အခန်း (၃၁-၄၀)
Vol. 1 Ch. 31-40
အခန်း ၀၃၁ ။ ပြောရေးဆိုခွင့်ရှိသူ
မှော်ပညာရှင်ကြီးကမ်မီလာ၏ဖုန်အလိမ်းလိမ်းဖြစ်နေသောဓါတ်ခွဲခန်းထဲမှ ရှုယီ တစ်ယောက်ထွက်လာခဲ့သည်။
မှော်လေအေးပေးစက်ကိုမြင်ချိန် အဲ့ဒါနှင့်ပတ်သက်သည့်လေ့လာသမှုပြုနေစဉ် သူနှင့်တိုင်ပင်ခဲ့သည်များကို မြင်ယောင်လာသည်။ သူ့ကြောင့် ရေခဲမှော်အစီအရင်ကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း ကမ်မီလာကို သူ၏သုတေသနအကြံပေးသူအဖြစ် ဖိတ်ကြားချင်လေသည်။ သူ့အစွမ်းနှင့်ဆိုလျှင် ပြဿနာအားလုံးကို ဖြေရှင်းနိုင်ပေလိမ့်မည်။
ကမ်မီလာကလည်း လိုအပ်သည့်အကြံဉာဏ်ပေးရန်အတွက် သဘောတူခဲ့သည်။ သို့သော်ပိုက်ဆံပေးဖို့လုပ်သည်တွင် သူ့မျက်နှာကချက်ချင်းတင်းသွား၏။ စားပွဲကိုလက်ဝါးနဲ့ရိုက်၍ အခန်းထဲကထွက်သွားဖို့ပြောလိုက်သည်။
“ဒီအဖိုးကြီးကငွေနဲ့များရန်ဖြစ်ထားလို့လားဟ။” သိချင်စိတ်ဖြင့် ငြီးတွားလိုက်သည်။
ဆရာကြီး ကမ်မီလာသည် ပညာနှင့်ငွေ တွဲဖက်မစဉ်းစားတတ်သည်ကို သိသော်လည်း ဤမျှလောက်ထိဖြစ်သွားမည်ဟု ထင်မထားခဲ့ပေ။
“ဟေး ဦးလေး ဘာလို့ငေးငိုင်နေတာလဲ။ ဘာများဖြစ်လို့လဲ။ တစ်ယောက်ယောက်ကများအကြွေးမပေးလို့လား။” သူ့နောက်မှ အသံချိုချိုလေးပေါ်လာခဲ့သည်။
“ဘယ်သူမှငါ့ဆီမှာအကြွေးမတင်ပါဘူး။ ဒါနဲ့ငါ့အသက်ကနှစ်ဆယ့်ခုနှစ်ပဲရှိသေးတာ။ ဦးလေးလို့မခေါ်စမ်းပါနဲ့။” စတေးလ်ကိုကြည့်၍ပြောလိုက်သည်။
တစ်ညတည်းဖြင့် သူမ၏ဝမ်းနည်းမှုတို့သည် ယူပစ်သလိုပျောက်သွားလေပြီ။
နည်းနည်းတော့ပိန်သွားခဲ့သည်။
“ကျွန်မကိုကလေးလိုဆက်ဆံဖို့ ဘယ်သူကများပြောလိုက်လို့လဲ။” ထို့နောက် သူ့နောက်ကဓါတ်ခွဲခန်းကိုမြင်သော် “ဟင် အဖိုးကိုများစိတ်ဆိုးအောင်လုပ်ခဲ့သေးလား။”
သူ့အကြောင်းကိုရှင်းပြသော် သူမသည်ဝါးလုံးကွဲရယ်ချလိုက်သည်။
“ဟားဟား...ဟား..ကောင်းတယ် အဲ့ဒါမှမှတ်မှာ။ အဖိုးမကြိုက်တာသိရဲ့သားနဲ့ သွားပေးတာကို နည်းတောင်နည်းသေးတယ်။”
“အေး သူအဲ့လောက်မုန်းလိမ့်မယ်လို့ ငါလည်းဘယ်သိမလဲ။ စတေးလ်ရေ ဘာလို့များသူအဲ့လောက်မုန်းနေပါလိမ့်။ တခြားလူတွေဆို အဲ့လောက်ငြင်းမှာမဟုတ်ဘူး။”
“သိချင်လား။” ပြုံး၍မေးလိုက်သည်။ “နည်းနည်းလေးပေးလို့နေမှာပေါ့။”
ရှုယီကပုခုံးကိုတွန့်၍ ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး “ထမင်းစားဖို့လည်းအချိန်မရှိတော့ဘူး။ လက်ဖက်ရည်လေးသွားသောက်ကြမလား။”
မှော်တာဝါနားကဆိုင်လေးတွင် အအေးသောက်ရင်း သူမသည် ဖြစ်ကြောင်းကုန်စင်အားလုံးကို ပြောပြလေသည်။
ကမ်မီလာ၌ အစောပိုင်းကာလက တပည့်တပန်းအင်မတန်များ၏။ ထိုအထဲတွင် နှစ်ယောက်ကို အင်မတန်မျှော်လင့်ချက်ထားထားသည်။ သူတို့ကြိုးစားလျှင် ဆရာ့ထက်တပည့်ကပင်လက်စောင်းထက်နိုင်သည်ဟု ယုံကြည်လေသည်။
သို့သော် နောက်ဆုံးတွင် ထိုတပည့်နှစ်ယောက်သည် ငွေနောက်ပါသွားကြသည်။ ကုမ္ပဏီကြီးကလာငှားသော် ပါသွား၍ နောက်ပိုင်းကိုယ်ရံတော်ဖြစ်သွားကြ၏။ မှော်ပညာကို လှည့်ပင်မကြည့်ကြတော့ပေ။
သူတော်တော်ခံစားခဲ့ရရှာသည်။ ထိုကုမ္ပဏီ၏လုပ်ဆောင်မှုကိုလည်း ခါးခါးသီးသီးမုန်းသွားသည်။ ထိုအချိန်မှစ၍ လက်ရှိအခြေအနေသို့ ရောက်သွားရလေသည်။
“အဖိုးကရှင့်ရဲ့မှော်ပန်ကာကိုကြည့်ပြီး ရှင့်ကိုအရမ်းအထင်ကြီးသွားတာ။ နောက်ဆုံးတော့ ရှင်လည်း သူ့လက်အောက်မှာမသင်တော့ဘဲ ကိုယ်ပိုင်ကုမ္ပဏီထောင်တော့ သူတော်တော်စိတ်ပျက်သွားမှာပေါ့။ ပြောဦးမယ် အဖိုးကရှင့်ကိုသာအထင်မကြီးရင် ရှင့်ကို မှော်တာဝါ ထဲကရိုက်ထုတ်မှာသေချာတယ်။ သူဘာလို့ရှင့်ကိုအတွေ့ခံလဲ။ ဆွေးနွေးပေးတာလဲ။ အခုတော့ရှင်ကငွေစကားပြောတော့ သူဒေါသမထွက်ပဲနေမလား။ အဲ့ဒါကြောင့်ကျွန်မကပြောတာ နည်းတောင်နည်းသေးတယ်လို့။”
နောက်ဆုံးတွင် ရှုယီလည်းဘာမျှမပြောနိုင်ဘဲ တွေဝေသွားသည်။
“နာလိုက်တာ။ နင့်အဖိုးကိုငါတို့ကုမ္ပဏီရဲ့ သုတေသနဥက္ကဌအဖြစ်ဖိတ်ကြားပြီး ငါတို့ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာဖို့မျှော်လင့်ထားတာ။ နင်ပြောသလိုဆိုမျှော်လင့်ချက်မရှိတော့ဘူး။”
“စိတ်ကူးယဉ်နေတာလား။ ဥက္ကဌ ပြောရေးဆိုခွင့်ရှိသူ ကဘာတွေလဲ။ ကျွန်မတစ်ခါမှမကြားဖူးဘူး။”
“ဥက္ကဌသုတေသနအကြံပေးတဲ့လူဆိုတာ ငါတို့ထုတ်တဲ့မှော်စက်ထဲမှာပါတဲ့ မှော်အစီအရင်ကို သုတေသနလုပ်တဲ့အခါကူညီပေးဖို့ပေါ့။ နင့်အဖိုးက တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တော့ ဥက္ကဌဖြစ်ရမှာပေါ့။ အင်း ဥက္ကဌဆိုတာ နံပါတ်တစ် ထိပ်ဆုံးက နားလည်ပြီလား။”
“ပြောရေးဆိုခွင့်ရှိသူ အဲ့ဒါကတော့နည်းနည်းရှုပ်တယ်။” ရှုယီ ခဏစဉ်းစားလိုက်ပြီး “အဲ့လိုခေါ်တဲ့လူကတော့ ကုမ္ပဏီကိုယ်စားပြုပေါ့။ လူတွေကသူ့ကိုမြင်တာနဲ့ ဒီကထုတ်ကုန်တွေကို စဉ်းစားမိသွားလိမ့်မယ်။ ပြောရရင်အဲ့ဒီလူက လူရိုသေရှင်ရိုသေဖြစ်မှာပေါ့။ အဲ့ဒါမှသူ့ကိုမြင်တာနဲ့ပစ္စည်းကိုဝယ်ချင်လာမှာ။ အဲ့ဒါကိုအပြန်အလှန်ကြော်ညာခြင်းလို့ခေါ်တယ်။”
“ဒီလိုဆို သူတို့ကိုယ်စားပြုတဲ့ထုတ်ကုန်က မကောင်းရင်ရော သူတို့ဂုဏ်သိက္ခာကိုသွားထိခိုက်နိုင်တာပေါ့။” သူမကလည်း ချက်ချင်းမေးလေသည်။
“အင်း ဟုတ်တာပေါ့။ နှစ်ဦးနှစ်ဖက်ကြော်ငြာခြင်းလေ။ အဲ့ဒီတော့နှစ်ဖက်လုံးထိခိုက်တာပေါ့။ ထုတ်ကုန်မကောင်းမှ အဲ့ဒီလူထိခိုက်တာမဟုတ်ဘူး။ အဲ့ဒီလူမကောင်းတော့ရင်လည်း ကုန်ပစ္စည်းပါထိခိုက်နိုင်တယ်။ အဲ့ဒါကြောင့် ကုမ္ပဏီကရော တာဝန်ယူမဲ့လူရော သေချာစဉ်းစားဆုံးဖြတ်ကြတာပေါ့။”
“အင်း ရှင်ကျွန်မအဖိုးကို ရွေးတာသိပ်ကောင်းတာပဲ။ သူကမှော်ဆရာကြီးလေ။ တစ်တိုင်းပြည်လုံးမှာလည်းကျော်ကြားတယ်။ သူသာဒီကုန်ပစ္စည်းကို ကြော်ညာလိုက်မယ်ဆို အားလုံးကဘာပစ္စည်းများလဲဆိုပြီး စိတ်ဝင်စားလာကြမယ်။ ပြီးတော့ကျွန်မအဖိုးကအမြဲတည်ငြိမ်တဲ့လူ။ သူ့ပုံရိပ်က ဘယ်တော့မှကျဆင်းမှာမဟုတ်ဘူး။”
“အဲ့ဒါကြောင့်သူ့ကိုပြောရေးဆိုခွင့်ရှိသူခန့်ချင်တာပေါ့။ ဒါပေမဲ့ သူ့သဘောထားကိုကြည့်ရတာ ဖြစ်လာတော့မှာမဟုတ်ပါဘူး။”
“သူသဘောတူလိုက်မှ ထူးဆန်းမှာ။ ရှင်မှန်ပါတယ်။ တစ်ယောက်ယောက်ကိုပြောရေးဆိုခွင့်ရှိသူခန့်ရင် ပိုက်ဆံပေးရမယ်မဟုတ်လား။”
“ဟုတ်တာပေါ့ အလကားဘယ်လုပ်ခိုင်းလို့ဖြစ်မလဲ။”
“ဒီလိုဆို ဘယ်လောက်ပေးဖို့လုပ်ထားလဲပြောပြပါလား။”
“မသေချာသေးဘူး ပြောရေးဆိုခွင့်ရှိသူပေါ်မှာမူတည်တယ်။ နာမည်ကြီးလေလေ ဂုဏ်သိက္ခာရှိလေလေ ပိုပြီးပေးရလေပဲ။ သူကမှော်ဆရာကြီးဆိုတော့ တစ်နှစ်ကိုရွှေင်္ဒဂါးတစ်ထောင်ပေးချင်တာပေါ့။”
“တစ်ထောင်ဟုတ်လား။” သူမမျက်လုံးပြူးသွားသည်။ “များလှချေလား။ ကိုယ်စားပြုရုံလေးကိုလေ။”
“ဟုတ်တယ်လေ ဘာလို့လဲ။”
စတေးလ်ကနားမလည်နိုင်စွာငေးကြည့်နေပြီး “အင်း ရှင်အဲ့လောက်တောင်မရောင်းရသေးပဲနဲ့ ဘာနဲ့များသွားပေးမှာလဲ။ အဲ့လောက်အများကြီးရှင့်မှာရှိလို့လား။”
ရှုယီကပြုံး၍ “နင်နားမလည်ပါဘူး။ ဒါကိုကြော်ငြာရင်းနှီးမြှုပ်နှံမှုလို့ခေါ်တယ်။ အကုန်အကျများတဲ့ရင်းနှီးမြှုပ်နှံမှုပေါ့။ နင့်အဖိုးနာမည်ကြောင့် ယူလာပေးမဲ့ အကျိုးအမြတ်နဲ့စာရင် တစ်ထောင်ကမများပါဘူး။” ထိုသို့ပြော၍ “နင့်အဖိုးကငြင်းရင်သွားပါပြီ။ အင်း ပြောလည်းမထူးပါဘူး၊ ထားလိုက်ပါတော့။ ဒါနဲ့နေပါဦး နင်နဲ့သိတဲ့မှော်ပညာရှင်များမရှိဘူးလား။ ငါ့ကိုမိတ်ဆက်ပေးရင်ရော။”
စတေးလ်ကခဏစဉ်းစားလိုက်ပြီး ခေါင်းကိုခါ၍ “အဖိုးကြောင့်မို့ သိတာတွေကအများကြီးပဲ။ ဒါပေမဲ့ သေချာပြောနိုင်တာတော့ သူတို့က ရှင့်ကုမ္ပဏီပေါက်စလေးကို ဂရုစိုက်မှာမဟုတ်ဘူး။”
“အင်း ထင်တော့ထင်သား။” ခပ်မဲ့မဲ့ပြုံး၍ “ငါ့ကုမ္ပဏီကလည်း ဘာမှမဟုတ်သေးတော့ သူတို့ဂရုမစိုက်တာလည်းမထူးဆန်းပါဘူး။” ထို့နောက်ထိုကိစ္စကိုဘေးဖယ်ထားလိုက်ပြီး တစ်ခုခုပေါ်လာသည့်ပမာ “ဒါနဲ့ ဗီဗီယန် ပြောတာငါ့ကိုပြောစရာရှိတယ်ဆို၊ ဘာများလဲ။”
“အင်း ဟုတ်တယ်။ ဒါပေမဲ့ အခုကဘာမှမဟုတ်တော့ပါဘူး။ ကျွန်မအတွက် အလုပ်တစ်ခုခုများ ပေးနိုင်မလားလို့မေးမလို့ပါ။ အဖိုးနဲ့နေရတာငြီးငွေ့နေပြီ။ ပြီးတော့ရှင်ကလည်းအမြဲအလုပ်ရှုပ်နေတော့ ကျွန်မအတွက်များ လုပ်စရာလေးရှာပေးနိုင်မလားလို့။”
သူမကိုကြည့်လိုက်ရာ တကယ်အတည်ပြောနေမှန်းသိသာလေသည်။ သူမ၏နာကျင်မှုဝေဒနာကို အလုပ်နဲ့အစားထိုးမလို့လား။
“ကိစ္စမရှိပါဘူး လုပ်ချင်ရင်လုပ်ပေါ့။ ဒါနဲ့ နင့်အဖိုးကိုပြောရေးဆိုခွင့်ရှိသူလုပ်ခိုင်းတယ်ဆိုတာ မှော်ပညာသုတေသနဓါတ်ခွဲခန်းဆောက်ဖို့ရှိလို့။ မင်းစိတ်ဝင်စားရင် ဓါတ်ခွဲခန်းမှာငါ့ကိုလာကူလေ။”
“အင်း အရမ်းစိတ်ဝင်စားတာပေါ့။ ကျွန်မကတော့ ရှင်အဲ့လိုခေါ်မယ်ဆိုတာသိလို့ ကြိုတင်ပြင်ဆင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ရှင်စောစောကပြောတာတွေကြောင့် အဲ့ဒီအလုပ်ကိုပဲစိတ်ဝင်စားသွားပြီ။” စတေးလ်သည် မျက်မှောင်ကြုတ်၍ကြည့်ပြီး ရယ်မောလိုက်သည်။
“တခြားဘာအလုပ်လဲ။”
စတေးလ်သည် သွားလေးတွေပေါ်အောင်ပြုံးရယ်၍ ချိုသာစွာပြောလေသည်။ “ရှင့်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူခန့်လိုက်လေ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၃၂ ။ အဆင့်မြင့်စွမ်းအား
“သေချာကြည့် ဒီအစလေးကိုဒီကိုထား ပြီးတော့အပေါက်ထဲထည့်လိုက်။” ရှုယီသည် ဝက်အူလှည့်ကိုယူ၍ စက်ပေါ်တင်လိုက်သည်။ “နောက်တစ်ခုကိုအာရုံစိုက်ကြည့်။ အဲ့ဒါထည့်ပြီးရင် ဝေးဝေးသာနေ၊ လက်ကိုအဲ့ထဲမထည့်နဲ့။ ထည့်လိုက်ရင် စက်လည်တာနဲ့လက်ပြတ်သွားနိုင်တယ် နားလည်လား။”
သူ့ဘေးတွင် ဗစ်ကောင့်ထ်လက်စ်လိုင်း ပို့လိုက်သော အစေခံတစ်ရာလောက်က ဝိုင်းနေလေသည်။ သူတို့သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် အလေးအနက်နားထောင်နေသည်။
“ကောင်းပြီ နောက်ပြီးဒီခလုတ်ကိုနှိပ်လိုက်။”
အစိမ်းရောင်နှင့်အနီရောင်အချက်ပြမီးလင်းလာ၍ စက်၏ခေါင်းပိုင်းသည် ကျသွားလေသည်။
“ဒုန်း။”
ထိုရုတ်တစ်ရက်အသံကြောင့် အားလုံးကြောက်လန့်တကြားဖြင့် နောက်သို့ခုန်ဆုတ်မိသွားသည်။ တချို့လူတို့သည် တုန်လှုပ်ခြောက်ခြား၍ ထိုင်ပင်ထိုင်ချလိုက်သည်။
“မကြောက်ကြပါနဲ့။ ပေါက်ကွဲတာမဟုတ်ပါဘူး။ ကဲ ထကြည့်လိုက်ပါဦး။” အားလုံးကိုနှစ်သိမ့်လိုက်သည်။
ထို့နောက် အပေါက်ထဲမှ တစ်ဝက်တစ်ပျက်ဖြစ်နေသော ဝက်အူလှည့်ကို ကောက်ယူ၍ အားလုံးကိုမြှောက်ပြလိုက်သည်။
“မြင်ရဲ့လား။ တစ်ဖက်မှာကြက်ခြေခတ်အရစ်လေးရှိတယ်၊ ဆိုလိုတာကပြီးသွားပြီပေါ့။ အခုလုပ်ရမှာက ဒီကြက်ခြေခတ်အရစ်ကလေးက လိုချင်သလိုဟုတ်ရဲ့လားဆိုတာပဲ။” ထို့နောက် ကြက်ခြေခတ်ပုံစံရှိသောသံချောင်းလေးကိုယူ၍ ဝတ်အူလှည့်ထိပ်တွင် တပ်လိုက်လေသည်။ လုံးဝကွက်တိပင်။ “မြင်လား။ အဲ့လိုအံဝင်ခွင်ကျဖြစ်မှရမှာ၊ ပြီးပြီဆိုမှ နောက်တစ်ဆင့်သွားလို့ရမှာ။”
အားလုံးနားလည်သလိုဖြင့် ခေါင်းငြိမ့်ပြကြသည်။ တကယ်တော့နားမလည်ပေ။ အစေခံဘဝတွင်အနေကြာလာ၍ မှော်ဆိုသောအရာကိုသူတို့မရင်းနှီးချေ။ ဤမျှကြီးမားသောစက်ကို အသာထားလိုက်ပေဦးတော့။ သာမန်အချိန်မျိုးတွင် သူတို့ကို ထိခွင့်ပင်ပေးမည်မဟုတ်။
သို့သော် ဒီကိုရောက်ပြီးကတည်းက ရှုယီ၏ပြောကြားချက်ကြောင့် ဟိန့်ဇ်သည် တလေးတစားဆက်ဆံ၏။ ထို့ကြောင့် အားလုံးသည် သူတို့နှစ်ယောက်ကို ကျေးဇူးအထူးတင်ကြလေသည်။ ရှုယီသည် စက်ကိုထိန်းချုပ်ခိုင်းရန် သုံးယောက်ကိုခေါ်လိုက်သည်။ ကြောက်ကြောက်ရွံ့ရွံ့ဖြင့်ပင် ရှေ့တက်လာကြသည်။
တကယ်တော့ မူလီခေါင်းဖော်စက်ကို ထိန်းချုပ်ဖို့ရန်မှာ လွယ်ကူလှသည်။ သူ၏ညွှန်ကြားမှုအောက်တွင် အားလုံးသည် ကြောက်စိတ်ပျောက်၍ လျင်မြန်စွာတတ်လွယ်ကြသည်။
သူခေါ်လိုက်သောသုံးယောက်သည် တဖြည်းဖြည်းကျွမ်းကျင်လာသည်ကိုတွေ့သော် ကျေနပ်စွာခေါင်းငြိမ့်ပြလေသည်။ သူတို့ကိုထားခဲ့၍ အခြားလူများကို တခြားစက်ဆီသို့ ခေါ်သွားသည်။
“အရင်ဟာနဲ့ယှဉ်ရင် ဒီ မှော်အရစ်ဖော်စက်ကနည်းနည်းရှုပ်ထွေးတယ်။ အဲ့ဒီတော့ ပိုအာရုံစိုက်ဖို့တော့လိုလိမ့်မယ်။ နည်းနည်းလေးတောင်မှားလို့မရဘူးနော်။”
ငါးယောက်ကိုရွေးခေါ်လိုက်ပြီး ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သေချာစနစ်တကျ ပြပေးလေသည်။
ထိုအရာကို အတော်အသင့်နားလည်သွားသော် နောက်ဆုံးစက်တစ်လုံးဆီသို့ ခေါ်လာသည်။
ထိုစက်ကို သူနှင့် မာစတာလန့်စ်တို့ပူးပေါင်းလုပ်ဆောင်ထားခြင်းဖြစ်သည်။ အသစ်စက်စက် မှော်ဖိစက် ဖြစ်၏။
“ဒီစက်ကကိုင်တွယ်ရတာလွယ်ကူပေမဲ့ ပိုပြီးအန္တရာယ်များတယ်။ ဂရုမစိုက်ရင် ခန္ဓာကိုယ်တစ်ခုလုံး အသားတုံးဖြစ်သွားမယ်။ ဒီတော့လုံးဝဂရုစိုက်ကြပါ။” သူတို့တွင် ဘာဗဟုသုတမျှမရှိထား၍ သေချာသတိပေးရလေသည်။ အလုပ်စည်းမျဥ်းများကိုလည်း ပြောပြရသည်။
“သေချာကြည့်နော်။ ပထမဆုံး ဒီသံပြားကိုဒီမှာထားလိုက်။ ဂရုစိုက် ဒီသံပြားကဒီထဲမှာကွက်တိကျနေရမယ်။ အက်ကွဲရာတောင်မရှိရဘူး။ ပြီးမှ ဒါကိုပိတ်လိုက်ပြီး နောက်ကိုဆုတ်လိုက် ခလုတ်ကိုဖွင့်လိုက်တော့။”
“ဖန်း...”
နှစ်ဖက်ညှပ်ခြေလိုက်၍ သံပြားသည် မှော်ပန်ကာ အပြင်ကာဗာအဝိုင်းလေး ဖြစ်သွားသည်။
ထိုစက်ကို မှော်ပန်ကာ အပြင်အဖုံးလုပ်ရန်သုံးခြင်းဖြစ်သည်။
နှစ်ရက်လောက်ကမှ ဆောက်လိုက်သော ထိုအလုပ်ရုံထဲတွင် ဒုတိယအမျိုးအစား မှော်ပန်ကာ ထုတ်လုပ်ရန် လိုအပ်သောအစိတ်အပိုင်းအားလုံးကိုဖန်တီးရန် စက်ငါးလုံးထားထားသည်။
ထိုစက်များကြောင့် လူအင်အားလျော့ချပေး၍ ဘန်တာမြို့က ပန်းပဲဆရာတွေကို မလိုတော့ပေ။ ဗစ်ကောင့်ထ်လက်စ်လိုင်း ပေးလိုက်သောလူအင်အားနဲ့ပင် ထုတ်လုပ်နိုင်လေပြီ။
မှော်ပန်ကာ၏အဓိကအစိတ်အပိုင်းဖြစ်သည့် မှော်အစီအရင်ကိုထုတ်လုပ်ဖို့တော့ ကျောင်းသားများကိုလိုအပ်ဆဲဖြစ်သည်။
စက်များကိုင်တွယ်ပုံကို အဆင်ဆင့်ပြပေးပြီးသော် လူအားလုံးကို ဖြန့်ခိုင်းလိုက်သည်။ ထို့နောက် အစိတ်အပိုင်းအားလုံးမှ မှော်ပန်ကာ ဖြစ်လာအောင် တပ်ဆင်ပုံတပ်ဆင်နည်းကိုပြလေသည်။
တစ်ဖွဲ့က အစိတ်အပိုင်းအားလုံးကို တပ်ဆင်လျှင် အခြားတစ်ဖွဲ့က ဝါယာကြိုးကို ထိုနေရာသို့ထိုးတတ်ရန်သင်ရသည်။ နောက်တစ်ဖွဲ့က လွယ်ကူစွာပင် ဝက်အူလှည့်တို့ကိုတပ်ဆင်ပေးရန်ဖြစ်သည်။
ထိုကျွန်တို့သည် ဘာမျှလေ့လာစူးစမ်းမှုမရှိခဲ့ပေ။ သိနားလည်မှုကလည်းမမြင့်ပေ။ သို့သော် သူတို့၏သာမန်ဉာဏ်ရည်ဖြင့်ပင် ထိုရိုးရှင်းသောအလုပ်ကလေးများကို အလွယ်တကူလုပ်ဆောင်နိုင်လေသည်။
ရှုယီသည်တစ်မနက်လုံးအလုပ်များနေသည်။ သူ့လူများကလည်း အလုပ်နှင့်နေသားကျအောင် ကြိုးစားအားထုတ်ကြသည်။ စက်ရုံတစ်ခုလုံးသည် နိုးနိုးကြားကြားဖြင့် အသက်ဝင်လှပေသည်။
သူ၏အောင်မြင်မှုကိုကြည့်၍ ကျေနပ်စွာခေါင်းငြိမ့်နေမိသည်။ အလုပ်သမားအားလုံးကိုသာ သူ့ကျွမ်းကျင်ရာသူထားနိုင်လျှင် ထုတ်လုပ်မှုသည် ချောမွေ့စွာပြီးစီးသွားပေလိမ့်မည်။
ထိုအပိုင်းကို ဟိန့်ဇ်ဆီမန်နေဂျာအဖြစ်လွှဲထားပြီးဖြစ်၍ သူကြည့်စရာမလိုတော့ပေ။
သူ့လူများစက်ကိုင်ပုံကိုင်နည်းနှင့်ရင်းနှီးလာသည်ကိုမြင်ရသော် စိုင်စ်နယ်မြေတွင် သူပိုင်ဆိုင်ထားသောကြီးမြတ်မှုအား သူလျစ်လျူရှုထားသလိုဖြစ်နေသည်ကို နားလည်လိုက်သည်။
ကမ္ဘာပေါ်မှ အဆင့်မြင့်စက်ရုံစနစ်နှင့်နှိုင်းယှဥ်သော် သူတို့နယ်မြေတွင်ကား မနှိုင်းယှဉ်နိုင်သောအရာများစွာရှိနေလေသည်။
သို့သော် ကမ္ဘာပေါ်က လိုက်မမှီနိုင်သောကြီးမြတ်မှုတစ်ခုရှိသေးသည်။
ထိုအရာသည် အစွမ်းဖြစ်၏။
ကမ္ဘာမြေပေါ်မှအရင်းအမြစ်တို့သည် ရေနံ၊ ကျောက်မီးသွေး၊ ရေ၊လေ၊အပူစွမ်အား၊ နျူကလီးယားစွမ်းအင် စသဖြင့်များပြားလေသည်။
ထိုစွမ်းအားတို့တွင် အပြစ်အနာအဆာရှိလေသည်။ ထို့ကြောင့် လေထုညစ်ညမ်းမှုဖြစ်စေသည်။
ကမ္ဘာပေါ်ကစက်မှုတိုင်းပြည်တို့တွင် လေထုညစ်ညမ်းမှုနှင့်အညစ်အကြေးစွန့်ပစ်မှုတို့ကို မလွဲမသွေရင်ဆိုင်ရပေလိမ့်မည်။ နောက်ဆုံးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုပြန်လုပ်ရန် လူအင်အားအများအပြားသုံးကြရလေသည်။
ရေအား၊ လျှပ်စစ်၊ လေ၊ နေစွမ်းအား စသည်တို့သည် လေထုညစ်ညမ်းမှုကို သက်သာစေလေသည်။ သို့သော် သူတို့စွမ်းအားကနိမ့်သောကြောင့် အဓိကအားထားရာမဖြစ်နိုင်ပေ။
ယခု ရှုယီလေ့လာနေသော မှော်စက်ပစ္စည်းများသည် မှော်အစီအရင်ကို အဓိကအရင်းအမြစ်အဖြစ်အသုံးပြုထားသည်။ ထိုသို့အသုံးပြုနိုင်ရန် မှော်ကျောက်တုံးများကိုလိုအပ်လေသည်။
ဘယ်လို မှော်အစီအရင်ပင်ဖြစ်ဖြစ် ထိုအထဲမှမှော်ကိုစားသုံးပြီးသော် သာမန်ကျောက်တုံးမျှသာဖြစ်သွားလိမ့်မည်။ လေထုညစ်ညမ်းမှုမဖြစ်စေနိုင်ပေ။
အဆင့်မြင့် မှော်ကျောက်တုံးသည်ပင်လျှင် မှော်မှတစ်ဆင့်ထုတ်လုပ်ထားခြင်းဖြစ်သည်။ အထဲမှမှော်အားလုံးစားသုံးပြီးသော် မှော်ကျောက်တုံး ပျောက်ကွယ်သွား၍ ဘယ်လိုမှခြေရာခံ၍မရနိုင်တော့ပေ။ ထို့ကြောင့်လည်း လုံးဝသန့်စင်၍ လေထုညစ်ညမ်းမှုကိုလုံးဝမဖြစ်စေနိုင်။
မှော်ကျောက်တုံးများ၏အခြားအားသာချက်သည် ပို၍မြင့်မားသောခံနိုင်စွမ်းရှိခြင်းပင်။
မှော်ကျောက်တုံး သေးသေးလေးတစ်ခုတည်းကပင် မှော်ပန်ကာ သုံးရက်လောက်လည်ပတ်နိုင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ကမ္ဘာမြေပေါ်တွင် ရိုးရိုးလျှပ်စစ်ပန်ကာကိုဖွင့်ချင်လျှင်တောင် အနည်းဆုံးသုံးကီလိုဝပ်လောက်လိုသည်။
သုံးကီလိုဝပ်စွမ်းအားကိုရရန် ကမ္ဘာမြေပေါ်ကအဆင့်နှင့်ပြောရလျှင် ကျောက်မီးသွေးတစ်ကီလိုဂရမ်လိုသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေးကီလိုဂရမ်လောက် ထုတ်လွှတ်သည်။
လေထုညစ်ညမ်းမှု စွမ်းအားထုတ်လုပ်မှု အားလုံးတို့ကိုယှဉ်ကြည့်သော် မှော်ကျောက်တုံးကအများကြီးသာသည်။
ထို့ပြင် သူတီထွင်လိုက်သော မှော်ပန်ကာသည် ကမ္ဘာမြေပေါ်ကလျှစ်စစ်ပန်ကာထက် အဆများစွာသာလေသည်။
မှော်ကျောက်တုံး သုံးစွဲမှုကလည်း အများကြီးနိမ့်သည်။
မှော်ကျောက်တုံးကို စိုင်စ်နယ်မြေတွင် နေရာတကာတွေ့နိုင်သည်။ ဘန်တာ တစ်မြို့တည်းတွင်ပင် ကြီးမားသော မှော်ကျောက်တုံး သုံးခုရှိသည်။
ထို့ပြင် မှော်ကျောက်တုံးများသည် ပေါများလှသည်ဖြစ်သောကြောင့် အဆင့်နိမ့် မှော်ကျောက်တုံးရိုင်းတို့ကိုမသုံးကြပေ။
“ဟိန့်ဇ်၊ မှော်ကျောက်တုံး မိုင်းတွင်းနည်းနည်းလောက်သွားဝယ်ထားလိုက်ပါဦး။” သူ့ဘေးတွင်ထိုင်နေသော ဟိန့်ဇ်ကိုလှမ်းပြောလိုက်သည်။
“ဟ.. အခုမှအရေးတကြီးဘာလို့များဝယ်နေတာလဲ။” ရှုယီ၏ စိတ်မြန်သည်ကိုသိသော်လည်း အံ့သြမိသေးသည်။ “လိုချင်ရင် တခြားကုမ္ပဏီမှာ သွားဝယ်လို့ရသားပဲ။ ကိုယ်တိုင်တူးရင် ပိုပြီးကုန်ကျစရိတ်ကြီးမှာပေါ့။”
“မဟုတ်ဘူး ဝယ်ကိုဝယ်ရမယ်။ များနိုင်သလောက်များများဝယ်ထားဖို့လိုတယ်။ မှတ်ထား စွမ်းအင်ဆိုတာအသုံးပြုလေလေ ရှားပါးလေလေပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ရှိတာအကောင်းဆုံးပေါ့။”
ဟိန့်ဇ်သည် နားမလည်နိုင်စွာဖြင့် ငေးကြည့်နေလေသည်။
သို့သော် သူ့အမြင်က ရှုယီလောက်မမြင့်သည်ကိုလည်းသိသည်။ သူ့မှာလည်း အကြောင်းပြချက်ရှိနိုင်သည်။
“ကောင်းပြီ လုပ်လိုက်ပါ့မယ်။”
ရှုယီကသူ့ပုခုံးကိုဆုပ်ကိုင်၍ “မှတ်ထား ဒီကိစ္စကိုမြန်မြန်နဲ့လျှို့ဝှက်ပြီးလုပ်ရမယ် နားလည်လား။”
ဟိန့်ဇ်က သူ့စိတ်ထဲကရေရွတ်လိုက်သည်။
“လျှို့ဝှက်ချက်တဲ့လား။ ပြောဖို့တောင်မတန်တဲ့ဟာ လျှို့ဝှက်ထားရမယ်တဲ့လား။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၃၃ ။ သုတေသနတွင်ရင်းနှီးမြှုပ်နှံခြင်း၏အရေးပါပုံ
စကားပုံတစ်ခုရှိလေသည် “အကြံဉာဏ်သည်စျေးပေါ၍ လက်တွေ့သည်စျေးကြီးသည်။”
ရှုယီသည် အရင်စက်မှုသမိုင်းသိပြီးကတည်းက တွေ့သမျှရတနာတို့ကို အကုန်သိမ်းကြုံးယူလေသည်။ မှော်ကျောက်တုံးများ ဘယ်လောက်စျေးကြီးကြီး သူသည် တွေ့သမျှအကုန်ဝယ်ထားချင်သည်။ သို့သော် လက်တွေ့လောကအကြောင်းကို သူခါးသီးစွာရင်ဆိုင်ရလိမ့်မည်ဟု မည်သူထင်မည်နည်း။
အကြောင်းကား သူ့တွင်ငွေမလုံလောက်ပေ။
“ဥက္ကဌကြီး ကုမ္ပဏီက ရွှေဒင်္ဂါးသုံးရာခြောက်ဆယ့်တစ်ပြားပဲရှိတော့တယ်။ လေ့လာချက်အရ စျေးအချိုဆုံးမိုင်းတွင်းက သုံးထောင်တောင်ရှိနေတယ်။” ဆာဘက်စ်ကအမှန်တရားကိုချပြလေသည်။ သူ့မျက်နှာကမူ ဘာမျှမပြ။
“အင်း အနည်းဆုံး သုံးထောင်ပေါ့။” ခဏစဉ်းစားလိုက်ပြီး “ဒီလိုဆိုနောက်တစ်လမှစဉ်းစားရတော့မှာပေါ့။”
“ဆရာ ကျွန်တော်တို့လုပ်နိုင်မှာမဟုတ်ဘူး။” ခေါင်းခါ၍ “အားလုံးအဆင်ပြေချောမွေ့ရင်တောင် တစ်လဝင်ငွေကငါးထောင်ပဲရှိမယ်။ အဲ့ဒါကိုလည်းသိမ်းထားဖို့လိုလိမ့်မယ်။ နောက်ပိုင်းတစ်ခုခုဖြစ်သွားရင် ကုမ္ပဏီအတွက်အရမ်းအန္တရာယ်များတယ်။ နောက်ပြီး ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာ့ရဲ့ရင်းနှီးမြှုပ်နှံမှုက အရမ်းများလွန်းတယ်။ သုတေသနမှာကို ကုမ္ပဏီရဲ့သုံးပုံတစ်ပုံကုန်နေတယ်။ အဲ့ဒါက ဘယ်ကုမ္ပဏီမှ မစွန့်စားကြပါဘူး။”
“အိုး..” ရှုယီကပြုံး၍ “ဒီစိတ်ကူးကမင်းကိုယ်ပိုင်လား။ အရှင် ဗစ်ကောင့်ထ်ဆီကလား။”
သူ့ကို အရှင်ဗစ်ကောင့်ထ်ကထောက်ခံချက်ပေးထားသူဖြစ်သည်။
စာချူပ်အရ အရှင်ဗစ်ကောင့်ထ်သည် ဘယ်ဆုံးဖြတ်ချက်မျှဝင်စွက်ဖက်၍ရမည်မဟုတ်ပေ။ သို့သော် အားလုံးကိုသိပိုင်ခွင့်ရှိ၍ အကြံဉာဏ်ပေးပိုင်ခွင့်ရှိသည်။ ထို့ကြောင့် တစ်ယောက်ယောက်လွှတ်ထားခြင်းဖြစ်သည်။
ဟိန့်ဇ်ကစိတ်ပူစွာဖြင့်ပြောသည်။ ထိုသို့ပို့ထားခြင်းက အကွက်ရွေ့ချင်လို့လား။ အရှင်ဗစ်ကောင့်ထ်လက်စ်လိုင်းသည် ထိုလူမှတစ်ဆင့် ဆုံးဖြတ်ချက်တို့ကို စိုးမိုးနိုင်၍ ထိန်းချုပ်ထားနိုင်သည်။
သို့သော် ရှုယီကား ထိုသို့မထင်ပေ။
အရှင်ဗစ်ကောင့်ထ်လက်စ်လိုင်းသည် ကုမ္ပဏီတွင် ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းဝင်ထား၍ သူ့ကိုယ်စားလွှတ်ထားခြင်းသည် သင့်လျော်သည်။ သူ့ကိုငြင်းဆို၍မရပေ။
သူတို့ငြင်းဆိုလိုက်လျှင် ပူးပေါင်းဆောင်ရွက်မှုသည် ပျောက်ကွယ်သွားနိုင်သည်။
ဟိန့်ဇ်ကစိုးရိမ်ကြောင်းပြောပြသော် ရှုယီကနည်းနည်းမျှစိတ်မပူပေ။
ဗစ်ကောင့်ထ်လက်စ်လိုင်းသည် ကလိမ်ကကျစ်ကျမည့်လူစားမျိုးမဟုတ်။ သူ၏အဆင့်အတန်းသည် မြို့တော်ဝန်နှင့်ပင် တန်းတူထားနိုင်သည်။
ပြောရလျှင် သူတို့ကုမ္ပဏီသည် မည်မျှဝင်ငွေကောင်းသည်ဖြစ်စေ သူ့လောက်ဘုန်းတန်ခိုးကြီးမလာနိုင်ပေ။ အခြားနယ်ပယ်တွင်ကား ဘာမျှမဟုတ်တော့။
ဗစ်ကောင့်ထ်လက်စ်လိုင်းလိုလူမျိုးအတွက်တော့ သူတို့ကုမ္ပဏီကိုလိုချင်လျှင် ဘာမျှထွေထွေထူးထူးလုပ်နေစရာမလိုပေ။ လုပ်ချင်လျှင် လွယ်ကူရိုးရှင်းသော နည်းလမ်းပေါင်းစုံရှိလေသည်။
ထို့ကြောင့်လည်း ဆာဘက်စ်ကိုကျေကျေနပ်နပ်ကြီးလက်ခံခဲ့သည်။ နောက်ပိုင်း ဆာဘက်စ်သည် ကုမ္ပဏီ၏ငွေကြေးစီမံခန့်ခွဲရေးမန်နေဂျာဖြစ်လာသော် အကုန်ပုံအပ်လိုက်သည်။
ဆာဘက်စ်သည် သူမည်မျှလုပ်နိုင်ကြောင်းသက်သေပြပြီးလေပြီ။ နှစ်ရက်အတွင်းတွင် ကုမ္ပဏီ၏ငွေကြေးအသေးစိတ်စာရင်းကို ပြင်ဆင်ပြီးလေပြီ။ အရင်ကနှင့်မတူ လုံးဝစနစ်ကျလှသည်။
ဟိန့်ဇ်ကတော့အကြီးအကျယ်စိတ်ပူသည်။ သို့သော် ရှုယီကားပျော်လေသည်။ ဗစ်ကောင့်ထ်လက်စ်လိုင်းကဤမျှအစွမ်းရှိသူကို ပို့ပေးသည်ကိုပင် ကျေးဇူးတင်နေသေးသည်။
တစ်ခါတစ်လေတော့ ဗစ်ကောင့်ထ်လက်စ်လိုင်းနဲ့ပတ်သက်ပြီး သံသယဖြင့်မေးသည်။
ဆာဘက်စ်လည်းရိုသေစွာဖြင့်” ဒီအကြံဉာဏ်ကကျွန်တော့်စိတ်ကူးပါ။ အရှင်ဗစ်ကောင့်ထ်နဲ့မဆိုင်ပါဘူး။”
“အင်း ဘယ်သူ့အကြံဉာဏ်လည်းကအရေးမကြီးပါဘူး။ ဒါနဲ့ အခုရင်းနှီးမြှုပ်နှံမှုက အရမ်းများတယ်လို့ထင်တယ်ပေါ့။ ငါ့အနေနဲ့နည်းတယ်လို့တောင်အောက်မေ့မိတယ်။ ဘာလို့ဆိုကုမ္ပဏီဝင်ငွေကနည်းတော့ သုံးပုံတစ်ပုံဆိုတာ တစ်ထောင်လောက်ရှိမှာပေါ့။ ဒီသုတေသနရန်ပုံငွေကနည်းတာပေါ့။ ဝင်ငွေပိုများလေ ပိုပြီးရင်းနှီးမြှုပ်နှံလေလုပ်ရမှာပဲ။”
ဆာဘက်စ်ကခဏတွေဝေနေပြီးနောက် “ဆရာ ဒီလိုဘာကြောင့်လုပ်လဲနားမလည်တော့ဘူး။ မှော်ပန်ကာကရောင်းအားကောင်းပြီး အလားအလာလည်းကောင်းတယ်။ အဲ့လောက်ငွေအများကြီးရင်းနှီးဖို့မလိုပါဘူး။ ဟုတ်ပါတယ်၊ စျေးကွက်တိုးချဲ့ဖို့ မှော်ပန်ကာကိုအဆင့်မြင့်ရမယ်။ ဒါပေမဲ့ အခုလိုအလျင်စလိုလုပ်ဖို့လိုမယ်မထင်ဘူး။ ပြီးတော့ဆရာ အခုလိုရင်းနှီးတာကလည်း မှော်ပန်ကာနဲ့မဆိုင်သလိုပဲ။”
ရှုယီသည် ပြုံး၍ကြည့်နေ၏။ နောက်ဆုံးတော့ သူတကယ်သိချင်နေတာကို ပြောလေပြီ။ ထိုမေးခွန်းသည် ဗစ်ကောင့်ထ်လက်စ်လိုင်း၏မေးခွန်းဖြစ်နိုင်သည်။
ထိုမေးခွန်းကိုဖြေရန်မလွယ်ပေ။ အချက်အလက်အရပြောရလျှင် အခုရင်းနှီးမြှုပ်နှံမှုသည် မှော်ပန်ကာနှင့်မဆိုင်ပေ။
ဥပမာ မာစတာလန့်စ်၏ မျိုးနွယ်စုမှလူပုလေးများအတွက် ရွှေဒင်္ဂါးငါးရာကုန်ခဲ့သည်။ ထို့နောက် လူပုလက်မှုပညာရှင်တွေခေါ်သည်က နှစ်ရာလောက်ကုန်လေသည်။
ထို့ပြင် သူ၏သုတေသနဓါတ်ခွဲခန်းထဲတွင် စတေးလ် တစ်ယောက်သာခေါ်ရသေးသော်လည်း တစ်ရာကုန်နေလေပြီ။
အခုတော့အားလုံးပေါင်းလိုက်လျှင် တစ်ထောင်နားကပ်နေလေပြီ။ အားလုံးသည် မှော်ပန်ကာနှင့်မဆိုင်ဟုထင်ရသည်။
ထို့ပြင် ရလဒ်ကိုလည်း အချိန်အတော်ကြာမှမြင်ရပေလိမ့်မည်။ သူရှင်းပြချင်လျှင်တောင် မည်သူမျှနားလည်နိုင်မည်မဟုတ်ပေ။
“ဆာဘက်စ် တစ်ခုလောက်မေးပါရစေ။ ငါတို့အရောင်းသွက်နေတယ်လို့ထင်လား။”
“ဟုတ် အဲ့လိုထင်ပါတယ်။” မတုန့်မဆိုင်းဖြေလိုက်သည်။ “ရေခဲမှော်အစီအရင် မတတ်နိုင်တဲ့မိသားစုတွေကတော့ နှစ်ပြားပဲကျတဲ့ မှော်ပန်ကာကို အသည်းအသန်တပ်ဆင်နေကြတာပဲ။ ပြီးတော့ သုံးစွဲခကလည်း ငွေဒင်္ဂါးဆယ်ပြားပဲကျတာလေ။ အဲ့ဒါကြောင့် ရေခဲမှော်အစီအရင် လောက်မစွမ်းဆောင်နိုင်ရင်တောင် သူတို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနေဆဲပါ။ သူတို့အသည်းအသန်ဝယ်ကြမှာပါ။”
“အင်း ဟုတ်တယ်။ ဒီလိုဆိုနောက်တစ်ခုမေးဦးမယ်။ မှော်ပန်ကာတွေကလုပ်ရတာလွယ်လား။”
“မခက်လောက်ပါဘူး။ အခုဆိုလိုက်တုပထုတ်ကြပေမဲ့ ကျွန်တော်တို့လောက်မကောင်းတော့ စျေးကွက်မရပါဘူး။ ပြီးတော့ ဆရာ့နည်းတွေကအဆင့်မြင့်တော့ ကုမ္ပဏီကအဆင်ပြေနေပါတယ်။”
သူသည် လေးစားစွာဖြင့် ရှုယီကိုကြည့်လိုက်သည်။
သူဒီကိုမရောက်ခင်က ဒီကုမ္ပဏီနှင့်ပတ်သက်၍ သုတေသနလုပ်ခဲ့သည်။ အတုလုပ်ရောင်းကြတာတောင် စျေးကွက်ကကျမသွားသည်ကို အံ့သြစွာတွေ့ရလေသည်။ ထို့ပြင် လူအများစုကဝယ်တော့မည်ဆိုလျှင် Frestech ဘရန်း ဟုတ်ရဲ့လားဟု အရင်မေးကြသည်။ မဟုတ်လျှင် မဝယ်ကြပေ။ ထို့အတွက် တုပသူတွေ လက်လျော့ကြရလေသည်။
အချို့လူတို့သည် တံဆိပ်ကိုပါတပ်ချင်လာ၍ ရှုယီက တရားဝင်စာထုတ်လေသည်။ သူတို့ပစ္စည်းကို မြို့ထဲကတစ်ခုတည်းသောဆိုင်တွင် ရောင်းသည်ဖြစ်၍ တခြားဆိုင်ကအားလုံးသည် အတုဟုကြေငြာလိုက်သည်။
ထိုကြေညာချက်ကြောင့် တုပသူတို့ကျရှုံးရလေသည်။
“အင်း မခက်လို့လည်းတုပလုပ်တာတွေကိုတားဖို့ခက်တာပေါ့။”
ထို့သို့ပြောပြီးနောက် ရှုယီ မျက်နှာမကောင်းပေ။ ဒီကမ္ဘာတွင် မှတ်ပုံတင်ဥပဒေမရှိသဖြင့် ပစ္စည်းတစ်ခုထုတ်လုပ်ပြီးလျှင် မူပိုင်ခွင့်မရှိကြပေ။ ထို့ကြောင့် တခြားသူများကတုပထုတ်ချင်လျှင် တား၍မရနိုင်။
“အင်း ဒီမြို့မှာသာ ငါတို့ကသိနိုင်တာ၊ တခြားမြို့မှာတော့ဘာတွေဖြစ်နေမလဲ။ အဲ့ဒါကြောင့် ငါတို့ဘာမှမတတ်နိုင်ဘူး၊ မင်းသိလား ဒီနဲ့ကီလိုမီတာတစ်ရာလောက်ပဲဝေးတဲ့ ဆော်လ်တန်မြို့မှာ မှော်ပန်ကာ စက်ရုံရှိပြီး ငါတို့လိုပဲရောင်းအားကောင်းနေတယ်။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၃၄ ။ သက်ဝင်ပန်းချီကားတချပ်အလား
“ဆရာ အဲ့ဒီတော့ တခြားမြို့တွေမှာသွားပြီး စျေးကွက်ချဲ့ထွင်ဖို့အကြံပေးချင်ပါတယ်။ ကျွန်တော်စုံစမ်းကြည့်ရသလောက်တော့ ဆော်လ်တန်မြို့က အဲ့ဒီစက်ရုံက ကျွန်တော်တို့လောက်ကောင်းအောင် မထုတ်နိုင်ပါဘူး။ ကျွန်တော်တို့သွားရောင်းမယ်ဆို စျေးကွက်ထိုးဖောက်နိုင်မှာပါ။” ဆာဘက်စ်ကလေးနက်စွာပြောလိုက်သည်။
“ဟားဟား သိပ်သေချာတာပေါ့။ ဒါပေမဲ့ အလျင်စလိုလုပ်လို့မဖြစ်ဘူး။ ဆော်လ်တန်မြို့ကသူများနယ်မြေလေ။ ငါတို့ကုန်ပစ္စည်းကကောင်းရင်တောင် သူတို့နယ်မြေကိုယူဖို့မလွယ်ဘူး။ အခွင့်အခါကောင်းကိုစောင့်လိုက်ရအောင်။ ဒီအခွင့်အရေးက စောစောကမင်းမေးနေတဲ့မေးခွန်းတွေနဲ့ဆိုင်သွားပြီ။”
ဆာဘက်စ် နားမလည်။ သူမေးတာမေ့သွားလေပြီ။
“ဆရာရင်းနှီးမြှုပ်နှံတဲ့သုတေသနတွေက မှော်ပန်ကာနဲ့လုံးဝမဆိုင်ပါဘူး။”
ရှုယီကခေါင်းခါ၍ “နိုးနိုး ဒီစက်ရုံမှာမဆိုင်တဲ့သုတေသနတစ်ခုမှကိုမရှိဘူး။ မှော်ပန်ကာကရိုးရှင်းတယ်လို့ထင်ရပေမဲ့ အတော်လေးရှုပ်တယ်။ အခုတော့မဆိုင်ရဘူးလို့ထင်ရပေမဲ့ တစ်နေ့အဖြေထွက်လာတဲ့အခါ ဘယ်လောက်သက်ဆိုင်လဲသိလာမှာပါ။ ဒီမှာလေ့လာတဲ့တစ်ခုချင်းစီတိုင်းက မှော်ပန်ကာနဲ့ပတ်သက်ပြီး အကြီးအကျယ်ပြောင်းလဲသွားစေနိုင်တယ်။ ပြီးတော့ငါတို့စက်ရုံက မှော်ပန်ကာ တစ်ခုတည်းထုတ်တာလို့ဘယ်သူပြောလဲ။”
ဆာဘက်စ် အံ့ဩသွားသည်။ ထိုစကားအရ ကုန်ပစ္စည်းအသစ်ထုတ်ရန်ဖြစ်နိုင်သည်။
သူမေးစရာရှိလာသည်။ သို့သော် ရှုယီကအခွင့်အရေးမပေးတော့။ ရှုယီသည် မတ်တတ်ရပ်လိုက်ပြီး အပြင်ကိုလက်ညှိုးထိုး၍ “ကောင်းပြီ အပြင်သွားပြီးကြည့်လိုက်ရအောင်။ အဲ့လောက်ကြာမှတော့ စတေးလ်လည်းပြီးတော့မှာပါ။”
ဆာဘက်စ်လည်းဘာမျှမပြောနိုင်ဘဲ နောက်ကလိုက်လာခဲ့သည်။
လမ်းလျှောက်လာစဉ် ဆာဘက်စ်သည် ရှုယီ ပြောလိုက်သောစကားကို ခရေစေ့တွင်းကျစဉ်းစားလာသည်။
‘စက်မှုစနစ်ဘာများလဲ။ သူပြောတာတော့အရေးကြီးမဲ့ပုံပဲ။ သူပြောတဲ့ထုတ်ကုန်အသစ်ကဘာလဲ။ မှော်ပန်ကာလိုပဲလူကြိုက်များသွားမလား။ အရှင်ဗစ်ကောင့်ထ်ကတော့စိတ်ဝင်စားမှာပဲ။’
နှစ်ယောက်သားစကားပြောရင်း လမ်းလျှောက်လာရာ ဟောခန်းထဲရောက်လာရာ အထဲတွင်မတ်တတ်ရပ်နေသော စတေးလ်ကိုတွေ့ရသည်။ သူမမျက်နှာချင်းဆိုင်တွင် လေအေးအေးတိုက်ခတ်နေသော မှော်ပန်ကာ ရှိ၏။
ထို မှော်ပန်ကာသည် Frestech မှော်ပန်ကာနှင့်မတူပေ။ ပို၍သေသပ်ပြီး သေးလည်းသေးသည်။
အဆင့်မြှင့်တင်ထားသော မော်ဒယ်အသစ်ဖြစ်သည်။
စတေးလ်သည် အဖြူဝမ်းဆက်ကလေးဝတ်ထားသည်။ လေအေးတစ်ချက်တိုက်လိုက်တိုင်း ရွှေရောင်ဆံနွယ်လေးတွေက လေထဲလွင့်ပျံ့နေသည်။ ကြည့်ရသည်မှာဂန္တဝင်ဆန်လှသည်။
သူမသည်ပကတိလှပြီးသားဖြစ်၍ ထိုသို့ပြင်ဆင်လိုက်သော် အဘယ်ပြောဖွယ်ရာရှိနိုင်တော့မည်နည်း။ မြင်သူအပေါင်းငေးရလောက်အောင် ချောလွန်းလှသည်။
တံခါးကခြေသံကြားသော် လှည့်ကြည့်လိုက်သည်။ ရှုယီကိုပြုံးပြလိုက်သော် သူ့နှလုံးခုန်သံမမှန်တော့ပေ။
“သူမကိုသာကမ္ဘာမြေပေါ်ခေါ်သွားလို့ကတော့ နေ့ချင်းညချင်းနာမည်ကျော်လာမှာပဲ။” သူ့စိတ်ထဲကတွေးလိုက်သည်။
အလုပ်ကိုသာအာရုံစိုက်ရန် လက်နဲ့ပြလိုက်ပြီး အခန်းထောင့်သို့ဆက်သွားသည်။
စတေးလ်၏မျက်နှာချင်းဆိုင်တွင်ရှိသောပန်းချီဆရာသည် ပြီးလုနီးပါးဖြစ်နေသော ပုံတစ်ချပ်ကို ရေးဆွဲနေလေသည်။
“အိုး ပုံကလှလှချေလား။” တစ်ချက်ကြည့်၍ ချီးကျူးလိုက်သည်။
စတေးလ်နှင့် မှော်ပန်ကာတို့အပြင် နောက်ခံလယ်ကွင်းပြင်ကြီးလည်းပါသည်။ လုံးဝလက်ရာမြောက်၍ သူမအသွင်သည် စွဲမက်ဖွယ်ကောင်းလှပြီး ကြည့်ရှုသူတို့မျက်လုံးမခွာနိုင်အောင် ညို့ထားနိုင်စွမ်းရှိလေသည်။
ရှုယီသည် ပန်းချီဆရာဘေးတွင်ရပ်လိုက်သည်။ ပန်းချီဆရာအပြီးသတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူ့အသွင်ကိုကြည့်ရသည်မှာ မည်မျှအားထုတ်ထားကြောင်း သိနိုင်သည်။
“မာစတာအန်လီယိုးစ် တော်တော်ပင်ပန်းသွားမှာပေါ့။” ရှုယီက အအေးတစ်ခွက်ကမ်းပေးလိုက်သည်။
မာစတာအန်လီယိုးစ် သူ့ကိုတစ်ချက်ကြည့်၍ အအေးခွက်ကိုလှမ်းယူလိုက်ပြီး ပြုံးပြလေသည်။ ထို့နောက် ပန်းချီကားကိုထိုးပြ၍ “ကဲ ဥက္ကဌကြီး ဘယ်လိုသဘောရလဲ။”
ရှုယီကလက်မထောင်ပြ၍ “ကောင်းလိုက်တာ။ ဆရာကဒီမြို့မှာအတော်ဆုံးပဲ။ ပန်းချီကားကလုံးဝလက်ရာမြောက်ပါပေတယ်။”
ထိုပန်းချီကားအတွက် ရွှေင်္ဒဂါးငါးဆယ်ပေးထားရသည်။ ပန်းချီကားသာမကောင်းခဲ့လျှင် ထိုငွေသည်အလဟဿဖြစ်ရပေတော့မည်။
အန်လီယိုးစ်ကရယ်၍ “ဥက္ကဌကြီး ပန်းချီကားကဒီလောက်လှမှာပေါ့။ မိန်းမပျိုစတေးလ်ကိုလည်းကြည့်ဦးလေ။ ကျွန်တော်ကသူမအလှကို စာရွက်ပေါ်ပြောင်းပေးလိုက်ရုံပဲ။ သူမကိုကြည့်လိုက်စမ်းပါ။ ဒီတိုင်းရပ်နေလည်းပန်းချီကားတစ်ချပ်လိုမခံစားရဘူးလား။”
သူသည် စတေးလ်ကိုကြည့်လိုက်ပြီး “အင်း ဒါပေမဲ့ ဒီအချက်တော့ ဆရာနဲ့သဘောထားချင်းမတူဘူးဗျ။”
နှစ်ယောက်သားအကြည့်ချင်းဆုံသွားပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြလေသည်။
“ဟေး ရှုယီ ဘာတွေများသဘောကျရယ်မောနေကြတာလဲ။” စတေးလ်ကလှမ်းမေးလိုက်သည်။
“မာစတာအန်လီယိုးစ်က မင်းရဲ့အလှကိုချီးကျူးနေတာပါ။”
“ကျေးဇူးအများကြီးတင်ပါတယ် မာစတာအန်လီယိုးစ်” သူမကပြုံး၍ပြန်ပြောလိုက်သည်။
“ဒါနဲ့ရှင်ကရော ကျွန်မကိုလှတယ်မထင်ဘူးလား။”
ရှုယီသည် မပြုံးဘဲမနေနိုင်ပေ။ အင်း ကောင်မလေးတွေက အတော်လှချင်ကြသကိုး။
“အင်း လှတာပေါ့။ မလှဘူးလို့ပြောမဲ့လူများရှိသေးလား။ ပြောစမ်းပါ အဲ့ဒီလူရဲ့မျက်လုံးကိုဖောက်ထုတ်ပစ်မယ်။”
စတေးလ်ကရယ်၍သူ့ကိုရိုက်လိုက်ပြီး “အဲ့ဒါတော့မြှောက်လွန်းနေပြီ။”
သူမကပြောသာပြောသော်လည်း ပျော်နေသည်မှာသိသာပေသည်။
ရှုယီကပန်းချီကားကိုပြန်ကြည့်လိုက်ပြီး “စတေးလ်ရေ နင်အရမ်းနာမည်ကြီးလာတော့မှာ မြင်ယောင်သေးတယ်။ ဘယ်လိုများခံစားရလဲ။”
“ဘာလို့လဲ။ ရှင်ပြောသလိုပဲလုပ်နေတာမဟုတ်ဘူးလား။ ကြော်ငြာတာလေ။ ကျွန်မကဘာလို့နာမည်ကြီးလာရမှာလဲ။”
ရှုယီ ပြုံးပြလိုက်သည်။ ထိုထုတ်ကုန်သည် ဒုတိယလှိုင်းဖြစ်ပြီး စျေးကွက်ချဲ့ထွင်ဖို့လည်း လုပ်ထားလေသည်။ သူမအလှတရားနှင့်ဆိုလျှင် နာမည်မကြီးလာမှာမပူရပေ။
အနည်းငယ်စကားပြောကြပြီးနောက် ကြော်ငြာအတွက်အစီအစဉ်ဆွဲရန် အန်လီယိုးစ်နှင့် ဆာဘက်စ်တို့ထွက်သွားကြလေသည်။ နောက်ဆုံးတော့ ရှုယီနှင့် စတေးလ်တို့သာကျန်ခဲ့သည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ သူမအရင်ပြန်နှင့်ရန်လက်ပြလေသည်။
“အင်း စတေးလ်၊ မင်းနဲ့ နေ့လည်စာအတူသွားစားခွင့်လေးပေးပါလား။”
စတေးလ်ကမျက်နှာကိုတမင်တင်းလိုက်ပြီး “ဝမ်းနည်းပါတယ်ရှင် ကျွန်မကမချောတဲ့အမျိုးသားတွေဖိတ်ကြားတာကိုလက်ခံလေ့မရှိပါဘူး။ အဲ့ဒီလူကခန့်ညားတဲ့ဦးလေးမဟုတ်ရင်ပေါ့။”
ရှုယီကမျက်လုံးပြူးကြီးဖြင့် သူ့ကိုယ်သူလက်ညှိုးထိုး၍ “ခန့်ညားတဲ့ဦးလေးဟုတ်လား။ ဒါဆိုငါပေါ့။”
စတေးလ်ကမျက်နှာကိုတည်လိုက်ပြီး “နောက်ဆုံးတော့ ဦးလေးဆိုတဲ့ဂုဏ်ပုဒ်ကို လက်ခံလိုက်ပြီပဲ။ ဒါနဲ့ ဦးလေးချောရေ ကျွန်မကိုဘာများကျွေးမှာလဲ။”
“အင်း မင်းလိုလတ်ဆတ်တဲ့ ခေါက်ဆွဲဆိုရင်ရော။”
“အလကား ခေါက်ဆွဲကဘာလို့လတ်ဆတ်ရမှာလဲ။ ကျွန်မနဲ့တူတယ်တဲ့လား။”
“ဟ နင်နားမလည်ပါဘူး။ ခေါက်ဆွဲကသွယ်တယ် နူးညံ့တယ် သန်မာတယ် ဖြောင့်စင်းတယ်...မဟုတ်ဘူးလား။”
ပြောရင်းဆိုရင်းဖြင့် စားသောက်ဆိုင်ဆီသို့ ရောက်လာသည်။ ထိုင်နေကျနေရာလေးတွင် ဝင်ထိုင်လိုက်ကြသည်။
သူမအလုပ်ဆင်းတာ ရက်အနည်းငယ်ကြာပြီဖြစ်၍ နှစ်ယောက်သားအတူလာစားကြသည်မှာ မနည်းတော့ပေ။ ထို့ကြောင့် ဒီဆိုင်ကိုသံယောဇဉ်တွယ်မိနေပြီ။
“ဟုတ်သားပဲ၊ ရှုယီ ကျွန်မအရင်တစ်ခါကပြောခဲ့တာကိုစဉ်းစားပြီးပြီလား။” ထိုင်ပြီးသည်နဲ့မေးလေသည်။
“အဲ့ဒီကိစ္စလား။ အော် မင်းရဲ့အတန်းဖော်အကြောင်းပဲ။ ငါသူတို့ကိုကြိုဆိုပါတယ်လို့မပြောခဲ့ဘူးလား။ သူတို့မဆက်သွယ်ရသေးဘူးလား။”
စတေးလ်နဲ့သူဆွေးနွေးခဲ့ကြသည်။ သူမသည် လမ်ပူရီတော်ဝင်မှော်အကယ်ဒမီကျောင်းမှဘွဲ့ရခဲ့ပြီးဖြစ်သော်လည်း မိတ်ဆွေများနှင့်အခင်အမင်မပျက်ပေ။ ယခုသူမသည် ရှုယီဆီတွင် လုပ်နေသည်ကိုသိသော် သူတို့လည်း လုပ်ချင်ကြောင်း လာဆက်သွယ်ကြသည်။
ရှုယီကလည်းကြိုဆိုလေသည်။ သူတို့အစွမ်းအစကိုလိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။
စတေးလ် ရောက်လာသော်လည်း တစ်ယောက်တည်းဖြစ်၍ သိပ်မတွင်ကျယ်ပေ။
ယခုလိုအတန်းဖော်များလာမည်ဆိုတော့ ပျော်နေမိသည်။
“အင်း ဆက်သွယ်ပြီးပြီလေ။ သုံးယောက်ကလာချင်တယ်။ ဒါပေမဲ့….” ခဏရပ်လိုက်ပြီး “သူတို့ကိုဘယ်လိုမျိုးသဘောထားမလဲဆိုတာသိချင်နေကြတယ်။”
“အင်း သူတို့ကျွမ်းကျင်မှုလည်းငါမသိသေးတော့ ဘယ်လိုဆုံးဖြတ်လို့ရဦးမလဲ။”
“အင်း နားလည်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးပြောကြည့်လေ။ မဟုတ်ရင်လာရပြီးမှ မထိုက်တန်ဘူးဆိုရင် အလကားဖြစ်မှာပေါ့။ နေပါဦး ၁၅ပြားထက်ပိုမပေးနိုင်ဘူးမို့လား။”
“ဒီလိုလုပ်လိုက်။ သူတို့ကိုပြောလိုက်ပါ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌတစ်ယောက်အနေနဲ့ဖိတ်လိုက်မယ်။ ကုန်ကျစရိတ်အားလုံးကိုဒီကပေးမယ်။ ခရီးစရိတ် နေစရိတ် စားစရိတ်အားလုံးပေါ့။ နှစ်ဖက်သဘောတူမယ်ဆို တစ်လဆယ်ပြားပေးမယ်။ တစ်လအတွင်းမှာ နှစ်ဖက်စလုံးကျေနပ်မယ်ဆိုရင် သူတို့ကိုသုတေသနရာထူးတရားဝင်ခန့်မယ်။ မင်းနဲ့လစာတူ ၁၅ ပြားပေါ့။ တိုးတက်မှုရှိလာတာနဲ့ဆုလာဘ်ပေးဦးမယ်။ ဘယ်လောက်ရမလဲဆိုတာ သူတို့လုပ်ရည်ကိုင်ရည်ပေါ်မူတည်တာပေါ့။ ဘယ်လိုသဘောရလဲ။”
စတေးလ်ကခေါင်းငြိမ့်ပြသည်။
“ကောင်းသားပဲ။ ရတယ်လေ သူတို့ဆီစာရေးလိုက်ပါ့မယ်။”
ရှုယီကပြုံး၍စကားပြောနေစဉ် စားသောက်ဆိုင်အဝသို့ကြည့်မိသော် မျက်မှောင်ကြုတ်သွားမိလေသည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၃၅ ။ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခြင်း
လူလေးယောက်စားသောက်ဆိုင်သို့ဝင်လာသည်။ ရှေ့မှလျှောက်လာသူက လူလတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဖြစ်သည်။ နောက်ကလိုက်လာသူသုံးယောက်ကို ရှုယီ ထင်မထားပေ။ သူတို့သည် ခီမီရော့ ၊ ရမ်နှင့် ဝယ်လာတို့ဖြစ်ကြသည်။
ခီမီရော့၏အပြုအမူကြောင့် သူတော်တော်အံ့သြသွားသည်။
သူသည် မှော်စွမ်းအားတွင်ဒုတိယအဆင့်သတ်မှတ်ခံထားရ၍ မြောက်ကြွကြွဖြစ်နေလေသည်။ ယခုတော့ သူ့ရှေ့ကလူကို အရိုအသေပေးလိုက် မြှောက်ပေးလိုက်ဖြင့် ပြုံးပျော်နေသည်။
သူသည် အစေခံတစ်ယောက်လိုမဟုတ်သော်လည်း အရင်ကလိုမဟုတ်ဘဲ အရမ်းနှိမ့််ချနေလေသည်။ သူ့နောက်က ရမ်သည် သူ့လောက်မဟုတ်သော်လည်း ဖားနေသည်တော့သေချာသည်။ သို့သော် ဓါတ်ခွဲခန်းထဲကလိုတော့ စွာကျယ်ကျယ်မဟုတ်ပေ။
ဝယ်လာကား အေးစက်စက်မျက်နှာထားနဲ့ပင်။ သို့သော် သူ့မျက်နှာသည် အလိုမကျသောဟန်ပန်ပင်။
ထိုလူကြီးကိုမကြိုက်သည်လား ဟိုနှစ်ယောက်ကိုအလိုမကျနေသည်လား မပြောတတ်။
စတေးလ်ကလည်း ရှုယီ၏မျက်နှာမကောင်းသည်ကိုသတိထားမိ၍ အဝင်ဝသို့ လှမ်းကြည့်လိုက်သည်။
စားသောက်ဆိုင်သည်မကြီးပေ။ ထို့ကြောင့် အဝင်ဝသည် သူတို့နှင့်မဝေးလှပေ။ သူတို့သတိထားမိသလိုပင် ဝယ်လာလည်းသတိထားမိသွားသည်။
“ဟာ ရှုယီနဲ့ စတေးလ် ပါလား။ ဘာလုပ်နေကြတာလဲ။” အံ့သြတကြီးဖြင့်မေးလိုက်သည်။
ခီမီရော့သည် ထိုလူကြီးကို တခြားနေရာသွားရန် တောင်းဆိုနေလေသည်။ သို့သော် ဝယ်လာ၏နှုတ်ဆက်သံကြားသော် အံ့သြဆွံ့အသွားသည်။
သူတို့နှစ်ယောက်တည်းထိုင်နေသည်ကိုတွေ့သော် မျက်နှာပျက်သွားသည်။
‘သောက်ကောင် ရှုယီ သူဘာလုပ်နေတာလဲ။ ဒီမှာလာပြီး စတေးလ်နဲ့နေ့လည်စာလာစားနေတယ်ပေါ့။ ချီးပဲ။’
“ဟေး ဝယ်လာ ဘာလို့ဒီကိုပေါ်လာတာလဲ။” ခီမီရော့ကိုမသိချင်ယောင်ဆောင်၍မေးလိုက်သည်။ “ဒီနေရာက မှော်တာဝါနဲ့ဆို ဝေးသားပဲ။ ဒီကိုတော့နေ့လယ်စာစားရုံလာတာတော့မဟုတ်ဘူးမလား။”
ဝယ်လာက “ကျွန်မ..တို့က ဧည့်သည်နဲ့လာတာပါ။”
“ဧည့်သည်ဟုတ်လား။” ထိုလူကိုကြည့်လိုက်သော် ကိုယ်ရှိန်ကတော့မသေး။ သို့သော် မှော်ဆရာနဲ့မတူပေ။
“မှော်တာဝါကိုလာတဲ့ ဧည့်သည်ပဲဖြစ်ရမယ်။ ငါ့ကိုမိတ်ဆက်ပေးလေ။”
“သိပ်ရတာပေါ့။ မိတ်ဆက်ပေးရမှာပေါ့။ ဒါပေမဲ့ အဆင့်အတန်းတူပါ့မလား။” ခီမီရော့ကဖြတ်၍ခပ်ချဥ်ချဥ်ပြောလိုက်သည်။ “အေး ဒီလူက ဆော်လ်တန်မြို့က ဥက္ကဌ ဖာဆက်ခ် တဲ့။ ကုမ္ပဏီကြီးတစ်ခုထောင်ထားတဲ့လူလေ။ ကုမ္ပဏီအသေးလေးတွေနဲ့တော့မယှဉ်သာဘူးပေါ့။” ထို့သို့ပြောပြီးနောက် “ရှုယီရေ ခင်ဗျားကိုမိတ်ဆက်ပေးစေချင်တယ်ဆိုရင် အနည်းဆုံးတော့ ငါ့အဆင့်လောက်ရှိမှပေါ့။”
သူ၏ကြမ်းတမ်းရိုင်းစိုင်းသောစကားများကိုကြားသော် ရှုယီ တစ်ယောက်စိတ်မဆိုးသည့်အပြင် ရယ်ပင်ရယ်ချင်လှသည်။
သူပြောတော့ စတေးလ်ကိုလိုက်နေတာတဲ့ အခုတော့သူမရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်းတွေပြောနေသည်။ ကုမ္ပဏီကြီးတစ်ခုကဥက္ကဌနှင့်ရင်းနှီးတာနဲ့ပဲ စတေးလ်ကသူ့ကိုပြန်ကြိုက်မယ်ထင်နေတာလား။
ထင်ထားသည့်အတိုင်းပင် စတေးလ်ကနှာခေါင်းရှုံ့လိုက်ပြီး “ကုမ္ပဏီဥက္ကဌကထူးဆန်းနေလို့လား။ ငါ့အဖိုးနဲ့သူ ဘယ်သူကပိုပြီးသြဇာထက်လဲ။ ခီမီရော့ ရှင်သိပ်မကြွားစမ်းပါနဲ့။ ရှုယီကအချိန်တိုအတွင်းမှာ မှော်ပညာကိုလေ့လာလိုက်တာသိလား။ အချိန်ကျလာရင် ရှင့်ထက်အများကြီးသာလာလိမ့်မယ်။”
သူမက သူ့ကို လူအများရှေ့မှာ အခုလိုရင့်ရင့်သီးသီးပြောပြီး ရှုယီဘက်ကရပ်တည်လိမ့်မည်ဟု ခီမီရော့ ထင်မထားခဲ့ပေ။
သူတို့နှစ်ယောက်နေ့လယ်စာစားနေတာကိုမြင်သည်ကပင် သူ့အတွက်ကြေကွဲလှသည်။ ခီမီရော့ ဒေါသထွက်သွားကာ ရှုယီကိုစူးစိုက်စွာကြည့်လိုက်သည်။
ရှုယီကပြုံး၍ ပြန်ကြည့်လိုက်သည်။ သူ့အကြည့်သည် လှောင်ပြောင်သည့်အသွင်ဆောင်နေသည်။
“ခီမီရော့၊ ဥက္ကဌဖာဆက်ခ်နဲ့မိတ်ဆွေဖြစ်ဖို့က သူ့အပေါ်ပဲမူတည်ပါတယ်။ မင်းပေါ်မှာမဟုတ်ပါဘူး။”
ခီမီရော့ကနှာခေါင်းရှံ့လိုက်ပြီး “သူ့လိုလူက မင်းကိုအချိန်ကုန်ခံပြီး စကားပြောနေမယ်များထင်နေလား။” ထိုသို့ပြောပြီးနောက် ဖာဆက်ခ်ဘက်သို့လှည့်၍ မျက်နှာထားကိုပြောင်းလိုက်လေသည်။ စကားကိုချိုချိုအေးအေးဖြင့် “ဥက္ကဌဖာဆက်ခ် တခြားဆိုင်သွားပြီးစားလိုက်ရအောင်။ ဒီမှာနေရင်စိတ်ညစ်ရမှာပဲရှိမယ်။ ဒီမြို့မှာ စားသောက်ဆိုင်တွေပေါလွန်းလို့ နောက်မကျသေးပါဘူး။”
ဥက္ကဌဖာဆက်ခ်ကမကြားချင်ယောင်ဆောင်၍ ရှုယီ ကိုလှည့်ကြည့်လိုက်ပြီး “မေးပါရစေ...ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းက ရှုယီ မဟုတ်လား။”
သူထိုသို့မေးလိုက်သော် အားလုံးအံ့သြသွားလေသည်။
ဖာဆက်ခ်က ရှုယီကိုသိနေသည်မှာသေချာသည်။
ရှုယီလည်းသူ့ကိုသိနေသည်ကိုအံ့သြမိသွားသည်။ ထို့နောက်ပြုံး၍ “ဟုတ်ပါတယ် ကျွန်တော် ရှုယီ ပါ။ ဥက္ကဌ ဖာဆက်ခ် ကကျွန်တော့်ကိုသိနေတယ်လားခင်ဗျာ။”
ဥက္ကဌ ဖာဆက်ခ်ကဝါးလုံးကွဲရယ်ချလိုက်သည်။ ရှုယီကိုလက်ကမ်းပေးလိုက်၍ ယဉ်ကျေးစွာပြောလေသည်။ “ကျွန်တော်ခင်ဗျားကိုမတွေ့ဖူးပေမဲ့ ခင်ဗျားနာမည်ကိုကြားဖူးတာသိပ်ကြာပေါ့။ ကဲ ဘာမှလျှို့ဝှက်မထားတော့ပါဘူး။ ဒီကိုအဓိကလာရတဲ့အကြောင်းအရင်းက ဥက္ကဌရှုနဲ့တွေ့ဖို့ပါ။ ဒါနဲ့သူကတွေ့ချင်ပါ့..” ထို့နောက်စကားစကိုဖြတ်၍ “မင်းမှာအချိန်ရှိရင်တော့ လက်ဖက်ရည်လေးဘာလေးသောက်ရအောင်လား။”
သူသည် ရှုယီပေါ်တွင်အရမ်းယဉ်ကျေးနေသဖြင့် အားလုံးအံ့သြနေကြသည်။
အားလုံးတို့သည် နှစ်ယောက်သားကိုအကဲခတ်ကြည့်နေကြသည်။
ခီမီရော့ မျက်နှာသည် ရှောက်ခွံ့ကိုနေခြောက်လှန်းထားသလိုရှုံ့တွနေသည်။ ဖာဆက်ခ်လိုမြင့်မြတ်သောလူက ရှုယီကိုအရေးတယူဆက်ဆံနေလိမ့်မည်ဟုထင်မထားပေ။
ထိုသို့လုပ်လိုက်ခြင်းသည် သူ့ပါးကိုဖျတ်ရိုက်လိုက်သကဲ့သို့ ခံစားရလေသည်။ ထို့ပြင် ပိုဆိုးသည်က စတေးလ် ရှေ့တွင်ဖြစ်နေသည်။
“ဥက္ကဌဖာဆက်ခ်ကအရမ်းယဉ်ကျေးတာပဲ။ ကျွန်တော်နဲ့ဘာများဆွေးနွေးချင်လို့လဲခင်ဗျာ။” ရှုယီ ကစိတ်မလောသေးပဲ ပြန်မေးလိုက်သည်။
“ဟားဟား...ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးချင်ရုံပါ။ ဥက္ကဌရှု စိတ်ဝင်စားမယ်ထင်ပါတယ်။”
“အိုး..” သူအရမ်းအံ့သြသွားသည်။ ထို့နောက် စတေးလ်ဘက်လှည့်၍ “အင်း စတေးလ်ရေ မင်းနဲ့အတူမနေနိုင်တော့တာအားနာပါတယ်။”
စတေးလ်ကလည်း “စီးပွားရေးကပိုအရေးကြီးပါတယ် သွားပါ။”
ရှုယီကခေါင်းငြိမ့်၍ ရမ်နှင့် ဝယ်လာတို့ကိုပြုံးကြည့်ပြီးသော် ဥက္ကဌဖာဆက်ခ်နှင့်အတူထွက်သွားလေသည်။
ထွက်သွားစဉ်တွင် ဥက္ကဌဖာဆက်ခ်သည် သူတို့သုံးယောက်သားကို နှုတ်ပင်မဆက်သွားပေ။
စတေးလ်က ခီမီရော့ကိုကြည့်၍ခပ်အုပ်အုပ်ရယ်လိုက်လေသည်။ ထို့နောက် ရမ်နှင့် ဝယ်လာတို့ကိုနှုတ်ဆက်ပြီးထွက်သွားသည်။
သူတို့နှစ်ယောက်သားသည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ သက်ပြင်းချလိုက်သည်။ သေလုမျောပါးဖြစ်နေသော ခီမီရော့ကိုထား၍ စားသောက်ဆိုင်မှ ထွက်သွားကြလေတော့သည်။
ဥက္ကဌဖာဆက်ခ်နှင့် ရှုယီတို့သည် လူသူရှင်းသောလက်ဖက်ရည်ဆိုင်လေးသို့ သွားကြသည်။ ဥက္ကဌဖာဆက်ခ်က “ဥက္ကဌရှုယီရေ၊ မင်းကို တွေ့ရဖို့ခက်လှချေလား။ အချိန်ကရွှေပဲ။ လိုရင်းပဲပြောလိုက်ကြစို့။ ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စက မှော်ပန်ကာ ပါ။”
ရှုယီကပြုံးလိုက်သည်။ Frestech ကုန်သည်ကြီးများအသင်းသည် ထုတ်ကုန်အနေဖြင့် မှော်ပန်ကာသာရှိလေသည်။ ထို့ကြောင့် ဆွေးနွေးစရာရှိလျှင် ထိုကိစ္စမှလွဲ၍မရှိနိုင်ပေ။
“ကျွန်တော်သိချင်တာက ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုးကိုလိုချင်ပါလိမ့်။ ဒီကဝယ်သွားပြီး ဆော်လ်တန်မြို့မှာရောင်းချင်တာမျိုးဆိုရင်တော့လွယ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီကထုတ်လုပ်မှုကိုမြှင့်တင်ပြီးသားပါ။ ဒီတော့တစ်ခါတည်းမှာသွားလို့ရပါတယ်။”
ဥက္ကဌဖာဆက်ခ်ကခေါင်းခါ၍ “အဲ့လောက်ရိုးရှင်းမှတော့ ဥက္ကဌကိုလိုက်ရှာနေပါဦးမလား။”
“ဟုတ် ကောင်းပါပြီ။ ပြောစရာရှိတာပြောပါ ဥက္ကဌ။”
“ဒီလိုပါ။ ကျွန်တော်တို့ကခင်ဗျားတို့ကုမ္ပဏီက မှော်ပန်ကာတွေအများကြီးဝယ်ပြီးပြန်ရောင်းမယ်ဆိုရင် အမြတ်တွေအများကြီးရတယ်ဆိုပေမဲ့ အဲ့ဒါလောက်နဲ့မလုံလောက်သေးဘူးလေ။ ဘာလို့ဆိုလမ်းမှာကအကုန်အကျများတော့ ရတာနဲ့မကာမိဘူးလေ။ အဲ့ဒါကြောင့် ခင်ဗျားနဲ့ပူးပေါင်းပြီး ကျွန်တော်တို့မြို့မှာစက်ရုံတစ်ခုထောင်ဖို့ပါ။”
ဥက္ကဌဖာဆက်ခ်သည် သာမန်ကုန်သည်နှင့်မတူပေ။
သူ၏အကြံဉာဏ်သည် နည်းနည်းခက်ခဲသော်လည်း အားလုံးအဆင်ပြေချောမွေ့သွားသော် အမြတ်ပိုရနိုင်လေသည်။
“ဥက္ကဌဖာဆက်ခ်၊ ကျွန်တော်သိသလောက်တော့ အဲ့ဒီမြို့မှာ စက်ရုံရှိပြီးသားဆို။ ကျွန်တော်တို့ဆိုင်ခွဲတော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အတော်လေးတွင်ကျယ်တယ်လို့တော့ပြောကြတယ်။ ကျွန်တော်တို့ကစက်ရုံသွားထောင်တော့ရော ရောင်းရပါ့မလားဗျ။”
ဥက္ကဌဖာဆက်ခ်ကပြုံး၍ “ဒီ မှော်ပန်ကာသာထုတ်မယ်ဆို မရောင်းရဘူးပေါ့။ ဒါပေမဲ့ Frestech ဘရန်း အသစ်ဖြစ်မယ်ဆို ဘာပြဿနာမှမရှိပါဘူး။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၃၆ ။ ပထမတန်းစားကုမ္ပဏီ၏အဆင့်သတ်မှတ်ချက်
ဟိန့်ဇ်သည် စက်ရုံပတ်ချာလှည့်လျှောက်ကြည့်နေသော ဝဝတုတ်တုတ်လူကြီးကို ဇဝေဇဝါဖြင့်ကြည့်နေသည်။
“ဟေး ရှုယီ ဒီလူဘာတွေလုပ်နေတာလဲ။ ဘာလို့ခွင့်ပြုထားတာလဲ။ ငါတို့ရဲ့လျို့ဝှက်ချက်တွေပေါက်ကြားမသွားဘူးလား။” မှော်အရစ်ဖော်စက်ကိုပင် စမ်းသပ်ကြည့်ချင်နေသောဖက်တီးကိုကြည့်၍ မမေးပဲမနေနိုင်ပေ။
“လျှို့ဝှက်ချက်လား။ ဘာလျှို့ဝှက်ချက်လဲ။”
“အဓိပ္ပာယ်မရှိလိုက်တာ။ ဘာဖြစ်ရဦးမှာလဲ။ မှော်ပန်ကာ ထုတ်လုပ်ရေးလေ။ အဲ့ဒါလျှို့ဝှက်ချက်ပဲလေ။ အဲ့ဒါသာပေါက်ကြားသွားရင် သူတို့ကလိုက်တုပမနေဘူးလား။”
“ဟိန့်ဇ် မင်းကအရမ်းစိတ်ပူနေတာကိုး။” သူ့ပုခုံးကိုပုတ်၍စိတ်မပူရန်ပြောလေသည်။ ထို့နောက် အလုပ်လုပ်နေသော အလုပ်သမားအားလုံးကိုလက်ညှိုးထိုး၍ “ကြည့်စမ်းပါဦး အဲ့လောက်လူတွေအများကြီးကို ဘာလျှို့ဝှက်ချက်များရှိဦးမှာလဲ။”
“ဘယ်လိုတူနိုင်မှာလဲ။ သူတို့ကငါတို့အလုပ်သမားတွေလေ။ ပြီးတော့ သူတို့က ဗစ်ကောင့်ထ်လက်စ်လိုင်းဆီကအစေခံတွေ။ သူတွေပြန်မပြောဝံ့ပါဘူး။”
“နောက်ဆုံးတော့ ဒါတွေက ပေါ်မှာပဲမဟုတ်လား။ ပြီးတော့ ဒါတွေကိုလျှို့ဝှက်ချက်လို့မထင်ပါဘူး။ ဘာမှအရေးမကြီးတာကို။”
“ဘာလို့အရေးမကြီးရမှာလဲ။ နောက်ဆုံးပေါ်လာမှာဆိုပေမဲ့ အခုတော့လျှို့ဝှက်ထားရမှာပဲ။ သူများတွေထက်ငါတို့ကအခွင့်သာနေလို့ ပိုပြီးအမြတ်ထွက်တာလေ။ အရေးမကြီးဘူးတဲ့လား။”
ရှုယီသည် အဲ့လောက်ရှင်းပြနေရသည်ကို စိတ်မရှည်တော့ပေ။ ထို့ကြောင့် ဥက္ကဌဖာဆက်ခ်ဆီသွားလိုက်သည်။
“ဟေး ဥက္ကဌဖာဆက်ခ် ဒီစက်ကိုကိုင်ရတာအန္တရာယ်များသား။ သိပ်တော့လျော့မတွက်နဲ့ဗျ။”
ဥက္ကဌဖာဆက်ခ်ကသူ့ကိုကြည့်ရယ်၍ “အင်း ဘက်ပေါင်းစုံကကြည့်ပြီးပါပြီ။ ဘာပြဿနာမှမရှိပါဘူး။”
သူ့ကိုကြည့်ရတာ အရမ်းစိတ်အားတက်ကြွနေ၍ ဘာမှမပြောတော့ပေ။ ဘေးကသာကြည့်နေ၍ လိုအပ်မှဆွဲလိုက်ရုံပင်။
အတော်လေးလေ့လာပြီးသော် နားလည်လာလေသည်။
ဝက်အူလှည့်ပေါ်ကပိုးခြေကြိုးကိုကြည့်၍ သူသည်မချီးကျုးပဲမနေနိုင်။
“မိုက်လိုက်တာ။ ဒါကအရမ်းသေးပေမဲ့ ပန်းပဲဆရာသာလုပ်ရင် တစ်ရက်လောက်ကြာလိမ့်မယ်။ ဒီစက်နဲ့ကျတော့ တစ်မိနစ်တောင်မကြာဘူး။ လုံးဝမယုံကြည်နိုင်စရာပဲ။”
ရှုယီ ရယ်လေသည်။
“ဥက္ကဌ ဖာဆက်ခ် လေ့လာကြည့်တာဘယ်လိုနေလဲ။”
“ဥက္ကဌရှုရေ တစ်ခါမှဒီလိုမတွေ့ဖူးဘူး။ အခုတော့ဗဟုသုတတွေလည်းရပါတယ်။ မှော်ပန်ကာ တည်ဆောက်ရတာအင်မတန်ရှုပ်ထွေးတယ်လို့ထင်ခဲ့တာ။ အခုဒီမှာကြည့်လိုက်မှ အဲ့လောက်ရိုးရှင်းမှန်းသိတော့တယ်။ ဒီအလုပ်သမားတွေက ဘာကျွမ်းကျင်မှုမှမရှိဘဲ အလွယ်တကူလုပ်ဆောင်နိုင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီစက်ရုံကအဲ့လောက်အဆင့်မမြင့်ဘူးလို့ထင်ထားတာ။ မှန်းကြည့်ရရင် တစ်နေ့ကိုသုံးရာလောက်ထုတ်နိုင်မယ်ထင်တယ်။”
ရှုယီကလက်မထောင်ပြ၍ “ဥက္ကဌ ဖာဆက်ခ် မြင်တတ်သားပဲ။ ဟုတ်တယ်ဗျ တစ်ရက်ကိုသုံးရာလောက်ထုတ်နိုင်ပါတယ်။ ဒါကနောက်ထပ်ထုတ်မယ့် အမြန်နှုန်းပြောင်းလဲနိုင်တဲ့မှော်ပန်ကာပါ။ ပထမဟာတုန်းကပုံစံသိပ်မဟုတ်တော့ရောင်းအားသိပ်မကောင်းဘူးဗျ။”
သို့သော် အလုပ်ချိန်တစ်ရက်ရှစ်နာရီဆိုတာကိုတော့မပြောပေ။ အချိန်ပိုလုပ်မည်ဆိုလျှင် တစ်ရက်ကိုငါးရာထုတ်နိုင်သည်။
သူ့အတွက်လိုသည်က အရည်အသွေးဖြစ်လေသည်။ ထို့ကြောင့် ထုတ်လုပ်မှုကို ထိန်းချုပ်ထားသည်။ အရေအတွက်များဖို့သက်သက်အလုပ်မလုပ်ခိုင်းပေ။
ဥက္ကဌဖာဆက်ခ်သည်အစေခံများ တလကြမ်းလည်ပတ်နေသောစက်များကိုကြည့်၍ “ဥက္ကဌရှု၊ အမှန်တိုင်းပြောရရင် ခင်ဗျားအလုပ်ရဲ့အဓိကအရာက ဒီစက်တွေပဲ။”
ရှုယီကခေါင်းငြိမ့်ပြ၍ “အင်း ဟုတ်တယ်ဗျ၊ ဘယ်လိုလဲ။ စက်တွေကောင်းရဲ့လား။”
“အစကခင်ဗျားနဲ့ပူးပေါင်းဖို့လာတာ။ ခင်ဗျားလည်းသဘောတူမယ်ဆိုတာသိပြီးသား။ ခင်ဗျားအတွက်လည်းအရှုံးမရှိဘူးလေ။ ဒါပေမဲ့ အခုဒါတွေမြင်တော့ ကျွန်တော့်အဆင့်ကဘာမှမရှိသလိုပဲ။ အမှန်တိုင်းပြောရရင်မနာလိုတောင်ဖြစ်မိတယ်။”
ရှုယီကဟက်ဟက်ပက်ပက်ရယ်၍ “ဥက္ကဌဖာဆက်ခ်ကအရမ်းနှိမ့်ချတာပဲ။ ပူးပေါင်းဖို့သဘောတူပြီးပြီဆိုတော့ သာတယ်နာတယ်ဆိုတာ မရှိတော့ပါဘူး။ ပူးပေါင်းတယ်ဆိုတာ နှစ်ဖက်လုံးအကျိုးရှိဖို့ပဲလေ မဟုတ်ဘူးလား။”
“နှစ်ဖက်လုံးအကျိုးရှိဖို့ဟုတ်လား။ ထူးဆန်းတဲ့စိတ်ကူးပဲ။ ဒါပေမဲ့ အမှန်တရားပဲ၊ ဟုတ်ပါတယ် နှစ်ဖက်လုံးအကျိုးရှိရမယ်။ ဒါပေမဲ့ ဥက္ကဌရှု အောင်မြင်မှုရဖို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။”
ရှုယီကပြုံး၍ စက်တွေကိုလက်ညှိုးထိုးပြပြီး “ဒီစက်တွေများဝယ်မသွားချင်ဘူးလားဗျာ။”
သူကအံ့သြသွား၍ “တကယ်ကိုရောင်းဖို့လား။”
“သိပ်ဟုတ်တာပေါ့။ မရောင်းချင်ရင် ဘာလို့ဥက္ကဌကို ဒီခေါ်လာမလဲ ပြောပါဦး။”
“ဒါပေမဲ့ ဒီစက်တွေက...အင်း ကောင်းပါပြီ။ ရောင်းချင်သပဆိုရင်လည်း ဝယ်ရတာပေါ့။ ဒါပေမဲ့ ဒါလေးဝယ်တာနဲ့ ပူးပေါင်းဆောင်ရွက်တာလို့တော့ ပြောမရဘူးပေါ့ မှန်ရဲ့လား။”
“ဟုတ်တာပေါ့ စက်တင်ဘယ်ကမလဲ လူအင်အားရောပေါ့။ ဒီစက်တွေကိုလည်ပတ်ဖို့ ဆော်လ်တန်မြို့မှာ လူရှာလို့ရမှာမဟုတ်ဘူး။ ဒီတော့ စက်ရောင်းရုံမက ဥက္ကဌလူတွေကိုလည်း ကောင်းကောင်းလည်နိုင်တဲ့အထိ သင်ပေးရမှာပေါ့။ ဘယ်လိုသဘောရလဲ။”
“နောက်နေတာတော့မဟုတ်ပါဘူးနော်။”
ရှုယီကပြုံး၍ “နောက်ပါ့မလားဗျာ။”
ဥက္ကဌဖာဆက်ခ်ကခေါင်းငြိမ့်၍ ခဏစဉ်းစားလိုက်ပြီး “ဥက္ကဌရှုရေ အပေးအယူကအရမ်းကောင်းနေတော့ ကျွန်တော့်ကိုပဲလှည့်စားနေတာလားလို့တောင် ထင်နေမိတယ်။ ဒီတော့ ကျွန်တော့်ဘက်ကပြန်လုပ်ပေးရမှာလည်း သေးတော့သေးမယ် မထင်ဘူး။ ပြောကြည့်ပါဦး။”
“ကျွန်တော့်တောင်းဆိုမှုကမများပါဘူး။ ဒါပေမဲ့ အသေးအဖွဲလို့လည်း သတ်မှတ်လို့မရဘူးပေါ့။ ဥက္ကဌသတ်မှတ်တဲ့ပေါ်ပဲ မူတည်ပါတယ်။”
“အိုး..ထူးဆန်းလှချေလား။ ကဲ ပြောသာပြောပါ။”
“ကျွန်တော်တောင်းဆိုချင်တာ...”
ဥက္ကဌဖာဆက်ခ်သည် ရှုယီနှင့်နှစ်ရက်လောက်ဆွေးနွေးတိုင်ပင်ကြပြီးနောက် ဘန်တာမြို့ကထွက်ခွာသွားသည်။
သူထွက်သွားပြီးနောက် ဟိန့်ဇ်က “ရှုယီ ဟုတ်ပါ့မလား။ သူ့ဆီက မှော်ပန်ကာ တစ်ခုစီအတွက် ဆယ်ပြားရမယ်ဆိုပေမဲ့ ဆော်လ်တန်မြို့ကို ဒီတိုင်းလက်လျော့လိုက်ရပြီပေါ့။ ဒီအတိုင်းဆိုအများကြီးနစ်နာတယ်မဟုတ်လား။ ငါတို့ရဲ့နည်းပညာတွေ ပေါက်ကြားသွားပြီဆိုတော့ နောက်ဆို မှော်ပန်ကာစက်ရုံတွေ မှိုလိုပေါက်လာတော့မယ်။ အဲ့ဒီအခါကျ ငါတို့အတွက်ဘုံပျောက်တော့မယ်။”
ရှုယီကပြုံးပြီးခေါင်းခါလေသည်။ “မဟုတ်သေးဘူးလေ ရေရှည်တွေးကြည့်မှပေါ့။ မှော်ပန်ကာကအတုလုပ်ဖို့လွယ်တယ်လေ။ ဒီတော့မဟုတ်လည်းပေါက်ကြားမှာပဲ။ ဒီတော့ ပိုပြီးအဆင့်မြှင့်တင်နေဖို့ ကြိုးစားနေရမှာပဲ။ နည်းပညာပိုင်းမှာ တပန်းသာလေလေ ငါတို့ရှေ့ရောက်လေပဲ။ အဲ့ဒါမှတ်ထားပါ။”
ဟိန့်ဇ်ကသူ့ကိုလေးစားစွာဖြင့်ကြည့်လိုက်သည်။
“တတိယကုမ္ပဏီဆိုတာ ကုန်ထုတ်တယ်။ ဥက္ကဌဖာဆက်ခ်လိုမျိုးပေါ့။ မှော်ပန်ကာတွေအများကြီး ထုတ်နိုင်လည်း နောက်ဆုံးမလွှမ်းမိုးနိုင်ပါဘူး။”
“ဒုတိယလိုက်တဲ့ကုမ္ပဏီဆိုတာ နာမည်ရအောင်ကြိုးစားမယ်။ အရင်က တံဆိပ်နဲ့ပတ်သက်ပြီး ပြောခဲ့ပြီးပါပြီ။ သိပ်နားမလည်သေးတဲ့ပုံပဲ။ မင်းနဲ့ငါတွဲ လာတာကြာပြီ အခုထိနားမလည်သေးဘူးပဲ။ တိုက်ကြီးတစ်ခုလုံးမှာလည်း တံဆိပ်ရဲ့တာသွားပုံကို နားလည်တဲ့လူရှားတယ်။ သိချင်သိလိမ့်မယ်။ ဒါပေမဲ့ အသေးစိတ် မသိကြဘူး။ ဒါပေမဲ့ အဲ့ဒီအချက်မှာ ငါတို့ကုမ္ပဏီက နောကြေသွားပြီ။ ဘန်တာမြို့မှာတော့ ငါတို့တံဆိပ်ကလူကြိုက်အများဆုံးပဲ။ သူတို့ယုံကြည်မှု ပျက်စီးအောင်မလုပ်မချင်းတော့ တည်မြဲနေမှာပဲ။”
“နောက်ဆုံးအချက်ကအရေးကြီးဆုံးပဲ။ ပထမတန်းစားကုမ္ပဏီ သူကအဆင့်အတန်းရှိတယ်။ ငါတို့ကြိုးစားနေတာ အဲ့လိုဖြစ်ဖို့ပဲ။ ခက်ခဲလေတော့ အချိန်အတော်ကြာကြိုးစားရဦးမှာပေါ့။ ရပြီဆိုရင်လည်း ဒီတစ်တိုက်လုံးမှာ ဘယ်တော့မှ မပြိုလဲတော့ဘူး။ ဥက္ကဌဖာဆက်ခ် ထင်တာတော့ ဒီစက်တွေကို စျေးချိုချိုနဲ့ ရတယ်ပေါ့။ ဒါပေမဲ့ ငါ့အမြင်တော့ ငါ့လက်အောက်ကိုရောက်သွားတာပဲ။ သူ့ကုမ္ပဏီက လက်ရှိငါတို့ထက် ကြီးကျယ်ပေမဲ့ နောက်ဆုံးတော့ ငါတို့နောက်ကျန်ခဲ့မှာပဲ။”
ဟိန့်ဇ်ကနားမလည်နိုင်စွာဖြင့်ကြည့်လိုက်သည်။
ဆော်လ်တန်မြို့က ပထမတန်းစား ဖာဆက်ခ်ကုန်သည်ကြီးများအသင်းသည် သူတို့ကုမ္ပဏီထက် အဆများစွာကြီးလေသည်။ ကျော်ဖို့နေနေသာသာ မှီဖို့ပင်မလွယ်ပေ။
အနည်းဆုံးသူနားလည်သည်က ရှုယီတွင် ရေရှည်စီမံကိန်းရှိသည် ဆိုခြင်းပင်။ ထို့ကြောင့်လည်း ရှုယီသည်အမှတ်မဲ့ လုပ်မည်မဟုတ်ပေ။
သူ့ယုံကြည်မှုကလည်းပြင်းထန်လေသည်။
‘အင်း စိုင်စ်နယ်မြေမှာတော့ အကောင်းဆုံးကုမ္ပဏီဖြစ်အောင် ကြိုးစားမှာတော့ သေချာတယ်။’
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၃၇ ။ အလယ်တန်းစားနှင့် အဆင့်မြင့်အဖြစ် သတ်မှတ်ခြင်း
ရှုယီသည် ဟိန့်ဇ်အားအများကြီးရှင်းပြသော်လည်း အရေးကြီးဆုံးအချက်ကိုကား မရှင်းပြထားပေ။
မရှင်းပြချင်၍မဟုတ်။ သူနားမလည်မှာစိုး၍ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် တိုက်ကြီးတစ်ခုလုံးတွင် နားလည်မည့်သူတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ့အစီအစဉ်သည် အနှစ်တွေဖြစ်သောကြောင့်ပင်။
စက်မှုတိုးတက်မှုတွင် စက်ပစ္စည်းအသေးစားများသည် အပေါ်ယံသာဖြစ်၍ ဧရာမစက်ကြီးများသည် အဓိကအရေးကြီးဆုံးဖြစ်လေသည်။
တစ်သောင်းမက တစ်သိန်းမျှရှိသော မှော်ပန်ကာများပင်ဖြစ်ပါစေ အဓိကအရာမှာ ထုတ်ကုန်တစ်ခုချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုသာဖြစ်သည်။ ထိုအရာသည် အသေးစားတိုးတက်မှုမျှသာဖြစ်လေသည်။
ရှုယီသည် မှော်ဖိစက်နှင့် မှော်အရစ်ဖော်စက်တို့ကို ရောင်းချရန်ရွေးချယ်လိုက်သည်။ ထိုသို့လုပ်ခြင်းသည် တိုက်ကြီးတစ်ခုလုံးသို့ ဖြန့်ချင်သောကြောင့်ဖြစ်သည်။
ထိုစက်တို့သည် အင်အားကြီးသောအစွမ်းကို ပေါ်လွင်စေသည်။ တိုက်ကြီးတစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားလိမ့်မည်ဟု ယုံကြည်မိသည်။
စက်မှုတိုးတက်ပြောင်းလဲရေးကို အကြီးအကျယ်အထောက်အကူဖြစ်စေလိမ့်မည်ဟုလည်း ယုံကြည်လေသည်။ သူ၏စက်မှုစနစ်တစ်ခုကို တည်ထောင်ရန်လည်း အရေးကြီးလှပေသည်။
ကမ္ဘာမြေပေါ်က သူ့လိုအင်ဂျင်နီယာတစ်ယောက်မှလွဲ၍ မည်သူနားလည်နိုင်မည်နည်း။
သို့သော် သူလက်ခံရမည့် အမှန်တရားတစ်ခုရှိသေးသည်။ ထိုအရာကား စက်ပစ္စည်းအကြီးများသည် စက်မှုလုပ်ငန်းတွင် အဓိကဖြစ်သော်လည်း ငွေမြန်မြန်ရဖို့သည် ကုန်ပစ္စည်းအသစ်ထုတ်နိုင်မှဖြစ်ပေသည်။ ထို့ကြောင့် လူပုလေးများ၏အကူအညီဖြင့် စက်အသစ်တို့ကိုသုတေသနလုပ်၍ ကုန်ပစ္စည်းအသစ်ထုတ်လုပ်ရန် ကြံရွယ်နေ၏။
ထိုညတွင် ဗစ်ကောင့်ထ်လက်စ်လိုင်းကိုသွားတွေ့ခဲ့သည်။
“ရှုယီ မင်းတော်တော်အလုပ်ရှုပ်နေတယ်လို့ကြားတယ်။ ငါ့ကိုရုတ်တစ်ရက်ကြီးလာတွေ့ဖို့တော့ အားသားပဲ။” သူသည် နွေဦးကို သိပ်ကြိုက်ပုံရသည်။ နေဝင်သွားသော်လည်း သိပ်မအေးသေးပေ။ ရှုယီကို ထိုနွေဦးအဆောင်တွင်လက်ခံတွေ့လေသည်။
“ဟုတ်ကဲ့ ကျွန်တော်ပြောသလိုပါပဲ။ အရှင့်ကိုလာတွေ့ရမှာကလည်း ကျွန်တော့်အလုပ်ပဲဆိုတာ ယုံမလားမသိ။” သူကပြုံး၍ ပြောသည်။
“အိုး..ဒါနဲ့ ဟိုဟာကဘာလဲ။” ရှုယီဘေးတွင်ရှိသော သေတ္တာကိုကြည့်၍မေးလိုက်သည်။
“အရှင့်မျက်လုံးက လျင်သားပဲ။ ကျွန်တော့်ကိုဒါလေးတပ်ဆင်ဖို့ ကူညီပေးလို့ရမလားဗျ။”
အိမ်တော်ထိန်းဘရူနိုင်းကမျက်စောင်းထိုးလိုက်သည်။ သူစကားပြောဖို့လုပ်သည်တွင် ဗစ်ကောင့်ထ်လက်စ်လိုင်းကလက်ကာပြ၍ တားလိုက်သည်။
ထို့နောက် မတ်တတ်ရပ်လိုက်၍ “ကဲ ဘာများလုပ်ပေးရမှာလဲ။”
ရှုယီကအခန်းကို ဝှေ့ဝှိုက်ကြည့်လိုက်၍ နံရံပေါ်က သံစင်လေးတစ်ခုကိုတွေ့သော် “ဒီပေါ်မှာတင်ဖို့ ကူညီပါဦး။”
နှစ်ယောက်သားသည် ငယ်ရွယ်သူများဖြစ်၍ အခက်အခဲမရှိပေ။
သူခိုင်းသလို တပ်ဆင်ကြပြီးနောက် ဗစ်ကောင့်ထ်လက်စ်လိုင်းကသိချင်ဇောဖြင့် “ရှုယီရေ ပြောပါဦး ဒါကဘာလဲ။”
ရှုယီကရယ်၍ “စိတ်မလောပါနဲ့ သုံးပြီးရင်သိသွားပါလိမ့်မယ်။” ထို့နောက် သေတ္တာခလုတ်ကိုနှိပ်လိုက်ပြီး တံခါးတွေအားလုံးပိတ်လိုက်လေသည်။
ဆရာတပည့်နှစ်ယောက်သည် ရှုယီ၏လုပ်ကိုင်ပုံကိုကြည့်၍ နားမလည်ဖြစ်နေကြသည်။
“ရှုယီ ဘာတွေများလဲ။” ဗစ်ကောင့်ထ်လက်စ်လိုင်း မေးတဲ့အချိန် လေအေးတစ်ချက်တိုက်လာသည်။
မှော်ပန်ကာနှင့်မတူ အတော်လေးအေးလေသည်။ မှော်ပန်ကာ မှထွက်သောလေသည် ပူလောင်မှုကိုခံစားရသေးသည်။
မကြာပါ။ အခန်းတစ်ခုလုံးသည် လေတဖြူးဖြူးဖြစ်လာသည်။
ခဏမျှဇိမ်တွေ့ပြီးသော် ရှုယီကိုကြည့်၍ “ပြောစမ်းပါဦး ဒါ ဘာများလဲ။”
ဗစ်ကောင့်ထ်လက်စ်လိုင်း၏လေးနက်သောအသွင်ကိုမြင်သော် သူမပြုံးဘဲမနေနိုင်။ ဗစ်ကောင့်ထ်လက်စ်လိုင်းသည် ငတုံးမဟုတ်ပေ။ ထူးခြားမှုကိုမြင်တွေ့လေသည်။
“ဒီဟာကို မှော်လေအေးပေးစက်လို့ခေါ်တယ်။ အရှင့်အနေနဲ့ ဒီနာမည်ကိုဘယ်လိုသဘောရလဲဗျ။”
“ မှော်လေအေးပေးစက်ဟုတ်လား။ အဲ့ဒါက လေကိုချိန်ညှိဖို့မဟုတ်လား။”
“အရှင်ဗစ်ကောင့်ထ်ကသဘောပေါက်လွယ်သားပဲ။ ဟုတ်တယ်ဗျ လေထိန်းညှိစက်ပါ။ ဘယ်လောက်ပူပူအေးမြစေပါတယ်။ ဒီတော့ နာမည်က ကြီးကျယ်ထားတာမဟုတ်ဘူးဆိုတာသိမှာပါ။”
“အင်း မကြီးကျယ်ပါဘူး။” သူ့မျက်လုံးက မှော်လေအေးပေးစက် ပေါ်ရောက်သွားပြန်သည်။ သူ့အကြည့်ကလေးနက်သည်ထက် လေးနက်လာသည်။
“ရှုယီ၊ ဒီစက်က အခုထွင်လိုက်တဲ့အသစ်လား။”
“ဟုတ်ပါတယ်ဗျ။”
“ဘာလို့ဒီကိုယူလာတာလဲ။ စမ်းသပ်မှုအောင်မြင်သွားပြီဆိုတော့ ထုတ်လုပ်ကြတော့လေ။ စျေးက ရေခဲမှော်အစီအရင်ထက်မများရင်တော့ ရောင်းကောင်းမှာသေချာတယ်။”
“ဒီကိုယူလာတာအကြောင်းပြချက်ရှိပါတယ်။ အရှင်ကကျွန်တော်တို့ကုမ္ပဏီရဲ့ အဓိကရှယ်ယာဝင်သူဖြစ်တာကြောင့် အသစ်ပေါ်လာတိုင်း ယူလာပြရမှာပဲလေ။ ပြီးတော့ ဒီစက်ကိုအဆင့်သတ်မှတ်ဖို့အခက်တွေ့နေလို့ပါ။”
“သတ်မှတ်ဖို့၊ ဘာသတ်မှတ်ဖို့လဲ။”
“ထုတ်ကုန်ကိုမရောင်းခင်မှာ အဆင့်သတ်မှတ်ရတယ်လေ။ ရှင်းရှင်းပြောရရင် ဘယ်လိုလူတွေကို ပစ်မှတ်ထားရောင်းမလဲ ဆိုတာပါ။”
ဗစ်ကောင့်ထ်လက်စ်လိုင်းက သူ့ကိုယ်သူ လက်ညှိုးထိုး၍ “ပြောချင်တာက ငါ့လိုလူတွေကို ရောင်ဖို့ပေါ့။”
“ဟုတ်ပါတယ်။ ဒီလိုပစ္စည်းကို အလယ်တန်းစား မဟုတ်ရင် အဆင့်မြင့်ပစ္စည်းအဖြစ်သတ်မှတ်ဖို့ပါ။ ပြောချင်တာက သာမန်လူတွေအတွက်မဟုတ်ဘူးပေါ့၊ အရှင်ဗစ်ကောင့်ထ်လိုလူတန်းစားတွေအတွက်၊ စီးပွားရေးတောင့်တဲ့လူတွေအတွက်ပေါ့။ အဲ့ဒါကြောင့် အရင်ဆုံး အရှင်ဗစ်ကောင့်ထ်အနေနဲ့ဘယ်လိုသဘောရလဲသိချင်လို့ပါ။ အခုစမ်းကြည့်ပြီးပြီဆိုတော့ ဘယ်လိုသဘောရလဲဗျ။”
“ဒီလိုဆို..” မေးကိုကုတ်၍ စဉ်းစားလိုက်သည်။ “အင်း ငါ့ကိုအရင်ပြောစမ်းပါဦး စျေးဘယ်လောက်လဲ။”
ရှုယီကလက်နှစ်ချောင်းထောင်ပြလေသည်။
ဗစ်ကောင့်ထ်လက်စ်လိုင်းကမျက်မှောင်ကြုတ်၍ “နှစ်ပြားတော့မဟုတ်ပါဘူးနော်။ ဒီလိုဆို မှော်ပန်ကာနဲ့စျေးတူသွားမယ်။ အင်း မင်းပြောပုံအရဆို ပြားနှစ်ဆယ်လား။”
ရှုယီကခေါင်းငြိမ့်ပြသည်။
“စျေးကသင့်ပါတယ်။ ငါသာဆို ဝယ်ပြီသာမှတ်။ ဒါပေမဲ့ ပြဿနာက မှော်ကျောက်တုံးများ အများကြီးစားတယ်လား။ မိသားစုအများစုက ရေခဲမှော်အစီအရင်ကိုမတတ်နိုင်ဘူးဆိုတာက သူတို့က မှော်ကျောက်တုံးများ အများကြီးသုံးဖို့ မတတ်နိုင်ကြဘူးလေ။”
ရှုယီကပြုံးလိုက်ပြီး “အရှင်ဗစ်ကောင့်ထ်၊ ဒါကဒီစက်ရဲ့ အဓိကအားသာချက်ပဲ။ ဒီစက်က မှော်ပန်ကာထက်ပိုစားတယ်ဆိုပေမဲ့ တစ်ရက်လုံးမှ မှော်ကျောက်တုံးများအတွက်ကုန်ကျစရိတ်က ငွေဒင်္ဂါးဆယ့်သုံးပြားဆယ့်ငါးပြားပဲ။ အင်း ပိုပြီးအေးချင်ရင်တော့ အဆင့်မြင့် မှော်ကျောက်တုံးများ သုံးရမှာပေါ့။ ဒါဆိုရင်တော့ ပိုပြီးကုန်ကျမှာပေါ့။”
သူ့စကားကြားသော် ဆရာတပည့်နှစ်ယောက်သည် မျက်လုံးပြူးသွားကြလေပြီ။
“အင်း သိပ်မစားဘူးပဲ။ တစ်ရက်ကို ဆယ့်ငါးပြားပဲဆိုတော့ တစ်လကို ရွှေဒင်္ဂါးငါးပြားပေါ့။ ရေခဲမှော်အစီအရင် ထက်အများကြီး သက်သာစေတာပေါ့။”
“အဲ့လိုမှမသက်သာစေရင် ကျွန်တော်ဘာလို့သုတေသနလုပ်မလဲဗျာ။”
“အင်း ဟုတ်တာပေါ့ အရမ်းကောင်းတယ်။ ဒီလိုသာဆို ရောင်းရမှာ ကြိမ်းသေပေါက်ပဲ။ မှော်ပန်ကာလောက်တော့ မရောင်းရဘူးပေါ့။ ဒါပေမဲ့ အမြတ်က သူ့ထက်သာမှာပါ။”
ရှုယီကရယ်၍ “အရှင်ဗစ်ကောင့်ထ်ကအရမ်းတော်ပါပေတယ်။ ဟုတ်တာပေါ့ အမြတ်က သူ့ထက်အဆများစွာသာမှာပါ။ ရောင်အားကောင်းဖို့ဆိုရင်တော့ အရှင်ဗစ်ကောင့်ထ်ရဲ့ အကူအညီလိုတာပေါ့။”
“အိုး ဘာများလဲ။ ပွင့်ပွင့်လင်းလင်းသာပြော။ ငါကအဓိကရှယ်ယာဝင်ထားသူမို့လား။ ဒီတော့ အားနာနေဖို့မလိုဘူး။”
“အရှင်ဗစ်ကောင့်ထ်ရေ သိပ်ထွေထွေထူးထူးတော့ မဟုတ်ပါဘူး.....”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၃၈ ။ ညစာစားပွဲ
နောက်တစ်နေ့နေဝင်ချိန်တွင် ဘန်တာမြို့အနောက်ဘက် အိမ်ကြီးမြိုင်ကြီးတွင် ဇိမ်ခံမြင်းလှည်းတို့ဖြင့် ပြည့်နှက်နေလေသည်။ ဝတ်ကောင်းစားလှများဝတ်၍ ကိုယ်ရောင်အရှိန်တောက်ပစွာရှိသော လူများစွာတို့သည် ထိုခြံကြီးထဲတွင် လှည့်လည်သွားလာရင်း စကားစမြည်ပြောနေကြသည်။
ထိုမြို့မှ လူကြီးလူကောင်းများကိုသိသူဆိုလျှင် သူတို့ကို ကောင်းကောင်းကြီး သတိထားမိပေလိမ့်မည်။ သေချာကြည့်မည်ဆိုလျှင် လူလတ်ပိုင်းအရွယ်လူတစ်ယောက်သည် အိမ်ရှင်နှင့်စကားပြောနေသည်ကို တွေ့ရလိမ့်မည်။
ထိုလူသည် မြို့တော်ဝန် လော့ဒ်ကောင့်ထ်စီယန်ဆာမော့ ဖြစ်လေသည်။
သူနှင့်ပြောနေသော အိမ်ရှင်သည် ထိုမြို့တွင် လူရိုသေရှင်ရိုခံရသောလူဖြစ်သည်။ သူကား ဗစ်ကောင့်ထ်လက်စ်လိုင်း ဖြစ်ပေသည်။
သူသည် အေးဆေးနေတတ်သူဖြစ်၍ ရုတ်တစ်ရက် ပါတီပွဲ ကျင်းပမည်ဟု ကြေငြာလိုက်သော် အားလုံးအံ့အားသင့်သွားကြသည်။
ထိုသို့ကျင်းပရန်အတွက် အကြောင်းပြချက်များစွာရှိနေသည်။ အထူးဆန်းဆုံးသည် အန်ဗီမာမှာရှိသော သူ့တူကို အပြင်လောကနှင့် ထိတွေ့မိတ်ဆက်လိုခြင်းဖြစ်သည်။ သူဌေးအများစုသည် ပါတီပွဲကို ကြိုက်နှစ်သက်ကြသူများဖြစ်၍ အကြောင်းပြချက်ကို စိတ်မဝင်စားပေ။ ထို့ကြောင့် ဖိတ်ကြားခံရသူအားလုံး ရောက်လာကြလေသည်။
ထိုဂုဏ်သရေရှိပုဂ္ဂိုလ်များကြားတွင် သူဌေးများသာမက ရာထူးကြီးသူများလည်း ပါသည်။ သာမန်လူတစ်ယောက်မျှမပါပေ။
မထူးဆန်းပေ။ ဗစ်ကောင့်ထ်လက်စ်လိုင်း ကျင်းပသောပွဲဖြစ်၍ သာမန်လူမပါနိုင်ပေ။
ထို့ကြောင့် ရှုယီသည် မည်သူမျှပေါင်းသင်းမည့်သူမရှိ ချောင်တွင်သာကပ်နေရသည်။
သူ့အဆင့်အတန်းနှင့်ပေါင်းသင်းရမည့်သူမရှိဖြစ်နေသည်။ Frestech ကုန်သည်ကြီးများအသင်းသည် မှော်ပန်ကာ ထုတ်၍ ငွေအမြောက်အများရနေသော်လည်း နောက်ဆုံးပိတ်တွင် သာမန်ကုမ္ပဏီအသေးလေးသာဖြစ်သည်။ ဘန်တာမြို့တွင် သူတို့လိုကုမ္ပဏီ ရှစ်ဆယ်ရှိသည်။ ထို့ကြောင့် ဘာမျှအရေးတယူလုပ်နေဖို့မလိုပေ။
မှော်ပညာရှင်တစ်ယောက်အနေဖြင့်ဆိုလျှင် သူသည် စာမေးပွဲပင်မအောင်မြင်သေးသဖြင့် တရားဝင်မှော်ပညာရှင်အဖြစ် သတ်မှတ်မခံရသေးပေ။ ထို့ကြောင့် အဘယ်မျှဂုဏ်ယူဖွယ်ဖြစ်မည်နည်း။
ဒီပွဲတွင် မည်သူမျှ သူ့ကိုအရေးတယူမလုပ်ကြသော်လည်း လုံးဝဝမ်းမနည်းပေ။ သို့သော် ယခုကား အင်မတန်စွဲမက်ဖွယ်ကောင်းသောမျက်လုံးတစ်စုံ၏ ဆွဲညို့ထားခြင်းကိုခံနေရလေသည်။
“ပျင်းစရာပဲ။” စတေးလ်ကငြီးတွားလိုက်သည်။ “ရှုယီရေ ဗစ်ကောင့်ထ်လက်စ်လိုင်း စီစဉ်တဲ့ပွဲက အဲ့လောက်ငြီးငွေ့ဖွယ်ကောင်းမယ်လို့မထင်ထားခဲ့ဘူး။ အခုတော့လုံးဝစိတ်ပျက်စရာပဲ။”
“အင်း ပြောသားပဲ၊ ခါတိုင်းလိုပါပဲလို့ နင်မှမယုံတာ။”
“ဟမ်း..ရှင်ကစကားပြောရတာစိတ်မပျက်ဘူးဘဲ။ အထက်တန်းစားပါတီတွေက အဲ့လောက်ငြီးငွေ့စရာကောင်းတယ်လို့ ကျွန်မကို ဘယ်သူပြောခဲ့လို့လဲ။ ဟူး ဒီမလာဘဲ မှော်အစီအရင် လေ့လာနေတာကမှ ပိုအကျိုးရှိဦးမယ်။”
“အင်း ငါ့အမှားပါ။”
သူမကဒေါသကြီးစွာဖြင့် “ရှင်ဒီကိုလာတာအံ့ဩစရာပဲ။ ဒီပွဲက ထူးခြားမယ်ထင်ထားတာ အလကားပဲ။”
ရှုယီသည် သူမကိုကြည့်လိုက်သည်။ သူမသည် ယနေ့တွင် လုံးဝလှလှပပြင်ဆင်ထားသည်ကိုတွေ့ရသည်။ သူမကိုယ်နဲ့လိုက်ဖက်သော ခရမ်းရောင်ဝတ်စုံကိုဝတ်၍ ဆံနွယ်လေးများကိုသိမ်းလိုက်ပုံမှာ ရှုမငြီးနိုင်တော့ပေ။ သူမ၏မျက်နှာကလေးသည် နုပျိုလန်းဆန်းနေပေသည်။ သူမရှေ့ကဖြတ်သွားသူတိုင်း လှည့်မကြည့်မိသူမရှိပေ။
နာရီဝက်မျှအတွင်းတွင် သူမကိုစကားလာပြောသူ ဆယ်ယောက်မကတော့ပေ။
ရှုယီသာသူမဘေးမရှိလျှင် ဆယ်ယောက်မကရှိနိုင်သည်။
“အင်း တစ်ခုခုဆွေးနွေးချင်တယ်ဆိုရှိသားပဲ။ ရက်အနည်းငယ်လောက်က ငါတို့သုတေသနပြုနေတဲ့ဟာ မှတ်မိသေးလား။”
သူမက အံ့သြစွာဖြင့် “မှော်လေအေးပေးစက်ကိုပြောတာလား။”
“အင်း ဟုတ်တယ်။”
သူမသည် သုတေသနအခန်းထဲတွင် ပါဝင်နေ၍ မှော်လေအေးပေးစက်နှင့်ပတ်သက်၍လေ့လာရပေလိမ့်မည်။
ထို မှော်လေအေးပေးစက် ပြီးမြောက်ခြင်းတွင် သူမ၏လုပ်ဆောင်မှုသည် အဓိကနေရာတွင်ပါဝင်လေသည်။
“အဲ့ဒါနဲ့ဒီပါတီပွဲနဲ့ဘာဆိုင်လို့လဲ။”နားမလည်၍ ပြန်မေးလိုက်သည်။
သူကပြုံးလိုက်ပြီး “ ဒီလောက်လူအများကြီးရှိနေတာတောင် လုံးဝမပူတာ သတိထားမိရဲ့လား။”
အခုမှ သူမသတိထားမိတော့သည်။ လှည့်ပတ်ကြည့်သော် နံရံတွင်တပ်ဆင်ထားသော မှော်လေအေးပေးစက် နှစ်ခုကို တွေ့လေသည်။ လေအေးတို့တိုက်နေ၍ မပူတာမထူးဆန်းပေ။
“ရှုယီ ရှင်နဲ့ ဗစ်ကောင့်ထ်လက်စ်လိုင်းတို့တိုင်ပင်ထားတာ ဖြစ်ရမယ်။”
“အင်း ဟုတ်တယ်။ လုပ်ရိုးလုပ်စဥ်အတိုင်းဆို နင့်လိုပြောရေးဆိုခွင့်ရှိသူက လုပ်သင့်တာပေါ့။ ဒါပေမဲ့ ဒီလိုလူအများကြီးရှေ့မှာ နင်မရောင်းချင်မှန်းသိလို့ ငါလုပ်လိုက်တာပေါ့။”
“ဟမ်း..တခြားလူတွေဆီသွားပြီး ဟေး ဝယ်ကြပါဦး၊ ဒါကကျွန်မတို့ ထုတ်ကုန်လေ အဲ့လိုပြောရမှာလား၊ ရယ်စရာကြီး။ ရှင်အရင်ကပြောထားတယ်လေ ဒီလိုတွေလုပ်စရာမလိုဘူးလို့။”
“အင်း ဟုတ်ပါတယ်။ အဲ့ဒါကြောင့် မပြောတာလေ။ ပြီးတော့ နင့်လိုလှပပြီးဆွဲဆောင်မှုရှိတဲ့လူကိုရောင်းခိုင်းမယ်ဆိုရင် အခြားလူတွေကငါ့ကိုအပြစ်တင်ကြမှာပေါ့။”
သူ့စကားကြားသော် သူမကပြုံး၍ “ ဒီနေ့ကျွန်မအရမ်းလှနေတာ သတိထားမိရဲ့လား။”
“ဟင့်အင်း ဒီနေ့မှမဟုတ်ဘူး အမြဲလှနေတာ။ အင်း ဒီနေ့က ထူးထူးခြားခြားလှနေတာဆိုပါတော့။”
သူမက ခေါင်းကိုမော့လိုက်၍ “ရှင်ကစကားတတ်သားပဲ။ ဒါနဲ့ ရှင်နဲ့ ဗစ်ကောင့်ထ်လက်စ်လိုင်းကပူးပေါင်းတာဆိုတော့ သူကရှင့်ကိုကူညီရောင်းပေးတာပေါ့လေ။”
“အင်း သူက ဂုဏ်သရေရှိပုဂ္ဂိုလ်ပဲ။ ဘယ်လိုလုပ်လှည့်ပတ်ပြီးတော့ရောင်းမလဲ။ ဒီတော့ ငါပဲလုပ်ရမှာပေါ့။ အခုတော့ငါကအရောင်းသမားဖြစ်သွားပြီ။ မလိုက်ချင်ရင်တော့ ဒီမှာခဏစောင့်လိုက်ဦး။”
စတေးလ်က မျက်စောင်းထိုးလိုက်၍ သူ့နောက်က လိုက်လာသည်။
“ရှင့်လိုလူက ဘယ်လိုရောင်းလဲ ကြည့်ရသေးတာပေါ့။”
သူကပြန်ပြုံးပြလိုက်သည်။ ဟောခန်းတစ်ခုလုံးကို ကြည့်လိုက်ပြီး လူလတ်ပိုင်းလူတစ်ယောက်ဆီချဥ်းကပ်သွားသည်။
“အိုး ဂုဏ်သရေရှိ ဗစ်ကောင့်ထ်ဇက်တ်မန်းနဲ့မဒမ်တို့ခင်ဗျာ မင်္ဂလာပါ။”
ကြင်ယာနှစ်ယောက်လှည့်ကြည့်လိုက်၍ လူငယ်တစ်ယောက်ကိုမြင်သော် အံ့သြစွာဖြစ်နေသည်။
“ဒါက....”
“ကျွန်တော်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှုယီ ပါခင်ဗျာ။ ဒီတစ်ယောက်က ကျွန်တော့်မိတ်ဆွေပါ..”
“အော် မှော်ပညာရှင်ကြီး ကမ်မီလာရဲ့မြေး စတေးလ်ကိုး အရင်ကမြင်ဖူးသားပဲ။” ဗစ်ကောင့်ထ် ဇက်တ်မန်းကဝင်ပြောလိုက်သည်။
စတေးလ်ကသူတို့နှစ်ယောက်ကို အရိုအသေပေးလိုက်ပြီး “ဗစ်ကောင့်ထ်ဇက်တ်မန်းက အရမ်းရိုးသားဖြောင့်မတ်တဲ့လူလို့ အဖိုးကအမြဲပြောပါတယ်ရှင့်။ အခုတွေ့ရတော့ တကယ်ကိုဟုတ်ပါပေတယ်။”
ဗစ်ကောင့်ထ်ဇက်တ်မန်းကရယ်လိုက်၍ သူ့အနေဖြင့် ထိုစကားကိုမယုံကြည်ပေ။ သံသယဖြင့် ရှုယီ ဘက်လှည့်လိုက်လေသည်။
“စောစောကပြောတာ Frestech ကုန်သည်ကြီးများအသင်းက ဥက္ကဌနော် ဟုတ်လား။”
“ဟုတ်ပါတယ်ခင်ဗျ။”
“အင်း Frestech ကုန်သည်ကြီးများအသင်း............ Frestech ကုန်သည်ကြီးများအသင်း........ငါအရင်ကဒီနာမည်ကိုကြားဖူးသလိုပဲ။” ထို့နောက်မိန်းမဘက်လှည့်၍ မေးဖို့လုပ်သည်တွင်
“ဟုတ်ကဲ့ အရင်က အိုရင်းဆီကကြားဖူးတာဖြစ်ပါလိမ့်မယ်။” ရှုယီကပြန်ဖော်ပေးလိုက်သည်။
ဗစ်ကောင့်ထ် ဇက်တ်မန်း အံ့သြတကြီးဖြင့် အဖြေတွေ့သွားသည်။
“အိုး ဟုတ်သားပဲ အိုရင်း ပြောဖူးသားပဲ။ မင်းပြောမှသတိရတော့တယ်။ သူတစ်ခါကပြောဖူးတယ် အဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်နေတယ်ဆိုပြီးတော့။ ဘာထုတ်တာ ....အိုး... မှော်ပန်ကာပဲ ဟုတ်ရဲ့လား။”
ရှုယီ ပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်။ “ဟုတ်ပါတယ် အရှင် ဒီဟာကိုသတိရသွားရင်တော့ ဒေါသထွက်မယ်ထင်တယ်။”
ဗစ်ကောင့်ထ် ဇက်တ်မန်းကအံ့သြသွား၍ “ဟင် ဘာလို့ဒေါသထွက်ရမှာလဲ။”
“ဘာလို့လဲဆိုတော့ အရှင့်သားက ဒီလိုစက်ရုံလေးမှာလုပ်နေတာသိရင် မျက်နှာပျက်ရတာကိုး။ အဲ့ဒါကြောင့် အခုလိုလာမတွေ့ခင် တွန့်ဆုတ်နေမိတယ်ဗျ။”
ဘေးကရပ်နေသော စတေးလ်သည် ဝါးလုံးကွဲရယ်ပစ်ချင်လိုက်သည်။
သူလုံးဝမတွန့်ဆုတ်ခဲ့သည်ကို သူမအသိဆုံးဖြစ်သည်။
ဗစ်ကောင့်ထ်ဇက်တ်မန်းကရယ်၍ “ဥက္ကဌကြီးရှုယီရေ သိပ်အတွေးလွန်နေပုံပဲ။ ဒီကလေးကတော်ပါပေတယ်။ ဒါပေမဲ့ ဒီလောက်ခံနိုင်ရည်ရှိပြီး စိတ်ရှည်မယ်မထင်ခဲ့ဘူး။ အဲ့ဒါကိုပဲစိတ်ပူနေခဲ့တာ။ မင်းစက်ရုံမှာ ဒီလောက်ခံမယ်တောင်မထင်ထားခဲ့ဘူး။ အခုလိုမြဲနေတော့ အရမ်းပျော်ရတာပေါ့။ ဘာလို့မျက်နှာပျက်ရမှာလဲကွဲ့။”
“ဟုတ်ပါတယ် သူအိမ်ပြန်လာရင် အရမ်းမောနေပေမဲ့ ပျော်နေပုံပဲ။” သူဌေးကတော်က ဖြည့်စွက်ဝင်ပြောလိုက်သည်။
“အမှန်တိုင်းပြောရရင် ဒီလောက်ပျော်နေတာ တစ်ခါမှမမြင်ဖူးဘူး ဥက္ကဌကြီးရေ။ အဲ့ဒီမှာရှင်တို့ဘာတွေလုပ်ကြလဲမသိပေမဲ့ ကျွန်မသားအခုလိုပျော်တာမြင်ရတော့ အမေတစ်ယောက်အနေနဲ့ ရှင့်ကိုအရမ်းကျေးဇူးတင်တာပဲ။”
“အဲ့လိုလည်းမဟုတ်လောက်ပါဘူးခင်ဗျာ။ ဗစ်ကောင့်ထ်နဲ့ မဒမ်တို့က အရမ်းနှိမ့်ချတာပဲ။ အိုရင်း ကအရမ်းအထောက်အကူဖြစ်တာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ကုန်ကုမ္ပဏီကထုတ်တဲ့ မှော်ပန်ကာရဲ့အဓိကအရာက မှော်အစီအရင် ပါ။ အဲ့ဒါကိုတာဝန်ယူထားတာ အိုရင်း ပါပဲ။ သူက အစီအရင်ဆွဲဖို့ကူညီရုံမက မြှင့်တင်မှုလည်းလုပ်ပေးတယ်။ အဲ့ဒါကြောင့်လည်း ဆုချရတာပေါ့။ အခုတော့ မှော်လေအေးပေးစက် ထုတ်လုပ်မှုပိုင်းမှာ တာဝန်ယူထားပါတယ်။ ကျွန်တော့်ကိုလည်း အားတဲ့အချိန်ကူညီနေတာပေါ့။ ပြောရရင် အခုလိုထူးချွန်တဲ့သားမျိုးကို မွေးဖွားပေးတဲ့ အရှင်ဗစ်ကောင့်ထ်နဲ့ မဒမ်တို့ကို အင်မတန်ကျေးဇူးတင်လို့ကို မဆုံးတော့ပါဘူး။”
ဤလောကတွင် သားသမီးချီးကျူးခံရ၍ မပျော်သောမိဘ ရှိပါဦးမလား။ ထိုအထဲတွင် ဒီမိဘနှစ်ပါးလည်း ပါလေသည်။
“ဟားဟား..ဥက္ကဌရှုယီရေ သားကိုအရမ်းလည်းမမြှောက်ပါနဲ့။ အင်း အခုထွင်လိုက်တာ ဟို.. မှော်လေအေးပေးစက်ပေါ့ ဟုတ်လား။ မှော်ပန်ကာနဲ့ဆိုဘယ်လိုနေလဲ။”
ဇက်တ်မန်း၏မျက်နှာတွင် အင်မတန်စူးစမ်းချင်လာသော အရိပ်အမြွက်တို့ ပေါ်လာသောအခါ စတေးလ်သည် ရှုယီအပေါ် မအံ့သြဘဲမနေနိုင်ပေ။
ဒီလူက ငါးကို ငါးစာနဲ့ မြှားဖမ်းလိုက်တာ တော်လိုက်တာ။
သူကလည်း ထိုဂွင်ကို စောင့်နေသည်ဖြစ်၍ “မှော်လေအေးပေးစက်နဲ့ပတ်သက်ပြီးပြောရရင် ဒီအခန်းထဲမှာတစ်လုံးရှိပါတယ်ဗျ......”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၃၉ ။ လယ်ယာသုံးစက်ပစ္စည်း
ညသန်းခေါင်မှပင် ပါတီပွဲကပြီးတော့သည်။ ဧည့်သည်များပြန်သွားသော် ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက် ကျန်ခဲ့လေတော့သည်။
ရှုပ်ပွကျန်ခဲ့သော ဟောခန်းထဲတွင် သုံးယောက်သာကျန်ခဲ့သည်။ စတေးလ်နှင့်စကားပြောနေသော ရှုယီကို ဗစ်ကောင့်ထ်လက်စ်လိုင်းက တစိုက်မတ်မတ်ကြည့်နေသည်။ သူ့မျက်နှာတွင် အားကျလေးစားမှုတို့ ပေါ်လွင်နေသည်။
ထင်ထားသည့်အတိုင်းပင် ထိုပါတီပွဲကို ရှုယီ၏တိုက်တွန်းမှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဓိကပစ်မှတ်သည် သူထွင်လိုက်သော မှော်လေအေးပေးစက်ကိုရောင်းရန်အတွက်ဖြစ်သည်။
ထိုစက်ကို အဆင့်မြင့်အဖြစ်သတ်မှတ်ထား၍ ပစ်မှတ်သည် ဂုဏ်သရေရှိအထက်တန်းလွှာတို့သာဖြစ်သည်။
ညစာစားပွဲတွင် ဗစ်ကောင့်ထ်လက်စ်လိုင်း၏ ဝင်ရောက်ကြော်ညာပေးမှုကြောင့်လည်း ခရီးရောက်ခဲ့လေသည်။
ရှုယီ မေတ္တာရပ်ခံခဲ့သည်က ပွဲကျင်းပဖို့ရန်သာဖြစ်၍ ထိုရည်ရွယ်ချက်ကိုမသိခဲ့ပေ။ ယခုတော့ ဒီယုန်မြင်လို့ ဒီခြံထွင်သည်ကို မျက်မြင်တွေ့သွားလေပြီ။
အဘယ်ကြောင့်ဆိုသော် အချို့သောဧည့်သည်များသည် သူနှင့်စကားပြောနေစဉ်တွင် ထိုလေအေးစက်အကြောင်းကို ထည့်ပြောကြသည်။ စျေးနှုန်းနှင့်ထည့်ရမည့်ကုန်ကျစရိတ်ကိုသိသော် ငြင်းမည့်သူမရှိဝယ်ကြသည်။
မြို့တော်ဝန်အရှင်စီယန်ဆာမော့ပင်အားပေးသွားသည်။ ထို့ကြောင့် ထိုစက်သည် မြို့ထဲတွင်ဟိုးလေးတကျော်ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားစေသောသူသည် ဗစ်ကောင့်ထ်လက်စ်လိုင်းကြောင့်သာဖြစ်မည်ဟု သူတို့မြင်ကြလိမ့်မည်။
ရှုယီက ထို့သို့ တွက်ချက်ပြီးသားဆိုသည်ကိုသိသော် သူတို့ဘယ်လိုထင်မလဲ။
ထိုအချိန် ရှုယီသည် စတေးလ်နှင့်စကားပြောပြီး၍ လှည့်ထွက်လာသည်။
“အရှင် ဗစ်ကောင့်ထ် ဒီညပါတီကတော့ လုံးဝကိုမှန်းချက်နဲ့နှမ်းထွက်ကိုက်ရော။ အဲ့ဒီအတွက် အရှင့်ကိုကျေးဇူးတင်ရမှာပဲ။”
“ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး။ ငါ့ကိုအဓိကရှယ်ယာဝင်အဖြစ်သာ သဘောထားပါ။ ဒါနဲ့ မင်းကိုမေးစရာရှိတယ်။ ဒီမြို့မှာက လူချမ်းသာနည်းနည်းပဲရှိတာ သိပ်ရောင်းရမယ်မထင်ဘူး။ အမြတ်က မှော်ပန်ကာ ထက်နည်းလိမ့်မယ်။”
“မစိုးရိမ်ပါနဲ့ခင်ဗျာ။ ဒီပစ္စည်းကအလယ်တန်းလွှာကနေ အထက်တန်းလွှာအထိ သတ်မှတ်ထားတာဆိုတော့ ရောင်းတဲ့ပုံစံက မှော်ပန်ကာနဲ့ကွဲပြားပါလိမ့်မယ်။ ဆော်လ်တန်မြို့က ဖာဆက်ခ်ကုန်သည်ကြီးများအသင်း နဲ့စာချုပ်ချုပ်ပြီးသားပါ။ မကြာခင် စတိုးဆိုင်ကြီးတစ်ခုဖွင့်ပြီး ကျွန်တော်တို့ထုတ်ကုန်တွေကို ရောင်းဖို့ရှိပါတယ်။ အချိန်ကျလာရင်တော့ အဲ့ဒီမြို့မှာ စျေးကွက်ပေါက်လာမှာပါ။”
“ဆော်လ်တန်မြို့ ဟုတ်လား။ အင်း အဲ့ဒီမြို့က သူဌေးနှစ်ယောက် ဒီမြို့ကသူ့အသိဆီလာသွားသားပဲ ဆက်သွယ်ပြီးပြီမဟုတ်လား။”
ရှုယီကပြုံး၍ “ဟုတ်ကဲ့ အကဲခတ်တော်သားပဲဗျ။”
ဗစ်ကောင့်ထ်လက်စ်လိုင်းသည် သူ့ကိုမျက်လုံးပြူးကြည့်နေပြီး။
‘ဒီလူကအင်မတန်ဉာဏ်သွားတဲ့လူပဲ။’
သို့သော် အတွေးကိုပြောင်း၍ သူ့ကိုယ်သူလည်း ကျောသပ်၍ ချီးကျူးမိသည်။
သူလည်း ရှုယီ၏ထူးခြားမှုကိုအစကတည်းက သိခဲ့သည်။ ထို့ကြောင့်လည်း သူနှင့်ပူးပေါင်းဖို့လုပ်ခဲ့သည်။ မဟုတ်လျှင် သူနှင့်လွဲ၍ အခွင့်အရေးများ လွတ်ကုန်လိမ့်မည်။
အခြားအရာများကိုအသာထား မှော်ပန်ကာ တစ်ခုတည်းနှင့်ပင် တစ်လလျှင်ရွှေင်္ဒဂါးတစ်ထောင်ရသည်။
သူ၏ ထိုအမြတ်ကိုမူ နည်းသည်ဟုယူဆ၍မရပေ။
ထို့ပြင် ကုမ္ပဏီကြီးလာသည်နှင့် ဝင်ငွေများလာလိမ့်မည်။ နောက်ဆုံးတွင် တစ်လတစ်ထောင်ပင်ကျော်လာနိုင်သည်ဟုတွက်ချက်ထားသည်။
“အရှစ်ဗစ်ကောင့်ထ်၊ မှော်လေအေးပေးစက် အပြင် တခြားဆွေးနွေးစရာရှိပါသေးတယ်။” ရှုယီကပြောသည်။
“အိုး..ဘာများလဲ ပွင့်ပွင့်လင်းလင်းသာပြောပါ။”
“ဟုတ်ကဲ့ စက်တင်ဘာရောက်တော့မှာဆိုတော့ ကောက်ရိတ်သိမ်းရတော့မှာပေါ့။”
ဗစ်ကောင့်ထ်လက်စ်လိုင်း အံ့ဩသွားသည်။ ရုတ်တစ်ရက် ထိုအကြောင်းကို ရောက်သွားမည်ဟုထင်မထားပေ။
“အာ.. ဟုတ်သားပဲ။ ကောက်ရိတ်သိမ်းချိန်ရောက်တော့မယ်။ အဲ့ဒါဘာများဖြစ်လို့လဲ။”
ရှုယီကရယ်၍ “ဟိုးအရင်က အရှင့်ဆီက ဝယ်သွားတဲ့ အစေခံမလေးကိုမှတ်မိသေးလားမသိ။ အဲ့ဒီတုန်းက သူကနွားတစ်ကောင်ပျောက်သွားပြီး ကောက်ရိတ်သိမ်းတာကို အများကြီးထိခိုက်သွားတယ်လေ။ သူမအရိုက်ခံရတာသေမတတ်ပါပဲ။ အဲ့ဒါကြောင့် ကျွန်တော်ဝယ်သွားတာလေ။”
ဗစ်ကောင့်ထ်လက်စ်လိုင်းသည် ထိုအကြောင်းနှင့်ပတ်သက်၍ အိမ်တော်ထိန်းဘရူနိုင်း လာသတင်းပို့တာ တစ်ခါကြားဖူးခဲ့သည်။ ထို့ကြောင့်နှာခေါင်းရှုံ့၍
“ဘာလဲ အဲ့ဒီအတွက်လျော်ကြေးလာတောင်းတာလား။ နေဦး ပြောဦးမယ် နွားတစ်ကောင်ကိုလေ့ကျင့်ပေးဖို့ ဘယ်လောက်ခက်လဲသိလား။ ကျွန်ထက်ပိုတန်ဖိုးရှိတယ်။ နွားတစ်ကောင်ဆုံးရှုံးသွားလို့ သူ့ကိုအဲ့လိုရိုက်တာ ဘာဖြစ်လို့လဲ။”
ရှုယီသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည် ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့်အင်မတန်ရင်းနှီးသည်ဟုထင်သော်လည်း ကျွန်တွေအပေါ်ထားသော သူ့အဘောထားကို ပြင်၍မရပေ။
စိုင်စ်နယ်မြေတွင် ကျွန်တွေကို ထိုသို့သဘောထားခြင်းသည် မဆန်းပါပေ။ ထိုသဘောထားကို ပြောင်းလဲနိုင်စွမ်းသူ့တွင်မရှိ။ သို့သော် သူထိုသို့ပြောသည်မှာ နောက်အစီအစဉ်တစ်ခုရှိသောကြောင့်ပင်ဖြစ်သည်။
“အရှင်ပြောချင်တာက ကျွဲနွားတွေက အင်မတန်ရှားပြီး လယ်ယာအတွက်အင်မတန်အရေးကြီးတယ်ပေါ့။ အဲ့ဒါကြောင့် ပိုတန်ဖိုးရှိတယ်ပေါ့ ဟုတ်ရဲ့လား။”
“ဟုတ်တယ်။ အဲ့ဒါအမှန်ပဲလေ နေပါဦး အခုမှဒါတွေ ဘာလို့ပြောနေတာလဲ။” ဗစ်ကောင့်ထ်လက်စ်လိုင်း စိတ်မရှည်တော့ပေ။
ရှုယီကရယ်၍ “ဒီလိုဆိုလည်း အဲ့ဒီကျွဲနွားအစားသုံးနိုင်မဲ့ ပစ္စည်းပေါ်လာရင် ငွေဘယ်လောက်သုံးမယ် စိတ်ကူးထားလဲဗျ။”
ဗစ်ကောင့်ထ်လက်စ်လိုင်းသည် သူ့ကို မယုံသင်္ကာဖြင့်ကြည့်၍ “ကြည့်ရတာ လယ်ယာအတွက်စက်တစ်ခုထွင်လိုက်ပုံပဲ။ မဖြစ်နိုင်ပါဘူး။ လယ်ယာလုပ်ငန်းကဒီလောက်ရှုပ်ထွေးတာ ကျွဲနွားတွေကိုအစားထိုးဖို့ ဖြစ်နိုင်ပါ့မလား။”
“ဆွေးနွေးတယ်လို့ပဲ သဘောထားပေးပါဗျ။ တကယ်လို့သာ တိရစ္ဆာန်ထက်ကောင်းတဲ့စက်အစားထိုးနိုင်မယ်ဆိုရင် စျေးဘယ်လောက်ပေးနိုင်မလဲဗျ။”
ဗစ်ကောင့်ထ်လက်စ်လိုင်းကခဏစဉ်းစားလိုက်ပြီး “အင်း တစ်ခုကို ရွှေဒင်္ဂါးငါးဆယ်ပေါ့ ရသလောက်ကိုဝယ်ပစ်မယ်။”
ရှုယီလည်းပျော်သွားပြီး “အရှင် ဒီစကားအမှန်ပဲလား။”
“ဒါပေါ့ မင်းမသိပါဘူး၊ ငါ့လုပ်ငန်းတစ်ဝက်လောက်က လူအင်အားမလုံလောက်လို့ မလုပ်ရတာလေ။ ငါလည်းမတတ်နိုင်တော့ ဒီတိုင်းပစ်ထားရတာပေါ့။ မင်းပြောသလိုစက်သာပေါ်လာရင် ရသလောက်ဝယ်ပြီး ငါ့မြေအကုန်လုံးကို စိုက်ပျိုးပစ်မယ်။ ပြီးတော့ ငါတင်မဟုတ်ဘူး၊ ငါ့လိုဝယ်မဲ့လူတွေအများကြီးဆိုတာ သေချာတယ်။ အဲ့လိုစက်သာမင်းထွင်နိုင်ရင် လူတွေအလုအယက်ဝယ်ကြမှာသေချာတယ်။”
ထိုသို့ပြောပြီးနောက် “ဟေး ရှုယီ မင်း မထုတ်လုပ်ရသေးဘူးမို့လား။ အဲ့ဒါက နောက်စရာကိစ္စမဟုတ်ဘူးနော်။”
“ဟုတ် အခုကတော့ စိတ်ကူးပဲရှိပါသေးတယ်။ ဒါပေမဲ့ အခုလို့ကြားရတော့ အခုချက်ချင်းတောင်ပြေးပြီး ထွင်လိုက်ချင်တော့တယ်။”
သူ၏ထူးဆန်းသောအပြုံးကိုမြင်၍ ဗစ်ကောင့်ထ်လက်စ်လိုင်း အံ့သြသွားပြီး။
‘အင်း ဒီကောင်လေး ထွင်များထွင်ပြီးတာလားမသိ။’
တကယ်တော့ ရှုယီကို အရမ်းအထင်ကြီးမိလေသည်။
ဗီဗီယန် သေမတတ်ရိုက်ခံရသည်ကို မြင်ပြီးကတည်းက လယ်ယာသုံးစက်ပစ္စည်းကို သုတေသနလုပ်ရန် ဆုံးဖြတ်ချက်ချထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့တွင် အချိန်မရှိ ငွေမရှိ လူအင်အားမရှိဖြစ်နေရသည်။ ထို့ကြောင့် လေထဲတွင်သာ တိုက်အိမ်ဆောက်နိုင်၍ လက်တွေ့ဖြစ်မလာသေးပေ။
အခုတော့ အားလုံးက ပြောင်းလဲသွားလေပြီ။ သူ့တွင် မာစတာလန့်စ် မျိုးနွယ်စုကလာသော လူရာချီရှိနေလေပြီ။
ထိုလူတွေကိုသုံး၍ ဥက္ကဌဖာဆက်ခ်နှင့်သဘောတူညီမှုရပြီး ဒုတိယမော်ဒယ်ဖြစ်သော မှော်ပန်ကာကိုထုတ်လုပ်ရန် လိုအပ်သောစက်ကို ပေးထားလေသည်။
သို့သော် မခက်ခဲ၍ လျင်မြန်စွာပြီးသွားသည်။ ထို့ကြောင့် သူတို့ကိုစက်အကြောင်းနဲ့ပတ်သက်၍ လေ့လာခိုင်းထားသည်။ အခုတော့ လယ်ယာသုံးစက်ပစ္စည်းများအကြောင်း လေ့လာခိုင်းရန် ကြံထားလေသည်။
ရှုယီလိုလူမျိုးအတွက်တော့ နည်းပညာမြင့်၍ ကမ္ဘာမြေထက် လူနေမှုနောက်ကျသော စိုင်စ်နယ်မြေအတွက် အရေးကြီးဆုံးသည် လယ်ယာသုံးနည်းပညာဖြစ်ကြောင်း ယုံကြည်လေသည်။
ဗစ်ကောင့်ထ်လက်စ်လိုင်း ပြောသလိုပင် လူအင်အားမရှိ၍ သူ၏မြေတစ်ဝက်လောက်ကို အလကားပစ်ထားရသည်။
တိုက်ကြီးတစ်ခုလုံး ခြုံကြည့်လျှင် မြေရိုင်းများ မည်မျှများပြားနိုင်ကြောင်း သိနိုင်သည်။
ထို့ကြောင့် အထွက်သီးနှံနည်းခြင်းဖြစ်သည်။ ဘန်တာလိုမြို့ငယ်လေးတွင်ပင် ငတ်ပြတ်သောလူများရှိနေသည်။
ဟိန့်ဇ်ပြောသည်က လွန်ခဲ့သော ဆယ့်တစ်နှစ်က စိုင်စ်နယ်မြေတွင် မိုးခေါင်ရေရှားမှုကြောင့် အငတ်ဘေးဆိုက်ခဲ့သည်ဟုဆိုသည်။ တိုင်းပြည်ငယ်လေးများသည် နေ့ချင်းညချင်းပျက်စီးသွားလေသည်။
ဤသို့သော အငတ်ဘေးသည် အဘယ်မျှဆိုးသွမ်းကြောင်း သူကောင်းကောင်းသိသည်။ ထို့ကြောင့် လယ်ယာသုံးစက်ပစ္စည်းကို ပို၍ လေ့လာချင်လာသည်။
“ဒီတိုက်ကလူတွေရဲ့လူနေမှုအဆင့်အတန်းမြှင့်တင်နိုင်မှ ကမ္ဘာမြေကနေ ဒီကိုပြောင်းလာရကျိုးနပ်မှာပေါ့။”
ဤသို့ဖြင့် ကြယ်စင်များလင်းလက်တောက်ပနေသော ကောင်းကင်ကို မော့ကြည့်လျက် အတွေးများဖြန့်ကျက်လိုက်လေသည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၄၀ ။ ထူးဆန်းသောဥက္ကဌ ရှုယီ
မြင်းလှည်းတစ်စီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဘန်တာမြို့သို့ ချဥ်းကပ်လာသည်။
ရုတ်တစ်ရက် ပြတင်းပေါက်ပွင့်လာ၍ မျက်နှာဝိုင်းဝိုင်းကောင်မလေးတစ်ယောက်ပေါ်လာပြီး အော်ပြောလိုက်သည် “အိုး.....ကြည့်ပါဦး..... ဘန်တာမြို့ကို ရောက်လုနီးနေပြီ။”
နောက်ကောင်မလေးတစ်ယောက်ပေါ်လာပြီး မြို့ဆီသို့လှမ်းကြည့်လိုက်သည်။ သို့သော် သူအကြည့်က တစ်နေရာပင်။
“ဟိုဟာက ဘာလဲ။” အဆောက်အဦးမြင့်တစ်ခုကိုလက်ညှိုးထိုး၍ မေးလိုက်သည်။
မြို့နံရံကို ဖောက်ထွက်၍ မြင်နေရခြင်းဖြစ်သည်။
လမ်းကိုမျက်နှာမူနေသောဘက်တွင် တစ်စုံတစ်ခုဆွဲထားသည်ကို တွေ့ရသည်။ အစပိုင်းတွင် သေချာမမြင်ရပေ။ သို့သော် မြင်းလှည်းကပ်လာသည်နှင့် အရှိန်ပြင်းစွာဖြင့် ဘယ်ညာလည်နေသော သံတိုင်ကြီးတစ်ခုဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ပုံရိပ်တို့သည် ဝေဝါးနေသည်။ အထဲတွင်ဘာရှိမှန်းသူတို့မသိပေ။
“အဲ့ဒါ မှော်ပန်ကာ လား။”
“အင်း ဟုတ်လောက်တယ်၊ ကြည့်ပါဦး လေပြင်းတိုက်နေတယ်။”
“အင်း ဟုတ်တယ်၊ ဟိုဟာ စတေးလ် မဟုတ်လား။”
“စတေးလ် ဟုတ်လား ဘယ်မှာလဲ။” ညာဘက်ယွင်းယွင်းတွင် ရွှေရောင်ဆံပင်နှင့်မိန်းမချောလေးတစ်ယောက်ကိုမြင်လေသည်။
ဘေးတိုက်မှမြင်ရသော်လည်း ရွှေရောင်ဆံပင် အသားအရည် လွင့်ပျံ့နေသော အဝတ်အစားတို့ကြောင့် မြင်ရသူအပေါင်း မျက်လုံးမှမခွာနိုင် ဖြစ်ကြရသည်။
“ဟုတ်ပ စတေးလ် ပဲ။”
“မှော်ပန်ကာနဲ့ဆက်စပ်မှာပဲ။ ကြည့် ဆိုင်းဘုတ်ပေါ်မှာနာမည် အင်းဘာတဲ့...”
“နွေခေါင်ခေါင်မှာ အေးမြမှုပေးမဲ့ Frestech ဘရန်း မှော်ပန်ကာတဲ့ ဘာပြောချင်တာလဲ။”
“မသိဘူးလေ။ တလောကပဲ စတေးလ် ပြောဖူးတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုလား။ ဒါက သူ့ကိုကိုယ်စားပြုတာနေမှာပေါ့။”
မျက်နှာဝိုင်းဝိုင်းနှင့်ကောင်မလေးသည် ခဏစဉ်းစားလိုက်ပြီး “မသိတော့ဘူး ထားလိုက်တော့ ရောက်ရင်သိရမှာပေါ့။”
“ငါတို့လည်းလုပ်နိုင်မှာပါ။” ကောင်မလေးတစ်ယောက်ကပြောလိုက်သည်။
“ဦးလေး ကျွန်မတို့ကို Frestech ကုန်သည်ကြီးများအသင်းဆီခေါ်သွားပေးပါလား။”
မြည်းလှည်းမောင်းသမားသည် လူလတ်ပိုင်းအရွယ်ဖြစ်သည်။
“အဲ့ဒီကိုလား။ နှစ်နေရာရှိတာဗျ။ တစ်ခုကစတိုးဆိုင် နောက်တစ်နေရာက မြို့ပြင်က စက်ရုံ ဘယ်ကိုသွားမှာလဲ။”
“မတူဘူးလား။”နှစ်ယောက်သားကြောင်သွားသည်။
“ဒီလိုဆို ဥက္ကဌကြီးက ဘယ်မှာနေတာလဲ။”
“မသိဘူး။ စတိုးဆိုင်မှာတော့ အရောင်းသမားတစ်ယောက်ကလွဲပြီး ဘယ်သူမှမရှိဘူးပြောတယ်၊ ဒီလိုဆို ဥက္ကဌကြီးက စက်ရုံမှာပဲဖြစ်မှာပေါ့။”
“ဟုတ်ကဲ့ရှင့်။ ဒီလိုဆို စက်ရုံကိုပဲ ပို့ပေးလို့ရမလား။”
“ရပါတယ်ခင်ဗျာ၊ ဒါပေမဲ့ စက်ရုံနားမှာလမ်းဖောက်နေတော့ အဲ့ဒီနားထိပဲ ပို့လို့ရမယ်၊ အဲ့ဒီကတိုင် လမ်းလျှောက်သွားရမယ်။”
“ဒီလိုဆိုလည်း ရပါတယ်။”
မြင်းလှည်းသမားသည် မြင်းလှည်းကို ညာကွေ့လိုက်သည်။ မြို့၏အနောက်စူးစူးသို့ဖြစ်လေသည်။
လမ်းသည် မကောင်းသည့်ချိုင့်ခွက်များဖြင့် ပြည့်နှက်နေသောကြောင့် ဆောင့်လိုက်သည်မှာပြောစရာမရှိ။ သို့သော် ကောင်မလေးနှစ်ယောက်သည် ဇိမ်ရှိသည်ထင်လားမသိ အိပ်ချင်မူးတူးဖြစ်နေသည်။
သို့သော် မကြာပါ၊ လမ်းကောင်းသို့ရောက်လာ၍ ငြိမ်ချက်သားကောင်းလှသည်။
မျက်နှာဝိုင်းနှင့်ကောင်မလေးသည် စူးစမ်းချင်စိတ်ဖြင့် ခေါင်းထောင်ကြည့်သည်။ သူတို့ရောက်နေသောလမ်းသည် ချိုင့်တစ်ခုမျှမရှိ။ ဖြောင့်ဖြူးနေသည်။
မမေးဘဲမနေနိုင်၍ “ဦးလေး လမ်းကဘာလို့အဲ့လောက်ဖြောင့်ဖြူးနေရတာလဲ။ အရင်ကလမ်းသာအဲ့လောက်ကောင်းရင် ဘယ်လောက်အဆင်ပြေလိုက်မလဲ။”
ဦးလေးကရယ်၍ “ဒီလမ်းကအခုမှ Frestech ကုန်သည်ကြီးများအသင်းကပြင်ထားတာလေ။ အရင်ကဆို သွားလို့ကိုမရဘူး။ ဒီလမ်းပြင်တာတောင် အတော်ကုန်တယ် ကြားတယ်။”
“အိုး....သူတို့ကုမ္ပဏီကပဲ လုပ်တာလား၊ အဲ့တာမြို့တော်ဝန်ကိစ္စမဟုတ်ဘူးလား။”
“အင်း ပြောရရင် သူ့တာဝန်ပေါ့။ ဒါပေမဲ့ ဥက္ကဌရှုယီလည်းမကျေနပ်နိုင်တာနဲ့ သူ့ဟာသူခင်းလိုက်တာ။ မြို့တော်ဝန်လည်း တားလို့ကိုမရဘူး။ အဲ့ဒါကြောင့် လမ်းကအခုလိုကောင်းသွားရော။”
“သူကဘာကို မကျေနပ်တာတဲ့လဲရှင့်။ လူတွေဒီပေါ်မသွားရလို့လား။”
“မဟုတ်ပါဘူး လမ်းကမြို့ပြင်မှာဆိုတော့ ဘယ်သူမှလည်းသိပ်မသုံးပါဘူး။ အရင်ကဒီလောက်မကောင်းဘူးဆိုပေမဲ့ နည်းနည်းတော့သွားလို့လာလို့ရပါတယ်။ ပြင်စရာသိပ်မလိုပါဘူး။ ဒါပေမဲ့ ဥက္ကဌကြီးက မကျေနပ်ဘူးလေ။ အခုထိလည်း မကျေနပ်သေးဘူးကြားတယ်။ အဲ့ဒါကြောင့် ထပ်ခါထပ်ခါ ပြင်နေတာ။ အဆင်ပြေရင်တော့ ကွန်ကရစ်လမ်းခင်းမယ်ပြောတယ်။ ကွန်ကရစ်လမ်းဆိုတာ ဘာလဲတော့ ဦးလည်းမသိပါဘူး။ ဒါပေမဲ့ အဲ့ဒါဆိုရင်တော့ သူလည်းကျေနပ်သွားမှာပါ။”
“ဒါ့ထက်ကောင်းရမယ်ဟုတ်လား။ ဘယ်လောက်များဖြောင့်ဖြူးလိမ့်မလဲ။ ဥက္ကဌရှုယီကမကြွားဝါတတ်ဘူးမို့လား။ ဘာလို့ဒီလောက်ကောင်းတဲ့လမ်းကိုခင်းပါလိမ့်။”
မြင်းလှည်းဆရာကရယ်၍ “ငါလည်းမသိဘူး၊ ဒီလူတွေဘာတွေများတွေးလဲမသိ။ ငါလည်းမစဉ်းစားတတ်အောင်ပဲ။”
မျက်နှာဝိုင်းနှင့်ကောင်မလေးက “ဟေး...အီဗီတာ၊ ဥက္ကဌ ရှုယီ ကများ ငါတို့ကို လမ်းပြင်ဖို့သုတေသနလုပ်ခိုင်းနေမလားမသိ။”
အီဗီတာကသူမနှာဖူးကိုပုတ်၍ “အာကာလီ နင်က တော်တော်ပေါက်ကရပြောတတ်တယ်နော်။ ငါတို့ကမှော်ပညာရှင်တွေလေ၊ မှော်အစီအရင်ကိုပဲလေ့လာမှာပေါ့။ ဘာလို့လမ်းပြင်တာလုပ်ရမှာလဲ။”
အာကာလီကခေါင်းခါ၍ “မသိဘူးလေ။ ဒါပေမဲ့ သူကလူထူးဆန်းလေ။ ဒီလောက်ကောင်းတဲ့လမ်းကိုတောင် ပြင်ဦးမယ်တဲ့။ ပိုက်ဆံအဲ့လောက်ပေါနေလား မသိဘူး။”
အီဗီတာကခေါင်းခါလိုက်သည်။ အာကာလီသည် ပေါက်ကရတွေးတတ်သည်။ သူ့ကိုဘယ်ချိန်မှ ပြင်လို့ရပါ့မလဲ။
သူမကိုယ်တိုင်လည်း ပေါက်ကရမတွေးပေမဲ့ ရှုယီအကြောင်းအရမ်းသိချင်နေသည်။ လမ်းကဘာလို့ သူ့အတွက် အဲ့လောက်အရေးကြီးနေရတာလဲ။ ဒီလမ်းကသူနဲ့လုံးဝ မဆိုင်တာကြီးကို။
သူတို့ကုမ္ပဏီကထုတ်တဲ့ထုတ်ကုန်နဲ့ သက်ဆိုင်နေ၍သာဖြစ်မည်။ သို့သော် ထိုဟာလည်းမဖြစ်နိုင်။ သူသည် အရမ်းစည်းကမ်းကြီး၍ စက်ရုံနားကလမ်းကိုပင် လုံးဝ ပြီးပြည့်စုံစေချင်လို့လား။
ဒီလိုသာဆို သူနှင့်ပေါင်းဖို့ လွယ်မည်မဟုတ်။ သူနှင့်တွေ့သော် ဂရုစိုက်မှပင်ဖြစ်မည်။ သူတို့နှစ်ယောက် ထိုသို့အတွေးကိုယ်စီဖြင့် လွင့်နေစဉ် မြင်းလှည်းသည် တဖြည်းဖြည်းရပ်သွားလေသည်။
“ကဲ ကောင်မလေးတွေ ရှေ့မှာလမ်းပြင်နေတော့ လမ်းလျှောက်ရတော့မယ် စိတ်တော့မကောင်းပါဘူး။”
နှစ်ယောက်သားလိုက်ကာကိုဖွင့်၍ ဆင်းလိုက်သည်။
ရှေ့ကိုကြည့်လိုက်သော် သုံးမီတာမျှသာ လူသွားလမ်းချန်ထား၍ လမ်းပြင်နေကြလေသည်။
ကြည့်ရသည်မှာ လမ်းသည် ဆယ်မီတာကျော်ပေလိမ့်မည်။ အံ့ဩစရာပေ။ အဘယ်ကြောင့်ဆိုသော် လမ်ပူရီတစ်တိုင်းလုံးတွင် လမ်းမကြီးနှစ်ခုသာရှိ၍ ဆယ်မီတာသာကျယ်လေသည်။
အဝေးကိုမျှော်ကြည့်သော် မြစ်တစ်စင်းကိုမြင်ရ၍ ဘေးတွင် မြေရိုင်းများရှိသည်။ ထို့နောက် မရေတွက်နိုင်သော အဆောက်အဦးများကို မြင်ရသည်။ တစ်ခါတစ်ခါတွင် ထိုအဆောက်အဦးကြားထဲတွင် သွားလာနေသော လူများကို မြင်ရလေသည်။
အဆောက်အဦးဆောက်နေသည်လား၊ လမ်းပြင်နေသည်လား မသဲကွဲ။ သို့သော် အလွန်အသက်ဝင်လှသည်။ နေပူဒဏ်ကိုလုံးဝမမှုကြလေသလော။
ဤမျှနေပူကျဲကျဲထဲတွင် အလုပ်လုပ်နေသောမြင်ကွင်းကို ငေးကြည့်နေကြလေသည်။ ခဏကြာမှ သူတို့လာရင်းအကြောင်းကို ပြန်တွေးမိသည်။
အာကာလီကလမ်းပြင်နေသောသူတွေဆီ သွား၍ မေးရန် လက်ဖြင့်ပုတ်ဖို့လုပ်သည်တွင် ဖုန်အလိမ်းလိမ်းပေကျံနေသည်ကိုတွေ့သော် လက်ကိုပြန်ချလိုက်ပြီး အသံကိုမြှင့်၍ “ဟေး ဒီဟာက Frestech ကုန်သည်ကြီးများအသင်းလားရှင့်။”
ထိုလူမော့အကြည့် သူမလန့်ဖျန့်သွားလေသည်။ ထိုလူ့မျက်နှာသည် ဖုန်အလိမ်းလိမ်းပေကျံ၍ ချွေးအလူးလူးဖြစ်နေသည်။ ထို့ကြောင့် ကြောက်မက်ဖွယ်အသွင်ဆောင်နေသည်။
ကလေးမလေးကိုမြင်သော် ပြုံးပြလိုက်သောအခါ ချစ်စဖွယ်အသွင်ပြောင်းသွားလေသည်။
“ဟုတ်ပါတယ်ခင်ဗျာ ဒီဟာပါပဲ။ ဘယ်သူ့ကိုရှာနေတာပါလဲ။”
ထိုလူ့အပြုံးသည် အင်မတန်နှစ်လိုဖွယ်ဖြစ်၍ လိုလိုလားလားရှိလှသည်။
“ဟုတ်ကဲ့ ဥက္ကဌရှုယီကိုရှာနေတာပါ။ သူ့ကိုအကြောင်းကြားပေးလို့ရမလားခင်ဗျာ။ စတေးလ်ကခေါ်ထားတာလို့ပဲပြောလိုက်ပါရှင်။”
ဤစကားကြားသော် ထိုလူအံ့သြသွားလေသည်။ အာကာလီနှင့် အီဗီတာတို့ကိုကြည့်၍ “အော် သူ့သူငယ်ချင်းတွေပေါ့။”
သူ့မေးခွန်းကြောင့် နှစ်ယောက်သားကြောင်သွားသည်။ အာကာလီက မမေးဘဲမနေနိုင် “ကျွန်မတို့က စတေးလ်ရဲ့သူငယ်ချင်းတွေလို့ ဘယ်လိုများသိပါလိမ့်။ ရှင်က ဥက္ကဌရှုယီနဲ့ ရင်းနှီးတဲ့ပုံပဲ။ သူကပြောထားလို့လား။”
ထိုလူသည် သွားကြီးဖြဲ၍ ပြုံးပြီး“ဟုတ်ပါတယ်ခင်ဗျာ သူနဲ့ရင်းနှီးပါတယ်။ ကျွန်တော့်ထက်ရင်းနှီးတဲ့လူ ရှိတော့မယ်မထင်ပါဘူး။ ဘာလို့ဆို .... ရှုယီကကျွန်တော် ကိုယ်တိုင်ကိုးဗျ။”