← Chapters

အခန်း (၆၁-၇၀)

Vol. 2 Ch. 61-70

အခန်း (၆၁-၇၀)

Vol. 2 Ch. 61-70

Vol 2, အခန်း ၀၆၁။ ဝင့်ကြွားနေဖို့က ဘာအရည်အချင်းတွေရှိနေလို့လဲ

"ဥက္ကဌ၊ ဘာလို့ ခင်ဗျားမျက်နှာထားက ဒီလောက်ဆိုးနေရတာလဲ?" အန်းခေါ့ထ်က ရှုယီကို တအံ့တဩကြည့်ကာ စိုးရိမ်နေဟန်ဖြင့် ပြောလာသည်၊ "မနေ့ညက ကောင်းကောင်းမအိပ်ပျော်ခဲ့ဘူးလား?"

ရှုယီက ဝမ်းဗိုက်ကိုဖိလိုက်၏။ သူဟာ မနေ့ညက ရေအိမ်သို့ ခရီး တစ်ဆယ့်ခုနစ်ခါ ထွက်ခါရရာ၊ ကောင်းကောင်းအိပ်ပျော်ခဲ့သည်ကမှ ထူးဆန်းနေပေလိမ့်မည်။

"ဘာမှမဖြစ်ပါဘူး၊ နည်းနည်းအီလည်လည်ဖြစ်နေရုံပါ၊ ထွေထွေထူးထူးမဟုတ်ဘူး။" ရှုယီလည်း လက်ယမ်းလျက် အန်းခေါ့ထ်ကို မေးမြန်းနေခြင်းမှ တားဆီးလိုက်သည်၊ "စီးပွားရေးအကြောင်းပြောကြတာပေါ့။ အန်းခေါ့ထ်, မိုးကျတောင်ကြားက အလုပ်ရုံတွေ မကြာခင်ပြီးတော့မှာဆိုတော့ နောက်ကျရင် အလုပ်ရုံရဲ့တစ်ပိုင်းကို မိုးကျတောင်ကြားဆီ ရွေ့ဖို့ ပြင်ထားတယ်။ အဲ့ထဲမှာ မင်း မန်နေဂျာလုပ်နေရတဲ့ အိမ်သုံးမှော်စက်အလုပ်ရုံလည်းပါမှာဆိုတော့ အထင်တွေဘာတွေရှိသေးလား?"

အန်းခေါ့ထ်လည်း စဉ်းစားပြီး ပြန်ဖြေလာသည်၊ "ဥက္ကဌ၊ ကျွန်တော်တို့သာရွှေ့မယ်ဆိုရင် နွေနှောင်းပိုင်းအထိ စောင့်တာ အကောင်းဆုံးလို့ ထင်တယ်။ အခုဆို မှော်ပန်ကာ၊ မှော်လေအေးပေးစက်နဲ့ မှော်ရေခဲသေတ္တာအားလုံးကို ကောင်းကောင်းရောင်းနေရပြီး အမှာစာတွေလည်း ယူနေတုန်းပဲလေ။ ကျွန်တော်တို့သာ ရွှေ့လိုက်ရင် ထုတ်လုပ်ရေးကို သေချာပေါက်ထိခိုက်စေနိုင်တော့ အဲဒီ့ အမှာစာတွေကို အပြီးသတ်နိုင်မှာမဟုတ်လောက်ဘူး။"

"အမ်း ငါလည်း ဒီလိုစဉ်းစားမိတယ်။ ဒီတော့ ပထမအသုတ်ကို အလျင်မလိုတဲ့ အလိုအလျောက်မှော်ထမင်းပေါင်းအိုး၊ မှော်ပေါင်မုန့်မီးကင်စက်နဲ့ မှော်မီးအိမ်တွေကို ထုတ်လုပ်တဲ့အဖွဲ့တွေအဖြစ်သတ်မှတ်လိုက်မယ်။ မင်းပြောတဲ့ အဖွဲ့တွေကိုတော့ နောက်လမှရွှေ့ဖို့ပဲ စဉ်းစားတော့မယ်။" ရှုယီ ပြောလေ၏။

"အလုပ်သမားတွေလည်း ရွှေ့ရမှာလား?" အန်းခေါ့ထ်က မေးသည်။

"ဒါပေါ့။ ထုတ်လုပ်ရေးမှော်စက်တွေက ဒုတိယ၊ အလုပ်သမားတွေက အဓိကပဲလေ။" ရှုယီက ခေါင်းငြိမ့်လျက် ပြောလာသည်၊ "ဒါ့အပြင် မိုးကျတောင်ကြားအလုပ်ရုံက ပိုကြီးတော့ အလုပ်သမားအသစ်တွေ စုဆောင်းလို့ရတယ်။ မင်းမှာအချိန်ရှိရင် အလုပ်သမားတွေကိုပြောလိုက်ပါဦး၊ သူတို့မှာ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးချင်တဲ့ မိတ်ဆွေတွေ ဒါမှမဟုတ် ဆွေမျိုးတွေ‌ရှိသလားလို့ပေါ့။ သူတို့တွေ အရည်အချင်းရှိသရွေ့ ငါလည်း အားလုံးကို လိုချင်တယ်။"

အန်းခေါ့ထ်က ပျော်ရွှင်ဟန်ပေါ်လာကာ၊ "ကောင်းတယ်! ဥက္ကဌ၊ ကျွန်တော်လည်း ဒီကိစ္စကိုမေးချင်နေခဲ့တာ။ အလုပ်ရုံထဲမှာ ဒီအကြောင်း ကျွန်တော့်ကို လာမေးတဲ့လူတွေများတယ်၊ ကျွန်တော်တို့လုပ်ငန်းစုရဲ့ လစာကမြင့်ပြီး အကျိုးအမြတ်ကောင်းတွေလည်းရတော့ အလုပ်လုပ်ချင်တဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ ရှိနေတယ်တဲ့လေ။ ဒါပေမယ့် ဥက္ကဌက အလုပ်သမားအသစ်တွေခေါ်ဖို့ မပြောလာဖူးတော့ ကျွန်တော်လည်း ပြန်မဖြေရသေးဘူး။ အခု ဒီလိုပြောလာပြီဆိုမှတော့ အလုပ်သမားတွေကိုပြောပြလိုက်ရင် အတော်လေး ဝမ်းသာသွားကြမှာပဲ။"

ရှုယီမှာ အနည်းငယ်အံ့အားသင့်သွားသည်၊ "ဘန်တာမြို့ရဲ့ နေရာတိုင်းမှာ ငါတို့လုပ်ငန်းစုထက် လစာမနည်းတဲ့ အလုပ်များစွာရှိပါတယ်၊ ဒါကို ဘာလို့ ငါတို့လုပ်ငန်းစုဆီမှာ လုပ်ချင်နေရတာလဲ?" အန်းခေါ့ထ်က ရယ်လျက် ဝင့်ကြွားစွာ ပြန်ဖြေလာစသည်၊ "ဒါက ကျွန်တော်တို့ရဲ့နေရာက ပိုကောင်းလို့ပေါ့။ ဥက္ကဌကြည့်ဦးလေ။ ကျွန်တော်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းမှာ လစာတွေက မြင့်တဲ့အပြင် အကျိုးအမြတ်အနေနဲ့ ပစ္စည်းတွေလည်းပေးတာပဲ။ ဥပမာပြောရရင် အရင်တစ်ခေါက်တုန်းက အလုပ်သမားတိုင်းစီကို ရေခဲချောင်းတစ်ပုံးစီပေးခိုင်းလိုက်တာ၊ ကျွန်တော်အိမ်ကိုယူသွားတော့ ကျွန်တော့်မိန်းမရော ကလေးတွေရောသဘောကျ,ကြတယ်။ အဲဒါတွေအားလုံးကို တစ်ရက်တည်းနဲ့အကုန်စားပြီး ထပ်ရှိသေးလားတောင်မေးခဲ့ကြသေးတယ်။"

ရှုယီလည်း မနေနိုင်ဘဲ ရယ်မိသွား၏။ သူဟာ ၎င်းတို့စမ်းသပ်ချက်အတွက် ရေခဲချောင်းများကို ဒီတိုင်းသာပေးလိုက်ခြင်း‌ဖြစ်သော်လည်း ၎င်းကို အကျိုးအမြတ်ကောင်းဟု သဘောထားကြလေသည်။

"ပြီးတော့လည်း တခြား အတော်ကိုအရေးပါတဲ့အကြောင်းရင်းရှိသေးတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ အလုပ်ရုံမှာ အလုပ်လုပ်ရတာက အရမ်းကိုစိတ်အေးရတယ်လေ။" အန်းခေါ့ထ်က အလုပ်ရှုပ်နေကြသူများကို လက်ညှိုးထိုးပြကာ ပြောလာသည်၊ "ကြည့်ပါဦး၊ အလုပ်သမားတွေအနေနဲ့ သူတို့လက်လေးတွေကိုပဲ လှုပ်စရာလိုတော့ ဘာမှ အားထုတ်စရာတောင်လိုမနေဘူး။ ဒီလို အေးဆေးပြီး ရိုးရှင်းတဲ့အလုပ်ကို ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်း မှာက လွဲရင် ဘယ်နေရာမှာ ဆင်‌တူတာ တွေ့နိုင်မှာတဲ့လဲ?"

ရှုယီ၏မျက်နှာက ပိုလို့ပင် ထူးဆန်းလာသည်။

အိမ်သုံးမှော်စက်အလုပ်ရုံ၏ စက်မှုအလုပ်သမားကို ကမ္ဘာမြေ၌ လူများစွာက အတွေးမရှိ၊ ထပ်ခါထပ်ခါပြုလုပ်ခြင်းဟု ပြောကြကာ အင်မတန်ပင်ပန်းသည်ဟုဆိုသည်။ ယခု စိုင်စ်နယ်မြေကြီး၌မူ ၎င်းက ရိုးရှင်းအေးဆေးသည့်အလုပ်ဖြစ်လာ၏။

သို့သော် အမ်ရစ်ကုန်သည်ကြီးများအသင်းထံ အလည်သွားသည့်အချိန်ကို စဉ်းစားကြည့်သော် ရှုယီနားလည်လိုက်သည်။

ကျောရိုး‌ကျိုးလောက်သည့် ထိုအလုပ်နှင့်ယှဉ်လျှင် Frestech ကုန်သည်ကြီးများအသင်းရှိ အလုပ်က များစွာပိုမို သက်သာ၏။

ရှုယီလည်း အလုပ်ရုံကိုဝေ့ဝဲကြည့်ရင်း အစိတ်အပိုင်းငယ်လေးများတချို့ကို တပ်ဆင်နေကြသည့် နတ်သူငယ်များအား မကြည့်ဘဲ မနေနိုင်ချေ။

ထိုနတ်သူငယ်တစ်ရာလောက်မှာ ညတေးသံမျိုးနွယ်စုမှလာသည်။

၎င်းတို့မှာ မိုးကျတောအုပ်မှထွက်ခွာ၍ Frestech ကုန်သည်ကြီးများအသင်းထံ လာရောက်သည်မှာ အကြီးအကဲ အီလူရှာက ၎င်းတို့ယခင်တစ်ခေါက် ပြုလုပ်ခဲ့သည့် မှော်ပန်ကာများကို မြင်ပြီးနောက် နတ်သူငယ်တို့၏အမှားများကို သတိပြုမိလိုက်သောကြောင့်ပင်။ ထို့ကြောင့် သူမက ရှုယီ၏ တောင်းဆိုမှုကိုလိုက်လျောရန် မျိုးနွယ်ဝင်တချို့ကိုပို့ကာ အထူးတလည် လေ့ကျင့်ပေးစေ၏။

ထို အထူးတလည်လေ့ကျင့်ပေးခြင်းမှာ တကယ်တမ်း အင်မတန်ရိုးရှင်းပါ၏။

အခြားမည်သည်ကိုမှမဆိုဘဲ ရှုယီမှာ ထိုနတ်သူငယ်ရာချီကို အိမ်သုံးမှော်စက်အလုပ်ရုံထဲထည့်ကာ ပျင်းရိဖွယ်အကောင်းဆုံး ထပ်ခါတလဲလဲလုပ်ရသောအလုပ်မျိုးကိုသာ လုပ်ထားစေသည်။

၎င်းတို့ Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်နေခဲ့ကြသည်မှာ လဝက်လောက်ပင်ရှိနေပြီဖြစ်၏။ ရှုယီမှာ ထိုမြင်ကွင်းအား ဘယ်နှခေါက်မြင်ပြီးသည်ဖြစ်ပါစေ၊ ထိုထူးခြား၊ ဆန်းကျယ်ကာ ကျော့ရှင်းလှသည့် နတ်သူငယ်များက ကမ္ဘာမြေမှ သာမန်အလုပ်သမားများကဲ့သို့ ထိုသို့ရိုးရှင်းကာ ထပ်တလဲလဲ အလုပ်များကို လုပ်နေသည်အားမြင်လိုက်ချိန်တိုင်း အနည်းငယ်နာကျင်သလိုခံစားရသည်။

"နတ်သူငယ်တွေရော ဒီတလောဘယ်လိုနေလဲ?" ရှုယီက မေးလိုက်သည်။

"သူတို့ အတော်လေးတိုးတက်လာပါပြီ" အန်းခေါ့ထ်က ခေါင်းငြိမ့်ကာ ချီးကျူးလာ၏၊ "သူတို့က အစမှာတော့ဥက္ကဌပြောထားသလို ပေါ့လျော့ပြီး စည်းကမ်းမဲ့ကြတယ်။ ဒါပေမယ့် အရင်တစ်ခေါက်က ခင်ဗျားသူတို့ကို ဆူပြီးတဲ့နောက်ကျတော့ သူတို့အတော်လေးပိုအဆင်ပြေလာကြတယ်။"

အန်းခေါ့ထ်က နတ်သူငယ်များကို သူ ဆူငေါက်ခဲ့သည့်အချက်အား ထုတ်ပြောလာသည့်အခါ ရှုယီမှာ မထိန်းနိုင်ဘဲ မျက်နှာကို ပွတ်လျက် ခါးသီးစွာပြုံးလိုက်မိသည်။

လွန်ခဲ့သည့် တစ်ပါတ်က အိမ်သုံးမှော်စက်အလုပ်ရုံ၌ ပြဿနာလေးတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုပြဿနာက နတ်သူငယ်အလုပ်သမားများနှင့် လူသားအလုပ်သမားများအကြား ဖြစ်ပွားခဲ့ခြင်းပင်။

ထိုနတ်သူငယ်များက ပေါ့လျော့သောကြောင့် ၎င်းတို့တပ်ဆင်ခဲ့သည့် ထုတ်ကုန်များက ပြဿနာရှိခဲ့၏။ ၎င်းက ပြီးစီးပြီးသားထုတ်ကုန်‌ဘူးများကို စစ်‌ဆေးရသည့် လူသားအလုပ်သမားများအတွက် အလုပ်ပိုလာစေ၏။

အချိန်ကြာလာသောအခါ နှစ်ဘက်အကြားရှိ ပဋိပက္ခက တိုးထွက်လာတော့သည်။

မူလက လူသားအလုပ်သမားများမှာ နတ်သူငယ်များ၏ ဆန်းကြယ်မှုကြောင့် ကိုးကွယ်‌ကြတော့မတတ်ဖြစ်ခဲ့ကြပါသော်လည်း ၎င်းတို့နှင့်အတူ အလုပ်လုပ်ပြီးနောက်တွင်မူ ဆန်းကြယ်ပုံမပေါ်ကြတော့ချေ။

အကြောင်းမှာ ထိုနတ်သူငယ်များက ၎င်းတို့အတွက် အလုပ်ပိုစေပြီး အလုပ်ရုံ၏ ထိရောက်မှုကို ထိခိုက်စေခြင်းကြောင့် လူသားအလုပ်သမားများက မကျေမနပ်ဖြစ်ကြခြင်းပင်။ နောက်ဆုံးတွင် အမှားတစ်ခုကြောင့် လူသားအလုပ်သမားတစ်‌ဦးက မထိန်းနိုင်တော့ဘဲ နတ်သူငယ်များကို ရန်စမိသွား၏။

ထိုနတ်သူငယ်များထံ၌ ဝင့်ကြွားသည့်စရိုက်မျိုးရှိရာ မည်သို့များ လူသားအလုပ်သမားများ၏ ရန်စမှုကို သည်းခံပါမည်နည်း? ထို့ကြောင့် နှစ်ဘက်အကြားရှိ ပြဿနာက ကြီးထွားလာရသည်။

ရှုယီသာ အချိန်မီရောက်မလာခဲ့ပါလျှင် Frestech ကုန်သည်ကြီးများအသင်း၌ ပထမဦးဆုံးဖြစ်ပွားခဲ့သည့်ရန်စက မျိုးနွယ်စုများအကြားမှ ပြဿနာဖြစ်သွားလိမ့်မည်။

ရှုယီရောက်လာပြီး ဇာတ်လမ်းတစ်ခုလုံးကိုကြားချိန်တွင် သူဟာ ကြမ်းတမ်းစွာဖြင့် ပြဿနာရှာခဲ့သည့် နှစ်ဘက်စလုံးကို ဆူငေါက်ခဲ့သည်။

ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်ရာ အလုပ်သမားများ၏ စိတ်ထဲ၌ အနေအထားမြင့်မြင့်တွင်ရှိသည်။ သူ၏အဆူခံရသည့်နောက်တွင် လူသားအလုပ်သမားများက သဘာဝကျစွာပင် သည်းခံလိုက်ပြီး မငြင်းဆန်လာကြပေ။

သို့သော် နတ်သူငယ်များမှာ မည်သည့်အချိန်တုန်းက ထိုသို့အဆူခံရဖူးပါမည်နည်း? ၎င်းက လူသားတစ်ဦး၏ ဆူငေါက်လာခြင်းလည်းဖြစ်ပေသည်။

၎င်းတို့ ညတေးသံမျိုးနွယ်စုမှ ထွက်မလာခင်က အကြီးအကဲအီလူရှာမှာ ရှုယီစကားကို နားထောင်ရန် သေချာမှာလိုက်သော်လည်း ယင်းကဲ့သို့သောအခြေအနေမျိုးတွင် နတ်သူငယ်များက သည်းမခံနိုင်တော့ဘဲ ရှုယီ၏ ဆူငေါက်ခြင်းကို ငြင်းဆန်လာသည်။

သို့သော် ရိုးရိုးစကားလေးများတချို့က ၎င်းတို့ကို လုံးဝဆွံ့အသွားစေ၏။

"အားလုံးက တူညီတဲ့အလုပ်ကို လုပ်နေကြပေမယ့် လူသားအလုပ်သမားတွေက ခင်ဗျားတို့ထက် ပိုမြန်ပြီး ပိုကောင်းတယ်၊ ဒီတော့ သူတို့ကို အထင်သေးဖို့ ခင်ဗျားတို့မှာ ဘာအရည်အချင်းတွေရှိလဲ? ကျုပ်ရှေ့မှာ အော်ဖို့ရော ခင်ဗျားတို့မှာ ဘာအခွင့်အရေးရှိလဲ? ခင်ဗျားတို့နတ်သူငယ်တွေရဲ့မာနက အမှားတွေလုပ်ပြီးရင် အရှက်မဲ့သလိုပြုမူတာများလား?"

ထိုပြဿနာပြီးနောက်တွင် နတ်သူငယ်တစ်ရာမှာ ၎င်းတို့၏ ပေါ့‌ပျက်ပျက်သဘောထားကိုပြောင်းလဲလျက် လူသားအလုပ်သမားများကဲ့သို့ အလေးအနက်လုပ်လာကြပြီး စည်းမျဉ်းများကိုလည်း စနစ်တကျလိုက်နာလာကြသည်။

၎င်းတို့ လေးနက်လာကြသည်နှင့်တပြိုင်နက် ထိုနတ်သူငယ်များ၏ ပြီးပြည့်စုံမှုနှင့်ပကတိအရည်အချင်းရှိ စရိုက်သကန်တို့မှာ ထွက်ပေါ်လာကြတော့သည်။ ၎င်းတို့ အပြီးသတ်ထားသည့် အလုပ်ကလည်း လူသားအလုပ်သမားများ ပြုလုပ်ထားသည့် အရာများနှင့်ယှဉ်လျှင် များစွာ ပိုမိုလှ‌ပနေတော့သည်။

"ဒါက ကောင်းတဲ့ကိစ္စဆိုပေမယ့်လည်း လူသားအလုပ်သမားတွေနဲ့ နတ်သူငယ်အလုပ်သမားတွေကြားမှာ ဆန့်ကျင်တဲ့ ခံစားချက်တွေရှိနေတာက မကောင်းဘူး။ ဒီလိုပဲနေရင် အကြီးအကဲအီလူရှာရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်သွားလိမ့်မယ်။" ရှုယီလည်း ထိုသို့စဉ်းစားလျက် အန်းခေါ့ထ်ကိုပြောလာသည်၊ "ရှေ့လျှောက် ဒါကိုအာရုံစိုက်ပြီး မင်းတတ်နိုင်သလျောက် တင်းမာမှုကို ဖြေလျှော့ပေးလိုက်ပါ။ ဥပမာပြောရရင် အားတဲ့အချိန်ကျ ပွဲတစ်ခုလုပ်ပြီး လူသားနဲ့ နတ်သူငယ် အလုပ်သမားတွေကို တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုရှိအောင်လုပ်ပေးလိုက်ရင် အချင်းချင်း ကောင်းကောင်းနားလည်လာကြမှာပါ။"

အန်းခေါ့ထ်က တုံ့ပြန်သည့်အနေနှင့် ခေါင်းငြိမ့်သည်။

၎င်းကိစ္စများပြောပြီးသည့်နောက် ရှုယီလည်း စီးပွားရေးအကြောင်းစပြောတော့သည်။

"အစီစဉ်အရ ကာလတစ်ခုပြီးရင် ငါတို့လုပ်ငန်းစုက‌နေ တာယာအလုပ်ရုံတစ်ရုံတည်ထောင်တော့မှာ။ အဲဒီ့အလုပ်ရုံကို သဏ္ဍာန်ဖော်ခြင်း၊ သံမဏိဘောင်တပ်ဆင်ခြင်းနဲ့ တာယာအဖုံးလုပ်ခြင်းဆိုပြီးတော့ အပိုင်းသုံးပိုင်းခွဲမယ်။ ဒါက အလုပ်ကို အလုပ်ရုံသုံးရုံကနေ ငါးရုံကြား ခွဲသွားလောက်‌တယ်။"

"တာယာ?" အန်းခေါ့ထ်က အနည်းငယ်ရှုပ်ထွေးသွား၏၊ "အဲဒါက ဘာများလဲ?"

"အခုတော့ ဘာမှန်း နားလည်ဖို့မလိုသေးပါဘူး၊ မင်းကို လက်ရှိ အလုပ်သမားတွေကြားထဲကမှ ထုတ်လုပ်ရေးမှော်စက်တွေ၊ မှော်ရိုက်စက်တွေကို ထိန်းချုပ်တာနဲ့ ရင်းနှီးတဲ့ လူတချို့ကို ရွေးခိုင်းဖို့ပဲ လိုတာပါ။ ထုတ်လုပ်ဖို့ ဒီလိုတွေ‌အပေါ် အားကိုးပြီး ပထမအသုတ် တာယာတွေလုပ်ဖို့လိုတယ်။ အနာဂတ်မှာ သူတို့တွေက တာယာအလုပ်ရုံအတွက် အုတ်မြစ်အခရာ ဖြစ်လာလိမ့်မယ်။" ရှုယီကပြောလိုက်သည်။

"ကောင်းပါပြီ၊ သူတို့ကို ဘယ်အချိန်လောက်လိုတာလဲ?" အန်းခေါ့ထ်က မေးလာ၏။

"မျှော်လင့်မထားတာတွေဘာမှဖြစ်မလာရင်တော့ ဒီလကုန်လောက်ပဲ။ အဲဒီ့လူတစ်စုထဲ နတ်သူငယ်အလုပ်သမားတွေပါဖို့လည်း လိုတယ်။ မင်းအနေနဲ့ အသင့်အတင့်စည်းကမ်းရှိတဲ့ နတ်သူငယ်အလုပ်သမားတချို့ကိုရွေးပေး၊ သူတို့ကို တာယာအဖုံးတွေလုပ်ခိုင်းဖို့လိုတယ်။"

အန်းခေါ့ထ်က နားလည်ကြောင်းပြရန် ခေါင်းငြိမ့်လိုက်သည်။

ရှုယီက သူ့အား ကိစ္စအချို့ထပ်ပြောပြီးမှ အိမ်သုံးမှော်စက်အလုပ်ရုံမှခွာကာ မှော်စက်ထုတ်လုပ်ရေး အလုပ်ရုံသို့ ဦးတည်သွားတော့၏။

လေ့လာပြီး မှော်စက်များကိုသာ ထုတ်လုပ်ရသည့် အိမ်သုံးမှော်စက်အလုပ်ရုံနှင့်ယှဉ်ပါက မှော်စက်ထုတ်လုပ်ရေး အလုပ်ရုံမှာ မှော်စက်များလေ့လာရာ၌ အဓိကကျသည့်အခန်းကဏ္ဍာ၌ရှိသည်။ ၎င်းတို့၏ အရေးပါမှုက မှော်သုတေသနဌာနကိုပင်ကျော်လွန်နေရာ ရှုယီက ထိုနေရာကို အရေးအထားဆုံးပင်။

သဘာဝကျကျကျပင် သူက ကမ်ဘီ, ဘော်ဒီယူနှင့် ကြီးကြပ်ရသော အခြားလူပုလေးများကို အကောင်းဆုံးဆက်ဆံသည်။

ကမ်ဘီကို မဆိုထားနှင့် ဘော်ဒီယူထံ၌ ထူးချွန်သည့်ပါရမီရှိပြီး လွန်ခဲ့သည့်လအနည်းငယ်၌လည်း အင်မတန်အရေးပါသည့် အခန်းကဏ္ဍ၌ပါဝင်ခဲ့သဖြင့် ရှုယီက သူ၏လစာကို တစ်လလျှင် ရွှေဒင်္ဂါးတစ်ဆယ့်ငါးပြားမှ နှစ်ဆယ့် ငါးပြားသို့တိုးပေးခဲ့၏။

သို့သော် ထိုလစာကအင်မတန်နည်းနေဆဲဖြစ်သည်ဟု ရှုယီခံစားနေရဆဲသာ။

အခြားလုပ်ငန်းစုများကသာ ဘော်ဒီယူက Frestech ကုန်သည်ကြီးများအသင်းအတွက် မည်မျှ အရေးပါသည်ကိုသိပါလျှင် သေချာပေါက် ဝမ်းသာသွားကာ တစ်လ ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြား လစာထက်ပင် နှစ်ဆတိုးပေးကာ ခေါ်လောက်သည်။

ကမ္ဘာမြေရှိ လုပ်ငန်းစုတချို့၏ အရေးပါကာ အဆင့်မြင့်သည့်သုတေသနဝန်ထမ်းအချို့မှာ နှစ်စဉ် အနည်းဆုံး လစာ တစ်သန်းလောက်ရသည်ဟု သိရသည်။

၎င်းတို့အား စိုင်စ်နယ်မြေရှိ ရွှေဒင်္ဂါးများအဖြစ်ပြောင်းလဲလိုက်ပါလျှင် ရွှေဒင်္ဂါးတစ်သောင်းနှင့် ညီမျှသည်!

၎င်းက တစ်လ လစာမှာ ရွှေဒင်္ဂါးနှစ်ထောင် နီးနီးရှိသည်ဟု အဓိပ္ပာယ်ရပေ၏!

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၆၂။ အင်ဂျင်

မှော်စက် ထုတ်လုပ်ရေးအလုပ်ရုံသို့ဝင်လာချိန်တွင် ဘော်ဒီယူနှင့် အခြားလူပုလေးများမှာ ထူးဆန်းပုံပေါ်နေသည့် စက်တစ်လုံးအားဝိုင်းဖွဲ့လျက် ကြည့်နေကြသည်ကို မအံ့ဩမိချေ။

ရှုယီလည်း သွား နားထောင်လိုက်ရာ ၎င်းတို့ကလက်ရှိတွင် မှော်ရိုက်စက်၏အရွေ့စွမ်းအင်ပါရာမီတာ၏ ပြဿနာတစ်ရပ်ကို သုတေသနလုပ်နေသည်အား တွေ့ရှိလိုက်ရသည်။

ရှုယီ၏ ကနဦးဒီဇိုင်းအရ ထိုမှော်ရိုက်စက်၏ အရွေ့စွမ်းအားမှာ စတုတ္ထအဆင့်မှော်မီးလျှံအစီအရင်ဖြစ်သည့် လောင်မြိုက်မှော်အစီအရင်မှလာသည်။ ၎င်းက လောင်မြိုက်မှော်အစီအရင်၏ ပေါက်ကွဲအားကိုမှီခိုကာ မိုမှတဆင့် စက်ခေါင်းကိုမောင်းနှင်ပေးရသည်။

အစပိုင်းတွင် ထိုဒီဇိုင်းက ပြဿနာမရှိခဲ့‌ချေ။

သို့သော် အချိန်အနည်းငယ်ကြာသုံးပြီးနောက်၌ လူပုလေးများမှာ ထိုမှော်ရိုက်စက်၏ အားက မ‌လုံလောက်ဟု တဖြည်းဖြည်းခံစားလာရသည့်ပင်။ ထို့အပြင် ၎င်းမှော်အစီအရင်၏ ပေါက်ကွဲမှုတစ်ခုစီမတိုင်ခင် ပြန်လည်စောင့်ယူရသည့်အချိန်က ရှည်ကြာလှရာ ထိရောက်မှုကို အတော်လေး အကန့်အသတ်ဖြစ်စေ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ အမှာစာများ ပို၍ပို၍ရလာကာ ပမာဏများလာသည်နှင့် မှော်ရိုက်စက်၏ ထိရောက်မှုကို ဆက်လက်မထိန်းနိုင်တော့ပေ။

ထိုပြဿနာကိုဖြေရှင်းရန် မှော်ရိုက်စက်တချို့ထပ်မံ ထုတ်လုပ်နိုင်ပါသော်လည်း ၎င်းက ကုန်ကျစရိတ်ကို သွယ်ဝိုက်သောနည်းဖြင့် ပိုတိုးလာစေနိုင်မည့် မှော်ရိုက်စက်ကို လည်ပတ်ရန် အလုပ်သမားတချို့ ပိုမိုလိုအပ်လိမ့်မည်။

ထို့ကြောင့် ကမ်ဘီဦးဆောင်သည့် လူပုလေးများက မှော်ရိုက်စက်အသစ်ကို သုတေသနလုပ်နေစဉ်တွင် မှော်ရိုက်စက်ဟောင်း အဆင့်မြှင့်ခြင်းကို မရပ်တန့်ခဲ့ချေ။

မှော်ရိုက်စက်များအဆင့်မြှင့်ခြင်းအတွက် ရှုယီက စက်ပိုင်းဆိုင်ရာစွမ်းအားထောက်ပံ့ရန် ဒီဇိုင်းစစ် ပေးထားပြီးသားပင်။

သို့သော် ရှုယီအနေနှင့် ကမ္ဘာမြေမှ စက်ဖွဲ့စည်းပုံများကိုသာ သိသောကြောင့် မှော်အစီအရင်များနှင့်အတူ အလုပ်ဖြစ်စေရန် ဖွဲ့စည်းပုံတစ်ခုလုံးကို ပြောင်းလဲဖို့လိုသဖြင့် ကမ်ဘီနှင့် လူပုလေးများကို ၎င်းအတွက် သုတေသနအား အပြီးသတ်ခိုင်းထား၏။

ဘော်ဒီယူနှင့် အခြားလူပုလေးများက လက်ရှိတွင် မှော်ရိုက်စက်ဟောင်းများ၏ သီးသန့်အားကို ဆုံးဖြတ်ရန် အရွေ့စွမ်းအင်'ပါရာမီတာကို လေ့လာနေကြ၏။ ထိုသို့ဖြင့် ၎င်းတို့မှာ မှော်ရိုက်စက်အသစ်ကိုဒီဇိုင်းဆွဲရန် ၎င်းကို အသုံးပြုကြလိမ့်မည်။

၎င်းက တိကျသည့်တွက်ချက်မှုများကိုလိုအပ်သည့် အလုပ်ဖြစ်သည်။ ယခင်က ထိုသည်မှာ လူပုလေးများ၏ ကျွမ်းကျင်ရာမဟုတ်ပါသော်လည်း Frestech ကုန်သည်ကြီးများအသင်းအတွက် အတန်ကြာ အလုပ်လုပ်ခဲ့ပြီးနောက်တွင် တဖြည်းဖြည်း ရှုယီ၏လွှမ်းမိုးမှုကို ခံလိုက်ရတောသည်။

ရှုယီဝင်လာသည်ကို‌မြင်သော် ဘော်ဒီယူနှင့် အခြားလူတို့က စကားပြောခြင်းကိုရပ်တန့်လိုက်ကြကာ ၎င်းတို့ပြုလုပ်ခဲ့သည့် ခန့်မှန်းချေတချို့ကို ရှုယီကြည့်ရန် လက်လွှဲပေးလာကြသည်။

ရှုယီမှာ ၎င်းသုတေသန၌ တတ်နိုင်သမျှ အနည်းအကျဉ်းတော့ ပါဝင်ဖို့ကြိုးစားခဲ့ပါသော်လည်း မှော်စက်ထုတ်လုပ်ရေးဌာန၏ လူပုလေးများအတွက်ဖြစ်စေ မှော်သုတေသနဌာန၏ အီဗီတာတို့အတွက်ဖြစ်စေ သူဟာ ၎င်းတို့ရင်ထဲတွင် အကောင်းဆုံးသော မှော်စက်မှုအင်ဂျင်နီယာဖြစ်သည်။

ရှုယီလည်း လူပုလေးများပေးလာခဲ့သည့် ရလာဒ်ကို အသေအချာကြည့်ကာ အမှားတချို့ထောက်ပြလိုက်၏။ ထို့နောက် နောက်ထပ် မည်သည့်နေရာကိုကျော်ရမည်ဆိုသည့် ရှင်းပြချက်တချို့ပေးပြီးနောက် မည်သည်ကိုမှ မပြောတော့ပါချေ။

သူဟာ အီဗီတာ၏အဖွဲ့နှင့် လူပုလေးများအား ၎င်းတို့၏သုတေသနများတွင် ကိုယ်ပိုင်အတွေးအကြံများကိုသုံးက အသိပညာကို ကိုယ်တိုင်တည်ဆောက်ဖို့ရန် သူ၏ ပါဝင်မှုကို လျှော့ချထားသည်။

ဘော်ဒီယူတို့ အဖွဲ့ကိုပြောပြီးနောက်တွင် နံဘေး၌ စောင့်ဆိုင်းနေခဲ့သည့် ကမ်ဘီက မေးလာသည်၊ "ဥက္ကဌ၊ ခင်ဗျား ဒီနေ့ဒီကိုရောက်လာတာ ကျုပ်တို့အတွက် သုတေသနသစ်တချို့ ရလာလို့လား?"

ကမ်ဘီ၏အမေးကိုကြားသော် အခြားလူပုလေးများက တစုံတရာကို သတိပြုမိကာ ရှုယီထံ ကြည့်လာကြတော့၏။

ရှုယီက မပြုံးဘဲ မနေနိုင်တော့ဘဲ ၎င်းလူပုလေးများအားလုံးက အလုပ်ရူးများဟု စဉ်းစားလိုက်မိသည်။

"ဟုတ်တယ်၊ ဒီ‌တစ်ခေါက်မှာ တာဝန်အသစ်တစ်ခုရှိသလို ဒါက အတော်ခက်တဲ့တစ်ခုပဲ။ ဒီတာဝန်ကိုယူချင်ရဲ့လား?" ရှုယီက အပြုံးဖြင့်မေး၏။

ကမ်ဘီလည်း နှုတ်ခမ်းများကို တွန့်ကွေးလျက်၊ "ဥက္ကဌ၊ ခင်ဗျား ဘာလို့ ဒီလိုအဓိပ္ပာယ်မရှိတာ‌ကိုမေးရတာလဲ? ကျုပ်တို့က ခက်ခဲတဲ့တာဝန်တွေဆို အကြိုက်ဆုံးပဲလေ။ ပြောပါ ဘာများလဲ?"

"ဟုတ်ပြီ၊ တာဝန်က နှစ်ခုရှိပြီးတော့ ပထမတစ်ခုက အတော်လေးလွယ်ပါတယ်။" ရှုယီက မူကြမ်းနှစ်ခုကို ထုတ်လျက် ပထမတစ်ခုကိုဖြန့်လိုက်သည်၊ "မနေ့တုန်းက ဖာဆန်ရထားလုံးလုပ်ငန်းစုရဲ့ ဥက္ကဌပွန်ဖီးကို ကျုပ်ပြောခဲ့ပြီး တာယာဒီဇိုင်းတချို့ဆွဲကူဖို့ ကတိပေးပြီးပြီ၊ သူ့ရဲ့မြင်းလှည်းဘီးတွေနေရာမှာ အစားထိုးဖို့ပေါ့။ ကြည့်'ကြည့်လိုက်၊ ဒါက ဒီဇိုင်းပဲ။"

လူပုလေးများက ကြည့်ရန်ရောက်လာကာ ဘော်ဒီယူကလည်း တအံ့တဩ မေးလေသည်၊ "ဥက္ကဌ၊ ဒီတာယာဒီဇိုင်းက အတော်ရိုးရှင်းတာပဲ၊ ဘာလို့ကျုပ်တို့ကို သုတေသနလုပ်ခိုင်းဖို့လိုတာလဲ? ကျုပ်တို့ရဲ့ လက်ရှိ ထုတ်လုပ်ရေးမှော်စက်တွေကို ပြောင်းလဲဖို့ပဲ လိုတာလေ။"

"ဒါကြောင့်ပဲ ပထမတာဝန်က အတော်လေးရိုးရှင်းတယ်လို့ပြောတာပေါ့။" ရှုယီလည်း ဒုတိယစာရွက်ကို ဖြန့်ကာ၊ "ဒုတိယတာဝန်က၊ အတော်လေးပိုခက်တယ်။"

လူပုလေးများက စာရွက်ကိုကြည့်လာပြီး မျက်ခုံးများ တွန့်ချိုးသွားကြသည်။

ဒုတိယစာရွက်၌ ဆွဲသားထားသည်မှာ အင်မတန်ထူးဆန်းသည့်အရာပါပင်။ ၎င်းက ပြွန်ပုံသဏ္ဍာန်ရှိကာ သားရေခါးပတ်များစွာကိုလည်း အတူတကွချည်နှောင်ထားသလို ရှုပ်ထွေးပွေလီလှသည့် စက်အပိုင်းများလည်း တသီကြီးပါရှိနေ၏။

အကြည့်တစ်ချက်နှင့်တင် လူပုလေးများမှာ ထိုပစ္စည်းက အင်မတန်ခက်ခဲသည်ကို သိနေပါ၏။

"ဥက္ကဌ၊ ဒါကဘာများလဲ?" ဘော်ဒီယူက မနေနိုင်ဘဲ မေးလာလေသည်။

ရှုယီလည်း ရယ်လျက်နှင့်၊ "ဒီအရာက အတော်လေး စွမ်းအားကြီးတယ်။ ဒါကိုသာ ထုတ်လုပ်နိုင်ရင် စိုင်စ်နယ်မြေကြီးတစ်ခုလုံးမှာ ပြောင်းလဲမှုကြီးတစ်ခုဖြစ်လာမယ်လို့တောင် ကျုပ် အာမခံ'ဝံ့တယ်!"

ကမ်ဘီမှာ ညစ်ညူးစွာ နှုတ်ခမ်းများကွေးကာ၊ "ဥက္ကဌ၊ ခင်ဗျားက ဒီစကားတွေကို အကြိမ်ပေါင်းမနည်းပြောခဲ့ပြီးပြီပဲ။ ခင်ဗျား ကျုပ်တို့ကို တစ်ခုခု ထုတ်လုပ်ခိုင်းတိုင်း ဒါကိုပြောနေကျ။"

"ဒါဆို ကျုပ်ပြောခဲ့တာက အချက်လက် ကျလား မကျလား ဝန်ခံနိုင်လား?" ရှုယီက ပြုံးလျက်ဆိုသည်။

ကမ်ဘီလည်း ရပ်တန့်သွားပြီးမှ အခြားသောလူပုလေးများကိုကြည့်လိုက်ရာ ၎င်းတို့လည်း ရှုယီကို ဘယ်နည်းနဲ့မှ မငြင်းဆန်နိုင်ကြောင်း တွေ့လိုက်ရသည်။

လက်ရှိ Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့နှင့် အနီးအနားမြို့များကို ပြောင်းလဲရန် ၎င်းတို့၏ ထုတ်ကုန်တချို့ကိုသာ မှီခိုခဲ့ရခြင်းမဟုတ်ပေ။

၎င်းတို့သာ အချိန်ပေးလိုက်လျှင် စိုင်စ်နယ်မြေကြီးထိရောက်ရှိနိုင်ကာ စိုင်စ်နယ်မြေကြီးကို ပြောင်းလဲသည်က ကြိုပင်မြင်နိုင်သည့် အရာပင်။

"ကျုပ် ဒီတစ်ခေါက် ထုတ်လုပ်စေချင်တဲ့အရာက အရင်တုန်းက ထုတ်လုပ်ခိုင်းခဲ့တဲ့ အရာတွေထက်ပိုလို့တောင် စွမ်းအားကြီးပြီးတော့ နယ်မြေကြီးကိုလည်း ပိုပြီး ပြောင်းလဲနိုင်မှာ။" ရှုယီက ရယ်ကာ၊ "ဘာလို့လဲဆိုတော့ အဲဒီ့အရာမှာ စွမ်းအားကြီးတဲ့နာမည်တစ်ခုရှိနေတယ်လေ။ ဒါကို အင်ဂျင်လို့ခေါ်တယ်။"

အင်ဂျင်ကို ထုတ်လုပ်ခြင်းမှာ ကမ္ဘာမြေ၌တွင်ပင် ခက်ခဲသည့်အရာဖြစ်၏။

အကြောင်းမှာ အင်ဂျင်၌ လိုအပ်ချက်များခြင်းကြောင့်ပင်။ ၎င်းက စက်ပိုင်းဆိုင်ရာ အသိပညာအဆင့်မြင့်မြင့်ကိုသာ လိုအပ်ရုံမက သတ္တုများတွင် အားကောင်းသည့် အခြေခံအုတ်မြစ်ကိုပါလိုအပ်သည်ဖြစ်ရာ တစ်ခုတလေပင် လျော့နည်းလို့မရနိုင်ပေ။

သို့သော် အင်ဂျင်ဟူသည်က ယေဘုယျအခေါ်သာဖြစ်၏။ ၎င်းတို့အား ခွဲခြားလိုက်ပါလျှင် ကားအင်ဂျင်၊ သင်္ဘောအင်ဂျင်၊ လေယာဉ်အင်ဂျင်နှင့်၊ အာကာသယာဉ်အင်ဂျင်၊ အစသည်ရှိသည်တို့ပင်...

အားနည်းသည့်နည်းပညာအဆင့်နှင့် ဤစိုင်စ်နယ်မြေကြီးတွင် ရှုယီမှာ အာကာသယာဉ်အင်ဂျင်ကိုပင်တိုက်ရိုက်ထုတ်လုပ်နိုင်သည့်အဆင့်ထိ အရာအားလုံးကို တစ်ဆင့်တည်းနှင့် ထုတ်လုပ်ရန် မမျှော်လင့်နိုင်ပေ။

ကမ်ဘီတို့ကို ပေးခဲ့သည်မှာ အင်ဂျင်အစစ်ဟုပင် ယူဆ၍မရနိုင်သေးပဲ ဓာတ်ကြမ်းမော်ဒယ်သာရှိသေးသည်။

ကမ္ဘာမြေရှိ အင်ဂျင်များတွင် အသုံးပြုသည့် မောင်းနှင်အားမှာ ရုပ်ကြွင်းလောင်စာများများကိုလောင်ကျွမ်းစေခြင်းဖြစ်သော်လည်း စိုင်စ်နယ်မြေကြီးတွင်မူ ရှုယီမှာ ရုပ်ကြွင်းလောင်စာများအကြောင်းကို မမြင်ဖူးသလို ကြားလည်းမကြားဖူး‌ခဲ့ချေ။ ထို့ကြောင့် သူဟာ သဘာဝကျကျပင် တူညီသည့် အင်ဂျင်အမျိုးအစားကို မထုတ်လုပ်နိုင်ပါချေ။

မှန်ပါသည်၊ ရုပ်ကြွင်းလောင်စာများမရှိဘဲ အင်ဂျင်ဒီဇိုင်းတစ်မျိုးဆွဲရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ထိုအစား မောင်းနှင်‌အားအဖြစ် ရုပ်ကြွင်းလောင်စာကို အသုံးပြုခြင်းမှ ကန့်သတ်ထားခြင်းမရှိတော့သောကြောင့် ရှုယီမှာ ပို၍သဘာဝကျသော အင်ဂျင်ဒီဇိုင်းမျိုးကို ဖန်တီးနိုင်မည်ဖြစ်၏။

ဥပမာဆိုရလျှင် ကမ္ဘာမြေရှိ အင်ဂျင်များမှာ စက်ကိရိယာများမှတဆင့် စွမ်းအင်ကိုလွှဲပြောင်းပေးမည့် ဒလက်များကိုလည်စေရန် ရုပ်ကြွင်းလောင်စာများ၏ အတွင်းပိုင်းလောင်ကျွမ်းမှုကို မှီခိုရသည်။ အင်ဂျင်တစ်မျိုးကို ဒီဇိုင်းဆွဲခြင်း၏ အရေးအပါဆုံးအပိုင်းမှာ ရုပ်ကြွင်းလောင်စာများအား လောင်ကျွမ်းစေသည့် စွမ်းအားကို အကောင်းဆုံးအသုံးပြုနည်းအားစဉ်းစားဖို့ပင်၊ ထို့ကြောင့် ဒီဇိုင်းများသည် အတော်လေး ရှုပ်ထွေးပေ၏။

သူ့ထံ၌ ရွေးချယ်ရန် မတူညီသည့်ရွေးချယ်စရာနှစ်မျိုးပင် ရှိပေသည်။

တစ်မျိုးမှာ ကမ္ဘာမြေမှ အင်ဂျင်ဒီဇိုင်းကို အတုခိုးကာ ဒလက်များကို လှည့်မည့် စွမ်းအင်အတွက် လိုအပ်သည့် အား'ကိုထောက်ပံ့ရန် ရုပ်ကြွင်းလောင်စာများ၏ အတွင်းပိုင်းလောင်ကျွမ်းမှုအစား မှော်မီး‌တောက်ကိုသုံးမည်ဖြစ်၏။

ရှင်းရှင်းဆိုရပါလျှင် သူဟာ ရုပ်ကြွင်းလောင်စာများနေရာ၌ မှော်သလင်းကျောက်ကိုအစားထိုးကာ အတွင်းပိုင်းလောင်ကျွမ်းမှုအတွက် မှော်မီးတောက်အစီအရင်ကို သုံးမည်ဖြစ်သည်။

ရှုယီ၏ စက်မှုအင်ဂျင်နီယာဗဟုသုတကြွယ်ဝမှုနှင့်ဆိုလျှင် ထိုဒီဇိုင်းကိုအသုံးပြုရန်က ပိုလွယ်သည်ဟု ပြော၍ရသည်။ ရှုယီအနေနှင့် အတွင်းပိုင်းလောင်ကျွမ်းမှုယူနစ်ကို အစားထိုးရန် သင့်တော်သည့် မှော်အစီအရင် ဒီဇိုင်းရေးဆွဲဖို့သာ လိုအပ်သည်။

အခြားသော ရွေးချယ်စဂာ်မှာ မှော်ပန်ကာနှင့် ထပ်တူပင်။ သူဟာ စွမ်းအားကို လည်ပတ်ဖို့ရန် လေအားမှော်ပညာကို အသုံးမည်ဖြစ်၏။

ထိုနည်းလမ်းဖြင့် ရှုယီမှာ မောင်းနှင်အားကို ထောက်ပံ့ရန် လေအားမှော်အစီအရင်ကို တိုက်ရိုက်အသုံးပြုနိုင်ကာ အင်ဂျင်တစ်လုံး၏ ရှုပ်ထွေးသောဖွဲ့စည်းပုံဒီဇိုင်းကို ရှောင်နိုင်မည်ဖြစ်သည်။

မှော်ရိုက်စက်များက စတုတ္ထအဆင့်လောင်ကျွမ်းမှော်အစီအရင်ကို အသုံးပြုနိုင်သလိုပါပင်။ ၎င်းတို့သာ တူညီသည့်သက်ရောက်မှုကို ထုတ်ဖော်ရန် လေအားမှော်အစီအရင်ကို အသုံးပြုပါလျှင် အနည်းဆုံး စတုတ္ထအဆင့် သို့မဟုတ် အဆင့်ပိုမြင့်သည့် မှော်အစီအရင်ကို အသုံးပြုရလိမ့်မည်။

အတိုချုံးရပါက မီးတောက်မှော်အစီအရင်ဒီဇိုင်း၌ အသင့်လုပ်ပြီးဥပမာရှိကာ စွမ်းအားအလုံအလောက်လည်းရှိသည်။ လေအားမှော်အစီအရင်အတွက်မူ ဒီဇိုင်းက ပိုမိုရိုးရှင်းကာလွယ်ကူသော်လည်း စွမ်းအားတော့နည်း၏။

ရှုယီ ဤတစ်ခေါက် လူပုလေးများကို လေ့လာရန်ပေးခဲ့သည်က လေအားဒီဇိုင်းဖြစ်သည်။

စိုင်စ်နယ်မြေကြီး၌ သင့်တော်သည့်အသိပညာမရှိရာ သူသာ အောင်မြင်လိုပါလျှင် ရိုးရိုးရှင်းရှင်းစတင်သည်က ပိုကောင်းသည်။

ထို့အပြင် ရှုယီအနေနှင့် မီးတောက်အင်ဂျင်ဒီဇိုင်း၌ ယုံကြည်ချက်များများစားစားမရှိပေ။

ကုန်ကုန်ပြောရလျှင် သူဟာ အင်ဂျင်ဒီဇိုင်းများရေးဆွဲရာ၌ မထူးချွန်သဖြင့် သူ့အတွက် မသေချာသည့် အသေးစိတ်အချက်လက်တချို့ရှိနေသေးသည်။

ထိုသုတေသနမျိုး၌ အန္တရာယ်ဖြစ်နိုင်ချေလည်းရှိသေးရာ သူတန်ဖိုးထားရသည့် လူပုလေးများကို မည်သည့်မတော်တဆမှမဖြစ်စေလိုပေ။ ထို့ကြောင့် ဦးဆုံး လေအားဒီဇိုင်းကိုလေ့လာခိုင်းဖို့ဆုံးဖြတ်ကာ လူပုလေးများထံ၌ လုံလောက်သည့် ဗဟုသုတရှိမှသာ မီးတောက်ဒီဇိုင်းကို လေ့လာခိုင်းဖို့ စဉ်းစားထားသည်။

ရှုယီမှ မြင်းလှည်း၏မြင်းများကို အစားထိုး၍ရနိုင်ကြောင်း ဥက္ကဌပွန်ဖီးကို ပြောခဲ့ချိန်က အင်ဂျင်ကို ရည်ညွှန်းနေခြင်းပင်။

ကမ္ဘာမြေသမိုင်းတွင် အင်ဂျင်များ၏တိုးတက်မှုမှာ မြင်းများနှင့် မြင်းလှည်းလိုအရာများကို အတိတ်ကအရာများဖြစ်လာသည်အထိ တဖြည်းဖြည်းအစားထိုးခဲ့သည်။

ယခု စိုင်စ်နယ်မြေကြီးတွင် ရှုယီ၏ပေါ်ထွက်လာမှုနှင့် မြင်းလှည်းများထဲထိုင်နေချိန် သူ၏ အတော်လေးမသက်မသာဖြစ်မှုကြောင့် အင်ဂျင်ကို စတင်တီထွင်တော့မည်ဖြစ်သည်။ မြင်းလှည်းများ သမိုင်းရာဇဝင်ထဲသို့ ကွယ်ပျောက်သွားရမည့်အချိန်ကလည်း ရောက်လာတော့မည်ပင်။

ရှုယီအနေနှင့် မြင်းလှည်းများထဲထိုင်ရင်း တင်ပါးက သက်တောင့်သက်သာမဖြစ်ခြင်းကို ရပ်တန့်လိုခြင်းကြောင့် တာယာနှင့် အင်ဂျင်များအား သုတေသနလုပ်လိုခြင်းဖြစ်သည်။ သူဟာ ကမ္ဘာမြေ၌လို ကားထဲထိုင်သည့် သက်သာမှုအား တတ်နိုင်သမျှ မြန်မြန်ပြန်ရချင်ပါ၏။

သို့သော် ထိုပြဿနာကိုဖြေရှင်းလိုပါက ဦးဆုံးဖြေရှင်းဖို့လိုသည့် အရေးကြီးပြဿနာတစ်ခုရှိနေဆဲပင်။

ရှုယီမှာ မှော်စက်ထုတ်လုပ်ရေးဌာနမှ ထွက်လာပြီး သူမုန်းတီးသည့် မြင်းလှည်းထဲသို့ဝင်ကာ မဟာမှော်ပညာရှင်ကမ်မီလာ၏ မှော်မျှော်စင်ရှိရာသို့ ဦးတည်လိုက်တော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၆၃။ အကျဉ်းချုံ့မှော်အစီအရင်

လတ်တလောတွင် Frestech ကုန်သည်ကြီးများအသင်း၏ထုတ်ကုန်သစ်များ ထုတ်လုပ်ခြင်းအကြိမ်ရေက တဖြည်းဖြည်းတိုးလာရာ မှော်အစီရင် အမျိုးပေါင်းများစွာ လိုအပ်လာလေ၏။

မှော်သုတေသနဌာန၏ ဝန်ထမ်းများတိုးလာပါလျှင်တောင်အီဗီတာ၏ ကျောင်းနေဖက်များမှာ အီဗီတာနှင့် အာကာလီတို့နှင့်မှော်အဆင့်တူညီနေကြရာ Frestech ကုန်သည်ကြီးများအသင်း၏ လိုအပ်ချက်ကို မရောက်နိုင်ပေ။

ထို့ကြောင့် ယခင်နှင့်ယှဉ်လျှင် ကမ်မီလာမှော်မျှော်စင်က မှော်သုတေသနစီမံကိန်းများ ပိုပိုရနေ၏။

ထိုသို့ဖြင့် ကမ်မီလာမှော်မျှော်စင်မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ ရံပုံငွေများ ပိုပိုရလာသည်။

နှစ်ဝက်အတွင်း ရှုယီမှာ သုတေသနရံပုံငွေအဖြစ် ကမ်မီလာမှော်မျှော်စင်သို့ ရွှေဒင်္ဂါးသုံးသိန်းကျော်ပေးခဲ့ရ၏။

၎င်းနှင့်ပင် ယခင်နှစ်က မှော်မျှော်စင်၏ဝင်ငွေကိုပင် ကျော်လွန်သွားသည်။

ရံပုံငွေအလုံအလောက်နှင့် မဟာမှော်ပညာရှင်ကမ်မီလာမှာ ငွေရှိခြင်း အကျိုးအမြတ်ကို သိလိုက်ရပြီး အရေးကြီးသည့် တစ်စုံတရာကို သတိပြုမိသွားသည်။ Frestech ကုန်သည်ကြီးများအသင်းထုတ် မှော်စက်များအတွက် ကူညီနေရင်းနှင့် သူဟာ မှော်ပညာနယ်ပယ်နှင့်သက်ဆိုင်နေဆဲ မှော်အစီအရင်များကို အချိန်အများစု၌ လေ့လာနေခဲ့သည်။ ၎င်းက သူ၏ အရေးကြီးမှော်သုတေသနကို မနှောင့်နှေးစေရုံသာမက ရှုယီ၏မှော်အစီအရင်များ လိုအပ်နေမှုကြောင့် မဟာမှော်ပညာရှင်ကမ်မီလာမှာ နားလည်မှုအသစ်များရရှိလာပြီး မှော်ပညာ ဗဟုသုတအသစ်များလည်း တွေ့ရှိခဲ့သည်။ ထိုသည်က ပြောစရာမလိုအောင် မဟာမှော်ပညာရှင်ကမ်မီလာ၏မှော်အဆင့်ကို တိုးလာစေ၏။

ငွေဝင်ရင်း မှော်ပညာအဆင့်ကို တိုးတက်စေနိုင်ရာ မဟာမှော်ပညာရှင်ကမ်မီလာမှာ Frestech ကုန်သည်ကြီးများအသင်း၏ သုတေသန၌ ပါဝင်ရန် ငြင်းဆန်မနေပေတော့ချေ။ ထိုအစား သူဟာ ပိုလို့ပင် အကောင်းမြင်လာရာ ရှုယီကိုမြင်တွေ့လိုက်တိုင်း အစပျိုး၍ မေးခွန်း‌ထုတ်ပေလိမ့်မည်။

"ဟေး ကောင်လေး၊ ဒီတစ်ခေါက်ရော စီမံကိန်းအသစ်ရှိတာလား?"

ရှုယီနှင့် အချိန်အနည်းငယ်ကြာလောက် အဆက်အသွယ်ရှိသည့် လူတစ်ဦးဖြစ်နေသရွေ့ ၎င်းတို့မှာ သူ့ဆီက အသုံးနှုန်းသစ်အချို့ကို မသိလိုက်ပါပဲ သိထားလိမ့်မည်။ မဟာမှော်ပညာရှင် ကမ်မီလာသည်ပင် ချွင်းချက်မဟုတ်ချေ။

ရှုယီလည်း ခေါင်းခါကာ၊ "အခုတော့ မရှိသေးဘူး၊ ဒါပေမယ့် မဟာမှော်ပညာရှင် ကမ်မီလာ ကျွန်တော်မေးစရာရှိတယ်၊ အရင်တစ်ခေါက်က ကျွန်တော်တောင်းဆိုခဲ့တဲ့ အကျဉ်းချုံ့မှော်အစီအရင်က ဘာတိုးတက်မှုတွေ ရှိသေးလဲ? ကျွန်တော်တို့လုပ်ငန်းစုက အခု အဲဒီ့နည်းပညာကိုလိုအပ်နေတော့ တစ်ခုခုအောင်မြင်တာရှိရင် မှော်စက်အမျိုးကွဲအတော်များများမှာ ဒါကို သုံးလို့ရတယ်။"

မဟာမှော်ပညာရှင် ကမ်မီလာက မျက်မှောင်ကုပ်ကာ၊ "တိုးတက်မှုတစ်ခုတော့ရှိပါတယ်၊ ဒါပေမယ့်... မင်းလိုချင်တဲ့ ရလာဒ်တွေတော့ မရနိုင်သေးဘူး။"

ရှုယီက အံ့ဩသွားသည်၊ "တိုးတက်မှုရှိတယ်လား? တိုးတက်မှုရှိရင်အဆင်ပြေပါတယ်။ ပြောပါဦး မဟာမှော်ပညာရှင် ကမ်မီလာ၊ ခင်‌ဗျား ရခဲ့တဲ့ တိုးတက်မှုက ဘာများလဲ?"

"တကယ်တမ်း များများစားစားတိုးတက်မှုလည်းမဟုတ်ပါဘူး။ ငါက ပိုပြီးသေးသွားစေဖို့မှော်အစီအရင်တချို့ရွေးခဲ့ရင်း အကြိမ်ရေနည်းနည်းလောက် အောင်မြင်သွားရုံပါ။ အသေးဆုံးတစ်ခုက တစ်ဆယ်စင်တီမီတာထက်မပိုဘူး၊ အကြီးဆုံးကတော့ နှစ်ဆယ်စင်တီမီတာထက်မပိုဘူး၊ ဒါပေမယ့် မင်းပြောခဲ့တဲ့ တစ်စင်တီမီတာပြည့်ဖို့တော့ အတော်‌လိုသေးတယ်..." မဟာမှော်ပညာရှင် ကမ်မီလာက မျက်မှောင်ကုပ်ကာ၊ "ရှုယီ ဒါက တကယ်ကိုအတော်ခက်လွန်းတယ်။ မင်းကလည်းမှော်ပညာရှင်ပဲ၊ ပြီးတော့ ငါ့ထက် မှော်အစီအရင်တွေကို ပိုတောင်နားလည်နိုင်သေးတာဆိုတော့ မှော်အစီအရင်တွေ ရေးဆွဲဖို့အတွက် လိုအပ်မှုမြင့်မားတာ မင်းသိမှာပါ။ မှော်အစီအရင်ကို ကျုံ့သွားအောင်လုပ်တာကို မပြောနဲ့ဦး၊ စ'လိုက်တာနဲ့ အစီရင်လမ်းကြောင်းတွေက မှော်စွမ်းအားနဲ့အတူ အပြင်းအထန် တုန်ခါကြလိမ့်မယ်။ မှော်အစီအရင်ကို သူ့နဂိုပုံစံမှာ ထိန်းဖို့တောင်ခက်နေတာ မှော်အစီအရင်ကြီးလိုအားကောင်းစေချင်ဖို့က မဖြစ်နိုင်လောက်ဘူး။"

ရှုယီက ရယ်လျက်ပြောလေသည်၊ "ဒါသာမခက်ရင် ကျွန်တော်တို့က ဘာလို့ အံ့ဩဖွယ်ကောင်းတဲ့ ခင်ဗျားကို ဘယ်လိုလုပ်ခိုင်းမတဲ့လဲ? ခင်ဗျားက စွမ်းအားကြီးမှော်ပညာရှင်တစ်ယောက်ဖြစ်တာကြောင့် တခြားလူတွေကို ဒီဟာတွေ သုတေသနလုပ်ခွင့်မပြုတာပဲမို့လား။"

မဟာမှော်ပညာရှင် ကမ်မီလာက ရှုယီကို ကြည့်လာကာ၊ "ငါ့ကို မြှောက်ပင့်နေလို့ ဘာမှအသုံးမဝင်ဘူး၊ ဒီသုတေသနက အတော်လေးခက်တယ်၊ ငါတစ်ယောက်တည်းလုပ်မယ်ဆိုရင် ဘယ်အချိန်မှ ပြီးမလဲမသိနိုင်ဘူး။ မင်း အရင်တစ်ခေါက်က မဟာမှော်ပညာရှင်အီစန်ခယ်နဲ့ သဘောတူညီချက်တစ်ချို့လုပ်ခဲ့တယ်မဟုတ်လား? မင်းအလျင်လိုနေရင် ဘာလို့ သူ့ကို သုတေသနလုပ်ရအောင် မကူခိုင်းတာလဲ.? သူက ငါနဲ့ အဆင့်တူတဲ့ မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်ရုံတင်မကဘူး၊ အဆက်အသွယ်ပိုရှိပြီး စွမ်းအားကြီးမှော်ပညာရှင် အတော်များများနဲ့လည်းသိတယ်။ မင်းသာ ဝင်ပေါင်းလိုက်ရင် ဒီသုတေသနက ပိုလို့တောင် မြန်မြန်ပြီးသွားလိမ့်မယ်လို့ ထင်တယ်။"

"မဟာမှော်ပညာရှင် အီစန်ခယ်..." ရှုယီက အနည်းငယ်တုံ့ဆိုင်းသွားကာ စိတ်ထဲရှိ ပူပန်မှုကို ထုတ်ပြမလာပေ။ ထိုအစား မေးလေ၏၊ "သူ့ကိုပြောတော့ ကျွန်တော် ရုတ်တရတ် တစ်ခုခုစဉ်းစားမိသွားတယ်။ အရင်တစ်ခေါက် သူလာတုန်းက လတ်တလော မှော်ပညာရှင်အဖွဲ့အစည်းမှာ မှော်ပညာမူပိုင်ခွင့်ကို ဆွေးနွေးနေကြောင်း ပြောခဲ့တယ်မဟုတ်လား? အခု ဒီလောက်ကြာနေပြီဆိုတော့ ရလာဒ်က ဘယ်လိုရှိလဲ?"

မဟာမှော်ပညာရှင်ကမ်မီလာက အေးစက်စက်နှာမှုတ်ကာ၊ "တကယ်ကို နှမျောစရာပါပဲ၊ ဒါပေမယ့် အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့လုပ်နိုင်စွမ်းက မင်းထင်ထားတာထက်တောင်ပိုဆိုးနေသေးတယ်။ သူတို့တွေ အဲ့အကြောင်းကို လပေါင်းများစွာဆွေးနွေးခဲ့ ရလာဒ်မရလာတော့ ငါတကယ်ကို ဆက်မစောင့်ကြည့်နေနိုင်တော့ဘူး။ ဒါပေမယ့် သတင်းကောင်းကတော့ အရင်တစ်ခေါက် အဖွဲ့အစည်းမဂ္ဂဇင်းမှာ မူပိုင်ခွင့်ကိစ္စကို စပြီး ဆွေးနွေးနေကြတယ်။ ဒီ လမ်းကြောင်းသစ်အရ အဖွဲ့အစည်းက ဒါကိုခွင့်ပြုဖို့ ဆုံးဖြတ်လောက်တယ်။ ဘယ်အချိန်အတိအကျခွင့်ပြုမလဲကိုတော့ ငါလည်းမသိဘူး။"

"ခွင့်ရရင်အဆင်ပြေပါတယ်၊ ဒီနည်းနဲ့ ကျွန်တော်တို့သုတေသနတွေကို ရဲရဲဝံ့ဝံ့လုပ်နိုင်ပြီး ရလာမယ့် ရလာဒ်တွေကို တခြားလူတွေ ယူသွားဖို့ စိုးရိမ်စရာမလိုတော့ဘူး။" ရှုယီက ကျေနပ်စွာ ခေါင်းငြိမ့်လျက်ပြော၏။

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို ကြည့်လာကာ ရုတ်တ‌ရတ်မေး၏၊ "ကောင်လေး မင်း 'တခြားလူ'တွေဆိုပြီးပြောတုန်းက မဟာမှော်ပညာရှင်အီစန်ခယ်ကို ပြောနေတာလား?"

ရှုယီက ရယ်မောလျက်သာဖြင့် ငြင်းချက်ထုတ်လာခြင်းမရှိသလို ထောက်လည်းမခံပေ။

မဟာမှော်ပညာရှင်ကမ်မီလာက သက်ပြင်းချလျက် နှမျောတသဟန်ဖြင့် ဆိုလာသည်၊ "အိုင်း၊ တကယ်တမ်း ငါက လူတိုင်းရဲ့သုတေသနကို မျှဝေသင့်တယ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အကြံကို အမြဲတမ်း ထောက်ခံခဲ့တာ။ မှော်ပညာရှင်တိုင်းသာ ဒီလိုလုပ်နိုင်ရင် ငါတို့စိုင်စ်နယ်မြေကြီးရဲ့ မှော်ပညာအဆင့်က ဒီလောက်မကျသွားတော့ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက မျိုးနွယ်စုစစ်ပွဲတွေအတွင်းကထက်တောင် ပိုပြီး ကောင်းလာလိမ့်မယ်လိုပေါ့။"

ရှုယီက ခေါင်းခါလျက်နှင့်၊ "မဟာမှော်ပညာရှင်ကမ်မီလာ၊ ဒါက ခင်ဗျားရဲ့တစ်ဖက်သတ်ဆန္ဒပါ၊ ဒီထဲမှာ ဘာတန်ဖိုးအစစ်အမှန်မှမရှိဘူး။ မှော်ပညာရှင်အဖွဲ့အစည်းက ဒီအကြံဉာဏ်ကိုသဘောတူတာကလည်း အဖွဲ့အစည်းက လိုအပ်လို့ပါ၊ ဒါပေမယ့် မှော်ပညာရှင်တစ်ယောက်ချင်းစီက ဒီလိုကိုယ်ကျိုးမငဲ့တဲ့စကားလုံးတွေကိုယုံကြည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။"

မဟာမှော်ပညာရှင်ကမ်မီလာက စိတ်မပါဘဲ အသာခေါင်းငြိမ့်လာသည်၊ "တကယ်တော့ ငါသိပါတယ်၊ ဒါပေမယ့် လက်မခံချင်ရုံပါပဲ။ အခု မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ တိုးတက်မှုကို မြင်ခဲ့ရချိန်မှာ မင်းအရင်က ပြောခဲ့တာ အမှန်ဖြစ်ကြောင်းကို ချက်ချင်းနားလည်သွားတယ်။ လူတွေက တစ်ကိုယ်ကောင်းဆန်တယ်၊ သူတို့အတွက် အကျိုးမရှိရင် တစ်ခုခုလုပ်ရာမှာ အားစိုက်ထုတ်ဖို့ ဆန္ဒရှိမှာမဟုတ်ဘူး။ ကြည့်ပါဦး၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေက လူအတော်များများဆီကို အကျိုးအမြတ်တွေယူလာပေးတော့ ဘန်တာမြို့တင်မကဘူး အနီးဝန်းကျင်မြို့ကလူတွေတောင် ဒီလုပ်ငန်းထဲဝင်လာချင်နေကြပြီ။ ငါထင်တာတော့ သိပ်မကြာခင် လမ်ပူရီတိုင်းပြည်တစ်ခုလုံးက ဒီလုပ်ငန်းထဲဝင်လာလိမ့်မယ်။ အချိန်ကျလာရင် မှော်စက်တွေကိုလေ့လာမယ့် မှော်ပညာရှင်များစွာရှိလာပြီး မင်းလိုအပ်တဲ့ အကျဉ်းချုံ့မှော်အစီအရင်ကိုလည်း လွယ်လွယ်လေးထုတ်ဖော်နိုင်မယ်လို့ ယုံကြည်တယ်။"

ရှုယီက ခေါင်းခါကာ၊ "ပုံမှန်နည်းလမ်းအရ ဒါကမှန်ပေမယ့် ပထမဆုံး ကျွန်တော်က အချိန်အကြာကြီး မစောင့်ချင်ဘူးလေ။ ဒုတိယအနေနဲ့ ဒါကို ထုတ်ဖော်တာက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းမဟုတ်ရင် အဓိပ္ပာယ်က လုံးဝတူမှာမဟုတ်တော့ဘူး။ ဒါကြောင့် မဟာမှော်ပညာရှင်ကြီးအနေနဲ့ နည်းနည်းလောက်ပိုကြိုးစားပေးဖို့ တောင်းဆိုပါတယ်။"

မဟာမှော်ပညာရှင်ကမ်မီလာက ခါးသက်သက်ပြုံးကာ ပြောလေ၏၊ "ငါက ခေါင်း‌ဆောင်မှော်ပညာရှင်မဟုတ်တော့ဘူးလေ၊ ဒီအကျဉ်းချုံ့မှော်အစီအရင်ပြဿနာကိုဖြေရှင်းဖို့က ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက်အတွက်တောင် အတော်လေးမလွယ်ဘူး။"

ရှုယီလည်း အ‌နည်းငယ်တွေးဆလိုက်ကာ သူ၏အင်္ကျီရင်ဘတ်ထဲမှ မူကြမ်းတစ်ခု ထုတ်ပေးလာသည်။

"ပြဿနာ အားလုံးကို မဖြေရှင်းနိုင်ရင် အရင်ဆုံး ဒီမှော်အစီအရင်ရဲ့ အကျဉ်းချုံ့နည်းကိုပဲ ဖြေရှင်းဖို့ တောင်းဆိုပါတယ်။"

မဟာမှော်ပညာရှင်ကမ်မီလာက ထိုစာရွက်ကိုကြည့်လိုက်ရာ မျက်ခုံးများမြင့်တက်သွားရင်း တအံ့တဩပြောလာ၏၊ "ဒါက အဌမအဆင့်မှော်အစီအရင် ဆိုင်ကလုန်းမန္တာန်ပဲ။ မင်းက ဒီလိုစွမ်းအားကြီးမှော်အစီအရင်ကို မှော်စက်တွေမှာ တကယ်သုံးချင်တာလား? မင်း ထုတ်လုပ်ဖို့ စီစဉ်နေတာက ဘယ်လိုကြောက်စရာမှော်စက်မျိုးပါလိမ့်?"

ရှုယီက အပြုံးဖြင့်ခေါင်းခါသည်၊ "ခင်ဗျားထင်သလောက် ကြောက်စရာမကောင်းပါဘူး။ ဒီမှော်စက်အသစ်မှာက စွမ်းအားအတော်များများလိုတော့ ဒီဆိုင်ကလုန်းမန္တာန်တောင် မလုံ‌လောက်နိုင်ဘူးလို့ခံစားနေရတယ်။ ဒါပေမယ့် ကျွန်တော်တို့က လေ့လာတာကိုအခုမှစတာဆိုတော့ အဲ့ဒီလိုစွမ်းအားကြီးတဲ့မှော်အစီအရင်တစ်မျိုးကိုချက်ချင်းသုံးလို့မရဘူးမဟုတ်လား? မဟာမှော်ပညာရှင်ကြီးအနေနဲ့ ဒီမှော်အစီအရင်ကို ငါးစင်တီမီတာထက်နည်းအောင် ကန့်သတ်နိုင်လောက်မယ်လို့ထင်လား?"

"ငါးစင်တီမီတာ?" မဟာမှော်ပညာရှင်ကမ်မီလာက စာရွက်ကို တခဏမျှကြည့်နေပြီးမှ ခေါင်းငြိမ့်သည်၊ "ငါးစင်တီမီတာဆိုရင်တော့ အဆင်ပြေလောက်တယ်။ ဒါပေမယ့် ဆိုင်ကလုန်း‌မန္တာန်က စွမ်းအားကြီးမန္တာန်ဆိုတော့ ဒါကို အစီအရင်အသေးအဖြစ် ချုံ့ချင်တယ်ဆိုရင် စွမ်းအားကပါ လျော့သွားလိမ့်မယ်။ ငါ ဘယ်လိုပဲလေ့လာလာ သူ့ရဲ့မူလစွမ်းအားကို ဆက်ထိန်းထားဖို့ မဖြစ်နိုင်ဘူး။"

"တစ်ဝက်လောက်ကျန်ရင် အဆင်ပြေပါတယ်။" ရှုယီက ဆက်လက် ခေါင်းငြိမ့်ကာ၊ "ဘာပဲဖြစ်ဖြစ် ကျွန်တော်ကလည်း သူ့ရဲ့စွမ်းအားကို မှော်စွမ်းအင်အဆင့်ပြောင်းလဲခြင်းကိုသုံးပြီး ကန့်သတ်ဖို့ ပြင်ထားတာပဲလေ။"

"ကောင်းပြီ၊ ဒီလိုဆိုမှတော့ ပြဿနာမရှိတော့ပါဘူး။" မဟာမှော်ပညာရှင်ကမ်မီလာက အနည်းငယ်စဉ်းစားကာ၊ "ငါ့ကို အချိန်တစ်လပေး။ အရင်က အတွေ့အကြုံနဲ့ဆိုရင် ဒီမှော်အစီအရင်လေးပဲဖြစ်နေသရွေ့ ပြဿနာများများစားစားမရှိလောက်ဘူး။"

"တစ်လပဲလား?" ရှုယီက ကျေနပ်အံ့ဩသွားရင်း မပြုံးဘဲ မနေနိုင်အောင်ဖြစ်သွားကာ ပြောလာ၏၊ "မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျားရဲ့မှော်အစွမ်းက ကျွန်တော်စိတ်ကူးထားတာထက်တောင် ပိုပြီး အားကောင်းသေးတယ်။ ကျွန်တော့ရဲ့ ခင်ဗျားအပေါ်လေးစားမှုက မြစ်တစ်စင်းမှာစီးဆင်းနေတဲ့ရေတွေထက်များပြီးတော့......"

"ရပြီ၊ ငါ့ကိုမြှောက်ပင့်မနေနဲ့တော့။" မဟာမှော်ပညာရှင်ကမ်မီလာက ညစ်ညူးစွာဖြင့် ရှုယီ၏စကားများကို‌ဖြတ်တောက်လိုက်သည်၊ "မင်းမှာ ဒီလောက်အချိန်တွေအားနေရင် စတေးလ်ဆီကိုလည်း သွားသင့်တယ်။ မနေ့ညကတောင် အဲ့ကောင်မလေးက မင်းက အမြဲအလုပ်များနေတော့ သူမနဲ့အတူ ကုန်ဆုံးဖို့ အချိန်ဘယ်တော့မှမရှိဘူးလို့ လာညည်းနေသေးတယ်။"

ရှုယီလည်း ငြိမ်သက်သွားကာ၊ "စတေးလ်က တကယ်ပဲ ဒီလိုပြောတာလား?"

မဟာမှော်ပညာရှင်ကမ်မီလာက သူ့ထံကြည့်လာကာ၊ "မင်းကိုငါက လိမ်မယ်ထင်နေလား? ပြောပြလိုက်မယ် ကောင်လေး၊ ငါတို့စတေးလ် မင်းကိုသဘောကျနေတာက မင်းရဲ့ကံကောင်းမှုပဲ။ မင်းသာဒါကိုမဖမ်းဆုပ်ထားလို့ သူမက တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်သွားရင်တော့ ငါမင်းကို အလွတ်မပေးဘူး။"

ရှုယီလည်း ခေါင်းကုတ်ကာ၊ "မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျားရဲ့စကားတွေအရ... ခင်ဗျားက စတေးလ်ကို ချီးကျူးနေတာလား? ဒါမှမဟုတ် ကျွန်တော့်ကို ဒေါသဖြေနေတာလား?"

မဟာမှော်ပညာရှင်ကမ်မီလာလည်း ရှုယီကို ဒေါသဖြင့်ကြည့်လာရင်း၊ "မင်းက ဘာတွေကို အရမ်းဂရုစိုက်နေတာလဲ? မင်းသာ စတေးလ်နဲ့ အတူရှိချင်ရင် ငါ့စကားနားထောင်ရမှာပေါ့!"

ရှုယီလည်း အာရုံစိုက်ကာ မဟာမှော်ပညာရှင်ကမ်မီလာထံ ကမ္ဘာမြေကအတိုင်း စစ်တပ်အလေးပြုသလိုလုပ်ပြလိုက်သည်၊ "မဟာမှော်ပညာရှင်ကြီးကို အစီရင်ခံပါတယ်၊ ကျွန်တော် ဒီတာဝန်ကို သေချာပေါက် ထမ်းဆောင်ပါ့မယ်!"

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို ထပ်ပင်မကြည့်ချင်တော့သော်လည်း ရှုယီ၏ ထူးထူးဆန်းဆန်းပြုမှုပုံကြောင့် ပြုံးလိုက်မိသည်။ အဆုံး၌ သူဟာ လက်သာခါပြလိုက်ပြီး ရှုယီအား ထွက်သွားဖို့ပြောလာ၏။

ရှုယီလည်း ကြိတ်မှိတ်ရယ်လျက် မဟာမှော်ပညာရှင်ကမ်မီလာ၏ ကိုယ်ပိုင်ဓာတ်ခွဲခန်းမှ ထွက်သွားကာ စတေးလ်ကို ရှာရန် မှော်မျှော်စင်အောက်သို့ ဆင်းသွားတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၆၄။ ငါလည်း အလုပ်,လုပ်ချင်တယ်

ဝယ်လာက ကုလားထိုင်၌ ငေးမောကာထိုင်ရင်း သူမ၏ မျက်နှာချင်းဆိုင်၌ထိုင်ကာ စကားပြောနေသည့် သူမအဒေါ်ကို ဗလာသက်သက်စိုက်ကြည့်နေသည်။

"ဘာရွန်စတန်လေရဲ့သားက အတော်လေးကြည့်ကောင်းပြီး စရိုက်လည်းကောင်းတယ်။ သူ့ကိုသိတဲ့လူတွေပြောတာတော့ သူက တခြားမျိုးရိုးမြင့်အိမ်က သားတွေလိုမျိုး ပွေရတာသဘောမကျဘဲ မိသားစုစီးပွားရေးကို စီမံဖို့ အိမ်မှာအမြဲနေပြီး ဘာရွန်စတန်လေကို ကူညီနေတယ်လို့ ကြားတယ်။ ငါ့ကိုနားထောင်၊ ဘာရွန်စတန်လေက ဘန်တာမြို့မှာ မျိုးရိုးအမြင့်ကြီးတော့မဟုတ်ပေမယ့် သူ့လက်အောက်က မြေ'ဆိုတာ ဗစ်ကောင့်ထ်လက်စ်လိုင်းထက် မသေးဘူး... အိုး၊ အဲဒီ့မြေက အခုတော့ ဘာရွန်ဘယ်လီရဲ့လက်အောက်မှာပေါ့။ အားလုံးပေါင်းလိုက်ရင် နှစ်ဆယ်‌ဟက်တာလောက်တောင်ရှိတယ်။ မင်းသာ သူ့ကိုလက်ထပ်မယ်ဆိုရင်......."

ဝယ်လာက မနေနိုင်ဘဲ သက်ပြင်းချမိရသည်။

၎င်းက သူမ အိမ်မပြန်ချင်ရသည့် အကြောင်းအရင်းပင်။

သူမဟာ ဘန်တာမြို့မှဖြစ်ပြီး မိသားစု၏ အိမ်က ဘန်တာမြို့မြောက်ပိုင်းရှိ ငါးကီလိုမီတာမျှသာဝေးသည့် ရွာလေးတစ်ရွာ၌ ရှိသည်။

သူမထံ၌ အေးစက်စက်စရိုက်ရှိဟန်ပေါ်သော်လည်း အင်မတန်လိမ္မာရေးခြားရှိသည့် သမီးပင်။ သူမအနေနှင့် အလုပ်အတွက် ဆော်လ်တန်မြို့သို့ သွားသည့်အချိန်ဆိုလျှင်တောင် မိဘများနှင့် အတူအချိန်ကုန်ဆုံးရန် တစ်လတစ်ကြိမ်တော့ ပြန်လာလိမ့်မည်။

သို့သော် သူမအား လက်ခံရန် ခက်ခဲစေသည်က အိမ်ပြန်လာသည့်အချိန်တိုင်း မိသားစု၏ လူကြီးများတချို့က သူမထံ လက်ထပ်ဖို့ရာ စေ့ဆော်လာသည်မှာ အင်မတန် စိတ်တိုစေသည်။

သူမနှင့် ရမ်၏ ဆက်ဆံရေးကို မပြောင်းလဲခင်ကလည်း ထိုလူများက သူမအား ရမ်နှင့် အတူအခြေချ လက်ထပ်ရန် တိုက်တွန်းခဲ့ကြသည်။

သို့သော် ရမ်နှင့် လမ်းခွဲလိုက်ပြီးကြောင်းသိသည့်နောက်၌ ရည်ရွယ်ချက်က ပြောင်းသွားကြပြန်၏။ ၎င်းတို့မှာ သူမအား ယောက်ျားမျိုးစုံနှင့် မိတ်ဆက်ပေးကာ တစ်ခါတည်း လက်ထပ်ဖို့ရန်ပါ လောဆော်ကြလေသည်။

"ငါက လက်ထပ်ဖို့မဖြစ်နိုင်လို့များလား?" တစ်ခါတရံ ဝယ်လာက ထိုသို့ပင် ဒေါသတကြီးတွေးမိရသေးသည်။

ရိုးရိုးသားသားဆိုရပါလျှင် သူမက နှစ်ဆယ့်ငါးဖြစ်နေပြီဖြစ်၏။ စိုင်စ်နယ်မြေကြီး၌ အသက်နှစ်ဆယ့်ငါးရှိပြီး လက်မထပ်ရသေးသည့် အမျိုးသမီးများကို နောက်ကျသည်ဟု ယူဆနိုင်သည်။

ဝယ်လာ၏အတန်းဖော်များနှင့် သူမတို့၏ကျေးရွာမှ အသက်တူမိန်းကလေးများအားလုံးမှာ လက်ထပ်သွားကြပြီး အချို့ဆိုလျှင် ကလေးပင်ရနေပြီဖြစ်၏။ သူမတစ်ဦးတည်းသာ ကျန်နေခဲ့သည်။

သူမ၏အကျင့်စရိုက်က အတော်လေး အေးစက်ပါသော်လည်း ရမ်က လက်မလျှော့ဘဲ သူမကိုလိုက်ခဲ့၍သာ သူမထံမှ လက်ခံမှုတချို့ ရရှိခဲ့သည်။ ၎င်းတို့ လမ်းခွဲပြီးနောက် သူမမိသားစုက မစိုးရိမ်မှသာ ထူးဆန်းနေလိမ့်မည်ပင်။

သူမအဒေါ်က သူမ၏ ကောင်းကောင်းနေထိုင်ခြင်းကို စဉ်းစားပေးနေပြီး ၎င်းကလည်း သူမမိဘများ၏ အကြံဖြစ်နိုင်သည်ကိုသိရာ ဝယ်လာ ဆန္ဒမရှိပါလျှင်တောင် နားထောင်ရမည်သာ။

သူမအဒေါ်က ဝယ်လာ သက်ပြင်းချသည်ကိုကြားသော် အထင်လွဲကာ တအံ့တဩပြောလာသည် "ဝယ်လာ, မင်းက ဘာရွန်စတန်လေရဲ့သားကို စိတ်တိုင်းမကျဘူးလား? ပြောပြမယ်၊ သူကအရမ်းကောင်းတာပါဆို။ ဘယ်လိုပဲဖြစ်ဖြစ် သူက မျိုးရိုးမြင့်ဆိုတော့ မင်းက မှော်ပညာရှင်တစ်ယောက်သာမဟုတ်ရင် သေချာပေါက် မင်းကို သဘောကျမှာတောင်မဟုတ်ဘူး။ အခုသူက မင်းနဲ့ ဆက်သွယ်ချင်ပြီး ဆုံဖို့လည်း ဆန္ဒရှိနေတော့ မင်းအနေနဲ့ ဒီအခွင့်အရေးကို ဖမ်းဆုပ်ထားရမယ်။ မင်းက ဘာတွေကိုစောင့်နေတာလဲ? အခုဆို နှစ်ဆယ့်ငါးဖြစ်နေတော့ နောက်ထပ်၂နှစ်လောက်ကြာသွားရင် လက်ထပ်ဖို့ဖြစ်နိုင်မှာ မဟုတ်လောက်တော့ဘူး။ ကြည့်ဦး မင်းရဲ့မောင်လေးတောင် ဒီနှစ် နှစ်ဆယ်ပြည့်တာ လက်မထပ်ရသေးဘူး။ မင်းလက်မထပ်ရင် မင်းမောင်လေးလည်း လက်ထပ်လို့မရနိုင်ဘူးလေ။ မင်းက မင်း‌ရဲ့မောင်လေးကို ပျော်ရွှင်မှုနဲ့ လွဲချော်စေချင်နေတာများလား?"

သူမ အကြိမ်တစ်ရာလောက်ကြားနေခဲ့ရသည့် စကားများကိုကြားနေရသော်လည်း ဝယ်လာက တိတ်ဆိတ်လျက်သာနေလိုက်သည်။

ဘာရွန်စတန်လေရဲ့သား? မျိုးရိုးမြင့်စစ်စစ်ရဲ့သား?

ဟမ့်!

ဝယ်လာက ၎င်းကိုမယုံကြည်ပေ။

သူမအဒေါ်၏အပြောကိုသုံးသပ်ကြည့်ပါက ဘာရွန်စ‌တန်လေ၏သားမှာ ဤနှစ်၌ နှစ်ဆယ့်ခြောက်ဖြစ်ပြီး လက်မထပ်ရသေးချေ။

ဝယ်လာ၏ မျိုးရိုးမြင့်သခင်လေးများကိုနားလည်မှုအရ ထိုလူမှာ ကောင်းကောင်းမပွေရသေး၍ လုံးဝလက်မထပ်လိုသည်လား သို့မဟုတ် အမျိုးသမီးများကို သဘောမကျသည်လား။

အသက်နှစ်ဆယ့်ခြောက်ရှိကာ လက်မထပ်ရ‌သေးသည့် ယောက်ျားတစ်ဦးအတွက် ပြဿနာလုံးဝမရှိလျှင်က ထူးဆန်းနေသည်သာ။

သို့သော် ထိုသို့စဉ်းစားကြည့်သော် ဝယ်လာက ရှုယီမှာ ဤနှစ်၌ နှစ်ဆယ့်ရှစ်ပြည့်‌မည့်ပုံပေါ်ကာ လက်မထပ်ရသေးသည်ကို သတိရ‌သွားသည်။

၎င်းနှင့်ယှဉ်လျှင် သူ၏ပြဿနာက ဘာရွန်စတန်လေ၏သားထက်ပင် ပိုကြီးလောက်မည်မဟုတ်ပါလား?

ထိုသို့ စဉ်းစားမိကာ ဝယ်လာလည်း မပြုံးဘဲ မနေနိုင်တော့ချေ။

ရှုယီနှင့် စတေးလ်သာ သူမ၏ အတွေးများကိုသိပါလျှင် မည်သို့တုံ့ပြန်လာမည်လဲ မသိနိုင်ပေ။

"နောက်တစ်ခေါက် ရှုယီနဲ့တွေ့ရင် စတေးလ်ကို လက်ထပ်ခွင့်တောင်းခိုင်းဖို့ သတိပေးလိုက်ရမလား? စတေးလ်ရဲ့ပုံစံကိုကြည့်ရတာတော့ ရှုယီကို ဘယ်လိုဖြစ်ဖြစ်လက်ခံမယ့်ပုံပါပဲ။" ဝယ်လာလည်း သူမ၏အတွေးများက သူမအဒေါ်ကဲ့သို့ အတင်းအဖျင်းများနှင့် ပြည့်နေသည်ကို သတိမထားမိချေ။

တစ်ခဏကြာသော် သူမဦးလေးက သူ့မိန်းမ၏ပုတ်ခတ်သံများကို မခံနိုင်တော့ဘဲ အကြောင်းတစ်ခုပြခေါ်ကာ ဝယ်လာအား တိတ်ဆိတ်သည့် အခိုက်အတန့်လေးပေးလာသည်။

၎င်းတို့ထွက်သွားချိန်၌ ဝယ်လာနံဘေးတွင် အရပ်ရှည်ရှည်သဏ္ဍာန်တစ်ခုပေါ်လာသည်။

"ဝမ်းကွဲအစ်မ ဝယ်လာ, ကျွန်တော်တစ်ခုလောက်မေးလို့ရမလား?"

ဝယ်လာလည်း မော့ကြည့်လိုက်ရာ သူမထက် ခေါင်းတစ်ဝက်လောက် မြင့်နေသော ဝမ်းကွဲလေးကိုမြင်လိုက်ရသည်။ ထိုအခါ အပြုံးဖြင့်ပြောလိုက်၏၊ "ဘာများလဲ? ပြောပါ"

ဝမ်းကွဲဆော့ဘ်က မနီးမဝေးက သူ၏မိဘများရှိရာဘက်ကိုလှမ်းကြည့်ပြီး အခန်းမှ ဆွဲခေါ်သွားသည်။ ၎င်းတို့ အိမ်အပြင်ဘက် ခပ်ဝေးဝေးထောင့်တစ်နေရာအရောက်တွင် သူက အသံနိမ့်နိမ့်ဖြင့်ပြောလာလေသည်၊ "ဝမ်းကွဲအစ်မ ဝယ်လာ, အစ်မတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက အလုပ်သမားတွေစုဆောင်းနေတယ်လို့ ကျွန်တော်ကြားတယ်။"

ဝယ်လာမှာ အံ့ဩသွားရသည်။ သူမလည်း ၎င်းကိုစဉ်းစားပြီးမှ ခေါင်းခါကာ ပြောလိုက်၏၊ "ငါလည်း သေချာမသိဘူး၊ ဒါပေမယ့် သိပ်မကြာခင် လုပ်ငန်းစုကို ချဲ့ထွင်တော့မှာမို့ အလုပ်သမားတွေစုဆောင်းဖြစ်မယ်လို့ ဥက္ကဌပြောတာ ကြားခဲ့သေးတယ်။"

"ကောင်းတာပေါ့။" ဝမ်းကွဲ ဆော့ဘ်က စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်ပြီးမှအဆန်းတကြယ်ပြောလာသည်၊ "အတွင်းပိုင်းကနေ မိတ်ဆက်ပေးရင် ဦးစားပေးခံရလိမ့်မယ်ဆိုပြီး တခြားသူတွေပြောဖူးတယ်။ မှန်တယ်မလား?"

ဝယ်လာက သူ့ကိုကြည့်ကာ တအံ့တဩမေးလိုက်ပေ၏၊ "ဘာလဲ? နင် ငါတို့လုပ်ငန်းစုဆီမှာ အလုပ်လုပ်ချင်လို့လား?"

"ဟုတ်တယ် အစ်မဝယ်လာ, အစ်မက Frestech ကုန်သည်ကြီးများအသင်းကပဲလေ၊ မှော်သုတေသနဌာနကလူလည်းဖြစ်သေးတော့ သာမန်အလုပ်သမားတွေထက် ပိုမြင့်မှာပဲ၊ ဟုတ်တယ်မလား? ဥက္ကဌရှုဆီ ယူသွားပေးလို့ရမလား? ဖြစ်နိုင်ရင် ကျွန်တော့်ကိုကူပြီး Frestech ကုန်သည်ကြီးများအသင်းဆီမှာ အလုပ်လေးတချို့ရဖို့ မိတ်ဆက်ပေးပါဦး?" ဝမ်းကွဲဆော့ဘ်က စိတ်လှုပ်ရှားစွာပြောလာသည်။

"နင် အိမ်မှာနေတာ ကောင်းကောင်းနေရတယ်မဟုတ်ဘူးလား၊ ဘာလို့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ချင်ရတာလဲ?" ဝယ်လာက ထူးဆန်းနေသံဖြင့်မေးလိုက်၏၊ "ပြီးတော့ အခုအချိန်မှာ လူခေါ်နေတဲ့ လုပ်ငန်းစုတွေအများကြီးရှိတာကို အဲ့ထဲက တစ်ခုခုဆီသွားလိုက်ရုံပဲလေ။ ဘာလို့ ငါတို့လုပ်ငန်းစုထဲကို ဝင်မှဖြစ်မှာလဲ?"

"အိမ်မှာ နေရတာအတော်လေးသက်သာပါတယ်၊ ဒါပေမယ့် ပိုက်ဆံမရဘူးလေ..." ဝမ်းကွဲဆော့ဘ်က ခေါင်းကုတ်လျက် နေရခက်စွာပြောလာသည်၊ "ကျွန်တော်နဲ့ ရွာထဲမှာကစားတဲ့လူတွေအားလုံးလည်း လုပ်ငန်းစုကြီးတွေမှာ အလုပ်ပြေးလုပ်နေကြတော့ တစ်လကို အနည်းဆုံး ရွှေဒင်္ဂါးဆယ်ပြားရကြတယ်။ သူတို့လစာရလို့ အိတ်မျိုးစုံနဲ့ အမြဲပြန်လာကြရင် ကျွန်တော်က ကြည့်ရုံပဲကြည့်နေနိုင်တော့ နည်းနည်း နေရမကောင်းဘူး။ ဒါကြောင့် စဉ်းစားကြည့်ပြီး အလုပ်လုပ်ချင်နေတာ။ ဝမ်းကွဲအစ်မဝယ်လာ, ကျွန်တော့်ကို ကူညီပေးလို့ရမလား?"

ဝယ်လာက သူမ၏ဝမ်းကွဲလေးကိုကြည့်လိုက်ရာ အနည်းငယ်ရယ်ရသလိုခံစားလိုက်ပြီး အတန်ငယ်‌လေးစားမိရသေးသည်။

ထိုဝမ်းကွဲလေးမှာ ငယ်စဉ်ကတည်းက ပျက်စီးနေသောကြောင့် သူမအဒေါ် စိုးရိမ်နေခဲ့ရသူလေးပင်။ သူဟာ အရွယ်ရောက်ပြီးနောက်တွင် လယ်အလုပ်,လုပ်ဖို့ ဆန္ဒမရှိသလို မည်သည့် အလုပ်ခက်ခက်ခဲခဲကိုမျှ မလုပ်လိုသဖြင့် နေ့တိုင်းအိမ်မှာသာ ဒီတိုင်းထိုင်နေခဲ့သည်။

သူမအဒေါ်က ဝယ်လာ၏မိဘများထံ အကြိမ်ပေါင်းများစွာ ညည်းညူခဲ့သော်လည်း သူ့အား ဂရုစိုက်ရန် နည်းလမ်းမရှိပေ။

ယခုတွင် သူက အလုပ်ရှာရန် အလျင်ဦးသည်အား ဦးလေးနှင့် အဒေါ်တို့သာသိပါလျှင် သေချာပေါက် ဝမ်းမြောက်ကြပေလိမ့်မည်။

"ငါ နင့်ကို ကူညီလို့ရပါတယ်၊ ဒါပေမယ့် အလုပ်လုပ်ဖို့ နင်တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား? သေချာစဉ်းစားပြီးပြီလား?" ဝယ်လာကမေး၏။

ဝမ်းကွဲဆော့ဘ်က ခေါင်းငြိမ့်ကာ၊ "အမ်း! ကျွန်တော်စဉ်းစားပြီးပါပြီ! အစ်မဝယ်လာ, Frestech ကုန်သည်ကြီးများအသင်းမှာဆို သာမန်အလုပ်သမားက တစ်လ ရွှေဒင်္ဂါးဆယ်ပြားကျော်ဝင်တယ်လို့ ကျွန်တော်ကြားခဲ့တယ်။ ကျွန်တော်သာ အဲဒီ့ပိုက်ဆံရရင် အိမ်အတွက် မှော်ပန်ကာနှစ်လုံးနဲ့ မှော်လေအေးပေးစက်တောင် ဝယ်လို့‌ရတယ်။ ကျွန်တော့ မိဘတွေရဲ့အခန်းထဲမှာထားရင် အနည်းဆုံးတော့ ညဘက်အိပ်တဲ့အခါကျ မပူရတော့ဘူးပေါ့။"

ဝယ်လာ၏စိတ်လည်း အနည်းငယ်လှုပ်ရှားသွားရသည်။ သူမ၏ ထိုဝမ်းကွဲလေးမှာ အနည်းငယ်ပျက်စီးနေသော်လည်း အနည်းဆုံးတော့ မည်သို့ဝတ်ကြီးဝတ်ငယ်ပြုစုရမလဲသိလေသည်။

သူမက မနေနိုင်ဘဲ လက်မြှောက်ကာ ခေါင်းပုတ်ပေးလိုက်၏။ ထို့နောက် ခေါင်းငြိမ့်လျက်၊ "ဟုတ်ပြီ၊ နင်လည်းစဉ်းစားပြီးသားဆိုတော့ ဒီတစ်ခေါက် ကူညီလိုက်ပါ့မယ်။ ဒါပေမယ့် ဝမ်းကွဲလေး၊ ငါတို့ Frestech ကုန်သည်ကြီးများအသင်းက တခြားလုပ်ငန်းစုတွေထက် ပိုသက်သာပေမယ့် ဒါကလည်းပင်ပန်းတော့ နင့်ကိုယ်နင် ပြင်ဆင်ထားသင့်တယ်။"

ဝမ်းကွဲဆော့ဘ်လည်း ခေါင်းငြိမ့်ကာ၊ "သိပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ဆုံးဖြတ်ချက်ချပြီး ငွေဝင်ဖို့ အလုပ်ကြိုးစားမှာပါ မဟုတ်ရင် ရွာမှာ ကျွန်တော် ခေါင်းတောင်မော့နိုင်မှာမဟုတ်ဘူး။" သူက စိတ်လှုပ်ရှားစွာ ပြုံးပြပြီးနောက် ထိုသို့ပြောလာသည်၊ "ကျွန်တော်သာ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ရင် သူတို့သေချာပေါက် မနာလိုဖြစ်ကြလိမ့်မယ်။ ကျွန်တော့်ကို ထပ်လှောင်ရဲမှာမဟုတ်ကြတော့ဘူး!"

ဝယ်လာက ထိုကောင်လေးမှာ သူမထင်ခဲ့သည့်အတိုင်း သူကငွေရှာလိုရုံသာမဟုတ်သည်ကို သိ၍ ဖျတ်ခနဲ ပြုံးပြလိုက်သည်။ သို့သော် ထိုအတွေးကြောင့် ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့လေသည်။

သူမဝမ်းကွဲလေးဆော့ဘ်၏ မျက်နှာထက်ရှိ ပျော်ရွှင်ဟန်ကို မြင်သော် ဝယ်လာမှာ စိတ်ထဲ၌ ရှုယီကို မနေနိုင်ဘဲ ချီးကျူးလိုက်သည်။

သူမ၏ဝမ်းကွဲလေး ထိုသို့ပြောင်းလဲသွားသည့်အကြောင်းရင်းမှာ အလုပ်ရှာပြီးနောက် ငွေရှိလာသည့် သူငယ်ချင်းများ၏ လှောင်ပြောင်မှုကြောင့်ပင်။ ၎င်းအတွက် ပိုမိုနက်နဲသည့်အကြောင်းရင်းမှာ ယခု ဘန်တာမြို့၌ အလုပ်များပို၍လာသဖြင့် သူမဝမ်းကွဲ‌လေး၏သူငယ်ချင်းများအနေနှင့် အလုပ်ရှာနိုင်ခြင်းဖြစ်သည်။

ထိုလူများက အလုပ်မလုပ်ချင်၍မဟုတ်ပါဘဲ ဘန်တာမြို့၌ ၎င်းတို့အတွက် မည်သည့်အလုပ်မှမရှိသောကြောင့်ဟု ပြောရပေမည်။ ထိုလူများကလည်း သူမ၏ ဝမ်းကွဲလေးလို တစ်နေကုန် ဘာမှမလုပ်ဘဲ အိမ်မှာနေကြသည်မှာ ၎င်းတို့မိဘများကဲ့သို့ သာမန်လယ်သမားများဖြစ်လာသည်အထိပင်။

သို့သော် ယခု ဘန်တာမြို့က ပြောင်းလဲသွားရာ ၎င်းက ထိုလူများ၏ ဘဝ၊ ကံကြမ္မာနှင့် သူမ၏ဝမ်းကွဲလေး၏ အတွေးတို့ကိုပါ ပြောင်းလဲပေးခဲ့သည်။

သို့ရာ၌ အဘယ့်ကြောင့် ဘန်တာမြို့တွင် ထိုသို့သော ပြောင်းလဲမှုကြီးရှိလာရသနည်း?

ထိုသည်မှာ သေချာပေါက် Frestech ကုန်သည်ကြီးများအသင်းကြောင့်၊ အထူးသဖြင့် ရှုယီကြောင့်ပင်။

ဝယ်လာမှာ ယခင်က ရှုယီကို မှော်စက်များ၌ ပါရမီပါခြင်းကြောင့် လေးစားခဲ့ရုံဖြစ်သည်။ ယခု ရှုယီအနေနှင့် ထိုမှော်စက်များကို တီထွင်ခြင်းမှာ လူနေမှုဘဝများသို့ အကျိုးအမြတ်ယူလာရုံမျှမက ပိုလို့ပင်အရေးပါသည့်ပြောင်းလဲမှုရှိနေသေးသည်။

"ကြည့်ရတာ ရှုယီက အပိုပြောနေတာမဟုတ်ဘူးပဲ၊ ဒီမှော်စက်တွေကတကယ်ပဲ အရင်က လူတွေမစဉ်းစားခဲ့တဲ့ လောကကြီးအတွက် ပြောင်း‌လဲမှုတစ်ခုကို ယူလာတယ်။"

ဝယ်လာက ၎င်းကိုစဉ်းစားမိပြီးနောက် ညစာအတွက် အင်မတန်စောနေသေးသည်ကိုသတိရလိုက်ရာ လမ်းလျှောက်ထွက်သွားလိုက်၏။

သူမအနေနဲ့ အဒေါ်၏တိုက်တွန်းသံများကို ပြန်မကြားလိုတော့သဖြင့် ညစာမစားခင် ကောင်းကောင်းအနားယူရမည်ပင်။

ရွာအနီးရှိ ရင်းနှီးသောမြစ်နံဘေး၌ လမ်းလျှောက်မည်အပြုတွင် ပြန်လာသည်မှာ လဝက်ပင်မကြာသေးဘဲ ထိုမြစ်နံဘေး၌ အလုပ်ရုံတစ်ရုံ တည်ဆောက်ထားသည်ကို တွေ့လိုက်ရသည်။

ကြည့်ရှုလိုက်ပြီးသော် အင်မတန်အံ့ဩဖွယ်ကောင်းသည်ဟု မတွေ့ရချေ။

အကြောင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်ကြောင့် ဘန်တာမြို့အပြင်ဘက်၌ အလုပ်ရုံငယ်လေးများစွာ ထွက်ပေါ်လာခြင်းကြောင့်ပင်။

၎င်းတို့က မည်သို့သော် မှော်စက်မျိုးထုတ်လုပ်မည်ကို ကြည့်မည်အပြုတွင် ထိုအဆောက်အဦမှထွက်လာသည့် အဝေးမှပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။

ထို့နောက် ဝယ်လာမှာ ထိုပုံရိပ်နှစ်ခုထဲမှ တစ်ခုက ရင်းနှီးနေသည့် ရမ်ဖြစ်ကြောင်း သတိပြုမိကာ ကြောင်အသွားတော့၏!

နောက်တစ်ဦးကို ချက်ချင်းသတိမပြုမိသော်လည်း သေချာကြည့်လိုက်သော် ထိုသည်က ခီမီရော့ဖြစ်သည်ကို တွေ့လိုက်ရတော့သည်!

ထိုနှစ်ဦးက နီးနီးကပ်ကပ်လျှောက်လာသည်ကို မြင်သော် ဝယ်လာ၏စိတ်ထဲ၌ ဒေါသဖြင့်ပြည့်သွားသည်။

"ဒီကောင် ရမ်က ဘာလို့ အဲဒီ့ခွေးကောင် ခီမီရော့နဲ့ အတူရှိနေရတာလဲ!"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၆၅။ ငါမင်းကိုပေးမှ မင်းလိုချင်တာရနိုင်တယ်။

အတွေးများက ဝယ်လာ၏စိတ်ထဲ၌ ဖြတ်ပြေးသွားပါသော်လည်း အလျင်အမြန်ထိုင်ချလျက် သစ်ပင်လေးတစ်ပင်နောက်၌ ပုန်းကွယ်လိုက်လေသည်။

သူမ၏မှော်စွမ်းအားကို အသက်သွင်းကာ နား'များ၏တဝိုက်၌ လေစု‌စည်းခြင်းမန္တာန်နှစ်ခုကိုသုံးလျက် ရမ်နှင့် ခီမီရော့တို့၏ ဆွေးနွေးမှုကို ကြားရအောင်လုပ်လိုက်၏။

"ငါ့ကိုအချိန်နည်းနည်းပေးဦး။" ပထမဦးစွာ ရင်းနှီးနေသည့် ရမ်၏အသံကိုကြားလိုက်ရသည်၊ "အခုမှငါ သူတို့ရဲ့ ယုံကြည်မှုကိုရထားပြီးသွား‌လို့ တလောကပဲ အီဗီတာက ငါ့ကို အရေးကြီးတဲ့စီမံကိန်းတချို့လာပေးထားတယ်၊ ဒီတော့ ငါ့လက်ထဲမှာ အရေးပါတဲ့အရာအတော်များများရှိနေပြီ။ မင်းငါ့ကို အချိန်နည်းနည်းလောက်ထပ်ပေးလိုက်တာနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အရေးအပါဆုံး နည်းပညာကို သေချာပေါက် ရနိုင်လိမ့်မယ်။"

နောက်ဆုံးဝါကျကို ကြားလိုက်ချိန်တွင် ဝယ်လာ၏စိတ်နှလုံးမှာ အေးစက်သွားတော့သည်။

ရမ်က ဘာတွေလုပ်ချင်နေတာလဲ?

သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ အရေးအပါဆုံးနည်းပညာကိုယူကာ မည်သည်ကို လုပ်ဆောင်ချင်နေပါသနည်း?

သူ၏လေသံအရ ကောင်းသည့်အရာတော့ မဖြစ်နိုင်ပေ။

"ပြဿနာက မင်းမှာ အချိန်အလုံအလောက်ရှိနေပြီးသားဖြစ်တာပဲ။" ဤတစ်ခေါက် ပြောလာသူမှာ ခီမီရော့ဖြစ်၏၊ "ရမ်, မင်း Frestech ကုန်သည်ကြီးများအသင်းကို ရောက်တာ နှစ်လလောက်ရှိနေပြီလေ? ဒါပေမယ့် ဒီနှစ်လအတွင်းမှာ ဘာ အသုံးဝင်တာကိုမှ မလုပ်ခဲ့သလို ယူလည်းမယူလာဘူး။ ငါကတော့ စောင့်နိုင်ပါတယ်၊ ဒါပေမယ့် ငါ့နောက်က လူတွေကတော့ မစောင့်နိုင်ဘူး။ အဲဒီ့လူတွေ ငါ့ကို ဘယ်နှစ်ကြိမ်လောက် လာပြီး အလျှင်လိုနေပြီးပြီလဲ သိရဲ့လား?"

"ငါသိပါတယ်။" ရမ်၏အသံက အနည်းငယ် ခက်ခဲဟန်ပေါ်နေသည်၊ "ဒါပေမယ့် ခီမီရော့, Frestech ကုန်သည်ကြီးများအသင်းမှာ အဲဒီ့ နည်းပညာက အရေးအပါဆုံးဆိုတာကို မင်းသိသင့်တယ်၊ ဒါကြောင့် အဲ့ဒါကို အတော်လေး အရေးထားနေကြတာ။ ငါ အချိန်အကြာကြီး သုတေသနအခန်းထဲ မဝင်ခဲ့ရဘဲ သူတို့ရဲ့ ယုံကြည်မှုကို ရကာစဖြစ်လို့ နည်းပညာတစ်ခုခုကို ယူထုတ်လာနိုင်တာကတင် အဆင်ပြေနေပြီ။ မင်းလိုချင်ရင် နည်းနည်းလောက် ပိုစိတ်ရှည်ရှည်ထားဖို့လိုတယ်။"

ခီမီရော့က အတန်ငယ်တိတ်ဆိတ်နေပြီးမှ ရုတ်တရတ်ပြောလာသည်၊ "ရမ်, Frestech ကုန်သည်ကြီးများအသင်းအတွက် နည်းနည်းလောက် အလုပ်လုပ်ပေးပြီးတော့မှ မင်းရဲ့စိတ်က ပြောင်းသွားပြီး Frestech ကုန်သည်ကြီးများအသင်းအပေါ်မှာ သစ္စာရှိချင်နေတာတော့ မဟုတ်လောက်ပါဘူးနော်? မမေ့နဲ့ဦး၊ ငါ့ဆီမှာ အရင်တစ်ခေါက်က Frestech ကုန်သည်ကြီးများအသင်းဆီကနေ မင်းယူလာခဲ့တဲ့ ပစ္စည်းတွေရှိနေသေးတယ်။ ငါသာ ဒီပစ္စည်းတွေကို ထုတ်ပြလိုက်ရင် ဘယ်လိုအကျိုးဆက်မျိုးကို ရင်ဆိုင်ရမယ်ဆိုတာ မင်းသေချာသိမှာပါ။"

သိသိသာသာခြိမ်းခြောက်မှုကို ကြုံလိုက်ရသောအခါ ရမ်က အတော်ကြာတိတ်ဆိတ်သွားပြီး သက်ပြင်းချကာ ပြောလာသည်၊ "အေး‌ဆေးပေါ့၊ ငါ့မှာ ပြန်လှည့်စရာ လမ်းလည်းမရှိတော့ပါဘူး။ ငါသာ Frestech ကုန်သည်ကြီးများအသင်းကို အနိုင်မရရင် ငါလုပ်ခဲ့သမျှ အရာအားလုံးက အဓိပ္ပာယ်မရှိဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ခီမီရော့, Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာကိုရရင် မင်းတကယ်ပဲ ပိုကောင်းတဲ့မှော်စက်တွေကို လုပ်နိုင်တာ သေချာလား?"

"ဘာလို့ မသေချာရမှာလဲ?" ခီမီရော့က ပြန်မေးသည်၊ "မမေ့နဲ့ဦး၊ ငါတို့မှာ အရင်က အတွေ့အကြုံမရှိတာတောင် လီယိုကုန်သည်ကြီးများအသင်းအတွက် မှော်ပန်ကာတွေလုပ်ပေးနိုင်ခဲ့သေးတာပဲ။ အခုဆို Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာအခြေခံအုတ်မြစ်ရှိနေမှတော့ ပိုကောင်းတဲ့ မှော်စက်တွေလုပ်နိုင်တာပေါ့။"

ဝယ်လာက အဝေးမှ ရမ် ခေါင်းခါလိုက်ဟန်ရှိသည်ကို မြင်လိုက်ရ၏၊ "ငါ သုတေသနဌာနမှ နှစ်လလောက်နေခဲ့ပြီးတော့ အားလုံးက ရှုယီနဲ့ စပ်ဆိုင်နေတာကို တွေ့ခဲ့ရတယ်။ သူသာမရှိရင် Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီမှော်စက်တွေအားလုံးကို ထုတ်လုပ်တာမျိုး၊ ဒီလောက်အရည်အသွေးကောင်းတာမျိုး လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ငါတို့အနေနဲ့ ဒီနည်းပညာကိုရရင်တောင် အကောင်းဆုံးက Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကို ကူးနိုင်ရုံပဲပေါ့။"

"အရှက်အရွံ့မရှိလိုက်တာ!" ခီမီရော့က အသံနှိမ့်လျက် ဆူဟောက်လာသည်၊ "ရမ်, မင်းက အရှုံးကိုဝန်ခံနေတာလား? ဝယ်လာကို ရှုယီ လုသွားတုန်းက ဘာကိုမှမခံစားခဲ့ရဘူးလား? ဒါမှမဟုတ် ဝယ်လာရှေ့မှာ မင်းရဲ့ခေါင်းကို ဘယ်တော့မှထပ်မမော့ဖို့ စီစဉ်ထားတာများလား? ဟမ်?"

၎င်းတို့အား နားထောင်နေသော ဝယ်လာက ကြောင်အမ်းသွားသည်။

ဘာလို့ ခေါင်းစဉ်က ရုတ်တရတ်ကြီး သူမဆီကို ဦးတည်လာတာလဲ? ပြီးတော့ ဘာလို့ 'ရှုယီက လုသွားတယ်'ဆိုပြီးပြောတာလဲ?

ဒါက တကယ်ကို အဓိပ္ပာယ်မရှိလိုက်တာ!

ရမ်က ခဏတာ တိတ်ဆိတ်သွားပြီးမှ စိတ်ပြင်ဆင်ထားသကဲ့သို့ အသာခေါင်းငြိမ့်လာသည်။

"ဟုတ်ပြီ ငါနားလည်တယ်။ Frestech ကုန်သည်ကြီးများအသင်းက လက်ရှိမှာ အရေးကြီးနည်းပညာအပိုင်းတစ်ခုကို လေ့လာနေတော့ ငါ့‌ဆီက သတင်းကောင်းကို စောင့်နေပါ။ ဒီနည်းပညာကိုရတာနဲ့ သူတို့မထုတ်လုပ်ခင် အဲဒါကိုသုံးပြီး မှော်စက်ကို ထုတ်လုပ်မယ်၊ ဒါဆို Frestech ကုန်သည်ကြီးများအသင်းကို ဖိနှိပ်ထားလို့ရပြီ။" ရမ်က အေးစက်စက်တစ်ချက်ရယ်ကာ၊ "ဟမ့် အချိန်ကျလာရင် အဲဒီ့ ရှုယီက အဲ့ဒီ ရွံစရာအပြုံးမျိုးကို ဆက်ထိန်းထားနိုင်ဦးမလား ကြည့်ချင်သေးတယ်။"

"ဒီလိုဖြစ်ရမှာပေါ့။" ခီမီရော့က ရမ်၏ပခုံးကိုပုတ်ကာ၊ "ကောင်းတယ်၊ အခုတော့ ဒီလိုပဲလုပ်ထားလိုက်တာပေါ့။ ငါတို့ အချိန်ကြာကြာ အတူရှိ‌လို့မဖြစ်ဘူး၊ လူတွေတွေ့သွားဖို့ လွယ်တယ်။ ပြောရရင် ရမ်, မင်း ဝယ်လာရဲ့ ရွာနားမှာ တွေ့ဖို့ ရွေးလိုက်တာက သူမကို လက်မလျှော့သေးလို့များလား။ ဝယ်လာသာ ငါတို့ကိုအတူမြင်ရင် သံသယဖြစ်လာမှာကို မကြောက်ဘူးလား?"

"သူမ ငါတို့ကို မမြင်လောက်ပါဘူး။ တစ်နေရာရာမှာ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ ရှိနေမှာပေါ့၊ အိမ်မှာ မရှိလောက်ဘူး။" ရမ်က ပြောသည်။

ဝယ်လာက ကြောင်အသွားပြီးမှာ ဘာဖြစ်မှန်း သတိရသွားသည်။ သူမ ယနေ့ နားရက်ယူမည့်အကြောင်းပြောစဉ်က ရမ်ကကြားသွားကာ အကြောင်းရင်း မေးလာခဲ့သေးသည်။ သူမအနေနှင့် ရမ်က သူမနှင့်အတူလိုက်လာမည်ကို စိုးရိမ်သဖြင့် အမှန်ကိုမပြောဘဲ သူငယ်ချင်းတစ်ဦးနှင့် သွားမည်ဟုပြောခဲ့၏။

သူမအနေနှင့် ရမ်က သူမကိုယုံကြည်ပြီး ဤနေရာ၌ ခီမီရော့နှင့် တိတ်တဆိတ်ဆုံကာ မတော်တဆ ၎င်းတို့ကြားမှ လျှို့ဝှက်ချက်ကို ရှာတွေ့သွားစေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ခီမီရော့နှင့် ရမ်လည်း ကိစ္စတချို့ထပ်ပြီးပြောပြီးမှ ခီမီရော့က ဦးစွာ ထွက်ခွာသွားသည်။

ရမ်ဟာ ဝယ်လာ၏ရွာကို အတန်ကြာကြည့်နေခဲ့ပြီးမှ လှည့်ထွက်သွားတော့သည်။

ဝယ်လာက တဖြည်းဖြည်းထရပ်ရင်း အမုန်းတရားအပြည့်နှင့် ထွက်ခွာသွားသည့် ရမ်ကိုကြည့်နေလိုက်သည်။

ရမ်နှင့်လမ်းခွဲစဉ်က အကြောင်းရင်းမှာ သူပြန်လာပြီးနောက် ကိုယ်ကျင့်စရိုက်က အတော်လေးပြောင်းလဲသွားသောကြောင့်ပင်။ သူက ကမ်မီလာမှော်မျှော်စင်၌ ရှိခဲ့စဉ်ကကဲ့သို့ ယုံကြည်ချက်မရှိတော့သလို ပွင့်ပွင့်လင်းလင်းလည်းမရှိတော့ဘဲ တိတ်ဆိတ်ကာ ကြောက်ရွံ့တတ်လာသည်။ သူ့ထံ၌ မည်သည့်အမြင်မှမရှိတော့ဘဲ အခြားလူများကို အမြဲမြှောက်ပင့်ဖို့ကြိုးစားနေသည့် လူသာဖြစ်လာ၏။

ဝယ်လာက ထိုသို့သော စရိုက်မျိုးကို အင်မတန်မုန်းတီးလှရာ ရမ်နှင့် မထိန်းနိုင်တော့ဘဲလမ်းခွဲဖို့ရန်ဆုံးဖြတ်လိုက်သည်။

သို့သော် ရမ် ဤတစ်ခေါက် Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်လာခြင်းက အခြားရည်ရွယ်ချက်ကြောင့်ဟု မစဉ်းစားခဲ့ဖူးချေ!

သူ့ထံ၌ သွားစရာမရှိတော့သဖြင့် ရှုယီထံပြောကူကာ Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ခွင့်ပြုရန် ပြောခဲ့စဉ်က ရမ်မည်မျှ သနားစဖွယ်ကောင်းခဲ့ကြောင်းကို စဉ်းစားကြည့်ရင်း ဝယ်လာမှာ ရွံရှာမှုများနှင့် ပြည့်သွားရ၏။

လူတိုင်းက လူတွေမှာ ပြောင်းလဲတတ်ကြသည်ဟု ပြောကြပါသော်လည်း ရမ်က ထိုသို့သော လူတစ်ယောက်ဖြစ်လာမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပါချေ!

"ဟင့်အင်း၊ ငါ‌ချက်ချင်း ရှုယီကို ပြောရမယ်!" သူမ၏ ဒေါသများပြီးသွားသည်နှင့် ဝယ်လာလည်း နိုးထလာသည်။ သူမ အနေနှင့် ထိုအရေးကြီးကိစ္စကို ရှုယီထံပြောရမည်။

၎င်းတို့သာ စောင့်မကြည့်ဘဲ လုပ်ငန်းစု၏ အရေးကြီးနည်းပညာကို ရမ်အား ခိုးယူခွင့်ပြုလိုက်ပါက Frestech ကုန်သည်ကြီးများအသင်းအတွက် ဆုံးရှုံးမှုကြီး တစ်ရပ်ကို ဖန်တီးမိသွားလိမ့်မည်။

၎င်းသာ အမှန်တကယ်ဖြစ်လာပါက ရမ်အား Frestech ကုန်သည်ကြီးများအသင်းထံ မိတ်ဆက်ပေးပြီး အမှားကြီး လုပ်ခဲ့သူမှာ ဝယ်လာပင် ဖြစ်ပေသည်။

မိဘများထံ ထွက်သွားတော့မည်အကြောင်းပြောရန် အိမ်ပြန်လုဆဲဆဲတွင် ဝယ်လာနှင့် မနီးမဝေး သစ်ပင်တစ်ပင်မှ ချိုးချိုးချွတ်ချွတ်အသံများနှင့် လူတစ်ဦး ခုန်ထွက်လာသည်။

ဝယ်လာလည်း မှင်တက်သွားကာ ထိုသို့ ရုတ်တရတ်ခုန်ထွက်လာသူကြောင့် အံ့ဩသွားရသည်။ ထို့နောက် သူမ၏ မှော်စွမ်းအားကိုလှည့်ပတ်လျက် လက်ထဲ၌ မီးလုံးကြီးတစ်လုံးကို စုစည်းလိုက်သည်။

"သခင်မလေး ဝယ်လာ, ရပ်လိုက်ပါ!" ထိုလူက လက်ဝေ့ယမ်းပြပြီး ဝယ်လာထံ လက်ဝေ့ယမ်းပြလာသည်၊ "ကျွန်တော်က «ဘန်တာသတင်းစာ»က သတင်းထောက်ပါ၊ ရန်သူမဟုတ်ပါဘူး!"

"«ဘန်တာသတင်းစာ»က သတင်းထောက်?" ဝယ်လာလည်း ကြောင်အသွားပြီးမှ ချက်ချင်းပြန်ပြောလာသည်၊ "ရှင်က သူတို့‌နှစ်ယောက်နောက်လိုက်နေတာလား?"

၎င်းကိုစဉ်းစားမိပြီး ဝယ်လာ၏ အမူအရာက မပြောင်းလဲဘဲ မနေနိုင်တော့ချေ။

ထိုလူသာ အမှန်တကယ် «ဘန်တာသတင်းစာ»မှ သတင်းထောက်ဆိုဖြစ်ကာ ရမ်နှင့် ခီမီရော့နောက်လိုက်နေခြင်းဆိုပါလျှင် ရမ်နှင့် ခီမီရော့တို့ တိတ်တဆိတ်တွေ့ဆုံသည့်အကြောင်းကို «ဘန်တာသတင်းစာ»က သတိပြုပြီးဖြစ်လောက်သည်။

ရှုယီနှင့် «ဘန်တာသတင်းစာ»၏ ဆက်ဆံရေးကိုစဉ်းစားမိချိန်၌ ဝယ်လာ၏ အမူအရာက ပိုလို့ပင် ဆိုးရွားလာတော့၏။

"ဟားဟား ဝယ်လာ, ခင်ဗျားအနေနဲ့ ဒီလိုမျက်နှာထား ဆိုးဆိုးဖြစ်နေစရာမလိုပါဘူး။" ရှုယီက ရယ်လျက်နှင့် သူ့ရှေ့ရှိ ထိုင်ခုံကိုညွှန်ပြကာ ဝယ်လာကို ထိုင်ရန် အချက်ပြလိုက်သည်၊ "ခင်ဗျားရဲ့ ခန့်မှန်းချက်က မှန်ပါတယ်၊ ကျုပ်လည်း ရမ်ရဲ့ ပြဿနာကို သိပြီးသားပါ။ ဒါကြောင့် သူ့ကိုစောင့်ကြည့်ဖို့ «ဘန်တာသတင်းစာ»က ယုံကြည်ရတဲ့ မိတ်ဆွေတွေဆီ အကူညီတောင်းထားတာ။ ခင်ဗျားလည်း ရမ်နဲ့ ခီမီရော့တို့ ဆုံတာကို မတော်တဆကြုံရမယ်လို့ ထင်မထားခဲ့မိဘူး။ ဒီကိစ္စကို ဘယ်လိုထင်လဲ?"

ဝယ်လာက ရှုယီ၏အေးဆေးနေပုံကိုကြည့်ကာ ရှုယီက ၎င်းကိုသတိထားမိပြီး ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသားဟု ထင်လိုက်သည်။

«ဘန်တာသတင်းစာ»မှ သတင်းထောက်က သူမကိုတွေ့ပြီးနောက်၌ ရှုယီထံတွင် အခြားပြင်ဆင်မှုများရှိသဖြင့် သူမအနေနှင့် ရမ်ကို မဖျောင်းဖျဖို့ မျှော်လင့်ရင်း ဦးစွာ ထွက်လာပြောသည်ကို အံ့ဩမနေတော့ချေ။

"ကျွန်မ ဘယ်လိုထင်လဲ?" ဝယ်လာလည်း စဉ်းစားကာ လေးနက်နေဟန်ဖြင့် ပြော‌လိုက်၏၊ "ဥက္ကဌ၊ ရမ်က ကျွန်မတို့လုပ်ငန်းစုရဲ့ အရေးကြီးလျှို့ဝှက်ချက်တွေကို ခိုးယူထားတော့ လုပ်ငန်းစုရဲ့ စည်းမျဉ်းတွေအရ သူ့ကို ချက်ချင်းထုတ်ပယ်ဖို့ အကြံပေးပါတယ်။"

"ထုတ်ပယ်ရမယ်?" ရှုယီက အသာပြုံးလာ၏။ သူက ဝယ်လာအား ခေါ်လာသည့် «ဘန်တာသတင်းစာ»မှ သတင်းထောက်ကို အချက်ပြလိုက်ရာ ထိုသတင်းထောက်က အလိုက်တသိထွက်သွား၏။

သူနှင့် ဝယ်လာပဲ အခန်းထဲ၌ ကျန်ခဲ့သည်ကို မြင်သော် ရှုယီက သက်ပြင်းချလိုက်သည်။

"ဝယ်လာ, ခင်ဗျားအနေနဲ့ ရမ်ကို ကာကွယ်ပေးချင်တာကို နားလည်ပေမယ့်...."

"ခဏ၊ ကျွန်မက ဘယ်တုန်းကများ ရမ်ကို ကာကွယ်ပေးချင်ရတာလဲ?" ဝယ်လာက အံ့ဩစွာ ရှုယီကို စကားဖြတ်ပြောလိုက်၏။

ရှုယီလည်း သူမကိုကြည့်ကာ အသာပြုံး၍ ပြောလာသည်၊ "ခင်ဗျားသာ သူ့ကိုမကာကွယ်ချင်ရင် ဘာကြောင့် သူ့ကို အလုပ်ထုတ်ဖို့ တောင်းဆိုမှာလဲ? ဝယ်လာ, သူလုပ်ခဲ့တဲ့အရာတွေအတွက် ဒီတိုင်းလေးထုတ်လိုက်တာကတင် လုံလောက်ပြီထင်လို့လား?"

ဝယ်လာက ရပ်တန့်သွားသော်လည်း စဉ်းစားပြီးနောက် ရှုယီ မှန်သည်ကို သိသွားသည်။

၎င်းတို့အနေနှင့် ရမ်က ခီမီရော့နှင့် ပူးပေါင်းကာ Frestech ကုန်သည်ကြီးများအသင်း၏ လျှို့ဝှက်ချက်များကို ခိုးယူ၍ ၎င်းတို့ကို ဆွဲချချင်နေသည်အား သေချာသိလေသည်။

သူ့အား ထုတ်ပယ်ခြင်းဖြင့်သာ ရိုးရိုးလေးအပြစ်ပေးလိုက်လျှင် အင်မတန်ပေါ့လျော့လှပေ၏။

"ဒါဆို... ဥက္ကဌ၊ ရှင်ဘာလုပ်ဖို့ စီစဉ်ထားလဲ? ကျွန်မတို့ လက်မှတ်ထိုးထားတဲ့ စာချုပ်အတိုင်း သူ့ကို လျော်ကြေးပေးခိုင်းမှာလား?" ဝယ်လာက ခေါင်းခါကာ၊ "သူက ဒီလောက်ငွေတွေကို ထုတ်ပေးနိုင်လောက်မှာ မဟုတ်ဘူး။"

"သူ မပေးနိုင်ဘူးလား? သူ့နောက်ကွယ်က လူတွေကတော့ပေးနိုင်မှာပါ။" ရှုယီက အသာပြုံးလိုက်၏။

ဝယ်လာက မျက်မှောင်ကုပ်ကာ၊ "ခီမီရော့က သူတို့နောက်ကွယ်မှာ လူတွေရှိကြောင်းဝန်မခံချင်လောက်တော့ သူတို့ကို ဘယ်လိုလုပ်ပြီး ပေးခိုင်းမှာလဲ?"

ရှုယီက အပြုံးဖြင့် ခေါင်းခါကာ၊ "ဝယ်လာ, ခင်ဗျားနားမလည်သေးဘူးပဲ။ တကယ်တမ်း ဒီကိစ္စမှာ ရမ်က ပုစွန်ဆိတ်လေးသာသာပဲ၊ အဓိက,က သူ့နောက်ကလူတွေနဲ့ ခီမီရော့ ပဲလေ။ သူတို့အနေနဲ့ ရမ်အတွက် ပေးဖို့ ဆန္ဒမရှိတာက အရေးမကြီးပါဘူး၊ သူတို့ကို ဆုံးရှုံးမှုကြီးခံစားရအောင်လုပ်ဖို့ ကျုပ်မှာ တခြားနည်းလမ်းတွေရှိတယ်။ ဒီတစ်ခေါက်တော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ အကျိုးအမြတ်ယူချင်ရင်လည်း ကျုပ်အနေနဲ့ လူတိုင်းကို အကျိုးအမြတ်ရဖို့ အရာတော်တော်များများကို မျှဝေပေးဖို့ဆန္ဒရှိတာကြောင့် ဒါကပြဿနာမဟုတ်ကြောင်း ဒီလူတွေကို နားလည်စေချင်တယ်။ ဒါပေမယ့် သူတို့နားလည်ထားရမှာက ကျုပ်ပေးဖို့ ဆန္ဒရှိမှသာ သူတို့လိုချင်တာကို ရနိုင်မယ်ဆိုတာကိုပဲ။ ကျုပ်သာ မပေးရင် ဒါကို ခိုးယူလို့မရနိုင်သလို လုယူဖို့ ကြိုးစားလို့ရလည်းမရနိုင်ဘူး။"

ဝယ်လာက ရှုယီ၏အပြုံးကို ငေးကြည့်လိုက်သည်မှာ သူ့အား ပထမဆုံးအကြိမ်ဆုံတွေ့ဖူးသလိုပါပင်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၆၆။ ဂဲလက်ထ်ကုန်သည်ကြီးများအသင်း

ဝယ်လာနှင့် ရှုယီတော့ စကားပြောအပြီး လဝက်အကြာတွင် "ဂဲလက်ထ်"ဟု ခေါ်သည့် လုပ်ငန်းစုတစ်ခု ဘန်တာမြို့၌ ပေါ်ထွက်လာခဲ့သည်။

ထိုလုပ်ငန်းစု၏ ထုတ်ကုန်များက အခြားသောလုပ်ငန်းစုများနှင့် ခြားနား၏။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ပင် မှော်စက်များထုတ်လုပ်ခြင်းကို အထူးပြုထားသည်။

အစပိုင်းတွင် ဘန်တာမြို့သားများနှင့် လုပ်ငန်းစုကြီးများက ထိုဂဲလက်ထ် ကုန်သည်ကြီးများအသင်းကို အာရုံသိပ်မထားဖြစ်ခဲ့ကြချေ။ အကြောင်းမှာ Frestech ကုန်သည်ကြီးများအသင်း ပေါ်ထွက်လာကတည်းက ၎င်းကဲ့သို့ မှော်စက်များကို အမှီပြုထားသည့် လုပ်ငန်းစုတစ်ခုအနေနှင့် ငွေဝင်ခြင်းက ထိုမျှ မထူးဆန်းသောကြောင့်ပင်။

၎င်းမတိုင်ခင်က ဘန်တာမြို့၏ မတူညီသောလုပ်ငန်းစုကြီးများလည်း ထိုသို့‌တူညီသည့်အတွေးများရှိခဲ့သော်ငြား ယခင်တစ်ခေါက် စီးအပွားရေးအသင်းတွင် ရှုယီက ထိုလုပ်ငန်းစုကြီးများ၏ အကြံကို ဖျက်ဆီးပြီးသည့်နောက်တွင် မှော်စက်များ၌ Frestech ကုန်သည်ကြီးများအသင်းနှင့် ယှဉ်ပြိုင်ရန်ကြိုးစားမည့် လုပ်ငန်းစု ထပ်မရှိလာတော့ပေ။

အခြားမြို့များတွင် ရောင်းချနေသည့် မှော်ပန်ကာများက ၎င်းလုပ်ငန်းစုများကို မျှော်လင့်ချက်အနည်းအကျဉ်းရှိခွင့်ပြုထားကာ လုပ်ငန်းစုတချို့ကို မှော်စက်သုတေသန၌ ထပ်မံ ရင်းနှီးမြှုပ်နှံခွင့်ပြုထားပါသော်လည်း Frestech ကုန်သည်ကြီးများအသင်းကို မှော်စက်များ ထုတ်လုပ်ရာ၌ ဖိနှိပ်နိုင်သည့် အတွေးမျိုးနှင့် လုပ်ငန်းစုများမရှိပါတော့ချေ။

သို့ရာတွင် ဘန်တာမြို့၌ ထို ဂဲလက်ထ်ကုန်သည်ကြီးများအသင်းကို တည်ထောင်လိုက်ပြီးနောက်တွင် ၎င်းတို့က မြို့၌ ဖွင့်လှစ်ထားသည့် ဆိုင်၌ ဆိုင်းဘုတ်အကြီးတစ်ခုပင် ထောင်ထားသေးသည်။

"ဂဲလက်ထ် မှော်စက်တွေက သင့်ကို Frestech အမှတ်တံဆိပ်မှော်စက်တွေထက် နှစ်သက်မှုပိုရစေလိမ့်မယ်။"

ဘန်တာမြို့သားများက ထိုဆိုင်းဘုတ်ကို မြင်ချိန်တွင် သရော်ကြပြီး ဟာသနှယ်သဘောထားကြ၏။

«ဘန်တာသတင်းစာ»ဆိုလျှင် ဂဲလက်ထ်ကုန်သည်ကြီးများအသင်း ဆိုင်းဘုတ်၏ ယုံကြည်စိတ်ချရမှုကိုပင် လေ့လာကာ ၎င်းအားသတင်း တစ်ပုဒ်ပင် ရေးထားသည်။

သို့သော် အားလုံးက «ဘန်တာသတင်းစာ»နှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ ဆက်ဆံရေးကို သိကြလေရာ ၎င်းဟန်ဆောင်ပန်ဆောင်စိစစ်ပြီးသတင်းက တကယ်တမ်းတွင် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းကို လှောင်ပြောင်ရန်သာဖြစ်သည်။

သို့သော် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းက ၎င်းတို့ထုတ်လုပ်ထားသည့် ဂဲလက်ထ်တံဆိပ်မှော်စက်များကို စတင်ရောင်းချချိန်တွင် ထိုဂဲလက်ထ်ကုန်သည်ကြီးများအသင်းထံ၌ မှော်စက်အမျိုးစုံရှိရုံမျှမက အရည်အသွေးကလည်း Frestech တံဆိပ်ထက် မဆိုးကြောင်း တွေ့ရှိ အံ့ဩသွားကြသည်။

၎င်းက ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့ရှိ လူများစွာကို ထိတ်လန့်အံ့ဩသွားစေသည်။

ယင်းမတိုင်ခင်က လုပ်ငန်းစုများစွာမှာ ၎င်းတို့ကိုယ်ပိုင်တံဆိပ်မှော်စက်များကို ထုတ်လုပ်ရန် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို လေ့လာခဲ့ကြပါသော်လည်း အဆုံး၌ ၎င်းမှော်စက်များ၏ အရည်အသွေးနဲ့ လုပ်ဆောင်ချက်တို့မှာ Frestech အမှတ်တံဆိပ်နှင့် ယှဉ်ပါက အတော်လေး နိမ့်ကျလွန်းနေ၏။

၎င်းကြောင့် Frestech ကုန်သည်ကြီးများအသင်းနှင့် မယှဉ်နိုင်သည့် လုပ်ငန်းစုများစွာ ရှိခဲ့သည်။ ထိုသည်ကပင် ၎င်းတို့၏ မှော်စက်များကို လမ်ပူရီတိုင်းပြည်၏ ဝေးလံသောဒေသများ၌ ပိုမိုရောင်းချဖို့သာ တွန်းပို့ခဲ့သည့် အကြောင်းအရင်းဖြစ်သည်။

သို့ပါသော်ငြား ယင်း ဂဲလက်ထ်ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းနည်းတူ သတ္တုပစ္စည်းများကို သုံးထားရုံမျှမက လက်မှုပညာကလည်း နိမ့်ကျမနေရာ သတ္တုဂုဏ်သတ္တိ၌ Frestech တံဆိပ်နှင့် ကွာခြားမှုမရှိပေ။ အချို့ အသေးစိတ်အချက်အလက် သေးသေးမွှားမွှားလေး တချို့ကြောင့်သာ အရည်အသွေး၌ အနည်းငယ်မျှ နိမ့်ကျနေသော်လည်း ချေး(ဂျီး)မများသည့်လူအတွက်ဆိုလျှင် ပြဿနာ များများစားစားမရှိပေ။

လူများကို ပို၍ အံ့အားသင့်စေသည်မှာ ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ မှော်စက်များက Frestech ကုန်သည်ကြီးများအသင်းထက် ပိုမဆိုးရုံမကချေ။ မှော်ပန်ကာများနှင့် အလိုအလျောက် မှော်ထမင်းပေါင်းအိုးတို့၌ Frestech တံဆိပ်ထက်ပင် ပိုကောင်းနေသောကြောင့်ဖြစ်ပေ၏!

ထို့ကြောင့် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းမှာ လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်တော့သည်။

လူတိုင်းက ဤတစ်ခေါက်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ အစစ်အမှန်အားကောင်းသည့် ပြိုင်ဘက်နှင့် တွေ့ပြီဟု ခံစားလိုက်ရ၏။

သို့သော် ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့အမြင်ကို ဖော်ပြမလာခဲ့ပေ။ ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၏ သတင်းထောက်များက ရှုယီအား ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအကြောင်းကို အင်တာဗျူးရန် ကြိုးစားကြသော်လည်း ရှုယီ၏တုံ့ပြန်မှုက ထူးမခြားနားသာပင်။

၎င်းက မည်သည့်သတင်းထောက်ဖြစ်စေ ရှုယီက သူနှင့် Frestech ကုန်သည်ကြီးများအသင်းတို့မှာ ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုကို ကြိုဆိုကြောင်းသာ ညွှန်းဆိုပြသည်။ သူ့အနေနှင့် ဘန်တာမြို့နှင့် လမ်ပူရီတိုင်းပြည်တွင် မှော်စက်များကို စိတ်ဝင်စားကာ တူညီသည့် စွမ်းရည်ရှိ လုပ်ငန်းစုများကို ထပ်မံပေါ်ထွက်လာစေချင်‌သေး၏။ ထိုသို့ဖြစ်နေသရွေ့ ၎င်းတို့မှာ စိုင်စ်နယ်မြေကြီးတဝှမ်းတွင် မှော်စက်များ၏ဂုဏ်သတင်းကို ချပြနိုင်မည်ဟုပင်။

ဂဲလက်ထ်ကုန်သည်ကြီးများအသင်းကတော့ဖြင့် ရှုယီ၏တုံ့ပြန်မှုအတွက် မည်သည့်ပုံမှန်တုံ့ပြန်မှုမှ ပြမလာချေ။

သို့သော် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းပေါ်ထွက်လာပြီး လဝက်အကြာတွင် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၏ သတင်းထောက်များအားလုံးထံ ရုတ်တရတ် ဖိတ်စာများပို့လာ၏။ ၎င်းတို့မှာ ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ပြပွဲကို လာရောက်ရန် အားလုံးကိုကြိုဆိုထားပေသည်။

ဖိတ်စာတွင် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအနေနှင့် Frestech ကုန်သည်ကြီးများအသင်းပင် မထုတ်လုပ်ရသေးသည့် မှော်စက်အမျိုးအစားသစ်တစ်မျိုးကို ထုတ်လုပ်မည်ဟု ဆိုထားသည်။

၎င်းဖိတ်စာများရထားသည့် သတင်းထောက်များက ၎င်းကို ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ စိတ်ကူးယဉ်အပြောအဖြစ်သာ တုံ့ပြန်ခဲ့ကြ၏။

ယခုထိတိုင် မှော်စက်များထုတ်လုပ်သည့် လုပ်ငန်းစုများအနက် လုပ်ငန်းစုတစ်ခုတလေကမျှ ထိုသို့သော ဝင့်ကြွားသည့် စကားများကို မပြောခဲ့ဖူးပေ။

၎င်းနောက် တုံ့ပြန်မှုက သတင်းကောင်းတစ်ခုပင်ဖြစ်သည်။

ဂဲလက်ထ်ကုန်သည်ကြီးများအသင်းသာ ၎င်းထုတ်ကုန်ပြပွဲ၌ မှော်စက်အသစ်တစ်မျိုးကို ထုတ်မပြနိုင်ပါလျှင် လူတိုင်းအရှေ့၌ အရှက်ရလိမ့်မည်ဖြစ်၏။

မှန်ပါ၏၊ ၎င်းက ဖြစ်နိုင်ချေ အသေးစားလေးသာပင်။

ဂဲလက်ထ်ကုန်သည်ကြီးများအသင်းက ထိုသတင်းထောက်အားလုံးကိုပင် ဖိတ်ကြားဝံ့လေရာ ၎င်းတို့ထုတ်ကုန်၌ ယုံကြည်ချက်ရှိသည်ဟု ဆိုလိုသည်။ မဟုတ်ပါက ၎င်းတို့လုပ်ငန်းစု အနာဂတ်ကို ဖျက်ဆီးနိုင်သည့် ထုတ်ကုန်ပြပွဲကို ကျင်းပရင်း စွန့်စားမည်တော့မဟုတ်ပေ။

ဂဲလက်ထ်ကုန်သည်ကြီးများအသင်းသာ Frestech ကုန်သည်ကြီးများအသင်း မထုတ်လုပ်ရသေးသည့် မှော်စက်သစ်တစ်မျိုးကို အမှန်တကယ်ထုတ်လုပ်လာပါလျှင် ပိုမိုကြီးမားသည့်သတင်းဖြစ်လာလိမ့်မည်။

မှော်စက်များကို စိတ်ဝင်စားသည့် လုပ်ငန်းစု အကြီးအသေးများစွာရှိခဲ့သော်လည်း မည်သူကမှ မှော်စက်အသစ်တစ်မျိုးကိုပင် မထုတ်လုပ်နိုင်ခဲ့ကြချေ။ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်များ၌ အင်မတန်သာလွန်နေသည့်အချက်ကို သက်သေပြုခဲ့သည့်အပြင် ထိုမှော်စက်များမှာ ဖမ်းဆုပ်ရန် အင်မတန်ခက်ခဲကြောင်းကိုလည်း သက်သေပြခဲ့ကြသည်သာ။

ထို မည်သည်က ပေါ်ထွက်လာမှန်းမသိသည့် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းသာ ထိုသို့လုပ်နိုင်ပါလျှင် သေချာပေါက် လူတိုင်း၏စိတ်ထဲ၌ နက်နဲသည့်အထင်ကြီးမှုကို ထားရစ်ခဲ့လိမ့်မည်ပင်။

သတင်းထောက်များမှာ ဖိတ်စာနောက်ကျောတွင် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုယီကိုပါ ဖိတ်ကြားထားကြောင်းကို ဖော်ပြထားသည်အား သတိထားခဲ့မိကြသေးသည်။

၎င်းဖိတ်ကြားမှုက အင်မတန်ယဉ်ကျေးကာ မှော်စက်၏အခရာ‌ရှေ့ဆောင်ဖြစ်သည့် ရှုယီကို ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏မှော်စက်အသစ်နှင့် ပတ်သက်သည့် အမှားတချို့အား ထောက်ပြရန်နှင့် အကြံပြုရန် မျှော်လင့်ထားသည်ဟု ဆိုပါသော်လည်း သတင်းထောက်အားလုံးမှာ ၎င်းက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား ရှင်းလင်းစွာစိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သိကြသည်!

ရှုယီက... တကယ်လာမှာလား?

ဩဂုတ်လ ခုနစ်ရက်နေ့။

ဤသည်မှာ သာမန်နေ့တစ်နေ့သာဖြစ်ပါသော်လည်း ဘန်တာမြို့၏ လူအများစုအတွက်တော့ သာမန်မဟုတ်ပေ။

၎င်းက ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ပြပွဲနေ့ပါပင်။

စင်မြင့်ထက်၌ ရပ်နေသည့် ခီမီရော့က သတင်းစာတိုက်ကြီးများစွာမှလာသည့် သတင်းထောက်များနှင့် ၎င်းတို့လုပ်ငန်းစုကို စူးစမ်းလိုကြသည့် ဘန်တာမြို့ဒေသခံအားလုံးကို ငုံ့ကြည့်ရင်း အင်မတန် ခမ်းနားသလိုခံစားလိုက်ရသည်။

သူဟာ အချိန်ကြာ မိမိကိုယ်ကိုပြင်ဆင်ခဲ့ရပြီး နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီကို သူ၏ရှေ့မှောက်တွင် အနိုင်ယူရမည့် အခွင့်အရေးရလာပြီဖြစ်သည်။

၎င်းနှင့်တင် Frestech ကုန်သည်ကြီးများအသင်းကို အနိုင်ယူဖို့ မဖြစ်နိုင်သော်လည်း အရာအားလုံးချောချောမွေ့မွေ့ဖြစ်ပါက သူ၏နောက်ကွယ်ရှိလူများ၏ အာဏာဖြင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို တစ်ဖန်ပြန်မရပ်နိုင်တော့ဘဲ အသူရာချောက်နက်ထဲသို့တွန်းချနိုင်ပေလိမ့်မည်။

"အချိန်ကျလာရင် အဲ့ကောင်ရှုယီမှာ ဘယ်လိုသနားစရာမျက်နှာပေးမျိုးရှိလာမလဲကို မြင်ချင်လိုက်တာ။" ခီမီရော့၏မျက်နှာထက်၌ ကောက်ကျစ်သည့်အပြုံးတစ်ပွင့်ရှိနေကာ Frestech ကုန်သည်ကြီးများအသင်း ဒေဝါလီခံရပြီးနောက် ရှုယီ၏ သနားစဖွယ်အမူအရာရှိနေမည့်ပုံကို မတွေးမိဘဲ မနေနိုင်ပေ။

အစပိုင်းတွင် ခီမီရော့၏ ရှုယီကို မုန်းတီးမှုမှာ စတေးလ်နှင့် ရှုယီတို့က အင်မတန် နီးကပ်နေသောကြောင့်ဖြစ်သည်။

သို့သော် အချိန်ကုန်လွန်သွားသည်နှင့်အမျှ သူ၏လက်ရှိ ရှုယီကိုမုန်းတီးမှုမှာ အဓိကအနေနှင့် Frestech ကုန်သည်ကြီးများအသင်းကြောင့်ပင်။ သူ့၏ နှလုံးသွေးများကို ထပ်ခါထပ်ခါ ထွက်စေခဲ့သည့် မှော်စက်များနှင့်စပ်လျဉ်းသော ကျရှုံးမှုများစွာရှိခဲ့၏။

အချိန်ကြာစုဆောင်းပြီးသည့်နောက်တွင် သူ၏ မူလက စတေးလ်၏အမြင်ကိုဖမ်းစားမည့် ရည်ရွယ်ချက်ကိုပင် မေ့လျော့သွားကာ ရှုယီကို သီးသန့်မုန်းတီးနေတော့သည်။

စိတ်ရှည်ရှည်စောင့်ဆိုင်းလာပြီးသည်တွင် ထုတ်ကုန်ပြပွဲစခါနီး‌ဖြစ်သော်ငြား ရှုယီ ပေါ်မလာသေးသည်ကို တွေ့လိုက်ရ၏။ ခီမီရော့မှာ အနည်းငယ်စိတ်မပျက်သွားဘဲ မနေနိုင်ပေ။

သူဟာ Frestech ကုန်သည်ကြီးများအသင်းထံမှ ရမ်ခိုးယူလာခံသည့် မှော်စက်ကိုသုံးလျက် အားလုံး၏ ရှေ့မှောက်တွင် ရှုယီကို ရိုက်ခတ်မှုကြီးကြီးမားမားဖြစ်သွားစေချင်သည်။ ရှုယီက တကယ်တမ်းလာလိမ့်မည်မဟုတ်ဟု ထင်မထားမိခဲ့ပေ။

"ငကြောက်! ငပျော့!" ခီမီရော့က စိတ်ထဲ၌ ဆဲရေးပြီးမှ စိတ်ငြိမ်ငြိမ်ထားကာ ထုတ်ကုန်ပြပွဲ၏ စတင်မှုကို ကြေငြာလိုက်သည်။

မိတ်ဆက်မှုအတိုလေးလုပ်ပြီးသည့်နောက်တွင် သူ့ကိုယ်သူ လက်ရှိ ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအဖြစ် မိတ်ဆက်လာ၏။ ခီမီရော့အနေနှင့် အချိန်မဖြုန်းတော့ဘဲ ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏မှော်စက်များကို မိတ်ဆက်ပြီးမှ လူတိုင်းစောင့်နေကြသည့် ထုတ်ကုန်ကို ယူလာခိုင်းလိုက်ပေသည်။

လူနှစ်ယောက်က ခီမီရော့၏ ခေါင်းလောက်ပင် မကြီးသည့် ဘူးလေးသယ်လာသည်ကို မြင်သော် စင်အောက်ရှိ လူတိုင်းက စိတ်ပျက်ပျက်သက်ပြင်းချလာကြသည်။

"ဥက္ကဌခီမီရော့, ဒီပစ္စည်းလေးက ခင်ဗျားပြောထားတဲ့ မှော်စက်အသစ်များလား? ဒါက နည်းနည်းလောက် သေးလွန်းမနေဘူးလား?" သတင်းထောက်တစ်ဦးက မနေနိုင်ဘဲ မေးလာသည်။

"ဟုတ်တယ်၊ ဒါကအသေး‌စားလေးဆိုတော့ အသစ်ဆိုရင်တောင် အဲ့လောက်စွမ်းအားမကြီးနိုင်ဘူး။"နောက်ထပ် သတင်းထောက်က ထပ်ပြောလေသည်။

စင်အောက်ရှိလူများက ၎င်းကိုဆွေးနွေးနေကြသည်အား မြင်သော် ခီမီရော့က အသာပြုံး၍ ပြောလာ၏၊ "ခင်ဗျားတို့မှားနေပြီ။ မှော်စက်တွေအတွက် အရွယ်အစားက ဘာမှအဓိပ္ပာယ်မရှိပါဘူး။ ပိုသေးတဲ့မှော်စက်ဆိုရင် နည်းပညာက ပိုတောင်မြင့်ဖို့လိုသေးတယ်။ စဉ်းစားကြည့်ပါဦး၊ မှော်အစီအရင်တွေက အရမ်းကြီးမားပေမယ့် ဒီလိုမှော်စက်လေးထဲကို မှော်အစီအရင်ကြီးတွေထည့်လိုက်ပြီး အံ့ဩစရာ အသုံးပြုပုံတွေကို ပြသမယ်ဆိုရင် အင်မတန်ရှုပ်ထွေးတဲ့ နည်းပညာကို လိုအပ်တယ်လေ။ ဒါကြောင့် ဒါလေးကသေးတယ်ဆိုပြီး အထင်သေးလို့မရပါဘူး။ တကယ်တော့ ကျုပ်တို့ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်အသစ်မှာ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အရင်က အသုံးမပြုဖူးတဲ့ နည်းပညာတစ်ခု ပါရှိပါတယ်၊ ဒါက ကာလသတ်မှတ်ခြင်းထုတ်ကုန်ပါပဲ!"

ခီမီရော့ရဲ့ စိတ်လှုပ်တရှားမိန့်ခွန်းကိုကြားသော်လည်း စင်အောက်ရှိလူများက စိတ်မလှုပ်ရှားဘဲ သံသယဖြစ်ပုံ‌သာပေါ်နေကြသည်။

ပြောရလျှင် ၎င်း ဂဲလက်ထ် ကုန်သည်ကြီးများအသင်းမှာ အားလုံးကိုယုံကြည်စေခဲ့သည့် Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ ရှေ့ဆောင်မှုများမရှိခဲ့ချေ။

ထိုသို့ပြောသည်က ရှုယီသာဆိုလျှင် စင်အောက်ရှိ လူများက ကာလသတ်မှတ်ခြင်းဟု ယူဆနိုင်သော ထိုမှော်စက်ကို မြင်ရရန် ရှေ့တိုးလာကြလိမ့်မည်။

သို့သော် ပြောလာသည့်သူက ထိုမသိရသည့် ခီမီရော့ဆိုပါလျှင်... အရင်စောင့်ကာ ကြည့်မည်သာ။

စင်အောက်ရှိလူများက စိတ်လှုပ်ရှားသွားပုံမပေါ်သည်အား မြင်သည့်အခါ ခီမီရော့မှာ မထိန်းနိုင်ဘဲ အ‌နည်းငယ် စိတ်ရှုပ်သွားသည်။

ဒီလူတွေက ငါ့ကိုမယုံကြတာလား?

ခီမီရော့က နှာခေါင်းအသာရှုံ့ကာ ထိုလူများကို စိတ်ထဲမထားရန်ဆုံးဖြတ်လိုက်၏။ တစ်ဖက်ကိုလှည့်ကာ ဘူးကိုဖွင့်၍ အောင်မြင်ရန် အချိန်ကြာလုပ်ထားရသည့် မှော်စက်အသစ်ကို ထုတ်ယူလိုက်ရာ စင်အောက်ရှိလူများကို အံ့အားသင့်သွားစေသည်။

သို့သော် ဤတစ်ခေါက် ရုတ်ရုတ်သဲသဲဖြစ်ပွားခြင်းက ခန်းမဝင်ပေါက်မှလာသည်။

"ဥက္ကဌရှုပဲ!"

"ကြည့်ဦး၊ အဲမှာ ဥက္ကရှု!"

…...

ထို အံ့အားတသင့်အော်သံများနှင့်အတူ ခီမီရော့၏စိတ်ထဲ၌ အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင်ပေါ်လာခဲ့ဖူးသည့် တရင်းတနှီးပုံရိပ်က ခန်းမထဲ တဖြည်းဖြည်း လျှောက်ဝင်လာခဲ့၏။

အမှန်တကယ်ကို ၎င်းက ရှုယီပါပင်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၆၇။ အရှက်မဲ့ သူခိုး

ခီမီရော့က ရှုယီ လျှောက်ဝင်လာသည်ကို အသာပြုံးကာကြည့်ရင်း နှလုံးသားထဲ၌ အမုန်းတရားများပြည့်နှက်သွားသည်။

ထိုလူက စော၍လည်းမလာသလို နောက်လည်းမကျဘဲ ထုတ်ကုန်ကို ပြသတော့မည့်ဆဲဆဲ၊ ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ မှော်စက်အသစ်ကို စမ်းသပ်ပြတော့မည့် အချိန်အတိ ရောက်လာခဲ့သည်။ ၎င်းအား အပြည့်စုံဆုံးအချိန်၌ ရောက်လာသည်ဟု ဆိုရပေမည်။

သူဟာ လူတိုင်း၏လိုအင်ကိုရရန် ကြိုးပမ်းခဲ့ရပြီး ထုတ်ကုန်သစ်အတွက် အားလုံး၏အာရုံကို စုဆောင်းခဲ့သော်လည်း ရှုယီက လျှောက်ဝင်လာရုံနှင့် ၎င်းကိုလုယူကာ ခီမီရော့၏အားထုတ်မှုကို ဖြုန်းတီးခဲ့သည်။

အတွေးများက စိတ်ထဲဖြတ်သန်းသွားသည်နှင့် ခီမီရော့မှာ အသက်ပြင်းပြင်းရှူရင်း အမုန်းတရားကို ဖိနှိပ်ထားလိုက်သည်။ ထို့နောက် ရိုးသားဟန်ပေါ်အောင် ဖြစ်ညှစ်ပြုံးလျှက် ရှုယီထံသွားကာ အသံကိုမြှင့်၍ပြောလာ၏၊ "ဥက္ကဌရှု၊ ကျုပ်က ခင်ဗျားမလာရဲလောက်ဘူးလို့ထင်နေတာ။"

မလာရဲဘူး?

၎င်းကိုကြားသော် စင်အောက်ရှိ လူတိုင်းက ခီမီရော့ကို ထူးဆန်းစွာကြည့်လာကြသည်။

ဒီ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌက အတော်လေး မာနကြီးလွန်းမနေဘူးလား?

သူက တကယ်ပဲ ရှုယီကို မလာရဲလောက်ဘူးလို့ ပြောတယ်ပေါ့? ဘာလို့သူက မလာရဲမှာလဲ?

ရှုယီက လုံးဝဂရုမစိုက်ဘဲ လူများဖွင့်ပေးသည့်လမ်းမှ တဆင့် စင်မြင့်ဆီရောက်လာသည်။ ထို့နောက် ခီမီရော့ကို တအံ့တဩကြည့်ကာ၊ "ခီမီရော့, မတွေ့တာကြာပြီနော်။ မင်းက ဒီ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး၊ တကယ်အံ့ဩစရာပဲ။"

၎င်းတို့ နံဘေးရှိ လူများက ပိုလို့ပင် အံ့ဩသွားရသည်။

«ခမာတိုင်းမ်စ်»၏ ဒုအယ်ဒီတာချုပ်ရိုင်းန်က ရှုယီကို မနေနိုင်ဘဲ မေးလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားနဲ့ ဥက္ကဌရှုတို့က တစ်ယောက်နဲ့ တစ်ယောက်သိကြတာလား?"

ရှုယီက အသာပြုံးကာ ခေါင်းငြိမ့်သည်၊ "ဟုတ်ပါတယ်၊ ကျုပ်တို့တွေ ကမ်မီလာမှော်မျှော်စင်မှာ အတူတူအလုပ်လုပ်ခဲ့ဖူးပြီး ဓာတ်ခွဲခန်းလည်း အတူတူကျခဲ့တယ်လေ။"

ရှုယီ၏အဖြေကို ကြားသော် အားလုံး ငြိမ်ကျသွားကြ၏။

ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းကို မတည်ထောင်ခင်က မဟာမှော်ပညာရှင် ကမ်မီလာ၏လက်အောက်၌ အချိန်တချို့ကြာ အလုပ်လုပ်ခဲ့သည်ကို လူတိုင်းကသိကြသော်လည်း ခီမီရော့က ရှုယီနှင့် ဓာတ်ခွဲခန်းတစ်ခုတည်း၌ အတူတူ အလုပ်လုပ်ခဲ့မည်ဟုတော့ မထင်ထားခဲ့ပါချေ။

သို့သော် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းကိုဆက်ဆံပုံနှင့် ခီမီရော့၏ ရှုယီအပေါ်သဘောထားကိုကြည့်လျှင် ထိုနှစ်ဦးအကြား၌ ဆက်ဆံရေးမကောင်းသည်ကို မြင်နိုင်သည်။

ခီမီရော့လည်း အသာခေါင်းငြိမ့်လျက် နှာခေါင်းရှုံ့ကာ ပြောလာ၏၊ "ဥက္ကဌရှု ဒီမှာ ခင်ဗျားကို အံ့ဩစေလောက်တဲ့ အရာတွေရှိတယ်။ ခင်‌ဗျားသာ ကျုပ်တို့ လုပ်ငန်းစုရဲ့ ထုတ်ကုန်အသစ်ကိုမြင်ရင် မေးရိုးပြုတ်ကျလောက်အောင် အံ့ဩသွားလိမ့်မယ်။"

စင်မြင့်အောက်ရှိလူများက မနေနိုင်ဘဲ အံ့ဩသွားကြသည်။

ထို ခီမီရော့၏ အခြားသော အမြင်များမဆိုထားနှင့် သူ၏ အရှိန်အဝါကပင် အင်မတန်သေးနုပ်လှသည်။

ရှုယီက ရောက်သွားချိန်၌ ၎င်းတို့၏ ဆက်ဆံရေးဟောင်းများကို ပြောဖို့ကြိုးစားပါသော်လည်း ထိုလူပြောလာသည့်စကားလုံးတိုင်း၌ ဖုံးကွယ်ထားသည့်သဘောထားများပါရှိလေရာ လူများကို မသက်မသာဖြစ်စေသည်။

"အိုး? ခန့်မှန်းကြည့်ရအောင်၊ ခင်ဗျား ကြေညာမယ့် ထုတ်ကုန်က ဘာပါလိမ့်။ အမ်း..." ရှုယီက အတန်ကြာ တွေးတောနေဟန်ပြုပြီး ခေါင်းငြိမ့်ကာ ပြောလာသည်၊ "ဟုတ်ပြီ၊ ကျုပ်ခန့်မှန်းလို့ပြီ။ ခင်ဗျားမကြာခင် ကြေငြာမယ့် ထုတ်ကုန်က မှော်ရေနွေးအိုး မဟုတ်လား?"

အားလုံးက မှင်တက်သွားကြ၏။

ရှုယီက သာမန်ကာလျှံကာ ခန့်မှန်းလိုက်ခြင်းဆိုလျှင် အဆင်ပြေပြီး မည်သူကမှ ၎င်းကို စစ်မှန်သည့်တစ်စုံတရာအဖြစ် သတ်မှတ်မည်မဟုတ်ပေ။ ဒါက အရမ်းတိုက်ဆိုင်လွန်းမနေဘူးလား?

အားလုံးက ခီမီရော့ကိုပြန်ကြည့်လိုက်သော် သူ့ထံ၌လည်း ထိတ်လန့်အံ့အားသင့်ကာ မယုံကြည်မှုများနှင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။

၎င်းက အားလုံးကိုအံ့ဩသွားစေ၏။ ခီမီရော့၏တုံ့ပြန်မှုအရ ရှုယီက မှန်ကန်သည်လား?

ဒါက ဒီတိုင်း ခန့်မှန်းလိုက်တာပဲမဟုတ်ဘူးလား?

အားလုံးက မနေနိုင်ဘဲ ရှုယီကိုပြန်ကြည့်လိုက်ရာ သူ၏အပြုံးများ၌ ယုံကြည်ချက်အပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းက သူပြောခဲ့သည်မှာ ခန့်မှန်းချက်တစ်ခုသာမဟုတ်ဘဲ အချက်အလက်ဖြစ်နေသလိုပင်။

၎င်းကိုမြင်သော် စိတ်မြန်သူများက ခန့်မှန်းလာကြတော့သည်။

နှစ်ဘက်စလုံး၏ တုံ့ပြန်ချက်အရ ရှုယီမှာ ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်အသစ်အကြောင်းသိနေပြီးဖြစ်ပုံရသဖြင့် ၎င်းတို့၏ ထုတ်ကုန်ကြေငြာပွဲ၌ပေါ်လာရန် ထိုမျှ အေးဆေးနေခြင်းဖြစ်လောက်သည်။

သို့သော် သူက မည်သို့များသိနေရသနည်း?

ခီမီရော့က ထိုမေးခွန်းကို အမှန်တကယ်မေးလိုက်ချင်ပါသော်လည်း ဤသို့သောအချိန်၌ လူတိုင်းရှေ့တွင် မမေးနိုင်ချေ။

သို့သော် သူ'မမေးပါလျှင်တောင် စင်အောက်ရှိလူများက သူဖြေမလာသည်ကိုမြင်ချိန်၌ မထိန်းနိုင်ဘဲ ဆက်မေးလာကြသည်။

ရိုင်းန်က အသံကျယ်ကျယ်ဖြင့်မေးလာ၏၊ "ဥက္ကဌခီမီရော့, ကျေးဇူးပြုပြီးဖြေပေးပါဦး၊ တကယ်ပဲ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန်သစ်က ဥက္ကဌရှုပြောခဲ့တဲ့ မှော်ရေနွေးအိုးများလား?"

လူတိုင်း၏မျက်လုံးများက ခီမီရော့ဆီ ကျရောက်လာသည်။

ခီမီရော့က ရှုယီကို အတန်ကြာငေးကြည့်နေပြီး အားတင်းပြုံးလျက် အသက်ပြင်းပြင်းရှူလိုက်သည်။

သူဟာ ထိုထုတ်ကုန်ကြေညာပွဲအတွက် လဝက်ကျော်ကြာ ပြင်ဆင်ခဲ့သည့်အတွက် အင်မတန်သေချာနေပါသည်။ သူက မြေပြင်ကိုပါဆင်း၍ ဘန်တာမြို့နှင့် အနီးအနားမြို့များထံမှ လူတိုင်း၏အာရုံကို အောင်အောင်မြင်မြင်ဆွဲဆောင်ခဲ့ရသည်မှာ ဤထုတ်ကုန်ပြပွဲ၌ အံ့အားသင့်ဖွယ်လေးတစ်ခု ဖန်တီးရန်သာဖြစ်သည်။

သို့ရာ၌ ရှုယီဆီမှ 'မှော်ရေနွေးအိုး'ဟူသည့် အမည်ထွက်ပေါ်လာချိန်တွင် ထုတ်ကုန်ကြေညာပွဲရှိ လူတိုင်း၏ အံ့အားသင့်မှုတို့ ပျောက်ကွယ်သွားကြသည်။

၎င်းကိုစဉ်းစားကြည့်ရင်း ခီမီရော့၏စိတ်နှလုံး၌ ရှုယီအား ပိုမိုမုန်းတီးမှုများပြည့်နှက်လာတော့သည်။

ဒီကောင်၊ ဘာလို့သူကြိုးကြိုးစားစားလုပ်ခဲ့သမျှကို အဲ့လူက လွယ်လွယ်လေး ဖျက်ဆီးခဲ့ရတာလဲ?

သို့သော် ယခုက ရှုယီထံ မုန်းတီးပြရမည့် အချိန်ကောင်းမဟုတ်ပေ။ စင်အောက်ရှိ လူတိုင်း၏ အကြည့်များကိုမြင်သော် ခီမီရော့က မိမိကိုယ်ကိုအတင်းဖိအားပေးပြုံးလျက် ခေါင်းငြိမ့်ကာ ပြောလာနေသည်၊ "ဥက္ကဌရှုက ကျုပ်တို့လုပ်ငန်းစုကို တကယ်ဂရုစိုက်တာပဲ၊ ကျုပ်ကြေညာတော့မယ့် ထုတ်ကုန်ကိုတောင် တကယ်ကြီးသိနေသေးတယ်။ ကြည့်ရတာ ကျုပ်လည်း ပြန်သွားပြီ ဒီသတင်းကို ဘယ်သူကများ မတော်တဆ ဖော်ခဲ့မိလဲ မေးကြည့်ရမယ့်ပုံပဲ။"

လူတိုင်းက ရှုယီကို တဖန်ကြည့်လာကြပြန်၏။

ခီမီရော့က ရှုယီ၏ခန့်မှန်းချက်ကို အတည်ပြုလိုက်သော်လည်း သူ့စကားများ၏အဓိပ္ပာယ်က ရှုယီအနေနှင့် ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏လျှို့ဝှက်ချက်များကို ခိုးယူနေသည်ဟု ယိုးစွပ်နေ၏။

ရှုယီ၏အမူအရာကလည်း လုံးဝပြောင်းမသွားသလို တုံ့ပြန်မလာဘဲ မဖွင့်ရသေးသည့် ဘူးကိုညွှန်ပြကာ ပြောလေ၏၊ "ဥက္ကဌခီမီရော့, အရင်ဆုံး ကျုပ်တို့ကို ဒီထုတ်ကုန်ကြေငြာပွဲရဲ့ကြယ်ပွင့်ကို ကြည့်ခွင့်ပေးပါဦး။"

ရှုယီက ပြန်လည်ငြင်းခုံမလာရာ ခီမီရော့လည်း ဆက်မပြောနိုင်တော့ချေ။ သူက ရှုယီကို အသေအချာကြည့်ပြီးမှ တစ်ဘက်လှည့်၍ ဘူးကိုဖွင့်ရင်း အိမ်ထောင်စုများစွာ၌ အသုံးပြုသော ငွေရောင်ရေနွေးအိုးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

ထိုပစ္စည်း၏ သွင်ပြင်ကိုမြင်သော် လူတိုင်းက ခီမီရော့၏ မိတ်ဆက်ပေးမှုကို မလိုတော့ဘဲ ရှုယီ၏ခန့်မှန်းချက်မှန်ကြောင်း နားလည်သွားကြသည်။

ခီမီရော့ပြောခဲ့သည့် ထိုကာလသတ်မှတ်ခြင်း မှော်စက်မှာ တကယ်ကို မှော်ရေနွေးအိုးပင်။

မျှော်လင့်ထားသလိုပင် ခီမီရော့က ထိုအရာကိုမြှောက်လျက် ၎င်း၏ အသုံးပြုပုံကို ကျယ်လောင်စွာ ရှင်းပြလာသည်။

သူ၏စကားလုံးများက စိတ်လှုပ်ရှားဖွယ်ကောင်းကာ စိတ်အားထက်သန်လှသော်လည်း ၎င်းမတိုင်ခင်က ရှုယီမှာ ၎င်း၏နာမည်ကိုထုတ်ပြောခဲ့ပြီး ထင်းမီးသုံးက ရေကျိုရန် မလိုသည့် မှော်ရေနွေးအိုးကလည်း မထူးကဲလှလေရာ လူများက ပျင်းပျင်းရိရိသာနားထောင်လျက် ခီမီရော့နှင့်အတူ လုံးဝလိုက်ပါမလာကြချေ။

ခီမီရော့က အားလုံးထံ၌ရှိသည့် တုံ့ပြန်ချက်များကို ကောင်းကောင်းမြင်နိုင်သော်လည်း မည်သည်ကိုမှမလုပ်နိုင်ပေ။

ရှုယီသာ ပေါ်မလာခဲ့လျှင် သူ၏ စကားပြောကောင်းခြင်းနှင့် ထိုမှော်ရေနွေးအိုး၏ဆန်းသစ်မှုတို့ကြောင့် အားလုံး၏ အာရုံစိုက်မှုကို ရနိုင်ကာ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအတွက် နာမည်ပါ ရယူနိုင်မည်ဖြစ်သည်။

သို့သော် ရှုယီပေါ်လာပြီးနောက် စကားလေးတချို့ပြောလိုက်ရုံနှင့် ထိုထုတ်ကုန်ကြေငြာပွဲ၏ လွှမ်းမိုးမှုက အောက်သို့ကျသွားရတော့သည်။

လူတိုင်းက သူ၏ မှော်ရေနွေးအိုးမိတ်ဆက်ခြင်းအပေါ်စိတ်မဝင်စားကြတော့သည်အား ကြည့်ရင်း ခီမီရော့မှာ အချိန်အတော်ကြာပြင်ဆင်ခဲ့ရသည့် မိတ်ဆက်စာရှည်ကြီးကို အပြီးသတ်လိုက်ရုံသာ တတ်နိုင်သည်။ မျက်တောင်တစ်ခတ်စာအတွင်း သူက စင်အောက်ရှိ ရှုယီကို ရုတ်တရတ်မေးလာသည်၊ "ဥက္ကဌရှု၊ ဒီမှော်ရေနွေးအိုးအတွက် အကြံလေးတချို့များရှိလား? ဒါကို နှမျောစရာပဲလို့တော့မထင်ဘူးမို့လား?"

"ဘာက နှမျောစရာများလဲ?" ရှုယီက သူ၏ အပြုံးရေးရေးလေးကို ဆက်ထိန်းလျက်ပြန်မေးသည်။

မည်သူကမှ သူ၏ ပြဇာတ်ကြည့်နေသလို၊ မျောက်ပွဲကြည့်နေသယောင် အပြုံးမျိုးကို သတိမပြုမိကြချေ။

ခီမီရော့လည်း သူ၏အပြုံးထဲရှိ နက်နဲသောအဓိပ္ပာယ်ကိုသတိမထားမိဘဲ ဝင့်ကြွားစွာပြောလာသည်၊ "ဒီမှော်ရေနွေးအိုးကို လုပ်ဖို့က မရှုပ်ထွေးပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက မတွေးမိခဲ့တော့ ကျုပ်တို့ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းကနေ အရင်ထုတ်လုပ်လာရတာပေါ့။ မှော်စက်သုတေသနလုပ်ရာမှာ ရှေ့ဆောင်လို့ အသိမှတ်ပြုခံထားရတဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌအနေနဲ့ ဒါက နှမျောစရာလေးလို့ မထင်ဘူးလား?"

ရှုယီလည်း ပခုံးတွန့်လျက် သက်ပြင်းချကာပြောလာသည်၊ "ကျုပ်တကယ်ပဲ နှမျောစရာလို့ထင်ပါတယ်၊ ဒါပေမယ့် ကျုပ်သနားတာက Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီမှော်ရေနွေးအိုးကို အရင်မတီထွင်ခဲ့တာကြောင့် မဟုတ်ဘဲ ခင်ဗျားကို နှမျောတာပါ ခီမီရော့။"

ခီမီရော့နှင့် စင်အောက်ရှိလူများက ငြိမ်သက်သွားကြသည်။

"ကျုပ်ကိုနှမျောတယ်?" ခီမီရော့က ရှုယီကို ရှုပ်ထွေးစွာကြည့်လိုက်ရင်း၊ "ဘာနှမျောစရာရှိလို့ဘဲ?"

"မဟာမှော်ပညာရှင်ကမ်မီလာက ခင်ဗျားရဲ့ မှော်ပညာပါရမီကို ချီးကျူးခဲ့ပေမယ့်လည်း ခင်ဗျားက မှော်ပညာကိုကောင်းကောင်းမလေ့လာခဲ့လို့ နှမျောမိတယ်။ ခင်ဗျားဆီမှာ မှော်စက်တွေနဲ့ပတ်သက်တဲ့အကြံဉာဏ်အတော်များများရှိပြီး မှော်စက်တွေလေ့လာ‌ဖို့ အရည်အချင်းအတော်ရှိပေမယ့်လည်း တကယ်တမ်း မှော်စက်တွေကိုလေ့လာဖို့ အာရုံမစိုက်ခဲ့တာကိုလည်း နှမျောတယ်။ ခင်ဗျားရဲ့ အကျင့်စရိုက်က နည်းနည်းလေးမှားနေပြီး အကျင့်စရိုက်ဆိုးတဲ့လူမဟုတ်ပေမယ့်လည်း သူခိုးတစ်ယောက်နဲ့ အရှက်မဲ့လူလိမ်ဖြစ်သွားခဲ့တာက တကယ်ကို နှမျောစရာပါပဲ။"

ရှုယီ၏ နှေးကွေးကာ ရှင်းလင်းသည့်စကားလုံးများက ခန်းမကိုပျံ့နှံ့သွားစေရာ လူတိုင်းကို ကြောင်အသွားစေသည်။

ရှေ့ပိုင်းစကားလုံးများက ရှုယီမှ ခီမီရော့၏အရည်အချင်းများကို နှမျောနေခြင်းဟု ယူဆနိုင်သော်လည်း နောက်ဆုံးစကားလုံးများကမူ ခီမီရော့ကို ရှင်းရှင်းလင်းလင်း စွပ်စွဲနေခြင်းပင်။

ခီမီရော့လည်း ကြောင်အသွားပြီးမှ ရှုယီကို ဒေါသတကြီးပြောလာသည်၊ "ဥက္ကဌရှုက ဘာကိုသုံးသပ်ပြီး ကျုပ်ကို သူခိုး၊ လူလိမ်လို့ စွပ်စွဲရတာလဲ? ခင်ဗျားမှာ ဘာသက်သေမှမရှိရင် ကျုပ်ရဲ့ မကျေနပ်ချက်ကိုချပြဖို့ ခင်ဗျားကျုပ်ကို အသရေဖျက်နေကြောင်း ဘန်တာမြို့ပြည်သူ့တရားရုံးကို တင်ပြလိုက်မှာ!"

"သက်သေ?" ရှုယီက အသာပြုံးကာ၊ "ခင်ဗျား ကျုပ်ကို တကယ်ပဲ ထုတ်ပြစေချင်နေတာလား?"

ခီမီရော့က အနည်းငယ်အံ့ဩသွား၏။ ရှုယီ အပြုံးကိုမြင်သော် သူဟာ ရှုယီ၏ထောင်ချောက်ထဲကျသွားသည့်ပုံပေါ်သည်ကို တွေ့ရှိသွားသည်။

သို့သော် လက်ရှိတွင် သူ့ထံ၌ ထွက်လမ်းမရှိလေရာ စိတ်ကိုသာခိုင်ခိုင်ထားလျက် ပြောလိုက်သည်၊ "အဟုတ်ပဲ! ခင်ဗျားသာ သက်သေထုတ်မပြနိုင်ရင် ခင်ဗျားရဲ့ အသရေဖျက်မှုကို တင်ပြပြီး ပြည်သူ့တရားရုံးမှာ ကျုပ်အတွက် တရားမျှတမှု ယူခိုင်းလိုက်မယ်!"

"တရားမျှတမှု?" ရှုယီက အေးစက်စက်နှာခေါင်းရှုံ့ကာ၊ "ခင်ဗျားက ဒီလိုပြောဖို့ မထိုက်တန်ဘူးလေ! ခင်ဗျားသာ တရားမျှတမှုလိုချင်ရင် ဒီမှော်ရေနွေးအိုးကို ထုတ်လုပ်ဖို့ အလုပ်ကြိုးစားခဲ့ကြတဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သုတေသနပညာရှင်တွေအတွက် တရားမျှတမှုကရော? သူတို့အနေနဲ့ ဒီပစ္စည်းကို ထုတ်လုပ်ဖို့ အချိန်နဲ့ အားထုတ်မှုပမာဏကြီးကြီးမားမားပေးဆပ်ခဲ့ရပေမယ့် အရှက်မဲ့သူခိုးလေးတစ်ယောက်ဆီမှာ အခိုးခံလိုက်ရပြီး အဲ့သူခိုးလေးက ဒီလိုလူတွေအားလုံးရှေ့မှာတောင် သူ့ဘာသာ ထုတ်လုပ်ခဲ့တဲ့ ပစ္စည်းလိုကြေငြာနေသေးတယ်! ခင်ဗျားက ဒါကို မျှတတယ်လို့ တကယ်ထင်နေတာလား?"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၆၈။ သက်သေ

ရှုယီ၏ ကြမ်းကြမ်းတမ်းတမ်းစကားများကိုကြားသော် ခန်းမထဲရှိ လူများ ထိတ်လန့်သွားကြသည်။

ခီမီရော့က ရှုယီကိုဆန့်ကျင်ပြီး ရှုယီက ခီမီရော့အပေါ်မယဉ်ကျေးသည်မှာ နှစ်ဦးကြားက ကတောက်ကဆဟုသာ ထင်ခဲ့ကြသည်။ သို့သော် ရှုယီ၏အပြောအရ ထိုခီမီရော့မှာ ၎င်းနည်းပညာကို Frestech ကုန်သည်ကြီးများအသင်းထံမှ ခိုးယူသွားခဲ့သည့် သူခိုးနှင့် လူလိမ် တစ်ဦးသားဖြစ်ပေသည်!

အားလုံးက ရှုယီကို ငေးကြည့်လာကြပြီးနောက် ခီမီရော့ကိုကြည့်လိုက်ကြသည်။

«ခမာတိုင်းမ်စ်»၏ ဒုအယ်ဒီတာချုပ်ရိုင်းန်က အမြန်ဆုံးတုံ့ပြန်လိုက်ကာ ခီမီရော့ကို ချက်ချင်းအသံကျယ်ကြီးဖြင့် မေးလာသည်၊ "ဥက္ကဌခီမီရော့, ဥက္ကဌရှုပြောတာ အမှန်ပဲလား?"

အခြားလူများကလည်း ထိုအချိန်၌ လှုပ်ရှားလာကြပြီး ခီမီရော့ထံ ကျယ်လောင်စွာ အမေးပြုလာကြတော့သည်။

"ဥက္ကဌခီမီရော့, ဒီမှော်ရေနွေးအိုးအတွက် နည်းပညာကို တကယ်ပဲ Frestech ကုန်သည်ကြီးများအသင်းဆီကနေ ခိုးလာတာလား?"

"ဥက္ကဌခီမီရော့, ဒါသာ အမှန်ဆိုရင် ခင်ဗျားတို့ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းကနေ ထုတ်လုပ်ခဲ့တဲ့ တခြားမှော်စက်တွေကလည်း Frestech အမှတ်တံဆိပ်လို တူညီတဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ချက်ရှိနေတာက ဒီခိုးယူလာတဲ့နည်းပညာကြောင့်လား?"

"ဥက္ကဌခီမီရော့......"

.......

လူတိုင်း၏စိတ်ထဲ၌ ရှုယီကို သဘာဝကျစွာပင် ယုံကြည်ကြသည်။

၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းက တည်ထောင်စဉ်ကတည်းက ရှင်းလင်းသည့်ချပြမှုများရှိခဲ့‌ခြင်းကြောင့်ဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်းသာ မရှိခဲ့လျှင် မှော်စက်များလည်းရှိလာမည်မဟုတ်ဟု ဆိုနိုင်ပေ၏။

တစ်နှစ်ကြာပြီးနောက် လူတိုင်း၏စိတ်ထဲတွင် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်များနှင့် ညီမျှပေသည်။

မှော်စက်များနှင့်ပတ်သက်သည့် ပြဿနာတစ်ခုရှိလာလျှင် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းကို ရွေးချယ်ယုံကြည်ပြီး ရှုယီကို ယုံကြည်ကြမည်သာ။

ရှုယီမှ ခီမီရော့နှင့် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအား Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာကို ခိုးယူထားကြောင်း စွပ်စွဲပြီးနောက်တွင် အားလုံးက လက်ခံလိုက်ကြသည်။ ၎င်းတို့အားလုံးက ခီမီရော့ကို မေးခွန်းများစတင်ထုတ်လာကြ၏။

ခီမီရော့က ရှုယီကို ဖြူဖျော့စွာကြည့်လိုက်သည်။

ရှုယီ၏ထောက်ပြမှုက မှန်ကန်ပြီး စင်အောက်မှ လူများ၏ မေးခွန်းများကလည်း မမှားကြောင်း သူသိလေသည်။

ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအနေနှင့် Frestech အမှတ်တံဆိပ်နှင့် အရည်အသွေးတူ မှော်ပန်ကာ၊ အလိုအလျောက်မှော်ထမင်းပေါင်းအိုးတို့ကို ထုတ်လုပ်နိုင်ခဲ့ခြင်းမှာ ရမ်ခိုးယူခဲ့သည့် သုတေသနကြောင့်ပင်။ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းက ထိုမှော်စက်များကို ပြုလုပ်ချိန်တွင် အသေးစိတ်ကျသည့် အချက်အလက်များရှိနေရာ ၎င်းတို့ထုတ်လုပ်သည့် မှော်စက်များကလည်း Frestech အမှတ်တံဆိပ်နီးနီးတူညီနေခြင်းဖြစ်၏။

သူ ဖြန့်ချီဖို့ ပြင်ဆင်ထားခဲ့သည့် ထိုမှော်ရေနွေးအိုးကိုလည်း သဘာဝကျကျပင် ရမ်ခိုးယူခဲ့သည့် သုတေသနနှင့် ၎င်းတို့ကိုယ်တိုင်ပြုလုပ်ထားသည့် သုတေသနအပေါ် မူတည်ကာ ထုတ်လုပ်ခဲ့ခြင်းပင်။

ရမ်သာ Frestech ကုန်သည်ကြီးများအသင်းထံမှ ၎င်းမှာ မှော်စက်သုတေသနကို မခိုးယူခဲ့လျှင် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအနေနှင့် မှော်စက်လေးတစ်လုံးတောင် ထုတ်နိုင်လိမ့်မည်မဟုတ်ဟု အဓိပ္ပာယ်ရ၏။

သို့သော် ယခု သူက ရှုယီ၏ အစွပ်စွဲခံထားရပြီး လူတိုင်း၏ မေးခွန်းထုတ်ခြင်းကိုခံနေရရာ ခီမီရော့က ၎င်းကို မည်သို့ ဝန်ခံနိုင်မည်နည်း?

သူက စင်အောက်ရှိလူများအား အရုပ်ဆိုးစွာကြည့်လျက် အသံမြှင့်ကာ ပြောလိုက်သည်၊ "ဒါက အ‌သရေဖျက်တာပဲ! ဒါက အရှက်မဲ့ အသရေဖျက်နေတာ! ဥက္ကဌရှု၊ ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်ခဲ့ပြီး ခင်ဗျားကလည်း Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဆိုတော့ မှော်စက်တွေမှာဆိုရင် ခင်ဗျားမှာအကြံတချို့‌ရှိလောက်မယ်ထင်လို့ ကျုပ်တို့လုပ်ငန်းစုရဲ့ ထုတ်ကုန်ကြေညာပွဲဆီဖိတ်လိုက်ရတာပဲ။ ခင်ဗျားက ဒီလူတွေအားလုံးရှေ့မှာ ကျုပ်ကို အရှက်မရှိ အသရေဖျက်မယ်လို့ မထင်ထားခဲ့မိဘူး! ခင်ဗျားကိုကျုပ် တကယ်စိတ်ပျက်သွားပြီ! ခင်ဗျားက ကျုပ်ကို သူခိုး၊ လူလိမ်လို့ပြောခဲ့ပေမယ့် သက်သေက ဘယ်မှာလဲ? ခင်ဗျားဆက်ပြောနေရင်တောင် ဘာသက်သေမှမရှိတော့ လူတွေက ခင်ဗျားကို ယုံမယ်လို့ထင်နေတာလား?"

"ငါမင်းကို မေးပြီးပြီ၊ မင်းအနေနဲ့ သက်သေထုတ်ပြစေချင်တာ သေချာလား?" ရှုယီက အသာပြုံးလျက်ပြောသည်။

"ဒါပေါ့! ခင်ဗျားက အားလုံးအရှေ့မှာ ကျုပ်ကို အရှက်မရှိစွပ်စွဲထားတော့ သက်သေထုတ်ပြဖို့ မရဲတာများလား?" ခီမီရော့က အသံစူးစူးဖြင့်ဆို၏၊ "လာပါ၊ ခင်ဗျားသာ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းဆီကနေ နည်းပညာခိုးယူခဲ့တဲ့ သက်သေကိုထုတ်ပြနိုင်ခဲ့ရင် ကျုပ်တို့ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းကို ပိတ်မယ်လို့ ကတိပေးတယ်။ ကျုပ် ခီမီရော့က မှော်စက်မှုနယ်ပယ်ကထွက်သွားပြီး ခင်ဗျားရှေ့ ဘယ်တော့မှ ထွက်မလာတွေ့တော့ဘူး။"

ရှုယီလည်း ခီမီရော့အား ဟာသတွေ့လိုက်ရသည့်နှယ်ကြည့်ကာ၊ "ဂဲလက်ထ်ကုန်သည်ကြီးများအသင်းကို ပိတ်မယ်? မှော်စက်မှုနယ်ပယ်ကနေထွက်သွားမယ်? ခီမီရော့, ခင်ဗျားကလေ ကိုယ့်အပေါ်ကိုယ်အရမ်းကောင်းတာပဲ။ ဟုတ်ပြီ ဒါကိုအရင်မပြောဘဲနေလိုက်ရအောင်၊ ခင်ဗျားက သက်သေလိုချင်တယ်ပေါ့? ကောင်းတယ်၊ ဒါဆို သက်သေပေးရမှာပေါ့။ လာပြီး ခင်ဗျားလက်ထဲက မှော်ရေနွေးအိုးကိုကိုင်ပေးပါဦး၊ မပျက်စီးစေနဲ့နော်။ ပြောပြဦးမယ်၊ ခင်ဗျားမှာ ဒီမှော်ရေနွေးအိုးအကြောင်း မသိတာတွေများလောက်မယ်။"

"ဥပမာပြောရရင်၊ ဒီမှော်ရေနွေးအိုးရဲ့ တတ်နိုင်စွမ်းက တစ်လီတာပဲရှိတော့ ရေ တစ်ကီလိုဂရမ်နဲ့ညီမျှတယ်။ ဒါကိုငြင်းဖို့ မလောပါနဲ့ဦး၊ ခင်ဗျားလက်ထဲက မှော်ရေနွေးအိုးအနေနဲ့ ရေ တစ်ကီလိုဂရမ်ထက် ပိုပြီး သုံးလို့ရနိုင်တယ်လို့ ခင်ဗျားပြောချင်တာကို သိပါတယ်၊ ဒါပေမယ့် ခင်ဗျားက မှော်ရေနွေးအိုးအတွက်သုံးထားတဲ့ ထိပ်ဖျားက ဇကာကွက်‌လေး(ရေစစ်)ကို ဘာမှန်းမသိဘူး။ ကျုပ်ပြောပြမယ်၊ ခင်ဗျားသာ ဒီကတစ်ဆင့် မှော်ရေနွေးအိုးထဲ ရေလောင်းထည့်မယ်ဆိုရင် တစ်ကီလိုဂရမ်အပြည့်ဖြစ်လိမ့်မယ်။ ဒီအသုံးပြုမှုအပြင် ဒီဇကာက မှော်ရေနွေးအိုးထဲဝင်လာနိုင်မယ့် တခြားအမှုန်အမွှားတွေကို သန့်စင်နိုင်ပြီး ရေကို သန့်ရှင်းအောင်လုပ်ပေးတယ်။"

"ဒီဇကာကွက်အပြင် အားလုံး သတိပြုမိလောက်မယ်လို့ကျုပ်ထင်ပါတယ်။ ဥက္ကဌခီမီရော့ရဲ့လက်ထဲက ဒီမှော်ရေနွေးအိုးပေါ်မှာရှိတဲ့ ရေနွေးကရားက သာမန်ရေနွေးအိုးထက် ပိုပြီးရှည်နေတယ်။ တကယ်တော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဒီဇိုင်းမှာ ဒီကရားက အပေါက်သေးလေးဖွင့်ဖို့ဖြစ်ပြီး အလှကိုလည်း ထိခိုက်စေမှုမဖြစ်နိုင်တော့ဘူး။ ကျုပ်ထင်တာတော့ အားလုံးပဲ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်ကုန်ဒီဇိုင်းကို အင်မတန်အလေးထားမှန်းသိကြမှာပါ။ ကျုပ်တို့ရဲ့ ဆောင်ပုဒ်ကိုက သုံးရလွယ်ပေမယ့်လည်း လှပရမယ်လေ။"

"နောက်ပြီး ခွက်ရဲ့ ဒီဇိုင်းကိုပြောကြတာပေါ့။ ဒီခွက်ကို စက်ဝိုင်းခြမ်းပုံစံလုပ်ထားတာကို တွေ့ကြမှာပါ၊ ဒါပေမယ့် ဘာလို့ ဒီလိုဒီဇိုင်းဆွဲထားတာလဲ? တကယ်တမ်း အဲ့ဒါက..."

.......

ရှုယီမှ ခီမီရော့လက်ထဲရှိ မှော်ရေနွေးအိုး၏ထူးခြားချက်များကို ထောက်ပြရင်း တစ်ခုပြီးတစ်ခု စာရင်းလုပ်ပြနေသည့်အချိန်၌ ခီမီရော့၏မျက်နှာက ကြည့်ရအတော်ဆိုးလာသည်။

လူတိုင်း၏မျက်နှာရှိ သံသယမှာ နားလည်မှုအဖြစ်စတင်ပြောင်းလဲလာ၏။

ရှုယီ၏ ထိုမှော်ရေနွေးအိုး သုံးသပ်ချက်မှာ အင်မတန် တိကျ၍ ယုတ္တိကျလှသည်။ သူပြောခဲ့သည့် အသေးစိတ်အချက်များကိုပါထည့်ပေါင်းလိုက်သော် သူက ထိုမှော်ရေနွေးအိုးကို နက်နက်နဲနဲနားလည်‌ထားသည်ဟု ယုံကြည်သွားကြတော့၏။ ၎င်းက ခီမီရော့ မိတ်ဆက်ပေးခဲ့သည်နှင့် အတော်လေးကွာလှသည်။

၎င်းတို့ ရှုယီ၏ခပ်ဖြေး‌ဖြေးသုံးသပ်ချက်ကို နားထောင်နေစဉ်တွင် အားလုံးက ထိုမှော်ရေနွေးအိုးအား Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်ထားကြောင်း သေချာလာကြသည်။ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းနှင့်ခီမီရော့က Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာကိုခိုးယူကာ အရင်ဆုံးဖြန့်ချဖို့လုပ်ခဲ့သည်ပင်။

ဆယ်မိနစ်ကျော်မျှပြောပြီးနောက် ရှုယီလည်း ရပ်လိုက်တော့သည်။ အနည်းငယ်ရပ်တန့်နေပြီးသည်တွင် ခီမီရော့၏ မျက်နှာဖျော့ဖျော့ကိုကြည့်ကာ ပြောလာသည်၊ "ဥက္ကဌခီမီရော့, ကျုပ် သက်သေအလုံအလောက်ပေးခဲ့တယ်လို့ ထင်လား?"

ခီမီရော့က မျက်လုံးများလှိမ့်လျက် ဆက်ပြောလာသည်၊ "ဒါကိုဘယ်လိုလုပ် သက်သေလို့ယူဆနိုင်မှာလဲ? ခင်ဗျားက မှော်ရေနွေးအိုးရဲ့ လက္ခဏာတချို့ကိုပဲ ပြောခဲ့တာလေ၊ ဘယ်လိုလုပ် ကျုပ်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာကိုခိုးခဲ့တဲ့ သက်သေလို့ သတ်မှတ်ရမှာလဲ? ကျုပ်သာ တစ်ခုခုပြောရရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကသာ ကျုပ်တို့ရဲ့ သုတေသနပညာရှင်တစ်ယောက်ယောက်ဆီကနေ ဒီအသေးစိတ်တွေ အစ်ထုတ်လာတာဖြစ်ရမယ်။ အခု ခင်ဗျားက ရောက်လာပြီး Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာကို ခိုးယူတာပါလို့ ကျုပ်ကိုစွပ်စွဲနေသေးတယ်။ ဥက္ကဌရှု၊ ခင်ဗျားက ဒီလိုအရှက်မဲ့ပြီး ကျိုးကြောင်းမသင့်တဲ့လူလို့ ထင်မထားခဲ့မိဘူး!"

ခီမီရော့၏စကားလုံးများကိုကြားသော် စင်အောက်ရှိ ဘယ်သူကမှ မယုံကြပါသော်လည်း မနေနိုင်ဘဲ ရှုယီကိုကြည့်ကာ မည်သို့သော အဖြေပေးလာမည်‌အား စောင့်ဆိုင်းနေကြသည်။

"ဘာလဲ? မင်းက ဝန်မခံချင်သေးဘူးလား?" ရှုယီလည်း ပြုံးလျက် ခေါင်းခါလိုက်သည်။ ထို့နောက် ခီမီရော့လက်ထဲရှိ ရေနွေးအိုးကို ညွှန်ပြကာ ပြော၏၊ "ဟုတ်ပြီ၊ ကျုပ် ခင်ဗျားကို နောက်ဆုံးသက်သေပေးပြီး စိတ်ပျက်ခွင့်ပြုလိုက်မယ်။ ခီမီရော့, ခင်ဗျားက မှော်ပညာရှင်ဖြစ်တော့ ဒီမှော်ရေနွေးအိုးအောက်ခြေက မှော်အစီအရင်ကို မှော်သလင်းကျောက်မပါဘဲ အသက်သွင်းနိုင်လောက်တယ် မဟုတ်လား?"

ခီမီရော့က ငေးမောကာ ခေါင်းငြိမ့်လာသည်။

"ကောင်းပြီ၊ ဒါဆို ဒီမှော်ရေနွေးအိုးကို မြှောက်ပြီး ခင်ဗျားမှော်ပညာကိုသုံးပြီး အသက်သွင်းတာ လူတိုင်းကို မြင်အောင်ပြလိုက်ပါဦး။" ရှုယီက ပြောသည်။

"ရေမလိုဘူးလား?" ခီမီရော့က မနေနိုင်ဘဲ မေးလာသည်။

"မလိုဘူး။"

ခီမီရော့လည်း မျက်မှောင်ကုပ်လျက် စိတ်ရှုပ်ထွေးသွားသော်လည်း ရှုယီ ညွှန်ကြားချက်ကို လိုက်နာက မှော်‌ရေနွေးအိုးထံ မှော်ပညာထည့်သွင်းလိုက်သည်။

ထိုမှော်ရေနွေးအိုး၏ မှော်အစီအရင်ကို အသက်သွင်းလိုက်ပြီး ခဏအကြာတွင် ၎င်းအောက်ခြေရှိ မှော်အစီအရင်က နွေးလာသည်။

နှစ်မိနစ်ခန့်စောင့်ဆိုင်းပြီးသည့်နောက်၌ ၎င်း မှော်ရေနွေးအိုးက မည်သည်မှ မပြောင်းလဲသွားချေ။ ခီမီရော့လည်း စိတ်မရှည်တော့ဘဲ ပြောလာလေ၏၊ "ဥက္ကဌရှု၊ ခင်ဗျားရဲ့ သက်သေက ဘယ်မှာလဲ?"

ရှုယီက အသာပြုံးကာ ပြောလိုက်သည်၊ "နည်းနည်းလောက် စိတ်ရှည်ပါဦး။ သုံးမိနစ်လောက်တော့ စောင့်ရမှာပေါ့။"

အားလုံးက စိတ်ရှည်ရှည်စောင့်ဆိုင်းလျက် မှော်ရေနွေးအိုးကို ကြည့်နေကြသည်။

သုံးမိနစ်ကြာပြီးနောက် အပူချိန်မြင့်မားမှုကြောင့် ၎င်းမှော်ရေနွေးအိုးအောက်ခြေမှလာသည့် လောင်ကျွမ်းနံ့ဖျော့ဖျော့ကိုရလိုက်သည်။ အားလုံးက ရှုယီအား စိတ်မရှည်စွာ တစ်ဖန်မေးတော့မည်အချိန်တွင် ၎င်းမှော်ရေနွေးအိုးမှလာသည့် "ဖောင်း"သောအသံကိုကြားလိုက်ရတော့သည်။ လူတိုင်းက ထိုမှော်ရေနွေးအိုးအောက်ခြေရှိ အနီရောင်ပြတင်း‌လေး ပိတ်ကျသွားကာ၊ အောက်ခြေရှိ မှော်အစီအရင်ကလည်း ရပ်တန့်သွားသည်ကို တွေ့လိုက်ရ၏။

ခီမီရော့မှာ သူ၏မှော်အစွမ်းကို အကြိမ်ဖန်များစွာသုံးလိုက်သော်လည်း မှော်ရေနွေးအိုး၏ အောက်ခြေက လုံးဝတုံ့ပြန်မှုမရှိတော့ပေ။ ထိုအခါရှုယီကို အေးစက်စက်ကြည့်လျက် ပြောလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားက ကျုပ်တို့ ဂဲလက်ထ်ကုန်သည်ကြီးများအသင်းရဲ့ မှော်ရေနွေးအိုးမှာ ချို့ယွင်းချက်ရှိတယ်လို့ ပြောချင်တာလား?"

"မဟုတ်ပါဘူး၊ ဆန့်ကျင်ဘက်ပဲ။ ဒီမှော်ရေနွေးအိုးအောက်က မှော်အစီအရင်ရပ်သွားတာက အကာကွယ်အတိုင်းတာကြောင့်ပဲ။" ရှုယီ ဖြေလိုက်သည်၊ "ဒါက ဘာကြောင့်လဲဆိုတော့ မှော်ရေနွေးအိုးအောက်ခြေက မီးတောက်မှော်အစီအရင်သာ ဆက်အလုပ်လုပ်နေပြီး ရေနွေးအိုးထဲ ရေမရှိနေရင်၊ မှော်အစီအရင်ကို အချိန်ကြာကြာသုံးထားရင်ပေါ့၊ မှော်ရေနွေးအိုးက အပူချိန်မြင့်မားမှုကြောင့် ပျက်စီးသွားလိမ့်မယ်။ ဒီ,ဒီဇိုင်းနဲ့ဆိုရင်တော့ မတော်တဆ မှော်ရေနွေးအိုးပွင့်နေပြီး ရေထည့်မထားရင်တောင် အပူကြောင့် ပျက်စီးမှာကို တားဆီးနိုင်တယ်။" လူတိုင်းက ရုတ်တရတ်နားလည်သွားကာ ထိုဒီဇိုင်းကို မည်မျှ ကောင်းကောင်းစဉ်းစားထားခဲ့ကြောင်း မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။

ရိုင်းန်ကတော့ဖြင့် မနေနိုင်ဘဲ ဆိုလာသည်၊ "ဒီတစ်ခုက အရင်က Frestech ကုန်သည်ကြီးများအသင်းလုပ်ခဲ့တဲ့ မှော်စက်တွေကို တွေးမိစေတယ်။ အဲဒီ့မှော်စက်တွေကို အဲ့လူတွေတွေးမိလောက်မှာတောင်မဟုတ်တဲ့ ဒီဇိုင်းကောင်း မျိုးစုံရှိတယ်လေ။"

သူက ရှင်းရှင်းလင်းလင်းမပြောသော်လည်း ရှုယီ၏စွဲချက်ကို ယုံကြည်ကြောင်း အတည်ပြုလိုက်ပြီးဖြစ်သည်။

ခီမီရော့၏မျက်နှာသည်လည်း ပိုမိုအရုပ်ဆိုးလာကာ ရှုယီကို ပြောလေ၏၊ "ဥက္ကဌရှု၊ ဒါက တကယ်ကို ကျုပ်တို့ မှော်ရေနွေးအိုးရဲ့ ကောင်းကောင်းစဉ်းစားထားတဲ့ ဒီဇိုင်းပါ။ ခင်ဗျားက ကျုပ်တို့ လုပ်ငန်းစုရဲ့ သုတေသနပညာရှင်ကို ခေါ်ထုတ်သွားတော့ ဒါကိုသိနေတာ မထူးဆန်းပါဘူး။ ဒါပေမယ့် ဒါကို ဘယ်လိုလုပ် သက်သေလို့ ယူလို့ရမှာလဲ?"

"ခင်ဗျားက လက်မလျှော့သေးဘူးလား?" ရှုယီလည်း အသာပြုံး၏၊ "ဟုတ်ပြီ၊ အခု မှော်ရေနွေးအိုးကို စောင်းပြီး အောက်ခြေကို အားလုံးဆီပြလိုက်ပါ။"

ခီမီရော့လည်း မှော်ရေနွေးအိုးကို ရှုပ်ထွေးစွာ လှည့်လျက် အားလုံးထံ အောက်ခြေကိုပြကာ သူလည်းကြည့်လိုက်သည်။

ထိုမှော်ရေနွေးအိုး၏ အောက်ခြေ၌ မှော်အစီအရင်က ဆက်လက်အလုပ်မလုပ်တော့ပါသော်လည်း အားလုံးရင်းနှီးပြီးသား ဒီဇိုင်းတစ်ခုဖြစ်ပေါ်ရန် စုစည်းထားသည့် မျဉ်းအနီလေးများရှိနေသည်။

တောင်ပံတစ်ဝက်မှာ Frestech အမှတ်တံဆိပ်ကို ကိုယ်စားပြုလေသည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၆၉။ ရမ် နှင့် ခီမီရော့တို့၏ ကံကြမ္မာ

ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ပြပွဲအကြောင်း သတင်းများမှာ အဓိကသတင်းစာများထက်မှတဆင့် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များကို လျင်မြန်စွာ ပျံ့နှံ့သွားကြသည်။

တစ်ညတာလေးအတွင်းတွင် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းမှာ လူတိုင်းပြောဆိုနေကြသည့် ကပ်ရောဂါလိုဖြစ်လာသည်။

ဂဲလက်ထ်ကုန်သည်ကြီးများအသင်းထုတ် မှော်စက်များမှာလည်း ရောင်းအားအလုံးစုံ ဆုံးရှုံးကာ လူများရှောင်ရှားကြသည့် ကပ်ရောဂါလို ဆက်ဆံခံနေရ၏။

မှန်ပေသည်၊ ရောင်းအားများက ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအတွက် အရေးမပါတော့ချေ။

အကြောင်းမှာ ထုတ်ကုန်ကြေညာပွဲပြီးသည့်နောက် ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအား ပိတ်ချကာ ဥက္ကဌခီမီရော့ကလည်း ပုန်းအောင်းသွားကြောင်း ကြေငြာလာသောကြောင့်ပင်။

လူတိုင်းမှာ ခီမီရော့နှင့် သူ၏ဂဲလက်ထ်ကုန်သည်ကြီးများအသင်းမှာ သူခိုး၊ လူလိမ်များဖြစ်ကြောင်းသိသွားကြသဖြင့် ထပ်မံ မတ်မတ်ရပ်ရန် အခွင့်ရေးမရှိတော့ပါချေ။

ထို့အပြင် ယခင်လက ဂဲလက်ထ်ကုန်သည်ကြီးများအသင်းနှင့် ခီမီရော့၏ အပြုအမူများ‌အား လူတိုင်းက လူရွှင်တော် ကပြသလိုသဘောထားကာ ရယ်ရွှင်ဖွယ်ကောင်းသည်ကို တွေ့ရှိခဲ့ကြသည်။

ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအနေနှင့် Frestech ကုန်သည်ကြီးများအသင်းအား မည်သို့ ကျော်လွန်မည်ဟု ပြောခဲ့သည်ကိုစဉ်းစားမိကြသော် လူများက နှာခေါင်းရှုံ့လာကြ၏။

သို့သော် ထိုကိစ္စအပြီးတွင် လူတိုင်း၏စိတ်နှလုံးရှိ Frestech ကုန်သည်ကြီးများအသင်း၏ အနေအထားက တည်မြဲကာ တိုးတက်လာသည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့ရှိ အကြီးဆုံး လုပ်ငန်းစုမဟုတ်သလို လမ်ပူရီတိုင်းပြည်၏ ပထမတန်းစားလုပ်ငန်းစုမဟုတ်ပါသော်လည်း မှော်စက်မှုနယ်ပယ်တွင် Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်နိုင်သည့် လုပ်ငန်းစုများမရှိဟု ယုံကြည်နေကြပြီဖြစ်သည်။

ထိုသို့ပင် လူများက Frestech အမှတ်တံဆိပ် မှော်စက်များကိုလည်း ပိုမို အရေးပေးလာကြ၏။

ထိုကိစ္စပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များမှာ ရောင်းအားမြင့်တက်လာတော့သည်။ ဩဂုတ်လဖြစ်ကာ နွေလွန်ကာနီးဆဲဆဲဖြစ်သော်လည်း ရောင်းအားကြီးကြီးမားမားရရန် နွေရာသီကိုသာ မှီခိုထားရသည့် Frestech အမှတ်တံဆိပ် မှော်ပန်ကာ၊ မှော်လေအေးပေးစက်နှင့် မှော်ရေခဲသေတ္တာတို့မှာ တစ်ဖန် အထွဋ်အထိပ်ကို ရောက်လာသည်။

လကုန် အစီရင်ခံစာတွင် Frestech ကုန်သည်ကြီးများအသင်း၏ ဤလရောင်းအားက ဇူလိုင်လထက် နည်းမနေဘဲ ပိုလို့ပင်တိုးလာလေရာ ရှုယီမှာ အံ့ဩသွားရသည်။

ထိုသည်က စိတ်ကျေနပ် အံ့ဩဖွယ်ပင်။

ရှုယီ ထိုကိစ္စကိုပြုလုပ်ခဲ့သည်မှာ ခီမီရော့နောက်ကွယ်များလူများကိုရင်ဆိုင်၍ ၎င်းတို့အတွက် ဆုံးရှုံးမှုကြီးဖြစ်စေရန်သာ။ တစ်ဖက်ကို တိုက်ခိုက်ခြင်းက သတိပေးဖို့ရန်သာ ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းမှ အကျိုးအမြတ်ရလိမ့်မည်ဟု မထင်ခဲ့ချေ။

သူဟာ ကနဦး ရည်ရွယ်ချက်ဖြစ်သည့် ခီမီရော့ကို အပြစ်ပေးကာ သူ၏နောက်ကွယ်ရှိလူများအား ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၌ ရင်းနှီးမြှုပ်နှံခြင်းအတွက် ဆုံးရှုံးမှုကြီးများခံစားရစေရန် ပြုလုပ်နိုင်ခဲ့ရုံသာမက ၎င်းမှ အမြတ်ပင်ရလိုက်လေသည်။ ထိုသည်က အမှန်တကယ်ကို ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းဖြစ်၏။

ထို့ကြောင့် ရှုယီလည်း ဤအတောအတွင်း အင်မတန် ဝမ်းမြောက်နေပေသည်။

ဝယ်လာ၏ ခံစားချက်‌မဲ့နေဟန်ကိုတွေ့မှသာ သူ၏ခံစားချက်ကောင်းလေးကို ဆက်မထိန်းနိုင်တော့ချေ။

ရှုယီမှာ ဝယ်လာ၏မျက်လုံးများအား အကြည့်မလွှဲသွားဘဲ အနည်းငယ်ကြာကြည့်နေပြီးမှ သက်ပြင်းချလိုက်တော့သည်။ ထို့နောက် ဆုံးဖြတ်ထားသလို ခပ်ဖြေးဖြေးခေါင်းခါကာ၊ "မဟုတ်ဘူး၊ ဝယ်လာ ကျုပ်ခင်ဗျားကို ကတိမပေးနိုင်ဘူး။ ရမ်ရဲ့ ဒီတစ်ခေါက် ပြစ်မှုက အတော်လေးများတော့ ခင်ဗျားကြောင့်သာ သူ့ကို လွှတ်ပေးလိုက်ရင် တခြားသုတေသနပညာရှင်တွေကို ကျုပ်ဘယ်လိုမျက်နှာပြရမှာလဲ? ကျုပ် ဘယ်လိုများ Frestech ကုန်သည်ကြီးများအသင်းရဲ့ အလုပ်သမားတွေကို မျက်နှာပြနိုင်မှာလဲ? ကျုပ်က ခင်ဗျားထက် ပိုပြီးတည့်တိုးဆန်ရင်ဆန်နိုင်မှာပဲ၊ ကျုပ် သူ့ကိုလွှတ်မပေးချင်ဘူး။"

ဝယ်လာက ရှုယီ၏အဖြေကို မအံ့ဩချေ။ သူမ၏မျက်ခုံးများသာ ပင့်တက်သွားပြီးမှ တည်ငြိမ်စွာ ပြောလာသည်၊ "ဘာလို့လဲ? အီဗီတာပြောတာတော့ ရှင် သူမဆီ မလာတာ အတော်ကြာပြီတဲ့လေ? ဒီလိုသာမဟုတ်ရင် ရမ်အနေနဲ့ သုတေသနဌာနကနေ ဒီလောက်အလွယ်လေး ယူနိုင်မှာမဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင်တော့ ရှင်က သူ့ကို ဒီလိုအမှားကြီးလုပ်ဖို့ ခွင့်ပြုပေးထားတာကြောင့်ပဲ။"

"ဟင့်အင်း မင်းမှားတယ်။" ရှုယီက ခေါင်းခါ၏၊ "အီဗီတာနဲ့ ကျုပ်က သူ့ကို လမ်းညွှန်ပေးခဲ့တယ်ဆိုပေမယ့်လည်း ဝယ်လာ, ရမ်မှာသာ ဒီအကြံမရှိရင် ဒီလိုလုပ်ရပ်မျိုးလုပ်ခဲ့ပါ့မလား? ပြီးတော့လည်း ခီမီရော့ရဲ့ဝန်ခံချက်အရ ရမ်မှာက Frestech ကုန်သည်ကြီးများအသင်းထဲဝင်ကတည်းက မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်လေ။ ကျုပ်သာ သူ့ရဲ့ရည်ရွယ်ချက်ကို မတော်တဆရှာမတွေ့ခဲ့ရင် အခုအချိန်မှာ ဆုံးရှုံးမှုကြီးခံစားနေရမှာက ကျုပ်တို့လုပ်ငန်းစုပဲဖြစ်လိမ့်မယ်။"

ဝယ်လာက တိတ်ဆိတ်နေရာ အခန်းကလည်း တိတ်ကျသွားသည်။

ရှုယီက ဝယ်လာမျက်နှာထက်ရှိ ရှုပ်ထွေးနေသော ခံစားချက်များကိုကြည့်၍ မနေနိုင်ဘဲ သက်ပြင်းချကာ ပြောမိသည်၊ "ဝယ်လာ, ခင်ဗျား ရမ်နဲ့ လမ်းခွဲပြီးသားကို ဘာလို့ သူ့အကြောင်းတွေးနေရသေးတာလဲ? ခင်ဗျားက တခြားလူတွေဆီကနေ ဘယ်တုန်းကမှ အကူညီတောင်းဖို့ ဆန္ဒမရှိခဲ့ပေမယ့် အခုတော့ သူ့အတွက်နဲ့ နှစ်ကြိမ်တောင် ကျုပ်ဆီမှာ လာတောင်းပြီးပြီ။ ဒီတစ်ကြိမ်မှာ သူ့အတွက် ဒီလိုလုပ်ပေးဖို့ ထိုက်တန်နေသေးတုန်းပဲလို့ ထင်လို့များလား?"

ဝယ်လာက မျက်နှာထက်ရှိ တည်ငြိမ်နေဟန်ကို ဆက်လက်မထိန်းထားနိုင်တော့ဘဲ စိတ်ဓာတ်ကျနေပုံဖြင့် အသံကိုနှိမ့်ကာပြောလာသည်၊ "သူက ပြောရရင် ကျွန်မနဲ့ အရင်းနှီးဆုံးလူဖြစ်ခဲ့ဖူးတယ်လေ၊ သူ...သူ့ကို လက်လျှော့လိုက်ဖို့က အတော်လေး ခက်ခဲတယ်။"

ရှုယီက စိတ်ထဲ၌ ခါးသက်စွာရယ်မောမိရသည်။ ဝယ်လာမှာ အပြင်ပန်း၌ အေးစက်ဟန်ပေါ်သော်လည်း စိတ်တွင်း၌ အတော်လေးနွေးထွေးသည်ကို ခံစားရပါ၏။

ရှင်းလင်းစွာပင် ရမ်၏အကျင့်စရိုက်က သူမအတွက် မသင့်လျော်ဟု ခံစားမိပြီး ရမ်နှင့် လမ်းခွဲဖို့ ရွေးချယ်ခဲ့ပါသော်လည်း သူ့အတွက် သူမ၏ခေါင်းကို ငုံ့ထားပေးဖို့ ဆန္ဒရှိနေဆဲပင်။

ထိုအတွက် ရှုယီက ဝယ်လာကို ချီးကျူးမိသော်လည်း ၎င်းကိုသဘောတူမည်ဟုတော့ မဆိုလိုပေ။

"အားနာပါတယ် ဝယ်လာ, ဒီကိစ္စမှာ ခင်ဗျားအတွက် လုပ်ပေးနိုင်တာ မရှိပါဘူး။ ရမ်က အမှားလုပ်ခဲ့တော့ ဒီအတွက် အပြစ်ခံရမှာပါပဲ။ သူက အရွယ်ရောက်ပြီးသားဖြစ်ပြီး ကလေးတစ်ယောက်လို အမှားတွေလုပ်ဖို့ ခွင့်ပြုထားလို့မရနိုင်ပါဘူး။" ရှုယီက လေးနက်ဟန်ဖြင့် ဆိုလိုက်သည်။

ဝယ်လာလည်း ရှုယီကို တစ်ဖန်ပြန်ကြည့်လိုက်သော်ငြား ရှုယီကတော့ဖြင့် သူမ၏အကြည့်ကို မရှောင်ရှားဘဲ တည့်တည့်သာပြန်ကြည့်နေသည်။

ရှုယီ၏မျက်နှာထက်မှ ခိုင်မာသည့် အမူအရာကိုမြင်သော် ဝယ်လာလည်း သူ၏အတွေးများကို မပြောင်းလဲနိုင်ကြောင်းသိသွားသည်။ သူမကခေါင်းငုံ့ကာသာ အသာခေါင်းငြိမ့်ပေးလာ၏။

"ဟုတ်ပါပြီ၊ ကျွန်မနားလည်ပါတယ်။"

ဝယ်လာ ထွက်သွားတော့မည်ကို မြင်သော် ရှုယီလည်း စဉ်းစားပြီးမှ တိတ်တဆိတ်သက်ပြင်းချကာ သူမကို တားဆီးလိုက်သည်။

"ဝယ်လာ, ကျုပ် ခင်ဗျားကို ဘာမှတော့ ကတိမပေးနိုင်ဘူးဆိုပေမယ့် ရမ်အနေနဲ့ သူ့ရဲ့အခြေခံအကျဆုံးဂုဏ်သတင်းကို ဆက်ထိန်းနိုင်မယ်လို့တော့ အနည်းဆုံး ကတိပေးနိုင်ပါတယ်။"

ဝယ်လာ၏ ရေကဲ့သို့ တည်ငြိမ်နေသော မျက်လုံးများက တောက်ပလာကာ ရှုယီကို လေးလေးနက်နက်ဦးညွှတ်လိုက်သည်။

"ဥက္ကဌ၊ ကျေးဇူးတင်ပါတယ်။"

ထိုသည်က ရှုယီကို ထိုမျှအထိ တရိုတသေပြုမှုလာသော ဝယ်လာ၏ ပထမဆုံးအကြိမ်ပါပင်။

ရှုယီက လက်ယမ်းပြလိုက်သော် ဝယ်လာလည်း လှည့်ထွက်သွား၏။

ပိတ်ထားသည့်တံခါးကိုကြည့်ရင်း ရှုယီလည်း မနေနိုင်ဘဲ သက်ပြင်းထပ်ချလိုက်သည်။

အကြောင်းမှာ ကမ္ဘာမြေနှင့်စာလျှင် စိုင်စ်နယ်မြေကြီးရှိ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာနည်းပါးသဖြင့် စိုင်စ်နယ်မြေကြီး၏တိုင်းပြည်များတွင် ကမ္ဘာမြေ၌ကဲ့သို့ တူညီသည့် စီးပွားရေးဥပဒေများမရှိသောကြောင့်ပင်။

ထိုနှင့် ရှုယီမှာ ခီမီရော့ နှင့် ရမ်တို့၏ အရှက်မရှိလုပ်ရပ်များကို ဖော်ထုတ်ကာ မငြင်း‌နိုင်လောက်သည့် သက်သေပြခဲ့သော်လည်း ၎င်းနှင့် ပတ်သက်သည့် ဥပဒေများမရှိလေရာ ၎င်းတို့အား သင့်တော်သည့် အပြစ်မပေးနိုင်ချေ။

လမ်ပူရီတိုင်းပြည်နှင့် စိုင်စ်နယ်မြေကြီး၏ ဓလေ့ထုံးတမ်းအရ၊ ဤကဲ့သို့သော အခြားလုပ်ငန်းစုတစ်ခု၏ လျှို့ဝှက်ချက်များကို ခိုးယူခြင်းသည် ခိုးယူခံရသော လုပ်သန်းစုထံမှ လျှို့ဝှက်လက်စားချေခြင်းကို ဖြစ်စေနိုင်သော်လည်း ရှုယီကတော့ ထိုသို့လုပ်ရန် မစီစဉ်ထားပေ။ အကြောင်းမှာ ထိုသို့ ရင်ဆိုင်ခြင်းက ခီမီရော့နှင့် ရမ်တို့အတွက် အဓိပ္ပာယ်မရှိသောကြောင့်ပင်။

ရှုယီ၏ရှုထောင့်မှဆိုလျှင် ၎င်းတို့နှစ်ဦးအား အပြစ်ပေးခြင်းက ကိစ္စလေးတစ်ခုမှသာဖြစ်ပြီး သက်ဆိုင်ရာဥပဒေကို ပြဌာန်းဖို့က ပိုအရေးကြီးသည်။

ထို့ကြောင့် ကောင့်ထ်စီယန်နှင့် သီးသန့်ဆွေးနွေးပြီးသည့်နောက်တွင် ကောင့်ထ်စီယန်က ရမ်နှင့် ခီမီရော့တို့အား ဖမ်းကာ အန်ဗီမာမြို့တော်ရှိ တိုင်းပြည်၏စီးပွားစီမံရေးဌာနသို့ ပို့ဆောင်လိုက်သည်။

စီးပွားစီမံရေးဌာန၏ စည်းမျဉ်းများအရ ထိုနှစ်ဦးအား အခြားလုပ်ငန်းစုများ၌ အလုပ်လုပ်ကိုင်ရန် တားမြစ်ထားပြီး သတ်မှတ်ပမာဏကိုကျော်လွန်သည့် မည်သည့်လုပ်ငန်းကိုမှ လုပ်ရန် ခွင့်မပြုထားပေ။

တစ်ချိန်တည်းမှာပင် ၎င်းတို့က မှော်ပညာရှင်များဖြစ်ကြသောကြောင့် နှစ်ဦးသားမှာ မှော်ပညာရှင်များအဖွဲ့အစည်းထံမှလည်း အပြစ်ပေးခံရသည်။

မှော်ပညာရှင်များအဖွဲ့အစည်းက ၎င်းတို့၏ မှော်ပညာရှင်ဂုဏ်ပုဒ်များကိုသာ ပြန်ယူပြီး နောက်ထပ် အနှစ်၂၀တာအထိ မှော်ပညာရှင်များအဖွဲ့အစည်းက ကျင်းပမည့် အရည်ချင်းစစ်စာမေးပွဲများအတွက်လည်း ပိတ်ပင်ခံထားရသည်။

ရိုးရိုးရှင်းရှင်းဆိုရလျှင် ၎င်းတို့မှာ မှော်ပညာရှင်များအဖွဲ့အစည်းမှ တရားဝင်အသိအမှတ်ပြုခံထားရသည့် မှော်ပညာရှင်များမဟုတ်တော့ပေ။

စီးပွားစီမံရေးဌာနနှင့် မှော်ပညာရှင်များအဖွဲ့အစည်း၏ ရာထူးမှထုတ်ပယ်သည့် အပြစ်ပေးခြင်းမှာ ၎င်းတို့၏လက်ကျန်ဘဝကို များစွာ ထိခိုက်စေပါသော်လည်း ရှုယီကတော့ ထိုရလာဒ်ကို မကျေနပ်ချေ။

အကြောင်းမှာ ၎င်းတို့သာ ကမ္ဘာမြေမှ စီးပွားရေးဥပဒေများအတိုင်းလိုက်နာပါလျှင် ထိုနှစ်ဦး၏လုပ်ရပ်ကို ပြစ်မှုကျူးလွန်ထားသည့် စီးပွားရေးသူလျှိုဟု သတ်မှတ်နိုင်သဖြင့် ထောင်သွင်းအကျဉ်းချရန် လုံလောက်သည်။

သို့သော် လမ်ပူရီတိုင်းပြည်၌ ထိုသို့သော ဥပဒေများမရှိလေရာ ရှုယီမှာ ရမ်လက်မှတ်ထိုးထားသည့် စာချုပ်ပေါ်ကိုအခြေခံ၍သာ အပြစ်များထပ်ပေါင်းထည့်နိုင်သည်။

ထိုအပြစ်ပေးမှုက အင်မတန်တင်းကြပ်လှ၏။ စာချုပ်အရ ရမ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ လျှို့ဝှက်ချက်များကို ရောင်းချခြင်းအတွက် လျော်ကြီးပမာဏများစွာပေးရပြီး လက်ကျန်ဘဝ၌ မှော်စက်မှုနယ်ပယ်တွင် ပါဝင်နိုင်စွမ်းမရှိတော့ပေ။

ဒုတိယတစ်ခုမှာ ရမ်အား များစွာ မထိခိုက်စေသော်လည်း လျော်ကြေးမြင့်မြင့်မှာ ရွှေဒင်္ဂါးငါးထောင်အထိပင်ရှိလေရာ ရမ်ပေးဖို့ရန် တတ်နိုင်သည့်ပမာဏတော့မဟုတ်ချေ။ ရမ်၏ လက်ရှိလစာမှာ တစ်လလျှင် ရွှေဒင်္ဂါးသုံးဆယ်ပတ်လည်သာရှိသဖြင့် သူ့ဘဝတစ်လျှောက်လုံးလုပ်လျှင်တောင် လုံလောက်မည်မဟုတ်ချေ။

ထိုအချက်အတွက် တိုင်းပြည်၏ဥပဒေက အခြားစည်းမျဉ်းကို ထည့်ပေါင်းခဲ့သည်။

လူတစ်ယောက်၏အကြွေးက အင်မတန်မြင့်မားနေပြီး ယခင်နှစ်က ရရှိခဲ့သည့် ပမာဏထက် အဆတစ်ရာကျော်လွန်နေပါလျှင် ၎င်းတို့ ပေးနိုင်လိမ့်မည်မဟုတ်ဟု ယူဆ၍ရသည်။

လူတစ်ဦးသာ ၎င်းတို့ အကြွေးကို ပြန်မပေးနိုင်ပါလျှင် တိုင်းပြည်၏ဥပဒေအရ တစ်နှစ်အတွင်း ပေးနိုင်ကြောင်း သက်သေမပြနိုင်ပါက တစ်နှစ်ပြီးနောက် ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံးကို ပေးရလိမ့်မည်သာ။

ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူပြီးနောက် တိုင်းပြည်၏ဥပဒေများနှင့်အညီ အကြွေးမဆပ်နိုင်သေးပါက၊ ကြွေးယူသူမှာ ၎င်းတို့ကိုယ်ကိုသာ ပေးဆပ်နိုင်ပြီး ချေးငှားသူ၏ ကျွန်ဖြစ်လာလိမ့်မည်။

ရမ်ထံ၌ ယခင်နှစ်က တည်ငြိမ်သည့်ဝင်ငွေမရှိခဲ့ရာ တွက်ချက်ကြည့်လိုက်ပါလျှင်တောင် ရွှေဒင်္ဂါးသုံးရာထက်မပိုပေ။

၎င်း၏ အဆတစ်ရာမှာလည်း ရွှေဒင်္ဂါးသုံးသောင်းသာရှိသေးလေရာ လျော်ကြေး ငါးသောင်းပြည့်ဖို့ နှစ်သောင်းလိုနေသေးသည်။

ရမ်၏မိသားစုကလည်း အဆင်မပြေလှသဖြင့် အရာအားလုံးကို ရောင်းလိုက်ပါလျှင်တောင် တစ်နှစ်တည်းနှင့် ၎င်းငွေပမာဏကို ပေးဖို့ရန် မဖြစ်နိုင်သေးချေ။

၎င်းက မျှော်လင့်မထားသည့်အရာများသာ ဖြစ်မလာပါက တိုင်းပြည်ဥပဒေအရ တစ်နှစ်အတွင်း ရမ်က ရှုယီ၏ကျွန်ဖြစ်လာပေလိမ့်မည်!

သံသယပင်မလိုချေ၊ ဂုဏ်ပုဒ်အချို့နှင့် မှော်ပညာရှင်တစ်ဦးဖြစ်ခဲ့ဖူးသည့် ရမ်အတွက် ၎င်းက လက်မခံနိုင်ဖွယ် အရှက်ရစရာပါပင်။

ထို့ကြောင့် ဝယ်လာက သူနှင့်လမ်းခွဲလိုက်သည်ဆိုလျှင်တောင် ၎င်းကြောင့် ရှုယီကို မနေနိုင်ဘဲ လာတောင်းပန်ရခြင်းဖြစ်သည်။

မှန်ပါ၏၊ ရှုယီကတော့ဖြင့် ရမ်ကို အလွယ်လေး လွှတ်ပေးဖို့ ဆန္ဒမရှိလေရာ ချင့်ချိန်ပြီးနောက်တွင် ရမ်ကို အခြေခံဂုဏ်သိက္ခာနှင့် လွှတ်ပေးမည်ဖြစ်ကြောင်း ဝယ်လာအား ကတိပေးခဲ့သည်။

မည်သို့ဆက်ထိန်းရမည်မှာ ရှုယီ၏ကိစ္စသာဖြစ်၏။

ရမ်နှင့်စာလျှင် ရှုယီက ခီမီရော့ကို အပြစ်ပိုပေးချင်သည်။

ရမ်က စက်ဆုပ်ဖွယ်ရာဖြစ်သော်လည်း ခီမီရော့က သူ့အား အသုံးချသောကြောင့်မဟုတ်ပါလျှင် ထိုသို့သော ဆိုးဝါးသည့်လမ်းကို လျှောက်လှမ်းမည်မဟုတ်ချေ။ ထို့ကြောင့် အပြစ်ပေးရမည်ဆိုလျှင် ခီမီရော့က အဓိက ကျူးလွန်သူဖြစ်ရာ ရမ်ထက်ပင် ပို၍အပြစ်ပေးသင့်ပေ၏။

သို့သော် ခီမီရော့နှင့် ရှုယီအကြား မည်သည့်စာချုပ်မှမရှိလေရာ တိုင်းပြည်ဥပဒေများနှင့် အ‌ရေးယူ၍ မရပါချေ။

သူ ရရှိခဲ့သည့် ပြစ်ဒဏ်က စီးပွားစီမံရေးဌာနနှင့် မှော်ပညာရှင်များအဖွဲ့အစည်းတို့မှသာဖြစ်သည်။

ရမ်၏ ကျွန်'ဖြစ်လာနိုင်ချေရှိသည့် အပြစ်ဒဏ်နှင့်စာလျှင် ခီမီရော့၏ ပြည်သူ့ပြစ်ဒဏ်က များစွာ ပေါ့လျော့သည်။

ဟုတ်ပါသည်၊ ၎င်းက ပြည်သူ့ပြစ်ဒဏ် သာသာပင်။

တကယ်တမ်းတွင် ခီမီရော့အား အန်ဗီမာမြို့တော်သို့ ပို့စဉ်က သူ့ကို မြောက်ပိုင်းစစ်တပ်မှနေ၍ အရေးပေါ်တပ်ဖြန့်ခြင်းအမည်ခံ၍ ခေါ်ဆောင်သွားသဖြင့် မြောက်ဘက်စစ်မြေပြင်သို့ ပို့ခံလိုက်ရသည်။

သူ့အား အမည်မသိသေနည်းများဖြင့် သေဆုံးရန် စစ်မြေပြင်သို့ ပို့ဆောင်လိုက်ခြင်းမဟုတ်သော်လည်း ထိုဂုဏ်ယူဖွယ်မှော်ပညာရှင်ခီမီရော့အား မြောက်ဘက်စစ်တပ်၏ လက်ရွေးစင်တပ်သားအဖြစ် နွေးထွေးစွာ ကြိုဆိုပါမည်ဟု ဗစ်ကောင့်ထ်လက်စ်လိုင်းက ရှုယီကို ရှင်းရှင်းလင်းလင်းပြောခဲ့သည်။

နှစ်တစ်ဝက်ပင်မပြည့်ခင်တွင် ထိုအံ့အားသင့်ဖွယ်မှော်ပညာရှင်၏ မာနနှင့် တင်ပါးက လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။ : )

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၇၀။ နည်းပညာ ရောင်းချခြင်း

ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များရှိ လူများမှာ ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ကိစ္စက အင်မတန်လေးနက်သောအကျိုးဆက်များနှင့်အတူ အင်မတန်ပြင်းထန်ကောင်းပြင်းထန်နိုင်သော်လည်း ရှုယီမှာတော့ ထိုမျှထိ ဂရုမစိုက်ပါချေ။

Frestech ကုန်သည်ကြီးများအသင်း တိုးတက်လာသည်နှင့် ပြဿနာပေါင်းစုံရှိလာကာ ၎င်းတို့ကိုဆန့်ကျင်မည့် ဗီလိန်ပေါင်းစုံလည်းရှိလာလိမ့်မည်သာ။ ရှုယီက ၎င်းတို့အလုံးစုံကို မျှော်မှန်းထားပြီးသာဖြစ်ရာ ၎င်းအပေါ်၌ အချိန်များများသုံးဖို့ ထိုက်တန်မနေပေ။

ရှုယီအတွက် သူ၏စိတ်နှလုံးထဲရှိ နောက်ဆုံးသောပန်းတိုင်နှင့်ယှဉ်လျှင် ၎င်းက ပန်းတိုင်သို့သွားရာလမ်းရှိ ခဲလုံးအချို့သာဖြစ်သည်။ ၎င်းတို့နှင့် ထိပ်တိုက်တွေ့ရချိန်တွင် သူလည်းဆက်သွားရုံသာဖြစ်ပြီး အရေးကြီးဆုံးက ၎င်းကြောင့် သူ၏တိုးတက်မှုကို များစွာနှောင့်နှေးမသွားစေရန်ဖြစ်၏။

ထို့ကြောင့် ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ ကိစ္စပြီးနောက်တွင် ရှုယီက တစ်စုံတရာကို စတင်လုပ်ဆောင်တော့သည်။

စက်တင်ဘာလအစတွင် Frestech ကုန်သည်ကြီးများအသင်းက သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပခဲ့၏။

သို့သော် ၎င်းက ထုတ်ကုန်ကြေညာပွဲမဟုတ်ဘဲ သာမန်သတင်းစာရှင်းလင်းပွဲသာပင်။

Frestech ကုန်သည်ကြီးများအသင်း၏ ဖိတ်စာများရရှိခဲ့ကြသည့် သတင်းစာတိုက်ကြီးများလည်း အင်မတန်ရှုပ်ထွေးနေကြသည်။

လူတိုင်းမှာ ထုတ်ကုန်ကြေညာပွဲနှင့် ရင်းနှီးကြသော်လည်း သတင်းစာရှင်းလင်းပွဲဆိုသည်က မည်သည်နည်း? သတင်းတွေထုတ်ဖော်ဖို့လား?

သို့သော် သတင်းကဲ့သို့အရာများမှာ အဓိကသတင်းစာကြီးများက ၎င်းတို့ဘာသာ ရှာဖွေယူရသည့်အရာမဟုတ်ပေဘူးလား? သူတို့တွေကို ထုတ်ဖော်ဖို့ Frestech ကုန်သည်ကြီးများအသင်းကို လိုအပ်နေလို့လား?

သတင်းထောက်များမှာ Frestech ကုန်သည်ကြီးများအသင်း၏ သတင်းစာရှင်းလင်းပွဲကို သံသယများဖြင့်ရောက်လာကြသည်။ ထုတ်ကုန်ကြေညာပွဲနှင့်ယှဉ်ပါက ၎င်းသတင်းစာရှင်းလင်းပွဲမှာ များစွာ သေးငယ်သည်ကို တွေ့လိုက်ကြရ၏။ ပရိသတ်မှာလည်း သတင်းထောက်များအဓိကပါဝင်ပြီး အပျော်တမ်းလာကြည့်သည့် မြို့သူမြို့သားများလည်း မရှိနေချေ။

၎င်း အပြင်အဆင်ကိုမြင်သော် သတင်းထောက်များမှာ Frestech ကုန်သည်ကြီးများအသင်းက အမှန်ပင် သတင်းများထုန်ဖော်တော့မည်ဖြစ်သည်ကို နားလည်သွားကြ၏။ ၎င်းတို့ရွေးချယ်ထားသည့် ပရိသတ်က သတင်းထောက်များသာဖြစ်ပုံရသည်။

သတင်းမည်မျှကြီးမားသည်ကို စောင့်ကြည့်နေရုံသာ။

သိပ်မကြာလိုက်ပါဘဲ ရှုယီက လက်ထောက်နှစ်ဦးနှင့် ဝင်လာကာ စင်မြင့်ပေါ် တိုက်ရိုက်သွားလေသည်။

သူ ထိုင်ချလိုက်ချိန်တွင် လူအုပ်ကြီးထံမှ သတင်းထောက်တစ်ဦးက လက်ထောင်လျက် မေးသည်၊ "ဥက္ကဌရှု၊ ဒီတစ်ခေါက် Frestech ကုန်သည်ကြီးများအသင်းက ဘာသတင်းကို ဖော်ထုတ်မယ်ဆိုတာ ကျုပ်တို့ကို ပြောပြလို့ရမလား?"

အနီးနားက သတင်းထောက်များအားလုံးကလည်း ၎င်းတို့ကိုကြည့်လာကြသည်။

ဘယ်လိုလုပ် ဒီတိုင်းလေးမေးလိုက်လို့ရမလဲ၊ သူတို့က စည်းမျဉ်းကို နားမလည်ဘူးလား?

ရှုယီလည်း အသာပြုံးကာ ခေါင်းခါ၍ ဖြေလာ၏၊ "သတင်းကို မကြေညာခင် အားလုံးကို ကိစ္စတစ်ခု မျှဝေချင်ပါတယ်။ ဒီကိစ္စက ဂဲလက်ထ်ကုန်သည်ကြီးများအသင်းနဲ့ ဆိုင်တဲ့ကိစ္စပါ။"

ထိုသတင်းထောက်အရှေ့၌ ရှုယီမှာ ဂဲလက်ထ်ကုန်သည်ကြီးများအသင်း၏ကိစ္စကို ပြန်ဆွဲထုတ်လာသည်။

ထိုကိစ္စကိုသတိပြန်လည်မိကြသော် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့ရှိ လူများက ရှင်းရှင်းလင်းလင်းမသိပါလျှင်တောင် ၎င်းသတင်းထောက်များကတော့ အင်မတန်သေချာစွာသိပါ၏။

သို့သော် ရှုယီကိုယ်တိုင် ပြောလာသည်ကို ကြားသည့်အခါ လူတိုင်းကြားဖို့ရန် စိတ်ဝင်စားသည့် ရှုထောင့်တစ်ခုဖြစ်လာသည်။ တစ်ခေါက်ပြီးတစ်ခေါက် ၎င်းတို့အနေနှင့် ရှုယီ၏ပြောစကားမှ မတူသည့်အကြံဉာဏ်တချို့ရနိုင်သည်။

"...တကယ်တမ်း ဒါကို အတော်ကြာတည်းက ပြောခဲ့ပြီးသားပါ၊ Frestech ကုန်သည်ကြီးများအသင်းနဲ့ ကျုပ်က တခြားလုပ်ငန်းစုတွေအနေနဲ့ မှော်စက်မှုနယ်ပယ်ကိုဝင်ပြီး ကျုပ်တို့လုပ်ငန်းစုနဲ့အတူ မှော်စက်တွေရဲ့ ဖန်တီးပုံကိုလေ့လာဖို့ ကြိုဆိုပါတယ်။ ဒီလိုမှပဲ ဒီနယ်ပယ်က အမှန်တကယ် တိုးတက်လာမှာပါ။"

ရှုယီက ရုတ်တရတ်ခေါင်းစဉ်ပြောင်းလိုက်ကာ၊ "ဒါပေမယ့် ဒါကို ကျုပ် လူအတော်များများဆီ ပြောခဲ့ပြီးပေမယ့်လည်း အဲဒီဂဲလက်ထ်ကုန်သည်ကြီးများအသင်းက ကျုပ်တို့ရဲ့ နည်းပညာကိုခိုးယူဖို့ ကြိုးစားခဲ့ကြောင်း လူတချို့ကပဲ ယုံကြည်တာကအရမ်းထူးဆန်းတယ်၊။ ကျုပ် ဒါတွေအားလုံး နှမျောဖို့ကောင်းပြီး အတော်လေး ကူရာမဲ့နေသလိုလည်း ခံစားရတယ်။ တကယ်တမ်း ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီက နည်းပညာကိုရဖို့က အဲ့လောက်မခက်ပါဘူး၊ ဘာလို့ ခိုးယူဖို့လိုမှာတဲ့လဲ?"

၎င်းကိုကြားသော် စင်အောက်ရှိ သတင်းထောက်များ ငြိမ်ကျသွားကြသည်။

ရှုယီရဲ့အပြောက အတော်လေးမှားယွင်းမနေဘူးလား?

Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်များကြောင့် ငွေများစွာ ဝင်နေရာ မည်သည့်လုပ်ငန်းစုက Frestech ကုန်သည်ကြီးများအသင်းထံမှ ထိုနည်းပညာကို မလိုချင်ဘဲ ရှိမည်နည်း? ၎င်းတို့သည်လည်း ကိုယ်ပိုင်မှော်စက်များထုတ်လုပ်ကာ ငွေပမာဏမြောက်များစွာရနိုင်သည့် စွမ်းရည်မျိုးလိုချင်ကြသည်။

သို့သော် ထိုအချက်ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏နည်းပညာကို ရရှိခဲ့သည့် အခြားလုပ်ငန်းစုမျိုးမရှိပေ။

Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို လျှို့ဝှက်ချက်လုပ်ထားသည့်အပြင် အခြားမည်သည့် အကြောင်းရင်းရှိလေသနည်း?

"ဥက္ကဌရှု၊ သူတို့တွေသာ မခိုးယူရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီက နည်းပညာကို ဘယ်လိုရနိုင်မှာတဲ့လဲ?" သတင်းထောက်တစ်ဦးက အသံကျယ်ကျယ်ဖြင့်မေးလာသည်။

ရှုယီလည်း အသာပြုံးကာ၊ "အရှက်မရှိဘဲ ခိုးတာ လုတာအပြင် ကျုပ်တို့လိုချင်တဲ့အရာတစ်ခုကို ရဖို့ သာမန်အကျဆုံးနည်းလမ်းက ဘာပါလိမ့်?”

သတင်းထောက်အားလုံးက တစ်ဦးနှင့်တစ်ဦး ဗလာသက်သက်ကြည့်လိုက်မိကြသည်။

ထိုပြဿနာက အတော်လေး များပြားလှသည်။ သတင်းထောက်များအနေနှင့် အမြင်စူးရှလျှင်တောင် တစ်ဦးကမျှ တည့်တိုးဖြေနိုင်မည်မဟုတ်ပေ။

သတင်းထောက်လောကသို့ ဝင်လာကာစဖြစ်ကာ ငယ်ရွယ်ပုံရသည့် အမျိုးသမီးသတင်းထောက်တစ်ဦးကသာ လက်ထောင်လျက် ကျယ်ကျယ်လေးပြောလာသည်၊ "ကျွန်မသိတယ်၊ ဝယ်ရမှာပါ!"

အခြားသတင်းထောက်များအားလုံးက သူမကို ကြည့်လာကြ၏။

အဓိပ္ပာယ်မရှိတာ၊ အခြေခံအကျဆုံးနည်းလမ်းက ဝယ်'တာဆိုတာကို အားလုံးသိကြပေမယ့်လည်း Frestech ကုန်သည်ကြီးများအသင်းက ရောင်းဖို့ ဆန္ဒရှိနေဦးမှလေ။

Frestech ကုန်သည်ကြီးများအသင်းသာ ၎င်းတို့ပိုင်ဆိုင်သည့် မှော်စက်နည်းပညာကိုရောင်းလိုက်ပါလျှင် ခေါင်းကွဲသွားမည်ဆိုလျှင်တောင်မှ ဝယ်ယူလိုသည့် လုပ်ငန်းစုကြီးများစွာရှိလေသည်။

ထိုသတင်းထောက်များ မမျှော်လင့်ထားသည်မှာ ရှုယီက ထိုလူငယ်သတင်းထောက်အမျိုးသမီးကို အဖြေပေးသည့်အနေဖြင့် အသာခေါင်းငြိမ့်ပြလာခြင်းပင်။

သတင်းထောက်များအားလုံး ငြိမ်သက်သွားအပြီးတွင် «ဆော်လ်တန် မနက်ခင်းသတင်း» မှ သတင်းထောက်တစ်ဦးက မေးလာခဲ့၏၊ "ဥက္ကဌရှု၊ ခင်ဗျားတကယ်ပြောနေတာလား? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်နည်းပညာကို ရောင်းဖို့ ဆန္ဒရှိတယ်ပေါ့လေ?"

"ဘယ်လိုလုပ် မရှိဘဲနေမှာလဲ?" ရှုယီကလက်များဖြန့်ကာ ပခုံးတွန့်လျက် အေးဆေးနေဟန်ဖြင့် ဆိုလာသည်၊ "လူတွေက လို‌ချင်နေမှတော့ ကျုပ်တို့က ဘာလို့မရောင်းရမှာလဲ? ကျုပ် ဒီနေ့ ဒီသတင်းစာရှင်းလင်းပွဲလုပ်ရတာက လူတိုင်းကို ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်နည်းပညာတစ်စိတ်တစ်ပိုင်းရောင်းဖို့ စီစဉ်ထားကြောင်း ကြေညာချင်လို့ပါပဲ။"

ရှုယီပြောပြီးသည်နှင့် သတင်းထောက်အားလုံးစိတ်လှုပ်ရှားလာကြရာ စင်အောက်၌ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

ရှုယီသာ ဟာသလုပ်နေခြင်းမဟုတ်လျှင် ထိုသတင်းက သေချာပေါက် သတင်းခေါင်းစီးဖြစ်လာလိမ့်မည်!

Frestech ကုန်သည်ကြီးများအသင်းက သူတို့ရဲ့ မှော်စက်နည်းပညာကို ရောင်းနေပြီတဲ့လေ!

သူ့ရဲ့အဓိပ္ပာယ်က ဘန်တာမြို့၊ အနီးအနားမြို့တော်တွေနဲ့ လမ်ပူရီတိုင်းပြည်ကြီးမှာတောင် မှော်စက်အရာမှာ Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်နိုင်အယ့် လုပ်ငန်းစုတွေ ရှိလာတော့မှာပေါ့?

ဒီလိုဆိုရင် ရှုယီ ပြောခဲ့သလိုမျိုး မှော်စက်တွေက တိုင်းပြည်တဝှမ်းလုံးမှာ မြန်မြန်ရေပန်းစားလာတော့မှာပဲ။

ဒါက တိုင်းပြည်မှာရှိတဲ့ လူတိုင်းကို မှော်စက်တွေရဲ့ အကျိုးအမြတ်တွေအကြောင်းသိလာစေနိုင်တယ်။

ရှုယီ အကြိမ်ပေါင်းမနည်းပြောခဲ့ဖူးတဲ့ လမ်ပူရီတိုင်းပြည်ဆီကို မှော်စက်မှုနယ်ပယ်ကြီးက သမိုင်းအပြောင်းအလဲ ယူလာလိမ့်မယ်'ဆိုတာက ဒီတိုင်း အပြောသက်သက်မဟုတ်ဘူးပဲ။

သတင်းထောက်များ၏စိတ်လှုပ်ရှားမှုက ထိုသို့လှပသောမြင်ကွင်းကို ဖန်တီးနေစဉ်တွင် ခန်းမထံမှ အေးဆေးတည်ငြိမ်သည့်အသံထွက်ပေါ်လာပါ၏။

"ဥက္ကဌရှု၊ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ နည်းပညာရဲ့ဘယ်အပိုင်းကို ရောင်းချဖို့ ဆန္ဒရှိသလဲကို မေးလို့ရနိုင်မလား?"

ရေအေးတစ်ပုံးလောင်းချလိုက်သလိုပင် စိတ်လှုပ်ရှားနေကြသည့် သတင်းထောက်အားလုံး ငြိမ်ကျသွားကြ၏။

မှန်ပေသည်၊ ရှုယီက နည်းပညာတစ်စိတ်တစ်ပိုင်းဟု ပြောခဲ့လေရာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်နည်းပညာ အားလုံးဟု မဆိုနိုင်ပေ။ ထိုသည်က အင်မတန် များသွားလိမ့်မည်။

အားလုံးက တစ်ဖန်အာရုံစိုက်လာကြသည်ကို မြင်သော် ရှုယီလည်း «ခမာတိုင်းမ်စ်»မှ ဒုအယ်ဒီတာချုပ်ရိုင်းန်ကို အသာပြုံးပြ၍ ချီးကျူးဟန် ခေါင်းငြိမ့်ကာ ဖြေလိုက်သည်၊ "မှန်ပါတယ်၊ ကျုပ်တို့အတွက် နည်းပညာအလုံးစုံကို ရောင်းဖို့ကတော့ မဖြစ်နိုင်တာမို့ ရောင်းချမယ့် အပိုင်းတစ်ပိုင်းကို ရွေးထားပါတယ်။"

ခန်းမက သက်ပြင်းချသံဖြင့်ပြည့်နှက်သွားသည်မှာ သတင်းထောက်များက ရှုယီ၏ အဖြေကို စိတ်ပျက်သွားကြောင်းသေချာလှသည်။

ရှုယီကတော့ဖြင့် မပြုံးဘဲ မနေနိုင်တော့ချေ၊ "အားလုံးရဲ့ စိတ်ပျက်မှုကို ကျုပ်နားလည်ပေမယ့် နားလည်ပေးကြဖို့တောင်းဆိုပါတယ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကလည်း ငွေဝင်ဖို့လိုသေးတယ် မဟုတ်လား? ကျုပ်တို့ ပိုင်သမျှ နည်းပညာအားလုံးကိုသာ ရောင်းရမယ်ဆိုရင် Frestech ကုန်သည်ကြီးများအသင်းလည်း ဆက်ပြီးတည်ရှိမနေနိုင်တော့ဘူးလေ။ ခင်ဗျားတို့လည်း ဒါကို မမြင်ချင်ကြဘူး မဟုတ်လား?"

အားလုံးက တစ်ဦးကိုတစ်ဦးကြည့်ကာ ခြောက်ကပ်ကပ်ရယ်လာကြသည်။

"ဥက္ကဌရှု၊ ဒါပေါ့ ကျုပ်တို့တွေလည်း Frestech ကုန်သည်ကြီးများအသင်းက ရပ်တည်ဖို့ခက်ခဲနေမှာကို မမြင်ချင်ကြပါဘူး။" ရိုင်းန်က လေးနက်ဟန်ဖြင့်ဆိုလာသည်၊ "ဒါကတော့ ကျုပ် မြင်ရသလောက်ဆိုရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက အဆန်းသစ်ဆုံးလုပ်ငန်းစုဖြစ်တာကြောင့်ပါပဲ။ ဒါမှမဟုတ် တိတိကျကျပြောရရင် ဥက္ကဌရှုက အဆန်းသစ်ဆုံးပုဂ္ဂိုလ်လို့ပြောရမလား။ ခင်ဗျားသာ မရှိရင် Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီလိုဆန်းသစ်ပြီး သုံးရလွယ်တဲ့မှော်စက်တွေအားလုံးကို ထုတ်လုပ်ဖို့တောင် ဖြစ်နိုင်ခဲ့မှာမဟုတ်ဘူးလေ။ Frestech ကုန်သည်ကြီးများအသင်းသာ မရှိရင် မှော်စက်မှုနယ်ပယ်ကြီးကလည်း နယ်မြေကြီးမှာ ကွယ်ပျောက်သွားလိမ့်မယ်လို့တောင် သံသယဝင်မိတယ်။"

"ခင်ဗျားရဲ့ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။" ရှုယီက အသာပြုံးလျက် ခေါင်းငြိမ့်သည်၊ "ဒါပေမယ့် ကျုပ်ပြောရမယ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း ဒီမှာဆက်မရှိတော့ရင်တောင် မှော်စက်မှုနယ်ပယ်ကြီးကတော့ ဆက်လက်ဖွံ့ဖြိုးနေပြီး ဒါကြောင့် လွှမ်းမိုးခံရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လူတွေလည်း မှော်စက်တွေရဲ့ အကျိုးစီးပွားကို နားလည်ပြီး မှော်စက်တွေကိုလည်း လိုအပ်လာကြတာကြောင့်လေ။ ဒီ လိုအပ်မှုရှိနေရင်တော့ ဒီနယ်ပယ်လည်း ပျောက်ကွယ်သွားလိမ့်မှာ မဟုတ်ပါဘူး။"

"ဒါပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်နိုင်မယ့် လုပ်ငန်းစု၊ အထူးသဖြင့် ခင်ဗျားကိုယှဉ်နိုင်မယ့် လုပ်ငန်းစု ရှိမယ်လို့မထင်ဘူး၊ ဥက္ကဌရှု။" ရိုင်းန်က အခိုင်အမာပြောသည်။

ဘေးပတ်လည်ရှိ သတင်းထောက်များလည်း ရိုင်းန်၏စကားများကိုကြားသော် မနေနိုင်ဘဲ တိတ်တဆိတ်ခေါင်းငြိမ့်လာကြသည်။

Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ခဲ့သည့်နှစ်တွင် ရိုင်းန်၏အမြင်များကို သက်သေပြနိုင်သည့် ဥပမာများစွာ ရှိခဲ့၏။

ထိုသတင်းထောက်များသာမက ဘန်တာမြို့နှင့် အနီးတဝိုက်မြို့တော်များရှိ လူအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းကို မှော်စက်များနည်းတူ ဆက်ဆံခဲ့ကြသည်။

Frestech ကုန်သည်ကြီးများအသင်းသာ မရှိပါက ၎င်းတို့၏ဘဝ မည်သို့ဖြစ်လိမ့်မည်ကို လူများက စိတ်ကူးပင်ယဉ်နိုင်လိမ့်ကြမည်မဟုတ်ပေ။

"အားလုံးရဲ့ ထောက်ခံမှုကို ကျေးဇူးတင်ပါတယ်ဗျာ၊ ကျုပ် တကယ်ကို အလေးအနက်ဂုဏ်ယူရပါတယ်။" ရှုယီက ရယ်လျက်၊ "ဒါပေမယ့် အဓိက ခေါင်းစဉ်ကို ပြန်သွားကြတာပေါ့။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ နည်းပညာတစ်စိတ်တစ်ပိုင်းကို ရောင်းမယ့်အကြောင်း ပြောခဲ့တယ်ဆိုတော့ ရောင်းဖြစ်မယ့် ပထမအသုတ်ကို ဂဲလက်ထ်ကုန်သည်ကြီးများအသင်းအနေနဲ့ ကျုပ်တို့ဆီက ခိုးယူသွားတဲ့ မှော်ရေနွေးအိုးနည်းပညာကို ရွေးထားပါတယ်။ ဒီနည်းပညာတွေ စိတ်ဝင်စားတဲ့ ဘယ်လုပ်ငန်းစုမဆို ကျုပ်တို့ဆီလာပြောဖို့ ကြိုဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ၊ ဒီနည်းပညာကိုရောင်းနေချိန်မှာ ကျုပ်တို့ဆီက ဝယ်သွားတဲ့ လုပ်ငန်းစုတွေအတွက် အဲဒီ့ နည်းပညာကိုနားလည်ပြီး ကိုယ်တိုင် မှော်ရေနွေးအိုးတွေလုပ်နိုင်တဲ့အထိ ထောက်ပံ့ပေးမယ်ဆိုတာကိုပါ အာမခံပါတယ်။ ဒါပေါ့၊ ကျုပ်မျှော်လင့်တာက ဒီနည်းပညာကို ဝယ်ယူ‌တဲ့ လုပ်ငန်းစုတွေအနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ ဆက်လက်ပူးပေါင်းနိုင်ပြီးတော့......"

စင်အောက်ရှိ သတင်းထောက်များအားလုံးမှာ ရှုယီပြောသမျှကို အာရုံစိုက်လျက် ဝါကျတိုင်းကို ၎င်းတို့မှတ်စု၌ လိုက်ရေးမှတ်ထားကြသည်။

၎င်းတို့၏စိတ်ထဲတွင်လည်း ယနေ့ သတင်းစာရှင်းလင်းပွဲက လမ်ပူရီတိုင်းပြည်တစ်ခုလုံး၊ စိုင်စ်နယ်မြေကြီးတစ်ခုလုံးကိုပါ ပြောင်းလဲစေလိမ့်မည်ဟု ဝိုးတဝါး ခံစားနေရ၏။

ယနေ့ ရှုယီပြောခဲ့သည့် စကားလုံးတိုင်းကလည်း တစ်နေ့၌ သမိုင်းစာအုပ်ထဲ ရေးထည့်ခံရကာ လူတိုင်းထံ လွှဲပြောင်းပေးခြင်းခံရမည်လည်း ဖြစ်နိုင်ပါသေးသည်။

All Chapters