အခန်း (၁၁၁-၁၂၀)
Vol. 1 Ch. 111-120
အခန်း ၁၁၁
ရှုယီသည် အခန်းထဲသို့ဝင်လာသော် ဗစ်ကောင့်ထ်လက်စ်လိုင်းကပြုံးပြသည်။
“ရှုယီ ပဉ္စမတန်းမှော်ဆရာဖြစ်သွားလို့ဂုဏ်ယူပါတယ်”
ရှုယီကအံ့သြစွာဖြင့် “သိတာမြန်လှချေလား”
အန်ဗီမာမြို့က ဗစ်ကောင့်ထ်လက်စ်လိုင်းနောက်က စတက်ဂျ်မိသားစု၏အစွမ်းကို ရှုယီ သံသယမရှိသော်လည်း အဆင့်ငါးစာမေးပွဲသည်သိပ်မကြာသေးကေ။ ဗစ်ကောင့်ထ်လက်စ်လိုင်းကသိပြီးသားဖြစ်နေ၍ အံ့သြစရာဖြစ်စရာမဟုတ်ပါလား။
“မှော်ပညာရှင်များအဖွဲ့ စာမေးပွဲကိုဘယ်တော့မှမဝင်ခဲ့တဲ့လူက အဆင့်ငါးစာမေးပွဲကိုအောင်သွားတယ်တဲ့လား။ ဒီသတင်းကိုမှငါမသိရင် အန်ဗီမာမြို့ကိုငါဘာလို့လာမှာလဲ” ဗစ်ကောင့်ထ်လက်စ်လိုင်းသည်ဂုဏ်ယူစွာဖြင့်ပြောလေသည်။
“အိုး.ကျွန်တော်အဆင့်ငါးစာမေးပွဲအောင်တာ တော်တော်ထူးဆန်းတယ်လား” ရှုယီကပြုံး၍ပြောသည်။
“အရင်ကဆိုရင်မင့်ကိုအထင်သေးတဲ့လူတွေအများကြီးပဲ ခုတော့သူတို့ကတောင် ချီးကျူးနေရပါလား"
ရှုယီကနားမလည်စွာဖြင့် “လော့ဒ်ဗစ်ကောင့်ထ် အဆင့်ငါးအောင်တဲ့လူတွေကနေရာတိုင်းမှာမတွေ့ရပေမယ့် အဲလောက်ရှားတာလည်းမဟုတ်ပါဘူး။ ဒီတိုင်းပြည်မှာပဲ ထောင်းကျော်ရှိနေတာပဲ။ ကျွန်တော်ကဘာလို့အထူးတလည်ဖြစ်နေမှာလဲ”
“အဲဒါနဲ့ယှဉ်ရင် ကျွန်တော်ရဲ့မှော်စက်တွေကပိုပြီးလူတွေကိုဆွဲဆောင်မှုရှိပါတယ်။ နှစ်ရက်လောက်က ဘုရင်ကြီးကဆင့်ခေါ်တာကပဲ၊ ပိုပြီးစိတ်ဝင်စားစရာကောင်းမှာပေါ့”
ဗစ်ကောင့်ထ်လက်စ်လိုင်းကခေါင်းခါ၍ “ငါလည်းလူတွေကိုမသိတော့ဘူး။ သူတို့ထင်တာက မင်းကထူးဆန်းတဲ့စက်တခုကိုဖန်တီးမိလိုက်လို့ ဘုရင်ကြီးကခေါ်တွေ့တယ် ဒီလောက်ပဲ။ ဒီစက်တွေကတိုင်းပြည့်အနာဂတ်ကိုဘယ်လောက်မြှင့်တင်နိုင်လည်း သူတို့မသိဘူး။ သူတို့အလေးထားတာက အစွမ်းရှိတဲ့မှော်ပညာရှင်ပဲ”
ရှုယီသည်ခဏငြိမ်သက်သွားပြီး “ဒီလူတွေထဲမှာ လော့ဒ်ဗစ်ကောင့်ထ် အဖေ လော့ဒ်ဒုခ်စတက်ဂျ် ရောပါရဲ့လား”
ဗစ်ကောင့်ထ်လက်စ်လိုင်းကသူ့ကိုနက်ရှိုင်းစွာပြန်ကြည့်၍ “အဖြေကဒီလူတွေထက်ပိုသိပေမယ့် အဲလောက်လည်းတော့မဟုတ်သေးဘူး”
“ကျွန်တော်တို့ကုမ္ပဏီကလိုသေးတာပေါ့” ရှုယီကပြုံး၍မေးသည်။
ဗစ်ကောင့်ထ်လက်စ်လိုင်းကခေါင်းညိမ့်ပြ၍ “အဲလိုပဲပြောရမှာပဲ။ ဘုရင်ကြီးကဆင့်ခေါ်တာကိုစိတ်ဝင်စားပေမယ့် မင်းကိုတော့အဲလောက်အလေးထားဖို့မဖြစ်သေးဘူး။ ဒီတော့...” သူ့လက်ကိုဖြန့်၍ “စိတ်မကောင်းပါဘူး ငါလည်းကြိုးစားပေမယ့် သူ့ကိုဆွဲခေါ်ဖို့မတတ်နိုင်ဘူး”
ရှုယီကဂရုမစိုက်သောအသွင်ဖြင့်ပုခုံးကိုပုတ်၍ “လော့ဒ်ဗစ်ကောင့်ထ် တောင်းပန်စရာမလိုပါဘူး။ ကျွန်တော့်အနေနဲ့လည်း အရေးပါတာမှမဟုတ်တာ။ ကျွန်တော့်တို့ကုမ္ပဏီအနေနဲ့လည်း နောက်ဆိုအများကြီးတိုးတက်ဖို့လိုပါသေးတယ် ဒီတော့နောက်ဆို လော့ဒ်ဒုခ် ကိုလည်းဆွဲခေါ်နိုင်မယ်ထင်ပါတယ်။”
“မင်းကအမြဲတမ်းယုံကြည်မှုရှိတာပဲ” ဗစ်ကောင့်ထ်လက်စ်လိုင်းကပြုံး၍ပြောသည်။
“ဒါကကျွန်တော့်ရဲ့အကျိုးတရားပဲလေ။ ဒါပေမယ့် လော့ဒ်ဗစ်ကောင့်ထ် သိချင်တာက ဟားနက်စ်ကဘာလို့ကျွန်တော့်ကိုလာမတွေ့တာလဲ။ အန်ဗီမာမြို့ကိုရောက်ပြီး မိတ်ဆွေဟောင်းကိုမေ့သွားတဲ့သဘောလား”
ဗစ်ကောင့်ထ်လက်စ်လိုင်းကခပ်မဲ့မဲ့ပြုံး၍ “နောက်ဆုံးတော့မေးလာပြီပေါ့။ ကြားတဲ့သတင်းအရတော့ သူရောက်ရောက်ချင်းပဲ အခန်းထဲသော့ခတ်ခံထားရတယ်တဲ့။ ဒီတော့သူတွေ့ချင်လည်းဘယ်တတ်နိုင်မလဲ”
“ပိတ်ခံထားရတယ်ဟုတ်လား။ ဘာလို့လဲ”
“ဘန်တာမြို့မှာအကြာကြီးနေပြီး အိမ်ပြန်ဖို့မေ့နေလို့ပေါ့”
“သူကကလေးမှမဟုတ်တော့တာ။ ဘာလို့အပြစ်ပေးခံရတာလဲ”
”တခြားနည်းမရှိဘူးလေ သူ့မိသားစုကဒီတိုင်းပဲ”
“အဲဒါကြောင့်သူ့ဖေအကြောင်းပြောတော့ သူ့မျက်နှာကတမျိုးဖြစ်နေတာမထူးဆန်းပါဘူး”
ဟားနက်စ်အကြောင်းနဲ့ပတ်သက်၍ ခဏပြောကြပြီးနောက် ဗစ်ကောင့်ထ်လက်စ်လိုင်းသည်စာရွက်တခုကိုထုတ်၍ ရှုယီကိုပေးလေသည်။
“ဒီမြို့မှာနေရအုံးမယ်။ မင်းကမနက်ဖြန်ပြန်တော့မှာပဲ။ ဒီတော့ ဒီစာကို ဘရူနိုင်းဆီယူသွားပေးအုံး” ရှုယီကလှမ်းယူလိုက်ပြီးနောက် သူ့ကိုအိတ်ကြီးပေးပြန်သည်။
“ဒါက စာရွက်စာတမ်းတွေ။ ဘရူနိုင်းကိုပဲပေးလိုက်ပါ။ဒီမြို့မှာအတော်ကြာအောင်နေရအုံးမယ်။ ဒီတော့ မင်းလိုအပ်တာရှိရင် ဘရူနိုင်းကိုသွားပြောပေါ့”
ရှုယီက “ လော့ဒ်ဗစ်ကောင့်ထ် ကျွန်တော်ရိုင်းတာရှိရင်ခွင့်လွှတ်ပါဗျာ။ အိမ်တော်ထိန်းဘရူနိုင်းကခင်ဗျားအပေါ်သစ္စာရှိပါတယ်။ ဒါပေမယ့် ခေါင်းမာတယ်ဗျသာမာန်ကိစ္စလေးတွေမှာတော့ကိစ္စမရှိပါဘူး။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ကိစ္စတွေမှာဆိုစိုးရိမ်တာက ခွင့်လွှတ်ဗျာတည့်တိုးပဲပြောတော့မယ်။ သူ့ကြောင့်နှေးသွားမှာစိုးတယ်”
ဗစ်ကောင့်ထ်လက်စ်လိုင်းကပြုံး၍ “ကောင်လေး ဘရူနိုင်းအကြောင်းအများကြီးစဉ်းစားလိုက်တာကိုး။ စိတ်ချပါ အရင်ကငါပြောသလိုပဲ ကုမ္ပဏီရဲ့အရေးကြီးတဲ့အပိုင်းတွေမှာငါဝင်မရှုပ်ပါဘူး။ မင်းကြိုက်သလိုကြိုက်ပါ မြေနဲ့ပတ်သက်ရင်တော့ စာရွက်ထဲမှာရေးထားတဲ့အတိုင်းပေါ့။ မင်းစိတ်မပျက်စေရပါဘူး”
ရှုယီကပြုံး၍ စာရွက်ကိုထားလိုက်ပြီး “ဒီလိုဆိုစိတ်ချပါပြီ လော့ဒ်ဗစ်ကောင့်ထ်ကအင်မတန်ဉာဏ်ပြေးတာပဲ အားလုံးကိုစီစဉ်ထားပြီးသားပဲ”
ဗစ်ကောင့်ထ်လက်စ်လိုင်းကစနောက်ချင်စိတ်ဖြင့် “ကောင်းပြီ ဒီကိစ္စဒီတိုင်းထားလိုက်တော့။ မနက်ဖြန်ငါလုပ်စရာရှိသေးတယ်။ ဒီတော့ ငါမင်းကိုလိုက်မပို့နိုင်တော့ဘူး”
ရှုယီကခေါင်းခါ၍ “ကျွန်တော်က ကလေးမှမဟုတ်တော့တာ အဲဒါလေးနဲ့ပဲသေရတော့မှာလား”
ဗစ်ကောင့်ထ်လက်စ်လိုင်း ဟက်ဟက်ပက်ပက်ရယ်၍ ထွက်သွားလေတော့သည်။
တံခါးအပြင်ဘက်ခြေတလှမ်းလှမ်းပြီးမှ ပြန်ရပ်၍ လှည့်လိုက်ပြီး ပြောရမလိုမပြောရမလိုမျက်နှာထားဖြင့် ချီတုံချတုံဖြစ်နေသည်။
ခဏတွေဝေနေပြီး “ရှုယီ နန်းတော်မှာဖြစ်ခဲ့တာကိုတော့ ငါမင်းကိုတောင်းပန်ပါတယ်”
ရှုယီသည်အံ့သြစွာဖြင့်ပြန်ကြည့်လိုက်သည်။ အတွေးများစွာဖြန့်ထွက်လာပြီးနောက်ပြုံး၍ “လော့ဒ်ဗစ်ကောင့်ထ်ကရေးကြီးခွင်ကျယ်လုပ်နေတာကိုး။ တကယ်တော့ ဗစ်ကောင့်ထ်ဟာဗီး မှန်ပါတယ်။ ကျွန်တော်က ကစားစရာအရုပ်ဖြစ်နေတာကိုး ဒီတော့တောင်းပန်စရာမလိုပါဘူး”
ဗစ်ကောင့်ထ်လက်စ်လိုင်းသည်အံ့သြစွာဖြင့်ကြည့်နေပြီး သူ့စိတ်ထဲခံစားချက်ကိုမဖုံးကွယ်နိုင်။ ထို့နောက် သူ့မျက်နှာထားပြန်တည်ငြိမ်သွားပြီး ခေါင်းညိမ့်ပြသည်။ ထို့နောက်ဘာမျှမပြောပဲ ထွက်သွားလေတော့သည်။
သူပျောက်သွားတော့မှ ရှုယီသည်မျက်နှာကိုလက်ဝါးဖြင့်အုပ်၍ ပြုံးလိုက်မိသည်။
“တကယ်တော့ တခြားရွေးစရာမရှိရင် ဘယ်သူကမြေစာပင်ဖြစ်ချင်မှာလဲ”
နှစ်ရက်ကြာပြီးနောက် ဘန်တာမြို့သို့ပြန်လာချိန်တွင် သူထွက်လာတာဆယ်ရက်ရှိလေပြီ။ တယောက်ထဲပြန်လာသည်တော့မဟုတ်။ သို့သော် လာတုန်းကလူနဲ့တော့မဟုတ်။
သူလာတုန်းက ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် ဘာရွန်ဟားနက်စ်တို့ဖြစ်သည်။ ခုတော့ သူတော့ကျန်ခဲ့၍ သူနဲ့အတူလိုက်လာသူတွေက စန်ချယ်လီအပြင် ကုမ္ပဏီအကြောင်းလေ့လာချင်သူ အာရ်ဝင်း၊ ရွန်နီနှင့် ဘော့ဘ်တို့ ပြီးတော့ အခြားမှော်ဆရာဆယ်ယောက်ပါသေးသည်။
သူတို့ထဲတွင်အဆင့်အမြင့်ဆုံးသည် အဆင့်နှစ်သာရှိသည်။ အငယ်ဆုံးသည် ဆယ့်ကိုးနှစ်သာရှိသေးသော ရွန်နီဖြစ်၍ အကြီးဆုံးသည် လေးဆယ့်ခုနှစ်နှစ်ရှိပြီဖြစ်သော အီဆက်ခ် ဖိုလာ ဖြစ်သည်။
အသက်ငယ်သေးသော အာရ်ဝင်းတို့သုံးယောက်သညမှော်ဆရာကြီးဖြစ်နိုင်၍ အသက်ကြီးသာကြီး၍ အဆင့်နှစ်သာရှိသေးသော အီဆက်ခ်ဖိုလာအတွက်မှော်ဆရာကြီးဖြစ်ဖို့မလွယ်တော့ပေ။
ထို့ကြောင့်သူတို့ကိုလစာပြော၍စည်းရုံးသော် လွယ်လွယ်ပင်လက်ခံကြသည်။ ကုမ္ပဏီအတွက်အလုပ်လုပ်မည့်ထဲတွင်မထင်မှတ်ပဲ ပါလာသူကနောက်တယောက်ရှိသေးသည်။
“မိန်းမပျိုဆယ်ဗီနီ နေဖို့နေရာစီစဉ်ပြီးပြီလား။ မပြင်ရသေးရင် ရှာပေးမယ်လေ။”
သူမသည် စိုက်ပျိုးရေးဌာနကဝတ်စုံဝတ်ထားဆဲပင်ဖြစ်သည်။ သူမမျက်နှာတွင်ဘာမှလိမ်းခြယ်မထား။ သို့သော် တချက်မြင်ရုံဖြင့် စွဲသွားမည့်အသွင်ဆောင်လေသည်။
သူမေးသည်ကိုကြားသော် သူမသည်ပြုံး၍ “ခုလိုမေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် မြို့တော်ဝန်နဲ့တွေ့ဖို့ရှိတော့ သူပဲစီစဉ်လိမ့်မယ်ထင်ပါတယ်”
ရှုယီကခေါင်းညိမ့်ပြ၍ “အင်း သူစီစဉ်ပေးရင်တော့ ကျွန်တော့်ထက်ပိုကောင်းမှာပေါ့။ မိန်းမပျိုဆယ်ဗီနီ ဒီကုမ္ပဏီကိုဘယ်လိုလေ့လာမယ်ဆုံးဖြတ်ထားလဲ”
သူမသည် ဘုရင်ကြီးနှင့်စိုက်ပျိုးရေးဌာနကိုယ်စားပြု၍ စက်တွေ၏အရည်အသွေးပြည့်မပြည့်စစ်ဖို့ဖြစ်သည်။
တချိန်တည်းတွင် တောင်သူအထူးပြုစီမံကိန်းတွင် တောင်သူတွေဘယ်လိုပါဝင်ကြလဲလေ့လာပြီးတတိုင်းပြည်လုံးစီမံချက်ချရန်ဖြစ်သည်။
ထိုအလုပ်ကိစ္စအတွက်နောက်နှစ်ဆောင်းဦးပေါက်ထိနေရဖို့ရှိလေသည်။ ဒီဇင်ဘာရောက်ပြီဖြစ်၍ ငါးလလောက်တော့ကျန်သေးလေသည်။
ဤမျှအချိန်ကြာအောင်နေရမည်ကိုသိသော် ရှုယီ နည်းနည်းဂွတိဂွကျခံစားရလေသည်။ သို့သော် ထိုဖောက်သယ်သည် သူတို့ကုမ္ပဏီ၏အကြီးဆုံးဖောက်သည်ဖြစ်ပြီး ဘုရင်ကြီး၏အမိန့်လည်းရနေသေးရာ စိတ်ပျက်ကြောင်းနည်းနည်းမျှပြ၍မဖြစ်။ အကောင်းဆုံးကြိုးစား၍ဧည့်ခံရန်သာဖြစ်သည်။
“ဥက္ကဌကြီးစကားတွေကနည်းနည်းတော့လေးနက်နေသလိုပဲ။ ကျွန်မကကုမ္ပဏီကိုလာစုံစမ်းတာမဟုတ်ပါဘူး၊ လာသင်ယူရုံပါ။ ဒီကုမ္ပဏီကိုအရမ်းစိတ်ဝင်စားပါတယ်။ ပြီးတော့ ဥက္ကဌကြီးဘာလို့ဒီမှော်စက်တွေကိုလေ့လာဖြစ်သွားစေတာလဲ သိချင်ရုံပါ”
ရှုယီသည်ခဏတွေနေပြီးမှ “မိန်းမပျို ဒါကတော်တော်ရှည်လျားရှုပ်ထွေးတယ်ဗျ”
သူမကပြုံး၍ “ကိစ္စမရှိပါဘူး။ နောက်ဆိုအတူတွေ့ရမယ့်အချိန်တွေအများကြီးကျန်ပါသေးတယ်။ ဖြည်းဖြည်းချင်းပဲနားထောင်ချင်တာပါ”
မြင်းလှည်းရပ်သွား၍ လိုက်ကာဖွင့်၍ကြည့်လိုက်သော် မြို့တော်ဝန်အိမ်ရှေ့ရောက်နေသည်ကိုတွေ့၍ ခုန်ဆင်းလိုက်ပြီး သူမဆင်းဖို့ကူညီပေးလေသည်။
“တကယ်ကြာချင်တာဆိုရင်တော့ နောက်ဆိုဖြည်းဖြည်းချင်းပြောပြမှာပါ။ ဒီနေ့တော့ ခရီးပင်ပန်းနေရော့ပေါ့။ ဒီတော့ကောင်းကောင်းအနားယူလိုက်ပါအုံး”
“ကျေးဇူးအများကြီးတင်ပါတယ်ရှင်”သူမသည်နှုတ်ဆက်၍ အိမ်တံခါးဆီလမ်းလျှောက်သွားလေသည်။
မြို့တော်ဝန်စီယန် သတင်းကြားပြီးသားဖြစ်၍ တံခါးဝကစောင့်နေသည်။
ရှုယီလည်း အပြုံးကြီးပန်ဆင်၍ လှည့်ပြန်လာသည်။ သို့သော် မြို့တော်ဝန်မျက်နှာကအပြုံးထွားထွားကြီးကိုတွေ့သော် သံသယဝင်လာသည်။
သူမသည် စိုက်ပျိုးရေးဌာနကိုယ်စား လာ၍လေ့လာသည်ဖြစ်၍ ဤမျှဧည့်ဝတ်ကျေဖို့လိုသလား။ သို့သော်ထိုအတွေးကိုပြန်၍ခေါက်ထားလိုက်သည်။
ထို့နောက်မြင်းလှည်းထဲသို့ပြန်ဝင်၍ မြို့ပြင်က Frestech ကုန်သည်ကြီးများအသင်း ကုမ္ပဏီရှိရာဆီမောင်းဖို့ မြင်းလှည်းဆရာကိုခိုင်းလိုက်လေသည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၁၁၂ ။ Frestech ကုန်သည်ကြီးများအသင်းကို အထင်သေးနေကြပြီ
ဘန်တာမြို့မှထွက်သွားတာဆယ်ရက်ကြာပြီးနောက် ပြန်ရောက်သောအချိန်တွင် သူထွက်သွားတုန်းကမပြီးစီးသေးသောအလုပ်ရုံသစ်သည်ပုံစံပေါ်လာသည်။အလုပ်သမားများစွာဖြင့်သက်ဝင်လှုပ်ရှားနေသည်။
အလုပ်ရုံဘေးပတ်ပတ်လည်တွင်အသံမျိုးစုံဖြင့်စည်ကားနေသည်။ အလုပ်ရုံနှစ်ခုလုံးသည် အလုပ်သမားများစွာဖြင့်ပြည့်နှက်နေသည်မှာ ပြောစရာမလိုပေ။
သူမြင်းလှည်းပေါ်ကဆင်းဆင်းချင်းပင် အမ်ရစ်ကုန်သည်ကြီးများအသင်းက ဝိန်းရီလိုင်းကမြင်၍ ချက်ချင်းရောက်လာပြီးကြိုဆိုလေသည်။
“ဥက္ကဌကြီးရှု၊ နောက်ဆုံးတော့ပြန်ရောက်ပြီပေါ့” မန်နေဂျာရီလိုင်းသည် မြင်းလှည်းပေါ်ကဆင်းလာသောလူများကိုကြည့်နေပြီးနောက် သူ့နောက်ကတဝက်လောက်ပြီးစီးပြီးဖြစ်သောအလုပ်ရုံသစ်ကိုလက်ညှိုးထိုး၍ “ကြည့်ပါအုံး။ ကျွန်တော်တို့ဆောက်လုပ်ရေးကိုအင်မတန်မြန်နေတာ”
ရှုယီကခေါင်းညိမ့်ပြ၍ “ဟုတ်ပါ့ မြန်လိုက်တာ၊ ဒါပေမယ့် မြန်သလောက်အရည်အသွေးကရောကောင်းရဲ့လား” မန်နေဂျာရီလိုင်းကစိတ်ပျက်သွားသောအသံဖြင့် “ဥက္ကဌကြီးကကျွန်တော်တို့ကိုအထင်သေးတာကိုး။ ဒီစီမံချက်ကို ကျွန်တော်တို့ဥက္ကဌကြီးကလွှဲပြောင်းပေးထားတာလေ။ ကျွန်တော်တို့ကဘာလို့ဖြစ်ကလက်ဆန်းလုပ်ပါ့မလားဗျာ။ အစကအဆုံးတိုင်ဘာအမှားလေးများမမှားရအောင်တချိန်လုံးကျွန်တော်ဒီမှာရှိနေတာပါ”
ရှုယီကသူ့ပုခုံးကိုပုတ်လိုက်၍ “မန်နေဂျာရီလိုင်း အဲလိုပြောနေမှတော့ယုံပါပြီဗျာ။ ဒီလိုဆိုမေးရအုံးမယ် ဒီဟာပြီးအောင်ဘယ်လောက်ကြာအုံးမလဲဗျာ။ အဲဒါသုံးဖို့ဘယ်လောက်ကြာအုံးမလဲ”
မန်နေဂျာရီလိုင်းကခဏစဉ်းစားလိုက်ပြီး “ဘာမှမဖြစ်ရင်တော့ လဝက်အတွင်းပြီးရမှာပဲ။ ဘယ်ချိန်သုံးနိုင်မလဲဆိုတာတော့ပြောရအခက်သားပဲ။ ခုတောင်ဆောင်းရာသီဝင်နေပြီဆိုတော့ အတော်အေးတော့နံရံတွေကခြောက်ဖို့အတော်ခက်နေတယ်။ ဒီတော့ အချိန်တော့ယူရတယ်”
“အချိန်ယူရတယ်ဟုတ်လား။ တစ်လအတွင်းသုံးချင်တယ်ဆိုရင်ရောမဖြစ်နိုင်ဘူးလား”
“ဒီလလားဗျ။ အဲလောက်အလျင်လိုနေတာလား” ရှုယီ၏မျက်နှာထားကလေးနက်ပုံပေါက်နေ၍ သူသည်ခဏစဉ်းစားလိုက်ပြီး “ဥက္ကဌကြီးကအဲလောက်အလျင်လိုနေရင်တော့ နံရံတွေအမြန်ခြောက်အောင်နည်းလမ်းရှာရတော့မှာပဲ။ ဒါပေမယ့် အဲဒါကအဆောက်အဦးရဲ့ခိုင်ခံ့မှုကိုထိခိုက်နိုင်တော့ သက်တမ်းကြာကြာတော့ခိုင်မှာမဟုတ်ဘူးပေါ့”
ရှုယီ ကပြုံး၍ “ဘယ်လောက်တိုတိုပါ သုံးနှစ်အတွင်းတော့မပြိုလဲဘူးမို့လား”
မန်နေဂျာရီလိုင်း မျက်နှာပျက်သွား၍ “ဥက္ကဌကြီး နောက်နေတာလားဗျာ။ ကျွန်တော်တို့ဆောက်တဲ့အဆောက်အဦးတွေက သုံးနှစ်နဲ့ပြိုလဲပါ့မလား။ သုံးနှစ်မပြောပါနဲ့ နှစ်သုံးဆယ်တောင်ဘာမဖြစ်စေရပါဘူး၊ အာမခံပါတယ်”
ရှုယီကဟက်ဟက်ပက်ပက်ရယ်၍ “နှစ်သုံးဆယ်မလိုပါဘူး။ သုံးနှစ်တောင်မလိုပါဘူး ဘာလို့ဆိုဒီနေရာမှာလုပ်မယ့်စီမံချက်တွေရှိသေးတယ်လေ။ ဒီနေရာမှာသုံးနှစ်အတွင်းပြန်ဆောက်ဖို့ရှိတယ်”
မန်နေဂျာရီလိုင်းကသူ့ကိုငေးကြည့်နေသည်။ သုံးနှစ်ပဲသုံးမှာလည်းပြောသေး ဘာလို့အရည်အသွေးကိုမေးနေပါလိမ့်။
ကုမ္ပဏီကငွေအများကြီးရှိပြီး နေရာမရှိလို့လား။
“မန်နေဂျာရီလိုင်း နောက်တခုမေးစရာရှိသေးတယ်။ ဒီအတောအတွင်းငါအချိန်ရှိမှာမဟုတ်ဘူး။ ဒီတော့ဥက္ကဌကြီးခရုစ်ကိုတွေ့ရင် သူနဲ့ဆွေးနွေးစရာရှိတယ်လို့ ပြောလိုက်ပါအုံး။ အချိန်ရတဲ့ခါတွေ့ရအောင်ဆက်သွယ်အုံးလို့ပြောလိုက်ပါအုံး”
မန်နေဂျာရီလိုင်းကခေါင်းညိမ့်ပြသည်။
ထို့နောက် ရှုယီသည် မှာစရာမှာ၍ အလုပ်ရုံနှစ်ခုလုံးကိုစိတ်ဝင်စားစွာကြည့်နေကြသော မှော်ပညာရှင်တွေဆီ ထွက်လာခဲ့တော့သည်။
“ကဲ အားလုံးပဲ မြင်တဲ့အတိုင်းပဲ ဒီအလုပ်ရုံနှစ်ခုကကျွန်တော်တို့ကုမ္ပဏီရဲ့အလုပ်ရုံတွေပေါ့။ ကြည့်ရတာဘာမဟုတ်ပေမယ့် ဒီမှာမှော်စက်တွေအများကြီးထုတ်တယ်။ ခုတော့ ဒီနှစ်ခုကပဲ ကုမ္ပဏီအတွက်ရွှေဒင်္ဂါးတသောင်းလောက်တန်တဲ့မှော်စက်တွေထုတ်ပေးနေတယ်ပေါ့။ ကုမ္ပဏီအတွက်အမြတ်တွေယူပေးနေတာပေါ့။ ကုမ္ပဏီရဲ့အဓိကအုတ်မြစ်ပေါ့။ ဒီအလုပ်ရုံနှစ်ခုသာဖျက်ဆီးခံရရင် ထမင်းတောင်ငတ်သွားမလားမပြောတတ်ဘူး”
ရှုယီကရယ်ပြောသော်လည်း ထိုသူတို့ကားမရယ်နိုင်။ သူတို့မျက်နှာထားသည်သဘောမကျသည့်ဟန်ဖြင့် ရှုံ့တွနေသည်။
သူတို့ဒီမြို့ကိုလာရခြင်းအကြောင်းရင်းသည် ဒီကုမ္ပဏီကို ရှုယီ တယောက်ဘယ်လိုများခမ်းနားအောင်လုပ်သလဲသိချင်၍ဖြစ်သည်။ ခုရောက်လာသော် အလုပ်ရုံနှစ်ခုတည်းတွေ့ရမည်ကို သူတို့ဘယ်ထင်မည်နည်း။
ဒီလိုကုမ္ပဏီလေးနဲ့ သူတို့အနာဂတ်ကဘယ်လိုလဲ။ သူတို့အတွေးကိုခန့်မှန်းမိသော ရှုယီသည်မျက်စောင်းထိုးလိုက်ပြီး ဘာမျှမပြောတော့ အားလုံးကိုမှော်စက်အလုပ်ရုံထဲသို့ခေါ်လာတော့သည်။
သူတို့သည်နောက်ကလိုက်ရန်ပင် တွန့်ဆုတ်နေသည်။ မည်သို့ဆိုစေ ဤမျှခရီးလောက်လာရပြီးဖြစ်၍အနည်းဆုံးတော့လေ့လာသွားမှသင့်မည်ဖြစ်၍ နောက်ကလိုက်လာသည်။
အလုပ်ရုံထဲရောက်သည်နဲ့ အားလုံးသည်အံ့သြသွားကြလေပြီ။ မြင်မြင်သမျှထူးဆန်းပါပေ့။ အထဲတွင်မီတာတထောင်သာကျယ်သော်လည်း အလုပ်သမားများဖြင့်ပြည့်နှက်နေသည်။ ခန့်မှန်းကြည့်လျှင် နှစ်ရာလောက်ရှိနေနိုင်သည်။
အားလုံးသူ့အလုပ်နဲ့သူရှုပ်နေပြီး တချက်ကလေးမျှမနားအားပေ။ သူတို့အားလုံးအံ့သြဆုံးဖြစ်ရသည်က ထောင့်များတွင်ကပ်ထားသော ထူးဆန်းသောသံတုံးပမာအရာများဖြစ်သည်။
ထိုစက်များကိုမောင်းနှင်လိုက်သောအခါ အသံကျယ်စွာထွက်လာပြီး အလုပ်သမားများထည့်လိုက်သောသံတုံးများသည်ပုံစံပေါ်လာသည်ကိုတွေ့ရသည်။
ထိုသို့ပုံပေါ်လာသည်နဲ့ တခြားအလုပ်သမားတစ်ယောက်ဆီလွှဲပြောင်းပေးလိုက်သည်။ အလုပ်သမားတို့သည်ရပ်မနေ အားလုံးကိုစုစည်း၍ နောက်ထပ်လူတွေဆီပြန်လွှဲပေးလိုက်သည်။ နောက်ထပ်အုပ်စုကယူ၍လှုပ်ရှားလိုက်ရာ အစိပ်အပိုင်းများ သည်နောက်ထပ်ပုံစံပေါ်လာပြန်သည်။
အားလုံးကိုဖြည်းဖြည်းချင်းဖြင့်တပ်ဆင်လုပ်ကိုင်းသွားကြရာနောက်ဆုံးတွင်လေးထောင့်ပုံစံသေတ္တာလိုဖြစ်လာသည်။
“ဒါက... မှော်လေအေးပေးစက်နဲ့တူလှချေလား။” မှော်ဆရာတစ်ယောက်က ရုတ်တရက်လက်ညှိုးထိုး၍ပြောသည်။
“မှော်လေအေးပေးစက် ဟုတ်လား။ ဘာလဲ။" ဘေးကလူများကမေးသည်။
“အန်ဗီမာမြို့ကမထွက်ခင်တညက ငါသူ့အိမ့်အလည်ရောက်ခဲ့တယ်။ အဲဒီအချိန်မှာ ဒီဟာကြီးကိုသူ့လူတွေကိုတပ်ဆင်ခိုင်းနေတာတွေ့တယ်။ သူပြောတာတော့အဲဒါ မှော်လေအေးပေးစက်လို့ခေါ်တယ်တဲ့။ တော်တော်ထူးဆန်းတဲ့အရာပဲ။
တခန်းလုံးကိုအေးမြသွားတာ။ ဒါပေမယ့် ဗစ်ကောင့်ထ်လန်ဆေးစ်က မှော်သလင်းလုံးကိုအဲထဲထည့်လိုက်တော့ လေနွေးနွေးတွေထွက်လာရော။ မကြာဘူးဗျာ တခန်းလုံးကိုနွေးသွားတာပဲ။ နောက်ပိုင်းကျတော့ အနွေးထည်ပါချွတ်လိူက်ရတဲ့ထိပဲ။ ပြောရရင် ဒီ မှော်လေအေးပေးစက်ကတော့ မီးမှော်အစီအရင် ကြီးထက်တောင်စွမ်းသေးဗျာ”
”မဖြစ်နိုင်တာ”နောက်တယောက်ငြင်းချက်ထုတ်သည်။ “မီးမှော်အစီအရင် တပ်ဆင်တာတောင်ငွေအများကြီးကုန်တာ၊ ဒီဟာက အဲဒါထက်ကောင်းတယ်ဆိုတော့ ငွေပိုကုန်မှာပေါ့”
နောက်တယောက်ကခေါင်းခါ၍ “စျေးတော့မကြီးဘူး။ ဗစ်ကောင့်ထ်လန်ဆေးစ် ပြောတာတော့ တစ်လုံးကိုသုံးဆယ့်ငါးပဲကျတယ်တဲ့။ အရေးကြီးတာက မှော်သလင်းလုံး သိပ်မစားဘူးဆိုပဲ။ အဲဒီညသူ့ဆီမှာအိပ်တုန်းကတောင် မှော်သလင်းလုံး တစ်ခုတည်းနဲ့ပြီးသွားတာပဲ။ ဘာမှပြောင်းပေးဖို့မလိုဘူး”
“မဖြစ်နိုင်တာ” အခြားလူများသည်အံ့သြနေကြသည်။ “မီးမှော်အစီအရင် ထက်တောင်ပိုအစွမ်းထက်တယ်ဆို”
“ဟုတ်တယ်လေ။ ဗစ်ကောင့်ထ်လန်ဆေးစ် ပြောတာတော့ လေနွေးတင်မကဘူးလေအေးပါထုတ်ပေးတယ်တဲ့။ ဒီတော့နွေရာသီမှာလည်းသုံးလို့ရတာပေါ့။ “ အားလုံးအံ့သြစွာနားထောင်နေသည်ကိုတွေ့သော် ထူလူသည်ကျေနပ်စွာဖြစ်၍ ဟန်တခွဲသားဖြင့်ပင်ဆက်ရှင်းပြနေသည်။
ရှုယီကတော့ဘေးကပြုံး၍သာနေသည်။
“သုံးဆယ့်ငါးပြားဟုတ်လား။ ဗစ်တာဆိုတဲ့ငနဲက စျေးတော့တင်တတ်သားပဲ”
ဗစ်တာနဲ့ဆွေးနွေးတုန်းက သူပြောသည်က သုံးဆယ်သတ်မှတ်မည်တဲ့။ စျေးကအဲလောက်တက်သွားမည် သူလည်းဘယ်ထင်မလဲ။ အခုမှ ဒီလူဆီကကြားရလို့သာယုံရသည်။
သို့သော် စျေးမြှင့်သည်ဖြစ်စေဂရုမစိုက်အား။ သူ့ဆီကနှစ်ဆယ့်ငါးဖြင့်ဝယ်၍ နောက်ပိုင်းကိစ္စသည်သူ့ကျွမ်းကျင်မှုဖြစ်သည်။ သူမြှင့်မြှင်းရောင်းနိုင်လေ သူမြတ်လေပင်။ ထိုလူများဆွေးနွေးနေသည်ကိုခဏထားခဲ့၍ သူ့ကိုတကြည့်ကြည့်လုပ်နေသော ဟိန့်ဇ်ဆီလှမ်းလာသည်။
“ဟေး ရှုယီ ဒီလူတွေကမှော်ပညာရှင်တွေနဲ့တူတယ်။ သူတို့ကိုခေါ်လာတာလား။" သူကချက်ချင်းပင်တိုးတိုးမေးသည်။
“အ..သူတို့ဘယ်နှယောက်နေဖြစ်မလဲမပြောတတ်သေးဘူး” ခေါင်းညိမ့်၍ပြန်ပြောသည်။
“ကြည့်ပါရစေ။ တစ်..နှစ်...ဆယ့်သုံးယောက်ပဲ။ အားလုံးနေရင်တောင်နည်းသေးတယ်” ဟိန့်ဇ် စိတ်ပျက်သွားသည်။
“ပမာဏကအရေးမကြီးပါဘူး။အရေးကြီးတာက သူတို့နေဖို့ပဲ” ရှုယီကပြုံး၍ပြန်ပြောသည်။ “နောက်ဆုံးတစ်ယောက်ထဲကျန်ခဲ့ရင်တောင်အောင်မြင်မှုပါပဲ။ ဒီတစ်ယောက်ကျန်ခဲ့ရင် နောက်ပိုင်းနှစ်ယောက်သုံးယောက်လာကြမှာပေါ့။ ဒီ့ထက်များသထက်များလာဖို့ပဲရှိတယ်”
ဟိန့်ဇ်သည်စကားများနေသောမှော်ဆရာတို့ကိုကြည့်လိုက်သည်။ စိတ်ပျက်နေတုန်းပင်ဖြစ်သည်။
“ဒီလူတွေက မူလတန်းအဆင့်နှင့်ဒုတိယတန်းအဆင့်လောက်တွေပဲရှိတယ်ထင်တယ်။ သူတို့ကိုဘယ်လိုသုံးနိုင်မလဲ။ ဒီကကျောင်းသားတွေလောက်တောင်မစွမ်းဘူးလေ”
ရှုယီကမျက်စောင်းတချက်ထိုး၍ “ဟိုအဆင့်မြင့်မှော်ဆရာတွေက ငါတို့လိုကုမ္ပဏီအသေးလေးကိုလာမယ်ထင်လို့လား။ သူတို့ကိုဆွဲဆောင်ဖို့အတော်ကြိုးစားပြီးပြီ။ ဘန်တာမြို့မှာလည်း ငါတို့ကုမ္ပဏီကနံပါတ်တစ်မဟုတ်ဘူးလေ။ သူတို့ကိုလည်းမလိုပါဘူး။ အခုဒီလူတွေက အဆင့်မမြင့်ပေမယ့်ကျောင်းသားတွေနဲ့မတူတာက သူတို့ကလေ့လာစရာမလိုတဲ့အတွက်အချိန်ပိုတယ်လေ။ ပြီးတော့ မှော်အစီအရင် ဆွဲတဲ့နေရာမှာ ကျောင်းသားတွေထက်ပိုအတွေ့အကြုံရှိတယ် ဒီတော့ပိုမြန်တာပေါ့”
ထိုအခါမှ ဟိန့်ဇ် ပြုံးလာသည်။
“အ ဟုတ်သားပဲ။ ကျောင်းသားတွေကမငြိမ်ဘူး။ သူတို့ကိုပဲမှီခိုလို့မရဘူး။ နောက်ဆိုသူတို့နေရာမှအစားထိုးနိုင်လေ အဲဒီလူတွေကိုပိုလစာပေးနိုင်လေပေါ့။ တန်လည်းတန်တယ်လေ။ ဟုတ်တယ် ခုသူတို့ကိုဘယ်လောက်နဲ့စပေးမှာလဲ”
“အနည်းဆုံးကဆယ်ပြားပေါ့။ နောက်ပိုင်းသူတို့လုပ်နိုင်စွမ်းနဲ့ဆုံးဖြတ်လိုက်မယ်”
ဟိန့်ဇ် အံ့သြသွားပြီး “မဖြစ်နိုင်တာ။ တစ်လကိုဆယ်ပြားပဲလား။ ဒီမှော်ဆရာကြီးတွေကအဲဒါကိုလိုလိုလားလားလိုက်ခဲ့တယ်ပေါ့”
ရှုယီကပုခုံးတွန့်ပြ၍ “တခြားလမ်းမရှိဘူးလေ။ သူတို့လည်းလူပဲ စားဖို့သောက်ဖို့ရှိသေးတယ်”
***
မှော်စက်မှုအင်ပါယာ
Vol 1, အခန်း ၁၁၃ ။ လူပုမှော်စက်မှုအင်ဂျင်နီယာ
မှော်လေအေးပေးစက်ကြောင့်စိတ်လှုပ်ရှားလာသည်ထင်သည်။ ရှုယီအနေဖြင့်သူတို့ကို အလုပ်ရုံနှစ်ခုသာလှည့်ပြလိုက်သည်။ Frestech ကုန်သည်ကြီးများအသင်းအတွက်အလုပ်လုပ်ချင်သူကိုးယောက်ရှိလာသည်။
ကျန်သောငြင်းဆိုသောလေးယောက်ထဲတွင် သူ့ကိုစိတ်အပျက်ကြီးပျက်စေသူများကတော့ အာရ်ဝင်းနှင့် ဘော့ဘ်တို့ဖြစ်သည်။
“စိတ်မကောင်းပါဘူး။ , ရှုယီ ဒီမှာလုပ်ချင်ပေမယ့် ...” အာရ်ဝင်းသည်စိတ်စနိုးစနှောင့်ဖြစ်နေပြီး “ငါငယ်ငယ်ကတည်းကဖြစ်ချင်ဆုံးက တကယ့်မှော်ဆရာကြီးလေ။ အခုလည်းငယ်သေးတော့ ငါ့အိပ်မက်ကိုလက်မလွှတ်ချင်သေးဘူး”
ရှုယီက” ဒီမှာမှော်ကိုလေ့လာလို့ရပါတယ်။ ရွန်နီတောင်နေသေးတာ သူဆိုမင်းထက်တောင်အဆင့်နိမ့်သေးတယ်”
အာရ်ဝင်းကရယ်မော၍ ခေါင်းကုတ်ပြီး “ဒီမှာနေတာထက်အန္တရာယ်တွေကျော်ဖြတ်ပြီးပဲနေချင်တာ။ အဲဒါမှအစွမ်းတွေမြင့်တက်မှာလေ။ ရွန်နီ မိသားစုအခြေအနေကမကောင်းဘူးလေ။ ဒီတော့သူကပိုက်ဆံရရင်အကုန်လုပ်မှာပဲ။ သူကငါတို့နဲ့မှမတူတာ။ သူ့ကိုလည်းကောင်းကောင်းစောင့်ရှောက်မယ်ထင်ပါတယ်”
အာရ်ဝင်းသည်ဆုံးဖြတ်ချက်ချထားပြီးပုံပေါက်၍ “ကောင်းပါပြီ သူ့ကိုပဲဂရုစိုက်လိုက်ပါ့မယ်”
သူတို့လေးယောက်ကိုလိုက်ပို့ပြီးနောက် ဝမ်းနည်းနေဖို့အချိန်မရှိ ကျန်တဲ့ကိုးယောက်ကို Frestech ကုန်သည်ကြီးများအသင်းအတွက် လက်မှတ်ထိုးခိုင်းဖို့ ဆာဘက်စ်ကိုလိုက်ရှာရသည်။
ရှေ့ဆက်လက်ပြီးထိုကိုးယောက်သည်ကုမ္ပဏီလုပ်သားများဖြစ်လာပြီ။ သူတို့အလုပ်သည် မှော်စက်ပေါ်က မှော်အစီအရင်ကိုဆွဲရန်ဖြစ်သည်။
သူတို့သည်ကိုးယောက်ထဲသာဖြစ်သော်လည်း ဘာရွန်ရစ်တိုမှော်အကယ်ဒမီ ကျောင်းသားများထက်အလုပ်ချိန်ပိုများပြီး ဝါရင့်သဘာရင့်များဖြစ်၍ ကျောင်းသားများထက် အလုပ်ပိုတွင်ကျယ်လိမ့်မည်။
အလုပ်နဲ့တသားတည်းကျလာသည်နဲ့အမျှ ကျောင်းသားများထက်ပို၍စွမ်းဆောင်လာမည်မှာသေချာသ်ည။ လက်မှတ်ထိုးပြီးနောက် သူတို့ကိုမြို့ထဲသို့ခေါ်သွားရန် ဆာဘက်စ်ကိုခိုင်းလိုက်သည်။ သူတို့နေရန်အတွက် ဟိန့်ဇ်ကိုမြို့ထဲတွင် အဆောင်နှစ်ခုငှားခိုင်းထားပြီးဖြစ်လေသည်။
သို့သော် ကုမ္ပဏီအတွက်လုပ်သားများလာလေလေ ထိုအဆောင်အဦးနှစ်ခုသည်လုံလောက်တော့မည်မဟုတ်။ ထို့ကြောင့် ရှုယီသည်စက်ရုံနားတွင် အဆောင်ဆောက်ရန်စီစဉ်ထားပြီးဖြစ်လေသည်။
သူတို့ကိစ္စပြီးသော် မှော်စက်ရုံသို့လှမ်းလာသည်။ ကမ်ဘီနှင့်အခြားလူပုလေးများကိုအစည်းအဝေးလုပ်ရန်ခေါ်လိုက်သည်။
“အလုံးသုံးထောင်ဟုတ်လား” သူတို့အားလုံးအံ့သြဝမ်းသာသွားကြသည်။ အော်ဒါများခြင်းကြောင့် သူတို့အားလုံးပျော်ကြသည်။ သူတို့လုပ်စရာများလာ၍ လုပ်အားခလည်းပိုလာလိမ့်မည်။
အလုံးရေများသည်ဖြစ်၍လည်း အံ့သြသွားသည်။ သူတို့လက်ရှိထုတ်လုပ်နိုင်မှုအစွမ်းဖြင့် နောက်ဆောင်းဦးပေါက်တွင်ပြီးဖို့မဖြစ်နိုင်။
“ဥက္ကဌကြီး ကျွန်တော်တို့လုပ်နိုင်စွမ်းကိုသေချာသိမှာပေါ့။ ဘာလို့များအဲလောက်ကြီးလက်ခံလိုက်ရတာလဲဗျာ။” ကမ်ဘီကသံသယဖြင့်မေးသည် “ဒီလိုမှမဟုတ်ရင် နောက်ထပ်လူပုလေးတွေသွားခေါ်အုံးမလို့လား။ အချိန်ကသိပ်မရှိတော့ဘူး။ ဒီစက်တွေကိုဘယ်လိုလုပ်လဲဆိုတာလည်းအချိန်တော့ပေးပြီးသင်ရမယ်။ နောက်ထပ်လူပုလေးတွေအများကြီးခေါ်ရင်တောင် ဒီလောက်ကြီးတော့မပြီးလောက်ဘူးထင်တယ်”
ရှုယီကပြုံး၍ “ငါသိပ်တာပေါ့။ ဒါပေမယ့် တခြားနည်းမရှိဘူးလေ။ ဒါကဘုရင်ကြီးမှာတဲ့အနည်းဆုံးအရေအတွက်ပဲ။ ဒီဟာတောင်မပြီးရင် ဒီအမှာတော့လက်လွှတ်ရတော့မှာပဲ”
ကမ်ဘီကနားမလည်သေးပဲ “မဟုတ်သေးဘူး ကျွန်တော်တိုကုမ္ပဏီတစ်ခုပဲဒီမှော်စက်တွေကိုလုပ်နိုင်တယ်ဆိုတာ ဘုရင်ကြီးလည်းသိမှာပဲ။ ဒီတော့ ဒီဟာတွေကိုမပြီးနိုင်ဘူးဆိုရင် သူလည်းတခြားကုမ္ပဏီကိုရှာပါ့မလား”
“ရှာတော့မရှာဘူးပေါ့။ ဒါပေမယ့် ဘူရင်ကြီးကပြောတယ်။ ငါတို့မပြီးစီးနိုင်ရင် ငါတို့နည်းပညာကိုလွှဲပြောင်းပေးရမယ်တဲ့။ ပြီးတော့မှတိုင်းပြည်အင်အားကိုသုံးပြီး လုပ်မယ်တဲ့။ ငါ့မှာအခွင့်အရေးရှိမယ်ထင်လား”
သူတို့အားလုံးတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ကမ်ဘီကသက်ပြင်းကြီးချ၍ “ဒီဘုရင်ကြီးကလည်း စဉ်းစားဉာဏ်မရှိတာပဲ”
ရှုယီကပုခုံးကိုတွန့်ပြ၍ “ကဲထားလိုက်တော့ ခုကလက်ခံလိုက်ပြီဆိုတော့ ပြီးစီးအောင်ဘယ်လိုလုပ်ရမလဲ စဉ်းစားရတော့မှာပဲ”
ကမ်ဘီကခေါင်းကုတ်၍ “ဥက္ကဌကြီး ကျွန်တော်အနေနဲ့တော့ ဒီညီအကိုတွေကိုအချိန်ပိုဆင်းခိုင်းပြီးကြီးကြပ်ပေးလို့ရတယ်။ ဒါပေမယ့် ကန့်သတ်ချက်ကတော့ရှိဆဲပဲ။ ဒီလောက်အများကြီးပြီးဖို့တော့တော်တော်ခက်လိမ့်မယ်။ ပြီးတော့ ဒီဟာနဲ့တင်မဟုတ်သေးဘူး၊ ဘန်တာမြို့ကလိုချင်တဲ့သူကြွယ်တွေရဲ့ဟာတွေကိုလည်းပြီးစီးအောင်လုပ်ရအုံးမယ်။
ပြီးတော့ ဆရာ မသွားခင်ပြောခဲ့သေးတယ်လေ။ ဒီမြို့က ကုမ္ပဏီအကြီးကြီးတွေနဲ့လည်းလက်တွဲထားတယ်ဆို အဲဒီထုတ်လုပ်ရေးမှော်စက်တွေကိုလည်းပြီးအောင်လုပ်ရအုံးမယ်။ ဒီလောက်အလုပ်အများကြီးတော့ပြီးနိုင်မယ်မထင်ဘူး”
အခြားလူပုလေးများလည်း တယောက်ကိုတယောက်ကိုကြည့်၍ ခေါင်းခါရင်းမပြီးစီးနိုင်ဟုခန့်မှန်းကြသည်။
“ဒီအလုပ်သမားတွေကို အတင်းမောင်းတာကလည်း ကောင်းတဲ့ရွေးချယ်မှုတော့မဟုတ်ဘူး။ ဒီတော့ အခြားနည်းလမ်းရှိသေးတယ်” ရှုယီသည်ပြုံး၍ သူ့ရင်ဘတ်ထဲမှစာရွက်တခုထုတ်၍ဖွင့်လိုက်သည်။ “အားလုံးလာပြီးကြည့်လိုက်ပါအုံး။ လမ်းသွားရင်းရေးထားတဲ့မှော်စက်အသစ်လေ။ ဒီဟာကိုပြီးဖို့ဘယ်လောက်ကြာမလဲ”
လူပုလေးများသည် ခဏတဖြုတ်ကြည့်လိုက်ကြပြီး ကမ်ဘီက “ဥက္ကဌကြီး ဒီမှော်စက်က မှော်ဖိစက် အသေးလေးနဲ့ဆင်သားပဲ”
ရှုယီကခေါင်းညိမ့်ပြ၍ “ဟုတ်တယ် ဒီမှော်စက်ကို မှော်မှော်သံပုံသွင်းစက် လို့ခေါ်တယ်။ တုတ်တန်းတွေကိုဆက်ဖို့သုံးတယ်။ ဒီတော့ ဒီဟာနဲ့ဆိုရင် စိုက်ပျိုးရေးမှော်စက်တွေကိုလုပ်တဲ့အခါ တန်းတွေကိုဆက်တဲ့အခါ လက်ကိုသုံးစရာမလိုတော့ဘူးပေါ့။"
ကမ်ဘီကစာရွက်ကဒီဇိုင်းကသေချာကြည့်၍ “ဥက္ကဌကြီး ဒါကိုသေချာနားမလည်ပေမယ့် တော်တော်စွမ်းမယ်ဆိုတာတော့သိတယ်။ ဆရာပြောသလိုသာတန်းတွေကိုဆက်တဲ့နေရာမှာသုံးနိုင်မယ်ဆိုရင် ထုတ်လုပ်နိုင်စွမ်းကိုအကြီးအကျယ်မြှင့်တင်နိုင်မှာပဲ”
ရှုယီကရယ်၍ “မှော်သံပုံသွင်းစက် စက်တင်မကသေးဘူးကျန်တာတွေလည်းအများကြီးရှိသေးတယ်။ မှော်စက်သုံးဖိစက်နဲ့ မှော်သံဖောက်စက်တို့ ပြီးတော့ ကျန်တာတွေအများကြီးပဲ။ ငါ့ရဲ့ရည်မှန်းချက်ကလူတွေနေရာမှာ မှော်စက်တွေကိုအစားထိုးဖို့ပဲ။ မင်းတို့လုပ်တာတွေအရမ်းကောင်းပေမယ့် ထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ဖို့ကျတော့မှော်စက်တွေကိုစသုံးမှဖြစ်တော့မယ်”
ကမ်ဘီကမေးသည်။ “ဥက္ကဌကြီး ဒီလိုမျိုးတွေရှိတာတောင်ဘာလို့အစောကမသုံးလဲဗျာ”
ရှုယီကစာရွက်ကိုလက်ညှိုးထိုးပြ၍ “ဒီလောက်ရိုးရှင်းတဲ့မှော်စက်ကိုမထုတ်ပဲ ဒီတိုင်းပုံကြမ်းကြီးတိုင်းထုတ်ပေးရင် မင်းနားလည်ပါ့မလဲ”
ကမ်ဘီသည်ခေါင်းကုတ်၍ ပြုံးလိုက်ပြီး “နားမလည်ပါဘူး”
“ဟုတ်တယ် ဒီအစားအစာကတကိုက်ပြီးတကိုက်စားရမယ် ဒီလမ်းကတလှမ်းပြီးတလှမ်းလျှောက်ရမယ်။ ဒီမှော်စက်တွေကိုချက်ချင်းဒီဇိုင်းဆွဲချင်တာပေါ့။ လူတိုင်းလိုချင်တာကိုထုတ်စေချင်တာပေါ့။ ဒါပေမယ့် လက်တွေ့မကျဘူးလေ။ ခင်ဗျားတို့တွေကျွမ်းကျင်လိမ်မာပါးနပ်နားလည်နိုင်လို့သာ ဒီလိုမှော်စက်ပုံကြမ်းကိုထုတ်နိုင်တာလေ။ သာမာန်လူတွေသာဆို ဘယ်ထုတ်နိုင်ပါ့မလဲ”
သူ့စကားကြားသော် လူပုလေးများသည်ဂုဏ်ယူစွာဖြင့်ပြုံးလိုက်ကြသည်။ ကမ်ဘီသည်သူ့ရင်ဘတ်ကိုပုတ်၍ ကျယ်လှောင်စွာဖြင့် “စိတ်ချပါ ဥက္ကဌကြီး ပြည့်စုံတဲ့ဒီဇိုင်းသာရှိမယ်ဆို ကျွန်တော်တို့ဒီ...ဒီဟာကို...ကောင်းကောင်းလုပ်နိုင်မှာပါ..”
"မှော်သံပုံသွင်းစက်"
“ဟုတ်ပြီ ဒီ မှော်သံပုံသွင်းစက်ကိုကျွန်တော်တို့လုပ်နိုင်မှာပါ” ကမ်ဘီကယုံကြည်မှုအပြည့်ဖြင့်ပြောသည်။
“ဥက္ကဌကြီး ကျွန်တော်တို့မှော်စက်ရုံကိုလည်း အိမ်သုံးမှော်စက်ရုံလိုပဲလုပ်ပြီး ထုတ်လုပ်ရေးမှော်စက်တွေလုပ်ပြီး အစိတ်အပိုင်းတွေကို ကျွန်တော်တို့ကလိုက်စုတပ်ရုံပဲပေါ့။ ဟုတ်ရဲ့လား” လူပုလေးတယောက်ကမေးသည်။
ရှုယီကသူ့ကိုကြည့်လိုက်သော် အန်ဂိုလာမျိုးနွယ်ထဲက ဘော်ဒီယူဆိုတဲ့လူဖြစ်နေသည်ကိုမှတ်မိသည်။ သူသည်ကျွမ်းကျင်လိမ်မာပါးနပ်၍ မှော်စက်ရုံတွင်ကျော်ရိုးပမာဖြစ်လာသည်။
“ဟုတ်တယ် ဒီဟာကစံပြဖြစ်လာမယ်။ ဒါပေမယ့် ငါတို့ဘယ်လောက်လုပ်နိုင်လဲဆိုတာ ငါ့ရဲ့သုတေသနအစွမ်းနဲ့ မင်းတို့ရဲ့အစွမ်းပေါ်မှာမူတည်တယ်” ရှုယီကပြန်ပြောသည်။
ဘော်ဒီယူသည်အလုပ်ရုံထဲတွင်အလုပ်လုပ်နေသောလူပုလေးများကိုကြည့်၍ စိတ်အားငယ်သောအသွင်ဖြင့် “ဒါပေမယ့် ဥက္ကဌကြီး ကျွန်တော်တို့လူပုလေးတွေကအပိုဖြစ်မလာဘူးလား။ ဒီမှော်စက်တွေသာအားလုံးကိုလုပ်သွားရင် ကျွန်တော်တို့ကိုဘာလို့လိုအပ်တော့မလဲ”
သူ့မေးခွန်းကြားသော် ကမ်ဘီ အပါအဝင်အခြားလူပုလေးများအားလုံးသည် ရှုယီကိုကြည့်လိုက်ကြသည်။ အားလုံးမျက်လုံးများကိုကြည့်လျှင် စိတ်အားထက်သန်စွာနားထောင်နေသည်ကိုတွေ့ရသည်။
ရှုယီကပြုံး၍ခေါင်းခါပြပြီး “မဟုတ်ဘူး ဘော်ဒီယူ ကိုယ့်တန်ဖိုးကိုအထင်သေးနေတာကိုး။ မှော်စက်ကမှော်စက်ပဲ။ သူတို့ကအလုပ်တွေပြီးအောင်လုပ်နိုင်ပေမယ့် သူတို့မလုပ်နိုင်တာလည်း အများကြီးရှိသေးတယ်။ ဘော်ဒီယူပြောသလိုပဲ မှော်လယ်ထွန်စက် လုပ်တဲ့နေရာမှာဆို စက်နဲ့လုပ်တာမှန်ရဲ့လားလိုက်စစ်ဖို့လိုသေးတယ်လေ။ အဲဒါကိုစက်နဲ့ပဲလုပ်လို့ရပါ့မလား”
ဘော်ဒီယူသည်ယုံကြည်စွာဖြင့်ပြုံးပြသည်။
“ကျွန်တော့်အတွက်တော့ ဝါရင့်အလုပ်သမားတယောက်ကစက်ထက်ပိုပြီးတန်ဖိုးရှိတယ်။ ဘော်ဒီယူ မှော်စက်တွေပေါ်လာလို့လည်းလုံးဝစိတ်မပူနဲ့။ လူပုလေးတွေလုပ်စရာမရှိဖြစ်သွားမှာမဟုတ်ဘူး။
အဲလိုမဟုတ်ပဲ မှော်စက်တွေတိုးတက်သွားလည်း ဝါရင့်သဘာရင့်ကျွမ်းကျင်မှုနားလည်မှုရှိတဲ့ ခင်ဗျားတို့လိုအင်ဂျင်နီယာတွေကိုပိုပြီးလိုလာလိမ့်မယ်။ ဒီမှာရှိတဲ့လူတွေအားလုံးဟာဒီကုမ္ပဏီအတွက်အလွန်တန်ဖိုးရှိပါတယ်။ ဒီလူတွေကမှ ဟောဒီစက်တွေထက်ပိုပြီးတန်ဖိုးရှိတာ”
ရှုယီ၏ထိုစကားကြားသော် ကမ်ဘီ, ဘော်ဒီယူ နှင့်လူပုလေးများအားလုံးသည် ပျော်ရွှင်စွာဖြင့်ပြုံးလာကြသည်။ လူပုလေးများသည်အင်မတန်ရိုးသားကြလေသည်။ သူတို့ရောက်ကတည်းက ရှုယီ တယောက်သူတို့အပေါ်ဆက်ဆံခဲ့သည်ကိုအားလုံးရင်ထဲတွင်ရှိကြသည်။
ယခုလိုသူတို့ကိုချီးကျူးလေသော် သူတို့ရင်ထဲအတိုင်းမသိဝမ်းသာပီတိဖြစ်ကြလေသည်။
“အင်ဂျင်နီယာဟုတ်လား” အိုင်လင်းလို့ခေါ်သောတစ်ယောက်ကပြုံး၍ပြောသည်။ “ဥက္ကဌကြီး ဒီစကားဘာဆိုလိုတာလည်းမသိပေမယ့် အင်မတန်စွမ်းအားရှိတယ့်စကားပဲဗျ။ အခုကစပြီးကိုယ့်ဟာကိုယ်မိတ်ဆက်ရင် အင်ဂျင်နီယာလို့ပဲမိတ်ဆက်တော့မယ်”
ရှုယီကရယ်၍ “အတိအကျပြောရရင် စက်မှုအင်ဂျင်နီယာပေါ့။ အိုးနိုး ဒီကလူပုမှော်စက်မှုအင်ဂျင်နီယာပဲ”
လူပုလေးများသည်တယောက်ကိုတယောက်ပြုံး၍ကြည့်လိုက်ကြသည်။
“ကောင်းပြီ ငါတို့အားလုံးမှော်စက်မှုအင်ဂျင်နီယာတွေပေါ့”
***
မှော်စက်မှုအင်ပါယာ
Vol 1, အခန်း ၁၁၄ ။ ရိုးသားသောမေတ္တာရပ်ခံချက်
သူတို့သည် မှော်စက်အသစ်များဒီဇိုင်းဆွဲခြင်းတွင်ပါဝင်နေ၍ ရှုယီနှင့် ကမ်ဘီတို့လူပုလေးများသည် အစည်းအဝေးလုပ်နေ၍ ပုံမှန်အလုပ်ဆင်းချိန်တွင်မပြန်ကြပေ။ နောက်ဆုံးသူတို့အစည်းအဝေးပြီးသောအချိန်တွင် ညရောက်လေပြီ။
ဒီဇင်ဘာရောက်ပြီဖြစ်၍ အေးစက်နေသည်။ ထို့ကြောင့် ညဖြစ်သည်ဖြစ်၍ အအေးသည်သာမာန်ထက်ပိုအေးနေသည်။ မှော်လေအေးပေးစက်ဖြင့်အပူချိန်ပေးထားသောအခန်းထဲမှထွက်လာသောအချိန်တွင် အပြင်ကလေအေးဖြင့်ရိုက်ခတ်မိ၍ ရှုယီ တော်တော်တုန်သွားသည်။
သူနဲ့အတူလျှောက်လာသောလူပုလေးများကဘာမျှမဖြစ်ပေ။ သူတို့သည် ရှုယီထက်အဝတ်အစားအနည်းငယ်သာဝတ်ထားသော်လည်း သူတို့တွင်စွမ်းအားများပြည့်နှက်နေပြီး အေးပုံလုံးဝမပေါ်ပေ။
ကမ်ဘီသည် ရှုယီ ပုခုံးကိုလှမ်းပုတ်၍ “ဥက္ကဌကြီး ခင်ဗျားရဲ့ကိုယ်ကအရမ်းပျော့တာပဲ။ လေ့ကျင့်ခန်းလုပ်သင့်ပြီထင်တယ်။ တခြားမှော်ဆရာတွေလို လေတချက်ဝှေ့လိုက်တာနဲ့ပါသွားမယ့်လူမျိုးမဖြစ်စေနဲ့။"
ရှုယီသည်သူ့ထက်နှစ်ဆကိုယ်ခန္ဓာကြံ့ခိုင်သောသူ့ကိုပြုံး၍ကြည့်ပြီး “ထားလိုက်ပါ မင်းတို့လိုအစွမ်းရှိတဲ့လူတွေနဲ့ဘယ်လိုယှဉ်သာမှာလဲ။ အိမ်ပြန်ပြီးအဝတ်အစားလေးပြန်ဝတ်တာကပိုကောင်းအုံးမယ်”
ကမ်ဘီကသူ့ရင်ဘတ်ထဲနှိုက်၍ ပုလင်းကိုယူလိုက်ပြီး ရှုယီဆီပေးလိုက်သည်။
“ဒီမှာ ကျွန်တော်မကုန်သေးတဲ့ ဝိုင်ပုလင်းတဝက်လောက်ကျန်သေးတယ်။ ကျိုက်လိုက်ပါအုံး နွေးသွားအောင်”
ရှုယီသည်ယူလိုက်ပြီးနမ်းလိုက်သည်။ ဝိုင်နံ့လေးသင်းနေသည်။ ထို့နောက်မျက်မှောင်ကြုတ်ကြည့်၍ “ကမ်ဘီ အလုပ်လုပ်တုန်းမသောက်ရဘူးလို့ပြောမထားဘူးလား။ ဘာလို့ဝိုင်ပုလင်းတောင်ယူလာရတာလဲ”
ကမ်ဘီကခေါင်းကိုပွတ်၍ ရယ်လိုက်ပြီး “အေးဆေးပေါ့။ ဒီညီကိုတွေကကျွန်တော့်ကိုကြည့်နေပြီ ဒီတော့စည်းမျဉ်းချိုးဖောက်လို့မဖြစ်ဘူး။ ဒီပုလင်းကိုယူထားပြီးအလုပ်ပြီးမှသောက်တာပါ။ စိတ်ချပါ ဘာအမှားမှမဖြစ်စေရပါဘူး”
ရှုယီသည်ခေါင်းသာတွင်တွင်ခါနေသည်။ ဒီလူပုလေးတွေ၏အရက်စွဲမှုကိုဖြတ်၍မရနိုင်မှန်းသူသိလေသည်။ ထို့ကြောင့် ကမ်ဘီအနေဖြင့်ရှောင်ခြင်းသည်အတော်ရှားပေလိမ့်မည်။
ပုလင်းကိုဖွင့်၍ ခေါင်းမော့သောက်ချလိုက်ရာလည်ပင်းမှတဆင့်ပူ၍ဗိုက်ထဲဆင်းသွားလေသည်။ ခဏကြာသော် ဝိုင်အစွမ်းတို့ပြ၍ ဗိုက်မှတဆင့်အပေါ်သို့အပူများတက်လာသည်။ ပါးစပ်မှမှုတ်ထုတ်လိုက်ရာ ပို၍သက်သာလာသည်။ လူပုလေးများကိုလက်ပြနှုတ်ဆက်၍စက်ရုံထဲမှထွက်လာတော့သည်။
စက်ရုံမှထွက်လာစဉ် သူမှာထား၍ မှော်ဆရာတို့ကိုခေါ်ရန် ရထားလုံးနှစ်စီးရောက်လာသည်ကိုသတိရသွားသည်။ ခုတော့ တစ်ခုမျှမရှိတော့။
ထို့ပြင် ညရောက်ပြီဖြစ်၍ ဤနေရာတွင်မည်သည့်ယာဉ်မျှရှိမည်မဟုတ်တော့။ ထို့ကြောင့် ဟိုဟိုဒီဒီကြည့်ပြီးသော် စိတ်ပျက်စွာဖြင့် မြို့ထဲသို့လမ်းလျှောက်ပြန်ခဲ့တော့သည်။
မြို့ထဲနဲ့မဝေးတာတော်သေးသည်။ ဝိုင်တကြုတ်သောက်လိုက်၍ အားယူပြီးအပြင်းနှင်ခဲ့တော့သည်။
မကြာပါ ရုတ်တရက်ရပ်လိုက်ပြီး သူ့မျက်လုံးများတောက်ပလာသည်။
“ဘယ်သူလဲ ထွက်လာခဲ့” အမှောင်ထဲသို့အော်လိုက်သည်။
ဘယ်ဘက်ကသစ်ပင်အရိပ်ထဲတွင် ရုတ်ရုတ်ဖြစ်သွားပြီးလူတယောက်ထွက်လာသည်။ လအလင်းရောင်ဖြင့်ကြည့်လိုက်သော် ထိုလူသည်ပိန်ပါး၍ မျက်လုံးများထက်မြက်စူးရှနေသည်ကိုသတိထားမိသည်။
“မိန်းမပျိုအက်ဂ်နက်စ် ဘာလို့လဲ” အံ့သြစွာဖြင့်မေးလိုက်သည်။ ပေါ်လာသူကား မိန်းမပျိုအက်ဂ်နက်စ်။
လရောင်အောက်တွင် သူမကိုယ်သည်တောက်ပနေ၍ တကယ်လူနဲ့မတူ ကိုယ်ရောင်လာပြသည်နဲ့တူလှသည်။ ထိုဟာသည် နတ်သူငယ်တို့၏ထူးခြားမှုဖြစ်သည်ကိုသူသိလေသည်။
နတ်သူငယ်တို့သည် လနတ်သမီးအီလွန်တို့မျိုးနွယ်စုအဖြစ်ကျော်ကြားသည်။ သူတို့ထူးခြားသည်က လရောင်အောက်တွင် တောက်ပမှုပင်။ ယခုသူမလိုပင်ဖြစ်သည်။
စိုင်စ်နယ်မြေတစ်ခုလုံးတွင် မည်သူမျှသူတို့နဲ့မယှဉ်ပြိုင်ရဲပေ။ ကိုယ့်ဟာကိုယ်သာသတ်သေရုံဖြစ်လိမ့်မည်။
တောထဲတွင်ဖြစ်စေလရောင်အောက်တွင်ဖြစ်စေ သူတို့ကိုစိန်ခေါ်သူသည် အရူးသာဖြစ်လိမ့်မည်။ ထိုသို့စဉ်းစားမိ၍ အက်ဂ်နက်စ်ကိုကြည့်မိသော ရှုယီ မျက်လုံးများအင်မတန်ကြည်လင်နေသည်။
သူသည်အဆင့်ငါးစာမေးပွဲကိုအောင်ပြီးပြီဖြစ်သော်လည်း သူတို့ပထမတွေ့စဉ်ကပင် အက်ဂ်နက်စ်သည် လျှို့ဝှက်အရိပ်မန္တန်ကိုသုံးနိုင်သည်ဖြစ်၍ သူမအစွမ်းသည် ရှုယီထက်မနိမ့်မှန်းသိသာသည်။ သူမသာရုတ်တရက်ခြုံခိုတိုက်လျှင် သူအကြီးအကျယ်ခံရနိုင်သည်။
အက်ဂ်နက်စ်သည်ရန်လိုမည့်အခြင်းအရာမပြ၍တော်သေးသည်။ အရိပ်ထဲကထွက်လာပြီးနောက် သူမသည်အဆင့်တန်းရှိရှိနှုတ်ဆက်လိုက်သေးသည်။
“ဟယ်လို ဥက္ကဌကြီး အီလွန်ရဲ့အရပ်အာဝါသအောက်မှ အပြန်ခရီးမှာပျော်ရွှင်ပါစေဆုတောင်းပါတယ်”
ရှုယီ အံ့သြသွားသည်။ အီလွန် နာမည်ပင်သုံး၍ဆုတောင်းပေးသည်ဆိုတော့ သူမတကယ်ပျော်နေသည်မှာသိသာသည်။ သို့သော်ဘာကြောင့်နည်း။
သူပြန်လာသည်ကိုပျော်သည်တဲ့လား။
“ဘာလို့ဆို တစ်ပတ်လောက်စောင့်နေရတာလေ” သူမကပြန်ပြောသည်။
သူပို၍ပင်ရှုပ်ထွေးသွားပြီး”တစ်ပတ်ပဲရှိသေးတာကို။ အဲဒီအချိန်ကလူတွေအတွက်တော့မျက်တောင်တချက်ပဲကြာတဲ့အချိန်ကိုး”
“ဟုတ်တယ် ဒါပေမယ့် ကျွန်မတို့အတွက်တော့ တစ်စက္ကန့်ကအတော်ကိုကြာတယ်” သူမမျက်နှာလေးသည်အတော်ကိုစိတ်ဓါတ်ကျနေသည့်ပမာပင်ဖြစ်၍ သူမတို့မျိုးနွယ်စုအတွက်အတော်ရှားသောစိတ်အခြေအနေပင်။ “မျိုးနွယ်စုကမထွက်လာခင်က မြစ်ရေစီးဆင်းနေတာပိတ်တော့မလို့ပဲ။”
သူမမျက်နှာထားကိုကြည့်၍ “ဒီလိုဆိုတခြားနည်းလမ်းရှာမကြည့်ဘူးလား။ မင်းတို့က မိုးသစ်တောမှာနေတော့ ရေကမြစ်ကိုပဲအားကိုးနေရတာမဟုတ်ဘူးမလား”
သူမကခေါင်းခါပြ၍ “ပထမတော့ပြဿနာမဟုတ်ဘူးပေါ့။ ဒါပေမယ့် ခုတော့ မြစ်ရေမရှိတော့သစ်ပင်တွေအကုန်ခြောက်သွေ့ပြီး ဒီလိုသာဆက်သွားနေမယ်ဆို မိုးသစ်တောကပျောက်သွားစရာအကြောင်းရှိတယ်လို့လူကြီးတွေကပြောတယ်။ ဒီလိုဆို ကျွန်မတို့စွန့်ခွာဖို့ပဲရှိတော့တယ်”
သူပြောချင်သည်က “ဒီလိုဆိုလည်းထွက်သွားပေါ့။ ဒါကပြဿနာကြီးမှမဟုတ်တာ” သို့သော် သူမမျက်နှာကကြေကွဲသောဟန်ကိုတွေ့သော် နတ်သူငယ်တို့ဘိုးဘေးများသည် သူတို့မွေးရာဒေသကိုအင်မတန်မြတ်နိုးသည်ကိုသတိရ၍ ဘာမျှမပြောနိုင်တော့။
“ကောင်းပြီ မိန်းမပျိုအက်ဂ်နက်စ် မင်းပြောသလိုဆို မိုးသစ်တောသာကျန်စာမိမယ်ဆို ဒီလိုဖြစ်လာဖို့အကြောင်းပြချက်တခုပဲရှိတယ်။ မြစ်မြှာမှာတခုခုဖြစ်လို့ပဲနေမယ်”
“မြစ်မြှာမှာတခုခုဖြစ်မယ်ဟုတ်လား။ ဘာကိုပြောချင်တာလဲ” သူမသည်နားမလည်စွာဖြင့်ပြန်မေးသည်။
ရှုယီကခေါင်းကိုပုတ်ပြသည်။ ကမ္ဘာမြေပေါ်တွင်ကားထိုကိစ္စသည်ဖြစ်နေကျပင်ဖြစ်သည်။ သို့သော်ဒီမှာတော့တခါမျှပြောသံမကြားရ။
“အ....ဒီကိစ္စကအတော်ရှုတ်ထွေးတယ်။ ခုတော့ရှင်းလို့မရသေးဘူး။ မင်းတို့ထဲကတယောက်ယောက်များသွားကြည့်သေးသလား။ အဲဒီအထက်မှာတိမ်ကောတာသေချာတယ်။ အိုး..တိမ်ကောတာ မင်းသိမှာမဟုတ်ဘူး။ ရိုးရိုးပြောရရင် အဲဒီအထက်မှာ ဘာမှပိတ်ဆို့မနေတာအကောင်းဆုံးပဲ။
အဲဒီမြေလွှာတွေကမြစ်ထဲပို့ပြီးတိမ်သွားတာဖြစ်မယ်။ နောက်ဆုံးတော့မြစ်ရေစီးကြောင်းကိုပြောင်းသွားစေမယ်။ ပိတ်တောင်ပိတ်သွားနိုင်တယ်။ အဲလိုမထင်ဘူးလား”
သူ့ရှင်းပြချက်ကိုကြားသော် သူမမျက်လုံးများတောက်ပလာသည်။
“ဥက္ကဌကြီးကအဲဒီလည်းမရောက်ဖူးပဲနဲ့ ဘာလို့အဲလောက်သေချာနေရတာလဲ” သူမကအံ့သြဝမ်းသာစွာဖြင့်မေးသည်။
“မင်းပြောတဲ့ပေါ်မူတည်ပြီး တွက်ဆကြည့်တာလေ”
သူမက “ဒီလိုဆို ဖြေရှင်းဖို့လည်းနည်းလမ်းရှိမှာပေါ့”
“အဲဒါတော့ အာမမခံနိုင်ဘူးပေါ့” ရယ်၍ပြောသည်။
ထိုသို့မြစ်ရေစီးကြောင်းလွဲခြင်းသည် ခေတ်မှီသောကမ္ဘာမြေပေါ်တွင်တောင် ပြဿနာကြီးတခုဖြစ်သည်။ ခေတ်နောက်ကျသော စိုင်စ်နယ်မြေပေါ်တွင်တော့မပြောတော့ပေ။
“ဒါပေမယ့်အရင်တခါကပုံကြမ်းပေးလိုက်တယ်မဟုတ်လား။ လူကြီးတွေကြည့်ပြီးတော့ ပြဿနာရဲ့အဖြေပဲလို့ပြောတယ်။ ဒီတော့ အဖြေရှိတယ်မဟုတ်လား”
“ဒါပေမယ့် မင်းတို့မျိုးနွယ်စုကိုလေ့လာကြည့်ဖို့ငြင်းပယ်ခဲ့တယ်မဟုတ်လား။ ဒီတော့ဘယ်လိုကူညီနိုင်မှာလဲ” ရှုယီကပြောသည်။
အက်ဂ်နက်စ်သည်ဒူးထောက်ခေါင်းညီမ့်၍ အရိုအသေပေးလေသည်။ ထို့နောက်ရိုးသားစွာဖြင့် “ဥက္ကဌကြီး အရင်ကစော်ကားမိတာခွင့်လွှတ်ပေးပါ။ အရင်ကမေတ္တာရပ်ခံချက်ကိုလူကြီးတွေကိုပြောပြတော့သူတို့ကလက်ခံပါတယ်။ ဒီတော့လာကြည့်လို့ရပါတယ်။ အခုတော့ကျွန်မနဲ့အတူလိုက်လာဖို့တောင်းဆိုပါတယ်။ လာပြီးကူညီပါအုံး။ ကျွန်မတို့မျိုးနွယ်စုကိုကယ်တယ်နိုင်တယ်မဟုတ်လား”
ထိုသို့ပြောပြီးနောက် အားကိုးတကြီးဖြင့် ရှုယီကိုမော့ကြည့်လေသည်။ လရောင်ဖျော့ဖျော့လေးသည် သူမမျက်နှာပေါ်ကျဆင်းနေသည်။ သူမ၏လှပသောမျက်နှာနှင့်ပါးလေးတို့သည်အလင်းရောင်ထဲတွင်ကျက်သရေရှိလှသည်။ ရှုယီ တယောက်သဘောမတူပဲမနေနိင်အောင်ဆွဲဆောင်မှုရှိလှသည်။
“ဒါ..ကူညီချင်ပေမယ့် မင်းသိလား..ခုလေးတင်ပဲ အန်ဗီမာမြို့ကပြန်ရောက်တာဆိုတော့ လုပ်စရာလေးတွေရှိသေးတယ်။ ဒါကြောင့် အခုတော့လိုက်လို့မဖြစ်သေးဘူး”
“ဘယ်လောက်ကြာမလဲရှင့်”
ရှုယီကမေးကိုပွတ်သပ်၍ “ပြောဖို့တော့အခက်သား။ လုပ်စရာလေးတွေကနည်းနည်းခက်တော့ ခန့်မှန်းရခက်တယ်”
သူမမျက်လုံးများမှေးမှိန်သွားပြီးတောင်းပန်သောအသံဖြင့် “ ဥက္ကဌကြီး ကူညီနိုင်မယ်လို့မျှော်လင့်ပါတယ်။ တစ်ခုခုပြန်ရချင်တယ်ဆိုလည်းပြဿနာသာပြေလည်သွားလို့ကတော့ အကြီးအကဲတွေကဘာမဆိုပေးဖို့အဆင်သင့်ပါပဲ”
“ဒီလိုဆို မင်းကိုယ်တိုင်ငါ့ကိုပေးလိုက်လေ” စနောက်လိုက်သည်။
ခဏလောက်စဉ်းစားလိုက်ပြီး ရိုးသားစွာဖြင့် ဤသို့ဖြေမည် ဘယ်သူထင်မည်နည်း “ကောင်းပါပြီရှင်”
ရှုယီသည်သက်ပြင်းကြီးချလိုက်သည်။ စနောက်တာကိုရပ်လိုက်ပြီး သူမကိုမတ်တတ်ရပ်ရန် ကူညီထူပေးသည်။ သူမကိုသေချာကြည့်၍ “မိန်းမပျိုအက်ဂ်နက်စ် ငါ့မှာအဖြေရှိတယ်ဆိုတာယုံလိုက်ပါ။ အဲလိုမဟုတ်ရင် အကြီးအကဲ မွန်တိုကို ဟိုပုံစံကြမ်းဘယ်ပေးမလဲ သူတို့ကို မင်းဆီဘယ်ပေးခိုင်းမလဲ”
သူမကခေါင်းညိမ့်ပြ၍ “ဟုတ်ကဲ့ရှင့် အဲဒါကြောင်လည်းဒီကိုလာတာပါ”
“ကောင်းပြီ ဒီလိုဆို ပွင့်ပွင့်လင်းလင်းပြောမယ် ခုတော့လုပ်စရာလေးတွေရှိသေးတော့ မကူညီနိုင်သေးဘူး။ ပြီးတော့ ဒီပြဿနာကတစ်ရက်နှစ်ရက်တောင်မဖြေရှင်းရပါဘူး။ ဒီတော့ ပြင်ဆင်တာလေးတွေအရင်လုပ်လိုက်အုံးမယ် ပြီးတော့တကယ့်အဖြေမှန်နဲ့လာခဲ့မယ်။ နားလည်လားမိန်းမပျို”
သူမကခေါင်းညိမ့်ပြ၍ “ဟုတ်ကဲ့ရှင့် နားလည်ပါပြီ။ ဒါပေမယ့် ဥက္ကဌကြီး ဟိုကိုလာဖို့ ဘယ်လောက်ကြာမလဲရှင့်”
“အတိအကျတော့မပြောနိုင်သေးဘူး။ ဒါပေမယ့် တစ်နှစ်အတွင်းတော့ခရီးထွက်လာနိုင်မှာပါ။ ဒီအဖြေကိုကျေနပ်လားမသိ”
“တစ်နှစ်ဟုတ်လား” သူမမျက်လုံးများမှိတ်ခတ်မှိတ်ခတ်လုပ်၍ နောက်ဆုံးပြုံး၍ “ကောင်းပြီလေ”
လူသားသာဆိုလျှင် ဆက်၍ပြောလိမ့်မည် “ကတိတည်ပါတယ်နော်”တို့ပေါ့။ သို့သော်သူမကား “ကောင်းပါပြီ”ဟုသာရိုးရိုးကလေးပြန်ပြောသည်။ သူ့ကိုလုံးဝအကြွင်းမဲ့ယုံကြည့်သည့်အတိုင်းသာ။
ရှုယီက” ဒီလိုဆိုဒီကိစ္စထားလိုက်အုံး။ ငါ့ကိစ္စပြီးသွားရင် သူကြီးမွန်တိုကတဆင့်ဆက်သွယ်ခိုင်းလိမ့်မယ်။ စိတ်ရှည်စွာစောင့်နေမယ်ထင်ပါတယ်” ထို့နောက်လက်ပြနှုတ်ဆက်၍ ထွက်ဖို့ပြင်လေသည်။
နှစ်လှမ်းလောက်လှမ်းလိုက်ပြီးနောက် သူမကသူ့နောက်ကလိုက်လာသည်ကိုတွေ့တော့သူအံ့သြသွားသည်။ သူမသည်လုံးဝထွက်သွားမည့်ပုံမပေါက်။
ရှုယီကသူမကိုကြည့်၍ “မိန်းမပျိုအက်ဂ်နက်စ် ဘာလို့လိုက်နေတာလဲ။ ငါကတိပေးပြီးပြီမဟုတ်လား။ အခုပြန်လို့ရပြီလေ ရွာသူကြီးမွန်တိုဆီကသတင်းရမှပြန်လာလေ”
အက်ဂ်နက်စ် ကခေါင်းခါ၍ “အကြီးအကဲတွေကပြောတယ်၊ ရှင်မပါရင်ပြန်မလာနဲ့တဲ့။ အခုရှင်မလိုက်နိုင်သေးတော့ ရှင့်ဘေးမှာနေပြီး ရှင်ထွက်ဖို့အဆင်သင့်ဖြစ်တဲ့အချိန်ထိစောင့်မယ်”
ရှုယီသည်သူ့ကိုယ်သူလက်ညှိုးထိုးပြ၍ “မင်းပြောချင်တာ အဲဒီအချိန်ထိ ငါ့နောက်ကလိုက်နေမယ်ပေါ့”
သူမကခေါင်းညိမ့်ပြ၍ “ဟုတ်ကဲ့ရှင့်”
ရှုယီ သူ့ခေါင်းသူသာရိုတ်မိတော့သည်။
ဒီကောင်မလေးကား အတော်ရိုးသားတဲ့အရူးမလေးပဲ။
***
မှော်စက်မှုအင်ပါယာ
Vol 1, အခန်း ၁၁၅ ။ မီးလင်းရွက်မှုန့်
"ဒေါက်..ဒေါက်...ဒေါက်”
တံခါးခေါက်သံကြားသော် အာကာလီ မျက်နှာသည်တံခါးနောက်မှထွက်လာသည်။ တံခါးနောက်တွင်ရပ်နေသော ရှုယီကိုမြင်သော် သူမမျက်နှာပျက်သွားသည်။ ထို့နောက်ခဏနေမှပြုံး၍ “ဥက္ကဌကြီး ပြန်လာပြီပေါ့”
“အင်း” သူကခေါင်းညိမ့်ပြ၍ အခန်းထဲလှည့်ပတ်ကြည့်လိုက်ပြီး “ဘယ်လိုလဲ။ ဗီဗီယန် အဆင်ပြေလား”
“ပထမဆုံးမေးတာက ဗီဗီယန်အကြောင်းလား”သူမသည်ဘေးသို့ဖယ်ပေးပြီးရည်ရွတ်လိုက်ပြီး “ဝင်လာပါ သူမကအပေါ်မှာလေ သူမနိုးတော့မှာပါ သွားခေါ်လိုက်မယ်”
သူမအပေါ်တက်သွားသည်ကိုမြင်သော် အခန်းထဲလှည့်ပတ်ကြည့်သော်လည်း အက်ဂ်နက်စ်၏အရိပ်အယောင်ကိုမျှမတွေ့ရ။
ဒီကောင်မလေး လျှို့ဝှက်အရိပ်မန္တန်ကိုသုံးပြီးပုန်းနေပြန်ပြီလား။ သူမသည်သူ့နောက်အတင်းလိုက်နေသည်ကိုစဉ်းစားမိ၍ သူ့ခေါင်းသူရိုက်မိသည်။ နတ်သူငယ်တို့ခေါင်းမာသည်ထက် သူမကပို၍မာသည်။
သူဘာပြောပြောဘေးကထွက်သွားမည်မဟုတ်။ သူမထွက်သွားသည်နဲ့ သူလည်းခြေရဖျောက်၍ပျောက်နိုင်မှသာဖြစ်သည်။ သူမကိုခြိမ်းခြောက်၍မရ။ ဘာမျှမတတ်သာသည့်အဆုံးဒီတိုင်းသာလွှတ်ထားလိုက်ရတော့သည်။
အက်ဂ်နက်စ်အနေဖြင့် သူများရှေ့တွင်ကိုယ်ထင်မပြသည်ကတော်သေးသည်။ သူမသည် လျှို့ဝှက်အရိပ်မန္တန်ကိုသုံး၍ ကိုယ်ဖျောက်နိုင်လို့သာတော်သေးသည်။ ဧည့်ခန်းထဲတွင်အလွန်ကိုရှုပ်ပွနေသည်။ အရင်ကလာတာထက်ကိုပို၍ရှုပ်လှသည်။
အာကာလီ ဆင်းလာသည်တွင်မမေးပဲမနေနိုင် “ဟေး လုံးဝပြောင်းလဲနေပါပြီလား။ အခန်းတွေလေးဘာလေးလဲ ရှင်းကြပါအုံး။”
သူမကဝမ်းနည်းသောအသွင်ဖြင့်ပြန်ကြည့်၍ “ကျွန်မအခန်းမရှင်းဘူးလို့အမြဲမပြောခဲ့လို့လား”
“အင်း ငါ့စကားနားထောင်ကြတာ ကောင်းသားပဲ” သူကရယ်၍ပြောသည်။ ထို့နောက်တခုခုမှားနေသည်ကိုကားသိနေသည်။ အပေါ်မော့ကြည့်သော် အဝါရောင်ဖျော့ဖျော့လေးကိုမျက်နှာကြက်တွင်မြင်ရသည်။
ထိုဖန်လုံးထဲတွင် ပြင်းထန်သောအလင်းထုတ်ပေးသောတခုခုရှိနေသည်။ သို့သော် ဖန်ပြွန်ဖြင့်စစ်ထုတ်လိုက်ရာ အလင်းရောင်ဖျော့ဖျော့သာထွက်လာသည်။ အပြင်တွင်မှောင်မဲနေသည်ကိုသတိထားမိ၍ တခုခုမှားနေသည်ကိုသိလိုက်သည်။ အခန်းသည်မှောင်နေမည့်အစားနေ့ခင်းလိုတောက်ပနေသည်။
ဖယောင်းတိုင်နဲ့ဆိုလျှင် ဤမျှလင်းဖို့မရှိ။ ထိုအလင်းရောင်ကိုကြည့်၍ အပျော်ကြီးပျော်ပြီး “ဟေး မင်းတို့ဒီသုတေသနကိုအောင်မြင်သွားပြီပေါ့”
အာကာလီကပြုံး၍ “ဟုတ်တယ် ဥက္ကဌကြီး ဒါကျွန်မတို့လေ့လာတဲ့ မှော်မီးအိမ် ပဲ။ ဘယ်လိုထင်လဲ”
ရှုယီ လက်ကိုမြှောက်လိုက်သော်လည်းသူ့လက်နဲ့မမှီပေ။
တခုခုပေါ်ရပ်၍ မှော်မီးအိမ်ကိုကြည့်မည်လုပ်စဉ်တွင် တံခါးမှ အီဗီတာ၏အသံထွက်လာသည်။
“ဥက္ကဌကြီး မှော်မီးအိမ်ကိုကြည့်ချင်တယ်ဆို ကျွန်မလက်ထဲကဟာရော”
သူလှည့်ကြည့်လိုက်သော် မျက်လုံးများဝင်းလက်သွားသည်။ လှေကားပေါ်တွင်ကား အီဗီတာတယောက်ဆင်းလာသည်။
နောက်ကျနေပြီဖြစ်၍ သူမသည်ညဝတ်ဝတ်စုံကိုဝတ်ထားသည်။ သူမကိုယ်ကိုလုံနေအောင်ဖုံးဖိထား၍ ကြည့်ရသည်မှာ တမျိုးဖြစ်သည်။ သူ့ကိုစိတ်အဝင်စားဆုံးဖြစ်နေသည်က သူမလက်ထဲကတောက်ပနေတဲ့အရာဖြစ်သည်။
အောက်ခြေတွင်သစ်သားပြားဖြင့်လုပ်ထား၍ အပေါ်ကဖန်ဖြင့်အုပ်ထားသည်။ ဖန်ဖြင့်ဖုံးအုပ်ထား၍ အလင်းအားသိပ်မပြင်း မှုန်မွမွသာဖြစ်သည်။ ကိုင်ထားသော အီဗီတာ ကိုယ်ပေါ်အလင်းရောင်ကျနေ၍ ကြည့်လို့ပင်ကောင်းတော့သည်။
ရှုယီသည်ကြည့်ရင်းကြည့်ရင်းဖြင့်ဝမ်းသာမီတိဖြစ်ရသည်။
“အီဗီတာ ဒီမှော်အစီအရင်ရဲ့ပြင်းထန်မှုကိုဖြေရှင်းနိုင်ပြီပေါ့”
သူမသည်ပြုံး၍သာဘာမှပြန်မပြောပေ။ ဘေးသို့ဖယ်ပေး၍ သူမနောက်က ဗီဗီယန်ကိုပြလေသည်။
အလင်းရောင်ဖျော့ဖျော့အောက်တွင် ဗီဗီယန်၏ရှက်သွေးဖြာသောမျက်နှာကိုတွေ့ရသော် ရှုယီ အံ့သြသွားသည်။
“ဗီဗီယန် ဘာလို့နောက်မှာပုန်းနေတာလဲ။ ဘာလဲ ဆယ်ရက်လောက်နဲ့ငါ့ကိုမေ့သွားပြီလား”
ဗီဗီယန်က ခေါင်းခါပြသည်။ ထို့နောက် အီဗီတာကိုကြည့်လိုက်ရာ အီဗီတာကခေါင်းညိမ်ပြ၍ အောက်သို့ဆင်းလာသည်။
ရှုယီ နားမရောက်ခင်တွင် သူမရှက်ရွံ့နေလေသည်။ သူ့နားရောက်သော် ကြောက်စိတ်လုံးဝမရှိတော့သည့်အလားပင်။
ရှုယီ သည်နားမလည်သောဟန်ဖြင့်ကြည့်ပြီးနောက် သူမခေါင်းကိုထိလိုက်သည်။
“မင်းဖျားနေတာတော့မဟုတ်ပါဘူးနော် ။ ဟေး ဗီဗီယန် မေးနေတယ်လေ ဘာဖြစ်တာလဲလို့”
သူမမျက်နှာနီရဲသွားသည်။ သို့သော် ခေါင်းခါမှပိုနီသွားသည်။
“ကောင်မလေးတွေစိတ်ကအတော်ခန့်မှန်းရခက်သား” သူ့စိတ်ထဲရေရွတ်မိသည်။ ထို့နောက် အာကာလီနှင့် အီဗီတာတို့ဘက်လှည့်၍ “လာအုံး၊ အီဗီတာ မင်းလက်ထဲက မှော်မီးလုံးကိုကြည့်အုံးမယ်။ အာကာလီရေ လွန်ခဲ့တဲ့ရက်တွေကလုပ်ထားတဲ့သုတေသနကိုလုပ်ပါအုံး။ ဘယ်လောက်တိုးတက်လာလဲကြည့်ချင်လို့” အီဗီတာသည် မှော်ဖန်တုံးမီးအိမ်ကိုယူလာရာ ချက်ချင်းခွာခိုင်းရာ ထင်သည့်အတိုင်းပင် မြင်နေကျ မှော်အစီအရင်ကို မှော်မီးအိမ် အောက်ခြေတွင်တွေ့ရသည်။
သို့သော်သေချာကြည့်သော် သူဝယ်လာသော မှော်မီးအိမ် အောက်ခြေကနဲ့သော်လည်းကောင်း အီဗီတာ အရင်ကဆွဲတာနဲ့သော်လည်းကောင်းအနည်းငယ်ကွဲပြားနေသည်ကိုတွေ့ရသည်။ အီဗီတာတို့လုပ်ထားတာ အတော်လေးတိုးတက်လာတာပဲ။
ရှုယီ ခဏကြည့်လိုက်သော် ထူးခြားသည်က ထိုမှော်အစီအရင်ပေါ်တွင် ပြင်းထန်စွာတွယ်ကပ်နေသော မြက်ပင်တချို့ကိုတွေ့ရသည်။ သေချာကြည့်သော် အရောင်နည်းနည်းကွဲသော်လည်း ထိုဟာသည် မီးလင်းရွက် ပင်ဖြစ်လေသည်။
ခဏစဉ်းစားလိုက်ပြီး ထိုအပေါ်သို့ဖိနှိပ်လိုက်သော် အက်ကွဲရာများစွာပေါ်လာသည်ကိုတွေ့ရသည်။
အီဗီတာလည်းတားဖို့လုပ်သည်တွင် နောက်ကျသွားခဲ့သည်။ မီးလင်းရွက်များကျိုးပဲ့သွားသော်ပြုံး၍ “ဥက္ကဌကြီး ပြဿနာတွေ့လို့လားရှင့်”
ရှုယီကသူမကိုကြည့်၍ခေါင်းညိမ့်ပြပြီး “သာမာန်ပြဿနာလေးဆိုတော့ တွေ့ဖို့ခက်သား အဖြေတွေ့ပြီးပြီလား”
သူမကခေါင်းခါ၍ “မီးလင်းရွက်ကအလင်းထုတ်ပေးနိုင်ပေမယ့် မြက်ပင်ကမြက်ပင်ပဲဆိုတော့ အရမ်းအားပျော့တယ်။ ဘယ်နည်းလမ်းပဲစဉ်းစားကြည့်ကြည့် မပျက်စီးပါဘူးလို့ဘာမမခံနိုင်ဘူး”
“ဒီမှာကြည့်ပါအုံး နံရံပေါ်ကဟာပဲဖြစ်ဖြစ် ကျွန်မလက်ထဲက မှော်မီးအိမ်ပဲဖြစ်ဖြစ် မီးလင်းရွက် မပျက်စီးရအောင် အကုန်လုံးကိုဖန်နဲ့ရစ်ပတ်ထားရတာပဲ”
သူကခေါင်းညိမ့်ပြ၍ “မဆိုးပါဘူး ပြဿနာကအရမ်းအကန့်အသတ်ဖြစ်နေတာ ဖန်ထဲကလေကိုအပြင်ထုတ်ဖို့လည်းမရ အောက်ဆီဂျင်မထွက်အောင် ဂက်စ်ထည့်လို့လည်းမရဖြစ်နေတာ”
သူမသည် ရှုယီကိုနားမလည်ဟန်ဖြစ်ကြည့်လိုက်သည်။ သူပြောတာကိုလုံးဝနားမလည်နိုင်ဖြစ်နေသည်။ လေထုတ်တာတွေဓါတ်ငွေ့သွင်းတာတွေ ဘာလဲသူမမသိ။ သို့သော် အဓိပ္ပာယ်မရှိပြောနေခြင်းမဟုတ်သည်ကိုကားသူမသိသည်။ ထို့ကြောင့်ဘာမှဝင်မပြောပဲ ငြိမ်၍သာနားထောင်နေသည်။
အာကာလီသည် သူတို့သုတေသနလုပ်ထားသည်ကိုယူလာ၍ ရှုယီကယူကြည့်လိုက်သည်။ စာရွက်များတထပ်ကြီးဖြစ်၍ အချန်ယူကြည့်ရသည်။
ကြည့်ပြီးသော မျက်လုံးမှိတ်ခဏစဉ်းစားလိုက်ပြီး “မင်းတို့နှစ်ယောက်အရေးကြီးဆုံးပြဿနာကိုလျစ်လျူပြုထားတာကိုတွေ့ရတယ်”
နှစ်ယောက်သားနားမလည်စွာဖြင့် “ဘာများလဲ”
သူက စားပွဲဆီလမ်းလျှောက်သွားပြီး တော်နေကမှော်မီးအိမ်ကိုယူ၍ အထဲက မီးလင်းရွက်ကိုဆွဲထုတ်လိုက်သည်။ အာကာလီကိုခွက်ယူခိုင်းပြီး ထိုအထဲသို့ထည့်လိုက်ပြီး ယောင်းမဖြင့် ချေမွလိုက်သည်။
သူ့လုပ်ပုံကိုမြင်သော် အာကာလီကအံ့သြစွာဖြင့် “ဥက္ကဌကြီး မီးလင်းရွက်မှုန့်က မှော်အစီအရင်ထဲက အလင်းကိုစုတ်ယူနိုင်ပြီး ပြန်ထုတ်နိုင်တယ်လို့တော့ မထင်နေဘူးမို့လား”
“ဘာလို့မဖြစ်နိုင်ရမှာလဲ” ထိုပစ္စည်းကိုလက်ညှိုးထိုးပြ၍ “မီးလင်းရွက်နဲ့ပတ်သက်တဲ့ရှင်းပြချက်မှာမတွေ့ဘူးလား သူကခြောက်သွားရင်တောင် အလင်းကိုစုပ်ယူနိုင်ပြီးပြန်ထုတ်နိုင်တယ်ဆိုတာ”
“ဟုတ်တယ်လေ၊ အဲဒါကြောင့် ဒီစမ်းသပ်မှုကိုလုပ်ဖို့ မီးလင်းရွက် သုံးတာပေါ့။ မီးလင်းရွက် အရှင်သာသုံးမယ်ဆို ဒီမှော်မီးအိမ်ကိုဒီလောက်ထိတောင်တိုးတက်အောင်လုပ်နိုင်မယ်မထင်ဘူး။ ဒါပေမယ့် ဥက္ကဌကြီး အဲဒါနဲ့ဆရာ့စိတ်ကူးနဲ့ဘာဆိုင်လို့လဲ။ ခြောက်သွားတဲ့ မီးလင်းရွက်ကလည်း မီးလင်းရွက် ပါပဲ။ ဘာလို့ချေမွတာနဲ့ဆိုင်နေရတာလဲ” သူမကနားမလည်စွာဖြင့်မေးသည်။
သူမစိတ်ထဲသံသယပင်ရှိသည်။ ရှုယီသည်တခါတရံထူးဆန်းသည်ဟု ထင်မိသည်။
ရှုယီကပြုံး၍ “ခြောက်သွားပြီးသားက အလင်းကိုစုပ်ယူနိုင်ပြီးပြန်ထုတ်နိုင်တယ်ဆိုတော့ စိမ်းနေတဲ့ဟာနဲ့မတူလို့ပေါ့။ အဲဒါကပဲ ဒီပစ္စည်းရဲ့ထူးခြားချက်ပဲ။ ဒီလိုသာဆို မကျိုးပဲ့သေးတဲ့ မီးလင်းရွက်နဲ့ အမှုန့်ဖြစ်သွားတဲ့ မီးလင်းရွက်ကြား လုံးဝကွဲပြားစရာမရှိဘူးပေါ့”
“သီအိုရီအရဖြစ်နိုင်ရင် ဘာလို့မစမ်းသပ်ကြည့်ရမှာလဲ။ ဒီလိုစမ်းသပ်တယ်ဆိုတာ ကျရှုံးမှုတစ်ထောင်ကြားမှာ အောင်မြင်မှုတစ်ခုကိုရှာရတာနဲ့တူပါတယ်”
အီဗီတာနှင့် အာကာလီတို့သည် ခေါင်းတညိမ့်ညိမ့်ဖြစ်သွားကြသည်။
ရှုယီသည် မီးလင်းရွက် အားလုံးကိုနင်းချေမွလိုက်ပြီး အီဗီတာဆီက မိုးကြိုးမှော်အစီအရင်ကိုယူလိုက်ပြီး အီဗီတာနှင့် အာကာလီတို့တွေ့ရှိချက်အတိုင်းပင် မီးလင်းရွက်မှုန့်တို့ကိုသေချာစွာဖြန့်ဖြူးလိုက်လေသည်။
အားလုံးပြီးသော် ကြောက်ရွံ့နေသောထိုနှစ်ယောက်ကိုကြည့်၍ ပြုံးလိုက်သည်။ လက်ညှိုးကိုထုတ်၍ မှော်အစွမ်းလေးထုတ်လိုက်သည်။ အလင်းရောင်တချက်ဖျတ်ခနဲထွက်လာ၍ မိုးကြိုးမှော်အစီအရင် သည်အသက်ဝင်လာသည်။
ခဏကြာသော် မီးလင်းရွက်မှုန့်မှ အလင်းဖျော့ဖျော့လေးထွက်လာသည်။ စားပွဲပေါ်တွင်ထိန်လင်းလာပြီး စားပွဲပေါ်ကို အံ့သြဝမ်းသာစွာကြည့်နေသောမျက်နှာသုံးမျက်နှာသည်လည်းအထင်းသားပေါ်လာလေသတည်း။
***
မှော်စက်မှုအင်ပါယာ
Vol 1, အခန်း ၁၁၆ ။ ဒီဇိုင်းဆွဲသူ
ရှုယီ အိမ်ပြန်ရောက်သော ညနက်နေလေပြီ။ ဗီဗီယန်သည်သူ့ကျောပေါ်ကအိပ်လိုက်လာသော်လည်း ရင်းနှီးသောပတ်ဝန်းကျင်ရောက်၍ထင် ချက်ချင်းနိုးလာသည်။ ထို့နောက်အိပ်ချင်မူးတူးဖြင့်ကြည့်လိုက်ပြီး ရုတ်တရက်သတရလာပြီး သူ့ကျောပေါ်မှခုန်ဆင်း၍ တောင်းပန်လေသည်။ “တောင်းပန်ပါတယ် သခင်လေး ကျွန်မကိုသယ်ခဲ့ရတာ”
သူမခေါင်းကိုပုတ်၍ “ဘယ်လိုလဲ။ အီဗီတာနဲ့ အာကာလီတို့နဲ့နေရတာပျော်ရဲ့လား”
ဗီဗီယန်သည်ချက်ချင်းပြုံးလာ၍ “ဟုတ် အဆင်ပြေပါတယ်။ အမကြီးတို့က ကျွန်မအပေါ်အရမ်းကောင်းပါတယ်။ အမကြီးစတေးလ်ကလည်းလာလာတွေ့ပြီးအဝတ်အစားဝယ်ပေးတယ်။ သခင်လေးကြည့်ပါအုံး သူဝယ်ပေးတာဝတ်လာတာလှရဲ့လား”
ရှုယီသည် သူမဝတ်ထားသောဝတ်စုံကိုကြည့်လိုက်ပြီး “အင်း ငါမဝယ်ပေးခဲ့ရဘူးလို့စဉ်းစားနေတာ သူကဝယ်ပေးလိုက်တာပေါ့။ အင်း ဗီဗီယန် သူတို့ကိုမင်းကိုစောင့်ရှောက်ခိုင်းတာကပိုကောင်းလိမ့်မယ်ထင်တယ်။ ဒီနေ့ကစပြီးသူတို့နဲ့သွားနေရင်ရောဘယ်လိုလဲ။ သူတို့ကမင်းအပေါ်အဲလောက်ကောင်းနေတာ”
“အ”သူမမျက်လုံးထဲမျက်ရည်များဝဲလာသည်။
“သခင်လေး ကျွန်မကိုမလိုချင်တော့ဘူးပေါ့ ဟုတ်လား” ထိုသို့စတာလေးက ဤသို့ငိုရလောက်အောင်ထိဖြစ်လိမ့်မည်ဟုသူမထင်မိပေ။ သူမမျက်ရည်စများကိုသုတ်ပေး၍ “ငါစလိုက်တာပါ အတည်ပြောတာမဟုတ်ပါဘူး”
“တကယ်လား သခင်လေး ကျွန်မကိုမလိုချင်တော့လို့မဟုတ်ဘူးနော်” ဝမ်းနည်းမှုအရိပ်အယောင်တို့အနည်းငယ်ပျောက်ကွယ်သွားသည်။ သူမသည်စွန့်ပစ်ခံသနားစရာသတ္တဝါကလေးသဖွယ်ဖြစ်နေ၍ သူသက်ပြင်းချမိသည်။
သူမသည်ငယ်ငယ်ကတည်းကအစေခံဖြစ်ခဲ့သည်။ ထို့ကြောင့် သူမစိတ်ထဲလုံခြုံမှုဘယ်တော့မျှမရှိခဲ့။ ယခုမှငြိမ်းချမ်းသောနေ့များရောက်လာ၍ သူမအတွက်အရေးပါလှဿည်။
သူ့အတွက်တော့စနောက်ရုံသာဖြစ်သော်လည်းသူမအတွက်တော့ ကြောက်မက်ဖွယ်အိပ်မက်ဆိုးကြီးပင်ဖြစ်သည်။ ထို့ကြောင့်လည်းဤမျှစိတ်ထိခိုက်သွားရသည်။
“စိတ်အေးအေးထားပါ။ မင်းကိုမလိုချင်တာမှမဟုတ်ပဲ စလိုက်တာပါ” သူမခေါင်းလေးကိုပုတ်၍နှစ်သိမ့်ပေးသည်။ ထို့နောက် မှော်မီးအိမ်ကိုပေး၍ “သွားပြီး ဖွင့်လိုက်ပါအုံး။ အီဗီတာနဲ့ အာကာလီတို့နဲ့ နေတာကြာတော့ ဘယ်လိုသုံးရလဲသိသင့်တာပေါ့”
ထိုစကားကြားမှ အငိုတိတ်၍ မှော်မီးအိမ်ကိုအခန်းထဲယူသွားလေသည်။ အခန်းလင်းလာသည်ကိုမြင်သော် ရှုယီသည်အမှောင်ဘက်သို့လှည့်၍ အသံကျယ်ကျယ်ဖြင့်အော်လိုက်သည်က “မိန်းမပျိုအက်ဂ်နက်စ် ထွက်လာခဲ့တော့”
သူ့ဘယ်ဘက်တွင်လှုပ်ခါသွားပြီး အက်ဂ်နက်စ် ပေါ်လာသည်။
“ဥက္ကဌကြီး ဘာများအလိုရှိလို့လဲရှင့်။ စိတ်ပြောင်းသွားပြီး အခုပဲကျွန်မနဲ့လိုက်ခဲ့တော့မလို့လား”သူမကအံ့သြဝမ်းသာစွာဖြင့် မေးသည်။
“ဝမ်းနည်းပါတယ် စိတ်ပျက်သွားစေလို့။ ငါမေးချင်တာက မင်းဒီညဘယ်လိုအိပ်မလဲဆိုတာမေးချင်လို့ပါ”
“ညအိပ်ရမယ်ဟုတ်လား။”ထိုသို့မေးမည်မထင်၍ သူမသည်အံ့သြသွားပြီး “ဒီမှာပဲနေမယ်လေ”
"ဒီမှာနေမယ်ဟုတ်လား။” မယုံကြည်နိုင်စွာဖြင့် “တညလုံးအပြင်မှာပဲအိပ်မှာလား။အဲလောက်အေးနေတာကိုအေးပြီးသေမှာမကြောက်ဘူးလား”
အက်ဂ်နက်စ်သည်သူ့ခေါင်းပေါ်ကခြုံထည်ကိုဖယ်လိုက်ပြီး ခေါင်းလေးတချက်စောင်းလိုက်ပြီး
“ဥက္ကဌကြီး ကျွန်မကိုဂရုစိုက်တယ်ပေါ့”
“ဟုတ်တယ် ဂရုစိုက်တယ်လေ။ ငါ့နောက်တနေကုန်လိုက်နေတာကစိတ်ပျက်စရာကောင်းပေမယ့် အခုလိုကလေးမတစ်ယောက် လမ်းပေါ်မှာအိပ်ရမယ်ဆိုတော့လည်း ဒီတိုင်းဘယ်ကြည့်နေနိုင်ပါ့မလဲ။ လာလာ ငါ့နေရာကမကျယ်ပေမယ့် တယောက်တလေနေတာကတော့ဘာမဖြစ်ပါဘူး။”
သူမသည်ခဏတွေဝေနေပြီးနောက်ကလိုက်လာသည်။
ရှုယီဘေးရောက်သော် တခုခုစဉ်းစားမိပြီး “ဥက္ကဌကြီး ကျွန်မကဒီနှစ်ဆိုခုနှစ်ဆယ့်လေးနှစ်ရှိပြီ ရှင့်ထက်အဲလောက်ကြီးတာ ကျွန်မကိုကလေးမလို့မခေါ်သင့်ဘူးထင်တယ်”
ရှုယီ ရယ်ချင်သွားသည်။ အက်ဂ်နက်စ် ကိုကြည့်၍ ဒေါသထွက်ဟန်ဖြင့် “မင်းတို့မျိုးနွယ်စုအဆင့်နဲ့ဆိုရင်တော့ ခုနှစ်ဆယ့်လေးဆိုတာငါတို့လူသားဆယ်နှစ်သားနဲ့အတူတူပဲ။ ငါဆိုနှစ်ဆယ့်ခုနှစ်ရှိပြီ ဒီတော့မင်းကိုကလေးမလို့ခေါ်တာဘာမှမဖြစ်ပါဘူး”
အက်ဂ်နက်စ်သည်ခေါင်းညိမ့်ပြ၍ “အင်း ဒါလည်းဟုတ်သားပဲ။ ကောင်းပြီ ကလေးမလို့ပဲခေါ်ပါ”
ရှုယီလည်းသူမခေါင်းမာမှုကြောင့် ဘာမျှပြန်မပြောတော့ လက်လျော့လိုက်ရတော့သည်။
သူအခန်းထဲဝင်လာသော် ဗီဗီယန်ကမီးဖွင့်ပြီးသားဖြစ်၍ အခန်းထဲတွင်မီးမှိန်ပြပြလင်းနေသည်။ စားပွဲပေါ်က မီးအိမ်ကိုကြည့်၍ အက်ဂ်နက်စ် အံ့သြသွားသည်။ ထိုမှော်မီးအိမ်ကိုလှည့်ပတ်ကြည့်၍ “ဥက္ကဌကြီး လူသားမျိုးနွယ်စုတွေက အတော်လေးဖန်တီးကြတာပဲ။ ကျွန်မတို့ဆီမှာဆို ညမီးထွန်းတဲ့ လရောင်ပန်း လိုပါပဲလား”
“မင်းတို့မျိုးနွယ်စုတွေကညကိုမြင်ရတယ်မဟုတ်လား။ ဘာလို့ လရောင်ပန်း အလင်းရောင်လိုသေးတာလဲ” သူမကခေါင်းခါ၍ “နတ်သူငယ် တိုင်းတော့ဘယ်မြင်ရမလဲ။ အသက်ကြီးသွားရင် အမြင်လည်းဆုတ်ယုတ်သွားတာပဲ။ သူတို့အတွက်တော့ လရောင်ပန်းနဲ့ အီလွန်တို့အလင်းရောက်ပိုလိုအပ်တာပေါ့။ ဥက္ကဌကြီး ဒါကိုဘယ်လိုခေါ်လဲရှင့်”
“ဒါကိုမှော်မီးအိမ်လို့ခေါ်တယ်။ ဘာလဲစိတ်ဝင်စားလို့လား” ရှုယီ နည်းနည်းအံ့သြသွားသည်။ သူမကခေါင်းညိမ့်ပြ၍ “ဟုတ် အရမ်းစိတ်ဝင်စားတယ်။ တကယ်တော့ ပိုလှရင် ပိုကောင်းမှာနော်”
“ဒါကမလှသေးဘူးလား” စားပွဲပေါ်ကမီးအိမ်ကိုကြည့် ၍ မေးလိုက်သည်။
အီဗီတာကပေးလိုက်သည်ဖြစ်၍ သူ့အတွက်တော့အလှဆုံးဖြစ်သည်။ သေသပ်လှပစွာလုပ်ထား၍ လက်ရာမြောက်လှသည်ဟု သူထင်သည်။
သို့သော် သူမ,မလှသေးဘူးဆိုတော့ သူမတောင်းဆိုမှုကအတော်မြင့်နေလို့လား။ ဟုတ်သည် သူမတို့မျိုးနွယ်စုသည်အလှအပပဂေးများဖြစ်သည်။ သူတို့လုပ်သောအရာများသည်အလွန်သေသပ်လှပကြသည်များဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကဆိုလျှင် သူတို့မျိုးနွယ်စုကို အင်မတန်တော်သောအနုပညသည်များအဖြစ်သတ်မှတ်ခဲ့ကြသည်။ သူတို့လုပ်သောပစ္စည်းများသည် ရွှေဒင်္ဂါးထောင်ချီပေး၍ဝယ်ကြရသည်။
ထိုသို့တွေး၍ “ဘယ်အပိုင်းကမလှတာလဲ ပြောပါအုံး။ မင်းသာဒီဇိုင်းဆွဲမယ်ဆို ဘယ်လိုဖြစ်လာမလဲ”
အက်ဂ်နက်စ် နည်းနည်းအံ့သြသွားပြီး စားပွဲပေါ်ကမီးအိမ်ကိုပြန်ကြည့်ပြီး စဉ်းစားလိုက်သည်။ လေထဲတွင်လက်ညှိုးလေးထုတ်၍ ပုံဖော်လိုက်ပြီး "ပြောပြလို့မရဘူး”
“အဲလောက်မရိုးရှင်းဘူးလား” သူမ၏ထူးဆန်းသောနားများကိုကြည့်၍ “ဗီဗီယန် သွားပြီး ဘောပင်နဲ့ စာရွက်ယူလာပါအုံး”
ဗီဗီယန် ချက်ချင်းသွားယူပေးလိုက်သည်ကို အက်ဂ်နက်စ်ကယူလိုက်သည်။ သို့သော် ချက်ချင်းမဆွဲ ဗီဗီယန်ကိုကြည့်လိုက်ပြီး ရှုယီဘက်လှည့်၍ “ဥက္ကဌကြီး ဒီကောင်မလေးက သမီးလား”
ရှုယီသည်လဲမတတ်ဖြစ်သွားပြီး “ငါကခုမှပဲနှစ်ဆယ့်ခုနှစ်ပဲရှိသေးတာလေ။ ဘာလို့ ဒီအရွယ်သမီးရှိမှာလဲ”
“ဒီလိုဆို မိန်းမပေါ့”
ရှုယီ ခေါင်းကိုပုတ်၍ “မင်းတို့ နတ်သူငယ် တွေဘယ်လိုစဉ်းစားလဲငါမပြောတတ်ဘူး။ သူကအဲလောက်ငယ်နေတာ ဘယ်လိုလုပ်ငါ့မိန်းမဖြစ်နိုင်မှာလဲ”
“အိုး ဒီလိုဆို သိပြီး ညီမပေါ့ဟုတ်လား” ဤမျှဆက်တိုက်မေးနေပုံထောက်သော် သူမသည်အဖြေကိုလုံးဝသိချင်နေပုံရသည်။
“အင်း ငါ့ညီမလိုပဲသဘောထားပါ။ ထားလိုက်ပါ ဆွဲမှာသာမြန်မြန်ဆွဲပါ။ မင်းဆွဲတဲ့ မှော်မီးအိမ်ကဘယ်လိုပုံစံလဲဆိုတာငါသိချင်နေပြီ”
သူမကချက်ချင်းပင် ဘောပင်နှင့်စာရွက်ကိုယူ၍ခဏစဉ်းစားလိုက်ပြီးဆွဲချလိုက်သည်။ စိုင်စ်နယ်မြေပေါ်တွင် နတ်သူငယ်တိုင်းသည် အနုပညာရှင်ဖြစ်သည်ဟုပြောစမှတ်ပြုကြသည်။
ရှုယီသည် ကြားသာကြားဖူး၍မယုံကြည်ပေ။ သို့သော်ယခုသူမဆွဲသည်ကိုမြင်သော် ယုံကြည်ရမလိုဖြစ်နေသည်။
အနည်းငယ်သာခြစ်ရသေးသည် မှော်မီးအိမ် ပုံကပေါ်လာသည်။ ခဏကြာသော် လုံးဝရုပ်လုံးပေါ်လာလေသည်။
နောက်ဆုံးတွင် အံ့သြဖွယ်ထူးခြားပြောင်မြောက်လှသောမှော်မီးအိမ်သည်ပြီးစီးသွားလေပြီ။ ရှုယီ ယူကြည့်လိုက်သော် ချီးကျူး၍မဆုံးဖြစ်သွားသည်။
အက်ဂ်နက်စ် ပုံဆွဲတာတိကျမြန်ဆန်တာအသာထား၍ သူမဆွဲလိုက်သောပုံသည်လှပပါပေသည်။
စားပွဲပေါ်က မှော်မီးအိမ်နဲ့သိပ်မကွာသော်လည်း သူမဆွဲလိုက်သောမီးအိမ်သည် လှပရုံမက သေသပ်ကျော့ရှင်းလှသည်။ မြင်သူတိုင်းရင်သပ်ရှုမောဖွယ်ပင်ဖြစ်သည်။ အနုပညာဆန်လှပေသည်။
တချက်ကြည့်ရုံဖြင့် ရှုယီ ယုံကြည်သွားသည်က ထိုလှပသောမီးအိမ်ကိုသာလူတွေမြင်လျှင် မဝယ်ပဲမနေနိုင်ဟုပင်။
ဤသို့သော်ဒီဇိုင်းဖြင့်သာဆိုလျှင် စျေးသည်အဆများစွာခုန်တက်သွားနိုင်ပေသည်။ အက်ဂ်နက်စ်ကိုကြည့်သော သူ၏မျက်လုံးများတွင် စိတ်အားတက်ကြွမှုတို့ပြည့်နှက်နေသည်။
သူမသည်ကား မွေးရာပါပါရမီရှင်ဒီဇိုင်းဆွဲသူပေတကား။ ထိုအချိန် ဘေးက ဗီဗီယန်ကတိုးတိုးလေးပြောသည်။
“သခင်လေး ဒီလိုမျိုးမှော်မီးအိမ်က....တခုခုမှားနေသလိုပဲ”
***
မှော်စက်မှုအင်ပါယာ
Vol 1, အခန်း ၁၁၇ ။ ကိုယ်ပြိုင်သူပြိုင်ဖြင့် မျှော်လင့်မထားသည့်အရာဖြစ်လာ
ဗီဗီယန်ပြောသည်ကိုကြားသော် အက်ဂ်နက်စ်ကသံသယစိတ်ဖြင့် သူမကိုကြည့်လိုက်သော်လည်း ဘာမျှမပြောပေ။ ရှုယီသည်သိချင်စိတ်ဖြင့် “ဘာလို့မကောင်းတာလဲ။ ဗီဗီယန်ရေ ပြောပါအုံး ဘယ်အပိုင်းကမကောင်းတာလဲ”
သူမ၏အစွမ်းအစကိုမမျှော်လင့်ပဲတွေ့ပြီးကတည်းက သူမအပေါ်အထင်ကြီးခဲ့သည်။ ထို့ကြောင့်လည်း ဘာရွန် ရစ်တိုမှော်အကယ်ဒမီ ကျောင်းကိုပို့ခဲ့သည်။
ယခုသူမသည် အက်ဂ်နက်စ် ဆွဲသောလှပသောမှော်မီးအိမ်ကိုသဘောမတွေ့သည်ဖြစ်၍ အံ့သြစရာတော့မဟုတ်ပေ။ သူစိတ်လှုပ်ရှားရုံသာဖြစ်သည်။
“ဒါ...” ဗီဗီယန်သည် အက်ဂ်နက်စ် ကိုကြည့်သော် ကြီးမားသောနားကြီးများကိုသာမြင်ရသည်။ ထိုအမကြီးကားပျော်ရွှင်ပုံမပေါ်။ ထို့ကြောင့် မှော်မီးအိမ်ကိုလက်ညှိုးထိုးပြပြီးသော် လှပသေသပ်သောအောက်ခြေကိုထိုးပြ၍ “အခြေကဒီလိုသာဆို အဲဒီအပေါ်မှာ မှော်အစီအရင် ဆွဲဖို့မဖြစ်နိုင်တော့ဘူး”
သူမလက်ညှိုးထိုးပြရာကို ရှုယီ ကြည့်ပြီးခဏစဉ်းစားလိုက်ပြီး သူမမှန်သည်ကိုတွေ့ရသည်။ အီဗီတာသည်ဆွဲသာဆွဲသော်လည်း ဒီဇိုင်းနဲ့ပတ်သက်၍သင်ယူမထားသည်ဖြစ်၍ လိုအပ်သလောက်သာဆွဲလိုက်ရသည်။ ထို့ကြောင့် သူမမစဉ်းစားမိတာတွေအများကြီးရှိနေသည်။
ယခုမီးအိမ်သည်သူမ၏စမ်းသပ်ချက်များမှပေါ်ထွက်လာသည်ဖြစ်၍ ပုံစံနဲ့ပတ်သက်၍မစဉ်းစားမိ။ ထို့ကြောင့် အက်ဂ်နက်စ် ပြောင်းလဲလိုက်သော် ပြဿနာသည်ချက်ချင်းပေါ်ထွက်လာသည်။
အရေးကြီးဆုံးသည် ဒီဇိုင်းဆွဲထားသောအောက်ခြေသည် မှော်အစီအရင်ကိုထောက်ပံ့မပေးနိုင်ခြင်းပင်။ သို့သော် အက်ဂ်နက်စ်ကပြောင်းလဲပစ်သည်။ အောက်ခြေသည်အလွန်သေးငယ်နေ၍ မှော်အစီအရင်ကိုထိုပေါ်တွင်ထားရန်မဖြစ်နိုင်။တနည်းပြောရလျှင် ထိုဒီဇိုင်းသည် လုံးဝအမှားကြီးဖြစ်သည်။
ရှုယီသည် ဗီဗီယန်ကိုမချီးကျူးပဲမနေနိုင်။ သူမသည်ပြဿနာအဖြေရှာပေးနိုင်ပြီး အစွမ်းအစကိုထုတ်သုံးလိုက်သည်။
“ကောင်းတယ် ဗီဗီယန်ရေ မင်းမှန်တယ်” ချီးကျုးလိုက်ပြီး “ဒီလိုဆို မင်းသဘောကရော ဘယ်လိုပြောင်းသင့်တယ်ထင်လဲ”
“ဒီလိုပြောင်းမယ်ဆိုပိုကောင်းမယ်ထင်တာပဲ”
သူမသည် သူ့ဆီကသတ္တိတွေရခဲ့သည့်ပမာ ချက်ချင်းပင် ဘောပင်နဲ့စာရွက်ကိုယူ၍ မှော်မီးအိမ် ပုံဆွဲလိုက်သည်။
နတ်သူငယ်တို့သည် အနုပညာတွင် ပို၍စွမ်းကြောင်း မည်သူမဆိုဝန်ခံလိမ့်မည်ဖြစ်သော်လည်း ဗီဗီယန်သည် ပါရမီရှင်ဟုသတ်မှတ်ခံရ၍ ကျောင်းတွင်လည်းဒီဇိုင်းဆွဲသည်နဲ့ပတ်သက်၍လေ့လာနေခြင်းကြောင့် သူမပုံများကိုကြည့်သောလူများသည် အားငယ်သွားဖို့သာရှိသည်။ သို့သော် အက်ဂ်နက်စ် ပုံနဲ့ယှဉ်သော် သူမပုံသည်ဒီဇိုင်းသာမက အတွင်းပိုင်းအလုပ်လုပ်ပုံပါပါ၍ ပို၍အသက်ဝင်လှသည်။
ထိုဟာသည် ရှုယီ သူမကိုပေးသောလမ်းညွှန်မှုမှလာသည်။ သူမပြီးသော် ရှုယီသည်ချီးကျူး၍ “ကောင်းတယ် ဆွဲထားတာတော်တော်ဟန်ကျတာပဲ”
သူမပုံသည် မှော်မီးအိမ်ကိုခြုံငုံမိသည်။ မှော်အစီအရင် အတွက်နေရာကျန်ရုံမက တချို့သောပြောင်းလဲဖို့အတွက်လည်းနေရာကျန်လေသည်။ ထို့ပြင် ဖန်အဖုံးဒီဇိုင်းပေါ်မူတည်သော် အလင်းပြဿနာကိုလည်းထည့်သွင်းစဉ်းစားထားသည်။ အလင်းမဖောက်နိုင်သောမှန်ဖြစ်ဖို့လည်း ဖန်အဖုံးကိုသေချာဆွဲထားသည်။
ထိုဒီဇိုင်းပေါ်တွင်ဘာများအကျိုးသက်ရောက်သွားမလဲမသိသော်လည်း သူမသည် အလင်းပြဿနာကိုထည့်တွက်စဉ်းစားထားသည်။ သူမကိုထိုအကြောင်းသူသင်မထားပေ။ အီဗီတာနှင့် အာကာလီတို့်လည်း
ထိုအကြောင်းစဉ်းစားမိမည်မဟုတ်။ ထို့ကြောင့် သူမကိုယ်တိုင်ဦးနှောက်ထဲကထွက်လာဟန်ပင်။
ရှုယီထံမှချီးကျူးသံကြားသော် သူမသည်အတိုင်းမသိဝမ်းသာမိသည်။ ရင်ကိုကော့၍ အက်ဂ်နက်စ်ကိုကြည့်မိသည်။
အက်ဂ်နက်စ်သည် သူမ၏ဘာမဟုတ်တဲ့အပြုအမူကိုဂရုမစိုက်အားပေ။ သူမဆွဲထားသောပုံကိုခဏကြည့်၍ ခေါင်းခါလိုက်ပြီး “မဟုတ်သေးဘူး မလှသေးဘူး” ရှုယီ ခဏစဉ်းစားလိုက်ပြီး ပုံကိုသူမဆီပေးလိုက်သည်။
“ဒီလိုဆို အက်ဂ်နက်စ် ရေ လှအောင်လုပ်လိုက်စမ်းပါအုံး”
“ရမလား" ဗီဗီယန်ကိုကြည့်၍ပြောလိုက်သည်။ ဗီဗီယန်သည်ခဏစဉ်းစားလိုက်ပြီး စိတ်မပါသော်လည်းခေါင်းညိမ့်ပြသည်။
ထို့ကြောင့် အက်ဂ်နက်စ်သည်လျင်မြန်စွာပင်ပုံဆွဲလိုက်သည်။ ဒီတခါတော့ ဗီဗီယန် လုပ်သောအတွင်းဒီဇိုင်းကိုပင် အသစ်မွမ်းမံလိုက်သေးသည်။
နောက်ဆုံးတွင် ပို၍သေသပ်လှပသောပုံစံထွက်လာသည်။ ဗီဗီယန် ပင်လက်မခံချင်သော်လည်း မငြင်းသာတော့။
သို့သော် ဗီဗီယန်သည်အမှားများကိုတချက်ပြီးတချက်ထောက်ပြ၍ အားမနာတမ်းပြန်ဆွဲပြလေသည်။ အက်ဂ်နက်စ် ကလည်း နောက်ထပ်ပြန်ဆွဲပြလေသည်။ ဗီဗီယန်ကလည်းပြန်ထောက်ပြ၍ ပြန်ဆွဲပြသည်။
အက်ဂ်နက်စ် မလည်းနောက်ထပ်၍....
........
နောက်နေ့မနက်တွင် ရှုယီသည် အချိန်မှီနိုးလာပြီးအခန်းထဲကထွက်လာသော် ပြန့်ကျဲနေသော စာရွက်များကိုတွေ့ရသည်။ အက်ဂ်နက်စ်နှင့် ဗီဗီယန်တို့သည်ကား စားပွဲပေါ်တွင် ပစ်လှဲအိပ်ပျော်နေကြသည်။
သူတို့မျက်နှာပေါ်ကပင်ပန်းရိပ်တို့ကိုမြင်သော် နောက်ကျမှအိပ်သည်ကိုခန့်မှန်းနိုင်သည်။ သူခေါင်းခါလိုက်သည်။ မနေ့ညက သူတို့နှစ်ယောက်ယှဉ်ပြိုင်ပွဲတွင် သူသည်ပါးနပ်စွာဖြင့်နောက်ဆုတ်လာပြီးအိပ်ယာဝင်လိုက်သည်။
ယခုလိုမြင်ရသော် သူတို့တစ်ညလုံးအိပ်ခဲ့မည့်ပုံမပေါ်။ အက်ဂ်နက်စ်၏နူးညံ့သိမ်မွေ့သောမျက်နှာလေးကိုကြည့်၍ပြုံးမိသည်။ ဗီဗီယန် မျက်နှာသည်လည်းချောမွေ့လှဿည်။ အက်ဂ်နက်စ်သည်သူ့ကိုယ်သူခုနှစ်ဆယ့်လေးတဲ့ ခုတော့ ဒေါသကိုမထိန်းချုပ်နိုင်သေး။ သူမသည်ကလေးမဟုတ်ကြောင်းပြောသည်ကိုပင် စိတ်အနှောက်အယှက်မဖြစ်။
စားပွဲပေါ်ကပုံများကိုသေချာကြည့်လိုက်သော် သူ့စိတ်ထဲကမချီးကျူးပဲမနေနိုင်ပေ။ ပုံများကိုကြည့်သော် သူတို့စိတ်ကူးများအားလုံးတဖြည်းဖြည်းတူလာသည်။ နောက်ဆံးတွင် မှော်မီးအိမ်သည်လှပရုံမက တည်ဆောက်ပုံသည်လည်း ရှုယီအနေဖြင့် ဘာမျှချို့ယွင်းချက်မမြင်နိုင်တော့။
ယခုတော့လုံးဝအောင်မြင်သောထူးခြားသောဒီဇိုင်းပင်ဖြစ်သည်။ စာရွက်တခုကိုကောက်ကြည့်လိုက်ပြီး သူယုံကြည်သွားသည်က ထိုပုံအတိုင်းသာထုတ်မည်ဆိုလျှင် မြင်သူတိုင်းကိုဆွဲဆောင်နိုင်မှာသေချာသည်ဆိုခြင်းပင်။
ကျန်တာမပြောနဲ့တော့ ထိုထူးခြားသောဒီဇိုင်းနဲ့ပင် ဝယ်ဖို့တန်လေသည်။
သူတို့နှစ်ယောက်အိပ်ပျော်နေသည်ကို ကြည့်၍ ပြုံးလိုက်မိပြန်သည်။ အမြင့်နှင့်အနိမ့်ရှာကြရာမမျှော်လင့်ပဲတွေ့ရှိကြသည့်အဖြစ်။
.....
အိမ်သုံးမှော်စက်အလုပ်ရုံထဲသို့ဝင်လာသော် မနေ့ကသူခေါ်ထားသောမှော်ဆရာများအလုပ်လုပ်နေသည်ကိုတွေ့ရသည်။ မနက်ပိုင်းတွင်မှော်ဆရာများ မှော်အစီအရင်ဆွဲခြင်းသည် ပထမဆုံးအကြိမ်ဖြစ်၍ သူမျက်လုံးထဲတမျိုးဖြစ်နေသည်။
ဘာရွန်ရစ်တိုမှော်အကယ်ဒမီကျောင်းမှကျောင်းသားများသည် အတန်းမှရှိချိန်နေ့လည်မှလာတတ်ကြသည်ဖြစ်၍ မှော်ဆရာများလိုအချိန်ပြည့်မလုပ်နိုင်ကြ။ ရှုယီသည်ခဏကြည့်ရုံဖြင့် ထိုမှော်ပညာရှင်များသည် ကျောင်းသားများထက်ပင် မှော်အစီအရင်ကိုပို၍နားလည်ကြောင်းသိလေသည်။
ကျောင်းသားများအတွက်တော့ အပူချိန်ပြောင်းလဲနိုင်သည့် မှော်လေအေးပေးစက်အတွက် ရေခဲမှော်အစီအရင်နှင့် မီးမှော်အစီအရင် ပြီးဖို့ နာရီဝက်ခန့်ကြာလိမ့်မည်။ ၎င်းမှော်ပညာရှင်များကားမိနစ်နှစ်ဆယ်သာကြာပေလိမ့်မည်။
ဤဟာသည်ပင်သူတို့အတွက်ပထမနေ့သာဖြစ်သည်။ ပို၍ကျွမ်းကျင်လာသောအခါတွင် ဆယ်မိနစ်နဲ့အပြီးလုပ်နိုင်ပေလိမ့်မည်။ လုပ်နိုင်စွမ်းနှင့်အချိန်ပိုအားလုံးပေါင်းလိုက်သော် ကျောင်းသားများထက်အများကြီးသာနေသည်။
အပျော်ဆုံးလူသားကား ဟိန့်ဇ်ပင်ဖြစ်သည်။ အလုပ်ရုံ၏အဓိကကျသောအချက်သည် မှော်အစီအရင်s ဖြစ်သည်။ ထိုဟာကိုလုပ်သူများကကျောင်းသားများဖြစ်၍ လေ့လာမှုကိုခဏရပ်ပြီးလုပ်ရန်မပြောနိုင်ခဲ့။
ကျောင်းသားများပို၍စုဆောင်းသော်မှ ထုတ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်မည်မဟုတ်။ ထိုဟာသည်ပင် ဟိန့်ဇ်ကိုစိတ်အထိခိုက်ဆုံးဖြစ်သည်။
အကြီးဆုံးပြဿနာသည် ရှုယီသည်မှော်ထုတ်လုပ်စက်အသစ်များထွင်ပြီး လက်ရှိစက်များကိုပြန်၍အဆက်မပြတ်မြှင့်တင်နေခြင်းပင်ဖြစ်သည်။ ထိုဟာကလည်း ထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ပေးပြီး သာမာန်အလုပ်သမားကိုပင် အစပိုင်းကတည်းကပင် နှစ်ဆသုံးဆလုပ်နိုင်စွမ်းရှိနိုင်စေသည်။
မှော်အစီအရင် ရေးဆွဲနိုင်စွမ်းခြင်းတွင်ကား ကျောင်းသားများအစွမ်းကိုမြှင့်တင်၍မရ။ ထို့ကြောင့်လည်း ဟိန့်ဇ်သည်ပို၍စိတ်ပျက်လာခြင်းပင်။
အလုပ်သမားများသည် မှော်ထမင်းအိုးနှင့် မှော်လေအေးပေးစက်တို့အတွက်အစိပ်အပိုင်းများပြီးသွားပြီးသော်လည်း ကျောင်းသားများ မှော်အစီအရင် ပြီးအောင်စောင့်နေရသည်။ ထိုဟာသည်ထုတ်လုပ်နိုင်စွမ်းကိုအကြီးအကျယ်ထိခိုက်လေသည်။
ယခုသော်မှော်ပညာရှင်ကိုးယောက်ထဲသာဖြစ်သော်လည်း ကျောင်းသားသုံးဆယ်အစွမ်းထက်မနည်းပေ။ ဟိန့်ဇ်၏အရေးပေါ်ပြဿနာကိုဖြေရှင်းပေးရုံမက ထုတ်လုပ်နိုင်စွမ်ကိုလည်းမြှင့်တက်သွားစေသည်။ ရှုယီသည် သူ့အရိပ်အကဲကိုသိ၍ ပြံးလိုက်မိသည်။
“ဟားဟား, ရှုယီရေ မှော်ပညာရှင်အများကြီးမလိုတော့ပါဘူးဗျာ။ သူတို့သာအလုပ်နဲ့တသားတည်းကျသွားပြီးရင် ကျောင်းသားတွေတောင်မလိုလောက်တော့ဘူး”
ရှုယီသည် သူ့ကိုကြည့်လိုက်သည်။ ဒီလူကား အမြင်ဉာဏ်နည်းမှုကထွက်မလာသေး။
ထိုကိုးယောက်သည် အချိန်မရွေးထွက်သွားနိုင်ပြီး ကုမ္ပဏီအတွက်ဆိုလျှင် မှော်ပညာရှင်အများကြီးစုဆောင်းဖို့လိုလေသည်။
မှော်အစီအရင်တို့ကိုပြီးစီးအောင်လုပ်ရသည့်အပြင် မှော်စက်တို့ကိုမောင်းဖို့ သုံးရမည့် မှော်အစီအရင်ကိုလည်းသုတေသနလုပ်ရအုံးမည်။ ကျန်တာထားလိုက်အုံး ဆရာကြီးကမ်မီလာနှင့် စတေးလ်တို့သုံးယောက် မှော်လေအေးပေးစက် ထဲက မှော်အစီအရင် နှစ်ခုကို လေ့လာလိုက်သည့်အတွက်ပင် အပူချိန်ပြောင်းလဲနိုင်သည့် မှော်လေအေးပေးစက်ကိုတဝက်လောက်သေးငယ်သွားစေသည်။ ထို့ကြောင့်လည်း ကုန်ကျစရိတ်ကိုသုံးပုံလောက်ထိဖြတ်ချနိုင်သည်။
ထိုသို့သာမပြောင်းနိုင်ခဲ့လျှင် မှော်လေအေးပေးစက် တစ်ခုချင်းစီ၏အမြတ်ငွေသည် ဆယ့်သုံးမှဆယ့်ငါးသာရှိနိုင်သည်။ ယခုလိုပြောင်းလဲလိုက်သည့်အတွက် အမြတ်သည်နှစ်ဆယ်လောက်ထိထွက်လာသည်။ ထို မှော်လေအေးပေးစက် သည် ဘန်တာမြို့ဝန်းကျင်တွင်နာမည်ထွက်လာ၍ ကုမ္ပဏီအနေဖြင့် ထောင်ချီ၍ရောင်းရလေသည်။
ထိုမှော်လေအေးပေးစက် တစ်ခုတည်းဖြင့်ပင် အမြတ်ငွေသည် ဆောင်းရာသီအတွင်းတွင် ရွှေဒင်္ဂါးနှစ်သောင်းလောက်ထိရလေသည်။
ထိုအမြတ်ငွေသည် အပြောင်းအလဲသေးသေးလေးကလာခြင်းဖြစ်သည်။ ထိုဟာသည်ပင် သိပ္ပံနည်းကျသောသုတေသန၏အစွမ်းကြောင့်ပင်ဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 1, အခန်း ၁၁၈ ။ သုတေသနလုပ်ငန်းစဉ်များ ခွဲဝေခြင်း
ရှုယီသည် အိမ်သုံးအလုပ်ရုံကထွက်လာ၍ မှော်စက်အလုပ်ရုံသို့လှမ်းလာသည်။ လူပုလေးများနဲ့ဆွေးနွေးတိုင်ပင်ကြပြီးနောက် ပုံကြမ်းများယူ၍ ရုံးခန်းသို့ဆက်လက်ချီတက်ခဲ့တော့သည်။ ရုံးခန်းသည်ချဲ့ထားပြီး သူသုံးနေကျထက်နောက်တစ်ခန်းရှိလေသည်။ ထိုအခန်းကို ဝယ်လာ သုတေသနလုပ်ရန်ဖြစ်သည်။
သူဝင်လာသော် ဝယ်လာသည်ပစ္စည်းတွေကြားအသည်းအသန်ရှာဖွေနေသည်ကိုတွေ့ရသည်။ ထိုပစ္စည်းတို့သည် ကုမ္ပဏီကလက်ရှိထုတ်နေသောမှော်စက်များနဲ့ဆိုင်လေသည်။ သူမကိုအလုပ်ခန့်စဉ်က အလုပ်မပေးသေးဘဲ လေ့လာဖို့ရန်သာပစ္စည်းများပေးထားသည်။
တံခါးပွင့်သံကြားသော် သူမမော့ကြည့်လိုက်သည်။ ရှုယီကိုမြင်သော် ခေါင်းသာညိမ့်ပြ၍ ဘာမျှမပြော။ ရှုယီသည်သူမ၏အပြုအမူကိုသိပြီးသားဖြစ်၍ ကိုယ်ရေးကိုယ်တာစာချုပ်များပေးသော်စိတ်ချရလေသည်။
“ဝယ်လာ ဘယ်လိုထင်လဲ။ ငါတို့ကုမ္ပဏီထုတ်ကုန်တွေရဲ့ဒီဇိုင်းနဲ့ ပတ်သက်ပြီး သင့်တော်တဲ့အကြံဉာဏ်များရှိလား။" သူမသဘောထားကိုဂရုမစိုက်ပဲ သူမရှေ့တက်တက်လှမ်းကြည့်လိုက်သည်။
သူမသည်ခဏစဉ်းစားလိုက်ပြီး “အကြံဉာဏ်တော့ရှိပါတယ်။ ဥက္ကဌကြီး ကျွန်မဒီဟာတွေမြင်တော့ လီယိုကုန်သည်ကြီးများအသင်းမှာ ကျွန်မတို့ရှုံးခဲ့ရတာမအံ့သြတော့ပါဘူး”
“အိုး ဘာလို့ခုမှရုတ်တရက်ပြောရတာလဲ”
“ဘာလို့ဆိုရှင်ပေးတဲ့ပစ္စည်းကိုလေ့လာလိုက်လို့လေ။ ဒီမှော်စက်တွေမှာ မှော်ကအဓိကမဟုတ်ဘူးဆိုတာတွေ့လိုက်ပြီ။ အဓိကကဒီဇိုင်းနဲ့တည်ဆောက်ပုံပဲ။ မှော်အစီအရင် ချင်းပြိုင်မယ်ဆို ကျွန်မတို့လုပ်ထားတာနဲ့ဘာမှမထူးပါဘူး။ ဒါပေမယ့် ဒီဇိုင်းမှာကျတော့အကြီးအကျယ်ကွာနေတော့ လုံးဝရှုံးနိမ့်မှုပဲ”
ရှုယီသည် သူမကိုအံ့သြချီးကျူးစွာဖြင့်ကြည့်လိုက်မိသည်။ ဤအချက်သည်ရိုးရှင်းသော်လည်း ဆရာကြီးကမ်မီလာနှင့် စတေးလ်တို့သုံးယောက်သာနားလည်၍ကျန်သောမှော်ပညာရှင်တွေနားလည်ပုံမရပေ။
လူတိုင်းထင်ထားသည်က မှော်စက်အစွမ်းသည် မှော်အစွမ်းပေါ်မူတည်သည်ဟူ၍ပင်။ ရှုယီ ရခဲ့သော ကမ္ဘာမြေပေါ်က စက်မှုအင်ဂျင်နီယာဗဟုသုတကိုထည့်မတွက်ကြပေ။ ဝယ်လာသည်ပထမဆုံးသောလူဖြစ်သည်။ အခြားလူများသည် အသိအမှတ်သာပြု၍ လုံးဝကြီးလက်ခံကြသည်မဟုတ်သေး။
“ဂုဏ်ယူပါတယ်။ ဒီလိုနားလည်လာပြီဆိုတော့ မှော်စက်ဒီဇိုင်းပညာရှင်ဖြစ်ဖို့ခြေလှမ်းတလှမ်းတိုးလာပြီပဲ။" သူကပြုံး၍ဆိုသည်။ “အဲလောက်နားလည်လာပြီဆိုတော့ ခုကစပြီးအလုပ်ကြီးအကိုင်ကြီးပေးရတော့မှာပေါ့”
ထို့နောက် ပုံကြမ်းကိုထုတ်၍ သူမကိုပေးလိုက်သည်။
“ဒါက မှော်သံပုံသွင်းစက်အတွက်ပုံကြမ်းပဲ။ အဲဒါကိုမြှင့်တင်ချင်တာ အစွမ်းတွေကိုထုတ်ပေးတဲ့ မှော်အစီအရင်ကိုလေ့လာစေချင်တာ။အစွမ်းဖြစ်လာဖို့ပေါက်ကွဲတဲ့အင်အားလိုတယ်ဆိုတော့ မီးမှော်အစီအရင် သုံးရင်ပိုကောင်းမယ်။ မင်းက မီမှော်အစီအရင် တွေမှာကျွမ်းကျင်တယ်ဆိုတော့ မင်းကိုလေ့လာစေချင်တာ။ လိုအပ်တဲ့ဟာတွေကိုအဲဒီပေါ်မှာချရေးထားတယ်။ ဒီတော့ ဒီဇိုင်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့ပုံစ့အသေးစိတ်အချက်အလက်ကို သေချာလေးလေ့လာလိုက်ပေါ့”
ဝယ်လာ ယူလိုက်ပြီးကြည့်လိုက်ရာ လုံးဝအသေးစိတ်ဖြစ်နေသည်ကိုတွေ့သော် အံ့သြသွားသည်။ ခဏကြည့်ပြီဂသော် “ဥက္ကဌကြီး မှော်ပန်ကာကိုဒီဇိုင်းဆွဲတုန်းက အဲလောက်ရှုပ်ထွေးတဲ့ပုံကြမ်းကိုမသုံးခဲ့ပါဘူး”
“ဟုတ်တယ်လေ။ မှော်ပန်ကာ နည်းပညာကနိမ့်တော့ အခုမှော်သံပုံသွင်းစက်နဲ့ဘယ်လိုယှဉ်သာမှာလဲ။ မှော်ပန်ကာမှာက ရိုးရှင်းတဲ့ လေမှော်အစီအရင်ကိုပဲသုံးတာလေ။ အခုဟာမှာက အဆင့်ပေါင်းစုံ မှော်အစီအရင် ဆယ့်တစ်ခုနဲ့ ကျန်တဲ့ဒြပ်စင်အမျိုးမျိုးပါဝင်တယ်လေ။ အဲဒီတော့တူပါ့မလား”
ဝယ်လာသည်စာရွက်ကိုပြန်ကြည့်၍ ပြုံးလိုက်သည်။ “ဥက္ကဌကြီး ခုတော့ကျွန်မအရှုံးကိုလက်ခံချင်လာပြီ”
ရှုယီ ကပြုံးပြသည်။ စာရွက်ပေါ်ကတချို့နေရာတွေကိုထောက်ပြ၍ “မင်းဟာမင်းလက်ခံလက်မခံတာစိတ်မဝင်စားပါဘူး။ ဒါပေမယ့် ဒီဟာကိုတော့ကောင်းကောင်းလုပ်နော်။ အခုမင်းကငါတို့ကုမ္ပဏီရဲ့အလုပ်သမားဖြစ်သွားပြီလေ။ မရောလောက်ဘူးလို့ထင်ပါတယ်”
သူမသည် သူ့ကိုကြည့်၍လေတချက်မှုတ်ထုတ်လိုက်သည်။ ယုံကြည်မှုအပြည့်ဖြင့် “ကျွန်မကိုဘယ်လိုလူစားလို့ထင်တာလဲ”
ဆောင်းရာသီမတိုင်ခင် စိုက်ပျိုးရေးမှော်စက်သုံးထောင်ပြီးမှဖြစ်၍ ရှုယီတယောက်အင်မတန်မလုပ်ရှုပ်နေသည်။ ဝယ်လာအတွက်လိုအပ်သည်များကိုမှာကြား၍ စက်ရုံထဲမှထွက်ခဲ့ပြီးမြို့ထဲဘက်သို့ထွက်ခဲ့လိုက်တော့သည်။
ထို့နောက် အခန်းထဲတွင်တယောက်ထဲစဉ်းစားခန်းထုတ်နေသော စန်ချယ်လီဆီသွားတွေ့သည်။ ခဏစကားပြောကြပြီးနောက် အီဗီတာနှင့် အာကာလီတို့ဆီလှည့်လာသည်။
အက်ဂ်နက်စ်နှင့် ဗီဗီယန်တို့ဆွဲထားသော မှော်မီးအိမ်ကိုကြည့်၍ သူတို့နှစ်ယောက်လုံးအံ့သြဘနန်းဖြစ်ကြရသည်။
“ဥက္ကဌကြီး ဘယ်သူဆွဲထားတာလဲ။ ရိုးရှင်းပြီးလှလိုက်တာ”စိတ်အားတက်ကြွလာ၍ ရှုယီကိုတမင်အေးစက်စက်ဆက်ဆံနေသည်ကိုပင်မေ့သွားသည်။ သူ့လက်မောင်းကိုပင်ဆုပ်ကိုင်၍နှုတ်ဆက်လိုက်သေးသည်။
အီဗီတာသည် အာကာလီလောက်ပင်စိတ်မဝင်စားပြုံးပင်ပြုံးမပြ။
“ဟုတ်သားပဲအရမ်းလှတာပဲ။ ဒီလိုမှော်မီးအိမ်မျိုးသာဆိုရင် ဘယ်လောက်ပေးရပေးရဝယ်လိုက်မှာပဲ။ “ အီဗီတာကပြောသည်။
“နှစ်ယောက်စလုံးစိတ်ဝင်စားတယ်ပေါ့။ မင်းတို့ဝယ်ချင်လား”
“ဟုတ်တယ်" နှစ်ယောက်စလုံးပြန်ဖြေသည်။ “လက်ရာတော်တော်မြောက်တာပဲ”
အီဗီတာမျက်နှာပျက်သွားပြီး “ဥက္ကဌကြီး ဒီလောက်လှတဲ့ဒီဇိုင်းရှိနေတာတောင် စောစောကဘာလို့မပြောတာလဲ။ ကျွန်မကဒီလောက်အကျည်းတန်ရုပ်ဆိုးတဲ့ဟာပေးစေချင်လို့လား”
“မဟုတ်ရပါဘူး မင်းလုပ်တဲ့ဟာလည်းမဆိုးပါဘူး။ အခုဟာကလည်း အဲဒီဟာကနေပြန်ထုတ်ထားတာလေ။” သူမကိုနှစ်သိမ်စကားဆို၍ “ဒီဒီဇိုင်းကခုမှငါ့လက်ထဲရောက်လာတာအရင်ကလုံးဝမသိဘူး။ မင်းတို့နှစ်ယောက်စလုံးကျေနပ်ကြတယ်ဆိုတော့ ရောင်းဖို့ဖြစ်နိုင်လောက်တယ်။ ကောင်းပြီ ဒီကုမ္ပဏီကနောက်ထုတ်ရောင်းမယ့်ပစ္စည်းက ဒီမှော်မီးအိမ်ပဲဖြစ်ရမယ်”
"ကောင်းတယ် ကျွန်မထောက်ခံတယ်။” အာကာလီကလက်ခုပ်တီး၍ “ဒီမှော်မီးအိမ်သာထုတ်ရန် ကျွန်မတစ်ခုတော့ဝယ်မှာကျိန်းသေတယ်”
သူမကိုမျက်စောင်းထိုးလိုက်ပြီး “မင်းကဒီဇိုင်းဆွဲတဲ့လူလေ၊ ဝယ်ဖို့စဉ်းစားနေတာလား စိတ်ချ လုပ်ပြီးရင်အလကားပေးမယ်”
အာကာလီသည်ဝမ်းသာလွန်း၍ ရှုယီ လက်မောင်းကိုပင်ဆွဲဖက်မိသည်။ အရင်ကလိုစိတ်ပျက်နေပုံမပေါက်တော့ပေ။ အာကာလီလိုလားသောပုံစံ၊ အီဗီတာ၏ပျော်ရွှင်နေသောဟန်ပန်တို့ကိုကြည့်၍ ရှုယီတယောက်မပြုံးပဲမနေနိုင်။
သူကြိုးကြိုးစားစားလုပ်ခဲ့သောမှော်စက်တို့နဲ့ယှဉ်၍ သူတို့မျက်လုံးထဲတွင်မမြင်တတ်။ မှော်မီးအိမ်ကိုတန်းတန်းစွဲဖြစ်နေသည်။ ထို့နောက်သူတို့ကိုနှုတ်ဆက်ခဲ့၍ ဆရာကြီးကမ်မီလာရှိရာ မှော်တာဝါဆီခရီးဆက်ခဲ့တော့သည်။
ကုမ္ပဏီတွင် မှော်အစီအရင်ကိုသုတေသနလုပ်ဖို့ စတေးလ်, အီဗီတာ, အာကာလီ, ဝယ်လာနှင့် စန်ချယ်လီတို့ရှိသော်လည်း စိုက်ပျိုးရေးမှော်စက်တို့ကို ထုနဲ့ထည်နဲ့ထုတ်လုပ်ဖို့ဆိုလျှင် မှော်ဖိစက်တို့ကိုတခုပြီးတခုပြီးဆက်တိုက်ထုတ်ရန်လိုလေသည်။
အရင်က မှော်ပန်ကာ, မှော်ထမင်းအိုး, မှော်လေအေးပေးစက်နှင့် မှော်ဖိစက်တို့နဲ့ယှဉ်လျှင် ယခု မှော်သံပုံသွင်းစက် သည်ပို၍ရှုပ်ထွေးလေသည်။ များစွာသုတေသနလုပ်စရာ မှော်အစီအရင်တို့ရှိလေသည်။
ဤမျှပမဏကိုအချိန်တိုအတွင်းပြီးစီးရန် စတေးလ်တို့ပေါ်တွင်အားကိုးနေရုံဖြင့်မရနိုင်။ ထို့ကြောင့် ကမ်ဘီတို့နဲ့ဆွေးနွေးပြီးသော် ဆရာကြီးကမ်မီလာ၏အကူအညီယူရန်ဆုံးဖြတ်လိုက်ကြသည်။
မှော်ဖိစက်အတွက်လိုအပ်ချက်များစွာရှိလေသည်။ ထို့ကြောင့် မှော်အစီအရင် သည်လည်းအဆင့်တူမှဖြစ်မည်။ အဆင့်ငါးခြောက်လောက်ဆိုရနိုင်သည်ဟု ခန့်မှန်းထားသည်ဖြစ်၍ ဤမျှအရေးကြီးသောသုတေသနကိုဆရာကြီးကို ပေးရန်ဆုံးဖြတ်လိုက်သည်။
အရင်ကသာဤမျှအလုပ်ပေးလျှင်ဆရာကြီးသည်ငြင်းဆိုပေလိမ်မည်။ ယခုတော့ကုမ္ပဏီကလည်းငွေကြေးထောက်ပံ့ထားသည်ဖြစ်၍ လာခိုင်းသမျှကိုခုခံအားမရှိပြန်လုပ်ပေးလေသည်။
ဤသို့ကူညီခြင်းဖြင့်လည်း ဆရာကြီးအတွက်ဗဟုသုတအသစ်တွေရရှိလေသည်။ သူ၏မှော်အစွမ်းကိုလည်းတိုးမြှင့်စေနိုင်လေသည်။
ထို့ကြောင့် ရှုယီကိုမြင်တိုင်းအရင်ကလိုစိတ်မရှိတော့။ တခုခုကိုပင်မျှော်နေသည့်အလားပြုံး၍စောင့်နေတတ်သည်။
သို့သော်ယခုတော့ ဆရာကြီးမျက်နှာက တခုခုဖြစ်နေသည်။ သူဝင်လာသည်ကိုမြင်သော် မျက်နှာတချက်ပျက်သွားသည်။ ရှုယီ နည်းနည်းအံ့သြသွားသည်။ ဘန်တာမြို့ကထွက်သွားတာဆယ်ရက်ကြာပြီးနောက်ပိုင်း အခုမှပထမဆုံးပြန်တွေ့ခြင်းဖြစ်လေသည်။ ထို့ကြောင့် ဆရာကြီးကိုခိုင်းစရာတခုခုမရှိသင့်ဘူးလား။
ဆရာကြီးသည်သူ့ကိုတချက်ကြည့်၍ “မင်းကအဆင့်ငါးမှော်ဆရာဖြစ်ပြီးတော့ နတ်ပြည်တက်သွားပြီထင်နေတာ။ ငါ့ကိုမတွေ့ချင်တော့ဘူးလို့ထင်နေတာ လာတွေ့သေးသကိုးကွ”
ယခုလိုပြောမှပို၍အံ့သြသွားရသည်။ ဆရာကြီးဘာပြောချင်တာလဲ။ မနေ့ကမှရောက်၍ ဒီနေ့မနက်လာတွေ့သည်ကို မကျေနပ်ဖူးတဲ့လား။
ဆရာကြီးသည် ရုတ်တရက်စကားလမ်းကြောင်းပြောင်း၍ “ကောင်လေး မင်းသိလား မနေ့ကမင်းရောက်မယ်ကြားတော့ စတေးလ်ကအရမ်းပျော်နေတာ။ ဟင်းမချက်ဖူးပဲနဲ့ဟင်းတွေစုံအောင်ချက်ပြီး မင်းကိုထမင်းစားဖိတ်မလို့တဲ့။ ကောင်လေး နောက်ဆုံးတော့ မင်းက အီဗီတာနဲ့ အာကာလီတို့ဆီရောက်သွားတာပဲ။ သူတို့က စတေးလ်ထက်ပိုလှလို့လား”
ရှုယီသည်ရယ်ရမလားငိုရမလားမပြောတတ်။ ဆရာကြီးသည် သူ့အကြောင်းမပြောပဲ စတေးလ်အကြောင်းသာပြောနေသည်။ အီဗီတာနှင့် အာကာလီတို့ဆီသွားခြင်းသည် ဗီဗီယန်ကိုသွားခေါ်ခြင်းသာဖြစ်သည်။ စတေးလ်သည်အဖြစ်မှန်ကိုမသိ၍ စိတ်ဆိုးနေခြင်းဖြစ်မည်။
“ဒါ..ကဆရာကြီး သိမှာပါ။ စတေးလ်ကိုယှဉ်နိုင်တဲ့မိန်းမပျို ဒီအနီးနားတဝိုက်မြို့တွေမှာရှိကိုမရှိပါဘူး။ သူက ဘန်တာမြို့ရဲ့နတ်သမီးတပါးပါ။ သူမ,မလှဘူးလို့ပြောရင် ဆရာကြီးကအဓိပ္ပာယ်မရှိတာပြောနေတာပဲ။" ပြုံး၍ပြောလိုက်သသည်။ ထို့နောက် စကားလမ်းကြောင်းကိုလွှဲလိုက်ပြီး “ဟုတ်တယ် ဆရာကြီး ကျွန်တော်အဆင့်ငါးမှော်ပညာရှင်ဖြစ်သွားပြီ ဆရာကြီးဘယ်လိုသိတာလဲဗျ”
“
ဆရာကြီးကမ်မီလာသည် နောက်တချက်သက်ပြင်းမှုတ်ထုတ်လိုက်ပြီး စားပွဲပေါ်ကစာအုပ်ထူကြီးကိုလက်ညှိုးထိုးပြ၍ “ကောင်လေး မင်းကနာမည်ကြီးနေပါလား”
***
မှော်စက်မှုအင်ပါယာ
Vol 1, အခန်း ၁၁၉ ။ အလကားမစားရ
ဆရာကြီးပြောသောအကြောင်းအရာသည် မှော်ဆရာလောကတွင်ဟိုးလေးတကျော်ဖြစ်နေသည်။
ထိုမဂ္ဂဇင်းသည် မှော်ပညာရှင်များအဖွဲ့တို့အထဲတွင်သာထုတ်၍ မှော်ဆရာကြီးတွေ ကျွမ်းကျင်ဘုန်းတော်ကြီး တို့သာရလေသည်။ ထို့ကြောင့် ဆရာကြီးဆိုလိုခြင်းသည် ရှုယီကိုမှော်ဆရာအသိုင်းအဝိုင်းကြားတွင် နာမည်ကြီးလာသည်ဟုဆိုလိုခြင်းပင်။
စိုင်စ်နယ်မြေတစ်ခုလုံးတွင် ကျွမ်းကျင်ဘုန်းတော်ကြီး နှစ်ဆယ့်ခုနှစ်ယောက်နှင့် မှော်ဆရာကြီးတွေငါးရာကျော်သာရှိလေသည်။ ထို့ကြောင့် သူသည်ထိုငါးရာကျော်တွင် နာမည်ထွက်လာသည်ဟုဆိုခြင်းပင်။ ရှင်းရှင်းပြောရလျှင် ဤမျှလောက်ကိုနာမည်ကြီးသည်ဟုမဆိုသာ။
“ငမိုက်သား” ဆရာကြီးက သူ့ကိုကြည့်၍ပြောခြင်းပင် “ကျွမ်းကျင်ဘုန်းတော်ကြီး တို့မှော်ဆရာကြီးတွေက ထိပ်တန်းကွ။ ဒီတော့သူတို့မင်းကိုသိတယ်ဆို မှော်ဆရာအားလုံးမင်းကိုသိတာနဲ့အတူတူပဲ။ ဒါကိုကျော်ကြားတယ်လို့မထင်ဘူးလား”
ရှုယီ ဆရာကြီးကိုအံ့သြစွာကြည့်၍ “တကယ်လားဗျ”
“ငါကဘာလို့လိမ်ရမှာလဲ” ဆရာကြီးက သူ့အောက်ကိုလက်ညှိုးထိုး၍ “ဒီကလူတွေအားလုံးတောင်မင်းကိုသိတယ်။ သူတို့ကပြန်ပြောပြရင် ဒီနားတဝိုက်မြို့တွေအကုန်လုံးပျံ့သွားလောက်ပြီ။ မင်းကိုပြောမယ် ဒီမဂ္ဂဇင်းက မှော်ဆရာတွေကြားမှာ တန်ဖိုးထားရတယ်။ ဒီတော့မင်းပါလာတယ်ဆိုတော့ ကျော်ကြားပြီပေါ့”
ရှုယီသည်မေးကိုပွတ်သပ်ရင်း စဉ်းစားနေသည်။
“ပထမအကြိမ်မှာပဲ အဆင့်ငါးအောင်သွားတာတွေ့ရခဲပေမယ့် အဆင့်အရဆို ကျွန်တော်ကဘာမဟုတ်ပါဘူး”
ဆရာကြီးကခေါင်းခါ၍ “တကယ်တော့ မင်းကအဆင့်ငါးဖြစ်လာလို့မဟုတ်ပါဘူး။ ဒီလိုမျိုးဖြစ်ခဲပေမယ့် တယောက်တလေတော့ရှိလေတော့မထူးဆန်းပါဘူး။ ဒီသတင်းစာက ဘန်တာသတင်းစာလိုပေါက်ကရထည့်တာမဟုတ်ဘူး။ မှော်နဲ့ပတ်သက်တာတွေပဲထည့်တာများတယ်။ မင်းကဒီထဲမှာပါတာက မင်းရေးဖြေစာမေးပွဲရလဒ်နဲ့ဆိုင်တယ်”
“ရေဖြေစာမေးပွဲဟုတ်လား” စာမေးပွဲဝင်ဖြေသည်ကိုသတိရ၍ အံ့သြသွားသည်။ “ကျွန်တော်ကတော့ ဘာမှထူးထူးခြားခြားမခံစားရပါဘူး”
“ထူးခြားတယ်လို့မထင်ဘူးပေါ့” ဆရာကြီးကသူ့ကိုသေချာကြည့်၍မေးသည်။
ဆရာကြီးကအတည်မေးနေ၍ သေချာစဉ်းစားလိုက်ပြီး “အဲလိုလည်းမထင်ပါဘူး”
ဆရာကြီးမျက်နှာကပြောင်းလဲလာပြီး “ရှုယီ မင်းရဲ့အစွမ်းကိုငါလျော့တွက်ခဲ့မိတယ်။ လာပါအုံး ဒီမှာ မင်းကိုချီးကျူးထားတာလေ”
ဆရာကြီးလက်ထဲကယူလိုက်၍စာမျက်နှာခုနှစ်သို့ကြည့်လိုက်သ်ည။ ရေးထားသည်က သူစာမေးပွဲတွင်တွေ့ရသောမေးခွန်းများဖြစ်သည်။
ထိုဆောင်းပါးကိုရေးသူက ဂေါ်ဒန်အီစန်ခယ် ဖြစ်သည်။ ထိုနာမည်ကိုသူရင်းနှီးသလိုခံစားရသည်။ ဆရာကြီးဆီတွင်အလုပ်စလုပ်တုန်းက ထိုနာမည်ကို ဆာရှာ ပြောဖူးသည်။ လမ်ပူရီတိုင်းပြည်တွင် အချမ်းသာဆုံးနေမှော်ဆရာကြီးဖြစ်သည်။
ထိုအထဲတွင် သူ့အဖြေလွှာကိုအင်မတန်ချီးကျူးထားသည်။ ရေးဖြေစာမေးပွဲတွင် မှော်အစီအရင်သည်အဆင့်ငါးသာဖြစ်သည်။ မှော်အစီအရင် အသေးစိပ်ကိုသေချာမေးထားခြင်းဖြစ်သည်။ မှော်အစီအရင်ကိုမြှင့်တင်ခိုင်းထားတာလည်းပါလေသည်။
ရှုယီသည် မှော်အစီအရင်အကြောင်းသေချာသိလေသည်။ ပြောရလျှင် မှော်စက်လိုအပ်ချက်ကိုလိုက်ဖက်စေရန် မှော်အစီအရင်ပြောင်းတဲ့နေရာတွင်အားစိုက်လုပ်လေသည်။ ထို့ကြောင့် ဤမေးခွန်းသည် သူ့အတွက်တော့ကလေးကလားဖြစ်နေသည်။
သူ့အဖြေသည် သာမာန်အဆင့်ငါးမှော်ပညာရှင်ထက်ကျော်လွန်နေသည်ကိုပင်လက်ခံကြသည်။ ထို့ကြောင့်လိုလိုလားလားအောင်ပေးလိုက်ကြသည်။
ထိုဆောင်းပါးထဲတွင် သူ့အဖြေကိုသေချာလေ့လာပြထား၍ နောက်ကွယ်ကစိတ်ကူးအကြံဉာဏ်များကိုရှင်းပြထားသည်။
“...ဒါကလုံးဝပါရမီရှင်လက်ရာပါပဲ။ မှော်အစီအရင်ရဲ့ မှော်ဒြပ်စင်နေရာသိပ်သည်းခြင်းကိုပြောင်းပြီး အကျိုးသက်ရောက်မှုကိုပြောင်းလဲထားတာလေးက လုံးဝအသက်ဝင်လာစေတယ်။ ဒီလိုမျိုးကိုသာ ကျွန်တော်တို့လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ မှော်အစီအရင်ကိုတောင်ပြောင်းလဲနိုင်ပြီး ကျွန်တော်တို့လိုချင်တဲ့အကျိုးသက်ရောက်မှုကိုပင်ရနိုင်တယ်။ သေချာပြောနိုင်တာက ရှုယီရဲ့အဖြေဟာလုံးဝကိုဆရာကြီးလက်ရာပါပဲ။ ကျွန်တော်တောင်သူနဲ့မယှဥ်နိုင်ပါဘူး”
အီစန်ခယ်၏ပွင့်လင်းသောချီးကျူးမှုကိုမြင်သော် ရှုယီ အနည်းငယ်ရှက်သွားမိသည်။ သူ့အတွက်တော့ မှော်အစီအရင်သည် သာမာန်မျှသာဖြစ်သည်။ ထို့ကြောင့် အီစန်ခယ် မျက်လုံးထဲထူးခြားမည်ဟုမထင်ပေ။ သူလုံးဝမျှော်လင့်မထားသောအရာဖြစ်သည်။
အကုန်ဖတ်ပြီးနောက် “ဆရာကြီး ဒီမှော်ဆရာကြီး အီစန်ခယ်နဲ့ရင်းနှီးလား”
ဆရာကြီးကခေါင်းခါ၍ “မရင်းနှီးဘူး တယောက်ကိုတယောက်ကြားဖူးရုံလောက်ပဲ”
“ဒီလိုဆိုသူကဘာလို့ကျွန်တော့်ကိုချီးကျူးနေရတာလဲဗျ။ အဲလောက်ချီးကျူးဖို့လည်းမဟုတ်ပါဘူး။ သူအဲလိုချီးကျူးခန်းဖွင့်မှပဲ ကျွန်တော်မနေတတ်တော့ဘူး”
“စိတ်အနှောက်အယှက်ဖြစ်စရာမလိုပါဘူး။ မင်းဖြေတဲ့အဖြေကိုငါကြည့်ပြီးတော့ သူချီးကျူးထားတာလုံးဝချဲ့ကားထားတာမဟုတ်ဘူးပဲ။ မင်းရဲ့ဖန်တီးမှုပါရမီကချီးကျူးထိုက်ပါတယ်။ “ ဆရာကြီးကပြောသည်။ “မင်းသာဆက်လေ့လာမယ်ဆိုရင်နောက်ဆို ငါ့ထက်ကိုသာလာလိမ့်မယ်။ ဒီတိုင်းပြည်မှာမထမဆုံး ကျွမ်းကျင်ဘုန်းတော်ကြီးတောင်ဖြစ်လာနိုင်တယ်”
ရှုယီကရယ်၍ “ဆရာကြီးခင်ဗျာ အဲလိုမပြောပါနဲ့”
ဆရာကြီးက”မင်းကိုဒီလိုချီးကျူးတယ်ဆိုတော့ပြောရအုံးမယ်။ ဒီ အီစန်ခယ်ကတော်ရုံနဲ့မရေးတတ်ဘူး။ ဒီတော့မင်းဂရုစိုက်နေမှဖြစ်မယ်”
ရှုယီကခေါင်းညိမ့်ပြသည်။ ဒီကမ္ဘာမှာ ဘယ်ဟာမှအလကားမစားရဘူးဆိုသောဆိုရိုးစကားလည်းရှိသည်။
သူအဖြေလွှာသည်လုံးဝအံ့သြဖွယ်ရာဖြစ်ချင်ဖြစ်လိမ့်မည်။ သို့သော် သာမာန်အခြေအနေတွင် ဆရာကြီးအီစန်ခယ် ပြောရလောက်အောင်ဖြစ်မည်မဟုတ်ပေ။
ဆရာကြီးသည်သူ့အဖြေလွှာကိုရွေးချယ်၍ သတင်းစာထဲတွင်ထည့်၍ချီးကျူးလိုက်သည်တွင် သူ့တွင်အခြားရည်မှန်းချက်မရှိဟု ရှုယီကိုပြောလျှင် သေအောင်ရိုက်သတ်တောင်ယုံမည်မဟုတ်ပေ။
ထို့ကြောင့် ရှုယီ တယောက်ထူးဆန်းစွာခံစားနေရသည်။ သူသည်အဆင့်ခြောက်မှော်ဆရာသာဖြစ်ပြီး ထိုဆရာကြီးချီးကျူးတာခံထိုက်သလား။ သူသည် Frestech ကုန်သည်ကြီးများအသင်းဥက္ကဌဖြစ်သောကြောင့်လား။
စဉ်းစားသော်လည်းအဖြေထွက်မလာ။ ထို့ကြောင့် ခေါင်းထဲမှဖယ်ထုတ်ထားလိုက်သည်။ ထို့ကြောင့်သူလာရင်းအကြောင်းကိုသာအာရုံစိုက်လိုက်သည်။
ဆရာကြီးကို ထုတ်လုပ်ရေးမှော်စက်နဲ့ပတ်သက်၍တစ်လအတွင်းလေ့လာစေချင်သည်ဟုပြောသော် ဆရာကြီးသည်မျက်မှောင်ကြီးကြုတ်၍ကြည့်လိုက်သည်။
“ကောင်လေး မှော်သုတေသနလုပ်ဖို့ကို အချိန်လုံလောက်အောင်မပေးနိုင်တော့ဘူးလား”
ရှုယီကသက်ပြင်းကြီးချ၍ “တခြားနည်းမရှိတော့လို့ပါ၊ ဘုရင်ကြီးရဲ့အော်ဒါမှီဖို့ ဒီထုတ်လုပ်ရေးမှော်စက်တွေကိုတီထွင်မှရတော့မယ်။ လူပုလေးတွေအားကုန်လုပ်ရင်တောင်မှ သုံးထောင်လောက်ပဲပြီးနိုင်မယ်။ တစ်သောင်းကြီးပြီဂအောင်ဆိုရင်နှစ်ချီလုပ်ရင်တောင်ပြီးမှာမဟုတ်ဘူး။ နောက်ဆုံးလေ့လာရမှာအတူတူစောစောပဲလုပ်စေချင်တာပါ”
ဒါပေမယ့် မှော်ဖိစက်ကဒီလောက်ရှုပ်ထွေးတာ တစ်လတည်းပြီးနိုင်မယ်ထင်တာလား” ဆရာကြီးကမေးသည်။
“အချိန်ကနည်းပေမယ့်ပြဿနာမဟုတ်ဘူးထင်ပါတယ်။ ဘုရင်ကြီးပဲလိုချင်တာမဟုတ်ပါဘူး။ ကျွန်တော်လည်းလိုချင်တာပါ။ ရိတ်သိမ်းချိန်မတိုင်ခင်မှော်စက်တွေကိုဖြန့်နိုင်မှ တတိုင်းပြည်လုံးရိတ်သိမ်းမှုကိုမြှင့်တင်နိုင်မှာလေ။
ဘုရင်ကြီးကတော့ လက်ရှိပြဿနာကိုမြင်တာပေါ့။ ကျွန်တော်ကလည်း သူ့လောက်မမြင့်မြတ်ပေမယ့် လူတွေငတ်တာကိုတော့ဘယ်မြင်ချင်မလဲ။ အရင်ကငတ်မွတ်မှုနဲ့ပတ်သက်ပြီး ဟိန့်ဇ်နဲ့ဆွေးနွေးခဲ့ဖူးတယ်။ လူတွေသေလောက်အောင်ငတ်ကြတဲ့အကြောင်းဆွေးနွေးတော့ ဟိန့်ဇ်လေမျက်ရည်ပါထွက်အောင်ငိုတယ်။ အဲဒီအချန်ကစပြီးတော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ရဲ့အဓိကဦးစားပေးက ရိတ်သိမ်းစက်တွေထုတ်လုပ်ဖို့ပဲဆိုတာ”
ဆရာကြီးသည်ခဏစဉ်းစားလိုက်ပြီး” မင်းတွေးတာလည်းမမှားပါဘူး။ လွန်ခဲ့တဲ့ရက်က ငါ့ကိုမြို့တော်ဝန်ဆီဖိတ်တော့ သူကမင်းကုမ္ပဏီကိုတော်တော်ချီးကျူးနေတာပဲ။ သူပြောတာတော့ မင်းတို့မှော်စိုက်ပျိုးရေးစက်တွေနဲံဆိုတိုင်းပြည်စိုက်ပျိုးရေးကိုမြှင့်တင်နိုင်မယ်တဲ့။
ဘာမှမဖြစ်ဖူးဆိုရင် ဒီမြို့သီးနှံအထွက်တိုးပြီး လူတိုင်းဝလင်လာမယ်တဲ့။ အဲဒါကြောင့်လည်းသူက မင်းတို့ကုမ္ပဏီကိုလျို့ဝှက်ထောက်ပံ့နေတာသိလား။ မဟုတ်ရင် မင်းတို့ကုမ္ပဏီဒီလောက်ချောချောမွေ့မွေ့တိုးတက်လာမှာမဟုတ်ဘူး”
ရှုယီကခေါင်းညိမ့်၍ “မြို့တော်ဝန်ဂရုစိုက်တာစိတ်ထဲမှာအမြဲအောက်မွေ့နေပါတယ်။”ရယ်လိုက်ပြီး “ဒါပေမယ့်ဆရာကြီး မြို့တော်ဝန်ထောက်ပံ့သလို ဆရာကြီးလည်းထောက်ပံ့တယ်မဟုတ်ဘူးလား”
ဆရာကြီးသည်သူ့ကိုကြည့်၍ “မြို့တော်ဝန်ကိုအသုံးချပြီးငါ့ကိုဖိအားမပေးပါနဲ့အလကားပဲ။ ဒါပေမယ့် မင်းကစိုက်ပျိုးရေးမှော်စက်ထုတ်လုပ်ရေးကိုမြှင့်တင်ချင်တော့ ငါကူညီရမှာပေါ့။ ငါတင်မဟုတ်ဘူး။ ဒီမှော်တာဝါမှာရှိတဲ့လူအားလုံး ထုတ်လုပ်ရေးမှော်စက်အတွက်လိုအပ်တဲ့ မှော်အစီအရင် သုတေသနလုပ်ဖို့ မင်းကိုကူညီစေရမယ်”
ရှုယီသည်အပျော်ကြီးပျော်သွားသည်။ ဆရာကြီး၏ကတိစကားနဲ့ဆိုလျှင် မှော်ဖိစက်များ ထုတ်လုပ်နိုင်ဖို့သည် ရှစ်ဆယ်ရာနှုန်းသေချာသွားလေပြီတည်း။
***
မှော်စက်မှုအင်ပါယာ
Vol 1, အခန်း ၁၂၀ ။ ငွေဖြုန်းတီးတယ်
နှစ်ရက်ကြာပြီးနောက် မြို့ပြင်က Frestech ကုန်သည်ကြီးများအသင်းက စက်ရုံတွင် အထူးဧည့်သည်ကြိုကြလေသည်။
“မိန်းမပျို ဆယ်ဗီနီ တချက်ကြည့်ပါအုံး ဒီစက်ရုံနှစ်ခုကကျွန်တော်တို့ကုမ္ပဏီရဲ့လက်ရှိအလုပ်ရုံပေါ့။ ဘေးကဆောက်နေတာကတော့ အလုပ်ရုံအသစ်ပေါ့။ မန်နေဂျာရီလိုင်းရဲ့အပြောအရတော့ တစ်လအတွင်းပြီးလိမ့်မယ်တဲ့။” စက်ရုံအပြင်ဘက်တွင်ရပ်၍ ရှုယီကရှင်းပြပေးသည်။
ဝိန်းရီလိုင်းကသူ့နာမည်ကြား၍ပြုံးပြီး “ဟုတ်ပါတယ် ဘာမှမဖြစ်ခဲ့ရင် တစ်လအတွင်းသုံးနိုင်ပါပြီ”
ဆယ်ဗီနီသည် မီတာတထောင်လောက်ကျယ်သောအလုပ်ရုံကိုကြည့်ရာမှ ဆယ်ဆကြီးသောအလုပ်ရုံအသစ်သို့ကြည့်၍ “ဒီလောက်ကြီးတာကိုတစ်လအတွင်းပြီးပါ့မလား။ ပြီးရင်တောင် အဲလောက်မြန်မြန်ကြီးသုံးနိုင်ပါ့မလား။ ဥက္ကဌကြီး မမြန်လွန်းဘူးလား”
ရှုယီက “မန်နေဂျာရီလိုင်းကသာ သူတို့ကုမ္ပဏီနာမည်မပျက်ပဲ အရည်အသွေးကောင်းအတွက်သာလုပ်မနေရင် လဝက်အတွင်းပါပြီးဖို့သူ့ကိုအတင်းတိုက်တွန်းမှာပဲ”
မန်နေဂျာရီလိုင်းသည်သူ့ကိုချီးကျူးသည်ကိုကြားသော် အပျော်ကြီးပျော်သွားသည်။ မိန်းမပျိုဆယ်ဗီနီကိုဆက်ဆံနေပုံထောက်သော် သူမအဆင့်အတန်းကိုခန့်မှန်းနိုင်သည်။ သူမအထင်ကြီးလေးစားသွားအောင်လုပ်နိုင်လျှင် သူ့အတွက်ရော ကုမ္ပဏီအတွက်ရောကောင်းလေသည်။
“ဥက္ကဌကြီး ဘုရင်ကြီးရဲ့မေတ္တာရပ်ခံချက်ကအရမ်းများလွန်းပေမယ့် မတော်တဆဖြစ်လောက်အောင်ထိ ဖိအားတော့မများလောက်ဘူးထင်ပါတယ်။ အလုပ်သမားတွေသာတခုခုဖြစ်သွားရင် ကျွန်မရောဘုရင်ကြီးရော စိတ်ချမ်းသာမှာမဟုတ်ဘူး” သူမကလေးနက်သောအသွင်ဖြင့်ပြောလေသည်။
ရှုယီ နည်းနည်းအံ့သြသွားသည်။ သူမကိုကြည့်သော်လေးနက်သည့်အသွင်ဆောင်လေသည်။ အပေါ်ယံပြောနေခြင်းမဟုတ်ပေ။ သူကခေါင်းညိမ့်ပြ၍ “စိတ်ချပါမိန်းမပျို အလုပ်သမားတွေလုံခြုံရေးကိုဂရုစိုက်ပါတယ်။ မန်နေဂျာရီလိုင်းတို့ရဲ့အစွမ်းကိုလည်းယုံကြည်ပါတယ်။ ဒီတော့ဘာမှပြဿနာမရှိပါဘူး”
မန်နေဂျာရီလိုင်းက “မိန်းမပျို ဆယ်ဗီနီ သိမှာမဟုတ်ဘူး။ ဒါပေမယ့် အလုပ်သမားတွေကိုဆက်ဆံတဲ့နေရာမှာ Frestech ကုန်သည်ကြီးများအသင်းကအကောင်းဆုံးပဲ။ ဒီမြို့မှာမပြောနဲ့ တတိုင်းပြည်လုံးမှာတောင်သူတို့လိုကုမ္ပဏီရှိမှာမဟုတ်ဘူး”
“အိုး..” သူမသည်မန်နေဂျာကိုကြည့်၍ “အလုပ်သမားတွေကိုဘယ်လိုများအထူးတလည်ဆက်ဆံလို့ပါလဲ။ ဘာလို့ကောင်းတယ်ထင်ရတာလဲ”
မန်နေဂျာသည် ရှုယီကိုကြည့်လိုက်ပြီး ပြုံး၍ပြောသည်က “ကျန်တာမပြောတော့ပါဘူး တစ်ရက်ကိုအလုပ်ချိန်ရှစ်နာရီကပဲ တော်တော်ကောင်းလှပြီ”
“တစ်ရက်ကိုရှစ်နာရီဟုတ်လား” သူမသည် ရှုယီကိုကြည့်၍ “ဟုတ်လားရှင့် ဥက္ကဌကြီး”
ရှုယီကပြုံး၍ခေါင်းညိမ့်ပြသည်။
“ဒီလိုစည်းမျဉ်းမျိုးဘာလို့ချထားရတာလဲ။ အလုပ်သမားတွေနားချိန်လိုပေမယ့် တစ်ရက်ကိုအလုပ်ချိန်ရှစ်နာရီက အတော်ကိုနည်းပါတယ်။ အဲလောက်နားချိန်နဲ့ဆိုရင် လစာကအလဟဿမဖြစ်ဘူးလား”
ရှုယီ မျက်နှာသည်အနည်းငယ်ထူးဆန်းနေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတော့ အော်ဒါများနေ၍ အချိန်ပိုအများကြီးဖြစ်နေသည်။ ကမ္ဘာမြေပေါ်မှာသာဆိုလျှင် သူ့ကိုအရင်းရှင်သမားဟူ၍သမုတ်ကြပေလိမ့်မည်။ ဤသို့သောမေးခွန်းမျိုးကိုသူ့ကိုမေးလိမ့်မည်ဟုတခါမျှမတွေးခဲ့ဖူးပေ။
“ဒါ...မိန်းမပျို အလုပ်သမားတွေလည်းလူပဲလေ။ အလုပ်အပြင် သူတို့မှာလည်းလုပ်စရာတွေအများကြီးရှိတယ်လေ။ မန်နေဂျာရီလိုင်း ပြောတာမှားနေတယ်။ အလုပ်သမားတွေက အော်ဒါများနေတော့ ယခုတော့လုံးဝမအားဘူးဗျ”
မန်နေဂျာရီလိုင်းက “မဟုတ်ပါဘူး ဥက္ကဌကြီး အလုပ်ချိန်ပိုလုပ်ရတာလည်းမပြောနဲ့လေ။ လုပ်အားခလည်းပိုရတာကိုး။ တချို့ဆိုဒီကုမ္ပဏီကိုလာချင်လွန်းလို့ခက်နေတာ”
“အချိန်ပိုကြေးဟုတ်လား။ ဘာများလဲ”
“ရှစ်နာရီအလွတ်အချိန်ပိုကြေးပေါ့။ အဲဒါကို အချိန်ပိုကြေးလို့ခေါ်တယ်” ရှုယီကရှင်းပြသည်။
ဆယ်ဗီနီ သည် ရှုယီ ကိထူးဆန်းစွာကြည့်၍ “ဥက္ကဌကြီး ရှင်ကတော်တော်ကိုထူးဆန်းတဲ့လူပဲ။ ရှင့်ရဲ့ကုမ္ပဏီကလည်း ထူးဆန်းတယ်။ အပိုချိန်ပေးတဲ့ကုမ္ပဏီဆိုလို့ခုမှပဲကြားဖူးတယ်။ တစ်ခုလောက်မေးလို့ရမလား ဥက္ကဌကြီး အလုပ်သမားတွေကိုတစ်လကိုဘယ်လောက်များပေးသလဲရှင့်”
“ဒါကလျို့ဝှက်ချက်မဟုတ်ပါဘူး။ ရှစ်နာရီဆိုရင်တော့ တစ်လကိုရှစ်ပြားပေါ့။ အချိန်ပိုရှိရင်တော့ တစ်လကိုဆယ်ပြားကနေဆယ့်ခြောက်ပြားလောက်ထိရှိမှာပေါ့”
“များလှချေလား။” သူမမျက်လုံးများပြူးသွားပြီး ခဏစဉ်းစားလိုက်ပြီး “မန်နေဂျာရီလိုင်း တခုလောက်သိလို့ရမလား။ ရှင့်အောက်ကအလုပ်သမားတွေကိုတစ်လကိုဘယ်လောက်ရလဲ”
မန်နေဂျာရီလိုင်းကပြုံး၍”ဒါက..အလုပ်မတူတော့ လစာလည်းမတူဘူးပေါ့။ လောလောဆယ်တော့ ၆ပြားလောက်ပေါ့။ အမ်ရစ်ကုန်သည်ကြီးများအသင်းကစျေးအမြင့်ဆုံးပေးနေပါပြီ။ ကျွန်တော့်လိုဆောက်လုပ်ရေးအလုပ်သမားကတော့ခြောက်ပြားပေါ့။ Frestech ကုန်သည်ကြီးများအသင်းနဲ့တော့မယှဉ်နိုင်ဘူးပေါ့။ ဥက္ကဌကြီးရှုကတော့...”
“ငါကဘာလဲ” ရှုယီကပြုံး၍မေးသည်။ ရှုယီနှင့်ဆယ်ဗီနီတို့ကသူ့ကိုပြူးကြည့်သော် ရီလိုင်းသည်ပြုံး၍ ဖုံးကွယ်၍မရတော့သည်ဖြစ်၍ “ဥက္ကဌကြီးတို့ရေ ဒါကကျွန်တော်ပဲမဟုတ်ပါဘူး။ ဒီမြို့ကဘယ်ကုမ္ပဏီမဆို ဥက္ကဌကြီးအကြောင်း ပြောကြတာပါပဲ။ သူတို့ပြောတာက...ဥက္ကဌကြီးက လုံးဝကိုငွေဖြုန်းတီးတဲ့လူပဲ”
“ငွေဖြုန်းတီးတယ်ဟုတ်လား” ရှုယီကပြံး၍ “အလုပ်သမားတွေကိုလစာများများပေးတာငွေဖြုန်းတီးတာတဲ့လား။ သူတို့နည်းနည်းတွန့်တိုတာမဟုတ်ဘူးလား”
မန်နေဂျာရီလိုင်းသည်လက်ကာပြ၍ “ဥက္ကဌကြီး အဓိပ္ပာယ်မရှိတာတွေမပြောဘူးထင်ပါတယ်။ ကျွန်တော်တခုခုပြောရမယ်ဆိုရင် ဥက္ကဌကြီးကနည်းနည်းငွေဖြုန်းတီးတယ်ထင်တယ်။ သူတို့ကသာမာန်အလုပ်သမားတွေလေဘာလို့လာစာမြင့်မြင့်ပေးရမှာလဲ။
Frestech ကုန်သည်ကြီးများအသင်းကလစာမြင့်မြင့်ပေးတော့ ဒီမြို့ကအခြားကုမ္ပဏီကဘယ်လိုလုပ်ရမလဲ။ ကျွန်တော့်ကုမ္ပဏီကအလုပ်သမားတွေဘယ်နှကြိမ်ဆန္ဒပြခဲ့လဲသိလား။ ဥက္ကဌကြီးခရုစ်သာလစာမြင့်မပေးရင် သူတို့အလုပ်မလုပ်တော့ဘူးသိလား”
ရှုယီသည် သု့ကိုခဏကြည့်လိုက်သည်။ ထိုစကားများသည်မန်နေဂျာစကားများမဟုတ်ပေ။ သို့သော် ဥက္ကဌကြီးခရုစ်နှင့် အခြားကုမ္ပဏီများ၏သတိပေးစကားများဖြစ်သည်။ ရှုယီသည်အားလုံးကိုစိတ်ပျက်မိသည်။
သူနဲ့ယှဉ်လိုက်လျှင် သူတို့အားလုံးသည်အရင်းရှင်ဝါဒသမားများဖြစ်သည်။
စိုင်စ်နယ်မြေပေါ်တွင် သူတို့နည်းလမ်းသည် သာမာန်သာဖြစ်၍ သူ၏နည်းလမ်းသည်အနည်းငယ်ထူးဆန်းနေသည်။ အချို့လူများရဲ့အမြင်ကိုမြှင့်တင်ရန်မျှော်လင့်မိသည်။ သို့သော် သူတို့စိတ်ကူးကိုပြောင်းလဲဖို့အစီအစဉ်မရှိပေ။
ကမ္ဘာမြေပေါ်က စက်မှုထွန်းကားမှုပေါ်အခြေတည်သော် အလုပ်သမားများလုပ်အားခကိုဖိနှိပ်ခြင်းသည် မှန်ကန်သောအလုပ်မဟုတ်ပေ။ ထိုဟာသည် လူမှုစီးပွားရေးတိုးတက်မှဒကိုဆန့်ကျင်ရာရောက်၍ စီးပွားရေးတိုးတက်မှုကို နှေးကွေးစေနိုင်သည်။
သာမာန်လူတွေသာစီးပွားရေးမတတ်နိုင်၍ ကုန်ပစ္စည်းများကိုမဝယ်နိုင်လျှင် စျေးကွက်သည်ငြိမ်သက်နေ၍ကုန်ပစ္စည်းလည်ပတ်မှုကိုနှေးကွေးစေနိုင်သည်။ ကုမ္ပဏီ၏အမြတ်ကိုထိခိုက်စေ၍ မကောင်းမှုသံသရာထဲလည်ပတ်စေနိုင်သည်။
သို့သော် ကုမ္ပဏီကလုပ်အားခမြင့်ထား၍လည်း သူတို့အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ပြီး အခြားပစ္စည်းများကိုလည်းဝယ်နိုင်လေသည်။ သူတို့ဝယ်ခြင်းကြောင့် ကုန်ပစ္စည်းစီးဆင်းမှုကိုချောမွေ့စေပြီး စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ပေးနိုင်လေသည်။
အိမ်သုံးမှော်စက်အလုပ်ရုံက ရာချီသောအလုပ်သမားများကို ဥပမာယူကြည့်သော် သူတို့သည်နှစ်လအတွင်းဆယ်ပြားကျော်ရသည်ဖြစ်၍ သူတို့မိသားစုကိုကောင်းကောင်းထောက်ပံ့နိုင်ပြီး ကလေးများအတွက်ပါ ကစားစရာအရုပ်များဝယ်ပေးနိုင်လေသည်။
ထိုကစားစရာအရုပ်များကိုကုမ္ပဏီကထုတ်သည်မဟုတ်လား။ ဒါကြောင့် ထိုအရုပ်များကိုထုတ်သောကုမ္ပဏီသည် အကျိုးကျေးဇူးများစွာရလေသည်။ ထိုသို့ရလေလေအလုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်လေလေဖြစ်ပြီး အခြားလူများ၏လစာကိုလည်းမြှင့်တင်နိုင်စေသည်။
စီးပွားရေးလည်ပတ်မှုအရ နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းလည်းအကျိုးကျေးဇူးရလေသည်။ မှော်ပန်ကာကိုကြည့်သော် တစ်လုံးကိုနှစ်ပြားသာကျပြီး ဘန်တာမြို့ကလူများသည် သူတို့ကုမ္ပဏီကလုပ်သားများလိုလစာများခဲ့လျှင် သူတို့လည်းဝယ်မည်မှာကျိန်းသေသည်။
ဤကဲ့သို့ပင် တခြားမြို့ငယ်လေးများတွင် Frestechဘရန်း မှော်ပန်ကာ သောင်းနဲ့ချီ၍ရောင်းနိုင်လေသည်။ နွေဦးရာသီတုန်းကလို ထောင်လောက်နဲ့ပြီးသွားမည်မဟုတ်ပေ။ ဤကဲ့သို့သော အတွေးအခေါ်မျိုးကို ဥက္ကဌကြီး ခရုစ် နားလည်မည်မဟုတ်ပေ။ ထို့ကြောင့် အချိန်ကုန်ခံ၍ရှင်းပြမနေတော့ပေ။ အကောင်းဆုံးနည်းလမ်းသည်လုပ်လိုက်ရုံသာဖြစ်သည်။
သူတို့ရှေ့တွင်ထိုအကျိုးအမြတ်များကိုချပြမှ နားလည်ပေလိမ့်မည်။ ယခုတော့ ထိုအစီအစဉ်ကို မပြောင်းချင်သေး။
ခဏစဉ်းစားလိုက်ပြီးနောက် မန်နေဂျာရီလိုင်းကိုပြုံး၍ပြောသည်က “ ငါတို့ကုမ္ပဏီကချဲ့ထွင်နေတာဆိုတော့အလုပ်သမားစုဆောင်းဖို့ရှိတယ်။ မင်းလက်အောက်ကလူတွေထွက်ချင်တယ်ဆို ဒီကလှိုက်လှဲစွာကြိုဆိုပါတယ်”
မန်နေဂျာရီလိုင်း၏မျက်နှာချက်ချင်းပြောင်းလဲသွားပြီး “ ဥက္ကဌကြီး ဘာပြောချင်တာပါလိမ့်”
ရှုယီကရယ်ပြီး သူ့ပုခုံးကိုပုတ်လိုက်ပြီး “ဘာမဟုတ်ပါဘူး စတာပါ။ စိတ်အေးအေးထားပါ မန်နေဂျာရီလိုင်း ဥက္ကဌကြီးခရုစ်ကိုပြောလိုက်ပါအုံး ကျွန်တော်တို့ကုမ္ပဏီက စီးပွားရေးအသင်းနဲ့အတူလက်တွဲလုပ်နေတော့ ဘယ်သူ့ကိုမှဒုက္ခမပေးပါဘူးလို့။ အလုပ်သမားလခကမြှင့်ထားပြီးသားဆိုတော့ ပြင်လို့မဖြစ်တော့ဘူးပေါ့။ ကျန်တာတွေပူးပေါင်းဆောင်ရွက်ချင်ရင်ပြောပါ။ လူတိုင်းရွှေဒင်္ဂါးရနေကြတာဆိုတော့ အလုပ်သမားတွေနည်းနည်းလောက်ရတာလောက်ကိုလက်ခံဖို့မခက်လောက်ပါဘူး။ ဟုတ်တယ်မို့လား မန်နေဂျာရီလိုင်း"
မန်နေဂျာရီလိုင်းသည်သူ့ကိုနားမလည်နိုင်စွာဖြင့်ကြည့်လိုက်သည်။ ဒီလူ ရှုယီကား သူတို့ကိုနောက်ကွယ်ကလှောင်ပြောင်နေသလား။