အခန်း (၂၁-၃၀)
Vol. 2 Ch. 21-30
Vol 2, အခန်း ၂၁။ ငါတို့တွေ မဖြစ်နိုင်တော့ဘူး
ဘာလို့ထပ်လာပြန်ရတာလဲ?
လွန်ခဲ့သည့်လအနည်းငယ်အကြာက ဝယ်လာနှင့် ရမ်တို့ လီယိုကုန်သည်ကြီးများအသင်းမှထွက်ခွာပြီးနောက် ဘန်တာမြို့သို့ ပြန်လာခဲ့ကြသည်။
သို့သော် ရှုယီမှ ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်းဆီ ဖိတ်ကြားလိုက်ချိန်ဝယ် ဝယ်လာက လက်ခံခဲ့ပြီး ရမ်ကမူ ငြင်းပယ်ခဲ့၏။
ရှုယီမှ ဝယ်လာအား ရမ်အကြောင်းမေးပြီးနောက်တွင် ရမ်က တခြားလုပ်ငန်းစု၌ အလုပ်ရှာရန် ဘန်တာမြို့မှာ ထွက်သွားကြောင်းသိခဲ့ရသည်။
သူ ဘာလုပ်နေပြီး ၎င်းက ဘယ်လုပ်ငန်းစုဖြစ်သည်ကိုမူ ရမ်က ဝယ်လာကိုတောင် မပြောခဲ့ပါချေ။
ရမ်မှာ ၎င်းအား ဝယ်လာထံ လုပ်ငန်းကျရှုံးခဲ့သည့်လူတစ်ယောက်နှယ် ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားခဲ့ပြီး အောင်မြင်မှုတချို့ရမှသာ ဝယ်လာထံ ပြန်လာလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သူဟာ ဘန်တာမြို့တော်၌ သူ့ရှေ့မှောက်တွင် အနိုင်ယူခံလိုက်ရဟန်ဖြင့် တစ်ဖန်ပေါ်လာလိမ့်မည်ဟု မည်သူက တွေးထားခဲ့မည်နည်း။ ရှုယီမှာ မနေနိုင်ဘဲ "တစ်ဖန်"ဟုပင် ပြောလိုက်မိသည်။
၎င်းကို ပြောလိုက်ချိန်၌ ရှုယီမှာ မသင့်လျော်မှန်း သတိပြုမိလိုက်သဖြင့် ထရပ်ကာ လက်ယပ်ခေါ်ရင်း ဆိုလာသည်၊ "လာပါ၊ လာပါ ဒီမှာထိုင်ပါဦး။ ဝယ်လာ, ခင်ဗျားနဲ့ ရမ်တို့ အခုပြန်လာတာဆိုတော့ အပြင်မှာ မစားခဲ့ရဘူးမို့လား? လာ၊ ထိုင်စား။ အီဗီတာက ဒီနေ့ ဟင်းတွေပြင်ပေးထားတာ အတော်လေးအရသာကောင်းတယ်။"
ဝယ်လာက ခေါင်းငြိမ့်လျက် ရမ်၏အင်္ကျီကိုဆွဲကာ ရှေ့သို့တိုးလာသည်။
ရမ်က ဖျစ်ညှစ်ပြုံးလျက် ရှုယီကို ကြည့်လာ၏၊ "ရှုယီ၊ ခင်ဗျားကရော ဘာလို့ဒီမှာရှိနေတာလဲ?"
"အလုပ်နည်းနည်းရှိလို့ပါ၊ ဒါဆို အစားစာလည်း နည်းနည်းခြွေတာနိုင်တယ်လေ။" ရှုယီက သာမန်ကာလျှံကာပြန်ပြောလိုက်၏။ ဝယ်လာထိုင်ချလိုက်သည်ကိုမြင်သော် သူက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ မေးရန်လက်လျှော့ကာ ရမ်ကိုပါ ထိုင်ရန် လက်ပြလိုက်သည်။
အာကာလီနှင့် ကျန်လူတို့မှာ ဝယ်လာနှင့် ရမ်တို့ကိုကြည့်လျက် သိလိုစိတ်အပြည့်ဖြစ်နေကြ၏။
ဝယ်လာမှာ ၎င်းတို့ထက် များစွာအသက်ကြီးပါသော်လည်း ယခုမှ ဘွဲ့ရကာစ သူတို့နှင့်တော့ လုံးဝခြားနားနေသည်။ သူမက ၎င်းတို့ထက် သန်မာရုံမျှမက များစွာပိုမိုတည်ငြိမ်ရင့်ကျက်ကာ အတွေ့အကြုံလည်းပိုရှိသည်။
၎င်းတို့က အချိန်ကြာအတူရှိခဲ့ခြင်းမဟုတ်သော်လည်း ဝယ်လာမှာ ၎င်းတို့၏ရင်ထဲမှလက်ခံမှုနှင့် လေးစားမှုကိုရရှိပြီးဖြစ်၏။
ထို့အပြင် ဝယ်လာမှာ ပုံမှန်အားဖြင့်လည်း လေးနက်ပြီး အနည်းငယ်အေးစက်ရာ သူမကိုလေးစားမိစေသလို ချဉ်းကပ်ရန်လည်း ခက်ခဲသည်ဟု ခံစားရစေသည်။
သို့သော် ယခုတွင် ဝယ်လာက သူမနှင့် အသက်တူလောက်ရှိမည့် ယောက်ျားတစ်ဦးနှင့်အတူရောက်လာသဖြင့် ၎င်းတို့ကို အမှန်ပင် အံ့ဩသွားစေလေသည်။
ရမ်က ဝယ်လာနံဘေး၌ သဘာဝကျကျကပင် ထိုင်ချလိုက်သည်ကိုမြင်သော် ၎င်းတို့၏အကြည့်များ၌ သိလိုစိတ်များပိုမို ပြည့်လျှံလာကြတော့သည်။
အာကာလီကများ ဒီရမ်က ဝယ်လာရဲ့ချစ်သူကောင်လေးဆိုတာကို ခန့်မှန်းမိသွားတာလား?
စားပွဲရှိ လေထုက အနည်းငယ်ထူးဆန်းနေသည်။ စပ်စုတတ်ကြသည့် စိတ်နှလုံးဖြင့်တောက်လောင်နေလေ့ရှိသော အာကာလီနှင့် ဘဲလ်လာတို့မှာ အကြိမ်ပေါင်းမနည်း မေးဖို့ကြိုးစားသော်လည်း ရှုယီ၏မျက်လုံးများဖြင့် အတားခံလိုက်ကြရသည်။
ဝယ်လာထံ၌ တည်ငြိမ်ဟန်ရှိနေကာ အစားကိုဖြည်းဖြည်းစားနေ၏။ သို့သော် ရမ်၏ ခန္ဓာအနေအထားက များစွာပိုမိုသဘာဝမကျဖြစ်လာကာ အေးခဲသည့်အမူအရာဖြင့် အစားကို ကြမ်းတမ်းစွာစားနေသည်။
ဝယ်လာအပြီးကိုစောင့်နေပြီးနောက် ရမ်က သူ၏ပန်းကန်လုံးကိုချကာ ဝယ်လာထံ အကြည့်တစ်ချက်ပို့လွှတ်လာသည်။
ဝယ်လာက အနည်းငယ်တိတ်ဆိတ်နေပြီးမှ ရှုယီထံပြောလာသည်၊ "ဥက္ကဌ၊ ကျွန်မမှာရှင်နဲ့ ဆွေးနွေးစရာလေးရှိတယ်။ အချိန်များရမလား?"
ဝယ်လာက "ဥက္ကဌ"ဟု တလေးတစားခေါ်လာသည်ကိုကြားသော် ရမ်၏မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားသော်လည်း အလျင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွား၏။
ရှုယီက စားပြီးသည်မှာလည်းကြာပြီဖြစ်ရာ လဘက်ရည်တချို့သောက်ရင်း စိတ်ရှည်စွာစောင့်နေခဲ့သည်ပင်။ ယခု ဝယ်လာက ပြောလာပြီဖြစ်ရာ သူလည်းလဘက်ရည်ခွက်ချကာ ထရပ်လိုက်ပြီး ဧည့်ခန်း၏ အနောက်ဘက်ကို ညွှန်ပြလိုက်သည်၊ "အနောက်မှာသွားပြောကြတာပေါ့၊ သူတို့စားနေတာကို မနှောင့်ယှက်ကြရအောင်။"
ဝယ်လာနှင့် ရမ်တို့က တစ်ချိန်တည်းထရပ်လိုက်ကြသည်။ အာကာလီတို့ အုပ်စု၏ သိလိုသည့်အကြည့်များအောက်မှပင် ဧည့်ခန်းနောက်ဘက်က အခန်းငယ်သို့ ရှုယီနောက်မှလိုက်သွားလိုက်တော့၏။
သုံးဦးသားထိုင်ချလိုက်ပြီးသော် ရှုယီက တိတ်ဆိတ်နေသည့် ဝယ်လာနှင့် ရမ်ကိုကြည့်ကာ ပြုံးပြလာသည်။ သူက ဦးစွာ တိတ်ဆိတ်မှုကို ဖြိုခွင်းလျက် ရမ်ကိုမေး၏၊ "ရမ်, မင်း လုပ်ငန်းစုအသစ်မှာ အလုပ်လုပ်ဖို့သွားရှာခဲ့တဲ့အကြောင်း ဝယ်လာဆီက ကြားခဲ့ပြီးပြီ၊ မှော်စက်တွေကို သုတေသနလုပ်နေတုန်းပဲလား?"
ရမ်၏မျက်နှာထားက အေးခဲသွားကာ ရှုယီကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လာလျက် ခါးသက်သက်ပြုံး၍ မေးလေသည်, "ဟုတ်တယ်၊ အဲဒီလုပ်ငန်းစုမှာလည်း မှော်စက်တွေကိုလေ့လာတယ်လေ။ ဒါပေမယ့် ဒီအတောအတွင်းမှာ ဝယ်လာက လုံးဝမှန်တယ်ဆိုတာကို ကျုပ်ရှာတွေ့သွားတယ်။ ကျုပ်တို့သာ မှော်စက်တွေလေ့လာတဲ့အကြောင်းပြောရမယ်ဆိုရင် ဘယ်လုပ်ငန်းစုကမှ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကိုမယှဉ်နိုင်ဘူး၊ အထူးသဖြင့် ခင်ဗျားကိုပေါ့။ ကျုပ်ရဲ့ လက်ရှိလုပ်ငန်းစုမှာ မှော်စက်တွေကို လေ့လာခဲ့ပြီး ဘာတိုးတက်မှုကိုမှ လုံးဝမလုပ်နိုင်ခဲ့ဘူးလေ။"
"မှော်စက်တွေက အရမ်းရှုပ်ထွေးတော့ အချိန်တိုလေးအတွင်းမှာ ရလာဒ်တွေကို လိုချင်ရင် လက်တွေ့မကျဘူးလေ။" ရှုယီက ခေါင်းငြိမ့်ကာ ဝယ်လာကို ညွှန်ပြလျက် ပြောလိုက်သည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ အခု ဒီလိုရလာဒ်တွေရှိနေတာကလည်း ကျုပ်တို့ရဲ့သုတေသနဌာနက ဝယ်လာတို့လို သုတေသီတွေအနေနဲ့ အလုပ်ကြိုးစားကြလို့ပါ။"
"ဝယ်လာကလွဲရင် ကျုပ်ပြောနိုင်တယ်၊ ခင်ဗျားရဲ့အခြားသုတေသီတွေက ဘွဲ့ရကာစ ကလေးတွေပဲရှိသေးတာမလား? သူတို့က အင်အားလုံလောက်ရဲ့လား?" ညစ်ညူးဟန်က ရမ်၏မျက်နှာထက်၌ ဖြတ်ပြေးသွားသည်၊ "သူတို့တောင် အောင်မြင်မှုတွေရနိုင်မှတော့ သူတို့ထက် ပိုအားကောင်းတဲ့ ကျုပ်တို့လို မှော်ပညာရှင်တွေမလုပ်နိုင်စရာ အကြောင်းမှမရှိတာ။"
ရှုယီက မနေနိုင်အောင် မျက်မှောင်ကုပ်လိုက်မိသည်။ ရမ်က မည်သို့များ ထိုလောက် မာနကြီးနေရသနည်း?
သူ့ထံ၌ မည်သည့်အောင်မြင်မှုမှ မရှိသည်မှာ သေချာနေရာ မည်သို့များ မှော်စက်များထံ တိုးတက်မှုများစွာယူဆောင်လာခဲ့သည့် အီဗီတာနှင့် ကျန်သူတို့ကို အထင်သေးနိုင်သနည်း? ၎င်းက အမြင်ကျယ်ပြီး လုပ်ရည်ကိုင်ရည်နည်းသည်ဟု ဆိုသလို ပေါ့တီးပေါ့ပျက်ဖြစ်နေခြင်းပါပင်။
ဝယ်လာက ရမ်ကိုကြည့်ကာ အေးစက်စက်ဆိုလာ၏၊ "တကယ်တမ်း ရှင့်မှာက အခုတောင် ဘာရလဒ်မှမရှိသေးဘဲ သူတို့ဘာသာလုပ်လို့ ရလဒ်များစွာရလာတဲ့ အဲဒီ့ကလေးတွေကို အထင်သေးနေသေးတယ်။ ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ထားတဲ့ မှော်စက်တွေမှာ မဟာမှော်ပညာရှင်ကမ်မီလာသုတေသနလုပ်ထားတာတွေကလွဲရင် ကျန်တာတွေကို သူတို့လုပ်ထားတာပဲ။ သူတို့ကို အထင်သေးဖို့ ရှင့်မှာ ဘာအခွင့်အရေးရှိလို့လဲ?"
ဝယ်လာ၏ မလျှော့ပေးထားသော စကားလုံးများက ရမ်၏မျက်နှာကိုနီရဲသွားစေပြီး သူဟာ မည်သည်ကိုမျှပင် မဆိုနိုင်တော့ချေ။
လေထုက အနည်းငယ်နေရခက်လာသည်ကိုမြင်သော် ရှုယီက အပြုံးဖြင့်ပြောလိုက်၏၊ "ဒီကိစ္စကိုမပြောပါနဲ့တော့။ ရမ် ခင်ဗျားဒီတစ်ခေါက်ပြန်လာတာ ဝယ်လာကိုတွေ့ဖို့လား? ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်လား?"
"ဒါက ..." ရမ်က အနည်းငယ်တုံ့ဆိုင်းနေသော်လည်း သူက မတုံ့ပြန်လာဘဲ ဝယ်လာကိုကြည့်လိုက်၏။
ဝယ်လာက မျက်မှောင်ကုပ်လိုက်ပြီးမှ ဖြေလျှော့လာသည်။ သူမက တည်ငြိမ်နေဟန်ဖြင့် ရှုယီကိုကြည့်ကာ ပြောလေ၏၊ "ဥက္ကဌ၊ ရမ် ဒီတစ်ခေါက်ပြန်လာတာက ဘန်တာမြို့တော်မှာ အလုပ်လုပ်ဖို့ပါ။ ကျွန်မပြောချင်တာက... သူ့အနေနဲ့ ကျွန်မတို့အလုပ်မှာ လုပ်ချင်လို့ပါ။ သုတေသနဌာနမှာသာ ကျွန်မနဲ့အတူ မှော်အစီရင်တွေသုတေသနလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ ရှင်... ရှင်ဘယ်လိုထင်လဲ?"
တန်ဖိုးအကြောင်းဆိုရပါလျှင် ရမ်က ဝယ်လာနှင့် ယှဉ်နိုင်ရန် ဝေးလွန်းနေပါသေး၏။
ယခင်နှစ်က မှော်မျှော်စင်ကိုဝင်ရောက်လာချိန်၌ ဝယ်လာနှင့်တွေ့ဆုံခဲ့ချိန်မှ သူမကိုသိခဲ့သည်မှာ တစ်နှစ်ကြာပြီဖြစ်ပြီး ယခုက ဝယ်လာအနေနှင့် တစ်ယောက်ယောက်အတွက် တောင်းဆိုပေးလာသည့် ပထမဆုံးအကြိမ်ပင်။
စဉ်းစားကြည့်ကာ ရှုယီမှာ ရမ်ကို တအံ့တဩကြည့်လိုက်သော်လည်း သူ့ထံ၌ မျှော်လင့်ဟန်ရှိနေပြီး လုံးဝရှက်မနေသကို တွေ့လိုက်ရသည်။
ရှုယီမှာ မနေနိုင်ဘဲ စိတ်ထဲ၌ အေးစက်စက်ချောင်းဟန့်လိုက်၏။
ထိုလူမှာ ၎င်းကို မိမိဘာသာဖော်ပြလာလျှင် ရှုယီအနေနှင့် သူ့အပေါ် မြင့်မားသောအမြင်ကို ပေးနိုင်သေးသည်။ သို့သော် သူ့အတွက် ဝယ်လာကို ထုတ်ဖော်ပြောခိုင်းသည်ဖြစ်ရာ ၎င်းက ရှုယီကို တကယ်ပဲ အထင်သေးစေသည်။
ယခင်က ရမ်မှာ အမြဲလူများကိုအထင်သေးသဖြင့် ရှုယီက ၎င်းကိုအမှန်ပင် သဘောမကျသော်လည်း ရှုယီကို အထင်သေးအောင်မလုပ်ခဲ့ဖူးချေ။
ဘန်တာမြို့မှာ ထွက်ခွာသွားပြီး ထိုလများအတွင်း ထိုသို့ပြောင်းလဲသွားစေရန် မည်သည်ကိုကြုံကြိုက်ခဲ့သည်အား တကယ်ကိုမသိရပါပေ။
သို့သော် အထင်သေးသည်ဖြစ်စေ မသေးသည်ဖြစ်စေ ဝယ်လာအနေနှင့် ထိုတောင်းဆိုမှုကို ပြုလုပ်ရန်က ခက်ခဲပေလိမ့်မည်ဖြစ်ရာ သူမကို မျက်နှာသာ မပေးမည်တော့ မဖြစ်နိုင်ပါချေ။
ထိုသို့စဉ်းစားပြီးနောက် ရှုယီမျက်နှာထက်တွင် အပြုံးတစ်စပေါ်လာကာ၊ "ဟုတ်ပါပြီ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကလည်း သုတေသနဌာနမှာ မှော်ပညာရှင်တွေလိုနေတာပဲလေ။ မှော်စက်တွေသုတေသနလုပ်ရာမှာ အတွေ့အကြုံရှိပြီးသား မှော်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ရမ်ကိုတော့ သေချာပေါက် ကြိုဆိုရတာပေါ့။ ရမ်ရဲ့မှော်စွမ်းအားကလည်း အတော်လေးကောင်းမွန်တော့ ဒါကိုစဉ်းစားဖို့တောင်မလိုတော့ပါဘူး။ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ရမ်ကို ကြိုဆိုပါတယ်။”
ရှုယီက ထရပ်ကာ သူ့ထံလက်ကမ်းပေးလာသည်ကိုမြင်သော် ရမ်လည်း အလျင်အမြန်ထရပ်ကာ လက်ပေးလိုက်သည်။ ထို့နောက် အပြုံးဖြင့်ဆိုလေ၏၊ "ကျေးဇူးတင်ပါတယ်၊ ရှု... ဥက္ကဌ၊ ကျုပ်သေချာပေါက် အလုပ်ကြိုးစားပါမယ်၊ မဟုတ်သေးဘူး၊ ကောင်းကောင်း လေ့လာပါ့မယ်။"
ရှုယီက အသာပြုံးပြလိုက်သည်။ အနည်းဆုံးတော့ ဘယ်လိုလေ့လာရမလဲသိသေးတာပဲ၊ မဟုတ်လို့မှ လူတွေအပေါ် ဆက်အထင်သေးနေရင် ဒီမှော်သုတေသနဓာတ်ခွဲခန်းထဲမှာ နေနိုင်မှာမဟုတ်ဘူး။
"ဝယ်လာ, ကျုပ်ပြောမှာမဟုတ်တဲ့ အာရုံစိုက်စရာလိုတာတချို့ရှိသေးတာမို့ ခင်ဗျားက ရမ်ကို ပြောပြလို့ရပါတယ်။" ရှုယီက ပြောသည်၊ "ဒါ့အပြင် အလုပ်သမားစာချုပ်နဲ့ လျှို့ဝှက်ရေးသဘောတူညီချက်ကို တစ်ယောက်ယောက်နဲ့ မနက်ဖြန်ကျပို့ပေးခိုင်းလိုက်မှာဆိုတော့ ဘာလုပ်ရမယ်ဆိုတာကို ရမ်ကို ပြောပြနိုင်တယ်။"
ဝယ်လာက ခေါင်းငြိမ့်၏။ ရမ်က အံ့ဩနေဟန်ဖြင့် မေးလာသည်၊ "လျှို့ဝှက်ရေးသဘောတူညီချက်? ဒါက ဘာများလဲ?"
"အိုး၊ ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ လျှို့ဝှက်ချက်တချို့ကို ထုတ်ဖော်လိုက်မှာကနေ သုတေသနဝန်ထမ်းတွေကို တားဆီးဖို့ စာချုပ်ပါ။ ဒါကိုဖောက်ဖျက်လိုက်ရင် လျော်ကြေးပေးဖို့လိုတယ်လေ။ ဒါက ဘာမှတော့မဟုတ်ပါဘူး၊ ဒီစာချုပ်မဆန့်ကျင်သရွေ့ ဘာမှမထိခိုက်ပါဘူး။" ရှုယီက ရှင်းပြသည်။
ရမ်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသော်လည်း အမြန်အဆန်ပင် ပုံမှန်ပြန်ဖြစ်သွားသည်။ သူက အပြုံးဖြင့်ခေါင်းငြိမ့်ကာ ဆို၏၊ "အန်း၊ ဒါက ပုံမှန်ပါပဲ။ ပြောရရင် Frestech ကုန်သည်ကြီးများအသင်းမှာက မှော်စက်တွေနဲ့စပ်လျဉ်းပြီးတော့ နည်းပညာများစွာရှိလို့ ဒီတိုင်းလေးဖော်ထုတ်ခံလိုက်ရရင် ဆုံးရှုံးမှုကတော့ နည်းမှာမဟုတ်ဘူး။"
ရှုယီက အပြုံးရေးရေးဖြင့် ခေါင်းငြိမ့်ကာ "ခင်ဗျားနားလည်ရင် အဆင်ပြေပါတယ်။"
ကိစ္စတချို့ပြောကာ ရမ်အား ခန့်အပ်ရန် နောက်ဆုံး,ဆုံးဖြတ်ချက်ချပြီးနောက်တွင် ရှုယီက ထရပ်ကာ ထွက်သွား၏။
ဝယ်လာက ရှုယီကို လိုက်ပို့ရန်ပြင်နေသည့် အာကာလီနှင့် အီဗီတာတို့ကိုတားကာ သူမကိုယ်တိုင်လိုက်ပို့လိုက်သည်။
နှစ်ဦးသားထွက်လာချိန်တွင် ရှုယီက ဝယ်လာကို ကြည့်ကာပြောလိုက်သည်၊ "ဝယ်လာ, ခင်ဗျားမှာ တခြားလူတွေရှေ့ပြောဖို့ အဆင်မပြေတဲ့ကိစ္စတစ်ခုခုရှိရင် အခုပဲပြောလိုက်ပါ။ ကျုပ်တို့ကို မဟာမှော်ပညာရှင်ကမ်မီလာရဲ့မှော်မျှော်စင်က လုပ်ဖော်ကိုင်ဖက်တွေလို့သတ်မှတ်လို့ရတာပဲ၊ ကျုပ်တို့ဆက်ဆံရေးမှာ မပြောနိုင်တာ မရှိပါဘူး။"
ဝယ်လာက ရှုယီကို အတန်ကြာကြည့်ကာ နူးနူးညံ့ညံ့ဆိုလာ၏၊ "ကျေးဇူးတင်ပါတယ်။"
ရှုယီက အသာပြုံးလျက်၊ "ရပါတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာလည်း ဘာပဲဖြစ်ဖြစ် မှော်ပညာရှင်တွေလိုနေတာဆိုတော့ ခင်ဗျားမပြောရင်တောင် မှော်စက်တွေနဲ့ အတွေ့အကြုံရှိပြီး စွမ်းအားလည်းရှိတဲ့ ရမ်လို မှော်ပညာရှင်တစ်ယောက်ကို ခန့်အပ်ဖို့ ဆန္ဒရှိပြီးသားပါ။"
"ဒါပေမယ့် ရမ်, သူက..." ဝယ်လာက ပါးစပ်ဟလိုက်သော်လည်း မည်သည်ကိုမှမဆိုဘဲ သက်ပြင်းသာချလာသည်။
ဝယ်လာမျက်နှာထက်ရှိ မချမ်းမြေ့ဟန်ကိုကြည့်ရင်း ရှုယီလည်း မနေနိုင်ဘဲ ပြောလိုက်၏၊ "ဝယ်လာ, ကျုပ် ခင်ဗျားကို လူမှုရေးကိစ္စတချို့မေးမယ်ဆိုရင် စိတ်များကွက်သွားမလား?"
ဝယ်လာက ရှုယီကိုမော့ကြည့်ကာ ခါးသက်သက်ပြုံးလျက်၊ "ရှင်က ကျွန်မနဲ့ ရမ်အကြောင်းမေးချင်တာလား?"
"ဟုတ်တယ်။ ဘန်တာမြို့တော်နဲ့အဝေးမှာရှိနေတဲ့ လတွေအတွင်းမှာ ရမ်က ခင်ဗျားကိုတောင်မဆက်သွယ်ဘူးလို့ကြားထားတော့ နည်းနည်းစိုးရိမ်နေတာ။ ကျုပ်တို့ အရင်က မဟာမှော်ပညာရှင်ကမ်မီလာရဲ့ မှော်မျှော်စင်မှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ချိန်က ကျုပ်က ခင်ဗျားတို့နှစ်ယောက်အတူရှိနေတာကို အားကျခဲ့ပေမယ့် အခုအခြေအနေက..."
ရှုယီ စဉ်းစားကြည့်သော် ၎င်းက အင်မတန်တည့်တိုးဆန်နေသဖြင့် ဆက်မပြောနိုင်တော့သည်ကိုတွေ့ရှိသွားသည်။
"အခုတော့ ကျွန်မတို့တွေ မဖြစ်နိုင်တော့ဘူး။" ဝယ်လာက တိုက်ရိုက်ပင် ဖြေလာသည်၊ "သူပြန်လာတဲ့အခါ ကျွန်မအရမ်းဝမ်းသာမယ်လို့ ထင်ခဲ့ပေမယ့် သူပြန်လာတာတွေ့တော့ သူ့အတွက် ဘာမှမခံစားရတော့ဘူးလိ့ထင်မိတယ်။ သူ့ကိုတွေ့ပြီးတော့လည်း ဘာကိုမှထွေထွေထူးထူးမခံစားရတော့ဘဲ သူစိမ်းတစ်ယောက်ကိုတွေ့နေရသလိုပဲ။ ဒါကြောင့် ကျွန်မတို့နှစ်ယောက်ကြား အဆုံးသတ်သင့်တာကို ကျွန်မသိပါတယ်။"
ရှုယီက အတန်ငယ် တိတ်ဆိတ်သွားပြီးမှ မေးလာသည်၊ "ဒါပေမယ့် အခု သူက ကျုပ်တို့ရဲ့ သုတေသနဌာနကိုဝင်လာပြီး နေ့တိုင်းအတူ အလုပ်လုပ်ရတော့မှာဆိုတော့ ခင်ဗျားကို ထိခိုက်စေနိုင်လောက်လား?"
ဝယ်လာက ခေါင်းခါကာ၊ "ဟင့်အင်း၊ ကျွန်မမှာ တကယ်ပဲ သူ့အတွက် ဘာခံစားချက်မှမရှိတော့လို့ အသိလိုပဲ ဆက်ဆံတော့မှာပါ။ အရင်ကလို ဆက်ဆံရေးဆီပြန်သွားဖို့က သေချာပေါက် မဖြစ်နိုင်လောက်တော့ဘူး။"
ရှုယီက ဝယ်လာ၏အကျင့်စရိုက်ကို အနည်းငယ်တော့နားလည်ပါ၏၊ သူမသာ မဖြစ်နိုင်ဟုဆိုကတည်းက သေချာပေါက် မဖြစ်နိုင်တော့ပါချေ။
သူဟာ သူမအား နှစ်သိမ့်ပေးလိုက်ချင်သော်လည်း ဝယ်လာက လုံးဝမလိုအပ်နေသည်ကို တွေ့လိုက်ရသည်။
၎င်းကိုစဉ်းစားပြီးနောက် ရှုယီက ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်သည်၊ "ကောင်းပါတယ်၊ ကျုပ်မှာ ပြောစရာမရှိတော့ဘူး။ ရမ်လည်း ရှေ့လျှောက် ဒီမှာ ကောင်းကောင်းလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူ့ရဲ့ အရည်ချင်းနဲ့ဆိုရင် သုတေသနဌာနရဲ့ အရေးပါတဲ့တစ်စိတ်တပိုင်းဖြစ်လာလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်။"
ဝယ်လာက ခေါင်းအသာငြိမ့်ကာ မည်သည်ကိုမှမဆိုပါချေ။
ရှုယီက ခဏရပ်တန့်လိုက်ပြီး မည်သည်မှပြောစရာမရှိတော့သောကြောင့် ဝယ်လာကို နှုတ်ဆက်ရန် လက်ပြလိုက်သည်။
သုတေသနဌာနရှိသည့် တောင်ကြားလေးမှထွက်လာပြီးနောက် သူက တစ်ချက်ကြည့်ရန် နောက်လှည့်လိုက်သည်။ ဝယ်လာက အဓိကဝင်ပေါက်၌ ကြယ်စုံနေသည့်ညကောင်းကင်ယံကို မော့ကြည့်သည်ကို တွေ့လိုက်ရသော်လည်း မည်သည်ကိုတွေးတောနေသည်ကိုတော့ မသိနိုင်ပါချေ။
ရှုယီက သက်ပြင်းချလိုက်သည်။ ၎င်းတို့ လုပ်ဖော်ကိုင်ဖက်အားလုံး၏ အထင်ကြီးမှုရရှိထားခဲ့သည့် ထိုမှော်ပညာရှင်စုံတွဲမှာ ထူးဆန်းသည့်အကြောင်းရင်းကြောင့် တကယ်ပဲ ကွဲထွက်သွားသည်က သူ့ရင်ထဲ၌ ဝမ်းနည်းလာစေသည်။
တစ်နေ့ သူနှင့် စတေးလ်သာ ထိုသို့ခွဲခွာရပါလျှင် သူသည်လည်း ဝယ်လာကဲ့သို့ တည်ငြိမ်နေနိုင်မည်လား?
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၂၂။ လူတွေကို သွားတွေ့ရမယ်
"မဖြစ်နိုင်တာ!" စတေးလ်ထံ၌ ဆုံးဖြတ်ထားဟန်ရှိနေပြီး တုံ့ဆိုင်းမနေဘဲ ပြောလာသည်၊ "အရင်ဆုံး ကျွန်မအတွက် ရှင်နဲ့ လမ်းခွဲဖို့က မဖြစ်နိုင်ဘူး။ ဒုတိယအနေနဲ့ ရှင်ကျွန်မကို မလိုချင်တဲ့နေ့ရောက်လာရင်တောင် ကျွန်မက ရူးသွားပြီး ဝယ်လာလိုတည်ငြိမ်နေမှာတောင်မဟုတ်ဘူး။ ပြီးတော့ ရှင်သာ ကျွန်မကိုထားခဲ့ပြီး လမ်းခွဲရင် ကျွန်မရှင့်ကို ပြန်ပေးဆပ်ခိုင်းမှာ။"
ရှုယီက ရယ်ကာ သူမနှာခေါင်းလေးကို ဆွဲညှစ်လိုက်၏၊ "ကိုယ့်ကို ပြန်ပေးဆပ်ခိုင်းမယ်? ကိုယ့်ရဲ့အင်အားက တိုးတက်လာပြီး အခုဆို ပဉ္စမအဆင့်မှော်ပညာရှင်ဖြစ်နေတော့ မင်းထက် အားမနည်းဘူးဆိုတာ မမေ့နဲ့ဦး။ မင်းသာ တကယ်ပဲ ကိုယ့်ကို ပြန်ပေးဆပ်ခိုင်းရင် ဘယ်သူ နိုင်မလဲ ရှုံးမလဲကို ဘယ်သူကသိမှာလဲ?"
"ဒါဆို ကျွန်မတို့ အခုပဲ တိုက်ခိုက်ကြမယ်ဆိုရင်ရော?" စတေးလ်က ရှုယီကို တွန်းထုတ်ကာ တိုက်ခိုက်မည့် အနေအထားဖြင့် ရပ် လိုက်သည်။
ရှုယီက ပြုံးလျက် လက်ယမ်းပြလာသည်၊ "ဟုတ်ပါပြီ၊ မင်းက အကျင့်စရိုက်ကောင်းကောင်းနဲ့ ကြင်နာတတ်ပြီးလှပတဲ့မိန်းကလေးပါ၊ ကိုယ်က ဘယ်လိုလုပ်မင်းကို လက်လျှော့ဖို့ ဆန္ဒရှိမှာတဲ့လဲ။ ရိုးရိုးသားသားပြောရရင် အားလုံးရဲ့ မျက်လုံးထဲက နတ်ဘုရားမအနေနဲ့ ကိုယ့်ကိုထပ်သဘောမကျတော့ဘဲ လက်လျှော့လိုက်မှာကို စိုးရိမ်နေလို့ပါ။ ဟုတ်သားပဲ၊ မင်းရဲ့ ဒီတစ်ခေါက် ခမာမြို့တော် ခရီးကရော ဘယ်လိုနေလဲ? ကစားခဲ့တာ ကောင်းကောင်းပျော်ခဲ့ရလား?"
"ကစားတယ်? လုံးဝ ကစားဖို့အချိန်မရှိပါဘူး၊ ဟုတ်ပြီလား?" စတေးလ်က မျက်လုံးများလှိမ့်ပြကာ ရှုယီ၏ခုတင်ထက်သို့ ခုန်တက်လိုက်သည်။ သူမက ရှုယီ၏စောင်ကို ကိုင်ထားရင်းလူးလှိမ့်ကာ ညည်းတွားလာ၏၊ "ဒီနှစ်ရက်အတွင်းမှာ လုပ်ငန်းစုရဲ့ကြော်ငြာကို ကူညီပြီး ပွဲပေါင်းစုံတက်ခဲ့ရတာလေ။ အတော်ကိုရှားတဲ့အားလပ်ချိန်တချို့ကျရင်လည်း ခမာမြို့တော်က မျိုးရိုးမြင့်တွေနဲ့ ကုန်သည်တွေက လာနှောင့်ယှက်ကြသေးတယ်။ တကယ်ပဲ၊ ကျွန်မ ရှင့်ရဲ့ ကောင်မလေးဖြစ်နေမှန်းသိနေတာတောင် ဘာလို့ လာရှာနေကြသေးတာလဲ? သူတို့က အခုထိ လက်မလျှော့ကြသေးတာလား?"
"အလှလေးတွေနောက်လိုက်တာက လူသားသဘာဝပါပဲ၊ မင်းတားလို့မရဘူး။" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "ပြီးတော့ မင်းက ကိုယ့်ကောင်မလေးဆိုပေမယ့် ကိုယ့်ဇနီးမဟုတ်သေးတော့ တခြားလူတွေက ဘယ်လိုလုပ် လက်လျှော့ကြမှာတဲ့လဲ?"
စတေးလ်က ရှုယီက တအံ့တဩကြည့်လာ၏။ သူမက မျက်လုံးကိုမှေးစင်းလျက် ရှက်ရွံ့စွာပြုံးကာ၊ "ဘာလဲ? ရှုယီ၊ ရှင်က ဒီလိုအချိန်မှာ လက်ထပ်ခွင့်တောင်းနေတာလား?"
ရှုယီက ပခုံးတွန့်ကာ၊ "သခင်မအလှလေးစတေးလ်ကဆန္ဒရှိပါရဲ့လား?"
စတေးလ်က အတန်ကြာ စောင်ပုံထဲ၌ ခေါင်းကိုဝှက်ထားပြီးမှ ရှုယီထံကြည့်လာကာ တောက်တောက်ပပပြုံးပြလေသည်၊ "အားနာပါတယ်၊ ဒီသခင်မလေးက မဆုံးဖြတ်ရသေးဘူး။ ဥက္ကဌရှုအနေနဲ့ ဆက်ကြိုးစားရဦးမယ်။"
ရှုယီက သက်ပြင်းချကာ ကူရာမဲ့စွာ ပြောလေ၏၊ "ဒါဆို မင်းပြောချင်တာက ကိုယ်မင်းကို မလိုချင်တော့မှာကို စိတ်ပူစရာမလိုဘဲ ကိုယ်ကသာ စိတ်ပူနေတဲ့လူဖြစ်သင့်တာပေါ့၊ အဲ့လိုလား?"
စတေးလ်က အိပ်ရာထဲမှ ခုန်ထွက်ကာ ရှုယီ၏ရင်ခွင်ထဲတိုးဝင်လိုက်၏။ သူမက သူ၏ပါးပြင်ထက် အနမ်းပြင်းပြင်းတစ်ပွင့်ခြွေကာ ပြုံးလျက်ဆိုလာသည်၊ "အေးဆေးပေါ့၊ ရှင်သာ ကိုယ့်ကိုယ်ကိုလေးစားမှုမရှိတဲ့ ရမ်လိုလူဖြစ်မလာရင် ကျွန်မက ရှင့်ကို ဘယ်လိုများမလိုချင်ဘဲ နေပါ့မလဲ? ကျွန်မနောက်လိုက်နေတဲ့ ယောက်ျားတွေတစ်သီတတန်းကြီးရှိပေမယ့်လည်း ရှင့်ကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ? ရှင့်ဘေးမှာလည်း ကျွန်မအပြင် လှပပြီးဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေအတော်များတော့ ကျွန်မက အရမ်းကိုစိုးရိမ်နေရတာပါနော်။"
ရှုယီက အံ့ဩသွားသည်၊ "မင်းထက် ပိုလှပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေရှိသေးတာလား? ဘယ်နေရာမှာလဲ? ကိုယ့်ကို သူတို့နဲ့ မိတ်ဆက်ပေးလို့ရမလား?"
စတေးလ်က ခပ်ရေးရေးပြုံးကာ ပန်းကန်တစ်ချပ်သယ်လာသည့် ဗီဗီယန်ကို လက်ညှိုးထိုးကာပြောလိုက်သည်၊ "ဒီမှာ အီဗီတာနဲ့ အာကာလီတို့ကို မပြောသေးဘူး၊ ဗီဗီယန်တောင်မှ အလှလေးဖြစ်လာနေပြီ။ ရိုးသားစမ်းပါ ရှင်သူ့ကို အရင်က ဗစ်ကောင့်ထ်လက်စ်လိုင်းဆီကနေ ဝယ်ခဲ့တာ ဒါကြောင့်ပဲမဟုတ်လား?"
စတေးလ်ပြောသည်ကိုကြားသော် ဗီဗီယန်၏မျက်နှာလေးက နီရဲသွားကာ ပန်းကန်ကိုအမြန်ချလျက် မီးဖိုချောင်ဘက် ပြန်သွားသည်။ ခဏအကြာ၌ မီးဖိုချောင်ဘက်မှ ကျကွဲသံများကြားလိုက်ရ၏။
ရှုယီက မပျော်ရွှင်စွာဖြင့် စတေးလ်၏ပါးလေးကို ညှစ်ကာ၊ "ဗီဗီယန်က ကလေးမလေးပဲရှိပါသေးတယ်။ ဘာလို့ သူမကို လိုက်စနေရတာလဲ?"
စတေးလ်က အသာရယ်ကာ၊ "ဟုတ်ပြီလေ၊ ဗီဗီယန်ကို မပြောတော့ဘူး။ ရှင့်ဘေးမှာ ကျွန်မထက်ပိုလှတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။"
"မင်းထက်ပိုလှတယ်?" ရှုယီက စတေးလ်ကို သံသယအပြည့်ဖြင့်ကြည့်လိုက်ကာ၊ "စတေးလ်, အဓိပ္ပာယ်မရှိတာ။ မင်းထက်ပိုလှတဲ့ မိန်းကလေး ဘယ်လိုရှိမှာလဲ?"
"ရှင်မယုံဘူးလား?" စတေးလ်က ထရပ်ကာ ဘေးဘီကိုကြည့်လျက် အသံကို ရုတ်တရက်ကျယ်လိုက်၏၊ "အက်ဂ်နက်စ်, ထွက်လာခဲ့၊ ရှင်ရှိနေတာ ကျွန်မသိတယ်။ ပုန်းမနေနဲ့တော့၊ ဘာပဲဖြစ်ဖြစ် ခဏနေစားရတော့မှာပဲ။"
အခန်းထောင့်၌ လေထုပုံပျက်သွားကာ ပုံရိပ်တစ်ခုပေါ်လာသည်၊ ၎င်းက နတ်သူငယ်မလေး အက်ဂ်နက်စ်ပါပင်။
"သခင်မလေးစတေးလ်, ကျွန်မကို ဘာလို့ခေါ်ရတာလဲ?" အက်ဂ်နက်စ်က စတေးလ်ကိုမေးလာသည်။
စတေးလ်က လျှောက်သွားလျက် အက်ဂ်နက်စ်၏မျက်နှာကိုကာထားသည့် ခေါင်းဆောင်းကိုချွတ်လိုက်သည်။ သူမက ရှုယီကို မပြောမီ ကြော့ရှင်းသော မျက်နှာကို လက်ညှိုးဖြင့် ပွတ်သပ်လိုက်၏၊ "ဘယ်လိုလဲ? အက်ဂ်နက်စ်က ကျွန်မထက်ပိုလှတယ်လေ၊ ဝန်ခံစမ်းပါ။"
အက်ဂ်နက်စ်က စတေးလ်ကို တအံ့တဩကြည့်ကာ၊ "သခင်မလေး စတေးလ်, ရှင်က အခုကျွန်မအကြောင်းပြောနေတာလား? အားနာပါတယ်၊ ကျွန်မက ရှင်တို့လူသားတွေရဲ့ အလှစံနှုန်းကိုနားမလည်တော့ ကျွန်မက ရှင့်ထက်ပိုလှတယ်လို့ ဘာကြောင့်ထင်မှန်းနားမလည်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ နတ်သူငယ်တွေရဲ့ အမြင်အရဆိုရင်တော့ ရှင့်ရဲ့ မျက်နှာပဲဖြစ်ဖြစ် အသွင်သဏ္ဍာန်ပဲဖြစ်ဖြစ် ကျွန်မတို့ နတ်သူငယ်တွေရဲ့ အလှစံနှုန်းကို ကောင်းကောင်းမှီပါတယ်။ ကျွန်မရဲ့အမြင်ကနေဆို ရှင့်ကို အနုပညာလို့တောင် သတ်မှတ်နိုင်တယ်။"
အက်ဂ်နက်စ်၏လေးနက်နေဟန်ကိုမြင်သော် စတေးလ်၏မျက်နှာက နီရဲကာ ရှက်ရွံ့လာ၏။
"မဟုတ်ဘူး၊ အက်ဂ်နက်စ်, ရှင်ကသာ တကယ်လှတာပါ။ ကျွန်မမှာ ယုံကြည်ချက်ရှိပေမယ့်လည်း ကျွန်မက ရှင့်ကို မယှဉ်နိုင်ဘူးလို့ ခံစားနေရတုန်းပဲ။"
"ကျွန်မတို့ နတ်သူငယ်တွေရဲ့ အသွင်အပြင်က များများစားစား မကွဲပြားတော့ ကျွန်မက နတ်သူငယ်တွေရဲ့စံနှုန်းနဲ့ဆိုရင် ဒီလောက် ထူးထူးခြားခြားဖြစ်မနေပါဘူး။ ဒါပေမယ့် သခင်မလေး စတေးလ်က ကျွန်မမြင်ဖူးသမျှလူသားတွေထဲမှာ အထူးခြားဆုံးပဲမို့ ချောမောတယ်ဆိုတာက ရှင့်ကို ဖော်ပြဖို့မလုံလောက်ဘူး၊ ရှင်က လှပတာပဲ။"
"ရှင်ဒီလိုပြောရင် တကယ်ကို ကျွန်မ..."
…...
"တော်တော့!" ရှုယီမှာ မနေနိုင်ဘဲ လက်ပြကာ နှစ်ဦးသားကိုတားလိုက်၏၊ "မင်းတို့နှစ်ယောက်က ဘာလို့ တစ်ယောက်နဲ့ တစ်ယောက်မြှောက်ပင့်နေကြတာလဲ။ ကောင်းပြီ၊ မင်းတို့နှစ်ယောက်စလုံး အကြွင်းမဲ့လှကြပါတယ်၊ မြှောက်ပင့်မနေကြပါနဲ့တော့။"
"ကောင်းပြီလေ။" စတေးလ်က ယုံကြည်ချက်ရှိရှိ နှာခေါင်းရှုံ့လျက် အက်ဂ်နက်စ်ထံ ပြန်လှည့်ကာ လက်ခုပ်တီးလိုက်သည်၊ "အမှန်ပဲ၊ ပြောရရင် အက်ဂ်နက်စ်, ကျွန်မရှင့်ကို ပြောစရာရှိတယ်။"
"ပြောစရာရှိတယ်?" အက်ဂ်နက်စ်က သူမကိုယ်သူမ တအံ့တဩညွှန်ပြလာသည်။
ရှုယီကလည်း စတေးလ်ကိုရှုပ်ထွေးစွာကြည့်လိုက်၏။ သူမက အဘယ့်ကြောင့် အက်ဂ်နက်စ်ကို လိုက်ရှာနေရသနည်း?
"လာ၊ ထိုင်ပြီးပြောကြတာပေါ့။" စတေးလ်က အက်ဂ်နက်စ်ကို စားပွဲဆီဆွဲခေါ်သွားကာ အနည်းငယ်စဉ်းစားပြီးမှ ပြောလာ၏၊ "ကျွန်မ ခမာမြို့တော်ကို ဒီတစ်ခေါက်သွားတော့ ပွဲတစ်ပွဲမှာ ဆရာကက်စဒင်နဲ့တွေ့တော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်မီးအိမ်ကြော်ငြာက ဘယ်ဆရာကြီးရဲ့လက်ကထွက်လာလဲလို့ မေးလာတယ်လေ။ ရှင်က လူသားတွေဆီ ကိုယ့်ကိုယ်ကိုထုတ်ပြဖို့ ဆန္ဒမရှိကြောင်းကို ရှုယီက ပြောထားတော့ ရှင်က ရှင့်နာမည်ကို ထုတ်ဖော်ချင်တဲ့ ဆန္ဒမရှိဘူးလို့ ပြောခဲ့လိုက်တယ်။ ဒါပေမယ့်ဆရာကက်စဒင်က ရှင့်ဆွဲထားတာကို တကယ်သဘောကြပြီး အဲဒီ့ကနေ နည်းနည်းလောက် လေ့လာချင်ပုံနေတော့ ဆွဲထားတာတစ်ခုတည်းနဲ့ဆို မလုံလောက်ဘူးလေ။ ဒါကြောင့် ရှင့်အနေနဲ့ သူကို ဒီဇိုင်းဆွဲထားတာတချို့ပေးနိုင်ဖြစ်ဖြစ် ဒါမှမဟုတ် သူ့ကိုနည်းနည်းလောက် သင်ပေးနိုင်ရင်ဖြစ်ဖြစ် သတင်းစကားပို့ပေးနိုင်ဖို့ မျှော်လင့်နေတယ်၊ သူက တန်ကြေးကြီးကြီးပေးဖို့ ဆန္ဒရှိပါတယ်။ ဘယ်လိုသဘောရလဲ အက်ဂ်နက်စ်?"
"ကျွန်မ..." အက်ဂ်နက်စ်က ရှုယီက ငေးကြည့်လာကာ၊ "ကျွန်မနားမလည်ဘူး၊ ရှင်ရောဘယ်လိုထင်လဲ ဥက္ကဌရှု?"
"သူက တန်ကြေးမြင့်မြင့်ပေးမယ်တဲ့လား? ဘယ်လောက်များလဲ?" ရှုယီက စတေးလ်ကို မေးသည်။
စတေးလ်က လက်တစ်ချောင်းထောင်ပြကာ၊ "တစ်ခုကို တစ်ထောင်။"
"ရှုယီမှာ မနေနိုင်အောင် အံ့ဩသွားရကာ၊ "ဒီလောက်မြင့်တယ်? ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဆရာအန်လီယိုးစ်ဆီကနေ ကြော်ငြာတစ်ခုရဖို့ ရွှေဒင်္ဂါး ငါးဆယ်ကနေ တစ်ရာအထိပဲ သုံးရပေမယ့် အက်ဂ်နက်စ်က ရွှေဒင်္ဂါးတစ်ထောင်နဲ့တောင် ရောင်းနိုင်တယ်လား? ဒါက တကယ်ကို အတော်ကွာနေတာပဲ!"
"ဆရာကက်စဒင်က ပြောသေးတယ်၊ အက်ဂ်နက်စ်ရဲ့ လက်ရာကို ရွှေဒင်္ဂါးနဲ့တိုင်းတာ,တာက အနုပညာကို စော်ကားနေသလိုပဲတဲ့၊ ဒါပေမယ့် အက်ဂ်နက်စ်ကို လှုပ်ရှားစေဖို့ နည်းလမ်းကို မသိဘူးတဲ့လေ။ သူက ဒီအစီစဉ်ကိုပဲသုံးနိုင်တော့ အက်ဂ်နက်စ်ကို တောင်းဆိုပေးစေချင်နေတာ။" စတေးလ်က ထပ်ပေါင်းပြောလာ၏။
ရှုယီက မနေနိုင်ဘဲ ပြုံးကာ အက်ဂ်နက်စ်ကိုပြောလိုက်သည်၊ "အက်ဂ်နက်စ်, ကြည့်ရာက မင်းအနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်,လုပ်ပေးဖို့ မလိုတော့ပုံပဲ။ ငွေပမာဏအတော်များများဝင်ဖို့ ခင်ဗျားလက်ရာကိုတောင် မှီခိုလို့ရနေပြီ။"
အက်ဂ်နက်စ်က ခေါင်းခါကာ၊ "ကျွန်မ ဥက္ကဌရှုဆီမှာ အလုပ်လုပ်နေတာက ငွေကြောင့်မှမဟုတ်တာ။"
"အမ်း၊ ကျုပ်သိပါတယ်။" ရှုယီက ခေါင်းငြိမ့်ကာ၊ "အကြီးအကဲအီလူရှာက ကျုပ်တို့လုပ်ငန်းစုမှာ ခင်ဗျားကိုအလုပ်လုပ်ဖို့ သဘောတူခဲ့တဲ့အကြောင်းရင်းက ခင်ဗျားကို အဓိကအမှတ်အဖြစ်သုံးပြီး နတ်သူငယ်တွေနဲ့ လူသားတွေကြားက ဆက်နွယ်မှုကို စမ်းသပ်ချင်လို့ပဲ။ သူမက စိုင်စ်နယ်မြေမှာ လူသားတွေနဲ့အတူတကွ အေးအေးချမ်းချမ်းနေနိုင်ချင်တာပါ။ ဒီလိုဆိုမှတော့ အက်ဂ်နက်စ်, ပြင်ဆင်ထားပြီးပြီလား?"
"ဘာအတွက်လဲ?" အက်ဂ်နက်စ်က အံ့ဩစွာမေးသည်။
"လူသားတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ပြင်ဆင်တာလေ" ရှုယီက ပြောသည်၊ "အကြီးအကဲအီလူရှာက ခင်ဗျားအနေနဲ့လူသားတွေနဲ့ ဆက်ဆံနိုင်ဖို့ မျှော်လင့်ပြီး လူသားတွေက နတ်သူငယ်တွေကို ဘယ်လိုဆက်ဆံကြောင်း စမ်းသပ်ချင်နေတာ။ ဒါပေမယ့် အက်ဂ်နက်စ်, ခင်ဗျား ညတေးသံမျိုးနွယ်စုကနေ ထွက်လာပြီး အရင်နှစ်လကပဲ ကျုပ်ဘေးကိုရောက်လာခဲ့တယ်။ လူသားတွေနဲ့လည်း လုံးဝ မဆက်သွယ်ရသေးတော့ အကြီးအကဲအီလူရှာကို စိတ်ဓာတ်ကျသွားစေနိုင်တယ်။"
"ကျွန်မ..." အက်ဂ်နက်စ်က ခေါင်းငုံ့ကာ နူးညံ့သည့်အသံဖြင့်ဆိုလာ၏၊ "ကျွန်မ နည်းနည်းကြောက်နေတယ်။"
"ဘာကိုကြောက်တာလဲ? လူသားတွေက ခင်ဗျားကိုစားမှာ ကြောက်တာလား?" ရှုယီက လက်ဆန့်ထုတ်ကာ အက်ဂ်နက်စ်၏ ခေါင်းကိုမော့လျက်၊ သူ့ထံ ထပ်မံကြည့်ရှုလာစေသည်၊ "လာ၊ ကျုပ်ကိုကြည့်။ ကျုပ်က လူသားပဲ၊ ကျုပ်ကိုကြောက်လား?"
"ဟင့်အင်း" အက်ဂ်နက်စ်က ရိုးရိုးသားသားဖြေ၏။
ရှုယီက သူမခေါင်းကို စတေးလ်ထံလှည့်ပေးလိုက်သည်။
"အခု စတေးလ်ကိုကြည့်လိုက်။ သူမကလည်း လူသားပဲ၊ သူမကိုကြောက်လား?"
စတေးလ်က ချက်ချင်း တောက်ပစွာပြုံးလာလေသည်။
"ဟင့်အင်း" အက်ဂ်နက်စ်က ထပ်ဖြေ၏။
ရှုယီလည်းလွှတ်ပေးကာ မီးဖိုချောင်မှထွက်လာသည် ဗီဗီယန်ကိုညွှန်ပြလိုက်၏။
"အခု ဗီဗီယန်ကို ကြည့်,ကြည့်လိုက်။ သူမလည်း လူသားပဲ၊ သူမကိုရောကြောက်လား?"
အက်ဂ်နက်စ်က ခေါင်းခါကာ၊ "ဟင့်အင်း"
"ဟုတ်တယ်" ရှုယီက လက်များကို ဖြန့်လိုက်ပြီး ပြောသည်၊ "ကြည့်လိုက် ကျုပ်၊ စတေးလ်နဲ့ ပြီးတော့ ဗီဗီယန်တို့အားလုံးက လူသားတွေပဲ၊ ဒါပေမယ့် ခင်ဗျားကျုပ်တို့ကို မကြောက်ဘူးလေ။ ပြီးတော့ ဒီအတောအတွင်း ကျုပ်နောက်လိုက်ရင်းနဲ့ လူများစွာကိုလည်း ဆက်ဆံခဲ့ရသေးတယ်၊ သူတို့ကိုရော ကြောက်လို့လား?"
အက်ဂ်နက်စ်က တစ်ဖန်တုံ့ဆိုင်းနေပြီးမှာ စဉ်းစားကာ ဖြေလာသည်၊ "ရှင်၊ သခင်မလေးစတေးလ်နဲ့ ဗီဗီယန်တို့အားလုံးက ကျွန်မရဲ့ဖြစ်တည်မှုကိုသိသလို ကျွန်မနဲ့လည်းရင်းနှီးတယ်လေ။ ရှင်တို့က ကျွန်မတို့ မျိုးနွယ်စုကိုလိုက်လာပြီး ကူညီပေးသေးတော့ မိတ်ဆွေအဖြစ်သတ်မှတ်လို့ရတယ်။ ဒါပေမယ့် တခြားလူတွေက ကျွန်မအကြောင်းကိုမသိကြသလို ကျွန်မကလည်း သူတို့နဲ့ မရင်းနှီးတော့ သူတို့ ဘာလုပ်မလဲဆိုတာကို ကျွန်မ,မသိဘူး။ အကြီးအကဲတွေက ငယ်ကတည်းက လူသားတွေဆိုတာ ရှုပ်ထွေးတဲ့မျိုးနွယ်စုလို့သင်ပေးခဲ့တယ်။ ကျွန်မတို့ နတ်သူငယ်တွေက လူတွေဆီကနေ အကြိမ်များစွာလှည့်စားခံခဲ့ရတော့ လူသားတွေကို လွယ်လွယ်ယုံကြည်လို့မရဘူး။"
ရှုယီက မနေနိုင်ဘဲ မျက်လုံးများကိုလှိမ့်ကာ၊ "အဆုံးမှာတော့ အကြီးအကဲအီလူရှာဆီ ပြန်ရောက်နေတုန်းပဲ။ သူမက နတ်သူငယ်တွေနဲ့ လူသားတွေကို အတူတကွယှဉ်တွဲနေထိုင်စေချင်နေပေမယ့် မင်းတို့စိတ်ထဲမှာ ငယ်ကတည်းက ဒီလိုအတွေးတွေထည့်ပေးထားတော့ သူမရဲ့ ကိုယ်ပိုင်အစီစဉ်ကိုဖျက်ဆီးဖို့ကြိုးစားနေတာလား?"
"အကြီးအကဲက ကျွန်မတို့ မျိုးနွယ်စုအတွက်တွေးပေးတာပါ၊ သူမရဲ့အမှားမဟုတ်ပါဘူး။" အက်ဂ်နက်စ်က ချက်ချင်း ငြင်းဆန်လာသည်။
"ကောင်းပြီ၊ ကျုပ်သိတယ်။ အကြီးအကဲအီလူရှာအနေနဲ့ ခင်ဗျားတို့ နတ်သူငယ်တွေအတွက် စဉ်းစားပြီး အရာအားလုံးလုပ်ပေးတာကို သဘောတူပါတယ်၊ ဒါကြောင့် သူမက မမှားပါဘူး။ ဒါပေမယ့် အက်ဂ်နက်စ်၊ မင်းက အကြီးအကဲအီလူရှာကိုယုံကြည်သလို သူမကလည်းလူသားတွေနဲ့ မင်းကိုဆက်သွယ်စေချင်တယ်လေ၊ ဒါကြောင့် မင်းလူတွေကို သွားတွေ့သင့်တယ်။ ဘာလို့အရမ်းခုခံနေရတာလဲ?"
"ကျွန်မ..." အက်ဂ်နက်စ် အနည်းငယ်ဆွံ့အသွားရသည်။
"ဟုတ်ပြီး အကြီးအကဲအီလူရှာက ကျုပ်ကိုယုံကြည်တော့ ခင်ဗျား ကျုပ်အစီစဉ်အတိုင်းလိုက်လုပ်ရမယ်။" ရှုယီက အက်ဂ်နက်စ်၏ မျက်လုံးများကိုကြည့်ကာ အလေးအနက်ပြောလိုက်၏၊ "ဘယ်လိုလဲ၊ အက်ဂ်နက်စ်, ကျုပ်ကိုယုံလား?"
အက်ဂ်နက်စ်က ရှုယီ၏မျက်လုံးများကိုကြည့်ကာ အသာခေါင်းငြိမ့်လျက်၊ "ယုံပါတယ်။"
"ကောင်းတယ်။ မတိုင်ခင်က အခွင့်အရေးမရှိသေးတော့ မင်းက အဆင်သင့်မဖြစ်သေးတာကြောင့် လူသားတွေနဲ့ ဆက်သွယ်ဖို့ တွန်းအားမပေးသေးတာ။ ဒါပေမယ့် ဒီလိုအခွင့်ကောင်းရှိနေမှတော့ အက်ဂ်နက်စ်, မင်းစိတ်ကို မင်းပြင်ဆင်ရမယ်။ ကျုပ် တခြားလူတွေနဲ့ မင်းဆုံနိုင်ဖို့ အခွင့်ကောင်းတစ်ခုရှာလိုက်မယ်။"
အမ်း" အက်ဂ်နက်စ်က ပြန်ဖြေရင်း မျက်လုံးများ၌ ဆုံးဖြတ်ချက်ဖြင့် ပြည့်လျှမ်းလာတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၂၃။ Frestech ကုန်သည်ကြီးများအသင်း၏ ဝှက်ဖဲ
Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ကြေငြာပွဲကတည်းက ဘန်တာမြို့နှင့် အနီးဝန်းကျင်ရှိ လုပ်ငန်းစုများမှာ ထိုပုံစံကိုလိုက်နာခဲ့ကြသည်။ ၎င်းတို့ ထုတ်ကုန်သစ်ရှိလာတိုင်း သို့မဟုတ် အရေးကြီးထုတ်ကုန် ရောင်းရန် ရှိလာသည့်အချိန်တိုင်း ထုတ်ကုန်ကြေငြာပွဲ ကျင်းပမည်ဖြစ်သည်။
ဥပမာ ဤတစ်ပတ်တွင် ဘန်တာမြို့တော်မှ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့လုပ်ငန်းစုအောက်ရှိ အဆင်တန်ဆာတစ်မျိုးအတွက် ထုတ်ကုန်ကြေငြာပွဲပြုလုပ်မည်ဖြစ်၏။ ၎င်းတို့မှာ ခြေတစ်လှမ်းပင် ပိုသာကာ လူချမ်းသာများစွာကိုဆွဲဆောင်ပြီး ဘန်တာမြို့တော်နှင့် အနီးဝန်းကျင်မြို့များရှိ ငွေမရှိသူများကိုပါ မြင်စေမည့် ပွဲကြီးကျင်းပရန် ဘန်တာမြို့တော် လမ်းဆုံကို စာရင်းသွင်းထားသည်။
သို့သော် အခြားလုပ်ငန်းစုများမှာ ၎င်းတို့၏ ထုတ်ကုန်ကြေငြာပွဲများ၌ မည်မျှအားထုတ်ကာ အာရုံစိုက်မှုများစွာရနေပါစေ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယမြောက် ထုတ်ကုန်ကြေငြာပွဲကို မယှဉ်နိုင်ချေ။
ပထမမြောက် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ကြေငြာပွဲ၌ ရှုယီမှာ ဘန်တာ နတ်ဘုရားမ သခင်မလေးစတေးလ်နှင့် တွဲခုတ်နေကြောင်းဝန်ခံခဲ့၏။
ဒုတိယမြောက် ထုတ်ကုန်ကြေငြာပွဲတွင် ထုတ်ကုန်သစ်အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ မည်သို့သော ထိတ်လန့်ဖွယ်သတင်းမျိုးများ ကြေငြာလိမ့်မည်နည်း?
ထိုအတွေးများကို အခြေခံရပါလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယမြောက် ထုတ်ကုန်ကြေငြာပွဲမစခင် နှစ်နာရီပင်ကျန်သေးပါသော်လည်း ပွဲကျင်းပရန် အသုံးပြုထားသည့် ဘန်တာမြို့တော်ဈေးလမ်းဆုံတွင် လူများဖြင့်ပြည့်နေပြီဖြစ်၏။ ၎င်းတို့ကြား၌ ဘန်တာမြို့တော်၊ ဆော်လ်တန် မြို့တော်နှင့် ခမာမြို့တော်တို့မှ သတင်းထောက်များလည်း ပါဝင်သည်။
ကန်ဘာရာမြို့နှင့် နော်တန်မြို့မှ လူအချို့လည်း သတင်းကြားပြီးနောက် ရောက်လာကြရာ ၎င်း ထုတ်ကုန်ကြေငြာပွဲက မည်မျှ ဆွဲဆောင်မှုရှိသည်ကိုပင် မြင်နိုင်ပါ၏။
လူအုပ်ထဲတွင် ခမာသတင်းစာ၏ ခေါင်းဆောင်ရိုင်းန် ဒုတိယအယ်ဒီတာချုပ်က ငါးနာရီကြာကြိုစောပြီး လက်ထောက်နှစ်ယောက်ကိုပါခေါ်လာခဲ့၏။ ၎င်းတို့မှာ စင်မြင့်နှင့် ပိုနီးသည့်နေရာရရန် နေပင်မထွက်ခင်တည်းက ဈေးလမ်းဆုံသို့လာခဲ့ကြသည်။
သူရောက်ချိန်တွင် သူ့အရှေ့ကြိုရောက်နေသည့်လူများရှိသည်ကို တွေ့လိုက်ရသည်။
ပြောရန် မလိုပါသော်လည်း ထိုလူများက တခြားသတင်းစာများထံမှ သူ၏အသိမိတ်ဆွေများဖြစ်ကြသည့် သတင်းထောက်များပါပင်။
အာရုံစူးရှကာ သာမန်လူများထက် ပိုမိုအဆက်သွယ်ပိုရှိသည့် သတင်းထောက်များအနေနှင့် ထိုလူများမှာ လူမှုဆက်ဆံရေးပိုမိုကောင်းမွန်ကြသည်။
ထို့ကြောင့် နာရီအနည်းငယ်ကြာစောင့်ဆိုင်းပြီးနောက်တွင် ၎င်းသတင်းထောက်များမှာ အချင်းချင်း ပိုမိုရင်းနှီးလာကြ၏။
လူအုပ်က ကြီးသထက်ကြီးလာသည်ကိုမြင်သော် လူတိုင်းဆွေးနွေးနေကြသည့် ခေါင်းစဉ်များမှာလည်း သဘာဝကျစွာပင် ထုတ်ကုန်ကြေငြာချက်ဖြစ်သည်။
"Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်ကြေငြာချက်က ဒီတစ်ခေါက်ထူးဆန်းတယ်လို့မထင်ဘူးလား?" ထိုသို့ဆိုလာသူမှာ ဆော်လ်တန်မြို့တော်မှ သတင်းထောက်ဖြစ်သော်လည်း «ဆော်လ်တန် မနက်ခင်းသတင်း»ထံမှမဟုတ်ဘဲ «ဆော်လ်တန်သတင်း»ဟုခေါ်သည့် သတင်းစာအသစ်ထံမှပင်။
"ဘယ်လိုထူးဆန်းတာလဲ?" မေးလာသူမှာ ဘန်တာမြို့မှ သတင်းထောက်ဖြစ်သည်။
၎င်းကမူ «ဘန်တာသတင်းစာ» မှ မဟုတ်ပါချေ။ «ဘန်တာသတင်းစာ» နှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ ဆက်ဆံရေးအရ ၎င်းတို့မှာ ထိုသူတို့လို စောင့်ဆိုင်းနေဖို့ မလိုပါချေ။
ထိုသတင်းထောက်ကမူ «ဆန်းသတင်း»ထံမှလာပြီး ဆာရန့်ခ်ကုန်သည်ကြီးများအသင်းနောက်ခံရှိသည်ဟု ဆိုနိုင်သည်။ ၎င်းတို့မှာ သာမန်အားဖြင့် မျိုးရိုးမြင့်များနှင့် နောက်ဆုံးပေါ်ဇိမ်ခံထုတ်ကုန် ရေပန်းစားမှုများအကြားရှိ သတင်းများကို ရေးကြသည်။
«ဆန်းသတင်း»မှာ ၎င်းဘက်ကို အဓိကထားသဖြင့် ၎င်းသတင်းစာက အနီးနားမြို့များရှိ သူဌေးကတော်များနှင့် သခင်မလေးများအတွက် လမ်းညွှန်ဖြစ်လာရာ ၎င်း၏ ရောင်းအားကလည်း မနည်းလှချေ။
"ကျုပ်သိထားတဲ့အချက်အရတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုက ပုံမှန်အားဖြင့်တော့ ကိစ္စတွေကို သိုသိုသိပ်သိပ် ကိုင်တွယ်လေ့ရှိတယ်။ ဥပမာဆိုရရင် အရင်တစ်ခေါက် Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝန်ဆောင်မှုဌာနမှာ ထုတ်ကုန်ကြေငြာပွဲလုပ်ပြီး ဘန်တာမြို့ဈေးလမ်းဆုံလို နေရာကြီးမငှားခဲ့သလိုပေါ့။ ပြီးတော့ သူက သတင်းစာတိုင်းမှာလည်း ဒီဖိတ်ကြားချက်အားလုံးကို လူတိုင်းဆီမပို့ခဲ့တာတောင် ဒီလို မြင်ကွင်းကြီးဖန်တီးနိုင်တယ်။" «ဆောလ်တန်သတင်း»မှ သတင်းထောက်မှာ ထိုသို့ အဆန်းတကြယ်ပြောလာသည်၊ "ကျုပ်ခန့်မှန်းကြည့်တာတော့ ကျုပ်တို့ကို အံ့ဩစေမယ့် သတင်းတချို့က ခဏနေလာတော့မယ်။"
တခြားသတင်းထောက်များက တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ရာ မျက်လုံးများထဲ၌ သဘောတူဟန်ကို မြင်လိုက်ကြရသည်။ သို့သော် သတိထားသည့်အနေဖြင့် မည်သူကမှ ပေါ်တင် သဘောမတူလာချေ။
"တကယ်တမ်း ဘာသတင်းမှ မရှိရင်တောင် Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်သစ်ကို ကြေငြာတာနဲ့တင် အားလုံးရဲ့အာရုံကို ဆွဲဆောင်နိုင်ဖို့ လုံလောက်နေပြီမဟုတ်ဘူးလား?" ရိုင်းန်က စဉ်းစားပြီးမှ ပြောလာသည်၊ "အရင်တစ်ခေါက်က အလိုအလျောက်မှော်ထမင်းပေါင်းအိုးကို ဘယ်နှအိုးထိ ရောင်းလိုက်ရလဲ ခင်ဗျားတို့သိလား?"
လူအုပ်ကြီးက သူ့အား အံ့ဩစွာကြည့်လာသည်။
"ခင်ဗျားက အရေအတွက်အတိအကျသိတယ်လား? ကျုပ်ကြားတာတော့ ငါးသောင်းကျော်တယ်တဲ့၊ ဒါပေမယ့် ဒါသာမှန်ရင် Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ များများလုပ်ခဲ့ရမှာပဲ။" နောက်ထပ် သတင်းထောက်က သက်ပြင်းချကာပြောလာသည်၊ "ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးရဲ့ ကုန်ကျစရိတ်ကို တစ်ယောက်ကိုခေါ်ပြီး ခန့်မှန်းကြည့်ခိုင်းတော့ ရွှေဒင်္ဂါးတစ်ပြားပတ်လည်လောက်ရှိမယ်။ Frestech ကုန်သည်ကြီးများအသင်းက ဒါကို ရွှေဒင်္ဂါးသုံးပြားခွဲနဲ့ရောင်းတော့ တစ်ခုစီကို ရွှေဒင်္ဂါးနှစ်ပြားကျော်လောက် အမြတ်ရမယ်၊ ဒီကနေဆို ရွှေဒင်္ဂါးတစ်သိန်းကျော်ရတာပေါ့! ဒါက အတော်လေး ကြောက်စရာပဲ!"
"အလုံးငါးသောင်းတဲ့လား?" ရိုင်းန်က အေးစက်စက်နှာမှုတ်ကာ၊ "ခင်ဗျားတို့က Frestech ကုန်သည်ကြီးများအသင်းကို အထင်သေးလွန်းနေပြီ။ ကျုပ်ပြောပြမယ်၊ အရေအတွက်က ဒီလောက်ရှိတယ်။" ရိုင်းန်က လက်တစ်ချောင်းထောင်ပြ၏။
အားလုံးက တစ်ပြိုင်တည်း ထိတ်လန့်သွားကြ၏။
"အလုံးရေတစ်သိန်းလား? မဖြစ်နိုင်တာကြီး! ဘန်တာမြို့တော်မှာ နှစ်သိန်းတောင်မရှိပါဘူး၊ အားလုံးက တစ်လုံးစီဝယ်တာများဖြစ်နိုင်လား?"
"မဟုတ်ဘူးပေါ့။ ကုန်ကုန်ပြောရရင် ဘန်တာမြို့အပြင် ကျုပ်တို့ ဆော်လ်တန်မြို့မှာလည်း ဝယ်တဲ့လူတွေရှိတယ်။"
"အန်း၊ ကျုပ်တို့ ခမာမြို့မှာရောပဲ။"
"ကျုပ်တို့ရဲ့ ကန်ဘာရာမြို့မှာလည်း အတော်ဝယ်ကြတယ်။"
"ကျုပ်တို့ နော်တန်မြို့မှာရော..."
……
အားလုံး ပြောပြီးနောက်တွင် ၎င်းတို့၏ သတင်းများအရ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထိုမြို့အားလုံးတွင် အလိုအလျောက်မှော်ထမင်းပေါင်းအိုးရောင်းချခဲ့ခြင်း အလုံးရေတစ်သိန်းကျော်သည်ဆိုလျှင်ပင် မဖြစ်နိုင်သည်တော့မဟုတ်ပေ။
"ဘာလဲ? ယုံပြီလား?" ရိုင်းန်က ရယ်လိုက်ကာ၊ "အားလုံးကိုပြောပြမယ်၊ သခင်မလေးစတေးလ် ကျုပ်တို့ ခမာမြို့တော်ကို လာချိန်တုန်းက သူမကို ဒီကိစ္စလေး တိတ်တဆိတ်မေးခဲ့သေးတယ်။ သူမပြောခဲ့တာတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အလိုအလျောက်မှော်ထမင်းပေါင်းအိုးရောင်းအားက ဒီလောက်မရောင်းရဘူးတဲ့၊ အကြောင်းကတော့ ဒါကိုက ထမင်းချက်ဖို့ သုံးတာမို့လို့လေ။ လမ်ပူရီတိုင်းပြည်ရဲ့ အဓိက ကောက်ပဲသီးနှံက ဂျုံဖြစ်ပြီး ဆန်ကိုထုတ်လုပ်ဖို့ကျတော့နည်းတာကြောင့် ရောင်းအားက ခန့်မှန်းချေထိမရောက်လို့ ဥက္ကဌရှုက စိတ်ပျက်နေခဲ့တာ။"
"သူက စိတ်ပျက်နေတုန်းလား?" အားလုံးမှာ အံ့ဩသွားကြပြန်သည်၊ "အလိုအလျောက်မှော်ထမင်းပေါင်းအိုးတစ်မျိုးနဲ့တင် ရွှေဒင်္ဂါးတစ်သိန်းကျော်ဝင်နေပြီကို သူက မကျေနပ်သေးဘူးလား? သူတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ခီမဲရာ ကုန်သည်ကြီးများအသင်းလို ထိပ်တန်းအဆင့်လုပ်ငန်းစုမှ မဟုတ်တာကို၊ တစ်ချက်လေးလှုပ်ရှားတာနဲ့ သန်းနဲ့ချီပြီး မဝင်နိုင်ဘူးလေ..."
"Frestech ကုန်သည်ကြီးများအသင်းက ထိပ်တန်းအဆင့်လုပ်ငန်းစုဖြစ်လာနိုင်ချေရှိတာကိုတော့ ခင်ဗျားတို့ ငြင်းလို့မရဘူးမို့လား?" ရိုင်းန်က ပြန်မေး၏။
အားလုံးမှာ တိတ်ဆိတ်သွားကြသည်။
၎င်းတို့၏ ဆင်ခြင်မှုက Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်၏ ဘန်တာမြို့လေးရှိ လုပ်ငန်းစုလေးသာဖြစ်သည်ဟု ပြောနေသည်။ ၎င်းတို့ တိုးတက်လာနိုင်ပါလျှင်တောင် လမ်ပူရီတိုင်းပြည်၏ အင်အားနှင့်သာ ကန့်သတ်သွားမည်ပင်။ အဆုံး၌ ၎င်းတို့အတွက် ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစု နောက်ခံရှိနေသည့် ခီမဲရာကုန်သည်ကြီးများအသင်းကဲ့သို့ စွမ်းအားကြီးလုပ်ငန်းစုဖြစ်လာရန်မှာ မဖြစ်နိုင်ချေ။
လွန်ခဲ့သည့်နှစ်က Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုသမိုင်းမှာ အင်မတန်ရှင်းလင်းပါသည်။ ထိုလုပ်ငန်းစုက အင်မတန်မြန်ဆန်စွာ တိုးတက်လာမည်ကို သိထားပြီး လူများစွာ၏ ယေဘုယျအသိပညာကိုပင် ကျော်လွန်နေသည်။ ၎င်းတို့အတွက် ယေဘုယျအမြင်ကို တစ်ဖန်သွေဖယ်ပြီး ထိုအဆင့်ထိ တိုးတက်ရန်က မဖြစ်နိုင်သည့်အရာတော့မဟုတ်ချေ။
"Frestech ကုန်သည်ကြီးများအသင်းက အပြောမဟုတ်ဘဲ လက်တွေ့ကျပြီးတော့ လမ်ပူရီတိုင်းပြည်ရဲ့ ပထမအဆင့်လုပ်ငန်းစုဖြစ်လာမယ်လို့ ခံစားနေရတယ်။" နော်တန်မြို့မှ သတင်းထောက်တစ်ဦးက ထိုသို့ပြောလာသည်၊ "ဘန်တာမြို့တင်မကဘူး အခုဆို နိုင်ငံရဲ့ တခြားမြို့ပေါင်းများစွာမှာလည်း မှော်စက်တွေကိုလေ့လာနေတဲ့ လုပ်ငန်းစုတွေအတော်များတယ်။ Frestech ကုန်သည်ကြီးများအသင်းက ဦးဆောင်ထားတာကနေ အခွင့်ကောင်းကိုသုံးပြီး ငွေပမာဏများများဝင်နေပေမယ့်လည်း ဒီမှော်စက်တွေက ရှုပ်ထွေးတယ်လို့ ကျုပ်တော့မထင်ဘူး။ တခြားလူတွေကိုလည်း အချိန်လုံလုံလောက်လောက်ပေးသရွေ့ သူတို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းထက် ပိုအားကောင်းတဲ့ မှော်စက်တွေ သုတေသန လုပ်လာနိုင်တယ်။ အချိန်ကျလာရင် Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်မှာ ဆက်ပြီးတည်ရှိနေနိုင်ပါ့မလားကိုလည်း ပြောဖို့ကခက်တယ်လေ။"
အားလုံးက တစ်ဖန်တိတ်ဆိတ်သွားကြသည်။
သတင်းစာပေါင်းစုံမှ သတင်းထောက်များအဖြစ် ၎င်းတို့မှာ သာမန်လူများနှင့် ယှဉ်ပါက မြို့ပေါင်းစုံရှိ ပြောင်းလဲမှုများနှင့် ပိုမိုအကျွမ်းတဝင်ရှိပေသည်။
နော်တန်မြို့တော်မှ သတင်းထောက်ပြောသည်က မှန်ပါသည်။ ယခုဆိုလျှင် လမ်ပူရီတိုင်းပြည်၌ မှော်စက်များအားလေ့လာနေသည့် လုပ်ငန်းစုများစွာရှိရာ Frestech ကုန်သည်ကြီးများအသင်းအား လုပ်ငန်းစုတစ်ခုခုက ကျော်တက်သွားလောက်မည်မှာ ထူးဆန်းမည်တော့မဟုတ်ပေ။
"မဟုတ်ဘူး၊ ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကို အထင်သေးလွန်းနေပြီ။" ရိုင်းန်က ခပ်ဖျော့ဖျော့ပြုံးကာ ဆိုလာသည်၊ "ခင်ဗျားအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကို ရိုးရှင်းတယ်လို့ ထင်ကောင်းထင်မှာပေါ့၊ ဒါကြောင့် သူတို့ကို ကူးယူဖို့ ဒါမှမဟုတ် ကျော်တက်ဖို့ မခက်ခဲဘူးလို့ထင်ရတာ။ ဒါပေမယ့် ကျုပ်နားလည်သမျှအပေါ်အခြေခံရရင် Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေက ရိုးရှင်းပုံတော့ပေါ်ပေမယ့် လုံးဝကို ရိုးရှင်းမနေပါဘူး။ သူတို့ကို ကူးယူဖို့ကြိုးစားနေတဲ့ လုပ်ငန်းစု များစွာရှိနေပေမယ့်လည်း သူတို့ရဲ့ မှော်စက်တွေက အရည်သွေးအရတော့ အတော်လေးဆိုးဝါးနေတယ်လော"
ရိုင်းန်မှာ «ဆော်လ်တန်မနက်ခင်းသတင်း»ထံမှ သတင်းထောက်တစ်ဦးကို ညွှန်ပြလာသည်၊ "ဥပမာ၊ အရင်နှစ်က ဆော်လ်တန်မြို့မှာ မှော်ပန်ကာကို ကူးယူခဲ့တဲ့ လုပ်ငန်းစုတစ်ခုရှိတယ်။ ပြီးတော့ သူတို့ရဲ့ပန်ကာတွေက အရည်အသွေးနိမ့်နေတာကြောင့် လူတွေရဲ့အသက်ကိုတောင် ယူသွားနိုင်တဲ့ မတော်တဆတွေလည်းအတော်များနေလို့ အဲဒီ့လုပ်ငန်းစုအတွက်လည်း အရမ်းဆိုးတဲ့အခြေနေကို ဖန်တီးပေးလိုက်တယ်လေ။
အားလုံးက «ဆော်လ်တန်မနက်ခင်းသတင်း»မှ သတင်းထောက်ကိုကြည့်လာရာ ထိုလူက နေရခက်စွာပြုံးလျက် ခေါင်းငြိမ့်ပြလာ၏။
"ဟုတ်ပါတယ်၊ ဒီလိုကိစ္စမျိုးဖြစ်ခဲ့တယ်။"
"ဒါ့အပြင် အရင်တစ်ခေါက် အလိုအလျောက်မှော်ထမင်းပေါင်းအိုးကို မကြေငြာခင်က Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်ထမင်းပေါင်းအိုးရဲ့ အရည်သွေးနီးနီးလုပ်ထားတဲ့ မှော်ထမင်းပေါင်းအိုးတွေကို ထုတ်လုပ်ခဲ့ကြတဲ့ လုပ်ငန်းစုအတော်များများရှိတယ်၊ ဒါကြောင့် Frestech ကုန်သည်ကြီးများအသင်းက ဒါကို အခွင့်ကောင်းယူပြီး ထုတ်ကုန်သစ်ကိုကြေငြာလိုက်တာပဲ။ အဲဒီ့နောက်မှာ မှော်ထမင်းပေါင်းအိုးရဲ့ တခြားတံဆိပ်တွေကို ထပ်တွေ့ရသေးလို့လား?" ရိုင်းန်က ထပ်မေးလာသည်။
အားလုံးက ခေါင်းများခါလိုက်ကြ၏။
"ဒါကပဲ Frestech ကုန်သည်ကြီးများအသင်းမှာ ကျုပ်တို့ထင်ထားတာထက် ကဒ်တွေပိုပြီးရှိတယ်လို့ပြောတာပေါ့။ သူတို့ရဲ့မှော်စက်တွေက ကူးယူဖို့ မလွယ်တာကိုမပြောနဲ့ဦး၊ ကူးယူနိုင်တယ်ဆိုရင်တောင် စိန်ခေါ်လာတဲ့လူတွေအားလုံးကို အနိုင်ယူဖို့ လှည့်ကွက်အသစ်လေးတစ်ခု ထုတ်ပြလာနိုင်တယ်။" ရိုင်းန်က ဆက်ပြော၏၊ "ဒါကြောင့် Frestech ကုန်သည်ကြီးများအသင်းက သေချာပေါက် လမ်ပူရီတိုင်းပြည်ရဲ့ ပထမအဆင့်လုပ်ငန်းစု ဖြစ်လာမယ်လို့ ကျုပ်ယုံတာပေါ့။ စိုင်စ်နယ်မြေကြီးရဲ့ ပထမအဆင့်လုပ်ငန်းစုဖြစ်လာမလားကိုတော့ စောင့်ကြည့်ရုံပါပဲ။"
လူတိုင်း အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးမှာ သတင်းထောက်တစ်ဦးက မနေနိုင်ဘဲ ရိုင်းန်ကို လှောင်ထေ့လာသည်၊ "ဘာလို့ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းဆီမှာ လူတိုင်းထက် ပိုပြီးယုံကြည်ချက်ရှိနေတယ်လို့ ကျုပ်ခံစားနေရပါလိမ့်? ဖြစ်နိုင်တာက ဥက္ကဌရှုကများ ခင်ဗျားကို လာဘ်ထိုးထားတာလား?"
ရိုင်းန်က ရယ်ကာ၊ "အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါ၊ ကျုပ်က နတ်ဘုရားမစတေးလ်ကို ထောက်ခံတာကြောင့်လေ!"
"ကျစ်——"
အားလုံးက ရိုင်းန်ကို စနောက်ဖို့ ကြံလိုက်သော်လည်း လူအုပ်ကြီးက စတင်ဆူညံလာသည်ကိုတွေ့လိုက်ကြရသည်။ ၎င်းတို့မှာ ချက်ချင်း အာရုံစိုက်လျက် ဈေးလမ်းဆုံ၏စင်တာကိုကြည့်လိုက်ကြ၏။
လူတစ်စုမှာ အဆောက်အဦမှ စင်တာသို့ လှမ်းထွက်လာသည်။
အားလုံး၏အမြင်ကို အနှစ်ချုပ်ရသော် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုယီအပြင် သူနှင့်အတူလျှောက်လာသည့် ဘန်တာမြို့တော်၏ မြို့စားမြို့တော်ဝန်စီယန်လည်းရှိနေသည်။
အားလုံးမှာ မနေနိုင်ဘဲ အံ့ဩသွားကြ၏။
ဤသည်က Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ကြေငြာပွဲဖြစ်သည်ကို အဘယ့်ကြောင့် ဘန်တာမြို့တော်၏ မြို့စားက ထိုနေရာ၌ ရှိနေသနည်း?
မြို့စားအရှင်မှာ ရှုယီနှင့် ဆက်ဆံရေးကောင်းသည်ဟု ၎င်းတို့ကြားထားပါလျှင်တောင် သူနှင့်အတူ ကိုယ်တိုင်ထွက်ပေါ်လာသည်က မှားနေသည်မဟုတ်ပေဘူးလား?
အားလုံးက ရှုယီနှင့် မြို့တော်ဝန်စီယန်ကိုကြည့်လိုက်ပြီး ရှုယီနောက်မှ လိုက်လာသည့် လူတစ်ဦးကိုလည်း ကြည့်လာကြသည်။
ထိုလူမှာ တခြားလူများနှင့် ခြားနားနေပါ၏။ ထိုလူမှာ စိမ်းဖျော့ဖျော့ ခြုံလွှာကိုရုံထားကာ မျက်နှာကိုလည်း လုံးဝအုပ်ထား၏။ ၎င်းတို့မှာ လုံးဝမမြင်နိုင်ရာ ထိုပုံရိပ်ကိုက မည်သူမှန်းမဆိုနိုင်သလို အထီးလား အမလားပင် မသိပါချေ။
ထိုအခြေအနေ၌ ၎င်းတို့ကိုယ်ကို အပြည့်အဝခြုံလွှမ်းထားသည့် လူတစ်ဦးက အဘယ့်ကြောင့် ရှိနေရသနည်း?
ရိုင်းန်အပါအဝင် သတင်းထောက်အားလုံးမှာ အာရုံကိုစုစည်းကာ မျက်လုံးများကလည်း ၎င်းကိုယ်ကိုဖုံးထားသည့် လူထံ၌ စုစည်းနေကြ၏။
၎င်းတို့၏ အလိုလိုသိစိတ်ကနေ၍ ထိုသည်မှာ ဤနေ့၏ ထုတ်ကုန်ကြေငြာပွဲအတွက်ဖြစ်ကာ ထိုလူကမှ ဇာတ်လိုက်အစစ်ဖြစ်နိုင်သည်ဟု ဆိုနေသည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၂၄။ ဆန်းကြယ်သည့်ဆရာကြီး
မနက်ခင်း ကိုးနာရီတွင် Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယမြောက် ထုတ်ကုန်ကြေငြာပွဲကို ပုံမှန်စတင်လိုက်လေသည်။
၎င်း စတင်ချိန်တွင် ဖြစ်စဉ်က အားလုံးမျှော်လင့်ထားသလိုသာ ဆက်သွားခဲ့သည်။
အားလုံး၏ရှေ့မှောက်၌ ရှုယီက Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်သစ်ဖြစ်သည့် မှော်ပေါင်မုန့်မီးကင်စက်ကို မိတ်ဆက်ပေးလာသည်။
အားလုံးက ထိုပစ္စည်း၏ ထွက်ပေါ်လာမှုကို ကြိုဆိုသည်ဟု ဆိုရမည်၊ အထူးသဖြင့် ဘန်တာမြို့သားများပင်။
Frestech ကုန်သည်ကြီးများအသင်းက မှော်ထမင်းပေါင်းအိုးကိုသာ ထုတ်လုပ်ပေးခြင်းမဟုတ်ဘဲ ၎င်းကို အလိုအလျောက်မှော်ထမင်းပေါင်းအိုးအဖြစ်ပါ ပြုလုပ်ပေးခဲ့သည်က ထိုထုတ်ကုန်ကို အရေးပါလာစေသည်။
သို့သော် ဘန်တာမြို့တော်၌ အဓိက စားသုံးသည့် နည်းလမ်းမှာ ဂျုံဖြစ်ပြီး ၎င်းမှပြုလုပ်သည့် ပေါင်မုန့်လည်းပါသည်။
အလိုအလျောက်မှော်ထမင်းပေါင်းအိုးကို အသုံးပြုရန် မည်မျှလွယ်ကူနေပါစေ ထမင်းမစားသည့် ဘန်တာမြို့တော်သားများအတွက်တော့ ဘာမှအသုံးမဝင်နေချေ။
၎င်းမတိုင်ခင်က «ဘန်တာသတင်းစာ»မှာ Frestech ကုန်သည်ကြီးများအသင်းမှ နောက်ထပ်ထုတ်လုပ်မည့် အားလုံးမျှော်လင့်နေကြသည့် မှော်စက်က မည်သည်ဖြစ်မည်ကို စူးစမ်းထားသည့် ဘန်တာမြို့၏ ခန့်မှန်းချက်တစ်ခုကိုထုတ်ပြန်ခဲ့သေးသည်။
နောက်ဆုံးရလာဒ်ဖြစ်သည့် "ပေါင်မုန့်ကို အလိုအလျောက်ထုတ်လုပ်နိုင်တဲ့ မှော်စက်" ဟူသည်က အနိုင်ရသွားသည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက မှော်ပေါင်မုန့်မီးကင်စက်ကို ထုတ်လုပ်လာပြီဖြစ်ရာ ဘန်တာမြို့တော်ရှိ လူများစွာ၏ မျှော်လင့်ချက်များကို နောက်ဆုံး၌ ဖြည့်ဆည်းပေးနိုင်ပြီဟု ယူဆ၍ရသည်။
ရှုယီ၏မိတ်ဆက်ခြင်းအရ ထိုစတုရန်းသဏ္ဍာန်မှော်ပေါင်မုန့်မီးကင်စက်မှာ လူတစ်ယောက်၏ ဦးခေါင်းအရွယ်အစားရှိပြီး အသုံးပြုရန် အင်မတန်ရိုးရှင်းလှသည်။ ၎င်းက ဂျုံမှုန့်၊ ရေ၊ ဥ နှင့် ၎င်းတို့ထည့်ချင်သည့် အရာများတို့၏ လိုအပ်သောပမာဏကို ပေါင်းထည့်ကာ ခလုတ်ကို နှိပ်လိုက်ရုံပင်။ ထိုမှော်ပေါင်မုန့်မီးကင်စက်က အားလုံးကို အလိုအလျောက်ရောမွှေကာ ပေါင်မုန့်ဖြစ်သွားသည်အထိ အချိန်အနည်းငယ်ကြာထားရမည်ဖြစ်သည်။
ထိုဖြစ်စဉ်အတောအတွင်း ပေါင်မုန့်လုပ်ထားသူမှာ အချိန်တစ်ခုကြာမှ ခလုတ်ကိုနှိပ်လိုက်ရန် လိုအပ်သည်။ ၎င်းတို့မှာ ဂျုံမှုန့်ကို ရောစပ်ဖို့ရန်ပင်မလိုတော့ရာ ၎င်းက အချိန်အတော်လေးသက်သာစေ၏။
မိမိဘာသာ ပေါင်မုန့်လုပ်သည့် ဒုက္ခများသောနည်းလမ်းနှင့်စာလျှင် မှော်ပေါင်မုန့်မီးကင်စက်ကိုသုံးဖို့က များစွာ ပိုမိုလွယ်ကူသည်မှာ သံသယပင်မလိုချေ။
ရှုယီမှ မှော်ပေါင်မုန့်မီးကင်စက်ကို မိတ်ဆက်ပေးပြီးနောက်တွင် ဘန်တာမြို့ရှိ အပျော်တမ်းလာကြည့်ကြသူများမှာ ပျော်ရွှင်သွားကြသည်။ ၎င်းတို့မှာ သေချာပေါက် အိမ်ကိုဝယ်သွားပါမည်ဟုပင် ချက်ချင်း ကျယ်လောင်စွာပြောလာကြသေးသည်။
ရှုယီက အားလုံး၏ချီးမွမ်းမှုကို အပြုံးရေးရေးဖြင့် လက်ခံပြီးမှ ထုတ်ကုန်ကြေငြာပွဲ၏ အစီစဉ်အတိုင်းဆက်သွားပြီး အားလုံးရှေ့မှောက်၌ ထုတ်ကုန်ကို စမ်းသုံးပြသည်။
နောက်ဆုံး၌ မုန့်ဖုတ်ရန်ခလုတ်ကိုနှိပ်ပြီးချိန်တွင် ရှုယီက ရပ်တန့်ကာ အသံကျယ်ကျယ်ဖြင့် အားလုံးထံ လှည့်ကြည့်ကာပြောလိုက်သည်၊ "အားလုံးပဲ၊ ပေါင်မုန့်ဖုတ်ပြီးဖို့ဆိုရင် တစ်နာရီ နှစ်နာရီလောက်တော့ကြာမှာမို့ ဒီအတောအတွင်းမှာ..."
"ဥက္ကဌရှု၊ ကျုပ်တို့ မေးခွန်းမေးလို့ရမလား?" ဆော်လ်တန်မြို့မှာ သတင်းထောက်တစ်ဦးက စင်အောက်မှနေ၍ စိတ်မရှည်စွာမေးလာသည်။
ရှုယီက အသာပြုံးကာ ခေါင်းခါလိုက်ပြီး၊ "ပုံမှန်အစီစဉ်အရ ဒီအချိန်က အားလုံးမေးခွန်းမေးလို့ရမယ့် အချိန်ဆိုပေမယ့် ဒီနေ့ကတော့ မတူပါဘူး။ ဒီအတောအတွင်းမှာ မြို့စားအရှင်နဲ့ ကျုပ်က အားလုံးကို ကြေငြာစရာရှိတာမို့ လူတိုင်းကို စိတ်ရှည်ရှည်ထားပေးဖို့ တောင်းဆိုပါတယ်။ ဒီကိစ္စကို ကြေငြာပြီးရင် ကျုပ်က ခင်ဗျားတို့ မေးခွန်းတွေကို ရိုးရိုးသားသားဖြေပေးပါ့မယ်။"
အပျော်တမ်းလာကြသည့် ဘန်တာမြို့သားများထဲမှ တချို့ဟာ မုန့်ဖုတ်ရန် တစ်နာရီ နှစ်နာရီကြာမည်ဟု ကြားပြီးနောက် ထွက်သွားရန် ပြင်နေခဲ့ကြ၏။ သို့သော် ယခုတွင် ရှုယီအပြောကိုကြားလိုက်ရာ သိလိုစိတ်ဖြင့် ရပ်တန့်လိုက်ကြသည်။
စင်မြင့်အောက်ဘက်ရှိ သတင်းထောက်များက စိတ်စုစည်းထားကြသည်။ ၎င်းတို့၏မျက်လုံးများက စင်မြင့်ထက်ရှိ ဖုံးကွယ်ထားသည့် ဆန်းကြယ်သောလူကို မနေနိုင်ဘဲ ကြည့်လာသည်။ ၎င်းတို့၏ခန့်မှန်းချက်သာမမှားပါလျှင် ရှုယီနှင့် မြို့တော်ဝန်စီယန်တို့ ကြေညာချင်သည့် ကိစ္စက ထိုလူနှင့် အင်မတန် ဆက်စပ်နေလောက်သည်။
ရှုယီက မြို့တော်ဝန်စီယန်ကို ခေါ်သည့်ဟန်ဖြင့် ကြည့်လိုက်ရာ မြို့တော်ဝန်စီယန်က အသာခေါင်းငြိမ့်ပြလာ၏။ ထို့ကြောင့် ရှုယီထံမှ ချောင်းဟန့်သံနှင့်အတူ အားလုံးမှာ ငြိမ်ကျသွားကြသည်။ သူ လက်ခုပ်တီးလိုက်သော် သူ့နောက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားနှစ်ဦးက ကြီးမားသည့်ပန်းချီလက်ရာတစ်ခုကို ယူလာသည်။
ရှုယီက ပန်းချီကို လှည့်ကာ စင်အောက်ရှိ လူများကို ပြလိုက်၏။
အားလုံးကြည့်လိုက်ကြသော် ၎င်းမှာ မှော်မီးအိမ်ကို ချပြရန် သုံးခဲ့သည့် Frestech ကုန်သည်ကြီးများအသင်း၏ ကြော်ငြာမှန်း တွေ့ရှိသွားသည်။
ထိုပန်းချီမှာ နှစ်လလုံးလုံး ဘန်တာမြို့တော် ဂိတ်လေးပေါက်၏ အပြင်ဘက်ရှိ ကြီးမားသောသင်္ကေတများအဖြစ် ရှိနေခဲ့သည်။ ဘန်တာမြို့တော်၏လူများသာမက တခြားမြို့များမှ လူများသည်ပင် ၎င်းနှင့် ကျွမ်းဝင်နေသည်ပင်။
ထိုပန်းချီကြောင့်သာ စတေးလ်၏ နတ်ဘုရားမဟူသော ဂုဏ်ပုဒ်ကို လူများစွာ၏ ရင်ထဲ တံဆိပ်ခတ်နှိပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သူမနှင့် ရှုယီ တွဲခုတ်နေကြောင်း ကြေငြာပြီးနောက်တွင် ၎င်းကို လုံးဝမထိခိုက်စေခဲ့ပေ။
သို့သော်... အဘယ့်ကြောင့် ရှုယီက ၎င်းကိုထုတ်ပြလာသနည်း? စတေးလ်ဟူသည့် အားလုံးလေးစားရသော လှတပတချစ်သူကောင်မလေးကို ထုတ်ပြချင်သောကြောင့်ပေလား?
လူအုပ်ကြီး၏ သံသယအပြည့်ဖြင့် အကြည့်များနှင့်ဆုံသော် ရှုယီမှာ ပန်းချီကို ညွှန်ပြကာ ပြောလိုက်သည်၊ "အားလုံး ဒီပန်းချီကို သတိထားမိလောက်မှာပါ၊ ဒီပန်းချီပေါ်က မှော်မီးအိမ်နဲ့လည်း မရင်းနှီးတဲ့လူမရှိလောက်ဘူးလို့ ကျုပ်ထင်ပါတယ်။ ဒါပေမယ့် ဒီပန်းချီကို ဘယ်သူဆွဲသလဲ အားလုံးသိကြရဲ့လားဗျ?"
အားလုံးက ရှုယီထံ တအံ့တဩကြည့်လာသည်။
ထိုမေးခွန်းက လူတိုင်း၏စိတ်နှလုံးထဲတွင် သံသယကြီးကြီး ဖြစ်ထွန်းလာစေ၏။
ထိုကြော်ငြာ ထွက်ပေါ်လာချိန်က ၎င်းမှာ ဘန်တာမြို့တော်နှင့် အနီးဝန်းကျင်မြို့များကိုပါ ပွက်လောရိုက်စေခဲ့သည်။
အကြောင်းမှာ ၎င်းပန်းချီက အင်မတန်ကောင်းလွန်းနေ၍ပင်။
အနုပညာအကြောင်း များများစားစားမသိသည့် သာမန်လူများသည်ပင် ၎င်း၏ဆွဲဆောင်ခြင်းကိုခံရသောကြောင့် မြို့တော်တစ်ခုစီ၏ ဆရာကြီးများအတွက်ဆို ပြောရန်ပင်မလိုချေ။
ဆရာကြီးအန်လီယိုးစ်က ၎င်းမှာ သူ၏လက်ရာမဟုတ်ဟု ငြင်းချက်ထုတ်လာသည့်နောက်တွင် အားလုံးမှာ မည်သူက ထိုပန်းချီဆွဲခဲ့ကြောင်း မခန့်မှန်းဘဲ မနေနိုင်ခဲ့ပေ။
ပန်းချီဆရာကြီးများအားလုံးက အနုပညာဟု သတ်မှတ်ကြသော ထိုလက်ရာကိုဖန်တီးသည့် လူထွက်ပေါ်လာသည်နှင့် လောကကြီးက ၎င်းနောက်ကို အရူးအမူးလိုက်လိမ့်မည်ဖြစ်သည်။
သို့သော် ၎င်းတို့ မည်သို့မေးမေး ထိုလူ၏ သတင်းအချက်လက်ကို မရနိုင်ခဲ့ပေ။
ရှုယီအား မေးလာသည့်လူတချို့ပင်ရှိခဲ့သော်လည်း တစ်ဘက်လူမှာ ၎င်းတို့ကိုယ်ကိုမထုတ်ပြချင်သဖြင့် ထိုသူတို့အားလုံးအငြင်းခံခဲ့ရသည်။
ယခုတွင် ရှုယီက အားလုံး၏ရှေ့မှောက်၌ ထိုပန်းချီကို ထုတ်ယူပြီး ထိုမေးခွန်းကိုမေးလာရာ၊ သူဟာ... နောက်ဆုံးတွင် ၎င်းတို့၏ ပုံစံအမှန်ကို ထုတ်ပြတော့မှာမို့များလား?
ထိုသို့စဉ်းစားကာ လူတိုင်းက ရှုယီကို ကြည့်လိုက်ကြသည်။
သတင်းထောက်တချို့မှာ စိတ်လှုပ်ရှားနေသည်ကို မရပ်တန့်နိုင်ဘဲ မေးခွန်းများစတင်မေးမြန်းလာကြ၏။
"ဥက္ကဌရှု၊ ဒီဆရာကြီးက ဘယ်သူဆိုတာ ကျုပ်တို့ကို ပြောဖို့ပြင်ဆင်ထားတာလား?"
ရှုယီက ၎င်းတို့ကို ငြိမ်ရန် လက်ပြလိုက်သည်၊ "စိတ်ရှည်ကြပါ၊ ကျုပ် ခဏနေ အဖြေပေးတော့မှာပါ။ ဒါမတိုင်ခင်တော့ တခြားကိစ္စတွေအရင်ပြောပါရစေဦး။ အရင်ဦး ဒီမှော်မီးအိမ်..."
ရှုယီက ပန်းချီရှိ မှော်မီးအိမ်ကိုညွှန်ပြလာကာ ပြောလေသည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းထုတ်ထားတဲ့ မှော်မီးအိမ်က အင်မတန်လှတယ်လို့ ပြောတဲ့လူများစွာရှိတယ်၊ ဒါက တကယ်ကို အနုပညာလက်ရာပါပဲ။ ဒါတွေကို ရွှေဒင်္ဂါးတစ်ပြားစီနဲ့ရောင်းတာက အပြစ်ကျူးလွန်တာပါပဲ။"
စင်အောက်ရှိ လူများစွာမှာ မနေနိုင်ဘဲ တိတ်တဆိတ် ခေါင်းငြိမ့်လာကြသည်။
ထိုမှော်မီးအိမ်ကို ဖြန့်ချိလိုက်သည့်နောက်တွင် ၎င်းက အင်မတန် လှပသဖြင့် ဝယ်ယူမှုလှိုင်းကြီးကိုပင် ဖန်တီးခဲ့သေးသည်။ လူများစွာက ၎င်းကို မှော်စက်နှယ် မသတ်မှတ်ကြသော်လည်း အနုပညာလေးလို သတ်မှတ်ကြ၏။
ပိုမိုကြွယ်ဝသည့်မိသားစုအချို့ဆိုလျှင် ထိုမှော်မီးအိမ်အမျိုးစားကွဲသုံးမျိုးကိုပင် ဝယ်ယူကာ အသုံးမပြုဘဲ စုဆောင်းထားလေသည်။
လူတိုင်းက တစ်ခုကို ရွှေဒင်္ဂါးတစ်ပြားက အပြစ်ကျူးလွန်ခြင်းဟူသည်အား သဘောတူမည်မဟုတ်သော်လည်း အင်မတန် ဈေးပေါသည်ကိုတော့ သဘောတူမည်ပင်။
"အခု ကျုပ်ပြောမှာက ဒီပန်းချီကို ဆွဲခဲ့တဲ့လူကပဲ မှော်မီးအိမ်ကို ဒီဇိုင်းဆွဲတဲ့နေရာမှာလည်း ပါခဲ့တယ်ဆိုတာပါ။" ရှုယီက ထပ်ပြောလာသည်။
လူအုပ်ကြီးမှာ ပွက်လောက်ရိုက်သွားတော့၏။
ထိုသို့ဆိုလျှင် မှော်မီးအိမ်နှင့် ပန်းချီက တကယ်တမ်း ထိုသို့ဆက်စပ်နေသည်။
သို့သော် ပန်းချီရှိ မှော်မီးအိမ်နှင့် နောက်ဆုံးထုတ်မှော်မီးအိမ်မှာ အင်မတန်ဆင်နေကာ လူများစွာက အနုပညာခံစားချက်အပြည့်ရှိသည့် ပုံစံနှင့် တူသည်ကိုလည်း မြင်နိုင်သဖြင့် နားလည်သွားကြ၏။
ထို့နောက် ရှုယီကာ လက်ခုပ်တီးလိုက်ရာ Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားနှစ်ဦးက ပန်းချီကို သိမ်းလိုက်ကြ၏။ ထို့နောက် အလိုအလျောက်မှော်ထမင်းပေါင်းအိုးနှင့် မှော်ပေါင်မုန့်မီးကင်စက်တို့ကို ထုတ်ယူလာသည်။
ရှုယီက လက်တစ်ဘက်စီတွင် ၎င်းတို့ကို ကိုင်ထား၏၊ "အားလုံးပဲကြည့်ကြပါ၊ ဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးနဲ့ မှော်ပေါင်မုန့်မီးကင်စက်က လှရဲ့လား?"
အားလုံးမှာ မှင်သက်သွားကြရင်း ရှုယီလက်ထဲရှိ မှော်စက်နှစ်မျိုးကို မော့ကြည့်လာသည်။
လက်ရှိမှာ မနက်ခင်းဖြစ်ပြီး ဧပြီလ၏ နေကလည်းကွယ်မနေပါချေ။ ထိုမှော်စက်နှစ်မျိုး၏ ငွေရောင်ဘူးလေးများအပေါ် ဆင်းသက်ကာ ပြိုးပြိုးပြက်ပြက်လက်မနေသည့် ငွေရောင်အလင်းပြပြကို ထုတ်လွှတ်လာစေသည်။
ထိုမှော်စက်နှစ်မျိုးမှာ အသွင်များကွဲပြားသော်လည်း ၎င်းတို့ကိုကြည့်ပါက အင်မတန်ချောမွတ်ကာ သဘာဝကျလေ၏။ ၎င်းတို့အား ပန်းပုထုထားပုံလုံးဝပေါ်မနေဘဲ ထိုမှော်စက်နှစ်မျိုး၏ သဘာဝသွင်ပြင်ပါပင်။
လူများစွာမှာ ထိုမှော်စက်နှစ်မျိုးကို ပထမဆုံးအကြိမ်မြင်လိုက်ရခြင်းအား အင်မတန် သဘောကျနေပါ၏။ ယခုတွင် ရှုယီက ဖော်ပြလာရာ မနေနိုင်ဘဲ ခေါင်းငြိမ့်လျက် ၎င်းတို့၏အလှကို ချီးမွမ်းနေကြသည်။
ထိုသတ္တုစက်ကြီးနှစ်မျိုးအား လှသည်ဟု ဖော်ပြလာခြင်းက လူများကို အနည်းငယ်ထူးဆန်းသည်ဟု ခံစားရစေသော်လည်း ထိုလှပခြင်းအပြင် မည်သို့ ဖော်ပြရမည်ကို စဉ်းစားမရနိုင်ကြပါချေ။
ရိုင်းန်က တစုံတရာကိုတွေးမိကာ အသံကျယ်ဖြင့်မေးလာသည်၊ "ဥက္ကဌရှု၊ အဲဒီ့အလိုအလျောက်မှော်ထမင်းပေါင်းအိုးနဲ့ မှော်ပေါင်မုန့်မီးကင်စက်ကိုလည်း အဲဒီ့ဆရာကြီးကပဲ ဒီဇိုင်းဆွဲထားတာလို့ ပြောမှာ မဟုတ်ဘူးမို့လား?"
ရှုယီက အသာပြုံးကာ၊ "အမှန်ပဲ။ ဒီဆရာကြီးကပဲ ဒါကိုဒီဇိုင်းဆွဲဖို့ လုပ်ခဲ့တာဆိုပေမယ့် ဒီ,ဒီဇိုင်းကိုတော့ သူတစ်ယောက်တည်းဆွဲတာမဟုတ်ဘဲ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း ဒီဇိုင်းဌာနက အတူအလုပ်လုပ်ပေးခဲ့တဲ့ရလာဒ်ပါ။"
"ဒီဇိုင်းဌာန?" အားလုံးက အံ့ဩသွားကာ၊ "အဲဒါကဘာများလဲ?"
"ဒီဇိုင်းဌာနဆိုတာက အဓိကအနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းထုတ်ကုန်တွေရဲ့ သွင်ပြင်တွေကို ရေးဆွဲပေးရတာပဲ။ တစ်ချက်ကြည့်ကြည့်၊ ဒါက တူညီတဲ့ မှော်ပေါင်မုန့်မီးကင်စက်ပဲ။ ဒီပေါင်မုန့်မီးကင်စက်ကို တူညီတဲ့ အစွမ်းစရှိတဲ့ အနက်ရောင်သံတုံးနဲ့အတူထားလိုက်မယ်၊ ဒါပေမယ့် ဘယ်တစ်ခုကို ခင်ဗျားတို့ရွေးမှာလဲ?"
"ပိုလှတဲ့တစ်ခုပေါ့!" စင်အောက်ရှိ လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့်ပြောလာသည်။
လူအုပ်ကြီးက ချက်ချင်းသဘောတူကြ၏။
ရှုယီက ရယ်ကာ၊ "ဒါက ကျုပ်တို့ရဲ့ဒီဇိုင်းဌာနက ဒီလိုအလုပ်လုပ်တယ်လို့ပြတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အားလုံးကို အသုံးဝင်တဲ့ထုတ်ကုန်တွေပေးချင်ရုံတင်မကဘူး သူတို့ကြည့်ကောင်းအောင်လည်း လုပ်ပေးချင်တယ်။ ဒီလိုမှပဲ အားလုံးက ကျုပ်တို့ရဲ့ထုတ်ကုန်တွေကို ဝယ်ဖို့ ပိုက်ဆံသုံးချင်မှာလို့ မထင်မိဘူးလား?"
စင်အောက်ရှိ သတင်းထောက်များက အချင်းချင်းကြည့်ပြီးမှ ရိုင်းန်ကိုကြည့်ကာ ထိုလူပြောခဲ့သည့်အရာကို စဉ်းစားမိနေသည်။
Frestech ကုန်သည်ကြီးများအသင်းထံ၌ လူများမသိသည့် ကဒ်ပေါင်းများစွာရှိသည်။ တခြားလုပ်ငန်းစုများမှာ မှော်စက်များကို ကူးရန်သာ လေ့လာနေဆဲဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းက မှော်စက်များ၏ ဒီဇိုင်းကိုစဉ်းစားပြီးဖြစ်သည်။
ထိုသည်ကိုအခြေခံ၍ ၎င်းတို့မှာ တခြားလုပ်ငန်းစုများကို မှော်စက်သုတေသနလုပ်ရာ၌ မသိရသည့် ပမာဏတစ်ခုဖြင့် ကျော်လွန်နေသည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၂၅။ မင်း သူမကို နာကျင်စေချင်လား?
"ကောင်းပြီ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဒီထုတ်ကုန်ဒီဇိုင်းရေးဆွဲသူကို မိတ်ဆက်ပေးပြီးပါပြီ။ အခု ကျုပ်က မြို့စားအရှင်ကို စကားတချို့ပြောဖို့ ဖိတ်ကြားပါတယ်။"
ရှုယီက နောက်သို့ဆုတ်လိုက်ရာ ကောင့်ထ်စီယန်က စင်မြင့်ဆီ ရောက်လာပြီး အားလုံး၏ စိတ်နှလုံးရှိ သံသယနှင့် သိလိုစိတ်ကို ပို၍ပြင်းပြလာစေသည်။
ရှုယီ၏အပြောကိုသုံးသပ်ရလျှင် အားလုံးသိချင်နေသည့် ထိုဆရာကြီးအား Frestech ကုန်သည်ကြီးများအသင်းမှ ခန့်အပ်ထားပြီး ၎င်းတို့ထုတ်ကုန်ဒီဇိုင်းများရေးဆွဲသူအဖြစ် အလုပ်လုပ်ပေးသည်ပင်၊ သို့သော် ၎င်းက မြို့စားအရှင်နှင့်မည်သို့ ဆက်စပ်နေသနည်း? သူတစ်ခုခုပြောဖို့က လိုအပ်နေသည်လား?
ကောင့်ထ်စီယန် က အားလုံးရှေ့မှောက်သို့ ထွက်ပေါ်လာကာ အသာပြုံးလျက် ကြည်လင်စွာပြောလာသည်၊ "ဘန်တာမြို့သားများနဲ့ တခြားမြို့ကလာကြတဲ့ မိတ်ဆွေတို့ မင်္ဂလာပါ၊ ကျုပ်က ဘန်တာမြို့တော်ရဲ့ မြို့စားကောင့်ထ်စီယန်ဆာမော့ဖြစ်ပါတယ်။ ဒီလူအများကြီးက Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်ကြေညာပွဲကို လာတာမြင်ရတော့ ဒီလောက်လူအများကြီးကို ဆွဲဆောင်နိုင်တာကြောင့် ဥက္ကဌရှုအတွက် အင်မတန် ဝမ်းသာမိပါတယ်၊ ဒါကပဲ သူ့ကိုစိတ်တိုင်းကျစေမယ့် ရောင်းအားပမာဏအထိရောက်ပြီး Frestech ကုန်သည်ကြီးများအသင်းကလည်း ငွေပမာဏများများဝင်မယ်လို့ အဓိပ္ပာယ်ရတာကိုး။ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းမှာ ငွေဘယ်လောက်ဝင်ဝင် ကျုပ်ကတော့ ကြေးတစ်ပြားမှမရတာ နှမျောစရာပါပဲ။ ဒါကြောင့် ကျုပ် ဥက္ကဌရှုအတွက် ဝမ်းသာပေးပြီး သူသဘောမကျမှာတော့ စိုးရွံ့မိပါတယ်။"
ထိုသို့ပြောပြီးနောက် ကောင့်ထ်စီယန်က တမင်သက်သက်ပင် ကူရာမဲ့နေဟန်ထုတ်ပြလာကာ သက်ပြင်းချလိုက်သည်။
စင်မြင့်အောက်ဘက်ရှိ လူအုပ်ကြီးက ထရယ်လာကြ၏။ ၎င်းတို့မှာ ကောင့်ထ်စီယန်က ပုံမှန်အားဖြင့်ဖော်ရွေတတ်သည်ဟု ထင်လျှင်သော်မှာ သူက တကယ်ကို ဆွဲဆောင်မှုရှိကာ ဟာသဉာဏ်ရွှင်ပေသည်။
"ကောင်းပြီ၊ ခေါင်းစဉ်ကို ပြန်သွားကြတာပေါ့။ ကျုပ် အားလုံးကို မေးခွန်းတစ်ခုမေးချင်တယ်။ ဒီစင်မြင့်အောက်မှာ လူပေါင်းများစွာရှိတော့ လူသားတွေကလွဲပြီး တခြားမျိုးနွယ်စုက မိတ်ဆွေတွေရော ရှိကြလားဗျ?" ကောင့်ထ်စီယန်က မေးလာ၏။
လူအုပ်ကြီးမှာ ငြိမ်သက်သွားသည်။ ၎င်းတို့က ဘေးဘီကိုကြည့်လိုက်သော် ဤနေရာ၌ လူသားများသာရှိပါကြောင်း တွေ့လိုက်ရသည်ပင်။
ကောင့်ထ်စီယန်က သူ့နဖူးပေါ်တင်ထားသည့်လက်ကို ပြန်ချကာ သက်ပြင်းချလိုက်၏၊ "တကယ်ကို နှမျောစရာပဲ၊ တစ်ယောက်မှ ရှိတဲ့ပုံမပေါ်ဘူး။ အားလုံးပဲ၊ လွန်ခဲ့တဲ့ နှစ်ထောင်ချီအကြာက ကျုပ်တို့လူသားတွေကလွဲရင် နတ်သူငယ်လေးတွေ၊ လူပုလေးတွေ၊ သားရဲလူမျိုးတွေ၊ halfingsတွေနဲ့ နဂါးတွေတောင် နယ်မြေကြီးအပေါ်မှာ အတူတကွနေထိုင်ခဲ့ကြတယ်။ နှစ်ထောင်ချီကြာပြီတဲ့နောက် နယ်မြေကြီးပေါ်မှာ လူသားတွေပဲကျန်တာကို တွေ့ရတော့တယ်။ ကျုပ်တို့ မတော်တဆတွေ့ခဲ့တဲ့ လူပုလေးတချို့ကလွဲရင် တခြားမျိုးနွယ်စုတွေကိုတွေ့ဖို့က အင်မတန်ကိုမှရှားပါး,ပါတယ်။ အခုဆို ကျုပ်တို့လူတွေက နယ်မြေရဲ့အုပ်ချုပ်သူတွေဖြစ်လာပြီလို့ ဆိုလို့ရပေမယ့်လည်း အခြေအနေက အတော်လေးနှမျောစရာလို့ ခံစားနေရတုန်းပဲ။ ဒီနယ်မြေပေါ်မှာ နေထိုင်ခဲ့တဲ့ မျိုးနွယ်စုကွဲများစွာရှိခဲ့ပေမယ့် လူသားတွေပဲကျန်ခဲ့ရင် တကယ်ကို အထီးကျန်စရာလို့ ခံစားမိစေပါတယ်။"
⟨T/N— halflings = လူတစ်ဝက်၊ အခြားမျိုးနွယ်စုတစ်ဝက်စပ်ထားသည့် မျိုးနွယ်⟩
စင်အောက်ဘက်ရှိလူများမှာ မနေနိုင်ဘဲ ထူးဆန်းသယောင်ခံစားရလာသည်။
ဒီနေ့ မြို့စားက ဘာဖြစ်ခဲ့လို့လဲ?
ဘာလို့ရုတ်တရက်ကြီး ဒီလူတွေအားလုံးအရှေ့မှာ ဒါကိုပြောရတာလဲ?
မျိုးနွယ်စုစစ်ပွဲပြီး၍ နှစ်ပေါင်းထောင်နှင့်ချီအောင်ကြာသွားကာ လူသားတွေက တခြားမျိုးနွယ်စုများကို အမုန်းများများစားစားမရှိတော့သော်လည်း တခြားမျိုးနွယ်စုများက လူ့လောက,ကနေပျောက်ကွယ်သွားဖို့ရာ ရွေးချယ်ခဲ့သည်ကြောင့် လူသားများအား အပြစ်တင်၍မရချေ။
ထို့နောက် ထပ်ပြီး ၎င်းက မည်သို့များ ရှုယီအပြောနှင့် ဆက်စပ်နေသနည်း?
လူအုပ်ထဲရှိ ရိုင်းန်၏ မျက်လုံးများက ဖုံးကွယ်ထားသည့်လူထံ အလျင်အမြန်ကျရောက်လာကာ နှလုံးက မြန်မြန်ဆန်ဆန်ခုန်လှုပ်လာသည်။
ရှုယီ၏မိတ်ဆက်နှင့် မြို့စားအရှင်၏ အပြောအရ ထိုဖုံးကွယ်ထားသူ၏ နောက်ခံမှာ သေချာပေါက် လူတိုင်းကို ထိတ်လန့်အံ့ဩသွားစေလိမ့်မည်။
"ကျုပ်က ဥက္ကဌရှုလို များများစားစားမပြောပါဘူး၊ အားလုံးကို မေးခွန်းမေးချင်ရုံပါ။ ခင်ဗျားတို့ရှေ့မှာသာ တခြားမျိုးနွယ်စုက တစ်ယောက်ယောက်ပေါ်လာရင် ဘယ်လိုဆက်ဆံမှာလဲ?"
ထိုသို့ဆိုပြီးနောက် ကောင့်ထ်စီယန်မှာ အားလုံး၏အံ့ဩမှုရှိရာ နံဘေးဆီ သွားလိုက်သည်။
ရှုယီက ရှေ့သို့တစ်ဖန်ထွက်လာကာ ကောင့်ထ်စီယန်၏စကားလုံးများကြောင့် လှုပ်ရှားသွားသည့် စင်မြင့်ကိုကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူက အသံကျယ်ကျယ်ဖြင့်ဆိုလာလေ၏၊ "အခု ကျုပ်က အားလုံးကို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်ဒီဇိုင်းရေးဆွဲသူ၊ သခင်မလေး အက်ဂ်နက်စ်အာတီတန်ဗိန်းဆက်ခ်လန်ဒ်နဲ့ ဂုဏ်ယူစွာ မိတ်ဆက်ပေးပါမယ်!"
ထိုသို့ပြောပြီးနောက် ရှုယီက လှည့်ကာ သူ့နောက်ရှိ ဖုံးကွယ်ထားသူဆီ လက်ပြလိုက်တော့သည်။
လူတိုင်း၏ အံ့ဩနေမှု၊ စူးစမ်းလိုမှုနှင့် သံသယအကြည့်များရှေ့မှောက်တွင် ဖုံးကွယ်ထားသည့်လူမှာ ရှုယီနံဘေးသို့ တဖြည်းဖြည်းရောက်လို့လာ၏။ အနည်းငယ်တန့်သွားပြီးနောက်တွင်မှ သွယ်လျကြည်လင်ဖြူဆွတ်သည့် လက်ကလေးတစ်ဘက်မှာ ခြုံလွှာထဲမှ ထွက်လာခဲ့သည်။ ၎င်းက တဖြည်းဖြည်းမြင့်တက်လာပြီး သူမမျက်နှာတစ်ပိုင်းကို ကာထားသည့် ခေါင်းဆောင်းအား နောက်သို့ ဆွဲချလိုက်တော့၏။
ပြိုင်ဘက်ကင်းလှပကာ ဆန်းကြယ်မှုအရိပ်ယောင်နှင့်အတူ သဘာဝဆန်သည့်မျက်နှာလေးက အားလုံး၏ရှေ့မှောက်တွင် ပေါ်ထွက်လာသည်။
သို့သော် အားလုံး၏ အကြည့်က မနေနိုင်ဘဲ သူမ၏မျက်နှာလှလှလေးထံမှနေ၍ ဦးခေါင်းနံဘေးရှိ နားရွက်ရှည်သွယ်သွယ်လေးများထံ ကျရောက်လို့လာပေသည်။
"နတ်သူငယ်!"
စင်အောက်မှ အေးစက်စက် အသက်ရှူသံများအား ကြားနေရ၏။
လွန်ခဲ့သည့် နှစ်ထောင်ချီအကြာက မျိုးနွယ်စုစစ်ပွဲကတည်းက လူသားများမှာ စိုင်စ်နယ်မြေကို သိမ်းယူလိုက်ရာ တခြားမျိုးနွယ်စုများ၏နေရာဒေသက လူသားများကြောင့် တဖြည်းဖြည်း နည်းပါးလာသည်။
ထိုနှင့် ခြေရာပင်မပေါ်ဘဲ ပျောက်သွားသည့် မျိုးနွယ်စုတချို့မှလွဲပါလျှင် စိုင်စ်နယ်မြေကြီး၌ တည်ရှိနေဆဲ မျိုးနွယ်စုများအနက် နယ်မြေကြီးကို အုပ်ချုပ်ခဲ့ဖူးသည့် နတ်သူငယ်များက မြင်ရအရှားဆုံးပါပင်။
မျိုးနွယ်စုစစ်ပွဲများပြီးနောက် အစပိုင်းတွင် စိုင်စ်နယ်မြေ၌ နတ်သူငယ်မျိုးနွယ်ကို မြင်နိုင်နေဆဲဖြစ်သော်လည်း အချိန်များ ကုန်လွန်သွားသည်နှင့် နှစ်ပေါင်းရာချီအတွင်းတွင် နတ်သူငယ်တစ်ဦး၏အသွင်ကို မြင်နိုင်ရန် အင်မတန်ခဲယဉ်းလှပေ၏။
လွန်ခဲ့သည့် နှစ်ရာချီက လူများမှာ နတ်သူငယ်များအနေနှင့် နယ်မြေကြီး၌ တည်ရှိနေဆဲဖြစ်သည်ကို သက်သေပြခဲ့ခြင်းကြောင့်သာ မဟုတ်ပါလျှင် လူများစွာမှာ ထိုနတ်သူငယ်များက halflingများကဲ့သို့ တိတ်တဆိတ်ပျောက်ကွယ်သွားပြီဟု ထင်နေကြလောက်သည်။
နတ်သူငယ်များကို မြင်နိုင်ရန် ရှားလှချေသည်။ နတ်သူငယ်များအနေနှင့် လူသားများကို မယုံကြည်၍ လူသားများ၏ရှေ့မှောက် ပေါ်လာရန်ဆန္ဒမရှိခြင်းအပြင် ၎င်းတို့ကိုယ်ကို ဖုံးကွယ်ရာ၌ အင်မတန်ကျွမ်းကျင်လှရာ ၎င်းတို့ကိုယ်တိုင် ကိုယ်ထင်ပြရန် ဆန္ဒမရှိသရွေ့ ရှာတွေ့နိုင်ရန် ခက်လှသည်။ လူသားအများစုအတွက် နတ်သူငယ်များမှာ ဒဏ္ဍာရီလာဖြစ်တည်မှုဖြစ်ရာ ယခင်ကလည်း ကိုယ်တိုင်ကိုယ်ကျမမြင်မတွေ့ဖူးခဲ့ကြပေ။
ဈေးလမ်းဆုံ၌ စုစည်းနေကြသည့် လူပေါင်းငါးထောင်ကျော်အနက် တစ်ဦးတစ်ယောက်ကမှ နတ်သူငယ်တစ်ဦးကို မမြင်ခဲ့ဖူးခဲ့ချေ!
ယခုတွင် ၎င်းတို့ရှေ့မှောက်သို့ နတ်သူငယ်တစ်ဦးက ရုတ်တရက်ပေါ်ထွက်လာရာ အားလုံး ငြိမ်သက်သွားကြတော့သည်။
လူတိုင်း၏မျက်လုံးများက အက်ဂ်နက်စ်၏ နားရွက်ရှည်ရှည်လေးများအပေါ် တစ်ခဏတာစုစည်းနေကြပြီး တဖြည်းဖြည်း မျက်နှာဆီရောက်လာကြသည်။
အက်ဂ်နက်စ်၏မျက်နှာကိုမြင်ပြီးနောက်၌ လူတိုင်းမှာ အံ့ဩလျက် ပင့်သက်ရှိုက်မိလိုက်ကြ၏။
နတ်သူငယ်မျိုးနွယ်စု မိန်းကလေးများမှာ အင်မတန်လှပကြောင်း ကောလဟာလများရှိခဲ့ပေသည်။ ၎င်းတို့ နာမည်မသိသည့် ဤနတ်သူငယ်မိန်းကလေးမှာ လူသားမျိုးနွယ်အသက်နှစ်ဆယ်အရွယ်မိန်းကလေးတစ်ဦးနှင့် ရွယ်တူလောက်ရှိပြီး ပြိုင်ဘက်ကင်း သွင်ပြင်များနှင့် ပြီးပြည့်စုံလုနီးနီး မျက်နှာအချိုးအဆတို့ရှိနေသည်မှာ အပြာရောင်ရင့်ရင့်မျက်လုံးရွဲကြီးတစ်စုံနှင့် ပလဲပနံသင့်လှသည်။ ၎င်းက လူများကို လှည့်ထွက်သွားရန် ဆန္ဒမရှိဖြစ်စေ၏။
လူတိုင်းက မနေနိုင်ဘဲ စိတ်ထဲ၌ သူမနှင့် စတေးလ်ကို နှိုင်းယှဉ်ကြည့်လိုက်ကြသည်။ ထိုနတ်သူငယ်မလေး၏ သွင်ပြင်က စတေးလ်နှင့် လုံးဝဆင်တူမနေပါသော်လည်း အံ့အားသင့်ဖွယ်ကောင်းဆဲဖြစ်ကြောင်း တွေ့ရှိသွားသည်။ ထို့အပြင် ၎င်းက စတေးလ်၏ နေရောင်လေးလိုအရောင်အဝါနှင့် ကွဲပြားနေပြီး သူမထံ၌ သဘာဝကျကျလက်ဆတ်ကာ ဆန်းကြယ်သည့် ရောင်ဝါတို့ရှိနေပေသည်။
ပုံစံများက ခြားနားသော်လည်း လူများကို မိန်းမောစေ၏။
"ရှု... ဥက္ကဌရှု...သူမ...သူမက အစစ်လား? စင်မြင့်အောက်မှ သတင်းထောက်တစ်ဦးမှာ အက်ဂ်နက်စ်ကိုကြည့်လျက် ၎င်းကို ခက်ခဲစွာမေးမြန်းလာသည်။
"ဘာ အစစ်လား အတုလားလဲ?" ရှုယီက ထူးဆန်းသည့်အသံဖြင့်ပြန်မေးလာသည်၊ "ကျုပ်အနေနဲ့ တစ်ယောက်ယောက်ကို နတ်သူငယ်လို့ ဝတ်စားခိုင်းထားပြီး ခင်ဗျားတို့ကို အရူးလုပ်မယ်လို့ထင်နေတာလား?"
"ဒါက... ကျုပ် ခင်ဗျားကို သံသယဝင်နေတာမဟုတ်ပါဘူး၊ တကယ်က...တကယ်က နတ်သူငယ်တွေအနေနဲ့ လူသားတွေနဲ့ ဆက်သွယ်ဖို့ ဘယ်တုန်းကမှဆန္ဒမရှိတော့ လူတွေရှေ့မှာ ပေါ်လာဖို့က ရှားတယ်လေ၊ ဒီတော့ ဘယ်လိုများ..." ထိုသတင်းထောက်က အက်ဂ်နက်စ်၏ ကောင်းမွန်သည့်ကြန်အင်လက္ခာများကိုကြည့်ပြီးနောက်မှ ဆက်ပြောသည်၊ "ဘယ်လိုများ သူတို့ကိုယ်ကို ဒီလူတွေအားလုံးရှေ့မှာ ထွက်ပြမှာလဲလို့ပါ?"
ထိုသည်က အားလုံး၏စိတ်နှလုံးထဲရှိ မေးခွန်းပါပင်။
နတ်သူငယ်များ၏အကျင့်စရိုက် ကောလဟာလများအရ လူထောင်ချီရှေ့မှောက်၌ ၎င်းတို့၏ အသွင်အပြင်အစစ်ကို ထုတ်ပြရန်မှာ နတ်သူငယ်များ ဘယ်တော့မှ မလုပ်လောက်မည့် အရာဖြစ်သည်။
ရှုယီက အသာပြုံးကာ ဝေ့ဝဲကြည့်လိုက်ပြီးမှ အသံကိုမြှင့်လိုက်သည်၊ "မိတ်ဆွေတို့၊ ဒီလောကကြီးက မရပ်နားဘဲ ပြောင်းလဲနေတာပါ။ ကျုပ်တို့လူသားတွေတောင် မရပ်မနားပြောင်းလဲနေမှတော့ နတ်သူငယ်တွေအနေနဲ့လည်း ပြောင်းလဲတာက မထူးဆန်းပါဘူး။ မိန်းမပျိုလေးအက်ဂ်နက်စ်က နတ်သူငယ်တွေပြောင်းလဲတာရဲ့ ဥပမာပါပဲ။ သူမက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကနေ အထူးဖိတ်ကြားခံထားရတဲ့ ထုတ်ကုန်ဒီဇိုင်းရေးဆွဲသူဖြစ်ရုံတင်မကပါဘူး၊ နတ်သူငယ်မျိုးနွယ်စုကနေ လူသားတွေနဲ့ ဆက်သွယ်ဖို့ စေလွှတ်လိုက်တဲ့ သံတမန်လည်း ဖြစ်ပါတယ်။ အခုတော့၊ ကျုပ်အနေနဲ့ အားလုံးကို မေးချင်မိတယ်၊ အက်ဂ်နက်စ်ကို မြင်ပြီးတဲ့နောက်မှာ ခင်ဗျားတို့ထဲ သူမကိုနာကျင်စေချင်တယ်လို့ တွေးမိတဲ့လူများရှိသလားဗျ?"
"ဟမ်?" စင်မြင့်အောက်ဘက်ရှိ လူတိုင်းမှာ အံ့ဩစွာရေရွတ်မိလိုက်ကြပြီး မတိုင်ခင်က သတင်းထောက်ကလည်း မနေနိုင်ဘဲ မေးလာလေသည်၊ "ဥက္ကဌရှု၊ ဒီမေးခွန်းက ဘာသဘောလဲဗျ? ဒီလို လှပပြီးဆန်းကြယ်တဲ့ နတ်သူငယ်သခင်မလေးကို ကျုပ်တို့အနေနဲ့ နာကျင်စေချင်တဲ့ အတွေး,တွေးဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ? ကျုပ်တို့က သူမကိုကာကွယ်ဖို့တောင် အလျင်လိုနေကြပြီ!"
"အဟုတ်ပဲ! နတ်သူငယ်တစ်ယောက်အနေနဲ့ ကျုပ်တို့ရှေ့မှာ ပေါ်လာဖို့အရမ်းခက်တာကို ပျော်ဖို့တောင် အချိန်မလောက်သေးဘဲ ဘယ်လိုလုပ် သူမကိုနာကျင်စေဖို့ စဉ်းစားရမှာတဲ့လဲ? ဟာသပဲ!"
"ဟုတ်တယ်! သူမက နတ်သူငယ်မဟုတ်ရင်တောင် သူမက ဒီလောက်လှပနေတဲ့အချက်နဲ့တင် သူမကို ဖွင့်ပြောဖို့ ဆန္ဒရှိတယ်! ဘယ်လိုများ နာကျင်စေချင်ရမှာလဲ!"
"ဥက္ကဌရှု၊ ခင်ဗျား နေရောင်အောက်မှာ အကြာကြီးရှိနေလို့ ရှုပ်ထွေးသွားတာဖြစ်ရမယ်။ ဒီလောက်လှပပြီးချစ်ဖို့ကောင်းတဲ့နတ်သူငယ်မလေးကို နာကျင်စေချင်တဲ့လူက သေချာပေါက်ကို နလပိန်းတုံးပဲ။"
"ဟုတ်တယ်၊ ဟုတ်တယ်။ ဒါက သေချာပေါက် လူတွေကို အထင်သေးတာပဲ၊ ဥက္ကဌရှု ဒီမေးခွန်းကို ပြန်ရုတ်သိမ်းပေးပါ!"
...
စင်မြင့်အောက်ရှိ လူအုပ်ကြီး အုံကြွလာသည်ကိုမြင်သော် ရှုယီက အက်ဂ်နက်စ်ကို ပြုံးပြကာပြောလိုက်သည်၊ "ဘယ်လိုလဲ၊ အက်ဂ်နက်စ် ခင်ဗျားကြောက်နေတုန်းလား?"
အက်ဂ်နက်စ်က စင်မြင့်အောက်ရှိ ဆူညံနေသည့်လူအုပ်ကြီးကို ကူရာမဲ့စွာကြည့်ကာ ခဏအကြာမှ ရှုယီကို မေးမြန်းလာ၏၊ "ဥက္ကဌရှု၊ သူတို့က... သူတို့ပြောတာက အမှန်ပဲလား?"
ရှုယီက ပခုံးတွန့်ကာ၊ "အများစုကတော့ မှန်ပါတယ်၊ ဒါပေမယ့် အားလုံးက မှန်ရဲ့လားတော့ ကျုပ်လည်းအာမ,မခံနိုင်ဘူး။ ပြောရရင် စိတ်နှလုံးဆိုတာ ရှုပ်ထွေးတော့ အားလုံးက သူတို့ပြောသလိုလုပ်ကြမလားဆိုတာ ကျုပ်အာမ,မခံနိုင်ဘူးလေ။"
"ဒါဆို... ရှင်ပြောချင်တာက ကျွန်မကို နာကျင်စေချင်တဲ့လူတချို့ရှိတယ်လို့လား?"
"ရှိကောင်းရှိနိုင်ပါတယ်" ရှုယီက အသာပြုံးကာ ပြောလေသည်၊ "ဒါပေမယ့် အက်ဂ်နက်စ်, ကျုပ်တို့အနေနဲ့ ပြဿနာရဲ့ အဆိုးဘက်ကိုပဲ ကြည့်လို့မရဘူးလေ။ ခင်ဗျားကို နာကျင်စေချင်တဲ့လူရှိရင်တောင် သူတို့နဲ့ယှဉ်ရင် သဘောကျတဲ့လူက ပိုများပါတယ်။ ဒီအောက်က လူပေါင်းငါးထောင်ကျော်ကိုပဲကြည့်၊ အနည်းဆုံး သူတို့ငါးထောင်လောက်ကတော့ ခင်ဗျားကို နှလုံးသည်းပွတ်ထဲကကို သဘောကျမှာကို ကျုပ်အာမခံရဲတယ်။ ဒါကြောင့် အဲ့လောက်စိုးရိမ်ဖို့မလိုပါဘူး၊ ဒါကိုအခွင့်ကောင်းယူပြီး ခင်ဗျားကိုယ်တိုင် ကောင်းကောင်းမိတ်ဆက်ကြည့်လိုက်ပါ။"
အက်ဂ်နက်စ်က အသာခေါင်းငြိမ့်လိုက်သည်။ သူမမျက်လုံးများက စင်မြင့်အောက်ရှိ လူတိုင်း၏ ထက်သန်နေသည့်မျက်နှာများကိုကြည့်ရှုကာ အသက်ပြင်းပြင်းရှူပြီးနောက် အသံကိုမြှင့်လိုက်တော့သည်။
"ဟ...ဟယ်လို အားလုံးပဲ၊ ကျွန်မက အက်ဂ်နက်စ်ပါ။ ရှင်တို့ မြင်ကြသလိုပဲ၊ ကျွန်မက သာမန်နတ်သူငယ်မလေးဖြစ်ပြီး ညတေးသံမျိုးနွယ်စုကနေ လာပါတယ်..."
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၂၆။ အက်ဂ်နက်စ်၏ကြေညာချက်
"ဥက္ကဌ၊ ခင်ဗျားနည်းလမ်းတစ်ခုလောက် စဉ်းစားလို့မရဘူးလား?" ဟိန့်ဇ်မှ အိမ်သုံးမှော်စက်အလုပ်ရုံမန်နေဂျာအဖြစ်ခေါ်လာခဲ့သည့် အန်းခေါ့ထ်မှာ အလုပ်ရုံရှေ့ရှိ နေရာလွတ်ကိုညွှန်ပြ၍ ခါးသက်ဟန်ဖြင့် ဆိုလာသည်၊ "ဒီလူတွေက နေ့တိုင်း ကျွန်တော်တို့ အလုပ်ရုံ၏ဝင်ပေါက်ကို လုံးဝပိတ်,ပိတ်ထားကြတယ်။ ကျွန်တော်တို့ အလုပ်ရုံက ဒါတွေကို အရင်မစုံစမ်းရင် ပစ္စည်းတွေကိုတောင် မရနိုင်တော့ ထုတ်လုပ်မှုနှုန်းကို အတော်နှေးသွားစေတယ်။"
"ဟုတ်ပါတယ် ဥက္ကဌ၊ ကျုပ်တို့ မှော်စက်အလုပ်ရုံကို အတော်လေး ထိခိုက်စေပါတယ်။ ဒီလိုသာဆက်ဖြစ်နေရင် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းနဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းတို့ရဲ့ မှာယူမှုတွေကိုမပြောနဲ့ဦး စိုက်ပျိုးရေးဌာနရဲ့ စိုက်ပျိုးရေးသုံးမှော်စက်မှာယူမှုကိုတောင် ထိခိုက်စေနိုင်တယ်။" နံဘေးရှိ ကမ်ဘီထံ၌လည်း နာကျင်ဟန်ရှိနေကာ၊ "ကျုပ်တကယ်ပဲ နားမလည်ဘူး၊ ခင်ဗျားတို့လူသားတွေက ဘာတွေတွေးနေကြတာလဲ? ဒါက နတ်သူငယ်လေးတစ်ယောက်ပဲကို နေ့တိုင်းကြီး လူတွေအားလုံး ဒီမှာလာဝိုင်းနေဖို့ လိုလို့လား?"
"ခင်ဗျားတို့နားမလည်ပါဘူး၊ ဒါကို ကြယ်ပွင့်နောက် လိုက်တယ်လို့ခေါ်တယ်။" ရှုယီက ကူရာမဲ့စွာသက်ပြင်းချလိုက်၏။ သူက အလုပ်ရုံရှေ့ရှိ လူပင်လယ်ကြီးကိုကြည့်ကာ အနည်းငယ် ခေါင်းကိုက်သလိုခံစားလိုက်ရသည်။
ထုတ်ကုန်ပြပွဲ၌ အက်ဂ်နက်စ်ကို ထုတ်ပြလိုက်ကတည်းက ဒီရေ'အပြင်းစားကိုဖန်တီးခဲ့သည်။ လူများစွာက Frestechကုန်သည်ကြီးများအသင်းထံ အက်ဂ်နက်စ်၏အကြည့်လေးတစ်ချက်ကိုရဖို့အတွက်နှင့် ချီတက်လာကြသည်။
အစပိုင်းတွင် သတင်းက ဘန်တာမြို့၌သာ ပျံ့နှံ့နေသဖြင့် ဘန်တာမြို့သားများသာ ရောက်လာကြသည်။
သို့သော် ရက်အနည်းငယ်ကြာပြီးနောက်တွင် အနီးတဝိုက်မြို့များ၏ သတင်းစာများက ထိုသတင်းကို ဖြန့်လိုက်ကြသည်။ အနီးနား ဆော်လ်တန်မြို့နှင့် ခမာမြို့မှ လူများသာမက နောက်ထပ် ကန်ဘာရာမြို့နှင့် နော်တန်မြို့မှာ လူအတော်များများပင် ရောက်လာကြသည်။
ခရာမာမြို့နှင့် နိုင်ငံ၏ မြို့တော်ကြီးဖြစ်သော အန်ဗီမာမြို့တော်တို့ရှိ လူများပင် အလောတလျင်ရောက်လာကြသည်။
ယခု Frestech ကုန်သည်ကြီးများအသင်း အပြင်ဘက်မြေကွက်တွင် လူပေါင်းတစ်သောင်းကျော် စောင့်ဆိုင်းနေကြ၏။
ထိုလူအားလုံးက အလုပ်ရုံကို ဝိုင်းရံထားကြရာ အလုပ်ရုံ၏ထုတ်လုပ်ရေးကို သဘာဝကျစွာပင် အတော်ထိခိုက်စေသည်။ ၎င်းက အလုပ်ရုံကို ကြီးကြပ်နေကြသည့် အန်းခေါ့ထ်နှင့် ကမ်ဘီတို့ကိုပါ ညည်းညူမှုများပြည့်လာစေသည်။
ရှုယီလည်း မူလက ထိုလူများမှာ အပျော်တမ်းရောက်လာကြသည်ဟုသာ ထင်ခဲ့သည်။ ခဏကြာပြီးနောက်တွင် လူခွဲသွားကြတော့မည်ဟုပင်။
သို့သော် တစ်ပတ်လုံးလုံးပြီးသည့်နောက်တွင်သော်မှ အပြင်မှလူအုပ်ကြီးက လျော့မသွားရုံသာမက တဖြည်းဖြည်း ပိုကြီးလာမည်ဟု မည်သူက ထင်ထားပါမည်နည်း။
အပြင်ဘက်ရှိ ထို ဒေါသကြီးသူများကိုမြင်သော် ရှုယီမှာ ခါးသက်သက်သာ ပြံးလိုက်သည်။
ကမ္ဘာမြေပေါ်ရှိ ပရိသတ်များမှာ ကြယ်ပွင့်များနောက်လိုက်ချိန်ဆိုလျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူကြုံတွေ့ဖူးသော်လည်း ထိုသို့သောကိစ္စမျိုးနှင့် ရင်ဆိုင်လာရသောအခါ အတော်လေးခေါင်းကိုက်လာ၏။
ထိုလူများအတွက် အက်ဂ်နက်စ်၏အကျိုးသက်ရောက်မှုမှာ ဖျော်ဖြေရေးလုပ်ငန်းရှိ (ရုပ်ရှင်)ဧကရာဇ်များအား ပရိသတ်များ လာရောက်အားပေးကြသည်ထက်ပင် ပိုအားကောင်းနေသေးသည်။
ကုန်ကုန်ပြောရလျှင် ယခုတွင် လူသားများသာရှိရာ နတ်သူငယ်များက ဒဏ္ဍာရီလာဖြစ်တည်မှုဖြစ်ခဲ့၏။ နတ်သူငယ်စစ်စစ်တစ်ဦး ပေါ်ပေါက်လာချိန်ဝယ် အံ့အားသင့်စရာက နှိုင်းယှဉ်၍ပင် မရနိုင်ဖြစ်သွားသည်။
သေချာစဉ်းစားပြီးနောက် ရှုယီသာ ထိုကိစ္စကို ကြာကြာ လျစ်လျူရှုထားပါက ပိုဆိုးလာတော့မည်ဟု ခံစားနေရသည်။
"အက်ဂ်နက်စ်, ထွက်လာခဲ့" ရှုယီက ရုတ်တရက် ခေါ်လိုက်သည်။
ရှုယီ၏ဘယ်ဘက်နေရာက ပုံပျက်သွားပြီး အက်ဂ်နက်စ်ထွက်ပေါ်လာ၏။
အက်ဂ်နက်စ် ရှုယီနောက်လိုက်လာချိန်တိုင်း သူမကို ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ဖူးပါလျှင်တောင် အက်ဂ်နက်စ်၏လှပသောမျက်နှာလေးက သူ့ရှေ့တစ်ဖန်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အန်းခေါ့ထ်မှာ မနေနိုင်ဘဲ အကြိမ်နည်းနည်းထပ်ကြည့်လိုက်မိသည်။ သူ၏မျက်လုံးများက စူးစမ်းမှုနှင့် ချီးမွမ်းမှုတို့ဖြင့် ပြည့်သွား၏။
သူ၏တုံ့ပြန်မှုကိုမြင်သော် ကမ်ဘီက မနေနိုင်ဘဲ မေးလာသည်၊ "ဟေး အန်းခေါ့ထ်, ဘာလို့ မင်းတို့လူသားတွေက နတ်သူငယ်တွေကိုမြင်ရင် ဒီလောက်ကြီးကြီးမားမားတုံ့ပြန်ကြတာလဲ? အက်ဂ်နက်စ်က လှတာကြောင့်လား?"
အန်းခေါ့ထ်မှာ ကမ်ဘီကြောင့် ထုတ်ဖော်ခံလိုက်ရရာ မျက်နှာက နီရဲသွားရင်း ရှင်းပြလေ၏၊ "လှရုံကြောင့်ပဲ ဘယ်ဟုတ်ပါ့မလဲ... ဟုတ်ပါတယ် သခင်မလေးအက်ဂ်နက်စ်က လှလွန်းတော့ သခင်မလေးစတေးလ်နဲ့ယှဉ်ရင်တောင် မနိမ့်ကျနေဘူးလေ။ ဒါပေမယ့် အဓိက,က ကျုပ်သိချင်တာကြောင့်ပါ။ ကျုပ်က နတ်သူငယ်တစ်ဦးကို ပထမဆုံးမြင်ဖူးတာဆိုတော့ ရွေးစရာမရှိဘူးလေ။ အလုပ်ရုံအပြင်ဘက်က လူအများစုကလည်း ကျုပ်နဲ့အတွေးတူမယ်လို့ထင်တယ်၊ ဒီတိုင်းစူးစမ်းချင်လို့။"
"ဒါဆို မင်းအပြောအရ၊ ငါတို့ လူပုလေးတွေကို မြင်ရင်တော့ မတုံ့ပြန်တာက မြင်နေကျမို့လို့ လုံးဝမသိချင်တာမျိုးပေါ့?" ကမ်ဘီက မေး၏။
"အန်း... အင်းပေါ့" အန်းခေါ့ထ်က တွေးဆဆဖြင့်ပြောလာသည်၊ "တကယ်တော့ ဒီမှာ လူပုလေးတွေအားလုံးကို ပထမဆုံးမြင်တော့ အံ့ဩသွားပါတယ်၊ ဒါပေမယ့် တကယ်ကြီး စူးစမ်းချင်စိတ်မရှိခဲ့ဘူး။ ပြောရရင် လူပုလေးတွေနည်းနည်းပဲရှိပေမယ့်လည်း သူတို့ကိုမြင်နိုင်တဲ့နေရာအတော်များများရှိတယ်လေ။ ဥပမာ ဘန်တာမြို့မှာ ဆရာလန့်စ်အပါအဝင် လူပုလေးများစွာကို ပုံမှန်အတိုင်းမြင်နိုင်တယ်လေ။ သူတို့ကိုမြင်ပြီးတဲ့နောက်မှာ ကျုပ်တို့လည်း ကျင့်သားရလာတာကြောင့် စူးစမ်းလိုစိတ်မရှိတော့ဘူးလေ။"
"အမှန်ပဲ" ရှုယီလည်း ပြောလာ၏။ သူက အက်ဂ်နက်စ်ထံလှည့်ကာ ပြောလေသည်၊ "ကြည့်ဦး၊ အက်ဂ်နက်စ် ကျုပ်တို့လူသားတွေက ခင်ဗျားတို့ နတ်သူငယ်တွေပေါ်လာချိန်မှာ ဒီလိုတုံ့ပြန်မှုကြီးရှိတယ်၊ ဒါက ခင်ဗျားပေါ်လာချိန်အရမ်းနည်းလွန်းတာကြောင့်ပဲ။ ကျုပ်တို့သာ ခင်ဗျားကိုနေ့တိုင်းမြင်နိုင်ရင် မြန်မြန်ပဲကျင့်သားရသွားပြီး စူးစမ်းချင်စိတ်ရှိတော့မှာမဟုတ်တာကြောင့် ပုံမှန်လိုပဲ ခင်ဗျားကိုဆက်ဆံနိုင်ပြီလေ။"
အက်ဂ်နက်စ်က အလုပ်ရုံအပြင်မှ လူများကိုကြည့်ကာ ခေါင်းငြိမ့်လိုက်၏၊ "အန်း၊ ဒီလိုလည်း ဖြစ်နိုင်ပါတယ်။"
"ဒါဆို မင်းအခုကျုပ်နဲ့ ထွက်သွားပြီး ဒီလူတွေ တဖြည်းဖြည်းနဲ့ ခင်ဗျားရဲ့တည်ရှိမှုကို ကျင့်သားရဖို့ ခွင့်ပြုရမယ်။" ရှုယီက အက်ဂ်နက်စ်ကို ဆွဲကာ နူးညံ့ညံ့ စကားအချို့ပြောပြီးနောက် ရုံးထဲမှ သူမနှင့်အတူထွက်သွားလိုက်သည်။
၎င်းတို့ ရုံးခန်း တံခါးဆီရောက်လာစဉ်တွင် အလုပ်ရုံအပြင်ဘက်ရှိ လူအုပ်ကြီးက ဩဘာပေးသံများဖြင့် ဆူညံသွားသည်။
"ကြည့်ဦး၊ အဲဒါ ဥက္ကဌရှုပဲ! ဥက္ကဌရှု ထွက်လာပြီ!"
"အာ၊ ကြည့်ပါဦး ဥက္ကဌရှုနောက်က ဘယ်သူပါလာတာလဲ? ဒါ သခင်မလေး အက်ဂ်နက်စ်ပဲဟ!"
"ဘုရားရေ! ငါနောက်ဆုံးတော့ သခင်မလေးအက်ဂ်နက်စ်ကို မြင်လိုက်ရပြီ! သူမက ဒီလိုတောက်ပနေတာပဲ! ငါသူမကို မြင်ရချိန်မှာ ပျော်လွန်းလို့ မူးမေ့သွားတော့မတတ်ပဲ!"
"အိုး၊ နတ်သူငယ် သခင်မလေး၊ ခင်ဗျားရဲ့ ကျောက်စိမ်းခြေထောက်လေးတွေကို နမ်းရှိုက်ခွင့်ပြုပါ! ကျုပ်က ခင်ဗျားဘဝရဲ့ အစေခံဖြစ်လာဖို့ ဆန္ဒရှိပါတယ်!"
"ပေါက်တတ်ကရ! မင်းက ဝက်တစ်ကောင်နဲ့တူနေတာကို မင်းကိုယ်မင်း သခင်မလေး အက်ဂ်နက်စ်ရဲ့ အစေခံဖြစ်လာဖို့ ထိုက်တန်တယ်ထင်နေတာလား? ဒီကဏ္ဍက ငါ့အတွက်ဖြစ်သင့်တာကွ!"
…...
အက်ဂ်နက်စ်ပေါ်လာသည်ကိုမြင်သော် ထိုလူအုပ်ကြီးမှာ ရေအေးအေးထက် ဆီစက်ချလိုက်သလို ငြိမ်ပြီးသွားမှ အုန်းအုန်းကျက်ကျက်ဖြစ်လာသည်။
၎င်းမှာ ရေကာတာကြီးတစ်ခုမှ လူအုပ်ကြီးတစ်ခုပေါက်ထွက်လာပြီး ရှုယီနှင့် အက်ဂ်နက်စ်ထံ လှိုင်းတစ်ခုနှယ်လာရိုက်ခတ်သလိုပါပင်။ ၎င်းတို့မှာ တမုဟုတ်ချင်း အလုပ်ရုံအား ခြံစည်းရိုးနှယ် ဝိုင်းကာလိုက်ကြပြီး အမှိုက်များကို ပိပြားသွားစေသည်။
ရှုယီက မျက်မှောင်ကုပ်လျက် လက်တစ်ဖက်မြှောက်လိုက်၏။ သူ၏ မှော်စွမ်းအားက ထိုးထွက်သွားကာ လူတစ်ယောက်ကဲ့သို့ ထူပြီး မီတာတစ်ဝက်ရှည်သည့် အညစ်အကြေးတံတိုင်းကြီးက ၎င်းတို့ထံမှ နှစ်ဆယ်မီတာအကွာ၌ ပေါ်လာရင်း အားလုံးလာရောက်မည်ကို တားဆီးလိုက်သည်။
သူလက်ယမ်းလိုက်သော် ဟာရီကိန်းအသေးစားလေးနှစ်ခုပေါ်လာကာ လူအုပ်ကြီး၏ အရှိန်အဟုန်က နှေးကျသွားစေ၏။
မြေတံတိုင်းနှင့် လေပြင်းပြင်းတို့ကြောင့် စိတ်လှုပ်ရှားနေသည့်လူအုပ်ကြီးကို ငြိမ်ကျသွားစေ၏။ လူအုပ်ကြီး၏ရှေ့ဘက်မှ ဦးဆောင်လာနေကြသော လူများမှာ တဖြည်းဖြည်းနှေးလာကြပြီး မြေတံတိုင်းရှေ့၌ ရပ်လိုက်ကြသည်။
အားလုံးငြိမ်ကျသွားသည်ကိုမြင်သော် ရှုယီက သက်ပြင်းတစ်ချက်ချလာ၏။
လူအုပ်ကြီးကို နှေးကျသွားစေရန် ဟာရီကိန်းလေးနှစ်ခုသုံးခဲ့သည်က ကောင်းသည့်လုပ်ရပ်ပင်၊ မဟုတ် ထိုအခြေနေ၌ လူများကို နင်းမိရန် အင်မတန်လွယ်ကူသည်။
၎င်းက အသက်တစ်သက်လောက်ကိုသာ နှုတ်ယူသွားပါလျှင် Frestech ကုန်သည်ကြီးများအသင်းသာ နာမည်ပျက်ရုံမက ၎င်းကြောင့် အက်ဂ်နက်စ်ပင် အခြေအမြစ်မရှိစွပ်စွဲခံရနိုင်သည်။
အက်ဂ်နက်စ်က လူသားများကို အပြည့်အဝမယုံကြည်သေးဆဲဖြစ်ရာ ၎င်းကြောင့် အကြီးအကဲအီလူရှာကြိုးစားထားသည်ကို ပျက်စီးသွားနိုင်စေသည်။
ရှုယီက လက်ယမ်းလိုက်ကာ မှော်ပညာကိုသုံးလျက် ကွဲပြားသည့် အမြင့်များရှိသည့် မြေတံတိုင်းများစွာကို ဖန်တီးကာ အက်ဂ်နက်စ်နှင့်အတူ အမြင့်ဆုံး မြေတံတိုင်းဆီ လျှောက်သွားလိုက်၏။
"မိတ်ဆွေတို့၊ ခင်ဗျားတို့ အားလုံး သခင်မလေးအက်ဂ်နက်စ်ကို မြင်တွေ့လိုကြတာကို သိပါတယ်။ အခုသူမလည်းရှိနေပြီး ခင်ဗျားတို့အားလုံးကို တစ်ခုခုပြောစရာရှိနေလို့ပါ။ အားလုံးတိတ်ဆိတ်ပေးပြီး သူမကိုနားထောင်ပေးဖို့ တောင်းဆိုပါတယ်။"
ရှုယီအသံရပ်သွားသည်နှင့် ဆူညံနေသည့်လူအုပ်ကြီးလည်း ချက်ချင်းတိတ်ကျသွားသည်။ အားလုံး၏အကြည့်က ရှုယီနံဘေးရှိ အက်ဂ်နက်စ်ထံ၌ စုဝေးနေကြ၏။
"အရိုင်းဆန်တဲ့ပရိသတ်တွေက တကယ်ကြောက်စရာပဲ။" ရှုယီက တိတ်တဆိတ်သာ သက်ပြင်းချလိုက်နိုင်သည်။ ထို့နောက် အက်ဂ်နက်စ်ကိုကြည့်ကာ ခြေတစ်လှမ်းဆုတ်လျက် သူမအတွက် အမြင့်ဆုံးနေရာ ချန်ထားပေးလိုက်သည်။
ဤတလောအတွင်း ရှုယီ၏ တောင်းဆိုမှုကြောင့်အက်ဂ်နက်စ်မှာ တခြားလူသားများရှေ့ ပေါ်ထွက်ခဲ့သေးရာ လူသားများကို ကျင့်သားရသွားပြီး စိတ်မချမှုများမရှိသေးသော်လည်း ထိုသို့သော် သူမကိုဝိုင်းကြည့်နေကြသည့် လူအုပ်ကြီးရှေ့၌ အနည်းငယ်စိတ်လှုပ်ရှားမိရသည်။
သူမက ရှုယီကိုပြန်ကြည့်လိုက်ရာ သူမအား အသာ ခေါင်းငြိမ့်ပြလာသည်ကိုမြင်သော် အက်ဂ်နက်စ်၏ စိတ်လှုပ်ရှားမှုက အတန်ငယ်ပျောက်ကွယ်သွား၏။ သူမက လူအုပ်ကြီးဘက် မျက်နှာကိုပြန်လှည့်ကာ ရှုယီသင်ပေးထားသည့်နည်းအတိုင်း အကြိမ်ရေတချို့ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် ပြောရန် အသံကိုမြှင့်လိုက်သည်၊ "ဟ...ဟယ်လို အားလုံးပဲ။ ကျွန်...ကျွန်မအနေနဲ့ အားလုံးက ဒီမှာကျွန်မကိုလာတွေ့တာကို အရမ်းဝမ်းသာပြီး လူသားတွေက ကျွန်မတို့ နတ်သူငယ်တွေကို ဒီလောက်ထိ လက်ခံပေးကြတာကို အရမ်းပျော်ပါတယ်။ ဒီကိုလာဖို့ ကျွန်မ မျိုးနွယ်စုကနေ ထွက်ခွာခဲ့ချိန်က လူသားတွေနဲ့ အတူနေထိုင်ဖို့ လိုက်လျောညီထွေဖြစ်ပါ့မလားလို့ စိုးရိမ်ခဲ့မိတယ်။ ဒါပေမယ့် ဥက္ကဌရှုကနေ လူသားတွေက ကောင်းကောင်းဧည့်ဝတ်ကျေပွန်တတ်တယ်ဆိုပြီး ပြောပေးခဲ့လို့ ကျွန်မစိတ်မပူတော့ပါဘူး။"
"အခု ကျွန်မမြင်သမျှပြောရရင် ဥက္ကဌရှုက မှန်ပါတယ်။ လူသားတွေက တကယ်ကို ကျွန်မတို့စိတ်ကူးထားသလိုမဟုတ်ပါဘူး။ ယုံကြည်မှုနဲ့ မထိုက်တန်တဲ့ လှည့်ဖျားတတ်ပြီး စဉ်းလဲလူတွေမဟုတ်ဘဲ ရှင်တို့အားလုံးလို ကြင်နာတတ်တဲ့လူကောင်းတွေများစွာရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ နတ်သူငယ်တွေက တိတ်ဆိတ်တာကိုသဘောကျတာကြောင့် ရှင်တို့က ကြိုဆိုတတ်လွန်းနေတော့ တကယ်ကို ကျင့်သားမရနိုင်တော့ပါဘူး။"
"ပြီးတော့ ဒီလိုမျိုး အလုပ်ရုံရှေ့မှာ နေ့တိုင်းစုဝေးနေကြရင် ကျွန်မတို့အလုပ်ကိုလည်းထိခိုက်စေနိုင်ပါတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ လုပ်ငန်းစုက ကျွန်မကြောင့်ထိခိုက်မှာကို မမြင်ချင်ပါဘူး။ ဒါကြောင့် အားလုံး စိတ်ငြိမ်သွားကြဖို့ ကျွန်မမျှော်လင့်ပါတယ်။ ရှင်တို့အားလုံး ရှေ့လျှောက် အလုပ်ရုံကို ဝိုင်းမထားလို့ရမလား?"
အားလုံးက အချင်းချင်း မှိုင်တွေစွာ ကြည့်လိုက်ကြသည်။ ၎င်းတို့အနေနှင့် အက်ဂ်နက်စ်၏ ရှားရှားပါးပါးပေါ်ထွက်လာမှုက ထိုတောင်းဆိုမှုမျိုးကို လုပ်ရန်ဟု ထင်မထားခဲ့ပေ။
"ဒါပေမယ့် သခင်မလေးအက်ဂ်နက်စ်, ကျုပ်တို့ ဒီကိုလာတာ ခင်ဗျားကို တွေ့ဖို့ပါ။ ဒီမှာမဟုတ်ရင် ကျုပ်တို့ ဘယ်မှာမြင်နိုင်ဦးမှာတဲ့လဲ?" လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့် မေးလာ၏။
"ဟုတ်ပါတယ်၊ ကျုပ်တို့အားလုံးက သခင်မလေးအက်ဂ်နက်စ်ရဲ့ သစ္စာရှိထောက်ခံသူတွေပါ။ အားလုံးက ခင်ဗျားကိုမြင်ချင်ရုံပဲဖြစ်တော့ ဘာကိုမှထပ်မတောင်းဆိုပါဘူး။ ဒါကိုတောင် ခွင့်မပြုနိုင်လို့များလား?"
"ခင်ဗျား ဒီလိုပြောလို့မရဘူးလေ၊ ဟုတ်ပြီလား? သခင်မလေး အက်ဂ်နက်စ်က ကျုပ်တို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့အလုပ်ကို ထိခိုက်စေပြီး သူမကိုပါ ထိခိုက်စေမှာမို့ ပြောနေတာ မကြားဘူးလား?"
"ဥက္ကဌရှုက သခင်မလေးအက်ဂ်နက်စ်ကို ဒုက္ခများဖြစ်စေလို့လား? ဘယ်လိုများဖြစ်ရတာလဲ? ဥက္ကဌရှု၊ ကျုပ်ခင်ဗျားကိုလေးစားပေမယ့်လည်း သခင်မလေးအက်ဂ်နက်စ်ကို ဘယ်လိုများဆက်ဆံနိုင်ရတာလဲ! မဟုတ်ဘူး၊ ကျုပ်သဘောမတူဘူး!"
....
အက်ဂ်နက်စ်မှာ သူမ၏ စကားများက ထိုသို့သော တုံ့ပြန်မှုမျိုးကို ဖန်တီးလိုက်မည်ဟု မထင်ထားခဲ့ရာ မနေနိုင်ဘဲ ရှုယီကို အကူညီအတွက် ကြည့်လိုက်သည်။
ရှုယီက အသာပြုံးပြလာကာ၊ "အက်ဂ်နက်စ်, ခင်ဗျား ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက် စဉ်းစားပေးဖို့မလိုပါဘူး။ ခင်ဗျားရဲ့ အမြင်ကိုအခြေခံပြီး တကယ်ပြောချင်တာကိုသာ ပြောလိုက်ပါ။
အက်ဂ်နက်စ်က အနည်းငယ်တုံ့ဆိုင်းသွားကာ၊ "ဒါပေမယ့်... ဥက္ကဌရှု ကျွန်မကိုသင်ပေးထားခဲ့တဲ့ လူသားအကြောင်းတွေအရ ကျွန်မထင်တာကိုသာပြောလိုက်ရင် သူတို့ မပျော်မရွှင်ဖြစ်သွားမှာလေ။ ဒါက အဆင်ပြေလို့လား?"
ရှုယီ၏ အပြုံးက အနည်းငယ်ထူးဆန်းလာကာ၊ "စိတ်အေးအေးထားပါ၊ ခင်ဗျားပြောချင်တာ ပြောလို့ရပါတယ်၊ ဘာမှမဖြစ်စေရဘူးလို့ ကျုပ်ကတိပေးတယ်။ ခင်ဗျားနဲ့ ကျုပ် ပထမဆုံးတွေ့ခဲ့တဲ့ အကြိမ်ကို မှတ်မိသေးလား? ဒါပေမယ့် ကျုပ်မြင်သမျှတော့ ခင်ဗျားရဲ့ အခုနည်းလမ်းတွေက အရင်က နည်းလမ်းတွေနဲ့ ယှဉ်လို့တောင်မရပါဘူး။"
"တကယ်လား?" အက်ဂ်နက်စ်က စဉ်းစားပြီးမှ ရှုယီကိုယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ သူမက လှည့်လိုက်ကာ အားလုံးနှင့်အကြည့်ချင်းဆုံလေ၏။ အနည်းငယ် ရပ်တန့်နေပြီးနောက်မှ စိတ်လှုပ်ရှားမှုကြောင့် နွေးထွေးနေခဲ့သည့် မျက်လုံးများက အေးစက်လာကာ သူမ၏အသံကလည်း အေးစက်သွားသည်။
"အားလုံးကို ရိုးရိုးသားသားပြောရရင် ရှင်တို့တွေ ကျွန်မကိုတွေ့ရဖို့ ဒီအလုပ်ရုံနားမှာ ဝိုင်းထားတာက ကျွန်မကို မပျော်မရွှင်ဖြစ်စေတယ်၊ ဘာလို့လဲဆိုတော့ ဒါက ကျွန်မကို မကောင်းဆိုးဝါးတစ်ကောင်လိုခံစားရစေလို့ပဲ။ အားလုံးရဲ့ စူးစူးစမ်းစမ်းအကြည့်တွေနဲ့ အကြည့်ခံရတာကို ကျွန်မလုံးဝ သဘောမကျပါဘူး။ ဒီလိုပဲ ဆက်ဖြစ်နေရင်တော့ ကျွန်မ ဒီနေရာကနေထွက်သွားပြီး ကျွန်မ မျိုးနွယ်စုဆီပဲ ပြန်တော့မှာပါ။ လူသားတွေအနေနဲ့ ကျွန်မတို့နတ်သူငယ်တွေနဲ့အတူ သာမန်အတိုင်း မနေနိုင်သေးဘူးလို့ အကြီးအကဲကို ပြောလိုက်ပါ့မယ်။ အခုကစပြီး ကျွန်မတို့ နတ်သူငယ်တွေအနေနဲ့ ရှင်တို့ လူသားတွေအရှေ့မှာ ဘယ်တော့မှ ထပ်ပေါ်မလာတော့ပါဘူး!"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၂၇။ မိုက်ခရိုမီတာ
အက်ဂ်နက်စ်၏အေးစက်စက်စကားလုံးများက အားလုံး၏ နားထဲသို့ နတ်သူငယ်မျိုးနွယ်စု၏အထူးမှော်ပညာဖြင့် ရောက်ရှိသွားရာ အားလုံးငြိမ်ကျသွားကြသည်။
အဝေးမှ အက်ဂ်နက်စ်၏ မည်သည့်အမူအရာမှမရှိဘဲ တည်ငြိမ်ကာ လှပနေသည့်မျက်နှာလေးကိုကြည့်ရင်း လူတိုင်းက အက်ဂ်နက်စ်မှာ အမှန်တရားကိုပြောနေသည်ဟု ခံစားလိုက်ရသည်။
၎င်းကြောင့် အက်ဂ်နက်စ်ပျောက်ကွယ်သွားနိုင်ကာ လူသားများရှေ့ ထွက်ပြလာခဲ့သည့် နတ်သူငယ်များက ပျောက်ကွယ်သွားနိုင်ကြောင်း စဉ်းစားရင်း အားလုံးမှာ စိတ်မချဖြစ်လာတော့၏။
"မဟုတ်ပါဘူး! သခင်မလေး အက်ဂ်နက်စ်, ကျုပ်တို့က ခင်ဗျားကို လှောင်ပြောင်ချင်လို့မဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့!"
"ဟုတ်ပါတယ်၊ ကျုပ်တို့တွေ ခင်ဗျားကိုမြင်ချင်ရုံပါပဲ၊ ခင်ဗျားကို သေချာပေါက် မကောင်းဆိုးဝါးလို့ မထင်ပါဘူး။ တကယ်ပါ!"
"အမှန်ပါပဲ၊ ခင်ဗျားက နတ်သမီးလေးတစ်ပါးလိုလှပတဲ့ နတ်သူငယ်မလေးတစ်ယောက်ကို ဘယ်လိုလုပ် မကောင်းဆိုးဝါးလို့မြင်ရမှာလဲဗျာ? အဲ့လိုမြင်တဲ့လူက သေချာပေါက် အမြင်ကန်းနေလို့ပဲ!"
"ဟုတ်တယ်၊ ဟုတ်တယ်၊ သခင်မလေး အက်ဂ်နက်စ်, ခင်ဗျား မသွားပါနဲ့။ ကျုပ်အတွက် ဒဏ္ဍာရီလာနတ်သူငယ်တွေကို ဘဝမှာမြင်နိုင်ဖို့ကတင်ခက်ခဲနေပါပြီ၊ ဘယ်လိုလုပ် ဒီတိုင်းလေး ထွက်သွားခွင့်ပြုနိုင်မှာလဲ?"
"သခင်မလေး အက်ဂ်နက်စ်, ဒီမှာပဲနေပါ။ ခင်ဗျားမှာ ဘာတောင်းဆိုချက်ပဲရှိရှိ ကျုပ်တို့ သဘောတူပါ့မယ် ဟုတ်ပြီလား?"
"ဟုတ်ပါတယ်! ကျုပ်တို့ အားလုံး ခင်ဗျားပြောတာ နားထောင်ပါ့မယ်။ ဘာပဲပြောပြော ကျုပ်တို့လုပ်မှာပါ!"
…...
အားလုံးက သူမကို တောင်းပန်နေကြသည်ကိုကြည့်ရင်း အက်ဂ်နက်စ်မှာ အနည်းငယ်အံ့ဩသွားသည်။ သူမက ရှုယီထံမှ အကြံတောင်းဖို့ရာ ပြန်လှည့်လိုက်ချင်သော်လည်း ရှုယီ ပြောခဲ့သည်ကို သတိရသွားသောကြောင့် မိမိကိုယ်ကိုသာ အာရုံစိုက်၍ မည်သည့်အမူအရာမှမပြဘဲ ဆက်ပြောလိုက်သည်၊ "အကြီးအကဲက ကျွန်မတို့ နတ်သူငယ်တွေအနေနဲ့ လူသားတွေနဲ့အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ မျှော်လင့်တာကြောင့် အကြီးအကဲရဲ့စမ်းသပ်ချက်အနေနဲ့ လူသားလောကထဲမှာ နေထိုင်ဖို့ ကျွန်မရဲ့မျိုးနွယ်စုဆီကနေ ထွက်ခွာလာခဲ့တယ်။ ဒါကြောင့် ရှင်တို့ လူသားတွေအနေနဲ့ ကျွန်မကို ပုံမှန်ပဲဆက်ဆံဖို့ မျှော်လင့်ပြီး လူသားတွေလည်း နတ်သူငယ်တွေနဲ့အတူ ပုံမှန်အတိုင်းနေနိုင်တာကို မြင်ချင်ရုံပါ။ ရှင်တို့ဒီလို ဆက်လုပ်နေမယ်ဆိုရင်တော့ စမ်းသပ်ချက်က ကျရှုံးသွားတော့မှာပါပဲ။"
"ကောင်းပြီ! ကျုပ်တို့ ခင်ဗျားကို ထောက်ခံတယ်! သခင်မလေးအက်ဂ်နက်စ်, အခုကစပြီး ခင်ဗျားကို ကျုပ်တို့ သာမန်လူလိုပဲ ဆက်ဆံပါ့မယ်!"
"ဟုတ်ပါတယ်၊ ခင်ဗျားက နည်းနည်းလေးထူးခြားနေတဲ့ မိန်းကလေးပါပဲ။ ဒါကို ဘယ်လိုသဘောရလဲ?"
"အန်း၊ လူတစ်ယောက်ပဲ။ ဒါပေါ့ ခင်ဗျားက လှပတဲ့မိန်းကလေးတစ်ယောက်။"
…...
"ဟုတ်ပြီ ရှင်တို့ဒီလိုလုပ်နိုင်ရင်တော့ ကျွန်မနေလို့ရပါတယ်။" အက်ဂ်နက်စ်က ခေါင်းအသာငြိမ့်ကာ၊ "ဒါ့အပြင် ကျွန်မ အလေးအနက်သတိပေးစရာလည်းရှိသေးပါတယ်။ ဥက္ကဌရှုက ကျွန်မရဲ့ မိတ်ဆွေဖြစ်လို့ ကျွန်မရှေ့မှာ ထပ်ပြီး ဥက္ကဌရှုကိုလှောင်တာ ဒါမှမဟုတ် မလေးမစားလုပ်တာတွေရှိလာရင် ကျွန်မကိုလည်း ဒီလိုလုပ်တယ်လို့ပဲ ယူဆလိုက်ပါမယ်။ အဲဒီလူကိုလည်း ကျွန်မရဲ့ စွမ်းအားအကုန်သုံးပြီး အပြစ်ပေးမှာမို့ ဒါကို မှတ်ထားပေးကြပါ!"
အားလုံးက တစ်ဖန်ငြိမ်သက်သွားကြပြီးမှ လူတစ်ယောက်က အော်လာခဲ့သည်၊ "ကောင်းပြီ! ဥက္ကဌရှုကို မလေးမစားလုပ်တာက သခင်မလေးအက်ဂ်နက်စ်ကို မလေးမစားလုပ်တာပဲ! ဥက္ကဌရှုကို ရှေ့လျှောက် မလေးမစားလုပ်ရဲတဲ့လူမှန်သမျှ ကျုပ်က အဲ့လူကို အရင်ဆန့်ကျင်ပေးလိုက်မယ်!"
"ကျုပ်ရောပဲ!"
"ကျုပ်လည်း အတူတူပဲ!"
"ကျုပ်ရော..."
......
"ရှင်တို့လူသားတွေအနေနဲ့ ကတိပေးထားတာကို စောင့်ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ်။" အက်ဂ်နက်စ်က ခေါင်းငြိမ့်ကာ၊ "ကျေးဇူးပြုပြီး ဒီနေရာကချက်ချင်းသွားပေးကြပါ၊ ကျွန်မနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝန်ထမ်းတွေမှာ အလုပ်တွေရှိနေသေးတာကြောင့် ကျွန်မတို့ကို မနှောင်ယှက်တော့ဖို့ မျှော်လင့်ပါတယ်။"
ထိုသို့ဆိုပြီးနောက် အက်ဂ်နက်စ်က ချက်ချင်း သူမ၏အရိပ်မန္တာန်ကိုသုံးကာ လူအုပ်ကြီးရှေ့မှ ပျောက်ကွယ်သွားသည်။
အားလုံးက အက်ဂ်နက်စ်ပျောက်သွားသည့်နေရာကိုကြည့်ရင်း အနည်းငယ်ငြိမ်သက်သွားပြီးမှ ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လာကြသည်။
"ဝါး! သခင်မလေး အက်ဂ်နက်စ်က အရမ်းမိုက်တာပဲ! ငါတကယ် သူမကို သေလောက်အောင် မြတ်နိုးမိတယ်!"
"ဟုတ်တယ်။ နတ်သူငယ်အမျိုးသမီးတွေက တကယ်တမ်း ဒီလောက်ထိ ခန့်ညားနေပြီး ငါတို့ လူသားတွေကြားမှာ ဒီလို မိန်းကလေးတစ်ယောက်မှ မရှိဘူးပဲ။"
"အဟုတ်ပဲ၊ ငါ သူမကို သဘောကျသထက် သဘောကျလာပြီ! ငါဆုံးဖြတ်လိုက်ပြီ! ငါ့ရင်ထဲက နတ်ဘုရားမကို သခင်မလေး စတေးလ်ကနေ သခင်မလေးအက်ဂ်နက်စ်အဖြစ် ပြောင်းလိုက်တော့မယ်!"
"မင်းတို့လူတွေ၊ မင်းက တကယ်ကို ငါတို့လူသားတွေရဲ့ သိက္ခာကိုချနေတာပဲ! ဟမ့်၊ ငါကတော့ မင်းနဲ့မတူဘူး။ ဒီနေ့ကစပြီး ငါ့နှလုံးသားထဲမှာ နတ်ဘုရားမ နှစ်ပါးရှိသွားပြီ!"
"ဒီလူကတော့ မင်းမှာ ငါ့အကြောင်းပြောဖို့ အရှက်ရှိသေးတယ်ပေါ့? နှလုံးသားထဲမှာ နတ်ဘုရားမနှစ်ပါးရှိနေပြီဆိုတာ ဘာသဘောလဲ? မင်းက လူရှုပ်လား?"
"ဖီ! သူတို့က ငါ့နှလုံးသားထဲက နတ်ဘုရားမတွေပဲ၊ ဒါက လူရှုပ်ဖြစ်တာနဲ့ ဘာဆိုင်လို့လဲ? ငါ့အနေနဲ့ သူတို့နဲ့တစ်ခုခုဖြစ်လာဖို့တောင် မမျှော်လင့်ဘဲ သဘောကျတာကြောင့် ရင်ထဲကနေ တိတ်တဆိတ် ထောက်ခံနေရုံပဲလေ။"
"ဒီလိုမျိုးပေါ့လေ။ ကောင်းပြီ၊ ငါလည်း ဒီလိုပဲ လုပ်တော့မယ်..."
......
လူအုပ်ကြီးက ဆွေးနွေးပြီးနောက် ခွဲသွားကြပြီး ခဏအကြာတွင် အလုပ်ရုံ၌ ဆက်လက်ရှိနေရန် လက်မလျှော့သည့် လူဒါဇင်အနည်းငယ်မျှသာရှိတော့သည်။ ရှုယီကတော့ မနေနိုင်ဘဲ ခေါင်းခါလိုက်၏။
သူသာ ကမ္ဘာမြေထံမှ ရူးသွပ်နေသည့် ပရိသတ်များကို မမြင်ခဲ့ဖူးပါလျှင် ၎င်းကို မည်သို့ ရင်ဆိုင်ရမှန်းကိုပင် သိမည်မဟုတ်ချေ။
ရုံးဘက်သို့ ပြန်လှည့်သွားပြီးနောက် အန်းခေါ့ထ်နှင့် ကမ်ဘီတို့မှာ သူ့အား ငေးကြည့်လာကြသည်။
"ဥက္ကဌ ဒါက အဆင်ပြေရဲ့လား?" အန်းခေါ့ထ်က အပြင်ဘက်ကို မယုံနိုင်စွာ ညွှန်ပြလိုက်ကာ၊ "ဒီလူတွေက ရူးသွပ်နေပြီး ခင်ဗျားနဲ့ သခင်မလေး အက်ဂ်နက်စ် ဘာပဲပြောပြော ထွက်သွားမှာမဟုတ်ဘူးလို့ထင်တယ်။ သခင်မလေးအက်ဂ်နက်စ်က သူတို့ကိုဆူလိုက်ပြီးရင် တကယ်ကြီး နာနာခံခံထွက်သွားကြမယ်လို့ မထင်ထားဘူး! ဒါက... ဘာကိုများဆိုလိုတာလဲ?"
"ဘာကိုမှ မဆိုလိုပါဘူး၊ မင်းအနေနဲ့ ရူးသွပ်နေတဲ့ပရိတ်သတ်တွေရဲ့ အတွေးတွေကို နားမလည်ရုံပါ။" ရှုယီက လက်ယမ်းကာ၊ "ဟုတ်ပြီ၊ အလုပ်ရုံမှာ လာဝိုင်းနေတဲ့ လူတွေကိုလည်း ဂရုစိုက်ပြီးပြီဆိုတော့ ပုံမှန်အတိုင်းအလုပ်လုပ်လို့ရပြီ။ အန်းခေါ့ထ်, မှော်ပေါင်မုန့်မီးကင်စက်တွေအတွက် အမှာစာတွေကို တွေ့သေးလား? ပေးထားတဲ့အချိန်မှာပဲ အပြီးသတ်နိုင်မယ်လို့ ထင်လား?"
အန်းခေါ့ထ်က တွက်ချက်ပြီးနောက် ခက်ခဲနေဟန်ပြလာသည်။
"ဒါက...ဥက္ကဌ၊ မှော်ပေါင်မုန့်မီးကင်စက်အတော်များလွန်းတယ်မဟုတ်ဘူးလား? တစ်ပတ်အတွင်းမှာ ငါးသောင်းကျော်လုပ်ဖို့က ကျုပ်တို့ အလုပ်ရုံဘာကိုမှမလုပ်ဘဲ မှော်ပေါင်မုန့်မီးကင်စက်တစ်မျိုးပဲ လုပ်ရင်တောင် ဒါကို အပြီးသတ်နိုင်မှာမဟုတ်ဘူး။"
ရှုယီက ခါးသက်စွာရယ်၏၊ "မင်းတင်မကဘူး ငါတောင် မှော်ပေါင်မုန့်မီးကင်စက်အရေအတွက်က ဒီလောက်ကြောက်စရာကောင်းနေမယ်လို့မထင်ထားဘူး။ အခုစဉ်းစားကြည့်ရင် မှော်ပေါင်မုန့်မီးကင်စက်ကို မှော်ထမင်းပေါင်းအိုးထက် အသုံးများတာအပြင် အက်ဂ်နက်စ်ရဲ့ ကြော်ငြာကလည်း အတော်လေးအသုံးဝင်ခဲ့တယ်။"
လူသားများအနေနှင့် အချိန်ကြာရှည်စွာမမြင်ခဲ့ရဖူးသည့် နတ်သူငယ်တစ်ယောက်က မှော်ပေါင်မုန့်မီးကင်စက်အတွက် ထုတ်ကုန်ကြေငြာပွဲ၌ ပေါ်ထွက်လာသည့်အတွက် လမ်ပူရီတိုင်းပြည်၏ အစိတ်ပိုင်းတိုင်း၌ ရုတ်ရုတ်သဲသဲဖြစ်သွားဟန်ရှိသည်။
ထိုနတ်သူငယ်သတင်းကို ကြားခဲ့သည့်အချိန်တွင် အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းကျင်းပသည့် ထုတ်ကုန်ကြေငြာပွဲ၌ မှော်ပေါင်မုန့်မီးကင်စက်ကို ကြေငြာခဲ့သည်ကိုပါ သိကြလိမ့်မည်ပင်။
ပြောရလျှင် လမ်ပူရီတိုင်းပြည်၏ ပေါင်မုန့်အဓိကစားကြသော မိသားစုများစွာအတွက် ထိုမှော်ပေါင်မုန့်မီးကင်စက်မှာ အင်မတန်အသုံးဝင်လှသည့် အိမ်သုံးမှော်စက်ဖြစ်သည်။
ထို့အပြင် နိုင်ငံ၏ အခြားလုပ်ငန်းစုများကလည်း ထိုနေရာ၌ အခွင့်ရေးရှိသည်ကို တွေ့ကြသည်။ ထို့ကြောင့် ထုတ်ကုန်ကြေငြာပွဲအပြီး တစ်ရက်မပြည့်ခင်တွင်ပင် Frestech ကုန်သည်ကြီးများအသင်းမှာ အမှာစာ တစ်သိန်းကျော်ရခဲ့သည်။
တစ်ပတ်အတွင်း တောင်းဆိုခံထားရသည့် အမှာစာ ငါးသောင်းရှိကာ ၎င်းမှာ အခြေခံအားဖြင့် မဖြစ်နိုင်သည့်ပရာပါပင်။
"အိုင်း၊ အဆုံးကျတော့ ငါတို့လုပ်ငန်းစုရဲ့ အလုပ်ရုံက အရမ်းသေးတာကြောင့် ထုတ်လုပ်ရေးထိရောက်မှုကို ကြီးကြီးမားမားမမြှင့်တင်နိုင်ဘူးဖြစ်နေတယ်။" ရှုယီက သက်ပြင်းချကာ အန်းခေါ့ထ်၏ ပခုံးကိုပုတ်လျက် ပြောလာ၏၊ "အကောင်းဆုံးသာလုပ်ပါ၊ ငါ အမှာစာတွေကို ညှိကြည့်လိုက်ဦးမယ်။ မှော်စက်အလုပ်ရုံကနေ အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်တွေ ထုတ်လုပ်တဲ့အခါ ငါတို့ရဲ့ ထုတ်လုပ်ရေးထိရောက်မှုကလည်း။အဆများစွာတိုးတက်သွားမှာမို့ စိုးရိမ်စရာလိုမှာမဟုတ်ဘူး။"
ရှုယီက အန်းခေါ့ထ်ကို စိတ်မပူစေသော်လည်း နံဘေးက ကမ်ဘီကတော့ စိုးရိမ်ဟန်ရှိနေသည်။
"ဥက္ကဌ၊ ခင်ဗျားပြောတာတော့ လွယ်ပါတယ်၊ ဒါပေမယ့် အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်တွေက အတော်လေးခဲယဉ်းတယ်။ ကျုပ်နဲ့ ကျုပ်တို့ညီအစ်ကိုတွေ ဒါကို တစ်လနီးနီးသုတေသနလုပ်ခဲ့ပြီး တိုးတက်မှုက နည်းလွန်းနေတယ်။ ဒါကိုတကယ်ပဲ ပြီးမြောက်အောင်လုပ်ဖို့ဆို ဘယ်လောက်တောင်ကြာမယ်ဆိုတာ ကျုပ်တို့မသိဘူး။"
"ဘာလဲ? ခင်ဗျားတို့ ဘေးကြပ်နံကြပ်ဖြစ်နေလို့လား?" ရှုယီက သိလိုစွာမေးလာသည်၊ "ကျုပ်အရင်က အားလုံးကိုကျွမ်းကျင်မှုတွေ သင်ပြီးပြီမဟုတ်လား? မှော်အစီရင်လည်းပြီးသွားပြီဆိုတော့ ဒါကိုထောက်ပံ့ပေးနိုင်မယ့် ဒီဇိုင်းတည်ဆောက်ပုံတစ်ခုဆွဲဖို့ပဲလိုတာလေ၊ ဒါက ခက်လို့လား?"
"ပြောတာတော့မခက်ပါဘူး၊ ဒါပေမယ့် ပြဿနာက..." ကမ်ဘီမှာ သူ၏ရှုပ်ပွပွဆံပင်များကိုကုပ်ကာ ခါးသီးသည့်ဟန်ဖြင့် ဆိုလာသည်၊ "ဥက္ကဌ ကျုပ်တို့ကို သင်ပေးခဲ့တဲ့ အလိုအလျောက်မှော်စက်တွေရဲ့ ဖွဲ့စည်းပုံတွေအတွက် ခင်ဗျားထည့်ပေးခဲ့တဲ့ အတိုင်းအတာတချို့ကို ကျုပ်တို့နားမလည်နိုင်ဘူး..."
"နားမလည်နိုင်ဘူး?" ရှုယီက အံ့ဩသွားသည်။ ထို့နောက် သူ့အနေနှင့် ကမ်ဘီတို့ထံမှ တောင်းဆိုထားသည့် အလိုအလျောက်မှော်စက်များအတွက် ချိန်ညှိခြင်းမှာ အင်မတန်မြင့်မားကာ အခြေခံမှော်စက်များနှင့် များစွာ ကွာနေသည်ကိုသတိရသွားသည်။ ထို့ကြောင့် သူဟာ မူကြမ်းများ၌ ကမ္ဘာမြေမှာ လုပ်သည့်အတိုင်း ယူနစ်ငယ်များသုံးကာ လေဘယ်များထိုးပေးခဲ့သည်။
သို့သော် စိုင်စ်နယ်မြေသားများအတွက် သူ၏အရင်ဘဝကလို မီတာယူနစ်အခြေခံ တူညီသည့် အတိုင်းအတာ ယူနစ်အကြီးများရှိပါသော်လည်း တိကျမှုတော့မရှိပေ။
အလျားများ၌ စိုင်စ်နယ်မြေ၏ အငယ်ဆုံးယူနစ်မှာ စင်တီမီတာဖြစ်ရာ မီလီမီတာမဆိုထားနှင့် မန်နိုမီတာများကိုမူ ပြောရန်ပင်မလိုချေ။
ထို့အပြင် အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်များထံ၌ ချိန်ညှိခြင်းအတွက် လိုအပ်မှုကမြင့်မားသဖြင့် ပုံမှန်အားဖြင့် မီလီမီတာနှင့်တိုင်းတာလေ့ရှိရာ ၎င်းက ကမ်ဘီနှင့် တခြားလူပုလေးများ၏ အသိကိုကျော်လွန်နေသည်။
ထိုသို့တွေးရင်း ရှုယီလည်းနားလည်သွား၏။
သူဟာ ကမ္ဘာမြေပေါ်မှ စက်မှုအင်ဂျင်နီယာ အသိပညာကိုသာ ကူးယူနေရင်း သူ၏တည်နေရာက စိုင်စ်နယ်မြေဖြစ်နေသည်ကို လုံးဝမေ့လျော့နေခဲ့သည်။
ထိုသည်မှာ ရှုယီက အက်ဂ်နက်စ်အား လူသားများထံ မည်သို့ ထုတ်ပြရမည်ကို အာရုံစိုက်နေသဖြင့် ၎င်းတို့အားလုံးကို လျစ်လျူရှုခဲ့မိသည်။
"ဒါက ကျုပ်အမှားပါ။" ရှုယီက ရိုးသားစွာ ဝန်ခံ၏၊ "ကျုပ်က ပိုမြင့်တဲ့ တိကျမှုကိုပဲ တောင်းဆိုနေခဲ့ပြီး အဓိပ္ပာယ်ကိုရှင်းပြဖို့ မေ့သွားတယ်။ ဒီလိုဆိုရင်ရောဗျ၊ ကျုပ် အားတဲ့အချိန်က ခင်ဗျားအတွက် ဗာနီယာစကေး⟨T/N— အတိုင်းအတာကိရိယာ⟩လုပ်ထားပြီး နောက်ကျရင် မိုက်ခရိုမီတာ လုပ်ထားလိုက်မယ်။ ဒီအရာနှစ်ခုနဲ့ဆိုရင် ကျုပ်ပေးထားတဲ့ အတိုင်းအတာတိတိကျကျကို နားလည်သွားလိမ့်မယ်။"
"ဗာနီယာစကေး? မိုက်ခရိုမီတာ?" ကမ်ဘီနှင့်အန်းခေါ့ထ်တို့မှာ တစ်ဦးနှင့်တစ်ဦးကြည့်လိုက်သည်၊ ၎င်းတို့မှာ ထိုဆိုလိုရင်းကို နားမလည်ပါချေ။
သို့သော် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းကို လာကတည်းက ရှုယီထံမှ နားမလည်သည့်စကားများစွာကြားခဲ့ရသည်ဖြစ်ရာ အံ့ဩမနေတော့ပေ။
"အန်း၊ ဒီအရာနှစ်ခုက အရမ်းကို အခြေခံကျတယ်၊ ဒါပေမယ့် အတိုင်းအတာအတွက် အတော်အရေးပါတဲ့ ကိရိယာတွေပဲ။ ကျုပ်တို့လုပ်ငန်းစုက ရှေ့လျှောက်မှာ မှော်စက်တိကျမှုအတွက် လိုအပ်ချက်ကမြင့်သထက်မြင့်လာပြီဆိုတော့ ဒီကိရိယာနှစ်မျိုးရှိနေမှရမယ်။ ဒါတွေကို ဘယ်လိုသုံးရမယ်ဆိုတာ ခင်ဗျားတို့လည်း သိထားဖို့လိုသလို တခြားအလုပ်သမားတွေကိုလည်း ဘယ်လိုသုံးရမယ်ဆိုတာ လေ့လာခွင့်ပြုရမယ်။"
ရှုယီက ပြောလိုက်ပြီးမှ မျက်မှောင်ကုပ်ကာ သူလျစ်လျူရှုခဲ့သည့် ပြဿနာတစ်ရပ်ကို သတိရသွားသည်။
Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်လိုက်ကတည်းက သူ၏ ကိုးကားချက်များကို မှော်သုတေသနဌာနနှင့် ကမ်ဘီတို့ထံ တစ်ခုပြီးတစ်ခု ထုတ်ပြောခဲ့သည်။ တိကျသည့်အကြံများပေးရန်နှင့် မူကြမ်းတချို့ကိုပင်ဖန်တီးပေးရန် သူ၏စက်မှုအင်ဂျင်နီယာပညာ၏ အားကောင်းသောအခြေခံကို အသုံးပြုခဲ့ပါသော်လည်း ဒီဇိုင်းစံနမူနာအကြောင်းတော့ မပြောခဲ့ဖူးပါချေ။
ထိုအရာများမှာ စက်မှုအင်ဂျင်နီယာများအတွက် အခြေခံအကျဆုံးသော အခြေခံများဖြစ်၍ ရှင်းပြဖို့မလိုပါသော်လည်း စိုင်စ်နယ်မြေမှလူများအတွက် ၎င်းက လုံးဝနယ်ပယ်အသစ်ပါပင်။
ထိုသို့တွေးရင်း ရှုယီက မေးစေ့ကိုပွတ်လျက် ဘာသာ ရေရွတ်လိုက်မိသည်။
"ကြည့်ရတာ ငါ စာအုပ်တစ်အုပ်ရေးရမယ့်ပုံပဲ။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၂၈။ စတက်ဂျ်မိသားစုဆီမှာ ဘယ်လိုသဘောထားရှိနေတာလဲ?
သူ၏ စာအုပ်ရေးရန်အတွေးက တစ်စုံတစ်ခု၏ နှောက်ယှက်ခြင်းကို ရုတ်တရက်ခံလိုက်ရသည်။
၎င်းကို ရုတ်တရက်ဟုလည်း မဆိုသာပါချေ။ ဗစ်ကောင့်ထ်လက်စ်လိုင်းဘန်တာမြို့မှ ထွက်ခွာသွားသည့်အခါတွင် ထိုကိစ္စ သို့မဟုတ် ထိုလူက သေချာပေါက်လာမည်ဖြစ်ကာ မည်သည့်အချိန်၌ လာမည်ကိုသာ မသိရခြင်းပင်။
ဧပြီလအဆုံးတွင် အန်ဗီမာမြို့တော်ထံမှ ဘန်တာမြို့သို့ မြင်းလှည်းတစ်စီးဆိုက်ရောက်လာသည်။
ထိုမြင်းလှည်းထဲရှိလူမှာ ဗစ်ကောင့်ထ်လက်စ်လိုင်း၏ ဆက်ခံသူဖြစ်ပြီး ဘန်တာမြို့ရှိ နယ်မြေအတွက် စတက်ဂျ်မိသားစုမှ စေလွှတ်လိုက်သည့် သခင်အစစ်လည်းဖြစ်သည့် ဘာရွန် ဘယ်လီစတက်ဂျ်ပါပင်။
Frestech ကုန်သည်ကြီးများအသင်းမှာ စတက်ဂျ်မိသားစုထံမှ မြေကွက်တစ်ဟက်တာကို ငှားရမ်းခဲ့ပါ၏။ Frestech ကုန်သည်ကြီးများအသင်း၏ဥက္ကဌအနေနှင့် ရှုယီမှာ သူ့ထံ တတ်နိုင်သမျှမြန်မြန် လာလည်ရန် ကျိုးကြောင်းသင့်ပေသည်။
သို့သော် ဗစ်ကောင့်ထ်လက်စ်လိုင်းမှ ဘန်တာမြို့တော်တွင် ချန်ထားခဲ့သည့် အိမ်တော်ထိန်းဘရူနိုင်းကို ပြောသည့်အချိန်တွင် ထိုသခင်ဘာရွန်က ရောက်ကာစဖြစ်သဖြင့် အရေးကြီးပုဂ္ဂိုလ်များစွာဖြင့် တွေ့ရန်ရှိနေသည်ကို သိလိုက်ရသည်။ လတ်တလော သူ့ထံ၌ ရှုယီနှင့်တွေ့ဖို့အချိန်မရှိသဖြင့် ရှုယီအနေဖြင့် ဦးစွာ စောင့်ဆိုင်းနေရမည်ပင်။
ရှုယီမှာ ချက်ချင်းငြိမ်သက်သွားပြီးမှ အိမ်တော်ထိန်းဘရူနိုင်းအား မျက်မှောင်ကုပ်ကာ မေးလာ၏၊ "ဒါက သခင်ဘာရွန်ရဲ့စကားတွေလား?"
အိမ်တော်ထိန်းဘရူနိုင်းက မည်သည့်ခံစားချက်မှမပါဘဲ ဖြေလာသည်၊ "ဟုတ်ပါတယ်"
ရှုယီက ပိုလို့ပင် မျက်မှောင်တင်းတင်းကုပ်လိုက်သည်။
အိမ်တော်ထိန်း ဘရူနိုင်းသာ ဘာရွန်ဘယ်လီစတက်ဂျ်၏ စကားလုံးများကို သယ်လာသည်ဆိုပါလျှင် ၎င်းမှာ တစ်ဘက်က ရှုယီအပေါ် လုံးဝအထင်သေးနေခြင်း သို့မဟုတ် သူ့ထံ ရန်လိုမှုများကို ပွင့်ပွင့်လင်းလင်းထုတ်ပြလာခြင်းဟု ဆိုလိုသည်။
ထိုသည်က မည်သူဖြစ်ဖြစ် ရှုယီမြင်လိုသည့်အရာတော့မဟုတ်ချေ။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း၏ ရှုထောင့်မှနေ၍ ၎င်းတို့အား ထူးဆန်းစွာ ရန်လိုခံနေရသည်နှင့်စာလျှင် ထိုသည်က ဘာရွန်မှာ သူ့ကိုအထင်သေးခြင်းဖြစ်ရန်သာ မျှော်လင့်မိသည်။
သူ့အပေါ်ကို အထင်သေးခြင်း သို့မဟုတ် မာနကြီးခြင်းဆိုလျှင် အဆင်ပြေပါ၏၊ သို့သော် ရန်လိုပါလျှင်တော့ အင်မတန် ဒုက္ခများရသည်ပင်။
၎င်းကိုစဉ်းစားကာ ရှုယီ မေးလိုက်၏၊ "အိမ်တော်ထိန်းဘရူနိုင်း, သခင်ဘာရွန်က ကျုပ်ရဲ့နာမည် ဒါမှမဟုတ် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ထုတ်ပြောခဲ့သေးလား?"
အိမ်တော်ထိန်း ဘရူနိုင်းက ရှုယီကို မော့ကြည့်ကာ ခဏတန့်သွားပြီးနောက် တဖြည်းဖြည်းခေါင်းငြိမ့်လာသည်၊ "ပြောခဲ့ပါတယ်၊ ကျုပ် နယ်မြေအစီရင်ခံစာပြင်ပေးချိန်တုန်းက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအကြောင်းကို ပြောခဲ့တော့ သခင်ဘာရွန်က ခင်ဗျားရဲ့တည်ရှိမှုကို သိခဲ့ပါတယ်။"
"ဒါဆို သခင်ဘာရွန်မှာ ဘယ်လိုသဘောထားမျိုးရှိနေတာများလဲ?" ရှုယီက ဆက်မေး၏။
အိမ်တော်ထိန်း ဘရူနိုင်းက ထိုမေးခွန်းကို အလေးအနက်ပြန်ဖြေလိမ့်မည်မဟုတ်ဟု ရှုယီထင်ခဲ့သော်လည်း အိမ်တော်ထိန်းဘရူနိုင်းက စဉ်းစားပြီးနောက်၌ ရုတ်တရက် မတ်မတ်ရပ်က စိတ်ညစ်ညူးဟန်ဖြင့် ဆိုလာသည်၊ "ဘန်တာမြို့တော်မှာ အသေးစားလုပ်ငန်းစု များစွာရှိပါတယ်။ ဘာလို့ အဲ့ကောင်လက်စ်လိုင်းက ဒီအပေါ်မှာ အဲ့သလောက် အရေးထားတာလဲကို ကျုပ်တကယ်မသိတော့ဘူး။" ထိုသို့ပြောပြီးနောက် အိမ်တော်ထိန်း ဘရူနိုင်းက သူ၏ဂရုမစိုက်ဟန်ကို ပြန်ရုတ်သိမ်းကာ ပြောသည်၊ "ဒါတွေက သခင်ဘာရွန်ပြောခဲ့တဲ့ စကားတွေပါ။"
ရှုယီက အိမ်တော်ထိန်း ဘရူနိုင်းကို အံ့ဩစွာကြည့်ပြီးမှ အလေးအနက်ဆိုလာ၏၊ "ကျေးဇူးပါပဲ"
အိမ်တော်ထိန်း ဘရူနိုင်းလည်း ခေါင်းငြိမ့်ကာ တိတ်ဆိတ်နေလိုက်တော့သည်။
ဗစ်ကောင့်ထ်လက်စ်လိုင်းချန်ထားခဲ့သည့် အိမ်တော်မှ ထွက်လာပြီးနောက် ရှုယီမှာ သူ၏ မြင်းလှည်းထဲဝင်၍ မောင်းသူအား မြို့စားအိမ်တော်ဆီ ဦးတည်ခိုင်းလိုက်သည်။
မြင်းလှည်းဆက်သွားနေစဉ်၌ ရှုယီမှာ အတွေးထဲ ကျရောက်သွား၏။
သူဟာ အကြောင်းအရင်းကို မသိရပါသော်လည်း အိမ်တော်ထိန်းဘရူနိုင်း၏ အပြုအမူများက သူ့ကို အံ့ဩစေခဲ့သည်။ သူဟာ ရှုယီထံ ဘာရွန်ဘယ်လီစတက်ဂျ်၏ အထင်အမြင်အစစ်များကို ပြခဲ့သည်က ရှုယီအား ဆုံးဖြတ်ချက်ချရန် များစွာ အကူအညီဖြစ်ခဲ့သည်။
အိမ်တော်ထိန်း ဘရူနိုင်း ပြသခဲ့သည်အရ ထိုသခင်ဘာရွန်မှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအကြောင်းကို ဗစ်ကောင့်ထ်လက်စ်လိုင်းထံမှသိရှိခဲ့သည်။
သူ၏စကားလုံးများမှ ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ ထိုလူ ဘန်တာမြို့ကိုမလာခင်က ရှုယီ သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းနှင့်ပတ်သက်သည့် ကိစ္စတချို့ကို တကူးတကပြောခဲ့လောက်သည်ကို သိနိုင်သည်။
အကြည့်တစ်ချက်ပင် မစွန့်ကြဲလာသည့် သခင်ဘာရွန်၏တုံ့ပြန်ချက်အရ ၎င်းမှာ သူ့အတွက် Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့၏ လုပ်ငန်းစုကြီးများထဲမှာ တစ်ခုမဟုတ်ခြင်းကြောင့်ဖြစ်သည်၊ ထို့ကြောင့် သူ့လို စတက်ဂျ်မိသားစုထံမှ အငယ်တစ်ဦး၏မျက်လုံးထဲဝင်ရန်ပင် မထိုက်တန်ချေ။
ရှုယီအနေနှင့် သခင်အသစ်မှာ ဗစ်ကောင့်ထ်လက်စ်လိုင်းလို ပွင့်လင်းပြီး သူနှင့် Frestech ကုန်သည်ကြီးများအသင်းအား တန်ဖိုးထားကာ ထောက်ပံ့ရန် မမျှော်လင့်ထားခဲ့ပါချေ။ သို့သော် သခင်အသစ်တွင် အထူးရည်မှန်းချက်များ မရှိဟုသာ မျှော်လင့်ခဲ့၏။
ဥပမာဆိုရလျှင် ဗစ်ကောင့်ထ်လက်စ်လိုင်းeပြောကြားချက်အရ စတက်ဂျ်မိသားစုသာ Frestech ကုန်သည်ကြီးများအသင်း၏အလားအလာကို သတိပြုမိပါလျှင် ၎င်းတို့ကို ဆန့်ကျင်လှုပ်ရှားရန် ဆုံးဖြတ်ကြလိမ့်မည်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းမှ လတ်တလောငှားရမ်းထားသည့်မြေကို အသုံးပြုရန် ထက်မြတ်သည့်သခင်တစ်ဦးစေလွှတ်ကာ စတက်ဂျ်မိသားစု၏ အားကောင်းသောလွှမ်းမိုးမှုက Frestech ကုန်သည်ကြီးများအသင်းကို တစ်စတစ်စ ဝါးမြိုသွားမည်ပင်။
"ဟားဟားဟားဟား... ရှုယီ ခင်ဗျားတကယ်ကို အတွေးများတာပဲ။" ကောင့်ထ်စီယန် ဆာမော့က ဝါးလုံးကွဲထရယ်ရင်း ရှုယီကို လက်ညှိုးထိုးကာ ပြော၏၊ "ကျုပ်ပြောမယ် ရှုယီ၊ ခင်ဗျားကိုယ်ခင်ဗျား အတော်လေးမြင့်မြင့်တွေးထားတယ်လို့ ပြောရမလား ဒါမှမဟုတ် အတော်လေးနိမ့်နိမ့်တွေးနေတယ်လို့ ပြောသင့်လား?"
ရှုယီက ကောင့်ထ်စီယန်ကို ရှုပ်ထွေးစွာကြည့်လာ၏။ သူဟာ အကူညီလာတောင်းသည့်နောက်၌ အဘယ့်ကြောင့် ထူးထူးဆန်းဆန်း တုံ့ပြန်လာသည်ကို နားမလည်ချေ။
"ဒါက ဘာအဓိပ္ပာယ်လဲ?"
"ခင်ဗျားကိုယ်ခင်ဗျား ခပ်မြင့်မြင့်တွေးထားရင်တာမို့ စတက်ဂျ်မိသားစုကနေ ခင်ဗျားနဲ့ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ရင်ဆိုင်ဖို့ တကယ်ကြီး လူတစ်ယောက်ကို တကူးတကပို့လိုက်တယ်လို့ ထင်နေတာမဟုတ်လား? ခင်ဗျား နားလည်ရမှာက စတက်ဂျ်မိသားစုဆိုတာ ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ထိပ်တန်းမိသားစုတွေထဲက တစ်ခုပဲ၊ ကျုပ်ဆိုရင်တောင် နယ်စားစတက်ဂျ်ကို မော့ကြည့်ရုံပဲ တတ်နိုင်မှာ။ ဒီလို လမ်ပူရီတိုင်းပြည်ရဲ့တော်ဝင်မျိုးနွယ်စုအပြီး ဒုတိယလိုက်တဲ့ အကောင်ကြီးတစ်ယောက်အတွက် Frestech ကုန်သည်ကြီးများအသင်းလောက်လေးနဲ့ အထူးတလည်ရင်ဆိုင်နေဖို့ရော လို့လို့လား?" ကောင့်ထ်စီယန်က အပြုံးဖြင့်မေးလာသည်။
"ဒါက... ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက မကြီးမားပေမယ့်လည်း တန်ဖိုးတချို့တော့ရှိနေတုန်းပဲ လို့ ကျုပ်ဝန်ခံရမယ်။ ကျုပ်တို့ထုတ်ကုန်အမြတ်အစွန်းက မြင့်နေရုံတင်မကဘဲ အလားအလာကလည်း အရမ်းကောင်းတော့ စတက်ဂျ်မိသားစုအနေနဲ့ ကျုပ်တို့ကို စောင့်ကြည့်မနေဘူးဆိုတာကမှ ထူးဆန်းနေတာမဟုတ်ဘူးလား?" ရှုယီက မရှင်းမလင်းအသံဖြင့် မေးလာသည်။
ကောင့်ထ်စီယန်က အသာပြုံးလျက် ခေါင်းခါ၏၊ "ခင်ဗျားပြောတာ လုံးဝမှန်ပေမယ့်လည်း ရှုယီ၊ ခင်ဗျား လက်တွေ့ကို မြင်ဖို့လိုတယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အလားအလာက ကျယ်ပြန့်နေရင်တောင် တစ်နှစ်ကို ငါးသိန်းနီးနီးလောက်ပဲ ဝင်ငွေရှိတဲ့ လုပ်ငန်းစုလေးပဲလေ။ ဒါက စတက်ဂျ်မိသားစုကို ပြောပြဖို့တောင် မထိုက်တန်နေတာကို ဘာကြောင့် ခင်ဗျားတို့လုပ်ငန်းစုနဲ့ ရင်ဆိုင်ဖို့ တစ်ယောက်ယောက်ကို အထူးတလည်ပို့နေဦးမှာလဲ?"
"ဘာကိုမှမကြောက်ပါဘူး၊ အဲဒါကိုပဲကြောက်တာ။" ရှုယီကပြောသည်။
"ခင်ဗျား ဒီအတွက် အဲ့ကောင်လေးလက်စ်လိုင်းကို ကျေးဇူးတင်ရမယ်။ သူကသာ စတက်ဂျ်မိသားစုဆီကနေ အမှန်တရားကို ခင်ဗျားအတွက်ကူဖုံးမပေးခဲ့ရင် ခင်ဗျားရဲ့ ပူပန်မှုတွေက လက်တွေ့ဖြစ်လာလိမ့်မယ်။" ကောင့်ထ်စီယန် က သက်ပြင်းချကာ ပြောသည်၊ "အခုတောင် သူက ဘာကြောင့် ခင်ဗျားကို ဒီလောက်ကြီး ကူညီမှန်းနားမလည်သေးဘူး၊ တကယ်တမ်း ကိစ္စတွေကို ရေရှည်တောင် စဉ်းစားနေခဲ့တာလေ။"
"ဗစ်ကောင့်ထ် လက်စ်လိုင်းက အမှန်တရားကို ဖုံးဖို့ ကျုပ်ကို ကူညီခဲ့တယ်?" ရှုယီက အံ့ဩသွား၏။ သူဟာ ဗစ်ကောင့်ထ်လက်စ်လိုင်း မထွက်သွားခင်ကပေးခဲ့သည့် အကြံကို စဉ်းစားမိကာ နားလည်သွားသည်။
ကြည့်ရသည်မှာ ဗစ်ကောင့်ထ်လက်စ်လိုင်းက သူ၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် တန်ဖိုးထားခြင်းကို စတက်ဂျ်မိသားစုထံဘယ်တုန်းကမှ မတင်ပြခဲ့သလို သူ၏အကဲဖြတ်မှုကိုပင် နှိမ့်ချထားခဲ့ပုံရသည်။ ထိုသည်က စတက်ဂျ်မိသားစုမှာ Frestech ကုန်သည်ကြီးများအသင်း၏အဖိုးတန်မှုကို အကဲဖြတ်မှားသွားစေကာ အရေးမထားသည့်အထိ ဖြစ်သွားစေ၏။
ယခင်တစ်ခေါက် စတက်ဂျ်မိသားစုထံမှ အစေခံသုံးရာက သက်သေပင်။
ဗစ်ကောင့်ထ်လက်စ်လိုင်းe၏ သတိပေးချက်များအရ ရှုယီမှာ ထိုအစေခံသုံးရာကို Frestech ကုန်သည်ကြီးများအသင်း၏ အမြုတေနည်းပညာအား ထိခွင့်မပြုခဲ့ပေ။ သူဟာ ထိုအစေခံများအား ရိုးရှင်းသည့် အလုပ်တချို့ကိုသာ လုပ်စေခဲ့သည်။
ထိုအစေခံသုံးရာမှာ အိမ်သုံးမှော်စက်အလုပ်ရုံမှ ထွက်ခွာသွားပြီဖြစ်ရာ စတက်ဂျ်မိသားစုကလည်း မည်သူ့ကိုမှ ထပ်ပို့မလာတော့ချေ။
သို့သော် ရှုယီက အနည်းငယ် ရှုပ်ထွေးနေဆဲပင်။
"ဗစ်ကောင့်ထ်လက်စ်လိုင်းက ဒါကိုဖုံးကွယ်ထားခဲ့ရင်တောင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက နိုင်ငံမှာ အတော်လေးကျော်ကြားမှုရှိနေပြီလေ။ စတက်ဂျ်မိသားစုအနေနဲ့ ကျုပ်တို့ကို မစုံစမ်းဘူးဆိုတာမဖြစ်နိုင်တော့ ဘယ်လိုလုပ် ဒီလိုသဘောထားမျိုးရှိနေရတာလဲ?"
"ဒါက ကျုပ်ပြောခဲ့တဲ့ ဒုတိယတစ်ခုပဲ။ ရှုယီ၊ ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းအပေါ်မှာ အရမ်း အထင်သေးနေပြီ။" ကောင့်ထ်စီယန်က ရယ်နေသည်ကိုရပ်တန့်ကာ ခဏကြာသော် လေးနက်နေဟန်ဖြင့် ဆိုလာ၏၊ "Frestech ကုန်သည်ကြီးများအသင်းက လတ်တလောမှာ မကြီးမားပေမယ့်လည်း ခင်ဗျားက ဘုရင်ကြီးနဲ့တောင် တွေ့ဆုံခဲ့ပြီး ဘုရင်ကိုကိုယ်စားပြုတဲ့ စီးပွားရေးဌာနနဲ့လည်း ပူးပေါင်းသဘောတူညီမှုမှာ လက်မှတ်ထိုးထားတယ်လေ။ စိုက်ပျိုးရေးဌာနက ဒါကို ကြေညာလိုက်တဲ့အချိန်မှာ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက မျိုးရိုးမြင့်တွေကြားမှာ ကျော်ကြားလာနေပြီးသားပဲ။
ဘုရင်ကြီးက စိုက်ပျိုးရေးသုံးမှော်စက်တွေကို စိုက်ပျိုးရေးဌာနကနေတစ်ဆင့် ရေပန်းစားစေချင်တာကြောင့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းရမှာပဲ။ နိုင်ငံအတွင်းက နယ်မြေရှိတဲ့ မျိုးရိုးမြင့်တွေအနေနဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ ပူးပေါင်းတာကို ရှောင်ကွင်းလို့မရနိုင်ဘူး။ စတက်ဂျ်မိသားစုက နိုင်ငံမှာ နယ်မြေအများဆုံးရှိတဲ့ မျိုးရိုးမြင့်မိသားစုကြီးပဲ၊ ဒါကြောင့် ဘုရင်ကြီးရဲ့အစီစဉ် သက်ရောက်မှုကိုခံရမယ့် ပထမဆုံးလူက သူတို့ပဲ။ အားလုံးက အခုဆို သူတို့ကို အာရုံစိုက်လာကြပြီလို့တောင်ပြောလို့ရတယ်၊ ဒါကြောင့် ဒီအချိန်မှာ သူတို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်ဖို့ မဖြစ်နိုင်ဘူး။"
ရှုယီက အံ့ဩသွား၏၊ "ဒါဆို ဘာလို့ သခင်အသစ်ဘာရွန်က ကျုပ်တို့ လုပ်ငန်းစုကို အထင်သေးနေရတာလဲ?"
ကောင့်ထ်စီယန်က စဉ်းစားပြီးမှ ဖြေလာသည်၊ "ဘာရွန်ဘယ်လီနဲ့ ကျုပ်ရဲ့ အဆက်အသွယ်အရ သူ့ရဲ့အကျင့်စရိုက်က ဒီလိုဖြစ်တာကြောင့်လည်းဖြစ်နိုင်တယ်။ စတက်ဂျ်မိသားစု သူ့ကို ဒီနေရာပို့လိုက်ရတဲ့ အကြောင်းရင်းကတော့ စတက်ဂျ်မိသားစုရဲ့ ကိစ္စဖြစ်တာမို့ ကျုပ်လည်း မဖြေနိုင်ဘူး။"
ရှုယီက ၎င်းကို တွေးဆပြီးသော် အသာခေါင်းငြိမ့်လိုက်၏၊ "ကောင်းပြီလေ၊ ကျုပ်နားလည်ပါတယ်။ မြို့စားအရှင်ရဲ့ အကြံဉာဏ်အတွက် ကျေးဇူးပါ။"
ကောင့်ထ်စီယန်၏ သုံးသပ်ချက်အရ စတက်ဂျ်မိသားစုမှာ Frestech ကုန်သည်ကြီးများအသင်းထံ အာရုံစိုက်နေဆဲဖြစ်ပါသော်လည်း ၎င်း၏ တန်ဖိုးအစစ်ကို ရှင်းရှင်းလင်းလင်းနားမလည်သေးချေ။
စတက်ဂျ်မိသားစုအတွက် Frestech ကုန်သည်ကြီးများအသင်းက ကံကောင်းရုံသာဖြစ်နိုင်ပေသည်။ ၎င်းတို့မှာ ဘုရင်ကြီး၏ အသိအမှတ်ပြုမှုကိုရရှိရန် ထုတ်လုပ်ခဲ့သည့် စိုက်ပျိုးရေးသုံးမှော်စက်တချို့အပေါ်မှီခိုခဲ့ပြီး ၎င်းက ထိုမျှ ကြီးမားသော မှာယူမှုကိုရရှိခဲ့သည်။
အဆုံး၌ Frestech ကုန်သည်ကြီးများအသင်းမှာ လုပ်ငန်းစုငယ်လေးသာဖြစ်၏။
ဘာရွန်ဘယ်လီအရ ၎င်းမှာ ဘန်တာမြို့၏ ထိပ်ဆုံး၌ပင် မရပ်တည်နိုင်သည့် လုပ်ငန်းစုငယ်လေးသာဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ဖယ်လ်ချောင် ကုန်သည်ကြီးများအသင်းလိုသာ လမ်ပူရီတိုင်းပြည်တဝှမ်း လွှမ်းမိုးနိုင်ကာ ဂျိုးလ်မိသားစုနောက်ခံရှိပါလျှင် စတက်ဂျ်မိသားစုမှ ၎င်းတို့ထံ အာရုံစိုက်လာမည်ကို ထုတ်ပြောနေရန်ပင် မလိုပါချေ။
Frestech ကုန်သည်ကြီးများအသင်းမှာမူ အရည်အချင်းမမီချေ။
"ကျုပ် ဝမ်းသာရမှာလား စိတ်ပျက်ရမှာလား?" ရှုယီက ခါးသက်သက် ပြုံးလိုက်၏။
ကောင့်ထ်စီယန်က ရှုယီ၏ ပခုံးကိုပုတ်ကာ ခပ်သာသာပြုံးပြလိုက်၏၊ "များများစားစားမတွေးပါနဲ့။ ကျုပ်က ခင်ဗျားနဲ့ ခင်ဗျားရဲ့လုပ်ငန်းစုကို အတော်လေးသဘောကျတာက အဲ့ကောင်လေး လက်စ်လိုင်းနဲ့ ထပ်တူပါပဲဆိုတာကို သိဖို့ပဲ လိုတာပါ။ ဘုရင်ကြီးရဲ့သဘောထားက အရမ်းမသေချာပေမယ့် ဘုရင်မ(ဆယ်ဗီနီ)ရဲ့ သဘောထားကိုသုံးသပ်ရရင် ဘုရင်ကြီးကလည်း ခင်ဗျားနဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို သဘောကျနေလောက်ပါတယ်။ စိုက်ပျိုးရေးမှော်စက်တွေကို နိုင်ငံမှာ ဖြန့်ချိလိုက်ချိန်ဆိုရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဟာ နိုင်ငံမှာ စစ်မှန်တဲ့အုတ်မြစ်ရှိလာမှာပါ။ လူတိုင်းက ခင်ဗျားကို ဆန့်ကျင်ချင်သလားကို စဉ်းစားရမှာဖြစ်တာကြောင့် ဒီအုတ်မြစ်ကို စိုးရိမ်နေဖို့ လိုသေးလို့လား?"
ရှုယီ ချင့်ချိန်ကြည့်လိုက်ပြီး အပြုံးဖြင့် ခေါင်းငြိမ့်ပြ၏။
"မြို့စားအရှင်က မှန်ပါတယ်၊ ကျုပ်တို့ ဒီကိစ္စပြီးသရွေ့ကတော့ ဘာကိုမှ စဉ်းစားဖို့ လိုမှာမဟုတ်ပါဘူး။" ရှုယီက ကောင့်ထ်စီယန်ကို ကြည့်ကာ အသေအချာမေးလာသည်၊ "မြို့စားအရှင်၊ ကျုပ်နဲ့ ကျုပ်ရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့ပေးတာအတွက် အရမ်းကျေးဇူးတင်ရပါတယ်၊ ဒါပေမယ့် ဘာကြောင့် ခင်ဗျားက ကျုပ်တို့ကို ဒီလိုထောက်ပံ့ပေးရတာလဲဗျ?"
"ခင်ဗျား ဒါကိုတောင်နားမလည်ဘူးလား? အဲ့ကောင်လေး လက်စ်လိုင်းပြောခဲ့တဲ့ ခင်ဗျားက နိုင်ငံရေးမှာ တုံးအတယ်ဆိုတာ အံ့ဩစရာမရှိတော့ပါဘူး၊ သူလုံးဝမမှားဘူးပဲ။" ကောင့်ထ်စီယန်က သက်ပြင်းချကာ ပြောသည်၊ "ဒါက အရမ်းကိုရိုးရှင်းပါတယ်။ ပထမဆုံးအနေနဲ့ ဒါကို အမြင်ကျယ်ကျယ်နဲ့ ကြည့်ကြည့်ရင် ကျုပ်တို့ လမ်ပူရီတိုင်းပြည်ကြီးက ပိုအားကောင်းလာမယ်လို့ မျှော်လင့်တာကြောင့် ကျုပ်က ဘုရင်ကြီးကို ထောက်ပံ့တာပါ။"
"ဒုတိယ၊ ကျုပ်ရဲ့ ကိုယ်ပိုင်အမြင်ကနေဆိုရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက လုပ်သားငါးရာကို စုဆောင်းခဲ့ပြီး သူတို့ရဲ့ ဝင်ငွေတွေကလည်း အတော်ကောင်းတော့ မိသားစု ငါးရာရဲ့ နေ့စဉ်ပြဿနာကို ဖြေရှင်းပေးဖို့ လုံလောက်တယ်။ ဒါက ဘန်တာမြို့ကို တည်ငြိမ်စေဖို့ အတော်လေး အကူညီဖြစ်တယ်လေ။ ပြီးတော့ ခင်ဗျားရဲ့ အစီစဉ်အရ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ရှေ့လျှောက်လည်း အလုပ်သမား ထောင်ချီ ဒါမှမဟုတ် သောင်းချီကျော်ကို ခန့်မှာပဲ။ ဒါသာ လက်တွေ့ဖြစ်လာရင် ကျုပ်တို့ ဘန်တာမြို့တော်သားတွေက မြန်မြန်ဆန်ဆန်ပဲ ချမ်းသာလာပြီး ကျုပ် မြို့စားအတွက်လည်း လွယ်ကူတာပေါ့။ ပြီးတော့ ဒိလိုရလာဒ်ဖြစ်လာရင် နိုင်ငံမှာရှိတဲ့ ကျုပ်ရဲ့ဂုဏ်ပုဒ်ကလည်း မြင့်လာမယ်မဟုတ်လား?"
ရှုယီက နားလည်သွားသည်။ ဤသည်သာ ကမ္ဘာမြေဆိုပါလျှင် ၎င်းကို နိုင်ငံရေးအောင်မြင်မှုဟု ဆိုနိုင်၏။
အမှန်ကိုပင် သူ၏အစီစဉ်အရ Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုနှင့်ဆိုလျှင် ဘန်တာမြို့တော်၏ ဒေသခံများမှာ လယ်မြေများမှ လွတ်မြောက်ပြီး စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြမည်ဖြစ်၏။
ဘန်တာမြို့၏ အလုံးစုံမှာလည်း စက်မှုလုပ်ငန်းနယ်ပယ်၌ ရှိလာချိန်တွင် ဒေသခံများမှာ တည်မြဲသညိ့ဝင်ငွေများရလာကာ လူတိုင်း၏ အခြေခံဘဝနေထိုင်မှုကိုလည်း အလွယ်တကူ အာမခံနိုင်လာလိမ့်မည်။
အားမကောင်းသလို လူများစွာ ဝမ်းစာမဖြည့်နေနိုင်သည့် လမ်ပူရီတိုင်းပြည်အတွက် ထိုသည်က တောက်ပနေသည့်အောင်မြင်မှုကြီးပင်။
ထိုသို့တွေးရင်း ရှုယီမှာ ကောင့်ထ်စီယန်ကို မနေနိုင်ဘဲ ပြောလိုက်သည်၊ "မြို့စားအရှင်၊ စတက်ဂျ်မိသားစုက ကျုပ်တို့လုပ်ငန်းစုကို ခင်ဗျားလိုသဘောမကျတာ ကိစ္စကောင်းပဲ မဟုတ်လား၊ မဟုတ်လို့ ကျုပ်စိုးရိမ်နေရင် တကယ်ဖြစ်လာလိမ့်မယ်”
ကောင့်ထ်စီယန်က အသာပြုံးကာ၊ "ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်မျက်လုံးအောက်မှာရှိနေတာကို၊ ဘယ်သူက ဒါကို ကျုပ်ထက်ပိုကောင်းကောင်းနားလည်မှာလဲ? ခင်ဗျားရဲ့စိုးရိမ်မှုတွေအတွက် သူတို့ကို စွန့်လွှတ်လိုက်ပါ။ အခုခင်ဗျားလုပ်သင့်တာက Frestech ကုန်သည်ကြီးများအသင်းကို ကောင်းကောင်းတိုးတက်စေဖို့ပဲ။ မမေ့နဲ့၊ ခင်ဗျား သန်မာလာနေသရွေ့ ကြောက်စရာဘာမှမရှိဘူး။"
ရှုယီက ခေါင်းငြိမ့်လိုက်တော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၂၉။ ထုတ်ကုန်ဖလှယ်ခြင်း
ကောင့်ထ်စီယန်မှာ လုံးဝမှန်သည်ဟု ပြော၍ရသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ လူများလာရှုပ်ရမည်ကို တုံ့ဆိုင်းနေရလောက်အောင်အထိ ပိုမိုသန်မာလာသရွေ့ ရှုယီအနေနှင့် တစ်နေ့ ၎င်းတို့ကို မျိုးရိုးမြင့်မိသားစုကြီးတစ်ခုမှ ဝါးမြိုမည်ကို စိုးရိမ်ရလိမ့်မည်မသးဟုတ်ချေ။
သို့သော် "ဘန်တာမြို့ကဲ့သို့ မြို့လေး၏ ထိပ်ဖျား၌ရပ်တည်ရန်ပင်" မတတ်နိုင်သည့် Frestech ကုန်သည်ကြီးများအသင်းအတွက် ၎င်းက အင်မတန်ရှည်လျားမည့်လမ်းဟူသည်မှာ သံသယပင်မလိုချေ။
မှန်ပါသည်၊ အစားအစာကို တစ်လုပ်ချင်းစီစားရမည်ဖြစ်သလို လမ်းကိုလည်း တစ်လှမ်းစီလျှောက်ရမည်၊ လူတစ်ယောက်မှာ လုံးဝအလျင်လိုနေ၍မရပေ။
Frestech ကုန်သည်ကြီးများအသင်းက အမြန်နှုန်းနှင့် တိုးတက်နေသည်မှာ ကိစ္စကောင်းပါပင်။ ယခင်နှစ် တည်ထောင်စကနှင့်ယှဉ်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ အဆများစွာ ပိုမိုသန်မာလာပေပြီ။
အရိုးရှင်းဆုံးသော နှိုင်းယှဉ်နည်းမှာ အရေအတွက်များနှိုင်းယှဉ်ရန်သာ။
ယခင်နှစ်က Frestech ကုန်သည်ကြီးများအသင်းအား တည်ထောင်ချိန်တွင် ပထမလ၌ စုစုပေါင်းမှော်ပန်ကာ တစ်ထောင်လောက်သာ ရောင်းခဲ့ရပြီး ရွှေဒင်္ဂါးနှစ်ထောင်နီးနီးသာရရှိခဲ့၏။
ယခင်က ရှုယီမှာ အပြင်ဖုံးများဖန်တီးရန် မြို့ထဲရှိ ပန်းပဲဆရာများကို သုံးခဲ့ရသည်မှာ ကုန်ကျစရိတ်မြင့်လှသည်။ ထို့ကြောင့် အရာအားလုံးကို တွက်ချက်ကြည့်လျှင် နောက်ဆုံးသော အသားတင်အမြတ်ငွေမှာ ရွှေဒင်္ဂါး ငါးရာပင် မပြည့်ပေ။
ထိုစဉ်က ၎င်းမှာ ရှုယီနှင့် ဟိန့်ဇ်တို့အတွက် ပမာဏကြီးတစ်ခုဖြစ်သော်လည်း လက်ရှိ Frestech ကုန်သည်ကြီးများအသင်းနှင့် ယှဉ်ပါလျှင်မူ လစဉ် သုတေသနဌာနအတွက် ပစ္စည်းများ ဝယ်ယူရန်လိုအပ်သည့်ပမာဏလောက်ပင် မရှိချေ။
ဆာဘက်စ်၏ ဧပြီလ ဘဏ္ဍာရေးတင်ပြချက်အရ ယခု Frestech ကုန်သည်ကြီးများအသင်း၌ အမြတ်စွန်းအတော်လေး ရှိနေပြီပင်။
၎င်းတို့အကြားတွင် အိမ်သုံးမှော်စက်များဖြစ်သည့် အလိုအလျောက်မှော်ထမင်းပေါင်းအိုးနှင့် မှော်မီးအိမ်တို့ထံမှ တည်ငြိမ်သည့်ရောင်းအား ပါဝင်နေ၏။
၎င်းတို့အား ဖြန့်ချိလိုက်စက တဟုန်ထိုးရောင်းအားအပြင် ဧပြီလ၌ ရောင်းချခဲ့သည့် အလိုအလျောက်မှော်ထမင်းပေါင်းအိုးများမှာ ခြောက်ထောင့်ခုနစ်ရာလေးဆယ့်ရှစ်လုံးရှိပြီး အမြတ်ငွေစုစုပေါင်းမှာ ရွှေဒင်္ဂါးတစ်သောင်းသုံးထောင်နီးနီးရှိ၏။ မှော်မီးအိမ်အလုံးရေကိုမူ ရှစ်ထောင့်နှစ်ရာ့ဆယ့်တစ်လုံးရောင်းရခဲ့ကာ အသားတင်အမြတ်ငွေမှာ ရွှေဒင်္ဂါးငါးထောင်ကျော်သာရှိသည်။
ထို့အပြင် လမ်ပူရီတိုင်းပြည်ရှိ အခြားနေရာများသို့ ပျံ့နှံ့နေသည့် Frestech ကုန်သည်ကြီးများအသင်း၏ ကျော်ကြားမှုကြောင့် ဘန်တာမြို့တော်ကနေ၍ ကီလိုမီတာလေးရာကျော်ဝေးသည့် မြို့များထံမှ ကုန်သည်များသည်ပင် လာရောက် မှာယူကြသည်။ ယခုတွင် ထိုမှော်စက်နှစ်မျိုး၏ ရောင်းအားက ဆက်လက်ကြီးထွားနေဆဲဖြစ်၏။
၎င်းအပြင် ဧပြီလ၌ ထွက်လာသည့်မှော်ပေါင်မုန့်မီးကင်စက်၏ ရောင်းအားကလည်း ထိတ်လန့်ဖွယ်ပင်။
ဧပြီလလယ်တွင် ထုတ်ကုန်ပြပွဲအားကျင်းပခဲ့ပြီး အချက်အလက်များအရ ထိုဧပြီလဝက်၌ မှော်ပေါင်မုန့်မီးကင်စက် အလုံးရေ တစ်သိန်းငါးသောင်းကျော် ရောင်းချခဲ့ရသည်။
လမ်ပူရီတိုင်းပြည်၏ အဓိက အစားစာရင်းမြစ်မှာ ပေါင်မုန့်ဖြစ်သည့် အချက်အပြင် ပိုအရေးကြီးသည့်အရာက လူတိုင်းရှေ့၌ နတ်သူငယ်မလေး အက်ဂ်နက်စ်ထွက်ပေါ်လာသည့် သတင်းထူးကြီး၏ သက်ရောက်မှုကြောင့်ပါပင်။
မှော်ပေါင်မုန့်မီးကင်စက်၏ ဈေးနှုန်းမှာ ရွှေဒင်္ဂါးလေးပြားရှိပါသော်လည်း ၎င်းက ရွှေဒင်္ဂါးတစ်ပြားခွဲမျှသာ ကုန်ကျပေသည်။ ထို့ကြောင့် ထိုမှော်ပေါင်မုန့်မီးကင်စက်၏ အသားတင်အမြတ်ငွေမှာ ကြောက်မက်ဖွယ် ရွှေဒင်္ဂါး သုံးသိန်းခုနစ်သောင်းအထိရှိခဲ့၏!
အိမ်သုံးမှော်စက်အလုပ်ရုံက အချိန်တိုလေးအတွင်း ထိုကြောက်မက်ဖွယ်ပမာဏကို ဆက်လက်မထိန်းထားနိုင်ခဲ့ခြင်းကြောင့် ထိုအမြတ်ငွေက လျော့သွားခြင်းဖြစ်သော်လည်း ၎င်းကဲ့သို့ ကြောက်မက်ဖွယ်ပုံရိပ်က ရှုယီကို ပိုလို့ပင် အံ့ဩသွားစေသည်။
၎င်းတို့အားလုံးကို ရေတွက်ကြည့်သော် ဧပြီလအတွင်း အိမ်သုံးမှော်စက်အလုပ်ရုံ၏ အသားတင်အမြတ်ငွေမှာ ရွှေဒင်္ဂါးလေးသိန်းနီးနီးရှိ၏!
အိမ်သုံးမှော်စက်အလုပ်ရုံနှင့် ယှဉ်ပါလျှင် မှော်စက်အလုပ်ရုံထံ၌ အသားတင်အမြတ်ငွေများက ပိုလို့ပင် များနေသေးသည်။
ဥပမာ စိုက်ပျိုးရေးဌာနနှင့် လက်မှတ်ထိုးခဲ့သည့် စိုက်ပျိုးရေးသုံးမှော်စက် သုံးသောင်းအတွက် စာချုပ်တွင် ထိုမှာယူမှု၏ တန်ဖိုးက ကြောက်မက်ဖွယ် ရွှေဒင်္ဂါး တစ်သန်းခုနစ်သိန်းအထိ ရောက်ရှိသွားသည်။
ကုန်ကျစရိတ်ကိုဖယ်လိုက်သော် Frestech ကုန်သည်ကြီးများအသင်း၏ အသားတင်အမြတ်ငွေက ရွှေဒင်္ဂါးတစ်သန်းကို ကျော်လွန်နေပြီဖြစ်သည်။
ထိုသည်က မှာယူမှုတစ်မျိုးလေးမှသာပင်။
စိုက်ပျိုးရေးဌာနမှ မှာယူမှုအပြင် မှော်စက်အလုပ်ရုံက အခြားမှာယူမှုများကိုလည်း လက်ခံခဲ့သေးသည်။ အကြီးဆုံးမှာ မှော်တူးစက် တစ်သောင်းမှာယူခဲ့သည့် ဖယ်လ်ချောင် ကုန်သည်ကြီးများအသင်းနှင့်ဖြစ်၏။ ထိုဈေးနှုန်းက ရွှေဒင်္ဂါး ခုနစ်သိန်းရှစ်သောင်းဖြစ်ကာ တွက်ချက်ထားသည့် အသားတင်အမြတ်ငွေ ငါးသိန်းနီးနီးအထိဖြစ်၏။
ကျန်သည်မှာ မှော်ကွန်ကရစ်ဖျော်စက်များ၊ မှော်ကွန်ကရစ်ဖြန်းစက်များနှင့် အခြားကွန်ကရစ်နှင့်ဆိုင်သည့် အမ်ရစ် ကုန်သည်ကြီးများအသင်းမှာယူထားသည့် မှော်စက်များပင်။ ၎င်းက ရွှေဒင်္ဂါး ခြောက်သိန်းသုံးသောင်းဈေးနှုန်းရှိ၏။ Frestech ကုန်သည်ကြီးများအသင်းက ထိုမှော်စက်များကို သုတေသနလုပ်ခြင်းမပြီးပြတ်သေးရာ အသားတင်အမြတ်ငွေစုစုပေါင်းကို မတွက်နိုင်သေးပါသော်လည်း ခန့်မှန်းခြေက အနည်းဆုံး ရွှေဒင်္ဂါးသုံးသိန်းတော့ကျော်မည်ပင်
ထိုဖောက်သည်ကြီးနှစ်ဦးအပြင် မှော်စက်မှုနယ်ပယ်သို့ ဝင်လိုသည့် လုပ်ငန်းစုငယ်လေးများစွာလည်းရှိရာ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းဆီမှ ထုတ်လုပ်ရေး မှော်စက်များဝယ်ယူကြသည်။ ရှုယီအနေနှင့် ၎င်းတို့အားလုံးကိုသဘောတူကာ ထုတ်လုပ်ရေးမှော်စက်စုစုပေါင်း သုံးထောင့်ခြောက်ရာလေးဆယ့်တစ်လုံးရောင်းချပြီး အမြတ်ငွေ နှစ်သိန်းနီးပါးရရှိခဲ့သည်။
၎င်းတို့ကို ပေါင်းကြည့်ပါလျှင် မှော်စက်အလုပ်ရုံမှာ အမြတ်ငွေ နှစ်သန်းကျော်ကျော် ဝင်ခဲ့၏!
မှန်ပါ၏၊ မှော်စက်အလုပ်ရုံ၏ အကန့်အသတ်များကြောင့် ထိုအမှာစာများအတွက် အချိန်က အင်မတန်ရှည်လျားသည်။ ဥပမာ၊ စိုက်ပျိုးရေးဌာနအတွက် မှာယူမှုမှာ နောက်နှစ်နွေရာသီအတွက်ပင်။ ထို့ကြောင့် ၎င်းကို လများအဖြစ်ခွဲထုတ်လိုက်ပါက မှော်စက်အလုပ်ရုံ၏ အသားတင်အမြတ်ငွေမှာ အိမ်သုံးမှော်စက်အလုပ်ရုံနှင့် မယှဉ်နိုင်ချေ။
ကမ်ဘီမှာ ၎င်းကြောင့် အနည်းငယ်စိတ်ဓာတ်ကျနေ၏။
"ဥက္ကဌ၊ ကျုပ်နဲ့ ညီနောင်တွေက တစ်နေ့စီတိုင်းမှာ သေအောင်အလုပ်လုပ်ပါတယ်၊ ဒါဆိုဘာလို့ ဟိန့်ဇ်တို့ဘက်ကလောက် ငွေများများမဝင်နိုင်ရတာလဲ?" ကမ်ဘီက ရှုယီထံ ညည်းညူလာသည်။
အိမ်သုံးမှော်စက်အလုပ်ရုံ၏ မန်နေဂျာမှာ လက်ရှိတွင် အန်းခေါ့ထ် ဖြစ်လျှင်သော်မှ ကမ်ဘီမှာ ဟိန့်ဇ်အား အိမ်သုံးမှော်စက်အလုပ်ရုံဟု ခေါ်ဆိုသည်ကို ကျင့်သားရနေပြီးသားပင်။
"မှော်စက်တွေရဲ့ အသိပညာကို လူတိုင်းက လက်မခံကြသေးတော့ ခင်ဗျားလည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ မှော်စက်အလုပ်ရုံရဲ့ အထူးပြုမှော်စက်တွေနဲ့ယှဉ်ရင် အိမ်သုံးမှော်စက်တွေကိုကျတော့ လူအများစု အလွယ်တကူလက်ခံနိုင်ပြီး အလွယ်လေးရောင်းချနိုင်အောင် ဒီဇိုင်းဆွဲထားခဲ့တာပဲ။" ရှုယီက သူ့ကို နှစ်သိမ့်လိုက်၏။
"ဒါဆို ခင်ဗျားအပြောကိုသုံးသပ်ရရင်၊ ဒါတွေကို လက်ခံဖို့ပိုလွယ်ပြီး သာမန်လူတွေက ပိုသုံးကြတော့ စိုင်စ်နယ်မြေက လူတိုင်း သူတို့အကြောင်းသိပြီး လက်ခံနေကြချိန်မှာ ကျုပ်တို့မှော်စက်အလုပ်ရုံက မယှဉ်နိုင်ဘူးလား?" ကမ်ဘီက စိတ်ပျက်စွာပြောလာသည်။
"မဟုတ်ဘူးပေါ့" ရှုယီက ကမ်ဘီ၏ ပခုံးကိုပုတ်ကာ သေချာသည့်အသံဖြင့်ဆို၏၊ "အိမ်သုံးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ မှော်စက်တွေက မတူညီတဲ့ နှစ်မျိုးပဲ၊ ဘယ်တစ်ခုက ပိုအားကောင်းတယ်ဆိုတာကို ဆွေးနွေးလို့မရနိုင်ဘူး။ အခုက လူတိုင်းဟာ အလွယ်လေးပိုရောင်းရတာမို့ အိမ်သုံးမှော်စက်တွေကို အလွယ်လေးလက်ခံကြတယ်။ ဒါပေမယ့် တခြားလုပ်ငန်းစုကြီးတွေက မှော်စက်တွေရဲ့ အင်အားကိုသိလာတဲ့အချိန်ကျရင် စက်မှုလုပ်ငန်းသုံးမှော်စက်တွေရဲ့နယ်ပယ်က ပိုမိုကြီးမားလာမှာပဲ။ ကြည့်ပါဦး၊ ဖယ်လ်ချောင် ကုန်သည်ကြီးများအသင်းက ဒီမှော်တူးစက်တွေအပေါ်မှာ ရွှေဒင်္ဂါးခုနစ်သိန်းသုံးခဲ့တယ်။ ကျုပ်တို့သာ အကြီးစားမိုင်းတူးမှော်စက်တွေကို သုတေသနလုပ်ပြီးရင် သူတို့တွေအတွက် ရွှေဒင်္ဂါးခုနစ်သန်းကျော်သုံးဖို့ကတောင် ထူးဆန်းလိမ့်မှာ မဟုတ်တော့ဘူးလို့ ကျုပ်ကတိပြုရဲတယ်။"
ကမ်ဘီက ရှုယီကို တအံ့တဩကြည့်ကာ၊ "ရွှေဒင်္ဂါးခုနစ်သန်း? ဒီလောက်တောင်? ကျုပ်ပြောမယ် ဥက္ကဌ၊ ခင်ဗျားကျုပ်ကို နှစ်သိမ့်ဖို့အတွက် ချဲ့ကားပြောစရာမလိုပါဘူး၊ ဟုတ်ပြီလား?"
ရှုယီက မျက်လုံးလှိမ့်လိုက်ကာ၊ "ကျုပ်က ခင်ဗျားလို လူပုလေးတစ်ယောက်ကို ချဲ့ကားပြောဖို့ စိတ်ဝင်စားနေမှာလား? ဟုတ်ပြီ ကျုပ်ကိုယုံ၊ ဒါကသေချာပေါက်ဖြစ်လာမှာ၊ ဒါပေမယ့် လတ်တလောတော့ လွဲနေတဲ့တစ်ခုရှိသေးလို့။"
ရှုယီက အကျင့်အတိုင်း အက်ဂ်နက်စ်၏ နာမည်ကို ခေါ်လိုက်သော်လည်း အက်ဂ်နက်စ်က သူ့နောက်တွင်ပေါ်လာသည်ကိုမြင်သော် လန့်ဖျပ်သွားသည်။
"ဒီတော့ ခင်ဗျားကိုယ်ခင်ဗျား ဖုံးကွယ်မထားဘူးပေါ့။" အက်ဂ်နက်စ်က အသံတစ်သံဖြင့် ထွက်လာရာ ရှုယီကို ထိတ်လန့်သွားစေသည်။
အက်ဂ်နက်စ်က အပြစ်ကင်းစင်ဟန်ဖြင့်၊ "ဥက္ကဌ၊ ရှင်ပဲ ပုန်းနေတာကနေ ကျွန်မကို ထွက်လာစေချင်ပြီး အားလုံးရှေ့ ထွက်ပြစေချင်တာမဟုတ်ဘူးလား?"
ရှုယီက ခေါင်းငြိမ့်ကာ၊ "အန်း၊ ကျုပ်ပြောခဲ့တော့ ဒီလိုလုပ်တာ ခင်ဗျားအတွက် မှန်ပါတယ်။ ကျုပ်ဘေးမှာပဲ ခင်ဗျားပုန်းနေတာကိုကျင့်သားရနေတော့ ရုတ်တရက်ကြီးကျုပ်နောက်ကနေပေါ်လာတာကို ကျင့်သားမရသေးလို့ပါ။ အင်း အက်ဂ်နက်စ်, ခင်ဗျားလှုပ်ရှားချိန်ဆို ဘာအသံမှမထွက်တော့၊ ခင်ဗျားသာ လုပ်ကြံသူတစ်ယောက် ဖြစ်လာရင် အတော်လေးသင့်တော်မယ်လို့ ကျုပ်ထင်တယ်။"
"လုပ်ကြံသူ? ဘာကြီးလဲ?" အက်ဂ်နက်စ်က သိလိုစွာ ခေါငါးစောင်းရင်း ရှုယီကိုကြည့်လာသည်။
နံဘေးရှိ ကမ်ဘီ၏ အမူရာက အတန်ငယ်ပြောင်းလဲသွားကာ ရှုယီ၏ ရှင်းပြလာမည့်အရေးကို ဖြတ်ပြောလိုက်သည်။ သူကရှုယီကိုမေး၏၊ "ဥက္ကဌ ခင်ဗျား အခုနလေးတင်ကမှ လွဲနေတယ်လို့ ပြောတဲ့အရာက ဘာများလဲ?"
အန်း? အိုး... မရှိမဖြစ်လိုနေတဲ့အရာက ပျောက်နေတာလေ ပြီးတော့ ဒါက သတ္တုပဲ။ ဥက္ကဌ ဖာဆက်ခ်က ကျုပ်တို့နေရာကို ခဏတိုင်းလာနေတယ်ဆိုတာ သတိထားမိလား?"
ကမ်ဘီက ခေါင်းငြိမ့်ကာ၊ "အန်း၊ သူတို့ရဲ့ ထုတ်လုပ်ရေးမှော်စက်တွေမှာ မတိုင်ခင်က ပြဿနာလေးတွေရှိနေတာကြောင့်ပဲ။ သူတို့အတွက် ပြင်ပြီး ကောင်းကောင်းထိန်းသိမ်းပေးဖို့ ညီအကိုတချို့ကိုပါ အဲ့ဒီကို လွှတ်ပေးဖို့ စဉ်းစားထားသေးတယ်။"
ရှုယီက လက်ယမ်းကာ ပြောသည်၊ "ဒါက နည်းလမ်းကောင်းမဟုတ်ဘူး။ နောက်တစ်ခေါက် ဥက္ကဌဖာဆက်ခ်လာတဲ့အခါ ကျုပ်ဒီမှာမရှိရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကနေ သူ့ကို ထုတ်လုပ်ရေးမှော်စက်အသစ်တစ်သုတ် ထောက်ပံ့ပေးနိုင်တယ်လို့သာ ပြောလိုက်ပါ။ ပြီးတော့ နောက်ဆုံးပေါ်မော်ဒယ်တွေရှိပြီး အဟောင်းတွေထက် ပိုကောင်းပါတယ်လို့။"
ကမ်ဘီက မျက်မှောင်ကုပ်လျက်၊ "သူသေချာပေါက် သဘောမတူလောက်ဘူး။ ကျုပ်တို့သူ့ကို အဲဒီထုတ်လုပ်ရေးမှော်စက်တွေရောက်းတုန်းက သုံးနှစ်အခမဲ့ပြင်ပေးဖို့ ကတိပေးထားတယ်လေ။ သူ့ကို နောက်ထပ်တစ်သုတ်ရောင်းရင် အဲ့လောက်ရွှေဒင်္ဂါးများများ ပေးချင်လောက်မှာ မဟုတ်ဘူး။"
"ရောင်းမယ်လို့ ဘယ်သူပြောလို့လဲ?" ဒါက ဖလှယ်တာပါ။ လုံးဝကြီးတော့ အခမဲ့မဟုတ်ပေမယ့်ပေါ့။ သူ့ကို အဟောင်းနဲ့ အသစ်ကြားမှာ သိပ်များများစားစားတော့မဟုတ်ပေမယ့် မတူတာရှိတယ်လို့သာပြောလိုက်ပါ။ သူတို့ရဲ့ ဖာဆက်ခ်ကုန်သည်ကြီးများအသင်းမှာက ထုတ်လုပ်ရေးမှော်စက်ပေါင်းငါးဆယ်ရှိတော့ စက်တစ်လုံးကို ရွှေဒင်္ဂါးဆယ်ပြားဆိုရင် ရွှေဒင်္ဂါးငါးရာထက်ပိုမကျပါဘူး။ သူသေချာပေါက် သဘောတူလိမ့်မယ်။"
ကမ်ဘီက ကြောင်အသွားကာ၊ "ဒါဆို ကျုပ်တို့က အရှုံးများမှာမဟုတ်ဘူးလား? ကျုပ်တို့သာ ထုတ်လုပ်ရေး မှော်စက် အလုံးငါးဆယ်ရောင်းရင် ရွှေဒင်္ဂါးသုံးထောင်ကျော်ဝင်နိုင်တယ်လေ။ သူတို့ကို ရွှေဒင်္ဂါးငါးရာလောက်လေးနဲ့ ဖလှယ်ခွင့်ပြုချင်တာက သူ့အတွက် အရမ်းဈေးပေါမနေဘူးလား?"
"ခင်ဗျားအမြင်ကို ပိုဖွင့်ထားဖို့လိုသေးတယ်။" ရှုယီက ကြင်နာစွာပြောလိုက်သည်၊ "အဲ့ဒီထုတ်လုပ်ရေးမှော်စက်အဟောင်းတွေသာ ဖာဆက်ခ်ကုန်သည်ကြီးများအသင်းမှာ ဆက်ရှိနေတုန်း ပြဿနာတွေချည်းပဲဆက်ဖြစ်နေဦးမယ်ဆိုရင် ကျုပ်တို့လုပ်ငန်းစုရဲ့ ထုတ်ကုန်နာမည်က ရိုက်ခတ်မှုကြီးကြီးမားမားကို ခံစားရပြီး လူတွေကလည်း ကျုပ်တို့လုပ်ငန်းစုရဲ့ထုတ်ကုန်တွေကို မယုံမကြည်ဖြစ်လာလိမ့်မယ်။ ရေရှည်မှာဆိုရင် ရွှေဒင်္ဂါးထောင်နဲ့ချီပြီးတော့တောင် ဆုံးရှုံးရလိမ့်မယ်။"
ကမ်ဘီက ချင့်ချိန်ပြီးနောက် အသာခေါင်းငြိမ့်လာခဲ့သည်၊ "ဟုတ်သားပဲ။ လူသားတွေက ယုံကြည်ရလောက်တဲ့အရည်သွေးကို ဂရုမစိုက်ကြဘူး၊ ဒါကြောင့်ပဲ တခြားမျိုးနွယ်စုတွေကြားမှာ ဂုဏ်သတင်းဆိုးရှိနေတာပဲ... အို့ ဥက္ကဌ ကျုပ်က ခင်ဗျားကိုပြောတာမဟုတ်ပါဘူး။ ကျုပ်ရဲ့အဓိပ္ပာယ်က လုပ်ငန်းစုတစ်ခုကလည်း လူတစ်ယောက်လိုပဲမို့ ယုံကြည်လောက်တဲ့အရည်အသွေးက အရမ်းကို အရေးကြီးတယ်။"
ရှုယီက ရယ်ရမလား ငိုရမလားပင်မသိတော့ဘဲ ခေါင်းခါလိုက်ကာ ပြောလာသည်၊ "ဒီတော့ ရေတို အဆုံးရှုံးလေးတွေကို စိတ်မပူပါနဲ့။ ကျုပ်လည်း နောက်ကာလအတွက်၊ ကျုပ်တို့ ရောင်းထားပြီးသာထုတ်ကုန်တွေအတွက် ကနဦးအစီစဉ်လုပ်ထားပြီးသားပါ၊ ကျုပ် ထုတ်ကုန်ဟောင်းတွေကို တစ်ပတ်ရစ်ပြန်လုပ်မှာမို့ ထုတ်ကုန်သစ်တွေနဲ့ ဖလှယ်ရမယ်။"
ကမ်ဘီက မျက်မှောင်တင်းတင်းကုပ်လျက်၊ "ထုတ်လုပ်ရေးမှော်စက်အဆိုးတွေကို ပြန်ယူတာကတင် အတော်လေး ဆုံးရှုံးမှုများနေပေမယ့် ထုတ်ကုန်တွေအားလုံးအတွက်လုပ်မယ်ဆိုရင် ရွှေဒင်္ဂါးသိန်းနဲ့ချီပြီး ဆုံးရှုံးရလိမ့်မယ်။ ဆာဘက်စ်က သေချာပေါက် ခင်ဗျားရဲ့အကြံကို သဘောတူမှာမဟုတ်လောက်ဘူး။"
"စိတ်အေးအေးထားပါ ဆာဘက်စ်က ကပ်စေးနဲပေမယ့် ထက်မြတ်ပြီးတော့ ကျုပ်ရဲ့ဆိုလိုရင်းကို နားလည်မှာပါ။" ရှုယီက ပြုံးကာ ဆက်ပြောသည်၊ "ခင်ဗျားအစောတုန်းက မေးခဲ့တဲ့မေးခွန်းဆီ ပြန်သွားရရင် ကျုပ်တို့မှာအသုံးဝင်တဲ့ သတ္တုတွေမရှိတော့ ထုတ်ကုန်တွေက အသုံးမဝင်တာ ခံနိုင်ရည်မရှိတာတွေဖြစ်နေတာကြောင့် ဒီထုတ်ကုန်ကို ပြန်ခေါ်ပြီး ဖလှယ်ဖို့ သုံးရမှာပဲ။ ကျုပ်တို့ သတ္တုတွေသာ နည်းနည်းလောက်ပိုကောင်းပြီး ထုတ်လုပ်ရေးမှော်စက်တွေကလည်း ပိုပြီးခံနိုင်ရည်ရှိရင် ကျုပ်တို့ထုတ်ကုန်တွေလည်း နှစ်ပေါင်းများစွာ မပျက်စီးတော့မှာကြောင့် ဘယ်တစ်ခုမှ ပြဿနာရှိမှာမဟုတ်တော့ဘူး မဟုတ်လား?"
"အသေအချာပါပဲ။ ကြည့်ပါဦး သာမန်ဂေါ်ပြားလေးတစ်ခုက သုံးနှစ်လောက်သုံးပြီးတာတောင် မပျက်စီးတော့ လူတွေကလက်မှုပညာကို ချီးကျူးဖို့လုံလောက်တယ်။ ကျုပ်တို့ရဲ့ ထုတ်လုပ်ရေးမှော်စက်တွေကိုလည်း သံနဲ့လုပ်ထားတော့ မပျက်မစီးဘဲသာ နှစ်ပေါင်းများစွာသုံးနိုင်ရင် လူတွေလည်း ကောင်းကင်ဘုံထိတိုင် ချီးကျူးကြမှာပဲ။" ကမ်ဘီက သေချာသည့်အသံဖြင့်ဆို၏။
"အမှန်ပဲ၊ ဒါကြောင့် အရင်ဆုံး ဒီသတ္တုပြဿနာကို ဖြေရှင်းဖို့လိုတယ်။ ပြီးတော့ ဒါကလည်း နော်မာမျိုးနွယ်စုက ခင်ဗျားတို့ညီနောင်တွေရဲ့ ရလာဒ်ပေါ်မှာ အဓိက မူတည်နေတယ်။" ထိုသို့ဆိုကာ ရှုယီက ၎င်းတို့ကို တိတ်တဆိတ်နားထောင်နေခဲ့သည့် အက်ဂ်နက်စ်ထံလှည့်၍ လက်ယမ်းပြကာ ပြောလိုက်သည်၊ "လာပါဦး အက်ဂ်နက်စ်, တရားဝင်လုပ်ငန်းတချို့ အတူလုပ်ကြတာပေါ့။"
"တရားဝင်လုပ်ငန်း?" အက်ဂ်နက်စ်နှင့် ကမ်ဘီတို့ နှစ်ဦးစလုံးမှာ ရှုယီကို ရှုပ်ထွေးစွာကြည့်လာကြ၏။
"ကျုပ်နဲ့အတူ အလုပ်ခရီးသွားဖို့ပါ။" ရှုယီက ရှင်းပြသည်၊ "အရင်ရက်က ခေါင်းဆောင်စီလူကာကနေ သူတို့ရဲ့သတ္တုသုတေသန ရလာဒ်သစ်တွေထက်လာကြောင်း လူလွှတ်ပြောခိုင်းလာတယ်၊ ဒါကြောင့် သူတို့တွေ ဘာတိုးတက်မှုတွေလုပ်ထားသလဲမြင်ချင်လို့ပါ။ ပြီးတော့ ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုဆီသွားပြီး အကြီးအကဲအီလူရှာကို နှုတ်ဆက်ရင်း သူမနဲ့ တစ်ခုလောက်ဆွေးနွေးချင်လို့။ ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုကို ကျုပ်တစ်ယောက်တည်းသွားလို့မရတော့ ခင်ဗျားက လမ်းပြပေးဖို့လိုတယ်လေ။"
"အိုး" အက်ဂ်နက်စ်လည်း နားလည်သွားပြီး ခေါင်းငြိမ့်ကာ ရှုယီနောက်မှလိုက်လာသည်။
ရှုယီက ကမ်ဘီအား အလုပ်ကိစ္စတချို့ ပြောပြီးနောက်၌ ထုပ်ပိုးထားပြီးသား အိတ်ကို ယူကာ အက်ဂ်နက်စ်ကို ဦးဆောင်၍ အလုပ်ရုံမှထွက်လာလိုက်၏။
သို့သော် အလုပ်ရုံတံခါးဆီရောက်လာချိန်တွင် ဘန်တာမြို့တော်ဘက်မှ လာသည့် မြင်းလှည်းတစ်စီးရှိနေကာ ၎င်းတို့ရှေ့၌ ရပ်သွား၏။
မြင်းလည်း တံခါးပွင့်လိုက်သော် အိမ်တော်ထိန်းဘရူနိုင်းထွက်လာသည်။
သူက ရှုယီနောက်မှ အက်ဂ်နက်စ်ကိုကြည့်ပြီးမှသာ ရှုယီကို ခံစားချက်မဲ့နေသည့် မျက်နှာဖြင့် ပြောလေ၏၊ "ဥက္ကဌရှု၊ သခင်ဘာရွန်က ဖိတ်ကြားလာပါတယ်။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၃၀။ မြင့်တက်လာသောငှားရမ်းခ
ကောင့်ထ်စီယန်၏သုံးသပ်ချက်ကို ကြားပြီးနောက်တွင်တောင် ရှုယီမှာ များစွာပိုမိုစိတ်ချလာပါသော်လည်း သူ့အနေနှင့် ဗစ်ကောင့်ထ်လက်စ်လိုင်းe၏ ဆက်ခံသူကို လုံးဝလျစ်လျူရှုရန်မှာ မဖြစ်နိုင်ချေ။
ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအလုပ်ရုံက သူ့ဆီမှ ငှားရမ်းခဲ့သည့် မြေကွက်ပေါ်၌ရှိရာ ရှုယီမှာ တစ်ဘက်ကို မျက်နှာတချို့တော့ပေးရမည်သာ။
ထို့ကြောင့် ဘာရွန်ဘယ်လီ စတက်ဂျ်ကို မတွေ့ခင်တွင် သူ၏စိတ်ထဲ၌ ရိုသေသမှုအနည်းငယ်ထိန်းသိမ်းခဲ့သည်။ တစ်ဘက်က Frestech ကုန်သည်ကြီးများအသင်းကို အထင်သေးနေပါလျှင်တောင် ၎င်းတို့အား မဆန့်ကျင်သရွေ့က ပြဿနာမရှိချေ။
သို့သော် ဘာရွန်ဘယ်လီနှင့် တွေ့ဆုံပြီးနောက် သူ၏စိတ်ထဲရှိ ရိုသေသမှုလေးအနည်းငယ်ပင် ပျောက်ကွယ်သွားရတော့သည်။
"မင်းက ရှုယီလား?" ရှုယီက အိမ်တော်ထိန်း ဘရူနိုင်းနောက်မှ ဝင်လာသည်ကိုမြင်သော် ဘာရွန်ဘယ်လီက မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ကြည့်လာ၏။
ကုလားထိုင်ထက်၌ ခြေချိတ်၍မှီထိုင်နေကာ မျက်နှာထက်ရှိ ဂရုမထားသည့် အသွင်အပြင်ကို အခြေခံ၍ သူဟာ ပြဿနာကောင်ဟန်ပေါ်သော်လည်း မျိုးရိုးမြင့်မိသားစုထံမှလာသည့် ဘာရွန်တစ်ယောက်ဟန်လည်းရှိနေသေးသည်။ ရှုယီမှာ မနေနိုင်အောင်မျက်မှောင်ကျုံ့လိုက်ရပြီး ရှင်းရှင်းလေးသာ ပြောလိုက်၏၊ "ဟုတ်ပါတယ်"
ဘာရွန်ဘယ်လီ၏သွင်ပြင်ကို သုံးသပ်ကြည့်ကာ ရှုယီမှာ ကိစ္စများကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရန် ကြိုးစားမည့်သူ့အကြံက ကျရှုံးလိမ့်မည်ကို သိလိုက်ရသည်။
ထိုဘာရွန်ဘယ်လီမှာ စတက်ဂျ်မိသားစုသာမရှိပါက သူဟာ တောက်ပနေသည့်မီးလုံးလေးမဟုတ်ပါချေ။
မျှော်လင့်ထားသလိုပင် ဘာရွန်ဘယ်လီမှ ရှုယီကိုကြည့်လာပြီးသည့်နောက် ရှုယီကိုထိုင်ရန် မဖိတ်ချေ။ သူဟာ စားပွဲရှိ အသီးတစ်လုံးကို စားရန်သာ ယူလိုက်ပြီးနောက် ရှုယီကို တစ်စုံတရာ တွေးတောနေဟန်ဖြင့် ကြည့်လာသည်။
"အိုး၊ ဟုတ်သားပဲ၊ မင်းကို ဒီခေါ်လိုက်တာက ဘာမှအထွေအထူးတော့မဟုတ်ပါဘူး တစ်ခုပြောချင်ရုံပါ။ အိမ်တော်ထိန်းဘရူနိုင်းက ဒီကိစ္စ မင်းကိုပြောပြီးသားဖြစ်လောက်ပြီဆိုပေမယ့် ငါက မင်းအကြောင်းနည်းနည်းသိလိုစိတ်ဖြစ်မိလို့ ကြည့်ရအောင် ခေါ်လိုက်တာ။ အခုမှပဲ မင်းကိုတွေ့ရတော့တယ်။" ဘာရွန်ဘယ်လီက ခေါင်းခါကာ လျှာသပ်လိုက်ရင်း အရိုအသေတန်စွာဖြင့်၊ "ဘာမှလည်းမထူးခြားပါဘူး၊ လက်စ်လိုင်းက မင်းကို ဘာလို့ ဒီလောက်ယဉ်ကျေးနေမှန်းမသိဘူး။ တကယ်တော့ ဒါက ငါတို့ စတက်ဂျ်မိသားစုအတွက် မျက်နှာနာစရာပဲ။"
ရှုယီက ထိုအချိန်၌ တစ်ဖန် မျက်မှောင်ကုပ်ကာ အေးဆေးမေးလိုက်သည်၊ "သခင်ဘာရွန် ကျုပ်သိချင်မိပါတယ်၊ ဒါက ကျုပ်ကို ဘာများပြောချင်နေတာပါလဲ?"
"အို့? အိုး ဒီလိုပါ။ ငါက ဒီနေရာမှာ လက်စ်လိုင်းအစား မိသားစုရဲ့မြေကို စီမံခန့်ခွဲပေးရမှာ။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက လက်စ်လိုင်းဆီကနေ မြေတစ်ဟက်တာ ငှားရမ်းထားခဲ့တယ် မဟုတ်လား?"
"ဟုတ်ပါတယ်။"
"အန်း၊ ငှားရမ်းခက တစ်နှစ်ကို ဘယ်လောက်လဲ?" ဘာရွန်ဘယ်လီက အိမ်တော်ထိန်း ဘရူနိုင်းကို ကြည့်လာ၏။
"တစ်နှစ်ကို ရွှေဒင်္ဂါးငါးဆယ်ပါ၊ သခင်ဘာရွန်" အိမ်တော်ထိန်း ဘရူနိုင်းက ရိုသေစွာဦးညွှတ်၍ဆိုလာသည်။
"ဘုန်း——"
ဘာရွန်ဘယ်လီက ရုတ်တရက် စားပွဲကို ရိုက်ကာ အသံကျယ်ကျယ်ဖြင့် မျက်လုံးပြူးကာ ပြောလေသည်၊ "ရွှေဒင်္ဂါးငါးဆယ်တည်းလား? ဒါက တကယ်ကိုနည်းတာပဲ! ငါတို့ စတက်ဂျ်မိသားစုက ငွေဘယ်လောက်မှ မတန်လို့လား?"
အိမ်တော်ထိန်းဘရူနိုင်းက ခေါင်းငုံ့ထားကာ မည်သည်ကိုမှမဆိုချေ။
ရှုယီက ဘာရွန်ဘယ်လီကို ကြည့်လျက် သူ၏ဟောင်းနေပြီးသားသရုပ်ပြမှုကို အထင်သေးမိသွားသည်။ သူက စိုးရိမ်ဟန်ဖြင့် မေးလေ၏၊ "သခင်ဘာရွန်၊ ခင်များရဲ့ အဓိပ္ပာယ်က..."
"မင်းက ငါ့ရဲ့ဆိုလိုရင်းကိုတောင် မမြင်နိုင်ဘူးလား? မင်း ဒီလောက် တုံးအတာ ဘယ်လိုများ ဥက္ကဌဖြစ်လာတာလဲ?" ဘာရွန်ဘယ်လီက ရှုယီစကားကို ယဉ်ကျေးမှုမရှိဘဲ ဖြတ်ပြောလိုက်သည်၊ "ရှင်းရှင်းလေးပါ။ အခု ဒီမြေကို ငါခန့်ခွဲနေတာဆိုတော့ မင်းအရင်က လက်စ်လိုင်းနဲ့ လက်မှတ်ထိုးခဲ့တဲ့ အငှားစာချုပ်က ပြောင်းသွားပြီ။ ငါက တာဝန်ယူထားတဲ့လူဆိုတော့ ဒီမြေကွက်ကြီးကို တစ်နှစ် ရွှေဒင်္ဂါးငါးဆယ်နဲ့ ငှားရမ်းတာက အတော်လေး နည်းတာကြောင့် အလကားပေးတာနဲ့တောင် မခြားနေဘူး။ ဒီနေ့ကစပြီး ငှားခတိုးမှာမို့ ငါမင်းကို စာချုပ်သစ်မှာ လက်မှတ်ထိုးရအောင် ခေါ်လိုက်တာပဲ။ အိမ်တော်ထိန်းဘရူနိုင်း လာပြီး သူ့ကို စာချုပ်အသစ်မှာ လက်မှတ်ထိုးခိုင်းလိုက်ဦး။"
အိမ်တော်ထိန်းဘရူနိုင်းက ရှုယီအတွက်ပြင်ထားပြီးသား စာချုပ်ကိုထုတ်လိုက်သည်။
ရှုယီက ၎င်းကိုမယူဘဲ ထိုအစား ဘာရွန်ဘယ်လီကိုသာ မေးလေသည်၊ "သခင်ဘာရွန်၊ ကျုပ် အရင်နှစ် ဗစ်ကောင့်ထ်လက်စ်လိုင်းနဲ့ စာချုပ်ချုပ် လက်မှတ်ထိုးတုန်းက ဒီမြေကို စတက်ဂျ်မိသားစုဆီက ငှားရမ်းတာလို့ ရေးထားတော့ ဒါကို စတက်ဂျ်မိသားစုနဲ့ ဆိုင်တယ်လို့ ဆိုလို့ရပါတယ်။ ဗစ်ကောင့်ထ်လက်စ်လိုင်းက ဒီကနေထွက်သွားပြီဆိုပေမယ့်လည်း စတက်ဂျ်မိသားစုကို ကိုယ်စားပြုတဲ့ ဗစ်ကောင့်ထ်လက်စ်လိုင်းနဲ့ လက်မှတ်ထိုးခဲ့တာကြောင့် စတက်ဂျ်မိသားစု ကိုယ်စားလှယ်နဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းတို့ကြားက သဘောတူညီချက်လို့ ယူဆလို့ရနိုင်ပါတယ်။ သခင်ဘာရွန်၊ ခင်ဗျားက... စတက်ဂျ်မိသားစုကို ကိုယ်စားပြုနိုင်လို့လား?"
"ငါမလုပ်နိုင်ရင် မင်းလုပ်နိုင်လို့လား?" ဘာရွန်ဘယ်လီက ရှုယီကိုကြည့်ကာ ရယ်လျက်ပြောလာသည်၊ "မင်းက ကုန်သည်လေးတစ်ယောက်ပဲကို ငါတို့ စတက်ဂျ်မိသားစုရဲ့ကိုယ်စားလှယ်နဲ့အတူ ဆွေးနွေးခဲ့တယ်လို့ ပြောရဲသေးတယ်၊ မင်းကိုယ်မင်း ဘာထင်နေတာလဲ? စကားပြောတာရပ်ပြီး ငါစာချုပ်ပြောင်းလိုက်တဲ့ အချက်ကိုသာ လက်ခံစမ်းပါ။ မင်းက ငါစာချုပ်ကိုသိမ်းပြီး နယ်မြေပြန်ယူမှာကို မကြောက်ဘူးလား?"
ထိုသို့ ကျိုးကြောင်းမသင့်သော လူနှင့်တွေ့ရသဖြင့် ရှုယီလည်း ကူရာမဲ့စွာ ခေါင်းယမ်းရုံသာတတ်နိုင်၏။ သူက စာချုပ်အသစ်ကို ကြည့်ရန် ယူလိုက်သည်။
သို့သော် မြင်လိုက်ရသည့်အခါတွင် ရှုယီမှာ သည်းမခံနိုင်တော့ပေ။ သူက ဘာရွန်ဘယ်လီကို တအံ့တဩကြည့်ကာ၊ "တစ်နှစ်ကို ရွှေဒင်္ဂါးတစ်သိန်းတဲ့လား? သခင်ဘာရွန်၊ ခင်ဗျား ငှားရမ်းခကို တိုးမယ်ဆိုရင်တောင် ဒီလိုတိုးလို့ မရဘူးမို့လား? ဒါက အဆနှစ်ထောင်တောင် ကျော်နေပြီ!"
ဘာရွန်ဘယ်လီက ရှုယီကို အေးစက်စက်ကြည့်လာကာ၊ "မင်းက ငါ့ရဲ့ဆိုလိုရင်းကို နားမလည်တာလား? ငါမင်းကို ဒီစာချုပ်အသစ်မှာ လက်မှတ်ထိုးဖို့ခေါ်လိုက်တာ မင်းနဲ့ဆွေးနွေးဖို့မဟုတ်ဘူးကွ။ မင်းဒီမှာ လက်မှတ်ထိုးရင်ထိုး မထိုးရင်တော့ အရင်စာချုပ်ဖျက်သိမ်းပြီးလို့ကြေညာပြီး မနက်ဖြန်ပဲ မြေကွက်ကို ပြန်ယူဖို့ လူတွေလွှတ်လိုက်မယ်၊ ဒါက မင်းရဲ့ရွေးချယ်စရာပဲ။"
ရှုယီက ဘာရွန်ဘယ်လီ၏ သာမန်ကာလျှံကာ အသွင်ပြင်ကို ကြည့်လျက် ဒေါသတကြီးပြုံးလိုက်သည်။ သူတွေးနေမိသည်မှာ၊ ဒီလူ တကယ်ပဲငတုံးလား? ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိလုပ်နေတာလား?
သူဟာ အသက်နှစ်ဆယ်ပင်မပြည့်သေးသည့် အသွင်သဏ္ဍာန်ရှိသော အချက်ကို သုံးသပ်လိုက်ရင်း ရှုယီမှာ ထိုလူက တကယ်ကို တုံးအမိုက်မဲသည်ဟု တွေးချင်သွားသည်။
သို့သော် သူဟာ စတက်ဂျ်မိသားစု၏တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး ဗစ်ကောင့်ထ်လက်စ်လိုင်း၏ ဝမ်းကွဲဖြစ်သည်။ စတက်ဂျ်မိသားစုထံ၌ မွေးဖွားလာခဲ့ခြင်းဖြစ်ရာ ငယ်ကတည်းက ပညာသင်ကြားခဲ့သဖြင့် ထိုသို့တော့ တုံးအမနေသင့်ပေ။
သို့သော် တုံးအနေခြင်းမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိလုပ်နေခြင်းဆိုလျှင် ရှုယီကို ပို၍ရှုပ်ထွေးစေသည်။
ဒါက စတက်ဂျ်မိသားစုလုပ်နေတာလား?
ကောင့်ထ်စီယန်၏သုံးသပ်ချက်အရ စတက်ဂျ်မိသားစုထံ၌ ပြဿနာများရှိနေရာ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ရိုက်ဆန့်ကျင်ရန် မဖြစ်နိုင်ချေ။ သို့သော် ယခု ဘာရွန်ဘယ်လီက ရုတ်တရက်ကြီး ငှားရမ်းခ ရွှေဒင်္ဂါးငါးဆယ်မှ တစ်သိန်းအထိတိုးလိုက်ပြီး ရှုယီကိုလည်း နှိုင်းရမဲ့စွာ စိတ်ပျက်ဟန်ပြနေသည်က Frestech ကုန်သည်ကြီးများအသင်းအား မည်သည့်ကျေးဇူးတင်မှုမှ ပြသလိုနေခြင်းမရှိကြောင်း ရှင်းလင်းနေသည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းအား ဆန့်ကျင်ရာ၌ စတက်ဂျ် မိသားစုအတွက် မည်သည့်အကျိုးအမြတ်များရပါမည်နည်း?
ရှုယီမှာ တကယ်ကို နားမလည်နိုင်ချေ။
သူက ငှားရမ်းခတိုးလာသည့်ထိုစာချုပ်ကိုကြည့်ကာ အမျိုးမျိုးသော စည်းကမ်း တင်းကြပ်ထားသည်အခြေနေများပါသည့် စာချုပ်အသစ်ကိုငုံ့ကြည့်လိုက်သည်။ ရှုယီလည်း စဉ်းစားပြီးနောက် အသက်ပြင်းပြင်းရှူကာ စိတ်အေးအေးထား၍ ဘာရွန်ဘယ်လီကို ပြောလာ၏၊ "သခင်ဘာရွန်၊ ဒီကိစ္စက အရေးကြီးတာကြောင့် ကျုပ် အဖြေပြန်မပေးခင် လုပ်ငန်းစုက တခြားလူတွေနဲ့ ဆွေးနွေးဖို့ ရက်နည်းနည်းလောက် ပေးလို့ရနိုင်မလား?"
"ဘာကို ဆွေးနွေးမှာလဲ? မင်းက ဥက္ကဌမဟုတ်ဘူးလား? မင်းက ဆုံးဖြတ်ချက် မချနိုင်တာကြောင့်များလား? ဒါဆို ဘာလို့ ဥက္ကဌဖြစ်နေရသေးတာလဲ?" ဘာရွန်ဘယ်လီက စိတ်မရှည်စွာပြောလာသည်။
"လုပ်ငန်းစုကို ကျုပ်တစ်ယောက်တည်း ဖွဲ့စည်းထားတာမဟုတ်လို့ တခြားလူတွေကိုပါ ပြောရမှာမို့ပါ။ ပြီးတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုအသေးစားလေးဖြစ်တာကြောင့် ရွှေဒင်္ဂါးတစ်သိန်း ပမာဏက များလွန်းတော့ ဒီတိုင်းလေး သဘောတူလို့ မရဘူးလေ။ စည်းကမ်းတွေကို ပြင်ဖို့ သခင်ဘာရွန်ကို တောင်းဆိုပါတယ်၊ ကျုပ်ကို ရက်နည်းနည်းလောက်ပေးလို့ရမလား?" ရှုယီက တည်ငြိမ်စွာပြောသည်။
ဘာရွန်ဘယ်လီက ရှုယီကို မျက်မှောင်ကုပ်ကာကြည့်လျက် စဉ်းစားပြီးမှ လက်ယမ်းကာပြောလာသည်၊ "ကောင်းပြီလေ၊ ရွှေဒင်္ဂါးတစ်သိန်းက မင်းတို့လို အသေးစားလုပ်ငန်းစုလေးအတွက် ပမာဏကြီးပဲဆိုတော့လည်း စဉ်းစားဖို့ အချိန်နည်းနည်းပေးလိုက်ပါ့မယ်။ ဒါပေမယ့် ရက်နည်းနည်းကတော့ မဖြစ်နိုင်ဘူး တစ်ရက်တော့ ပေးလိုက်မယ်။ သန်ဘက်ခါကျရင်တော့ မင်းငါ့ကို အဖြေပေးရမယ်၊ ငါ့မှာမင်းကို စောင့်နေဖို့ အားတဲ့အချိန်မရှိဘူး၊ နားလည်လား?"
ရှုယီက စဉ်းစားကာ ခေါင်းငြိမ့်လိုက်သည်၊ "ကောင်းပါပြီ။"
"ဟုတ်ပြီ၊ သွားလို့ရပြီ။ နောက်တစ်ခေါက် မင်းလာရင် ငွေပြင်လာတာ အကောင်းဆုံးပဲ။" ဘာရွန်ဘယ်လီက လက်ယမ်းပြကာ ရှုယီကို ယင်တစ်ကောင်နှယ် မောင်းထုတ်လိုက်၏။
ဗစ်ကောင့်ထ်လက်စ်လိုင်းထားရစ်ခဲ့သည့် အိမ်တော်မှ ထွက်လာပြီးနောက်တွင် ရှုယီက ရင်းနှီးခဲ့ဖူးသည့်ထိုအိမ်တော်ကို လှည့်ကြည့်လိုက်သော်လည်း ယခုတော့ မရင်းနှီးတော့ပုံပါပင်။ သူလည်း ခါးသက်သက်ပြုံး၍ ခေါင်းခါရင်း ခဏအကြာ၌ "အက်ဂ်နက်စ်"ဟု ခေါ်လိုက်သည်။
အက်ဂ်နက်စ်က လေထဲမှ ထွက်လာကာ သိလိုစွာဖြင့် ရှုယီထံမေးလာ၏၊ "ဥက္ကဌ ရှင်ကျွန်မကို ကိုယ့်ဘာသာပုန်းခိုင်းထားပြီး ဒီလူနဲ့ မတွေ့ခိုင်းတာက သူက ဖော်ရွေမှာမဟုတ်မှန်း သိပြီးသားမို့လို့လား?"
"ကျုပ်က ခန့်မှန်းလိုက်ရုံပါ၊ ဒါပေမယ့် မှန်မယ်လို့ မထင်ခဲ့မိဘူး။ ဒါက နည်းနည်းဒုက္ခများမယ့်ပုံပဲ။" ရှုယီက ခါးသီးစွာပြုံး၍ ပြောလိုက်သည်၊ "အက်ဂ်နက်စ်, ကျုပ်အခုတော့ ဘန်တာမြို့ကနေ ထွက်သွားလို့ မရနိုင်သေးဘူး။ ဒီလိုဆိုရင်ရော၊ ခင်ဗျား နောက်ရက်နည်းနည်းကျရင် လုပ်စရာမရှိတော့ ကျုပ်ရဲ့ အစား သွားလိုက်ရုံပါပဲ။"
"အာ? အဆင်ပြေပါ့မလား?" အက်ဂ်နက်စ်က အံ့ဩစွာပြောလာသည်၊ "ဥက္ကဌ ကျွန်မနားမလည်တဲ့အရာတွေ အတော်များများရှိသေးတော့ ကျွန်မက ရှင့်ကို ကိုယ်စားမပြုနိုင်ဘူးလေ။"
"အဆင်ပြေပါတယ်၊ ဒီကိစ္စက မခက်ပါဘူး။ သေချာနားထောင်..."
ရှုယီက အက်ဂ်နက်စ်ထံ ကိစ္စတချို့ကို ဂရုတစိုက်ပြောပြကာ သူမနားလည်သည်ကို အတည်ပြုပြီးနောက်၌ သူ၏နောက်ကျောက အိတ်ကိုပေးလိုက်သည်။
"ဖြစ်နိုင်ရင်၊ တတ်နိုင်သမျှတော့ မြန်မြန်ပြန်လာခဲ့ပါ။ ကျုပ်ရဲ့ဆုံးဖြတ်ချက်ချဖို့ဆို ခင်ဗျားရဲ့ တင်ပြချက်ကိုလည်းလိုတယ်။" ရှုယီက ထိုသို့ပြောပြီးနောက် အက်ဂ်နက်စ်၏ လေးနက်နေသည့် မျက်နှာလေးကို တွေ့လိုက်ရရာ မပြုံးဘဲ မနေနိုင်တော့ချေ။ သူက အက်ဂ်နက်စ်၏ ပခုံးကိုပုတ်ကာ ပြောလာသည်၊ "တကယ်နှမျောစရာပါပဲ။ ကျုပ်က အလှလေးတစ်ယောက်နဲ့ အလုပ်ခရီးသွားနိုင်မယ်လို့ ထင်ထားပေမယ့် ဖျက်ဆီးခံလိုက်ရမယ်လို့တော့ မထင်ထားခဲ့ဘူး။"
အက်ဂ်နက်စ်က သဘာဝကျကျပင် ရှုယီ၏ စကားများကို နားမလည်ရာ ပြုံးရုံသာပြုံးပြီး ပြောလာသည်၊ "ဥက္ကဌ ဆန္ဒရှိသရွေ့ ကျွန်မက ဘယ်အချိန်မဆို ရှင်နဲ့အတူ အလုပ်ခရီးသွားနိုင်ပါတယ်။"
"မလုပ်ပါနဲ့၊ မဟုတ်ရင် စတေးလ်က ကျုပ်ကို သေချာပေါက် သတ်လိမ့်မယ်။" ရှုယီက ခေါင်းခါလျက် အက်ဂ်နက်စ်ကို နှုတ်ဆက်လိုက်၏။
အက်ဂ်နက်စ်က လေထဲ၌ ပျောက်သွားသည်ကို ကြည့်ရင်း ရှုယီလည်း စေ့စေ့ပိတ်ထားသည့် အိမ်တော်ဂိတ်ပေါက်များကို လှည့်ကြည့်လိုက်ပြီးမှ ဘန်တာမြို့ဆီ ဦးတည်လိုက်တော့သည်။ နာရီဝက်ကြာပြီးနောက် ရှုယီမှ မြို့စားအိမ်တော် ဂိတ်ပေါက်တွင် ပေါ်လာသည်။
မြို့စားအိမ်တော်၏ ရင်းနှီးစွာပွင့်နေသည့် ဂိတ်ပေါက်များကိုမြင်သော် ရှုယီမှာ ဘာရွန်ဘယ်လီက သူ့အားတွေ့ရန် ငြင်းဆန်ပြီးနောက်၌ ကောင့်ထ်စီယန်ဆီ မည်သို့အပြေးလာခဲ့ဖူးကာ သူ၏သုံးသပ်ချက်ကြောင့် စိတ်တည်ငြိမ်သွားခဲ့သည်ကို သတိရသွားသည်။ ယခုတွင် သူ၏ စိတ်က ဘာရွန်ဘယ်လီနှင့် တွေ့အပြီး ဆက်လက် မငြိမ်မသက်ဖြစ်လာရာ ကောင့်ထ်စီယန်ထံ တစ်ဖန်ပြေးလာရပြန်သည်။ ရှုယီမှာ မိမိကိုယ်ကို မရယ်ဘဲ မနေနိုင်တော့ချေ။
"ဘာလို့ ငါက အတန်းဖော်ဆီ အနိုင်ကျင့်ခံရပြီး ဆရာမဆီ တိုင်ဖို့ ပြေးသွားတဲ့ မူလတန်းကျောင်းသားလေးတစ်ယောက်လိုခံစားနေရတာလဲ?"