← Chapters

အခန်း (၁၁၁-၁၂၀)

Vol. 2 Ch. 111-120

အခန်း (၁၁၁-၁၂၀)

Vol. 2 Ch. 111-120

Vol 2, အခန်း ၁၁၁ ။ အခြားလူ၏ နည်းပညာ

အာရ်ဝင်း၏သတိပေးချက်သည် သဘာဝကျလှသည်။ သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် အရင်နှစ်ကနဲ့ လုံး၀ကွဲပြား ခြားနားနေသည်ကိုကား သူမသိပေ။ အရင်နှစ်က ရှုယီ ရောက်လာပြီးနောက်မှ ကုမ္မဏီသည်တိုးတက်လာ၍ နာမည်ထွက်လာလေသည်။ အရင်က အန်ဗီမာမြို့တော်ထဲမှ မည်သူမှမကြားဖူးကြပေ။

ထို့ကြောင့်လည်း သူသည် စာမေးပွဲလာဖြေသောမှော်ပညာရှင်တိုင်းကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့လေသည်။ ထို့နောက်ကုမ္မဏီတွက်အလုပ်လုပ်ရန် နွေးထွေးစွာကြိုဆိုခဲ့လေသည်။ ထိုအချိန်ကပင် သူ့အနေဖြင့် စိတ်ပျက်ဖွယ် အပြုအမူများကိုသာကြုံခဲ့ရလေသည်။ လူပေါင်းများစွာသည်စိတ်၀င်တစားမရှိခဲ့ကြပေ။

သို့သော်တစ်နှစ်ကြာပြီးနောက် လုပ်ငန်းစုသည် ဆရာကြီးကမ်မီလာပူးပေါင်းပြီးကတည်းက တိုင်းပြည်တွင်ကျော်ကြားလာ၍ တစ်တိုင်းပြည်းလုံးမှ မှော်ပညာရှင်များအားလုံး ရောင်လာကြလေသည်။ ရှုယီသည် တချို့ပညာရှင်များကို ငြင်းဆန်ရလေသည်။ အကြောင်းကတော့ ရောက်လာသူများက လိုအပ်သည်ထက် များလွန်းနေသောကြောင့်ပေတည်း။ ထိုလုပ်ငန်းစုအတွက် အလုပ်လုပ်နေသော မှော်ပညာရှင်များကို စကားပြောကြည့်သော် အခြားမှော်ပညာရှင်များသိလိုက်ရသည်က သူတို့ကို အထူးအလေးထားဆက်ဆံခံရ၍အငွေ့သက်များခံစားရ၍ မှော်အစီအရင် အသစ်များလေ့လာရသည်ဖြစ်၍ သူတို့၏ မှော်ပညာများပိုမိုတိုးတက်လာသည်ဟု သိရလေသည်။

ထို့ကြောင့်လည်းအဆင့်နိမ့်မှော်ပညာရှင်အများစုသည် လုပ်ငန်းစုအတွက် အလုပ်လုပ်ရန်စိတ်အားထက်သန်လာကြသည်။

ယခုတော့သူသည်မှော်ပညာရှင်များကိုသွားရှာရန်မလိုတော့ သူတို့ကိုယ်တိုင် သူ့ဆီသို့သာ ရောက်လာကြလေသည်။ အာရ်ဝင်းနဲ့စကားပြောပြီးနောက် စောင့်ဆိုင်းနေရခြင်းကိုစိတ်မရှည်တော့သော မှော်ပညာရှင် အချို့သည် သူဆီသို့တိုက်ရိုက်ဝင်ကာ စကားပြောကြလေသည်။ သူတို့ကိုမေးလျှင် တစ်ခုတည်းသော အကြောင်းက အလုပ်လုပ်ရန်ပင်ဖြစ်သည်။ သူတို့ကို ချက်ချင်းသဘောမတူသေး လုပ်ငန်းစုတွက် နွေးထွေးစွာ ကြိုဆိုရုံသာဖြစ်သည်။ လုပ်ငန်းစုတွင်ရှိသော မှော်ပညာရှင်ကြီးတယောက်ဖြစ်ရန် အများစုသည်အခွင့်ရေး မရကြသော်လည်း တစ်တိုင်းပြည်လုံးရှိမှော်ပညာရှင်များကိုသူသိစေချင်သည်ကား လုပ်ငန်းစုတွင်မှော်ပညာကို လေ့လာခြင်းသည် ကောင်းမွန်သောရွေးချယ်မှုဖြစ်၍ သူတို့အတွက် ထွက်ပေါက်ဖြစ်သည်ဆိုသည်ကို သိစေလိုခြင်းဖြစ်သည်။ တခဏမျှ စကားပြောပြီးနောက် စာမေးပွဲ စတင်တော့မည်ဖြစ်၍ စတေးလ်နဲ့အတူထွက်လာခဲ့ပြီး ကိစ္စအထွေထွေကို စဉ်းစား နေလေသည်။ သူမအနေဖြင့် လုပ်ငန်းစုမှကျင်းပသော ရတနာပြပွဲသို့ ပြောရေးဆိုခွင့်ရှိသော အကြီးအကဲ အနေဖြင့် တက်ရန်ရှိသည်ဖြစ်၍ ထိုနေရာသို့ သွားလေသည်။ ရှုယီကိုဆရာကြီး အီစန်ခယ်မှဖိတ်ကြားထားသည်ဖြစ်၍ ဆရာကြီးရှိသည့် တာဝါသို့ချီတက်ခဲ့လေသည်။ ပထမဆုံးအကြိမ်ဆရာကြီးဆီ လာခြင်းလည်းဖြစ်သည်။ ဆရာကြီး၏တာဝါသည် မဟာမှော်ပညာရှင်ကြီး ကမ်မီလာ၏ တာဝါနဲ့ယှဉ်လျှင် တာဝါဟုပင် မခေါ် ထိုက်၊ အမည်နာမတစ်ခုသာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် စကွဲယား မီတာ ၅၀၀၀ ကျော်သော မြေပေါ်တွင်တည် ဆောင်ထားသောကြောင့် ဖြစ်သည်။

အလယ်ဗဟိုတွင် ပင်မတာဝါကို အဆောက် အဦးပေါင်းများစွာဖြင့် ပတ်လည်ခြံရံနေသည်ကို ကြည့်ခြင်းအားဖြင့် ဆရာကြီးသည် တိုင်းပြည်တွင်အချမ်းသာဆုံးမှော်ပညာရှင်ဖြစ်သည်ကို သိနိုင်လေသည်။ ထိနေရာသို့ရောက်သောအခါ ဆရာကြီးသည်ချက်ချင်းပင် ထွက်၍ ကြိုဆိုလေသည်။ သူ့အပြုမူသည် ဘန်တာမြို့တွင်တွေ့တုန်းကထက် ပို၍ ဖော်ရွေလေသည်။

“ဥက္ကဌရှု ဒီကိုလာရတာတော်တော်ပင်ပန်းမှာပဲ ကြွပါလိုက်ပို့ ပေးမယ်လေ နောင်ဆိုရင် ခဏ ခဏဒီကိုလာရမယ်ထင်တယ်’’ ဆရာကြီးကနွေးထွေးစွာကြိုဆို၍ နေရာအနှံ သို့လိုက်ပြပေးလေသည် ရှုယီလည်း ဆရာကြီး နွေးထွေးမှုကြေင့် အနည်းငယ် အံ့ဩ သွားလေသည် အဘယ်ကြောင့်ဆိုသော်နှစ်ဦးနှစ်ဖက်သည်ပူးပေါင်းရန် ကြံစည်ရုံသာရှိသေးပြီး။ လုံးလုံးလျားလျားမပူးပေါင်းရသေးပေ။ စိတ်ထဲတွင် ချင့်ချိန်ရန် အနည်းငယ်ရှိနေသေးသည်။ သူတို့လုပ်ငန်းစုကပိုင်ဆိုင်ထားသော နည်းပညာကို ဆရာကြီးသို့ မပေးသေးပေ။ ထို့ကြောင့်လည်း ပူးပေါင်းဆောင်ရွက်မှုသည် ဘောင်ကျဉ်း သေးလှသည်။ သူတို့လုပ်ငန်းစုမှ ဆရာကြီးဆီသို့ လေ့လာရန်ရှိသော မှော်အစီအရင်တို့ကိုပို့ဆောင်ထားလေသည်။

ထိုအတွက်ကြောင့် ရွှေဒင်းဂါး၃၀၀၀ကိုဆရာကြီးဆီသို့ သုသေသနရန်ပုံငွေအဖြစ် ပို့ဆောင်ထားလေသည်။ ထိုငွေသည်ဆရာကြီးအတွက်တော့ ရေတစက်တပေါက်မျှသာဖြစ်ပေသည်။ သူသည် ထိုငွေမျှလောက်ကိုဂရုစိုက်သောသူမဟုတ်ပေ။

ထို့ကြောင့် သူ့ကိုဖိတ်ကြားခြင်းသည်သာမန်မျှသာဟု ထင်ထားခဲ့၍ ယခုကဲ့သို့ဖော်ရွေစွာဆက်ဆံ လေမည်ဟု မထင်ထားခဲ့ပေ။ ယခုသော် သူတို့သည် အလွန်ရင်းနှီးသောလုပ်ဖော်ကိုင်ဖက်များပမာဖြစ်နေသည်။ “ကြည့်ပါအုံး ဥက္ကဌရှု၊ ဒီဟာက ငါတို့ပူးပေါင်း ဆောင်ရွက်ဖို့ချန်ထားတဲ့သုသေသန ဓာတ်ခွဲခန်းပေါ့’’

ရှုယီခေါင်းထဲစဉ်းစားရင်းဖြင့် ဆရာကြီးခေါ်သွားသော ၆ထပ်အဆောက်ဦးဆီသို့ ရောက်လာလေသည်။ ဆရာကြီးကမိတ်ဆက်ပေး၍ လိုက်ကြည့်သော် သူတို့သုသေသနဌာနနဲ့ အနည်းငယ်ဆင်ပေသည်။ သို့သော် သူတို့ လုပ်ငန်းစုမှလူများလို အားကြီးသည်လား အားနည်းသည်လားကို သူမသိပေ။ “လောလောဆယ်တော့ မှော်အစီအရင်တွက်သုသေသန ပြုနေတဲ့ မှော်ပညာရှင် အဆင့်၄ အဆင့်၇နှစ်ဆယ်လောက်တော့ရှိတာပေါ့။ ငါလည်း တစ်ခါတစ်လေတော့သုသေသနလာလုပ်တာပေါ့။ မင်းတို့သုတေသနထက်တော့နည်းနည်းညံ့တယ်ဆိုပေမယ့် အများကြီးတော့မဟုတ်ဘူးပေါ့” ဆရာကြီးကရင်းနှီးမှုဖြင့် ပြောလေသည်။ ရှုယီသည် ခေါင်းကိုမသိမသာ ရမ်းလိုက်လေသည် လူအရေအတွက်ခြားနားခြင်းကိုအသာထား၍ ဆရာကြီး ကမ်မီလာ၏ မှော်စက်တို့ကိုအချိန်ပြည့်လေ့လာခြင်းနှင့် ဆရာကြီး အီစန်ခယ်ရဲ့ မှော်ပညာတို့ကိုလေ့လာခြင်းနှင့် ကွာခြားခြင်းသည် ကြီးကျယ်သောခြားနားချက်တစ်ခုဖြစ်လေသည်။

သူတို့လုပ်ငန်းစုကြားပူးပေါင်းဆောင်ရွက်မှုသည် ဤနေရာတွင်ဖြစ်လေသည်။ ထိုနေရာပြီးနောက် အခြားနေရာဆီသို့သူတို့ မသွားကြတော့ပေ။ ထိုမှ အဆောက်ဦးသေးသေးလေးများဆီကိုသွား၍ နောက်ဆုံးတွင် မှော်တာဝါ ဆီသို့ ရောက်လာလေသည်။ အနားသို့ရောက်လာသော် မှော်တာဝါသည် ဆယ့်သုံးထပ်မြင့်သည်ကိုတွေ့ရလေသည်။ ဆရာကြီးကမ်မီလာ၏မျှော်စင်ထက်နှစ်ဆဖြစ်၍ အခင်းကျင်းများသည် နှစ်ဆ ကျယ််၀န်း လေသည်။ ဤအရာသည်ပင် ဆရာကြီးနှစ်ဆူ ခြားနားချက်ဖြစ်လေသည်။ သို့သော် အသီးသီးသော မျှော်စင်များသည် လှပသေသပ်၍ ထိပ်ဆုံးတွင် ၎င်းတို့ ကိုယ်ပိုင် အခန်းများရှိကြလေသည်။ ထိပ်ဆုံးထပ်သို့ရောက်သော် လက်ဟန်ပြလိုက်၍ သူ့လူများထွက်သွားလေသည်။ ဆရာကြီးသည် ရှုယီအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေး၍ စကားစမြည်ပြောလေသည်။ရှုယီသည် စကားအနည်းငယ်ပြောပြီးနောက်သုသေသနကြောင်းမေးလေသည်။ လက်ရှိအခြေနေအရ သူကငွေကြေးထောက်ပံ့၍ ဆရာကြီးမှ လူအင်အားစိုက်ထုတ်မည်ဖြစ်သည်။ လုပ်ရမည့် စီမံကိန်းသည် မှော်အစီအရင်၏ ထုတ်လုပ်မှုအစွမ်းကို တည်ငြိမ်အောင်လုပ်၍ ပိုကြာစေရန်ဖြစ်သည်။ နှစ်၀က်ခန့်ကြာပြီး နောက်ထိုစီမံကိန်းနှစ်ခုတွင်အော်မြင်မှုများရလာလေသည်။ ဆရာကြီးသည် ယခုတိုးတက်မှုအကြောင်းကိုပြောသော် တွေးတောစရာစကားများပါလာလေသည်။

“မူလသဘောတူညီချက်အရတော့ မင်းတို့လုပ်ငန်းစုကို ဒီနည်းပညာပေးရမယ်ပေါ့။ ဒါပေမယ့် ငါ့အနေနှင့် နှစ်နာကြေးပေးပြီး တခြားလုပ်ငန်းစုကိုရောင်းပစ်လိုက်လို့ရတာပေါ့ ။ ဥက္ကဌကြီးရေ ဒီသုသေသနမှာစိတ်ဝင်စားနေတဲ့လုပ်ငန်းစုတွေအများကြီးပဲ။ ပြီးတော့ ငါ့အတွက်နစ်နာကြေးပေးဖို့လည်းသဘောတူကြတယ်။ ကြေးအများကြီးပေးပြီး၀ယ်ချင်တဲ့ သူလည်းရှိတယ်။”

ရှုယီ မသိမသာပြုံးလိုက်သည်။ ဆရာကြီးကသူ့ကိုသတိပေးနေသည်လား ခြိမ်းခြောက်နေသည်လားမပြောတတ်။

“ဒါတော့ဆရာကြီးရွေးချယ်မှုပါပဲ။ ဆရာကြီးတို့ဘက်ကဆက်ပူးပေါင်းချင်ရင်တော့ နှစ်ယောက်ကြားဆက်ဆံရေးကိုမဖျက်ဆီးဘူးလို့ ထင်တာဘဲ။ အဲ့လိုမှမဟုတ်ရင်တော့ ဆရာကြီးတို့ငွေကြေးအာဏာနဲ့ဆိုရင်တော့ ကျွန်တော့ရဲ့သုသေသန ရန်ပုံငွေကိုတော့လိုအပ်တော့မှာမဟုတ်ပါဘူး”

“ဟုတ်တာပေါ့” ဆရာကြီးကခေါင်းငြိမ့်၍ ပြောလေသည် “မှော်စက်နဲ့ပက်သတ်ပြီး သုသေသနကောင်းကောင်းမလုပ်တတ်တဲ့ တခြားလုပ်ငန်းစုတွေနဲ့ စာရင်တော့ မင်းတို့ လုပ်ငန်းစုနှင့်ပူးပေါင်း ချင်တာပေါ့။ မင်းတို့အနေနဲ့ အခုတင်ပြမဲ့ အခြေနေအရပ်ရပ်ကိုသဘောတူမယ်ဆိုရင်တော့ ဒီနည်းပညာတွေကိုပေးရုံမက နောက်လာမဲ့သုသေသနတွေမှာလည်းကူညီဖို့အသင့်ပါဘဲ”

ရှုယီလုံး၀မအံ့ဩပေ။

“ဆရာကြီးရဲ့တောင်းဆိုချက်တွေကိုပြောပြပါအုံး”

“မူလအစီအစဉ်အရတော့ ငါတို့မျှသုံးကျမယ်ပေါ့။ တခြားလုပ်ငန်းစုက ဒီနည်းပညာကိုသုံးချင်တယ်ဆိုရင်တော့ သူတို့အနေနဲ့မှတ်ပုံတင်ကြေးပေးရမယ်ပေါ့။ ဒါပေမယ့်တိုင်းပြည်နဲ့ မှော်ပညာရှင်များအဖွဲ့က ဒီဥပဒေကို မပြဒါန်းနိုင်တော့ မင်းတို့ အရင်ကချမှတ်ထားခဲ့တဲ့စည်းကမ်းကိုဘဲ လိုက်နာရတော့မှာပေါ့” ဆရာကြီးကပြောလေသည်။

“ကျွန်တော်တို့စည်းကမ်းဟုတ်လား? နည်းပညာကိုရောင်းစားပြီးတော့ ငွေကြေးယူဖို့လား”

“ဟုတ်တယ်လေ အဲ့စည်းမျည်းကပိုကောင်းသေးတယ်။ ဒီနည်းပညာကိုငါတို့နှစ်ယောက်လုံးပိုင်သွားပြီပေါ့? ဒီနည်းပညာကိုရောင်းစားလို့ရတဲ့ငွေကိုငါတိုံ့နှစ်ဉီးအကျိုးတူ ယူသင့်တာပေါ့။ အဲ့တာဘယ်လိုထင်လဲ”

ရှုယီ ခဏစဉ်းစားပြီးနောက် “အဲ့တာကနှစ်ပိုင်းရှိတယ်ဗျ။ ကျွန်တော်တို့ဘယ်လောက်ရာခိုင်နှုန်းပိုင်ဆိုင်သင့်တယ်ဆိုတာဘယ်လိုတွက်ချက်မလဲ။ ပြီးတော့ ကျွန်တော်တို့လုပ်ငန်းစုအနေနှင့်လည်း ဒီနည်းပညာကိုသုံးပြီးတော့ မှော်စက်ကိုထုတ်ရမယ်ဆိုတော့ ဒါကိုလည်းဘယ်လိုတွက်ချက်မလဲ”

“ဒီနည်းပညာကမင်းတို့ကငွေကြေးစိုက် ငါတို့ကလူအင်အားစိုက်လာတာဆိုတော့ တစ်ယောက်တစ်၀က်ပိုင်သင့်တာပေါ့။ မင်းတို့သုံးမယ်ဆိုရင်လည်း အခကြေးငွေပေးသင့်တာပေါ့။ အခကြေးငွေကိုလည်းငါတို့က တစ်၀က်ပိုင်ဆိုင်သင့်တာပေါ့”

“ဆရာကြီးပြောချင်တာက ကျွန်တော်တို့က ဒီနည်းပညာသုံးဖို့အတွက် အခကြေးငွေပေးရမယ်ပေါ့”

“ဟုတ်တယ်လေ”

ရှုယီ ခဏစဉ်းစားပြီးနောက် ခေါင်းကိုခါလျက်

“အဲ့တာတော့သဘောမတူနိုင်ဘူးဗျ။ တခြားလုပ်ငန်းစုကိုရောင်းမယ်ဆိုရင်တော့ အဲ့ဒီအကြံကိုလက်ခံနိုင်ပါတယ်။ ကျွန်တော်တို့အသုံးပြုတာကိုပေးရမယ်ဆိုတော့ ဒါကိုလက်မခံနိုင်ပါဘူး”

ရှုယီငြင်းဆန်မည်ဟု တွက်ဆမထား၍ အီစန်ခယ် အံ့ဩသွားလေသည်။

“ဥက္ကဌရှုယီ ဒီနည်းပညာတီထွင်ရာမှာ မင်းတို့ရင်းနှီးမြှုပ်နှံ မှုလုပ်ထားသလိုဘဲ ငါတို့လည်း လုပ်အားရင်နှီးထားရတာဆိုတော့ ငါတို့ကိုအခကြေးငွေပေးစရာမလိုဘူးဆိုတော့ငါတို့ နစ်နာတာပေါ့။ ဒါက တရားမျှတမှုရှိရဲ့လား”

“ဒါကတရားတာမတရားတာနဲ့မဆိုင်ပါဘူး။ ကျွန်တော်တို့ထုတ်လုပ်တဲ့

မှော်စက်တွေကို အကန့်သက်နဲ့မဖြစ်ချင်ရုံပါပဲ။ ရှင်းရှင်းပြောရရင်အဲ့လိုကိုလုံး၀မကြိုက်ဘူးဗျာ” ရှုယီက တဲ့တိုးပြောလိုက်လေသည်။

ဆရာကြီးမျက်မှောင်ကြုတ်သွားကာ၊

“ဥက္ကဌရှုယီ မင်းရဲ့နာမည်ကိုတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီးအပျက်မခံနိုင်ဘူးလို့ထင်တာပဲ။ ငါအရင်ကပြောခဲ့သလိုဘဲ နစ်နာကြေးပေးပြီးတခြားလုပ်ငန်းစုကို ငါကိုယ်တိုင်ရောင်းစားပစ်လိုက်လို့လည်းရတာပဲ။ ဒီလိုဆိုရင်မင်းတို့ဒီနည်းပညာသုံးချင်ရင် ငါ့ဆီကပြန်၀ယ်ရမှာဘဲ”

ရှုယီ ခပ်အုပ်အုပ်ရယ်လိုက်၍ ကုလားထိုင်တွင်မှီထိုင်လိုက်လေသည်။ လက်ကိုဆန့်၍ အေးဆေးသောမျက်နှာထားဖြင့်

“ဆရာကြီးကဒီလိုဆုံးဖြတ်ထားတယ်ဆိုရင်လည်း လုပ်လိုက်ပါတော့ဗျာ”

ဆရာကြီး၏မျက်နှာထားမှာ ချက်ချင်းကို ပြောင်းသွားတော့သည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၁၁၂ ။ သူစိမ်းနှစ်ယောက်

ဆရာကြီးအီစန်ခယ်နှင့်ဆွေးနွှေးခြင်းအဆုံးမသတ်နိုင်တော့။ အကြောင်းကတော့ သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် အလျော့မပေးချင်ကြခြင်းပင်။ အခြေအနေသည် ပြင်းထန်လာသော်လည်း နှစ်ယောက်စလုံးတစ်ယောက်နှင့်တစ်ယောက် ဒေါသထွက်သည့်အဆင့်ကိုတော့ မရောက်ခဲ့ပေ။ ဆုံးဖြတ်ချက်မချနိုင်သည်ကိုသိ၍ ထိုအကြောင်းအရာကို ဘေးဖယ်ထားလိုက်ကြတော့သည်။ ဆရာကြီးသည်လည်း အခြားအရေးကြီးသော အကြောင်းအရာကို စကားစလိုက်လေတော့သည်။ ထိုအရာကား ရှုယီတို့လုပ်ငန်းစုနှင့်ပူးပေါင်း၍ အန်ဗီမာမြို့တော်တွင် အိမ်သုံးမှော်စက်ရုံတစ်ခုတည်ဆောက်ရန်ဖြစ်သည်။ ရှုယီသည်ထိုအကိစ္စကို ဆရာကြီးနှင့်ဆွေးနွေးရာချက်ချင်းပင် သဘောတူညီမှု ရကြလေသည်။သူတို့သဘောတူညီချက်အရ အိမ်သုံးမှော်စက်ရုံတစ်ခု တွင်နှစ်ဘက်စလုံးမှ ရွှေဒင်္ဂါး ၃သိန်း အသီးသီးထည့်ရန်ဖြစ်လေသည်။ ရှုယီဘက်မှ ငွေနှင့်လူအင်အားစိုက်၍ ဆရာကြီးမှမြေနေရာစိုက်ထားခြင်းဖြစ်သည်။

ယခင်နည်းပညာကိစ္စတွင် အဆင်မပြေခဲ့သော်လည်း ယခုကိစ္စတွင်မူချောချောမွေ့မွေ့ပြီးဆုံးလေသည်။

ရှုယီသည် အန်ဗီမာမြို့တော်သို့ထိုးဖောက်ဝင်ရောက်ရန် ဗစ်တာတို့အုပ်စုနှင့် စဉ်ဆက်မပြတ်ပူးပေါင်းခဲ့သော်လည်း စိတ်ပျက်ခြင်းများစွာရခဲ့လေသည်။ သို့သော် သူလက်မလျော့ချင်ပေ။ ယခု ဆရာကြီးအီစန်ခယ်လိုချင်သည်က သူအနေဖြင့် ကွက်တိဖြစ်နေလေသည်။ ဆရာကြီးသည် သူလိုချင်သည်ကငွေကြေးဖြစ်သည်ဟု ပွင့်လင်းစွာပြောလေသည်။ သဘောတူညီချက်အရ အကျိုးအမြတ်ကိုနှစ်ဖက် အညီအမျှ ခွဲယူရန်ဖြစ်လေသည်။ ဆရာကြီး၏တွက်ချက်မှုအရ စက်ရုံဖွင့်လျှင်ဖွင့်ချင်း တစ်နှစ်ကိုငါးသိန်းရနိုင်သည်ဟု တွက်ချက်ထားလေသည်။ တစ်ယောက်တစ်ဝက်ခွဲယူလျှင် နှစ်သိန်းခွဲစီရလေမည်ဖြစ်သည်။ ချမ်းသာသောဆရာကြီးအီစန်ခယ်လိုလူအတွက်ပင် ထိုပမာဏသည် အလွန်များပြားလေသည်။ ထို့ကြောင့် ရှုယီပြန်သွားချိန်တွင် ဆရာကြီးအီစန်ခယ်ရဲ့ အပြုံးသည် အပြုံးမပျက်ဖြစ်ခဲ့လေသည်။ သို့သော် ရှုယီထင်သည်က ဆရာကြီးမျက်လုံးတွင်လိုချင်ဟန်မရှိသော အရိပ်အယောင်များကို မြင်နေရသည်ဟုထင်သည်။ သူသေချာပြောနိုင်သည်ကား ဆရာကြီးသည် နည်းပညာပူးပေါင်းမှုနှင့်ပတ်သတ်၍ ရလဒ်ကိုထိန်းသိမ်းထားချင်ပုံရလေသည်။ အဘယ်ကြောင့်ဆိုသော် ရှုယီတို့လုပ်ငန်းအတွက် အလွန်အရေးကြီးသောကိစ္စဖြစ်သောကြောင့်ပင်ဖြစ်လေသည်။ သူ့အနေနှင့် နည်းပညာကိုထိန်းသိမ်းထားနိုင်လျှင် ရှုယီတို့စီးပွားရေးကို အမှန်တကယ်စွက်ဖက်နိုင်စွမ်းရှိလာနိုင်သည်။ Fretch ကုန်သည်ကြီးများအသင်း ၏အလားအလာသည် အလွန်ကောင်းမွန်နေလေသည်။ ထို့ကြောင့် ပူပေါင်းဆောင်ရွက်မှုရလျှင် လာမည့်အတောအတွင်းတွင် သူ့တွက်အကျိုးအမြတ်များစွာယူဆောင်လာနိင်လေသည်။ ရှုယီမကြိုက်သည်ကား အရေးကြီးသော တစ်ခုခု ပြုလုပ်စရာရှိလျှင် တခြားသူ၏သဘောတူညီမှုကိုစောင့် ရခြင်းဖြစ်လေသည်။ ထိုကိစ္စကိုဆက်ဆွေးနွေးလိုခြင်းမရှိတော့ပေ။ ဆရာကြီး၏ခြိမ်းခြောက်မှုကိုကား သူ နည်းနည်းလေးမျှမကြောက်ပါ။ မှော်စက်ရုံနဲ့ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်နိုင်သည်ကား fretch ကုန်သည်ကြီးများအသင်း တစ်ခုသာရှိလေသည်။ နည်းပညာကို တခြားလုပ်ငန်းစုများကိုရောင်းလျှင်တောင်မှ ထိုလုပ်ငန်းစုများ၏အသုံးပြုမှုမှ ရငွေသည်မမြင့်တက်နိုင်ပေ။ အီစန်ခယ်သည် ဆုံးဖြတ်ချက်ကိုထိုသို့ချမှတ်ထားသော်လည်း ထိုအကြောင်းအရာကို ရှုယီကောင်းကောင်းနားလည်လေသည်။ သူတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုသည် ပထမဆုံးအကြိမ် ဖြစ်၍ တစ်ယောက်အကြောင်းကိုတစ်ယောက်သိရန် လေ့လာရအုံးမည်ဖြစ်သည်။

ရှုယီသည်လည်း ပြတ်ပြတ်သားသားပြောဆိုရန် လိုအပ်ပေသည်။ မဟုတ်ပါက နောင်တွင် ပြသနာများစွာ တက်လာနိုင်သည်ကို ကောင်းကောင်းသိလေသည်။ ရှုယီ အိမ်သို့ပြန်ရောက်သောအခါတွင် စတေးလ်နှင့် ဆရာကြီးကမ်မီလာတို့ ပြန်မရောက်သေးသည်ကိုတွေ့ရလေသည်။ ထို့ကြောင့် အိပ်ရာပေါ်တွင်လှဲ၍ ခဏ နားနေလိုက်သည်။ အန်ဗီမာမြို့တော်သို့ရောက်သည်ကား ရက်အနည်းသာရှိသေးသော်လည်း လူများစွာနှင့်ဆွေးနွှေးတိုင်ပင်ပြီးဖြစ်ရာ စဉ်းစားစရာများစွာလည်းရှိနေလေသည်။ ဒါအတွက် သူ့ခွန်အားများစွာကိုသုံးခဲ့ရလေသည်။ သူအနေနှင့် ထိုသို့သောအရာများကိုကား လုပ်လိုခြင်းမရှိပေ။ ဆွေးနွေးရခြင်းထက် သုသေသနတွင်သာ ပိုမို အာရုံစိုက်ချင်လေသည်။ သူယုံကြည်ရသောလူမရှိ၍သာ သူကိုယ်တိုင် လုပ်ဆောင်နေရခြင်းဖြစ်လေသည်။ ခမ်နက်ဒ်ကိုအနည်းငယ်သင်ပေးလျှင် နောင်တွင်အနည်းငယ် မျက်နှာလွှဲနိုင်သော်လည်း သူသည် အမ်မာမိသားစုမှဖြစ်၍ စိတ်မချပေ။ အိပ်ရာတွင်လှဲ၍ စဉ်းစားနေချိန်တွင် ရုတ်တရက်အိပ်ပျော်သွားလေရာ တံခါးပြင်ဘက်မှ ခြေသံကြားမှ နိုးလာလေတော့သည်။ ခြေသံကိုနားထောင်ကြည့်ရာ တံခါးဆီသို့ လျင်မြန်စွာလာနေသည်ကို သတိထားမိလေသည်။ မကြာပါ ဟားနက်စ်၏ရယ်သံကိုကြားရလေသည်။

“ဟေး ရှုယီ၊ ဘာလို့ နေ့ခင်းကြီးအိပ်နေတာလဲ? ထစမ်းပါအုံး၊ ရောက်တုန်း မင်းကိုကောင်းကောင်းပြုစုချင်လို့ပါ”

ရှုယီသည် နှာခေါင်းရှုံလိုက်၍ စိတ်တက်ကြွနေသောဟားနက်စ်ကိုပြောလိုက်သည်ကား

“ခင်ဗျား ကျုပ်ကိုမနေ့ကလာတွေ့မယ်ထင်တာ ဘာလို့ခုမှလာတွေ့တာလဲ”

“အလုပ်တွေများနေလို့ ခဏနားနေလိုက်တာ ဒီနေ့မှလာတော့ နားချိန်ရှိသွားတာပေါ့။ ငါလာတော့က ခင်များအိပ်နေတယ်ဆိုပြီး အိမ်တော်ထိန်းကပြောတယ်လေ။ တော်တော်ထူးဆန်းတာဘဲ မနက်ကတည်းကအိပ်နေတာတော့ မဟုတ်ပါဘူးနော်” ဟုမေးလေသော် ရှုယီကလက်ကာ၍

“ကျုပ်မှာ ဒီလိုအိပ်နေဖို့ အချိန်ရှိတယ်ထင်နေလို့လား။ ခုနလေးမှရောက်လို့နားနေတာ။ ပြောပါအုံး၊ ကျုပ်ကိုနေ့လယ်စာစားဖို့လာခေါ်တာလား”

ဟားနက်စ် ရယ်လိုက်ကာ “သိပ်သေချာတာပေါ့ဗျာ။ ကျွန်တော်ဖိတ်တာတော့မဟုတ်ဘူး တစ်ယောက်ယောက်က ဖိတ်တာ”

“ခင်ဗျားဖိတ်တာမဟုတ်ဘူး ဟုတ်လား?”

ရှုယီ အံ့ဩစွာပြောလေသည် “ဒီလိုဆို ခင်ဗျားကဘာလို့လာခေါ်တာလဲ။ ခင်ဗျားကိုယ်တိုင်လာရအောင် အဲဒီလူက ဘယ်လောက်များ ဂုဏ်သရေရှိနေလို့လဲ?”

“တွေ့ရင်တော့ သိရမှာပေါ့ဗျာ” ဟားနက်စ်သည် ရှုယီလက်ကိုဆွဲ၍ အပြင်သို့ ထွက်ခွာသွားလေသည်။ ရှုယီကို အန်ဗီမာမြို့တော်တွင် အကောင်းဆုံးဖြစ်သော စားသောက်ဆိုင်၏သီးသန့်ခန်းခေါ်သွားခဲ့သည်။ အခန်းထဲသို့ဝင်လိုက်ပြီးနောက် ဖိတ်ကြားသူကိုမြင်သောအခါ အင်မတန် အံ့ဩသွားလေသည်။ ထိုသူ၏မျက်နှာတွင် နွေးထွေးသော အပြုံးရှိ၍ လူလက်ပိုင်းအရွယ် ဖြစ်လေသည်။ ထိုသူကိုမှတ်မိရန် သူအတော်လေးစဉ်းစားယူလိုက်ရလေသည်။ ထိုနောက်မှ

“လဲ့ဝစ်ပဲ ၊ အိုး သေချာပေါက်ခင်ဗျားပဲကိုး” ဟိန့်ဇ်နှင့်စတင်အလုပ်လုပ်ချိန်က သူ့ဆီမှ မှော်ပန်ကာတစ်ထောင်ကို ၀ယ်ယူသွားသော သူဖြစ်နေလေသည်။ ရှုယီ သူ့ကိုမှတ်မိသွားသည်ကို သိလိုက်ရ၍ သူပြုံးလိုက်ကာ

“ဥက္ကဌရှုက ကျုပ်ကိုမမေ့သေးဘူးပဲ။ ဒီကိုအရင်တခေါက်ရောက်တုန်းက ဘာလို့လာမတွေ့ရတာလဲ? ဥက္ကဌရှုကိုတွေ့ဖို့ ကျုပ်အမြဲစောင့်မျှော်နေခဲ့ရတာ”

ရှုယီသည် ပြုံး၍ ရွှေပေလွှာစာရွက် တစ်ရွက်ကိုထုတ်လိုက်လေသည်။ ထိုစာရွက်သည် အရင်နှစ်က လဲ့ဝစ်ပေးထားသော နာမည်ကဒ်ဖြစ်လေသည်။

“ကြည့်ပါအုံး ဒီကဒ်ကို ကျုပ်နဲ့အတူ တပါတည်းသိမ်းထားတာ။ အရင်နှစ်ခေါက်က တော်တော်ကိုအလုပ်ရှုပ်နေလို့ပါ။ လည်ဖို့ကိုအချိန်မရလိုက်ဘူး” ဟုရှင်းပြလေသည်။

လဲ့ဝစ်သည် ကဒ်ပြားကို ခေါင်ငုံ့ပြပြီးကြည့်လိုက်ကာ

“ဥက္ကဌရှု အလုပ်တော်တော်ရှုပ်နေမှာ ကျုပ်သိပါတယ်။ လာဖို့ရည်ရွယ်ချက်ရှိရင်ပဲ ကျေနပ်ပါပြီ။ လာထိုင်ပါအုံး စကားလေးဘာလေးပြောရအောင်” ရှုယီမထိုင်ခင်မှာပင် တခြားသူနှစ်ယောက်ကို သတိထားမိလေသည်။ “ဒီနှစ်ယောက်က?”

ထိုသူစိမ်းနှစ်ယောက်သည် မတ်တပ်ရပ်လိုက်ပြီး ဒီနှစ်ယောက်ထဲက ပုတုတုလူကစတင်လက်ကမ်းလိုက်ပြီး

“ဥက္ကဌရှု ကျွန်တော်က အန်ကလို၊ စတက်တိန်း ဒက်ချီ ကလာတာပါ’’

“ဟုတ်လား” ရှုယီစဉ်းစားလိုက်ပြီး အံ့ဩသွားကာ

“ပင်လယ်ကမ်းစပ်နားက စတက်တိန်း ဒက်ချီလား”

အန်ကလိုကရယ်၍

“ဥက္ကဌကြီးက ဗဟုသုတရှိသားပဲ။ ဟုတ်ပါတယ် စတက်တိန်း ဒက်ချီပါပဲ။ လူနဲ့ သားရဲလူသားတွေကြားက စတက်တိန်း ဒက်ချီပေါ့ဗျာ”

အန်ကလို၏စကားများသည် သူ့ကိုသူလှောင်ရယ်နေပုံရလေသည် ရှုယီကို ဟားနက်စ်တို့ လဲ့ဝစ်တို့ပင် သနားစိတ်ပေါက်သွားလေသည်။ သူတို့၏မျက်နှာတွင်လည်း အမှန်တကယ် ဝမ်းနည်းနေပုံပေါက်လေသည်။ စတက်တိန်း ဒက်ချီ ဒေသသည် အင်မတန်ထူးဆန်းလေသည်။ ကမ္ဘာပေါ်က တောင်အမေရိကတွင်ရှိသော Chile မြို့နှင့်ဆင်တူပေလေသည်။ သူတို့၏နယ်နိမိတ် တစ်ခုလုံးကို နောက်ဘက်တွင်ပင်လယ် မြောက်ဘက်တွင် ဆန်နက်မြေရိုင်းတို့ဖြင့် ပိတ်ဆို့ကာရံထားခြင်းခံရလေသည်။ တိုင်းပြည်ပုံစံသည်ကွေးကောက်နေသော လခြမ်းပမာ ပုံစံဖြစ်လေသည်။ လမ်ပူရီတိုင်းပြည်ကိုပွေ့ဖက်ထားသည်နှင့်တူပေသည်။

နယ်နိမိတ်သည် မသေးလှသော်လည်း ကံဆိုးလှသည်ကား အနောက်ဘက်တွင်ပင်လယ်ဖြင့်ပိတ်ဆို့ထား၍ အရှေ့ဘက်တွင် အင်အားကြီးသောတိုင်းပြည် လမ်ပူရီရှိပြီး အနောက်ဘက်တွင် ဆန်နက်မြေရိုင်းမှ တိုင်းပြည် ကိုဝန်းရံထားသည်ဖြစ်၍ သူတို့တိုင်းပြည်ပြင်ဘက်သို့ထွက်၍ မရသောကြောင့် တိုးတက်မှုအလားအလာလည်းမရှိပေ။ ပိုဆိုးသည်ကားပင်လယ်၏ရိုက်ချက်များဖြစ်သော ဆူနာမီ မုန်တိုင်းတို့သည် အချိန်မရွေးဝင်ရောင်လာနိုင်သောဒေသဖြစ်လေသည်။ နည်းပညာမြင့်မားသော ကမ္ဘာမြေပေါ်တွင်တောင် ဟာရီကိန်းလို ဆူနာမီတို့လို ဘေးအန္တာရာယ် ကြီးများကိုခုခံရန် နည်းလမ်းမရှိသေး။ ထို့ကြောင့် နည်းပညာနိမ့်ပါးသော သူတို့လိုတိုင်းပြည်အတွက်ကား ပြောစရာပင်မလိုတော့ပေ။ ထို့ကြောင့်ပင်သူတို့တိုင်းပြည်သည် မုန်တိုင်း အမျိုးမျိုး၏ဒဏ်ကို ခံစားနေရလေ့ရှိသည်။ ထို့ကြောင့် ဤကဲ့သို့ဘေးအန္တာရာယ်ကြားတွင် တိုင်းပြည်တိုးတက်ဖို့ရန်အင်မတန် ခဲယဉ်းလေသည်။ လမ်ပူရီတိုင်းပြည်မှ တိုင်းသူပြည်သားများ၏ လူနေမှုအဆင့်အတန်းနိမ့်ကျသည်ဟု ထင်ခဲ့ရာ စတက်တိန်းဒက်ချီတိုင်းပြည်မှ သူများနှင့် ယှဉ်လျှင်ကား အင်မတန်ကောင်းမွန်သေးသည်။ စတက်တိန်း ဒက်ချီကား နှစ်စဉ်ရောက်လာကျဖြစ်သော မုန်တိုင်းတို့ကို နှစ်စဉ် တောင့်ခံနိုင်ခြင်းသည်ပင် ခက်ခဲသော အလုပ်ဖြစ်နေလေသည်။ သူဖတ်ခဲ့ဖူးသော ကောင့်ထ်စီယန်၏စာအုပ်ထဲမှ စတက်တိန်း ဒက်ချီအကြောင်းကိုစဉ်းစားလျက် သနားကြင်နာစိတ်အပြည့် ဝင်သွားလေသည်။ သို့သော်ထုတ်ဖော်ဖွင့်ပြောရန် မသင့်တော်၍ သူ၏မျက်လုံးများကို တခြားလူတစ်ယောက်ဆီသို့ ကူးပြောင်းလိုက်လေသည်။

ထိုသူသည် သူ့ကိုပြုံး၍ လက်ကမ်းလိုက်ပြီး “ကျွန်တော့်ကို နျူမန်

လို့ဘဲခေါ်ပါ။ ကျွန်တော်လည်း ဒီတိုင်းပြည်က မဟုတ်ပါဘူး တောင်ဘက်မှာရှိတဲ့တိုင်းပြည် ရူဒ်ဆန်က လာတာပါ” ဟုပြောသောအခါ ရှုယီ ပို၍ပင်အံ့ဩသွားလေသည်။

လဲ့ဝစ်အနေဖြင့် သူ့ကိုထမင်းစားဖို့ ဖိတ်ကြားသည်ကိုကားလက်ခံနိုင်သေးသည်။ သို့သော်သူမသိသော လူစိမ်းနှစ်ယောက်ကိုဖိတ်ကြားထားသည်ကား ဘာအကြောင်းကြောင့်များဖြစ်မလဲ။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၁၃။ ပစ္စည်းများ ဝယ်ခြင်း ရောင်းခြင်း

စိုင်စ်နယ်မြေကြီးရှိ အစားအသောက်များမှာ ကမ္ဘာမြေက အစားအသောက်များနှင့် ခြားနားသည်၊ ၎င်းတို့ စားသုံးမပြီးခင်တွင် လုံးဝ စီးပွားရေးအကြောင်း ဆွေးနွေးမည်မဟုတ်ပေ။

ထို့ကြောင့် ဒါကြောင့် သူတို့ စိတ်နှလုံး ကျေနပ်စွာ စားသောက်ပြီး အချိုပွဲတွေကို သယ်လာကာ လူတိုင်း လဘက်ရည်နည်းနည်းသောက်ပြီးနောက် လဲ့ဝစ်က စီးပွားရေးအကြောင်းပြောလာသည်။

"ဥက္ကဌရှု၊ ဒီနေ့ ခင်ဗျားကို စားသောက်ဖို့ ဟားနက်စ်နဲ့ ဖိတ်ခိုင်းလိုက်တာက ပထမဆုံး Frestech ကုန်သည်ကြီးများအသင်း တစ်နှစ်အတွင်း မြန်မြန်တိုးတက်ပြီးနောက်မှာ ဥက္ကဌရှု အရင်နှစ်ကနဲ့စာရင် ပြောင်းလဲသွားလားဆိုတာကို ကြည့်ချင်လို့ပါ။ ဒုတိယအနေနဲ့ကတော့ ဒီမှာရှိတဲ့ ကျုပ်မိတ်ဆွေတွေဆီမှာ ဥက္ကဌရှုရဲ့ အကူအညီလိုအပ်နေတဲ့ အရာတွေရှိနေလို့။"

ရူဒ်ဆန်တိုင်းပြည်မှ နျူမန်က ချက်ချင်းခေါင်းငြိမ့်ကာ အပြုံးဖြင့် ပြောသည်၊ "ဟုတ်ပါတယ်၊ ကျုပ်က ဥက္ကဌရှုနဲ့ အတူ ဆုံရအောင်လို့ လဲ့ဝစ်ကို ပြင်ဆင်ပေးဖို့ တကူးတကတောင်းဆိုခဲ့တာပါ။ မဟုတ်ရင်၊ ကျုပ် ခင်ဗျားကို ဘယ်လိုရှာရမှန်းမသိဘူး။"

"ကျုပ်လည်း အတူတူပါပဲ။ ကျုပ် ဒီတစ်ခေါက် နယ်မြေကနေ ဒီကိုလာတာက ဥက္ကဌရှုနဲ့ တွေ့ဖို့ သက်သက်ပါပဲ။" စတက်တိန်းနယ်‌မြေမှ အန်ကလိုကလည်း ခေါင်းငြိမ့်ကာ ပြောသည်။

ရှုယီက ဟားနက်စ်ကို တအံ့တဩကြည့်လိုက်သော်လည်း သူက ပခုံးသာတွန့်ပြလာလေရာ ရှင်းလင်းစွာပင် ၎င်းဆိုလိုရင်းနောက်ကွယ်က အကြောင်းပြချက်အမှန်ကို သူလည်း မသိလောက်ချေ။ ထို့ကြောင့် ရှုယီလည်း ပြန်လှည့်၍ ထိုနှစ်ဦးကိုကြည့်ကာ အသာပြုံးလျက် ပြောလေသည်၊ "ခင်ဗျားတို့ နှစ်ယောက် ယဉ်ကျေးလွန်းနေပါပြီဗျာ။ ကျုပ်က ဘာများ ကူညီနိုင်မလဲဗျ?"

ထိုနှစ်ဦးက တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် နျူမန်က အရင်ပြောလာသည်၊ "ဒါက ဒီလိုပါ၊ ဥက္ကဌရှု။ ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေကို အရင်နှစ်က အရောင်း စ'မြှင့်တင်ပေးခဲ့ပြီး ဒီနှစ်မှာ ရိတ်သိမ်းမှုအတော်များများရခဲ့တယ်လို့ကြားတယ်၊ ကောက်ပဲသီးနှံအထွက်နှုန်းက အရင်ကထက် အတော်များတယ်ဆိုပဲ။ ဒီလို ကိစ္စမျိုး ဖြစ်ခဲ့လား?"

"အာ..... ကျုပ်လည်း အရေအတွက် အတိအကျမသိတော့ အရင်ကထက် အတော်များလားဆိုတာ ပြောဖို့ခက်တယ်၊ ဒါပေမယ့် ဒီလိုဖြစ်လောက်မယ်လို့ ခန့်မှန်းထားပါတယ်။" ရှုယီက မရေမရာဖြင့် ဖြေလိုက်သည်။

မှန်ပါ၏ သူလိမ်ညာနေခြင်းသာ။

တကယ်တမ်းတွင် ဘန်တာမြို့၌ ဆောင်းဦးကောက်ရိတ်သိမ်းပွဲပြီးနောက်တွင် သူဟာ ကောင့်ထ်စီယန်ထံမှ သတင်းကောင်းရပြီးသားဖြစ်သည်။ စိုက်ပျိုးရေးဌာန၏ စာရင်းများအရ လမ်ပူရီတိုင်းပြည်ရှိ ယခုနှစ် ဆောင်းဦးကောက်ရိတ်သိမ်းပွဲမှ ကောက်ပဲသီးနှံ စုစုအထွက်နှုန်းမှာ တကယ်တမ်းတွင် ယခင်ကဖက် သုံးဆ ပိုများလေသည်!

ရှုယီက ယခုတစ်ခေါက် အန်ဗီမာမြို့တော် ခရီး၌ လုပ်ဆောင်ဖို့ရာ အရေးကြီးကိစ္စရှိပြီး ၎င်းက အနှီ ကောက်ပဲသီးနှံကြွယ်ဝမှုအတွက် ဘုရင်ကြီးကျင်းပသည့် အထူးအောင်ပွဲခံပွဲတော်ကို တက်ရောက်ရန်ဖြစ်သည်။

ဆယ်ဗီနီထံမှ သတင်းအရ ရှုယီအား ကောက်ပဲသီးနှံပမာဏတိုးလာခြင်းအတွက် အကြီးဆုံးထောက်ပံ့သူအဖြစ် သတ်မှတ်ထားသည်ဖြစ်ရာ ပွဲတော်၌ အထူးဆုတစ်ခု ရမည်ဖြစ်လေသည်။

မှန်ပါ၏၊ ဤကိစ္စအား တိုင်းတပါးသားများထံ ဖွင့်ချပြဖို့ မလိုပေ။

၎င်းတို့၏ ရည်ရွယ်ချက်အမှန်ကို နားလည်မှုမရှိဘဲ သူ့အနေနှင့် တတ်နိုင်သမျှ မရေမရာသာဖြေဖို့ ရွေးချယ်မည်သာ။

နျူမန်က ရှုယီ၏အဖြေကို တကယ်ဂရုမစိုက်ဘဲ ၎င်းကို နားလည်မှုအချို့ရှိထားပြီးသား ဖြစ်သည်မှာ သေချာသည်။

"ဥက္ကဌရှု၊ ကျုပ်အထင် ဘယ်သူကမှ စိုက်ပျိုးရေးသုံးမှော်စက်တွေရဲ့ စွမ်းအားကြီး လုပ်ဆောင်မှုတွေကို မပယ်ရှားနိုင်ဘူးဆိုတော့ ခင်ဗျားကို မေးချင်တယ်၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက အဲဒီ စိုက်ပျိုးရေးသုံးမှော်စက်တွေကို တခြားနိုင်ငံတွေဆီပါ ရောင်းဖို့ စီစဉ်ထားသေးလား?" နျူမန်က မေးသည်။

ရှုယီက အံ့အားသင့်သွားသည်၊ "မစ္စတာ နျူမန်, ခင်ဗျားရဲ့ဆိုလိုရင်းက..... စိုက်ပျိုးရေးသုံးမှော်စက်တွေ ဝယ်ချင်တာများလား?"

နျူမန်က ခေါင်းငြိမ့်ကာ ပြောသည်၊ "အမှန်ပါပဲ။ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်မှာ ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်နဲ့စာရင် ကျက်တီးမြေတွေပိုများတယ်၊ ဒီတော့ ကျုပ်တို့သာ ခင်ဗျားတို့ လုပ်ငန်းစုဆီကနေ စိုက်ပျိုးရေးသုံးမှော်စက်တွေ လုံလုံလောက်လောက်ဝယ်နိုင်မယ်ဆိုရင် ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းလည်း သေချာပေါက် တိုးလာလိမ့်မယ်လို့ ခံစားရတယ်။"

"ကုန်သည်တစ်‌ယောက်ရဲ့ ရှုထောင့်ကနေဆို ကျုပ်တို့လုပ်ငန်းစုရဲ့ ထုတ်ကုန်တွေမှာ ပိုကောင်းတဲ့ရောင်းအားရှိဖို့ မျှော်လင့်ပေမယ့်လည်း မစ္စတာ နျူမန်, လေးလေးစားစားပြောရမယ်ဆိုရင် စိုက်ပျိုးရေးသုံးမှော်စက်တွေက ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်ကြီး ဂရုစိုက်တဲ့ အရာဖြစ်တာကြောင့် ခင်ဗျားတို့ဆီကို စိတ်ကူးပေါက်တိုင်း ရောင်းပေးလို့မရပါဘူး။" ရှုယီက အတန်ငယ် ကူရာမဲ့နေသံဖြင့် ပြောသည်။

နျူမန်က ရယ်သည်၊ "ဥက္ကဌရှုက ဒီအကြောင်းကို စိုးရိမ်နေဖို့ မလိုလောက်ဘူးထင်တာပဲ။ မစ္စတာ လဲ့ဝစ်က ခင်ဗျားနဲ့ ကျုပ်ကို တွေ့ခွင့်ပေးချင်နေကတည်းက အရှင်မင်းကြီးကလည်း သဘောတူထားတဲ့ အဓိပ္ပာယ်ပဲလေ။"

"ဒီလိုလား?" ရှုယီက လဲ့ဝစ်ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။

ဒီ လဲ့ဝစ်က ဒီလောက် အာဏာရှိတယ်လား?

လဲ့ဝစ်က ရှုယီကို အသာခေါင်းငြိမ့်ပြကာ၊ "ဥက္ကဌရှု၊ ခင်ဗျား ဒါကို စိုးရိမ်ဖို့ မလိုပါဘူး။"

ရှုယီက စိတ်မပူမှသာ ထူးဆန်းနေလိမ့်မည်။ အနှီ စိုက်ပျိုးရေးသုံးမှော်စက်အား လမ်ပူရီတိုင်းပြည်၏ မဟာဗျူဟာထုတ်ကုန်ဟု သတ်မှတ်နိုင်ပြီး ပုံမှန်အခြေအနေတွင် အရှင်မင်းကြီး၏ ခွင့်ပြုချက်မရဘဲ တင်ပို့၍ မရနိုင်ပေ။

သို့ရာတွင် လဲ့ဝစ်က ဤအခြေအနေကို ရှင်းပြဖို့ ဆန္ဒမရှိသဖြင့် ရှုယီမှာ နံဘေး၌ တစ်ချိန်လုံး ဘာမှမလုပ်ဘဲ ထိုင်နေသည့် ဟားနက်စ်ကိုသာ ကြည့်လိုက်နိုင်သည်။

ဟားနက်စ်က ချက်ချင်း ရှုယီကို ခေါင်းတစ်ချက်ငြိမ့်ပြကာ၊ "စိတ်အေးအေးထား၊ ဦးလေး လဲ့ဝစ်က ဒီလိုပြောမှတော့ မင်း စိတ်ပူဖို့မလိုပါဘူး။"

"ဒီလူက မယုံရဘူး....." ရှုယီက စိတ်ထဲရေရွတ်လိုက်သည်။ သူက နျူမန်ကိုပြန်ကြည့်ကာ စဉ်းစားပြီးနောက် ပြောလိုက်၏၊ "မစ္စတာနျူမန်, အရှင်မင်းကြီး သဘောတူနေသရွေ့၊ ကျုပ်လည်း ခင်ဗျားနဲ့ ဒီအပေးအယူလုပ်ဖို့ကို ဝမ်းသာမိပါတယ်။ ဒါပေမယ့် ဒီမတိုင်ခင် ကျုပ် မေးချင်တာက၊ ခင်ဗျားတို့အနေနဲ့ စိုက်ပျိုးရေးသုံးမှော်စက် ဘယ်လောက်များ ဝယ်ဖို့ စီစဉ်ထားသလဲ?"

နျူမန်က လက်တစ်ချောင်းထောင်ပြကာ၊ "စိုက်ပျိုးရေးသုံးမှော်စက် အမျိုးအစားတစ်ခုကို အလုံးတစ်သောင်း ဝယ်ဖို့ စီစဉ်ထားတယ်။ သက်ရောက်မှုကောင်းရင်တော့ ရှေ့လျှောက် ပိုမှာတာလည်း ဖြစ်နိုင်တယ်။"

"အမျိုးအစားတစ်ခုစီကို အလုံးတစ်သောင်း?" ရှုယီက ထိတ်လန့်အံ့ဩသွားသည်။

လက်ရှိ Frestech ကုန်သည်ကြီးများအသင်းမှာ စိုက်ပျိုးရေးသုံးမှော်စက် အမျိုးအစားခြောက်မျိုးကို ထုတ်လုပ်နေလေသည်။ နျူမန်ကသာ တစ်မျိုးစီကို တစ်သောင်းစီ ဝယ်ယူလိုပါက ဈေးနှုန်းအရဆိုလျှင် အနှီ မှာယူမှုမှာ ရွှေဒင်္ဂါး လေးသန်းကျော်သွားလိမ့်မည်!

စိုက်ပျိုးရေးသုံးမှော်စက်များ၏ ကြောက်မက်ဖွယ် အမြတ်အစွမ်းနှင့်ဆိုလျှင် ဤမှာယူမှုလေးနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ ထိတ်လန့်ဖွယ် အမြတ်အစွန်း ရွှေဒင်္ဂါးသုံးသန်းနီးနီး ရလိမ့်မည်!

"ဘာလဲ? ဥက္ကဌရှုက ဒါနဲ့ ပတ်သက်ပြီး ပြဿနာရှိနေလို့လား?" ရှုယီ၏ အမူအရာပြောင်းလဲသွားသည်ကိုမြင်သော် နျူမန်က မေးလာ၏။

ရှုယီလည်း စားပွဲထက်ရှိ လဘက်ရည်ခွက်ထံမှ တစ်ငုံသောက်ကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လျက် ပြောလာသည်၊ "မစ္စတာနျူမန်, ကျုပ် ခင်ဗျားရဲ့ အထောက်အထားကို တကယ်သိချင်မိတယ်။"

နျူမန်နှင့် လဲ့ဝစ်တို့က တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် သူက အပြုံးဖြင့်ဆိုလာသည်၊ "ကြည့်ရတာ ဥက္ကဌရှုက ကျုပ် ဒီမှာယူမှုကို တတ်နိုင်ပါ့မလားလို့ သံသယဖြစ်နေပုံပဲ?"

ရှုယီက ခေါင်းခါကာ၊ "မဟုတ်ပါဘူး၊ ခင်ဗျားကို မစ္စတာ လဲ့ဝစ်က ဖိတ်ထားမှတော့ ပေးချေနိုင်မလားဆိုတာကို သံသယမဖြစ်ပါဘူး။ အရမ်းထူးဆန်းတယ်လို့ ခံစားရရုံပါ၊ မစ္စတာနျူမန်သာ သာမန်ကုန်သည်ဆိုရင် ဘာကြောင့် ဒီစိုက်ပျိုးရေးသုံးမှော်စက်တွေကို ဝယ်ချင်ရတာလဲ? ခင်ဗျား ဒါတွေကို ရောင်းဖို့ ရူဒ်ဆန်တိုင်းပြည်ဆီ ယူသွားရင်တောင် ပို့ဆောင်စရိတ်နဲ့ အမြတ်အစွန်းလည်း များများစားစား ရမှာ မဟုတ်ဘူးလေ။"

နျူမန်က ရုတ်တရတ် ထရယ်လေသည်၊ "ဥက္ကဌရှု၊ ကျုပ်က ဒါကို ငွေဝင်ဖို့အတွက် လုပ်တာမဟုတ်ဘူးဆို ခင်ဗျားယုံမှာလား?"

ရှုယီက သူ့ကိုကြည့်လိုက်သည်၊ မယုံကြည်သည်မှာ သေချာပါ၏။

"ကောင်းပြီလေ၊ ကြည့်ရတာ ကျုပ်သာ မရှင်းပြရင် ဥက္ကဌရှုရဲ့ယုံကြည်မှုကိုရဖို့ ခက်မယ့်ပုံပဲ။ အင်း..... ကျုပ်ရဲ့နောက်ခံက တခြား‌လူတွေအတွက်ဆို ရူဒ်ဆန်တိုင်းပြည် ရူဒ်ဆန်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ဖြစ်ပေမယ့် လက်တွေ့မှာ ကျုပ်က တော်ဝင်မိသားစုအတွက် စီးပွားရေးလုပ်ပေးတဲ့ အထူးမန်နေဂျာပါ၊ ဒါက မစ္စတာလဲ့ဝစ် လုပ်နေတာနဲ့ ဆင်တူတယ်။ အခု ဥက္ကဌရှု ကျုပ်ရဲ့ အဓိပ္ပာယ်ကို နားလည်သွားပြီလား?"

ရှုယီက ချက်ချင်း နျူမန်ပြောသည့် သူ၏ဂုဏ်ပုဒ်က လဲ့ဝစ်နှင့် တူညီသည်ဟူသော အပြောကို မှတ်ထားလိုက်သည်။ ဤသည်က လဲ့ဝစ်မှာ တကယ်တမ်းတွင် လမ်ပူရီတိုင်းပြည်၏ တော်ဝင်မိသားစုအတွက် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် အဓိပ္ပာယ်မဟုတ်ပါလား?

လဲ့ဝစ်နှင့် ဟားနက်စ်တို့က အရှင်မင်းကြီးအနေနှင့် စိုက်ပျိုးရေးသုံးမှော်စက်များကို ရောင်းရန် သဘောမတူမည်အား စိတ်မပူဖို့ ရှုယီထံ ပြောခဲ့သည်မှာ မဆန်းချေ။ ယနေ့ ဤတွေ့‌ဆုံမှုက ဘုရင်ကြီး၏ ညွှန်ကြားချက်အောက်တွင် လဲ့ဝစ်က ပြင်ဆင်ပေးထားခြင်းဖြစ်နိုင်သည်။

ရှုယီက မနေနိုင်ဘဲ ခေါင်းခါ၏။ ထိုသို့ဆိုလျှင် စိတ်ကိုပြင်ဆင်ထားရန် အဘယ့်ကြောင့် အချိန်မီမပြောခဲ့ကြသနည်း?

"ဥက္ကဌရှု၊ တကယ်တော့ မလိုအပ်ဘဲ ကျုပ်ရဲ့ အထောက်အထားကို ဖွင့်မချပြချင်တာကြောင့်ပါ၊ ဒီတော့ စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်။" လဲ့ဝစ်က ရှုယီကို အသာဦးညွှတ်အရိုအသေပြုပြီး တောင်းပန်သည့် လေသံဖြင့်ဆိုလာသည်။

ရှုယီက လျင်မြန်စွာ လက်ယမ်းကာ၊ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မစ္စတာလဲ့ဝစ် တောင်းပန်ဖို့ မလိုပါဘူး။ ဒါပေမယ့် ခင်ဗျားနဲ့ မစ္စတာနျူမန်တို့ရဲ့ အထောက်အထားတွေကို ကျုပ် သိလိုက်ပြီဆိုမှတော့ အများကြီး ပိုလွယ်သွားတာပေါ့။ ကောင်းပြီလေ၊ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ဒီမှာယူမှုကို လက်ခံပါတယ်။"

နျူမန်က ချက်ချင်း သူနှင့် ရှုယီအတွက် ဝိုင်တစ်ခွက် အပြည့်လောင်းထည့်ကာ နှစ်ဦးသား ခွက်မြှောက်၍ ညင်သာစွာ တိုက်လိုက်ကြသည်။

"ဥက္ကဌရှု၊ ကျုပ်တို့မှာ ဝမ်းသာစရာ ပူးပေါင်းမှုရှိလာဖို့ မျှော်လင့်ပါတယ်။"

"ဝမ်းသာစရာ ပူးပေါင်းမှုအတွက်။"

နျူမန်နှင့် ရှုယီတို့ ကနဦး သဘောတူညီချက်ရပြီးနောက် သဘာဝကျစွာပင် အန်ကလို၏ အလှည့်ရောက်လာသည်။

ရှုယီက သူ၏ နှုတ်ခမ်းထောင့်မှ ဝိုင်ကိုသုတ်ပြီးနောက် အန်ကလိုကို ကြည့်ကာ မေးလေသည်၊ "မစ္စတာ အန်ကလို, ခင်ဗျားလည်း မစ္စတာနျူမန်လိုမျိုး ကျုပ်တို့ လုပ်ငန်းစုဆီကနေ စိုက်ပျိုးရေးသုံးမှော်စက်တွေ ဝယ်ဖို့ စိတ်ဝင်စားလို့လား?"

အန်ကလိုက ခေါင်းခါသည်၊ "မဟုတ်ပါဘူး၊ ကျုပ်က သူနဲ့မတူဘူး။ သူက ပစ္စည်းတွေဝယ်ဖို့လာတာ၊ ကျုပ်က ရောင်းဖို့ လာတာပါ။"

"ရောင်းဖို့?" ရှုယီက အံ့ဩသွားသည်၊ "ဘာများ ရောင်းချင်တာလဲဗျ?"

"ဥက္ကဌရှု၊ ခင်ဗျားအနေနှင့် စတက်တိန်းနယ်မြေက ခင်ဗျားကို ဘာရောင်းချင်လဲလို့ ပြောသင့်တယ်။"

အန်ကလို၏စကားလုံးများထဲမှ ဆိုလိုရင်းကိုကြားသော် ရှုယီမှာ နှလုံးခုန်သံတစ်ချက် လွဲချော်သွားသည်။ သူက အလျင်အမြန် မေးလေ၏၊ "ဒါဆို မစ္စတာအန်ကလိုကို မေးချင်တယ်၊ စတက်တိန်းနယ်မြေက ကျုပ်ကို ဘာများရောင်းချင်တာလဲဗျ?"

အန်ကလိုက အသာပြုံးသည်၊ "ဥက္ကဌရှုက အမြဲတမ်း မိုင်းတွင်းတွေဝယ်ဖို့ စိတ်ဝင်စားတယ်လို့ ကြားထားတော့ လတ်တလော ခင်ဗျားကို သံသတ္တုတွင်း နှစ်တွင်းနဲ့ ကြေးနီတွင်းတစ်တွင်းရောင်းမယ်ဆိုရင် ဘယ်လိုသဘောရလဲ?"

"သံသတ္တုတွင်း နှစ်တွင်း? ကြေးနီတွင်း တစ်တွင်း?" ရှုယီက အန်ကလိုကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်၊ "မစ္စတာအန်ကလို, ခင်ဗျား နောက်နေတာတော့ မဟုတ်ဘူးမလား?"

"မနောက်ပါဘူး။" အန်ကလိုက ခေါင်းခါကာ၊ "ဥက္ကဌရှု၊ ကျုပ်က ဒီတွေ့ဆုံပွဲအတွက် မစ္စတာလဲ့ဝစ်ဆီမှာ တကူးတက တောင်းဆိုထား‌တာ၊ ခင်ဗျားကို စနောက်ဖို့ မဟုတ်ပါဘူး။ ဘယ်လိုလဲ? ကျုပ်က လက်ရှိမှာ နယ်စား စတက်တိန်းကိုယ်စား Frestech ကုန်သည်ကြီးများအသင်းကို နယ်စားကိုယ်တိုင်ရွေးထားတဲ့ သံသတ္တုတွင်းနှစ်တွင်းနဲ့ ကြေးနီတွင်းတစ်တွင်းကို တူးဖော်ဖို့ တောင်းဆိုမယ်ဆို ဘယ်လိုသဘောရလဲ?"

ရှုယီက တံတွေး ခက်ခက်ခဲခဲမြိုချကာ၊ "မစ္စတာအန်ကလို, တကယ်ပဲ ဒါက နယ်စား စတက်တိန်းရဲ့ အတွေးလား? သံသတ္တုတွင်းနှစ်တွင်းကိုတော့ နားလည်ပါတယ်၊ ဒါပေမယ့် ဘာလို့ နယ်စား စတက်တိန်းက ကျုပ်ကို ကြေးနီတွင်းပါ ရောင်းဖို့ ရွေးချယ်ထားတာလဲ?"

"ရှင်းပါတယ်၊ အဲ့မှာ ချန်ထားလည်း အသုံးမဝင်တော့ နယ်စားက ကျုပ်တို့လိုအပ်နေတာ တစ်ခုခုနဲ့ အလဲအလှယ်လုပ်ပြီး သုံးရမယ်လို့ ဆုံးဖြတ်လိုက်တာပဲ။" အန်ကလိုက ပြန်ဖြေ၏။

ရှုယီက ချက်ချင်းပင် အန်ကလို စကားလုံးများထဲရှိ ဖုံးကွယ်ထားမှုတချို့ကို ကြားလိုက်ရသည်။

"ဒီတော့ အဓိပ္ပာယ်က..... နယ်စား စတက်တိန်းအနေနဲ့ ကျုပ်ကို ရွှေဒင်္ဂါးတွေနဲ့ မပေးချေစေချင်ဘူးပေါ့? ဒါပေမယ့် နယ်စားက ဘာများလိုအပ်တာလဲ?"

"ဥက္ကဌရှု၊ ကျုပ်တို့ ဒါကို ဒီနေရာမှာ မဆွေးနွေးဘဲ နေလို့ရမလား?" အန်ကလိုက နံဘေးရှိ လဲ့ဝစ်, နျူမန်နှင့် ဟားနက်စ်တို့ကိုကြည့်ပြီးနောက် လေးနက်နေဟန်ဖြင့် ရှုယီကို မေးလေသည်၊ "ဥက္ကဌရှုကို ကျုပ်မေးချင်တာက၊ နယ်စားက ရောင်းချင်တာကို၊ ခင်ဗျားရော ဝယ်ချင်လားလို့ပါ?"

ရှုယီက မတ်မတ်ထိုင်ကာ မျက်နှာက လေးနက်လာပြီး တဖြည်းဖြည်း ခေါင်းငြိမ့်လိုက်၏။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၁၄။ အဆင့်မြင့်မှော်ပညာကို သိလား?

စတေးလ်မှာ ဆာရန့်ခ်ကုန်သည်ကြီးများအသင်း၏ ပွဲပြီး၍ အဆောက်အဦဆီ ပြန်လာပြီးနောက် ရှုယီက စားပွဲထက် ခေါင်းစိုက်ကာ မြေပုံတစ်ခုကို အလေးအနက်ကြည့်ရှုနေကြောင်း တွေ့လိုက်ရသည်။

"ဘာတွေ လုပ်နေတာလဲ?" စတေးလ်က သိလိုစွာ မေးလေ၏။

"အာ? ပြန်လာပြီလား?" ရှုယီက ခေါင်းမော့ကာ ပြန်ဖြေပြီးနောက် မြေပုံကို ညွှန်ပြ၍ ပြောလာသည်၊ "ကိုယ် အခု စတက်တိန်းနယ်မြေရဲ့ မြေပြင်အနေအထားကို လေ့လာနေတာလေ။"

"စတက်တိန်း နယ်မြေ?" စတေးလ်က စဉ်းစားရန် ခေါင်းစောင်းလိုက်သည်။ ကျောင်းတုန်းက စိတ်ကြိုက်ဘာသာရပ်တစ်ခုအဖြစ် ပထဝီမြေဆိုင်ရာ မူဝါဒကို လေ့လာချိန်တွင် လမ်ပူရီတိုင်းပြည်အနီးရှိ နယ်မြေအကြောင်း အနည်းငယ် လေ့လာခဲ့သည်ကို သတိရသွား၏၊ "အိုး၊ အဲဒီနယ်မြေက အဲဒီ့လမ်းကြောင်းထဲကပဲ။ ဘာလို့ ရုတ်တရတ်ကြီး သူတို့ရဲ့ မြေပြင်အနေအထားကို လေ့လာနေရတာလဲ?"

"ဘာလို့လဲဆိုတော့ သိပ်မကြာခင် ကိုယ် အဲ့နေရာကို ခရီးသွားရမှာမို့လို့ အရင်ဆုံး ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ လေ့လာနေတာလေ။" ရှုယီက ဖြေသည်။

"ရှင်က စတက်တိန်းနယ်မြေဆီသွားမလို့လား?" စတေးလ်က ပိုလို့ပင် အံ့ဩသွားကာ၊ "ဘာလို့လဲ?"

ရှုယီက တွေ့‌ဆုံပွဲ၌ ဖြစ်ပုံကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။ စတေးလ်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ၎င်းကိုကြားသော် သူမ ပြောလာသည့်အရာက ရှုယီကို အံ့ဩသွားစေသည်။

"အင်း၊ စတက်တိန်းနယ်မြေရဲ့ လူတွေက တကယ်သနားစရာပဲ။ ပထဝီမြေဆိုင်ရာမူဝါဒမှာ ဆရာမပြောတာကိုကြားခဲ့တယ်၊ စတက်တိန်းနယ်မြေက လူတွေရဲ့ ပျမ်းမျှသက်တမ်းက အနှစ်လေးဆယ်ပဲရှိလို့ ကျွန်မတို့ လမ်ပူရီတိုင်းပြည်ထက် ပိုဆိုးတယ်တဲ့လေ။ အခုသူတို့က ကြေးနီတွင်း‌တွေတောင် ရောင်းလာတော့ ကြည့်ရတာ နယ်စား စတက်တိန်း တကယ်ပဲ မတောင့်ခံနိုင်တော့ပုံပဲ။"

ရှုယီ၏ အမူအရာက အနည်းငယ် ထူးဆန်းလာသည်၊ "ကိုယ်ပြောမယ် စတေးလ်၊ ဘာလို့ ကိုယ်က သူတို့ကို အသားယူဖို့သွားမယ့် အရှက်မဲ့လူလို ပြောသံပေါက်နေတာပါလိမ့်?"

စတေးလ်က နှုတ်ခမ်းများ စေ့ကာ ပြုံးသည်၊ "တခြားကုန်သည်ဆိုရင်တော့ တစ်ယောက်ယောက်ဆီက အကျိုးအမြတ်ယူမှာပဲ။ ဒါပေမယ့် ရှင်ဆိုတဲ့ လူကောင်းလေး ရှုယီက ဒီလိုလုပ်မှာမဟုတ်ဘူး၊ ကျွန်မပြောတာ ဟုတ်တယ်မလား?"

"ကိုယ့်ကို လူကောင်းလေးလို့ မပြောပါနဲ့....." ရှုယီက မနေနိုင်ဘဲ ရေရွတ်ကာ နှာခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် အလေးအနက်ပြောလာ၏၊ "ကိုယ် အခြားလူတွေဆီက အကျိုးအမြတ်မယူတာတော့ မှန်ပါတယ်။ တကယ်တော့ အန်ကလိုအပြောအရ စတက်တိန်းနယ်မြေက အမြဲ အန္တရာယ်ရှိလို့ ကိုယ်သွားတဲ့အချိန်တိုင်း သူတို့ဆီက အကျိုးအမြတ်ယူရလိမ့်မယ်။ ဒါပေမယ့် ဒီတစ်ခေါက် သူတို့ လာရှာတာဆိုတော့ ကိုယ့်ကို အရှက်မဲ့တယ်လို့ သတ်မှတ်လို့မရဘူးပေါ့။ ဒါကို..... အားလုံး လိုအပ်တာ ရတယ်လို့ပဲ သတ်မှတ်လို့ရမယ်။"

"ဒါ‌ဆို စတက်တိန်းနယ်မြေက ရှင့်ဆီကနေ ဘာယူဖို့ စီစဉ်ထားတာလဲ?" စတေးလ်က စူးစမ်းလိုဟန်ဖြင့် မေးလာသည်။

"ဒါကို အန်ကလိုနဲ့တောင် မဆွေးနွေးရသေးဘူး၊ ဒါပေမယ့် အန်ကလိုပြောတာတော့ သူတို့က ရွှေဒင်္ဂါးလိုတာမဟုတ်တာကြောင့် ရွှေဒင်္ဂါးနဲ့ဝယ်ဖို့ ခက်တာ တစ်ခုခုဖြစ်ရမယ်။ နည်းပညာတစ်ခုခုလို့တော့ ကိုယ် ခန့်မှန်းထားတာပဲ။"

"နည်းပညာ?" စတေးလ်က အံ့ဩနေသံဖြင့် ဆိုသည်၊ " သူတို့က ရှင့်ဆီကနေ ဘာနည်းပညာလိုချင်နေတာဘဲ? ရှင် ပေးလိုက်ရင်တောင် မှော်စက်မှုနည်းပညာကို သုံးလို့မှမရဘဲ၊ ဟုတ်တယ်မလား? သူတို့လည်း ရူဒ်ဆန်တိုင်းပြည်လို လုပ်လောက်မယ်လို့ ခံစားရတယ်။ သူတို့တွေ အရင်ဆုံး သူတို့လူတွေ ဝမ်းစာဖြည့်ဖို့အတွက် စိုက်ပျိုးရေးသုံးမှော်စက်တွေ ဝယ်သင့်တယ်။"

"မဟုတ်ဘူး၊ လတ်တလော သူတို့‌တွေ စိုက်ပျိုးရေးသုံးမှော်စက်ကို သုံးလို့မရဘူး။" ရှုယီက ခေါင်းခါ၍ မြေပုံရှိ စတက်တိန်းနယ်မြေကို ညွှန်ပြလာသည်၊ "ကြည့်လိုက်၊ စတက်တိန်းနယ်မြေရဲ့ မြေပြင်အနေအထားက နယ်မြေကြီးရဲ့ တခြားနိုင်ငံတွေနဲ့ မတူဘူး။ သူတို့နယ်မြေ တစ်ဝက်ကျော်လောက်က သမုဒ္ဒရာဘေးမှာဆိုတော့ ဟာရီကိန်းတွေ ဆူနာမီတွေနဲ့ မကြာခဏကြုံရပြီး နိုင်ငံရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းတစ်ဝက်လောက်က မတည်မငြိမ်ဖြစ်မယ်။ ဒါက သူတို့ရဲ့ တစ်နှစ်တာလုံးစာ ကောက်ပဲသီးနှံတွေကို ဟာရီကိန်း ဒါမှမဟုတ် ဆူနာမီ တစ်ခုခုလောက်ကြောင့် လေတစ်ဝှေ့နဲ့တင် ပျောက်ကွယ်သွားစေနိုင်တယ်။"

စတေးလ်က မြေပုံကို အတန်ကြာကြည့်နေပြီးနောက် အသာခေါင်းငြိမ့်ကာ စာနာသနားဟန်ရှိနေသည်။

"ဒီနယ်မြေသားတွေက တကယ်သနားစရာပဲ၊ သူတို့တွေ ကောက်ပဲသီးနှံတောင် မစိုက်နိုင်ဘူး။ ငါးတွေအတွက် ပင်လယ်ကို မှီခိုနိုင်တာတော့ ကောင်းတဲ့ အရာပဲ၊ မဟုတ်လို့ကတော့ ဘယ်လိုဆက်ရှင်သန်နေနိုင်ကြမလဲတောင်မသိဘူး။"

ရှုယီက အသာပြုံးသည်၊ "တကယ်တော့ သူတို့အနေနဲ့ ပင်လယ်ကြောင့် နယ်မြေတစ်ဝက်က ဟာရီကိန်းတွေ ဆူနာမီတွေ မကြာခဏကြုံရပေမယ့်လည်း ဒါက သဘာဝ အားသာချက်ကို ပေးတယ်၊ ဒါပေမယ့် သူတို့က ဘယ်လိုအသုံးဝင်လည်း မ‌သိကြသေးဘူး။

"သဘာဝအားသာချက်?" စတေးလ်က မြေပုံကို ရှုပ်ထွေးစွာကြည့်လိုက်သော်လည်း မည်သည်ကိုမှ မတွေ့ချေ၊ "ဘာ အားသာချက်များလဲ?"

"ကမ်းရိုးတန်းရှည်ကြီးက သူတို့ရဲ့ သဘာဝအားသာချက်ပေါ့။" ရှုယီက ဖြေသည်၊ "ဒါပေါ့၊ စတက်တိန်း နယ်မြေမပြောနဲ့ စိုင်စ်နယ်မြေကြီးက နိုင်ငံတစ်ခုကတောင် မသိဘူး။"

"ကမ်းရိုးတန်းက ဘာအားသာချက်ပေးလို့လဲ?" စတေးလ်က ပိုလို့ပင် ရှုပ်ထွေးသွားသည်။

"ဒါကို အခုပြောဖို့ကစောလွန်းသေးတယ်၊ ဒါပေမယ့် ကိုယ်တို့ အင်ဂျင်တွေ ထုတ်လုပ်နိုင်သရွေ့ ဒီအားသာချက်ကို အပြည့်အဝ သုံးနိုင်မှာပါ။"

ရှုယီ မျက်နှာထက်ရှိ အဆန်းတကြယ်အပြုံးကိုမြင်သော် စတေးလ်မှာ မနေနိုင်ဘဲ မျက်လုံး လှိမ့်ပြလိုက်၏။

သူမ၏ ရှုယီအပေါ် နားလည်ထားမှုအရ ရှုယီမှာ ရေရှည်စီမံကိန်းလုပ်လေ့ရှိသည့် လူပင်။ သူ့ထံ၌ ယခုတွင် ယုံကြည်ချက်မရှိသဖြင့် စတေးလ် ဘယ်လောက်မေးမေး ရှုယီက ရှင်းရှင်းလင်းလင်း ဖြေမည်မဟုတ်ပေ။

စတေးလ်လည်း သာမန်ကောင်မလေးတစ်ယောက်လို ဆက်မမေးနေတော့ချေ။ ရှုယီနှင့် ဤမျှ ကြာကြာ အတူရှိလာပြီးနောက် ထိုသို့သော အခြေအနေမျိုးကြုံလာချိန်တွင် အချိန်တိုင်းလိုက်မေးနေပါက ရှုယီကို အတော်လေး မပျော်မရွှင် ဖြစ်စေလိမ့်မည်။

စတေးလ်က ထက်မြတ်သည့်မိန်းကလေးတစ်ဦးဖြစ်ရာ ထိုသို့သော ထုံအအလုပ်ရပ်မျိုး လုပ်မည်မဟုတ်ပေ။

နှစ်ဦးသား ရူဒ်ဆန်တိုင်းပြည်အကြောင်း ပြောပြီးနောက် မဟာမှော်ပညာရှင် ကမ်မီလာက မှော်ပညာရှင်များ အဖွဲ့အစည်းရှိ နေ့လည်စာစားပွဲမှ ပြန်ရောက်လာသည်။

ရှုယီ ရောက်နေသည်ကိုမြင်သော် မဟာမှော်ပညာရှင် ကမ်မီလာက မည်သည့်ယဉ်ကျေးမှုမှ မပြ‌ဘဲ မေးလာ၏၊ "ဟေး ကောင်လေး၊ မနက်ဖြန် အရည်အချင်းစစ်စာမေးပွဲ ဝင်ဖြေမှမဟုတ်လား၊ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားရဲ့လား?"

ရှုယီလည်း ပခုံးတွန့်ကာ အေးဆေးနေဟန်ဖြင့် ဖြေလေ၏၊ "ပြင်ဆင်စရာဘာရှိလို့လဲဗျာ၊ ကျွန်တော့်ရဲ့ အစွမ်းအစတွေ ထုတ်ပြဖို့ လိုအပ်ရုံပဲကို။"

မဟာမှော်ပညာရှင် ကမ်မီလာ ကြည့်လာချိန်တွင် ရှုယီ၏အပြုံး ပျောက်ကွယ်သွားကာ အဆန်းတကြယ်အသံဖြင့် မေးလေသည်၊ "မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျားက မနက်ဖြန် စာမေးပွဲအတွက် တာဝန်ရှိတယ်ဆိုတော့ မေးမယ့် ခေါင်းစဉ်တွေအကြောင်း ပြောလို့ရလား?"

မဟာမှော်ပညာရှင် ကမ်မီလာက ရှုယီ စနောက်နေမှန်းသိသော်လည်း မနေနိုင်ဘဲ စိုက်ကြည့်ရင်း ညစ်ညူးစွာ လက်ယမ်းလိုက်သည်၊ "ကောင်စုတ်လေး!" ခဏတာ ရပ်တန့်ပြီးနောက် ထပ်ပေါင်းပြော၏၊ "အဆင့်မြင့်မှော်ပညာရှင်စာမေးပွဲက အဆင့်နိမ့် မှော်ပညာရှင်စာမေးပွဲလိုဆိုပေမယ့် အဆင့်မြင့်မှော်ပညာ စစ်ဆေးမှုတစ်ခု ထပ်ပေါင်းထည့်ထားတယ်။ များများစားစားတော့ မကွာခြားဘူး၊ မင်းစိတ်ပူဖို့ မလိုပါဘူး။

"အဆင့်မြင့်မှော်ပညာ?" ရှုယီမှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်မိသည်။

ထို အဆင့်မြင့်မှော်ပညာဆိုသည်မှာ အဆင့်မြင့်အခြေခံ ဒြပ်စင်မှော်ပညာ မျိုးကွဲလေးခု လေ၊ ရေ၊ မီးနှင့် မြေတို့ဖြစ်သည်။

ဥပမာဆိုရပါက၊ လေစွမ်းအားမှော်၏ အဆင့်မြင့်မှော်ပညာမှာ မိုးကြိုးမှော်စွမ်းအားဖြစ်ပြီး ရေစွမ်းအား မှော်၏ အဆင့်မြင့်မှော်ပညာမှာ ရေခဲမှော်ဖြစ်သည်....."

သင့်တော်စွာပြောရပါလျှင် မှော်ပညာရှင်တစ်ယောက်မှာ ဆဌမအဆင့်သို့ရောက်ပြီးနောက် အဆင့်မြင့်မှော်ပညာကို စတင် ဖမ်းဆုပ်ရလိမ့်မည်။ သို့သော် အဆင့်မြင့်မှော်ပညာက မှော်စက်များအတွက် အဓိပ္ပာယ်များများစားစားမရှိဟု ထင်နေသည့် ရှုယီအတွက် ၎င်းတို့ကို လေ့လာသည်မှာ ရှားပါးသည်။

သူ၏ မှော်စွမ်းအားက သတ္တမအဆင့်မှော်ပညာရှင်နစ်ဦးနှင့် အဆင့်တူဖြစ်သော်လည်း အဆင့်မြင့်မှော်ပညာကို ဖမ်းဆုပ်ရာ၌ အားနည်း၏။

ရှင်းရှင်းပြောရလျှင် သူဟာ မှော်သုတေသနကိုသာ အတော်ဘက်လိုက်ထားသည်။ သူဟာ မှော်အစီအရင်များ၌ အဌမအဆင့် သို့မဟုတ် နဝမအဆင့်မှော်ပညာရှင်များထက်ပင် အားမနည်းသော်လည်း သူ၏ အဖျက်အမှောင့် မှော်စွမ်းအားမှာ အများဆုံး ဆဌမအဆင့်နှင့် တန်းတူသာရှိသည်။

ရှုယီ၏ အမူအရာကိုမြင်သော် မဟာမှော်ပညာရှင် ကမ်မီလာနှင့် စတေးလ်တို့မှာ အနည်းငယ် အံ့ဩသွားသည်။ စတေးလ်က လျင်မြန်စွာမေးလာ၏၊ "ရှင် အဆင့်မြင့်မှော်ပညာတစ်ခုလေးတောင်မရတာတော့ မဟုတ်ပါဘူးနော်?"

ရှုယီက နေရခက်ဟန်ပြုံးကာ၊ "ဒါက.... ကိုယ် အဲ့လောက် မတော်ဘူး..... ဟုတ်ပြီ၊ သေချာပြောရရင် အဆင့်မြင့်မှော်မန္တာန်လေးတစ်ခုတောင် အပြည့်အဝ မလုပ်နိုင်သေးဘူး။"

မဟာမှော်ပညာရှင် ကမ်မီလာနှင့် စတေးလ်တို့မှာ မျက်လုံးပြူးသွား၏။ မဟာမှော်ပညာရှင် ကမ်မီလာက ဒေါသတကြီးပြောသည်၊ "ကောင်လေး၊ မင်းမှာ သတ္တမအဆင့်မှော်ပညာရှင် စွမ်းအားရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား? အဆင့်မြင့်မှော်ပညာကိုမသိရင် ဘာ သတ္တမအဆင့်မှော်ပညာရှင်များလဲ မင်းက!"

စတေးလ်က အသာမျက်မှောင်ကုပ်ကာ စိုးရိမ်စွာ ပြောသည်၊ "အဘိုးပြောတာမှန်တယ်။ ရှင်သာ အဆင့်မြင့်မှော်ပညာကိုမသိရင် မှော်ပညာရှင် အဖွဲ့အစည်းက ရှင့်ကို အဆင့်မြင့် မှော်ပညာရှင်အဖြစ် လက်ခံမှာမဟုတ်ဘူး။ သတ္တမအဆင့်မပြောနဲ့ ဆဌမအဆင့်ကိုတောင် မ‌အောင်နိုင်ဘူး။"

"ဒီကောင်‌စုတ်လေးကတော့၊ မင်းကို မှော်သုတေသနလုပ်ရာမှာ အချိန်တချို့သုံးဖို့ ပြောထားပေမယ့် မင်းက နားမထောင်ဘူးပဲ!" မဟာမှော်ပညာရှင် ကမ်မီလာက ဒေါသတကြီးပြောသည်၊ "ငါတို့အခု ဘာလုပ်ရတော့မှာလဲ? မင်းက မနက်ဖြန်ဆို အဆင့်မြင့်မှော်ပညာရှင် စာမေးပွဲထဲ ဝင်ပြိုင်ရတော့မှာ၊ အဆင့်မြင့်မှော်ပညာကို မသိပါဘူးလို့ လူတွေကို ဒီတိုင်းလေး ပြောလို့မရဘူးလေ။ ဒါဆို ဟာသအကြီးစားဖြစ်သွားမှာပေါ့!"

ရှုယီက ထိုနှစ်ဦးကဲ့သို့ အလေးအနက်ကြီး မတုံ့ပြန်ချေ။ သူ၏ အမူအရာက ပို၍ အေးဆေးလာကာ အပြုံးဖြင့်ပြော၏၊ "အဲ့လောက် မဆိုးပါဘူး၊ ဟုတ်တယ်မလား? ကျွန်တော် မ‌အောင်ရင်လည်း နောက်နှစ်မှ ဖြေလိုက်လို့ရတာပဲ။ ဒီနှစ်ထဲမှာ အဆင့်မြင့်မှော်ပညာကို ကောင်းကောင်းလေ့လာလိုက်ရင် လိုအပ်ချက်ရလောက်မယ်လို့ ထင်ပါတယ်။"

"မင်းက ရိုးရိုးလေးပြောနေတာပဲ!" မဟာမှော်ပညာရှင် ကမ်မီလာ၏ တံတွေးများက ရှုယီ မျက်နှာပေါ်သို့ စင်လုနီးပါးပင်ဖြစ်နေ၏၊ "ကောင်လေး၊ ဒီနေ့ နေ့လည်စာစားပွဲမှာ လူတိုင်းရှေ့ မင်းကိုချီးမွမ်းခဲ့တာကွ။ မင်းရဲ့ အရည်အချင်းနဲ့ဆို စာမေးပွဲ သေချာပေါက် အောင်မယ်လို့တောင် ပြောခဲ့သေးတယ်။ အခုမင်းက လက်လျှော့ဖို့ စီစဉ်ထားတယ်လို့ ပြောနေတာလား? တခြားလူတွေရှေ့ ငါ့သိက္ခာကျမှာကို မစိုးရိမ်ဘူးလား! ပြောလိုက်မယ်၊ မင်းဒီတစ်ခေါက် ထွက်ပြေးရင် ငါက စတေးလ်ကို မင်းနဲ့ ပတ်သက်တာ ရပ်တန့်ဖို့ မပြောလောက်ဘူးလို့ ထင်လား?"

"အာ?" ရှုယီနှင့် စတေးလ်တို့မှာ တစ်ချိန်တည်း အံ့ဩသွားကြသည်။

စတေးလ်က ခြေထောက်‌ဆောင့်ကာ၊ "အဘိုး၊ ဘာတွေ ပေါက်ကရပြောနေတာလဲ? ဒါက ကျွန်မတို့ ဆက်ဆံရေးနဲ့ ဘာဆိုင်လို့လဲ?"

"ဟမ့်! ငါ ဒီလိုပဲပြောနေတာလေ။ ကောင်လေး၊ မင်းဘာလုပ်ဖို့ စီစဉ်ထားဘဲ?"

ရှုယီက မျက်မှောင်ကုပ်၍ ကူရာမဲ့စွာ ပြောသည်၊ "ဒါပေမယ့် ကျွန်တော် လက်မလျှော့ဘဲ စာမေးပွဲထဲသွားရင် ကျွန်တော်က အဆင့်မြင့်မှော်ပညာကို တစ်ခုလေးတောင်မသိတော့ ဘယ်လိုဖြေနိုင်မှာလဲ?"

"မင်းက တကယ်ပဲ တစ်ခုတောင်မသိတာလား?" မဟာမှော်ပညာရှင် ကမ်မီလာ၏ အမူအရာက အရုပ်ဆိုးလာသည်၊ "ကောင်လေး၊ မင်းကို ခြိမ်းခြောက်နေလည်းအသုံးမဝင်တာကိုသိတယ်၊ ဒါပေမယ့် ဒီစာမေးပွဲမှာ မင်းရဲ့ လုပ်ဆောင်မှုက အဖွဲ့အစည်းရဲ့ မှော်စက်တွေအပေါ် သဘောထားကို သက်ရောက်စေလိမ့်မယ်ဆိုတာ သိလား? မင်းသာ ကောင်းကောင်းလုပ်ဆောင်ရင် အဖွဲ့အစည်းက မူပိုင်ခွင့်ကို မင်းမှန်းထားတာထက် ပိုမြန်မြန်ခွင့်ပြုနိုင်ပေမယ့် ဆိုးဆိုးရွားရွားလုပ်ဆောင်ရင်တော့..... ဒီမူပိုင်ခွင့်ဥပဒေကို ခွင့်ပြုလိုက်ရင်တောင် မင်း စိတ်ကူးထားသလို အ‌ဆင်ပြေမှာမဟုတ်ဘူး။"

ရှုယီမှာ အံ့ဩသွားသည်၊ "မဟာမှော်ပညာရှင်ကြီး၊ ဘာလို့ စောစောမပြောတာလဲ? ကျွန်တော်သာ ဒီကိစ္စက ဘယ်လောက်အရေးကြီးမှန်းသိရင် သေချာပေါက် အဆင့်မြင့်မှော်ပညာကို လေ့လာထားမှာပေါ့။"

မဟာမှော်ပညာရှင် ကမ်မီလာက သူ့ကိုစိုက်ကြည့်၍ ဒေါသတကြီးပြောသည်၊ "မင်း လုံးဝ အဆင့်မြင့်မှော်ပညာကို မလေ့လာတာ ငါက ဘယ်လိုသိမှာလဲ!"

မဟာမှော်ပညာရှင် ကမ်မီလာ၏ အပြောကိုကြားသော် စတေးလ်လည်း အနည်းငယ် စိုးရိမ်သွားသည်။

ရှုယီမှာ သူမရှေ့မှောက်၌ မူပိုင်‌ခွင့်ဥပဒေ ခွင့်ပြုလျှင် မှော်စက်မှုနယ်ပယ် တိုးတက်မှုအတွက် မည်မျှအရေးပါမည်ဖြစ်ကြောင်း အကြိမ်များစွာ ပြောထားလေရာ မှော်ပညာရှင် အဖွဲ့အစည်းက ပြီးပြည့်စုံသည့် မူပိုင်ခွင့်ဥပဒေကို ခွင့်ပြုဖို့ အမြဲ မျှော်လင့်ခဲ့သည်။

ယခု မဟာမှော်ပညာရှင် ကမ်မီလာ၏အပြောအရ ရှုယီ၏ လုပ်ဆောင်ချက်က မူပိုင်ခွင့်ဥပဒေကို သက်ရောက်မည်ဖြစ်ရာ ရှုယီအတွက် အင်မတန် အရေးပါသည့် ကိစ္စပင်။

"အဘိုး၊ နည်းလမ်းတစ်ခုလောက် စဉ်းစားလို့မရဘူးလား? သူ့ကို အဘိုးပဲ ကောင်းကောင်းသင်ပေးပြီး တစ်ရက်တည်းနဲ့ အဆင့်မြင့်မန္တာန်တစ်ခုလောက် လုပ်ခိုင်းလိုက်ရင်ရော?"

မဟာမှော်ပညာရှင် ကမ်မီလာက စတေးလ်ကိုကြည့်၍ နှာမှုတ်ကာ၊ "ဒီကောင်လေး အရည်အချင်းနဲ့ဆို မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် တစ်မွန်းလွဲ၊ တစ်ညတည်းနဲ့ အဆင့်မြင့်မန္တာန်တစ်ခုကို ကောင်းကောင်းလေ့လာနိုင်မယ်ထင်လား? သူသာ မနက်ဖြန် စာမေးပွဲသွားရင် သူ့ကိုယ်သူ အရှက်ရစေလိမ့်မယ်။"

စတေးလ်မှာ ပဉ္စမအဆင့်မှော်ပညာရှင်ဖြစ်နေပြီးဖြစ်ရာအဆင့်မြင့်မှော်ပညာနှင့် စတင်ထိတွေ့နေသဖြင့် မဟာမှော်ပညာရှင် ကမ်မီလာ၏ အပြောက လုံးဝမှန်ကန်ကြောင်းနားလည်သည်။

"ဒါဆို ကျွန်မတို့ ဘာလုပ်ကြမဘဲ?" စတေးလ်က စိတ်ပူစွာပြော၏။

မဟာမှော်ပညာရှင် ကမ်မီလာ၏ မျက်ခုံးများတွန့်ချိုးနေပုံနှင့် စတေးလ်၏ စိုးရိမ်နေပုံကိုမြင်သော် ရှုယီ၏ အတွေးပြန့်ကျဲနေတော့သည်။

တကယ်တမ်းတွင် သူက ထိုမျှ မစိုးရိမ်ပေ။

မှော်ပညာရှင်အဖွဲ့အစည်းက မူပိုင်ခွင့်ဥပဒေကို ဤအချိန် ခွင့်ပြုလိုက်ပြီး မပြည့်စုံလျှင်တောင် မှော်စက်မှုနယ်ပယ်၏ တိုးတက်မှုနှင့် မှော်ပညာရှင်များအဖွဲ့အစည်းက အနှီမူပိုင်ခွင့်ဥပဒေမှာ မည်မျှ အရေးပါကြောင်းနားလည်က ရှုယီလိုချင်သည့် ဦးတည်ဘက်ကို ပြောင်းလဲ လာမည်ဖြစ်၏။

ထို့အပြင် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၏ စက်မှုနယ်ပယ်ထဲရှိ အထူးအနေအထားကိုသုံးကာ စည်းမျဉ်းတချို့ချမှတ်နိုင်သဖြင့် ၎င်းမူပိုင်ခွင့်ဥပဒေက ထိုမျှ အရေးမကြီးချေ။

သိူ့သော် မဟာမှော်ပညာရှင် ကမ်မီလာနှင့် စတေးလ်တို့က ၎င်းကို များစွာ စိုးရိမ်နေကတည်းက သူလည်း လုံးဝဂရုမစိုက်နေပုံ ပြ၍မရတော့သလို ကြိုးစားဖို့လိုလေသည်။

စိတ်ထဲ၌ အတွေးပေါင်းများစွာဖြတ်ပြေးသွားပြီး ရုတ်တရုတ် ဉာဏ်အလင်းတစ်ခု ထွန်းလင်းလာသည်။

ရှုယီမှာ မဟာမှော်ပညာရှင် ကမ်မီလာနှင့် စတေးလ်ကို ယုံကြည်ချက်ရှိရှိပြုံးပြလိုက်၏၊ "ကျွန်တော် တစ်ခုစဉ်းစားမိပြီ။ တကယ်တော့ ကျွန်တော် အဆင့်မြင့်မန္တာန်တစ်ခု ရပြီးတော့ အတော်လည်း ကျွမ်းကျင်တယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 2 အခန်း ၁၁၅။ ချစ်တယ်

မှော်ပညာရှင်များအဖွဲ့အစည်း၏ အရည်အချင်းစစ်စာမေးပွဲအား တစ်လလောက် ရှေ့တိုးထားခဲ့ရာ အကြိုအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲဖြေဆိုသူများက လွန်ခဲ့သည့် နှစ်ရက်အတွင်း အပြီးသတ်သွားပြီဖြစ်ပြီး၊ မှော်ပညာရှင်များအဖွဲ့အစည်းမှနေ၍ တတိယအဆင့်မှ ပဉ္စမအဆင့်ထိ စာမေးပွဲများကို နှစ်ရက်အထိ ချုံ့မည်ဟု ကြေငြာလိုက်သည်။

စာမေးပွဲနေရာ၌ ယနေ့ ပြီးဆုံးမည့် တတိယအဆင့်အပြင် ကျန်ရှိနေသော စတုတ္ထနှင့် ပဉ္စမအဆင့် စာမေးပွဲများအား မည်သည့်အချိန်၌မဆို ဖြေနိုင်သည်။

ရှုယီနှင့် စတေးလ်တို့မှာ ရှယ်လ်ဒွန်တည်းခိုခန်းသို့ မနက်အစောပိုင်း၌ ရောက်ရှိခဲ့ပြီး သုတေသနပညာရှင်များနှင့် အတူလာခဲ့ကြသည်။

သုတေသနဌာန၏ မှော်ပညာရှင်များမှာ တတိယမှ သတ္တမအဆင့်အထိ ရှိသဖြင့် သတ္တမအဆင့်မှော်ပညာရှင်တစ်ဦး၊ ဆဌမအဆင့်မှော်ပညာရှင် သုံးဦးနှင့် ပဉ္စမအဆင့် မှော်ပညာရှင် ရှစ်ဦးတို့လည်းပါရှိသည်။

ယင်းသုတေသနပညာရှင်များမှာ ရှုယီနှင့်အတူ အဆင့်မြင့် မှော်ပညာရှင်စာမေးပွဲကို ဝင်ဖြေမည်ဖြစ်၏။

ကျန်ရှိသည့် သုတေသနပညာရှင် သုံးဆယ့်ခုနစ်ဦးတို့ အားလုံးမှာ တတိယနှင့် စတုတ္ထအဆင့် မှော်ပညာရှင်များဖြစ်ပြီး စတေးလ်နှင့်အတူ အောက်အဆင့် မှော်ပညာရှင်စာမေးပွဲကို ဝင်ဖြေမည်ဖြစ်၏။

သို့သော် ရှုယီနှင့် စတေးလ်တို့နှင့်အတူ ပါလာကြသည့် အနှီ သုတေသနပညာရှင် လေးဆယ့်ကိုးဦးတို့မှာ အာရုံအတော်စိုက်ခံနေရသည်။

အကြောင်းအရင်းမှာ ၎င်းတို့ ငါးဆယ့်တစ်ဦးလုံးက တူညီသည့် မှော်ဝတ်ရုံများ ဝတ်ဆင်ထားကြပြီး မှော်ဝတ်ရုံ၏ ရင်ဘတ်ပေါ်၌ တူညီသည့် တောင်ပံတစ်ဝက် သင်္ကေတရှိနေ၏။ တစ်ချက်ကြည့်လိုက်လျှင် ၎င်းမှော်ပညာရှင်များမှာ တူညီသည့် အဖွဲ့အစည်းမှ လာရောက်ကြောင်း ပြောနိုင်သည်။

အန်ဗီမာမြို့တော်၌ အရည်အချင်းစစ်စာမေးပွဲအတွက် ရောက်လာကြသော မှော်ပညာရှင်များ ပြည့်နှက်နေသော်လည်း ဤသည်က တူညီဝတ်စုံနှင့် မှော်ပညာရှင်များစွာ ပေါ်လာသည့် ပထမဆုံး အကြိမ်ပါပင်။

၎င်းအဖွဲ့ ရှယ်လ်ဒွန်တည်းခိုခန်း တံခါးမှ လျှောက်ထွက်လာချိန်တွင် တည်းခိုခန်းအပြင်ဘက်ရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်မိသည်။

၎င်းတို့၏ ရင်ဘတ်ပေါ်မှ အမှတ်အသားကို သတိမပြုမိသူများမှာ ၎င်းက မည်သည်ကို သင်္ကေတပြုထားကြောင်း ကြိုးစားခန့်မှန်းနေကြသည်။

"ဟေး ကြည့်လိုက်ဦး၊ ဒီမှော်ပညာရှင်တွေက တူညီတဲ့ နေရာကပဲ ဖြစ်လောက်တယ်နော်? သူတို့ကိုကြည့်,ကြည့်၊ ဘာသာရေးဂိုဏ်းတစ်ခုခုကများလားပဲ?"

"ဘာကို ဘာသာရေးဂိုဏ်းလဲ! ဘယ်တုန်းက ငါတို့ လမ်ပူရီဘုရင့်နိုင်ငံမှာ ဘာသာရေးဂိုဏ်းတွေရှိသွားတာလဲ? ပြီးတော့၊ မှော်ပညာရှင်တွေနဲ့ ပြည့်နေတဲ့ ဘာသာရေးဂိုဏ်းလား? မင်းရဲ့ ဦးနှောက် တစ်ခုခုချို့ယွင်းနေရင်လည်း ဆရာဝန်ဆီမှာ သွားပြသင့်တယ်လို့ ထင်တယ်နော်! ငါ ခန့်မှန်းရရင် မဟာမှော်ပညာရှင်တစ်ယောက်အောက်မှာပဲ ဒီလောက်များတဲ့ မှော်ပညာရှင်တွေရှိနိုင်တာ‌ကြောင့် မှော်ပညာရှင် တစ်ယောက်ယောက် လက်အောက်က ဖြစ်ရမယ်။"

ထိုအချိန်၌ မတိုင်ခင် သင်္ကေတကို သတိပြုမိကြသောလူများမှာ အထင်အ‌မြင်သေးဟန်ဖြင့် စတင် သင်ပြလာ၏။

"အတွေ့အကြုံမရှိတဲ့ နှစ်ယောက်ပဲ၊ သူတို့ ရင်ဘတ်ပေါ်က သင်္ကေတရဲ့ အဓိပ္ပာယ်ကိုတောင် မသိကြဘူးလား? ပြောပြလိုက်မယ်၊ အဲဒီက ဘယ် မဟာမှော်ပညာရှင်ရဲ့ သင်္ကေတမှမဟုတ်သလို ဘာသာရေးဂိုဏ်းကလည်းမဟုတ်ဘူး၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ကေတပဲ။ Frestech ကုန်သည်ကြီးများအသင်းအကြောင်းကိုရော သိရဲ့လား? ထူးထူးဆန်းဆန်း အိမ်သုံးမှော်စက်တွေရောင်းတဲ့ တစ်ခုလေ။ ပြောပြလိုက်မယ်၊ အရင်က ကျုပ် မှော်ပေါင်မုန့်မီးကင်စက် ဝယ်ခဲ့ပြီး အတော်လည်း သုံးရလွယ်တယ်....."

…...

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ကေတကို သတိပြုမိပြီးနောက် ၎င်းတို့ ဘေးပတ်လည်ရှိ လူအုပ်ကြီးမှာ ပို၍ပင် အံ့ဩသွားကြသည်။

မှော်ပညာရှင် အနည်းငယ်ရှိသော လုပ်ငန်းစုများစွာရှ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ တပြိုင်နက်တည်း ၎င်း မှော်ပညာရှင်အားလုံးကို ထုတ်ပြနိုင်သည့် လုပ်ငန်းစုကတော့ ရှားသည်။

ခန့်အပ်ထားသည့် မှော်ပညာရှင်များအရ ရှုယီနှင့် စတေးလ် ပါဝင်သော မှော်ပညာရှင် ငါးဆယ့်တစ်ဦးရှိ‌ Frestech ကုန်သည်ကြီးများအသင်းအား လူတိုင်းအနေနှင့် လမ်ပူရီဘုရင့်နိုင်ငံ၏ ပထမတန်းလုပ်ငန်းစုတစ်ခုအဖြစ် သတ်မှတ်ရန်ပင် လုံလောက်သည်။

ထို့အပြင် အမြင်ရှိသည့် လူများမှာ ၎င်းတို့ဝတ်ထားသည့် မှော်ဝတ်ရုံများကို မြင်သော် ၎င်းတို့အနေနှင့် တူညီဝတ်စုံများ ဝတ်ဆင်ထားသော်လည်း ပစ္စည်းအားလုံးမှာ အဆင့်မြင့်ပြီး ကောင်းမွန်သည့် လက်မှုပညာအတတ်ဖြင့် ပြုလုပ်ထားသည်ကို တွေ့ရသည်။ တစ်ချက်ကြည့်လျှင် ကျော်ကြားသည့် အဝတ်ချုပ်သူက ချုပ်ပေးထားသည်ဟု ပြောနိုင်၏။

မည်သည်ကိုမှ မဆိုထားဘဲ မှော်ဝတ်ရုံများကတင် ဈေးမနည်းလှချေ။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့လက်အောက်ရှိ မှော်ပညာရှင်တစ်ဦးစီတိုင်းကို ထိုသို့သော မှော်ဝတ်ရုံလုပ်ပေးခြင်း၏ ကုန်ကျစရိတ်က ဈေးနည်းလှမည်မဟုတ်သောကြောင့် တကယ်ကို တစ်ခုခုဟု မြင်နိုင်၏။

၎င်းတို့က ရှယ်လ်ဒွန်တည်းခိုခန်းမှ ထွက်လာသည်ဖြစ်ရာ ထိုနေရာ၌ ဒီအတောအတွင်း နေထိုင်ခဲ့ကြောင်း မြင်နိုင်ပါ၏။

ရှယ်လ်ဒွန်တည်းခိုခန်း၏ ဈေးနှုန်းမြင့်မြင့်ကို စဉ်းစားကြည့်ရင်း လူတိုင်းမှာ မှော်ပညာရှင်များက ၎င်းတို့ဘာသာ မပေးချေရဘဲ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့အတွက် ရှင်းပေးသည်ဟု ခန့်မှန်းမိလိုက်သည်။

ထိုသို့သာဆိုလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ၎င်းမှော်ပညာရှင်များအပေါ် ဆက်ဆံပုံမှာ တကယ်ကို ကောင်းလွန်းလှသည်။

ထို့အပြင် ၎င်းက အရာအားလုံးမဟုတ်သေးချေ။ ယင်းမှော်ပညာရှင်များမှာ ရှယ်လ်ဒွန်တည်းခိုခန်းအဝ၌ အတန်ကြာ စောင့်ဆိုင်းနေခဲ့ပြီးနောက် မြင်းဖြူများနှင့် မြင်းလှည်းဆယ်စီးမောင်းလာကာ ၎င်းတို့ ရှေ့မှောက်တွင် ရပ်တန့်လိုက်လေသည်။

အနှီမှော်ပညာရှင်များက မြင်းလှည်းများထဲ ဝင်လိုက်ကြောင်း တွေ့ကြချိန်တွင် လူအုပ်ကြီးမှာ ပိုလို့ပင် အံ့ဩသင့်သွားလေ၏။

မြင်းက မသန့်စင်မှု တစ်စွန်းတစမျှမရှိဘဲ လုံးဝ ဖြူစွတ်နေပြီး မြင်းလှည်းများက ခမ်းနားကာ နံ‌ဘေး၌ ရေးဆွဲမထားသည့် ဒီဇိုင်းက ကောင်းမွန်နေသည်ကို သုံးသပ်ရပါလျှင် အနှီ မြင်းလှည်းဆယ်စီးမှာ ဖာဆန်ရထားလုံးလုပ်ငန်းစု၏ 'နယ်စားအဆင့်' ဈေးအကြီးဆုံး မြင်းလှည်းများ ဖြစ်ကြောင်း သတိပြုမိသွားကြသည်။

'နယ်စားအဆင့်' မြင်းလှည်းတစ်စီးကို ငှားရန် တစ်ရက်ကို ရွှေဒင်္ဂါး ငါးဆယ်ကုန်ကျပြီး Frestech ကုန်သည်ကြီးများအသင်းက တစ်ကြိမ်တည်း ဆယ်စီးငှားရမ်းခဲ့လေသည်!

၎င်း မြင်းလှည်းဆယ်စီးက ရွှေဒင်္ဂါး ငါးရာကုန်ကျကြောင်း တွက်ချက်ပြီးနောက်၌ အားလုံးက ၎င်းတို့ကို တုနှိုင်းမဲ့ လေးစားမှုဖြင့် ကြည့်လာကြသည်။ ၎င်းတို့မှာ မြို့ပြင်ရှိ မှော်ပညာရှင်များအဖွဲ့အစည်း စာမေးပွဲကျင်းပရာသို့ မြင်းလှည်းများ အရှိန်မြှင့်ထွက်သွားသည်ကို ကြည့်နေကြသည်။

"ဟား၊ ဟား ကြည့်ဦး၊ ဒီလူတွေ အားကျလို့လည်း သေသွားဦးမယ်!" ပထမလှည်းထဲတွင် အာကာလီက ရယ်ရင်း လမ်းမထက်က ကြည့်နေသည့် လူများကို ညွှန်ပြကာ အတော်စိတ်လှုပ်ရှားဟန် ပေါ်နေ၏။

နံဘေးရှိ ဘဲလ်လာက သူမထက်ပင် ပို၍ စိတ်လှုပ်ရှားနေသေး၏။ သူမက မြင်းလှည်း ခေါင်မိုးရှိ ပန်းချီလှလှကို မော့ကြည့်ပြီးနောက် သူမ တင်ပါးအောက်ရှိ သားရေအစစ် ထိုင်ခုံများကို ဖိပွတ်ကာ ခုံအောက်ရှိ အကန့်လေးတစ်ခုကိုဖွင့်လိုက်ရာ ဝိုင်နီပုလင်းများစွာ ထွက်ပေါ်လာသည်။ သူမက မနေနိုင်ဘဲ ပင့်သက်ရှိုက်မိကာ၊ "ဘုရားရေ၊ ဒါက ငါ့ဘဝထဲ စီးဖူးသမျှထဲမှာ ဇိမ်အကျဆုံးမြင်းလှည်းပဲ! ဥက္ကဌ၊ ကျွန်မရှင့်ကို သေလုအောင် ချစ်မိသွားပြီ!"

နံဘေးက ကလဲယာလည်း သူမကို ကြည့်လာကာ၊ "ဟေး ဘဲလ်လာ, သတိထားနေစမ်း၊ စတေးလ်ဒီမှာ ရှိနေတာကို။ သူမ အရှေ့မှာ ဒီလိုတွေ ပြောနေရင် စတေးလ် စိတ်ဆိုးမှ သတိထားနေရဦးမယ်။"

စတေးလ်ကလည်း အသာပြုံးသည်၊ "ငါက ဘာများ စိတ်ဆိုးစရာရှိမှာလဲ? ငါက ဘဲလ်လာကို နားမလည်ဘဲ နေမလား? သူမက အရမ်းစိတ်လှုပ်ရှားလာတာနဲ့ ပေါက်က‌ရတွေ ပြောရတာ သဘောကျတယ်လေ။"

ဘဲလ်လာလည်း စတေးလ်ကို ကြည့်ကာ တစ်ချက် ပြုံးဖြီးဖြီးလုပ်၍ မေးလာ၏၊ "စတေးလ်၊ ငါက ပေါက်ကရပြောနေတာမဟုတ်ဘဲ ဥက္ကဌကို တကယ်ပဲ ချစ်မိနေတာဆိုရင်ရော?"

စတေးလ်က ပခုံးတစ်ချက်တွန့်လျက်၊ "နင် ချစ်ချင်တဲ့လူကို ချစ်လို့ရပါတယ်၊ ငါ ဂရုမစိုက်ဘူး။ ရှုယီ နင့်ကို မချစ်သရွေ့ အဆင်ပြေတယ်။"

"ဟမ့်၊ ဥက္ကဌက ငါ့ကို မချစ်ဘူးလို့ နင်ဘယ်လိုသိမှာလဲ?" ဘဲလ်လာက ရှုယီကို အရှုံးမပေးလိုဟန်ဖြင့် ကြည့်လိုက်၏၊ "ဥက္ကဌ၊ ကျွန်မ ရှင့်ကို ဝန်ခံနေတာလေ။ ကျွန်မ ရှင့်ကို ချစ်တယ်၊ ရှင်ရော ကျွန်မကို ချစ်လား?"

ရှုယီက ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ဘဲ ခေါင်းခါ၏၊ "ကောင်းပါပြီ၊ ဆော့ကစားနေတာတွေရပ်တော့။ မကြာခင် စာမေးပွဲနေရာကို ရောက်တော့မှာလေ၊ စိတ်မလှုပ်ရှားကြဘူးလား?"

"ဘာ စိတ်လှုပ်ရှားစရာရှိလို့လဲ?" ဘဲလ်လာက စိတ်ရှုပ်သွားဟန်ဖြင့် နောက်ကိုမှီကာ ထိုင်ချလိုက်သည်၊ "ဥက္ကဌဆီကနေ အငြင်းခံရတာထက်စာရင် စာမေးပွဲကျတာက ဘာဖြစ်မှာမို့လဲ? အိုင်း ဥက္ကဌ၊ ရှင့်ရဲ့ စိတ်က ဘယ်တော့ ပြောင်းမှာလဲ။ ရှင့်အနေနဲ့ စတေးလ်ကို ထပ်မလိုချင်တော့တာမျိုးဖြစ်လာရင် ကျွန်မက အမြဲစောင့်နေမယ်ဆိုတာ သတိရပါ။"

ရှုယီက မျက်လုံးလှိမ့်ပြီး ပြောလာ၏၊ "ဟုတ်ပါပြီ၊ ကြော်ငြာဖို့ ကြောင့်သာမဟုတ်ရင် ဒီလို ဈေးကြီးတဲ့ မြင်းလှည်း‌တွေငှားမှာမဟုတ်ဘူး။ ကျုပ်တို့ စာမေးပွဲဖြေရမယ့်နေရာကို မရောက်ခင် ဒါကို ခံစားကြည့်သင့်တယ်။ ရှေ့လျှောက် ကျုပ် ဒီလို ငွေဖြုန်းမှာ မဟုတ်တော့ဘူး။"

ဘဲလ်လာက ခပ်တိုးတိုးရယ်ပြီးနောက် လျှို့ဝှက်အကန့်လေးကို မွှေနှောက်လိုက်သည်။ သို့သော် စာမေးပွဲ ဖြေခါနီးဖြစ်သောကြောင့် သောက်၍မရလေရာ တစ်ငုံနှစ်ငုံသာ မြည်းလိုက်သည်။

"ဥက္ကဌ၊ ရှင် အခုနက ပြောတဲ့ ကြော်ငြာဆိုတာ..... ဒီတော့ ကျွန်မတို့ကို ရှယ်လ်ဒွန်တည်းခိုခန်းမှာ နေခွင့်ပြုပြီး ဒီဝတ်ရုံတွေပေးပြီးတော့ ဒီဇိမ်ခံမြင်းလှည်းတွေ ငှားပေးတာအားလုံးက ဒီအတွက်ပဲလား?" ကလဲယာက သိလိုစွာမေးလာသည်။

"အားလုံးတော့ မဟုတ်ပါဘူး။ ခင်ဗျားတို့ကို ရှယ်လ်ဒွန်တည်းခိုခန်းမှာနေခိုင်းတာက ဒီအချိန်အတွင်းမှာ ကောင်းကောင်းအနားယူပြီး စာမေးပွဲအချိန်ရောက်ရင် အခြေနေပိုကောင်းစေချင်လို့လေ။" ရှုယီက ဖြေဆိုသည်၊ "မှော်ဝတ်ရုံတွေကတော့၊ တစ်ဝက်စီပေါ့လေ။ ကြည့်ပါဦး၊ Frestech ကုန်သည်ကြီးများအသင်း သင်္ကေတနဲ့ဆိုတော့ အတော်ကောင်းတဲ့ ကြော်ငြာပဲလေ။ ဒါပေမယ့် ပုံမှန်အားဖြင့် ခင်ဗျားတို့ ဒီ‌သင်္ကေတတွေကို ဖြုတ်လို့လည်း ရသလို ဝတ်ထားလို့လည်းရတယ်၊ အဆင်မပြေဘူးလား?"

"အင်း၊ ဒီအဝတ်တွေက အရမ်းလှသလို ပစ္စည်းတွေကလည်း အရမ်းကောင်းတော့ အတော်သဘောကျမိတယ်။" အာကာလီက သူမ ဝတ်ထားသည့် ဝတ်ရုံကို ကြည့်ရှုကာ အင်မတန် စိတ်တိုင်းကျဟန်ရှိနေသည်၊ "ဥက္ကဌ၊ ရှင်က ကျွန်မတို့ကို ဒီအဝတ်တွေပေးတဲ့ အဓိပ္ပာယ်လား?"

"ဒါပေါ့၊ ကျုပ်က ဘာအတွက် သိမ်းထားရမှာလဲ?"

ရှုယီ၏ တုံ့ပြန်မှုကိုကြားသော် အာကာလီ, ကလဲယာနှင့် ဘဲလ်လာတို့က အချင်းချင်း လက်ဝါးရိုက်ကာ အောင်ပွဲခံလိုက်ကြသည်။

၎င်းတို့မှာ ဤမှော်ဝတ်ရုံများ၏ တန်ဖိုးကို မေးလိုက်ရာ တစ်စုံစီက ရွှေဒင်္ဂါးဆယ်ပြားအောက် မနည်းချေ။

ဤသည်မှာ သာမန်နောက်ခံရှိ မှော်ပညာရှင်တစ်ဦးအတွက် ဝယ်ဖို့ဆန္ဒရှိပါလျှင်တောင် ဈေးကြီးလှသည့် ဝတ်ရုံပင်။

ယခု ရှုယီက ၎င်းတို့အတွက် ဤမှော်ဝတ်ရုံများပေးသည်ဟု ပြောလိုက်ရာ သေချာပေါက် အင်မတန် ပျော်ရွှင်နေတော့၏။

ကလဲယာလည်း ရှုယီကို မကြည့်ဘဲ မနေနိုင်တော့ချေ၊ "ဥက္ကဌ ရှင်က တကယ်ကို လူကောင်းပဲ။ ရှင် ဘဲလ်လာကို သဘောမကျရင် ကျွန်မကိုလည်း ရွေးလို့ရတယ်နော်။ ရှင် စတေးလ်ကို သဘောကျနေတုန်းဆိုလည်း ကျွန်မ စိတ်ထဲမထားဘူး။"

စတေးလ်က မျက်လုံးများ လှိမ့်ပြလိုက်ကာ၊ "ကလဲယာ နင်လည်း ဘဲလ်လာလို ပြဿနာရှာနေပြန်ပြီလား?"

ကလဲယာက ရယ်မောကာ၊ "ငါ ရိုးရိုးသားသားပြောတာပါ။ ဥက္ကဌ အတော်ငယ်ရွယ်၊ ခန့်ညား၊ ချမ်းသာပြီး ထက်မြတ်တော့ ဘယ်သူက သူ့ကို သဘောမကျမှာဘဲ? ငါ ပြောတာ မှန်တယ်မို့လား၊ အာကာလီ?"

အာကာလီ၏တုံ့ပြန်မှုက အနည်းငယ် တောင့်တင်းနေ၏။ သူမက ရှုယီကို ခပ်ယောင်ယောင်ကြည့်လိုက်ရင်း အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူမ၏ အမူအရာကိုပါ တောင့်တင်းလာစေသည်။

သူမထံမှ ၎င်းတုံ့ပြန်ချက်ကို မြင်သော် ရယ်မောနေသည့် ကလဲယာနှင့် ဘဲလ်လာတို့က ငြိမ်ကျသွားပြီး စတေးလ်နှင့်အတူ အာကာလီကို တအံ့တဩကြည့်လာကြ၏။

ပွင့်ပွင့်လင်းလင်းစရိုက်ရှိသူ ဘဲလ်လာက တစ်ခုခုပြောလိုက်‌လိုသော်လည်း ကလဲယာက သူမကို ပြန်ဆွဲကာ အပြောမှ ရပ်တန့်စေလိုက်သည်။

နှစ်ဦးသား၏အပြုအမူလေးများက မြင်းလှည်းထဲရှိ လေထုကို ပိုလို့ပင် နေရခက်သွားစေ၏။

စတေးလ်၏မျက်လုံးများက ထူးဆန်းသည့် အမူအရာများရှိနေသော အာကာလီနှင့် ရှုယီ၏ မျက်နှာများထံ ကူးလူးနေသည်။

သူမက မေးခွန်းထုတ်လိုက်လိုသော်ငြား စဉ်းစားပြီးသော် ပြန်သာ မျိုချလိုက်ရ၏။

ဆူဆူညံညံမြင်းလှည်းလေးက တမုဟုတ်ချင်း သေလုအောင် တိတ်ကျသွားလေရာ မြင်းခွာသံများနှင့် လမ်းကြမ်းကို လှည်းဘီး ဖြတ်သွားသံများအား အတိုင်းသား ကြားနေရတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၁၆။ အီရန်၏ မကျေချမ်းမှု

မှော်ပညာရှင်များ အဖွဲ့အစည်း၏ စာမေးပွဲနေရာက အန်ဗီမာမြို့တော်မှ မဝေးလှ၍ နေရခက်သည့် လေထုကလည်း မကြာလိုက်ခြင်းက တော်သေးသည်။

မြင်းလှည်းဆယ်စီးက စာမေးပွဲနေရာ အပြင်ဘက်၌ ရပ်တန့်သွားချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဝတ်ရုံများဝတ်ဆင်ထားကြသည့် မှော်ပညာရှင်များမှာ မြင်းလှည်းများထဲမှ ခုန်ဆင်းလာကြသည်။ စာမေးပွဲနေရာ၌ စောင့်ဆိုင်းနေကြသော မှော်ပညာရှင်အားလုံးမှာ လှမ်းကြည့်လာကြ၏။

မှော်ပညာရှင်များအနေနှင့် ၎င်းတို့မှ သာမန်လူများထက်စာလျှင် သတင်းကောင်းကောင်းပိုရသည်။ ယမန်နေ့ ⟨အန်ဗီမာတိုင်းမ်စ်⟩၌ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အရည်အချင်းစစ်စာမေးပွဲ၌ ပါဝင်ရန် ၎င်းတို့၏ မှော်ပညာရှင်များအားလုံးကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း သတင်းရေးထားခဲ့သည်။ ယခု အခြေအနေကိုမြင်သော် စာမေးပွဲနေရာရှိ မှော်ပညာရှင်များက အံ့ဩသွားသော်လည်း မြန်မြန် ထိန်းချုပ်လိုက်ကြ၏။

သို့သော် ဇိမ်ခံမြင်းလှည်းဆယ်စီးနှင့် Frestech ကုန်သည်ကြီးများအသင်း မှော်ပညာရှင်များဝတ်ဆင်ထားသည့် မှော်ဝတ်ရုံများကိုမြင်သော် မှော်ပညာရှင်အများစုမှာ မနေနိုင်ဘဲ လေးစားအားကျဟန်များ ပေါ်လာ‌ကြတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ မှော်ပညာရှင်များ၏ အကြည့်များကိုမြင်သော် ရှုယီက ကျေနပ်ဟန်ပြုံးလိုက်သည်။

သူဟာ ဤတစ်ခေါက် ကြော်ငြာအတွက် ငွေအတော်လေးသုံးခဲ့သော်လည်း လုံလုံလောက်လောက် အကျိုးရှိသရွေ့ ထိုက်တန်ပါ၏။

ရှုယီက လူတိုင်းကို စုစည်းကာ အားပေးစကားအနည်းငယ် ပြောလိုက်သည်။ ၎င်းတို့အား စာမေးပွဲအောင်ရန် ကံကောင်းဖို့ရာ ဆုတောင်းပေးမည်အပြုတွင် နံဘေးမှ ခနဲ့သံတစ်ချက် ထွက်လာသည်။

"အိုင်း၊ သူတို့ ငွေတွေကို ဘယ်နေရာမှာ သုံးရမှန်းမသိတော့ ဘယ်သူ့ဆီမှာများ ငွေတွေအများကြီးရှိလဲ စဉ်းစားနေတာ ဥက္ကဌရှု ဖြစ်နေတာပဲ။ မဆန်းပါဘူး၊ မဆန်းပါဘူးလေ..... ဒီလို အလွန်အကျူးကိစ္စမျိုးက မင်းပဲ လုပ်နိုင်တာကို။"

လူတိုင်းက လှည့်လာကာ ရှုယီလည်း လူအုပ်ထဲမှ ထွက်လာသူကို ကြည့်လိုက်၏။ သူက အပြုံးဖြင့်ပြောသည်၊ "ဒီတော့ ဒါက မစ္စတာ အီရန်ပေါ့။ ဘာလဲ? ပဉ္စမအဆင့် စာမေးပွဲကို ဖြေဖို့လာတာလား?"

အန်ကဲအီရန်၏ အမူအရာက တောင့်တင်းသွားကာ တစ်အောင့်ကြာပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်၊ "ဟင့်အင်း၊ ငါက စတုတ္ထအဆင့် စာမေးပွဲဖြေဖို့။"

ရှုယီလည်း မနေနိုင်အောင် ၎င်းကို ရယ်ရွှင်ဖွယ်ခံစားလိုက်ရသည်။ ဤလူက ယမန်နှစ်က သူ့ကြောင့် ဒဏ်ရာရသွားသဖြင့် ထူးထူးဆန်းဆန်း ရန်လိုနေခဲ့ကာ သေချာပေါက် ရန်ငြိုးထားနေခြင်းဖြစ်သော်လည်း ဤမေးခွန်းကို ရိုးရိုးသားသားဖြေလာကတည်းက ရင့်ကျက်ကာစ ကလေးတစ်ဦးသာ ဖြစ်နေသေးမှန်းသိသာသည်။

မှန်ပါ၏၊ ရှုယီက သူဟာ ငယ်ရွယ်သည့်အတွက်ကြောင့်နှင့်တော့ ပြောထားသည်ကို မပြောခဲ့သယောင် ဟန်ဆောင်မည်မဟုတ်ချေ။ သူဟာ တမင်တကာ အံ့ဩဟန် ပြ၍ ပြောလေသည်၊ "အိုး? ခင်ဗျား မနှစ်က ယုံကြည်မှုရှိနေတော့ စတုတ္ထအဆင့်စာမေးပွဲကို အောင်သွားပြီထင်နေခဲ့တာ၊ ဒါပေမယ့် ခင်ဗျား ကျရှုံးခဲ့မယ်လို့ မထင်ထားဘူး။ ဒါက တကယ်ကို နှမျောစရာပဲ။"

အန်ကဲအီရန်၏မျက်နှာက ဖြူတလှည့် ပြာတလှည့် ဖြစ်နေပြီးနောက် အကြိမ်များစွာ မျက်နှာထားပြောင်းသွားရင်း ရှုယီကိုစိုက်ကြည့်လာသည်၊ "ပြောလိုက်မယ်၊ ငါ့ရှေ့မှာ ဘဝင်လာမြင့်မနေနဲ့! ငါလုပ်လို့ ဒီနှစ် မင်းမအောင်မှာကို မစိုးရိမ်ဘူးလား!"

ရှုယီက လက်များဖြန့်လျက် အသာပြုံးကာ ပြောလေသည်၊ "သခင်လေး အီရန်, ခင်ဗျားအရင်နှစ်ကလည်း ဒီလိုပြောခဲ့တာပဲလေ၊ ဒါပေမယ့် အဲ့လိုမှ မဖြစ်ခဲ့တာ။ ဒီနှစ်တော့..... စိတ်မကောင်းပါဘူး၊ ကျုပ်က သတ္တမအဆင့် စာမေးပွဲကိုဖြေမှာလေ။ ခင်ဗျားဖြေမယ့် စတုတ္ထအဆင့်စာမေးပွဲနေရာက ကျုပ်နဲ့မတူလောက်တော့ အရင်နှစ်ကလို ခင်ဗျား တားချင်ရင်တောင် အခွင့်အရေးမရှိမှာ စိုးမိပါတယ်နော်?"

ရှုယီ၏ စကားလုံးများကိုကြားသော် ဘေးပတ်လည်ရှိ မှော်ပညာရှင်များက ယေဘုယျအခြေအနေကို နားလည်သွားသည်။

သို့သော် လူတိုင်းက အနည်းငယ် အံ့ဩနေကြသည်။ ပြောရလျှင် ရှုယီနှင့် အန်ကဲအီရန်၏ နောက်ခံများမှာ လုံးဝမတူပေ။

အဘယ့်ကြောင့် ယခင်နှစ်က ၎င်းတို့အကြား ထိုသို့သော ကတောက်ကဆ ကြီးကြီးမားမားရှိခဲ့ရသနည်း? အန်ကဲအီရန်၏ လက်ရှိ အမူအရာမှာ ရှုယီကို အရှင်လတ်လတ် ဝါးစားတော့မတတ်ပင် ဖြစ်နေ၏။

မှန်ပါ၏၊ ၎င်းတို့အကြား ကတောက်ကဆတွင် သိထားရသည်မှာ သေချာပေါက် ခံစားခဲ့ရသူက အန်ကဲအီရန်သာပင်။

အန်ကဲအီရန်က မှော်ပညာရှင်များအဖွဲ့အစည်း ဥက္ကဌ ပဲလ်မက်စ်အီရန်၏ တစ်ဦးတည်းသောသားဖြစ်သည်ကို တွေးကြည့်သော် လူတိုင်းက ရှုယီကို ပို၍ပင် ထူးဆန်းသော အကြည့်များဖြင့်ကြည့်လာသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ယခုတွင် အင်မတန် ကျော်ကြားနေလျှင်သော်မှ ၎င်းတို့၏ ရာထူးများအရ ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအနေနှင့် မှော်ပညာရှင်များအဖွဲ့အစည်း၏ ဥက္ကဌ ပဲလ်မက်စ်အီရန်ကို ယှဉ်နိုင်ရန် ဝေးကွာနေသေး၏။ Frestech ကုန်သည်ကြီးများအသင်းမှာ ယမန်နှစ်က အန်ဗီမာမြို့တော်၌ မည်သည့်နာမည်မှ မရှိခဲ့လုနီးပါးဖြစ်သည်ကို မဆိုထားနှင့်။

ထို့ကြောင့် ရှုယီမှာ အန်ကဲအီရန်နှင့် ထိပ်တိုက်တွေ့ပြီးနောက်တွင် မည်သို့များ ပဲလ်မက်စ်အီရန်၏ဒေါသမှ လုံလုံခြုံခြုံ ဖြတ်ကျော်ခဲ့သနည်း?

ရှုယီ၏ စကားလုံးများကို‌ကြားသော် အန်ကဲအီရန်က ဒေါသတကြီးဖြင့် လက်သီးတင်းတင်းဆုပ်လိုက်သည်။

ယမန်နှစ်က ရှုယီကြောင့် ဒဏ်ရာရသွားပြီးနောက်တွင် သူ၏ဖခင်က သူ့အတွက် သေချာပေါက် လက်စားချေပေးမည်ဟု ထင်ခဲ့သည်။ သူ၏ဖခင်က ဘာမှ မလုပ်ပေးသည့်အပြင် သူ့အဖေထံ ဆန္ဒပြစဉ်၌ သင်ခန်းစာပါ အပေးခံရမည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုအချိန်၌ ရှုယီက သူထင်သလို ရိုးရှင်းမနေကြောင်းသလိုက်သဖြင့် ရှုယီကို လက်စားချေမည့် အကြံအား ကူရာမဲ့စွာ လက်လျှော့ခဲ့ရသည်။

သို့သော် ယနေ့ ရုတ်တရတ် ရှုယီကို ဤနေရာ၌ တွေ့လိုက်ရသဖြင့် သူလည်း မနေနိုင်ဘဲ အပြေးလေး သွားမိသည်။

သူဟာ ယမန်နေ့ညက ဖခင်၏သတိပေးမှုကြောင့် ရှုယီကို ဆန့်ကျင်လှုပ်ရှားခြင်းမပြုနိုင်လျှင်သော်မှ မခံချိမခံသာပြော၍ လက်စားနည်းနည်းချေနိုင်ပါသေးသည်။

သူဂာ ဝေါဟာရများ၌ပင် ရှုယီ၏ ပြိုင်ဘက်မဖြစ်နိုင်ဟု မည်သူက ထင်ထားအံ့နည်း?

ရှုယီ အပြောကိုကြားသော် သူဟာ မည်သည်ကိုမှ လုံးဝ ပြန်မပြောနိုင်‌တော့ချေ။

ဤသည်မှာ ရှုယီ အပြောက လုံးဝ မှန်ကန်နေသောကြောင့်ပင်။ ရှုယီက သတ္တမအဆင့်စာမေးပွဲဖြေရမည်ဖြစ်ပြီး သူကတော့ စတုတ္ထအဆင့် စာမေးပွဲလေးသာ ဖြစ်နေသည်လေ။

အဆင့်မြင့်နှင့် အောက်အဆင့်မှော်ပညာရှင် စာမေးပွဲများကို သီးခြားကန့်သတ်ထားသဖြင့် ရှုယီကို ယမန်နှစ်ကကဲ့သို့ ရန်သူနှယ် ဆက်ဆံရန် အခွင့်မရှိတော့ပေ။

ထိုသည်ကို စဉ်းစားရင်း အန်ကဲအီရန်က အံ့အားသင့်ဖွယ် အချက်တစ်ချက်ကို သတိပြုမိသွား၏။ သူက ရှုယီကို လက်ညှိုးထိုး၍ တအံ့တဩပြောလာသည်၊ "မင်း အခုနက ပြောလိုက်တာ..... သတ္တမအဆင့်စာမေးပွဲဖြေမှာတဲ့လား? လိမ်နေတာပဲဖြစ်ရမယ်! မင်း မနှစ်ကတောင် ပဉ္စမအဆင့်စာမေးပွဲ‌ကို အောင်ခဲ့တာ၊ ဘယ်လိုလုပ် ဒီနှစ်မှာ သတ္တမအဆင့်စာမေးပွဲဖြေဖို့ စွမ်းအားရှိမှာလဲ? မဖြစ်နိုင်တာကြီး!"

အန်ကဲအီရန်၏ အမေးကိုကြားသော် ဘေးပတ်လည်ရှိ မှော်ပညာရှင်များမှာ ရှုယီကို အထိတ်တလန့်ကြည့်လာကြသည်။

ဤအချိန်တွင် ရှုယီက ယမန်နှစ်ကမှ ပထမဆုံး အရည်အချင်းစစ်စာမေးပွဲတွင် ပဉ္စမအဆင့်မှော်ပညာရှင်ဖြစ်လာသည်အား သတိရသွားသည့် မှော်ပညာရှင်များစွာ‌ရှိသည်။ ထိုစဉ်က လမ်ပူရီဘုရင့်နိုင်ငံ မှော်ပညာရှင်အသိုင်းဝိုင်းတွင် ၎င်းမှာ အုန်းအုန်းကျက်ကျက်ဖြစ်ခဲ့သေး၏။

သို့သော် ယမန်နှစ်ကမှ ပဉ္စမအဆင့်မှော်ပညာရှင်လေးတစ်ဦးဖြစ်ခဲ့လေရာ၊ ဤနှစ် သတ္တမအဆင့်စာမေးပွဲကို တကယ်ကြီး ဖြေဝံ့လေသည်လား?

သူ့ကိုယ်သူ အထင်ကြီးလွန်းနေခြင်းကြောင့်သာ မဟုတ်လျှင် တစ်နှစ်တည်းနှင့် ပဉ္စမအဆင့်မှ သတ္တမအဆင့်သို့ တက်နိုင်ရန် အမြန်နှုန်းမှာ ကြောက်မက်ဖွယ်ကောင်းလွန်းမနေပေဘူးလား?

ရှုယီကာသူ၏ စွမ်းအားကို တကယ်တမ်း ဂရုမစိုက်လေရာ ပြသရန် အခွင့်ကောင်းရှိနေသည်ကို သိလျှင်သော်မှ အန်ကဲ အီရန်ကို သာမန်ကာလျှံကာသာ ပြုံးပြပြီးနောက် ပြောသည်၊ "ဒီမေးခွန်းက ခင်ဗျား ဂရုစိုက်စရာမလိုပါဘူး။ ကောင်းပြီလေ၊ စာမေးပွဲလည်း စတော့မှာဆိုတော့ ခင်ဗျားနဲ့ စကားထပ်မပြောနိုင်တော့ဘူး။"

ရှုယီလည်း ထိုသို့ပြောပြီးနောက် လှည့်သွားကာ အန်ကဲအီရန်ကို လျစ်လျူရှု၍ Frestech ကုန်သည်ကြီးများအသင်း သုတေသနပညာရှင်များကို စာမေးပွဲမဖြေခင် အားပေးစကားများပြောလိုက်တော့သည်။

အန်ကဲအီရန်က ရှုယီကို စကားလုံးတချို့ဖြင့် ထပ်မံ ခနဲ့ချင်သေးသော်လည်း ရှုယီအား တူညီဝတ်ရုံများဖြင့် မှော်ပညာရှင်များက ဝိုင်းရံထားသည်ကိုမြင်သော် တစ်ခုခု တွေးမိသွားပုံရသည်။ သူ၏မျက်လုံးများက မှော်ပညာရှင်များ၏ ရင်ဘတ်ပေါ်ရှိ သင်္ကေတထံ ကျရောက်လာကာ နှုတ်ခမ်းများက ကွေးတက်သွားရင်း စိတ်ကျေနပ်ကာ ရက်စက်သည့် အပြုံးကို ပန်ဆင်လိုက်လေ၏။

စာမေးပွဲနေရာ၌ ခဏတာ စောင့်ဆိုင်းနေပြီးနောက်တွင် မှော်ပညာရှင်များ အဖွဲ့အစည်း ဝန်ထမ်းများက စာမေးပွဲ စတင်ကြောင်း ကြေညာလေသည်။ စာမေးပွဲနေရာရှိ မှော်ပညာရှင်များမှာ နှစ်ပိုင်းခွဲ၍ သက်ဆိုင်ရာ စာမေးပွဲနေရာသို့ လျှောက်သွားလိုက်ကြ၏။

ရှုယီက အောက်အဆင့်မှော်ပညာရှင်များထံ လက်ပြပြီးနောက် စတေးလ်ထံ လက်သီးဆုပ်လေး ထောင်ပြကာ အားပေးပြုံး,ပြုံးပြလာသည်။ ထို့နောက် အဆင့်မြင့်မှော်ပညာရှင် ဆယ့်နှစ်ဦးနှင့်အတူ အခြား စာမေးပွဲနေရာသို့ သွားလိုက်တော့၏။

စာမေးပွဲနေရာသို့ ဝင်လိုက်သည်တွင် ယခင်နှစ် ပဉ္စမအဆင့်စာမေးပွဲ ဝင်ဖြေစဉ်ကထက် လူပိုနည်းနေသည်ကို တွေ့ရသည်။

သို့သော် မှော်ပညာရှင်တစ်ယောက် အဆင့်‌ပိုမြင့်လေ တိုးတက်ရန် ပိုခက်ခဲလေဖြစ်သဖြင့် ပုံမှန်ပင်။

လမ်ပူရီဘုရင့်နိုင်ငံ၌ လက်ရှိတွင် မှော်ပညာရှင် တစ်သောင်းဝန်းကျင်ရှိပြီး စတုတ္ထအဆင့်ကို ကျော်ဖြတ်နိုင်သူမှာ ငါးရာထက်ပင် မကျော်ချေ။ တစ်နှစ်စီတိုင်း ပဉ္စမအဆင့်စာမေးပွဲတွင် ဝင်ပြိုင်ရန် လုံလောက်သည်ဟု ခံစားရသော မှော်ပညာရှင်များမှာ တစ်ဝက်အောက်သာရှိ၏။

ရှုယီလို ပဉ္စမအဆင့် သို့မဟုတ် ပိုမြင့်သည့် စွမ်းအားရှိသူများမှာ ငါးရာအောက်သာရှိ၏။ သို့သော် ပိုသန်မာလာရန် ခက်ခဲပြီး တိုးတက်ဖို့ လုံလုံလောက်လောက်သန်မာသည်ဟု ထင်ကြသည့် မှော်ပညာရှင် အနည်းအကျဉ်းသာ ရှိသဖြင့် ဤနေရာ၌ လူက ပိုပင် နည်းနေသေးသည်။

တကယ်တမ်းတွင် မှော်သုတေသနဌာန၏ အဆင့်မြင့်မှော်ပညာရှင် ဆယ့်နှစ်ဦးမှာ အဆင့်တက်ရန် လုံလုံလောက်လောက် သန်မာကြောင်း မသေချာသဖြင့် ဤတစ်ခေါက် ဝင်ဖြေသည်မှာ Frestech ကုန်သည်ကြီးများအသင်းက သွားလာရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးများတို့ကို ထောက်ပံ့ပေးသောကြောင့်သာ။

မဟုတ်ပါက၊ ဤနေရာသို့ ၎င်းတို့၏ အင်အားကိုစမ်းသပ်ရန် ရောက်လာသူ ငါးယောက်အောက်သာ ရှိလိမ့်မည်။

ရှုယီလည်း စာမေးပွဲနေရာကိုကြည့်လိုက်ရာ သူအပါအဝင် အဆင့်မြင့်မှော်ပညာရှင်စာမေးပွဲကို ဖြေရန် လာသူ အယောက်ငါးဆယ်အောက်သာ ရှိကြောင်း တွေ့လိုက်ရသည်။

မှော်ပညာရှင်များ အဖွဲ့အစည်းက အဆင့်မြင့်မှော်ပညာရှင်များအတွက် စာမေးပွဲကို အတူထား,ထားသည်မှာ မဆန်းတော့ချေ။

ဤလူနည်းနည်းလေးအတွက် တစ်ချိန်တည်း မှော်ပညာရှင်ငါးဦးစလုံး ရှိနေသည်မှာ ဖြုန်းတီးမှုဟုပင် ရှုယီ ခံစားနေရ၏။

မဟာမှော်ပညာရှင်များကို စဉ်းစားကြည့်ရင်း ရှုယီ မော့ကြည့်လိုက်ရာ စာမေးပွဲနေရာ အထက်၌ တည်ရှိနေသည့် မဟာမှော်ပညာရှင်ငါးဦးကို မြင်လိုက်ရသည်။

မဟာမှော်ပညာရှင်ကမ်မီလာက ဘယ်ဘက်မှရေလျှင် ဒုတိယမြောက်ခုံ၌ ထိုင်နေသည်။ ရှုယီ ကြည့်လာသည်ကို တွေ့သော် သူက ရှုယီကို တုံ့ပြန်သည့်အနေနှင့် ခေါင်းငြိမ့်ပြလာ၏။

သူ့ဘယ်ဘက်၌ ထိုင်နေသည်က မဟာမှော်ပညာရှင်အီစန်ခယ်ပင်။ မဟာမှော်ပညာရှင်ကမ်မီလာနှင့် စာလျှင် မဟာမှော်ပညာရှင်အီစန်ခယ်က ရှုယီထံ များစွာ ပိုမို ဖော်ရွေသော်လည်း စီးပွားရေးဆွေးနွေးစဉ်ကနှင့် ယှဉ်လျှင် များစွာပိုမိုချုပ်တည်းထားပြီး နွေးထွေးစွာသာ တစ်ချက်ပြုံးပြလာသည်။

ပြောရလျှင် သူက ဤနေရာ၌ စစ်ဆေးသူဖြစ်လေရာ ရှုယီနှင့် တအားရင်းနှီးပြရန် အဆင်မပြေပေ။

ညာဘက်ရှိ မဟာမှော်ပညာရှင်နှစ်ဦးမှာ ယခင်က ရှုယီမတွေ့ခဲ့ဖူးသူများဖြစ်ပြီး အလယ်ရှိ မဟာမှော်ပညာရှင်မှာ ရှုယီ အသိအမှတ်ပြုထားသည့် တစ်ယောက်ဖြစ်သည်။ ၎င်းမှာ‌ ယခင်နှစ်က ဆုံခဲ့ရသော မှော်ပညာရှင်များအဖွဲ့အစည်း၏ ဥက္ကဌ ပဲလ်မက်စ်အီရန်ဖြစ်၏။

ရှုယီ သူ့ကိုကြည့်လိုက်ချိန်တွင် သူကလည်း ရှုယီကို ကြည့်နေ၏။

၎င်းတို့ အကြည့်များဆုံစဉ်တွင် ပဲလ်မက်စ် အီရန်က အသာမျက်‌လုံးမှေးလျက် ခေါင်းတစ်ချက် ငြိမ့်ပြလာသည်။

ရှုယီလည်း ခပ်သာသာပြန်ပြုံးပြလိုက်ပြီး အစောပိုင်းတုန်းက အန်ကဲအီရန် သူ့ကို လာဆွသွားသည့်အကြောင်း သိလောက်မည်လားဟု စဉ်းစားနေသည်။

သူ၏သားသာ ထိုမျှ မိုက်‌မဲကြောင်း သိပါလျှင် ဥက္ကဌမှာ လုံးဝ ခံစားချက်ကောင်းလိမ့်မည်မဟုတ်ပေ။

***

မှော်စက်မှုအင်ပါယာ

Vol 2 အခန်း ၁၁၇။ ထူးခြားသော လျှပ်စီးမှော်စွမ်းအားသစ်

ဤသည် နိုင်ငံများ၏ မှော်ပညာရှင်များအဖွဲ့အစည်းတို့၌ အဆင့်မြင့်မှော်ပညာရှင် အရည်ချင်းစစ်စာမေးပွဲကျင်းပသော ပထမဆုံးအကြိမ် ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်၊ စာမေးပွဲမစတင်ခင်တွင် လမ်ပူရီဘုရင့်နိုင်ငံ၏ မှော်ပညာရှင်များအဖွဲ့အစည်းက အခမ်းအနားလေးတစ်ခု ကျင်းပခဲ့၏။

အခမ်းအနားတွင် ၎င်းတို့မှာ စိုင်စ်နယ်မြေကြီး၏ မှော်ပညာရှင်များအဖွဲ့အစည်းမှ ချမှတ်ထားသော ဆုံးဖြတ်ချက်ကို ဖတ်ရှုခဲ့ရုံမျှမက အဆင့်မြင့်မှော်ပညာရှင် အရည်အချင်းစစ်စာမေးပွဲ စည်းမျဉ်းများကိုပါ ရွတ်ဖတ်ကြသည်။

ဥက္ကဌ ပဲလ်မက်စ် အီရန် ရွတ်ဖတ်ခဲ့သည့်အရာမှ ရှုယီမှာ မှတ်သားဖွယ်ရာတစ်စုံတရာကို သတိပြုမိသွား၏။

အကြောင်းမှာ စိုင်စ်နယ်မြေကြီးရှိ နိုင်ငံတိုင်း၌ မှော်ပညာရှင်တစ်ဦး မရှိရာ မှော်ပညာရှင်မရှိသည့် နိုင်ငံများမှာ အခြားနေရာသို့ လွှဲပေးရသည်။ အဆိုပါ နိုင်ငံများ၏ အဆင့်မြင့်မှော်ပညာရှင်စာမေးပွဲ ဝင်ပြိုင်‌လိုသော အဆင့်မြင့်မှော်ပညာရှင်များအား စာမေးပွဲအတွက် မဟာမှော်ပညာရှင်ရှိသည့် အနီးအနားနိုင်ငံသို့ လွှဲပေးရ၏။

ဤနယ်နိမိတ်အပိုင်းအခြား၌ အနီးအနားရှိ စတက်တိန်းနယ်မြေ၌ မှော်ပညာရှင်မရှိသလို စတက်တိန်းနယ်မြေက လမ်ပူရီဘုရင့်နိုင်ငံနှင့် နီးကပ်သည့် အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် လမ်ပူရီဘုရင့်နိုင်ငံအနီးရှိ စတက်တိန်းနယ်မြေနှင့် အခြားနယ်မြေလေးနှစ်ခုတို့အား လမ်ပူရီဘုရင့်နိုင်ငံသို့ လွှဲပြောင်းထားသည်။

ဥက္ကဌအီရန်က ၎င်းကို ဖတ်ရှုနေသည်အားကြားသော် ရှုယီလည်း မနေနိုင်ဘဲ စာမေးပွဲအတွက် ရောက်လာကြသော အဆင့်မြင့်မှော်ပညာရှင်များကို ကြည့်လိုက်သည်။ သူဟာ ဤစာမေးပွဲအတွက် စတက်တိန်းနယ်မြေထံမှလာသော မှော်ပညာရှင်များကို ရှာလို၏။

သို့သော် မှော်ပညာရှင်များက အတော်လေး တူညီဟန်ပေါ်နေသဖြင့် ရှုယီလည်း အသွင်သဏ္ဍာန်ကိုကြည့်ကာ မသုံးသပ်နိုင်ချေ။

အခမ်းအနားပြီးနောက် ဥက္ကဌအီရန်က အခြား မဟာမှော်ပညာရှင် လေးဦးကို မိတ်‌ဆက်ပေးလာသည်။ စာမေးပွဲအတွက် လမ်ပူရီဘုရင့်နိုင်ငံ၏ မှော်ပညာရှင် ငါးဦးစလုံး ရှိနေခြင်းက ကံကောင်းလှသည်ဟုပင် အားလုံးကို ပြောလေသည်။

"ဒါက ရှားရှားပါးပါး ဂုဏ်ယူစရာပဲ! ဒီနှစ်က စပြီးတော့ အဖွဲ့အစည်းက စာမေးပွဲကို ကြီးကြပ်ဖို့ မဟာမှော်ပညာရှင်တစ်ယောက်ကိုပဲ တောင်းဆိုမှာဖြစ်တာကြောင့် မ‌ဟာမှော်ပညာရှင် ငါးဦးရဲ့ အရှေ့မှာ ထပ်ပြီး မင်းတို့ရဲ့စွမ်းအားကို ထပ်ပြဖို့အခွင့်အရေးက အခုကလွဲပြီးရင် မရှိတော့ဘူး။ ဒီအခွင့်အရေးကို သေချာဆုပ်ကိုင်ပြီး အရည်အချင်းကို ပြရမယ် နားလည်လား?" ဥက္ကဌအီရန်က အသံကျယ်ကျယ်ဖြင့်မေးလေသည်။

မှော်ပညာရှင်များအားလုံးထံ၌ စိတ်လှုပ်ရှားဟန်များရှိနေကာ ပြန်ပြောလာကြသည်၊ "နားလည်ပါတယ်!"

ရှုယီမှာ ၎င်းတို့၏ စိတ်လှုပ်ရှားမှုနှင့် ဆန္ဒပြင်းပြမှုကြောင့် ထိတ်လန့်သွားသည်၊ အကြောင်းမှာ သူ့အတွက် မဟာမှော်ပညာရှင်များက ထိုမျှ မရှားပါးလှချေ။

ထို့ကြောင့် သူဟာ မဟာမှော်ပညာရှင်များအား စိတ်နှလုံးတွင်း၌ ကိုးကွယ်ကာ ရည်မှန်းချက်အဖြစ်ထားရှိကြသော အခြားမှော်ပညာရှင်များကို နားမလည်နိုင်ချေ။ မဟာမှော်ပညာရှင်ငါးဦး ရှေ့မှောက်၌ အရည်အချင်းအချင်းပြသရန်မှာ တကယ်ကို ဂုဏ်ယူစရာပင်။

အခမ်းအနား ပြီးဆုံးသွားသည့်နောက် ဥက္ကဌအီရန်က အချိန်ထပ်မဖြုန်းနေဘဲ ချက်ချင်း စာမေးပွဲ စတင်ကြောင်း ကြေငြာ၏။

လိုရင်းဆိုရသော် အဆင့်မြင့် မှော်ပညာရှင်စာမေးပွဲမှာ တကယ်ကို ယခင်က မဟာမှော်ပညာရှင်ကမ်မီလာပြောခဲ့သလိုပါပင်။ အစီအစဉ်နှင့် အကြောင်းအရာက အခြေခံအရ အောက်အဆင့် မဟာမှော်ပညာရှင်စာမေးပွဲနှင့် တူညီသည်။

စာမေးပွဲအား ရေးဖြေစစ်ဆေးမှုနှင့်လည်း စတင်ကာ မှော်ပညာရှင်တို့၏ မှော်ပညာ သီအိုရီဆိုင်ရာ ဗဟုသု‌တကို စစ်ဆေးသည်။

ဤသည်မှာ ရှုယီအတွက် မခက်ခဲချေ။

မဟာမှော်ပညာရှင်ကမ်မီလာလည်း စိတ်ပူနေ‌သော ခက်ခဲသည့်အပိုင်းမှာ ရေးဖြေစာမေးပွဲပြီးနောက်လာသော အဆင့်မြင့် မှော်ပညာထုတ်ဖော်ခြင်းပင်။

သူ၏ရှေ့ရှိ မှော်ပညာရှင်များက ၎င်းတို့၏ အဆင့်မြင့်မှော်ပညာများကို တစ်ဦးပြီးတစ်ဦး ထုတ်ဖော်ပြသသွားကြသည်အား ကြည့်ရင်း ရှုယီမှာ အနည်းငယ် မသေမချာဖြစ်လာသည်။

အဆင့်မြင့်မှော်ပညာကို အစားထိုးရန် သူရွေးချယ်ထားသည့် နည်းလမ်းမှာ အတော်ကောင်းသလို မဟာမှော်ပညာရှင်ကမ်မီလာ၏ လက်ခံမှုကိုပါ ရရှိထားသော်လည်း တကယ်တမ်း အဆင့်မြင့်မှော်ပညာမဟုတ်ပါချေ။ အခြား မဟာမှော်ပညာရှင်လေးဦးကသာ အမှန်တရားကို သတိထားမိလျှင် ၎င်းကို လက်မခံသည်လည်း ဖြစ်နိုင်ပါ၏။

များမကြာမီ၊ ရှုယီ ရှေ့ရှိ မှော်ပညာရှင်က ထုတ်ဖော်ပြသပြီးနောက် ရှုယီ အလှည့် ရောက်လာသည်။

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို မေးခွန်းထုတ်ဟန်ဖြင့် ကြည့်လာ၏။

ရှုယီလည်း စိတ်ထဲရှိ ပူပန်မှုကို ထိန်းချုပ်ကာ မဟာမှော်ပညာရှင်ကမ်မီလာထံ ခေါင်းတစ်ချက် ငြိမ့်ပြ၍ ယုံကြည်ချက်ရှိရှိပြုံးလေသည်။

မဟာမှော်ပညာရှင်ကမ်မီလာလည်း အနည်းငယ် စိတ်အေးသွားကာ ရှုယီကို အားပေးသယောင်ပြုံးပြလိုက်၏။

မဟာမှော်ပညာရှင်အီစန်ခယ်ကမူ သဘာဝကျစွာပင် မစိုးရိမ်နေချေ။ သူဟာ အခြားမဟာမှော်ပညာရှင်သုံးဦးကဲ့သို့ ရှုယီကို စူးစမ်းလိုမှုအပြည့်ဖြင့် ကြည့်နေသည်။

လမ်ပူရီဘုရင့်နိုင်ငံ၏ မှော်ပညာရှင်အသိုင်းအဝိုင်းတွင် ရှုယီမှာ အတော်နာမည်ကြီးသည်။

ယခင်နှစ် ပထမဆုံးအကြိမ် အ‌ရည်အချင်းစစ်စာမေးပွဲကို ဝင်ပြိုင်ပြီးနောက် ပဉ္စမအဆင့်စာမေးပွဲကို ဖြတ်ကျော်နိုင်ခဲ့သည့်အချက်အပြင် သူ့အား မှော်ပညာရှင်များအကြား နာမည်ကျော်စေသည်မှာ သူလေ့လာထားသည့် မှော်စက်များကြောင့် ဖြစ်၏။

ရှုယီ မတိုင်ခင် မှော်အသုံးပြုမှုများကို အသုံးပြုသည့် မှော်ပညာရှင်များကို အခြားလူများက ဂရုမစိုက်ခဲ့ချေ။ သို့သော် ရှုယီ မှော်စက်များ တီထွင်ခဲ့ပြီးနောက် မှော်ပညာရှင်များမှာ မှော်နှင့်စက်အတူတကွထားလျှင် လက်တွေ့ကျသော အသုံးပြုမှုများရလာမည်ဖြစ်ကြောင်းတွေ့ရှိလိုက်ကြသည်။

ပိုအရေးကြီးသည်မှာ မှော်စက်များက ငွေများစွာ ရှာနိုင်ခြင်းပင်!

Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို သိရှိပြီးနောက် နောင်တပြည့်နေသူများကိုလည်း တွေ့နိုင်သည်။

၎င်းတို့သာ ယခုကဲ့သို့ မှော်ပညာကို သုံးကာ ရှုယီမတိုင်ခင် မှော်စက်များကို တီထွင်ခဲ့ပါက ၎င်းတို့လည်း ငွေများစွာ ရမည်မဟုတ်ပါလား။

မှော်ပညာရှင်များကလည်း သာမန်လူများကဲ့သို့ ငွေကို မြတ်နိုးသည်။ ၎င်းတို့မှာ ငွေအ‌လုံအလောက်ရှိသရွေ့ မှော်ပစ္စည်းများ အလုံအလောက်ဝယ်ယူနိုင်ကာ မှော်စမ်းသပ်မှုများကို ဆန္ဒရှိသလို ပြုလုပ်နိုင်မည်ဖြစ်သောကြောင့် သာမန်လူများထက်ပင် ငွေကို မြတ်နိုးသေးသည်။

ထို့ကြောင့် အချက်အလက်အရ မှော်ပညာရှင်တစ်ဦးစီ၏ တိုးတက်ကြီးထွားမှုအား ငွေပမာဏများစွာဖြင့် ထောက်ပံ့ထားသည်။

သို့ရာ၌ မှော်စက်မှုနယ်ပယ်ထဲသို့ ဝင်ရောက်လာမည့် မှော်ပညရှင်များရှိပ်လျှင်တောင် မှော်စက်များကို ဖန်တီးရန် လုံးဝမလွယ်ကူကြောင်းသိလိုက်ကြသည်။

လမ်ပူရီဘုရင့်နိုင်ငံ၌ ပေါ်ထွက်လာသော မှော်စက်လုပ်ငန်းစုများစွာရှိသော်လည်း Frestech ကုန်သည်ကြီးများအသင်းထံမှ စက်ပိုင်းဆိုင်ရာ ထောက်ပံ့ရေးမရခင်တွင် Frestech ကုန်သည်ကြီးများအသင်းနှင့် တန်းတူယှဉ်နိုင်သည့် မှော်စက်များကို ထုတ်လုပ်နိုင်သော လုပ်ငန်းစု တစ်ခုလေးပင် မရှိချေ။

ထို့ကြောင့် လမ်ပူရီဘုရင့်နိုင်ငံ၏မှော်ပညာရှင်များမှာ ရှုယီအကြောင်း ပိုလို့ပင် သိချင်လာကြ၏။

ဤလူမှာ မှော်စက်များကို မည်သို့ တီထွင်ခဲ့သနည်း?

ဥက္ကဌအီရန်၏ အတွေးများမှာ အခြားလူများနှင့် ကွာခြားသည်။ သူဟာ ရှုယီက ယခင်နှစ်က သူ့ထံအလည်လာကာ မှော်ပညာမူပိုင်ခွင့်အက်ဥ‌ပဒေကို အကြံပြုလာချိန်ကို စဉ်းစားနေခဲ့သည်။

တစ်နှစ်တာ ဆွေးနွေးပြီးနောက် မှော်ပညာရှင်များ အဖွဲ့အစည်းမှာ ၎င်းအက်ဥပဒေအတွက် စိတ်များ ပြင်ဆင်ထားကြပြီးဖြစ်၏။

သို့သော် မှော်ပညာရှင်များ အဖွဲ့အစည်းတွင် သဘောမတူခဲ့သည့် အသေးစိတ်အချက် တချို့ရှိသေးသည်။

ဥပမာဆိုရပါက၊ အခကြေးငွေပေးသွင်းခြင်း ပြဿနာပင်။ အခကြေးငွေပေးရန် သဘောမတူခဲ့သည့် မှော်ပညာရှင်များစွာရှိသလို အချို့ကမူ အခကြေးငွေ ယူသင့်ကြောင်း ဆိုကြပြီး ပမာဏများသင့်သည်ဟုလည်း ပြောသည်။

ဥက္ကဌအီရန်ကလည်း အခကြေးငွေ ပေး‌သွင်းခြင်းကို သဘောတူကာ မှော်ပညာရှင်များအဖွဲ့အစည်း၏ မူဝါဒချမှတ်သူများအကြောင်းကို သိထားခြင်းအရ နောက်ဆုံး ဆုံးဖြတ်ချက်၌ အခကြေးငွေပေးသွင်းခြင်း ပါဝင်လိမ့်မည်။

သို့သော် ပမာဏကိုမူ..... ဆွေးနွေးဖို့ လိုအပ်နေသေးသည်။

ဥက္ကဌအီရန်က ထိုအကြံပေးခဲ့သည့် ရှုယီကိုကြည့်ကာ ယခင်နှစ်က ရှုယီအနေနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ မူပိုင်ခွင့်ကြေးမြင့်မြင့်ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ကို စဉ်းစား‌မိသွားသာ။ ၎င်း 'မြင့်မြင့်'ဟူသည်မှာ မည်မျှ 'မြင့်မား'သနည်း?

ထို့ကြောင့် မဟာမှော်ပညာရှင်ငါးဦးက ရှုယီ စင်ပေါ် တက်လာသည်ကို ကြည့်ရှုနေကြသည်။ ၎င်းတို့ထံရှိ မတူညီသော အတွေးများကြောင့် စင်မြင့်က မထင်မှတ်ထားစွာ အတန်ငယ် တိတ်ကျသွားသည်။

ဤထူးဆန်းသည့်အခြေအနေက အာရုံစိုက်မှု ဗဟိုဖြစ်နေသော ရှုယီကို ပို၍ပင် အာရုံစိုက်ခံသွားစေသည်။

အခြားမှော်ပညာရှင်များမှာ မဟာမှော်ပညာရှင်ငါးဦးစလုံးက ရှုယီကို စိုက်ကြည့်နေကြသည်ကို မြင်သော် စိတ်နှလုံးများ၌ မလိုအားကျမှုတို့ဖြင့် မပြည့်နှက်ဘဲ မနေနိုင်တော့ချေ။

ဤရှုယီက Frestech ကုန်သည်ကြီးများအသင်းကို ဖွင့်လှစ်ရန် အနှီမှော်စက်များကို မှီခိုထားရုံသာမက ယခုတွင် မဟာမှော်ပညာရှင်ငါးဦးစလုံး၏ အာရုံစိုက်မှုကို ရထားလေရာ တကယ်ကို ကံကောင်းလှသည်။

အနေရခက်စွာ တိတ်ဆိတ်နေပြီးနောက် ဥက္ကဌအီရန်က သူ၏နံဘေးမှ ဝန်ထမ်းထံမှ သတိပေးသံတိုးတိုးရလိုက်သည်။ သူလည်း ချောင်းအသာဟန့်ပြီးနောက် ရှုယီအား အဆင့်မြင့်မှော်ပညာ ထုတ်ဖော်ပြသခွင့်ပြုလိုက်တော့သည်။

ရှုယီက မဟာမှော်ပညာရှင်ငါးဦးကို အလေးပြုပြီးနောက် သူ၏စမ်းသပ်မှုအတွက် တာဝန်ရှိသည့် နံဘေးမှ မှော်ပညာရှင်များအဖွဲ့အစည်း ဝန်ထမ်းကို ပြောလိုက်သည်၊ "ကျွန်တော်က လေစွမ်းအား မှော်ပညာကို အထူးပြုထားတော့ အဆင့်မြင့်လေစွမ်းအားမှော်ပညာဖြစ်တဲ့ လျှပ်စီးမှော်စွမ်းအားကို ထုတ်ဖော်ပြသပါမယ်။"

၎င်းကိုကြားပြီးနောက် နဝမအဆင့်ရှိသည့် အနှီဝန်ထမ်းက ခေါင်းငြိမ့်ပြလာသည်၊ "ကောင်းပါပြီ၊ စလိုက်ပါ။" သူက ထိုသို့‌ပြော၍ နောက်သို့ အနည်းငယ်ပြန်‌ဆုတ်ကာ မှော်အကာအရံကို ဖွင့်လှစ်၍ ရှုယီအတွက် နေရာကြီးကြီးတစ်ခု ချန်ထားပေးလိုက်သည်။

အားလုံး၏ ရှုပ်ထွေးသောအကြည့်များက သူ့ကို ကြည့်နေကြရာ ရှုယီက အသာလက်ထောင်၍ ကိုယ်တွင်းရှိ မှော်စွမ်းအင်ကို စတင် လျင်မြန်စွာ စီးဆင်းစေလိုက်၏။

မဟာမှော်ပညာရှင်ကမ်မီလာမှလွဲ၍ မဟာမှော်ပညာရှင်လေးဦးမှာ အံ့ဩသွားကြပြီး ပိုစွမ်းအားကောင်းသည့် ဘေးပတ်လည်မှ မှော်ပညာရှင်အချို့ကလည်း မျက်မှောင်ကုပ်လိုက်ကြသည်။

လျှပ်စီးမှော်စွမ်းအားက အဆင့်မြင့် လေစွမ်းအားမှော်ပညာဖြစ်သော်လည်း လေစွမ်းအားမှော်ပညာက လျှပ်စီးမှော်စွမ်းအားနှင့် လုံးဝခြားနားသည်။ လျှပ်စီးမှော်စွမ်းအားကို အသက်သွင်းချိန်တွင် မှော်ပညာရှင်မှာ အနီးဝန်းကျင်ရှိ လျှပ်စီးဒြပ်စင်စွမ်းအင်ကို မန္တာန်တစ်ခုအဖြစ် ပုံဖော်ရန် စုဆောင်းဖို့ရာ မှော်စွမ်းအင်အား အသုံးပြုရလိမ့်မည်။

သို့သော် ရှုယီ၏ မှော်စွမ်းအား စီးဆင်းမှုအရ ဘေးပတ်လည်ရှိ အပြောင်းအလဲများမှာ လေဒြပ်စင်စွမ်းအင်များဖြစ်ပြီး လျှပ်စီးဒြပ်စင်စွမ်းအင် အရိပ်အယောင် လုံးဝမရှိနေချေ။

၎င်းအပြင် ၎င်းက လေဒြပ်စင်စွမ်းအင်ဖြစ်နေလျှင်တောင် ဘေးပတ်လည်ရှိ အပြောင်းအလဲများက အားနည်း၏။ လျှပ်စီးဒြပ်စင်စွမ်းအင်နှင့်ယှဉ်ရန် မဆိုထားနှင့် ၎င်းအား လေဒြပ်စင်စွမ်းအင်အဖြစ် သုံးသပ်ရန်ကပင် ရှုယီ၏မှော်စွမ်းအားက အဆင့်မြင့် မန္တာန်တစ်ခုပုံပေါ်မနေချေ။

သို့ရာ၌ များမကြာမီတွင် လေထဲရှိ ဒြပ်စင်စွမ်းအင်ကို အာရုံခံမိလိုက်သော စွမ်းအားကြီးမှော်ပညာရှင်များက ရုတ်တရတ် မျက်နှာထားများ ပြောင်းလဲကုန်၏။

ဤသည်မှာ ၎င်းတို့အနေနှင့် ရှုယီဘေးပတ်လည်တွင် လျှပ်စီးဒြပ်စင်စွမ်းအင်က ရုတ်တရတ် အသက်ဝင်လာသည်ကို ခံစားမိလိုက်ကြသောကြောင့်ပင်။

ထို့အပြင် ဤသက်ဝင်မှုက ထိန်းချုပ်မှော်စွမ်းအား၏ အစီအစဉ်တကျ ပြောင်းလဲမှုများနှင့် ဆင်တူဟန် ပေါ်မနေဘဲ အထိန်းအကွပ်မဲ့ မှော်စွမ်းအားကဲ့သို့ အဘက်ဘက်သို့ အရိုင်းဆန်စွာ သွားနေကြသည်။

မဟာမှော်ပညာရှင်အီစန်ခယ်လည်း မနေနိုင်ဘဲ မျက်မှောင်ကုပ်ကာ မဟာမှော်ပညာရှင်ကမ်မီလာထံ အသံတိုးတိုးဖြင့်ပြောသည်၊ "သူ လျှပ်စီးမှော်စွမ်းအားကို မထိန်းချုပ်နိုင်တာတော့ မဟုတ်ဘူးမလား? ဒီလိုသာ ဆက်သွားနေရင်တော့ ချက်ချင်း ရပ်ခိုင်းလိုက်ဖို့ အကြံပေးရမယ်။ မဟုတ်လို့ ဆက်ဖြစ်နေရင် သူက လျှပ်စီးဒြပ်စင်စွမ်းအင်ကို မထိန်းချုပ်နိုင်နေမှတော့ ပြဿနာ ဖြစ်လာနိုင်တယ်။"

မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းခါကာ၊ "အဆင်ပြေပါတယ်၊ ဒါက သူဖန်တီးထားတဲ့ လျှပ်စီးမန္တာန်အသစ်ပဲ၊ နည်းနည်းထူးခြားတာပေါ့။ ဘာ အန္တရာယ်မှ မရှိပါဘူး။"

"လျှပ်စီး မန္တာန်အသစ်?" မဟာမှော်ပညာရှင်ကမ်မီလာ၏ အဖြေကိုကြားသော် မဟာမှော်ပညာရှင်အီစန်ခယ်နှင့် နားပါးပါးဖြင့် ထိုနှစ်ဦးအကြား စကားဝိုင်းကို နားနေရသော ကျန် မဟာမှော်ပညာရှင်သုံးဦးတို့မှာ အံ့အားသင့်သွားကြသည်။

"သူ တကယ်ပဲ လျှပ်စီးမန္တာန်အသစ်ကို ဖန်တီးနိုင်တာလား?" ဥက္ကဌ အီရန်က မနေနိုင်တော့ဘဲ မေးသည်၊ "သူ့ရဲ့ မှော်ပညာအရည်အချင်းက ဒီလောက်တောင် ကြီးမားတယ်လား?"

မဟာမှော်ပညာရှင်ကမ်မီလာ၏အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ ခေတ္တမျှရပ်တန့်လိုက်ပြီးနောက် သူက အတင်း ခေါင်းငြိမ့်လိုက်မိသည်၊ "အင်း သူ့ရဲ့အရည်အချင်းက အမြဲ ကျုပ်ကို အံ့ဩစေတဲ့အရာပဲ။"

မဟာမှော်ပညာရှင်ကမ်မီလာက တကယ်ကြီး သဘောတူလာသည်ကိုမြင်သော် အခြားလူများက ရှုယီကို အံ့ဩနေဟန်ဖြင့် ကြည့်နေကြသည်။

အနှီလူက တစ်နှစ်အတွင်း ပဉ္စမအဆင့်မှ သတ္တမအဆင့်သို့ ရောက်နိုင်သည်ကပင် အံ့ဩဖွယ်ဖြစ်နေပြီ ဖြစ်သော်လည်း လျှပ်စီးမန္တာန်သစ်တစ်ရပ်ကိုပါ တကယ်ဖန်တီးနိုင်နေသည်။ ဤသည်မှာ သူ၏မှော်ပညာအရည်အချင်းက အံ့ဩဖွယ်ဟုပင် ဖော်ပြရန် မလုံလောက်တော့ချေ။

လူတိုင်း ကြည့်နေစဉ်တွင် ရှုယီက မန္တာန်အတွက် ပြင်ဆင်မှုကို လက်စသပ်လိုက်သည်။ အားလုံးက ရုတ်တရတ် စာမေးပွဲနေရာကြီးတွင် လျှပ်စီးဒြပ်စင်စွမ်းအင်အားလုံးက အရိုင်းဆန်စွာ စီး‌ဆင်းနေကြောင်း ရှာတွေ့သွားကြသည်။

မှော်အကာအရံအပြင်၌ ရပ်နေကြသည့် စာမေးပွဲဝင်ဖြေသူများသည်ပင် လေထဲရှိ အပြောင်းအလဲကို ခံစားနိုင်နေရာ အမူအရာများအားလုံး ပြောင်းလဲသွားသည်။

အနှီလျှပ်စီးမန္တာန်၏ အပြောင်းအလဲများအရ ရှုယီမှာ အတော်လေး အံ့ဩဖွယ်လျှပ်စီး မန္တာန်ကို ထုတ်ဖော်ပြသနေခြင်း ဖြစ်လိမ့်မည်!

အားလုံး ထိုသို့တွေးနေချိန်၌ ရှုယီ ဘေးပတ်လည်တွင် ပေါ်ထွက်လာသော လှပသည့်လျှပ်စီးကြောင်းအကွေးလေး များစွာမှာ တမုဟုတ်ခြင်း စာမေးပွဲနေရာကို သန့်စင်သော အဖြူရောင်အလင်းဖြင့် ဖြည့်‌လိုက်လေတော့၏။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၁၈။ မှော်ပညာ မူပိုင်ခွင့် ကာကွယ်ခ

တစ်အောင့်ကြာပြီးနောက် လူတိုင်းက တဖြည်းဖြည်း အလင်းရောင်စူးစူးမှ ပြန်သက်သာလာကြသည်။

စာမေးပွဲနေရာ၏မြင်ကွင်းကို ရှင်းရှင်းမြင်တွေ့ပြီးနောက် အားလုံး မနေနိုင်ဘဲ လေအေးအေးတစ်ချက် ရှိုက်လိုက်မိကြသည်။

မှော်အကာအရံ ဝန်းရံထားသည့် နေရာတွင် မြေပြင်တစ်ခုလုံးက အနက်ရောင်ပြောင်းကာ လျှပ်စီးကြောင်းများက ဖန်တီးလိုက်သည့် တွင်းကြီး တွင်းငယ်များစွာ ဖြစ်ပေါ်နေကြသည်။ ၎င်းကို အဝေးမှကြည့်လျှင် ဖျက်ဆီးခံထားရသည်ဟု ဖော်ပြနိုင်သည်။

မြေပြင် အပျက်အစီးကိုသုံးသပ်ရုံနှင့် ရှုယီ ထုတ်ဖော်ခဲ့သည့် လျှပ်စီးမန္တာန်က မည်မျှ ကြောက်မက်ဖွယ်အားကောင်းလှကြောင်းကို မြင်နိုင်၏။

လူတိုင်းက ဘာမှ မဖြစ်သွားသည့်နှယ် ပြုမူနေသည့် ရှုယီကို ကြောင်စီစီငေးစိုက်ကြည့်ကာ မည်သူမှ စကားတစ်ခွန်းပင် မဟနိုင်တော့ချေ။

"အား!" ထိုအချိန်၌ မှော်အကာအရံကို တာဝန်ယူထားသည့် မှော်ပညာရှင်များအဖွဲ့အစည်း ဝန်ထမ်းက တအံ့တဩ အော်လာရာ လူတိုင်း သူ့ကိုကြည့်လိုက်ကြ၏။

ဥက္ကဌအီရန်လည်း ဝန်ထမ်းကို မျက်မှောင်ကုပ်ကြည့်ကာ အပြစ်တင်သံဖြင့် မေးလေသည်၊ "ဘာဖြစ်တာလဲ? ကြီးကြီးကျယ်ကျယ်လုပ်နေတယ်?"

ထိုဝန်ထမ်းက တံတွေးမျိုချပြီးနောက် သူတာဝန်ယူထားသည့် မှော်အကာအရံကို ညွှန်ပြလေသည်။ သူက မယုံကြည်နိုင်ဟန်ဖြင့် ဆိုလာ၏၊ "ဥ.....ဥက္ကဌ၊ မှော်အကာအရံက..... ကြည့်ရတာ နည်းနည်း ပျက်စီးသွားပုံပဲ။"

"အာ?"

အားလုံး တစ်ဖန် အံ့ဩသွားကြသည်။

အကာအရံ၏အသုံးပြုမှုက စာမေးပွဲဖြေဆိုသည့် မှော်ပညာရှင်မှ မန္တာန်ကိုအသုံးပြုနေစဉ်တွင် အပြင်ဘက်ရှိ အခြားလူများကို အထိအခိုက်မပေးနိုင်ရန် သေချာအောင် ဖြစ်သည်။

ယနေ့ ဝင်ပြိုင်သည်မှာ ဆဌမမှ နဝမအဆင့်ထိ မှော်ပညာရှင်များဖြစ်သောကြောင့် ၎င်းတို့ အသုံးပြုခဲ့သည့် မန္တာန်စွမ်းအားကို ချင့်ချိန်ကာ ဥက္ကဌအီရန်က ယင်းအကာအရံကို နဝမအဆင့်မှော်ပညာရှင်တစ်ဦး၏ စွမ်းအားဖြင့် အလုံအလောက် ကိုယ်တိုင်ချထားခဲ့သည်။

သို့သော် ယခု ရှုယီက သူ၏လျှပ်စီးမန္တာန်ကို ထုတ်ဖော်လိုက်ရာ အနှီ မှော်အကာအရံက တကယ်ကြီး ပျက်စီးသွားခဲ့သည်!

ဖြစ်နိုင်တာက..... ရှုယီသုံးခဲ့တဲ့ လျှပ်စီးမန္တာန်က နဝမအဆင့်မှော်ပညာရှင်တစ်ယောက်ကိုတောင် ကျော်လွန်နိုင်တဲ့ စွမ်းအားကို ရှိလို့လား?

ဥက္ကဌအီရန်က အကာအရံကိုစစ်ဆေးဖို့ ထရပ်လိုက်ပြီး မနေနိုင်ဘဲ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက လူတိုင်းကို အပြုံးတစ်ခုဖြင့် ရှင်းပြလေ၏၊ "တကယ်က ဘာမှမဖြစ်ပါဘူး။ ရှုယီ အစောတုန်းက သုံးခဲ့တဲ့ လျှပ်စီးမန္တာန်က နည်းနည်းထူးခြားတာကြောင့် မှော်အကာအရံကိုပါ တိုက်ခိုက်မိသွားတာ။ မန္တာန်စွမ်းအားက အရမ်းအားကောင်းတာကြောင့် ပျက်စီးတာမဟုတ်ပါဘူး။"

ထိုရှင်းပြချက်ကို ကြားသော် အားလုံး စိတ်သက်သာစွာ သက်ပြင်းချလာကြသည်။

ကောင်းပါ၏၊ ကောင်းပါ၏၊ ရှုယီ၏မန္တာန်မှာ အင်မတန် အားကောင်းလွန်းသောကြောင့် မဟုတ်ပေ။

တကယ်သာ ၎င်းကြောင့်ဖြစ်မည်ဆိုလျှင် သူဟာ သတ္တမအဆင့်မှော်ပညာရှင်တစ်ဦးအနေနှင့် နဝမအဆင့်မှော်ပညာရှင်တစ်ဦးထက်ပင် ပိုသန်မာသည့် အဓိပ္ပာယ်ပင်!

ဤသို့သော အံ့အားသင့်ဖွယ်ကိစ္စရပ်မှာ လူတိုင်း ယုံကြည်ဖို့ရန် ဆန္ဒရှိသည့် အရာမဟုတ်ပေ။

ဥက္ကဌအီရန်က အကာအရံအား စစ်ဆေးပြီးသည်ကို မြင်သော် ရှုယီက အပြုံးဖြင့် မေးလေ၏၊ "ဒါဆို ဥက္ကဌ၊ ကျွန်တော် အဆင့်မြင့် မှော်စွမ်းအားထုတ်ဖော်ပြသခြင်းကို အောင်သွားပြီလား?"

ဥက္ကဌအီရန်က ရှုယီကို ကြည့်ကာ မပြုံးမိဘဲ မနေနိုင်တော့ချေ၊ "မင်းက ဒီလို ခမ်းနားတဲ့ မန္တာန်တစ်ခုကို သုံးခဲ့တာဆိုတော့ မင်းကိုသာ အောင်ခွင့်မပေးရင် တခြားလူတွေက သဘောတူမယ်ထင်လို့လား?"

အားလုံးက မနေနိုင်ဘဲ ခေါင်းငြိမ့်သည်။

ရှုယီသာ အဆင့်မြင့်မှော်ပညာစစ်ဆေးမှုကို ယခုကဲ့သို့ မအောင်မြင်နိုင်ပါလျှင် မတိုင်ခင်က အောင်သွားကြသော မှော်ပညာရှင်များအား မည်သည်ကို အကဲဖြတ်၍ အအောင်ပေးလိုက်ခြင်း ဖြစ်မည်နည်း?

ရှုယီက ရယ်ကာ၊ "ကျွန်တော့်ရဲ့ မန္တာန် ထိန်းချုပ်နိုင်စွမ်းက အရမ်းမကောင်းဘူးလို့ထင်တယ်၊ ဒါကြောင့် အောင်မယ် မအောင်ဘူးဆိုတာ မသေချာလို့ပါ။"

"ဟုတ်ပါပြီ၊ မန္တာန်ထိန်းချုပ်မှုက တခြားကိစ္စပဲ၊ ဒါပေမယ့် မန္တာန်စွမ်းအားကို သုံးသပ်ရုံနဲ့တင် မင်း အောင်ပါတယ်။" ဥက္ကဌအီရန်က အခြား မဟာမှော်ပညာရှင်လေးဦးကို ကြည့်လာကာ၊ "ရှုယီရဲ့ အဆင့်မြင့်မှော်စွမ်းအား သရုပ်ဖော်ပုံကို ကြည့်ပြီးတော့ ကျုပ် သူ့ကို အောင်ခွင့်ပေးဖို့ သဘောတူတယ်။ ခင်ဗျားတို့ရော ဘယ်လိုထင်လဲ?"

မဟာမှော်ပညာရှင်ကမ်မီလာနှင့် မဟာမှော်ပညာရှင်အီစန်ခယ်တို့က ချက်ချင်းသဘောတူပါ၏။ အခြားမဟာမှော်ပညာရှင်နှစ်ဦးမှာမူ တစ်ဦးကို တစ်ဦး ကြည့်ပြီးမှ ခေါင်းငြိမ့်သဘောတူလာ၏။ ထို့ကြောင့် မဟာမှော်ပညာရှင်ကမ်မီလာ အစိုးရိမ်ဆုံးဖြစ်ခဲ့သည့် အဆင့်မြင့်မှော်ပညာစစ်ဆေးမှုကို ရှုယီမှာ အလွယ်လေး အောင်မြင်ခဲ့သည်။

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို ဒေါသထွက်ရမယောင် ဟာသ,သဖွယ် ခံစားရသယောင်တို့ဖြင့် အင်မတန်ထူးဆန်းစွာကြည့်နေမိလေသည်။

အဆင့်မြင့်မှော်ပညာရှင်နှင့် အောက်အဆင့်မှော်ပညာရှင် စာမေးပွဲတို့မှာ ခြားနားချက် နောက်တစ်မျိုးရှိပြီး ၎င်းက အဆင့်မြင့်မှော်ပညာရှင်များအနေနှင့် အနည်းအကျဉ်းသာရှိသဖြင့် အောင်ခွင့်ပေးရန် လူပမာဏတစ်ခု ရွေးဖို့မလိုချေ။ ၎င်းတို့ လုံလုံလောက်လောက်သန်မာနေသရွေ့ လူမည်မျှ အောင်မြင်နိုင်သည်က ကိစ္စမရှိချေ။

ထို့ကြောင့် အဆင့်မြင့်မှော်ပညာရှင်စာမေးပွဲ၌ တူညီသည့် တိုက်ခိုက်ရည်စစ်ဆေးမှု ရှိသော်လည်း အောက်အဆင့်မှော်ပညာရှင်စာမေးပွဲကဲ့သို့ မတင်းကြပ်ချေ။

တိုက်ခိုက်ရည်စစ်ဆေးမှုတွင် မဟာမှော်ပညာရှင်က ရှုယီ၏ ဆရာဖြစ်သောကြောင့် ရှေ့ထွက်မလာနိုင်သော်လည်း မဟာမှော်ပညာရှင်အီစန်ခယ်က ရှုယီကို စစ်ဆေးဖို့ ထွက်လာသည်။

အခြားလူများက သဘာဝကျစွာပင် ၎င်းကို ငြင်းဆန်မည်မဟုတ်ချေ။ မဟာမှော်ပညာရှင်အီစန်ခယ်က ရှုယီကို စစ်ဆေးဟန်ပြုသော်လည်း ရှုယီမှာ မှော်စွမ်းအား၌ဖြစ်စေ မန္တာန်များ၌ဖြစ်စေ သတ္တမအဆင့်မှော်ပညာရှင်အဆင့်ကို ရောက်နေပြီးသာဖြစ်သောကြောင့် အလွယ်လေး ကျော်ဖြတ်ခဲ့သည်။

စာမေးပွဲပြီးနောက် ရှုယီမှာ မှော်ပညာရှင်များ အဖွဲ့အစည်းက အသိအမှတ်ပြုထားသော သတ္တမအဆင့်မှော်ပညာရှင်တစ်ဦး ဖြစ်လာသည့်အပြင် အောင်မြင်ခဲ့သည့် အခြားမှော်ပညာရှင် လေးဆယ့်ခြောက်ဦးလည်းရှိရာ ဝင်ဖြေသူ၏ တစ်ဝက်ကျော်ဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်းမှ လာဖြေသူ ဆယ့်နှစ်ဦးအနက် သုံးဦးသာ အောင်မြင်ခဲ့သည်။ ၎င်းတို့မှာ ဆဌမအဆင့်မှော်ပညာရှင်များဖြစ်လာသည့် ပဉ္စမအဆင့်မှော်ပညာရှင်များဖြစ်ခဲ့သူများပင်။

ယှဉ်ကြည့်ပါက အားလုံးနီးပါး ပျမ်းမျှအဆင့်ကို မရောက်နိုင်‌ခဲ့ချေ။

သို့သော် ရှုယီက ဤရလာဒ်ကို စိတ်မပျက်သွားဘဲ ကျေနပ်အားရနေသည်။

အဆင့်မြင့်မှော်ပညာရှင်များထံ၌ ၎င်းတို့၏ကိုယ်ပိုင်စွမ်းအားကို ကောင်းကောင်းနားလည်နိုင်စွမ်းရှိသည်။ ၎င်းသုတေသနပညာရှင်များမှာ ရှုယီအား ၎င်းတို့က အောင်မြင်ရန် စွမ်းအားအလုံအလောက်မရှိသည့်နှယ် ခံစားခဲ့ရကြောင်း ပြောကြားခဲ့ရာ ရှုယီကလည်း ၎င်းတို့ အောင်မြင်မည်ဟု မထင်ခဲ့ချေ။

သို့သော် ယခုတွင် အောင်မြင်ခဲ့သည့် သုတေသနပညာရှင် သုံးဦးရှိသဖြင့် တကယ်ကို မျှော်မလင့်ထားသည့်အရာပင်။

ထို့အပြင် ရှုယီက သူလိုချင်သည့် ကြော်ငြာသက်ရောက်မှုလည်း ရရှိခဲ့သည်။ အခြားအရာများကိုမူ သူလည်း ဂရုမစိုက်ချေ။

စာမေးပွဲပြီးနောက် အခြားမှော်ပညာရှင်အားလုံးက စားမေးပွဲနေရာမှ ထွက်ခွာသွားပြီး ရှုယီသာ ကျန်ခဲ့၏။

ဥက္ကဌအီရန်က ရှုယီနှင့် အခြားမဟာမှော်ပညာရှင်လေးဦးကို အစည်းအဝေးကျင်းပသည့် စာမေးပွဲနေရာ နောက်ဘက်ရှိ အခန်းတစ်ခန်းဆီ လာခိုင်းထားသည်။

ဤအစည်းအဝေး၏ အကြောင်းအရာမှာ မူပိုင်ခွင့် အက်ဥပဒေ အသေးစိတ်အတွက်ဖြစ်သည်။

ရှုယီက ၎င်းကိစ္စ၌ မည်သည်ကိုမှ ပြောခွင့်မရှိရာ အစတည်းက နားထောင်ရုံသာ နားထောင်နေခဲ့ရသည်။

သို့ရာတွင် မူပိုင်ခွင့် အခကြေးငွေခေါင်း‌စဉ်အရောက် မည်မျှ သတ်မှတ်သင့်ကြောင်း ဆွေးနွေးချိန်တွင် ဥက္ကဌအီရန်က ရှုယီအား သူ၏အ‌မြင်ကို မေးမြန်းလာတော့သည်။

"အာ..... မဟာမှော်ပညာရှင်ကြီးတို့၊ ဒီပြဿနာအတွက်က သင့်တော်တဲ့ နည်းလမ်းနှစ်ခု ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။"

"နည်းလမ်းနှစ်ခုလား?" ဥက္ကဌအီရန်မှာ အတော်အတန်အံ့ဩသွားသည်၊ "ပြောပြပါဦး။"

"ပထမတစ်ခုက၊ မူပိုင်ခွင့်အခကြေးငွေကို မူပိုင်ခွင့်ဆိုင်ရာ အခကြေးငွေတွေနဲ့ ချိတ်ဆက်ခွင့်မပြုဖို့ပဲ။ မှော်ပညာရှင်များအဖွဲ့အစည်းက မူပိုင်ခွင့်တစ်ခု အသုံးပြုဖို့ လိုအပ်တဲ့ မှော်ပညာလေ့လာမှုတစ်ခုစီအတွက် အခကြေးငွေတစ်ခုကို ပေးရလိမ့်မယ်။ ဘယ်လောက်ဆိုတာကတော့ မှော်သုတေသနရဲ့ အရေးပါမှုအပေါ်မှာမူတည်ပြီး အဆင့်တစ်ခုစီက သတ်မှတ်ပမာဏတစ်ခုရှိရမယ်။"

"ဒါဆို ပမာဏကို ဘယ်လိုသတ်မှတ်သင့်လဲ? မှော်သု‌တေသနအတွက် မတူညီတဲ့ ခက်ခဲမှုအဆင့်တွေရှိ‌တယ်ဆိုတော့ အခကြေးငွေကို အတူတူထားတာက မမှန်ဘူး။" ဥက္ကဌအီရန်က မေးသည်။

"ရှင်းပါတယ်။ ပထမအဆင့်မန္တာန်အတွက် မူပိုင်ခွင့်အချက်အလက်ကို အသုံးပြုချင်တဲ့ မှော်ပညာရှင်တစ်ယောက်ရှိတယ်ဆိုပါစို့၊ ဘယ်လောက် အရေးမပါဘူး၊ ဘယ်လောက်မခက်ခဲဘူးဆိုတာနဲ့ ပထမအဆင့်အဖြစ်သတ်မှတ်ပြီး တစ်နှစ်ကို ရွှေဒင်္ဂါးဆယ်ပြားပဲ ပေးသွင်းရမယ်။ ဒါပေမယ့် ပဉ္စမအဆင့်မန္တာန်တစ်ခုအတွက် မူပိုင်ခွင့်အချက်အလက်သုံးနေတဲ့ တခြားမှော်ပညာရှင်ရှိလာရင် အတော်လေး ပိုအရေးကြီးပြီး အရှေ့တစ်ခုထက် ပိုခက်တာကြောင့် ပဉ္စမအဆင့်အဖြစ်သတ်မှတ်ပြီး တစ်နှစ်ကို ရွှေဒင်္ဂါး ငါးဆယ်နဲ့အထက် ပေးသွင်းရမယ်။" ရှုယီက ဖြေသည်။

"ဒါပေမယ့် တခြား ပြဿနာရှိသေးတယ်။ မှော်ပညာရှင်တစ်ယောက်က အတော်လေး အရေးပါတဲ့ တစ်ခုခုကို သုတေသနလုပ်နေပေမယ့် မူပိုင်ခွင့်အ‌ခကြေးကွေကို မတတ်နိုင်တာကြောင့် မလုပ်နိုင်ရင် ဒီမူပိုင်ခွင့်က အဓိပ္ပာယ်ရှိနေတုန်းပဲလား?" ထိုသို့ မေးမြန်းလာသူမှာ ရှုယီ မသိသည့် မဟာမှော်ပညာရှင်နှစ်ဦးအနက် ဆိုမားလီယာ ထော်ရက်စ်ဆိုသူ ဖြစ်သည်။

ရှုယီက အသာပြုံးကာ၊ "မဟာမှော်ပညာရှင်ကြီး ထော်ရက်စ်, မှော်ပညာရှင်တစ်ယောက်က မူပိုင်ခွင့်လေးတစ်ခုကိုတောင် မတတ်နိုင်ရင် မှော်ပညာအမျိုးအစားအသစ် သုတေသနလုပ်ဖို့ ငွေအလုံအလောက်ရှိမယ်ထင်လား?"

မဟာမှော်ပညာရှင်ထော်ရက်စ်က အံ့ဩသွားပြီး မနေနိုင်ဘဲ ခေါင်းတစ်ချက် ငြိမ့်သည်။

တကယ်ကိုပင်၊ မှော်သုတေသနဟူသည် ငွေအတော်လေး သုံးရပြီး အထူးသဖြင့် အခြေပြုစရာ မည်သည့်မှော်ပညာသီအိုရီမှမရှိသည့် မှော်ပညာအသစ်တွင်ဖြစ်သည်။

"ဟုတ်ပြီ၊ ရှုယီ တခြားနည်းလမ်းကိုရော ပြောပါဦး။" ဥက္ကဌအီရန်က တိုက်တွန်းလာသည်။

"အင်း၊ ဒုတိယနည်းလမ်းက မှော်ပညာရှင်များ အဖွဲ့အစည်းကို မူပိုင်ခွင့်ပမာဏမသတ်မှတ်ခိုင်းဘဲ မူပိုင်ခွင့်ဝယ်မယ့် မှော်ပညာရှင်ကို သူ့ဘာသာ သတ်မှတ်ခိုင်းတာပေါ့။"

"သူတို့ကိုယ်တိုင် သတ်မှတ်ရမယ်?" မဟာမှော်ပညာရှင်များအားလုံး အံ့ဩသွား၏၊ "ဘယ်လို သတ်မှတ်မှာလဲ?"

"ရှင်းပါတယ်၊ သတ်မှတ်ချင်တဲ့ မူပိုင်ခွင့်အချက်အလက်က အတော်အရေးကြီးတယ်လို့ ခံစားရရင် မှော်ပညာရှင်များအဖွဲ့အစည်းကို ဒီမူပိုင်ခွင့် သတ်မှတ်ဖို့ ပိုပေးတဲ့အခါ မှော်ပညာရှင်များအဖွဲ့အစည်းက ဒီမူပိုင်ခွင့်ရဲ့ အသုံးပြုမှုအတွက် ပို‌ပြီး ဂရုစိုက်ပေးလိမ့်မယ်။ များများပိုပေးလေ တခြားလူတွေပေးရမယ့် အသုံးပြုမှုအတွက် လျော်ကြေးပိုများလေပဲ။"

မဟာမှော်ပညာရှင်များက ၎င်းကို အတန်ကြာ ဂရုတစိုက်စဉ်းစားကြည့်ပြီးနောက် မဟာမှော်ပညာရှင်အီစန်ခယ်က မနေနိုင်ဘဲ ချီးကျူးလာသည်၊ "ကျုပ် ဒီနည်းလမ်းကို သဘောကျတယ်၊ ဒါက ငွေရှာတာလိုပဲ။ ငွေပိုရချင်ရင် ပိုပြီး ရင်းနှီးမြှုပ်နှံဖို့လိုတယ်။"

"ဒါပေမယ့် ကျုပ် စိတ်ပူတာက မှော်ပညာရှင်တွေကသာ သုတေသနအတွက် မူပိုင်ခွင့်တွေပို,ပိုရလာရင် မှော်ပညာရှင်တစ်ယောက်အနေနဲ့ မှော်ပညာအမျိုးအစားသစ်တစ်ရပ် သုတေသနလုပ်ချင်တဲ့အခါ ငွေပမာဏကြီးတစ်ခု ပေးဖို့ လိုအပ်လိမ့်မယ်မဟုတ်လား?" ထိုသို့မေးလာသည်မှာ ရှုယီမသိသည့် အခြားမှော်ပညာရှင် ခိုမို တယ်လုချီဖြစ်သည်။

ရှုယီက သူ့ကိုကြည့်ကာ ဤသည်က မူပိုင်ခွင့် အက်ဥပဒေများကို ဆန့်ကျင်နေခဲ့သည့် မဟာမှော်ပညာရှင်များအဖွဲ့အစည်း၏ ပိုရိုရှေးရိုးစွဲသော မှော်ပညာရှင်များထဲမှ တစ်ယောက်ဟု တွေးမိသွားသည်။

"မဟာမှော်ပညာရှင်ကြီးတယ်လုချီ, ဒီလို ပူပန်မှုမျိုးလည်း ရှိကောင်းရှိနိုင်ပေမယ့် မူပိုင်ခွင့်အက်ဥပဒေမတိုင်ခင်ကတောင် မှော်ပညာရှင်တွေအနေနဲ့ မှော်ပညာ အမျိုးအစားအသစ်တွေကို သုတေသနလုပ်ဖို့ မလွယ်ခဲ့တာ သတိမပြုမိဘူးလားဗျ?" ရှုယီက ပြန်မေးလေ၏။

"အနည်းဆုံးတော့ ဒါကို ဝယ်ဖို့ ပေးရတာထက် ပိုကောင်းတယ်မဟုတ်လား?" မဟာမှော်ပညာရှင်တယ်လုချီက ပြော၏။

"မဟာမှော်ပညာရှင်ကြီး ခင်ဗျားမှားတယ်။" ရှုယီက ခေါင်းခါကာ မည်သည့် ကျင့်ဝတ်မှမပြဘဲ ပြောသည်၊ "တကယ်တော့၊ မှော်ပညာရှင်အများစုက သူတို့ရဲ့ သုတေသနလုပ်ပြီးသားမှော်ပညာသစ်ကို တန်ဖိုးထားပြီး ကိုယ်ပိုင်စုဆောင်းမှုထဲထည့်ထားကြတာဆိုတော့ အလွယ်လေး မျှဝေပေးမှာမဟုတ်ဘူး။ ဒီတော့ ဒီနှစ်တွေတလျှောက်လုံး နယ်မြေကြီးက မှော်ပညာတွေရဲ့ အဆင့် များများစားစားမတက်လာတဲ့ အကြောင်းအရင်းက မှော်ပညာရှင်တွေအနေနဲ့ မှော်ပညာအမျိုးအစားအသစ်တွေကို ဖန်တီးပြီး မှော်ပညာကို နားလည်မှုသစ်တစ်ခု ရလာရင်တောင် အများစုက မျှဝေဖို့ဆန္ဒမရှိဘဲ သူတို့ရဲ့ တပည့်နည်းနည်းလောက်ကိုပဲ သင်ပေးကြလို့ပဲ။ တခြားမှော်ပညာရှင်တွေကတော့ ဒီသုတေသနသစ်တွေ ရှာဖွေမှုအသစ်တွေကို လေ့လာဖို့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ကြရတယ်။"

မဟာမှော်ပညာရှင်ကမ်မီလာက သက်ပြင်းချကာ ခေါင်းငြိမ့်၍ ပြောသည်၊ "ရှုယီ ပြောတာမှန်တယ်။ ကျုပ်လည်း ဒီအခြေအနေအတွက် အမြဲ စိတ်မကောင်းဖြစ်နေရတ။ အားလုံးကသာ သူတို့ရဲ့သုတေသနတွေကို မျှဝေဖို့ ထုတ်ယူလာရင် နယ်မြေကြီးက မှော်ပညာအဆင့်က အတိတ်က နတ်သူငယ်တွေရဲ့အဆင့်ကိုပါ ကျော်သွားလိမ့်မယ်။ ဒါပေမယ့် ရှုယီဆီကနေတဆင့် နတ်သူငယ်‌တချို့နဲ့ တွေ့ပြီးနောက်မှာ ကျုပ်တို့ လူသားတွေရဲ့ မှော်ပညာက နတ်သူငယ်မှော်ပညာနဲ့ယှဉ်ရင် လိုတဲ့နေရာတွေ အတော့်ကိုများနေသေးတာ တွေ့ခဲ့ရတယ်။"

အခြား မဟာမှော်ပညာရှင်များအားလုံးမှာ တိတ်ဆိတ်သွားသည်။

မဟာမှော်ပညာရှင်များအနေနှင့် ၎င်းတို့၏အမြင်မှာ အောက်အဆင့် မှော်ပညာရှင်များနှင့် ခြားနားသည်။

ရှုယီ ပြောခဲ့သည့် လူသားမှော်ပညာအကန့်အသတ်မှာမူ ရှုယီထက်စာလျှင် ၎င်းတို့က ပိုသိပါ၏။

ရှုယီလည်း တစ်ချက်ပြုံး၍ ဆက်ပြောသည် "ဒီတော့ မဟာမှော်ပညာရှင်တယ်လုချီ, လေ့လာချင်ရင်တောင် မလေ့လာနိုင်တာနဲ့စာရင် ငွေသုံးပြီးဝယ်တာက ကြီးမားတဲ့ တိုးတက်မှုပဲ။ မှော်ပညာရှင်များ အဖွဲ့အစည်းအနေနဲ့ မှော်ပညာရှင်တိုင်းကို ကိုယ်ကျိုးမငဲ့ဖို့နဲ့ လူတိုင်းကို မှော်သုတေသနတွေမျှဝေဖို့ မျှော်လင့်လို့မရပါဘူး။ ဒီတော့ ခင်ဗျားလည်း မှော်ပညာရှင်တွေကို သူတို့ရဲ့ မှော်သုတေသနတွေရောင်းဖို့ ပြောသင့်တယ်။ ငွေရဲ့အင်အားက မှော်ပညာရှင်အတော်များများကို သူတို့ရဲ့သုတေသနတွေထုတ်ပေးဖို့ ဆန္ဒရှိလာစေရုံတင်မကဘဲ မှော်ပညာရှင်အတော်များများကို မှော်သုတေသနမှာ အားပိုတက်လာစေပြီး ငွေ‌ရဲ့ထောက်ပံ့မှုနဲ့ မှော်ပညာ စမ်းသပ်မှု အမျိုးစုံကို လေ့လာနိုင်လိမ့်မယ်။"

"ဖြောင်း!" မဟာမှော်ပညာရှင်အီစန်ခယ်က ရုတ်တရတ် စားပွဲကိုရိုက်ကာ ရွှင်ပြဟန်ဖြင့် ဆိုလာသည်၊ "ဒါတွေက ကျုပ်ပြောဖို့ စောင့်နေတဲ့ စကားတွေပဲ။ ခင်ဗျားတို့အားလုံးက ကျုပ်ကို ငွေကြေးရဲ့ချောက်နက်ထဲ ကျသွားပြီလို့ စွပ်စွဲနေကြပေမယ့် ကျုပ်တို့တွေ မဟာမှော်ပညာရှင်ဖြစ်လာဖို့ ဘယ်လောက်ရင်းခဲ့တယ်ဆိုတာ စဉ်းစားဖူးရဲ့လား? ငွေအလုံအလောက်ထောက်ပံ့မှုကြောင့်နဲ့ မဟာမှော်ပညာရှင်တွေ ပိုမြန်မြန်ဖြစ်လာနိုင်တယ်!"

မဟာမှော်ပညာရှင်အီစန်ခယ်၏စကားလုံးများကို အသိမှတ်ပြုပြီးနောက် အခြား မဟာမှော်ပညာရှင်လေးဦးက စဉ်းစားကြည့်လိုက်ပြီး မငြင်းနိုင်တော့ကြောင်း သိလိုက်ရသည်။

မှော်ပညာရှင်များ စွမ်းအားတိုးလာရန် အရည်အချင်းရှိရမည့်အပြင် အရေးကြီးဆုံးမှာ မှော်ပညာကို အဆက်မပြတ် သုတေသနလုပ်ဖို့ပင်။

သို့သော် မှော်ပညာ သုတေသနလုပ်ခြင်းက ငွေလိုအပ်သည်။ စမ်းသပ်မှုလုပ်ရန် ငွေမရှိပါက အခြားလူများထက် နှေးကွေးသွားမည်မှာ မှော်ပညာရှင်များသေချာသိသည့် အချက်ပင်။

တိတ်ဆိတ်နေပြီးနောက် ဥက္ကဌအီရန်က ချောင်းအသာဟန့်လျက်ဆို၏၊ "အားလုံးပဲ၊ ဒီမူပိုင်ခွင့်အက်ဥပဒေကို ခွင့်ပြုပေးဖို့ ဘာပြဿနာမှမရှိလောက်ဘူး။ ကျုပ်တို့ အခုဆုံးဖြတ်ဖို့လိုတာက ရှုယီ သုံးဖို့ အကြံပေးခဲ့တဲ့ နည်းလမ်းနှစ်ခုထဲက ဘယ်တစ်ခုကို သုံးရမယ်ဆိုတာပဲ။"

အခြား မဟာမှော်ပညာရှင်လေးဦးက အချင်းချင်းကြည့်လိုက်ပြီးနောက် မဟာမှော်ပညာရှင်အီစန်ခယ်က ပြောလာသည်၊ "ကျုပ်က ဒုတိယနည်းလမ်းကို ထောက်ခံတယ်။"

မဟာမှော်ပညာရှင်ကမ်မီလာက နှစ်ခုလုံး အဆင်ပြေသည်ဟုသာ ပြောကာ မည်သည့်အကြံမှ‌မပေးချေ။

မဟာမှော်ပညာရှင်ထော်ရက်စ်နှင့် မဟာမှော်ပညာရှင်တယ်လုချီတို့လည်း မည်သည့် အကြံမှ မပေးဘဲ ရှုယီ၏ နည်းလမ်းနှစ်ခုစလုံးက အင်မတန်ကျိုးကြောင်းသင့်ကာ နှစ်ခုစလုံးကို လမ်ပူရီဘုရင့်နိုင်ငံ အဖွဲ့ခွဲ၏အမြင်ကို ကိုယ်စားပြုသော မှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်ထံ တင်ပြသင့်သည်ဟု ခံစားရလေသည်။

"အရမ်းကောင်းတယ်၊ ကျုပ်တို့ နည်းလမ်းနှစ်ခုလုံး တင်ပြလိုက်မယ်။" ဥက္ကဌအီရန်က ဆုံးဖြတ်လိုက်ပြီးနောက် ရှုယီကို လှည့်ပြောသည်၊ "ရှုယီ၊ မင်းကို ဒီနည်းလမ်းနှစ်ခုလုံးအတွက် အစီရင်ခံစာလုပ်ပေးဖို့ ဒုက္ခပေးရတော့မယ်။ ငါ အဲ့နှစ်ခုကို ဌာနချုပ်ဆီ အတူတင်ပြလိုက်ပါ့မယ်။"

ရှုယီလည်း သဘောတူလိုက်၏။

ဤအရာက သူ့အား မှော်ပညာရှင်များ အဖွဲ့အစည်း ဌာနချုပ်၌ အမှတ်အသားချန်ထားနိုင်လောက်သလို Frestech ကုန်သည်ကြီးများအသင်း အပေါ်လည်း များစွာ အကျိုးရှိနိုင်သဖြင့် မည်သို့များ ဤအခွင်အရေးကို လက်လွှတ်မည်နည်း?

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၁၉။ အသေးစားလေအားထုတ်စက်

အပြန်လမ်း၌ မြင်းလှည်းထဲရောက်နေစဉ်တွင် မဟာမှော်ပညာရှင် ကမ်မီလာမှာ ထူးထူးဆန်းဆန်းပြုံးလျက် ရှုယီကို တစ်ချိန်လုံး ကြည့်နေလေသည်။

ရှုယီလည်း သူ့ထံမှ စိုက်ကြည့်ခံနေရခြင်းကြောင့် မသက်မသာဖြစ်နေရာ မပြောလိုက်မိဘဲ မနေနိုင်ချေ၊ "မဟာမှော်ပညာရှင်ကြီး၊ ဘာတွေ ပြုံးနေတာလဲဗျာ? စာမေးပွဲအောင်ဖို့ ကျွန်တော်သုံးခဲ့တဲ့ဟာကို လက်ခံခဲ့တာပဲ မဟုတ်ဘူးလား? ကျွန်တော် လှည့်ဖျားတယ်လို့ ပြောလို့မရဘူးမလား?"

"မင်းက လှည့်ဖျားနေပါတယ်လို့ ငါခံစားရရင် အစောတည်းက ဖော်ထုတ်လိုက်ပြီးပြီပေါ့။" မဟာမှော်ပညာရှင် ကမ်မီလာက ခေါင်းခါကာ ဆို၏၊ "အဲ့ဟာကို အခုထိတောင် နားမလည်နိုင်သေးဘူးလို့ ခံစားနေရရုံပါ။ မင်းက ဒီတိုင်း ရိုးရိုးလေစွမ်းအားမန္တာန်ကို သုံးခဲ့တာဆိုပေမယ့် အသေးစားမှော်စက်လေးတစ်ခုကနေတစ်ဆင့် လျှပ်စီးဒြပ်စင်စွမ်းအင်ကို အစပျိုးနိုင်ပြီး လျှပ်စီးမန္တာန်တစ်ခု ထုတ်ဖော်နိုင်လိုက်တယ်လေ။ ပိုလို့တောင် ထူးဆန်းတာက ဒီမန္တာန်ရဲ့စွမ်းအားက ဒီလောက်အားကောင်းပြီး မင်း ထိန်းချုပ်နိုင်တဲ့ မှော်စွမ်းအား အကန့်အသတ်ကိုတောင် ကျော်လွန်နေသေးတယ်။"

"ဒီတော့ ကျွန်တော် လုံးဝကြီး ထိန်းချုပ်နိုင်ခဲ့တာ မဟုတ်ဘူးလေ။" ရှုယီက လက်ဖြန့်၍ ပြောသည်၊ "စာမေးပွဲနေရာမှာသာ မှော်အကာအရံမရှိနေရင် လျှပ်စီးတွေက နေရာပေါင်းစုံကို ပျံ့သွားပြီး တစ်ယောက်ယောက်ကို ထိခိုက်စေနိုင်လိမ့်မယ်။"

"ထိခိုက်စေမယ်?" မဟာမှော်ပညာရှင် ကမ်မီလာက ထရယ်လေ၏၊ "မင်းရဲ့ မန္တာန်စွမ်းအားက တကယ်ကို ကြီးမားပေမယ့်လည်း အသိစိတ်နဲ့ ထိန်းချုပ်ထားတာမဟုတ်တော့ စွမ်းအားက ပျံ့ကြဲသွားရင်တောင် ဘာအဖျက်စွမ်းအားမှမရှိဘူး။ ဒါက ဆဌမအဆင့်မှော်ပညာရှင်အဆင့်လောက်ကိုတောင် မထိခိုက်နိုင်တာ ဘယ်သူက ထိခိုက်မှာလဲ?"

"ဒါဆို ကျွန်တော် ထိန်းချုပ်နိုင်ရင်ရော?" ရှုယီက မနေနိုင်ဘဲ မေးလေ၏။

မဟာမှော်ပညာရှင် ကမ်မီလာက အလေးအနက်စဉ်းစားကြည့်ရာ မျက်နှာထားက လေးနက်လာလေသည်။

"မင်းသာ ထိန်းချုပ်နိုင်ရင်တော့..... ငါတောင် သေချာကိုင်တွယ်ရလောက်တယ်။"

ခေတ္တမျှ ရပ်တန့်ပြီးနောက် မဟာမှော်ပညာရှင် ကမ်မီလာက ရှုယီထံ လက်ဖြန့်ပြလိုက်ကာ၊ "အဲဒီ့ ဘာ ထုတ်စက်ဆိုလား၊ ထပ်ပြဦး ငါကောင်းကောင်းလေး သုတေသနလုပ်ချင်တယ်။"

ရှုယီက သူ၏အင်္ကျီလက်ကို ဆွဲတင်လိုက်ရာ လက်မောင်းပတ်လည်တွင် အပြွတ်အသိပ်ရစ်ပတ်ထားသော ကိုယ်တိုင်လုပ် အသေးစား စွမ်းအင်ထုတ်စက်လေးများ ပေါ်လာသည်။ သူလည်း တစ်ခုကိုယူကာ မဟာမှော်ပညာရှင် ကမ်မီလာထံ ပေးလိုက်၏။

ဤ‌အသေးစားစွမ်းအင်ထုတ်စက်ထံ၌ ထိုနေ့ညက လမ်းမီးပြဿနာကို မည်သို့ဖြေရှင်းရမည်ဟု စဉ်းစားနေသည့် အချိန်တွင် ရုတ်တရတ် ရခဲ့သော အကြံဖြစ်၏။

ကမ္ဘာမြေ၌ လျှပ်စစ်မှာ စက်မှုစနစ်၏ အရေးကြီးသောအပိုင်းတစ်ခုဖြစ်သည်။

ရှုယီလည်း ကမ္ဘာမြေထံမှ စက်များကို အစားထိုးမည့် မှော်စက်များကို ဖန်တီးရန် မှော်စွမ်းအားနှင့် မှော်အစီအရင်များအား အသုံးပြုနိုင်မည်ဟု စဉ်းစားခဲ့မိသဖြင့် ဤတူညီသည့်အတွေးရေယာဉ်ကို လမ်းမီးအိမ်များအတွက် ထိန်းသိမ်းခဲ့သည်။

ထို့နောက် လမ်းမီးအိမ်ပြဿနာအား ဖြေရှင်းရန် မည်မျှ ခက်ခဲကြောင်း သိလိုက်ရသဖြင့် စိတ်ထဲ၌ ရုတ်တရတ် အတွေးတစ်ခု ပေါ်လာလေ၏။

ကမ္ဘာမြေရှိ လျှပ်စစ်အား မတူညီသည့် စွမ်းအင်ပုံစံများအဖြစ် ပြောင်းလဲနိုင်ရာ ၎င်းကို အခြေခံ၍ မှော်စွမ်းအားကိုလည်း လျှပ်စစ်အဖြစ် ပြောင်းနိုင်လောက်သည်။

သူဟာ ပထမဆုံး လျှပ်စီးမန္တာန်များအကြောင်း မစဉ်းစားခဲ့မိသော်လည်း စွမ်းအင်ထုတ်စက်ကို စဉ်းစားမိခဲ့သည်။

အလုံပိတ်ကွိုင်များက လျှပ်စီးကြောင်းတစ်ခုကို ဖန်တီးပေးမည့် အနှီသံလိုက်စက်ကွင်းကို အတွင်းဘက်သို့ လှည့်ကာ အရွေ့စွမ်းအင်အား လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်သောကြောင့် စွမ်းအင်ထုတ်စက်အား တီထွင်နိုင်သည်။

ကမ္ဘာမြေကြီးတွင် ဤစနစ်အတိုင်းသွားသည့် အဓိက စွမ်းအင်ပုံစံများမှာ အပူ၊ ရေ၊ လေနှင့် နျူကလိယစွမ်းအားတို့ ဖြစ်ကြသည်။

ရှုယီ စဉ်းစားမိသည့် ပထမဆုံးအရာက လေစွမ်းအင်ပင်။

လေတာဘိုင်တစ်ခု၏ အထွေထွေတည်ဆောက်ပုံကို သုံး၍ ရှုယီမှာ သုတေသန ရက်ပေါင်းများစွာ လုပ်ပြီးနောက် အသေးစားလေစွမ်းအားထုတ်စက်ကို ဖန်တီးခဲ့သည်။

ဟားနက်စ်က ခမ်နက်ဒ်, ဆိုဖီယာနှင့် ဟန့်ခ် ဝီလ်ဆန်တို့ကို ဘန်တာမြို့တော်သို့ ခေါ်ဆောင်လာချိန်တွင် သူဟာ ဤအရာကို သုတေသနလုပ်နေပြီဖြစ်သည်။

လေစွမ်းအင်ကို ထောက်ပံ့ရန်အတွက် ရှုယီမှာ လတ်တလောတွင် လေစွမ်းအားမှော်အစီအရင်ကို အသုံးပြုဖို့ စဉ်းစားရန်သာ တတ်နိုင်သည်။ သူက မှော်အစီအရင်မှ ထုတ်ပေးသည့် လေစွမ်းအင်ကို သံလိုက်ကွိုင်များအား မောင်းနှင်ဖို့ သုံးလိုက်သည်။

ကနဦးစမ်းသပ်မှုကို အောင်မြင်သည်ဟု ယူဆရမည်။ ရှုယီမှာ ကွိုင်ကို လှည့်ရန် လေစွမ်းအား မှော်အစီအရင်ကို အောင်အောင်မြင်မြင် အသုံးပြုခဲ့ပြီး အနှီ အသေးစားလေစွမ်းအားထုတ်စက်ကလည်း လျှပ်စီးကြောင်းတစ်ခုကို အမှန်တကယ် ဖန်တီးခဲ့သည်။

သို့သော် ရှုယီ၏သုတေသနမှာ လတ်တလောတွင် ထိုနေရာ၌ ရပ်တန့်နေ၏။ အနှီစီးကြောင်းကို မည်သို့ ထိန်းချုပ်ရမည်၊ မည်သို့ သိုလှောင်ရမည်၊ မည်သို့ ပိုမို အားကောင်းလာအောင်ပြုလုပ်ရမည်နှင့် မည်သို့ ချဲ့ထွင်ရမည်အား သူ့ထံ၌ အရိပ်အမြွက်လေးတစ်ခုပင် မရှိသေးချေ။

ဤသည်က အလျင်လိုရမည့် အရာဟု မထင်သလို တဖြည်းဖြည်း လေ့လာရန် စီစဉ်ထားသော်လည်း မဟာမှော်ပညာရှင်ကမ်မီလာက အဆင့်မြင့်မှော်ပညာရှင် စာမေးပွဲကို ဖြေဆိုနိုင်ရန် အဆင့်မြင့်မှော်ပညာအား ထုတ်ဖော်ပြသရမည်ဟု ဆိုလာသဖြင့် ကူရာမဲ့စွာသာ ဤနည်းလမ်းကို စဉ်းစားနိုင်သည်။

သူဟာ မည်သည့် အဆင့်မြင့်မှော်ပညာကိုမှ အမှန်တကယ် မသိသော်လည်း သတ္တမအဆင့်ကို ရောက်နေသည့် မှော်စွမ်းအားရှိ မှော်ပညာရှင်တစ်ဦးအနေနှင့် အဆင့်မြင့်မှော်ပညာကို နားလည်မှုအချို့တော့ ရှိထားပါ၏။

သူ့အတွက် လေစွမ်းအားမှော်ပညာတွင် ကျွမ်းကျင်လေရာ သူ အာရုံစိုက်ထားသည့် အဆင့်မြင့်မှော်ပညာက သဘာဝကျကျပင် လျှပ်စီးမှော်စွမ်းအားဖြစ်သည်။

အနှီ အသေးစားလေစွမ်းအားထုတ်စက်နှင့် အတူ စမ်းသပ်မှုများပြုလုပ်ချိန်တွင် လျှပ်စီးကြောင်း ထုတ်ဖော်မှုက လျှပ်စီးမန္တာန်များကို အသုံးပြုသည့် လျှပ်စီးဒြပ်စင်စွမ်းအင်နှင့် ဆင်တူနေကြောင်း ရှုယီမှာ အံ့ဩဖွယ်တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် သူဟာ ၎င်းလျှပ်စီးကြောင်းများကို လျှပ်စီးဒြပ်စင်စွမ်းအင်ကို ထိန်းချုပ်ခြင်းနည်းလမ်းနှင့် ထိန်းချုပ်ဖို့ ကြိုးစားခဲ့၏။

ရလာဒ်က အံ့ဩစရာပင်၊ သူဟာ အနှီလျှပ်စီးကြောင်းများကို ထိန်းချုပ်ရန် မှော်စွမ်းအားကို အသုံးပြုနိုင်လေသည်!

ဤသည်က ရှုယီအား လျှပ်စီးဒြပ်စင်စွမ်းအင်မှာ လေထဲရှိ လျှပ်စစ်စွမ်းအားကို ထိန်းချုပ်နိုင်သည်အား နားလည်သွားစေ၏!

လျှပ်စီးမှော်စွမ်းအား၏သီအိုရီအရ မှော်ပညာရှင်များမှာ လျှပ်စီးဒြပ်စင်စွမ်းအားကို လွှမ်းမိုးရန် ၎င်းတို့၏မှော်စွမ်းအားကို အသုံးပြုရသည်။ ဤသည်မှာ ၎င်းတို့ဘေးပတ်လည်ရှိ နေရာကို သက်ရောက်စေရန် အခြေခံအားဖြင့် မှော်စွမ်းအားကို အသုံးပြုကာ လေထဲရှိ လျှပ်စစ်စွမ်းအားကို ထိန်းချုပ်၍ လျှပ်စီးမှော်စွမ်းအားကို ဖန်တီးခြင်းဖြစ်၏။

ရှုယီ၏သုံးသပ်ချက်အတွက် အင်မတန်ထင်ရှားသည့် သက်သေရှိနေပြီး၊ ၎င်းမှာ မုန်တိုင်းနေ့များတွင် လျှပ်စီးစွမ်းအားအထူးပြု မှော်ပညာရှင်များမှာ ပိုမိုသန်မာလာမည့် အချက်ပင်။

ထို့ကြောင့် ရှုယီမှာ အဆင့်မြင့်မှော်ပညာ ထုတ်ဖော်ပြသခြင်းပြဿနာအကြောင်းစဉ်းစားနေချိန်၌ ယခင်က အနှီစမ်းသပ်မှုများကို တွေးမိသွားခြင်းဖြစ်၏။

ယမန်နေ့ မွန်းလွဲပိုင်းက သူဟာ သူ၏အကြံကို မဟာမှော်ပညာရှင် ကမ်မီလာနှင့် စတေးလ်တို့ကို ပြောပြခဲ့သည်။

မဟာမှော်ပညာရှင် ကမ်မီလာနှင့် စတေးလ်တို့က နားမလည်ခဲ့သလို သူ၏ အကြံကိုလည်း မယုံကြည်ဝံ့သော်ငြား ရှုယီက လျှပ်စီးဒြပ်စင်စွမ်းအင်ကို ထုတ်ဖော်ကာ မှော်စွမ်းအားဖြင့် ထိန်းချုပ်လိုက်သည်အား ကိုယ်တိုင်မြင်သော် နှစ်ဦးသား အံ့ဩက ၎င်းက လူများကို လှည့်ဖျားရန် နည်းလမ်းကောင်းဖြစ်ကြောင်း ဝန်ခံလာကြသည်။

မှန်ပါ၏၊ အသေးစားလေစွမ်းအားထုတ်စက်လေးတစ်ခုမှ ထုတ်ပေးသည့် လျှပ်စစ်က မများလှသလို လျှပ်စီးဒြပ်စ်စွမ်းအင်က မလုံလောက်လေရာ လျှပ်စီးမန္တာန်ကို ဖန်တီး လိုက်နိုင်ပါလျှင်တောင် ၎င်း၏ စွမ်းအားက လူများသံသယဖြစ်လာလောက်အောင် နည်းပါးလွန်းနေလိမ့်မည်။

ထို့ကြောင့် ဂရုစိုက်ရန် ရှုယီက အိမ်တော်ထိန်းလမ်အား အသေးစားလေစွမ်းအားထုတ်စက်များပြုလုပ်မည့် ပစ္စည်းများကို ဝယ်ယူခိုင်းလိုက်ပြီးနောက် မဟာမှော်ပညာရှင် ကမ်မီလာနှင့် စတေးလ်တို့၏ အကူအညီဖြင့် အခုနှစ်ဆယ်ကျော်လောက်ဖန်တီးခဲ့သည်။ ထို့နောက်သူ၏ လက်၌ချည်နှောင်ကာ လေစွမ်းအားထုတ်စက် စီးရီးနှစ်ခုကို ဖန်တီးလိုက်သည်။

၎င်းအဆင့်မြင့်မှော်ပညာ ထုတ်ဖော်‌နေစဉ်အတွင်း ရှုယီက သူ၏မှော်စွမ်းအားကို အသေးစားလေစွမ်းအားထုတ်စက် အလုံးနှစ်ဆယ်ထဲသို့ ပို့လွှတ်ကာ အတွင်းရှိ လေစွမ်းအားမှော်အစီအရင်ကို အသက်သွင်းလိုက်သည်။ သူ့ထံရှိ လေစွမ်းအားထုတ်စက် အလုံးနှစ်ဆယ်က တစ်ချိန်တည်းမှာပင် လျှပ်စီးကြောင်းများကို ဖန်တီးလိုက်ပြီးနောက် လျှပ်စီးဒြပ်စင်စွမ်းအင် ပမာဏကြီးတစ်ခုကို ထုတ်ပေးလိုက်တော့သည်။

နောက်မှ လိုက်ပါလာသည်မှာ ပို၍ပင် ရိုးစင်းသေးသည်။

ရှုယီအနေနှင့် လက်ရှိ မှော်စွမ်းအားဖြင့် လျှပ်စီးဒြပ်စင်စွမ်းအင်ကို မထိန်းချုပ်နိုင်သော်လည်း ရိုးရိုးလေး လမ်းညွှန်ဖို့ရန်က ပြဿနာမဟုတ်ပေ။

သူ့အနေနှင့် ၎င်းကို သူ၏ မှော်စွမ်းအားဖြင့်သာ တိုက်တွန်းဖို့လိုကာ လျှပ်စီးဒြပ်စင်စွမ်းအင်ကို သာမန် လျှပ်စီးမန္တာန်ကဲ့သို့ လမ်းကြောင်းတစ်ခု ထွက်ပေါ်လာစေရန် ထိန်းချုပ်နိုင်သည်။

အချက်အလက်က ၎င်းမှာ အင်မတန်သက်ရောက်မှုကောင်းသည်ကို သက်သေပြနေသည်။

မဟာမှော်ပညာရှင် ကမ်မီလာက အလောတလျင် လမ်းညွှန်ပြပြီးနောက် ရှုယီလည်း ဤလျှပ်စီးမန္တာန်ကို အဆင့်မြင့်မှော်ပညာ ထုတ်ဖော်ပြသရာ၌ ဖော်ထုတ်လိုက်သည်။ သူဟာ အားလုံးကို မန္တာန်စွမ်းအားဖြင့် အံ့အားသင့်စေကာ စမ်းသပ်မှုကို အလွယ်လေး ကျော်ဖြတ်ခဲ့သည်။

သို့သော် ရှုယီက အနှီအသေးစားလေစွမ်းအားထုတ်စက်နှင့် လျှပ်စီးကြောင်းများ ထုတ်ဖော်မှုကို မြင်လိုက်ပြီးနောက်တွင်ပင် မဟာမှော်ပညာရှင် ကမ်မီလာမှာ နောက်ကွယ်က နိယာမကို နားမလည်နိုင်ချေ။

အသေးစား လေစွမ်းအားထုတ်စက်ကို ရှုယီထံမှ ယူပြီးနောက်တွင် မဟာမှော်ပညာရှင် ကမ်မီလာက လက်ထဲ၌ အကြိမ်များစွာ လှည့်လိုက်သည်။ သူက သူ၏ကိုယ်တွင်းရှိ မှော်စွမ်းအားကို သုံးလိုက်ရာ အသေးစား လေစွမ်းအားထုတ်စက်က အသက်ဝင်လာပြီး ကွိုင်များကလည်း အရှိန်မြင့်မြင့်ဖြင့် လည်ပတ်ကာ တဝီဝီမြည်နေတော့သည်။

မျက်တောင်တစ်ခတ်စာအတွင်း ၎င်းထံမှ မှော်စီးကြောင်းတစ်ခု ထွက်လာ၏။

မဟာမှော်ပညာရှင် ကမ်မီလာလည်း အတန်ကြာ စဉ်းစားနေပြီးနောက် သူ၏ မှော်စွမ်းအားကို ထပ်သုံးလိုက်ရာ လက်ထဲတွင် အတော်လေးလှပဟန်ရှိသည့် လျှပ်စီးကြောင်းလေးတစ်ခုကို ဖန်တီးမိသွားသည်။

"ရှုယီ၊ မင်း ဒီလိုအရာမျိုးကို ဘယ်လိုများ စဉ်းစားမိလဲ? တကယ်ကို အံ့ဩစရာကောင်းလွန်းတယ်၊ ဒါက ငါ့ရဲ့ မှော်ပညာအပေါ်နားလည်မှုကို လုံးဝ တွန်းလှန်နေတယ်။" မှော်စွမ်းအား အသုံးပြုမှုကို ရပ်တန့်လိုက်ပြီးနောက် မဟာမှော်ပညာရှင် ကမ်မီလာက လက်ထဲရှိ အသေးစား လေစွမ်းအားထုတ်စက်ကို ကြည့်ကာ မနေနိုင်ဘဲ ရှုယီကို ထိုသို့ မေးလာခဲ့သည်။

ရှုယီလည်း မဟာမှော်ပညာရှင် ကမ်မီလာကိုကြည့်လိုက်ပြီးနောက် သူ၏လက်ထဲရှိ အသေးစားလေစွမ်းအားထုတ်စက်ကို ကြည့်လေသည်။ ကမ္ဘာမြေက လူများသာ စိုင်စ်နယ်မြေကြီး၏ မှော်ပညာရှင်များအနေနှင့် လျှပ်စီးကြောင်းများကို တိုက်ရိုက်ထိန်းချုပ်နိုင်ကာ လျှပ်စီးကို ဖန်တီးနိုင်သည်အား သိလိုက်ရပါက ၎င်းတို့၏ လောကအမြင်များမှာ ပြိုကွဲသွားလောက်သည်။

ပြောရလျှင် ကမ္ဘာမြေရှိ ကလေးများမှာ ငယ်စဉ်ကတည်းက လျှပ်စစ်နှင့် ဆော့ကစားခြင်းမပြုရန် သင်ယူခဲ့ရသလို လျှပ်စစ်ပါဝင်ပစ္စည်းများလည်း ပါဝင်၏။

လျှပ်စစ်ကြောင့် ရှော့ခ်ဖြစ်ကာ သေဆုံးနိုင်သည်က ယေဘုယျအသိပညာပင်ဖြစ်သည်။

ဤလောကတွင် စွမ်းအားကြီးမှော်ပညာရှင်များက ရှော့ခ်ဖြစ်၍ မသေဆုံးနိုင်ရုံတင်မက လျှပ်စီးကိုပင် ထိန်းချုပ်နိုင်သည်။ ဤသည်က ကမ္ဘာမြေထံမှ လူတို့၏ အတွေးကို ဖြိုဖျက်လိုက်နိုင်၏။

ဥပမာဆိုရလျှင် ရှုယီအနေနှင့် သူလိုသလို စွမ်းအင်ထုတ်စက်တစ်ခုဖြင့် ထုတ်ဖော်ထားသည့် လျှပ်စီးကြောင်းများကို ထိန်းချုပ်နိုင်မည်ဟု မထင်သလို လက်နက်တစ်ခုအဖြစ် အနှီ လျှပ်စီးကြောင်းများကို အသုံးပြုနိုင်မည်ဟုပင် မတွေးခဲ့မိချေ။

စဉ်းစားကြည့်သော် ရှုယီအနေနှင့် မဟာမှော်ပညာရှင် ကမ်မီလာထံ စွမ်းအင်ထုတ်စက်သီအိုရီကို ရှင်းပြဖို့ မဖြစ်နိုင်သလို သူကိုယ်တိုင်ပင် မည်သို့ ရှင်းပြရမှန်းမသိကြောင်း တွေ့ရှိသွားသည်။ သူဟာ ယောင်ဝါးဝါးသာ ဖြေနိုင်လေ၏၊ "ဒါက ကျွန်တော် ပျင်းရိရိနဲ့ စမ်းသပ်မှုလုပ်‌တုန်းက တွေ့ခဲ့တာလေးတစ်ခုပါပဲ၊ နိယာမအကြောင်း မေးရင်တောင် ကျွန်မတော် တကယ် မရှင်းပြနိုင်လောက်ဘူး။"

မဟာမှော်ပညာရှင် ကမ်မီလာက စဉ်းစားခြင်းပင်မပြုဘဲ ခေါင်းငြိမ့်သည်။ သူက လက်ထဲရှိ အသေးစား လေစွမ်းအားထုတ်စက်ကိုကြည့်ကာ မည်သည့်ကျင့်ဝတ်မှမပြဘဲ သူ၏ အိတ်ကပ်ထဲထည့်လိုက်လေသည်။

"ဒီပစ္စည်း ငါ့ကို လေ့လာခွင့်ပေး။"

ရှုယီမှာ ခေါင်းငြိမ့်လျက်သာ တုံ့ပြန်လိုက်နိုင်သည်။

သို့သော် မဟာမှော်ပညာရှင် ကမ်မီလာကိုကြည့်ပြီးနောက် ရှုယီမှာ ပို၍ပင်ထူးဆန်းသည့် တစ်စုံတရာကို ရုတ်တရတ် တွေ့လိုက်ရသည်။

စိုင်စ်နယ်မြေကြီး၏ မှော်ပညာသီအိုရီအရ မဟာမှော်ပညာရှင် ကမ်မီလာကဲ့သို့ မဟာမှော်ပညာရှင်တစ်ဦးအတွက် အတိုင်းအတာကြီးမားသည့် လျှပ်စီးမန္တာန်တစ်ခုကို အလွယ်လေးအသုံးပြုနိုင်ပြီး သာမန်လျှပ်စီးထက်စာလျှင် အဆင့်မြင့်မန္တာန်များထက်ပင် မြင့်မားသည့် တားမြစ်အဆင့်မန္တာန်များကိုပင်သုံးနိုင်လေ၏။

သို့သော် ဤမှော်ပညာရှင်များသာ တည်ငြိမ်သည့် အထွက်နှုန်းဖြင့် လျှပ်စီးဒြပ်စင်စွမ်းအင်ကို ထုတ်ဖော်ပါလျှင် ၎င်းတို့လည်း စွမ်းအင်ထုတ်စက်ဖြစ်လာနိုင်သည် မဟုတ်ပါလား?

၎င်းကိုစဉ်းစားရင်း ရှုယီမှာ စိတ်ကူးမယဉ်ဘဲ မနေနိုင်တော့ချေ။

ညအမှောင်တွင် ၎င်းတို့အိမ်က ရုတ်တရတ် မီးပျက်သွားရာ စတေးလ်က လှေကားအထက်မှ အသံကျယ်ဖြင့် အော်ပြောလာ၏၊ "အဘိုး၊ စွမ်းအားပြတ်လပ်မှု ဖြစ်သွားတယ်၊ လျှပ်စစ်နည်းနည်းလောက် ထုတ်ပေးလို့ရမလား?"

ထို့နောက် ဂုဏ်ယူ လေးစားဖွယ်ရာ မဟာမှော်ပညာရှင် ကမ်မီလာက ပြန်ဖြေ၍ သူ၏မှော်စွမ်းအားကို ထုတ်ဖော်ကာ ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများကို ဖန်တီးလိုက်လေသည်။

မျက်တောင်တစ်ခတ်စာအတွင်း အိမ်၏ လျှပ်စစ်ပစ္စည်းများအားလုံး တစ်ဖန် ပြန်လင်းလာတော့၏.....

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၂၀။ အန်ဗီမာမြို့တော်၏ ကပ်ဆိုးကြီးသုံးပါး

မဟာမှော်ပညာရှင်ကမ်မီလာက လျှပ်စစ်ထုတ်လုပ်နေခြင်း ထူးထူးဆန်းဆန်းမြင်ကွင်းများအား ပြသနေသည့် သူ၏စိတ်ကူးကို လွတ်လွတ်လပ်လပ် ခြယ်လှယ်ခွင့်ပေးခဲ့နေရင်း ရှုယီမှာ ရယ်မော‌နေသည်မှ မိမိကိုယ်ကိုရပ်တန့်ရန် အတော်လေး အားထုတ်လိုက်ရသည်။ ဤသည်က သူ့အတွက် အင်မတန်ခဲယဉ်းလှ၏။

သို့သော် ဤခံစားချက်ကောင်းက သူနှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့ အဆောက်အဦသို့ ပြန်ရောက်သည်နှင့် လုံးဝပျောက်ကွယ်သွားသည်။

စတေးလ်အပြင် ထိုနေရာ၌ တူညီသော ဝတ်စုံများဝတ်ဆင်ထားကြသော Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနပညာရှင်များလည်း ရှိနေသည်။

၎င်းတို့၏ တရားနည်းလမ်းကျ ခံပြင်းနေဟန်များနှင့် အာကာလီနှင့် ဘယ်လာတို့၌ပင် ဒေါသဖြစ်ဟန်များရှိနေသည်ကို မြင်သော် ရှုယီလည်း မအံ့ဩမိဘဲ မနေနိုင်တော့ချေ။ သူက စတေးလ်ကို အမြန်မေးလေ၏၊ "ဘာဖြစ်တာလဲ? တစ်ခုခုဖြစ်ခဲ့တာလား?"

စတေးလ်က အသာမျက်မှောင်ကုပ်သည်။ သူမ၏ အမူအရာအား တည်ငြိမ်သည်ဟု ယူဆနိုင်သော်လည်း စိတ်ထဲ၌မူ ဒေါသအရိပ်ယောင်နေသည်ကို မြင်နိုင်လေသည်။

"အခုနတုန်းက မှော်ပညာရှင်စာမေးပွဲမှာ ဒဏ်ရာရသွားတဲ့ သုတေသနပညာရှင်တစ်ယောက်ရှိခဲ့တယ်။"

"ဒဏ်ရာရတယ်? ဘယ်လောက်ပြင်းလဲ?" ရှုယီက အမြန်မေးလေသည်။

"အရမ်းကို ပြင်းတယ်။" စတေးလ်က ခေါင်းငြိမ့်ကာဖြင့် လေးလေးနက်နက်ပြောသည်၊ "ဒါပေမယ့် ကျွန်မတို့ အိမ်တော်ထိန်းလမ်ကို မြို့က အကောင်းဆုံးဆရာဝန်ခေါ်ခိုင်းပြီးပြီ၊ ဆရာဝန်ပြောတာတော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လောက်တဲ့အထိ မဟုတ်ဘူးတဲ့။"

ရှုယီက သက်ပြင်းတစ်ချက်ချသည်၊ "အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်ရင် တော်သေးတယ်။ ဒါဆို ဘာအကျိုးဆက်တွေရော ရှိသေးလဲ၊ ခြေကျိုး....လက်ကျိုးသွားတာလိုမျိုးပေါ့?"

"ဒါတွေတော့မရှိပေမယ့် သူ့ရဲ့ အရိုးအတော်များများတော့ ကျိုးသွားပြီး အခုထိ သတိမရသေးဘူး။ ဆရာဝန်က သူပြန်ကောင်းဖို့ အနည်းဆုံးနှစ်တစ်ဝက်လောက်ကြာမယ်တဲ့။"

"ဒါဆိုတော်သေးတာပေါ့၊ အသက်အန္တရာယ်မရှိသရွေ့ ခြေကျိုးလက်ကျိုး မဖြစ်သရွေ့ အရာအားလုံးကို ဖြေရှင်းလို့ရပါတယ်။" ရှုယီက နောက်ဆုံးတွင် စိတ်အေးသွားသည်၊ "နှစ်တစ်ဝက်လောက်ကုတာက ပြဿနာမရှိပါဘူး။ သူက ကိုယ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝန်ထမ်းဆိုမှတော့ လုပ်ငန်းစုကနေပြီး ဂရုစိုက်ပေးမှာပါ။ သူ့အနေနဲ့ လုပ်ငန်းစုရဲ့ အောက်ကနေ စာမေးပွဲဝင်ဖြေခဲ့တာကြောင့် နောက်နှစ်ဝက်မှာ ပုံမှန်အတိုင်းလစာရမှာဖြစ်ပြီးတော့ သူ့ရဲ့ နောက်နှစ်တစ်ဝက်အတွက် ဆေးဖိုးဝါးခအသုံးစရိတ်တွေကိုလည်း လုပ်ငန်းစုက ပေးလိုက်ပါ့မယ်။"

နောက်တစ်ဝက်ကိုမူ ရှုယီက အခြားသုတေသနပညာရှင်များ ကြားဖို့ရာ အသံအနည်းငယ် မြှင့်လိုက်သည်။

ရှုယီ အပြောကို‌ကြားသော် သုတေသနပညာရှင်များထံရှိ ပူပန်သောကရောက်နေဟန်က အတော်အတန်ပျောက်ကွယ်သွားသော်လည်း ခံပြင်းဟန်များတော့ ရှိနေသေး၏။

ဘယ်လာက ရှုယီကို ကျယ်လောင်စွာ ပြောလာလေ၏၊ "ဥက္ကဌ၊ အယ်လ်ရီ ဒီလောက် ဒဏ်ရာအပြင်းအထန်ရတာက လုပ်ငန်းစုကြောင့်ဆိုတော့ သူ့ကို လုပ်ငန်းစုကပဲ ကုပေးမယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ဒါက မလုံလောက်ဘူး ဥက္ကဌ၊ ရှင် ကျွန်မတို့အတွက် မရပ်တည်ပေးတော့ဘူးလား?"

"ရပ်တည်ရမယ်? ဘာအတွက် ရပ်တည်ရမှာလဲ?" ရှုယီလည်း ထိုအချိန်၌ အနည်းငယ် ရှုပ်ထွေးသွားရသည်။ စဉ်းစားကြည့်ပြီးနောက် သူဟာ တုံ့ပြန်လိုက်နိုင်၏၊ "ဟုတ်သားပဲ၊ အောက်အဆင့်မှော်ပညာရှင် တိုက်ခိုက်ရည်စာမေးပွဲက မှော်ပညာရှင်ရဲ့အဆင့်ကို စစ်ဆေးရုံပဲဆိုတော့ အယ်လ်ရီကို ဒီလို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ တာဝန်ရှိသူက ဘယ်သူများလဲ?"

"လုပ်ခဲ့တဲ့တစ်ယောက်က အန်ကဲအီရန်ဆိုတဲ့ လူမို့ပဲ။" စတေးလ်က သက်ပြင်းချကာပြောသည်၊ "စာမေးပွဲမှာ ကျွန်မတို့လည်း ဘာကြောင့်မှန်းမသိပေမယ့် အန်ကဲအီရန်က အယ်လ်ရီရဲ့ စစ်ဆေးသူဖြစ်ပြီးတော့ ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းကို အယ်လ်ရီအရှေ့မှာ ရှုံ့ချနေတာ။ အယ်လ်ရီလည်း မနေနိုင်တော့လို့ ခွန်အားအပြည့်သုံးလိုက်ပေမယ့် စာမေးပွဲတာဝန်ရှိသူတစ်ယောက်ကို တိုက်ခိုက်ပါတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့ အန်ကဲအီရန်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားတာပဲ။"

"ဟုတ်တယ်၊ အဲ့တစ်ယောက်က အီရန်ဆိုတဲ့လူပဲ!" ဘယ်လာက ကျယ်လောင်စွာ ပြောသည်၊ "ဥက္ကဌ၊ အဲ့လူက ကျွန်မတို့ စာမေးပွဲနေရာ အပြင်ဘက်မှာ ရှင့်ကို လာဆွခဲ့တဲ့လူလေ။ ကျွန်မအထင် သူက ရှင့်အပေါ်မှာ ရန်ညှိုးထားပြီး ရှင့်ကို လက်စားမချေရဲတာကြောင့် ရှင့်လက်အောက်ကလူကို အရင်တိုက်ခိုက်တာပဲ။ သူက တကယ်ကို အရှက်မဲ့လိုက်တာ!"

"အန်ကဲအီရန်?" ရှုယီမှာ မျက်ခုံးများ တွန့်ချိုးလိုက်သည်။ သူက တစ်ချိန်လုံး သိလိုစွာ စောင့်ကြည့်နေသော မဟာမှော်ပညာရှင်ကမ်မီလာကို ကြည့်လိုက်၏။

မဟာမှော်ပညာရှင်ကမ်မီလာက အေးစက်စက်နှာမှုတ်ကာ၊ "ဥက္ကဌအီရန်ရဲ့သားက သူ့ကြောင့်ပျက်စီးသွားတာပဲ၊ မှော်ပညာရှင်များအဖွဲ့အစည်း စာမေးပွဲမှာ လိုသလို လိုက်နှောင့်ယှက်တာကို မပြောနဲ့ဦး၊ စာမေးပွဲဝင်ဖြေတဲ့ မှော်ပညာရှင်တစ်ယောက်ကိုတောင် အပြင်းအထန် တိုက်ခိုက်ခဲ့တယ်ပေါ့။ ငါ ဒီကိစ္စကို ဒီတိုင်း ဥပေက္ခာမပြုနိုင်ဘူး။ ရှုယီ၊ ငါ ဥက္ကဌအီရန်ကို သွားရှာပြီး ဒီအကြောင်း သေချာပြောလိုက်မယ်။"

ရှုယီလည်း ခေါင်းငြိမ့်လိုက်ပြီးနောက် သုတေသနပညာရှင်များဘက်လှည့်ကာ ပြောလိုက်လေ၏၊ "အားလုံးပဲ၊ စိုးရိမ်ဖို့မလိုပါဘူး။ မဟာမှော်ပညာရှင်ကမ်မီလာက ဥက္ကဌအီရန်ကို တရားမျှတမှုအတွက် သွားရှာဖို့ သဘောတူလိုက်မှာတော့ အဲဒီ့ အန်ကဲအီရန်လည်း သေချာ အပြစ်ပေးခံရလိမ့်မယ်လို့ထင်တယ်။"

ဘယ်လာမှာ မယုံကြည်သေးသဖြင့် ပြောလာသည်၊ "ဒါပေမယ့် ဥက္ကဌ ကျွန်မကြားတာတော့ ဒီအန်ကဲအီရန်က ဥက္ကဌအီရန်ရဲ့ တစ်ဦးတည်းသောသားလို့ကြားထားတယ်။ မဟာမှော်ပညာရှင်ကမ်မီလာက ဥက္ကဌအီရန်ကို သွားရှာရင်တောင် ဥက္ကဌအီရန်က သူ့ကို ဘာမှ မလုပ်လောက်ဘူးမို့လား?"

နံဘေးရှိ ကလဲယာက ဘယ်လာကို ပြန်ဆွဲကာ အသံတိုးတိုးဖြင့် ညည်းညူလိုက်သည်၊ "နင် ရူးနေလား? ဒီကောင်က မှော်ပညာရှင်များ အဖွဲ့အစည်း ဥက္ကဌရဲ့သားမှန်းသိပြီးတာတောင် ဥက္ကဌကို ဘာလုပ်စေချင်သေးလို့လဲ? သူ့ကိုပါ အပြင်းအထန် ဒဏ်ရာရအောင် လုပ်စေချင်လို့လား? သူ့အဖေက နိုင်ငံရဲ့ မှော်ပညာရှင်များ အဖွဲ့အစည်းက ဥက္ကဌဆိုတာ မမေ့နဲ့ဦး!"

"ဘာလို့မရမှာလဲ? သူက တခြားလူတွေကို ဒဏ်ရာပြင်းပြင်းရစေခဲ့တာလေ၊ သူကျတော့ ဘာလို့ တူညီတဲ့ အပြစ်ကို မခံစားနိုင်ရမှာလဲ?" ဘယ်လာက အလျှော့မပေးလိုဘဲ ရှုယီကို လက်ညှိုးထိုး၍ ဒေါသတကြီးပြောလေ၏၊ "ဥက္ကဌ၊ ကျွန်မအမြဲတမ်း ရှင့်ကို ရိုသေလေးစားခဲ့ပေမယ့် ရှင်သာ အယ်လ်ရီအတွက် တရားမျှတမှု မရှာပေးရင် ရှင့်ကို သဘောကျမှာမဟုတ်တော့ဘူး!"

ရှုယီမှာ မရယ်မိဘဲ မနေနိုင်လုနီးပါးဖြစ်သွားသည်။ ဘယ်လာက ဤနှစ်၌ အသက်နှစ်ဆယ်သာရှိပြီဖြစ်ရာ အဘယ့်ကြောင့် ကလေးငယ်မလေးတစ်ဦးလို ခေါင်းမာနိုင်ရသနည်း?

သူဟာ တကယ်တော့ ရယ်မည်မဟုတ်လေရာ ရယ်ချင်စိတ်ကို ချွန်းအုပ်လိုက်ပြီးမှ ဘယ်လာကို ခေါင်းငြိမ့်လျက် ပြောလိုက်သည်၊ "စိတ်အေးအေးထားပါ၊ ကျုပ် အယ်လ်ရီအတွက် တရားမျှတမှု ရှာပေးပါ့မယ်။ ဒါပေမယ့် မဟာမှော်ပညာရှင်ကမ်မီလာက ဥက္ကဌအီရန်ကို ပြောလိုက်မယ်ဆိုမှတော့ မဟာမှော်ပညာရှင်ကမ်မီလာနဲ့ ဥက္ကဌအီရန်တို့ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးတဲ့အထိ စောင့်သင့်တယ်။ ဥက္ကဌအီရန်ကသာ အန်ကဲအီရန်ကို အတင်းအဓမ္မကာကွယ်ပေးနေရင်တော့ ကျုပ်လည်း အယ်လ်ရီအတွက် တရားမျှတမှုရဖို့ တခြားနည်းလမ်း ရှာပါ့မယ်။"

ဘယ်လာက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏၊ "ဥက္ကဌ၊ ဒါ ရှင်ကျွန်မကို ကတိပေးထားတာနော်။"

နံဘေးရှိ စတေးလ်နှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့မှ မနေနိုင်တော့ဘဲ အတန်ငယ် မျက်မှောင်ကုပ်မိသွားသည်။

စတေးလ်က ရှုယီကို စကားအနည်းငယ်ပြောလိုက်ချင်သော်လည်း စဉ်းစားပြီးနောက် လူတိုင်းရှေ့တွင် မပြောတော့ပေ။

အားလုံးကို နှစ်သိမ့်ပေးပြီးနောက် ရှုယီက အယ်လ်ရီကို တွေ့ဖို့ ဝင်သွားလိုက်သည်။

အယ်လ်ရီ၏ဒဏ်ရာများမှာ တကယ်ကို ပြင်းထန်လှသည်။ သူဟာ လက်ရှိတဲ့ သတိမေ့နေပါသော်လည်း အခန်းထဲရှိ ဆရာဝန်က အသက်အန္တရာယ်မရှိကြောင်းနှင့် ရှေ့လျှောက် မည်သည့် ဆိုးကျိုးမှရှိမည်မဟုတ်ကြောင်း ပြောလာသဖြင့် ရှုယီလည်း စိတ်အေးသွားရသည်။

ထို့နောက် ရှုယီလည်း အခြားသုတေသနပညာရှင်များကို ရှယ်လ်ဒွန်တည်းခိုခန်း၌ အနားယူခိုင်းရန် ပြန်သွားခိုင်းလိုက်၏။ သူဟာ ဘယ်လာ၏ အယ်လ်ရီကို စောင့်ရှောက်ပေးလိုသည့် တောင်းဆိုမှုအား အပြင်းအထန်ငြင်းဆန်ကာ အကောင်းဆုံး စောင့်ရှောက်သူကို ပိုက်ဆံသုံး၍ ရှာမည်ဖြစ်သောကြောင့် အယ်လ်ရီ ဘာမှ မဖြစ်နိုင်ဟု ပြောလိုက်ရသည်။

ခံပြင်းနေသော သုတေသနပညာရှင်များကို ခက်ခက်ခဲခဲ ပြန်ပို့လိုက်ပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာလည်း စဉ်းစားကြည့်ကာ ဥက္ကဌအီရန်ကို ချက်ချင်းသွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။

ရှုယီ ကျန်ခဲ့ပြီး အိမ်တော်ထိန်းလမ်အား ကိစ္စနှစ်ခု ကူညီပေးဖို့ တောင်းဆိုလိုက်၏။

ပထမတစ်ခုမှာ အယ်လ်ရီအား တစ်‌နေကုန် စောင့်ပေးမည့် အန်ဗီမာမြို့တော်ရှိ အကောင်းဆုံး စောင့်ရှောက်သူများကိုရှာရန်ဖြစ်သည်။

ဒုတိယတစ်ခုမှာ ဘာရွန်ဟားနက်စ်ထံ တစ်ယောက်ယောက်နှင့် ဆက်သွယ်ခိုင်းဖို့ပင်။

တစ်နာရီကြာပြီးနောက် ဟားနက်စ်က အဆောက်အဦထံ အပြေးရောက်လာ၏။

ရှုယီကို တွေ့ချိန်တွင် သူက ချက်ချင်း အမေးရှိလာသည်၊ "ဘယ်သူ ဒဏ်ရာရသွားတာလဲ? မင်းတော့ မဟုတ်ဘူးမလား?"

သူက ထိုသို့ပြောပြီးနောက် ရှုယီကို လှည့်ပတ်ကြည့်ကာ အပေါ်မှအောက် အစုန်အဆန် စစ်ဆေးနေလေသည်။

"ကျုပ် မဟုတ်ဘူးပေါ့။" ရှုယီက မရွှင်ပျစွာ ဟားနက်စ်၏ သူ့အားထိရန် လှမ်းနေသည့် လက်ကို ရိုက်ချလိုက်သည်၊ "ကျုပ်သာဆိုရင် အဲ့ကောင်လေး အန်ကဲအီရန်က အဆင်ပြေနေဦးမယ်ထင်လို့လား? ကုတင်ပေါ်မှာ လှုပ်တောင် လှုပ်နိုင်လောက်မှာမဟုတ်ဘူး။"

ဟားနက်စ်က ရယ်လေသည်၊ "မင်းမဟုတ်တော့ တော်သေးတယ်။ ဒါပေမယ့် သူ လှုပ်နိုင်လောက်မှာ မဟုတ်ဘူးလို့ပြောတော့ အရင်နှစ်က မှော်ပညာရှင်များအဖွဲ့အစည်းစာမေးပွဲကို သွားသတိရတယ်။ မင်း အဲ့ကောင်လေးကို ဒဏ်ရာရအောင်လုပ်လိုက်တာ သူလည်း အပြင်မထွက်နိုင်လောက်အောင်အထိ အိပ်ရာထဲမယ် တစ်လလောက် ကန့်သတ်နေလိုက်ရတယ်၊ ဟုတ်တယ်မို့လား?"

"ကျုပ် သူ့ကို ဒဏ်ရာရအောင်လုပ်လိုက်တယ်ဆိုပေမယ့် တစ်လလောက် အိပ်ရာထဲမှာ ကန့်သတ်နေလိုက်ရတယ်လို့ပြောတာကြီးက ချဲ့ကားလွန်းမနေဘူးလား။ ကျုပ် အထင် ဥက္ကဌအီရန်က သူ့ကို အိမ်မှာ တစ်လလောက် အကျယ်ချုပ်ချထားတာ ဖြစ်မယ်။"

"အိမ်ရာထဲမှာ ကန့်သတ်ခံထားရတာဖြစ်ဖြစ် အိမ်မှာ တစ်လလောက် အကျယ်ချုပ်ချထားတာဖြစ်ဖြစ် လိုရင်းပြောရရင် အဲ့ကောင်လေး တစ်လလောက်ထွက်မလာတော့ အန်ဗီမာမြို့တော်က အများကြီးပို ငြိမ်းချမ်းသွားတာလေ။ မင်းကို ဒီအတွက် ချီးကျူးနေတဲ့ လူတွေအများကြီးရှိတယ်။" ဟားနက်စ်က အပြုံးဖြင့် ပြောလေသည်။

"အိုး? ဒီကောင်‌လေးကို လူတွေ အများကြီး ဝိုင်းမုန်းနေကြတယ်လား?" ရှုယီက တအံ့တဩမေးလိုက်လေ၏။

"ဒါပေါ့။ ပြောပြမယ်၊ အန်ဗီမာမြို့တော်မှာ မင်းသေချာပေါက် သွားမဆွသင့်တဲ့ ကပ်ဆိုးကြီးသုံးပါးရှိတယ်၊ အဲ့ထဲက တစ်ယောက်က အဲ့ကောင်လေးပဲ။ သူ့ကို မုန်းကြတယ်ထင်လား မမုန်းကြဘူးထင်လား?"

"ကပ်ဆိုးကြီးသုံးပါးရှိတယ်? ကျန်တဲ့ ကပ်ဆိုးနှစ်ပါးကရော ဘာတွေလဲ?" ရှုယီက စိတ်ဝင်စားနေသံဖြင့် မေးလာသည်။

"အဲ့ကောင်လေးအပြင် ကျန်တဲ့ ကပ်ဆိုးကြီးနှစ်ပါးက...." ဟားနက်စ်မှာ ရုတ်တရတ် ထကာ ရယ်မောလေ၏၊ "တစ်ယောက်က မင်းနဲ့ ဆက်သွယ်မှုရှိတယ်၊ ဗစ်တာလေ။ ဒါပေမယ့် အဲ့ကောင်လေး မင်းကို နားထောင်လာပြီး ဆဲလ်တို့ အာဂေါ့ထ်တို့နဲ့အတူ ဆိုင်ဖွင့်ပြီးကတည်းက တခြားကပ်ဆိုးကြီးတွေလိုမျိုး အရာတွေကို လုပ်တာရှားသွားတယ်။ ပြောရရင် မင်းက အန်ဗီမာမြို့တော်ကို အကြိမ် များများစားစား မလာပေမယ့်လည်း အတော်လေး အသိအမှတ်ပြုစရာ အကူအညီကို ပေးခဲ့တာပဲ။"

နံဘေးရှိ ရှုယီနှင့် စတေးလ်တို့မှာ မနေနိုင်ဘဲ တစ်ပြိုင်တည်း ပြုံးလိုက်မိ၏။ စတေးလ်မှာ သူမ၏အပြုံးကို မဖုံးကွယ်နိုင်တော့ဘဲ မေးသည်၊ "နောက်ဆုံး ကပ်ဆိုးကရော ဘယ်သူများလဲ?"

"နောက်ဆုံးတစ်‌ယောက်ကို ပြောရရင်တော့၊ သူက ဂျိုဝဲလ်မိသားစုက ဖြစ်တာကြောင့် ရှုယီနဲ့ နည်းနည်းလောက် ဆိုင်နေတယ်။ ဗင်းဆင့်ထ် ဂျိုဝဲလ်လေ။"

၎င်းအမည်ကိုကြားသော် ရှုယီမှာ မနေနိုင်ဘဲ စတေးလ်ကို ကြည့်လိုက်မိသည်။

စတေးလ်လည်း အံ့ဩသွားသည်၊ ဤနေရာ၌ ထိုအမည်ကို ကြားရလိမ့်မည်ဟု မစဉ်းစားခဲ့ဖူးချေ။

"ဘာလို့ သူက ကပ်ဆိုးကြီးသုံးပါးထဲက တစ်ပါးဖြစ်နေရတာလဲ?" စတေးလ်လည်း မနေနိုင်ဘဲ မေးလေ၏၊ "သူနဲ့ ကျွန်မတို့ အတန်းဖော်ဖြစ်တုန်းက အဲ့လူက တကယ်ကို နည်းနည်း မနှစ်မြို့စရာကောင်းပေမယ့် ဂုဏ်သတင်းကတော့ အဲ့လောက်ကြီးမဆိုးဘူးမို့လား?"

"အဲ့လောက်မဆိုးဘူး?" ဟားနက်စ်မှာ စတေးလ်ကိုကြည့်ကာ နားမခံသာစွာရယ်မောလေသည်၊ "အဲဒါ အဲ့ကောင်လေးက လေပေါ် မြောက်နေလို့လေ။ အီရန်နဲ့ ဗစ်တာတို့ကို ကပ်ဆိုးကြီးတွေလို့ခေါ်တာက သူတို့ဟာ သူတို့မိသားစုတွေရဲ့ လွှမ်းမိုးမှုကို အားကိုးပြီး သာမန်လူတွေကို အနိုင်ကျင့်တာကြောင့်ဆိုပေမယ့် တကယ်တော့ အဲဒါက အဲ့လောက်ကြီးမဆိုးပါဘူး။ ဒါပေမယ့်လည်း ဗင်းဆင့်ထ်က မတူဘူး။ သူ့ကို ကပ်ဆိုးကြီးသုံးပါးထဲက တစ်ပါးလို့ခေါ်တာက သူဟာ မကြာခဏ သူ့ရဲ့သွင်ပြင်နဲ့ မိသားစုကို အားကိုးပြီး အပြစ်ကင်းတဲ့ မိန်းကလေးတွေကို လှည့်ဖျားတတ်လို့ပဲ။ ပြောပြမယ်၊ သူ လှည့်ဖျားပြီး ပစ်ခဲ့တဲ့ မိန်းကလေးတွေက အနည်းဆုံး ဆယ်ယောက်ကျော်တယ်!"

ထိုသို့ပြောပြီးနောက် ဟားနက်စ်က ခေတ္တမျှရပ်တန့်ကာ စတေးလ်ကိုမေးလေသည်၊ "သခင်မလေးစတေးလ်က ဒီလောက်လှပတာ၊ အဲ့ဒီ ဗင်းဆင့်ထ်က မင်းကို ဘယ်တုန်းကမှ မနှောင့်ယှက်ခဲ့ဘူးလား? ဒါပေမယ့် သူက မနှစ်မြို့စရာကောင်းမှန်း မင်းသိမှတော့ သူ့ကြောင့် မလှည့်ဖျားခံခဲ့ရလောက်ဘူးပေါ့။ ပြောပါရစေ၊ ရုပ်ချောတာက ဘာအဓိပ္ပာယ်မှမရှိပါဘူး။ အဲဒီ ဗင်းဆင့်ထ်က ရှုယီထက် ပိုချောပေမယ့်လည်း ရှုယီကို ယှဉ်လို့တောင် မရနိုင်ဘူး။ မင်း ရှုယီကို ရွေးခဲ့တာဟာ မင်းရဲ့အမြင်က အတော်ကောင်းလို့ပဲ။"

စတေးလ်၏မျက်နှာမှာ လုံးဝ နီရဲသွားသည်။ ဟားနက်စ်မှာ သူမအနေနှင့် ရှုယီအား ရွေးချယ်မှုကို ချီးကျူးလိုက်ခြင်းကြောင့် ရှက်ရွံ့သွားသည်ဟု ထင်မှတ်ကာ ဆက်လိုက်ပြောလိုက်ချင်သော်လည်း ရှုယီက ရုတ်တရတ် ချောင်းဟန့်ကာ ဟားနက်စ်ကို ဟန့်တားလာ၏။

"ဟုတ်ပြီ၊ ဒီအကြောင်း မပြောတော့ဘူး။ ဟားနက်စ်၊ ကျုပ် ခင်ဗျားကို ခေါ်လိုက်တာက အန်ကဲအီရန်အကြောင်း စုံစမ်းကူခိုင်းဖို့ပဲ။" ရှုယီက ဆိုသည်။

"အိုး? သူ့ကို ဘာလို့ စုံစမ်းချင်တာလဲ? လက်စားချေချင်လို့လား?" ဟားနက်စ်က ပြန်မေး၏။

"အခု ဒါကို မပြောသေးဘူး။ မဟာမှော်ပညာရှင်ကမ်မီလာက ဥက္ကဌအီရန်နဲ့ ဆုံတွေ့တာကနေ ဘာရလာဒ်မှ ရမှာမဟုတ်ဘူးလို့ ခံစားမိလို့သာ အချိန်မီ ကိစ္စတချို့ ပြင်ဆင်ထားချင်ရုံပါ။"

ဟားနက်စ်လည်း ခေါင်းငြိမ့်သည်၊ "ဥက္ကဌအီရန်ရဲ့ဇနီးက သူမသားကို ဖျက်ဆီးတဲ့နေရာမှာ နာမည်ကြီးတော့ ဒီကနေ ဘာမှဖြစ်မလာဘူးထင်တယ်။ ဒါပေမယ့် မင်း တကယ်ပဲ အန်ကဲအီရန်ကို တစ်ခုခုလုပ်ဖို့ စီစဉ်ထားတာလား? အဲ့ကောင်လေးသာ တကယ်ပဲ မင်းကြောင့် ဒဏ်ရာရရင်တော့ ဥက္ကဌ အီရန်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး။"

ရှုယီက အသာပြုံးသည်၊ "လူတွေကို နာကျင်အောင်လုပ်ဖို့က သူတို့ကို ဒဏ်ရာရအောင်လုပ်မယ့် ရွေးချယ်စရာတစ်ခုပဲ ရှိတာမဟုတ်ဘူးလေ။"

All Chapters