← Chapters

အခန်း (၁၃၁-၁၄၀)

Vol. 2 Ch. 131-140

အခန်း (၁၃၁-၁၄၀)

Vol. 2 Ch. 131-140

Vol 2, အခန်း ၁၃၁။ နှစ်ကုန် တွေ့ဆုံပွဲ

နှစ်ဆုံးသို့ ရောက်လာသည်နှင့် ရာသီဥတုက ပိုလို့ပင်အေးလာသည်။

သို့သော် ဘန်တာမြို့၏ လူများအတွက် ဤ ဆောင်းရာသီမှာ ယခင်ကနှင့်ယှဉ်လျှင် များစွာ ပိုကောင်းလေ၏။

အကြောင်းမှာ ဝင်ငွေမြင့်လာခြင်းနှင့်အတူ ယခင်နှစ်က အပူချိန်ပြောင်း မှော်လေပေးစက်များကို ကြည့်ရုံသာ ကြည့်နေနိုင်သော မိသားစုများအနေနှင့် ယခုနှစ်တွင် လက်လှမ်းမီနိုင်နေပြီဖြစ်သောကြောင့်ပင်။

Frestech ကုန်သည်ကြီးများအသင်း၏ မျိုးဆက်သစ် အပူချိန်ပြောင်း မှော်လေပေးစက်၌ လုပ်ဆောင်ချက်အသစ်ရှိကာ သတ်မှတ်ကာလအတွင်း ပူနွေးသောလေထုကို ထုတ်ပေးနိုင်သော်လည်း ဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိပေ။ ၎င်းက ယမန်နှစ်ကကဲ့သို့ ရွှေဒင်္ဂါးသုံးဆယ်ပြားဖြစ်နေဆဲပင်။

ထို့ကြောင့် ဆောင်းဝင်လာသည့်နောက်တွင် မိသားစုများစွာက လများစွာ စုဆောင်းထားသည့် လစာများကို ထုတ်ယူလျက် အံကိုကြိတ်ရင်း Frestech ကုန်သည်ကြီးများအသင်းထံမှ အပူချိန်ပြောင်း မှော်လေပေးစက် တစ်လုံး၊ နှစ်လုံးလောက်ဝယ်ကြသည်။

ထို အပူချိန်ပြောင်းမှော်လေပေးစက်များကို ၎င်းတို့အိမ်များ၌ ထည့်သွင်းပြီးသည့်နောက်တွင် လေပေးစက်မှ ထုတ်လွှတ်‌သည့် လေနွေးနွေးများကို ခံစားကြရသည်။ ၎င်းတို့အိမ်များက ယခင်နှစ်များကကဲ့သို့ အေးစက်မနေတော့သည်ကို ခံစားမိပြီးနောက်တွင် မှော်လေပေးစက်များကို ဝယ်ယူထားခြင်း၏ နာကျင်မှုက အရိပ်ပင်မမြင်ရတော့ဘဲ ပျောက်ကွယ်‌သွားတော့သည်။

အလုပ်မှ အိမ်သို့ပြန်ရောက်ကာ အိမ်ထဲဝင်ပြီးနောက် လေနွေးနွေးလေးများကို ခံစားရ‌ချိန်တွင် ၎င်းအား လူများစွာ၏ သက်သာရာရမှုကြီးဟု ဆိုနိုင်ပါ၏။

ညစာစားပြီးနောက် ရေချိုးလိုပါလျှင် Frestech အမှတ်တံဆိပ် ရေအပူပေးစက်ကိုသုံး၍ သင့်တင့်သည့် ရေနွေးနွေးကို သုံးနိုင်သည်။ ၎င်းက တစ်နေ့တာ၏ ပင်ပန်းနွမ်းနယ်ခြင်းကို မောင်းထုတ်ပေးလေရာ ည၌ နှစ်ခြိုက်စွာ အိပ်ပျော်ကြသည်။

ယခင်နှစ်က လူများစွာမှာ Frestech ကုန်သည်ကြီးများအသင်းမှ မှော်စက်များကို ကောင်းမွန်သည့်အရာများအဖြစ်သတ်မှတ်ခဲ့သည်။ တစ်နှစ်တာအတွင်း၌ လူများစွာက ၎င်းတို့၏ မှော်စက်အမျိုးစုံကို အသုံးပြုခြင်းဖြင့် ကျင့်သားရလာပြီး ၎င်းတို့မရှိဘဲ မနေနိုင်တော့ပေ။

ရေနွေးကျိုရန် သို့မဟုတ် ပေါင်မုန့်ဖုတ်ရန်အတွက် ထင်းမီးကို သုံးနေဆဲ မိသားစုသာရှိပါလျှင် ၎င်းမိသားစုမှာ နောက်ကျကျန်ခဲ့နေပြီဟု ဆိုလိုသည်။ ၎င်းတို့အနေနှင့် ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများအရှေ့၌ လုံးဝပင် ခေါင်းမော့နိုင်လိမ့်မည်မဟုတ်ပေ။

ဘန်တာမြို့၌ လူငယ်များ လက်ထပ်ခဲ့စဉ်က အမျိုးသားများသည် နေ့စဉ်လိုအပ်သည့်အချို့ကို ပြင်ဆင်ပေးရမည်ဖြစ်သည်၊ ထိုမှသာ အိမ်ထောင်ပြုပြီးနောက်တွင် ပုံမှန်ဘဝနေထိုင်ရန် အာမခံချက်ရရှိမည်ဖြစ်၏။

သို့သော် ယခု လူငယ်များ လက်ထပ်ချိန်တွင် မှော်စက်အများအပြားကိုသာ မပြင်ဆင်ထားပါက မိန်းကလေးများအနေနှင့် လက်ထပ်ဖို့ရာ ဆန္ဒရှိလိမ့်မည်မဟုတ်ပေ။

မှန်ပါ၏၊ မှော်စက်များတွင် ခြားနားချက်များရှိပေသည်။

မှော်ရေနွေးအိုးများ၊ အလိုအလျောက်မှော်ထမင်းပေါင်းအိုးများနှင့် မှော်မီးအိမ်တို့လို ပစ္စည်းလေးများနှင့် ယှဉ်လျှင် မှော်လေပေးစက်နှင့် မှော်ရေ‌အပူပေးစက်တို့က ပိုလို့ ကျော်ကြားသည်။

ဆောင်းတွင်း၌ မှော်ရေခဲသေတ္တာကိုသုံးဖို့ မလိုပါလျှင်တောင် ၎င်းက ကျော်ကြားနေဆဲပင်။

ဆောင်းတွင်း၌ မှော်ရေခဲသေတ္တာတစ်လုံးဝယ်ရန်မှာ အနည်းဆုံးတော့ သင်၏ဇနီးနှင့်အတူ နွေရာသီအား ကုန်ဆုံးရန် ကြိုတင်ပြင်ဆင်ထားခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပါလား?

၎င်းကဲ့သို့ပင် မတူညီသည့်မှော်စက်အမျိုးစုံကြားက ခြားနားချက်များအပြင် တူညီသည့် မှော်စက်များအကြား ခြားနားချက်များလည်းရှိ၏။

ဥပမာ၊ မှော်ပေါင်မုန့်မီးကင်စက်ဆိုလျှင် Frestech အမှတ်တံဆိပ် မှော်ပေါင်မုန့်မီးကင်စက်ဆိုပါလျှင် သင်၏စိတ်ရင်းကို သက်သေပြပေလိမ့်မည်။

အခြားတံဆိပ် မှော်ပေါင်မုန့်‌မီးကင်စက်ကို ဝယ်ယူပါလျှင် သင်ဟာ တွန့်တိုသည်ဟု အဓိပ္ပာယ်ရသည်။

Frestech အမှတ်တံဆိပ် ပေါင်မုန့်မီးကင်စက်မှာ အနည်းငယ် ဈေးကြီးသော်လည်း အခြားတံဆိပ်များနှင့် ယှဉ်ပါက ထိုမျှ ဈေးမကြီးပါချေ။ ထို့အပြင် Frestech အမှတ်တံဆိပ်၏ အရည်အသွေးက ပိုကောင်းပြီး လှပစွာ ဒီဇိုင်းဆင်ထားခြင်းကြောင့် Frestech အမှတ်တံဆိပ်ကိုဝယ်ရန် အဘယ့်ကြောင့် ငွေနည်းနည်းလောက်လေး ထပ်မသုံးဘဲ နေရမည်နည်း?

ထို့ကြောင့် မိန်းကလေးများထံမှ တောင်းဆိုချက် တိုးလာခြင်းနှင့်အတူ ဘန်တာမြို့တွင်သာမက အခြားမြို့များ၌ပင် လူများမှာ တဖြည်းဖြည်း သ‌ဘောတူညီမှုပြုလာကြသည်။

ပိုကောင်းသည့် ဘဝတစ်ခုအတွက် သင့်ထံ၌ မှော်စက်များ ရှိကို ရှိရမည်သာ။

ပိုကောင်းသည့် မှော်စက်များအတွက် သင့်အနေနှင့် Frestech အမှတ်တံဆိပ်ကို သုံးရအမည်။

"ဒီတော့ ပြောချင်တာက ဒီတစ်နှစ်အတွင်း ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဟာ အောင်မြင်မှုကြီးရခဲ့တယ်။ ဘန်တာမြို့နဲ့ အနီးအနားက မြို့တွေပဲ ကျုပ်တို့ Frestech အမှတ်တံဆိပ်မှော်စက်တွေကို လက်ခံတာတင်မဟုတ်ဘဲ နိုင်ငံရဲ့ အခြားနေရာက လူတွေကလည်း တဖြည်းဖြည်းနဲ့ မှော်စက်တွေရဲ့ တည်ရှိမှုကို လက်ခံလာပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို သတိထားမိနေကြပါပြီ။" ရှုယီက အသံခပ်ကျယ်ကျယ်ဖြင့် ဆိုကာ သူ၏ ဝိုင်ခွက်ကို ပင့်မြှောက်လိုက်သည်၊ "လာကြပါ၊ ဒီနှစ် ကျုပ်တို့ရဲ့ အားထုတ်မှုတွေနဲ့ အောင်မြင်မှုတွေအတွက် ဆန္ဒပြုကြတာပေါ့!"

"ချီးယားစ်!"

မရေတွက်နိုင်သော လက်ပေါင်းများစွာက မြှောက်လာကာ မရေတွက်နိုင်သည့် ဝိုင်ခွက်များကို အချင်းချင်း တိုက်၍ ပါးစပ်အပြည့် ဖြည့်လိုက်ကြတော့သည်။

ထိုသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ နှစ်ကုန် တွေ့ဆုံပွဲပါပင်။

ယခင်နှစ်၏ထုံးစံအရ နှစ်တစ်နှစ် အဆုံးသို့ ရောက်လာတိုင်း ရှုယီမှာ အလုပ်သမားများနှင့် လုပ်ငန်းစု၏ စီမံခန့်ခွဲရေးမှူးများကို အတူတကွ စားသောက်ရန် ခေါ်ဆောင်ကာ ၎င်းတို့၏ လုပ်ငန်းစုအတွက် တစ်နှစ်တာကို အကျဉ်းချုပ်လေသည်။

Frestech ကုန်သည်ကြီးများအသင်းထံ၌ မိုးသွန်းတောင်ကြား ထုတ်လုပ်ရေးအခြေစိုက်ဌာနတစ်ခုပါ ရှိသေးသောကြောင့် လုပ်ငန်းစုတွင် အလုပ်သမား လေးထောင်ပျော်ရှိနေရာ ရှုယီ ဆန္ဒရှိလျှင်တောင် တစ်ကြိမ်တည်းနှင့် အလုပ်သမားအားလုံးကို အတူတကွမစုစည်းနိုင်ချေ။

ထို့ကြောင့် ယနေ့ည ဆန်းဒ်တွန်အိမ်ရာ၌ ကျင်းပသည့် နှစ်ကုန် တွေ့ဆုံပွဲအတွက် လုပ်ငန်းစု၏ လူသားအလုပ်သမား အားလုံးသာ စုစည်းထားသည်။

လူပုလေးများနှင့် နတ်သူငယ်တို့၏ နှစ်ကုန်ပွဲကိုမူ ရှုယီမှ မိုးသွန်းတောင်ကြားသို့ သွားရောက်ချိန်ထိတိုင် စောင့်နေရပေမည်။

ထိုသို့ဆိုလျှင် ဤနှစ် နှစ်ကုန်ပွဲ၌ လူသုံးထောင်နီးနီးရှိလေရာ ဆန်းဒ်တွန်အိမ်ရာ၏ အကြီးဆုံး ကွင်းပြင်ကြီးမှာ လုံးဝ ပြည့်သိပ်နေတော့၏။

ဤနှစ်ကုန်ပွဲအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ တောင်းဆိုချက်ကို ဖြည့်ဆည်းရန်နှင့် မီးဖိုချောင်ဝင်ရန် စားဖိုမှူးတစ်ရာကျော်အား ဖိတ်ထားခဲ့၏။ ၎င်းတို့မှာ ထိုအတွက် ရွှေဒင်္ဂါး တစ်သောင်းနီးနီး သုံးခဲ့သည်။

သို့သော် ဤပွဲမှာ အလုပ်သမားများ၏ညီညွတ်မှုကို အထောက်အကူဖြစ်စေကာ လုပ်ငန်းစုအပေါ် သစ္စာ‌ရှိမှုကို တိုးစေနိုင်သောကြောင့် ရှုယီအတွက်ထိုက်တန်ပါပေသည်။

Frestech ကုန်သည်ကြီးများအသင်း၌ လူများစွာက အလုပ်လုပ်နေသောကြောင့် ယခု ဘန်တာမြို့ တစ်ဝှမ်းလုံးတွင် လူအင်အားလိုအပ်နေပေရာ ၎င်းတို့အားလုံးကို အခြားမှော်စက်လုပ်ငန်းစုများက ကြိုဆိုလိုကြသည်။

ဆောင်းရာသီအစ၌ပင် လစာမြင့်မြင့်နှင့် ကတိပေးကမ်းလှမ်းခံထားရသည့် Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားတစ်ရာကျော် ရှိနေပြီဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားတစ်ဦးကို အံ့အားသင့်ဖွယ် မြင့်မားသည့် တစ်လ,လစာ ရွှေဒင်္ဂါးသုံးဆယ်ကျော်နှင့် ကမ်းလှမ်းသည်အထိ ရဲတင်းသော လုပ်ငန်းစုတချို့ပင်ရှိနေ၏။

၎င်းတို့အား ဘန်တာမြို့၏ မှော်စက်အလုပ်သမားသမဂ္ဂက သတိပေးကာ အလုပ်သမားများကို နာနာခံခံပြန်ပေးရပါလျှင်တောင် ထိုသည်က ကောင်းသည့် အစပျိုးမှုမဟုတ်ဘဲ ရှုယီကို နိုးကြားနေစေသည်။

သူဟာ ဘန်တာမြို့၏ မှော်စက်စီးပွားရေးသမဂ္ဂ ဥက္ကဌဟူသည့် ရာထူးကိုသုံးကာ လွန်ကျူးလာသည့် လုပ်ငန်းစုများကို အပြစ်ပေးနိုင်ပါသော်လည်း ၎င်းတို့သာ မလွန်ကျူးဘဲ လစာမြင့်မြင့်ကိုသာ ကမ်းလှမ်းရုံဆိုပါက ထိုကိစ္စကို အပြစ်ပေးရန် အကြောင်းပြချက်ကောင်းမရှိပေ။

၎င်းက ဘန်တာမြို့၌ ကန့်သတ်ထားသည်ကို မဆိုထားနှင့်။ ဘန်တာမြို့ပြင်ရှိ လုပ်ငန်းစုများက Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားများကို တစ်လ,လစာ ရွှေဒင်္ဂါးသုံးဆယ် သို့မဟုတ် ထိုထက်မြင့်မားစွာ ကမ်းလှမ်းလာပါလျှင် ရှုယီလည်း တားဆီးနိုင်မည်မဟုတ်ပေ။

အီဗီတာမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က သူမအား တိတ်တဆိတ်ဆက်သွယ်လာခဲ့သည့် အန်ဗီမာမြို့တော်ရှိ လုပ်ငန်းစုတစ်ခုရှိကြောင်း ရှုယီကို ပြောပြလာခဲ့သည်၊ ၎င်း လုပ်ငန်းစုက သူမအား အစပိုင်း၌ တစ်လလျှင် ရွှေဒင်္ဂါးငါးဆယ်ပြားနှင့် နှစ်ကုန်အပိုဆုကြေး ရွှေဒင်္ဂါးနှစ်ရာအောက်ရမည်ဟု ဆိုသည်။ ၎င်းတို့မှာ သူမအား ၎င်းတို့ လုပ်ငန်းစုထံ လာစေလိုနေခြင်းပင်။

အီဗီတာက ၎င်းကို ငြင်းဆန်ခဲ့ပါသော်လည်း ရှုယီအနေနှင့် အခြားသုတေသနပညာရှင်များကလည်း ငြင်းဆန်မည်လားကို အာမ,မခံဝံ့ပေ။

ထို့ကြောင့် ဤနှစ်ကုန်ပွဲကို ကျင်းပသည်မှာ အလုပ်သမားများ၏ သစ္စာရှိမှုနှင့် ညီညွတ်မှုတို့ကို တိုးလာစေရုံမျှမက ထိုအခွင့်အရေးကို ယူ၍ အလုပ်သမားများအနေနှင့် ပိုကောင်းမွန်သည့် ဆက်ဆံမှုများ တဖြည်းဖြည်းရလာမည်ဖြစ်ကြောင်းကို ပြောလိုခြင်းဖြစ်သည်။

မျှော်လင့်ထားသလိုပင် ရှုယီက ၎င်းကို ကြေညာပြီးသည်နှင့် နားစူးလောက်ဖွယ် ဩဘာသံများဖြစ်ပေါ်လာသည်။

Frestech ကုန်သည်ကြီးများအသင်း၌ သုံးလလောက်ကြာအောင် အလုပ်လုပ်ခဲ့ကြသည့် မည်သူမဆို ၎င်းတို့အနေနှင့် ဥက္ကဌက အလုပ်သမားများထံ ကတိများလွယ်လွယ် မပေးတတ်မှန်း သိကြသည်။

သူဟာ ကတိပေးထားသရွေ့ မဖြစ်မနေရအောင်လုပ်ပေးသည်။

ယခုတွင် အားလုံးက ပိုမိုကောင်းမွန်သည့် ဆက်ဆံမှုကို တဖြည်းဖြည်း ရလာမည်ဖြစ်ကြောင်း ကြေညာလိုက်လေရာ ၎င်းက သေချာပေါက် ပိုမိုကောင်းမွန်လာလိမ့်မည်။

အားလုံးက ဩဘာပေးနေစဉ်တွင် ရှုယီ ထိုင်လိုက်သည်ကိုမြင်သော် နံဘေးရှိဟိန့်ဇ်က သက်ပြင်းချကာပြော၏၊ "ရှုယီ၊ ငါတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ လူတွေကို လစာအလုံအလောက်မြင့်မြင့်ပေးထားပြီးသားလေ၊ ငါတို့သာထပ်မြှင့်ပေးလိုက်ရင် ငါတို့တတ်နိုင်တယ်ဆိုပေမယ့်လည်း ဒီလိုဆက်သွားတာက နည်းလမ်းမှန်မဟုတ်ဘူး။ အဲ့လိုမထင်ဘူးလား ဆာဘက်စ်?"

ဆာဘက်စ်ကလည်း အသာခေါင်းငြိမ့်သည်။ သူဟာ အကောင့်စာရင်းစာအုပ်ကိုထုတ်ရန်ပင် မလိုဘဲ ပြောလာ၏၊ "အချက်အလက်တွေအရ ကျွန်တော်တို့ လုပ်ငန်းစုပေးထားတဲ့ လစာဟာ အရင်လကတင် ရွှေဒင်္ဂါးတစ်သိန်းကျော်နေပြီ။ ဒါတောင် အပိုဆုကြေးတွေနဲ့ အားလပ်ရက် အကျိုးအမြတ်တွေ မပါသေးဘူး။ ဒါတွေပါ ထပ်ပေါင်းလိုက်ရင် အရင်လက အလုပ်သမားတွေအပေါ်မှာ ရွှေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျော်လောက်သုံးခဲ့ရတယ်။"

"ကြည့်လေ၊ ငါတို့တွေက တစ်လတည်းနဲ့ လစာ တစ်သိန်းလောက်ပေးထားတာကတင် လုံလောက်နေပြီလို့ မင်းမထင်ဘူးလား?" ဟိန့်ဇ်က ချက်ချင်းပင် ရှုယီကို မျက်လုံးဝိုင်းလျက် ကြည့်လာ၏၊ "မမေ့နဲ့ဦး၊ ငါတို့လုပ်ငန်းစုက အရင်နှစ်က တစ်လကို ရွှေဒင်္ဂါးတစ်သိန်းတောင် မရခဲ့ဘူး!"

ရှုယီက ရယ်ကာ ဟိန့်ဇ်က ဘယ်တော့မှ အမြင်နည်းပါးခြင်းကို မပြောင်းလဲခြင်းကြောင့် ခံစားမနေတော့ချေ။ သူက ခမ်နက်ဒ်ကိုသာ ပခုံးတွန့်ပြကာ ပြောလေ၏၊ "ကြည့်ဦး၊ ငါ့ဆီမှာ ဥက္ကဌအနေနဲ့ ဖိအား အတော်များတယ်လို့ ပြောခဲ့သားပဲ။ မင်းမြင်ရဲ့လား ဒုဥက္ကဌနဲ့ ဘဏ္ဍာရေးမန်နေဂျာက ငါ့ကို ဖိအားတွေပေးနေတာလေ။"

ခမ်နက်ဒ်လည်း အသာပြုံးကာ ဟိန့်ဇ်နှင့် ဆာဘက်စ်တို့ထံပြောလိုက်သည်၊ "ဒုဥက္ကဌ၊ မန်နေဂျာ ဆာဘက်စ်, အလုပ်သမားတွေရဲ့လစာက မြင့်ပေမယ့် ကျွန်တော်တို့ လုပ်ငန်းစုရဲ့အမြတ်ကလည်း ကောင်းကောင်းတိုးနေတာပဲ မဟုတ်လား? အရင်နှစ်ကနဲ့ယှဉ်ရင် ကျွန်တော်တို့လုပ်ငန်းစုရဲ့ တစ်လချင်းအမြတ်ငွေက အဆများစွာ တိုးလာတယ် မဟုတ်ဘူးလား?"

ဆာဘက်စ်က ခေါင်းငြှိမ့်လျက် ပြန်ဖြေသည်၊ "ဟုတ်ပါတယ်၊ ဘိလပ်မြေထုတ်လုပ်ရေးနည်းပညာ ရောင်းတာက ရတဲ့ ငွေတွေကို ထည့်မတွက်ရင်တောင် လုပ်ငန်းစု အမြတ်ငွေက ရွှေဒင်္ဂါး ငါးသိန်းကျော်ရှိတယ်။ ကုန်ကျစရိတ်အမျိုးမျိုးကို ဖယ်လိုက်ရင်တောင် ကျွန်တော်တို့ရဲ့ နောက်ဆုံး အသားတင်ဝင်ငွေက ရွှေဒင်္ဂါးငါးသိန်းကျော်ရှိနေတုန်းပဲ။"

ထိုအရေအတွက်ကိုကြားသော် ဟိန့်ဇ်၏မျက်ခုံးများ ပြေလျော့သွား၏။ သူက ဝိုင်'ကောင်းကောင်းသောက်ပြီးမှ သက်ပြင်းချ၍ ပြုံးကာဆိုလာသည်၊ "အိုင်း၊ ပထမတုန်းက ငါ အဲဒီ့ အထွေထွေကုန်စုံဆိုင်လေး‌ဖွင့်တော့ တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ရာပဲ ဝင်စေချင်ခဲ့တာ။ အခုဆို တစ်လမှာ ရွှေဒင်္ဂါး ငါးသိန်းဝင်ငွေရှိတဲ့ လုပ်ငန်းစုရဲ့ ဒုဥက္ကဌဖြစ်နေပြီ။ ဘဝက တကယ်ကို ခန့်မှန်းလို့မရဘူးပဲ....."

ဟိန့်ဇ်၏ အသွင်ပြင်ကိုမြင်သော် ကျန်သုံးဦးမှာ ရယ်ရသည့်နှယ်ခံစားလိုက်ရသည်။

ခမ်နက်ဒ်ကဖြင့် မနေနိုင်ဘဲ ပြုံး၍ ပြောလာသည်။

"ဒုဥက္ကဌ၊ ခင်ဗျားအနေနဲ့ ဥက္ကဌကို ကျေးဇူးတင်သင့်တယ်၊ မဟုတ်ရင် လက်ရှိဘဝမျိုးကို ရလိမ့်မှာ မဟုတ်ဘူးမို့လား?"

"အမ်း၊ ငါ အမြဲ ရှုယီကို ကျေးဇူးတင်နေတာပါ။" ဟိန့်ဇ်က ခေါင်းငြှိမ့်ကာ၊ "သူသာ မှော်ပန်ကာတွေရောင်းဖို့ ငါ့ဆိုင်ကို မရွေးခဲ့ရင် ဒီခံစားချက်ကို ခံစားဖို့ အခွင့်ရေးတောင် ရလာမှာမဟုတ်ဘူး။"

ရှုယီက အသာပြုံး၍ ခေါင်းခါ၏၊ "ခင်ဗျားသာ ခင်ဗျားရဲ့ဆိုင်မှာ ကျုပ် မှော်ပန်ကာကို တင်ရောင်းဖို့ သဘောမတူခဲ့ရင် ဘယ်လိုများ ပထမဆုံး ငွေတစ်သုတ်ကို ရနိုင်ခဲ့မှာလဲ?"

"မဟုတ်ဘူး၊ မှော်ပန်ကာဆိုတာ လူတွေသတိမထားမိလိုက်ဘဲ အကျိုးကျေးဇူးကိုရှာတွေ့နိုင်မယ့် အရာမို့လို့ မင်းဘယ်နေရာမှာ ထားသည်ဖြစ်စေ အတူတူပဲဖြစ်နေမှာ။ အဆုံးကျတော့ ငါ့ကံကကောင်းပြီး မင်းက ငါ့ကို ရွေးလိုက်တယ်လေ။" ဟိန့်ဇ်က လေးနက်စွာဆိုသည်။

ရှုယီကလည်း ရယ်ကာ၊ "ကောင်းပြီလေ၊ ခံစားရတာချင်းတော့ အတူတူပါပဲ။ ခင်ဗျားက ဒီနှစ် ငါးဆယ်တောင် မပြည့်သေးတော့ နောက်ထပ် အနှစ်,နှစ်ဆယ်ကြာမှ ပြောရင်လည်း နောက်မကျသေးပါဘူး။ ခေါင်းစဉ်ကိုပြောင်းကြတာပေါ့၊ အလုပ်သမားတွေအတွက် ဆက်ဆံပုံကို တိုးမြှင့်ဖို့အတွက်က သူတို့ကို လစာမြှင့်ပေးတာချည်းပဲ မဟုတ်ဘူး။ ကျုပ်တို့ လုပ်ငန်းစုမှာ နေလို့ အကျိုးအမြတ်ရှိတာကို ခံစားရစေမယ့် တခြားနည်းလမ်းတွေရှိတယ်၊ သူတို့ဆန္ဒရှိသလို မထွက်ခွာနိုင်အောင်လုပ်ဖို့ပေါ့။"

"ကြည့်ရတာ ဥက္ကဌမှာ ကိုယ်ပိုင်အကြံရှိပြီးပုံပဲ၊ ဒါဆို အဲ့အကြောင်းလေး ကျွန်တော်တို့ကို ပြောပြလို့ရမလား?" ခမ်နက်ဒ်က အပြုံးဖြင့်ဆိုလာသည်။

ရှုယီကလည်း ခေါင်းငြှိမ့်၍ ပြောသည်၊ "အရင်ဆုံး ငါတို့ အလုပ်သမားတွေကို Frestech ကုန်သည်ကြီးများအသင်းမှာ ကြာကြာနေလေ လစာပိုမြင့်လာလေ ဆိုတာကို နားလည်အောင် အဆင့်လိုက် လစာစနစ်ကို ထိန်းသိမ်းထားရမယ်။ နောက်ပြီး အငြိမ်းစားပင်စင်အစီအစဉ်ဆိုတဲ့ တစ်ခုကိုလည်း မိတ်ဆက်ပေးချင်တယ်....."

"အငြိမ်းစားပင်စင်?" ဟိန့်ဇ်၊ ခမ်နက်ဒ်နှင့် ဆာဘက်စ်တို့ အားလုံးမှာ တစ်ဦးကိုတစ်ဦးငေးကြည့်လိုက်ကြ၏၊ "အဲဒါက ဘာများလဲ?"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၃၂။ ဖော်ရွေသော မျိုးရိုးမြင့် အမျိုးသမီးများ

နှစ်ဆုံးသို့ရောက်လာချိန်တွင် နှစ်ကုန် တွေ့ဆုံပွဲနဲ့ နှစ်ကုန် ပွဲတော်ကို ကျင်းပသည်မှာ Frestech ကုန်သည်ကြီးများအသင်းသာ မဟုတ်ဘဲ ဘန်တာမြို့မှာလည်း ထပ်တူပြုလုပ်သည်ပင်။

၎င်းက ယမန်နှစ်နှင့် ထပ်တူ ဒီဇင်ဘာ နှစ်ဆယ်ရက်နေ့ ည၌ မြို့စားအိမ်တော်က နှစ်ကုန်ပွဲတော်ကြီးတစ်ခုကိုကျင်းပလေသည်။ ၎င်းက ဘန်တာမြို့ရှိ နာမည်ရှိသည့် လူတိုင်းကို ဝင်ရောက်ဆင်နွှဲရန်လည်း ဖိတ်ကြားထား၏။

သ‌ဘာဝကျကျပင် ရှုယီလည်း ပါဝင်ပေသည်။

ယခင်နှစ်က ဆောင်းဦးကောက်ရိတ်ပွဲတော်အတွက် ပြုလုပ်ပေးခဲ့သော စိုက်ပျိုးရေးသုံးမှော်စက်များကြောင့် ကောင့်ထ်စီယန်၏ ဖိတ်ကြားမှုကိုသာ ခံခဲ့ရသည်နှင့် ယှဉ်လျှင် ယခုနှစ်တွင် ရှုယီက ဘန်တာမြို့၌ မဏ္ဍိုင်ဖြစ်လာသောကြောင့် ပါဝင်ခဲ့ခြင်းဖြစ်၏။

ဘန်တာမြို့ စီးပွားရေးအသိုင်းဝိုင်းတွင် Frestech ကုန်သည်ကြီးများအသင်းအား ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၊ ဆာရန့်ခ်ကုန်သည်ကြီးများအသင်း၊ အမ်ရစ်ကုန်သည်ကြီးများအသင်း၊ အာမန်နီကုန်သည်ကြီးများအသင်းတို့နှင့် အဆင့်တူရှိပြီး လုပ်ငန်းစုကြီး ငါးစု(big five)ဟု ခေါ်ဆိုခြင်းခံရပေသည်။

Frestech ကုန်သည်ကြီးများအသင်းထံ၌ အခြားလုပ်ငန်းစု လေးစုနည်းတူ အမြတ်ငွေ သို့မဟုတ် ပမာဏမရှိဘဲ သမိုင်းကြောင်းလည်း မရှိ‌ပါလျှင်တောင် မည်သူမဆို Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ တိုးတက်မှုနှုန်းနှင့် နှစ်အနည်းငယ်အတွင်း၌ အခြားလုပ်ငန်းစု လေးစုကိုပါ အမှီလိုက်နိုင်ကာ ကျော်ပင် တက်သွားနိုင်ပေ၏။

ထို့အပြင် အားလုံးမှာ မှော်စက်မှုနယ်ပယ်က အလားအလာကြီးကြီးမားမားရှိသည့် နယ်ပယ်ဖြစ်သော အချက်ကိုလည်း သိကြလေသည်။ လမ်ပူရီတိုင်းပြည်၌ တိုးတက်လာနေခြင်းအပြင် အခြားနိုင်ငံများသည်ပင် ၎င်းအပေါ် အာရုံစိုက်ထား‌ကြလေသည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန် တိုင်းပြည်၊ စတက်တိန်းနယ်မြေတို့အကြား သဘောတူညီချက်ကို မဖုံးကွယ်ထားလေရာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အခြားနိုင်ငံများသို့ မှော်စက်များရောင်းချကြောင်း လူတိုင်းသိကြသည်။ ၎င်းတို့အနေနှင့် စတက်တိန်းနယ်မြေက မိုင်းတွင်းများ ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံဖို့ရာ Frestech ကုန်သည်ကြီးများအသင်းကို ဖိတ်ကြားခဲ့ကြောင်းပင် သိကြလေ၏။

နိုင်ငံတစ်နိုင်ငံ၏ သတ္တုကြောများအား ထိုနိုင်ငံ၏ အုတ်မြစ်အခြေခံဟု ယူဆ၍ရသည်။ စတက်တိန်းနယ်မြေမှာ အမှန်တကယ်တွင် ၎င်းတို့အား အသုံးချ၍ Frestech ကုန်သည်ကြီးများအသင်းအား ဆွဲဆောင်ချင်နေကာ စတက်တိန်း နယ်စားအနေနှင့် ၎င်းကို မည်မျှ အရေးထားကြောင်းပြသနေခြင်းပင်။

သူ၏ စီးပွားရေး၌ အောင်မြင်မှုအပြင် ရှုယီမှ လူများကို ဆွဲဆောင်လိုက်သည့် အခြားအရာမှာ အထောက်အထားနောက်တစ်ခုဖြစ်သော ဘုရင်ကြီးမှ အပ်နှင်းထားသည့် ဘာရွန်တစ်ဦးဖြစ်နေခြင်းပင်။

ဘာရွန်များမှာ မျိုးရိုးမြင့်များအကြား အဆင့်အနိမ့်ဆုံးဖြစ်ပါသော်လည်း ရှုယီမှာ လူများစွာအရှေ့၌ ဘုရင်ကြီး၏ အပ်နှင်းပေးခြင်းကို ခံခဲ့ရသည်။ ထို့အပြင် တော်ဝင်လွှတ်တော်ကလည်း ရှုယီ၏ ကုန်သည်တစ်ယောက်ဖြစ်သည့် အချက်ကိုလည်း ဆန္ဒမပြခဲ့လေရာ ရှုယီက အခြားလူများနှင့် ခြားနားကြောင်းပြရန် လုံလောက်သည်။

မြို့‌စားအိမ်တော်၏ နှစ်ကုန်ပွဲရှိ လူများအားလုံးတွင် မျိုးရိုးမြင့် ရာထူးအကြီးအငယ်များ ရှိသလို ကုန်သည် အကြီးအငယ်များလည်းရှိသည်။ သို့သော် မျိုးရိုးမြင့်အမည်နှင့် လူသိများသည့် ကုန်သည်တစ်ဦးဖြစ်နေသည်မှာတော့ ရှုယီတစ်ဦးတည်းသာရှိသည်။

ထို့ကြောင့် ပွဲတွင် ရှုယီက အားလုံး၏ အာရုံစိုက်စရာ ဗဟိုချက်ဖြစ်လာ၏။

မှန်ပါ၏၊ ရှုယီမှာ ထိုသို့သော အာရုံစိုက်မှုမျိုးကို မလိုချင်ပါချေ။

ဤနှစ်အတွင်း ပွဲပေါင်းများစွာ တက်ခဲ့ပြီး ထိုအခြေအနေနှင့် နေသားကျလာပြီဆိုပါလျှင်သော်မှ ပွဲများကို မကြိုက် ဖြစ်နေဆဲပင်။

ထို့အပြင် စတေးလ်က ဤည၌ ခံစားချက်ကောင်းမနေသဖြင့် ပွဲကို ရှုယီနှင့်အတူလိုက်မလာခဲ့ပေ။ အဆုံး၌ ပွဲတွင် ရှုယီ တစ်ဦးတည်း ပေါ်လာသည်ကို မြင်သည့်အခါ ရှုယီနံဘေး၌ ငယ်ရွယ်သည့် မျိုးရိုးမြှင့်အမျိုးသမီးလေးများစွာ ဝိုင်းရံလာကြတော့သည်။

တချို့ အမျိုးသမီးများဆိုလျှင် အတော်ရဲတင်းကာ အားလုံးအရှေ့၌ ရှုယီအတွက် ၎င်းတို့၏မေတ္တာကိုပါ ပွင့်ပွင့်လင်းလင်း ချပြလာကြသည်။ ထိုထက်ပိုလိုပင် ရဲတင်းကြသူတချို့လည်း ရှိပြီး လူတိုင်းရှေ့၌ ရှုယီအား သူမနှင့် အံ့ဖွယ်တစ်ညတာကို ကုန်ဆုံးရန် ဖိတ်ကြားလာခဲ့သည်။

ရှုယီထံ၌ ခိုင်မာသည့်စိတ်ဓာတ်ရှိကာ မျိုးရိုးမြင့် အမျိုးသမီးလေးများ၏ ဝန်ခံချက်များ ဖိတ်ကြားချက်များ အားလုံးကို ငြင်းဆန်ခဲ့ပါလျှင်တောင် ဤကဲ့သို့ နှောင့်ယှက်ခံရခြင်းကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသေးသည်။

ထိုအမျိုးသမီးများထံမှ ခက်ခဲစွာ လွတ်မြောက်လာခဲ့ပြီးနောက်မှ ရှုယီအနေနှင့် အသက်ရှူဖို့ အခွင့်ရေးရတော့သည်။ သူဟာ စိတ်ငြိမ်ငြိမ်ထားဖို့ အသီးဖျော်ရည်တချို့ သောက်သူံးနေစဉ်တွင် ဥက္ကဌခရုစ် ရောက်လာ၏။

"ဟေး၊ ငယ်ရွယ်ချောမောတဲ့ ဥက္ကဌရှု။ အဲဒီ့လှပတဲ့ မျိုးရိုးမြင့်မိန်းမငယ်လေးတွေအားလုံးဆီက အဝိုင်းခံနေရတော့ ကိုယ့်အတွက်ကိုယ် အရမ်းဝမ်းမသာမိဘူးလား?" ဥက္ကဌခရုစ်က တမင်ပြုံးကာ ဆိုသည်။

ရှုယီက သူ့ထံ မပျော်မရွှင်ကြည့်လာကာ၊ "ဘာ ဝမ်းသာစရာများရှိလို့လဲ? ခင်ဗျားကို ဝိုင်းထားခိုင်းလိုက်မယ်ဆိုရင်ရော? အတော်တော့ ထူးဆန်းတယ်၊ အဲဒီ့ မျိုးရိုးမြင့် အမျိုးသမီးတွေ ဒီနေ့မှ ဘာဖြစ်နေကြတာပါလိမ့်? သူတို့ ကျုပ်ကို အရင်ကမြင်တော့ အဲ့လောက် တစ်ခါမှ မဖော်ရွေကြခဲ့ဖူးပါဘူး။"

"ခင်ဗျား နားမလည်ဘူးလား?" ဥက္ကဌခရုစ်က ရှုယီအား‌ငေးကာ ၎င်းတို့အချင်းချင်း တီးတိုးသဖန်းပိုးလုပ်နေကြသည့် အဝေးမှ မျိုးရိုးမြင့် အမျိုးသမီးများကိုကြည့်ကာ အပြုံးဖြင့် ဆိုလာသည်၊ "ဒါက ရှင်းရှင်းလေးပါ၊ ခင်ဗျားက ငယ်ရွယ်၊ ခန့်ညားပြီး ချမ်းသာပေမယ့် အဆုံးကျတော့ သာမန်ကုန်သည်လေးတစ်ဦးဖြစ်နေတုန်းပဲလေ။ မျိုးရိုးမြင့်တွေရဲ့ အမြင်မှာ ကုန်သည်တစ်ယောက်က ဘယ်လောက် အင်အားကြီးနေနေသာမန်လူပါပဲ၊ ဒီတော့ အဲဒီ့ မျိုးရိုးမြင့် အမျိုးသမီးတွေအနေနဲ့ ခင်ဗျားကို သေလုအောင် မေတ္တာရှိနေရင်တောင် လက်ထပ်ဖို့ ဘယ်တော့မှာ စဉ်းစားလိမ့်မှာမဟုတ်ဘူး။"

"ပြောချင်တာက အခု ကျုပ်ဟာ ဘာရွန်တစ်ယောက်ဖြစ်နေပြီး မျိုးရိုးမြင့်တစ်ယောက်လည်းဖြစ်လာပြီဆိုတော့ အဲဒီ့ မျိုးရိုးမြင့်အမျိုးသမီးတွေကို လက်ထပ်ဖို့ ရာထူးရှိသွားပြီလို့ အဓိပ္ပာယ်ရတာပေါ့?" ရှုယီက ရယ်ရွှင်ဖွယ်ခံစားလိုက်ရကာ မေးလေသည်။

"အမှန်ပဲ။" ဥက္ကဌခရုစ်က အဝေးရှိ မျိုးရိုးမြင့်အမျိုးသမီးတချို့ကို ညွှန်ပြလျက် ဆက်လျက် စနောက်နေလေ၏၊ "အဲဒီ့ အမျိုးသမီးတွေ ခင်ဗျားကို ဘယ်လောက်ထိ ထက်ထက်သန်သန်ငေးကြည့်နေသလဲဆိုတာ ကြည့်လိုက်ဦး၊ သူတို့အနေနဲ့ ခင်ဗျားကို မြိုချနိုင်ဖို့တောင် ဆုတောင်းနေတယ်လို့ ကျုပ်လောင်းရဲတယ်။ တကယ်တော့..... ကျွန်တော်သာ ခင်ဗျားဆိုရင် အဲဒီ့အမျိုးသမီးတွေနဲ့ ပိုနီးကပ်တဲ့ဆက်ဆံရေးတချို့ ရဖို့ကို စိတ်ကွက်မှာမဟုတ်ဘူး။"

ရှုယီက မနေနိုင်ဘဲ မျက်လုံးလှိမ့်ကာ၊ "ကျုပ်က သူတို့ကို လက်ထပ်ဖို့ မစီစဉ်ထားတာကို ဘာလို့ သူတို့နဲ့အတူ ဆက်ဆံရေးတစ်ခု တည်ဆောက်ရမှာလဲ?"

"မဟုတ်ဘူး၊ မဟုတ်ဘူးလေ၊ သူတို့နဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်တာက သူတို့ကို လက်ထပ်တာနဲ့မှ မဆိုင်တာ။" ဥက္ကဌခရုစ်က အတွေ့အကြုံရှိဟန်ဖြင့် ဆိုလာသည်၊ "အဲဒီ့ မျိုးရိုးမြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဘဝတွေက ခင်ဗျားထင်တာထက် ပိုလို့တောင် ကမောက်ကမဆန်နေသေးတော့ သူတို့အနေနဲ့ ဒီလိုကိစ္စမျိုးတွေကို စိတ်ထဲမထားပါဘူး။ အဲ့အစား ခင်ဗျားသာ သူတို့နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖြစ်မယ်ဆိုရင် သူတို့ရဲ့ မိတ်ဆွေတွေဆီ ယူသွားနိုင်တဲ့ ကိစ္စတစ်ခုပဲလေ။ ဒီတော့ ခင်ဗျားသာ ဆန္ဒရှိရင် သူတို့ထဲကတစ်ယောက်ယောက် ဒါမှမဟုတ် နည်းနည်းများများကို ရွေးပြီးတော့တောင် လှပတဲ့ တစ်ညတာကို ကုန်ဆုံးလို့ရတယ်။"

"ထားပါတော့၊ ကျုပ် စိတ်မဝင်စားဘူး။" ရှုယီက ခေါင်းခါသည်။ ထို့နောက် တစ်ခွက်ယူကာ သူ့အား ထက်ထက်သန်သန်ကြည့်နေကြသည့် အနှီမျိုးရိုးမြင့် အမျိုးသမီးများထံမှ အဝေးကိုလှည့်သွားရင်း ဥက္ကဌခရုစ်ကို ပြောလေ၏၊ "ခင်ဗျားကျုပ်ကို လာရှာတယ်ဆိုတော့ ဘယ်အချိန်သွားမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်လား?"

ရှုယီက စီးပွားရေးအကြောင်းပြောလာသည်ကို မြင်သော် ဥက္ကဌခရုစ်က လေးနက်ဟန်ပေါ်လာကာ ခေါင်းငြှိမ့်၍ ဆိုလေသည်၊ "ဟုတ်တယ်၊ ထင်မထားတာတွေသာ ဖြစ်မလာခဲ့ရင် နှစ်သစ်ကူး လေးရက်နေ့မှ ထွက်နိုင်လောက်မယ်။ ခင်ဗျားကရော?"

"ကျုပ်က... ကျုပ်က ပထမဆုံးနေ့မှာ စတေးလ်ရဲ့မိသားစုကို သွားတွေ့ရမယ်၊ ဒုတိယနေ့မှာ မြို့စားအိမ်တော်ကိုသွားရမယ်၊ ပြီးတော့ မိတ်ဆွေတွေကိုလည်း တွေ့ရဦးမယ်...... အမ်း၊ မြန်မြန်ပြီးသွားရင်တော့ လေးရက်နေ့လောက်ပေါ့။" ရှုယီက ပြော၏။

"ကောင်းပြီလေ၊ ဒါဆို တစ်ရက်လောက်‌ နောက်ဆုတ်ပြီး ငါးရက်မြောက်နေ့ထွက်ကြတာပေါ့။"

"ကောင်းတယ်။ နှစ်သစ်ကူးပွဲတော်ကို လွဲသွားမယ်ဆိုပေမယ့်လည်း ဒီကိစ္စကို ထပ်ဆွဲထားလို့မရတော့ဘူး။ အရင်ရက်တုန်း အန်ကလိုတောင် စတက်တိန်းနယ်မြေဆီ မြန်မြန်လာဖို့ အလောတကြီးနဲ့ စာပို့လိုက်သေးတယ်။ ကျုပ်သာ မသွားရင် သူကိုယ်တိုင် ဘန်တာမြို့ကိုရောက်လာပြီး ပြန်ပေးဆွဲလောက်တယ်။" ရှုယီက အပြုံးဖြင့်ပြော၏။

ဥက္ကဌခရုစ်က ရယ်လေသည်၊ "ဟုတ်တယ် သူက လောနေတာ။ စတက်တိန်းနယ်မြေရဲ့ ရာသီဥတုက ကျုပ်တို့ လမ်ပူရီတိုင်းပြည်နဲ့ မတူဘူး၊ ဆောင်းရာသီက လုပ်ငန်းတွေစဖို့ အသင့်တော်ဆုံးပဲ၊ တခြားအချိန်တွေက အတော်လေး မသေချာဘူးလေ။ ဒါပေမယ့် ခင်ဗျား အခုသွားလိုက်ရင်တောင် ဒီဆောင်းရာသီမှာတင် စတင်ရင်းနှီးမြှုပ်နှံဖို့က မဖြစ်နိုင်ဘူး။ ခင်ဗျားလာဖို့ လော်ဆောနေတာက သူ့ရဲ့သဘောထားကို ပြနေရုံပါပဲ။"

ရှုယီက ခေါင်းငြိမ့်၏၊ "ကျုပ်လည်း ဒါကို နားလည်ပါတယ်၊ ဒါပေမယ့် သူက ဒီသဘောထားကိုပြလာကတည်းက ကျုပ်လည်း ကျုပ်ရဲ့ စိတ်ရင်းကို ပြဖို့လိုတယ်။ ပြောရရင် စတက်တိန်းနယ်မြေကပဲ ကျုပ်တို့ လုပ်ငန်းစုနဲ့ ပူးပေါင်းချင်တာမဟုတ်ပါဘူး၊ ကျုပ်လည်း သူတို့နဲ့ ပူးပေါင်းချင်တယ်။"

ဥက္ကဌခရုစ်က စဉ်းစားလိုက်ပြီးမှ ရှုပ်ထွေးဟန်ပြလာသည်။

"ရှုယီ၊ တကယ်တော့ ကျုပ်နားမလည်သေးဘူး၊ ဘာလို့ ခင်ဗျား စတက်တိန်းနယ်မြေနဲ့ ပူးပေါင်းချင်ရတာလဲ? အဲဒီ့နယ်မြေရဲ့ ပတ်ဝန်းကျင်က အဲ့လောက်မကောင်းတော့ ခင်ဗျားအနေနဲ့ သတ္တုတွင်းထွက်ပမာဏ ကြီးကြီး လိုချင်ရင်တောင် လမ်ပူရီဘုရင်တိုင်းပြည်မှာတင်မကဘူး ရူဒ်ဆန်တိုင်းပြည်မှာလည်း ရှိတယ်လေ။ ကျုပ်ထင်တော့ ခင်ဗျားသာ ဒါကို ဥက္ကဌနျူမန်နဲ့ ဆွေးနွေးရင် ရူဒ်ဆန်တိုင်းပြည်နဲ့တောင် ပူးပေါင်းလို့ရနိုင်လောက်တယ်လို့ ကျုပ်ထင်တယ်။"

ရှုယီက အသာပြုံးကာ ဆိုလိုက်၏၊ "ကျုပ်အနေနဲ့ ဘိလပ်မြေထုတ်လုပ်ရေး နည်းပညာကို ရောင်းပြီးနေပြီလေ၊ ဒါပေမယ့် တခြားနည်းပညာတွေကို မရောင်းချင်ဘူး။"

ဥက္ကဌခရုစ်က နေရခက်ဟန်ပြလာကာ၊ "ခင်ဗျားအနေနဲ့ တစ်နေ့ ရူဒ်ဆန်တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံရဦးမှာပဲ မဟုတ်လား?"

"တကယ်ကို တစ်နေ့ သွားရမယ်ဆိုပေမယ့်၊ အခုတော့မဟုတ်သေးဘူး။ အချိန်ကတော့.... ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ လုံလုံလောက်လောက်သန်မာတဲ့အထိ စောင့်တာက ပိုကောင်းတယ်။" ရှုယီက နောက်တစ်ခွက်သောက်ကာ ခေါင်းလှည့်လိုက်သည်။ ထို့နောက် သူဟာ ရူဒ်ဆန်တိုင်းပြည်ရှိရာ တောင်ဘက်ကို မကြည့်ဘဲ အရှေ့ဘက်ကို ကြည့်နေ၏၊ "စတက်တိန်းနယ်မြေနဲ့ ရူဒ်ဆန်တိုင်းပြည်‌တို့ပဲ မဟုတ်ပါဘူး၊ အခွင့်အရေးရလာရင် နယ်မြေကြီးရဲ့ နိုင်ငံတိုင်းမှာ သွားပြီး ရင်းနှီးမြှုပ်နှံချင်တယ်။"

"ခင်ဗျားရဲ့ ရည်မှန်းချက်တွေက အမြဲ အတော်ကြီးမားနေတော့တာပဲ။" ဥက္ကဌခရုစ်က ခေါင်းခါသည်၊ "ကျုပ်က ဒီနှစ်ဆို ငါးဆယ်ပြည့်ခါနီးဖြစ်နေပြီဆိုတော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက အဲ့အခြေနေရောက်တဲ့ထိ ဖွံ့ဖြိုးတာကို မြင်နိုင်ပါ့မလားကို မသိသေးဘူး။"

ရှုယီက အပြုံးတစ်ခုနှင့် အတူ ခွက်ချင်းတိုက်ကာ ကျီစယ်လိုက်၏၊ "ဒါမှမဟုတ်လည်း အခု မှော်ပညာကို စလေ့လာလို့ရပါတယ်။ ခင်ဗျား မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်လာသရွေ့ ဘဝသက်တမ်းကို ဆွဲဆန့်နိုင်ပြီး အဲ့နေ့ကို မြင်ဖို့ အခွင့်အရေးရလောက်မှာပါ။"

ဥက္ကဌခရုစ်က ရယ်ကာ၊ "ဒီကိစ္စကို ကျုပ် ခင်ဗျားနဲ့ပဲ ထားလိုက်ပါ့မယ်၊ စိတ်မကွက်ပါဘူး။ ပြောရရင် ဥက္ကဌရှု ခင်ဗျားက တကယ်ကို နယ်မြေကြီးအပေါ်မှာ အထူးခြားဆုံး ဥက္ကဌပဲ။ ခင်ဗျားရဲ့ မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ရာထူးကိုမပြောနဲ့ဦး ငယ်ရွယ်ပြီး စွမ်းအားကြီးတဲ့ မှော်ပညာရှင်တစ်ယောက်လည်း ဖြစ်နေသေးတယ်။ မဟာမှော်ပညာရှင် ကမ်မီလာက ခင်ဗျားကလည်း မဟာမှော်ပညာရှင်တစ်ယောက် ဖြစ်လာလောက်တယ်လို့ ပြောတာကို ဆက်တိုက် ကြားနေရသေးတယ်။ ကျုပ်အထင်တော့ ခင်ဗျား မဟာမှော်ပညာရှင် ဖြစ်လာပြီးနောက်ကျရင် အဲဒီ့ အထောက်အထားလေးနဲ့တင် မျိုးရိုးမြင့် အမျိုးသမီးငယ်လေးတွေက သူတို့ကိုယ်တိုင် ခင်ဗျားဆီ ပစ်ဝင်လာလောက်တယ် မဟုတ်လား?"

"ကျုပ် မဟာမှော်ပညာရှင်ဖြစ်တဲ့အခါကျ အဘိုးကြီးတစ်ယောက်ဖြစ်နေလောက်ပြီ။ မျိုးရိုးမြင့်အမျိုးသမီးတွေက သူတို့ကိုယ်တိုင် ကျုပ်ဆီ ပစ်ဝင်လာရင်တောင် တစ်ခုခုလုပ်ဖို့ ဘာစွမ်းအင်မှရှိမှာမဟုတ်ဘူး။" ရှုယီက အပြုံးဖြင့်ပြော၏။

"ရိုးရိုးသားသားပြောရရင် ဥက္ကဌရှု၊ ခင်ဗျားသာ ပိုစောစော မဟာမှော်ပညာရှင်ဖြစ်လာနိုင်လေ အကျိုးအမြတ်တွေပိုရှိလေပဲ။ ဒီတော့ ကျုပ်လည်း မဟာမှော်ပညာရှင် ကမ်မီလာနဲ့ထပ်တူပဲ၊ ခင်ဗျားအနေနဲ့ မဟာမှော်ပညာရှင်တစ်ယောက် တတ်နိုင်သမျှ မြန်မြန် ဖြစ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။" ဥက္ကဌခရုစ်က လေးနက်သည့် မျက်နှာထားဖြင့် ဆိုလေ၏၊ "ခင်ဗျားသာ မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်လာရင် ဆန်နက်မြေရိုင်းပေါ်မှာ ကျုပ်တို့အတွက် ဒုက္ခတွေပိုနည်းသွားမှာပဲ။"

"ခင်ဗျားလည်း သားရဲလူမျိုးနွယ်စုတွေဆီက လှုပ်ရှားမှု သတင်းတွေရတယ်လား?" ရှုယီက အပြုံးဖြင့်မေးလေသည်။

"ဟုတ်တယ်၊ ဥက္ကဌရန်နာဆာက ကျုပ်ကို တစ်ခုပြောခဲ့တယ်။ သူ့ရဲ့ သတင်းအရဆိုရင် ဗော်လ်လာမျိုးနွယ်စုမှာ ကျုပ်တို့ အလုပ်ရုံတစ်ရုံဆောက်ပြီး ငွေပမဏာများများပေးမှာကို သိ‌တဲ့ သားရဲလူမျိုးနွယ်စုတချို့ရှိပြီးတော့ သူတို့လည်း နည်းနည်းလောက်ရနိုင်မလားလို့ ကြည့်ချင်နေကြတယ်လေ။" ဥက္ကဌခရုစ်က အနည်းငယ်စိုးရိမ်နေသည့် အသံဖြင့်ပြောသည်၊ "ဒီသားရဲလူမျိုးတွေက လူသားတွေရဲ့ဘဝကို ခြိမ်းခြောက်ဖို့ မဝံ့ရဲကြပေမယ့်လည်း ဒါက ကျုပ်တို့ရဲ့ တိုးတက်မှုကို နှောင့်‌နှေးစေပြီး ဆုံးရှုံးမှုတွေပါ ဖြစ်လာစေနိုင်တယ်။"

"ဒါက စဉ်းစားဖို့လိုနေတဲ့အရာပဲ။ ဒါကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ထင်လဲ?" ရှုယီ မေးလိုက်၏။

"အခုတော့ နည်းလမ်းကောင်းမရှိဘူး၊ ကျုပ်တို့အနေနဲ့ ဥက္ကဌရန်နာဆာရဲ့ အကြံပြုချက်ကို နားထောင်ပြီး ကျုပ်တို့ရဲ့ အလုပ်သမားတွေကို ဆန်နက်နယ်မြေမှာ ကာကွယ်ခိုင်းဖို့ သူတို့လုပ်ငန်းစုရဲ့ အစောင့်တွေကို လိုက်ခိုင်းရုံပဲတတ်နိုင်တယ်။" ထိုသို့ပြောပြီးနောက် ဥက္ကဌခရုစ်က ရုတ်တရတ် တစုံတရာကို တွေးတောမိသွားသည်၊ "ဟုတ်သားပဲ၊ ဥက္ကဌရှု၊ ကြည့်ရတာ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းမှာ ဘာအစောင့်မှ မရှိပုံတော့ မပေါ်ပါဘူး၊ ဟုတ်တယ်မလား?"

"အစောင့်တွေလား?" ရှုယီက မျက်မှောင်ကုပ်လျက် ခေါင်းခါလိုက်သည်၊ "နိုင်ငံက အခု ငြိမ်းချမ်းနေတော့ ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ ဘာအစောင့်မှ မလိုသလို ကျုပ်လည်း ဒါကို မစဉ်းစားခဲ့ဘူး။ ခင်ဗျားပြောတာကြားမှပဲ၊ ကျုပ်လည်း အစောင့်တချို့ ခန့်ထားဖို့လိုလား?"

"ဒါပေါ့" ဥက္ကဌခရုစ်က ပုံမှန်အသံဖြင့်ပြောလာသည်၊ "နယ်မြေကြီးပေါ်က ဘယ်လုပ်ငန်းစုမှာ အစောင့်မရှိလို့လဲ? နိုင်ငံက ဒီနှစ်တွေအတွင်း ငြိမ်းချမ်းနေခဲ့တယ်ဆိုပေမယ့်လည်း လွန်ခဲ့တဲ့ဆယ်နှစ် ကပ်ဘေးကြောင့် ဓားပြတွေက နယ်မြေတစ်ဝှမ်းလုံးမှာရှိတယ်။ ပြီးတော့လည်း ခင်ဗျားအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို နယ်မြေကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ စီးပွားလုပ်စေချင်ကြောင်းပြောခဲ့တယ်လေ၊ ဒီတော့ အစောင့်တွေ မရှိရင်မဖြစ်ဘူး။ ခင်ဗျားရဲ့ကုန်စည်တွေ အခိုးခံရမှာမဟုတ်ဘူးဆိုတဲ့ ဘာ အာမခံမှလည်း မရှိဘူးလေ။"

"ဒီလောက်ထိ ပြင်းထန်တာလား?" ရှုယီက ၎င်းကိုစဉ်းစားပြီးမှ ခေါင်းငြှိမ့်သည်၊ "ကြည့်ရတာ ကျုပ် အရင်က ဒါကို လျစ်လျူရှုခဲ့မိပုံပဲ၊ ဒါက တကယ်ကို သေချာစဉ်းစားဖို့လိုတဲ့ ပြဿနာတစ်ခုဖြစ်နေတယ်။ ဟုတ်ပြီ ကျုပ်တို့တွေလည်း ဆန်နက်မြေရိုင်းက အဲဒီ့သားရဲလူမျိုးတွေနဲ့ ရင်ဆိုင်ဖို့လိုတော့ ဒီအခွင့်အရေးကိုသုံးပြီး အစောင့်တစ်ချို့ ခန့်လိုက်မယ်။"

ဥက္ကဌခရုစ်က ငြိမ်ကျသွားကာ၊ "ခင်ဗျားက ဒီလိုအချိန်တိုလေးအတွင်းမှာ အစောင့် အဖွဲ့တစ်ဖို့ကို ဖွဲ့စည်းဖို့ စီစဉ်နေတာလား? သင့်တော်တဲ့ကိုယ်စားလှယ်လောင်းတွေကို ဘယ်‌မှာ သွားရှာမှာလဲ?"

ရှုယီက ရယ်သည်၊ "မမေ့ပါနဲ့ဦး၊ ကျုပ်တို့ လုပ်ငန်းစုဆီမှာ တခြားလုပ်ငန်းစုတွေမရှိတဲ့ အားသာချက်အတော်များများရှိပါတယ်။"

ဥက္ကဌခရုစ်က ပထမတွင် ထူးဆန်းသည်ဟု ခံစားမိလိုက်သော်လည်း၊ စဉ်းစားကြည့်လိုက်မှ ချက်ချင်းနားလည်သွားတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၃၃။ လော့တီ၏ ညချမ်းဖိတ်ကြားခြင်း

မြို့စားအိမ်တော်၏ နှစ်ကုန်ပွဲတော် ပြီးသည့်နောက်တွင် ညအချိန် ကျရောက်နေပြီဖြစ်သည်။ ကောင်းကင်ယံ၌ လ'မရှိဘဲ ကြယ်အချို့သာရှိနေသည့် အချက်ကို ထည့်ပေါင်းရသော် မြို့‌စားအိမ်တော်၏ အလင်းရောင်ထဲမှ ထွက်လာသည်နှင့် ၎င်းတို့အား အမှောင်ထဲက ဝန်းရံလာလိမ့်မည်။

ရှုယီမှာ ခပ်မှောင်မှောင်ထောင့်တစ်ခု၌ တဖြည်းဖြည်း လျှောက်နေရင်း မည်သူကမှ နောက်ကလိုက်မလာသည်ကို မြင်သော် သက်ပြင်းရှည်ကြီးချလိုက် စိတ်အေးသွားသည်။

မြို့စားအိမ်တော်မှ ထွက်လာစဉ်က မျိုးရိုးမြင့် အမျိုးသမီး အများအပြားမှာ ရှုယီနောက်လိုက်လာရင်း ညအချိန်ကို အတူကုန်ဆုံးရန် ဖွင့်ဟ ဖိတ်ကြားနေခဲ့ကြသည်။

ထိုအထဲတွင် ရှုယီလက်ကို ကိုင်ကာ သူမ၏ မို့မောက်နေသည့်နေရာထက်၌ တင်ရင်း ရဲရဲတင်းတင်းကတိပြုလာသည့် မိန်းကလေးတစ်ဦးပင်ရှိခဲ့သည်။ ၎င်းက ရှုယီကို ထိတ်လန့်သွားစေရာ ရှုယီလည်း ချက်ချင်းလက်ကို ပြန်ဆွဲယူ၍ ပြေးလာခဲ့ရသည်။

၎င်းအမို့အမောက်ကို ထိလာခဲ့ရသည့် သူ့လက်ကို ကြည့်ရင်း ရှုယီက မနေနိုင်ဘဲ ခေါင်းခါလိုက်သည်။ သူသာ စတေးလ်ကို မစဉ်းစားခဲ့မိလျှင် ထိန်းချုပ်နိုင်မည်မဟုတ်ဘဲ ထိုအမျိုးသမီးများ၏ ဝါးမြိုခြင်းကို ခံခဲ့ရလောက်၏။

စိတ်ငြိမ်အောင် လုပ်ပြီးသည့်နောက် ရှုယီက သူ မည်သည့်နေရာတွင် ရှိကြောင်းအတည်ပြုကာ အိမ်သို့ ဦးတည်လိုက်သည်။

သူဟာ မြို့စားအိမ်တော်ရှိ ပွဲမှထွက်ခွာသည့် အချိန်တိုင်း အိမ်သို့ လမ်းလျှောက်ပြန်ခြင်းကို ကျင့်သားရနေပြီဖြစ်သည်။

အကြောင်းအရင်းတစ်ခုမှာ သိပ်မဝေးခြင်းကြောင့်ဖြစ်ပြီး ဒုတိယအကြောင်းရင်းမှာ ပွဲ၌ ကြုံဆုံခဲ့ရသည့် ကိစ္စများကို တွေးမည့် အချိန်ယူလိုသောကြောင့်ပင်။

သူ ယခုစဉ်းစားနေမိသည်မှာ ဥက္ကဌခရုစ် ပြောခဲ့သည့် အစောင့်ကိစ္စဖြစ်သည်။

ဥက္ကဌခရုစ်ပြောခဲ့သလိုပင်၊ စိုင်စ်နယ်မြေကြီးမှာ ကမ္ဘာမြေရှိ တရုတ်နိုင်ငံကဲ့သို့ မငြိမ်းချမ်းနေပေ။ ကုန်စည်များကို တင်ပို့ရာ၌ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုနှင့် လူ့အသိုင်းအဝိုင်း၏ ရှေးရိုးစွဲသဘာဝတို့ကြောင့် ဓားပြများရှိသည့် နေရာများစွာရှိနေဆဲပင်။

မဟုတ်ပါက ကုန်စည်တစ်ခါ တင်ဆောင်ရုံလောက်နှင့်တင် လုပ်ငန်းစုအသေးစားလေးတစ်ခုမှာ ပျက်စီးသွားနိုင်သည်။

လမ်ပူရီတိုင်းပြည်မှာ ယခုတွင် တည်ငြိမ်နေရာ သူ့အနေနှင့် ၎င်းပြဿနာကို ပူပန်ဖို့မလိုပါသော်လည်း Frestech ကုန်သည်ကြီးများအသင်းက ရူဒ်ဆန်တိုင်းပြည်၊ စတက်တိန်းနယ်မြေတို့နှင့် ပူးပေါင်းခါနီးဖြစ်သောကြောင့် မည်သည်မှ ဖြစ်မလာမည်ကို စိတ်ချဖို့က ခက်လေသည်။

ဆန်နက်မြေရိုင်းမှ သားရဲလူမျိုးများ၏ ပြဿနာအစစ်အမှန်ကိုဆိုလျှင် ပြောစရာပင်မလိုချေ။

၎င်းတို့သာ ဗော်လ်လာ ဝံပုလွေလူသားမျိုးနွယ်စု အနီး၌ မိုင်းတွင်းနှင့် စက်ရုံဆောက်လုပ်ပါလျှင် မိုင်းတွင်းအား လုပ်ငန်းစုသုံးစုမှ ပူးပေါင်းဆောက်လုပ်ခြင်းကြောင့် အမ်ရစ်ကုန်သည်ကြီးများအသင်း သို့မဟုတ် ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းအား အစောင့်တာဝန်ကို ယူခိုင်း၍ ရသည်။ အများဆုံး Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အမြတ်‌စွန်း တချို့လက်လျှော့လိုက်ရုံသာ။

သို့ရာ၌ သတ္တုပျော့စက်ရုံကိုမူ Frestech ကုန်သည်ကြီးများအသင်း တစ်ဦးတည်းကသာပိုင်လေ၏။ ဥက္ကဌခရုစ်နှင့် ဥက္ကဌရန်နာဆာတို့က ပူးပေါင်းချင်သည့်အချိန်တွင် ရှုယီထံမှ အငြင်းခံလိုက်ရာ သူ့အနေနှင့် ၎င်းတို့ထံ အစောင့်နှင့်ပတ်သက်သည့် အကူအညီ မတောင်းလိုပေ။

ထို့ကြောင့် ဥက္ကဌခရုစ်၏အပြောက မှန်ပေသည်၊ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အစောင့်များကို လေ့ကျင့်ပေးဖို့လို၏။

ရှုယီမှ Frestech ကုန်သည်ကြီးများအသင်းထံ၌ရှိသည့် အားသာချက်ကို ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ လူပုလေးများ၊ နတ်သူငယ်များနှင့် ဆက်ဆံရေးကောင်းရှိရုံသာမက ၎င်းတို့အား အလုပ်သမားအဖြစ်လည်း များစွာ ခန့်အပ်နိုင်သည့် အချက်ကို ပြော၍ရ၏။

ထိုဆက်ဆံရေးကြောင့် ရှုယီ အကူအညီတောင်းပါလျှင် ၎င်းတို့လုပ်ငန်းစုအတွက် လူပုလေးများနှင့် နတ်သူငယ်များအား အစောင့်အဖြစ်ရရှိရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။

စိုင်စ်နယ်မြေကြီး၌ မျိုးနွယ်စု တစ်ခုစီ၏ အကဲဖြတ်ခြင်းများရှိသည်။ ဥပမာ၊ လူသားများထံ၌ ဖန်တီးနိုင်စွမ်းနှင့် သင်ယူနိုင်စွမ်းရှိပြီး လူပုလေးများက အတုခိုးခြင်း၌ ပါရမီပါကာ နတ်သူငယ်များမှာမူ ဒီဇိုင်းပုံစံများရေးဆွဲရာ၌ အထူးကျွမ်းကျင်လှသည်.... ထိုသည်ကို ၎င်းတို့၏ ထူးခြားချက်များဟု ဆို၍ ရနိုင်သည်။

သို့သော် တိုက်ပွဲအင်အားကို အကဲဖြတ်ရလျှင် လူသားများမှာ တစ်ဦးချင်းတိုက်ပွဲစွမ်းရည်အရ အားအနည်းဆုံးတစ်မျိုးဟု အားလုံးသိကြသည်။

လူသားများအကြားရှိ စွမ်းအားကြီး မှော်ပညာရှင်များအပြင် အခြားမျိုးနွယ်စုများနှင့် တစ်ဦးချင်းတိုက်ပွဲစွမ်းအား၌ ယှဉ်နိုင်သည့် စစ်သည်တော် အချို့သာရှိ၏။

အတိတ်တုန်းက လူသားများအနေနှင့် နတ်သူငယ်များ၏ လက်ထဲမှ နယ်မြေကြီးကို လုယူပြီး အခြားမျိုးနွယ်စုများကို ဖိနှိပ်ချိန်တွင် လူသားတို့၏ အားကောင်းသည့် စည်းကမ်းအမြင်နှင့် စွမ်းအားကြီးပူးပေါင်းမှုကိုအမှီပြုခဲ့သည်။ မှန်ပါ၏၊ ပိုအရေးကြီးသည်မှာ လူသားတို့၏ မွေးဖွားနိုင်စွမ်းပါပင်.....

သို့သော် လူသားများအနေနှင့် နှစ်ထောင်ချီကြာအောင် နယ်မြေကြီးကို အုပ်ချုပ်ခဲ့ပါလျှင်သော်မှ ပုဂ္ဂိုလ်တစ်ဦးချင်း၏ တိုက်ခိုက်နိုင်စွမ်း၌ ခြားနားမှုရှိနေသည်ကို ဝန်ခံရပေမည်။

လူထုအမြင်ကို သုံးသပ်ရလျှင် အရွယ်ရောက်ပြီး နတ်သူငယ်စစ်သည်တစ်ဦးထံ၌ သာမန်လူသားစစ်သည် ငါးဦးထက်ကျော်လွန်သည့်ညတိုက်ခိုက်နိုင်စွမ်းရှိသည်။ ၎င်းတို့သာ နတ်သူငယ်များ အမှီပြုရာ တောနက်ထဲ သို့မဟုတ် ညအချိန်၌ တိုက်ခိုက်ကြမည်ဆိုလျှင် နတ်သူငယ်ဦးမှာ လူသားတပ်စုတစ်ခုလုံးကို ရင်ဆိုင်နိုင်သည်။

လူပုလေးများမှာ နတ်သူငယ်များကဲ့သို့ ဆန်းကြယ်ခြင်းမရှိသလို ရင်ဆိုင်ရလည်း မခက်ပါသော်ငြား ၎င်းတို့၏ အံ့အားသင့်ဖွယ် အားကောင်းသည့် ကိုယ်ခန္ဓာဖွဲ့စည်းပုံနှင့် သဘာဝ လက်နက်ကျွမ်းကျင်မှုတို့ကြောင့် အရွယ်ရောက်ပြီး လူပုလေးတစ်ဦးမှာ လူသားစစ်သည် သုံးယောက်မှ ငါးယောက်အထိ ယှဉ်တိုက်နိုင်သည်။

ထို့အပြင် လေ့ကျင့်ပြီး လူပုလေးစစ်သည်တစ်ဦးဆိုပါက လူသားစစ်သည် ဆယ်ဦးနှင့် အလွယ်လေး ရင်ဆိုင်နိုင်သည်။

လူပုလေးများအကြားရှိ အသင်းအဖွဲ့လုပ်ဆောင်ချက်နှင့် စည်းကမ်း အမြင်တို့မှာ လူသားများထံမှ အကောင်းဆုံး ရရှိထားခြင်းဖြစ်သည်။ လူပုလေးစစ်သည်များ အဖွဲ့တစ်ခုသာ အတူတကွရောက်လာလျှင် ၎င်းတို့၏ အားကောင်းသည့်တိုက်ခိုက်နိုင်စွမ်းနှင့် တူညီသည့်နတ်သူငယ်အရေအတွက်ကိုပင် ပြန်လည် ထိုးစစ်ဆင်နိုင်သည်။

မှန်ပါ၏၊ လူပုလေးများ၏ အားနည်းချက်မှာ မှော်ပညာကို မသိခြင်းဖြစ်သည်။

ထိုအတွက် ပြင်ဆင်ရန် ၎င်းတို့ထံ၌ အင်မတန်မြင့်မားသည့် သဘာဝမှော်ပညာ ခုခံနိုင်စွမ်းရှိပေ၏။ သာမန်အဆင့်နိမ့်မန္တာန်လေးများမှာ ၎င်းတို့ကို လုံးဝ မထိခိုက်စေနိုင်ပေ။

အတိုချုံးရလျှင် လုပ်ငန်းစုတစ်ခုကသာ နတ်သူငယ်များနှင့် လူပုလေးများထံမှ အစောင့်များ စုဆောင်းနိုင်ပါလျှင် သာမန်အစောင့်များထက် များစွာပိုမိုသန်မာပေလိမ့်မည်။

လွန်ခဲ့သည့်နှစ်ပေါင်းထောင်ချီအကြာက မျိုးနွယ်စုစစ်ပွဲများပြီးသည့်နောက် အခြားမျိုးနွယ်စုများမှာ ၎င်းတို့ကိုယ်ကို လူသားများနှင့် သီးခြားလိုက်ကြလေရာ လုပ်ငန်းစုများအနေနှင့် အခြားမျိုးနွယ်စုများအား အစောင့်အဖြစ်ခန့်အပ်ရန် မဖြစ်နိုင်တော့ချေ။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ထိုသို့ လုပ်နိုင်နေရာ ရှုယီလည်း ၎င်းကို ချက်ချင်းစဉ်းစားမိသွားသည်။

ရှုယီမှာ လုပ်ငန်းစု၏ အစောင့်များအကြောင်း တွေးတောရင်း လျှောက်လှမ်းနေသည်။ ၎င်းတို့အား လူပုလေးများနှင့် နတ်သူငယ်တို့ဖြင့် အပြည့်ဖြည့်မည်ကို စဉ်းစားကြည့်ရင်း ရှုယီမှာ မပြုံးဘဲ မနေနိုင်တော့ချေ။

အတွေးထဲ နစ်နေစဉ်၌ သူဟာ တစ်ယောက်ယောက်က အော်ခေါ်လာသည်ကိုပင် သတိမထားမိလိုက်ပေ။

ထိုလူက အသံမြှင့်ကာ ရှုယီ အနီးရောက်လာမှာသာ ရှုယီလည်း စိတ်ကူးမှ နိုးထလာရင်း ကြည့်လိုက်လေသည်။

"လော့တီ?" သူ၏နောက်ရှိ အိမ်ထံမှ မှော်မီးအိမ်အလင်းရောင်ကြောင့် ရှုယီအနေနှင့် သူ့အား ခေါ်လာသည့် လူက အချိန်ကြာမတွေ့ခဲ့ရသည့် လော့တီဖြစ်ကြောင်း သိလိုက်ရသည်။

မဟာမှော်ပညာရှင် ကမ်မီလာက သူ၏မှော်မျှော်စင်ပိတ်ကြောင်း ကြေညာလိုက်ကတည်းက မှော်မျှော်စင်၏မှော်ပညာရှင်များ တစ်စိတ်တစ်ပိုင်းမှာ မဟာမှော်ပညာရှင် ကမ်မီလာနောက်လိုက်၍ မှော်သုတေသနဌာနသို့ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။ သို့သော် မှော်ပညာကို ဆက်လေ့လာရန် အခြားလမ်းကြောင်း ရွေးချယ်သွားကြသည့် မှော်ပညာရှင်များလည်း ရှိ၏။

လော့တီက ထိုထဲမှ တစ်ဦးပင်။ သူမအနေနှင့် ဘန်တာမြို့မှ ထွက်ခွာကာ အခြားမြို့တော်များဆီသို့ မှော်စွမ်းအား တိုးတက်မည့် နည်းလမ်းရှာရန် သွားတတ်သည်ဟု ဆိုရပေမည်။

ရှုယီက တကယ်တမ်းတွင် ထိုမျှ ဂရုမစိုက်ခဲ့ပါသော်လည်း ယနေ့၌ ရုတ်တရတ်ကြီးပြန်လာမည်ဟု မထင်ထားခဲ့ချေ။

ရုတ်တရတ် ဓာတ်ခွဲခန်းတစ်ခုထဲ၌ အလုပ်အတူလုပ်ခဲ့ဖူးသည့် ၎င်း လုပ်ဖော်ကိုင်ဖက်ကို မြင်သော် ရှုယီမှာ ကျေနပ်ဝမ်းသာသွားသည်။ သူလည်း အလျင်အမြန် အပြုံးတစ်ခုဖြင့် ရှေ့လျှောက်သွားကာ ပြောလေ၏၊ "ဘာလဲ? မင်း နှစ်သစ်ကူးအတွက် ပြန်လာတာလား? ဒါပေမယ့် မင်းတို့ မိသားစုက ခမာမြို့မှာ မဟုတ်ဘူးလား? ဘာလို့ ဒီကိုလာတာလဲ?"

ရှုယီလည်း လော့တီနောက်ရှိ အဆောက်အဦလေးကိုကြည့်လိုက်သော်ငြား သူဟာ လော့တီ၏အိမ်ကို ဘယ်တုန်းကမှ မသွားခဲ့ဖူးကြောင်း သတိရသွားကာ ယခင်က သူမအနေဖြင့် ဘန်တာမြို့ မည်သည့်နေရာတွင် နေခဲ့မှန်းမသိပါချေ။

"ကျွန်မ လနည်းနည်းလောက်ကြာအောင် ထွက်သွားပြီးတော့ ဘန်တာမြို့မှာ နေတာက ကျွန်မနဲ့ ပိုသင့်တော်ကြောင်း သိလိုက်ရတာကြောင့် ပြန်လာတာပါ။" လော့တီက အတင်းပြုံးကာ ဖြေသည်၊ "ရှုယီ၊ Frestech ကုန်သည်ကြီးများအသင်းက အရင်ကထက်တောင်ပို အားကောင်းလာပြီး ရှင်လည်း ဘုရင်ကြီးဆီကနေ ဘာရွန်တစ်ယောက်အဖြစ်ပါ အပ်နှင်းခံရတယ်လို့ ကျွန်မကြားတယ်။"

"ဘယ်ကကြားခဲ့တာလဲ?" ရှုယီက အပြုံးဖြင့် မေးရင်း လော့တီကိုကြည့်လိုက်သည်။

သူမအား လအတော်ကြာ မတွေ့ခဲ့ရသည့်နောက်တွင် လော့တီမှာ ဓာတ်ခွဲခန်း၌ ရှိခဲ့စဉ်ကထက် ပိုမို ပိန်ပါးပုံပေါ်ကာ များစွာပိုမို ဖျော့တော့နေသည်။ သို့သော် သူမ၏ အပြုံးက အမြဲတမ်း တောက်ပနေပြီး ယခင်ကနှင့် ဘာမျှ မခြားချေ။

ဓာတ်ခွဲခန်းထဲ ပထမဆုံး ဝင်ရောက်စဉ်က လော့တီဟာ သူ့အား ကောင်းကောင်းဆက်ဆံခဲ့သည့် တစ်ဦးတည်းသောလူဖြစ်ကြောင်း စဉ်းစားမိသော် ရှုယီ၏စိတ်နှလုံးထဲ နွေးထွေးမှုလေးဖြင့် ပြည့်သွားသည်။

"ကျွန်မ ရောက်နေတာ ရက်အတော်ကြာပြီ။ မနေ့က ဝယ်လာတို့ ဆာရှာတို့တွေနဲ့ သွားစားတော့ သူတို့ဆီကနေ ကြားခဲ့တာ။" လော့တီက ရှင်းပြ၏၊ "ကျွန်မ အိပ်မပျော်နိုင်ဖြစ်နေလို့ လမ်းလျှောက်နေရုံပဲဆိုပေမယ့် ရှင့်ကို ရုတ်တရတ်ကြီး မြင်လိုက်ရမယ်လို့ မထင်ခဲ့ဘူး။ ကျွန်မ ဝမ်းမသာဘဲတောင် မနေနိုင်တော့လို့ ရှင့်ကိုခေါ်လိုက်တာ။"

လော့တီက အနည်းငယ်စိတ်လှုပ်ရှားဟန်ရှိနေသည်ကို ကြည့်ရင်း ရှုယီက အပြုံးဖြင့် ဆိုလေသည်၊ "ကျွန်တော်လည်း မင်းကို တွေ့ရတာ ဝမ်းသာပါတယ်။ ဘယ်လိုလဲ? အရင်လတွေအတွင်း ကောင်းကောင်း သွားခဲ့ရဲ့လား?"

လော့တီ၏ အပြုံးက အနည်းငယ် မှိန်ဖျော့သွားရင်း ခေါင်းခါလေသည်၊ "အဆင်မပြေခဲ့ပါဘူး။ ကျွန်မ ဒီတစ်ခေါက် ပြန်လာတာက....."

လော့တီမှာ ရုတ်တရတ် သမ်းဝေလိုက်သည်။ သူမက ခဏရပ်တန့်ကာ နောက်လှည့်၍ ဖိတ်ခေါ်ဟန်ဖြင့် ဆိုလာသည်၊ "အပြင်မှာ အေးတယ်။ ရှုယီ၊ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ဆုံမိကြမှတော့ အထဲဝင်ပြီး စကားပြောကြမလား။"

ရှုယီလည်း ကောင်းကင်ကို မော့ကြည့်ကာ မျက်မှောင်ကုပ်လိုက်၏၊ "ဒီလောက်နောက်ကျနေပြီ၊ မသင့်တော်ပါဘူး။"

လော့တီက ပါးစပ်ကိုကာလျက် ရယ်နေသည်၊ "ဘာလဲ? ကျွန်မက ဘာမှတောင်မပြောရသေးဘူး၊ ရှင့်ကို ဝါးစားလိုက်မှာ ကြောက်နေတာလား?"

ရှုယီမှာ ၎င်း အင်မတန်ဖော်ရွေလှသည့် မျိုးရိုးမြင့်အမျိုးသမီးများကို သတိရသွားကာ ၎င်းက မဖြစ်နိုင်သည့် အရာမဟုတ်ဟု စဉ်းစားမိသွားသည်။

ရှုယီက သူ့မအား ဆက်လက်ငြင်းဆန်လိုနေဆဲဖြစ်‌သည်ကို မြင်သော် လော့တီက ရုတ်တရတ် အသနားခံဟန်ပြလာကာ၊ "ရှုယီ၊ အထဲဝင်ပြီး ပြောကြရအောင်၊ ကျွန်မမှာ ရှင့်ကို ပြောချင်တဲ့ကိစ္စတချို့ရှိတယ်။ ပြီးတော့လည်း..... ရှင့်ကို မေးစရာရှိသေးတယ်....."

လော့တီ၏အမူအရာကို မြင်သော် သူမက ရှုယီနှင့် အတူ တစ်စုံတရာကို ဆွေးနွေးလိုခြင်းဖြစ်သည်ကို ခန့်မှန်းမိလိုက်သည်။

"လော့တီ, ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပဲ၊ ကျွန်တော်ကူညီနိုင်တာ ဘာမဆို ကူညီမှာပါ။ ဒါပေမယ့် ဒီနေ့က တကယ်ကို အတော်နောက်ကျနေတော့ အဆင်မပြေဘူး။ ဒီလိုဆိုရင်ရော၊ မနက်ဖြန်မွန်းတည့် လောက် တစ်နေရာ,ရာမှာ တွေ့ပြီး ဒါကို ဆွေးနွေးကြမလား?" ရှုယီက စဉ်းစားပြီးနောက်ထိုသို့ပြောလိုက်သည်။

လော့တီက မျက်မှောင်ကုပ်ကာ မျက်နှာထက်၌ အင်မတန် စိတ်ပျက်သွားဟန်ပေါ်လာ၏။ ထို့နောက် ခေါင်းခါလျက်၊ "ကျွန်မသိပါတယ်၊ ရှင်ကျွန်မကို ငြင်းနေတာပဲ မဟုတ်လား? အရင်က ဒီလိုစကားမျိုးတွေ ကြားခဲ့ဖူးတယ်။ ရှင့်လို အရေးပါတဲ့ လူတစ်ယောက်အတွက် ဆင်ခြေပေးနေတာပဲဖြစ်ရမယ်။"

"ကျွန်တော် မဟုတ်....."

"ဒါဆို ဘာလို့ရှင်က ထိုင်ပြီး စကားတောင် မပြောချင်ရတာလဲ!" လော့တီက ရှုယီကို ဖြတ်ပြောလေ၏။

လော့တီ၏ မကျေနပ်၊ စိတ်ပျက်နေဟန်ကို မြင်သော် ရှုယီမှာ သက်ပြင်းမချမိဘဲ မနေနိုင်တော့ချေ။ ယခင်က မှော်မျှော်စင်၌ လော့တီဟာ သူ့အား မည်သို့ ဂရုစိုက်ပေးခဲ့သည်ကို စဉ်းစားရင်း သူ၏နှလုံးသားကလည်း နူးညံ့သွားရင်း ခေါင်းငြှိမ့်လျက် ပြောလိုက်သည်၊ "ကောင်းပြီလေ၊ သွားပြောကြတာပေါ့။"

လော့တီ၏မျက်နှာထားက တမုဟုတ်ချင်း ပျော်ရွှင်မှုနှင့် ပြည့်နှက်သွားလေသည်။ သူမက ချက်ချင်းပင် အပြုံးဖြင့် ရှုယီလက်ကိုဆွဲ၍ သူမနောက်ရှိ အဆောက်အဦလေးထဲကို ခေါ်သွားသည်။

နှစ်ဦးသားမှာ လမ်း၏ အရိပ်ကျနေသည့်နေရာ၌ ၎င်းတို့ထွက်ခွာသွားသည်ကို စောင့်ကြည့်နေသော မျက်လုံးတစ်စုံရှိနေခဲ့ကြောင်း သတိမထားမိလိုက်ချေ။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၃၄။ လက်ထပ်ကြရအောင်

မိနစ်နှစ်ဆယ်ကြာပြီးနောက် ရှုယီမှာ လော့တီ၏အိမ်မှ အလျင်စလို ထွက်လာလိုက်သည်။

အပြင်ဘက်ရှိ လေအေးများကို ရှူရှိုက်ပြီးနောက်၌ ရှုယီက ကမောက်ကမဖြစ်နေသည့် စိတ်နှလုံးကို တည်ငြိမ်စေလိုက်နိုင်သည်။

အလင်းရောင်မရှိတော့သည့် အဆောက်အဦ၏ ပိတ်ထားသော တံခါးကို လှည့်ကြည့်လိုက်ရင်း ရှုယီမှာ မနေနိုင်ဘဲ ခါးသီးစွာပြုံးမိရသည်။

အထဲဝင်ပြီးနောက်၌ လော့တီအား မဟာမှော်ပညာရှင်ကမ်မီလာ၏ မှော်မျှော်စင်၌ ရှိခဲ့သည့် အချိန်က အကြောင်းများကို ပြောပြီးနောက်တွင် လော့တီက လှဲလျောင်းလျက် သူမ၏ အပေါ်ပိုင်းအဝတ်များကို ချွတ်လိုက်မည်ဟု ထင်မထားခဲ့ပေ။ ထို့နောက် သူမက သူ့အား ပွင့်လင်းစွာပင် သွေးဆောင်လာခဲ့၏!

သူဟာ လော့တီက သူမ၏ အပေါ်ပိုင်း အဝတ်များကို ဖယ်လိုက်ကာ ရင်ဘတ်ပေါ်ရှိ အနီစက်လေးနှစ်စက် ပေါ်ထွက်လာသည်အား မြင်လိုက်ရသဖြင့် ရှုယီမှာ အံ့ဩနေခြင်းမှ ချက်ချင်း နိုးထသွားတော့သည်။ ထို့နောက် ဒေါသကိုဖိနှိပ်လျက် အလျင်အမြန်ထွက်ခွာလာသည်မှာ လော့တီ၏ အိမ်မှ ပြေးထွက်လု နီးနီးပင်။

လော့တီက ယခုနကမှ မည်သို့ ပြုမှုလိုက်သည်ကို စဉ်းစားရင်း ရှုယီမှာ အနည်းငယ်ကြောက်ရွံ့နေလေသည်။

ယနေ့ညတွင် သူဟာ မျိုးရိုးမြင့်အမျိုးသမီးများကြောင့် ရောသမမွှေ ဖြစ်နေခဲ့သော်လည်း လော့တီနှင့် ဝင်တိုးမိလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူသာ အနည်းငယ်လေးလောက် တုံ့ဆိုင်းမိပါလျှင် သူ့ကိုယ်သူတောင် မထိန်းနိုင်တော့ဘဲ လော့တီအား တစ်ခုခု လုပ်မိသွားလောက်သည်။

၎င်း၏ အကျိုးဆက်ကို စဉ်းစားရင်း ရှုယီ၏ နှဖူးထက်၌ ချွေးအေးများထွက်လာရတော့သည်။

စိုင်စ်နယ်မြေကြီးရှိ ယောက်ျားနှင့် မိန်းမအကြားကိစ္စများမှာ ကမ္ဘာမြေရှိ အနောက်နိုင်ငံများကနှင့် ဆင်တူကာ အတော်လေးပွင့်လင်းပါလျှင်သော်မှ ရှုယီက စတေးလ်နှင့် တွဲနေပြီဖြစ်သည်။ သူသာ ထိုအချိန်က တစ်ခုခုလုပ်ခဲ့မိပါလျှင် စတေးလ်ထံမှ လုံးဝခွင့်လွှတ်ခံရမည်မဟုတ်သလို သူ့ကိုယ်သူလည်း ခွင့်လွှတ်နိုင်လိမ့်မည်မဟုတ်ပေ။

စတေးလ်အကြောင်းတွေးမိချိန်တွင် စတေးလ်က ရှုယီမျက်လုံးထဲ၌ ရုတ်တရတ်ပေါ်လာသည်။

ရှုယီလည်း အရှေ့ကို ငေးငိုင်ကာကြည့်လိုက်၏။ မှောင်နေပြီဖြစ်သောကြောင့် လမ်းမီးခပ်မှိန်မှိန်ထံမှ ပုံသဏ္ဍာန်ဝါးတားတားသာ မြင်ရပါသော်လည်း သူဟာ စတေးလ်၏ပုံရိပ်နှင့် အင်မတန် ရင်းနှီးလှသဖြင့် ချက်ချင်းပင် သူမကို သတိပြုမိလိုက်သည်။

"စတေးလ်, မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ?" ရှုယီမှာ လျင်မြန်စွာဖြင့် လမ်းတစ်ဖက်သို့သွားကာ သူမရှေ့သို့ ရွှေ့လိုက်သည်။ ထိုအခါ သူမက ရှုယီနောက်ရှိ အဆောက်အဦငယ်လေးကို မော့ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။

ရှုယီလည်း သူ့နောက်ကို ကြည့်လိုက်ပြီး အမူအရာက နေရခက်ဟန်ပေါ်လာက အလျင်အမြန် ဖြေဆိုလေသည်၊ "အထင်မလွဲပါနဲ့၊ လော့တီက ကိုယ့်ကို အထဲခေါ်လို့ ကိစ္စတချို့ ဆွေးနွေးခဲ့ရုံပါ။"

၎င်းက ရှုယီ၏စကားလုံးများအတွက် တုံ့ပြန်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်သော်ငြား ထိုသို့ ဆိုလိုက်သည်နှင့် ဒုတိယထပ်ရှိ မီးက ပိတ်သွားသည်။

စတေးလ်လည်း အဆောက်အဦငယ်လေးထံမှ အကြည့်လွှဲကာ ရှုယီကို ရှုပ်ထွေးစွာဖြင့် ခဏတာ ကြည့်လာသည်။ ထို့နောက် သူမက တဖြည်းဖြည်း ခေါင်းခါရင်း သက်ပြင်းအသာချကာ ပြောလေ၏၊ "စိတ်အေးအေးထား၊ ကျွန်မ အထင်မလွဲပါဘူး။ အဲ့မှာ ရှင်နေတာ မိနစ်နှစ်ဆယ်တောင်မကြာဘူးလေ၊ အဲ့တော့ တစ်ခုခုလုပ်ဖို့ ဘာ အချိန်ရှိမှာလဲ။"

ရှုယီက ငြိမ်သက်သွားကာ၊ "ကိုယ် အဲ့မှာ မိနစ်နှစ်ဆယ်တောင် ပြည့်အောင်မနေခဲ့တာ ဘယ်လိုသိလဲ?"

"ရှင် သူမနဲ့အတူ လျှောက်သွားတာ မြင်လိုက်လို့ပေါ့။" စတေးလ်က ဖြေသည်။

ရှုယီက ပိုလို့ပင် နေရခက်လာသဖြင့် ဆက်ရှင်းပြရုံသာ တတ်နိုင်သည်၊ "ကိုယ် ဝင်သွားဖို့ အစီစဉ်မရှိပါဘူး၊ နောက်ကျနေတော့ မိန်းကလေးတစ်ယောက်နဲ့ အတူရှိဖို့ မသင့်ဘူးလေ။ ဒါပေမယ့် လော့တီက တစ်ခုပြောလာလို့.... အမ်း၊ လမ်းပေါ်မှာ ဆွေးနွေးဖို့ အဆင်မပြေတဲ့ ကိစ္စတချို့ဖြစ်သလို မနက်ဖြန် ထွက်သွားမှာလို့ ပြောလို့သာ ကိုယ်လိုက်သွားရုံပဲတတ်နိုင်တာပါ။ ဘာမှမဖြစ်ခဲ့ပါဘူး၊ စတေးလ်။ ကိုယ့်ကိုယုံပါ၊ ကိုယ့်မှာ သူမအပေါ် ဘာအကြံအစည်မှ မရှိပါဘူး။"

ရှုယီက ပူပန်စွာ ဖြေရှင်းပြလာသည်ကို မြင်သော် စတေးလ်လည်း ရုတ်တရတ် ရယ်ချလိုက်၏၊ "ရှင် ကျွန်မကို ဘာလို့ရှင်းပြနေတာလဲ? ကျွန်မ အထင်လွဲသွားမှာ ကြောက်လို့လား? ကျွန်မပြောပြီးပြီလေ၊ ရှင့် အနေနဲ့ တစ်ခုခုကို မိနစ်နှစ်ဆယ်အတွင်းမှာ လုပ်ဖို့ဖြစ်နိုင်မယ် မထင်ပါဘူး။ ရှင်က မိနစ်နှစ်ဆယ်တောင် မကြာတာ မဖြစ်နိုင်ဘူးလေ....."

ထို့သို့ပြောပြီးနောက် စတေးလ်၏မျက်နှာက နီရဲသွားပြီး ရှုယီကို လက်သီးဆုပ်လေးနှင့် ထိုးလိုက်သည်။

"ရှင် လူဆိုး၊ ကျွန်မကို ဘယ်လိုရှက်စရာမျိုးတွေ ပြောထွက်အောင်လုပ်နေတာလဲ?"

စတေးလ်မျက်နှာထက်ရှိ မှောင်မိုက်နေဟန်က ကြည်စင်သွားသည်ကို မြင်သော် ရှုယီလည်း သက်ပြင်းတစ်ချက်ချလိုက်၏။ ထို့နောက် ပြုံး၍ ပြောလာသည်၊ "ဒါက မင်း‌ဘာသာ ပြောတာလေ၊ ကိုယ်နဲ့ ဘယ်လိုဆိုင်သွားရတာလဲ?"

စတေးလ်က နှာခေါင်းရှုံ့၏။ ထို့နောက် ရှုယီထံမှ အနံ့ခံရန် ခေါင်းကို ရုတ်တရတ် ငုံ့ရင်း မျက်မှောင်ကုပ်ကာ မေးလိုက်လေသည်၊ "ရှင့်ကိုယ်ပေါ်က အနံ့တစ်ခုရတယ်။ ရှင်က လော့တီကို ဘာမှမလုပ်ခဲ့ပေမယ့်၊ သူမကတော့ ရှင့်ကို တစ်ခုခုလုပ်ခဲ့တယ်မို့လား?"

ရှုယီက ခါးသီးစွာ ခေါင်းခါကာ၊ "ဒါက လော့တီရဲ့ဂုဏ်သိက္ခာနဲ့ဆိုင်တော့ မင်း အဓိပ္ပာယ်မရှိတာကို မပြောသင့်ဘူး။ အတိုချုံးပြောရရင် ကိုယ့်မှာ အဲ့စိတ်မရှိတာကြောင့် ဒီနေ့တော့ ဒီမှာပဲ ရပ်ရအောင်ပါ၊ ဟုတ်ပြီလား?"

စတေးလ်က တစ်ဖန်ထရပ်လာကာ ရှုယီ၏ ရိုးသားဟန်လေးကို ကြည့်၍ ခေါင်းငြှိမ့်လေသည်။

"ဟုတ်ပြီ"

ရှုယီက သူမလက်အား အပြုံးဖြင့်ကိုင်ကာ၊ "စတေးလ်, ကိုယ်က မင်းရဲ့ ဘာကိုသဘောကျတာလဲ သိလား?"

"ဘာကိုလဲ?"

"မင်းရဲ့ အရှိန်အဝါနဲ့ ယုံကြည်မှုပဲ။ တခြားမိန်းကလေးတွေနဲ့ယှဉ်ရင် မင်းက ကိစ္စအသေးအမွှားလေးတွေကို အထအနကောက်မှာ မဟုတ်ဘူး။ ဒါက မိန်းကလေး အတော်များများမှာ မရှိတဲ့အရာ၊ ကိုယ် တန်ဖိုးအထားရဆုံး အရာပေါ့။"

"အရှိန်အဝါနဲ့ ယုံကြည်မှု?" စတေးလ်က သက်ပြင်းချ၍ ခေါင်းခါသည်၊ "တကယ်တော့ ရှင့်ရှေ့မှာ ကျွန်မ တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်ယုံကြည်မှု လျော့နည်းလာနေပြီလို့ ခံစားရတယ်။"

"ဘာလို့လဲ?" ရှုယီက တအံ့တဩမေးလိုက်သည်။

စတေးလ်က မဖြေဘဲ ရှုယီလက်ကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထား၏။ ထို့နောက် ရှုယီလက်ကိုဆွဲ၍ တဖြည်းဖြည်း လမ်းလျှောက်သွားလေသည်။

ရှုယီမှာ ရှုပ်ထွေးသွားသော်လည်း ဤဆောင်းည၌ သူမနောက်ကိုသာ လိုက်၍ ခပ်ဖြည်းဖြည်းလျှောက်လိုက်တော့၏။

ခဏကြာပြီးနောက် စတေးလ်က မည်သည်ကိုမှ မပြောသေးပေ။

ရှုယီမှ ဘာပြောရမည်ကို စဉ်းစားနေချိန်၌ စတေးလ်က ရုတ်တရတ်ပြောလာသည်။

"ရှုယီ၊ လက်ထပ်ကြရအောင်"

ရှုယီမှာ မှင်တက်သွားသည်။

နှစ်သစ်ကူးပြီးနောက် အားလုံးက နှစ်တစ်နှစ်၏ ရှားရှားပါးပါး အနားယူသည့် ကာလကို ခံစား‌ပျော်ရွှင်နေကြချိန်တွင် «ဘန်တာတိုင်းမ်စ်»က အံ့ဩဖွယ် သတင်းတစ်ခုအား ရုတ်တရတ် ထုတ်ပြန်လာလေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုနှင့် မဟာမှော်ပညာရှင်ကမ်မီလာ၏ မြေးမ ဘန်တာမြို့နှင့် အနီးနားမြို့ရှိ လူများထံမှ 'ဘန်တာနတ်ဘုရားမ'ဟု သတ်မှတ်ခံထားရသည့် သခင်‌မလေးစတေးလ်တို့မှာ စေ့စပ်လိုက်ကြပြီဖြစ်၏!

ထိုသတင်းပြန့်သွားချိန်တွင် ၎င်းက ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များတစ်ဝိုက် ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။

၎င်းမတိုင်ခင်က အားလုံးမှာ ရှုယီနှင့် စတေးလ်တို့က တွဲနေသည်ကို သိထားကြပါသော်လည်း စတေးလ်မှာ ရှုယီနှင့် လမ်းခွဲလိမ့်မည်ဟု စတေးလ်ကို သဘောကျသူများစွာက ယုံကြည်နေကြဆဲဖြစ်၏။

သို့သော် နှစ်ဦးသား စေ့စပ်သည့်သတင်း ထွက်ပေါ်လာချိန်တွင် ထိုလူများ၏ စိတ်ကူးမှာ ကွဲကြေသွားရတော့သည်။

သာမန်လူများဆိုလျှင် ၎င်းတို့စေ့စပ်ချိန်၌ မတော်တဆတချို့ဖြစ်ပွားနိုင်သော်လည်း ရှုယီနှင့် စတေးလ်တို့က သာမန်မဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအနေနှင့် ရှုယီမှာ ဘန်တာမြို့၌သာ ကျော်ကြားခြင်းမဟုတ်ဘဲ လမ်ပူရီတိုင်းပြည်တစ်ခွင်လုံး၌ နာမည်တချို့ရှိထားပြီးသဖြစ်သည်။ သူ့အား အရေးကြီး ပုဂ္ဂိုလ်ဟု ယူဆ၍ ရနိုင်ပါ၏။

ထို့အပြင် စတေးလ်က ဘန်တာမြို့နှင့် အနီးဝန်းကျင် မြို့သားများအတွက် ကြယ်လေးတစ်ပွင့်နှင့် တူလေသည်။

ထိုနှစ်ဦး စေ့စပ်လိုက်ကတည်းက လက်ထပ်ပြီးသည်‌နှင့် မခြားလေရာ လူများစွာထံ၌ ရှိသော စိတ်ကူးများကို ဖျက်ဆီးလိုက်တော့သည်။

ရှုယီအား ဆဲရေးနေသည့် လူတချို့မှလွဲ ဘန်တာမြို့နှင့် အခြားမြို့များရှိ လူအများစုက စိတ်ရင်းနှင့်ကောင်းချီးပေးကြသည်။

ပြောရလျှင် စတေးလ်မှာ ထိုလူများ၏ နှလုံးသားထဲမှ ဘန်တာ နတ်ဘုရားမဖြစ်ခဲ့သည်။ အားလုံး၏ အမြင်တွင် သူမနှင့် လိုက်ဖက်နိုင်သည့် လူမရှိသော်လည်း ရှုယီကသာ သူမနှင့် လိုက်ဖက်သည်ဟု လူထုက အသိအမှတ်ပြုထားသည့် လူဖြစ်သည်။

၎င်းတို့ တွဲနေကြောင်း ကြေညာခဲ့သည်မှာလည်း တစ်နှစ်နီးပါးပင်ရှိနေပြီဖြစ်၏။ ၎င်းတို့သာ ရုတ်တရတ် လမ်းခွဲလိုက်ကြပါလျှင် လူတိုင်းကို နောင်တ,တရားတို့အပြည့် ဖြစ်သွားစေနိုင်သည်။

၎င်းတို့နှစ်ဦးမှ စေ့စပ်ပွဲကို ကြေညာလိုက်ပြီးနောက်၌တွင်မူ လူများစွာ၏ စိတ်နှလုံးထဲမှ အိပ်မက်ကို အတည်ပြုပေးလိုက်သလိုပါပင်။

ထို့ကြောင့် «ဘန်တာတိုင်းမ်စ်»မှ ထိုသတင်းကို ကြေညာလိုက်ချိန်တွင် ရက်အနည်းငယ်လေးအတွင်း၌ ၎င်းတို့နှစ်ဦးကို ဂုဏ်ပြုသည့် စာလွှာများနှင့် လက်ဆောင်များ မရေတွက်‌နိုင်အောင် ရရှိလာခဲ့သည်။

ဘန်တာမြို့၏ လူအများစုမှာ ရှုယီ၏ လိပ်စာကို သိကြသည်ဖြစ်ရာ ထိုစာလွှာများနှင့် လက်ဆောင်များက သူ့အိမ်ကိုတိုက်ရိုက် ရောက်လာကြသည်။ အခြားမြို့များ၏ လူများက သိပ်မသိကြသဖြင့် အများစုအား ဘန်တာမြို့‌ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနသို့ ပို့ဆောင်ခဲ့ကြသည်။

သာမန်လူများ၏ ဂုဏ်ပြုခြင်းများအပြင် Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်နွယ်ချက်ရှိကြသည့် ဘန်တာမြို့နှင့် အနီးအနားမြို့များ၏ လုပ်ငန်းစုတို့ကလည်း ဂုဏ်ပြုမှုများနှင့် လက်ဆောင်များကို ပေးပို့လာခဲ့ကြ၏။

ဈေးအကြီးဆုံးတစ်ခုမှာ ဥက္ကဌခရုစ်ထံမှလာသည်။

နှစ်ဦးသား စေ့စပ်ခြင်းကို ဂုဏ်ပြုရန်အလို့ငှာ သူဟာ ထိုနှစ်ဦးသားကို ဘန်တာမြို့ အနောက်မြောက်ဘက်ဆီက တောင်တန်းတစ်သွယ်နှင့် မြစ်တစ်စင်း နံဘေးရှိ အိမ်ရာကြီးတစ်ခုဆီ သီးသန့်ပို့ခဲ့သည်။

ထိုအိမ်ရာကြီးမှာ သိပ်မကြာသေးခင်က ဥက္ကဌခရုစ်ဝယ်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဝယ်ယူရန်ရွှေဒင်္ဂါး နှစ်သိန်းငါးသောင်း အသုံးပြုခဲ့ရသည်။ ယခုတွင် ရှုယီထံ ပေးလိုက်သည်ဖြစ်ရာ ၎င်းက တကယ်ကို ကြီးမားသော လုပ်ရပ်ပင်။

ရှုယီက ထို‌အကြောင်းကြောင့် သူ့ကိုပင် စနောက်လိုက်သေး၏၊ "ခင်ဗျားက ကျုပ်တို့ စေ့စပ်ရုံနဲ့ ဒီလိုဈေးကြီးတဲ့ လက်ဆောင်ပေးလာတော့ ကျုပ်နဲ့ စတေးလ် လက်ထပ်တဲ့အခါကျရင် ဘာပေးဖို့များ စီစဉ်ထားလဲ?"

ဥက္ကဌခရုစ်က သူရဲကောင်းဆန်ဆန်ဖြေလာသည်၊ "ခင်ဗျား လက်ထပ်တဲ့အချိန်ကျရင် ကျုပ်ပေးနိုင်သရွေ့ ခင်ဗျားလိုချင်သရွေ့ ကျုပ်ပို့ပေးမှာပါ!"

ရှုယီက ရယ်မောရင်းဖြင့် ၎င်းလက်ဆောင်ကို မည်သည့်ယဉ်ကျေးမှုမှ မပြတော့ဘဲ လက်ခံလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်း ကြားရှိ ရင်းနှီးသော ဆက်ဆံရေးကြောင့် ၎င်း နှစ်သိန်းငါးသောင်းတန်သည့် အိမ်ရာကြီးမှာ သာမန်လူများအတွက် ဈေးကြီးသည်ဟု ထင်ရပါသော်လည်း ဥက္ကဌခရုစ်အတွက်မူ ရှုယီ ဆန္ဒရှိသရွေ့ ပိုလို့ ဈေးကြီးသည့်အရာကို ပေးလိမ့်မည်သာ။

ရှုယီကလည်း ၎င်းလက်ဆောင်ကို ပွင့်လင်းစွာ လက်ခံရင်း သူ့အား စိတ်ငြိမ်စေခဲ့ကာ ၎င်းတို့ကြားရှိ ဆက်ဆံရေးကို နက်ရှိုင်းစေသည်။

ဥက္ကဌခရုစ်အပြင် အခြားလုပ်ငန်းစု အကြီး၊အသေးများလည်း လက်ဆောင်များပို့လာခဲ့၏။

အိုင်ရီလန် ကုန်သည်ကြီးများအသင်း အမည်အောက်ရှိ ဖရီးမန်းသည်ပင် ရှုယီအား သူ၏‌ ထောက်ပံ့ကူညီမှုအတွက် ကျေးဇူးတင်ရန် တန်ဖိုးရှိသည့်လက်ဆောင်တစ်ခု ပေးပို့ခဲ့သည်။

ထိုလက်ဆောင်များကြား၌ ဈေးအကြီးဆုံးများမှာ အထူးကဲဆုံးများမဟုတ်ပေ။ အထူးကဲဆုံးများမှာ ဘုရင်ကြီး၊ ဘုရင်မဆယ်ဗီနီနှင့် ကောင့်ထ်စီယန်တို့ထံမှ လာ၏။

ထိုသုံးဦး ပေးပို့လာသည့် လက်ဆောင်များမှာ အင်မတန်ပုံမှန်ဖြစ်သော်လည်း ၎င်းတို့ရာထူးများကြောင့် အဓိပ္ပာယ်က ဘာမျှမဟုတ်ဘဲ လက်ဆောင်ပို့ခြင်း၌သာ အဓိပ္ပာယ်တစ်ခုရှိနေသည်ပင်။

ရှုယီနှင့် စတေးလ်တို့ စေ့စပ်ရုံဖြင့် ဘုရင်ကြီးနှင့် ဘုရင်မဆယ်ဗီနီတို့က ၎င်းတို့ကို ဂုဏ်ပြုရန် လက်ဆောင်ပေးပို့လာသည်။ ၎င်းက ရှုယီအနေနှင့် ၎င်းတို့စိတ်ထဲ၌ မြင့်မားသည့် နေရာတစ်ခုရရှိထားကြောင်းကို မြင်နိုင်စေသည်။

ကောင့်ထ်စီယန်၏လက်ဆောင်မှာမူ ကောင့်ထ်စီယန်က ရှုယီကို အမြဲထောက်ပံ့ခဲ့သည်ကို လူတိုင်းသိသဖြင့် မမျှော်လင့်ထားသည့် အရာတော့မဟုတ်ပေ။

ယခု ရှုယီနှင့် စတေးလ်တို့မှာ စေ့စပ်နေပြီဖြစ်ရာ သူ လက်ဆောင်မပေးမှသာ ထူးဆန်းနေလိမ့်မည်။

နှစ်သစ်ကူးမှာ ပွဲတော်အချိန်ဖြစ်ပြီး ရှုယီနှင့် စတေးလ်တို့ကလည်း ရုတ်တရတ် စေ့စပ်ကြောင်း ကြေညာလိုက်သည်က ဘန်တာမြို့နှင့် အနီးနားမြို့ရှိ လူများစွာကို ထိုကိစ္စဆီ အာရုံစိုက်လာစေသည်။

၎င်းစေ့စပ်ပွဲမှာ ပျော်ရွှင်ဖွယ်ကိစ္စဖြစ်ပြီး နှစ်သစ်ကူးဖြစ်သည့် အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် ၎င်းက ဘန်တာမြို့နှင့် အနီးအနားမြို့များကို ပို၍ ပျော်ရွှင် ဝမ်းမြောက်လာစေသည်။

သို့သော် အားလုံးက ပျော်ရွှင်နေချိန်တွင် စတေးလ်နှင့် စေ့စပ်ကြောင်း ကြေညာလိုက်ကာစ ရှုယီက နောက်ခရီးတစ်ခု ထွက်ရလေသည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၃၅။ မှော်ကား

မြင်းလှည်းမှာ မိုးသွန်းတောင်ကြားအား လျင်မြန်စွာ ဖြတ်ပြေးသွားရင်း ရှုယီနှင့် ဥက္ကဌခရုစ်တို့ကို တင်ဆောင်လာသည်။

၎င်းတို့‌ အနောက်သို့လိုက်လာသည့် ကုန်စည်ပမာဏအမြောက်အများနှင့် နောက်ထပ် မြင်းလှည်းလည်းရှိသေးသည်။ ဥက္ကဌခရုစ်က ထိုမြင်းလှည်း၏ နံဘေးကိုကြည့်ရင်း လမ်းမထက်ရှိ ဘီးများကိုကြည့်ကာ ရုတ်တရတ် ရှုယီကို ပြောလာ၏၊ "ဒီလမ်းကို ချဲ့သင့်တယ်။"

ရှုယီလည်း ခေါင်းငြိမ့်ကာ၊ "အဟုတ်ပဲ၊ ကျုပ် ဒီကိစ္စကို စဉ်းစားပြီးပြီ။ အရင်ဆုံး ဒီလမ်းကို ခင်းတုန်းက အကြောင်းအရင်းတစ်ခုဟာ ငွေအလုံအလောက်မရှိတာကြောင့်နဲ့ ခင်ဗျားတို့လည်း အတွေ့အကြုံမလုံလောက်သေး‌တော့ လမ်းက လေးမီတာပဲကျယ်တယ်လေ။ အခုကြည့်လိုက်တော့ အဲ့လောက်မကျယ်ဘူးဖြစ်နေတာ။ ကျုပ်တို့သာ ထပ်ချဲ့နိုင်ရင် အကောင်းဆုံးပဲ။"

"အဲ့လောက်ကြီး ချဲ့ဖို့လည်းမလိုပါဘူး၊ ကျုပ်ထင်တာတော့ နောက်ထပ် နှစ်မီတာလောက်ဆို လုံလောက်တယ်။" ဥက္ကဌခရုစ်က ဆိုလာသည်။

"မဟုတ်ဘူး၊ ဒါကို ချဲ့မှတော့ နည်းနည်းလောက် ကျယ်ကျယ်လုပ်လိုက်သင့်တယ်။ ပြောရရင် ဒီလမ်းပေါ်မှာ မြင်းလှည်းတွေပဲရှိမှာမဟုတ်ဘဲနဲ့ တခြား ယာဉ်အမျိုးအစားတွေလည်း ရှိလာမှာလေ....."

"အခြား ယာဉ်အမျိုးအစားတွေ?" ဥက္ကဌခရုစ်က တစ်စုံတရာကို သတိရသွားသည်၊ "ဥက္ကဌရှု၊ ခင်ဗျားက ဒီနှစ်အတွင်းမှာ မြင်းလှည်းတွေကို အစားထိုးနိုင်ပြီး ကုန်ကျစရိတ်ကိုလည်း အတော်သက်သာစေမယ့် မှော်ကားအသစ်တစ်စီး ထုတ်လုပ်မယ်လို့ ဥက္ကဌပွန်ဖီးပြောတာ ကြားခဲ့တယ်။"

"ကျုပ်က သူ့ကို နှစ်သိမ့်ပေးရုံပါ။" ရှုယီက အနည်းငယ် ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလေသည်၊ "တကယ်တော့ မှော်ကားရဲ့ အဓိကအပိုင်းကို မထုတ်လုပ်ရသေးတာကြောင့် ဒီနှစ်အတွင်းမှာ အဲဒါကို ထုတ်လုပ်နိုင်မယ်လို့ မသေချာဘူး။ ဥက္ကဌပွန်ဖီးက ကျုပ်ကို အလောတကြီးလုပ်ခိုင်းနေတာကြောင့်မဟုတ်ရင် သူ့ကို ဒီလိုလိမ်ညာခဲ့မှာ မဟုတ်ဘူး။"

ဥက္ကဌခရုစ်က ရှုယီအနေနှင့် ဥက္ကဌပွန်ဖီးကို နှစ်သိမ်ခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဂရုမစိုက်ပေ၊ သူဟာ ရှုယီ၏ စကားလုံးများထဲရှိ အရေးကြီးဆုံးအရာကိုသာ ဂရုစိုက်၏။

"ဒီတော့ မှော်ကားတွေက အမှန်ပဲလို့ ပြောချင်တာပေါ့?"

ရှုယီက သူ့အားကြည့်လိုက်ကာ၊ "ခင်ဗျားက ဘာလို့ ဒီကိစ္စကို ဂရုစိုက်နေတာလဲ?"

"ဘာလို့ ဂရုမစိုက်ဘဲ နေရမလဲ?" ဥက္ကဌခရုစ်က ချက်ချင်းပြန်မေးသည်၊ "အဲဒီ့ မှော်ကားသာ ခင်ဗျား ဥက္ကဌပွန်ဖီးကို ဖော်ပြခဲ့သလိုသာ ကောင်းနိုင်ပြီး တစ်နာရီကို လေးဆယ်ကီလိုမီတာ သွားနိုင်ရင် သေချာပေါက် မြင်းလှည်းနေရာမှာ အစားထိုးမှာပဲ။ ပြီးတော့ ဒီအရာတွေက အတော်မြန်တော့ သေချာပေါက် ဒီလိုပုံမှန်ပျက်စီးနေတဲ့လမ်းတွေမှာ သေချာပေါက် ပြေးဆွဲနိုင်မှာမဟုတ်ဘူး။ ဒီလိုဆိုမှတော့ အများပြည်သူသုံးလမ်းတွေအတွက် လိုအပ်ချက်က အဆပေါင်းများစွာ တိုးလာမယ့်အဓိပ္ပာယ်ပဲလေ ဒါကြောင့် ကျုပ်လို အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌနဲ့ အများကြီးဆိုင်တယ်။"

ရှုယီက မပြုံးမိဘဲ မနေနိုင်ချေ၊ "ခင်ဗျားက တုံ့ပြန်တာ အတော်မြန်တာပဲ။ ဟုတ်တယ် ဒီမှော်ကားမှာ လမ်းအရည်အသွေးနဲ့ ပတ်သက်လာရင် လိုအပ်ချက်မြင့်တော့ အများပြည်သူသုံးလမ်းတွေက မှော်ကားတွေအတွက် အရေးကြီးမှာ။ ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ လမ်းတည်ဆောက်ရေးလုပ်ငန်းက ပိုလို့တောင် အရေးကြီးလာလိမ့်မယ်။"

"ဒီမှော်ကားကို ဘယ်အချိန်မှာ ထုတ်လုပ်နိုင်မလဲကို ပြောပြလို့ရမလား? ကျုပ် တိကျတဲ့ ခန့်မှန်းချက်တစ်ခု ပေးပါ၊ ဒါဆို လမ်းဖောက်လုပ်ရေးအဖွဲ့ကို အချိန်မီ တိုးချဲ့နိုင်တဲ့အတွက် သတိမပျက်စေရပါဘူး။” ဥက္ကဌခရုစ်က မေးလာ၏။

ရှုယီလည်း စဉ်းစားပြီးမှ ခေါင်းခါကာ၊ "ကျုပ် ခင်ဗျားကို တိကျတဲ့ ခန့်မှန်းချက် ပေးလို့မရဘူး။ စမ်းသပ်ချက်တွေလုပ်နေတာက တိကျတဲ့အရာမဟုတ်ဘူး။ ဥပမာ၊ ကျုပ်တို့ လုပ်ငန်းစုမှာ ကျုပ် တာဝန်တစ်ခုပေးထားတဲ့ စန်ချယ်လီဆိုတဲ့ သုတေသနပညာရှင်တစ်ယောက်ရှိပြီး သူက ကျုပ်ကို တစ်နှစ်ကျော်ကြာလာတာတောင် ဘာရလာဒ်ကိုမှ ပေးမလာခဲ့ဘူး။ ဒါပေမယ့် ဒီကိစ္စကို အလောတကြီးဖြစ်နေရင်တောင် ကူညီနိုင်ဖို့ မရှိတာကြောင့် စိတ်ရှည်ရှည်ထားပြီးပဲ စောင့်နေနိုင်တယ်။"

"တစ်နှစ်ကြာပြီး‌နောက်မှာ ဘာရလာဒ်မှ မရှိဘူး?" ဥက္ကဌခရုစ်က အနည်းငယ် အံ့ဩသွားသည်၊ "ရှုယီက ခင်ဗျားက တကယ် စိတ်ရှည်တာပဲ။ ကျုပ်ထင်တာတော့ ဒီလူက ခင်ဗျားတို့လုပ်ငန်းစုမှာ က‌စားနေရုံပဲလို့ထင်တယ်၊ မဟုတ်ဘူးလား? ဒီသုတေသနက ဘယ်လောက်ပဲ ခက်ခက် တစ်နှစ်လုံးပြီးသွားတာတောင် ဘယ်လိုလုပ် ဘာအောင်မြင်မှုမှမရတာလဲ။"

"မဟုတ်ဘူး၊ သူ သုတေသနလုပ်နေရတဲ့ အရာက သာမန်မဟုတ်ဘူး၊ တကယ်ကို ဒီလောက်ခက်တယ်။" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "သူ ဒီအရာကို ထုတ်လုပ်နိုင်သရွေ့ ကျုပ် သူ့ကို ဆယ်နှစ် အနှစ်,နှစ်ဆယ်လောက် ကျွေးထားရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့လုပ်ငန်းစုက သူ့ကို ပျိုးထောင်ဖို့ တတ်နိုင်ပါတယ်။"

ဥက္ကဌခရုစ်က မနေနိုင်ဘဲ ခေါင်းခါလိုက်သည်၊ "ဒီလူကတော့၊ ကျုပ် ခင်ဗျားကို အဖြုန်းအတီးလုပ်တယ်လို့ ပြောမရဘူး။ ဒါပေမယ့် ပြောရမယ်ဆိုရင် ခင်ဗျား ကျုပ်ကို တိကျတဲ့ ခန့်မှန်းမှုမပေးနိုင်မှတော့ ယေဘုယျ အချိန်ပဲ ပေးလို့ရမလား? ဥပမာ ဒီနှစ်ပြီးအောင် မလုပ်နိုင်ရင်တောင် နောက်နှစ်ဆိုရင်ရော? နောက်နှစ် မလုပ်နိုင်ရင် နောက်နှစ်ရဲ့ နောက်နှစ်ဆိုရင်ရော?"

"အာ..... စဉ်းစားကြည့်မယ်....."ရှုယီက မေးစေ့ကိုပွတ်ရင်း စဉ်းစားလိုက်သည်။ ထို့နောက် အသာမျက်မှောင်ကုပ်ကာ ခါးသက်သက်ပြုံး၍ ပြောလေ၏၊ "တကယ်တော့ ဒီနှစ်လုပ်နိုင်မယ်လို့တောင် မပြောရဲလို့ နောက်နှစ်လား ဒီနှစ်လားဆိုတာကို မပြောနိုင်ဘူး။ ဒါပေမယ့် ဒီနှစ်မထုတ်လုပ်နိုင်ရင်တောင် သူတို့လုပ်ထားတဲ့ တိုးတက်မှုတွေနဲ့ နောက်နှစ်တော့ သေချာပေါက် ထုတ်လုပ်နိုင်လောက်တယ်။

"ဆိုတော့ အချိန်၂နှစ်လောက်ပေါ့?"

ရှုယီ၏အတည်ပြုချက်ရပြီး‌နောက် ဥက္ကဌခရုစ်က စတင်၍ အလျင်အမြန် တွက်ချက်တော့သည်။

"ဒါကို နောက်နှစ်ကုန်မှာ ထုတ်လုပ်ရင်တောင် ဒါက အချိန် ၂နှစ်ပဲ။ ကျော်ကြားလာမယ့်အချိန်ကိုပါ တွက်ရင်တော့ သုံးနှစ်ပေါ့။ ဒီတော့ ကျုပ်ရှိတာက သုံးနှစ်လောက်၊ မြန်ရင်တော့ တစ်နှစ်ခွဲလောက်ပေါ့။ ဒီလိုလေ....."

ဥက္ကဌခရုစ်က ကောက်ချက်ဆွဲနေသည်ကို မြင်သော် ရှုယီလည်း စဉ်းစားကာ ပြောလာသည်၊ "တကယ်တော့ မှော်ကားတွေ မထုတ်လုပ်ခင် ခင်ဗျားရဲ့လမ်းဖောက်‌လုပ်ရေးအဖွဲ့ကို အမြန်တိုးချဲ့ဖို့ လိုသေးတယ်မို့လား? နိုင်ငံတစ်ခုလုံးမှာ လမ်းတွေကို လိုအပ်နေပြီး ခင်ဗျားကလည်း လူအတော်လိုနေတော့ ဘာလို့ မှော်ကားတွေထွက်လာတဲ့အထိ စောင့်ဖို့လိုမှာလဲ?"

"ဒါက မတူဘူး။" ဥက္ကဌခရုစ်က ခေါင်းခါကာ ပြောသည်၊ "မှော်ကားတွေ ထွက်မလာခင် ကျုပ်တို့ လုပ်ငန်းစုက လမ်းတွေဖောက်လုပ်ရာမှာ နည်းနည်း‌လောက်လျှော့ပြီးပဲ ရင်းနှီးမြှုပ်နှံနိုင်ပေမယ့် မှော်ကားတွေထွက်လာရင် ရင်းနှီးမြှုပ်နှံမှုကို တိုးဖို့ သေချာပေါက်လိုမှာပဲ။ ဒီတော့ ဒီအရာပေါ်လာတာနဲ့ ကျုပ်တို့လုပ်ငန်းစုရဲ့ စီးပွားရေးအစီစဉ်ကို ဆုံးဖြတ်ပေးလိမ့်မယ်။"

"ဒါဆို တခြားနည်းလမ်းမရှိဘူး၊ ကျုပ်က ယေဘုယျအချိန်ပဲ ပေးနိုင်တယ် အချိန်အတိအကျတော့ မပြောနိုင်ဘူး။" ရှုယီက ပခုံးတွန့်သည်။

"ဒါက လုံလောက်ပါတယ်။ တကယ်တော့ ခင်ဗျားတို့ လုပ်ငန်းစုက ဒီအရာကို ထုတ်လုပ်နိုင်မှာ သေချာတာနဲ့ အဆင်ပြေပြီ။" ဥက္ကဌခရုစ်က အပြုံးဖြင့် ဆိုသည်၊ "အချိန်တွေအများကြီး၊ တိကျတဲ့သတင်းတစ်ခုက ကိစ္စများစွာကို သက်ရောက်နိုင်တယ်။"

"ဒါက ကျုပ် အလေးအနက်သဘောတူတဲ့ အရာပဲ။" ရှုယီက ခေါင်းငြိမ့်ရင်း ခါးသက်သက်ပြုံးကာ ပြောလေသည်။

"ဥပမာ၊ ဥက္ကဌရန်နာဆာက ကျုပ်တို့အပေါ် အကြံစည်ရှိနေတဲ့ သားရဲလူမျိုးနွယ်စု သုံးစုရှိကြောင်း အတည်ပြုပြီးပြီဆိုတော့ ကျုပ်လည်း ရွေးစရာမရှိဘဲ အစောင့်အဖွဲ့တစ်ခု ဖန်တီးဖို့ စဉ်းစားရမယ်။"

ဥက္ကဌခရုစ်က ရှုယီကို ကြည့်ကာ သူနှင့်အတူ သတ္တုပျော့အရည်ကျိုစက်ရုံ၌ ရင်းနှီးမြှုပ်နှံမည့်အကြံအား လက်လျှော့လိုက်တော့၏။ သူလည်း စဉ်းစားပြီးမှ ပြောလေသည်၊ "တကယ်တော့ ခင်ဗျားသာ မလုပ်နိုင်ရင် ကြေးစားအဖွဲ့ တချို့ရဲ့ ခေါင်းဆောင်တွေကို ကျုပ်သိတော့ လတ်တလော ခင်ဗျားရဲ့ အစောင့်တွေအတွက် ေကြးစားတချို့ကို ခန့်ပေးလို့ရပါတယ်။"

"အဲဒါက နောက်ဆုံး အားကိုးရာပဲ။ လူ‌ထုခေါင်းဆောင်တွေကို ငှားဖို့က အတော်လေး အကုန်အကျများပြီး သူတို့ကလည်း ကျုပ်တို့ဘက်က လူတွေမ‌ဟုတ်တော့ စိတ်ချရမှာမဟုတ်ဘူး။" ရှုယီက ခေါင်းခါသည်။

"အမ်း၊ ဟုတ်တယ်။ သုံးရလွယ်ပြီး စိတ်ချရတာတွေကိုပဲ ခင်ဗျားလုပ်ငန်းစုရဲ့ အစောင့်တွေအဖြစ် သုံးဖို့က အကောင်းဆုံးပဲ။" ဥက္ကဌခရုစ်က သက်ပြင်းချကာ ဆိုသည်၊ "တကယ်တော့ ကျုပ် ခင်ဗျားတို့လုပ်ငန်းစုကို အတော်လေး အားကျမိတယ်၊ ခင်ဗျားအနေနဲ့ လူပုလေးတွေနဲ့ နတ်သူငယ်တွေကို လုပ်ငန်းစုရဲ့အစောင့်တွေအဖြစ် ခန့်အပ်လို့ရနိုင်တယ်လေ။ သူတို့က သာမန်လူသားအစောင့်တွေနဲ့ယှဉ်ရင် အများကြီး ပိုသန်မာတယ်။"

"ကျုပ် သူတို့ကို ယုံကြည်လို့ရနိုင်ပါ့မလားတောင် မသိပါဘူး" ရှုယီက ခေါင်းခါသည်၊ "လူပုလေးတွေနဲ့ နတ်သူငယ်တွေက ကျုပ်တို့လုပ်ငန်းစုမှာ အလုပ်လုပ်ဖို့ လက်ခံပေမယ့် ကျုပ်တို့အတွက် စောင့်ကြပ်ပေးမယ်လို့တော့ မဆိုလိုဘူးလေ။ ဒါက လူသားတွေကို ကာကွယ်ပေးတာနဲ့ အတူတူပဲဆိုတော့ သူတို့ လက်မခံမှာကို စိုးရိမ်မိတယ်။"

အချက်အလက်များက ရှုယီ၏ စိုးရိမ်မှုများဟာ အခြေအမြစ်မရှိမဟုတ်သည်ကို သက်သေပြနေသည်။

သူတို့နှစ်ဦးကို တင်ဆောင်လာသော မြင်းလှည်းမှာ မိုးရွာသွန်းသည့်တောင်ကြားသို့ ရောက်ရှိလာသောအခါ၊ ရှုယီနှင့် ဥက္ကဌ ခရုစ် တို့သည် သွားလိုရာကို အသီးသီးထွက်သွားတော့၏။ ဥက္ကဌခရုစ်က ဥက္ကဌ ရန်နာဆာ နှင့်တွေ့ဆုံရန် ဆမ်မရာသို့သွားခဲ့ပြီး ရှုယီက ချွေးထွက်နေသော ခေါင်းဆောင်စီလူကာနှင့် ခေါင်းဆောင်မွန်တိုကို သံမဏိစက်ရုံတွင် သွားရှာလေ၏။

လုပ်ငန်းစုအတွက် အစောင့်အဖွဲ့တစ်ခု တည်ထောင်လိုကြောင်း ခေါင်းဆောင်နှစ်ဦးအား ပြောခဲ့ပြီး အစောင့်အကြပ်များအဖြစ် လူပုလေးအချို့ကို ငှားရမ်းလိုကြောင်း ပြောဆိုသောအခါ ခေါင်းဆောင်နှစ်ဦးက အဆင်မပြေသည့်အမူအရာများ ပြလာသည်။

"ဥက္ကဌ ….. ညီအကိုတွေအကုန်လုံးက လုပ်ငန်းစုအတွက် အလုပ်လုပ်ဖို့ ဆန္ဒရှိကြပေမယ့် ပိုက်ဆံရဖို့ အလုပ်လုပ်နေကြတာဖြစ်ပြီး အစောင့်အကြပ်လုပ်ဖို့က‌တော့ အသက်ကို ရောင်းစားတာပါပဲ။ သူတို့ရဲ့ အသက်တွေကို လူသားတွေဆီ ရောင်းချဖို့ကိုတော့ ညီအစ်ကို တော်တော်များများက မလိုလားမှာကို ကြောက်မိတယ်…” ခေါင်းဆောင်စီလူကာက အဆင်မပြေသည့်ပုံစံဖြင့် ပြောသည်။

ရှုယီက ခေါင်းဆောင်မွန်တိုဘက် လှည့်သွားရာ ခေါင်းဆောင်မွန်တိုက အဆင်မပြေသည့်အကြည့်ဖြင့် ပြော၍ ခေါင်းယမ်းသည်။ "ခေါင်းဆောင် စီလူကာ ပြောတာ မှန်ပါတယ်။ ပိုက်ဆံရဖို့ အလုပ်လုပ်ရတာ အဆင်ပြေပေမယ့် သူတို့ဘဝတွေကို ရောင်းစားရတဲ့ ပြဿနာတွေလည်း အများကြီးရှိတယ်။ ပြောရရင်.... ငါတို့က မျိုးနွယ်စုတွေမတူကြဘူးလေ။"

ရှုယီ၏အမူအရာက အနည်းငယ်ရုပ်ဆိုးသည်ကိုတွေ့လိုက်ရသဖြင့် ခေါင်းဆောင်မွန်တိုက လက်ကို အလျင်အမြန်ဝှေ့ယမ်းကာ ပြောသည် ။"ဥက္ကဌရှု၊ စီလူကာနဲ့ ကျုပ်မှာ တခြားအဓိပ္ပါယ်တွေမရှိပါဘူး၊ ဒါက... လူပုလေးတွေရဲ့အသက်ကို ခင်ဗျားလူသားတွေဆီ ရောင်းခိုင်းလိုက်သလိုပဲ၊ အဲဒါက တကယ်ကို ထူးဆန်းနေလို့ပါ။"

ခေါင်းဆောင်စီလူကာက ခေါင်းညိတ်ကာ “အမှန်ပဲ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက နတ်သူငယ်တွေရဲ့အုပ်စိုးမှုကို ဆန့်ကျင်တိုက်ခိုက်ချိန်မှာ လူပုလေးတွေဟာ လူသားတွေနဲ့အတူ အလုပ်လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျုပ်တို့ လူပုလေးတွေဟာ ခင်ဗျားတို့လူသားတွေရဲ့ ညွှန်ကြားချက်တွေကို လက်ခံဖို့ ဆန္ဒမရှိသလို အသက်တွေကိုလည်း လူသားတွေဆီ ရောင်းချဖို့ ဆန္ဒမရှိဘူး၊ ဒါကြောင့် သမိုင်းကိုအခြေခံပြီးပဲ ပြောဖို့က ခက်လိမ့်မယ်။”

ရှုယီလည်း စဉ်းစားက မျက်မှောင်ကုပ်၍ ပြောလိုက်သည်၊ "အစောင့်ဆိုတာကို ပုံမှန်အလုပ်လို မဆက်ဆံနိုင်ဘူးလား။ လူပုလေး ညီအစ်ကိုတွေကို လုပ်ခလစာ ပေးနိုင်ပြီး သာမာန်အလုပ်သမားတွေထက် ပိုများမယ်လို့ အာမခံပါတယ်။”

ရှုယီက လက်လျှော့ရန် ဆန္ဒမရှိသည်ကို တွေ့လိုက်ရသဖြင့် ခေါင်းဆောင်စီလူကာနှင့် ခေါင်းဆောင် မွန်တို တို့မှာ ကူကယ်ရာမဲ့စွာ မပြောမီ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏၊ “ဒါဆို ညီအစ်ကိုတွေ့နဲ့ ဆွေးနွေးကြည့်လိုက်ပါ့မယ်။ ဒါပေမဲ့ ဥက္ကဋ္ဌ၊ ညီအစ်ကိုတွေက သဘောတူမယ်လို့တော့ အာမခံလို့မရဘူး။ ဟုတ်ပါတယ်၊ ကျုပ်တို့က ခင်ဗျားရဲ့စောင့်ရှောက်မှုကို အချိန်အကြာကြီး ရရှိခဲ့တဲ့အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ၊ ဒါကြောင့် ခင်ဗျားဒုက္ခရောက်နေတဲ့ အခုအချိန်မှာ ခင်ဗျားကို ကျိန်းသေ ကူညီပေးမှာပါ။"

ရှုယီက ကူကယ်ရာမဲ့စွာသာပြောလိုက်နိုင်သည် "ကောင်းပါပြီ၊ အကောင်းဆုံးလုပ်ပါ။ ဒါ သာမာန်အလုပ်တစ်ခုပဲဆိုတော့ အားလုံးဆန္ဒအလျောက်ပါဝင်လို့ရနိုင်ပါတယ်၊ ဘယ်သူ့ကိုမှ အတင်းအကြပ်မလုပ်ပါဘူးလို့ လူပု‌လေး ညီအစ်ကိုတွေကို ပြောပေးပါဦး။"

လူပုလေးတွေနဲ့ နှိုင်းယှဉ်လိုက်ပါလျှင် နတ်သူငယ်များက မာနကြီးကာ လူသားများအား နှိမ့်ချရာတွင် နာမည်ကြီးလေသည်။

ရှုယီမှ လူပုလေးများထံမှာ အေးစက်စက်အဖြေသာရခဲ့သဖြင့် နတ်သူငယ်များအ‌တွက် ပိုလို့မဖြစ်နိုင်ဟု ထင်ခဲ့မိသည်။

သို့သော် မျှော်လင့်ချက်အနည်းငယ်ဖြင့် ညတေးသံမျိုးနွယ်စုသို့ သွားကာ အကြီးအကဲအီလူရှာထံ တောင်းဆိုသောအခါတွင် အပြုသဘောဆောင်သော တုံ့ပြန်မှုကို ရရှိခဲ့သည့်အတွက် အလွန်အံ့သြသွားခဲ့၏။

"ဘာလို့မဖြစ်ရမလဲ?" အကြီးအကဲအီလူရှာက ရှုယီ၏ မယုံကြည်နိုင်‌နေသည့် အကြည့်ကို ကြည့်လာကာ အပြုံးမပျက်ဘဲ ပြောသည် ။“ကျွန်မတို့ နတ်သူငယ်တွေက မာနကြီးပေမဲ့ အဖြစ်မှန်တွေကို အမြဲအသိအမှတ်ပြုပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ရှင်တို့လူသားတွေကို ကျွန်မတို့ရှုံးသွားတာဟာ ရှင်တို့လူသားတွေက ကျွန်မတို့ နတ်သူငယ်တွေထက် ပိုကောင်းတဲ့ အမြင်တွေ ရှိတယ်လို့ ဆိုလိုတာပဲ။ မျိုးနွယ်စုဝင်တွေက ရှင်တို့လုပ်ငန်းစုကနေ အထူးလေ့ကျင့်သင်ကြားမှုကို လက်ခံရရှိပြီးတော့ စည်းကမ်းကြီးလာတာကြောင့် ကျွန်မကို ဘဝသစ်အတွက် မျှော်လင့်ချက်ပေးလာတာကို ထည့်မပြောနဲ့ဦး။ ရှင် သူတို့ကို အခု အစောင့်ဖြစ်စေချင်ရင်တောင်မှ သူတို့အတွက် အထောက်အကူဖြစ်မယ်လို့ ကျွန်မခံစားရတယ်။”

"ဘဝသစ်" ဟူသည့် အကဲဖြတ်မှုကိုကြားသော် ရှုယီမှာ အနည်းငယ်နိုးကြားသွားသည်။

နတ်သူငယ်တွေက လူသားတွေကို ဆန့်ကျင်တိုက်ခိုက်ပြီး နယ်မြေကြီးရဲ့ ထိန်းချုပ်မှုကို ပြန်ယူချင်လို့များလား?

သို့သော် ထိုသို့‌တွေးရင်း ရှုယီမှာ ထိုအတွေးက အတော်ရယ်ရသည်ဟု ခံစားမိသွား၏။

နတ်သူငယ်များမှာ ၎င်းတို့အသန်မာဆုံးဖြစ်နေချိန်တွင်တောင် လူသားများအား အနိုင်မယူနိုင်ခဲ့လေရာ ယခုတွင် အနည်းငယ်သာ ရှိသဖြင့် လူသားများကို တိုက်ခိုက်ရန်က ပိုလို့ပင် မဖြစ်နိုင်ချေ။

အရေးကြီးဆုံးအရာမှာ နတ်သူငယ်များ၏မွေးဖွားမှုနှုန်းက အတော်နည်းနေခြင်းဖြစ်၏။ ၎င်းတို့အတွက် လူဦးရေ များစွာ တိုးလာရန် မဖြစ်နိုင်လေရာ လူသားများကို ခြိမ်းခြောက်ရန်တော့ မဖြစ်နိုင်ပေ။

ထိုသို့စဉ်းစားရင်း ရှုယီလည်း စိတ်အေးသွားကာ အကြီးအကဲ အီလူရှာကို မေးလေ၏၊ "ဒါဆို ခင်ဗျားက မျိုးနွယ်စုဝင်တွေကို ကျုပ်တို့လုပ်ငန်းစုအတွက် အစောင့်တွေဖြစ်လာစေဖို့ ဆန္ဒရှိတယ်လို့ ပြောချင်တာပေါ့?"

အကြီးအကဲ အီလူရှာက အသာပြုံးကာ၊ "ဒါပေါ့။ ကျွန်မအနေနဲ့ မျိုးနွယ်စုဝင်တွေကို အသုံးမဝင်တဲ့ မာန်မာနတွေ ခဝါချခိုင်းထားပြီး ရှင်တို့လုပ်ငန်းစုမှာ အလုပ်သမားအဖြစ် ဝင်ခိုင်းဖို့ ဆုံးဖြတ်ပြီးမှတော့ ဒီအလုပ်အသစ်ကို ငြင်းဆန်တာက အရင်က အရာတွေအားလုံးကို ငြင်းပယ်တာနဲ့ အတူတူဖြစ်သွားလိမ့်မယ် မဟုတ်လား? ဥက္ကဌရှု ကျွန်မတို့နတ်သူငယ်တွေအတွက် အကြီးမားဆုံးအားသာချက်က ကျွန်မတို့ လက်ခံသမျှ အရာရာတိုင်းကို အပြီးသတ်အထိ လုပ်ဆောင်မှာဖြစ်ပြီး တစ်ဝက်နဲ့ လက်လျော့မှာ မဟုတ်တာပါပဲ။

အကြီးအကဲ အီလူရှာ၏ မျက်နှာက တောက်ပလာသည်ကို မြင်သော် ရှုယီလည်း စိတ်ထဲ၌ စကားလုံးတချို့ကို တိတ်တဆိတ် ရေရွတ်လိုက်သည်။

"ဒီအားသာချက်ကို ရှုထောင့်ပြောင်းလိုက်ရင် ခေါင်းမာတာလို့ ယူဆလို့ရတာပဲ။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၃၆။ ချုံခိုတိုက်ခိုက်ခြင်း၏ လက္ခဏာရပ်များ

ဥက္ကဌခရုစ်နှင့် ဥက္ကဌရန်နာဆာတို့က ရှုယီမှာ သားရေချပ်ဝတ်များနှင့် နတ်သူငယ်စစ်တပ်အပြည့်ကြီးကို ခေါ်ဆောင်လာသည်အား မြင်သော် ထိတ်လန့်သွားကြသည်။

ဥက္ကဌခရုစ်၏ ပါးစပ်ဆိုလျှင် မဲ့ရွဲ့သွားပြီး အတင်း‌ပြုံးလိုက်သည်။ ထို့နောက် ဥက္ကဌ ရန်နာဆာထံ လက်ဆန့်ထုတ်ကာ၊ "ခင်ဗျားအနေနဲ့ အလောင်းအစားလုပ်တဲ့ အချိန်မှာ အရှုံးကို လက်ခံရမယ်၊ ပေးပါ ဥက္ကဌရန်နာဆာ။"

ဥက္ကဌရန်နာဆာက ရှုယီနောက်ရှိ နတ်သူငယ်များကို အတန်ကြာကြည့်ပြီး ဥက္ကဌခရုစ်ထံ ရွှေဒင်္ဂါးတစ်ပြားထုတ်ပေးလိုက်သည်။ ထို့နောက် ခေါင်းခါကာ သက်ပြင်းချ၍ ပြောလေ၏၊ "ဥက္ကဌရှုက တကယ်ကို သာမန်လူမဟုတ်ဘူးပဲ၊ နတ်သူငယ်တွေကို သူ့အစောင့်အဖြစ်နဲ့ ရလာတယ်ဆိုတော့။ ဒါက တကယ်ပဲ ကျုပ် မျက်လုံးတွေကို ဖွင့်ပေးလိုက်တာပဲ။"

နှစ်ဦးသား၏ အပြုအမူကို မြင်သော် ရှုယီလည်း အနည်းငယ် အံ့ဩသွားသည်။

"ခင်ဗျားတို့ လောင်းထားတာလား?"

ဥက္ကဌ ခရုစ်က သူ၏ အိတ်ကပ်ထဲသို့ ရွှေဒင်္ဂါးကို ဂရုတစိုက်ထည့်ကာ ပြုံး၍ ရှုယီထံ ခေါင်းငြိမ့်လျက် ဖြေလိုက်သည်၊ "အမ်း၊ ကျုပ် ဥက္ကဌရန်နာဆာနဲ့ အလောင်းအစားလုပ်ထားတာ။ ခင်ဗျားအနေနဲ့ နတ်သူငယ်တွေကို အစောင့်အဖြစ်ခေါ်လာနိုင်မယ်လို့ ကျုပ်က လောင်းထားပြီး သူက ဆန့်ကျင်ဘက်ကို လောင်းထားတယ်လေ၊ ဒါပေမယ့် အခု ကျုပ်က နိုင်သွားပြီ ဟားဟား....."

ရှုယီမှာ ဆွံ့အသွားသည်။ ၎င်းတို့ထဲမှတစ်ဦးက ငါးဆယ်ပြည့်ခါနီးဖြစ်ကာ နောက်တစ်ဦးမှာ လေးဆယ်ကျော်ပြီ ဖြစ်သော်လည်း ဤကိစ္စလေးကို လောင်းရန်အထိ ပျင်းရိနေကြသည်။

လူများကို ပို၍ ဆွံ့အစေသည်မှာ ၎င်းတို့လုပ်ငန်းစုများက တစ်နှစ်လျှင် ရွှေဒင်္ဂါးသန်းချီရနေသော်လည်း ဤအလောင်းအစား၌ ရွှေဒင်္ဂါးတစ်ပြားပဲ သတ်မှတ်ထားခြင်းပင်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအဖြစ် နတ်သူငယ်များကို ခေါ်လာမည့် အကြောင်းကို အလောင်းအစားလုပ်နေသည့် ထိုလူများအား ဂရုစိုက်ရန် ပျင်းရိသွားကာ ရှုယီမှာ မနီးမဝေးမှ မြင်းလှည်းများကို ကြည့်၍ မေးလိုက်သည်၊ "အားလုံး ထုပ်ပိုးပြီးပြီလား?"

ဥက္ကဌရန်နာဆာက သူနှင့် ဥက္ကဌခရုစ်တို့၏ ငြင်းခုံမှုကို အဆုံးသတ်ကာ ပြန်ဖြေသည်၊ "အမ်း၊ ဒါက မိုင်းတူးကိရိယာ ပထမအသုတ်ပဲ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီမိုင်းတူးမှော်စက်တွေအပြင် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကလည်း လိုအပ်တဲ့ ကိရိယာတချို့ ထောက်ပံ့ခဲ့သေးတယ်။ သူတို့လည်း ဒီကို မိုင်းတူးကျွမ်းကျင်သူတွေကို ပို့လိုက်တယ်။"

ဥက္ကဌခရုစ်နှင့် ရှုယီတို့မှာ ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများနှင့် အဝတ်အစားနှင့် အပြုအမူများကွဲပြားနေသည့် လူများကို ကြည့်လိုက်သည်။ သူက ရှုယီကို မနေနိုင်ဘဲ မေးလေ၏၊ "ဥက္ကဌရှု၊ ခင်ဗျား ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းနဲ့ တိတ်တဆိတ် သဘောတူညီချက်တချို့ လုပ်ထားတာလား? မဟုတ်ရင် ဘာလို့ ဥက္ကဌမော်ဂန်က ဒီလာက် ကိရိယာတွေအများကြီး ပို့ပြီး ကူညီဖို့ သဘောတူရတာလဲ?"

ရှုယီလည်း အသာပြုံး၍ မရေမရာသာ ပြန်ဖြေလိုက်သည်၊ "ကျုပ် အန်ဗီမာမြို့တော်ကို သွားတော့ မားကွစ္စ် ဂျိုဝဲလ်နဲ့တွေ့ပြီး စကားနည်းနည်းပြောခဲ့တယ်။"

ဥက္ကဌခရုစ်နှင့် ဥက္ကဌရန်နာဆာတို့မှာ တစ်ဦးနှင့် တစ်ဦးကြည့်လိုက်ရာ မျက်လုံးများထဲရှိ အံ့အားသင့်မှုကို တွေ့လိုက်ရသည်။

ရှုယီက တကယ်ကြီး ဂျိုဝဲလ်မိသားစုနှင့် တိတ်တဆိတ် သဘောတူညီမှု လုပ်ခဲ့သည်က အမှန်ကို ထက်မြတ်လှသည်။

အားလုံးက ရောက်နေပြီး ကိရိယာများကိုလည်း ပြင်ဆင်ပြီးဖြစ်ရာ ၎င်းတို့ အဖွဲ့လည်း မနှောင့်နှေးနေတော့ဘဲ ဗော်လ်လာ ဝံပုလွေလူသားမျိုးနွယ်စုထံ ဦးတည်လိုက်၏။

လုပ်ငန်းစု သုံးစုမှာ ဗော်လ်လာဝံပုလွေလူသား မျိုးနွယ်စုရှိ မိုင်းတွင်းတစ်တွင်းကို ဖွင့်ရန် စီစဉ်ထားကြသဖြင့် ကိရိယာများ စုံလင်စွာပြင်ဆင်ထားသည်။ ထို့ကြောင့် ထို ယာဉ်တန်းကြီး၌ မြင်းလှည်းကြီး သုံးဆယ့်လေးစီးရှိနေကာ လုပ်ငန်းစုသုံးစုထံမှ မောင်းနှင်သူများနှင့် အစောင့်များလည်းပါသဖြင့် ယာဉ်တန်းက အတော်ကြီးနေ၏။

၎င်းမတိုင်ခင်က ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်း အပါအဝင် လူသားလုပ်ငန်းစုအားလုံးမှာ ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးများထံ ကုန်စည်တချို့ကိုသာ ပြန်ရောင်းချခဲ့ခြင်းဖြစ်၏။ ၎င်းတို့မှ ကုန်သည်စုများဖွဲ့စည်းလျှင်တောင် မြင်းလှည်း အနည်းငယ်ပဲရှိလေရာ ၎င်းပမာဏနှင့် ယှဉ်နိုင်ခြင်းမရှိချေ။

ဥက္ကဌ ရန်နာဆာ၏ ပြောကြားချက်အရ လက်ရှိ ကုန်သည်စုမှာ ဆန်နက်မြေရိုင်းကို ဝင်ရောက်ခဲ့ဖူးသည့် အကြီးဆုံးလူသားကုန်သည်စုကြီးပင် ဖြစ်သည်။

အကြီးဆုံးမှာ အာရုံကို ဆွဲဆောင်လိမ့်မည်သာ။

ထို့ကြောင့် ဆမ်မရာမြို့မှ ယာဉ်တန်းကြီး ထွက်ခွာကာ ဆန်နက်မြေရိုင်းသို့ ဝင်လိုက်သည်နှင့် ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်း၏ အစောင့်များက လူများဟာ ၎င်းတို့ကို စောင့်ကြည့်နေကြောင်း အစီရင်ခံလာကြသည်။

ထိုသတင်းကိုရသည်နှင့် ဥက္ကဌခရုစ်လည်း အနည်းငယ် စိတ်လှုပ်ရှားသွား၏။

"ဥက္ကဌရန်နာဆာ, ဒီသတင်းက အမှန်လား? သားရဲလူမျိုးတွေက ကျုပ်တို့ကို စောင့်ကြည့်နေတာလား? ဒါဆို အဲ့မှာ ဘယ်လောက်,လောက်ရှိလဲသိလား? သူတို့က သန်မာလား? ကျုပ်တို့ရဲ့ အစောင့်တွေက လုံလောက်ရဲ့လား?"

ဥက္ကဌရန်နာဆာက ခေါင်းခါကာ၊ "ကျုပ်က သားရဲလူမျိုးတွေ စောင့်ကြည့်နေကြောင်းပဲ သိရုံပါ၊ ဒါပေမယ့် ဘာမျိုးနွယ်စုနဲ့ ဘယ်နှယောက်ရှိတယ်ဆိုတာကို တော့ မသိဘူး။"

"ဒါဆို ဘာလုပ်ကြမလဲ?" ဥက္ကဌခရုစ်က အနည်းငယ် စိုးရိမ်နေ၏၊ "သားရဲလူမျိုးတွေသာ အတော်များရင် ကျုပ်တို့ အစောင့်တွေကလည်း မတိုက်ခိုက်နိုင်ရင် ဘာလုပ်ကြမလဲ?"

ဥက္ကဌရန်နာဆာက ရယ်ကာ၊ "အေးဆေးပေါ့၊ လက်ရှိသားရဲလူမျိုးတွေက အရင် နှစ်ပေါင်းထောင်ချီတုန်းက သားရဲလူမျိုးတွေလို မဟုတ်ပါဘူး။ သားရဲလူမျိုးတွေ လာရဲမယ်ဆိုရင်တောင် သိပ်များမှာ မဟုတ်ဘူး။ ကျုပ်တို့ အနေနဲ့ သူတို့ကို ကျုပ်တို့ အစောင့်တွေနဲ့ရင်ဆိုင်နိုင်တယ်၊ ပြီးတော့ ဥက္ကဌရှုခေါ်လာတဲ့ နတ်သူငယ်စစ်သည် ငါးဆယ်လည်း ရှိသေးတယ်လေ။ သူတို့နဲ့တင် လူသားစစ်သည် ရာနဲ့ချီကို ယှဉ်တိုက်နိုင်တော့ ပြဿနာမရှိပါဘူး။"

၎င်းကိုကြားမှ ဥက္ကဌခရုစ်မှာ စိတ်အေးသွားရသည်။ ထို့နောက် တိတ်တဆိတ်ဖြင့် ယာဉ်တန်းနံဘေးမှ လိုက်ပါလာသော နတ်သူငယ်များကိုကြည့်ရင်း အားပေးခံလိုက်ရဟန်ပေါ်သည်။

"ဥက္ကဌရှု၊ ခင်ဗျား နတ်သူငယ်အစောင့်တွေကို ခေါ်လာရင် ပိုတောင်ကောင်းလိမ့်မယ်။" ဥက္ကဌခရုစ်က ရုတ်ရတ် ပြဿနာတစ်ခုကို စဉ်းစားမိသွားကာ၊ "ဟုတ်သားပဲ၊ ကျုပ် အတော်လေးသိချင်နေတာ။ ခင်ဗျားဘာလို့ နတ်သူငယ်အစောင့်တွေပဲ ခေါ်လာပြီး လူပုလေးတွေ ပါမလာရတာလဲ? မာနကြီးတဲ့ နတ်သူငယ်တွေတောင် ခင်ဗျားလုပ်ငန်းစုအတွက် အစောင့်ဖြစ်လာဖို့ ဆန္ဒရှိတာကို ဘာလို့ လူပုလေးတွေက ဆန္ဒမရှိရတာလဲ?"

ရှုယီက ကူရာမဲ့စွာ ပြန်ဖြေ၏၊ "ဒါက.... အကြောင်းရင်းကို အချိန်တိုလေးအတွင်း ရှင်းပြလို့မရဘူး၊ အတိုချုံးပြောရရင် အခု လူပုလေးအစောင့်တွေအကြောင်း မတွေးပါနဲ့။ ဒီညတေးသံမျိုးနွယ်စု နတ်သူငယ်အစောင့်တွေကိုတောင် ကျုပ်တို့ လုပ်ငန်းစုရဲ့ အစောင့်တွေအဖြစ်ယူဆလို့မရဘူး။ ခင်ဗျားအနေနဲ့ တကယ်ပဲ ဖော်ပြချင်ရင် သူတို့ကို လုပ်အားပေးတွေအဖြစ်သတ်မှတ်လို့ပဲ ရမယ်။"

"ဒါဆိုသူတို့က ခင်ဗျား အမိန့်ကို နာခံမှာလား?" ဥက္ကဌရန်နာဆာက အဓိကပြဿနာကို သတိပြုမိလိုက်သည်။

"ကျုပ်ရဲ့ အမိန့်ကို နာခံမှာပါ၊ ဒီနတ်သူငယ်စစ်သည်တွေက ဘယ်လိုတိုက်ခိုက်မှန်း ကျုပ်မသိတော့ အသေးစိတ် ညွှန်ကြားတာကို နားထောင်မှာမဟုတ်ဘူး။" ရှုယီက ဖြေ၏။

"ခင်ဗျား အမိန့်ကို နာခံရင်တော့ တော်သေးတာပေါ့။ တစ်ခုခုဖြစ်လာရင် ဥက္ကဌရှုအနေနဲ့ သူတို့ကို ကျုပ်တို့လုပ်ငန်းစုရဲ့ အစောင့်တွေနဲ့ ပူးပေါင်းခိုင်းနိုင်ဖို့ မျှော်လင့်တယ်။"

"ဒါက လွယ်ပါတယ်။"

ခရီးအစအား ငြိမ်းချမ်းသည်ဟု ယူဆ၍ ရသော်လည်း ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းအစောင့်များ၏ တင်ပြချက်များအရ ၎င်းတို့အား ဝိုင်းရံလာသူများ ပိုပိုများလာနေသည်။

ထိုလူများက မည်သည်ကိုမှ မလုပ်သော်ငြား ကုန်သည်စု၏ လေထုကို အတော်လေး စိုးရိမ်လာစေ၏။

ဥက္ကဌရန်နာဆာ၏ ပြောကြားချက်အရ သူ၏လုပ်ငန်းစုမှာ ဆန်နက်မြေရိုင်း၌ စီးပွားလုပ်ရန် လာချိန်တွင် အချိန်အများစုမှာ ထိုသားရဲလူမျိုးများထံမှ စောင့်ကြည့်ခံရမည်သာ။ ထိုသားရဲလူမျိုးများမှာ ပုံမှန်ဆိုလျှင် နာနာခံခံ ထွက်ခွာသွားကာ မည်သည်မှ မလုပ်ကြဘဲ တကယ်တမ်း လုယက်ရန် ကြိုးစားခဲ့သည့် အကြိမ်ရေ တချို့သာ ရှိခဲ့သည်။

သို့သော် မည်သည့်အချိန်ဖြစ်ဖြစ် ထိုမျှလောက် စောင့်ကြည့်သူ မများခဲ့ဖူးချေ။

၎င်းကို အခြေခံကြည့်လျှင် ၎င်းတို့မှာ လှုပ်ရှားမှုကြီးတစ်ခု ပြုလုပ်ခဲ့ရုံမျှမက သားရဲလူမျိုးများ၏ ဘက်၌လည်း လှုပ်ရှားမှုကြီး ဖြစ်သွားစေသည်။

ထို့အပြင် ၎င်းတို့က ထိုလှုပ်ရှားမှုကြီးကို ပွင့်ပွင့်လင်းလင်းလုပ်ကတည်းက သားရဲလူမျိုးမှားမှာ ထိုသို့ ထွက်သွားရန် ဆန္ဒမရှိတော့ဘဲ အမှန်တကယ် တိုက်ခိုက်ရန် ရွေးသွားနိုင်သည်။

ဥက္ကဌရန်နာဆာ၏ သုံးသပ်ချက်ကို ကြားသော် ဥက္ကဌခရုစ်က တစ်ဖန်စိတ်လှုပ်ရှားလာပြန်သည်။

သူက တော်ဝင်စစ်တပ်အား ၎င်းတို့ကို စောင့်ကြပ်ရန် တောင်းဆိုဖို့ရာ ဖွင့်ဟလိုက်သော်လည်း ဥက္ကဌရန်နာဆာ၏ ငြင်းဆန်ခြင်းကို ခံလိုက်ရ၏။

ထိုကုန်သည်စုမှာ ကိုယ်ပိုင်လှုပ်ရှားမှုဖြစ်ရာ တော်ဝင်စစ်တပ်နှင့် မဆိုင်ပါချေ။

အမိန့်မရဘဲ တော်ဝင်စစ်တပ်မှာ လုပ်ငန်းစုတစ်ခုအတွက် အစောင့်များ အပြေးအလွှား ဖြစ်လာ၍ မရပေ။

သုံးဦးသား၏ အဆက်အသွယ်များနှင့် ကောင့်ထ်စီယန်အား စစ်တပ်ကို အမိန့်ပေးခိုင်းနိုင်ပါသော်လည်း ထိုကိစ္စက တစ်ကြိမ်တည်း ဖြစ်ပွားမည် မဟုတ်သည်လေ။ တော်ဝင်စစ်တပ်မှ ၎င်းတို့ကို ဤတစ်ခေါက် စောင့်ရှောက်ပေးနိုင်ပါလျှင်တောင် နောက်တစ်ခေါက်ရော စောင့်ရှောက်ပေးနိုင်ပါမည်လား?

လုပ်ငန်းစု သုံးစုက ဗော်လ်လာမျိုးနွယ်စု၌ မိုင်းတွင်းတစ်တွင်းဖွင့်မည်ဖြစ်ရာ စစ်တပ်အား ထိုမိုင်းတွေကို စောင့်ရှောက်ခိုင်း၍ မဖြစ်နိုင်ပေ။

"သားရဲလူမျိုးတွေက အင်အားကိုဂရုစိုက်ကြတဲ့ မျိုးနွယ်စုတစ်ခုပဲ။ ကျုပ်တို့သာ ဆန်နက်မြေရိုင်းရဲ့သားရဲလူမျိုးများအားလုံးကို ထိတ်လန့်စေဖို့ ဒီအခွင့်အရေးကို မသုံးနိုင်ရင် ကျုပ်တို့ မိုင်းတွင်းကို ဆောက်ပြီးသွားရင်တောင် ပြဿနာပေါင်းစုံတက်လာလိမ့်မယ်။" ဥက္ကဌရန်နာဆာက သူ၏အစီစဉ်အမှန်ကို အလေးအနက်ဆိုလာသည်၊ "ဒီတော့ ဒီတစ်ခေါက်မှာ သားရဲလူမျိုးတွေကို ထိခိုက်ဖို့ ဒီအခွင့်အရေးကိုသုံးပြီး ကျုပ်တို့ကို ဘယ်တော့မှ မတိုက်ခိုက်ဖို့ သတိရအောင်လုပ်ရမယ်!"

"ကျုပ်သဘောတူတယ်။" ရှုယီ ချက်ချင်းပင် သူ၏ သဘောထားကိုပြလာ၏၊ "နေ့တိုင်းစောင့်ကြပ်နေမှာထက်စာရင် ကျုပ်တို့ ဒါကို ကောင်းကောင်းအပြီးသတ်ရမယ်။"

နှစ်ဦးသားက ၎င်းတို့သဘောထားကို ရှင်းရှင်းလင်းလင်းပြလာရာ ဥက္ကဌခရုစ်လည်း ပြောစရာမရှိတော့ဘဲ ထောက်ခံကြောင်းပြလိုက်သည်။

ဥက္ကဌရန်နာဆာ၏ အတွေ့အကြုံအရ သားရဲလူမျိုးများထံ၌ လူသားများထက် စူးရှသည့် အာရုံများရှိသောကြောင့် ညအချိန်၌ တိုက်ခိုက်ဖို့ ရွေးချယ်ကြလောက်သည်။

ဆမ်မရာနှင့် ဗော်လ်လာမျိုးနွယ်စုကြား အကွာအဝေးကို သုံးသပ်ရလျှင် ခရီးက တစ်ရက်လောက်သာကြာမည်။

ထို့ကြောင့် သားရဲလူမျိုးများသာ တိုက်ခိုက်လိုလျှင် ဤည၌သာ အခွင့်အရေးရမည်။

ထို့ကြောင့် ရှုယီက ထိုသုံးသပ်ချက်ကို ကြားချိန်တွင် လှည်း ခုန်နေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ချက်ချင်း ထိုးအိပ်လေ၏။

ညရောက်ချိန်တွင် ယာဉ်တန်းကြီးက မြေပြင်ထက်၌ စခန်းချရန်ပြင်လိုက်ပြီး ရှုယီက နိုးလာသည်။

ဥက္ကဌ ရန်နာဆာက အစောင့်များကို အလျင်အမြန် စခန်းချခိုင်းနေသည်အားမြင်သော် ရှုယီလည်း မြင်းလှည်းထဲမှ ထွက်ကာ ညတေးသံမျိုးနွယ်စု နတ်သူငယ်များထဲမှ တစ်ဦးကို မေးရန် သွားလိုက်သည်၊ "ဟေး ဖူရီယို, ဘယ်လိုနေလဲ?"

ထို ဖူရီယိုဆိုသည့် နတ်သူငယ်မှာ နတ်သူငယ်စစ်သည် အယောက်ငါးဆယ်၏ ခေါင်းဆောင်ဖြစ်သည်။

အကြီးအကဲအီလူရှာ၏ ရှုယီနှင့် သဘောတူညီမှုကြောင့် ရှုယီမှာ ထိုနတ်သူငယ်များကို ပစ်မှတ်တစ်ခုအတွက် အမိန့်များပေးနိုင်သော်လည်း တိကျသည့် ညွှန်ကြားချက်များကတော့ ဖူရီယိုကိစ္စဖြစ်လေရာ ရှုယီက ဝင်မစွက်ဖက်ပေ။

ရှုယီမှာ သဘာဝကျစွာပင် ဖူရီယိုကို ယုံကြည်သဖြင့် သူ့ထံ၌ အကြောင်းရင်းမရှိလျှင် ထိုနတ်သူငယ်များကို စကားပြောမည်မဟုတ်သောကြောင့် ယခု အခြေအနေကိုသာ လာမေးလိုက်ခြင်းဖြစ်၏။

ဖူရီယိုက မည်သို့တွေးနေပါစေ ရှုယီကို အပြင်ပန်း၌ အင်မတန်‌ရိုသေကာ အလေးပြု၍ ဖြေလာသည်၊ "ဥက္ကဌ၊ ကျုပ်တို့တွေ လေကလာတဲ့ သားရဲလူမျိုးတွေရဲ့ အန္တရာယ်အနံ့ကိုရလို့ သူတို့ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်ကို ခံစားရပါတယ်။ ကျုပ်တို့ရဲ့ သူတို့အပေါ် နားလည်မှုအရ သူတို့ ဒီညမှာပဲ တိုက်ခိုက်မှုကို စလောက်တယ်။"

"အမ်း၊ ကောင်းတယ်။ ဒီည ကုန်သည်စုကို ကာကွယ်ဖို့ တခြားအစောင့်တွေကို ခင်ဗျား ကူညီလို့ရပါတယ်။" ရှုယီက ခဏရပ်ပြီးနောက် ထပ်ပေါင်းပြောသည်၊ "ဒါပေမယ့် ခင်ဗျားတို့ ကိုယ်ပိုင်လုံခြုံမှုကို အာရုံစိုက်ဖို့ မျှော်လင့်ပါတယ်။ ကုန်သည်စုက ကိစ္စမရှိပေမယ့် ခင်ဗျားတို့သာ ထိခိုက်တာတို့ အသတ်ခံရတာတို့ဖြစ်ရင် ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုပဲ။ နားလည်ရဲ့လား?"

ဖူရီယို၏ အမူအရာက အနည်းငယ်ပြောင်းသွားကာ ခေါင်းငြိမ့်၍ ဖြေလေ၏၊ "အမိန့်အတိုင်းပါပဲ။"

****

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၃၇။ သားရဲလူမျိုးများ လွတ်လပ်ရေးတပ်ရင်း

ဤညကောင်းကင်ယံ၌ လခြမ်းကွေးလေးက တွဲလွဲခိုနေရာ လရောင်က ထိုမျှ မလင်းချေ။

ဆန်နက်မြေရိုင်းက ဘန်တာမြိုတော်၌ မလင်းသည့်အချက်ကိုပါပေါင်းလိုက်လျှင် ညရောက်လာချိန်၌ မြေပြင်တစ်ခုလုံးတွင် ကုန်သည်စု စခန်းမှ မီးပုံများသာ ရှိနေသည်။

၎င်းက ကျယ်ပြော၍ ကွက်လပ်ဖြစ်သည့် နေရာဖြစ်ရာ ၎င်းမီးတောက်များက အသိသာဆုံး ပန်းတိုင်ဖြစ်နေ၏။ ထိုသည်က ၎င်းတို့ကိုယ်ကိုမထိန်းချုပ်နိုင်သည့် အနီးနားက သားရဲလူမျိုးများအား လမ်းပြနေသည်။

၎င်းတို့နံဘေးရှိ သေလုအောင် တိတ်ဆိတ်မှု၌ ဝံပုလွေအူသံရှည်ကြီးက ရုတ်တရတ်ထွက်ပေါ်လာကာ ကွင်းပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်မှာ မြင်းများစွာ ဖြတ်ပြေးသွားသလိုပင်။

ထိုအသံကိုကြားသော် ဥက္ကဌရန်နာဆာ၏အမူအရာက ပြောင်းလဲသွားသည်။

"မကောင်းတော့ဘူး! ဒါက နွားထီးသားရဲလူမျိုးပဲ!"

ထိုအသံထွက်လာသည်နှင့် အဝေးမှ ခပ်မှောင်မှောင်အရိပ်များ အပြုံလိုက် ထွက်ပေါ်လာတော့သည်။ ၎င်းတို့က အရိုင်းဆန်သည့် အရောင်အဝါကို ထုတ်လွှတ်နေ၏။

တစ်ချိန်တည်းတွင် ၎င်းတို့ဘေးတဝိုက်၌လည်း အရိပ်များစွာ ရှိနေလေသည်။ တချို့မှာ ရှည်၍ တစ်ချို့က ပိန်ပါးသော်လည်း ၎င်းတို့အားလုံးက စူးရှပြင်းထန်သည့် ရောင်ဝါကို ထုတ်လွှတ်နေသည်။

"ဥက္ကဌ၊ ကြည့်ရတာ သားရဲလူမျိုးလွတ်လပ်ရေးတပ်ရင်း ဖြစ်ပုံပဲ!" ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်း အစောင့်တစ်ဦးမှာ ဥက္ကဌရန်နာဆာထံသို့ ထိတ်လန့်နေဟန်ဖြင့် အော်ပြောလာသည်။

နံဘေးရှိ ရှုယီလည်း တအံ့တဩမေးလိုက်၏၊ "သားရဲလူမျိုး လွတ်လပ်ရေးတပ်ရင်းကဘာများလဲ?"

"ဒါက လူသားတွေကို လက်ခံဖို့ ဆန္ဒမရှိတဲ့ ဆန်နက်မြေရိုင်းက အဖွဲ့ဆိုပေမယ့် သူတို့က တကယ်တမ်း သားရဲလူမျိုး ဓားပြအဖွဲ့။ ဒါပေမယ့်လည်း လူသားကုန်သည်စုတွေဆီက လုယက်တဲ့ တခြားသားရဲလူမျိုးတွေနဲ့မတူဘူး၊ ဒီကောင်တွေက လူသားတွေကို အသေမုန်းနေပြီး တိုက်ခိုက်ချိန်ဆို ကုန်သည်စုမှာရှိတဲ့ လူသားအားလုံးကို သတ်လိမ့်မယ်။ တော်ဝင်စစ်တပ်လည်း အရင်က သူတို့ကို အကြိမ်များစွာဝိုင်းဖူးတော့ အချိန်ခဏလောက်တော့ မပေါ်လာလောက်ဘဲ ပျောက်သွားပြီလို့ ထင်နေပေမယ့် မထင်ထားခဲ့ဘူး..... ရုတ်တရတ်ကြီး ဒီလို ပေါ်လာမယ်လို့။"

ဥက္ကဌရန်နာဆာ၏ မျက်နှာထက်ရှိ မှောင်မည်းနေဟနကို မြင်သော် ရှုယီက မေးလိုက်သည်၊ "သူတို့က အရမ်းသန်မာတယ်လား?"

ဥက္ကဌရန်နာဆာက သားရဲလူမျိုးများ အလျင်အမြန်နီးကပ်လာသည်ကို ခါးသက်သက်ပြုံးကြည့်ကာ၊ "သူတို့အများကြီးကို မသန်မာပဲ နေမလား?"

ရှုယီမှာ တစ်စုံတရာကိုမေးလိုက်ချင်သော်လည်း ရုတ်တရတ် မြှားပေါင်းများစွာက ကောင်းကင်မှ တစ်ဆင့်ပျံသန်းလာလေသည်။ ထို့နောက် မီတာနှစ်ရာလောက် အကွာ၌ ရှိနေဆဲ သားရဲလူမျိုးအဖွဲ့ အားလုံး ကျသွား၏။ ဥက္ကဌရန်နာဆာက ကြောင်အသွားပြီးမှ ရွှင်မြူးဟန်ပေါ်လာသည်။ ထို့နောက် ရှုယီ၏ပခုံးကို အားအပြည့်ဖြင့် ဆုပ်ကိုင်ကာ၊ "ဥက္ကဌရှုက နတ်သူငယ်အစောင့်ငါးဆယ်ကို ခေါ်လာတာ ကောင်းတာပဲ၊ မဟုတ်ရင် ကျုပ်တို့ ဒီနေ့ ဒီနေရာမှာ သေသွားနိုင်တယ်။"

လူသားများနှင့် ယှဉ်လျှင် သားရဲလူမျိုးအများစုက ဤည၌ အခွင့်သာသော်လည်း ညဘက် တိုက်ပွဲစွမ်းဆောင်ရည်ကို ယှဉ်လိုပါလျှင် ညချမ်း၏ ကလေးများဟု ခေါ်တွင်သော နတ်သူငယ်များကို သားရဲလူမျိုးများက အဘယ်မှာ ယှဉ်နိုင်ပါမည်နည်း။

အရာအားလုံးက လုံးဝမှောင်ပိတ်နေသော်လည်း ဖူရီယို၏ ညွှန်ကြားမှုအောက်တွင် နတ်သူငယ်အယောက်ငါးဆယ်က ငှက်မွေးမြှားများကို ပစ်လွှတ်နေရာ သားရဲလူမျိုးများ တစ်ယောက်ပြီးတစ်ယောက် ကျနေ၏။

ရှုယီနှင့် ပူးပေါင်းခြင်းကို အလေးထားသည့် အကြီးအကဲအီလူရှာက အသန်မာဆုံးနတ်သူငယ်စစ်သည်များထဲမှ အယောက်ငါးဆယ်ကို ရွေးချယ်ပေးထားရာ တိုက်ပွဲခွန်အားကို သံသယဖြစ်ဖို့ပင်မလိုချေ။

တိုက်ပွဲစတင်သည်နှင့် ၎င်းတို့မှာ ချက်ချင်းပင် လူသားစစ်သည်များကို များစွာကျော်လွန်နေသည့် တိုက်ပွဲခွန်အားကို ထုတ်ပြလာသည်။

သို့သော် တိုက်ခိုက်နေသည့် သားရဲလူမျိုး များစွာရှိနေလေသည်။ နတ်သူငယ်အယောက်ငါးဆယ်မှာ သားရဲလူမျိုးတစ်ဦးကို မြှားတစ်စင်းဖြင့် သုတ်သင်နိုင်သော်လည်း လေးတစ်လက်၏ သတ်ဖြတ်နိုင်စွမ်းက ထိုနေရာ၌ ရပ်တန့်သွားရာ သားရဲလူမျိုးများ ချဉ်းကပ်လာသည်မှ မတားနိုင်ချေ။

မျက်တောင်တစ်ခတ်စာအတွင်း အရှေ့ရှိ သားရဲလူမျိုးများမှာ ကုန်သည်စုနှင့် မီတာတစ်ရာပင် မကွာတော့ပေ။ ၎င်းတို့မှာ ချီတက်လာနေသည့် ဒေါသတကြီး ဝံပုလွေခေါင်းများကိုပင် မြင်နေရသည်။

၎င်းကိုမြင်သော် ဥက္ကဌရန်နာဆာက သက်ပြင်းတစ်ချက်ချ၏၊ "မျိုးရိုးမြင့်မှော်ပညာရှင်တွေက ကျုပ်တို့ လုပ်ငန်းစုကို အထင်သေးတာ နှမျောစရာပဲ၊ မဟုတ်လို့ကျုပ်တို့မှာသာ စွမ်းအားကြီးမှော်ပညာရှင်တွေရှိရင် ပိုကောင်းမယ်။"

ဥက္ကဌရန်နာဆာက သူ၏အစောင့်များအား သားရဲလူမျိုးများကို တိုက်ခိုက်ခိုင်းရန် ပြင်လိုက်ချိန်တွင် ရှုယီက သူ၏နံဘေးမှနေ၍ ရယ်သံတစ်ချက်ပြုလာ၏။ ထို့နောက် လူတစ်ရပ်စာလောက်ရှိသည့် ဧရာမမီးလုံးကြီးက ရုတ်တရတ် ပျံထွက်သွားကာ ရှေ့ရှိ သားရဲလူမျိုး အုပ်စုထံ ကျရောက်သွားသည်ကို တွေ့လိုက်ရသည်။

"ဟုန်း!"

၎င်းဧရာမမီးလုံးကြီးက ရုတ်တရတ် သားရဲလူမျိုးများအကြား၌ ပေါက်ကွဲသွား၏။

ထိုအသံကြီးနှင့်အတူ ပေါက်ကွဲအားကြောင့် လွင့်ထွက်သွားသည့် သားရဲလူမျိုးများ မရေတွက်နိုင်အောင်ရှိနေသည်။

မီးပွားများက ဘေး၌ ပျံ့လွင့်နေကာ သားရဲလူမျိုးများမှာ မီးလောင်ကုန်ကြ၏။

မျက်တောင်တစ်ခတ်စာအတွင်း ဥက္ကဌရန်နာဆာ ရှိရာဘက် ချီတက်လာနေခဲ့ကြသည့် သားရဲလူမျိုးများမှာ လုံးဝ လမ်းပိတ်သွားသည်။

ဥက္ကဌရန်နာဆာက ရုတ်တရတ် ရှုယီကို လှည့်ကြည့်လိုက်ရာ နောက်ထပ် ဧရာမမီးလုံးကြီးအား ပစ်လွှတ်လိုက်ကြောင်း တွေ့လိုက်ရလေ၏။

မှင်တက်နေခဲ့ပြီးနောက်တွင် ဥက္ကဌရန်နာဆာမှာ နားလည်သွားခဲ့သည်။

ရှုယီနှင့် အချိန်ကြာ အတူရှိခဲ့ပြီးနောက် သူဟာ အမြဲတမ်း ရှုယီအား Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအဖြစ် ဆက်ဆံခဲ့သည်။ သို့သော် ရှုယီမှာ နောက်ထပ်အထောက်အထားဖြစ်သည့် စွမ်းအားကြီးမှော်ပညာရှင်ဖြစ်ကြောင်း လုံးလုံး မေ့လျော့နေခဲ့သည်!

ဥက္ကဌရန်နာဆာမှာ ရှုယီက မည်သည့်အဆင့်ရှိ မှော်ပညာရှင်မှန်း မသိပါသော်လည်း ထိုမျှ အားကောင်းသည့် မီးလုံးကြီးတစ်လုံးကို သာမန်ကာလျှံကာလေး ပသ်လွှတ်နိုင်သည်ကြောင့် အဆင့်က မနိမ့်လောက်ပေ။

ပိုအရေးကြီးသည်မှာ ကုန်သည်စု၏ အစောင့်များကြား၌ မှော်ပညာရှင်တစ်ဦး၏ ဖြစ်တည်မှုကြီး ရှိနေခြင်းပင်။

ပြောရလျှင် စိုင်စ်နယ်မြေရှိ မှော်ပညာရှင်များမှာ စွမ်းအားကြီးကာ တိုက်ပွဲအတွင်း အင်မတန်အရေးကြီးပါသောကြောင့် မြင့်မြတ်သော အနေအထား၌ ရှိသည်။

၎င်းကြောင့်ပင် နာမည်ကြီးလုပ်ငန်းစုများစွာက မှော်ပညာရှင်များအား အထူးအစောင့်အကြပ်များအဖြစ် ဖိတ်ကြားကြသည်။

ဥက္ကဌရန်နာဆာသည်လည်း ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်းအတွက် မှော်ပညာရှင်အချို့ကို အစောင့်အဖြစ်ထားချင်ပါသော်ငြား အဆင့်နိမ့်မှော်ပညာရှင်များက ကိစ္စမရှိဘဲ လုပ်ငန်းစုများစွာမှာ ဖိတ်ကြားခံဖို့လောက်ထိ သန်မာသော မှော်ပညာရှင်များက ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်း ကို အထင်သေးကြသည်။ ထို့ကြောင့် ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်း၏ အစောင့်များထံ၌ ဘယ်တော့မှ မှော်ပညာရှင်မရှိခဲ့ချေ။

မှော်ပညာရှင်တစ်ဦးမှ မရှိခဲ့သောကြောင့် ထိုသားရဲလူမျိုးများကိုမြင်သည်တွင် အတန်ငယ် စိုးရိမ်သွားခဲ့၏။

သို့သော် ရှုယီက စွမ်းအားကြီးမှော်ပညာရှင်ဖြစ်ကြောင်း ရုတ်တရတ်သတိရသွားသည်နှင့် ဥက္ကဌရန်နာဆာမှာ ယုံကြည်မှုအပြည့်ဖြစ်သွားတော့သည်။ သူက ဒေါသကြီးနေသည့် သားရဲလူမျိုးများကိုကြည့်ကာ ၎င်းတို့မှာ မည်သည့်ခြိမ်းခြောက်မှုမှ မဖြစ်ဟု ခံစားမိသွားရသည်။

၎င်း ရုတ်တရတ် မီးလုံးကြီးက ဥက္ကဌရန်နာဆာ၏ ယုံကြည်မှုကို ပြန်ရစေရုံသာမက အစောင့်များ၏ စိတ်ဓာတ်ကိုပါ များစွာ တိုးတက်လာစေသည်။

သူတို့ထံ၌ စွမ်းအားကြီးမှော်ပညာရှင်တစ်ဦးရှိသည်ကို သိလိုက်ရသော် အစောင့်များ၌ အစောပိုင်းက ရှိခဲ့သည့် စိတ်ပျက်မှုများ ပျောက်ကွယ်သွားပြီး အင်အားပြည့်သွားကြသည်။

ရှုယီမှာ သားရဲလူမျိုးများအား မန္တာန်များစွာနှင့် ခွဲလိုက်ပြီးနောက် ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်း၏ အစောင့် ခေါင်းဆောင်က အော်သံတစ်ချက်ပေးကာ အစောင့်များနှင့်အတူ ချီတက်ရင်း ရောက်လာကြသည့် သားရဲလူမျိုးများကို ရင်ဆိုင်လိုက်သည်။

ဖူရီယိုခေါင်းဆောင်သည့် နတ်သူငယ်များသည်လည်း လေးများကို ဖယ်၍ နတ်သူငယ်ဓားတိုများကို ဆွဲထုတ်ကာ သားရဲလူမျိုးများကို အနီးကပ်တိုက်ခိုက်ရန် ပြင်လိာက်‌ကြတော့၏။

ထိုအနီးကပ်တိုက်ပွဲက လူသား၊ သားရဲလူမျိုးနှင့် နတ်သူငယ်တို့အကြားရှိ ခြားနားချက်ကို ပြသလာသည်။

ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ ဥက္ကဌရန်နာဆာ စုဆောင်းထားခဲ့သည့် ထက်မြတ်သော လူသားစစ်သည်များဖြစ်ပါသော်လည်း သားရဲလူမျိုးများနှင့် စတင်တိုက်ခိုက်သည်နှင့် အခွင့်မသာတော့ချေ။

အထူးသဖြင့် အားအကောင်းဆုံးနွားထီးမျိုးနွယ်စုများနှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းတို့ထဲမှ တစ်ဦးကို နှစ်ယောက်သုံးယောက်ဖြင့် ရင်ဆိုင်ဖို့ လိုလေသည်။

ကျန်ရှိနေသည့် ဝံပုလွေလူမျိုး၊ ကျားရဲလူမျိုးနှင့် အခြားသောသားရဲလူမျိုးများမှာ နွားထီး မျိုးနွယ်စုကို မယှဉ်နိုင်ပါလျှင်တောင် တစ်ဦးချင်းတိုက်ခိုက်လျှင် အခွင့်မသာပေ။

ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်း နှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့၏ အစောင့်များအားလုံး ပေါင်းလိုက်လျှင် လူသုံးရာလောက်ရှ်သော်လည်း သားရဲလူမျိုး တစ်ရာလောက်ကိုသာ ပိတ်ဆို့ထားနိုင်သည်။ ၎င်းတို့အနေနှင့် ထိုသားရဲလူမျိုးများ ချီတက်လာခြင်းမှ တားဆီးရန် အစွမ်းအားလုံးဖြင့် ခုခံရန်လိုအပ်၏။

ဤတစ်ခေါက်တိုက်ခိုက်သည့် သားရဲလူမျိုးမှာ နှစ်ရာမှ သုံးရာသာရှိလေ၏။ ၎င်းတို့ချီတက်လာချိန်၌ နတ်သူငယ်များ၏ လေးများနှင့် ရှုယီ၏ မှော်စွမ်းအားက ၎င်းတို့ထဲမှ တစ်ရာလောက်ကို ရှင်းထုတ်လိုက်နိုင်ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ထိုအစောင့်များနှင့် ၎င်းတို့ကို တားနိုင်လိမ့်မည်မဟုတ်ပေ။

နှိုင်းယှဉ်ကြည့်ရလျှင် တစ်ဘက်၌ သားရဲလူမျိုးများကို ပိတ်ဆို့ထားသည့် နတ်သူငယ်များက ပို၍ပင် မြင့်မားသည့် တိုက်ပွဲခွန်အား အဆင့်ကို ပြသနေသည်။

နတ်သူငယ် အယောက်ငါးဆယ်သာရှိကာ ၎င်းတို့မှာလည်း သားရဲလူမျိုး တစ်ရာလောက်နှင့် ရင်ဆိုင်နေရသော်လည်း ထိုနတ်သူငယ်ငါးဆယ်က လူသားအစောင့် သုံးရာနှင့်ယှဉ်လျှင် များစွာ ပိုမို အေးဆေးဖြစ်နေ၏။

ရှုယီက ထိုနတ်သူငယ်များမှာ တိုက်ပွဲအတွင်း၌ပင် ၎င်းတို့၏ ကျော့ရှင်းသေသပ်သည့် ခြေလှမ်းများကို ထိန်းထားနိုင်သည်အား မြင်လိုက်ရသည်။ လှုပ်ရှားမှုတစ်ခုစီက ရှင်းလင်းကာ လှပနေသည်။

ထိုလှုပ်ရှားမှုများက ပေါ့ပါးကာ အားနည်းဟန်ပုံပေါ်နေလျှင်သော်မှ သားရဲလူမျိုးများ အနေနှင့် လုံးဝမတောင့်ခံနိုင်ဘဲ တစ်ယောက်ပြီး တစ်ယောက်ကျနေသည်။

ထိုမြင်ကွင်းကိုမြင်သော် ရှုယီမှာ နတ်သူငယ်များအနေနှင့် နယ်မြေကြီးအား လွန်ခဲ့သည့် နှစ်ထောင်ချီအကြာက အုပ်ချုပ်နိုင်ခဲ့ကြောင်းကို ယုံကြည်သွားလေ၏။

၎င်းတို့မှာ အနီးကပ် တိုက်ပွဲ၌ ဖြစ်စေ အဝေးမှာ လေးများဖြင့် မြှားပစ်ခြင်း၌ဖြစ်စေ အင်မတန် အရည်အချင်းရှိလှကာ မှော်ပညာ၌လည်း လူသားများ၏ ဆရာများပင်ဖြစ်နိုင်၏။ ၎င်းတို့သာ နယ်မြေကြီးကို မထိန်းချုပ်နိုင်လျှင် ထူးဆန်းနေလိမ့်မည်။

နတ်သူငယ်များက မွေးဖွားမှုနှုန်း နိမ့်သည့် အချက်ကြောင့်သာ မဟုတ်ပါလျှင်၊ ရုန်းရင်းဆန်ခတ်မရှိသည့်တိုင် တဖြည်းဖြည်း ကျဆင်းလာခြင်းကြောင့်သာ မဟုတ်ပါလျှင် လူသားများအနေနှင့် နတ်သူငယ်များထံမှ နယ်မြေကြီး၏ ထိန်းချုပ်မှုကို လုယူရန် အင်မတန် ခဲယဉ်းလောက်သည်။

စိုင်စ်နယ်မြေကြီးရှိ ထိုသမိုင်းအပြောင်းအလဲများအကြောင်းစဉ်းစားနေရင်း ရှုယီ၏ လက်များမှာ မရပ်တန့်ဘဲ လှုပ်ရှားနေသည်။ သူဟာ မည်သည်မှ လုပ်စရာမရှိချိန်တွင် မန္တာန်တချို့ပစ်လွှတ်လျက် ခုခံမှုများမှ ဖောက်ထွက်လာခါနီး သားရဲလူမျိုးများကို လွင့်ထွက်သွားစေ၏။ တိုက်ပွဲက နာရီဝက်လောက်ကြာမြင့်နေပြီး တိုက်ခိုက်နေသည့် သားရဲလူမျိုးတစ်ဝက်လောက် ကျနေပြီဖြစ်သည်။

ကျန်ရှိနေသည့် တစ်ရာပင်မပြည့်သော သားရဲလူမျိုးများက အခြေအနေဆိုးလာသည်ကို မြင်တွေ့နေကြသည်။ မည်သည့်သားရဲလူမျိုးများက အော်လိုက်သည်ကို မသိသော်လည်း သားရဲလူမျိုးအားလုံးမှာ ၎င်းတို့ ပြိုင်ဘက်များကို တွန်းထုတ်လျက် လှည့်ပြေးကြတော့သည်။

ဥက္ကဌရန်နာဆာက လိုက်သွားရန်ပြင်နေသည့် အစောင့်များအား တားလိုက်ကာ နတ်သူငယ်များကလည်း ရှုယီထံမှ လိုက်သွားစေလိုသည့် အမိန့်မရသဖြင့် ရပ်တန့်လိုက်ကြ၏။

ကျန်ရှိသည့် သားရဲလူမျိုးတို့က အမှောင်ထုနှင့် ကျယ်ပြောသည့် မြေရိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို မြင်သော် ဥက္ကဌရန်နာဆာက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တော့သည်။

"ဟုတ်ပြီ၊ သားရဲလူမျိုးလွတ်လပ်ရေးတပ်ရင်းက ကျုပ်တို့ကို အလွယ်လေးလာတိုက်ခိုက်ရင်တောင်။ ကျုပ်ထင်တာတော့ ဆန်နက်မြေရိုင်းရဲ့ တခြား သားရဲလူမျိုးတွေက မိုက်မိုက်ကန်းကန်းနဲ့ ကျုပ်တို့ကို တိုက်ခိုက်မှာမဟုတ်ပါဘူး။"

ရှုယီလည်း ကုန်သည်စုနံဘေးပတ်လည်မှ သွေးအိုင်များထဲရှိ သားရဲလူမျိုးများကိုကြည့်ကာ တိတ်ဆိတ်သွားသည်။

လူသားများစွာကို သတ်ထားကာ လက်ညစ်ပတ်ပြီးသား ထိုသားရဲလူမျိုးများကို သနားသည်တော့မဟုတ်ပါသော်ငြား ဤသည်က သူ၏ ပထမဆုံးသော တိုက်ပွဲအစစ်အမှန်ပင်။

သူဟာ မန္တာန်တချို့ ပစ်လွှတ်ရုံသာဖြစ်ပြီး အနီးကပ် မတိုက်ခိုက်ခဲ့ပါလျှင်တောင် သူ့အား အတော်လေး မသက်မသာဖြစ်စေသည်။

ရှုယီ မျက်နှာထက်ရှိ အမူအရာကိုမြင်သော် ဥက္ကဌရန်နာဆာက ဘေးဘီကို ကြည့်လျက် အဘယ့်ကြောင့် ရှုယီက ရုတ်တရတ်တိတ်ဆိတ်သွားကြောင်းကို ခန့်မှန်းနေသည်။

စဉ်းစားကြည့်လိုက်ရင်း ဥက္ကဌရန်နာဆာမှာ ရှုယီ၏ ပခုံးကိုပုတ်၍ အားပေးသည့် အသံဖြင့် ဆိုလိုက်သည်၊ "အေးဆေးပေါ့၊ ခင်ဗျား ဒါကို ရှေ့လျှောက် ကျင့်သားရသွားမှာပါ။ ပြောရရင် နယ်မြေကြီးက ဘန်တာမြို့လို့ မအေးချမ်းဘူးလေ။"

ရှုယီက အသာခေါင်းငြှိမ့်သည်။

သူဟာ ၎င်းက နယ်မြေကြီးကို ပြောင်းလဲပစ်ရန် ဖြစ်ကြောင်းနားလည်ကာ ဤသည်က သူရင်ဆိုင်ရမည့် အဓိက ကိစ္စများထဲမှ တစ်ခုပင်။

သို့မဟုတ် သူ၏ နယ်မြေကြီးအား ပြောင်းလဲမည့် အကြောင်းရင်းက နယ်မြေကြီး၏ ရှေး‌ရိုးစွဲ ပဏာမသဘာဝကို ပြောင်းလဲရန်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။

သူ့ရှေ့ရှိ သွေးအလူးလူးမြင်ကွင်းကိုကြည့်ရင်း သူဟာ တစ်စုံတရာကို နက်နဲစွာ သဘောပေါက်သွားသည်။

သူရွေးချယ်ခဲ့သည့် လမ်းကြောင်းက အင်မတန် ရှည်လျားကာ ခက်ခဲလေ၏။

သို့သော် သူ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုမှာ နောက်ပြန်လှည့်မကြည့်ရန်နှင့် ထိုလမ်းကို ခိုင်ခိုင်မာမာဆက်လျှောက်ရန်ဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၃၈။ အလုပ်သမားအရေး

နောက်တစ်နေ့ မွန်းတည့်တွင် ကုန်သည်စုမှာ ဗော်လ်လာဝံပုလွေမျိုးနွယ်စုဆီ ရောက်လာတော့၏။

မှားနေသည်လား မသိသော်လည်း ရှုယီမှာ ခေါင်းဆောင်လေ့မင်ဗော်လ်လာက ဤတစ်ခေါက်၌ သူ့အား ပို၍ အလေးအနက်ဆက်ဆံနေသလို ခံစားလိုက်ရသည်။

အထူးသဖြင့် ရှုယီနှင့် မျက်နှာချင်းဆိုင်နေစဉ်တွင် သူ၏ သဘောထားက ရှင်းလင်းစွာပြောင်းလဲသွား၏။

ယခင်တစ်ခေါက်က ခေါင်းဆောင်ဗော်လ်လာမှာ ရှုယီကို စိတ်ပျက်ပျက်ကြည့်နေခဲ့သော်လည်း ဤတစ်ခေါက်၌ တကယ်ကြီး ပြုံးပြလာလေသည်။

သူ၏ ဝံပုလွေခေါင်းအပြုံးက အင်မတန်အရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ပင် ကောင်းနေပါသော်လည်း ရှုယီအတွက် ဖော်ရွေမှုကို ပြဖို့ လုံလောက်ပါ၏။

ထိုသည်က သူဟာ ရှုယီထံမှ ရွှေဒင်္ဂါးငါးသိန်းရရှိခဲ့သောကြောင့်ပါပင်။

သားရဲလူမျိုးများသည်လည်း ၎င်းတို့ဘဝကို ရှင်သန်ဖို့ လိုလေသည်။

ရွှေဒင်္ဂါးငါးသိန်းနှင့် ဗော်လ်လာမျိုးနွယ်စုမှာ လူသားများထံမှ လိုအပ်သည့် ကုန်စည်များစွာကို ဝယ်ကာ မျိုးနွယ်စုဝင်များ၏ ဘဝကို တိုးတက်စေနိုင်လေ၏။ ၎င်းက သူ၏ မျိုးနွယ်ခေါင်းဆောင်ရာထူးကိုပါ ခိုင်မာစေရာ ရှုယီတို့အဖွဲ့အား များစွာပိုမို ဖော်ရွေပြလာသည်။

ကုန်သည်စုက ဗော်လ်လာမျိုးနွယ်စု၌ အနည်းငယ်နားက နေ့လည်စာစားပြီးနောက် အစောင့်အကြပ်များနှင့် ကုန်သည်စုမှာ ဗော်လ်လာ မျိုးနွယ်စု အနီးရှိ သတ္တုပျော့တွင်းဆီ ဦးတည်လိုက်သည်။

သတ္တုတွင်းတစ်ခုဖွင့်လှစ်ခြင်းမှာ တစ်ရက်နှစ်ရက်အတွင်း လုပ်ဆောင်နိုင်သည့်အရာမဟုတ်ပေ။ ၎င်းတို့၏အစီအစဉ်အရ လုပ်ငန်းစုသုံးခုမှာ ဤမိုင်းတွင်းအနီး၌ လူနေဧရိယာ ဆောက်ပြီး အလုပ်သမားများအား နေထိုင်ခွင့်ပေးမည်ဟု ဆိုနိုင်သည်။

နောက်ပိုင်းတွင် စက်ပစ္စည်းများနှင့် လူများကို သယ်ယူလာသောအခါ မိုင်းတွင်း စတင်လည်ပတ်နိုင်တော့မည်ဖြစ်သည်။

၎င်းတို့၏ ခန့်မှန်းချက်အရ၊ ၎င်းမှာ သုံးလကနေ လေးလလောက် ကြာလိမ့်မည်။

သို့သော် သတ္တုတွင်းဖွင့်ခြင်းနှင့် ယှဉ်လျှင် တကယ့်ပြဿနာမှာ ပို့ဆောင်ရေးဖြစ်သည်။

၎င်းသတ္တုတွင်းမှာ ဆန်နက်မြေရိုင်း၌ ရှိပြီး ဆမ်မရာမြို့သည်ပင် အတော်ဝေးသည်။ ရိက္ခာမျိုးစုံ ပို့ဖို့ကလည်း အင်မတန်ခက်ခဲလောက်၏။

ထို့အတွက် ၎င်းတို့ သုံးယောက်မှာ ဆုံးဖြတ်ချက် ချလိုက်သည်။ ပထမဆုံး အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနှင့် ဆမ်မရာမြို့မှ ဗော်လ်လာမျိုးနွယ်စုသို့သွားမည့်လမ်းကိုဖန်တီးမည့် ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ရမည်ဖြစ်သည်။

ဤကဲ့သို့ပင်၊ ၎င်းတို့သည် ဆမ်မရာမြို့မှ ဗော်လ်လာမျိုးနွယ်သို့ နေ့တစ်ဝက်ဖြင့် သယ်ယူပို့ဆောင်ရေးအချိန်ကို လျှော့ချနိုင်ပြီး သားရဲလူမျိုးများ၏ဓားပြတိုက်ရန် ကြိုးပမ်းမှုများကို ရှောင်ရှားနိုင်သည်။

ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရာတွင် လုပ်ငန်းစုသုံးခုက ၎င်းတို့ကို ဆမ်မရာမြို့တွင် ဦးစွာ သိမ်းဆည်းပြီး လိုအပ်သည့်အခါ ပို့ဆောင်ပေးမည်ဖြစ်သည်။

၎င်းကနဦးပြဿနာကိုဖြေရှင်းရန်အတွက် အမ်ရစ် ကုန်သည်ကြီးများအသင်းက ဘန်တာမြို့နှင့် ဆမ်မရာမြို့ ကြားလမ်းကို အမြန်တည်ဆောက်မည်ဖြစ်သည်။

ဤအကြံပြုချက်ကို ရရှိသောအခါတွင်၊ ရှုယီက မိုးသွန်းတောင်ကြားရှိလမ်းမှ ဆမ်မရာမြို့သို့သွားမည့်လမ်းကို ဖောက်လုပ်ခြင်းက ပိုကောင်းကြောင်း ပြောခဲ့သည်။

အကွာအဝေးက ဆယ်ကီလိုမီတာကျော် တိုးလာသဖြင့် အနည်းငယ်ကွေ့ပတ်နေသေးသော်လည်း မိုးသွန်းလမ်းတည်ရှိနေသဖြင့် အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနှင့် ကီလိုမီတာတစ်ရာကျော်ရှည်သောလမ်းကို တစ်ကြိမ်တည်းတည်ဆောက်ရန် မလိုအပ်ချေ။ မိုးသွန်းလမ်းနှင့် ဆမ်မရာမြို့ကြားတွင် ကီလိုမီတာ ခြောက်ဆယ်မှ ခုနစ်ဆယ်အထိ လမ်းဖောက်လုပ်ရန် လိုအပ်ပြီး ငွေကြေးနှင့် အချိန်အနည်းငယ် သက်သာမည်မှာ သေချာသည်။

ထောက်ပံ့ရေးမှလွဲ၍ အခြားပြဿနာမှာ အလုပ်သမားပြဿနာဖြစ်သည်။

ဆန်နက်မြေရိုင်းသည် သားရဲလူမျိုးများ၏ နယ်မြေဖြစ်ပြီး လူသားအများစုအတွက် သားရဲလူမျိုးများက ရွံရှာဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့်အပြင် လူသားများနှင့်လည်း မရင်းနှီးပေ။ထို့ကြောင့် မလိုအပ်ပါက သားရဲလူမျိုးနယ်မြေကို သွားမည့် လူသားဆိုသည်က ရှိမည်မဟုတ်ပေ။

ထိုမိုင်းတွင်းကို တူးဖော်ဖို့ အလုပ်သမား အများအပြားကို နောက်ဆုံးကျလျှင် စေလွှတ်ရမည်သာ။

သို့ရာ၌ သားရဲလူမျိုးနယ်မြေတွင် အချိန်ကြာ အလုပ်လုပ်ရန် လူသားများကို တောင်းဆိုခြင်းမှာ တွန်းအားပေးခြင်းပင်။

လုပ်ငန်းစုသုံးခုက အလုပ်သမားများ ခေါ်ယူနေချိန်တွင် တစ်လကို ရွှေဒင်္ဂါးသုံးဆယ်နီးပါးရှိသည့် လစာမြင့်မြင့်ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့ကြသည်။

ထိုသို့ဆိုလျှင်တောင် လူသားအလုပ်သမားများမှာ သွားဖို့ ဆန္ဒရှိရန် အတော်လိုသည်။

သုံးယောက်သားမှာ ထိုကိစ္စကို ဆွေးနွေးရင်း ဆွေးနွေးလိုက်တိုင်း ရှေ့တိုးဖို့ရာ လမ်းမရှိတော့ဟု ခံစားရနေရသည်။

၎င်းတို့သုံးဦးမှာ ၎င်းတို့၏အချိန်နှင့် မြင့်မားသောလုပ်ခလစာများ၏ ဆွဲဆောင်မှုအောက်တွင် လုံလောက်သောလူသားလုပ်သားများကို စုဆောင်းနိုင်ပါသည်။

သို့သော် ဗော်လ်လာမျိုးနွယ်သို့ရောက်ရှိပြီး ခေါင်းဆောင်လေ့မင်ဗော်လ်လာ၏ သဘောထားပြောင်းလဲမှုကိုမြင်ရချိန်တွင် ရှုယီမှာ ဖြစ်နိုင်ခြေအသစ်တစ်ခုကို ချက်ချင်းစဉ်းစားမိသွား၏။

နေ့လည်စာစားပြီးနောက် ရှုယီက ခေါင်းဆောင်ဗော်လ်လာနှင့်တွေ့ဆုံပြီး ထိုတောင်းဆိုချက်ကို ပြုခဲ့သည်။

"ခင်ဗျားက ကျုပ်တို့ရဲ့ မျိုးနွယ်စုတွေကို ခင်‌ဗျားတို့အတွက် အလုပ်လုပ်ပေးစေချင်တာလား" ရှုရီကို အံ့အားသင့်စွာ ကြည့်ရင်းခေါင်းဆောင် ဗော်လ်လာ၏ဝံပုလွေမျက်လုံးများ ပြူးကျယ်သွားသည်။ ဒီလူသားက ရူးနေတာများလား?

လူသားနှင့် သားရဲများကြား ဆက်ဆံရေးသည် တစ်ဖက်နှင့်တစ်ဖက် လိုအပ်သည့်အရာကို ရယူရုံသာဖြစ်သည်။ ၎င်းတို့သည် အပေါ်ယံသဘောတူမှုအချို့ပြုလုပ်ပြီးနောက် အပြန်အလှန်သတ်ဖြတ်မှုများရှိလာပြီး နောက်ထပ်ဆက်နွယ်မှုမရှိတော့ပေ။

ဤလူသားများသည် ၎င်းတို့၏ မျိုးနွယ်စုအနီးတွင် မိုင်းတွင်းတစ်ခု ဖွင့်လှစ်ပြီး ရွှေဒင်္ဂါးငါးသိန်း ပေးဆောင်ခဲ့ခြင်းကပင် သူ့ကို အံ့သြလောက်အောင် ဖြစ်နေပြီဖြစ်သည်။

အခုတော့ ဒီလူသားက သူ့ရဲ့ မျိုးနွယ်စုတွေကို သူတို့ရဲ့ လုပ်ငန်းစုအတွက် အလုပ်လုပ်ဖို့ တကယ် လိုအပ်တာက တကယ်ကို ထူးဆန်းလွန်းလေသည်။

"ပြဿနာရှိလား?" ရှုယီက ခေါင်းဆောင်ဗော်လ်လာ အံ့အားသင့်သွားသည်ကို မမြင်ရသကဲ့သို့ ပြုံးပြလိုက်သည်။"ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ လူသားလုပ်သားတွေတင်မကဘဲ လူပုလေးနဲ့ နတ်သူငယ် လုပ်သားတွေပါရှိတာကို ခေါင်းဆောင်ဗော်လ်လာ သိလောက်မယ်လို့ ကျုပ်ထင်ပါတယ်။ နောက်ထပ် သားရဲ လုပ်သားတွေ ရှိလာရင်ရော ထူးဆန်းမယ် ထင်လား”

ခေါင်းဆောင်ဗော်လ်လာက ဤအကြောင်းကို သိသော်လည်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသေးသည်။ “အဲဒီလူပုလေးတွေနဲ့ အမုန်းကြီးတဲ့တွေတောင် ခင်‌ဗျားအတွက် အလုပ်လုပ်ဖို့ ဘာကြောင့် ဆန္ဒရှိနေတာလဲ။ သူတို့အတွက် အကျိုးကျေးဇူး တစ်ခုခု ပေးခဲ့လို့လား။” ခေါင်းဆောင်ဗော်လ်လာက စပ်စုလိုသော အသံဖြင့် မေး၏။

“ဘာမှမထူးခြားပါဘူး။ သူတို့ကို လုပ်ခလစာနဲ့ ခံစားခွင့်တွေ ပေးပြီးလူသားအလုပ်သမားတွေလို ဆက်ဆံခဲ့တာပါပဲ။" ရှုယီက သူ့လက်ကို ဖြန့်လိုက်သည်။

"ဒီလောက် ရိုးရှင်းတယ်လား? ဒါဆို အဲဒီလုပ်ဖော်ကိုင်ဖက်တွေက ခင်ဗျားရဲ့ လုပ်ငန်းစုအတွက် တကယ်ရိုးရိုးရှင်းရှင်း အလုပ်လုပ်နေတာလား” ခေါင်းဆောင်ဗော်လ်လာက ၎င်းကို မယုံချေ။

“အဲဒါက ရိုးရှင်းပါတယ်။” ရှုယီက ခေါင်းညိတ်လိုက်ပြီး "လူပုလေးတွေပဲ ဖြစ်ဖြစ် နတ်သူငယ်ပဲ ဖြစ်ဖြစ် ခင်ဗျား လက်မခံနိုင်ဘူးလို့ ခံစားရရင်၊ သူတို့ အသက်ရှင်ဖို့ လိုအပ်နေသေးတာလား။ အခုအချိန်မှာ သူတို့ဟာ ကျုပ်တို့လုပ်ငန်းစုအတွက် အလုပ်လုပ်ရင်းနဲ့ တည်ငြိမ်တဲ့ဝင်ငွေရနိုင်ပြီး သူတို့လိုအပ်တဲ့အရာတွေကို အဲဒီလစာနဲ့ ဝယ်နိုင်တယ်၊ အဲဒါက ဘာမကောင်းလို့လဲ။”

"ခင်ဗျားပြောနေတာက ရွှေဒင်္ဂါးပြားတွေနဲ့ သူတို့လိုအပ်တာကို ဝယ်လို့ရတာလား" ခေါင်းဆောင်ဗော်လ်လာက ချက်ချင်းမေးလေ၏။

"ဟုတ်တယ်တယ်။ ဒါကလည်း တော်ဝင်လွှတ်တော်မှာ သူတို့အတွက် အလုပ်သမားကတ်တွေ လျှောက်ထားပြီး ဒီအလုပ်သမားကတ်တွေ သုံးလို့ရလာတဲ့အခါ၊ လူပုလေးတွေပဲဖြစ်ဖြစ်၊ နတ်သူငယ် ပဲဖြစ်ဖြစ်၊ နိုင်ငံတော်ရဲ့ သာမန်လူသားတွေလို တူညီတဲ့ ဆက်ဆံမှုကို ခံယူကြရတယ်။ ဒါကြောင့် သူတို့လိုအပ်တာကို ဝယ်နိုင်တာပေါ့” ခေတ္တရပ်ပြီးနောက် ရှုယီက "ဟုတ်ပါတယ်၊ လူတွေတောင် လွယ်လွယ်မဝယ်နိုင်တဲ့ အရာတွေရှိတော့ ဒါကို သူတို့လည်း မဝယ်နိုင်ဘူး"

"အလုပ်သမားကတ်? အဲ့လောက်ထိ အစွမ်းထက်တယ်လား?" ခေါင်းဆောင် ဗော်လ်လာ သည် ဤ ‘အလုပ်သမားကတ်’ ကို အလွန်စိတ်ဝင်စားနေ၏။ ၎င်းကို နားမလည်သဖြင့် သူဟာ ရှုယီအား ခဏလောက် ရှင်းပြခိုင်းလိုက်သည်။

“ဆိုလိုတာက….. ကျုပ်တို့ရဲ့ မျိုးနွယ်စုတွေက ခင်ဗျားရဲ့ လုပ်ငန်းစုအတွက် အလုပ်လုပ်ပြီး အလုပ်သမားကတ်တွေ လျှောက်ထားရင် လူ့အသိုင်းအဝိုင်းထဲက ပစ္စည်းတွေဝယ်ဖို့ ရွှေဒင်္ဂါးပြားတွေ သုံးလို့ရတယ်ပေါ့? ပစ္စည်းတွေဝယ်တဲ့အခါ လူသားတွေလိုပဲ ပေးဆောင်ရမယ်လို့ရော အာမခံလား။” ခေါင်းဆောင်ဗော်လ်လာက မေးသည်။

“ဒါကိုတော့ ကျုပ် အာမ,မခံနိုင်ပါဘူး။” ရှုယီက ခေါင်းခါလိုက်ပြီး “ဒါပေမယ့် ကုန်ပစ္စည်းမှာ ရွှေဒင်္ဂါးတစ်ပြားရဲ့ စျေးနှုန်းပါရှိပြီး လူတွေက ရွှေဒင်္ဂါးတစ်ပြားနဲ့ ဝယ်ရင် အလုပ်သမားကတ်နဲ့ သားရဲလူမျိုးတွေကလည်း ရွှေဒင်္ဂါးတစ်ပြားနဲ့ ဝယ်နိုင်တယ်လို့ အာမခံနိုင်ပါတယ်။ ခင်ဗျားက သားရဲလူမျိုးဖြစ်နေလို့ဆိုပြီး ကုန်သည်တွေက ခင်ဗျားကို အပိုကြေးမတောင်းပါဘူး။

"ဒါဆို လုံလောက်ပြီ!" ခေါင်းဆောင်ဗော်လ်လာက စားပွဲကို ရိုက်လိုက်ပြီး သူ့ဝံပုလွေမျက်နှာ၌ ရွှင်လန်းမှုပြည့်သွားကာ၊ "ခင်ဗျားတို့ မိုက်မဲတဲ့ ကုန်သည်တွေ . . . တောင်းပန်ပါတယ် ဥက္ကဋ္ဌရှု ၊ ကျုပ် ခင်ဗျားကို မပြောပါဘူး။ တိုတိုပြောရရင် ခင်ဗျားတို့ လူသားကမ္ဘာကို ပစ္စည်းတွေဝယ်ဖို့သွားတဲ့အခါ၊ ပစ္စည်းတွေနဲ့လဲလှယ်ဖို့ ပစ္စည်းတွေပဲသုံးလို့ရပြီး ငွေကို သုံးလို့မရဘူး၊ ခင်ဗျားတို့လူသားကမ္ဘာမှာ ကျုပ်တို့အနေနဲ့ အတော်လေး တန်ဖိုးရှိကြောင်း သိထားတဲ့အရာတွေကို အကြိမ်များစွာ သုံးခဲ့ပေမယ့်လည်း ကျုပ်တို့မှာ တခြားရွေးချယ်စရာမရှိဘူး။ အဲဒါတွေနဲ့သာ မလဲလှယ်ရင် လူသားကုန်သည်တွေက ကျုပ်တို့နဲ့ အရောင်းအဝယ်လုပ်မှာမဟုတ်ဘူး။ ဒီအလုပ်သမားကတ်ရှိရင် ပိုကောင်းမယ်”

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ "ခေါင်းဆောင်ဗော်လ်လာ၊ ခင်ဗျားရဲ့ရွှေဒင်္ဂါးငါးသိန်းအတွက် စိတ်ပူနေတာလား။"

ခေါင်းဆောင်ဗော်လ်လာက သူ၏ပါးစပ်ကြီးကိုဖွင့်ကာ ကောင်းကင်သို့ကြည့်၍ ရယ်မောလိုက်သည်။

ရှုယီ၏အဖွဲ့သည် ဤသတ္တုပျော့ တွင်းကြီးအတွက် ရွှေဒင်္ဂါးငါးသိန်းပေးခဲ့သော်လည်း၊ ဝံပုလွေလူသားတစ်ယောက်အနေဖြင့် ခေါင်းဆောင်ဗော်လ်လာက ထိုအရာများကိုဝယ်ယူရန်အတွက် ငါးသိန်းကိုအသုံးပြုလိုပါက အခွင့်ကောင်းယူခံရကာ ရွှေဒင်္ဂါးငါးသိန်းက မလုံလောက်တော့မည်ကို စိုးရိမ်နေမိသည်။

ယခုမူ ရှုယီက ဤအလုပ်သမားကတ်အကြောင်းပြောပြီးသောအခါတွင် သူသည် မျှော်လင့်ချက်ကို စတင်မြင်လာခဲ့သည်။

"ဥက္ကဋ္ဌရှု ခင်ဗျား ကျုပ်ကိုကူညီနိုင်ရင် ခင်ဗျားရဲ့တောင်းဆိုမှုကို သဘောတူပြီး မျိုးနွယ်စုတွေကို ခင်ဗျားအတွက်အလုပ်,လုပ်ခိုင်းပါ့မယ်။" ခေါင်းဆောင်ဗော်လ်လာက ပြောသည်။

ရှုယီက ပြုံးလိုက်၏။ ခေါင်းဆောင်ဗော်လ်လာ၏မျက်နှာပေါ်ရှိ မျှော်လင့်ချက်ကို မြင်လိုက်ရသဖြင့် သူဘာအကူအညီလိုသည်ကို ခန့်မှန်းရန် မလိုအပ်ပါချေ။

"ဒါကို ကျုပ် တကယ်တမ်း မကူညီနိုင်မှာ စိုးရိမ်မိတယ်၊ ခင်ဗျား ဥက္ကဌရန်နာဆာ နဲ့ဆွေးနွေးသင့်တယ်။"

"ရန်နာဆာ?" ခေါင်းဆောင် ဗော်လ်လာက အေးစက်စက် နှာမှုတ်လိုက်ကာ "ဒီစက်ဆုပ်ဖွယ်လူသားက ကျုပ်တို့ကို လှည့်စားနေတာကြာနေပြီ၊ ခင်ဗျားက သူ့ကို ယုံစေချင်လို့လား။"

“တခြားနည်းလမ်း မရှိဘူး။” ရှုယီက သူ့လက်များကို ဖြန့်ပြီး "ဥက္ကဌရန်နာဆာနဲ့ ကျုပ်က တွဲဖက်တွေပါ၊ သူနဲ့ ခင်ဗျားသဘောတူညီမှုရမယ့် အချက်ကို ကျုပ် ဖုံးကွယ်လို့မရပါဘူး။ ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းက သားရဲလူမျိုးများနဲ့ လူသားများကြား ကုန်သွယ်မှုကို တာဝန်ယူထားတော့ ဒီအချက်ကို ကျုပ်သာ သဘောတူလိုက်ရင် ဥက္ကဋ္ဌရန်နာဆာနဲ့ ကျုပ်တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ကာ ဖြစ်နိုင်ခြေရှိမှာမဟုတ်ဘူး။"

"ဒါပေမယ့် ဒါကို ခင်ဗျားသဘောမတူရင် ကျုပ်တို့ကြား ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူး။" ခေါင်းဆောင်ဗော်လ်လာက မယဉ်ကျေးနေဘဲ ပြောလာ၏။

"မဟုတ်ဘူး၊ ခေါင်းဆောင်ဗော်လ်လာ၊ ဒီလိုကြီးတော့ လုံးဝမဖြစ်ဘူးလေ။" ရှုယီက မတုန်လှုပ်ဘဲ တူညီသော အပြုံးဖြင့် ပြောသည်၊"ခင်ဗျားအတွက် ဒီပြဿနာကို ဖြေရှင်းပေးမယ်လို့ ကတိမပေးနိုင်ပေမယ့်၊ ဒါကို ဥက္ကဌရန်နာဆာနဲ့ ဆွေးနွေးပြီး ခင်ဗျားရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဘယ်လိုထင်ပါလဲ?"

ခေါင်းဆောင်ဗော်လ်လာက ရှုယီကို သံသယရှိစွာကြည့်ကာ "ခင်ဗျားက ကျုပ်ကို တကယ်ကူညီချင်နေတာလား။"

"တိတိကျကျပြောရရင် ကျုပ်က ပန်းတိုင်ကိုရောက်ဖို့ အလားလာရှိတဲ့လူတိုင်းကို ကူညီချင်ပါတယ်။ အရင်က ဒါကို Win-Win လို့ နာမည်ပေးခဲ့ပေမယ့် အခုကတော့ လူတိုင်းအတွက် အောင်ပွဲဖြစ်နေပါပြီ။”

ခေါင်းဆောင်ဗော်လ်လာသည်လည်း စဉ်းစားရင်း အသာခေါင်းငြှိမ့်လိုက်၏။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၃၉။ လရိပ်မျိုးနွယ်စု

"ခင်ဗျားက သားရဲလူမျိုးအလုပ်သမားတွေကို ငှားချင်တာလား" ဥက္ကဌရန်နာဆာက ရှုယီကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ခဏလောက်စဉ်းစားပြီးနောက် ခေါင်းအသာယမ်းကာ ပြောလေ၏၊ "ဥက္ကဌရှု၊ ကျုပ်ပြောမယ်၊ ဒါက ကောင်းတဲ့အကြံမဟုတ်ဘူး"

ရှုယီက ဥက္ကဌရန်နာဆာထံမှ ဤတုံ့ပြန်မှုကို မျှော်လင့်ထားပြီးသားဖြစ်သောကြောင့် သိပ်မအံ့သြချေ။ ထို့နောက်ပြုံးရုံသာပြုံးလျက် "ဘာလို့လဲ"ဟုမေးလိုက်၏။

“သားရဲလူမျိုးတွေ၊ လူပုလေးတွေ၊ နတ်သူငယ်တွေက မတူဘူး။ သူတို့က လူပုလေးတွေနဲ့ နတ်သူငယ်တွေလို့ သူတို့ရဲ့ ကတိအတိုင်း ထမ်းဆောင်ကြမှာမဟုတ်ဘူး။ ကျုပ် ဆန်နက်မြေရိုင်းမှာ သားရဲလူမျိုးတွေနဲ့ စီးပွားရေးလုပ်နေတာ ကြာပါပြီ၊ သားရဲလူ‌မျိုးတွေက သားရဲတွေနဲ့မကွာဆိုတာ သိခဲ့ရတယ်။ သူတို့အားလုံးက သဘာဝအတိုင်း ရက်စက်ကြမ်းကြုတ်ပြီး ဥပဒေမရှိကြဘူး။ သူတို့ကို အလုပ်သမားအဖြစ် ခန့်အပ်ရင် အကျိုးဆက်က ခန့်မှန်းရခက်မှာကို ကျုပ်ကြောက်မိတယ်။”

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ “ဒါက ပြဿနာမဟုတ်ဘူးလို့ ကျုပ်ခံစားရတယ်။ သူတို့သည် တိရစ္ဆာန်တွေလို ရိုင်းစိုင်းပေမယ့် အိမ်မွေးအဖြစ် ခံယူပြီး လူသားတွေရဲ့ စီမံခန့်ခွဲမှုကို လက်ခံပြီးရင် လူသားတွေနဲ့အတူ နေထိုင်လို့ရပါတယ်။ သားရဲလူမျိုး‌တွေက ဘယ်လိုပဲသားရဲတွေနဲ့ တူနေပါစေ ဉာဏ်ရည်ထက်မြက်တဲ့ မျိုးနွယ်ဖြစ်နေတုန်းပဲ။ ကျုပ်ဒီကိုမလာခင်မှာ နယ်မြေကြီးရဲ့သမိုင်းကို လေ့လာခဲ့တယ်၊ ရက်စက်ကြမ်းကြုတ်တဲ့ အကြောင်းရင်းက သူတို့မှာ သင့်လျော်တဲ့ နေထိုင်မှုပတ်ဝန်းကျင်မရှိတာကြောင့် လုံးဝကို ဆန့်ကျင်ဘက်လို့ ခံစားနေတာပဲ။ တစ်ချိန်တည်းမှာပဲ၊ သူတို့မှာ အထူးရှင်သန်နိုင်စွမ်းမရှိတဲ့အတွက် အသက်ရှင်နေထိုင်ဖို့အခြားမျိုးနွယ်ဆီက အတုခိုးရတာကြောင့် ရက်စက်တဲ့ပုံစံပေါ်နေကြတာပါ။"

"ဒီသားရဲလူမျိုးတွေကို ငြိမ်းချမ်းတဲ့ နေထိုင်မှုပတ်ဝန်းကျင် ပေးလိုက်ရင် သူတို့က လူသားတွေနဲ့ အတူနေနိုင်မယ်လို့ ခင်ဗျားထင်နေတာလား။" ဥက္ကဌရန်နာဆာက ခေါင်းခါလိုက်ပြီး "ဥက္ကဌရှု၊ မင်းရဲ့အကြံအစည်တွေက နည်းနည်းတော့ နုံချာတယ်...။ ရိုင်းစိုင်းတာက သားရဲ‌တွေလို သားရဲလူမျိုးတွေရဲ့ သဘာဝပဲ။ အိမ်တွင်းမွေးစားနေရင်တောင်မှ သူတို့ရဲ့ သဘာဝကို ဖျောက်ဖျက်လို့ မရဘူး။

"ဒါဆို ခင်ဗျားကို ဥပမာတစ်ခုပေးမယ်။" ရှုယီက ၎င်းတို့နှစ်ယောက်နောက်ကွယ်က ဗော်လ်လာ မျိုးနွယ်စုကို ညွှန်ပြပြီး "ဥက္ကဌရန်နာဆာခင်ဗျား ဒီဝံပုလွေလူသားအနွယ်နဲ့ ဘယ်လောက်ကြာကြာ စီးပွားရေးလုပ်ခဲ့တာလဲ?"

ဥက္ကဌ ရန်နာဆာ က ရှုယီဟာ ထိုခေါင်းစဉ်ကို ယူလာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိချေ။ အံ့အားသင့်သွားပြီးနောက်တွင် သူသည် ယင်းအကြောင်းကို စဉ်းစားကာ “အနှစ်နှစ်ဆယ်ဝန်းကျင်” ဟု ပြန်ဖြေသည်။

“ဒါဆို ဒီအနှစ်နှစ်ဆယ်အတွင်းမှာ ဗော်လ်လာမျိုးနွယ်စုက လူသားတွေကို တစ်ခုခုလုပ်ခဲ့သလား” ရှုယီက မေး၏။

ဥက္ကဌရန်နာဆာက အေးစက်စက် နှာမှုတ်လိုက်ပြီး “လုပ်ရဲမှာတဲ့လား ! ဒီမျိုးနွယ်စုက ဆမ်မရာမြို့နဲ့ အနီးစပ်ဆုံး သားရဲလူမျိုးနွယ်ဖြစ်တာကြောင့် အလွန်အကျွံလုပ်ဝံ့ရင် ဘုရင်မင်းမြတ်ရဲ့ နှိမ့်ချခြင်းကိုခံရလိမ့်မယ်။ တော်ဝင်စစ်တပ်က သူတို့အတွက် ဒုက္ခမပေးရင်တောင် သူတို့နဲ့ စီးပွားမလုပ်တဲ့ လူသားကုန်သည်တွေသာ မရှိရင် ရှင်သန်နိုင်မှာတောင် မဟုတ်ဘူး!”

"ဘာလို့လဲဆိုတော့ သူတို့နေ့စဉ်ဘဝအတွက် လိုအပ်သမျှအရာအားလုံးကို လူသားရောင်း၀ယ်သူတွေက ပေးဆောင်ထားတာကြောင့်ပဲ မဟုတ်လား။"

“သူတို့‌ဆီမှာ မရှားတဲ့ ဆားလိုမျိုး အရာကို မပြောနဲ့ဦး ဆား၊ ဆီ၊ ရှာလကာရည်၊ လက်ဖက်ခြောက်ပဲဖြစ်ဖြစ် သူတို့ဝတ်တဲ့အဝတ်အစားတွေတောင် အဲဒါတွေကို လူသားကုန်သည်တွေက ပေးတယ်။ အခု သူတို့ မျိုးနွယ်စုထဲက သားရဲလူမျိုးတွေဟာ လူသားတွေလို နေထိုင်ကျင့်သုံးတာကို အသားကျနေကြပြီး အရင်ကလို အသားစိမ်းပြန်စားခိုင်းရင်း သူတို့ကိုယ်သူတို့ ကျွေးမွေးဖို့ ခိုးစားရင်တောင် ဆန္ဒရှိမှာ မဟုတ်တာ သေချာတယ်။” ဥက္ကဋ္ဌရန်နာဆာက ပြန်ပြောသည်။

"ဒါဆို သူတို့လိုအပ်တာကို ခိုးလို့ရလား"

"ခိုးမယ်တဲ့လား?" ဥက္ကဌ ရန်နာဆာ ရယ်ကာ “ဒီ ဆန်နက်မြေရိုင်း မှာ ကျုပ်တို့ လူသားကုန်သည်တွေဆီကနေ ခိုးယူဝံ့တဲ့ သားရဲလူမျိုးတွေ ရှိနေဆဲဖြစ်ပေမယ့်၊ တစ်နှစ်ထက် တစ်နှစ် နည်းပါးလာနေတယ်။ မနေ့က ကျုပ်တို့တွေ့ခဲ့တဲ့ သားရဲလူမျိုး လွတ်လပ်ရေးတပ်ရင်းက ထူးခြားတယ်။ အဲဒီ့သားရဲလူမျိုးတွေက အရူးမှမဟုတ်တာ၊ ကျုပ်တို့လူသား ကုန်သည်တွေနဲ့အတူ ရိုးရိုးသားသား စီးပွားရေးလုပ်ရုံနဲ့အရင်ကထက် ပိုမိုကောင်းတဲ့ဘဝမှာ နေထိုင်နိုင်‌တော့ ကျုပ်တို့ကို စော်ကားပြီး အရင်ကလို ဆိုးယုတ်တဲ့ အခြေအနေသို့ ပြန်လည်ရောက်အောင် ဘာလို့စွန့်စားကြမှာလဲ?"

ထိုသို့ပြောပြီးနောက် ဥက္ကဌရန်နာဆာက ရုတ်တရက် ရပ်သွားသည်။ရှုယီကို ခဏလောက်ကြည့်ပြီးနောက်တွင် နားလည်သွားပုံပြလာ၏။

"ကျုပ်နားလည်ပြီ။ ဥက္ကဋ္ဌရှု၊ ကျုပ်တို့ကသာ အဲဒီသားရဲလူမျိုးတွေကို တည်ငြိမ်တဲ့အလုပ်နဲ့ ထောက်ပံ့ပေးပြီး လူသားတွေနဲ့ ဆင်တူတဲ့ ဘဝတွေကို ရနိုင်သရွေ့တော့ ဒီဘဝသစ်ကို ဖျက်ဆီးပစ်ဖို့ထိ မိုက်မဲကြမှာ မဟုတ်ဘူး။"

ရှုယီက ပြုံးပြုံးလေး ခေါင်းညိတ်ပြပြီး "မှန်ပါတယ်၊ ဒါ ကျုပ်ပြောချင်တာဘဲ။ ခင်ဗျားပြောသလို၊ သားရဲလူမျိုးတွေက မိုက်မဲမှာမဟုတ်ဘူး၊ ကောင်းတဲ့ဘဝကို လိုချင်ကြတယ်။ သူတို့ အရင်က ရွေးချယ်ခွင့်မရှိတဲ့အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လူသားတွေဆီကနေ ခိုးယူခဲ့ရတယ်။ ဒါပေမယ့် အခု သူတို့ရဲ့ ခွန်အားထက် လူသားတွေက အများကြီးသာလွန်နေတော့ ခိုးယူခြင်းရဲ့ လက်တုံ့ပြန်မှုကို ကြောက်ရွံ့တာကြောင့်၊ ခိုးစရာမလိုဘဲ ကောင်းမွန်တဲ့ဘဝတစ်ခုရမှာကို သူတို့သဘောတူမယ်လို့ မထင်ဘူးလား။”

ဥက္ကဌရန်နာဆာက ဖြည်းညှင်းစွာ ခေါင်းမညိတ်ခင် “ခင်ဗျားရဲ့ အဓိပ္ပါယ်ကို နားလည်မယ်ထင်တယ်။ ဒါပေမယ့် ဥက္ကဌရှု၊ ခင်ဗျား မစဉ်းစားရ‌သေးတဲ့ ပြဿနာတစ်ခုရှိပါသေးတယ်။"

"အိုး?"

“အရင်တုန်းက ကျုပ်ပြောဖူးတယ်၊ သားရဲလူမျိုးတွေက မသန်မာဘူး၊ ဒါကြောင့် ကျုပ်တို့ပေးမယ့် ရွေးချယ်မှုကို လက်ခံတယ်။ ဒါပေမယ့် ခင်ဗျားသာသူတို့ကို ကောင်းမွန်တဲ့ဘဝနဲ့ ရှင်သန်ခွင့်ပေးပြီး တဖြည်းဖြည်းနဲ့ သူတို့ရဲ့ခွန်အားတွေ ပြန်တိုးလာမယ်ဆိုရင် သူတို့ရဲ့ဇာတိက နောက်ဆုံးမှာ ထွက်လာပြီး ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်လို့ ခံစားရတယ်။”

"အင်း၊ ခင်ဗျားရဲ့စိုးရိမ်မှုတွေက ကျိုးကြောင်းဆီလျော်တယ်လို့ ကျုပ်ဝန်ခံပါတယ်၊ ဒါပေမယ့်ကျုပ်က သူတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ ခွင့်ပြုရမှာလဲ။" ရှုယီက လေးနက်ကာ အဓိပ္ပါယ်ရှိသော အပြုံးကို ထုတ်ပြသည်၊"သားရဲလူမျိုးတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပြီးနောက်မှာ သူတို့ရဲ့ အရေအတွက် တိုးလာဖို့ အခွင့်အလမ်းတွေ ရှိနေပြီး အဲဒါက ကျုပ်တို့ လူသားတွေကို ခြိမ်းခြောက်မှု ဖြစ်စေနိုင်ပေမယ့် ဒါကို လျှော့ချဖို့ အလွန်ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။

"ဘာနည်းလမ်းလဲ" ဥက္ကဋ္ဌ ရန်နာဆာက စပ်စုသော အသံဖြင့် မေးသည်။

"ဒီနည်းလမ်းက ခေါင်းဆောင်ဗော်လ်လာ လိုချင်တဲ့ အလုပ်သမားကတ်နဲ့ သက်ဆိုင်တယ်။ ဒီလိုဖြစ်နေသရွေ့ပေါ့……”

သုံးရက်အကြာတွင် ရှုယီသည် ဗော်လ်လာမျိုးနွယ်မှ ထွက်ခွာပြီး ဆမ်မရာမြို့သို့ ပြန်လာကာ သူ့ကို ကြိုဆိုမည့် အန်ကလိုကို တွေ့ရန် ရောက်ရှိလာသည်။

ရှုယီကိုမြင်သောအခါ၊ အန်ကလိုသည် ချက်ချင်းလက်နှစ်ဖက်ကိုဆန့်တန်းကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။ သူက သက်ပြင်းချရင်း "ဥက္ကဌ ရှု၊ ခင်ဗျားကို စောင့်နေတာ၊ ကျုပ်တကယ်ကို စိတ်လှုပ်ရှားနေခဲ့တာ"

ရှုယီကမနေနိုင်ဘဲ ကြက်သီးများထသွားသည်။

ချောမောလှပသော မိန်းကလေး၏ ပါးစပ်မှ ဤအရာအား ပြောလိုက်လျှင် သူ အလွန်နှစ်သက်သော်လည်း မုတ်ဆိတ်မွေးနှင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ ပါးစပ်မှ မည်ကဲ့သို့ ထွက်ပေါ်လာသည်ကို ကြားရသည်မှာ ထူးဆန်းနေသည်။

စိုင်စ်နယ်မြေကြီး၌ အမျိုးသားများအကြား ချစ်ခြင်းမေတ္တာကို မည်သို့မျှ ခွဲခြားဆက်ဆံခြင်း မရှိသည်ကိုတွေးတောရင်း ရှုယီမှာ အန်ကလို၏ပွေ့ဖက်မှုမှ လျင်မြန်စွာ ရုန်းထွက်လိုက်၏ “နောက်ဆုံးတော့လည်း ကျုပ် လာတာပဲ မဟုတ်ဘူးလား” ဟု ပြုံးပြုံးလေး ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ ဥက္ကဌရှုက စကားအတိုင်း လိုက်နာပြီး နောက်ဆုံးတော့ ရောက်လာတဲ့သူပါ။" အန်ကလိုက ရယ်မောရင်း အံ့သြစွာဖြင့် လှည့်ကြည့်ကာ၊ "ဒါပေမယ့် ဥက္ကဌရှု၊ ဒီတစ်ခါ ခင်ဗျားတစ်ယောက်တည်း လာတာလား။ လက်ထောက်တချို့ မခေါ်လာဘူးလား?"

"လက်ထောက်?" ရှုယီက စဉ်းစား၍ ညဘက်ကိုလှည့်ကာ အော်လိုက်သည် “အက်ဂ်နက်စ်၊ ထွက်လာပြီး မစ္စတာအန်ကလိုကို နှုတ်ဆက်လိုက်ပါဦး။ ကျုပ်တို့ စတက်တိန်း နယ်မြေကိုရောက်ချိန်ကျရင် ခင်ဗျား သူ့ကို ဆက်သွယ်ဖို့ လိုအပ်နိုင်တယ်၊ ဒါ့ကြောင့် ခင်ဗျားကိုယ်ခင်ဗျား အချိန်မီ မိတ်ဆက်ပေးတာက ပိုကောင်းတယ်။"

အန်ကလို၏ အံ့အားသင့်သောအကြည့်များရှေ့တွင်၊ အက်ဂ်နက်စ်သည် လေဟာနယ်ထဲမှ ပေါ်လာပြီး အန်ကလိုကို အသာ ခေါင်းညိတ်ပြသည်။ "မင်္ဂလာပါ မစ္စတာအန်ကလို၊ ကျွန်မက အက်ဂ်နက်စ် ဖြစ်ပြီး‌တော့ ဥက္ကဌရဲ့ လက်အောက်ခံပါ။"

အန်ကလိုက အံ့အားသင့်သွားသော်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူက အက်ဂ်နက်စ်ကို ပြုံးကာ ကြည့်ပြီး ပြော၏၊" Frestech ကုန်သည်ကြီးများအသင်းမှာ နတ်သူငယ်တွေ အများကြီးရှိတယ်ဆိုတာ ကျုပ်ကြားထားပြီးသားပါ၊ ဒါပေမယ့် ဘန်တာမြို့မှာ သူတို့ကို ပြန်တွေ့ဖို့ အခွင့်အရေး မရခဲ့ဘူး။အခုတွေ့မယ်လို့ မထင်ခဲ့မိဘူး။ မင်္ဂလာပါ သခင်မလေး အက်ဂ်နက်စ် ၊ မင်းက ဥက္ကဋ္ဌရှုရဲ့ လက်ထောက်ဖြစ်လို့၊ နောင်မှာ မင်းဆီကအကူအညီကို တောင်းရမှာတွေ အများကြီးရှိကောင်းရှိလိမ့်မယ်။"

ရှုယီက အန်ကလို၏အမူအရာကိုမြင်ပြီး အနည်းငယ်အံ့သြသွားသောအသံဖြင့် "မစ္စတာအန်ကလို၊ နတ်သူငယ် တစ်ယောက်ကိုမြင်ရတာ မအံ့သြသလိုပဲ"

အန်ကလိုက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "အမှန်ပဲ၊ ကျုပ်တို့ရဲ့ စတက်တိန်း နယ်မြေက ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်နဲ့ မတူဘူး။နယ်မြေထဲမှာ နတ်သူငယ်တွေကို မကြာခဏတွေ့နေရတယ်၊ ဒါကြောင့် အရင်က နတ်သူငယ်တွေကို အကြိမ်နည်းနည်းတွေ့ဖူးတယ်၊ ဒါကြောင့် သဘာဝအတိုင်းပဲ သခင်မလေး အက်ဂ်နက်စ်ရဲ့ အသွင်အပြင်ကို အံ့သြမိမှာမဟုတ်ဘူး။”

ရှုယီက အက်ဂ်နက်စ်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။ အက်ဂ်နက်စ်က ရှုယီ၏ အဓိပ္ပါယ်ကို ချက်ချင်းနားလည်ပြီး ခေါင်းညိတ်ကာ ပြောသည် ။

“လရိပ်မျိုးနွယ်စုက ကျွန်မတို့ရဲ့ ညတေးသံမျိုးနွယ်စုထက် အများကြီး ပိုကြီးတယ်။ သူတို့မှာ အယောက်သုံးထောင်ကျော်ရှိတယ် လို့ လူကြီးတွေ ပြောတာကို ကျွန်မကြားဖူးတယ်၊ ဒါကြောင့် ကျွန်မတို့လို လူသားတွေဆီကနေ ပုန်းနေဖို့ မလိုဘူး။"

ထိုရှင်းပြချက်ကိုကြားသော် ရှုယီချက်ချင်းနားလည်သွားသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ညတေးသံမျိုးနွယ်စုနှင့် လမ်ပူရီတိုင်းပြည်ရှိလူသားများကြားတွင် အင်အားကွာခြားချက်ကြီးမားသည်။ ၎င်းတို့၏လုံခြုံရေးကိုသေချာစေရန်အတွက်၊ ညတေးသံမျိုးနွယ်စုမှ နတ်သူငယ်များမှာလူသားများရှေ့တွင် ပေါ်လာမည်မဟုတ်ချေ။

စတက်တိန်းနယ်မြေက အလွန်အားနည်းသောနိုင်ငံဖြစ်ပြီး လရိပ်မျိုးနွယ်စုက ညတေးသံမျိုးနွယ်စုထက် ပိုမိုအားကောင်းသောကြောင့် လရိပ်မျိုးနွယ်စုအနေနှင့် လူသားများရှေ့တွင် ပေါ်လာခြင်းနှင့်ပတ်သက်၍ အမှားအယွင်းမရှိပေ။

"ဒါပေမယ့် ကျုပ်ဘာလို့ ဒီအကြောင်းကို မကြားမိသေးတာလဲ။ အက်ဂ်နက်စ်ကို မတွေ့ခင်က နတ်သူငယ် တွေဟာ နယ်မြေကြီးကနေ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီလို့ လူတိုင်းနီးပါးက ပြောကြပါတယ်။ " ရှုယီက ပြောသည်။

"အဲဒါက ကျုပ်တို့ရဲ့စတက်တိန်းနယ်‌မြေက အရမ်းအားနည်းတဲ့အတွက်ကြောင့်မို့လို့ နယ်မြေကြီးရဲ့ တခြားနိုင်ငံတွေက ကျုပ်တို့နယ်‌မြေတွေရဲ့ သတင်းတွေကို လုံးဝ ဂရုမစိုက်ဘူး။" အန်ကလို သည် ခါးသီးသော အပြုံးဖြင့် ပြန်ကြားရမည့် တာဝန်ကို ထမ်းဆောင်လာသည်။(ပြန်ဖြေသည်။)

ရှုယီက ခေါင်းညိတ်လိုက်၏။စိုင်စ်နယ်မြေကြီး၌ ဆက်သွယ်ရေး အဆင့်အတန်း နိမ့်ကျလွန်းသဖြင့် စတက်တိန်းနယ်မြေမှ သတင်းများကို မည်သူမျှ ဂရုမစိုက်ပေ။

အကယ်၍ ဤအခြေအနေအတိုင်းသာ ကမ္ဘာမြေကြီးပေါ်တွင် ရှိပါက၊စတက်တိန်းနယ်‌မြေကဲ့သို့သော သာမန်နိုင်ငံတစ်နိုင်ငံကို မဆိုထားနှင့် နတ်သူငယ်များ ပေါ်ထွက်ခြင်းကဲ့သို့ သတင်းကြီးတစ်ခု ထွက်ပေါ်လာခြင်းအတွက်၊ စွန့်ပစ်ထားသောမြေ သို့မဟုတ် အပူပိုင်းမိုးသစ်တောတွင် ပေါ်လာလျှင်ပင် ၎င်းကို တူးဖော်ကာ ကမ္ဘာ၏ ထောင့်တိုင်းသို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်သည်။

သို့သော် ရှုယီ အဓိက ဂရုစိုက်သည်မှာ ၎င်း မဟုတ်ချေ။

သူ မည်သူ့ကိုမှ ခေါ်မလာရသည့် အကြောင်းရင်းမှာ အက်ဂ်နက်စ်က သူ့နဲ့အတူ ဆန်နက်မြေရိုင်းရှိ နတ်သူငယ် ဆယ်ယောက်နှင့် အလုပ်ပြီးသွားချိန်၌ အကြီးအကဲအီလူရှာမှာ လရိပ်မျိုးနွယ်စုက စတက်တိန်းနယ်မြေ၌ ရှိနေသည်ဟု ပြောကြားခြင်းကို သူကြားသိခဲ့ရသောကြောင့်ဖြစ်သည်။

အကြီးအကဲအီလူရှာ၏အဆိုအရ လရိပ်မျိုးနွယ်စုသည် ယခု စိုင်နယ်မြေကြီးတွင် အကြီးဆုံး နတ်သူငယ်မျိုးနွယ်ဖြစ်ဖွယ်ရှိသည်။

ရှုယီက လမ်ပူရီတိုင်းပြည်ရှိ ညတေးသံမျိုးနွယ်စုနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဖန်တီးနိုင်သောကြောင့်၊ သူသည် ဤဆက်ဆံရေးကို အသုံးပြုပြီး လရိပ်မျိုးနွယ်စုနှင့် ဆက်ဆံရေးကို ဖန်တီးကာ ပူးပေါင်းလုပ်ဆောင်နိုင်သည် ။

ရှုယီအနေနှင့် စတက်တိန်းနယ်မြေအကြောင်းကို ဘာမှမသိသလောက်ဖြစ်ရာ လရိပ်မျိုးနွယ်စုနှင့် ဆက်ဆံရေးကို ဖန်တီးနိုင်ခဲ့ပါက၊ စတက်တိန်းနယ်မြေတွင် သူ၏အလုပ်အတွက် အလွန်အထောက်အကူဖြစ်လိမ့်မည်။

ရှုယီက တခြားဘာမှ မမေးတော့သည်ကိုမြင်သော် အန်ကလိုက ရှုယီကို ချက်ချင်းမေးလိုက်၏ "ဥက္ကဌရှု အဆင်သင့်ဖြစ်ရင် ကျုပ်တို့ သွားကြတော့မလား?"

ရှုယီက အက်ဂ်နက်စ်ကိုကြည့်လိုက်ရာ အရာအားလုံးပြင်ဆင်ထားကြောင်း အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြသည်ကိုမြင်သော် "သွားကြရအောင်" ဟု ပြုံးပြုံးလေးပြောလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၄၀။ မင်းက သေချာပေါက် ပြောင်းလဲမှုကို ယူဆောင်လာမှာ

ဆမ်မရာမြို့မှ စတက်တိန်းနယ်မြေအတွက် ထွက်ခွာရန် ၎င်းတို့သည် ဆန်နက်မြေရိုင်းကို ဖြတ်ကျော်ရန် လိုအပ်သော်လည်း ဗော်လ်လာမျိုးနွယ်စု၏ ဆန့်ကျင်ဘက်သို့ ဦးတည်သွားခဲ့သည်။

အန်ကလိုက ရှုယီနှင့်ပတ်သက်၍ အလွန်ရိုးသားကာ အပိုပြောမနေဘဲ လက်ထောက်အနည်းငယ်နှင့် မြင်းလှည်းသုံးစင်းကိုသာ ယူလာသည်။

ရှုယီအနေနှင့် လက်ထောက်အချို့ကို ခေါ်ဆောင်လာမည်ဟု သူထင်ခဲ့သော်လည်း အက်ဂ်နက်စ်မှလွဲ၍ အခြားမည်သူ့ကိုမျှ သူ၏လက်ထောက်အဖြစ် မခေါ်ဆောင်လာဘဲနေမည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် တတိယမြင်းလှည်းက လုံးဝအလွတ်ကြီးသွားသည်။

ယာဉ်တန်းငယ်က ဆမ်မရာမြို့မှ ထွက်ခွာပြီး အနောက်တောင်ဘက်သို့ ဦးတည်သွားခဲ့သည်။ ဆန်နက်မြေရိုင်းတွင် ကီလိုမီတာ ငါးဆယ်ကျော် ဖြတ်သန်းပြီးနောက်၊ ရှုယီသည် မြေမျက်နှာသွင်ပြင် နစ်မြုပ်သွားသည်ကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်လေထု၏ အပူချိန် မြင့်တက်လာသည်။

ဆန်နက်မြေရိုင်း၏ လွင်တီးခေါင်မှ ထွက်ခွာကာ တောထဲသို့ဝင်ရောက်ပြီး မကြာမီပင် ရှုယီလည်း ပူလာပြီး မနေနိုင်တော့ဘဲ သားမွေးအင်္ကျီကို ချွတ်လိုက်၏။

ရှုယီ၏လုပ်ရပ်ကို မြင်လိုက်ရသည်တွင် အတူတူ မြင်းလှည်းစီးနေသည့် အန်ကလိုက မတတ်နိုင်စွာ ပြောလိုက်၏။"ဥက္ကဌရှု၊ ဒါက ကျုပ်တို့ရဲ့ စတက်တိန်းနယ်မြေမှာ ခင်ဗျားရဲ့ပထမဆုံးအကြိမ်ပဲ၊ ဒါကြောင့် ကျုပ်တို့နယ်မြေ ရဲ့ ရာသီဥတုကို မသိနိုင်လောက်သေးဘူး။ တကယ်တော့ ကျုပ်တို့နယ်မြေရဲ့ ရာသီဥတုက နယ်မြေကြီးပေါ်က နိုင်ငံအများစုနဲ့ တော်တော်ကွာခြားပါတယ်။ ဒီမှာ လူတွေကို အေးစေတဲ့ ကာလလေးတစ်ခုတောင်မရှိသေးဘဲ အခုအချိန်ကလည်း ဆောင်းရာသီဖြစ်နေ‌ပေမယ့် ခင်‌ဗျားတို့ လမ်ပူရီတိုင်းပြည်ရဲ့ နွေဦး၊ ဆောင်းဦးတွေနဲ့ ယှဉ်ရင် အပူချိန်က နည်းနည်း ပိုမြင့်တယ်။"

ရှုယီက နဖူးထက်က ချွေးများကို သုတ်လိုက်ပြီး ခေါင်းညိတ်ပြရင်း “ခံစားလို့ရပါတယ်။ မြေမျက်နှာသွင်ပြင်ကိုသုံးသပ်ရရင် ခင်ဗျားတို့ စတန်တိုင်းနယ်မြေက ချိုင့်ဝှမ်းတစ်ခုမှာရှိပြီး သမုဒ္ဒရာနဲ့နီးတော့ တိုက်ကြီးရဲ့တောင်ဘက်အကျဆုံးအပိုင်းဖြစ်တဲ့အပြင် ဒီလိုရာသီဥတုမျိုးရှိတာ မထူးဆန်းပါဘူး။”

အန်ကလိုက အနည်းငယ် အံ့အားသင့်သွားပြီး "ဥက္ကဌရှုက ပထဝီဝင်ကို အရမ်းကျွမ်းကျင်ပုံရတယ်၊ ခင်ဗျားက တကယ်ပညာရှိပဲ။ ဘုရင်မဆယ်ဗီနီက မင်းကိုအမြဲချီးကျူးတာ အံ့သြစရာမဟုတ်ဘူးပဲ"

"ဘုရင်မက ခင်ဗျားရှေ့မှာ ကျုပ်အကြောင်းကိုပြောနေတာလား" ရှုယီက အံ့သြသောအသံဖြင့် မေးလိုက်သည်။

အန်ကလိုက ခပ်ဖျော့ဖျော့ပြုံးကာ "ပထမဆုံး ခင်ဗျားအကြောင်း ဘုရင်မကို ကျုပ်ပြောခဲ့တာ၊ ဒါပေမယ့် ဥက္ကဌရှုလို့ ဖော်ပြလိုက်တာနဲ့ ဘုရင်မက ရုတ်တရက် ဂုဏ်ယူသွားလိမ့်မယ် လို့ မထင်ခဲ့မိဘူး။သူမက ကျုပ်ရှေ့မှာ ဥက္ကဌရှုကို ချီးမွှမ်းရင်း၊ ခင်ဗျားကို အလေးထားပြီး ယုံကြည်မှု မြင့်မြင့်မားဆုံး ဆုပ်ကိုင်ထားတယ်။ ဥက္ကဌရှုကိုရှာဖွေဖို့ ကျုပ်ကို ယုံကြည်မှုအပြည့်ရှိစေခဲ့တာ ဘုရင်မရဲ့ စကားလုံးတွေကြောင့်ပါပဲ။"

ဆယ်ဗီနီ၏ပုံရိပ်က ရှုယီ စိတ်ထဲတွင် ပေါ်လာပြီး "ကျုပ်သာဘုရင်မပြောသလို မကောင်းရင် ဒါက အလဟသ ခရီးတစ်ခု ဖြစ်သွားဘူးလား?"

“မဟုတ်ဘူး၊ ကျုပ် လမ်ပူရီတိုင်းပြည်ကို အကြိမ်များစွာသွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ သူမနဲ့အကြိမ်အနည်းငယ်ဆုံဖူးတယ်။ ဒီလို တစ်ယောက်ယောက်ကို ချီးကျူးတာက ပထမဆုံးအကြိမ်ပဲ။ ကျုပ်အနေနဲ့ ဥက္ကဋ္ဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့အကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်တိုင် သုတေသနပြုပြီးပေမယ့်လည်း ဘုရင်မရဲ့အခိုင်အမာယုံကြည်နေတာက ကျုပ်ကို ယုံကြည်မှုပိုရှိစေတာ‌ကြောင့် ဆုံးဖြတ်ချက်ကို ထိခိုက်မှာမဟုတ်ဘူး။”

"ခင်ဗျားက တကယ်ကို ယဉ်ကျေးလွန်းနေပြီ။" ရှုယီက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ “မစ္စတာအန်ကလို၊ တကယ်ဆို ဒီအချိန်မှာတောင် ကျုပ် မစဉ်းစားနိုင်သေးဘူး၊ ခင်ဗျားက ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းဆီက ဘာကိုလိုချင်တာလဲ? ကျုပ်တို့က လုပ်ငန်းစုလေးတစ်ခုပဲရှိသေးတော့ စတန်တိုင်းနယ်‌မြေရဲ့အခြေအနေကို ပြောင်းလဲဖို့ များများစားစားမလုပ်ဆောင်နိုင်မှာကို စိုးရိမ်မိတယ်။"

"အပြောင်းအလဲက နည်းနည်းချင်းစီ စတင်တယ်။" အန်ကလိုက လေးနက်စွာဆိုသည် “Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်မှာ အကြီးဆုံးလုပ်ငန်းစုမဟုတ်ပေမယ့်လည်းအလားအလာ‌ကောင်းတွေတော့ရှိတယ်။ ခင်ဗျားတို့လုပ်ငန်းစုကို ကျုပ်ဂရုတစိုက်လေ့လာရင်း ဘန်တာမြို့နဲ့ ပတ်ဝန်းကျင်မြို့တွေကို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အသွင်အပြင်အဖြစ် သတ်မှတ်နိုင်တဲ့ အကြောင်းရင်းကို တွေ့ရှိခဲ့တာပါ။ ဒါကြောင့် Frestech ကုန်သည်ကြီးများအသင်းကို ဖိတ်ခေါ်တာဖြစ်ဖြစ် ဥက္ကဌရှုကို စတက်တိန်းနယ်မြေဆီ ဖိတ်ကြားထားသရွေ့တော့ အပြောင်းအလဲ တစ်ခုခုတော့ ရှိလိမ့်မယ်လို့ ကျုပ်ထင်ပါတယ်။”

အန်ကလို၏မျက်နှာပေါ်ရှိ ပြတ်သားသော အကြည့်ကို မြင်လိုက်ရသည့်အခါ ရှုယီက ခါးသီးသော အပြုံးဖြင့် ပြောသည် ။ "မစ္စတာအန်ကလို၊ စတက်တိန်းနယ်မြေကို အပြောင်းအလဲတချို့ ယူဆောင်လာဖို့ ယုံကြည်ချက်ရှိပေမယ့်၊ ခင်ဗျားပြောတာက ကျုပ်ကို တကယ် ဖိအားဖြစ်စေတယ်။"

အန်ကလိုက ခပ်ဖျော့ဖျော့ပြုံးကာ "ဥက္ကဌရှု၊ ခင်ဗျားက ဖိအားကိုကြောက်တဲ့သူတစ်ယောက် ဖြစ်နိုင်ပါ့မလား"

ရှုယီက ပခုံးတွန့်ကာ "ကောင်းပြီ၊ ကျုပ်သိပ်မကြောက်ပါဘူး၊ ဖိအားဆိုတာက တွန်းအားတစ်ခုလို့ အမြဲယုံကြည်နေတာကြောင့် ဖိအားတွေရှိလာမယ်လို့တောင် မျှော်လင့်တယ်။ အမ်….ဖိအားတွေရှိနေတော့ ဒီဖိအားကို တွန်းအားအဖြစ် ဘယ်လိုပြောင်းမလဲဆိုတာ ဆွေးနွေးသင့်တယ်။ မစ္စတာအန်ကလို၊ ကျုပ်အရင်ဆုံးမေးချင်တယ်။ စတက်တိန်း နယ်မြေက ကျုပ်ကိုရောင်းချင်တဲ့ မိုင်းတွင်းသုံးတွင်းပတ်လမ်းက ဘယ်လိုအခြေအနေရှိလဲ။"

အန်ကလိုက “သံသတ္တုမိုင်းတွင်းနှစ်ခုကို ဆက်သွယ်ထားတဲ့ လမ်းတွေ ရှိပြီး ကြေးနီစီမံကိန်းကို အရင်က ဘယ်သူကမှ ဂရုမစိုက်ခဲ့ဘူးဆိုတော့ အခုက ဆက်သွယ်တဲ့ လမ်းလည်း မရှိဘူး” ဟု အန်ကလိုက မဆိုင်းမတွ ပြန်ပြောသည်။

"လမ်းလုံးဝမရှိဘူးလား" ရှုယီက မနေနိုင်ဘဲ မျက်ခုံးတွန့်သွား၏။

အမှန်တွင် စတက်တိန်းနယ်မြေက သံသတ္တုမိုင်းတွင်းနှစ်ခုနှင့် ကြေးနီတွင်းကို သူ့ဆီရောင်းဖို့ စီစဉ်နေတာကြောင့် ရှုယီမှာ ကြေးနီတွင်းက ပိုအရေးကြီးသည်ဟု ခံစားရသည်။

ယခု ဂျင်နရေတာ တီထွင်ခြင်းတွင် အောင်မြင်မှုရရှိခဲ့ပြီး နောက်တစ်ဆင့်မှာ ကြီးမားသော ဂျင်နရေတာများ ဖန်တီးကာ လျှပ်စစ်ဓာတ်အား အသုံးပြုမှုကို လူသိများလာစေရန် ဖြစ်သည်။

လျှပ်စစ်ဓာတ်အား လူသိများစေရန်အတွက် ကြေးနီလိုအပ်မှု များပြားခဲ့၏။

ယခုအချိန်တွင် လမ်ပူရီနိုင်ငံ၌ ကြေးနီအလုံအလောက်မရရှိနိုင်သေးဘဲ ဗော်လ်လာ လူမျိုးစုအနီးရှိ မိုင်းတွင်းတွင် ကြေးနီကြောမရှိခြင်းကြောင့် ရှုယီက စတက်တိန်းနယ်မြေ၏ ကြေးနီမိုင်းတွင်းတွင်သာ သူ၏ မျှော်လင့်ချက်များကို‌ ထည့်ထားနိုင်ခဲ့သည်။

အကယ်၍ ဤကြေးနီမိုင်းတွင်းအနီးတစ်ဝိုက်ရှိ လမ်းအခြေအနေများ အလွန်ချို့တဲ့ပါက၊ ၎င်း၏အကြံအစည်ကို များစွာထိခိုက်စေမည်ဖြစ်သည်။

ရှုယီ၏မျက်နှာပေါ်ရှိအမူအရာကိုမြင်လိုက်ရသည်တွင် အန်ကလိုက "ဥက္ကဌရှု စိတ်ချပါ။ ကြေးနီစီမံကိန်းနဲ့ ချိတ်ဆက်တဲ့လမ်း မရှိပေမယ့်၊ ကျုပ်တို့ရဲ့ စတက်တိန်းနယ်မြေက မြေပြန့်ဆိုတော့ ကြေးနီမိုင်းတွင်းတစ်ဝိုက်နားက ဧရိယာဟာ အရမ်းပြန့်ပြူးတာမို့ သတ္တုတွင်းလုပ်ငန်းကို အရမ်း မထိခိုက်စေပါဘူး။"

“အန်… ဒီလိုမျိုးဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ လမ်း ဖောက်နိုင်သရွေ့ အားလုံး ဆွေးနွေးလို့ ရပါတယ်” ရှုယီက ခေါင်းညိတ်ပြသည်။

“လမ်းတွေဖောက်ဖို့ပြောနေတာ…” အန်ကလိုက မမေးမီ အနည်းငယ် တုံ့ဆိုင်းသွားကာ “ဥက္ကဌ ခင်ဗျား၊ ကျုပ်တို့နယ်မြေမှာ လမ်းတွေဖောက်ဖို့ စီစဉ်နေတာလား။"

ရှုယီကအံ့အားသင့်သွားပြီး " လမ်းတွေဖောက်တာက ခင်ဗျားတို့ နယ်မြေက လုပ်သင့်တာမဟုတ်ဘူးလား။ ကျုပ်ကိုဘာလို့မေးတာလဲ"

အန်ကလို၏မျက်နှာပေါ်ရှိ အပြုံးသည် အနည်းငယ် အဆင်မပြေ ဖြစ်လာသည် ၊ "ဒါ...တကယ်တော့ လမ်းတွေ ဖောက်လုပ်ရတဲ့ စရိတ်က အရမ်းကြီးလို့ ကျုပ်တို့ နယ်မြေက ဘုရင်မ မတတ်နိုင်ဘူး"

ရှုယီက အန်ကလိုကို မယုံကြည်နိုင်စွာ ကြည့်ပြီး "ကီလိုမီတာ တစ်ရာရှိတဲ့လမ်းကို ဆောက်တာတောင် ရွှေဒင်္ဂါးသုံးသိန်းပဲ ကုန်ကျတာ ဘာလို့ မတတ်နိုင်ရတာလဲ"

အန်ကလို၏မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် အဆင်မပြေဖြစ်လာသည်၊ "တကယ်တော့ ဥက္ကဌရှုသိရင် ဒါကို ရယ်နေလိမ့်မယ်၊ ဒါပေမယ့် မနှစ်က ကျုပ်တို့နယ်မြေ ရဲ့ ၀င်ငွေက ရွှေဒင်္ဂါးနှစ်သိန်းအောက်ပဲ ရှိတယ်..."

ရှုယီဆွံ့အသွားသည်။

စတက်တိန်းနယ်မြေအကြောင်းကို ရရှိခဲ့သော သတင်းအရင်းအမြစ်အမျိုးမျိုးမှ အားနည်းမှန်း သူသိသော်လည်း ရှုယီအနေနှင့် ဤမျှအားနည်းလိမ့်မည်ဟု ဘယ်သောအခါမှ မထင်ခဲ့မိပေ။

နယ်မြေတစ်ခုသည် တစ်နှစ်ဝင်ငွေ ရွှေဒင်္ဂါးနှစ်သိန်းပင်မရပေ။ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ လဝက်အမြတ်အစွန်းများနှင့်ပင် နှိုင်းယှဉ်၍မရပါချေ။

အန်ကလိုမှာ နယ်စားစတက်တိန်း၏ ယုံကြည်ရသော လက်အောက်ငယ်သားနှင့် စတက်တိန်းဒက်ချီ၏ အရေးပါသော လူဖြစ်ပြီး ရှုယီကို ရင်ဆိုင်ရသောအခါတွင်ပင် ဖော်ရွေသည်မှာ အံ့သြစရာမဟုတ်ပေ။

ကမ္ဘာပေါ်၌ ၎င်းကို ငွေ၏အာဏာဟု ခေါ်သည်။

စတက်တိန်းနယ်မြေမှာ ဤမျှညံ့ဖျင်းသောကြောင့် အန်ကလိုသည် ရှုယီ၏ရှေ့တွင် ဘဝင်မြင့်မနေနိုင်ချေ။

အန်ကလို၏မျက်နှာတွင် အဆင်မပြေသော အပြုံးကို မြင်လိုက်ရသဖြင့်၊ ရှုယီမှာ ကျေးလက်ဒေသများမှ အရာရှိများနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်ရန် စိတ်ဝင်စားတတ်သည့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံခဲ့ခြင်းအား မတွေးတောမိဘဲမနေနိုင်ပေ။

အန်ကလိုအတွက် ရှုယီမှာ သူဖိတ်ကြားရန် ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့သည့် ဓနရှင်နတ်ဘုရားတစ်ပါး ဖြစ်ကောင်းဖြစ်နိုင်သည်။ ရှုယီရင်းနှီးမြှပ်နှံရန်အတွက် တတ်နိုင်သမျှ ဆောင်ရွက်ပေးမည်မှာ သေချာသည်ဖြစ်ရာ သူတတ်နိုင်သမျှ ယဉ်ကျေးပြီး ဖော်ရွေသည်။

သို့သော် ၎င်းကို တွေးကြည့်လျှင် စတက်တိန်းနယ်‌မြေထက် အားကောင်းသည့် လမ်ပူရီဘုရင့်နိုင်ငံသည် တစ်နှစ်လျှင် ရွှေဒင်္ဂါးနှစ်သန်းသာ ဝင်ငွေရှိသည်။ စတက်တိန်းနယ်မြေက ရွှေဒင်္ဂါးနှစ်သိန်း ဝင်ငွေရှိရန်မှာ အမှန်တကယ် ကောင်းမွန်နေပြီဖြစ်သည်....

ရှုယီလည်း စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ခေါင်းတညိတ်ညိတ်နဲ့ ပြောနေတဲ့ သူ့အမူအရာက အပြင်ပန်း၌ မပြောင်းလဲ‌ချေ၊ “ကောင်းပြီလေ၊ တောင်တန်းတွေဆီကို ရောက်တဲ့အခါ လမ်းတွေ ဆောက်ဖို့ လိုသလား စဉ်းစားလိုက်ပါ့မယ်။ တကယ်တော့ မိုင်းတွင်းကို ဆက်သွယ်တဲ့ ပုံမှန်လမ်းက သတ္တုကြောတွေကို တူးဖော်တဲ့အခါ ကျုပ်တို့ကို အများကြီး အထောက်အကူ ဖြစ်စေမှာပါ။”

ရှုယီ၏ စိတ်အေးလက်အေး လေသံကိုကြားတော့ အန်ကလို၏အမူအရာမှာ တစ်စက္ကန့်မျှ အေးခဲသွားပြီးမှ ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ဥက္ကဌ ရှု လိုအပ်တာရှိရင် အရာအားလုံးကို ဆွေးနွေးနိုင်ပါတယ်"

ရှုယီက အန်ကလိုကို ကြည့်လိုက်သည်။ ‘ဒီတော့ ကျုပ်သာ ပိုက်ဆံ အလုံအလောက် ထုတ်ပေးနိုင်ရင် ခင်ဗျားတို့ရဲ့ စတက်တိန်းနယ်မြေ တစ်ခုလုံးကို ကျုပ်ဆီ ရောင်းမှာလား?’

မြင်းလှည်းသည် ဆန်နက်မြေရိုင်းမှ ထွက်ခွာပြီး စတက်တိန်းနယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။

အပူချိန် တဖြည်းဖြည်း တိုးလာသည်နှင့်အမျှ ၎င်းတို့ပတ်ဝန်းကျင် ရှုခင်းများ လျင်မြန်စွာ ပြောင်းလဲသွားသည်။

အစပိုင်းတွင်၊ လမ်းများကို လမ်ပူရီတိုင်းပြည်တစ်ဝှမ်းလုံးတွင် တွေ့နိုင်စေမည့်အပင်အမျိုးမျိုးဖြင့်ဝန်းရံထားသည်။ ဆက်လက်၍ အပင်များသည် အပူပိုင်းရာသီဥတုတွင်သာ တွေ့ရှိနိုင်သော အပူပိုင်းအပင်များအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ရှုယီမှာ စိုင်‌စ်နယ်မြေကြီး၌ ပြောင်းရွှေ့နေထိုင်လာသည်က ငါးနှစ်တာရှိပြီဖြစ်သောကြောင့် စိုင်စ်နယ်မြေကြီးနှင့် ကမ္ဘာမြေတို့နှင့် ပတ်သက်သော ကွဲပြားသည့်အရာများစွာရှိကြောင်း သိသော်လည်း တူညီမှုများလည်း ရှိသေးသည်။

ဥပမာ အပင်များကို ပြောရမည်။ စိုင်စ်နယ်မြေကြီး၌ ကမ္ဘာမြေတွင် ရှုယီမကြားခဲ့ဖူးသည့် အပင်များစွာရှိသော်လည်း ကမ္ဘာမြေရှိ အပင်များကတော့ စိုင်စ်နယ်မြေကြီး၌လည်း ရှိသည်။

ဥပမာအားဖြင့်၊ ရှုယီမှ မြင်းလှည်းဘေးရှိ သစ်ပင်များကို ကြည့်လိုက်သောအခါ ငှက်ပျောပင်များ၊ သရက်ပင်များနှင့် နာနတ်သီးပင်များကို တွေ့ရလိမ့်မည်....

ခပ်လှမ်းလှမ်းတွင် အုန်းပင်ကြီးအချို့ကိုပင် သူမြင်နေရသည်။

ရှုယီက အချိန်ကြာကြည့်နေပြီးနောက် အပင်တွေကို လက်ညှိုးထိုးပြပြီး အန်ကလိုကို မေးလေ၏ "ခင်ဗျားတို့ စတက်တိန်းနယ်မြေမှာ အဖိုးတန် အရင်းအမြစ်တွေ အများကြီးရှိတယ်၊ ဝင်ငွေက ဘာလို့ ဒီလောက်နိမ့်နေရတာလဲ"

"အဖိုးတန် အရင်းအမြစ်?" အန်ကလိုက အံ့အားသင့်သွားသော အသံဖြင့် ပြန်မေးသည် “အဖိုးတန်တဲ့ အရင်းအမြစ်တွေက ဘာလဲ”

"ဒါတွေက အဖိုးတန်တယ်မဟုတ်ဘူးလား? တခြားနေရာတွေမှာ အသီးအနှံတွေကို ရောင်းစားရင် ဝင်ငွေနည်းနည်းရနိုင်တယ်"

"ဒီအသီးအနှံတွေအကြောင်းပြောနေတာလား။" အန်ကလိုသည် ခါးသီးသော အပြုံးကို ပြရင်း ရှုယီ ညွှန်ပြနေသည့် အသီးအနှံများကို ကြည့်ကာ၊ "ဥက္ကဋ္ဌ ရှု တခြားနိုင်ငံက လူတွေက ဒီအသီးအနှံတွေကို ကြိုက်ကြတယ်ဆိုတာ ကျုပ်တို့သိပါတယ်၊ ဒါပေမယ့် ပြဿနာက ... အဲဒါတွေကို ကျုပ်တို့ ဘယ်လိုသယ်ယူပို့‌ဆောင်မလဲ"

အန်ကလိုသည် ကူကယ်ရာမဲ့သော အကြည့်ဖြင့် လက်များကို ဖြန့်ထားသည်ကို မြင်လိုက်ရသော် ရှုယီက အံ့အားသင့်သွားသော်လည်း ချက်ချင်း တုံ့ပြန်လိုက်သည်။

စိုင်စ်နယ်မြေကြီးသည် ကမ္ဘာမြေကြီးမဟုတ်‌ချေ၊ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း တစ်စုံတစ်ခုကို ပေးပို့ ရောင်းချရန် အားကောင်းသော ပို့ဆောင်နိုင်စွမ်းမရှိပေ။

ယင်းအပူပိုင်းသစ်သီးများသည် အလွန်ကောင်းမွန်သော်လည်း စိုင်စ်နယ်မြေကြီး၏ လက်ရှိသယ်ယူပို့ဆောင်ရေးစွမ်းရည်နှင့်၊ နောက်ထပ်နေရာများကို မပြောနှင့်၊ အနီးနားရှိ လမ်ပူရီတိုင်းပြည်သို့ ပို့ဆောင်ရုံဖြင့်ပင် လမ်းပေါ်တွင် သစ်သီးများ ပုပ်သွားနိုင်သည်။

စတက်တိန်းနယ်မြေက ၎င်းတို့၏ရတနာများကို ဖြုန်းတီးနေသည်ဟု ရှုယီပြောသည်က တကယ်ကို ကျိုးကြောင်းမဆီလျော်ပေ။

ထိုသို့တွေးပြီး ရှုယီ ငြိမ်သက်သွားသည်။ သူက အန်ကလို ကို မပြောခင် ခဏလောက်စဉ်းစားပြီးမှ "ဒီအသီးအနှံတွေကို သယ်ဖို့ နည်းလမ်းရှိရင်ရော?"

အန်ကလို၏မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာကာ ရွှင်လန်းသောအသံဖြင့် “ကြည့်‌ဦး။ ဥက္ကဋ္ဌ ရှု၊ ကျုပ်ပြောသားပဲ! ခင်းဗျားက ကျုပ်တို့ရဲ့ စတက်တိန်းနယ်‌မြေအတွက် အပြောင်းအလဲတွေကို သေချာပေါက် ယူဆောင်လာလိမ့်မယ်လို့။”

***

All Chapters