အခန်း (၂၁-၃၀)
Vol. 1 Ch. 21-30
အခန်း ၀၂၁ ။ အပိုဆုကြေး
ဗစ်ကောင့်ထ် လက်စ်လိုင်းဆီကငှားထားသောမြေပေါ်တွင် သုံးရက်လောက်ကမှ တည်ဆောက်ထားသောစက်ရုံသည် အရှိန်အဟုန်မြင့်မားစွာဖြင့်တိုးတက်နေသည်။
စက်ရုံဟုခေါ်ခြင်းသည် စကားချိုသာအောင်သာသုံးရသည်။ အမှန်ကတော့အဆောက်အဦးမျှသာဖြစ်သည်။ မီတာငါးရာမျှသာကျယ်၍ ပကတိသစ်သားပုံနဲ့မခြား ဘာအဆောင်အယောင်မျှမရှိပေ။
ခေါ်ရမည်ဆိုလျှင် အလုပ်ရုံဟုသာခေါ်ထိုက်ပေသည်။
သို့သော် အချိန်လည်းလုံးဝမရသောကြောင့်ဖြစ်သည်။ ထိုမြေကိုဆယ်ရက်လောက်ကငှား၍ ဤမျှသောအချိန်တိုအတွင်းတွင် တည်ဆောက်နိုင်သည်ကပင် ချီးကျူးစရာဖြစ်သည်။
“သူ့အတွေးတွေကို ပတ်ဝန်းကျင်နဲ့ဆီလျော်အောင် ပြုပြင်ပြောင်းလဲတတ်ပြီး ဒီ့ထက်တိုးတက်တဲ့အမြင်သာရှိမယ်ဆိုရင် အရမ်းတော်တဲ့စီအီးအိုအဖြစ် သတ်မှတ်လို့ရတယ်။” ရှုယီက အလုပ်ရှုပ်နေသော ဟိန့်ဇ်ကိုကြည့်၍ပြောလိုက်သည်။
ကျွမ်းကျင်သူများကိုရှာဖို့သည် အင်မတန်ခက်ခဲလှသည်။ သုတေသနဝန်ထမ်းများသာမက စီမံခန့်ခွဲရေးဝန်ထမ်းများလည်းလိုလေသည်။
ယခုတော့ ဟိန့်ဇ်ကိုသာအားထားနေရသည်။ ထို့ကြောင့် စီမံခန့်ခွဲရေးတာဝန်အားလုံးကို လွှဲအပ်ထားသည်။
ထုတ်လုပ်ဖြန့်ချီရေးပဲဖြစ်ဖြစ် အရောင်းပိုင်းပဲဖြစ်ဖြစ် သူ့ကိုအားလုံးစိတ်ချရသည်။ လုံးဝအရှုံးမရှိအောင် လည်ပတ်လုပ်ဆောင်နိုင်လေသည်။
သူသည် အရင်က သာမန်စတိုးဆိုင်ပိုင်ရှင်မျှသာဖြစ်သည်။ သူ၏နယ်ပယ်သည် ကျဥ်းမြောင်းခဲ့သည်။ သာမန်လုပ်ငန်းများတွင်သာကျွမ်းကျင်၍ သူ့ဘဝကို အကြီးအကျယ်မြှင့်တင်ပေးမည့် အလုပ်ကြီးအကိုင်ကြီးတို့တွင် သိပ်ကျွမ်းကျင်မှုမရှိသေးပေ။
ရှုယီသည် အထပ်ထပ်အခါခါ ကြီးကြပ်ဆောင်ရွက်ပေးရပြီး ညွှန်ကြားပေးရသည်။ ထို့ကြောင့် သူ့အလုပ်ကိုအာရုံစိုက်ရာတွင် အာရုံအနည်းငယ်ပျက်သွားတတ်သည်။
ဟိန့်ဇ်ထက်စီမံခန့်ခွဲမှုတွင် သင့်တော်သောသူရှိလျှင် သူ့သုတေသနအလုပ်ကို စိတ်ရောကိုယ်ရောနှစ်၍ ဖိဖိစီးစီးလုပ်နိုင်သည်။ ထိုအခါ ဟိန့်ဇ်ကိုလည်း ထုတ်လုပ်ဖြန့်ချီရေးအပိုင်းတွင်သာ ပိုအာရုံစိုက်ဖို့ အခွင့်ပေးလာလိမ့်မည်။
“အဲ့လိုအစွမ်းရှိတဲ့လူကိုဘယ်မှာရနိုင်မလဲ။”
“ဥက္ကဌကြီး တစ်ခုလောက်ဆွေးနွေးလို့ရမလားဗျ။” သူ့နောက်မှ လူငယ်တစ်ယောက်အသံထွက်လာသည်။
လှည့်ကြည့်လိုက်သော် အံ့သြသွားသည်။ “အိုရင်း အလုပ်ပြီးလို့လာတာလား။”
ထိုဝဝကစ်ကစ်ကလေးသည် ဘာရွန်ရစ်တို မှော်အကယ်ဒမီကျောင်းမှခေါ်လာသော ကျောင်းသားသုံးဆယ်ထဲကတစ်ယောက်ဖြစ်၏။ သို့သော်သူသည် ဆင်းရဲသားမိသားစုမှ ဆင်းသက်လာသော အခြားကျောင်းသားအားလုံးနှင့်မတူပေ။ သူသည် ဘန်တာမြို့က ဗစ်ကောင့်ထ် ဇက်ထ်မန်၏သားဖြစ်လေသည်။ အလွန်မြင့်မြတ်သောမျိုးရိုးကဖြစ်သည်။
ထိုလူငယ်၏မျိုးရိုးကိုသိသော် ရှုယီ အရမ်းအံ့ဩခဲ့ရသည်။ သူဘာကြောင့်ဒီမှာလာအလုပ်လုပ်ရသနည်း။
အိုရင်း၏အဖြေကြောင့်သူဆွံ့အသွားခဲ့ရသည်။ သူပြောသည်က ဘဝအတွေ့အကြုံရဖို့နဲ့ မှော်ပန်ကာကိုစိတ်ဝင်စားလို့ဟုပြောသည်။
သို့သော် စင်စစ်တော့ အပျော်သက်သက်လာသည်ဟုသာထင်မိသည်။ စက်ရုံတွင်လုပ်ရတာ မည်မျှညည်းငွေ့စရာကောင်းကြောင်း သိသွားလျှင် သူကြာကြာခံမည်မဟုတ်ပေ။
သူ့ကိုငြင်းပယ်ဖို့စဉ်းစားခဲ့ဖူးသည်။ သို့သော်အကြောင်းပြချက်ကောင်းကောင်း ရှာမရခဲ့ပေ။ ဘာရွန်ရစ်တို မှော်အကယ်ဒမီကျောင်း မှခေါ်ခြင်းသည် ပထမဆုံးဖြစ်၍ အိုရင်းသည် ကျောင်းတွင်ထူးခြားပြောင်မြောက်သည် ဟုနာမည်ကျော်လေသည်။ ထို့ကြောင့် ငြင်းဆိုဖို့ခက်ခဲလှ၏။
ဤမျှချမ်းသာ၍ ထူးခြားပြောင်မြောက်သောကလေးက အလုပ်လုပ်ချင်စိတ် တက်ကြွနေသည်ကိုကြည့်၍ အခြားကျောင်းသားများလည်း အားရှိနိုင်သည်။
ထို့ကြောင့် သူ့ကိုလက်ခံခဲ့သည်။ ဤမျှဇွဲကြီး၍ ပေးသမျှတာဝန်ကျေပွန်နိုင်လိမ့်မည် ဟုထင်မထားပေ။ တစ်ပတ်အလုပ်လုပ်ကြည့်ပြီးနောက်တွင်တော့ ရှုယီပေးသမျှအလုပ်တိုင်းကို ပြီးစီးသည့်အပြင် သူ့၏ထူးချွန်မှုကြောင့် အခြားကျောင်းသားများထက် ပို၍ကောင်းသော ပို၍ထက်မြက်သော မှော်အစီအရင်ကို ဖန်တီးပေးနိုင်ခဲ့မည်။
သူ၏လုပ်ဆောင်မှုကြောင့် ရှုယီ သည် အထင်ကြီးသွားလေပြီ။
“ဟုတ်ကဲ့ ပြီးသွားပါပြီ။” အိုရင်းကပြန်ဖြေလေသည်။
ရှုယီသည် အခြားကျောင်းသားများကို လှမ်းကြည့်လိုက်သည်။ အချို့ကျောင်းသားများလည်း အလုပ်ပြီး၍ နားနေသည်ကို တွေ့ရသည်။
“အင်း ကောင်းသားပဲ၊ ဒါနဲ့ဘာများဆွေးနွေးချင်လို့လဲ။ ပွင့်ပွင့်လင်းလင်းသာပြောပါ။ လက်ခံပေးနိုင်တာဆိုလက်ခံပေးရမှာပေါ့။”
“အလုပ်အတွက်တောင်းဆိုချင်တာဆိုလည်းဟုတ်ပါတယ်။ ဒီနေရာက အရမ်းပူတော့ ကြီးမားတဲ့ရေခဲမှော်အစီအရင်တစ်ခုလောက် ဖန်တီးပေးစေချင်လို့ပါ။ အဲ့လိုမှကျွန်တော်တို့အလုပ်လုပ်နိုင်စွမ်းကိုမထိခိုက်မှာပါ။”
ရှုယီက ပြုံး၍ ခေါင်းခါလိုက်သည်။ “ဟားဟား အားနာပါတယ်၊ အဲ့ဒါတော့မဖြစ်နိုင်ဘူး။ မင်းအိမ်မှာလည်းအဲ့ဒါရှိတော့ ဘယ်လောက်ကုန်ကျစရိတ်များလဲ မင်းလည်းအသိနေမှာပေါ့ ဟုတ်လား။ အခုတော့အဲလောက်ထိမတတ်နိုင်သေးဘူး။ အခုတော့သည်းခံလိုက်ပါဦး။ နောက်မကြာခင် မှော်လေအေးပေးစက်တပ်ဖို့တော့ရှိတယ်။ အဲ့အခါကျအားလုံးအဆင်ပြေသွားပါလိမ့်မယ် ဟုတ်ပြီလား။”
“မှော်လေအေးပေးစက် ဟုတ်လားဗျ။“ သူ့မျက်လုံးများ တောက်ပလာပြီး “အဲ့ဒါကဘယ်လိုမျိုးလဲ။ မှော်အသစ်လားဗျ။ ဥက္ကဌကြီး အသေးစိတ်လေးပြောပြလို့ရမလားဗျ စိတ်ဝင်စားလို့ပါ။”
ရှုယီသည် သူ့စကားလွန်သွားမှန်းသိ၍ လက်ခါပြကာ
“အခုတော့အတွေးပဲရှိပါသေးတယ်။ စတောင်မစရသေးဘူး။ ဒီနှစ်နွေရာသီတော့မမှီနိုင်တော့ဘူး။ ဒီတော့ထပ်မမေးတာအကောင်းဆုံးပဲ။”
“အိုး....ဒီလိုဆိုလျှို့ဝှက်ချက်ပဲရှိသေးတယ်ပေါ့။” စိတ်ပျက်စွာခေါင်းခါလိုက်၍ ထပ်မမေးတော့ပေ။
“ကောင်းပြီ နောက်ခါမမေးတော့နဲ့ကွာ။ ဒါနဲ့မင်းလေသံကိုကြည့်ရတာ တခြားကိစ္စထင်ပါတယ် ဘာများလဲ။” စကားလမ်းကြောင်းကိုလွှဲလိုက်သည်။
ထိုစကားကြားသော် လူငယ်သည် သူ့ရင်ဘတ်ထဲက စီမံချက်စာရွက်ကြီးကို ဆွဲထုတ်လိုက်သည်။
“ဥက္ကဌကြီး ကြည့်ပါဦး။ ကျွန်တော်မနေ့ညကလုပ်ခဲ့တဲ့လေအစီအရင်ပါ ကြည့်ကြည့်ပါဦးဗျာ။”
“လေအစီအရင်ဟုတ်လား။” လူငယ်ကိုစူးစမ်းကြည့်သည်။
လူငယ်၏စိတ်အားထက်သန်မှုကို ရိုက်မချိုးချင်ပေ။ ထို့ကြောင့် ဂရုတစိုက်ယူကြည့်လိုက်သည်။
ခဏကြာသော် မော့ကြည့်၍ “ဒီဟာကိုမင်းတစ်ယောက်တည်းလုပ်ထားတာလား။”
အိုရင်းက ရင်ကိုကော့၍ ဂုဏ်ယူစွာပြောလေသည်။ “ဟုတ်ကဲ့ ကျွန်တော်တစ်ယောက်တည်းပါပဲဗျ၊ ဘယ်သူမှမပါပါဘူး။”
အိုရင်းကို စတွေ့ရသည့်ပမာ သူခံစားလိုက်ရသည်။ ပုခုံးကိုပုတ်လိုက်၍ ချီးကျူးလေသည်။
“တော်လိုက်တဲ့ကောင်လေး၊ ဒါရိုက်တာရှီရာ ပြောတာမမှားဘူးဘဲ တော်လည်းတော်ပါပေတယ်၊ ဒီမှာအလုပ်လုပ်ဖို့အသင့်တော့်ဆုံးပဲတဲ့။”
လူငယ်ကရယ်၍ စာရွက်ကိုလက်ညှိုးထိုးပြပြီး “ဥက္ကဌကြီး ဒီဟာကိုဘယ်လိုသဘောရလဲဗျ။ ဒီနေရာလေးမှာပြောင်းလိုက်လို့ရှိရင် ပိုကောင်းသွားမယ်လို့ထင်တယ် သေတော့မသေချာဘူးဗျ။”
ရှုယီကရယ်၍ “မင်းကိုဘယ်လောက်ချီးကျူးနေလဲမမြင်သေးလို့လား။ သိပ်ဟုတ်တာပေါ့ မင်းရဲ့အကြံဉာဏ်ကိုမစမ်းသပ်ရသေးပေမဲ့ အဲ့လိုသာပြောင်းလဲလိုက်မယ်ဆို မှော်ပန်ကာကို နည်းနည်းချွေတာရာရောက်သွားမှာပဲ။”
“အာ နည်းနည်းပဲလားဗျ။” လူငယ်စိတ်ပျက်သွားလေသည်။ “ဥက္ကဌကြီး လုပ်ထားတဲ့မှော်အစီအရင်က အင်မတန်ထူးလှပါတယ်။
ဘာအပြစ်အနာအဆာမှမရှိပါဘူး။ ကျွန်တော်တတ်နိုင်သလောက်ကြိုးစားပြီး နည်းနည်လေးပဲပြောင်းထားတာပါဗျ။”
ရှုယီက အိုရင်း ပုခုံးကိုပုတ်၍ လေးနက်စွာပြောလေသည်။ “ဒီအပြောင်းအလဲအသေးအမွှားလေးကိုလည်း အထင်မသေးပါနဲ့ကွာ။ ပြောရရင် ဘယ်လောက်ပဲအသေးအမွှားတိုးတက်မှုလေးပဲဖြစ်ဖြစ် အင်မတန်အရေးကြီးတယ်။ မင်းလုပ်ထားတာ နည်းနည်းလေးပဲပြောင်းလဲသွားတယ်ဆိုပေမဲ့ လျော့မတွက်နဲ့။ ငါတို့ဆီကဝယ်တဲ့ဖောက်သည်တွေအတွက် ငွေကုန်ကျသက်သာသွားစေတာပေါ့။ အဲ့လိုဆိုလူတွေပိုပြီးဝယ်လာကြလိမ့်မယ်။ ပိုပြီးအရေးကြီးတာက Frestech မှော်ပန်ကာကိုအရည်အသွေးကောင်းလာစေမယ်။ အခုတော့မင်းဘယ်နားလည်ဦးမလဲ။”
အိုရင်း အံ့ဩသွားသည်။ သူလုပ်တာက အသေးအဖွဲလေးမျှသာဟုထင်ထားသော်လည်း ရှုယီ ပြောလိုက်မှ အင်မတန်အရေးကြီးနေပုံပေါက်နေသည်။
ထိုအကြောင်းတွေးတော၍ သူအရမ်းပျော်သွားသည်။ အပျော်သဘောနဲ့သာ ဟိုလုပ်ဒီလုပ်စမ်းသပ်ကြည့်၍ ပြောင်းလဲခဲ့သည်။ အခုတော့ ရှုယီ၏အသိအမှတ်ပြုမှုက သူ့ကိုစိတ်အားတက်ကြွသွားစေလေသည်။
ရှုယီသည် အိုရင်းကို လက်မောင်းကဆွဲခေါ်၍ အခြားကျောင်းသားများအလုပ်လုပ်နေရာဆီသို့ ခေါ်လာသည်။
အခြားကျောင်းသားနှစ်ဆယ့်ကိုးယောက်နှင့် ဟိန့်ဇ်တို့သည် သူ့ကိုသိချင်ဇောဖြင့် စိုက်ကြည့်နေကြသည်။ ရှုယီ က သူ့လက်မောင်းကိုမ၍ ကျယ်လောင်စွာပြောလိုက်သည်။
“အားလုံးနားထောင်ကြပါ။ အိုရင်း က လေအစီအရင်ကို ပြုပြင်ပြောင်းလဲလိုက်ပြီး ငါ့ဆီတင်ပြလာတယ်။ အခုသူ့အကြံဉာဏ်ကြောင့် မှော်ပန်ကာရဲ့လုပ်ဆောင်မှုက တိုးတက်လာတော့မယ်။ ဒီတော့ အဲ့လိုလုပ်နိုင်စွမ်းရှိတဲ့ အိုရင်းကို ဒီကုမ္ပဏီက အထူးဆုကြေးပေးမယ်ဆိုတာ ဒီနေရာကနေ ကြေငြာလိုက်ပါတယ်။ ဆုကြေးကဘယ်လောက်ရမလဲဆိုတော့ ရွှေဒင်္ဂါးဆယ်ပြားတိတိပါ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၂ ။ ဧည့်သည်အနေဖြင့်
ရှုယီ ပြောပြီးသည်နဲ့ ဆူညံပွတ်လောရိုက်သွားသည်။
“ရွေဒင်္ဂါးဆယ်ပြားဟုတ်လား။ များလှချေလား။”
“အလိုဘုရား အိုရင်းကဘာများပြုပြင်ပြောင်းလဲလိုက်လို့လဲ။ တစ်ခါတည်းနဲ့ရွှေဒင်္ဂါးဆယ်ပြားရတယ်ပေါ့။”
“ငါသာအစကသိရင်ကောင်းကောင်းလေ့လာခဲ့ပါတယ်။ မှော်အစီအရင်နဲ့ပတ်သက်ရင် ငါကယုံကြည်ချက်ရှိပြီးသား။”
“ဟုတ်တယ် ဆယ်ပြားတောင်လား။ ငါသာအဲ့လောက်ရရင် ငါအမေ့ကို ခဏတော့အနားပေးလို့ရပြီပေါ့။”
များသောအားဖြင့် မှော်အစီအရင်ဆွဲသော ကျောင်းသားများသည် ငွေဒင်္ဂါးနှစ်ပြားသာရကြသည်။ ရွှေဒင်္ဂါးဆယ်ပြားရဖို့ဆိုလျှင် မှော်အစီအရင် ငါးရာလုံးဆွဲရန်လိုအပ်လိမ့်မည်။
အိုရင်း၏မိဘလောက်မချမ်းသာသော ကျောင်းသားများအတွက် ဆယ်ပြားသည် အင်မတန်များသောပမာဏဖြစ်၏။
ကျောင်းသားများပြောနေသည်ကိုကြားသော ရှုယီ သည် အံ့သြ၍မဆုံးဖြစ်နေသော ဟိန့်ဇ်ကိုကြည့်လိုက်သည်။ ဟိန့်ဇ်သည် ချက်ချင်းနားလည်လိုက်ပြီး ဘေးသို့ထွက်သွားကာ ခဏကြာသော် လက်ထဲတွင်စာအိတ်လေးနဲ့ပြန်လာ၍ အိုရင်းကိုကမ်းပေးလိုက်သည်။
“အိုရင်း ဒါမင်းရဲ့ဆုလာဘ်ပဲ။ ရေကြည့်ပါဦးလား။”
“မလိုပါဘူး ဥက္ကဌကြီး၊ ကျွန်တော်က မှော်အစီအရင်ကို စိတ်ဝင်စားလို့လေ့လာရုံပါ။ ဆုလာဘ်တွေမလိုပါဘူး။” သူကခေါင်းခါ၍ ဆုလာဘ်ကိုလက်မခံချင်ပေ။
သူသည် ဂုဏ်ယူချင်သော်လည်း သူ့မိသားစုနောက်ခံကြောင့် သူ့ကို အခြားကျောင်းသားများနှင့်ဝေးကွာစေသည်ကို သူသိလေသည်။ သူသာဆုကိုလက်ခံလိုက်မည်ဆိုလျှင် အားလုံးနှင့်လုံးဝဝေးသွားပေတော့မည်။
ဝမ်းသာစရာကိစ္စမဟုတ်ပေ။
“ယူလိုက်ပါ၊ ဒါကကုမ္ပဏီစည်းကမ်း။ မင်းကိုပဲဘက်လိုက်ပြီးပေးတာမဟုတ်ပါဘူး။” ရှုယီသည် စာအိတ်ကိုယူ၍ သူ့လက်ထဲထည့်ပေးလိုက်သည်။ “လာပြီးရေကြည့်ပါဦး၊ အထဲမှာရွှေဒင်္ဂါးဆယ်ပြားတောင်။”
ရှုယီက အတင်းဖွင့်ခိုင်းနေ၍ မျက်နှာမသာမယာဖြင့်ဖွင့်လိုက်ပြီး ရေကြည့်လိုက်သည်။
သူ့လက်ထဲမှ တဝင်းဝင်းလက်နေသော ရွှေဒင်္ဂါးများကို မြင်လေသော် အခြားကျောင်းသားများ၏ မျက်လုံးများသည် လင်းလက်လာသည်။
ရှုယီက ပြုံး၍ပြောလိုက်သည်။ “အားလုံးနားထောင်ကြပါ၊ ငါခုနကပြောတဲ့အတိုင်းပဲ ဒီစည်းမျဉ်းက အိုရင်း တစ်ယောက်တည်းအတွက်မဟုတ်ပါဘူး။ မင်းတို့ထဲကဘယ်သူမဆို မှော်ပန်ကာကို ပြုပြင်ပြောင်းလဲတိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် ဒီဆုကိုရမယ်လို့လုံးဝအာမခံတယ်။”
“ဥက္ကဌကြီး ဘယ်လိုအပြောင်းအလဲကများကောင်းတာပါလဲ။” အရပ်ရှည်ရှည်ကျောင်းသားတစ်ယောက်က လက်ထောင်၍မေးလေသည်။
“မှော်ပန်ကာနဲ့ပတ်သက်ပြီးပြောရရင် ပိုပြီးကောင်းသွားရင်ပြီးတာပါပဲ။” ရှုယီက လေးလေးနက်နက်ပြောလိုက်သည်။ “ဟုတ်တာပေါ့ ဒီနေရာကအလုပ်ကိုထိခိုက်စေမှာ။ ဒါပေမဲ့ အဲ့ဒါပဲတွေးပြီး အလုပ်နောက်ကျမယ်ဆို ကုန်ထုတ်လုပ်ပိုင်းတွေ ကျဆင်းသွားမယ်ဆိုရင် လစာနုတ်ရုံမကဘဲ စာချုပ်ပေါ်မူတည်ပြီး အလုပ်ပါထုတ်ပစ်ရလိမ့်မယ်။”
သူ့တွင် အခွင့်အရေးမရှိ၍ လူမိုက်လုပ်ရတော့သည်။ ထိုကျောင်းသားများသည် ခေါင်းမာ၍ မြှင့်တင်မှုကိုသာလေ့လာပြီး အခြေခံအလုပ်လေးမှမလုပ်တော့လျှင် အမြတ်က ဆုံးရှုံးမှုကို ကာမိတော့မည်မဟုတ်ပေ။
ကျောင်းသားများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ခေါင်းငိုက်စိုက်ချ၍ အလုပ်လုပ်ကြတော့သည်။ အရင်ကထက် စိတ်အားထက်သန်စွာ လုပ်ပြလေသည်။
ဟိန့်ဇ်သည် အလုပ်ဝင်သွားသော အိုရင်းကိုကြည့်ပြီး ရှုယီဘက်လှည့်၍ တိုးတိုးလေးမေးသည်။ ”ရွှေဒင်္ဂါးဆယ်ပြားတောင်လား။ တန်ရောတန်လို့လား။”
ရှုယီက ခပ်အုပ်အုပ်ရယ်၍ “တန်တာပေါ့။ မင်းမှတ်မိမှာပါ ဒီလိုအဆင့်မြှင့်တင်မှုက ငါတို့ထုတ်ကုန်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ။ ဒီလိုဆုချတာကို မှော်အစီအရင်နဲ့ပတ်သက်ပြီးသာမက တခြားနေရာတွေမှာလဲထိန်းသိမ်းရလိမ့်မယ်။ နောက်ဆို မှော်ပန်ကာတွေနဲ့ပတ်သက်ပြီး ထုတ်လုပ်ရေးအားလုံးမှာ ဒီနည်းကိုသုံးရမယ်။ အဲ့လိုဆုချမှလည်း သူတို့ကို စိတ်အားတက်ကြွအောင်လုပ်ပေးနိုင်မယ်။”
ဟိန့်ဇ်က နားမလည်စွာဖြင့်မေးလေသည်။ “ဒီအရာတွေကို မင်းလုပ်ခဲ့တာမဟုတ်ဘူးလား။ ဒီအတောင်အလက်တောင် မစုံသေးတဲ့ကလေးတွေလောက်တောင် မင်းရဲ့သုတေသနတွေက မစွံဘူးထင်တာလား။”
“ငါဘယ်လောက်အစွမ်းကြီးကြီးငါဟာလူပဲ။ လူ့အစွမ်းက အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ လူတွေရဲ့ဉာဏ်ပညာက အကန့်အသတ်မဲ့တယ်။ မင်းဒီကျောင်းသားတွေကိုအထင်မသေးနဲ့။ တစ်နေ့သူတို့ထဲကနေ မှော်စက်မှုအင်ဂျင်နီယာဆရာကြီး မပေါ်လာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။”
ဟိန့်ဇ်က အလုပ်ကို အသည်းအသန်လုပ်နေသော ကျောင်းသားတွေကိုကြည့်၍ ခေါင်းခါလိုက်သည်။
သူဘာလို့များမမြင်နိုင်ရသေးပါလိမ့်။
ရှုယီနှင့်နောက်ထပ်အစီအစဉ်များကို ဆွေးနွေးဖို့လုပ်သည်တွင် တံခါးခေါက်သံပေါ်လာသည်။ “ဆရာ ရှုယီ”
နှစ်ယောက်သားအံ့သြသွားသည်။ သူ့ကိုခေါ်သောလူသည် ဗစ်ကောင့်ထ် လက်စ်လိုင်းမှ အိမ်တော်ထိန်းအဖိုးကြီးဖြစ်လေသည်။
လှည့်ကြည့်လိုက်သော် တံခါးဝတွင် အိမ်တော်ထိန်း ဘရူနိုင်း ပေါ်လာသည်။ ရှုယီက နှုတ်ဆက်ရန်ရှေ့သို့တိုးလာလိုက်သည်။
“အိမ်တော်ထိန်း ဘရူနိုင်း ဘာကိစ္စများလဲ။ တစ်ခုခုများလိုလို့လား။”
အဖိုးအိုသည် သူ့ရင်ဘတ်ထဲက ရွှေနားကွက်ထားသောဖိတ်စာကို ထုတ်လိုက်ပြီး
“ဆရာ ရှုယီ ကျွန်တော်ကအရှင့်ကိုယ်စားလာတာပါ။ လော့ဒ်ဗစ်ကောင့်ထ် လက်စ်လိုင်းက ဆရာ့ကို ဒီနေ့လယ် သူ့အိမ်ကိုအလည်လာဖို့ ဖိတ်ခိုင်းလိုက်လို့ပါ။”
ရှုယီ အံ့သြသွားသည်။ ဟိန့်ဇ်ကို ကြည့်လိုက်သော် သူလည်းနားမလည်ဟန်ဖြင့်ပင်။
သူတို့မြေငှားတုန်းက သူတို့ကို ဗစ်ကောင့်ထ် လက်စ်လိုင်းက ထွက်၍ပင်မတွေ့ခဲ့။ အခုမှဘာကြောင့်ရုတ်တစ်ရက်ဖိတ်ခိုင်းလိုက်ပါသလဲ။
ဗစ်ကောင့်ထ် လက်စ်လိုင်းကိုမြင်တော့ အံ့သြမိသည်။ သူမြေငှားတုန်းက သူ့အကြောင်းကိုသိပ်မသိခဲ့ပေ။
ဟိန့်ဇ် ပြောပြချက်အရသိရသည်က ဗစ်ကောင့်ထ် လက်စ်လိုင်းသည် ဘန်တာမြို့က ဂုဏ်ရှိန်ဝါကြီးသူတို့ကြားတွင် ဝင်ဆံ့သည်တဲ့။ ဒီနှစ်ဆိုသူသည် သုံးဆယ်ပြည့်လေပြီ။ ပြောကြသည်က သူသည် ဥပဓိရုပ်လည်းဖြောင့် မိဘကလည်းချမ်းသာသဖြင့် ဘန်တာမြို့ကမိန်းမပျိုတို့သည် သူ့ကိုအသည်းစွဲဖြစ်နေကြသည်။ သူသည် စတိုင်ကျကျ နေတတ်ထိုင်တတ် ဝတ်တတ်စားတတ်သူ ဖြစ်လေသည်။
ရှုယီ ထင်သည်က ထိုလူသည် ငယ်ငယ်ကပေါ့ပေါ့နေပေါ့ပေါ့စားခဲ့ပြီး မာနထောင်လွှားရမ်းကားနေခဲ့မည်ဖြစ်၍ ဆက်ဆံရန်ခက်လိမ့်မည်ထင်ခဲ့သည်။
သို့သော် တကယ်တွေ့သည့်အချိန်တွင် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
ထိုလူသည် ခန့်ညား၍ တည်ကြည်၏။ ကြည့်လိုက်သည်နှင့် ကြည်ညိုဖွယ်အသွင် ဆောင်လေသည်။ တခြားသူဌေးများကဲ့သို့ မျက်နှာကဖြူမနေ။ အညိုရောင်သန်းနေလေသည်။ မဲသည်ဟုပင်ဆိုနိုင်သည်။
အရပ်ရှည်၍ ခန္ဓာကိုယ်အချိုးအစားပြေပြစ်သည်။ လေ့ကျင့်ခန်းပုံမှန်လုပ်သည်ဟုမေးစရာမလိုပေ။ ကျန်းမာသန်စွမ်းကြံ့ခိုင်လေသည်မှာ လူငယ်များပင်ရှုံးနိုင်သည်။
ဗစ်ကောင့်ထ် လက်စ်လိုင်းကို တစ်ခါမြင်လိုက်ရုံဖြင့် သူ့စိတ်ထဲမှမလေးမစားစိတ်တို့သည် ပျောက်ကွယ်သွားလေတော့သည်။
သူမြင်ဖူးသော ဟော့ဟော့ရမ်းရမ်း မိုက်မိုက်ရူးရူးလူငယ်တို့နှင့်မတူပေ။
တစ်ယောက်နှင့်တစ်ယောက်သည် အပြန်အလှန်အကဲခတ်နေကြ၏။ ထို့နောက် ဗစ်ကောင့်ထ် လက်စ်လိုင်းသည် ထိုင်ခုံကိုယူပေး၍ ရှုယီကို ထိုင်ခိုင်းသည်။
ရှုယီလည်း စစ်သားလိုအလေးပြုပြီးမှ ထိုင်လေသည်။ ထိုအခါ ဗစ်ကောင့်ထ် လက်စ်လိုင်းကရယ်၍ “သိပ်ပြီးဂါရဝထားနေစရာမလိုပါဘူး။ ငါကအရင်တုန်းက အဖိုးကြီးတွေလိုမဟုတ်ပါဘူး။ ဒီလိုပဲတရင်းတနှီးနေကြတာပေါ့။ ငါမင်းကို ဟောခန်းထဲမှာ မိတ်မဆက်ခဲ့ဘူး။ ဒီတော့ အခုကအလုပ်ကိစ္စနဲ့မဟုတ်ဘူးပေါ့။ မိတ်ဆွေတွေလိုထမင်းစားဖိတ်တာမျိုးပေါ့။”
ရှုယီက အံ့သြစွာဖြင့် သူ့ကိုကြည့်နေလေသည်။
သူသည် သာမန်ရိုးရိုးအောက်ခြေလူတန်းစားသာဖြစ်၍ တစ်ဖက်ကလူသည် တိုင်းပြည်ကပင် ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းထားခြင်းခံရသူဖြစ်လေသည်။
သူသည် မှော်ဆရာဖြစ်သော်လည်း အခွင့်ထူးခံရှားပါးလူတန်းစားမဟုတ်ပေ။ လူအများစုသည် သာမန်မှော်ဆရာတို့ကို အလေးပင်မထားပေ။
ဘန်တာမြို့တွင် ကမ်မီလာကဲ့သို့ မဟာမှော်ဆရာလောက်သာ ဂုဏ်ပြုခံရလေသည်။
ရှုယီသည် မှော်အသင်းအဖွဲ့ကပေးသော လက်မှတ်ပင်မရှိ၍ ဘာမျှမဟုတ်သော တန်ဖိုးမရှိသောလူကဲ့သို့ သဘောထားခံရသည်။
စီးပွားရေးဘက်ကကြည့်လျှင် ရှုယီသည် ဗစ်ကောင့်ထ် လက်စ်လိုင်းဆီက မြေငှားနေရသည်။ သဘောက သူသည် သူ့အောက်ကဖြစ်နေသည်။
“အရှင် ဗစ်ကောင့်ထ် ကျွန်တော့်ကိုဘာလို့ခေါ်တာလဲမသိဘူး။ အရေးကြီးတစ်စုံတစ်ရာများရှိလို့လား အရှင်။” ထိုသို့မေးသော်
“အဲ့ဒီကိစ္စနောက်မှပြောကြရအောင်။ လာပြီးစားလှည့်ပါဦး။”
ရှုယီလည်း သူတည်းခင်းသော နေ့လည်စာကို နှစ်သက်စွာစားလိုက်လေသည်။ ဗစ်ကောင့်ထ် လက်စ်လိုင်း ပြောသလိုပင် ဟောခန်းကြီးနှင့်ခမ်းခမ်းနားနားမဟုတ်ဘဲ ရေကန်ဘေးက အခန်းလေးထဲတွင်သာဖြစ်သည်။ တည်းခင်းသောအစားအသောက်သည်လည်း ခမ်းခမ်းနားနားကြီးမဟုတ်။ အေးစက်စက်ဟင်းအနည်းငယ်သာဖြစ်လေသည်။
သို့သော် ဖွယ်ဖွယ်ရာရာချက်ထား၍ မြို့ထဲကဘယ်စားသောက်ဆိုင်မျှမှီမည်မဟုတ်ပေ။
ဗစ်ကောင့်ထ် လက်စ်လိုင်းသည် အင်မတန်ဖော်ရွေ၍ တရင်းတနှီးရှိလေသည်။ တိုင်းပြည်တွင်းဖြစ်သမျှကို ဆွေးနွေးပြောဆိုသည်။ အကြောင်းအရာမထပ်အောင် တရစပ်ပြောနိုင်သည်ကိုထောက်သော် အင်မတန်မှတ်ဉာဏ်ကောင်းကြောင်း သိသာသည်။
စားသောက်ပြီးသော် အစေခံများက လာသိမ်းသည်။ ထို့နောက် အအေးအသီးဖျော်ရည်နှစ်ခွက် ယူလာပေးသည်။ ဗစ်ကောင့်ထ် လက်စ်လိုင်းက ရုတ်တစ်ရက်မေးလေသည်။ “ရှုယီရေ အိမ်တော်ထိန်းဘရူနိုင်းကပြောတယ်။ မှော်ပန်ကာ စက်ရုံက အလုပ်စလည်ပတ်နေပြီဆို။”
ရှုယီတစ်ယောက်နှလုံးခုန်နှုန်းမြန်လာ၏။ အတွေးများကိုစုစည်းရင်း အအေးတစ်ငုံမော့လိုက်သည်။ ထို့နောက်မှ “ဟုတ်ကဲ့ဗျ။”
“ခင်ဗျားတို့စက်ရုံက မှော်ပန်ကာထုတ်တယ်ဆို။ တစ်ရက်ကို ဘယ်လောက်များထုတ်နိုင်လဲ ပြောပြလို့ရမလား။” ထို့နောက် ရုတ်တစ်ရက်လက်ကာ၍ “အင်း ပြောပြလို့မရရင်လည်း ထားပါတော့ ဘာမှမဖြစ်ပါဘူး။”
ရှုယီသည် ခပ်မဲ့မဲ့ပြုံး၍ “လျှို့ဝှက်ချက်မဟုတ်ပါဘူးဗျာ။ အခုတော့ တစ်ရက်ကို တစ်ရာ့ငါးဆယ်လောက်ထုတ်နေပါတယ်။ လျော့လည်းမလျော့သလိုပိုလည်းမပိုဘူးပေါ့ဗျာ။”
“အိုး တစ်ရက်ကို တစ်ရာ့ငါးဆယ်ဟုတ်လား။ တွက်ကြည့်ဦးမယ်။ ဖွင့်တာသုံးရက်ရှိပြီဆိုတော့ လေးရာ့ငါးဆယ်တောင်ရှိနေပြီပေါ့။”
“ဟုတ် ဒီနေ့လည်းတစ်ခုခုမချွတ်ချော်ရင်တော့ အဲ့လောက်ရမှာပါပဲ။”
“ဒီလိုဆိုမေးပါရစေဦး။ တစ်ရက်ကိုအဲ့လောက်ထုတ်နိုင်မယ်ဆို တစ်လကိုလေးထောင့်ငါးရာထုတ်နိုင်မှာပေါ့။ အဲ့ဒါတွေအကုန်ရောင်းနိုင်မယ်လို့ တွက်ချက်ထားလား။ ဒီမြို့မှာက အိမ်ခြေသုံးထောင်ပဲရှိတော့ အိမ်တိုင်းစေ့ဝယ်မယ်လို့တော့မထင်ဘူးနော်။”
“အခုလိုစိုးရိမ်စာနာပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ အရှင်ပြောသလိုပါပဲ။ ဒီမြို့ရဲ့လိုအပ်ချက်က နည်းနေတော့ ရောင်းဖို့တော့ ခက်ခဲပါလိမ့်မယ်။”
“အိုး အင်း ဒီလိုဆို ဘာအတွက်များဒီလောက်အများကြီး ထုတ်လုပ်တာလဲ။ ကြည့်ရတာ မရောင်းရမှာကိုလည်း စိတ်ပူမဲ့ပုံမပေါ်ဘူး။”
“ဒီမြို့မှာ ဝယ်မဲ့လူမရှိတော့လည်း တခြားမြို့မှာရှိတာပဲဗျ။” ရှုယီက ပြုံး၍ပြောလေသည်။ “လော့ဒ် ဗစ်ကောင့်ထ် ပွင့်ပွင့်လင်းလင်းပဲပြောမယ်ဗျာ။ အခုမှာထားတာတင်ကို ငါးထောင်ကျော်နေပြီဗျ။ ဒီမြို့က မှာတာတော့ အတော်နည်းပါတယ်။ အများစုက ရွာလေးတွေကလာတာပါ။ ပြီးတော့ တစ်နေ့ပြီးတစ်နေ့ အမှာတွေတိုးနေဆဲပဲဗျ။ မနေ့ကမနက်တင်ပဲ တစ်ထောင်မှာသွားတယ်။” ထို့သို့ပြောပြီးနောက် ခဏလောက်နားလိုက်သည်။ ထိုစဥ် ဗစ်ကောင့်ထ် လက်စ်လိုင်း၏မျက်နှာကဲကို ကြည့်လိုက်ပြီး လေးလေးနက်နက်ပြောလေသည်။ “ပြောဖို့အားရှိဆုံးကတော့ ခမာမြို့ကအမှာစာပဲဗျ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၃ ။ လုပ်ဖော်ကိုင်ဖက်
“ခမာမြို့ဟုတ်လား။” ဗစ်ကောင့်ထ် လက်စ်လိုင်းသည် ရုတ်တစ်ရက် အံ့ဩစွာပြောလိုက်သည်။ “တခြားမြို့မှာရောင်းနေရလိမ့်မယ်လို့ထင်မထားခဲ့ဘူး။ တယ်ဟုတ်ပါလား။”
ရှုယီကရယ်၍ “အတိအကျပြောရရင် သွားရောင်းတာတော့မဟုတ်ပါဘူး။ သူတို့ကလာကြတာပါ။”
“အိုး ဘာကိုဆိုလိုတာလဲ။”
“အရှင်ပြောတဲ့အတိုင်းပေါ့။ ဒီမြို့ကလူဦးရေနည်းတော့ ထုတ်သမျှရောင်းကုန်မှာမဟုတ်ဘူး။ ဒီတော့ ဒီမြို့ကဖောက်ပြီး တခြားနေရာတွေမှာသွားပြီး ကြော်ငြာရတာပေါ့။ စောစောကတော့မလုပ်ခဲ့ပါဘူး အချိန်မှမကျသေးဘဲ။”
“ဘာလို့အချိန်မကျသေးတာလဲ။ လူတွေက ဝယ်ချင်တာကို ခင်ဗျားက မရောင်းချင်သေးတာလား။”
“အဲ့လိုလည်းမဟုတ်ပါဘူး။ ရေရှည်စီမံကိန်းနဲ့ဆိုင်ပါတယ်။”
ထို့နောက် သူ၏အအေးခွက်ကိုချ၍ အားလုံးကိုရှင်းပြလေသည်။
ခဏစကားပြောကြပြီးသော် ဗစ်ကောင့်ထ် လက်စ်လိုင်းနဲ့ပတ်သက်ပြီး သူ့အမြင်သည် လုံးဝပြောင်းလဲသွားခဲ့လေပြီ။ သူသည် အခြားသူဌေးသားများကဲ့သို့ ပေါ့ပေါ့နေပေါ့ပေါ့စားမဟုတ်။ ကိုယ်ပိုင်စိတ်ကူး ကိုယ်ပိုင်အတွေးအခေါ်ရှိသည်။ ထို့ကြောင့် ရှေ့ဆက်၍ဆက်ဆံရေးပြေပြစ်လိမ့်မည်ဟုထင်လေသည်။
“အပြင်ပန်းကြည့်မယ်ဆိုရင်တော့ စျေးကွက်ထဲဖြန့်ဖြူးနိုင်မယ်ဆိုရင် တိုးတက်မှုအလားအလာရှိတယ်။ ဒါပေမဲ့ ဒီကိစ္စကိုအလျင်စလိုလုပ်လို့တော့မရဘူး။ ရောင်းအားကောင်းတာနဲ့ ထုတ်လုပ်မှုကိုလည်းတိုးမြှင့်ရမှာ။ အဲ့လိုမဟုတ်ရင် မှာသမျှလက်ခံနိုင်မှာမဟုတ်ဘူး။ နာမည်ပျက်ဖို့ပဲရှိတော့တာ။ နောက်ဆိုအခြေပျက်ပြီး တိုးတက်မှုကိုဟန့်တားစေလိမ့်မယ်။”
ဗစ်ကောင့်ထ် လက်စ်လိုင်းက ခဏစဉ်းစားလိုက်ပြီး ထပ်မေးပြန်သည်။ “ဒီလိုဆို ဘာကြောင့်ကုန်ထုတ်ကိုမတိုးမြှင့်နိုင်ရမှာလဲ။ လူအင်အားမရှိလို့လား။ ဘရူနိုင်း ပြောတာတော့ ရစ်တိုမှော်အကယ်ဒမီကျောင်းက ကျောင်းသားသုံးဆယ်ပဲခေါ်ထားတာဆို။ လိုသလောက်မထုတ်လုပ်နိုင်ဘူးပေါ့။ စောစောကပြောတာ တစ်ရက်ကိုတစ်ရာ့ငါးဆယ်ထုတ်နိုင်တယ်ဆိုတော့ လူအင်အားထပ်ဖြည့်လိုက်ရင် နှစ်ရာလောက်တော့ထုတ်နိုင်မယ်မဟုတ်လား။”
“လော့ဒ် ဗစ်ကောင့်ထ်၊ အရှင်က အရေးအကြီးဆုံးတစ်ခုကိုမေ့နေတယ်။”
“ဘာများလဲ။”
“အရည်အသွေးလေ။ မှော်ပန်ကာ ထုတ်လုပ်ဖို့လွယ်သလောက် လူကသိပ်မရှိဘူး။ အတိအကျပြောရရင် ပြီးပြည့်စုံအောင်လုပ်နိုင်တဲ့လူဆိုလို့ ကျွန်တော်တစ်ယောက်ပဲရှိတာ။ အခုခေါ်ထားတဲ့ကျောင်းသားတွေက အရေးကြီးတဲ့ မှော်အစီအရင်ကိုလုပ်နိုင်ပေမဲ့ ညှိတာတို့ တပ်ဆင်တာတို့ကျ ကျွန်တော်တစ်ယောက်ပဲလုပ်ရတာဗျ။ အဲ့ဒါကြောင့်ကူဖော်ရာမဲ့ဖြစ်နေတာပါ။ ထုတ်လုပ်နိုင်စွမ်းက ကျွန်တော့်လုပ်နိုင်စွမ်းပေါ်မှာပဲမူတည်နေတာလေ။ ကျွန်တော့်အစွမ်းကလည်း အကန့်အသတ်နဲ့ဆိုတော့ ထုတ်လုပ်နိုင်စွမ်းကလည်း အကန့်အသတ်နဲ့ပေါ့ဗျာ။”
ဗစ်ကောင့်ထ် လက်စ်လိုင်းသည် ရှုယီကို ခဏငေးကြည့်လိုက်ပြီး “မဟုတ်သေးပါဘူး။ အရေးကြီးတဲ့ မှော်အစီအရင်ကို ကျောင်းသားတွေကိုလုပ်ခိုင်းထားတယ်ဆိုတော့ တခြားလုပ်ငန်းပိုင်းတွေကို အခြားလူတွေကိုလွှဲပြောင်းပေးဖို့မဖြစ်နိုင်ဘူးပေါ့။ ဒီလိုဆိုတော့ လျှို့ဝှက်ချက်တွေကိုမပေါက်ကြားစေချင်ဘူးပေါ့ ဟုတ်လား။”
“လော့ဒ် ဗစ်ကောင့်ထ်၊ အရှင်က ကျွန်တော့်ကိုအထင်သေးနေတာပါ။ “ ရှုယီ ပြုံး၍ပြန်ပြောလိုက်သည်။ “ကျွန်တော်ပြောတဲ့အတိုင်းပါပဲ။ မှော်ပန်ကာက လုပ်ဖို့မခက်ပါဘူး။ ဒီတော့ဘာလျှို့ဝှက်ချက်မှမဟုတ်ပါဘူး။ အခုက ကျွန်တော်လုပ်ရတဲ့အရာတွေကပဲ အင်မတန်ခက်တဲ့ကိစ္စဖြစ်နေလို့ပါ။ အဲ့ဒါကြောင့် မလွှဲပြောင်းနိုင်ရသေးတာပါ။ ဒါပေမဲ့မကြာတော့ပါဘူး။ ဒီကျောင်းသားတွေက အရေးကြီးတဲ့အစိတ်အပိုင်းတွေကို လေ့လာနေပါပြီ။ မကြာခင်လုပ်ငန်းအားလုံးကို သူတို့လုပ်နိုင်တော့မှာပါ။ အချိန်ကျလာရင်တော့ ထုတ်လုပ်မှုအပိုင်းက အရှိန်မြင့်စွာတက်လာတော့မှာပါ။ အဲ့ဒီအခါကျရင်တော့ တကယ့်လျှို့ဝှက်ချက်ကို ပြောပြပေးပါ့မယ်။ မှန်းချက်နဲ့နှမ်းထွက်ကိုက်ရင်တော့ မှော်ပန်ကာ အသစ်တွေကို မြင်ရတော့မှာပါ။”
ဗစ်ကောင့်ထ် လက်စ်လိုင်းက အံ့သြစွာပြန်ပြောသည်။
“နောက်ထပ်အသစ် ဟုတ်လား။ အရင်ဟာနဲ့ဘာများကွာလို့လဲ။”
“ခြားနားမှုကိုတော့ ဒီတိုင်းမပြောနိုင်သေးဘူးဗျ။ မြင်ရင်တော့သိလာမှာပါ။ ပြောနိုင်တာကတော့ လုံးဝမတူတဲ့မူကွဲဖြစ်ပြီး ဒီဇိုင်းပုံစံအသစ်တွေနဲ့တွေ့ရမှာပါ။ ထုတ်လုပ်မှုကလည်း အခုထက်ဆတိုးဖြစ်လာမယ်။ အဲ့ဒီအချိန်ကျရင်တော့ ပိုကျယ်ပြန့်တဲ့စျေးကွက်ဆီဦးတည်ရတော့မှာပေါ့။”
ဗစ်ကောင့်ထ် လက်စ်လိုင်းက သူ့ကိုငေးကြည့်နေလေသည်။ ပြီးမှခေါင်းခါ၍ ပြုံးပြီး “အိမ်တော်ထိန်း ဘရူနိုင်း ပြောပြတုန်းကတော့ ခင်ဗျားကိုအရူးလို့ထင်ခဲ့တာ။ အခုတွေ့ရမှ တကယ်အထင်သေးခဲ့တာပဲဆိုတာသိလိုက်ရပြီ။ အရမ်းကောင်းတယ် ငါတို့ရှေ့ဆက်လက်တွဲလို့ရတာပေါ့၊ ဘရူနိုင်းရေ စာချုပ်ယူခဲ့ပါ။”
အိမ်တော်ထိန်း ဘရူနိုင်းသည် အရိုအသေပေး၍ထွက်သွားသည်။
“စာချုပ်ဟုတ်လား။” အံ့ဩကြီးစွာဖြင့်မေးလိုက်သည်။
ဒီလူစနေတာများလား။ ခဏကြာသော် စာရွက်စာတမ်းများပိုက်၍ အိမ်တော်ထိန်း ဘရူနိုင်း ရောက်လာသည်။ ဗစ်ကောင့်ထ် လက်စ်လိုင်းက ရှုယီ ရှေ့ချပေးလိုက်သည်။
သူကောက်ကြည့်လိုက်သော် သူငှါးထားသောမြေစာချုပ်ဖြစ်နေသည်။ သို့သော် အရင်ဟာနဲ့ယှဉ်လျှင် အခုဟာကပို၍တိကျလေသည်။
အရင်စာချုပ်တွင် တစ်နှစ်သာငှားထား၍ လုပ်ပိုင်ခွင့်လုံးဝမရှိပေ။ အများကြီးချုပ်ကိုင်ခံထားရပြီး မကြိုက်လျှင် မောင်းထုတ်ခံရပေမည်။
ယခုစာချုပ်တွင်ကား လုံးဝထိန်းချုပ်နိုင်စွမ်းအပြည့်ပေးထားသည်။ ထိုမြေပေါ်တွင် ဘာလုပ်လုပ်တိုင်ပင်စရာမလိုဘဲ စိတ်ကြိုက်လုပ်ခွင့်ပေးထားသည်။
ကာလကိုလည်း ငါးနှစ်ထိတိုးထားသည်။ ငှားခကိုလည်း အများကြီးလျော့ပေါ့ပေးထားသည်။ အခုတော့ ဧကတစ်ရာကို တစ်နှစ်ရွှေဒင်္ဂါးငါးဆယ်သာလျှင်ဖြစ်သည်။
စာချုပ်ကို သေချာစေ့စပ်စွာကြည့်ပြီးသော် “ဗစ်ကောင့်ထ် လက်စ်လိုင်း တခြားဘာများတောင်းဆိုစရာရှိသေးလဲ။”
ပြုံး၍ “ဘာမှမတောင်းဆိုဘူးဆိုရင် ယုံမှာလား။”
ရှုယီက ဘာမှပြန်မပြော။
“ဟားဟား မနောက်တော့ပါဘူး။ တကယ်တော့တစ်ခုရှိတယ်။ အဲ့ဒါလည်းခင်ဗျားငြင်းဆန်မယ်မထင်ပါဘူး။”
“ဟုတ်ကဲ့ ပြောပါဗျ။”
“အင်း ရိုးရိုးလေးပါ။ ငါလည်းရင်းနှီးမြှုပ်နှံချင်တယ်။ ဒါပေမဲ့ ဆယ်ရာခိုင်နှုန်းရှယ်ယာဝင်တာမျိုးမဟုတ်ဘူး။ ကိုယ်တိုင်ကိုပါချင်တာ။ နောက်ဆိုဘာစီမံကိန်းပဲလုပ်လုပ် ငါ့ကိုအသိပေးပြီး အကြံဉာဏ်တောင်းစေချင်တယ်။ ဒါပေမဲ့ အတင်းဖိအားပေးတာမျိုးမဟုတ်ပါဘူး။ Frestech ကုန်သည်ကြီးများအသင်းကို အရင်းအနှီးစိုက်ထုတ်ပေးနိုင်တယ်။ ပြီးတော့ ငါ့အဆက်အသွယ်တွေကတစ်ဆင့် စျေးကွက်တိုးချဲ့ပေးလို့ရတာပေါ့။ ဥပမာ မှော်ပန်ကာကို အန်ဗီမာဆီယူပြီး ရောင်းပေးလို့ရတာပေါ့။ အဲ့ဒါဘယ်လိုထင်လဲ။”
ရှုယီ ခဏစဉ်းစားလိုက်ပြီး “လော့ဒ် ဗစ်ကောင့်ထ် တစ်ခုလောက်မေးစရာရှိလို့ပါ။ အဲ့လိုလုပ်တာက ဂုဏ်အရှိန်အဝါကိုထည့်ပြီးသုံးမှာလား။ သာမန်ကုန်သည်ဆိုတဲ့အဆင့်အတန်းကိုသုံးမှာလားဗျ။”
“ဘာများကွဲပြားလို့လဲ။”
“အကြီးအကျယ်ကွာတာပေါ့ဗျာ။ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ဆိုရင် စည်းမျဉ်းတွေကို တော်ဝင်ပါလီမန်ကသတ်မှတ်ပေးပြီး အရှင့်ရဲ့အခွင့်အရေးတွေကို သူတို့ချုပ်ကိုင်ထားလိမ့်မယ်။ ဘာမှဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူး။ အဲ့လိုပါပဲ ကျွန်တော်တို့ကုမ္ပဏီကိုလည်းချုပ်ကိုင်လိမ့်မယ်။ အဲ့ဒါကိုပဲလက်မခံနိုင်တာပါ။ အဲ့ဒီအတွက်တောင်းပန်ပါတယ်။”
“ဒီလိုဆိုသာမန်ကုန်သည်တစ်ယောက်အနေနဲ့ဆိုရင်ရော။”
“ဒီလိုဆိုရင်တော့ စောစောကတောင်းဆိုတဲ့ဟာက အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ပြဿနာမရှိပေမဲ့ အရှင့်ရဲ့အခွင့်အရေးကတော့နည်းလိမ့်မယ်။ ဆိုလိုတာက အကြံဉာဏ်ပေးတာကလွဲပြီး တခြားအဆုံးအဖြတ်တွေမှာလည်း ပါဝင်လို့ရမှာမဟုတ်ဘူး။ ဘယ်လိုသဘောရလဲဗျ။”
ဘေးက အိမ်တော်ထိန်း ဘရူနိုင်းက ဒေါသတကြီးဝင်ပြောလေသည်။ “အတင့်ရဲလှချေလား။ အရှင်က ခင်ဗျားကုမ္ပဏီမဖြစ်စလောက်လေးမှာ ရင်းနှီးချင်တာ။ ဒါကိုဂုဏ်တောင်ယူရဦးမယ်။ ဘာဆုံးဖြတ်ချက်မှ ဝင်စွက်ဖက်လို့မရဘူးလို့ပြောရဲတယ်ပေါ့။ တော်တော်အတင့်ရဲတာပဲ။”
သို့သော် ရှုယီသည် ဘာမျှမပြော။ သူ့ကိုလျစ်လျူရှု၍ ဗစ်ကောင့်ထ် လက်စ်လိုင်းကိုသာပြုံးကြည့်နေသည်။
ဗစ်ကောင့်ထ် လက်စ်လိုင်းကလည်းဘာခံစားချက်မှမပြ “နားလည်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်မမှားနိုင်ဘူးလို့အာမခံရဲလား။ ပြောချင်တာက ငါ့ရဲ့အမြတ်ကိုအာမခံနိုင်လား။”
ရှုယီကလည်း ”အရှင် ကျွန်တော့်ကိုမယုံလို့လား။”
ဗစ်ကောင့်ထ် လက်စ်လိုင်းလည်း ဟက်ဟက်ပက်ပက်ရယ်လေသည်။
“ကောင်းတယ် ကောင်းတယ်။ ခင်ဗျားကတော်တော်စိတ်ဝင်စားစရာကောင်းတဲ့လူပဲ။ ဘရူနိုင်း စိတ်လျော့၊ သူ့ကိုတခြားစာချုပ်ပြလိုက်ပါဦး။”
သူယူကြည့်လိုက်သော် ရင်းနှီးမြှုပ်နှံဖို့အတွက်ဖြစ်သည်ကို တွေ့ရသည်။
ဆယ်ရာခိုင်နှုန်းမှသုံးဆယ်ရာခိုင်နှုန်းတိုးထားသည်ကို တွေ့ရလေသည်။
ထိုစာချုပ်တွင် အတိအလင်းပြောထားသည်က ဗစ်ကောင့်ထ် လက်စ်လိုင်းအနေဖြင့် ဘာဆုံးဖြတ်ချက်မျှဝင်စွက်ဖက်၍မရဟုပါလေသည်။ ကုမ္ပဏီကိစ္စအားလုံးကို ဗစ်ကောင့်ထ် လက်စ်လိုင်း ဝင်နှောက်ယှက်၍မရပေ။
အခြားအချက်တစ်ခုက ထိုစာချုပ်ကို တော်ဝင်ပါလီမန်မှဘာမျှဝင်စွက်၍မရ။
ထိုအချက်တွေကိုကြည့်၍ ရှုယီ ကျေနပ်သွားလေသည်။
စာချုပ်ကိုသေချာဖတ်ပြီးနောက် ဗစ်ကောင့်ထ် လက်စ်လိုင်းကိုပြုံးကြည့်၍ ညာလက်ကမ်းပေးလေသည်။
“အရှင် ဗစ်ကောင့်ထ် လက်စ်လိုင်း ပူးပေါင်းလိုက်ကြစို့။”
ဗစ်ကောင့်ထ် လက်စ်လိုင်းကလည်းပြုံး၍ ညာလက်နဲ့ကမ်းပြီး သူ၏လက်ကို တင်းကြပ်စွာဆုပ်လိုက်လေသည်။
“အားရကျေနပ်စရာပူးပေါင်းမှုဖြစ်ပါစေ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၄ ။ ယောက်ျားတို့မည်သည်အူတိုတတ်သည့်အမျိုး
ရှုယီ ပြန်ခဲ့တော့ နေ့လည်ခင်းဖြစ်လေသည်။ နေကိုမော့ကြည့်၍ စက်ရုံသို့ နေပူခံ၍မသွားချင်။ ထို့ကြောင့် အိမ်တော်ထိန်း ဘရူနိုင်းကို လိုက်ပို့ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ဤမျှနေပူထဲတွင် တစ်မြို့လုံးသည် တိတ်ဆိတ်နေ၏။ မြင်းလှည်းပေါ်မှကြည့်လိုက်သော် အိမ်တွေဆိုင်တွေထဲတွင် မှော်ပန်ကာကိုတွေ့ရလေသည်။ သူမပြုံးဘဲမနေနိုင်ပေ။
တစ်လသာရှိသေးသော်လည်း မှော်ပန်ကာသည် တစ်မြို့လုံးပျံ့နေလေပြီ။ ရေခဲမှော်အစီအရင် တတ်နိုင်သောလူများမှလွဲ၍ အိမ်တိုင်းတွင် တစ်ခုနှစ်ခုကတော့ရှိကြသည်။ နေရာတိုင်းတွင် လွှမ်းမိုးထားလေသည်။
အချက်အလက်အရ နှစ်ထောင့်သုံးရာခုနှစ်ဆယ့်တစ်ခုရောင်းရပြီးလေပြီ။
အမြတ်ရရှိသည်က ရွှေဒင်္ဂါးနှစ်ထောင့်နှစ်ရာဖြစ်၏ ။
ဟိန့်ဇ်၏ ကော်မစ်ရှင်နှင့် ဗစ်ကောင့်ထ် လက်စ်လိုင်း၏ဆယ်ရာနှုန်းတို့ကို နုတ်လိုက်လျှင် သူ့အတွက်အမြတ်သည် တစ်ထောင့်ငါးရာကျန်လေသည်။
ထိုဟာသည် တစ်လအတွက် အမြတ်ဖြစ်သည်။ ဘန်တာ မြို့မှလူများ၏ တစ်လအတွက် ပျှမ်းမျှဝင်ငွေသည် ရွှေဒင်္ဂါးဆယ်ပြားဖြစ်၍ တစ်နှစ်ဝင်ငွေသည် နှစ်ရာလောက်ရှိသည်။
မှော်မျှော်စင်က ရမ်၏ ဝင်ငွေဖြစ်သည့် ရွှေဒင်္ဂါးသုံးဆယ်သည် မြို့ထဲတွင် ဝင်ငွေကောင်းသည့်ထဲ ပါလေသည်။
သို့သော် လက်ရှိ ရှုယီနှင့်ယှဥ်သော် မိုင်ပေါင်းများစွာ ပြတ်ကျန်ခဲ့လေပြီ။
ထို့ကြောင့် ရှုယီကို ဟိန့်ဇ်က မှော်မျှော်စင်တွင်အလုပ်မလုပ်ဘဲ ကုမ္ပဏီပေါ်တွင်သာ အာရုံစိုက်ရန် တတွတ်တွတ်ပြောလေသည်။ မှော်ပန်ကာ ထုတ်လုပ်ရေးကို မမြှင့်တင်နိုင်ရခြင်းသည် ရှုယီ၏ အကန့်အသတ်စွမ်းအားကြောင့်သာဖြစ်သည်။
မှော်မျှော်စင်တွင် လုပ်ရသည်က မပင်ပန်းသော်လည်း ခွန်အားအများကြီးကုန်၏။
ဟိန့်ဇ် အမြင်အရလည်း အလဟဿဆုံးရှုံးသည်ဟုထင်လေသည်။
သို့သော် သူတောင်းဆိုတိုင်း ရှုယီက ငြင်းလေသည်။ သူသည် အမြင်မကျယ်။ ရှုယီက အမြင်ကျယ်လေသည်။
မြင်းပေါ်ကဆင်းပြီးနောက် လွယ်အိတ်ကိုယူ၍ မှော်မျှော်စင်ဆီသို့ လမ်းလျှောက်လာခဲ့သည်။
ထိုသို့ရောက်သော် သူ့ကိုပြုံး၍ကြည့်နေသောရောင်းရင်းတို့ကို တွေ့လေသည်။
ဘန်တာမြို့တွင် မှော်ပန်ကာကို အတော်များများရောင်းပြီးဖြစ်၍ မှော်ပညာရှင်တို့သည် စိတ်မဝင်စားသော်လည်း ကြားဖူးနားဝရှိထားကြသည်။
မှော်မျှော်စင်က မှော်ပညာရှင်တို့အမြင်တွင် ရှုယီသည် အဓိကအလုပ်အကိုင်ကြီးကို စွန့်ပယ်ထားသည်ဟုထင်ကြသည်။ မှော်ပညာရှင်တစ်ယောက်အနေဖြင့် မှော်နှင့်ပတ်သက်သောသုတေသနမလုပ်ဘဲ ဘာမှန်းမသိသော မှော်ပန်ကာကို အသည်းအသန်လုပ်နေလေသည်။ စိတ်ပျက်စရာကောင်းလှပါဘိ။
သူသည် မမြင်ချင်ယောင်ဆောင်၍ ခပ်ပြုံးပြုံးပင် ဓါတ်ခွဲခန်းဆီသို့ဆက်သွားသည်။ သူဝင်လာသည်ကိုတွေ့သော် အခန်းထဲမှလူအားလုံးသည် မတ်တတ်ရပ်၍ လာနှုတ်ဆက်ကြသည်။ သူ့လက်ထဲကအိတ်ကို မပြောမဆိုဖြင့် ဖွင့်ကြည့်ကြသည်။
“သစ်သီးဖျော်ရည်ပဲလား။ တခြားဟာများမရှိတော့ဘူးလား။” အပေါင်းဖော်တစ်ယောက်က စနောက်ပြန်သည်။
ရှုယီသည် ရယ်၍ “ငြီးငွေ့နေပြီလား။ အင်း နောက်တစ်ခါမတွေ့ဖူးသေးတာယူခဲ့မယ်။”
“သူပြောတာဂရုစိုက်မနေစမ်းပါနဲ့။ စားရရင်ပြီးရောပဲကို။” မိန်းကလေးတစ်ယောက်က တိုးဝင်လာ၍ပြောသည်။ “ရှုယီ ရှင်တစ်ခုခုအမြဲယူလာတာကိုက စိတ်ပျက်စရာကောင်းတာ။”
“အာ မဟုတ်ပါဘူး၊ ဘယ်လောက်မှမပေးရပါဘူး။ မကြာခင်ခရီးထွက်ဖို့ရှိတယ်။ အားလုံးခင်ဗျားတို့ကိုလွှဲထားခဲ့ရမှာပဲ။ ဒီတော့ဒါကတောင်းပန်တဲ့အနေနဲ့ပေါ့။”
“ဟားဟား မင်းကအရမ်းယဉ်ကျေးတာပဲ။”
“ဟမ့် ခုတော့သိပြီပေါ့။” နောက်ထပ်အသံထွက်လာပြန်သည်။ “ရှုယီ မင်း မှော်ပန်ကာ ရောင်းပြီးရတဲ့ပိုက်ဆံလေးတွေကို ဒီမှာလာကြွားလို့ရမယ်မထင်နဲ့။ မမေ့နဲ့ဦး၊ မင်းကမှော်ဆရာဆိုတာ။ ငါတို့ဘဝဆိုတာ မှော်အစွမ်းပေါ်မှာပဲမှီခိုရတာ။ နောက်လစာမေးပွဲရှိတယ်သိရဲ့လား။ ငါကြားတာတော့ မင်းက အနိမ့်ဆုံးစာမေးပွဲတောင် မအောင်သေးဘူးဆို။ နောက်လသာမအောင်ဘူးဆိုရင် အရှက်ကွဲစရာဖြစ်တော့မှာပဲ။”
ရှုယီသည် ပြောတဲ့လူကိုကြည့်လိုက်ရာ ဓါတ်ခွဲခန်းဆိုင်ရာမှော်အစွမ်းဌာနတွင် ဒုတိယဥက္ကဌဖြစ်သူ ခီမီရော့ ဖြစ်သည်ကိုတွေ့လိုက်သည်။ သူ့ကိုအမြဲနှိမ်နေကြလူပင်ဖြစ်သည်။
သူဘာပြောမှန်းနားမလည်၍ တခြားလူတွေကိုမေးကြည့်မှ ခီမီရော့သည် စတေးလ် အကြောင်းပဲအမြဲစဉ်းစားနေကြောင်းသိရလေသည်။ စတေးလ်သည် ရှုယီကို မှော်မျှော်စင်သို့ နောက်ပေါက်မှခေါ်လာသည်ကိုကြားသော် ရှုယီနှင့် စတေးလ်တို့တွင် ထူးခြားသည့်ဆက်ဆံရေးရှိသည်ဟု ထင်သွားသည်။ ထို့ကြောင့် ရှုယီကိုသဘောမကျပေ။
ထို့ကြောင့် သူ့ကိုပိုသတိထားလေလေ ပို၍စိတ်ဆိုးလေလေဖြစ်မည်ကိုသိ၍ ရှုယီ တစ်ယောက်လျစ်လျူရှုထားလေသည်။
အချိန်ကြာလာသော် ခီမီရော့လည်း စိတ်ဆိုးပြေပြီး ဘာမျှမပြောတော့ပေ။
အဲ့လောက်အချိန်ကြာမှ အခုလိုပြန်စလာမည်ဟုထင်မထားပေ။
“ဟေး ခီမီရော့ စကားကနည်းနည်းကြမ်းမနေဘူးလား။” စောစောကမိန်းမပျိုကဝင်၍ပြောလိုက်သည်။ “ရှုယီကစာမေးပွဲမအောင်ပေမဲ့ ကျွန်မတို့နဲ့အလုပ်အတူလုပ်နေတာပဲ။ သူ့မှာဘယ်လောက်အစွမ်းရှိလဲဆိုတာ အားလုံးသိနေတာပဲ။ ကျွန်မပြောမယ် သူနောက်လစာမေးပွဲအောင်ကိုအောင်ရမယ်။”
“ဟမ့် လော့တီ ရေ၊ သူကမင်းအတွက်လက်ဆောင်လေးပေးတာနဲ့ပဲ သူ့ဘက်ပါသွားပြီလား။ အောင်မယ်လို့ပြောတယ်နော်။ သူ့အစွမ်းက ငါ့အထင်တော့ အခြေခံမှော်အဆင့်လောက်ပဲ။ အဲ့ဒါကိုအစွမ်းကြီးတယ်လို့မင်းထင်လို့လား။”
“ရှင် တော်တော်...”
ကြားထဲက ရှုယီက လော့တီကိုလှမ်းဆွဲတားလိုက်ရသည်။ ထို့နောက် ခီမီရော့ကို ပြုံးကြည့်ပြီး “ဟုတ်တယ် ကျွန်တော့်အစွမ်းကခင်ဗျားနဲ့မယှဉ်နိုင်ပါဘူး အဲ့လောက်ပါပဲ။”
လူအများရှေ့တွင် သူအဲ့လိုဝန်ခံလိမ့်မည်ဟု ခီမီရော့ မထင်ထား၍ အံ့သြသွားလေသည်။ ထို့ကြောင့် ဆက်မပြောတော့ဘဲ ထိုင်ချလိုက်ပြီး အလုပ်ဆက်လုပ်နေလိုက်သည်။ အာရုံရလားမရလားမည်သူမျှမသိ။
“ဒီလူဘယ်လိုလူမျိုးလဲ။” လော့တီက ခပ်စိမ်းစိမ်းကြည့်၍ ပြောလိုက်သည်။ ထို့နောက် ရှုယီကို ညင်သာစွာပြောသည်။ “ ရှုယီ ဘာလို့သူနဲ့မယှဉ်နိုင်ဘူးလို့ပြောရတာလဲ။ သူ့ကိုစိတ်ဆိုးစေချင်လို့တမင်ပြောတာလား။”
“မဟုတ်ပါဘူး တကယ်လည်းငါကသူ့ထက်နိမ့်ကျပါတယ်။” ပြုံး၍ပြန်ပြော၏။ “လော့တီ ငါကအင်ဂျင်နီယာလေ။ အဓိကအရေးကြီးတာက ရိုးသားမှုပဲ။ ငါမှမလိမ်ချင်တာ။”
လော့တီက “ရှင်ကအရမ်းတည်ငြိမ်တဲ့လူပဲ။”
သူကပြန်ပြုံးပြ၍ ဘေးပတ်ချာလှည့်ကြည့်သော် ရမ်နှင့် ဝယ်လာတို့ကိုမတွေ့၍
“ဒီလူနှစ်ယောက်တစ်ရက်တည်းပြိုင်တူခွင့်ယူကြတယ်ပေါ့။ ချိန်းများတွေ့ကြဖို့လားမပြောတတ်ဘူး။”
လော့တီကရယ်၍ “ပြောရရင် ရမ်ကအဲ့လောက်ထိခေါင်းမာတဲ့သူမဟုတ်ပါဘူး၊ အနည်းဆုံးတော့ ဝယ်လာကိုချိန်းတွေ့ဖို့ခေါ်ဖို့သူသိသားပဲ။”
“အဲ့လိုဆိုနာလိုက်တာ။ ဝယ်လာကိုတွေ့ချင်လို့ပါဆို။”
“နောက်ထပ်တွေ့ချင်ပြန်ပြီလား။” လော့တီကမယုံသင်္ကာဖြင့်မေးလိုက်သည်။ ထို့နောက်သိချင်ဇောဖြင့် “ဟေး နောက်မှသတိမပေးဘူးဆိုပြီးအပြစ်မတင်နဲ့နော်။ ဝယ်လာ တစ်ယောက်တည်းရှိတဲ့အချိန်သွားမတွေ့နဲ့။ ရမ်ကဘာမှမပြောပေမဲ့ ကျေနပ်တာမဟုတ်ဘူး။”
အံ့သြသွားပြီး “ငါကအလုပ်ကိစ္စအတွက်ပါ။”
“အဲ့ဒါလည်းအဆင်မပြေဘူး။ ယောက်ျားဆိုတာအူတိုတဲ့အမျိုးပဲ သတိသာထားရှင့်။”
ရယ်ရမလား ငိုရမလားမသိတော့။ ခေါင်းကိုသာတွန်တွန်ခါကာ ရယ်၍ပြောလေသည်။
“အင်း ကောင်းပြီလေ။ နောက်ဆိုသတိထားရမှာပေါ့။”
ဝယ်လာ မရှိ၍ သူလာတာအလကားဖြစ်လေပြီ။ သူ့နေရာသွား၍ လုပ်စရာရှိသည်များကို လုပ်နေလိုက်သည်။ ပြီးသွားသောအချိန်တွင် အလုပ်ဆင်းချိန်နားကပ်နေလေပြီ။
ထို့နောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မှော်လှေကားဆီသို့ ချဉ်းကပ်လာသည်။
မှော်မျှော်စင်၏အပေါ်ပိုင်းသည် အလွန်အေးမြ၏။ တံခါးရောက်သော် သူ့နာမည်ပြောလိုက်ရုံဖြင့် ပွင့်လာလေသည်။ ဟင်းလင်းပြင်ကြီးကို မျက်စိတစ်ဆုံးမြင်ရသည်။
“ရှုယီ၊ မင်း ဒီနေ့ခွင့်မယူပဲကိုး။” မှော်ဆရာကြီးကမ်မီလာက ဆီးကြိုနှုတ်ဆက်လေသည်။ သူသည် မှော်စမ်းသပ်မှုတစ်ခုကိုလုပ်နေရာ ပြီးမြောက်၍အနားယူနေဆဲဖြစ်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးပန်းဆင်ထား၏။
ရှုယီလည်း ခပ်မဲ့မဲ့ပြုံးပြလိုက်သည်။ သူခွင့်ရက်အတော်လေးယူသည်ကို ကမ်မီလာကသိ၍ ထိုသို့မေးခြင်းဖြစ်၏။
“ဆိုစမ်းပါဦး ငါ့ကိုလာတွေ့ရတဲ့အကြောင်းအရင်းလေး။”
“နှစ်ချက်ရှိပါတယ်ဗျ။ ပထမကကျေးဇူးတင်စကားလာပြောတာပါ။”
“ဘာအတွက်လဲကွဲ့ ။”
“ဟုတ်ကဲ့ မှော်အသင်းအဖွဲ့ကပေးတဲ့လက်မှတ်အတွက် ထောက်ခံချက်ပေးလို့ပါဗျ။”
“မင်းကိုပေးခဲ့တယ်လား။” နားမလည်စွာဖြင့်စဉ်းစားနေပြီးမှ “အင်း မဟုတ်ပါဘူး၊ မင်းကတော်လို့ကိုကွ။ ဘာဖြစ်ဖြစ်ဘာမှမဟုတ်ပါဘူး။ မင်းအတွက်လည်းသိပ်မထူးသွားပါဘူး။ ကျေးဇူးတင်စရာမလိုပါဘူးကွာ။ ဒါနဲ့နောက်တစ်ခုရှိသေးတယ်ဆို။”
“ဘာပဲဖြစ်ဖြစ် ကျေးဇူးအထူးတင်ပါတယ်ဗျ။” ဟုဆိုကာ အရိုအသေပေးလိုက်သည်။ ထို့နောက် စာရွက်ကိုထုတ်၍ “နောက်တစ်ချက်က ဒီကိစ္စလေးဆွေးနွေးချင်လို့ပါဗျ။”
“နောက်ထပ် မှော်အစီအရင်လား။” ယူ၍သေချာကြည့်လိုက်ပြီး “အိုး ဒါက ရေခဲမှော်အစီအရင်ပဲ။”
“ဆရာကအင်မတန်တော်တဲ့ပုဂ္ဂိုလ်ပဲ။ တစ်ခါတည်းဖျတ်ခနဲကြည့်ရုံနဲ့တန်းပြောနိုင်တယ်။” ချီးကျူးစကားပြောလိုက်ပြီး “ဟုတ်ပါတယ် ဆရာ ရေခဲမှော်အစီအရင် ပါ။ အတိအကျပြောရရင် ပြန်အဆင့်မြှင့်တင်ထားတဲ့ ရေခဲမှော်အစီအရင် ပါဗျ။”
“အင်း ဒါနဲ့ဘာများအဆင့်မြှင့်ထားတာလဲ။ အခုမြင်ရတာတော့ လေအစီအရင်ကို မြှင့်တင်ထားတုန်းကလက်ရာနဲ့ တစ်ထေရာတည်းဖြစ်နေပါလား။”
ထိုအခါ ရှုယီကချက်ချင်းလေးစားသွား၍ “ဟုတ်ပါတယ် ဆရာကအရမ်းမြင်တတ်ပါပေတယ်။ လေအစီအရင်ကို မြှင့်တင်တုန်းကလို ရည်မှန်းချက်ကအတူတူပါပဲ။ တည်ငြိမ်တဲ့ထုတ်လုပ်အားရှိဖို့ပါပဲ။ ဒီဟာရဲ့အကျိုးသက်ရောက်မှုကိုများ ဆရာမြင်ရဲ့လားမသိဘူး။”
“အင်း အဆင့်မြှင့်ထားတာတော့ အရမ်းကောင်းပါပေတယ်။ ဒါပေမဲ့ နေရာအတော်များများမှာ ချို့ယွင်းချက်ကလေးတွေတော့ရှိသေးတယ်။” ထို့နောက် မော့ကြည့်၍ “ရှုယီ တစ်ခုခုလုပ်ဖို့ ဒီဟာကိုသုံးတာမို့လား။ အရင်က မှော်ပန်ကာလိုပေါ့။”
ရှုယီက ခေါင်းငြိမ့်ပြ၍ “ဟုတ်တယ်ဗျ။ မှော်လေအေးပေးစက် လုပ်ဖို့အတွက်ပါဆရာ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၅ ။ အစမ်းသပ်ခံစက်
မျက်စိတစ်မှိတ်အတွင်းတွင် သြဂုတ်လရောက်လာ၍ နွေဦးအလယ်သို့ခြေလှမ်းလာလေပြီ။
ရာသီဥတုကပိုပူလာ၍ နေထွက်သည်နှင့်စက်ရုံသည် ပေါင်းအိုးကြီးကဲ့သို့ ခံစားရ၏။ ကျောင်းသားများအားလုံးသည် ချွေးတလုံးလုံးဖြင့် အလုပ်လုပ်ကြရသည်။
မှော်ပန်ကာ သုံးသော်လည်း အေးမြမှုမရနိုင်တော့။
“ဆရာ ဒုချုပ်ရေ ဒီနေရာမှာဧရာမ ရေခဲမှော်အစီအရင် တပ်ဖို့ ဥက္ကဌကြီးကို ပြောပေးလို့မရဘူးလားဗျ။” အိုရင်းသည် နှဖူးပေါ်မှချွေးပေါက်တို့ကိုသုတ်၍ ငြီးတွားလိုက်သည်။
သူသည် မျိုးရိုးမြင့်မြတ်သောမိသားစုတွင် ကောင်းကောင်းနေထိုင်ခဲ့ရသဖြင့် ဤမျှပူလောင်မှုကိုမခံစားနိုင်ပေ။
“အိုရင်းရေ မင်းကဆွေကြီးမျိုးကြီးကလာတာဆိုတော့ ရေခဲမှော်အစီအရင်ကိုတပ်ဆင်ရင် ဘယ်လောက်ကုန်မလဲသိမှာပေါ့။” ဟိန့်ဇ် ဆက်မပြောလိုက်ရ။ ကြားထဲကအခြားကျောင်းသားတစ်ယောက်က ဝင်ပြောလေသည်။ “ငါတို့ရှာနိုင်တာတစ်လမှနည်းနည်းနဲ့ ငါတို့အယောက်သုံးဆယ်လုံးစုလိုက်ရင်တောင် ကုန်ကျစရိတ်ကိုကာမိမှာမဟုတ်သေးဘူး။ ဥက္ကဌကြီးက ငါတို့အတွက် တပ်ပေးမယ်များ မင်းကထင်နေတာလား။”
“ငါသိသားပဲ။ ဒါပေမဲ့ ငါတို့ပြောကြည့်ရမှာပေါ့။” အခြားကျောင်းသားများပြောသည်ကိုဂရုမစိုက်။ သူသည် မှော်အစီအရင်ကို မြှင့်တင်ပေးမှုကြောင့် ဆုရထား၍ တစ်ချိန်လုံးပျော်နေပြီး ဘာမဆိုယုံကြည်မှုရှိလာသည်။
“အားလုံးမစိုးရိမ်ပါနဲ့။ ငါအတတ်နိုင်ဆုံးကြိုးစားကြည့်ဦးမယ်။ သူလည်း ဒီအခက်အခဲကို ကိုယ်ချင်းစာမိပြီး တစ်ခုခုတော့လုပ်မှာပါ။”
မှော်ပန်ကာကို နေ့စဉ်ရက်ဆက်ရောင်းနေရ၍ ဝင်ငွေတိုးလာသည်မှာအမှန်ဖြစ်၍ မှော်အစီအရင်ကို ထပ်ဆင်ဖို့ကောင်းလေသည်။
ထိုကျောင်းသားတို့သည် ထုတ်လုပ်ရေးပိုင်းတွင် အဓိကအစိတ်အပိုင်းအနေဖြင့် ပါဝင်နေ၍ ပူလောင်မှုကြောင့် သူတို့လုပ်ဆောင်မှုကို ကျဆင်းသွားစေနိုင်သည်။ ဟိန့်ဇ်သည် မန်နေဂျာတစ်ယောက်အနေဖြင့် ၎င်းပြဿနာကိုစဉ်းစားပေးရတော့မည်။
ကျောင်းသားများအားလုံး သူ၏စကားကို မယုံကြပေ။
သူတို့ပြောတာမှန်လေသည်။ ထိုအရာကိုတပ်ဆင်ရန် အကုန်အကျများလှသည်။ စီးပွါးရေးသမားတစ်ယောက်အနေဖြင့် ထည့်တွက်ဖို့ရန် အင်မတန်ခက်ခဲသည်။
ထိုသို့တပ်ဆင်ပေးသောစက်ရုံကိုလည်း တစ်ခါမျှမတွေ့ဖူးသေး။
သို့သော်လည်း ရှုယီကို မြင်တိုင်း မျှော်လင့်မိတာတော့အမှန်ပင်။
ဒါပေမဲ့ သူ့အဖြေကြောင့် အားလုံးမျှော်လင့်ချက်သည် တစစီပြိုကွဲရလေပြီ။
“ရေခဲမှော်အစီအရင် တပ်ဆင်ရမယ်ဟုတ်လား။ မဖြစ်နိုင်ဘူး။ စျေးကြီးလွန်းတယ်။ လိုလည်းမလိုအပ်ပါဘူး။”
အားလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လျက်သာကျန်ခဲ့လေသည်။
“ဥက္ကဌကြီး အရင်ကတော့ ဆရာက တခြားစီးပွားရေးသမားတွေနဲ့မတူဘူးလို့ထင်ခဲ့တာ။ အခုတော့ဘာမှမထူးပါလား။” အိုရင်းက စိတ်ပျက်လက်ပျက်ဖြင့် ငြီးတွားလိုက်သည်။
ရှုယီက ရယ်၍ “သိပ်လည်းစိတ်ပျက်ဖို့မလိုပါဘူး။ ရေခဲမှော်အစီအရင် တပ်တာက ဖြုန်းရာကျတယ်လို့ပြောပေမဲ့ ဒီပြဿနာကိုငါမဖြေရှင်းဘူးလို့ပြောတာမှမဟုတ်တာ။”
ကျောင်းသားအားလုံးစိတ်ဝင်စားစွာဖြင့် သူ့ကိုငေးကြည့်နေကြသည်။ အဲ့လိုမတပ်ဆင်ဘဲ ဘယ်လိုများလုပ်မှာပါလိမ့်။ အားလုံးသိချင်နေကြသည်။
သူယူလာခဲ့သောသံသေတ္တာကိုလက်ညှိုးထိုး၍ အလုပ်ရုံနံရံတွင်တပ်ဆင်ရန် ဟိန့်ဇ်ကိုပြောလိုက်သည်။ ထို့နောက် မှော်ကျောက်တုံးကို ဘေးကအပေါက်ထဲသို့ ပစ်သွင်းလိုက်၏။
အားလုံးသည် စိတ်ဝင်တစားကြည့်နေကြသည်။ တခြားမှော်ပစ္စည်းများလား။
“ဆရာအဲ့ဒါကဘာလဲဗျ။”
“စိတ်မစောပါနဲ့။ ခဏနေသိရမှာပေါ့။”
“ဒင်...”
အသံဖျော့ဖျော့လေးထွက်လာသည်နှင့် ရောင်စုံအလင်းတန်းလေးပေါ်ထွက်လာသည်။
သေတ္တာအောက်ပိုင်းတွင် ထူးဆန်းသောအပေါက်ကလေးများပါသည်။ အပြင်ပိုင်းကအဝတ်ပတ်ထားသည်။ မည်သူမျှချက်ချင်းမသိသေး။ ခဏအကြာ ထိုအဝတ်စကလေးတို့ လှုပ်ရမ်းနေသည်ကို မြင်မှ အပေါက်ဝမှလေဝင်နေသည်ကို သိကြရသည်။
ထိုအရာကိုမြင်သော် ကျောင်းသားအားလုံး စိတ်ပျက်သွားကြပြန်သည်။
“ဆရာ ဒါကပြောင်းလဲပြုပြင်ထားတဲ့ မှော်ပန်ကာပဲမဟုတ်လား။ ဘာများအသုံးဝင်လို့လဲ။”
“ဟုတ်သားပဲ။ ကျွန်တော်တို့ဆီမှာ မှော်ပန်ကာတွေအများကြီးရှိသားပဲ။ ဒါပေမဲ့ လေတိုက်ရုံလေးနဲ့မအေးနိုင်ဘူးမို့လား။”
“ဟုတ်တယ်ဗျ။ အဲ့ဒီတော့ ရေခဲမှော်အစီအရင် တပ်မှပဲရမှာလေ။ မဟုတ်ရင် ဒီအပူနဲ့တော့အားလုံးသေကုန်တော့မှာပဲ။”
ရှုယီသည် ခပ်ပြုံးပြုံးသာနေလိုက်သည်။ ခဏကြာသော် ထူးဆန်းသောတစ်စုံတစ်ရာကို အားလုံးမြင်တွေ့လိုက်ရသည်။
“အင်း မဟုတ်သေးပါဘူး။ ဒီလေကဘာလို့အဲ့လောက်အေးသွားရတာလဲ။”
“ဟုတ်တယ် ထူးဆန်းလိုက်တာ။ အဲ့လောက်ပူနေတာတောင် ဒီလေကအရမ်းအေးနေတာ။”
“အင်း အေးလိုက်တာ။ မိုက်သားပဲ ဇိမ်ခံလို့ကောင်းသား။”
“ဟားဟား....ဇိမ်ပဲ။ အဲ့ဒါက ရေခဲမှော်အစီအရင်နဲ့အတူတူပဲ။”
အားလုံးသည် ထိုအရာမှထွက်လာသောလေအေးကို တစ်ဝကြီးခံစားနေလေသည်။
“ဆရာ ဒါဘာများလဲဗျ။”
“အင်း ဟုတ်တယ်။ ဘာလို့များအဲ့လောက်အေးနေတာလဲဗျ။”
“မှော်ပန်ကာတွေသာအဲ့လိုဆိုသိပ်ကောင်းမှာပဲ။ ဒါဆိုရင် ဘယ်သူမှ ရေခဲမှော်အစီအရင် တွေတပ်ဆင်နေစရာမလိုတော့ဘူးပေါ့။”
“အဲဒါလား...။” စကားစကိုဖြတ်ထား၍ ကျောင်းသားများဆီကသိချင်စိတ်ကို စူးစမ်းကြည့်သည်။ “အခုတော့မပြောသေးဘူး။”
“အာ...ဆရာနောက်နေတာမို့လား။”
“ဟုတ်တယ် ကျွန်တော်တို့ကိုဆန့်ငင်ဆန့်ငင်လုပ်ထားတယ်။ အနည်းဆုံးတော့ နာမည်လေးပြောပါလား ဆရာ။”
“အင်း မပြောချင်လို့မဟုတ်ပါဘူးကွာ။ ဒီဟာကမပြီးသေးလို့ပါ။ အခုမှတစ်ခုပဲစမ်းသပ်ထုတ်ထားတာ။ အဲ့ဒါကို မင်းတို့ကိုစမ်းသုံးကြည့်ခိုင်းတာ။ တစ်အချက်က မင်းတို့ရဲ့ပတ်ဝန်းကျင်ပြောင်းလဲပေးဖို့၊ နှစ်အချက်က ဒီစက်ဘယ်လိုအလုပ်လုပ်လဲလေ့လာခိုင်းထားမလို့ပဲ။ ဘာပြဿနာပဲတွေ့တွေ့ ဘာပြောင်းလဲမှုပဲဖြစ်ဖြစ် မှတ်တမ်းတင်ထားဖို့လိုလိမ့်မယ်။ လက်တွေ့အချက်အလက်တွေငါလိုအပ်လိမ့်မယ်။ ပြီးတော့မှ ပြုပြင်ပြောင်းလဲမှုလုပ်ရမယ်။ အားလုံးနားလည်ကြလား။”
“ဟုတ်ကဲ့ ဆရာ။ စိတ်ချပါ။”
“ဟုတ်တယ် စိတ်ချပါ ဆရာ။ အခုလိုအေးမြနေစေလို့လည်း ရတနာတစ်ခုအနေနဲ့ ထိန်းသိမ်းပေးထားပါ့မယ်။”
“နိုးနိုးနိုး ရတနာတစ်ခုလိုသဘောမထားလည်းရပါတယ်။ ကြမ်းကြမ်းလေးသာကိုင်တွယ်ကြ။ မင်းတို့ ဘယ်လောက်အကိုင်အတွယ်ကြမ်းလဲ ဆိုတာပေါ်မူတည်တယ်။ အဲ့ဒါရဲ့တကယ့်ခံနိုင်ရည်ကို လိုချင်တာ။ ကဲ သုံးရက်အချိန်ပေးမယ်။ ရနိုင်သလောက် အချက်အလက်သာစုထားကြ။ ဘာမှမဖြစ်ဘူးဆိုရင် ထုတ်လုပ်လို့ရပြီပေါ့။ စျေးကွက်ကိုလည်းဖြန့်မယ်။ ဒီမှာသုံးဖို့လည်းရစေရမယ်။ မင်းတို့အားလုံးဘယ်တော့မှမပူစေရတော့ဘူး။”
“မိုက်လိုက်တာ ဆရာ။”
“ဆရာကအင်မတန်မွန်မြတ်တဲ့လူပဲ။”
“မဟုတ်ပါဘူး ခေါင်းဆောင်ကောင်းပီသတာ။”
ကျောင်းသားများ၏အပြုံးကိုမြင်သော် သူကပြုံး၍ ဟိန့်ဇ် ဘက်လှည့်၍ပြောလေသည်။ “ဟိန့်ဇ် နောက်ရက်တွေဆို ငါသွားစရာရှိသေးတယ်။ အားလုံးကို မင်းကိုပဲလွှဲထားခဲ့တော့မယ်နော်။”
“သွားစရာရှိတယ်။ ဘယ်ကိုသွားဖို့လဲ။”
“အင်း မာစတာလန့်စ် လာတဲ့ရွာလေးတစ်ရွာဆီကို။ သူကပြောတယ် တစ်ရက်ပဲကြာမယ်တဲ့။ အဲ့လိုဆိုတော့အသွားအပြန်သုံးရက်မှန်းထားတယ်။ ဒါပေမဲ့ တစ်ခုခုဖြစ်ခဲ့ရင်တော့ ဒီကကိစ္စအားလုံးတာဝန်ယူထားလိုက်ပေါ့။ ပြီးတော့ ငါ့အစား မှော်ဆရာကြီး ကမ်မီလာဆီသွားပြီး ခွင့်နှစ်ရက်ယူမဲ့အကြောင်း သွားပြောပေးစမ်းပါဦး။”
“ဘာလို့ရုတ်တစ်ရက်ကြီးလူပုရွာကိုသွားတာလဲ။”
“အရင်တစ်ခါ ငါပြောတာမှတ်မိလား။ ဒီမြို့ကပန်းပဲဆရာလုပ်ပုံကိုသဘောမကျတာလေ။ အရည်အချင်းရှိတဲ့လူက မာစတာလန့်စ်တစ်ယောက်တည်းရှိတာ။ ဒါပေမဲ့ သူလည်းတစ်ယောက်တည်းဆိုတော့ ငါတို့လိုအပ်သလောက်မလုပ်ပေးနိုင်ဘူး။ အဲ့ဒီကိစ္စကို သူနဲ့ဆွေးနွေးကြည့်ပြီးပြီ။ နောက်ဆုံးတော့ အဲ့ဒီကိုသွားဖို့ဖြစ်လာတာပဲ။ အဲ့ဒီရွာကလူအနည်းငယ်သာရခဲ့မယ်ဆိုရင် ငါတို့အတွက်အဆင်ပြေမှာပါ။”
“လူပုလက်မှုပညာရှင်တွေက လူသားလက်မှုပညာရှင်တွေထက်ပိုကောင်းတယ်ဆိုပေမဲ့ အဲ့လိုလုပ်ဖို့ရောလိုလို့လား။ ဟိုမှာလူသားပန်းပဲဆရာတွေလုပ်ထားတာကြည့်ပါဦး။ ဘာပြဿနာမှမရှိပါဘူး။”
“ဟားဟား မင်းကသတိမှထားမကြည့်ပဲကိုး။ အပြင်ကမထူးခြားပေမဲ့ နည်းနည်းတော့ကွာတယ်လေ။ အဲ့ဒီနည်းနည်းလေးကပဲ အများကြီးပြောင်းလဲသွားစေနိုင်တယ်။ နည်းနည်းလေးဆိုပြီး အထင်သေးလို့မဖြစ်ဘူး။ အခုတော့ဘာမှမဖြစ်သေးဘူးပေါ့။ တကယ့်ကိုတန်းစီပြီးလုပ်တော့မယ်ဆိုရင် အဲ့ဒီအသေးအဖွဲလေးက အင်မတန်အရေးကြီးလာလိမ့်မယ်။”
“ဘာကိုဆိုလိုတာလဲ။” နားမလည်သဖြင့် ဆက်၍မေးလေသည်။
“နောက်မှပဲရှင်းပြတော့မယ်။ အချိန်ကျလာရင်သိလာမှာပါ။ အလုပ်ကိုသာအာရုံစိုက်ထားပါ။ ဒါကငါတို့ထုတ်ကုန်အတွက် မရှိမဖြစ်တဲ့အဆင့်အတန်းပဲ။ ဘာချို့ယွင်းချက်မှရှိလို့မဖြစ်ဘူး။”
ရှုယီက အလေးအနက်ပြောနေသည်ကိုမြင်သော် ဘာမျှပြန်မပြောပဲ ခေါင်းသာငြိမ့်ပြလိုက်သည်။
“ကောင်းပြီ ငါသွားတော့မယ်။ ပြန်လာရင်တော့ လူပုလက်မှုပညာရှင်တွေတစ်ဖွဲ့ကြီးခေါ်လာခဲ့မယ်။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၆ ။ ပေါင်းစပ်သံမဏိ
ခရီးကိုအဖြောင့်တိုင်းတာကြည့်မည်ဆိုလျှင် မာစတာလန့်စ်၏ လူပုမျိုးနွယ်စုတို့နေရာနှင့် ဘန်တာမြို့၏အကွာအဝေးသည် ကီလိုမီတာနှစ်ရာလောက်ဝေးသည်။
အပြည့်တိုင်းမည်ဆိုလျှင် ကီလိုမီတာသုံးရာလောက်ရှိနိုင်သည်။
ကံကောင်းသည်က ကီလိုမီတာနှစ်ရာလောက်ကို မြင်းလှည်းဖြင့်သွား၍ရသည်။ သူတို့နေထိုင်ရာတောင်ကြား ကီလိုမီတာနှစ်ဆယ်လောက်ကိုမူ လမ်းလျှောက်ရပေလိမ့်မည်။
မာစတာလန့်စ် ပြောသလိုပင် ဤခရီးသည် တစ်ရက်ကြာခဲ့သည်။
ရှုယီသည် မနက်ပိုင်းတွင်ထွက်ခဲ့၍ ညမှောင်သော် အလင်းရောင်မှိန်ဖျဖျကို လှမ်းမြင်ရလေသည်။
“တွေ့လား။ ငါတို့မျိုးနွယ်စုကမီးကိုဘယ်တော့မှအသေမခံဘူး။” သူ့မွေးရာဇာတိကို ဂုဏ်ယူစွာ ပြောလေသည်။
ရှုယီသည် မောပန်းနေသဖြင့် စကားပင်မပြောနိုင်တော့ပေ။
ရုတ်တစ်ရက်ပေါ်လာသောသူတို့ကိုကြည့်၍ လူပုလေးများသည် အံ့သြတကြီးဖြစ်နေကြသည်။ သို့သော် မာစတာလန့်စ်နှင့်အတူလာသည်ဖြစ်၍ သူ့ကိုလှိုက်လှိုက်လှဲလှဲကြိုဆိုကြသည်။
သူတို့သည် ဝိုင်ကို ကောင်းကောင်းထုတ်နိုင်လေသည်။ ဧည့်သည်များကိုလည်း ဝိုင်ဖြင့်ပင်ဧည့်ခံလေ့ရှိကြသည်။
ဝိုင်သောက်လိုက်သည်မှာ ဘယ်နှခွက်ကုန်သွားမှန်းပင်မသိတော့။ နောက်ဆုံး လဲ၍ အိပ်ပျော်သွားတော့သည်။ သူနိုးလာသော် မိုးလင်းနေလေပြီ။ နောက်နေ့မနက် ရောက်သွားလေပြီ။
နာကျင်ကိုက်ခဲမှုအားလုံးကို ယူပစ်လိုက်သလို ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။ သို့သော် အိပ်ချင်မူးတူးဖြစ်နေသေးသည်။
လူပုလေးများသည် ဝိုင်ထုတ်လုပ်နိုင်စွမ်းတွင်သာမက သောက်သည့်နေရာမှာလည်း ဆရာကျလှသည်။ အရင်ညက အလွန်အကျွံသောက်ကြသော်လည်း နောက်နေ့တွင် အလုပ်အကိုင်မပျက်ပေ။
ကမ္ဘာပေါ်ရှိ တိုင်းပြည်ကြီးတစ်ခု၏ ထိပ်တန်းအင်ဂျင်နီယာတစ်ယောက်အနေဖြင့် သူသည် အစားအစာကိုလွန်ကြူးစွာမသုံးဆောင်၊ အရက်ကိုအလွန်အကျွံမသောက်ပေ။
“ဟေး ရှုယီ အဆင်ပြေလား။ နိုးပြီလား။” သူ့နားထဲအသံတစ်ခုဝင်လာသည်။
လှည့်ကြည့်လိုက်သော် နှာခေါင်းပွပွနှင့်လူပုလေးတစ်ယောက်ကိုတွေ့လေသည်။
“မင်းက...”ခေါင်းကိုသာကုတ်၍ နာမည်ကိုမသိပေ။
“ဟားဟား ငါ့ကို ကမ်ဘီလို့ပဲခေါ်ပါ။” သူ့ပုခုံးကိုလှမ်းပုတ်၍ပြောလိုက်သည်။
“လူသားတွေက အရက်ကောင်းကောင်းမသောက်နိုင်ဘူးလို့ ထင်ထားတာ။ မင်းကို အဲ့လောက်ထိသောက်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ မနေ့က မင်းမမေ့ခင် ၂ယောက်ကိုအနိုင်ပိုင်းသွားတာ မဆိုးဘူး မဆိုးဘူး။”
ရှုယီ ပြုံးမိသည်။ လူပုလေးတို့သည် ဝိုင်သောက်ရာတွင် ကျွမ်းကျင်၍ မနေ့ကဧည့်ခံပွဲတွင် လူတွေလိုသောက်နိုင်သောသူတွေကို ရွေးချယ်ခဲ့သည်။ မနေ့ညကအရက်ပမာဏသည် နောက်တစ်ဆင့်သို့တက်လှမ်းသွားလေသည်။
“မာစတာလန့်စ် ဘယ်မှာလဲ။ ဘာလို့သူ့ကိုမတွေ့မိတာလဲ။”
“လန့်စ်ကခေါင်းဆောင်ကြီးကိုသွားတွေ့တယ် သူပြောစရာရှိလို့တဲ့။ အင်း မေ့တော့မလို့ မင်းနိုးလာရင်ခေါင်းဆောင်ကြီးကိုလာတွေ့ဖို့ သူပြောသွားတယ်။ အခုသွားချင်လား။ ဒါပေမဲ့ အခုမှနိုးတာဆိုတော့ တစ်ခုခုစားသွားပါဦး။”
ရှုယီကသူ့ဗိုက်ကိုစမ်းကြည့်ပြီး ခေါင်းငြိမ့်ပြသည်။
ကမ်ဘီသည် ဘာနှင့်လုပ်ထားမှန်းမသိသောမုန့်ကို ယူလာလေသည်။ ခပ်သွက်သွက်စားပြီးနောက် ခေါင်းဆောင်ကြီးကိုသွားတွေ့သည်။
မျိုးနွယ်စုသည် သိပ်မများပေ။ အားလုံးပေါင်းငါးရာလောက်သာရှိပေမည်။
အရွယ်ရောက်ပြီးသားယောက်ျားက တစ်ရာလောက်ရှိမည်။
သူ့ကိုစိတ်ပျက်သွားစေသည်။ ထိုနေရာသို့လာရခြင်းသည် အလုပ်သမားစုဆောင်းဖို့ဖြစ်သည်။ အခုတော့တစ်ရာမျှသာရှိသည်။ အားလုံးသည် လန့်စ်လောက် စွမ်းဆောင်နိုင်လျှင်တောင် မလုံလောက်သေးပေ။
“ငါတို့ကဖိုပဲထိုးတတ်တာလို့မင်းကိုဘယ်သူပြောလဲ။” ခေါင်းဆောင်ကြီး စီလူကာကပြောလေသည်။ “ငါတို့က ဝိုင်တို့ မီးဖိုတို့လုပ်တဲ့နေရာမှာ မွေးကတည်းက ကျွမ်းကျင်ခဲ့တာ။ ကလေးတွေတောင်မှ မင်းတို့လူတွေထက် ပန်းပုထုတဲ့နေရာမှာ တော်တယ်။”
“ဟုတ်ကဲ့ ခေါင်းဆောင်ကြီး။ ကျေးဇူးပြု၍ ကျွန်တော်အပ်ထားတဲ့အလုပ်လေး ပြီးစီးအောင်လို့ မာစတာလန့်စ်ကို ကူညီဖို့ လုပ်သားတစ်ချို့ငှားပေးလို့ရမလားဗျ။”
“အင်း အဲ့ဒီကိစ္စ သူပြောပြီးပြီ။ မင်းကိုတော့ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ မင်းသိလား။ လူတွေအများကြီးခေါ်သွားရင် ကျန်ခဲ့တဲ့လူတွေဒုက္ခရောက်သွားလိမ့်မယ်။ ပြီးတော့ ငါ့လူတွေအန္တရာယ်ကင်းကင်းနေနိုင်ဖို့နဲ့ ခေါင်းပုံဖြတ်မခံရဖို့ ဘယ်လိုအာမခံမလဲ။”
ရှုယီသည် မာစတာလန့်စ်ကို ကြည့်လိုက်ပြီး လန့်စ် သည် ခေါင်းငြိမ့်ပြလေသည်။
စိုင်စ်တိုင်းပြည်သည် ငြိမ်းချမ်းသော်လည်း လူမျိုးကွဲတို့နှင့်အတူနေရသော် ပြဿနာပေါင်းစုံရှိလေသည်။
မာစတာလန့်စ်သည် ဘန်တာမြို့တွင်နာမည်ကြီးပန်းပဲဆရာဖြစ်သော်လည်း လူပုမျိုးနွယ်စုဖြစ်ခြင်းကြောင့် အနှိမ်ခံရလေသည်။
ထို့ကြောင့် သူတို့တွင် အကြောက်တရားကြီးစိုးနေ၏။ ထို့အတွက်ကြောင့် သူတို့လူမျိုးစုသည် သီးသန့်နေကြ၍ လူတွေနဲ့မရောနှောကြပေ။
ရှုယီတွင် အစီအစဉ်ဆွဲပြီးသားဖြစ်၍ “စိတ်ချပါ ခေါင်းဆောင်ကြီး၊ သူတို့ကိုကျွန်တော်ခေါ်တာဖြစ်တဲ့အတွက် အားလုံးကိုတာဝန်ယူပါတယ်။ မာစတာလန့်စ်လည်းသက်သေရှိပါတယ်ဗျ။”
“ကောင်းပြီလေ။ သူတို့ကိုနေရာထိုင်ခင်းကောင်းကောင်းပေးထားမယ်လို့ပြောတယ်နော်။ အခြားကိစ္စတွေရော ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူမှမစော်ကားစေရဘူးလို့ဆိုတော့ သီးသန့်ထားမှဖြစ်မယ်။”
ရှုယီကပြုံး၍ “ခေါင်းဆောင်ကြီး မပြောချင်ပေမဲ့ပြောရတော့မယ်။ ကျွန်တော်တို့လူတွေက လက်တွေ့မှကြိုက်ကြတာ။ ကိုယ့်အတွက်အကျိုးရစေမဲ့လူတွေဆိုရင် ခင်မင်ချင်ကြတယ်။ အဲ့ဒီတော့မစိုးရိမ်ပါနဲ့ဗျ။”
“အင်း ငါသိတာပေါ့။”
“ဒီလိုဆိုလည်း စိုးရိမ်မနေပါနဲ့ ခေါင်းဆောင်ကြီး။ မာစတာလန့်စ်ကသက်သေပါပဲ။ သူကလူပုဖြစ်ပေမဲ့လည်း အခုဆို မြို့မှာ လေးစားခံရတဲ့လူဖြစ်နေပါပြီ။ အဆင်မပြေတာလေးတော့ရှိပေမဲ့ ဘဝပျက်သွားလောက်အောင်လည်းမဟုတ်ပါဘူး။”
မာစတာလန့်စ်ကရယ်၍ “အင်း ဟုတ်သားပဲ။ ဘန်တာမြို့ကလူတွေ အခုဆို ငါ့ကိုမစော်ကားရဲတော့ဘူး။ သူတို့မလုပ်နိုင်တာတွေ ငါလုပ်နိုင်တယ်လေ။ ဒီတော့ဘယ်သူကပြဿနာရှာရဲတော့မှာလဲ။”
စီလူကာက ခဏစဉ်းစားပြီးသော် “အင်း ထားလိုက်ပါဦး။ ကဲ အရွယ်ရောက်တဲ့လူငယ်တွေခေါ်သွားတယ်ဆို ကျန်တဲ့လူတွေရောဘယ်လိုလုပ်မလဲ။ မင်းသိလား ငါတို့တွေက ဝိုင်ရော ဖိုထိုးတာရော ကြိုက်ကြတာ။ ဒီမှာဆို အမဲလိုက်တာရော ကောက်ရိတ်သိမ်းတာရော အားလုံးသူတို့လုပ်ကြတာ။ မင်းခေါ်သွားရင် ငါတို့အများကြီးနစ်နာသွားမယ်။”
“ခေါင်းဆောင်ကြီး ကျွန်တော်အဆိုပြုတာကိုနားထောင်ပါဦး။”
“အင်း ပြောစမ်းပါဦး။”
“ဒီမှာသုတေသနအခန်းတစ်ခုဆောက်မယ်။ အဲ့လိုဆို ကျွန်တော့်ကိုကူညီနိုင်မယ်ထင်ပါတယ်။ လတိုင်းလည်းထောက်ပံ့ပေးမှာပါ။ လောလောဆယ်တော့ ရွှေဒင်္ဂါးငါးရာပေးမှာပါ။ နောက်ပိုင်းတိုးတက်လာရင်တော့ ပိုပေးမှာပါ။ ဘယ်လိုသဘောရလဲ ခေါင်းဆောင်ကြီး။”
ထိုစကားကိုကြားသော် အားလုံးအံ့သြသွားလေသည်။
“ငါးရာတောင်လား။ ရှုယီ ငါ့ကိုဘာလို့အစကမပြောတာလဲ။ ဒီမှာဆောက်လို့ရပါ့မလား။”
“ဓါတ်ခွဲခန်းလား။ ငါတို့ကဖိုထိုးတဲ့နေရာမှာအရမ်းတော်ကြတာ။ ဘာလေ့လာပေးစေချင်လို့လဲ။” ခေါင်းဆောင်ကြီးက ဝင်ပြောလေသည်။
“စိတ်ချပါ။ ကျွန်တော်လိုချင်တာက ဖိုထိုးတာနဲ့ပတ်သက်ရုံပါ။ အခုတော့ သုတေသနစာရွက်လေးတွေယူလာတယ်။ ကြည့်ကြည့်ပါဦး ခေါင်းဆောင်ကြီး။”
ခေါင်းဆောင်ကြီးက တစ်ချက်ကြည့်လိုက်၍ “ပေါင်းစပ်သံမဏိ ဟုတ်လား။ ဘာများလဲ။”
“လိုအပ်တဲ့အချက်အလက်တွေ ဒီပေါ်မှာရေးထားပါတယ်။ နောက်ပိုင်း ဖြည်းဖြည်းချင်းလေ့လာလို့ရပါတယ် ခေါင်းဆောင်ကြီး။ အခုဘာများသိချင်တာရှိသေးလဲဗျ။ လိုအပ်တာရှိရင်ပြောပါ ခေါင်းဆောင်ကြီး။ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါ့မယ်။”
စီလူကာ၊ လန့်စ်နှင့် ကမ်ဘီတို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
“အိုကေ ကောင်းပြီလေ။ ဒီမှာလုပ်မဲ့အရာအားလုံးကိုတော့ သဘောတူပါတယ်။ ဒါပေမဲ့ လုပ်သားခေါ်သွားမှာကိုတော့ ဆွေးနွေးဖို့လိုလိမ့်မယ်။”
ရှုယီသည် ပျော်ရွှင်စွာပြုံးလိုက်ပြီး ပြောလိုက်သည်။
“ရတာပေါ့။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၇ ။ ကျွန်မက ကလေးပဲ
“ရှုယီရေ နစ်နာကြေး ရွှေဒင်္ဂါးငါးရာမပေးဘူးဆိုရင်တောင် ဥက္ကဌကသဘောတူမှာပါ။” မြင်းလှည်းလေးနှင့်ပြန်လာစဉ် မာစတာလန့်စ် ပြောလိုက်ခြင်းဖြစ်သည်။
“အိုး ဘာဆိုလိုတာလဲဗျ။” ရှုယီက ပြန်မေးလိုက်သည်။
“မင်းမသိသေးဘူးလား။ မျိုးနွယ်စုက အရမ်းဆင်းရဲနေပြီ။ ခေါင်းဆောင်ကြီးကို ငါပြောခဲ့ပါတယ်။ သူ့လူတွေကို လူသားလောကမှာသွားပြီး ကျင်လည်ခိုင်းဖို့။ ငါတို့လို ကျွမ်းကျင်မှုနဲ့ဆိုရင် မျိုးနွယ်စုတစ်ခုလုံး ကြီးပွားတိုးတက်လာမှာသေချာတယ်။”
“အင်း အကြံဉာဏ်က အရမ်းကောင်းပါတယ်။ အဲ့ဒါကို ခေါင်းဆောင်ကြီးက ဘာလို့များသဘောမတူရတာပါလိမ့်။”
“ဘာလို့လဲဆိုတော့ မင်းတို့လူသားတွေက ငါတို့ကို အကြိမ်ပေါင်းများစွာလှည့်စားခဲ့တော့ ယုံကြည်ဖို့ခက်သွားပြီလေ။”
“အင်း ဒီလိုဆိုလည်း အခုကဘာလို့သဘောတူပါလိမ့်။ ကျွန်တော်လိမ်မှာကိုမကြောက်လို့လား။”
“မဟုတ်ပါဘူး ရွေးချယ်စရာမရှိတော့လို့ပေါ့။ စိုင်စ်နယ်မြေကို မင်းတို့လူသားတွေက လုံးဝထိန်းချုပ်ထားပြီလေ။ ပြီးတော့ ရတနာတွေအားလုံးကို အပိုင်သိမ်းသွားပြီပဲ။ ဒီတော့ငါတို့လူပုတွေ၊ မှင်စာတွေ၊ လူတစ်ပိုင်းသားရဲကောင်တွေက လူတွေနဲ့ဝေးဝေးနေကြရတော့တာပေါ့။ ဒါပေမဲ့ ငါတို့နေရာမှာက တွင်းထွက်ပစ္စည်းဘာမှမရှိ။ မင်းတို့လူတွေလိုလည်း ဖန်တီးနိုင်စွမ်းမရှိတော့ ပိုပိုပြီးဆိုးလာတာပေါ့။ မင်းသိလား၊ ငါငယ်ငယ်တုန်းက လူဦးရေတစ်ထောင်လောက်ရှိခဲ့တာ။ အခုတော့ငါးရာလောက်ပဲရှိတော့တာ။”
“ငယ်ငယ်တုန်းကဟုတ်လား။” လူပုလေးတို့သည် လူတွေထက်သက်တမ်းပိုရှည်လေသည်။ ထို့ကြောင့် သူငယ်ငယ်တုန်းကဆိုလျှင် နှစ်ရာချီကြာလောက်လေပြီ။
လန့်စ်သည် သူမေးတာကိုဂရုမစိုက်ဘဲ ဆက်ပြောလေသည်။ “မနှစ်ကကိုပဲ အဖိုးအိုသုံးယောက်ဆုံးသွားတယ်။ ကလေးတစ်ယောက်မှပြန်မမွေးဘူး။ အဲ့ဒါလူဦးရေလျော့ကျခြင်းအကြောင်းအရင်းပဲ။ ခေါင်းဆောင်ကြီးကလည်း သိပါတယ်။ ဒီလိုနဲ့ငါတို့တွေမျိုးတုန်းသွားမယ်ဆိုတာ။ ဒါပေမဲ့ ဘာမှမတတ်နိုင်ပဲကိုး။ လူသားတွေနဲ့တော့ယှဉ်လို့မရဘူးပေါ့။ နှစ်တစ်ထောင်လောက်က လူသားတွေနဲ့ယှဉ်ပြီးစစ်မတိုက်နိုင်ခဲ့ဘူး။ လူသားတွေနဲ့နှီးနှောဖို့လည်း မလွယ်ဘူးလေ။ မင်းကသိမှာမဟုတ်ဘူး။ ဘန်တာမြို့မှာနေရတာ ဒုက္ခသုက္ခများလိုက်တာ။”
ရှုယီက ခေါင်းငြိမ့်ပြလေသည်။ သေချာမသိသော်လည်း ခန့်မှန်းကြည့်နိုင်သည်။ မျိုးနွယ်မတူသော လန့်စ် လိုလူမျိုးအတွက်တော့ လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာ အင်မတန်ခက်ခဲပေလိမ့်မည်။
“ခေါင်းဆောင်ကြီးကတော့ လူငယ်တွေအားလုံးကိုပို့ဖို့ အဆင့်သင့်မဖြစ်သေးပေမဲ့ မင်းရဲ့ကမ်းလှမ်းမှုက အရမ်းကောင်းနေတော့ သူ့မှာလည်းအခွင့်အရေးမရှိပါဘူး။ တခြားဟာမပြောနဲ့၊ မင်းထုတ်ပေးလိုက်တဲ့ရွှေဒင်္ဂါးငါးရာဟာ မျိုးနွယ်စုအတွက် အင်မတန်အထောက်အကူဖြစ်စေတယ်။ တစ်ယောက်ကိုလစာရွှေဒင်္ဂါးရှစ်ပြားပေးမှာဆိုတော့ သူတို့မိသားစုတွေမပူမပန်နေနိုင်သွားပြီပေါ့။ ပြောစမ်းပါဦး။ ဒီလောက်အခြေအနေပေးနေမှတော့ ခေါင်းဆောင်ကြီးကငြင်းပါဦးမလား။”
ရှုယီက ခဏစဉ်းစားလိုက်ပြီး “အင်း လူပုလေးတွေဘဝကအဲ့လောက်ပဲဆိုးသွားပြီလား။ ဒါနဲ့ ခေါင်းဆောင်ကြီးက ကျွန်တော့်ကို ဘာကြောင့်ယုံပါလိမ့်။ ကျွန်တော်လိမ်မှာကို မကြောက်လို့လား။”
“မင်းနားမလည်သေးဘူးလား။ မင်းလိမ်ရင်တောင် မင်းပေးလိုက်တဲ့ရွှေဒင်္ဂါးငါးရာက သက်သေပဲလေ။ ပြီးတော့ ငါ့ထောက်ခံချက်နဲ့မင်းကိုခေါ်လာတာပဲ။ မင်းကိုငါသိတာမကြာပေမဲ့ လူသားလောကထဲကျင်လည်တာကြာပြီဖြစ်တဲ့ငါ့အတွက်တော့ မင်းမလိမ်ဘူးဆိုတာငါပြောနိုင်တယ်။ အနည်းဆုံးတော့မင်းက ကတိတည်တယ်လေ။”
ရှုယီက ခေါင်းကိုကုတ်၍ “အင်း ကျွန်တော်ကယုံကြည်ထိုက်တယ်ပေါ့။”
“ကောင်လေး သိပ်မပျော်နဲ့ဦး။ မင်းငါတို့မျိုးနွယ်စုတွေအပေါ် ဘယ်လိုဆက်ဆံမလဲဆိုတာလဲ မူတည်သေးတယ်။ အေး မင်းလှည့်စားခဲ့မယ်ဆိုရင်တော့ ငါမသေမချင်း မင်းကိုဂလဲ့စားချေရမှာပဲ။”
ရှုယီက လက်ကိုဝှေ့၍ “အဲ့လိုလုပ်ပါ့မလားဗျာ။ ခင်ဗျားတို့ကကျွန်တော့်ရဲ့ရတနာတွေပါ။ အားလုံးကို အဆုံးစွန်ထိကာကွယ်သွားမှာပါ။ တကယ်ရင်ထဲကပြောတာပါဗျာ။ ခင်ဗျားတို့လုပ်တဲ့အလုပ်က စိုင်စ်နယ်မြေတစ်ခုလုံးကို ပြောင်းလဲသွားစေမှာပါ။ နောက်ဆိုရင် ခင်ဗျားတို့ဟာ သမိုင်းတွင်မယ့်လူပုလေးတွေပါ။ အချိန်ကျလာရင် ခင်ဗျားတို့အားလုံးကို တိုက်ကြီးတစ်ခုလုံးက လှိုက်လှိုက်လှဲလှဲကြိုဆိုလာကြမှာပါ။”
“ကောင်လေး သိပ်အပြောမကြီးနဲ့ဦး။ သမိုင်းတွင်တာတွေငါဂရုမစိုက်ဘူး။ ငါဂရုစိုက်တာက ငါ့လူတွေကိုထားမဲ့အိမ်ကဘယ်မှာလဲ။”
ရှုယီ ဟက်ဟက်ပက်ပက်ရယ်လေသည်။
သို့သော် သူတို့သာကြိုးစားလျှင် သမိုင်းတွင်မှာသေချာ၏။
ဘန်တာမြို့သို့ရောက်သော် ညဖြစ်၍ မီးထိန်ထိန်လင်းနေသည်။ မြင်းလှည်းပေါ်ကမဆင်းခင် လန့်စ်က သူ့ကိုစကားအနည်းငယ်ပြောသွားသေးသည်။
မြင်းလှည်းမောင်းသူကို ရှုယီက ပြန်ခိုင်းလိုက်သည်။ မြင်းလှည်းပေါ်ကဆင်းသော် သူ့အိမ်ရှေ့တွင်ထိုင်နေသောလူတစ်ယောက်ကိုတွေ့လေသည်။ သူနဲ့ရင်းနှီးသည့်ပုံပင်။
သေချာကြည့်တော့မှ အံ့သြသွားသည်။
“အိုး စတေးလ် ပါလား။ ညကြီးမိုးချုပ် အိမ်ရှေ့မှာဘာလို့များလာထိုင်နေတာလဲ။”
စတေးလ်သည် ဒူးနှစ်လုံးကြားခေါင်းထည့်၍ထိုင်နေခဲ့သည်မှာ ကြာလေပြီ။ သူ့အသံကြားမှ မော့ကြည့်လိုက်သည်။
သူမမျက်နှာမြင်မှ ပို၍အံ့သြသွားသည်။
သူမမျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်၍ ပိန်လွန်းလှသည်။ ငယ်ရွယ်နုပျိုလှပမှုတို့ကို မတွေ့ရပေ။ မျက်လုံးနက်ကြီးတွေ ခန္ဓာကိုယ်အချိုးအစားပြေပစ်မှုတွေမရှိတော့။ အားလုံး လုံးဝပျောက်ကွယ်သွားလေပြီ။
“ဟေး စတေးလ် ဘာဖြစ်လို့လဲ။ ပြောစမ်းပါဦး။” ရှုယီက ဂရုဏာသံဖြင့် စိုးရိမ်တကြီးမေးလိုက်သည်။
သူမသည် ပါးစပ်သာဟနိုင်၍ အသံကထွက်မလာ။ ထို့နောက် ခေါင်းသာတွင်တွင်ခါနေသည်။
သူလည်းဘာမှစဉ်းစားမနေတော့ဘဲ သူမကိုထွေးပွေ့ထူ၍ တံခါးဖွင့်ကာ အိမ်ထဲသို့ခေါ်လာလိုက်သည်။
သူဝင်လာသော် ဗီဗီယန် အခန်းမှမီးလင်းလာပြီး ညင်သာသောအသံလေးထွက်လာသည်။
“ဘယ်သူများလဲ။”
“ငါပါ။ အိပ်နေတာလား။ ဒါဆို မထနဲ့တော့။” စတေးလ်ကို ထိုင်ခုံဆီခေါ်လာသည်။ ထို့နောက် သူမအတွက်ရေတစ်ခွက်ခပ်ပေးလိုက်သည်။ ပြီးမှ ကြင်နာသောအသံဖြင့် မေးလေသည်။ “စတေးလ် ဘာဖြစ်ခဲ့လို့လဲ? အကုန်ပြောပြပါလား။ တစ်ယောက်ယောက်ကများအနိုင်ကျင့်လိုက်တာလား။”
စတေးလ်လည်း ခါးသီးစွာပြုံးပြ၍ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုယူကာ သောက်လိုက်လေသည်။
မြန်မြန်သောက်လိုက်မိ၍ သီးသွားပြီး ချောင်းဆိုးသွားသည်။
ရှုယီသည် မိန်းမတွေအကြောင်း သိပ်မသိသော်လည်း သူမမျက်နှာကြည့်ရသည်မှာ နာကျင်စွာအရိုက်ခံခဲ့ရသည်ဟုအတတ်သိလေသည်။ ထိုသို့မဟုတ်လျှင် သူမလို ခပ်စွာစွာမိန်းကလေးသည် ဤမျှလောက်ငြိမ်နေမည်မဟုတ်ပေ။
“စတေးလ် လက်ဆောင်ကို မပေးရသေးဘူးလား။”
သူမကို နောက်ဆုံးတွေ့ခဲ့သောအချိန်က ကြာခဲ့လေပြီ။ အဲ့ဒီညက သူမသည် သူ့ကိုကျေးဇူးတင်ရန် သူ့နေရာသို့လာခဲ့လေသည်။ သို့သော် ရှုယီ၏ “နင်က,ကလေးပဲရှိသေးတယ်။” ဟူသောစကားကြောင့် ဒေါသထွက်ကာ ထွက်ပြေးသွားသည်။
အရင်ကပြောဖူးသည်က သူ့ကိုကူညီလုပ်ဆောင်ပေးနေသောစန္ဒယားသည် ပြီးသွားပြီဖြစ်ပြီး သူမကြိုက်နှစ်သက်သောလူ၏မွေးနေ့ကလည်း ချဉ်းကပ်လာပြီဟုပြောသည်။ ထိုလူရှိရာ လမ်ပူရီနိုင်ငံ၏မြို့တော် အန်ဗီလာကို ကိုယ်တိုင်သွား၍ပေးမည့်အကြောင်း ပြောလေသည်။
အခုရက်အတော်များများကြာသော် အရူးတစ်ယောက်လိုပြန်လာခဲ့သည်။ ပြဿနာသည် ထိုကိစ္စနှင့်ဆက်နွယ်နေပေလိမ့်မည်။
သူမသည် သူ၏မေးခွန်းကိုချက်ချင်းမဖြေဘဲ သူ့ကိုသာကြည့်နေသည်။
ထို့နောက် “ရှုယီ ပြောပါဦး။ ကျွန်မက ကလေးလား။”
သူအံ့သြသွားသည်။ သူပြောခဲ့တာကို သူမအရမ်းအလေးအနက်ထားနေသည်။
သူလေးလေးနက်နက်စဉ်းစားကြည့်သည်။ သို့သော် ဘာပြန်ပြောရမှန်းမသိပေ။ သူမစိတ်သည် ပုံမှန်မဟုတ်သေး၍ သူ့အဖြေကိုမကျေနပ်လျှင် ပြဿနာကြီးလာနိုင်သည်။
“ဒါက...မင်းဘာကိုဆိုလိုတာလဲပေါ်မူတည်ပါတယ်။ ငါ့အမြင်အရတော့ မင်းက...”
“ကောင်းပါပြီ၊ ဘာမှမပြောပါနဲ့တော့၊ ရှင်မှန်ပါတယ်။ ကျွန်မက ကလေးပါ။ လုံးဝကိုသောက်သုံးမကျတဲ့ကလေးပေါ့။” ဒေါသတကြီးအော်ပြောလိုက်သည်။
“အဲ့လိုဘာလို့ပြောရတာလဲ။”
“ကျွန်မသာဘာမှနားမလည်ပါးမလည်တဲ့ အပြစ်ကင်းစင်တဲ့ကလေးသာမဟုတ်ခဲ့ရင် အဲ့လိုကောင်စုတ်ကိုကြိုက်ခဲ့ပါ့မလား။” ဒေါသကိုမထိန်းချုပ်နိုင်ဘဲ ရင့်ရင့်သီးသီးအော်ပြောလေသည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၈ ။ ဦးလေး
“ငါ့ကိုသာပြောစမ်းပါ ဘာဖြစ်ခဲ့တာလည်းဆိုတာ။ နင့်ကိုအနိုင်ကျင့်ရင် ရတဲ့နည်းနဲ့ပြန်ပြီးကလဲ့စားချေပြမယ်။”
“ရှင်ကဟုတ်လား။” သူမသည် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ “ရှင်ဘာမလုပ်နိုင်ပါဘူး။ သူ့မိသားစုနောက်ခံကအင်မတန်အစွမ်းကြီးတာ။”
“သူကဆွေကြီးမျိုးကြီးကပေါ့ဟုတ်လား။ အဲ့လိုဆိုလည်း နည်းနည်းစုံစမ်းကြည့်လိုက်မယ်။ ငါ့ကိုသာပြောစမ်းပါ၊ နင့်ကိုအနိုင်ကျင့်တဲ့ကောင်က ဘယ်လိုလူစားမျိုးလဲ။ နင့်ကိုဘယ်လိုအနိုင်ကျင့်လိုက်တာလဲ ငါသိချင်တယ်။”
ရှုယီက သူမကိုငေးကြည့်နေတာကြောင့် ရှက်သွေးဖြာသွားကာ “ရှင်ဘာတွေစဉ်းစားနေတာလဲ။ ကျွန်မဘာမှမဖြစ်ဘူး။ မမေ့နဲ့ဦး၊ ကျွန်မအဖိုးကမှော်ပညာရှင်ကြီး။ သူဘာမှကျွန်မကိုထိခိုက်အောင်မလုပ်ပါဘူး။”
“အင်း ဟုတ်သားပဲ။ ဒါနဲ့နင်ပြောတာ သူကအသုံးမကျတဲ့လူမှန်းသိလိုက်လို့ ဝမ်းနည်းတာဆို။ ဒီလိုဆို နင်အသည်းကွဲနေတာပေါ့။”
“အိုး ကျွန်မကသူနဲ့တောင် ချိန်းမတွေ့ရသေးဘူး။ ကျွန်မကဘာလို့အသည်းကွဲရမှာလဲ။”
“တစ်ဖက်သတ်အချစ်ကလည်းအသည်းကွဲတာပါပဲ။”
သူမမျက်နှာပေါ်ကဒေါသလေးပြန်မြင်လာတော့ သူစိတ်သက်သာရာရသွားသည်။
သူမမြတ်နိုးခဲ့ရသောလူကအသုံးမကျတဲ့အမှိုက်မှန်းသိ၍ သူမအိပ်မက်တွေပြိုလဲပျက်စီးသွားလေခြင်းလား။ အင်မတန်စိတ်ထိခိုက်စရာပါပေ။
ထိုကိစ္စသည် မိန်းကလေးများတွေ့ကြုံနေကျဖြစ်သည်။ သူမဘာမျှမဖြစ်ရင်ကိုတော်လှလေပြီ။ အတော်ကြာသော် ပြန်၍သက်သာလာလိမ့်မည်။
“အင်း ပြုံးနိုင်တာကိုကအားတက်စရာပေါ့။”
ရှုယီနှင့်စကားခဏပြောလိုက်ရခြင်းသည် သူမကိုအကြီးအကျယ်စိတ်သက်သာရာရသွားစေသည်။
ခဏကြာသော် ရှုယီကို သေချာကြည့်၍ “ရှုယီ အခုကျွန်မပြောမဲ့ဟာကို အဖိုးကိုသွားပြောလို့မရဘူးနော်။”
သူမသည် လောလောဆယ်ရင်ဖွင့်ဖို့လိုသည်ကိုနားလည်၍ လေးလေးနက်နက်ခေါင်းငြိမ့်လိုက်သည်။
“အဲ့ဒီလက်ဆောင် ကျွန်မ,မပေးရသေးဘူး။”
အခန်းထဲတွင် ဖယောင်းတိုင်မီးပြပြသာရှိ၍ အမှောင်ကြီးစိုးနေ၏။
ထိုအလင်းရောင်ဖျော့တော့တော့အောက်တွင် ရက်အနည်းငယ်ကစိတ်ဒုက္ခတို့ကို ရင်ဖွင့်လေသည်။
တကယ်တော့ ဖြစ်ခဲ့သမျှသည် ထူးထူးဆန်းဆန်းမပါပေ။
စတေးလ် ကြိတ်ကြွေနေခဲ့သောလူသည် ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး အန်ဗီလာမြို့က ဆွေကြီးမျိုးကြီးကဖြစ်သည်။ ထိုကောင်လေးသည် ခန့်လည်းခန့် မှော်ပညာတွင်လည်းထူးချွန်ကာ လမ်ပူရီတော်ဝင်မှော်အတတ်သင်ကျောင်းတွင် “နတ်ဘုရား” ဟုသမုတ်ခံရလေပြီး ပျိုတိုင်းကြိုက်သောနှင်းဆီခိုင်ဖြစ်သည်။
ထိုအထဲတွင် စတေးလ်လည်းပါသည်။
ထိုအရာသည် ထူးဆန်းသောကိစ္စမဟုတ်ပေ။ သို့သော် သူမသည် အင်မတန်ရူးသွပ်ခဲ့သည်။ ဘွဲ့ရပြီး၍ ဘန်တာမြို့သို့ရောက်လာသည့်တိုင်အောင် စိတ်ထဲကမေ့ပျောက်၍မရသေးပေ။
ထို့ကြောင့် ကောင်လေးမွေးနေ့ကိုသိအောင်လုပ်၍ မွေးနေ့ပွဲတွင်အခွင့်ကောင်းယူရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အထူးစန္ဒယားတစ်လုံးပြုလုပ်ရန် ရှုယီကို အကူအညီတောင်းခဲ့သည်။ ထို့နောက် ချစ်တဲ့သူရှိရာ အန်ဗီလာမြို့အထိသွား၍ လက်ဆောင်ပေးဖို့ စီစဉ်ထားသည်။ သူမကိုယ်တိုင်ထိုလက်ဆောင်ကိုပေး၍ သူမ၏ခံစားချက်တို့ကိုဖွင့်ဟရန် ရည်ရွယ်ထားလေသည်။
သို့သော် ဤမျှဆိုးဝါးသောသတင်းကိုကြားရလိမ့်မည်ဟုမျှော်လင့်မထားခဲ့ပေ။ သူမချစ်ရသူက စေ့စပ်ထားပြီးပြီတဲ့လား။
သူမစိတ်ပျက်သွားသော်လည်း လက်ဆောင်ကိုပေးဖို့ စီစဉ်ထားလေသည်။ ခံစားချက်တွေကိုမြှုပ်ထား၍ ဆုတောင်းပေးမည်ဟုတွေးထားသည်။ ဤမျှနဲ့ပြီးခဲ့လျှင် ဝမ်းနည်းစရာကောင်းသော အချစ်ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ် သတ်မှတ်၍ရသေးသည်။
သို့သော် လုံးဝမထင်မှတ်ထားသည်က ဖြစ်သွားခဲ့၏။ ထိုကိုလူချောကို မွေးနေ့ပွဲတွင်တွေ့သဖြင့် လက်ဆောင်ပေးကာ စကားအနည်းငယ်ပြောရန်လုပ်လေသည်။
အလိုဘုရား သူမကိုမြင်မြင်ချင်းပင် ကိုလူချောပြန်ပြောသည်က သူမကို သူဘယ်လောက်စွဲလမ်းခဲ့ရကြောင်း ချစ်မြတ်နိုးခဲ့ရကြောင်းတဲ့ဗျာ။
စတေးလ် ပျော်လိုက်ပုံမှာ ဆိုဖွယ်ရာမရှိပေ။ သို့သော် စေ့စပ်ထားသည်ကိုသတိရသွား၍ သူ့ကိုပြန်၍သတိပေးလေသည်။
သို့သော် ထိုကောင်လေး၏ပျားရည်ဆမ်းစကားတို့ကိုကြားပြီးကတည်းက မနေနိုင်မထိုင်နိုင်အောင် ဖြစ်သွားခဲ့သည်။ နောက်နှစ်ရက်အတွင်း နှစ်ကြိမ်တိတိတွေ့ခဲ့လေပြီ။
“အင်း ဒီကောင်လေးဘာလို့အသုံးမကျရတာလဲ။” ရှုယီက နားထောင်ရင်းကြားဖြတ်မေးလိုက်သည်။ “သူကနင့်ကို....အတင်းဖိအားပေးခဲ့လို့လား။”
သူမမျက်နှာနီမြန်းသွား၏။ “သူကသတ္တိမရှိဘူးလေ။ အလကားအမှိုက်ကောင်ပါ။ လက်မထပ်ခင် ကျွန်မကိုအခုလိုတောင်းဆိုတယ်။ ကျွန်မကငြင်းလိုက်တယ်။ ကျွန်မသူ့ကိုမချစ်ဘူးလို့သူကစွပ်စွဲတယ်။ တစ်ယောက်ယောက်ကိုချစ်ရင် ပျော်တော်ဆက်ရမယ်လို့ ဘယ်သူကများသတ်မှတ်ခဲ့လို့လဲ။ အလကားကောင်ပါ။ နောက်ပိုင်းကျွန်မကြားတာတော့ သူကကျောင်းမှာကတည်းက ကောင်မလေးတွေနဲ့ပွေတယ်ဆိုပဲ။ အင်း လုံးဝအမှိုက်ပါပဲ။”
ရှုယီက လက်ခုပ်တီးလေသည်။
“အင်း ဂုဏ်ယူပါတယ်။”
စတေးလ်ကပြူးကြည့်၍ “ကျွန်မက အဲ့လောက်တောင်သနားစရာကောင်းသွားပြီလား။ ကျွန်မကို နှစ်သိမ့်ပေးနေတာလား၊ လှောင်နေတာလား။”
“နိုး နိုး နိုး တကယ်ကိုချီးကျူးနေတာပါ။” ပြုံး၍ပြန်ပြောလေသည်။ “စတေးလ် ဝမ်းမနည်းခင်က ပြုံးပျော်ရွှင်နေတဲ့မျက်နှာလေးကို အမှတ်ရနေတာကိုက ဂုဏ်ယူစရာမဟုတ်ဘူးလား။ ပြီးတော့ နင့်ရဲ့ပြတ်သားတဲ့စိတ်ကိုလည်းသဘောကျတယ်။ အဲ့ကောင်က အဲ့လောက်ကောင်မလေးတွေအများကြီးကိုလှည့်စားခဲ့မှတော့ တော်တော်ပါးနပ်ပုံပဲ။ အခုတော့နင်ကသူ့နောက်ပါမသွားဘဲ အပျိုစင်မပျက်ထိန်းနိုင်တာကိုပဲ လေးစားစရာကောင်းနေပြီ။”
သူမမျက်နှာနီမြန်းသွား၍ “ကျွန်မကအပေါစားမိန်းကလေးမှမဟုတ်ဘဲ။”
“ကောင်းလိုက်တဲ့စကား။ ဒါပေမဲ့ စတေးလ်ရေ ဒီကောင်အကြောင်းသိမှတော့ ဘာလို့ကိုယ့်ကိုယ်ကိုယ်စိတ်ဆင်းရဲခံနေမှာလဲ။ လုံးဝမတန်ဘူး။”
“ကျွန်မဘာမှမစဉ်းစားတတ်အောင်ဖြစ်သွားမိတာပေါ့။”
“ဒီလိုဆိုအခုရော အေးဆေးဖြစ်သွားပြီလား။”
သူမသည် ရှုယီကိုကြည့်လိုက်သည်။ ထို့နောက် ပြတင်းပေါက်မှတစ်ဆင့် အပြင်တွင်သာနေသောလမင်းကို ငေးကြည့်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူမကျောပိုးအိတ်ထဲမှ သေတ္တာလေးတစ်လုံးကို ယူလိုက်လေသည်။
ထိုသေတ္တာလေးကိုဖွင့်လိုက်သော် သူမကိုယ်တိုင်ထွင်းထုခဲ့သော ပုံစံတူစန္ဒယားလှလှလေးကိုမြင်ရသည်။
သူမသည် ခဏမျှငေးကြည့်ပြီးသော် သက်ပြင်းတစ်ချက်ရှိုက်၍ လက်သီးဖြင့်ထိုးလိုက်လေသည်။
“ခွမ်း..”
၎င်းပုံစံငယ်စန္ဒယားလေးသည် အင်မတန်နူးညံ့ပျော့ပျောင်း၍ ကွဲလွယ်၏။ သူမလက်သီးမှာလည်း အဆင့်နိမ့်မှော်မီးသုံးထား၍ စန္ဒယားသည် အစိတ်စိတ်အမွှာမွှာကွဲသွားလေသည်။ ကျန်သောအစိတ်အပိုင်းများသည်လည်း မီးလောင်သွား၍ ပြာသာကျန်ခဲ့တော့သည်။
“ကဲ ဒီနေ့ကစပြီး အဲ့ဒီကောင်နဲ့လုံးဝမပတ်သက်တော့ဘူး။” ရင်ကိုကော့၍ မာန်ပါပါပြောလိုက်ရာ ရွှေရောင်ဆံပင်လှလှလေးသည် လေထဲလွင့်ပျံ့သွား၏။
ချက်ချင်းပင် မူလပင်ကိုယ်ပုံစံအတိုင်း တက်ကြွလှပသောမိန်းကလေးအသွင်သို့ ပြောင်းသွားလေသည်။
ရှုယီတစ်ယောက် သဘောမကျဘဲမနေနိုင်။ သူမသည် စိတ်ဓါတ်ခိုင်မာသောကောင်မလေးဖြစ်၍ အလွယ်တကူဖြေဆည်နိုင်သည်။
သို့သော် “နတ်ဘုရား” ဟုခေါ်သော ထိုကောင်လေးအပေါ်တွင်ထားရှိသည့်ခံစားချက်ကို ပေါ့ပျက်ပျက်ဟုဆိုလိုခြင်းမဟုတ်ပေ။
မိန်းကလေးတိုင်း ထိုသို့သောခံစားချက်မျိုး တစ်ကြိမ်မဟုတ်တစ်ကြိမ်တွေ့ကြရပေလိမ့်မည်။ သူမအတွက်တော့ ရင့်ကျက်အောင်ပြောင်းလဲပေးသည့်အတွက် ကောင်းသောအတွေ့အကြုံဟုပြောနိုင်သည်။
“ရှုယီ ကျွန်မဒီညမပြန်ချင်တော့ဘူး။”
ရှုယီက အတွေးရေယာဥ်မျောနေစဉ် သူမစကားကြောင့် ပြတ်သွားလေပြီ။
“ဟမ် မပြန်တော့ဘူး ဟုတ်လား။ ဒီမှာညအိပ်မှာတော့မဟုတ်ဘူးမို့လား။” မျက်လုံးပြူးမျက်ဆံပြူးဖြင့် မယုံကြည်နိုင်စွာမေးလိုက်သည်။ “နောက်နေတာလား။ ငါကတစ်ယောက်တည်းနေတဲ့လူလေ။ ကောင်မလေးတစ်ယောက်လာအိပ်တာကို ပတ်ဝန်းကျင်က အတင်းပြောမှာမကြောက်ဘူးလား။ မှော်ပညာရှင်ကြီးကမ်မီလာသာသိရင် သူ့ရဲ့မှော်အစွမ်းနဲ့ငါ့ကိုကန်မပစ်ရင်ကံကောင်း။”
“ကျွန်မကတော့မကြောက်ပါဘူး။ ရှင်ကဘာကိုစိုးရိမ်နေတာလဲ။ ရှင်ကျွန်မကိုကလေးလို့အမြဲပြောခဲ့တာမို့လား။ အဲ့ဒီတော့ ကျွန်မလိုကလေးတစ်ယောက်က ရှင့်ကိုဦးလေးလိုသဘောထားပြီးအိပ်တာ ဘာများဖြစ်မှာမို့လို့လဲ။ ပြီးတော့ဒီမှာ ဗီဗီယန်ဆိုတဲ့ကောင်မလေးတောင်ရှိတယ်မို့လား။ ရှင်ကလူပျိုဖြစ်နိုင်ပါဦးမလား။ အနားယူတော့။ ကျွန်မက ဗီဗီယန်နဲ့ပဲသွားအိပ်တော့မယ်။ ရှင့်ကိုမနှောင့်ယှက်တော့ပါဘူး သွားပြီနော် ဦးလေး။” ထိုသို့ပြောပြီးနောက် ရေချိုးခန်းထဲသို့ဝင်သွားလေသည်။ “ရေမချိုးရတာတောင်ရက်အတော်ကြာပြီ။ အရမ်းကိုညစ်ပတ်နေပြီ။ ဟေး ဦးလေး အဝတ်အစားငှားပါလားရှင်။ ကျွန်မအဝတ်အစားတွေက မလျော်ရတာတောင်ကြာပြီ။”
သူ့ရေချိုးခန်းထဲသို့ မကြောက်မရွံ့ဝင်သွားသောသူမကို ငေးကြောင်ကြည့်နေရုံမှတစ်ပါး ဘာမျှမတတ်နိုင်ပေ။ ထို့နောက် ဘေးဘက်ကိုဝှေ့ကြည့်လိုက်သော် အိပ်ခန်းတံခါးကိုအသာဖွင့်၍ချောင်းကြည့်နေသော ဗီဗီယန်ကိုတွေ့ရလေသည်။
“ဟေး ဒီကိုလာစမ်းပါဦး။ သွားပြီးသူ့ကိုဂရုစိုက်ပေးလိုက်ပါဦး။ ပြီးတော့ အရင်ကငါဝယ်ပေးထားတဲ့ထဲက မဝတ်သေးတာများရှိရင် ပေးလိုက်။ နောက်မှပြန်ဝယ်ပေးမယ်။”
ဗီဗီယန်က အဝတ်အစားယူရန် အခန်းထဲပြန်သွား၏။
မကြာမှီတွင် ရေသံကြားရ၍ သီချင်းဆိုသံလည်းကြားရလေသည်။
ရှုယီသည် ခေါင်းကိုသာတွင်တွင်ခါနေတော့သည်။
“ဒီကလေးမက အသည်းကွဲနေလို့သာပဲ ဘယ်လိုမှန်းကိုမသိဘူး။ ဟင်း ငါ့ကိုတောင်ဦးလေးတဲ့။ အခုမှနှစ်ဆယ့်ခုနှစ်ပဲရှိသေးတာကို။ ဟေး ဗီဗီယန် ငါ့ပုံစံကဦးလေးနဲ့တူနေလား။”
သနားစရာ ဗီဗီယန်သည် ဘာမျှနားမလည်ဘဲ ကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်ရမလား ခေါင်းခါရမလားမသိဖြစ်နေလေသည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၉ ။ လူ့အရင်းအမြစ်မလုံလောက်ခြင်း
ခရီးရှည်ကြောင့်သော်လည်းကောင်း မနေ့ညက စတေးလ် ကိစ္စကြောင့် အိပ်မပျော်ခဲ့၍ နောက်နေ့တွင် အိပ်ရာထနောက်ကျသွားသည်။
မျက်လုံးဖွင့်သော် နေတော်တော်မြင့်နေလေပြီ။ နေ့လယ်ရောက်နေပြီလားမသိ။
“ဆရာ နိုးပြီလား။” ဗီဗီယန် အသံက လွင့်ပျံ့လာသည်။ “နေ့လယ်ရောက်တော့မယ်ဆိုတော့ ဘာများသုံးဆောင်မလဲ။”
သူလည်းထ၍ ဘေးဘီကြည့်လိုက်ရာ စတေးလ်၏အရိပ်အယောင်ပင်မတွေ့ရပေ။
“အမကြီးစတေးလ်ကပြန်သွားပါပြီ။ သူကပြောသွားပါတယ် မှော်တာဝါကိုရောက်ရင်သူ့ကိုလာတွေ့ပါတဲ့ရှင့်။ တစ်ခုခုဆွေးနွေးချင်တယ်ဆိုလား။”
“အိုး ဟုတ်လား။ ဘာလို့များမနေ့ညကမပြောပါလိမ့်။ ဘာမှလုပ်မနေနဲ့ အပြင်ထွက်ပြီးစားလိုက်ရအောင်။”
“ကျွန်မမစားတော့ပါဘူး။ ဆရာသွားစားလိုက်ပါ။အိမ်မှာပဲရှိတာနဲ့စားလိုက်တော့မယ်။”
“ကဲ မပြောတော့နဲ့။ ဒါအမိန့်ပဲ။”
ထိုသို့ခပ်တင်းတင်းပြောလိုက်သည်။ သူမသည် အစေခံအဖြစ် သူ့ဆီမှာအလုပ်လုပ်တာကြာပြီဖြစ်၍ အရမ်းနှိမ့်ချလေသည်။ အတော်လေးကြိုးစားပြောင်းလဲရပေလိမ့်မည်။
“ဟုတ်ကဲ့ပါ။” ထိုသို့ခပ်မာမာပြောမှနာခံလေသည်။
ထို့နောက် အပြင်ထွက်လာပြီး စားသောက်ဆိုင်မသွားခင်တွင် အဝတ်အစားဝယ်ပေးရန် စတိုးဆိုင်သို့အရင်သွား၏။
တစ်ချိန်လုံး သူ့စိတ်ထဲစဉ်းစားနေကာ ခေါင်းထဲရှုပ်ထွေးနေသည်။
အရေးအကြီးဆုံးသည် မှော်ပန်ကာ ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရေးဖြစ်သည်။ ပိုက်ဆံမရှိလျှင် သူဘာမျှလုပ်နိုင်မည်မဟုတ်ပေ။
ရောင်းအားကောင်းနေသော်လည်း နောက်ပိုင်းတွင် နယ်မြေမချဲ့ထွင်နိုင်လျှင် လိုအပ်ချက်မရှိဘဲ ရပ်သွားနိုင်သည်။
ထို့ကြောင့် နည်းလမ်းနှစ်ခုဆွဲလေသည်။ တစ်ခုသည် မှော်ပန်ကာကိုမြှင့်တင်ရန်ဖြစ်၍ အသစ်တွေထုတ်လုပ်နိုင်ရေးဖြစ်သည်။
အမြန်နှုန်းပြောင်းလဲနိုင်မည့်မှော်ပန်ကာကို ထုတ်လုပ်ဖြန့်ချိသော် ရောင်းအားတက်လာမည်ဟု ယုံကြည်လေသည်။ အကြောင်းမှာ လူ့သဘာဝသည် အသစ်အဆန်းမှကြိုက်ကြသည်။
ဒုတိယအချက်သည် စျေးကွက်အမြဲမြှင့်တင်ထားရန်ဖြစ်သည်။
ခမာမြို့အပြင် အနီးအနားရှိအခြားမြို့များမှ ကုန်သည်များလည်း ဖောက်သည်ယူကြလေသည်။
သူတို့သိရသလောက် ထိုမြို့ကိုရောက်သည်နဲ့တန်းကုန်သည်ဟုသိရသည်။ ပထမယူသွားစဉ်ကပင် ရောင်းမလောက်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ဒုတိယအကြိမ်ပြန်လာသော် ပမာဏအများကြီးမှာသွားလေသည်။
သို့သော် လောလောဆယ်တွင် ထုတ်လုပ်မှုကိုမမြှင့်တင်နိုင်သေး၍ အော်ဒါငါးရာသာ လက်ခံနိုင်သေးသည်။
ဟိန့်ဇ်သည် အင်မတန်စိတ်ပျက်သွားသည်။ သူသာစောစောကသိခဲ့လျှင် စွန့်စား၍ စက်ရုံအကြီးကြီးဆောက်ကာ ထုတ်လုပ်မှုကိုမြှင့်တင်လိမ့်မည်။
ရှုယီ ကား စိတ်မပူပေ။ သူသည် ဒုတိယထုတ်လုပ်မည့် အမြန်နှုန်းပြောင်းလဲနိုင်မည့်မှော်ပန်ကာပေါ်တွင်သာ အာရုံစိုက်ထားလေသည်။
အားလုံးအဆင်ပြေချောမွေ့၍ ထုတ်လုပ်မှုသာအောင်မြင်ခဲ့လျှင် အဆများစွာတက်လာပေမည်။ အချိန်ကျလာသော် တစ်သောင်းကိုအသာထား၍ နှစ်သောင်း၊သုံးသောင်း၊လေးသောင်း ကြိုက်သလောက်ထုတ်လုပ်နိုင်လေသည်။
ထိုသို့မဖြစ်ခင် ပြင်ဆင်ရမည့်အရာများမှာ များ၏။
ရှုယီ အလေးထားနေသည်မှာလည်း ထိုအရာဖြစ်လေသည်။ မာစတာလန့်စ် သည် မှော်အရစ်ဖော်စက်နှင့် မှော်မူလီခေါင်းဖော်စက်တို့ကို တည်ဆောက်နေ၍ ဝက်အူလှည့်ထုတ်လုပ်မှုနှင့် အမြန်နှုန်းပြောင်းလဲနိုင်မည့်မှော်ပန်ကာထုတ်လုပ်မှုတို့ကို ခွင့်ပြုထားသော်လည်း မလုံလောက်သေးပေ။
ပထမထုတ်လုပ်မှုကို မြှင့်တင်ရန်အလို့ငှာ အစိတ်အပိုင်းတိုင်းကို အဆင့်မီအောင်လုပ်ရန်လိုလေသည်။ သို့သော် လူအင်အားမလုံလောက်၍မလွယ်ကူပေ။
မာစတာလန့်စ်လောက် သူ့မျိုးနွယ်စုများက စွမ်းဆောင်နိုင်သော်လည်း သူ့လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သေးပေ။
လိုအပ်ချက်ကိုရဖို့ အရေးကြီးဆုံးသည် ဖိုထိုးစက်ဖြစ်သည်။ လက်လုပ်ဖိုထိုးပေါ်တွင်မှီခိုနေလျှင် သုံးဆယ်ထက်ပို၍ထုတ်လုပ်နိုင်မည်မဟုတ်ပေ။
မြို့ထဲမှရှိရှိသမျှပန်းပဲဖိုအားလုံးတွင် ခိုင်းထားလေသည်။
ပန်းပဲဆရာတို့ အလုပ်ရ၍ကျေနပ်စေသော်လည်း ရေရှည်တွင်အဆင်မပြေနိုင်ပေ။
ဤသို့လုပ်သော်လည်း မှော်ပန်ကာ အဖုံးထုတ်လုပ်မှုသည် စက်ရုံကထုတ်လုပ်မှုကို အမှီလိုက်နိုင်ရုံသာဖြစ်သည်။ ထို့ထက်မြှင့်တင်ရန်မှာ မဖြစ်နိုင်တော့ပေ။
ရှုယီသည် ပန်းပဲဆရာတို့၏လက်လုပ်များကို သဘောမကျပေ။ သူတို့လုပ်သောကာဗာများသည် မတူညီကြပေ။ တင်းကြပ်သောစက်ရုံစည်းမျဉ်းနှင့်တိုင်းတာသော် ချို့ယွင်းချက်များရှိလေသည်။
ထို အမြန်နှုန်းပြောင်းလဲနိုင်မည့်မှော်ပန်ကာတွေကိုသာ အမြောက်အမြားထုတ်လုပ်မှုစံနှုန်းနှင့်တိုင်းတာလျှင် ထိုကာဗာတို့ကိုသုံး၍ရမည်မဟုတ်ပေ။
“နောက်ဆုံးတော့လည်း လိုအပ်ချက်ကအများကြီးရှိနေသေးတာပဲ။” သက်ပြင်းချမိလေသည်။
“လူပုလေးတွေရောက်လာမယ်ဆိုရင် ပိုပြီးတိုးတက်လာမယ်ထင်တယ်။”
ထို့နောက် သူသည် စာအုပ်ကိုထုတ်၍ အစီအစဉ်ဆွဲကြည့်လေသည်။
လူပုမျိုးနွယ်စုခေါင်းဆောင်နှင့်သဘောတူညီချက်အရ ကျွမ်းကျင်လုပ်သားတစ်ရာ ရောက်လာဖို့ရှိလေသည်။
သူတို့ကိုကာကွယ်စောင့်ရှောက်ထားရန် စက်ရုံနားတွင် နေစရာအဆောက်အဦးဆောက်ရပေလိမ့်မည်။ နောက်ထပ်အလုပ်ရုံနှစ်ခုလည်း လိုပေသေးသည်။
တစ်ခုမှာ လူပုလေးများအလုပ်လုပ်ရာသံထည်စက်ရုံဖြစ်၍ နောက်တစ်ခုမှာ အမြန်နှုန်းပြောင်းလဲနိုင်မည့်မှော်ပန်ကာ အတွက်သိုလှောင်ရုံဖြစ်လေသည်။
နွေရာသီတစ်လသာကျန်တော့၍ အချိန်လုံးဝမကျန်တော့ပေ။ ယခုမြန်မြန်ဆောက်မှရမည်ဖြစ်သည်။
သို့သော် နေစရာအား သူမဆောက်နိုင်ပေ။ ခေါင်းဆောင်ကြီး စီလူကာကို ကတိပေးခဲ့မှုအတွက် သူ့ရင်ဘတ်ကိုသာ တီးမိလေသည်။
သူတို့သည် ဖိုထိုးခြင်းတွင် အင်မတန်အရေးကြီးသည်ဟု သူ့နှလုံးထဲရှိလေသည်။ စိုင်စ်နယ်မြေတစ်ခုလုံး၏ စက်ရုံလုပ်ငန်းသည် သူတို့လက်ထဲတွင်ရှိသည်ဟု ပြောကလွန်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့ကိုကောင်းကောင်းမထားက သင့်တော်မည်မဟုတ်။
“လုပ်စရာတွေကများသား။ လူလည်းမလုံလောက်ဘူး။ အင်း....တခြားမကြည့်နဲ့။ အလုပ်ရုံနဲ့နေစရာအဆောက်အဦးဆောက်ဖို့တောင် လူကအများကြီးလိုနေပြီ။ ဟိန့်ဇ် တစ်ယောက်ဘယ်လိုများလုပ်မလဲသိချင်ပါဘိ။”
ထိုသို့တွေးနေစဉ် ခေါင်းမဖော်တမ်းစားနေသော ဗီဗီယန်ကို ကြည့်၍ပြုံးလိုက်သည်။
“အင်း သိပြီ။”
……
“ငါ့ဆီကအစေခံဝယ်ချင်လို့ဟုတ်လား။” ဗစ်ကောင့်ထ်လက်စ်လိုင်းက သူ့ကိုအံ့သြစွာစိုက်ကြည့်လိုက်သည်။ ထိုသို့တောင်းဆိုလိမ့်မည်ဟုတစ်ခါမျှမတွေးတောခဲ့။
“ဘာကြောင့်ဝယ်ချင်တာလဲ ပြောစမ်းပါဦး။”
“ဘာလို့ဆိုလူအင်အားလိုနေလို့ပါ။ ထုတ်လုပ်မှုကိုမြှင့်တင်နေလို့ အလုပ်သမားတွေလိုအပ်နေတယ်။ အဲ့လောက်အများကြီးလည်းငှားလို့မရဘူး။ ဒါ့ကြောင့်အရှင့်ကိုခေါင်းထဲပေါ်လာတာပဲ။”
“အင်း မင်းလေသံနားထောင်ရတာ လူဦးရေကနည်းမှာမဟုတ်ဘူး။ ပြောပါဦး လူဘယ်လောက်များလိုအပ်နေတာလဲ။”
လက်တစ်ချောင်းထောင်၍ “အခုတော့တစ်ရာပေါ့။”
“တစ်ရာဟုတ်လား။ သူတို့ကိုဝက်များအောက်မေ့နေလား။ မင်းကတစ်ရာလို့ပြောတိုင်း တစ်ရာရမယ်ထင်နေတာလား။ ငါ့ဆီမှာကသုံးရာပဲရှိတယ်။ မင်းကိုတစ်ရာပေးရင် ငါဘယ်လိုရှေ့ဆက်ရတော့မှာလဲ။ အဲ့ဒီတစ်ရာကိုအစားထိုးဖို့ဘယ်သွားဝယ်ရတော့မှာလဲ။ ငါ့နာမည်နဲ့မြေရိုင်းတွေအများကြီးရှိတယ်။ ငါ့မှာသာလူအင်အားလုံလောက်ရင် အဲ့ဒီမြေဟာ ဟင်းလင်းပြင်ဖြစ်ပါ့မလား။ မင်းအတွက်လည်းမြေကွက်ရှိတော့မှာမဟုတ်ဘူး။”
ရှုယီကလည်းပြုံး၍ပင် “ဒီလိုဆိုပြောရဦးမယ် အရှင်ကထွန်ယက်ဖို့ပဲလူလိုတာမဟုတ်လား။”
“မဟုတ်ရင်အဲ့လူတွေကိုဘာအတွက်သုံးရမှာလဲ။ ကျွန်ပဲဥစ္စာ။” ရှုယီ နောက်ကိုတစ်ချိန်လုံးလိုက်နေသော အစေခံ ဗီဗီယန်ကိုမကြည့်မိဘဲ စကားကိုခပ်ကြမ်းကြမ်းပြောလိုက်လေသည်။ “ဟုတ်သား ဒီအစေခံကိုငါ့ခွင့်ပြုချက်မပါဘဲ ဘရူနိုင်းဆီကလုယူထားတာမဟုတ်လား။ အင်း သူ့ဆီကချိုသာမှုတွေခံစားမိတော့ နောက်ထပ်အစေခံတွေဝယ်ချင်လာတယ်ပေါ့။”
ဗစ်ကောင့်ထ်လက်စ်လိုင်းကပြောလိုက်ရာ ဗီဗီယန်သည် ကြောက်ရွံ့စွာဖြင့်ခေါင်းငုံ့သွားလေသည်။
သူမမျက်လုံးထဲတွင် အရင်သခင်ဟောင်း ဗစ်ကောင့်ထ်လက်စ်လိုင်းသည် ပိုမြင့်မြတ်၍ကြည့်ပင်မကြည့်ရဲပေ။
ရှုယီကမျက်မှောင်ကြုတ်၍ “အရှင် ဗစ်ကောင့်ထ် ကျွန်တော် သူမကိုမခိုးပါဘူး။ အိမ်တော်ထိန်းဘရူနိုင်းနဲ့ဆွေးနွေးခဲ့ပါတယ်။ နှစ်ဦးသဘောတူပြီးဝယ်ခဲ့တာပါ။ အရှင်ကိုယ်တိုင်လက်မှတ်ထိုးခဲ့တာပါ။ နောက်ပြီးအခုသူမကိုကျွန်တော်ပိုင်သွားပြီဆိုတော့ စကားပြောတာဆင်ခြင်ပေးပါ။”
သူ့သခင်နှစ်ယောက်အငြင်းပွားနေသည်ကိုကြည့်၍ ဗီဗီယန် ကြောက်ရွံ့တုန်လှုပ်နေသည်။ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရှုယီ ၏အင်္ကျီစကိုလာဆွဲလေသည်။
ဗစ်ကောင့်ထ်လက်စ်လိုင်းသည် အနည်းငယ်အံ့သြသွားသည်။ သူသည်စိတ်မဆိုးသည့်အပြင် သူတို့နှစ်ယောက်ကိုကြည့်၍ပြုံးပင်ပြုံးလိုက်သေးသည်။
“မင်းကအရမ်းထူးခြားတဲ့လူပဲ။ အစေခံတစ်ယောက်အတွက်နဲ့ ငါ့ကိုတောင်ရင်ဆိုင်ရဲတယ်။ ဒီကလေးမကိုမင်းပိုင်တယ်လို့ပြောခဲ့တယ်နော်။ ဒါပေမဲ့ ဒီကလေးမက အပျိုစင်ပဲမဟုတ်လား။ ဒီလောက်အချိန်တွေကြာတာတောင်အပျိုစင်ပဲရှိသေးတယ်ဆိုတော့ မင်းကခန့်မှန်းရခက်တဲ့သူတော်စင်ကြီးလား။”
ဗစ်ကောင့်ထ်လက်စ်လိုင်းသည် မမျှော်လင့်ဘဲ အပျိုစင်ဟူသောစကားကိုသုံးလိုက်၍ နှစ်ယောက်စလုံးရှက်သွားကြလေသည်။
“အင်း...အရှင် ဗစ်ကောင့်ထ် ကျွန်တော်ပြောချင်တာအဲ့ဒါမဟုတ်ပါဘူး ..အင်း...ထားလိုက်ပါ ဒီကိစ္စကဘာမှမဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာကတော့ အရှင်ဗစ်ကောင့်ထ်က ကျွန်တွေအပေါ်မှာအထင်သေးလွန်းနေတယ်။ သူတို့ကကျွန်ဆိုပေမဲ့ လက်တွေ ခြေတွေ ခေါင်းတွေကောင်းနေသ၍တော့ သူတို့လည်း လူ့စွမ်းအားအရင်းအမြစ်ပဲ။ သူတို့ကိုကောင်းကောင်းအသုံးမချတတ်တာပဲရှိတယ်။ အရှင်မကြားချင်တာပြောရတော့မယ်။ ဒီကျွန်သုံးရာကအရှင့်လက်ထဲမှာရှိနေတာထက် ကျွန်တော့်လက်ထဲမှာရှိတာကမှ ပိုတန်ဖိုးရှိဦးမယ်။”
ဗစ်ကောင့်ထ်လက်စ်လိုင်းလည်းအရမ်းဒေါသထွက်သွားသည်။
“အင်း ကောင်းသားပဲ။ ဒီလိုဆိုငါလည်းမေးဦးမယ်။ မင်းကိုပေးလိုက်ရင် သူတို့ရဲ့တန်ဖိုးကိုဘယ်လိုပြမလဲ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၃၀ ။ စက်ရုံမန်နေဂျာနှင့်ဒုမန်နေဂျာ
ဟိန့်ဇ်သည် ရှုယီနောက်ကလူအုပ်ကြီးကိုကြည့်၍ အံ့သြထိတ်လန့်သွားသည်။
အားလုံးကစုတ်ပြတ်သတ်နေ၍ မြို့ထဲကသူတောင်းစားအားလုံးကများ သူ့ကိုဝန်းရံထားလေသလားဟုထင်ရသည်။
အနီးကပ်လာမှ သေချာကြည့်သော် ထိုစုတ်ပြတ်နေသောလူအုပ်ကြားမှ အဝတ်အစားသန့်သန့်ပြန့်ပြန့်ဖြင့် ဥပဓိရုပ်ကောင်းသောအဖိုးအိုကို တွေ့ရလေသည်။
“အိမ်တော်ထိန်း ဘရူနိုင်း ပါလား။ ဒီကိုလာတာဘာကိစ္စများလဲ။” ဟိန့်ဇ်ကအံ့သြစွာမေးလိုက်သည်။
ထိုလူကခေါင်းငြိမ့်ပြ၍ ပြန်မဖြေပေ။ ရှုယီဘက်လှည့်၍ “ဥက္ကဌရှု ကျွန်တော်လူတွေပို့ပြီးပြီနော်။ ကဲ ဒီအယောက်တစ်ရာကို ခင်ဗျားဆီမှာထားခဲ့ပြီ၊ ကြိုက်ရာသာလုပ်ပေတော့။ ဒါပေမဲ့ အရှင်ဗစ်ကောင့်ထ် ပြောတာတော့ ဒီကျွန်တွေကိုခဏငှားတာဖြစ်ပြီး ရောင်းတာမဟုတ်ဘူးတဲ့။ ကတိအတိုင်းတည်လိမ့််မယ်လို့မျှော်လင့်ပါတယ်။ မဟုတ်ရင် အရှင်ဗစ်ကောင့်ထ်က ဒီကျွန်တွေကို အချိန်မရွေးပြန်ယူလိမ့်မယ်။”
ရှုယီကပြုံး၍ “ကောင်းပြီလေ။ အခုလိုကိုယ်တိုင်ပို့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”
အိမ်တော်ထိန်းဘရူနိုင်းသည် အမှာစကားနည်းနည်းပြောရန် ထိုလူတွေဘက်သို့ လှည့်လိုက်လေသည်။
“ကဲ ကျွန်တော့်တာဝန်တော့ကျေပြီ။ ရှုယီရေ ဒီလူတွေကို ခင်ဗျားကိုဘာကြောင့်ပေးလဲဆိုတာ အရှင်ဗစ်ကောင့်ထ်ကမပြောပေမဲ့ သူ့ရဲ့အစေခံတစ်ယောက်အနေနဲ့ ကျွန်တော်ပြောခဲ့မယ်။ ဒီကျွန်တွေက အရှင့်အတွက် အင်မတန်အရေးပါတာ။ အခုလိုပေးတယ်ဆိုတာ အင်မတန်ယုံကြည်ကိုးစားလို့ပါပဲ။ အဲ့ဒီတော့ အရှင်ဗစ်ကောင့်ထ်ကို စိတ်မပျက်စေရဘူးလို့မျှော်လင့်ပါတယ်။”
“စိတ်ချပါ သူလည်းငါ့ကိုမယုံရင် ပေးမှာမဟုတ်ပါဘူး။”
ထို့နောက် သူလည်းခေါင်းငြိမ့်၍လှည့်ထွက်သွားလေတော့သည်။
အိမ်တော်ထိန်းဘရူနိုင်းတစ်ယောက်မြင်းလှည်းပေါ်တက်၍ထွက်သွားသော် ဟိန့်ဇ်က သိချင်ဇောဖြင့် “ဟေး ရှုယီ ဘာတွေများဖြစ်နေတာလဲ။ ဒီလူတွေအားလုံးကျွန်တွေလား။ အကုန်လုံးအရှင်ဗစ်ကောင့်ထ်ရဲ့ကျွန်တွေလား။ ဘာလို့များအကုန်ပေးလိုက်တာလဲ။ သူနဲ့ဘယ်လိုအပေးအယူလုပ်ခဲ့တာလဲ။”
“အင်း နောက်မှပြောကြတာပေါ့။ ဒါနဲ့ငါဆောက်ခိုင်းထားတဲ့အိမ်တွေရော၊ အရင်ဆုံးသူတို့ကိုနေရာချလိုက်ရအောင်။”
ဟိန့်ဇ်လည်းဘာမှမပြောတော့ဘဲ အလုပ်ရုံဘက်လှည့်၍အော်လိုက်သော် သူ့တူ အဲလက်စ် ပြေးထွက်လာလေသည်။
ဦးလေးဆီကအမှာစကားနားထောင်ပြီးနောက် အဲလက်စ်သည် ကျွန်တွေအားလုံးကို လက်ပြ၍ခေါ်သွားသည်။
“မင်းတူကိုကူညီခိုင်းတယ်ပေါ့။” ရှုယီက အံ့သြစွာဖြင့်မေးသည်။
“ဟေး ဒီမှာအလုပ်ရှုပ်နေတာလေ။ ဒီတော့ သူ့ကိုခိုင်းရတော့တာပေါ့။ ဒီကလေးကမတော်ပေမဲ့ အလုပ်လုပ်တာတော့စိတ်ချရပါတယ်။ သူ့ကိုပဲခိုင်းနေရလို့ငါအဲ့လောက်သက်သာတာပေါ့။”
ရှုယီကသူ့ပုခုံးကိုပုတ်၍ “အင်း ငါ့အမှားပါ၊ မင်းဆီအားလုံးပုံအပ်ထားတာကိုး။ အခုတော့အလုပ်တွေကပိုများလာပြီ။ အရင်ကမင်းအတွက်လက်ထောက်ရှာခဲ့သင့်တာ။ အခုလိုသူရှိနေတာလည်းကောင်းသွားတာပေါ့။ မင်းတူလည်းဖြစ်လို့စိတ်ချရတာပေါ့။”
“အင်း ငါလည်းဒီလိုပဲထင်ပါတယ်။ ဒါပေမဲ့ မင်းမှာသင့်တော်တဲ့တစ်ခြားတစ်ယောက်ရှိခဲ့ရင် သူ့ကိုသိုလှောင်ရုံဆီပြန်ပို့လိုက်မယ်။”
“မလိုပါဘူး ထားလိုက်ပါ။ ဒီမှာရောက်ပြီးသားကို။ ဒါနဲ့အလုပ်ခွဲလိုက်ရအောင်။ အခုကစပြီးမင်းကမန်နေဂျာဖြစ်သွားပြီ။ လစာကိုတော့ ရွှေဒင်္ဂါးသုံးဆယ်သတ်မှတ်ပေးမယ်။”
“အိုး... ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါကရှယ်ယာဝင်ထားတယ်လေ ဒီတော့ဒါတွေလုပ်ရမှာငါ့တာဝန်ပေါ့။ လစာဘာလို့ယူရမှာလဲ။”
“ရှယ်ယာဝင်တာနဲ့ဒီမှာလုပ်နေတာကမဆိုင်ပါဘူး။ ဒီမှာလာပြီးအချိန်တွေခွန်အားတွေစိုက်ထုတ်လုပ်နေရတော့ ရွှေဒင်္ဂါးသုံးဆယ်ကနည်းတောင်နည်းပါသေးတယ်။ အခုတော့အစမို့ဒီလောက်ပေါ့။ နောက်ပိုင်းတိုးတက်လာရင်တော့ ပိုပေးမှာပါ။ ကဲ ဒီတိုင်းပဲလုပ်လိုက်စို့။”
“ဒါ...ဒါက...မဟုတ်သေးပါဘူး။” စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ငြင်းဆိုလေသည်။
“အဲလက်စ်ကတော့မင်းရဲ့လက်ထောက်ပေါ့။ သူ့လစာက....”
“နိုးနိုးနိုး.. သူကဒီလိုကူညီရတာကိုပဲဝမ်းသာနေတာ။ သူကဘယ်လိုယူဝံ့မှာလဲ။ သူ့ကိုထည့်မတွက်ပါနဲ့။”
ရှုယီကရယ်၍ “မင်းကသုံးဆယ်ရပြီး သူကဘာမရဘူးဆိုသူဘယ်လိုခံစားရမလဲ။ ကဲ သူ့ကိုဆယ်ပြားပေးလိုက်မယ်။ မပြောတော့နဲ့။ သူ့လုပ်ဆောင်မှုတိုးတက်လာရင် အချိန်မရွေးထပ်တိုးပေးမယ်။”
ဟိန့်ဇ်လည်းရယ်၍လက်ခံလိုက်ရတော့သည်။
ဟိန့်ဇ် မျက်နှာပေါ်ကအပြုံးတွေကိုတွေ့သော် သူပျော်သွားလေသည်။ ကိုယ့်တူကောင်းစားတာကိုသူလည်းပျော်မှာပါပဲ။
သူပြောသည့်အတိုင်းပင် အဲလက်စ်သည် သူ့တူဖြစ်၍စိတ်ချရလေသည်။
ထိုသို့လုပ်ခြင်းဖြင့် ဟိန့်ဇ်တစ်ယောက်ပို၍ရင်းနှီးချင်လာပြီး အလုပ်ကိုပိုတွင်ကျယ်အောင် ဂရုတစိုက်လုပ်လာပေလိမ့်မည်။
သူတို့လစာသည် ဘာမျှပြောပလောက်သည်မဟုတ်ပေ။
“အင်း ဒါနဲ့ ကျွန်တွေကိုဘာလုပ်ဖို့လဲမပြောရသေးဘူးနော်။”
“အိုး.. ဗစ်ကောင့်ထ်လက်စ်လိုင်းဆီကခဏငှားလိုက်တဲ့လူ့စွမ်းအားအရင်းအမြစ်ပေါ့။ ငါတို့ကထုတ်လုပ်မှုကိုမြှင့်တင်ဖို့လုပ်နေတော့ လူပိုလိုအပ်လာပြီလေ။ ဒီလူတွေက နာခံလွယ်ပြီး သုံးရတာလွယ်တယ်။ အင်း ဆောက်လုပ်ရေးလုပ်သားတွေခေါ်ပြီး အခန်းတွေဆောက်ခိုင်းရမယ်။ ငါသွားခေါ်ထားတဲ့လူပုလက်မှုပညာရှင်တွေ မကြာခင်ရောက်လာမှာလေ။ အဲ့ဒီတော့ သူတို့အတွက်နေရာလိုတယ်။”
“ကောင်းပြီ စိတ်ချပါ။ တခြားဘာများရှိသေးလဲ။”
“အင်း တခြားကိစ္စတော့လောလောဆယ်မရှိတော့ပါဘူး။ အရေးကြီးတာက ကျွန်တွေအားလုံးနဲ့လူပုလေးတွေအတွက် နေရာစီစဉ်ပေးဖို့ပါပဲ။ သူတို့ကို ကျွန်မို့လို့ လူပုလေးတွေမို့လို့ ခွဲခြားမဆက်ဆံနဲ့နော်။ ငါတို့ကုမ္ပဏီအတွက် သူတို့က အရေးကြီးလာလိမ့်မယ်။”
“အင်း သိပါတယ် အားလုံးကိုစီစဉ်လိုက်ပါ့မယ်။”
ရှုယီသည် လူအင်အားမလုံလောက်မှုကိုတွေးမိ၍ သက်ပြင်းချမိလေသည်။
ဟိန့်ဇ်သည် နာမည်အားဖြင့်သာမန်နေဂျာဖြစ်သော်လည်း သူကားကိစ္စအဝဝနှင့်ပစ္စည်းပို့ဆောင်ရေးအပိုင်းတွင် မန်နေဂျာလုပ်ရဦးမည်။ စက်ရုံနဲ့ပတ်သက်သမျှ ကိစ္စကြီးငယ်အားလုံး သူပဲဆောင်ရွက်ရပေလိမ့်မည်။
ကုမ္ပဏီသည် သေး၍ ထုတ်လုပ်မှုနည်းသေးသော်လည်း အဲလက်စ် အကူအညီကား တကယ်လိုအပ်နေသည်။ နောက်ပိုင်းတိုးတက်လာလျှင် လူအင်အားပိုလိုအပ်လာပေလိမ့်မည်။
သို့သော် စီမံခန့်ခွဲမှုစွမ်းရည်ရှိသူသည် သုတေသနလုပ်နိုင်စွမ်းရှိသောလူထက်ပိုရှားလေသည်။
ဟိန့်ဇ်နဲ့စကားပြောပြီးနောက် အလုပ်ရုံဆီသို့ လမ်းလျှောက်လာသည်။ မနက်ပိုင်းတွင် ကျောင်းသားများသည်အတန်းရှိသဖြင့် အလုပ်ရုံသည်တိတ်ဆိတ်နေသည်။
လူသူမရှိသောအလုပ်ရုံထဲသို့ကြည့်၍ လူအင်အားမရှိသည်ကိုတွေးမိကာ သက်ပြင်းချမိပြန်သည်။ ကျောင်းသားများအတွက် သင်ယူမှုသည်လည်း အင်မတန်အရေးကြီးသည်။ စာချုပ်ချုပ်ထားသော်လည်း သူတို့အနေဖြင့် အလုပ်နှင့်သင်ယူမှုကို ချိန်ဆကြပေလိမ့်မည်။
သို့သော် စက်ရုံတွင် အဆက်မပြတ်ထုတ်လုပ်နိုင်ရေးသည်လည်း အင်မတန်အရေးကြီးလေသည်။
ရှုယီသည် ကျောင်းသားအများအပြားကိုခေါ်လာခဲ့သော်လည်း သူတို့၏စိတ်ကို စိုင်စ်နယ်မြေ၏စနစ်ကလွှမ်းမိုးထားဆဲဖြစ်သည်။
သူတို့သည် ဒီနေရာတွင်လာပြီးအလုပ်လုပ်ရသည်ထက် မှော်ပညာရှင်ကြီးဖြစ်ချင်ကြသည်။ ထို့ကြောင့် ရှုယီ မျှော်လင့်သလောက်ကြာကြာနေကြမည်မဟုတ်ပေ။
“ဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းနှစ်ခုတော့ရှိတယ်။ ဒီတိုက်မှာက မှော်ပညာကအင်မတန်တိုးတက်နေတာဆိုတော့ မှော်ဆရာတွေကလည်းဒုနဲ့ဒေးပဲ။ ဒီတော့ အရမ်းအောင်မြင်တဲ့မှော်ဆရာဆိုတာရှားတယ်။ အင်း သူတို့ထမင်းမငတ်ဖို့တော့ အလုပ်လုပ်ရဦးမှာပဲ။ အဲ့ဒီတော့ဒီကိုတော့လာကြဦးမှာ။ တခြားနည်းကတော့...” အတွေးရေယာဉ်ကြောတွင်နစ်မျောနေသည်။
တခြားနည်းသည် မှော်အစီအရင်ကိုလျော့ချရန်ဖြစ်သည်။
မှော်ပန်ကာ၏လေမှော်အစီအရင်သည် ကျောင်းများတွင်ပင် ထုတ်လုပ်နိုင်သော အဆင့်နိမ့်ဖြစ်သော်လည်း နောက်ပိုင်းများများထုတ်လုပ်ရန်စီစဉ်ထားသည်။ ထိုအထဲမှ မှော်အစီအရင်တို့ကိုအဆင့်နိမ့်အဖြစ်မှပြုပြင်ပြောင်းလဲပစ်လိမ့်မည်။
အဆင့်မြှင့်တင်ရန် အစွမ်းရှိသောမှော်ဆရာလိုအပ်ပေသည်။
ထိုအဆင့်သို့ရောက်လျှင် ဤမျှစွမ်းဆောင်နိုင်သောမှော်ဆရာကိုရှာရန် ခက်ခဲပေလိမ့်မည်။
သူလုပ်ရမှာသည် ထိုစက်မှထုတ်လုပ်သောမှော်အစွမ်းကို လျော့ချရန်ဖြစ်သည်။
သို့သော် အင်မတန်ကြီးကျယ်၍ အချိန်နှင့်ခွန်အားအများကြီးလိုအပ်သည်။
မှော်ပန်ကာ တွင်သုံးသော လေအစီအရင်အရဆိုလျှင် ထိုအရာကို တိုးတက်ပြောင်းလဲပစ်ဖို့သည် အင်မတန်ခက်ခဲ၏။ နောက်ပိုင်းထုတ်လုပ်သမျှတွင် ထိုအခက်အခဲသည်ရှိလာနိုင်သည်။
သူတစ်ယောက်တည်း ဖြေရှင်း၍လည်းရမည်မဟုတ်ပေ။
ရောက်တတ်ရာရာလမ်းလျှောက်လျက် စဉ်းစားခန်းထုတ်နေလေသည်။
ကျောင်းသားများ မှော်အစီအရင် ဆွဲသောနေရာသို့ရောက်ရှိလာချိန် ရုတ်တစ်ရက် လေအေးတစ်ချက်တိုက်လာ၍ အံ့သြသွားလေသည်။
မော့ကြည့်လိုက်သော် နံရံပေါ်က မှော်လေအေးပေးစက်သည် အလုပ်လုပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
“ဒီမှာတစ်ယောက်မှမရှိဘဲ ပွင့်နေတာ။ အလဟဿမဖြစ်ဘူးလား။” ထိုသို့ပြော၍ ရုတ်တစ်ရက် သူဖွင့်ခိုင်းခဲ့သည်ကို သတိရသွားသည်။
“သူတို့တွေဘယ်လိုပြဿများရှာတွေ့မလဲမပြောတတ်ဘူး။ သူတို့တင်လာသမျှပြဿနာကိုတော့ ကမ်မီလာနဲ့သွားတွေ့ပြီးဆွေးနွေးရမှာပဲ။”