← Chapters

အခန်း (၁၁-၂၀)

Vol. 2 Ch. 11-20

အခန်း (၁၁-၂၀)

Vol. 2 Ch. 11-20

Vol 2, အခန်း ၁၁။ ထုတ်ကုန်ကြေငြာချက်

သုံးရက်ကြာပြီးနောက် ဘန်တာမြို့တော်မှ မဟာမှော်ပညာရှင်အီစန်ခယ်ထွက်သွားချိန်တွင် သူ၏ အမူအရာက အတန်ငယ်မကျေနပ်ဖြစ်နေသည်။

ရှုယီမှာ သူနှင့် ပူးပေါင်းရန် သဘော‌တူကြောင်းဆိုခဲ့သော်လည်း ၎င်းကို သုံးရက်ကြာဆွေးနွေးပြီးနောက်တွင် ရှုယီမှာ သူနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ လေ့လာခဲ့သည့် နည်းပညာကို မြဲမြံစွာကိုင်ဆောင်ထားချင်ပြီး လုံးဝ မျှဝေရန် ဆန္ဒမရှိချေ။

ပူးပေါင်းသဘောတူညီမှုတွင် ရှုယီမှာ မဟာမှော်ပညာရှင် အီစန်ခယ်အား မှော်ပညာသုတေသနလုပ်ခြင်းအပိုင်းအတွက် တာဝန်ယူဖို့ရာသာ မျှော်လင့်ထားပြီး ဒီဇိုင်းသုတေသနပြုလုပ်ခြင်းအပိုင်းတွင် ပါဝင်ခွင့်လုံးဝမပြုခဲ့ချေ။

ထိုသို့ဖြင့် ရှုယီနှင့်ပူးပေါင်းပါလျှင်တောင် မဟာမှော်ပညာရှင် အီစန်ခယ်မှာ မှော်ပညာနှင့် မှော်အစီအရင်များသုတေသနလုပ်ခြင်းအတွက်သာ တာဝန်ယူရမည်ဖြစ်ရာ ယခင်ကနှင့် မခြားနားပါချေ။ ၎င်းက လုံးဝပင် မဟာမှော်ပညာရှင် အီစန်ခယ် အလိုရှိသည့် မှော်စက်မှုပြုလုပ်ရန် အသိပညာကိုဖမ်းဆုပ်နိုင်မည့် မှော်စက်ဒီဇိုင်းရေးဆွဲရာ၌ ပါဝင်ခြင်းနှင့် မတူညီချေ။

ရှုယီမှာ ငတုံးမဟုတ်သဖြင့် လက်မခံဘဲ သူ၏တောင်းဆိုချက်ကို လုံးဝသဘောတူမည်မဟုတ်ရာ မဟာမှော်ပညာရှင် အီစန်ခယ်အနေနှင့် အခြားနည်းလမ်းမရှိပါချေ။

စဉ်းစားကြည့်ပြီးနောက်တွင် မဟာမှော်ပညာရှင် အီစန်ခယ်က ရှုယီ၏တည်မြဲနေမှုကြောင့် ဒေါသထွက်မလာချေ။ ထိုအစား မည်သို့ဖြစ်ဖြစ် ရှုယီနှင့်ပူးပေါင်းရန်သဘောတူညီလိုက်ကာ ၎င်းတို့၏သုတေသနရလာဒ်များကို မျှဝေလိမ့်မည်ပင်။

အကယ်၍ မဟာမှော်ပညာရှင် အီစန်ခယ်သာမှော်စက်များအကြောင်း သုတေသနပြုလုပ်လာပါက၊ သူဟာအခြားလုပ်ငန်းစုများထက် ခြေတစ်လှမ်းပိုသာနေပေလိမ့်မည်။

"ရှုယီ၊ မဟာမှော်ပညာရှင် အီစန်ခယ်က အန်ဗီမာမြို့တော်မှာ Frestech ကုန်သည်ကြီးများအသင်းထက် အများကြီးပိုကြီးတဲ့ လုပ်ငန်းစုတစ်ခုကို ခန့်ခွဲနေတာကို ရှင်သိသင့်တယ်။ ရှင်သာ သူနဲ့အတူ သုတေသနရလာဒ်တွေမျှဝေဖို့သဘောတူလိုက်ရင် သူက သူ့ရဲ့အားသာချက်တွေကို မှီခိုပြီး တူညီတဲ့ မှော်စက်နဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုန်ကုန်တွေကို ညှစ်ထုတ်ပေးလိမ့်မှာပဲ မဟုတ်ဘူးလား?" မဟာမှော်ပညာရှင် အီစန်ခယ်ကိုလိုက်ပို့ပြီး ရုံးခန်းသို့ ပြန်ရောက်သောအခါ စတေးလ်က ရှုယီထံ စိုးရိမ်စွာဖြင့် မေးလိုက်သည်။

ရှုယီက ပြုံးပြလာပြီး စတေးလ်၏မေးခွန်းကိုပြန်မဖြေချေ။ ထိုအစား ရုံးခန်းထောင့်ဆီသွားကာ မှော်ထမင်းပေါင်းအိုးတစ်လုံးထုတ်ယူလိုက်၏။

"မင်း မြင်ရလား?" ရှုယီက မှော်ထမင်းပေါင်းအိုးကိုညွှန်ပြကာ မေးလေသည်။

"ဘာကိုမြင်ရမှာ? အဲဒါက မှော်ထမင်းပေါင်းအိုးလေးပဲမဟုတ်ဘူးလား?" စတေးလ်က အတန်ငယ်ရှုပ်ထွေးသွားသည်။

"ကိုယ်က ဒီပေါ်မှာရှိတဲ့ တံဆိပ်ကိုကြည့်ဖို့ပြောတာ။" ရှုယီ ပြောလာသည်။

စတေးလ်က မှော်ထမင်းပေါင်းအိုး၏ အောက်ခြေတစ်ဝက်ကိုကြည့်လိုက်ရာ ထိုမှော်ထမင်းပေါင်းအိုးက Frestech ကုန်သည်ကြီးများအသင်းက တစ်ခုနှင့် တူညီနေပါသော်လည်း ထိုထုတ်ကုန်၏ အောက်ခြေရှိ ထုတ်ကုန်အမှတ်တံဆိပ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ တောင်ပံတစ်ဝက်ဒီဇိုင်းဟုတ်မနေဘဲ ကျွဲရိုင်း‌တစ်ကောင်ပုံဖြစ်နေသည်ကိုမြင်လိုက်ရရာ အံ့ဩသွားလေ၏။

"ဒါက...ပုံတူပွားလား?"

"အတိအကျပြောရရင်တော့ ပုံတူပွားမဟုတ်ဘူး။" ရှုယီက ထိုမှော်ထမင်းပေါင်းအိုး၏ထိပ်ကိုဖွင့်ကာ အတွင်းဘက်အား စတေးလ်ကိုပြလိုက်၏၊ "ကြည့်လိုက် ဒီမှော်ထမင်းပေါင်းအိုးရဲ့ အပြင်၊ အတွင်း ပြီးတော့ လုပ်ဆောင်ချက်တောင်မှ ကိုယ်တို့ Frestech အမှတ်တံဆိပ်‌ထမင်းပေါင်းအိုးနဲ့ အားလုံးတထေရာတည်းပဲ။ ဒါကိုသာ ပုံတူပွားလို့ခေါ်ရင် တကယ်ကို ပုံတူပွားကောင်းကောင်းတစ်ခုပဲ။ တကယ်တော့ ကိုယ်က ဒါကို မှော်ထမင်းပေါင်းအိုးရဲ့ တခြားတံဆိပ်လို့ ခေါ်ချင်တယ်။"

"ဘာကွာလို့လဲ? ဒါက ကျွန်မတို့ Frestech အမှတ်တံဆိပ်‌ထမင်းပေါင်းအိုးရဲ့ ပုံတူပွားလေးတစ်ခုပဲမှမဟုတ်တာ?" စတေးလ်က နှုတ်ခမ်းများကိုစေ့လျက် လှောင်ထေ့ဟန်ဖြင့် ပြောလာသည်။

"ဒါပေါ့မတူတာတစ်ခုရှိတယ်။ ပုံမှန်ပုံတူပွားတွေအတွက် ဒီလိုအရည်အသွေးမျိုးထိရောက်ဖို့ကရှားပြီး ဒီကျွဲရိုင်းတံဆိပ်မှော်ထမင်းပေါင်းအိုးက ကိုယ်တို့ရဲ့ Frestechအမှတ်တံဆိပ်နဲ့ ယှဉ်နိုင်နေတယ်၊ ဆန်းသစ်တီထွင်မှုကိုပါ ထပ်ပေါင်းထည့်လိုက်ရင်ပေါ့။ ကိုယ့်လက်ထဲက ဒီမှော်ထမင်းပေါင်းအိုးအပြင် ပမာဏစည်းကမ်းချက်အရတော့ အတော်လေး‌ကွဲပြားနေတဲ့ ကျွဲရိုင်းတံဆိပ်မှော်‌ထမင်းပေါင်းအိုးရဲ့ တခြားမော်ဒယ်တွေလည်းရှိသေးတယ်။" ရှုယီက အပြုံးဖြင့်ပြောလာ၏။

စတေးလ်က ထိုကျွဲရိုင်းတံဆိပ်မှော်ထမင်းပေါင်းအိုးကို ရှုယီလက်ထဲမှယူကာ အသေအချာကြည့်ရှုလိုက်သည်။ ထိုတံဆိပ်မှော်ထမင်းပေါင်းအိုးမှာ အရည်အသွေးအတော်ကောင်းမွန်ပြီး Frestech အမှတ်တံဆိပ်နှင့် သိပ်မကွာသ‌လောက်ဖြစ်နေသည်အား တွေ့ရသည်။

ရှုယီကိုကြည့်လိုက်ရာ သူ့မျက်နှာထက်ရှိ ဝမ်းသာပြုံးကို‌မြင်လိုက်သော် စတေးလ်မှာ မနေနိုင်တော့ဘဲ ရှုပ်ထွေးစွာမေးလာလေ၏၊ "ရှုယီ၊ ရှင်ဘယ်လိုလုပ်ပြုံးနေနိုင်ရသေးတာလဲ? ဒီလိုအရည်သွေးကောင်းကောင်းမှော်ထမင်းပေါင်းအိုးတစ်ခုပေါ်တယ်ဆိုတော့ Frestech အမှတ်တံဆိပ်မှော်ထမင်းပေါင်းအိုးရဲ့ အားကောင်းတဲ့ပြိုင်ဘက်တစ်ယောက်ရှိနေလိမ့်မယ်။ ရှင်လုံးဝ မစိုးရိမ်ဘူးလား?"

"ကိုယ်က ဘာလို့စိုးရိမ်ရမှာလဲ?" ရှုယီက ခပ်ရေးရေးလေးပြုံးလိုက်သည်၊ "ပြိုင်ဘက်တွေရှိတာ ကောင်းတယ်လေ။ တကယ်တော့ ကိုယ်က ဒီနယ်မြေကြီးမှာ ကိုယ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ယှဉ်ပြိုင်နိုင်မယ့် လုပ်ငန်းစုတွေကို တွေ့ရဖို့ ရှာနေခဲ့တာ။ ဒီလိုမှပဲ မှော်စက်ပစ္စည်းတွေက စိုင်စ်နယ်မြေကြီးမှာ ရေပမ်းစားလာပြီး မှော်စက်မှုနယ်ပယ်က လူတွေရဲ့နှလုံးသားထဲဝင်ရောက်လာပြီးတော့ ကိုယ့်ရဲ့အိပ်မက်တွေ ဖြစ်လာဖို့ ပိုလွယ်လာမှာလေ!"

စတေးလ်က ရှုယီ၏နဖူးကိုစမ်းလိုက်ကာ၊ "ရှင် အဖျားမရှိဘဲနဲ့ ပေါက်ကရတွေပြောနေတာလား? မမေ့နဲ့ဦး၊ Frestech ကုန်သည်ကြီးများအသင်းက အသန်မာဆုံးလုပ်ငန်းစုမဟုတ်သေးတော့ ပြိုင်ဘက်တွေတကယ်ပိုများလာရင် Frestech ကုန်သည်ကြီးများအသင်း နင်းခြေခံလိုက်ရမှာကို မကြောက်ဘူးလား? ဒီနယ်မြေကြီးအပေါ်မှာ စက်မှုစနစ်ကကိုတည်ထောင်နိုင်လိုက်ရင်ဆောင် ရှင်က အဲ့လိုလုပ်တဲ့လူမဟုတ်ရင်ရော ပျော်နေမှာတဲ့လား?"

"အမ်း၊ ဟုတ်ပါတယ်။ ကိုယ် ကိုယ်တိုင်လုပ်တာမဟုတ်ရင်တော့ ဘာအဓိပ္ပာယ်မှမရှိဘူးပေါ့။ ဒါကြောင့်..." ရှုယီက ရယ်လျက် စတေးလ်၏မျက်နှာကို လက်ဖြင့်ထိလိုက်သည်၊ "လှပပြီးတောက်ပနေတဲ့ သခင်မလေး စတေးလ်, ကိုယ် မင်းကို နောက်ထပ်ကြော်ငြာလေးလုပ်ရာမှာ ကူညီဖို့ ဒုက္ခပေးရဦးမယ်။"

ဧပြီလ ပထမနေ့မှာ ကမ္ဘာမြေ၌ အင်မတန်ထူးကဲသောနေ့ဖြစ်သော်လည်း စိုင်စ်နယ်မြေတွင်တော့ အဓိပ္ပာယ်မရှိပါချေ။ ၎င်းက လူများ၏ဘဝကို လုံးဝမထိခိုက်စေပေ။

သို့သော် ဘန်တာမြို့အတွက်တော့ မတူညီပါချေ။ မနက်အစောတွင် လူတစ်စုက မြို့အနောက်ဘက်စီးပွားရေးနယ်မြေသို့ရောက်နေ၏။ အတော်လေးကျယ်ဝန်းသည်ဟု ယူဆနိုင်သော လမ်းမှာလည်း နေရာလပ်တစ်ခုပင်မကျန်ပဲ ပြည့်ကျပ်နေသည်။

လွန်ခဲ့သည့်ရက်အ‌နည်းငယ်က ဘန်တာသတင်းစာတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ဝန်ဆောင်မှုဌာန၌ ထုတ်ကုန်...ကြေ‌ညာချက်တစ်ခုပြုလုပ်ဖြစ်ဟု တင်ပြထားသောကြောင့် လမ်းပေါ်ရှိ ကုန်သည်များအနေနှင့် အံ့ဩမနေချေ။

ထို Frestech ကုန်သည်ကြီးများအသင်းမှာ ကိစ္စများအား မည်သို့ကိုင်တွယ်ရမည်ကို အမှန်ပင်သိပေ၏။ ဒါက ထုတ်ကုန်သစ်လေးတစ်ခုတီထွင်ရုံပဲမဟုတ်ဘူးလား၊ ဘာလို့ ကြေညာချက်လုပ်ပြီး ဒီလူတွေအားလုံးကို ဆွဲ‌ဆောင်လိုက်ရတာလဲ?

လုံးဝလုပ်စရာမရှိသည်က ပိုကောင်းသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့တော်နှင့် အနီးဝန်းကျင်မြို့များ၌ အတော်လေး ကျော်ကြားမှုရှိကြောင်းကို လူများအနေဖြင့် ဝန်ခံရပေမည်။ ၎င်းက ထုတ်ကုန်သစ်လေးတစ်ခု ကြေညာခြင်းသာဖြစ်ပါသော်လည်း ထိုလူများအားလုံးကို မနက်စောစောတည်းက ဆွဲဆောင်ထားခဲ့၏။

ဘေးဘီကိုကြည့်လိုက်သော် အပျော်တမ်းလာကြည့်သည့်လူများအပြင် ထက်မြတ်ပုံပေါ်သည့် ကုန်သည်များစွာလည်းရှိနေသည်။

၎င်းတို့အများစုမှာ တခြားမြို့များမှပင်။ အနီးဆုံးဆော်လ်တန်မြို့တော်နှင့် ခမာမြို့တော်တို့မှအပြင် နောက်ထပ် ကန်ဘာရာမြို့တော်၊ နော်တန်မြို့တော်နှင့်အခြားမြို့များမှ ကုန်သည်များလည်းရှိနေကြ၏။

၎င်းက Frestech ကုန်သည်ကြီးများအသင်း၏လွှမ်းမိုးမှုမှာ ဘန်တာမြို့တော်မှနေ၍ အခြားနေရာများကိုပါ တဖြည်းဖြည်းပျံ့နှံ့ရောက်ရှိလာသည်ဟု မြင်နိုင်သည်။

၎င်းအပြင် အတော်လေးထူးကဲ့သည့်အရှိန်အဝါနှင့် တူညီဝတ်စုံများဖြင့် လူဆယ်ယောက်ကျော်လည်းရှိနေကြသည်။ ထိုလူများအား အချင်းချင်းရန်စောင်ကြည့်ရှုနေကြသည့် အဖွဲ့များစွာဖြင့် ခွဲထားသည်။

ရင်းနှီးသူတစ်ယောက်ယောက်သာရှိပါလျှင် ၎င်းတို့အား ဆော်လ်တန်မြို့နှင့် ခမာမြို့‌တို့၌ ပေါ်လာတတ်သော သတင်းထောက်များအဖြစ်မှတ်မိနိုင်သည်။ ထိုလူများကြားတွင် မကြာသေးခင်ကမှ ၎င်းမြို့များ၌ ကျော်ကြားလာသည့် ဆော်လ်တန်မနက်ခင်းသတင်းနှင့် ခမာသတင်းစာတို့မှ လူများလည်းပါဝင်သည်။

သတင်းထောက်များဟုဆိုရလျှင် ၎င်းမှာ ဘန်တာသတင်းစာ လုပ်ခဲ့ဖူးသည့်အစီစဉ်မျိုးပင်။ ၎င်းက သတင်းများစုဆောင်းသည့် ဝန်ထမ်းကို ရည်ညွှန်းပြီး ဘန်တာသတင်းစာ နှစ်တစ်ဝက်လောက်လည်ပတ်လာပြီးချိန်တွင် ထိုပိုင်ဆိုင်မှုကို လူများက လက်ခံလာကြသည်။

ဘန်တာသတင်းစာမှာ ဘန်တာမြို့တော်၌ အင်မတန်ရေပန်းစားသဖြင့် ဘန်တာသတင်းစာ၏ သတင်းထောက်များမှာ အင်မတန်လေးစားခံရသည်။ ၎င်းတို့က မျက်နှာထက်၌ ဝင့်ကြွားဟန်ဖြင့် လျှောက်လာနေကြ၏။

ယခုတွင် ဘန်တာသတင်းစာ၏ သတင်းထောက်ဖြစ်လာချင်ကြသည့် လူငယ်များစွာလည်းရှိနေကာ ဘန်တာသတင်းစာ၏ သတင်းထောက်တစ်ဦးဖြစ်ခဲ့ဖူးသော ဘန်တာမြို့တော် ဘာရွန်တစ်ဦး၏ သားပင်ရှိနေသည်။

ဆော်လ်တန်မြို့တော်နှင့် ခမာမြို့တော် သတင်းစာများမှာ ဘန်တာမြို့၌မည်သည့်ကျော်ကြားမှုမှမရှိလေရာ ၎င်းတို့ကို သတိထားမိသော လူများစွာမရှိပါချေ။

၎င်းတို့ ဒီတစ်ခေါက်လာသည့်အကြောင်းရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ကြေညာချက်ကြောင့်ဖြစ်သည်။

ဆော်လ်တန်မြို့တော်နှင့် ခမာမြို့တော်တို့တွင်ပင် Frestech ကုန်သည်ကြီးများအသင်းမှာ အာရုံစိုက်ရလောက်အောင် ကျော်ကြားလှသည်။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ သတင်းယူရန်မှာ ဘယ်တော့မှ မမှားယွင်းချေ။

လွန်ခဲ့သည့် နှစ်လအကြာက ခမာသတင်းစာမှာ ခမာမြို့တော်အနီးရှိ Frestech ကုန်သည်ကြီးများအသင်း ရင်းနှီးမြှုပ်နှံထားသော အလုပ်ရုံတစ်ရုံအကြောင်း သတင်းများအတန်းလိုက် ဖော်ပြလိုက်ရာ ၎င်းက ခမာမြို့တော်သားများ၏ အာရုံစိုက်မှုကိုရရှိသွားပြီး ခမာမြို့တော်ရှိ ခမာသတင်းစာ၏ ရေပန်းစားမှုကို တိုးလာစေသည်။ ကျော်ကြားမှုနှင့်အတူ ၎င်းတို့၏ရောင်းအားတက်လာရာ မြို့စားကောင့်ထ်အန်းနရစ်၏ အာရုံကိုပါ ဆွဲဆောင်မိခဲ့သည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းတွင် သတင်းတစ်မျိုးမျိုးရှိနေပါက ခမာသတင်းစာမှာ သေချာပေါက် အလွတ်ပေးမည်မဟုတ်ချေ။

ဆော်လ်တန်မနက်ခင်းသတင်းထံမှ လုပ်ဖော်ကိုင်ဖက်များအနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနတံခါးကို တွန်းနေသည်အားမြင်သော် ခမာသတင်းစာမှ ကိုယ်တိုင်ရောက်လာသည့် ဒုအယ်ဒီတာမှာ လက်ယမ်းပြလိုက်ပြီး သူ၏လက်အောက်ငယ်သားများကိုပါ လိုက်ခိုင်း၍ နေရာကောင်းဦးရန် ရှေ့သို့သွားလိုက်ကြသည်။

ထိုအခိုက် လူထုကြီးက ရုတ်တရတ် ပွက်လောရိုက်သွား၏။

"ကြည့်ဦး၊ ဥက္ကဌရှုပဲဟေ့!"

"အား! အိုး ဘုရားရေ၊ ငါဘယ်သူ့ကိုတွေ့လိုက်ရတာလဲ? သခင်မလေးစတေးလ်! ဘုရားရေ! ငါအရမ်းပျော်တာပဲ၊ သူမကို တကယ်ကြီးတွေ့လိုက်ရပြီ!"

"အိုး၊ မဟုတ်ဘူး! သခင်မလေးစတေးလ်နဲ့ ဥက္ကဌရှုတို့က လက်တွေကိုင်ထားကြတယ်! သူတို့တွေ တွဲနေတာများလား? မဖြစ်နိုင်ဘူး!"

"ဘာလို့မဖြစ်နိုင်ရမှာလဲ? သခင်မလေးစတေးလ်က ဒီလောက်လှတော့ ဥက္ကဌရှုအပြင် သူမနဲ့ထိုက်တန်တဲ့သူကို မင်းက ရှာနိုင်လို့လား?"

"ဒါပေမယ့်...ဒါပေမယ့်၊ သခင်မလေး စတေးလ်က ငါ့နှလုံးသားထဲက နတ်ဘုရားမပဲ၊ ဘယ်လိုလုပ် သူမက... ဘယ်လိုလုပ်သူမက တွဲနေရမှာလဲ! ဟင့်အင်း၊ ငါသေချင်တယ်!"

"သွားသေလိုက်! ဘယ်သူမှ မတားဘူး၊ အနည်းဆုံးတော့ မင်းက နေရာတစ်နေရာစာဖွင့်ပေးလိုက်တာပဲ။"

…...

လူအုပ်ကြီး၏ အသံများကိုကြားသော် ရိုင်းက ရှေ့သို့တိုးသွားလိုက်သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနတံခါးထံမှ ရှုယီမှာ စင်မြင့်ဆီသို့ စတေးလ်၏လက်ကိုကိုင်လျက် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် ရိုင်းမှ မနေနိုင်ဘဲ စိတ်ခံစားချက်များပျောက်ဆုံးသွားရ၏။ ခေါင်းခါလိုက်ပြီးနောက်တွင် အသိစိတ်ပြန်ရလာသည်။

ခမာမြို့တော်လိုပင် ဆော်လ်တန်မြို့တော်နှင့် ခမာမြို့တော်ရှိ လူများစွာမှာ နတ်ဘုရားမစတေးလ်ကို နှလုံးသားထဲသိမ်းဆည်းထားကြသော်လည်း သူမကမူ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုယီနှင့် တွဲခုတ်နေသည်!

ထိုသူက Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ခဲ့သည့် အထူးထုတ်ကုန်ကြေငြာမှုထက် ပိုကြီးသည့် သတင်းပင် ဖြစ်နိုင်လောက်ပေ၏!

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၂။ အလိုအလျောက် မှော်ထမင်းပေါင်းအိုး

စင်မြင့်အောက်ဘက်မှ ပြင်းထန်သည့်တုံ့ပြန်ချက်ကိုမြင်သော် ရှုယီမှာ မနေနိုင်ဘဲ စတေးလ်ထံ အပြုံးဖြင့်ပြောလာသည်၊ "စတေးလ်, မင်း ကိုယ်နဲ့ဒီနေ့ အတူထွက်ပြရင်တော့ ပရိတ်သတ်အတော်လေးလျော့သွားလောက်တယ်။”

စတေးလ်က နှာခေါင်းရှုံ့ကာ သူမ၏ လှပသောရွှေရောင်ဆံနွယ်များကို သပ်၍ ဝင့်ကြွားစွာဆိုလာသည်၊ "နည်းသွားတော့လည်းဘာဖြစ်လဲ၊ ကျွန်မဂရုမစိုက်ပါဘူး။ ကျွန်မ အခုသဘောကျနေတဲ့လူကို အားလုံးဆီပြောရမှာပဲ!"

စတေးလ်က မည်မျှ စိတ်ဓာတ်ခိုင်မာကာ ယုံကြည်ချက်ရှိသည်ကို ကြည့်ရင်း ရှုယီလည်း မနေနိုင်ဘဲ ရယ်မောလိုက်ရာ အင်မတန် ခံစားချက်ကောင်းသွားလေသည်။

၎င်းသာ အခြားမိန်းကလေးဆိုပါလျှင် စတေးလ်ကဲ့သို့ ထိုလူများအားလုံးရှေ့မှောက်တွင် သူမ၏ခံစားချက်များကို ကြေညာရန် အင်မတန်ခဲယဉ်းလှပေမည်။

စတေးလ်က ဘန်တာမြို့တော်နှင့် အနီးတဝိုက်မြို့များတို့တွင် အင်မတန်ကျော်ကြားလှသည်ကိုမဆိုထားနှင့်၊ အမျိုးသားများ၏ အသည်းညှာရှိ နတ်ဘုရားမလည်းဖြစ်ပေသည်။ သူမ၏ ခံစားချက်များကို ထိုသို့ကြေငြာခြင်းက သူမ၏ပရိသတ်များအတွက် တိုက်ခတ်မှုကြီးတစ်ရပ်ပင်။

ကမ္ဘာမြေထံမှ ကြယ်ပွင့်လေးများဆိုလျှင် သေချာပေါက်ထိုသို့ပြုလုပ်မည်မဟုတ်ချေ။

မှန်ပေ၏၊ ၎င်းတို့ကျော်ကြားမှုကို ရည်ရွယ်ချက်ရှိရှိတိုးမြင့်လာစေရန် သတင်းတုများပြုလုပ်သည့် ကြယ်ပွင့်တချို့တော့ရှိပေသည်။

"စတေးလ်နဲ့ ငါ့ကို သတင်းလို့သတ်မှတ်လို့ရမှာလား?" ရှုယီက မနေနိုင်ဘဲ ထိုမေးခွန်းကိုစဉ်းစားမိသည်၊ "ဖြစ်နိုင်လောက်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်လုံးကို လူထုပုံရိပ်တွေလို့သတ်မှတ်လို့ရတာပဲ။

Frestech ကုန်သည်ကြီးများအသင်းကြောင့် သူဟာ သိပ်လည်းမကြီးသလို အရမ်းလည်းမသေးငယ်သည့် ကြယ်ပွင့်တစ်ပွင့်ဖြစ်လာသည်ကို စဉ်းစားကြည့်ရင်း ရှုယီမှာ မနေနိုင်တော့ဘဲ ခါးသက်စွာပြုံးလိုက်သည်။

ထို့နောက် ခေါင်းလာက အာရုံစိုက်လိုက်၏။ စင်မြင့်အောက်တွင် အုန်းအုန်းကျက်ကျက်ဖြစ်နေသော လူများကိုကြည့်ကာ လက်မြှောက်လိုက်၏။

မှော်ပညာကိုသုံးတော့မည်ဆိုသော်လည်း ရှုယီလက်မြှောက်လိုက်ချိန်တွင် သူနှင့်အနီးဆုံးလူများက မည်သည်ကိုမှဆိုတော့ဘဲ တိတ်တဆိတ်ကြည့်လာကြသည်။

ထို့နောက် ၎င်းတိတ်ဆိတ်မှုကြီးက အနီးဆုံးနေရာမှာ အပြင်ဘက်ကိုပါ ကူးစက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း အတော်လေးဆူညံနေခဲ့သည့် လူအုပ်ကြီးက တိတ်ကျသွားကာ လူတိုင်းက ရှုယီဘက်သို့ ကြည့်လာကြဆော့သည်။

ထိုထိရောက်မှုကိုသတိပြုမိကာ ရှုယီက အံ့ဩကာ အင်မတန်ပျော်ရွှင်လာ၏။ သူဟာ အသာချောင်းဟန့်လျက် အသံကျယ်ကျယ်ဖြင့်ဆိုလေသည်၊ "ဟယ်လို အားလုံးပဲ၊ ကျုပ်ကတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုယီပါ၊ ကျုပ်တို့ရဲ့ ထုတ်ကုန်ကြေငြာပွဲကို လာရောက်ပေးကြတဲ့ လူတိုင်းကို ကျေးဇူးအထူးတင်မိပါတယ်။ ဒါက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပထမဦးဆုံး ထုတ်ကုန်ကြော်ငြာပွဲဖြစ်‌သလို ဘန်တာမြို့တော်က ဘယ်လုပ်ငန်းစုမှာ မဆိုလည်း ဒါက ပထမဆုံးအကြိမ် ထုတ်ကုန်ကြေငြာပွဲလုပ်တာဖြစ်မယ်လို့ ကျုပ်ထင်ပါတယ်။ ဒီ ထုတ်ကုန်‌ကြော်ငြာပွဲဆိုတာမှာ အဓိက,ကတော့ ထုတ်ကုန်သစ်တစ်မျိုးကို ကြော်ငြာမှာဖြစ်တယ်ပေါ့နော်။ အခုထုတ်ကုန်ကြေငြာပွဲအတွက် ကျုပ်အနေနဲ့ လူကြီးမင်းတို့ အားလုံးကို မိတ်ဆက်ပေးချင်တဲ့ Frestech ကုန်သည်ကြီးများအသင်းဆီက ထုတ်ကုန်သစ်ကိုတော့ အလိုအလျောက်မှော်ထမင်းပေါင်းအိုးလို့ခေါ်ပါတယ်..."

စင်အောက်မှလူတိုင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

မှော်ထမင်းပေါင်းအိုးကို လူတိုင်းသိကြပြီး ၎င်းက အစားစာများချက်ပြုတ်ရန် အဓိကအသုံးပြုသည့် Frestech ကုန်သည်ကြီးများအသင်း၏မှော်စက်ပစ္စည်းပါပင်။ ၎င်းတို့အိမ်၌ တစ်ခုနှစ်ခုလောက် ရှိသူများစွာတောင် ဤနေရာ၌ ရောက်နေကြသည်။

သို့သော် အလိုအလျောက်မှော်ထမင်းပေါင်းအိုးက မည်သည်နည်း? "အလိုအလျောက်"ဟူသည်ကို ထည့်ပေါင်းလိုက်ခြင်းက တစ်စုံတရာကိုဆိုလိုပေသည်လား?

"ဥက္ကဌရှု၊ ခင်ဗျားအနေနဲ့ အလိုအလျောက်မှော်ထမင်းပေါင်းအိုးက ဘာဆိုတာကို ရှင်းပြပေးနိုင်မလား?" လူအုပ်ထဲရှိ သတင်းထောက်တစ်ဦးက လက်ထောင်ကာ အသံကျယ်ကျယ်ဖြင့် မေးလာလေသည်။

ရှုယီက သတင်းထောက်ထံကြည့်လိုက်ရာ ထိုလူလက်ထဲရှိ ဘောပင်နှင့် မှတ်စုကိုသုံးသပ်၍ မည်သူမှန်းပြောနိုင်သည်။ သူက အပြုံးဖြင့်ခေါင်းငြိမ့်ကာ ရှင်းပြလာလေ၏၊ "ဒီ အလိုအလျောက်မှော်ထမင်းပေါင်းအိုးဆိုတာက ကျုပ်တို့ရဲ့‌မှော်ထမင်းပေါင်းအိုးကိုရည်ညွှန်းတာပါ။ အရင်က မှော်ထမင်းပေါင်းကိုသုံးဖို့အရမ်း အဆင်ပြေပေမယ့်လည်း ဒါကို သူ့ဘာသာအချိန်မှတ်ဖို့အတွက် အနီးမှာ လူတွေရှိဖို့လိုအပ်တဲ့ ပြစ်ချက်လေးတစ်ခုရှိခဲ့တယ်လေ။ အလိုအလျောက်မှော်ထမင်းပေါင်းအိုးကတော့ ဆန်အလုံအလောက်နဲ့ ရေကိုပဲထည့်ပြီး ခလုတ်နှိပ်လိုက်ဖို့ပဲလိုတာပါ၊ ခင်ဗျားတို့ ဘာမှထပ်လုပ်စရာမလိုပါဘူး။"

"ထမင်းတွေ မတူးနိုင်ဘူးလား?" ဆော်လ်တန်မနက်ခင်းသတင်းမှ သတင်းထောက်က လူတိုင်း၏စိတ်ထဲရှိ ထိုမေးခွန်းကို မေးလာခဲ့သည်။

"သေချာပေါက်မတူးပါဘူး။ ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးက ထမင်းချက်ပြီးတာနဲ့ သူ့အလိုလိုပိတ်သွားမှာပါ။ ဆက်ပြီး ချက်နေတော့မှာမဟုတ်တဲ့အတွက် ခင်ဗျားတို့အနေနဲ့ ထမင်းတူးမှာကိုလည်း ပူဖို့မလိုတော့ပါဘူး။" ရှုယီက ဖြေဆိုလိုက်၏။ သူ့အသံရပ်သွားသည်နှင့် လူအုပ်မှာ ထပ်မံရုတ်ရုတ်သဲသဲဖြစ်သွားပြန်သည်။

"အာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

"အမှန်ပဲ၊ မှော်ထမင်းပေါင်းအိုးက သတ္တုအပိုင်းလေးပဲ ဥစ္စာ၊ ဘယ်လိုလုပ် ထမင်းကျက်ပြီဆိုတာကို ပြောနိုင်မှာလဲ?"

"ဟုတ်တယ်၊ ဒီက အရမ်းမယုံနိုင်စရာကြီး။ လိမ်နေတာလား?"

"ဒါတော့မဖြစ်နိုင်ဘူးမို့လား? ဒီလူတွေအားလုံးရဲ့အရှေ့မှာ လိမ်လို့ဘာရမှာလဲ? သူက လုပ်ငန်းစုရဲ့ ဂုဏ်သိက္ခာကို ဆက်မထိန်းချင်တော့လို့လား?"

"ဒါပေမယ့်...ဒါပေမယ့် ဒါက အရမ်းအတုဆန်နေတယ်လေ။ ဘယ်လိုလုပ်သူ့ဘာသာ ပိတ်သွားမှာလဲ..."

"သူဘာထပ်ပြောမလဲ ကြည့်ကြတာပေါ့။"

"အမ်း။ Frestech ကုန်သည်ကြီးများအသင်းက ဒီဆန်းကြယ်တဲ့မှော်စက်ပစ္စည်းတွေအားလုံးကို လုပ်ခဲ့တော့၊ ဒီတစ်ခေါက်က ပိုပြီးတောင် ဆန်းကြယ်နေတာလဲဖြစ်နိုင်တာပဲ။"

"အဟုတ်ပဲ..."

…...

လူအုပ်ကြီးက ၎င်းကိုဆွေးနွေးနေသည်ကိုမြင်ရာ ရှုယီက ခပ်ရေးရေးလေးပြုံးလေသည်။ ထို့နောက်လက်ကို ဝေ့ယမ်းလိုက်ရာ ဝန်ဆောင်မှုဌာန၏ ဝန်ထမ်းနှစ်ဦးက အလိုအလျောက်မှော်ထမင်းပေါင်းအိုး၊ ဆန်အချို့နှင့် ပြင်ဆင်ထားပြီးသား ရေအချို့ကို ယူလာသည်။

ဝန်ထမ်း၏လက်ထဲရှိ အလိုအလျောက်မှော်ထမင်းပေါင်းအိုးအသစ်ကိုမြင်သော် အားလုံးမှင်သက်သွားကြသည်။

ဤတစ်ခေါက်တွင် ခမာသတင်းစာမှ ရိုင်းန်ဟုခေါ်သော သတင်းထောက်က အသံကျယ်ကျယ်ဖြင့် အစပျိုးမေးမြန်းလာခဲ့၏၊ "ဥက္ကဌရှု၊ ဒါက ခင်ဗျားပြောတဲ့ အလိုအလျောက်မှော်ထမင်းပေါင်းအိုးလား? ဘာလို့ ငွေရောင်ဖြစ်နေရတာလဲ? ခင်ဗျားအပြင်ဘက်ကို ငွေအလွှာကပ်ထားတာလား?"

အားလုံးမှာ ထိုအလိုအလျောက်မှော်ထမင်းပေါင်းအိုး၏အပြင်ပန်းက ငွေရောင်ဖြစ်နေပြီး အင်မတန်ချောမွေ့က လှပလွန်းဟန်ပေါ်နေသည်ကို မြင်နိုင်သည်။ ၎င်းက လူများကို မြင်သည်နှင့် သဘောကျသွားစေ၏။

Frestech ကုန်သည်ကြီးများအသင်းထုတ်လုပ်ခဲ့သည့် အနက်ရင့်မှော်ထမင်းပေါင်းအိုးနှင့်စာလျှင် ၎င်းအလိုအလျောက်မှော်ထမင်းပေါင်းအိုးက ဆယ်ဆလောက်ပိုကောင်းနေသည်!

"ငွေကပ်ထားတယ်?" ရှုယီက ခေါင်းခါလျက်နှင့်၊ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ဒီက လူကြီးမင်း၊ ဒီမှော်ထမင်းပေါင်းအိုးကို အစားစာချက်ဖို့သုံးတာဆိုတော့ ငွေကပ်လိုက်ရင် ငွေတွေက အစာထဲဝင်သွားလောက်တယ်လေ။ ဒါကိုစားရင် လူရဲ့ခန္ဓာကို ထိခိုက်စေမှာပေါ့။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဖောက်သည်တွေရဲ့ကျန်းမာရေးကို အာရုံအတော်လေးစိုက်ထားတော့ ဒီလိုအမှားမျိုး ဘယ်လုပ်ပါ့မလဲဗျာ?"

"ဒါဆို ဘာလို့ ငွေရောင်ဖြစ်နေရတာလဲ? ကျုပ် ဒီလိုအရောင်မျိုးနဲ့ သတ္တုရှိတယ်လို့ မကြားဖူးဘူး။" ရိုင်းန်က မေးသည်။

ရှုယီက ထိုလူအား "ငတုံး"ဟုခေါ်လိုက်ချင်၏။ ငွေ'အပြင် ငွေရောင်ရှိသည့် သတ္တုများစွာရှိကာ တွေ့ရအများဆုံးမှာ အလူမီနီယံဖြစ်သည်။ သံသတ္တုသန့်တွင်ပင် တူညီသည့် ငွေရောင်ရှိရာ ၎င်းကို လုံးဝရှားသည်ဟု မဆိုနိုင်ပါချေ။

သို့သော် စိုင်စ်နယ်မြေ၌ အလူမီနီယံထုတ်ကုန်နည်းပါးပြီး သံသတ္တုကို မသန့်စင်နိုင်သေးသည့်အကြောင်းကို စဉ်းစားမိသော် ထို ရိုင်းန်၏ တုံးအမှုအား ၎င်း၏ကိုယ်ပိုင်အမှားဟု မယူဆိုင်တော့ပေ။

"ဒါကိုတော့ ကောင်းကောင်းမိတ်ဆက်ပေးရမယ်။ ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ထုတ်လုပ်ဖို့ စွမ်းအားအလုံးစုံသုံးခဲ့ရတဲ့ အသစ်လွင်ဆုံးထုတ်ကုန်ပါ။ ဒါရဲ့ အလိုအလျောက်ချက်ပြုတ်စနစ်ကို တည်ဆောက်ဖို့လိုတဲ့ လက်မှုပညာအပြင် ကျုပ်တို့နောက်ဆုံးဖန်တီးထားတဲ့ သံမဏိသတ္တုစပ်ကနေလည်းပြုလုပ်ထားပါတယ်။ ဒီသတ္တုက အရင်မျိုးဆက်‌ထမင်းပေါင်းအိုးမှာသုံးထားတဲ့ သတ္တုထက် အများကြီးပိုအဆင့်မြင့်ပါသေးတယ်။" ရှုယီ ပြောလေ၏။

"သံမဏိသတ္တုစပ်? အဲဒါကဘာလဲဗျ?" သူ့ကိုယ်သူ အတွေ့ကြုံရှိသည်ဟု ထင်မှတ်ခဲ့သည့် ရိုင်းန်မှာ ၎င်းကြောင့်ရှုပ်ထွေးသွားရာ လူအုပ်ဆို ပြောဖို့ပင်မလိုချေ။

"ဒီ သံမဏိသတ္တုစပ်ဆိုတာက သံသတ္တုရဲ့အဓိကပါဝင်ပစ္စည်းဆိုပေမယ့် ဒါကတော့ တခြားပစ္စည်းတွေကိုပါသုံးပြီးပြုလုပ်ထားတဲ့ သတ္တုအသစ်တစ်မျိုးပါ။ ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးကို ထုတ်လုပ်ဖို့ သုံးထားတဲ့ သံမဏိသတ္တုစပ်ကို ငွေရွက် သတ္တုစပ်လို့ပေးထားပါတယ်။ ဒီလိုလှပတဲ့ ငွေရောင်ရှိတဲ့အပြင် ဒီအပေါ်မှာ သံချေးတွေမတက်စေနိုင်‌တဲ့ ထူးကဲတဲ့လက္ခဏာလည်းရှိပါသေးတယ်!"

လူအုပ်ကြီးမှာ တစ်ဖန်ရုတ်ရုတ်သဲသဲဖြစ်သွားကြပြန်သည်။

"သံချေးမတက်ဘူး? ဘယ်လိုဖြစ်နိုင်မှာလဲ!"

"အဟုတ်ပဲ၊ ဒါက သံနဲ့လုပ်ထားတဲ့ပစ္စည်းပဲကို ဘယ်လိုလုပ် သံချေးမတက်ဘဲနေမလဲ?"

"ဥက္ကဌရှု ကြွားတာက နည်းနည်းများလွန်းမနေဘူးလား? သူပြောတော့ ဒီငွေရွက်သတ္တုစပ်ဆိုတာက သံကနေလုပ်ထားတာဆို၊ ဒါဆိုဘယ်လိုလုပ်သံချေးမတက်ဘဲနေမလဲ။"

"ဟား၊ သံချေးမတက်တဲ့သံတဲ့လား၊ တကယ်ကို ကြားဖူးသမျှထဲ အရယ်ရဆုံးဟာသပဲ!"

…....

စင်မြင့်အောက်မှ ဆွေးနွေးသံများကိုကြားသော် ရှုယီမှာ မည်သည်ကိုမှမဆိုဘဲ ပြုံးလေသည်။

အားလုံးတိတ်ဆိတ်သွားချိန်တွင် သူကဆက်ပြော၏၊ "ဒါပေါ့၊ ဒါကို အခုတော့မမြင်ရသေးပါဘူး။ အရင်ဆုံး ငွေရွက်သတ္တုစပ်ကနေလုပ်ထားတဲ့ ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးရဲ့ တခြားအားသာချက်တွေကိုကြည့်ကြတာပေါ့။" စင်အောက်ကိုငုံ့ကြည့်လိုက်သော် ရှုယီမှာ အတော်လေး သပ်ရပ်သောအဝတ်များဝတ်ထားသည့် လူကိုတွေ့လိုက်ရာ ထိုလူကိုမေးလိုက်၏၊ "ဒီက လူကြီးမင်း၊ ခင်ဗျားတို့မိသားစုဆီမှာ Frestech အမှတ်တံဆိပ် မှော်ထမင်းပေါင်းအိုးတစ်ခုလောက် ရှိလားဗျ?"

ထိုလူက အံ့ဩသွားပြီးမှ အလျင်အမြန်ခေါင်းငြိမ့်ပြလာကာ၊ "ရှိပါတယ်။ ကျုပ်တို့မိသားစုဆီမှာ Frestech အမှတ်တံဆိပ်က မှော်ထမင်းပေါင်းအိုးပဲမဟုတ်ဘူး မှော်ပန်ကာလည်းရှိတယ်။ ဒီနှစ်ဆောင်းက အရမ်းအေးတော့ ကျုပ် ဇနီးက ကျုပ်ကို Frestech အမှတ်တံဆိပ် အပူချိန်ပြောင်းမှော်လေအေးပေးစက်တစ်လုံး အတင်းဝယ်ခိုင်းထားတာလေ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း ကျုပ်တို့တွေ Frestech အမှတ်တံဆိပ် မှော်မီးအိမ်နှစ်လုံးဝယ်ခဲ့တော့ ကျုပ်တို့အိမ်မှာ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပစ္စည်းတွေနဲ့ ပြည့်နေရောပဲ။"

ရှုယီက ရယ်လျက်၊ "ကြည့်ရတာ ခင်ဗျားက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သစ္စာရှိဖောက်သည်ပဲဖြစ်ရမယ်၊ ဒါဆို ကျုပ်ကပဲ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ခင်ဗျားကိုကျေးဇူးတင်ပါတယ်။ လာပါဦး၊ ခင်ဗျားအနေနဲ့ ကျုပ်တို့ရဲ့ပထမမျိုးဆက်မှော်ထမင်းပေါင်းအိုးကို ဝယ်ထား‌တယ်ဆိုတော့ ခင်ဗျားကို ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးယူခိုင်းပြီး ကွာခြားချက်တချို့ကို ကြည့်ဖို့ တောင်းဆိုပါမယ်။"

ထိုလူက ရှုယီထံမှ အလိုအလျောက်မှော်ထမင်းပေါင်းအိုးကိုယူလိုက်ရာ ချက်ချင်းအံ့ဩဟန်ပြလာ၏။

"အိုး? ဒါက အတော်ပေါ့တာပဲ။ ကျုပ်ထင်တာ...အနည်းဆုံး ကျုပ်တို့မှော်ထမင်းပေါင်းအိုးရဲ့ အလေးချိန်တစ်ဝက်လောက်ပဲရှိလောက်မယ်!"

"တကယ်လား? ကျုပ်လည်းကြည့်ပါရစေ။" ထိုလူ့နံဘေးရှိ လူကလည်း ဆွဲယူ၍ ချိန်ဆကြည့်သော် အံ့ဩစွာပြောလာလေသည်၊ "အမှန်ပဲ၊ ဒါက အတော်လေးပေါ့တာပဲဗျ။ ထူးဆန်းတယ်၊ ဒါက အရွယ်အစားနဲ့အထူအတူတူလောက်ပဲကို ဘယ်လို့အရမ်းပေါ့နေရတာလဲ? ကျုပ်ပြောမယ်၊ ဥက္ကဌရှု ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးရဲ့ သတ္တုများလွဲနေတာလား?"

ရှုယီက မနေနိုင်ဘဲပြုံးကာ၊ "သေချာပေါက် မဟုတ်ပါဘူး။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန်တွေမှာက အာမခံအရည်သွေးရှိတာကို ဘယ်လိုလုပ် သတ္တုကိုတလွဲသုံးထားမှာလဲ။ ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးက အရင်ပေါင်းအိုးထက်ပေါ့နေရတာ ငွေရွက်သတ္တုစပ်ရဲ့လက္ခဏာရပ်တွေကြောင့်ပါ။ ဒီသတ္တုစပ်က သာမန်သံသတ္တုထက် အတော်လေးပေါ့ပေမယ့် ပိုပြီးမာကျောတာမို့ စိုးရိမ်ဖို့မလိုပါဘူး။ ဒီမှာ ကျုပ်ခင်ဗျားကို စမ်းသပ်ပြမယ်။

ရှုယီမှာ ထိုလူထံမှ လူအားလုံးရှေ့တွင် ၎င်းအလိုအလျောက်မှော်ထမင်းပေါင်းအိုးကိုယူ၍ ၎င်းကို မြင့်မြင့်မြှောက်ပြီးမှ ပစ်ချလိုက်တော့သည်။

"ဝုန်း!"

ထိုအလိုအလျောက်မှော်ထမင်းပေါင်းအိုးမှာ ရှုယီအောက်ဘက်စင်မြင်ပေါ်ပစ်ကျသွား၏။ ၎င်းက မီတာတစ်ဝက်လောက်ခုန်ပြီးမှ တစ်ဖန်ကျသွားကာ စင်ပေါ်မှလိမ့်သွားသည်။

စင်အောက်ရှိလူများကို ထိုအလိုအလျောက်မှော်ထမင်းပေါင်းအိုး လိမ့်လာသည်ကိုမြင်သော် သားရဲတစ်ကောင်လို့ ရှောင်တိမ်းလိုက်ကြသည်။ သို့ရာ၌ ၎င်းတို့အားလုံး အသေအချာကြည့်နေသည်မှာ ၎င်းအလိုအလျောက်မှော်ထမင်းပေါင်းအိုးက ဘယ်အချိန်မဆို ထခုန်လာမည့် မကောင်းဆိုးဝါးတစ်ကောင်လိုပါပင်။

တစ်ခဏကြာပြီးနောက် မည်သည်ကမှလှုပ်မနေတော့သည်ကိုမြင်သော် ပထမဆုံးလူက ၎င်းအလိုအလျောက်မှော်ထမင်းပေါင်းအိုးကို ကောက်ယူရန် အားမွေးလိုက်၏။

လက်ထဲရှိ ထိုအရာကို ခဏမျှကြည့်ပြီးနောက်တွင် သူဟာ မနေနိုင်ဘဲ အံ့အားသင့်စွာအော်ပြောသည်၊ "မဖြစ်နိုင်ဘူး! အပိန့်လေးတစ်ခုတောင်ထင်မသွားဘူး!"

အားလုံးက ၎င်းကိုကြားသော် ရှေ့တိုးလာကြသည်။

သို့သော် ထိုအလိုအလျောက်မှော်ထမင်းပေါင်းအိုးကို အဘက်ဘက်မှကြည့်လိုက်ရာ ချိုင့်'ပင်မသွားသည်ကို တွေ့လိုက်ရ၏!

၎င်းပေါ်ရှိ ခြစ်ရာတချို့မှလွဲ အသစ်အတိုင်းပင်ကောင်းနေ‌သေးသည်!

အားလုံးမှာ မနေနိုငိဘဲ ရှုယီကို တအံ့တဩကြည့်လိုက်ကြ၏။

ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးက ဒီလောက်ကြီးအံ့ဩစရာကောင်းလွန်းမနေဘူးလား?

ရှုယီက ၎င်းပေါင်းအိုးကိုပြန်ယူကာ အားလုံးကို အပြုံးဖြင့်ပြောလာသည်၊ "ကောင်းပြီ၊ ကျုပ်က ဒီပေါင်းအိုးရဲ့ အရေးကြီးဆုံးလုပ်ဆောင်ချက်ဖြစ်တဲ့ အစားစာချက်ပြုတ်ခြင်းကို ပြသချင်ပါတယ်။"

ရှုယီက ထိုအလိုအလျောက်မှော်ထမင်းပေါင်းအိုးကို နံဘေးရှိ စားပွဲ၌တင်ပြီး အားလုံး၏ အကြည့်အောက်တွင် ပြင်ထားသည့် ဆန်နှင့်ရေကိုထည့်လိုက်သည်။ အဖုံးပိတ်ပြီးနောက် သူက ခလုတ်ကိုနှိပ်လိုက်၏။

"ဒင်"

အသံတစ်သံဖြင့် ၎င်းအလိုအလျောက်မှော်ထမင်းပေါင်းအိုးထက်ရှိ အားလုံးမည်သို့အသုံးပြုရမည်မှန်းမသိထားသော ဖန်ပြတင်းလေးမှာ ရုတ်တရတ် မီးနီရောင်ပြောင်းသွားသည်။

ရှုယီက ၎င်းကိုလက်ညှိုးထိုးပြကာ ပြော၏၊ "အားလုံးပဲကြည့်ကြပါ။ ဒီဖန်အပိုင်းလေးက နီသွားရင် မှော်ပေါင်းအိုးက ထမင်းချက်နေတယ်လို့ဆိုလိုတာပဲ။ ပျောက်သွားရင်တော့ မှော်ပေါင်းအိုး ရပ်လိုက်ပြီလို့ ဆိုလိုတယ်။"

အားလုံးမှာ မနေနိုင်ဘဲ တိတ်တဆိတ်ခေါင်းငြိမ့်လိုက်ကြသည်။

၎င်းက အင်မတန်ရိုးရှင်း‌ပုံပေါ်သော်လည်း အင်မတန်အသေးစိတ်ကျကာ အသုံးဝင်လှသည်။

Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထိုအလိုအလျောက်မှော်ထမင်းပေါင်းအိုးကို ဒီဇိုင်းဆင်ရန် အတွေးအတော်များများသုံးလိုက်ရသည်အား မြင်နိုင်ပါ၏။

ရှုယီက ထိုပေါင်းအိုးကိုကြည့်နေပြီးမှ လူအုပ်ဘက်လှည့်လိုက်သည်။

"ထမင်းမကျက်ခင် အချိန်နည်းနည်းရသေးတယ်။ ကျုပ်သိပါတယ် အားလုံးမှာ မေးခွန်းပေါင်းများစွာရှိမယ်လို့ပေါ့၊ ဒါကြောင့် ဒီအချိန်အတွင်းမှာ မေးလိုတာကိုမေးလို့ရပါတယ်၊ ကျုပ်ဖြေပေးမှာပါ။"

ရှုယီအသံထွက်လာသည်နှင့် ရိုင်းန်က ထအော်လာသည်၊ "ဥက္ကဌရှု၊ ကျုပ်မှာ မေးစရာရှိတယ်!"

"မေးပါ"

"ခင်ဗျားထွက်လာတုန်းက ခင်ဗျားနဲ့ သခင်မလေးစတေးလ်တို့လက်တွေတွဲထားတာ မြင်လိုက်တယ်။ ခင်ဗျားနဲ့ သခင်မလေးစတေးလ်က အခုအချိန်မှာ ဘာဆက်ဆံရေးမျိုးရှိနေကြတာလဲ? တွဲနေကြတာလားဗျ?"

ထိုမေးခွန်းထွက်လာသည်နှင့် လူအုပ်ကြီးမှာ တမုဟုတ်ချင်း သေလုအောင်တိတ်ကျသွားတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၃။ အရည်အချင်းကို ထုတ်ပြပါ။

အားလုံးက စင်ပေါ်ရှိ ရှုယီနှင့် စတေးလ်တို့ကိုကြည့်နေကြပြီး မည်သည့်အသံမှထွက်မလာချေ။ ၎င်းမှာ ရှုယီ၏ဖြေဆိုမှု တစ်လုံးတစ်လေကိုပင် လွဲသွားမည်အား ကြောက်ရွံ့နေကြသလိုပင်။

ရှုယီက အတန်ငယ်အံ့ဩသွားသည်။ သူဟာ ဘယ်တုန်းကမှ ပထမဆုံးမေးခွန်းက သူနဲ့စတေးလ်အကြောင်းဖြစ်ပြီး မှော်ထမင်းပေါင်းအိုးနဲ့ ဆက်စပ်လိမ့်မည်မဟုတ်ဟု မထင်ထားခဲ့ဖူးချေ။

"ဒါက... ဒါကကျုပ်နဲ့ စတေးလ်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ဆိုင်နေပေမယ့်လည်း ခင်ဗျားက ဒီလူတွေအားလုံးရှေ့မှာမေးလာပြီး ကျုပ်လည်း မေးခွန်းအားလုံးဖြေဖို့ သဘောတူပေးထားတော့ ကျုပ်ဖြေပါ့မယ်။" ရှုယီက ဘယ်လက်ကိုဆန့်ထုတ်ကာ စတေးလ်၏ ညာလက်ကိုဆုပ်ကိုင်လျက် မြှောက်ပြလိုက်ပြီး ကျယ်ကျယ်ပြောလိုက်၏၊ "ဟုတ်ပါတယ်၊ ကျုပ်အနေနဲ့ အားလုံးကို စတေးလ်နဲ့ ကျွန်တော်တို့ တွဲနေကြပြီဆိုတာ ကြေငြာဖို့ အရမ်းကံကောင်းသလို အရမ်းလည်းဂုဏ်ယူမိပါတယ်!"

လူအုပ်ကြီးက ပို၍ပင်တိတ်ဆိတ်ငြိမ်ကျသွားပြီး တစ်ခဏအကြာ၌ ပွက်လောရိုက်သွားတော့သည်။

"ဘုရားရေ! တကယ်အမှန်ပဲဟ!"

"ကျုပ်ရဲ့နတ်ဘုရားမက တကယ်တော့ တစ်ယောက်ယောက်နဲ့တွဲနေတာပဲ၊ ကျုပ်... ကျုပ်မယုံဘူး!"

"မဟုတ်ပါဘူး! အမှန်မဖြစ်နိုင်ဘူး! ကျုပ်အမြင်တွေ သေချာပေါက် မှားနေတာပဲဖြစ်ရမယ်! ကျုပ်နားကြားလွဲတာပဲဖြစ်မယ်! သခင်မလေးစတေးလ်က နတ်ဘုရားတစ်ပါးလို မြင့်မြတ်ပြီးကျော့ရှင်းတာ ဘယ်လိုလုပ် တစ်ယောက်ယောက်နဲ့ တွဲမှာလဲ? လိမ်နေတာပဲ!"

"အိုင်း, ဒါက တခြားလူဆို ကျုပ်လက်မခံနိုင်မှာသေချာပေမယ့် ဥက္ကဌရှုဖြစ်နေတော့ လက်ခံနိုင်ပါတယ်။"

"ဟုတ်တယ်၊ ဘန်တာမြို့မှာ ပြီးတော့ လမ်ပူရီတိုင်းပြည်နိုင်ငံတစ်ခုလုံးမှာပေါ့ ဥက္ကဌရှုထက်ပိုပြီး ထူးချွန်တဲ့ လူငယ်များရှိသေးလို့လား? ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ဥက္ကဌဖြစ်ဖြစ်ဖို့လေ၊ ပြီးတော့ သူက စွမ်းအားကြီးမှော်ပညာရှင်လို့လည်း ကျုပ်ကြားထားသေးတယ်။ မျိုးရိုးမြင့်မဟုတ်သေးတာကလွဲရင် သူက လုံးဝပြည့်စုံတယ်။"

"ချီး, မျိုးရိုးမြင့်တစ်ယောက်ဖြစ်တာ ဘာများကောင်းလို့လဲ? ဥက္ကဌရှုက သာမန်လူဖြစ်နေတာမကောင်းဘူးလား? ဆိုလိုတာက ချောမောလှပတဲ့ မိန်းကလေးတိုင်းက မျိုးရိုးမြင့်တွေနဲ့ လက်ထပ်ချင်ကြတာ မဟုတ်ဘူး။ သခင်မလေးစတေးလ်, ကျုပ်ခင်ဗျားကို ဥက္ကဌရှုနဲ့လက်ထပ်ဖို့ ထောက်ခံတယ်ဗျို့!"

"အမှန်ပဲ၊ ကျုပ်လည်းထောက်ခံတယ်! ဥက္ကဌရှုကိုလက်ထပ်တာက မျိုးရိုးမြင့်မိသားစုတချို့ရဲ့ အသုံးမဝင်တဲ့သခင်လေးတွေကို လက်ထပ်တာထက်ပိုကောင်းတယ်!"

"ဟုတ်တယ်ဗျာ၊ ကျုပ်လည်း သခင်မလေးစတေးလ်ရဲ့ ရွေးချယ်မှုကို ထောက်ခံတယ်! ဥက္ကဌရှုကိုထောက်ခံတယ်!"

...

၎င်းတို့ကိုထောက်ခံနေသည့် လူများရှိနေကာ စတေးလ်က သူ့ကိုလက်ထပ်ရန် ထောက်ခံနေကြသည့် ရောနှောနေသောအော်သံများကိုကြားသော် ရှုယီမှာ ကူကယ်ရာမဲ့စွာ နေရခက်လာ၏။ သူက စတေးလ်ကိုကြည့်လိုက်ရာ သူမက ယုံကြည်ချက်နှင့် ဂုဏ်ယူမှုတို့ဖြင့် ပြည့်စွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။

ရှုယီ၏အကြည့်ကို အာရုံခံမိသော် စတေးလ်က ဂုဏ်ယူနေသည့်အကြည့်များဖြင့်ကြည့်လာ၏။

"ဘယ်လိုလဲ? ရှုယီ၊ ကျွန်မအမြင်က အတော်ကောင်းတယ်မို့လား? ကြည့်ဦး၊ လူတိုင်းက ကျွန်မတို့ကို ထောက်ပံ့နေကြတယ်။"

ရှုယီက ရယ်ရမလား ငိုရမလားပင်မသိတော့ချေ၊ "တဆိတ်လောက်၊ ဒါက ကိုယ့်အနေနဲ့ အရမ်းတော်နေလို့လေ။ တခြားလူတွေသာဆိုရင် ဒေါသထွက်နေတဲ့လူအုပ်ကြီးဆီက ဆွဲဖြဲခံနေရလောက်ပြီမဟုတ်လား?"

စတေးလ်၏မျက်နှာထက်ရှိ အပြုံးက ပိုမိုတောက်ပလာသည်။

"ရှင်က ထူးချွန်ပြီး အားလုံးကရှင့်ကို လေးစားနေတာကို အရမ်းဝမ်းသာပေမယ့် ဒါကြောင့် ရှင့်ကို‌သဘောကျတာတော့မဟုတ်ဘူးနော်။ ဘာကြောင့်လဲဆိုတော့... ရှင်က ရှင်မို့လို့ သဘောကျတာပါ။"

ရှုယီက ပြုံးကာ စတေးလ်၏လက်ကို ဆုပ်ကိုင်ထားလိုက်၏။ သူက စင်အောက်ဘက်ရှိ လူအုပ်ကြီးထံလှည့်ကာ အော်ပြောလေသည်၊ "ကျုပ်နဲ့ စတေးလ်တို့အတွက် ကောင်းချီးပေးပြီးထောက်ပံ့ပေးတာအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်ကြေငြာပွဲဖြစ်ကို အားလုံး သတိရဖို့တောင်းဆိုပါတယ်၊ ဒါကြောင့် လူတိုင်း ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်သစ်နဲ့ဆိုင်တဲ့မေးခွန်းတွေကို မေးဖို့ မျှော်လင့်ပါတယ်ဗျာ။"

ဆောလ်တန်မနက်ခင်းသတင်းမှလာသော သတင်းထောက်များမှာ စကားပြောချိန်မရရ၍ အချင်းချင်းကြည့်လိုက်ကြသည်။ ခေါင်းငြိမ့်ပြီးနောက် အတော်လေးအသက်ကြီးသည့် သတင်းထောက်တစ်ဦးက လက်ကိုမြှောက်လျက် မေးလေ၏၊ "ဒါဆို ဥက္ကဌရှု၊ ကျုပ်မှာ မေးခွန်းတစ်ခုရှိတယ်။ အရင်လလောက်က ဘန်တာမြို့မှာပဲဖြစ်ဖြစ်၊ ဆောလ်တန်မြို့၊ ခမာမြို့ ဒါမှမဟုတ် နိုင်ငံရဲ့ တခြားမြို့တွေ မှာဖြစ်ဖြစ် မှော်စက်တွေတီထွင်လာတဲ့ လုပ်ငန်းစု အတော်များများရှိလာတယ်။ ခင်ဗျားအနေနဲ့ သူတို့အပေါ်မှာ ဘယ်လိုမြင်လဲ?"

"ဒီသတင်းထောက်က အတော်လေးပရော်ဖက်ရှင်နယ်ဆန်တာပဲ။" ရှုယီက စိတ်ထဲ၌ ချီးကျူးမိရသည်။‌ သူက အပြုံးရေးရေးဖြင့် ဆိုလိုက်၏၊ "ကျုပ်မှာ ခင်ဗျားပြောခဲ့တဲ့ အခြေအနေကို နားလည်မှုတချို့ရှိ‌ပါတယ်။ ကျုပ်အမြင်ကတော့ အရမ်းဝမ်းသာပြီး အရမ်းကိုစိတ်ကျေနပ်မိတယ်လို့တောင် ပြောလို့ရတယ်။"

စင်မြင့်အောက်ရှိ လူအုပ်ကြီးမှာ အံ့ဩသွားသည်။

ထိုသတင်းထောက်ကမူ မျက်မှောင်ကျုံ့ကာ ဆက်မေးလာ၏၊ "ဥက္ကဌရှု၊ ဒါ တကယ်ပဲ ခင်ဗျားခံစားနေရတာမဖြစ်နိုင်ဘူး။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအတွက် ပြိုင်ဘက်တွေပိုများလာတော့ ခင်ဗျားတို့လုပ်ငန်းစုရဲ့ ထုတ်ကုန်ရောင်းအားကို ထိခိုက်စေလိမ့်မယ်။ ဒါကို ဘာလို့ ဝမ်းသာပြီး ကျေနပ်နေရတာလဲ?"

"ကျုပ်ဝမ်းသာပြီးကျေနပ်တာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအပြင် တခြားလုပ်ငန်းစုတွေကလည်း မှော်စက်တွေကို သုတေသနပြုပြီး ထုတ်လုပ်ပြီးလာကြတာကြောင့်ပါ။ ဒါက လူတိုင်းအနေနဲ့ မှော်စက်တွေကို အရေးထားလာပြီလို့ အဓိပ္ပာယ်ရတယ်လေ။ အားလုံးက မှော်စက်တွေကို အရေးပေးလာတာနဲ့ ဒီစက်မှုနယ်ပယ်ကလည်း မြန်မြန်ဖွံ့ဖြိုးလာပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန်တွေကိုလည်း အားလုံးက လက်ခံကြလာတော့မှာဆိုတော့၊ ကျုပ်တို့လုပ်ငန်းစုအနေနဲ့ ငွေပိုရှာနိုင်မယ်လို့ ဆိုလိုတယ်လေ။ ဥက္ကဌတစ်ယောက်အနေနဲ့ ကျုပ်က ဘာကြောင့် ဝမ်းမသာဘဲ နေရမလဲဗျာ?" ရှုယီက အပြုံးဖြင့်ပြန်ဖြေသည်။

"ဒါပေမယ့် ဒါက ခင်ဗျားတို့ရဲ့ ရောင်းအားကို ထိခိုက်မှာ မပူဘူးလား?" ထိုသတင်းထောက်ကမေး၏၊ "ပြောရရင် လူများစွာရှိကြပြီး လူတစ်ယောက်က လုပ်ငန်းစု တစ်ခုကနေ မှော်စက်တစ်လုံးဝယ်နေသရွေ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအတွက် ဖောက်သည်တစ်ယောက်လျော့မှာပဲလေ။"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျုပ်ထင်တာတော့ ခင်ဗျားရဲ့ ဖောက်သည်တွေနဲ့ ဈေးကွက်အပေါ်နားလည်မှုက အရမ်း နည်းနေသေးတယ်။" ရှုယီက မည်သည့်‌ယဉ်ကျေးမှုမှမပါဘဲ ခေါင်းခါကာ ပြောသည်၊ "တကယ်တော့ ကျုပ်အမြင်အရ မှော်စက်ဝယ်မယ့်လူတွေက အဆများစွာတိုးလာမှာပဲဆိုတော့ မှော်စက်ဈေးကွက်ကလည်း အဆများစွာ ကြီးလာလိမ့်မယ်။ ဈေးကွက်ကို ကိတ်မုန့်တစ်လုံးနဲ့ နှိုင်းပြောရရင် ကျုပ်လုပ်ချင်တဲ့ကိတ်မုန့်က ပိုပိုပြီးကြီးတော့ လူတွေနဲ့ လုပ်ငန်းစုတွေကလည်း ပိုပိုပြီးကြီးမားတဲ့ အဲဒီ့ကိတ်မုန့်ရဲ့အပိုင်းတွေကို ရနိုင်တယ်။ ကျုပ်မလုပ်ချင်တာကတော့ လူတွေအနေနဲ့ ကိတ်မုန့်တစ်လုံးရဲ့အပိုင်းသေးသေးလေးတွေအတွက်တိုက်ခိုက်နေပြီး သေတဲ့အထိ အဆာခံနေရမှာကိုပဲ။ ပြီးတော့ ဒီမှော်စက်ကိတ်မုန့်က အရမ်းကြီးမားပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကိုတင်မကဘဲ တခြားလုပ်ငန်းစုတွေကိုလည်း သူတို့လိုအင်ကိုရစေနိုင်မယ်လို့ ကျုပ်ယုံကြည်တယ်။ ဒါကြောင့် မှော်စက်တွေကိုစပြီးလုပ်လာတဲ့ တခြားလုပ်ငန်းစုတွေအတွက် ကျုပ်က နွေးနွေးထွေးထွေးပဲကြိုဆိုပါတယ်။"

"ဥက္ကဌရှု၊ ကျုပ်ကြားခဲ့တာတော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကျုပ်တို့ရဲ့ ခမာမြို့တော်က လုပ်ငန်းစုတွေဆီ မှော်ပန်ကာနဲ့ မှော်ထမင်းပေါင်းအိုးအတွက် ထုတ်လုပ်ရေးမှော်စက်တွေရောင်းပေးခဲ့တယ်ဆို၊ ဒါအမှန်ပဲလားဗျ?" 'ခမာသတင်းစာ၏ လက်ထောက်အယ်ဒီတာချုပ် ရိုင်းန် သည် အခွင့်အရေးကို ယူ၍ကျယ်လောင်စွာ မေးမြန်းလာသည်။

ရှုယီက သူ့ကိုကြည့်လိုက်ရာ ဒီလူထံ၌ အထင်ကြီးစရာ တွေ့လိုက်ရသည်။ ခမာမြို့ရှိ Frestech ကုန်သည်ကြီးများအသင်း စက်ရုံဖွင့်ပွဲသို့ သူရောက်လာခဲ့ဖူးပုံပင်။

"ဟုတ်ပါတယ်။ အတိအကျပြောရရင် ထုတ်လုပ်ရေးလိုင်းတွေကို ဝယ်ခဲ့တဲ့ ခမာမြို့လုပ်ငန်းစုသုံးစုရှိပါတယ်။ ပြီးတော့ အရင်လဝက်အတွင်းမှာ အဲဒီလုပ်ငန်းစုသုံးစုက ထုတ်လုပ်ရေးလိုင်းတွေကိုစသုံးနေကြပါပြီ။ ကျုပ်ထင်တာတော့ ခင်ဗျား ခမာမြို့တော်ကိုပြန်ရောက်ရင် ကျုပ်တို့ Frestech အမှတ်တံဆိပ်အပြင် မှော်ပန်ကာနဲ့ မှော်ထမင်းပေါင်းအိုးတွေကို တွေ့ရလောက်တယ်။"

"ဒါပေမယ့် ဥက္ကဌှရှု၊ ခင်ဗျား သူတို့ကို ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးအတွက် နည်းပညာကို ပေးခဲ့လောက်မယ်မဟုတ်လား?" ရိုင်းန်က အငွေ့များထွက်နေသည့် အလိုအလျောက်မှော်ထမင်းပေါင်းအိုးကို ညွှန်ပြကာ မေးလာ၏။

ရှုယီက ခပ်ရေးရေးပြုံးလိုက်သည်၊ "ကျုပ်က တခြားလုပ်ငန်းစုတွေကို ဒီလုပ်ငန်းအတွက်ကြိုဆိုပြီး အခြေခံအထောက်အပံ့တောင်ပေးနိုင်ပါတယ်၊ ဒါပေမယ့် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာအားလုံးကို ပေးမယ်လို့တော့ မဆိုလိုဘူးလေ။ ဒီအလိုအလျောက် မှော်ထမင်းပေါင်းအိုးက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်ဖြစ်ပြီး ကျုပ်တို့လုပ်ငန်းစုရဲ့ အားသာချက်ကို ကိုယ်စားပြုတယ်။ တခြားလုပ်ငန်းစုတွေအနေနဲ့ ကျုပ်တို့လုပ်ငန်းစုကို အမီလိုက်ချင်ရင်တော့၊ ကောင်းပြီလေ ကိုယ့်အရည်ချင်းကိုပဲ ထုတ်ပြလိုက်ပေါ့!"

ရှုယီက ပြင်းထန်ပုံပေါ်လာသည်ကိုမြင်သော် စင်အောက်မှ လူများမှာ မည်သည်ကိုမှ မဆိုနိုင်တော့ချေ။

ရိုင်းန်ကမူ မနေနိုင်ဘဲ ခါးသက်သက်ရယ်မောလိုက်သည်။

ရှုယီမှာ အမှန်ကိုပြောနေခြင်းသာ။

Frestech ကုန်သည်ကြီးများအသင်းက ထိုရလာဒ်များကို ရယူရန် ကြိုးစားခဲ့ရသည်။ အခြားလူများနှင့် လုပ်ငန်းစုများမှာ ၎င်းတို့ထံ အလကားလွှဲပေးဖို့တောင်းဖို့ အခွင့်ရေးမရှိပါချေ။

ဤလုပ်ငန်းသို့ဝင်ရောက်ပြီး Frestech ကုန်သည်ကြီးများအသင်းကို အမှီလိုက်ရန်မှာ ၎င်းတို့ထံ ဦးညွှတ်ပြီး ၎င်းတို့ဆီက အထောက်အပံ့ရယူခြင်းထက် မိမိကိုယ်ကိုယ်မှီခိုရမည်သာဖြစ်သည်။

မှန်ပါ၏၊ သင့်တော်သည်ဟု ယူဆ၍မရသော လက်တွေ့များရှိလေသည်...

ရိုင်းန်က ၎င်းကိုစဉ်းစားပြီး တစ်ခုခုကိုမေးလိုက်ချင်သော်လည်း "ဒင်"ဟူသည့်အသံထွက်လာ၏။

တအံ့တဩကြည့်လိုက်သော် အလိုအလျောက်မှော်ထမင်းပေါင်းအိုးရှိ အလင်းနီနီက ရုတ်တရတ်ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ ရှုယီဖိချခဲ့သည့် ခလုတ်လေးက မူလနေရာကို ပြန်တက်နေ၏။

"အားလုံးပဲ၊ ထမင်းကျက်သွားပါပြီ။"

ရှုယီက ရယ်ကာ ထိုပေါင်းအိုးအဖုံးကိုဖွင့်လိုက်၏။ ထမင်းနံ့က လေထဲ၌ ပြည့်နှက်သွားပြီး မနက်စာ,စားရန်မေ့ခဲ့သည့် လူတချို့၏ အစာအိမ်များမှာ အသံထွက်လာကြသည်။

အားလုံးက ၎င်းထမင်းပေါင်းအိုးထဲရှိ ဖြူဖွေးနူးညံ့သည့် ထမင်းကိုကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်တော့သည်။

၎င်း အလိုအလျောက် မှော်ထမင်းပေါင်းအိုးမှာ တကယ်ကို အလိုအလျောက်ပါပင်!

ဆော်လ်တန်မြို့ရှိ သာမန်အဆောက်ဦအသေးလေးတွင် ခီမီရော့မှာ လက်ထဲရှိ အသစ်ထုတ် ဆော်လ်တန်မနက်ခင်းသတင်းအား စိုက်ကြည့်နေ၏။ သူ၏မျက်လုံးများက မလိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

"သေစမ်း အဲဒီ့ရှုယီ၊ သူက တကယ်ပဲ အသေးအမွှားလေးကို ဒါကိုအရမ်းကောင်းအောင် လုပ်ခဲ့တယ်ပေါ့! အလိမ်အညာတွေ!" ခီမီရော့က ဆော်လ်တန်မနက်ခင်းသတင်းရှိ ခေါင်းစီးကြီးကိုကြည့်ပြီး မနေနိုင်တော့ချေ။ သူက ၎င်းကိုဖြဲဆုပ်လျက် ထိုဆော်လ်တန်မနက်ခင်းသတင်း၏ ကော်ပီကိုကိုင်ကာ စားပွဲတစ်ဘက်၌ တိတ်တဆိတ်ထိုင်နေသော ရမ်ကို ကြည့်ရင်း ပြောလာ၏၊ "ဟေး ရမ်, ငါတို့ ဒီကောင် ဘဝင်လေဟပ်ပြ‌တာကို ဒီတိုင်းပဲကြည့်နေရမှာလား?"

ယခင်ကမ်မီလာ၏ မှော်မျှော်စင်မှာနှင့် နှိုင်းယှဉ်ပါက လက်ရှိ ရမ်သည် ပိုမိုပိန်ပါးပြီး မျက်နှာကလည်း တောက်ပမှုများစွာ ဆုံးရှုံးသွားခဲ့သည်။ သူဟာ သိသိသာသာ ပိုမှောင်မိုက်လာခဲ့၏။

ခီမီရော့၏အမေးကိုကြားသော် ရမ်က ခါးသက်စွာပြုံး၍ပြောသည်၊ "ငါတို့ဘာလုပ်နိုင်မှာလဲ? ငါတို့တွေ Frestech အမှတ်တံဆိပ်မှော်ပေါင်းအိုးရဲ့ လျှို့ဝှက်ချက်ကို ဖျက်ဆီးဖို့ အင်အားအကုန်စိုက်ထုတ်ပြီး သူ့ကိုအနိုင်ယူနိုင်မယ်ထင်ခဲ့တာလေ။ သူ့ဆီက သာမန်လှုပ်ရှားမှုလေးနဲ့ပဲ ငါ‌တို့ကို ကျော်သွားမယ်ဆိုတာ ဘယ်သူက သိမှာလဲ။ ငါတို့ ဘယ်လိုလုပ်သူ့ကိုယှဉ်နိုင်မှာလဲ?"

"မင်းက ဒီလိုနဲ့ပဲ အရှုံးပေးတော့မှာလား?" ခီမီရော့က ဒေါသတကြီးပြော၏၊ "ဒါဆို ဘယ်သူက ရလဒ်တွေပြပြီး ဝယ်လာရဲ့ချစ်ခြင်းမေတ္တာတွေကို အရပြန်ယူရင်း အဲဒီလူ ရှုယီကို နှိပ်ကွပ်တော့မှာလဲ? ဒီလိုမျိုး စွန့်လွှတ်လိုက်ရင် ဝယ်လာကို စွန့်လွှတ်ဖို့ပါကြံစည်နေလို့လား?"

"ဝယ်လာ"ဟူသည့်နာမည်ကိုကြားသော် ရမ်၏မျက်နှာ၌ နာကျင်မှုက ဖြတ်ပြေးသွား၏။ သူဟာ သက်ပြင်းချ၍ပြောသည်၊ "သူမအကြောင်း ထပ်မပြောနဲ့တော့။ သူက Frestech ကုန်သည်ကြီးများအသင်းဆီသွားဖို့ ရွေးပြီး ငါက သူမနဲ့မသွားခဲ့တော့ သူက ငါနဲ့ ပိုပိုဝေးလာပြီလို့ ခံစားခဲ့ရတယ်။ အခု... ငါတို့ကြားမှာ ဘာမျှော်လင့်ချက်မှမရှိတော့ဘူးလို့ထင်တယ်။"

"ဘာလဲ? ရှုယီက မင်းမိန်းကလေးကိုယူလိုက်တာနဲ့ အရှုံးပေးဖို့ စီစဉ်လိုက်ပြီပေါ့? မင်းက ယောက်ျားရောဟုတ်သေးရဲ့လား?!" ခီမီရော့က အသံစူးစူးဖြင့်မေးလာသည်။

ရမ်၏အသက်ရှူသံက လေးလံလာပြီး အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ခီမီရော့ကိုရုတ်တရတ်ကြည့်ကာ အော်ငေါက်လိုက်သည်၊ "ဒါဆို မင်းက ငါ့ကိုဘာလုပ်စေချင်နေတာလဲ? သူက အဲဒီ့ကောင်ရှုယီရဲ့ဝန်ထမ်းဖြစ်နေပြီး အဲဒီ့သောက် Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ခဲ့တဲ့ အသေးအဖွဲကိစ္စလေးတွေကို ပြောပြရမှာ‌တောင်ပျော်နေတာ! သူ့ရဲ့ နှလုံးသားတစ်ခုလုံးက Frestech ကုန်သည်ကြီးများအသင်းနဲ့ သက်ဆိုင်နေတာကို ငါက ဘယ်လိုအနိုင်ယူပြီး သူမကိုပြန်ယူရမှာလဲ?"

ရမ်၏အမူအရာကိုမြင်သော် ခီမီရော့၏မျက်နှာထားကပြောင်းသွားပြီး ရုတ်တရတ်ရယ်လာသည်။ သူက ရမ်၏ ပခုံးကိုကိုင်လျက် တိုးကာဆန်းကြယ်သည့်အသံဖြင့်ဆိုလိုက်၏၊ "တကယ်တော့၊ မင်းမလုပ်နိုင်တဲ့ အရာ မရှိတာတော့ မဟုတ်ပါဘူးကွာ၊ မင်း လုပ်ချင်လား မလုပ်ချင်ဘူးလားနဲ့ပဲ ဆိုင်တယ်..."

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၄။ ပြင်ပမှ ထုတ်ပေးခြင်း

Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ကြေငြာပွဲပြီးသည့်နောက်တွင် အိမ်သုံးမှော်စက်အလုပ်ရုံမှာ တစ်ဖန်အလုပ်များလာပြန်သည်။

အိမ်သုံးမှော်စက်အလုပ်ရုံအား ယခင်လက အပြီးသတ်ခဲ့သည်။ မူလက လုပ်သားငါးရာရှိပြီး အသစ်စုဆောင်းထားသည့် လူနှစ်ရာကိုထည့်ပေါင်းသော် စုစုပေါင်း လူခုနစ်ရာက အင်အားအပြည့်စတင်လုပ်ဆောင်လာကြကာ အလိုအလျောက် မှော်ထမင်းပေါင်းအိုးများပြုလုပ်ရန် အချိန်ပိုပါဆင်းနေကြပြီဖြစ်သည်။

ကိုယ်တိုင် အလိုအလျောက်မှော်ထမင်းပေါင်းအိုး၏ အရည်အသွေးနှင့် စွမ်းပကားကိုသက်သေပြုထားသူများစွာရှိသောကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များ၏ကျော်ကြားမှုမှာ တဟုန်ထိုးတက်လာ၏။

တစ်ယောက်ကမှ ဆယ်ယောက်၊ ဆယ်ယောက်ကနေ အယောက်တစ်ရာသို့ ရောက်လာသည်။ ဘန်တာမြို့ရှိ လူတိုင်းနီးပါးမှာ မျိုးဆက်သစ် အလိုအလျောက်မှော်ထမင်းပေါင်းအိုး၏ စွမ်းအားအကြောင်းသိကြသည်။

ထမင်းသိပ်မစားကြသည့် ဘန်တာမြို့၌ပင် အမှာစာငါးထောင်ကျော်ရှိသည်။

ထို့အပြင် ဆော်လ်တန်မနက်ခင်းသတင်းနှင့် ခမာသတင်းစာတို့၏ သတင်းများ၏ အနည်းငယ်ချဲ့ကားထားမှုမှတစ်ဆင့် အခြားမြို့များမှာလည်း ထိုအလိုအလျောက်မှော်ထမင်းပေါင်းအိုးနှင့် ရင်းနှီးလာကြသည်။ ကြော်ငြာပွဲပြီးနောက်တွင် အခြားမြို့များမှာ ကုန်သည်အတော်များများမှာ မှာယူရန်အတွက် ရှုယီဆီအပြေးရောက်လာကြသေးသည်။

ထိုသုံးရက်လေးအတွင်း အခြားမြို့များရှိ အလိုအလျောက်မှော်ထမင်းပေါင်းအိုးအတွက် အမှာစာများမှာ အလုံးနှစ်သောင်းပင်ကျော်သွားသည်။

ရှုယီကို ဝမ်းအသာစေဆုံးမှာ ထိုထမင်းပေါင်းအိုးမျိုးဆက်သစ်က ဘန်တာမြို့မှ ကီလိုမီတာ တစ်ရာ့ငါးဆယ်ဝေးကွာသော ခရာမာမြို့ကိုပါ ရောက်ရှိသွားခြင်းပင်။

ခရာမာမြို့မှာ အန်ဗီမာမြို့တော်မှ ကီလိုမီတာတစ်ရာနီးနီးဝေးသည်ဟုလည်းသိရ၏။ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များမှာ ခရာမာမြို့တော်သို့ရောက်နိုင်ပါလျှင် နောက်ခြေတလှမ်းအနေနှင့် အန်ဗီမာမြို့တော်သို့ရောက်လျှင် ထူးဆန်းလိမ့်မည်မဟုတ်ချေ။

မှန်ပါ၏၊ လက်ရှိတွင် အန်ဗီမာမြို့တော်၌ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်အတော်များများရှိနေပြီဖြစ်သည်။

ဆောင်းတွင်းသုံးလအတွင်း သခင်လေးသုံးဦး၏ ဗစ်တာအုပ်စုမှာ အပူ‌ချိန်ပြောင်းမှော်လေအေးပေးစက်သုံးရာကျော်ရောင်းချပြီးပြီဖြစ်၏။

၎င်းတို့အနေနှင့် ထိုလေအေးပေးစက်တစ်လုံးစီမှ ရွှေဒင်္ဂါးဆယ်ပြားဝန်းကျင်ရနိုင်ရာ ၎င်းမှ ရွှေဒင်္ဂါးသုံးထောင်ကျော်ရရှိခဲ့သည်။

၎င်းကို သုံးဦးအကြားခွဲဝေလိုက်ပါလျှင်တောင် တစ်ဦးစီမှာ ရွှေဒင်္ဂါးတစ်ထောင်စီရကြမည်ဖြစ်၏။

ထိုသို့များပြားသည့်ပမာဏမှာ ယခင်က ၎င်းတို့စိတ်မကူးခဲ့ဖူးသော အရာပင်။

ထိုချိုမြိန်မှုကို ကြုံတွေ့ခဲ့ကြရသည့် ၎င်းတို့သုံးဦးမှာ ယခင်ကလို အန်ဗီမာမြို့တော်၌ လူရှုပ်လေးများနှယ်မပြုမူကြတော့ပါချေ။ ထိုအစား ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းကို အလေးအနက်ဆက်သွယ်၍ အန်ဗီမာမြို့တော်၌ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဆက်များကို ဆက်လျက်ရောင်းရန်စီစဉ်ထားသည်။

ရှုယီ၏အကြံပြုချက်ဖြင့် ၎င်းတို့မှာ အန်ဗီမာမြို့တော်၌ Frestech ကုန်သည်ကြီးများအသင်း၏မှော်စက်များရောင်းရန် Frestech အမှတ်တံဆိပ်အထူးဆိုင်ခွဲတစ်ဆိုင်ဖန်တီးဖို့ရာ ၎င်းတို့ရရှိထားသော ထိုရွှေအိုးကြီးကိုယူလိုက်ကြ၏။

ဆောင်းရာသီကုန်လွန်သွားသဖြင့် ဆိုင်ခွဲမှာ အပူချိန်ပြောင်းမှော်လေအေးပေးစက်များထပ်မရောင်းတော့ဘဲ မှော်မီးအိမ်များနှင့် မှော်ထမင်းပေါင်းအိုးများကိုသာ ရောင်းတော့သည်။

ရှုယီ မျိုးဆက်သစ်အလိုအလျောက် မှော်ထမင်းပေါင်းအိုးကို မကြော်ငြာခင်က ၎င်းတို့ကို ဆက်သွယ်ခဲ့သည်။

ဗစ်တာလည်းချက်ချင်းဆုံးဖြတ်ချက်ချကာ Frestech ကုန်သည်ကြီးများအသင်းထံမှ အလိုအလျောက်မှော်ထမင်းပေါင်းအိုးတစ်ထောင်ဝယ်ယူခဲ့၏။

ထိုအမှာစာအပါအဝင် အလိုအလျောက်မှော်ထမင်းပေါင်းအိုး မှာယူမှုမှာ အလုံးသုံးသောင်းထိနီးကပ်လာပြီပင်။

ထိုအလိုအလျောက်မှော်ထမင်းပေါင်းအိုး၌ ငွေရွက်သတ္တုစပ်အသစ်ကိုသုံးထားကာ ရှုယီ ကမ္ဘာမြေထံမှယူဆောင်လာခဲ့သည့် သတ္တုအပူချိန်ထိန်းချုပ်စနစ်ကိုအသုံးပြုထားသော်လည်း ၎င်းမှာ ဈေးအနည်းငယ်သာတက်သွားသည်။ ပထမမျိုးဆက်တွင် ရွှေဒင်္ဂါးမပြည့်ဘဲနေရာမှ ယခု ရွှေဒင်္ဂါးတစ်ပြားကျော် ကုန်ကျသည်။

ထို့အပြင် ၎င်းမှော်ပေါင်းအိုးက ပထမမှော်ပေါင်းအိုးထက် များစွာပိုမိုကျော်ကြားသည့် ထူးကဲသောဒီဇိုင်းနှင့်လာသည်။ အတိအကျဈေးနှုန်းမှာ ရွှေဒင်္ဂါးသုံးပြားမှ သုံးပြားနှင့်တစ်ဝက်တက်သွားရာ တစ်အိုးချင်းစီထံမှ အမြတ်ငွေလည်း တိုးလာသည်ပင်။

ထိုသို့ သုံးသောင်းနီးနီးရောင်းရရာ Frestech ကုန်သည်ကြီးများအသင်းမှာ အမြတ်ငွေ ရွှေဒင်္ဂါးငါးသောင်းကျော်ရသည်။

ထို့အပြင် ယခု အလုပ်ရုံအသစ်သည် လုပ်ငန်းလည်ပတ်နိုင်ပြီဖြစ်ရာ အလိုအလျောက် မှော်ထမင်းပေါင်းအိုး အသစ်အတွက် ထုတ်လုပ်မှုလိုင်းသုံးလိုင်းရှိကာ ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်မှာ နှစ်ဆတိုးလာခဲ့သည်။

အလိုအလျောက် မှော်ထမင်းပေါင်းအိုးသုံးသောင်းနီးပါး အမှာစာကို အပြီးသတ်ရန် နှစ်လအောက်သာ ကြာမည်ဖြစ်သည်။

ထို့အပြင် ယခု ခမာမြို့တော်အပြင်ဘက်ရှိ အလုပ်ရုံမှာလည်ပတ်နေပြီဖြစ်ရာ လုပ်သားအားလုံးကို မစုဆောင်းရသေးသဖြင့် ထုတ်လုပ်နိုင်စွမ်းအပြည့်ထိမရောက်နိုင်သော်လည်း ၎င်းက ဘန်တာမြို့တော်အလုပ်ရုံထံမှ ဖိအားတချို့ကို ယူနေရဆဲပင်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းအတွက် ၎င်းတို့၏ အကြီးမားဆုံးစီမံကိန်းမှာ စိုက်ပျိုးရေးဌာန၏ မှာယူမှုကြီးကို အပြီးသတ်ရန်ဖြစ်၏။ ထို့ကြောင့် မှော်စက်အလုပ်ရုံ၏ လူပုလေးများမှာ အိမ်သုံးမှော်စက်အလုပ်ရုံရှိ လုပ်သားများထက်ပင် အချိန်ပို,ပိုဆင်းနေရသေးသည်။

ရှုယီမှာ ၎င်းကြောင့် ကူကယ်ရာမဲ့နေ၏။ လမ်ပူရီတိုင်းပြည်တော်ဝင်လွှတ်တော်မှ အလုပ်သမားလက်မှတ်များမရသေးခင်တွင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လူပုလေးများကို ထပ်မံစုဆောင်းဖို့ရာ မသင့်တော်ချေ။ ထို့ကြောင့် ၎င်းတို့၏လုပ်နိုင်စွမ်းက ဤနေရာ၌ရပ်တန့်နေ၏။

ရှုယီက မှော်စက်အလုပ်ရုံ၏လုပ်နိုင်စွမ်းကိုတိုးမည့် နည်းလမ်းတစ်ခုအတွက် ဦးနှောက်ကိုညှစ်ထုတ်နေချိန်တွင် Frestech ကုန်သည်ကြီးများအသင်းက အထူးကုန်သည်တစ်ဦးကို ကြိုဆိုလိုက်သည်။

"ဒါက...အဲဒီ.. ဥက္ကဌရှု၊ မင်္ဂါလာပါ။ ကျုပ်...ကျုပ်ကို... ဖရီးမန်းလို့ခေါ်လို့ရပါတယ်။ ကျုပ်က ခင်ဗျားတို့လုပ်ငန်းစုရဲ့၊ အမ်း... ပထမဆုံး လယ်သမား ထောက်ပံ့မှု အစီအစဉ်က ပံ့ပိုးပေးခဲ့တဲ့လူ ...... အဲဒီ အစီအစဉ်ကလူတစ်ယောက်ပါ ......"

ရှုယီက အင်မတန်စိတ်လှုပ်ရှားကာ ထစ်အနေသော ရိုးရှင်းဟန်ပေါ်သည့် သက်လတ်ပိုင်းလူကိုကြည့်လိုက်သည်။ သေချာစဉ်းစားကြည့်ပြီးနောက် သူက ထိုလူကိုညွှန်ပြကာ ပြောလာသည်၊ "ကျုပ်အခုသတိရပြီ၊ ခင်ဗျားက အရင်တစ်ခေါက်တုန်းက အစားဘုရင်ကြီးပဲ!"

ဖရီးမန်းက ရယ်ကာ ရှုယီက အစားဘုရင်အကြောင်းကိုပြောလိုက်သောကြောင့် စိတ်လှုပ်ရှားမှုလျော့နည်းလာသည်။ သူက ခေါင်းငြိမ့်၍ဆို၏၊ "ဟုတ်ပါတယ်။ ကျုပ်ပါ။ ကျုပ် အရင်နှစ်က ဘန်တာမြို့တော်ကိုလာတော့ ခင်ဗျားရဲ့အစားဘုရင်ကြီးပြိုင်ပွဲကို အချိန်မီပြီး ချန်ပီယံဖြစ်သွားခဲ့တာ။ နောက်တော့...နောက်တော့ ကျုပ် လယ်သမားထောက်ပံ့မှုအစီစဉ်မှာ ပါဝင်ခဲ့တယ်။"

"အန်း၊ ခင်ဗျားက ရိတ်သိမ်းပြီးပြီးချင်း မကြာခင်မှာ ပေး‌ချေခဲ့ပြီး အရာအားလုံးကို ပြန်ဆပ်နိုင်တဲ့ ပထမဆုံး လယ်သမားတစ်ယောက်ဆိုတာကို ကျုပ်မှတ်မိတယ်။” ရှုယီက ခေါင်းငြိမ့်၍ဆက်ပြောသည်၊ "ကြည့်ရတာ အရင်တစ်ခေါက် ရိတ်သိမ်းပွဲမှာ ခင်ဗျားတကယ်ကိုခံစားနိုင်ခဲ့ပုံပဲ။ မှော်ကောက်ရိတ်စက်လေးတစ်ခုအပေါ်မှီခိုရုံနဲ့ ဒီလောက်ငွေအတော်များများကို ဝင်စေခဲ့တယ်။"

ရှုယီက ထိုအသေးစားမှော်ကောက်ရိတ်စက်အကြောင်းထုတ်ပြောလာသည်ကိုကြားသော် ဖရီးမန်းမှာ ပျော်ရွှင်စွာပြုံးလိုက်ပြီး၊ "ဥက္ကဌရှု၊ ကျုပ်အနေနဲ့ ဒါ့အတွက် Frestech ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်ရမယ်။ ခင်ဗျားရဲ့ အစီစဉ်ကြောင့်သာမဟုတ်ရင် ကျုပ်က ဒီလိုမှော်ကောက်ရိတ်စက်မျိုးဝယ်ဖို့ ဘယ်တတ်နိုင်မှာလဲ။ ဒီကိစ္စကိုပြောရင် ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်ရဲ့ကျေးဇူးရှင်တွေပဲ။ ကျုပ်မိသားစုက ခင်ဗျားကြောင့် အစားစာနဲ့အဝတ်စားအတွက် ပူဖို့ မလိုတော့တာလေ။"

ရှုယီက ရယ်ကာလက်ယမ်းပြလိုက်ပြီး၊ "ခင်ဗျားကို ထောက်ပံ့တာက တစ်ကိစ္စ၊ ခင်ဗျားအလုပ်ကြိုးစားတာက တစ်ကိစ္စပါ။ အရင်တစ်ခေါက်အစီစဉ်မှာ ပါဝင်ကြတဲ့ လူတွေထဲမှာ အလုပ်မကြိုးစားတဲ့လူအတော်များများရှိပြီး သူတို့အကြွေးတွေကိုလည်းမဆပ်နိုင်ကြဘူးလေ၊ ဒါကြောင့် သူတို့ရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေကို ကျုပ်တို့ပြန်ယူလိုက်ကြတယ်။"

"ဟမ့်! ဒီလိုပျင်းရိတဲ့လူတွေ၊ သူတို့ကိုပေးလာတဲ့အခွင့်အရေးကို မဆုပ်ကိုင်ထားကြတော့ ဒါနဲ့တန်တယ်!" ဖရီးမန်းက ပြင်းပြစွာဆိုသည်။

ရှုယီက ရယ်မောကာ ထိုခေါင်းစဉ်ကိုများများစားစားပြောမနေတော့ပေ။ သူကမေးလိုက်၏၊ "ဟုတ်ပြီ၊ ဖရီးမန်း, ခင်ဗျားအကြောင်းထပ်ပြောကြတာပေါ့။ ခင်ဗျား ကျုပ်ကိုတကူးတကလာရှာတာ ဘာကြောင့်များလဲ? ခင်ဗျားအနေနဲ့ ကျုပ်တို့လယ်သမားထောက်ပံ့ရေးအစီစဉ်အတွက် အကြံဉာဏ်လေးတွေများရှိလို့လား?"

"မဟုတ်ပါဘူး၊ ထောက်ပံ့ရေးအစီစဉ်အတွက်မဟုတ်ဘူး။ အဲဒါက..." ဖရီးမန်းမှာ တစ်ယောက်တည်းလာခြင်းမဟုတ်၊ သူနဲ့အတူလာကြသည့် အိုင်ရီလန်ကျေးရွာမှ လယ်သမားအမြောက်အများလည်းပါသည်။ ထိုသို့ပြောနေစဉ်တွင် သူက အပေါင်းအဖော်များကိုကြည့်လိုက်ရာ ၎င်းတို့က ထောက်ခံကာကြည့်လာသဖြင့် ဖရီးမန်းလည်း ခေါင်းငြိမ့်ကာ ရှုယီကိုပြောရန် လှည့်လိုက်သည်၊ "ဒါက...ဥက္ကဌရှု၊ ကျုပ် ဒီတစ်ခေါက်လာတာက ခင်ဗျားနဲ့ ဆွေးနွေးစရာရှိလို့ပါ။ ကြည့်ပါဦး၊ ကျုပ်တို့ရွာရဲ့သီးနှံတွေကို ရိတ်သိမ်းရာမှာ ကူဖို့ ဒီမှော်ကောက်ရိတ်စက်ကိုသုံးခဲ့ချိန်မှာ စက်က အကြိမ်များစွာပျက်ခဲ့တယ်။ အစပိုင်းမှာတော့ ပြန်ပြင်ဖို့ ဝန်ဆောင်မှုဌာနကိုယူသွားရုံပဲတတ်နိုင်တာပေါ့၊ ဒါပေမယ့် အကြိမ်ပေါင်းများစွာသွားပြီးတဲ့နောက်ကျတော့ ကျုပ်ကိုယ်တိုင်ဘယ်လိုလုပ်ရမလဲသင်ခဲ့တယ်။ ကျုပ်ဒါကိုပြင်လေ မှော်ကောက်ရိတ်စက်က သံ‌အပိုင်းလေးတွေကို အတူပေါင်းထားတာဆိုပြီး သတိပြုမိလေပဲ။ ကျုပ်မှန်တယ်လို့ ခင်ဗျားထင်လား?"

ရှုယီက ၎င်းကို‌ပျော်ရွှင်ဖွယ်ဟုမြင်ရာ ခေါင်းငြိမ့်၍ပြောလိုက်သည်၊ "တချို့မတူတာလေးတွေတော့ရှိပေမယ့် ခင်ဗျားဒီလိုပြောလည်း အတော်တော့နီးစပ်ပါတယ်။"

"အမ်း၊ ဒီလိုပေါ့။ မှော်ကောက်ရိတ်စက်မှာရှိတဲ့ ဘုတ်တစ်ခု ပျက်သွားတုန်းက ခင်ဗျားတို့ဝန်ဆောင်မှုဌာနက တစ်ယောက်က ဒါကို အစားထိုးဖို့ငွေလိုကြောင်း ပြောခဲ့တယ်။ ကျုပ်က ငွေမသုံးချင်တော့ ရွာထဲက ပန်းပဲဆရာကို ဒါရဲ့အရင်ကအသွင်ပြင်ပေါ်အခြေခံပြီး ကျုပ်အတွက် တစ်ခုလုပ်ခိုင်းလိုက်တယ်။ ဒါက ပြောင်းလဲလိုက်ပြီးတောက်မှာ အရင်ကလိုမကောင်းတော့ပေမယ့် သုံးလို့ရနေတုန်းပါပဲ။ နောက်တော့..."

၎င်းကိုနားထောင်ပြီးနောက် ရှုယီမှာ သူ့စကားကိုဖြတ်ရန် မထိန်းနိုင်ဘဲ လက်ထောင်လိုက်သညိ။

"လိုရင်းကိုပြောပါ။ ဖရီးမန်း, ခင်ဗျား ဘာကိုပြောချင်တာလဲ? ခင်ဗျားမှာ တောင်းဆိုမှုဖြစ်ဖြစ် အကြံဖြစ်ဖြစ်ရှိရင် တိုက်ရိုက်သာ ပြောလိုက်ပါ။ ခင်ဗျားကို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့မိတ်ဆွေဟောင်းလို့ သတ်မှတ်ထား‌တာကြောင့် ခင်ဗျားပြောလို့မရတာမရှိပါဘူး။"

"အိုး၊ အိုး ဟုတ်ပြီ ကျုပ်ပါးစပ်ကိုလည်းကြည့်၊ စပြောလိုက်တာနဲ့မေ့သွားပြီ။ ဥက္ကဌရှု၊ ခင်ဗျားက အလုပ်များတဲ့လူ‌ဆိုတော့ ဒီလိုအချိန်ဖြုန်းနေလို့မရဘူး။ အမ်း ဒီလိုပါ ဥက္ကရှု၊ ကျုပ်စဉ်းစားနေတာက...ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့မှော်ကောက်ရိတ်စက်တွေကို ဒီအစိတ်အပိုင်းတွေနဲ့လုပ်နေတော့ ကျုပ်တို့ကို ဒါရဲ့တစ်စိတ်တစ်ပိုင်းလောက်ကို လုပ်ဖို့ ပေးလို့ရမလားဗျ?"

"နေဦး၊ နေဦး၊ ခင်ဗျားဘာပြောလိုက်တာ?" ရှုယီ၏ မျက်လုံးများ အံ့ဩမှုကြောင့်ကျယ်သွားက မျက်နှာထက် မယုံနိုင်မှုဖြင့်ပြည့်နေပြီး၊ "ခင်ဗျားဆိုလိုတာက...မှော်ကောက်ရိတ်စက်တွေအတွက် အစိတ်အပိုင်း ထုတ်လုပ်မှုကို ပြင်ပကနေ ထုတ်ပေးချင်တာလား?"

"ပြင်ပကနေထုတ်ပေးတယ်? အိုး၊ ဒီလိုဖြစ်သွားတာပဲ။ ဘာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ ဝန်ဆောင်မှုဌာနဆီက ကြားတာတော့ ဒီအစိတ်ပိုင်းတွေကိုလည်း ခင်ဗျားတို့လုပ်ငန်းစုကပဲလုပ်ပြီး လူအင်အားအတော်လေးလိုတယ်တဲ့လေ... ဒါကခင်ဗျား ခဏခဏစိုးရိမ်နေတဲ့ကိစ္စလည်း ဖြစ်တယ်လို့ကြားပြီး ဒီအစိတ်အပိုင်းတွေကိုလုပ်ဖို့က အဲ့လောက်ခက်ပုံမပေါ်ဘူးလို့ ကျုပ်အထင်တော့ ကျုပ်တို့ကိုသာ လုပ်ခွင့်ပေးလိုက်ရင် ခင်ဗျားအတွက် အားစိုက်မှုအတော်လေးသက်သာသွားနိုင်လောက်တယ်။" ထိုသို့ပြောပြီးနောက် ဖရီးမန်းက ရှုယီကို မျှော်လင့်နေသည့်အကြည့်ဖြင့် သေချာကြည့်ကာ၊ "ဥက္ကဌရှု၊ ခင်ဗျားထင်လား... ဒါက အဆင်ပြေမယ်လို့?"

ရှုယီမှာ ဖရီးမန်းကို ပထမဆုံးအကြိမ်တွေ့ဖူးသလို အကြိမ်များစွာကြည့်လိုက်၏။ ဖရီးမန်းက မည်မျှကြောက်ရွံ့နေသည်ကိုမြင်‌သော် သူကရယ်၍ ဖရီးမန်းနောက်မှလူများကိုကြည့်ကာ မေးလိုက်သည်၊ "ဒါက ခင်ဗျားတို့အတူရခဲ့တဲ့ အကြံလား?"

ဖရီးမန်းက သူ့ကဲ့သို့ မျက်နှာညိုညိုနှင့် ရိုးစင်းဟန်ရှိသည့် လယ်သမားတစ်ဦးကိုညွှန်ပြလာပြီး ပြောသည်၊ "ဒီအကြံက အဓိကအနေနဲ့ ခိုဗက်ခ်ဆီကနေ လာတာပါ။ သူတို့ပြောတာတော့ ကျုပ်က ခင်ဗျားကိုသိပြီး အရင်ကလည်းစကားပြောဖူးတာကြောင့် ခင်ဗျားနဲ့ကျုပ်ကို ဆွေးနွေးစေချင်သွားကြတာ။"

၎င်းတို့၏ထက်သန်ကာ မျှော်လင့်နေသည့်ဟန်များကိုမြင်သော် သူ၏မျက်နှာ၌ အင်မတန်ဝမ်းမြောက်သည့်အပြုံး ပေါ်ထွက်လာကာ ဖရီးမန်း၏ပခုံးကိုပုတ်လျက် အော်ပြောလိုက်တော့သည်၊ "ဒါပေါ့! ဒါပေါ့ ခင်ဗျားတို့လုပ်လိုရတယ်!"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၅။ ရှေ့လျှောက် ပြန်မလာနဲ့တော့

ရှုယီမှာ ယခင်က စိုင်စ်နယ်မြေသားများကို လျှော့တွက်ခဲ့သည်ဟု ဝန်ခံရပေမည်။

သူဟာ မှော်စက်များက စိုင်စ်နယ်မြေ၌ ပစ္စည်းအသစ်ဖြစ်ရာ သုတေသနစလုပ်ရန် မဆိုထားနှင့် ၎င်းပစ္စည်းသစ်ကိုလက်ခံရန် အချိန်အတော်ယူရမည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် စိုင်စ်နယ်မြေတွင် စက်မှုစနစ်တစ်ခု ဖန်တီးရန် အ‌ချိန်အတော်ပေးရမည်ဟု အမြဲလိုလိုခံစားနေရပြီး သူ၏ဘဝတစ်လျှောက်၌လည်း မဖန်တီးနိုင်တော့သည်လည်း ဖြစ်နိုင်သည်ဟု တွေးခဲ့မိ၏။

သို့သော် လက်တွေ့က သူ့ကို အညှာအတာမဲ့စွာရိုက်ချလိုက်သည်ပင်။

မှော်စက်များထွက်ပေါ်လာသည်နှင့် ဘန်တာမြို့သားများလက်ခံရန် အတွက် အချိန်တိုတိုလေးသာကြာမြင့်ခဲ့သည်။ ထို့နောက် ဘုရင်ကြီးနှင့် စိုက်ပျိုးရေးဌာနတို့က Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းသည့်အကြောင်းကို ကြေညာလိုက်သည့်နောက်ဝယ် လမ်ပူရီတိုင်းပြည်ရှိ မုန်တိုင်းတစ်ခုအပြီး မှိုပွင့်နှယ် ကြီးထွားလာကာ လုပ်ငန်းစု အကြီးအသေးများစွာကပါ မှော်စက်များထုတ်လုပ်လာကြပြီဖြစ်၏။

ထိုလုပ်ငန်းစုများက လတ်တလောတွင် Frestech ကုန်သည်ကြီးများအသင်းကို မယှဉ်နိုင်သေးရာ ၎င်းတို့၏မှော်စက်များကလည်း Frestech ကုန်သည်ကြီးများအသင်း၏ အစောပိုင်းထုတ်ကုန်များကို အတုယူထားခြင်းဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ရောင်းအားကွန်ရက် မရောက်ရှိနိုင်သည့်နေရာများတွင် ပမာဏများစွာ ငွေဝင်နေဆဲပင်။

ရှုယီအား အမှန်တကယ် ထိတ်လန့်အံ့အားသင့်စေသည်မှာ ဖရီးမန်းကဲ့သို့ သာမန်လယ်သမားများက ၎င်းတို့၏ အသေးစားမှော်ကောက်ရိတ်စက်များမှအတွေ့အကြုံလေးနှင့်ပင် ထုတ်ကုန်အစိတ်အပိုင်းများကို ပြင်ပမှ ထုတ်လုပ်ပေးခြင်းဟူသည့် အကြံကို တွေးမိကြခြင်းဖြစ်သည်။

၎င်းစီးပွားရေးစိတ်ဓာတ်မှာ ရှုယီအား မနေနိုင်အောင်အံ့ဩမိစေ၏။

ရှုယီမှာ ဖရီးမန်း၏အကြံကို ရွှင်ပြလှစွာသဘောတူလိုက်ပြီး ဦးဆုံး ၎င်းတို့ကို အလုပ်ရုံထံလှည့်ပတ်ပြပြီးမှ ကိုယ်တိုင် ညွှန်ကြားချက်တချို့ပေးလိုက်လေသည်။

အစိတ်အပိုင်းများကို ပြင်ပမှထုတ်လုပ်ရန် ထုတ်လုပ်ရေးမှော်စက်များဝယ်မည့် ဖရီးမန်းတို့၏အကြံအား ရှုယီကသဘောတူခဲ့သော်လည်း အစိတ်ပိုင်းကြီးများအတွက်ကိုတော့ သဘောမတူပါချေ။

ထိုသည်မှာ ၎င်းတို့၏ နည်းပညာအင်အားနှင့် မှော်စက်များအတွက်နည်းပါးသောဗဟုသုတကြောင့် ၎င်းတို့သာ အလျင်စလို အစိတ်ပိုင်းကြီးများကိုပြုလုပ်ခဲ့ပါလျှင် Frestech ကုန်သည်ကြီးများအသင်း၏ လိုအပ်ချက်ကို မပြည့်မီနိုင်သည့် အစိတ်အပိုင်းများဖြစ်သွားပေလိမ့်မည်။ အဆုံးတွင် ၎င်းတို့အားမသုံးနိုင်တော့ဘဲ ဆုံးရှုံးမှုကြီးဖြစ်စေနိုင်၏။

နောက်ဆုံး၌ ရှုယီ၏အကြံပြုချက်အောက်တွင် ဖရီးမန်း၏အဖွဲ့မှာ မှော်အရစ်ဖော်စက်ဘက်ကို လှည့်ကြည့်လိုက်ကြသည်။

ဝက်အူရစ်များက Frestech ကုန်သည်ကြီးများအသင်းထုတ်လုပ်သည့် မှော်စက်များအတွက် သေးငယ်ပါသော်လည်း ၎င်းတို့မှာ စက်များစွာ၌အသုံးပြုရသည့် မရှိမဖြစ်အစိတ်အပိုင်းပါပင်။

ထို့အပြင် မှော်အရစ်ဖော်စက်မှာ Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ပေးသည့် ပထမဆုံးသောတရားဝင်ထုတ်လုပ်ရေးမှော်စက်ဖြစ်ပြီး ၎င်းကို ထုတ်လုပ်ခဲ့သည်မှာ တစ်နှစ်လောက်ရှိပြီဖြစ်ရာ ယခင်ကနှင့်ယှဉ်လျှင် များစွာပိုမို အဆင်ပြေသည်။ ၎င်းအား လည်ပတ်ရန် ရိုးရှင်းရုံသာမက ပိုမိုလည်းတည်ငြိမ်သည်ဖြစ်ရာ ထုတ်လုပ်ပြီးသားဝက်အူရစ်အမျိုးစားများစွာပါရှိသည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိမှော်စက်များအားလုံးအတွက် လိုအပ်ချက်ကို ပြည့်မီနိုင်ပါ၏။

ဖရီးမန်းတို့၏အဖွဲ့စဉ်းစားပြီးသော် ရှုယီ၏အကြံပြုချက်ကိုလက်ခံကာ Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်အရစ်ဖော်စက် ငါးလုံးစာဝယ်ယူခဲ့လိုက်၏။

မျိုးဆက်သစ်‌ မှော်အရစ်ဖော်စက်မှာ တစ်လုံးလျှင် ရွှေဒင်္ဂါးလေးဆယ်ပြားကုန်ကျသည်ဖြစ်ရာ ငါးလုံးဆိုပါက ရွှေဒင်္ဂါးနှစ်ရာလိုလိမ့်မည်။

ထိုသည်က သာမန်လယ်သမားများအတွက် များပြားလှကာ ဖရီးမန်း၏အဖွဲ့က ငွေအချို့ဝင်ရန် စိုက်ပျိုးရေးသုံးမှော်စက်ကို အသုံးပြုခဲ့ပါသော်လည်း ထိုမျှများပြားလှသည့် ပမာဏကို မထုတ်နိုင်ပါချေ။

ထို့ကြောင့် ဖရီးမန်းမှာ မှော်ကောက်ရိတ်စက်ရစဉ်ကနှင့်ထပ်တူ မှော်အရစ်ဖော်စက်အတွက်လည်း ရွှေ့ဆိုင်းခြင်းနည်းလမ်းကို သုံး၍ ရနိုင်မည်လားကို တုံ့တုံ့ဆိုင်းဆိုင်းမေးလာသောအခါ ရှုယီမှာ လုံးဝအံ့ဩမသွားဘဲ တောင်းဆိုချက်ကို တိုက်ရိုက်ပင် သဘောတူလိုက်သည်။

ရှုယီအတွက် ဖရီးမန်းကဲ့သို့ မှော်စက်အစိတ်အပိုင်းများစတင်ထုတ်လုပ်တော့မည့် သာမန်လယ်သမားများမှာ လမ်ပူရီတိုင်းပြည်၌ ပွင့်လန်းလာခဲ့သည့် မှော်စက်များထက်ပင် များစွာပိုမိုထူးကဲပါပေသည်။

၎င်းတို့မှာ သာမန်လယ်သမားများသာဖြစ်သော်လည်း မှော်အရစ်ဖော်စက်များကို ဝယ်ယူနေကတည်းက စက်မှုစနစ်၏ အရေးပါသည့် အစိတ်ပိုင်းတစ်ခုမှာ စိုင်စ်‌နယ်မြေ၌ ပေါ်ပေါက်လာနေပြီဖြစ်သည်ကို သက်သေပြနေ၏။

အချိန်ပေးလိုက်ပြီး ထိုသို့သော လုပ်ငန်းစုလေးတစ်ခု တဖြည်းဖြည်းပေါ်ထွက်လာပါလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ထိုလုပ်ငန်းစုလေးအား ၎င်းတို့မှော်စက်များအတွက် အစိတ်အပိုင်းများထုတ်လုပ်ခွင့်ပေးလိုက်ရုံသာပက်။ ထိုသည်က ရှုယီအနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ကိစ္စများအပေါ် အာရုံစိုက်ရန် ကိစ္စအတော်များများကိုသက်သာစေ၏။

မှန်ပါသည်၊ ရှုယီစိတ်ထဲရှိ ရည်မှန်းချက်မှာ လူတိုင်းနားလည်နိုင်မည်မဟုတ်သည့်အရာပါပင်။

ယခင်က ဟိန့်ဇ်ဖြစ်ခဲ့သော်လည်း ယခုတွင် ဟိန့်ဇ်က ခမာမြို့တော်ရှိစက်ရုံကို ခန့်ခွဲနေပြီး စောဒကတက်နေသူမှာ ဆာဘက်စ်အဖြစ်ပြောင်းသွားသည်။

"ဥက္ကဌရှု၊ အရင်လရဲ့ဘဏ္ဍာရေးအစီရင်ခံစာတွေအရ ကျွန်တော်တို့ရောင်းခဲ့တဲ့ ဝက်အူရစ်မျိုးစုံအတွက် အမြတ်ငွေ ရွှေဒင်္ဂါးပြား ခုနစ်ရာခြောက်ဆယ့်လေးပြားရှိပါတယ်။ ဝက်အူရစ်တွေအတွက် ကျွန်တော်တို့ဆီ ယူဆောင်လာတဲ့ ကုန်ကျစရိတ် အကျိုးအမြတ် မပါရင်‌တောင်၊ ပေါင်းကြည့်လိုက်ရင် စုစုပေါင်းရွှေဒင်္ဂါးပေါင်း နှစ်ထောင်ကျော် ရှိလိမ့်မယ်”

၎င်းက ဟိန့်ဇ်၏အထွန့်တက်ခြင်းနှင့်ခြားနားပါ၏။ ဆာဘက်စ်မှာ လေးနက်ပြီး ရှုယီကို လေးစားသူဖြစ်ရာ သူ၏ရည်ရွယ်ချက်ကိုထောက်ခံမည့် အချက်အလက်ကို အမြဲတစေဦးစွာ ယူလာတတ်သည်။

"ဥက္ကဌက အဲဒီ့ လယ်သမားတွေဆီက အခကြေးငွေမယူဘဲ မှော်အရစ်ဖော်စက်ငါးလုံးကိုရောင်းပြီး ဝက်အူရစ်တွေထုတ်လုပ်ဖို့ နည်းလမ်းမှာ ကျွမ်းကျင်အောင်ကူညီဖို့လည်း ကတိပေးထားတယ်ဆိုတော့ ဒါက တကယ်တမ်းသူ‌တို့ကို အဲဒီ့အမြတ်ငွေတွေပေးနေတာပဲ။ အဲဒါက...အဆင်ပြေတယ်ပေါ့?" ဆာဘက်စ်က ရှုယီကို သံသယအပြည့်ဖြင့်ကြည့်လာသည်။

"ငါမင်းကိုမေးပါရစေ။" ရှုယီက ပြန်မေးသည်၊ "ဆာဘက်စ်, မင်းအနေနဲ့ ငါတို့ Frestech ကုန်သည်ကြီးများအသင်းက ပထမတန်းလုပ်ငန်းစုဖြစ်လာမယ်လို့ထင်လား?"

ဆာဘက်စ်က ကြောင်အသွားသည်၊ ရှုယီမှာ ရုတ်တရတ်ကြီး ထိုသို့သောမေးခွန်းမျိုးမေးလာလိမ့်မည်ဟု ထင်မဖူးခဲ့ဖူးချေ။

စဉ်းစားပြီးနောက်၌ ဆာဘက်စ်က အသာခေါင်းငြိမ့်လျက်၊ "ဟုတ်ကဲ့၊ ဥက္ကဌ၊ ကျွန်တော်တို့ လုပ်ငန်းစုက စိုင်စ်နယ်မြေမှာ ပထမတန်းစားလုပ်ငန်းစုဖြစ်လာလိမ့်မယ်ဆိုတာ သံသယမရှိပါဘူး။"

ရှုယီက ခပ်ရေးရေးပြုံးသည်၊ ဆာဘက်စ်က ထိုမျှ ယုံကြည်ချက်ရှိလိမ့်မည်ဟုထင်မထားချေ။ သူဟာ ၎င်းတို့အနေနှင့် ပထမတန်းစားလုပ်ငန်းစုဖြစ်လာမည်လားဟု မေးရုံသာဖြစ်သော်လည်း ဆာဘက်စ်၏အဖြေက ၎င်းကို ကျော်လွန်‌သည်။

"ဒါဆို ကောင်းပြီ၊ မင်းက ငါတို့အနေနဲ့ အင်မတန်ကြီးမားတဲ့ပထမတန်းစားလုပ်ငန်းစုဖြစ်လာမယ်ဆိုတာကိုယုံကြည်တော့ လုပ်ငန်းစုကြီးတွေအားလုံးက သူတို့လက်အောက်မှာရှိတဲ့ ထုတ်ကုန်ဈေးကွက်အားလုံးကို ယူလိုက်မယ်လို့ရောထင်လား? ဒါမှမဟုတ် အတိအကျပြောရရင်၊ ငါတို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်မှုနယ်ပယ်အားလုံးကို သိမ်းပိုက်ရလိမ့်မယ်လို့ထင်လား?"

ရှုယီထံမှ တဖြည်းဖြည်းလွှမ်းမိုးခံလိုက်ရရင်း Frestech ကုန်သည်ကြီးများအသင်းရှိလူများမှာ မှော်စက်မှုနယ်ပယ်ဟူသည့် စကားလုံးနှင့် စိမ်းနေခြင်းမရှိတော့ချေ။ ဆာဘက်စ်လည်း စဉ်းစား၍ ခေါင်းငြိမ့်လိုက်သည်၊ "ဟင့်အင်း။ ဥက္ကဌရဲ့အစီစဉ်နဲ့ ခန့်မှန်းချေအရဆိုရင် မှော်စက်မှုနယ်ပယ်က ကြီးမားတဲ့ပုံရိပ်တစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ အရာအားလုံးကို ဆုပ်ကိုင်ထားဖို့ မဖြစ်နိုင်ဘူး။"

"မှန်တယ်။ ငါတို့အနေနဲ့ အရာအားလုံးကိုယူဆောင်ဖို့ မဖြစ်နိုင်မှတော့ ငါတို့ရဲ့ အစိတ်အပိုင်းတွေကို အနှေးနဲ့အမြန်တော့ ပေးလိုက်ရတော့မှာပဲ။ ပြီးတော့ လာယူမှ ပေးလိုက်မယ့်အစား ပေးဖို့ အရင်ဦးလိုက်တာက ပိုကောင်းတယ်လေ။ ဒါက ဝက်အူရစ်လေးပဲဆိုပေမယ့် လစဉ် ရွှေဒင်္ဂါးနှစ်ထောင်ကျော်ကို ကိုယ်စားပြုတယ် ဒါမှမဟုတ် အဲ့ထက်ပိုရင်လည်းပိုမှာပေါ့။ ဒါပေမယ့် ဝက်အူရစ်ကို ထုတ်လုပ်တာက ဘာနည်းပညာဗဟုသုတမှမလိုတာကို မင်းသိသင့်တယ်၊ ဒါကိုလုပ်မယ့် မှော်အရစ်ဖော်စက်လေး ဝယ်ခိုင်းဖို့ပဲလိုတာ။ ငါတို့ ဒီမှော်အရစ်ဖော်စက်တွေကို ရောင်းသင့်တယ်လို့ထင်လား?"

ဆာဘက်စ်က အနည်းငယ်တိတ်ဆိတ်သွားပြီးမှ တုံ့တုံ့ဆိုင်းဆိုင်းဖြင့်‌ပြန်ပြောလာသည်၊ "တကယ်တော့...ဥက္ကဌ၊ အဲဒီ့လုပ်ငန်းစုလေးတွေဆီ ထုတ်လုပ်ရေးမှော်စက်တွေရောင်းဖို့ ဆုံးဖြတ်ချက်ချလိုက်တာကို ကျွန်တော်အမြဲ...ရှုပ်ထွေးနေခဲ့တာ။ ထုတ်လုပ်ရေးမှော်စက်ကို ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကပဲ ထုတ်လုပ်နိုင်ပြီး မှော်စက်တွေအနေနဲ့လည်း အကောင်းဆုံးအရည်အသွေးရှိပြီး ထိရောက်မှုကလည်း အမြင့်ဆုံးပဲလေ။ အခု ခင်ဗျားက ဒီထုတ်လုပ်ရေးမှော်စက်တွေကိုရောင်းနေတော့ လမ်ပူရီတိုင်းပြည်မှာ တူညီတဲ့မှော်စက်လုပ်တဲ့လုပ်ငန်းစုတော်တော်များများ ပေါ်လာလိမ့်မယ်။ အဲဒီ့လုပ်ငန်းစုလေးတွေက လက်တလောတော့ ကျွန်တော်တို့ကို မခြိမ်းခြောက်နိုင်ပေမယ့် နောက်ဆုံးကျရင်တော့ လွှမ်းမိုးမှုတချို့ရှိလာလိမ့်မယ်။"

ဆာဘက်စ်မျက်နှာထက်ရှိ သံသယဝင်နေဟန်ကိုမြင်သော် ရှုယီမှာ မနေနိုင်ဘဲ ပြုံးလိုက်သည်။ ထိုနေရာ၌ ဟိန့်ဇ်သာဆိုပါလျှင် ဆာဘက်စ်ကဲ့‌သို့ အချက်လက်မကျဘဲ သူဟာ ၎င်းတို့အားဖျက်စီးနေပြီး ၎င်းတို့ကိုကိုက်ရန် ကျား‌တစ်ကောင်မွေးနေခြင်းဟုသာ တိုက်ရိုက်ပြောလာပေလိမ့်မည်။

သို့သော် ဟိန့်ဇ်ကိုမူ ရှုယီမှာ ငြင်းဆန်လိုက်ရုံသာပင်။ ထိုသည်က သူ၏ရေရှည်အစီစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ ဂရုစိုက်ဖို့ မလိုကြောင်း ပြော၍ရသည်။

သို့သော် ဆာဘက်စ်ကိုမူ ရှုယီအနေနှင့် ထိုသို့ တိုက်ရိုက်ငြင်း၍မရပါချေ။

"ဆာဘက်စ်, အရင်တစ်ခေါက် ထုတ်ကုန်ကြော်ငြာပွဲမှာ ငါဘာပြောခဲ့သလဲ မှတ်မိလား?"

ဆာဘက်စ်က မျက်မှောင်ကုပ်၍ စဉ်းစားလိုက်၏၊ "ဒါက... ဥက္ကဌ၊ ဘာကိုရည်ညွှန်းတယ်ဆိုတာကို ကျွန်တော်သေချာမသိပါဘူး။"

"အရင်တစ်ခေါက် ထုတ်ကုန်ကြော်ငြာပွဲမှာ ငါတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကိတ်မုန့်ကြီးကြီးလုပ်ချင်တယ်လို့ ပြောခဲ့တယ်လေ။ ငါတို့ ဒီကိတ်မုန့်ကို တခြားလူတွေဆီက မလုယူဘူး၊ ငါဆိုလိုတာကို နားလည်ရဲ့လား?"

ဆာဘက်စ်က အနည်းငယ်တုံ့ဆိုင်းသွားသည်။ သူ့မျက်နှာထက်ရှိ သံသယက ပျောက်ကွယ်သွားသော်လည်း လေးလံရှုပ်ထွေးမှုက အစားထိုးဝင်ရောက်လာ၏။

"ဥက္ကဌ၊ ဒါကနေ လူတွေက မှော်စက်အကြောင်းကိုပိုနားလည်လာပြီး ဈေးကွက်ကိုချဲ့ထွင်ရင်း ခင်ဗျားပြောသလို ကိတ်မုန့်ကြီးတစ်ခုလုပ်လို့ရတာလည်းဖြစ်နိုင်ပါတယ်၊ ဒါပေမယ့်... ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့လက်ရှိအင်အားနဲ့ဆို ကျွန်တော်တို့အနေနဲ့ အကြီးဆုံးအပိုင်းကို ယူနိုင်မယ်လို့ မဆိုနိုင်ဘူးလေ။"

"ဘာလဲ၊ မင်းက ငါတို့လုပ်ငန်းစုရဲ့အင်အားကို သံသယဝင်နေတာလား?" ရှုယီက ခပ်ရေးရေးပြုံးလေ၏၊ "အေးဆေးပေါ့၊ ငါ့မှာသာ ယုံကြည်ချက်မရှိရင် ဒါကိုလုပ်လိမ့်မယ်လို့ထင်လား?"

ဆာဘက်စ်က ရှုယီကို မည်သည်မှမဆိုဘဲ ကြည့်လာလေသည်။

သူသာ ဤတစ်ခေါက် သံသယများထပ်တိုးလာပါလျှင် ရှုယီကို မလေးစားသဖွယ်ဖြစ်သွားနိုင်လေရာ သေချာပေါက် ထိုသို့လုပ်လိမ့်မည်မဟုတ်ပေ။

ရှုယီက ပြုံးလျက် ဆာဘက်စ်၏ပခုံးကိုပုတ်ပေးလိုက်သည်၊ "ဟုတ်ပြီ၊ ပြန်သွားပြီး သခင် ဗစ်ကောင့်ထ်ကို ငါ့မှာအကြံရှိတယ်လို့ပြောလိုက်၊ စိတ်မပူပါနဲ့လို့လည်း ပြောလိုက်ပါဦး။"

"ဒါက သခင် ဗစ်ကောင့်ထ်ပြောချင်တာမဟုတ်ပါဘူး..." ဆာဘက်စ်က လိုက်လျောညီထွေစွာပြန်ပြောလာသော်လည်း ရှုယီမျက်နှာထက်ရှိ ပျက်ပြယ်တော့မည့်အပြုံးကိုမြင်သော် စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ ခဏရပ်တန့်ပြီးနောက်တွင် ခေါင်းငြိမ့်ကာပြော၏၊ "ဟုတ်ကဲ့ပါ။"

၎င်းတို့စကားပြောပြီးနောက်နှစ်ရက်တွင် ဗစ်ကောင့်ထ်လက်စ်လိုင်းက အန်ဗီမာမြို့တော်မှ ပြန်ရောက်လာရာ ဆာဘက်စ်မှာ ဗစ်ကောင့်ထ်လက်စ်လိုင်းထံစာပို့ရန်မလိုတော့ချေ။

ရှုယီမျှော်လင့်ထားသည်ထက် ဗစ်ကောင့်ထ်လက်စ်လိုင်းပြန်လာချိန်တွင် သူဟာ နေအိမ်အကျယ်ချုပ် သုံးလနေခဲ့ရသည့် ဘာရွန်ဟားနက်စ်ကို ပြန်ခေါ်လာခဲ့သည်။

ရှုယီကို မြင်သော်အခါ ဘာရွန်ဟားနက်စ်က အပြုံးကြီးကြီးဖြင့် ရှေ့တိုးလာကာ ဖက်လိုက်လေသည်။ ထို့နောက် စိတ်မရှည်စွာဖြင့်မေးလေ၏၊ "ရှုယီ ကျုပ်ရဲ့ ဘန်တာသတင်းစာရော ဘယ်လိုနေလဲ? အခုရော ကောင်းကောင်းလုပ်နေကြရဲ့လား? ကျုပ်သွားပြီးတော့ ပြဿနာတွေဘာတွေဖြစ်ခဲ့သေးလား?"

ရှုယီမှာ ရယ်ရမလား ငိုရမလားပင်မသိတော့ချေ၊ "ဘန်တာသတင်းစာက ခင်ဗျားရဲ့ကလေးမှ မဟုတ်တာ။ ကျုပ် ဒီလိုပြောရင် စိတ်မပျက်သွားနဲ့၊ ဒါပေမယ့် ခင်ဗျားထွက်သွားပြီးတော့ ဘန်တာသတင်းစာက နက်ခီရဲ့ ဦးဆောင်မှုအောက်မှာ ပိုတောင်ကောင်းလာသေးတယ်။ အခုဆိုရင် တစ်နေ့ကို အရွက်ပေါင်းတစ်သောင်းကျော်ရောင်းနေရပြီး အနီးနားမြို့တွေက‌ ဆော်လ်တန်မနက်ခင်းသတင်းနဲ့ ခမာသတင်းစာတို့ထက် အဆပေါင်းများစွာပိုအားကောင်းတယ်။"

ဘာရွန်ဟားနက်စ်က ရယ်ချလိုက်ကာ၊ "ဘာလို့ ကျုပ်က စိတ်ပျက်ရမှာလဲ? ကျုပ်အရမ်းဝမ်းသာတာပဲ! ဒါက‌ကောင်းလိုက်တာ၊ ကျုပ် အန်ဗီမာမြို့မှာတုန်းက ဘန်တာသတင်းစာကို စိတ်အပူခဲ့ဆုံးပဲ။ အခု ဒီလောက်ထိတိုးတက်လာတယ်ကြားလိုက်ရတော့ အတော်လေးစိတ်ချရပါပြီ။"

ရှုယီက ပျော်ရွှင်နေသည် ဘာရွန်ဟားနက်စ်ကိုကြည့်လိုက်ရာ သူ ဘန်တာမြို့တော်က ထွက်သွားချိန်ကနှင့်ယှဉ်လျှင် သူ၏မျက်နှာထက်ရှိ ကလေးဆန်မှုက ပျောက်ကွယ်သွားပြီး ပိုမိုရင့်ကျက်လာပုံပေါ်သည်အား တွေ့လိုက်ရသည်။

"ဟားနက်စ်, ကျုပ်ကြားတာတော့ အန်ဗီမာမြို့တော်မှာ အန်ဗီမာသတင်းစာနဲ့ လမ်ပူရီအပတ်စဉ် လို့ခေါ်တဲ့ သတင်းစား နှစ်မျိုးထွက်လာပြီဆို။ ကျုပ်ကို ရိုးသားစမ်းပါ၊ အဲဒီ့သတင်းစာနှစ်မျိုးက ခင်ဗျားနဲ့ဆိုင်နေတယ်မို့လား?"

ဟားနက်စ်က ရယ်ကာ ရှုယီ၏ပခုံးကိုပုတ်၍ ခပ်တိုးတိုးပြောလိုက်သည်၊ "ခင်ဗျားသိတာကောင်းတယ်၊ များများစားစားမမေးနဲ့။"

ရှုယီက ခပ်ရေးရေးပြုံးလျက် ခေါင်းငြိမ့်ကာ ဆက်မေးဖို့ မဆုံးဖြတ်လိုက်ချေ။ နံဘေးက ဗစ်ကောင့်ထ်လက်စ်လိုင်းဘက်လှည့်ကာသာ မေးလိုက်သည်၊ "သခင် ဗစ်ကောင့်ထ်၊ ခင်ဗျား ဒီတစ်ခေါက် ပြန်လာဖို့ မဖြစ်နိုင်တော့ဘူးလား?"

ဗစ်ကောင့်ထ်လက်စ်လိုင်းက ပြုံးလျက် ခေါင်းငြိမ့်ကာ၊ "ဟုတ်တယ်။ အဲ့ကိုသွားပြီးနောက်တော့ အိမ်မှာ တစ်ခုခုဖြစ်သွားတယ်လေ။ ဒီနှစ်နွေဦးကောက်ရိတ်သိမ်းပွဲက အရေးပါလို့သာမဟုတ်ရင် ကျုပ် ပြန်လာဖို့ အချိန်တောင်မရှိလောက်ဘူး။"

ရှုယီက မနေနိုင်ဘဲ ပြောလိုက်၏၊ "ဒီနေရာက ခင်ဗျားရဲ့နယ်မြေကြီးဖြစ်ပြီး ခင်ဗျားက ကျုပ်တို့လုပ်ငန်းစုရဲ့ ရှယ်ယာရှင်ကြီးတစ်ယောက်လေ၊ ဒါကြောင့် ခင်ဗျား ဒီမှာမရှိတော့ရင် ပြဿနာဖြစ်လာမှာတွေ တော်တော်များမှာပေါ့။"

"ခင်ဗျားဒီမှာ‌ရှိနေတာကို၊ ဘာပြဿနာဖြစ်နိုင်ဦးမှာလဲ?" ဗစ်ကောင့်ထ်လက်စ်လိုင်းက ပြုံးကာ ရုတ်တရတ်သက်ပြင်းချလိုက်၏၊ "ရှုယီ၊ ကျုပ်တောင် ကောင်းသလား ဆိုးသလားမသိသေးတဲ့ သတင်းတချို့ပြောရဦးမယ်။ ဒီနှစ်နွေဦးကောက်ရိတ်ပွဲပြီးရင် ကျုပ်အနေနဲ့ ဘန်တာမြို့ကနေထွက်ခွာရပြီး ဘယ်တော့မှပြန်မလာတော့တာလည်း ဖြစ်နိုင်တယ်။"

ရှုယီက ဗစ်ကောင့်ထ်လက်စ်လိုင်းကို တအံ့တဩကြည့်လိုက်သည်။ သူဟာ စနောက်နေပုံမပေါ်သည်ကိုမြင်သော် ပြောစရာမဲ့သွားရ၏။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၆။ ဘုရင်မ

နှစ်စဉ် ကောက်ရိတ်သိမ်းရာသီနှစ်ရာသီမှာ လမ်ပူရီတိုင်းပြည်နှင့် ဘန်တာမြို့တော်ရှိ အရေးကြီးဆုံးနေ့များပါပင်။

ဤနှစ်နွေဦးကောက်ရိတ်သိမ်းပွဲမှာ အခြားနှစ်များထက် ပိုအရေးကြီးနေသည်။ ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ ကောက်ရိတ်သိမ်းပွဲကျင်းပမည်ဖြစ်ရာ နယ်မြေများနှင့် မျိုးရိုးမြင့်များကိုကြည့်ရှုစေရန် ဆွဲဆောင်မိခဲ့ရုံသာမက မြို့စားအရှင်ကိုယ်တိုင်ပင် လာရောက်ကြည့်ရှုလေသည်။ သူဟာ ထိုနေရာ၌ မိန့်ခွန်းပင်ဆိုကာ ဗစ်ကောင့်ထ်လက်စ်လိုင်းအား သူ၏နယ်မြေ၌ စပါးအလုံအလောက်ရှိခြင်းအတွက် ချီးကျူးနေသည်။

ထို့အပြင် လူများကိုအံ့ဩစေသည်မှာ လူအုပ်ကြီးအား ဘန်တာမြို့အပြင်ဘက် ကျေးလက်ဒေသမျိုးစုံမှ သာမန်လယ်သမားများဖြင့် ဖွဲ့စည်းထားခြင်းပင်။

၎င်းတို့ထဲတွင် ယခင်က ဖိတ်ကြားချက်များရရှိခဲ့သည့် လယ်သမားများရှိနေရာ ဤတစ်ခေါက်လာခြင်းအတွက် အနည်းငယ်စိတ်လှုပ်ရှားနေသော်လည်း ထိုမျိုးရိုးမြင့်အားလုံးကို မမြင်ခင်က နိုးနိုးကြားကြားမရှိနေချေ။

ပထမဆုံးအကြိမ်လာရောက်သူများမှာမူ ချီးကျူးသည့်အကြည့်ဖြင့် လယ်မြေများ၌ အကြည့်များကိုစုစည်းထားကြသည်။

၎င်းတို့တစ်ဘဝလုံး လယ်မြေ၌ အလုပ်လုပ်ခဲ့ရသူ ထိုလယ်သမားတို့အတွက် ပန်းချီတစ်ခုမှထွက်လာဟန်နှင့်ဆင်တူသည့် လယ်မျိုးကို မမြင်ခဲ့ဖူးချေ။

ထို့အပြင် ထိုလယ်သမားများအား ရွှေရောင်ဂျုံရှည်ကြီးများဖြင့် ဝိုင်းရံထားရာ အမြင်အာရုံထဲဝင်ရောက်လာချိန်၌ လှပသော ပုံရိပ်ကို ဖန်တီးပေးနေ၏။

ယနေ့ လူပေါင်းများစွာစုစည်းကြရခြင်းအကြောင်းမှာ ယခင်နှစ် ဆောင်းဦးကောက်ရိတ်သိမ်းပွဲခြေရာနောက်လိုက်ရန်ဖြစ်၏။

ယခင်နှစ်က ရှုယီ၏အကြံပြုချက်အောက်တွင် ဗစ်ကောင့်ထ်လက်စ်လိုင်းက သူ၏နယ်မြေရှိ လယ်များအားလုံးကို ပြောင်းလဲပစ်ရန် Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးသုံးမှော်စက်များကို အသုံးပြုခဲ့၏။ လူအင်အားချို့တဲ့နေခြင်းကြောင့် ယခင်က မဖွင့်လှစ်ခဲ့သည့် မြေကွက်များကိုပါ ဖွင့်လှစ်ခဲ့သည်။

ကောက်ရိတ်ပြီးနောက်တွင် စိုက်ပျိုးရေးသုံးမှော်စက်များစွာကို သူ၏နယ်မြေတွင် မရပ်မနားလည်ပတ်စေတော့သည်။ အင်မတန်တိုတောင်းလှသော အချိန်တိုလေး‌တွင် လူများအတွက် အင်မတန်ကြီးမားပုံရှိသည့် စီမံကိန်းတစ်မျိုးကိုအပြီးသတ်ခဲ့သည်။ ယခု၌ စီမံကိန်း၏ ရလာဒ်များကို ရိတ်သိမ်းရန် အချိန်ကျပြီဖြစ်၏။

ဤလယ်ယာပြုပြင်မွမ်းမံမှုအစီအစဉ်သည် ဘန်‌တာမြို့နှင့် ဘုရင်ကြီးအတွက် ရှေ့ပြေးစီမံကိန်းဖြစ်သည်။ ဘန်တာမြို့တော်၏ မြို့စားအနေနှင့် မြို့တော်ဝန်စီယန်ဆာမော့က ထိုနေရာ၌ ရှိရမည်ဖြစ်သည်။

ထို့အပြင် စိုက်ပျိုးရေးဌာန၏ ကိုယ်စားလှယ်အနေနှင့် ဆယ်ဗီနီကလည်း သဘာဝကျစွာပင် ထိုနေရာ၌ရှိသည်။

၎င်းလယ်ယာပြုပြင်မွမ်းမံမှုအစီအစဉ်မှာ စိုက်ပျိုးရေးဌာန၏ အနာဂတ်အစီစဉ်များကို တိုက်ရိုက်ဆုံးဖြတ်လိမ့်မည်ပင်။

ထို့အပြင် သူမရှေ့ရှိ အချက်အလက်များကို မြင်သည်ဖြစ်ရာ ထိုရလာဒ်များက သံသယပင်မလိုဘဲ အင်မတန်ကောင်းမွန်၏။

၎င်းကိုကြည့်ရင်း ရှေ့ဘက်နယ်မြေမှာ အင်မတန်ချောမွေ့ကာ ပြည့်စုံစွာခွဲခြမ်းထားသည့်လယ်မြေကို အဝါရောင်ပင်လယ်ကြီးနှင့်ဖုံးအုပ်ထားပေရာ လူတစ်ယောက်၏ အမြင်ကို ရွှေရောင်ဂျုံများဖြင့် ပြည့်လျှမ်းသွားစေသည်။

၎င်းက လယ်စိုက်ရာ၌ အတွေ့အကြုံမရှိသော လူဆိုလျှင်တောင် ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ ဤနှစ်၌ ကောက်ပဲသီးနှံကြွယ်ဝတော့မည်ဟု အလွယ်လေးပြောနိုင်ဆဲပင်။

မြို့တော်ဝန်စီယန်မိန့်ခွန်းဆိုပြီး ဗစ်ကောင့်ထ်လက်စ်လိုင်းက လယ်မြေ၏ပိုင်ရှင်အနေနှင့် ပူဇော်ပွဲကို အပြီးသတ်လိုက်ချိန်တွင် အသေးစားကောက်ရိတ်စက်ဒါဇင်ချီမှာ အတန်းလိုက်ရောက်လာပြီး လယ်မြေတစ်ပိုင်းစီကို မောင်းသွားရန် ရွေးချယ်လိုက်ကြသည်။

နာရီဝက်ပင်မပြည့်လိုက် အသေးစားမှော်ကောက်ရိတ်စက်တစ်ခုစီမှာ လယ်မြေတစ်မူစာလောက်စီ ရိတ်သိမ်းပြီးဖြစ်၏။

လယ်ကွင်းကြီးထဲရှိ ရွှေရောင်ဂျုံစေ့လေးများနှင့် ဂျုံစေ့များ ပြည့်နေသည့် အိတ်များကို ကြည့်လိုက်ရင်းစောင့်ကြည့်နေသည့်လူများမှာ ချီးမွမ်းမဆုံးနိုင်လောက်အောင်ဖြစ်နေကြသည်။

၎င်းက လူတချို့၏ အသေးစားမှော်ကောက်ရိတ်စက်များကို အလုပ်နေရာ၌ ပထမဆုံးအကြိမ်မြင်ခြင်းဟု‌ပင် ပြောနိုင်သော်လည်း ထိုသို့သောရိတ်သိမ်းမှုကိုမြင်ကြရာ လူတိုင်းမှာ မနေနိုင်အောင်ချီးမွမ်းနေကြ၏။

"ဥက္ကဌရှု၊ ကြည့်ရတာ ဒီနှစ်ရဲ့ကောက်ရိတ်သိမ်းပွဲက ပို‌မြန်တော့မယ့်ပုံပဲ။" မျိုးရိုးမြင့်တစ်ဦးက နောက်ထပ်လယ်မြေထံ သွားရန်ပြင်နေသည့် မှော်ကောက်ရိတ်စက်များကိုညွှန်ပြကာ ရှုယီကို ပြောလာ၏။

"အမ်း၊ ကျုပ်တို့လုပ်ငန်းစုက ဒီတစ်သုတ် မှော်ကောက်ရိတ်စက်တွေကို နည်းနည်းအဆင့်မြှင့်ထားတယ်လေ။ သူတို့တွေက ပိုမြန်ပြီး ပိုပြတ်သားအောင်လုပ်ပေးတော့ ကောက်ရိတ်တဲ့ထိရောက်မှုကလည်း တိုးလာတာပေါ့။" ရှုယီက ခပ်ရေးရေးပြုံး၍ ပြန်ဖြေလေသည်၊ "ဘယ်လိုလဲ ဗစ်ကောင့်ထ် ဆမ်မျူရယ်? ခင်ဗျားအရင်နှစ်က ဘာမှမဝယ်ခဲ့ဘဲ ဒီနှစ်ကျမှ စိတ်ဝင်စားနေပြီလား?"

ဗစ်ကောင့်ထ်ဆမ်မျူရယ်က ရယ်ကာ၊ "ကောင်းပြီ၊ ကျုပ် ဒီနှစ်တော့‌ နည်းနည်းလောက် သေချာပေါက်ဝယ်ပါ့မယ်! ဒီမှော်ကောက်ရိတ်စက်တင်မကဘဲ မှော်မြေတူးစက်နဲ့‌ မှော်ထွန်ယက်စက်တွေလည်း ဝယ်ချင်တယ်။ လိုရင်းပြောရရင် ကျုပ်ရဲ့လယ်မြေတွေကို ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့လယ်မြေတွေလို ပြုပြင်ချင်တယ်။ ဒီနှစ် ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့ ကြွယ်ဝတဲ့ကောက်ပဲသီးနှံတွေကိုမြင်ရတာ ကျုပ်တကယ်ကို မနာလိုအားကျမိပါတယ်။"

"စိတ်ချပါ ဗစ်ကောင့်ထ်ဆမ်မျူရယ်, အခုမှ စလည်း နောက်မကျသေးပါဘူး။ ခင်ဗျားအနေနဲ့ နွေဦးကောက်ရိတ်ပွဲပြီးလို့ ကျုပ်တို့လုပ်ငန်းစုရဲ့မှော်စက်တွေနဲ့ ပြောင်းလဲလိုက်သရွေ့ လတစ်ဝက်တောင်မကြာဘဲ ဖြစ်မြောက်နိုင်မှာဆိုတော့ ဒီအစေ့တွေကိုစိုက်ဖို့က အချိန်တွေ အများကြီးရှိပါသေးတယ်။ ဆောင်းဦးကောက်ရိတ်ပွဲရောက်လာရင် ခင်ဗျားရဲ့လယ်မြေမှာလည်း ဆင်တူတဲ့ မြင်ကွင်းရှိလာမှာပါ။"

"ကောင်းပြီ၊ ဒီလိုပဲ လုပ်ကြတာပေါ့။ ဥက္ကဌရှု၊ ခင်ဗျားက ကျုပ်ကိုသဘောတူပြီးပြီဆိုမှတော့ အချိန်ကျလာမှ ကုန်စည်တွေ မရှိဘူးလို့ မပြောနဲ့နော်။" ဗစ်ကောင့်ထ်ဆမ်မျူရယ်က သတိပေးလေ၏။

"စိတ်ချပါ၊ ကျုပ်တို့လုပ်ငန်းစုက ထိရောက်မှုပိုတိုးလာပြီမို့လို့ ကုန်စည်တွေ ပြတ်သွားမှာမဟုတ်ဘူး။"

ရှုယီက ဗစ်ကောင့်ထ်ဆမ်မျူရယ်နှင့်ဆက်ပြောကာ သဘောတူညီချက်လုပ်မည်အပြုတွင် ဆယ်ဗီနီက အဝေးမှ လက်ဝေ့ယမ်းပြလာသည်ကို မြင်လိုက်ရသည်။ ဗစ်ကောင့်ထ်ဆမ်မျူရယ်ကို ဆင်ခြေတချို့ပေးပြီးနောက်၌ လျှောက်ထွက်သွားလိုက်လေ၏။

"ဘာများလဲ? မိန်းမပျိုဆယ်ဗီနီ, ခင်ဗျားရှေ့ကမြင်ကွင်းကြောင့် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေကို ပိုယုံကြည်လာလို့လား?" ရှုယီက အပြုံးဖြင့်မေး၏။

"အမ်း၊ အဲ့လိုပေါ့။" ဆယ်ဗီနီက အပြုံးခပ်ရေးရေးဖြင့် ခေါင်းငြိမ့်ကာ၊ "ဒါပေမယ့် ဥက္ကဌရှု၊ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက ကျွန်မတို့စိုက်ပျိုးရေးဌာနရဲ့ စိုက်ပျိုးရေးသုံးမှော်စက်သုံးသောင်းအမှာစာကို အပြီးမသတ်ရသေးတာကို သတိပေးချင်သေးတယ်။ ရှင့် အနေနဲ့ကျွန်မတို့ အမှာစာကို အရင်အာရုံစိုက်ပေးဖို့ မျှော်လင့်ပါတယ်။"

ရှုယီက ဗစ်ကောင့်ထ်ဆမ်မျူရယ်ကိုလှည့်ကြည့်ကာ ပခုံးတွန့်ပြလိုက်သည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်လုပ်ငန်းစုဖြစ်နေတော့ ဘန်တာမြို့တော်က စီးပွားကို ဒီတိုင်းလေး လျစ်လျူရှုလိုက်ဖို့ နည်းလမ်းမရှိဘူးလေ။"

"ဘန်တာမြို့တော်မှာ စီးပွားရေးလုပ်တာက ပြဿနာမရှိပေမယ့်၊ တခြားမြို့တွေနဲ့ စီးပွားရေးမလုပ်ရင် အကောင်းဆုံးပဲ။ ဒါက ကျွန်မတို့ စိုက်ပျိုးရေးဌာနရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေကို ချပြမယ့်အစီစဉ်ကို အထောက်အကူဖြစ်နိုင်တယ်။" ဆယ်ဗီနီက ပြောသည်၊ "ဥက္ကဌရှု၊ ကျွန်မထင်တာတော့ ရှင့်အနေနဲ့ ကျွန်မတို့ စိုက်ပျိုးရေးဌာနကနေ စိုက်ပျိုးရေးသုံးမှော်စက်တွေကို ချပြဖို့ ကူညီရင် Frestech ကုန်သည်ကြီးများအသင်းရဲ့ တိုးတက်မှုအတွက် အကူညီကြီးကြီးမားမားဖြစ်မယ်ဘို့ ရှင်သိလောက်မယ်လို့၊ ဒါဆိုရင် ရှင့်အနေနဲ့ ကျွန်မတို့ရဲ့အမှာစာကို အရင်ဆုံးအပြီးသတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ တခြားမှော်စက်တွေကိုရော လတ်တလောမှာ ထုတ်လုပ်ဖို့ ရပ်ထားလို့ရမလား?"

ရှုယီက မျက်မှောင်ကုပ်ကာ၊ "မိန်းမပျိုဆယ်ဗီနီ, ခင်ဗျားရဲ့တောင်းဆိုမှုက နည်းနည်းတော့စည်းကျော်နေပါပြီ။ ကျုပ်တို့ရဲ့သဘောတူညီလျက်မှာ အမှာစာကို ၂နှစ်အတွင်းအပြီးသတ်ရမှာပြီး ကျုပ်တို့ရဲ့လက်ရှိ လုပ်နိုင်စွမ်းနဲ့ဆိုရင် လွယ်လွယ်ပဲ အပြီးသတ်နိုင်ပါတယ်။ ခင်ဗျားအနေနဲ့ ကျုပ်တို့ကို စိုက်ပျိုးရေးဌာနရဲ့အမှာစာကို အပြီးသတ်ပေးဖို့တောင်းဆိုနေတာက ပြဿနာမဟုတ်ဘူးဆိုပေမယ့်လည်း မှော်စက်တွေထုတ်လုပ်တာကို ရပ်တန့်ဖို့အတွက်ကကျတော့ တခြားလူတွေကို သူတို့လုပ်ဖို့ ဆန္ဒမရှိတာတွေလုပ်ခိုင်းဖို့အတွက် တွန်းအားပေးတာဖြစ်နေပြီလေ။"

ဆယ်ဗီနီက စဉ်းစားလိုက်ကာ ရိတ်သိမ်းပြီးသား လယ်မြေကိုလှည့်ကြည့်လိုက်သည်။ အနည်းငယ်ကြာတိတ်ဆိတ်နေပြီးနောက်တွင် သူမက ရုတ်တရတ်သက်ပြင်းအသာချကာ၊ "ဟုတ်ပြီ ဥက္ကဌရှု၊ ကျွန်မ နည်းနည်းစိတ်ပူနေတာကို ဝန်ခံပါတယ်။ လက်ရှိမြင်ကွင်းကြောင့် အတော်လေးစိတ်လှုပ်ရှားသွားလို့ပါ။ ကျွန်မအနေနဲ့ နိုင်ငံအတွင်းက တခြားနေရာတွေတိုင်းမှာလည်း ဒီလိုဖြစ်ရင်ကောင်းလိမ့်မယ်လို့ စဉ်းစားမိရင်း အလွန်အကျွံတောင်းဆိုမိသွားတာ၊ တကယ်ပဲ တောင်းပန်ပါတယ်။"

ရှုယီက အသာပြုံးလျက်၊ "တောင်းပန်ဖို့မလိုပါဘူး။ ခင်ဗျားက နိုင်ငံရဲ့အုပ်ချုပ်သူဖြစ်နေတော့ ခင်ဗျားရဲ့အတွေးတွေနဲ့ ပူပန်မှုကို နားလည်ပါတယ်၊ ဒါပေါ့ ခင်ဗျားလည်း နိုင်ငံကို တတ်နိုင်သမျှအမြန်ဆုံး အားကောင်းလာစေချင်မှာပဲ။ ဟုတ်တယ်မဟုတ်လား၊ ဘုရင်မ?"

"အင်း၊ ကျွန်မဒီလိုပဲ မျှော်လင့်ပါတယ်..." ဆယ်ဗီနီက ရုတ်တရတ်မှင်တက်သွားသည်။ သူမက ရှုယီကို မျက်လုံးဝိုင်းဝိုင်းများဖြင့်ကြည့်ကာ တအံ့တဩမေးလိုက်၏၊ "ရှင်... ဘယ်တုန်းကသိသွားတာလဲ?"

"သိပ်မကြာသေးပါဘူး။" ရှုယီက ဖြေ၏၊ "တကယ်တော့၊ ခင်ဗျားကို တွေ့တည်းက အရမ်းထူးဆန်းတာကိုတွေ့လိုက်တယ်။ ဘာလို့ ဒီလိုမြင့်မြတ်တဲ့ရောင်ဝါနဲ့မိန်းကလေးက စိုက်ပျိုးရေးဌာနမှာ သာမန်ဝန်ထမ်းလေးပဲဖြစ်နေရတာလဲပေါ့? ပြီးတော့ ခင်ဗျားက ဒီလောက်ငယ်တာကို။ ဒါကြောင့် ခင်ဗျားဘန်တာမြို့တော်ကိုလာ‌တဲ့အချိန်မှာ ခင်ဗျားလို သာမန်စိုက်ပျိုးရေးဌာနက ဝန်ထမ်းတစ်ယောက်ဟာ ဘုရင်ကို ဆက်သွယ်ပြီး ဘုရင်ကိုယ်စားတောင်မှ ကျုပ်နဲ့ စေ့စပ်ညှိနှိုင်းရတာက ပိုအံ့သြစရာကောင်းနေတယ်လေ။ ဒါပေါ့ ခင်ဗျားမှာ ရိုးရှင်းတဲ့နောက်ခံမရှိတာကို ကျုပ်ကသံသယဝင်မိရုံပဲ၊ ဒါပေမယ့် ခင်ဗျားက ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ တော်ဝင်ဘုရင်မဖြစ်နေမယ်လို့ မထင်ထားခဲ့ဖူးဘူး။"

မိန်းမပျိုဆယ်ဗီနီ၊ သို့မဟုတ် ဘုရင်မဆယ်ဗီနီမှာ အနည်းငယ်မျှသာ အံ့ဩသွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွားသည်။ သူမက အပြုံးရေးရေးဖြင့်ဆိုလာ၏၊ "ကျွန်မခန့်မှန်းတာသာမမှားရင် ရှင့်ကိုပြောတာ ဗစ်ကောင့်ထ်လက်စ်လိုင်းဖြစ်ရမယ်? သူ့ကို များများစားစားမပြောဖို့ ကျွန်မသေချာပြောထားခဲ့ပါတယ်။"

"ဘုရင်မ၊ ဒါက ဖုံးကွယ်ထားဖို့ မလိုဘူး မဟုတ်လား?" ရှုယီက မနေနိုင်ဘဲ ပြောလိုက်၏၊ "ခင်ဗျားရဲ့နောက်ခံကို ဖုံးကွယ်ထားတာက နည်းနည်းတော့လုံခြုံပေမယ့် လက်ရှိလုပ်နေတဲ့အလုပ်ကို တကယ်ပဲ အကူညီဖြစ်မှာမဟုတ်ဘူး။ အရင်ကသာ ခင်ဗျားက ဘုရင်မမှန်း ကျုပ်သိခဲ့ရင် ကျုပ်တို့ရဲ့ညှိနှိုင်းမှုကို ပိုလို့တောင်တိုက်ရိုက်လုပ်လို့ရဦးမယ်။"

"တိုက်ရိုက်? ရှင်ပြောနေတာက ကျွန်မဆီကနေ နယ်မြေတောင်းဆိုတာကိုလား?" ဆယ်ဗီနီက ယဉ်ကျေးမှုမပါဘဲ ဆိုလိုက်၏။

ရှုယီက ပြုံးလိုက်သော်ငြား မည်သည်ကိုမှမဆိုချေ။ ထို ဘုရင်မဆိုသည်မှာ သာမန်မင်းသမီးများနှင့် ကွာခြားပါ၏။

မင်းသမီးအား ဘုရင်ကြီး၏ သမီးတော်ဟုသာဆိုနိုင်သောလည်း ဘုရင်မဟူသည်မှာ မင်းသမီးနောက်ခံထက်ပိုပြီး ထီးနန်းကို အမွေဆက်ခံနိုင်သည့် အ‌ခွင့်အရေးရှိပေ၏။

မှန်ပေသည်၊ လမ်ပူရီတိုင်းပြည်ဘုရင်ကြီး၏ တစ်ဦးတည်းသောသမီး ဘုရင်မဆယ်ဗီနီ၌ သူမ၏ အစ်ကို‌မောင်နှစ်ဦးကဲ့သို့ပင် တူညီသည့် အမွေဆက်ခံခွင့်ရှိသည်။

ဘုရင်မဆယ်ဗီနီမှာ ငယ်ကတည်းက ထူးချွန်ခဲ့ပြီး လမ်ပူရီတိုင်းပြည်၌ ကျော်ကြားမှုမြင့်သောကြောင့် လူများစွာက သူမထံ၌ တခြားမင်းသားနှစ်ဦးထက်ပင် ထီးနန်းအမွေဆက်ခံရန် အခွင့်ရေးပိုရှိသည်ဟု ခံစားရသည်။

သူမက အမျိုးသမီးဟူသည့်အချက်ကြောင့်သာမဟုတ်ပါလျှင် ဘုရင်ကြီးက သူမကို ဆက်ခံသူအဖြစ်ခန့်အပ်လိုက်ပြီးဖြစ်သည်။

ထို့ကြောင့် စိုင်စ်နယ်မြေ၏ နိုင်ငံငယ်များရှိ မင်းသမီးလေးများနှင့်ယှဉ်လျှင် ဘုရင်မဆယ်ဗီနီက များစွာ ပိုမိုအာဏာရှိသည်ပင်။

ရှုယီသာ သူမက ဘုရင်မဖြစ်ကြောင်းသိခဲ့ပါလျှင် သူမထံ၌ နယ်မြေကို တိုက်ရိုက်တောင်းဆိုလိုက်မည်ဖြစ်၏။

"ရှင် နယ်‌မြေအပေါ်မှာ လက်လျှော့လိုက်တာပိုကောင်းမယ်။" ဆယ်ဗီနီက ခိုင်မာစွာပြောလိုက်၏၊ "အထူးအခြေအနေတွေမှာကလွဲရင် နိုင်ငံကနေ ဘာနယ်မြေသစ်ကိုမှ အပ်နှင်းမှာမဟုတ်သလို ရှင့်လိုသာမန်ကုန်သည်အတွက်ဆို ပိုလို့မဖြစ်နိုင်ဘူး။ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် ဖခမည်းတော်က ရှင့်ကို မျိုးရိုးမြင့်ဖြစ်အောင်လုပ်ပေးဖို့ စဉ်းစားရင် စဉ်းစားလိမ့်မယ်၊ ဒါပေမယ့် နယ်မြေမပေးတာတော့သေချာတယ်။"

ရှုယီက ထိုအတိုင်းသာ ပခုံးတွန့်လိုက်၏၊ "ဘုရင်မ၊ ခင်ဗျား ကျုပ်ကို အထင်လွဲနေပြီ။ ကျုပ်က တကယ်တော့ နယ်မြေမလိုချင်ပါဘူး၊ လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်ဖို့ မြေနေရာပဲလိုရုံပါပဲ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက တိုးတက်ဖို့လိုတော့ အလုပ်ရုံတစ်ရုံဆောက်ဖို့ မြေကွက်တစ်ကွက်လိုအပ်နေတာ။ ဘုရင်ကြီးကလည်း ကျုပ်ကို မြေကွက်တစ်ကွက်ငှားဖို့ သဘောတူလိုက်ပြီဆိုတော့ ကျုပ်ရဲ့တောင်းဆိုမှုကလည်း ဖြည့်ဆည်းပြီးပြီမို့ မြေနေရာချီးမြှင့်ဖို့ မလိုတော့ပါဘူး။"

ဆယ်ဗီနီက ရှုယီကိုကြည့်လိုက်ကာ၊ "ဥက္ကဌရှု၊ တကယ်တော့ ကျွန်မအရမ်းသိချင်မိတယ်။ တော်ဝင်မိသားစုဆီကနေ မြေကွက်ငှားတာနဲ့ ဗစ်ကောင့်ထ်လက်စ်လိုင်းဆီကနေငှားတာက ဘာကွာလဲလို့လေ?"

"မတူတာတော့ရှိတာပေါ့၊ အနည်းဆုံးတော့ တော်ဝင်မိသားစုက မပျော်မရွှင်ဖြစ်လာလို့ဆိုပြီး မြေကွက်ကိုပြန်ယူသွားမှာမဟုတ်ဘူးလေ။"

ဆယ်ဗီနီက မျက်လုံးများကိုမှေးစင်းကာ အဓိပ္ပာယ်နက်နဲစွာပြုံး၍ ပြောလေသည်၊ "ဥက္ကဌရှု၊ ရှင် သတင်းတချို့ရခဲ့တယ် မဟုတ်လား?"

ရှုယီက ခါးသက်စွာပြုံးလျက် မြို့တော်ဝန်စီယန်နှင့် စကားပြောနေသည့် ဗစ်ကောင့်ထ်လက်စ်လိုင်းကိုကြည့်ပြီး သက်ပြင်းချက်ကာ ပြောလိုက်သည်၊ "ဟုတ်တယ်၊ ဗစ်ကောင့်ထ်လက်စ်လိုင်းတောင် မထိန်းချုပ်နိုင်တဲ့ ကိစ္စတချို့ရှိတယ်။ ကျုပ်က ကုန်သည်လေးတစ်ယောက်ပါပဲ၊ ကျုပ်က ပိုလို့တောင် အာဏာမဲ့သေးတယ်။"

ဆယ်ဗီနီက အဝေးမှ ဗစ်ကောင့်ထ်လက်စ်လိုင်းကိုကြည့်ကာ စဉ်းစားပြီးမှ သက်ပြင်းချလျက် ပြောလာသည်၊ "ဗစ်ကောင့်ထ်လက်စ်လိုင်းက လုပ်ဖော်ကိုင်ဖက်ကောင်းပါ၊ ဒါပေမယ့် သူ မသန်မာတာကတော့ နှမျောစရာပဲ။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၇။ အဆုံးမှာတော့ ထွက်သွားရမယ်

နွေဦးကောက်ရိတ်ပွဲအပြီး ဗစ်ကောင့်ထ်လက်စ်လိုင်း၏နယ်မြေ၌ နောက်ဆုံးရေတွက်မှုပြီးနောက် ယခင်ကအသုံးပြုခဲ့သည့် ခုနစ်ဟက်တာနှင့်အတူ လယ်မြေအသစ် နှစ်ဆယ့်တစ်ဟက်တာ၏ ကောက်ပဲသီးနှံများကို‌ ပေါင်းလိုက်ရာ စုစုပေါင်း ဂျုံစေ့ပမာဏမှာ ပေါင်တစ်သိန်းကိုပင်ကျော်သွားသည်!

တစ်ဟက်တာတွင် ဆယ့်ငါးမူရှိသည့် ဆက်သွယ်ချက်အရ ဗစ်ကောင့်ထ်လက်စ်လိုင်း၏နယ်မြေ တစ်မူစီမှ ပေါင် နှစ်ရာ့လေးဆယ်နှင့် နှစ်ရာ့ငါးဆယ့်အကြား ရိတ်သိမ်းရရှိခဲ့၏။

၎င်းက ကမ္ဘာမြေရှိ ပေါင်ငါးရာ သို့မဟုတ် တစ်ထောင်အထွက်နှုန်းကို မယှဉ်နိုင်သော်လည်း ကမ္ဘာမြေ၌ နည်းပညာ မတိုးတက်ခင်က အထွက်နှုန်းနှင့် အတော်လေးနီးစပ်သည်။

ထို့အပြင် ဗစ်ကောင့်ထ်လက်စ်လိုင်း၏ နယ်မြေအတွက် တစ်မူစာ အထွက်နှုန်းက အရေးမပါဘဲ အရေးပါသည်မှာ စုစုပေါင်း ပမာဏပင်။

ယင်းမတိုင်ခင်က ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ နှစ်စဉ် သူ့လက်အောက်ရှိ အစေခံများနှင့် အစောင့်များအားလုံးကို အသုံးပြုကာ အများဆုံး ခုနစ်ဟက်တာအထိ ဖွင့်လှစ်နိုင်ခဲ့သည်။ ကောက်ရိတ်သိမ်းတိုင်း အများဆုံးသူရရှိသည်မှာ ပေါင်နှစ်သောင်းထက်မပိုပါချေ။

သို့သော် ဟက်တာနှစ်ဆယ့်တစ်ရှိသည့် မြေကွက်ကိုဖွင့်လှစ်ရန် စိုက်ပျိုးရေး‌သုံးမှော်စက်များကိုသုံးပြီးနောက်၌ သူ၏ နွေဦးကောက်ပဲသီးနှံမှာ ယခင်ကထက် လေးဆပိုမြင့်သည့် ပေါင်တစ်သိန်းထိပင် ရောက်ရှိသွားခဲ့၏!

လူများမှာ ထိုရလာဒ်အတွက် ပြင်ဆင်ထားပြီးဖြစ်သော်လည်း အရေအတွက်အမှန်ကိုကြားသောအခါ၌ အင်မတန်ထိတ်လန့်အံ့ဩသွားကြဆဲပင်။

ထိုအံ့ဩမှုနောက်မှ ပျော်ရွှင်မှုက လိုက်ပါလာခဲ့သည်။

ဗစ်ကောင့်ထ်လက်စ်လိုင်းက သူ၏ လယ်မြေကိုပြောင်းလဲရန် စိုက်ပျိုးရေးသုံးမှော်စက်များကိုသုံး၍ ထိုများပြားလှသည့်ကောက်ပဲသီးနှံများကို ရနိုင်နေရာ တခြားလူများလည်း ထပ်တူ လုပ်နိုင်သည်ဟု ဆိုလိုပေသည်။

ထိုလူများအကြားတွင် အပျော်ရွှင်ဆုံးမှာ သဘာဝကျစွာပင် ဆယ်ဗီနီဖြစ်၏။

"ဥက္ကဌရှု၊ ကျွန်မရဲ့ ဖခမည်းတော်သာ ဒီရလာဒ်ကြီးကိုသိလိုက်တာနဲ့ သေချာပေါက် အတော်‌ဝမ်းသာသွားမှာ။" သူမလက်ထဲရှိ နံပါတ်များကိုမြင်သော် ဆယ်ဗီနီမှာ ဖိနှိပ်ထားလို့မရနိုင်စွာ ပျော်ရွှင်ဟန်ပေါ်နေသည်။ "ကျွန်မတို့ လမ်ပူရီတိုင်းပြည်မှာက လယ်မြေတွေမနည်းဘဲ လူအင်အားနည်းတော့ မြေအတော်များများက ပြုန်းတီးနေတာ။ အခု ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေက ဒီမြေတွေကို ဖွင့်လှစ်ဖို့ လူအင်အားသက်သာစေနိုင်တာကို သက်သေပြလိုက်တာပဲ၊ ဒါက နိုင်ငံမှာရှိတဲ့ ကျက်တီးမြေတွေကို သုံးနိုင်တော့မယ်လို့ ဆိုလိုတာပဲ! ဒီလိုနဲ့၊ နိုင်ငံက အထွက်နှုန်းလည်း ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့ နယ်မြေလို့ တိုးတက်လာတော့မယ်။ ဖြစ်နိုင်တာက ၂နှစ်အတွင်း နိုင်ငံက ဘယ်သူမှ ထပ်ပြီး ဆာလောင်နေဖို့ မလိုတော့ဘူး!"

ရှုယီက ပျော်ရွှင်လွန်းနေသည့် ဆယ်ဗီနီကိုကြည့်ကာ ဤလောကသို့ ဝိဉာဉ်ကူးပြောင်းလာပြီးနောက်၌ ဆာလောင်နေခဲ့ရသည့် အချိန်တချို့ရှိခဲ့သော အချက်ကြောင့်မဟုတ်ပါလျှင် ဆယ်ဗီနီ၏ ရင်ထဲကပျော်ရွှင်မှုကို လုံးဝနားလည်နိုင်မည်မဟုတ်ဟု တွေးလိုက်မိသည်။

ထိုသို့စဉ်းစားကာ ရှုယီက ခပ်ရေးရေးပြုံးပြလျက် ဆိုလိုက်၏၊ "ဘုရင်မ၊ ဘာလို့ ၂နှစ်လိုမှာလဲ? ဒီနွေဦးကောက်ရိတ်ပွဲမှာ လယ်မြေတွေပြောင်းလဲဖို့ အခွင့်ရေးရတာနဲ့ ဆောင်းဦးကောက်ရိတ်ပွဲမတိုင်ခင်အထိ ဒီရလာဒ်တွေကိုတွေ့ရဖို့ စောင့်နေရုံပဲလေ။ ဒီနှစ်မှာတင် နိုင်ငံမှာရှိတဲ့ လူတွေဆာလောင်နေဖို့ မလိုလောက်တော့ဘူး။"

ဆယ်ဗီနီက ခေါင်းခါကာ၊ "ကျွန်မလည်း တတ်နိုင်သမျှ အမြန်ဆုံးတော့ ဖြစ်စေချင်တာပေါ့၊ ဒါပေမယ့် နိုင်ငံမှာ မှော်စက်တွေကိုချပြဖို့ အချိန်လိုတော့ ဒီလောက်မြန်မြန် မရနိုင်ဘူးလေ။ ပြီးတော့..." ဆယ်ဗီနီက ရှုယီကို အနည်းငယ် စိတ်မရှည်ဟန်ဖြင့်ကြည့်ရာ၊ "ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒါကို ဒီနွေဦးစိုက်ပျိုးရာသီမှာ အပြီးသတ်နိုင်လို့လား? မမေ့နဲ့ဦး၊ မှော်စက်တွေကို အရင်ထုတ်လုပ်စေချင်တဲ့ ကျွန်မရဲ့တောင်းဆိုမှုကို ရှင်ငြင်းခဲ့တယ်လေ။"

ရှုယီက နေရခက်စွာ ပြုံးလိုက်ကာ၊ "ကျုပ်ကလည်း ကျုပ်တို့လုပ်ငန်းစုရဲ့ တိုးတက်ရေးအစီစဉ်အောက်ကနေ စဉ်းစားဖို့ လိုနေတော့ ဒါကို ကိုင်‌တွယ်ဖို့ နည်းလမ်းမရှိသေးဘူး။"

"ကျွန်မ ရှင့်ကို အပြစ်တင်နေတာမဟုတ်ပါဘူး၊ နည်းနည်းမျှော်လင့်ချက်ထားနေတာပါ။ ရှင်တို့လုပ်ငန်းစုအနေနဲ့ ဒီမှာယူမှုကို အပြီးသတ်ဖို့ ဦးစားပေးမှာကို မျှော်လင့်နေတာ။" ဆယ်ဗီနီ၏ ရိုးသားမှုနှင့်ပြည့်နေသော မျက်လုံးလှလှလေးများက ရှုယီ၏ မျက်လုံးများကိုတည့်တည့်ကြည့်လာကာ၊ "ဥက္ကဌရှု၊ နိုင်ငံမှာ ဝမ်းစာမဖြည့်နိုင်တဲ့ လူတစ်ဝက်ကျော်လောက်ရှိတယ်။ ကျွန်မတို့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ကလည်း ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းပေါ်မူတည်နေတာ။"

ရှုယီက နှာခေါင်းပွတ်ကာ ခါးသက်သက်ပြုံးလိုက်ပြီး၊ "ဘုရင်မ၊ ခင်ဗျားဒီလိုပြောရင် ကျုပ် ဖိအားအရမ်းများတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုလေးပါပဲ၊ ကျုပ်တို့ကို ဒီလိုကြီးမားတဲ့တာဝန်ပေးဖို့ လိုလို့လားဗျာ?"

ဆယ်ဗီနီက ခပ်ရေးရေးပြုံးကာ၊ "အာဏာပိုကြီးမားလေ တာဝန်ပိုများလေပဲ။ ဥက္ကဌရှုပဲ အရင်က ကျွန်မကိုဒီလိုပြောခဲ့တာမဟုတ်လား? ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ ဒီစွမ်းရည်ရှိတော့ ဒီတာဝန် ယူကိုယူရမယ်။ ဒါမှန်တယ်လို့ မထင်ဘူးလား၊ ဥက္ကဌရှု?"

ရှုယီက ခါးသက်စွာသာ ပြုံးလိုက်နိုင်ပြီး၊ "အရမ်းကိုမှန်ပါတယ်၊ ဘုရင်မရယ်။"

ဗစ်ကောင့်ထ်လက်စ်လိုင်း၏နယ်မြေထံမှ အချက်အလက်များကိုကြည့်ပြီးနောက်တွင် ဆယ်ဗီနီမှာ ဘန်တာမြို့မှ ချက်ချင်းထွက်သွားတော့၏။

သူမ ပြောခဲ့သည်အရ ဗစ်ကောင့်ထ်လက်စ်လိုင်း၏နယ်မြေထံမှ အံ့အားသင့်ဖွယ်ရလာဒ်နှင့်အတူ နယ်မြေရှိသည့် တခြားမျိုးရိုးမြင့်များကိုလည်း လှုပ်ရှားရပို‌လွယ်စေမည်မှာ သေချာပေါက်ပင်။ စိုက်ပျိုးရေးဌာနအနေနှင့် စိုက်ပျိုးရေးသုံးမှော်စက်များကို ချပြဖို့အတွက်လည်း ပိုအဆင်ပြေစေမည်။

စိုက်ပျိုးရေးဌာန၏ခန့်မှန်းခြေများအရ Frestech ကုန်သည်ကြီးများအသင်းမှ စိုက်ပျိုးရေးဌာန၏ စိုက်ပျိုးရေးသုံးမှော်စက်သုံးသောင်းမှာယူမှုကြီးကို အပြီးသတ်‌နိုင်လျှင်တောင် လမ်ပူရီတိုင်းပြည်၏လိုအပ်ချက်ကို ဖြည့်ဆည်းရန် မလုံလောက်ချေ။

နောက်တစ်မျိုးဆိုရလျှင် ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ စိုက်ပျိုးရေးသုံးမှော်စက်များကို ထပ်မံများစွာ မှာယူလာနိုင်သည်။

သဘာဝကျစွာပင် ရှုယီက ၎င်းကိုကြိုဆိုပါ၏။

စိုက်ပျိုရေးသုံးမှော်စက်များကို ရောင်းချခြင်းမှာ အင်မတန်အကျိုးအမြတ်ရှိသည့်အလုပ်ဖြစ်ရာ ၎င်းမှော်စက်များ ရေပန်းစားလာမည်ကိုမဆိုထားနှင့် ရှုယီဆန္ဒရှိသလိုလည်း ဖြစ်လာမည်ပင်။ လယ်ယာများမှ လုပ်သားပမာဏအမြောက်အများလွတ်လပ်သွားပြီး ပိုမိုကြီးမားသည့် မှော်စက်မှုနယ်ပယ်ထဲသို့ဝင်ရောက်လာနိုင်မည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က စတင်ခဲ့ခြင်းကြောင့် ဘန်တာမြို့တော်နှင့်အတူ ဘန်တာမြို့ရှိ မျိုးရိုးမြင့်အများစုကလည်း စိုက်ပျိုးရေးသုံးမှော်စက်တချို့ဝယ်ထားခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်း၏ လယ်သမားထောက်ပံ့ရေးအစီစဉ်က စိုက်ပျိုးရေးသုံးမှော်စက်များစွာကို သာမန်လယ်သမားများ လက်ထဲသို့ ထည့်ပေးခဲ့ရာ ဘန်တာမြို့အပြင်ဘက်ရှိ လယ်ယာအများစု၌ စိုက်ပျိုးရေးသုံးမှော်စက်များကို အသုံးပြုသည်က သာမန်ပါပင်။

ဤနှစ်၏ နွေဦးကောက်ရိတ်ပွဲတော်အတွက် ဘန်တာမြို့တော်အပြင်ဘက်ရှိ လယ်ယာအများစုကို ရိတ်သိမ်းရန် တစ်ပတ်ပင် မကြာခဲ့ချေ။

၎င်းတို့အား ရိတ်သိမ်းပြီးနောက် လူအင်အားမလုံလောက်ချိန်က အသုံးမပြုနိုင်ခဲ့သည့် ကျက်တီးမြေများတွင် စိုက်ပျိုးရေးသုံးမှော်စက်များက လှည့်ပတ်နေပြီး လယ်မြေ‌များအား စတင်ဖွင့်လှစ်ပေးနေ၏။

မြို့စားအိမ်တော်ထံမှ အချက်အလက်များအရ လက်ရှိအစီစဉ်မှာ ဘန်တာမြို့ပြင်ရှိ လယ်မြေ သုံးဆ ပိုဖွင့်ဖို့ရန်ဖြစ်သည်!

ထိုလယ်မြေများအား နွေဦးစိုက်ပျိုးချိန်တွင် စိုက်ပျိုးနိုင်ပါလျှင် ဆောင်းဦးကောက်ရိတ်ချိန်၌ ဘန်တာမြို့တော်၏ ကောက်ပဲသီးနှံအထွက်နှုန်းမှာ လူတိုင်းကို ထိတ်လန့်သွားစေလိမ့်မည်။

မြို့တော်ဝန်စီယန်နှင့် ဆယ်ဗီနီတို့၏ အလျင်လိုမှုအောက်တွင် ဘန်တာသတင်းစာမှာ ဗစ်ကောင့်ထ်လက်စ်လိုင်း၏ နယ်မြေပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ သတင်းများစွာ ရေးပေးခဲ့ရသည်၊ ၎င်းအား ကျက်တီးမြေများပိုမိုဖွင့်လှစ်နိုင်ရန် အစီစဉ်အတွက် ကြော်ငြာဟု ယူဆနိုင်သောကြောင့်ဖြစ်၏။

ထို့နောက် ဆယ်ရက်အကြာတွင် ဘန်တာသတင်းစာမှာ ဘန်တာမြို့တော်အပြင်ဘက်ရှိ သိုက်မြိုက်သောမြင်ကွင်းကို အားလုံးထံပြသမည့် သတင်းတသီကြီးပြုလုပ်ခဲ့ရသည်။

ထိုသို့လုပ်နိုင်ရန် အန်ဗီမာမြို့တော်မှ ပြန်လာကာစ ဘာရွန်ဟားနက်စ်ထံ အသိအမှတ်ပြုခိုင်းရန်လိုသေးသည်။

သူဟာ ယခင်ကနှင့်စာလျှင် များစွာပိုမို ရင့်ကျက်လာပါသော်လည်း သတင်းစာနှင့် ထိတွေ့မှုရှိလာသည်နှင့် ဘာရွန်ဟားနက်စ်မှာ ချက်ချင်းပင် ယခင်က စိတ်လှုပ်ရှားတတ်သည့် အနေအထားကို ချက်ချင်းပြန်ရောက်သွားတော့သည်။

ဘန်တာမြို့တော်သို့ပြန်ရောက်လာချိန်က သူဟာ ဘန်တာသတင်းစာရုံးသို့ ချက်ချင်းပြေးကာ မမှောင်ခင်အထိ တစ်နေကုန် အလုပ်,လုပ်နေခဲ့သည်။

ဘာရွန်ဟားနက်စ်ထွက်သွားသည့်အချိန်အတွင်း ဘန်တာသတင်းစာမှာ သူရှိစဉ်ကလို စိတ်လှုပ်ရှားစရာမကောင်းတော့ဘဲ ပိုမိုတည်ငြိမ်လာသည်။ သို့သော် သူပြန်လာသည်နှင့် ဘန်တာသတင်းစာမှာ စတီးရွိုက်များထိုးခံလိုက်ရသလို ၎င်း၏ ပုံစံကပါ ချက်ချင်းပြောင်းလဲသွားတော့၏။

"ဒါက ဟားနက်စ်ရဲ့ ဆွဲဆောင်မှုပဲ။" ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ ယနေ့ထွက်လာသည့် လက်ထဲက ဘန်တာသတင်းစာကိုကြည့်ကာ အပြုံးဖျော့ဖျော့ဖြင့် ဆိုလိုက်သည်၊ "သူ့ရဲ့ထောက်ပံ့မှုကြောင့်ပဲ ဘန်တာသတင်းစာက ဒီလောက်ထက်မြတ်ပြီး မျိုးရိုးမြင့်တွေပါ ပါဝင်နေတဲ့ ကိစ္စတွေကို သတင်းရေးရဲတာဖြစ်နိုင်တယ်။ ဒီလူတော့ အရမ်းပျော်နေလောက်မယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ အန်ဗီမာမြို့တော်မှာ သူ့နောက်က မိသားစုနဲ့တောင် သူ မထိရဲတာတွေများတယ်။"

"ဒါပေါ့၊ သူက ဒီနေ့မှာ ဘုရင်ကြီး အတွင်းခံ ဘာအရောင်ဝတ်ထားတယ်ဆိုတာကို သတင်းရေးရဲပါ့မလား?" ရှုယီက အရွှန်းဖောက်လိုက်၏။

ဗစ်ကောင့်ထ်လက်စ်လိုင်းက ရယ်ကာ၊ "ရှုယီ၊ ခင်ဗျား ဒါတော့မှားတယ်။ သူက တကယ်တမ်း အန်ဗီမာ သတင်းစာမှာ ဘုရင်ကြီးရဲ့ နေ့စဉ်ကိစ္စတွေကိုတောင် ရေးရဲပြီး အရှုပ်တော်ပုံတချို့ကိုတောင် ရေးရဲသေးတယ်။ ဒါပေမယ့် ဘုရင်ကြီးက ဒါကိုလုပ်ဖို့ ညွှန်ကြားထားတော့ သူ့ဘာသာသူ လုပ်ရဲမှာ မဟုတ်ဘူး။”

"ဘုရင်ကြီးက ဒီလိုလုပ်ဖို့ ညွှန်ကြားထားတယ်?" ရှုယီက စဉ်းစားလိုက်၏၊ "သူက လူတွေနဲ့ ပိုနီးစပ်ပုံပေါ်အောင် လုပ်တာလား?"

"မဆိုးဘူး ရှုယီ၊ ခင်ဗျား ဒါကို နားလည်သားပဲ။" ဗစ်ကောင့်ထ်လက်စ်လိုင်းက ခေါင်းငြိမ့်လိုက်၏။ ထို့နောက် လက်ထဲရှိ ဘန်တာသတင်းစာကိုကြည့်ကာ စား‌ပွဲပေါ် တင်လိုက်၏။ သူက သက်ပြင်းချကာ ခေါင်းခါရင်းပြောသည်၊ "ဟားနက်စ်က ဒီမှာ အရမ်းပျော်နေတာတော့ နှမျောစရာပဲ၊ ရက်နည်းနည်းကြာရင် သူ အန်ဗီမာ မြို့တော်ကို ပြန်ရမှာလေ။"

ဗစ်ကောင့်ထ်လက်စ်လိုင်းက အသာမျက်မှောင်ကုပ်ထားသည်ကိုကြည့်ရင်း ရှုယီကမေးလိုက်၏၊ "ခင်ဗျားက သူနဲ့အတူပြန်သွားမှာလား?"

ဗစ်ကောင့်ထ်လက်စ်လိုင်း ရှုယီကိုကြည့်ကာ ချက်ချင်းပြန်မဖြေချေ။ ပထမဦးစွာ လက်ဘက်ရည်တစ်ငုံသောက်လိုက်သည်မှာ ရှုယီ၏ အမေးကိုမည်သို့ပြန်ဖြေရမည်အား စဉ်းစားနေပုံပင်။

ရှုယီမှာ အလျင်မလိုဘဲ တိတ်တဆိတ်သာ ခုံ၌ စောင့်နေလိုက်သည်။

ခဏကြာပြီးနောက် ဗစ်ကောင့်ထ်လက်စ်လိုင်းက လဘက်ရည်ခွက်ကိုချကာ စားပွဲကို လက်ချောင်းဖြင့်ထိလိုက်၏။ သူက ရှုယီထံကြည့်ကာ ခေါင်းအသာငြိမ့်၍၊ "ဟုတ်တယ်၊ ကျုပ်သူနဲ့အတူ ပြန်သွားမှာ။"

"ဒါဆို အရင်တစ်ခေါက်က ပြောခဲ့သလို ပြန်မလာတော့ဘူးပေါ့?" ရှုယီက ထပ်မေး၏၊ "ဘာလို့ဘဲ? ခင်ဗျား ဘန်တာမြို့မှာလည်း ကောင်းကောင်းလုပ်နေတာပဲ မဟုတ်ဘူးလား?"

ဗစ်ကောင့်ထ်လက်စ်လိုင်းက အသာပြုံးကာ ခေါင်းခါလိုက်၏၊ "ခင်ဗျားနဲ့ လူအများစုအတွက်တော့ ကျုပ်က ဘန်တာမြို့တော်မှာ ကောင်းကောင်းနေ,နေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျုပ်မိသားစုအတွက်ကျတော့ လုံးဝကောင်းမနေဘူး။ မိသားစုရဲ့ အကြီးဆုံးသားအနေနဲ့ ဘန်တာမြို့တော်လို နေရာလေးမှာနေပြီး ကိုယ့်ဘာသာအချိန်ကုန်နေတာက တကယ်တမ်း ကျုပ်ရဲ့တာဝန်တွေကို ရှောင်တိမ်းနေတာပဲ။ မိသားစုက ကျုပ်ကို အရေးကြီးပုဂ္ဂိုလ်ဖြစ်လာဖို့လိုအပ်တယ်၊ ဒါကြောင့် သူတို့အနေနဲ့ ကျုပ်ကို ဘန်တာမြို့တော်မှာ ထပ်မနေတော့ဖို့ မျှော်လင့်နေတယ်လေ။ ကျုပ် အရင်ကတော့ ဒါကို ခုခံပြီးရှောင်တိမ်းနိုင်‌ခဲ့ပေမယ့် ဒီတစ်ခေါက်ကတော့... ကျုပ်လည်း ထပ်မရှောင်နိုင်တော့ဘူး။ ဘာမှဖြစ်မလာရင် ဘန်တာမြို့တော်ကထွက်သွားပြီးနောက်ကျ စစ်တပ်ထဲဝင်ဖို့ မြောက်ဘက်နယ်စပ်ကိုသွားပြီး ကျုပ်မိသားစုရဲ့ စစ်တပ်အင်အားစုဆောင်းစေချင်တဲ့ အစီစဉ်ကို လိုက်နာရမှာလေ။ မမျှော်လင့်ထားတာတွေမဖြစ်လာရင် ဘန်တာမြို့တော်ဆီပြန်လာဖို့ အခွင့်ရေးမ‌ရလောက်တော့ဘူး။"

ရှုယီက တိတ်ဆိတ်သွား၏။

ထိုသည်က စတက်ဂျ်မိသားစုကဲ့သို့ မိသားစုကြီးထံ၌ မွေး‌ဖွားလာရခြင်းအတွက် ဗစ်ကောင့်ထ်လက်စ်လိုင်း၏တာဝန်ဖြစ်ရာ သူလည်း လုံးဝ မေးခွန်းမထုတ်နိုင်ချေ။

သို့သော် ဗစ်ကောင့်ထ်လက်စ်လိုင်းကမူ မတူညီသောမျိုးရိုးမြင့်မျိုးဖြစ်ပြီး အင်မတန်ပွင့်လင်းလှသည်။ သူဟာ အခြားမျိုးရိုးမြင့်များကဲ့သို့ မဝင့်ကြွားပဲ သူနှင့် ပူးပေါင်းကာ မိတ်ဆွေဖြစ်ရသည်က ကောင်းမွန်လှသည်။

သူထွက်သွားသည်နှင့် ရှုယီမှာ ရင်ထဲ၌ အနည်းငယ်မွန်းကြပ်သွားရမည်ပင်။

"ရှုယီ၊ ဒီနေ့ ခင်ဗျားကို ဖိတ်လိုက်ရတာရဲ့ ပထမအကြောင်းရင်းက ကျုပ် ဘန်တာမြို့တော်ကနေထွက်သွားတော့မယ့်အကြောင်းပြောပြီး မိတ်ဆွေအနေနဲ့ နှုတ်ဆက်မလို့ပါ။ နောက်အကြောင်းရင်းကတော့ ကျုပ်ရဲ့ ခင်ဗျားနဲ့ လုပ်ဖော်ကိုင်ဖက်ဆိုတဲ့အ‌ချက်ကိုသုံးပြီး နောက်ဆုံးတောင်းဆိုစရာရှိလို့။" ဗစ်ကောင့်ထ်လက်စ်လိုင်းက ပြောသည်။

ရှုယီက အားတင်းပြုံးကာ၊ "ဘာတောင်းဆိုချင်တာလဲ ပြောပါ။ ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ လုပ်ပေးနိုင်သရွေ့ သေချာပေါက် လုပ်ပေးမှာပါ။"

ဗစ်ကောင့်ထ်လက်စ်လိုင်းက ခေါင်းငြိမ့်ကာ လေးနက်ဟန်ဖြင့် ဆိုလာ၏၊ "ရှုယီ၊ ကျုပ်ရဲ့ စတော့ရှယ်ယာကို ရောင်းပါရစေ။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၈။ ဗစ်ကောင့်ထ်လက်စ်လိုင်း၏ အကြံပြုချက်

"စတော့တွေကိုရောင်းမယ်?" ရှုယီက အံ့ဩသွားသည်၊ "ဘာလို့လဲ ဗစ်ကောင့်ထ်ရဲ့၊ ခင်ဗျား ဒီကနေထွက်သွားတော့မယ်ဆိုပေမယ့်လည်း စတော့တွေကိုတော့ ဆက်ထားလို့ရပါသေးတယ်။ ကျုပ်ကတိပေးတယ်၊ နှစ်စဉ်ခင်ဗျားအတွက် ခွဲတမ်းက မနည်းစေရဘူး! ဘာလို့ စတော့တွေကိုရောင်းဖို့လိုမှာဘဲ? ကျုပ်ခံစားရတာ..."

"ဆက်ပြောပါရစေဦး။" ဗစ်ကောင့်ထ်လက်စ်လိုင်းက လက်ထောင်ပြကာ ရှုယီကိုစကားဖြတ်လိုက်၏၊ "ရှုယီ၊ ခင်ဗျားကို တစ်ခုမေးပါရစေ။ ခင်ဗျားအနေနဲ့ ကျုပ်ဆီကနေ မြေငှားဖို့ဆုံးဖြတ်ပြီး ကျုပ်ကိုစတော့တွေပေးဖို့ အဲဒီ့အစေခံလေးကို သုံးတဲ့အချိန်တုန်းက ခင်ဗျားရဲ့ရည်ရွယ်ချက်က ကျုပ်ဆီကို ချဉ်းကပ်ဖို့လား ဒါမှမဟုတ် ကျုပ်နောက်မှာရှိတဲ့ ကျုပ်မိသားဆီ ဟုတ်တယ်မလား?"

"ဒါက..." ရှုယီမှာ ဗစ်ကောင့်ထ်လက်စ်လိုင်းက ထိုသို့သောအရာကို မေးလာလိမ့်မည်ဟု တွေးမထားချေ။ နှစ်ဘက်စလုံးက ၎င်းကို သတိထားမိပါသော်လည်း တိုက်ရိုက်ကြီးတော့ ဘယ်သူကမှ ထုတ်မပြောခဲ့ချေ။

ဗစ်ကောင့်ထ်လက်စ်လိုင်း၏ လေးနက်နေဟန်ကိုမြင်သော် ရှုယီမှာ စဉ်းစားပြီးမှ အသက်ပြင်းပြင်းရှူလျက် ခေါင်းအသာငြိမ့်လိုက်၏။

"ဟုတ်တယ်၊ ဗစ်ကောင့်ထ် ခင်ဗျားမေးနေမှတော့ ကျုပ်လည်း ရိုးရိုးသားသားပဲဖြေပါ့မယ်။ မှန်ပါတယ်၊ ကျုပ်ရည်ရွယ်ချက်က ခင်ဗျားနဲ့ ခင်ဗျားနောက်ကွယ်က မိသားစုကို ချဉ်းကပ်ဖို့ပါ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုအသေးစားလေးဖြစ်ပြီး အနောက်မှာလည်း အထောက်အပံ့ကမရှိတော့ ဘန်တာမြို့တော်မှာ ချဲ့ထွင်ဖို့မပြောနဲ့ဦး ရပ်တည်ဖို့တောင်ခက်ခဲတယ်လေ။ ကျုပ်အရင်က ဗစ်ကောင့်ထ်အနေနဲ့ စတက်ဂျ်မိသားစုကလာမှန်းသိခဲ့တော့ ခင်ဗျားကို ချဉ်းကပ်ဖို့ ဒီနည်းလမ်းကိုသုံးခဲ့တာပါ။ ခင်ဗျားဆီက မြေငှားတာရော လုပ်ငန်းစုက စတော့ရှယ်ယာတွေပေးတာရောက ခင်ဗျားနဲ့ ဆက်ဆံရေးကောင်းဖန်တီးပြီး စတက်ဂျ်မိသားစုရဲ့ အထောက်အပံ့ကို ရချင်လို့ပါ။"

ဗစ်ကောင့်ထ်လက်စ်လိုင်းက အသာပြုံးကာ၊ "ဒါဆို ခင်ဗျား အန်ဗီမာမြို့တော်ဆီသွား‌ပြီး ကျုပ်ဆီကနေတစ်ဆင့် အဖေ့ကိုမမြင်ခဲ့ရတော့ စိတ်ပျက်ခဲ့လား?"

ရှုယီက ရိုးသားစွာခေါင်းငြိမ့်သည်။

"အင်း။ ကျုပ်သာ နယ်စားစတက်ဂျ်ကိုတွေ့နိုင်ရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက နယ်စားကြီးရဲ့အာရုံကို ဖမ်းစားနိုင်ရင် ဖမ်းစားနိုင်ခဲ့မှာပေါ့။ စတက်ဂျ်မိသားစုရဲ့ အာရုံနဲ့ အထောက်အပံ့ကိုရတာက ကျုပ်တို့ လုပ်ငန်းစု တိုးတက်မှုကို အတော်လေး အကူညီဖြစ်နိုင်တယ်လေ။"

"ဒီလိုလား?" ဗစ်ကောင့်ထ်လက်စ်လိုင်းက ပျော်ရွှင်နေသယောင်ပြုံးလာကာ၊ "ဒါဆို ရှုယီ၊ ကျုပ်အဖေဆီက အာရုံစိုက်ခံရရင် ခင်ဗျားအတွက် မကောင်းဘူးလို့ရော စဉ်းစားဖူးလား? Frestech ကုန်သည်ကြီးများအသင်းကို ကူညီထောက်ပံ့ပေးမှာထက် ကျုပ်အဖေအတွက် ပိုပြီး လွယ်ကူအားသာတဲ့ ရွေးချယ်မှုက Frestech ကုန်သည်ကြီးများအသင်းကို ဝါးမြိုဖို့ပဲ။"

ရှုယီ၏အမူအရာက အတန်ငယ်ပြောင်းလဲသွား၏။ သူက ဖြစ်ညှစ်ပြုံးကာ ပြောလိုက်သည်၊ "မဖြစ်နိုင်ပါဘူးဗျာ... Frestech ကုန်သည်ကြီးများအသင်းက သေးငယ်ပြီး အားနည်းတဲ့ လုပ်ငန်းစုလေးပဲကို နယ်စားကြီးရဲ့မျက်လုံးကို ဖမ်းစားနိုင်မှာတဲ့လား?"

"ဒါဆို ဘာလို့ ကျုပ်အဖေက ခင်ဗျားကိုထောက်ပံ့မယ်ထင်ရတာလဲ?" ဗစ်ကောင့်ထ်လက်စ်လိုင်း၏မေးခွန်းက ရှုယီကို ဆွံ့အသွားစေသည်၊ "ရှုယီ၊ လက်တွေ့ကို လက်ခံလိုက်ပါ။ အဖေသာ တကယ်ပဲ ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကို သတိပြုမိရင် ခင်ဗျားတို့တွေ စတက်ဂျ်မိသားစုဆီက ထိန်းချုပ်ခံရပြီး နောက်ထပ်ရွေးစရာတောင်ရှိမှာမဟုတ်တော့ဘူး။ ကျုပ်ပေးခဲ့တဲ့ အဲဒီအစေခံသုံးရာက ဘာအဓိပ္ပာယ်ရှိတယ်ဆိုတာကို မသိဘူးလို့တော့ မပြောနဲ့နော်?"

ရှုယီက စဉ်းစားလိုက်ပြီး မနေနိုင်ဘဲ မျက်မှောင်ကုပ်ကာ မေးလိုက်သည်၊ "ဗစ်ကောင့်ထ်၊ ဘာလို့ ဒါကိုကျုပ်နဲ့ ဆွေးနွေးနေရတာလဲ? ဒီအချိန်မှာ ခင်ဗျားရဲ့စတော့ရှယ်ယာတွေကို ရောင်းဖို့ ဘာကြောင့်ရွေးချယ်ရတာလဲ"

"ဘာလို့လဲ?" ဗစ်ကောင့်ထ်လက်စ်လိုင်းက ပြုံးလိုက်ပြီး အထီးကျန်နေဟန်က မျက်ဝန်းများထဲဖြတ်ပြေးသွားသည်၊ "ဘာလို့လဲဆိုတော့ ဒီလောကမှာ ကျုပ်သဘောကျတဲ့လူ နည်းနည်းပဲရှိပြီး၊ ရှုယီ ခင်ဗျားကတော့ အဲ့လူတွေထဲက တစ်ယောက်ပါပဲ။ ရှုယီ ကျုပ်‌ခင်ဗျားကိုစသိခဲ့ချိန်က အဆက်သွယ်များများစားစားမရှိခဲ့ပေမယ့်လည်း ခင်ဗျားက ရည်ရွယ်ချက်၊ အိပ်မက်တွေနဲ့ပြည့်နေတဲ့ လူတစ်ယောက်လို့ ကျုပ်ယုံတယ်။ ပြီးတော့၊ ခင်ဗျားဆီမှာ တခြားလူတွေမှာမရှိတဲ့ အရည်အချင်းရှိတယ်။ တစ်ခါတလေ ကျုပ်တောင် ခင်ဗျားမှာ ဒီလောကကြီးကိုပြောင်းလဲပေးမယ့် စွမ်းရည်ရှိတယ်လို့ ခံစားရတယ်။ ကျုပ်အနေနဲ့ ဒီမျှော်လင့်ချက်ပျက်စီးသွားမှာ ဒါမှမဟုတ် ခင်ဗျားပျက်စီးသွားမှာကို မမြင်ချင်လို့ ခင်ဗျားကို ကူညီပြီး အကြံတချို့ပြုချင်တယ်။"

ဗစ်ကောင့်ထ်လက်စ်လိုင်း၏ လေးနက်နေဟန်ကိုမြင်သော် ယခင်က မမြင်ခဲ့ဖူးရာ ရှုယီက ခေါင်းအသာငြိမ့်ပြလိုက်၏။

"ကျုပ်ကို အကြံပေးပါ ဗစ်ကောင့်ထ်"

"ပထမ၊ ဘုရင်ကြီးက လမ်ပူရီတိုင်းပြည်ကို ကိုယ်စားမပြုဘူး၊ တော်ဝင်မိသားစုဖြစ်ရုံပဲ။ တော်ဝင်မိသားစုက နိုင်ငံမှာ အကြီးမားဆုံးမျိုးရိုးမြင့်မိသားစုဖြစ်တယ်။"

"ဒုတိယ၊ မျိုးရိုးမြင့်မိသားစုတွေကြားမှာ အထူးသဖြင့် ပိုကြီးမားတဲ့မိသားစုတွေပေါ့၊ မိတ်ဆွေစစ်ဆိုတာမရှိဘဲ တစ်ယောက်နဲ့ တစ်ယောက် အကျိုးအမြတ်ယူဖို့ကြိုးစားနေကြရုံပဲ။ တော်ဝင်မိသားစုမှာက ရင်းမြစ်နဲ့ အကျိုးအမြတ်အများဆုံးရှိတော့ သူတို့က မျိုးရိုးမြင့်မိသားစုတွေနဲ့ ကွဲလွဲမှုတွေ အများဆုံးဖြစ်လေ့ရှိတယ်။"

"တတိယ၊ ကျုပ်က စတက်ဂျ်မိသားစုရဲ့ အကြီးဆုံးသားဖြစ်ပြီး စတက်ဂျ်မိသားစုတော့မဟုတ်ဘူး။ ခင်ဗျားကျုပ်ကို ချဉ်းကပ်လာတာက စတက်ဂျ်မိသားစုကိုချဉ်းကပ်တယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရဘူး။ ပြီးတော့၊ ခင်ဗျားမှာက ဘုရင်ကြီးရဲ့ အသိမှတ်ပြုမှုနှင့် အထောက်အပံ့ရှိတာကြောင့် တော်ဝင်မိသားစုကိုပဲ သစ္စာရှိနေလိုက်ပါ။ ဘုရင်ကြီးနဲ့ရော စတက်ဂျ်မိသားစုနဲ့ရော နှစ်မျိုးစလုံးနဲ့ ရင်းနှီးဖို့ မစဉ်းစားပါနဲ့။"

"စတုတ္ထ၊ ဘုရင်ကြီးက ဆယ်စုနှစ်များစွာ အုပ်ချုပ်ရင်း အင်အားကြီးဘုရင်ဆိုတာကို သက်သေပြခဲ့တာကြောင့် သူ့ကိုသံသယမဖြစ်ပါနဲ့။"

"ပဉ္စမ၊ ခင်ဗျားက နိုင်ငံရေးမှာဆို တုံးတော့ Frestech ကုန်သည်ကြီးများအသင်းကို ရိုးရိုးသားသားစီမံခန့်ခွဲပါ။ နိုင်ငံရေးမှာ ဒီတိုင်းဝင်မပါလိုက်ပါနဲ့။"

ရှုယီနှင့် ဗစ်ကောင့်ထ်လက်စ်လိုင်းတို့မှာ အချိန်ကြာမြင့်စွာ တစ်ဦးနှင့်တစ်ဦးသိလာခဲ့ပြီး အကြိမ်များစွာလည်း ဆက်သွယ်ခဲ့ကြသော်ငြား ဤသည်မှာ ဗစ်ကောင့်ထ်လက်စ်လိုင်း ထိုမျှ စကားများပြီး အလေးအနက်ပြောလာသည်ကို ကြားရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ထိုအကြံပြုချက်မှာ ဗစ်ကောင့်ထ်လက်စ်လိုင်း၏ နှလုံးသားအနက်ရှိုင်းဆုံးမှလာပြီး စကားလုံးတစ်လုံးစီမှာလည်း ရိုးသားလှရာ ရှုယီက ဆက်တိုက်ခေါင်းငြိမ့်ကာ နားထောင်နေလိုက်၏။

သို့သော် နောက်ဆုံးအကြံပြုချက်ကိုကြားသည့်အခါ ရှုယီမှာ မနေနိုင်ဘဲ စိတ်မချဖြစ်သွားရသည်။

ဘုရင်မဆယ်ဗီနီသည်ပင် ရှုယီကို နိုင်ငံရေးသမားဖြစ်စေချင်သည်ကို အဘယ့်ကြောင့် ဗစ်ကောင့်ထ်လက်စ်လိုင်းက သူဟာ နိုင်ငံရေး၌ တုံးသည်ဟု ဆိုရသနည်း။

"ခင်ဗျား နိုင်ငံရေးမှာ ပါဝင်ဖို့ အထောက်အထား မရှိခင်ဆိုရင် နိုင်ငံ‌ရေးမှာ ငတုံးတစ်ယောက်ပဲ။" ရှုယီ၏သံသယကို ဗစ်ကောင့်ထ်လက်စ်လိုင်းက တုံ့ဆိုင်းခြင်းမရှိ ဖော်ဆောင်လိုက်သည်၊ "ကျုပ်ရဲ့အကြံပြုချက်က ခင်ဗျားအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကောင်းကောင်းစီမံခန့်ခွဲပြီး နိုင်ငံက ကိစ္စများစွာကို ထိခိုက်စေနိုင်တဲ့အထိ သန်မာလာဖို့ပဲ၊ ဒါဆိုရင် နိုင်ငံရေးအထောက်ထားရဖို့ အရည်ချင်းရှိလာပြီ။ ပြီးတော့ လူများစွာကလည်း ခင်ဗျားပြောတဲ့စကား‌လုံးတွေကို အလေးအနက်စဉ်းစားတဲ့အခါမှာ နိုင်ငံရေးအထောက်ထားရဖို့ အရည်ချင်းရှိလာပြီ။ မဟုတ်ရင် ခင်ဗျားက ကိုယ့်အတွက်ကိုယ် သေတွင်းတူးနေတာပဲ။"

ရှုယီက ၎င်းကိုစဉ်းစားလိုက်ရာ ဗစ်ကောင့်ထ်လက်စ်လိုင်း၏စကားများက မှန်သည်ဟု ဝန်ခံရမည်၊ ထို့ကြောင့် မငြင်းဆန်ဘဲ ခေါင်းငြိမ့်လိုက်၏။

သို့သော် ထိုသည်က သူ့စိတ်ထဲရှိ မေးခွန်း၏ အဖြေမဟုတ်သေးချေ။

"ဒါပေမယ့်၊ ဒီကိစ္စက ခင်ဗျားရဲ့စတော့ရှယ်ယာတွေရောင်းတာနဲ့ ဘာဆိုင်လို့လဲ?" ရှုယီက ရှုပ်ထွေးနေဟန်မေးလာ၏။

"ပထမဆုံး၊ ကျုပ်ရဲ့ပန်းတိုင်က နိုင်ငံက မျိုးရိုးမြင့်ကြီးဖြစ်လာဖို့ ဖြစ်တာကြောင့် ကျုပ်ရာထူးကို မြှင့်ရမယ်လေ။ တော်ဝင်လွှတ်တော်ရဲ့ စည်းမျဉ်းဟောင်းတွေအရ ကျုပ်အနေနဲ့ ဘယ်စီးပွားရေးလုပ်ငန်းမှာမှ ဝင်ပါလို့မရဘူး။"

"စတော့ရှယ်ယာတွေပိုင်တာနဲ့ ပတ်သက်ပြီး ပြဿနာရှိလို့လား? ပြီးတော့လည်း ခင်ဗျားယုံကြည်ရတဲ့လူဆီ လွှဲပေးထားလို့ရတာပဲ၊ အိမ်တော်ထိန်းဘရူနိုင်းလိုပေါ့။" ရှုယီက ပြောသည်။

"အစောတုန်းက ကျုပ်ပေးတဲ့အကြံကိုမေ့သွားပြီလား?" ဗစ်ကောင့်ထ်လက်စ်လိုင်းက နှာခေါင်းရှုံ့ကာ၊ "ကျုပ်က စတက်ဂျ်မိသားစုမဟုတ်ဘူး၊ ဒါပေမယ့် စတက်ဂျ်မိသားစုက ကျုပ်ကို ကိုယ်စားပြုနိုင်တယ်။ ကျုပ်သာ ဒီစတော့တွေကို ဆက်ထားရင် ခင်ဗျားတို့ကို တစ်ကိုက်တည်းနဲ့ မျိုချပြီး ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကလည်း မှီခိုသူဖြစ်လာလိမ့်မယ်။ ဒါက ဘရူနိုင်းဆိုရင်တောင်..."

ဗစ်ကောင့်ထ်လက်စ်လိုင်းက ဆက်မပြောတော့သော်လည်း ရှုယီမှာ ထိုအဓိပ္ပာယ်ကို နားလည်ပြီးသားပင်။

ဗစ်ကောင့်ထ်လက်စ်လိုင်း၏စကားလုံးများထဲရှိ ဆိုလိုရင်းကိုသေချာစဉ်းစားပြီးနောက် ရှုယီမှာ မနေနိုင်ဘဲ စိတ်လှုပ်ရှားသွားသည်။

"ဗစ်ကောင့်ထ်၊ ခင်ဗျားဘာလို့ ကျုပ်အတွက် ဒီလောက်တောင်တွေးပေးနေရတာလဲ?".

"ကျုပ်အခုနကပဲပြောပြီးပြီလေ၊ ခင်ဗျားက ဒီလောကကိုပြောင်းလဲနိုင်ချေရှိတယ်လို့ ကျုပ်ခံစားရလို့ပါ။ ဒီလောက,က အခုချိန်မှာ အတော်ပျင်းစရာကောင်းပြီး ခင်ဗျားလိုထူးခြားတဲ့လူပေါ်လာဖို့က အရမ်းခက်တယ်၊ ဒါကြောင့် ခင်ဗျားပျက်မစီးသွားဖို့ ကျုပ်မျှော်လင့်ပါတယ်။ လတ်တလောတော့ ကျုပ်အနေနဲ့ ခင်ဗျားကို ဒီလောက်ပဲကူညီနိုင်သေးတော့ ကျုပ်ကိုစိတ်မပျက်ဖို့ မျှော်လင့်မိပါတယ်။"

ရှုယီက အသာပြုံးကာ၊ "စိတ်ချပါ၊ ကျုပ် ခင်ဗျားရဲ့မျှော်လင့်ချက်ကိုဖျက်စီးလိုက်ရင် ကျုပ်ကဒါတွေနဲ့ မထိုက်တန်ဘူးလို့ အဓိပ္ပာယ်ရသွားမယ်မို့လား?"

ဗစ်ကောင့်ထ်လက်စ်လိုင်းက အသာခေါင်းငြိမ့်ကာ၊ "ကောင်းတယ်၊ ဒါဆိုကျုပ် ခင်ဗျားကို နောက်ဆုံးအကြံတချို့ပေးမယ်။ ကျုပ်ထွက်သွားပြီး‌တဲ့အခါ မိသားစုက ဒီနယ်မြေကိုဂရုစိုက်ဖို့ တစ်ယောက်ယောက်ကိုပို့‌လိုက်လိမ့်မယ်။ ဒီလူကို မပြင်ထားရသေးပေမယ့်လည်း သူကကျုပ်နဲ့ တူမယ်လို့တော့ မထင်ထားပါနဲ့။"

ရှုယီနှင့် ဗစ်ကောင့်ထ်လက်စ်လိုင်းတို့ စကားဝိုင်းပြီးနောက် တစ်ပတ်အကြာတွင် ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် ဘာရွန်ဟားနက်စ်တို့မှာ မြင်းလှည်းနှင့် အန်ဗီမာမြို့တော်ထံ တစ်ဖန်ပြန်သွားပြီဖြစ်သည်။

ဘာရွန်ဟားနက်စ်က ဘန်တာမြို့မှာထွက်ခွာခြင်းကို အင်မတန်မကျေနပ်ဖြစ်နေပြီး ဘန်တာသတင်းစာကိုလည်း မစွန့်ခွာလိုပါချေ။ သူ မထွက်သွားခင်ညတွင် ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် ရှုယီတို့ကို သောက်ရန် ခေါ်ထုတ်သွားလိုက်သေးသည်။

သူ၏မိသားစုက သူ့အား စည်းကမ်းတကြီးပျိုးထောင်ပေးခဲ့ရာ ဤသည်က ဘာရွန်ဟားနက်စ်၏ ပထမဆုံးအရိုင်းဆန်စွာသောက်ခြင်းပါပင်။ သူဟာ ခွက်ရေအနည်းငယ်သောက်ပြီးနောက် မူးယစ်လာကာ ရှုယီနှင့် ဗစ်ကောင့်ထ်လက်စ်လိုင်းတို့ရှေ့၌ ငိုယိုနေခဲ့သေး၏။

တစ်ညတာလုံးအတွက် နှစ်ယောက်သားမှာ ဘာရွန်ဟားနက်စ်က သူ့အိပ်မက်အကြောင်း၊ ဘန်တာသတင်းစာအတွက် ထက်သန်မှုအကြောင်းနှင့် အန်ဗီမာမြို့တော်၌ နေထိုင်ရခြင်း၏ ဝမ်းနည်းမှုအကြောင်းတို့ကို ညည်းတွားသည်အား နားထောင်ပေးခဲ့ရသေးသည်။ နောက်ဆုံးတွင် သူဟာ မူးလဲကာ မေ့မျောသွားတော့၏။

ဗစ်ကောင့်ထ်လက်စ်လိုင်းကမူ ရှုယီနှင့် ဆွေးနွေးခဲ့သည့်နေ့ကတည်းက ၎င်းကိုထပ်မပြောတော့ချေ။ သူဟာ ရှုယီနှင့်အတူပုံမှန်အတိုင်းသာရှိနေပြီး ထိုနေ့က ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့သလို ပြုမူနေခဲ့သည်။

ရှုယီသာလျှင် ဗစ်ကောင့်ထ်လက်စ်လိုင်းက ယခင်နှစ်က ရှုယီနှင့်အတူ လက်မှတ်ထိုးခဲ့သည့် စာချုပ်အား အိမ်တော်ထိန်းဘရူနိုင်းကို ယူခိုင်းလိုက်ကြောင်း တိတ်တိတ်လေးသိထားပေသည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ စတော့ ၃၀%ကို ရှုယီထံ ရွှေဒင်္ဂါးသုံးသိန်းဈေးနှုန်းဖြင့် ပြန်ပေးခဲ့၏။

Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိတန်ဖိုးနှင့်ဆိုလျှင် ၎င်းဈေးနှုန်းက လုံးဝမမြင့်နေချေ။

သို့သော် ဗစ်ကောင့်ထ်လက်စ်လိုင်း၏ အင်မတန်နည်းပါးသော ရင်းနှီးမြှုပ်နှံမှုနှင့်ယှဉ်လျှင် ၎င်းက အင်မတန်များပြားပါ၏။

မှန်ပါသည်၊ ရှုယီနှင့် ဗစ်ကောင့်ထ်လက်စ်လိုင်းတို့မှာ ၎င်းကို ဂရုမစိုက်ချေ။

ဗစ်ကောင့်ထ်လက်စ်လိုင်းသာ ငွေရှာခြင်းကိုဂရုစိုက်နေပါလျှင် Frestech ကုန်သည်ကြီးများအသင်း တိုးတက်နေပုံနှင့် သူ့ထံ၌ရှိသည့် ရှယ်ယာ၃၀%ကိုထိန်းထားလိမ့်မည်။ ၎င်းက ရွှေဒင်္ဂါးသုံးသိန်းထက်ပင် အမြတ်ငွေများစွာ ယူလာပေးမှာ သေချာ၏။

ရှုယီမှ ဗစ်ကောင့်ထ်လက်စ်လိုင်းထံ ၃၀%လွှဲပြောင်းပေးခဲ့ရသည့် အကြောင်းရင်းမှာ စတက်ဂျ်မိသားစုနှင့်အတူ ဆက်ဆံရေးကောင်းတည်ဆောက်ကာ ဖက်ထားရန် ခြေထောက်ကြီးကြီးရှာလို၍ ဖြစ်သည်။

သို့သော် ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ ရှုယီအား စတက်ဂျ်မိသားစုကို မှီခိုသည်က ရွေးချယ်မှုကောင်းမဟုတ်သလို နောက်ဆုံးရလာဒ်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ စတက်ဂျ်မိသားစု၏ဝါးမြိုခံရကာ ရှုယီအတွက် တစ်ကိုက်စာပင်ချန်ပေးလိမ့်မည်မဟုတ်ဟုသေချာပြောလာခဲ့သည်။

စတက်ဂျ်မိသားစု အကြီးဆုံးသား၏အကြံကြောင့် ရှုယီမှာ ရွေးစရာမရှိသော်လည်း ယုံကြည်ရမည်ပင်။

အကြီးဆုံးသားဗစ်ကောင့်ထ်လက်စ်လိုင်းကပင် ထိုသို့ပြောနေပြီး ရှုယီထံ ၃၀%ကိုပြန်ပေးရန်ပင် တုံ့ဆိုင်းမနေခဲ့ချေ။

ထိုသည်က ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် သူ၏မိသားစုကြားတွင် ရှုယီလတ်တလောနားမလည်သေးသည့် သဘောထားကွဲလွဲမှုရှိလောက်သည်ဟု ဆိုလိုကာ စတက်ဂျ်မိသားစုထံ သွားရန် မယုံကြည်ရဟုလည်းဆိုလို၏။

"ဒါပေမယ့်... ဘုရင်ကြီးရဲ့အထောက်အပံ့ကို သုံးဖို့ ဒီလောက်လွယ်ပါ့မလား?"

ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် ဘာရွန်ဟားနက်စ်တို့၏မြင်းလှည်းမှာ အဝေးသို့ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ရှုယီက မနေနိုင်ဘဲ ဆယ်ဗီနီ၏ အထင်ကြီးစရာမကောင်းသော်လည်း ကျော့ရှင်းသိမ်မွေ့သည့်အပြုံးဖြင့် အင်မတန်ကြည့်ကောင်းသည့်မျက်နှာလေးကို စဉ်းစားမိလိုက်သည်။

ရှုယီ၏စိတ်ထဲတွင် တစ်ခါသာဆုံဖူးသေးသည့် ဘုရင်ကြီးနှင့်ယှဉ်ပါက ထိုဘုရင်မက ယုံကြည်မှုကို ပိုထိုက်တန်ပေ၏။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၉။ ချမ်းသာလာချင်ရင် အရင်ဆုံး လမ်းတွေဆောက်လိုက်ပါ

ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် ဘာရွန်ဟားနက်စ်တို့ ထွက်သွားခြင်းက ရှုယီ၏ရင်ထဲတွင် လှိုင်းဂယက်ကြီးများဖန်တီးသွားသော်လည်း ဘန်တာမြို့သားများ၏ဘဝကို လုံးဝမထိခိုက်ဘဲ အရာအားလုံးက ပုံမှန်အတိုင်းသွားနေသည်။

နွေဦးစိုက်ပျိုးခြင်းအပြီးတွင် ဘန်တာမြို့တော်လယ်ယာပြုပြင်မွမ်းမံခြင်းစီမံကိန်းက စိုက်ပျိုးရေးသုံးမှော်စက်ပမာဏများစွာ၏အကူအညီဖြင့် ချောချောမွေ့မွေ့ပြီးစီးသွားသည်။

မြို့စားအိမ်တော်ထံမှ အချက်အလက်အရ ထိုစီမံကိန်းပြီးနောက်တွင် ဘန်တာမြို့တဝိုက် လယ်မြေများမှာ ဟက်တာသုံးသောင်းကျော်မှ ဟက်တာ တစ်သိန်းတစ်သောင်းအထိရောက်လာ၏။ ထိုသို့ပင် ၎င်းတို့၌ စိုက်ပျိုးထားသည့် သီးနှံများစွာလည်း ရှိနေပြီဖြစ်သည်။

ကနဦးခန့်မှန်းခြေအရ ဘန်တာမြို့၏ ဆောင်းဦးကောက်ရိတ်ပွဲ၌ အနည်းဆုံး အရင်နှစ်ပမာဏ၏ နှစ်ဆရလိမ့်မည်။

အရာအားလုံးသာ ချောချောမွေ့မွေ့ဖြစ်သွားလျှင် ဆောင်းဦးကောက်ရိတ်ချိန်၌ အံ့အားသင့်ဖွယ်ရလာဒ်ဖြစ်လာလိမ့်မည်ပင်။ ဘန်တာမြို့တော်၏ မြို့စားဖြစ်သည့် မြို့တော်ဝန်စီယန်အတွက် ၎င်းက အရေးပါသော အောင်မြင်မှုဖြစ်၏။

ထို့ကြောင့် ၎င်းအချိန်အတောအတွင်း မြို့တော်ဝန်စီယန်မှာ အလုပ်များနေခဲ့ပါသော်လည်း အင်မတန်ပျော်ရွှင်နေသည်။ ရှုယီကို မြင်လိုက်သည့်အချိန်တိုင်းတွင် မျက်နှာထက်၌ ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးနေတတ်၏။

သို့သော် ယနေ့ရှုယီထုတ်ပြောလာသည့် ခေါင်းစဉ်ကို ကြားရချိန်တွင် သူ၏အမူအရာက အင်မတန် အရုပ်ဆိုးလာသည်။

"လမ်းတွေဆောက်မယ်?" မြို့တော်ဝန်စီယန်က ရှုယီကို နေရခက်နေဟန်ဖြင့်ကြည့်လျက် တုံ့ဆိုင်းစွာပြောလေသည်၊ "ဥက္ကဌရှု၊ ဒီလမ်းတွေနဲ့ ဘန်တာမြို့ပြင်က လမ်းတွေကြားထဲမှာ ဘာကွာခြားချက်ရှိတယ်ဆိုတာကို ကျုပ်မသိပေမယ့်လည်း မြို့အပြင်မှာ လမ်းတွေဆောက်တာက အတော်ကို အကုန်အကျများတယ်။ ခင်ဗျားလို ငွေသုံးနိုင်တဲ့လူအတွက် လမ်းတွေဆောက်တာက ပိုလို့တောင် ဈေးကြီးမယ်မဟုတ်လား? ကျုပ်တို့ ဘန်တာမြို့ရဲ့လက်ရှိ ဘဏ္ဍာရေးက သိပ်အဆင်မပြေတော့ ဒါကို သဘောမတူနိုင်ဘူးဗျာ။"

ရှုယီက ၎င်းကို မျှော်လင့်ထားခဲ့သလို ပြုံးလိုက်ကာ အံ့ဩမနေဘဲဆိုလာသည်၊ "မြို့စားအရှင်၊ ဒီလမ်းက ငွေအတော်လေးကုန်ကျမယ်ဆိုပေမယ့်လည်း 'ငွေဝင်ချင်ရင် လမ်းအရင်ဆောက်'ဆိုတဲ့ ဆိုရိုးစကား ကျုပ်တို့ဇာတိမှာရှိတယ်ဗျ။ ဆိုလိုတာကတော့ ဘန်တာမြို့သာ ကြွယ်ဝလာချင်ရင် ပထဆုံးလုပ်ရမယ့်အရာက လမ်းတွေတည်ဆောက်ပြီးကာကွယ်ဖို့ပဲ။ ဥပမာပေးရရင် ကျုပ်တို့ ဘန်တာမြို့မှာက ဒီတလောအတွင်း ကျုပ်နဲ့ စတေးလ်တို့အတူစားခဲ့တဲ့ မက်ဂ်မာဘယ်ရီလို အထူးထုတ်ကုန်တွေအတော်များများရှိတယ်လေ။ မြို့စားအရှင်လည်း ဒီလိုအသီးမျိုးစားရတာကြိုက်မယ်လို့ကျုပ်ထင်တော့၊ ဒါကို သရေစာတစ်မျိုးအဖြစ် အသိအမှတ်ပြုနိုင်မလား?"

မြို့တော်ဝန်စီယန်က မနေနိုင်ဘဲ ခေါင်းငြိမ့်ကာ၊ "အင်း၊ ဟုတ်ပါတယ်။ ဒီမက်ဂ်မာအသီးက အရသာအတော်ကောင်းတယ်။ အတော်လေးလည်းချိုပြီး စားရတာလည်း မငြီးငွေ့နိုင်တော့ အန်ဗီမာမြို့မှာ ထားပြီး တစ်ပေါင်ကို ရွှေဒင်္ဂါးတစ်ပြားနဲ့ရောင်းရင် လူအတော်များများလည်း ဝယ်လိမ့်မယ်လို့ထင်တယ်။"

"အမှန်ပဲ။ ဒီလိုအသီးကောင်းဆိုပေမယ့်လည်း ထိန်းသိမ်းဖို့ကခက်တော့ ဘန်တာမြို့တော်နဲ့ အနီးဝန်းကျင်မြို့တွေမှာပဲ ကုန်သွယ်လို့ရတယ်။ စျေးနှုန်းမြင့်တာကို မပြောနဲ့ဦး၊ ကြော်ငြာတောင် မလုပ်နိုင်တော့ လုပ်ငန်းပမာဏ အများကြီး ဆုံးရှုံးနေတယ်။” ရှုယီက နောင်တရနေဟန်ဖြင့် ဆိုလိုက်သည်။

"တကယ်ကိုပဲ၊ ငါတို့သာဒါကိုရောင်းနိုင်ရင်...နေဦး၊ ဒါက မိုးကျတောင်ကြားဆီ လမ်းဖောက်မှာနဲ့ ဘယ်လိုဆက်စပ်နေလို့လဲ?" မြို့တော်ဝန်စီယန်က ရုတ်တရတ် သတိရသွားသည်၊ "မက်ဂ်မာအသီးကို တခြားနေရာတွေမှာရောင်းရင် ဘန်တာမြို့ကနေ အန်ဗီမာမြို့တော်ဆီ အရင်လမ်းခင်းဖို့လိုတာသေချာပါတယ်။ လူငယ်လေး မင်းတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးအမြတ်တွေဖန်တီးဖို့ ဘန်တာမြို့တော်ရဲ့အလံကို အသုံးချဖို့မစဉ်းစားပါနဲ့။"

ထိုမိုးကျတောင်ကြားဟူသည်မှာ ဘန်တာမြို့အနောက်ဘက် ငါးဆယ်ကီလိုမီတာအကွာရှိ Frestech ကုန်သည်ကြီးများအသင်းငှားရမ်းထားသည့် မြေဖြစ်သည်။

ထိုနယ်မြေ၌ ကာရံထားသော တောင်တန်းကြီးနှစ်သွယ်ရှိပြီး နောက်ကျော၌လည်း မိုးကျတောအုပ်ရှိသဖြင့် မိုးကျတောင်ကြားဟု ခေါ်ဆိုခြင်းဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ ထိုနယ်မြေငှားရမ်းထားသည့်ကိစ္စကို မြို့တော်ဝန်စီယန်အနေနှင့် အလုံးစုံသိပါ၏။ ရှုယီမှာ အဘယ့်ကြောင့် ဘန်တာမြို့ဆီမှာ မိုးကျတောင်ကြားဆီ လမ်းဖောက်ချင်နေသည်အား သူဟာမည်သည်ကြောင့်မသိရမည်နည်း။

"မြို့စားအရှင်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့ရဲ့လုပ်ငန်းစုဖြစ်ပြီး ကျုပ်တို့ လုပ်ငန်းစုကရနေတဲ့ အကျိုးအမြတ်တွေကလည်း ဘန်တာမြို့တော်အတွက်ပါ။" ရှုယီက အထွန့်တက်လိုက်၏၊ "ကျုပ်တို့လုပ်ငန်းစုသာ မြို့စားအရှင်ကို ကူညီဖို့ဆန္ဒမရှိရင် အလုပ်ရုံတွေပိုတည်ဆောက် လုပ်သားတွေပိုစုဆောင်းပြီး ဗစ်ကောင့်ထ်လက်စ်လိုင်းဆီကနေ ငှားထားတဲ့မြေကွက်က မလုံလောက်ဘဲနဲ့ ဘယ်လိုများ မိုးကျတောင်ကြားကိုသွားဖို့ လမ်းဖောက်ခိုင်းရမှာတဲ့လဲ? မြို့စားအရှင်ကတော့ ကျုပ်ကို မမျှမတဝေဖန်နေတာပဲ။"

ကောင့်ထ်က မပျှော်ရွှင်စွာ နှာမှုတ်လိုက်ရင်း၊ "ကောင်းပြီလေ၊ ခင်ဗျားက အပြောကောင်းပေမယ့်လည်း အဆုံးကျတော့ ဒါက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့တိုးတက်မှုကို ကူညီဖို့ပဲလေ။ ကျုပ်ဝင်မပါရင်တောင် ခင်ဗျားက အလုပ်ရုံတစ်ရုံဆောက်ဦးမှာပဲမဟုတ်လား?" ထိုသို့ပြောပြီးနောက် မြို့တော်ဝန်စီယန် အာရုံစိုက်လာ၏။ အနည်းငယ်တုံ့ဆိုင်းနေပြီးသော် မေးလေသည်၊ "ကုန်ကုန်ပြောရရင် ရှုယီ၊ ဘာလို့ ခင်ဗျား ဗစ်ကောင့်ထ်လက်စ်လိုင်းဆီက မြေဆက်မငှားတော့ဘဲ ဘုရင်ကြီးဆီကနေ ဘန်တာမြို့တော်နဲ့အဲ့လောက်ဝေးတဲ့ နယ်မြေကို ငှားလိုက်ရတာလဲ? ဒီအကြောင်းအရင်းကိုပဲသုံးနေရင် အဓိပ္ပာယ်မရှိဘူးမို့လား?"

ရှုယီက ခြောက်ကပ်စွာရယ်လျက်၊ "မြို့စားအရှင်၊ ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့နယ်မြေကို ငှားရမ်းကတာက အဆုံးကျတော့လည်း အရမ်းအဆင်မပြေနေဘူးလေ။ ပြီးတော့လည်း ရက်အနည်းငယ်အတွင်းမှာပဲ ဒီမြေက ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့နယ်မြေမဟုတ်တော့ဘဲ တခြားလူဟာဖြစ်သွားပြီ။"

"အိုး? ကြည့်ရတာ ဒီကောင်လေးလက်စ်လိုင်း မထွက်သွားခင်က ခင်ဗျားကိုပြောသွားပုံပဲ?" မြို့တော်ဝန်စီယန်က ရှုယီကို တအံ့တဩကြည့်ကာ၊ "ဒီကောင်လေးက ခင်ဗျားအပေါ် အတော်ကောင်းတာပဲ၊ ဒီအကြောင်းကိုတကယ်ပြောသွားတယ်။"

"ဗစ်ကောင့်ထ်က တကယ်တမ်း ကျုပ်အပေါ်အတော်လေးကောင်းပါတယ်..." ဗစ်ကောင့်ထ်လက်စ်လိုင်းမထွက်ခွာခင် ပေးခဲ့သည့် အကြံကိုစဉ်းစားကြည့်ရင်း ရှုယီမှာ မနေနိုင်အောင်သက်ပြင်းချမိရသည်။ ထို့နောက် မျက်မှောင်ကုပ်လျက် အသက်ပြင်းပြင်းရှုပြီး မြို့တော်ဝန်စီယန်ကိုပြောလာသည်၊ "မြို့စားအရှင်၊ ဒါက မိုးကျတောင်ကြားမှာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ခြင်းတာကြောင့်ဆိုပေမယ့် ဘန်တာမြို့တော်ကနေ မိုးကျတောင်ကြားဆီကို လမ်းတစ်လမ်းဖောက်ဖို့ အကြောင်းပြချက်ကောင်းတွေရှိပါ‌တယ်။ ခင်ဗျားအနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ တိုးတက်မှုကို ထောက်ပံ့ပေးမယ်လို့ပြောခဲ့တော့ ကျုပ်တို့ရဲ့တိုးတက်မှုကလည်း ပုလင်းဝ(အောင်မြင်ခါနီး)ကိုရောက်တော့မှာမို့ ကျုပ်တို့ကို ထောက်ပံ့ဖို့လိုတယ်။ ခင်ဗျားရဲ့ စကားကိုပြန်ရုတ်သိမ်းလို့မရဘူးလေ။"

"ဒီကောင်လေးကတော့၊ ခင်ဗျားက ကျုပ်ကို ဖိအားပေးချင်နေတာလား?" မြို့တော်ဝန်စီယန်က အပြုံးဖြင့် ဆူငေါက်လိုက်ပြီးမှ သက်ပြင်းချလာသည်၊ "တကယ်တော့ ခင်ဗျားရဲ့အကြံကို ကျုပ်နားလည်ပြီး ကူညီချင်ပါတယ်။ အရင်တစ်ခေါက်က ခင်ဗျားပေးခဲ့တဲ့ လမ်းအစီစဉ်ကိုတောင် သေချာလေ့လာထားတော့ ဒီအစီစဉ်အရ လမ်းတွေကိုဆောက်လုပ်ရင် ဘန်တာမြို့ရဲ့တိုးတက်မှုကို အကူညီကြီးကြီးမားမားဖြစ်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့်..."

မြို့တော်ဝန်စီယန်က ကူရာမဲ့နေဟန်ဖြင့် လက်များဖြန့်ကာဆိုလာသည်။

"ကျုပ်မှာ တကယ်ပဲ ငွေမရှိဘူး။ ဘန်တာမြို့ရဲ့ အမြတ်‌ခွန်ကို လမ်ပူရီတိုင်းပြည်မှာ မဆိုးဘူးလို့ သတ်မှတ်နိုင်ပေမယ့်လည်း နှစ်တိုင်း နိုင်ငံဘဏ္ဍာကိုလည်း ပမာဏကြီးကြီးပေးရသေးသလို ကျန်တာကို ဘန်တာမြို့နဲ့ အနီးတဝိုက်တွေအတွက် သုံးရတယ်၊ ဒါကြောင့် တခြားကိစ္စတွေအတွက် ဘာမှကိုမကျန်ဘူးလေ။ လမ်းတွေဆောက်ဖို့အတွက်... အရင်ဆုံး ရင်းမြစ်ပမာဏများများလိုတာကို မပြောနဲ့ဦး လူပမာဏကတင် ကျုပ်အတွက် ရှာဖို့ခက်တယ်။"

ရှုယီက ရယ်လျက်၊ "မြို့စားအရှင်၊ ဒါကပဲ ကျုပ် ခင်ဗျားကို လာရှာရတဲ့ အရေးကြီးအကြောင်းရင်းပါ။ ဒီလမ်းတွေကို ဆောက်လုပ်တာက ခင်ဗျားစိတ်ကူးထားတာတွေနဲ့ မတူပါဘူး။ အရင်နှစ်က ကျုပ်တို့လုပ်ငန်းစုကနေ အလုပ်ရုံဆီကို လမ်းတစ်လမ်းဖောက်ခဲ့ပြီး လူအင်အားကအများဆုံးလိုတော့ ကျုပ်လည်း အခက်အခဲကို နားလည်ပါတယ်။ ဒါပေမယ့် ကျုပ်ပြောတဲ့ ဘိလပ်မြေလမ်းတွေက မတူဘူး၊ မှော်စက်တွေရဲ့အကူညီလည်းရှိတော့ လိုအပ်တဲ့ လူအင်အားက မမြင့်မားသလို အများဆုံးကုန်ကျစရိတ်ကလည်း ရင်းမြစ်တွေဆီကလောက်ပဲ။"

"မှော်စက်တွေ?" မြို့တော်ဝန်စီယန်က ရှုယီကို ရှုပ်ထွေးစွာကြည့်ကာ၊ "ခင်ဗျားပြောချင်တာက Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ လမ်းတွေတည်ဆောက်ဖို့ မှော်စက်တွေထုတ်လုပ်ထားတယ်ပေါ့?"

ရှုယီက အသာခေါင်းငြိမ့်ကာ ဝင့်ကြွားဟန်ဖြင့် ဆိုလိုက်သည်၊ "ဟုတ်ပါတယ်။ ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကို မှော်စက်တွေထုတ်လုပ်ရာမှာ အထူးပြုထားတော့ လမ်းခင်းဖို့အတွက် မှော်စက်တွေ ထုတ်လုပ်တာက ကျုပ်တို့အတွက် လွယ်ပါတယ်။"

"ဒါဆိုရင် ဒီမှော်စက်တွေကို ထုတ်လုပ်ပြီးသားပေါ့?" မြို့တော်ဝန်စီယန်က မေးလေ၏။

"ထုတ်လုပ်ပြီးတာ ကြာနေပါပြီ၊ သူတို့ကို စမ်းသပ်ပြီး လက်ရှိမှာ သုံးနေပါတယ်။" ရှုယီက အပြုံးဖြင့်ဖြေလာသည်၊ "မြို့စားအရှင်ကို လွန်ခဲ့တဲ့နှစ်ရက်က အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနဲ့ အသစ်ထုတ်လုပ်လိုက်တဲ့ ကွန်ကရစ်ကြမ်းပြင်ကိုကြည့်ဖို့နဲ့ မြို့စားအိမ်တော်အပြင်ဘက်လမ်းဆုံကို ဒီလိုကြမ်းပြင်မျိုးပြောင်းအောင် အကြံပြုဖို့အတွက် ဖိတ်ခဲ့သေးတယ်မဟုတ်လား?"

မြို့တော်ဝန်စီယန်က စဉ်းစားကြည့်လိုက်ရာ နားလည်သွားသည်၊ "အဲဒီ့ကွန်ကရစ်မှာ ခင်ဗျားတို့လုပ်ငန်းစု ဝင်ပါထားတယ်လား? ခင်ဗျားက ဒီအကြောင်းကို ပြောလာတော့မှပဲ ထူးဆန်းတယ်လို့ထင်သွားတော့တယ်။ ခင်ဗျား ဒါကို ဘယ်လိုသိတာလဲ?"

"အတိအကျပြောရရင် ကျုပ်က အဲဒီ့ပစ္စည်းအကြောင်း အမ်ရစ် ကုန်သည်ကြီးများအသင်းကို သင်ပေးလိုက်တာပါ။ ပြီးတော့ အရေးပါဆုံးဘိလပ်မြေကိုတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဘိလပ်မြေစက်ရုံကနေ ထောက်ပံ့ပေးထားပါတယ်။" ရှုယီက အပြုံးဖြင့်ဆိုကာ၊ "မြို့စားအရှင်၊ ဘိလပ်မြေကနေ လုပ်ထားတဲ့ လမ်းကို ဘယ်လိုသဘောရပါသလဲ?"

"အရမ်းအဆင်ပြေတယ်။" မြို့တော်ဝန်စီယန်က တုံ့ဆိုင်းမှုမရှိ ဆိုလာသည်၊ "တကယ်တော့၊ အရင်နှစ်ရက် ဘိလပ်မြေကြမ်းပြင်ကိုမြင်တုန်းက ဒီကိစ္စကို တွေးခဲ့သေးပါတယ်။ ဒီအရာကို လမ်းဆုံလုပ်ဖို့ သုံးနိုင်မှတော့ လမ်းလုပ်ဖို့လည်း သုံးလို့ရတယ်လေ။ ဒီပစ္စည်းက သာမန်မြေတွေထက်တောင် ပိုချောမွေ့ပြီး မာကျောလွန်းနေသေးတယ်။ ဒါကိုသာ လမ်းအဖြစ်သုံးလို့ရနိုင်ရင် ဘန်တာမြို့တော်အပြင်ဘက်က မြေနဲ့ ကျောက်စရစ်လမ်းတွေထက် ပိုကောင်းလိမ့်မယ်။"

ထိုသို့ဆိုရင်း မြို့တော်ဝန်စီယန်က သက်ပြင်းချလာသည်၊ "ဒါပေမယ့် တူညီတဲ့ပြဿနာရှိတယ်၊ ဒီကွန်ကရစ်ကြမ်းပြင်က အတော်ဈေးကြီးတယ်။ ဥက္ကဌရှုရဲ့ အပြောအရဆိုရင် စတုရန်းတစ်မီတာလေးနဲ့တင် ငွေဒင်္ဂါး ခြောက်ဆယ်ပြားကုန်ကျမယ်‌တဲ့လေ... ဒါက ရွှေဒင်္ဂါးတွေနဲ့ လမ်းခင်းနေတာပဲ။"

ရှုယီက အသာပြုံးလိုက်၏။ ဘိလပ်မြေ စတုရန်းတစ်မီတာက ငွေဒင်္ဂါးခြောက်ဆယ်ကုန်ကျရာ ၎င်းကို ကမ္ဘာမြေမှ ယွမ်ဈေးနှင့်တွက်ပါလျှင် စတုရန်းတစ်မီတာကို ယွမ်၆၀ပတ်လည် ကျသင့်ပေမည်။ ထိုကမ္ဘာမြေမှ လမ်းခင်းသူများသာသိပါက ပစ္စည်းများ ခို'ထားသည်ဟု ထင်ကြပေလိမ့်မည်။

ထိုသည်မှာ ယင်းလောက၌ ထိုဈေးနှုန်းက အင်မတန်နည်းပါးသောကြောင့်ပင်။ တကယ်တမ်းတွင် စတုရန်းတစ်မီတာစီအတွက် ငွေဒင်္ဂါး၆၀မှာ ဤလောကရှိလူများအတွက် ဈေးနှုန်းမြင့်မားလှချေ၏။

"မြို့စားအရှင် မစိုးရိမ်ပါနဲ့။ ဒီလမ်းအတွက် ခင်ဗျားအနေနဲ့ ခြူးတပြားမှထုတ်စရာမလိုပါဘူးဗျာ။ ကျုပ် ဒီနေ့လာရှာတာက ဒီလမ်းတည်ဆောက်ရေးစီမံကိန်းကိုခွင့်ပြုစေချင်ရုံပါ။ ခင်ဗျားရဲ့ ခွင့်ပြုချက်မရဘဲ ကျုပ်ဘာသာတော့ ဒီလိုလမ်းအရှည်ကြီး မဆောက်ရဲပါဘူး။"

မြို့တော်ဝန်စီယန်က တမုဟုတ်ချင်းငြိမ်သက်သွားကာ၊ "ခင်ဗျားဆိုလိုတာက... ဘန်တာမြို့ကနေ မိုးကျတောင်ကြားအထိ ဒီငါးဆယ်ကီလိုမီတာလမ်းအတွက် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက အားလုံးပေးချေဖို့စီစဉ်ထားတာပေါ့?"

ရှုယီက ခပ်ရေးရေးပြုံးကာ ခေါင်းငြိမ့်သည်, "ဟုတ်ပါတယ်ဗျာ။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၂၀။ အစာစားရခြင်းအကြောင်းရင်း

လမ်းခင်းခြင်းမှာ အင်မတန်အကုန်ကျများသောကိစ္စပင်။

ကမ္ဘာမြေ၌ အများသုံးလမ်းများကို တည်ဆောက်ရန် အစိုးရက ထောက်ပံ့ပြီး တခါတရံ ပုဂ္ဂလိကအရင်းအနှီးဖြင့် ခင်းကြသည်။ ပုဂ္ဂလိက အရင်းအနှီးဖြင့် လုံးလုံးလျားလျား ခင်းရမည့် လမ်းမျိုးကတော့ ရှားပေ၏။

အကြောင်းမှာ နိုင်ငံတစ်ခုကို ဆက်သွယ်နေသည့် လမ်းများကို ၎င်း၏ အသက်သွေးကြောဟု ယူဆခြင်းကြောင့် အရေးပါမှုကို သံသယရှိဖို့ပင်မလိုပါချေ။ ၎င်းကိုသာ အစိုးရက မထိန်းချုပ်ခဲ့ပါလျှင် ပြဿနာကြီးကြီးတက်လာဖို့ လွယ်ကူနိုင်သည်။

ဖြစ်နိုင်လျှင် ရှုယီမှာ လမ်ပူရီတိုင်းပြည်တစ်ဝှမ်း လမ်းတည်ဆောက်ရေးအစီစဉ်အတွက် အပြည့်အဝထောက်ပံ့နိုင်ရန် မျှော်လင့်နေသည်။

သို့သော် လမ်ပူရီတိုင်းပြည်၏ဘဏ္ဍာရေးအခြေနေက အဆင်မပြေသည့် အချက်ရှိ၏။ နိုင်ငံ၏လုပ်ငန်းစုကြီးများနှင့် မျိုးရိုးမြင့်များထံ၌ ငွေများစွာရှိသော်ငြား နိုင်ငံ၏ ဘဏ္ဍာရေးကတော့ ချို့တဲ့နေသည်။

ဘန်တာမြို့ပေါ်သို့ ၎င်းကရောင်ပြန်ကာ မြို့စားမြို့တော်ဝန်စီယန်နှင့် ထိုလုပ်ငန်းစုကြီးများ၏ ဥက္ကဌက ကြွယ်ဝစွာနေနိုင်ကြပါသော်လည်း ဘန်တာမြို့ကိုယ်တိုင်၌တော့ ဘဏ္ဍာငွေများများစားစားမရှိပါချေ။

ဘဏ္ဍာရေးအခြေနေက ထိုမျှဆိုးနေချိန်တွင် လမ်းများဆောက်လုပ်ရန်က အသေအချာပင် မဖြစ်နိုင်ချေ။

ထို့ကြောင့် ရှုယီက ထိုလမ်းများအတွက် ဘန်တာမြို့နှင့် လမ်ပူရီတိုင်းပြည်တို့ ပေးချေရမည်ကို အလွတ်ပေးကာ သူကိုယ်တိုင်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ဗစ်ကောင့်ထ်လက်စ်လိုင်း၏ ထွက်မသွားခင်က ပေးခဲ့သောအကြံအား ရှုယီအတွက် သတိပေးခြင်းဟု ယူဆ၍ရနိုင်ပါ၏။ ထိုသည်က သူ့အား ယုံကြည်မှုပျောက်ဆုံးစေကာ ဗစ်ကောင့်ထ်လက်စ်လိုင်း သို့မဟုတ် စတက်ဂျ်မိသားစု၏ မြေကို တိုးတက်ဖို့ရာ မျှော်လင့်လာမိသဖြင့် သူဟာ မိုးကျတောင်ကြား၌ တိုးတက်ရန်လုပ်ဆောင်ရပေမည်။

မိုးကျတောင်ကြား၏အနေထားက မဆိုးလှပါဘဲ မိုးကျတောအုပ်နှင့် သွယ်တန်းတောင်တန်းများကိုချိတ်ဆက်နေကာ သူ့အား ညတေးသံမျိုးနွယ်စု၏ နတ်သူငယ်များ၊ နော်မာမျိုးနွယ်စုနှင့် အန်ဂိုလာမျိုးနွယ်စုတို့၏ လူပုလေးများနှင့်လည်း ဆက်ဆံရေးများတိုးတက်စေနိုင်ပေ၏။ သို့သော်လည်း ၎င်းက ဘန်တာမြို့တော်မှနေ၍ ကီလိုမီတာ ငါးဆယ်ကွာဝေးနေသေးရာ သူသာ ၎င်းကို တိုးတက်စေလိုပါလျှင် ထိုနေရာများအား ချိတ်ဆက်ဖို့လွယ်ပြီး ဘန်တာမြို့တော်သို့ လမ်းတစ်လမ်းတည်‌ဆောက်ရမည်ပင်။

ထိုလမ်းက စုစုပေါင်း ကီလိုမီတာ ငါးဆယ်မှ ငါးဆယ့်ငါးကြားပတ်လည်တွင်ရှိနေ၏။ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ကွန်ကရစ် စတုရန်းတစ်မီတာလျှင် ငွေဒင်္ဂါးခြောက်ဆယ်ဈေးနှုန်းရှိခြင်းအရ သုံးမီတာ ကျယ်ကာ ၁၅စင်တီမီတာထူပြီး မြင်းလှည်းနှစ်လှည်းစာ ဝင်ဆန့်ရန် ကျယ်ဝယ်မည့် လမ်းတစ်လမ်းဖန်တီးလိုပါလျှင် လမ်းတည်ဆောက်မည့် အခြေခံဈေးနှုန်းအရ စုစုပေါင်း ရွှေဒင်္ဂါး တစ်သိန်းသုံးသောင်းမှ တစ်သိန်းငါးသောင်းအထိကုန်ကျလိမ့်မည်။

၎င်းက ထိုကီလိုမီသာငါးဆယ်စာရှည်သည့်လမ်းအတွက် ဈေးနှုန်းမမြင့်မားဟု ဆိုနိုင်သော်လည်း လတ်တလောတွင် Frestech ကုန်သည်ကြီးများအသင်းမှာ လတ်တလော အပိုအရင်းအနှီးလုံလုံလောက်လောက်မရှိရာ ရှုယီက ထိုများပြားလှသည့် ရွှေဒင်္ဂါးများကို မပေးချေနိုင်ပါပေ။

"ဒီလောက် ရိုးရှင်းတယ်လား? ကျုပ်တို့တွေ နည်းလမ်းဟောင်းကို လိုက်နာပြီး ဘိလပ်မြေကို ပေးချေမှုအနေနဲ့ သုံးလိုက်မယ်။" ဥက္ကဌခရုစ်က သူ၏ရင်ဘတ်ကိုပုတ်ကာ ရှုယီထံ သဘောထားကြီးမားစွာဆိုလာ၏၊ "ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲ၊ ကျုပ် ဥက္ကဌရှုကို ယုံပါတယ်။ ဒီစီမံကိန်းကို အပြီးသတ်ဖို့ ကျုပ်တို့ကူညီပါ့မယ်၊ ပြီးတော့ ခင်ဗျားဖြေးဖြေးပဲပေး။ ကျုပ်က အလျင်မလိုပါဘူး၊ ဟားဟား..." ရှုယီက သူ့အားကြည့်လိုက်သည်၊ သူဟာ အလျင်လိုမည်မဟုတ်ချေ။

ဥက္ကဌခရုစ်၏အစီစဉ်အရ သူဟာ ရှုယီကို ဤလမ်း၌ ငွေများပိုမိုအသုံးပြုစေလိုသည်။ ထိုသို့ဖြင့် သူ၏အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဘိလပ်မြေ၌ လက်ဝါးကြီးအုပ်နိုင်မှုကို ဆက်ထိန်းသိမ်းကာ ဆောက်လုပ်ရေးနယ်ပယ်တွင် အားသာချက်ကို ဆက်လက်ကိုင်စွဲထားနိုင်မည်ဖြစ်သည်။

ရှုယီကတော့ ထိုနည်းလမ်းကို ငြင်းပယ်မည်မဟုတ်။

မည်သို့ဆိုစေ သူဟာ ပေးချေဖို့ဆန္ဒမရှိရာ ဘိလပ်မြေကိုသာ နည်းလမ်းအဖြစ် လက်ခံနိုင်သည်။

ဘိလပ်မြေစက်ရုံမှာ နော်မာမျိုးနွယ်စုထံ၌ အချိန်အနည်းငယ်ကြာအောင် ရှိနေခဲ့ပြီး လူပုလေးများကိုလည်း ထိုဘိလပ်မြေပြုလုပ်ရာ၌ အသုံးပြုနေသည်။ ပြီးလျှင် Frestech ကုန်သည်ကြီးများအသင်းက မှော်ဘိလပ်မြေဖျော်စက်နှင့် တခြားသောမှော်စက်များထုတ်လုပ်ခဲ့သည်ကိုပါ တိုးတက်မှုကိုပါထည့်ပေါင်းလျှင် နော်မာမျိုးနွယ်စု၏ ဘိလပ်မြေအထွက်နှုန်းမှာ များစွာတိုးလာသည်။ ၎င်းတို့မှာ ယခင်လ၏ပမာဏ တန်သုံးထောင်မှ ယခုလ၏ ပမာဏတန်ခုနစ်ထောင်အထိရှိလာပြီဖြစ်သည်။

ထို့အပြင် နော်မာမျိုးနွယ်စုနှင့် အန်ဂိုလာမျိုးနွယ်စုတို့၌ နောက်ထပ် ဘိလပ်မြေစက်ရုံနှစ်ရုံပေါင်းထည့်လိုက်ပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ တစ်လကို ဘိလပ်မြေ တန်ပေါင်းနှစ်သောင်းကျော်ထုတ်လုပ်လာခဲ့ပြီဖြစ်၏။

ရှုယီမှ ဥက္ကဌခရုစ်ထံ တစ်တန်ကို ရွှေဒင်္ဂါးခြောက်ပြားဟု သဘောတူထားသည့်ဈေးနှုန်းအရ Frestech ကုန်သည်ကြီးများအသင်း‌အနေနှင့် ထိုလမ်းဆောက်သည့် ကုန်ကျစရိတ်များကို ဘိလပ်မြေဖြင့်ပေးချေရန် တစ်လ၊နှစ်လသာ ကြာမြင့်မည်ပင်။

မှန်ပါ၏၊ ရှုယီသာ ဘိလပ်မြေကို လူထုဆီရောင်းချပေးပါလျှင် ဈေးနှုန်းက တစ်တန်ကို ရွှေဒင်္ဂါးခြောက်ပြားကျော်မည်ဖြစ်ရာ ငွေလည်းပိုဝင်လိမ့်မည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းထံ၌ ဆောက်လုပ်ရေးထုတ်ကုန်များစွာရှိနေသဖြင့် အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် မခွဲခြားနိုင်ချေ။ ရှုယီမှာ လုပ်ငန်းစုနှစ်ခုအကြားရှိ ဆက်ဆံရေးကောင်းကို ဘိလပ်မြေသုံးကာ ထိန်းသိမ်းထားနိုင်ခြင်းကြောင့် အင်မတန် ဝမ်းမြောက်နေမိသည်။

ထိုဘိလပ်မြေအား အဓိကအားဖြင့် သွယ်တန်းတောင်တန်းများထံမှ လူပုလေးများတူးယူထားသည့် ရွှံ့စေး၊ ထုံးကျောက်တို့ဖြင့်ပြုလုပ်ထားသည်ဖြစ်ရာ ကုန်ကျစရိတ်မှာ လျစ်လျူရှုထားနိုင်သည်အထိပင်။

"ကောင်းပြီ၊ ဒီလိုပဲလုပ်ကြတာပေါ့။" ထိုသို့စဉ်းစားပြီး၍ ရှုယီက ခေါင်းငြိမ့်ကာ ၎င်းတို့၏တစ်ဖန်ပူးပေါင်းမှုကိုသဘောတူလိုက်တော့၏၊ "ဟုတ်ပြီ၊ ဥက္ကဌခရုစ်, ဥက္ကဌမော်ဂန်က ခင်ဗျားကိုရှာနေပြီး အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့အတူ မှော်စက်တစ်ခုကို ထုတ်လုပ်ချင်နေတယ်လို့ ကျုပ်ကြားခဲ့တယ်။"

ဥက္ကဌခရုစ်က ညစ်ညူးစွာ လက်ယမ်းပြလာသည်၊ "ကျစ်, အဲဒီ့လူက ကျုပ်ကိုလာရှာနေပြန်ပြီ။ သူက အာဏာနည်းနည်းရှိတဲ့ ဘန်တာမြို့တော်က လုပ်ငန်းစုတိုင်းဆီ သွားနေတာပဲ။ ဒါပေမယ့် အားလုံးက မှော်စက်တွေထုတ်လုပ်ရာမှာ Frestech ကုန်သည်ကြီးများအသင်းနဲ့ယှဉ်ဖို့ခက်ခဲမှန်းသိနေကြတော့ ဘယ်သူကမှသူ့ကို သဘောမတူဘူးလေ။ ဒီလိုအကျိုးမဲ့တဲ့လုပ်ရပ်ကို လုပ်နေမယ့်အစား သူတို့ ကျွမ်းကျင်ပြီးသားအရာတွေကိုလုပ်တာက ပိုကောင်းဦးမယ်။ ဒီလိုမထင်ဘူးလား ဥက္ကဌရှု?"

"ဒီစကားတွေက အတော်လေးမှန်တယ်။" ရှုယီက ခေါင်းငြိမ့်ပြလိုက်ကာ စိတ်ထဲ၌ အေးစက်စက်ရယ်လိုက်၏။

သူဟာ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ စက်ပစ္စည်းများထုတ်လုပ်မည့် ပူးပေါင်းမှုသဘောတူညီချက်ကို ငြင်းပယ်လိုက်မည်အား ယုံကြည်နေပါသော်လည်း သူ့အား အမ်ရစ်ကုန်သည်ကြီးများအသင်းက မှော်စက်များထုတ်လုပ်ရေး၌ လုံးဝစိတ်မဝင်စားဟု ယုံကြည်စေချင်ပါလျှင် ရှုယီကတော့ဖြင့် သေအောင်ရိုက်သတ်ပါလျှင်တောင် ယုံလိမ့်မည်မဟုတ်ချေ။

၎င်းတို့ကိုယ်ကို ဖုံးကွယ်ထားရန် လုံးဝမစီစဉ်ထားသည့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းအပြင် ဘန်တာမြို့၏ လုပ်ငန်းစုကြီးအားလုံးနီးပါးမှာ မှော်စက်များထုတ်လုပ်ရာ၌ ရင်းနှီးမြှုပ်နှံထားကြသည်။

မှော်စက်များယူဆောင်လာသည့် အမြတ်ငွေများများကြောင့်မဟုတ်ပါလျှင် ၎င်းတို့လိုအပ်သည့် မှော်စက်နည်းပညာနှင့် မှော်စက်များထုတ်လုပ်ခြင်း၌ ကျွမ်းကျင်ရန်ဖြစ်သည်။ ဘန်တာမြို့ လုပ်ငန်းစုကြီးများတွင် တစ်ခုလေးမျှပင် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များကို ရှောင်ရှားနိုင်ခြင်းမရှိပေ။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကို ဥပမာယူပါက လွန်ခဲ့သည်လတွင် ဥက္ကဌမော်ဂန်မှာ ရှုယီထံမှ အသေးစား မှော်တူးစက် တစ်သောင်း မှာယူခဲ့သည်။

တစ်ချိန်တည်းမှာပင် ဥက္ကဌမော်ဂန်က ရှုယီပြောထားခဲ့သည့် မှော်ကြိတ်စက်ကို စိတ်ဝင်စားပြလာသေးသည်။ ၎င်းအား စမ်းသပ်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းထံတွင် ပမာဏများများမှာယူမည်ဟု ပြောခဲ့သေးသည်။

၎င်းအသေးစားမှော်တူးစက်က ရွှေဒင်္ဂါး ခုနစ်ဆယ့်ရှစ်ပြားရောင်းဈေးရှိရာ အလုံးရေတစ်သောင်းစာအတွက်ဆိုလျှင် ရွှေဒင်္ဂါးခုနစ်သိန်းရှစ်သောင်းရှိ၏။

ထို့အပြင် မှော်ကြိတ်စက်အတွက် ရှုယီခေါ်ထားသည့်ဈေးမှာလည်း တစ်လုံးလျှင် ရွှေဒင်္ဂါး နှစ်ရာနှင့်ခြောက်ဆယ်ထိမြင့်မည်။ မှာယူမှုပမာဏများပါလျှင် ရွှေဒင်္ဂါးပမာဏအများအပြားကို သံသယမလိုဘဲ သုံးရမည်ဖြစ်သည်။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကသာ ထိုမိုင်းတွင်းသုံးမှော်စက်များကို ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ပါလျှင် ငွေကြေးကုန်ကျအတော်သက်သာစေလိမ့်မည်။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် တခြားသောလုပ်ငန်းစုများစွာနှင့် တူညီသည့် အခြေနေမျိုးရှိသည်။

အခြားလုပ်ငန်းစုအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းအား ထိုအခြေအနေမှနေ၍ အမြတ်စွန်းများစွာ ဝင်ခြင်းကို ရှောင်တိမ်းစေလိုသော်လည်း ၎င်းမှော်စက်များကို အသုံးပြုပြီးနောက်၌ ထိုမှော်စက်များက အင်မတန်သုံးရလွယ်ကူသည်ကို ၎င်းတို့အနေနှင့် ဝန်ခံရပေမည်။ ယခုတွင် ထိုလုပ်ငန်းစုများက ၎င်းတို့ကိုယ်ကို ထိုမှော်စက်များနှင့် ခွဲမခြားနိုင်တော့ပေ။

၎င်းတို့ကိုယ်ကို ခွဲထုတ်လိုက်သည်နှင့် ကျန်ရှိသည့်နည်းလမ်းမှာ ကိုယ်တိုင်ထုတ်လုပ်ရန်ပင်။ ၎င်းတို့အနေဖြင့် ကိုယ်တိုင် ထိုမှော်စက်နည်းပညာကို လက်ဝယ်ပိုင်ဆိုင်ထားလိုပြီး ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်းက ထိန်းချုပ်မည်ကို ကြာကြာခွင့်ပြုလိုခြင်းမရှိ။

ရှုယီ လိုလိုလားလားလက်လွှဲပေးလိုသည့် မှော်ပန်ကာနည်းပညာတွင်သာ အောင်မြင်မှုတချို့ရှိကာ တခြားသော မှော်စက်အကြီးစားများကိုမူ လုပ်ငန်းစုများက မည်သည့် တိုးတက်မှုမှ မလုပ်နိုင်သေးပေ။

ထိုအတွေးများစိတ်ထဲဖြတ်ပြေးသွားသည်နှင့် ရှုယီမှာ ထိုသည်က ရယ်ရကြောင်း မနေနိုင်ဘဲ ရှာတွေ့သွားသည်။ သူက ဥက္ကဌခရုစ်၏ပခုံးကိုပုတ်လျက် ရင်းနှီးစွာဆို၏၊ "ဒါပေါ့၊ ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်ကောင်းတွေပဲ။ အမ်ရစ်ကုန်သည်ကြီးများအသင်းသာ မှော်စက်ထုတ်လုပ်ရေးမှာ စိတ်ဝင်စားရင် ဥက္ကဌခရုစ် ကျုပ်ကိုပြောသာပြောလိုက်ပါ။ ကျုပ်ကူညီနိုင်တာရှိရင် သေချာပေါက် အကောင်းဆုံးလုပ်ပါ့မယ်။"

"တကယ်လားဗျ?" ဥက္ကဌခရုစ်၏ မျက်လုံးများတောက်ပသွားသော်လည်း ထို့နောက်မှ ကိုယ့်ကိုယ်ကိုသတိထားမိသွားသည်။ သူက နေရခက်စွာပြုံးလျက် ခေါင်းခါကာ ဆိုလိုက်၏၊ "မဖြစ်ပါဘူး၊ မဖြစ်ပါဘူး၊ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဆောက်လုပ်ရေးလုပ်ငန်းမှာပဲ ရိူးရိုးသားသားနေမှာပါ။ မှော်စက်တွေလို ရှုပ်ထွေးတဲ့အရာကို ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းပဲ ကစားနိုင်တော့ ကျုပ်လည်း လိုက်မရှုပ်တော့ပါဘူး။"

ရှုယီက အသာပြုံးကာ ခေါင်းစဉ်ကို ထပ်ဆက်မလာချေ။ ထို့နောက် ထိုကွန်ကရစ်လမ်း တည်ဆောက်ရေးအစီစဉ်ကိုသာ ဥက္ကဌခရုစ်နှင့် ဆွေးနွေးလိုက်သည်။

ညနေမတိုင်ခင်ထိ ဥက္ကဌခရုစ်နှင့်အတူ ဆွေးနွေးပြီးနောက် ရှုယီက ဥက္ကဌခရုစ်၏ ညစာဖိတ်ကျွေးခြင်းကို ငြင်းပယ်နေရာ ဘန်တာမြို့တောင်ဘက်ရှိ အတော်လေးကြီးမားသည့်နေရာသို့ ဦးတည်လိုက်တော့သည်။

အီဗီတာနှင့် အာကာလီတို့၏ အတန်းဖော်ငါးဦးဝင်လာကတည်းက ထိုနှစ်ဦးနေခဲ့သည့် အဆောက်ဦးငယ်လေးမှာ ဓာတ်ခွဲခန်းအတွက် မလုံလောက်တော့ရာ ရှုယီမှာထိုခြံဝန်းကို Frestech ကုန်သည်ကြီးများအသင်း၏အမည်ဖြင့် အချိန်မီငှားရမ်းခဲ့သည်။

ထိုခြံဝန်းအား ဘန်တာမြို့ရှိ ဗစ်စကောင့်၏အဆောက်အဦအဖြစ်သုံးခဲ့သော်လည်း ထိုဗစ်ကောင့်ထ်ထွက်သွားရာ ရှုယီ ဝယ်ယူရန်မှာ ဗလာဖြစ်နေ၏။

၎င်းခြံဝန်းမှာ အဆောက်အဦငယ်များနှင့် အိမ်များစွာအပါအဝင် စတုရန်းမီတာ နှစ်ထောင်ကျော်ကျယ်ဝန်းသည်။ သုတေသနဓာတ်ခွဲခန်းအဖွဲ့ဝင်ဆယ်ဦးအား အလုပ်လုပ်ရန် နေရာလေးတစ်ခုပေးမည့်အပြင် အီဗီတာနှင့် အာကာလီတို့၏ အတန်းဖော်ငါးဦးကိုလည်း နေရာထိုင်ခင်းဖြစ်စေမည်။

ရှုယီ ခြံဝန်းထဲဝင်လာချိန်တွင် အနည်းငယ်မွှေးပျံ့သည့် ရနံ့ကိုရှူရှိုက်မိလိုက်၏။

နှာခေါင်းတစ်ချက်ရှုံ့ကြည့်‌သော် ဒီနေ့ညစာအား အီဗီတာလုပ်ပေးခဲ့သည်မှာ သေချာသွားသည်။

မျှော်လင့်ထားသလိုပင် သူ အဓိကခန်းမဆောင်ထဲဝင်လိုက်ချိန်တွင် အီဗီတာက အေပရွတ်ကိုချွတ်လျက် စားဖို့ ရာ ပြင်ဆင်နေသည်ကို တွေ့ရလေသည်။

ရှုယီရုတ်တရတ်ရောက်လာသည်ကို မြင်ကြကာ အဖွဲ့ကတော့ တည်ငြိမ်နေပါသည်။

ခဏအကြာ၌ အာကာလီက ထခုန်လျက် ရှုယီကို စိတ်လှုပ်တရှားပြောလာသည်၊"ဥက္ကဌ ရှင်ဘာလို့ဒီရောက်နေတာလဲ?"

ရှုယီက အသာပြုံးကာ၊ "ကျုပ် မစားရသေးဘူး ဒီတော့ အစာတနပ်ကို မဖြုန်းတီးဖို့လာရတာပါ။"

စားပွဲထက်ရှိ ပန်းကန်များကိုကြည့်ရင်း ရှုယီက အတော်လေး နက်မှောင်ပုံရသည့်အရာကို လက်ညှိုးထိုးကာ အပြုံးဖြင့်တိုလိုက်၏၊ "ခန့်မှန်းကြည့်ဦးမယ် ဒီတစ်မျိုးကို အာကာလီလုပ်ထားတာဖြစ်ရမယ်၊ ဟုတ်လား?"

အာကာလီက ရှုယီထံ ဒေါသတကြီးကြည့်ကာ၊ "ကျွန်မအားနာပါတယ် ဥက္ကဌ ရှင်မှားနေပြီ။"

"အိုး? မင်းအပြင် အရွက်ကြော်တွေကို ဖုတ်ထားတာဖြစ်အောင် ဖျက်ဆီးနိုင်တဲ့လူရှိသေးလို့လား?" ရှုယီက အင်မတန် အံ့ဩဟန်တုပကာ မေးလာသည်။

အားလုံးက ရယ်မောလိုက်ကြ၏။

"ဥက္ကဌ၊ ရှင်တကယ်ပဲ ခန့်မှန်းတာမှားနေပြီ။ ဒီတစ်ပွဲကို ဆယ်စီလီယာလုပ်ထားတာပါ၊ အာကာလီမဟုတ်ပါဘူး။" ဘေးဘက်ရှိ ဘဲလ်လာက အပြုံးဖြင့်ဆိုလာသည်။

"အာ?" ရှုယီက ရှက်ရွံ့နေသည့် ဆယ်စီလီယာကိုတအံ့တဩကြည့်လိုက်သည်။ ထိုသို့သော ရှက်ရွံ့သိမ်မွေ့ပြီး အီဗီတာထက်သာ ဆိုးပုံရသည့်မိန်းကလေးက ချက်ပြုတ်ရာ၌ အာကာလီထက်ပင် ပိုညံ့နေသေး၏၊ "ဒါက အံ့ဩစရာပဲ။ ဆယ်စီလီယာလို သိမ်မွေ့တဲ့မိန်းကလေးကို ချက်တတ်တယ်‌ထင်နေပေမယ့် ချွင်းချက်ရှိနေမယ်လို့ ထင်မထားဘူး။"

ဆယ်စီလီယာက ခေါင်းကို ပိုလို့ပင်ငုံ့ကာ တိတ်တဆိတ်ပင်လက်ထဲရှိ ပေါင်မုန့်အား ချေမွနေကာ မည်သည်ကိုမှမဆိုချေ။

"ဥက္ကဌ၊ ဆယ်စီလီယာက အပြစ်မတင်ပါနဲ့တော့၊ သူမ အရမ်းရှက်နေပြီ။ " သဘာဝဆံပင်ကောက်ကောက်နှင့် ကလဲယာဟု အမည်ရသည့် မိန်းကလေးက အပြုံးဖြင့်ဆိုလာ၏၊ "သူမ, မထိန်းနိုင်ဘဲ ကျွန်မအခန်းဆီသွားငိုနေမှဖြင့် ဥက္ကဌကို လျော်ကြေးတောင်းနေရလိမ့်မယ်။"

ဆယ်စီလီယာက ရုတ်တရတ်မော့ကြည့်၍ ကလဲယာ၏ပခုံးကိုထုရိုက်ကာ ဒေါသတကြီးပြောလာလေသည်၊ "နင်ပဲ ငိုမှာလေ!"

ဆယ်စီလီယာက ထိုသို့ပြုမူလာသည်ကိုမြင်သော် လူတိုင်း မနေနိုင်ဘဲ ဝါးလုံးကွဲရယ်မောလိုက်ကြတော့၏။

အမြဲ မျက်နှာထားမကောင်းသည့် စကော့ချ်သည်ပင် မနေနိုင်ဘဲ ပြုံးလာသည်ကို တွေ့လိုက်ရရာ ရှုယီလည်း စိတ်ထဲကျေနပ်သွားရသည်။

ကြည့်ရသည်မှာ ဤနေရာ၌ အတန်ကြာ အလုပ်လုပ်ပြီးနောက် ထိုလူငယ်များက နေသားကျသွားကြပုံပင်။

၎င်းတို့၏အားမာန်နှင့် အရည်အချင်းကြောင့်သာ Frestech ကုန်သည်ကြီးများအသင်းမှာ ထိုအံ့ဩဖွယ်မှော်စက်များ ထုတ်လုပ်နိုင်ခဲ့ခြင်းပင်။

ထိုလူငယ်လေးများက ၎င်းကိုမသိပါသော်လည်း ရှုယီကတော့ သေချာနေခဲ့၏။

၎င်းတို့အလုပ်ကြိုးစားနေသ၍ သေချာပေါက် အင်အားကြီး မှော်စက်မှုအင်ဂျင်နီယာများဖြစ်လာကာ မှော်စက်မှုနယ်ပယ်၏ အရေးကြီးအစိတ်ပိုင်းဖြစ်လာလိမ့်မည်။

ထို ငယ်ငယ်ရွယ်ရွယ်မျက်နှာလေးများကိုကြည့်ကာ ရှုယီမှာ ရုတ်တရတ်ပြဿနာ တစ်ခုတွေ့သွား၏။

"ဟုတ်သားပဲ၊ ဝယ်လာရော? ဘာလို့ သူ့ကိုမတွေ့တာလဲ? အပြင်မှာသွားစားတာလား?"

သုတေသနကို ပိုမိုအဆင်ပြေအောင်လုပ်ရန် ရှုယီမှ ဤခြံဝန်းအား ဝယ်ပေးပြီးနောက် ဝယ်လာကို အလုပ်ရုံဓာတ်ခွဲခန်းထံမှ ပြောင်းရွှေ့လာခိုင်းထားသည်။

အကြောင်းမှာ ဝယ်လာက ဘန်တာမြို့၌ အထီးကျန်နေရာ သူမ၏ အစားအစာအားလုံးနှင့် နေရာထိုင်ခင်များကိုလည်း ကလဲယာနဲ့ တခြားလူများလို ဂရုစိုက်ရမည်။

"အစ်မဝယ်လာက မစားခင်အပြင်ထွက်သွားတယ်၊ သူမပြောသွားတာတော့ တစ်ယောက်ယောက်ကိုတွေ့ချင်လို့တဲ့ ပြီးတော့ ဘယ်ချိန်ပြန်လာမယ်ဆိုတာကို မသိဘူး။" အီဗီတာက တုံ့ပြန်လာသည်။

"တစ်ယောက်ယောက်နဲ့တွေ့မယ်?" ရှုယီက အတန်ငယ်အံ့ဩသွား၏။

ဆောလ်တန်မြို့မှ ပြန်လာကတည်းက ဝယ်လာမှာ လတ်တလော အပြင်ထွက်ရန် ဆန္ဒမရှိခဲ့ချေ။ သူမက ဘန်တာမြို့ရှိ အသိများကိုလည်း မတွေ့ချင်ရာ မည်သူ့ကို တွေ့ရန် ရုတ်တရတ်ထွက်သွားရသနည်း?"

"အစ်မဝယ်လာက ကောင်လေးနဲ့သွားတွေ့တာဖြစ်မယ်၊ ကျွန်မတို့စောင့်စရာမလိုပါဘူး။" အာကာလီက လက်ယမ်းပြကာ၊ "ဥက္ကဌ ထိုင်ပြီးစားပါဦး။ ဒီနေ့ အီဗီတာနည်းနည်းပိုလုပ်ပေးတာ ကောင်းတဲ့ကိစ္စပဲ။ ဒါကေမယ့် ဘာလို့ ဒီနေ့ အိမ်မှာပြန်မစားတာလဲ? ဗီဗီယန်ရော?"

"ဒီနေ့ကျောင်းမှာ လှုပ်ရှားမှုတချို့ရှိလို့ ဗီဗီယန်လည်း ကျောင်းမှာညစာစားမှာ။ မဟုတ်ရင် ဒီမှာတစ်နပ်လောက်စားရဖို့ လာမှာတဲ့လား?" ရှုယီက သာမန်အတိုင်းပြန်ဖြေကာ သံသယအပြည့်ဖြင့် ထိုင်ချလိုက်သည်။

"မဟုတ်သေးပါဘူး။ ရှင် ထမင်းစားချင်ရင်တောင် စတေးလ်ရဲ့အိမ်ကိုသွားသင့်တာလေ။ အခု ရှင်က စတေးလ်ရဲ့ကောင်လေးဖြစ်နေပြီ၊ စတေးလ်အနေနဲ့ ရှင့်ကိုတစ်နပ်လောက်တော့ ကျွေးမှာပါ။" ဘဲလ်လာကပြော၏။

ရှုယီနှင့် မျက်နှာချင်းဆိုင်ရှိ စကော့ချ်က အေးခဲသွားသည်။ သူက ရှုယီကို မော့ကြည့်လိုက်ရာ မျက်လုံးများထဲ ရှုပ်ထွေးဟန်ပေါ်လာပြီး ခေါင်းငုံ့ကာသာ တိတ်တဆိတ် ညစာစားလိုက်တော့၏။

"ကျုပ်သွားချင်ပါတယ်၊ ဒါပေမယ့် စတေးလ်က ကျုပ်တို့လုပ်ငန်းစုအတွက် ကြော်ငြာလုပ်ပေးပြီးနောက်‌မှာ ခမာမြို့တော်ကနေ ပြန်မလာ‌သေးဘူး။ ကျုပ်အနေနဲ့ မဟာမှော်ပညာရှင်ကမ်မီလာနဲ့ သီးသန့် ဖယောင်းတိုင်ထွန်း ညစာစားဖို့ကလည်း မဖြစ်နိုင်ဘူးမို့လား?"

အားလုံးက တစ်ဖန်ရယ်လိုက်ကြပြန်၏။

ရယ်သံများရပ်သွားချိန်၌ တံခါးဆီမှ ခြေသံများထွက်ပေါ်လာသည်။

ရှုယီက လှည့်ကြည့်လိုက်ရာ ဝယ်လာက တစ်ယောက်ယောက်နှင့်လျှောက်လာသည်ကိုမြင်လိုက်ရ၏။

သူမနံဘေးရှိလူကို‌မြင်သော် ရှုယီမှာ ငြိမ်သက်သွားတော့သည်။

"ရမ်? ခင်ဗျားဘာလို့ ထပ်ပြီးပြန်လာရတာလဲ?"

All Chapters