← Chapters

အခန်း (၅၁-၆၀)

Vol. 1 Ch. 51-60

အခန်း (၅၁-၆၀)

Vol. 1 Ch. 51-60

အခန်း ၀၅၁ ။ မှော်ပညာရှင်တို့နှင့်ကုန်သည်တို့၏အဆင့်အတန်း

“ဟုတ်တယ် ငွေလည်းမလုံလောက်တော့ဘူး အထောက်ပံ့နိုင်တော့ဘူး” ရှုယီ၏စကားကြားသော် ကမ်မီလာက ဘာမဖြစ်သလို ပြန်ပြောလေသည်။

“ဒါပေမယ့် ရှုယီ ရေ မှော်ပညာကို ကုန်သည်စိတ်ဓါတ်နဲ့ရောယှက်တာကိုမကြိုက်ဆုံးပဲ။ ဒါငါ့စည်းမျဉ်းပဲ ငါ့ကိုဘာမှလာပြောင်းဖို့မစဉ်းစားနဲ့။”

“ဆရာကြီး ဘာလို့ဒီလိုများဖြစ်သွားတာလဲ ပြောပြလို့ရမလား။ မှော်နှင့်ပိုက်ဆံပေါင်းတာနဲ့ပဲ စွန်းထင်းသွား‌ရောလားဗျာ။ ကျွန်တော့်အမြင်တော့ လုံးဝအဓိပ္ပာယ်မရှိတာပဲ။ ခုကျွန်တော်ပြောသလိုပဲ ပိုက်ဆံကအပြစ်မရှိပါဘူး သုံးတဲ့လူပေါ်ပဲမူတည်တာပါ။ မှော်နဲ့ပိုက်ဆံပေါင်းစပ်လိုက်ရင် လုံးဝအပြောင်းလဲကြီးဖြစ်သွားနိုင်မယ်လိုကျွန်တော်ယုံကြည်တယ်”

“အံ့သြစရာဟုတ်လား မင်းလိုမှော်အစွမ်းရှိတဲ့လူက နိမ့်ကျတဲ့ကုန်သည်ဖြစ်သွားရတာ အံ့သြစရာလား”

“ဆရာကြီး အမုန်းတရားတွေကိုနည်းနည်းလောက်လျော့ပါအုံး။ ဒီတိုင်းကြည့်ရင်တော့ မှော်ပညာရှင်တွေက ကုန်သည်တွေထက်မြင့်မြတ်ပုံပဲ။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ ကုန်သည်တွေက မှော်ပညာရှင်တွေထက်ပိုပြီး အားကြီးကြပုံပဲ”

“အဓိပ္ပာယ်မရှိတာ။ မှော်ပညာရှင်တွေက ဒီသောက်သုံးမကျတဲ့ကုန်သည်တွေနဲ့နှိုင်းယဉ်ရဲတယ်ပေါ့။ ဒီကုန်သည်တွေက အယုတ်တမာတွေ သူတို့မှာဘာဂုဏ်သိက္ခာမှမရှိဘူး။ အဲဒါကိုသူတို့နဲ့ နှိုင်းယှဉ်ရဲတယ်ပေါ့ ငါ့ကိုလာပြီးအရှက်ခွဲနေတာလား”

“ဒီလိုဆိုဆရာကြီး မှော်ပညာရှင်တွေကဘာများလုပ်နိုင်လို့လဲ။ လူတွေသတ်ဖို့ပိုပြီးအစွမ်းထက်တဲ့လက်နက်တွေထုတ်ရုံပေါ့”

“မင်း...” ဆရာကြီးသည် ပြောဖို့လုပ်ပြီးမှ ရုတ်တစ်ရက်ရပ်လိုက်သည်။

ရှုယီ မှန်ကန်ကြောင်းသူသိသောကြောင့်ဖြစ်သည်။ မှန်သည် မှော်ပညာရှင်တွေသည်ဂုဏ်သိက္ခာရှိသည်။ သို့သော် ဘာများအသုံးဝင်လို့လဲ။ တိုက်ပွဲတွင်သာအသုံးချကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်သာမာန်စစ်သားများထက်ပိုပြီး အစွမ်းထက်သောကြောင့်ဖြစ်သည်။

သမိုင်းတလျှောက်ပြန်ကြည့်လျှင် မှော်ပညာရှင်တို့ပါဝင်သောစစ်ပွဲပေါင်းများစွာကိုတွေ့နိုင်သည်။ ကမ်မီလာရှင်လိုမျိုးပုဂ္ဂိုလ်ကြီးများသည် စစ်ပွဲအနိုင်အရှုံးကိုပင် ဆုံးဖြတ်နိုင်သည်။

ထို့ကြောင့် မှော်ပညာရှင်တို့ကို ကြောက်ရွံ့ရိုသေကိုးကွယ်ခဲ့ကြလေသည်။ သူတို့အဆင့်သည်ဆထက်ထမ်းပိုးထိုးတက်သွားတော့သည်။

သို့သော် ရှုယီ ပြောသလိုပင် သူတို့ဘယ်လောက်အဆင့်မြင့်မြင့်လုပ်စရာက လေ့လာနေရုံကလွဲ၍ ဘာမျှမရှိပေ။ လေ့လာသည်ကလည်း စစ်ပွဲတစ်ခုတည်းအတွက်သာဖြစ်သည်။

အတိအကျပြောရလျှင် လူသတ်ဖို့ပင်။ ဆရာကြီးကမ်မီလာသည်ဘာမျှမပြောနိုင်တော့ပဲ လက်တွေတုန်ရီစွာဖြင့် ထိုင်ခုံပေါ် လဲကျသွားသည်။

ရှုယီသည်သက်ပြင်းတချက်ချ၍ ခေါင်းခါလိုက်သည်။ ထူးခြားသော်အခြေအနေအတွက်မဟုတ်ခဲ့လျှင် သူသည်ဆရာကြီးနဲ့လာတွေ့မည်မဟုတ်ပေ။

သို့သော် ထိုဟာသည်သူ၏စစ်မှန်သောအတွေးမဟုတ်သေးပေ။

စိုင်စ်နယ်မြေတွင် မှော်ပညာရှင်တို့အထက်တန်းကျသည်ကိုနားလည်လေသည်။ သို့သော် သူသ‌ဘောတူသည်ဟုမဆိုလိုပေ။

စွမ်းအားကြီးခြင်းသည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်၍ ကောင်းသည်ဟုနားလည်သော်လည်း အရေးကြီးဆုံးသည် သာမာန်ဘဝဖြစ်သည်။ လူတို့သည်ပို၍လှပသောဘဝကိုဖန်တီးရင်းယဉ်ကျေးမှုထွန်းကားလာရခြင်းဖြစ်သည်။

ထိုအချက်ကြောင့် ပစ္စည်းကိရိယာအမျိုးမျိုးတီထွင်လာသည်။ ဤသို့ဖြင့် ကျောက်ခေတ်မှ ယနေ့ခေတ်နည်းပညာခေတ်ထိပြောင်းလဲလာသည်။ တိုးတက်လာသည်နဲ့ စားစရာသောက်စရာမရှိသောအခြေအနေမှတိုးတက်လာ၍ အာကာသထိပင် ခရီးဆက်နိုင်လာသည်။

ထိုအချက်ကြောင့်သာမဟုတ်လျှင် လူနှင့်တိရစ္ဆာန်ခြားနားတော့မည်မဟုတ်ပေ။ မှော်စွမ်းအားသည်အားကြီးသည် သို့သော် သူသည် လူတို့ကောင်းမွန်နေထိုင်ရေးအတွက်သာဖြစ်စေချင်သည်။

ထို့ကြောင့် သူ၏မှော်အစွမ်းကိုသုံး၍မှော်ပန်ကာကိုတီထွင်ခဲ့ခြင်းဖြစ်သည်။ ထိုပစ္စည်းကြောင့် နေပူပူတွင် အေးမြစွာနေနိုင်လေသည်။ ထို့နောက် မှော်ရိတ်သိမ်းစက်။ ထိုစက်ကြောင့် သီးနှံရိတ်သိမ်းမှုတွင်အများကြီးအကျိုးသက်‌ရောက်မှုရှိစေသည်။

နောက်ထပ်လူသားအကျိုးပြုစက်ပစ္စည်းများထုတ်ဖို့ရှိသေးသည်။ ကမ္ဘာမြေပေါ်က လူသားလိုပင် စိုင်စ်နယ်မြေကြီးတွင် နေထိုင်နိုင်ဖို့ ကြိုးစားချင်သည်။

ခက်ခဲမှန်းသိသော်လည်း နောက်မဆုတ်ချင်။ ထိုသို့ကြိုးစားရင်းဖြင့် နှလုံးပီတိဂွမ်းဆီထိသည့်ပမာ ခံစားရလေသည်။

ယခုလိုအပ်နေသည်က ဆရာကြီး ကမ်မီလာ၏အတွေးများကို ပြောင်းဖို့ပင်ဖြစ်သည်။

“ဆရာကြီး ပြောသလိုပါပဲ။ ကုန်သည်တွေက ပိုက်ဆံပဲကြည့်တယ်ဆိုတာက သူတို့စိတ်ထဲမှာ ကုန်ပစ္စည်းရောင်းဖို့ပဲ သိတာကိုး။ ဒါပေမယ့် အဲဒါကြောင့်လည်း လူတွေတိုးတက်လာတာကိုတော့ ငြင်းမရဘူးလေ”

ဆရာကြီးသည် ခဏတိတ်ဆိတ်သွားပြီး

“ရှုယီ မင်းပြောတာမှန်ပါတယ်။ ဒါပေမယ့် မင်းဘာပြောချင်တာလဲ ပွင့်ပွင့်လင်းလင်းပြောစမ်းပါ”

ဆရာကြီးမျက်နှာကြည့်သော် တည်ငြိမ်နေသည်ကိုတွေ့၍ ပြုံးမိသည်။

ဆရာကြီးသည် အတွေ့အကြုံရင့်၍ ဉာဏ်ပညာကြီးမားသူဖြစ်၍ အလွယ်တကူဆွဲဆောင်၍ မရမှန်းသူသိလေသည်။

“ဆရာကြီး လိုရင်းကိုပြန်သွားကြစို့။ ခုဆရာကြီးမှာ မှော်တာဝါကိုထောက်ပံ့ဖို့ ငွေကြေးမလုံ‌လောက်တော့ဘူးဆိုတော့ ကျွန်တော်နဲ့များပူးပေါင်းချင်မလား။ ကျွန်တော်လိုသလောက်ထုတ်ပေးပါ့မယ်။ ကျွန်တော့်ဝင်ငွေကခုတလောအရမ်းကောင်းနေတယ်” ရှုယီ ကပြုံး၍ပြောသည်။

“ဟမ်း မင်းကပေါင်းချင်တယ်ပေါ့ ငါကတော့အရင်တိုင်းပဲမပြောင်းလဲဘူး”

“ကျွန်တော်အရင်ပြောပါ‌ရစေအုံး။ ဆရာကြီးက မှော်ပညာနှင့်စီးပွားရေးမပေါင်းချင်တာက မှော်သုတေသနကိုထိခိုက်မှာစိုးလို့မို့လား။ ကုန်သည်တွေက သာမာန်လူတွေဆီကနေမတရားငွေလိမ်မှာကို ကူညီရာရောက်မှာစိုးလို့မဟုတ်လား”

ဆရာကြီးသည်ဘာမျှပြန်မပြောပဲငြိမ်နေသည်။

“ကောင်းပြီဗျာ ကျွန်တော်နဲ့ပူးပေါင်းမယ်ဆို ဒီပြဿနာတွေဖြစ်မလာစေရပါဘူး”

“အဲဒါထားတော့ ငါနဲ့ပေါင်းရင် သာမာန်ပြည်သူတွေဆီကနေ ငွေမလိမ်ဘူးဟုတ်လား? အဲလိုကတိစကားလေးတွေကိုငါက ယုံမယ်ထင်နေလား”

ရှုယီလည်းဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး သူ့ရင်ဘတ်ထဲကနေ ပုံကြမ်းတစ်ခုကိုထုတ်ယူလိုက်ပြီး

“အဲလိုလည်းမပြောပါဘူးဗျာ။ ဒါပေမယ့် လူတွေကအလိမ်ခံဖို့စောင့်နေတာလို့ပြောရင် ဆရာကြီးဘယ်လိုထင်မလဲဗျ”

“လာနောက်နေတာလား။ အလိမ်ခံချင်တဲ့လူများရှိသေးလို့လား”

“ဥပမာ သူတို့မဖြစ်မနေ ရချင်တာတစ်ခုခုကျွန်တော့်ဆီမှာရှိမယ်ဆို သူတို့ဆီကငွေနည်းနည်းညစ်လိုက်တာကို သူတို့ကဂရုစိုက်မယ်လို့ထင်လားဗျာ”

“အဲလိုဖြစ်နိုင်ပါ့မလား” ဆရာကြီးသည် မယုံကြည်နိုင်စွာဖြင့် သူ့ကိုစိုက်ကြည့်လိုက်သည်။ ထို့နောက် ပုံကြမ်းကိုဂရုတစိုက်ကြည့်ကာ

“ဘယ်လိုများလဲ ထူးဆန်းလိုက်တာ ဘယ်လိုလုပ်လိုက်တာလဲ”

ရှုယီသည်မှော်စက်ပစ္စည်းများကိုတီထွင်ကတည်းကစ ထိုမေးခွန်းကို ဘယ်နှကြိမ်မေးခံရမှန်းပင်မသိတော့။

“အ အဲဒါကကျွန်တော်ခုလေးတင်ပဲပြောလိုက်တယ်လေ။ အဲဒီအရာနဲ့ဆို လူတွေကိုရှုပ်ထွေးနေစေတဲ့အရာတွေကိုဖြေရှင်းပြီးသားဖြစ်သွားစေမယ်။ အဲဒီအတွက် ကျွန်တော်ပိုက်ဆံယူလည်း သူတို့ကကျေးဇူးတောင်တင်နေအုံးမယ်” ထို့နောက် မသိမသာဖြင့် ဆရာကြီးရှေ့ရောက်လာပြီး ပုံကြမ်းအကြောင်းကို ရှင်းပြလေသည်။

“ပထမဆုံး ဒီဟာကို မှော်ထယ်ထိုးစက် လို့ခေါ်တယ်”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၅၂ ။ စိတ်ပြောင်းလဲခြင်း

ရှုယီ တစ်ယောက် ကမ်မီလာ၏ဓါတ်ခွဲခန်းထဲမှ ထွက်လာသော် အရင်လိုဝမ်းနည်းပုံမပေါ်တော့ပေ။ ရင်ကိုကော့ ခေါင်းကိုမော့၍ ပြုံးပန်းဆင် ထွက်လာသည်။

စတေးလ်သည် စိတ်လှုပ်ရှားစွာနှစ်နာရီလောက်စောင့်နေရသည်။ သူထွက်လာသည်ကိုမြင်သော် ချက်ချင်းပြေးလာပြီး မေးသည်။ “ရှုယီ ဘယ်လိုလဲ ဘယ်လိုလဲ အဖိုးကဘာပြောလဲ”

သူသည်ပြုံး၍ လက်နှစ်ချောင်းထောင်ပြသည်။ “အေးဆေးပေါ့ ဆရာကြီးကသဘောတူပြီးသားပါ”

“သဘောတူတယ်ဟုတ်လား။ ဘယ်လိုများလုပ်လိုက်တာလဲ။ အဖိုးကိုပြုစားလိုက်တာများလား”

“ငါဘယ်လိုပြုစားတတ်မှာလဲ။ ပြီးတော့ နင့်အဖိုးကလည်းမှော်ပညာရှင်လေ။ ငါကမှော်ကညာရှင်အဖွဲ့ကကျင်းပတဲ့စာမေးပွဲတောင်မဖြေရသေးဘူးလေ။ သူ့ကိုအဲလိုလုပ်ရင် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်သွားမှာပေါ့”

“ဒီလိုဆို သဘောတူအောင်ဘယ်လိုလုပ်လိုက်တာလဲ။ သူကစီးပွားရေးသမားတွေဆိုအရမ်းမုန်းတာ။ အလုပ်အတူလုပ်ဖို့ဆိုတာဝေးရော”

“ဒါက...သူ့မှာရွေးချယ်စရာမရှိတော့ဘူးလေ။ နောက်ပိတ်ဆုံးကျ စားဝတ်နေရေးကရှိသေးတယ်မဟုတ်လား။ သူ့မှာလည်းပိုက်ဆံမရှိတော့ဘူး။ သူဘယ်လောက်ခေါင်းမာမာ အပင်ပန်းခံတည်ဆောက်ခဲ့ရတဲ့ မှော်တာဝါနဲ့စာရင် သူ့ခေါင်းမာတာက ဘာမဟုတ်တော့ပါဘူး။

ပြီးတော့ ငါနဲ့ပူးပေါင်းတာက တခြားလူတွေနဲ့စာရင်တော့ပိုကောင်းတာပေါ့။ ငါကစီးပွားရေးသမားဆိုပေမယ့် မှော်ပညာရှင်လည်းဟုတ်တယ်လေ ဒီတော့လက်ခံဖို့ပိုလွယ်သွားတာပေါ့”

သူမသည်သက်ပြင်းတချက်ရှိုက်၍ “ အင်း သူ့မှာရွေးစရာသာရှိရင် အဲလိုလုပ်မှာမဟုတ်ဘူး။” ထိုသို့ပြောပြီး သူ့အဖိုး၏ဓါတ်ခွဲခန်းဆီသို့ကြည့်လိုက်ပြီး “ခုသွားတွေ့လိုက်အုံးမယ်”

သူမထွက်သွားသည်ကို ကြည့်ပြီး ငေးလျက်ကျန်ခဲ့တော့သည်။

သူလေ့လာနေသည်က မှော်ပညာဖြစ်၍ မှော်သည် အရေးကြီးသောအစိပ်အပိုင်းဖြစ်လေသည်။ အရင်ကလေ့လာခဲ့သော မှော်စက်တို့သည် သိပ်လေးနက်မှုမရှိပေ။ ထို့ကြောင့် သုံးသော မှော်အစီအရင်တို့သည် သိပ်မမြင့်ပေ။ ယခုသူ့လက်ရှိအစွမ်းအစနဲ့ဆိုလျှင် ပြီးစီးအောင်လုပ်ဖို့သိပ်မခက်တော့ပေ။

သို့သော် မှော်ထယ်ထိုးစက်ကိုမြှင့်တင်ဖို့ကြိုးစားသောအခါ မထင်မှတ်ပဲ ပြဿနာနဲ့ကြုံရလေသည်။ သူ၏မှော်အစွမ်းမလုံလောက်သေးသည်ကိုပြခြင်းပင်။ ထိုစက်သည် မြေကြီးကိုပိုပြီးထိုးရသောကြောင့် ပိုပြီးအားကြီးသောစက်ဖြစ်ဖို့လိုလေသည်။ နောက်ဆုံးလေ့လာချက်အရ လေမှော်အစီအရင်ကိုသုံးရမည်ဆိုလျှင် အနည်းဆုံးအဆင့်ခြောက် မှော်အစီအရင် ကိုသုံးရမည်ဖြစ်သည်။

သူ၏မှော်စွမ်းအားသည်အဆက်မပြတ်တိုးတက်နေသော်လည်း အဆင့်သုံးနှင့်လေးလောက်သာရှိသေးသည်။ အဆင့်လေး မှော်အစွမ်းနှင့် မှော်အစီအရင်ကိုသာသုံးနိုင်၍ အဆင့်ခြောက် မှော်အစီအရင်ကိုလုံးဝမသုံးတတ်ပေ။

သူ့ထက်မြင့်သော စတေးလ်, အီဗီတာနှင့် အာကာလီတို့ပင်သူ့ထက်အားကြီးသော်လည်း သူတို့လည်းအဆင့်ခြောက် မှော်အစီအရင်ကိုမသုံးနိုင်ပေ။ သူလည်းဘာမှမတတ်နိုင်၍ မှော်ပညာရှင်ကြီး ကမ်မီလာကိုသာအားကိုးရှာရတော့သည်။

ပြောရလျှင် လမ်ပူရီတိုင်းပြည်တော်ဝင်မိသားစုကိုကျေးဇူးတင်သင့်သည်။ သူတို့သာ ဆရာကြီး ကမ်မီလာ၏ဝင်ငွေကိုမဖြတ်ခဲ့လျှင် သူ့အကူအညီကိုရမည်မဟုတ်ပေ။

သို့သော်ဆရာကြီးကသဘောတူသော်လည်း ကုန်သည်တွေကိုမုန်းခြင်းသည် ပျောက်ကွယ်မသွားသေးပေ။ ထို့ကြောင့် ဆရာကြီးကို မှော်ထယ်ထိုးစက်သာလေ့လာခိုင်း၍ ကျန်တာမလုပ်ခိုင်းသေးပေ။

ဆရာကြီးသည်သူ့ထက်သဘာရင့်ဝါရင့်ဖြစ်၍ ဉာဏ်ပညာအရာတွင်များစွာသာလေသည်။

သူတခါရှင်းပြရုံဖြင့် ဆရာကြီးကတခွန်းတည်းပြောလိုက်သည်။ ထိုစကားကြောင့်သူအင်မတန်အံ့သြတုန်လှုပ်သွားရသည်။

“ထယ်ထိုးမှာဆိုတော့ ဘာလို့ မြေမှော်အစီအရင်ကိုမသုံးပဲ လေမှော်အစီအရင် ကိုသုံးရတာလဲ”

ထိုစကားကြားသော် ကိုယ့်နဖူးကိုယ်သာပြန်ရိုက်မိတော့သည်။ တော်တော်တုံးတဲ့လူပါလား။

ဆရာကြီးပြောတလုံးဝမှန်လေသည်။ မြေမှော်အစီအရင်သည်သာတိုက်ရိုက်ဖြစ်၍ ပို၍အကျိုးသက်‌ရောက်မှုရှိစေသည်။ လေမှော်အစီအရင်ဖြင့်မရနိုင်ပေ။

သူ၏ကန့်သတ်အတွေးတို့ဖြင့် ပိတ်လှောင်နေမိသည်ကို သတိထားမိသွားသည်။ အဘယ်ကြောင့်ဆိုသော် အရင်နေခဲ့သောနေရာတွင် စက်အားလုံးသည် စွမ်းအင်ပြောင်းလဲမှုကိုသာသုံး၍ စက်ကိုလည်ပတ်စေသောကြောင့်ပင်။ ထို့ကြောင့်လည်းယခုဤနည်းအတိုင်းလိုက်လုပ်နေမိခြင်းပင်။

သူတီထွင်လိုက်သော မှော်ပန်ကာတွင် လေမှော်အစီအရင်သည် ကမ္ဘာမြေပေါ်ကစက်အများစုကိုနှိုးဆွပေးနိုင်သောကြောင့် နောက်ပိုင်းလေ့လာမှုတွင် လေမှော်အစီအရင်ကိုသာ များသောအားဖြင့်သုံးလေသည်။

သို့သော် ယခုဆရာကြီးကသတိပေးမှ သူအမှားကြီးမှားမှန်းသိလိုက်တော့သည်။ ကမ္ဘာမြေပေါ်နဲ့ခြားနားမှုသည် မှော်ဖြစ်လေသည်။

ကမ္ဘာမြေပေါ်ကအဆင့်မြင့်နည်းပညာများနဲ့မနှိုင်းယှဉ်သာသော်လည်း မှော်တွင်သူ့ဂုဏ်သတ္တိနဲ့သူရှိလေသည်။ အရင်တုန်းကဆိုလျှင် မှော်အစီအရင်ကိုစွမ်းအားဖြည့်ပေးသောအခါ မှော်ကျောက်တုံးများသည်သာအစွမ်းကြီးကြောင်း ခံစားမိ၍ သက်ပြင်းချမိသည်။ ယခုတော့ မှော်တွင်လည်း သူ့ဂုဏ်သတ္တိနဲ့သူ ပြောင်းလဲနိုင်စွမ်းရှိကြောင်းသိလိုက်ရသည်။

တစ်စုံတယောက်က သူ့အကြံတိုင်းသာလိုက်လုပ်လျှင် ကမ္ဘာမြေ‌ပေါ်က လယ်ထွန်စက်အတိုင်းပင် လေမှော်အစီအရင် ကိုသာသုံးပေလိမ့်မည်။ မြေရိုင်းများကိုထွင်ယက်ရမည်ဖြစ်၍ အင်အားမြင့်မှသင့်လျော်ပေလိမ့်မည်။ နောက်ဆုံးတွင် အဆင့်ခြောက် မှော်အစီအရင် သုံးရန်ဆုံးဖြတ်လိုက်လေသည်။

ယခုဆရာကြီးကသတိပေးမှ မြေခွဲထုတ်ခြင်းအစီအရင်ဖြစ်သော အဆင့်နှစ် မြေမှော်အစီအရင်ကိုသာသုံးဖို့ရွေးချယ်လိုက်သည်။

ဒီဇိုင်းသာကောင်းခဲ့လျှင် အကျိုးသက်ရောက်မှုသည် သူထင်ထားသည်ထက်ပင်ပို၍အားကြီးလာနိုင်သည်။ အရေးကြီးဆုံးသည် မှော်ထယ်ထိုးစက်ကိုရိုးရှင်းအောင်လုပ်ပြီး ကုန်ကျစရိတ်သက်သာစေရန်ဖြစ်သည်။

အရင်ကဆိုလျှင် သူ၏စက်ပိုင်းဆိုင်ရာနည်းပညာကိုသုံး၍ စက်ကိုပုံစံတူထုတ်လုပ်ရန်မှော်ကိုအသုံးပြုလေသည်။ ယခုတော့ မှော်ကိုအမျိုးမျိုးသုံးနိုင်သည်ကိုသိ၍ ဒီဇိုင်းကိုလုံးဝပြောင်းလဲနိုင်သည်ဖြစ်၍ သူ့တွင်ရှိသောမှော်နဲ့စက်ပိုင်းဆိုင်ရာအသိပညာကိုပေါင်းစပ်လိုက်လေသည်။

တနည်းပြောရလျှင် သူအရင်ကသုတေသနလုပ်ခဲ့သောမှော်စက်တို့ကို မှော်စွမ်းအားသုံးစက်များဟုယူဆနိုင်လေသည်။

သို့သော် ယခုဆရာကြီးနဲ့သုတေသနပြု၍ထုတ်လုပ်လိုက်သောမှော်ထွင်စက်သည်သာ မှော်နဲ့စက်ပေါင်းစပ်ထားခြင်းအစစ်အမှန်ဖြစ်တော့သည်။ စိုင်စ်နယ်မြေကြီးနှင့်ကမ္ဘာမြေတို့၏ရောသမမွှေဖြစ်တော့သည်။

ထိုသို့တွေး၍ ရှုယီ ခြေလှမ်းများသွက်လာသည်။ သူ့ဉာဏ်ပညာတို့ပွင့်လာ၍ စက်ရုံသို့ပင်ပြန်လာသည်က နှေးသည်ဟုခံစားရသည်။ အသစ်ဖြစ်သော မှော်ထယ်ထိုးစက်ကိုလေ့လာနေသော ကမ်ဘီနှင့် လူပုလေးများကိုဦးစီးချင်လာသည်။

သို့သော် စက်ရုံထဲရောက်၍ ကြည့်လိုက်သော် သူတော်တော်အံ့အားသင့်သွားရသည်။ အဆောက်အအုံရှေ့လေဟာပြင်တွင် လူအုပ်ကြီးသည်ပြည့်နှက်နေသည်။ အုတ်အော်သောင်းနင်းဖြစ်နေသောထိုလူအုပ်ကြီးကိုကြည့်၍ သူ့နှလုံးခုန်သံတို့မြန်လာသည်။ တစ်ခုခုများဖြစ်လို့လား။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၅၃ ။ အလုပ်သမားစုဆောင်းခြင်း

သူ့စိုးရိမ်မှုတို့သည် စက္ကန့်အနည်းငယ်မျှသာကြာလေသည်။ ရုတ်တစ်ရက်တစ်ခုခုကိုသတိရသွားသောကြောင့်ဖြစ်သည်။

“အိုး...ခုမှသိတော့တယ် ဒီနေ့ကအလုပ်သမားစုဆောင်းတဲ့နေ့ပဲ”

လွန်ခဲ့သောနေ့ကပင် ရှုယီက ဟိန့်ဇ်ကိုအလုပ်သမားစုဆောင်းဖို့ပြောထားလေသည်။

ထိုအချိန်က မှော်ပန်ကာစက်ရုံရော ရိတ်သိမ်းစက်ရုံရော နှစ်ခုလုံးမအားမလပ်လည်ပတ်နေရသည်။ ထို့ကြောင့်လည်း ဟိန့်ဇ်သည် မအားလပ်နိုင်ပေ။

ယခုတော့နွေရာသီကုန်ပြီဖြစ်၍ မှော်ပန်ကာအမှာကျသွားပြီး အချိန်ပိုရလာလေသည်။ အချိန်ပေးပြင်ဆင်ပြီးသော် လူစုဆောင်းမှုစတင်တော့သည်။

မနေ့ကထိုကိစ္စနဲ့ပတ်သက်၍ သူ့ကိုတင်ပြပြီးသားဖြစ်လေသည်။ မှော်ဆရာကြီး ကမ်မီလာနဲ့ပူးပေါင်းမှုအောင်မြင်ပြီး အကြံဉာဏ်များပွင့်လာ၍ အပျော်ကြီးပျော်ပြီး ထိုကိစ္စကိုမေ့သွားခြင်းပင်။

“လူတွေဒီလောက်များလိုက်မယ်လို့ထင်မထားဘူး သူတို့မှာဘာလုပ်စရာမရှိတော့ဘူးလား။ အဲဒါလည်းမဟုတ်သေးပါဘူး” ကောင်းကင်သို့ကြည့်လိုက်ရ နေသည်ဝင်လုဆဲပင်။

“ ညနေရောက်တာတောင်လူတွေကမကုန်သေးဘူး။ ဟိန့်ဇ်ကများတနေကုန်အချန်ဖြုန်းနေလို့လား”

သိချင်ဇောဖြင့်စက်ရုံသို့ချဥ်းကပ်လာသည်။ သို့သော် စက်ရုံရှေ့တစ်ခုလုံးလူတွေနဲ့ပြည့်နှက်နေသည်။ တံခါးဆီသို့ပင်ရောက်အောင်မတိုးနိုင်။ သူ့ရှေ့ကလူတယောက်ရဲ့ ပုခုံးကိုပုတ်လိုက်သည်။ ဘေးသို့ဖယ်စေချင်သည် သို့သော် အသက်နှစ်ဆယ်ခန့်ထိုလူသည် သူ့ကိုစိုက်ကြည့်နေသည်။

“ဘာလုပ်တာလဲ ကောင်းကောင်းတန်းစီစမ်းပါ”

ရှုယီ ခပ်မဲ့မဲ့ပြုံးပြလိုက်သည်။ တန်းစီခိုင်းထားတာကောင်းသည်။ သို့သော် ဘာကြောင့်များ အစီအစဉ်တကျတန်းမစီခိုင်းရသနည်း။

ဝဲယာကြည့်လိုက်သော် လိုက်ကြီးကြပ်နေသော အဲလက်စ်ကိုတွေ့လေသည်။

“ဟာ ဥက္ကဌ ပြန်လာပြီလား”

ထိုစကားကြောင့်ပိုဆိုးတော့မည်။ အားလုံးသည်ဝိုင်းကြည့်လိုက်ကြသည်။ တချို့ကမယုံကြည်စွာဖြင့်ကြည့်နေကြသည်။

သူ့အသက်ကနှစ်ဆယ်ဝန်းကျင်သာဖြစ်၍ Frestech ကုန်သည်ကြီးများအသင်း၏ဥက္ကဌဆိုတာကိုမယုံကြည်‌ပေ။ ထိုသို့ငေးကြည့်နေကြစဉ် အဲလက်စ် လက်မောင်းကိုဆွဲ၍ လူအုပ်ကြားထဲဝင်တိုးသွားလေသည်။

လူအုပ်ကြီးသည် အဲလက်စ်ကိုသိသည်။ သူ့ကိုဦးဆောင်ခေါ်သွားသည်ကိုသံသယဖြင့်ကြည့်နေသော်လည်း လမ်းဖယ်ပေးကြသည်။ နောက်ဆုံးတွင်ချောချောမွေ့မွေ့ဖြင့်စက်ရုံထဲရောက်လာသည်။ အထဲကအခြေအနေကမဆိုးလှ။ သို့သော် လူကတော့အပြည့်ပင်။

သူစိမ်းလူနှစ်ဆယ်လောက်ပါလေသည်။ ထိုသူတို့သည် အလုပ်ဝင်နေကြသည်။ ဖြစ်နိုင်သည်က လက်တွေ့စမ်းသပ်နေခြင်းပင်။ သူတို့ဝင်လာသော် ဟိန့်ဇ်ကချက်ချင်းသတိထားမိသည်။ အံ့သြသော်အမူအရာဖြင့် ရောက်လာပြီး “ဘာကိစ္စများလဲ ဒီနေ့ပဲ မှော်ထမင်းပေါင်းအိုးကိုနောက်ဆုံးအနေနဲ့စမ်းသပ်မယ်ဆို”

ရှုယီ ကသူ့ကိုကြည့်၍ တဟားဟားရယ်ချလိုက်သည်။ မှော်ပန်ကာထုတ်လုပ်မှုရပ်ထား၍ မှော်ထမင်းပေါင်းအိုးကိုသုတေသနပြုမည်ဟုသူ့ကိုပြောထားမိသည်။ ဒီနေ့ နောက်ဆုံးစမ်းသပ်မှုပြုလုပ်မည်ဟုပြောသော် လူစုဆောင်းမှုကို သူတစ်ယောက်ထဲလုပ်မည်ဟု ပြန်ပြောလေသည်။

“စိတ်အေးအေးထားပါ မှော်ထမင်းပေါင်းအိုးကအောင်မြင်ပါတယ်။ မနက်ဖြန်စမ်းထုတ်လို့ရပြီ။ တစ်ပတ်အတွင်း တရားဝင်ထုတ်နိုင်စေရမယ်” ရှုယီကသူ့ပုခုံးကိုပူတ်၍ ပြောလေသည်။ ထင်ထားသည့်အတိုင်းပင် ဟိန့်ဇ်သည်ပြုံး၍ခေါင်းညိမ့်ပြလေသည်။

“ကောင်းတယ် ကောင်းတယ် ခုလူစုခိုင်းပြီးတော့ ဘာအလုပ်မှမရှိပဲ ဘာများသွားလုပ်ရာမှာလည်းဆိုပြီး စိတ်ပူနေတာ”

ဟိန့်ဇ် တစ်ယောက်သူ့ကိုယ်ကျိုးအတွက်ပဲကြည့်မလား သိချင်စိတ်ဖြင့်စူးစမ်းကြည့်သည်။

ကိုယ်ရေးကိုယ်တာပြဿနာကားပြောင်းလဲဖို့အင်မတန်ခက်သည် ထို့ကြောင့် ထိုမေးခွန်းကိုချက်ချင်းပြောင်းလဲလိုက်သည်။ ထုတ်လုပ်ရေးဘက်ကအသစ်ရောက်လာသောတစိမ်းများကို ကြည့်၍ “ ဟိန့်ဇ်ရေ သူတို့ကိုငှားဖို့ တစ်ယောက်ချင်းစီကိုစစ်ဆေးနေတာမဟုတ်ဘူးမို့လား”

ဟိန့်ဇ်ကသူ့ကိုနားမလည်စွာဖြင့် “အဲလိုမလုပ်ရဘူးလား။ မစစ်ဆေးပဲခန့်လိုက်ရင် ခန့်ပြီးမှမလုပ်တတ်မကိုင်တတ်ရင်ဘယ်လိုလုပ်မလဲ။ အဲလိုဆိုအချိန်ကုန်ရုံပေါ့”

“မဟုတ်‌သေးပါဘူး အလုပ်ကဘာခက်တာမှတ်လား တော်တော်တုံးမှပဲ မတတ်မှာပေါ့။ ဗစ်ကောင့်ထ်လက်စ်လိုင်း ပေးတဲ့ကျွန်တွေ ဘယ်လောက်မြန်မြန်လုပ်တတ်သွားလဲ ကြည့်လိုက်လေ။ ဒီလူတွေအဲဒီကျွန်တွေလောက်တော့ မညံ့လောက်ဘူးထင်တာပဲ”

ဟိန့်ဇ်သည်မျက်မှောင်ကြီးကြုတ်၍ နားမလည်စွာဖြင့်ငေးကြည့်သည်။

“အင်း ရှုယီ ခင်ဗျားကဒီကျွန်တွေကိုအထင်သေးနေတာကိုး။ ပြောပြရင်ယုံမှာမဟုတ်ဘူး။ ဒီကျွန်တွေရဲ့အဆင့်အတန်းက နိမ့်တယ်ဆိုပေမဲ့ ဗစ်ကောင့်ထ်လက်စ်လိုင်းဆီကကျွန်တွေဆိုတော့ အရူးမှမဟုတ်တာ မြန်မြန်တတ်တာပေါ့။

ခုအင်တာဗျူးလာတဲ့လူတွေထဲမှာလည်းကျွန်နည်းနည်းတော့ပါတယ်။ ဒီနေ့မနက်ပဲ ထုတ်လုပ်ရေးပိုင်းကို သင်တောင်မသင်နိုင်တဲ့လူတွေပါပြီး မှော်အရစ်ဖော်စက်အလုပ်လုပ်ပုံကိုသင်ရင်း ဒဏ်ရာရသွားတဲ့လူ နှစ်ယောက်တောင်ပါသေးတယ်။ ကဲ ကျွန်တွေနဲ့ယှဉ်ရင် ဘယ်သူတွေကငတုံးလဲကြည့်ပါအုံး”

ရှုယီ ချက်ချင်းပင်ဆွံ့အသွားသည်။ အလုပ်လုပ်နေသောလူတွေကိုငေးကြည့်လိုက်သည်။ ကမ္ဘာမြေမှာသာဆို ထိုမျှလောက်သောအလုပ်ကို စာဖွဲ့မည်မဟုတ် သာမာန်အလုပ်သမားပင်လုပ်နိုင်စွမ်းရှိသည်။ ငတုံးငအမဟုတ်လျှင် ဘာလို့မသင်ယူနိုင်ရမည်နည်း။

ခဏကြာသော်ပြန်ပြောသည်။ စိုင်စ်နယ်မြေကြီးနဲ့ ကမ္ဘာမြေကြားအကြီးအကျယ်ကွာခြားမှုရှိသေးသည်။ ထိုဟာသည် အောက်ခြေလူတန်းစားတွေကြား ပညာရေးကွာခြင်းမှုပင်။ သာမာန်လူတို့ကိုအားကိုးနေရ၍ ထုတ်လုပ်မှုနှေးကွေးသည်မှာအံ့သြစရာမဟုတ်ပေ။

ကမ္ဘာမြေပေါ်တွင် အခြေခံပညာရေးစနစ်ကို ဇောင်းပေးပြင်ဆင်ထား၍ သာမာန်လူတို့အတွက် ပညာသင်ဖို့ အခွင့်ပိုသာသွားသည်။ ထိုအခြေခံရှိသူများသည် ဘာမျှမတတ်သူထက် ပို၍ သင်ယူနိုင်စွမ်းမြှင့်သွားသည်။ စက်ရုံသို့ရောက်လာသည်နဲ့ အခြေခံအလုပ်တို့ကို အလွယ်တကူပြီးစီးနိုင်သည်။

ကမ္ဘာမြေသည် စိုင်စ်နယ်မြေကြီးထက်တပန်းသာနေသည်။

ကမ္ဘာမြေပေါ်က သာမာန်ကိစ္စသည် ထိုတိုက်ကြီးတွင် အထူးအဆန်းဖြစ်နေသည်။ မှော်ပညာရှင်ကြီး ကမ်မီလာဆီမှရရှိသောစိတ်ကူးများကိုစဉ်းစားကြည့်၍ သူနားလည်သွားသည်။ ခေါင်းတချက်ငြိမ့်လိုက်၍ “အ ဟုတ်သားပဲ ဒီကိစ္စမင်းအသိဆုံးနေမှာပါ။ မင်းကိုပဲလွဲထားလိူက်တော့မယ်။

ဒါပေမယ့် ဟိန့်ဇ်ရေ မြန်မြန်လုပ်မှသင့်မယ်ထင်တယ်။ အပြင်မှာလူတွေအများကြီးရှိသေးတယ်။ ပြီးတော့ ခုက အယောက်တစ်ရာလောက်ပဲရွေးမှာဆိုတော့ သိပ်မခက်လောက်ပါဘူး”

“မခက်ပါဘူး...ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်မရှိပါနဲ့။ ဒီမှာအလုပ်သမားခေါ်တယ်ကြားတော့ အသိတွေထဲကသူတို့လူတွေကိုလာပို့တာအများကြီးပဲ။ သူတို့ကိုရင်းနှီးတာကြာပြီဆိုတော့ ငြင်းဖို့ကလည်းခက်နေတယ်”

ရှုယီသည်ခပ်မဲ့မဲ့ပြုံး၍ “အင်းပြောဖို့မေ့နေတာတရာထဲက ဆယ်ယောက်ကိုတော့မင်းသဘောပါ။ ဒါပေမယ့် တကယ်လုပ်နိုင်စွမ်းရှိတဲ့လူဖြစ်ဖို့တော့လိုတာပေါ့”

ဟိန့်ဇ် မျက်လုံးများတောက်လာပြီး “ဟုတ်နားလည်ပါတယ် ဥက္ကဌ၊ ခင်ဗျားကတကယ်ကို ချီးကျူးစရာပါပဲ”‘

ဟိန့်ဇ်၏မ‌ရေမလည်မြှောက်ပင့်ပေးမှုကို သဘောကျသွားသည်။

သူ့လိုအားကျိုးမာန်တက်လုပ်သူအတွက် ကမ္ဘာမြေပေါ်မှာသာဆို ရှယ်ယာအများကြီးပိုင်ဆိုင်ထားလိမ့်မည်။

ထို့ကြောင့် သူ၏မေတ္တာရပ်ခံချက်ကို လက်ခံလိုက်သည်။ အပြန်အလှန်ဆက်ဆံရေးသည် ဘယ်နေရာမှာမဆို အရေးပါလေသည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၅၄ ။ ဒုတိယလှိုင်းပစ္စည်း အတုပေါ်ခြင်း

အလုပ်သမားစုဆောင်းမှုကိုခဏ လှည့်ကြည့်ပြီးသော် မှော်စက်ရုံဆီသို့လှမ်းလာတော့သည်။ မှော်ထယ်ထိုးစက်အတွက်ဒီဇိုင်းအသစ်ဖြစ်၍ ဖိုထိုးသူများနဲ့ဆွေးနွေးဖို့လိုလေသည်။

ပိတ်လုဆဲဖြစ်သော ဟိန့်ဇ် ဦးဆောင်သော အိမ်သုံးမှော်စက်ရုံနဲ့မတူ ကမ်ဘီ ဦးဆောင်သောစက်ရုံသည် လှုပ်လှုပ်ရွရွဖြင့် အလုပ်ရှုပ်နေကြသည်။ မှော်ကောက်ရိတ်စက်၏အစွမ်းသတ္တိကိုသိ‌သော မြို့ထဲက ဂုဏ်သရေရှိအားလုံးသည် လိုချင်လေသည်။ ပထမအသုတ်ဆယ့်ခုနှစ်ခုအော်ဒါပြီးသော် ယခုအော်ဒါသုံးဆယ်ရလေသည်။

ထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ဖို့ အလုပ်ချိန်ကို တိုးမြှင့်ဖို့လိုလာသည်။ လွန်ခဲ့သောလတဝက်က ညနက်သန်းခေါင်ထိအလုပ်လုပ်ကြရလေသည်။

ရှုယီကအချိန်ပိုကြေးပေးသော်လည်း ကမ်ဘီကလုံးဝငြင်းဆိုလေသည်။ အကြောင်းမှာတော့ ပြီးအောင်လုပ်ဖို့သည် သူတို့အလုပ်ဖြစ်သောကြောင့်ပင်။ မပြီးပြီးအောင်လုပ်ကြရမည်ဟုသဘောထားလေသည်။ သတ်မှတ်ထားသောအချိန်တွင် မပြီးမြောက်လျှင် သူတို့ညံ့သောကြောင့်ဟုပြောနိုင်သည်။ ထို့ကြောင့် အချိန်ပိုကြေးပေးစရာမလိုဟုပြောသည်။

ရှုယီသည်ထိုသဘောထားကိုလက်မခံနိုင်သော်လည်း ကမ်ဘီ၏အတင်းငြင်းဆိုနေမှုကြောင့် သူလက်လျော့လိုက်ရသည်။ ထို့ကြောင့် ဆာချီမာနာဆီကဝိုင်ကိုသာ နစ်နာကြေးအဖြစ် မှာပေးရတော့သည်။

ထိုအကြံကိုအားလုံးကိုလက်ခံကြလေသည်။ သို့သော် အလုပ်ပြီးမှသာသောက်ဖို့ ကမ်ဘီကစည်းမျဉ်းထုတ်ထားလေသည်။

ထိုစည်းမျဉ်းကြောင့် အားလုံးစိတ်ပျက်သွားသည်ကိုကြည့်၍ ရှုယီ ပြုံးမိသည်။ လူပုလေးများသည်ကား ရိုးသားလှပေသည်ဟု ပြောနိုင်သည်။ ထို့ကြောင့်လည်း နှစ်ထောင်ချီအလွန်က လူသားများကို စစ်ရှုံးသည်မှာ အံ့စရာမဟုတ်တော့။

ဥက္ကဌတယောက်အနေဖြင့် နောက်ပြဿနာကိုဖြေရှင်းဖို့လိုသေးသည်။ ဟိန့်ဇ်၏စက်ရုံကလူလိုနေရုံမက မှော်စက်ရုံကလည်းလူလိုနေသေးသည်။

အခြေအနေအရ လူသစ်များသည် လူပုလေးများဖြစ်ဖို့လိုလေသည်။ လူပုလေးများအနေကြာပြီး လူသားများနဲ့အတားအဆီးလျော့ပါးလာမှ လူသားများကို ထည့်ပေးသည်က ပိုသင့်တော်လိမ့်မည်။

ထိုပြဿနာကိုစဉ်းစားရင် စက်ရုံထဲရောက်လာသည်။ တံခါးကိုရောက်သည်နဲ့ ကမ်ဘီ၏အသံသြသြကိုကြားရလေသည်။

“ဟေး ကြည့်ပါအုံး ဒါကအသစ်ထုတ်ထားတဲ့ မှော်ကောက်ရိတ်စက် ပါ။ ဒီဟာကအသုံးပြုရလွယ်ကူပြီးတော့ ဂျုံခင်းတစ်ခုလုံးကိုတနာရီတောင်မရိတ်ရဘူး။ မြန်တယ်လို့မထင်ဘူးလား”

ရှုယီ စိတ်ဝင်စားသွားသည်။ ကမ်ဘီ မှန်လေသည် သို့သော် ထိုစက်ကိုတည်ဆောက်ဖို့ ဘယ်လူပုလေးက ပါဝင်ထားသနည်း။ ဘယ်သူ့ကိုရှင်းပြနေသနည်း။

ကြည့်လိုက်သော် အရပ်ပုပုဝဝလူလတ်ပိုင်းလူတယောက်ကိုတွေ့လေသည်။

“ဥက္ကဌကြီး ဖာဆက်ခ် ဘယ်လိုများရောက်လာတာလဲ” အံ့သြတကြီးဖြင့်မေးမိသည်။

သူ့အသံကြားသော် အားလုံးလှည့်ကြည့်လိုက်ကြသည်။ သူ့ကိုမြင်သော် ဖာဆက်ခ်သည်အပြုံးကြီးပြုံးလာပြီး လက်ဆွဲနှုတ်ဆက်လေသည်။

“ဟားဟား ဥက္ကဌကြီးရှုကိုလာတွေ့ဖို့စီစဉ်ထားတာပါ။ ခုလိုဒီရောက်လာလိမ့်မယ်လို့ထင်မထားဘူး။ လာတာနဲ့အတော်ပဲပေါ့”

ရှုယီကပွေ့ဖက်နှုတ်ဆက်ပြီး “ဥက္ကဌကြီး ဖာဆက်ခ် ဘာလို့ကြိုအကြောင်းမကြားလဲဗျာ။ မြို့ပြင်ကိုထွက်ပြီးလာကြိုမှာပေါ့”

ဖာဆက်ခ်ကရယ်၍ “ ဥက္ကဌရှုကအရမ်းယဉ်ကျေးတာပဲဗျာ။ ကျွန်တော်တို့လိုအရမ်းရင်းနှီးတဲ့လူအချင်းချင်း မလိုပါဘူးဗျာ”

ရှုယီကပြုံးလိုက်သည်။ ဖာဆက်ခ်ကားလူမှုဆက်ဆံရေးကျွမ်းကျင်သူပင်ဖြစ်သည်။

နှစ်ယောက်ကြားဆက်ဆံရေးတဲ့လား လက်ရှိတော့ ပူးပေါင်းခြင်းမျှသာ။ အရင်ကစက်ငါးလုံးနှင့်ကျွမ်းကျင်လုပ်သားပို့ပေးဖူးလေသည်။ ထို့ပြင် ဒုတိယထုတ် အမြန်နှုန်းပြောင်းလဲနိုင်သည့် မှော်ပန်ကာကိုတပ်ဆင်ဖို့ကူညီဖူးလေသည်။ တယောက်နဲ့တယောက်အပြန်အလှန်ကူညီကြသည်။ ထို့ကြောင့် ဆက်ဆံရေးပြေပြစ်သည်ဟုပြောနိုင်သည်။

သို့သော် ရင်းနှီးသည်ဟုပြောနိုင်သည်လား မသေချာပေ။ စက်ငါးလုံးရောင်းသောအခါကစာချုပ်တွင်ပါသည်က ပြင်ဖို့တပ်ဆင်ဖို့လိုလာလျှင် Frestech ကုန်သည်ကြီးများအသင်းကတာဝန်ယူမည်ဟုပါလေသည်။ထို့ပြင် မနည်းသော အခကြေငွေပေးဖို့လည်းလိုလေသည်။

ထိုအရာမှ ရှုယီ တစ်ယောက်အမြတ်ကြီးမြတ်သည်ကို ဖာဆက်ခ် မသိပဲမနေ။ ခုလိုလုပ်ပေးနိုင်တာကလည်း Frestech ကုန်သည်ကြီးများအသင်းသာရှိသည်။ ထို့ကြောင့် သူဘာမျှမပြောခြင်းဖြစ်နိုင်သည်။

မည်သို့ဆိုစေ မှော်ပန်ကာသည် ဆော်လ်တန်မြို့တွင် အင်မတန်နာမည်ကြီးလေသည်။ ဖာဆက်ခ်ကုန်သည်ကြီးများအသင်းကနောက်ထပ်အဆင့်မြှင့်ထုတ်လုပ်လိုက်သော ဒုတိယမှော်ပန်ကာသည် ပထမထုတ်လုပ်သောမှော်ပန်ကာထက် အရောင်းသွက်လာသည်။ တစ်လပင်မပြည့်သေး ရွှေဒင်္ဂါးငါးရာလောက်အမြတ်ကြီးမြတ်လာသည်။

နှစ်ယောက်သားရင်းနှီးစွာစကားတွေပြောပြီးနောက် ဖာဆက်ခ်ကသက်ပြင်းချ၍ “ဥက္ကဌရှု ခုလာတာအရေးကြီးကိစ္စရှိလို့ပါ”

“ဘာများလဲ။ မေတ္တာရပ်ခံဖို့မလိုပါဘူး ပြောစရာရှိတာပွင့်ပွင့်လင်းလင်းသာပြောပါ။ လုပ်ပေးနိုင်တာဆို လုပ်ပေးရမှာပေါ့”

“ဥက္ကဌကြီးကသဘောထားပြည့်ဝပါတယ် အရင်ဆုံးဒီဟာလေးကြည့်လိုက်ပါအုံး”

ထို့နောက် သူ့ကိုစက်ရုံထောင့်သို့ခေါ်သွားလေသည်။ အိတ်ထဲမှ မှော်ပန်ကာကိုထုတ်လိုက်ပြီး

“တချက်ကြည့်ပါအုံး”

ရှုယီကအံ့သြသောအမူအယာပြလိုက်ပြီးနောက် ခေါင်းခါ၍ “ဒါကဒုတိယလှိုင်း မှော်ပန်ကာမဟုတ်လား။ ဘာကြောင့်များကြည့်စေချင်တာလဲ”

ဥက္ကဌကြီး ဖာဆက်ခ် က မှော်ပန်ကာအောက်ခြေကသ‌င်္ကေကတကိုပြ၍ “ဒါလေးကိုသေချာကြည့်ပါအုံး”

သေချာကြည့်သော် ရွှေရောင်ခြင်္သေ့ပုံကိုတွေ့၍ ထိုဟာသည် Frestech ဘရန်း မဟုတ်ပေ။

“ဥက္ကဌကြီး ဖာဆက်ခ် ကျွန်တော်သိသလောက်တော့ ခင်ဗျားတို့ကုမ္ပဏီတံဆိပ်က လင်းယုန်မဟုတ်လား”

“ဟုတ်တယ်ဗျ”

သူချက်ချင်းနားလည်သွားသည်။

“ဒီလိုဆို ဒါကခင်ဗျားတို့ကုမ္ပဏီကထုတ်တာမဟုတ်ပဲ တယောက်ယောက်ခိုးထုတ်တာပေါ့။ ထူးဆန်းလိုက်တာ ခင်ဗျားတို့ကုမ္ပဏီအပြင် ဒုတိယလှိုင်းမှော်ပန်ကာကိုထုတ်တာ နောက်ကုမ္ပဏီတစ်ခုရှိနေပြီ”

“ဟုတ်တယ် ခြင်္သေ့က လီယိုကုန်သည်ကြီးများအသင်း တို့အမှတ်အသားပဲ။ ဒီမြို့မှာ ဒုတိယအကြီးဆုံးပေါ့” ဖာဆက်ခ် လေးလေးနက်နက်ပြန်ပြောသည်။

ရှုယီ စဉ်းစားလိုက်သည်။ မှော်ပန်ကာကတော့ဘာမှထူးခြားမှုမရှိ သူတို့တံဆိပ်နဲ့မတူရုံသာဖြစ်သည်။

ထိုဟာသည်ပင် ပြဿနာဖြစ်တော့သည်။ သူတို့နှစ်ဦးထုတ်သောလက်ရာသည်တထေရာတည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖာဆက်ခ် ကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်း၏ထုတ်လုပ်‌ရေးကိုကူညီပေး၍ ဤစနစ်အတိုင်းလိုက်ထုတ်သောကြောင့်ဖြစ်သည်။ ထို‌ကြောင့် သူတို့ကြား ဘာပြဿနာမျှ မရှိပေ။

ယခု လီယိုကုန်သည်ကြီးများအသင်း ကုမ္ပဏီနဲ့ တခါမျှ စာချုပ်မချုပ်ဖူးပေ။ တစ်ခုမျှလည်းအရောင်းအဝယ်မလုပ်ဖူးပေ။

ဒီလိုဆို လီယိုကုန်သည်ကြီးများအသင်းက သူတို့နဲ့ တထေရာတည်း ဘာကြောင့်များထုတ်နိုင်ရသနည်း။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၅၅ ။ အရည်အသွေးကွားခြားချက်

“ဒီဟာကိုငါစုံစမ်းပြီးပြီ။ လီယိုကုန်သည်ကြီးများအသင်း စက်ရုံမှာ ဒီလိုစက်ငါးလုံးရှိနေတယ်။” ဖာဆက်ခ်ကထပ်ပြောလေသည်။

ရှုယီကတည်ငြိမ်စွာဖြင့် “ဖာဆက်ခ်၊ ပြောစရာရှိတာသာပွင့်ပွင့်လင်းလင်းပြောပါ”

သူ့မျက်နှာက အရင်ကလိုမပြုံးတော့ပေ။ ရှုယီကိုသာစိုက်ကြည့်နေသည်။

“ဥက္ကဌရှု စာချုပ်ထဲမှာမပါပေမယ့် တခြားကုမ္ပဏီတွေကို ဒီစက်တွေရောင်းမယ်ဆို ဘာလို့များ မပြောပါလိမ့်”

ရှုယီ မျက်‌မှောင်ကြုတ်လိုက်သည်။ ငါတို့ရောင်းတာကိုသူတို့ခွင့်ပြုချက်ယူရအုံးမှာလား။

ကမ္ဘာမြေပေါ်တွင်တော့ လုပ်ရိုးလုပ်စဉ်ဖြစ်၍ စိုင်စ်နယ်မြေနဲ့မတူပေ။

ခဏစဉ်စားလိုက်ပြီး ဖာဆက်ခ် လက်ကိုဖိ၍ဖြေသိမ့်ပေးလေသည်။ ထို့နောက် မှော်ပန်ကာကိုပွတ်ကြည့်သည်။

ခဏကြာသော် ထင်ထားသည့်အတိုင်းပင် ပြုံးလိုက်ပြီး “ဥက္ကဌကြီးဖာဆက်ခ်၊ မဖြစ်မနေ ပြောရအုံးမယ် ဒီစက်တွေကိုကျွန်တော်တို့ကုမ္ပဏီကကိုယ်တိုင်ကိုယ်ကျ အသေအချာလေ့လာထားတာပါ။ ဒီတော့ဝယ်သူရှိတာနဲ့ ရောင်းဖို့အခွင့်အရေးအပြည့်အဝရှိပြီးသားပါ” ဖာဆက်ခ် မျက်နှာပျက်သွားသည်ကို ကြည့်၍ပြုံးပြီး

“အင်း ခင်ဗျားတို့နဲ့ကျွန်တော်တို့ကလုပ်ဖော်ကိုင်ဖက်တွေဆိုတော့ ခင်ဗျားတို့ကိုမထိခိုက်ဖို့လည်း ကျွန်တော်တို့ကစဉ်းစားပေးရမှာပေါ့။ ဒီတော့ သာမာန်အခြေအနေမှာဆိုရင်တော့ ဒီစက်တွေကို တခြားလူတွေဆီမရောင်းပါဘူး”

“ဒီလိုဆို ဒီမှော်ပန်ကာနဲ့ ပတ်သက်ပြီးစာချုပ်ကရော။ ဒီဟာတွေကိုသာလုပ်နဲ့လုပ်မယ်ဆို အချိန်အတော်ကြာလိမ့်မယ် ခုတော့ သူတို့က ကျွန်တော်တို့ထက်ငွေဒင်္ဂါးဆယ်ပြားတောင်လျော့ပြီးရောင်းနေတယ်။

စက်နဲ့သာမလုပ်ဘူးဆိုရင် သူတို့ဒေဝါလီခံသွားရမှာ ကျိန်းသေတယ်။ သူတို့အဲလောက်မမိုက်ရိုင်းလောက်ဘူးလို့ထင်တာပဲ။”

“ဖာဆက်ခ်ရေ ခင်ဗျားတစ်ခုခုလွဲနေပြီထင်တယ်။ မှော်ပန်ကာကိုအတုလုပ်နိုင်မှတော့ စက်ကိုလည်းအတုလုပ်နိုင်မှာပေါ့”

“စက်ကိုအတုလုပ်မယ်ဟုတ်လား။ မဖြစ်နိုင်တာ။ ဒီစက်တွေကအင်မတန်ရှုပ်ထွေးတာ။ ဘယ်လိုလုပ်အတုလုပ်လို့ရမှာလဲ”

“အင်း ကျွန်တော်မမှားဘူးဆိုရင် ခုခင်ဗျားပြောတဲ့စက်တွေဟာ အတုတွေပဲ”

“ဒါပေမယ့်...အဲလောက်လွယ်ပါ့မလား” ဖာဆက်ခ်ကမယုံကြည်နိုင်သေးပေ။

“လွယ်တော့မလွယ်ဘူးပေါ့။ ဒါပေမယ့် မဖြစ်နိုင်တာမှမဟုတ်တာ”

ရှုယီကပစ္စည်းတစ်ခုကိုကောက်၍ အစိပ်အပိုင်းတို့ကိုဖြုတ်ပြလေသည်။

သူထင်သည့်အတိုင်းပင် အပြင်ပန်းတူရုံမက အတွင်းပိုင်းကလည်းတထေတည်းရာထဲပင်ဖြစ်သည်။

အားလုံးကိုချွတ်စက်အတုလုပ်ထားခြင်းပင်။

“ဘာများချွတ်ယွင်းချက်ရှိလဲ” ဖာဆက်ခ်ကမေးသည်။

“ပြဿနာကတော့အများကြီးပဲ။ သူတို့လတဝက်ထက်တောင် ရောင်းရမှာမဟုတ်ပါဘူး”

ဖာဆက်ခ် အံ့သြသွားသည်။ ထို့နောက်ခေါင်းညိမ့်ပြ၍

“ဟုတ်တယ် လတဝက်တောင်မရှိသေးဘူး။ ဘယ်လိုများသိတာလဲ”

မြေကြီးပေါ်က အစိပ်အပိုင်းများကိုကြည့်၍ “သူတို့ကြောင့်လေ”

“သူတို့ကြောင့်ဟုတ်လား” ဖာဆက်ခ်သည်ထိုအစိပ်အပိုင်းများကိုကြည့်၍ နားမလည်နိုင်ပေ။

“ခုလာတာ မင်းတို့ကုမ္ပဏီကထုတ်တဲ့ မှော်ပန်ကာကိုယူလာသင့်တာ”

“ယူခဲ့ပါတယ်” ထို့နောက်အိတ်ထဲကထုတ်လိုက်သည်။

ရှုယီကကြည့်လိုက်ပြီးမျက်မှောင်ကြုတ်၍ “ဥက္ကဌဖာဆက်ခ် ကျွန်တော်တို့စည်းမျဉ်းတွေကိုသေချာမလိုက်နာဘူးလား”

ဖာဆက်ခ် ဆွံ့အသွားသည်။

“လိုက်နာတာပေါ့။ ဒီဟာကို Frestech ကုန်သည်ကြီးများအသင်းကလုပ်ထားတာပဲလေ ဘာလို့မလိုက်နာရမှာလဲ”

“မတွေ့ရပါလား။” လှည့်ပတ်ကြည့်၍ Frestech ဘရန်း မှော်ပန်ကာ တစ်ခုကိုကောက်ယူလိုက်သည်။ ထို့နောက် ဖာဆက်ခ်ယူခဲ့သောဟာနဲ့ယှဉ်၍ထားလိုက်ပြီး အရွယ်အစားတူအရည်အသွေးတူ မှော်ကျောက်တုံး နဲ့နှစ်ခုလုံးကိုဖြည့်လိုက်ပြီး ခလုတ်ကိုတပြိုင်တည်းဖွင့်လိုက်သည်။

အပြာရောင်အလင်းနှစ်ခုပေါ်လာပြီး မှော်ပန်ကာနှစ်ခု၏အသွားများလှုပ်ရှားလာ၍ အသံထွက်လာသည်။

ဖာဆက်ခ် မျက်နှာကား ဇီးရွက်လောက်ထိငယ်သွားသည်။ မှော်ပန်ကာနှစ်ခုသည်အပြင်ပန်းအရတူသည်ဟုထင်ရသော်လည်း ဖွင့်လိုက်သောအခါ သိသိသာသာကွာခြားနေသည်ကိုတွေ့ရသည်။

ပထမအချက်သည်အမြင်နှုန်းဖြစ်သည်။ Frestech ဘရန်း မှော်ပန်ကာသည်ခလုတ်နှိပ်လိုက်သည်နဲ့ တစက္ကန့်ပင်မကြာ ချက်ချင်းပင် လှုပ်ရှား၍ လေအေးထွက်လာသည်။

ဖာဆက်ခ်ကုန်သည်ကြီးများအသင်းကထုတ်သော မှော်ပန်ကာကား ငါးစက္ကန့်လောက်ကြာမှ စတင်လှုပ်ရှားလေသည်။ လေအေးထုတ်ဖို့အတော်လေးစောင့်ရသည်။

နောက်တချက်သည် တည်ငြိမ်မှုဖြစ်သည်။ Frestech ဘရန်း မှော်ပန်ကာ လှုပ်ရှားမှုကိုသာမာန်မျက်လုံးဖြင့်ပင်မမြင်နိုင်။

ဖာဆက်ခ်ကုန်သည်ကြီးများအသင်း၏ မှော်ပန်ကာမှာကား နှေးသွားလိုက်မြန်သွားလိုက်ဖြင့် တစ်ခုခုကဟန့်တားနေသည့်ပမာဖြစ်သည်။ Frestech ဘရန်း မှော်ပန်ကာသည်တော့ အသံသာတည်ငြိမ်စွာထွက်ပေါ်နေသည်။ ဖာဆက်ခ်ကုန်သည်ကြီးများအသင်းကထုတ်သော မှော်ပန်ကာမှာ အသံကျယ်လောင်၍ တဂျက်ဂျက်မြည်နေသည်။

အချိန်ကြာလာသည်နဲ့ အသံကပိုကျယ်လာသည်။ အသွားသည်ပြုတ်ထွက်သွားတော့မတတ်ထင်ရလေသည်။

“ဥက္ကဌကြီးဖာဆက်ခ် ခင်ဗျားကဖောက်သည်ဆိုပါတော့ ဒီနှစ်ခုကိုခင်ဗျားရွေးရမယ်ဆိုဘယ်ဟာကိုရွေးမလဲ” ရှုယီကမေးသည်။

ဥက္ကဌကြီးဖာဆက်ခ် မျက်နှာပျက်သွားသည်။

“အင်း ခင်‌ဗျားတို့ထုတ်တဲ့ Frestech ဘရန်း မှော်ပန်ကာကိုပဲရွေးမှာပေါ့။” ထို့နောက် ချက်ချင်းပင် “ဘာကြောင့်များလဲ”

“ကျွန်တော်က ဒီကုမ္ပဏီကထုတ်တဲ့စည်းကမ်းတွေကိုအတိအကျလိုက်နာထားတာပါ။ ပြီးတော့ စက်မှာအဓိကပါဝင်တဲ့အစိပ်အပိုင်းငါးခုကိုလည်း ဒီကပဲဝယ်ထားတာလေ ဘာလို့များခုလိုဖြစ်သွားရတာလဲ”

“ဒါကရိုးရှင်းပါတယ်။ နှစ်ချက်ပဲ။ တစ်ခုကပစ္စည်းဖြစ်ပြီးနောက်တစ်ခုကအလုပ်သမား။ ကျွန်တော်ပို့လိုက်တဲ့အလုပ်သမားတွေကို အလေးမထားခဲ့ဘူးမို့လား”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ခင်ဗျားပို့လိုက်တဲ့လူငါးယောက်က ညွှန်ကြားဖို့ပို့လိုက်တာလေ ဘာလို့အရေးမကြီးရမှာလဲ။ သူတို့ရောက်လာပြီးကတည်းက သူတို့ကိုကောင်းကောင်းမွန်မွန်ပြုစုထားတာ။ အလုပ်သမားလို့တောင်သဘောမထားပါဘူး”

ရှုယီကခေါင်းခါလိုက်၍ “ခင်ဗျားအောက်ကလူတွေက‌ရောဘယ်လိုဆက်ဆံကြလဲ”

“အဲဒါတော့...”ခဏတွေဝေသွားပြီး “အရင်ကတော့တင်းတင်းကြပ်ကြပ်ပြောထားပါတယ်။ ဒီတော့ သူတို့မလုပ်လောက်ပါဘူး.. ဒါနဲ့ ပစ္စည်းကြောင့်မို့လို့ပြောထားတယ်နော်။ အဲဒါနားမလည်ဘူးဖြစ်နေတယ် သံအရည်အသွေးပေါ်မူတည်သွားလို့လား”

ရှုယီကသက်ပြင်းတချက်ချလိုက်သည်။ ဒီလူသာ သံအဓိကအမျိုးအစားပင်ဆယ်ခုရှိသည်ကိုသိသော် သူ့မျက်နှာဘယ်လိုဖြစ်သွားမည်မသိ။

စက်မှုမဖွံ့ဖြိုးသော စိုင်စ်နယ်မြေတွင် သူရှင်းပြလျှင်လည်း မည်သူမျှနားလည်မည်မဟုတ်ပေ။

စိတ်ပျက်အားလျော့စွာဖြင့်ပင် ဥက္ကဌကြီး ဖာဆက်ခ် နားလည်အောင်ဖြည်းဖြည်းချင်းရှင်းပြလေသည်။

“သံချင်းတူရင်တောင် ကွာခြားချက်ကရှိသေးတာပဲ”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၅၆ ။ မျှော်လင့်ချက်

နောက်ဆုံးတွင် ဥက္ကဌကြီးဖာဆက်ခ်သည်ကျေနပ်စွာဖြင့် ဘန်တာမြို့ကထွက်သွာ‌တော့သည်။ စိတ်ချစွာထွက်သွားနိုင်ရခြင်းသည် မှော်ပန်ကာနဲ့ပတ်သက်၍ ရှုယီကရှင်းပြသောကြောင့်သာမဟုတ်ပေ။ အခြားကျွမ်းကျင်လုပ်သားများကိုလည်းပို့ပေးမည်ဟုပြောသောကြောင့်ဖြစ်သည်။

သူ့လိုကုန်သည်ကောင်းအတွက်တော့ ကျေနပ်စရာတစ်ခုခုသည် အကျိုးအမြတ်အများကြီးရစေနိုင်သည်။

ထိုအကျိုးအမြတ်ကိုရဖို့အတွက် Frestech ကုန်သည်ကြီးများအသင်း ကုမ္ပဏီနဲ့စာချုပ်ချုပ်ခဲ့လေသည်။ အရင်ကထက်ပို၍ ကြီးလေးသောစာချုပ်ဖြစ်လေသည်။

ထိုစာချုပ်အရ သူတို့ကုမ္ပဏီကို နည်းပညာအကူအညီထောက်ပံ့ပေးမည်ဖြစ်သည်။ တချိန်တည်းတွင် ကုန်ပစ္စည်းအသစ်ထွက်တိုင်း သူတို့နဲ့အရင်ပူးပေါင်းဖို့လည်း အခွင့်အရေးရလေသည်။

ဥပမာ ယခုခရီးတွင် မှော်ကောက်ရိတ်စက်အကြောင်းကြားခဲ့ရလေသည်။ ထိုအကြောင်းနဲ့ပတ်သက်၍ တီးခေါက်ကြည့်ခဲ့လေသည်။

ရှုယီကလည်းရနိုင်သမျှသောအချက်အလက်အားလုံးပေးလေသည်။ သို့သော် ထုတ်လုပ်ရေးအပိုင်းမှာတော့ခွင့်မပြုသေးပေ။

ဖာဆက်ခ်ကမကျေနပ်သော်လည်း ရှုယီလည်းဘာမှမတတ်နိုင်ပေ။ မှော်ကောက်ရိတ်စက်သည် မှော်ပန်ကာနဲ့မတူပေ။ ဖိုထိုးခြင်းတွင်နည်းစနစ်များစွာလိုလေသည်။ လူပုလေးများသာတတ်နိုင်သောအရာဖြစ်လေသည်။

လူအစားထိုးနိုင်သောစက်ကိုသူလည်းမတီထွင်ရသေးပေ။ ထိုလူပုလေးများကိုလည်း မပေးနိုင်သေးပေ။ ထို့ကြောင့် သူလည်းဘာမျှမတတ်နိုင်ပေ။

ဥက္ကဌဖာဆက်ခ်သည်နောက်ဆုတ်ရလေပြီ။ ထို မှော်ကောက်ရိတ်စက်ကို ဆော်လ်တန်မြို့တွင် တဦးတည်းသောဖြန့်ဝေသူအဖြစ် မေတ္တာရပ်ခံလေသည်။

ထိုမေတ္တာရပ်ခံချက်ကို ရှုယီကချက်ချင်းသဘောတူလိုက်လေသည်။ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့်လည်းချက်ချင်းကြီး ဆော်လ်တန်မြို့ကိုမထိုးဖောက်နိုင်သေးပေ။ ဖာဆက်ခ်ကတဆင့် ဝင်ရောက်ခြင်းသည်သာ အကောင်းဆုံးဖြစ်လေသည်။

ဖာဆက်ခ်ကသူတယောက်တည်းသာ ဝယ်သူမည်ဟုပြောသော် လက်မခံပေ။

ဖာဆက်ခ်ကကျေနပ်မှုမရှိသော်လည်း ရှုယီ မတတ်နိုင်‌ပေ။ သူ့အတွက်တော့ ဆော်လ်တန်မြို့တစ်ခုတည်းစဉ်းစား၍မရပေ။ ဘက်ပေါင်းစုံမှစဉ်းစားရသည်။

သူသာလက်ခံလိုက်လျှင် Frestech ကုန်သည်ကြီးများအသင်း၏ထုတ်ကုန်များသည် နောက်ပိုင်းတွင် နည်းလာလိမ့်မည်။ ထို့ပြင် တိုက်ကြီးတစ်ခုလုံးကို ဖြန့်ကျက်ချင်လျှင် တခြားကုန်သည်များဤသို့တောင်းဆိုလာလျှင် ငြင်းဆိုဖို့ခက်ခဲသွားပေလိမ့်မည်။

ထိုအခါ Frestech ကုန်သည်ကြီးများအသင်းသည်နယ်ပယ်ကျဉ်းလာ၍ အခြားလူများထိန်းချုပ်ခြင်းကိုခံရလိမ့်မည်။ ထိုအရာကို ရှုယီ လက်မခံနိုင်ပေ။ ဖာဆက်ခ်သည်ဆက်လက်ကြိုးစားသော်လည်း ရှုယီကလုံးဝလက်မခံပေ။ ထို့ကြောင့် နောက်ဆုံးတွင် လက်လျော့သွားသည်။

မှော်စက်ကိုထုတ်လုပ်သောကုမ္ပဏီသည် Frestech ကုန်သည်ကြီးများအသင်း တစ်ခုသာရှိသည်။ ဖာဆက်ခ်ကလည်းအကျိုးအမြတ်ကို မြင်လေသည်။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းနဲ့ပူးပေါင်းဆောင်ရွက်မှုပျက်စီးသွားလျှင် သူပင်အကြီးအကျယ်ဒုက္ခရောက်သွားနိုင်သည်။

ထို့ကြောင့်နှစ်ရက်အကြိတ်အနှယ်ဆွေးနွေးပြီးသော် သဘောတူညီမှုရကြသည်။ ဖာဆက်ခ် တောင်းဆိုသောအတော်များများကို လက်မခံသော်လည်း ညှိနှိုင်းမှုအရ ဖာဆက်ခ်ကုန်သည်ကြီးများအသင်းသည်အကျိုးအမြတ်ရမည်ဟု စိတ်ချသွားသည့်အတွက် ကျေနပ်စွာပြန်သွားလေသည်။

သူပျော်သလောက် ရှုယီကားမပျော်နိုင်ပေ။ ဖာဆက်ခ်ကိုလိုက်ပို့ပြီးနောက် ရုံးသို့ပြန်လာသည်။ စားပွဲပေါ်က မှော်ပန်ကာကိုကြည့်ရင်း အတွေးရေယာဉ်မျောနေမိသည်။

ထို မှော်ပန်ကာသည် Frestech ဘရန်း မဟုတ် ဖာဆက်ခ်ဘရန်းလည်းမဟုတ် လီယိုကုန်သည်ကြီးများအသင်းကထုတ်သော ပစ္စည်းဖြစ်လေသည်။

အရည်အသွေးမြင့်သည်ဟုမပြောနိုင်ပေ။ Frestech ဘရန်း မှော်ပန်ကာနဲ့မယှဉ်နိုင် ဖာဆက်ခ်ကုန်သည်ကြီးများအသင်းကထုတ်သော မှော်ပန်ကာထက်ပင်ညံ့လေသည်။

နှစ်ရက်ရှိပြီဖြစ်၍ ချောင်လည်လာသည်။ အရှိန်ကုန်မောင်းနှင်ထားသော် တုန်ခါလာ၍ ပြုတ်ထွက်တော့မလို တဂျွတ်ဂျွတ်မြည်လာသည်။

ဖာဆက်ခ်ကိုယုံကြည်အောင်ပြောဖို့ ထို မှော်ပန်ကာသည်အလွယ်အသုံးဝင်သွားသည်။ ထို မှော်ပန်ကာအလုပ်လုပ်ပုံကိုကြည့်၍ ဖာဆက်ခ် စိုးရိမ်မှုတို့ပြေပျောက်သွားသည်။

သို့သော် ရှုယီကား အမှန်တကယ်စိုးရိမ်မိသည်။

အရည်အသွေးမကောင်းသော်လည်း တစုံတစ်ခုကိုဖော်ပြနေသည်။ Frestech ကုန်သည်ကြီးများအသင်းအပြင် တခြားကုမ္ပဏီတို့သည်လည်း မှော်စက်အပေါ် မျက်စိကျနေကြသည်။

စိုင်စ်နယ်မြေတွင် စက်မှုလုပ်ငန်းသည်အားပျော့၍ မှော်ပညာရှင်များသည် အဆင့်မြင့်သောကြောင့် လူအများသည် မှော်စက်အပေါ် အရေးအနက်မထားမှာစိုးရိမ်နေသည်။ အင်ဂျင်နီယာတယောက်အနေဖြင့် ၎င်းအားပျော့သောစက်မှုစနစ်ကို လက်ခံဖို့ခက်ခဲလေသည်။ ထို့ကြောင့် တိုက်ကြီးတစ်ခုလုံးတွင် ပြည့်စုံသောစက်မှုစနစ်ကြီးကို ဖန်တီးရန် အများကြီးမျှော်လင့်မိသည်။

သို့သော် ကြီးကျယ်လွန်သောကြောင့် တစ်ယောက်ထဲလုပ်၍မရနိုင်ပေ။ လူအများပါဝင်လာမှ ပြီးပြည့်စုံဖို့ဖြစ်လာနိုင်သည်။

ယခု လီယိုကုန်သည်ကြီးများအသင်း ပေါ်လာသောကြောင့် လူအများသည်မှော်စက်မှုစနစ်ကို အလေးထားလာကြောင်း သိလာရသည်။

လီယိုကုန်သည်ကြီးများအသင်းသည် ငွေရဖို့ မှော်ပန်ကာကိုထုတ်လုပ်သော်လည်း ဆက်၍ပါဝင်နေသ၍ မျှော်လင့်ချက်ရှိလာသည်။

ထိုအရာသည်လည်းအံ့သြစရာမဟုတ်ပေ။ Frestech ကုန်သည်ကြီးများအသင်းသည်နှစ်လအတွင်း မှော်ပန်ကာကြောင့် ရွှေဒင်္ဂါးတသောင်းအမြတ်ရ၍ သူတို့လည်းမနာလိုဖြစ်လာပေမည်။ ထို့ကြောင့် ဤလမ်းကြောင်းထဲသို့ ဝင်လာသည်မှာမထူးဆန်းပေ။

ရှုယီကားသူတို့ ဝင်လာသည်ကို မစိုးရိမ်ပေ။ အဘယ်‌ကြောင့်ဆိုသော် သူတို့ထုတ်ကုန်ကိုကြည့်သော် ယခုမှ ခြေလှမ်းစပြင်နေသည်ကို မြင်နိုင်သောကြောင့်ပင်။ အတုထုတ်လုပ်နိုင်သည်ကို အံ့သြမိသော်လည်း မှော်ပန်ကာကိုအကြမ်းဖျင်းသာနားလည်သေးသည်ကို မြင်နိုင်လေသည်။ ထို့ကြောင့် သူတို့ထုတ်ကုန်နဲ့မယှဉ်သာသေးပေ။

ရုတ်တစ်ရက် မှော်ပန်ကာအောက်ခြေကို လှမ်းကိုင်ကြည့်သည်။

“မှော်အစီအရင် သုံးပုံကိုကြည့်ရတာ ဝယ်လာ လက်ရာပဲ။ လော့တီပြောပုံအရ ရမ်တို့သွားတဲ့ကုမ္ပဏီက လီယိုကုန်သည်ကြီးများအသင်းပဲ။”

ရုတ်တစ်ရက်ပြတင်းပေါက်ကတဆင့် ဆော်လ်တန်မြို့ရှိရာ အရှေ့မြောက်ထောင့်သို့ကြည့်လိုက်သည်။ “မှော်စက်သုတေသနအရပြောရရင် ငါတို့ကုမ္ပဏီကပိုကောင်းတယ်။ ဝယ်လာက လီယိုကုန်သည်ကြီးများအသင်းကိုရွေးရတာက ရမ်ကငါ့လက်အောက်မှာမလုပ်ချင်မှာစိုးလို့နေမယ်။ ခီမီရော့ကတော့....”

သက်ပြင်းတချက်ရှိုက်လိုက်သည်။ စားပွဲပေါ်က မှော်ပန်ကာကိုကြည့်လိုက်ပြီး ပြုံးပန်းဆင်လာသည်။

“အောင်မြင်မှုကိုဖြတ်လမ်းကလိုက်ချင်လို့ဒီကုမ္ပဏီကိုရွေးမှတော့ ကံဆိုးခြင်းနဲ့ထိုက်တန်ပါတယ်လေ”

“ဂျွတ်...”

စားပွဲပေါ်က မှော်ပန်ကာ သည် ရုတ်တစ်ရက်လှုပ်ရမ်းလာပြီး လဲကျသွား၍ နားကွဲမတတ်အသံကြီးထွက်လာခဲ့သည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၅၇ ။ ကြော်ငြာအသစ်

စက်တင်ပါနောက်ဆုံးပတ်ရောက်နေပြီဖြစ်ကာ နွေရာသီအပူလှိုင်းတို့တဖြည်းဖြည်းပျောက်ကွယ်သွားလေပြီ။ လေအေးတို့ပင် တချက်တချက် ဝှေ့လာသည်။

လမ်းဘေးသစ်ပင်ပေါ်က ရွက်ဟောင်းတို့ဝါရင့်လာသည်။ လေတချက်ဝှေ့လိုက်သည်နဲ့ သစ်ရွက်တို့လွင့်စဥ်ကျလာသည်။

သို့သော် ဤမျှ အေးမြသောရာသီဥတုတွင် ဖရီးမန်းသည်ချွေးတလုံးလုံးဖြင့်ဖြစ်နေသည်။ ရှပ်အင်္ကျီတစ်ခုလုံး ချွေးတို့စိုရွှဲနေပြီး နေရခက်လှသည်။

သို့သော် တခြားရွေးခြယ်စရာမရှိပေ။ ကီလိုမီတာသုံးဆယ်မျှဝေးသော အိုင်ရီလန်မှ ဘန်တာမြို့သို့ ဂျုံ‌ပေါင်နှစ်ရာအိတ်သယ်လာသည့်အတွက် ဤမျှချွေးထွက်သည်မှာမဆန်းပေ။

တကယ်တော့သူဒီလိုလုပ်ဖို့မလိုပေ။ ရိတ်သိမ်းချိန်ရောက်ပြီးကတည်းက ဘန်တာမြို့မှ McGrady ကုန်သည်ကြီးများအသင်းသည် ထိုရွာသို့ လူလွှတ်၍ အဝယ်တော်ပို့ထားသည်။ ထိုရွာမှ ဂျုံအများစုကို သူတို့ဝယ်ထားပြီးဖြစ်သည်။

အရင်နှစ်ကသူလည်း ရောင်းဖူးသည်။ သို့သော် ယခုနှစ်တော့ သူကိုယ်တိုင်သွားရောင်းဖို့ ဆုံးဖြတ်လိုက်သည်။

သူ့အကြောင်းပြချက်ကရိုးရှင်းသည်။ သူ့ရွာတွင်ရောင်းလျှင် တပေါင်ကို ဘန်တာမြို့ထက် ကြေးဒင်္ဂါးသုံးပြားလျော့လေသည်။

ပေါင်နှစ်ရာဆိုလျှင် ငွေဒင်္ဂါးခုနှစ် သို့မဟုတ် ရှစ်ပြားလောက်ကွာလေသည်။

ဘန်တာမြို့ကသူ‌ဌေးများအတွက်တော့ ထိုငွေပမာဏ မြေ‌ပေါ်ကျသွားလျှင်တောင် ပြန်ကောက်မည်မဟုတ်ပေ။ အိုင်ရီလန်ရွာကလူများလည်းဂရုစိုက်မည်မဟုတ်။ ထို့ကြောင့်လည်း McGrady ကုန်သည်ကြီးများအသင်းဆီရောင်းချခြင်းဖြစ်သည်။

သို့သော် ကလေးသုံးယောက်နဲ့ငတ်ပြတ်နေသော ဖရီးမန်းလိုဆင်းရဲသားအတွက်တော့ ထိုငွေပမာဏသည် အင်မတန်များလွန်းလှသည်။ တခြားရွာသားများက တမင်သက်သက်ဒုက္ခခံသည်ဟုထင်ကြသည်။ သူကား မရမကသွားရောင်းလေသည်။

လေအေးတချက်တိုက်လာ၍ ပိုလန်းဆန်းလာသည်။ လှည်းကိုခဏရပ်၍ တဘက်နဲ့ချွေးသုတ်လိုက်သည်။ ထို့နောက်ခဏနားလိုက်သည်။

ဘန်တာမြို့အုတ်ရိုးကိုမြင်နေရပြီဖြစ်၍ အလျင်စလိုမလိုတော့ပေ။ ချွေးသုတ်ပြီးနောက်မော့ကြည့်လိုက်သော် မြို့ပြင်တနေရာဆီမျက်စိရောက်သွားသော် အံ့သြစွာဖြင့် ဟာခနဲဖြစ်သွားသည်။

ထိုနေရာတွင် တချိန်လုံးရှိနေခဲ့သော ဧရာမနာမည်ကျော်ဆိုင်းဘုတ်တစ်ခုရှိလေသည်။ ထိုမြို့မှလူတွေသာမက သူ့လိုရွာသားတယောက်ပင် ထိုကုမ္ပဏီကိုသိလေသည်။ မြို့ကိုရောက်တိုင်း ထိုနေရာကိုမကြည့်ပဲမနေနိုင်။

ဆိုင်းဘုတ်ပေါ်က လှပကျော့ရှင်းသောကောင်မလေးကို ကြည့်နေမိရုံကလွဲ၍ဘာမျှရှိဦးမည်နည်း။ သို့သော် ယခုတော့ ပြောင်းလဲသွားလေပြီ။

ကောင်မလေးပုံအပြင် Frestech ဘရန်း မှော်ပန်ကာပုံလည်းပါနေသည်။

တခါကြည့်ရုံဖြင့် စိတ်ဝင်စားသွားလေသည်။

ကောင်မလေးကိုစွဲလန်းမိသွားသလို ထို Frestech ဘရန်း မှော်ပန်ကာကိုလည်းစွဲလန်းသွားသည်။ သူချမ်းသာလာတဲ့တနေ့ ထိုဟာကိုဝယ်သုံးမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုအခါမှသာ အိမ်ကကလေးသုံးယောက် နွေခေါင်ခေါင်တွင် အေးမြမြနေရပေလိမ့်မည်။

ထိုဆိုင်းဘုတ်ကိုသေချာကြည့်သော် ကောင်မလေးတယောက်အပြင် နောက်ထပ်နှစ်ယောက်ထပ်တိုးလာပြန်သည်။

ထိုနှစ်ယောက်သည်အရင်တစ်ယောက်လောက်မချောမလှသော်လည်း အတော်လေးလှပသည်။ တစ်ယောက်သည်မြူးကြွနေပုံပေါက်၍ နောက်တစ်ယောက်သည်သိမ့်မွေ့နူးညံ့ပျော့ပျောင်းအသွင်ဆောင်၍ ခံစားချက်နှစ်မျိုးရစေသည်။

သုံးယောက်လုံးသည်စားပွဲတွင်ထိုင်နေပြီး ဟင်းပွဲများကိုထောက်သော် စားဖို့ရန်ပြင်နေသည့်ပုံ။ သို့သော် စားပွဲအလယ်တွင် ထူးဆန်းသောသံအိုးဝိုင်းတစ်ခုရှိနေသည်။ မြုးကြွကြွကောင်မလေးတယောက်က ယောင်းမနဲ့ခူးခပ်ရန်ပြင်ဆင်နေသည်။

“ဒါဘာများလဲ” ဖရီးမန်း နားမလည်နိုင်စွာဖြင့်ငေးကြည့်နေသည်။ ခဏစဉ်းစားလိုက်ပြီး” အရင်ကကြော်ငြာက မှော်ပန်ကာအတွက် ခုကလည်းကြောငြာပဲ။ ဒါပေမယ့် အဲဒါကဘာကြီးလဲ။ အထဲမှာဘာလို့ထမင်းပါနေတာလဲ”

ပုံပေါ်တွင် စာကြောင်းနှစ်ကြောင်းပါလေသည်။ သို့သော် သူသည်စာမဖတ်တတ်။ နောက်ဆုံးလမ်းသွားလမ်းလာပညာတတ်ပုံရသော လူလတ်ပိုင်းအရွယ်တယောက်ကိုတွေ့လေသည်။

“ဟိုစာကဘာရေးထားတာလဲဗျ” ထိုလူက သူလက်ညှိုးညွှန်ရာကြည့်လိုက်ပြီး “အိုးဒါလား။ ဒါကနှစ်ရက်လောက်ကမှတင်သွားတဲ့ကြော်ငြာအသစ်ကိုး။ သူတို့ရဲ့ထုတ်ကုန်သစ် မှော်ထမင်းပေါင်းအိုးကြော်ငြာလေ”

“မှော်ထမင်းပေါင်းအိုးဟုတ်လား။ ပုံထဲကလိုလုံးလုံးကြီးလား။ ဘာအတွက်သုံးတာလဲ”

“ နားမလည်သေးဘူးလား။ အထဲကထမင်းကိုကြည့်လိုက်လေ။ ထမင်းချက်ဖို့‌ပေါ့”

ထို့နောက်စာတလုံးချင်းစီကိုဖတ်ပြလေသည်။

“စာနှစ်ကြောင်းရေးထားတာ တကြောင်းကတော့ ‘Frestech ဘရန်း မှော်ထမင်းပေါင်းအိုး ထမင်းဖြူသန့်သန့်စားကြစို့’ နောက်တကြောင်းက ‘ကျန်းမာသောဘဝဆောင်ကျဉ်းဖို့ ထင်းမီးခိုးကိုဖယ်ထားကြစို့’ နားလည်ပြီလား”

“နားမလည်သေးဘူးဗျ”

ထိုလူကမျက်စောင်းထိုးလိုက်ပြီး “ဘာများနားမလည်စရာရှိလို့လဲ။ ဒီမှော်ထမင်းပေါင်းအိုးကိုသုံးမယ်ဆို ထင်းသုံးစရာမလိုပဲ ထမင်းချက်လို့ရပြီပေါ့။ မြန်လည်းမြန်မယ် မီးခိုးလည်းမထွက်တော့ဘူး။ ဘယ်လိုလဲ အဆင်မပြေပေဘူးလား”

“ထင်းမသုံး‌ဘူးဟုတ်လား။ ဘယ်လိုကျက်မှာလဲ” ဖရီးမန်း အံ့သြတကြီးမေးသည်။

ထိုလူကတဟားဟားရယ်၍ “အင်း ခင်ဗျားကနားချေးမပေါက်သေးပုံပဲ။ ထားလိုက်ပါ ကိုယ်တိုင်မတွေ့ရပဲ နားလည်မှာမဟုတ်ဘူး။ ဒီတော့ စိတ်ဝင်စားသပဆိုရင် တစ်ခုလောက်ဝယ်စမ်းကြည့်။ ကျွန်တော်လည်း ထွက်ထွက်ချင်းပဲတစ်ခုဝယ်ထားတာ ခုဆို မိန်းမက ထမင်းချက်ရတာပိုလွယ်သွားပြီ”

ထိုလူသည်တဟားဟားရယ်၍ထွက်သွားလေသည်။ ဖရီးမန်း နားမလည်သေးပဲ ခေါင်းတခါခါဖြင့်ကျန်ရစ်ခဲ့သည်။ ထိုမှော်ထမင်းပေါင်းအိုးကောင်းသည်ပင်ဖြစ်စေ သူမတတ်နိုင် သူ့အတွက်လည်းအသုံးဝင်မည်မဟုတ်။

ခုတော့ သူလည်းအမောပြေသွားပြီဖြစ်၍ ခရီးဆက်ခဲ့တော့သည်။

နာရီဝက်လောက်ကြာသော် McGrady ကုန်သည်ကြီးများအသင်း ကုမ္ပဏီသို့ရောက်လာသည်။ ရောင်းဝယ်နေသော လူအုပ်ကြီးနောက်ကလိုက်လာ၍ ရောင်းစျေးစွံ့သွားသည်။ ရွှေဒင်္ဂါးနှစ်ပြား ငွေဒင်္ဂါးသုံးဆယ့်ခုနှစ် ကြေးဒင်္ဂါးခုနှစ်ဆယ့်ခြောက်ရလေသည်။

ခက်ခက်ခဲခဲဖြင့်ရခဲ့သောငွေကိုကျစ်ကျစ်ပါအောင်ဆုပ်၍ ဘေးကစားသောက်ဆိုင်ကို တံထွေးတမျိုမျိုဖြင့် ကြည့်နေမိသည်။ အိမ်ကမိန်းမထည့်ပေးလိုက်သော နှမ်းကိတ်ကိုထုတ်၍ ကုမ္ပဏီကပေးသောရေအေးဖြင့် မနက်စာကို ပြီးရတော့သည်။

ရေတငုံသောက်၍ နှမ်းအိတ်စားဖို့ပြင်နေသည်တွင် ဘေးကလူနှစ်ယောက်၏ တကြော်ကြော်စကားပြောသံကိုကြားရသည်။

“ဟေး Frestech ကုန်သည်ကြီးများအသင်းရဲ့ အစားပုတ်ဘုရင်ပြိုင်ပွဲကို ဝင်ပြိုင်မလို့လား”

“အေးဟုတ်တယ် ဒါပေမယ့် ငါကသုံးခွက်ထဲစားနိုင်တာ”

“သုံးခွက်ဟုတ်လား နည်းလှချေလား ငါဆိုငါးခွက်အပြည့်စားနိုင်တယ်”

“ငါးခွက်ထဲနဲ့ အရင်ပြိုင်ပွဲက ဆုရတဲ့လူဆို ကိုးခွက်တောင်ကုန်တယ်။ မှော်တမင်းအိုးသုံးအိုးကိုအကုန်သူပဲစားလိုက်တာ”

“စွမ်းလှချေလား။ ဒီလူဝက်ပဲဖြစ်ရမယ်”

“ငါလည်းဘယ်လိုသိမလဲ”

ဖရီးမန်း အရမ်းစိတ်ဝင်စားသွားသည်။ သေချာစူးစိုက်နားထောင်နေမိသည်။ အစားပုတ်ဘုရင်ပြိုင်ပွဲဆိုပါလား။ ဘယ်လိုများလဲ။

ထိုကုမ္ပဏီတွင်အလုပ်လုပ်နေသော တစ်ယောက်သောဆီက စုံစမ်းသိရှိလာသည်။ မနက်ကတည်းက အစားနိုင်ဆုံးဘယ်သူလဲသိဖို့ Frestech ကုန်သည်ကြီးများအသင်းက ကျင်းပနေခြင်းဖြစ်သည်။

မည်သူမဆိုပါဝင်နိုင်လေသည်။

ထိုပြိုင်ပွဲတွင် ကြိုက်သလောက်စားနိုင်လေသည်။ အများဆုံးစားနိုင်သောသူသည် ချန်ပီယံဖြစ်လိမ့်မည်။

တစ်ရက်လုံးကျင်းပမည်ဟုသိရသည်။ အနိုင်ရသူသည် မှော်ထမင်းပေါင်းအိုးကိုရရုံမက ကုမ္ပဏီကထုတ်ပေးသော အထူးအဖွဲ့ဝင်ကဒ်လည်းရပေလိမ့်မည်။ ကုမ္ပဏီကထုတ်လုပ်သော ဘယ်ထုတ်ကုန်ကိုဝယ်ဝယ် စျေးသက်သက်သာသာရလိမ့်မည်။

ဖရီးမန်းကား ဘာဆုလာဘ်မျှမမက်မော အလကားစားရဖို့ကိုသာစိတ်ဝင်စားနေသည်။

သူ၏နှမ်းကိတ်ကိုတချက်ကြည့်၍ ပြန်ထုပ်လိုက်ပြီး သိမ်းထားလိုက်သည်။ ထို့နောက် ပြိုင်ပွဲနေရာကိုမေး၍ ခြေကုန်သုတ်ခဲ့တော့သည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၅၈ ။ အစားပုတ်ဘုရင်ပြိုင်ပွဲ

ဖရီးမန်း တယောက်စျေးသို့ရောက်သို့အခါ လမ်းတစ်ခုလုံးသည် လူအုပ်ကြီးဖြင့်ပြည့်နှက်နေလေပြီ။ သြဘာပေးသံများကိုလည်းကြားရသည်။

သူလိုသန်မာတဲ့လူပင် အတော်တိုးရလေသည်။ လူအုပ်ကြီးအလယ်တွင် စားပွဲများချထား၍ ဆယ်ယောက်လောက်ကဝိုင်း၍နေရာယူထားလေသည်။ တယောက်ချင်းစီရှေ့တွင် မှော်ထမင်းပေါင်းအိုးတလုံးစီရှိသည်။

ထိုအိုးထဲတွင် မွှေးရနံ့သင်းနေသော ထမင်းဖြူအပြည့်ဖြစ်လေသည်။ ဆယ်ယောက်လုံးသည် သူတို့မျက်နှာလောက်ရှိသောအိုးများကိုကိုင်၍ အသင့်အနေအထားဖြစ်နေသည်။

ပြိုင်ပွဲသည်စကာစနဲ့တူလေသည်။ ဆယ်ယောက်လုံးသည် မြန်မြန်စားပစ်လိုက်သည်။ မကြာပါ ဆယ်အိုးလုံးပြောင်သွားသည်။ သို့သော် နှစ်အိုးမြောက်ရောက်သော် အရှုံးအနိုင်သိသာလာသည်။

သုံးယောက်သည် တဝက်လောက်သာစား၍ လက်လျော့လိုက်ကြသည်။ မကြာပါ အခြားနှစ်ယောက်လည်း အရှုံးပေးသွားသည်။ ငါးယောက်တွင် နှစ်ယောက်သည် စားနိုင်သေးသည်ပုံပေါက်၍ ကျန်သုံးယောက်သည် လုံးဝဗိုက်ပြည့်နေသယောင်ရှိသည်။

ထင်ထားသည့်အတိုင်းပင် သုံးယောက်သည် သုံးခုမြောက်အိုးကို အနည်းငယ်သာစားနိုင်၍လက်လျော့လိုက်ကြသည်။ ကျန်နှစ်ယောက်သည်ကား ခဏနဲ့အပြီးသိပ်လိုက်ကြသည်။ နှစ်ယောက်သည် ကိုယ်မသာသူအသုဘ အကြိတ်အနှယ်ဖြစ်နေ၍ ပရိသတ်စိတ်လှုပ်ရှားလာသည်။ အုတ်အုတ်ကြွတ်ကြွတ်ဖြင့် အုတ်အော်သောင်းနင်း အင်တိုက်အားတိုက် ဝိုင်းဝန်းအားပေးကြလေသည်။

ငါးခုမြောက်အိုးကို တဝက်လောက်ကုန်သော် တယောက်သည်ဆက်၍မစားနိုင်တော့ပေ။ အခြားတယောက်ကဖြည်းဖြည်းချင်းအကုန်စားနေစဉ် သူသည် ပါးစပ်ထဲမှ အန်ထုတ်လာသည်။ နောက်ဆုံးပွဲသိမ်းသွားသည်။ လူငယ်တယောက်ထွက်လာ၍ နိုင်သူကို ဂုဏ်ပြုသည့်အနေဖြင့် မှော်ထမင်းပေါင်းအိုးတလုံးဆုချလေသည်။

ဖရီးမန်းကသူ့ဘေးကလူကို ကြောင်တောင်တောင်ဖြင့်မေးသည်။ “နောက်ဆုံးနိုင်တဲ့လူကမှ မှော်ထမင်းပေါင်းအိုးကိုရမှာမဟုတ်လား။ ဒါကနောက်ဆုံးယှဉ်ပြိုင်ပွဲလား”

ထိုလူက သူ့ကို မချိုမချဉ်ကြည့်၍ “Frestech ကုန်သည်ကြီးများအသင်းကအဲလောက်ကလေးကလားဆန်ပါ့မလား။ ဘယ်ပြိုင်ပွဲနိုင်နိုင် မှော်ထမင်းရမယ်။ နောက်ဆုံးအနိုင်ရသူက မှော်ထမင်းတင်မကဘူး အထူးဆုပါရအုံးမှာ ဘာလဲ ခင်ဗျားကပါမလို့လား”

သူခေါင်းညိမ့်ပြသည်။ ပွဲတာဝန်ခံလူငယ်က နောက်ပြိုင်ပွဲကိုစတော့မည်ဖြစ်ကြောင်းကြေညာလေသည်။ ဖရီးမန်းလည်း ရှေ့ကိုမြန်မြန်တက်ပြီး စားပွဲတွင်ထိုင်လိုက်သည်။

လူအများမျက်နှာတွင် မယုံသင်္ကာမျက်လုံးများတွေ့သော် သူနည်းနည်းစိတ်အားငယ်သွားသည်။

ခဏကြာသော် ဆယ်ယောက်စုမိ၍ မှော်ထမင်းပေါင်းအိုးဆယ်လုံးလာချပေးသည်။

ထို့နောက် အဖုံးကိုလှပ်လိုက်လေသည်။ ဖွင့်လိုက်လျှင်ပင် မွှေးရနံ့သည် နှာခေါင်းသို့လာတိုးသည်။

ဖရီးမန်းလည်းတဝကြီးရှုချလိုက်သည်။ သူ့ဗိူက်ကလည်းဆာလွန်း၍ တကွိကွိ မြည်နေသည်။

မှော်ထမင်းပေါင်းအိုးက အတော်ကောင်းလှသည်။ ထိုအိုးထဲဆန်ထည့်ရေထည့်၍ ချက်ပြုတ်တာ သူအရင်ကမြင်ဖူးသည်။ အိမ်ကအိုးထက်ချက်တာထက် ပိုမွှေးလေသည်။

ဒိုင်လူငယ်ကအချက်ပေးလိုက်သည်နဲ့ သူ့ရှေ့ကခွက်ထဲသို့ ယောင်းမနဲ့ ခူးခပ်ထည့်လေသည်။ နှစ်ခါလောက် မှုတ်လိူက်ပြီး ပါးစပ်နဲ့အပြည့် မြိုချလိုက်သည်။

မနက်ကတည်းက ရေနည်းနည်းသာသောက်ခဲ့ရ၍ ဘာမျှမစားရသေး။ ဤမျှဝေးလှသောခရီးကို ပေါင်နှစ်ရာလောက်ရှိသောဂျုံအိတ်ကို ထမ်းလာရသည်မှာ အတော်ပင်ပန်းလှသည်။

သူ့ဗိုက်ထဲတွင် ဘာအစာမျှမရှိတော့၍ ထမင်းကိုအသာထား မြက်ရိုင်းပင်မချန် စားပစ်နိုင်သည်။ သူ့ရှေ့ကခွက် အဲလောက်မြန်မြန်ကုန်သွားသည်ကို ပရိသတ်သည် မှင်သေ၍ ကြောင်တောင်ငေးကြည့်နေသည်။

နောက်တခွက်ထပ်ထည့်၍ စားသော် ဒိုင်လူငယ်ကဝင်တားလေသည်။

“ဘာလဲ စားလို့မရဘူးလား” ဖရီးမန်းသည်စိတ်ပျက်စွာဖြင့် ထိုလူငယ်ကို ကြည့်လိုက်သည်။

အဲလက်စ် နှာဖူး‌ပေါ်တွင် ချွေးစီးများကျလာသည်။ မနက်ကတည်းကပြိုင်လာစဉ် လူအယောက်တရာ အဖွဲ့ဆယ့်သုံးဖွဲ့တွင် သူ့လောက်စားနိုင်သူ တယောက်မျှမတွေ့ခဲ့ပေ။

သူသာဆိုလျှင် တစ်ရက်စားလျှင်ပင် ကုန်မည်မဟုတ်။ ထိုလူကားမျက်တောင်တချက်အတွင်းတွင်ကုန်အောင်စားပစ်သည်။ သူ့ပါးစပ်နှင့်အစာအိမ်ကိုဘာနဲ့လုပ်ထားလဲမသိ။

“မဟုတ်ဘူး။ မစားခိုင်းတာမဟုတ်ဘူး။ ခဏစောင့်စေချင်လို့ပါ။ ဒီလိုမှရေရတာပိုလွယ်သွားမှာပေါ့” အဲလက်စ်ကပြုံး၍ ရှင်းပြလေသည်။

“အိုး....” ခွက်ကိုချ၍ သူ့ဘေးကလူတွေကို “ မြန်မြန်စားကြပါဗျ မနိုင်ချင်ကြဘူးလား”

ကိုးယောက်လုံးသည် အားငယ်စွာဖြင့် တယောက်ကိုတယောက်ကြည့်လိုက်ကြသည်။ သူတို့နိုင်ချင်ကြသည် သို့သော် သူစားတာကြည့်၍ နိုင်ဖို့မျှော်လင့်ချက်ရှိပါအုံးမလား။ နှစ်ယောက်သည်ချက်ချင်းထ၍ လက်လျော့ထွက်သွားကြသည်။

ကျန်ခုနှစ်ယောက်သည် စိတ်မပါတပါဖြင့်စားလိုက်ကြသည်။

တိမ်လွှာကို မုန်တိုင်းကလွင့်စင်အောင်တိုက်လိုက်သလို ဒုတိယခွက်ကို ဖရီးမန်း စားသည်မြင်သော် ကျန်ခုနှစ်ယောက်သည် စားချင်စိတ်ပင်မရှိတော့။ နိုင်ဖို့လမ်းလုံးဝမရှိတော့ပေ။

ထို့ကြောင့် နှစ်ခွက်သာစားရပြီး သူပင်အနိုင်ရသွားတော့သည်။ အခြားလူများထွက်သွားသည်ကိုကြည့်၍ သိချင်စိတ်ဖြစ်လာသည်။

“ဟေး ဘာလို့အကုန်လုံးထွက်သွားရတာလဲ။ ဒီထမင်းကဒီလောက်အရသာရှိတာ နည်းနည်းလောက်စားကြပါအုံးလား”

အားလုံးအံ့သြဆွံ့အသွားသည်။ သူတို့သည် ပြိုင်ပွဲတလျှောက်လူအများကြီးကိုတွေ့ခဲ့သည်။ သို့သော် သူ့လောက်စားနိုင်သူကို မတွေ့သေး။

အဲလက်စ်သည် ငိုရမလို ရယ်ရမလို မျက်နှာဖြင့် မှော်ထမင်းပေါင်းအိုးကို ဖရီးမန်း ရှေ့ချပေးလေသည်။ မျက်နှာတည်ကြည်အောင်ထားပြီး “ဆရာ ဂုဏ်ယူပါတယ်။ ဒီမှော်ထမင်းပေါင်းအိုးကဆုလာဘ်ပါ ကျေးဇူးပြု၍ လက်ခံပေးပါ။ နာမည်လေးတဆိတ်လောက်ချန်ထားခဲ့ပြီး ခြောက်နာရီမှာ ဗိုလ်လုပွဲကိုလာပြိုင်ပါလားခင်ဗျာ”

ဖရီးမန်းလည်းသူ့ရှေ့ကမှော်ထမင်းပေါင်းအိုးကိုငေးကြည့်နေသည်။ နှစ်ခွက်ပဲစားရသေးသည် ဆုရသည်တဲ့လား။ ကောင်းလိုက်တဲ့အခွင့်အရေး။

သို့သော် ကံကောင်ခြင်းတွေသည်မကုန်သေးပေ။ နေ့လည်ပိုင်းတွင် မြို့ထဲသွား၍ လုပ်စရာရှိတာလုပ်ပြီး ငွေဒင်္ဂါးသုံးပြားလက်ခံ၍ ပြိုင်ပွဲသို့သွားလေသည်။ နောက်ဆုံးတွင် ဆယ့်သုံးခွက်စားပြ၍ ပွဲသိမ်းလိုက်တော့သည်။ အားလုံးလည်း အံ့သြတကြီးဖြင့် သြဘာပေးကြသည်။

ထိုအောင်မြင်မှုကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရှုယီနဲ့တွေ့ဆုံရန် အဲလက်စ်က ဦးဆောင်ခေါ်သွားလေသည်။ ရှုယီသည်သူ့ကိုခြုံကြည့်ပြီးနောက် မျက်လုံးက ဝမ်းဗိုက်ဆီရောက်သွားသည်။

ဆယ့်သုံးခွက်စားထားသည်ဟု အဲလက်စ် ပြောထား၍သိရသည်။ သို့သော် ဗိုက်ကအရမ်းကြီးပြူထွက်မနေ။ ဒီလောက်ထမင်းတွေကို ဘယ်နားများသိုထားဘာလိမ့်။

“ဒါသဘာဝအစွမ်းပဲလား။” သူ့ကိုယ်သူရေရွတ်မိသည်။ ထို့နောက်မျက်နှာကိုတည်ကြည်လိုက်ပြီး “ဟိုင်း ကျွန်တော်ကတော့ ရှုယီ ပါ။ ခင်‌ဗျားက ဖရီးမန်း မဟုတ်လား။ အိုင်ရီလန်ရွာကလာတာလို့ကြားတယ် ဟုတ်ရဲ့လား”

ရှုယီ ငယ်ရွယ်လှသည်ကိုတွေ့သော အံ့အားသင့်သွားသည်။ သို့သော် Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌဖြစ်၍ နည်းနည်းကြောက်ရွံ့မိသည်။

“ဟုတ်ပါတယ် ကျွန်တော်က အိုင်ရီလန်ရွာကပါ။ ကျန်တော်က စားချင်စိတ်ကြီးရုံပါ.....”

ရှုယီကရယ်၍ “ပြောစရာမလိုပါဘူး သိပြီးသားပါခင်ဗျာ”

ဖရီးမန်း တယောက်မနေတတ်မထိုင်တတ်ဖြစ်သွား၍ မျက်နှာနီမြန်းသွားသည်။

“ကောင်းပြီ ခင်ဗျားကဗိုလ်လုပွဲနိုင်ထားတော့ စည်းမျဉ်းအတိုင်း အထူးဆုပေးရမှာပေါ့။ မ‌ပေးခင် တစ်ခုလောက်မေးလို့ရမလားဗျာ”

“ဟုတ် ရပါတယ် ဥက္ကဌ ကြိုက်တာမေးပါ”

“ ဟားဟား ကြောက်စရာမလိုပါဘူး တည်တည်ငြိမ်ငြိမ်ပဲ သေချာစဉ်းစားပြီးဖြေပါ”

ရှုယီ ခဏရပ်လိုက်သည်။ ဖရီးမန်း တယောက်စိတ်မခြောက်ခြားပဲမနေနိုင်သည်ကို ကြည့်ရုံဖြင့်သိနိုင်လေသည်။

“သေချာနားထောင်နော် ဒီမေးခွန်းကရွေးစရာရှိပါတယ်။ ကဲ နှစ်ဆုထဲကတစ်ခုကိုရွေးရမယ်။ တစ်ခုက ရွှေဒင်္ဂါးငါးဆယ်....”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၅၉ ။ ထုတ်ကုန်များကိုရှင်းထုတ်ခြင်း

“ရွှေဒင်္ဂါးပြားငါးဆယ် များလှချေလား” ဖရီးမန်း အံ့အားသင့်စွာဖြင့်မတ်တတ်ရပ်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် တကိုယ်လုံးတုန်ရီနေသည်။

ဆုလာဘ်ကမြင့်မည်ဟုထင်ထားခဲ့သော်လည်း ယခုလောက်များလိမ့်မည်ဟု ထင်မထားခဲ့။ သူ့လိုဆင်းရဲသားအတွက်တော့ ထိုငွေပမာဏသည် ဆင်းရဲတွင်းကလွတ်အောင်စွမ်းဆောင်နိုင်လေသည်။

ဆန်ကာပေါက်ဖြစ်နေသော အမိုးကိုပြင်နိုင်ရုံမက သူ့အိမ်ကပရိဘောဂတခုလုံးကိုလည်း ပြောင်းလဲပစ်နိုင်သည်။ ထို့ပြင် ချစ်ဇနီးအတွက် အင်္ကျီသစ်နှစ်ထည်ပင်ဝယ်နိုင်သေးသည်။ သူ့ကလေးများအတွက်တော့ ကစားစရာမျိုးစုံဝယ်ခဲ့လေသည်။

ရှုယီသည်သူ၏ပျော်ရွှင်နေသောမျက်နှာကိုကြည့်၍ ဘာမှမပြောပဲ ကြည့်နေလိုက်သည်။

အဲလက်စ် ပြောကြားချက်အရ ထို့ပြင် အဝတ်အစားကိုကြည့်၍ ဒီလူဘယ်လောက်ဆင်းရဲတွင်းနက်နေကြောင်း သိနိုင်လေသည်။ သူ့အတွက် ရွှေဒင်္ဂါးငါးဆယ်က ဘာမှမဟုတ်သော်လည်း ထိုလူအတွက်တော့ သိန်းထီပေါက်သည်နဲ့တူလှသည်။

ရှုယီ ကိုယ်တိုင်လည်း စိုင်စ်ကိုစရောက်သောအချိန်က ငတ်မွတ်ခဲ့ရသည်မှာသေမတတ်ပင်ဖြစ်ခဲ့သည်။

ထိုအချိန်ကသာ တယောက်ယောက်က သူ့ကိုရွှေဒင်္ဂါးငါးဆယ်သာပေးခဲ့လျှင် သူလည်း ဖရီးမန်းလိုအပျော်ကြီးပျော်ခဲ့မိပေမည်။ ခဏကြာသော် ဖရီးမန်း တည်ငြိမ်လာသည်။ ထို့နောက် ရှုယီ ကိုကြည့်လိုက်ပြီး ခက်ခဲစွာဖြင့် လည်ချောင်းကဆို့တက်တက်ဖြစ်နေသောတံထွေးကိုမြိုချလိုက်ပြီး “ဆရာ တကယ်ပဲပေးတာလား။ လိမ်နေတာတော့မဟုတ်ပါဘူးနော်။ ရွှေဒင်္ဂါးငါးဆယ်တကယ်ရမှာပေါ့ ဟုတ်လား”

ရှုယီကခေါင်းညိမ့်ပြ၍ “သေချာတာပေါ့။ ခင်ဗျားက ဘန်တာမြို့ကဆိုတော့ Frestech ကုန်သည်ကြီးများအသင်းကိုသိမှာပေါ့။ ကျွန်တော်တို့ကုမ္ပဏီအဖတ်ဆယ်လို့မရအောင် ဒီငါးဆယ်လေးနဲ့လဲပါ့မလား”

“နိုးနိုးနိုး အဲလိုမဟုတ်ပါဘူး။” ဖရီးမန်းကလက်ကာပြ၍

“ဆရာ အထင်မလွဲပါနဲ့။ ဒီလိုပါ ကျွန်တော်ကိုက မယုံကြည်အောင်ဖြစ်နေတာပါ။ ဆရာ့ကိုမယုံတာမဟုတ်ပါဘူး”

ရှုယီကပြုံးလိုက်၍ “နားလည်ပါတယ် ဒီလိုဆို ဖရီးမန်းရေ ဆိုတော့ယူဖို့အဆင်သင့်ဖြစ်ပြီလား”

“ဟုတ်အဆင်သင့်ပါ...” ဖရီးမန်းက ထိုသို့ပြောပြီးချက်ချင်းပင် “ခဏ ဆရာ တော်နေကပြောတာနှစ်ခုထဲက တခုရွေးရမယ်လိူ့ပြောခဲ့သလားလို့ နောက်တခုကဘာများလဲ”

သူ့မျက်နှာဝင်းလက်သွားသည်ကိုမြင်သော် ရှုယီ မပြုံးပဲမနေနိုင်ပေ။ ဖရီးမန်းသည်ကား ရိုးသားသော်လည်း ငတုံးတော့မဟုတ်ပါလား။

“ဟုတ်တယ်လေ ဒါပေမယ့် နောက်တဆုကိုစိတ်ဝင်စားမယ်မထင်ပါဘူး။ ဘာလို့ဆို ရွှေဒင်္ဂါးမဟုတ်ဘူးလေ၊ အခွင့်အရေးပေးရုံပဲ”

“အခွင့်အရေးဟုတ်လား” ခေါင်းကုတ်၍ မစဉ်းစားတတ်အောင်ဖြစ်သွားသည်။

“ဆရာ ဘာများလဲ”

“အင်း ခင်ဗျားက အိုင်ရီလန်ရွာကတိုင်ဒီကို ဂျုံရောင်းဖို့လာတာလို့ကြားတယ်။ ဒီတော့ ဘန်တာမြို့ပတ်လည်က ဂျုံခင်းတွေကိုမြင်ခဲ့မှာပေါ့ ဟုတ်လား”

“ဂျုံခင်းဟုတ်လား။ အ..ဟုတ်လမ်းတလျှောက်မြင်ခဲ့ပါတယ်။ ပြောရရင် ရိတ်သိမ်းတာမြန်လိုက်တာ။ အတော်လေးတောင်ကြာသွားပြီထင်တယ်”

ရှုယီ ကပြုံး၍ ခေါင်းညိမ့်ပြပြီး “အင်းသတိထားမိခဲ့တာနဲ့အတော်ပဲ။ ဆယ်ရက်လောက်ကရိတ်သိမ်းခဲ့တာလို့ပြောရင် ယုံမလား?”

“မဖြစ်နိုင်တာ။” သူခဏတွေဝေသွားသည်။ အတင်းခေါင်းခါ၍ “ဆယ်ရက်ကျော်လောက်ကမှ မှည့်တာလေ၊ တရက်နှစ်ရက်အတွင်း ရိတ်သိမ်းလို့ပြီးပါ့မလား။ ဆရာ့လိုပုဂ္ဂိုလ်ကြီးက လယ်ယာလုပ်ငန်းနဲ့ပတ်သက်ပြီးရင်းနှီးမှုမရှိပုံပဲ။ ရိတ်သိမ်းတာဘယ်လောက်ခက်ခဲပင်ပန်းလဲ ဆရာမသိလောက်ပါဘူး။ ကျွန်တော့်မှာရှိတဲ့ လယ်လေးနှစ်ကွက်လောက်ကိုတောင် တပတ်လောက်သိမ်းယူရတယ်ဗျ”

ရှုယီက”ကျွန်တော်သိပ်နားလည်တာပေါ့။ အဲဒီမြို့ပြင်က ဂျုံခင်းတွေရိတ်သိမ်းတာတောင် ကျွန်တော်တို့ကုမ္ပဏီက ပါဝင်ခဲ့သေးတာပဲ”

ဖရီးမန်းကနားမလည်စွာဖြင့်ငေးကြည့်နေပြီး “ဆရာ ဒီကုမ္ပဏီက မှော်ပန်ကာ ရောင်းတာလေ ရိတ်သိမ်းတာကို ဘယ်လိုကူညီလို့ရမှာလဲ”

“ဘာလို့ဆို မှော်ပန်ကာ တင်မကပဲ မှော်ကောက်ရိတ်စက်လည်းရောင်းလို့ပေါ့” ထို့နောက် အဲလက်စ် လက်ထဲကပုံကိုယူ၍ “ဒီမှာကြည့်လေ”

ဖရီးမန်း ကြည့်လိုက်သော် လယ်ကွင်းပြင်တွင် သွားနေသော ရိတ်ချွေစက်အသေးလေးကိုမြင်ရသည်။ သို့သော် သူမြင်နေကျ လူအများကြီးက တံစဉ်ကိုကိုင်နေသလိုမဟုတ်။ လူဝကြီးတယောက်က ထူးဆန်းသောတစုံတခုကို တွန်းနေသည့်ပုံ။

ရှေ့တွင် အဝတစ်ခုရှိ၍ ဂျုံတို့ကို ဝါးမျို၍ နောက်ကအပေါက်ကတဆင့် ဂျုံစေ့တို့ကို ပြန်ထုတ်လေသည်။ ဖရီးမန်းလည်း ခဏကြည့်ပြီး “ဆရာ ဒါတကယ်ရှိတာလား။ ဂျုံရိတ်တာဒီလောက်လွယ်တာလား”

“အဲလောက်ထိလွယ်တာပေါ့။ ကဲ ဖရီးမန်း လိုရင်းကိုပြောကြစို့။ ဒုတိယအခွင့်အရေးက ဒီစက်နဲ့ဆိုင်နေတယ်။ ပြီးတော့နောက်ထုတ်တော့မယ့် လယ်ထွန်စက်နဲ့လည်းဆိုင်သေးတယ်”

…….

“ဘာလို့လဲ” ဗစ်ကောင့်ထ် လက်စ်လိုင်းကမျက်မှောင်ကြီးကြုတ်၍ ရှုယီ ပေး‌သောစာရွက်စာတမ်းတို့ကိုကြည့်ပြီး “ဆောင်းရာသီရိတ်သိမ်းချိန်ကုန်သွားရင်တောင် ရိတ်ချွေစက်ထုတ်ရင်လည်း ဒီမြို့က သူဌေးတွေက အလုအယက်ဝယ်ကြအုံးမှာပဲ။

လယ်ထွန်စက်ဆိုရင်လည်း အော်ဒါမှာမယ့်လူကရှိပြီးသားပါ။ အဲလောက်အရောင်းသွက်နေတဲ့ စက်နှစ်ခုနဲ့ ရွှေဒင်္ဂါးတရာ့နှစ်ဆယ်ကို ဘာမှသွေးတော်မစပ် ကိုယ်နဲ့မသိတဲ့လူကို အလကားပေးမလို့လား။ ပြောပါအုံး ရှုယီ ဘာတွေများဖြစ်နေတာလဲ”

ရှုယီကပြုံးပြ၍ “ပေးတာမဟုတ်ပါဘူး ငှားတာပါ မှားလို့မဖြစ်ဘူး”

ဗစ်ကောင့်ထ် လက်စ်လိုင်း ကနှာခေါင်းရှုံ့၍ “ ငှားတာဟုတ်လား။ ဘာမှမယူပဲအလကားငှားဖို့လား။ ဘာများကွာသေးလို့လဲ”

“သိပ်ကွာတာပေါ့” ဗစ်ကောင့်ထ် လက်စ်လိုင်း တယောက်အရမ်းအတွေးလွန်နေသည်ဟု ထင်မိသည်။ ခဏစဥ်းစားလိုက်ပြီး “အရှင်ဗစ်ကောင့်ထ်၊ ဒါက ကျွန်တော်တီထွင်လိုက်တဲ တောင်သူအထူးပြုစီမံကိန်းပဲ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆာဘက်စ်နဲ့လည်းဆွေးနွေးကြပြီးပြီ။ သူ အရှင့်ကိုပြောပြခဲ့ပြီးသင့်တာ”

“သူပြောပြပါတယ်။ ဒါပေမယ့် အတွေးသက်သက်ပဲလေ လက်တွေ့မှမဖြစ်နိုင်တာ။ ဘာလို့ရုတ်တရက်ထလုပ်ရတာလဲ။ ကဲ ငှားတယ်ထားပါတော့ ဘာများအကျိုးထူးသွားစေလို့လဲ”

“အရမ်းအထောက်အကူဖြစ်စေတာ‌ပေါ့ဗျာ။ ရှင်းမပြခင် နည်းနည်းလောက်မေးခွင့်ပြုပါအုံး”

“အင်းမေးလေ”

“ဟုတ်ပြီ ပထမမေးချင်တာက ဒီရိတ်ချွေစက်နဲ့လယ်ထွန်စက်ကို ဘယ်နေရာမှာသုံးတယ်ထင်လဲ”

“မေးစရာလိုသေးလို့လား လယ်ထဲမှာသုံးတာပေါ့”

“ဒီလိုဆို ထပ်မေးမယ်။ အရှင်အပါအဝင် ဒီမြို့ကတခြားသူဌေးတွေရော မြို့ထဲမှာဘယ်လောက်လယ်ဧကပိုင်ဆိုင်ကြလဲ”

“ဒါက....မနှစ်ကတွက်ချက်ထားတာတော့ သုံးဆယ်ရာနှုန်းလောက်ရှိမှာပေါ့။”

“ကောင်းပြီ သုံးဆယ်ရာနှုန်းဆိုတော့ ကျန်တဲ့ခုနှစ်ဆယ်ရာကရော?”

“အဓိပ္ပာယ်မရှိတာ။ ငါတို့မပိုင်မှတော့ တော်ဝင်မိသားစုကပိုင်မှာပေါ့။ ငါတို့လက်ထဲက လယ်တွေကို တော်ဝင်မိသားစုကပဲ ပေးထားတာလေ”

“လုံးဝတော့မမှန်သေးဘူးဗျ။ ပုံသေနည်းအရသာမှန်ချင်မှန်မယ်။ တကယ်တမ်းကျတော့ သူတို့မှာလူ့စွမ်းအားမလုံလောက်တော့ သာမာန်လူတွေကိုပေးထားရတာပဲ။ ဒီတော့ တကယ်တမ်းပြောရရင် သာမာန်တောင်သူတွေလက်ထဲမှာရှိနေတယ်”

ဗစ်ကောင့်ထ် လက်စ်လိုင်းလည်းခဏစဉ်းစားလိုက်ပြီး ခေါင်းညိမ့်ပြ၍ “အင်းအမှန်ပဲ ဒါပေမယ့် အဲဒါနဲ့ခုကိစ္စ ဘာဆိုင်လို့လဲ”

“တော်တော်ဆိုင်တာပေါ့ဗျာ။ ခုကျွန်တော်တို့ရောင်းနေရတာ ဒီမြို့ကသူဌေးတွေဆီပဲ၊ သာမာန်တောင်သူတွေဆီ တလုံးမှမရောက်ဘူး။ ဒီတော့ သုံးဆယ်ရာနှုန်းပဲ ရိတ်ချွေစက်နဲ့သက်သက်သာသာရိတ်သိမ်းနိုင်ကြပြီး ကျန်တဲ့သာမာန်တောင်သူတွေကျတော့ ပင်ပင်ပန်းပန်းလက်နဲ့ရိတ်နေကြရတုန်းပေါ့”

ဗစ်ကောင့်ထ် လက်စ်လိုင်း မျက်မှောင်ကြုတ်လိုက်ပြီး “ဘယ်လို သာမာန်တောင်သူတွေမတတ်နိုင်တာကို ငါတို့ကိုလာပြီးအပြစ်တင်နေတာလား”

“အဲလိုမဟုတ်ပါဘူးဗျာ” ရှုယီကလက်ကာပြ၍ “ပြောပြရုံပါ။ ခုပြောနေတာက ဒီမြို့ကိုအခြေခံပြီး တွက်ပြတာပါ။ ဒီခုနှစ်ဆယ်ရာနှုန်းသောတောင်သူတွေကိုလည်း ကူညီပေးဖို့မသင့်ပေဘူးလား”

“ဒီတော့ ဟိုလူကို အလကားပေးပစ်ရောလား။ အဲဒါနဲ့ပဲပြေလည်သွားရောလား။ ပြောပြရင် တစီးမကဘူး။ တရာပေးလည်းလောက်မှာမဟုတ်သေးဘူး။ ဒီတော့ ငါတို့မှာ ဘာအကျိုးအမြတ်များရသွားလို့လဲ။ “

“အရှင်ဗစ်ကောင့်ထ် ခုကပေးတာမဟုတ်ပါဘူး ငှားတာပါ။ ခုဝင်ငွေမရသေးပေမယ့်။ နောက်ပိုင်းအကျိုးအမြတ်အများကြီးရလာလိမ့်မယ်။ ကျွန်တော့်ကိုယုံစမ်းပါ။ ပြီးတော့ ကျွန်တော်တို့ကုမ္ပဏီလည်း ထောင်တက်သွားလိမ့်မယ်”

ဗစ်ကောင့်ထ် လက်စ်လိုင်းကနားမလည်နိုင်စွာဖြင့် ခေါင်းခါ၍ “ငါကတော့ ဘာအကျိုးအမြတ်မှကိုမမြင်နိုင်သေးဘူး”

ရှုယီကတဟားဟားရယ်၍ “အရှင်ဗစ်ကောင့်ထ်ရေ ဒီစကားကြားဖူးလား ‘ထုတ်ကုန်များကို အပြောင်ရှင်းခြင်း’ တဲ့”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၆၀ ။ မှော်ထွင်စက်

ဗစ်ကောင့်ထ် လက်စ်လိုင်းနဲ့စကားပြောရတာအဆင်ပြောချောမွေ့နေသည်။

အခြားမာနကြီးခေါင်းမာ‌သောအထက်တန်းလွှာပုဂ္ဂိုလ်များနဲ့ယှဉ်သော် သူသည်ပြောရဆိုရလွယ်သည်။ သူလက်မခံနိုင်တာရှိလျှင် လုံးဝကြီးမငြင်းပယ်သေချာနားလည်အောင်ကြိုးစားလေသည်။

ဥပမာ ရှုယီ ရှင်းပြနေသော ထုတ်ကုန်ရှင်းလင်းခြင်းနဲ့ပတ်သက်လျှင် သူလုံးဝနားမလည်သည်ကိုဝန်ခံလေသည်။

သို့သော် လုံးဝမပယ်ချ သေချာစွာနားစိုက်ထောင်သည်။

သူ့ဆီမှယူထားသောအစေခံများကိုပမာခိုင်း၍ ရှင်းပြသော် နည်းနည်းနားလည်လာသည်။ သူ့လက်အောက်တွင် ထိုအစေခံတို့သည် ခိုင်းတာကိုသာလုပ်တတ်၍ သူတို့ကို‌ထောက်ပံ့ရန် ရွှေဒင်္ဂါးပင်စိုက်ထုတ်ပေးရသေးသည်။

ယခုတော့ နှစ်လသာရှိသေးသော်လည်း သူတို့လုပ်အားခကိုတွက်ချက်ကြည့်မည်ဆိုလျှင် ရွှေဒင်္ဂါးထောင်ချီရနိုင်နေပြီ။

စက်ရုံလုပ်ငန်းတွင် အရေးကြီးသောအစိပ်အပိုင်းကပါဝင်ရုံမက ကုမ္ပဏီဝင်ငွေကိုလည်းအများကြီးမြှင့်တင်ပေးနိုင်သည်။

ဗစ်ကောင့်ထ် လက်စ်လိုင်းသည်ကုမ္ပဏီ၏အဓိက ရှယ်ယာဝင်ဖြစ်သောကြောင့် သူလည်းအကျိုးကြီးလေသည်။

ထို့ကြောင့် ရှုယီ မှန်ကန်ကြောင်းကို သူလက်ခံရတော့သည်။ ထိုအစေခံတို့သာ သူ့လက်ထဲတွင်ဆက်ရှိနေလျှင် ဤမျှအသုံးဝင်မည်မဟုတ်ပေ။

ထိုသို့ရှင်းပြသော် တောင်သူအားဖြည့်အစီအစဉ်တွင် စိတ်ဝင်စားမှုရှိလာသည်။ အစီအစဉ်အသေးစိတ်ကိုနားမလည်သော်လည်း ထောက်ပံ့ပေးဖို့ဆုံးဖြတ်ချက်ချလိုက်သည်။

ရှုယီ၏အမြတ်ကမြှင့်တက်နေသော်လည်း တကယ်တမ်းပြောရသော် သာမာန်ကုန်သည်တစ်ဦးသာဖြစ်သေးသည်။ သူမလုပ်နိုင်တာတွေ အများကြီးရှိသေးလေသည်။

ဗစ်ကောင့်ထ် လက်စ်လိုင်းအတွက်ကား ကွဲပြားခြားနားလေသည်။ သူ့အနေနဲ့ဆိုလျှင် သူလုပ်ချင်တာကိုလုပ်နိုင်စွမ်းရှိသည်။ သူ့အထောက်အပံ့နဲ့သာဆိုလျှင် အများကြီးလွယ်ကူသွားနိုင်သည်။

သုံးရက်ကြာပြီးနောက် ပထမမှော်ထွန်စက်ကို စတင်ထုတ်လေသည်။ ထိုစက်ကို ဗစ်ကောင့်ထ် လက်စ်လိုင်း လယ်တွင် စတင်သရုပ်ပြလေသည်။

ဒီတခါတော့အရင်လိုသံသယမရှိ ယုံကြည်မှုအပြည့်ဖြင့် မြို့မျက်နှာဖုံးအများအပြားတက်ရောက်ကြလေသည်။

နာမည်သာကြားဖူးသော်လည်း စိတ်အားထက်သန်မှုအပြည့်ဖြင့် လာရောက်အားပေးကြလေသည်။

ဆောင်းဦးရိတ်သိမ်းချိန်တုန်းက မှော်ကောက်ရိတ်စက်ကြောင့် သူတို့အကျိုးတရားများစွာခံစားခဲ့ရသည်။ ဆယ်ရက်ရိတ်သိမ်းရမည်ကို နှစ်ရက်လောက်နဲ့အပြီးသိမ်းခဲ့နိုင်သည်။ မှော်ရိတ်သိမ်းစက်အစွမ်းကား အံ့မခန်းပင်။

ယခုတဖန် လယ်ယာထွန်ယက်မှုကို မြှင့်တင်ပေးနိုင်မည့်စက်တလုံး တီထွင်ထားကြောင်း ကြေငြာသော် အားလုံးသည် အားကိုးတကြီးဖြင့် ရောက်လာကြသည်။။ စက်ကဘယ်လိုပုံစံမှန်းပင်မသိသေး အော်ဒါမှာကြလေပြီ။

ယခုစတင်ထုတ်လုပ်ပြီဖြစ်၍ သူ့ထက်ငါ အလုအယက်လာကြည့်ကြသည်။ သတ်မှတ်ထားသော ကွင်းပြင်သို့ရောက်သော် အထက်တန်းလွှာများသာမက အောက်ခြေလူတန်းစားများပင်ပါနေသည်ကိုတွေ့သော် အားလုံးအံ့အားသင့်သွားကြသည်။ တချို့သည် ညစ်ပတ်စုတ်ပြတ်စွာဝတ်ဆင်ထား၍ ဆင်းရဲသားတောင်သူများဟုသိနိုင်လေသည်။

ထိုဟာကိုမြင်သော် သူတို့အားလုံးစိတ်ပျက်သွားမိသည်။ ထိုနေရာသည် အထက်တန်းလွှာတို့စုံစည်းရာဖြစ်၍ ကုမ္ပဏီဥက္ကဌ ရှုယီ ပါဝင်သည်ကို လက်ခံနိုင်သော်လည်း သာမာန်ဆင်းရဲသားများကို ဘာကြောင့်ဖိတ်ကြားထားသနည်း။

သို့သော် ဗစ်ကောင့်ထ် လက်စ်လိုင်း ကိုယ်တိုင်ဖိတ်ထားသည်ဖြစ်၍ အခြားအကြောင်းပြချက်ရှိမည်ဟု တွက်လိုက်သည်။ မကျေနပ်မှုကို မြိုသိပ်ထားလိုက်ကြသည်။

သာမာန်အောက်ခြေလူတန်းစားများသည်လည်း မနေတတ်မထိုင်တတ်ဖြစ်ကြရသည်။ အရင်ကဤမျှများပြားသော အထက်တန်းလွှာပုဂ္ဂိုလ်များကို မမြင်ဖူးပေ။

လယ်ကွင်းဘေးက ထူးခြားသောစက်ကြီးက အားလုံးအာရုံကို ဖမ်းစားထားသောကြောင့်သာ အနေခြောင်သွားရသည်။ ဤစက်ကား မှော်ထွန်စက်ဖြစ်ရမည်။ သို့သော် ပုံစံက မှော်ကောက်ရိတ်စက်ထက်ပင် ထူးခြားနေသည်။

ရှေ့တွင် လုံးဝန်းသောစက်ဝိုင်းများပါ၍ အောက်ခြေတွင် အဝါဖျော့ရောင်တောက်ပနေသည်။ တချို့လူများသည်နားလည်၍ ထိုအရာမှာ စက်ဝန်းနဲ့တွဲတပ်ထားသော မြေမှော်အစီအရင်ဟုနားလည်သည်။

ထိုစက်သည် မှော်ထွင်စက်ဖြစ်၍ ဤဟာကိုဘာကြောင့် သုံးရသည်ကို နားလည်နိုင်သည်။

သို့သော် ကျန်တဝက်လောက်ကို သူတို့နားမလည်နိုင်ပေ။ ကျန်တဝက်တွင် သံထုကြီးဖြင့်ဖွဲ့စည်းထား၍ ဟောင်းလောင်းကြီးဖြစ်ပုံရ၍ သူတို့မမြင်နိုင်ပေ။ ဖွင့်၍သာကြည့်ချင်စိတ်ပေါက်သွားသည်။

သူတို့သံသယတို့ကြာကြာမခံ ခဏကြာသော် ဗစ်ကောင့်ထ်လက်စ်လိုင်းက စတင်တော့မည်ဖြစ်ကြောင်းကြေငြာလေသည်။

လူကြီးတယောက်‌ထွက်လာ၍ ခုလုပ်ကိုဖွင့်လိုက်သည်။ သံဝိုင်းပြားများတောက်ပလာ၍ အောက်သို့ကျသွားပြီး မြေကြီးထဲနစ်ဝင်သွားလေသည်။

မြေကြီးထဲမှ အသံများဆက်တိုက်ထွက်လာသည်ကိုကြားရ၍ မြေကြီးအစိုင်အခဲလေးများထိုးထွက်လာသည်ကို မြင်ရသည်။

“မြေခွဲထုတ်ခြင်းအစီအရင်များလား” လူငယ်တယောက်ကအံ့သြစွာဖြင့်ပြောလိုက်သည်။

“ဘာရွန်ဟားနက်စ်၊ မြေကြီးပေါ်က မှော်အစီအရင်ကို မှတ်မိလား” သူ့ဘေးကလူကမေးသည်။

“အ ငါအမှားဘူးဆိုရင် သံဝိုင်းပေါ်က ဟာတွေက မြေခွဲထုတ်ခြင်းအစီအရင် ဖြစ်ရမယ်”

“မြေခွဲထုတ်ခြင်းအစီအရင်က အဆင့်နှစ်ဖြစ်ပေမယ့် ဒီလိုလုပ်နိုင်စွမ်းရှိပြီး စက်ဝိုင်းတခုချင်းစီကိုမထိခိုက်စေဖို့ဆိုတာ လုံးဝပြည့်စုံအောင်လုပ်ထားနိုင်လို့ပဲ။ ဒီဟာကိုတပ်ဆင်ထားတဲ့လူရဲ့ ဉာဏ်ပညာကိုတော့လေးစားရမှာပဲ”

“ဘာရွန်ဟားနက်စ်က ကျွန်တော်တို့ ဘန်တာမြို့ကို ပထမဆုံးရောက်ဖူးတာဆိုတော့ သိလောက်မှာမဟုတ်ဘူး။ ဒီစက်ကိုဖန်တီးသူက Frestech ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌ ရှုယီ ပဲ။ သူကမှော်ပညာရှင်လေ။ ပြီးတော့ သူ့ကိုမှော်ပညာရှင်ကြီး ကမ်မီလာကထောက်ခံချက်ပေးထားတာလို့ ပြောကြတယ်။ ဒီတော့ ဒါကိုတီထွင်နိုင်တာ မဆန်းပါဘူး”

“သူကမှော်ပညာရှင်ဟုတ်လား” ဘာရွန်ဟားနက်စ် ကအံ့သြစွာဖြင့်မေးသည်။ “ဒီလိုဆို ဘာလို့ကုမ္ပဏီထောင်ရတာလဲ။ မှော်ကိုပဲလေ့လာရမှာပေါ့။ ဒီလောက်အစွမ်းအစရှိမှတော့ တစိုက်မတ်မတ်သာလေ့လာမယ်ဆိုရင် နောင်တချိန်မှော်ပညာရှင်ကြီးဖြစ်လာမှာ ကျိန်းသေတယ်”

“အဲဒါတော့ငါလည်းမသိဘူးလေ။ လူတိုင်းမှာသူ့ဟာသူတော့ရှိကြတာပဲ။ သူလည်းဒီလိုဟာမျိုးကိုမှ လေ့လာချင်တာဖြစ်မှာပေါ့”

ဘာရွန်ဟားနက်စ် ကခေါင်းသာတွင်တွင်ခါ၍ ဘာမျှပြန်မပြောတော့ပေ။ လယ်ကွင်းထဲတွင်ကား မှော်ထွင်စက်သည် မရပ်မနား ထွင်ယက်နေသည်။

စက်ဝိုင်းကမြေပေါ်ကျလိုက်သည်နဲ့ မြေကြီးအက်ကွဲလာ၍ မြေဆီမြေလွှာများတက်လာသည်။ နောက်ဘက်က သံသေတ္တာကြီးပွင့်လာ၍ အစွယ်များထွက်လာပြီး သံထွင်ခြစ်နဲ့တူလှသည်။

လျင်မြန်စွာလည်ပတ်သောအရှိန်ဖြင့် ကျန်ခဲ့သောမြေကြီးအစိုင်အခဲများကို ထုခြေပေးလေသည်။ နောက်ဘက်တွင်ကား အစိုင်အခဲမြေကြီးတုံးလေးများသာကျန်ရစ်ခဲ့တော့သည်။

အားလုံးသည် မျက်တောင်မခတ်သေချာငေးမောကြည့်နေကြသည်။ လူနဲ့သာလုပ်မည်ဆိုလျှင် အချိန်ကုန်လူပင်ပန်း၍ ဤမျှလောက်လည်း မြေဆီကို ဆွနိုင်မည်မဟုတ်ပေ။

မြေကြီးရွလေ စိုက်ရပျိုးရလွယ်လေပင်ဖြစ်သည်။ ထိုအခါမှလည်း သီးနှံဖြစ်ထွန်းနိုင်လေသည်။

ထို့ကြောင့် ထိုစက်သာသုံးလျှင် အချိန်ကုန်သက်သာရုံမက သီးနှံကြီးထွားမှုကိုလည်းအများကြီးအထောက်အကူပြုပေးနိုင်လေသည်။

ဆယ်မိနစ်အတွင်းတွင် အားလုံးကိုထွင်ယက်ပြီးသားဖြစ်သွားလေသည်။ အားလုံးလည်း ထိုအခါမှ ပြန်အသိဝင်လာတော့သည်။

အထက်တန်းလွှားလူတန်းစားများသည် ရှုယီဆီပြေးလာကြ၍ “ဥက္ကဌရှု ကျွန်တော်မှာထားတဲ့ စက်ရောဘယ်လိုလဲ။ ထုတ်ပြီးပြီလား ခုပဲပို့လိုက်ပါ”

“ဘာလို့ပို့ရမှာလဲ။ ဥက္ကဌကြီး ခုပဲ ကုမ္ပဏီကို ကျွန်တော့်လူတွေလွှတ်လိုက်ပါ့မယ်။ ခုကိုထွင်ယက်ဖို့ အရေးတကြီးလိုနေလို့ပါ”

“ဟေး မင်းပဲ မှာထားတာမဟုတ်ဘူးလေ။ ငါကအရင်မှာထားတာ။ ဥက္ကဌကြီး အရင်ရောက် အရင်ဦးစားပေးစနစ်ကို သိမှာပေါ့”

ထိုအခါ အခြားလူများလည်း ဝိုင်းလာပြီး ပြောကြလေတော့သည်။ ထိုအခါ သာမာန်အရပ်သားများလည်း စိတ်တက်ကြွလာသည်။

သူတို့သည် တယောက်ကိုတယောက်ကြည့်၍ အားငယ်နေမိသည်။ မှော်ထွင်စက်အစွမ်းကိုလက်တွေ့မျက်မြင်သိရသော်လည်း စျေးကားနည်းမည်မဟုတ်ပေ။ တတ်နိုင်လျှင်တောင် ထိုအထက်တန်းလွှာများက အားလုံးကိုအပိုင်သိမ်းကျုံးသွားမည်သာဖြစ်သည်။ ထို့ကြောင့် သူတို့အတွက်မျှော်လင့်ချက်မရှိပေ။

ထိုသို့တွေးမိ၍ အားလုံးသည် ခေါင်းတခါခါဖြင့် ထွက်သွားဖို့ပြင်လိုက်ကြသည်။ သူတို့ကိုဘာကြောင့်ဖိတ်မှန်း နားမလည်နိုင်ပေ။ ထိုနေရာသည်ကား သူတို့နေရာမဟုတ်ပေ။

သူတို့ထွက်သွားမည့်ဟန်ပြင်နေစဉ် လူတယောက်ရောက်လာ၍ “အားလုံးပဲ ခဏလောက်စောင့်ပေးကြပါ။ ကျွန်တော်ကတော့ ဒီကုမ္ပဏီရဲ့ ငွေကြေးစီမံခန့်ခွဲရေးဆိုင်ရာမန်နေဂျာ ဆာဘက်စ် ပါ။ တခုလောက်မေးပါရစေ ဘယ်သူများဒီစက်ကိုလိုချင်လဲမသိဘူး”

အားလုံးအံ့အားသင့်သွားသည်။ ခဏတွေဝေသွားပြီး အားလုံးခေါင်းညိမ့်ပြသည်။

မလိုချင်ဟုပြောလျှင် မျက်စိကန်းရာကျပေတော့မည်။

အားလုံးခေါင်းညိမ့်ပြသည်ကို မြင်သော် ဆာဘက်စ်ကပြုံး၍ ဆက်ပြောသည်။ “ဒီလိုဆိုလည်း ကျွန်တော်တို့တီထွင်လိုက်တဲ့ တောင်သူအထူးပြုစီမံကိန်းမှာ ပါဝင်ချင်ကြမှာပေါ့”

All Chapters