အခန်း (၄၁-၅၀)
Vol. 1 Ch. 41-50
အခန်း ၀၄၁ ။ အင်တာဗျူးဖြေဆိုခြင်း
ကုမ္ပဏီကြီးလာလေလေ ရှုယီအတွက် လုပ်စရာပေါလာလေလေဖြစ်သည်။ ထို့ကြောင့် စက်ရုံမှာသာအချိန်ကုန်များ၍ ရုံးခန်းပင်ဆောက်ထားသည်။
အာကာလီနှင့် အီဗီတာတို့ကို သူ့ရုံးခန်းတွင် ခေါ်တွေ့လေသည်။ မျက်နှာသစ် ကိုယ်လက်ဆေးကြောပြီးနောက် သူ့တို့အတွက်ရေခပ်ပေး၍ စူးစိုက်စွာကြည့်လိုက်သည်။
သူတို့အသက်သည် စတေးလ်နဲ့ မတိမ်းမယိမ်းဖြစ်လိမ့်မည်။ အာကာလီသည် တက်တက်ကြွကြွရှိ၍ အီဗီတာသည် အေးဆေးတည်ကြည်ကာ နူးညံ့လှသည်။
သူတို့ အဝတ်အစားကို ကြည့်၍သိနိုင်သည်။ နှစ်ယောက်လုံး မှော်ဝတ်စုံကို ဝတ်ထားသော်လည်း အာကာလီ စကပ်သည် ဒူးခေါင်းထိရောက်၍ ခြေသလုံးသားကိုအတိုင်းသားမြင်နေရသည်။ တမင်ချုပ်ထားသည်မှာ ထင်ရှား၏။
ထို့ပြင် သူမဝတ်ထားသောမှော်ဝတ်စုံသည် ဒီဇိုင်းပုံစံအမျိုးမျိုးတို့ဖြင့် ချုပ်ထား၍ ကြည့်လိုက်သည်နဲ့ အူးမြူးသွားစရာပင်။
အီဗီတာကားထိုသို့မဟုတ်။ အဝတ်အစားသည် ရိုးလှသည်။ သူမခြေသလုံးထိဖုံးကွယ်အောင် ဝတ်ထားသည်။
ထူးခြားသည်ကား သူမရင်ဘတ်တွင် အပြာရောင်ဖျော့ဖျော့ ပန်းလေးတစ်ပွင့်တပ်ထားပြီး ငယ်ရွယ်သူလုံမပျိုလေး၏သရုပ်ပင်ဖြစ်သည်။
ရှုယီသည် နှစ်ယောက်လုံးကိုစူးစမ်းကြည့်နေစဥ် သူတို့နှစ်ယောက်ကလည်း သူ့ကို အကဲခတ်သည့်အနေဖြင့် ပြန်ကြည့်နေလေသည်။
စတေးလ် သူတို့ဆီပို့လိုက်သော စာထဲတွင် သူ့အကြောင်းတစ်စွန်းတစ်စပါလေသည်။
သူမပြောစကားအရ သူသည် ခန့်ညားသောဦးလေးဖြစ်သည်။ ယခုတော့ ညစ်ပတ်စုတ်ပြတ်သတ်နေသည်။ မျက်နှာသည်လည်း ဖုန်များအလိမ်းလိမ်းဖြစ်၍ ဥပဓိရုပ်ခန့်သည်မခန့်သည်ကို မည်သို့သိနိုင်မည်နည်း။
သို့သော် မျက်နှာသစ်ပြီးသော် သူတို့သူငယ်ချင်းကို ထောက်ခံမိကြသည်။
အ...တိကျစွာပြောရလျှင် တစ်ဝက်သာထောက်ခံသည်။
ရှုယီသည် အမှန်တကယ်ခန့်လှသည်။ မျက်နှာကသပ်ရပ်၍ မျက်လုံးများက တောက်ပနေသည်။ နှာတံစင်း၍ စွဲမက်ဖွယ်ကောင်းလှသည်။ သို့သော် သူသည်အလွန်ငယ်လှသည်။ သူတို့ထက်သိပ်အသက်ကြီးပုံမပေါ်ပေ။ အဘယ်ကြောင့် ဦးလေးဟုခေါ်ပါသနည်း။
သူ၏အသွင်အပြင်ကို စိတ်ရောက်နေသော အာကာလီထက်စာလျှင် အီဗီတာသည် သူ့လှုပ်ရှားမှုကိုသာ မျက်ခြေမပြတ်စောင့်ကြည့်နေသည်။
လူတစ်ယောက်၏အစစ်အမှန်သဘာဝကို အလွန်သေးငယ်သော လှုပ်ရှားမှုများမှ မြင်နိုင်သည်ဟု သူမယုံကြည်လေသည်။
ထို့ကြောင့် စတွေ့ကတည်းက လှုပ်ရှားမှုအားလုံးကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်။ ထိုလှုပ်ရှားမှုကလေးများမှ သူဘယ်လိုလူလဲ ဆုံးဖြတ်ချက်ချပေလိမ့်မည်။
စတေးလ်ပြောသလောက်သာကောင်းလျှင် ဒီမှာအလုပ်ဝင်ရန် စဉ်းစားမည်ဖြစ်သည်။
မဟုတ်လျှင် စတေးလ်ကိုလည်းအားနာမည်မဟုတ် ပြန်သွားရုံသာရှိသည်။
လေ့လာချက်အရ ကျေနပ်ဖွယ်ကောင်းသည်ကို တွေ့ရသည်။
စတွေ့ချိန်က ရှုယီသည် သူ့တွင်ဖုန်ပေကျံနေသဖြင့် သူတို့နှင့်ခပ်လှမ်းလှမ်းမှနေသည်။ ထိုအရာသည် ယဉ်ကျေးမှုဖြစ်ပေသည်။
ရုံးရောက်သော်လည်း အလျင်စလို မဆွေးနွေးပေ။ ပထမဆုံးဆေးကြောသုတ်သင်သည်။ ထိုအရာသည် သူတို့နှစ်ယောက်အပေါ် လေးစားမှုပြသည်။
ထို့နောက် ရေငှဲ့ပေးချိန်တွင် လက်သည်းများကို ကြည့်လိုက်သော် အင်မတန်သန့်ရပ်သန့်ရှင်း၍ သေသပ်စွာညှပ်ထားသည်။ ထိုအရာသည် တစ်ကိုယ်ရေသန့်ရှင်းရေးရှိကြောင်းပြလေသည်။
အားလုံးကိုပေါင်းသော် ဆယ်ရာခိုင်နှုန်းအမှတ်တက်လာသည်။ ထို့ပြင် တခြားလှုပ်ရှားမှုများကိုလည်း အဆက်မပြတ် လေ့လာနေသည်။
လူတစ်ယောက်လမ်လျှောက်ပုံ၊ ခါးညွှတ်ပုံ၊ လက်မောင်းဆန့်ပုံ၊ စကားပြောတဲ့အခါ ကိုယ်လက်လှုပ်ရှားပုံ အားလုံးသည် သူ၏ကိုယ်ရည်ကိုယ်သွေးကိုဖော်ပြ၍ ဖုံးကွယ်ရန်ခက်ခဲသည်။
အီဗီတာသည် သူ့ကိုအချိန်အတော်ကြာလေ့လာပြီးနောက် ရှုယီသည် စေ့စပ်ကာစည်းစနစ်ကျသောလူဖြစ်၍ ပွင့်လင်းသောဟန်ရှိသည်ဟု ကောက်ချက်ချလိုက်သည်။
‘ကုမ္ပဏီဖွင့်ပြီး မကြာခင်တိုးတက်လာတာအံ့သြစရာတော့မဟုတ်ပါဘူး။’ သူမစိတ်ထဲချီးကျူးမိသည်။ ‘စတေးလ်ကအတော်လေးစားတာ အဲ့ဒီအချက်တွေကြောင့်ပဲနေမှာ။’
“မင်းတို့နှစ်ယောက်ကို မေးခွန်းလေးတစ်ခုလောက်မေးပါရစေ။” ရှုယီကစပြောလိုက်သည်။
“ကြိုက်သလိုမေးပါရှင်၊ အားလုံးဖြေပေးပါ့မယ်။” အာကာလီကပြုံး၍ပြောသည်။ “အင်း ဥက္ကဌရှုယီအနေနဲ့ ပုဂ္ဂိုလ်ရေးတွေမေးလာရင်တော့ မဖြေနိုင်ဘူးပေါ့။”
ရှုယီကပြုံးလိုက်မိသည်။ အာကာလီကား အင်မတန်တက်ကြွသည်ဟု ကောက်ချက်ချလိုက်သည်။
“အင်း နည်းနည်းတော့ပုဂ္ဂိုလ်ရေးဆန်မှာပေါ့။ မင်းတို့က စတေးလ်လိုပဲ လမ်ပူရီတော်ဝင်မှော်အကယ်ဒမီကျောင်းကဘွဲ့ရခဲ့တာဆိုတော့ လူငယ်တွေကြားမှာ မှော်ပညာရှင်တွေအဖြစ် အသိအမှတ်ပြုခံရမှာပေါ့။ အဲ့ဒါကို ဘာလို့ ဒီမှာလာပြီး အလုပ်လုပ်ချင်ရတာလဲ ပြောပေးပါလား။”
“နိုး နိုး..နိုး.. ဥက္ကဌကြီး မှားနေပြီထင်တယ်။ ကျွန်မတို့ကလာကြည့်ဦးမယ်ပဲပြောတာ အလုပ်လုပ်မယ်မပြောရသေးပါဘူး။” အာကာလီကလက်ကာပြ၍ ပြောသည်။
အီဗီတာက အာကာလီကိုအနည်းငယ်တွန်း၍ သတိပေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူတို့ကိုဖိတ်ကြားထားခြင်းဖြစ်သည်။ သူတို့၏ခရီးစရိတ်၊ စားသောက်စရိတ်အားလုံးကို ကုမ္ပဏီကပေးထားသည်။ ထို့ကြောင့် ရိုင်းပျရန်မသင့်ပေ။
ရှုယီကားစိတ်မဆိုးဘဲရယ်၍ပင်ပြောသည် “အင်း ကောင်းသားပဲ၊ ဒီလိုဆို စကားလမ်းကြောင်းပြောင်းလိုက်ရအောင်။ ဒီကိုရောက်လာပြီဆိုတော့ ဒီကအလုပ်တွေကိုစိတ်ဝင်စားမှာပေါ့။ ပြောပါရစေ၊ မင်းတို့နှစ်ယောက်ဒီမှာနေဖို့ဆို ဒီကဘာတွေများပံ့ပိုးပေးရမလဲ။”
“ရိုးရှင်းပါတယ်။ ကျွန်မတို့ကို တစ်လရွှေဒင်္ဂါးသုံးဆယ်ပေးရင် သေချာပေါက်နေမှာပေါ့။” အာကာလီကပွင့်ပွင့်လင်းလင်းပြောချလိုက်သည်။
ရှုယီကခေါင်းခါ၍ “အဲ့ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်။ စတေးလ်တောင်မှ သုတေသနဓါတ်ခွဲခန်းမှာ လုပ်ရပြီး တစ်လကိုဆယ့်ငါးပြားပဲရတယ်။ မင်းတို့က အခုမှဝင်တာဖြစ်တော့ အဲ့ဒီနှစ်ဆတော့ မပေးနိုင်လောက်သေးဘူး။”
“ဥက္ကဌကြီး သူမရဲ့ပေါက်ကရစကားတွေကိုနားမထောင်ပါနဲ့။” အီဗီတာကြားထဲကဝင်ပြောရတော့သည်။ “စတေးလ်က ဥက္ကဌကြီးရဲ့ကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး အလုံးစုံရှင်းပြပြီးသားပါ။ ကျွန်မတို့ဒီကိုလာတယ်ဆိုတာ ဘာအလုပ်များရှိမလဲလို့လာကြည့်တာပါ။ ကျွန်မတို့နဲ့အဆင်ပြေမဲ့အလုပ်တွေ့ရင် ဒီမှာနေဖို့ဆုံးဖြတ်ပြီးသားပါ။”
အာကာလီက အီဗီတာကိုစူးစိုက်ကြည့်လိုက်သည်။
ဒီကောင်မလေး ဘာကိုများနှိမ့်ချနေပါလိမ့်။ ငါတို့က ဒီဥက္ကဌကြီးဆီမှာ အောက်ကျို့ခံနေရမှာလား။
“လုပ်ငန်းစဉ်လေးတော့လုပ်ထားတယ်။ တစ်ချက်လောက်ကြည့်လိုက်ပါဦး။” ရှုယီသည် စားပွဲပေါ်က မူကြမ်းကိုယူ၍ ကမ်းပေးလိုက်သည်။
နှစ်ယောက်သားယူ၍ကြည့်လိုက်ပြီး စာရွက်ပေါ်တွင်ဆွဲထားသော မှော်အစီအရင်ကိုတွေ့သည်။
သို့သော် ကျောင်းတွင်သင်ခဲ့ရသည်နဲ့မတူပေ။ ထိုအရာသည် မူကြမ်းမျှသာဖြစ်၍ ၎င်းပေါ်တွင် မေတ္တာရပ်ခံချက်တို့ကို ရေးထားလေသည်။
လေမှော်အစီအရင်ဖြစ်ပုံရပြီး ဒီဇိုင်းပေါ်တွင် သုံးချက်ရှိ၏။
တစ်ချက်သည် လေကိုဖိအားပေးရန်ဖြစ်၍ နောက်တစ်ချက်သည် မှော်ကျောက်တုံးကိုထိန်းညှိရန်ဖြစ်သည်။ နောက်ဆုံးတစ်ခုသည် အစီအရင်မှထုတ်သောလေကို တည်ငြိမ်စေရန်ဖြစ်သည်။
ထိုသုံးခုသည် ကြည့်ရသည်မှာ ရိုးစင်းပုံရသော်လည်း သေချာလေ့လာကြည့်သော် မအံ့သြဘဲမနေနိုင်ပေ။
မှော်အစီအရင် ကိုပြောင်းလဲဖို့သည် ဤမျှမခက်ချေ။ အီဗီတာ သည် ထိုထဲက တစ်ချက်ကိုလုပ်နိုင်သည်။ သို့သော် သုံးခုပေါင်းသော် အတော်လေးခက်၏။
“ဥက္ကဌ၊ စတေးလ်က ဒီဟာတွေပေါ် မူတည်ပြီး မှော်အစီအရင်ကိုပြောင်းလိုက်တာလား။” အီဗီတာကမေးသည်။
“အ..ဟုတ်တာပေါ့၊ တောင်းဆိုတာတော့ငါပေါ့၊ ပြီးတော့ အပြောင်းအလဲကို အတူတူလုပ်ကြတာပေါ့။ ဒီမှာကြည့်ပါဦး ဘာတွေပြောင်းဖို့လိုလဲ မြင်ရဲ့လား။”
နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအရာသည် သူတို့အတွက် စာမေးပွဲဖြစ်လေသည်။ ချက်ချင်းပင် ရှုယီလက်ထဲက စာရွက်ကိုယူလိုက်၍ သေချာလေ့လာကြသည်။
သူတို့နှစ်ယောက် အသည်းအသန်လေ့လာနေသည်ကို မြင်သော် ရှုယီ ပြုံးလိုက်သည်။ သူတို့အတွက်ရေငှဲ့ပေး၍ သူတို့ကိုယ်တိုင်တိတ်ဆိတ်စွာလေ့လာနိုင်ရန် အခန်းထဲကထွက်ခဲ့သည်။
ရုံးအပြင်ဘက်တွင် ဟာလာဟင်းလင်းပြင်ဖြစ်နေသော အဆောက်အဦးတစ်ခုကို တွေ့သည်။
အရင်က မှော်ပန်ကာထုတ်သောအဆောက်အဦးအပြင် ကျောက်တုံးနှင့်ဆောက်ထားသော လုံးဝန်းသောပုံစံအဆောက်အဦးတစ်ခုရှိလေသည်။
ထိုနေရာသည် လူပုလေးတို့သုတေသနပြုရာ မှော်ပစ္စည်းထုတ်ရာနေရာ ဖြစ်သည်။
ထိုအလုပ်ရုံကို ဆောက်စတွင် ဟိန့်ဇ်သည် မည်သို့သောမှော်စက်ပစ္စည်းများဆိုလိုသည်ကို နားမလည်ပေ။
သို့သော် ရှုယီက ဥက္ကဌဖာဆက်ခ်နှင့်သဘောတူညီချက်လက်မှတ်ထိုးပြီး မှော်စက်ပစ္စည်းငါးခုရောင်းလိုက်သောအခါမှ နားလည်တော့သည်။
ရှုယီ ပြောစကားအရ ထိုငါးခုအတွက် ရွှေဒင်္ဂါးနှစ်ဆယ့်ခုနှစ်ပြားသာကုန်ကျသော်လည်း ဥက္ကဌဖာဆက်ခ်ကို နှစ်ရာနဲ့ရောင်းလိုက်ရသည်။
ရှစ်ဆလောက်အမြတ်ရလေသည်။
ထိုအရာသည် အဆုံးသတ်မဟုတ်သေးပေ။ ပြင်ဖို့လိုလျှင်လည်း ဥက္ကဌဖာဆက်ခ်သည် Frestech ကုန်သည်ကြီးများအသင်း နှင့်လက်တွဲလုပ်ဆောင်ရပေလိမ့်မည်။ ထိုစက်များ၏ကိုင်ပုံကိုင်နည်းကို သင်ပြပေးဖို့လည်း ကုမ္ပဏီကို လာအားကိုးရလေသည်။
ထိုအတွက်လည်း ပိုက်ဆံရသည်။ နှလုံးမာသော ဟိန့်ဇ်ပင် ရှုယီကားပိုမာသည်ဟု ခံစားမိသည်။
ရှုယီက “တခြားနည်းမရှိဘူးလေ။ ဒါကလက်ဝါးကြီးအုပ်တာရဲ့အစွမ်းပဲ။”
သို့သော် ဥက္ကဌဖာဆက်ခ်သည် ကျေနပ်စွာလက်ခံသည်။ သူ့အတွက်အရတော်သည်ဟုပင် သတ်မှတ်လေသည်။
ဟိန့်ဇ်သည် ရှုယီနှင့်ယှဉ်ရန်မဖြစ်နိုင်ပေ။
ထိုစက်ငါးခုမှ ဤမျှအမြတ်ရလိုက်သော် အလုပ်ရုံသည် စိတ်အားတက်ကြွမှုတို့ဖြင့် ပြည့်နှက်နေသည်။
ချီးကျူးအားပေးခံရသော လူပုလေးများသည် အားတက်သရောဖြစ်လာသည်။ အိပ်ချိန်စားချိန်မှလွဲ၍ အမြဲတမ်းအလုပ်ရုံထဲတွင်သာ တကုပ်ကုပ်လုပ်နေလေသည်။
အဘယ်ကြောင့် ကြိုးစားကြသနည်းဟုမူ ရှုယီ၏ကတိစကားကြောင့်ဖြစ်သည်။ မှော်ကောက်ရိတ်စက် ပြီးမြောက်သည်နှင့် တစ်ယောက်ချင်းစီတိုင်းကို ရွှေဒင်္ဂါးတစ်ပြားတိတိပေးမည်ဖြစ်သောကြောင့်ဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၄၂ ။ ပစ္စည်းချို့တဲ့ခြင်း
ရှုယီ အလုပ်ရုံထဲသို့ လမ်းလျှောက်ဝင်လာချိန်တွင် လူပုလေးများအားလုံးသည် အလုပ်ကိုအားကြိုးမာန်တက် ကြိုးစားနေသည်ကို တွေ့ရသည်။
သူတို့သည် လုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်နေကြသည်။ တစ်စိတ်တစ်ပိုင်းသည် မှော်အရစ်ဖော်စက်များနှင့် မှော်ပန်ကာထုတ်လုပ်ရန်သုံးသော မှော်စက်ပစ္စည်းများကို ထုတ်လုပ်သည်။ အခြားဘက်တွင်ကား သူတာဝန်ပေးထားသော မှော်ကောက်ရိတ်စက် ကိုဖိုထိုးရန် သုတေသနပြုလုပ်နေကြသည်။
ထိုအချိန် မှော်ကောက်ရိတ်စက်နှင့်ပတ်သက်သော သုတေသနကို အသည်းအသန်လုပ်နေလေသည်။
ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့်ပြောပြီးကတည်းက စိုင်စ်နယ်မြေတွင် လယ်ယာသုံးစက်ပစ္စည်းများအကြီးအမားလိုနေသည်ကို ယုံကြည်သွား၍ ချက်ချင်းပင် သုတေသနကို စလုပ်ခဲ့သည်။
ယခုအချိန်သည် ဆောင်းရာသီ ကောက်ရိတ်သိမ်းချိန်နှင့် နီးကပ်လာပြီဖြစ်၍ သူ၏ပစ်မှတ်သည် အသေးစားကောက်ရိတ်စက်ကို တီထွင်ရန်ဖြစ်သည်။
သုတေသနကို အမျိုးမျိုးပိုင်းခြားလိုက်သည်။ ရှုယီနှင့် စတေးလ်တို့သည် ကောက်ရိတ်စက်တွင် အဓိကအားအဖြစ်သုံးသော မှော်အစီအရင်ကိုလေ့လာကြသည်။ တစ်ဖက်မှ လူပုလေးတို့သည် ကောက်ရိတ်စက်၏အပြင်ပိုင်းကိုဖိုထိုးရန် လေ့လာရသည်။
ရှုယီအနေဖြင့် အရေးအကြီးဆုံးဖြစ်သော ကောက်ရိတ်စက်နှင့်ပေါင်းစပ်ရန် မှော်အစီအရင်ကိုလုပ်ရသည်။ ထိုသို့လုပ်ဆောင်ရန် လက်တွေ့ကျသော အချက်အလက်များစွာ လိုအပ်လေသည်။ ထို့အတွက် သုတေသနအခန်းနှင့် ဘန်တာမြို့ကို အခေါက်ခေါက်အခါခါ ကူးနေရသည်။
ကြိုးစားမှုတိုင်းတွင် အသီးအပွင့်ဝေဆာမြဲဖြစ်သည်။ အချိန်အတော်ကြာသော် အသေးစားကောက်ရိတ်စက်သည် ပုံစံပေါ်လာသည်။ လူပုလေးများသည် ကမ္ဘာမြေပေါ်မှ ကောက်ရိတ်စက်နှင့်ဆင်တူသော မှော်ကောက်ရိတ်စက်ကို ထုတ်လုပ်လိုက်၍ လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်ကြလေသည်။
သူဝင်လာသည်ကိုမြင်သော် အလုပ်ရုံမန်နေဂျာအဖြစ် ခန့်ထားသော ကမ်ဘီ ရောက်လာသည်။
“ဟေး ရှု အိုး..မဟုတ်သေးပါဘူး...ဥက္ကဌကြီး... မှော်ကောက်ရိတ်စက် ကြည့်ဖို့ရောက်လာတာများလား။”
“ကောင်းပြီ ကမ်ဘီ ကျွန်တော့်ကိုနာမည်အတိုင်းပဲခေါ်ပါ။ ဟုတ်တယ် လာကြည့်တာ၊ အရှင်ဗစ်ကောင့်ထ် လယ်ကွင်းထဲကဂျုံတွေဝါနေတာ မြင်လား။ တစ်လအတွင်း ရိတ်သိမ်းကြလိမ့်မယ်။ ကျွန်တော်တို့အချိန်မှီမပြီးရင် နောက်ခြောက်လလောက်စောင့်ရလိမ့်မယ်။”
“စိတ်အေးအေးထားပါ။ ညီကိုတော်တွေလည်း နေ့မအားညမအားလုပ်နေကြပါတယ်။ ကြည့်ပါဦး ဒီမှာလုပ်ပြီးသားနည်းနည်းချို့ယွင်းချက်ရှိနေလို့၊ မဟုတ်ရင် သုံးလို့ရပြီ။”
“အင်း အသုံးပြုမှ ပြဿနာပေါ်လာတာထက် အခုကတည်းကရှာထားတာ ပိုကောင်းတာပေါ့။”
ထို့နောက် မှော်ကောက်ရိတ်စက်ကိုစမ်းသပ်နေသော လူပုလေးများဆီ နှစ်ယောက်သားလျှောက်လာခဲ့သည်။ ပြဿနာကိုစုံစမ်းကြည့်သော် အမြန်နှုန်းဖြင့်ခဏလောက်သုံးပြီး ကောင်းကောင်းအလုပ်မလုပ်တော့ခြင်းဖြစ်သည်။
ဆက်၍စုံစမ်းဖို့မလိုတော့။ ဝင်ရိုးကျိုးသွားသည်ကို ရှုယီ သိလိုက်သည်။
ထင်သည့်အတိုင်း ဖွင့်ကြည့်လိုက်သော် ခြစ်ရာများထင်နေပြီး အက်ကွဲရာများရှိနေသည်။ ထို့ကြောင့် လည်ပတ်မှုကို ကောင်းကောင်းမလုပ်နိုင်ပေ။
ရှုယီလည်းဘာမျှမတတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သံမဏိထုတ်လုပ်ခြင်းတွင် တစ်တိုက်လုံးအနေဖြင့် နည်းပညာနိမ့်နေသေးသည်။ ကွေးဆန့်၍ရသော သံမဏိတို့သည် ထိုအချိန်တွင်မပေါ်သေးပေ။
ဤမျှအမြန်လည်နေသော ဝင်ရိုးကို ခိုင်မာတောင့်တင်းအောင်လုပ်ရန် သံဖြူလည်းမရ၊ သံညိုလည်းမဖြစ်နိုင်ပေ။
မှော်ပန်ကာတွင်လည်း ဤမျှလည်ပတ်မှုကို တောင့်ခံနိုင်ရန် လိုအပ်ခဲ့သော်လည်း ယခုလောက်အားမကြီးပေ။ သာမန်သံမဏိကိုသုံး၍ ဖြစ်နိုင်သည်။ သို့သော် ယခု မှော်ကောက်ရိတ်စက်တွင်ကား ပြင်းထန်သောမောင်းနှင်အားကို လိုအပ်၍ ပြဿနာသည်အချိန်မရွေးထဖြစ်နိုင်၏။
ယခုလောလောဆယ် သူမဖြေရှင်းနိုင်သေးပေ။ နောက်ဆုံးအဖြေထွက်လာသည်က ပေါင်းစပ်ဖွဲ့စည်းရန်ဖြစ်လေသည်။ ထို့ကြောင့် ဝင်ရိုးပေါ်တွင် သံဒလက်တုံးကိုတပ်လိုက်သည်။ ထိုအရာသည် ပွတ်တိုက်အားကိုလျော့ချပေး၍ ပိုသက်သာစေသည်။
အထွက်အားကိုလည်း လျော့နည်းစေသည်မှာ အမှန်ဖြစ်သည်။ သို့သော် မတတ်နိုင်ပေ။ လုံလောက်သောအစွမ်းကိုထုတ်လွှတ်နိုင်ရန်အတွက် မှော်အစီအရင်ကိုပြောင်းရန် စဉ်းစားကြည့်လေသည်။
“ပြောရရင် ဒီတိုက်ကြီးရဲ့ စက်မှုစနစ်ကအရမ်းအောက်ကျတယ်။ ကမ္ဘာမြေမှာလို သံမဏိဆယ်မျိုးလောက်ရှိမယ်ဆိုရင် ဒီလောက်ဒုက္ခရောက်ပါ့မလား။” ရှုယီက စိတ်ပျက်လက်ပျက်ဖြင့် ပြောချလိုက်ခြင်းဖြစ်သည်။
လူပုလေးရွာက သုတေသနဓါတ်ခွဲခန်းကို ခေါင်းထဲပေါ်လာသည်။
တစ်လကို ရွှေဒင်္ဂါးငါးရာပေးမည်ဟု ခေါင်းဆောင်ကြီးကိုပြောခဲ့သော်လည်း မျှော်လင့်ချက်သာရှိသေးသည်။
သူတို့အောင်မြင်အောင်လုပ်နိုင်ရင်ကား တစ်လငါးရာထိုက်တန်လေသည်။
အင်ဂျင်နီယာတစ်ယောက်အနေဖြင့် လွယ်လွယ်တော့ရမည်မဟုတ်သည်ကို သူသိသည်။ တဖြည်းဖြည်းချင်းတက်လှမ်းသွားရမည်ဖြစ်သည်။
“ထားလိုက်ပါ။ အင်ဂျင်နီယာဆိုတာ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ပဲ။ အကန့်အသတ်နဲ့ဖြေရှင်းရတဲ့အခါမျိုးမှာတော့ ငါ့လိုလူတွေက တန်ဖိုးရှိတာပေါ့။”
ထို့နောက် မှော်အစီအရင် အကြောင်းစဉ်းစားသော် ကောင်မလေးနှစ်ယောက်ကို သတိရသွားသည်။
“ဆိုးလိုက်တာ။ အလုပ်များနေတာနဲ့ သူတို့ကိုတောင်မေ့နေပြီ။” သူ့ပေါင်ကိုထု၍ ပြောလိုက်သည်။ ထို့နောက် အလုပ်ရုံကပြန်မထွက်လာခင် ကမ်ဘီကို မှာကြားခဲ့သည်။
“စိတ်မကောင်းဘူးဗျာ၊ အလုပ်ရှုပ်နေလို့ပါ။” ရှုယီ တံခါးဖွင့်ဝင်လာစဉ် ပြောလိုက်သည်။ သူတို့နှစ်ယောက်သားသည် စားပွဲကမရွေ့ဘဲ မှော်အစီအရင် ကိုသေချာလေ့လာနေကြသည်။ သူလည်းစကားဆက်မပြောတော့။ တံခါးနားတွင်ရပ်နေလိုက်သည်။
အာကာလီသည် အနည်းငယ်ပင်ပန်းနေပုံရသည်။ အညောင်းဆန့်ခါမှ သူ့ကိုလှမ်းမြင်သည်။
“အိုး..ဥက္ကဌကြီး ဘယ်အချိန်ကတည်းကရောက်နေတာလဲရှင့်။” အံ့သြစွာဖြင့်မေးလိုက်သည်။
သူမမေးသံကြားမှ အီဗီတာကအံ့သြတကြီးဖြင့် မော့ကြည့်လိုက်သည်။
ရှုယီကပြုံး၍ “အခုမှပဲရောက်တာ။ မင်းတို့နှစ်ယောက်ကို နှောင့်ယှက်မိမှာစိုးလို့ ဒီအတိုင်းပဲနေလိုက်တာ။”
“အနှောင့်အယှက်တဲ့လား။” အာကာလီသည် နှာဖူးကိုလက်ဝါးဖြင့်ရိုက်၍ “ဥက္ကဌကြီးပေးတဲ့ ပုံကြမ်းကခက်လိုက်တာ။ ကျွန်မတို့ကြည့်နေတာ တစ်ရွက်မှကိုမပြီးသေးဘူး။ ကျွန်မတို့ကိုတော့ ငတုံးငအလို့ထင်တော့မှာပဲ။”
“အိုး မဟုတ်ပါဘူး။ ငါလည်းပဲ အစပိုင်းက ရက်ပေါင်းများစွာကြာခဲ့တာပဲ။ မင်းတို့သာဒီလောက်အချိန်လေးနဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်မယ်ဆိုရင် တစ်လကိုတစ်ရာပေးပြီး ဒီမှာခေါ်ထားလိုက်မှာ။”
အာကာလီကမျက်စောင်းထိုး၍ “ကျွန်မတို့မလုပ်နိုင်မှန်းသိလို့ ဒီလိုမက်လုံးပေးတာပေါ့။”
အီဗီတာက “ဥက္ကဌကြီး ဆိုလိုတာက ဒီပြဿနာတွေကို အားလုံးကိုယ်တိုင်ဖြေရှင်းပြီးသားပေါ့။ ဒီလိုဆို ဘယ်လိုနည်းနဲ့ဖြေရှင်းလိုက်လဲ ကြည့်လို့ရမလားရှင်။”
ရှုယီကခေါင်းခါ၍ “အဲ့ဒါတော့ ပြပေးလို့မရဘူး။ ဘာလို့ဆို လောလောဆယ် ဒီကုမ္ပဏီရဲ့ လျှို့ဝှက်ချက်ဖြစ်နေလို့ပါ။ အပြင်လူပြပေးလို့မရလို့ပါ။”
သူမလည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။
“အင်း ဒီကုမ္ပဏီမှာ အလုပ်လုပ်မယ်ဆိုရင်တော့ တစ်မျိုးပေါ့။” သူကပြုံး၍ပြောလိုက်သည်။
အာကာလီက ”ဥက္ကဌကြီးပေးတဲ့ဒီဇိုင်းတွေက အဲ့လောက်ခက်တာ ကျွန်မတို့ကို အလုပ်ခန့်ပါ့မလား။”
“မသေချာသေးဘူးပေါ့။” သူကပြုံး၍ပြောသည် “အရင်ဆုံးဖြေရှင်းပုံလေး ပြပါဦး။”
စာရွက်ကိုယူ၍ ကြည့်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
အဖြေသည် မပြည့်စုံသော်လည်း သူတို့အဖြေကိုကြည့်၍ တကယ်ပဲ လမ်ပူရီတော်ဝင်မှော်အကယ်ဒမီကျောင်းမှ ဘွဲ့ရခဲ့သည်ကို ယုံကြည်မိသည်။ မှော်ပညာနှင့်ပတ်သက်၍ နက်ရှိုင်းစွာနားလည်ပြီး အတွေးများသည်လည်း အဆင့်မြင့်လေသည်။ သူ့အဖြေနှင့်ပင် အတော်နီးစပ်နေသည်။
သူတို့နှစ်ယောက်အတွေးတွေကိုကြည့်၍ တစ်ယောက်နှင့်တစ်ယောက် ကိုယ်ရည်ကိုယ်သွေးမတူပုံကို သိနိုင်သည်။ အာကာလီ၏အတွေးများသည် ပို၍အသက်ဝင်လေသည်။ အချို့အရာတို့ကား ပြောင်မြောက်၍ စိတ်ကူးယဉ်ဆန်လှသည်။
အီဗီတာကား ထုံးစံအတိုင်းသာဖြစ်သည်။ သို့သော် အခြေခိုင်၏။ တစ်ဆင့်ချင်းစီတိုင်းသည် တိကျ၍ အားလုံးကိုခြုံကြည့်သော် ပြီးပြည့်စုံလုနီးပါးရှိသည်။
သူ့ကိုသာအချိန်လုံလုံလောက်လောက်ပေးလျှင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်လေသည်။
ကျေနပ်သွားသော် စာရွက်ကို ပြန်ချလိုက်သည်။ သူတို့သည် အစွမ်းထက်မှော်ပညာရှင်များမဟုတ်သော်လည်း ဓါတ်ခွဲခန်းထဲတွင်ထားလျှင် စိတ်ချရနိုင်သည်။
သူတို့ကိုသာခေါ်ထားလိုက်လျှင် သူ့တွင်အကူသုံးယောက်ရှိလာနိုင်သည်။ ထိုအခါ သုတေသနပြုမှုကို အကြီးအကျယ်တိုးတက်သွားစေနိုင်သည်။
ထိုသို့တွေး၍ သူတို့ကိုအကဲခတ်ကြည့်လိုက်သည်။ ထို့နောက် ပြုံး၍ “အင်း ပြောရရင်တော့ နှစ်ယောက်စလုံးအရည်အချင်းနဲ့ပြည့်စုံတဲ့လူတွေပါပဲ။ ဒီမှာလုပ်ဖို့သင့်တော်ပါတယ်။ ဒါနဲ့သေချာအောင်မေးရဦးမယ်၊ ဒီမှာတကယ်ပဲ အလုပ်လုပ်ချင်တာလား။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၄၃ ။ လစာထုတ်တဲ့နေ့
ပူအိုက်သောရာသီသည် မကုန်သေး၊ ခဏအတွင်းတွင် သြဂုတ်လလယ်သို့ ရောက်သွားသည်။
ထိုနေ့တွင် Frestech ကုန်သည်ကြီးများအသင်း စက်ရုံတစ်ခုလုံးသည် ပျော်ရွှင်မြူးထူးနေကြသည်။ အားလုံးမျက်နှာတွင် အပြုံးပန်းကိုယ်စီဖြင့်ပင်။
ဘာအကြောင်းကြောင့်နည်း။ တခြားမဟုတ်။ ယနေ့သည်ကား လစာထုတ်ရက်ဖြစ်လေသည်။
ရှုယီ သတ်မှတ်ထားသောစည်းမျဉ်းအရ ဆယ့်ငါးရက်နေ့တိုင်းသည် လစာထုတ်ရက်ဖြစ်သည်။ ထိုရက်တွင် စက်ရုံတစ်ခုလုံး လစာထုတ်ရက်ဖြစ်၍ အင်မတန်အပျော်ကြီးပျော်ကြရသောနေ့ဖြစ်သည်။
ဆာဘက်စ်သည် စက်ရုံသို့စောစောရောက်လာသည်။ ထို့နောက် အရင်လကလုပ်ထားသော အစီရင်ခံစာကို တင်ပြသည်။
ရှုယီ ယုံကြည်သည်က လူရာဝင်သောလူကိုသံသယမဖြစ်နှင့်၊ သံသယဖြစ်ဖွယ်လူကိုလူရာမသွင်းနှင့်။ ငွေကြေးအစီရင်ခံစာကို ကျော်လိုက်သည်။ ဟိန့်ဇ်သည်ကား သေချာစေ့စပ်စွာကြည့်၍ အားလုံးမှန်ကန်ကြောင်းအတည်ပြုပြီးသော် ဆာဘက်စ်ကိုပြန်လွှတ်လိုက်သည်။
ရှုယီသည် ဟိန့်ဇ်လုပ်သမျှ ဘာမျှမတတ်နိုင်ပေ။ သို့သော် ဘာမျှမပြောချေ။
ကုမ္ပဏီ၏ တတိယအကြီးဆုံးရှယ်ယာဝင်အနေဖြင့် ဟိန့်ဇ်သည် အရည်အချင်းပြည့်၍ သူ့ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိသည်။ ထို့ပြင် သူ့ကြောင့်လည်း သူသက်သာရာရသည်။
စိတ်လှုပ်ရှားအောက်မေ့ဖွယ်နံနက်သည် ပြီးဆုံးသွားလေပြီ။ ခဏတဖြုတ်အတွင်းတွင် နေ့လယ်ရောက်သွားလေပြီ။ စက်ရုံနှစ်ခုမှ အလုပ်သမားများသည် စုရုံးကြပြီး လစာထုတ်ရန် တန်းစီကြသည်။
ပထမဆုံးရောက်လာသူက လူပုလေး ကမ်ဘီ ဖြစ်သည်။
စက်ရုံမန်နေဂျာတစ်ယောက်အနေဖြင့် သူ၏လစာသည် သာမန်လူထက်များသည်။ ဟိန့်ဇ်နှင့်လစာတန်းတူဖြစ်လေသည်။
နောက်တစ်ယောက်က အဲလက်စ် ဖြစ်၏။
သူသည် ဟိန့်ဇ်၏လက်ထောက်တစ်ယောက်အနေဖြင့် ဆယ်ပြားရသည်။ သာမန်အလုပ်သမားထက် နည်းနည်းများ၏။
ထို့နောက် အခြားလူပုလေးများသည် ကျန်းမာရေးအာမခံငွေအပြင် လုပ်ငန်းခွင်ထိခိုက်နစ်နာကြေးတို့ပေါင်း၍ ရှစ်ပြားစီရကြသည်။
လူပုလေးများမျက်နှာသည် အပြုံးပန်းကိုယ်စီဖြင့်ပင်။ အချို့သည် က၍ပင် ခုန်လိုက်သေးသည်။
မာစတာလန့်စ် ပြောသည့်အတိုင်းပင် ထိုလူပုလေးများဘဝသည် အင်မတန်နိမ့်ကျလေသည်။ သူတို့ရွာတွင် မငတ်ပြတ်ရုံတမယ်သာနေကြရသည်။
စက်ရုံတွင်အလုပ်လုပ်ပြီးသော် နေရေးစားရေးမပူရသည့်အပြင် တစ်လရှစ်ပြားပင်ရသေးသည်။
ထိုရှစ်ပြားသည် မများသော်လည်း လိုချင်တာဝယ်လို့ရ၍ မိဘ မိန်းမ သားသမီးများကို ကောင်းကောင်းထောက်ပံ့နိုင်သည်။
မိသားစုဝင်များအပြုံးပန်းဆင်နေသည်ကို မြင်ယောင်ရင်း အပျော်ကြီးပျော်နေကြရသူများဖြစ်သည်။ ထိုသို့ဖြစ်အောင်လုပ်ပေးသော ရှုယီကိုရိုသေလေးစားကြသည်။
သူတို့နှင့်ယှဥ်သော် ဘာရွန်ရစ်တိုမှော်အကယ်ဒမီမှကျောင်းသားများ၏လစာသည် ပို၍နည်းလေသည်။ သူတို့သည် ငါးပြားခြောက်ပြားလောက်သာရကြသည်။
ထိုသို့နည်းခြင်းသည် ကျောင်းသားများဖြစ်သည့်အပြင် အလုပ်ချိန်လည်းနည်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူပုလေးများနှင့် မနှိုင်းယှဉ်သာပေ။
ဒုတိယအကြောင်းပြချက်မှာ သူတို့သည် ရိုးစင်းသော မှော်အစီအရင်ကိုသာလုပ်ရခြင်းကြောင့်ဖြစ်သည်။ ထို့အတွက် ပညာဉာဏ်သိပ်မလိုပေ။ ထို့ကြောင့်လည်း လစာနည်းခြင်းဖြစ်သည်။
အစပိုင်းတွင် ကျောင်းသားများမကျေမနပ်ဖြစ်၍ ထွက်ပြေးမှာကိုစိုးရိမ်ခဲ့သည်။ သို့သော် အားလုံးသည် ပျော်ရွှင်နေကြသည်။ တစ်ယောက်မျှမညည်းညူပေ။
ဆွေကြီးမျိုးကြီးမှ အိုရင်းပင်လျှင်တစ်ပဲခြောက်ပြားကိုကြည့်၍ ရင်သပ်ရှုမောဖြစ်နေသည်။ သူ့အတွက်တော့ ပြားခြောက်ရာဆိုလည်းဟုတ်လေသည်။
ရှုယီသည် သူတို့ကိုကြည့်၍ ပြုံးမိသည်။ သူတို့သည် ကျောင်းသားများသာဖြစ်၍ ထိုသို့သူတို့ကိုယ်ပိုင်လုပ်အားဖြင့် ရသောလစာကိုကြည့်၍ အားတက်သရောဖြစ်နေသည်မှာမထူးဆန်းပေ။
သူတို့ကျောင်းစရိတ်သည် တစ်ဖြတ်စီအတွက် နှစ်ဆယ့်ငါးပြားဖြစ်သည်။ သူတို့ဒီအလုပ်လုပ်နေသရွေ့ ကျောင်းစရိတ်ကာမိသည်။
ဆင်းရဲသောကျောင်းသားများအတွက်ကား ထိုဝင်ငွေသည် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို လျော့ကျသွားစေသည်။ မိဘများပျော်လိုက်ပုံမှာ ဆိုဖွယ်ရာမရှိတော့ပေ။
ကျောင်းသားများကိုပေးပြီးနောက် လစာမရသောကျွန်များသာကျန်လေတော့သည်။ ထိုရာချီသောကျွန်များကိုလစာပေးဖို့ဆိုသည်မှာ ရှုယီအတွက်အင်မတန်ကြီးလေးသော ဝန်ထုတ်ဝန်ပိုးဖြစ်နေသည်။
ကျိုးကြောင်းဆီလျော်မှုအရ စက်ရုံတွင်လုပ်ရသောကြောင့် သူတို့လည်း လစာရထိုက်သည်။ သို့သော် ကျွန်ကားကျွန်ပဲမဟုတ်လား။ ရှုယီသည် ထိုဟာကိုလက်မခံချင်သော်လည်း လက်ခံရပေလိမ့်မည်။ စိုင်စ်နယ်မြေတစ်ခုလုံးတွင် ကျွန်များသည် အခွင့်အရေးနည်းနည်းမျှမရှိပေ။ လစာပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ချေ။
အရေးအကြီးဆုံးအကြောင်းပြချက်ကား ထိုအစေခံတို့ကို ဗစ်ကောင့်ထ်လက်စ်လိုင်း ပိုင်လေသည်။ သူကားငှားထားရုံသာဖြစ်သည်။
သူပေးချင်လျှင်တောင် ဗစ်ကောင့်ထ်လက်စ်လိုင်းကိုအရင်ပေးရမည်ဖြစ်သည်။ ထို့နောက် ပေးခြင်းမပေးခြင်းက သူနှင့်သာသက်ဆိုင်သွားသည်။
ထိုကိစ္စနဲ့ပတ်သက်၍ ရှုယီနှင့် ဟိန့်ဇ်တို့သည် ဆာဘက်စ်နှင့်တိုင်ပင်ပြီးသော် မပေးရန်ဆုံးဖြတ်လိုက်ကြသည်။ လိုအပ်တာကိုသာ ထောက်ပံ့ပေးဖို့ရှိသည်။
ယခုသော် နွေလယ်သို့ရောက်လေပြီ။ ထို့ကြောင့် ကျွန်တွေအားလုံးကို ဒုတိယအမျိုးအစားဖြစ်သော အမြန်နှုန်းပြောင်းလဲနိုင်သည့်မှော်ပန်ကာကိုပေးလေသည်။ ထို့နောက် မြို့ထဲက မက်တာဂန် အပ်ချုပ်ဆိုင်လက်မှတ်ကိုထုတ်ပေးထားသည်။
အသား၊ ငါး၊ သစ်သီးစသည်ပေး၍ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးထားသည်။
အားလုံးကုန်ကျစရိတ်ပေါင်းလိုက်သော် လေးပြားခန့်ကျသင့်သည်။
ရှုယီ၏စိတ်ကူးအရ ကျွန်တွေ၏လစာသည် တစ်လကိုခြောက်ပြားရသင့်သည်။ ထို့ကြောင့် ပို၍ထောက်ပံ့ပေးချင်သည်။ သို့သော် ဟိန့်ဇ်ကသဘောမတူပေ။
မည်သို့ဆိုစေ ထိုကျွန်တို့ကို ဗစ်ကောင့်ထ်လက်စ်လိုင်းကပိုင်ထားဆဲဖြစ်၏။ သူအရမ်းကောင်းပြနေလျှင် ဗစ်ကောင့်ထ်လက်စ်လိုင်းကတစ်မျိုးထင်နိုင်သည်။
ယခုလိုလုပ်ပေးခြင်းသည်ပင် လုပ်ရိုးလုပ်စဉ်ကို ချိုးဖောက်ပြီးသားဖြစ်နေသည်။
အစေခံတို့သည် သူများတွေလစာရနေသည်ကိုမြင်သော် လိုချင်ရမက်ဖြစ်ပေါ်သော်လည်း ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေရသည်။ သူတို့တွင် ပြောနိုင်စွမ်းဘာမျှမရှိပေ။
သူတို့၏လက်ရှိအခြေအနေနဲ့ပင် တင်းတိမ်ရောင့်ရဲနိုင်လေသည်။
သူတို့စက်ရုံလာကတည်းက အရိုက်မခံရ အကျိန်ဆဲမခံရပေ။ တစ်ရက်သုံးခါ ထမင်းသုံးခါကောင်းကောင်းစားရ၍ ဝမ်းမဝမှာ စိုးရိမ်စရာမရှိချေ။
နေ့တိုင်းအလုပ်လုပ်ရသော်လည်း ဗစ်ကောင့်ထ်လက်စ်လိုင်း လက်အောက်၌လုပ်ရသလောက် မပင်ပန်းပေ။
တစ်ရက်ကိုရှစ်နာရီသာလုပ်ရ၍ အချိန်ပိုလည်းမဆင်းရပေ။
လမ်းပေါ်တွင်လုပ်သားလိုသောနေ့တွင် သူတို့ကိုခေါ်ခိုင်းရသည်။ ထို့အတွက် နစ်နာကြေး အသားတစ်တုံးပေးလေသည်။
ယခုလက်ရှိအခြေအနေသည် ကျွန်ဘဝသားတို့၏ နတ်ဘုံနတ်နန်းဖြစ်သည်။ ယခုလိုဇိမ်ကျကျနေရလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဘူးပေ။
ဖြစ်နိုင်လျှင် သူတို့ကို ရှုယီ လက်ထဲရောင်းစေချင်သည်။ ထိုသို့သော အရှင်သခင်နှင့်သာဆိုလျှင် သူတို့အတွက် နတ်ဘုံနတ်နန်းပင်ဖြစ်သည်။
ယခု အားလုံးကိုထောက်ပံ့ကြေးပေးမည်ဟု ကြေညာသော် အားလုံးအံ့အားသင့်သွားသည်။
ထောက်ပံ့ကြေးဟုတ်လား။ ဘာများလဲ။ ငါတို့အတွက်လား။
ဆာဘက်စ်ကအသံမြှင့်၍ နောက်တစ်ကြိမ်ကြေညာပြီး ကျွန်တစ်ယောက်၏နာမည်ကို ခေါ်လိုက်မှ အားလုံးသေချာသိသွားသည်။
နာမည်ခေါ်ခံရသော ကျွန်သည် ဆာဘက်စ် ရှေ့ရောက်လာသည်။ ဟိန့်ဇ်ကပြုံး၍ မှော်ပန်ကာ၊ အပ်ချုပ်ဆိုင်လက်မှတ်၊ အသားငါးနှင့် အခြားလိုအပ်သော ပစ္စည်းအသုံးအဆောင်များကို လက်ထဲကောက်ထည့်လိုက်သည်။
ထိုအစေခံလည်း သူ့လက်ထဲက ပစ္စည်းများကိုငေးကြောင်ကြည့်နေသည်။ လည်ပင်းတွင်ဆို့တက်တက်ဖြစ်လာ၍ မျက်လုံးတွင် မျက်ရည်စတို့ ရစ်ဝဲလာလေသည်။ ခဏမျှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။
ထိုအခြင်းအရာကိုမြင်သော ရှုယီသည် သက်ပြင်းတစ်ချက်ကလေးချလိုက်မိသည်။
ဒီသောက်ကျွန်ပြုမှုကို ချက်ချင်းပဲ ဖျက်သိမ်းဖို့ကောင်းပါဘိ။
ကျွန်အားလုံးကို ထောက်ပံ့ကြေးပေးပြီးနောက် ရှုယီ အသံကျယ်ကြီးဖြင့် နေ့လယ်ကိုအနားပေးကြောင်း ကြေငြာလိုက်သည်။ ထိုအခါ လက်ခုပ်လက်ဝါးတီး၍ သြဘာပေးကြလေသည်။
လူပုများနှင့်ကျောင်းသားများကိုတော့ အားလပ်ရက်ပေးမည်ဟုကြေညာလိုက်သည်။ အားလုံးအုတ်အော်သောင်းနင်းဖြစ်သွားကြသည်။
သူတို့အားလုံးကို ကြည့်၍ ရှုယီ မပြုံးဘဲမနေနိုင်။
ထိုမြင်ကွင်းကိုကြည့်၍ သူတက္ကသိုလ်တက်စအချိန်ကို သတိရသွားသည်။ အတန်းဖော်များနှင့်ကျောင်းပြေး၍ တစ်ရက်လုံးလျှောက်သွားကြသည်။
လူပုလေးများသည် ဟိုတစ်စုဒီတစ်စုပျောက်ကွယ်သွားလေတော့သည်။ ကျွန်တွေသာဘာလုပ်ရမှန်းမသိ ကြောင်တောင်တောင်ကျန်ခဲ့သည်။
“ဟိန့်ဇ်ရေ လုပ်သားစုဆောင်းတော့လေ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၄၄ ။ ကုန်ပစ္စည်းအသစ်ပြောင်းလဲခြင်း
နေ့မြင့်လာသော် မုန်တိုင်းရောက်လာလေသည်။
ခေါင်မိုးပေါ်သို့ မိုးကျသံသည် အတိုင်းသားကြားနေရသည်။
“ဒီလောက်ထိမိုးရွာတာ အခုကပထမဆုံးအကြိမ်ပဲ၊ မိုးလုံပါ့မလားမသိဘူး။” ရှုယီကခေါင်မိုးပေါ်သို့မော့ကြည့်၍ စိုးရိမ်တကြီးပြောလိုက်သည်။
“နည်းနည်းတော့ယိုလောက်တယ် ကိစ္စမရှိလောက်ပါဘူး။” ဟိန့်ဇ်ကပြောလေသည်။
အပြင်တွင်မှောင်မဲနေ၍ သေချာမမြင်နိုင်ပေ။
အလုပ်ရုံထဲတွင် မည်သူမျှမရှိတော့ချေ။ ရှုယီ, ဟိန့်ဇ်, ဆာဘက်စ်နှင့် ကမ်ဘီတို့လေးယောက်သာကျန်ရှိတော့ပြီး အခန်းထဲတွင် တိတ်ဆိတ်နေသည်။
“မဟုတ်ဘူး..မိုးယိုတာကိုက ပြဿနာပဲ။” ရှုယီကခေါင်းခါ၍ “ဟိန့်ဇ် ဒီမှာစက်ပစ္စည်းထုတ်လုပ်မှာလေ၊ မိုးရေစိုသွားရင် မှော်အစီအရင်ကိုထိခိုက်လိမ့်မယ်။ ဒီတော့ ချက်ချင်းဖြေရှင်းမှရမယ်။”
ဟိန့်ဇ်ကမော့ကြည့်၍ “မဟုတ်သေးပါဘူး၊ သူတို့ကသံနဲ့လုပ်ထားတာ နည်းနည်းစိုတာလောက်တော့ ဘာမှမဖြစ်လောက်ပါဘူး။”
ကမ်ဘီကလည်း နားမလည်နိုင်စွာဖြင့် ရှုယီကိုမော့ကြည့်လိုက်သည်။ ဒီလောက်အသေးအဖွဲလေးကို ဘာလို့များ အရေးတကြီးဖြစ်နေပါလိမ့်။
သူ့ဘဝတွင် ရှုယီထက်ပို၍ သံနှင့်ရင်းနှီးမှုရှိလေသည်။ ဒီလောက်မိုးလေးနဲ့ မပျက်စီးနိုင်ကြောင်း သူသိသည်။
ဆာဘက်စ်သည်ကား ဘေးကရပ်ကြည့်၍ မတုတ်မလှုပ်။
ရှုယီ တစ်ယောက်ဘာမျှမတတ်နိုင်ပေ။ သံချေးတက်သွားလျှင် သူ့အတွက် အများကြီးနစ်နာသွားမည်ဖြစ်သည်။
ထောင့်တွင်ရှိသော ပြီးပြီးသား မှော်ပန်ကာတို့ကိုကြည့်၍ စိတ်ပျက်လက်ပျက်ခေါင်းခါမိသည်။
သူသည်ကား စက်မှုအင်ဂျင်နီယာသာဖြစ်၍ ရွေးချယ်စရာမရှိတော့ပေ။ သုတေသနပစ္စည်းများနှင့်ပတ်သက်၍ အနည်းငယ်သိသော်လည်း ဤမျှမကျွမ်းကျင်ပေ။ ပလက်စတစ်နှင့်လည်း လုပ်၍မရ။ အကယ်၍ ပလက်စတစ်ဖြင့်ဆိုလျှင် သံချေးတက်မည်မဟုတ်ပေ။ ပိုလှပပြီး ပေါ့လည်းပေါ့ သွားနိုင်သည်။ ကုန်ကျစရိတ်ကိုလည်း သက်သာစေ၍ အမြတ်လည်းပိုထွက်နိုင်သည်။
မှော်ပန်ကာကိုသာ ဒီဇိုင်းလုပ်နိုင်မည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။ ရှုယီသည် ရေစိုခံအောင်ထိလုပ်ရန် စိတ်ကူးထားသည်။ ထိုအခါ မိုးရေကိုစိတ်ပူစရာမလိုတော့ပေ။
ထို့ပြင် မှော်အစီအရင်သည် ထူးခြားသောမှော်ပစ္စည်းဖြင့်လုပ်ထားလေသည်။ မှော်အစီအရင်လုပ်ပြီးသော် ထိုအရာနှင့် ဆက်စပ်နေသောမှော် မကျိုးပဲ့မချင်း မှော်အစီအရင် ပျက်စီးရန်ခက်ခဲသည်။ ထို့ကြောင့် စိုးရိမ်စရာမရှိချေ။
“ကုန်ပစ္စည်းတွေပျက်စီးမှာကိုအသာထား၊ ဒီအလုပ်ရုံကတော့ ပြန်ပြုပြင်မှဖြစ်တော့မယ်။ မဟုတ်ရင်ရေစိမ့်တာနဲ့ လုပ်သားတွေရဲ့ခံနိုင်အားကို ထိခိုက်လာနိုင်တယ်။ ဟိန့်ဇ်ရေ အဲ့ဒါကိုမြန်မြန်သာလုပ်လိုက်တော့။”
ရှုယီ ခေါင်းမာမှန်းသိ၍ ဟိန့်ဇ်ကသဘောတူခေါင်းငြိမ့်လိုက်ရသည်။
“ကောင်းပြီ။ ဒီပြဿနာဒီတင်ပဲထားလိုက်ကြစို့။ အခုဘာဆွေးနွေးချင်သလဲဗျာ။” ရှုယီကမေးသည်။
ကုမ္ပဏီ၏ အရေးကြီးပုဂ္ဂိုလ်များဖြစ်၍ လုပ်သားအားလုံးပြန်သွားသော်လည်း သူတို့လေးယောက်သည် အစည်းအဝေးလုပ်ရန် ကျန်နေခဲ့ကြသည်။ အရင်လကဖြစ်ခဲ့သမျှကို စာရင်းချုပ်ရုံသာမက နောက်လာမည့် အစီအစဉ်များကိုလည်း ဆွေးနွေးကြသည်။
“ကမ်ဘီ ပြောတာတော့ အားလုံးကအဆင်ပြေချောမွေ့နေတယ်ဆိုပဲ။ ဒါပေမဲ့ လူပုလေးတွေပြောတာတော့ အလုပ်လုပ်ရတာပျင်းစရာကောင်းပြီး ပစ္စည်းမစုံဘူးပြောနေတယ်။” ဟိန့်ဇ်ကပြန်ပြောသည်။
“ဟုတ်တယ်၊ သူတို့ကထိုက်ထိုက်တန်တန်မလုပ်ရဘဲနဲ့ ပိုက်ဆံတွေရနေတယ်လို့ ခံစားနေရတယ်။” ကမ်ဘီကစိတ်ရှုပ်စွာဖြင့် ဝင်ပြောလိုက်သည်။
ရှုယီကမရယ်ဘဲမနေနိုင်။
လူပုလေးများသည် အင်မတန်ရိုးသားကြသည်။ သူတို့အလုပ်ကပေါ့ပါး၍ လစာကများနေသည်ဟု ထင်နေကြသည်။
“ကမ်ဘီ သူတို့ကိုပြောလိုက်ပါ၊ သူတို့အလုပ်ကမခက်ခဲပေမဲ့ အင်မတန်အရေးကြီးတယ်လို့။ ခဏသာစောင့်လိုက်ပါ၊ ဆော်လ်တန်မြို့မှာ ဥက္ကဌဖာဆက်ခ်ကစက်ရုံဆောက်မယ်ဆို အလုပ်တွေ ဒုနဲ့ဒေးပေါလာလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ ကျွန်တော့်ကိုအပြစ်မတင်နဲ့ပေါ့။”
ကမ်ဘီကသွားကြီးပေါ်အောင်ရယ်၍ “ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့မျိုးနွယ်စုက ဝိုင်လေးများသောက်နေရရင် အလုပ် လုပ်နေတယ်လို့တောင် မထင်ဘူး။”
“ဝိုင်အကြောင်းပြောရရင် ကမ်ဘီရေ အလုပ်လုပ်နေတုန်းတော့ မသောက်ပါနဲ့။ ဘာလို့ဆို စက်ယန္တရားလည်ပတ်တာက အရမ်းတိကျမှဖြစ်မှာလေ။ နည်းနည်းမှားသွားတာနဲ့ အကြီးအကျယ်ပြဿနာဖြစ်မယ်။ ဒီတော့ သူတို့ကို အလုပ်လုပ်တုန်းမသောက်ခိုင်းပါနဲ့။ ကျွန်တော်တို့ကုမ္ပဏီကသေးတော့ ထုတ်ကုန်အရည်အသွေးညံ့သွားလို့မဖြစ်ဘူး။”
ကမ်ဘီကခေါင်းငြိမ့်၍ “ဟုတ်ကဲ့၊ ကျွန်တော်ရောက်ရင်ပြောလိုက်ပါ့မယ်။ အလုပ်လုပ်ပြီးရင်တော့သောက်လို့ရတာပေါ့။”
ရှုယီကမျက်မှောင်ကြီးကြုတ်၍ “သတိပေးရုံနဲ့တော့ မလုံလောက်သေးဘူး။ ဒီလိုလုပ်ရင်ရော၊ ပထမတစ်ခါအလုပ်လုပ်တုန်းသောက်တာတွေ့ရင် ငွေဒင်္ဂါးငါးဆယ်ဒဏ်တပ်မယ်။ ဒုတိယအကြိမ်မိရင် ရွှေဒင်္ဂါးနှစ်ပြား တတိယအကြိမ်တွေ့ရင် တစ်လစာဖြတ်မယ်။”
“သိပ်မများသွားဘူးလား။ သူတို့ကအရက်ကိုအသက်တမျှချစ်ကြတာ။ အဲ့လိုသာဆို လစာရမဲ့လူတောင် မရှိသလောက်ဖြစ်သွားလိမ့်မယ်။”
“အင်း အဲ့လိုအသက်တမျှချစ်ကြတာသိတာပေါ့။ အဲ့ဒါကြောင့် ဒီလောက်လေးနက်သွားရတာ။ ဘာပဲဖြစ်ဖြစ် အရည်အသွေးက အင်မတန်အရေးကြီးတယ်။ ဒီတော့ ကိုယ့်ကြောင့် အရည်အသွေးကျသွားရင် အပြစ်ကတော့ပေးရမှာပဲ။”
ကမ်ဘီလည်း မတတ်သာသည့်အဆုံး လက်လျော့လိုက်ရတော့သည်။
“ဟုတ်ကဲ့ သူတို့ကို သေသေချာချာ ပြောလိုက်ပါ့မယ်။”
“အင်း ဟုတ်ပြီ၊ ဒီစည်းမျဉ်းက လူပုလေးတွေအတွက်ပဲမဟုတ်ဘူး။ ဒီစက်ရုံမှာရှိတဲ့ လုပ်သားအားလုံးနဲ့ဆိုင်တယ် ဟိန့်ဇ်။“
သူ့အနေနဲ့ သမာသမတ်ကျသည့်သဘောကိုသိထားပြီးဖြစ်၍ ဟိန့်ဇ်က ချက်ချင်းသဘောတူလိုက်ရသည်။
“ကမ်ဘီ၊ သိပ်လည်းစိတ်ဓါတ်မကျပါနဲ့။ အပြစ်ဒဏ်ရှိသလို ဆုလာဘ်လည်းရှိပါတယ်။ သူတို့သာအလုပ်ကိုကောင်းကောင်းလုပ်မယ်ဆို ကုမ္ပဏီနာမည်သုံးပြီး ဆာချီမာနာကဝိုင်ကို တိုက်ရိုက်မှာပေးမယ်။ နောက်ဆိုဝိုင်လိုချင်ရင် ကုမ္ပဏီအောင်မြင်တဲ့ပေါ်မူတည်ပြီး ရစေရမယ်။”
ကမ်ဘီ မျက်လုံးများအရောင်တောက်လာပြီး “တကယ်ပြောတာလား။”
“ဒီလိုအချိန်မှာနောက်စရာလားဗျ။”
ကမ်ဘီ ချက်ချင်းပျော်သွားသည်။ ထို့နောက်ဝါးလုံးကွဲရယ်လိုက်၍ “အင်း ကောင်းသားပဲ၊ ကျွန်တော့်ဘော်ဒါတွေသာ ဆာချီမာနာဝိုင်အကြောင်းကြားရင် အားကြိုးမာန်တက်ကိုအလုပ်လုပ်ကြလိမ့်မယ်။”
“ဒီလိုဆိုကောင်းသားပဲ။” ရှုယီကခပ်ပြုံးပြုံးခေါင်းငြိမ့်၍ ဟိန့်ဇ်ဘက်လှည့်လိုက်ပြီး “အင်း ကောင်းပြီ၊ အခု မှော်စက်ရုံအကြောင်းပြီးသွားပြီဆိုတော့ မှော်ပန်ကာအကြောင်းဆွေးနွေးကြတာပေါ့။”
ဟိန့်ဇ်သည် ရင်ကိုကော့၍ “မှော်ပန်ကာစက်ရုံကိုတော့ လုံးဝစိတ်ပူဖို့မလိုပါဘူး။ ကျွန်တွေကအရမ်းနားထောင်ကြတော့ ဘာမှဒုက္ခမရှိဘူး။”
ကမ်ဘီကသူ့ကို လှမ်းကြည့်လိုက်လေသည်။ ထိုစကားသည် သူ့ကို တမင်စော်ကားလိုက်သလိုဖြစ်နေသည်။
ရှုယီကခါးသီးစွာဖြင့် လက်ကာပြလိုက်သည်။ လူပုလေးများဒီမှာအလုပ်လုပ်တာ တစ်လရှိပြီဖြစ်သော်လည်း လူနှင့်သူတို့ကြား အတားအဆီးအနည်းငယ်ရှိနေသေးသည်။
ထိုအတားအဆီးကိုကျော်ဖြတ်ရန် အချိန်အတော်ကြာယူမှဖြစ်လိမ့်မည်။ အလျင်စလိုလုပ်၍မဖြစ်ပေ။
“မဟုတ်ဘူး ဟိန့်ဇ်၊ မှော်စက်ရုံမှာ ပြဿနာက အလုပ်သမားတွေမဟုတ်ဘူး။ အဓိကအရာက သူတို့နောက်ထုတ်မဲ့အရာပဲ။”
ဟိန့်ဇ် အံ့သြသွားသည်။ “ထုတ်လုပ်မှုပိုင်းမှာ ဘာပြဿနာမှမရှိပါဘူး၊ အားလုံးကအဆင်ပြေချောမွေ့နေပါတယ်။”
“ငါပြောချင်တာအဲ့ဒါမဟုတ်ဘူးလေ။ မင်းက အရေးကြီးဆုံးတစ်ခုကို မေ့နေပုံပဲ။ မှော်ပန်ကာကိုထုတ်လုပ်တာရပ်တော့မယ်မဟုတ်လား။”
“အိုး...ရပ်တော့မယ်ဟုတ်လား။ ဘာလို့ရပ်မှာလဲ မှော်ပန်ကာက အရမ်းအရောင်းသွက်ပါတယ်။ ဘာလို့များရပ်ရမှာလဲ။”
ကမ်ဘီနှင့် ဆာဘက်စ် နှစ်ယောက်စလုံးသည် နားမလည်နိုင်စွာဖြင့် ရှုယီကိုကြည့်လိုက်ကြသည်။
အမြန်နှုန်းပြောင်းလဲနိုင်သည့် မှော်ပန်ကာကိုထုတ်လုပ်တာ လတစ်ဝက်သာရှိသေးသော်လည်း ခြောက်ထောင်ကျော်ရောင်းထားရ၍ ရွှေဒင်္ဂါးငါးထောင်ပင်မြတ်ထားသည်။ ဒီလောက်မြတ်နေသည်ကို သူဘာကြောင့်များ ရပ်ချင်ပါလိမ့်။
ရှုယီကပြတင်းပေါက်ကို လက်ညှိုးထိုးပြ၍ “ဘာလို့ဆို နွေရာသီကုန်တော့မှာလေ။”
သုံးယောက်သား အခုမှ နားလည်သွားတော့သည်။
ဟုတ်သည်။ ယခုဆို သြဂုတ်လလယ်ရောက်၍ နွေရာသီကုန်တော့မည်။ အလွန်ဆုံးကြာမှ တစ်လသာကျန်တော့သည်။ မပူတော့လျှင် မှော်ပန်ကာကို လူတွေ ဝယ်တော့မည်မဟုတ်ပေ။
ဟိန့်ဇ်တစ်ယောက် ချက်ချင်းပင် စိတ်ပူသွားမိသည်။
“ဒီလိုဆို ငါတို့ဘာလုပ်ကြမလဲ။ မှော်ပန်ကာက အမြတ်အများဆုံးရတဲ့ပစ္စည်းဆိုတော့ အဲ့ဒီအပေါ်မှာမှီခိုနေရတာ၊ အခုတော့ တခြားနည်းလမ်းအမြန်ရှာရတော့မယ်။ ပြီးတော့ မှော်ပန်ကာကိုလည်း အမျိုးမျိုးတုပပြီးထုတ်နေကြတော့ နောက်နှစ်ရောင်းရဖို့မလွယ်တော့ဘူး။”
ကမ်ဘီက “ဘာကိုစိုးရိမ်ရမှာလဲ။ ဥက္ကဌကြီးက ဒီမေးခွန်းကိုမေးမှတော့ သူ့မှာအစီအစဉ်ရှိပြီးသားမို့ပေါ့။ သူပြောတာနားထောင်စမ်းပါဦး။”
ဟိန့်ဇ်ကဒေါသထွက်သွား၍ “ဟုတ်တာပေါ့၊ မင်းကဘယ်စိုးရိမ်ပါ့မလဲ။ မင်းတို့မှော်စက်ရုံက ပစ္စည်းအမြဲတမ်းရှိနေတာလေ၊ ငါတို့စက်ရုံကျဘယ်လိုလုပ်မလဲ။“ ထို့နောက် ရှုယီဘက်လှည့်၍ “ရှုယီ ဘယ်လိုများစိတ်ကူးထားလဲ။ မြန်မြန်သာပြောစမ်းပါ၊ ဒီမှာစိတ်ပူလို့သေတော့မယ်။”
ရှုယီကပုခုံးကိုပုတ်၍ “ဟုတ်တာပေါ့ အဖြေဆိုတာရှိတာပေါ့။ မှော်ပန်ကာမထုတ်လုပ်နိုင်မှတော့ ရာသီအလိုက်မဟုတ်တဲ့ပစ္စည်းထုတ်ရတာပေါ့။”
ထိုစကားကြားသော် ဝမ်းသာသွားပြီး “ဘာပစ္စည်းများလဲ။”
ရှုယီကရယ်၍ သူ့ရင်ဘတ်ထဲမှ ပုံကြမ်းတစ်ခုကိုထုတ်လိုက်ပြီး “ဒီမှာကြည့်ပါဦး။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၄၅ ။ သုတေသနဌာနမှ သုတေသနသမားများ
အစည်းအဝေးပြီးသွားသော် နေ့လယ်ရောက်လေပြီ။ မုန်တိုင်းလည်စဲသွားပြီး တိမ်တိုက်ကြားမှ အလင်းရောင်လေးထိုးထွက်လာသည်ကို မြင်နေရသည်။
ဘန်တာမြို့ကို မိုးထဲရေထဲမှ ဖြတ်သွားရန် ရှုယီ အနည်းငယ်တွန့်ဆုတ်နေမိသည်။
ထို့ကြောင့် အိမ်ကိုချက်ချင်းမပြန်ဘဲ မြို့အနောက်စွန်းက သေးငယ်သော အဆောက်အဦးလေးတစ်ခုဆီ ဝင်လေသည်။
ထိုနေရာသည် ကုမ္ပဏီ၏သုတေသနဓါတ်ခွဲခန်းဖြစ်သည်။
အစောပိုင်းက သူ၏အကြံသည် ထိုဓါတ်ခွဲခန်းနှင့်စက်ရုံကိုတွဲ၍ တည်ဆောက်ရန်ဖြစ်သည်။ ထိုမှလည်း လိုရင်လိုသလို လဲလှယ်နိုင်မည်ဖြစ်သည်။
သို့သော် စိုင်စ်နယ်မြေတွင် မှော်ပညာရှင်များကို အခြားလူများထက်မြင့်မြတ်သည်ဟု ယူဆခြင်းကတစ်ကြောင်း၊ ပထမဆုံးသုတေသနလုပ်မည့်လူမှာ ငယ်ရွယ်ချောမောလှပသော စတေးလ် ဖြစ်နေသည်ကတစ်ကြောင်းတို့ကြောင့် ဓါတ်ခွဲခန်းကို သီးခြားထားရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။
အာကာလီနှင့် အီဗီတာတို့သုတေသနဓါတ်ခွဲခန်းသို့ရောက်လာသော် ရှုယီသည် သူတို့အတွက် သီးသန့်ခန်းလုပ်ပေးလိုက်သည်။ သူတို့နှစ်ယောက်လည်း အဆောက်အဦးသေးလေး၏ ပတ်ဝန်းကျင်ကိုမြင်သော် ဓါတ်ခွဲခန်းထဲမှာပဲနေရန် ဆုံးဖြတ်လိုက်သည်။
ရှုယီလည်းသူတို့ကိုမငြင်းပေ။ ဤသို့ဖြင့် ထိုအဆောက်အဦးလေးသည် သုတေသနဓါတ်ခွဲခန်းသာမက သုတေသနပညာရှင်တို့နေထိုင်ရာဌာနလည်း ဖြစ်လာသည်။
တံခါးပွင့်လာသော် အာကာလီ မျက်နှာပေါ်လာသည်။
သူမသည် ဤမျှမိုးသည်းသည်းထဲတွင် ရှုယီလာမည်ဟု ထင်မထားပေ။ အံ့ဩစွာဖြင့် အထဲသို့ဝင်ခိုင်းလိုက်သည်။
သူအခန်းထဲရောက်လာသော် လှည့်ပတ်ကြည့်လိုက်ရာ အတော်လေးဖရိုဖရဲဖြစ်နေသည်ကိုတွေ့သည်။ ပုံကြမ်းများသည် ဗရုတ်သုတ်ခဖြစ်နေရုံမက မှော်ပစ္စည်းအားလုံးလည်း ရှုပ်ပွနေလေသည်။ ကြမ်းပေါ်တွင် မိန်းကလေးအဝတ်အစားများ ပြန့်ကျဲနေသည်။
သူမမျက်နှာနီရဲသွားသည်။ ကြမ်းပေါ်မှ အဝတ်အစားများကို ပျာပျာသလဲလိုက်ကောက်၍ အိပ်ခန်းထဲသို့ပစ်သွင်းလိုက်သည်။ အခန်းထဲမှ ပြန်ထွက်လာသော် သူမမျက်နှာသည်ခပ်ပြုံးပြုံး။
ရှုယီကလည်းလုံးဝဂရုမစိုက်သောအပြုံးဖြင့်ပင်။
သူတက္ကသိုလ်တုန်းက မိန်းကလေးအခန်းအတော်များများရောက်သော် မသပ်မရပ်ရှိသည်ကို တွေ့ရသည်။ တချို့သည် ယောက်ျားလေးများထက်ပင် ညစ်ပတ်သည်။
ထိုအခါမှာ မိန်းကလေးများလည်း ယောက်ျားလေးများနှင့် မထူးခြားနားသည်ကို နားလည်သွားသည်။
အာကာလီ ပုံစံသည် ပွင့်ပွင့်လင်းလင်းသမားဖြစ်၍ သိပ်မထူးဆန်းလှ။ သူပြုံးနေသည်ကို အာကာလီကရယ်သည်ဟုထင်မိသည်။ သူမက “ဥက္ကဌ ဘာလို့ရုတ်တစ်ရက်ပေါ်လာပါလိမ့်။ တစ်ခုခုများလိုအပ်တာရှိလို့လား။”
“အင်း ရှိတယ်၊ အီဗီတာ ရောဘယ်မှာလဲ၊ သူ့ကိုခေါ်လိုက်။ မင်းတို့အတွက်လုပ်စရာရှိတယ်။” ထိုစကားကြားသော ရှက်တာတွေပျောက်သွား၍ အပေါ်ထပ်သို့ ပြေးတက်သွားသည်။
သူမပြေးသွားသည်ကိုကြည့်၍ ရှုယီသည် ခေါင်းတွင်တွင်ခါနေသည်။ အာကာလီကား ဘွဲ့ရခါစကလေးငယ်သာဖြစ်၍ အပြင်လောကအကြောင်းဘာမှမသိသေးပေ။
ဘာပဲဖြစ်ဖြစ် သူသည် ဥက္ကဌတစ်ယောက်ဖြစ်သည်။ သို့သော် အခုလိုလာတာတောင်မှ လက်ဖက်ရည်မတိုက် ဧည့်ဝတ်မပြုပေ။
ရှုယီသည် ကြမ်းပေါ်မှပုံစံကြမ်းတို့ကိုကောက်၍ ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသည်။
ထိုပုံစံကြမ်းတို့သည် ယခုသူတို့သုတေသနလုပ်နေသော မှော်ကောက်ရိတ်စက်နှင့်ဆက်စပ်နေလေသည်။ ထိုစာရွက်ပေါ်တွင်ဆွဲထားသော မှော်အစီအရင်တို့ကိုကြည့်လျှင် လေ့လာထားသည်ကို ခန့်မှန်းကြည့်နိုင်သည်။
သူတို့နှစ်ယောက် အလုပ်တော်တော်ကြိုးစားထားပုံရသည်။
ထိုနှုန်းအတိုင်းသာကြိုးစားလျှင် မကြာမှီအောင်မြင်လာနိုင်သည်။ မှော်စက်ရုံနှင့်တွဲလုပ်ဖို့လည်းအချိန်ရ၍ လက်တွေ့လည်းအများကြီးစီမံနိုင်လာမည်။
လှေကားပေါ်မှ ခြေသံကြား၍ မော့ကြည့်လိုက်သော် သူ့မျက်လုံးတို့တောက်ပလာသည်။ အာကာလီသည် ကပိုကယိုနေတတ်၍ ဓါတ်ခွဲခန်းထဲတွင်လည်းထိုသို့ပင်ဖြစ်သည်။
အီဗီတာကားထိုသို့မဟုတ်ပေ။ အဝတ်အစားရိုးရိုးသာဝတ်ထားသော်လည်း သပ်သပ်ရပ်ရပ်ရှိလှသည်။
ကြည့်ရသူရင်အေးမြစေသည်မှာ အမှန်ဖြစ်သည်။ ကျက်သရေလည်းရှိလှသည်။
ရှုယီသည် ချီးကျူးသောအပြုံးတို့ဖြင့် လက်ကိုမြှောက်၍ “လာပါဦး ဒီမှာလုပ်စရာလေးပြဖို့။”
အီဗီတာကမျက်လုံးကိုအသာပင့်၍ “ဥက္ကဌ မှော်ကောက်ရိတ်စက်အတွက် ဒီမှာ မှော်အစီအရင်ကိုလေ့လာနေတာပါ။”
“ဘာမှပြဿနာမှမရှိပါဘူး။ အဲ့ဒါပြီးမှပဲလုပ်လို့ရတယ်။ မှော်ကောက်ရိတ်စက်ထက်ကိုရိုးရှင်းတယ် ခဏဆိုပြီးမှာပါ။ လာကြည့်ပါ။”
နှစ်ယောက်စလုံး ဂရုတစိုက် ကြည့်လိုက်ကြသည်။
“အင်း သိပ်ရိုးရှင်းပါတယ်။” အာကာလီကပြောလိုက်သည်။ “ဥက္ကဌ ဒီဟာကဘာအတွက်သုံးတာလဲ၊ ပြောပြလို့ရမလားရှင့်။ ဒါကရိုးရိုး မှော်အစီအရင် ပဲ။ ဘာမှထူးခြားတာမတွေ့ပါလား။”
“ဟုတ်တယ် အရမ်းရိုးတယ်။ ဒါပေမဲ့ လျော့တွက်လို့တော့မရဘူး။ ဒီဟာကို အိမ်တိုင်းစေ့သုံးလာနိုင်တယ်။ လာ ရှင်းပြမယ်။”
ဆယ့်ငါးမိနစ်မျှကြာရှင်းပြပြီးသော် နှစ်ယောက်သားအံ့သြစွာဖြင့် ငေးကြောင်ကြည့်နေကြသည်။
“ဥက္ကဌ ဘာတွေများလဲ။ ဒီလိုထူးဆန်းတဲ့စိတ်ကူးတွေဘယ်လိုရလာပါလိမ့်။” အာကာလီကသူ့ခေါင်းကိုပုတ်ရန် လက်ကိုမြှောက်ပြီးမှ ပြန်ချလိုက်သည်။
“အာကာလီ ပေါက်ကရစကားတွေမပြောနဲ့စမ်း။” အီဗီတာကကြားဖြတ်ပြောသည်။ “ဥက္ကဌကတခြားလူတွေနဲ့မတူဘူး။ အဲ့လိုမဟုတ်ရင် စတေးလ်က......”
အီဗီတာ ရုတ်တစ်ရက်စကားဖြတ်လိုက်သည်။
“သူကဘာပြောလို့လဲ။” ရှုယီကမေးလိုက်သည်။ “ငါ့နောက်ကွယ်မှာ ငါ့အကြောင်းတော့ပြောမှာသေချာတယ်။ ဘာမကောင်းတာများပြောထားလို့လဲ။”
“ နိုး.နိုး. မဟုတ်ပါဘူး။” သူမက လက်ကိုမြှောက်၍ “သူက အင်း ဥက္ကဌ..မကောင်းကြောင်းမဟုတ်ပါဘူး။ ဥက္ကဌကအဲ့လောက်ကောင်းတာကို ဘယ်လိုလုပ်မကောင်းကြောင်းပြောရမှာလဲ။”
“အင်း ထားလိုက်ပါ၊ ဘာပြောပြောကိစ္စမရှိပါဘူး။ ဒီဟာကိုသာတတ်နိုင်သလောက် မြန်မြန်သာလုပ်လိုက်ပါ။ ဒီဟာကိုနောက်လပထမပတ်လောက်မှာထုတ်ချင်တာ။ ပြီးနိုင်မယ်လို့ထင်လား။”
“နောက်လပထမပတ် ဟုတ်လား။ လတစ်ဝက်ပဲကျန်တော့တာပေါ့။” အာကာလီကခဏစဉ်းစားလိုက်ပြီး “ပြဿနာမရှိပါဘူး။ မှော်ကောက်ရိတ်စက်အတွက်က တစ်ပတ်ဆိုရပါတယ်။ ဒီဟာကိုလည်းတစ်ပတ်ပေါ့။”
အီဗီတာကခေါင်းငြိမ့်ပြ၍ “ကျွန်မလည်းကိစ္စမရှိပါဘူး။”
“အင်း ကောင်းသားပဲ၊ ဒီလိုဆိုစိတ်ချလိုက်တော့မယ်။ ဒါနဲ့ဒီရက်ပိုင်းဘယ်လိုနေလဲ။ လိုအပ်တာများရှိလား။ ရှိရင်ပြောလေ။ ငါ့ကိုပြောဖို့ဝန်လေးနေရင် စတေးလ်ကိုပြောလိုက်ပါ သူဖြေရှင်းပေးလိမ့်မယ်။”
“ဟုတ်ကဲ့ အခုတော့ဘာမှမလိုသေးပါဘူး။“ အီဗီတာကပြောလိုက်သည်။ ထို့နောက် ပြတင်းပေါက်ကိုလှမ်းကြည့်၍ “ဥက္ကဌ အခုသွားတော့မို့လား။ မိုးလည်းမစဲသေးဘူး။ ခဏလောက်စောင့်ပါဦးလားရှင်၊ ဒီလိုဆို ဝိုင်းကူဖြေရှင်းလို့ရတာပေါ့။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြဿနာအနည်းငယ်တွေ့ရတယ်။ ဒါပေမဲ့ မှော်အစီအရင်နဲ့တော့မဆိုင်ပါဘူး။ ဥက္ကဌ ပြောတဲ့အတိုင်းပဲ မှော်စက်နဲ့ဆိုင်တာပေါ့။ အဲ့ဒီအကြောင်းသိပ်နားမလည်တော့ ကျွန်မတို့ကိုရှင်းပြပေးရင် ပိုပြီးအကျိုးရှိလိမ့်မယ်ထင်တယ်။”
“ဟုတ်ပါတယ် ရှုပ်ထွေးတဲ့အပိုင်းတွေအများကြီးရှိတယ်။” အာကာလီကပြောသည်။ “ဥပမာ မှော်ကောက်ရိတ်စက်က လေပြင်းမှော်အစီအရင်ဆိုရင် အရမ်းသေးတယ်။ အဲ့ဒီတော့ ပိုပြီးအားပျော့စေတာပေါ့။ အဲ့ဒါကိုဘာလို့မလျော့ခိုင်းရတာလဲ။ ထိန်းချုပ်ရအရမ်းခက်တယ်။ စတဲ့အခါလည်းမတည်ငြိမ်ဘူး။ မှော်ပန်ကာရဲ့ လေမှော်အစီအရင် အဖြေဟာသိပ်ကောင်းပါတယ်၊ ဒါပေမဲ့ ဒီလိုဆိုပိုကောင်းမလားလို့။”
နှစ်ယောက်လုံးစိတ်အားတက်ကြွနေသည်ကိုတွေ့သော် “ကောင်းပြီလေ အခွင့်အရေးရတုန်း မှော်စက်ဒီဇိုင်းဆွဲတုန်းက တွေ့ရတဲ့ပြဿနာလေးတွေကို ပြောပြပေးမယ်။ ဒီလိုဆို ကိုယ်တိုင်ကြုံရရင် ပိုလွယ်သွားတာပေါ့။”
“ပထမဆုံး မှော်စက်လို့ဘာကြောင့်ခေါ်လဲ ပြောပြမယ်။ အဲ့ဒီထဲကမှော်အသုံးပြုထားတာမဟုတ်ဘူး။ မှော်ကိုအားအဖြစ်အသုံးပြုထားတာလေ။ ရှင်းရှင်းပြောရရင် ရွေ့လျားဖို့ မှော်စွမ်းအားကိုအသုံးပြုထားတာ။ မှော်စက်ရဲ့အမြုတေက မှော်အစီအရင်ကဖန်တီးလိုက်တဲ့မှော်ကို အသုံးပြုဖို့ဖြစ်တယ်။ မှော်စက်အတွက်တော့ မှော်ပန်ကာပဲသုံးသုံး ဒီစက်တွေပဲသုံးသုံး အားလုံးကိုသာမန်စက်လို့ပဲခေါ်လို့ရတယ်။ မှော်စက်ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းက မှော်စွမ်းအားနဲ့မှော်စက်ကိုပေါင်းစပ်ဖို့ပါပဲ။ ပြီးတော့ မှော်စွမ်းအားကိုအသုံးပြုပြီး စက်ကိုလည်ပတ်မယ်။ အဲဒီ့မှာတော့ ကိုယ့်ရဲ့ဗဟုသုတပေါ်လည်းမူတည်တယ်။ ကဲ ရိုးရိုးမှော်ပန်ကာကနေစလိုက်ကြစို့........”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၄၆ ။ မှော်ကောက်ရိတ်စက် ထုတ်လုပ်ခြင်း
အချိန်အတော်ကြာသွားလေသည်။ သို့သော် မိုးဦးကျလည်းဖြစ်ရမည်။ နာရီဝက်လောက်ရွာ၍ ရပ်သွားသည်လည်းဖြစ်ရမည်။ မိုးတိမ်တို့ကင်းစင်သွားသော် ရောင်နီပေါ်လာလေသည်။ ခါတိုင်းကဲ့သို့ မပူသည်ကိုတွေ့ရသော် အားလုံးအံ့သြသွားကြသည်။
မည်သို့ဆိုစေ နွေရာသီကုန်၍ သြဂုတ်ကကုန်လေပြီ။ ဒီချိန်လေးတွင် မိုးလေးကျလာ၍ ဂျုံတို့ကြီးထွားမှုတက်လာလေသည်။ ရာသီဥတုနှစ်ရက်လောက်ကင်းစင်သွားသော် အစိမ်းရောင်ကွင်းပြင်ကြီးသည် အဝါရောင်သန်းသွားလေသည်။ လေယူရာယိမ်းနေလိုက်ပုံမှာ လွမ်းမောဖွယ်ကောင်းလှတော့သည်။
ထုတ်လုပ်မှုအားနည်း၍ အစာရေစာရှားပါးပြတ်လပ်နေသော စိုင်စ်နယ်မြေကြီးတွင် သီးနှံရိတ်သိမ်းချိန်သည် အင်မတန်အရေးကြီးလေသည်။ မည်သည့်တိုင်းပြည်ဖြစ်စေ အားလုံးသည်ထိုသီးနှံရိတ်သိမ်းမှုကို လုံးဝအရေးပေးအားစိုက်ထုတ်ကြလေသည်။
စိုင်စ်နယ်မြေကြီး၏အနောက်တောင်ဘက်တွင်ရှိသော လမ်ပူရီတိုင်းပြည်တွင်ရိတ်သိမ်းချိန်နှစ်ရာသီရှိ၍ ဆောင်းဦးပေါက်ရိတ်သိမ်းချိန်သည် အင်မတန်အရေးကြီးလေသည်။ ထို့ကြောင့် ဂျုံမှည့်ချိန်ရောက်သော် အားလုံးစိတ်ထဲ ဝင်လာသည်က သီးနှံရိတ်သိမ်းချိန်သာဖြစ်သည်။ ထိုအထဲတွင် ဘန်တာမြို့လည်းအပါအဝင်ဖြစ်လေသည်။
ဘန်တာမြို့အနောက်ဘက်တွင်ရှိသော ဗစ်ကောင့်ထ်လက်စ်လိုင်း ပိုင်ဆိုင်သောမြေတဝက်လောက်သည် ရိတ်သိမ်းချိန်တန်လေပြီ။ လုပ်ထုံးအရဆိုလျှင် ကျွန်အားလုံးနှင့်အစောင့်အားလုံးကိုရိတ်သိမ်းရန်လွှတ်လိုက်လေသည်။ ကလေးများပင် ပါရသည်ကများလေသည်။
မည်သို့ဆိုစေ လူအင်အားတောင့်မှ အလုပ်တွင်နိုင်လေသည်။ လူတယောက်ပိုလေ ပိုမြန်လေပင်ဖြစ်သည်။ အားလုံးသည် ခုလိုမိုးတိမ်များနဲ့ပြည့်လာလိမ့်မည်ဟု ထင်မထားပေ။ ထိုအခြင်းအရာသည် ရိတ်သိမ်းချိန်ကုန်သောလက္ခဏာပြယုတ်တည်း။
ယခုနှစ်ကားထူးခြားလေသည်။ ဗစ်ကောင့်ထ်လက်စ်လိုင်းသည်နှစ်တိုင်းလို အားလုံးကိုပို့လိုက်သော်လည်း ရိတ်သိမ်းဖို့ခွင့်မပြုသေးပေ။ သင်္ကေတအဖြစ်နဲ့ ဂျုံတပွင့်လောက်ကိုရိတ်လိုက်၍ ဘေးသို့ထွက်ပြီး ခံစားကြည့်နေလေသည်။ ထိုအခြင်းအရာကြောင့် မြို့ထဲမှ အထက်တန်းလွှာတို့ အံ့သြခြင်းဖြစ်ရလေသည်။
ယခုလို့ကောက်ရိတ်သိမ်းပွဲသို့ အားလုံးကိုဖိတ်ခေါ်ထားပြီး ခုလိုလုပ်သည်ကိုအားလုံးနားမလည်နိုင်။ သူ့တွင် ဘာဝှက်ဖဲများရှိနေသလဲ။ အားလုံးမှင်တက်နေစဉ် ရုတ်တစ်ရက်အသံတစ်ခုထွက်ပေါ်လာသည်။
အားလုံးရှေ့မှာပင် လူတွေဝိုင်းတွန်းလျက်ထူးဆန်းသောစက်တစ်ခု ထွက်လာသည်။ ရှေ့တွင်သံသေတ္တာတစ်ခုပါ၍ ရှေ့မျက်နှာသာကိုဖွင့်ထားလေသည်။ ထိုအပေါက်မှ မြင်ရသည်က အင်မတန်ကြောက်မက်ဖွယ်ကောင်းသော အဆက်မပြတ်လည်နေသောသံပတ်။
စက်အလည်တွင် ကြီးမားသောသံချောင်းရှိ၍ တစ်ခုခုကတုန်ခါအောင်လုပ်နေသည့်ပမာ ထိုအထဲမှအသံသည် အဆက်မပြတ်ထွက်ပေါ်နေလေသည်။ ထိုအောက်ခြေတွင် လူကိုယ်တဝက်စာလောက်ရှိသောသံဘီးများကိုမြင်နိုင်လေသည်။ ထိုဟာတို့ကို အထူးလုပ်ထားသည်မှာသိသာလေသည်။ ကလေးလက်မောင်းလောက်ရှိရုံမက လမ်းကြမ်းတွင်ပင် တည်ငြိမ်စေဖို့ အဖုအထစ်များလုပ်ထားလေသည်။
သို့သော် လူအများအတွက်တော့ အပိုဟုထင်လေသည်။ ထိုစက်သည်မြေကြီးထဲအလွယ်တကူတူးသွားနိုင်သည်ကိုကြည့်၍ အနည်းဆုံးပေါင်ရာကျော်ရှိလိမ့်မည်ဟုထင်ကြလေသည်။
စက်သည်အင်မတန်ရိုးရှင်းလေသည်။ လက်ကိုင်နှစ်ခုသာရှိသည်။ ထိုနှစ်ခုကိုကိုင်၍ စက်ကိုခြယ်လှယ်ချင်သလို ခြယ်လှယ်၍ရလေသည်။
“ဗစ်ကောင့်ထ်လက်စ်လိုင်း ဒါကဘာအတွက်လဲဗျာ” သူ့ဘေးနားကလူကြီးလူကောင်းတယောက်ကလှမ်းမေးလေသည်။
သူကပြုံး၍ “ပြောရအပိုပါပဲ ကြည့်ရုံနဲ့ သိနိုင်ပါတယ်” ထိုစကားကြားသော် အလွန်သိချင်နေကြသော လူကုန်တန်အသိုင်းအဝန်းသည် စက်ကိုသာပြန်၍ ကြည့်လိုက်ကြသည်။
လူဝကြီးသည် ထိုစက်ကိုလယ်ကွင်းထဲ တွန်းသွားလေသည်။ ထိုလူကြီးသည် ဗစ်ကောင့်ထ်လက်စ်လိုင်းကိုလှည့်ကြည့်လိုက်လေသည်။ သူကခေါင်းညိမ့်ပြသော် ထိုလူသည် အဝတ်စတစ်ခုကိုဆွဲထုတ်၍ ပါးစပ်နဲ့နားတို့ကိုပိတ်လိုက်၍ စက်၏ပွင့်နေသောအပိုင်းကိုဖုံးလိုက်လေသည်။ ထို့နောက်လက်ဖြင့်ခလုတ်ကိုဖွင့် လိုက်သည်ဆိုလျှင်ပင် အသံအကျယ်ကြီးထွက်လာလေသည်။
အားလုံးမှင်တက်နေကြသည်။ စက်သာဤမျှမာကျော်ခက်ထန်နေပြီး ရှေ့ဆက်သွားလျှင် ကြီးထွားရန်ခက်ခဲသောဂျုံတို့ကိုပြားပြားဝပ်သွားစေလိမ့်မည်။ သူ့တွင် မြေအကျယ်ကြီးရှိသော်လည် ဤလောက်သာစိုက်ပျိုးနိုင်သည်။
အားလုံးမှင်တက်နေစဉ်မှာပင် စက်သည်ဂျုံတန်းအပြင်ပိုင်းတဝက်လောက်ရောက်သွားလေပြီ။ မိုင်ကုန်လည်နေသောသံပတ်ကြီးသည်ဂျုံစေ့တို့ကိုဝါးမျိုသွား၍ ပျောက်ကွယ်သွားလေသည်။
သေတ္တာကြီးထဲမှအသံပေါင်းစုံထွက်လာပြီး ထိုစက်ထဲမှတစ်ခုခုအန်ထွက်လာတော့မည်ဟုထင်ကြလေသည်။ ထို့နောက်စက်သည်ရှေ့ဆက်တက်သွား၍ နောက်ကအိတ်ထဲကျလာပြီး တဖြည်းဖြည်းပြည့်လာသည်။
နှစ်ပတ်လောက်သွားပြီးသော် အိတ်ပြည့်သွား၍ စက်ကိုရပ်လိုက်လေသည်။ ဗစ်ကောင့်ထ်လက်စ်လိုင်းကလက်ကိုဝှေ့ပြသော် သူ့နောက်မှလူနှစ်ယောက်ထွက်လာပြီး အိတ်သစ်လှဲလေသည်။
ထို့နောက် လူဝကြီးသည် ရှေ့ဆက်တွန်းသွားလေသည်။ ကျွန်နှစ်ယောက်လည်း အိတ်ကို သူ့ရှေ့ယူလာလေသည်။ မြို့မျက်နှာဖုံးတချို့သည် ဗစ်ကောင့်ထ်လက်စ်လိုင်း သဘောတူညီမှုမစောင့်တော့ပဲ သူ့ဘေးရောက်လာလေသည်။
တယောက်ကငုံ့ကြည့်၍ အံ့သြသွားကြသည်။ လက်တဆုပ်နှိုက်ကြည့်သော် ဂျုံစေ့လေးတွေပါလာလေသည်။ တခြားလူများလည်းမနေနိုင် နှိုက်၍နှိုက်၍ ကြည့်ကြလေသည်။ နောက်ဆုံး နှိုက်မကြည့်သူတယောက်မျှမကျန်တော့ပေ။
အခွံမပါတော့သော ဂျုံစေ့တို့ကိုကြည့်၍ အားလုံးမျက်လုံးပြူးသွားရသည်။
“ဒါ...ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီဂျုံပင်တွေကနေ ဘယ်လိုလုပ်ဂျုံစေ့တွေပြောင်းသွားပါလိမ့်”
“ဟုတ်တယ် ဘယ်လိုလုပ်လိုက်ပါလိမ့်။ ဗစ်ကောင့်ထ်လက်စ်လိုင်း၊ အစကတည်းကဂျုံစေ့တွေထည့်ထားပြီးမှ ငါတို့ကိုလာအရူးလုပ်နေတာမို့လား” တစ်ယောက်ကမယုံကြည်နိုင်စွာဖြင့်မေးလေသည်။
သူကလည်းရှင်းမပြချင်တော့ စက်ကိုသာလက်ညှိုးထိုးပြလိုက်သည်။
နောက်အိတ်တလုံးပြည့်နေသည်ကို အားလုံးတွေ့ရလေသည်။ လူနှစ်ယောက်ကသယ်လာပြန်သည်။ အိတ်ထဲတွင် ဂျုံစေ့အပြည့်ပင်။
သူလှည့်စားသည်ဟု ပြောလျှင်ပင် ယုံတော့မည်မဟုတ်ပေ။ လှည့်စားစရာလည်မလိုပေ။ နောက်အိတ်တလုံးပြည့်သွားသည်မှာ သူတို့ရှေ့တင်ပင်။
သို့သော် ဘယ်လိုလုပ်လိုက်သည်ကိုတော့နားမလည်။ စက်ထဲကပြန်ထွက်လာသည်နဲ့ ဂျုံစေ့အသွင်ပြောင်းသွားလေသည်။
“အင်း... ဗစ်ကောင့်ထ်လက်စ်လိုင်းရေ ဒါကိုမှော်တမျိုးနဲ့လုပ်ထားတာမဟုတ်လောက်ပါဘူးနော်” တစ်ယောက်ကမေးသည်။
ဗစ်ကောင့်ထ်လက်စ်လိုင်းကရယ်၍ “ ဟုတ်တယ် ခင်ဗျားမမှားပါဘူး။ ဒါပေမယ့် မှော်နဲ့လုံးဝလုပ်ထားတာမဟုတ်ဘူးပေါ့။ အရင်ကဒီလိုစက်မျိုးကြားဖူးတယ်လား” အားလုံးခေါင်းခါပြလေသည်။
“ကောင်းပြီ အားလုံးကိုပြောပြမယ်။ ဒီဟာကို မှော်ရိတ်သိမ်းစက်လို့ခေါ်တယ်။ ဂျုံရိတ်ဖို့သုံးတာပေါ့။ ခုလိုမြင်တော့ ဘယ်လိုတွေးမိလဲ။”
အားလုံးတစ်ယောက်ကိုတစ်ယောက်ကြည့်၍ “ဗစ်ကောင့်ထ်လက်စ်လိုင်း ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲ။ ပြောစမ်းပါအုံး ဒီလိုစက်မျိုးတွေ ဘယ်လောက်ရှိလဲဆိုတာ။ နှစ်ခုလောက်ငှားလို့ရမလားဗျ”
အားလုံးလည်းသိချင်နေကြသည်။
“ဟုတ်တယ် ကျွန်တော့်ကိုလည်းတစ်ခုလောက်ငှားအုံး။ ကျွန်တော်လည်းရိတ်သိမ်းရတော့မယ် ဒီလိုစက်မျိုးနဲ့သာဆို အေးဆေးပေါ့”
“ဟုတ်တယ် ကျုပ်တို့ကမိတ်ဆွေဟောင်းတွေပဲ တစ်ခုလောက်ငှားပါအုံး”
“ငှားရမယ်ဟုတ်လား လောဘကြီးတဲ့လူတွေပဲ။ ဗစ်ကောင့်ထ်လက်စ်လိုင်း ကျွန်တော်မငှားဘူးဗျာ။ ခင်ဗျားဆီမှာအများကြီးရှိရင် စျေးသာပြောလိုက် ကျွန်တော်နှစ်ခုဝယ်မယ်”
“ဟုတ်တယ် ကျွန်တော်လည်းဝယ်မယ်။ ဒီစက်နဲ့သာဆို ရိတ်သိမ်းရလွယ်သွားပြီပေါ့။ ကြည့်လိုက်အုံး တစ်နာရီအတွင်းရိတ်လိုက်တာ မြန်ချက်ကတော့”
“တစ်နာရီတောင်မလိုပါဘူး။ သုံးရတာလည်းလွယ်လိုက်တာ။ ကျွန်တော့်ကိုလည်းရောင်းဗျာ ရှိသလောက်ဝယ်ပစ်မယ်”
“ဘာရွန်ရိုဗာ ခင်ဗျားကမြေလည်မများပဲ အကုန်ဝယ်ပြီးဘာလုပ်မှာလဲ။ ဒီလောက်ကောင်းတဲ့စက်မျိုးများများစားစားရှိပါ့မလား။ ဗစ်ကောင့်ထ်လက်စ်လိုင်း ကျွန်တော့်ကိုအရင်ရောင်းဗျာ။ အရင်နှစ်ရိတ်သိမ်းချိန်က ကျွန်တော် ကျွန်တွေရာချီငှားလိုက်တာမေ့သွားပြီလားဗျာ”
အားလုံးစိတ်အားတက်ကြွနေသည်ကိုမြင်သော် ဗစ်ကောင့်ထ်လက်စ်လိုင်းကရယ်၍ သူ့နောက်ကလူကိုလက်ညှိုးထိုးပြပြီး
“အင်းဝယ်ချင်ဝယ်လိုရသားပဲ။ ဒါပေမယ့် သူ့ကိုပြောပါ သူ့ဆီကဝယ်ထားတာ”
အားလုံးသည် ရှုယီကိုအံ့သြစွာကြည့်လိုက်ကြသည်။ သူတို့အပြုံးက ပမာပြရသော် သုံးရက်လောက်ငတ်ပြတ်နေတဲ့ ကျားရှေ့သို့ အသားတုံးကြီးရောက်လာ၍ ပျော်နေသောအသွင်ဆောင်လေသည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၄၇ ။ အိမ်သုံးမှော်စက်အလုပ်ရုံ
“ဟေး ကမ်ဘီ ဟိုတလောတုန်းက မင်းအပြစ်တင်နေတာလားလို့ ခုမင်းကိုသတင်းကောင်းပြောစရာရှိတယ် ခုလုပ်ဖို့ရှိတယ်” ရှုယီကပြုံးရယ်၍ သူ့ပုခုံးကိုပုတ်လိုက်သည်။ သို့သော် အကြောပြိုင်းပြိုင်းထနေသော ကိုယ်ကြောင့် လက်ပင်နာသွားသည်။
“ဘာအလုပ်များလဲဗျ။ မှော်ကောက်ရိတ်စက်အတွက်လား” သူ့မျက်လုံးများတောက်လာသည်။
ရှုယီ ကလက်ထဲကစာရွက်လိပ်ကြီးကိုမြှောက်၍ “ဟုတ်တယ်ကွ မှော်ကောက်ရိတ်စက်ပဲ တစ်ပတ်အတွင်း ၁၇ခုတောင်လုပ်ရမယ် ဖြစ်ပါ့မလား”
အရေအတွက်ကြားသော် တော်နေက စိတ်တက်ကြွမှုတို့ မှေးမှိန်သွားသည်။
“ဆယ့်ခုနှစ်ခုလား။ တစ်ပတ်အတွင်းတဲ့လား။ မများလွန်းဘူး လားဗျ။ ကျွန်တော်တို့အားကုန်လုပ်နေတာတောင် တစ်ရက်တစ်ခုမပြီးနိုင်ဘူးဖြစ်နေတယ်ဗျ”
“ဟေး အဲဒါတွေမသိဘူးကွာ။ ငါကအော်ဒါယူထားပြီးပြီ။ မပြီးရင် နောက်လစာဖြတ်မှ ငါ့ကိုအပြစ်လာမပြောနဲ့။” ထို့နောက် စာရွက်ကိုသူ့လက်ထဲအပ်ထားခဲ့လေတော့သည်။
တစ်ခုကို ၇၀ဆိုတော့ အားလုံးပေါင်း ၁၁၉၀ပေါ့။ ဆာဘက်စ် ၏တွက်ချက်မှုအရ မှော်ကောက်ရိတ်စက် လုပ်ဖို့ကုန်ကျစရိတ်သည် တစ်ခုကိုဆယ်ပြားပင်မကုန်ပေ။
အမြတ်သည် တစ်ခုကို ခြောက်ဆယ်ဖြစ်သည်။ ခြောက်ရာရာနှုန်းပင်ရှိလေသည်။
ပထမက ငါးဆယ်ဖြင့်ရောင်းဖို့ပင် သို့သော် ဗစ်ကောင့်ထ်လက်စ်လိုင်းကစျေးမြှင့်ခိုင်းလေသည်။ ရောင်းရအုံးမည်သာဖြစ်သည်။ သူ့တွက်ကိန်းမှန်ကန်လေသည်။
မှော်ရိတ်သိမ်းစက်အစွမ်းကိုသိသော် နေရာချင်းပင် လူပေါင်းနှစ်ဆယ်က ဝယ်သွားလေသည်။ ခုနှစ်ဆယ်ကို မညည်းမညူဝယ်သွားသည်။ ထိုအခါ စျေးပင်နိမ့်သေးသည်ဟု ထင်ရပြန်သည်။
အော်ဒါအားလုံးလက်ခံဖို့မစွမ်းဆောင်နိုင်သည်ဖြစ်၍ ဆယ့်ခုနှစ်ခုသာယူလေသည်။ ငြင်းခံရသောလူများသည် သူတို့ကိုအထင်သေးသည်ဟု ထင်သွားလေသည်။ ဗစ်ကောင့်ထ်လက်စ်လိုင်းကသူ့စက်များကို ငှားမည်ဟု ပြောလိုက်၍ ကြေအေးသွားတော့သည်။
.
“စက်ရုံကသေးတယ်။ သုတေသနကအရမ်းမြန်ဖို့လိုတယ်။ မဟုတ်ရင် ဝယ်တဲ့လူတွေများလာရင် ဒုက္ခရောက်လိမ့်မယ်။ အခွင့်အရေးတွေလက်လွှတ်သွားလို့မဖြစ်ဘူးလေ” ရှုယီကတွေးမိသည်။
.
ကမ်ဘီ၏အဒွန့်တက်ခြင်းကိုလည်း သူ့စိတ်ထဲမထားပေ။ တစ်ရက်တစ်ခုသာပြီးနိုင်ခြင်းသည် တိုးတက်မှုအဆင့်သာရှိသေးသောကြောင့်ဖြစ်သည်။ တိုးတက်မှုပြီးစီးသွားသည်နဲ့ ထုတ်လုပ်မှုအလျင်သည် တမဟုတ်ချင်းတက်လာနိုင်သည်။
တစ်ပတ်ဆယ့်ခုနှစ်ခု။ သူသေချာတွက်ချက်ထားသောအရေအတွက်ဖြစ်သည်။ သူတို့အစွမ်းဖြင့် ထုတ်လုပ်နိုင်မည်မှာ သေချာလေသည်။ အတော်တော့ပင်ပန်းမည်မှာအမှန်ဖြစ်သည်။ သူထုတ်လုပ်မှုကိုမြှင့်တင်ဖို့စဉ်းစားရင် အလုပ်ရုံတလျှောက် လမ်းလျှောက်နေသည်။ သြဂုတ်လကုန်ပြီဖြစ်၍ အရင်ကထက်စာသော် ပို၍နေလို့ကောင်းလာသည်။ အရင်ကဆိုလျှင် အလုပ်ရုံတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြင့် အလုပ်များနေကြသည်။
ခမာမြို့ကမှာထားသော မှော်ပန်ကာ သုံးထောင် ပြီးစီးသွားသော် အလုပ်ရုံသည် တိတ်ဆိတ်သွားသည်။ သူထင်ထားသည့်အတိုင်းပင် နွေရာသီကုန်ပြီဖြစ်၍ မှော်ပန်ကာလိုချင်သူ သိပ်မရှိတော့ပေ။
ရုတ်တစ်ရက် ထောင့်တွင်ထိုင်နေသော ဟိန့်ဇ်ကိုမြင်လိုက်သည်။ သူရောက်လာသော် ဟိန့်ဇ်ကထလိုက်သည်။
“အ ရှုယီ ဘယ်ချိန်ကရောက်နေတာလဲ”
“ခုမှရောက်တာပါ။ ဘာများစဉ်းစားနေတာလဲ။ စိုးရိမ်နေပုံပဲ”
“မစိုးရိမ်ရဘူးလား။” စက်ရုံသို့လက်ညှိုးထိုး၍ ပြောသည်။
“ကြည့်ပါအုံး မှော်ပန်ကာလည်းအရောင်းရပ်သွားပြီး နောက်လည်းရောင်းရမှာမဟုတ်ဘူး မစိုးရိမ်ရဘူးလား။ ဒီလိုသာဆို ဒေဝါလီခံဖို့ပဲရှိတော့တယ်”
“ဒါကထင်ထားတဲ့အတိုင်းပဲ”
ဟိန့်ဇ်ကသူ့ကိုကြည့်၍ “ရှုယီရေ၊ ပွင့်ပွင့်လင်းလင်းသာပြောပါ။ မှော်ပန်ကာစက်ရုံကို လက်လွှတ်တော့မယ် မဟုတ်လား”
“လက်လွှတ်မယ်လို့ ဘယ်သူပြောလဲ”
“ဒီလိုဆို တလောကပြောတဲ့ထုတ်ကုန်အသစ်ရော။ ငါမသိဘူးထင်နေလား။ မှော်ကောက်ရိတ်စက် သုတေသနလုပ်ပြီး ခုဆိုရောင်းကောင်းတော့မယ်မဟုတ်လား။
ခုဆို မှော်ကောက်ရိတ်စက် အလုပ်ရုံလည်း ရုတ်ရုတ်သဲသဲဖြစ်နေပေရော့မယ်။ ဟိုကမှော်ပန်ကာစက်ရုံကိုကြည့်လိုက်ပါအုံး။ တိတ်ဆိတ်နေတာပဲ။ နောက်ဆုံးပိတ်ရမလားမသိဘူး။ ပြောပါအုံး ဟိုဘက်ကိုပဲ အားစိုက်နေတာလား”
ရှုယီသည် ရယ်ရမလား ငိုရမလားမသိပေ။
“အင်း ဟိန့်ဇ်ရေ ဒီမှာတစ်ယောက်တည်းဘာတွေများပေါက်ကရတွေးနေတာလဲ။ မှော်ပန်ကာပဲဖြစ်ဖြစ်မှော်စက်ပဲဖြစ်ဖြစ် အားလုံးကအရေးကြီးတာပဲ။ ဘာလို့တဖက်စောင်းနင်း စောင်းပေးရမှာလဲ ပြောစမ်းပါအုံး။
ဟုတ်တယ် မှော်စက်ရုံကခုတော်တော်အလုပ်ပါးပေမယ့် ငါလက်လျော့မယ်လို့ထင်ရင်မှားသွားမှာပေါ့။ ဒီနေ့ပဲဒီစက်ရုံကိုနာမည်ပြောင်းပစ်မယ်ကြည့်နေလိုက်။ ဒီစက်ရုံကိုအိမ်သုံးမှော်စက်ရုံလို့ခေါ်တော့မယ်”
“အိမ်သုံးမှော်စက်ရုံဟုတ်လား။ ဘာအဓိပ္ပာယ်လဲ”
“ဒီစက်ရုံကမှော်ပန်ကာမထုတ်တော့ပဲ အိမ်သုံးစက်ကလေးတွေပဲထုတ်တော့မယ်။ မှော်လေအေးပေးစက် သုံးဆယ်လုပ်ဖို့ပြောထားတာမေ့သွားပြီလား။ “
“ဘယ်မေ့ပါ့မလဲဗျာ။ ဒါပေမယ့် ရှုယီ၊ သူတို့ကခင်ဗျားပြောသလိုတော့သိပ်နာမည်မကြီးပါဘူး။ အခုသုံးဆယ်ရောင်းရပြီးနောက်ပိုင်း ဘာမှကိုမရောင်းရတော့ပါဘူး”
ရှုယီက” အဓိပ္ပာယ်မရှိတာ လုပ်တာကိုကရွှေဒင်္ဂါးနှစ်ဆယ်ကုန်တယ်လေ။ လွယ်လွယ်တော့ဘယ်ရောင်းရပါ့မလဲ။ နွေရာသီတဝက်သာကုန်သွားတယ် စိမ်ခံပစ္စည်းဖြစ်တဲ့ မှော်လေအေးပေးစက်ကိုဘယ်လောက်များဝယ်ကြလို့လဲ။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။ မှော်ပန်ကာလိုနွေရာသီပဲ သုံးရတာမဟုတ်ဘူးလေ ဆောင်းရာသီပါသုံးလို့ရတော့ ဝယ်ကြမှာပါ”
“ဆောင်းရာသီရောဟုတ်လား။ နောက်နေတာတော့မဟုတ်ပါဘူးနော်။ ဒီလောက်အေးနေတာကို အေးကိုက်ပြီးသေမသွားဘူးတဲ့လား”
“အင်း အင်းကဘာလို့တဖက်တည်းကြည့်နေရတာလဲ။ လေအေးပဲထုတ်ပေးတယ်လို့ဘယ်သူပြောလို့လဲ။ သူကလေကိုထိန်းချုပ်ပေးတာလေ အအေးကိုထုတ်နိုင်ရင် လေပူလည်းထုတ်နိုင်ရမှာပေါ့။
ရာသီဥတုအေးလာရင် အပူလှိုင်းထုတ်ပေးတဲ့ မှော်လေအေးပေးစက်ကိုရောင်းမှာပေါ့။ အဲဒီအခါ တော်တော်ရောင်းရမှာကျိန်းသေတယ်”
ဟိန့်ဇ် မျက်လုံးများတောက်ပလာပြီ “တကယ်ပြောနေတာလား။ တကယ်လေကိုနွေးစေတာလား”
“အရင်ကဘယ်တုန်းကများလိမ်ဖူးလို့လဲ”
“ဒီလိုဆိုအမိုက်သား ငွေကတော့ဝင်အုံးမှာပေါ့”
ရှုယီသည်စိတ်ပျက်စွာဖြင့်သက်ပြင်းချလိုက်သည်။ သူဘယ်လောက်ရှင်းပြပြ ဟိန့်ဇ်ကားနားမလည်ပေ။ စက်ရုံမန်နေဂျာအနေနဲ့သာကိုက်လေသည်။ လူတစ်ယောက်အသိပညာသည် သူ့နယ်ပယ်တွင်သာဖြစ်သည်။ သူနဲ့မတွေ့ခင်က ဟိန့်ဇ်သည်စတိုးဆိုင်ပိုင်ရှင်သာဖြစ်သည်။ ထိုအတွက်ကြောင့် သူ့တွင်ဘယ်လိုအတွေ့အကြုံကြီးကြီးမားမားများရှိမည်မဟုတ်ပေ။
ဟိန့်ဇ်သည်တစ်ခုခုသတိရသွား၍ စိတ်ပျက်ဝမ်းနည်းသွားသည်။
“ဒါပေမယ့် ရှုယီ၊ နွေရာသီကုန်လို့ ဆောင်းရာသီရောက်ဖို့က လပေါင်းများစွာလိုသေးတယ်လေ ဒီကြားထဲဘာများလုပ်နေမှာလဲ”
ရှုယီကသူ့ကိုကြည့်လိုက်ပြီး “ ငါအရင်ကပြောခဲ့တာမေ့သွားပြီလား။ သတင်းကောင်းပြောအုံးမယ် စတေးလ်နဲ့အခြားသူတွေ မှော်အစီအရင်ကိုလေ့လာပြီးပြီ။ ခုဆို အဲဒါနဲ့ စက်နဲ့ပေါင်းစပ်ဖို့ပဲလိုတော့တယ်။ နည်းနည်းလောက်စမ်းသပ်ပြီးရင် ထုတ်လို့ရပြီပေါ့။ မြန်မြန်လုပ်မယ်ဆို ရက်နှစ်ဆယ်အတွင်းတောင်ပြီးသွားနိုင်တယ်”
“တကယ်လား မိုက်တာပေါ့” အလုပ်ရုံမပိတ်ဘူးကြားသော် စိတ်သက်သာရာရသွားလေသည်။
သူ သက်ပြင်းချလိုက်သည်။ သို့သော် ဟိန့်ဇ်ကြောင့်မဟုတ် စိုင်စ်နယ်မြေကြီး၏ စက်မှုစနစ်ကြောင့်ဖြစ်သည်။ အရင်ကဆိုလျှင် နွေရာသီကုန်သော်လည်း လျှစ်စစ်ပန်ကာစက်ရုံတို့ အလုပ်မပြတ်ပေ။
မည်သူမျှမဝယ်လျှင်တောင် ထုတ်လုပ်၍ သိမ်းထားပြီး နောက်နွေရာသီမှ ပြန်ရောင်း၍ရလေသည်။ ထို့ပြင် ထုတ်လုပ်မှုကိုပြောင်းဖို့လည်းလွယ်ကူလေသည်။ လျှစ်စစ်ပန်ကာတစ်ခုတည်းနဲ့ ပြီးမသွားပေ။
သို့သော် ယခုလိုပစ္စည်းရှားပါနေမှုကြောင့် တစ်နှစ်ကြိုထုတ်လျှင် နောက်နှစ်တွင် အလကားဖြစ်သွားနိုင်လေသည်။ ထို့ပြင် စက်ရုံလုပ်သားတို့သည် မှော်ပန်ကာထုတ်ရန်သာလေ့ကျင့်ထားလေသည်။ နောက်ပစ္စည်းအသစ်ထုတ်လျှင်စက်ရုံပုံစံရော အလုပ်သမားများကိုပါ ပြောင်းလဲပစ်ရတော့မည်။
ထိုသို့လုပ်လျှင် ရှုယီတော်တော်အလုပ်ရှုပ်ပေလိမ့်မည်။
“အင်း... အကုန်ပြန်ပြင်ဆင်ရတာလွယ်တယ်ထင်ရပေမယ့် ကောင်းကင်တက်တာထက်တောင် ပိုခက်သေး။ အင်းဟုတ်သေးပါဘူး ကောင်းကင်တက်တာကတော့ ဒီလိုမှော်ပညာရှင်တွေပေါတဲ့ကမ္ဘာမှာ အလွယ်သား”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၄၈ ။ မှော်ထမင်းပေါင်းအိုး
သုတေသနအခန်းကျဉ်းလေးထဲတွင် ရှုယီ၊ စတေးလ်၊ အာကာလီနှင့် အီဗီတာတို့လေးယောက်သည် စားပွဲတွင်ပတ်ချာလည်ထိုင်နေကြသည်။ လေးယောက်လုံးသည် စားပွဲပေါ်က လုံးဝန်းသောအရာကို မျက်တောင်မခတ်ကြည့်နေကြသည်။
ထိုပစ္စည်းမှအငွေ့တထောင်းထောင်းထွက်နေလေသည်။ ထိုအငွေ့သည်မျက်နှာကိုလာရိုက်၍ ချွေးပင်ထွက်လေသည်။ သို့သော် လုံးဝအမှုမထားကြပေ။ အကြည့်မပျက်ဆက်၍သာကြည့်နေမြဲပင်။
“အနံ့ရနေတယ်။ မင်းရောဘယ်လိုလဲ” အာကာလီကပြောလေသည်။
“အ..ငါလည်းရပါတယ်။” ထို့နောက် စတေးလ်သည် ရှုယီဘက်လှည့်၍ “ ရှုယီ၊ ခုပြီးအောင်လုပ်သင့်တယ်မဟုတ်လား”
ရှုယီသည်ဘာမျှမပြောပဲ အီဗီတာဘက်လှည့်၍ “အီဗီတာ နင်ကချက်ပြုတ်တဲ့နေရာမှာအတော်ဆုံးပဲ အဲဒီတော့ ကောင်းလားမကောင်းလား နင်ပဲဆုံးဖြတ်သင့်တယ်”
“အ ဒါပေမယ့် ခုဟာက မတူဘူးလေ” သူမကလက်ကာ၍ ငြင်းလေသည်။
“ကောင်ပါတယ် စနစ်ပြောင်းသွားပေမယ့် အခြေခံကတော့အတူတူပေါ့။ ကြည့်ပါအုံး ကောင်းတယ်လို့ထင်ရင် စမ်းကြည့်လို့ရတာပေါ့” ရှုယီကပြောသည်။
“အိုး..ကောင်းပါပြီ။” သူမကပြန်ပြောလေသည်။ ထို့နောက်ဆံပင်ကိုနောက်သို့သပ်၍ ထိုပစ္စည်းကိုသေချာကြည့်လေသည်။ ထို့နောက်မျက်လုံးကိုမှိတ်၍ နမ်းကြည့်လေသည်။
“အိုး..ရလိုက်ပြီထင်တယ်”
“ဒီလိုဆို ဘာကိုစောင့်နေတော့မှာလဲ။ အိုးယူလိုက်တော့လေ” အာကာလီကဝမ်းသာတကြီးဖြင့် အပေါ်ပိုင်းကို ဆွဲလိုက်လေသည်။ ရှုယီကတုန်လှုပ်စွာဖြင့် သူမလက်ကိုဆွဲတားလေသည်။
“အပူလောင်ပြီးသေချင်တာလား”
သူမလည်းနားလည်သွားပြီး လျှာထုတ်၍ ပြူတက်ပြူတက်လုပ်နေသည်။
ထို့နောက် သူကညာလက်ကို သူ့လက်ကြီးနဲ့ကိုင်ထားသည်ကိုတွေ့သော် မျက်နှာနီမြန်းသွားလေသည်။ သူမသည်ပွင့်လင်းသောသဘောရှိသော်လည်း ယောက်ျားလေးများနဲ့အထိအတွေ့သိပ်မရှိလှပေ။
သို့သော် ရှုယီသည်ကြာကြာစဉ်းစားမနေ ချက်ချင်းပြန်လွှတ်ပေးလေသည်။ ထိုအခါမှာသူမသည်စိတ်သက်သာရာရတော့သည်။ ရှုယီသည်အဝတ်စတစ်ခုကိုယူ၍ အဖုံးကိုဖွင့်လိုက်လေသည်။
ဖွင့်လိုက်သည်နဲ့ အငွေ့တထောင်းထောင်းထွက်လာ၍ အခန်းတစ်ခုလုံးမွှေ့ရနံ့များဖြင့် ပြည့်နှက်သွားလေသည်။ ထိုအိုးထဲသို့ ကြည့်လိုက်သော် ဆန်စေ့လိုအတုံးလေးတွေကို မြင်တွေ့ရလေသည်။
စတေးလ်ကားလက်ထဲတွင် ဇွန်းအဆင်သင့်ပင်။ ထိုဇွန်းဖြင့် ခူးယူလိုက်လေသည်။ နှစ်ခါလောက်မှုတ်လိုက်ပြီး ဝါးစားလိုက်လေသည်။
“အိုးအနေတော်ပဲ။ အရသာကကောင်းလိုက်တာ လာမြည်းကြည့်ပါအုံး ရှုယီရေ”
စတေးလ်သည်နောက်ဇွန်းတဇွန်းယူ၍ သူ့ပါးစပ်ထဲခွင့်ပေးလေသည်။ ဝါး၍မြိုလိုက်သော် ထမင်းလိုနူးညံ့ပျော့ပျောင်းသည်ကိုတွေ့ရသည်။ တခါစားကြည့်ရုံဖြင့်မည်မျှအရသာရှိကြောင်းသိနိုင်၍ သူပင် နှစ်ပန်းကန်လောက်စားနိုင်လောက်သည်ဟု ထင်သွားလေသည်။
သူငယ်ငယ်ကစားခဲ့သောပုံစံမျိုးနဲ့တူလေသည်။ ကြီးခါမှစားရသောအရသာသည် ထိုအရသာမျိုးနဲ့လုံးဝမတူတော့ပေ။
“အ လုံးဝရှယ်ပဲ။ ငါတို့စမ်းသပ်မှုအောင်မြင်ပြီပေါ့။ လာပါအုံး အာကာလီနဲ့ အီဗီတာတို့မြည်းကြည့်ပါအုံး။ မင်းတို့အားထုတ်မှုကအရမ်းတိုးတက်သွားပြီ။ လာပါအုံး ဘာလို့မျက်နှာကတမျိုးဖြစ်နေတာလဲ”
သူတို့နှစ်ဦးသည် ရှုယီနှင့် စတေးလ်ကိုကြည့်နေလေသည်။ ထို့နောက်တယောက်ကိုတယောက်ကြည့်၍ ဝါးလုံးကွဲရယ်ချလိုက်လေသည်။ ထို့နောက်ဇွန်းယူမြည်းကြည့်ပြီး ကျေနပ်စွာခေါင်းညိမ့်ပြလေသည်။
“ မိုက်သားပဲ ဥက္ကဌကြီး ဒါ..ဒါ...ကဘာများလဲ” အာကာလီကအံ့သြစွာဖြင့်မေးလေသည်။
“ဒါက မှော်ထမင်းပေါင်းအိုးလေ”
“အိုး ဒါဆိုဒီဟာအောင်မြင်ပြီပေါ့”
“လုံးဝအောင်မြင်တယ်လို့တော့ မဆိုသာဘူးပေါ့။ အပြောင်းအလဲလုပ်ဖို့တော့ကျန်သေးတာပေါ့” အပြင်ပန်းကြည့်သော် ထမင်းအိုးနဲ့တူပေမယ့် ပြောင်းလဲစရာတွေကျန်သေးသည်ဟု သူထင်လေသည်။
ကမ္ဘာမြေပေါ်က လျှပ်စစ်ထမင်းအိုးတို့သည် အပူကာကွယ်မှုအပြည့်ရှိလေသည်။ ထို့ကြောင့်မီးလောင်ဖို့လုံးဝမစိုးရိမ်ရပေ။ သို့သော် ထိုပြဿနာသည် ကြီးကြီးမားမားမဟုတ်ပေ။
ဟုတ်တယ် ထိုမှော်ထမင်းပေါင်းစက်သည် သူကြိုးစားထားသော် အထူးစပယ်ရှယ် ဖြစ်လေသည်။ နွေရာသီတဝက်လောက်ကတည်းက ဟိန့်ဇ် စိုးရိမ်နေသော ပြဿနာကို သူကစဉ်းစားထားပြီးသားဖြစ်လေသည်။ ထို့ကြောင့် မှော်ပန်ကာစက်ရုံကို အိမ်သုံးမှော်စက်ရုံအဖြစ်ပြောင်းလဲဖို့ စဉ်းစားထားပြီးသားပင်။
နာမည်အတိုင်းပင် ထိုစက်ရုံတွင် အိမ်သုံးပစ္စည်းများကိုသာ ထုတ်လုပ်မည်ဖြစ်သည်။ စိုင်စ်နယ်မြေနှင့် ကမ္ဘာမြေကွာခြားမှုရှိသော်လည်း ပြန်လည်ဖန်တီးသုံးနိုင်သောပစ္စည်းများစွာ ရှိလေသည်။
ထိုအထဲတွင် လျှပ်စစ်ထမင်းပေါင်းအိုးသည်တစ်ခုဖြစ်လေသည်။ မှော်ပန်ကာထက်ပင် ပြုလုပ်ရပိုလွယ်ကူလေသည်။ သုတေသနလုပ်ဖို့ အချိန်တစ်ပတ်ပင်မကြာ။
ထိုထမင်းပေါင်းအိုးကိုလေ့လာပြီးသော် အခြားစက်ပစ္စည်းများနဲ့ပတ်သက်၍လည်းတွေ့လာသည်။ ထိုဟာသည်ပင် မှော်အစီအရင်၏အဓိကစွမ်းအားသည် မှော်ဖြစ်ကြောင်းသက်သေပင်။ လျှပ်စစ်ကိုဘယ်လိုပြောင်းရမလဲစဉ်းစားရသောကမ္ဘာမြေပေါ်မှာနဲ့ ခြားနားမှုဖြစ်လေသည်။
ဥပမာ မှော်ထမင်းပေါင်းအိုးနဲ့ လျှပ်စစ်အိုးနှိုင်းယှဉ်ကြည့်လျှင် လျှပ်စစ်အိုးသည်လျှပ်စစ်ကို အပူအဖြစ်ပြောင်းလဲရ၍ မှော်ထမင်းပေါင်းအိုးကား အဆင့်နိမ့် မီးမှော်အစီအရင်ကိုတိုက်ရိုက်အသုံးပြုရလေသည်။ ခလုပ်နှိပ်ပြီးသော် မှော်ကျောက်တုံးကိုသုံး၍ အပူကိုတိုက်ရိုက်ထုတ်လုပ်နိုင်လေသည်။ အပူမြန်စေရုံမက မှော်အစီအရင်ကိုသုံးမှုကြောင့် အပူနှုန်းသည် အလွန်မြင့်လေသည်။
ကမ္ဘာမြေပေါ်တွင်ကား လျှပ်စစ်အိုးထက် ထင်းဖြင့်ချက်ချင်သူများလေသည် အဘယ်ကြောင့်ဆိုသော် မူလအရသာမပျက်ပြယ်စေသောကြောင့်ဖြစ်သည်။ ထင်းမီးသည်ပို၍ ပြင်းထန်၍ တိုက်ရိုက်ဖြစ်သောကြောင့်ပင်။
ပြဿနာသည် မှော်ထမင်းပေါင်းအိုးနဲ့မဆိုင်ပေ။ အာကာလီ, စတေးလ်နှင့် အီဗီတာတို့ကြိုးစားအားထုတ်မှုကြောင့် အိုးကိုညီမျှစွာ အပူပေးနိုင်ပြီး ထမင်းကိုလည်းအပြည့်အဝအပူပေးနိုင်လေသည်။
ရှုယီသည်တဇွန်းပြီးတဇွန်းစား၍ နောက်ဆုံးကျေနပ်သွားလေသည်။ ထိုဟာကိုသာ ဟိန့်ဇ်ကိုပေးမည်ဆိုလျှင် နေ့တိုင်းသူ့ကို ဝမ်းနည်းပက်လက်ဖြင့်ကြည့်နေပေမည်။
“ဥက္ကဌ ထိုင်ပြီးစားလိုက်ရအောင်” အီဗီတာက စားပွဲရှင်း၍ ထိုင်လိုက်လေသည်။
“အိုး ကောင်းသားပဲ”
စားပွဲပေါ်ကဟင်းခွက်တို့ကိုကြည့်၍ စားချင်လာသည်။
“အီဗီတာ ချက်ထားတာ စားကောင်းမယ့်ပုံပဲ။ မင်းကိုရတဲ့လူကတော့ အရမ်းကံကောင်းမှာပဲ”
ထမင်းခူးနေသော သူမလက်တို့ အေးစက်သွားပြီး မျက်နှာနီမြန်းသွားသည်။
“ဟေး ဦးလေး ဒါကလိင်ကိစ္စနဲ့ပတ်သက်ပြီးစိတ်ရှုပ်စရာဖြစ်နေပြီ။” စတေးလ်က စားပွဲကိုလက်ဝါးဖြင့်ပုတ်၍ ပြောသည်။ “ဒီမှာပြောမယ် အီဗီတာကကျောင်းမှာဆို အချစ်တော်ပဲ။ သူ့ဘေးမှာကောင်လေးတွေမှ ဝိုင်းဝိုင်းလည်ပဲ။ ရှင့်လိုသူတို့ကိုအနှောက်အယှက်ဖြစ်စေတဲ့ ဦးလေးကြီးသာရှိတယ်ကြားရင် ဒီကိုအရောက်လာပြီး သမကြမယ်သိလား”
သူလည်း တဟားဟားရယ်လိုက်ပြီး “အိုးကြောက်စရာကောင်းလှချေလား။ အင်း ဒီလိုဆိုလည်း စားစရာရှိတာပဲ အေးဆေးစားပါတော့မယ်”
အီဗီတာသည်ထမင်းပန်းကန်သယ်လာပြီး သူ့ရှေ့တွင်ချပေးလေသည်။
“ဥက္ကဌ စတေးလ် ပြောတာမယုံပါနဲ့။ သူကသာ လမ်ပူရီတော်ဝင်မှော်အကယ်ဒမီကျောင်းမှာ အလေးမြတ်ထားခံရဆုံးပါ ကျွန်မနဲ့ကတော့ လုံးဝမယှဉ်သာအောင်ပါပဲ”
“ဟုတ်တယ် သူသာတခြားလူကို မကြိုက်ခဲ့ရင် သူ့ဘေးကကောင်လေးတွေကဒီကနေ ဘန်တာမြို့ဂိတ်ထိတောင် လမ်းလျှောက်ကြလိမ့်မယ်။” အာကာလီ ကဝင်ပြောသည်။
“ဒါနဲ့ စတေးလ် ရေ မေးချင်နေတာကြပြီ ဗင်းဆင့်ထ်ကိုတချိန်လုံးကြိုက်နေခဲ့တာမဟုတ်လား။ ခုဘယ်လိုဖြစ်သွားတာလဲ။ ဘွဲ့ရပြီးတော့ သူ့ကိုသွားမရှာဘူးလား။ အနည်းဆုံးတော့သူ့ကိုကြိုက်ကြောင်းပြောမယ်ထင်ခဲ့တာ”
“ဗင်းဆင့်ထ် ဟုတ်လား” ရှုယီ နှလုံးခုန်မြန်လာသည်။ သူမအရင်ကကြိုက်ခဲ့ပြီး သူ့ရဲ့ပင်ကိုယ်စရိုက်ကိုသိမှ ခွေးသူတောင်းစားလို့ခေါ်တဲ့လူလား။
“သူ့ကိုတွေ့ပါတယ်။ ဒါပေမယ့် စေ့စပ်ထားပြီးပြီလေ။ ငါကတခြားလူရဲ့ချစ်သူကိုလုယူရအုံးမှာလား” စတေးလ်သည်ဘာမှမဖြစ်သလို ပြန်ပြောသည်။
ရှုယီကသူမမျက်နှာထားကိုသေချာအကဲခတ်ကြည့်သည်။ သူမ၏မျက်နှာကိုသေချာကြည့်လျှင် ဝမ်းနည်းရိပ်အနည်းငယ်တော့တွေ့ရသည်။ ခဏအတွင်း စိတ်သောကဝေဒနာကို မဖြေဖျောက်နိုင်သေးသည့်ပမာ။
“စေ့စပ်ပြီးပြီ ဟုတ်လား။ ငါဘာလို့မကြားပါလိမ့်။ ဘယ်သူ့ကိုစေ့စပ်တာလဲ။ အဲဒီကောင်မလေးကနင့်လောက်တော့ မလှလောက်ပါဘူး။ စတေးလ်ရေ ဘာလို့သူ့ကို အလစ်မယူတာလဲ။ ငါထင်တာ နင်....”
“အာကာလီ “ ရှုယီကဝင်တားလေသည်။
“အ..ဘာများလဲ ဗင်းဆင့်ထ်” သူမကအံ့သြစွာပြန်မေးသည်။
“အင်း အီဗီတာရော နှစ်ယောက်စလုံး ကြောငြာချင်လား”
“ကြောငြာဟုတ်လား”
နှစ်ယောက်သားအံ့သြစွာဖြင့်ငေးကြောင်သွားသည်။ ရှုယီ ဘာကိုဆိုလိုသည်ကို သူတို့လုံးဝမသိ။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၄၉ ။ စိတ်မချရသောနှလုံးသားများ
“ရှုယီ ငါ့အတွက်ဘာမှလုပ်ပေးစရာမလိုပါဘူးအဆင်ပြေပါတယ်” စတေးလ်ကပြုံး၍ပြောသည်။
နှစ်ယောက်စလုံးနေ့လယ်စာစားပြီးသွားကြသည်။ စတေးလ်သည် မှော်တာဝါသို့သွားရန်စီစဥ်ထားပြီး ရှုယီကားတစုံတစ်ခုဆွေးနွေးဖို့ မှော်ပညာရှင်ကြီး ကမ်မီလာနဲ့တွေ့ချင်လေသည်။ ထို့ကြောင့် ဆရာကြီးကမ်မီလာ၏ မှော်တာဝါသို့ အတူထွက်လာခဲ့ကြသည်။
“တကယ်ရောအဆင်ပြေရဲ့လား” ရှုယီကမယုံသင်ကာဖြင့်မေးလေသည်။
“မင်းရဲ့မျက်နှာကဒီလောက်ကြည့်မကောင်းဘူးလို့ ဘာလို့ထင်ခဲ့ပါလိမ့်”
“ဒါက..” သူမကခဏစဉ်းစားလိုက်ပြီး “အင်း… ဒီကိစ္စကလူတွေကိုစိတ်မချမ်းသာဖြစ်စေတယ် တွေးတိုင်းရင်နာရတယ်”
“ဒီကောင်အတွက်ဘာခံစားချက်မှမရှိတော့ရင်ပေါ့”
“အင်း သူ့လိုဘာမဟုတ်တဲ့လူအတွက် ခံစားနေရသေးသလိုပဲလို့ပြောချင်တာလား။ ကျွန်မကို အရူးလို့ထင်နေတာလား။ အရင်ကချစ်ခဲ့မိတာသူ့ရဲ့ပင်ကိုသရုပ်ကိုမသိလို့လေ။ သူ့ရဲ့အကြည့်အောက်မှာကျရှုံးခဲ့ရတာကိုး ကျွန်မက တော်တော်အားပျော့ခဲ့တာပဲ။ ဟုတ်တယ် စဉ်းစားကြည့်ရင် အဲဒီတုန်းက တော်တော်တုံးတာပဲ”
ရှုယီကရယ်၍ “အင်း တခါမှားတာကတော့ တုံးအလို့မဟုတ်ပါဘူး။ နောက်ဆိုအပြင်ပုံစံကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာသိသွားတာပေါ့။ သူတို့နှလုံးသားကပိုအရေးကြီးတယ်လေ ငါ့လို အပြင်ရောအတွင်းရော ဖြူစင်တဲ့လူကတော့ တော်တော်ရှားတာပေါ့”
သူမကစွေကြည့်လိုက်ပြီး “နည်းနည်းလောက်နိမ့်ချပြောလို့မရဘူးလားရှင် ကျွန်မစားထားသမျှတွေအန်ထွက်မိမှာစိုးလို့”
“ငါကအမှန်ပြောနေတာလေ မယုံရင်တော့ မင်းကဘာမှမသိသေးတဲ့ကလေးပေါ့။ တားလိုက်ပါ၊ ငါ့လိုလူက ကောင်းကင်ကလလိုပဲ။ လုံးဝဖုံးကွယ်လို့မရအောင် တနေ့မြင်လာမှာပါ။ အဲဒါကို မြင်တတ်တဲ့လူတော့ ရှိအုံးမှာပါ”
“ရှင့်ရဲ့မျက်လုံးတွေကသာကန်းနေတာ” သူမက ဟက်ဟက်ပက်ပက်ရယ်၍ပြောသည်။ ပါးစပ်ကိုပိတ်၍ပိတ်၍ရယ်ရင်း ဗိုက်တွေပါအောင့်လာသည်ထိ ထိန်းမနိုင်သိမ်းမရ ရယ်လေသည်။
ရှုယီသည်ပထမတွင် ခပ်တည်တည်ပင်။ သို့သော် နောက်ဆုံးတွင် ထိန်းချုပ်မရပဲ ဟက်ဟက်ပက်ပက်လိုက်ရယ်လေသည်။ နွေခေါင်ခေါင်နေပူပူထဲတွင် ထိုသို့ရယ်နေကြ၍ လူသွားလူလာများ ဝိုင်းကြည့်သွားကြသည်။
သူတို့နှစ်ယောက်သည် နာမည်အတော်အသင့်ရှိ၍ သူတို့ကို လက်ညှိုးတထိုးထိုးဖြင့် လက်ပြသွားကြသည်။
ရှုယီကသတိထားမိ၍ သူမလက်ကိုအတင်းဆွဲ၍ ပြေးလေသည်။ မှော်တာဝါကိုရောက်မှသာလွှတ်ပေးလေသည်။ “အင်း မင်းအဖိုးကိုသွားရှာချေအုံး ငါဓါတ်ခွဲခန်းထဲသွားလိုက်အုံးမယ်။ သူ့ကိုပြောလိုက်ပါအုံး အချိန်အနည်းငယ်ပေးဖို့”
“ဘာလို့များရုတ်တစ်ရက် ယဥ်ကျေးသွားပါလိမ့်။ အဖိုးကသူ့ကိုအချိန်မရွေးလာတွေ့နိုင်တယ်လို့ပြောထားတယ်မဟုတ်လား”
“အရင်ကတော့ကိစ္စမရှိဘူးလေ။ ဒါပေမယ့် ခုကသူစိတ်ဆိုးနေတာလေ ငါ့ကိုတောင်အမြင်ကြည့်ပါအုံးမလားမသိဘူး”
“ရှင်ကလည်းရှင်ပဲကိုး”
ထိုသို့ပြောပြီးနောက် မှော်တာဝါဆီသို့လှည့်ကြည့်ပြီး ဝမ်းနည်းရိပ်ပေါ်လာသည်။
“ရှုယီ၊ ကျွန်မတကယ်တော့ ရှင့်အကြောင်းမပြောသင့်ဘူး။ အဖိုးကိုဒီကိစ္စနဲ့ပတ်သက်ပြီး ဆန့်ကျင်ရလိမ့်မယ်။ သူသာဒီလိုဆက်လုပ်မယ်ဆို ဒီမှော်တာဝါက....”
“ဘာများဖြစ်လို့လဲ။ ဘာများပြဿနာရှိလို့လဲ။ မင်းရဲ့အဖိုးက ဒီတိုင်းပြည်တခွင်မှာ ဂုဏ်သိက္ခာရှိပြီးသားပဲ”
သူမက ခေါင်းခါလိုက်၍ “ ဒါကပြဿနာမဟုတ်ပါဘူး ခုတော့မပြောသေးပါဘူး။ အဖိုးကိုပြောပြီးရင်တော့ ဆက်ဆွေးနွေးကြတာပေါ့။ အဲခါကျရင်တော့ ရှင့်ကိုအကူအညီတောင်းရမှာပေါ့”
သူမ၏လေးနက်သောစကားကိုကြားသော် သူမျက်ခုံးလှုပ်သွားသည်။
စကားသံနားထောင်ရသော် သူမအဖိုးတွင် ဒုက္ခအကြီးအကျယ်တွေ့နေသည်မှာသေချာသည်။
“မေတ္တာရပ်ခံမယ်လို့မပြောစမ်းပါနဲ့ ကူညီစရာရှိရင်ပြောသာပြောစမ်းပါ အရင်ကငါဒီမှာအလုပ်ရဖို့ နင်ပဲကူညီခဲ့တာလေ။ အဲလိုသာဖြစ်မလာရင် ခုဆို မှော်နဲ့မဆိုင်တဲ့ တခြားအလုပ်လုပ်နေလောက်ပြီ။ ဒီကုမ္ပဏီကနင့်ကြောင့်ဖြစ်လာတယ်ဆိုတာ ပြောစရာတောင်မလိုဘူး။
အဲဒါကြောင့် နင်က အဓိကအကျဆုံးပဲ။ လိုအပ်တာရှိရင် အားမနာပါနဲ့။”
သူမက ခပ်မဲ့မဲ့ပြုံးလိုက်ပြီး “ ဒီလိုဆိုအရင်တုန်းက ကျွန်မဘာကြောင့်အဲလိုလုပ်ခဲ့လဲသိလား”
“အိုး ဘာလို့လဲပြောပါအုံး”
“ဘာလို့ဆို အဲဒီတုန်းက ရှင်ကကျွန်မအတွက်တံခါးဖွင့်ပေးတာလေ” ထိုသို့ပြောပြီးလှည့်ထွက်သွားတော့သည်။
“ဒါလေးများကြောင့်လား” ခေါင်းခါ၍ ခပ်မဲ့မဲ့ပြုံးလိုက်သည်။
ရှုယီ ဓါတ်ခွဲခန်းသို့ရောက်သောအခါ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း ပိုပြီးကြီးလာလေလေ သူပို၍ခွင့်ယူလေဖြစ်တော့သည်။ နောက်ပိုင်းတွင် ရက်အနည်းငယ်သာလာရာမှ နာရီလောက်သာထိုင်၍ ပြန်လေသည်။
သူသည်ဓါတ်ခွဲခန်းထဲက အဖွဲ့ဝင်တယောက်ဆိုသည်ကိုပင် အပေါင်းအဖော်များကပင်မေ့သွားသည်။ တခြားလူသာဆိုလျှင် ဆရာကြီးကမ်မီလာထံမှမောင်းထုတ်တာခံရပေမည်။ သို့သော် သူ့ကိုတော့ဘာမျှမပြောပေ။
အချိန်ကျလာမှ သူ့ကိုဆရာကြီးကမ်မီလာက ဘယ်လောက်ချစ်ကြောင်းအားလုံးသိလာသည်။ Frestech ကုန်သည်ကြီးများအသင်းတွင်ပိုပြီး ထုတ်ကုန်များလာပြီး ဝင်ငွေများလာမှ သူ့အပေါင်းအဖော်များစိတ်ထဲတွင် ပိုပြီးအရေးပါလာသည်။
ယခုလည်းဓါတ်ခွဲခန်းထဲတွင် ပေါ်လာသော် အရင်ကလိုမည်သူမျှ လျစ်လျူရှုလိမ့်မည်မဟုတ်ပေ။ သူ့ကိုလိုလိုလားလားဖြင့် နွေးနွေးထွေထွေးကြိုဆိုကြလေသည်။
“ဟေး, ရှုယီ ဒီနေ့အားလို့လား” လော့တီကအရင်ဦးဆုံးကြိုဆိုလေသည်။ “မင်းသာပေါ်မလာရင် ငါတို့အဖွဲ့ဝင်ဆိုတာတောင်မေ့သွားလောက်ပြီ”
“လော့တီ ဘာတွေများပြောနေတာလဲ။ တခြားလူတွေတော့မေ့လို့ရချင်ရမယ် ဒါပေမယ့် ရှုယီကိုတော့ ဘယ်မေ့ရပါ့မလဲ။ ပြီးတော့ မှော်ပန်ကာနဲ့ပတ်သက်ပြီး ဒီလောက်အကြာကြီးလုပ်ခဲ့ရတာ။ ဘယ်မေ့လို့ရပါ့မလဲ ဟုတ်တယ်မလား ရှုယီ” သူကား မှော်ပန်ကာရဲ့မှော်အစီအရင် ပတ်သက်၍ လက်တွဲလုပ်ခဲ့သူတစ်ယောက်ဖြစ်သည်။
“ဟုတ်သားပဲ ဘယ်တော့မှမေ့မှာမဟုတ်ဘူး။” နောက်တယောက်ကဝင်ပြောလေသည်။ “ဟေး ရှုယီ မင်းကုမ္ပဏီမှာများ အလုပ်လေးဘာလေးမရှိဘူးလား။ ရှိရင်ငါ့ကိုခေါ်စမ်းပါအုံး”
ထိုစကားကြားသော် အားလုံးတိတ်ဆိတ်သွားသည်။ လှည့်ပတ်ကြည့်သော် သူ့ကိုမျှော်လင့်တကြီးကြည့်နေကြသော အခြားလူများကိုလည်းတွေ့ရသည်။ မကြည်သူများကလည်း စိတ်ဝင်တစားနားစွင့်နေသည်ကိုတွေ့ရသည်။
သူတော်တော်အံ့သြသွားသည်။ သူတို့အားလုံးသည် မှော်အစီအရင် ဆွဲတုန်းက အထင်မကြီးခဲ့သူများဖြစ်သည်။ ခုမှဘာလို့စိတ်ဝင်စားလာကြတာလဲ။ တစ်ခုပဲရှိသည် သူမသိတာတစ်ခုခုဖြစ်နေပြီ။
“ရှိတော့ရှိပါတယ်။ ဒါပေမယ့် မင်းလိုမှော်အစွမ်းနဲ့ကျ ဘယ်ကိုက်ပါ့မလဲ” သူကပြုံး၍ပြန်ပြောသည်။
အားလုံးကိုလှည့်ပတ်ကြည့်သော် မမျှော်လင့်ပဲတုန်လှုပ်စရာတစ်ခုခုကို သတိထားမိသည်။
“ခီမီရော့၊ ရမ်နဲ့ ဝယ်လာတို့ကိုမမြင်ပါလား။ သုံးယောက်သားခရီးထွက်သွားတာတော့မဟုတ်ဘူးမလား”
“မသိဘူးလား။” လော့တီကအံ့သြစွာဖြင်မေးသည်။ “အိုးဟုတ်သားပဲ မင်းကမလာတာကြာလှပေါ့။ ဒီတော့ဘယ်သိပါ့မလဲ။ သူတို့ဒီမှာမလုပ်တော့ဘူး ကြားတာတော့ ဆော်လ်တန်မြို့က ကုမ္ပဏီတစ်ခုမှာလုပ်တယ်တဲ့”
“ကုမ္ပဏီအတွက်လုပ်တယ်ဟုတ်လား။” သူတော်တော်အံ့သြသွားသည်။ “သူတို့လိုအရည်အချင်းနဲ့ဆို ကုမ္ပဏီမှာအစောင့်တောင်ဖြစ်မှာမဟုတ်ဘူး။”
“နိုး အစောင့်မဟုတ်ပါဘူး အဲလိုဘယ်လုပ်ကြပါ့မလဲ။ သုတေသနတစ်ခုလုပ်တယ်လို့ကြားတာပဲ။ ဟုတ်တယ် မင်းကုမ္ပဏီနဲ့တောင်ဆက်စပ်တယ်ကြားတယ်”
“ဘယ်လိုများလဲ”
“အတိအကျတော့မသိဘူး။ လစာတော့ကောင်းတာသိတယ် ဘာဖြစ်ဖြစ် ခီမီရော့ ပြောတာတော့ ဒီမှာထက်တောင်များတယ်ဆိုပဲ”
“တကယ်လား”
ခီမီရော့သည် ဓါတ်ခွဲခန်းတွင် ဒုတိယအရေးပါဆုံးဖြစ်သည် ထို့ကြောင့် လာစာမြင့်သည်။ ရမ်ထက်ပင်မြင့်၍ ရွှေဒင်္ဂါးလေးဆယ်ရလေသည်။
ခုမှစလုပ်ကာစဖြစ်၍ ဤမျှလစာသည် အတော်များသည်။
“အင်းပေါ့ သူတို့ကို ကုမ္ပဏီဘက်က သိမ်းသွင်းသွားပြီပဲ။ မင်းတို့ကရော သူတို့မင်းတို့ကိုမခေါ်ဘူးလား” ရှုယီကမေးသည်။
အားလုံး၏မျက်နှာတမျိုးဖြစ်လာသည်။
သူချက်ချင်းနားလည်လိုက်ပါပြီ။ တယောက်မှမကျန် အားလုံးပါသွားကြလေပြီ။ သူတို့ဒီနေ့ရှိနေရခြင်းသည် ဆွေးနွေးစရာရှိနေသေး၍သာဖြစ်တော့မည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၅၀ ။ သနားစရာမှော်ပညာရှင်ကြီး
တစ်နာရီကြာသော် မှော်တာဝါထိပ်ဆုံးတွင် မှော်ပညာရှင်ကြီးကမ်မီလာနဲ့တွေ့ခွင့်ရလေသည်။
ဆရာကြီးကိုခဏလေ့လာပြီးသော် သက်ပြင်းတစ်ချက်ချမိလေသည်။ မတွေ့တာရက်နှစ်ဆယ်ကြာခဲ့လေပြီ။ သို့သော် အတော်လေးအိုစာသွားသည်ဟုထင်ရသည်။
နွမ်းနယ်နေပုံပေါ်သည့်အပြင် ခေါင်းမွေးတို့ဖွေးဖွေးဖြူလာသည်။ အမြဲတမ်းသွက်လက်တက်ကြွနေခဲ့သော ဤပုဂ္ဂိုလ်ကြီး ထိုမျှဖြစ်သွားသည်ကို ထောက်လျှင် မည်မျှဖိအားဒဏ်ကိုခံစားရကြောင်းသိနိုင်လေသည်။
သူ့ကိုမြင်မှ တစ်ခုခုကိုသတိရသွားသည့်ပမာခေါင်းညိမ့်ပြ၍ ထိုင်ဖို့ပြလေသည်။
“ရှုယီ ဘာကိစ္စများရှိလို့လဲ။ “ နွမ်းနယ်ပင်ပန်းပုံရှိသော်လည်း တက်ကြွနေသည်။
“ကြိုပြောထားမယ် စီးပွားရေးကိစ္စဆိုရင် ခုချက်ချင်းသာ ထွက်သွားလိုက်တော့”
ရှုယီ ပြုံး၍ ခဏတိတ်ဆိတ်သွားသည်။ “ဟုတ်ကဲ့ ဆရာကြီး အရင်ကစိတ်မချမ်းမြေ့ဖွယ်ဖြစ်စေတဲ့အတွက်တောင်းပန်ပါတယ်။ ခုလာတာက မှော်နဲ့ပတ်သက်ပြီး ဖြေရှင်းစရာလေးရှိလို့ပါ။ ဒါပေမယ့် ခုပဲ စီးပွားရေးကိစ္စတစ်ခုဆွေးနွေးချင်စိတ်ပေါက်လာမိတယ်”
ဆရာကြီးက မျက်မှောင်ကြုတ်၍ “ ဒီလိုဆို ထွက်သွားလိုက်တော့ မင်းတို့အားလုံးငွေနောက်လိုက်တဲ့လူတွေပဲ။ ဘယ်လိုလုပ်မှော်ပညာရှင်ဖြစ်နိုင်မှာလဲ။”
ရှုယီ ပြုံးမြဲပြုံးလျက်။
“ဆရာကြီးရဲ့စကားတွေက နည်းနည်းမှားနေတယ်လိုထင်ပါတယ်။ ငွေနောက်လိုက်တာတော့မဟုတ်ပါဘူး။ ပြီးတော့ မှော်ပညာနဲ့လည်းမဆိုင်ပါဘူး”
“ဟမ်း ငွေရှာဖို့ပဲသိပြီး မှော်ပညာကိုဘာမှန်းမသိတဲ့လူတွေက ဘယ်လိုလုပ်အရည်အချင်းရှိလာမှာလဲ”
ရှုယီကခေါင်းခါ၍ “ဆရာကြီး တစ်ခုလောက်မေးပါရစေ။ မှော်သုတေသနလုပ်တာပိုက်ဆံလိုလား”
ဆရာကြီးမျက်နှာသည်ချက်ချင်းတင်းသွား၍ နောက်ဆုံးဒေါသထွက်ရာမှ ကူဖော်ရာမဲ့လိုဖြစ်သွားသည်။
“အေးလိုတာမှ နည်းနည်းတောင်မဟုတ်ဘူး အများကြီးကိုလိုတာ” သူ့မျက်နှာသည် ဝမ်းနည်းကြေကွဲရိပ်တို့ပြည့်နှက်နေသည်။
“ဒီလိုဆို နှစ်ခုလုံးကိုပေါင်းစပ်လုပ်သင့်တာပေါ့။ အဲဒါမမှန်ဘူးလား ဆရာကြီး”
ဆရာကြီးကသူ့ကိုစိုက်ကြည့်၍ “မင်းကငါ့ကိုလာလှောင်တာလား”
“မဟုတ်ရပါဘူးဆရာကြီး၊ အထင်မလွဲပါနဲ့ ဆရာကြီးကိုမလှောင်ရဲပါဘူးဗျာ ဆရာကြီးဒုက္ခရောက်နေတယ်လို့ကြားလို့ ကူညီချင်ရုံပါ”
ဆရာကြီးသည်သူ့ကိုစိုက်ကြည့်ပြီး ရိုးသားစွာပြောနေသည်ကိုသိသော် “ စတေးလ် ပြောတာလား”
“သူကနည်းနည်းပဲပြောတာပါ ကျန်တာဝန်ထမ်းတွေပြောတာပါ။ ဆရာကြီး စိတ်ကူးတွေနည်းနည်းလောက်ပြောင်းကြည့်ပါလား မှော်နဲ့စီးပွားရေးဆက်စပ်တွေးရင်ရောဘယ်လိုလဲ”
“စီးပွားရေးသမားတွေကိုမုန်းတယ်။ မှော်ပညာကိုသွေးစွန်းစေတဲ့ ကုန်သည်စိတ်ဓါတ်ကိုလည်းမုန်းတယ်”
“ဒါပေမယ့် ပိုက်ဆံကိုတော့မုန်းလို့မရဘူးလေ”
ဆရာကြီးလည်းဘာမှပြန်မပြောတော့။
ရှုယီလည်းထိုအခွင့်အရေးကိုအသုံးချ၍ “ဟုတ်ပါတယ် ရွှေဒင်္ဂါးကပစ္စည်းသက်သက်ပါ။ ဆရာကြီးမုန်းတာက ဒီငွေကိုအသုံးချပြီးဆရာကြီးပေါ်လုပ်တဲ့လူတွေလေ ပိုက်ဆံကိုမှမဟုတ်တာ။ ကောင်းကောင်းအသုံးမချရင်တော့ ဒုက္ခလှလှတွေ့ရမှာပေါ့။ ဆရာကြီးရော ပိုက်ဆံရှိရင် ဘာလုပ်မလဲဗျာ”
“အဓိပ္ပာယ်မရှိတာ ငါ့မှာသာရှိရင် သုတေသနလုပ်တဲ့ထဲထည့်လိုက်မှာပေါ့” ဆရာကြီးကရိုးရိုးအေးအေးသာပြန်ဖြေသည်။
“ဒါပေမယ့် ခုတော့မရှိသေးဘူးမို့လား”
ဆရာကြီးမျက်နှာပျက်သွား၍ တော်တော်နဲ့စကားမပြောတော့ပေ။
ဆရာကြီးတွေ့နေရသည့်အခက်အခဲသည် သူထင်ထားသည်ထက်ပင် ပိုဆိုးကြောင်းသိလိုက်သည်။ ခီမီရော့, ရမ်, နှင့် ဝယ်လာတို့ထွက်သွားသည်ကို သိပ်မအံ့သြခဲ့ပေ။ သို့သော် အားလုံး၏စိတ်သည်ယိမ်းယိုင်လာ၍ ထွက်ချင်နေသည်ကိုတွေ့သော် တစ်ခုခုမှားယွင်းနေသည်ကို သူသိလာသည်။
နောက်ဆုံးသူအဖြေထွက်လာသည်က ဆရာကြီးတွင် ငွေကြေးပြတ်နေ၍ဖြစ်သည်။
ဆရာကြီးတွင်ငွေကြေးအခက်အခဲရှိ၍ ပြစ်တင်ဝေဖန်ကြသော်လည်း လုပ်ငန်းကိုထိခိုက်အောင်မဖြစ်ခဲ့ပေ။ ယခုတော့ သူတို့အခက်အခဲတွေ့နေရလေပြီ။
ပထမတချက်သည် ပစ္စည်းပြတ်လပ်နေသည်။ သူတို့တင်ပြသောအစီရင်ခံစာအတော်များများကို အပယ်ခံရသည်။ နောက်ဆုံးအရေးကြီးသည်က သူတို့လစာကိုပထမဆုံးအကြိမ်အဖြစ်မရကြခြင်းပင်။
နှစ်ရက်နေပေးသော်လည်း အားလုံးစိတ်ပျက်သွားမိသည်။ အားလုံးသိလိုက်ရသည်က ဆရာကြီးတွင်ငွေကြေးပြတ်လပ်နေသည်ဆိုခြင်းပင်။ ရေရှည်ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ပေ။
ထိုသတင်းကြားသော် အားလုံးတုန်လှုပ်သွားပြီး နောက်တက်လမ်းရှိရာကို စဉ်းစားလာကြသည်။ ခီမီရော့, ရမ်နှင့် ဝယ်လာတို့သုံးယောက်ထွက်သွားသော် တခြားလူများလည်းဂနမငြိမ်တော့ပေ။ ရှုယီလိုဆရာကြီးပေါ်လာသော် အားလုံးသည်စိတ်ရင်းအမှန်ကိုဖော်ပြကြသည်။
နောက်ဆုံး ရှုယီသည်အဖြေမှန်ကို စတေးလ်ဆီမှရရှိလေသည်။
လုပ်ဖော်ကိုင်ဖက်အားလုံးလည်း အဖြစ်မှန်အားလုံးကိုသိသွားလေသည်။ ပြောရလျှင် မှော်ပညာရှင်တို့အတွက် ပုံမှန်ဝင်ငွေလမ်းကြောင်းနှစ်ခုရှိလေသည်။
တစ်လမ်းသည် မှော်ပညာရှင်များအဖွဲ့မှဖြစ်သည်။ မှော်ပညာရှင်တယောက်သည် မဟာမှော်ပညာရှင်အဆင့်ကိုရောက်သွားလျှင် မှော်ပညာရှင်များအဖွဲ့မှ အထူးဂုဏ်ထူးပေးလေသည်။
မှော်ပညာရှင်ကြီးကမ်မီလာကား ကြယ်သုံးပွင့်မှော်ဆရာဖြစ်လေသည်။ ထို့ကြောင့်သူ့ကို မှော်ပညာရှင်များအဖွဲ့မှ တစ်နှစ်ကိုရွှေဒင်္ဂါးနှစ်ရာပေးလေသည်။ ထို့ပြင် သူသည်လွန်ခဲ့သောနှစ်ဆယ့်သုံးနှစ်ကတည်းကရောက်ခဲ့သည်ဖြစ်၍ ရွှေဒင်္ဂါးငါးဆယ်လည်းရသေးလေသည်။
အားလုံးပေါင်းလျှင် ၂၅၀ဖြစ်သည်။ နောက်ထပ်တိုင်းပြည်က ထောက်ပံ့ကြေးပေးသေးသည်။ မှော်ပညာရှင်တို့သည်တိုင်းပြည်၏အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းပြည်တိုင်းကတန်ဖိုးထားထောက်ပံ့ပေးလေသည်။
လမ်ပူရီတိုင်းပြည်သည်သေးငယ်သော်လည်း တစ်နှစ်ကို နှစ်ထောင်ရလေသည်။
ဆရာကြီးကမ်မီလာကားကုမ္ပဏီတွင်လုပ်သောအခြားပညာရှင်များနဲ့မတူသောကြောင့် ကုမ္ပဏီကိုကာကွယ်ဖို့လည်းမလို ထောက်ပံ့ကြေးလည်းမရ နှစ်ထောင့်နှစ်ရာ့ငါးဆယ်သည်သာ သူ့ဝင်ငွေဖြစ်သည်။
အကြီးအကျယ်ပြောင်းလဲမှုမဖြစ်ခဲ့လျှင် ဘန်တာလိုမြို့ငယ်လေးက မှော်တာဝါကိုလုံလုံလောက်လောက်ထောက်ပံ့နိုင်လေသည်။
ယခုနှစ်ကားပြောင်းလဲခဲ့လေပြီ။ လမ်ပူရီတိုင်းပြည်က ထောက်ပံ့မှုပြောင်းလဲခဲ့ခြင်းပင်။ နှစ်တိုင်းတွင် ဆောင်းဦးရိတ်သိမ်းချိန်တန်သည်နဲ့ ထောက်ပံ့ကြေးပေးသည်။ ယခုတော့ သူတို့ငွေကြေးအခက်အခဲကြောင့် ထောက်ပံ့ကြေးလျော့ချသည်ဟု ကြေညာသွားလေသည်။
ဆရာကြီးကမ်မီလာကို နှစ်ထောင်မှတစ်ထောင်သို့တိုင် တစ်ဝက်တိတိလျော့ချလိုက်သည်။ အရင်ကပင် ယိုင်တိုင်တိုင်ဖြစ်နေသော သူ့အတွက်တော့ အလဲထိုးချခံလိုက်ရသည်။
တစ်ထောင်သည် သူ့နှစ်တဝက်ဝင်ငွေနဲ့ညီမျှလေသည်။ ယခုတော့ မှော်သုတေသနကိုမထောက်ပံ့နိုင်ရုံမက သူ့အတွက်အလုပ်လုပ်နေသောမှော်ပညာရှင်တို့အတွက်ပါလစာမပေးနိုင်တော့။
“အဖိုးကပြောတယ်၊ ဒီ မှော်တာဝါကိုပိတ်တော့မယ်တဲ့။ ကျွန်မအမြင်တော့ကောင်းတော့ကောင်းသား ဘာလို့ဆို အဲဒီအတွက်စိတ်ပူစရာမလိုတော့ဘူးပေါ့။ ဒါပေမယ့် ဒီဟာကိုတည်ဆောက်ဖို့ ဘယ်လောက်ရင်းနှီးခဲ့ရလဲဆိုတာကျွန်မအသိဆုံးပါ။ ခုလိုပိတ်ပစ်လိုက်တာကိုတော့ သူလည်းတော်တော်နဲ့တော့ဘယ်လက်ခံနိုင်ပါ့မလဲ”
သူမစကားကိုကြားသော် သူ ခဏစဉ်းစားလိုက်ပြီး ဆရာကြီးရှေ့တွင် ပွင့်ပွင့်လင်းလင်းသာပြောချလိုက်သည်။
ဆရာကြီးကမ်မီလာ ခင်ဗျားမှာပိုက်ဆံမရှိတော့ဘူး။