဖို့အတွက် စုချန်ယန်ကို ကြိုသွားကြိုလာလုပ်ဖို့ လင်းယွီက Volkswagen ကားကို အထူးတလည် ဝယ်ခဲ့သည်။ အဲ့ဒီကား ရိုးရိုးရှင်းရှင်းနဲ့ မထင်ပေါ်ပေ။ သူမကို လာကြိုတဲ့အခါ ကားထဲက ဘယ်တော့မှ မထွက်ဘူးလို့လည်း စုချန်ယန်ကို သူကတိပေးခဲ့သေးသည်။
စုချန်ယန်က လူအုပ်ကြားကနေ ကျောင်းတံခါးမှ ထွက်လာတော့ ရှောင်လုက ကားပေါ်ထိုင်နေပြီး အဝေးကနေ သူမကိုလက်လှမ်းပြနေတာ တွေ့လိုက်ရသည်။ သူမ လှမ်းကြည့်လိုက်ပြီး အရှိန်မြှင့်ကာ လျှောက်သွားလိုက်သည်။
သူမက ကားတံခါးကိုဖွင့်ကာ ကားထဲဝင်လိုက်ပြီး ဦးထုပ်ချွတ်လိုက်သည်။ လင်းယွီက တွင်းထွက်ရေသန့်ဘူးကို ဖွင့်ပေးလိုက်သည်။
စုချန်ယန်က တကယ်ဘဲ ရေငတ်နေပြီး ကိုယ်တိုင်မလုပ်ချင်တာကြောင့် လင်းယွီရဲ့လက်ထဲကနေဘဲ တစ်ငုံသောက်လိုက်သည်။
"အရမ်းပင်ပန်းတယ်" စုချန်ယန်က ထိုင်ခုံနောက်ကို လှဲလိုက်ပြီး ရေသောက်လို့ပြီးတော့ အသက်ပြင်းပြင်းရှူလိုက်သည်။
လင်းယွီက ရေဘူးအဖုံးကိုပိတ်ကာ သူမပါးစပ်ထောင့်က စွန်းထင်းနေတဲ့ ရေတွေကို နွေးထွေးတဲ့ သူလက်ချောင်းတွေကို သုံးကာ သုတ်ပေးလိုက်သည်။ စာမေးပွဲမှာ သူမ ဘယ်လိုဖြေခဲ့လဲလို့ သူက မမေးဘဲ ပြောလိုက်သည်။ “နေ့လည်စာ ဘာစားချင်လဲ? ပြီးရင် မင်းတစ်ရေးတစ်မော အိပ်လို့ရတယ်"
"ဟော့ပေါ့အစပ်” စုချန်ယန်က မဆိုင်းမတွ ချက်ချင်းပြန်ဖြေလာသည်။
သူမ ဟော့ပေါ့အစပ် မစားရတာကြာလှပြီ။
လင်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဦးထုပ်ကြောင့် ရှုပ်ပွနေတဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သူ့လက်နဲ့ သပ်တင်ပေးလိုက်ပြီး ပြောလိုက်သည်။ "အဲ့ဒါတော့ မဖြစ်ဘူး"
စုချန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး နည်းနည်းစိတ်မချမ်းသာသလို ခံစားလိုက်ရသည်။ "ဒါဆို ဘာလို့လာမေးနေတာလဲ?"
ဒီတလော လင်းယွီက စုချန်ယန်ကို အလိုလိုက်ပြီး သူမရဲ့ ဒေါသကလည်း နည်းနည်းကြီးလာသည်။ ရှေ့ခုံက တိတ်ဆိတ်နေတဲ့ ရှောင်လုက ကြည့်နေရင်း ခေါင်းယမ်းလိုက်သည်။
လင်းယွီက သူမကို အရမ်းအလိုလိုက်ထားတော့ သူ မရှိဘဲ သူမ မနေနိုင်ဖြစ်အောင် လုပ်နေသလားလို့တောင်သံသယဝင်မိသည်။
ဟား! အကြံသမား။
လင်းယွီက သူမကို နှစ်သိမ့်ပေးသလိုမျိုး လူကိုရင်ခွင်ထဲ ထည့်ကာ သူမနဖူးပေါ် သူ့မေး တင်ထားပြီး ပြောလိုက်သည်။ "နေ့လည်မှာ စာမေးပွဲမရှိဘူးလား? ဗိုက်အောင့်လာရင်ဘယ်လိုလုပ်မလဲ?"
စုချန်ယန်ရဲ့ အစာအိမ်က သူ့ကြောင့် အထူးတလည်ကျန်းမာနေကာ ဒီတလော သူမက ပေါ့တဲ့အစားအစာတွေကိုဘဲစားနေရသည်။ အဆီများပြီး နှိုးဆွပေးနိုင်တဲ့ တစ်ခုခုကို ရုတ်တရက်စားမိပါက သူမ ဗိုက်အောင့်နေမည်မှာ အမှန်ပင်။
“အနီးနားမှာ တရုတ်စားသောက်ဆိုင်ရှိတယ်။ တရုတ်အစားအစာ စားရင်ရော ဘယ်လိုလဲ?
သူရဲ့ နက်ရှိုင်းပြီး သာယာတဲ့ အသံက သူမရဲ့ နားထဲ ဝင်လာပြီး နွေးထွေးမှုက စုချန်ယန်ရဲ့ နားရွက်အပေါ် ဖြတ်တိုက်လုနီးနီးပင်။ နားရွက်ကိုထိဖို့ သူမရဲ့လက်သည်းတွေကို တိတ်တဆိတ်သုံးကာ တုံ့ပြန်လိုက်သည်။ "အိုး"
"Tsk၊ tsk၊ tsk" ရှောင်လုမှာ သည်းမခံနိုင်တော့ဘဲ ရှေ့ခုံကနေ အသံထွက်လာကာ နှစ်ယောက်သားရဲ့ အာရုံကိုဖမ်းစားလိုက်သည်။
"ဝမ်းကွဲအစ်ကို၊ ယောင်းမ၊ ငါအသက်ရှိနေသေးတယ်နော်၊ ငါတို့ စင်ဂယ်ခွေးတွေရဲ့ ခံစားချက်ကို နည်းနည်းလောက် စဉ်းစားပေးလို့ရမလား?"
လင်းယွီရဲ့ အရေထူမှုကို အသားမကျသေးတဲ့ စုချန်ယန်ယက ရှောင်လု စကားကို ကြားတဲ့အခါ သူ့ကို တွန်းထုတ်လိုက်သည်။ ကံကောင်းထောက်မစွာနဲ့ လင်းယွီက သူမလက်ကို မလွှတ်လိုက်ပေ။