အခန်း (၇၁-၈၀)
Vol. 2 Ch. 71-80
Vol 2, အခန်း ၀၇၁။ ကိုယ်ပိုင်မူပိုင်ခွင့်ဥပဒေ ရေးဆွဲခြင်း။
"ဟေး ရှုယီ၊ ငါအဝေးကိုသွားနေတာ တစ်လပဲရှိသေးပေမယ့် မင်းက ဒီမိသားစုဖျက်ဆီးသလိုဆုံးဖြတ်ချက်ကြီးကို ချခဲ့တယ်နော်။ မင်းက ငါ့ကို သေလုနီးနီး ဒေါသထွက်အောင် ကြံစည်နေတာလား?" ဟိန့်ဇ်၏မျက်နှာက နီရဲနေလျက် ရှုယီထံ ဒေါသတကြီး အထွန့်တက်လာသည်၊ "မင်းက တခြားမရောင်းဘဲ ငါတို့ရဲ့နည်းပညာကို ရောင်းဖို့ ရွေးခဲ့တယ်ပေါ့? ငါတို့ Frestech ကုန်သည်ကြီးများအသင်းက ငွေလိုနေတာကြောင့်များလား?"
ရှုယီလည်း ဟိန့်ဇ်ကို အပြုံးဖြင့်ကြည့်လိုက်သည်။ ထိုသို့ ဆူငေါက်ခံရခြင်းကြောင့် ဒေါသမဖြစ်သွားရုံမျှမက ရှင်းပြမရနိုင်သည့် နွေးနွေးထွေးထွေးခံစားချက်တချို့ကိုပါ ခံစားလိုက်မိပုံပေါ်နေ၏။
ဟိန့်ဇ်ပြောခဲ့သလိုပင်၊ ရီယာက ခမာမြို့ထံ ၎င်းတို့ကလေးအား ခေါ်သွားဖို့ အလျင်သွားခဲ့ရာ သူလည်း တစ်လလောက်ပြန်မလာဘဲ နေခဲ့ရ၏။
သို့သော် သူပြန်လာသည်နှင့် သတင်းစာရှင်းလင်းပွဲ၌ ချခဲ့သည့် ဆုံးဖြတ်ချက်အကြောင်း စောဒကတက်ရန် ရှုယီကို ရှာခဲ့သည်။
"ကျုပ်တို့ ငွေလိုနေတယ်လို့ ဘယ်သူပြောလဲ?" ရှုယီက ခေါင်းခါကာ ပြုံးလျက်နှင့်၊ "ဆာဘက်စ်ရဲ့ အချက်အလက်အရ ကျုပ်တို့လုပ်ငန်းစုရဲ့ အရင်လ အမြတ်ငွေက ဇူလိုင်လကထက်တောင် ပိုများနေပြီး ရွှေဒင်္ဂါး လေးသိန်းရှစ်သောင်းလောက်ထိ ရခဲ့တယ်တဲ့။ အရင်လကလည်း ငွေအတော်များများ မသုံးခဲ့တဲ့ အချက်ကိုပါ ထည့်ပေါင်းလိုက်ရင် ဘယ်လိုများ ငွေလိုနေမှာတဲ့လဲ?"
"ဒါဆိုပြောပါဦး ဘာလို့နည်းပညာကို ရောင်းရတာလဲ?" ရှုယီ၏ ဂရုမစိုက်ဟန်ကိုမြင်သော် ဟိန့်ဇ်မှာ နှလုံးသားထဲမှ ဒေါသမီးလျှံများပင် ဆန်တက်လာသည်ဟု ခံစားလိုက်ရ၏၊ "နည်းပညာကိုရောင်းလိုက်ရင်တောင် ဘာလို့ မှော်ရေနွေးအိုးနဲ့ဆက်စပ်နဲ့ နည်းပညာအားလုံးကို ရောင်းတာလဲ?"
"ခင်ဗျားအနေနဲ့ မိုက်မဲတဲ့လုပ်ငန်းစုတစ်ခုခုကနေ နည်းပညာ တစ်စိတ်တစ်ပိုင်းကို ဝယ်လိုက်ပြီးရင်တောင် မှော်ရေနွေးအိုးကို ထုတ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ထင်လို့လား?" ရှုယီက မေးသည်။
"အဲ့လောက်မိုက်မဲတဲ့သူမရှိပေမယ့်၊ ဒီတစ်ခါ မိုက်မဲတာက မင်းလို့ငါထင်တယ်!" ဟိန့်ဇ်က ကျယ်လောင်စွာပြောသည်၊ "အထူးသဖြင့် ငါတို့လို ကိုယ့်ဘာသာ ကျွေးမွေးဖို့ နည်းပညာကို အားကိုးနေရတဲ့ လုပ်ငန်းစုတစ်ခုကို အဲဒီ့နည်းပညာကပဲ ပံ့ပိုးပေးတယ်လို့ မင်းပဲ အရင်က ပြောခဲ့တာမဟုတ်ဘူးလား? အခု မင်းက မှော်ရေနွေးအိုးနည်းပညာကိုရောင်းတော့မှာဆိုတော့ ငါတို့ကို မှော်ရေနွေးအိုးမလုပ်ခိုင်းဖို့ စီစဉ်ထားတာလား?"
"အမ်း ကျုပ်လည်း တကယ်ပဲ ဒီလိုလုပ်ဖို့ စီစဉ်ထားတာ။"
ဟိန့်ဇ်မှာ ရှုယီက သူ့ကိုယ်သူရှင်းပြလာမည်ဟု စဉ်းစားထားသော်လည်း တိုက်ရိုက်ကြီးဝန်ခံလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူလည်း ဒေါသကြောင့် နင်'ပင် နင်သွားရ၏။
အကြိမ်ရေအချို့ အသက်ပြင်းပြင်းရှူပြီးနောက်တွင် ဟိန့်ဇ်လည်း သူ၏ တုန်လှုပ်နေသည့်စိတ်ကို လျှော့ကာ ရှုယီထံ ရိုးသားစွာ မေးလာလေသည်၊ "ငါ့ကို ရိုးရိုးသားသားပြောစမ်းပါ ဘာလို့လဲ? မင်း ဘာဆုံးဖြတ်ချက်ပဲချချ ကိုယ်ပိုင်အကြံတွေရှိမှန်း ငါသိပါတယ်။ ဒါပေမယ့် ဒါကိုစဉ်းစားလို့မရတာ၊ ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာကိုရောင်းတော့ ဘာအကျိုးအမြတ်ရမှာတဲ့လဲ?"
"ဒီတစ်ခေါက်တော့ ကျုပ်တို့နည်းပညာကိုရောင်းတာက ကျုပ်တို့လုပ်ငန်းစုအတွက် အကောင်းဆုံးကိုတွေးထားတာမဟုတ်ဘူးလို့ ပြောရင်ရော ခင်ဗျားဘယ်လိုသဘောရလဲ?"
"မင်း!" ဟိန့်ဇ်၏မျက်လုံးများ ပြူးထွက်လာပြီးမှ ချက်ချင်းပင် စိတ်လျှော့ရန် မိမိကိုယ်ကိုဖိအားပေးလိုက်၏။ ထို့နောက် အသက်ပြင်းပြင်းရှူကာ ရှုယီကို ကြည့်လာသည်၊ "မကြာခင် ငါလည်းမင်းကြောင့် ဒေါသထွက်ပြီးသေသွားနိုင်လောက်တယ်။ ဟုတ်ပြီ၊ ဒီတစ်ခေါက်မင်းရဲ့ ဆုံးဖြတ်ချက်က ငါတို့ Frestech ကုန်သည်ကြီးများအသင်း ကောင်းဖို့အတွက်မဟုတ်ရင်တောင် ဘာအတွက်လဲဆိုတာ ပြော။"
ရှုယီက အသာပြုံးကာ၊ "တကယ်တော့ စ'နေတာပါ။ ဒီဆုံးဖြတ်ချက်က လတ်တလောမှာတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် ဘာအကျိုးအမြတ်မှမရှိပေမယ့် ရေရှည်မှာတော့ အတော်ကို အသုံးဝင်တယ်။"
"ဘယ်နေရာမှာ အသုံးဝင်တာလဲ?"
"နည်းနည်းလောက် တည့်တိုးပြောရမယ်ဆိုရင်တော့၊ ကျုပ်က မှော်စက်တွေကို ပိုမြန်မြန်ရေပန်းစားအောင် ကြိုးစားနေတာကြောင့် မှော်ရေနွေးအိုးအတွက် နည်းပညာအားလုံးကို ရောင်းရတာပါ။ ဒီလိုဆိုရင် အဲဒီ့နည်းပညာကိုဝယ်တဲ့ လုပ်ငန်းစုအားလုံးလည်း သူတို့ကိုယ်ပိုင် မှော်ရေနွေးအိုးတွေကို ထုတ်လုပ်နိုင်မှာပဲ။ ဒီအတောအတွင်းမှာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ မှော်ရေနွေးအိုးတွေ ထုတ်လုပ်မှာမဟုတ်ကြောင်း ကတိပေးထားတော့ သူတို့လည်း ကျုပ်တို့ Frestech အမှတ်တံဆိပ် မှော်ရေနွေးအိုးတွေက ပိုကောင်းမှာကိုစိတ်ပူစရာမလိုဘဲ ရင်းနှီးမြုပ်နှံလို့ရမှာလေ။"
"ဒီလိုဆိုရင်တော့ ငါတို့လည်း ငါတို့ကိုယ်တိုင် မှော်ရေနွေးအိုးတွေ လုပ်လိုက်ရုံပဲလေ။ ဘာလို့ ဒီမှော်ရေနွေးအိုးကရမယ့် အမြတ်ငွေတွေအားလုံးကို တခြားလူတွေဆီပေးမှာလဲ?" ဟိန့်ဇ်က ဤတစ်ခေါက်၌ စိတ်ပူမနေတော့ဘဲ သူ၏ ဝေဖန်ချက်အား ရှုယီကိုပြောလာသည်၊ "ငါ့ရဲ့ ခန့်မှန်းခြေအရ မှော်ရေနွေးအိုးက ဈေးလည်းသက်သာပြီး အသုံးလည်းဝင်မှာဆိုတော့ မိသားစုတိုင်းနီးနီးက သုံးကြမှာပဲ။ ဒါကို ဖြန့်ချိလိုက်တာနဲ့ ရောင်းအားကလည်း သေချာပေါက်မြင့်မှာလေ။ ငါဒါကို တွက်နိုင်တယ်လို့တော့မယုံပေမယ့် မင်းတော့ တွက်နိုင်မယ်ဆိုတာ သေချာတယ်။"
"ဒါပေါ့ လုပ်နိုင်ပါတယ်။" ရှုယီက ခေါင်းငြိမ့်ကာ၊ "ဒါပေမယ့် ဟိန့်ဇ်၊ ဒီမှော်ရေနွေးအိုးတစ်လုံးစီကနေ အမြတ်ဘယ်လောက်ရနိုင်မလဲကို တွက်ပြီးပြီလား?"
ဟိန့်ဇ်က စဉ်းစားကြည့်ပြီးမှ မျက်မှောင်ကုပ်ကာပြောလာသည်၊ "မှော်လေအေးပေးစက်တို့ မှော်ရေခဲသေတ္တာတို့ကို မယှဉ်နိုင်သလို၊ အလိုအလျောက်မှော်ထမင်းပေါင်းအိုးကိုတောင်ယှဉ်နိုင်မှာမဟုတ်ဘူး၊ မှော်ပန်ကာနဲ့တော့ အတူတူလောက်ဖြစ်မယ်လို့ထင်တယ်။ တစ်လုံးကို ရွှေဒင်္ဂါးတစ်ပြားလောက်မရနိုင်ရင်တောင် ငွေဒင်္ဂါးခုနစ်ဆယ် ရှစ်ဆယ်လောက်ဆိုလည်း ပြဿနာမဟုတ်ဘူးလို့ထင်တယ်။ ရောင်းအားမြင့်မြင့်ကိုပါ ထည့်ပေါင်းမယ်ဆိုရင် အမြတ်က အတော်လေးအဆင်ပြေမှာပဲ။"
ရှုယီက အသာခေါင်းခါကာ၊ "မဟုတ်ဘူး၊ ခင်ဗျားက အကောင်းမြင်လွန်းနေပြီ။ တကယ်တော့ ကျုပ်ရဲ့ ခန့်မှန်းချက်အရ မှော်ရေနွေးအိုးရဲ့တန်ဖိုးက ရွှေဒင်္ဂါးတစ်ပြားထက်ပိုဖို့က ခက်ခဲနိုင်တော့ အမြတ်ငွေဘယ်လောက်မြင့်မြင့် ငွေဒင်္ဂါးခုနစ်ဆယ် ရှစ်ဆယ်လောက်တော့ မရောက်နိုင်လောက်ဘူး။"
ဟိန့်ဇ်က အတန်ငယ်ရှုပ်ထွေးသွားကာ၊ "မင်းက ဘာလို့ ဈေးနှုန်းက နည်းနည်းပိုမြင့်မြင့်မသတ်မှတ်ရတာလဲ? ဒီနည်းပညာကို မရောင်းသရွေ့ ငါတို့လုပ်ငန်းစုကပဲ ဒီမှော်ရေနွေးအိုးကို ထုတ်လုပ်နိုင်တာလေ။ ဈေးနှုန်းနည်းနည်းလောက်မြင့်ရင်တောင် ဝယ်မယ့်လူကတော့ ဝယ်မယ်လို့ ငါထင်တာပဲ။"
"ဟင့်အင်း၊ ဒီတစ်ခေါက်က မတူဘူးလေ။ အရင်ကတော့ ကျုပ်တို့ပဲ ထုတ်လုပ်နိုင်တာကြောင့် ဈေးနှုန်းသတ်မှတ်လို့ရပေမယ့် မှော်ရေနွေးအိုးကို ဂဲလက်ထ်ကုန်သည်ကြီးများအသင်းက အရင်ဖြန့်ချိခဲ့ဖူးတော့ အားလုံးက ဒီပစ္စည်းကိုသိပြီးသားလေ။ ဆန်းသစ်မှုနဲ့ စူးစမ်းမှုမရှိရင် ဈေးနှုန်းကို သေချာပေါက် သက်ရောက်လိမ့်မယ်။ ပြီးတော့ မှော်ရေနွေးအိုးမှာ ပါဝင်တဲ့နည်းပညာကလည်း မမြင့်တော့ လုပ်ငန်းစုတစ်ခုက မှော်စက်တွေအတွက် ရင်းနှီးမြှုပ်နှံရာမှာ ဆန္ဒရှိနေသရွေ့ ထုတ်လုပ်နိုင်လောက်မယ်ဆိုတာ ခင်ဗျားသိသင့်တယ်။"
"ဒါပေမယ့် သူတို့ရဲ့ မှော်ရေနွေးအိုးက ငါတို့ Frestech အမှတ်တံဆိပ်လောက်မှမကောင်းတာကို ဘာကြောက်စရာရှိလဲ?" ဟိန့်ဇ်လည်း လက်မခံလိုစွာပြောလေသည်။
ရှုယီလည်း ခေါင်းခါကာ၊ "ကျုပ်တို့ Frestech အမှတ်တံဆိပ်မှော်စက်တွေက တခြားလုပ်ငန်းစုကမှော်စက်တွေထက် ပိုကောင်းနေတာဟာ ဆန်းသစ်တဲ့ ဒီဇိုင်းတွေကြောင့်ပဲ။ ဒီတစ်ခေါက် မှော်ရေနွေးအိုးရဲ့ ဒီဇိုင်းကို အားလုံးဆီပြပြီးသွားတော့ အရင်ကလို ထူးခြားတဲ့အားသာချက်မရှိတော့ဘူး။ ဒီတော့ ကျုပ်တို့လုပ်ငန်းစုရဲ့ မှော်ရေနွေးအိုးက တခြားလုပ်ငန်းစုတွေထက် အတော်လေးပိုကောင်းဖို့မဖြစ်နိုင်တော့ဘူး။"
ရှုယီ၏အဖြေကိုကြားသော် ဟိန့်ဇ်လည်း မနေနိုင်ဘဲ ရှုယီကို ဒေါသတကြီးကြည့်လာသည်၊ "မင်းသာ အဲဒီ့ထုတ်ကုန်ကြေညာပွဲမှာ လျှို့ဝှက်ချက်အားလုံးကို မထုတ်ဖော်ခဲ့ရင် တခြားလူတွေက ငါတို့ရဲ့ ထူးကဲတဲ့ဒီဇိုင်းကို ဘယ်လိုသိနိုင်မှာတဲ့လဲ?"
ရှုယီက ညစ်ကျယ်ကျယ်ပြုံးကာ၊ "ကျုပ် အဲဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပါလို့ ပြောရင်ရော?"
ဟိန့်ဇ်က ရပ်တန့်သွားကာ၊ "မင်းက ဒီမှော်ရေနွေးအိုးနည်းပညာကို ရောင်းဖို့ စီစဉ်ထားပြီးသားလား?"
"ဒါပေါ့၊ မဟုတ်ရင် ကျုပ်က ဘာလို့ အီဗီတာကို အဲ့ကောင် ရမ်အနေနဲ့ မှော်ရေနွေးအိုးနည်းပညာတစ်စိတ်တစ်ပိုင်း ခိုးယူဖို့ခွင့်ပြုပေးရမှာလဲ?"
ဟိန့်ဇ်က မနေနိုင်တော့ဘဲ ရှုယီကိုကြည့်လာပြီး သက်ပြင်းချလျက်ဆိုသည်၊ "ရှုယီ၊ ငါရုတ်တရတ် မင်းက အတော်လေး ကောက်ကျစ်တဲ့လူဆိုတာ ရှာတွေ့သွားပြီ။"
"ချီးကျူးမှုအတွက် ကျေးဇူးပါ" ရှုယီက ပြုံးလျက်ဆက်ပြောသည်၊ "ဒီတော့ ဒီမှော်ရေနွေးအိုးနည်းပညာကို မရောင်းရင်တောင် ဒါက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အဓိပ္ပာယ်များများစားစားမရှိပါဘူး။ အဲ့ကနေ ရနိုင်မယ့် အမြတ်စွန်းလည်း များများစားစားမရှိမှတော့ ရောင်းရတာပေါ့။"
ဟိန့်ဇ်က ရှုယီကို ကြည့်လာတာ၊ "ဒါက မင်းဘာသာယူလာတဲ့အရာပဲမဟုတ်လား? ရမ်နဲ့ ပတ်သက်တဲ့ပြဿနာကို ရှာတွေ့တာနဲ့ တတ်နိုင်သမျှ မြန်မြန်ဂရုစိုက်လိုက်ရင် ဒီကိစ္စတွေအားလုံးဘယ်ဖြစ်လာမတဲ့လဲ?"
ရှုယီက အပြုံးဖြင့်ခေါင်းခါလိုက်ကာ ဟိန့်ဇ်၏အမြင်ကျဉ်းသောသဘာဝက ဘယ်တော့မှမပြောင်းလဲဟု စဉ်းစားလိုက်သည်။
သူ၏အမြင်တွင် Frestech ကုန်သည်ကြီးများအသင်းက ဆုံးရှုံးမှုကိုခံစားခဲ့ရသဖြင့် အင်မတန် မကျေမနပ်ဖြစ်နေ၏။
သို့သော် အတွေးပြောင်းကြည့်လျှင် သူက သူသိသမျှကို အခြေခံ၍ စဉ်းစားနေခြင်းပင်။
ရှုယီလည်း ၎င်းကိုတွေးမိသဖြင့် ဟိန့်ဇ်ကိုပြောလာသည်၊ "တကယ်တော့ ဒီကိစ္စမှာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အကျိုးအမြတ်ရမှာက ရေရှည်ချည်းပဲမဟုတ်ပါဘူး။ သိပ်မကြာခင် အကျိုးအမြတ်ကြီးရလိမ့်မယ်။"
ဟိန့်ဇ်က စိတ်ဝင်စားဟန်ပြလာကာ၊ "တကယ်လား? အကျိုးအမြတ်ရှိတာလား? ပြောပြပါဦး"
"အရင်ဆုံး ကျုပ်တို့ ဒီမှော်ရေနွေးအိုးနည်းပညာကိုရောင်းချမှုက လုပ်ငန်းစုတစ်ခုတည်းကိုတင်မဟုတ်ဘဲ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ဖို့ဆန္ဒရှိတဲ့ ဘယ်လုပ်ငန်းစုကို မဆိုရောင်းမှာပါ။ ဒါကြောင့် တစ်ပတ်မပြည့်ခင်အတွင်းမှာ ဒီနည်းပညာကိုဝယ်ဖို့ ကျုပ်ကိုမေးလာကြတဲ့ လုပ်ငန်းစု နှစ်ဆယ်ကျော်လောက်ရှိတယ်။"
ဟိန့်ဇ်လည်း ငြိမ်သက်သွားကာ၊ "ဘယ်လိုလဲ? ဘယ်လောက်လောက် ဝယ်ချင်ကြတာလဲ? ဘယ်လောက်သုံးချင်ကြတာတဲ့လဲ?"
"အခုတော့ မသေချာသေးပေမယ့် သူတို့ရဲ့ စိတ်အားထက်သန်နေပုံအရတော့ ဝယ်ဖို့ အရမ်းစိတ်ဝင်စားနေတာ လုပ်ငန်းစု ဆယ့်ငါးစုလောက်ရှိတယ်။ ကျုပ်ပေးထားတဲ့ ဈေးနှုန်းက ရွှေဒင်္ဂါးတစ်သောင်းဖြစ်ပြီးတော့ သူတို့အနေနဲ့ မှော်ရေနွေးအိုးတစ်ခု ထုတ်လုပ်တိုင်း ကျုပ်တို့ကို ငွေဒင်္ဂါးတစ်ပြားလည်း ပေးရမယ်။"
"ကြည့်ရတာတော့ ဒါက အရင် ဖာဆက်ခ်ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းရေးပုံစံလုပ်တုန်းကလိုပဲ။" ဟိန့်ဇ်က ဖြတ်ပြောလာသည်။
"အမ်း၊ နည်းနည်းတော့ဆင်ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက် ကျုပ်က ဒီပုံစံကို အချိန်ကြာသုံးဖို့ စီစဉ်ထားတယ်။" ရှုယီက အပြုံးဖြင့်ပြောသည်၊ "တော်ဝင်လွှတ်တော်က မူပိုင်ခွင့်ဥပဒေကို ချပြလာမယ်လို့ မျှော်လင့်နေခဲ့ပေမယ့် ဒါက ဖြစ်မလာဘူး။ တော်ဝင်လွှတ်တော်က ဂရုမစိုက်မှတော့ ကိုယ့်ဘာသာပဲ လုပ်ရတာပေါ့။ ကျုပ်တို့ဆီကနေ နည်းပညာကိုဝယ်ဖို့ လုပ်ငန်းစုအလုံအလောက်ရှိပြီး စာချုပ်မှာ လက်မှတ်ထိုးသရွေ့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ မူပိုင်ခွင့်တစ်ရပ် ဝယ်တာနဲ့ ညီမျှလိမ့်မယ်။ ဒီပုံစံကိုသာ တဖြည်းဖြည်းနဲ့ လူတိုင်းလက်ခံလာရင် ကျုပ်တို့အနေနဲ့ မူပိုင်ခွင့်ဥပဒေကို ဖွဲ့စည်းခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။"
ဟိန့်ဇ်လည်း စဉ်းစားကာ ခေါင်းငြိမ့်လာသည်၊ "အမ်း၊ ဒါက အတော်လေးကောင်းတဲ့နည်းလမ်းပါပဲ။ ဒါပေမယ့် ငါတို့က မှော်ရေနွေးအိုးတစ်လုံးအတွက် ငွေဒင်္ဂါးတစ်ပြားလေးပဲရမှာဆိုတော့ အရမ်းနည်းမနေဘူးလား...."
ဟိန့်ဇ်သက်ပြင်းချသည်ကိုမြင်သော် ရှုယီက ပခုံးပုတ်ပေးလျက် အပြုံးဖြင့်ပြောလိုက်၏၊ "အခုတော့ ခင်ဗျားက ဒါကို နည်းတယ်လို့ စဉ်းစားမှာပေါ့၊ ဒါပေမယ့် ကျုပ်ကိုယုံလိုက်၊ ရှေ့လျှောက် ဘာကိုမှမလုပ်ဘဲ ဒီမှော်ရေနွေးအိုးတစ်လုံးစီအတွက် ငွေဒင်္ဂါးတစ်ပြားရတာက တကယ်ကို များမှန်း သိလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ သိပ်မကြာခင်မှာ အိမ်သုံးမှော်စက်တွေအတွက် အမြတ်ငွေ တဟုန်ထိုးတက်နေတဲ့ကာလက ကုန်ဆုံးတော့မှာမို့ပဲ။"
ဟိန့်ဇ်က ရှုယီကို ငေးကာကြည့်လာသည်။
သူဟာ မည်သို့ပဲ ဝန်မခံချင်သည်ဖြစ်စေ ရှုယီ လုံးဝမှန်ကန်ကြောင်းဝန်ခံရပေမည်။
ပြိုင်ပွဲက တိုးတက်မှုကို ယူဆောင်လာမည်ဖြစ်သော်လည်း ဤပြိုင်ပွဲက အမြတ်အစွန်း လျော့သွားစေမည်ပင်။
ထိုသည်မှာ စိုင်စ်နယ်မြေကြီးရှိ နယ်ပယ်တိုင်းက လိုက်နာရသော နိယာမဖြစ်သည်။ မှော်စက်မှုနယ်ပယ်မှာ နယ်ပယ်သစ်တစ်ရပ်သာဖြစ်သော်လည်း ဤခိုင်မာသည့်စည်းမျဉ်းကို ရှောင်လွှဲ၍မရသည်ကတော့ သေချာပေ၏။
ဟိန့်ဇ်လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မြန်သည်ထက် နောက်ကျမှရောက်လာဖို့သာ ဆုတောင်းခြင်းဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၇၂။ တာယာ
သုံးလတာကုန်ဆုံးသွားပြီး လက်ရှိမိုးကျတောင်ကြားမှာ စတင်တည်ထောင်ကာစနှင့်စာလျှင် ပြောင်းလဲနေပြီဖြစ်သည်။
အဝင်ဝရှိ မိုးမျှော်အလုပ်ရုံနှစ်ရုံနှင့် အဝေးမှ ဒေသခံနယ်မြေရှိ သေသပ်ပုံစံကျသည့် အဆောက်အဦးများမဆိုထားနှင့် မိုးကျတောင်ကြားရှိ ဘိလပ်မြေလမ်းများကိုမြင်ရုံနှင့် လူများအား ဆန်းသစ်သောခံစားချက်ကိုပေးစွမ်းကာ အင်မတန် အံ့ဩဖွယ်ကောင်းစေသည်။
သို့သော် မိုးကျတောင်ကြားတစ်ခုလုံးအားအေးစက်စက်ဘိလပ်မြေလမ်းများ၊ ကျောက်အဆောက်အဦများဖြင့်သာ တည်ဆောက်ထားခြင်းပင်မကချေ။
သိသိသာသာကွာဟနေသည့်နေရာအားလုံး၌ ထူးဆန်းသည့် အပင်ငယ်လေးများ အမျိုးစုံ ပေါက်ရောက်နေသည်။
အကြောင်းမှာ ဆောင်းဦးကျစောသဖြင့် အပင်များအားလုံးကြီးထွားရန် အကောင်းဆုံးအချိန်ဖြစ်သောကြောင့်ပင်။ ဘယ်နေရာကိုကြည့်ကြည့် ပန်းပွင့်များ သစ်ရွက်လေးများရှိနေပေ၏။ အလုပ်ရုံများနှင့် လမ်းတစ်လျှောက်တွင် ပန်းပင်လယ်(ပန်းခင်း)ကြီးနှင့် အစိမ်းရောင်ပင်လယ်ကြီးရှိနေရာ အင်မတန်သက်ဝင်လှုပ်ရှားနေပြီး မိုးကျတောင်ကြားကို အေးစက်ဟန်ပေါ်မနေစေပေ။
ထိုထူးထူးဆန်းဆန်းအပင်ငယ်များမှာ ရှုယီ၏တောင်းဆိုမှုကြောင့် ညတေးသံမျိုးနွယ်စု ယူဆောင်လာသည်များဖြစ်သည်။ မိုးကျတောင်ကြား၌ နှစ်သောင်းထောင်ချီကြာ နေထိုင်လာခဲ့သော နတ်သူငယ်များအတွက် ၎င်းက အနုပညာလက်ရာပင်။
လတစ်ဝက်ခန့်အသုံးပြုကာ ရှုယီနားမလည်နိုင်သည့်နည်းလမ်းများဖြင့် နတ်သူငယ်တို့က မိုးကျတောင်ကြားကို ၎င်းမြင်ကွင်းအဖြစ်ပြောင်းလဲခဲ့သည်။
နတ်သူငယ်များထံ၌ အလှအပအတွက် ကောင်းမွန်ကာ ထူးကဲလှသည့် ပါရမီရှိခြင်းကြောင့် မိုးကျတောင်ကြားက ရှုယီ စိတ်ကူးထားသည့် စက်မှုအခြေစိုက်နယ်မြေထက်စာလျှင် အနုပညာလက်ရာနှင့် ပိုမိုတူညီနေသည်။
ထိုအပင်များကြောင့် မိုးကျတောင်ကြားသို့ လျှောက်ဝင်လာချိန်တွင် အလုပ်ရုံများ ဘေးမှဖြတ်သွားရင်း ရနံ့ပေါင်းစုံ ရနိုင်ရုံသာမက စိတ်နှလုံးကိုပါ သက်သာစေမှုနှင့်ပြည့်နှက်စေလောက်မည့် လတ်လတ်ဆတ်ဆတ်ရနံ့များဖြင့်ပါ ထုံမွှမ်းသွားနိုင်၏။
ဥက္ကဌပွန်ဖီးက ရှုယီနောက်ရှိ မြင်းလှည်းမှထွက်လာကာ ၎င်းရှေ့မှ မြင်ကွင်းကို မြင်သော် တမုတ်ဟုတ်ချင်း အံ့အားသင့်သွားတော့သည်။
"ဥက္ကဌရှု၊ ခင်ဗျားပြောခဲ့တဲ့ စက်မှုအခြေစိုက်နယ်မြေက ရှုပ်ပွပြီး ညစ်ပတ်နေလိမ့်မယ်လို့ ကျုပ်ထင်ခဲ့ပေမယ့် ဒီလောက်လှမယ်လို့တော့မထင်ခဲ့မိဘူး! ဒီနေရာမှာနေတာက ဘန်တာမြို့မှာနေတာထက်တောင် ပိုသက်သာမယ်လို့ ထင်မိတယ်။"
ရှုယီက ရယ်ကာ၊ "ခင်ဗျားသာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီဝင်လာချင်ရင် ခင်ဗျားဆန္ဒကို ဖြည့်ဆည်းပေးဖို့က လွယ်ပါတယ်။ ဒီမှာ အဲဒီ့ အဆောက်အဦတန်းကြီးကို ခင်ဗျားမြင်လား? ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ အလုပ်သမားတွေနေဖို့ ဆောက်ထားတဲ့ ဒေသခံနယ်မြေပဲ။"
ဥက္ကဌပွန်ဖီးလည်း အပင်များနှင့်ပန်းပွင့်များအကြား ပုန်းကွယ်နေသည့် အိမ်များကိုကြည့်ရင်း ထိုအဆောက်အဦများ၌ ထူးကဲ့သည့် ပုံစံရှိသည်ဟု ခံစားမိလိုက်သည်။ သူလည်းမနေနိုင်ဘဲ သက်ပြင်းချကာ၊ "တကယ်ကို နှမျောစရာပဲ၊ ကျုပ်မှာ အဲ့လိုကံကောင်းမှုမရှိဘူး။ ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်တွေကို မထုတ်လုပ်ရင်တောင် ဒီလိုနေရာထိုင်ခင်းမျိုး ဖန်တီးရုံနဲ့ ငွေအတော်ဝင်နိုင်လောက်တယ်လို့တောင် ကျုပ်ရုတ်တရတ် ခံစားလိုက်ရတယ်။ လူအတော်များများက ဒီလိုပတ်ဝန်းကျင်မျိုးမှာ နေချင်လောက်မယ်လို့ ကျုပ်အာမခံရဲတယ်။"
"ပြဿနာက လူဘယ်နှယောက်ကများ ဘန်တာမြို့နဲ့ ငါးဆယ်ကီလိုမီတာလောက်အကွာမှာ နေဖို့ဆန္ဒရှိမှာတဲ့လဲ?" ရှုယီက အပြုံးနှင့်မေးသည်။
ဥက္ကဌပွန်ဖီးလည်း ရယ်ကာ၊ "ဒီတော့ ကျုပ်တို့အနေနဲ့ မြင်းလှည်းတွေကို ပိုမြန်အောင်မောင်းဖို့ လိုတယ်လို့ အဓိပ္ပာယ်ရတာပေါ့။ ဒီလိုဖြစ်နေသရွေ့ အားလုံးအတွက် မြင်းလှည်းတွေစီးဖို့ ပိုအဆင်ပြေလာပြီး သူတို့သွားလိုရာကို ပိုမြန်မြန်ရောက်မှာပဲ။"
"အမှန်ပဲ။" ရှုယီလည်း ပြုံးကာ ဥက္ကဌပွန်ဖီးအား ဝင်လာဖို့ အချက်ပြလေ၏။ သူက အဝင်ဝနှင့် သိပ်မဝေးသည့် အလုပ်ရုံတစ်ရုံဆီ ဦးဆောင်ခေါ်သွားလိုက်သည်။
လမ်းတွင် ထုတ်လုပ်မှုစတင်နေပြီဖြစ်သည့် သံမဏိစက်ရုံကို မြင်လိုက်ရာ ရှုယီမှာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်၏။ ထိုသံမဏိစက်ရုံ၏ တည်ရှိမှုကြောင့်သာမဟုတ်ပါလျှင် မှော်ရေနွေးအိုးနည်းပညာကို ရောင်းဖို့ ဆုံးဖြတ်ခဲ့လိမ့်မည်မဟုတ်ပေ။
အချက်အလက်အရ ရှုယီအနေနှင့် ဟိန့်ဇ်အား ထိုမှော်ရေနွေးအိုးနည်းပညာကိုရောင်းရင်း ရလာမည့်အကျိုးအမြတ်အားလုံးကို ပြောပြရန်အချိန်မရှိခဲ့ချေ။
ဥပမာ၊ ထိုသံမဏိစက်ရုံမှာ ၎င်းထံမှ ရနိုင်ခဲ့သည့် အမြတ်စွန်းကြီးကြီးမားမားပင်။
ယနေ့မှာ သတင်းစာရှင်းလင်းပွဲပြီးနောက် လတစ်ဝက်ကြာသွားပြီးဖြစ်သည်။ ထိုလွန်ခဲ့သည့် လဝတစ်ဝက်က မှော်ရေနွေးအိုးနှင့် စပ်လျဉ်းသည့် နည်းပညာကို ဝယ်ရန် Frestech ကုန်သည်ကြီးများအသင်းနှင့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းစုပေါင်း နှစ်ဆယ့်ခုနစ်စုရှိခဲ့သည်။
ထိုလုပ်ငန်းစု နှစ်ဆယ့်ခုနစ်စုက ထိုနည်းပညာကိုဝယ်လိုက်သည်ဖြစ်ရာ သဘာဝကျကျပင် မှော်ရေနွေးအိုးထုတ်လုပ်ချင်သည်ဖြစ်၏။
သို့သော် မှော်ရေနွေးအိုး၌ ငွေရွက်သတ္တုစပ်ကိုသာအသုံးပြုနိုင်၏။ ၎င်းတို့သာ သာမန်သံသတ္တုကို အသုံးပြုခဲ့ပါလျှင် လှပခြင်းရှိမည်မဟုတ်ရုံမျှမက သံချေးတက်ခြင်းကိုအာမ,မခံနိုင်ရာ စက်မှုဆိုင်ရာသတ်မှတ်စံနှုန်းကိုပင် ရောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် မှော်ရေနွေးအိုး နည်းပညာကို ဝယ်ယူခဲ့သော လုပ်ငန်းစု နှစ်ဆယ့်ခုနစ်စုအနေနှင့်လည်း မှော်ရေနွေးအိုးများကို ထုတ်လုပ်ချင်ပါက ငွေရွက်သတ္တုစပ်ကို အသုံးပြုရမည်ဖြစ်သည်။
ငွေရွက်သတ္တုစပ်ကို လက်ရှိ၌ ဤသံမဏိစက်ရုံ၌သာ ထုတ်လုပ်နိုင်သည်ဖြစ်၏။ Frestech ကုန်သည်ကြီးများအသင်းထံမှ ငွေရွက်သတ္တုစပ် ဝယ်ယူခြင်းမှအပ ထိုနှစ်ဆယ့်ခုနစ်စုသော လုပ်ငန်းစုများတွင် အခြားရွေးချယ်စရာများရှိမနေချေ။
၎င်းတို့သာ ဤသံမဏိစက်ရုံကို မတည်ထောင်ခဲ့ပါလျှင် နော်မာနှင့် အန်ဂိုလာမျိုးနွယ်စုများရှိ သံမဏိစက်ရုံငယ်လေးများနှင့် Frestech ကုန်သည်ကြီးများအသင်း အသုံးပြုမည့် ငွေရွက်သတ္တုစပ်ကို အလုံအလောက်ထုတ်လုပ်ပေးနိုင်လိမ့်မည်မဟုတ်ပေ။ သဘာဝကျကျစွာဖြင့် ရှုယီမှာ ထိုမှော်ရေနွေးအိုးနည်းပညာကို ရောင်းထုတ်ရန် မစဉ်းစားခဲ့ချေ။
သို့သော် ထိုသံမဏိစက်ရုံကို ယခင်လက စတင်လည်ပတ်နေပြီးဖြစ်ရာ ၎င်းတို့ထုတ်လုပ်ခဲ့သည့် စုစုပေါင်းက နော်မာနှင့် အန်ဂိုလာမျိုးနွယ်စုထံမှ သံမဏိစက်ရုံငယ်များ၏ စုစုပေါင်းထက် ကျော်လွန်နေပြီး တန်ပေါင်း ငါးသောင်းပမာဏထိရှိသည်!
ထို သံမဏိထုတ်ကုန် တန်ပေါင်းငါးသောင်းအနက် ငွေရွက်သတ္တုစပ်က တစ်ဝက်ကျော်လောက်ဖြစ်ပြီး တန်ပေါင်း သုံးသောင်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းထံ၌ မှော်စက်ထုတ်ကုန် မျိုးကွဲများစွာရှိလေရာ လစဉ် တန်ပေါင်းတစ်သောင်းပတ်လည်လောက် သုံးရသည်။
လက်ရှိ ထွက်နှုန်းကမူ Frestech ကုန်သည်ကြီးများအသင်း၏ လိုအပ်ချက်များကို မကျေနပ်စေနိုင်ရုံသာမက ၎င်းတို့ထံမှ ငွေဝင်နိုင်သည့် အမှာစာအပိုများပင်ရှိနေသေးသည်။
၎င်းက ရှုယီအနေနှင့် မှော်ရေနွေးအိုးနည်းပညာကိုရောင်းရန် ဆုံးဖြတ်ခဲ့ရသည့် အဓိကအကြောင်းရင်းပါပင်။
ငွေရွက်သတ္တုစပ်ကလည်း ထို လုပ်ငန်းစုနှစ်ဆယ့်ခုနစ်စုသို့ ရောင်းချပေးရန်သာမဟုတ်ပေ။
ငွေရွက်သတ္တုစပ်က ပေါ့ပါး၊ လှပကာ အရေးကြီးဆုံးမှာ သံချေးမတက်ခြင်းကို အာမခံနိုင်သဖြင့် ၎င်းကိုတွင်ကျယ်စွာ အသုံးပြုကြသည်။ အလိုအလျောက်မှော်ပေါင်းအိုးအား ထိုငွေရွက်သတ္တုစက်ကိုသုံး၍ လုပ်ထားကြောင်း လုပ်ငန်းစုများစွာသိပြီးနောက်တွင် ထိုအထူးသတ္တုစပ်အားဝယ်ယူရန် ရှုယီထံ ချဉ်းကပ်လာကြသေး၏။
Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ကိုယ်တိုင်သုံးရန်ပင် ငွေရွက်သတ္တုစပ်အလုံအလောက်မထုတ်လုပ်နိုင်သေးခင်ဖြစ်ရာ ရှုယီလည်း ရောင်းဖို့ သဘောမတူခဲ့ပေ။ သို့သော် ယခုတွင် ထိုအလုပ်ရုံအကြီးစားကိုတည်ထောင်လိုက်ပြီး ငွေရွက်သတ္တုစပ်ထုတ်လုပ်ရေးကလည်းတိုးတက်လာလေရာ ယခင်လကတည်းက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထုတ်လ်ုပြီး ငွေရွက်သတ္တုစပ်အချို့ကို ရောင်းချခဲ့လေသည်။
အချက်အလက်များအရ Frestech ကုန်သည်ကြီးများအသင်းမှာ ငွေရွက်သတ္တုစပ် တန်ပေါင်းတစ်သောင်းကျော် ရောင်းချခဲ့ရ၏။
တစ်တန်လျှင် ရွှေဒင်္ဂါးလေးရာဈေးနှုန်းအရ ငွေရွက်သတ္တုစပ်တစ်မျိုးတည်းနှင့်တင် သံမဏိစက်ရုံမှာ ယခင်လအတွက် အမြတ်ငွေ ရွှေဒင်္ဂါးလေးသန်းကို ပြုလုပ်နိုင်ခဲ့သည်။
မှန်ပါသည်၊ ၎င်းက အမြတ်စွန်းအားလုံးမဟုတ်သေးပေ။
ဈေးနှုန်းပေးချိန်တွင် ရှုယီက ငွေရွက်သတ္တုစပ်အကြောင်း နားမလည်သည့်ထိုလူများအတွက် ဈေးနှုန်းမြှင့်ရန် ကြိုးစားခဲ့သေး၏။ သို့သော် ထိုလူပါးများမှာ ငွေရွက်သတ္တုစပ်များအကြောင်း နားမလည်ကြသော်လည်း သံသတ္တုရိုင်းအရည်ကျိုခြင်းကိုတော့ နားလည်နေကြသည်။
အထူးသဖြင့် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌမော်ဂန်က သံသတ္တုရိုင်းတစ်တန်ကို သန့်စင်လျှင် ရွှေဒင်္ဂါးလေးရာပတ်လည်လောက်ကုန်ကြသည်ဟု လူတိုင်းကို ပြောပြလိုက်ပြီးနောက်ဖြစ်၏။ ထို့ကြောင့် ရှုယီက ရွှေဒင်္ဂါးလေးရာကျော် ဈေးနှုန်းသတ်မှတ်ပေးထားသရွေ့ ငွေရွက်သတ္တုစပ် ဝယ်လိုကြသော လုပ်ငန်းစုများအားလုံး ပြန်ဆုတ်သွားကြသည်။
အဆုံးတွင် ရှုယီမှာ ကူရာမဲ့စွာဖြင့်သာ ဈေးနှုန်းကို ရွှေဒင်္ဂါးလေးရာဟုသာ သတ်မှတ်ပေးလိုက်နိုင်၏။
လူများစွာက Frestech ကုန်သည်ကြီးများအသင်းမှာ ငွေရွက်သတ္တုစပ်ကိုရောင်းခြင်းဖြင့် အမြတ်ငွေအတော်များများမရဟု အတွေးရောက်သွားကြသဖြင့် တုံ့ဆိုင်းနေခဲ့သည့် လုပ်ငန်းစုများကို ပျော်ရွှင်စွာ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ကြသည်။
သို့သော် ၎င်းတို့မသိကြသည်မှာ ကမ္ဘာမြေမှ ရှုယီယူဆောင်လာသည့် အစွန်းဖြတ်တောက်ခြင်းနည်းပညာကို ထိုသံမဏိစက်ရုံ၌ အသုံးပြုခြင်းပင်။ စွမ်းအားကြီးမှော်အစီအရင်က သတ္တုရိုင်းကို သန့်စင်ပေးခြင်းကြောင့် ကုန်ကျစရိတ်မှာ မော်ဂန်၏ခန့်မှန်းချေထက် များစွာနည်းပေသည်။
ငွေရွက်သတ္တုစပ် တစ်တန်'စီအတွက် သံမဏိစက်ရုံ၏ ကုန်ကျစရိတ်မှာ ရွှေဒင်္ဂါးသုံးရာ့ကိုးဆယ်ပတ်လည်သာဖြစ်သည်။
လေးရာနှင့် သုံးရာ့ကိုးဆယ်အကြား ကွာခြားမှုမများသော်လည်း အရာအားလုံးကို တွက်ချက်လိုက်ချိန်တွင် အမြတ်စွန်းမှာ ရွှေဒင်္ဂါးဆယ်ပြားပတ်လည်ရှိနေဆဲဖြစ်၏။
ယခင်လက Frestech ကုန်သည်ကြီးများအသင်းမှာ ငွေရွက်သတ္တုစပ် တန်ပေါင်းတစ်သောင်းကို ရောင်းချခဲ့လေရာ ၎င်းထံမှ အမြတ်ပမာဏကြီးအဖြစ် ရွှေဒင်္ဂါးတစ်သိန်းအထိရခဲ့သည်။
၎င်းတို့သာ သံမဏိစက်ရုံထုတ် သတ္တုစပ်အားလုံးကို ရောင်းချပါလျှင် အမြတ်ငွေက ထိတ်လန့်ဖွယ် ရွှေဒင်္ဂါးလေးသိန်းအထိပင် ရှိလိမ့်မည်!
၎င်း သံမဏိစက်ရုံတစ်ရုံလေးနှင့်တင် အိမ်သုံးမှော်စက်အလုပ်ရုံနှင့် ထုတ်လုပ်ရေးမှော်စက်အလုပ်ရုံနှစ်ရုံပေါင်းတို့ထံမှ ဖန်တီးရရှိသည့် အမြတ်ငွေတို့နှင့် ညီမျှနေသည်ဟု ဆိုလျှင်ပင် လွန်ရာမကျချေ။
မှန်ပေ၏၊ လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဈေးကွက်မှာ ဘန်တာမြို့နှင့် အနီးအနားမြို့များဖြင့်သာ ကန့်သတ်ထားသည်။ ၎င်းတို့သာ မှော်စက်များထံ၌ ပိုကြီးမားသည့်ဈေးကွက်ရှိလာသည်အထိစောင့်ဆိုင်းပါလျှင် အိမ်သုံးမှော်စက်အလုပ်ရုံနှင့် မှော်စက်အလုပ်ရုံတို့၏ လွတ်လပ်သော ဈေးကွက်နေရာက အကန့်သတ်မဲ့သွားမည်သာ။
ထိုသံမဏိစက်ရုံ၏ အရေးအပါဆုံး လုပ်ဆောင်ချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ဖြစ်ရာ သတ္တုစပ်အားလုံးကိုတော့ ရောင်း၍မရချေ။
လိုအပ်သည့်ပမာဏထဲတွင် ရှုယီနှင့် ဥက္ကဌပွန်ဖီးတို့ရှေ့မှောက်ရှိ တာယာအလုပ်ရုံမှ လိုအပ်သည့် ပမာဏသည်လည်း အပါအဝင်ဖြစ်သည်။
နှစ်ဦးသားက အလုပ်ရုံထဲလျှောက်ဝင်သွားရာ သတ္တုရိုက်ခတ်သံများကြားလိုက်ကြရသည်။
ဥက္ကဌပွန်ဖီးလည်း အလုပ်ရုံကို ဝေ့ဝဲကြည့်လိုက်သော် ထိုအလုပ်ရုံရှိ အလုပ်သမားများ ဘာလုပ်နေမှန်းကို နားမလည်နိုင်ကြောင်း တွေ့ရှိသွား၏။
ထိုအလုပ်သမားများက ထူးဆန်းသည့်မှော်စက်များကိုသုံးနေသည်ကိုသာ တွေ့နိုင်ပြီး ထိုဘီးခွေနှင့် ဘောင်ကိုပြည့်စုံစွာပေါင်းစပ်လိုက်တော့မှ လုံးဝထူးဆန်းပုံမပေါ်တော့ချေ။ ထို့နောက် ၎င်းတို့မှာ လုံးဝသတ္တုဖြင့် လုပ်ထားသော်လည်း သွင်ပြင်အရ ဘီးဟုယူဆရသော တစ်ခုခုကို ယူထုတ်လိုက်၏။
ဥက္ကဌပွန်ဖီးက ပြီးစီးပြီးသား သံ'တာယာကို မ'ကြည့်လိုက်သော် ထိုဘောင်က သူ၏ခါးလောက်ကျယ်ကာ အလေးချိန်က အနည်းဆုံး ဆယ်ပေါင်လောက်ရှိကြောင်း တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ မျက်မှောင်ကုပ်မိရပေသည်။
"ဥက္ကဌရှု၊ ဒါက ခင်ဗျားအရင်က ပြောထားတဲ့ တာယာလား? ဒါက ကျုပ်တို့ သစ်သားလှည်းဘီးတွေထက်တောင်ပိုလေးပြီးတော့ ကျုပ်အရင်က ခင်ဗျားကိုပြောပြဖူးတဲ့ သံဘီးနဲ့တောင် ဘာမှမကွာနေဘူးလေ?"
"ဒါက မပြီးသေးဘူး။" ရှုယီက အသာပြုံးလိုက်ပြီးမှ ဥက္ကဌပွန်ဖီးအား အလုပ်ရုံ၏ အခြားတစ်ဘက်ရှိ သံမဏိ(စတီး)ဘီးများရှိရာဆီ ဦးဆောင်ခေါ်သွားလိုက်သည်။
ထိုနေရာ၌ တစ်ဘက်တွင် သံမဏိ(စတီးဘီး)တစ်ထပ်ရှိပြိး အခြားတစ်ဘက်၌ ပုံထားသည့် အနက်ရောင်အဝိုင်းပစ္စည်းများရှိနေသည်။
ထိုအနက်ရောင်အမည်မသိပစ္စည်းများရှိရာဘက်တွင် မည်သို့ အသုံးပြုရမှန်း မသိသည့် ပစ္စည်းစုံရှိနေသေးသည်။
"ဒါတွေက ဘာတွေလဲ?" ဥက္ကဌပွန်ဖီးက ထို အနက်ရောင်ပစ္စည်းများကိုညွှန်ပြကာ မေးလာ၏။
"ဒါတွေက ဘာပစ္စည်းတွေဖြစ်ကြောင်း ကျုပ်ပြောလိုက်ရုံနဲ့တင် ခင်ဗျားနားလည်မှာမဟုတ်ဘူး။ ဒီတော့ ဒီပစ္စည်းတွေအားလုံးကို တစ်စုတစည်းတည်းပေါင်းစပ်လိုက်ရင် တာယာအစစ်ဖြစ်သွားတယ်လို့ပဲ ပြောလို့ရတယ်။"
ရှုယီနှင့် ဥက္ကဌပွန်ဖီးတို့က ထုတ်လုပ်ရေးလိုင်း၏ အဆုံးဘက်သို့ သွားလိုက်သည်။
၎င်း၌ အပြီးသတ်ထားသော တာယာတစ်ခုရှိနေသည်။ ရှုယီက ထိုတာယာကိုကောက်ယူကာ သူ့ရှေ့၌ထားလျက် တည်တည်မြဲမြဲ ထောင်လိုက်သည်။
"ဒီတာယာကို ဘယ်လိုသဘောရလဲ?" ရှုယီက ကြမ်းပေါ်ရှိ တာယာကိုညွှန်ပြရင်းဥက္ကဌပွန်ဖီးကို မေးလာ၏။
ဥက္ကဌပွန်ဖီးက မျက်မှောင်ကုပ်ကာ ထိုတာယာကို အသေအချာကြည့်လျက် ခေါင်းခါလိုက်သည်၊ "ရိုးရိုးသားသားပြောရရင်တော့ ... ကျုပ်မသိဘူး။ ဥက္ကဌရှု၊ ခင်ဗျားကျုပ်ကို ဟာသလုပ်မှာကို မကြောက်ပေမယ့် ခင်ဗျားဒီတာယာကို ဘယ်လိုလုပ်တယ်ဆိုတာရော ဒါက ဘာပစ္စည်းလဲဆိုတာကိုပါ ကျုပ်နားမလည်ဘူး။ ဒါကြောင့် ကျုပ်ထင်တာကို ခင်ဗျားမေးလာရင်တော့... ကျုပ်လည်း တကယ်ပဲ ဘာဖြေရမှန်းမသိပါဘူး။"
ရှုယီက ပြုံးလိုက်ကာ ထိုတာယာကိုညွှန်ပြရင်း ပြောလေသည်၊ "ဒါကို ဖိချကြည့်လိုက်။"
ဥက္ကဌပွန်ဖီးက စိတ်ရှုပ်ထွေးနေရင်း တာယာပေါ်ဖိချလိုက်သော် သူ၏လက်ထံမှ နူးညံ့သည့်အထိအတွေ့ကို ခံစားလိုက်ရသည်။ ထိုတာယာ သူ့ထံမှအဖိခံရပြီး လွှတ်ပေးလိုက်သည်နှင့် အသာအယာကျသွားပြီးမှာ ၎င်း၏ မူလအသွင်အဖြစ် ပြန်ခုန်သွားသည်။
ဥက္ကဌပွန်ဖီးလည်း ၎င်းကြောင့် ထိတ်လန့်သွားရ၏။ ထို့နောက်တာယာကိုကြည့်ရင်း အတန်ကြာစဉ်းစားပြီးမှ ကျေနပ်အံ့ဩသည့်အသံဖြင့်ဆိုလာသည်၊ "ဒါရဲ့မျက်နှာပြင်က တကယ်ကြီး ဒီလောက်ပြန်ကန်နိုင်စွမ်းရှိတယ်! ဒါက ကောင်းလိုက်တာ! ဒီပစ္စည်းကိုသာ လမ်းပေါ်မှာသုံးရင် ချိုင့်တွေရှိတဲ့ နေရာတချို့မှာဆိုရင်တောင် ပြဿနာရှိမှာမဟုတ်ဘူး! ဒါက အရင်ကနဲ့ယှဉ်ရင် မြင်းလှည်းတွေထဲ ထိုင်ဖို့ ပိုသက်တောင့်သက်သာဖြစ်လာစေလိမ့်မယ်လို့ ကျုပ် အာမ ခံရဲတယ်!"
ရှုယီက ရယ်ကာ၊ "ဥက္ကဌပွန်ဖီးက တကယ်ကိုကျွမ်းကျင်တာပဲ၊ ဒီတာယာရဲ့ အံ့ဖွယ်ကို ဒီလောက်မြန်မြန်မြင်နိုင်တယ်။ ဟုတ်တယ်၊ ဒီတာယာနဲ့ဆိုရင် မြင်းလှည်းထဲထိုင်တဲ့အခါ ပိုသက်တောင့်သက်သာဖြစ်စေလိမ့်မယ်။ ပြီးတော့ ခုခံအားမှာလည်း ပိုသာတာကြောင့် လမ်းတွေပေါ် ပိုပြီး မြန်မြန်ပြေးဆွဲနိုင်မှာ အသေအချာပဲ။"
"ကျုပ်ယုံတယ်! ကျုပ်ယုံတယ်!" ဥက္ကဌပွန်ဖီးက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လာပြီး ရှုယီ့ လက်ကိုဆွဲကာ ခါလိုက်၏၊ "ဥက္ကဌရှု၊ ခင်ဗျားအနေနဲ့ ဒီမြင်းလှည်းတွေကို ပြောင်းလဲချင်ကြောင်းပြောချိန်တုန်းက ဟာသလုပ်နေတယ်လို့ထင်ခဲ့တာ။ ဒါပေမယ့် အခုဒီတာယာကို မြင်လိုက်ရတော့ ခင်ဗျားလုံးဝလိမ်မနေတာကို ယုံသွားပါပြီ! ဟားဟား၊ ကျုပ်တို့ ဒီတာယာနဲ့ ပြောင်းလဲနိုင်နေသရွေ့ မြင်းလှည်းတွေကလည်း ကြီးကြီးမားမားပြောင်းလဲလာလိမ့်မယ်! ဒါက အတော်ကောင်းတာပဲ!"
ရှုယီက တည်ငြိမ်စွာဖြင့် လက်ကိုဖယ်ခွာကာ မေးလာသည်၊ "ဥက္ကဌပွန်ဖီး, ခင်ဗျား ဒီတာယာတွေကို ဝယ်ဖို့ ဆန္ဒရှိလား?"
ဝယ်ရမည့်အကြောင်းပြောလာသည်တွင် ဥက္ကဌပွန်ဖီး၏ မျက်နှာထက်မှ စိတ်လှုပ်ရှားဟန်များပျောက်ကွယ်သွားသည်။ သူက ကြမ်းပြင်ရှိ တာယာကိုကြည့်ပြီးမှ စမ်းသပ်လိုဟန်ဖြင့် မေးလေသည်၊ "ဥက္ကဌရှု၊ ဒါကို ဘယ်လောက်နဲ့ ရောင်းဖို့ စီစဉ်ထားတာလဲ?"
ရှုယီလည်း အပြုံးဖြင့် လက်သုံးချောင်းထောင်ပြကာ၊ "သိပ်မများပါဘူး၊ ရွှေဒင်္ဂါးသုံးပြားတည်းရယ်။"
"ရွှေဒင်္ဂါးသုံးပြား?" ဥက္ကဌပွန်ဖီးက စိတ်ထဲ၌ အလျင်အမြန်တွက်ချက်ပြီး ပြုံးပြလာသည်၊ "ဥက္ကဌရှု၊ ကျုပ်တို့ ဈေးနှုန်းကို နောက်မှ ဆွေးနွေးလို့ရပါတယ်။ အခု ကျုပ်ကို ဒီတာယာ စမ်းသပ်ခွင့်ပေးလို့ရမလား? ပြောရရင် တကယ်မသုံးကြည့်ဘဲနဲ့ သင့်တော်လား မတော်လားကို သေချာမသိဘူးလေ၊ ဘယ်လိုထင်လဲ?"
ရှုယီလည်း အသာပြုံးကာ ခေါင်းငြိမ့်၏၊ "သဘာဝကျပါတယ်။ ကျုပ်တို့က ဒီတာယာတွေကို ရောင်းမှာတင်မကဘူး၊ အာမခံတွေအားလုံးနဲ့ အရောင်းဝန်ဆောင်မှုအားလုံးကိုလည်း ဂရုစိုက်ပေးမှာပါ။ ကျုပ်တို့အနေနဲ့ ဝန်ဆောင်မှုအပြည့်အဝ အာမခံတဲ့အတွက် သေချာပေါက် စိတ်ပျက်ရမှာမဟုတ်ပါဘူး။"
ဥက္ကဌပွန်ဖီးက ရယ်လိုက်၏၊ "ကျုပ်အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စိတ်ချရမှုကို အပြည့်အဝ ယုံကြည်ပါတယ်။" သူက ရှုယီထံ လက်ကမ်းပေးကာ ပြောလာသည်၊ "ဥက္ကဌရှု၊ ပူးပေါင်းရတာ ဝမ်းသာပါတယ်။"
"ပူးပေါင်းရတာ ဝမ်းသာပါတယ်"
ဥက္ကဌပွန်ဖီးနှင့် လက်ဆွဲနှုတ်ဆက်ချိန်၌ ရှုယီထံတွင် ရုတ်တရတ် အကြံဆိုးဆိုးတစ်ခုရလာ၏။ သူက လက်ကမ်းပေးချိန်တွင် တာယာကို ခပ်ဖွဖွတွန်းလိုက်သည်။
ထိုတာယာက အလုပ်ရုံ၏ ကွန်ကရစ်ကြမ်းပြင်ချောချော၌ တဖြည်းဖြည်းလိမ့်သွားကာ နံဘေးရှိ နံရံနှင့် တိုက်မိပြီးမှ ကြမ်းပေါ်လဲကျသွားတော့သည်။
၎င်းကိုမြင်သော် ဥက္ကဌပွန်ဖီး၏ မျက်နှာထက်က အပြုံးက ပိုလို့ပင် တောက်ပလာ၏။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၇၃။ မြို့ပြလူထုပို့ဆောင်ရေးစနစ်
ဆောင်းဦးလေပြည်ကြောင့် သစ်ရွက်ဝါဝါလေးများ ပထမဆုံး တိုက်ခတ်ကြွေလွင့်ချိန်တွင် ဘန်တာမြို့နှင့် ခမာမြို့ကို ချိတ်ဆက်ထားသည့် လမ်းမှာ ပြီးစီးကြောင်း ကြေငြာလာသည်။
၎င်းက မိုးကျလမ်းနှင့် ခြားနားပါ၏။ ထို ဘန်တာမြို့နှင့် ခမာမြို့တို့ကို ချိတ်ဆက်ထားသည့်လမ်းမှာ စိုင်စ်နယ်မြေရှိ ခရီးသွားလမ်းမကြီးစစ်စစ်ဖြစ်ပေသည်။
ထိုလမ်းမကြီး ပြီးစီးခြင်းက စိုင်စ်နယ်မြေကြီးရှိ လူထုပို့ဆောင်ရေးစနစ်မှာ ကာလ(ခေတ်)သစ်ထဲဝင်ရောက်လာခြင်းကို ကိုယ်စားပြုသည်။ ယခင်က အဖုအထစ်များသောကျောက်ခဲလမ်းများတွင် မောင်းနှင်ခဲ့ရာမှ ယခု ကွန်ကရစ်လမ်းများ၏ အမြန်နှုန်းနှင့် အကျိုးကျေးဇူးများကို ခံစားနိုင်နေပြီဖြစ်သည်။
လမ်ပူရီတိုင်းပြည်အတွက် ၎င်းက စစ်မှန်သည့် အဓိကသင်္ကေတပါပင်။ ထို့ကြောင့် ဤတစ်ခေါက် အဖွင့်ပွဲကို တက်ရောက်လာသည်မှာ ကောင့်ထ် စီယန်တင်မကဘဲ ဘုရင်ကြီးအစား ဘုရင်မကြီး ဆယ်ဗီနီလည်း ပါဝင်သည်။
အပျော်သဘောဖြင့်လာကြည့်ကြသည့် ဘန်တာမြို့သားများအပြင် လုပ်ငန်းစု အသေး၊ အကြီးများမှလည်း ကိုယ်စားလှယ်များ လွှတ်လိုက်ကြသည်။
ထိုလုပ်ငန်းစုများအတွက် အရေးပါဆုံးအရာမှာ ကောင့်ထ်စီယန်နှင့် ဘုရင်မကြီး(ဆယ်ဗီနီ)တို့မှတဆင့် တိုင်းပြည်၏အထက်တန်းလွှာတို့ထံ ဝင်ဆံ့ဖို့ရန်ဖြစ်သည်။
ကောင့်ထ်စီယန်အနေနှင့် သတင်းစာများစွာ၌ သူ၏လမ်းများအပေါ်ထောက်ခံမှုကို ဖော်ပြထားပါသော်လည်း ဘုရင်ကြီးကမူ တိကျသည့်သဘောထားမျိုးကို ပြသလာခဲ့ခြင်းမရှိပေ။
သူ့အနေနှင့် တိကျသည့်သဘောထားပြသမလာပါလျှင်တောင် တိတ်တဆိတ်ထောက်ခံနေဆဲဖြစ်ပါ၏။ သို့သော် ကျယ်ကျယ်လောင်လောင်ထုတ်မပြောပါလျှင်လူတိုင်းကတော့ ယုံကြည်ချက်ရှိမည်မဟုတ်ပေ။
ကုန်ကုန်ပြောရလျှင် ထိုလမ်းအား အပြီးသတ်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းက ဖြတ်သန်းခကောက်ခံရန် လမ်းအခွန်ရုံးတစ်ရုံဆောက်လုပ်မည်ဖြစ်သည်။
လုပ်ငန်းစုများအားလုံး ဂရုစိုက်သည်က ဘုရင်ကြီး၏ ၎င်းအပေါ်သဘောထားပင်။
ထို့ကြောင့် အခမ်းအနားတွင် ကိုယ်စားလှယ်များက အပြင်ပန်း၌ ကောင့်ထ်စီယန်၏ စိတ်အားထက်သန်လှသောမိန့်ခွန်းကို အသေအချာနားထောင်နေပုံပေါ်သော်လည်း ကောင့်ထ်စီယန် နောက်၌ရပ်နေသည့် ဆယ်ဗီနီကိုသာ တိတ်တဆိတ် အာရုံစိုက်ထားကြသည်။
သူမနံဘေး၌ ရပ်လျက် ပြုံးကာ တစ်စုံတရာကို ပြောနေသူမှာ ရှုယီဖြစ်သည်။ သဘာဝကျစွာပင် လူတိုင်း၏ရင်ထဲ၌ သူ့အားမနာလိုမှုဖြင့်ပြည့်သွားကြသည်။
သို့သော် ဘုရင်မကြီးနှင့် ရှုယီက ထိုအခိုက်၌ မဆီလျော်သည့်ပြဿနာကို ဆွေးနွေးနေကြမည်ဟုတော့ ထင်မထားကြချေ။
"ဥက္ကဌရှု၊ ကျွန်မ တကယ်ပဲ ရှင့်ရဲ့ နာမည်ရွေးတဲ့ စွမ်းရည်ကို နှမျောမိတယ်။" ဆယ်ဗီနီက ပေါ့ပေါ့ပါးပါးပြုံးနေသည့် ရှုယီကိုကြည့်ရင်း ကူရာမဲ့စွာ ပြောလိုက်သည်၊ "ဒီလမ်းမကြီးမှာ ဒီလိုထူးကဲမှုကြီးတစ်ရပ်ရှိပေမယ့် ရှင်က ဒီလို ခေါ်ဖို့တောင် ပျင်းစရာကောင်းလောက်တဲ့ 'ဘန်ကာလမ်း'ဆိုတဲ့နာမည်ပေးခဲ့တယ်နော်။ ဒါက တကယ်... တကယ်ကို အားလုံး၏ ခံစားချက်ကို ဖြုန်းတီးနေတာပဲ!"
ရှုယီက ပခုံးတွန့်ကာ၊ "ဒါက နာမည်လေးတစ်ခုပဲလေ၊ ကြီးကြီးကျယ်ကျယ်မှမဟုတ်တာ။ ပြီးတော့ ဘန်ကာလမ်းဆိုတာက နားလည်ဖို့လွယ်တယ်လေ၊ ကြားလိုက်တာနဲ့ ဘန်တာမြို့နဲ့ ခမာမြို့ကို ချိတ်ဆက်ထားတဲ့ လမ်းဆိုပြီး သိကြလိမ့်မယ်။"
"ဒါပေမယ့် ဒါက ကျွန်မတို့ လမ်ပူရီတိုင်းပြည်က ပထမဦးဆုံးသော အများပြည်သူသုံးလမ်းလေ၊ နာမည်ပေးဖို့ နည်းနည်းလောက်အားထည့်ထားလို့မရဘူးလား?" ဆယ်ဗီနီက ဒေါသတကြီးပြောလာသည်။
ရှုယီထံ၌ ဂရုမစိုက်ဟန်ရှိနေကာ၊ "တကယ်တမ်း မလိုဘူး မဟုတ်လား? ဒီလမ်းက လူတွေဖြတ်သန်းသွားလာဖို့ သုံးမှာပဲ၊ နာမည်ဆိုတာက တစ်ခုခုကို ခေါ်ဖို့အတွက်ပဲလေ။ နံပါတ်တစ် အဝေးပြေးလမ်းလို့ မခေါ်တာကတင် အတော်လေး အဆင်ပြေနေပြီ......"
ဆယ်ဗီနီက ကူရာမဲ့စွာ ခေါင်းခါလျက် ရှုယီထံ မျက်လုံးများလှိမ့်ပြလာသည်။
ရှုယီကို တွေ့ကာစက ဆယ်ဗီနီမှာ သူမ၏ ဘုရင့်သမီးတော်တစ်ဦးအနေနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် သူနှင့် ပိုပိုဆုံလာရသည့်အခါ ရှုယီ၏ရှေ့၌ သူမ၏ စိတ်က ပို၍ အေးဆေးဖြစ်လာရသည်ကို သိရှိသွားသည်။ သူမက အရေးပါသည့် တည်ငြိမ်အေးဆေးမှုကို ပိုပိုဆုံးရှုံးကာ ရှုယီအား ပြန်တုံ့ပြန်ရန် အတော်လေးလွယ်ကူလာပေသည်။
"ထားပါတော့၊ ဒါက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းလုပ်ပေးထားတဲ့ လမ်းဆိုတော့ ဒါကိုနာမည်ပေးဖို့က ဥက္ကဌအနေနဲ့ ရှင့်အခွင့်ရေးမို့ ကျွန်မဂရုမစိုက်တော့ဘူး။" ဆယ်ဗီနီက သက်ပြင်းချကာ ထိုမေးခွန်းကို မဆက်ဖို့ ဆုံးဖြတ်လိုက်၏၊ "ဒါပေမယ့် ပြဿနာရှိရင် ရှင် ကျွန်မကို ရိုးရိုးသားသားဖြေလာနိုင်ဖို့ မျှော်လင့်တယ်။"
"ဘာများလဲ?" ရှုယီက သိလိုစွာမေးသည်။
"ဖခမည်းတော်က အရင်က ရှင့်ရဲ့အစီစဉ်ဖြစ်တဲ့ လမ်းခင်းရာမှာ ရှင်တို့လုပ်ငန်းစုကို ရင်းနှီးမြှုပ်နှံခွင့်ပေးပြီး ဖြတ်သန်းခကောက်ဖို့ လမ်းအခွန်ရုံးတွေတည်ဆောက်မှာကိုသဘောတူပေမယ့်လည်း ရှင်သတ်မှတ်ထားတဲ့ ဖြတ်သန်းခက အတော်များနေတယ်လို့ မထင်ဘူးလား?"
ရှုယီက မျက်မှောင်အသာကုပ်ကာ၊ "ဘုရင်မကြီး၊ ကျုပ်တို့ ပမာဏသတ်မှတ်ချိန်တုန်းက ကောင့်ထ်စီယန်ကနေတဆင့် ဘုရင်ကြီးနဲ့ မဆက်သွယ်ရသေးတာလားကို ကျုပ်မှတ်မိတယ်။ ဘာလို့ ဒီဈေးနှုန်းက တအားမြင့်တယ်လို့ ထင်ရတာလဲ? ပြီးတော့။ လှည်းတစ်စီးကို ငွေဒင်္ဂါးငါးဆယ်စာလေးပဲဆိုတော့ လုံးဝများတယ်လို့ဘကျုပ်မထင်ဘူး။"
ဆယ်ဗီနီလည်း နေရခက်ဟန်ဖြင့် အနည်းငယ်တန့်နေပြီးမှ သက်ပြင်းချကာ ပြောလာသည်၊ "ဥက္ကဌရှု၊ တကယ်တော့ ဒါက ဖခမည်းတော်ရဲ့ အတွေးပါ။ ဒီလမ်းကို အဓိကအနေနဲ့ ခမာမြို့နဲ့ ဘန်တာမြို့အကြားကလူတွေ၊ တိုင်းပြည်သားတွေအတွက် အသုံးပြုမှာဆိုတော့လေ။ ဖြတ်သန်းခကောက်ဖို့ကိုတောင် မလုပ်သင့်တာ၊ ဈေးနှုန်းမြင့်တာကျတော့ ပိုဆိုးတာပေါ့။"
ဆယ်ဗီနီအပြောကြောင့် ရှုယီ၏အပြုံးပျောက်ကွယ်သွားကာ အလေးအနက်ဆိုလာလေသည်၊ "ဘုရင်မကြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒီလမ်းကို တည်ဆောက်ရာမှာ စုစုပေါင်းရွှေဒင်္ဂါးလေးသိန်းသုံးသောင်း ရင်းနှီးမြှုပ်နှံခဲ့ရကြောင်းကို ခင်ဗျားသိလောက်မှာပါ။ ပြီးတော့ ကျုပ်တို့အနေနဲ့ လမ်းကိုထိန်းသိမ်းပေးရတာကလည်း ပမာဏကြီးပါတယ်။ ဈေးနှုန်းကအရမ်းနည်းနေရင် ကျုပ်တို့ မြှုပ်နှံထားတဲ့ ငွေတွေကို ပြန်မရခင် ဘယ်လောက်တောင် ကြာလိမ့်မယ်လို့ထင်လဲ?"
ဆယ်ဗီနီက အံ့ဩကာ ရှက်ရွံ့နေသံဖြင့် ပြန်ပြောသည်၊ "ဒါက... ဥက္ကဌရှု ရှင့်မှာ မြို့သားတွေအပေါ် စာနာစိတ်မရှိတာကြောင့်များလား?"
ရှုယီက ဆယ်ဗီနီကို တအံ့တဩကြည့်ကာ၊ "ဘုရင်မကြီး၊ ကျုပ် ဒါကို အရင်က ခင်ဗျားနဲ့ ဆွေးနွေးပြီးသားမဟုတ်လား? ခင်ဗျား ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို တခြားလူတွေအကြောင်းဂရုစိုက်ဖို့ တောင်းဆိုရင်က အဆင်ပြေပါတယ်၊ ဒါပေမယ့် လူတိုင်းကို တစ်ထေရာတည်း တောင်းဆိုနိုင်မှာမို့လို့လား?"
"ဒါကို နည်းလမ်းလို့ မျှော်လင့်ပေမယ့်လည်း အောင်မြင်ဖို့ မဖြစ်နိုင်တဲ့ အရာပါပဲ။" ဆယ်ဗီနီက ကူရာမဲ့စွာ ခေါင်းငြိမ့်သည်။
"ဟုတ်တယ်။" ရှုယီက မည်သည့်ယဉ်ကျေးမှုမှမပါဘဲ ဆက်ပြောသည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက တိုင်းပြည်မှာရှိတဲ့ လုပ်ငန်းစုတွေအတွက် ဥပမာပြဖို့ ဒီလမ်းကို ဆောက်လုပ်ခဲ့တယ်။ ဒီလမ်းကို ခင်းလို့ ငွေလည်းမရှုံးတဲ့အပြင် ငွေပါဝင်နိုင်မယ်လို့ ပြောထားခဲ့တယ်။ ဒီအကြောင်းပြချက်ကြောင့်သာမဟုတ်ရင် ဖာဆန်ရထားလုံးလုပ်ငန်းစုက ဘန်တာမြို့နဲ့ ဆော်လ်တန်မြို့ကြားက လမ်းကို ခင်းပေးဖို့ ရွေးချယ်လိမ့်မယ်လို့များ ခင်ဗျားထင်လား? ကျုပ်တို့လုပ်ငန်းစုတွေ ပေးနေလို့သာမဟုတ်ရင် တိုင်းပြည်ရဲ့ ဘဏ္ဍာရေးဌာနက ဒီလိုငွေမျိုးကို ဘယ်နေရာက ရမှာတဲ့လဲ?"
"မဖြစ်နိုင်ဘူးပေါ့။" ဆယ်ဗီနီက အပြုံးဖြင့်ခေါင်းခါလျက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမမျက်နှာထက်၌ အပြုံးက ပြန်ပေါ်လာကာ၊ "ကောင်းပြီ ဥက္ကဌရှု၊ ဒါက ကျွန်မပြဿနာပါ၊ ကျွန်မဘာမှမပြောခဲ့သလိုသာ နေပေးပါတော့။ ဒီလမ်းပြီးသွားတာကိုမြင်ရတော့ လမ်ပူရီတိုင်းပြည်တစ်ခုလုံးက လမ်းတွေသာ ဒီလိုဖြစ်သွားရင် ဘယ်လိုတောင် စိတ်လှုပ်ရှားစရာ မြင်ကွင်းဖြစ်လာမလဲလို့တောင် မခံစားမိဘဲ မနေနိုင်ဘူး။ တစ်ခါတလေ ဒါကြောင့်ပဲ ကျွန်မ စိတ်လှုပ်ရှားနေတယ်။"
ရှုယီက ဆယ်ဗီနီကို ခဏကြာကြည့်ပြီးသော် သူ၏အသံနေအသံထားက အနည်းငယ် ပြေလျော့သွားသည်။
"ဘုရင်မကြီး၊ ကျုပ် ခင်ဗျားရဲ့ ခံစားချက်တွေကို နားလည်ပေမယ့်လည်း လက်တွေ့ကိုနားလည်ပေးဖို့ တောင်းဆိုပါတယ်။ တိုင်းပြည်က လက်ရှိမှာ အားမကောင်းသေးတော့ ဒီလိုအရာတွေတည်ဆောက်ဖို့ ဘဏ္ဍာငွေအပေါ်တောင် မမှီခိုနိုင်ဘူးလေ၊ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ဆို ကျုပ်တို့အနေနဲ့ တခြားနည်းလမ်းတွေ ရှာမှပဲ။"
ရှုယီ၏ကြင်နာနေသည့်အသံနှင့် အမူအရာမှာ ဆယ်ဗီနီ၏စိတ်နှလုံးကို မထိန်းနိုင်ဘဲ လှုပ်ရှားမိစေသည်။ သူမမျက်လုံးများထဲ၌ အလင်းရောင်လေးတစ်စရှိနေကာ သူ့အား ရိုးသားစွာကြည့်လျက် ဆက်ကာ နားထောင်နေလိုက်သည်။
"ဘာပဲဖြစ်ဖြစ် လမ်းအခွန်ရုံးတွေအတွက် နာမည်ဆိုးယူတာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းပါ။ ကျုပ်တို့လုပ်ငန်းစုရဲ့ ဝန်ဆောင်မှုဌာနအရှေ့မှာတောင် ဆန္ဒပြတဲ့လူတွေရှိနေကြောင်းသတင်းစာက ကြေညာထားသေပေမယ့် ကိစ္စမရှိပါဘူး။ ကျုပ်အတွက် အဆုံးသတ်ပန်းတိုင်ကိုရောက်ဖို့က အရေးအကြီးဆုံးဖြစ်တာကြောင့် ဘာမှ မကြားသလိုနေနိုင်ပါတယ်။"
"ဆန္ဒပြနေတဲ့ လူတွေရှိတာလား?" ဆယ်ဗီနီက အတန်ငယ်အံ့ဩသွားသည်၊ "ကောင့်ထ်စီယန်ရော ဘယ်လိုတုံ့ပြန်လဲ?"
ရှုယီက ရယ်ကာ၊ "မြို့စားကောင့်ထ်, ဒါကိုသိတော့ ကျုပ်တို့ ဝန်ဆောင်မှုဌာနဆီ လုံခြုံရေးတွေပို့ပေးချင်ပေမယ့် ကျုပ်လည်းငြင်းလိုက်ပါတယ်။ ပြောရရင် ကျုပ်နဲ့ ကျုပ်တို့လုပ်ငန်းစုကို ဆူငေါက်နေကြတဲ့ လူတွေထက်စာရင် ဒီလမ်းဆောက်ပေးထားလို့ ဘန်တာမြို့နဲ့ ခမာမြို့က လူအများစုကတော့ ထောက်ခံကြပါတယ်။ ဖြတ်သန်းခရှိရင်တောင် လူအများစုက နားလည်နိုင်တယ်လေ။"
ဆယ်ဗီနီက အသာပြုံးပြသည်၊ "ဘာပဲဖြစ်ဖြစ်၊ လူအများစုမှာက ကိုယ်ပိုင်မြင်းလှည်းမရှိသလို ခြေကျင်သွားတဲ့လူတွေကိုလည်း ဖြတ်သန်းခ ကောက်မှာမှ မဟုတ်တာ။"
ရှုယီ၏စိတ်က ပြန်လည်လာကာ၊ "ကိုယ်ပိုင်မြင်းလှည်းတွေကိုပြောရရင် ကျုပ်အနေနဲ့ ဘုရင်မကြီးဆီမှာ အကူညီတောင်းချင်တာ တစ်ခုရှိတယ်။"
ရှုယီအား အချိန်ကြာသိလာပြီးနောက်တွင် ရှုယီက ဂုဏ်ပုဒ်များတပ်၍ သုံးလာပါလျှင် သူ့ထံ၌ ဒုက္ခများသော ကိစ္စရှိခြင်းဖြစ်သည်ကို ဆယ်ဗီနီက နားလည်ပါ၏။ ထို့ကြောင့် သိလိုစွာသာ မေးလိုက်သည်၊ "ဘာများလဲ?"
"ခင်ဗျား အခုနကပြောသလို လူအများစုမှာ ကိုယ်ပိုင်မြင်းလှည်းမရှိတော့ ယေဘုယျအနေနဲ့ပြောရရင် လမ်းလျှောက်ဖို့ကိုပဲ ရွေးချယ်ပြီး မြင်းလှည်းငှားစီးဖို့က အတော်ရှားလိမ့်မယ်။ ဒါပေမယ့် ဒီလိုဆိုရင် အချိန်ဖြုန်းနေတာပဲ။ ကျုပ် တွက်ချက်ကြည့်ထားတာတော့ ဘန်တာမြို့ကနေ စုစုပေါင်းဆယ့်ငါးကီလိုမီတာပဲဝေးတဲ့ ဆန်းဒ်တွန်အိမ်ရာအလုပ်ရုံဆီကိုသွားရုံနဲ့ မြန်မြန်သွားခဲ့ရင်တောင် နှစ်နာရီလောက်ကြာနေဦးမှာပဲ။ အချိန်ဖြုန်းတာတင်မကဘူး ပင်လည်းပန်းစရာပဲ။"
ဒီတော့? ရှင်က ဒီပြဿနာကို ဖြေရှင်းချင်တာလား? ဒါပေမယ့် ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားတာလဲ?" ဆယ်ဗီနီက သိလိုစွာမေးလာသည်။
"ဟုတ်တယ်၊ ကျုပ် ဒီပြဿနာကို အတော်ဖြေရှင်းချင်တယ်။ ဥပမာ၊ ကျုပ်တို့အလုပ်ရုံတွေရဲ့ အလုပ်သမားအတော်များများက ဘန်တာမြို့ ဒါမှမဟုတ် အနီးအနားရွာတွေမှာနေကြတော့ အလုပ်အသွားအပြန် အချိန်နည်းနည်းလောက်ယူပြီး လမ်းလျှောက်ရတယ်။ ကျုပ်တို့လုပ်ငန်းစုအနေနဲ့ အလုပ်သမားတွေနေဖို့ အဆောင်ဆောက်ပေးထားတယ်ဆိုပေမယ့်လည်း လတ်တလောမှာ အလုံအလောက်မရှိသေးတော့ ကျုပ်တို့ရဲ့ အလုပ်ရုံကို တိုးချဲ့ချိန်ကျရင် ပိုလို့တောင် ကရိကထများဦးမယ်။"
"ရှင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းဖို့စီစဉ်ထားကြောင်းမပြောရသေးဘူး။" ဆယ်ဗီနီက သတိပေးလာသည်။
"အမ်း..... ရှင်းရှင်းပြောရရင် မြို့ပြလူထုပို့ဆောင်ရေးစနစ် တည်ထောင်ဖို့ပါ။" ရှုယီက ဖြေသည်။
"မြို့ပြလူထုပို့ဆောင်ရေးစနစ်?" ဤသည်က ရှုယီထံမှ ထူးဆန်းသည့်ဝါကျများကြားရသည့် ဆယ်ဗီနီ၏ ပထမဆုံးအကြိမ်မဟုတ်ချေ။ သူမက ၎င်းကိုနားမလည်ပါသော်လည်း သေချာတွေးကြည့်လိုက်၏၊ "ရှင်ဆိုလိုတာက.....ဖာဆန်ရထားလုံးလုပ်ငန်းစုလိုမျိုးလား? ဘန်တာမြို့တဝိုက်ကို ပို့ဆောင်ဖို့ မြင်းလှည်းအတော်များများကိုသုံးပြီး ဘန်တာမြို့က လူတွေကို ဆက်သွယ်ပေးရင်း သွားချင်တဲ့နေရာကို မြင်းလှည်းစီးပြီး သွားခွင့်ပြုတာလား?
"ဘုရင်မကြီးက တကယ်ကို အမျှော်အမြင်ရှိပါတယ်!" ရှုယီက မနေနိုင်ဘဲ ချီးကျူးလိုက်သည်၊ "ဒါပေမယ့် ဒီမှာ တူညီတဲ့ ယေဘုယျအဓိပ္ပာယ်ရှိတယ်။"
ဆယ်ဗီနီလည်း စဉ်းစားကာ မျက်မှောင်ကုပ်လျက် ပြောလာသည်၊ "ဒါက အတော်လေးကြားရကောင်းပေမယ့် ဒါကို ကောင့်ထ်စီယန် ဒါမှမဟုတ် Fresen ရထားလုံးလုပ်ငန်းစုနှင့် ဆွေးနွေးသင့်တယ်ထင်တာပဲ၊ ဘာလို့ ကျွန်မနဲ့ လာဆွေးနွေးရတာလဲ?"
ရှုယီက ရယ်လျက်နှင့်၊ "ဘုရင်မကြီး၊ ခင်ဗျားအနေနဲ့ ဒီလိုရေရှည်မှာ အစားထိုးနိုင်မယ့် အရာတစ်ခုရှိတာကြောင့် ကူညီနိုင်တာပါ၊ ဒါပေမယ့် အခုတော့ လွဲချော်လို့မရတာက လှည်းဆွဲမယ့် မြင်းပဲ။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၇၄။ မြင်းတစ်ကောင်၏ တန်ဖိုး
ဘန်ကာလမ်းမကြီး ဖွင့်ပွဲအခမ်းအနားတွင် မှတ်သားစရာ ဘာမှ မရှိခဲ့ချေ။ တစ်ခုတည်းသော မီးမောင်းထိုးပြစရာမှာ ကောင့်ထ်စီယန်၏ မိန့်ခွန်းအပြီး ဘုရင်မကြီးဆယ်ဗီနီ ပြောခဲ့သော ရိုးရိုးဝါကျများသာဖြစ်၏။
ဘုရင်မကြီးက များများစားစားမဆိုဘဲ ဘန်ကာလမ်းမကြီးအတွက် ဂုဏ်ပြုနေဟန်သာရှိပါသော်ငြား သူမစကားလုံးများထဲတွင် အရေးကြီးအချက်လက်တချို့ကို ရှင်းလင်းစွာပြသနေပေသည်။
၎င်းက လမ်းမကြီးများတည်ဆောက်ရာ၌ ရင်းနှီးမြှုပ်နှံခဲ့သော လုပ်ငန်းစုကြီးများအား ဘုရင်ကြီးမှ အသိအမှတ်ပြု ထောက်ခံမှုကို ပြသခြင်းဖြစ်သည်။
ထို့ကြောင့် လုပ်ငန်းစုကြီးများ၏ ကိုယ်စားလှယ်များအားလုံး စိတ်လှုပ်ရှားနေကြသည်။
ထိုကိစ္စက တိုင်းပြည်၏တော်ဝင်မိသားစုထံမှ ထောက်ခံမှုကို ရစေနိုင်ရာ တောက်ပသည့်အလားလာရှိသည်ဟု အဓိပ္ပာယ်ရလေ၏။
ယခုတွင် ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းက ထိုလမ်းမကြီးထံမှ ငွေဝင်နိုင်သည်လားကို ကြည့်ရန်သာ လိုတော့သည်။
ထိုမေးခွန်းက ဖာဆန်ရထားလုံးလုပ်ငန်းစုထံမှ မြင်းလှည်းတစ်စီး ဘန်တာမြို့ထံ ရောက်လာပြီးနောက် လုံးဝပျောက်ကွယ်သွားတော့သည်။
အကြောင်းမှာ ထိုမြင်းလှည်းက အခမ်းအနားစတင်ချိန်၌ ထွက်သွားခဲ့ပြီး တစ်ပတ်လုံးပတ်ပြီးသွားသည်က မနက်ခင်းတစ်ခုလုံးပင် မကြာလိုက်ချေ!
ကုန်သည်များအားလုံးမှ အချိန်က ငွေဟူသည်ကို နားလည်ကြသည်။
ဘန်ကာလမ်းအား မခင်းရသေးချိန်က ဘန်တာမြို့မှာ ခမာမြို့နှင့် ခြောက်ဆယ်ကီလိုမီတာသာကွာဝေးပါသော်လည်း အမြန်ဆုံးမြင်းလှည်းစီးသွားလျှင်တောင် တစ်ရက်လောက်ကြာသည်။
ယခု ဘန်ကာလမ်းအားဖွင့်ချိန်တွင် တစ်ပတ်'ပတ်ပြီးပြန်လာသည့်ခရီးက တစ်မနက်သာကြာမြင့်လေ၏! ၎င်းကိုသာ တစ်လမ်းတည်းသွားသည့်ခရီးအဖြစ်သတ်မှတ်လိုက်လျှင် နှစ်နာရီလောက်သာကြာမြင့်ပေလိမ့်မည်!
ယခင်ကနှင့်ယှဉ်လျှင် ၎င်းက အချိန်များစွာကို သက်သာစေပါ၏။
ကျောက်စရစ်လမ်းခြောက်ဆယ်ကီလိုမီတာကိုဖြတ်သန်းသွားရသည့် မြင်းလှည်းမှာ လူတစ်ယောက်၏ တင်ပါးကိုပင် ပျက်စီးစေလောက်သည်အား မဆိုထားနှင့်။ ကုန်စည်များပါလာလျှင် ထိုကုန်စည်ကို ကာကွယ်ရန် တတ်နိုင်သမျှနှေးနှေးသာ ရွေ့နိုင်သဖြင့် တစ်လမ်းသွားခရီး၌ တစ်ရက်ကျော်ကျော်ပင် ကြာစေသည်။
သို့သော် ဘန်ကာလမ်းသစ်၏ ချောမွတ်နေသောကွန်ကရစ်ကြမ်းပြင်ကြောင့် ၎င်းတို့ မြင်းလှည်းများမှာ ပြေးဆွဲနေချိန်၌ ခါယမ်းခြင်းမရှိချေ။
ဖာဆန်ရထားလုံးလုပ်ငန်းစု လှည်းများအား သစ်သားဘီးဟောင်းမှ Frestech ကုန်သည်ကြီးများအသင်းထုတ် တာယာသစ်အဖြစ်ပြောင်းလဲထားသည့်အချက်ကိုပါ ထည့်ပေါင်းလျှင် ခါယမ်းခြင်းကို လျှော့ချပေးရုံသာမက မြင်းလှည်းက ပိုမိုပေါ့ပါးကာ များစွာမြန်ဆန်လာစေသည်။
ထိုတာယာသစ်၏ အကူအညီကြောင့်မဟုတ်ပါလျှင် ဘန်ကာလမ်း၌ ထိုသို့သော ပြိုင်ဘက်ကင်းချောမွတ်သည့် ကွန်ကရစ်ကြမ်းပြင်ရှိပါလျှင်တောင် ဘန်တာမြိုတော်နှင့် ခမာမြို့သို့ အသွားအပြန်ကို တစ်မနက်သာ ကြာဖို့ရန် မဖြစ်နိုင်လောက်ပေ။
ထို့ကြောင် ထိုတာယာသစ်အကြောင်းကို «ဘန်တာသတင်းစာ»မှ အထူးသတင်းအဖြစ်ဖော်ပြလိုက်သည့်နောက်၌ ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များတွင် လှိုင်းအသစ်တစ်ရပ်ပေါ်ထွက်လာပြန်သည်။ မြင်းလှည်းများအားလုံးက တာယာကိုပြောင်းသုံးလိုက်ပြီဖြစ်၏။
လတစ်ဝက်ပင်မပြည့်လိုက်ခင်၌ ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၏လမ်းများရှိ မြင်းလှည်းများအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းထုတ် တာယာကို ပြောင်းသုံးထားကြသည်။
သစ်သားဘီးအဟောင်းကို သုံးနေဆဲမြင်းလှည်းရှိပါလျှင် ၎င်းတို့အနေနှင့် လူရှေ့ပင် ထွက်ပေါ်လာလိမ့်မည်မဟုတ်ပေ!
စက်တင်ဘာလလယ်ရှိ တစ်ခုသောညခင်း၌ မြို့စားအိမ်တော်က နောက်ထပ်ပွဲတစ်ခုကျင်းပခဲ့သည်။ လုပ်ငန်းစုအားလုံးနီးပါး၏ ဥက္ကဌများနှင့် မျိုးရိုးမြင့်များကိုလည်း ဖိတ်ကြားထားသည်။
"ဥက္ကဌရှု၊ ကျုပ်တကယ်ပဲ ခင်ဗျားကို လေးစားမိတယ်။" ဖာဆန် ရထားလုံးလုပ်ငန်းစု၏ ဥက္ကဌပွန်ဖီးက ဝိုင်ခွက်မြှောက်လျက် ရှုယီ၏ခွက်နှင့်တိုက်ကာ လေးစားစွာပြောလာသည်၊ "ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်လိုက်ကတည်းက သုတေသနပညာရှင်ဖြစ်ပေမယ့် ခင်ဗျားက ဘန်တာမြို့နဲ့ အနီးတစ်ဝိုက်မြို့တွေက အပျော်တမ်း ဝယ်ယူခြင်းကို ဦးဆောင်ခဲ့တယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း အထူးပြုထုတ်လုပ်ထားတဲ့ မှော်စက်တွေကို အသာထားဦး၊ ဒီတိုင်းလေး ရှောင်တခင်ထုတ်လုပ်ခဲ့တဲ့ တာယာက ဒီလောက်နာမည်ကြီးလာမယ်လို့ ကျုပ်ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။"
ရှုယီက ခေါင်းခါကာ၊ "ဥက္ကဌပွန်ဖီး, ခင်ဗျား တာယာကိုအထင်သေးလို့မရဘူး၊ ဒီပစ္စည်းကို ဒီတိုင်းလေးရှောင်တခင်ထုတ်လို့မှမရတာ။ ဒီပစ္စည်းက ရိုးရိုးသံကွင်းလေးလိုပုံပေါ်ပေမယ့် ဒီထဲမှာ ပါဝင်တဲ့ အဆင့်ပေါင်းများစွာရှိတယ်လေ။ အထဲက ကူရှင်ကတင် ကျုပ်စိတ်တိုင်းမကျခင်အထိ အာမန်နီကုန်သည်ကြီးများအသင်းကို တာယာပေါင်းများစွာ ထုတ်ယူစေခဲ့မိတယ်။ ဒါကြောင့်ပဲ ကျုပ်က အတော်ချေး(ဂျီး)များတယ်လို့ ဥက္ကဌဗင်းဆင့်ထ်က အကြိမ်ပေါင်းမနည်း ညည်းခဲ့တာပဲ။"
ရိုးရိုးသားသားဆိုရလျှင် တာယာ၏ အရေးကြီးဆုံးအပိုင်းက တာယာ၏ အဖုံးဖြစ်သည်။
သို့သော် စိုင်စ်နယ်မြေကြီးတွင် ရှုယီမှာ ဘယ်တုန်းကမှ ရာဘာပင်များ၏ တည်ရှိမှုကို ရှာမတွေ့ခဲ့ပေ။ သူဟာ ယခင်က တာယာလုပ်ချင်ခဲ့သော်လည်း ရာဘာမရှိသဖြင့် လက်သာလျှော့လိုက်နိုင်သည်။
ညတေးသံမျိုးနွယ်စုမှာ ရှုယီ၏တောင်းဆိုမှုကိုလိုက်နာ၍ ထူးဆန်းသည့်စမ်းသပ်ချက်မျိုးစုံလုပ်ပြီးနောက်တွင် မတော်တဆ ရာဘာနှင့်နီးစပ်သည့် ထင်းရှူးစေးကိုရခဲ့သည်။
၎င်းထင်းရှူးစေးက နတ်သူငယ်များအနေနှင့် မျက်ရည်သစ်သီးဟုခေါ်ဆိုသော အပင်လေးမှ လာသည်။
ထိုအပင်ရင့်လာသည့်နောက်တွင် လူသားတစ်ဦး၏ဦးခေါင်းလောက်အရွယ်အစားရှိသည့် အသီးများအဖြစ်ထွားလာစေကာ ဖွင့်ကြည့်လိုက်လျှင် အဖြူရောင်အရည်များထွက်လာသည်။
ဤဖျော်ရည်နှင့် ဝတ်မှုန်များစွာကို ရောနှောပြီးသောအခါ နတ်သူငယ်များ၏ အထူးမှော်ပညာကို အသုံးပြု၍ ထင်းရှူးအစေးတစ်မျိုး ဖြစ်လာခဲ့သည်။
ထိုထင်းရှူးစေးမျိုးထံ၌ ရာဘာဖြစ်စဉ်ကဲ့သို့ တူညီသည့်လက္ခဏာရှိရာ ရှုယီက ၎င်းကိုမြင်ချိန်တွင် ချက်ချင်း တာယာအတွက်သုံးနိုင်ကြောင်း တွေးမိသွားသည်။
စမ်းသပ်ချက်များစွာပြီးသည့်နောက် ညတေးသံမျိုးနွယ်စုနတ်သူငယ်များက ထိုတာယာအဖုံးကိုယူလာ၏။
ထိုအထူးထင်းရှူးစေးမှာ Frestech ကုန်သည်ကြီးများအသင်း၏ လျှို့ဝှက်ချက်ဖြစ်နေရာ ရှုယီက သဘာဝကျစွာပင် ၎င်းအား ဥက္ကဌပွန်ဖီးထံ ဖော်ပြလိမ့်မည်မဟုတ်ပေ။
ရှုယီက ဥက္ကဌဗင်းဆင့်ထ် အကြောင်းပြောလာသည်ကိုကြားသော် ဥက္ကဌပွန်ဖီးက ရယ်မောနေခဲ့လေ၏၊ "ဒါပေမယ့် အခုတာယာတွေကို ကောင်းကောင်းရောင်းရရင် အာမန်နီ ကုန်သည်ကြီးများအသင်းက အတော်များများငွေဝင်မှာပဲ၊ ဒီတော့ ဥက္ကဌဗင်းဆင့်ထ်က ခင်ဗျားကို အပြစ်တင်မှာမဟုတ်ဘူးပေါ့။"
ရှုယီလည်းပြုံးကာ မျိုးရိုးမြင့်များနှင့် စကားဝိုင်းဖွဲ့နေသည့် ဥက္ကဌပွန်ဖီးကိုကြည့်လိုက်၏။ အာမန်နီ ကုန်သည်ကြီးများအသင်း၏ မရေတွက်နိုင်သော စမ်းသပ်ချက်များနှင့်ယှဉ်လျှင် ဥက္ကဌဗင်းဆင့်ထ်အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းကို အထွန့်တက်လိမ့်မည်မှာ သူလိုချင်နေသည့် မှော်ယက်ကန်းစက်ကို မထုတ်လုပ်သေးသောကြောင့်သာ ဖြစ်နိုင်သည်ဟု ထင်မိသည်။
သို့သော် အခြားနည်းမရှိပေ၊ Frestech ကုန်သည်ကြီးများအသင်းထံ၌ သုတေသနဝန်ထမ်းက အကန့်အသတ်ရှိပြီး သုတေသနလုပ်မည့်အရာက များပြားနေသည်။ ရှုယီအနေနှင့် သေချာသည့်အရာများကို သုတေသနလုပ်ရန်သာ အာရုံစိုက်ထားနိုင်ပေ၏။
ထိုမျှ အရေးမပါသည့် အဝတ်အထည်လုပ်ငန်းနှင့်စာလျှင် စက်မှုစနစ်၏ တိုးတက်မှုအတွက် ပိုမိုအရေးပါသည့် လမ်းခင်းခြင်းနည်းပညာနှင့် စွမ်းအင်သိုလှောင် စုဆောင်းခြင်းကို သုတေသနလုပ်ဖို့က အရေးကြီးသည်။
"ဟုတ်သားပဲ၊ ဥက္ကဌရီု၊ ကျုပ်ခင်ဗျားကို ကျေးဇူးတောင်မတင်ရသေးဘူး။" ဥက္ကဌပွန်ဖီးက ရုတ်တရတ်ပြောလေသည်။
"အမ်? ဘာအတွက် ကျေးဇူးတင်မှာလဲဗျ?"
"ဘုရင်မကြီးနဲ့အတူ ဒီတောင်းဆိုချက်ကို ဖော်ဆောင်ခဲ့လို့ကျေးဇူးတင်ရမှာပေါ့။ အခုဆို ဘုရင်မကြီးက စစ်မြင်းဖြစ်မလာနိုင်တဲ့ မြင်းတွေကို ကျုပ်ဆီရောင်းပေးဖို့ သဘောတူလိုက်ပြီလေ။ နည်းနည်းတော့ ဈေးများပေမယ့်လည်း ကျုပ်ရဲ့လုပ်ငန်းစုအတွက် မြင်းအကောင်ရေများစွာရှိတာက မြင်းလှည်းများများကို သုံးလို့ရစေနိုင်တော့ လုပ်ငန်းပိုတွင်ကျယ်တာပေါ့လေ။" ဥက္ကဌပွန်ဖီးက စိတ်လှုပ်ရှားကာနီရဲနေသည့် မျက်နှာဖြင့်ဆိုသည်။
"ဒါက ဘာမှမဟုတ်ပါဘူး၊ ကျုပ်က ဘုရင်မကြီးကို ဒီတိုင်းလေးပြောလိုက်ရုံပါ။" ရှုယီလည်း လက်ယမ်းကာ လုံးဝဂရုမစိုက်လိုက်ချေ။ ထို့နောက် သိလိုစိတ်ဖြင့်သာမေးလာ၏၊ "ဟုတ်သားပဲ၊ ဥက္ကဌပွန်ဖီး ခင်ဗျားတို့လုပ်ငန်းစုအနေနဲ့ သာမန်မြင်းတစ်ကောင်အပေါ်မှာ ဘယ်လောက်သုံးလဲ?"
"မသတ်မှတ်ထားပါဘူး။ ဈေးနှုန်းက မြင်းအရည်အသွေးပေါ်မူတည်ပြီး အပြောင်းအလဲများတယ်လေ။ အကောင်းဆုံးမြင်းမျိုးတွေကျတော့ ကျုပ်တို့လုပ်ငန်းစုတောင်မသုံးနိုင်လောက်တဲ့ ရွှေဒင်္ဂါးသိန်းချီကုန်ကျတယ်။ သာမန်မြင်းတွေအတွက်ကတော့ မျိုးရိုးမြင့်ကြီးတွေ သီးသန့်မွေးမြူထားခဲ့တဲ့ အကောင်းဆုံးမြင်းတွေကလွဲရင် အများစုကို တော်ဝင်စစ်တပ်ဆီ ပေးအပ်ရတယ်။ ကျုပ်တို့လုပ်ငန်းစု သုံးတာကတော့ အဆင့်နိမ့်မြင်းတွေဖြစ်ပြီး တစ်ကောင်ကို ရွှေဒင်္ဂါး တစ်ရာနှစ်ရာလောက်ကျတယ်။" ဥက္ကဌပွန်ဖီးက ပြန်ဖြေလာသည်။
"ရွှေဒင်္ဂါး တစ်ရာကနေ နှစ်ရာ?" ရှုယီလည်းစဉ်းစားကာ ဆက်မေးသာ်၊ "မြင်းတစ်ကောင်ကိုအစားထိုးပြီး မြင်းလှည်းကို အဲ့အတိုင်းမြန်မြန်ဆွဲနိုင်မယ်၊ ဒါမှမဟုတ် နှစ်ဆသုံးဆလောက်ပိုမြန်မြန်ဆွဲနိုင်မယ့် အရာတစ်ခုရှိလာမယ်ဆိုရင် ခင်ဗျားဝယ်ဖို့ ငွေဘယ်လောက်လောက်သုံးမှာလဲ?"
ဥက္ကဌပွန်ဖီးက ရှုယီကို တအံ့တဩကြည့်လာသည်။ ခဏရပ်တန့်ပြီးနောက် မျက်လုံးများပြူးလျက် ရှုယီ၏ ပခုံးကို စိတ်လှုပ်တရှား ဆွဲကိုင်လာရင်း မေးလေသည်၊ "ဥက္ကဌရှု၊ ဒါက အမှန်ပဲလား? တကယ်ပဲ အဲ့လိုအရာရှိတာလား? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကနေ ထုတ်လုပ်ထားတာလား? ကျုပ်ကို မြန်မြန်ပြောပါဦး! ဒါသာ အမှန်ဆိုရင် ရွှေဒင်္ဂါးနှစ်ဆိုရင်တောင်....မဟုတ်ဘူး! တစ်ခုကို ရွှေဒင်္ဂါးသုံးရာနဲ့ သေချာပေါက် ဝယ်မှာပဲ!"
ရှုယီက အတန်ငယ်ဆွံ့အသွားသည်။ ယခင်တစ်ခေါက် တာယာအကြောင်းပြောခဲ့ချိန်ကလည်း ဥက္ကဌပွန်ဖီးက ထိုမျှအထိ စိတ်လှုပ်ရှားခဲ့သည်။ ယခုလည်း အနည်းအကျဉ်း ကြားလိုက်ရုံမျှနှင့် စိတ်လှုပ်ရှားနေသေးသည်။
သူဟာ လုပ်ငန်းစုကြီးတစ်ခု၏ ဥက္ကဌဖြစ်နေဆဲဖြစ်လေရာ ထိုမျှ အထိ အလွယ်တကူအံ့ဩဖို့ လိုသည်လား?
"ဒါက.... ထုတ်လုပ်ရသေးတာတော့မဟုတ်ဘူး၊ အစပိုင်းအဆင့်မှာပဲရှိသေးတယ်။" ရှုယီက ဥက္ကဌပွန်ဖီး၏လက်များနှင့်ဖယ်ခွာကာ ဖြေလိုက်သည်။
"အာ? မလုပ်ရသေးဘူးလား?" ဥက္ကဌပွန်ဖီး၏ စိတ်လှုပ်ရှားဟန်က ပျက်ပြယ်သွားကာ၊ "နှမျောစရာပဲ၊ ဒီလိုအရာက တကယ်ကို ကျုပ်တို့ ဖာဆန်ရထားလုံးလုပ်ငန်းစုအတွက် အရေးပါတယ်။ ဥက္ကဌရှု၊ ခင်ဗျား အဲဒါကို ဘယ်အချိန်လောက် ထုတ်လုပ်နိုင်မယ်ဆိုတာ ပြောပြလို့ရမလား?"
ရှုယီလည်း ပခုံးတွန့်ကာ၊ "ကျုပ် ခင်ဗျားကို အဖြေမပေးနိုင်သေးဘူး။ ဒီအရာက အတော်လေးရှုပ်ထွေးတော့ အလွယ်လေး ထုတ်လုပ်လို့ ရတဲ့အရာလည်းမဟုတ်ဘူး။"
ဥက္ကဌပွန်ဖီးလည်း တွေးဆဆဖြင့် ရှုယီကို အလေးအနက်မေးလာသည်၊ "ဟုတ်ပြီ၊ ဥက္ကဌရှု ခင်ဗျားသာ ဒီအရာကို ထုတ်လုပ်ပြီးရင် ကျုပ်ကိုအရင်ဆက်သွယ်ပြီး ကျုပ်တို့ ဖာဆန်ရထားလုံးလုပ်ငန်းစုကို ရောင်းရမယ်၊ ဟုတ်ပြီလား?"
"ကျုပ်တို့ တွေ့ရမှာပါ" ရှုယီလည်း ဝိုးတဝါးသာဖြေလာသည်။
အင်ဂျင်ထုတ်လုပ်ရေးမှာ အမှန်တကယ်ခက်ခဲလှလေရာ ရှုယီသည်ပင် ၎င်းအား ထုတ်လုပ်နိုင်မည်လားမသေချာရာ မည်သို့များ ကတိလွယ်လွယ်ပေးနိုင်မည်နည်း။
ထို့အပြင် ထိုအင်ဂျင်အားအမှန်တကယ် ထုတ်လုပ်နိုင်ခဲ့ပါလျှင် ၎င်းအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုများစွာရှိလာမည်ဖြစ်သောကြောင့် ရှုယီမှာ မည်သည့်အရာကိုမျှ ဦးစားပေးမည်မဟုတ်ပေ။
ရှုယီ၏ ဝိုးတဝါးအဖြေကိုကြားသော် ဥက္ကဌပွန်ဖီးလည်း မျက်မှောင်ကုပ်မိသွားသည်။ သူ့အနေနှင့် တစ်ခုခုကိုပြောလိုက်ချင်သော်လည်း ကောင့်ထ်စီယန်က လူအုပ်ကိုဖြတ်လျှောက်လာသည်အားမြင်လိုက်သဖြင့် ပါးစပ်ပိတ်ကာသာ ကောင့်ထ်စီယန်ကိုကြည့်လိုက်၏။
အားလုံးရှေ့မှောက်တွင် ကောင့်ထ်စီယန်က ခန်းမထဲရှိ စင်မြင့်ဆီ အသာလျှောက်လာသည်။ ဝေ့ဝဲကြည့်ပြီးသော် သူက ဝိုင်ခွက်ကိုမြှောက်ကာ အသံကျယ်ကျယ်ဖြင့် ဆိုလာ၏၊ "အားလုံးပဲ ဘန်တာမြို့ကို ပိုကောင်းတဲ့နေရာဖြစ်အောင် ဘယ်လိုလေ့လာရမလဲဆိုတဲ့ ပွဲကနေ ကြိုဆိုပါတယ်။”
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၇၅။ မြို့သစ်အကျိုးသက်ရောက်မှု
ဘန်တာမြို့အတွက် အစီစဉ်ကို ရှုယီထံ ကောင့်ထ်စီယန် ပြသခဲ့သည်မှာ နှစ်လလောက်ရှိနေခဲ့ပြီဖြစ်သော်လည်း ဤကဏ္ဍ၏တိုးတက်မှုက အလွန်နှေးကွေးလှသည်။
အကြောင်းရင်းတစ်ရပ်မှာ ပထမအပိုင်းအတွက် တာဝန်ရှိကြသည့် Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့မှာ မည်သည့်အားလပ်ချိန်မှ မရှိခြင်းပင်။ ဒုတိယအကြောင်းရင်းမှာ စီစဉ်နေသည့်အတောအတွင်း ပြဿနာများရှိခဲ့သောကြောင့်ဖြစ်၏။
ရှုယီနှင့် ကောင့်ထ်စီယန် သဘောတူထားသည့် အစီစဉ်ပထမအပိုင်းတွင် ကျေးရွာနှစ်ရွာအပြင် မျိုးရိုးမြင့်ကိုယ်ပိုင်နယ်မြေအပိုင်းများစွာလည်း ပါဝင်သည်။
၎င်းကိုနှိုင်းယှဉ်ကြည့်ရသော် ကျေးရွာနှစ်ရွာ၌ ရွာသူရွာသားများစွာရှိပါသော်လည်း ၎င်းတို့ကို ဂရုစိုက်ပေးရန်က လွယ်ကူသည်။
ရှုယီက မြို့စားအိမ်တော်၏ သက်သေခံကဒ်ပြားယူသွားရာ ရွာနှစ်ရွာရှိ မည်သူကမှ သူ့ကိုငြင်းခုံမလာဘဲ ရှုယီ တောင်းဆိုလာသမျှကို နာနာခံခံလိုက်လုပ်ပေးခဲ့ကြသည်။
ရှုယီနှင့် ဥက္ကဌခရုစ်တို့အတွက် ဒုက္ခများစေသည်မှာ ထိုမျှမကြီးမားသည့် မျိုးရိုးမြင့် နယ်မြေများသာပင်။
စိုင်စ်နယ်မြေကြီး၏ မျိုးရိုးမြင့်များအတွက် ၎င်းတို့နယ်မြေက ၎င်းတို့၏ဂုဏ်ပုဒ်ဖြစ်ရာ ဘုရင်ကြီးများကပင် ၎င်းတို့ကို ဂရုမစိုက်ချေ။ သို့ဖြစ်ရာ ရှုယီအနေနှင့် ဘန်တာမြို့အပြင်ရှိ မျိုးရိုးမြင့်နယ်မြေများကို တစ်ခုခုလုပ်လိုပါလျှင် ထိုမျိုးရိုးမြင့်များ၏ သဘောတူညီချက်ရမှဖြစ်မည်။
ပြဿနာက ၎င်းတို့နယ်မြေပေါ်၌ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ဆောက်လုပ်ခွင့်ပြုသည့် စိတ်ထားပွင့်လင်းသော မျိုးရိုးမြင့်နှစ်ဦးမှလွဲလျှင် အခြားမျိုးရိုးမြင့်များမှာ ၎င်းဘန်တာမြို့ ပြန်လည်ပြုပြင်ရေးစီမံကိန်းဟူသည်ကို နားမလည်ကြသဖြင့် သဘောမတူပေ။
ထို့ကြောင့် ၎င်းစီမံကိန်းက ထိုခေါင်းမာသည့်မျိုးရိုးမြင့်များကြောင့် နှောင့်နှေးခဲ့ရကာ တိုးတက်မှုက အင်မတန်နှေးကွေးလှသည်။
ကောင့်ထ်စီယန်သည်လည်း ထိုကိစ္စနှင့်စပ်လျဉ်း၍ အင်မတန်မကျေမနပ်ဖြစ်နေသည်။ ရှုယီနှင့် ဥက္ကဌခရုစ်တို့ထံမှ အကြောင်းရင်းကိုသိပြီးနောက်တွင် ထိုပွဲကို အထူးတလည်ကျင်းပကာ ဘန်တာမြို့ရှိ မျိုးရိုးမြင့်အားလုံးကို စုစည်းခဲ့ရုံသာမက လုပ်ငန်းစုများအားလုံးကိုပါ စုဝေးခဲ့သည်။
၎င်းစီမံကိန်း၏ ထူးကဲချက်ကို ထိုခေါင်းမာသည့်မျိုးရိုးမြင့်များထံရှင်းပြပေးရန်အပြင် လုပ်ငန်းစုများထံမှလည်း ရံပုံငွေရယူလိုသည်။
မိတ်ဆက်မှုလုပ်ပြီးနောက် ကောင့်ထ်စီယန်က အဓိကခေါင်းစဉ်ကို အလျင်အမြန်ကျော်ပြောကာ ရှုယီအား ယခင်က ပြသခဲ့ဖူးသည့် အစီစဉ် အသေးစိတ်အချက်များကို ရှင်းပြလာသည်။
စင်အောက်ရှိ လူများက ပထမတွင် အနည်းငယ်ရှုပ်ထွေးနေသော်လည်း ကောင့်ထ် စီယန်က အရာအားလုံးကို ရှင်းပြလာရာ နားလည်ဟန်ပြလာကြသည်။
ကောင့်ထ်စီယန်၏ ဘန်တာမြို့အားပြောင်းလဲပစ်မည့်အစီအစဉ်အား အင်မတန်ကောင်းမွန်လှသည်ဟု ဆိုရလောက်မည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုကြောင့် အလုပ်ရုံများစွာလည်း ထွက်ပေါ်လာသည်။ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကြောင့်လည်း အခြားလုပ်ငန်းစုများ၏ ထထုတ်လုပ်ရေး လုပ်ရည်ကိုင်ရည်က တိုးတက်လာရာ ၎င်းတို့လည်းဖွံ့ဖြိုးလာလေသည်။
သို့ဖြစ်၍ လတ်တလောတွင် ဘန်တာမြို့၌ အလုပ်ရုံသစ်များစွာနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိနေ၏။ ၎င်းက လူများစွာကို ဤနေရာသို့ ရွှေ့ပြောင်းရန် ဆွဲဆောင်ခဲ့ပြီး အေးချမ်းသော ဘန်တာမြို့အား အတော်လေး သက်ဝင်စေခဲ့သည်။
၎င်းနှင့်အတူ ပြဿနာကြီးတစ်ရပ်လည်း ယူဆောင်လာခဲ့ပါ၏။
ဘန်တာမြို့မှာ လူငါးသောင်းလောက်သာရှိသည့် မြို့ငယ်လေးသာဖြစ်ရာ မြို့၏ ဘယ်အစိတ်ပိုင်း၌ဖြစ်ဖြစ် မဖွံ့ဖြိုးသေးချေ။ ယခုတွင် အလုပ်ရုံများစွာနှင့် လူများစွာရှိလာရာ မြို့ငယ်လေးအတွက် ကပ်ဘေးကြီးတစ်ခုလိုပင်။
မည်သည်ကိုမှမဆိုထားနှင့် ဘန်တာမြို့မှထွက်လာသည့် အမှိုက်များ အဆများစွာ တိုးများလာသဖြင့် မြို့တော်အုပ်ချုပ်ရေးအပေါ် ဖိအားများ ဖြစ်လာစေသည်။
ထိုသို့သာဆက်ဖြစ်နေလျှင် ဘန်တာမြို့က အဆုံး၌ ထိုဖိအားကြောင့် ပြိုလဲသွားပေလိမ့်မည်သာ။
"အားလုံးပဲ၊ လူတိုင်းက ဖရိုဖရဲမြို့တစ်မြို့မှာ နေဖို့ဆန္ဒမရှိလောက်ကြဘူးလို့ ကျုပ်ထင်တယ်။ ဒီတော့ ဒီအခြေအနေကို ပြောင်းလဲဖို့အတွက် ဒီဘန်တာမြို့ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ဆုံးဖြတ်ချက်မချခင်မှ အသေအချာချင့်ချိန်ခဲ့ရပါတယ်။"
ထိုသို့ပြောပြီးနောက် ကောင့်ထ်စီယန်က ခဏမျှရပ်တန့်ကာ ဝေ့ဝဲကြည့်လိုက်သည်။ လူတိုင်း၏ တွေးဆဆဟန်များကိုမြင်သော် သူလည်း ကျေနပ်စွာခေါင်းငြိမ့်လျက် ဆက်ပြောသည်၊ "ဘန်တာမြို့က တကယ်ကို သေးငယ်လှပြီး ဒီလူတွေအားလုံးကို မကိုင်တွယ်နိုင်တော့ ဘန်တာမြို့အတွင်းပိုင်းကို ပြောင်းလဲဖို့ နည်းလမ်းမရှိပါဘူး။ ဒါကြောင့် ကျုပ်ရဲ့ရည်မှန်းချက်က မြို့အပြင်ဘက်ပါ။ မြို့အပြင်ဘက်ကို ဘယ်လိုပြောင်းလဲရမလဲဆိုတာကိုတော့ ဒီအကြောင်းအရာရဲ့ အထူးပြုဖြစ်တဲ့ Frestech ကုန်သည်ကြီးများအသင်းက ဥက္ကဌရှုရဲ့ အကြံဉာဏ်တွေကို နားထောင်ဖို့လိုပါတယ်။"
ရှုယီက အားလုံးရှေ့ရှိ စင်မြင့်ထက်သို့ အသာပြုံးရင်း လျှောက်လာလေသည်။ ထို့နောက် ကောင့်ထ်စီယန်၏ နေရာကိုယူကာ အားလုံးကို အသာဦးညွှတ်ပြလျက် အပြုံးဖြင့် ဆိုလိုက်သည်၊ "မြို့စားအရှင်ရဲ့ချီးကျူးမှုက သဘောထားကြီးလွန်းနေပါပြီ၊ ကျုပ်က အထူးပြုမဟုတ်ပါဘူးဗျာ။ မိုးကျတောင်ကြားကို ဖွံ့ဖြိုးဖို့လုပ်ချိန်က အတွေ့အကြုံတချို့ရခဲ့လို့ပါပဲ။"
ရှုယက မိုးကျတောင်ကြားအား ထုတ်ပြောလာသည်ကို ကြားသော် လူတိုင်းက တီးတိုးဆွေးနွေးကြတော့သည်။
မိုးကျလမ်းအား ဖွင့်လှစ်စဉ်က လူများစွာမှာ လုပ်စရာမရှိလျှင် မိုးကျလမ်းတစ်လျှောက် မြင်းလှည်းတစ်စီးဖြင့် သွားကြည့်ကြလေရာ လူများစွာက မိုးကျတောင်ကြားကို မြင်ဖူးကြလေသည်။
လူတိုင်းက မိုးကျတောင်ကြားမှာ ယခင်ကကဲ့သို့ ထူးခြားမှုတစ်ခုမှမရှိသည့် ကျက်တီးမြေကြီးမဟုတ်တော့သည်ကို တွေ့ခဲ့ရ၏။ Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို ဖွင့်လှစ်ပြီးသည်တွင် ၎င်းက အင်မတန်လှပကာ ဆွဲဆောင်မှုရှိသည့်နေရာဖြစ်လာခဲ့သည်။
မိုးကျတောင်ကြား၏ ဒေသခံနယ်မြေများနှင့် လှပသော စက်မှုဆိုင်ရာနယ်မြေများကို မြင်တွေ့ကြသူများစွာမှာ ဥက္ကဌပွန်ဖီးကဲ့သို့ ချီးကျူးခဲ့ကြသည်ပင်။
ထို့ကြောင့် ကောင့်ထ်စီယန်က ပြန်လည်ပြုပြင်ရေးစီမံကိန်းကို ရှုယီအား လက်လွှဲပေးထားသည်ကို သိလိုက်ရချိန်တွင် အံ့ဩသွားသူ များများစားစားမရှိချေ။
"အရင်ဆုံး ကျုပ်အနေနဲ့ အားလုံးကို ပုံတစ်ချို့ပြချင်ပါတယ်။"
ရှုယီ၏ ညွှန်ကြားမှုအောက်၌ မြို့စားအိမ်တော်မှ အစေခံနှစ်ဦးမှာ ထောက်တိုင်တစ်ခုနှင့် ပုံကားချပ်လိပ်များကိုယူလာကာ တစ်ခုပြီးတစ်ခု ဖြန့်ပြလာကြ၏။
အားလုံး၏အကြည့်များက ထိုပုံများပေါ်ကျရောက်လာသည်တွင် လှပသောမြင်ကွင်းကို တွေ့လိုက်ကြရသည်။
အလယ်ပုံတွင် အဓိက ရှုထောင့်မှ မြစ်တစ်စင်းပေါ်၌ဖြစ်သော်လည်း ၎င်းမြစ်က လူတိုင်းသိခဲ့သည့် မြစ်နှင့်ကွဲပြားနေ၏။
ထိုမြစ်၏ကမ်းဘေးများတွင် နုန်းများစုပုံမနေဘဲ မြစ်ကမ်းစပ်လှလှလေးကို ဖန်တီးပေးထားသည့် အရာတစ်ခုရှိနေသည်။
ထိုမြစ်မှာ လှိုင်းကြပ်ခွပ်လေးများအပြည့်နှင့် ကြည်လင်နေ၏။ ၎င်းအပြင် မြစ်ကမ်းတစ်လျှောက်၌ သစ်ပင် ပန်းမန်အမျိုးစုံလည်း ပေါက်ရောက်နေကြသည်။
မြစ်၏ ဘေးဘက်များ၌ သိပ်မကြီးမားသည့် ကွန်ကရစ်လမ်းချောချောတစ်လမ်းရှိနေပြီး မြက်ပင်များဖြင့် ဝိုင်းရံထားသည်။ ထိုလမ်းကြောင်း၌ လျှောက်နေကြသည့် ယောက်ျား၊မိန်းမများစွာရှိကာ လူငယ်၊လူကြီးများကလည်း မြစ်ကမ်းတစ်လျှောက်၌ အေးမြသောလေပြေလေးများကို ခံစားနေကြသည်။
ထို့အပြင် လမ်းမနံဘေးရှိ မြက်ခင်းများတွင် ပျော်ရွှင်စွာပြုံးလျက် ပြေးလွှားဆော့ကစားနေကြသည့် ကလေးအချို့လည်း ရှိနေသည်။
ထိုပုံကိုမြင်ရုံနှင့်တင် လူတိုင်းက အံ့ဩစွာ ပင့်သက်မရှိုက်မိဘဲ မနေနိုင်ပေ။
ဘယ်အချိန်ကများ မြစ်တစ်စင်းက ထိုမျှသန့်ရှင်းသပ်ရပ်လာရသနည်း? ၎င်းတို့အနေနှင့် နေဝင်ချိန်၌ လမ်းပင်လျှောက်ချင်လာမိသည်။
"ဥက္ကဌရှု၊ ခင်ဗျား ဒီပုံတွေကိုယူလာတာက ပုံထဲက မြစ်ဟာ ဘန်တာမြို့ပြင်က မြစ်ရဲ့ ပုံဖြစ်ကြောင်း ကျုပ်တို့ကို ပြောဖို့အတွက်ပဲလား?" စင်အောက်ရှိ လူတစ်ယောက်က မနေနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့်မေးလာလေသည်။
"ဟုတ်ပါတယ်၊ ပုံထဲက မြစ်က ပြောင်းလဲပြီးမြစ်ပါ။ အားလုံးပဲ ဘယ်လိုထင်ကြလဲဗျ?" ရှုယီက အပြုံးဖြင့်ပြန်မေးသည်။
"အဆင်ပြေပါတယ်၊ ဒါပေမယ့် အဲဒီ့မြစ်က ဘယ်လိုများ ပုံထဲကတစ်ခုလို ဖြစ်လာမှာလဲ?"
"ဟုတ်တယ်၊ မြစ်က နှစ်တိုင်း ရေမကြီးတာတောင်အဆင်ပြေနေပါပြီ၊ ဘယ်လိုများဒီလောက်လှလာနိုင်မှာလဲ?"
"ဥက္ကဌရှု ဒါက ခင်ဗျားရဲ့ စိတ်ကူးပဲဖြစ်ရမယ်။ အစစ်တော့မဖြစ်နိုင်ဘူး။"
"အမှန်ပဲ....."
..........
လူများက ၎င်းကိုဆွေးနွေးနေကြသည်အား မြင်သော် ရှုယီက အသာပြုံးလျက်၊ "ဒါ မဖြစ်နိုင်ဘူးလို့ ဘယ်သူကပြောလို့လဲ? ခင်ဗျားတို့မယုံရင် ဥက္ကဌခရုစ်ကို မေးကြည့်လို့ရပါတယ်၊ မိုးကျတောအုပ်က အဲဒီ့မြစ်က ဒီလိုဖြစ်လာပြီးနေပြီးသားပါ။"
အားလုံးက ဝိုင်နီသောက်နေသည့် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌမွန်း ခရုစ်ကိုကြည့်လာကြသည်။
ဥက္ကဌခရုစ်က သူ၏ဝိုင်ခွက်ကိုချလျက် အားလုံးကို ဝင့်ကြွားစွာ ပြုံးပြလာ၏။
"ဥက္ကဌရှုပြောတာ အမှန်ပါပဲ၊ မြစ်က အခု အဲ့လောက်တော့ ကြည့်မကောင်းပေမယ့် ပုံထဲကလိုဖြစ်လာဖို့ကတော့ မခက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်အတွင်းမှာ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနဲ့ မိုးကျတောအုပ် အနောက်မြောက်ဘက်ဆီက မြစ်ရဲ့ မြစ်ကမ်းတွေကို ပြောင်းလိုက်တော့ အခုဆို အကျိုးသက်ရောက်မှုတွေစတင်နေတာကို မြင်နေရပြီလေ။ လတ်တလောမှာတော့ ပုံထဲကလောက်ကြည့်မကောင်းပေမယ့် သိပ်မလိုတော့ပါဘူး။
"အန်း၊ ကျုပ် ဆန်နက်မြေရိုင်းရဲ့ သားရဲလူမျိုးတွေနဲ့ ကိုင်တွယ်စရာ ကိစ္စလေးတချို့ရှိခဲ့တယ်။ ကျုပ် မြစ်ကိုဆန်တက်လာချိန်မှာ မြစ်က ဒီလိုမျိုးလုံးဝပြောင်းလဲနေကြောင်းတွေ့လိုက်ရတယ်လေ၊ ဒီပုံထဲကလောက် ကြည့်မကောင်းသေးပေမယ့်လည်းပေါ့။ မြစ်ကမ်းနားတစ်လျှောက်မှာ လူတွေအလုပ်လုပ်နေတာ တွေ့ခဲ့ပေမယ့် အမ်ရစ် ကုန်သည်ကြီးများအသင်းက အလုပ်သမားတွေဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။"
အားလုံး ကြည့်လိုက်ကြသော ထိုသို့ပြောလာသည်က ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရန်နာဆာဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ၏လုပ်ငန်းစုစီးပွားရေးရြောင့် သူဟာ သားရဲလူမျိုးနွယ်စုဆီ သွားလေ့ရှိပြီး မြစ်ကိုဖြတ်သွားရသည်။
သူက ထိုသို့ပြောလာရာ အမှန်ဖြစ်နေပုံပင်။
အားလုံး၏မျက်နှာထားပြောင်းသွားသည်ကိုမြင်သည့်အခါ ရှုယီက လက်ခုပ်တီးလျက် လူတိုင်း၏အာရုံကို ပြန်ယူလိုက်သည်။ ထို့နောက် နောက်ပုံတစ်ပုံကို ညွှန်ပြလျက် ပြောလေ၏၊ "အားလုံးပဲ ဒီပုံကိုကြည့်လိုက်ပါ။ ဒီပုံကို အမြင့်ပိုင်းရှုထောင့်ကနေယူထားတာကို အားလုံးမြင်နိုင်လောက်မယ်လို့ထင်ပါတယ်။ ဒီနေရာက မြို့က ကျုပ်တို့ဘန်တာမြို့ကိုကိုယ်စားပြုပြီးတော့ ဘယ်ဘက်မှာရှိတာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဆန်းဒ်တွန်အိမ်ရာဖြစ်တာကို သတိထားပြီး ကြည့်ပေးကြပါ။ ဆက်စပ်နေကြတဲ့ အဖြူရောင်မျဉ်းဖြောင့်တွေကတော့ လမ်းမကြီးတွေကို ကိုယ်စားပြုထားကြောင်း အားလုံး ခန့်မှန်းထားလောက်မယ်လို့ ထင်ပါတယ်။"
၎င်းတို့မှာ ခန့်မှန်းနိုင်ပါလျှင်တောင် ရှုယီပြောလာသည်ကိုကြား၍ အတော်အံ့ဩသွားသည်။
"ဥက္ကဌရှု၊ ဒီမျဉ်းတွေအားလုံးက လမ်းတွေလား? မဖြစ်နိုင်တာကြီးလေ?" လုပ်ငန်းစုလေးတစ်ခု၏ ဥက္ကဌက မနေနိုင်ဘဲ ပြောလာသည်၊ "ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့ကနေ ဆန်းဒ်တွန်အိမ်ရာဆီကို လမ်းဖောက်နေတာတော့ နားလည်နိုင်ပေမယ့် ဒီလမ်းတွေအားလုံးကိုဖောက်ဖို့ လိုလို့လား?"
"မလိုဘူး?" ရှုယီက အပြုံးဖြင့် လက်ကိုခါယမ်းကာ၊ "မဟုတ်ပါဘူး၊ ဒီလောကမှာ အသုံးမဝင်တဲ့လမ်းဆိုတာ မရှိပါဘူး။ ဒီပုံမှာ ဒီလမ်းအားလုံးကို မှတ်သားထားတာက ကျုပ် ဒါတွေအားလုံးလုပ်ဖို့ စီစဉ်ထားကြောင်း အားလုံးကို ပြောချင်လို့ပါ။ လမ်းတွေဖောက်လုပ်မယ့် ဧရိယာအားလုံးကို စစ်ဆေးဖို့အတွက် အမ်ရစ်ကုန်သည်ကြီးများအသင်းကို တာဝန်ပေးထားပြီးတော့ ပြဿနာမရှိသရွေ့ ဒီလမ်းတွေ စတင်ဖောက်တော့မှာပါ။"
"ဟုတ်ပါတယ်။ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းမှာက လမ်းဖောက်တာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံလည်းရှိပြီး ဥက္ကဌရှုကလည်း တာဝန်ပေးထားတော့ ဒီလမ်းတွေကို သေချာပေါက် ခင်းမှာပါ။" ဥက္ကဌခရုစ်က ခေါင်းငြိမ့်ကာပြောသည်၊ "ပြီးတော့ ဒီလမ်းတွေဖောက်လုပ်ရာမှာ စိတ်ဝင်စားတဲ့လူတစ်ယောက်လောက်ဖြစ်ဖြစ် ဒီနေရာမှာရှိရင် ဘယ်အချိန်မဆို ကျုပ်နဲ့ ဆွေးနွေးလို့ရကြောင်း အသိပေးချင်ပါတယ်။"
ရှုယီက ရယ်လျက်၊ "ဥက္ကဌခရုစ်, ကျုပ်ပြောတာကို ခင်ဗျား အတည်ပြုပေးနိုင်ဖို့ပဲ မျှော်လင့်တာပါ၊ ခင်ဗျားကိုယ်ခင်ဗျား ကြော်ငြာဝင်ခိုင်းဖို့ မတောင်းဆိုထားပါဘူး။"
စင်အောက်ရှိလူများမှာ မပြုံးဘဲ မနေနိုင်ကြတော့ချေ။
"ဒါပေါ့ ဥက္ကဌခရုစ်နဲ့ ကျုပ်က ဒီလမ်းတွေအတွက် ကျုပ်တို့ကိုယ်တိုင် မဆုံးဖြတ်နိုင်တော့ အားလုံးရဲ့ထောက်ပံ့မှုကို လိုအပ်ပါသေးတယ်။"
ရှုယီ၏စကားများကိုကြားသော် စင်အောက်ရှိ ကုန်သည်များအားလုံးက တစ်ဖက်ရှိ မျိုးရိုးမြင့်များထံ ကြည့်လာကြသည်။
ရှုယီ၏စကားလုံးများက ထိုခေါင်းမာသည့်မျိုးရိုးမြင့်များကိုရည်ရွယ်ကြောင်း လူတိုင်းနားလည်နိုင်ပါ၏။ ထိုအချိန်၌ မျိုးရိုးမြင့်လူအုပ်ထံမှ အေးစက်စက်နှာမှုတ်သံထွက်လာသည်။
"ဟမ့်! ဥက္ကဌရှုက တကယ်ပဲ သူ့စိတ်ကိုသူ ထုတ်ပြောနိုင်တာပဲ။ ဘန်တာမြို့က ခင်ဗျားတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တယ်ထင်နေတာလား?"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၇၆။ မြို့ငယ်လေး၏ များစွာသောပြောင်းလဲမှု
ထိုအသံကိုကြားသော် အားလုံး၏ အမူအရာက အတန်ငယ် ထူးဆန်းသွားသည်။
အကြောင်းမှာ ထိုသို့ပြောလိုက်သူက ဘာရွန်ဘယ်လီဖြစ်သောကြောင့်ပင်။
ဘန်တာမြို့သို့ ဘာရွန်ဘယ်လီရောက်လာကာစအချိန်တွင် သူက သူ၏နယ်မြေမှ Frestech ကုန်သည်ကြီးများအသင်းကို ထုတ်ပယ်ခဲ့သည်။ သူက Frestech ကုန်သည်ကြီးများအသင်းနှင့် အဆက်အသွယ်အားလုံးကို ချိုးဖျက်လိုက်သည်ဟု နားလည်ထားခဲ့ကြသည်။
Frestech ကုန်သည်ကြီးများအသင်း ဆန်းဒ်တွန်အိမ်ရာသို့ ပြောင်းရွှေ့သွားသည့်နောက်တွင် ဘာရွန်ဘယ်လီက မျှော်လင့်မထားစွာ တည်ငြိမ်လာပြီး အားလုံးမျှော်လင့်ထားကြသလို ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို ပြဿနာမဖြစ်စေခဲ့ပေ။
ထိုအခြေအနေအရ ဘာရွန်ဘယ်လီမှ Frestech ကုန်သည်ကြီးများအသင်းကို သူ၏နယ်မြေမှထုတ်ပယ်ခြင်းမှ သူ၏ကိုယ်ပိုင်အကြံမဟုတ်ဘဲ စတက်ဂျ်မိသားစု၏ အကြံသာဖြစ်သည်ဟု အားလုံးကို မနေနိုင်ဘဲ တွေးမိစေသည်။
သို့သော် ယခုဘာရွန်ဘယ်လီက ထိုသို့သိသိသာသာဆန့်ကျင်မှုပြုလာရာ လူတိုင်းအနည်းငယ် အံ့အားသင့်သွားကြသည်။
ရှုယီက ဘာရွန်ဘယ်လီကိုကြည့်ကာ လုံးဝဒေါသမဖြစ်ဘဲ အပြုံးရေးရေးဖြင့်သာမေးလာသည်၊ "သခင်ဘာရွန်၊ ဘန်တာမြို့က တကယ်ကို ကျုပ်တစ်ယောက်တည်းနဲ့ ဆိုင်တာမဟုတ်ပါဘူး။ ဒီတော့ ကျုပ်တို့သာ ဘန်တာမြို့ကို အောင်အောင်မြင်မြင်ပြောင်းလဲနိုင်မယ်ဆိုရင် ဘန်တာမြို့ရဲ့ လူတွေအားလုံးအတွက် အကျိုးကျေးဇူးရလာစေလိမ့်မယ်။"
ဘာရွန်ဘယ်လီက နောက်ထပ် အေးစက်စက်နှာမှုတ်ကာ၊ "လူတိုင်းကို အကျိုးရှိစေမယ်? ဥက္ကဌရှု၊ ခင်ဗျားက ကလေးငယ်လေးတစ်ယောက်ကို လှည့်ဖျားနေတယ်ထင်နေတာလား? ကျုပ်ထင်တာတော့ ဒီအကျိုးအမြတ်ကို ခင်ဗျားနဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကပဲ ရမယ်ထင်တယ်၊ ဟုတ်တယ်မလား? မဟုတ်ရင် ဘာလို့ ခင်ဗျားက ဒီလောက်ကြိုးစားနေမှာလဲ?"
ရှုယီက ဘာရွန်ဘယ်လီကိုကြည့်ကာ အနည်းငယ်တွေးဆပြီးမှ ပြန်မေးလိုက်၏၊ "ဒီအဓိပ္ပာယ်က ဘာရွန်ဘယ်လီအနေနဲ့ ဒီပြုပြင်ပြောင်းလဲရေး အစီစဉ်တစ်ခုလုံးကို ဆန့်ကျင်တယ်လို့ ဆိုလိုတာလား?"
ဘာရွန်ဘယ်လီက ရှုယီကို အေးစက်စွာကြည့်လာကာ၊ "ကျုပ်ကို စကားလုံးတွေနဲ့ ထောင်ချောက်ဆင်ဖို့ မကြိုးစားနဲ့။ ဒီအစီစဉ်က မြို့စားအရှင်ရဲ့ အကြံမို့လို ကျုပ် ဆန့်ကျင်မှာမဟုတ်ဘူး။ ကျုပ်ရဲ့ ထောက်ခံမှုကို မပြရုံပဲ။"
အားလုံး၏ အမူအရာကပိုလို့ပင်ထူးဆန်းလာကာ သူ၏စကားလုံးများက အတော်အံ့ဖွယ်ဖြစ်သည်ဟု စဉ်းစားလိုက်မိကြသည်။
၎င်းကို မြို့စားအရှင်က စီစဉ်ထားခြင်းဆိုကတည်းက ထောက်ခံမှုမပြသည်က ဆန့်ကျင်နေခြင်းဖြစ်လေရာ မည်သို့များ ထိုသို့ပြောနိုင်ရသနည်း?
ရှုယီ၏တုံ့ပြန်မှုက ပိုလို့ပင် အံ့ဖွယ်ဖြစ်နေသေးသည်။
ဘာရွန်ဘယ်လီ၏ စကားလုံးများကိုကြားသော် ခေါင်းသာငြိမ့်လျက်ပြောလိုက်၏၊ "ဟုတ်ပြီ၊ ကျုပ်နားလည်တယ်။"
သူက ထိုကိစ္စကို ဘာရွန်ဘယ်လီနှင့် ဆွေးနွေးဖို့ လုံးဝမစီစဉ်ထားခဲ့ပါချေ။
ဘာရွန်ဘယ်လီက ရှင်းလင်းစွာပင် အနည်းငယ်အံ့ဩသွားသော်လည်း ရှုယီက မည်သည်ကိုမှမဆိုတော့ရာ သူက ငြင်းခုံရန် အစပျိုးလိုက်လျှင် မျက်နှာနာစရာဖြစ်လိမ့်မည်။ ထို့ကြောင့် ပါးစပ်သာပိတ်လျက် မည်သည်ကိုမှ မပြောနိုင်တော့ချေ။
ရှုယီကလည်း အားလုံးထံ အခြားပုံများအကြောင်း ရှင်းပြပေးလာ၏။ ချွင်းချက်ပင်မရှိ ထိုဘန်တာမြို့၏ ပုံရိပ်များအားလုံးမှာ ထိုစီမံကိန်းပြီးနောက် ရှုယီစိတ်ကူးထားသလိုဖြစ်လိမ့်မည်။
ပုံများရှိ လှလှပပမြင်ကွင်းများကိုကြည့်ရင်း စင်အောက်ရှိလူများလည်း မယုံဝံ့လုနီးပါးအထိပင် ဖြစ်နေကြသည်။
ပြောရလျှင် လက်ရှိ၌ အတော်လေး ဖရိုဖရဲဖြစ်နေသည့် ဘန်တာမြို့နှင့်ယှဉ်လျှင် ထိုပုံများရှိ ဘန်တာမြို့က အင်မတန် လှပလွန်းနေ၏။ ထိုသည်မှာ အန်ဗီမာမြို့တော်ပင် မယှဉ်နိုင်လောက်အောင်ဖြစ်သည်။
သို့သော် ဘန်တာမြို့က ထိုပုံများအတိုင်းဖြစ်လာရန် လူတိုင်းက မျှော်လင့်နေကြဆဲပင်။ ထိုသည်သာ အမှန်တကယ်ဖြစ်လာပါက ဘန်တာမြို့က လူတိုင်း အားကျရသည့် ရှုမြင်ကွင်းဖြစ်လာလိမ့်မည်။
ထိုအနုပညာလက်ရာများပြသပြီးနောက် ရှုယီက ခေါင်းစဉ်ပြောင်းလိုက်၏။
ထိုပုံများမှာ စင်အောက်ရှိလူများအတွက် မည်မျှကောင်းမွန်နေပါစေ ၎င်းတို့ရနိုင်မည့် အကျိုးအမြတ်ကိုတော့ မယှဉ်နိုင်ကြောင်း သူသေချာသိလေသည်။
ထို့ကြောင့် ထိုပုံများအား မိတ်ဆက်ပေးပြီးနောက် ဘန်တာမြို့၌ရှိလာမည့် အကျိုးအမြတ်များကို ရှင်းပြလိုက်သည်။
စက်မှုနှင့် ဒေသခံနယ်မြေများရှိခြင်း၏ အကျိုးကျေးဇူးအမျိုးမျိုးအကြောင်းပြောပြီးနောက် လုပ်ငန်းစုကိုယ်စားလှယ်များ၏ မျက်လုံးများတောက်ပလာသည်ကို မြင်နိုင်သည်။ ထိုသည်မှာ ရှုယီထံမှ လာသည့် စီးပွားအခွင့်အလမ်းကို အနံ့ခံနိုင်လိုက်သလိုပါပင်။
မျိုးရိုးမြင့်အများစုမှာ အမှန်တကယ်ဂရုမစိုက်ခဲ့သော်လည်း ရှုယီက အရာအားလုံးကိုရှင်းပြပြီးသည့်နောက်၌ ၎င်းတို့စိတ်နှလုံးများလည်း လှုပ်ရှားသွားကြသည်။
ရှုယီက ထိုအစီစဉ်များရှင်းပြခြင်းကို အပြီးသတ်ရန် နာရီဝက်အချိန်သုံးခဲ့ရ၏။ စင်အောက်ရှိလူများထံ၌ မတိုင်ခင်ကလို ရှုပ်ထွေးဟန်များမရှိတော့ဘဲ အရာအားလုံးကို စဉ်းစားနေကြသည်မှာ ရှင်းလင်းနေ၏။
ထိုမြင်ကွင်းကြောင့် ကောင့်ထ်စီယန်မှာ ရှုယီကို လေးစားစွာပြုံးလျက် မကြည့်ဘဲ မနေနိုင်တော့ချေ။
ဒီကောင်လေးက တကယ်ကို လူတိုင်းသဘောကျလောက်မယ့် အကျိုးအမြတ်တွေရှာဖွေရာမှာ တကယ်တော်ပြီး သူလုပ်ချင်တဲ့အရာတွေကိုလည်း လူတွေကိုလွယ်လွယ်လက်ခံလာစေတယ်။
ပွဲက တစ်ညလုံးလုံးဆက်သွားနေပြီး ပြီးဆုံးချိန်၌ ရှုယီ၏လည်ချောင်းပင်နာနေရသည်။
ပွဲ၌ ၎င်းတို့ရလာမည့် အကျိုးအမြတ်မျိုးကိုသိနိုင်ရန်အလို့ငှာ အချက်အလက်တချို့ရရန် ရှုယီအား အသေးစိတ်အချက်များ ဆက်တိုက်လာမေးကြသော ကိုယ်စားလှယ်များနှင့် မျိုးရိုးမြင့်များရှိကြသည်။
ရှုယီအနေနှင့် တစ်ယောက်ပြီးတစ်ယောက်ထံ သူ၏သုံးသပ်ချက်ကို ဖြေပေးခဲ့ရသည်။
ထိုလူများက တစ်ယောက်ပြီးတစ်ယောက်စိတ်တိုင်းကျစွာ ထွက်သွားကြသော်လည်း ရှုယီမှာ သူ၏တံတွေးများပင် ကုန်ခမ်းသွားသဖြင့် လည်ချောင်းမှာ ခြောက်သွေ့လွန်း၍ နာကျင်နေလေသည်။
"အိုင်း၊ ငါရှေ့လျှောက်မှာ ဒီလိုအကျိုးကျေးဇူးမဲ့တဲ့ အလုပ်မျိုးမလုပ်တော့ဘူး။" ကောင့်ထ်စီယန်ထံမှ ချီးကျူးမှုကိုလက်ခံကာ နှုတ်ဆက်ခွဲခွာပြီးနောက်၌ ရှုယီလည်း မနေနိုင်ဘဲ ထိုသို့ တွေးလိုက်သည်။
လက်ရှိ၌ ညရောက်နေပြီဖြစ်ရာ ရှုယီလည်း လမင်းနှင့် ကြယ်စင်များကို မော့ကြည့်လိုက်သည်။ ထို့နောက် မြင်းလှည်းနှင့် အိမ်ပြန်မည့်အကြံကိုလက်လျှော့ကာ လမ်းလျှောက်လိုက်၏။
လက်ရှိဘန်တာမြို့မှာ ယခင်နှစ်ကနှင့် လုံးဝခြားနာသည်။
ယခင်နှစ်၌ ဆောင်းဦးညတာက အေးစက်လှသောကြောင့် ယခုလိုညတွင် ဘန်တာမြို့ရှိ လူများအားလုံး အိမ်၌ နားနေမည်ဖြစ်ရာ အပြင်ဘက်၌ လူရိပ်လူရောင်ပင် လုံးဝရှိလိမ့်မည်မဟုတ်ချေ။
သို့သော် ယခု၌ ညခင်းဖြစ်သော်လည်း ဘန်တာမြို့လမ်းများ၌ ဆိုင်များစွာဖွင့်ထားကြသည်။ ၎င်းတို့က တောက်ပနေပြီး အသံမျိုးစုံလည်း ထွက်နေကြ၏။
အပြင်ဘက်၌ သရေစာမုန့်များရောင်းချသည့် ဆိုင်ခန်းငယ်များပင်ရှိနေရာ ရနံ့များစွာကို ပျံ့လွင့်နေစေသည်။ ၎င်းက မအိပ်ပျော်သည့် လူများကို ၎င်းတို့အိပ်ကပ်ထဲမှ ငွေဒင်္ဂါးထုတ်ရန် ညလယ်စာစားဖြစ်ရန် ဆွဲဆောင်နေကြ၏။
ယခင်၌က ငြိမ်းချမ်းမှုနှင့်ယှဉ်လျှင် လက်ရှိ ညခင်း၌ပင် သက်ဝင်လှုပ်ရှားနေသော ဘန်တာမြို့မှာ ကမ္ဘာမြေမှ လူဦးရေထူထပ်သောမြို့လိုဖြစ်နေသည်။
၎င်းအတွက် တစ်ခုတည်းသော အကြောင်းရင်းမှာ လူများသာပင်။
ဘန်တာမြို့၌ ယခင်က လူပေါင်းငါးသောင်းသာရှိသော်လည်း ယခုတွင် လူပေါင်းနှစ်သိန်းကျော်သည်။
မြို့ငယ်လေးများ၌ ပြည့်ကျပ်နေသည့် လူများစွာကြောင့် ပြောင်းလဲမှုကြီးများဖြစ်လာသည်။
ရှုယီမှာ ညဈေးတန်းကိုလျှောက်လာသည့် လူငယ်ကောင်လေးနှင့် ကောင်မလေးကိုကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ဤမြင်ကွင်းက တကယ်ကို ကမ္ဘာမြေမှမြို့အချို့ရှိ ဘဝလိုပါပင်။
တစ်ခုတည်းသောခြားနားချက်မှာ ဘန်တာမြို့၌ လမ်းမီးများမရှိခြင်းဖြစ်သည်။ လမ်းပေါ်ရှိ ဆိုင်ခန်းငယ်ဖြစ်စေ ဈေးဆိုင်၌ဖြစ်စေ ၎င်းတို့အား မှော်မီးအိမ်ဖြင့် အလင်းပေးထားသည်။
လမ်းမီးများအကြောင်းစဉ်းစားမိသော် ရှုယီလည်း မော့ကြည့်ရင်း အတွေးတစ်စရသွားသည်။
ဘန်တာမြို့၌ သမိုင်းရာဇဝင်ရှိရာ လုံးဝပြောင်းလဲဖို့ ခက်ခဲပါသော်လည်း တိုးတက်မှုတချို့က ဖြစ်နိုင်ပြီး မရှိမဖြစ်လည်းလိုအပ်သည်။
ဥပမာ၊ ကမ္ဘာမြေပေါ်၌ လမ်းမီးများကို အတွေ့များသော်လည်း စိုင်စ်နယ်မြေကြီး၏ မြို့များ၌ လုံးဝမရှိရာ ၎င်းက သိသာထင်ရှားသည့်အရာတစ်ခုပင်။
ထိုသို့စဉ်းစားမိသော် ရှုယီက လမ်းမီးများတပ်ဆင်ခြင်းအတွက် ကုန်ကျစရိတ်ကို တွက်ချက်ကြည့်လိုက်သည်။
မှော်မီးအိမ်များမှာ ကမ္ဘာမြေရှိ လမ်းမီးများလို အားသွင်းဖို့မလိုသောကြောင့် မှော်မီးအိမ်တပ်ဆင်မည့် လုံလုံလောက်လောက်ရှည်သည့် တိုင်တစ်တိုင်လုပ်ဖို့သာ လိုအပ်လေရာ ထိုမျှ အကုန်အကျမများလောက်ပေ။
သို့သော် ၎င်းနှင့်စပ်လျဉ်း၍ ပြဿနာများစွာရှိပါ၏။
ပထမဦးဆုံး အီဗီတာနှင့် အာကာလီမှာ မှော်စွမ်းအားကူးပြောင်းခြင်းနည်းပညာကို အောင်မြင်ခဲ့ပါသော်လည်း မှော်အစီအရင်သို့ ကူးပြောင်းပေးနိုင်မည့် မှော်သလင်းကျောက် အကွာအဝေးအကန့်သတ်မှာ သုံးမီတာသာရှိသည်။ သို့သော် ထိုအကွာအဝေး၌လည်း မတည်ငြိမ်သေးရာ သုံး၍မရနိုင်သေးသည့် အစမ်းသပ်ခံအခြေအနေ၌သာရှိသေးသည်။
မည်သို့ဖြစ်ဖြစ် လမ်းမီးတိုင်များမှာ သုံးမီတာထက်ရှည်ရမည်ဖြစ်၏။ မှော်မီးအိမ်များကို တိုင်မြင့်မြင့်၌ ချိတ်ဆွဲထားပါလျှင် ခလုတ်ထားမည့်နေရာကလည်း ပြဿနာဖြစ်လိမ့်မည်။
ထို့အပြင် ကမ္ဘာမြေရှိ လမ်းမီးများအားလုံးကို စွမ်းအားရင်းမြစ်တစ်ခုနှင့် ချိတ်ဆက်ထားသောကြောင့် ၎င်းတို့အား အဝေးမှ အတူတကွထိန်းချုပ်နိုင်သည်။ လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာနှင့် ၎င်းက သူတို့လုပ်နိုင်သည့်အရာမဟုတ်ပေ။
၎င်းတို့သာ မီးအိမ်၌ ခလုတ်ထား,ထားပါလျှင် ပျင်းရိနေသူတစ်ဦးဦးက အဖွင့်အပိတ်လုပ်နေမည်ကို တားဆီးဖို့လည်း ခက်လှသည်။
ထိုသို့ဖြစ်ပွားခြင်းမှတားဆီးရန် နေရာအလုံပိတ်ဖြစ်စေ လှောင်အိမ်ဖြစ်စေထားနိုင်သော်လည်း သတ်မှတ်အချိန်များ၌ မီးဖွင့်ရန် ပိတ်ရန်မှာ အင်မတန်ဒုက္ခများသည့်ကိစ္စပင်။
အနည်းငယ်စဉ်းစားပြီးနောက်၌ ရှုယီမှာ ပြဿနာများစွာရှိနေသည်ကို တွေ့လိုက်ရရာ ခေါင်းကိုက်လာရတော့၏။
"အိုင်း၊ အဆုံးကျတော့ နည်းပညာက မလုံလောက်သေးဘူးပဲ။" ရှုယီက သက်ပြင်းချကာ၊ "အီဗီတာတို့သာ မှော်စွမ်းအားကူးပြောင်းခြင်းနည်းပညာကိုတိုးတက်အောင်လုပ်ပြီး အကွာဝေးအကန့်အသတ်မဲ့ထားပြီး မှော်သလင်းကျောက်တွေကို လျှပ်စစ်လို ကူးပြောင်းနိုင်ရင် အတော်လေးအဆင်ပြေသွားမှာပဲ။"
ထိုသို့စဉ်းစားရင်း ရှုယီမှာ ကူရာမဲ့စွာ သက်ပြင်းချမိသည်။
အဆုံးတွင်မှော်ပညာမှာ လျှပ်စစ်မဟုတ်လေရာ ရိုးရိုးလျှပ်စစ်ဝါယာကိုဖြတ်သန်းစီးဆင်းဖို့ မဖြစ်နိုင်ပေ။
သို့သော် သူသာ ယင်းပြဿနာကိုမဖြေရှင်းနိုင်ပါလျှင် ထိုလမ်းမီးအကြောင်းတွေချိန်ကလို ဖြေရှင်းရမည့်ပြဿနာ အမျိုးစုံစွာ ရှိလာပေလိမ့်မည်။
"ဘယ်လိုဖြေရှင်းရမလဲ?" ရှုယီလည်း ထိုကိစ္စအပေါ် အင်မတန်အာရုံစိုက်နေလေရာ လမ်းကိုကြည့်ရန်မေ့သွားသည်။
"ဘုန်း——"
ရှုယီမှာ ဆိုင်တစ်ဆိုင်၏ အမိုးကိုထိန်းဖို့သုံးထားသည့် တိုင်ကို ခေါင်းဖြင့်ဝင်ဆောင့်မိရာ နာကျင်မှုကြောင့် လေအေးများကို ပင့်သက်ရှိုက်လိုက်မိပြီး ရှေ့၌ ကြယ်များပင် မြင်လိုက်ရသည်။
သူ၏တိုက်မိသည့်အသံက အတော်လေးကျယ်လေရာ အနီးတဝိုက်၌ ညလယ်စာစားနေကြသော လူများ၏ အာရုံကို ချက်ချင်းဆွဲဆောင်လိုက်မိသည်။
ရှုယီ၏နာကျင်သွားဟန်ကိုမြင်သော် လူတိုင်းက မနေနိုင်ဘဲ တိတ်တဆိတ်ရယ်မောလိုက်ကြသည်။
ရှုယီမြင်ခဲ့သည့် စုံတွဲမှ မိန်းကလေးကလည်း သူ့ကို တိတ်တဆိတ်လက်ညှိုးထိုးကာ သူမကောင်လေးထံ အသံတိုးတိုးဖြင့် ပြုံးလျက် တစ်စုံတရာကိုပြောလိုက်လေသည်။
သို့သော် လူတချို့ကတော့ဖြင့် ထိုတိုင်ကို တိုက်မိသူမှာ တကယ်တမ်း Frestech ကုန်သည်ကြီးများအသင်းထံမှ နာမည်ကျော် ဥက္ကဌရှုဖြစ်ကြောင်း သတိပြုမိလိုက်သည်ပင်!
အားလုံးမှင်တက်လျက် လူတိုင်းက သူ့အား အရူးနှယ်ကြည့်နေစဉ်တွင် ရှုယီက ရုတ်တရတ် ခုန်ကာ အရိုင်းဆန်ဆန်ရယ်လိုက်သည်။
"ဟားဟား.... ငါကတကယ်ကို တုံးတာပဲ! ဘာလို့ လျှပ်စစ်ကို အစားထိုးဖို့ မှော်စွမ်းအားကို လိုအပ်မှာလဲ? ငါ့ခေါင်းများချောင်သွားတာလား? ဟားဟား၊ ဒီလိုရိုးရှင်းတဲ့နည်း ရှိနေတာပဲကို၊ ဟားဟား......"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၇၇။ သူက ကံကောင်းရုံပါပဲ
ဆော်လ်တန်မြို့မှ ထွက်ခွာလာသည့် မြင်းလှည်းတစ်စီးက ဘန်တာမြို့သို့ဦးတည်သည့် လမ်းတလျှောက်၌ အလျင်အမြန် ရွေ့လျားနေသည်။
ထိုမြင်းလှည်းအတွင်း၌ တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းဆိုင်ထိုင်နေကြသော လူလေးယောက်ရှိသည်။
ဘာရွန်ဟားနက်စ်အပြင် ကျန်သုံးဦးမှာ သူ့ထက်အနည်းငယ်ပိုမိုငယ်ရွယ်သည့် လူငယ်လေးတစ်ဦး၊ အသက်နှစ်ဆယ်ထက်ပိုငယ်မည့် မိန်းမလှလေးတစ်ဦးနှင့် နောက်ဆုံးတစ်ဦးမှာ လေးဆယ်လောက်ရှိပုံရသည့် ထိပ်ပြောင်ကာ ခပ်ထွားထွားဖြစ်နေသော လူလတ်ပိုင်းတစ်ယောက်ဖြစ်သည်။
မြင်းလှည်းအား ဆော်လ်တန်မြို့အပြင်ဘက်ရှိ လမ်းပေါ်၌ ခဏကြာအောင် မောင်းနှင်လာပြီးနောက်တွင် လူငယ်လေးက ရုတ်တရတ် သူ၏တင်ပါးကိုပုတ်ကာ သက်ပြင်းချ၍ပြော၏၊ "ဒီမြင်းလှည်းကို တာယာဆိုတဲ့ဟာနဲ့ ပြောင်းလိုက်ပြီးတော့ အရင်ကထက် အတော်လေးပိုကောင်းလာတာပဲ။ ဒါကို စောစောကြိုသိထားရင် ခက်ခဲကြမ်းတမ်းတဲ့နှစ်တွေအားလုံးမှာ ကျွန်တော့တင်ပါးလေး သက်သာခဲ့မှာ။"
ဘာရွန်ဟားနက်စ်က ရယ်ကာ၊ "ခမ်နက်ဒ်, အခု မင်း ငါပြောတာကိုယုံပြီပေါ့? ကျန်တာမပြောနဲ့ဦး၊ ဒီတာယာရဲ့ပေါ်ထွက်လာမှုနဲ့တင် ငါတို့ဘဝတွေကို ဒီလောက်ပြောင်းလဲသွားစေတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ တခြားမှော်စက်တွေဆို ပြောစရာတောင်မလိုဘူး။"
ခမ်နက်ဒ်ဟုခေါ်ဆိုသော လူငယ်လေးက အပြုံးဖြင့်ဆိုလာသည်၊ "ကျွန်တော် ခင်ဗျားပြောခဲ့တာကို ဘယ်တုန်းကမှ မယုံခဲ့မိဘူး။ ဒါပေမယ့် ဒီမှော်စက်တချို့ကို ကြုံဖူးသွားတော့ ဒီမှော်စက်တွေရဲ့ ပေါ်ထွက်လာမှုနဲ့ နယ်မြေကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲနိုင်လောက်တယ်လို့ ခံစားမိတယ်။ ဒီလိုသာမထင်ရင် ကျွန်တော်က ဘာကြောင့်များ ဘန်တာမြို့ကို တစ်ချက်လာကြည့်ချင်ရမှာတဲ့လဲ?"
ဘာရွန်ဟားနက်စ် ပြောလုဆဲဆဲတွင် တစ်ဖက်ရှိ မိန်းမငယ်လေးက နှာခေါင်းအသာရှုံ့ကာ ပြောလာသည်၊ "ကျွန်မကတော့ အဲဒီ့အားကောင်းတယ်ဆိုတဲ့ ရှုယီဆိုတာကို မယုံပါဘူး။ အစ်ကိုကြီး၊ ဟားနက်စ်, ရှင်တို့ပြောတဲ့ သူနဲ့ Frestech ကုန်သည်ကြီးများအသင်းက အဲ့လောက်ကြီးမြတ်တယ်ဆိုရင် ကျွန်မရဲ့ဘဝက ပြောင်းလဲသွားတယ်လို့ ဘာကြောင့် လုံးဝမခံစားမိရတာလဲ? အရင်ကနဲ့ အခုနဲ့ အတူတူပဲမဟုတ်လား။ ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းက နယ်မြေကြီးကို ပြောင်းလဲလိမ့်မယ်လို့ ရှင်တို့ ဆက်တိုက်ပြောနေပေမယ့် ကျွန်မတော့ အဲ့လိုမထင်ဘူး။"
ဘာရွန်ဟားနက်စ်က ခမ်နက်ဒ်ကိုကြည့်လိုက်ပြီး နှစ်ဦးစလုံး ပြုံးလာကြသည်။
"ဆိုဖီယာလေး၊ မင်း တကယ်ပဲ မင်းရဲ့ဘဝပြောင်းလဲသွားတယ်လို့မခံစားရဘူးလား?" ဘာရွန်ဟားနက်စ်ကမေးသည်၊ "မင်းစားနေတဲ့ ပေါင်မုန့်ကို အရင်ကလို လက်နဲ့ပဲလုပ်ထားတာလား? မင်းသောက်တဲ့ ရေကို ကျိုဖို့ရော အခုထိ ထင်းမီးသုံးနေတုန်းလား? ဒါမှမဟုတ် တည့်တည့်ပြောရရင် မင်းတို့မိသားစုဆီမှာ မှော်မီးအိမ်လေးတစ်လုံးတောင်မရှိဘူးလား? မင်းတို့မိသားစုရဲ့ဘဝသာ လုံးဝပြောင်းလဲမသွားရင်တော့ မင်းတို့က နောက်ကျကျန်နေခဲ့တာဖြစ်ပြီး ရှုယီတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ လုံးဝမဆိုင်ဘူးလို့ပဲ ပြောပါရစေ။"
"ကျွန်မတို့မိသားစုက နောက်ကျမကျန်ခဲ့ပါဘူး!" ဆိုဖီယာက ခြေဆောင့်လျက် အနည်းငယ်ဒေါသရောစွက်နေသံဖြင့်ပြောလာသည်၊ "ဒါပေမယ့် ကျွန်မတို့မိသားစုက ဘာမှော်ပေါင်မုန့်မီးကင်စက်၊ ဘာမှော်ရေနွေးအိုးကိုမှမလိုအပ်ဘူး။ မှော်မီးအိမ်ကတော့...."
မှော်မီးအိမ်အကြောင်းပြောသည့်အချိန်၌ ဆိုဖီယာက တိတ်ဆိတ်သွားကာ ဆက်မပြောတော့ချေ။
ဘာရွန်ဟားနက်စ်က ရယ်လျက်၊ "မှော်မီးအိမ်ကျတော့ရော? အတော်လှတော့ မင်းအတွက်မလိုအပ်ကြောင်းပြောဖို့ ဆန္ဒမရှိတော့ဘူးမို့လား?"
ဆိုဖီယာ၏မျက်နှာလေးက အနည်းငယ်နီရဲလာကာ၊ "အဲ့လောက်လှတော့ရော ဘာဖြစ်လို့လဲ? ပြီးတော့ မှော်မီးအိမ်လှတာက နတ်သူငယ်တွေကြောင့်ပဲ၊ ရှုယီနဲ့မဆိုင်ဘူး။"
"ဒါပေမယ့် နတ်သူငယ်တွေပေါ်ထွက်လာမှုက ရှုယီနဲ့ဆိုင်တယ်လေ။ သူ့ကြောင့်သာမဟုတ်ရင် လမ်ပူရီတိုင်းပြည်တစ်ခုလုံးကို လျှောက်သွားရင်တောင် နတ်သူငယ်တစ်ယောက်ကိုမှ တွေ့နိုင်မှာမဟုတ်ဘူး။" ဘာရွန်ဟားနက်စ် ထပ်ပေါင်းဆိုလာ၏။
"ဟမ့်! နတ်သူငယ်တွေက မပျောက်နေပါဘူး၊ သူက ကံကောင်းရုံပဲ၊ ဘာမှမထူးခြားနေဘူး။" ဆိုဖီယာက ဝန်မခံလိုသည့်အသံဖြင့် ပြောလိုက်သည်။
ဘာရွန်ဟားနက်စ်မှာ ဆိုဖီယာနှင့် ဆက်ပြောတော့မည်အပြုတွင် ခမ်နက်ဒ်က အပြုံးနှင့်လက်ယမ်းပြလာ၏၊ "ကောင်းပြီ ဟားနက်စ်။ ခင်ဗျား သူမနဲ့ ဆက်ပြီးငြင်းခုံနေရင် သူမအနေနဲ့ ရှုယီကို မုန်းတီးသွားအောင်လုပ်မိလိမ့်မယ်ဆိုတာ ယုံလား?"
"ညီမက ညီမရှေ့မှာ တစ်ချိန်လုံး အဲဒီလူနဲ့အတူ သူ့ကို ချီးကျူးနေတာတွေကို မကြိုက်ရုံပဲ!" ဆိုဖီယာက ဝန်မခံလိုစွာ အသံကျယ်ကျယ်ဖြင့်ဆိုလာသည်၊ "သူက ကံကောင်းလို့ ပစ္စည်းလေးနည်းနည်းလောက် တီထွင်ခဲ့ရုံပဲကို ဘယ်လိုတွေများ ကြီးမြတ်နေလို့လဲ?"
"ဘာလို့လဲဆိုတော့ ဘယ်သူကမှ ဒီအရာတွေကို မတီထွင်ခဲ့ဘဲ သူကလုပ်ခဲ့တယ်ဆိုတော့ သူ့ဆီမှာက တခြားလူတွေဆီမှာမရှိတဲ့ အစွမ်းအစတွေရှိတယ်လို့ အဓိပ္ပာယ်ရတာကြောင့် ကြီးမြတ်နေတာပေါ့။" ခမ်နက်ဒ်က တည်ငြိမ်စွာပြောလာသည်၊ "ဆိုဖီယာ, မင်း ရှုယီအပေါ် ဘယ်လိုပဲ ခံစားနေရသည်ဖြစ်စေ ဒီအချက်ကိုတော့ အသိအမှတ်ပြုရမယ်။ မင်းဆီမှာ မရှိတဲ့ အစွမ်းအစတွေ တခြားလူတွေဆီမှာ ရှိနေရင် သူတို့ကို ရိုးရိုးသားသားပဲလေ့လာရမယ်၊ ပြဿနာချည်းပဲ ရွေးပြောလို့မရဘူး နားလည်ရဲ့လား?"
"ညီမက အဲ့လိုအေးစက်စက်မှော်စက်တွေကို မကြိုက်ပါဘူး။" ဆိုဖီယာကာ နှာခေါင်းရှုံ့ကာဆိုလာပြီး ပြတင်းဘက်သို့ ခေါင်းလှည့်လိုက်သည်။
ဆိုဖီယာ၏အပြုမူကိုမြင်သော် ခမ်နက်ဒ်မှာ ကူရာမဲ့စွာသာသက်ပြင်းချလျက် ဘာရွန်ဟားနက်စ်ဘက်သို့ လှည့်ကာပြောလာ၏၊ "ဘန်တာမြို့မှာ အကြီးမားဆုံးသတင်းစာတိုက်က ဘန်တာသတင်းစာလို့ ကျွန်တော်ကြားခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့တည်ထောင်သူသာ ရုတ်တရတ်ကြီး ဘန်တာမြို့ကိုပြန်လာတာကိုသိကြရင် «ဘန်တာသတင်းစာ»က သတင်းကြီးကြီးရေးကြမှာလား?"
ဘာရွန်ဟားနက်စ်က အပြုံးဖြင့်ခေါင်းခါလိုက်သည်၊ "ဘယ်လိုဖြစ်နိုင်မှာလဲ? ကျုပ်က «ဘန်တာသတင်းစာ»ရဲ့ တည်ထောင်သူဆိုပေမယ့်လည်း ဒီသတင်းစာတိုက်ပေါ်ထွက်လာတာက ရှုယီကြောင့်ပဲလေ။ ဒီသတင်းစာကိုပြုလုပ်တဲ့ ဆန်းသစ်မှုပဲဖြစ်ဖြစ် ရုံးခန်းတည်ထောင်ဖို့ လိုအပ်တဲ့ ကနဦးရံပုံငွေကိုပဲဖြစ်ဖြစ်၊ မှော်ပုံနှိပ်စက်ပဲဖြစ်ဖြစ်ပေါ့ အားလုံးကသူနဲ့ပဲဆိုင်တယ်လေ။ ဒီတော့ ရိုးရိုးသားသားပြောရရင် «ဘန်တာသတင်းစာ»ရဲ့ တည်ထောင်သူက ကျုပ်မဟုတ်ပါဘူး။ အခုစဉ်းစားကြည့်ရင် ဒီလူက ကျုပ်ကို «ဘန်တာသတင်းစာ»တည်ထောင်ဖို့ တိုက်တွန်းခဲ့ပြီး လုံးဝအသုံးချထားခဲ့တာပဲ။"
"ဒါပေမယ့် အသုံးချခံရတာကို ခင်ဗျား ဝမ်းမသာဘူးလား?" ခမ်နက်ဒ်က ပြော၏။
ဘာရွန်ဟားနက်စ်လည်း ရယ်ကာ ဆိုလာသည်၊ "အမှန်ပဲလေ။ အဲဒီ့နေ့ရက်တွေကို စဉ်းစားလိုက်ချိန်တိုင်း အရမ်းဝမ်းသာတယ်လို့ခံစားရတယ်။ ဒီတော့ ရှုယီက ကျုပ်ကို အသုံးချခဲ့မှန်း သေချာသိနေရင်တောင်မှ သူ့ကို အတော်လေး ကျေးဇူးတင်မိတယ်။ သူ့ကြောင့်သာမဟုတ်ရင် အိမ်မှာပဲ ပျင်းရိနေရပြီး ဒီလောကကြီးက ပျင်းစရာကောင်းတယ်လို့ပဲ ခံစားနေရမှာ။ ဒါပေမယ့်အခု ကျုပ်ကိုယ်တိုင်လုပ်ဖို့ ဆန္ဒရှိတဲ့ တစ်စုံတရာကိုရှာတွေ့သွားခဲ့ပြီလေ။"
ဘာရွန်ဟားနက်စ်၏အသံ၌ ကျေးဇူးတင်မှုများဖြင့် ပြည့်နေသည်ကိုကြားသော် ဝမ်းနည်းနေသည့် ဆိုဖီယာသည်ပင် ဘာရွန်ဟားနက်စ်ရဲ့ ထူးထူးဆန်းဆန်းအမူအရာကို မနေနိုင်ဘဲ ကြည့်လာကာ စိတ်ဓာတ်ကျသွားသည်။
ဒီရှုယီက အဲ့လောက်တောင် ခမ်းနားနေတာလား? သူက ဟားနက်စ်လိုလူကိုတောင် ဒီလိုပြောင်းလဲမှုကြီးဖြစ်အောင် ဖန်တီးပေးခဲ့တယ်။
ဟမ့်! သူက ကံကောင်းရုံပါပဲ။
ခမ်နက်ဒ်က သက်ပြင်းအသာချကာ ပြောလာသည်၊ "ဟားနက်စ်, ကျွန်တော် တကယ်ပဲ ခင်ဗျားကို မနာလိုမိတယ်။ ခင်ဗျားက ကိုယ်တိုင်လုပ်ချင်တဲ့ အရာကိုရှာတွေ့ခဲ့တယ်၊ ကျွန်တော်ကတော့ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာတောင် မစဉ်းစားမိသေးဘူး။"
ဘာရွန်ဟားနက်စ်က အသာပြုံးလိုက်သည်၊ "ခင်ဗျားအနေနဲ့ ဒီဘန်တာမြို့ခရီးမှာ ရှာတွေ့သွားနိုင်တာလဲ ဖြစ်နိုင်တယ်လေ?"
ခမ်နက်ဒ်က ခေါင်းခါ၏။ သူဟာ ပြောလုဆဲဆဲတွင် မြင်းလှည်းက တုန်ခါသွားရာ သူ၏စကားလုံးများကိုသိမ်းထုပ်လိုက်ရသည်။
မြင်းလှည်းထဲရှိ လေးဦးသား မျက်မှောင်ကုပ်မိသွားကြသည်။ ၎င်းတို့မှာ လမ်းပြောင်းသွားသည်ဟု ထင်လိုက်ကြသော်လည်း ထိုထိတ်လန့်စရာပြီးသည့်နောက်၌ ကျန်သည့်ခရီးမှာ တုနှိုင်းမဲ့စွာ ချောမွေ့နေပြီး တုန်လှုပ်နေခြင်းများကိုလည်းမခံစားရတော့ချေ။
လေးဦးသားမှာ အင်မတန်သိလိုသွားကြရာ ခမ်နက်ဒ်က မနေနိုင်တော့ဘဲ လိုက်ကာကို ဆွဲဖွင့်လိုက်တော့၏။ အပြင်ဘက်ကိုကြည့်လိုက်ချိန်တွင် မြင်ကွင်းက ပျံသန်းနေသလိုဖြစ်နေရာ မြင်းလှည်းက ယခင်ထက် များစွာ ပိုမိုမြန်လာကြောင်း သိသာလှသည်။
မြင်းလှည်းက မြန်ဆန်လာကာ လမ်းက အင်မတန်ချောမွေ့နေ၏၊ ၎င်းက အတန်ငယ်ထူးဆန်းပေသည်။
ခမ်နက်ဒ်နှင့် ဆိုဖီယာတို့မှာ ပြတင်းမှ ခေါင်းများထုတ်လျက် မြင်းလှည်းအောက်ရှိ မြေပြင်ကို ငုံ့ကြည့်လိုက်တော့၏။
ဘီးများအောက်တွင် မီးခိုးရောင်လမ်းဖြူးဖြူးရှိနေကာ ထိုလမ်းက မိုးကုပ်စက်ဝိုင်းတစ်လျှောက်လုံးအထိ ရှည်နေသည်ကို မြင်လိုက်ရသည်။ ထိုလမ်း၌ ရွေ့လျားနေကြသည့် မြင်းလှည်းများစွာလည်းရှိနေရာ အင်မတန်သက်ဝင်လှ၏။
"ဒါက အများပြည်သူသုံးလမ်းဖြစ်ရမယ် ဟုတ်တယ်မလား?" ခမ်နက်ဒ်က ၎င်းတို့အောက်ဘက်ရှိ လမ်းမကိုညွှန်ပြရင်း ဘာရွန်ဟားနက်စ်ကို မေးလာသည်။
"အမ်း၊ ဟုတ်လောက်မယ်။" ဟားနက်စ်မှာ လက်ရှိတွင် အခြားပြတင်းမှ အပြင်ကိုကြည့်ရင်း ထိုလမ်းချောချောကိုကြည့်နေပေသည်။ "ဒါက ကျုပ် ပထမဆုံးတွေ့ဖူးတဲ့အကြိမ်ပဲ။ ရှုယီရဲ့စာထဲမှာတော့ ဘယ်လောက်ချောမွေ့ကြောင်းပြောထားပေမယ့် အခုမြင်လိုက်ရတော့ ကျုပ်စိတ်ကူးထားတာထက်တောင် ပိုချောနေတာကို သိလိုက်ရတယ်။"
"အမ်း၊ ဒါက ကျွန်တော့်ရဲ့အထင်ကိုပါ ကျော်လွန်နေတာ။" ခမ်နက်ဒ်က ခေါင်းငြိမ့်ကာ ပြောသည်၊ "ကျွန်တော်ကတော့ ခင်ဗျားတို့ «အန်ဗီမာတိုင်းမ်စ်»ရဲ့ လမ်းအခြေအနေနဲ့ပတ်သက်တဲ့သတင်းကို ချဲ့ကားထားတယ်ထင်နေခဲ့တာ၊ ဘာလို့လဲဆိုတော့ မြင်းလှည်းတစ်စီးကို နည်းနည်းလေးတောင် ခုန်မသွားစေနိုင်လောက်အောင် ချောမွေ့တဲ့လမ်းမျိုး ဒီလောကမှ ရှိလိမ့်မယ်လို့ မယုံကြည်ခဲ့လို့ပါ။ အခုကြည့်လိုက်တော့ ခင်ဗျားတို့သတင်းက ဖော်ပြထားတာ မလုံလောက်ဘူးပဲ။ ဒီလမ်းနဲ့ဆိုရင် ခရီးသွားရတဲ့အခြေနေက ပိုကောင်းလာတော့မှာပဲ။"
ဟားနက်စ်ကလည်း သက်ပြင်းချကာ ပြောလာ၏၊ "ဒါကိုမမြင်ခင်က မတွေးခဲ့ဖူးဘူး။ ဒီလမ်းအဆုံးကျရင် ဒါက ဘန်တာမြို့နဲ့ ဆော်လ်တန်မြို့ကို ဆက်သွယ်ထားပြီး ကီလိုမီတာခြောက်ဆယ်ရှည်တဲ့ လမ်းဆိုတာ သိရလိမ့်မယ်!"
ခမ်နက်ဒ်က ဆော်လ်တန်မြို့ လားရာဘက်ကို ပြန်လှည့်ကြည့်လိုက်သော် လမ်းနံဘေး၌ အမည်မသိစက်များစွာကို နံဘေးမှာထားလျက် အလုပ်လုပ်နေကြသည့် လူများကို တွေ့လိုက်ရသည်။
"သူတို့က အမ်ရစ်ကုန်သည်ကြီးများအသင်းက အလုပ်သမားတွေဖြစ်လောက်မယ်။ ဒီလမ်းကို ဖာဆန်ရထားလုံးလုပ်ငန်းစုဆီကရတဲ့ ငွေနဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဆောက်လုပ်ပေးနေတာပဲ။ ကြည့်ရတာတော့ အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနဲ့ မိုးကျလမ်းကိုဆောက်ပြီးနောက်မှာ အတွေ့အကြုံကြောင့် အမြန်နှုန်းက အတော်လေးတိုးတက်လာပုံပဲ။ ကျုပ်က ဒီလမ်းကို မိုးကျလမ်းထက်ကြာပြီး၊ အပြီးသတ်ဖို့ အနည်းဆုံးနှစ်တစ်ဝက်လောက်ကြာမယ်လို့ ထင်ထားခဲ့ပေမယ့် အခုတော့ နောက် တစ်လလောက်ဆို ပြီးတော့မယ်လို့ထင်မိတယ်။ အားလုံးပေါင်းရင်တော့ သုံးလနီးပါးပေါ့။" ဘာရွန်ဟားနက်စ်က ရှင်းပြသည်။
"ဒီလမ်းကတော့ Frestech ကုန်သည်ကြီးများအသင်းနဲ့ မဆက်စပ်နေဘူးလား?" ခမ်နက်ဒ်က အံ့ဩစွာမေးလာသည်။
"လုံးဝကြီးတော့ မဆက်စပ်တာမဟုတ်ဘူး။ ကြည့်လိုက်ဦး ဒီအလုပ်သမားတွေ လမ်းခင်းဖို့သုံးနေကြတဲ့ မှော်စက်တွေကို Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ပေးထားတာပဲ။ ပြီးတော့ ဒီလမ်းကို ခင်းဖို့ သုံးရတဲ့ ကွန်ကရစ်အတွက် အရေးအပါဆုံးအပိုင်းတွေဖြစ်တဲ့ ဘိလပ်မြေနဲ့ သံမဏိ(စတီး)ချောင်းတွေက Frestech ကုန်သည်ကြီးများအသင်းက ထုတ်ကုန်တွေပဲ။"
ခမ်နက်ဒ်က ပိုလို့ပင် အံ့ဩသွားရသည်၊ "Frestech ကုန်သည်ကြီးများအသင်းက မှော်စက်တွေပဲလုပ်တာမဟုတ်ဘူးလား? ဒီဘိလပ်မြေနဲ့ သံမဏိ(စတီး)ချောင်းတွေကို လုပ်နေတုန်းလား?"
ဘာရွန်ဟားနက်စ်က အောက်သို့ညွှန်ပြလိုက်၏၊ "မမေ့နဲ့ဦး၊ ဒီမြင်းလှည်းတွေမှာသုံးထားတဲ့ တာယာတွေကလည်း Frestech ကုန်သည်ကြီးများအသင်းက ထုတ်ထားတာပဲ။"
ခမ်နက်ဒ်၏အမူအရာက အနည်းငယ်ထူးဆန်းလာ၏၊ "Frestech ကုန်သည်ကြီးများအသင်းက ဒီနယ်ပယ်များစွာကို ခြေလှမ်းနိုင်တော့ အားလုံးကို စီမံနိုင်တယ်လား?"
"မင်း ရှုယီနဲ့တွေ့မှ မေးကြည့်လိုက်ပေါ့။ အနည်းဆုံးတော့ လတ်တလောမှာ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒါကိုကိုင်တွယ်နိုင်ပြီး ပြဿနာမရှိသေးဘူး။" ဘာရွန်ဟားနက်စ်က ရှေ့ကိုကြည့်ကာ ရုတ်တရတ် ပြုံးကာ ပြောလိုက်၏၊ "ဟုတ်ပြီ၊ ခဏနေကျရင် ထူးကဲတဲ့အရာတစ်ခုကို မင်းတွေ့နိုင်လိမ့်မယ်။"
"ဘာ ထူးကဲတဲ့အရာလဲ?"
ခမ်နက်ဒ်နှင့် ဆိုဖီယာတို့မှာ ခေါင်းများထုတ်လျက် ရှေ့ကိုကြည့်လိုက်ရာ ၎င်းတို့ရှေ့ရှိ လမ်း၌ ချောင်းငယ်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုချောင်းလေးအထက်၌ တံတားကြီးတစ်စင်းရှိနေကာ အဆောက်အဦကဲ့သို့ ခပ်ရှည်ရှည်တံခါးက လမ်းကိုပိတ်ထားသည်။
ထိုတံခါး၏ မည်သည့်ဘက်၌ ဖြစ်ဖြစ် တစ်စုံတရာကိုစောင့်ဆိုင်းနေပုံရသော မြင်းလှည်းများ အတန်းလိုက်ရှိနေသည်။
ဆိုဖီယာက ၎င်းကိုကြည့်ကာ ရုတ်တရတ် လက်ခုပ်တီးလိုက်၏၊ "ကျွန်မသိတယ်၊ ဒီက လူအတော်များများ အထွန့်တက်နေကြတဲ့ လမ်းအခွန်ရုံးလေးမဟုတ်လား?"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၇၈။ ဘန်တာမြို့၏ မတူညီသော ရှုမြင်ကွင်းများ
၎င်းတို့မှာ ထိုရုံးလေးနှင့် အတော်ဝေးကွာနေသေးသော်လည်း ဆိုဖီယာ၏မျက်နှာတွင် စိတ်ပျက် မုန်းတီးဟန်က နက်ရှိုင်းစွာရှိနေ၏။
ခမ်နက်ဒ်နှင့် ဟားနက်စ်တို့က ဝမ်းပန်းတသာ ဆွေးနွေးနေကြပြီး သူမကို လုံးဝဂရုမစိုက်ချေ။ ထိုအစား ထိုမြင်းလှည်းတစ်စီးအတွက် ငွေဒင်္ဂါးငါးဆယ်ပြားက အတော်လေးဈေးချိုသည့်အချက်ကိုပင် ဆွေးနွေးနေသေးသည်။
နှစ်ဦးသားက သူမအား လျစ်လျူရှုထားသည်ကိုကြည့်ရင်း ဆိုဖီယာမှာ သည်းမခံနိုင်တော့ဘဲ နှာမှုတ်လိုက်၏။
"ဟမ့်! လမ်းတစ်လမ်းခင်းတာက လူတွေ ခရီးသွားလာဖို့ပိုအဆင်ပြေအောင်လုပ်တာကို သူကတကယ်ကြီးငွေယူနေတယ်၊ တကယ်လွန်တာပဲ!" ဆိုဖီယာ၏ မျက်လုံးများပြူးနေပြီး ဖြောင့်မတ်သောဂုဏ်သိက္ခာနှင့်ပြည့်နှက်နေဟန်ပေါ်လာသည်၊ "ရှင်တို့က ရှုယီဆိုတဲ့အဲ့လူကို ချီးကျူးနေတုန်းပဲနော်၊ ဒါပေမယ့် ဒီလမ်းအခွန်ရုံးဆိုတဲ့အကြံက သူ့ဆီက လာတာကိုရောသိကြရဲ့လား? ဒီလူက တကယ်ကို လောဘကြီးတာပဲ၊ တကယ်ကို ဆိုးလိုက်တာ!"
ဘာရွန်ဟားနက်စ်နှင့် ခမ်နက်ဒ်တို့က တစ်ဦးနှင့်တစ်ဦးကြည့်ပြီး အပြုံးကိုယ်စီဖြင့် ခေါင်းခါသွားကြသည်။
"ဆိုဖီယာ, ကျုပ် မင်းကို မေးခွန်းတစ်ခုမေးမယ်။ ဖာဆန်ရထားလုံးလုပ်ငန်းစုက ဒီလမ်းခင်းတဲ့နေရာမှာ စုစုပေါင်းရွှေဒင်္ဂါးလေးသိန်းကျော် ရင်းနှီးမြှုပ်နှံထားခဲ့တယ်။ သူတို့သာ ဖြတ်သန်းခ မကောက်ရင် ဒီရင်းနှီးမြှုပ်နှံကို ဘယ်လိုပြန်ရမယ်လို့ထင်လဲ?" ဘာရွန် ဟားနက်စ်က မေးလာ၏။
"သူတို့က ဘာလို့ ပြန်ရဖို့လိုတာလဲ?" ဆိုဖီယာက ကျယ်လောင်စွာ ပြောလာသည်၊ "ဒီလမ်းက လူများစွာအတွက် အဆင်ပြေဖို့ဆိုမှတော့ အားလုံးက ဒီလိုလုပ်ပေးဖို့ အလျင်လိုနေကြမှာပဲလေ။ ဖာဆန်ရထားလုံးလုပ်ငန်းစုအနေနဲ့ ဒီလမ်းခင်းဖို့အတွက် ငွေပေးဖို့ဆန္ဒရှိမှတော့ လူအတော်များများက ဒီလုပ်ရပ်ကောင်းအတွက် ကျေးဇူးတင်ပြီး ချီးမွမ်းကြမှာပဲလေ။ ဘာလို့ ဒီအခွန်ရုံးတွေဆောင်ပြီး လူများစွာဆီကနေ အကျိန်ဆဲခံနေရတာလဲ?"
ခမ်နက်ဒ်က သက်ပြင်းချ၍ ခေါင်းခါကာဆိုလာသည်၊ "ဆိုဖီယာ, မင်းမကြာခင် ဆယ့်ရှစ်နှစ်ပြည့်တော့မှာ ကလေးမလေးမဟုတ်တော့ဘူးနော်။ အခုထိ ကလေးလိုတွေးတုန်းပဲလား? မင်းပြောတာက မှန်တယ်၊ ဖာဆန်ရထားလုံးလုပ်ငန်းစုသာ ဒီအခွန်ရုံးတွေမဆောက်ခဲ့ရင် ကိစ္စကြီးတစ်ခုလုပ်ပေးတာဖြစ်လို့ လူအတော်များများက ချီးကျူးကြမှာပဲ၊ မင်းအနေနဲ့ တိုင်းပြည်မှာရှိတဲ့ လုပ်ငန်းစုတိုင်းကို ဒီလောက်ကိုယ်ကျိုးမငဲ့ဖို့ တောင်းဆိုနိုင်လား? ဒါက လက်တွေ့ကျတဲ့ အရာဟုတ်မနေဘူးလေ။ အားလုံးသာ ဒီလမ်းတွေခင်းလို့ အကျိုးမြတ်မရနိုင်ရင် ဒါအတွက် ငွေပေးချင်တဲ့ လုပ်ငန်းစု ဘယ်လောက်များရှိမှာတဲ့လဲ?"
ဆိုဖီယာမှာ လောကအရေးများကို တကယ်နားမလည်သော်လည်း အရူးတော့မဟုတ်ပေ။ ခမ်နက်ဒ်ပြောသည်အား နားလည်ပါသော်လည်း အနည်းငယ်ဝန်မခံချင်ဆဲဖြစ်နေ၏။
"လေးသိန်းက အဲဒီ့လုပ်ငန်းစုကြီးတွေအတွက် များတယ်လို့သတ်မှတ်လို့မရဘူးလေ၊ အားလုံး လွတ်လွတ်လပ်လပ်သုံးဖို့ဆောက်ပေးရင် မကောင်းဘူးလား? သူတို့လုပ်ငန်းစုရဲ့ နာမည်လည်း ပိုကောင်းလာပြီး စီးပွားလည်းကောင်းလာလိမ့်မယ်လေ။"
"ဘယ်သူ့ရဲ့ ပိုက်ဆံကမှ ကောင်းကင်ပေါ်ကနေ ကျမလာဘူး၊ မင်းက ဘာကိုအခြေခံပြီး တခြားလူတွေကို ဒီလိုကိုယ်ကျိုးမဖက်ဘဲ အလှူငွေထည့်ဖို့ တောင်းဆိုနေတာလဲ?" ခမ်နက်ဒ်က ပြောသည်၊ "ပြီးတော့ လေးသိန်းဆိုတာက သေချာပေါက် နည်းတဲ့ပမာဏမဟုတ်ဘူးလေ။ ဖာဆန်ရထားလုံးလုပ်ငန်းစုက ငါတို့တိုင်းပြည်မှာ အတော်လေးကောင်းတဲ့လုပ်ငန်းစုဖြစ်နေရင်တောင် လမ်းတစ်လမ်းဆောက်ဖို့ ဒီလိုထုတ်ပေးရတာက သတ္တိအတော်ရှိမှရမယ်။ ပြောရရင် ဖာဆန်ရထားလုံးလုပ်ငန်းစု ဥက္ကဌက အတော်ကို ရဲဝံ့တာပဲ၊ တကယ်ကြီး Frestech ကုန်သည်ကြီးများအသင်းနဲ့ တစ်ချိန်တည်းမှာပဲ လမ်းတစ်လမ်းဆောက်ဖို့ ရွေးချယ်ခဲ့တယ်လေ။"
"အမ်း၊ ရှုယီက ဥက္ကဌပွန်ဖီးကို ကျုပ်ဆီပို့လိုက်ထဲစာထဲမှာပါ ချီးကျူးထားတယ်။ ဒီလူက အတော်လေး အံ့အားသင့်လွယ်ပေမယ့် မျက်လုံးတွေကတော့ တကယ်ပဲချီးကျူးဖို့ထိုက်တန်တယ်လို့ ပြောထားတယ်လေ။" ဘာရွန်ဟားနက်စ်က ခေါင်းငြိမ့်ကာပြောသည်။ ထို့နောက် ဆိုဖီယာထံလှည့်ကာ၊ "ဆိုဖီယာ, မင်းပြောတော့ လမ်းအခွန်ရုံးတွေကို လူအတော်များများက ကျိန်ဆဲနေကြတယ်ဆို၊ ဒါပေမယ့် မင်းသိလား တကယ်တမ်း နာမည်ဆိုးယူသင့်တာက Frestech ကုန်သည်ကြီးများအသင်းနဲ့ ဖာဆန်ရထားလုံးလုပ်ငန်းစုမဟုတ်ဘဲ ကျုပ်တို့ ဘုရင်ကြီးပါပဲဆိုတာကိုလေ?"
ဆိုဖီယာက ကြောင်အမ်းသွားသည်၊ "ဒါက အရှင်မင်းကြီးနဲ့ ဘာဆိုင်လို့လဲ? သူတို့ကို ဒီဖြတ်သန်းခကောက်ခိုင်းတာ အရှင်မင်းကြီးမှ မဟုတ်တာ။"
"မှန်တယ်။ ရိုးရိုးသားသားပြောရရင် အရှင်မင်းကြီးက သူတို့ကို ဖြတ်သန်းခကောက်ခိုင်းခဲ့တာပဲ။" ခမ်နက်ဒ်က ပြောသည်။ "ဘာလို့လဲဆိုတော့ လမ်းခင်းတာနဲ့ ခရီးသွားလာရေးအခြေအနေကို တိုးတက်အောင်လုပ်ဖို့က အုပ်ချုပ်သူတစ်ဦးလုပ်သင့်တဲ့အရာပဲ၊ ဒါပေမယ့် ငါတို့တိုင်းပြည်ရဲ့ဘဏ္ဍာရေးက ချို့တဲ့၏နေတော့ အရှင်မင်းကြီးကလည်း လမ်းခင်းဖို့ ငွေတစ်ပြားမှမထုတ်နိုင်တော့ဘူးလေ။ ဒီတော့ ရှုယီက ဒီပြဿနာကိုဖြေရှင်းဖို့ ပြည့်စုံတဲ့နည်းလမ်းကိုပေးခဲ့တာပဲ။ ရိုးရိုးသားသားပြောရရင် ငါတကယ်ပဲ သူ့ကို လေးစားမိတယ်။"
"သူက ဒါကို မှီခိုပြီး ငွေလိုချင်နေရုံပဲလေ၊ ဘာလေးစားစရာရှိလို့လဲ!" ဆိုဖီယာက ချက်ချင်း သဘောမတူပေ။
"သူသာ ဒါကို ငွေဝင်ချင်လို့လုပ်တယ်ဆိုရင် မြင်းလှည်းတစ်စီးကို ငွေဒင်္ဂါးငါးဆယ်ပဲကောက်ခံပါ့မလား။ ငါသာဆိုရင် သေချာပေါက် အဆပေါင်းများစွာ တိုးကောက်မှာပဲ။ ဘာလို့လဲဆိုတော့ ဒီလိုသက်သာတဲ့လမ်းပေါ်ကနေသွားခဲ့ရတဲ့ ကျေနပ်စရာခံစားချက်ကို ကြုံပြီးနောက်မှာ ဘယ်သူကမှ အဲဒီ့ကျောက်စရစ်လမ်းကြမ်းကြီးပေါ် ကနေသွားဖို့ ဆန္ဒမရှိလောက်တော့ဘူးလို့ ထင်တာကြောင့်ပဲ။" ခမ်နက်ဒ်က ပြောသည်၊ "ဆိုဖီယာ မင်းသဘောမတူဘူးလား?"
ဆိုဖီယာမှာ အမှန်ကိုငြင်းဆန်လိုက်ချင်သော်လည်း ဤလမ်း၌ သူမ၏တင်ပါးထံမည်သည့်နာကျင်မှုမျှမခံစားရစေလေရာ ကျောက်စရစ်လမ်းများ၌ သွားလာရသည်ထက် အဆများစွာပိုကောင်းပါ၏။ သူမထံ၌ ၎င်းကိုငြင်းဆန်ရန် ယုံကြည်ချက်မရှိပေ။
ဆိုဖီယာထံ၌ ပြောစရာမရှိတော့သည်ကိုမြင်သော် ခမ်နက်ဒ်က ပြုံးလျက် သူမအမှားကိုဝန်ခံဖို့ တွန်းအားမပေးတော့ချေ။ ထို့နောက် မည်သည့်အသံမှမထွက်ဘဲ ထိုင်နေသည့် သက်လတ်ပိုင်းလူထံလှည့်ကာ ပြောလိုက်၏၊ "ဦးလေးဟန့်ခ်, ကျွန်တော်တို့ အန်ဗီမာမြို့တော်ဆီပြန်ရောက်ရင် ကျွန်တော်တို့လည်း လမ်းတွေဆောက်လုပ်သင့်တယ်လို့ အဖေ့ကို အကြံပေးရမယ်။ ကျွန်တော်တို့အနေနဲ့ ဒီလမ်းတွေကြောင့် ငွေအတော်လေးဝင်မယ်လို့ အာမခံရဲတယ်။"
ထို သက်လတ်ပိုင်းလူက အပြုံးဖြင့်ခေါင်းငြိမ့်လိုက်သည်၊ "ကျုပ်လည်း ဒီလိုစဉ်းစားမိတယ်။ ဒီလမ်းတွေရဲ့ သက်သာမှုကို ကိုယ်တိုင်ကြုံပြီးတဲ့နောက်မှာ လမ်းရဲ့အနာဂတ်အလားအလာများကို အတော်လေး ကောင်းမွန်တယ်လို့ မြင်မိတယ်။ မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်မလာခဲ့ရင် နှစ်အနည်းငယ်အတွင်းမှာ လမ်ပူရီတိုင်းပြည်ဟာ ဒီလမ်းတွေနဲ့ ချိတ်ဆက်သွားလိမ့်မယ်”
"ဒီလိုသာတကယ်ဖြစ်ရင်တော့ ကောင်းမှာပဲ။" ခမ်နက်ဒ်က ခံစားချက်အပြည့်ဖြင့်ပြောလိုက်သည်၊ "လမ်းတွေသာ ဒီလိုဖြစ်လာရင် တိုင်းပြည်ကို လမ်းတွေနဲ့ဆက်သွယ်ပြီးတဲ့အချိန်ရောက်တဲ့အခါ မြင်းလှည်းပေါင်းများစွာလည်း ကူးလူးနေကြမယ်လို့စိတ်ကူးကြည့်မိတယ်။ တိုင်းပြည်ကလည်း အဲ့အချိန်ရောက်ရင် သက်ဝင်လှုပ်ရှားလာလိမ့်မယ်။"
ခမ်နက်ဒ်, ဘာရွန် ဟားနက်စ်နှင့် ဦးလေးဟန့်ခ်တို့က စီးပွားရေးဆွေးနွေးကြသည်ကိုကြားသော် ဆိုဖီယာမှာ ရုတ်တရတ် အင်မတန်ပျင်းရိသွားရသည်။ သူမက ပြတင်းကိုမှီလျက် နှုတ်ခမ်းများစေ့ကာ အပြင်ဘက် မြင်ကွင်းကိုကြည့်နေလိုက်၏။
ထိုအချိန်တွင် သူမဟာ လမ်း၏ အကျိုးကျေးဇူးကို တစ်ဖန်ခံစားလိုက်ရပြန်သည်။
ယခင်ကလို ခုန်လှုပ်နေသည့် ကျောက်စရစ်လမ်း၌ဆိုပါလျှင် သူမခေါင်းအား ပြတင်းအပြင်သို့ ထိုသို့နှယ်ထုတ်ဝံ့ပါက အင်မတန် ခေါင်းမူးလိမ့်မည်ကိုမဆိုထားနှင့် လှုပ်ခါမှုကြောင့် လျှာပင် ကိုက်မိလောက်သည်။
သို့သော် ယခု ဤသို့ မှီထားရာတွင် လှုပ်ယမ်းမှုဖျော့ဖျော့ကို ခံစားနေမိသော်လည်း သူမကိုလုံးဝမထိခိုက်ပေ။
ဤချောမွေ့သောလမ်း၌ သွားလာရသည့်အခါ မြင်းလှည်းက များစွာပိုမိုမြန်ဆန်နေသေးသည်။
သိပ်မကြာခင်တွင် ဆိုဖီယာမှာ လမ်းနံဘေး၌ သင်္ကေတကြီးတစ်ခုကို မြင်လိုက်ရသည်။ ၎င်းက လုံးဝအပြာရောင်ဖြစ်ပြီး ထိုအထက်၌ ရေးထားသည့် စာနှစ်တန်းရှိနေသည်။
ဘန်တာမြို့မှ ကြိုဆိုပါ၏။
အံ့ဖွယ်အချိန်လေးရပါစေ။
ဆိုဖီယာမှာ အတန်ငယ် အံ့ဩသွားရသည်။
သူတို့မှာ အန်ဗီမာမြို့တော်မှာလာသည်ဖြစ်ရာ မြို့များစွာကို ဖြတ်သန်းခဲ့ရသော်လည်း ဤသည်က လမ်း၌ ထိုသို့သော သင်္ကေတကို တွေ့ရသည့် ပထမဆုံးသောမြို့ပင်။
ထိုသင်္ကေတက မျက်စိဖမ်းစားလှရာ လူများအတွက် လျစ်လျူရှုရန် ခက်ခဲစေသည်။
၎င်းနှင့်တင် ဆိုဖီယာမှာ ယခင်က လာမလည်ခဲ့ဖူးသည့် ဘန်တာမြို့အတွက် ခံစားချက်ပိုကောင်းလာပါ၏။
၎င်းတို့ ဆော်လ်တန်မြို့နယ်နိမိတ်ထဲ၌ ရှိနေချိန်က လမ်းနံဘေး၌ လယ်မြေများနှင့် ကျက်တီးမြေအချို့လည်း ရှိနေသည်။
၎င်းကို ဆိုဖီယာ မြင်သည့်အခါ ကျက်တီးမြေများသာရှိနေသည့် အခြားမြို့များထက် ပိုကောင်းသော်လည်း ဘန်တာမြို့နှင့်ယှဉ်လျှင်တော့ အတော်လေးလိုအပ်နေသေးသည်။
မြင်းလှည်းက အပြာရောင်သင်္ကေတကိုဖြတ်ကျော်သွားပြီး ၎င်းတို့အား တောက်ပသည့် အဝါရောင်များက ကြိုဆိုနေသည်။
၎င်းကိုကြည့်လိုက်သော် လမ်းဘေးဘက်များ၌ ဂျုံပင်များ လွှမ်းနေသည်။
ဆောင်းဦးကောက်ရိတ်သိမ်းပွဲနီးလာသဖြင့် ဂျုံပင်များက ၎င်းတို့၏ နားရွက်ကြီးကြီးများကို ပြသလာကာ လယ်မြေကို အပြည့်အဝဖုံးလျက် အကြားအလပ်တစ်ခုပင် ချန်မထားချေ။
ဆိုဖီယာမှာ များစွာအံ့ဩသွားရသည်။
သူမ လမ်ပူရီတော်ဝင်ကျောင်းတော်၌ ရှိစဉ်က တိုင်းပြည်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အတန်းတချို့ တက်ခဲ့ရသည်။ လမ်ပူရီ၌ လူအင်အားချို့တဲ့သဖြင့် လယ်စိုက်နိုင်သော လူလည်းချို့တဲ့လေရာ မြေဆီကောင်းသည့် မြေအများစုကို ကျက်တီးမြေများဖြစ်စေခဲ့ကြောင်း သိခဲ့သည်။
သို့သော် လမ်ပူရီတိုင်းပြည်အစွန်ဘက်ရှိ ဤဘန်တာမြို့မှာ ၎င်း၏အမည်နာမအောက်ရှိ လယ်မြေအားလုံးကို ဖွင့်လှစ်လျက် ကောက်ပဲသီးနှံကြွယ်ဝမှုကို ပြသထားသည်။
ဆိုဖီယာက မူလက ထိုသည်ကို ဥပမာတစ်ခုပြထားသည်ဟု ထင်ခဲ့သော်လည်း ဘန်တာမြို့ဆီ မြင်းလှည်းက ဆက်ဦးတည်နေသည့်အချိန်၌ လမ်းနံဘေးရှိ လယ်များက လုံးဝမပြောင်းလဲကြောင်း တွေ့လိုက်ရသည်။ ၎င်းက အဝေးမှကြည့်လျှင်တစ်ထပ်တည်းတူညီနေရာ ဘန်တာမြို့ရှိ နေရာတိုင်းအား ဂျုံများအပြည့်လွှမ်းထားသလိုဖြစ်နေ၏။
"ဂျုံတွေများလိုက်တာ၊ သူတို့ အားလုံးကို ရိတ်သိမ်းနိုင်ပါ့မလား?" ဆိုဖီယာက မနေနိုင်ဘဲ ဘာသာရေရွတ်မိရသည်။
"ဘယ်လိုလုပ် ဒါတွေအားလုံးကို မရိတ်သိမ်းနိုင်ဘဲ နေမှာလဲ?" ဘာရွန်ဟားနက်စ်က အပြုံးဖြင့်ပြောလာသည်၊ "ဘန်တာမြို့က Frestech ကုန်သည်ကြီးများအသင်းအခြေစိုက်ရာဖြစ်ပြီး ဒီဘက်မှာက စိုက်ပျိုးရေးသုံးမှော်စက်တွေရေပန်းစားတာကို မမေ့နဲ့ဦး။ ဘန်တာမြို့ရဲ့ လယ်ယာတွေကိုမပြောနဲ့ဦး၊ ဘန်တာမြို့က လယ်သမားတချို့ဆို ကောက်ရိတ်သိမ်းလုပ်ငန်းစုလေးတွေတည်ထောင်ထားပြီး အနီးဝန်းကျင်ကမြို့တွေက တခြားလူတွေကိုကောက်ရိတ်သိမ်းတဲ့အခါ ကူညီဖို့ စီစဉ်ထားကြတဲ့အကြောင်း ရှုယီပြောတာကြားဖူးတယ်။"
"ထပ်ပြီး Frestech ကုန်သည်ကြီးများအသင်းပဲလား..." ဆိုဖီယာက ရေရွတ်၏။ ထို့နောက် ပြတင်းဘက်ပြန်လှည့်ကာ ဒေါသထွက်ရလွန်းသဖြင့် ဘာရွန်ဟားနက်စ်ကိုပင် လျစ်လျူရှုလိုက်သည်။
သို့သော် သူမပြတင်းအပြင်ကို ကြည့်လိုက်သည်နှင့် ၎င်းတို့ရှေ့ လမ်းနံဘေး၌ ပိုကြီးသည့် သင်္ကေတကြီးကိုမြင်လိုက်ရသည်။
၎င်းအပေါ်၌ မျက်လုံးတောက်တောက်လေးများ သွားဖြူဖြူလေးများနှင့် ပြိုင်ဘက်ကင်းအလှလေးရှိနေသည်။
ထိုအလှလေး၏လည်တိုင်၌ ပုလဲလည်ဆွဲလေးဆွဲထားပြီး နားရွက်များပေါ်တွင် တောက်ပနေသည့် ခရမ်းပြာနားတောင်းနှစ်ခုကို ပန်ဆင်ထား၏။
လည်ဆွဲနှင့် နားတောင်းက အင်မတန်ကြည့်ကောင်းကြကာ အကြည့်တစ်ချက်နှင့်တင် တန်ဖိုးကြီး ကျောက်မျက်ရတနာဟုဆိုနိုင်သော်လည်း ထိုအလှလေး၏ တောက်ပမှုကိုတော့ လုံးဝမယှဉ်နိုင်ချေ။
ထိုကျောက်မျက်ရတနာများ ထိုမျှတောက်ပနေသည်မှာ ထိုအလှလေး၏လည်တိုင်နှင့် နားရွက်များ၌ ရှိနေခြင်းကြောင့်ဟုပင် ဆိုရပေမည်။
"ဘာလဲဟ?" ဆိုဖီယာက မနေနိုင်ဘဲ ထိုသင်္ကေတကို ညွှန်ပြကာ တအံ့တဩမေးလာသည်။
ဘာရွန်ဟားနက်စ်က ခေါင်းကို ပြတင်းအပြင်ထုတ်ကာ တစ်ချက်ကြည့်ပြီး အနည်းငယ် ရှုပ်ထွေးဟန်ပြလာ၏။
"ဆာရန့်ခ်ကျောက်မျက်ရတနာ၊ အမျိုးသမီးတွေကို ပိုပြီးတောက်ပစေတယ်? ထူးဆန်းလိုက်တာ၊ သခင်မလေးစတေးလ်က Frestech ကုန်သည်ကြီးများအသင်းအတွက် ကြော်ငြာမလုပ်ဘဲနဲ့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းအတွက် တစ်ခုလက်ခံပေးထားတာလား? ဘာတွေဖြစ်နေတာလဲ?"
"သခင်မလေး စတေးလ်? ဒီပုံထဲက မိန်းမလှလေးကို ပြောတာလား?" ဆိုဖီယာက သိလိုစိတ်ဖြင့်မေးလာ၏။
"ဟုတ်တယ်၊ သူမက လှတယ်လား?" ဘာရွန်ဟားနက်စ် မေးလေသည်။
ဆိုဖီယာလည်း နီးကပ်လာသည့်သင်္ကေတကိုကြည့်ကာ ခေါင်းငြိမ့်လိုက်မိသည်၊ "အမ်း၊ သူမက တကယ်ကို လှတယ်။ ဒီလောက်လှရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။ ဒါပေမယ့် ဟားနက်စ်, ဒါက ပုံတစ်ပုံပဲလေ၊ တကယ်တမ်း ဒီလောက်လှတဲ့လူရှိလို့လား?"
"ဟင့်အင်း၊ သခင်မလေးစတေးလ်က လူကိုယ်တိုင်ဆို ပိုတောင်လှတာ ကျုပ်အာမခံနိုင်တယ်။" ဘာရွန်ဟားနက်စ်က မယုံကြည်ဖြစ်နေသည့် ဆိုဖီယာကိုကြည့်ပြီး ကျီစယ်လိုဟန်ပြုံးလိုက်သည်၊ "ကျုပ် သခင်မလေးစတေးလ်အကြောင်း တစ်ခုပြောလို့လည်းရသေးတယ်။"
"ဘာများလဲ?"
"သခင်မလေးစတေးလ်က လက်ရှိမှာ ရှုယီရဲ့ချစ်သူကောင်မလေးပဲ။"
ဆိုဖီယာမှာ မျက်နှာထက်၌ အံ့ဩဟန်ပေါ်လာသည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၇၉။ ဘာလို့ အရာရာတိုင်းက သူနဲ့ သက်ဆိုင်နေရတာလဲ?
ဘန်တာမြို့ရှိ ဂျုံခင်းများမြင်ကွင်းကသာ အခြားမြို့တော်များနှင့် မတူညီသည့် တစ်ခုတည်းသောအချက်မဟုတ်ချေ။
ဆိုဖီယာတို့ လေးဦးအဖွဲ့မှာ လမ်းမပေါ်ရောက်အလာတွင် မှော်ကောက်ရိတ်စက်များစွာက ဂျုံပင်များကို လုပ်ရည်ကိုင်ရည်အပြည့်ဖြင့် ဖြတ်သန်းလျက်သွားသည်ကို မြင်ရုံသာမက လယ်မြေမရှိသည့်နေရာ၌ အုတ်ခဲငယ်လေးများဖြင့်ဆောက်လုပ်ထားသည့် အိမ်လှလှလေးများတချို့ကိုပါ တွေ့လိုက်ရသည်။
ထိုအုတ်ခဲလေးများကို အတန်းလိုက်အတူတကွစီထားပြီး အဆောက်အဦးလှလှလေးများဖြစ်လာစေသည်။
၎င်းအပြင် ဘန်တာမြို့အပြင်ဘက်ရှိ မီတာငါးဆယ်ကျယ်ဝန်းသော မြစ်၏ကမ်းပါး၌ လူများစွာ အလုပ်လုပ်နေကြသည်ကိုလည်းမြင်ခဲ့ကြသည်။ ထိုသူတို့မှာ မြစ်ကမ်းပါးဆီသို့ ကျောက်တုံးလိုအရာများကို လွှဲပြောင်းနေကြပြီး ၎င်းတို့မည်သည်အားပြုလုပ်နေသည်ကိုတော့ မသိရပါချေ။
ကျက်တီးမြေနေရောများတွင် လူများစွာက တစ်စုံတရာကြောင့် အလုပ်များနေကြသည့် အလုပ်ရုံကြီးများကိုလည်းတွေ့ခဲ့ရ၏။
နောက်ဆုံး၌ မြင်းလှည်းမှာ ဘန်တာမြို့ထဲဝင်လာရာ မြင်းလှည်းအပြင်ဘက်ရှိ သက်ဝင်လှသည့်လူအုပ်ကြီးကိုမြင်ချိန်တွင် ဆိုဖီယာက မနေနိုင်ဘဲ အံ့ဩသွားရသည်။ သူမက အံ့အားသင့်ဟန်ဖြင့်ဆိုလာ၏၊ "ဘာလို့ဒီမှာ လူတွေများနေရတာလဲ? ဘန်တာမြို့က မြို့အသေးလေးပဲ မဟုတ်ဘူးလား? ဘာလို့ ကျွန်မတို့ အန်ဗီမာမြို့တော်မှာထက်တောင် လူများနေတယ်လို့ ခံစားမိနေရတာလဲ?"
ဘာရွန်ဟားနက်စ်က မြင်းလှည်းအပြင်ကို ကြည့်ကာ ပြုံး၍ပြောလာသည်၊ "လူပေါင်းငါးသောင်းလောက်ပဲရှိခဲ့တဲ့ မြို့လေးက ရုတ်တရတ်ကြီး လူနှစ်သိန်းကျော်ရှိလာတော့ ဒီလောက်လူတွေများနေတာ မထူးဆန်းပါဘူး။ ရိုးရိုးသားသားပြောရရင် ဘန်တာမြို့က ကျုပ်တို့ အန်ဗီမာမြို့တော်ထက်တော့ လူနည်းနေသေးပါတယ်။ အရင် လူရှိစာရင်းအရ အန်ဗီမာမြို့တော်မှာ လူငါးသိန်းကျော်ရှိတယ်လို့ သိထားရမယ်။"
"ဒါပေမယ့် လူနှစ်သိန်းက မနည်းဘူးလေ။" ဆိုဖီယာမှာ အံ့ဩလွန်းမိနေဆဲပင်၊ "ဒီလောက်လူများတဲ့ မြို့တစ်မြို့ကို တိုင်းပြည်မှာ မြို့ကြီးလို့တောင်သတ်မှတ်လို့ရတယ်။ ဟားနက်စ်, ဘန်တာမြို့မှာ ဘာလို့ ရုတ်တရတ်ကြီး လူတွေ ဒီလောက်များလာတာလဲ?"
"အကြောင်းရင်းကတော့ရှင်းပါတယ်၊ ဘန်တာမြို့မှာက အလုပ်ကိုင်အခွင့်အလမ်းများစွာရှိတယ်လေ။ ဒီကိုဘယ်သူပဲလာလာ သူတို့ကျေနပ်စေလောက်မယ့် အလုပ်ရနိုင်တယ်လို့တောင် ပြောလို့ရတယ်။ လုပ်ငန်းစုကြီးတွေက ဘာကျွမ်းကျင်မှုမှ မရှိတဲ့ လူကိုအလုပ်ခန့်ရင်တောင် သူတို့ရဲ့ တစ်လ,လစာက အနည်းဆုံး ရွှေဒင်္ဂါးဆယ်ပြားပတ်လည်မှာရှိတာကို မင်းသိထားရမယ်။" ဘာရွန်ဟားနက်စ်က ဖြေသည်။
"တစ်လကို ရွှေဒင်္ဂါးဆယ်ပြား?" ဆိုဖီယာက စဉ်းစားပြီးမှ ခမ်နက်ဒ်ကို မေးလိုက်သည်၊ "ဒါက များတာလား?"
"အတော်များတယ်။ အန်ဗီမာမြို့တော်က သာမန်အလုပ်သမားတစ်ယောက်ဆိုရင်တောင် တစ်လ,လစာ ရွှေဒင်္ဂါးခြောက်ပြားလောက်ပဲရတာလေ။" ခမ်နက်ဒ်က ခေါင်းငြိမ့်ကာ၊ "ဒါကြောင့် ဘန်တာမြို့မှာ ဒီလောက် လူတွေအများကြီးရှိလာတာ မထူးဆန်းဘူး။ ဆိုဖီယာ, ငါတို့တိုင်းပြည်က လူအတော်များများက ဝမ်းစာတောင်မဖြည့်နိုင်တာကို မင်းသိမှာပါ။ သူတို့ကျတော့ အလုပ်တစ်ခုနဲ့တင် ဖြည့်တင်းနိုင်ပြီး တစ်လကို ရွှေဒင်္ဂါးဆယ်ပြားရတာက လူအတော်များများအတွက် အတော်လေးကျေနပ်စရာပဲလေ။"
ဆိုဖီယာလည်း စဉ်းစားကာ အနည်းငယ်ထူးဆန်းသည်ကို ရှာတွေ့သွားသည်။
"မဟုတ်သေးပါဘူး၊ အန်ဗီမာမြို့တော်က တိုင်းပြည်ရဲ့ မြို့တော်ကြီးဆိုတော့ အလုပ်သမားလစာက အမြင့်ဆုံးဖြစ်နေရမှာလေ။ ဘန်တာမြို့ရဲ့လုပ်ငန်းစုတွေက ဘာလို့လူတွေကို ဒီလောက်မြင့်တဲ့ လစာတွေပေးနေရတာလဲ? သူတို့မှာ ငွေပေါနေလို့လား?"
"ဒါဆို မင်း ရှုယီကိုသွားမေးသင့်တယ်။" ဟားနက်စ်က ရယ်ကာ၊ "ဒီကောင်လေးက ဒီလောက်လစာများများကို အရင်ပေးတဲ့လူဆိုတော့ ဘန်တာမြို့က လုပ်ငန်းစုတွေလည်း ရွေးစရာမရှိတော့ဘဲ သူတို့ရဲ့ အလုပ်သမားတွေကို လစာမြှင့်ပေးထားကြတာလေ၊ မဟုတ်ရင် သူတို့ရဲ့ အလုပ်သမားတွေက Frestech ကုန်သည်ကြီးများအသင်းဆီ ရောက်သွားလိမ့်မယ်။"
"ဘာလို့ အဲ့လူနဲ့ ဆိုင်နေရပြန်တာလဲ?" ဆိုဖီယာက မကျေမနပ်ရေရွတ်လိုက်သည်၊ "ဘန်တာမြို့က အရာအားလုံး သူနဲ့သက်ဆိုင်နေတာလား?"
ဟားနက်စ်က ရယ်ကာ၊ "မှန်တယ်။ လတ်တလော ဘန်တာမြို့မှာ မင်းဘာကိုပဲမြင်ဖြင် သူနဲ့ သက်ဆိုင်တာတွေချည်းပဲ။ ဘယ်သူကများ ဘန်တာမြို့မှာ Frestech ကုန်သည်ကြီးများအသင်းကို ဒီလိုလွှမ်းမိုးမှုရှိဖို့ ပြောထားလို့လဲ။"
"ဟမ့်! ကျွန်မ မယုံဘူး။" ဆိုဖီယာက နှုတ်ခမ်းများစေ့လျက် ပြတင်းအပြင်ကိုကြည့်ကာ ဆိုင်တစ်ဆိုင်ကို ညွှန်ပြလာပြီး၊ "ကြည့်လိုက်၊ ဒါကတော့ သူနဲ့ မသက်ဆိုင်ဘူးမဟုတ်လား?"
ဟားနက်စ်လည်း ဆိုဖီယာညွှန်ပြလာသည့်နေရာကို ကြည့်လိုက်ရာ ထိုသည်က အမျိုးသမီးအဝတ်ဆိုင်ဖြစ်ကြောင်းတွေ့ရှိသွားသည်။
ထိုဆိုင်၏ သင်္ကေတကိုမြင်သော် ဟားနက်စ်က ဝါးလုံးကွဲ အော်ရယ်မိ၏။
"ဟားဟား ဆိုဖီယာ မင်းမှားနေမှာတောင် စိုးရတယ်။ ဒီဆိုင်က မိန်းမဝတ်အထည်တွေရောင်းတယ်ဆိုပေမယ့် အာမန်နီကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေပဲလေ။ သိပ်မကြာခင်က Frestech ကုန်သည်ကြီးများအသင်းကနေ အာမန်နီကုန်သည်ကြီးများအသင်းကို မှော်ယက်ကန်းစက်တစ်လုံး ထုတ်လုပ်ဖို့ ကူညီပေးခဲ့တယ်၊ ဒါနဲ့ အာမန်နီကုန်သည်ကြီးများအသင်းရဲ့ အဝတ်တွေကို ထုတ်လုပ်တာပဲလေ။ ပြောပါဦး ဒါက ရှုယီနဲ့ သက်ဆိုင်နေလား?"
ဆိုဖီယာ၏မျက်လုံးများပြူးသွားကာ အမြင်မှပျောက်ကွယ်သွားသည်အထိ ထိုမိန်းမဝတ်အထည်ဆိုင်ကို ကြည့်နေမိသည်။ သူမက ညစ်ညူးစွာပြန်လှည့်လျက် တိတ်တဆိတ် ရယ်နေကြသော ခမ်နက်ဒ်နှင့် ဟားနက်စ်ကို ကြည့်ကာ နှာခေါင်းရှုံ့လာသည်၊ "ဒီရှုယီ၊ သူက တကယ်ကို စက်ဆုပ်စရာပဲ! ဘာလို့ နေရာတိုင်းမှာရှိရတာလဲ!"
ခမ်နက်ဒ်က အသာပြုံးကာ၊ "ဆိုဖီယာ, မင်းတကယ်ပဲ သူ့ကို အဲလောက်မုန်းလား? ဒါဆို မင်းကို မပျော်ရွှင်စရာသတင်းတချို့ပြောပြမယ်။ ဘာမှမဖြစ်သွားဘူးဆိုရင် မိနစ်နှစ်ဆယ်အတွင်းမှာ မင်း သူနဲ့တွေ့ရတော့မယ်။"
မိနစ်နှစ်ဆယ်အကြာတွင် ထိုလေးဦးသား၏ မြင်းလှည်းက မြို့မြောက်ဘက်ရှိ တိတ်ဆိတ်သောလမ်းကြားလေးတစ်ခု၌ ရပ်သွားသည်။
လေးဦးသားမှာ မြင်းလှည်းထဲမှ ထွက်လိုက်ပြီး ဆိုဖီယာကမူ သူမရှေ့ရှိ လှပသောနှစ်ထပ်အိမ်လေးကို မော့ကြည့်လျက် အံ့ဩသွားရသည်။
"အဲဒီ ရွံစရာလူရဲ့နေရာက အတော်လေးကောင်းသားပဲ။ ဒါပေမယ့် သူ့မှာ ငွေတွေအဲ့လောက်များနေရင် ဘာလို့ မြို့ပြင်မှာ အိမ်တော်တစ်လုံးလောက်ပဲ မဝယ်ရတာလဲ? အဲဒါက ဒီမှာနေတာထက်ပိုကောင်းတယ်မဟုတ်ဘူးလား?"
"ရှုယီက အတော်လေးချွေတာတဲ့လူပါ။ ကျုပ်တွေ့ဖူးသမျှတော့ သူက သူ့ရဲ့နေ့စဉ်လိုအပ်ချက်တွေကို ဂရုလုံးဝမစိုက်ဘဲ အတော်လေးစီးပွားရေးဆန်ဆန်ပဲနေတယ်လေ။" ဟားနက်စ်ကပြောသည်၊ "သူအရင်ကဆို အခန်းလေးတစ်ခန်းငှားပြီးနေတာလေ၊ ကျုပ်ထင်တယ် ဗီဗီယန်ကြောင့်သာမဟုတ်ရင် သူဒီအိမ်လေးမှာ ပြောင်းနေခဲ့မှာတောင်မဟုတ်ဘူး။"
"ဗီဗီယန် ကဘယ်သူလဲ? ကြည့်ရတာ မိန်းကလေးနာမည်လိုပဲ။ သူ့မှာ သခင်မလေးစတေးလ်ဆိုတဲ့ ချစ်သူကောင်မလေးရှိတယ်မဟုတ်ဘူးလား? ဘာလို့ ဒီအိမ်လေးကို ဗီဗီယန်အတွက်ဝယ်ထားရတာလဲ? သူက သူ့မှာ သခင်မလေးစတေးလ်လို ချစ်သူ ကောင်မလေးလှလှလေးရှိနေတာတောင် ဗီဗီယန်ဆိုတဲ့ကောင်မလေးနဲ့ ရှုပ်နေတာလား?” ဆိုဖီယာက ချက်ချင်းမေးလာ၏။
ဟားနက်စ်မှာ ရယ်ရမလား ငိုရမလားပင်မသိတော့ချေ။ သူက ဆိုဖီယာ၏ ခေါင်းကိုသာ၏ ပုတ်လျက် ဖြေလာသည်၊ "မင်းဘာတွေစဉ်းစားနေတာလဲ? ဗီဗီယန်က ဒီနှစ်မှာ သူဝယ်ထားတဲ့ အသက်ဆယ့်ငါးနှစ်လောက် အစေခံမလေးပါ၊ မင်းလောက်တောင်မရှိသေးဘူး။ ရှုယီက အမြဲတမ်း သူမကို ညီမလေးလိုပဲ ဆက်ဆံတာ။"
"ဟမ့်၊ အခုတော့ ညီမလေးလို့ မြင်မှာပေါ့၊ ဒါပေမယ့် နောက်၂နှစ်လောက်ဆို မတူတော့ဘူးလေ။" ဆိုဖီယာလည်း အသံတိုးတိုးဖြင့်ရေရွတ်လိုက်၏။ ခမ်နက်ဒ်က သူမကိုကြည့်လာလေရာ ခပ်မြန်မြန်ပင် ပါးစပ်ပိတ်လျက် မည်သည်ကိုမှထပ်မပြောရဲတော့ချေ။
သို့သော် သူမစိတ်ထဲ၌ ရှုယီအား အစေခံများနှင့် ကစားရခြင်းကိုသဘောကျကာ လှည့်ဖျားခြင်းကိုနှစ်ခြိုက်သည့် အမှိုက်ဟုသာ သတ်မှတ်လိုက်သည်။
ဟားနက်စ်က ဆိုဖီယာ၏အတွေးများကို လျစ်လျူရှုလိုက်ရင်း ဒုတိယထပ်မှ ပုံရိပ်တစ်ခု လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။ တစ်ယောက်ယောက် အိမ်မှာရှိနေဟန်ပေါ်သဖြင့် အော်ခေါ်လိုက်၏။
ခဏအကြာတွင် တံခါးအတွင်းဘက်မှ ခြေသံများထွက်လာသည်။ တံခါးပွင့်သွားသော် ငယ်ရွယ်လှပသည့်မျက်နှာလေး ထွက်ပြူလာ၏။
"ဟေး ဗီဗီယန်, မတွေ့ရတာ လအတော်ကြာတော့ မင်းတောင်အတော်လေး အရွယ်ရောက်လာပြီပဲ၊ အရင်ကထက်တောင် ပိုလှလာသေးတယ်။" ဟားနက်စ်က သူမကိုနှုတ်ဆက် လက်ပြလိုက်လေသည်။
ဗီဗီယန်လည်း ဟားနက်စ်ကိုကြည့်လိုက်သော် ချက်ချင်းမှတ်မိသွား၏။ ထို့နောက်ချက်ချင်းပင် တရိုတသေဦးညွှတ်လာကာ၊ "ဟယ်လို သခင်ဘာရွန်။ ဒီနေ့ရုတ်တရတ်ကြီးရောက်လာတာ သခင်လေးကို တစ်ခုခုကြောင့် လိုအပ်လို့များလားရှင့်?"
"ဒါပေါ့၊ သူ့ကြောင့်သာမဟုတ်ရင် ဘာလို့ အန်ဗီမာမြို့တော်ကနေ ဒီကိုဘာလို့လာရမှာတဲ့လဲ?" ဟားနက်စ်က အပြုံးဖြင့်ဖြေ၏။ ထို့နောက် ဘေးဖယ်လိုက်ကာ ဗီဗီယန်အား သူ့နောက်မှ လူသုံးဦးကို မြင်စေရန် ပြလိုက်သည်၊ "ရှုယီနဲ့ မိတ်ဆွေသုံးယောက် တွေ့ခိုင်းဖို့ ခေါ်လာတယ်လို့ ကူပြီးပြောပေးပါဦး။"
"ဟုတ်ကဲ့ သခင်ဘာရွန်။ ရှင်နဲ့ ရှင့်မိတ်ဆွေသုံးယောက် အရင်ဝင်လာလိုက်ပါ၊ ကျွန်မက ရှင်တို့ရောက်နေတာကို သခင်လေးဆီသွားပြောလိုက်မယ်။"
ဗီဗီယန်က ထိုသုံးဦးကို ဧည့်ခန်းထဲသို့ ဦးဆောင်ခေါ်သွားကာ လဘက်ရည်ပြင်ပေးပြီးမှ ခွင့်တောင်း၍ လှေကားပေါ်တက်သွားတော့သည်။
ဗီဗီယန်က ဒုတိယထပ်သို့တက်ရောက်ပျောက်ကွယ်သွားမှသာ ဆိုဖီယာက သူမကိုစိုက်ကြည့်နေခဲ့သည့် မျက်လုံးများကို လွှဲလိုက်သည်။ ထို့နောက် ဟားနက်စ်ဘက်လှည့်၍ ချီးကျူးနေဟန်ဖြင့် ဆိုလာ၏၊ "သူမက ဗီဗီယန်လား? ဘာလို့ လုံးဝ အစေခံနဲ့ မတူဘူးလို့ ခံစားနေရတာလဲ?"
"အိုး? ဘာလို့ဒီလိုထင်ရတာလဲ?" ဟားနက်စ်က အနည်းငယ်အံ့ဩသွားသည်။
"သူမက အတော်လေးလှပြီး မျိုးရိုးမြင့်မိသားစုကလို ရောင်ဝါနည်းနည်းရှိနေတာကြောင့်လေ။ သူမက ဘယ်လို အစေခံဖြစ်သွားရတာလဲ? ဆင်းရဲတဲ့ မျိုးရိုးမြင့်မိသားစုကများလား? မဟုတ်လောက်ပါဘူး၊ သူတို့က ဆင်းရဲရင်တောင် သူတို့သမီးကိုတော့ အစေခံဖြစ်ခွင့်မပေးလောက်ဘူးမို့လား?" ဆိုဖီယာက ရှုပ်ထွေးစွာဖြင့်ဆိုလာသည်။
"မင်းရဲ့ အတွေးတွေက ဒီလောက်ရှုပ်ထွေးမယ်လို့ ထင်မထားခဲ့ဘူး။ ဗီဗီယန်က အမြဲတမ်း အစေခံဖြစ်ခဲ့တာ၊ ဒီလိုဖြစ်လာတာက ရှုယီသူမကိုခေါ်လာပြီးနောက်မှ ဂရုတစိုက်လေ့ကျင့်ပေးထားခဲ့လို့ပဲ။ သူမကို အရင်နှစ်မှာ ပထမဆုံးအကြိမ်မြင်ခဲ့ဖူးတုန်းက သူမက သာမန်မိန်းကလေးသာသာပါပဲ။ ဒီလိုတစ်နှစ်တောင်မပြည့်ခင်မှာ ဒီလောက်လှလာပြီး အရောင်အဝါကပါ ပြောင်းလာမယ်လို့ထင်မထားခဲ့ဘူး။ ပြောရရင် ရှုယီက သူမကို လေ့ကျင့်ဖို့ တကယ်ဆန္ဒရှိတာပဲ။" ဟားနက်စ်က ပြောသည်။
"ဟမ့်၊ အစေခံပေါ်မှာ ဒီငွေတွေကိုသုံးတာက သေချာပေါက် သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ပဲ။" ဆိုဖီယာက နှုတ်ခမ်းများဖိကိုက်လျက်ဆိုလိုက်သည်။
"ဆိုဖီယာ, မင်းစကားကိုမင်းသတိထား!" ခမ်နက်ဒ်က ရုတ်တရတ် အသံစူးစူးဖြင့် ပြောလာသည်၊ "မင်းရဲ့သဘောထားကို မပြောင်းဘူးဆိုရင်၊ မနက်ဖြန် ဦးလေးဟန့်ခ်နဲ့ အတူပြန်လိုက်တော့၊ မင်းကို ဒီမှာနေခွင့်မပေးတော့ဘူး။"
ခမ်နက်ဒ်မှာ ပုံမှန်ဆို သူ၏ညီမလေးဆိုဖီယာကို အလိုလိုက်ကာ ထိုသို့ ပြောဆိုဖို့ ရှားပါးလှသည်။ သူ၏အသံအနေထားက ထိုသို့ဖြစ်လာသည်နှင့် အမှန်ကို ဒေါသထွက်နေကြောင်း ဆိုဖီယာသိလေသည်။
ထို့ကြောင့် ဆိုဖီယာမှာ လျှာကလေးတစ်လစ်ထုတ်ကာသာ နာနာခံခံဖြင့် အမ်း'ဟု အသံပြုလျက် မည်သည်ကိုမှ မဆိုတော့ချေ။
ခဏအကြာ၌ လေးပင်သည့် ခြေသံနှင့် ခပ်ဖွဖွခြေသံတစ်စုံတို့ လှေကားမှထွက်လာသည်။
ခပ်ဖွဖွအသံမှာ လှေကားပေါ်တက်သွားခဲ့သည့် ဗီဗီယန်ဖြစ်ပြီး လေးပင်သည့်အသံမှာ ရှုယီပင်။
ဟားနက်စ်, ခမ်နက်ဒ်နှင့် ဟန့်ခ်တို့အားလုံး ရုတ်တရတ်ထရပ်လိုက်ကြသည်။
ဆိုဖီယာမှာ တိတ်တဆိတ်သာ လဘက်ရည်သောက်နေသော်လည်း ထိုသုံးဦး၏ အပြုမူကိုမြင်သော် နိုးကြားသွားပြီး အလျင်အမြန်ပင် လဘက်ရည်ခွက်ချလိုက်သည်။ ထို့နောက် နာနာခံခံထရပ်လျက် လှေကားရှိရာဘက်သို့ကြည့်လိုက်၏။
ဆိုဖီယာမှာ ရှုယီ၏အမည်ကို ဟားနက်စ်နှင့် ခမ်နက်ဒ်တို့ထံမှ အကြိမ်ပေါင်းမနည်းကြားခဲ့ဖူးပြီး ၎င်းတို့၏ ဆွေးနွေးမှုမှနေ၍ ထိုလူကို နားလည်မှုတချို့ဖြင့် စိတ်ထဲ၌ ပုံဖော်ထားပါသော်လည်း ကိုယ်တိုင်မြင်ရသည်နှင့်တော့ မယှဉ်နိုင်ချေ။
ဆိုဖီယာမှာ မျက်လုံးလေးများကို ခပ်ကျယ်ကျယ်ဖွင့်ထားပြီး မျက်နှာထက်၌လည်း မျှော်လင့်ချက်၊ စူးစမ်းလိုစိတ်တို့ဖြင့် ဖုံးလွှမ်းနေ၏။
လှေကားထက်၌ ပထမဆုံးပေါ်လာသည့် ခြေတစ်စုံမှာ သာမန်အဝတ်များဝတ်စားထားသည့် ခြေတံရှည်ရှည်များဖြစ်သည်။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းက ဖြောင့်ပါသော်လည်း အတော်လေးပါးကာ အရုပ်ဆိုးသည့် အပြာရောင်ချည်သားအင်္ကျီကိုဝတ်ဆင်ထားသည်။
နောက်ဆုံး၌ မျက်နှာ ထွက်ပေါ်လာ၏။
ဆိုဖီယာမှာ ၎င်းကိုကြည့်ပြီး အတော်လေး စိတ်ပျက်သွားတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၈၀။ ဟားနက်စ်၏ တပည့်ကျော်
ဆိုဖီယာမှာ ရှုယီအကြောင်းဆွေးနွေး ချီးကျူးကြသည့် ဟားနက်စ်နှင့် ခမ်နက်ဒ်တို့ထံမှ ကြားခဲ့ရသည်များရှိပြီး သူ့အား အတော်လေး မုန်းတီးနေပါသော်လည်း ဆိုဖီယာလို မိန်းမငယ်လေးအတွက် ဗီလိန်အကြီးစားကြီးဆိုလျှင်တောင် ထူးကဲကာ သန်မာသည့်လူတစ်ယောက်ဖြစ်သင့်သည်။
ပြောရလျှင် ဆိုဖီယာက ရှုယီကို မုန်းတီးနေလျှင်တောင် ထိုသူထံ၌ အင်မတန်အားကောင်းသည့်အစွမ်းအစရှိရမည်ဟု ဝန်ခံရပေမည်၊ မဟုတ်ပါက ဟားနက်စ်နှင့် ခမ်နက်ဒ်က ထိုမျှ ချီးကျူးနေမည်မဟုတ်ချေ။
ထိုသို့သော အားကောင်းသည့်အစွမ်းစရှိသည့်ယောက်ျားတစ်ဦးဖြစ်နေလျှင် ခန့်ညားမှုမရှိလျှင်သော်မှ လွှမ်းမိုးနိုင်သော ရောင်ဝါရှိသင့်ပေသည်၊ မဟုတ်ပါက သူ၏အစွမ်းအစများနှင့် လိုက်ဖက်မည်မဟုတ်ချေ။
သိူ့သော် ရှုယီနှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရချိန်တွင် ဆိုဖီယာမှာ သူမ၏ စိတ်ကူးလေးများ လုံးဝကွဲကြေသွားကြောင်းသိလိုက်ရသည်။
ရှုယီ၏မျက်နှာအား ခန့်ညားသည်ဟု ဆို၍ရသော်လည်း သူဝတ်ထားသည့် အဝတ်များက မည်သည့်ကိုမှပြသမနေချေ။ ထိုအစား မထင်ရှားသည့်အပုံထဲပစ်ထည့်ထားသလို အတော်လေး သာမန်ဆန်လှ၏။
ဆိုဖီယာအား လက်ခံရန် ပို၍ခက်ခဲစေသည်မှာ ထိုလူက ရက်အတော်ကြာ ရေမချိုးရသေးပုံပေါ်နေခြင်းပင်။ သူ၏ဆံပင်က ကြက်ခြံကဲ့သို့ ရှုပ်ပွနေပြီး မျက်နှာနှင့်ဆံပင်တို့၌ မှင်စက်များလည်းရှိနေရာ အင်မတန်စုတ်ပျက်ဟန်ပေါ်နေသည်။
ထို့အပြင် နှုတ်ခမ်းများကလည်း ဖျော့တော့နေပြီး သွေးရောင်ပင်မရှိချေ။ မျက်လုံးများတစ်ဝိုက်ရှိ အကွင်းကြီးနှစ်ကွင်းကိုပါပေါင်းထည့်လိုက်လျှင် သူ့ထံ၌ မည်သည့်စွမ်းအင်မှရှိနေပုံမပေါ်ဘဲ ဝိဉာဉ်လွင့်နေသလိုပင်။
ဆိုဖီယာကိုအံ့ဩစေသည်က အနက်ရောင်အကွင်းနှစ်ကွင်းရှိနေပါသော်လည်း မျက်လုံးများက သွေးပူနေကာ လူများကို ကြောက်ရွံ့စေလောက်အောင် တောက်ပနေ၏။ ၎င်းတို့အား ကြည့်ရုံနှင့်တင် လူများကို အကြည့်လွှဲစေချင်လောက်သည်။
"ဒီလူကတကယ်ပဲ ဒီလောက်ထိတတ်နိုင်တယ်လား?" ဆိုဖီယာက မနေနိုင်ဘဲ စိတ်ထဲ၌ ရေရွတ်လိုက်၏။
ရှုယီ၏သွင်ပြင်ကိုမြင်သော် ဟားနက်စ်က ဦးစွာအံ့ဩသွားပြီးမှ ဘာဖြစ်နေမှန်းနားလည်လိုက်သည်။ ထို့နောက် အပြုံးဖြင့်ရှေ့တိုးသွားကာ ရှုယီပခုံးကိုပုတ်ရင်းမေးလိုက်၏၊ "ဟေး ရှုယီ၊ မင်းခုတလော အသစ်တစ်ခုခုကို လေ့လာနေတာလား? ဘာလဲပြောပြပါဦး? ကျုပ်ကိုအရင်သိခွင့်ပေး။"
ရှုယီက သူ၏နှာခေါင်းထိပ်ကို လက်ညှိုးဖြင့် ဖိလိုက်ရာ စွမ်းအင်အချို့ ပြန်လည်ရရှိလာသည်။ ထို့နောက် ဟားနက်စ်ကြည့်ကာ ပြုံး၏၊ "ဘာလို့ ပြန်လာတာလဲ? ကျုပ်ကိုသတင်းပေးပြီး တစ်ခုခုပြင်ထားခိုင်းတာတော့မဟုတ်ဘူး။" ထိုသို့ပြောပြီးနောက် ဧည့်ခန်းထဲရှိ သုံးဦးကိုကြည့်ကာ ခေါင်းငြိမ့်ပြလာသည်၊ "ဟယ်လို။ ခင်ဗျားတို့က ဟားနက်စ်ရဲ့ မိတ်ဆွေတွေဆိုမှတော့ ယဉ်ကျေးဖို့မလိုပါဘူး။ ထိုင်ပြီး ပြောလို့ရပါတယ်။"
ထိုလေးဦးလည်း တစ်ဖန်ထိုင်ချလိုက်ပြီး ရှုယီက ဗီဗီယန်ထံမှ တဘတ်နွေးနွေးထည်ထည်ယူကာ မျက်နှာကိုသုတ်၍ ခန္ဓာကိုယ်ကို မှော်စွမ်းအားဖြင့် ဖြည့်တင်းလိုက်သည်။ ထို့နောက် မိမိကိုယ်ပေါ်၌ စိတ်ဝိဉာဉ်နိုးထခြင်းမန္တာန်ကို စီရင်ကာ ပုံမှန်ပြန်ဖြစ်ရန် တွန်းအားပေးလိုက်၏။
ဟားနက်စ်ပြောသလိုပင် လွန်ခဲ့သည့်သုံးရက်တာ၌ ထိုပြဿနာနှင့် မရပ်မနားတိုက်ခိုက်နေခဲ့ရသည်။ ထိုသုံးရက်တာ၌ အိပ်ချိန်ကလည်း ရှစ်နာရီပင်မကျော်ရာ အတော်လေး မောပန်းနေပေ၏။
သို့သော် ထိုလူသုံးဦးကို မြင်ပြီးနောက်တွင် ခဏနေပြောမည့်ကိစ္စက သာမန်လေးမဟုတ်လောက်ကြောင်းသိသဖြင့် မိမိကိုယ်ကို နိုးထရန် တွန်းအားပေးလိုက်ရသည်။
"ဥက္ကဌရှု ဟယ်လို" ရှုယီက ကြည့်လာတော့မည်ကိုမြင်သော် ခမ်နက်ဒ်က ဦးစွာ လက်ကမ်းပေးလိုက်ပြီး အပြုံးဖြင့်ဆိုလေသည်၊ "ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ခွင့်ပြုပါ။ ကျွန်တော်က ခမ်နက်ဒ် အမ်မာပါ၊ သူမကတော့ ကျွန်တော့် ညီမလေး ဆိုဖီယာ အမ်မာဖြစ်ပြီးတော့ ဒါက ဟန့်ခ် ဝီလ်ဆန်ပါ။"
"အမ်မာ?" ရှုယီလည်း ခမ်နက်ဒ်လက်ကိုဆွဲ၍နှုတ်ဆက်ကာ စဉ်းစားလျက် ဆိုလာသည်၊ "ခင်ဗျားတို့က အမ်မာမိသားစုနဲ့ ပတ်သက်တာလား?"
ခမ်နက်ဒ်က အသာပြုံးလာကာ၊ "အမ်မာမိသားစုရဲ့ လက်ရှိ ခေါင်းဆောင်က ကျွန်တော်တို့ အဖေပါ။"
ရှုယီလည်း မျှော်မှန်းထားသည့်ဟန်ပြလာပြီး ဟန့်ခ် ဝီလ်ဆန်ကိုကြည့်ကာ ပြောလာ၏၊ "ကျုပ်ရဲ့ ခန့်မှန်းချက်သာမမှားရင် ဒီဆရာ ဝီလ်ဆန်က ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက အရေးပါတဲ့တစ်ယောက်ဖြစ်ရမယ် မဟုတ်လားဗျ?"
"ဥက္ကဌရှုက တကယ်ကို တုံ့ပြန်တာမြန်တာပဲ။" ခမ်နက်ဒ်က ရယ်လိုက်သည်၊ "ဟုတ်ပါတယ်၊ ဦးလေးဟန့်ခ်က ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းရဲ့ ဒုဥက္ကထဲက တစ်ယောက်ပါ၊ လက်ရှိမှာတော့ လုပ်ငန်းစုအတွက် ကုန်စည်တွေဝယ်ယူရာမှာ ကြီးကြပ်ပါတယ်။"
"ကုန်စည်တွေဝယ်ယူတာလား?" ရှုယီက မနေနိုင်ဘဲ ဟန့်ခ် ဝီလ်ဆန်ကို ထပ်ကြည့်လာသည်။
ရှုယီမှ အမ်မာဟူသည့်အမည်ကိုကြားပြီးနောက် ချက်ချင်း ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနာမည်ကိုထုတ်ပြောလာသည်မှာ တိုင်းပြည်ရှိ လူတော်တော်များများမှာ အမ်မာမိသားစုက တိုင်းပြည်၏ အကြီးဆုံးမိသားစုထဲမှာတစ်စုဖြစ်ရုံမက ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းနောက်ကွယ်ရှိ အကြီးဆုံးလျှို့ဝှက်ရှယ်ယာရှင်ဖြစ်ကြောင်း သိကြခြင်းကြောင့်ဖြစ်သည်။
ထိုမိသားစုခေါင်းဆောင်၏သားနှင့် သမီးတို့နှင့်အတူလာသည့် ဟန့်ခ် ဝီလ်ဆန်မှာ ထိုမျှတရင်းတနှီးရှိပြီး ကုန်သည်များနှင့် သက်ဆိုင်သည့် ထူးကဲသောရောင်ဝါရှိသဖြင့် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနဲ့ သက်ဆိုင်နေသည်ဟု အဓိပ္ပာယ်ရပေ၏။
ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ ကုန်စုံဆိုင်များတွင် အဓိကထားလုပ်ကိုင်နေသောကြောင့် ကုန်ပစ္စည်းများဝယ်ယူခြင်းသည် အလွန်အရေးကြီးသောအခန်းကဏ္ဍတစ်ခုဖြစ်သည်။ ထို ဟန့်ခ် ဝီလ်ဆန်က ၎င်းဌာန၌ တာဝန်ရှိသဖြင့် သူ၏ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရှိ ရာထူးက အခြားဒုဥက္ကဌများထက် ပိုမြင့်လောက်သည်။
မှန်ပါ၏၊ သူ၏ ရာထူးမမြင့်လျှင် အမ်မာမိသားစုခေါင်းဆောင်၏ သားအရင်းက မည်သို့များ ဦးလေးဟု ခေါ်လို့ရမည်နည်း?
"ဟယ်လို ဥက္ကဌရှု" ယခုမှသာ ဝီလ်ဆန်က ရှုယီထံ လက်ကမ်းပေးလာသည်။
ရှုယီလည်း လက်ဆွဲနှုတ်ဆက်လျက် ခမ်နက်ဒ်ကိုမေးလေ၏၊ "ကျုပ်သိချင်မိတယ်၊ သခင်လေး ခမ်နက်ဒ်က သခင်ဘာရွန်နဲ့ အတူ ဘန်တာမြို့လာပြီး ကျုပ်ကို လာရှာတာက ဘာအကြောင်းကြောင့်များလဲ?"
ခမ်နက်ဒ်က လက်ယမ်းပြကာ အပြုံးဖြင့်ဆိုသည်၊ "ဥက္ကဌရှု၊ ဒီလောက်ထိ ယဉ်ကျေးဖို့မလိုပါဘူး။ ကျွန်တော်က ဟားနက်စ်နဲ့ အတူကြီးပြင်းလာတဲ့ မိတ်ဆွေတစ်ယောက်ပါ၊ ခင်ဗျားက သူနဲ့ဆက်ဆံရေးကောင်းတယ်ဆိုမှတော့ ကျွန်တော့်ကိုလည်း သာမန် မိတ်ဆွေလိုပဲ ဆက်ဆံလို့ရပါတယ်။ ဒီတစ်ခေါက်ဘန်တာမြို့ခရီးက ရိုးရိုးသားသားပြောရရင် ခင်ဗျားကိုတွေ့ဖို့ လာတာပါ။"
"ကျုပ်ကို တွေ့ဖို့?" ရှုယီက အနည်းငယ်ရှုပ်ထွေးသွား၏။ ထို့နောက် သူ့အား သိလိုစွာကြည့်နေသည့် ဆိုဖီယာကိုကြည့်လိုက်ပြီးမှ အပြုံးဖြင့်ပြောသည်၊ "ကျုပ်နဲ့ပတ်သက်ပြီး ထူးခြားတာရှိလို့လား?"
"ဒါပေါ့။" ခမ်နက်ဒ်က ခေါင်းငြိမ့်လျက်နှင့်၊ "အန်ဗီမာမြို့တော်မှာတောင် Frestech ကုန်သည်ကြီးများအသင်းရဲ့ သတင်းတွေကို ခဏတိုင်းကြားနိုင်တယ်။ ပြီးတော့ ဟားနက်စ်ကလည်း ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းအကြောင်း မကြာခဏပြောပြတယ်လေ။ သူ့ဆီကနေ အတော်ကြာကြာနားထောင်လာရတော့ အရမ်းသိချင်လာတာပဲ။ ဥက္ကဌရှု၊ ခင်ဗျားက ဘယ်လိုလူမျိုးလဲပေါ့? ဟားနက်စ်လို မာနကြီးတဲ့လူကိုတောင် ဒီလောက်ထိ ချီးကျူးနေစေရလောက်အောင်အထိလေ။ ဒီအတောအတွင်း အားလပ်ရက်ရထားပြီး ဟားနက်စ်ကလည်း ဘန်တာမြို့မှာ ခင်ဗျားကိုလာတွေ့ချင်နေတာဆိုတော့ ကျွန်တော်လည်း ဒီအခွင့်ရေးကိုယူပြီး လိုက်လာတာပါ။"
ရှုယီက အသာခေါင်းငြိမ့်လျက် နားလည်ကြောင်းပြလိုက်သည်။ စဉ်းစားကြည့်ပြီးနောက်တွင် မေးလာ၏၊ "ဒါပေမယ့် သခင်လေးအမ်မာ.... အမ်း၊ ဟုတ်ပြီ ကျုပ် မင်းကို ခမ်နက်ဒ် လို့ပဲခေါ်လိုက်တော့မယ်။ ခမ်နက်ဒ်, သခင်မလေးဆိုဖီယာနဲ့ ဆရာဝီလ်ဆန်တို့နဲ့အတူလာတဲ့ ဒီခရီးမှာ မင်းဘာကိုအတိအကျမြင်ချင်တာလဲ?"
"တကယ်တော့ လမ်းမှာ အတော်လေးတွေ့ခဲ့ရပါတယ်။" ခမ်နက်ဒ်က ချီးကျူးဟန်ဖြင့်၊ "ပြောရရင် ဘန်တာမြို့က လက်ရှိ အပြောင်းအလဲတွေကို အံ့ဩမိတယ်။ လွန်ခဲ့တဲ့ ၁၃နှစ်တုန်းက ဒီကို အဖေနဲ့လာခဲ့ဖူးတယ်။ အရင်က ဘန်တာမြို့အပေါ် အမြင်ကတော့ တိတ်ဆိတ်ပြီး အေးချမ်းတဲ့ အဝေးကမြို့လေးပါပဲ၊ ဒါပေမယ့် ဒီတစ်ခေါက် ခရီးမှာ အတော်လေးအံ့ဩရလောက်တဲ့အထိ ပြောင်းလဲမှုတချို့ရှိနေတာတွေ့ခဲ့ရတယ်။"
ရှုယီက အသာပြုံးကာ ပြောလေသည်၊ "တကယ်တော့ ဘန်တာမြို့ ပြုပြင်ရေးအစီစဉ်က စ'ရုံပဲရှိပါသေးတယ်။ နောက်၂နှစ်လောက်ကြာမှထပ်လာရင် ဘန်တာမြို့ကို မှတ်မိနိုင်လောက်မှာ မဟုတ်တော့ဘူးလို့ ကျုပ်ပြောရဲတယ်။"
"ကျွန်တော်ယုံပါတယ်။" ခမ်နက်ဒ်က ခေါင်းငြိမ့်ကာပြောသည်၊ "ဘန်တာမြို့က ဒီမှာ အလုပ်လာလုပ်ဖို့ လူအတော်များများကို ဆွဲဆောင်နိုင်တော့ ဒီလိုပြောင်းလဲမှုတွေဖြစ်လာတာ မထူးဆန်းပါဘူး။ ဥက္ကဌရှု၊ ဒီကိုလာတဲ့လမ်းမှာ ဟားနက်စ်ပြောတာကြားခဲ့တယ်၊ ကောင့်ထ်စီယန် အဆိုပြုထားတဲ့ ဘန်တာမြို့ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းက တာဝန်ယူထားတာဆို?"
ရှုယီက ခေါင်းခါကာ၊ "အကုန်လုံးတော့မဟုတ်ပါဘူး။ ကျုပ်က ကောင့်ထ်စီယန်ကို အကြံလေးပေးရုံပါပဲ၊ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကောင့်ထ်စီယန်လုပ်တာပါ။ ဒီအလုပ်အပြင် ကျုပ်တို့လုပ်ငန်းစုက မှော်စက်အချို့နဲ့ ပစ္စည်းလေးတွေထောက်ပံ့ရုံပါပဲ။ အလုပ်အများစုလုပ်ရတာကတော့ အမ်ရစ်ကုန်သည်ကြီးများအသင်းကပါ။"
"အိုး?" ခမ်နက်ဒ်၏ အပြုမူက မယုံကြောင်းပြနေသော်လည်း ဆက်မမေးလာပါပေ။ ခဏရပ်တန့်နေ့ပြီးနောက်မှ ပြောလာ၏၊ "ဥက္ကဌရှု၊ ခင်ဗျား ကျွန်တော့်ဆီက တောင်းဆိုချက်တစ်ခုကို သဘောတူနိုင်မလား?"
"ပြောပါ"
"ကျွန်တော်က ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကို အတော်လေးစူးစမ်းချင်နေတော့ ခင်ဗျားတို့က ဘန်တာမြို့တစ်မြို့လုံးကို ဘယ်လိုပြောင်းလဲလိုက်မလဲ မြင်ချင်မိတယ်။ ဒီတော့... နောက်ရက်နည်းနည်းလောက်၊ ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းက ဘယ်လိုအလုပ်လုပ်သလဲ လေ့လာဖို့ ခင်ဗျားနောက်ကို လိုက်လို့ရမလား?"
ရှုယီက အံ့ဩသွားပြီးမှ ဟားနက်စ်ကိုကြည့်လာသည်။
ခမ်နက်ဒ်၏တောင်းဆိုချက်မှာ ယခင်နှစ်က ဟားနက်စ်တောင်းဆိုခဲ့သည်နှင့် ထပ်တူပင်။
ဒီကောင်လေးက ဟားနက်စ်ဆီမှာ သင်ခဲ့တဲ့ တပည့်များလား?
ဟားနက်စ်က ကူရာမဲ့ဟန်ဖြင့် လက်ဖြန့်ပြလာကာ သူနှင့် မဆိုင်ကြောင်းပြနေ၏။
ရှုယီက ချက်ချင်းမဖြေလာသည်ကိုမြင်သော် ခမ်နက်ဒ်က ဆက်ပြောသည်၊ "ဥက္ကဌရှု၊ စိတ်ချပါ၊ ကျွန်တော်ကကြည့်ချင်ရုံပါပဲ၊ တခြားဘာအစီစဉ်မှမရှိပါဘူး။ ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့အလုပ်ကို သေချာပေါက် မနှောင့်ယှက်ပါဘူး၊ ခင်ဗျားသဘောမတူရင် ကျွန်တော်မကြည့်သင့်တာကိုလည်း မကြည့်ပါဘူး။"
ရှုယီလည်း စဉ်းစားကာ ဤကိစ္စက အနည်းငယ်ပြဿနာရှိသည်ဟု ခံစားမိသွားသည်။
လက်ရှိ Frestech ကုန်သည်ကြီးများအသင်းမှာ ဟားနက်စ်လည်ပတ်ခဲ့သည့် ယခင်နှစ်ကနှင့်မတူတော့ချေ။ ရှုယီလုပ်သမျှ အလုပ်များစွာ၌ လျှို့ဝှက်ချက်များစွာပါရှိနေရာ ခမ်နက်ဒ်ကို လိုက်ခွင့်ပြုလိုက်ပါက အဆင်မပြေသည့် အချိန်များစွာရှိလာလိမ့်မည်။
"ဥက္ကဌရှု၊ ကျုပ်က သခင်လေးခမ်နက်ဒ်နဲ့မတူပါဘူး။ ကျုပ်ဒီတစ်ခေါက် ဘန်တာမြို့ဆီလာတာက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကြားမှာ ပူးပေါင်းမှုဖြစ်နိုင်ချေကို ဆွေးနွေးချင်တာကြောင့်ပါ၊ ဒီတော့ စိတ်ထဲမထားပါနဲ့။" နံဘေးရှိ ဟန့်ခ် ဝီလ်ဆန်က ရုတ်တရတ် ပြောလာသည်။
အပြင်ပန်းတွင် ၎င်းစကားလုံးများက သူ့အား ခွဲခြားနေဟန်ပေါ်သော်လည်း ခမ်နက်ဒ်၏ တောင်းဆိုချက်အရ ထိုစကားလုံးများနောက်ရှိ အဓိပ္ပာယ်က ရှင်းလင်းပေသည်။
ရှုယီလည်း စဉ်းစားကာ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ခမ်နက်ဒ်ထံ ခေါင်းငြိမ့်ပြလာသည်။ "ကောင်းပြီလေ၊ ဒါပေမယ့် ခမ်နက်ဒ်, မင်း ငါ့နောက်လိုက်မယ်ဆိုရင် ငါ့စီစဉ်တာကို လိုက်နာရမယ်လို့ အာမခံထားရမယ်၊ နားလည်လား?"
ဆိုဖီယာက သူ့ထံ မနေနိုင်ဘဲ ကြည့်လိုက်မိသည်။
ဒီရှုယီက အတော်လေး ဝင့်ကြွားလွန်းမနေဘူးလား?
သူက လုပ်ငန်းစုလေးတစ်ခုရဲ့ ဥက္ကဌလေးပဲဟာကို သူမရဲ့အကိုကြီးကို ဒီလိုပြောရဲတယ်ဆိုတော့ ဘာက သူ့အတွက် ကောင်းမှန်းကို မသိတာပဲ!
ခမ်နက်ဒ်က ချက်ချင်း ဆိုဖီယာကို အကြည့်ဖြင့်တားကာ ရှုယီကို ပြုံး၍ပြောလိုက်၏၊ "ဒါပေါ့။ ကျွန်တော်က ကြည့်ချင်ရုံပါပဲ၊ ဘယ်လိုလုပ်ရမယ်ဆိုတာကိုတော့ ဥက္ကဌရှုရဲ့ စီစဉ်မှုအတိုင်း လိုက်နာပါ့မယ်။"
***