အခန်း (၃၁-၄၀)
Vol. 2 Ch. 31-40
Vol 2, အခန်း ၃၁။ သူနဲ့အတူ ကစားနေတာမဟုတ်ဘူး
"သခင်ဘာရွန်၊ ရှုယီက မြို့စားအိမ်တော်ကနေထွက်သွားပါပြီ။" အိမ်တော်ထိန်းဘရူနိုင်းက ၎င်းကို ဘာရွန်ဘယ်လီ စတက်ဂျ်ထံ တရိုတသေ အစီရင်ခံလာ၏။
"အမ်း" ဘာရွန်ဘယ်လီက ကြားကြောင်းပြသရန် ခေါင်းအသာငြိမ့်၏။
ရှုယီသာ လက်ရှိဘာရွန်ဘယ်လီကို မြင်တွေ့ပါလျှင် သေချာပေါက် အင်မတန် အံ့ဩသွားလောက်သည်။
လက်ရှိ ဘာရွန်ဘယ်လီက တည်ငြိမ်နေဟန်ဖြင့် ယုံကြည်ချက်ရှိရှိပြုံးကာ မတ်မတ်ထိုင်နေသည်။ ၎င်းက ရှုယီမြင်တွေ့ခဲ့သည့် ဂရုမထားဟန်နှင့် မတူပဲ လုံးဝမတူညီသည့်လူတစ်ယောက်လိုပါပင်။
သေသပ်စွာ လဘက်ရည်သောက်ပြီးနောက် ဘာရွန်ဘယ်လီက အနည်းငယ်စဉ်းစားကာ အိမ်တော်ထိန်း ဘရူနိုင်းကိုပြောလာသည်၊ "သူ မြို့စားအိမ်တော်မှာ နာရီဝက်လောက်ရှိခဲ့တာလား? ကြည့်ရတာ သူနဲ့ မြို့စားကောင့်ထ်စီယန်တို့ရဲ့ ဆက်ဆံရေးက အတော်ကောင်းပုံပဲ။"
အိမ်တော်ထိန်း ဘရူနိုင်းက ခေါင်းငြိမ့်ကာ "ဟုတ်ပါတယ်။ ကောင့်ထ်စီယန်က Frestech ကုန်သည်ကြီးများအသင်းကို သဘောကျတော့ ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ပွင့်ပွင့်လင်းလင်းထောက်ခံပေးနေတာပါ။ ဒီလိုမဟုတ်ရင် Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်မှာ ဒီအဆင့်လောက်ထိ တိုးတက်လာခဲ့မှာ မဟုတ်ပါဘူး။"
"Frestech ကုန်သည်ကြီးများအသင်း ဒီလောက်မြန်မြန်တိုးတက်ဖို့ကို ကျုပ်ရဲ့ ချစ်ကိုကြီး လက်စ်လိုင်းက ကဏ္ဍကြီးကြီးမှာ ပါဝင်ထားတယ်လို့ထင်တယ်။" ဘာရွန်ဘယ်လီက အသာပြုံးလျက် ပြောသည်။
ဘာရွန်ဘယ်လီက သူ၏အရင်သခင်အကြောင်းပြောလာသည်ကိုကြားသော် အိမ်တော်ထိန်းဘရူနိုင်းက မည်သည်ကိုမှမဆိုဘဲ ခေါင်းသာငုံ့လာ၏။
ဘာရွန်ဘယ်လီက သူ့အားကြည့်၍ အသာပြုံးလေသည်၊ "အိမ်တော်ထိန်းဘရူနိုင်း, အကိုကြီးလက်စ်လိုင်းက ခင်ဗျားကို ဒီမှာနေခဲ့ခိုင်းတာ ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းကို စောင့်ကြည့်စေချင်လို့မဟုတ်လား?"
အိမ်တော်ထိန်းဘရူနိုင်းက အတန်ငယ်တုံ့ဆိုင်းနေပြီးမှာ အလေးအနက်ပြန်ဖြေလာသည်၊ "သခင်ဗစ်ကောင့်ထ်က အဲ့လိုမပြောခဲ့ဖူးပါဘူး။ သူက ကျုပ်ကို အခြေနေကောင်းကောင်းသိတယ်လို့ ခံစားမိတာကြောင့် မိသားစုကနေ ဘယ်သူ့ကိုပဲလွှတ်လွှတ် ပိုလွယ်စေချင်ရုံပါပဲ။"
"အန်း၊ ခင်ဗျား ကျုပ်ကို ဒီတလော အတော်လေး ကူညီခဲ့ပါတယ်။ ခင်ဗျားကသာ အကိုကြီးရဲ့လက်အောက်ခံမဟုတ်ရင် ကျုပ်လည်း တကယ် ခင်ဗျားကိုဆက်ထားချင်ပါတယ်။" ဘာရွန်ဘယ်လီက အိမ်တော်ထိန်း ဘရူနိုင်းကို ချီးကျူးပြီး ခေါင်းစဉ်ပြောင်းလိုက်သည်၊ "ဒါပေမယ့် အိမ်တော်ထိန်းဘရူနိုင်း, ခင်ဗျားရဲ့ ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းအပေါ် သဘောထားကြောင့် ခင်ဗျားကို ဒီမှာဆက်မထားနိုင်တော့ဘူး။ ခင်ဗျားရဲ့အတွေးတွေကြောင့်သာ မတော်တဆ အမှားလုပ်မိရင် ကံဆိုးတာတင်မကဘူး။ ကျုပ်ကိုရော ဒါမှမဟုတ် တစ်မိသားစုလုံးကိုရောပါ ရှုပ်ထွေးသွားစေနိုင်တယ်။"
အိမ်တော်ထိန်း ဘရူနိုင်းက ဘာရွန်ဘယ်လီကို တအံ့တဩကြည့်လိုက်သည်၊ "သခင်ဘာရွန်၊ ဒါက... အရမ်းချဲ့ကားရာကျမနေဘူးလား? ကျုပ်က အိမ်တော်ထိန်းလေးပါပဲ၊ ကျုပ်ရဲ့သဘောထားက ဘာတွေထိခိုက်စေမှာလဲ?"
"ခင်ဗျားက အိမ်တော်ထိန်းလေးပဲဆိုပေမယ့် ဒီမှာနေရင် ကျုပ်ရဲ့ အကိုကြီးလက်စ်လိုင်းကို ကိုယ်စားပြုတယ်လေ။ အကိုကြီးလက်စ်လိုင်းက ကျုပ်တို့ စတက်ဂျ်မိသားစုရဲ့ အကြီးဆုံးသား၊ နယ်စားကြီးရဲ့ ဆက်ခံသူဖြစ်တာကြောင့် သူရဲ့သဘောထားက စတက်ဂျ်မိသားစုရဲ့ သဘောထားကို ကိုယ်စားပြုတယ်။ ဒါကြောင့် ဒီဆက်နွယ်ချက်ကို အခြေခံပြီး ခင်ဗျားရဲ့သဘောထားက ကျုပ်တို့စတက်ဂျ်မိသားစုရဲ့ သဘောထားအနေနဲ့ လူများစွာကို ကိုယ်စားပြုနိုင်တယ်လေ။"
အိမ်တော်ထိန်းဘရူနိုင်းက မျက်မှောင်ကုပ်ကာ၊ "ဒါဆို... သခင်ဘာရွန်က တခြားလူတွေအနေနဲ့ ကျုပ်ရဲ့ Frestech ကုန်သည်ကြီးများအသင်းအပေါ် သဘောထားကနေတစ်ဆင့် စတက်ဂျ်မိသားစုက Frestech ကုန်သည်ကြီးများအသင်းကို သဘောကျနေတယ်လို့ အထင်လွဲသွားမယ်ဆိုတာကို ပြောချင်တာပေါ့?"
"အမှန်ပဲ"
"ဒါဆို ကျုပ်ပိုလို့တောင် ရှုပ်သွားပါပြီ။ Frestech ကုန်သည်ကြီးများအသင်းက အတော်လေး သင့်တင့်တဲ့လုပ်ငန်းစုဖြစ်ပြီး ရှုယီကလည်း အတော်လေးထက်မြတ်ပါတယ်။ သူတို့တွေ အဲ့လိုထင်ရင် မိသားစုကိုများများစားစားအကူညီဖြစ်မှာကို ဘာလို့ သခင်ဘာရွန်က ဒီလိုလုပ်မှာလဲဗျ?"
ဘာရွန်ဘယ်လီက အိမ်တော်ထိန်း ဘရူနိုင်းကိုကြည့်လာ၏။ အိမ်တော်ထိန်းဘရူနိုင်းမှာ ငယ်စဉ်ကတည်းက စတက်ဂျ်မိသားစုအတွက် တာဝန်ထမ်းဆောင်လာခဲ့ပြီး ယခုတွင် နှစ်ခြောက်ဆယ်နီးနီးထမ်းဆောင်ပြီးခဲ့ပြီပင်။ သူဟာ သဘာဝကျစွာပင် အင်မတန်သတိရှိသူဖြစ်၍ များများစားစားပြောလေ့မရှိသော်လည်း ယခုမူ Frestech ကုန်သည်ကြီးများအသင်းအတွက် ထိုသို့များစွာမေးမြန်းလာလေရာ သူ၏စိတ်ရှိ မေးခွန်းများစွာကို ၎င်းက အတည်ပြုပေးလိုက်၏။ ၎င်းမှာ သူက တကယ်ကို Frestech ကုန်သည်ကြီးများအသင်း၊ အထူးသဖြင့်ရှုယီအပေါ် သဘောတကျအထင်ကြီးနေပါပေသည်။
သူ၏သဘောထားက လက်စ်လိုင်း၏သဘောထားကို ကိုယ်စားပြုပါလျှင် ထိုသည်က ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ထိုသဘောကျမှုနှင့် ထိုက်တန်သည်ဟု အဓိပ္ပာယ်ရလေ၏။
မိသားစု၏ရွေးချယ်မှုကြောင့်သာ မဟုတ်ပါလျှင် သူဟာ အမှန်ကို ၎င်းတို့အားအနိုင်ရရန် ကြိုးစားမည်ဖြစ်၏။
၎င်းကိုစဉ်းစားပြီးနောက် ဘာရွန်ဘယ်လီက ဖြေလိုက်သည်၊ "အကြောင်းပြချက်က ရှင်းရှင်းလေးပါ၊ ရှုယီက မင်းသမီးလေးဆယ်ဗီနီနဲ့ အတော်လေး ရင်းနှီးတာကြောင့်လေ။"
အိမ်တော်ထိန်းဘရူနိုင်းမှာ ငြိမ်သက်သွား၏။ သူ၏မျက်နှာထားကပါ ပြောင်းသွားကာ စဉ်းစားပြီးသော် မနေနိုင်ဘဲ အသံကိုနှိမ့်၍ ဂရုတစိုက်မေးလာသည်၊ "နယ်စားကြီး...က ဆုံးဖြတ်ချက်ချလိုက်ပြီလား?"
ဘာရွန်ဘယ်လီက လက်ဘက်ရည်တစ်ငုံသောက်ကာ အိမ်တော်ထိန်းဘရူနိုင်းကိုမော့ကြည့်၍ သာမန်ကာလျှံကာပြောလိုက်သည် "ဒါကို ခင်ဗျားအနေနဲ့ မေးဖို့က အရည်ချင်းမရှိဘူး၊ ခင်ဗျားရဲ့ ကိုယ်ပိုင်ကိစ္စတွေကိုပဲ လုပ်ဖို့လိုတယ်။"
အိမ်တော်ထိန်းဘရူနိုင်း၏ နှလုံးခုန်သံတစ်ချက်လွဲသွားကာ ခေါင်းငုံလျက်နှင့် နောက်တစ်လှမ်းဆုတ်၍ နောက်ထပ်မပြောလာတော့ချေ။
သူ မြို့စားအိမ်တော်မှ ထွက်လာချိန်၌ နေကမြင့်နေဆဲဖြစ်ရာ နေ့လည်ခင်းသာရှိသေးသည်။ ရှုယီလည်း ကောင်းကင်ကို မော့ကြည့်လျက် မြို့တောင်ဘက်ရှိ သုတေသနဌာနဆီသို့ ဦးတည်လိုက်၏။
သူဟာ လမ်းလျှောက်ရင်းအတွေးများစုစည်းရန် မြင်းလှည်းယူဖို့ မစဉ်းစားနေတော့ချေ။
ယခုနက ကောင့်ထ်စီယန်နှင့် ဆုံတွေ့ခြင်းမှလည်း တိကျသည့် အချက်လက် မရခဲ့ပေ။
ပြောရလျှင် ထိုမျှ အချိန်တိုလေးအတွင်း ကောင့်ထ်စီယန်မှာ ဘာရွန်ဘယ်လီကို ပိုမိုတိတိကျကျသုံးသပ်ရန် မည်သည့်အချက်အလက်မှ ရှုယီကို မပေးနိုင်ခဲ့ပေ။
ဘာရွန်ဘယ်လီက ရုတ်တရက် ငှားရမ်းခ တစ်သိန်းအထိတိုးမြှင့်လိုက်ကြောင်းသိရချိန်တွင် အင်မတန်ထိတ်လန့်သွားရကာ ဘာရွန်ဘယ်လီကို အရူးဟုပင် ဆဲရေးမိသော်လည်း ကောင့်ထ်စီယန်မှာ ဘာမှ များများစားစားမတတ်နိုင်ချေ။
အဆုံး၌ Frestech ကုန်သည်ကြီးများအသင်း၏အလုပ်ရုံက စတက်ဂျ်မိသားစု၏ မြေပေါ်၌ ရှိနေရာ စတက်ဂျ်မိသားစုအပေါ် အားလုံးမူတည်နေသည်။
ယခုတွင် စတက်ဂျ်မိသားစုက ထိုနယ်မြေကို ထိန်းချုပ်ရန် ဘာရွန်ဘယ်လီကို ပို့လိုက်ပြီး ၎င်းက ထိုမြေအတွက် ဆုံးဖြတ်ချက်ချလိုက်သည်ကို ဘုရင်ကြီးပင် မေးခွန်းထုတ်၍ မရချေ။
အခြေနေကိုပြောင်းလဲနိုင်မည့် တစ်ခုတည်းသောအရမှာ ယခင်နှစ်က နှစ်ယောက်လက်မှတ်ထိုးခဲ့သည့် စာချုပ်ပင်။
ထိုစာချုပ်မှာ ဗစ်ကောင့်ထ် လက်စ်လိုင်းနှင့်အတူလက်မှတ်ထိုးထားပြီး မြေကို သုံးနှစ်စာငှားရမ်းကာ တစ်နှစ်လျှင် ရွှေဒင်္ဂါးငါးဆယ်ဟု သတ်မှတ်ထားသည်။
သို့သော် ယခု ဘာရွန်ဘယ်လီက စာချုပ်ကိုပယ်ဖျက်ကာ နိုင်ထက်စီးနင်းပြု၍ ငှားခ ရွှေဒင်္ဂါးတစ်သိန်းထိတိုးလိုက်သည်က စာချုပ်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်သည်။
စိုင်စ်နယ်မြေသားများမှာ စာချုပ်များအကြောင်းအင်မတန်ဂရုစိုက်ကြသည်။ ရှုယီသာ ၎င်းကိုထုတ်ဖော်လိုက်လျှင် စတက်ဂျ်မိသားစုမှာ လူများစွာ၏အပြစ်တင်ခံရကာ ဘာရွန်ဘယ်လီကို လူတိုင်းကဆဲရေးကြလိမ့်မည်။
ကောင့်ထ်စီယန်မှာ ရှုယီအား ထိုကိစ္စကို ကြေညာချင်သည်လားဟု မေးသည့်အခါတွင် ရှုယီက ချင့်ချိန်လျက် ခေါင်းခါခဲ့သည်။
စတက်ဂျ်မိသားစုမှာ လမ်ပူရီတိုင်းပြည် ထိပ်တန်းမိသားစုများထဲမှ တစ်ခုဖြစ်ပြီး အာဏာကြီးကြီးရှိကာ Frestech ကုန်သည်ကြီးများအသင်းမှာ အသေးစားလုပ်ငန်းစုလေးသာဖြစ်သည်။ ထိုကိစ္စအား ဖော်ထုတ်လိုက်ပါလျှင် လူများစွာက စတက်ဂျ်မိသားစုကို အပြစ်တင်က ဘာရွန်ဘယ်လီအား ထိုဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းသွားစေနိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းမှာ စာချုပ်အတိုင်း ထိုနယ်မြေတွင် နေနိုင်မည်ဖြစ်ကာ စတက်ဂျ်မိသားစုကို စော်ကား၍ရမည်။
သို့သော်လက်ရှိ သေးငယ်အားနည်းသည့် Frestech ကုန်သည်ကြီးများအသင်းအတွက် ထိုသည်က သေခြင်းကို တောင့်တနေခြင်းပင်။
ရှုယီက အသက်နှစ်ဆယ်ကျော်အရွယ်လူငယ်လေးမဟုတ်တော့ရာ ဒေါသကိုပြရန် ထိုတုံးအအဆုံးဖြတ်ချက်ကိုချမည်မဟုတ်ပေ။
ဗစ်ကောင့်ထ်လက်စ်လိုင်းပေးထားခဲ့သည့် အကြံနှင့် ကောင့်ထ်စီယန်၏သုံးသပ်ချက်အရ ပထမဦးဆုံး ရှုယီ လုပ်ဖို့လိုသည်မှာ Frestech ကုန်သည်ကြီးများအသင်းကို တိုးတက်စေရန် အလုပ်ကြိုးစားခြင်းဖြစ်၏။
Frestech ကုန်သည်ကြီးများအသင်းသန်မာလာချိန်တွင် အလွယ်လေးဖြေရှင်းနိုင်မည့် ကိစ္စများလာလိမ့်မည်။
ထို့ကြောင့် ၎င်းကို ချင့်ချိန်ပြီးနောက် ရှုယီမှာ ထိုကိစ္စကို ဆုံးဖြတ်ချက်ချလိုက်တော့၏... သူဟာ ထိုနယ်မြေကို ချန်ရစ်ကာ ထိုလူနှင့် ကစားနေခြင်းမှရပ်တန့်တော့မည်!
ဘာရွန်ဘယ်လီက ငှားခတစ်နှစ်လျှင် တစ်သိန်းထိတိုးလိုက်သည်မှာ Frestech ကုန်သည်ကြီးများအသင်းအား ရိုးရိုးလေးမောင်းထုတ်ခြင်းဖြစ်သည်၊ အကြောင်းမှာ ရှုယီအတွက် ထိုသို့သော ကြီးမားစွာတိုးလာမှုကို သဘောတူရန် မဖြစ်နိုင်သောကြောင့်ပင်။
လတ်တလော Frestech ကုန်သည်ကြီးများအသင်းက နှစ်စဉ်အမြတ်ခွန် တစ်သန်းကျော်ပေးရသော်လည်း တစ်ဟက်တာမြေကွကါလေးအတွက် ရွှေဒင်္ဂါးတစ်သိန်းပေးရသည်က ၎င်းတို့လက်ခံနိုင်သည့်အရာမဟုတ်ပေ။
ရှုယီက ထိုတစ်ဟက်တာရှိနယ်မြေလေးမှာ Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုကို ကန့်သတ်ထားနေသည်ဟု ခံစားရသည်ကိုမဆိုထားနှင့်၊ ထို့ကြောင့်လည်း သူဟာ ဆယ်ဗီနီမှတဆင့် ဘုရင်ကြီးထံတွင် နယ်မြေကြီးငှားရမ်းရန် ဆက်သွယ်ခဲ့သေးသည်။
ယခု ဘာရွန်ဘယ်လီက သူ့ကိုမောင်းထုတ်ချင်နေရာ ရှုယီလည်း အစီစဉ်ကို စရန် ထိုအခွင့်ရေးကို သုံးလိုက်တော့၏။
အချိန်က အနည်းငယ် စနိုးစနောင့်ဖြစ်နေရသော်လည်း ဗစ်ကောင့်ထ်လက်စ်လိုင်းက ရှုယီကို ထွက်သွားမည့်အကြောင်းပြောသည့်နေ့တည်းက ရှုယီမှာ ထိုနေ့ကို မျှော်လင့်ခဲ့ရာ သတိမပျက်ရှိနေခဲ့သည်။
ရှုယီ ကောင့်ထ်စီယန်ကို သွားတွေ့စဉ်က သူ့အား ဘာရွန်ဘယ်လီ၏ ကျိုးကြောင်းမသင့်မှုများကို ပြောရုံအပြင် သူ၏ဆုံးဖြတ်ချက်ကိုပါ အဓိက သွားပြောခြင်းဖြစ်သည်။
ရှုယီ၏ဆုံးဖြတ်ချက်ကြောင့် ကောင့်ထ်စီယန်လည်း အတန်ငယ်အံ့ဩသွားခဲ့သေးသည်။ သူဟာ ရှုယီအတွက် ဘာရွန်ဘယ်လီနှင့် ညှိနှိုင်းပေးကာ ရှုယီကို ဤနေရာ၌ဆက်ထားရန် ကြိုးစားမည့်အကြောင်း ပြောခဲ့သော်လည်း ရှုယီက စိတ်ခိုင်မာစွာဖြင့် ကောင့်ထ်စီယန်၏ အကူအညီကို ပယ်ချခဲ့သည်။
အဆုံးတွင် ကောင့်ထ်စီယန်က ကူရာမဲ့စွာသာ ရှုယီ၏ ဆုံးဖြတ်ချက်ကိုသဘောတူနိုင်ခဲ့သည်။ သူဟာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို နေရာရွှေ့ပြောင်းရန် လွယ်ကူစေရန်အတွက် အကူအညီအချို့ကို ပေးစွမ်းနိုင်သည်ဟု ပြောကြားခဲ့သည်။
မြို့ရှိ သုတေသနဌာနကို မထိခိုက်စေနိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အစိတ်အပိုင်းအနေနှင့် သူဟာ ၎င်းတို့စိတ်ကိုပြင်ဆင်ရန် သတင်းပေးရမည်သာ။
ရှုယီဟာ အရာအားလုံးကို လုပ်ဆောင်ရန်လိုအပ်သည်ဟုစဉ်းစားကာ ရှေ့သို့ တဖြည်းဖြည်းလျှောက်သွား၏။ သူ့စိတ်ထဲရှိ အလုပ်အလုံးစုံ၏ အထွေထွေအစီစဉ်ကိုချလိုက်ချိန်တွင် သုတေသနအလုပ်ရုံရှိရာ တောင်ကြားသို့ နီးကပ်လာပြီဖြစ်သည်။
ရှုယီလည်း စဉ်းစားခြင်းကိုရပ်တန့်ကာ အထဲသို့ ဝင်လိုက်ရန်ပြင်ချိန်၌ သူ၏မျက်လုံးထောင့်မှ ရပ်နေသည့် ရင်းနှီးသောပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။
ကြည့်လိုက်သော် ထိုလူက ရမ်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
၎င်းကိုမြင်သော် ရှုယီလည်း မျက်မှောင်ကုပ်ကာ အနည်းငယ်သံသယဖြစ်သွားသည်။
ရမ်အပြင် ထိုနေရာ၌ ရှုယီ သတိမထားခဲ့မိသည့် လူတစ်ဦးလည်းရှိ၏။
ရှုယီအား သံသယဖြစ်စေသည်မှာ ရမ်နှင့် ထိုလူက ပုံမှန်မဟုတ်ဘဲ အတော်လေးနီးကပ်နေရာ တစ်ယောက်နှင့်တစ်ယောက် ကပ်မိတော့မလိုပင်။ ၎င်းတို့က အငြင်သာနိုင်သမျှ အငြင်သာနိုင်ဆုံး ပြောရန်ကြိုးစားနေကြပြီး အမူအရာများကိုဖုံးကွယ်နေသည်မှာ ထုတ်ဖော်၍မရနိုင်သည့် တစ်စုံတရာကို လုပ်နေကြသယောင်ဖြစ်နေသည်။
ရှုယီမှာ အနည်းငယ် သိလိုသွား၏။ ထိုလူသာ ရမ်၏မိတ်ဆွေဆိုလျှင် သုတေသနဌာန၏ နေ့လည်စာစားချိန်ဖြစ်ရာ သူ၏မိတ်ဆွေနှင့်အတူ အပြင်ထွက်စားရန်တွေ့သည်က ပုံမှန်ပင်။ သို့သော် ၎င်းတို့၏အသွင်အပြင်အရ အမှန်ကို သံသယဝင်စရာကောင်း၏။
ဘေးဘီကိုကြည့်ပြီး ၎င်းတို့ကိုချဉ်းကပ်ရန် နည်းလမ်းရှာမတွေ့သော် ရှုယီလည်း ၎င်းတို့ကို ချောင်းနားထောင်မည့်အတွေးအားလက်လျှော့လိုက်သည်။ သူက ထိုသူစိမ်းကို သေချာကြည့်လိုက်ပြီး ၎င်း၏သွင်ပြင်ကို မှတ်သားကာ ခြံဝန်းထဲသို့ ဦးတည်လိုက်တော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၃၂။ ဆန်းဒ်တွန် အိမ်ရာ
ဘန်တာမြို့တော်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံနှစ်ရုံအနက် အလုပ်ရုံအကြီးမှာ စတုရန်းမီတာ သုံးထောင်ကျော်ရှိကာ ပိုသေးသည့်အလုပ်ရုံက စတုရန်းမီတာ တစ်ထောင်ရှိ၏။ ရုံးနှင့် စတိုခန်းများပါထည့်ပေါင်းလိုက်သော် စတုရန်းမီတာ ငါးထောင်ကျော်ရှိ၏။
အားလုံးကို တွက်ချက်ကြည့်ပါလျှင် နယ်မြေ ဟက်တာတစ်ဝက်ကျော်အသုံးပြုပြီးဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်း တိုးတက်ရန်အတွက် နေရာလုံလုံလောက်လောက်မကျန်တော့ပေ။
ထို့ကြောင့် ရှုယီမှ ၎င်းတို့ပြောင်းရွှေ့မည့်အကြောင်း ကြေငြာလာသောအခါ လုပ်ငန်းစုရှိ လူတိုင်းမှာ အံ့အားသင့်သွားသည်။ သို့သော် ရှုယီ၏သုံးသပ်ချက်ကို နားထောင်ပြီးနောက်၌ ထိုဆုံးဖြတ်ချက်ကို သဘောတူလိုက်ကြသည်။
မှန်ပါ၏၊ စောဒကတက်သူတချို့တော့ရှိဆဲပင်။
ကမ်ဘီမှ ဘာရွန်ဘယ်လီ၏ တောင်းဆိုမှုကို ကြားလိုက်စဉ်ကလို၊ သူဟာ စိတ်ပျက်ပျက် တံတွေးထွေးလာသည်၊ "ဖီ! လူသားတွေက သူတို့စကားကို တကယ် မထိန်းသိမ်းကြဘူးပဲ!"
ရှုယီ ဦးဆောင်သည့် လုပ်ငန်းစု၏လူသားခေါင်းဆောင်များကမူ ခေါင်းများငုံ့လျက် တစ်ခွန်းတစ်ပါဒမှ မပြောလာချေ။
အလုပ်ရုံတစ်ရုံလုံးကို ပြောင်းရွှေ့ခြင်းမှာ အင်မတန်ကြီးမားရှုပ်ထွေးသည့်တာဝန်ဖြစ်သည်၊ အထူးသဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးမှော်စက်အမျိုးစုံက ကီလိုဂရမ်ပေါင်းရာချီကျော် သို့မဟုတ် တစ်တန်လောက်လေးနေချိန်၌ဖြစ်သည်။ ၎င်းတို့အားရွှေ့ပြောင်းရန်က လွယ်ကူသည့်အရာတော့မဟုတ်ချေ။
Frestech ကုန်သည်ကြီးများအသင်းထံ၌ လူပုလေးရာနှင့်ချီရှိခြင်းက ကိစ္စကောင်းပင်။ သာမန်လူများ၏ ခွန်အားထက်ကျော်လွန်နေသော ထိုလူပုလေးများနှင့်ဆိုလျှင် ထိုစက်များကိုမ'ယူ၍ မြင်းလှည်းထဲထည့်ရန်မှာ ကမ္ဘာမြေပေါ်၌ ဝန်ချီစက်ကဲ့သို့ ယန္တရားကြီးများကိုသုံးရန်သာ လိုအပ်၏။
မဟုတ်ပါက ၎င်းတို့သာ လူအင်အားကိုချည်းမှီခိုနေပါလျှင် ထိုမှော်စက်များကို ရွှေ့ရန် အားစိုက်မှုအတော်လေး ဖြုန်းတီးရာကျလိမ့်မည်။ ထိုသို့ တည်နေရာပြောင်းရွှေ့ခြင်းအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ဝန်ထမ်းအားလုံးကို ရွှေ့ပြောင်းရမည်သာမက ဘန်တာမြို့ရှိ အခမဲ့အလုပ်သမားအားလုံးကိုပါ ခန့်ထားရပေမည်။
သို့သော် ထိုသည်က လုံလောက်ရန် လိုနေသေး၏။ ကောင့်ထ်စီယန်မှာ ထိုကိစ္စနှင့်စပ်လျဉ်း၍ ကူညီရန် ဘန်တာမြို့တော်အစောင့်ငါးရာကိုပင် ပို့ပေးထားသည်။
ထို အင်္ကျီချွတ်ထားကြသည့် လူပုလေးများနှင့် လူကြီးများမှာ စက်ကြီးများကို မြင်းလှည်းများဆီ မ'တင်နေရင်း ချွေးအပြိုက်ပြိုက်ကျနေကြရာ ရှုယီမှာ အနည်းငယ်နောင်တမရဘဲ မနေနိုင်တော့ချေ။
သူသာ ၎င်းမတိုင်ခင်က မှော်ဝန်ချီစက်တချို့သာ တီထွင်ခဲ့ပါလျှင် ထိုမျှ ဒုက္ခများလောက်မည်မဟုတ်ပေ။
မှန်ပါ၏၊ မည်သူကမှ ဘာရွန်ဘယ်လီ၏ ရုတ်တရက် တောင်းဆိုချက်ကို မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ရှုယီက ၎င်းအတွက် စိတ်ပြင်ဆင်ထားပါလျှင်တောင် အရာအားလုံးကို ပြင်ဆင်ထားရန်တော့ မဖြစ်နိုင်ပါချေ။
ယခုတွင် သူဟာ ဆုံးရှုံးမှုများကို တတ်နိုင်သမျှ လျှော့ချရန် မှော်စက်ကြီးများအားလုံးကို ရွှေ့ရာ၌ အာရုံများများစိုက်ထားဖို့သာ ဆော်ဩထားရသည်။
"ဒီစက်တွေကိုရွှေ့တာကြောင့် ဆုံးရှုံးမှုတွေရှိရုံတင်မကဘူး၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ရက်နည်းနည်းလောက် ထုတ်လုပ်ရေးရပ်လိုက်တာက ဆုံးရှုံးမှုကြီးတွေဖြစ်လာလိမ့်မယ်။" အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌမွန်းခရုစ်က ထိုသတင်းကိုကြားကာ စောင့်ကြည့်ရန် လာခဲ့သော်လည်း သက်ပြင်းချလျက်သာ နှမျောနေသည့်အသံဖြင့် ထိုသို့ဆိုလာသည်၊ "ကျုပ်ကအဲဒီမှော်ကွန်ကရစ်ဖျော်စက်တွေကို မြန်မြန်လက်စသတ်ဖို့ လောဆော်ချက်တာပေမယ့် အခုပုံစံအရတော့ အချိန်နည်းနည်းလောက်ယူရမယ့်ပုံပဲ။"
"တခြားနည်းလမ်းလည်းမရှိဘူးလေ၊ ကျုပ်လည်း ရုတ်တရက်ဖြစ်လာမယ့်အရာတွေကို မမျှော်လင့်ထားပါဘူး။" ရှုယီက ပခုံးတွန့်ကာဆို၏။
ဥက္ကဌခရုစ်က ရှုယီကိုကြည့်လာကာ ရုတ်တရက် အသံနှိမ့်၍ ဆန်းကြယ်စွာပြောလေသည်၊ "ဟေး ဥက္ကဌရှု ခင်ဗျားကို ဘာရွန်ဘယ်လီက တွန်းအားပေးနေလို့ ရုတ်တရက် ခင်ဗျားရဲ့ အလုပ်ရုံကို ပြောင်းနေရတယ်လို့ကြားခဲ့တယ်?"
ရှုယီက သူ့ကိုကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့်ဆိုလိုက်သည်၊ "ဥက္ကဌခရုစ်, ပေါက်ကရမပြောပါနဲ့။ ဒါက ကျုပ်တို့လုပ်ငန်းစုကနေ ကိုယ်ပိုင်တိုးတက်မှုအတွက် ချလိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တာမို့ ဘာရွန်ဘယ်လီနဲ့ မဆိုင်ပါဘူး။"
ရှုယီ၏အမူအရာမဲ့မျက်နှာကို မြင်သော် ဥက္ကဌခရုစ်လည်းရယ်ကာ မည်သည်ကိုမှ မမေးတော့ချေ။
တကယ်တမ်း ဘန်တာမြို့တော်သားများက စိတ်ထဲ၌ ထိုကိစ္စကို သိနေပြီးဖြစ်ပါသော်လည်း ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့က တိတ်နေကြရာ အခြားလူများအနေနှင့် ဘာရွန်ဘယ်လီ သို့မဟုတ် စတက်ဂျ်မိသားစုကိုပင် အပြစ်တင်မရချေ။
အမ်ရစ် ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းနှင့်ရင်းနှီးကာ ဥက္ကဌခရုစ်ကလည်း ရှုယီနှင့် ဆက်ဆံရေးကောင်းသည်ကြောင့်မဟုတ်ပါလျှင် သူလည်း ထိုလောက်ထိတော့ မေးမည်မဟုတ်ပေ။
"ဟုတ်သားပဲ၊ ဥက္ကရှုကို ကျုပ် မမေးရသေးဘူး၊ ဒါပေမယ့် ခင်ဗျားဘယ်ကိုသွားဖို့ စီစဉ်ထားလဲ?" ခဏမျှတိတ်ဆိတ်နေခဲ့ပြီးနောက်တွင် ဥက္ကဌခရုစ်က မနေနိုင်ဘဲ ထိုသို့မေးလာသည်။
"ကျုပ်ရဲ့ မူလကအစီစဉ်ကိုလိုက်ပြီး မိုးကျတောင်ကြားကိုရွှေ့မှာပါ။ ပြီးတာနဲ့ အလုပ်ရုံရဲ့ မြေကွက်အတွက်ပူစရာလုံးဝမလိုတော့ဘူး။ ဒါပေမယ့် ဥက္ကဌခရုစ်, မိုးကျတောင်ကြားဆီသွားတဲ့လမ်းက တစ်ဝက်ပဲပြီးသေးတာ မဟုတ်လား?" ရှုယီက ပြန်မေး၏။
ဥက္ကဌခရုစ်က သူ့ကို ကြည့်လာကာ၊ "ဘာလဲ? ခင်ဗျားက ကျုပ်တို့လုပ်တာနှေးတယ်လို့ထင်တာလား? ဒါက ကျုပ်ကိုယ်တိုင် ကြီးကြပ်ထားတဲ့ အမြန်ဆုံးနှုန်းပဲ ဒီထက်ပိုမမြန်နိုင်တော့ဘူး။ ခင်ဗျားက အရည်သွေးကို အတော်လေးဂရုစိုက်လွန်းတော့ ကျုပ်သာ အမြန်နှုန်းကိုမြှင့်လိုက်ရင် တူညီတဲ့ အရည်သွေးကိုထိန်းမထားနိုင်တော့ဘူး။ နောက်မှ ကျုပ်ကို ပြဿနာလာမရှာမှဘဲ ထူးဆန်းနေလိမ့်မယ်။"
ရှုယီက အပြုံးဖြင့် လက်ကိုခါယမ်းလိုက်သည်၊ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ခင်ဗျားအထင်မှားနေပြီ၊ ကျုပ်က နှေးတယ်မထင်ပါဘူး။ စာချုပ်မှာ တစ်လပဲ ကျော်သေးတာတောင် ခင်ဗျားက တစ်ဝက်နီးနီးပြီးနေပြီဆိုတော့ တကယ်ကို အတော်လေးမြန်ပါတယ်။ မြန်လွန်းတော့ ကျုပ်က အရည်သွေးကိုတောင် စိတ်ပူနေခဲ့တာ။ ကျုပ်က ဥက္ကဌခရုစ်နဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ယုံကြည်ပါတယ်၊ ခင်ဗျားက လမ်းရဲ့အရည်အသွေးကို ဂရုမစိုက်ဘဲနေမှာမဟုတ်တာ ယုံကြည်တယ်။ ကျုပ်ဒါကိုမေးတဲ့ အကြောင်းရင်းက တကယ်တမ်း ကျုပ်မှာ အားလုံးကို မိုးကျတောင်ကြားဆီ ခေါ်သွားလို့ရမယ့် လုံခြုံတဲ့လမ်းမရှိလို့ပါ။ မညီညာတဲ့ ကျောက်စရစ်လမ်းတွေပေါ်မှာ ဆိုရင် အားလုံးကို ဘေးကင်းကင်းနဲ့ ပို့ဆောင်ပေးနိုင်မယ်လို့ ထင်လား?"
ဥက္ကဌခရုစ်က တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းခါလိုက်ကာ၊ "ဒါက သေချာပေါက် မဖြစ်နိုင်ဘူး။ အခုက နွေဦးလည်းဖြစ်ပြီး မိုးကလည်းအတော်ရွာထားတော့ ဗွက်တွေထနေတယ်လေ၊ ခင်ဗျားသာအဲ့အပေါ်ကနေ ရွှေ့ရင် မြင်းလှည်းဘီးတွေက မြုပ်သွားပြီး လုံးဝရွေ့မှာ မဟုတ်တော့ဘူး။
"အမှန်ပဲ။ ဒီတစ်ခေါက် ရွှေ့ရမှာဆိုပေမယ့်လည်း ဝေးဝေးကို ပြောင်းဖို့ မလိုပါဘူး။ အဲ့အစား သိပ်မဝေးတဲ့ ဆန်းဒ်တွန်အိမ်ရာကို သွားလို့ရတယ်။" ရှုယီက ပြောသည်။
"ဆန်းဒ်တွန်အိမ်ရာ?" ဥက္ကဌခရုစ်က စဉ်းစားပြီးမှ ရှုယီကို အံ့ဩစွာပြောသည်၊ "ကျုပ်ရဲ့ မှတ်ဉာဏ်သာ မမှားရင် အဲဒီ့ဆန်းဒ်တွန် အိမ်ရာဆိုတာ ခင်ဗျားလွန်ခဲ့တဲ့သုံးလလောက်က ဝယ်ခဲ့တဲ့ တစ်ခုပဲဖြစ်ရမယ်? ခင်ဗျားက ဒီလိုဖြစ်လာမယ်လို့ လွန်ခဲ့တဲ့ သုံးလတည်းက မျှော်မှန်းထားတာများလား?"
"ကျုပ် ဒီလိုဖြစ်ဖို့ ကြိုတင်ခန့်မှန်းပြီးသားလို့ ပြောရင်လည်း ကြွားသလိုဖြစ်နေလိမ့်မယ်။ ဒါပေမယ့်... ဖြစ်မလာခင် ကြိုတင်ပြင်ဆင်ထားဖို့က မမှားပါဘူး။" ရှုယီက အပြုံးဖြင့်ဆိုလိုက်သည်၊ "အဲဒီ့နယ်မြေမှာ ယာယီအလုပ်ရုံဆောက်ထားပြီးတော့ အဲဒါက ရိုးရှင်းပေမယ့်လည်း ကျုပ်တို့ရဲ့ ပုံမှန်ထုတ်လုပ်ရေးကို ဘာပြဿနာမှမရှိဘဲ ထိန်းထားနိုင်မယ်လေ။ ဒါကြောင့် ဥက္ကဌခရုစ်, ခင်ဗျားစိုးရိမ်ဖို့ မလိုပါဘူး၊ ခင်ဗျားရဲ့ မှော်ကွန်ကရစ်ဖျော်စက်တွေလည်း နှောင့်နှေးမှာမဟုတ်ပါဘူး။ မမေ့နဲ့ဦး၊ မိုးကျတောင်ကြားဆီသွားတဲ့လမ်းနဲ့ မြစ်ဆောက်လုပ်ရေးစီမံကိန်းက အဲဒီမှော်ကွန်ကရစ်ဖျော်စက်တွေရဲ့ အကူညီကို လိုအပ်သလို အဲဒီ့စီမံကိန်းနှစ်ခုက ကျုပ်အတွက် အရမ်းအရေးပါတယ်။"
ဥက္ကဌခရုစ်က ရှုယီကို ပထမဆုံးအကြိမ်တွေ့ဖူးသကဲ့သို့ ကြည့်လာသည်။
ဆန်းဒ်တွန်အိမ်ရာမှာ ဗစ်ကောင့်ထ်ဆန်းဒ်တွန်၏ ကိုယ်ပိုင်အိမ်ရာပင်။ ဗစ်ကောင့်ထ်ဆန်းဒ်တွန်၏မိသားစုမှာ ဘဏ္ဍာရေးပြဿနာများရှိလာခြင်းကြောင့်သာ ဗစ်ကောင့်ထ်ဆန်းဒ်တွန်မှာ လွန်ခဲ့သည့်သုံးလက ထိုနယ်မြေအတွက် လူထုလေလံပွဲကျင်းပကာ ရှုယီထံ ရွှေဒင်္ဂါးသုံးသိန်းခုနစ်သောင်း ဈေးနှုန်းဖြင့် ရောင်းချခဲ့ခြင်းပင်။
ဘန်တာမြို့ရှိ လူတိုင်းမှာ ယခင်က ရှုယီကို ရူးသွပ်နေသည်ဟု ထင်ခဲ့ကြသည်။
ထို ဆန်းဒ်တွန်အိမ်ရာက တောင်တန်းတစ်သွယ်ကို မျက်နှာမူထားပြီး မြစ်တစ်စင်းနံဘေး၌ရှိသော်လည်း ၎င်းက အင်မတန်ငြိမ်းချမ်းသဖြင့် အပန်းဖြေအိမ်ရာအတွက် ရွေးချယ်မှုကောင်းဖြစ်သည်။ ၎င်းက ဘန်တာမြို့တော်မှ ဆယ့်ငါးကီလိုမီတာအကွာတွင်ရှိရာ အတော်တော့ ဝေးနေသေး၏။
ထို့အပြင် ထိုနယ်မြေက နှစ်ဟက်တာပင်မပြည့်သဖြင့် အတွင်းပိုင်းကို ဗစ်ကောင့်ထ်ဆန်းဒ်တွန်က ကောင်းစွာအလှဆင်ထားပါလျှင်တောင် ရွှေဒင်္ဂါးသုံးသိန်းခုနစ်သောင်းနှင့်တော့ မည်သို့ဖြစ်ဖြစ် မတန်ပါချေ။
ဘန်တာမြို့တော်မျိုးရိုးမြင့်များအကြား ဈေးနှုန်းအရ ထိုအိမ်ရာမှာ ရွှေဒင်္ဂါးနှစ်သိန်းငါးသောင်းပတ်လည်လောက်သာ တန်သည်။
သို့သော် ထိုလူထုလေလံပွဲ၌ ရှုယီမှာ ရုတ်တရက်ဝင်လာကာ လေလံဆွဲခဲ့သည်။ ၎င်းတို့မှာ ရှုယီကဲ့သို့ သာမန်ကုန်သည်လေးတစ်ဦးက ထိုအိမ်ရာကို ဝယ်ယူလိုသည်အား မကျေနပ်ရာ မျိုးရိုးမြင့်တချို့က ရှုယီကို ဆန့်ကျင်ကာ လေလံဆွဲရင်း ဈေးနှုန်းက မြင့်သွားသည်။ အဆုံး၌ ၎င်းက ထိတ်လန့်ဖွယ်ပမာဏ ရွှေဒင်္ဂါးသုံးသိန်းခုနစ်သောင်းအထိပါ ရောက်ရှိသွားတော့သည်။
လွန်ခဲ့သည့် သုံးလက အားလုံး၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ခန့်မှန်းချက်မှာ ရွှေဒင်္ဂါးငါးသိန်းထက်ပင် မပိုချေ။ ရှုယီက ရုတ်တရက် ရွှေဒင်္ဂါးသုံးသိန်း ခုနစ်သောင်းကို ထုတ်ပေးလာသည့် ရှုယီအား အားလုံးက သဘာဝကျကျပင် ရူးသွပ်နေသည်ဟု ထင်ခဲ့ကြသည်။
Frestech ကုန်သည်ကြီးများအသင်းထံ၌ ရေပန်းစားထုတ်ကုန်များနှင့် အမြတ်ငွေမြင့်မြင့်ရှိပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းအား သာမန်လုပ်ငန်းစုများထက် ဘဏ္ဍာငွေပိုရရန်လောက်သာဖြစ်စေသော်ငြား ရုတ်တရက်ကြီး ရွှေဒင်္ဂါးသုံးသိန်းခုနစ်သောင်းထုတ်ပေးရန်က Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ်ကို လွတ်သွားစေနိုင်လောက်သည်။
ထိုသို့အရာမျိုးပြုလုပ်ခြင်းက အခြားလုပ်ငန်းစုနှင့် ကုန်သည်များအတွက် မိုက်မဲခြင်းပါပင်။
လူများက ရှုယီကို Frestech ကုန်သည်ကြီးများအသင်းအတွက် မြေတချို့ဝယ်လိုသည်ဟု ထင်ပါလျှင်တောင် ထိုတန်ဖိုးက မြင့်လွန်းနေဆဲဖြစ်သဖြင့် ထိုသည်က ထက်မြတ်သည့်ရွေးချယ်မှုဟု မထင်ခဲ့ကြချေ။
သို့သော် ရှုယီက ထိုအတိုင်းအခိုင်အမာလုပ်နေဆဲဖြစ်၏။
ဥက္ကဌခရုစ်က ထိုစဉ်က အင်မတန်ရှုပ်ထွေးနေခဲ့ရာ ရှုယီကို အကောင်းဆုံးသွေးဆောင်ဖို့လုပ်ခဲ့ပါသော်လည်း သူ့ထံ၌ အာဏာမရှိသလို ရှုယီကလည်း စိတ်မာစွာဖြင့် သူ့ကိုနားမထောင်ဘဲ ထိုအိမ်ရာကို ဝယ်ယူခဲ့သည်။
သို့သော် သုံးလအကြာ Frestech ကုန်သည်ကြီးများအသင်းက ရွှေ့ပြောင်းရမည့် အခက်အခဲပြဿနာကို ကြုံလာရချိန်တွင် ဥက္ကဌခရုစ်မှာ ရှုယီ၏ ထိုအိမ်ရာကို ဝယ်ခဲ့ခြင်းဆုံးဖြတ်ချက်က အင်မတန်ထက်မြတ်သည်ဟု သိရှိလိုက်ရသည်။
တကယ်တမ်း ၎င်းက အိမ်ရာကိုသာဝယ်ယူခြင်းဆိုပါလျှင် ထိုနှစ်ဟက်တာရှိအိမ်ရာက အများဆုံး ရွှေဒင်္ဂါးတစ်သိန်းသာ တန်ပြီး ထိုထက်မများနိုင်ပေ။
သို့သော် ရံပုံငွေမရှိသည့် ဗစ်ကောင့်ထ်ဆန်းဒ်တွန်အတွက် ထိုအိမ်ရာကို ရောင်းခဲ့ချိန်တွင် ဤအိမ်ကြီး၌ တွေ့ရခဲသော နယ်မြေကိုလည်း ရောင်းချခဲ့သည်။
လမ်ပူရီတိုင်းပြည်ကို စတင်ဖွဲ့စည်းကတည်းက မြေယာမပေးခဲ့ခြင်းကြောင့် မြေအားလုံးသည် မျိုးရိုးမြင့်များအတွက် အလွန်အဖိုးတန်ပြီး ၎င်းတို့ကို ရောင်းချရန် လွယ်လွယ်ကူကူ ထုတ်ယူခြင်း မပြုကြပေ။
ဗစ်ကောင့်ထ်ဆန်းဒ်တွန်ထံ၌ အမှန်ပင် အခြားရွေးချယ်မှုမရှိတော့၍ မဟုတ်ပါလျှင် ထိုဆုံးဖြတ်ချက်ကို ချမည်မဟုတ်ချေ။
ထိုနယ်မြေအားရောင်းချလိုက်ပြီးသည့်အချက်ကိုပါပေါင်းလိုက်လျှင် ၎င်းအိမ်ရာ၏ ဈေးနှုန်းက ရွှေဒင်္ဂါးတစ်သိန်းမှာ နှစ်သိန်းငါးသောင်းပတ်လည်လောက်ထိ တက်သွားမည်ဖြစ်၏။
ရှုယီမှာ ဤအိမ်ရာကို ဝယ်ရန်ကြိုးစားသောအခါတွင် ကြီးမားသောအတားအဆီးများနှင့် ကြုံတွေ့ခဲ့ရပြီး ၎င်းကိုရရန် ခန့်မှန်းထားသည်ထက် တစ်သိန်းကျော် အကုန်အကျခံခဲ့ရသည်။
မှန်ပါ၏၊ လက်ရှိတွင် ထိုလေလံ၌ ကုန်ကျစရိတ်က Frestech ကုန်သည်ကြီးများအသင်းအတွက်များစွာ အထောက်အကူဖြစ်စေသည်။
၎င်းတို့နယ်မြေပိုက်ဆိုင်ထားခြင်းက အားကောင်းသည့် သင်္ကေတဖြစ်ရုံသာမက Frestech ကုန်သည်ကြီးများအသင်းမှာ စတက်ဂျ်မိသားစုက ၎င်းတို့မြေ၌ အလုပ်ရုံအား ထိန်းချုပ်မည်ကိုပါ လက်လျှော့နိုင်သည်။
အနည်းဆုံး၎င်းတို့မှာ ဘာရွန်ဘယ်လီထံမှ သာမန်စကားလေးတစ်လုံးကြောင့် တစ်ဖန်ပြောင်းရွှေ့ရန်တွန်းအားပေးခံရတော့မည်မဟုတ်ပေ။
၎င်းကိုစဉ်းစားရင်း ဥက္ကဌခရုစ်မှာ မနေနိုင်ဘဲ ချီးကျူးဟန်ဖြင့် ရှုယီကိုကြည့်လာသည်။
ထိုသို့သော ကိစ္စရပ်များ၌ ဆုံးဖြတ်ချက်ပြတ်သားကာ အမြင်ရှိသည့် ဥက္ကဌနှင့်ဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ လူများစိတ်ကူးထားသည်ထက်ပင် ပိုမိုချောမွေ့စွာ အသေအချာတိုးတက်လာမည်ဖြစ်၏။
အမ်ရစ်ကုန်သည်ကြီးများအသင်းအတွက် ထိုသို့သော လုပ်ဖော်ကိုင်ဖက်ရှိခြင်းက ဝမ်းမြောက်ထိုက်သောကိစ္စတစ်ရပ်ပါပင်။
ဥက္ကဌခရုစ်က လှည့်ကာ အသာပြုံး၍ ပြောလိုက်၏၊ "ဥက္ကဌရှု စိတ်ချလို့ရပါပြီ၊ ခင်ဗျားတင် ဒီစီမံကိန်းနှစ်ခုကို အရေးပါတယ်လို့သဘောထားရုံမကဘူး ကျုပ်လည်း အရေးထားပါတယ်။ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကသာ ဒီစီမံကိန်းနှစ်ရပ်ကို အပြီးသတ်နိုင်ရင် တခြားလုပ်ငန်းစုတွေမှာ မရှိတဲ့ နည်းလမ်းတွေနဲ့ အောင်မြင်သွားတယ်လို့ အဓိပ္ပာယ်ရတယ်လေ။ ဒါနဲ့တင် ဥက္ကဌရှုကို စိတ်ရင်းနဲ့ ကျေးဇူးတင်နေပါပြီ။ ခင်ဗျားရဲ့ ကိုယ်ကျိုးမငဲ့ ကူညီမှုကြောင့်သာမဟုတ်ရင် ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ သေချာပေါက် ဒီလိုအခွင့်ကောင်းမျိုးရှိလာမှမဟုတ်ဘူး။"
"ဥက္ကဌခရုစ်အားနာလွန်းနေပါပြီ၊ ဒါက ဒီအခွင့်လမ်းကို ဖမ်းဆုပ်ဖို့ ကြိုးစားနေတဲ့ ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကြောင့်လည်း ပါ,ပါတယ်။" ရှုယီက ပြောလေသည်။
ဥက္ကဌခရုစ်က ရယ်လျက် ၎င်းတို့၏ဆက်ဆံရေးပိုတိုးတက်ရန် ရှုယီအား ယဉ်ကျေးသည့်အရာလေးများထပ်ပြောဖို့ ပြင်လိုက်စဉ်တွင် မြင်းလှည်းများစွာကာ တဖြည်းဖြည်းချဉ်းကပ်လာသည်ကို ရုတ်တရက်မြင်လိုက်ရ၏။
အလယ်ရှိ မြင်းလှည်း၌ မြို့စားအိမ်တော်၏ အမှတ်အသားရှိနေကာ ၎င်းနောက်ရှိ တစ်စီးတွင် စတက်ဂျ်မိသားစု၏ အမှတ်သားရှိနေ၏။
ဥက္ကဌခရုစ်က ရုတ်တရက်ပါးစပ်ကိုပိတ်ကာ ရှုယီအား မြင်းလှည်းရှိရာဘက်ကို ညွှန်ပြလိုက်သည်။
ရှုယီလည်း လှည့်ကြည့်လိုက်ပြီး အသာပြုံးပြလေ၏၊ "မြို့စားအရှင်က ဘာရွန်ဘယ်လီကိုပါ ဖိတ်ခဲ့တာပဲ၊ သူက ကျုပ်ရဲ့ လက်ရှိ ဒုက္ခရောက်နေတဲ့ ပုံစံကို ရယ်ဖို့ စီစဉ်နေတာများလား?"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၃၃။ လက်နက်၊ ချပ်ဝတ်များ အစုလိုက်အပြုံလိုက်ထုတ်လုပ်ခြင်း
ရောက်လာသူများအနက် မြို့စားအရှင်နှင့် ဘာရွန်ဘယ်လီအပြင် တချို့မှာ ဥက္ကဌခရုစ်ကဲ့သို့ ထိုသတင်းကြားကာ ရောက်လာသူများဖြစ်သည်။
အများစုမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အဆက်သွယ်ရှိ လုပ်ငန်းစုကြီးများ၏ ခေါင်းဆောင်များဖြစ်ကာ ၎င်းတို့ထဲတွင် ဖယ်လ်ချောင် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ဖူလာမော်ဂန်လည်း ရှိနေ၏။
ချွင်းချက်မရှိ ထိုလူများမှာ Frestech ကုန်သည်ကြီးများအသင်းက ရုတ်တရက် အလုပ်ရုံပြောင်းရွှေ့ခြင်းကို စိုးရိမ်ပြကြသည်။ ၎င်းတို့ပူပန်မှု၏ အဓိကအချက်မှာ ထိုပြောင်းရွှေ့မှုက Frestech ကုန်သည်ကြီးများအသင်းရှိ ၎င်းတို့၏ မှာယူမှုများကို ထိခိုက်မည်လားဆိုသည့် အချက်ကြောင့်ပင်။
Frestech ကုန်သည်ကြီးများအသင်းမှာ သိပ်မဝေးသည့် ဆန်းဒ်တွန်အိမ်ရာကို ပြောင်းရွှေ့မည်ဖြစ်ကာ တစ်ပတ်အတွင်း ထုတ်လုပ်ရေးပြန်စမည်အား သိချိန်တွင် လူများစွာက စိတ်ချသွားကြ၏။
နှုတ်ဆက်မှုများပြုပြီးနောက်၌ လူများ၏အကြည့်က ကောင့်ထ်စီယန်နှင့် ဘာရွန်ဘယ်လီထံ ကျရောက်လာသည်။
၎င်းတို့အများစုက ဘာရွန်ဘယ်လီကိုကြည့်နေခြင်းပင်။
ထိုလူများအားလုံးက ဘန်တာမြို့၏သတင်းကောင်းကောင်းရနိုင်သူများဖြစ်ကြရာ အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းက ရုတ်တရက်ပြောင်းရွှေ့ရသည့် အခြေနေကို မသိဘဲရှိမည်နည်း။
ဘာရွန်ဘယ်လီ၏ ရုတ်တရက် ကျိုးကြောင်းမသင့်သည့်တောင်းဆိုမှုက အားလုံးကို အင်မတန်အံ့ဩစေသည်ဟု ပြောရမည်။
Frestech ကုန်သည်ကြီးများအသင်းက အလားအလာရှိရာ စတက်ဂျ်မိသားစုက ၎င်းတို့ကို အရေးမထားပါလျှင်တောင် ထိုသို့ ပြုမှုသည်က Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်သွယ်ချက်အားလုံးကို ချိုးဖျက်လိုက်ခြင်းပင်။
ဘာရွန်ဘယ်လီက အားလုံးရှေ့၌ အင်မတန် ဂရုမစိုက်ဟန်ရှိနေဆဲ။ လူတိုင်းက သူ့အား အာရုံစိုက်ထားသည်ကို မြင်သော် ရယ်လျက်နှင့် ရှုယီရှေ့ရောက်လာကာ ကြည့်ရင်းပြောလေ၏၊ "ဥက္ကဌရှု၊ ကောင့်ထ်စီယန်ကိုလည်း မျက်နှာသာနည်းနည်းပေးလိုက်ပါဦး၊ ငါ မင်းကို ရက်နည်းနည်းအချိန်ပေးပြီးပြီလေ။ ဒါပေမယ့် မင်း အချိန်ရောက်လို့ လက်စမသတ်နိုင်လို့မှ ငါမင်းကို မျက်နှာသာမပေးရင် သတိလာမပေးဘူးလို့ အပြစ်မတင်နဲ့နော်။"
၎င်းကို ကြားသော် နံဘေးရှိလူများက မနေနိုင်အောင် မျက်မှောင်ကုပ်လိုက်ကြသည်။
ထိုဘာရွန်ဘယ်လီက ရှုယီကို ဘာများမကျေနပ်ဖြစ်နေသနည်း? အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းအား ထိုသို့ ဆန့်ကျင်နေရသနည်း?
ရှုယီ၏မျက်နှာက အေးဆေးနေကာ အပြုံးဖြင့် ခေါင်းငြိမ့်လျက်ပြောလိုက်သည်၊ "သခင်ဘာရွန် စိတ်ချပါ၊ ကျုပ်တို့ရဲ့ လက်ရှိအမြန်နှုန်းနဲ့ဆို သဘက်ခါရောက်တာနဲ့ ပြီးပါပြီ။ ခင်ဗျား ဒီမြေနဲ့ ပတ်သက်လို့ စီစဉ်ထားတာတွေကို မနှောင့်နှေးစေရပါဘူး။"
ဘာရွန်ဘယ်လီက အသာခေါင်းငြိမ့်သည်၊ "ဒီလိုမှပေါ့။ ငါ့ရဲ့ကိစ္စတွေကို နှောင့်နှေးစေရင် မင်းအတွက် ဘာအကျိုးဆက်ကောင်းကောင်းမှ ရလာမှာမဟုတ်ဘူး။"
လူတိုင်းက ပိုလို့တောင် မျက်မှောင်ကျုံ့လာကြသည်။
၎င်းတို့ရထားသည့် အချက်လက်ကိုသုံးသပ်ရပါလျှင် ထိုကိစ္စမှာ အစတည်းက ဘာရွန်ဘယ်လီ၏ ကျိုးကြောင်းမသင့်မှုမှ စတင်သည်။ ယခုတွင် ရှုယီရှေ့၌ ထိုသို့ပြောနေရာ ရှုယီနှင့် သာမန်ဆက်ဆံရေးသာရှိသူများသည်ပင် ၎င်းတို့၏ စိတ်ကို ငြိမ်ငြိမ်ထားရန် ခက်ခဲလာကြ၏။
သို့သော် ဤနေရာရှိလူများအားလုံးက အတွေ့အကြုံရှိရာ မည်သူကမှ ဘာရွန်ဘယ်လီရှေ့မှောက်၌ ငြင်းခုံမည်မဟုတ်ပေ။
ထိုလူမှာ အမှန်ကို လူရှုပ်တစ်ဦးနှင့်တူကာ ကျိုးကြောင်းမသင့်ပုံပင်။ ၎င်းတို့သာ သူ့အားဆန့်ကျင်သည့် တစ်ခုခုပြောလိုက်ပါလျှင် အသုံးမဝင်ရုံမျှမက သူ၏ နောက်ကွယ်မှ စတက်ဂျ်မိသားစုကိုပါ အကြောင်းရင်းမရှိ စော်ကားသလိုဖြစ်သွားနိုင်ရာ မည်သူကမှ ထိုလောက် မိုက်မဲမည်မဟုတ်ပေ။
ရှုယီက ဘာရွန်ဘယ်လီကိုကြည့်ပြီး ရုတ်တရက်မေး၏၊ "သခင်ဘာရွန်၊ ကျုပ်မှာ မေးစရာရှိပါတယ်။"
"ဘာလဲ?" ဘာရွန်ဘယ်လီက ဂရုမစိုက်သည့်လေသံဖြင့်ဆို၏။
"ခင်ဗျားဒီလိုလုပ်လို့ နောင်တမရမှာ သေချာရဲ့လား?"
ဤနေရာသို့ လာပြီးနောက် ရှုယီအား နှုတ်သာဆက်ရသေးသော ကောင့်ထ်စီယန်မှာ မည်သည်ကိုမျှမဆိုဘဲ အသာမျက်ခုံးပင့်လျက် ရှုယီကို တအံ့တဩကြည့်လာသည်။
ထိုရှုယီမှာ အပြင်ပန်း၌ ၎င်းကိစ္စနှင့်စပ်လျဉ်း၍ တည်ငြိမ်နေပုံပေါ်သော်လည်း သူ၏မေးခွန်းအရ စိတ်ထဲ၌ ဒေါသအနည်းငယ်ရှိသည်ဟု ဆိုလိုသည်။
လူတိုင်းက အံ့ဩသွားကာ ရှုယီ၏မေးခွန်းက ယဉ်ကျေးမှုလုံးဝမရှိဟု တွေးလိုက်ကြသည်။
ဘာရွန်ဘယ်လီလည်း အံ့ဩသွားပြီးမှ အေးစက်စက်ရယ်ကာ စိတ်ပျက်ဟန်ဖြင့် ဆိုလာ၏၊ "နောင်တ? ငါက ဘာလို့ နောင်တရမှာလဲ? ငါပြောမယ် ရှုယီ၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက အရှိန်ကောင်းနဲ့ တိုးတက်နေပြီး တစ်နှစ်ကိုလည်း ငွေအတော်ဝင်ပေမယ့် မင်းကိုယ်မင်း အရမ်းအထင်ကြီးလို့မသင့်ဘူး။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်မှာ လုပ်ငန်းစု အသေးစားလေးသာသာပဲ၊ ငါ့ကို နောင်တရအောင်လုပ်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ? ဒီမေးခွန်းကိုမေးတာက ရယ်ရတယ်လို့မထင်ဘူးလား?"
ရှုယီက ဘာရွန်ဘယ်လီကို အတန်ကြာကြည့်လိုက်ပြီး ထိုသို့ကြည့်နေခြင်းမှာ မသက်မသာဖြစ်လာသည်အထိပင်။ သူက ဒေါသတကြီးပြုံးလျက် လူကိုကြည့်ကာ ပြောသည်၊ "ကောင်းပြီလေ၊ ကျုပ်နားလည်ပါတယ်။ သခင်ဘာရွန်ရဲ့ အဖြေအတွက် ကျေးဇူးပါ။"
ဘာရွန်ဘယ်လီက ရှုယီကို တအံ့တဩကြည့်ပြီးမှ နှာမှုတ်ကာ ဆို၏၊ "ရှုယီ၊ ငါသတင်းစာပေါ်ကနေ မမြင်ချင်တဲ့အရာတွေကြောင့် မင်းကို အနည်းဆုံးတော့ လူတော်လို့ ထင်ထားခဲ့တယ်။ အခု မင်းကိုကြည့်လိုက်တော့ ထက်မြတ်ပုံလည်း မပေါ်ပါ့လား။"
Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံပြောင်းရွှေ့ခြင်းမှာ ဘန်တာမြို့၌ဖြစ်စေ အနီးဝန်းကျင်မြို့များ၌ဖြစ်စေ သတင်းကြီးပါပင်။
သာမာန်အခြေအနေတစ်ခုတွင် မြို့၏သတင်းစာများသည် အကြောင်းရင်းများကို စေ့စေ့စပ်စပ်ဖော်ပြကြရာ ဖုံးလွှမ်းထားပေလိမ့်မည်။
သို့သော် ဤတစ်ခေါက်၌ ထိုမြို့များ၏ သတင်းစာဆယ်စောင်တွင် သာမန်သတင်းကဲ့သို့သာ ရိုးရိုးရှင်းရှင်းသတင်းရေးထားခဲ့ကြ၏။
Frestech ကုန်သည်ကြီးများအသင်းမှ ရုတ်တရက်ပြောင်းရွှေ့သည့် အကြောင်းအရင်းကိုမူ Frestech ကုန်သည်ကြီးများအသင်းက အနာဂတ်ဖွံ့ဖြိုးရေးအစီစဉ်အား ကြိုတင်ပြင်ဆင်ဟန်ဖြင့် တင်ပြထား၏။
ထိုသတင်းစာဆယ်စောင်က အင်မတန်ညီညွတ်နေသည်မှာ ရှုယီ၏ တောင်းဆိုမှုထက် ကောင့်ထ်စီယန်နှင့် ခမာမြို့စား ကောင့်ထ် အန်းနရစ်တို့ကြောင့်ပါပင်။
ဘာရွန်ဘယ်လီမှာ ၎င်းကိုသတိထားမိရာ ရှုယီကို လူတော်ဟု ချီးမွမ်းခဲ့သည်။
ယခုတွင်မူ သူ့အား မထက်မြတ်ဟု ဆိုလာသည်က ရှုယီကို ငြင်းခုံရန် ပျင်းရိနေစေသည်။ သူက ပြုံးရုံပြုံးပြကာ လျစ်လျူရှုရင်း ရောက်လာသည့် တခြားကုန်သည်များကိုသာ လှည့်ပြောနေလိုက်တော့သည်။
ထိုသည်က Frestech ကုန်သည်ကြီးများအသင်း၏ အနာဂတ်ဖွံ့ဖြိုးမှုအတွက် အစီစဉ်တစ်ခုမှန်း သူနှင့် လူတိုင်း အတည်ပြုပြီးချိန်တွင် အားလုံးက လူခွဲသွားကြတော့သည်။ ထိုအချိန်၌ ကောင့်ထ်စီယန်က ရောက်လာခဲ့ပြီဖြစ်၏။
ထွက်ခွာသွားသည့် မြင်းလှည်းများကိုကြည့်ရင်း ကောင့်ထ်စီယန်ကပြောသည်၊ "မဆိုးပါဘူး။ ဒီလိုအလုပ်ရုံကြီးကို ရွှေ့ပြောင်းတာက အရမ်းရှုပ်ထွေးပြီး ဒီလိုအလျင်လိုတဲ့အခြေနေမှာလည်း ကသောင်းကနင်းတွေဖြစ်မယ်လို့ထင်ထားတာ။ ဒါပေမယ့် အခုခင်ဗျားကိုကြည့်တော့ လူတိုင်းကို စီမံပေးပြီးထားပုံရတာကြောင့် တကယ်ကို ချီးမွမ်းရတော့မှာပဲ။"
"မြို့စားကောင့်ထ်က ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။" ရှုယီက ပြုံးလျက်ဆိုသည်၊ "ခင်ဗျား ဒီကိုတကူးတကလာတာ ကျုပ်တို့ပြောင်းရွှေ့တာကို ကြည့်ရုံပဲမဟုတ်ဘူးမို့လား?"
"ဒါကလည်း အကြောင်းရင်းတွေထဲက တစ်ခုပါ။" ကောင့်ထ်စီယန်က အဝေးရှိ ရုံးကိုညွှန်ပြလာ၏၊ "ထိုင်ပြီး ကျန်တာကိုဆွေးနွေးကြတာပေါ့။"
ရှုယီ၌ သံသယများရှိနေ၏။ သူသာ တကယ်ပဲ တစ်စုံတရာကိုလိုချင်ပါလျှင် အဘယ်ကြောင့် သူ့အား မြို့စားအိမ်တော်သို့သာ မခေါ်သနည်း?
နှစ်ဦးသားက မပြောင်းရွှေ့ရသေးသည့် ရုံးခန်းဆီလျှောက်သွား၏။ ရှုယီက မထိုင်ခင် ရေငှဲ့ပေးလိုက်သည်။
ကောင့်ထ်စီယန်လည်း တစ်စက္ကန့်မျှ ရပ်တန့်ကာ ပြတင်းအပြင်ကိုညွှန်ပြလျက် ရှုယီကို မေးလာ၏၊ "မြို့စောင့်ထဲက အဲ့လူတွေကို ဘယ်လိုထင်လဲ?"
ရှုယီက အံ့ဩသွားသည်၊ သူဟာ ကောင့်ထ်စီယန်က ပြောင်းရွှေ့မှုကို လာကူရန် မြို့စောင့်များခေါ်လာမည်ဟု မထင်ခဲ့ချေ။
စဉ်းစားလိုက်ပြီး ရှုယီလည်း ခေါင်းအသာငြိမ့်ပြော၏၊ "အရမ်းကောင်းပါတယ်။ သူတို့ အတော်သန်မာတာကို ကျုပ်မြင်ရတယ်။ ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ စစ်တပ်မှာသာ ဒီလိုအရည်သွေးမျိုးရှိရင် နိုင်ငံကလည်း နာမည်ကို စိုင်စ်နယ်မြေတစ်ခွင်မှာ ဖြန့်ကျက်နိုင်လောက်တယ်။"
"ခင်ဗျားက ချဲ့ကားလွန်းနေပြီ။" ကောင့်ထ်စီယန်က လက်ကိုယမ်းကာ၊ "နိုင်ငံရဲ့အာဏာကိုဆုံးဖြတ်ပေးတဲ့အရာတွေများပါတယ်၊ စစ်သားတစ်ယောက်ရဲ့ အရည်ချင်းက အမျိုးစားတစ်ခုလေးပါပဲ။ ဒါ့အပြင် လက်နက်၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ တခြားအရေးကြီးကိစ္စတွေလည်းရှိသေးတယ်။ ပြီးတော့ အဲ့ထဲမှာ တိုက်ပွဲစွမ်းအားကိုမြှင့်တင်ပေးတာက လက်နက်ပဲ။"
ရှုယီက အံ့ဩသွား၏။
ကောင့်ထ်စီယန်က စကားများရသည်ကိုကြိုက်သူမဟုတ်ရာ သူနှင့်အတူ လက်နက်အကြောင်းဆွေးနွေးသည်က မည်သည်ကို ဆိုလိုသနည်း?
၎င်းကို ချင့်ချိန်ကြည့်ပြီးနောက် ရှုယီလည်း ခေါင်းသာငြိမ့်လိုက်သည်၊ "အန်း၊ ကျုပ်သဘောတူတယ်။"
ကောင့်ထ်စီယန်က ဆက်မေး၏၊ "ရှုယီ၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ရေးမှော်စက်တွေကို မှော်ပန်ကာ၊ မှော်ထမင်းပေါင်းအိုးတို့လိုမျိုး သံသတ္တုမှော်စက်တွေလုပ်ဖို့ သုံးတာမဟုတ်လား?"
"အန်း အဲ့လိုပဲပေါ့'
"ဒါဆို ခင်ဗျား..." ကောင့်ထ်စီယန် က ရှုယီကို ကြည့်ကာ တစ်အောင့်နေမှ ပုံမှန်အတိုင်းပြောလာသည်၊ "လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်တဲ့ မှော်စက်ကို တီထွင်ဖို့က ပြဿနာမရှိဘူးမို့လား?"
ရှုယီ၏လက်က တုန်ရီလာကာ ခွက်ပါ လွတ်ကျလုနီးပါးပင်။
မိမိကိုယ်ကိုထိန်းလိုက်ပြီးနောက် ရှုယီက ကောင့်ထ်စီယန် ကို လေးနက်စွာဖြင့်မေးလာသည်။"မြို့စားအရှင် ဘာကိုပြောချင်တာလဲဗျ?"
"ဘာလဲ? ကျုပ်ပြောတာကို နားမလည်လို့လား?" ကောင့်ထ်စီယန်က ရှုယီကို ကြည့်ကာ ပြောလာသည်၊ "မေးပါရစေ၊ ခင်ဗျားအနေနဲ့ မှော်ပန်ကာ၊ မှော်ထမင်းပေါင်းအိုးတို့နဲ့ လုပ်နိုင်စွမ်းတူညီတဲ့ စစ်သားတွေအတွက် ချပ်ဝတ်နဲ့လက်နက်တွေကိုထုတ်လုပ်ပေးနိုင်မယ့် ထုတ်လုပ်ရေးစက်ကို သုတေသနလုပ်ဖို့ ယုံကြည်ချက်ရှိလား?"
ရှုယီက တိတ်ဆိတ်သွားကာ အနည်းငယ်ကြာမှ ခက်ခက်ခဲခဲပြန်ဖြေလာ၏၊ "သီအိုရီအရတော့... ပြဿနာမရှိပါဘူး။ ကျုပ်တို့မှာ မှော်ရိုက်စက်အပါအဝင် ထုတ်လုပ်ရေးမှော်စက်အတော်များများရှိတော့ ဒါတွေကို နည်းနည်းလောက်ပြောင်းလဲလိုက်ရင် ရိုးရိုးချပ်ဝတ်ထုတ်လုပ်ရေးလိုင်းကို ဖွဲ့စည်းလို့ရနိုင်မှာပဲ။ လက်နက်ကတော့... ဘယ်လိုလက်နက်အမျိုးအစားလဲ ဆိုတာအပေါ်မူတည်တယ်။"
ကောင့်ထ်စီယန်၏မျက်လုံးများ တောက်ပလာရင်းဆက်မေးလေသည်၊ "ဥပမာ လေးနဲ့မြှားတွေဆိုရင်ရော?"
"လေးဆိုရင်... လေးအတွက် ဘာသတ္တုကိုသုံးသလဲကို ကျုပ်နားမလည်တော့ မဖြေနိုင်ဘူး။ ဒါပေမယ့် မြှားအတွက်ကျတော့ သံမဏိမြှားခေါင်းလေးပဲလုပ်လိုက်ရင် ဝက်အူရစ်လုပ်တာလောက်မခက်တော့ ပိုတောင်ရိုးရှင်းတယ်လို့ သတ်မှတ်နိုင်တယ်။ မြှားတံအတွက်ကျတော့... သံမဏိသပ်သပ်မြှားတံလိုချင်ရင် ပိုပြီး ဒုက္ခများသွားပြီ။ ဒါပေမယ့် သတ္တုစပ်မြှားတံ ဒါမှမဟုတ် ပလက်စတစ်မြှားတံဆိုရင်တော့ အဲ့လောက်မခက်ပါဘူး။ မှော်စက်တွေကိုသုတေသနလုပ်တာက နည်းနည်းဒုက္ခများပေမယ့်လည်း ပြဿနာလို့တော့ မထင်ပါဘူး။ ဒါပေမယ့် ဒီပစ္စည်းတွေထုတ်လုပ်ဖို့ဆို ကျုပ်တို့ရဲ့ မြို့သားတွေအတွက် မှော်စက်ထုတ်လုပ်ဖို့ကို နှောင့်နှေးစေမှာဆိုတော့ ကျုပ်ခံစားရတာက..."
"ခဏလေး..." ကောင့်ထ်စီယန်က အနည်းငယ်ရှုပ်ထွေးကာ ရှုယီကိုရပ်တန့်ရန် လက်ပြလိုက်သည်။ စဉ်းစားပြီးနောက်တွင် မျက်မှောင်ကုပ်ကမေးလာ၏၊ "ခင်ဗျားပြောခဲ့တဲ့ သတ္တုစပ်နဲ့ ပလက်စတစ်ဆိုတာက ဘာတွေလဲ? ကျုပ်အရင်က ဘာလို့ မကြားဖူးတာပါလိမ့်?"
ရှုယီက ငြိမ်ကျသွားပြီးမှ တုံ့ပြန်လာသည်။ ထို့နောက် ကမ္ဘာမြေမှစံနှုန်းကို အခြေခံ၍ဖြေခဲ့သော်ငြား ဤလောကရှိလူများက စက်များ၌သုံးသည့် သတ္တုများအကြောင်းသိပ်မသိသည်ကို မေ့လျော့သွားသည်။
ထိုသတ္တုစပ်များအား ယခု မှော်ထမင်းပေါင်းအိုးနှင့် မှော်ပေါင်မုန့်မီးကင်စက်များ၌သုံးထားသော်လည်း ပလက်စတစ်ကိုမူ... လတ်တလော ညတေးသံမျိုးနွယ်စုထဲ၌ပင် ထုတ်လုပ်နေခြင်းကြောင့် မထုတ်ပြခင် အချိန်နည်းနည်းတော့ယူရဦးမည်ဖြစ်၏။
"ဒီအရာနှစ်ခုက ထူးကဲတဲ့သတ္တုတချို့ပါပဲ၊ သက်ရောက်မှုမတူတဲ့ အခြေခံသတ္တုတွေနဲ့ခြားနားတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အလိုအလျောက်မှော်ပေါင်းအိုးနဲ့ မှော်ပေါင်မုန့်မီးကင်စက်မှာ သုံးထားတဲ့ သတ္တုလိုမျိုး ကျုပ်တို့လုပ်ငန်းစုကနေ သုတေသနလုပ်ထားတဲ့ အထူးသံမဏိသတ္တုစပ်ပါ။ ဒီသတ္တုစပ်ကို ငွေရွက်သတ္တုစပ်လို့နာမည်ပေးထားပြီး သာမန်သံထက်လည်း ပေါ့ပေမယ့် အားမနည်းသလို သံချေးလည်းမတက်ပါဘူး။"
"ဒါဆို ဒီ ငွေရွက်သတ္တုစပ်ကို လက်နက်နဲ့ ချပ်ဝတ်တွေလုပ်ဖို့သုံးရင် သက်ရောက်မှုက ပိုကောင်းမယ်မဟုတ်လား?" ကောင့်ထ်စီယန်က ချက်ချင်းမေးလာသည်။
ရှုယီက အနည်းငယ်တုံ့ဆိုင်းနေကာ၊ "ဒါက... စစ်သားတွေသုံးမယ့် ချပ်ဝတ်နဲ့ လက်နက်တွေမှာ အကန့်သတ်များလို့ ကျုပ်ကတိမပေးရဲသေးဘူး။ ဒီငွေရွက်သတ္တုစပ်နဲ့လည်း ကန့်သတ်ချက်စစ်ဆေးမှုမလုပ်ရသေးတော့ ချပ်ဝတ်နဲ့လက်နက်တွေအဖြစ်ပြောင်းဖို့ တောင်းဆိုချက်တွေကို လက်ခံနိုင်မလားဆိုတာ ကျုပ်တို့ အာမမခံနိုင်သေးပါဘူး။”
"ခင်ဗျားမှာ ငွေရွက်သတ္တုစပ်ရှိနေတော့ ခင်ဗျားပြောခဲ့သလို တခြား သံမဏိသတ္တုစပ်တွေလည်းရှိမှာပေါ့? ဒါဆို ဒီသံမဏိသတ္တုစပ်တွေထဲကမှ ချပ်ဝတ်နဲ့ လက်နက်လုပ်ဖို့ ပိုသင့်တော်တဲ့ တခြားသတ္တုစပ်ရှိမှာပဲ ဟုတ်လား?" ကောင့်ထ်စီယန်က လက်လျှော့ရန် ဆန္ဒသိပ်မရှိချေ။
"ဖြစ်...နိုင်ပါတယ်။" ရှုယီက ကူရာမဲ့စွာ ခေါင်းခါရုံသာ တတ်နိုင်၏။
"အရမ်းကောင်းတယ်!" ကောင့်ထ်စီယန်လည်း စားပွဲကိုရိုက်လျက် ရယ်ချလာသည်။ ထို့နောက် ရှုယီ၏ ပခုံးကိုရိုက်ကာ စိတ်လှုပ်ရှားနေသည့်အသံဖြင့်ဆို၏၊ "ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကနေ ကျုပ်လိုအပ်တဲ့ မှော်စက်ကို ထုတ်လုပ်စေချင်ခဲ့ပေမယ့် ခင်ဗျားမှာ အသုံးဝင်တဲ့ပစ္စည်းတွေရှိနေမယ်လို့မထင်ခဲ့မိဘူး။ ရှုယီ, အာ ရှုယီ ခင်ဗျားက ဒီလောက်များတဲ့ ရတနာတွေကို ဝှက်ထားမယ်လို့ ထင်မထားမိဘူး တကယ်ကို။ ကျုပ်သာ မမေးရင် ကျုပ်ကို ပြောပြဖို့ရော အစီစဉ်ရှိရဲ့လား?"
ရှုယီက ခါးသက်စွာပြုံး၍ ဆို၏၊ "မြို့စားအရှင်၊ ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ စီးပွားရေးလျှို့ဝှက်ချက်ပါ။ ခင်ဗျားမေးလို့သာမဟုတ်ရင် ဒါကို ကျုပ်က ဘယ်လိုလုပ် အလွယ်လေးပြောနိုင်ပါ့မလဲ?"
"စီးပွားရေးလျှို့ဝှက်ချက်?" ကောင့်ထ်စီယန်က အပြုံးဖြင့် ခေါင်းခါကာ၊ "နိုင်ငံရဲ့အကျိုးအမြတ်ရှေ့မှာ စီးပွားရေးလျှို့ဝှက်ချက်က ဘာမို့လဲ။ ဟုတ်ပြီ ရှုယီ၊ ကျုပ်ခင်ဗျားကို အခု ရွေးချယ်စရာနှစ်ခုပေးမယ်။ ပထမတစ်ခုက ကျုပ်ကို သဘောတူပြီး နိုင်ငံအတွက် ကျုပ်ပြောခဲ့တဲ့ စက်တွေကိုသုတေသနလုပ်ရင်း ခင်ဗျားပြောပြတဲ့ သတ္တုစပ်တွေ ပလက်စတစ်တွေကို ထုတ်လုပ်ဖို့။ ဒုတိယရွေးချယ်မှုက ကျုပ်ကို ငြင်းပယ်ပြီး Frestech ကုန်သည်ကြီးများအသင်းကို ပြေးခိုင်းဖို့။ ဘာကိုရွေးမှာလဲ?"
ရှုယီက ကူရာမဲ့စွာ ခါးသက်သက်ပြုံးကာ၊ "မြို့စားအရှင်ရယ် ကျုပ်မှာ ရွေးချယ်စရာရော ရှိလို့လား?"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၃၄။ မင်းက ဘုရင်မကြီးဖြစ်ဖို့ မသင့်တော်ဘူး
ရှုယီ၌ တကယ်ကို ရွေးစရာမရှိပေ။
သူသာ ကောင့်ထ်စီယန်၏တောင်းဆိုမှုကို ငြင်းပယ်လိုက်လျှင် ကောင့်ထ်စီယန်၏ ထောက်ပံ့မှုဆုံးရှုံးရမည်ဟု ဆိုလို၏။
ထို့အပြင် ကောင့်ထ်စီယန်၏ အထောက်အပံ့က အရေးမပါလျှင်တောင် ရှုယီထံ ထိုသို့တောင်းဆိုလာခိုင်းသူများ၏အထောက်အပံ့က အင်မတန်အရေးပါသည်။
ကောင့်ထ်စီယန်မှ ၎င်းမှာ လမ်ပူရီတိုင်းပြည်တစ်ခုလုံး၏ အကျိုးအမြတ်အတွက်ဟု ပြောနိုင်နေရာ ထိုတောင်းဆိုမှုက ကောင့်ထ်စီယန်တစ်ဦးတည်းဆီမှ လာခြင်းမဟုတ်ဟု အဓိပ္ပာယ်ရသဖြင့် ရှုယီလည်း လုံးဝမငြင်းဆန်နိုင်ပေ။
သို့သော် ကောင့်ထ်စီယန်၏တောင်းဆိုမှုကို လက်ခံခြင်းဖြင့် Frestech ကုန်သည်ကြီးများအသင်းမှာ ရှုယီအမြဲ ခုခံခဲ့သည့် လက်နက်လုပ်ငန်းသို့ ဝင်ရောက်လာလိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်း တိုးတက်လာခြင်းနှင့်အတူ လူတို့က မှော်စက်များစွမ်းအားကိုလက်ခံလာကြပါသော်လည်း ရှုယီမှ ထိုနေ့ရောက်လာရန် မျှော်လင့်ပြီးသားဖြစ်သဖြင့် စိတ်ထဲ၌ ပြင်ဆင်ပြီးသားပင်။
သို့သော် မည်သို့ဖြစ်စေ ဤမျှ စောလိမ့်မည်ဟု မထင်ခဲ့ပေ။
သာမန်လူများအတွက် မှော်စက်များက လမ်ပူရီတိုင်းပြည်၌ ရေပန်းမစားသေးဘဲနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ လက်နက်လုပ်ငန်းသို့ ရောက်နေပြီဖြစ်သည်။
ကမ္ဘာမြေရှိ အဆင့်မြင့်နည်းပညာအများစုမှာ နိုင်ငံသားများ တဖြည်းဖြည်း အသုံးမပြုလာခင် စစ်တပ်နှင့် ဦးဆုံးပတ်သက်နေသည်။ ရှုယီက ထိုသည်မှာ စက်မှုလုပ်ငန်း၏ ကံကြမ္မာဖြစ်နိုင်ကြောင်း ရုတ်တရက်တွေ့ရှိသွား၏။
ကမ္ဘာမြေ၌လည်း ထိုသို့ဖြစ်ပြီး စိုင်စ်နယ်မြေကြီး၌တွင်လည်း ချွင်းချက်မရှိပေ။
ထို့ကြောင့် ရှုယီက ကောင့်ထ်စီယန်ကို သဘောတူပြီးနောက် သိပ်မကြာခင်မှာပင် သူ၏ ခံနိုင်ရည်စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပြီး ၎င်းတို့ကို ပျိုးထောင်လိုက်သည်။
သို့သော် သူ၏ရှေ့မှောက်၌ ဆယ်ဗီနီပေါ်လာကြောင်းမြင်လိုက်ရပြီး စစ်တပ်အသုံးပြုမည့် လက်နက်နှင့်ချပ်ဝတ်အမျိုးစားအကြောင်း ဆွေးနွေးလာချိန်၌ ရှုယီမှာ ပြုပြင်ခြင်းမပြုနိုင်တော့ဘဲ အနည်းငယ် မသက်မသာဖြစ်သွားသည်။
"ဘုရင်မကြီး, ခင်ဗျားရဲ့ နိုင်ငံသားတွေကို အာရုံစိုက်သင့်တယ်လို့ ကျုပ်ထင်တယ်၊ ဒါပေမယ့် ခင်ဗျားက စစ်ဘက်မှာလည်း နှံ့စပ်တာပဲ။ ဒါက တကယ်ကို...ကျုပ်ကို ပြိုင်ဆိုင်မှု ခံစားရခွင့်ပြုလိုက်ပါ။" ရှုယီက ဆယ်ဗီနီ၏ သိမ်မွေ့သောမျက်နှာလေးကိုကြည့်ရင်း ပြောသည်။
"ပြိုင်ဆိုင်မှု?ဘာလို့လဲ?" ဆယ်ဗီနီက ရှုယီကို တအံ့တဩကြည့်လေ၏။
"ဘာလို့လဲဆိုတော့ ကျုပ်ခံစားမိတာက... ခင်ဗျားလို မိန်းမလှလေးတစ်ယောက်အတွက် နိုင်ငံသားတွေရဲ့ ဘဝအကြောင်း ဂရုစိုက်တာက ပိုသင့်တော်မယ်လို့။ ဒါပေမယ့် ခင်ဗျားသာအေးစက်စက်လက်နက်တွေနဲ့ ပတ်သက်ရင် နည်းနည်းထူးဆန်းနေတယ်။" ရှုယီက ရိုးရိုးသားသားပြောလာသည်။
"ရှင်က ကျွန်မကို လှတယ်လို့ထင်တာလား?" ဆယ်ဗီနီက ရှုယီခေါင်းငြိမ့်လာသည်ကိုမြင်သော် အသာပြုံးလျက်ပြော၏၊ "ချီးကျူးမှုအတွက်ကျေးဇူးပါ။ တကယ်တော့ ရက်စက်တဲ့စစ်ရေးကိစ္စနဲ့ လက်နက်တွေလို အေးစက်စက်အရာတွေနဲ့ယှဉ်ရင် လူတွေရဲ့ဘဝကို ဂရုစိုက်ရတာပိုသဘောကျပါတယ်။ ဒါပေယ့် တခြားရွေးချယ်စရာမရှိဘူးလေ၊ ရှင်က ကျွန်မကို ဘုရင်မကြီးလို့ခေါ်နေကတည်းက ဒါတွေကို ရှောင်ဖို့ နည်းလမ်းမှမရှိတာ။"
"ခင်ဗျားက ထီးနန်းလိုချင်တာလား?" ရှုယီက မနေနိုင်ဘဲမေးလေ၏။
ထိုသို့မေးပြီးနောက် ၎င်းကိုမေးသည်က အလျင်လိုနေသည်ဟု သိရှိသွားရသည်။
ထိုမေးခွန်းကို မေးရန် သူ့အတွက် အဘယ်မှာထိုက်တန်ပါမည်နည်း။
ဆယ်ဗီနီက ရှုယီကို တအံ့တဩကြည့်လာ၍သာ တော်သေးသည်။ သူမက ဒေါသထွက်ပုံမရဘဲ ခေါင်းကိုစောင်းလျက် စဉ်းစားနေကာ ရှုယီကို မေးလာ၏၊ "ရှင်က အမှန်ကိုလိုချင်ရင် ကျွန်မက ဒါကိုမစဉ်းစားရသေးဘူး။ ဒါပေါ့ ဘယ်သူကမှ ယုံမှာတော့မဟုတ်ဘူး။"
"ကျုပ်ယုံပါတယ်။" ရှုယီက အလျင်အမြန်ပြောလေသည်၊ "ခင်ဗျားက ဘုရင်မကြီးဖြစ်ဖို့ မသင့်တော်ဘူးလို့ ခံစားရတာကြောင့်ပါ။"
"ကျွန်မနဲ့ မထိုက်တန်တာကြောင့်ဆိုရင်ရော?" ဆယ်ဗီနီက ပြန်မေး၏။
"မဟုတ်ဘူး၊ ခင်ဗျားနဲ့မထိုက်တန်လို့မဟုတ်ဘဲ မသင့်တော်တာပါ။" ရှုယီက ရိုးရိုးသားသားပြောသည်၊ "ကျုပ်က ခင်ဗျားနဲ့ များများစားစားမဆက်သွယ်ဖူးပေမယ့်လည်း ခင်ဗျားက အရမ်းတည်ငြိမ်ပြီးကြင်နာတတ်တဲ့မိန်းကလေးဆိုတာကို ခံစားလြိုရတယ်၊ ဒီလိုအရာမျိုးက ဘုရင်မဖြစ်ဖို့ မသင့်တော်တာ။ တကယ်တမ်း ခင်ဗျားအနေနဲ့ တော်ဝင်မိသားစုထဲမှာ ကြီးပြင်းလာရင်း ဒီလိုစရိုက်မျိုးရတာကို နည်းနည်းရှုပ်ထွေးနေတာ။"
"ဒါက ရှင့်အထင်လွဲနေရုံပါ။" ဆယ်ဗီနီက ခေါင်းခါကာ၊ "ဘုရင်မအနေနဲ့ ကျွန်မမှာ ဘယ်လိုလုပ် ရှင်ပြောတဲ့ စရိုက်ရှိမှာလဲ? ဟုတ်ပြီ ဒီပေါက်ကရကို ရပ်ပြီး လုပ်ငန်းအကြောင်းပြောကြတာပေါ့။"
ဆယ်ဗီနီက လက်ခုပ်တီးလျက် သူတို့ရှေ့ရှိ စားပွဲပေါ်၌ဖြန့်ထားသည့် စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။
"ရှင်မြင်လား? ဒါက အင်ပါယာအစောင့်တွေ လက်ရှိသုံးနေကြတဲ့ ချပ်ဝတ်ပဲ။ ရှင့်အနေနဲ့ ဒီအပေါ်မှာ ရေးထားတဲ့ အတိုင်းအတာတွေကို နားလည်သင့်တယ်။"
ရှုယီလည်း ကြည့်လာကာ ခေါင်းငြိမ့်သည်၊ "ကျုပ်နားလည်နိုင်ပါတယ်၊ ဒါပေမယ့် ဒီ,ဒီဇိုင်းလေးလောက်နဲ့တော့မလုံလောက်ဘူး။ ခင်ဗျားကျုပ်ကို ချပ်ဝတ်အစုံလိုက် ပေးလာရင်တော့အကောင်းဆုံးပေါ့။"
"ဒါက ပြဿနာမရှိပါဘူး၊ ကျွန်မတစ်ယောက်ယောက်နဲ့ အထူးပြုထားတာတွေမတူတဲ့ ချပ်ဝတ်အစုံတွေပို့ခိုင်းလိုက်ပါ့မယ်။" ဆယ်ဗီနီက ခေါင်းငြိမ့်၏။ သူမက မူကြမ်းအား ဂရုတစိုက်ကြည့်နေသည့် ရှုယီကိုကြည့်ကာ ပြောလေသည်၊ "ဘယ်လိုလဲ? ရှင့်မှာ ယုံကြည်ချက်ရှိလား?"
ရှုယီက ၎င်းကိုထပ်ကြည့်ပြီးမှ ထရပ်ကာ ယုံကြည်ချက်ရှိရှိပြုံး၏၊ "ဘုရင်မကြီး၊ ကျုပ် အရင်တစ်ခေါက် ခင်ဗျား ဒီမေးခွန်းမေးတော့ ဘယ်လိုပြန်ဖြေခဲ့သလဲ မေ့သွားပြီလား?"
ဆယ်ဗီနီက အနည်းငယ် အံ့ဩသွား၏။ သူမဟာ ရှုယီက မှော်ရိုက်စက်များကို ထုတ်လုပ်ခါနီးအချိန်က ထိုမေးခွန်းမျိုးမေးခဲ့သည့် အကြောင်းကိုစဉ်းစားလိုက်သည်။
ထိုစဉ်က ရှုယီ၏ တုံ့ပြန်ချက်မှာ၊ ဟုတ်သားပဲ!
"ဒါဆိုရင်တော့ ကောင်းတယ်။" ဆယ်ဗီနီ၏အပြုံးက စတေးလ်ကဲ့သို့ မတောက်ပသော်လည်း ဆောင်းတွင်းနေကဲ့သို့ နွေးထွေးနေဆဲပင်၊ "ဥက္ကဌရှုက စကားအတိုင်းလုပ်မယ်လို့ မျှော်လင့်ပါတယ်။ ရှင်သာ တော်ဝင်စစ်တပ်နဲ့အတူ ဒီပူးပေါင်းမှုကို အပြီးသတ်ခဲ့ရင် Frestech ကုန်သည်ကြီးများအသင်းက တော်ဝင်စစ်တပ်ရဲ့ အရေးပါတဲ့ တွဲဖက်ဖြစ်ပြီး စစ်ဘက်မှာ တော်ဝင်မိသားစုဆီကနေ အထောက်အပံ့ရနိုင်မယ်လို့ ကျွန်မပြောနိုင်ပါတယ်။"
"သီးသန့်အကျိုးအမြတ်တွေလား?" ရှုယီက မေး၏။
"အခုတော့ မသိသေးပါဘူး။ ဒါပေမယ့် အနည်းဆုံးတို့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒီတစ်ခေါက် ဘာရွန်ဘယ်လီဆီက ထွက်လာရသလို ထပ်မဖြစ်စေရတော့ပါဘူး။" ဆယ်ဗီနီ၏အပြုံး၌ အနည်းငယ် လှောင်ထေ့ဟန်ရှိနေသည်။
ရှုယီမှာ မတတ်သာဘဲ နှာခေါင်းရှုံ့လိုက်၏၊ "ဘုရင်မကြီး၊ ခင်ဗျား ဒါတော့မှားနေပြီ။ ခင်ဗျားနဲ့ ဘုရင်ကြီးတို့အတွက် သရုပ်ဆောင်ဖို့ အဆင်မပြေတာက ရပါတယ်၊ ဒါပေမယ့် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက စိုက်ပျိုးရေးဌာနရဲ့ အရေးပါတဲ့တွဲဖက်ပဲလေ၊ ဒါကို ဒီတစ်ခေါက်မှာ စိုက်ပျိုးရေးဌာနက ဘာကိုမှမလုပ်ပေးတော့ ကျုပ်တကယ်ပဲ စိတ်ပျက်မိပါတယ်။"
"စိုက်ပျိုးရေးဌာနက ဘာကိုမှလုပ်လို့မရတာပါ။" ဆယ်ဗီနီက ကူရာမဲ့စွာဆို၏၊ "စတက်ဂျ်မိသားစုဆိုတာက နိုင်ငံမှာ နယ်မြေအများဆုံးရှိတဲ့ မျိုးရိုးမြင့်မိသားစုမို့လို့ နှစ်စဉ် ကောက်ပဲသီးနှံ အခွန်တစ်ဝက်လောက်က စတက်ဂျ်မိသားစုဆီက လာတာပါ။ စိုက်ပျိုးရေးဌာနက ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက် စတက်ဂျ်မိသားစုနဲ့ ဆန့်ကျင်မယ်ထင်လို့လား?"
ရှုယီက မျက်မှောင်ကုပ်ကာ၊ "ဒါက မဟုတ်သေးဘူးလေ။ စတက်ဂျ်မိသားစုက နိုင်ငံထဲမှာ နယ်မြေအများဆုံးရှိတဲ့ မျိုးရိုးမြင့်တွေဆိုပေမယ့်လည်း တော်ဝင်မိသားစုနဲ့တော့ မယှဉ်နိုင်ဘူး မဟုတ်လား? ဘာလို့ အဲဒီ့ စတက်ဂျ်မိသားစုဆီကရတဲ့ အခွန်က တစ်ဝက်လောက်ရှိရတာလဲ?"
"အကြောင်းရင်းကတော့ တော်ဝင်မိသားစုရဲ့နယ်မြေက နိုင်ငံနဲ့ဆိုင်တယ်လေ၊ မျိုးရိုးမြင့်တွေရဲ့ နယ်မြေတွေနဲ့မတူဘူး။ စတက်ဂျ်မိသားစုက လယ်မြေတွေဖွင့်ဖို့နဲ့ ထုတ်လုပ်မှုတိုးတက်ဖို့ဆို သူတို့ရဲ့ အလုပ်သမားအင်အားပေါ်မှာ မူတည်ပြီး ကောက်ပဲသီးနှံပမာဏအတော်များများရိတ်သိမ်းရတယ်၊ ဒါပေမယ့် တော်ဝင်မိသားစုအတွက်က မတူဘူး။ ဒါက ဘာလို့လဲဆိုတော့ ကျွန်မတို့အနေနဲ့ လယ်မြေတွေထပ်ဖွင့်လှစ်ဖို့ကို ဒီလောက်လူများများစုဆောင်းဖို့ နည်းလမ်းမရှိဘူးလေ။"
ဆယ်ဗီနီက ထိုသို့ပြောပြီး ရှုယီကို အဓိပ္ပာယ်ပါပါကြည့်လာသည်၊ "အခု ဘာလို့ ဖခမည်းတော်က ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေကို အလေးထားနေလည်းဆိုတာ သိပြီလား?"
ရှုယီမှာ နားလည်လိုက်ပြီး ဆယ်ဗီနီကိုကြည့်လျက် အထွန့်တက်လာသည်။
"ဘုရင်မကြီး၊ ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဒီလောက်အရေးပါနေမှတော့ ခင်ဗျားနဲ့ အရှင်မင်းကြီးတို့က ကျုပ်တို့အတွက် ထွက်လာပေးသင့်တယ်။ မဟုတ်ရင် ကျုပ်တို့အတော်လေး စိတ်ပျက်ရမှာပဲ။"
ဆယ်ဗီနီက ကူကယ်ရာမဲ့စွာ ခါးသက်သက်ပြုံးလျက်၊ "တခြားနည်းလမ်းတော့မရှိဘူး၊ ဖခမည်းတော်မှာက အခက်အခဲတွေရှိသေးတယ်လေ။ ပြီးတော့ ကျွန်မက... လတ်တလောမှာ ကျွန်မကတကယ်ပဲ အကူအညီမဲ့နေတာ။ ဒါ့အပြင် ကျွန်မတို့တော်ဝင်မိသားစုမှာက... မတူညီတဲ့အသံတွေရှိသေးတယ်။"
ရှုယီက မောပန်းနေပုံရသည့် ဆယ်ဗီနီကိုကြည့်လျက် မနေနိုင်ဘဲ ခေါင်းခါမိရသည်၊ "ဒါကြောင့် ကျုပ်ပြောတယ် သာမန်လူတစ်ယောက်က ပလ္လင်ပေါ်မှာ ထိုင်လို့မရဘူးလို့။ ဟုတ်ပါပြီ ဘုရင်မကြီး၊ ကျုပ်က ဒီတိုင်းလေး အထွန့်တက်ရုံပါ၊ စိတ်ထဲမထားပါနဲ့။ ဒီတစ်ခေါက် မှော်စက်တွေအတွက်ကတော့ ကျုပ်က သဘောတူဖို့ Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုပါတယ်။ ကျုပ်တို့ကို အချိန်နည်းနည်းပေးရင် အဲဒါတွေကို ထုတ်လုပ်နိုင်မှာပါ။"
"ကောင်းပြီလေ ဒါဆို ကျွန်မက ခမည်းတော်ကိုယ်စား ရှင့်ကို ကျေးဇူးတင်ပါတယ်။" ဆယ်ဗီနီက မျိုးရိုးမြင့် အမျိုးသမီးတစ်ယောက်နှယ် ဦးညွှတ်လာသည်မှာ ရှုယီကို ထိတ်လန့်သွားစေသည်။
ထိုသည်က ရှုယီထံ အလေးအနက်ဦးညွှတ်လာဖူးသည့် သူမ၏ပထမဆုံးအကြိမ်ဖြစ်ရာ သူမက ထိုစီမံကိန်းကို မည်မျှအရေးထားသည်အား မြင်နိုင်ပါ၏။
ဆယ်ဗီနီကို လိုက်ပို့ပြီးနောက် ရှုယီလည်း စားပွဲပေါ်ရှိ မူကြမ်းကို ကြည့်လိုက်သည်။ သူက ၎င်းကိုလိပ်ကာ စဉ်းစားပြီးနောက်မှ ရုံးခန်းထဲ၌ ထားမည့်အကြံကိုလက်လျှော့လိုက်ကာ (အင်္ကျီ)ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။
ဆန်းဒ်တွန်အိမ်ရာ၌ ရှုယီ၏ခွင့်ပြုချက်မရလျှင် မဝင်နိုင်သည့် ရုံးခန်းအသစ်ရှိပါသော်လည်း ၎င်းက လျှို့ဝှက်ထားရမည့်ကိစ္စပါပင်။ ထို့ကြောင့် မလိုအပ်ပါက ရှုယီလည်း ထိုကိစ္စကို လွယ်လွယ်နှင့် မထုတ်ပြလိုချေ။
ရုံးခန်းထဲ၌ တွက်ချက်မှုအချို့လုပ်ပြီးနောက်၌ ရှုယီလည်း တံခါးဖွင့်ကာ ထွက်သွားတော့သည်။ သူက အပြင်ရှိ လတ်ဆတ်နေသောလေကိုရှူရှိုက်လိုက်ရင်း ရှုပ်ထွေးနေသည့်စိတ်အစဉ်က ပြေလျော့သွားသည့်နှယ်ခံစားလိုက်ရသည်။
အိမ်ရာရှိ ခပ်ဖျော့ဖျော့စက်သံများရှိမနေပါလျှင် ဗစ်ကောင့်ထ်ဆန်းဒ်တွန်ထားခဲ့သည့် ဤအိမ်ရာမှာ ကောင်းကောင်းအလှဆင်ထားသည့်နေရာဖြစ်လိမ့်မည်။
အလုပ်ရုံကြီးနှစ်ရုံကို ဝေ့ဝဲကြည့်ရင်း ရှုယီ ပြုံးမိ၏။ Frestech ကုန်သည်ကြီးများအသင်းမှာ ယခုတွင် စတင်မှုအသစ်၌ ရှိနေပြီပင်။
တစ်ပါတ်ကြာ အလုပ်လုပ်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံအား စတက်ဂျ်မိသားစု၏နယ်မြေမှ ပြောင်းရွှေ့ပြီးဖြစ်သည်။
မှန်ပါသည်၊ ရွှေ့ခဲ့သည့်အရာမှာ အလုပ်ရုံထဲရှိ စက်များသာဖြစ်သည်။ အလုပ်ရုံကြီးကိုမူ ရွှေ့စရာနည်းလမ်းမရှိပေ။
ထိုမြေ၌ကျန်ရှိခဲ့သည့် အလုပ်ရုံအကြီးနှင့်အသေး လေးရုံတို့အတွက် ဘာရွန်ဘယ်လီမှာ ရှုယီထံမှ လျော်ကြေးတောင်းလာသည်အထိပင် အရှက်မဲ့လေသည်။
အကြောင်းမှာ ၎င်းတို့က Frestech ကုန်သည်ကြီးများအသင်းထားရစ်ခဲ့သည့် အလုပ်ရုံများဖြစ်သောကြောင့် ဖြိုချရန် အချိန်နှင့်ငွေ သုံးရန်လိုသည်။ သို့ဖြစ်ရာ သူက ၎င်းတို့ကိုဖြိုချရန် Frestech ကုန်သည်ကြီးများအသင်းထံမှ လျော်ကြေးတောင်းခဲ့သည်။
သူ၏ အရှက်မဲ့ကာ ကျိုးကြောင်းမသင့်သည့် တောင်းဆိုမှုကို ရှုယီမှာ သေချာပေါက်သဘောမတူချေ။
ဘာရွန်ဘယ်လီက ဆက်လက်နှောက်ယှက်ကာ ရှုယီအား ခြိမ်းပင်ခြောက်လာခဲ့သော်လည်း ထိုသတင်းကိုရခဲ့သည့် ကောင့်ထ်စီယန်က ပြစ်တင်ရှုံ့ချလျက် ၎င်းကို လက်လျှော့ရန် တိုက်တွန်းခဲ့၏။
ဘာရွန်ဘယ်လီမှာ Frestech ကုန်သည်ကြီးများအသင်းကို သူ၏နယ်မြေမှ မောင်းထုတ်ချိန်၌ ကောင့်ထ်စီယန်က မည်မျှဆုံးဖြတ်ချက်မပြတ်သားခဲ့ဘဲ ယခု၌မူ သူ၏ထောက်ခံမှုကိုပြသကာ ဘာရွန်ဘယ်လီကိုပင် ပြစ်တင်ရှုံ့ချရန် တုံ့ဆိုင်းမ,နေသည်ကို စဉ်းစားရင်း ရှုယီမှာ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လက်နက်လုပ်ငန်းသို့ခြေလှမ်းဝင်လာခြင်းကြောင့်ဖြစ်ကြောင်း နားလည်သွားသည်။
ထို့အပြင် ၎င်းက ရှုယီအနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို လက်နက်လုပ်ငန်းဆီခြေလှမ်းဝင်ခွင့်ပြုဖို့ရာ ခွင့်ပြုခဲ့သည့် အဓိကအကြောင်းရင်းများထဲမှတစ်ခုပင်။
နယ်မြေကြီး၌ စစ်မှန်သည့်မှော်စက်မှုအင်ပါယာကိုတည်ထောင်ရန် လက်နက်လုပ်ငန်းမှာ သူရှောင်လွှဲ၍မရနိုင်သည့် အရာဖြစ်၏။
မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားနေရင်း ရှုယီမှာ ရုတ်တရက် အကြံတစ်ခုရသွားသည်။ သူ၏မျက်ခုံးများက အသာမြင့်တက်သွားကာ လေထုထံ အော်ခေါ်လိုက်တော့သည်၊ "အက်ဂ်နက်စ်, ထွက်လာခဲ့။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၃၅။ အက်ဂ်နက်စ် ယူလာသည့် လက်ဆောင်
ရင်းနှီးနေသည့် နေရာပုံပျက်သွားခြင်းနှင့်အတူ အက်ဂ်နက်စ်မှာ သံသယဝင်နေဟန်ဖြင့် ပေါ်ထွက်လာသည်။
"ဥက္ကဌ၊ ကျွန်မရှိနေတာ ဘယ်လိုလုပ်သိတာလဲ? ကျွန်မသေချာပေါက် အရိပ်ကိုယ်ပျောက်မန္တာန်ကိုမဖျက်ရသေးပါဘူး။"
"ရှင်းရှင်းလေးပါ၊ ဘာလို့လဲဆိုတော့ ခင်ဗျား ကျုပ်ဘေးနားမှာရှိနေတဲ့အချိန်လို ရင်းနှီးတဲ့ခံစားချက်ပြန်ရောက်လာလို့ ပြန်လာမှန်းသိတာ။" ရှုယီက အပြုံးဖြင့် ပြော၏။
"ရင်းနှီးတဲ့ ခံစားချက်?" အက်ဂ်နက်စ်က ရှုပ်ထွေးသွားဟန်ပေါ်နေကာ၊ "အဲဒါက ဘာခံစားချက်လဲ?"
"ကျုပ် ပြလို့တော့မရဘူးပေါ့။ လိုရင်းပြောရရင် ခင်ဗျား ကျုပ်ဘေးနားမှာရှိတဲ့အခါ ခင်ဗျားကိုမမြင်နိုင်ရင်တောင် တစ်ယောက်ယောက်က ဘေးနားမှာရှိနေတယ်လို့ ထူးထူးဆန်းဆန်းခံစားရတယ်လေ။" ရှုယီက ရှင်းပြလေသည်။
"ဒါဆို တခြားနတ်သူငယ်တစ်ယောက်ယောက်က ရှင့်ဘေးနားမှာနေဖို့ အရိပ်ကိုယ်ပျောက်မန္တာန်သုံးထားရင်ရော ရှင်သူတို့ကို အာရုံခံနိုင်လား?" အက်ဂ်နက်စ်ကမေး၏။
"ဒါက မတူဘူး။" ရှုယီက ခေါင်းခါကာ၊ "ဖြစ်နိုင်တာက ခင်ဗျားအနေနဲ့ ကျုပ်ဘေးမှာနေတာ အချိန်အချိန်ကြာသွားတာကြောင့် ခင်ဗျားကျုပ်ဘေးမှာ အရိပ်ကိုယ်ပျောက်မန္တာန်သုံးထားရင်တောင် ခင်ဗျားကိုအာရုံခံနေနိုင်တာဖြစ်နိုင်တယ်။ ဒါပေမယ့် တခြားနတ်သူငယ်ဆိုရင်တော့ ကျုပ် အာရုံခံနိုင်လိမ့်မှာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ခင်ဗျားကိုယ်မှာရှိတဲ့အနံ့က ခင်ဗျားကို သစ္စာဖောက်တာလို့ပြောရမလား?"
"အနံ့?" အက်ဂ်နက်စ်က အသာမျက်မှောင်ကုပ်ကာ ခေါင်းငုံ့၍ အနံ့တစ်ချက်ခံကြည့်လာသည်၊ "ဘာအနံ့မှ ထူးထူးခြားခြားမရှိပါဘူး။"
ရှုယီလည်း အနံ့ခံကြည့်ချင်လိုက်သော်ငြား ထိုသို့ပြုလုပ်ခြင်းက အလွန်မသင့်တော်ချေ။ ထို့ကြောင့်ထိုစိတ်ကိုဖိနှိပ်ကာ ပြုံးလျက် ခေါင်းစဉ်ပြောင်းလိုက်တော့၏၊ "ကောင်းပြီ၊ အချိန်မဖြုန်းတော့ဘူး။ ခင်ဗျားတစ်ယောက်တည်းသွားခဲ့တဲ့ အလုပ်ခရီးမှာ ဘာရလာဒ်တွေရခဲ့လဲ?"
"အိုး၊ ကျွန်မ ခေါင်းဆောင် စီလူကာ, ခေါင်းဆောင်မွန်တိုနဲ့ အကြီးအကဲကို တွေ့ခဲ့ပြီးတော့ ရှင်ပြောခိုင်းစေချင်တာတွေပြောခဲ့လိုက်တယ်။ ပြီးတော့ သူတို့က ရှင့်အတွက်ကျွန်မကို ပစ္စည်းတချို့ ပြန်ယူလာခိုင်းလိုက်တာပဲ။"
အက်ဂ်နက်စ်က နောက်ကျောရှိ အိတ်ကြီးကိုချွတ်ကာ ဖွင့်ကြည့်လိုက်ချိန်တွင် အတွင်း၌ အရောင်အသွေးမတူကြသည့် သံပစ္စည်းလေးများစွာကိုတွေ့လိုက်ရသည်။
ရှုယီလည်း အံ့ဩသွားကာ၊ "ခင်ဗျား ဒါတွေအားလုံးကို မိုးကျတောအုပ်ကနေ သယ်လာခဲ့တာလား?"
"ဟုတ်တယ်လေ ဘာလို့လဲ?" အက်ဂ်နက်စ်ကလည်း အံ့ဩနေသံဖြင့် ပြန်မေးသည်။
ရှုယီလည်း ဆွံ့အသွား၏။
ထိုသို့သော သံပစ္စည်းများစွာနှင့် အိတ်ကြီးမှာ ပေါင်တစ်ရာကျော်လောက်လေးနိုင်သည်။
အက်ဂ်နက်စ်က ထိုအိတ်ကိုသယ်လျက် မိုးကျတောအုပ်မှ မိုင်နှစ်ကျော်ပြန်ပြေးခဲ့ရသည်။ ၎င်းမှာ နတ်သူငယ်များထံ၌ သဘာဝပါရမီထူးရှိနေခြင်းလား သူမကမိုက်မဲနေခြင်းလား မည်သို့ဆိုရမည်နည်း?
"နောက်တစ်ခါ ကိုယ့်ကိုယ်ကို အပင်ပန်းခံဖို့မလိုပါဘူး။ ကျုပ်က ခင်ဗျားကို ခေါင်းဆောင်စီလူကာဆီမှာရှိတဲ့ နမူနာတစ်ခု နှစ်ခုလောက်ပဲယူခဲ့စေချင်တာပါ၊ ဒီလောက်အများကြီး ယူခဲ့ပေးဖို့မလိုပါဘူး။ ဒါက အရမ်းလေးလွန်းတယ်လို့ ခင်ဗျားမထင်ဘူးလား?" ရှုယီက ခေါင်းခါရင်းပြောသည်။
"ဒါတွေအားလုံးက နမူနာပါပဲ။" အက်ဂ်နက်စ်လည်း ရှုယီအတွက် အိတ်ထဲမှ စာရွက်တစ်ရွက်ထုတ်လိုက်သည်၊ "ဒါက ခေါင်းဆောင် စီလူကာ ကျွန်မကိုပေးခဲ့တဲ့ စာရင်းပဲ၊ နမူနာတစ်ခုစီမှ ဖော်မြူလာတစ်ခုစီနဲ့ ကနဦးစမ်းသပ်မှုရလာဒ်တွေရှိတယ်။ သူက ဒါတွေကို ရှင်ကြည့်ဖို့ ယူသွားစေချင်လို့လေ။"
"ဒါတွေအားလုံးက နမူနာလား?" ရှုယီလည်း အိတ်ကိုကြည့်လိုက်ရာ အမျိုးနှစ်ဆယ်ကျော်လောက်မည်ကိုမြင်လိုက်ရသည်။ ဒီလိုလအနည်းငယ်လေးမှာ နော်မာမျိုးနွယ်စုက ဒီမတူညီတဲ့ သတ္တုစပ်အားလုံးကို တီထွင်ခံ့တာလား?
ထိုသို့ဆိုလျှင် အတုလုပ်ခြင်း၌ လူပုလေးများ၏ပါရမီက အင်မတန်ကြောက်မက်ဖွယ်ရာပင်။
သို့သော် ၎င်းကိုမြင်ပြီးနောက်၌ ရှုယီမှာ ရယ်ရမည်လား ငိုရမည်လားကိုပင်မသိတော့ချေ။
ထိုနမူနာဆိုသည်များမှာ ခေါင်းဆောင်စီလူကာက ငွေရွက်သတ္တုစပ်ထံမှ ကိုးကား၍ ဆွဲသားထားခြင်းပေ။ ထိုအတောတွင်း ၎င်းတို့မှာ ထူးဆန်းသည့်သတ္တုအမျိုးစားအားလုံးကို အရည်ကျိုထားကာ မစင်မှုန့်များကိုပင် ပေါင်းထည့်ထား၏။
၎င်းအနေထားဖြင့် ပြုလုပ်ထားသည့် ထိုသတ္တုစပ်ဆိုသည်၌ အထူးသက်ရောက်မှုများရှိနေလျှင်မှ ထူးဆန်းနေပေလိမ့်မည်။
သို့သော် စမ်းသပ်မှုများကို စစ်ကြည့်ပြီးနောက်၌ ရှုယီမှာ ခေါင်းဆောင် စီလူကာမှ အက်ဂ်နက်စ်ကို ပြန်ပေးခိုင်းခဲ့သည့် သတ္တုစပ် နှစ်ဆယ့်သုံးမျိုးထဲတွင် တချို့ကတော့ဖြင့် အသုံးဝင်သည်ကို တွေ့လိုက်ရသည်။
ရှုယီအား သွေးပင်အန်စေလောက်သည့် "တစ်ချက်ထိရုံနှင့်ပျက်စီး"သည့် တချို့ကို ဘေးဖယ်လိုက်သော် ခေါင်းဆောင်စီလူကာမှ 'နံပါတ်ဆယ့်ခုနစ်'ဟု စာရင်းမှတ်ထားသည့် တစ်ခုထံ၌ အမှန်လက္ခဏာရပ်များရှိသည်။ ၎င်းမှာ သံချေးတက်ခြင်းနှင့် မြင့်မားသောအပူချိန်တို့ကို ပြင်းထန်စွာ ခံနိုင်ရည်ရှိသည်။
ထိုအသုံးမဝင်သည့် သတ္တုစပ်များထဲမှ အသုံးဝင်သည့်သတ္တုစပ်တစ်ခုရှိနေသည်က ရှုယီကို အင်မတန်စိတ်ကျေနပ်စေသည်။
အားကောင်းသည့် သံချေးတက်ခြင်းနှင့် အပူတို့ကို ခံနိုင်ရည်ရှိသည့် လက္ခဏာမှာ သတ္တုများ၌ အင်မတန်အသုံးဝင်လှသည်။ အစွန်းခံသံမဏိဖြစ်ခြင်း လက္ခာပါရှိနိုင်လျှင် ထိုသတ္တုနှင့် မှော်စက်အသစ်ပေါင်းမြောက်များစွာ ပြုလုပ်ရန် သုံးနိုင်ပေလိမ့်မည်။
"အရမ်းကောင်းတယ်။ ကြည့်ရအောင်၊ ဒီတစ်ခုက နံပါတ်ဆယ့်ခုနစ်ပဲ..." ရှုယီမှာ အိတ်ထဲမှ နံပါတ်ဆယ့်ခုနစ်ဟူသည့် သံတုံးကို ထုတ်ယူလိုက်သည်။
ထိုအနီရင့်ရင့်သံတုံးက သူ၏လက်ထဲ၌ နင့်နေရာ သာမန်သံထက် အနည်းငယ်ပိုလေးသည်။ ကြည့်ရသည်မှာ လူပုလေးများက အထူးသတ္တုများပေါင်းထည့်ပြီးနောက်တွင် ဤသတ္တု၏ အတွင်းပိုင်းဖွဲ့စည်းမှုက ပြောင်းလဲသွားပုံပင်။
ရှုယီလည်း စိတ်ထဲ၌ မနေနိုင်ဘဲ သံသယဖြစ်မိသွားရသည်။
စိုင်စ်နယ်မြေမှာ နည်းပညာအရာတွင် ကမ္ဘာမြေနှင့်မယှဉ်နိုင်သော်လည်း ကမ္ဘာမြေက မယှဉ်သာသည့် အားသာချက်တချို့တော့ရှိနေသေးသည်။
ငွေရွက်သတ္တုစပ်လိုပင်။ ကမ္ဘာမြေ၌ ငွေရွက်သတ္တုစပ်ကဲ့သို့ တူညီသည့် လက္ခဏာများရှိသော သတ္တုစပ်များစွာရှိသော်လည်း စိုင်စ်နယ်မြေတွင် အရည်ကျိုပြီးသံသတ္တုနှင့် နေရာတိုင်း၌ ရှာတွေ့နိုင်သည့် ငွေရွက်အမှုန့်တို့ကို ရောစပ်ဖို့သာ လိုအပ်သည်။
နံပါတ်ဆယ့်ခုနစ်သတ္တုစပ်တွင် အားကောင်းသည့်သံချေးတက်ခြင်းနှင့်အပူဒဏ်တို့ကို ခံနိုင်ရည်ရှိသည်က ခေါင်းဆောင်စီလူကာထံမှ စာရင်း၏ဖော်ပြချက်ကို အခြေခံထားခြင်းဖြစ်သည်၊ ၎င်းတို့မှာ ထိုသတ္တုကိုပြုလုပ်ရန် တွေ့ရများသည့်အပင်၏ပင်စည်မှုန့်ကို အရည်ကျိုပြီးသံသတ္တုထဲသို့ ပေါင်းထည့်ထားရုံသာဖြစ်၏။ ၎င်းတို့အနေနှင့် မည်သည့် အထူး အတုလုပ်နည်းများကိုမှ မသုံးထားချေ။
"ဒါက ဘာနိယာမမျိုးလဲဟ?" အင်ဂျင်နီယာ အင်ဂျင်နီယာနိယာမများနှင့် နှံ့စပ်နေသည့် လူတစ်ယောက်အနေနှင့် ရှုယီမှာ ၎င်းထူးဆန်းသည့်ဖြစ်စဉ်ကြောင့် ပဟေဠိဖြစ်နေရသည်။
သို့သော် ၎င်းတို့မှာ အချက်အလက်များဖြစ်ရာ စိုင်စ်နယ်မြေကြီးနှင့် ကမ္ဘာမြေကြား ခြားနားချက်တချို့ရှိနေသည်ဟု ရှင်းပြရမည်ပင်။
ရှုယီက နမူနာအားလုံးကိုကြည့်ရှုနေသည်အားမြင်သော် အက်ဂ်နက်စ်မှာ သူမ အင်္ကျီရင်ဘတ်ထဲရှိ ဘူးလေးတစ်ဘူးအားထုတ်ယူကာ လွှဲပေးလာသည်။
"ဒါက အကြီးအကဲ ရှင့်ကိုပေးခိုင်းလိုက်တဲ့ လက်ဆောင်ပါ။" အက်ဂ်နက်စ်က ပြောသည်။
"လက်ဆောင်? ဘာများလဲ?" ရှုယီမှာ သိလိုစွာဖြင့် ထိုဘူးကိုဖွင့်ကြည့်လိုက်ရာ ထိုဘူးထဲ၌ လူရုပ်လေးရှိသည်ကို တွေ့လိုက်ရသည်။
ထိုလူရုပ်လေးအား သလင်းကျောက်ဖြင့်ပြုလုပ်ထားကာ အဝါတောက်တောက်ဆံပင်အပြင် တခြားအစိတ်အပိုင်းများအားလုံးမှာ ခရင်မ်အဖြူရောင်ရှိနေသည်။
ရှုယီလည်း ထိကြည့်လိုက်သော် ထိုလူရုပ်လေးအား ပလက်စတစ်နှင့်ပြုလုပ်ထားကြောင်းသိလိုက်ရ၏။
သူ့အား အံ့အားသင့်စေဆုံးမှာ ထိုလူရုပ်လေးမှာ စတေးလ်ကို အခြေခံထားခြင်းပင်!
၎င်းက နှစ်ဆယ်စင်တီမီတာသာရှည်သော်လည်း အင်မတန်ကောင်းမွန်စွာပြုလုပ်ထားပြီး စတေးလ်၏ လှပသောကြန်အင်များကိုပါ ထွင်းထားကာ ဆံချည်တစ်မျှင်ချင်းစီကိုပင် ဂရုတစိုက်အနုစိတ်ပြုလုပ်ထားပေ၏။ ရှုယီလည်း အံ့ဩစွာပင့်သက်ရှိုက်လျက် ချီးကျူးလိုက်သည်၊ "အတော်လှတာပဲ! စတေးလ်သာမြင်ရင် သေချာပေါက်ဝမ်းသာလိမ့်မယ်။ အက်ဂ်နက်စ် ကျုပ်အစား အကြီးအကဲအီလူရှာကိုကျေးဇူးတင်ပေးပါဦး၊ ကျုပ်ကိုပေးတဲ့ လက်ဆောင်ကို အတော်လေးစိတ်တိုင်းကျပါတယ်လို့။"
အက်ဂ်နက်စ်လည်း ချိုသာစွာပြုံးကာ၊ "အကြီးအကဲကပြောလိုက်ပါတယ် ဒါက မိတ်ဆွေတစ်ယောက်အတွက် လက်ဆောင်မို့လို့ ကျေးဇူးတင်စရာမလိုပါဘူးတဲ့။ ဒီလက်ဆောင်ကို မြင်ပြီးတဲ့အခါ သူမရဲ့ဆိုလိုရင်းကိုပါ နားလည်လိမ့်မယ်လို့ အကြီးအကဲက ပြောလိုက်ပါသေးတယ်။"
ရှုယီလည်း ထိုအရုပ်လေးကိုကြည့်ကာ လက်ဖြင့်ထိကြည့်ပြီးမှ ခေါင်းငြိမ့်လာ၏၊ "ဟုတ်ပြီ၊ ကျုပ်နားလည်ပါတယ်။"
အကြီးအကဲအီလူရှာက အက်ဂ်နက်စ်ကို ထိုလက်ဆောင်ယူလာခိုင်းလိုက်သည်မှာ ညတေးသံမျိုးနွယ်စုက ရှုယီ၏လိုအပ်ချက်ကို ရောက်သွားသည့် ရလာဒ်များရသည်ကို ဆိုလိုခြင်းဖြစ်ကြောင်း သံသယပင်မလိုချေ။
သစ်သားဘူးလေးကိုကြည့်ရင်း ထိုလူရုပ်လေးအပြင် အတွင်းဘက်၌ ထောင့်မှန်စတုဂံပုံပလက်စတစ်တုံးဖြူဖြူလေးတချို့လည်း ရှိနေသည်ကို တွေ့လိုက်ရ၏။
ရှုယီလည်း ထိုပလက်စတစ်တုံးလေးများကိုယူကာ အရင်ဆုံးအနံ့ခံကြည့်လိုက်၏။ ၎င်း၌ မျှော်လင့်ထားသည့်အနံ့ရှိနေရုံသာမက လတ်ဆတ်သည့်ရနံ့ဖျော့ဖျော့ကိုပါရနေသည်က သူ့အားကျေနပ်စွာ ခေါင်းငြိမ့်မိစေ၏။
ထို့နောက် သူက မြေပြင်ထက်၌ ပလက်စတစ်ကိုချကာ ကျောက်တုံးချွန်ချွန်တစ်ခုကို ကောက်ကိုင်လိုက်၏။ အက်ဂ်နက်စ်၏ အံ့အားတသင့်အကြည့်ရှေ့တွင် သူဟာ မြေပြင်ရှိ ပလက်စတစ်အား ထိုကျောက်တုံးအချွန်ဖြင့် ထိုးခွဲလိုက်၏။
"ဖူး——"
ထိုကျောက်တုံးက ပလက်စတစ်ထဲသို့ နစ်ဝင်သွားကာ အသံပြင်းပြင်းထွက်လာသည်။
ရှုယီလည်း ပြန်ဆွဲကာ ၎င်းကိုသေချာကြည့်လိုက်၏။ ထိုအခါ ထိုပလက်စတစ်၏မျက်နှာပြင်တွင် အင်မတန်ငေးငယ်သည့် မြောင်းလေးတစ်ခုဖြစ်သွားကာ တခြားအမှတ်သားများလုံးဝရှိမနေသည်ကို တွေ့လိုက်ရသည်။
"အရမ်းကောင်းတယ်၊ အနံ့ရော ခိုင်မာမှုရော ပြဿနာမရှိဘူး။ အခုတော့ အရေးကြီးဆုံးအရာကို စမ်းသပ်ရတော့မယ်။"
ရှုယီမှာ ထိုပလက်စတစ်ကို တစ်ဖန်ကောက်ယူကာ သူ၏ညာလက်ထဲထည့်၍ မှော်စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။ တစ်ခဏအတွင်း သူ၏ညာလက်ထံမှ အေးစက်မှုတစ်ပြထွက်ပေါ်လာကာ မေလ'အပူချိန်၏ နွေးထွေးမှုရှိနေသော လေကို ခဲပစ်လိုက်တော့သည်။
ဆဌမအဆင့်မန္တာန်၊ ရေခဲပေါက်ကွဲခြင်း။
ထိုသည်မှာ ရှုယီ သိပ်မကြာခင်က လေ့လာခဲ့သည့် ဆဌမအဆင့်မန္တာန်ပင်။
ရေခဲပေါက်ကွဲခြင်းအား ထုတ်ဖော်လိုက်သည်နှင့် လေထုအပူချိန်က ချက်ချင်းကျဆင်းသွားသည်။ မှော်ပညာရှင်၏ မှော်စွမ်းအားနှင့် မန္တာန်အပေါ်နားလည်မှုကို အခြေခံကာ အပူချိန်ကျဆင်းမှုက ကွဲပြားသည်။
ထိုမန္တာန်ကိုအသုံးပြုသည်က ခေါင်းဆောင်မှော်ပညာရှင်ဆိုပါက ၎င်းတို့၏ အနိမ့်ဆုံးအပူချိန်မှာ ကျောက်တုံးတစ်တုံးကိုပင် အေးခဲခြင်းကြောင့် ကွဲအက်စေနိုင်၏။
ရှုယီ ဖော်ထုတ်ထားသည့် မှော်စွမ်းအားက ထိုမျှ မခမ်းနားသော်လည်း အပူချိန်ကို သုညအထိကျသွားရန်တော့ လျှော့ချနိုင်ဆဲပင်။
တစ်ခဏအတွင်း ရှုယီ၏ညာလက်တစ်ဝိုက်၌ နှင်းပွင့်လေးများပေါ်လာကာ မှော်စွမ်းအားကြောင့် ညာလက်က အဖြူရောင်ပင်ပြောင်းကာ အနည်းငယ်ပင် ထွင်းဖောက်မြင်နေရသည်။
အက်ဂ်နက်စ်လည်း ရှုယီ၏ညာလက်ကိုကြည့်၍ မျက်လုံးများထဲ၌ အံ့ဩမှုဖြင့်ပြည့်သွားသည်။
သူမက အထူးနတ်သူငယ်မှော်ပညာကိုအာရုံစိုက်ထားပြီး ဒြပ်စင်မှော်ပညာကို မလေ့လာရသေးသော်လည်း ရှုယီ လက်ရှိအသုံးပြုနေသည်က ရေခဲပေါက်ကွဲခြင်းမှန်း သတိပြုမိနေဆဲပင်။
ရှုယီနောက် အချိန်ကြာလိုက်နေပြီးနောက်တွင် ရှုယီမှာ ပဉ္စမအဆင့်မှော်ပညာရှင်သာဖြစ်မှန်းသိလေသည်။ သူဟာ ဆဌမအဆင့်မှော်ပညာကိုသုံးနေသည်ကတင် အံ့ဩစရာဖြစ်နေသော်လည်း ရှုယီမှာ ထိုမန္တာန်ကို ဤမျှကြာလောက်အောင် ဆက်သုံးနေနိုင်သည်က အမှန်ကို အံ့အားသင့်စရာပင်!
ထိုမှော်ပညာက ရှုယီ၏ညာလက်နားတစ်ဝိုက်၌သာ ကန့်သတ်ထားကာ မှော်စွမ်းအားကုန်ဆုံးမှုပမာဏကိုလျှော့ချထားသော်လည်း ဤမျှကြာအောင် ထိန်းထားနိုင်နေသည်။ ၎င်းမှာ သူ၏မှော်ပညာက သာမန်မှော်ပညာရှင်များထက်ပိုကောင်းသည်ကို သက်သေပြနေသည့်အပြင် သူ၏ မှော်စွမ်းအားကလည်း ဆဌမအဆင့်မှော်ပညာရှင်ထက် အားမနည်းကြောင်းပြနေ၏။
အက်ဂ်နက်စ်မှာ စတေးလ်ထံမှ ကြားခဲ့ရသည့် မဟာမှော်ပညာရှင်ကမ်မီလာ၏ ရှုယီအပေါ်ချီးမွမ်းမှု မနေနိုင်ဘဲ စဉ်းစားမိလိုက်သည်။
"ဒီကလေးသာ မှော်ပညာလေ့လာရာမှာ အာရုံစိုက်ထားရင် စွမ်းအားကြီးခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာနိုင်တယ်။"
၎င်းကိုတွေးတောရင်း အက်ဂ်နက်စ်မှာ ရှုယီကို နှမျောတသဖြင့် မကြည့်ဘဲ မနေနိုင်တော့ချေ။
ရှုယီနောက် ဤမျှကြာအောင် လိုက်လာခဲ့ပြီးနောက် ရှုယီက မှော်စက်များလေ့လာခြင်းကို အမှန်ပင်မြတ်နိုးကြောင်း သေသေချာချာသိလေသည်။
သူဟာ မှော်ပညာကိုလေ့လာရင်း အချိန်ကုန်နေပါလျှင်တောင် အက်ဂ်နက်စ်မှာ ၎င်း၏ အများစုက မှော်စက်များကိုလေ့လာရာ၌ သူ့အတွက် ပိုမိုလွယ်ကူစေလို၍သာ ဖြစ်ကြောင်းပြောနိုင်၏။
သူသာ မှော်ပညာကိုလေ့လာရာ၌ အချိန်နှင့် အားစိုက်မှုကို ပိုအာရုံထားပါလျှင် သူ၏ပါရမီနှင့် စွမ်းအားကြီးခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာနိုင်သည်ကို အက်ဂ်နက်စ်ကသေချာနေပါသည်။
နံဘေးရှိရှုယီက အက်ဂ်နက်စ်၏အတွေးများကို သတိမထားမိဘဲ သူ၏လက်ထဲရှိ ပလက်စတစ်အပိုင်းလေးကိုသာ အာရုံစိုက်ထား၏။
အချိန်တစ်လျှောက်လုံး ထိုပလက်စတစ်တုံးလေးက ပုံလုံးဝပျက်မသွားသည်ကိုမြင်သော် ရှုယီမှာ ကျေနပ်စွာပြုံးလိုက်မိသည်။
မိနစ်အတန်ကြာအောင် ရေခဲပေါက်ကွဲခြင်းကို အသုံးပြုပြီးနောက် ရှုယီလည်း မှော်စွမ်းအားများကိုပြန်ရုတ်သိမ်းလျက် မန္တာန်ကိုပယ်ဖျက်လိုက်တော့သည်။
ပလက်စတစ်တုံးပေါ်၌ အပူချိန်အလျင်အမြန်ကျဆင်းမှုကြောင့်ဖြစ်ပေါ်လာသည့် နှင်းများမှာ ရေစက်လေးများအဖြစ်ပြောင်းသွားကာ အတုံးလေး၏ မျက်နှာပြင်ထက်မှ စီးကျလာသည်။
ရှုယီလည်း ပလက်စတစ်ကို ဂရုတစိုက်ကြည့်ရှုပြီးနောက် ကျောက်တုံးနှင့်လုပ်ခဲ့သည့် အပေါက်ငယ်လေးမှလွဲ အခြားပြောင်းလဲမှုမရှိသည်ကို တွေ့လိုက်ရသည်ပင်။
"အတော်လေးကောင်းတယ်!" ရှုယီမှာ လက်ထဲရှိ ပလက်စတစ်အပိုင်းလေးကိုကြည့်နေရင်း ပျော်ရွှင်စွာပြုံးနေတော့၏။ ထို့နောက် အက်ဂ်နက်စ်ဘက်လှည့်ကာ ပြောလာသည်၊ "အက်ဂ်နက်စ်, ခင်ဗျားတို့နတ်သူငယ်မျိုးနွယ်စုမှာ ကျုပ်အနေနဲ့ ဘာတန်ဖိုးရှိတာကို တွေ့ခဲ့တဲ့အကြောင်း ခင်ဗျားအမြဲမေးနေခဲ့တာမဟုတ်လား? ကျုပ်ပြောပြမယ်၊ ဒီပလက်စတစ်ပိုင်းလေးကို သုံးသပ်ရုံနဲ့ အဆုံးမဲ့တဲ့တန်ဖိုးကို တွေ့ခဲ့ရတာပဲ!"
အက်ဂ်နက်စ်လည်း ရှုယီလက်ထဲရှိ သာမန်ထင်းရှူးစေးအတုံးလေးကိုကြည့်ပြီး ရှုပ်ထွေးသွားသည်။
၎င်းမှာ ရှင်းလင်းစွာပင် သာမန်သစ်စေးတုံးလေးဖြစ်နေသည်ကို အဘယ့်ကြောင့် ဥက္ကဌက ရတနာလို ဆက်ဆံနေရသနည်း?
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၃၆။ ဈေးကွက်အား သိမ်းပိုက်ခြင်း
မေလလယ်သို့ဝင်ရောက်လာသည်နှင့် ရာသီဥတုမှာ တဖြည်းဖြည်းနွေးထွေးလာသည်။
ဘန်တာမြို့တော်၏လမ်းများထက်တွင် ပိုတိုသည့်စကပ်လေးများ ပြောင်းလဲဝတ်ဆင်ထားကာ ၎င်းတို့၏ သွယ်လျသော ခြေတံဖြူဖြူလေးများကို ရဲဝံ့စွာပြသနေသည့် မိန်းမငယ်လေးများစွာလည်းရှိနေ၏။
တချို့ ပိုရဲသောမိန်းကလေးများမှာ ပူပြင်းသောနွေနေ့ရက်များတွင်မှသာ ဝတ်လေ့ရှိသည့် လက်တိုအင်္ကျီများပင် ပြောင်းလဲဝတ်ဆင်ကာ ၎င်းတို့၏ သွယ်လျသောလက်များနှင့် ရင်သားဖြူဖြူများကို လှစ်ဟပြထားသည်။ ၎င်းတို့အထက်၌ နေရောင်စူးစူးရှိနေသလို လူငယ်လေးများနှင့် မငယ်တော့သည့်ယောက်ျားသားများမှာ မူးဝေသလိုခံစားနေကြရ၏။
၎င်းတို့မှာ ဘန်တာမြို့၏စတိုးဆိုင်အကြီးအသေးများရှိ အပူနှင့် ထိုရဲသော မိန်းကလေးများကို တုံ့ပြန်ရန် ၎င်းတို့လုပ်သင့်သည်ကို လုပ်လာကြသည်။(T/N - ပန်ကာဝယ်/သုံးတာမျိုးကိုပြောတာပါ)
ဘန်တာမြို့၏လမ်းမကြီးများနှင့် လမ်းကြားလေးများထဲရောက်နေရင်း ဆိုင်များ၏ ကောင်တာများထက်၌ မှော်ပန်ကာ များစွာကို မြင်နိုင်သည်။ ပန်ကာက လူများကို အေးစေမည်လား သို့မှမဟုတ် ၎င်းတို့ကိုယ်ကို အေးသွားစေသည်လားကိုပင် ဂရုမစိုက်နိုင်ဘဲ မရပ်မနား လည်နေကြသည်။
ပို၍ နီးနီးကပ်ကပ်ကြည့်လိုက်ပါက ဆိုင်အချို့ရှိ မှော်ပန်ကာများ၏ အံ့ဖွယ်ကိုတွေ့နိုင်သည်၊ ၎င်းတို့ထဲက တစ်ခုကမျှ Frestech ကုန်သည်ကြီးများအသင်း၏ တံဆိပ်ပင်ဟုတ်မနေဘဲ အခြားတံဆိပ်များသာရှိနေသည်။
ထိုသည်ကို ၎င်းမှော်ပန်ကာများအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းမှ လာခြင်းမဟုတ်ဟု အဓိပ္ပာယ်ရသည်။
လက်ရှိ ဘန်တာမြို့အတွက် ၎င်းက စိတ်ပင်မကူးခဲ့သည်အရာပင်။
Frestech ကုန်သည်ကြီးများအသင်းအားတည်ထောင်ခဲ့သော တစ်နှစ်တာ၌ နှစ်လဆိုသည့် အချိန်တိုလေးအတွင်း ဘန်တာမြို့ရှိလူတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို သတိထားမိခဲ့ကြသည်။ မှော်စက်များအကြောင်းပြောနေချိန်ဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းကို ချက်ချင်းတွေးမိကြ၏။
မှော်ပန်ကာမှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ ပထမဆုံးမှော်စက်ဖြစ်သည်ကို မဆိုထားနှင့်။ ဘန်တာမြို့သားများအတွက် ၎င်းမှာ လူများစွာ၏ အမြင်တွေကို ပယ်ဖျက်ခဲ့ပြီး ၎င်းတို့အပေါ်၌ လေးလေးနက်နက်အထင်ကြီးမှုကိုထားခဲ့သည်။
သို့သော် ရာသီဥတု ပူနွေးလာသည့်အချိန်၌ မှော်ပန်ကာများအမျိုးပေါင်းများစွာရှိနေပြီး တစ်လုံးကမှ Frestech အမှတ်တံဆိပ်မဟုတ်ချေ။ ၎င်းက အားလုံးကို အမှန်ပင် ရှုပ်ထွေးသွားစေ၏။
ဖြစ်နိုင်တာက... Frestech ကုန်သည်ကြီးများအသင်းက မှော်ပန်ကာတွေထုတ်လုပ်ဖို့ လက်လျှော့သွားတာလား?
"မဟုတ်ဘူးပေါ့။" လူတစ်စု၏ သံသယအကြည့်များကို မြင်သော် ရှုယီက အပြုံးဖြင့် ခေါင်းခါလိုက်သည်၊ "မှော်ပန်ကာ ဈေးကွက်က မပြည့်သေးသလို အဲ့ကနေလည်း ငွေအတော်ဝင်နေတာကို ကျုပ်က ဘာလို့ လက်လျှော့မှာလဲ?"
"ဒါဆို ဥက္ကဌ, ဘာလို့ ကျွန်မတို့လုပ်ငန်းစုက မှော်ပန်ကာတွေ မထုတ်လုပ်တော့တာလဲ?" မှော်သုတေသနဌာနရှိ မှော်ပညာရှင်ငယ်လေးများ၏ တက်ကြွမှုကို အဆင့်သတ်မှတ်ရပါလျှင် အာကာလီက အနိုင်ရသူဖြစ်လာလိမ့်မည်။ သို့သော် စကားကိုမည်သို့ တည့်တိုးပြောတတ်သည်အား သုံးသပ်ရပါလျှင် ဘဲလ်လာက တွေးစရာပင်မလိုလောက်အောင် အနိုင်ရမည်ပင်၊ "အပြင်က အဲဒီ့ဆိုင်တွေမှာရှိတဲ့ မှော်ပန်တွေအားလုံးကိုကြည့်လိုက်ပါဦး၊ ကျွန်မတို့သာ အခွင့်အရေးကို ဖမ်းဆုပ်မထားရင် အားလုံးက အဲဒီ့မှော်ပန်ကာတွေကိုဝယ်တော့ ကျွန်မတို့ရဲ့မှော်ပန်ကာတွေကို ရောင်းနိုင်မှာ မဟုတ်လောက်တော့ဘူး။"
"ဟုတ်တယ်၊ ကျွန်မအပြင်ထွက်ကြည့်တော့ တခြားလုပ်ငန်းစုတွေက မှော်ပန်ကာတွေရဲ့ လုပ်ဆောင်ချက်က ကျွန်မတို့ရဲ့ Frestech အမှတ်တံဆိပ်ကို မယှဉ်နိုင်ပေမယ့်လည်း အသုံးမဝင်နေတာတော့မဟုတ်ဘူး။ ပြီးတော့ အဲဒီမှော်ပန်ကာတွေအတွက် ဒီဇိုင်းလည်းစုံတော့ ဒီတိုင်းလေးရွေးလို့ရတယ်။" အာကာလီကလည်း ပူပန်နေဟန်ဖြင့် ဆိုလာသည်၊ "အရေးကြီးဆုံးက သူတို့က ဈေးပေါနေတာပဲ! ကျွန်မ သံတောင်တန်းအမှတ်တံဆိပ်မှော်ပန်ကာအကြောင်းမေးကြည့်တော့ ငွေဒင်္ဂါးခြောက်ဆယ်ပြားနဲ့ပဲ ရောင်းတာတဲ့။ ဒါက Frestech အမှတ်တံဆိပ်ထက် ရွှေဒင်္ဂါးလေးဆယ်တောင်နည်းနေသေးတယ်!"
"အမ်း၊ ကျွန်မလည်း လိုက်မေးကြည့်တော့ တခြားမှော်ပန်ကာတွေကလည်း ငွေဒင်္ဂါးငါးဆယ်ဝန်းကျင်လောက်ပဲရှိတယ်။ ဒါက Frestech အမှတ်တံဆိပ်ထက် အတော်လေးနည်းနေတော့ အရည်သွေးမကောင်းရင်တောင် လူအတော်များများကတော့ ဈေးပေါတာကို ဝယ်ကြမှာပဲ။" ကလဲယာလည်း ပြောလာ၏။
"ဈေးပေါပေါကိုရှာနေတာလား?" ရှုယီကပြုံးလာကာ ၎င်း ပြဿနာကို စဉ်းစားလိုက်သည်။
ကမ္ဘာမြေ၌ဖြစ်စေ စိုင်စ်နယ်မြေ၌ဖြစ်စေ လူများစွာက ဈေးပေါသည်ကိုသာ အမြဲရှာနေကြသည်ချည်းပင်။
Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ပန်ကာနည်းပညာကို ရရှိခဲ့ကြသည့် စီးပွားရေးအသင်း၏ လုပ်ငန်းစုများအနေနှင့် မှော်ပန်ကာဈေးနှုန်းကို ထိုမျှနှိမ့်ထားရခြင်းမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဈေးနှုန်းတိုက်ပွဲစချင်သောကြောင့်ဖြစ်၏။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ ဈေးကွက်ကို လုယူရန် ဈေးနှုန်းနိမ့်နိမ့်များကိုသုံးချင်နေသည်။
လတ်တလောတွင် သက်ရောက်မှုက အတော်လေးကောင်းမွန်၏။
ဈေးနည်းခြင်းကြောင့် တခြားအမှတ်တံဆိပ်မှော်ပန်ကာများကို ဝယ်သူများစွာရှိသော်လည်း ဘန်တာမြို့ရှိ လူအများစုကတော့ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပန်ကာကို စောင့်နေကြဆဲပင်။
တစ်နှစ်တာနီးနီးလွှမ်းမိုးထားသည့်နောက် အနည်းဆုံးဘန်တာမြို့ရှိ လူများက Frestech အမှတ်တံဆိပ်ကို အသိအမှတ်ပြုထားကြသည်။
လူများအနေနှင့် တူညီသည့် မှော်စက်ဖြစ်သည့် တစ်ခုခုကိုဝယ်ချင်ပါလျှင် ဦးဆုံး Frestech အမှတ်တံဆိပ်ကို အမြဲစဉ်းစားမိလိမ့်မည်။
ထိုသည်က မှော်ပန်ကာများ၌ ပိုလို့ပင် သေချာသေး၏။ အကြောင်းပြချက်မှာ ယခင်နှစ် ဆော်လ်တန်မြို့က မတော်တဆများကြောင့်ပင်။
ယခင်ကကဲ့သို့ ထိုသတင်းကို အင်မတန်လျင်မြန်စွာ ဖြန့်နိုင်သည့် သတင်းများစွာမရှိပါသော်လည်း ထိုကိစ္စက အင်မတန်ကြီးမားခဲ့သဖြင့် ဆော်လ်တန်မြို့၏ အနီးတဝိုက်မြို့များကိုပါ ပျံ့နှံ့သွားခဲ့၏။
ဘန်တာမြို့မှာ မှော်ပန်ကာများ၏ မူလအစဖြစ်ရာ ထိုလူများက ပို၍ပင် ဂရုစိုက်ကြသေးသည်။
ထို မတော်တဆများကို သိရှိပြီးနောက် လူတိုင်းမှာ ထိုမှော်ပန်ကာများကို Frestech ကုန်သည်ကြီးများအသင်းထုတ်သည့်ပန်ကာများနှင့် နှိုင်းယှဉ်လာကြသည်။ ထိုအခါ Frestech အမှတ်တံဆိပ်မှော်ပန်ကာများက လီယိုကုန်သည်ကြီးများအသင်း၏ မှော်ပန်ကာများထက် အရည်သွေးများစွာပိုမြင့်သည်ကို တွေ့လိုက်ရ၏။
အခြားမည်သည့်အရာကိုမျှမဆိုထားနှင့် Frestech အမှတ်တံဆိပ်မှော်ပန်ကာ၌ မတော်တဆတစ်ခုပင် မဖြစ်ခဲ့ဖူးချေ။ ၎င်းကို အခြေခံရုံဖြင့် လီယိုကုန်သည်ကြီးများအသင်း၏ မှော်ပန်ကာကို ချက်ချင်းရိုက်ချရန်လုံလောက်သည်။
၎င်းကြောင့်လည်း လူများ၏ Frestech အမှတ်တံဆိပ်မှော်ပန်ကာများအပေါ် အသိအမှတ်ပြုမှုက အဆများစွာတိုးလာခဲ့သည်။ ဘန်တာမြို့တော်ရှိ အခြားတံဆိပ်များက Frestech အမှတ်တံဆိပ်မှော်ပန်ကာများထက် များစွာဈေးပေါနေပါလျှင်လည်း ၎င်းတို့၏ အရည်အသွေးကာ သိပ်မကွာနေလျှင် ရောင်းအားက နှမျောဖွယ်ဖြစ်နေပေလိမ့်မည်။
"အေးဆေးပေါ့၊ ဘယ်သူကမှ ငတုံးမဟုတ်ပါဘူး။ ကျုပ်တို့ Frestech အမှတ်တံဆိပ်မှော်ပန်ကာကို မတွေ့ခင်နဲ့ သူတို့နဲ့မနှိုင်းယှဉ်ခင်မှာ တခြားအမှတ်တံဆိပ်ရဲ့မှော်ပန်ကာတွေကို ရွေးမယ့်လူ များများစားစားရှိမှာမဟုတ်ဘူး။" ရှုယီက ယုံကြည်မှုရှိစွာပြော၏၊ "ပြီးတော့ သူတို့တွေ Frestech အမှတ်တံဆိပ်မှော်ပန်ကာတွေကို မြင်တဲ့အခါ ကျုပ်တို့ရဲ့ ပန်ကာတွေကိုပဲ သေချာပေါက်သုံးမယ်လို့ ကျုပ်အာမခံရဲတယ်!"
အားလုံးက တစ်ဦးနှင့်တစ်ဦးကြည့်ရင်း ထိုဥက္ကဌက အတော်လေးယုံကြည်မှုရှိသည်ဟု စဉ်းစားမိလိုက်ကြသည်။
သို့သော် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနမှ အဖွဲ့ဝင်များဖြစ်ကြရာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုမ်တိုးတက်မှုကို အရှင်းကြီးသိပါ၏။
ရှုယီပေးလာခဲ့သည့် နောက်ဆုံးပေါ် Frestechအမှတ်တံဆိပ်မှော်ပန်ကာ ထုတ်လုပ်မှုပြဇယားအတွက် လုံးဝပင်မစရသေးချေ။
"ဥက္ကဌ၊ ကျွန်မတို့ မှော်ပန်ကာတွေသုတေသနလုပ်ဖို့ကို ဘယ်တော့စရမှာလဲ? ကျွန်မတို့ကို အချိန်အတိအကျပြောလို့ရအလား? ကျွန်မတို့လည်း ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ လိုသေးတယ်။" ဘဲလ်လာက မထိန်းနိုင်ဘဲ ပြောလာသည်။
အခြားလူများကလည်း ခေါင်းငြိမ့်၏။
"သုတေသန?" အားလုံး မျှော်မလင့်ထားစွာ ရှုယီက ထိုမေးခွန်းကြားသည့်အချိန်၌ အံ့ဩဟန်ထုတ်ပြလာသည်။ အနည်းငယ် အံ့ဩဟန်ပြနေပြီးနောက်တွင် သူက အပြုံးဖြင့်ဆိုလာ၏၊ "ကျုပ်ထင်တာတော့ ခင်ဗျားတို့ တစ်ခုခုကို အထင်လွဲနေပြီ။ ခင်ဗျားတို့ခန့်မှန်းထားတဲ့ မှော်ပန်ကာမျိုးဆက်သစ်ကို သုတေသနလုပ်တာက မမှားပေမယ့်လည်း ဒါက မှော်အစီရင်သုတေသနနဲ့တော့ လုံးဝမဆိုင်ပါဘူး။ ဒီတစ်ခေါက် အဓိကပြဿနာက ဖွဲ့စည်းပုံနဲ့ သတ္တုပါပဲ၊ ဒါကြောင့် ကမ်ဘီခေါင်းဆောင်တဲ့ လူပုလေးတွေနဲ့ သတ္တုသုတေသနဌာနကပဲ ဒါကို ဂရုစိုက်ပါလိမ့်မယ်။ ဟုတ်သားပဲ၊ ဒီဇိုင်းကလည်း အရေးကြီးတော့ ဒီတစ်ခေါက် ဒီဇိုင်းဌာနအတွက်လည်း အလုပ်အတော်များဦးမှာ။"
အာကာလီလည်း အိုး'ဟု ရေရွတ်ပြီး ခေါင်းငြိမ့်လာသည်၊ "ရှင့်နောက်ကို ဒီတလော အက်ဂ်နက်စ်လိုက်လာတာ မတွေ့တာ အံ့ဩစရာမရှိတော့ပါဘူး၊ ဆိုတော့ သူမက မော်ဒယ်အသစ်ကို ဒီဇိုင်းဆွဲနေတာပေါ့။"
"အက်ဂ်နက်စ်"ဟူသည့် နာမည်ကြားသော် အားလုံးက အာရုံစိုက်လာကြသည်။
အက်ဂ်နက်စ်မှာ ယခုတလော ရှုယီ၏တောင်းဆိုမှုအောက်၌ လုပ်ငန်းစုအဖွဲ့ဝင်များထံမှ သူမကိုယ်ကိုမဖုံးကွယ်ထားတော့ရာ အားလုံးက နတ်သူငယ်နဲ့ တဖြည်းဖြည်းကျင့်သားရလာကာ ကိစ္စကြီးနှယ်မပြုမူတော့ပါချေ။
သို့သော် နတ်သူငယ်များက ရှားပါးသည့်အရာဖြစ်နေဆဲပင်။ အက်ဂ်နက်စ်က ထိုမျှလည်းလှပပေရာ လူများက သူမကို အင်မတန်တွေ့မြင်လိုနေကြဆဲပင်။
"အမ်း၊ ဗီဗီယန်လည်း ဒီတလော အလုပ်များနေပြီ။ ကျုပ်လည်း သူမကို စတေးလ်နဲ့အတူ နွေရာသီအင်္ကျီအသစ်တွေထွက်ဝယ်စေချင်ပေမယ့် သူမက အလုပ်များနေတော့ ငြင်းတယ်လေ။" ရှုယီမှာ ပခုံးတွန့်လျက် ကူရာမဲ့စွာဆိုလာ၏၊ "ကျုပ် တကယ်ပဲ အရင်က မမြင်ခဲ့တာ၊ သူမနဲ့ အက်ဂ်နက်စ်က အလုပ်ရူးတွေများလား? ကျုပ်လည်း ဒီဇိုင်းနဲ့ ပတ်သက်ပြီး အလျင်မလိုနေတော့ စိတ်ပူဖို့မလိုကြောင်းပြောခဲ့ပေမယ့် နှစ်ယောက်လုံးပြောတာတော့ ဒီဇိုင်းက ပြီးပြည့်စုံနေရမယ်တဲ့လေ၊ အဲ့လိုနဲ့ပဲ နေ့တိုင်း အားတဲ့အချိန်ရှိနေသရွေ့ ဒီဇိုင်းအကြောင်းကို အရူးအမူးဆွေးနွေးနေကြတော့တာပဲ။"
အာကာလီလည်းရယ်ကာ၊ "ဥက္ကဌ, ရှင်ဒါကို နားမလည်ဘူးလား? သူတို့က သူတို့ကိုယ်သူတို့ သက်သေပြချင်နေတာပဲ၊ ရှင်က သူတို့စိတ်ထဲမှာ နေရာအတော်ယူထားတာမို့လေ။ ဘယ်လိုလဲ၊ ဝမ်းသာရဲ့လား?"
ရှုယီလည်း သူမကိုကြည့်လာကာ၊ "ပေါက်ကရတွေမပြောပါနဲ့တော့။ ဗီဗီယန်က ဟုတ်ပါသေးတယ်၊ ဒါပေမယ့် အက်ဂ်နက်စ်က ကျုပ်ရှေ့မှာ ဘာကို သက်သေပြဖို့လိုမှာတဲ့လဲ?"
အာကာလီက ပြုံးလျက်ပြီး ဆက်မပြောလာချေ။
ရှုယီမှာလည်း သူမအကြောင်းကို ဂရုစိုက်ရန် အင်မတန်ပျင်းရိလှရကား တံခါးကိုသာကြည့်၍ မေးလာ၏၊ "အီဗီတာရော? ခင်ဗျားတို့ကျုပ်ကိုခေါ်ပြီး အံ့ဩသွားစေမယ့်အရာရှိတယ်လို့ပြောခဲ့တယ်လေ၊ အဲ့တော့ သူမက သွားပြီးပြင်ဆင်နေတာမဟုတ်လား? ဘာလို့မထွက်လာရသေးတာလဲ?"
အာကာလီက မျက်လုံးများလှိမ့်ကာ၊ "စောင့်ပါဦး"ဟု ပြော၍ ပြေးထွက်သွားသည်။
ခဏကြာပြီးနောက် အာကာလီက ပြေးထွက်လာကာ ဆန်းကြယ်နေဟန်ဖြင့်ဆို၏၊ "ပြင်ဆင်လို့ပြီးပြီ"
ရှုယီလေး ရှုပ်ထွေးနေဟန်ဖြင့် ဝေ့ဝဲကြည့်ကာ၊ "အဆင်သင့်ဖြစ်ပြီလား? ဘယ်မှာလဲ?"
အာကာလီနှင့် နံဘေးရှိလူတိုင်းမှာ ပြုံးလျက်နှင့် ပြတင်းနားက ၎င်းတို့နေရာသို့ ပြေးသွားကြသည်။ ထို့နောက် ဆယ်စီလီယာက ရုတ်တရက် လက်ဖျောက်တီးလိုက်၏။
"ဖျောက်——"
အားလုံး လိုက်ကာများဆွဲချကာ နေကို ကာလိုက်သည်နှင့် အခန်းက အမှောင်ထုထဲကျရောက်သွားသည်။
"ဟေး၊ ခင်ဗျားတို့ဘာတွေလုပ်နေတာလဲ...."
ရှုယီ ထိုသို့မေးလိုက်ချိန်တွင် သူ၏အပေါ်၌ အဖြူရောင်အလင်းတစ်ပြပြောလာကာ ရုတ်တရက် အခန်းကို လင်းချင်းသွားစေ၏။
"ဘာတွေဖြစ်နေတာလဲ? ဒီကစားနည်းကို ဘာအတွက် ကစားနေကြတာလဲ?" ရှုယီမှာ မျက်နှာကျက်၌ ချိတ်ထားသည့် အထူးလုပ်မှော်မီးအိမ်ကိုကြည့်ကာ ပိုလို့ပင် ရှုပ်ထွေးသွား၏၊ "ခင်ဗျားတို့အားလုံး ဒီလိုလုပ်နေတာ တစ်ယောက်ယောက်ရဲ့ မွေးနေ့ကြောင့်များလား..."
ရှုယီမှာ ရုတ်တရက် ရပ်တန့်လိုက်ရင်း တစ်ချက်ငေးကနဲဖြစ်သွားကာ စိတ်လှုပ်ရှားနေဟန်ဖြင့်ဆိုလာ၏၊ "မဟုတ်သေးဘူး! ခင်ဗျားတို့ ဘယ်သူမှ မီးလုံးကိုမထိရသေးဘူး။ ဖြစ်နိုင်တာက... ဖြစ်နိုင်တာက... ဖြစ်နိုင်တာ ခင်ဗျားတို့တွေ အဝေးထိန်းမှော်စွမ်းအား လွှဲပြောင်းခြင်းပြဿနာကို ဖြေရှင်းလိုက်ကြတာလား?"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၃၇။ အဝေးထိန်း မှော်စွမ်းအားလွှဲပြောင်းခြင်းနှင့် မှော်စွမ်းအားအဆင့်မြှင့်တင်ခြင်း။
ထိုအိမ်သုံးမှော်စက်များကို ထုတ်လုပ်နေချိန်တွင် ရှုယီမှာ မှော်အစီအရင်များအား စွမ်းအားရင်းမြစ်များအဖြစ်အသုံးပြုကာ ထိုမှော်စက်များအနေနှင့် ကမ္ဘာမြေပေါ်မှ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် တူညီသည့်လုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်ရန် ခွင့်ပြုခဲ့၏။
၎င်း၏အထောက်အပံ့မောင်းနှင်အားမှာ မှော်အစီအရင်ကို စွမ်းအားပေးသည့် မှော်သလင်းကျောက်ဖြစ်သည်။
အချိန်အများစု၌ ၎င်းကြောင့် မည်သည့် ကြားခံမှမရှိခဲ့ချေ။ မှော်အစီအရင်ကို မှော်စွမ်းအားထောက်ပံ့ပေးသည့် မှော်သလင်းကျောက်မှာ လုပ်ဆောင်ချက်များပြုလုပ်ဖို့ရန် လိုအပ်ကာ အသုံးဝင်သည့်မှော်စွမ်းအားမျိုးစုံဖြစ်လာသည်။
သို့သော် မှော်မီးအိမ်ကို ထုတ်လုပ်ချိန်တွင် ရှုယီမှာ ပြဿနာတစ်ခုကြုံခဲ့ရ၏။
ထိုစဉ်က သူဟာ ကမ္ဘာမြေရှိ မျက်နှာကျက်၌ ချိတ်ထားကာ တစ်ခန်းလုံးကို အလင်းပေးနိုင်သော မီးလုံးများကို စိတ်ကူးခဲ့သည်။ သို့သော် ထိုမှော်သလင်းကျောက်နှင့် မှော်အစီရင်က အတူတကွရှိနေရမည်ဖြစ်ရာ မှော်မီးအိမ်ကို မျက်နှာကျက်၌ထားပါလျှင် မီးခလုတ်နေရာက ပြဿနာဖြစ်လာမည်။
၎င်းကိုစဉ်းစားကြည့်သော် လူတစ်ယောက်မှာ မျက်နှာကျက်ရှိ မှော်မီးအိမ်ကို ဖွင့်လိုပါလျှင် မျက်နှာကျက်ရှိ ခလုတ်ကိုနှိပ်ရန် လှေကားကိုသုံးကာတက်ရမည်။ ထို့အပြင် ပိတ်လျှင်လည်း ထိုသို့ထပ်တူပြုမူရပေမည်။ ၎င်းက မည်မျှ ဒုက္ခများလှသနည်း။
မြို့စားအိမ်တော်၏ပွဲခန်းမထံ၌ မျက်နှာကျက်နှင့် နံရံများတွင် မှော်မီးအိမ်များစွာရှိ၏၊ ၎င်းမှာ မြို့စားအရှင်က အထူးတောင်းဆိုထားခြင်းကြောင့်ဖြစ်ကာ မြို့စားအိမ်တော်၌လည်း ထိုကိစ္စကို ဂရုစိုက်မည့် အစေခံများစွာရှိသောကြောင့်ပင်။
သို့သော် ၎င်းက သာမန်မိသားစုဆိုပါလျှင် မည်သူက နေ့တိုင်း မှော်မီးအိမ်ကို အဖွင့်အပိတ်လုပ်ရန် လှေကားဖြင့်တက်ဖို့ရာ စိတ်ရှည်နေပါမည်နည်း?
ကူရာမဲ့စွာခံစားနေရရင်း ရှုယီ၏ တွဲလောင်းမီးလုံးများဖန်တီးမည့်အစီစဉ်က အဆုံး၌ စားပွဲတင်မီးအိမ်သာဖြစ်သွားရသည်။
မှော်စားပွဲတင်မီးအိမ်အား ရှုယီကို အံ့အားသင့်စေရလောက်အောင် ကောင်းကောင်းရောင်းရပါသော်လည်း ၎င်းမှာ အင်မတန်ကောင်းမွန်သောဒီဇိုင်းကြောင့်ပါပင်။
၎င်းက ရှုယီအရေးကြီးဆုံးဟု သတ်မှတ်ထားသည့် ကောင်းစွာတည်ဆောက်ထားခြင်းနှင့် မသက်ဆိုင်ပေ။
၎င်းနောက် ရှုယီမှာ အာကာလီနှင့် အီဗီတာတို့အား အဝေးမှ မှော်အစီအရင်ကို မှော်သလင်းကျောက်ဖြင့် စွမ်းအင်ထောက်ပံ့ရန် မည်သို့ပြုလုပ်ရမည်အား သုတေသနလုပ်စေခဲ့၏။
၎င်းက အင်မတန်ရှုပ်ထွေးပြီး မှော်အစီအရင်ကုဒ်ရေးခြင်းနှင့်ဆင်တူနေသည်ဖြစ်ရာ စန်ချယ်လီအနေနှင့် အချိန်အတော်ကြာလျှင်တောင် မပြီးပြတ်လောက်ဟု ရှုယီကထင်ထားသော်ငြား ထိုသို့လအနည်းငယ်အတွင်း၌ တိကျသော ရလာဒ်ရလာမည်ဟု ထင်မထားခဲ့ပါချေ!
ထိုပြဿနာကိုဖြေရှင်းခြင်းမှ ပြောင်းလဲမှုနှင့် ဖြစ်နိုင်ချေအလုံးစုံးကို စဉ်းစားကြည့်ရင်း ရှုယီ၏ အသံက စိတ်လှုပ်ရှားသဖြင့်တုန်ယင်လာသည်။ သူက အာကာလီ၏ ပခုံးကိုဆုပ်ကိုင်လျက် မေးလေ၏၊ "ပြောပါဦး၊ မှန်ရဲ့လား? မင်းတို့ တကယ်ပြီး ဒီခက်ခဲတဲ့ပြဿနာကြီးကို ဖြေရှင်းခဲ့တာလား?"
"ဥက္ကဌ၊ နာတယ်။" အာကာလီက မျက်မှောင်ကုပ်ကာ သူမပခုံးများကို ဆုပ်ကိုင်ထားသည့် ရှုယီ၏လက်များအား တွန်းဖယ်လိုက်သည်၊ "ဒါက ဒါပဲမဟုတ်ပါဘူး၊ ဆက်စောင့်ကြည့်လိုက်ပါဦး။"
"ထပ်ရှိသေးတာလား? ဒီပြဿနာကို ဖြေရှင်းတာထက်တောင် ပိုအရေးပါတဲ့ တွေ့ရှိမှုရှိသေးတာများလား?" ရှုယီမှာ တအံ့တဩမေးလေသည်။
"စောင့်သာကြည့်နေပါ။" အာကာလီက ရှုယီထံ ဝင့်ကြွားစွာပြုံးပြလာပြီးနောက် အသံမြှင့်လျက် ခေါ်လိုက်၏၊ "အီဗီတာ, နင် ဒုတိယစမ်းသပ်ချက်ကို စလို့ရပြီ!"
ထိုသို့ဆိုပြီးနောက်၊ အာကာလီက အီဗီတာကိုယ်တိုင် ခေါင်မိုး၌ ဒီဇိုင်းဆွဲထားသည့် မှော်မီးအိမ်ကိုညွှန်ပြလာသည်။
ရှုယီလည်း ထူးဆန်းစွာဖြင့် ၎င်းမှော်မီးအိမ်ကို မော့ကြည့်လာ၏။ ထိုအရာမှာ အီဗီတာနှင့် ကျန်လူတို့က အဝေးထိန်းမှော်စွမ်းအားလွှဲပြောင်းခြင်းပြဿနာကိုဖြေရှင်းခဲ့ကြောင်း သက်သေပြနေရာ အသစ်တစ်ခုကို ပြုလုပ်ထားကြသည်လား?
ထိုအတွေးက ရှုယီစိတ်ထဲပေါ်လာချိန်၌ မှော်မီးအိမ်၏ အလင်းက တကယ်တမ်းမှိန်ပြနေသည်ကို သတိထားမိသွားသည်။
သေချာကြည့်ပြီးနောက်၌ ၎င်းက မမှားကြောင်း သတိပြုမိလိုက်သည်။
မီးအိမ်၏တောက်ပသည့်အဖြူရောင်အလင်းက ရှုယီ၏မျက်မှောက်၌ပင် အားနည်းစပြုလာသည်။ သိပ်မကြာလိုက် တစ်ခန်းလုံးကို လင်းစေခဲ့သည့် အလင်းက အားနည်းလာကာ ညအမှောင်တွင်းမှ ပိုးစုန်းကြူးငယ်တစ်ကောင်မျှသာလင်းတော့သည်။
ထိုမှော်မီးအိမ်မှာ မှိတ်သွားတော့မည့်ဆဲဆဲဖြစ်နေသော်လည်း အလင်းက တဖြည်းဖြည်းပို၍ အားကောင်းလာ၏။ သိပ်မကြာလိုက်ပါဘဲ မတိုင်ခင်ကလို တောက်ပလာလေသည်။
အလင်းကတစ်ဖန်ပြန်မှိန်စပြုနေချိန်တွင် ရှုယီက ရုတ်တရက်အော်လိုက်၏၊ "ရပ်လိုက်တော့!"
မှော်မီးအိမ်ပြောင်းလဲမှုက ရပ်တန့်သွား၏။ ရှုယီလည်း စဉ်းစားပြီးမှ အော်ပြောလာသည်၊ "အီဗီတာ, ဒါကိုကျုပ်အတွက် နည်းနည်းလောက် ပိုတောက်ပအောင်လုပ်ပေး။"
အခန်းအပြင်ဘက်ရှိ မသိရသောနေရာ၌ ပုန်းကွယ်နေသော အီဗီတာမှာ တုံ့ပြန်သံတစ်ချက်ပြုလိုက်ရာ မှော်မီးအိမ်၏အလင်းက ပိုမိုတောက်ပလာလေသည်။
ရှုယီက မျက်နှာကျက်ရှိ မှော်မီးအိမ်ကိုမော့ကြည့်ပြီးနောက်မှ အာကာလီကိုငုံ့ကြည့်ကာ မေးသည်၊ "အာကာလီ, မှော်စွမ်းအား လွှဲပြောင်းတဲ့ပြဿနာကို ဖြေရှင်းတာအပြင် ခင်ဗျားတို့တွေ စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြဿနာကိုပါ ဖြေရှင်းခဲ့တာလား?"
အာကာလီ၏ မျက်နှာထက်ရှိ အပြုံးက ပိုလို့ပင် ဝင့်ကြွားလာကာ အပြုံးဖြင့် ဆိုလာ၏၊ "ဥက္ကဌ၊ ခန့်မှန်းလိုက်ပြီပေါ့?"
"ကျုပ်ကို ဖြေပါဦး!" ရှုယီက ရုတ်တရက် ဟောက်လိုက်သည်။
အားလုံးက ၎င်းကြောင့် လန့်ဖျပ်သွားကြသည်။ အီဗီတာသည်ပင် ထိတ်လန့်ကာ ရင်ဘတ်ကိုဖိလိုက်ရင်း ရှုယီကို တအံ့တဩကြည့်လာသည်၊ "ဥက္ကဌ၊ ရှင်... ဘာဖြစ်တာလဲ? ဟုတ်သားပဲ၊ ကျွန်မတို့ မှော်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြဿနာကိုပါ ဖြေရှင်းခဲ့တယ်လေ၊ ဘယ်လိုလဲ? ရှင် မပျော်လို့များလား?"
ရှုယီမှာ အာကာလီကိုစိုက်ကြည့်နေရာ သူမလည်း ကြက်သီးတဖြန်းဖြန်းထလျက် မနေနိုင်ဘဲ နောက်သို့ပင် တစ်လှမ်းဆုတ်မိသွားသည်။ ခဏကြာပြီးနောက်တွင် သူက ထရယ်လိုက်ပြီး သူမရှေ့သို့လျှောက်သွားကာ အားလုံးရှေ့၌ သူမကို ဖက်လိုက်တော့၏။
"ပျော်တာပေါ့! ကျုပ်အရမ်းပျော်တယ်! ဟားဟား၊ ဒါကကောင်းလိုက်တာ! အရမ်းကောင်းတယ်! ဒီပြဿနာနှစ်ခုကိုဖြေရှင်းပြီးရင် ကျုပ်ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ပြီ။" ရှုယီမှာ သူ့ကိုယ်သူပြောကာ ပျော်နေရင်း ကျယ်လောက်စွာ ရယ်မောလျက် အာကာလီ၏ ကျောကို ပုတ်ပေးနေသည်၊ "အာကာလီ, ကျုပ်တကယ်အရမ်း ဝမ်းသာမိတယ်! ခင်ဗျားက မှော်စက်မှုအင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ရုံတင်မကဘူး၊ ကျုပ် ခင်ဗျားကို သေချာပေါက် ကောင်းကောင်းဆုချပါ့မယ်!"
ထိုသို့ပြောပြီးနောက် ရှုယီမှာ တောင့်တင်းနေသည့် အာကာလီကိုလွှတ်ပေးပြီး နံဘေး၌ ကြောင်အနေသည့် ဘဲလ်လာကို ဖက်ရန် လှည့်လိုက်သည်။ သူက သူမကိုလည်း အကြိမ်ရေအနည်းငယ်ခန့်ကျောကိုပုတ်ပေးကာ ချီးကျူးလိုက်ပြီးနောက်မှ အခြားတစ်ယောက်ဆီရွှေ့သွားသည်။
ရှုယီဟာ ထိုသို့လှည့်သွားနေရင်း သူ့အား မျက်နှာဆိုးဆိုးဖြင့်သာ ကြည့်သောစကော့ချ်ကိုပင် အလွတ်မပေးဘဲ အားလုံးကို စိတ်အားထက်သန်စွာ ဖက်ပေးခဲ့၏။
သို့သော် နောက်ဆုံး ဆယ်စီလီယာကို ဖက်ပြီးနောက်၌ အီဗီတာဝင်လာသည်ကိုမြင်သော် ရှုယီလည်း သူမဆီလျှောက်သွားရာ အီဗီတာက လက်ပြ၍ တားဆီးလိုက်သည်။
"ဥက္ကဌ စိတ်အေးအေးထားပြီး စတေးလ်ရဲ့ခံစားချက်ကိုလည်း စဉ်းစားပါဦး။" အီဗီတာက တည်ငြိမ်စွာပြော၏။
"စတေးလ်"ဟူသည့် စကားလုံးများကို ကြားသော် ရှုယီမှာ ငြိမ်သက်သွားသည်။ ၎င်းမှာ ရေခဲရေအေးအေးတစ်ပုံးလောက် သူ့အပေါ်လောင်းချလိုက်သလိုဖြစ်ကာ တမုဟုတ်ချင်း သူ့အား ငြိမ်သက်သွားစေသည်။
"အာ...ဟုတ်သားပဲ၊ ကျုပ်အရမ်း စိတ်လှုပ်ရှားသွားလို့ အားနာပါတယ်။" ရှုယီမှာ အီဗီတာကို မသက်မသာပြုံးပြကာ မိန်းကလေးများကို တောင်းပန်ရန် လှည့်လိုက်သည်။
ယောက်ျားလေးနှစ်ဦးတော့ မပါဝင်ပါချေ။
ထိုမိန်းကလေးများထံ၌ အတန်ငယ်နီရဲနေသော မျက်နှာလေးများရှိနေပါသော်လည်း တကယ်တမ်း စိတ်မကွက်သွားကြချေ။
ဘဲလ်လာမှာ ရှုယီထံ လက်များပင် ဆန့်တန်းလာရင်း ပြုံးလျက် ဆိုလာသေးသည်၊ "ဥက္ကဌ လာပါ၊ ထပ်ဖက်ကြတာပေါ့။ ရှင့်ဆီက အဖက်ခံရတာ အတော်လေးကောင်းတယ်လို့ ခံစားရတယ်။"
ကလဲယာက မျက်လုံးများလှိမ့်လိုက်ကာ၊ "ဟုတ်ပါပြီ၊ အရူးလုပ်နေတာ ရပ်လိုက်တော့။ ဥက္ကဌရှုမှာ စတေးလ်ရှိတော့ သူ့နှလုံးသားက နင့်ကြောင့်လှုပ်ရှားမှာမဟုတ်ဘူး။"
ဘဲလ်လာက အပြုံးဖြင့်ပြောလာ၏၊ "ငါက ဥက္ကဌကို ဖက်စေချင်ရုံပါ၊ ဘာအဓိပ္ပာယ်မှမပါဘူး။"
ရှုယီမှာ မနေနိုင်ဘဲ အပြုံးဖြင့် ခေါင်းယမ်းကာ၊ "ကောင်းပြီ၊ ကျုပ်ကို နောက်မနေပါနဲ့တော့။ ကျုပ် အစောတုန်းက အတော်လေးစိတ်လှုပ်ရှားပြီး အထိန်းအကွပ်မဲ့သွားတယ်။"
"ဥက္ကဌ၊ ရှင်ဘာလို့ ကျွန်မတို့က ဒီပြဿနာနှစ်ခုဖြေရှင်းလိုက်တာကို ဒီလောက်ပျော်နေရတာလဲ?" ဘဲလ်လာက သိလိုစွာမေးလာသည်၊ "ကျွန်မတို့ အရင်ကထုတ်လုပ်ခဲ့တဲ့ မှော်ပေါင်မုန့်မီးကင်စက်ကို အတော်များများရောင်းရတာတောင် ရှင်ဒီလိုဖြစ်တာ မတွေ့ခဲ့ရဘူး။",
"ဟုတ်တယ်၊ ရှင်က ကျွန်မ မှာတ်ဉာဏ်ထဲမှာ အမြဲတည်ငြိမ်နေခဲ့ပြီး ဘယ်တုန်းကမှ အထိန်းအကွပ်မမဲ့ဖူးဘူး။ ဒီနေ့ ဘာဖြစ်သွားတာလဲ? ဒီပြဿနာနှစ်မျိုးက ကြီးကြီးမားမားမဟုတ်ဘူးလို့တော့ ကျွန်မထင်တာပဲ။" ကလဲယာကလည်း ပြောလေသည်။
"ဒါက ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့ဖြေရှင်းခဲ့တဲ့ ဒီပြဿနာနှစ်ခုက ဘယ်လောက်ထူးကဲသလဲဆိုတာကို နားမလည်တာကြောင့်ပါ။" ရှုယီက အသာပြုံးကာ ပြောလာသည်၊ "နောက်တစ်မျိုးပြောရရင် ဒီ အခြေခံအကျဆုံးနဲ့ အရေးပါဆုံးအရာနှစ်မျိုးကို ဖြေရှင်းလိုက်တာနဲ့ စိုင်စ်နယ်မြေက မှော်စက်မှုနယ်ပယ်က ပြောင်းလဲသွားတော့မှာ။ ပြီးတော့ ဒီပြဿနာကို ပိုလေ့လာလေ၊ ခင်ဗျားတို့အနေနဲ့ ကမ္ဘာကြီးက လူတိုင်းရဲ့ ဘဝတွေနဲ့အတူ ပြောင်းလဲသွားမှာကို တွေ့ရလိမ့်မယ်လို့ ကျုပ် အာမခံရဲတယ်!"
"ဒါက အရမ်းအကျယ်ချဲ့လွန်းမနေဘူးလား?"ရှုယီဆီမှအဖက်ခံရပြီးနောက် မျက်နှာနီကာ စကားမပြောဘဲနေခဲ့သည့် အာကာလီမှာ ပုံမှန်ပြန်ဖြစ်သွားကာ အံ့ဩလျက် မေးလာသည်၊ "ဥက္ကဌ၊ ဒါက အရမ်းအကျယ်ချဲ့ရာကျမနေဘူးလား?"
"အကျယ်ချဲ့ချဲ့ မချဲ့ချဲ့ အချိန်ကျရင် ခင်ဗျားတို့ သိလာလိမ့်မယ်။"
၎င်းတို့အနေနှင့် ရှုယီလိုမျိုး ကမ္ဘာမြေမှ ဝိဉာဉ်ကူးပြောင်းလာခြင်းမဟုတ်သလို ယခင်ကလည်း စက်မှုလောကကြီး၌ မနေထိုင်ခဲ့ဖူးပေရာ ရှုယီပြောနေသည့်မြင်ကွင်းကို နားလည်ဖို့မဖြစ်နိုင်မှန်းသိပါ၏။
ထို့ကြောင့် သူက မရှင်းပြနိုင်ချေ။ ၎င်းကိုစဉ်းစားပြီးနောက် အပြုံးဖြင့် လက်ခုပ်တီးလျက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်၊ "ဟုတ်ပြီ၊ ဒီတစ်ခေါက် တိုးတက်မှုကြီးဖြစ်သွားတော့ ကျုပ်က ဥက္ကဌအနေနဲ့ မှော်သုတေသနဌာနကို အထူးဆုတစ်ခု ချီးမြှင့်မယ်။ ပမာဏကတော့....."
အီဗီတာနှင့် ဆယ်စီလီယာပင် အပါဝင် အားလုံးက နားရွက်လေးများထောင်လာကြ၏။
၎င်းတို့မှာ ထိုပြဿနာနှစ်ရပ်အား ဖြေရှင်းခြင်း၏အဓိပ္ပာယ်ကို မသိကြသော်လည်း ဆုရခြင်းကိုတော့ နားလည်ပါပေသည်။
ရှုယီက အင်မတန်စိတ်လှုပ်ရှားခဲ့သည်ကို သုံးသပ်ကြည့်ရလျှင် ထိုဆုက မနည်းလောက်ပေ။
ရှုယီလည်း မျှော်တလင့်လင့်ဖြစ်နေကြသည့် မျက်နှာလေးများကိုကြည့်ရင်း တမင်သက်သက်ခဏမျှတန့်နေပြီးမှ အသံကျယ်ကျယ်ဖြင့်ဆိုလာသည်၊ "ရွှေဒင်္ဂါးငါးထောင်!"
သူ၏အသံထွက်လာချိန်တွင် အခန်းက တိတ်ကျသွားပြီး အသက်ပြင်းပြင်းရှူသံများကိုသာ ကြားနိုင်တော့၏။
ခဏကြာပြီးနောက်မှ ဘဲလ်လာက အင်မတန်ခက်ခဲစွာ တံတွေးမျိုချရင်း မေးလေသည်၊ "ဥ... ဥက္ကဌ၊ ရှင်မလိမ်ဘူး, မဟုတ်လား?"
"ကျုပ်က ဘာလို့လိမ်ရမှာလဲဗျာ?" ရှုယီက အပြုံးဖြင့်ပြော၏။
"ဒါဆို... ရှင်က ကျွန်မတို့ကို ရွှေဒင်္ဂါးငါးထောင်ဆုချဖို့စီစဉ်ထားတယ်ပေါ့နော်?" ကလဲယာက မသေချာသည့်အသံဖြင့်မေးလာသည်။
"ဒါပေါ့၊ ကျုပ်ဘယ်တုန်းက စကားကိုရုတ်သိမ်းဖူးလို့လဲ?"
ဆယ်စီလီယာက ပါးစပ်ဟလိုက်သော်လည်း မည်သည်ကိုမျှ မဆိုနိုင်ချေ။
အာကာလီမှာ ပျော်ရွှင်စွာဖြင့် ရှုယီနံဘေးသို့ပြေးသွားရင်း သူ၏ ဘယ်ဘက်လက်မောင်းကိုဆွဲဖက်ကာ ခါယမ်းလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာပြော၏၊ "ဥက္ကဌကအကောင်းဆုံးပဲဆိုတာ ကျွန်မသိသားပဲ! ဟားဟား ဒါကကောင်းတယ်၊ ကောင်းလိုက်တာ! စုစုပေါင်း ရွှေဒင်္ဂါးငါးထောင်ဆိုတော့ ကျွန်မတို့ မျှဝေလိုက်ရင် တစ်ယောက်ကို ရွှေဒင်္ဂါးရာချီရမှာပဲ။ ကျွန်မရဲ့ဝေစုကို အဝတ်အစားအသစ်တချို့နဲ့ အင်း..."
စိတ်လှုပ်ရှားနေသည့် အာကာလီကိုကြည့်ရင်း ရှုယီက ခေါင်းယမ်းလိုက်သည်။ သူက ဂရုတစိုက်ပင် လက်ကိုဆွဲထုတ်ကာ စကားပြောလုဆဲဆဲ၌ စကော့ချ်က ရုတ်တရက် အေးစက်စက်ပြောလာသည်၊ "ကျုပ် ဒါကို မလိုချင်ဘူး။ ကျုပ်က အဲဒီ့စီမံကိန်းနှစ်ခုထဲမှာ မပါခဲ့တော့ ကျုပ်အတွက် ဝေစုမရှိပါဘူး။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၃၈။ ခေါင်းဆောင်အီဗီတာ
အားလုံးက အံ့ဩလျက် စကော့ချ်ကိုကြည့်လာကြသည်။
စကော့ချ်နံဘေးရှိ အဲရစ်ကလည်း အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ခေါင်းခါကာ ပြောလာသည်၊ "အမ်း စကော့ချ်ပြောတာမှန်တယ်။ ကျွန်တော်လည်း ဒီသုတေသနနှစ်မျိုးထဲမှာ မပါထားတော့ ကျွန်တော်အတွက် ဝေစုမရှိသင့်ဘူး။ ကျွန်တော်မလိုချင်ပါဘူး။"
သူ့နံဘေးရှိ ဘဲလ်လာက အဲရစ်ကို ဆွဲကာ အသံသေးသေးလေးဖြင့်ပြောလေသည်၊ "ဟေး အဲရစ်, ရှင်ရူးနေတာလား? အားလုံး ရွှေဒင်္ဂါးရာချီရနိုင်တာကို ရှင်က မလိုချင်ဘူးလား? ဒီငွေတွေနဲ့ဆို ရှင့်အဖေရဲ့ နာမကျန်းမှု..."
"ပြောတာရပ်လိုက်တော့!" အဲရစ်က အသံနိမ့်နိမ့်ဖြင့် ငေါက်ကာ ဘဲလ်လာဆက်ပြောနေခြင်းမှ တားလိုက်သည်။ သူက ရှုယီကို နေရခက်စွာပြုံးပြရင်း ပြောလာသည်၊ "ဥက္ကဌ, ဒီစီမံကိန်းနှစ်ခုကို ကြီးကြပ်ခဲ့တာက အာကာလီနဲ့ အီဗီတာတို့ပဲဖြစ်ပြီးတော့ ဘဲလ်လာတို့ မိန်းကလေးအဖွဲ့ကလည်း သူတို့ကို ကူညီခဲ့တာကြောင့် စကော့ချ်နဲ့ ကျွန်တော်က ဘာမှမလုပ်ခဲ့ပါဘူး။ ဒီစီမံကိန်းနှစ်ခုအတွက် ဆုကို သူတို့ကိုပဲ ပေးသင့်တာပါ၊ ကျွန်တော်တို့နှစ်ယောက်နဲ့ မဆိုင်ပါဘူး။"
ဘဲလ်လာက သူ့အား မျက်စပစ်ပြလာသည်ကိုမြင်သော် ရှုယီလည်း စဉ်းစားရင်း ခေါင်းငြိမ့်ကာ၊ "ဟုတ်ပြီ၊ ခင်ဗျားရဲ့စကားလုံးတွေက ကျိုးကြောင်းသင့်ပါတယ်။ ခင်ဗျားတို့နှစ်ယောက်က ဒီစီမံကိန်းနှစ်ခုမှ မပါဝင်ထားတော့ ဆုငွေရဲ့ဝေစုကို ပေးဖို့ ညှိနှိုင်းစရာမလိုတော့ဘူးပေါ့။ ကျုပ်တို့ ဒီလိုလုပ်လိုက်မယ်၊ ဒီဆုကို ပါဝင်ထားတဲ့ သုတေသနပညာရှင်တွေကို ခွဲဖို့ပေးလိုက်မယ်။ ပြီးတော့... အီဗီတာ, ကျုပ် ခင်ဗျားကို တာဝန်တစ်ခုအပ်စရာရှိတယ်။"
အီဗီတာက ရှုယီကို အံ့ဩစွာကြည့်လာကာ၊ "ဥက္ကဌ ပြောပါ။"
"အခုဆို သုတေသနဌာနမှာ အဖွဲ့ဝင်တွေ များသထက်များလာတော့ ခေါင်းဆောင်တစ်ယောက်ရှိဖို့လိုတယ်၊ ဒါကြောင့် ခင်ဗျားတို့ထဲက တစ်ယောက်ကို ခေါင်းဆောင်အဖြစ်ရွေးချင်တယ်။ ဌာနက လူတွေထဲမှာ စတေးလ်ကလွဲရင် ခင်ဗျားနဲ့ အာကာလီတို့က ရှေးအကျဆုံး အရည်အချင်းတွေရှိတာ။ စတေးလ်က မှော်သုတေသနမှာ ပါဝင်တာရှားတော့ သူမကလွဲရင် ခင်ဗျားနဲ့ အာကာလီပဲကျန်တယ်။ ကျုပ်က ခင်ဗျားကို ခေါင်းဆောင်အဖြစ်ခန့်ထားချင်တာ၊ ခင်ဗျားလက်ခံမှာလား?"
"အာ?" အားလုံးငြိမ်သက်သွားကြသည်။ အီဗီတာမှာ အံ့အားသင့်နေရာ ပါးစပ်ပင်မပိတ်နိုင်တော့ပြီး အနည်းငယ်ကြာမှ ခေါင်းခါကာ ပြောလေသည်၊ "ဟင့်အင်း၊ ဟင့်အင်း ကျွန်မက သာမန်သုတေသနပညာရှင်လေးပါပဲ၊ ခေါင်းဆောင်ကောင်းဖြစ်နိုင်မှာမဟုတ်ဘူး။ ဥက္ကဌ ရှင်တစ်ယောက်ယောက်ကို ရွေးရင်ရော? ဥပမာ ဆယ်စီလီယာဆိုရင် သင့်တော်မယ်လို့ ကျွန်မထင်တယ်။
ဆယ်စီလီယာက တိုက်ရိုက်ပင် ခေါင်းခါသည်၊ "ကျွန်မ အီဗီတာကို ထောက်ခံပါတယ်။"
"ကျွန်မရောပဲ"
"အန်း၊ ကျွန်မတော့သဘောတူတယ်။ အီဗီတာက ခေါင်းဆောင်ဖြစ်ဖို့ အတော်လေးသင့်တော်တယ်။"
"ဟုတ်တယ်၊ ကျွန်တော်လည်း အတွေးတူတူပဲ။"
…...
ကျန်သူများမှာလည်း ထုတ်ပြောလာကြရာ ၎င်းတို့၌ တူညီသည့်အမြင်ရှိနေသည်။
နံဘေးရှိ အာကာလီကမူ ရှုယီကိုကြည့်လာကာ မရှင်းလင်းသည့်အသံဖြင့်မေး၏၊ "ဥက္ကဌ၊ အီဗီတာနဲ့ ကျွန်မက အရည်ချင်းတူတာတောင် ဘာလို့ သူမကိုရွေးပြီး ကျွန်မ,မဟုတ်ရတာလဲ?"
ရှုယီက မျက်လုံးလှိမ့်ကာ၊ "ကောင်းပြီ၊ ခေါင်းဆောင်တစ်ဦးအနေနဲ့ ခင်ဗျားကို ကျုပ် ပထမဆုံးပေးမယ့် တာဝန်က ပြီးပြည့်စုံတဲ့ဆုပေးစနစ်ပဲ၊ လုပ်ဖို့ ဆန္ဒရှိရဲ့လား?"
"ဒါဆိုလည်း မေ့လိုက်ကြတာပေါ့..." အာကာလီက လက်ယမ်းပြကာ၊ "ဒီလို ဒုက္ခများတဲ့ကိစ္စက အီဗီတာလုပ်ဖို့ ပိုသင့်တော်တယ်၊ ကျွန်မ လုပ်မှာမဟုတ်ဘူး။"
လူတိုင်းက အာကာလီ ဟာသလုပ်ရုံဖြစ်မှန်းသိကြသော်လည်း သူမ၏တုံ့ပြန်မှုကိုကြည့်ရင်း မရယ်ဘဲ မနေနိုင်ကြတော့ချေ။
ရှုယီက အီဗီတာထံလှည့်လိုက်ကာ၊ "ကြည့်ဦး လူတိုင်းက ခင်ဗျား ခေါင်းဆောင်ဖြစ်လာဖို့ကို သဘောတူနေပြီ။ ခင်ဗျားမှာ ငြင်းစရာ ဘာအကြောင်းပြချက်ရှိလို့လဲ?"
"ဒါပေမယ့်..." အီဗီတာက ခေါင်းငုံ့ကာ တုံ့တုံ့ဆိုင်းဆိုင်းဖြင့် နှုတ်ခမ်းကိုက်လိုက်၏။ ခေါင်းမော့လာချိန်တွင် သူမမျက်လုံးများက ဆုံးဖြတ်ထားဟန်ရှိနေသည်၊ "ကောင်းပြီ၊ ဥက္ကဌက ကျွန်မကို ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ မျှော်လင့်မှတော့ ကျွန်မသဘောတူမှာပါ။ ကျွန်မ တစ်ခုခုလုပ်တာမှားသွားရင် ဥက္ကဌတို့အားလုံး ကျွန်မကို ချက်ချင်းပြောပြနိုင်ဖို့ မျှော်လင့်ပါတယ်။
အားလုံးက ဂုဏ်ပြုသည့်အနေနှင့် လက်ခုပ်တီးလာကြသည်။
"ကောင်းတယ်။ ကျုပ်မှာ ကျုပ်တို့ခေါင်းဆောင်တစ်ယောက်တည်းကိုပဲ ပြောစရာရှိနေလို့ ခင်ဗျားတို့အားလုံး လုပ်စရာရှိတာလုပ်လို့ရပါပြီ။" ရှုယီမှာ အပြုံးဖြင့် လက်ဝေ့ယမ်းလျက် အားလုံးကို ပြန်ပို့လိုက်သည်။ သူက အီဗီတာကို အချက်ပြရင်း အခန်းတစ်ခန်းဆီ ဦးတည်သွားသည်။
"ဘဲလ်လာက အဲရစ်ရဲ့အဖေအကြောင်းကို ဘာလို့ပြောခဲ့တာလဲ?" ထိုင်ပြီးချိန်၌ ရှုယီက အီဗီတာကို ထိုသို့မေးလာသည်။
"ဥက္ကဌ ဒီကိစ္စမေးမယ်ဆိုတာ ကျွန်မသိပါတယ်။" အီဗီတာက အသာပြုံးလေသည်။ ထို့နောက် သက်ပြင်းချကာ ဖြေလာလေ၏၊ "အဲရစ်ရဲ့အဖေက အတော်လေးနေမကောင်းဖြစ်ပြီး ကုသဖို့လိုနေပေမယ့် ကုသစရိတ်ကများတော့ သူ့ရဲ့မိသားစုက လုံးဝမတတ်နိုင်ဘူးလေ။ သူ့အဖေလည်း ဆေးတွေစားရင်း ကိုယ့်ကိုယ်ကိုထိန်းထားနိုင်ပေမယ့် ငွေအတော်လေးသုံးဖို့လိုနေတုန်းပဲ။ ဒါကြောင့်သာ မဟုတ်ရင် Frestech ကုန်သည်ကြီးများအသင်းမှာ တစ်လအလုပ်လုပ်ရင် ရွှေဒင်္ဂါးနှစ်တယ်ကျော်လောက်ဝင်နိုင်ကြောင်း အာကာလီပြောတာကို ကြားတာနဲ့ ချက်ချင်း ဒီကိုလာခဲ့မှာမဟုတ်ဘူး။"
"ဒီလိုကိုး" ရှုယီက ခေါင်းငြိမ့်၏၊ "သူ့အဖေရဲ့ရောဂါကို ကုဖို့က ရွှေဒင်္ဂါးရာချီဆိုရင် လုံလောက်လား?"
အီဗီတာက ခေါင်းခါကာ၊ "မလောက်'လောက်ဘူး။ ကျောင်းမှာတုန်း သူ့အဖေကို အရှင်းကုဖို့ ပြောတော့ အနည်းဆုံး ရွှေဒင်္ဂါးနှစ်ထောင်ကျမယ်တဲ့လေ။ သူ့ရဲ့မိသားစုကလည်း ဒီလောက်ငွေတွေမထုတ်ပေးနိုင်တော့ သူအဖေကအခု... သေဆုံးဖို့ကို စောင့်နေရုံပါပဲ။"
ထိုသည်ကို ပြောပြီးနောက် အီဗီတာ၏ မျက်နှာထက်တွင် စိတ်ဓာတ်ကျဟန်ပေါ်လာကာ ရှုယီကို မျှော်တလင့်လင့်ဖြင့် ကြည့်လိုက်၏၊ "ဥက္ကဌ၊ ရှင်က တကယ်ကို အရမ်းကောင်းတဲ့လူဆိုတာ ကျွန်မသိပါတယ်။ ရှင် ဒါကို ကျွန်မဆီ တကူးတကမေးတာက သူ့အဖေကို ကုဖို့ ပိုက်ဆံပေးဖို့အတွက်စီစဉ်နေလို့မဟုတ်လား?"
"ကျုပ်က လူကောင်းနဲ့တူလို့လား?" ရှုယီက ပြုံးကာ တွေးဆဆဖြင့် ပြောလာသည်၊ "ကျုပ် ဒါမှမဟုတ် Frestech ကုန်သည်ကြီးများအသင်းအတွက် ရွှေဒင်္ဂါးနှစ်ထောင်က သိပ်မများတော့ တကယ်ကို ကူညီချင်ပါတယ်၊ ဒါပေမယ့် အီဗီတာ, ခင်ဗျားလည်း အဲရစ်က အတော်လေး စိတ်အားထက်သန်သူဆိုတာ မြင်တာပဲ။ ကျုပ်သာ ပြေးသွားပြီး သူ့အဖေကို ကုပေးဖို့ ရွှေဒင်္ဂါးနှစ်ထောင်ပေးနိုင်တဲ့အကြောင်းပြောရင် သူက သေချာပေါက်ယူမှာမဟုတ်ဘူး။ သူ ရွှေဒင်္ဂါးရာချီကိုတောင် ဘယ်လိုလက်လျှော့လိုက်သလဲ မြင်ခဲ့တယ်မဟုတ်လား?"
အီဗီတာလည်း သူမ၏မျက်ခုံးသွယ်သွယ်လေးများကို အသာတွန့်ချိုးလိုက်သည်။
"လူတစ်ယောက်ရဲ့အဖေက အရေးပါဆုံးမိသားစုဝင်ဆိုတော့ ကိုယ့်ကိုယ်ကို အလေးထားတာနဲ့ယှဉ်ရင် သူ့အဖေက ပိုပြီး အရေးပါမှာပါ။ အဲရစ်က တခြားလူတွေကို သူ့မှာ ကိုယ့်ကိုယ်ကိုလေးစားမှုရှိတယ်လို့ ခံစားရအောင်လုပ်နိုင်တယ်ဆိုပေမယ့်လည်း သူ့အဖေကို ကုပေးမယ့် အခွင့်ရေးဆုံးရှုံးဖို့ဖြစ်လာရင်တော့ သူ့ရဲ့နည်းလမ်းတွေကို ကျွန်မလုံးဝသဘောမကျဘူးပဲ။"
ရှုယီက အီဗီတာကို တအံ့တဩကြည့်သည်။ သူဟာ သူမ၏သိမ်မွေ့ကြည်စင်သော မျက်လုံးလေးများထဲရှိ ဒေါသအရိပ်ယောင်ကိုမြင်နိုင်နေပါ၏။
အီဗီတာကို အချိန်ကြာသိလာပြီးနောက် ယခုမှာ သူမ ဒေါသထွက်နေခြင်းကို မြင်ရသည့် ပထမဆုံးအကြိမ်ပါပင်။
"ကျုပ်လည်း သဘောမကျပါဘူး။" ရှုယီက ပြော၏၊ "ဒါပေမယ့် ဒါက အချက်လက်ကျတော့ ကျုပ်တို့လည်းပြောင်းလဲဖို့ နည်းလမ်းမရှိဘူးလေ။ ကျုပ်တို့ အဲရစ်ကို ကူညီချင်မှတော့ ဒါကို သူ့ရဲ့ ရှုထောင့်ကနေစဉ်းစားပြီး သူလက်ခံအောင် ဘယ်လိုလုပ်ရမလဲတွေးသင့်တယ်။"
အီဗီတာက ရှုယီကို ကြည့်လာသည်၊ "ဥက္ကဌ ရှင်တကယ်ပြောနေတာလား?"
ရှုယီက အံ့ဩသွားကာ၊ "ဒါက ဟာသလုပ်နေတာနဲ့ တူလို့လား?"
အီဗီတာလည်း အနည်းငယ်အံ့အားသင့်သွားရင် မျက်နှာလေးက နီရဲလာသည်။ သူမက ခေါင်းကိုငုံ့လျက်နှင့် "ဥက္ကဌ မှန်ပါတယ်၊ ကျွန်မ ဒီလို မမေးခဲ့သင့်ဘူး။"
ရှုယီကလက်ယမ်းကာ၊ "ဒါက ကိစ္စမရှိပါဘူး။ အဲရစ် ဒါကိုလက်ခံဖို့ နည်းလမ်းတစ်ခုစဉ်းစားမိလို့ပါ၊ ကျုပ်တို့ လုပ်ငန်းစုမှာ အထူးကူညီမှုရန်ပုံငွေကို ဖန်တီးလို့ရတာပဲ။"
"အထူးကူညီမှုရန်ပုံငွေ?" အီဗီတာက သူ့ကို မော့ကြည့်လာကာ၊ "ဒါက ဘာအတွက်များလဲ?"
"ဒါက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝန်ထမ်းအားလုံးကို ကူညီဖို့ပါ။ ဒီအထူးကူညီမှုရန်ပုံငွေဆိုတာက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝန်ထမ်းတစ်ယောက်ယောက်ဆီမှာ ငွေပမာဏအတော်များများကို လိုအပ်တဲ့ ပြဿနာတစ်ခုခုရှိလာရင် လုပ်ငန်းစုကို အထူးရန်ပုံငွေဆီကနေ အကူညီတောင်းလို့ရတယ်။ လုပ်ငန်းစုက အားလုံးစစ်ဆေးပြီးတာနဲ့ ကျုပ်တို့အနေနဲ့လည်း ဝန်ထမ်းကို ထောက်ပံ့ပေးလို့ရပြီ။"
အီဗီတာက တအံ့တဩမေးလာ၏၊ "အခမဲ့လား?"
"မဟုတ်ဘူးပေါ့။ ဝန်ထမ်းတွေက လုပ်ငန်းစုအတွက် အလုပ်လုပ်ရင်း အဲဒီ့ရံပုံငွေကိုပြန်ပေးရမှာပါ။ ဥပမာပြောရရင် ခင်ဗျားတို့မိသားစုမှာ အခက်ခဲရှိလို့ အထူးကူညီမှုရံပုံငွေကနေ ရွှေဒင်္ဂါးတစ်ထောင်ရပြီးရင် လုပ်ငန်းစုအတွက် အလုပ်လုပ်ရင်းရတဲ့ လစာကိုသုံးပြီး ပြန်ပေးရမှာ။ ဒါပေါ့, ကျုပ်တို့က လစာအားလုံးကို မပေးဘဲနေလို့တော့ဘယ်ရမလဲ၊ ဒါကြောင့် လတိုင်းမှာ ပမာဏတစ်ခုလောက်ပဲ ပြန်ပေးရမှာပါ။"
"ပမာဏက အခြေနေပေါ်မူတည်တာပေါ့။ ဥပမာ ခင်ဗျားက လက်ရှိမှာ တစ်လ ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားဝင်ရင် ခေါင်းဆောင်ဖြစ်လာတော့ သုံးဆယ်ဖြစ်သွားပြီ၊ ဒီတော့ တစ်လမှာ ပြန်ပေးတဲ့အနေနဲ့ ရွှေဒင်္ဂါးနှစ်ဆယ်ပဲ ထုတ်ယူနိုင်မယ်။ ရွှေဒင်္ဂါးနှစ်ထောင်ဆိုရင်တော့ အားလုံးကို ရှစ်နှစ်အတွင်း ပြန်ပေးနိုင်ပြီ။ ခင်ဗျားလစာက အဲ့အတွင်းတိုးလာရင်တော့ သိပ်မကြာခင်ပြန်ပေးနိုင်မှာပါ။"
ရှုယီ၏ရှင်းလင်းချက်ကိုကြားသော် အီဗီတာက သူမ၏လစာတိုးလာခြင်းကို လုံးဝသတိမထားမိခဲ့ချေ။ ထိုအစား ၎င်းကို တိတ်တဆိတ်စဉ်းစားနေရင်း ရှုယီ၏အကြံက မမှားဟုသာ ခံစားနေရသည်။
ထိုအထူးကူညီမှုရံပုံငွေသာ တကယ်ရှိလာလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများအတွက် အကျိုးရလာဒ်ကောင်းပင်ဖြစ်လိမ့်မည်။
"ဒါပေမယ့် ဥက္ကဌ၊ ဒီထဲမှာ ဟာကွက်အတော်များများရှိနေတယ်လို့ထင်တယ်။ ဥပမာ တစ်ယောက်ယောက်က ပမာဏများများယူပြီးမှ Frestech ကုန်သည်ကြီးများအသင်းဆီကနေ အကြွေးဆပ်လို့မပြီးသေးဘဲ ထွက်သွားရင် ဒီပမာဏကို သေချာပေါက် ဖြုန်းလိုက်သလိုဖြစ်မနေဘူးလား?" အီဗီတာက မျက်မှောင်ကုပ်ကာ မေးလာသည်။
"ခင်ဗျားက တကယ်ကို အမြင်စူးရှတဲ့ မိန်းကလေးပဲ၊ ခင်ဗျားကို ခေါင်းဆောင်အဖြစ်ခန့်အပ်တာအတွက် အားမလျော့စေဘူး။" ရှုယီက အပြုံးဖြင့်ချီးကျူးကာ ပြောသည်၊ "ဟာကွက်တွေတော့ တကယ်ရှိပါတယ်၊ ဒါပေမယ့် ကျုပ်တို့ အဲဒီ့ဟာကွက်တွေကို ပြင်ဆင်ဖို့ တိုးတက်မှုတချို့ လုပ်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပြဿနာတွေကို စိုးရွံ့နေတာကြောင့်နဲ့ ဘာအားမှစိုက်မထုတ်ဘဲ နေလို့မရဘူး မို့လား?"
အီဗီတာက ရှုယီကို အံ့ဩစွာကြည့်ရင်း အမူရာအနည်းငယ်ပြောင်းသွား၏။ ခဏအကြာ၌ ရုတ်တရက်သက်ပြင်းချကာ ပြောလာသည်၊ "တစ်ခါတလေကျ ကျွန်မတကယ်ပဲ စတေးလ်ကို အားကျမိတယ်။"
"အမ်? ခင်ဗျားဘာပြောလိုက်တာလဲ?" ရှုယီမှာ လက်ရှိတွင် ကမ္ဘာမြေမှ ပရဟိတအဖွဲ့အစည်းများကြောင်း သတိရပြီး အသုံးပြုနိုင်မည့် စနစ်တစ်ခုခုရှိမည်လား စဉ်းစားနေရာ အီဗီတာ ဘာသာ ရေရွတ်လိုက်သည်ကို လုံးဝမကြားခဲ့ပေ။
"ဘာမှမဟုတ်ပါဘူး။" အီဗီတာက ခေါင်းခါလျက် အာရုံစိုက်ကာ ပြောလာ၏၊ "ဥက္ကဌ၊ ဒီလိုအထူးကူညီမှုရံပုံငွေရှိလာရင် အဲရစ်က ငြင်းမှာမဟုတ်ဘူးလို့ ကျွန်မထင်တယ်။ သူဘယ်လိုပြန်ပေးရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလုပ်ပေးနိုင်သရွေ့ ဒါက သူ့ရဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုကို ထိခိုက်စေမှာမဟုတ်ဘူးလို့ ခံစားမိတယ်။"
"ဟုတ်တယ် ကျုပ်တို့ ဒါကိုလုပ်ရမယ်။ ဒါပေမယ့် သူ့ကို ဆွဲဆောင်ဖို့ကတော့ ခင်ဗျားရဲ့ ကျောင်းနေဖက်တွေအပေါ်မူတည်ပြီး နည်းလမ်းစဉ်းစားရမယ်။ အတိအကျလုပ်ဖို့ကိုတော့... ခင်ဗျားနဲ့ပဲ လွှဲထားလိုက်ပါ့မယ်။"
"ကောင်းပြီလေ ကျွန်မနဲ့ထားခဲ့ပြီး စိတ်ချနေလိုက်ပါ။" အီဗီတာက ခေါင်းငြိမ့်လာသည်။
ရှုယီလည်း ပြုံးလိုက်ကာ ရှုပ်ထွေးနေသည့်ဟန်ဖြင့် ကြည့်လာ၏။ သူက အီဗီတာကို အသံနှိမ့်လျက် မေးလိုက်လေသည်၊ "ကျုပ် ဒီနေ့ ရမ်နဲ့ ဝယ်လာကို မတွေ့ဘူး၊ သူတို့အတူ အပြင်သွားကြတာလား?"
"ဟင့်အင်း၊ အစ်မဝယ်လာဆီမှာ တစ်ခုခုဖြစ်သွားလို့ ဒီမနက်အစောကပဲ ထွက်သွားတာ။ သူက နားရက်သုံးရက်လိုချင်တယ်လို့ပါ ကျွန်မတို့ကိုပြောခဲ့သေးတယ်။ ကျွန်မတို့ ရှင့်ကို စမ်းသပ်မှုရလဒ်ပြနေတုန်းက ဒါကိုပြောဖို့မေ့သွားတာ။"
"တစ်ခုခုဖြစ်သွားတယ်? ဘာများလဲ? အရေးကြီးလား?" ရှုယီက အံ့ဩသည့်အသံဖြင့် မေးလိုက်၏။
"ကျွန်မလည်း သေချာမသိဘူး၊ အစ်မဝယ်လာက ဘာမှမပြောဘူးလေ။ ဒါပေမယ့် သူမရဲ့ပုံစံကို သုံးသပ်ရရင် အရေးကြီးတဲ့ပုံတော့မပေါ်ဘူး။"
"ကောင်းတယ်။ ရမ်ကရော? ဘာလို့ဒီမှာ မရှိရတာလဲ?"
"ရမ်က အစ်မဝယ်လာထွက်ပြီးနောက်မှာ ထွက်သွားတာပဲ။ သူက တစ်ခုခုလုပ်စရာရှိလို့ ဒီမွန်းလွဲကျရင် ပြန်လာမှာပါတဲ့။"
"ဒီလိုလား?" ရှုယီက အတန်ငယ်တိတ်ဆိတ်သွားရင်း မျက်နှာ၌ တုံ့ဆိုင်းဟန်ပြည့်နေသည်။
အီဗီတာက မနေနိုင်ဘဲ မေးလာသည်၊ "ဘာများလဲ? ရှင် ရုတ်တရက်ကြီး သူတို့အကြောင်းမေးလာတာ တစ်ခုခုများလိုလို့လား?"
ရှုယီက အီဗီတာကိုကြည့်ကာ တည်ငြိမ်အောင်လုပ်လိုက်ရင်း လေးနက်ဟန်ဖြင့် ဆိုလာသည်၊ "အီဗီတာ, ကျုပ်ပြောမယ့်ဟာကို ဘယ်သူ့ကိုမှ ပြောလို့မရဘူး၊ နားလည်လား?"
အီဗီတာက အံ့ဩသွားသော်လည်း သူကမည်မျှ လေးနက်နေသည်ကိုမြင်သော် စဉ်းစားကာ အသာခေါင်းငြိမ့်လိုက်၏။
"ဟုတ်ပြီ၊ ကျုပ် ခင်ဗျားကိုတစ်ခုလောက်မေးပါရစေ။ ဒီတလော ရမ်အပြင်ထွက်တာ ဘယ်နှကြိမ်လောက်ရှိလဲ?"
အီဗီတာက ခေါင်းလေးစောင်းပြီးစဉ်းစားကာ၊ "အကြိမ်ရေ နည်းနည်းတော့များတယ်။ သူနေ့တိုင်းနီးပါး တစ်ကြိမ်လောက်တော့ ထွက်တယ်။"
"ပုံမှန် ဘယ်လောက်ကြာလဲ?"
"သိပ်တော့မသေချာဘူး။ အများဆုံး နေ့တစ်ဝက်၊ အနည်းဆုံး တစ်နာရီနီးပါး။"
"သူဘာတွေလုပ်နေသလဲကိုရော ပြောခဲ့လား?"
"ဟင့်အင်း၊ ဘယ်တုန်းကမှမပြောဘူး။" ထိုသို့ပြောပြီးနောက် အီဗီတာမှ မထိန်းနိုင်ဘဲ မေးလာတော့သည်၊ "ဥက္ကဌ၊ ဖြစ်နိုင်တာ... ရမ်က... တစ်ခုခုများဖြစ်နေလို့လား?"
ရှုယီက သက်ပြင်းချကာ ခေါင်းခါလိုက်သည်၊ "သူ့မှာ ဘာပြဿနာမှမရှိဖို့ဘဲ မျှော်လင့်ပါတယ်၊ ဒါပေမယ့်... ဟုတ်ပြီ အခုတော့ ဒီအကြောင်းမဆွေးနွေးကြရအောင်။ အီဗီတာ ကျုပ်နဲ့ ပြဇာတ်လေးတစ်ခု လုပ်လို့ရမလား?"
"ပြဇာတ်?" အီဗီတာမှာ တစ်ဖန် အံ့ဩသွားတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၃၉။ တက်တက်ကြွကြွ ချပြခြင်း
ညရောက်လာသော်လည်း ဥက္ကဌရန့်ခ်၏ အိမ်တော်မှာ တစ်ဖန် တောက်ပစွာ လင်းထိန်လာသည်။
ပြောစရာမလိုလောက်အောင် ဥက္ကဌရန့်ခ်မှာ လက်ရှိ၌ ပွဲတစ်ပွဲလက်ခံကျင်းပနေခြင်းပင်။
ထိုပွဲအား ဘန်တာမြို့၏ စီးပွားရေးအသင်း ဥက္ကဌအမည်ခံ၍ ကျင်းပနေရာ ဧည့်သည်အားလုံးမှာ စီးပွားရေးအသင်း၏ လုပ်ငန်းစုကြီးများထံမှ ကိုယ်စားလှယ်များဖြစ်ကြသည်။
သို့သော် ယနေ့ပွဲမှာ ၎င်း၏ပုံမှန်ဆူညံနေသည့်မြင်ကွင်းနှင့်ခြားနားနေကာ ပိုမို ငြိမ်သက်နေသည်။ လုပ်ငန်းစုမျိုးစုံ၏ဥက္ကဌများမှာလည်း ပုံမှန်နှင့်မတူဘဲ ဖုံးကွယ်ရခက်သည့် စိုးရိမ်ဟန်များရှိနေကြသည်။
လုပ်ငန်းစုများစွာ၏ဥက္ကဌများမှာ အသံနိမ့်နိမ့်ဖြင့် ဆွေးနွေးနေကြရင်း သက်ပြင်းချလျက် ခေါင်းခါနေကြ၏။
တစ်ယောက်ယောက်သာ ၎င်းတို့၏ စကားဝိုင်းကို နားထောင်နေပါလျှင် ၎င်းတို့က "မှော်ပန်ကာ"ဟူသည့် စကားလုံးကို ကြိမ်ဖန်များစွာ ပြောနေကြကြောင်းကြားသိလိမ့်မည်။
ဤရက်ပိုင်းတွင် ယခင်နှစ်က ရှုယီမျှဝေခဲ့သည့် မှော်ပန်ကာနည်းပညာကိုအခြေခံကာ ဘန်တာမြို့ စီးပွားရေးအသင်းရှိ လုပ်ငန်းစုအားလုံးနီးပါးက မှော်ပန်ကာထုတ်လုပ်ရေး၌ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ဘန်တာမြို့နှင့် အနီးတဝိုက်မြို့များတွင် ပေါ်ထွက်လာသည့် မှော်ပန်ကာ အမှတ်တံဆိပ်ပေါင်းများစွာရှိနေ၏။
သို့သော် ၎င်းတို့အမှတ်တံဆိပ်၏ မှော်ပန်ကာ ပထမအသုတ်ကို လတစ်ဝက်ကြာတင်ရောင်းထားသော်လည်း ၎င်းလုပ်ငန်းစုများ၏ မှော်ပန်ကာရောင်းအားများက အင်မတန် သနားစဖွယ်ကောင်းလှရာ ကြောက်လန့်ဖွယ်ဟုပင် ဖော်ပြ၍ရနိုင်ပေသည်။
ထိုအခြေနေမျိုးသာဆက်ဖြစ်နေပါလျှင် ၎င်းတို့၏လုပ်ငန်းစုများမှာ ဤတစ်ခေါက်၌ ဆုံးရှုံးမှုကြီးကြီးမားမားခံစားရလိမ့်မည်။
မှော်ပန်ကာထုတ်လုပ်ရေး၌ ရင်းနှီးမြှုပ်နှံမှုကိုပင် ပစ်လွှင့်လိုက်ရလိမ့်မည်။
၎င်းက ထိုလုပ်ငန်းစုကြီးများအတွက် ပမာဏကြီးကြီးမားမားဖြစ်ရာ ၎င်းတို့သာ မည်သည်ကိုမှပြန်မရလျှင် ၎င်းတို့ကို များစွာ ထိခိုက်စေလိမ့်မည်ဖြစ်၏။
ထို့ကြောင့် ၎င်းစီးပွားရေးအသင်းပွဲ၌ လုပ်ငန်းစုကြီးများ၏ကိုယ်စားလှယ်အားလုံးထံ၌ ပူပန်ဟန်များရှိနေကြခြင်းပင်။
"ဒါက တကယ်ကိုရှားပါးတဲ့ မြင်ကွင်းပဲ။" ထိုပွဲ၌ ခံစားချက်ကောင်းနေသူမှာ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ မွန်းခရုစ်တစ်ဦးတည်းသာရှိ၏။
အခြားလူများ၏ စိတ်ဓာတ်ကျနေဟန်များကိုကြည့်ရင်း သူဟာ အနည်းငယ်ပင် ပျော်ရွှင်လာ၏။
"ကျုပ်ပြောသားပဲ၊ လူတိုင်းက မှော်စက်တွေနဲ့ ကစားလို့မရပါဘူးလို့၊ ဒါကို ဘာလို့ ခင်ဗျားတို့အားလုံးကို လျစ်လျူရှုလိုက်ရတာလဲ? ကျုပ်ရဲ့အကြံကိုနားမထောင်ခဲ့တော့ အခု ဆုံးရှုံးမှုတွေခံစားနေရပြီမဟုတ်လား?"
နံဘေးရှိ အာမန်နီကုန်သည်ကြီးများအသင်း၏ ဥက္ကဌဆမ်မျူရယ် ဗင်းဆင့်ထ်မှာ မျက်မှောင်အသာကုပ်၍ ပြောလာ၏၊ "ကျုပ်ပြောမယ် ဥက္ကဌခရုစ်, ခင်ဗျားတို့ အမ်ရစ် ကုန်သည်ကြီးများအသင်းက ဒီနေရာမှာ ဘာဆုံးရှုံးမှုမှ မခံစားရဘူးဆိုရင်တောင် ဒီလိုပြောဖို့လိုလို့လား? ပြီးတော့လည်း ခင်ဗျားက တကယ်ပဲ ဒီမှော်စက်တွေလို အလားအလာရှိတဲ့စီးပွားရေးကို လက်လျှော့ဖို့ ဆန္ဒရှိလို့လား?"
"ကျုပ်သာ လုံးဝကို ဆန္ဒရှိပါတယ်လို့ပြောရင် အလိမ်အညာဖြစ်လိမ့်မယ်။" ဥက္ကဌခရုစ်က စဉ်းစားပြီးမှ ပြောလာ၏၊ "ဒါပေမယ့် ကျုပ် ဆန္ဒမရှိတော့ရော? ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းမှာက Frestech ကုန်သည်ကြီးများအသင်းလို မှော်စက်တွေအတွက် အားကောင်းတဲ့နည်းပညာအခြေခံမရှိသလို ရှုယီလို ဉာဏ်ကြီးရှင်လည်းမရှိဘူးလို့ထင်တော့ ကျုပ်တို့အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးမှုပြုရာမှာ ကောင်းကောင်း အာရုံစိုက်ရုံပဲလေ။ ကျုပ်တို့ရဲ့ စီးပွားရေးအလားအလာက ပိုကောင်းလာတယ်လို့ ခံစားနေရတော့ ကောင်းကောင်းသာလုပ်ရင် အမ်ရစ်ကုန်သည်ကြီးများအသင်းက တဖြည်းဖြည်းနဲ့ လုပ်ငန်းစုကြီးဖြစ်လာမှာပါပဲ။"
ဥက္ကဌဗင်းဆင့်ထ်က ဥက္ကဌခရုစ်ကို ထူးဆန်းစွာကြည့်လာ၏၊ "ခင်ဗျားက ရှုယီနဲ့ လျှို့ဝှက်သဘောတူညီမှုများရှိလို့လား? ဒါကြောင့်ပဲ ဒီတစ်ခေါက် မှော်ပန်ကာတွေထုတ်လုပ်ဖို့စိတ်မဝင်စားခဲ့တာများလား?"
ဥက္ကဌခရုစ်က ခေါင်းခါသည်၊ "မဟုတ်ပါဘူး၊ ကျုပ်က သူနဲ့ ဘာသဘောတူညီချက်မရှိဘူး။ အဲအစား ခင်ဗျားခန့်မှန်းတာရဲ့ ဆန့်ကျင်ဘက်မှာပဲ။ ဥက္ကဌရှုမှာက အမ်ရစ်ကုန်သည်ကြီးများအသင်းကို မှော်ပန်ကာဈေးကွက်ထဲဝင်ခွင့်မပြုမယ့်အကြံ မရှိရုံတင်မကဘူး ကျုပ်ကိုဝင်ချင်လားလို့တောင်မေးသေးတယ်။ ကျုပ်က အရူးမဟုတ်တော့ သူ့ကြောင့် အရူးလုပ်မခံခဲ့ရုံပါ။"
ဥက္ကဌဗင်းဆင့်ထ်၏အမူအရာက အနည်းငယ် အရုပ်ဆိုးလာသည်။ သူ၏လက်အောက်ရှိ အာမန်နီကုန်သည်ကြီးများအသင်းကလည်း မှော်ပန်ကာများထုတ်လုပ်ရာ၌ ရင်းနှီးမြှုပ်နှံထားခဲ့ရာ သူသည်လည်း ဥက္ကဌခရုစ်ဆူပူနေသည့် ထို'အရူးများ'ထဲမှတစ်ဦးပင်။
ဥက္ကဌခရုစ်က ဥက္ကဌဗင်းဆင့်ထ်၏အမူအရာကို ဂရုပင်မစိုက်ချေ။ သူက ပွဲရှိလူတိုင်းကို ညွှန်ပြကာ ပြောလေ၏၊ "ကြည့်ဦး ဘန်တာမြို့ရဲ့လုပ်ငန်းစုကြီးတွေဆီက ဥက္ကဌအနည်းဆုံး အယောက်သုံးဆယ်လောက်ရှိမယ်။ သူတို့လက်အောက်က လုပ်ငန်းစုတစ်ခုစီသာ မှော်ပန်ကာတွေလုပ်ရင် တစ်ခုစီလက်အောက်မှာ ပျမ်းမျှ ထုတ်လုပ်ရေးလိုင်းတစ်ခုတော့ရှိမှာပဲ၊ စုစုပေါင်း သုံးဆယ်လောက်ပေါ့။ ထုတ်လုပ်ရေးလိုင်းတစ်ခုအတွက် ကုန်ကျစရိတ်ကတော့... ကျုပ်တော့ ဥက္ကဌဗင်းဆင့်ထ်က ကျုပ်ထက်ပိုသိမယ်ထင်တယ်။"
ဥက္ကဌဗင်းဆင့်ထ်က ခေါင်းငြိမ့်ကာ၊ "Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ရေးလိုင်းတစ်ခုက ရွှေဒင်္ဂါးရှစ်ထောင်လောက်ကုန်ကျတယ်၊ ဒါကို ဈေးများတယ်လို့ သတ်မှတ်လို့မရနိုင်ဘူး။"
"ထုတ်လုပ်ရေးလိုင်းကတစ်ခုပဲဆိုရင်တော့ ဒါပေါ့ ဈေးမများဘူး။ ဒါပေမယ့် သုံးဆယ်ကျတော့ရော? ရွှေဒင်္ဂါးနှစ်သိန်းကျော်လောက်ရှိမယ်!" ဥက္ကဌခရုစ်က သူ၏ အသံကို အနည်းငယ်မြှင့်လိုက်သည်၊ "စဉ်းစားကြည့်ပါဦး၊ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီထုတ်လုပ်ရေးလိုင်းတွေကို ရောင်းတာကနေ ရွှေဒင်္ဂါးနှစ်သိန်းဝင်ခဲ့တယ်။ အမြတ်ငွေချည်းသပ်သပ်ဆို သေချာပေါက် တစ်သိန်းငါးသောင်းကျော်ပေါ့၊ ခင်ဗျားဘယ်လိုထင်လဲ?"
ဥက္ကဌဗင်းဆင့်ထ်က ခါးသက်သက်အပြုံးဖြင့် ခေါင်းဆက်ငြိမ့်ကာ၊ "ဒါပေါ့ ကျုပ်ယုံပါတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ပစ္စည်းတွေက အမြတ်ငွေမြင့်မြင့်ရပေမယ့်လည်း ဒီအရာတွေက သူတို့လုပ်ငန်းစု တစ်ခုတည်းကလုပ်နိုင်တော့ ဘာတခြားနည်းလမ်းမှမရှိဘူးလေ။"
"ဒါကြောင့် သူတို့အနေနဲ့ ဒီထုတ်လုပ်ရေးလိုင်းတွေကိုရောင်းရင်း ရွှေဒင်္ဂါးတစ်သိန်းငါးသောင်းရခဲ့ပြီး ဒီစက်တွေနဲ့ပတ်သက်လို့ တစ်ခုခုမှားရင် Frestech ကုန်သည်ကြီးများအသင်းဆီမှာ သွားပြင်ရမှာဆိုတော့ ငွေကုန်ဦးမှာလေ။ အားလုံးကိုတွက်ကြည့်ရင် Frestech ကုန်သည်ကြီးများအသင်းက ဒါကနေ ရွှေဒင်္ဂါးနှစ်သိန်းကျော်လောက်ဝင်တယ်။ ခင်ဗျားတို့က ဒီမှော်ပန်ကာနေ ဘယ်လောက်ရလို့လဲ? ရွှေဒင်္ဂါးတစ်ပြား မပြည့်တပြည့်လား? ရွှေဒင်္ဂါးနှစ်သိန်းဆိုရင် ခင်ဗျားတို့အနေနဲ့ ဒီလောက်ဝင်ဖို့ မှော်ပန်ကာ နှစ်သိန်းရောင်းရမှာပဲ။ ဒီမှော်ပန်ကာများစွာကို ဘန်တာမြို့မှာ ရောင်းလို့ရနိုင်မယ်ထင်တယ်ပေါ့?" ဥက္ကဌခရုစ်က မေးလေ၏။
"ဘန်တာမြို့မှာတော့ မဖြစ်နိုင်ဘူးဆိုပေမယ့် တခြားနေရာတွေမှာ ရောင်းလို့လည်းရပါတယ်။" ဥက္ကဌဗင်းဆင့်ထ်က ဥက္ကဌခရုစ်ထံမှ မယုံကြည်ခံနေရသဖြင့် ပြန်ငြင်းလိုက်သည်၊ "ဘန်တာမြို့သားတွေက Frestech အမှတ်တံဆိပ်တစ်ခုကိုပဲ အသိမှတ်ပြုတယ်ဆိုရင်တောင် လမ်ပူရီတိုင်းပြည်ရဲ့ တခြားနေရာတွေမှာကျတော့ မတူဘူးလေ။ ကျုပ်တို့ရဲ့ မှော်ပန်ကာတွေကို တခြားနေရာတွေမှာ ရောင်းနေသရွေ့ လူအတော်များများကိုရောင်းနိုင်မယ်လို့ ကျုပ်ယုံတယ်။ စဉ်းစားကြည့်ပါဦး၊ အရင်နှစ်က မှော်ပန်ကာပေါ်လာချိန်မှာ ဘန်တာမြို့ရဲ့ လူတွေအရူးအမူးဖြစ်သွားကြတယ်။ တခြားမြို့ကလူတွေအနေနဲ့ အရင်က မှော်ပန်ကာကိုမမြင်ခဲ့ဖူးတော့ ကျုပ်တို့ မှော်ပန်ကာကိုယူသွားတဲ့အချိန်ကျရင် သေချာပေါက် အရူးအမူးဖြစ်သွားမှာပဲ!"
"ဒီလိုလား?" ဥက္ကဌခရုစ်က အသာပြုံးလိုက်၏။ သူကစိတ်ထဲ၌ သက်ပြင်းချကာသာ ရှုယီက အမှားတစ်ချက်မှမရှိဘဲ ၎င်းတို့၏တုံ့ပြန်မှုကို အမှန်ပင်ခန့်မှန်းထားမည်ဟု စဉ်းစားလိုက်သည်။
ဥက္ကဌဗင်းဆင့်ထ် မှန်သည်လည်းဖြစ်နိုင်၏။ စီးပွားရေးအသင်း၏လုပ်ငန်းစုများမှာ လမ်ပူရီတိုင်းပြည်၏ မတူညီသောနေရာများထံ မှော်ပန်ကာများကိုတင်ပို့ရန် ၎င်းတို့၏ဌာနမျိုးစုံကို အသုံးပြုရင်း အတူတကွလုပ်ကိုင်နေသရွေ့ သေချာပေါက် ကောင်းစွာရောင်းချရလိမ့်မည်ပင်။
သို့သော် ထိုသို့ဆိုလျှင် ၎င်းက သေချာပေါက် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအတွက် အကူအညီဖြစ်စေလိမ့်မည်။
ရှုယီမှ ဥက္ကဌခရုစ်နှင့် ပုံမှန်စကားပြောနေခဲ့ချိန်တွင် သူ၏အကြီးမားဆုံးမျှော်လင့်ချက်မှာ မှော်စက်များကို လမ်ပူရီတိုင်းပြည်တဝှမ်း အလျင်အမြန် ပျံ့နှံ့သွားစေရန်ဖြစ်ပြီး စိုင်စ်နယ်မြေကြီး၌ပင် စတင်ပျံ့နှံ့စေချင်၏။ သူက လူတိုင်းအား ၎င်းကို အသိအမှတ်ပြုလက်ခံလာစေချင်ကာ ၎င်းမှော်စက်အသစ်များကိုလည်း အသိအမှတ်ပြုစေချင်သည်။
ထိုသို့ဆိုလျှင် မှော်စက်ဈေးကွက်က စတင်ကြီးထွားလာမည်ဖြစ်ရာ ထိုကိတ်မုန့်က အမှန်ပင် ကြီးမားပေလိမ့်မည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ခဲ့သည်က အချိန်အင်မတန်တိုပြီး အင်မတန်လည်းအားနည်းလှပေရာ လတ်တလောတော့ ထိုသို့မလုပ်နိုင်သေးပေ။ ၎င်းတို့က အမြဲတမ်း အခြားလုပ်ငန်းစုကြီးများက ထိုမှော်စက်များအား ကြော်ငြာရန် ကူညီသည်ကို မျှော်လင့်နေခဲ့ရသည်။
ယခုတွင်မူ ဘန်တာမြို့စီးပွားရေးအသင်း၏ လုပ်ငန်းစုများက ၎င်းတို့ထုတ်လုပ်ထားသည့် မှော်ပန်ကာများကို ရောင်းရန်ပြင်နေရာ ၎င်းတို့အနေနှင့် ထိုမှော်ပန်ကာများကို လမ်ပူရီတိုင်းပြည်၏နေရာမျိုးစုံဆီ ပို့ရပေမည်။ ၎င်းက ထိုသူတို့အနေဖြင့် ရှုယီအမျှော်လင့်ထားဆုံးအရာကို ပြီးမြောက်စေရန် ကူညီခြင်းနှင့်ညီမျှပေသည်။
၎င်းကိုစဉ်းစားရင်း ဥက္ကဌခရုစ်မှာ မနေနိုင်အောင် အံ့ဩသွားရ၏။
ယခင်နှစ်က ရှုယီ၏ Frestech ကုန်သည်ကြီးများအသင်း ဝင်ရောက်လာချိန်တွင် မှော်ပန်ကာထုတ်လုပ်ခြင်းနည်းပညာကို စီးပွားရေးအသင်းနှင့်မျှဝေခဲ့သည်။ ထိုယခင်က အားလုံးမှာ သူ့အား မိုက်မဲခြင်းအတွက် ရယ်လှောင်ခဲ့ကြပေ၏။
သို့သော် လက်ရှိကို ကြည့်လိုက်သော် ရှုယီက ထိုကတည်းက ယခုအခြေနေကို မျှော်မှန်းထားပြီး ဆုံးဖြတ်ချက်ပါချထားခြင်းဖြစ်ပါလျှင် သိမ်မွေ့ဖော်ရွေသည့်အပြုံးကို မျက်နှာ၌ တပ်ဆင်ထားခဲ့သည့် ထိုလူငယ်လေးက အားလုံးစိတ်ကူးထားကြသည်ထက်ပို၍ပင် ကြောက်မက်ဖွယ်ဖြစ်နေပါလိမ့်မည်!
ဥက္ကဌဗင်းဆင့်ထ်က ဥက္ကဌခရုစ်၏အမူရာအပြောင်းအလဲများကို သတိမထားမိပေ။ ခဏရပ်တန့်ပြီးနောက် သူက ရုတ်တရက်အသံကိုနှိမ့်ကာ မေးလာသည်၊ "ဥက္ကဌခရုစ်, Frestech ကုန်သည်ကြီးများအသင်းက ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းရယ် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းရယ်နဲ့ ပူးပေါင်းမှုလုပ်ခဲ့တယ်လို့ ကျုပ်ကြားတယ်... ပြီးတော့ ဟုတ်တယ်၊ ဆာရန့်ခ် ကုန်သည်ကြီးများအသင်းရောပဲ။ သူတို့တွေက ခင်ဗျားတို့လုပ်ငန်းစုတွေရဲ့ အသုံးဝင်မယ့်မှော်စက်တွေ သုတေသနလုပ်ရာမှာ ကူညီနေတယ်တဲ့လေ။"
"အဟုတ်ပဲ၊ ဘယ်လိုလဲ? ခင်ဗျားတို့ အာမန်နီ ကုန်သည်ကြီးများအသင်းကရော စိတ်ဝင်စားလို့လား?" ဥက္ကဌခရုစ်က ပြန်မေးလာသည်။
"အမ်း၊ ခင်ဗျားတို့လုပ်ငန်းစုတွေရဲ့ မှော်စက်တွေက သုံးရလွယ်ပြီး ထုတ်လုပ်ရေးထိရောက်မှုကိုလည်း အတော်လေးတိုးမြှင့်ပေးတယ်လို့ကြားခဲ့လို့။ ဒါကြောင့် ကျုပ်လည်း ကျုပ်တို့သုံးလို့ရနိုင်မယ့် မှော်စက်တစ်မျိုးလောက် Frestech ကုန်သည်ကြီးများအသင်းကို သုတေသနလုပ်ခိုင်းရင် ကျုပ်တို့လုပ်ငန်းစုရဲ့ ထိရောက်မှုရော တိုးလာလိမ့်မလားလို့ စဉ်းစားမိနေတာပါ။"
"ခင်ဗျားတို့ အာမန်နီကုန်သည်ကြီးများအသင်းက အဝတ်အထည်တွေကို အဓိကလုပ်ရတာလေ။ အလုပ်အတွက် ဒါက လက်အားချည်းပဲလိုတာဆိုတော့ မှော်စက်တွေကို သုံးလို့ရပါ့မလား?" ဥက္ကဌခရုစ်ကလည်း စဉ်းစားရင်း မေးကိုပွတ်လိုက်သည်။
"ဂျုံတွေရိတ်သိမ်းတာကလည်း လူအင်အားသုံးအလုပ်ဖြစ်ခဲ့တာမဟုတ်လား? Frestech ကုန်သည်ကြီးများအသင်းက အဲဒီ့စိုက်ပျိုးရေးသုံးမှော်စက်တွေကို ထုတ်လုပ်ခဲ့လို့ ကျုပ်လည်း ဘာပြဿနာမှမရှိဘူးလို့ ခံစားမိနေတာ။"
"အမ်း၊ Frestech ကုန်သည်ကြီးများအသင်းက ထူးကဲတဲ့အရာတွေကို အမြဲလုပ်နိုင်တော့ ဖြစ်နိုင်ချေတစ်ခုရှိလောက်တယ်။ ဒါပေမယ့် ခင်ဗျားက ဘာကိုတောင်းဆိုမှာလဲ? ခင်ဗျား ဒီအကြောင်းကို ရှုယီနဲ့ပြောသင့်တယ်။" ဥက္ကဌခရုစ်က မနေနိုင်ဘဲ မေးလိုက်၏။
"ကျုပ်က ခင်ဗျားနဲ့ အရင်ပြောကြည့်ရုံပါ၊ ဘာပဲဖြစ်ဖြစ် ဥက္ကဌရှုကလည်း ဒီကိုမရောက်သေးတော့..."
ဥက္ကဌဗင်းဆင့်ထ်မှာ ပါးစပ်ကိုရုတ်တရက်ပိတ်ကာ အဓိကဝင်ပေါက်ကိုကြည့်လိုက်သည်။
ဥက္ကဌခရုစ်လည်း သူ့အကြည့်နောက်လိုက်ကြည့်သော် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ဝင်ပေါက်သို့ အတူတကွဝင်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူမှာ သေချာပေါက် ၎င်းတို့ပြောနေခဲ့သည့် ရှုယီပါပင်။
ရှုယီ၏အမျိုးသမီးအဖော်မှာတော့ ရှုယီ၏ ပထဆုံးစီးပွားရေးအသင်းပွဲ၌ ခေါ်လာခဲ့သည့် အာကာလီမဟုတ်တော့ချေ။ ထိုအစား ပိုမိုလှပကာ မျက်စိဖမ်းစားနိုင်သည့် လူအများက "ဘန်တာမြို့နတ်ဘုရားမ"ဟုခေါ်ဆိုကြသော စတေးလ်ပါပင်။"
အတော်ဆူညံနေခဲ့သည့် ပွဲခန်းမကြီးက ရှုယီနှင့် စတေးလ်တို့ ဝင်လာချိန်တွင် တမုဟုတ်ချင်း တိတ်ကျသွားကာ လူတိုင်း၏အကြည့်က ရှုယီပေါ်ကျရောက်လာပြီး သူ့နံဘေးရှိ စတေးလ်ကိုပင် လျစ်လျူရှုထားကြသည်။ ဥက္ကဌခရုစ်က မနေနိုင်ဘဲ စိတ်ထဲ သက်ပြင်းချမိရ၏။
ရှုယီ၏ပွဲတက်ခြင်း ပထမဆုံးအကြိမ်က တစ်နှစ်သာရှိခဲ့သေးသည်။ လက်ရှိရှုယီက အားလုံးကို သူ့အားအာရုံမစိုက်ဘဲ မနေနိုင်အောင် ပြုလုပ်နေပြီဖြစ်၏။
၎င်းကို သုံးသပ်ကြည့်ရုံဖြင့် ရှုယီဖြစ်စေ Frestech ကုန်သည်ကြီးများအသင်းဖြစ်စေ ၎င်းတို့မှာ ဘန်တာမြို့ရှိ မဏ္ဍိုင်ဖြစ်တည်မှုများဖြစ်လာသည်ကို သက်သေပြနေပေသည်!
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၄၀။ ကျုပ်က စံနှုန်းတွေအကြောင်း ပြောနေတာပါ
ဤတစ်ခေါက် စီးပွားရေးအသင်း၏ပွဲမှာ အဓိကအနေနှင့် ၎င်းတို့ထံ၌ လက်ကျန်ရှိနေသည့် မှော်ပန်ကာများ၏ပမာဏကိုဆွေးနွေးရန်ပင်။ အပြင်ပန်း၌ ၎င်းက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့နှင့် မစပ်ဆိုင်ပုံပေါ်သော်လည်း ထိုပြဿနာကိုဖြေရှင်းရန်အတွက် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း၏ သဘောထားက အင်မတန်အရေးပါကြောင်း လူတိုင်းသိကြသည်။
ထို့ကြောင့် ပွဲ၌ ရှုယီနှင့် စတေးလ်တို့ ပေါ်ထွက်လာသည့်အချိန်၌ အခြားလုပ်ငန်းစုများ၏ ဥက္ကဌများက ခံစားချက်မကောင်းသော်လည်း ရှုယီထံ နွေးထွေးပြကြသည်သာ။
သို့ရာ၌ စီးပွားရေးအသင်းပွဲ တရားဝင်စတင်လိုက်ချိန်တွင် ၎င်းစိတ်ထက်သန်မှုများက လုံးလုံးလျားလျားပပျောက်သွား၏။
အသေးစားလုပ်ငန်းစုတစ်ခုထံမှ ဥက္ကဌတစ်ဦးက ဦးဆုံးလာသည်။
"ဥက္ကဌရှု၊ ခင်ဗျားက မှော်ပန်ကာတွေရဲ့ နည်းပညာအားလုံးကို မျှဝေခဲ့တယ်လို့ပြောခဲ့ပေမယ့် ဘာလို့ ကျုပ်တို့ရဲ့ မှော်ပန်ကာတွေက Frestech အမှတ်တံဆိပ်နဲ့ အရည်အသွေးချင်း မယှဉ်နိုင်ရတာလဲ? ခင်ဗျားက အရေးကြီးတာတစ်ခုခုကိုများ ထိန်ချန်ထားတာလား?"
ရှုယီက ထိုလူကိုကြည့်ကာ၊ "ဥက္ကဌမစ်တာ? ကျုပ်အနေနဲ့ မှော်ပန်ကာတွေနဲ့ဆက်စပ်နေတဲ့ ထုတ်လုပ်ရေးနည်းပညာအားလုံးကို မျှဝေပြီးပြီဆိုတာ အာမခံနိုင်ပါတယ်။ အရည်အသွေးကွာတာကကျတော့ ခင်ဗျားတို့လုပ်ငန်းစုရဲ့ ထုတ်လုပ်ရေးက လုံလောက်အောင်မကောင်းလို့'လို့ပဲ ပြောနိုင်ပါတယ်၊ ဒါကြောင့် ကျုပ်နဲ့ မသက်ဆိုင်ပါဘူး။"
ဥက္ကဌမစ်တာက ဒေါသဖြစ်သွား၏၊ "အဓိပ္ပာယ်မရှိတာ! မမေ့နဲ့၊ မှော်ပန်ကာထုတ်လုပ်ရေးလိုင်းမှာ သုံးတဲ့ မှော်စက်တွေအားလုံးကို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ ဝယ်ခဲ့တာပဲ။ ကျုပ်တို့ရဲ့ အလုပ်သမားတွေအားလုံးကိုတောင် ခင်ဗျားတို့ဝန်ထမ်းတွေသင်ပေးခဲ့တာ၊ ဒီတော့ အရည်အသွေးကွာခြားနေရင် ခင်ဗျားက နည်းပညာအားလုံးကို မမျှဝေခဲ့ဘူးလို့ အဓိပ္ပာယ်ရတယ်၊ ကျုပ်တို့ကို ဒီလိုလုပ်လို့ဘာရမှာလဲ?"
"အိုး? ဒီလိုလား?" ရှုယီက ပြုံးရင်းပြန်မေးသည်၊ "ဥက္ကဌမစ်တာ, ခင်ဗျားတို့လုပ်ငန်းစုထုတ် မှော်ပန်ကာကို မာဂန်အမှတ်တံဆိပ်မှော်ပန်ကာလို့ ခေါ်တယ်မဟုတ်လား?"
"အဟုတ်ပဲ၊ မာဂန်တံဆိပ်။ အဲ့တော့ ဘာဖြစ်လဲ?"
"ကောင်းပြီ။ အဲဒါက မာဂန်အမှတ်တံဆိပ်မှော်ပန်ကာဆိုရင် ကျုပ်အရင်က မြင်ခဲ့ဖူးတယ်။ ကျုပ်မှတ်မိတာသာ မမှားရင် အဲဒီ့မှော်ပန်ကာရဲ့ဒလက်က ကျုပ်တို့ Frestech အမှတ်တံဆိပ်နဲ့ယှဉ်ရင် နည်းနည်းပိုကြီးတယ်။"
ဥက္ကဌမစ်တာက သူ၏ခေါင်းကိုကိုင်လျက် ဝင့်ကြွားဟန်ဖြင့် ဆိုလာသည်၊ "ဟုတ်တယ်လေ ခင်ဗျားတို့ Frestech အမှတ်တံဆိပ်မှော်ပန်ကာထက်ပိုကြီးတယ်! အဲ့တော့ ကျုပ်တို့မာဂန်တံဆိပ်မှော်ပန်ကာက ခင်ဗျားတို့ Frestechထက် လေပိုရပြီး ပိုလည်း လတ်ဆတ်တာပေါ့။ ဘယ်လိုလဲ? ဥက္ကဌရှု ခင်ဗျားအနေနဲ့ ကျုပ်တို့လို ထူးကဲတာမျိုးမလုပ်ခဲ့တာကို နောင်တရနေပြီလား?"
"နောင်တ?" ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ "မရပါဘူး၊ ကျုပ်က ဘယ်လိုလုပ်နောင်တရမှာလဲ? အဲ့အစား ခင်ဗျားရဲ့ အဆင့်မြှင့်တင်မှုက အတော်လေး ရူးနှမ်းတယ်လို့ခံစားရတယ်။"
ခန်းမထဲရှိ လူများအားလုံး ငြိမ်သက်သွားကြသည်၊ ၎င်းတို့အနေနှင့် ရှုယီမှာ 'ရူးနှမ်း'ဟုသည့် မယဉ်ကျေးသော အသုံးနှုန်းကို သုံးမည်ဟု ထင်မထားခဲ့ကြချေ။
ဥက္ကဌမစ်တာက တစ်စက္ကန့်မျှငြိမ်သက်နေပြီး မျက်နှာက ရှုံ့တွသွားကာ, "ဥက္ကဌရှု ခင်ဗျား အဓိပ္ပာယ်မရှိတာ ပြောလို့မရဘူးလေ။ ဒီလို အဆင့်မြှင့်ထားတာက ဘယ်လိုလုပ် ရူးနှမ်းရမှာလဲ?"
"ခင်ဗျားတကယ်ပဲကြားချင်နေတာလား?" ဥက္ကဌမစ်တာက အသာခေါင်းငြိမ့်လိုက်သည်ကို မြင်သော် ရှုယီလည်း ဆက်ပြောလာသည်၊ "ဟုတ်ပြီလေ ဒါဆိုကျုပ် သေချာရှင်းပြမှာပေါ့။ သီအိုရီအရ တူညီတဲ့လည်နှုန်းမှာ ပိုကြီးတဲ့ပန်ကာက လေပိုရတယ်။ ဒါပေမယ့် ဥက္ကဌမစ်တာ, ခင်ဗျားအနေနဲ့ ဒီလိုပိုကြီးတဲ့လေဒလက်ကို တူညီတဲ့နှုန်းမှာ ဆက်လည်စေဖို့ ဘာတန်ဖိုးပေးရမယ်ဆိုတာ တွေးကြည့်ဖူးလား?"
"ဘာတန်ဖိုးလဲ? အတူတူပဲမဟုတ်ဘူးလား?" ဥက္ကဌမစ်တာက တအံ့တဩဆိုလာသည်။
"ခင်ဗျားကြည့်ရတာ လုံးဝမသိတဲ့ပုံပဲ။" ရှုယီက ခေါင်းခါ၏၊ "ကောင်းပြီ ပြောပြလိုက်မယ်။ ကျုပ် မာဂန်တံဆိပ် မှော်ပန်ကာကို စမ်းသပ်ခဲ့တာတွေအရ ဒလက်တွေက ကျုပ်တို့ Frestech တံဆိပ်ပန်ကာထက် ၁၃%ရှည်ပြီး ၇ရာခိုင်နှုန်းပိုကြီးတော့ ကျုပ်တို့ Frestech ပန်ကာနဲ့ယှဉ်ရင် အရွေ့စွမ်းအင် ၄၀%နှုန်းပတ်လည်လောက်ပိုလိုတယ်။"
"ဒါက သီအိုရီအချက်လက်လေးပဲဆိုပေမယ့် လက်တွေ့မှာဆိုရင် လည်နှုန်းကို သာမန်အတိုင်းလေးတိုးလိုက်တာနဲ့ ပန်ကာဒလက်က လေဆီကနေ ပွတ်တိုက်အားပိုရမယ်။ ဒါဆို ဒလက်တွေလှည့်တာ ပိုပိုမြန်လာလေ ခင်ဗျားတို့ပန်ကာ စွမ်းအင်ပိုပိုကုန်ဆုံးလေပဲ။ ဥက္ကဌမစ်တာ, မေးပါရစေဦး၊ အဆင့်နိမ့်မှော်သလင်းကျောက်လေးတစ်တုံးနဲ့ မာဂန်တံဆိပ်မှော်ပန်ကာက အမြင့်ဆုံးအမြန်နှုန်းအောက်မှာ ဘယ်လောက်ကြာရှည်ခံနိုင်မှာလဲ?"
ထိုမေးခွန်းကို ကြားသော် ဥက္ကဌမစ်တာ၏ မျက်နှာက အတန်ငယ်အရုပ်ဆိုးလာ၏။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် အားတင်းလျက် ပြောရသည်၊ "ဒါက...ဒါက ဆယ်နာရီလောက်တော့ ခံမှာပဲလေ?"
ခန်းမထဲရှိ အခြားဥက္ကဌများအားလုံးမှာ ထူးထူးဆန်းဆန်းဖြစ်သွားရသည်။
၎င်းမှာ အားလုံးက Frestech အမှတ်တံဆိပ်မှော်ပန်ကာ၌ ကြော်ငြာတွင် ရှင်းလင်းသည့်စာတန်းတစ်တန်းရေးလေ့ရှိသည်ကို သိသောကြောင့်ပင်။ အဆင့်နိမ့်မှော်ကျောက်တုံးလေးတစ်တုံးမှာ Frestech အမှတ်တံဆိပ်မှော်ပန်ကာကို အမြင့်ဆုံးနှုန်းဖြင့် သုံးရက်အပြည့်ကြာအောင် ထိန်းနိုင်သည်!
ထို့အပြင် လူတိုင်းက ၎င်းတို့ကိုယ်ပိုင်မှော်ပန်ကာကို မပြုလုပ်ကြခင်၌ Frestech အမှတ်တံဆိပ်မှော်ပန်ကာကို စမ်းသပ်မှုတချို့လုပ်ခဲ့လေရာ ထိုကြော်ငြာက လုံးဝအကျယ်ချဲ့ထားခြင်းမဟုတ်မှန်းသိကြ၏။
ဆယ်နာရီပဲခံမည့် မာဂန်တံဆိပ်မှော်ပန်ကာနှင့်ယှဉ်လျှင် Frestech တံဆိပ်မှော်ပန်ကာက ၎င်းတို့ကို နောက်၌ ချန်ထားခဲ့လိမ့်မည်။
လူတိုင်း၏ထူးဆန်းနေဟန်များကိုမြင်သော် ဥက္ကဌမစ်တာက မနေနိုင်ဘဲ ဝန်ခံလိုစိတ်မရှိသည့်အသံဖြင့် ပြောလာသည်၊ "ဒါပေမယ့် ကျုပ်တို့ မာဂန်တံဆိပ်မှော်ပန်ကာက လေအားပိုကောင်းပြီး ပိုလည်း လန်းဆန်းစေတယ်!"
"လေအားပိုကောင်းတာက ပိုပြီးလန်းဆန်းစေတယ်လို့ အမြဲတမ်း အဓိပ္ပာယ်ရမနေဘူး။" ရှုယီက အသာပြုံးရင်း ဆက်လက်ငြင်းခုံနေ၏၊ "ဥက္ကဌမစ်တာ, ကျုပ်တို့က ဒီမှော်ပန်ကာတွေကို လူတွေသုံးဖို့ထုတ်လုပ်နေတာကြောင့် လေက အဲ့လောက်အားပြင်းဖို့မလိုပါဘူး။ ခင်ဗျားတို့ရဲ့ မြန်နှုန်းအမြင့်ဆုံး မာဂန်တံဆိပ်မှော်ပန်ကာက တကယ်ကို လေအားကြီးကြီးကို ထုတ်ပေးတယ်ဆိုပေမယ့် အရမ်းအားကောင်းနေရုံပါပဲ။ အားကောင်းလွန်းလို့ လူတွေကို အသက်ရှူဖို့တောင် ခက်စေတယ်။ ခင်ဗျားအနေနဲ့ ဒီလိုအကျိုးသက်ရောက်မှုမျိုးက မှော်ပန်ကာတစ်လုံးအတွက် ကောင်းမယ်လို့ ထင်နေတာလား?"
ဥက္ကဌမစ်တာက အတန်ငယ်တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် အေးစက်စက်ရယ်လျက် ပြောလာသည်၊ "ဥက္ကဌရှု၊ ကျုပ်ထင်တာတော့ ခင်ဗျားက ကျုပ်တို့ မာဂန်တံဆိပ်မှော်ပန်ကာဟာ ဒီလိုအားကောင်းတဲ့လေကို ထုတ်ပေးနိုင်လို့ မနာလိုနေတယ်လို့ပဲ? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီလိုမလုပ်နိုင်ဘဲ ကျုပ်တို့လုပ်ငန်းစုက လုပ်နိုင်တော့ ကျုပ်တို့လုပ်ငန်းစုရဲ့မှော်ပန်ကာနည်းပညာက ခင်ဗျားတို့လုပ်ငန်းစုကို ကျော်သွားမှာ စိတ်ပူနေတာပဲဖြစ်ရမယ်၊ ဟုတ်ရဲ့လား?"
သူ၏အသံထွက်လာသည်နှင့် အခန်းရှိ လူတိုင်းမှာ ဥက္ကဌမစ်တာကို ငတုံးတစ်ယောက်နှယ်ကြည့်လိုက်ကြသည်။
ဒီလူက မေ့သွားတာလား? သူတို့လုပ်ငန်းစုတွေ ဒီမှော်ပန်ကာလို အရာအသစ်ကို လုပ်နိုင်နေတာအားလုံးက ရှုယီအနေနဲ့ သူတို့ကို အဓိကနည်းပညာမျှဝေပေးခဲ့တာကြောင့်လေ။
အခု အဲ့လူက သူ့ရဲ့လုပ်ငန်းစုအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကျော်သွားပြီလို့တောင် ပြောရဲနေသေးတယ်!
ဒါက ယုံကြည်ချက်ရှိတာလား? ဒါမှမဟုတ် တုံးအမိုက်မဲတာလားပဲ?
ရှုယီလည်း မနေနိုင်အောင်ပြုံးမိရသည်၊ "ကောင်းပြီ ဥက္ကဌမစ်တာ, ခင်ဗျားတို့ မာဂန် တံဆိပ်မှော်ပန်ကာက ကျုပ်တို့ Frestech မှော်ပန်ကာကို လေအားအရာမှာ ကျော်သွားပြီဆိုတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမယ့် ခင်ဗျားကို အကြံပေးပါရစေ၊ အိမ်သုံးမှော်ပန်ကာတွေမှာက သူတို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေရှိတယ်၊ လေအားပိုကောင်းတယ်ဆိုတာနဲ့ပဲ ပိုအဆင်ပြေတယ်လို့ မဆိုလိုဘူး။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုမလုပ်ခဲ့တာ မလုပ်နိုင်တာကြောင့်မဟုတ်ဘဲ မလုပ်ချင်တာကြောင့်ပါ။"
ဥက္ကဌမစ်တာမှာ အေးစက်စက်နှာမှုတ်ကာ သူ့ကို မယုံကြည်ပေ။
ရှုယီလည်း ထိုလူတွေးနေသည်ကို ဂရုစိုက်ရန်ပျင်းရိလွန်းရကား ဆက်ပြောလိုက်သည်၊ "ဒါ့အပြင် ကျုပ်ခင်ဗျားကိုသတိပေးရဦးမယ်၊ ခင်ဗျားတို့ မာဂန်တံဆိပ်မှော်ပန်ကာက စွမ်းအင်စားသုံးမှုပိုမြင့်လာတာတောင် ပန်ကာဒလက်ရဲ့အရွယ်အစားကို ဒီတိုင်းလေးတိုးလိုက်ပြီး ထုတ်ကုန်ကိုကျတော့ကောင်းကောင်းမပြောင်းလဲခဲ့တော့ ဖွဲ့စည်းပုံကို ပိုမတည်ငြိမ်ဖြစ်စေပြီး ပုန်းအောင်းနေတဲ့အန္တရာယ်တွေကို ဖန်တီးလာလိမ့်မယ်။ ဒါကို အချိန်ကြာကြာသုံးမယ်ဆိုရင်တော့ မတော်တဆတချို့ပါဖြစ်လာနိုင်ချေရှိတယ်။ ကျုပ်ထင်တာတော့.. ဥက္ကဌမစ်တာလည်း အရင်နှစ်က ဆော်လ်တန်မြို့မှာ ဖြစ်ခဲ့သလိုဖြစ်မှာကို မတွေ့ချင်ဘူးမို့လား?"
ဥက္ကဌမစ်တာ၏အမူအရာကပြောင်းလဲသွားကာ၊ "ဥက္ကဌရှု၊ ခင်ဗျားက ကျုပ်တို့လုပ်ငန်းစုကို ကျိန်ဆဲနေတာလား?"
"မဟုတ်ပါဘူး၊ ဒါက သတိပေးရုံလေးပါ။ ခင်ဗျားအနေနဲ့ မာဂန်တံဆိပ်မှော်ပန်ကာတိုင်းကို အသေအချာလေးစစ်ဆေးပြီး မတော်တဆတွေဖြစ်လာတာကို ရပ်တန့်အောင်အကောင်းဆုံးကြိုးစားမယ်လို့မျှော်လင့်ပါတယ်၊" ရှုယီက လေးနက်ဟန်ဖြင့်ဆိုသည်၊ "ဒါ့အပြင် အားလုံးကိုလည်းကျုပ်သတိပေးချင်တယ်၊ ခင်ဗျားတို့ရဲ့ မှော်ပန်ကာကို ကိုယ်ပိုင်အဆင့်မြှင့်မှုတွေလုပ်ချင်ကြပေမယ့်လည်း ကျုပ်အားလုံးကို မျှဝေပေးခဲ့တဲ့ ဒီဇိုင်းက အတော်လေး ပြည့်စုံနေပြီးသားပါ။ ကျုပ်က ခင်ဗျားတို့ကို တိကျတဲ့စံနှုန်းတချို့ပေးပြီးသားဆိုတော့ အားလုံး စံနှုန်းတွေကိုမလိုက်နာရင် တစ်ခုခုဖြစ်လာမှ နောင်တရဖို့ အရမ်းနောက်ကျသွားပါလိမ့်မယ်။"
တချိန်လုံးနားထောင်နေခဲ့သည့် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖူလာမော်ဂန်က ရုတ်တရက် အေးစက်စွာ နှာမှုတ်လာကာ၊ "ဥက္ကဌရှု, ခင်ဗျားက ဘာကိုအခြေခံပြီး ကျုပ်တို့ကို ခင်ဗျားရဲ့စံနှုန်းတွေနောက် လိုက်နာခိုင်းရတာလဲ? ကျုပ်တို့လည်း ကိုယ့်ဘာသာ သုတေသနလုပ်လို့မရတာလား?"
"ဘာကိုအခြေခံတာလဲတဲ့လား?" ရှုယီက အားလုံးကိုကြည့်ကာ ဝင့်ကြွားစွာဖြင့် အေးစက်စက်ရယ်လျက် ပြောလာသည်၊ "ခင်ဗျားတို့နားမလည်တာကြောင့်ပါ! ဒါကြောင့် ကျုပ်က ဒါကို စံနှုန်းလို့ပြောရတာပေါ့!"
အခန်းမှာ တိတ်ဆိတ်သွားသည်။
အားလုံးက တစ်ဦးနှင့်တစ်ဦးကြည့်ကာ ဆန္ဒမရှိကျသလို တချို့ကလည်း ကူရာမဲ့နေကြသည်။
ရှုယီ၏စကားလုံးများ အနည်းငယ်ချဲ့ကားလွန်းနေပါသော်လည်း စဉ်းစားကြည့်ပြီးနောက်၌ လူတိုင်းမှာ ၎င်းက မှန်ကန်သည်ကို ဝန်ခံရပေမည်။
မှန်ပါ၏၊ မှော်စက်များကဲ့သို့ ထူးကဲသည့်အရာများကို အမှန်စင်စင်နားလည်သူမှာ ရှုယီသာဖြစ်သည်။ သူ့ထံ၌ အခြားလူများနားမလည်ဟု ပြောရန် အရည်အချင်းတကယ်ကိုရှိပေသည်။
သူပေးခဲ့သည့် စံနှုန်းသည်လည်း...... မှော်ပန်ကာများပြုလုပ်စဉ်က ဥက္ကဌမစ်တာနှင့် အတွေးတူသည့် လုပ်ငန်းစုများစွာရှိခဲ့ပြီး ထူးကဲစေရန် ပြောင်းလဲမှုတချို့လုပ်ကာ ၎င်းတို့၏ရောင်းအားကို မြင့်တက်စေချင်ခဲ့ကြသည်။
သို့သော် အချက်အလက်များမှ ထိုပြောင်းလဲမှုများမှာ မည်သည့်ကောင်းကျိုးမှ ယူဆောင်လာမည်မဟုတ်သည်ကို သက်သေပြနေ၏။ အဆုံးတွင် လုပ်ငန်းစုအများစုထံ၌ ရွေးစရာမရှိကြသော်လည်း ရှုယီမှ ၎င်းတို့အား မှော်ပန်ကာများပြုလုပ်ရန်ပေးခဲ့သည့် စံနှုန်းများကို လိုက်နာရမည်သာ။
"ဥက္ကဌရှု၊ ကျုပ် နည်းနည်းလောက်ပြောပါရစေ။" ခန်းမက အတန်ကြာတိတ်ဆိတ်နေခဲ့ပြီး ဥက္ကဌရန့်ခ်က ရုတ်တရက် အသာချောင်းဟန့်ကာ အားလုံး၏ အာရုံကို သူ့ဆီဆွဲဆောင်လိုက်သည်၊ "ဥက္ကဌမစ်တာက ခင်ဗျားကိုအပြစ်တင်နေတာမဟုတ်ပါဘူး၊ အားလုံးက နည်းနည်းလောက်သံသယဖြစ်နေရုံတင်ပါ။ ခင်ဗျားက စီးပွားရေးအသင်းကို မှော်ပန်ကာနည်းပညာမျှဝေပေးခဲ့ပြီး စံနှုန်းတွေပေးထားခဲ့တယ်ဆိုပေမယ့်လည်း ဘာကြောင့် ဒီစံနှုန်းတွေကိုလိုက်နာသင့်တယ်ဆိုတဲ့အကြောင်းကို မပြောခဲ့ဘူးလေ။ ကျုပ်တို့က ဒီလိုမလုပ်ရင် ဘာဖြစ်မယ်ဆိုတဲ့ အကျိုးဆက်ကိုမသိကြတော့ ပြဿနာတွေဖြစ်ဖို့ကလွယ်သွားတယ်။ ဒါကြောင့် ကျုပ်တို့ ဒီနေ့ ခင်ဗျားကိုမေးရတာက အားလုံးရဲ့ရင်ထဲက သံသယကို ရှင်းပြစေချင်ရုံပါပဲ။"
ဥက္ကဌရန့်ခ်၏အမေးကိုကြားသော် အားလုံး၏အကြည့်က ရှုယီထံထပ်မံကျရောက်လာသည်။
၎င်းမှာ လူတိုင်းဂရုစိုက်ခဲ့ကြသည့် မေးခွန်းပင်။ ၎င်းတို့သာ ရှုယီချမှတ်ထားသည့် ဒီဇိုင်းစံနှုန်းနှင့် သတ္တုနောက်ကွယ်မှ အဓိပ္ပာယ်ကိုသိနားလည်နိုင်ပါလျှင် သံသယပင်မလိုဘဲ မှော်ပန်ကာများကို သုတေသနလုပ်ရန် အထောက်အကူကြီးကြီးမားမားရလာလိမ့်မည်။
"ခင်ဗျားတို့ဖြေစေချင်တဲ့ မေးခွန်းရဲ့ အဖြေတွေအားလုံးက ဒီစာအုပ်ထဲမှာပဲ။"
အားလုံးက ထိုစာအုပ်ကိုကြည့်လိုက်သော် ၎င်းပေါ်မှာ စာလုံးကြီးများကို တွေ့လိုက်ရ၏၊ ⟨မှော်စက်များ၏ကြောင်းကျိုးအသင်္ချေ⟩