← Chapters

အခန်း (၁၀၁-၁၁၀)

Vol. 1 Ch. 101-110

အခန်း (၁၀၁-၁၁၀)

Vol. 1 Ch. 101-110

အခန်း ၁၀၁ ။ ရင်းနှီးမြှုပ်နှံမှု

နောက်တနေ့တွင် ဗစ်ကော့ထ်လက်စ်လိုင်း တယောက် ရုံးခန်းဆီသို့လမ်းလျှောက်လာရာ အခန်းထဲကမြင်ကွင်းကိုမြင်သည်တွင် သူ့မျက်လုံးပင်သူမယုံနိုင်အောင်ဖြစ်သွားရသည်။ သူမမျှော်လင့်ထားသော အခြားသုံးယောက်ရောက်နဲ့နေသည်။ သူတို့ကား ဗစ်တာ၊ ဆဲလ်နှင့် အာဂေါ့ထ်တို့ဖြစ်သည်။

ပိုအံ့သြစရာကောင်းသည်က ထိုသုံးယောက်သည် ရှုယီနဲ့မိတ်ဆွေ‌ဟောင်းတွေလိုပျော်ပျော်ပါးပါးပြောနေခြင်းပင်။ သူဝင်လာချိန်တွင် ဗစ်တာ ကဟန်ပန်အမူအရာအပြည့်ဖြင့် တခုခုကိုရှင်းပြနေသည်။

“ရွှေဒင်္ဂါးသုံးဆယ်ဟုတ်လား။ ဥက္ကဌကြီး ဒီမြို့ကို ဘန်တာလိုမြို့ငယ်လေးများထင်နေလား။ အိုး နှိမ်တာမဟုတ်ဘူးနော်။ စိတ်မရှိပါနဲ့။ တခုကိုသုံးဆယ်နဲ့ရောင်းမယ်ဆို ဒီမြို့ကသူကြွယ်တွေကိုနှိမ်ရာမကျဘူးလားဗျ။

အဲဒီ မှော်လေအေးပေးစက်ကသာခင်ဗျားပြောသလိုကောင်းနေရင်တော့ သုံးဆယ်မပြောနဲ့ ခြောက်ဆယ်ဆိုရင်တောင်ဝယ်ကြမှာပဲ။ အထက်တန်းလွှာတွေအတွက်ငွေကအရေးကြီးတယ်ထင်နေလို့လား။

သူတို့အတွက်အရေးကြီးတာက ဂုဏ်သိက္ခာပဲ။ ဘန်တာ လိုမြို့ပေါက်စက သူဌေးလေးတွေတောင်သုံးနေကြတာ ဒီမြို့ကြီးကသူကြွယ်တွေကဘာလို့မသုံးရမှာလဲ။ မဟုတ်ဘူးလားဗျာ။

အဲဒီတော့ နှစ်ဆတက်လိုက်ဗျာ။ ငါးဆယ်လောက်သာတင်လိုက် ကိစ္စမရှိဘူး။ “ ထိုသို့ပြောပြီးနောက် သူ့ရင်ဘတ်ကိုပုတ်၍ “အဲဒီစျေးနဲ့ဆိုရင်တောင် ရာချီပြီးရောင်းရမယ်လို့ ကျွန်တော်အာမခံတယ်”

ရှုယီက “ရာချီပဲလား။ သခင်လေးဗစ်တာ ရိုင်းတယ်လို့တော့မထင်နဲ့ ခင်ဗျားအမြင်ကျဥ်းနေတယ်ထင်တယ်။ ကိုယ့်အမြင်ကတော့ ဒီမြို့မှာ ထောင်ချီရောင်းရမှာကျိန်းသေတယ်”

“အ..” ဗစ်တာ အံ့သြသွား၍ “ထောင်ချီဟုတ်လား။ ဒါ...ဥက္ကဌကြီး ဒီမြို့မှာက သူကြွယ်တွေပေါပေမယ့် ပြားငါးဆယ်ဆိုတာလည်း နည်းတာတော့မဟုတ်ဘူး။ အဲလောက်ဆိုရင် သိပ်များများဝယ်ကြမှာမဟုတ်ဘူး”

ရှုယီ ပြုံးလိုက်၍ “ခုတော့ဘယ်များအုံးမလဲ။ ဒါပေမယ့် တိုင်းပြည်စီးပွားရေးတိုးတက်လာတာနဲ့ ဝယ်တဲ့လူများလာမှာပဲ”

ဗစ်တာတယောက်နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်၍ “ဥက္ကဌကြီး ပြောတဲ့စီးပွားရေးတိုးတက်တာတွေ သိပ်နားမလည်ဘူး။ ဒီတော့ထားပါတော့ ခုချိန်မှာ တထောင်လောက်ရောင်းရရင်ကို တော်တော်ဟုတ်နေပါပြီ”

“အင်း သခင်လေးဗစ်တာကအဲလောက်‌ဆိုတော့လည်း အဲလောက်ထားပါတော့။ ဒါပေမယ့် ခုတော့ တစ်ထောင်ထိမထုတ်ရသေးဘူး။ လောလောဆယ်ငါးဆယ်ပဲပေးထားမယ်လေ ဘယ်လိုလဲ။

မပို့ခင် အရင်ဆုံးပြောချင်တာက သခင်လေးတို့သုံးယောက်စလုံး ကြော်ငြာဖို့လုံးပန်းသင့်တယ်။ ပထမအသုတ်ရောင်းစွံသွားရင်အကောင်းသား အဲဒါလည်းကြောငြာနည်းပါပဲ။ အဲဒါဆိုစျေးကွက်အခြေအနေလည်းသိသွားတာပေါ့။ ဘယ်လိုလဲ”

သုံးယောက်သားသည် သွားတွေပေါ်အောင်ပြုံးလိုက်ကြသည်။ သို့သော် ဗစ်တာ အပြုံးက ညှိုးနွမ်းသွားပြီး “ဒါက...ဥက္ကဌကြီး တစ်ခုကိုနှစ်ဆယ့်ငါးပြားဆို ငါးဆယ်လုံးအတွက်ဆိုတထောင့်နှစ်ရာငါးဆယ်ပြားပေါ့။ ကျွန်တော်တို့မှာရှိတဲ့ပိုက်ဆံလေးရော အိမ်ကနည်းနည်းထောက်ပံ့တာနဲ့ဆို သိပ်မတတ်နိုင်သေးဘူး ဖြစ်နေတယ်”

ရှုယီကပြုံး၍ သဘောထားအပြည့်ဖြင့် “အား သခင်လေးတို့ရေကျွန်တော့်ကိုအထင်မသေးပါနဲ့ဗျာ။ ဒီအသေးအဖွဲလေးနဲ့ ခုလက်ငင်းပေးဖို့မလိုပါဘူး။ စာရင်းထဲမှာပဲ မှတ်ထားလိုက်ပါ့မယ်။

ရောင်းပြီးပြီဆိုမှ ပေးပေါ့။ သခင်လေးတို့အရည်အချင်းနဲ့ဆိုအမြန်ဆုံးရောင်းရမှာကျိန်းသေတယ်။"

သုံးယောက်သားဝမ်းသာအားရဖြစ်သွားပြီး “ဥက္ကဌကြီး တကယ်ပြောနေတာလားဗျ”

ရှုယီကအားရပါးရပြုံး၍ “သခင်လေး ဗစ်တာ ရေ မယုံရင်လည်း စီးပွားရေးအတူမလုပ်တာကောင်းမယ်ထင်တယ်”

ဗစ်တာကသူ့လက်မောင်းကိုအတင်းလာညစ်၍ “ ယုံပါတယ် ယုံပါတယ် သိပ်ယုံတာပေါ့ဗျာ ကဲအားလုံးစိတ်ချပါ။ ခုပဲပို့လိုက်ပါ အင်းနေအုံး ကျွန်တော်တို့လိုအပ်တာတွေပြင်ဖို့တပတ်လောက်နေမှ ပို့လိုက်ပါ”

ရှုယီကခေါင်းညိမ့်ပြ၍ “ အင်း ဟုတ်ပါပြီ နောက်တပတ်လောက်ထိဒီမှာရှိနေအုံးမှာ နောက်ထပ်စိတ်ကူးကောင်းတွေရှိလည်းလာတိုင်ပင်ပေါ့။"

သုံးယောက်သားအပြုံးကြီးပြုံး၍ တစ်ယောက်ကိုတစ်ယောက်ကိုကြည့်လိုက်ကြသည်။

ခဏလောက်စကားပြောကြပြီးနောက် သုံးယောက်သားထွက်သွားကြတော့သည်။ သူတို့ထွက်သွားတော့မှပင် ဗစ်ကော့ထ်လက်စ်လိုင်းသည်ကွယ်‌နေရာမှ ထွက်လာတော့သည်။ ခုမှတွေ့ဖူးသောတစိမ်းပမာ ရှုယီကိုကြည့်လိုက်သည်။

“ရှုယီရ မင်းလူမှုဆက်ဆံရေးတတ်တာတော့သိသားပဲ။ ဒါပေမယ့် ဒီလောက်စွမ်းလိုက်မယ်လို့ထင်မထားဘူး။ မင်းတို့ဆွေးနွေးပြောဆိုနေတာတွေကြားရသလောက်တော့ စီးပွားရေးအတူလုပ်ဖို့မဟုတ်လား”

“ဘယ်ချိန်ကရောက်နေတာလဲဗျ” အံ့သြတကြီးဖြင့်မေးလေသည်။ ထို့နောက်ပြုံး၍ “တိုက်ဆိုင်တာပါဗျာ။ ဘာလဲ သူတို့နဲ့ပူးပေါင်းဖို့မသင့်တော်ဘူးလားထင်တာလား”

ဗစ်ကော့ထ်လက်စ်လိုင်းကခေါင်းခါ၍ “ ဒီသုံးယောက်ကဘာမှသုံးစားရတာမဟုတ်ဘူး။ ငယ်လည်းငယ်သေးတော့ စီးပွားရေးလည်းမလုပ်တတ်ဘူး။ သူတို့နဲ့ပူးပေါင်းရင်တော့ ရှုံးမှာပူရတယ်”

ရှုယီကအေးဆေးစွာပြုံး၍ “မှော်လေအေးပေးစက် ငါးဆယ်လောက်တော့ ရှုံးလည်းဘာမဖြစ်ပါဘူး။ ဒါရင်းနှီးမြှုပ်နှံမှုပေါ့။ အောင်မြင်သွားရင် အကျိုးအမြတ်ကအများကြီးရနိုင်တယ်။ ကုန်သည်အနေနဲ့ဒီလောက်မှမစွန့်စားရဲရင် မှော်ပညာပဲအေး‌ဆေး လေ့လာနေရတော့မှာပေါ့”

“ရင်းနှီးမြှုပ်နှံမှုဟုတ်လား။” သံသယမျက်လုံးများဖြင့်ကြည့်၍ “သူတို့နဲ့မနေ့ကမှသိပြီး သူတို့အကြောင်းလည်းမသိပဲ ရင်းနှီးဖို့ထိုက်တန်ပါ့မလား”

ရှုယီကပြုံး၍ “လော့ဒ်ဗစ်ကောင့်ထ်အနေနဲ့ သူတို့ကိုသိပြီးတော့ ဆုံးမလိုက်တာကိုကြည့်ရင် သူတို့ဟာသာမာန်မိသားစုကမဟုတ်ဘူးမို့လား”

ဗစ်ကော့ထ်လက်စ်လိုင်းကပြုံး၍ “ငါ့ကိုလာမြှောက်နေတာလား။ အင်းဟုတ်တယ်။ သူတို့ကအသုံးမကျပေမယ့်သူတို့မိသားစုကတော့ ဒီမြို့မှာ သြဇာကြီးတယ်။ ဒီတော့သူတို့နဲ့ပူးပေါင်းလိုက်တာကောင်းပါတယ်။

သူတို့ကဒီမြို့မှာ လမ်းသရဲလုပ်နေတာ ဒီတော့ မသိတဲ့လူမရှိဘူး။ သူတို့တွင်ကျယ်အောင်မလုပ်နိုင်ရင်တောင် နည်းနည်းပါးပါးရောင်းပေးပြီး စျေးကွက်ဖွင့်ပေးတာလောက်တော့ သူတို့လုပ်နိုင်မှာပါ။ သူတို့လည်းစိတ်ပါနေကြတာပဲ”

ရှုယီကရယ်၍ “သူတို့တစ်ခုရောင်းနိုင်ရင် ငါးပြားမြတ်မယ်။ သူတို့လိုလိုလားလားကြိုးကြိုးစားစားလုပ်ကြပါ့မလား”

ဗစ်ကော့ထ်လက်စ်လိုင်းကပြုံး၍ “သူတို့ကမိသားစုကိုပိုက်ဆံသိပ်မပေးထားဘူး။ ဒီတော့ ပိုက်ဆံရတာဘာမဆို လုပ်ကြမှာပဲ။ ဒါပေမယ့် ငါကြားထားတာ သူတို့ကိုလည်းအခြားကုမ္ပဏီကလည်းကမ်းလှမ်းလာတယ်ကြားတယ်။ သူတို့ကြောင့်အရှုံးပေါ်သွားတယ်ကြားတယ်။ ဒီတော့ သူတို့သိပ်မလုပ်တတ်ဘူးလို့ပြောလို့ရတယ်”

ရှုယီကခေါင်းခါ၍ “ကျွန်တော်ပြောသလိုပေါ့ ရင်းနှီးကြည့်ရတာပေါ့။ စွန့်တော့စွန့်စားရတာပေါ့။ သူတို့လုံးဝမစွံရင်လည်း ကိစ္စမရှိပါဘူး။ အနည်းဆုံးတော ဒီမြို့ကလူတွေ မှော်လေအေးပေးစက်အကြောင်းသိသွားရင်တော်ပါပြီ”

ဗစ်ကော့ထ်လက်စ်လိုင်းကခေါင်းညိမ့်၍ “အင်းဟုတ်ပါတယ်၊ မင်းလုပ်တဲ့ပစ္စည်းတွေကလည်း သူများတွေနဲ့မတူဘူးလေ။ ထူးဆန်းတာဆို လူတွေကဝယ်ကြည့်နေကြပဲ။ ဒီတော့မရောင်းရမှာသိပ်တော့စိတ်ပူစရာမဟုတ်ပါဘူး”

ရှုယီသည်ဂုဏ်ယူစွာပြုံးလိုက်သည်။ ထို့နောက်စကားလမ်းကြောင်းလွှဲ၍ “ဟုတ်တယ်ဗျ ဒါနဲ့ ဒီကိုဘာလို့အစောကြီးရောက်လာရတာလဲ။ တခုခုများရှိလို့လား”

“မဟုတ်ပါဘူး။ ဒီလိုပါပဲ။ စာမေးပွဲဖြေဖို့ မှော်ပညာရှင်များအဖွဲ့ ဆီသွားတော့မှာမို့လား ဒီတော့ မိတ်ဆွေတယောက်အနေနဲ့ လိုက်ပို့အောင်လို့ပါ”

ရှုယီ အံ့သြစွာကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြားဆက်ဆံရေးသည်ရင်းနှီးသည်ဟုယူဆရသော်လည်း အဆင့်အတန်းကကွာလှသည်။ ထို့ကြောင့်မိတ်ဆွေဟုယူဆစရာမရှိ။ ယခုမှအဘယ်ကြောင့် ဤမျှရင်းနှီးသွားရသနည်း။

“ လော့ဒ်ဗစ်ကောင့်ထ်ကတော်တော်ယဉ်ကျေးတာပဲ။ ဒီစာမေးပွဲကသိပ်တော့လည်းအရေးမဟုတ်ပါဘူး။ ဘာလို့ပို့နေရမှာလဲ”

“ယုံကြည်ချက်တော့ရှိသားပဲ။ တခုမေးအုံးမယ်။ အမှန်တိုင်းဖြေမယ်လို့မျှော်လင့်ပါတယ်”

“ဟုတ် မေးသာမေးပါ”

“မင်းရဲ့လက်ရှိမှော်အစွမ်းနဲ့ဆိုရင် ဘယ်အဆင့်လောက်ထိအောင်မြင်နိုင်လဲ”

ရှုယီသည်နားမလည်နိုင်စွာဖြင့် သူ့ကိုငေးကြည့်နေသည်။

ယနေ့ ဗစ်ကော့ထ်လက်စ်လိုင်းသည်နည်းနည်းထူးဆန်းနေသည်။ ဒီကိုလာခြင်းကိုက ရှုယီ၏မှော်အဆင့်ကိုမေးဖို့ဖြစ်သည်။

“ဘာမှမဖြစ်ဘူးဆိုရင်တော့ အဆင့်လေးလောက်တော့အောင်နိုင်ပါတယ်။ ကံကောင်းရင်တော့ အဆင့်ငါးအောင်နိုင်တာပေါ့” တွေးတွေးဆဆဖြင့်ပြောလိုက်သည်။

“အိုး” ဗစ်ကော့ထ်လက်စ်လိုင်း သည်အနည်းငယ်အံ့သြသွားပြီး “ပြောချင်တာ မင်းရဲ့အစွမ်းကအဆင့်ငါးထဲရောက်နေပြီပေါ့”

“ဟုတ်ပါတယ်”

“ကောင်းလိုက်တာ။ ခုမေတ္တာရပ်ခံစရာလေးရှိတယ် သဘောတူနိုင်မယ်ထင်ပါတယ်” ထို့နောက်စကားကိုခဏရပ်ထားပြီးမှ “အခြေခံစာမေးပွဲကိုအောင်ပြီးတာနဲ့ တခါတည်း အဆင့်ငါးကိုဖြေစေချင်တယ်”

“အဆင့်ငါးကိုတိုက်ရိုက်ဖြေရမယ်ဟုတ်လားဗျ” အံ့သြတကြီးမေးသည်။ “လော့ဒ်ဗစ်ကောင့်ထ် ခုကျွန်တော်ပြောတာက ကံကောင်းမှအောင်မယ်လို့ပြောတာပါ။ လုံးဝကြီးတော့မသေချာဘူးလေ။ မှော်ပညာရှင်များအဖွဲ့ ကလည်းစာမေးပွဲကိုတစ်နှစ်မှတစ်ကြိမ်ပဲကျင်းပတာဆိုတော့ အဆင်ငါးမအောင်ခဲ့ရင် ကျွန်တော့်ကိုမူလတန်းလောက်ပဲသတ်မှတ်အုံးမှာ”

“အဲဒါကိုမခံပြင်းဘူးလား” ဗစ်ကော့ထ်လက်စ်လိုင်းကမေးသည်။

ရှုယီကပြန်၍ “လော့ဒ်ဗစ်ကောင့်ထ်အနေနဲ့ ဘာကြောင့်ဖြေစေချင်တာလဲဗျ။ ဘယ်လိုမှော်အဆင့်ဖြစ်ဖြစ်ကျွန်တော့်အတွက်တော့ဘာမဖြစ်ပါဘူး။ ကျွန်တော့်ကို ဆရာကြီးကမ်မီလာကထောက်ခံချက်ပေးလိုက်တာဆိုတော့ သူ့ကိုအိုးမဲသုတ်လို့မဖြစ်ဘူး”

ဗစ်ကော့ထ်လက်စ်လိုင်းကခဏတိတ်ဆိတ်သွားပြီးမှ “အင်းဟုတ်ပါပြီ ငါပြောတာမေ့ထားလိုက်ပါ” ရှုယီသည် ဗစ်ကော့ထ်လက်စ်လိုင်း အသွင်အပြင်ကိုကြည့်၍ ထူးခြားမှုကိုခံစားမိသည်။

ဒီနေ့ လော့ဒ်ဗစ်ကောင့်ထ် ဘာဖြစ်နေပါလိမ့်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၁၀၂ ။ မူလတန်းအဆင့်စာမေးပွဲ

မှော်ပညာရှင်များအဖွဲ့ ရုံးသည်မြို့ထဲတွင်ရှိသော်လည်း လူတိုးမပေါက်အောင်များလှသောကြောင့် မြို့ပြင်သို့ရွေ့လိုက်ရသည်။

ရှုယီသည်ကားအခက်အခဲမရှိ သူ့ရင်ဘတ်ကတံဆိပ်ကိုပြ၍ ဝင်သွားလေသည်။ ထို့နောက်လူနည်းစုရှိသောဘက်ဆီသို့ရောက်လာသည်။စာရင်းသွင်းသောနေ့က သူ့ကုမ္ပဏီအတွက်လုပ်သားစုရန်အရေးကြီးဆုံးသောအချိန်ဖြစ်သည်။ ထို့ကြောင့် တွေ့သမျှသောမှော်ပညာရှင်များကိုလိုက်၍စကားပြောခဲ့သည်။

လူအနည်းစုသာအမိဖမ်းနိုင်သော်လည်း သူ၏စကားပြောစွမ်းရည်ကြောင့် အခြားလူများလည်း သူ့ကိုအထင်ကြီးသွားကြလေသည်။ ထို့ကြောင့် ယနေ့သူ့ကိုမြင်မြင်ချင်းပင် လာ၍နှုတ်ဆက်ကြလေသည်။

“ဟေး ရှုယီ ခင်ဗျားမှာဒီလောက်လူချစ်လူခင်ပေါများလိမ့်မယ်လို့ထင်မထားဘူး” သူလာသည်မြင်၍ အာရ်ဝင်းကသူ့ပုခုံးကိုပုတ်၍ နှုတ်ဆက်လိုက်ခြင်းပင်။

ရှုယီကပုခုံးတွန့်ပြ၍ “အင်း ပေါဆို ခန့်‌ချောကြီးကိုး”

အာရ်ဝင်းကတဟားဟားရယ်၍ “အင်း အလာကြီးပါလား ခင်ဗျားလိုလူပျိုကြီးက ခန့်ချောကြီးတဲ့လား။ ရိုင်းတို့သာကြားရင် သေမတတ်ရယ်ကြလိမ့်မယ်”

ရှုယီကမျက်စောင်းထိုးပြလိုက်သည်။ စန်ခိုင်ဆာကျောင်းမှာတုန်းက သူသည်နှစ်ဆယ့်လေးရှိပြီဖြစ်၍ အခြားလူများထက်ကြီးနေသည့်အပြင် မိန်းကလေးများနဲ့လည်းအရောတဝင်မလုပ်လေရကား သူ့ကိုလူပျိုကြီးဟုခေါ်ကြသည်။

သူလည်းမတတ်နိုင်ထို့ကြောင့် ပြောချင်ရာပြောလက်ခံရလေသည်။

“ရွန်နီနှင့် ဘော့ဘ်တို့ရော”

“သူတို့ကငါတို့လို မူလတန်းအဆင့်စာမေးပွဲကိုမဖြေတော့ဘူးလေ။ ဒီကိုဘယ်လာတော့မလဲ” အာရ်ဝင်းကပြုံး၍ပြောသည်။

“အို..” ခုမှပဲသတိရတော့သည် စာမေးပွဲကိုအဆင့်လိုက်ခွဲထားသည်ကိုး။ ပထမနေ့သည် မူလတန်းအဆင့်စာမေးပွဲဖြစ်သည်။

တတိယနေ့သည် ဒုတိယအဆင့်မှော်ပညာရှင်များအတွက်ဖြစ်သည်။ နောက်ဆုံးနေ့တွင် အဆင့်လေးမှော်ပညာရှင်များအတွက်ဖြစ်သည်။

“အင်းကောင်းပြီ ကဲမြန်မြန်လေးဖြေလိုက်ရအောင်။ ဒီမှာနှစ်ယောက်ထဲမတ်တတ်ရပ်နေရတာ စိတ်မပျက်ဘူးလား” အာရ်ဝင်းကမေးသည်။

“စိတ်ပျက်ရမယ်ဟုတ်လား” ရှုယီကနားမလည်နိုင်စွာဖြင့်မေးသည်။

ကလေးတယောက်သည်မှော်အစွမ်းအစပါလာလျှင် ငယ်ငယ်ကပင်မှော်ပညာသင်ပေးလေသည်။ ဆယ်နှစ်သားလောက်ရောက်သော် တရားဝင်မှော်ပညာရှင်ဖြစ်ဖို့ မူလတန်းစာမေးပွဲကိုဖြေရလေသည်။

ဆယ့်ကိုးနှစ်ရှိပြီဖြစ်သော အာရ်ဝင်းလိုလူမျိုးသည်မူလတန်းစာမေးပွဲတောင်မအောင်သေးသည်ဖြစ်၍ ညံ့ဖျင်းသည်မှာပြောစရာမလိုတော့။ နှစ်ဆယ့်ခုနှစ်ရှိပြီဖြစ်သော ရှုယီအတွက်တော့ ပို၍ပင်မှော်ပညာညံ့ဖျင်းသည်ဟုအကြမ်းဖျင်းပြောနိုင်သည်။ တသက်တာလုံးမှော်ဆရာကြီးဖြစ်ဖို့မျှော်လင့်ချက်မရှိတော့ဟု ထင်ဖွယ်ရှိလေသည်။

ဆယ်နှစ်သားကလေးတွေကြားတွင် ထိုသို့ကြားညှပ်နေရသည့်အတွက် တော်တော်စိတ်အနှောက်အယှက်ဖြစ်မှာသေချာသည်။ သို့သော် သူတို့ကား စိတ်အနှောက်အယှက်ဖြစ်မခံ။ မှော်ပညာအသင့်အတင့်ရှိသော နှစ်ဆယ်အရွယ်လူများကိုလည်းတွေ့ရသည်။ ဆံပင်ဖြူနဲ့ အသက်ခြောက်ဆယ်ကျော်အဖိုးကြီးကိုလည်းတွေ့ရသည်။

အနက်ရောင်ဝတ်စုံကြီးဝတ်ထားသော ထိုအဖိုးကြီးကိုကြည့်၍ ရှုယီ တစ်ယောက်မလေးစားပဲမနေနိုင်ပေ။ ဤမျှအရွယ်ရောက်တာတောင် မူလတန်းအဆင့်စာမေးပွဲကိုလာဖြေသည်ကိုကြည့်လျှင် မှော်ပညာကိုမည်မျှချစ်ကြောင်းသိသာနိုင်သည်။

မကြာပါ တာဝန်ရှိသူများမှ စာမေးပွဲဖြေချိန်ရောက်တော့မည်ဖြစ်ကြောင်းကြေညာလေသည်။

အခြေခံစစ်စာမေးပွဲဖြစ်၍ မှော်အစွမ်းကိုစမ်းသပ်ရုံမက မှော်ပညာရှင်၏အခြေခံနားလည်မှုကိုလည်းစစ်ဆေးလေသည်။ ထို့ကြောင့် တိုက်ခိုက်မှုထက် အရင်ဆုံးစာတွေ့ဖြေရလေသည်။

ရှုယီသည် စာမေးပွဲမေးခွန်းကိုကြည့်၍ ရယ်မိလေသည်။ စန်ခိုင်ဆာကျောင်းတွင်လေ့လာခဲ့ပြီးဖြစ်သည်။ သို့သော် ယခုမေးခွန်းက နည်းနည်း မိုနက်နဲလေသည်။

အာရ်ဝင်းသည် စန်ခိုင်ဆာကျောင်းမှ ဘွဲ့ရနိုင်သူဖြစ်၍ သူ့အတွက်လုံးဝပြဿနာမရှိပေ။ သူမအောင်သည်က တိုက်ခိုက်စွမ်းရည်တွင်ဖြစ်သည်။

ထို့ကြောင့် ဘွဲ့ရပြီးနောက် စွန့်စားသူဖြစ်လာရသည်မှာ မထူးဆန်းပေ။ ထိုအခါမှလည်းသူ၏တိုက်ခိုက်မှုစွမ်းရည်ကိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ယခုတော့ လုံးဝယုံကြည်မှုအပြည့်ဖြစ်သည်။ သူ့အစွမ်းသည်အားလုံးထဲတွင်အနိမ့်ဆုံးဖြစ်သည်။ ယခုလိုစာတွေ့အတွက်ကတော့လုံးဝပြဿနာမရှိလှပေ။ ကျောင်းတွင်ပါရမီရှင်ဟုသတ်မှတ်ခံရသော ရှုယီ အတွက်တော့ ထမင်းစားရေသောက်လောက်သာဖြစ်သည်။

နာရီဝက်ကြာပြီးသော် အားလုံးဖြေပြီးဖြစ်လေသည်။

အင်ဂျင်နီယာစိတ်ဓါတ်ဖြင့် နှစ်ကြိမ်ပြန်စစ်လေသည်။ ကျေနပ်လောက်အောင်စစ်ဆေးပြီးသော် အဖြေလွှာကို ထပ်လေသည်။ အခန်းထဲမှ ထွက်လာသော် သူ့ကိုစောင့်နေသောလူကိုတွေ့ရသည်။

သူထွက်လာသည်ကိုမြင်သော် ထိုလူပြုံးလိုက်သည်။

“မူလတန်းကလေးကလားစာမေးပွဲကိုဒီလောက်ကြာနေမှတော့ ဆရာကြီးကမ်မီလာနဲ့အမျိုးမတော်ဘူးလို့ပြောရဲသေးလား”

ထိုဒေါသထွက်နေပုံပေါက်သောလူငယ်ကိုလှမ်းကြည့်လိုက်သည်။ ခဏစဉ်းစားလိုက်ပြီးနောက် လက်ခုပ်လက်ဝါးတီး၍ ထိုလူငယ်ကိုလက်ညှိုးထိုး၍ “အော်မှတ်မိပြီ စာရင်းသွားသွင်းတုန်းကတွေ့ခဲ့တဲ့ကောင်လေကိုး အန်ကဲဂါလန် လို့ခေါ်တဲ့လူဟုတ်လား”

“အီရန် “ သူ့ကိုတခုတွေ့ပြီးသည်နဲ့ မည်သူမျှမမေ့နိုင်ဟုထင်ခဲ့သည်။ ယခုသော် ခဏစဉ်းစားပြီးမှ နာမည်တောင်မှားသေးသည်ကိုတွေ့သော် ဒေါသထွက်သွားသည်။ “ရှုယီ ခင်ဗျားဒီနေ့သေပြီမှတ်”

ရှုယီကခေါင်းခါလိုက်သည်။ ဒီကလေးကိုအလိုလိုက်ထားကြသည်လား။ ထိုသို့သောကလေး နဲ့တု၍ ရန်မဖြစ်ချင်၍ နောက်ထပ်စာမေးပွဲအတွက် တနေရာတွင်ထိုင်လိုက်သည်။

ထိုသို့လုပ်မှ အန်ကဲကိုပို၍စိတ်ဆိုးစေသည်။ သူ့ရှေ့ရောက်လာပြီး လက်ညှိုးတောက်တောက်ထိုး၍ “ကျွန်တော်ပြောတာကြားလား။ ဒီနေ့ခင်ဗျားသေပြီမှတ်”

ရှုယီလည်းမတတ်သာ၍ အသာမော့ကြည့်ပြီး “အင်းဟုတ်ပြီ ဘာလို့သေရမှာလဲ”

“ဘာကြောင့်လဲဟုတ်လား။” သူ့ကိုစကားတုပြောသည်ကိုတွေ့၍ ဝမ်းသာသွားပြီး “ကျွန်တော့်ကိုစော်ကားခဲ့တယ်လေ။ ကျွန်တော့်လိုပါရမီရှင်ကိုလာစရဲတယ်ပေါ့။ ခင်ဗျားဘဝပျက်စီးပြီသာမှတ်။ နေပါအုံး အထူးထောက်ခံချက်ပါတဲ့လူက စာတွေ့မဖြေရဘူးဆိုတာမသိဘူးလား ဘာလို့ဝင်ဖြေနေတာလဲ”

“အိုး..” ရှုယီ နည်းနည်းအံ့သြသွားသည်။ “ဒါမင်းလုပ်လိုက်တာမဟုတ်လား”

“သိပ်ဟုတ်တာပေါ့။ ဟမ်း... ကျွန်တော်စကားတခွန်းထွက်လိုက်တာနဲ့ ခင်ဗျားရဲ့ထောက်ခံစာသွားပြီပေ့ါ။ ခင်ဗျားဒီစာမေးပွဲမှာမပါရအောင်တောင်လုပ်လို့ရသေး။ ဘာလဲ လန့်သွားပြီလား”

“အိုး ငါတကယ်ကြောက်တာပေါ့။ “ကြောက်ရွံ့သောမျက်နှာထားဖြင့် “ဒီလိုဆို သခင်လေးအီရန်ရေ စာမေးပွဲဖြေခွင့်ပါ ပိတ်လိုက်ပါတော့လား ဘာလို့ညှာတာနေတာလဲ”

“နားမလည်သေးဘူးလား။ ခင်ဗျားကိုတိုက်ခိုက်စွမ်းရည်ပွဲမှာ အရှက်ခွဲပြမယ်” ကြမ်းကြမ်းတမ်းတမ်းပြောလေသည်။

ရှုယီ ပြုံးလိုက်သည်။ အလိုလိုက်ထားသောကလေးများသည်သူတို့စိတ်ကြိုက်ချယ်လှယ်နိုင်သည်ဟု ဘဝင်မြင့်ရူးနေကြသည်ကို ကြားဖူးသော်လည်း မျက်မြင်ကား ယခုမှပင်တွေ့တော့သည်။

ထိုကလေးမျိုးကား လူတွေသူ့ကိုမုန်းအောင်လုပ်နေသည့်ပမာ။

“အီရန် မင်းပြောခဲ့တယ်မို့လား မင်းကအဆင့်လေးမှော်ပညာရှင်ဆိုတာလေ”

အီရန်ကဂုဏ်ယူစွာရယ်မော၍ “ဘာ ကြောက်နေပြီလား။ စိတ်ချ ခင်ဗျားလိုမူလတန်းတောင်မအောင်သေးတဲ့သူကို အဆင့်လေးမှော်ပညာတွေထုတ်သုံးစရာမလိုပါဘူး။ အဆင့်နှစ်မှော်နဲ့ဆိုရင်ကိုလုံလောက်ပါပြီ”

“အဆင့်နှစ်ပဲတကယ်သုံးမှာလား”

“ပါရမီရှင်ဆိုတာ ပြောပြီးသားကတိဘယ်တော့မှမချိုးဖောက်ဘူး။ စောင့်ကြည့်လိုက် တိုက်ခိုက်စွမ်းရည်စစ်ပွဲကျရင် အဆင့်နှစ်ပဲသုံးပြီး ယှဉ်ပြိုင်ပြမယ်”

ရှုယီသည်ခပ်ပြုံးပြုံးဖြင့် ခေါင်းညိမ့်ပြသည်။ အီရန်သည်နည်းနည်းလောက်ခြိမ်းခြောက်ချင်သေးသော်လည်း သူ့ကိုလုံးဝလျစ်လျူပြုသွား၍ ဒေါသတကြီးဖြင့်ထွက်သွားလေသည်။

စာတွေ့ပြီး၍ ထွက်လာသောလူများတွင် ပျော်ရွှင်မှုရောစိုးရိမ်မှု‌ရောတွေ့နိုင်သည်။ ဒီလောက်ရိုးရှင်းသောစာမေးပွဲကိုပင် ကျသူများလည်းရှိကြောင်း သိနိုင်လေသည်။

အာရ်ဝင်း၏အပြုံးကိုကြည့်ခြင်းအားဖြင့် သူကောင်‌ကောင်းဖြေနိုင်ကြောင်းသိနိုင်လေသည်။

ရေးဖြေပြီးနောက် နောက်ထပ်ဖြေစရာတွေအများကြီးရှိသေးသည်။ မှော်အစွမ်း၊ မှော်အစွမ်းကိုထိန်းချုပ်တတ်ခြင်း၊ စိတ်ငြိမ်အောင်ျကျင့်ခြင်း၊ အခြားသောနည်းပေါင်းစုံဖြင့်စစ်ဆေးခံရမည်။ နောက်ဆုံးအရေးကြီးဆုံးက တိုက်ခိုက်စွမ်းရည်ဖြစ်သည်။

မှော်ပညာရှင်၏အစွမ်းကိုထိုတိုက်ခိုက်မှုကအဆုံးအဖြတ်ပေးလေသည်။ ထို့ကြောင့် တိုက်ခိုက်မှုစွမ်းရည်စစ်ခြင်းသည်အရေးကြီးဆုံးဖြစ်သည်။

သို့သော် တစ်ယောက်နဲ့တစ်ယောက်သတ်ပွဲတော့မဟုတ်ပါ။ မှော်ပညာရှင်များအဖွဲ့မှစွမ်းရည်မြင့်မှော်ပညာရှင်များနဲ့ တိုက်ခိုက်ခိုင်းပြီး အဆင့်ကိုသတ်မှတ်ခိုင်းလေသည်။

ပြောရလျှင် ဝါရင့်အဖိုးကြီးများကိုစစ်ဆေးခိုင်းလျက်ရှိသည်။ သို့သော် ယခုတခုခုထူးခြားနေသည်ကို လူတိုင်းခံစားမိသည်။ ယခုသောအသက်လေးဆယ်အရွယ်များသာဖြစ်၍ ငယ်ရွယ်သူများလည်း အများကြီးပါလေသည်။ လူလားမမြောက်သေးတဲ့လူငယ်တယောက်ပင်ပါလိုက်သေးသည်။

အန်ကဲ အီရန်ကသူ့ကိုစိုက်ကြည့်နေသည်ကိုမြင်သော် ရှုယီ မပြုံးပဲမနေနိုင်။ သူနဲ့ထိပ်တိုက်တွေ့ရဖို့ သူ့ဂုဏ်အရှိန်အဝါအားလုံးကိုထုတ်သုံးထားပုံပင်။

လူအများမရိပ်မိစေရန် အခြားလူငယ်နှစ်ယောက်ကိုလည်း သူနဲ့အတူတွဲခိုင်းထားသေးသည်။

လုံးဝမှားစရာမရှိတော့ သူနဲ့တွေ့ရမည့်သူသည် ရှုယီပင်ဖြစ်တော့သည်။ အစပိုင်းတွင် ဝင်အစစ်ခံသူများသည် လူငယ်စစ်ဆေးသူများကို သံသယဝင်ကြလေသည်။ သို့သော် နှစ်ပွဲလောက်အပြီးတွင်တော့ လုံးဝသံသယမရှိတော့။

ထိုစစ်သူများသည် ငယ်ရွယ်သော်လည်း မှော်အစွမ်းကမြင့်လေသည်။ သူတို့ဘာနည်းလမ်းသုံးသုံး မတွန်းလှန်နိုင်ပေ။

အသက်အငယ်ဆုံးလူငယ်လေးကပိုအံ့သြစရာဖြစ်သည်။ သူ့လှုပ်ရှားမှုတိုင်းတွင် အဆင့်သုံးသို့မဟုတ်အဆင့်လေးကိုသာသုံးလေသည်။

အစွမ်းကြီးသောမှော်ဆရာများကတော့ ထိုလှုပ်ရှားမှုကိုအထင်မကြီးသော်လည်း ထိုကလေးလှုပ်ရှားပုံသည်ချီးကျူးဖွယ်ဖြစ်သည်။

သူ့အသက်အရွယ်နဲ့ဆိုလျှင် တိုင်းပြည်တွင် ရှားမှရှားသော ပါရမီရှင်ဖြစ်လေသည်။ အဲဒီလိုနဲ့ ရှုယီ အလှည့်ရောက်လာသည်။

ထင်ထားသည့်အတိုင်းပင် စစ်ဆေးသူက အန်ကဲ အီရန် ။ ရှုယီကိုမြင်သော် ထိုကောင်လေးကသွားကြီးဖြဲပြုံးလိုက်သည်။

“ရှုယီ ခင်ဗျားဘယ်လိုတိုက်တိုက် အထင်မကြီးဘူး ဒီစမ်းသပ်မှုကိုမအောင်မြင်စေရဘူး။ ကျွန်တော့်ကိုစော်ကားခဲ့တဲ့အတွက် မူလတန်းအဆင့်တောင်မအောင်စေရဘူး”

ရှုယီ တယောက်လုံးတမအံ့သြပေ။ ပြုံး၍ “သခင်လေးရေ ကတိကိုမှတ်မိသေးလား”

အီရန် တုန်လှုပ်သွားသည်။ ထို့နောက် “အေး အဆင့်နှစ်ကအဆင့်နှစ်ပဲ။ ခင်ဗျားလိုအမှိုက်ကောင်ကိုတော့အဆင့်နှစ်ပဲလိုတာပါ။ ခင်ဗျားလှုပ်တောင်မလှုပ်နိုင်စေရဘူး။ ပရိသတ်ရှေ့မှာ အရှက်ရသွားစေရမယ်”

ရှုယီသည်ဂရုမစိုက်သောဟန်ဖြင့် “ကတိကိုမှတ်မိသေးတာတော်သေးတာပေါ့”

ခဏကြာသော် တိုက်ပွဲစလေသည်။ အီရန်သည် လက်ကိုမလိုက်ရာ ရှုယီ ရှေ့တွင် အပြာရောင်ရေဒိုင်းလေးပေါ်လာသည်။

ထိုဟာသည် အဆင့်နှစ် ရေစွမ်းအင် ရေအမှတ်အသားမန္တာန် မှန်းသိလေသည်။ သူ့စကားတော့တည်သား။ ရှုယီ ပြုံး၍ မီးလုံးလေးကိုလွှတ်လိုက်သည်။

“အဆင့်တစ်မီးလုံးလေးလား။ ကိုယ့်ဟာကိုယ်မရှက်ဘူးလား” အီရန် ကပြုံး၍ ပြောသည်။ သို့သော် ခဏကြာသော် ထိုမီးလုံးလေးသည် အရောင်တို့တောက်လာ၍ အရှိန်ပြင်းလာလေသည်။

ထိုအထဲတွင် အရောင်တဖျတ်ဖျတ်ပင်တောက်ပနေသေးသည်။ သူတော်တော်မှင်တက်သွား၍ “ဒါက မိုးကြိုးအက်ကြောင်းမီးဘောလုံး ပဲ ဘယ်လိုဖြစ်နိုင်ပါ့မလဲ”

“အင့်..”

ထိုမီးလုံးလေးသည် သူ့ရေဒိုင်းကာကိုလာမှန်သော် အစိပ်စိပ်အမွှာမွှာကွဲထွက်သွားသည်။ ထို့နောက် မီးလုံးလေးထဲမှ အားပြင်းသောအစွမ်းကြီးထွက်လာသည်ဖြစ်၍ အီရန်သည်ညည်းသံတချက်သာထွက်နိုင်ပြီး လေထဲမြှောက်တက်သွားလေတော့သည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၁၀၃ ။ ဘာအကျိုးကျေးဇူးရနိုင်မလဲ

လူအုပ်ကြီးသည် တိတ်ဆိတ်သားကောင်းလှသည်။ အားလုံးသည်မျက်တောင်မခတ် စင်ပေါ်က ရှုယီကိုကြည့်နေကြသည်။ တခုခုတော့မှားယွင်းနေသည်ဟု သူတို့ခံစားမိသည်။

မူလတန်းအဆင့်စာမေးပွဲတွင်ဝင်စစ်ခံသူက ဘာကြောင့် လက်ကလေးမြှောက်လိုက်သည်နဲ့ အဆင့်လေးရှိသောမှော်ဆရာကိုလွင့်အောင်လုပ်နိုင်ရသနည်း။

စင်အောက်တွင်တုတ်တုတ်မျှအလှုပ်ပဲ လဲလျောင်းနေသော အီရန်ကိုကြည့်၍ ပြုံးလိုက်သည်။ ထိုကလေး၏မှော်အစွမ်းသည်မဆိုးလှ။ သို့သော် ခံနိုင်ရည်စွမ်းအားအရမ်းအားနည်းလေသည်။ အဆင့်လေးမန္တာန် မိုးကြိုးအက်ကြောင်းမီးဘောလုံး ဖြစ်သော်လည်း အဆင့်နှစ် ရေအမှတ်အသားမန္တာန် ဖြစ့်ခုခံထားသည်ဖြစ်၍ ဤမျှထိခိုက်ဖို့မသင့်ပေ။

ခုတော့ သတိမေ့သွားလေသည်။ ကြောက်ရွံ့တုန်လှုပ်မှုကြောင့်လည်းဖြစ်နိုင်လေသည်။

“မှော်ပါရမီရှင်တဲ့လား” ရှုယီကခေါင်းခါလိုက်သည်။ ထို့နောက် စင်အောက်ကလူကို “ကျွန်တော်အောင်ပြီလား”

ထိုအဖွဲ့ဝင်သည် လဲနေသော အီရန်ကိုကြည့်နေရာမှ သူ့ဆီခပ်တင်းတင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့စိတ်ကိုလျော့၍ ခေါင်းအသာညိမ့်ပေးလိုက်သည်။

စစ်ဆေးသူကိုလူအများရှေ့တွင် တချက်တည်းအပြီးသိပ်လိုက်နိုင်သည်ကို မအောင်ဘူးဆိုရင် ဘာကိုအောင်သည်ကိုသတ်မှတ်တော့မည်နည်း။

“ကောင်းပြီလေ” ရှုယီသည်သူလိုချင်သောအဖြေကိုရပြီဖြစ်၍ အချိန်ကုန်မခံတော့။ စင်ပေါ်ကဆင်းလာ၍ လဲနေသော အာရ်ဝင်း ကိုအားပေးစကားပြောပြီး ထွက်လာခဲ့တော့သည်။ သို့သော် မြို့ထဲသို့မဟုတ် တခြားတနေရာသို့ဖြစ်သည်။

ငါးကီလိုမီတာလောက်လာပြီးသည်နဲ့ လယ်ကွင်းပြင်တခုကိုတွေ့လေသည်။ ထိုနေရာဆီမှ စက်သံတဝူဝူကြားနေရသည်။

နီးကပ်လာသည်နဲ့စက်သုံးလုံးအလုပ်လုပ်နေသည်ကိုမြင်တွေ့ရသည်။ ထွင်ယက်ခြစ်ရာတို့ဖြင့်ပြည့်နှက်နေသည်။

ထိုစက်တခုချင်းစီနောက်တွင် လူအုပ်ကြီးသည်ထပ်ကြပ်မကွာလိုက်၍ စာအုပ်ထဲတွင်လိုက်မှတ်နေကြသည်။

ဘေးကရပ်ကြည့်နေသူများက မိန်းမပျိုတစ်ယောက်ယောက်ျားလေးတစ်ယောက်။ သူတို့သည် စက်များကိုလက်ညှိုးထိုး၍ ဆွေးနွေးနေကြသည်။

“ဟေး သခင်လေး ဟာဗီးနဲ့ မိန်းမပျိုဆယ်ဗီနီတို့ လေ့လာတာတရက်‌တောင်ရှိပြီဆိုတော့ ဘာများတွေ့ရလဲ။” ရောက်မဆိုက်ပင် လှမ်းနှုတ်ဆက်လိုက်သည်။

သူတို့နှစ်ယောက်သည် စိုက်ပျိုးရေးဌာနကဖြစ်၍ လက်တွေ့လေ့လာရန်မေတ္တာရပ်ခံသူများဖြစ်ကြသည်။ ရှုယီ ဆီကသ‌ဘောတူညီမှုရသည်နဲ့ သူ့လူများကို သယ်ခိုင်း၍ ဤနေရာသို့လာ၍ စမ်းသပ်ကြခြင်းဖြစ်သည်။

မနေ့ကနေ့လည်ကတိုင်လေ့လာနေပြီး ယခုထိမရပ်သေး။ ဟာဗီးပြောသလိုပင် စိုက်ပျိုးရေးဌာနသည် ထိုမှော်စက်များကိုတော်တော်အလေးအနက်ထားလေသည်။

“ဥက္ကဌကြီး မင်္ဂလာပါ” ဟာဗီးကလက်ပြနှုတ်ဆက်သည်။ မနေ့ကထက်ပင် နွေးထွေးပြူငှာသေးသည်။ စိတ်လှုပ်ရှားသောအသံဖြင့် “နောက်ဆုံးကျေနပ်တဲ့အဖြေမရသေးပေမယ့် ဥက္ကဌကြီးပြောသလိုပဲ လုံးဝမမှားပါဘူး။

စက်တွေကတော့အံ့မခန်းပါပဲ။ ဒီလယ်ကွင်းအကျယ်ကြီးကို စက်သုံးလုံးလူသုံးယောက်နဲ့လုပ်လိုက်တာတရက်တောင်မကုန်ဘူး။ တကယ်ကိုထွင်ယက်ဖို့အဆင်ပြေပါတယ်။ လူနဲ့သာလုပ်မယ်ဆိုအဲလောက်ပြီးဖို့ အယောက်နှစ်ဆယ်လောက်သုံးရမယ်ထင်တယ်”

ဆယ်ဗီနီကလည်းဝင်၍ “ဥက္ကဌကြီးကို မြို့တော်ဝန်ကဘာလို့အဲလောက်အလေးထားတာလဲဆိုတာ ခုတော့ပေါ်လွင်လာပါပြီ။ စက်တွေကတော့အံ့ဖွယ်ပဲ။ ဒီလောက်အကျယ်ကြီးကို စက်သုံးလုံးပဲ သုံးရသေးတယ်။

ဒီဟာကိုသာလူတွေလက်ထဲရောက်အောင်ပို့နိုင်မယ်ဆိုရင် တိုင်းပြည်ရဲ့ထုတ်ကုန်အကြီးအကျယ်တိုးတက်လာလိမ့်မယ်။ တတိုင်းပြည်လုံးလည်း အငတ်ဘေးကိုကြောက်စရာမလိုလောက်တော့ဘူး”

အမြဲတမ်းအေးဆေးနေတတ်သော သူမပင် စိတ်လှုပ်ရှားစွာဖြင့်ပြောလေသည်။

ရှုယီကခေါင်းညိမ့်၍ “အဲဒီလိုဖြစ်ဖို့ ကျွန်တော်တို့ကုမ္ပဏီကကြိုးစားနေတာပါ။ ခုတော့ ခင်ဗျားတို့နှစ်ယောက်ကို ဒီလိုနေရာမှာ ခန့်ထားတာ ကျွန်တော့်အတွက်တော့ တော်တော်ကံကောင်းတာပဲ။ လော့ဒ်ဖစ်ရှာဆီသာလွဲပြောင်းပေးလိုက်ရင် ကျွန်တော်နဲ့စိတ်သဘောတည်းဖြစ်မှာမဟုတ်ဘူး”

ဟာဗီးကပြုံး၍ “စိတ်ချပါ ဥက္ကဌကြီး စိုက်ပျိုးရေးဆိုတာ တိုင်းပြည်ရဲ့ အရေးကြီးဆုံးပဲလေ ဒီတော့ ဘုရင်ကြီးက လုံးဝအလေးအနက်ထားမှာပါ။

ကျွန်‌တော်တို့နှစ်ယောက်ကိုဘုရင်ကြီးကတာဝန်ပေးထားတာပါ။ ဘယ်သူမှ ဝင်မရှုပ်စေရပါဘူး။ လော့ဒ်ဖစ်ရှာလိုလူမျိုးပေါ်လာရင် လုံးဝဂရုစိုက်မနေပါနဲ့”

“ကျွန်တော့်လိုကုန်သည်လေးအတွက်တော့ နည်းနည်းတော့ခက်လိမ့်မယ်။ မင်းတို့လိုနောက်မှာက ဘုရင်အထောက်အပံ့မရှိဘူးလေ။ တယောက်ယောက်ကိုစော်ကားမိရင် ဒီမြို့ကဘာမှမဖြစ်ပဲ ထွက်သွားနိုင်ပါ့မလား”

သူတို့နှစ်ယောက်သည်ပြုံး၍

“ဥက္ကဌကြီး လုံးဝစိတ်ချပါ။ ဘုရင်နဲ့လည်းတွေ့မယ်ဆိုတာအားလုံးသိပြီးသားပါ။ ဒီတော့ ဘယ်သူမှလာပြီးနှောက်ယှက်ရဲမှာမဟုတ်‌တော့ပါဘူး။ နောက်ဆိုကျွန်တော်တို့နဲ့လည်းပူးပေါင်းလုပ်ဆောင်ရတော့မှာလေ”

နောက်ဆုံးစကားသွားသည်လေးနက်လေသည်။ ရှုယီကတွေးတွေးဆဆဖြင့်

“အင်းဟုတ်ပြီ သခင်လေးရေ ဒီစကားကိုလုံးဝယုံပါတယ်။ ပူးပေါင်းဖို့ဘာတွေများပြင်ဆင်ထားလဲ ပြောပြလို့ရမလား။ ငါနဲ့ဘယ်လိုပူးပေါင်းစေချင်တာလဲ”

”ဒါက..” ခဏတိတ်ဆိတ်သွားပြီး “ဥက္ကဌကြီး‌၊ ဒါကဘုရင်ကြီးနဲ့တွေ့ပြီးမှ ဆွေးနွေးသင့်တာပါ။ ဒါပေမယ့် ခုသိချင်တယ်ဆိုတော့လည်း ပြောပြရမှာပေါ့။ စီစဉ်ထားတာကတော့ မူပိုင်ထုတ်လုပ်ခွင့်ကို ကျွန်တော်တို့ကိုပေးဖို့ပါ ဒီလိုဆို တတိုင်းပြည်လုံးနဲ့ချီပြီး ဖြန့်ချီနိုင်မယ်လေ”

ထိုစကားကြားသော် ရှုယီသည်ပျော်ရမှာလား ဒေါသထွက်ရမှာလဲ မသိပေ။ နိုင်ငံရေးသမားများက စကားပြောလျှင်အရှက်မရှိကြပါလား။

ဘန်တာ မြို့က စီးပွားရေးအသင်း ကလူများကပင် သူတို့ထက်ပို၍ ယဥ်ကျေးသေးသည်။

“တစ်ခုလောက်မေးလို့ရမလား ငါတို့ကုမ္ပဏီကဘာအကျိုးအမြတ်ရမလဲ”

“အများကြီးပေါ့ဗျာ။ ဘုရင်ကြီးကသင့်တော်တဲ့နစ်နာကြေးပေးမှာပါ။ဒီဟာသာအောင်မြင်သွားရင် ဘုရင်ကြီးက အထူးဆုချမှာပါ။ ပြောချင်တာက မြင့်မြတ်တဲ့အထက်တန်းလွှာသူကြွယ်ကြီးဖြစ်ပြီပေါ့”

“ဒါပဲလား”

ဟာဗီးကအံ့သြစွာဖြင့်” ဥက္ကဌကြီး သာမာန်ဘဝကနေ အထက်တန်းလွှာဖြစ်လာဖို့ အားလုံးကလိုချင်ကြတာပဲလေ။ ဒါ့ထက်ကောင်းတာဘာရှိသေးလို့လဲ”

ရှုယီ သက်ပြင်းချလိုက်သည်။ ထို့နောက် မှော်စက်များကိုလက်ညှိုးထိုး၍ “ဟိုစက်တခုကိုဘယ်လောက်ကုန်ကျလဲသိလား”

ဟာဗီးနှင့် ဆယ်ဗီနီ တို့နှစ်ယောက်လုံး အံ့သြသွားသည်။ ထိုသို့မေးလာမည်ထင်မထားပေ။

“ဒါ...စိတ်မကောင်းပါဘူး မသိပါဘူးဗျာ” ဟာဗီးကရိုးသားစွာဖြင့် ပြန်ဖြေသည်။

“မှော်တူးဖော်စက် အသေးလေးတောင် ရွှေဒင်္ဂါးငါးဆယ့်ရှစ်ပြားကျတယ်။ မှော်ကောက်ရိတ်စက်လေးက ခုနှစ်ဆယ်ကျတယ်။ မှော်လယ်ထွန်စက် ကခြောက်ဆယ်ကျတယ်။ မှော်မြေတူးစက်ကလည်းခြောက်ဆယ်ပဲ နောက်...”

ရှုယီသည်သူတို့မျက်နှာကိုအကဲခတ်၍ ပြောလိုက်သည်။

ခုလိုပြောလိုက်သည်တွင် သူတို့နှစ်ယောက်သားမျက်နှာပျက်သွားသည်။ သူတို့မျက်နှာတွင် အရင်ကရှိခဲ့သော အပြုံးမျိုးလုံးဝမတွေ့ရတော့။

ရှုယီကပြုံး၍ ဆက်ပြောသည်က “ဘန်တာမြို့ကသေးသေးလေးပါ။ ဒါပေမယ့်ငါတို့ကုမ္ပဏီက ရာချီပြီးရောင်းရပြီးပြီ။ အဲသည့်ကိန်းဂဏန်းအတိုင်းတွက်မယ်ဆိုရင် တစ်တိုင်းပြည်လုံးဆိုသောင်းချီပြီးရောင်းရဖို့ရှိတယ်။

စက်တခုကိုရွှေဒင်္ဂါးတစ်ပြားပဲမြတ်တယ်ဆိုရင်တောင် တသောင်းလောက်ရနေပြီ။ အခုလိုတိုင်းဆို အရှင်ဆိုတဲ့နာမည်လေးနဲ့ လဲရတော့မှာပေါ့”

“အဲလိုလည်းမဟုတ်ပါဘူး။ ဘုရင်ကြီးရဲ့အစောင့်အရှောက်ကိုလည်းရအုံးမှာပါ။ အဲဒါက ဥက္ကဌကြီးတို့ ကုမ္ပဏီအတွက်အင်မတန်အရေးကြီးမယ်ထင်ပါတယ်”

ရှုယီကပြုံး၍ “သခင်လေး ဟာဗီး၊ ကလေးမှမဟုတ်ပဲ အဲဒီလိုကလေးကလားဟာမျိုးတွေမလိုပါဘူး။ ငါ့ရဲ့ဆန္ဒကတော့ စိုက်ပျိုးရေးဌာနနဲ့ပူးပေါင်းမယ်။ ပြီးတော့ တတိုင်းပြည်လုံးကိုဖြန့်ကျက်ပြီး စိုက်ပျိုးရေးတိုးတက်အောင်လုပ်မယ် ဒါပါပဲ။

ဒါပေမယ့် ငါတို့ကုမ္ပဏီက ထိုက်သင့်တဲ့ငွေကြေးတော့ရရမယ်။ တကယ်လို့နစ်နာကြေးကနည်းနေတယ်ဆိုရင်ဖြင့် ငါ့အနေနဲ့ မပူးပေါင်းနိုင်ဘူးလို့ပြောရမှာပဲ။ ခင်ဗျားတို့အစီအစဉ်ကလည်းကောင်းပါတယ်။ ဒါပေမယ့် ငါတို့အတွက်တော့ ခုငါပြောသလိုလုပ်တာကပဲပိုကောင်းလိမ့်မယ်။ ငါတို့ကုမ္ပဏီက တစ်တိုင်းပြည်လုံးကို အဲလိုလုပ်နိုင်စွမ်းမရှိဘူးလို့ထင်နေတာလား ဟုတ်ရဲ့လား”

***

မှော်စက်မှုအင်ပါယာ

အခန်း ၁၀၄ ။ ကိုယ်ပိုင်နယ်မြေလေးလိုချင်ရုံပါ

ရာသီဥတုကအနည်းငယ်အေးသော်လည်း ဟာဗီးနဖူးတွင်ချွေးစီးတို့ထွက်နေသည်။

“ဥက္ကဌကြီး ပွင့်ပွင့်လင်းလင်းပြောရရင် ဘုရင်ကြီးရဲ့ထောက်ပံ့မှု ကျွန်တော်တို့စိုက်ပျိုးရေးဌာနရဲ့အကူအညီမပါရင် အခက်အခဲတွေအများကြီးရင်ဆိုင်ရမယ်”

ရှုယီကအေးဆေးစွာပြုံးပြ၍ “ကိစ္စမရှိပါဘူး အလျင်စလိုမှမလိုတာ”

“ခင်ဗျား..” ဟာဗီး မျက်နှာထားချက်ချင်းပြောင်းသွားသည်။

နှစ်ယောက်သားအခြေမလှသည်ကို ရိပ်မိသော ဆယ်ဗီနီကဝင်၍

“ဥက္ကဌကြီး စောစောကပြောသလိုပါပဲ ကလေးတွေမှမဟုတ်တာ အချိန်မဖြုန်းကြပါတော့နဲ့လား။ ငြင်းနေလည်းအလကားပါပဲ။ ဟာဗီး တင်ပြတာကိုမကြိုက်ရင်လည်း ဥက္ကဌကြီးကဘယ်လိုဖြစ်ချင်တာလဲ ပြောပြလေ။ ဒီကိုမလာခင်ကတည်းက အစီအစဉ်တွေရှိခဲ့မှာသေချာပါတယ်”

ရှုယီ ပြုံးလိုက်သည်။ ဟာဗီးကသူ့ကိုပြောနေသော်လည်း တကယ်တန်း အာဏာရှိသူက ဆယ်ဗီနီပင်ဖြစ်သည်။ အခုသူမကဝင်ပြောသည်ဆိုတော့ သူ့အတွက်အခွင့်အရေးရလာသည်။

“ငါ့ရဲ့ အဆိုပြုမှုကတော့ရှင်းပါတယ်။ ပထမဆုံး ပြောချင်တာက နည်းပညာကိုပေးမှာမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားတို့ကိုမယုံသေးလို့ပဲ။ ပြီးတော့ ပေးရင်လည်း နားလည်နိုင်တဲ့အရည်အချင်းမရှိသေးတာကိုတွေ့ရတယ်။

ဒီတော့ ငါတို့ကုမ္ပဏီကထုတ်လုပ်တဲ့အပိုင်းကိုလုပ်မယ် ပြီးတော့ စိုက်ပျိုးရေးဌာနနဲ့တွဲပြီး တိုင်းပြည်နယ်မြေအသီးအသီးနဲ့ကိုက်ညီတဲ့စက်တွေကိုပြန်လည်ပြုပြင်ပြီး တတိုင်းပြည်လုံးဖြန့်ချီသွားမယ်။

စိုက်ပျိုးရေးဌာနကတော့ ကြားကျကျနေပေးဖို့ပါပဲ။တတ်နိုင်သမျှတတိုင်းပြည်လုံးကိုကြော်ငြာပေးရမယ်။ အထက်တန်းလွှာတွေအတွက်တော့ သူတို့ကိုဝယ်ဖို့တိုက်တွန်းဖို့က စိုက်ပျိုးရေးဌာနတာဝန်ပေါ့။

မဝယ်နိုင်တဲ့သာမာန်လယ်သမားတွေကိုတော့ ငါတို့ကုမ္ပဏီရဲ့ တောင်သူထောက်ပံ့ရေးအစီအစဉ်အတိုင်းသွားရမှာပေါ့။ ဒီလိုဆို ဒီစက်တွေကို တတိုင်းပြည်လုံးဖြန့်ချီဖို့ အချိန်သိပ်ကြာမှာမဟုတ်ပါဘူး။ အချိန်တိုအတွင်းမှာ တိုင်းပြည်ရဲ့စိုက်ပျိုးထုတ်ကုန်ကိုအကြီးအကျယ်မြှင့်တင်ပေးနိုင်လိမ့်မယ်”

ဟာဗီး မျက်လုံးပြူးအံ့သြသွားသည်။ သူကသဘောမတူနိုင်သော်လည်း ဘာမှမပြောပဲ စိုက်ကြည့်နေလိုက်သည်။

ဆယ်ဗီနီသည်ဘာမှမပြောပဲ ခဏတွေဝေနေပြီးမှ “ဒီလိုဆို မှော်စက်တွေကိုရောင်းပြီး ကုမ္ပဏီကအမြတ်အများကြီးရနိုင်တယ်ပေါ့ဟုတ်လား။

အစောနကပြောတာ စက်တစ်လုံးကိုတစ်ပြားပဲရတယ်ဆိုတာ ကျွန်မကတော့မယုံပါဘူး။ ဆယ်ဆလောက်မြှောက်လိုက်ရင်တောင် အရမ်းနည်းလွန်းသေးတယ်။

ဒီတိုင်းပြည်မှာသာ စက်အလုံး‌ရေ တစ်သောင်းလောက်ရောင်းနိုင်မယ်ဆိုရင် အမြတ်ငွေကတစ်သိန်းတောင်ကျော်နိုင်ပါတယ်”

ရှုယီကခေါင်းခါ၍ “မဟုတ်ပါဘူး မိန်းမပျို မှားနေပြီ ဆယ်ဆမကပါဘူး။ မြှင့်မယ်ဆို အဆနှစ်ဆယ်ထက်တောင်မြှင့်လို့ရသေးပါတယ်”

ဟာဗီးက “ဒီလိုဆို နှစ်သိန်းတောင်ပေါ့။ အိုးအလိုဘုရား ဒီတိုင်းပြည်ကတောင် မနှစ်က အခွန်ငွေ တစ်သန်းပဲရခဲ့တာ”

ဆယ်ဗီနီကသူ့ကိုစိုက်ကြည့်လိုက်မှ သူမှားမှန်သိလိုက်သည်။ ချက်ချင်းပြုံး၍ လှည့်သွားလေသည်။

ဆယ်ဗီနီကဆက်၍ “ဒီလောက်မြတ်နေမှတော့ ဥက္ကဌကြီးအနေနဲ့ ကျွန်မတို့အဆိုပြုချက်ကိုလက်မခံနိုင်တာအံ့သြစရာမဟုတ်ပါဘူး။ ဒါပေမယ့် ဥက္ကဌကြီး ဒီလောက်စျေးနဲ့ဆို ကျွန်မတို့ကူညီပေးရင်တောင် တတိုင်းပြည်လုံးနှံ့မှာမဟုတ်ဘူး။

ပြီးတော့ စိုက်ပျိုးရေးမြှင့်တင်ဖို့ဆိုတာ တိုင်းပြည်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းပဲ။ ဒီတော့ တိုင်းပြည်ရဲ့ပေါ်လစီနဲ့ညိနေတယ်။ နောက်ပိုင်းပြဿနာတွေပေါ်လာနိုင်တယ်။ ဒီဟာကပြောစရာမလိုတော့ဘူးထင်ပါတယ်”

နောက်ဆုံးစကားသည် ခြိမ်းခြောက်သောစကားဆိုသည်မှာ ယုံမှားဖွယ်မရှိ။

ရှုယီကားဘာမျှမဖြစ် ပြုံး၍သာနေသည်။ ထို့နောက်ခေါင်းခါ၍ “မိန်းမပျိုဆယ်ဗီနီ မှားနေပြီထင်တယ်။ စိုက်ပျိုးရေးကိုမြှင့်တင်ချင်လို့လည်း ဒီတောင်သူထောက်ပံ့ရေးအစီအစဉ်ကိုကျွန်တော်ပဲစခဲ့တာလေ။

ဒီတိုင်းပြည်က လယ်သမားတွေကို ပင်ပန်းဆင်းရဲမှုကနေလွတ်မြောက်စေချင်တယ်။ အဲဒါကြောင့်လည်းဒီလာပြီး စိုက်ပျိုးရေးဌာနနဲ့လာပူးပေါင်းတာလေ။ အဲလိုမဟုတ်ရင် ဟိုမှာပဲနေပြီး ကိုယ့်ဟာကိုယ်ဖြည်းဖြည်းချင်းတတ်နိုင်သလောက်ရောင်းနေရုံပေါ့”

ဆယ်ဗီနီကခေါင်းညိမ့်ပြ၍ “ဟုတ်ပါတယ် ဥက္ကဌကြီးကအမြင်ကျယ်တယ်ဆိုတာသိသာနိုင်ပါတယ်။ ဒါပေမယ့်ဘာလို့ကိုယ့်ဟာကိုယ်ပဲရောင်းချင်နေတာလည်း နားမလည်ဘူးဖြစ်နေတယ်။ ဒီရွှေဒင်္ဂါးဆယ်ပြားဆိုတာ အလယ်တန်းစားလူတွေအတွက်တောင် နည်းတဲ့ငွေမဟုတ်ဘူးလေ”

“အဲဒါကရှင်းပါတယ်ဘာလို့ဆို စီးပွားရေးစည်းမျဉ်းတွေကြောင့်ပေါ့။

ကုမ္ပဏီက ဘန်တာမြို့မှာဒီစျေးနဲ့ရောင်းခဲ့ပြီးသားဆိုတော့ တခြားနေရာမှာ ဆယ့်နှစ်ဆလောက်နည်းနေရင် ဒီလူတွေဘယ်လိုထင်မလဲ။ သူတို့ကိုဘယ်လိုနှစ်သိမ့်ရမလဲ။ ဒီတော့စျေးကပြောင်းလဲလို့မရဘူး...ဒါပေမယ့်...”

ရှုယီသည်ရုတ်တရက်စကားလမ်းကြောင်းပြောင်းလိုက်သည်။

“စျေးတော့ပြောင်းလဲလို့မရဘူးဆိုပေမယ့် တခြားနေရာတွေမှာပြောင်းလဲလို့မရတာမဟုတ်ဘူးလေ။ မိန်းမပျို အခွန်ဌာနကနေ ကျွန်တော်တို့ထုတ်လိုက်တဲ့စက်တွေနဲ့ပတ်သက်ပြီး အခွန်လျော့ချဖို့သင့်တယ်။

တဆက်တည်းမှာပဲ စိုက်ပျိုးရေးဌာနကကြောငြာရမှာက ဒီစက်တွေကိုဝယ်တဲ့လူဘယ်သူမဆို ဌာနကပေးတဲ့အကျိုးကျေးဇူးရမယ်ပေါ့။ ငွေကြေးအဖြစ်သော်လည်းကောင်း အခွန်လျှော့ချတာသော်လည်းကောင်း ပြောရရင် ဆင်းရဲသားတွေကိုပိုပေးရမှာပေါ့”

ဆယ်ဗီနီက “ အင်း မဆိုးပါဘူး ဒါပေမယ့် စိုက်ပျိုးရေးဌာနမှာက ဒီလောက်ငွေအများကြီးမတတ်နိုင်ဘူး”

“ငွေကပြဿနာမဟုတ်ပါဘူး။ ကုမ္ပဏီကပေးနိုင်ပါတယ်”

ဆယ်ဗီနီနှင့် ဟာဗီးတို့အံ့သြသွားသည်။

“ဥက္ကဌကြီး အခွန်လည်းလျော့မယ်။ နစ်နာကြေလည်းပေးမယ်ဆိုတော့ ကုမ္ပဏီကငွေအမြတ်မထုတ်‌တော့ဘူးလား”

ဆယ်ဗီနီကအံ့သြစွာဖြင့် “ဥက္ကဌကြီး အစောကပြောတာနဲ့တခြားစီဖြစ်နေတယ်။ ငွေရှာဖို့မဟုတ်ဘူးဆိုလည်း ဟာဗီး အဆိုပြုချက်ကိုသဘောတူသင့်တယ်လေ”

“နိုးနိုးနိုး လုံးဝမတူပါဘူး။ သူပြောတဲ့ပုံစံက ကုမ္ပဏီဘက်က လုံးဝဝင်စွက်ဖက်လို့မရသလိုမျိုးဖြစ်နေတယ် အဲဒါကိုလက်မခံနိုင်တာပေါ့”

ဆယ်ဗီနီ မပြုံးပဲမနေနိုင်။ သူမအပြုံးသည် စတေးလ် အပြုံးနဲ့မတူ တမူထူးခြားသည်။ စတေးလ် အပြုံးသည်ပွင့်လန်းပြီးသောပန်းပွင့်လိုငွားငွားစွင့်စွင့်ဖြစ်၍ သူမအပြုံးက ပွင့်တော့မည့် ပန်းငုံဖူးလို လျို့ဝှက်နက်နဲလှသည်။

“ဥက္ကဌကြီးကတခြားလူအောက်မှမလုပ်ချင်တာကိုး။ ကောင်းပါပြီ ဒီလောက်ငွေအများကြီးလည်းပြန်ပေးအုံးမယ်ဆိုတော့ ဘာအကျိုးအမြတ်မှမရပဲ ဘာလို့ဒီလိုလုပ်တာလဲ။ ဆင်းရဲသားတွေအတွက်လုပ်တာလို့တော့မပြောနဲ့နော်”

“အင်းကျွန်တော်ကလည်း အဲလောက်မြင့်မြတ်တဲ့လူမဟုတ်ပါဘူး။ တခုလောက်ပဲရချင်တာပါ အဲဒါက ကိုယ့်နယ်မြေလေးကိုပဲ အုပ်စိုးနေချင်လို့ပါ”

ညရောက်သော် မီးအလင်းရောင်တို့ကြောင့် မြို့သည် နေ့ထက်ပို၍ တက်ကြွလာသည်။ မြို့တခုလုံးသည် လမ်းသွားလမ်းလာများဖြင့်စည်ကားနေသည်။

မြို့အနောက်ဘက်တွင်ကား တိတ်ဆိတ်သားကောင်းလွန်းလှသည်။ မှော်ပညာရှင်များအဖွဲ့ကအကြီးအကဲပဲလ်မက်စ်အီရန်သည် ဧည့်ခန်းထဲတွင်ထိုင်နေသည်။ သူ့လက်ထဲတွင်ကား လက်ဖက်ရည်ခွက်ကိုင်ထားသည် သို့သော် တကြုပ်ကလေးမျှ မသောက်ရသေး။

သခင်လေးစိတ်မချမ်းမမြေ့ဖြစ်နေသည်ကိုသိ၍ အားလုံးသည်အစေခံတို့သည် စပ်စိချင်စိတ်ဖြင့် ဟိုသွားဒီသွားပင်။ အိမ်ကြီးသည်အမြဲလိုလိုဆူညံသံတို့ဖြင့်အသက်ဝင်နေခဲ့ရာ ဒီနေ့တော့ တိတ်ဆိတ်သားကောင်းလှသည်။

ခဏကြာသော် အသက်လေးဆယ်အရွယ်မိန်းမကြီးတယောက်အခန်းထဲမှထွက်လာသည်။ ပဲလ်မက်စ် အီရန်ကိုမြင်သော် စိတ်မကောင်းဖြစ်၍ မျက်ရည်တို့ကျလာသည်။

“အိုးသခင်လေးအန်ကဲ ဒဏ်ရာက အဲလောက်ပြင်းထန်တာ သခင်လေးအနေနဲ့လက်စားချေသင့်တယ်” နာကျည်းစွာဖြင့်ပြောလေသည်။

ပဲလ်မက်စ် အီရန်က “ဘာလက်စားချေတာလဲ။ ဒီငနဲကသူများကို သင်ခန်းစာပေးဖို့ကောင်းကောင်းတော့မသင်ပဲ ခံလိုက်ရတာလေ။ ဘာလို့ဟိုလူကိုဒုက္ခသွားပေးမှာလဲ။ အဲလိုသင်ခန်းစာရမှာလည်းကောင်းမှာ။ မဟုတ်ရင် လောကကြီးအကြောင်းမသိပဲ ဖင်ခေါင်းကျယ်နေမှာလေ”

ထိုမိန်းမကြီးသည်လက်မလျော့သေးပေ။ သူမသည်သားတယောက်လို ချစ်လွန်း၍အလိုလိုက်ခဲ့ရာ ပျက်စီးခဲ့ရသည်။ ခုလိုတယောက်ယောက်က မေ့လဲသွားအောင်လုပ်လိုက်သည်တွင် သူမကိုယ်တိုင်မူးမေ့လဲမတတ်ဖြစ်ခဲ့ရသည်။

ပဲလ်မက်စ် အီရန်သည် သူမငိုသံကိုသည်းမခံနိုင်၍ အော်ငေါက်၍မောင်းထုတ်လိုက်သည်။

ဖြစ်ကြောင်းကုန်စင်ကို မှော်ပညာရှင်များအဖွဲ့ကဝန်ထမ်းများက ပြန်ပြောပြ၍ သူသိခဲ့ရသည်။

သူ့အနေနဲ့တော့ အပြစ်တင်ချင်းတင်ရလျှင် အန်ကဲ အီရန်ကိုသာဖြစ်သည်။ ထိုမိန်းမကသူ့သားလို နေ၍ ဖျက်ဆီးခဲ့သည်ဖြစ်၍ အန်ကဲ အီရန်ကိုလည်းဘာမျှမဆိုသာ။

သာမာန်အခြေအနေတွင်တော့ လက်စားပြန်ချေပေလိမ့်မည်။

ယခုသူ့သားကိုစော်ကားသူက ရှုယီ ဟုခေါ်သည်။ ထိုနာမည်နဲ့သူမရင်းနှီး။ အစကတည်းကစထိုလူသည်အစွမ်းကြီးကြောင်းသိခဲ့သည်။ သူ့သားကိုအနိုင်ယူနိုင်စွမ်းရှိသော်လည်း မူလတန်းစာမေးပွဲကိုဝင်ဖြေခဲ့သည်။

နောက်ပိုင်းစုံစမ်းချက်တွေအရ ရှုယီသည် ဘန်တာမြို့ကလာ၍ ဆရာကြီးကမ်မီလာ၏ထောက်ခံချက်ဖြင့် စာမေးပွဲလာဖြေကြောင်းသိရသည်။

ထို့နောက်သူသည် ဒုခ့်စတက်ဂျ်၏သားဗစ်ကောင့်ထ်လက်စ်လိုင်းနဲ့လည်းမိတ်ဆွေဖြစ်နေသည်။ အတူလာခဲ့ကြသည်ဖြစ်၍ ရင်းနှီးကြပုံရသည်။

ရှုယီတည်းသောနေရာကလည်းမြို့တော်ဝန်အိမ်ဖြစ်သည်။ ရှုယီသည်ဘာအရာရှိမျှမဟုတ် သာမာန်ကုန်သည်သာဖြစ်သည်။ သာမာန်လူတယောက်ဖြစ်လျက်နဲ့ မြို့တော်ဝတ်အိမ်မှာတည်းခွင့်ရခြင်းသည် သာမာန်ဆက်ဆံ‌ရေးတော့မဟုတ်နိုင်။

နောက်ဆုံးသိရသည်က မနက်ဖြန်ဆို ဘုရင်နဲ့ပင်တွေ့ဖို့ရှိသည်။ ပဲလ်မက်စ် အီရန်သည်ခေါင်းကိုသာတွင်တွင်ပုတ်နေသည်။

သာမာန်မှော်ဆရာသာဖြစ်လျှင် လက်စားချေဖို့သိပ်မခက်လှ။ ယခုတော့ ရှုယီနဲ့ပတ်သက်သူများက အ‌ရေးကြီးပုဂ္ဂိုလ်များဖြစ်နေသည်။ သူသတိကြီးကြီးထားလုပ်ဆောင်မှဖြစ်ပေမည်။

အသက်ခြောက်ဆယ်နားကပ်လာသောသူ့လိုအဖိုးကြီးသည် သံသယစိတ်ပင်ဝင်လာသည်။ သူ့သားကိုများတမင်ထိခိူက်ဒဏ်ရာရအောင်တယောက်ယောက်ကများလွှတ်လိုက်တာလား။ သူပြန်လည်ခုခံလျှင် တော်တော်ကြိုးစားမှရပေမည်။

“ရှုယီလို့ခေါ်တဲ့ ဒီလူဘယ်ကရောက်လာတာလဲ” သူဘယ်လောက်စဉ်းစားသည်ဖြစ်စေ အဖြေထွက်မလာ။ ထိုအချိန်အစေခံတယောက်ရောက်လာသည်။

“သခင်ကြီး ဧည့်သည်တယောက်ရောက်နေပါတယ်”

စိတ်ဆိုးမာန်ဆိုးဖြင့် “ဘယ်ဧည့်သည်မှမတွေ့ချင်ဘူး ပြန်လွှတ်လိုက်”

ထိုအစေခံသည်တုန့်ဆိုင်းနေပြီး “သခင်ကြီး သူပြောတာတော့ ရှုယီ တဲ့”

ပဲလ်မက်စ် အီရန်သည်အံ့သြတုန်လှုပ်စွာဖြင့် ချက်ချင်းမတ်တတ်ရပ်လိုက်သည်။

ဒီ ရှုယီက သူ့ကိုတကယ်လာတွေ့တယ်တဲ့လား။

***

မှော်စက်မှုအင်ပါယာ

အခန်း ၁၀၅ ။ ဘွဲ့စာတမ်းလိုပဲ

အန်ဗီမာကိုလာသောခရီးတွင် အရေးကြီးသောအလုပ်များပြီးမြောက်ခဲ့သည်။ သို့သော် အရေးကြီးဆုံးသည်ဘုရင်နဲ့တွေ့ဆုံခြင်းပင်ဖြစ်သည်။ နောက်နေ့တွင်ကျင်းပမည်ဖြစ်သောစာမေးပွဲကိုဝင်မဖြေတော့သည်ဖြစ်၍ အစီအစဥ်အားလုံးကိုဖျက်ဆီးလိုက်သည်။ အာရ်ဝင်း, ရွန်နီ, နှင့် ဘော့ဘ်တို့ဖိတ်ကြားခြင်းကိုပင် လက်မခံ။

မနက်စာစားပြီးနောက် ခဏနားလိုက်သည်။ ထို့နောက် မနေ့ညက ပဲလ်မက်စ် အီရန်နဲ့တွေ့ဆုံခဲ့မှုအပေါ် ပြန်၍သုံးသပ်ကြည့်သည်။ အန်ကဲ အီရန်ကိုစတွေ့တုန်းက သူသည်မှော်ပါရမီတယောက်လိုဆက်ဆံခဲ့သည်။ သို့သော် ထိုလူငယ်ကားရမ်းကားခဲ့သည်။ ဗစ်ကောင့်ထ်လက်စ်လိုင်းနဲ့စကားပြောပြီးသော် မှော်ပညာရှင်များအဖွဲ့ရဲ့ ဥက္ကဌ၏သားဖြစ်ကြောင်းသိရသည်။

စာမေးပွဲစစ်ဆေးမှုတွင် ထိုလူငယ်ကိုတမင်ဒေါသထွက်အောင်လုပ်၍ ဒဏ်ရာရအောင်လုပ်ခဲ့သည်။ ထိုသို့လုပ်ခြင်းသည် ပဲလ်မက်စ် အီရန် နဲ့တွေ့ဆုံရန်အကြောင်းပြချက်ရှာခြင်းမျှသာဖြစ်သည်။

ဆရာကြီးကမ်မီလာ၏အထူးထောက်ခံချက်နဲ့ဆိုရင်တောင် သူ့ကိုတွေ့ဖို့မလွယ်ပေ။ ထို့ကြောင့် သူ့သားကိုဒဏ်ရာရအောင်လုပ်ပြီးမှ အခွင့်ရှာရသည်။

သူလာတွေ့သည်ကိုသိသော် ပဲလ်မက်စ် အီရန်သည်ချက်ချင်းလာတွေ့သည်။ သူ့အနေနဲ့သူ့သားအတွက်လက်စားချေချင်သော်လည်း ရှုယီသည်ရိုးသားစွာလာ၍ ရွှေဒင်္ဂါးပြားသုံးရာတန်သောလက်ဆောင်ပင်ယူလာသည်ဖြစ်၍ လက်စားချေရန်အခက်တွေ့နေလေသည်။

နောက်ဆုံးတွင် အပြစ်ရှိသောသူသည် သူ့သားသာဖြစ်၍ ဘာမျှမတတ်နိုင်‌ပေ။ ရှုယီကလည်းသဘောထားပြည့်ဝစွာဖြင့်ပြောနေ၍ မတတ်သာသည့်အဆုံးစကားပြောရတော့သည်။

ထိုသို့တွေ့ဆံခဲလှသော အခွင့်အရေးကိုအသုံးချ၍ ရှုယီသည်လာရင်းအကြောင်းကိုသာတိုက်ရိုက်ပြောလေသည်။ မှော်အစီအရင်တို့ကိုမူပိုင်ခွင့်ဖြင့် မှော်ပညာရှင်များအဖွဲ့က ကာကွယ်ရန်ဖြစ်လေသည်။

အရင်ကဆရာကြီးမှတဆင့် အဆိုတင်သွင်းရာငြင်းပယ်ခံခဲ့ရသည်။ ယခုတော့ ပဲလ်မက်စ် အီရန် ရှေ့တွင် တိုက်ရိုက်ကြီးတော့ မတင်ပြပေ။ ပထမဆုံး မှော်ပန်ကာ၏မှော်အစီအရင်ကိုမူပိုင်ခွင့်သတ်မှတ်ရန်ဖြစ်သည်။ ထိုအတွက် Frestech ကုန်သည်ကြီးများအသင်းသည် သင့်တော်သောငွေကြေးပေးမည်ဖြစ်သည်။ သို့သော်တိုက်ရိုက်ကြီးတော့မတင်ပြ။

ပဲလ်မက်စ် အီရန်သည်ရှင်းလင်းသောအဖြေမပေးသော်လည်း စိတ်ဝင်စားမှုရှိသည်ကိုကား တွေ့ရသည်။ ထိုအခြင်းအရာကိုမြင်သော် ဆက်၍မဆွေးနွေးတော့ပဲရပ်လိုက်သည်။ခုမှပထမဆုံးတွေ့ရသည်ဖြစ်၍ ဤမျှရှည်လျားရှုပ်ထွေးသောကိစ္စကို တခါတည်းနဲ့မဆုံးဖြတ်ချင်။

စိတ်ဝင်စားလာသည်ကပင် တော်လောက်သည်။ မှော်ပညာရှင်များအဖွဲ့ အတွက်အကျိုးကျေးဇူးအများကြီးရနိုင်သည်ဟု ယုံကြည်လာလျှင် သူတို့သည် အသည်းအသန်ကြိုးစားကြပေလိမ့်မည်။

ဒီကိစ္စကိုလည်း ဘုရင်ကြီးနဲ့တွေ့ဆုံသည့်အခါ တင်ပြနိုင်လေသည်။ ရှုယီသည်ကုန်သည်လေးမျှသာဖြစ်၍ မူလတန်းအဆင့်စာမေးပွဲအောင်ခြင်းသည် သူ့အတွက်ဘာမျှထူးမခြားလှ။ သာမာန်အခြေအနေတွင် ဘုရင်ကြီးနဲ့တွေ့ဆုံဖို့ဆိုတာသည် လုံးဝမဖြစ်နိုင်ပေ။

သူ့ကိုဆင့်ခေါ်ခြင်းက သူတို့ကုမ္ပဏီ၏ စိုက်ပျိုးရေးကိုတိုးတက်မြှင့်တင်ခြင်းကြောင့်ဖြစ်သည်။

ဘန်တာမြို့တွင် ဆောင်းရာသီရိတ်သိမ်းချိန်တခုတည်းသာရှိသော်လည်း သူတို့၏မှော်စက်တို့သည် အရေးကြီးသောနေရာတွင်ပါဝင်နေသည်။ ထို့ကြောင့်လည်း မြို့တော်ဝန်က အဆိုတင်သွင်းခြင်းဖြစ်သည်။

တိုင်းပြည်အတွက်လည်း စိုက်ပျိုးရေးသည်အဓိကအ‌ရေးကြီးသောအစိပ်အပိုင်းတွင်ပါဝင်လေသည်။ စိုက်ပျိုး‌ရေးကိုမြှင့်တင်မည့် ဘယ်ကိစ္စမဆို ဘုရင်ကြီးစိတ်ဝင်စားလိမ့်မည်။ ထို့ကြောင့်လည်း ခုလိုဆင့်ခေါ်ခြင်းဖြစ်သည်။

ယခုလိုဆင့်ခေါ်တွေ့ဆုံခြင်းမှ ကုမ္ပဏီအတွက်အကျိုးကျေးဇူးများလိမ့်မည်ဖြစ်ကြောင်း သူသိလေသည်။ ဘုရင်ကြီး၏အ‌ထောက်အပံ့သာရလျှင် ရေရှည်တွင်ကုမ္ပဏီသည်တဟုန်ထိုးတိုးတက်လာလိမ့်မည်။

ထိုသို့ဖြစ်လာဖို့လည်း ဘုရင်ကြီးကျေနပ်လောက်သော အကျိုးတရားများထောက်ပြရန်လိုပေသည်။ ဘုရင်ကြီးအတွက်ကား စိုက်ပျိုးရေးကိုမြှင့်တင်ရန်ဖြစ်သည်။

“စိုက်ပျိုးရေးရဲ့အရေးပါပုံကို တိုင်းပြည်၏အသက်တဖွယ်တင်ပြရမှာပဲ”

စိုက်ပျိုးရေးကိုမြှင့်တင်မည်အကြောင်းသာဖော်ပြ၍ ဒါ့ထက်ပိုမည်မဟုတ်။ မှော်စက်တွေ၏ လုပ်နိုင်စွမ်းမည်မျှရှိကြောင်း တင်ပြရမည်သာဖြစ်သည်။

ကမ္ဘာမြေပေါ်ကစက်မှုတော်လှန်ရေးကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသောတစ်ယောက်အနေဖြင့် ထိုပြောင်းလဲမှုကယူဆောင်လာမည့်အကျိုးကျေးဇူးများကိုကြိုမြင်ထားလေသည်။ သို့သော် စိုင်စ်နယ်မြေပေါ်က ကျွန်တွေလို ပဒေသရာဇ် တွေလိုနေသောလူတွေအတွက်တော့ ထိုအခြင်းအရာသည် လုံးဝအပြောင်အလဲအသစ်ဖြစ်နေပေလိမ့်မည်။

စက်မှုတော်လှန်ရေးဟုတ်လား။ ထုတ်လုပ်မှုကိုမြှင့်တင်မည်ဟုတ်လား။ နည်းပညာဆန်းသစ်မှုတဲ့လား။ ထိုစကားများကို သူတို့လုံးဝနားမလည်။ ထို့ကြောင့်ခဏစဉ်းစားလိုက်ပြီး လမ်းကြောင်းသစ်ရှာရန်ဆုံးဖြတ်လိုက်သည်။

ဘုရင်ကြီးအပေါ်အမြင်ကျယ်ကျယ်ထားခြင်းက ကောင်းသောအခြင်းအရာဖြစ်သည်။ သို့သော် လုံးဝအမြင်အကျယ်ကြီးလည်းထား၍မရ။ နှာတဖျားရှေ့ရောက်ခြင်းသည် ပါရမီဆန်၍ နှာနှစ်ဖျားရှေ့ရောက်လျှင်ကား ရူးသွပ်ခြင်းပင်ဖြစ်သည်။

အစီအစဉ်ကိုပြောဖို့အတွက် စကားလုံးငါးထောင်ထက်မပိုပေ။ ထိုဟာကိုပင် တမနက်လုံးချင့်ချိန်နေသည်။ သုံးခါမျှပြန်ပြင်ဆင်ရလေသည်။ သူဆိုလိုသောအဓိပ္ပာယ်ကိုချတ်ခနဲဖော်ပြဖို့လိုလေသည်။ ဘုရင်ကြီးနဲ့သူ၏လူများချက်ချင်းသဘောပေါက်ဖို့လိုလေသည်။

နောက်ဆုံးတွင် ပြန်လည်သုံးသပ်လေသည်။ ကျေနပ်လောက်အောင်ရလာမှ ထိုစကားလုံးများကိုမှတ်သားလေသည်။ စာရွက်အပေါ်ထိပ်တွင် ခေါင်းစဉ်တပ်လိုက်သည်က “စိုက်ပျိုးထွန်ယက်လုပ်ငန်းများလျော့ချခြင်း၏အရေးပါမှု”

ထိုသို့ခေါင်းစဉ်တပ်ပြီးနောက် ပြန်ကြည့်သော် ဘွဲ့စာတမ်းနဲ့တူနေသည်။ ကျောင်းတက်တုန်းကထိုသို့လုပ်ခဲ့ဖူးပေမယ့် ထိုအခါက စက်မှုအင်ဂျင်နီယာနဲ့ပတ်သက်၍ဖြစ်သည်။ ယခုလို လူမှုဗေဒနဲ့ပတ်သက်၍ကား ပထမဆုံးအကြိမ်ဖြစ်လေသည်။

ထို့နောက်ကောင်းကင်သို့‌မော့ကြည့်လိုက်ရာ မွန်းတက်လုနီးအချိန်ရောက်နေလေပြီ။ နေ့လည်စာစားဖို့တစ်နာရီသာကျန်တော့သည်။ အခန်းထဲမှ ထွက်လာ၍ နောက်တခန်းသို့ကူးလာသည်။

ထိုအခန်းထဲတွင် စန်ချယ်လီကိုတွေ့လေသည်။ သူ့ရှေ့ကစာရွက်အလွတ်ကိုကြည့်၍ သက်ပြင်းသာချနေသည်။ စားပွဲအောက်တွင် လွင့်ပစ်ထားသောစာရွက်လိပ်များ များစွာရှိလေသည်။ အတော်လေးကိုအလုပ်လုပ်ထားပုံပင်။

“ဘယ်လိုလဲ။ မရေးနိုင်သေးဘူးလား”

သူ့အသံကြားသော ဆတ်ခနဲမော့ကြည့်သည်။ သူ့မျက်နှာကားငိုတော့မည်အသွင်ပင်။

ထိုနေရာသို့ရောက်သည်မှာ နှစ်ရက်ရှိပြီဖြစ်၍ အဝတ်အစားအသစ် ဆံပင်ကေအသစ်ဖြင့် လူသစ်ပမာပြောင်းလဲလာသည်။ မျက်နှာလေးဖြူဖတ်ဖြူရော်ရှိသည်မှလွဲ၍ သာမာန်လူအတိုင်းပင်။

သို့သော် ယခုလို အလုပ်ပင်ပန်းရသည့်အတွက် မျက်နှာပိန်ချုံး၍ ကြည့်ရတော့နည်းနည်းဆိုးလှသည်။

“ဆရာ ကျွန်တော့်ကိုမှော်သုတေသနလုပ်ဖို့ ငှားမယ်ပြောခဲ့တာမဟုတ်လား။ ဒီဘာမဟုတ်တဲ့သီအိုရီကိုပဲ ရေးခိုင်းနေရတာလဲ။ ဘာမှကိုစဉ်းစားလို့မရဘူး”

ရှုယီသည်အောက်တွင်ပစ်ထားသောစာရွက်တို့ကိုကြည့်လိုက်ရာ ကမောက်ကမစာတွေကိုတွေ့ပြီး ပုံဆွဲထားသည်များလည်းတွေ့ရသည်။ မည်သူမျှနားလည်နိုင်မည်မဟုတ်ပေ။

စာရွက်အားလုံးကိုကြည့်လိုက်ပြီး “အင်း ငါပြောတာကိုနားမလည်တာဖြစ်နိုင်တယ်။ ပြန်ပြောပြရင်ရော။ မင်းရဲ့ သလင်းဘောလုံးမှာသုံးတဲ့ မှော်အစီအရင် ကိုမင်းကိုယ်တိုင်သုတေသနလုပ်ခဲ့တာမဟုတ်လား”

“ဟုတ်ပါတယ်။ တစ်ယောက်ထဲလုပ်ခဲ့ရတာပါ”

“ဒီလိုဆို အဲဒီ မှော်အစီအရင် အကြောင်းကောင်းကောင်းကြီးနားလည်မှာပေါ့”

စန်ချယ်လီကရင်ဘတ်ကိုပုတ်၍ “သိပ်သေချာတာပေါ့ အကြိမ်တစ်ထောင်လောက်ကိုလုပ်ခဲ့ရတာ။ တစ်ခုချင်းစီတိုင်းကိုမှတ်မိတယ်”

“ဒီလိုဆို ဘာလို့ချမရေးနိုင်ရတာလဲ။” မျက်မှောင်ကြုတ်ကြည့်၍ “ မင်းရဲ့ မှော်အစီအရင်နဲ့ သာမာန်မှော်အစီအရင်တို့ကြား ကွဲပြားမှုကိုရေးခိုင်းတာလေ။ ဒီ မှော်အစီအရင်ကိုဒီလောက်နားလည်တာတောင် ဘာလို့ချမရေးနိုင်ရတာလဲ”

တကယ်တော့ ရှုယီ လိုချင်သည်က မှော်အစီအရင် မပြီးမြောက်သေးခင်ပင် ဘာလို့လုပ်ဆောင်ချက်ကိုတပ်ဆင်နိုင်ရတာလဲ သိချင်သည်။ ထိုဟာကိုတွေ့ရှိ၍ မြှင့်တင်လိုက်လျှင် သူမျှော်လင့်ထားသော မှော်စက်အတွက်လုံးဝအပြောင်းအလဲကြီးဖြစ်သွားနိုင်သည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၁၀၆ ။ တော်ဝင်နန်းတော်ဆီသို့သွားခြင်း

မှော်အစီအရင်ကိုရှာဖွေတွေ့ရှိသူသည် သူပင်ဖြစ်သော်လည်း စန်ချယ်လီသည်လုံးဝနားလည်ပုံမရပေ။ ထို့ပြင် မှော်အစီအရင်တွင်ပါဝင်သောအရေးကြီးသောအဓိပ္ပာယ်ကိုလည်း နားလည်ပုံမရ။ ထို့ကြောင့် ရှုယီဆိုလိုရင်းကိုနားမလည်ခြင်းဖြစ်သည်။

ကြိုးစားရှင်းပြသော်လည်း ဘာမှထွက်မလာပေ။ စန်ချယ်လီ ကိုကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်စိတ်ဓါတ်ကျနေပုံပေါက်နေ၍ ဘာမျှမပြောတော့ပဲ အတင်းဖိအားမပေးချင်တော့ပေ။

စိုင်စ်နယ်မြေမှမှော်ပညာရှင်များသည် ထိုသို့သောအတွေးမျိုးမရှိကြ ထို့ကြောင့် သူ့လိုအတွေးမျိုးဖြစ်လာဖို့ အတင်းဖိအားပေးဖို့လုံးဝမဖြစ်နိုင်။

ထို့ကြောင့် စိတ်ကိုလျော့ချ၍ “ငါပြောတာကိုထားလိုက်ပါ။ ခုကစပြီး မှော်အစီအရင် နဲ့ပတ်သက်ပြီး အသေးစိပ်ကိုမှတ်တမ်းတင်ထားပါ။ ပိုပြီးရှင်းသွားအောင် ဒီမှော်အစီအရင်ကိုငါ့ကိုသင်ပေးပေါ့။ တစ်ခုချင်းစီတိုင်းနော် နားလည်လား”

“ဒါက..ဆရာ သင်ပြပြီးရင် ကျွန်တော့်ကိုဘယ်လိုအပ်တော့မလဲ”

သူ၏စိတ်ပူသောမျက်နှာထား ကောက်ကျစ်သောအသွင်ကိုမြင်သော် မျက်မှောင်ကြုတ်မိလေသည်။

သူတောင်းစားဘဝတုန်းကတော့ ဘာကိုမျှဂရုမစိုက်ခဲ့ပဲ ခုနှစ်ရက်လောက်ဝဝလင်လင်စားရပြီးမှ ဘာကြောင့်လုံးဝပြောင်းလဲသွားရသနည်း။

ထိုသို့သောလူမျိုးကိုသူမကြိုက် သို့သော် ယခုတော့မောင်းထုတ်၍မရသေး။ ထို့ကြောင့် အေးစက်စက်ပင် “ဘာကိုကြောက်နေတာလဲ။ ငါ့ကတိငါမတည်ဘူးလို့ထင်နေတာလား”

စန်ချယ်လီ ဘာမှပြန်မပြော။ သို့သော် သူ့မျက်နှာကပေါ်လွင်နေသည်။

“သောက်ရူး” ရှုယီ စိတ်ထဲရေရွတ်မိသည်။ သူ့ရင်ဘတ်ထဲကဆယ်ပြားထုတ်၍ စားပွဲပေါ်တင်လိုက်သည်။

“ဒီမှာ ဒါကတစ်လစာကြိုပေးထားတာ။ ငါ့ကိုအဲဒါနားလည်အောင်သင်ပေးမယ်ဆို ငါးပြားပေးမယ်။ ပြီးတော့" ထို့နောက် စားပွဲပေါ်က စာရွက်နဲ့ စန်ချယ်လီ လက်ထဲကဘောပင်ကိုယူ၍ မှော်အစီအရင် ဆွဲလိုက်ပြီး “ဒါက လောင်ကျွမ်း မှော်အစီအရင်။ လေ့လာကြည့် ပြီးတော့ ငါခိုင်းတဲ့အတိုင်းပြောင်းကြည့် အောင်မြင်ရင် ဆယ်ပြားပေးမယ်”

စန်ချယ်လီ မျက်လုံးများချက်ချင်းတောက်လာပြီး “ဆရာ ဘာများတောင်းဆိုချင်လို့လဲ”

“ရိုးရိုးလေးပါ ဒီ လောင်ကျွမ်းမှော်အစီအရင်ကိုအရင်ကမြင်ဖူးမှာပေါ့။ ဒီဟာကိုစလိုက်တာနဲ့ မီးတောက်ကလေးတောက်လာမယ်။ အဲဒီမီးတောက်ကိုငါးမိနစ်လောက်ကြာအောင်လုပ်ပေးဖို့ပါ”

စန်ချယ်လီသည်အံ့သြသွား၍ “ဒီလိုဆို မှော်အစွမ်းကိုဖြတ်လိုက်ရုံပေါ့”

“ငါပြောအုံးမယ် ဒီမီးတောက်ကသေသွားမယ်။ ဒါပေမယ့် အစီအရင်ကိုမပိတ်ရဘူး။ နှစ်မိနစ်ကြာရင် မီးတောက်ပြန်ပေါ်လာရမယ် ငါးမိနစ်နေရင် ပြန်သေသွားရမယ်။ နားလည်လားမသိဘူး”

စန်ချယ်လီသည်ခဏစဉ်းစားလိုက်ပြီး “ဒါက...မီးမတောက်ပဲ မှော်အစီအရင်ကိုဖွင့်ထားရမယ်ဆိုတော့ အပူကရောဘယ်လိုလဲ။ အပူကိုရောပပျောက်သွားစေချင်တာတော့မဟုတ်ဘူးမလား။ ဒီလိုဆို လုံးဝမတူခြားနားတဲ့ မှော်အစီအရင် ဖြစ်သွားမှာပေါ့”

ရှုယီသည်ချီးကျူးစွာဖြင့်ခေါင်းညိမ့်ပြသည်။ စန်ချယ်လီသည်လောဘကြီး၍နည်းနည်းကောက်ကျစ်သော်လည်း ဉာဏ်ကတော့သွက်သား။

“မဟုတ်ဘူး အပူပျောက်သွားစရာမလိုဘူး မီးတောက်မရှိရုံပဲနားလည်လား”

စန်ချယ်လီ ခုမှပင် စိတ်သက်သာရာရသွားတော့သည်။ ခဏစဉ်းစားလိုက်ပြီးမှ ပြုံး၍ “ဒါကလွယ်ပါတယ်၊ အချိန်နည်းနည်းပဲပေးပါ။ ပြီးအောင်လုပ်ပေးပါ့မယ်။ ဒါပေမယ့်..ဆရာ ဆယ်ပြားကိုကြိုပေးနိုင်မလား။ ငါးပြားဆိုလည်းရပါတယ်..”

ရှုယီသည်ခဏသူ့ကိုစိုက်ကြည့်လိုက်ပြီး ဆယ်ပြားထုတ်၍ စားပွဲပေါ်တင်လိုက်သည်။

“စန်ချယ်လီ ကုမ္ပဏီအတွက်အကျိုးရှိတာမှန်သမျှ ငွေကပြဿနာမဟုတ်ဘူး။ ဒါပေမယ့် ဘာမှမဖုံးကွယ်ဘူးလို့မျှော်လင့်ပါတယ်”

“စိတ်ချပါ ဘာမှမထိန်ချန်ပါဘူး” ထို့နောက် လျင်မြန်စွာပင် ငွေကိုသိမ်းကျုံးယူလိုက်သည်။

ရှုယီသည်မျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။ မှော်အစီအရင်ကိုသာ ပရိုဂရမ်ဆွဲပြီးမထိန်းချုပ်တတ်လျှင် သူ့ကိုငှားနေမည်မဟုတ်။

နေ့လည်စာစားပြီးနောက် ဆက်၍ဆွေးနွေးကြသည်။ ရှုယီ၏မှော်အစွမ်း ဗဟုသုတပြည့်စုံမှုတို့ကြောင့် စန်ချယ်လီ ရှင်းပြသည်ကိုချက်ချင်းနားလည်လေသည်။

သူတွေ့ရှိသော လေမှော်အစီအရင်သည်ကားထူးခြားလှသည်။ သာမာန် လေမှော်အစီအရင်ထက်နည်းနည်းသာရှုပ်ထွေးသော်လည်း ကွဲပြားမှုများစွာရှိလေသည်။

ထိုအသေးအဖွဲလေးများကြောင့်လည်း ကြီးစွာပြောင်းလဲမှုကြီးဖြစ်ပေါ်စေသည်။ ထိုအသေးစိတ်အချက်အလက်များကိုနားလည်သော်လည်း လုံးဝနားလည်သည်ကားမဟုတ်သေး။

ထိုပုံစံအတိုင်း မှော်အစီအရင်ကိုထုတ်နိုင်သော်လည်း အခြား မှော်အစီအရင်များနဲ့မတူစေသည်ကဘာများလဲ သူမစဉ်းစားနိုင်သေးပေ။

သူလိုအပ်သည်က ပရိုဂရမ်ဆွဲထားသော မှော်အစီအရင် ၏စည်းမျဉ်းအကျဉ်းချူပ်ဖြစ်၍ မှော်အစီအရင် တခုတည်းမဟုတ်ပေ။

သို့သော် စန်ချယ်လီကိုယ်တိုင်ပင် သေချာမသိ။ အကြောင်းကတော့ သူလည်းမတော်တဆတွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။

ထို့ကြောင့် မှော်အစီအရင်ကိုအတူလေ့လာကြစဉ် စန်ချယ်လီ စိတ်ထဲဖြစ်ပေါ်သမျှကိုအကုန်ပြန်ပြောပြရန် အကြံပေးလေသည်။ သုတေသနပြုကြပြီးသော် တခြား မှော်အစီအရင် များတွင်လည်း သုံးနိုင်သော ပြည့်စုံသောသီအိုရီကို တွေ့ရှိလာသည်ဟုယုံကြည်လေသည်။

သုတေသနလုပ်ရင်းအချိန်သည်ကုန်မှန်းမသိကုန်သွားလေသည်။ နေ့လည်ခင်းရောက်လေပြီ အဖြေကားလုံးဝအကောင်အထည်မပေါ်သေး။ ဘုရင်ကြီးနဲ့လာတွေ့ဆုံရန် တစ်ယောက်ကလာပြောလေသည်။

ထိုလူနန်းတော်ကလာသည်ဟုသေချာသော် အထုပ်များကိုသိမ်း၍ နောက်ကလိုက်သွားလေသည်။ မြို့ထဲကိုအရင်ကလမ်းလျှောက်စဉ်က နန်းတော်သို့ချဉ်းကပ်မိစဉ် အဝေးကကြည့်မိသည်။ သို့သော် အနားသို့မကပ်ခဲ့။

ယခုဘုရင်ကြီးကဆင့်ခေါ်သည်ဆိုတော့ လွတ်လပ်ပေါ့ပါးစွာနဲ့ နန်းတော်ထဲသို့ဝင်လာသည်။ စိတ်လည်းအရမ်းတက်ကြွနေသည်။ ဘုရင်ကြီးနဲ့စီးပွားရေးကိစ္စဆွေးနွေးရသည့်အတွက်ကြောင့်သာမဟုတ် နန်းတော်ထဲသို့ကိုယ်တိုင်ဝင်ခွင့်ရသောကြောင့်လည်းဖြစ်သည်။

ကမ္ဘာမြေပေါ်တွင် သမိုင်းဝင်နန်းတော်ရာများ မြောက်များစွာရှိသော်လည်း တခါမျှမဝင်ဖူးခဲ့။ တီဗီတို့ သတင်းတို့ထဲမှာသာမြင်ဖူးခဲ့ရသည်။ ကိုယ်တိုင်အပြင်မှာတခါမျှမမြင်ဖူး။

ယခုနန်းတော်ထဲဝင်လာသော် နည်းနည်းစိတ်ပျက်သွားမိသည်။ ကမ္ဘာမြေပေါ်က ဘောလုံးကွင်းသုံးကွင်းစာလောက်သာကျယ်ပြောပြီး သူ့ထင်ထားသလိုလည်း မခမ်းနားပါလား။

ထိုသို့သောသာမာန်နန်းတော်တစ်ခုကိုမြင်ရသော် သူ့စိတ်ထဲတွက်ဆမိသည်။ တော်ဝင်နန်းတော်သည် တိုင်းပြည်၏ဘုန်းတန်ခိုးဖြစ်သည်။ ထိုသို့မခမ်းနားခြင်းသည် တိုင်းပြည်၏အမျိုးသားဘုန်းတန်ခိုးမကြီးကျယ်ခြင်းကြောင့်ဖြစ်သည်။

လမ်ပူရီလိုတိုင်းပြည်ငယ်လေးအတွက်တော့ တိုင်းပြည်ကြီးနှစ်ခုဖြစ်သော မားလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာတို့နဲ့တော့မယှဉ်နိုင်ပေ။ ဤမျှသောအရွယ်ရှိသောတိုင်းပြည်များကို သာမာန်သော်လည်းကောင်းအနိမ့်စားအဖြစ်လည်းကောင်းသဘောထားကြ၍ အာဏာစက်မကြီးလှ။

တိုင်းပြည်ကအင်အားမကြီးသော်လည်း နန်းတော်သည်စုတ်ချာဖို့မလိုပေ။ ဥပမာ ရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဆိုသလို နန်းတော်ကြီးကဟိန်းနေအောင်ဆောက်ထားပြီး တိုင်းပြည်ကငတ်မွတ်နေသည်များလည်းရှိလေသည်။

ယခုလိုနန်းတော်ကမခမ်နားရခြင်းသည် တော်ဝင်မိသားစုသည် တလွဲဆံပင်ကောင်းနေသည့်အဖြစ်ကိုမကြိုက်ကြသောကြောင့်ဖြစ်လေသည်။

တိုင်းပြည်သည်ဆယ်နှစ်လောက်နစ်မွန်းခဲ့ရသည်ဖြစ်၍ ဘုရင်ကြီးသည် မည်သို့သောငွေဖြုန်းတီးမှုကိုမျှမလိုချင်ပေ။ ထို့ကြောင့်လည်း နန်းတော်သည်လွန်ခဲ့သောဆယ်နှစ်ကအတိုင်းပင်မပြုမပြင်ပေ။ တချို့သောတကြွယ်အိမ်များနဲ့ထူးမခြားနားပေ။

နံရံပေါ်တွင်ဆေးသားတို့ကွာကျနေလေပြီ။ လူအများပြောသလို ဘုရင်ကြီးသာ ဂုဏ်ပကာသနကိုမမက် စွမ်းဆောင်ရည်ကိုသာတန်ဖိုးထားသူဖြစ်ခဲ့လျှင် သူ့အကြံဉာဏ်များကိုအလွယ်တကူလက်ခံလိမ့်မည်ဟု တွက်ဆလိုက်သည်။

စက်မှုအင်ဂျင်နီယာတယောက်အနေဖြင့် ထိုကဲ့သို့သော အဘောထားမျိုးကိုနှစ်ခြိုက်လေသည်။ စက်မှုလူပ်ငန်းတွင်လည်း မည်သို့သောအမှားလေးမျှခွင့်မပြုပေ။ အစေခံသည်ဝေးဝေးခေါ်မသွား အခန်းငယ်လေးထဲသို့နားရင်းစောင့်ရန်ခေါ်သွားသည်။

“ခဏ” ထွက်သွားဟန်ပြင်နေသောအစေခံကို ခေါ်လိုက်ပြီး “မေးစရာရှိလို့ပါ ကျွန်တော့်ကိုစောစောခေါ်လာတာဆိုတော့ ဘာများထူးခြားတဲ့အမိန့်ရှိလို့လဲ”

အစေခံသည်အေးဆေးပင် ပြန်ပြောသည်။ “ဘာမရှိပါဘူး ကျွန်တော်လည်းဒီတိုင်းပဲခေါ်ခိုင်းလို့ခေါ်ရတာပါ”

ထိုအစေခံကြည့်ရသည်မှာ ကျောက်တုံးလိုမျက်နှာပေးသေနဲ့ဆိုတော့ ဘာမျှမေးမရမှန်းသိ၍ လက်ပြထွက်သွားခိုင်းလိုက်သည်။ အံ့သြစရာ ထိုအစေခံထွက်သွားပြီးနောက်လည်း နောက်ထပ်မည်သူမျှသူ့ကိုလာမခေါ်ကြတော့။

နာရီဝက်လောက်အခန်းထဲတွင်စောင့်နေသော်လည်းမည်သူမျှပေါ်မလာ၍ စိတ်မရှည်တော့ပဲ မတ်တတ်ရပ်လိူက်သည်။ မတ်တတ်ရပ်ပြီးတံခါးကိုတွန်းကြည့်သော် အပြင်ကသော့ခတ်ထားသည်ကိုတွေ့ရလေသည်။

ထောင်ချောက်ထဲဆင်းမိသောသားကောင်အလား သူ့မျက်နှာချက်ချင်းပျက်သွားသည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၁၀၇ ။ စစ်တုရင်ရုပ်မျှသာ

တံခါးကိုလက်ဖြင့်ဆောင့်တွန်းမည်ဟုကြံ၍ အားနဲ့မာန်နဲ့ဆန့်ထုတ်လိုက်ရာ ထိုတံခါးမှ ထူးဆန်းသောမှော်အစွမ်းကိုခံစားမိလေသည်။

ဒီသာမာန်တံခါးပေါ်တွင် မှော်အစီအရင် ရှိနေသည်လား။ သူအားထည့်သုံးလေလေ ထို မှော်အစီအရင် သည်ပို၍အသက်ဝင်လာပေတော့မည်။

သူသေချာစွာစဉ်းစားကြည့်သည်။ ထို့နောက်လက်ကိုဆန့်၍ တံခါးကိုဖြည်းဖြည်းချင်းထိလိုက်ရာသူ့လက်ချောင်းလေးမှ မှော်အစွမ်းလေးထွက်လာသည်ကိုခံစားမိသည်။ တံခါးပေါ်မှ မှော်အစီအရင် ကိုဖြည်းဖြည်းချင်းလေ့လာကြည့်လေသည်။

မှော်စက်တို့ကိုသုတေသနလုပ်ရန် အလွန်မြင့်သော မှော်အစီအရင်တို့ကိုလေ့လာခဲ့သည်ဖြစ်၍ အဆင့်သုံး လေပေါက်ကွဲအစီအရင် ဖြစ်မှန်းချက်ချင်းပင် သိလေသည်။ ထိုဟာအသက်ဝင်လာသည်နဲ့ ပြင်းထန်သောလေလှိုင်းကိုထုတ်လွင့်လာမည်ဖြစ်သည်။

မပြင်းထန်သော်လည်းလေထဲတော့မြှောက်တက်သွားအောင်လုပ်နိုင်လေသည်။ မသေသော်လည်းဒဏ်ရာအကြီးအကျယ်ရနိုင်လေသည်။ တံခါးမှဖယ်၍ နံရံကိုစမ်းကြည့်သော် မှော်အစွမ်းကိုခံစားမိ၍ သေချာလေ့လာကြည့်သည်။

နောက်ဆုံးတွင်တွေ့ရသည်က နံရံလေးခု တံခါးပေါက်နှစ်ချပ်တို့တွင် လေပေါက်ကွဲ အစီအရင်တပ်ဆင်ထားသည်ကိုတွေ့ရသည်။ ထိုအခါမှသိလိုက်ရသည်က အချုပ်ခန်းပမာဖန်တီးထားခြင်းပင်။

လက်ကိုပြန်ရုတ်၍ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့ဆင်ထားသူသည်သူ့ကိုသတ်ချင်၍မဟုတ် ခဏထိန်းထားချင်၍ဖြစ်သည်။

သို့သော် တော်ဝင်နန်းတော်ဖြစ်၍ သူ့ကိုကြာကြာလှောင်ထားလျှင်အခြားလူများမသိဘူးတဲ့လား။ ထိုသို့တွေး၍ ချက်ချင်းနားလည်သွားသည်။

ဘုရင်ကြီးနဲ့မတွေ့ဆုံစေချင်သူရှိနေသည်။ သူထွက်လာတုန်းက လေးနာရီထိုး နန်း‌တော်ကိုလာခဲ့သည်က နာရီဝက်လောက်ကြာသည်။ ဒီမှာစောင့်ရတာနဲ့ဆို ငါးနာရီလောက်ရှိတော့မည်။ ထိုအချိန်သည်ဘုရင်နဲ့တွေ့ဆုံဖို့အချိန်ဖြစ်သည်။

ကြံစည်သူသည် သူနဲ့ဘုရင်ကြီးမတွေ့ဆုံစေရန်သာရည်ရွယ်ရင်းဖြစ်လောက်သည်။

သူတော်တော်စိတ်ထိခိုက်သွားမိသည်။ ဘုရင်ကြီးနဲ့တွေ့ဆုံဖို့ဆိုတာသည် ရခဲလှသောအခွင့်အရေးဖြစ်သည်။ သူသာနောက်ကျသည်ဖြစ်စေ လွတ်သွားလျှင်ဖြစ်စေ ဘုရင်ကြီးသည်သူ့ကိုအထင်ကြီးတော့မည်မဟုတ်။

သူရှင်းပြနိုင်သော်လည်း နောက်ထပ်တွေ့ရဖို့သည်မသေချာ။ တွေ့ဆုံခွင့်ရလျှင်လည်း ဘုရင်ကြီးကယုံမည်တဲ့လား။

မည်သို့ဆိုစေ သူ့အစီအစဉ်ကိုများစွာထိခိုက်နိုင်လေသည်။ အချိန်ကတိုတောင်း၍ သူ့စိတ်ထဲမေးခွန်းများစွာပလူပျံနေသည်။ စဉ်းစားနေ၍မဖြစ်။ ပိတ်ထားသောတံခါးကိုတချက်ကြည့်၍ ရိုက်ခွဲလိုက်သည်။

သူ့လက်ဝါးမှမှောအစွမ်းသည်ပြင်းထန်ရကား တံခါးပေါ်တွင် အက်ကြောင်းရာတို့ပေါ်လာသည်။ သို့သော် ပွင့်ဖို့လမ်းမမြင်သေး တဖြည်းဖြည်းသာပြေလျော့လာရုံသာ။

ခဏကြာသော် တံခါးမှ အပြာဖျော့ရောင်လေးထွက်လာပြီး လေပြေညှင်းတချက်တိုက်လာ၍ သူ့ဆံပင်ပင်လှုပ်ရှားသွားသည်။ သူတချက်ပြုံးလိုက်သည်။ အော်တံခါးက လေပေါက်ကွဲ အစီအရင် သူ့လက်ချက်နဲ့ပျက်စီးသွားပြီကိုး။

ခုတော့ တံခါးပေါ်က လေမှော်ကိုပဲ ချိုးဖျက်ဖို့ကျန်တော့သည်။

တသံတချက်မြည်လာပြီး တံခါးပွင့်လာသည်။

“အဆင့်သုံး အစီအရင် သုံးပြီးငါ့ကိုပိတ်လှောင်ထားတာတော့ ငါ့ကိုအထင်သေးရာကျတာပဲ” တံခါးကိုဆောင့်တွင်းဖွင့်လိုက်သည်။ ထွက်ဖို့လုပ်သည်တွင် လူအများပေါ်လာ၍ တားဆီးလေသည်။

“ဘယ်သူလဲ နန်းတော်ထဲမှာအတင့်ရဲလှချေလား သူ့ကိုဖမ်းလိုက်စမ်း”

ဒေါသတကြီးအော်သံနဲ့အတူ နန်းတော်အစောင့်ဝတ်စုံဝတ်ထားသောလူကြီးသုံးယောက်သူ့ဆီချီတက်လာသည်။

ထိုခက်ထန်ကြမ်းတမ်းသောလူသုံးယောက်ကိုမြင်သော် သူတွန့်ဆုတ်သွားသည်။ ချိုးဖောက်သည်ကပြဿနာမရှိ၊ သို့သော် နန်းတော်အစောင့်များကိုတိုက်ခိုက်လျှင် အကြီးအကျယ်ပြဿနာဖြစ်သွားနိုင်သည်။

သို့သော်တွေဝေနေ၍ မရ။ ထိုသုံး‌ယောက်သည်သူ့ရှေ့ရောက်လာပြီဖြစ်၍ သူပြန်မခုခံလျှင် သူ့ကိုဖမ်းကြတော့မည်။ သက်ပြင်းတချက်ချ၍ လက်ကိုမြှောက်ပြီး အစွမ်းနဲ့ပစ်ချဖို့လုပ်လိုက်သည်။

“ရပ်လိုက်”

ထိုအချိန်တယောက်အော်လိုက်သည်။ အစောင့်သုံးယောက်သည်သူ့ကိုချူပ်ပြီးသားဖြစ်နေသည်။ သို့သော် ထိုအသံကြားသည်နဲ့တစ်ယောက်မျှမလှုပ်တော့။

ရှုယီသည်အံ့သြသွားပြီး ခြေနှစ်လှမ်းနောက်ဆုတ်လိုက်သည်။ သူစုစည်းလိုက်သောမှော်အစွမ်းတို့ကိုပြန်လည်ရုတ်သိမ်းလိုက်သည်။ အသံလာရာကြည့်လိုက်ရာ သူအံ့သြသွားရပြန်သည်။

အသံပိုင်ရှင်ကားအခြားလူမဟုတ် ဟာဗီး ဖြစ်နေသည်။ ရှုယီ သူ့ကိုသတိထားမိသည်ကိုသိသော် ခေါင်းတချက်ညိမ့်ပြသည်။ ထို့နောက် အစောင့်ကိုကြည့်၍ ပြန်သားသောအသံဖြင့် “ဘာဖြစ်နေကြတာလဲ”

အစောင့်က ချက်ချင်းအရိုအသေပေး၍ “အရှင်ဗစ်ကောင့်ထ်၊ အမိန့်အတိုင်း ကင်းလှည့်နေတုန်း အသံကြားလို့ကြည့်လိုက်တာ တံခါးကိုချိုးဖျက်ပြီး ထွက်လာတာတွေ့လို့ စစ်ဆေးမေးမြန်းမလို့ဖမ်းဆီးတာပါ”

“ကောင်းပြီ သွားလို့ရပြီ။”

အစောင့်က “အရှင်ဗစ်ကောင့်ထ် ဒါပေမယ့် သူက...”

ဟာဗီးကပြန်ကြည့်၍ “သူကဘုရင်ကြီးရဲ့ဧည့်သည် ငါရှင်းပြရအုံးမှာလား”

ထိုလူသည်ကိုယ်ကိုမတ်မတ်ထားလိုက်ပြီး ခေါင်းခါလိုက်သည်။

"ဒီလိုဆို ဘာလို့ထွက်မသွားသေးတာလဲ။ ငတုံးငအလိုဘာလို့ရပ်နေသေးတာလဲ”

ထိုလူသည် ရှုယီကိုတချက်ကြည့်လိုက်ပြီးအခြားအစောင့်များနဲ့အတူထွက်ခွာသွားလေသည်။ သူတို့ထွက်သွားပြီးနောက် ရှုယီ ဘေးရောက်လာပြီး တိုးတိုးလေးမေးသည်က “ဥက္ကဌရှု၊ ဘာတွေဖြစ်နေတာလဲ”

ဖြစ်ကြောင်းကုန်စင်ကိုအားလုံးပြန်ပြောပြလိုက်သည်။

နားထောင်ပြီးနောက် ဟာဗီးတယောက်မျက်မှောင်ကြီးကြုတ်လိုက်သည်။ သူနားမလည်သည်မှာသေချာသည်။ သို့သော် ခဏစဉ်းစားလိုက်ပြီး “ထားလိုက်ပါ ခုတော့အချိန်မရှိတော့ဘူး ဘုရင်ကြီးနဲ့တွေ့ရအုံးမယ်မဟုတ်လား. ကျွန်တော်လိုက်ပို့ပေးမယ် လာပါ”

ရှုယီလည်းခေါင်းညိမ့်ပြ၍ နောက်ကလိုက်သွားသည်။ ခဏလမ်းလျှောက်ပြီးသော မည်သူများရှိသလည်းဘေးပတ်ချာလှည့်ကြည့်ပြီးသော် တိုးညှင်းသောအသံဖြင့် “ဥက္ကဌကြီး၊ ဘုရင်ကြီးနဲ့တွေ့ရင် ဒီကိစ္စမပြောဖို့အကြံပေးချင်တယ်”

ရှုယီကပြုံး၍ကြည့်ပြီး “စိတ်ချပါ အရေးကြီးတာကိုအရင်လုပ်ရမှာပေါ့”

ဟာဗီးကခေါင်းညိမ့်၍ “ဥက္ကဌကြီးက ပညာရှိပဲ။

သတင်းကောင်းပြောအုံးမယ် ဒီနှစ်ရက်အတွင်းကျွန်တော်တို့လုပ်လိုက်တဲ့ရလဒ်ကိုဘုရင်ကြီးကသဘောကျပြီး Frestech ကုန်သည်ကြီးများအသင်းကိုချီးကျူးနေတယ်။ ဘုရင်ကြီးနဲ့တွေ့ရင် သူ့ကိုပြောပြသမျှ သူကျေနပ်ပြီး ဆုလာဘ်ကြီးတွေပါပေးလိမ့်မယ်”

ရှုယီကရယ်၍ “ဆုလာဘ်ကအဓိကမဟုတ်ပါဘူး။ ဘုရင်ကြီးက ငါ့အဆိုကိုလက်ခံရင်ပြီးတာပါပဲ”

“ဒါက ဘုရင်ကြီးယုံကြည်လာတဲ့အပေါ်မူတည်တာပေါ့” ဟာဗီး ကပြုံး၍ပြောသည်။

လမ်းလျှောက်လာရင်းနဲ့ ဥယျာဉ်ကြီးဆီရောက်လာသည်။

“ဒီကိုပဲလိုက်ပို့နိုင်မယ် တခြားတယောက်ကလိုက်ပို့လိမ့်မယ်။ ပြီးတော့ဘုရင်ကြီးနဲ့သွားတွေ့ပေါ့။ ပြီးတော့မှတ်ထားအုံး အများကြီးမပြောနဲ့အုံး”

ရှုယီသည်သူ့ကိုကြည့်၍ အံ့သြသွားပြီး နည်းနည်းခြောက်ခြားသွားသည်။ ထိုဟာသည်တော်ဝင်နန်းတော်ဖြစ်၍ ဖြစ်ခဲ့သမျှကို ဘုရင်ကြီးမသိအောင်ဖုံးကွယ်၍ရမည်ထင်သလား။

သို့သော်ပြန်၍မမေးပဲ ခေါင်းသာညိမ့်ပြလိုက်သည်။ ဟာဗီး သည်အစေခံကိုခေါ်၍ ရှုယီ မည်သူဖြစ်ကြောင်းပြောပြ၍ ရှုယီကိုအစေခံနောက်လိုက်သွားရန်အချက်ပြလေသည်။

ရှုယီလည်းလိုက်သွားဖို့လုပ်ပြီးမှ တစုံတခုကိုရုတ်တရက်သတိရသွား၍ ချက်ချင်းရပ်လိုက်သည်။

ခဏကြာမှ ဟာဗီးဘေးရောက်လာပြီး တိုးတိုးလေးပြောလေသည်။ “ဗစ်ကောင့်ထ်ဟာဗီးရေ။ ဘုရင်ကြီးကစိုက်ပျိုးရေးမှော်စက်တွေကိုစိတ်ဝင်စားပြီးသားဆိုတော့ ဘာမှထူးလုပ်မနေပဲ သူ့ဟာသူထားလိုက်တာကကောင်းမယ်ထင်တယ်။ အဲလိုမဟုတ်ရင် ရှုပ်ထွေးသွားပြီး ဘာဖြစ်မှန်းမသိဖြစ်သွားလိမ့်မယ်”

ဟာဗီး မျက်လုံးများသည်ချက်ချင်းပင်စူးရှလာသည်။

ရှုယီကိုခဏစိုက်ကြည့်နေပြီး အေးစက်သောအသွင်ဖြင့် “ဥက္ကဌကြီး ခင်ဗျားကဉာဏ်ကောင်းတဲ့လူဆိုတော့ ဒီနေ့ဖြစ်ပျက်နေတာတွေဟာ ခင်ဗျားနဲ့မဆိုင်ဘူးလို့သိထားသင့်တယ်။ အဲဒါတွေနဲ့ပတ်သက်ဖို့ ခင်ဗျားမှာအစွမ်းအစမရှိဘူး”

ရှုယီ ပြုံးလိုက်သည်။ ဟာဗီးကားတိမ်လှသည့်လူပဲ။ ပုတ်လိုက်ရုံဖြင့် ဇာတိကပေါ်လာလေပြီ။ သူ့ဆီတွင်ဝှက်ဖဲများရှိနေနိုင်သည်။ သူပြောသည့်အတိုင်းပင် ရှုယီတွင် ထိုကိစ္စများနဲ့ရောယှက်ရန်အစွမ်းမရှိသေး။

သူနန်းတော်လာရခြင်းကပင် အားကြီးသောလူများကြားမြေစာပင်ဖြစ်ရပြီး သူကား စစ်တုရင်ကစားကွက်မျှသာဖြစ်သည်။ သူ့တွင်ခုခံရန်ခွန်အားလည်းမရှိ ကိုယ်ပိုင်အမြင်လည်းတင်ပြခွင့်မရှိ။

ရှုယီသည်ဤမျှလည်ဂရုမစိုက်ပေ။ မည်သို့ဆိုစေ သူတို့ကြားတိုက်ပွဲသည်သူနဲ့မဆိုင်၊ သူ့ရည်ရွယ်ရင်းပြီးစီးသည်ဆိုလျှင် တော်လေပြီ။

ထိုသို့တွေး၍ သူနဲ့မဆိုင်သောကိစ္စအားလုံးကိုအတွေးထဲမှထုတ်ပစ်၍ သူ့အလုပ်ကိုသာအာရုံစိုက်လိုက်သည်။ စက်မှုတော်လှန်ရေးစနစ်ကိုသာ စစ်ပွဲပမာသတ်မှတ်လိုက်မည်ဆိုလျှင် ဘုရင်ကြီးနဲ့ယခုလိုတွေ့ဆုံမှုသည် အရေးကြီးသောတိုက်ပွဲတစ်ခုဖြစ်လေသည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၁၀၈ ။ ငါ့မှာ တန်ဖိုးကြီးပစ္စည်းတွေရှိတယ်

“အရှင်မင်းကြီး ဒီပုံက မှော်ကောက်ရိတ်စက် နဲ့ဂျုံရိတ်နေတဲ့ပုံပါ။” ပုံကိုစားပွဲပေါ်ဖြန့်၍ စိတ်အားထက်သန်စွာဖြင့် ဘုရင်ကြီးကိုရှင်းပြလေသည်။ “ကြည့်ပါအုံး ဂျုံတွေတအားမှည့်နေပြီး လူနဲ့သာသိမ်းမယ်ဆိုသုံးရက်ကနေတပတ်လောက်ကြာလိမ့်မယ်။

နွားနဲ့လှည့်တဲ့ဆုံနဲ့ဆိုလည်း နှစ်ရက်လောက်ကြာအုံးမယ်။ အခွံနွှာပြီးထိဆို တစ်ရက်ကြာအုံးမယ်။ ပြီးတော့ရာသီဥတုမကောင်းရင် အကုန်ပျက်စီးနိုင်သေးတယ်”

“အကုန်ပြီးစီးဖို့ဆိုရင် ဆယ်ရက်ဆယ့်ငါးရက်ကြာလိမ့်မယ်။ ထွက်ကုန်ကလည်းကောင်းမှာမဟုတ်ဘူး။ အဲဒါကြောင့် ပျက်စီးလေလွင့်တာတွေများတယ်။

ဒါပေမယ့် ကျွန်တော်တို့ကုမ္ပဏီကထုတ်တဲ့ မှော်ကောက်ရိတ်စက်နဲ့သာဆိုရင် ဒီဟာကိုတစ်နာရီနဲ့ပြီးအောင်လုပ်နိုင်ပါတယ်။ ကြည့်ပါအုံး ဂျုံစေ့လေးဖြစ်လာဖို့ မျက်စိတမှိတ်ပဲကြာလိုက်တယ်။

လူတစ်ယောက်က နောက်ကနေ အိတ်လေးကိုင်ပြီးနေရုံပဲ ဘယ်လောက်သက်သာလိုက်လဲ”

ဘုရင်ကြီးခီးနက်စ်သည် အသက်လေးဆယ့်ရှစ်ပြည့်လေပြီ။ ဘဝ၏အကောင်းဆုံးအသက်အပိုင်းအခြားကိုရောက်နေလေပြီ။ မျက်နှာသည်‌လေးထောင့်ပုံစံရှိ၍ လေးနက်သည့်အသွင်ဆောင်လေသည်။ ကိုယ်ခန္ဓာသည်ကျစ်လစ်၍ လေ့ကျင့်ခန်းမည်မျှလုပ်ကြောင်းသိသာလေသည်။

စကား‌ပြောကောင်းသော ရှုယီ ရှင်းပြသည်ကိုနားထောင်ရင်း တခါတလေ ကြားဖြတ်မေးတတ်လေသည်။ များသောအားဖြင့် လေးနက်စွာနားထောင်တတ်ပြီး အလေးအနက်လည်းစဉ်းစားတတ်သည်။

ရှုယီ၏စကားဆုံးမှ “ဥက္ကဌကြီး ဒါကသေးသေးလေးပဲရှိသေးတယ်မဟုတ်လား။ မှော်ကောက်ရိတ်စက်က ဒါ့ထက်ကြီးတာရှိတယ်မဟုတ်လား”

ရှုယီ အနည်းငယ်အံ့သြသွားသည်။ဘုရင်ကြီးအနေဖြင့် ခဏလောက်သာနားထောင်ပြီး ဤသို့ပြန်မေးလိမ့်မည်ဟုထင်မထားပေ။

“အရှင်မင်းကြီးပြောတာဟုတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့အလယ်အလတ်တန်းစားတစ်ခုထုတ်ဖို့လုပ်နေပါတယ်။ ပြီးတော့ပိုကြီးတာကိုဆက်လုပ်မှာပါ။ ပြီးတော့လိုအပ်သလိုဒီဇိုင်းအမျိုးမျိုးနဲ့လည်းထုတ်လုပ်သွားမှာပါ။အသေး အလတ် အကြီးဆိုပြီးတော့ခွဲခြားထားမှာမဟုတ်ပါဘူး”

ဘုရင်ကြီးကခေါင်းညိမ့်ပြ ၍ “မဆိုးပါဘူး ရုတ်တရက်ကောက်ရိုးမီးကြောင့်လာတာမဟုတ်ဘူးပဲ။ မင်းတို့ကုမ္ပဏီကမှော်စက်အမျိုးမျိုးထုတ်နေတော့ ဒီမှော်ရိတ်ချွေစက်အသေးလေးကယာယီပဲဆိုတာ ငါထင်ပြီးသားပါ”

ဒီကိုလာပြီးဒါလေးတွေပဲလာရောင်းမှာထင်ပြီးစိုးရိမ်နေတာ ခုတော့ ငါမင်းကိုလျော့တွက်မိခဲ့တာပဲ”

ရှုယီကအံ့သြစွာဖြင့် “အရှင်မင်းကြီး လေသံနားထောင်ရတာဖြင့် ရေရှည်စီမံကိန်းတွေဘာတွေရှိနေပုံပဲ”

“ဟုတ်တယ်။ မြို့တော်ဝန်ပြောတာကိုယုံပြီးသားလေ၊ သူ့စာထဲမှာ မင်းတို့ကုမ္ပဏီကထုတ်တဲ့မှော်စက်တွေအစွမ်းအကြောင်းပြောတော့ ငါယုံပြီးသားပါ။

ဒါပေမယ့် မင်းတို့ကုမ္ပဏီကဒီ့ထက်စွမ်းဆောင်နိုင်မလားဆိုတာမပြောတတ်သေးဘူး။ စောစောကမင်းပြောတဲ့ မှော်ကောက်ရိတ်စက်s အမျိုးမျိုးရှိပေမယ့် ငါတို့တိုင်းပြည်ကမြေပြန့်ကျယ်ရှိတာမဟုတ်ဘူးလေ။

ဒီလိုနေရာဒေသအမျိုးမျိုးမှာ မှော်ကောက်ရိတ်စက် တစ်ခုတည်းသုံးနေလို့မရဘူးလေ။ ပြီးတော့ ဒီစက်တွေကို ဘန်တာမြို့တမြို့တည်းမှာသုံးနေမယ်ဆိုရင် အဆင့်မြှင့်တင်ရတာအလကားဖြစ်အုံးမယ်လေ”

ရှုယီ ပျော်သွားပြီး “အရှင်မင်းကြီး ဒီလိုဆို သဘောတူပြီးသားလား”

ဘုရင်ကြီးကရယ်၍ “ရိတ်သိမ်းမှုကိုသာမြှင့်တင်ပေးမယ်ဆို ဘာလို့သဘောမတူရမှာလဲ။ မင့်ကိုဆင့်ခေါ်ကတည်းက မှော်စက်တွေကိုမြှင့်တင်ဖို့ဆုံးဖြတ်ပြီးသားပဲ။ ပြဿနာကဘယ်လိုမြှင့်တင်မလဲဆိုတာပဲ”

ထိုသို့ပြောပြီးနောက် ဘုရင်ကြီးသည်ခဏရပ်လိုက်ပြီး သူ့ကိုကြည့်လိုက်သည်။ ရှုယီသည်ချက်ချင်းနားလည်သွားသည်။ ဆွေးနွေးပွဲသည်ယခုမှစတော့မည်။

“ဒါ..အရှင်မင်းကြီး အကြောင်းတခုခုကြောင့်မလုပ်နိုင်တာတခုရှိပါသေးတယ်။ အဲဒါကတော့ နည်းပညာကိုတော့ စိုက်ပျိုးရေးဌာနကိုတော့ပေးလို့မဖြစ်ပါဘူး။ ဘုရင်ကြီးကအတင်းတိုက်တွန်းမယ်ဆိုရင်တော့ ကျွန်တော်တို့မငြင်းသာဘူးပေါ့။ ဒါပေမယ့် မှော်စက်တွေမြှင့်တင်တာကိုတော့ ပါတော့မှာမဟုတ်ဘူး”

ထို့နောက်ဘုရင်ကြီးကိုစိုးရိမ်တကြီးကြည့်လိုက်သည်။

ယခုလိုကျွန်တပိုင်း ပဒေသရာဇ်တပိုင်းတိုင်းပြည်တွင် ဘုရင်၏အာဏာရှိမှုကိုလုံးဝယုံကြည်လေသည်။ ဘုရင်ကြီးကိုအတင်းပေးခိုင်းလျှင်ပေးဖို့သာရှိလေသည်။

ဤသို့ဆိုလျှင် သူတို့ကုမ္ပဏီအနေဖြင့် စျေးကွက်ကျရှုံး၍ အကြီးအကျယ်ကျရှုံးနိုင်လေသည်။

ပိုဆိုးသည်က အစကပင်ပြန်စဖို့အခက်တွေ့ပေလိမ့်မည်။ နောက်ထပ်အသစ်မှော်စက်ထွင်လျှင်လည်း နည်းပညာကိုပြန်၍ သိမ်းပိုက်မည်လားမပြောတတ်။

နောက်လာမည့်ပြဿနာများကိုရှောင်ရှားရန် ဟာဗီး ရှေ့တွင်ဖြစ်စေ ဘုရင်ကြီးရှေ့တွင်ဖြစ်စေ ထိုစိတ်ကူးကိုဖယ်ရှားရပေလိမ့်မည်။

ဘုရင်ကြီးသည်ခဏမျှ ရှုယီကိုပြုံးကြည့်ပြီးနောက် “ဥက္ကဌကြီး ငါ့ကိုလောဘကြီးတဲ့လူလို့ထင်တာလား။ ဒါမှမဟုတ်ငါ့ကိုလူအလို့ထင်တာလား”

ရှုယီ သည်အံ့သြစွာဖြင့်ခေါင်းခါပြ၍ “မဟုတ်ပါဘူး ဘုရင်ကြီးကဒီတိုင်းပြည်ရဲ့ ခေါင်းဆောင်ပါပဲ။ ဘာလို့များအဲလိုသမုတ်ရဲမှာလဲ”

“ဒီလိုဆိုလည်း ဘာလို့နည်းပညာကိုမောင်ပိုင်စီးမယ်လို့ထင်ရတာလဲ”

“ဒါက .. ဗစ်ကောင့်ထ်ဟာဗီးကဘုရင်ကြီးကိုယ်စားပြောတာမဟုတ်ပါလား”

ဘုရင်ကြီးက “ဒါကသူ့အဆိုသက်သက်ပဲလေ ငါ့မှာအဲလိုမရှိပါဘူး။ အခုကတိပေးနိုင်တာက မင်းတို့ကုမ္ပဏီကဘာပဲထုတ်ထုတ် မင်းတို့ကုမ္ပဏီအပိုင်ပဲ။

မင်းတို့ရဲ့နည်းပညာကိုငါစိတ်ဝင်စားတာမဟုတ်ဘူး။ ငါဂရုစိုက်တာက မင်းတို့ရဲ့အဲဒီမှော်စက်တွေကတိုင်းပြည်ရဲ့လယ်ယာထွင်ယက်စိုက်ပျိုးရိတ်သိမ်းရေးကိုဘယ်လောက်မြှင့်တင်ပေးနိုင်လဲဆိုတာပဲ။ ငါပြောချင်တာသဘောပေါက်ရဲ့လား”

ထိုစကားများကြောင့် ရှုယီ ရင်ထဲမှအလုံးကြီးကျသွားတော့သည်။ ဘုရင်ကြီးကတိစကားသည် အကာအကွယ်ပေးသောမန္တန်နဲ့တူလှသည်။ တခြားလူများလုယူမည်ကိုစိတ်ပူစရာမလိုတော့ပေ။

“ဟုတ်တယ် အရှင်မင်းကြီး၊ ဒီအခွင့်အရေးလေးရတုန်းတခြားပြောစရာရှိပါသေးတယ်”အခွင့်သာတုန်းပြောချလိုက်မည်ဟု ရည်ရွယ်၍ မူပိုင်ခွင့်ကိုပါ ပြောဖို့ကြံလိုက်သည်။

မူပိုင်ခွင့်အကြောင်းဘုရင်ကြီးကြားသော် ခဏစဥ်းစားလိုက်ပြီး “အင်းမဆိုးဘူးပဲ။ မောင်ရင်ပြောသလိုဆိုရင် ကုမ္ပဏီတိုင်းကသူတို့မူပိုင်ခွင့်နဲ့ဆိုတော့ နည်းပညာခိုးခံရမှာစိတ်ပူစရာမလိုတော့ဘူးပေါ့။ အချောင်လိုချင်တဲ့ကုမ္ပဏီတွေလည်း သူတို့ကိုယ်ပိုင်ကြိုးစားလာရတော့မှာပေါ့”

“အရှင်မင်းကြီးကအင်မတန်ပညာဉာဏ်နဲ့ပြည့်စုံတာပဲ” ဘုရင်ကြီးသည်အကျိုးတရားများစွာကိုချက်ချင်းသဘောပေါက်လေသည်။ လမ်ပူရီ တိုင်းပြည်၏စစ်မှန်သောပညာရှိဘုရင်ဆိုသည်မှာယုံမှားဖွယ်မရှိ။

ကုမ္ပဏီများသည်လည်း မူပိုင်ခွင့်အတွက်အခွန်ဆောင်ရသော် တိုင်းပြည်လည်းဝင်ငွေတိုးလေသည်။

ဘုရင်ကြီးက “မောင်ရင်ကအဆိုတင်သွင်းပြီး လိုလိုချင်ချင်လည်းအခွန်ဆောင်မယ်ပေါ့”

ရှုယီသည်ကိုယ်ကိုမတ်၍ “အရှင်မင်းကြီး တစ်ခုလိုချင်တစ်ခုပေးဆပ်ရတာ ကုန်သည်စိတ်ထားပါ”

ဘုရင်ကြီးကရယ်၍ “ဒီလိုဆိုသင့်တော်တဲ့ငွေကြေးပြောရတော့မှာပေါ့”

ရှုယီသည်ရယ်၍ ဘာမျှမပြော။

ဘုရင်ကြီးက “အကျိုးတရားရဖို့ပေးဆပ်ရမယ်။ မဆိုးပါဘူး။ ဒါပေမယ့် အရင်ကတင်ပြတဲ့အဆိုပြုချက်ကိုလက်မခံနိုင်ဘူး”

“ဘာလို့ပါလဲ အရှင်မင်းကြီး ကျွန်တော်သူတို့နှစ်ယောက်ကိုတင်ပြတာကသင့်တော်ပါတယ်။ ကုမ္ပဏီအတွက်ရောတိုင်းပြည်အတွက်ရောအကျိုးများစေတယ်လေ။ စိုက်ပျိုးရေးကိုလည်းမြှင့်တင်ပြီးသားဖြစ်ရော။ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်အားလုံးအဆင်ပြေပြေအောင်မြင်သွားမှာပါ”

“ဟုတ်ပါတယ် မှန်တော့မှန်တယ် ဒါပေမယ့် အဲလောက်ဒုက္ခမများချင်ဘူး။” ဘုရင်ကြီးက သူ့ဘေးကစာရွက်ကိုယူ၍ ကမ်းပေးလိုက်ပြီး “ဒီဟာတွေကငါ့အကြံဉာဏ်တွေ ကြည့်ပါအုံး”

သိချင်ဇောဖြင့်ကြည့်လိုက်ရာ အင်မတန်ရိုးရှင်းလှသည်။ ဘုရင်ကြီးကတိုင်းပြည်ကိုယ်စားပြုအနေဖြင့် ကုမ္ပဏီထံမှ မှာမည်ဖြစ်ကြောင်းပင်။

ထို့ပြင် ကုမ္ပဏီအနေဖြင့် စိုက်ပျိုးရေးဌာနကတောင်းဆိုသလောက် ထုတ်လုပ်ပေးရမည့်အပြင် စက်ပစ္စည်းကိုင်တွယ်ပုံလည်း ပေးရမည့်အပြင်အခြားသောဝန်ဆောင်မှုများလည်းပေးရမည်ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် ထိုအဆိုပြုချက်သည် ရိုးရှင်းသော စာချုပ်မျှသာဖြစ်သည်။ စိုက်ပျိုး‌ရေးဌာနသည် ဝယ်သူအနေကလွဲ၍ ကျန်တာဘာမျှမဟုတ်တော့။

ပြောရလျှင် ဘုရင်ကြီးသည်သာမာန်စီးပွားရေးကိစ္စကိုဆွေးနွေးရုံသာဖြစ်သည်။ ဘုရင်ကြီး၏ပထမအမှာသည် မှော်ကောက်ရိတ်စက် တစ်သောင်းဖြစ်လေသည်။

ရှုယီသည်ပြန်၍ သေချာကြည့်လိုက်သော် ပြဿနာတခုကိုမြင်မိသည်။

“အရှင်မင်းကြီး လက်ရှိပေါက်စျေးအရ တစ်လုံးကို ရွှေဒင်္ဂါးခုနှစ်ဆယ်ဆိုတော့ တစ်သောင်းသာဝယ်ရင် စျေးကခုနှစ်သိန်းဖြစ်နေပါပြီ။ ဘုရင်ကြီးမှာ ရှိ..ရှိပါ့မလား”

သူ့တွင်သံသယရှိ၍ မတတ်နိုင်သာတော့လည်မေးရတော့သည်။ ဟာဗီး ပြောပြချက်အရ တိုင်းပြည်၏အခွန်ဝင်ငွေသည်တနှစ်ကိုတသန်းထက်ပင်နည်းသေးသည်။ ခုနှစ်သိန်းကိုရုတ်တရက်သုံးစွဲဖို့မည်သို့ထုတ်မည်နည်း။

ဘုရင်ကြီးကပြုံး၍ လက်ကိုဖြန့်ပြပြီး “မရှိဘူးလေ”

ရှုယီ စိတ်ပျက်မိသွားသည်။ ခါးသီးစွာပြုံး၍ “အရှင်မင်းကြီး ကျွန်တော်တို့ကုမ္ပဏီကသေးသေးလေးပါ အကြွေးတော့မတတ်နိုင်ပါဘုရား”

ဘုရင်ကြီးကသဘောကျ၍ ရယ်လိုက်ပြီး နောက်ချင်သောအသွင်ဖြင့် “ငါ့မှာပိုက်ဆံမရှိလည်း တန်ဖိုးကြီးပစ္စည်းတွေရှိပါသေးတယ်။ ကဲ...လိုချင်လားပြော”

အခုမှပင် ရှုယီ မျက်နှာ ဝင်းကနဲဖြစ်သွားတော့သည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၁၀၉ ။ အဆင့်ငါးစာမေးပွဲ

ဘုရင်ကြီးနဲ့တွေ့ပြီးနောက် ရှုယီသည်နောက်နှစ်ရက်လုံးလုံး အလုပ်ရှုပ်နေတော့သည်။ ဘုရင်ကြီးသည် မှော်ကောက်ရိတ်စက် တစ်သောင်းမှာရုံမက သူယူလာသောမှော်စက်ငါးလုံးအမျိုးအစားကို အလုံးရေငါးထောင်မှတသောင်းကြားမှာပြန်လေသည်။

ဤမျှများပြား၍ သေချာစီစစ်လုပ်ဆောင်ဖို့လိုလာသည်။ နှစ်ရက်အတွင်းတွင် ဘုရင်ကြီးလွှတ်သောလူများနှင့် စိုက်ပျိုးရေးဌာနမှလူများကိုလက်ခံဆွေးနွေးနေရသည်။

နှစ်ရက်အတွင်းလုံးဝနားလည်ဖို့ရန်သည်မဖြစ်နိုင်။ သို့သော် ဘုရင်ကြီး၏အကူအညီဖြင့်အားလုံးအဆင်ပြေချောမွေ့သွားသည်။ နှစ်ရက်အတွင်းတွင် သေချာသောအစီအစဉ်ကိုအကောင်အထည်ဖော်နိုင်လိုက်သည်။

ဘုရင်ကြီး၏အကြံဉာဏ်ပေးချက်အရ မှော်စက်ခြောက်မျိုးကို အလုံးရေငါးထောင်မှတစ်သောင်းအကြားဝယ်ရန်သတ်မှတ်လိုက်ကြသည်။

ကုမ္ပဏီ၏လက်ရှိအနေအစွမ်းနဲ့ဆိုလျှင် ဤမျှများလှသောအလုံးရေကိုမလုပ်နိုင်။ သို့သော် ထိုမှော်စက်များကိုထုတ်လုပ်နိုင်သောအခြားကုမ္ပဏီများလည်းမရှိသေး၍ တသုတ်ပြီးတသုတ်ထုတ်ရန်သာ စီစဉ်လိုက်သည်။

ပထမတသုတ်သည်ငါးရာဖြစ်၍ ဆောင်းရာသီရိတ်သိမ်းချိန်မတိုင်ခင်ရရန်ဖြစ်သည်။ ထိုငါးရာသည်ပင် ရှုယီကို ခေါင်းကိုက်လောက်အောင်ဖြစ်သွားစေသည်။

အန်ဂိုလာမျိုးနွယ်မှလူပုရာချီ၍ခေါ်ဆောင်လာပြီး ထုတ်လုပ်မှုအစွမ်းမြှင့်တင်လာသော်လည်း သူတို့အတွက်နောက်ဆောင်းဦးမတိုင်ခင် သုံးထောင်ရဖို့အင်မတန်ခက်ခဲလေသည်။

သူလက်ခံလိုက်ရသည်က ဘုရင်ကြီးသည်တစ်မျိုးကိုငါးရာထက်နည်း၍မမှာချင်ပေ။ ထိုအရေအတွက်ထက်နည်းလျှင် ရှုယီအတွက် ထုတ်လုပ်နိုင်စွမ်းကိုပြသရန်ခက်ခဲသွားစေပြီး ဘုရင်ကြီးအတွက်လည်း ရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်ချက်ချရန်ခက်ခဲသွားစေနိုင်သည်။

မည်သို့ဆိုစေသောင်းချီ၍မှာလျှင် ဘုရင်ကြီးနှင့်စိုက်ပျိုး‌ရေးဌာနတို့အတွက်လည်း ဤမျှငွေပမာဏပေးဖို့အခက်တွေ့စေလိမ့်မည်။

တိုင်းပြည်သည်ဤမျှမတတ်နိုင်၍ ဘုရင်ကြီးသည်ရတနာပစ္စည်းများဖြင့်ချေရန် ပြောခဲ့ခြင်းဖြစ်သည်။

ရှုယီလည်းလက်ခံလိုက်သည်။ ပထမဆုံး မြေကွက်‌တောင်းသော်ဘုရင်ကြီးကလက်မခံ၍ သံမိုင်းတွင်းနှင့် မှော်သလင်းကျောက် မိုင်းတွင်းတောင်းရာလက်ခံလေသည်။

သဘောတူညီချက်အရ ဘန်တာမြို့နားက သံမိုင်းတွင်းနှစ်ခုနဲ့ ဘန်တာမြို့အနောက်မြောက်ဘက်က မှော်သလင်းကျောက် မိုင်းတွင်းသုံးခုကိုရဖို့ရှိလေသည်။

ရှုယီသည် မိုင်းတွင်းအကြောင်းကိုသိပ်မသိ၍ ထိုဟာသည်ယာယီသ‌ဘောတူညီအတွက်သာဖြစ်သည်။ ကုမ္ပဏီကသေချာလေ့လာစမ်းသပ်ပြီးမှသာလျှင် အသက်ဝင်လာလိမ့်မည်။

ထိုမိုင်းတွင်းများကိုလက်ခံပြီးသည်နဲ့ အမှာတော်အားလုံးကို ပြီးစီးအောင်လုပ်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးဌာန၏သဘောအရ တိုင်းပြည်အတွင်းကလယ်မြေကိုလည်းပြောင်းလဲဖို့လိုသေးသည်။

ထို့ကြောင့် သူ့အပေါ်တွင်ဖိအားများနေလေသည်။ နောက်နှစ်ဆောင်းဦးမှမပြီးလျှင် မိုင်းတွင်းများဆုံးရှုံးရုံမက ဘုရင်ကြီး၏ယုံကြည်မှုထောက်ပံ့မှုအားလုံး ပျက်စီးသွားလိမ့်မည်။

ဤသို့ဖြစ်လျှင် ကုမ္ပဏီအတွက်အကြီးအကျယ်ထိခိုက်နိုင်လေသည်။ ရှုယီ၏ရေရှည်စီမံကိန်းများကပြောင်းကပြန်ဖြစ်သွားနိုင်သည်။

ထို့ကြောင့်အမှားအယွင်းမရှိပြီးစီးမှဖြစ်ပေလိမ့်မည်။

စက်မှုအင်ဂျင်နီယာတစ်ယောက်အနေဖြင့် သူသည်အမှားနည်းနည်းလေးတောင် လက်မခံတတ်ပေ။ ထို့ကြောင့် ဤမျှသောဖိအားသည်သူနဲ့မစိမ်းလှ ဖိအားမှအစွမ်းဖြစ်လာရသည်။

ပထမတသုတ်ပို့ရမှာသည် များပြားလှသော်လည်း ထိုအခွင့်အရေးကိုကောင်းစွာအသုံးချ၍ကုမ္ပဏီကိုပို၍အားကြီးလာအောင်လုပ်မည်သာဖြစ်သည်။

နှစ်ရက်လောက်လုံးပန်းကြိုးစားလာပြီးနောက် တတိယနေ့သည် အဆင့်ငါးစာမေးပွဲနေ့ဖြစ်လေသည်။

သူ၏မူလအစီအစဉ်အရ မနေ့က အဆင့်လေး စာမေးပွဲတွင်ပါဝင်ရန်ဖြစ်သည်။ မူလတန်းကနေ တိုက်ရိုက်ထောင်တက်သွားရန်ဖြစ်သည်။ သို့သော် ဗစ်ကောင့်ထ်လက်စ်လိုင်း၏မေတ္တာရပ်ခံချက်ကြောင့် အဆင့်ငါးစာမေးပွဲကိုဝင်ရခြင်းဖြစ်လေသည်။

စာမေးပွဲဝင်ဖြေသူသည်ပထမနေ့ကလောက်မရှိတော့ပေ။ အားလုံးရေကြည့်မှ ငါးဆယ်သာရှိသည်။ ပထမနေ့က ထောင့်နားတွင်ကပ်နေသလောက်ပင်မရှိတော့။

မူလတန်းနဲ့လုံးဝကွဲပြား၍ သူနဲ့သိသူတစ်ယောက်မှမရှိတော့

မည်သို့ဆိုစေ အဆင့်ငါးစာမေးပွဲဝင်ဖြေသူများသည် အဆင့်လေးအောင်ပြီးသားများဖြစ်သည်။ အဆင့်လေးအောင်သူလည်းသိပ်မရှိလှ၍ အဆင့်ငါးစာမေးပွဲဝင်ဖြေသူ သိပ်မများလှ။

မူလတန်းစာမေးပွဲဝင်ဖြေတုန်းက အသက်နှစ်ဆယ့်ခုနှစ်ရှိသော ရှုယီသည် အနည်းငယ်အသက်ကြီးနေသည်။ ထို့ကြောင့် လူအများကြည့်ခြင်းကိုခံရလေသည်။ သို့သော်ယခုအဆင့်ငါးစာမေးပွဲတွင်ကား သူသည်အသက်ငယ်ရွယ်သလိုဖြစ်နေ၍ အခြားလူများအားကျစိတ်ဖြင့်ကြည့်သည်ကိုခံရပြန်သည်။

သူ့ရင်ဘတ်တွင် မှော်ပညာတ‌ယောက်ရှိသင့်သည့်တံဆိပ်မရှိမှန်းသိသော် ပို၍ပင်အံ့သြသွားသည်။

မူလတန်းပင်မအောင်သေးပဲ အဆင့်ငါးစာမေးပွဲကိုလာဖြေသည်တဲ့လား။ အားလုံးငေးကြည့်နေစဉ်ပင် တာဝန်ရှိသူဆီသွား၍ စာရင်းသွင်းလေသည်။

တာဝန်ရှိသူသည်သူ့နာမည်ကြားသော် အံ့သြတကြီးကြည့်လိုက်သည်။ ထို့နောက်မျက်မှောင်ကြုတ်၍ “ရှုယီ သေချာလို့လား ဆရာကြီးရဲ့ထောက်ခံချက်ပါလို့ ကျော်ဖြေလို့ရပေမယ့် တခါပဲအခွင့်အရေးရမှာနော်။

ဒီတခါရှုံးတာနဲ့နောက်ထပ်ထောက်ခံစာရတော့မှာမဟုတ်ဘူး။ ပြီးတော့ မှော်ပညာရှင်များအဖွဲ့မှာအဆင့်လည်းကျသွားမယ်။ ဖြစ်လာမှာကိုနားလည်မယ်ထင်ပါတယ်”

သူ့စကားကြားမှ ဘေးကလူအားလုံးသဘောပေါက်သွားတော့သည်။

အော် ဒီကလေးမှာ အထူးထောက်ခံချက်ရှိနေမှတော့ အဆင့်ငါးကိုတိုက်ရိုက်ဖြေတာမထူးဆန်းပါဘူး။

အားလုံးသည်ရွံ့ရှာသောမျက်လုံးများဖြင့် သူ့ကိုကြည့်လိုက်ကြသည်။ မူလတန်းတောင်မအောင်သေးပဲ ပဉ္စမတန်းကိုအောင်ချင်သေးတယ်တဲ့လား။

သို့သော်အားလုံး၏စိတ်ထဲတွင်တော့ အောင်သွားမလားဆိုသောစိတ်ဖြင့်ကြည့်လိုက်ကြသည်။ ဆရာကြီး၏ထောက်ခံချက်ရသည်ဆိုတော့ သာမာန်ကာလျှံကာတော့မဟုတ်ပေ။

ဆရာကြီးတိတ်တဆိတ်ခေါ်ထားသောအလုပ်သင်များလား။ တချိန်လုံးမှော်ပညာလေ့လာနေ၍ စာမေးပွဲမဖြေအားပဲခုမှ တခါတည်းနဲ့ကမ္ဘာကြီးကိုတုန်လှုပ်အံ့သြသွားစေဖို့လား။

လူငယ်လေးတစ်ယောက် အခုမှပထမဦးဆုံးဖြေ၍ ပဉ္စမအဆင့်ရှိသူမှော်ဆရာအဖြစ်ရောက်သွားသည်ဆိုသောသတင်းသည်အံ့သြစရာကြီးဖြစ်လာလိမ့်မည်။

ရှုယီကတော့ သူများဘာထင်မလဲဂရုမစိုက်။ အောင်မလားကျမလားစိတ်မပူ။

ဆရာကြီးနှင့် စတေးလ်သာမတိုက်တွန်းလျှင် စာမေးပွဲတွင်ပါဝင်ဖြစ်မည်မဟုတ်ပေ။ ဗစ်ကောင့်ထ်လက်စ်လိုင်းသာမတိုက်တွန်းလျှင် ပဉ္စမတန်းစာမေးပွဲသို့တိုက်ရိုက်ဝင်ဖြေမည်မဟုတ်။

သူ့လက်ရှိအစွမ်းသည် အဆင့်လေးနှင့်အဆင့်ငါးကြားမှာရှိသည်။ စတုတ္ထတန်းစာမေးပွဲတွင်သာဝင်ဖြေလျှင် အောင်ဖို့ကိုးဆယ်ရာနှုန်းသေချာလေသည်။

ယခုသောငါးဆယ်ရာနှုန်းသာသေချာသည်။ ပဉ္စမတန်းစာမေးပွဲတွင်ကား တခြားဟာတွေမပါတော့ ရေးဖြေနဲ့တိုက်ခိုက်စွမ်းရည်သာပါလေသည်။

တိုက်ခိုက်စွမ်းရည်ကိုတော့ပြောစရာမလို ရေးဖြေစာမေးပွဲကား မှော်သီအိုရီနဲ့ပတ်သက်၍စမ်းသပ်ခြင်းဖြစ်သည်။ ထင်မထားပဲ ပဉ္စမတန်းစာမေးပွဲရေးဖြေကား အဆင့်ငါး မှော်အစီအရင်တို့နဲ့ဆက်စပ်နေလေသည်။

မှော်စက်တွေကိုလေ့လာဖို့ ရန် မှော်အစီအရင်ကိုသုတေသနလုပ်ရခြင်းသည် အဆင့်ငါးမှော်ပညာရှင်တယောက်ထက်ပင်သာသေးသည်။ ဆရာကြီးနဲ့လည်း အဆင့်ငါးမှော်အစီအရင်တို့ကိုဆွေးနွေးဖူးလေသည်။ ထို့ကြောင့် စာမေးပွဲသည်သူ့အတွက်သိပ်မခက်တော့ပေ။

နာရီဝက်တောင်မကြာ ရေးဖြေပြီးသွားလေသည်။ သူထွက်သွားသည်ကိုမြင်သော် အခြားလူများသည် အံ့သြစွာဖြင့်ကြည့်နေကြသည်။

ဒီလူငယ်ကားတကယ်ပင် ပါရမီရှင်လား။ သူ့အစွမ်းအစက အဆင့်ငါးမှော်ဆရာထက်ပင်သာနေသည်လား။ သို့သော် နောက်တနာရီအကြာတွင် တိုက်ခိုက်စွမ်းရည်စသော်မှ သူတို့ရှင်းလင်းစွာသိသွားကြသည်။

ရှုယီတယောက် ကောင်းကောင်းမတိုက်ခိုက်နိုင်သည်တော့မဟုတ်ပေ။ သို့သော် သူသည် အဆင့်လေးမှော်ကိုသာသုံးနေသောကြောင့်ပင်။ တခါတလေအဆင့်ငါးမန္တာန်ကိုသုံးသော်လည်း အထင်ကြီးလောက်အောင်မဖြစ်ပေ။

သေချာသည်က သူ့အဆင့်သည် အဆင့်လေးသာဖြစ်၍ အဆင့်ငါးအောင်ဖို့ခဲယဉ်းလိမ့်မည်။ ထို့ကြောင့် အားလုံးအကြည့်များသည်ပြောင်းလဲသွားသည်။

ဒီကောင်လေးဘဝင်မြင့်နေတာလား။ ပွဲပြီးသော် သူ၏တိုက်ခိုက်စွမ်းရည်က မှော်ဆရာလေးဆယ့်ခုနှစ်ထဲတွင်မပါသော်လည်း အလယ်တန်းစားတွင်ရှိနေသည်။

မှော်ပညာရှင်များအဖွဲ့ အစဉ်အလာအရ တခါတည်းနဲ့အောင်မြင်သွားသူရှိလေသည်။ သာမာန်အခြေအနေမျိုးတွင် ရှုယီအတွက်အောင်ဖို့ခဲယဉ်းပေလိမ့်မည်။ အားလုံး၏လှောင်ရယ်အကြည့်များကိုရင်ဆိုင်ရသော်လည်း သူကားတည်ငြိမ်စွာပင်လုံးဝမမှု။

စက်မှုအင်ဂျင်နီယာတယောက်အနေဖြင့် သူသည်အချက်အလက်ကိုသာဂရုစိုက်တတ်သည်။ သူ့အဆင့်သည်အဆင့်လေးနှင့်ငါးကြားတွင်ရှိသောကြောင့် မအောင်နိုင်ဟုမျှော်လင့်ထားပြီးသားဖြစ်၍ လက်မခံနိုင်စရာလည်းမဟုတ်ပေ။ ထို့ကြောင့်စာမေးပွဲရလဒ်ကိုလည်းဂရုစိုက်နေမည်မဟုတ်။

သို့သော် နှစ်နာရီကြာ၍ ရလဒ်ကြေညာသောအခါ သူပါနေသည်ကိုတွေ့သော် အားလုံးအံ့သြသွားကြသည်။ အောင်စာရင်းတွင်သူ့နာမည်ပါလာသည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၁၁၀ ။ ကိုယ်စားလှယ်

ရှုယီတယောက် ရုံးကိုပြန်လာသော်လည်း အောင်စာရင်းကြေညာတုန်းကမြင်ကွင်းကိုမျက်လုံးကမထွက်ပေ။

သူသည် သတိထားမိစရာသတ္တဝါကောင်လေးဖြစ်နေ၍လား။ တိုက်ခိုက်မှုတွင်အစွမ်းတွေအများကြီးမထုတ်သုံးခဲ့၍ သူအောင်သည်ကြားသော် သူ့ထက်သာလွန်စွာတိုက်ခိုက်နိုင်ပြီးကျရှုံးသူတို့သည်မေးခွန်းထုတ်ကြလေပြီ။ မှော်ပညာရှင်များအဖွဲ့၏နောက်ကွယ်မှာဘာတွေများဖြစ်နေပြီလဲ သူတို့သံသယဝင်လာသည်။

မှော်ပညာရှင်များအဖွဲ့ကပြန်ပြောသည်က ရှုယီသည်ရေးဖြေစာမေးပွဲတွင်ပထမရသည်တဲ့။ သူ့အဖြေသည် အဆင့်လေးငါးရှိသောမှော်ပညာရှင်ထက်ပင်သာသေးသည်တဲ့။ ထို့ကြောင့်သူ့ကိုအောင်ပေးလိုက်သည်။

ထိုအဖြေကြားသော် သူတို့မကျေနပ်သော်လည်းမတတ်နိုင်ပေ။ မှော်ပညာရှင်များအဖွဲ့သည် သီအိုရီပိုင်းတွင်အလေးအနက်ထားတာသူတို့သိပြီးဖြစ်သည်။

သို့သော် တချို့ကလက်မခံနိုင်ကြ။ တချို့သည် ရှုယီကိုမကျေနပ်သောမျက်လုံးများဖြင့်ကြည့်ကြသည်။

တချို့သည်လာ၍ပင် တည့်တိုးပြောကြသည်က

“ ကောင်လေး ခုလိုအောင်လို့သိပ်မြှောက်မနေနဲ့အုံး။ ငါကအဆင့်လေးပဲရှိသေးတာ၊ ဒါပေမယ့် မင့်ကိုတချက်တည်းအလှဲသိပ်လို့ရတယ်ယုံလား”

ရှုယီကားပြုံးပြလိုက်သည်။ သူ့အတွက်တော့မှော်ဆိုတာသည်ရန်ဖြစ်ဖို့မဟုတ်ပေ။

ကမ္ဘာမြေပေါ်က စက်မှုနည်းပညာလိုမဟုတ်အချည်းနှီးအလဟဿလုပ်ကြသည်။ တချို့နေရာတွင် တယောက်နဲ့တယောက်သတ်ဖြတ်ရုံသာဖြစ်သည်။ လူတွေ၏နေမှုထိုင်မှုစားမှုသွားမှုလာမှုတို့ကိုပြောင်းလဲဖို့မစဉ်းစားကြ။

“ဆရာကြီးလိုသာ မှော်ဆရာတွေအားလုံးက လူသားအကျိုးပြုတဲ့နေရာမှအသုံးချမယ်ဆိုရင် စားဖို့ဝတ်ဖို့မပူရတော့ဘူးပေါ့။" သက်ပြင်းတချက်သာချ၍ ရုံးတံခါးဝဆီသို့ထွက်လာရာ သူ့ရှေ့ကမြင်ကွင်းကြောင့်လန့်သွားသည်။

ရုံးရှေ့တနေရာတွင် သံတုံးများဖြင့်ပြည့်နှက်နေ၍ လူပင်မရပ်သာအောင်ပင်။

“ဆရာပြန်ရောက်ပြီပေါ့” ထိုကြားမှလူတယောက်ကလှမ်းနှုတ်ဆက်သည်။

“အဲလက်စ်ရောက်နေတာလား” ထို့‌နောက် မှော်စက်တို့ကိုလက်ညှိုးထိုး၍ “သူတို့ကိုကောင်းကောင်းအုပ်ထားလို့မပြောဘူးလား။ ဘာလို့ခုလိုဖြစ်နေတာလဲ။ ဒီတိုင်းလှည်းပေါ်တင်ပြီး တလကြမ်းမောင်းသွားမှာတော့မဟုတ်ပါဘူးနော်”

ထိုသံတုံးကြီးများသည်အခြားမဟုတ် ကုမ္ပဏီမှ မှော်စက်များဖြစ်သည်။ စိုက်ပျိုးရေးစက်များအပြင် မှော်လေအေးပေးစက် အသစ်စက်စက်ငါးဆယ်လည်းပါလေသည်။

ပထမတသုတ်ကမှော်စက်များမီးလောင်သွားသော် ဗစ်ကောင့်ထ်လက်စ်လိုင်းမှတဆင့်ကုမ္ပဏီကိုပြန်ဆက်သွယ်ရသည်။ ဆယ့်ခြောက်လုံးမှာ၍ ဟာဗီးနှင့် ဆယ်ဗီနီတို့ကိုသေချာလေ့လာခိုင်းလေသည်။

မှော်လေအေးပေးစက် အလုံးငါးဆယ်သည် ဗစ်တာတို့သုံးယောက်အတွက်ဖြစ်သည်။

“ဘယ်သယ်ပါ့မလဲ။ ဆရာပဲဒီစက်တွေကိုရတနာတွေလိုထားရမယ်ဆို ဘယ်လိုလုပ်ပစ်စလက်ခတ်ထားရဲပါ့မလဲ။ တစ်ခုချင်းစီကိုအဝတ်နဲ့ပတ်ပြီးသယ်လာတာပါ။ ဒီရောက်မှပြန်ဖြေလိုက်တာပါ။ ကြည့်ပါအုံး ခြစ်ရာတောင်မရှိစေရဘူး”

ခါးကုန်း၍စစ်ကြည့်လိုက်သော် “အင်းကောင်းသားပဲ အဲလက်စ်။ ဒါနဲ့ ဘန်တာမြို့မှာ မနေချင်ဘူးလို့အမြဲပြောခဲ့တာမို့လား။ မင်းကသယ်ယူပို့ဆောင်ရေးမှာတော်သားပဲ။ ဟိန့်ဇ်နဲ့ပြောပြီး မင်းကိုသယ်ယူပို့ဆောင်ရေးမန်နေဂျာခန့်မယ်။ ငါတို့ကုမ္ပဏီကထုတ်ကုန်တွေကို ဒီနယ်မြေတစ်ခုလုံးကမြို့တွေကိုပို့မယ် ။ ဒီတော့မင်းလည်းမြို့‌ပေါင်းစုံသွားရပြီသာမှတ်”

“တကယ်လားဆရာ ပို့ဆောင်ရေးမန်နေဂျာဟုတ်လား”

“ငါလိမ်ပါ့မလား။ ပြီးတော့ မြင်းလှည်းပဲစီးရတော့မှာမဟုတ်ဘူး ပိုမြန်တဲ့စိမ်ကျတဲ့ယာဉ်တွေစီးရတော့မှာ”

“ပိုမြန်တယ်ဟုတ်လား။ ဘယ်လိုမျိုးလဲ” နားမလည်၍မေးမိသည်။

ရှုယီကရယ်၍ “ဘာမဟုတ်ပါဘူး”

အဲလက်စ် အံ့သြသွားသည်။ သို့သော် ရှုယီကပြောမည်မဟုတ်၍ အသာလေးခေါင်းကုတ်နေလိုက်ရသည်။

“ကောင်းပြီ ဒီဟာတွေကိုစာရင်းကောက်လိုက်အုံး။ အထူးသဖြင့် မှော်လေအေးပေးစက်တွေပေါ့။ ဒီနေ့တယောက်လာယူလိမ့်မယ်”

ထို့နောက် လမ်ကိုလိုက်ရှာ၍ ဗစ်တာကိုပြောခိုင်းဖို့အစေခံတယောက်လွှတ်ခိုင်းလေသည်။

နာရီဝက်ပင်မကြာ ဗစ်တာသည်မျက်လုံးကြီးတောက်ပစွာဖြင့်ပျော်ပြီးရောက်လာသည်။ မှော်လေအေးပေးစက်များကိုမြင်သော် အံ့သြသွားသည်။ “ဥက္ကဌကြီး ဒီဟာတွေလား”

ရှုယီကဘာမျှပြန်မပြောပြုံး၍သာနေပြီး ကူညီမရန်အချက်ပြသည်။ နှစ်ယောက်သားမ၍အခန်းထဲသို့သယ်လာပြီး နံရံတွင်အဆင်သင့်ပြင်ထားသောနေရာတွင်ထားလိုက်ကြသည်။

ဗစ်တာ၏သံသယစိတ်ကိုသိ၍ မှော်သလင်းကျောက်ကိုကောက်၍ သူ့ရှေ့တွင်လှုပ်ပြပြီး မှော်လေအေးပေးစက်ထဲထည့်လိုက်သည်။ ခလုတ်ကိုနှိပ်လိုက်၍ မှော်လေအေးပေးစက်ရှေ့သို့ ဗစ်တာကိုဆွဲလိုက်သည်။

“ရွှီး..”

လေအေးတချက်တိုက်လိုက်ရာနှစ်ယောက်သားချမ်းတုန်သွားသည်။

“ဥက္ကဌကြီး ဒီဟာကဘာလို့လေအေးတိုက်ရတာလဲ။ အရမ်းအေးတာပဲ” ဘေးသို့ရှောင်လိုက်သည်။ အခန်းထဲတွင်အပူချိန်လျော့သွားသည်ကိုသတိထားမိသည်။

“အိုး ဒါက အပူချိန်ပြောင်းလဲနိုင်တဲ့ မှော်လေအေးပေးစက်လေ။ ဒါကြောင့် မင်းကိုအေးကြောင်းပြချင်တာလေ။”ခပ်အုပ်အုပ်ရယ်၍ ခလုတ်မှားနှိပ်မိသည့်အကြောင်းတော့မပြောချေ။

သေချာကြည့်သော် ဟိန့်ဇ်သည်သူခိုင်းသည့်အတိုင်း သဝေမတိမ်းလိုက်နာထားသည်ကိုတွေ့ရသည်။ အပြာနှင့်အနီခလုတ်နှစ်ခုရှိလေသည်။ အခုသူနှိပ်လိုက်တာသည် အပြာဖြစ်သည်။ ထိုဟာသည်လေအေးအတွက်ဖြစ်သည်။ ထို့နောက် အနီကိုနှိပ်လိုက်သော် အပြာခလုတ်သည်ချောက်ခနဲထွက်လာသည်။

ထိုသို့သောဒီဇိုင်းပင် စိုင်စ်နယ်မြေပေါ်တွင်မရှိသေး။ ထိုဒီဇိုင်းကိုဖော်ပြသော် လန့်စ် နှင့် ကမ်ဘီတို့ကချီးမွမ်းကြလေသည်။

အနီရောင်ခလုတ်နှိပ်လိုက်သော် လေအေးထုတ်တာရပ်သွားသည်။ ခဏကြာသော် အနွေးဓါတ်ရလာသည်။ ဗစ်တာတယောက် အံ့သြတကြီးဖြစ်သွားသည်။ မကြာပါ အခန်းတခုလုံးနွေးထွေးသွားသည်။

နွေးလွန်း၍ အပေါ်အင်္ကျီပါချွတ်ဖို့လုပ်လိုက်သည်။ ရှုယီ ကဝင်တား၍ “ဘယ်လိုလဲ သခင်လေး ဗစ်တာ ဒီ မှော်လေအေးပေးစက် ကိုဘယ်လိုထင်လဲ”

ဗစ်တာကလက်မထောင်ပြ၍ “မိုက်တယ်ဗျာ အတော်သန်တာပဲ။ ဒီစက်ကလေးကဒီလောက်စွမ်းလိမ့်မယ်လို့ထင်မထားဘူး။ ရေခဲမှော်အစီအရင်တွေ၊ မီးမှော်အစီအရင်တွေထက်တောင်စွမ်းသေးဗျာ”

“ဒီလိုဆိုရောင်းဖို့စိတ်အားမထက်သန်ဘူးလား”

ဗစ်တာကရယ်၍ “နိုးနိုး အခုပဲရောင်းချင်နေပြီ။ သူငယ်ချင်းတွေကိုလည်းပြောထားပြီးပြီ။ သူတို့သာဒီအစွမ်းကိုသိမယ်ဆို တခါတည်းအလုအယက်ဝယ်ကြမှာပဲ။ ငါးဆယ်ကလောက်တောင်လောက်မှာမဟုတ်ဘူး။ တရာ မဟုတ်သေးဘူးနှစ်ရာ အင်းများလေကောင်းလေဗျာ”

ရှုယီကပြုံး၍ ထို့နောက် မျက်နှာကိုတမင်တင်းလိုက်ပြီး “ဒါက..သခင်လေးရေ ပစ္စည်းကရပါတယ် ပိုက်ဆံကသာ..”

ဗစ်တာ လန့်သွားသည်။ ထို့နောက်ပြန်သတိရလာပြီး “ဟုတ်သားပဲ ဒီလောက်ငါးဆယ်တောင်ပေးထားတာ။ လောဘကြီးလို့ဘယ်ဖြစ်မလဲ။ ဟုတ် ဒီငါးဆယ်ရောင်းရပြီးရင် တခါတည်းရှင်းပါ့မယ်။ ပြီးတော့မှ ကျွန်တော်တို့သုံးယောက်ပိုက်ဆံစုပြီး နောက်ထပ်ပြန်ဝယ်မှာပေါ့။ ဘယ်လိုလဲ”

ရှုယီကပြုံးပြ၍ “ကောင်းသားပဲ။ ဒါပေမယ့် သခင်လေး၊ မနက်ဖြန် ဒီမြို့ကပြန်တော့မယ်"

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ခုပဲပူးပေါင်းဆောင်ရွက်ရုံရှိသေး။ ငွေတွေအများကြီးရတော့မှာကိုဘာလို့ပြန်တော့မှာလဲ။ နောက်ထပ်မှာချင်တာမျိုး ပိုက်ဆံရှင်းတာမျိုးကိုဘယ်လိုလုပ်မလဲဗျ။ ကျွန်တော်တို့က ဘန်တာမြို့ကိုလာရမှာလား”

“မလိုပါဘူး။ အစီအစဉ်ရှိပါတယ်။" ထို့နောက် အဲလက်စ်ကိုခေါ်လိုက်ပြီး “သခင်လေးဗစ်တာ၊ သူက အဲလက်စ်လို့ခေါ်တယ်။ ဒီမြို့ရဲ့ကိုယ်စားလှယ်ပေါ့။ ငါမရှိတော့ရင် သူ့ဆီသွားပြီးလိုတာမှန်သမျှသွားပြောလို့ရတယ်။ လိုချင်တာပဲဖြစ်ဖြစ် ငွေချေချင်တာပဲဖြစ်ဖြစ်အကုန်ရတယ်”

ဟိန့်ဇ်ကပြောပြီးသားဖြစ်၍ အဲလက်စ်သည်မအံ့သြတော့။ သူက ဗစ်တာကိုပြုံးပြ၍ “မင်္ဂလာပါ”

ဗစ်တာကခဏတွေနေပြီးမှ “ဥက္ကဌကြီးယုံကြည်ရတဲ့လူဆိုတော့ ဘာမှမပြောတော့ပါဘူး”

ထို့နောက် ရှုယီ သည် အသေးစိတ်အစီအစဉ်ကိုသူတို့နှစ်ယောက်ရှေ့တွင် ပြောလေသည်။ ဗစ်တာသည် အခုမှစီးပွားရေးစလုပ်ဖူး၍ အဲလက်စ်သည်လည်း ပထမဆုံးအကြိမ်တာဝန်ယူခြင်းဖြစ်၍ နှစ်ယောက်စလုံးစိတ်လှုပ်ရှားနေကြသည်။

အသက်နှစ်ဆယ့်ခုနှစ်ရှိပြီဖြစ်သော ရှုယီကားအေးဆေးပင်။ သူ့စိတ်ထဲရှိရာကိုပြောချလိုက်ရာကျန်နှစ်ယောက်သည်ခေါင်းတွင်တွင်ညိမ့်နေသည်။ မကြာပါ သုံးယောက်လုံးဆွေးနွေးပွဲပြီးသွား၍ စာချုပ်စာရွက်ကိုထုတ်လိုက်ပြီး ဗစ်တာနှင့် အဲလက်စ် လက်မှတ်ထိုးရန် ပြောသည်။ ယခုအခါမှစ၍ နှစ်ယောက်လုံးရေရှည်လက်တွဲဖို့ဖြစ်လာသည်။

ဗစ်တာသည်စာချုပ်ကိုသေချာထားလိုက်ပြီး “ဥက္ကဌကြီး၊ အစ်ကိုအဲလက်စ် နေလည်းမြင့်နေပြီ အပြင်သွားပြီး တခုခုစားရင်မကောင်းဘူးလား။ ကျွန်တော်တို့ရဲ့အောင်မြင်စွာပူးပေါင်းဆောင်ရွက်မှုပွဲပေါ့”

ရှုယီကပြုံး၍ ပြန်ပြောမည်လုပ်သည်တွင် အပြင်ဘက်က လမ်ခေါ်သံကြားရသည်။ “ ဥက္ကဌကြီး လော့ဒ်ဗစ်ကောင့်ထ်လက်စ်လိုင်း ရောက်နေပါတယ်”

ရှုယီ အံ့သြသွားပြီး မျက်နှာတချက်ပျက်သွားပြီး ပြန်ဖုံးဖိ၍ ဗစ်တာကိုပြောသည်။ “ဝမ်းနည်းပါတယ် ဗစ်တာ၊ အရှင်ဗစ်ကောင့်ထ် ရောက်လာပြီဆိုတော့ လိုက်လို့မရတော့ဘူး။ အဲလက်စ်ရေ ငါ့ကိုယ်စားသွားသောက်လိုက်ပါကွာ။ နောက်ဆိုမင်းတို့နှစ်ယောက်အတူလုပ်ရတော့မှာ။ ဒီတော့ခုကတည်းကမိတ်ဆွေဖွဲ့ထားကြပေါ့”

ဗစ်တာက “ကောင်းသားပဲ။ ဥက္ကဌကြီးနောက်ခါဒီမြို့ကိုလာမှပဲ ကောင်းကောင်းဧည့်ခံရတော့မယ်”

“နောက်ခါကြုံအုံးမှာပါ” ရှုယီကရယ်မောစွာပြောပြီးသော် အခန်းထဲကထွက်သွားလေသည်။

All Chapters