အခန်း (၁၄၁-၁၅၀)
Vol. 2 Ch. 141-150
Vol 2, အခန်း ၁၄၁။ ဘာလို့ ဒီလောက် မွဲတေနေရတာလဲ?
မြင်းလှည်း ရှေ့သို့ ဆက်မောင်းသွားသည်နှင့် ရှုယီမှာ ပို,ပိုတွေ့လာရသည်။ စတက်တိန်းနယ်မြေမှာ သဘာဝရင်းမြစ်များ အင်မတန်ကြွယ်ဝလေ၏။
၎င်းတို့ ဘေးပတ်လည်တွင် အသီးပေါင်း အမျိုးစုံမှာ တန်ဖိုးမရှိသလို သီးနေကြရုံသာမက ရှုယီမှ အဝေးသို့ လှမ်းကြည့်လိုက်သည်၌ ကိုကိုးပင်ကြီးများနှင့် ကော်ဖီပင်များကိုပါတွေ့လိုက်ရသည်။ သို့သော် ပို၍ အရေးကြီးသည်မှာ ကောင်းကင်ယံသို့ ထိုးထောင်နေကြသော ရာဘာပင်များပါ ရှိနေခြင်းဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ရှုယီလည်း စတက်တိန်းနယ်မြေ၌ ကမ္ဘာမြေပေါ်ကကဲ့သို့ အပူပိုင်းအပင်မျိုးစုံ ပေါက်ရောက်ကြီးထွားနေခြင်းကို အံ့ဩနေချိန်ပင်မရတော့ဘဲ လုံးဝ ထိတ်လန့်သွားသည်။
ထိုသို့သော ကြွယ်ဝသည့် သဘာဝရင်းမြစ်များနှင့် စတက်တိန်းနယ်မြေက အဘယ့်ကြောင့် ထိုမျှ မွဲတေနေရသနည်း?
စတက်တိန်းနယ်မြေသို့ ရောက်မလာခင်က နယ်မြေကြီးများ၏ စာအုပ်များမှဖြစ်စေ စတက်တိန်းနယ်မြေအကြောင်း ဖော်ပြခဲ့ကြသည့် လူများထံမှဖြစ်စေ သို့မဟုတ် စတက်တိန်းနယ်မြေမှ လာရောက်ခဲ့သည့် အန်ကလို၏ဖော်ပြချက်များထံမှပင် ဖြစ်စေ ၎င်းတို့အားလုံးထံ၌ တူညီသည့် အချက်အလက်များရှိကြသည်။ စတက်တိန်းနယ်မြေမှာ အင်မတန်မွဲတေလှသည့် အလွန်အားနည်းသော တိုင်းပြည်တစ်ခု ဖြစ်သည်ဟူ၍ပင်။
စတက်တိန်းနယ်မြေသို့ မလာခင်က ရှုယီလည်း တစ်နှစ်ပတ်လည်လုံး ဟာရီကိန်းများနှင့် ဆူနာမီတို့ကြောင့် ဆုတ်ယုတ်နေပြီးသား နိုင်ငံတစ်နိုင်ငံကို မြင်တွေ့ဖို့ရာ ပြင်ဆင်ထားခဲ့ပြီးသားဖြစ်၏။
သို့သော် သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့သည်မှာ စတက်တိန်းနယ်မြေ၏ မြေများက ပျက်စီးမနေဘဲ သူထင်ထားသည်ထက်ပင် ပေါကြွယ်ဝနေသေး၏။
ထိုသို့သော ကြွယ်ဝသည့် သဘာဝရင်းမြစ်များကြောင့် ကောင်းကင်ဘုံမှ အဖိုးတန်လက်ဆောင်တစ်ခုနှယ်ပင်!
၎င်းကိုသာ ကမ္ဘာမြေ၌ ထားလိုက်ပါက ထိုနိုင်ငံအား ကြွယ်ဝချမ်းသာခြင်းမဟုတ်သော်လည်း ပျက်စီးခြင်းအဖြစ် ဖော်ပြရမည်သာ။
သို့သော် ဤလမ်းတလျှောက်၌ ရှုယီမှာ ပြန့်ကျဲနေကြသည့် စတက်တိန်းနယ်မြေသားများကို မြင်းလှည်းပြတင်းမှ တဆင့်မြင်နေရသည်။ ၎င်းတို့ ဝတ်ဆင်ထားသည့် နွမ်းပါးလှသော အဝတ်များနှင့် နေထိုင်ကြသည့် သစ်လုံးအိမ် အစုတ်လေးများကို သုံးသပ်ရလျှင် ၎င်းတို့၏ဘဝမများမှာ အမှန်တကယ်ကို ဆိုးရွားလှသည်။
ထိုသည်က ရှုယီ နားမလည်နိုင်သည့် ကိစ္စပင်။
ထိုသဘာဝရင်းမြစ်အမျိုးအစားနှင့်ဆိုလျှင် စိုင်စ်နယ်မြေကြီး၏ ပို့ဆောင်ဆက်သွယ်ရေး ကွန်ရက်၌ အကန့်သတ်ရှိနေပြီး ငွေရရန် အပြင်ဘက်အား ရင်းမြစ်များကို မပို့ဆောင်နိုင်လျှင်သော်မှ နိုင်ငံသားများအနေနှင့် ထိုသို့သော မွဲတေသည့် အခြေနေ၌ ရှိမနေသင့်ပေ။
ထိုသံသယများနှင့် အတူ ရှုယီ၏ အာရုံမှာ အပြင်ဘက်ရှိ ပေါများလှသော အပင်များထံမှ စတက်တိန်းနယ်မြေ၏ လူများထံ ပြောင်းရွှေ့သွားတော့သည်။
မြင်းလှည်းက မြို့တစ်မြို့နှင့် ဆင်တူသော နေရာတစ်နေရာသို့ ရောက်လာချိန်တွင် ရှုယီလည်း ဆင်းကာ သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်လိုက်သော် နားလည်သွားလေ၏။
စတက်တိန်းနယ်မြေသားတို့ထံ၌ သဘာဝရင်းမြစ် ပေါကြွယ်ဝပါသော်လည်း ထိုရင်းမြစ် ကြွယ်ဝခြင်းကြောင့်သာ ထိုမျှ မွဲတေလာခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို အကြောင်းရင်းက အင်မတန်ထူးဆန်းပါသော်လည်း အလွန်သင့်တော်သည့် သုံးသပ်ချက်ပင်။
ကမ္ဘာမြေ၌ ရှိနေခဲ့စဉ်က ရှုယီမှာ လေ့လာရန် အပူပိုင်းနှင့် သမပိုင်းနိုင်ငံများစွာသို့ သွားရောက်ခဲ့ဖူး၏။ ဥပမာ၊ သူဟာ တောင်တရုတ်ကျွန်းဆွယ်နှင့် အိန္ဒိယကျွန်းဆွယ်တို့ကို ယခင်က အကြိမ်များစွာ သွားခဲ့သည်။
ထိုနိုင်ငံများတွင် ရှုယီတွေ့ခဲ့သည်မှာ လူများက အင်မတန် ပျင်းရိကြသည့် တူညီချက်တစ်ခု တွေ့ရှိခဲ့၏။
တူညီသည့် ဆောက်လုပ်ရေးစီမံကိန်းပြီးဆုံးရန် တရုတ်နိုင်ငံရှိ လုပ်ငန်းစုတစ်စုတွင် နှစ်လမှ သုံးလအထိသာကြာသော်လည်း ထိုနိုင်ငံများရှိ အစိုးရများ၏စွမ်းဆောင်ရည် နိမ့်ကျခြင်းကိုမဆိုထားနှင့် အလုပ်သမားများကိုယ်တိုင်၏ ပျင်းရိမှုကတင် ယင်းစီမံကိန်းက နှစ်တစ်ဝက်ကြာအောင် မပြီးပြတ်ဘဲ အချိန်ဆွဲထားဖို့ လုံလောက်သည်။
ထို ပြဿနာကြောင့် ရှုယီထံ တိတ်တဆိတ် တိုင်တန်းခဲ့ကြသည့် မန်နေဂျာများစွာပင်ရှိခဲ့သည်။
ရှင်းလင်းစွာပင် ၎င်းတို့အနေနှင့် စက်အချို့အား မည်သို့သုံးရမည်ကိုသာ လေ့လာဖို့လိုပြီး အတွင်း၌ ထိုင်ကာ ထိုစက်များကို ထိန်းချုပ်ရင်း အလုပ်လုပ်ရုံဖြစ်သော်လည်း ထိုအလုပ်သမားများက ၎င်းအခြေခံအကျဆုံးအလုပ်ကိုပင် လေ့လာဖို့ရာ ငြင်းဆန်ကြသည်။
၎င်းတို့ကိုသာ ကာယအလုပ် လုပ်ခိုင်းပါလျှင်လည်း ပေါ့လျော့လိမ့်မည်။
ထိုအလုပ်သမားများ၏ စွမ်းဆောင်ရည်က အင်မတန်နိမ့်ကျလှပြီး စီမံကိန်း၏ တိုးတက်မှုကို နှောင့်နှေးစေသောကြောင့် တရုတ်နိုင်ငံမှ အလုပ်သမားအရေအတွက်များစွာကို စုဆောင်းရန် ပမာဏကြီးတစ်ခုအထိ တိုက်ရိုက်သုံးခဲ့ကြသော လုပ်ငန်းစုများစွာရှိ၏။
၎င်းတို့၏ ဒေသခံအစိုးရနှင့် စာချုပ်များ၌ ဒေသခံလုပ်သား ပမာဏတစ်ခုအထိ စုဆောင်းရမည်ဟု ဆိုထားပါလျှင်တောင် ထိုလုပ်ငန်းစုများမှာ ငွေပိုသုံးကာ ၎င်းအလုပ်သမားများ၏ လုပ်ကိုင်ရည်ကို လုံးဝမမှီခိုဘဲ ငွေပေးလိုက်ရုံသာ တတ်နိုင်သည်။
ရှုယီလည်း ထိုမန်နေဂျာများ၏ တိုင်တန်းမှုများနှင့် ထိုနိုင်ငံများ၏ ဒေသတွင်း အခြေအနေများကို စဉ်းစားကာ သူ၏ ရှေ့ရှိ မြင်ကွင်းနှင့် နှိုင်းယှဉ်၍ သုံးသပ်လိုက်သည်။
စတက်တိန်းနယ်မြေက ဤမျှ မွဲတေနေသော်လည်း အခြားအကြောင်းအရင်းများအားလုံးကို ဘေးဖယ်လိုက်လျှင် အရေးပါဆုံးအကြောင်းရင်းမှာ ထိုလူများက အင်မတန် ပျင်းရိနေခြင်းဖြစ်သည်။
ယင်းမြို့၏ အဝင်မှ အထဲသို့ကြည့်လိုက်သော် လူတချို့ရှိနေကာ လမ်းမပေါ်လျှောက်သွားခြင်း၊ ထောင့်တစ်ထောင့်၌ ထိုင်နေခြင်း သို့မဟုတ် မြေပြင်၌ နေရောင်ခံနေခြင်းကို ပြုနေကြကာ တစ်ဦးစီက ပျင်းရိသည့် ခံစားချက်ကို ပေးစွမ်းနေ၏။
၎င်းက မည်သည့် အရေးကြီးလုပ်စရာမှ မရှိသရွေ့ သေချာပေါက် တစ်ခုခုလုပ်ရန် စွမ်းအင်ဖြုန်းတီးမည်မဟုတ်ကြသလိုပင်။
လမ်းများပေါ်၌ ဆိုင်အချို့ရှိသော်လည်း အချိန်အများစု၌ ဖောက်သည်မရှိကြချေ။ ထိုဆိုင်များ၏ သူဌေးများကလည်း ဂရုစိုက်ပုံမရသလို ခေါ်ရောင်းရန် စွမ်းအင်ပင် မဖြုန်းတီးကြ။ ၎င်းတို့အနေနှင့် မျက်လုံးများ ကာပြီးပင် အိပ်လိုက်ကြသေးသည်။
ရှုယီလည်း စဉ်းစားကြည့်ပြီး ထိုသာမန်လူများ၏ အတွေးကို နားလည်နိုင်ကြောင်းတွေ့ရှိသွားသည်။
ကိစ္စအားလုံး ညီမျှသည်ဟု ဆိုကောင်းဆိုနိုင်သည့် ကမ္ဘာမြေတွင် သာမန်လူများမှာ လှေကားထစ်သို့တက်ခြင်းအတွက် မျှော်လင့်ချက်များရှိပေသည်။
သို့သော် စိုင်စ်နယ်မြေကြီး၏ လူနေမှုအသိုင်းအဝိုင်းမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသည့် လူမှုအဆင့်အတန်းသတ်မှတ်ခြင်းနှင့် နောက်ပြန်ဆွဲနေသဖြင့် သာမန်လူများအနေနှင့် မျိုးရိုးမြင့်များကို ဆန့်ကျင်ရန် မစဉ်းစားမိကြပါချေ။
ထို့ကြောင့် သာမန်လူအတွက် ၎င်းတို့၏ ဝမ်းစာကိုဖြည့်တင်းကာ သာမန်ဘဝ၌ နေထိုင်နိုင်ခြင်းက ပထမပန်းတိုင်ဖြစ်ကြသည်။
သဘာဝရင်းမြစ်ကြွယ်ဝသည့် စတက်တိန်း နယ်မြေအတွက် လူတစ်ဦးမှာ ဆာလောင်နေပါလျှင် ဗိုက်ဖြည့်ရန် လမ်းနံဘေးရှိ သစ်ပင်မှ အသီးတစ်ခု ခူးယူလိုက်ရုံပင်။
အသက်ရှင်နေထိုင်ရန် ဖိအားမရှိသလို လှေကားသို့ လှမ်းတက်ရန် မျှော်လင့်ချက်မရှိကြကတည်းက သာမန်လူတစ်ဦးမှာ သဘာဝကျကျပင် လမ်းဘေး၌ သေဆုံးရန် အစာစားရင်း စောင့်နေရုံသာ။
၎င်းတို့သာ အလုပ်ကြိုးစားပြီး အနည်းငယ်မျှသာ လုံ့လပိုစိုက်ပါလျှင် အနည်းဆုံးတော့ ၎င်းတို့ဘဝများ ပိုမို ကောင်းမွန်လာနိုင်လေရာ အဘယ့်ကြောင့် ထိုလူများက အလုပ်မကြိုးစားကြသနည်း?
နံဘေးရှိ အန်ကလိုမှာ ရှုယီက မြင်းလှည်းထဲမှ ထွက်ကာ မြို့ကိုကြည့်ပြီးနောက် မနှစ်မြို့ဟန်ဖြင့် တိတ်ဆိတ်သွားရင်း ဤမြို့၏ ပတ်ဝန်းကျင်ကို စိတ်တိုင်းမကျသည်အား မြင်သဖြင့် အလျင်အမြန်ပြောလိုက်လေသည်၊ "ဥက္ကဌရှု၊ ဒီနေ့ဒီမှာ ယာယီတည်းကြရအောင်ပါ။ ကျုပ် ဒီက မြို့စားကို သူ့အိမ်တော်ဆီ ခင်ဗျားကို ခေါ်သွားခိုင်းဖို့ ဆက်သွယ်ထားပြီးပြီ။ သူ့အိမ်တော်ရဲ့ ပတ်ဝန်းကျင်က အတော်လေးပိုကောင်းတော့ ခင်ဗျား စိတ်ပူဖို့ မလိုပါဘူး။"
ရှုယီအနေနှင့် သူ၏အတွေးများကိုရှင်းပြရန် အင်မတန်ပျင်းရိလေရာ ခေါင်းခါလျက်နှင့် မြို့ထဲသို့ ဦးတည်လိုက်သည်။
ရှုယီ၏အပြုအမူများကိုကြည့်ရင်း အန်ကလိုလည်း ငြိမ်သက်သွားပြီးမှ သူ့နောက်အမြန်လိုက်သွားတော့သည်။
ဤမြို့၌ လမ်းသွယ်ခြောက်လမ်းသာရှိပြီး အင်မတန် တိုကြလေသည်။ ဤမြို့က ဘန်တာမြို့၏ ဆယ်ပုံတစ်ပုံ အရွယ်အစားပင်မရှိလေရာ ရှုယီလည်း တစ်ဖက်စွန်းမှ အခြားတစ်ဖက်သို့ သွားရန် နာရီဝက်လောက်သာ ကြာ၏။
မြို့ကိုပတ်သွားပြီးနောက် ရှုယီမှာ အတွေးထဲမျောသွားပြီးမှ အန်ကလိုကို မေးလာသည်၊ "စတက်တိန်း နယ်မြေမှာ ဒီမြို့ရဲ့ အတိုင်းအတာက ဘယ်လောက်ရှိလဲ?"
အန်ကလိုက အံ့ဩသွားကာ နေရခက်စွာပြုံး၍ တုံ့တုံ့ဆိုင်းဆိုင်းဖြေလာခဲ့သည်၊ "ဒါက ကျုပ်တို့နယ်မြေ မြောက်ပိုင်းမှာ အကြီးဆုံးမြို့ပါ....."
ရှုယီလည်း အံ့ဩသွား၏။ သူက မျက်ခုံးတစ်ဖက်ပင့်ကာ သူ့နောက်ရှိ မြို့ကို တစ်ဖန်ထပ်ကြည့်လိုက်သည်။ သူ့အနေနှင့် ရင်ထဲမှ ဆန်တက်လာသည့် အဓိပ္ပာယ်မဲ့ခံစားချက်ကို မတားဆီးနိုင်ဘဲ မျက်နှာက ရှုံ့တွသွားသည်။
ကမ္ဘာမြေရှိ မြို့ငယ်လေးတစ်မြို့နှင့်ပင် မယှဉ်နိုင်သည့် ဤနေရာမှာ တကယ်တမ်းတွင် စတက်တိန်းနယ်မြေ မြောက်ပိုင်းရှိ အကြီးဆုံးမြို့ ဖြစ်နေသည်လား?
ဟာသပဲ!
ရှုယီက ထူးဆန်းသည့်အမူအရာကို ထုတ်ပြခြင်းအား အကောင်းဆုံးကြိုးစားလျက် ထိန်းထားသော်လည်း အန်ကလိုက နေရခက်စွာ ရှင်းပြလာသည်၊ "ဥက္ကဌရှု၊ ကျုပ်တို့ စတက်တိန်းနယ်မြေမှာ တိတိကျကျပြောမယ်ဆို ဘာမြို့တစ်မြို့ရဲ့ ပုံစံမှမရှိပါဘူး။ ဒီမြို့က အနီးနားကလူတွေ ကုန်သွယ်ဖို့ လွယ်ကူအောင် လုပ်ဖို့ပဲဆိုတော့ ဈေးနေ့လည်းမဟုတ်တာနဲ့ လူများများစားစားရှိမယ့်ပုံမပေါ်ဘူး။ ဒါပေမယ့် ဈေးနေ့မှာသာလာရင် ဒီနေရာက အတော်ကို အသက်ဝင်လာမှာပါ....."
အန်ကလိုလည်း အတန်ကြာရှင်းပြလိုက်သော်လည်း တကယ်တမ်း မည်သည်ကိုမှမဆိုချေ။
သူဟာ လမ်ပူရီတိုင်းပြည်သို့ မကြာခဏသွားခဲ့ကာ အန်ဗီမာမြို့တော် မဆိုထားနှင့် ရှုယီ လာရောက်သည့် ဘန်တာမြို့ကပင် စတက်တိန်းနယ်မြေရှိ မြို့တော်အားလုံးထက် ကြီးမားသည်။
၎င်းကို ရှုယီရှေ့၌ ရှင်းပြလိုက်သော် ပြောရင်းပြောရင်း ပိုဆိုးလာ၏။
အန်ကလိုက ပိုတိတ်ဆိတ်လာပြီး ပိုမို နေရခက်လာဟန်ရှိသည်ကို မြင်သော် ရှုယီလည်း သက်ပြင်းချကာ ၎င်းသနားစဖွယ် မြို့လေးကို ကြည့်နေရာမှ ရပ်တန့်လိုက်သည်။ အန်ကလိုကိုလည်း တစ်ခုပြောလိုက်၏၊ "ဟုတ်ပြီ ကျုပ်ကို အနားယူဖို့ တစ်နေရာခေါ်သွားပေးပါဦး။ မြင်းလှည်းထဲမှာ တစ်ရက်လောက် ထိုနေခဲ့ရတော့ အတော်ပင်ပန်းနေတယ်။"
အန်ကလိုလည်း ၎င်းတို့နောက်မှ မြင်းလှည်းသုံးစင်းကို အမြန်ခေါ်ကာ ရှုယီအား ဝင်ထိုင်ရန် တောင်းဆိုလိုက်၏။ ၎င်းတို့က အတော်အသင့်ကျယ်သည်ဟု ယူဆ၍ရသော လမ်းပေါ်ကသာ တောင်ဘက်ကို ဦးတည်လိုက်သည်။
အန်ကလိုပြောခဲ့သည့် မြို့စားအိမ်တော်က တကယ်တမ်း ရှုယီကို အံ့ဩစေသည်။ ၎င်းက အင်မတန်ကြီးမား၍ ခြံဝန်းထဲ၌ အဆောက်အဦများစွာရှိပြီး နေရာအကျယ်ကြီးကို ယူထားကာ အတော်လေး ခမ်းနားဟန်ရှိသည်။
၎င်းက ဘန်တာမြို့အပြင်ဘက်ရှိ မျိုးရိုးမြင့် အိမ်ရာများနှင့် မတူသော်လည်း အကျယ်အဝန်းနှင့် တောင်တန်း အင်းအိုင်များလည်း ရှိကာ အတော်ကောင်းသည့် သစ်လုံးအိမ်များကြောင့် ပတ်ဝန်းကျင်က ဆိုးရွားပုံမပေါ်။
အန်ကလို၏ မိတ်ဆက်ပေးမှုအရ ဤအိမ်တော်ပိုင်ရှင်မှာ မြို့စားအရှင်ဖြစ်ပြီး မြို့ကလည်း သူ့မိသားစု နာမည်ကို ယူထားသည်။
သူ၏ မိသားစုအား ဝိန်မိသားစုဟု ခေါ်တွင်က မြို့ကို ဝိန်မြို့တော်ဟု ခေါ်ဆိုသည်။
လက်ရှိ ဝိန်မိသားစု၏ ခေါင်းဆောင်က အိမ်တော်ပိုင်ရင် ဆွင်းန် ဝိန်ဖြစ်၏။ သူဟာ အရပ်သိပ်မရှည်ဘဲ ခပ်ဝဖိုင့်ဖိုင့် လူလတ်ပိုင်းကြီးတစ်ဦးပါပင်။
အန်ကလိုနှင့် ရှုယီတို့ကို မြင်ပြီးသည့်နောက် ဆွင်းန်ဝိန်က အင်မတန် ဖော်ရွေသည့်ဟန်ဖြင့် ရှုယီရှေ့တွင် ရိုကျိုးနေသည်။
တစ်စုံတစ်ဦးအား ရိုကျိုးနေသည်မှာ သေချာပေါက် တစ်စုံတရာကို လိုချင်သောကြောင့်ဖြစ်ရမည်။
၎င်းဆွင်းန်ဝိန်က ရှုယီကို ထိုသို့ ဆက်ဆံလေရာ သူ့ထံ၌ ရှုယီအတွက် တောင်းဆိုမှုတစ်ချို့ရှိသည်မှာ သေချာသည်။
သို့သော် လတ်တလောတော့ ရှုယီအနေနှင့် သူ့ထံ၌ မည်သည့် တောင်းဆိုမှုများရှိသည်ကို မသိချေ။
သို့ရာတွင် ထိုမေးခွန်းက မကြာခင် သူ့အတွက် ပြင်ဆင်ထားသည့် ကြိုဆိုပွဲ၌ ဖြေကြားပေးခံရလိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၄၂။ စည်သွပ်သီးစက်ရုံနှင့် ရာဘာစက်ရုံ
"ဥက္ကဌရှု၊ လာပါ ကျုပ်တို့ရဲ့ အထူးအသီးဖျော်ရည်လေးတစ်ခွက်လောက် သုံးဆောင်ပါဦး။ ဒါက ဝိုင်သောက်ထက်တောင် ပိုကောင်းလိမ့်မယ်လို့ ကျုပ် အာမခံပါတယ်။" ဆွင်းန်ဝိန်က ပြုံးလိုက်ရာ သူ့မျက်လုံးများက မျက်နှာထက်ရှိ အဆီများဖြင့် လုံးဝအုပ်သွားပြီး မည်သည်ကမှ ပေါ်ထွက်မလာချေ။(အပြုံးကို မမြင်ရတာကိုပြောချင်တာပါ)
ရှုယီက သူနှင့် အန်ကလိုတို့ထံ ခွက်မြှောက်ပြလိုက်သည်။ ခွက်ထဲရှိ ဖျော်ရည်ကိုသောက်လိုက်ချိန်တွင် အနံ့သင်းသင်းလေးရှိနေကာ သရက်သီးဖျော်ရည်အရသာရှိနေ၏။
ဝိုင်သောက်သည်ထက်စာလျှင် သူဟာ အသီးဖျော်ရည်သောက်ခြင်းကို ပိုသဘောကျသည်။
ဝိုင်သောက်ခြင်းက လူများကို မူးဝေစေလေပြီး ၎င်းက အမြဲတမ်း သတိရှိ၍ ထက်ထက်မြတ်မြတ်နှင့်သာ လုပ်ဆောင်ရခြင်းကို နှစ်သက်သည့် ရှုယီ လိုချင်သည့်အရာမဟုတ်ပေ။
ခွက်အား ချလိုက်ချိန်တွင် ရှုယီနောက်ရှိ အစေခံငယ်လေးက ၎င်းကိုဖြည့်ဖို့ အလျင်အမြန် ရှေ့တိုးလာသည်။
အဝတ်များက မိန်းကလေးတစ်ယောက်၏ ခန္ဓာကိုယ်ရှိ အဓိက အစိတ်အပိုင်းများကိုပင် ဖုံးအုပ်မထားသည်ကို မြင်သော် ရှုယီလည်း မနေနိုင်တော့ဘဲ တိတ်တဆိတ်သာ ခေါင်းခါလိုက်မိ၏။
စတက်တိန်းနယ်မြေက ဆင်းရဲသော်လည်း ၎င်းက သာမန်လူများအတွက်သာ ဖြစ်သည်။ နယ်မြေ မြောက်ပိုင်းရှိ အကြီးဆုံးနေရာကို ထိန်းချုပ်ထားသော ဝိန်မိသားစု ခေါင်းဆောင်ကဲ့သို့ မျိုးရိုးမြင့် တစ်ဦးကမူ အတော်လေး ဇိမ်ကျသောဘဝ၌ နေထိုင်နေသည်သာ။
သူ့အနေနှင့် လမ်ပူရီတိုင်းပြည်ရှိ မျိုးရိုးမြင့်များနှင့် ယှဉ်လျှင်ပင် ပို၍ ခမ်းနားသောဘဝ၌ နေထိုင်နေခြင်းဖြစ်၏။
လမ်ပူရီတိုင်းပြည်၏ မျိုးရိုးမြင့်များက ညစ်ညမ်းနေဆဲဖြစ်ပါသော်လည်း အနည်းဆုံးတော့ ဝတ်လစ်စလစ် ဖြစ်လုနီးပါး အသက်မပြည့်သေးသည့် မိန်းကလေးများနှင့် ဧည့်သည်များကို ဖျော်ဖြေခိုင်းခြင်း မပြုကြချေ။
"ဥက္ကဌရှု၊ ခင်ဗျားလို ဂုဏ်သိက္ခာရှိတဲ့ ဧည့်သည်တစ်ယောက် ဒီကိုလာတာက ကျုပ်အတွက် ဂုဏ်ယူစရာပါ။ လာပါ၊ နောက်တစ်ခွက်သောက်ကြတာပေါ့။" မိသားစုခေါင်းဆောင် ဝိန်က ပြုံးလျက် ခွက်ကို တစ်ဖန်မြှောက်လိုက်သည်။
ရှုယီ သောက်ပြီးချိန်၌ ခေါင်းဆောင်ဝိန်၏ သေးကျုံ့သော မျက်လုံးများက အန်ကလိုဘက်လှည့်သွားပြီးမှ ရှုယီကို ပြောလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျား ဒီတစ်ခေါက် ကျုပ်တို့ စတက်တိန်းနယ်မြေဆီလာတာဟာ နယ်မြေမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတာလို့ ဆရာအန်ကလိုဆီက ကြားခဲ့တယ်။"
ရှုယီလည်း သူက ထိုခေါင်းစဉ်ကို ပြောလာသဖြင့် အတန်ငယ် အံ့ဩသွားသည်။ ထို့ကြောင့် အနည်းငယ်စဉ်းစားပြီးမှ ခေါင်းငြိမ့်၍ ဆိုလိုက်၏၊ "ဟုတ်ပါတယ်။"
"ဒါဆို ဥက္ကဌရှုအနေနဲ့ ဒီ ဝိန်မြို့တော်ကို လာတဲ့လမ်းမှာ ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တဲ့ တစ်ခုခုရှိသလားလို့ မေးလို့ရမလား?" ခေါင်းဆောင် ဝိန်က မေးသည်။
ဒီလူက တကယ်ကို တည့်တိုးဆန်တာပဲ။ ရှုယီလည်း အသာပြုံးကာ ပြောလေ၏၊ "ခေါင်းဆောင်ဝိန်, ကျုပ် ဒါကို လတ်တလောတော့ ပြောလို့မရသေးပေမယ့် မြင်ခဲ့သမျှကို သုံးသပ်ရရင်တော့ ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာရှိပါတယ်။ ဖြစ်နိုင်ရင် ကျုပ် ရင်းနှီးမြှုပ်နှံနိုင်ဖို့ တကယ်ကို မျှော်လင့်ပါတယ်။"
၎င်းက ယဉ်ကျေးစွာ ပြောလိုက်သည့် စကားလုံးများနှယ်ဖြစ်နေသော်လည်း ရှုယီ၏ စိတ်ရင်း တစ်ဝက်တော့ပါလေ၏။
ဤလမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသည့် ကြွယ်ဝသော သဘာဝရင်းမြစ်များကို သုံးသပ်ကြည့်ရုံနှင့် ထိုနေရာမှာ ရင်းနှီးမြှုပ်နှံရန် ထိုက်တန်သည့် ငွေရပေါက်များစွာရှိသည်။
အကြီးဆုံးသော အတားအဆီးမှာ ဤနေရာ၌ နေထိုင်သော လူများဖြစ်သည်။
သူသာ ဤနေရာ၌ ရင်းနှီးမြှုပ်နှံလိုပါလျှင် ဒေသခံအလုပ်သမားများကို ခန့်အပ်ရပေမည်။
သို့သော် ရှုယီမြင်တွေ့ခဲ့သည့်အခြေနေအရ ဒေသခံလုပ်သားများကို ခန့်အပ်ခြင်းဖြင့် စိတ်အေးလိမ့်မည်မဟုတ်ပေ။
ခေါင်းဆောင်ဝိန်ကမူ ရှုယီ၏စကားများကို ယဉ်ကျေးပြသည်ဟု မခံစရဘဲ ဆက်မေးလေ၏၊ "ဒါဆို ဥက္ကဌရှုသာ ဒီမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘာအစီစဉ်တွေရှိလဲ?"
အန်ကလိုက အာရုံစိုက်ရန် ခွက်ချလိုက်သည်ကို မြင်သော်၊ ရှုယီလည်း စဉ်းစားပြီး ပြောလေ၏၊ "လတ်တလောမှာ ပြောရရင် ကျုပ် ဒီမှာ စည်သွပ်သီးစက်ရုံနဲ့ ရာဘာစက်ရုံတို့ကို အတော်လေး တည်ထောင်ချင်ပါတယ်။ တခြားအရာတွေကိုတော့..... အခု မသိသေးလို့ နောက်ထပ် စစ်ဆေးပြီးမှ ဆုံးဖြတ်ဖို့လိုတယ်။"
"စည်သွပ်သီးစက်ရုံ? ရာဘာစက်ရုံ?" ခေါင်းဆောင်ဝိန်နှင့် အန်ကလိုတို့မှာ တစ်ဦးနှင့် တစ်ဦးကြည့်လိုက်ကြ၏။ ထို့နောက် မနေနိုင်ဘဲ မေးလာသည်၊ "ကျုပ် ရာဘာအကြောင်းတော့ သိပေမယ့် စည်သွပ်သီးက ဘာများလဲ?"
"အာ... ရှင်းရှင်းလင်းလင်းပြောရရင် ဒါက အသီးတွေကို အစိတ်စိတ်လေးတွေအဖြစ် လှီးချွတ်ပြီး ဖန်ကရား ဒါမှမဟုတ် သံဘူးထဲမှာ အသီးဖျော်ရည်နဲ့ အတူရောထည့်ပြီး ပိတ်ထားတာမျိုးပါ။ ဒီ စည်သွပ်သီးရဲ့ ကောင်းကျိုးက အရသာကို အချိန်ကြာ ထိန်းသိမ်းနိုင်ပြီး တခြား နိုင်ငံတွေကိုလည်း ရောင်းဖို့ တင်ပို့လို့ရနိုင်တယ်။ ကျုပ်ထင်တာတော့ ဒါကို အတော်လေးကြိုဆိုကြမှာပဲ။" ရှုယီက ပြောလေ၏။
ခေါင်းဆောင်ဝိန်နှင့် အန်ကလိုတို့၏ မျက်လုံးများက တမုဟုတ်ချင်း တောက်ပသွားသည်။
"အသီးတွေကို ထိန်းသိမ်းဖို့ ဒီလိုနည်းလမ်းရှိတာလား?"
ခေါင်းဆောင်ဝိန်၏ အဆီပြင်မျက်နှာကြီးက စိတ်လှုပ်ရှားမှုကြောင့် ပိုလို့ပင် တုန်ယင်လာကာ ဆက်မေးလေသည်၊ "ဥက္ကဌရှု၊ ဒီလို နည်းလမ်းမျိုးရှိရင် ကျုပ်တို့ရဲ့အသီးတွေကို ရောင်းလို့ရပြီပေါ့! နှစ်တိုင်း ပုပ်,ပုပ်သွားတဲ့ အသီးတွေ အတော်များများရှိတာက ကျုပ်ကို နာကျင်စေတယ်! ဥက္ကဌရှု၊ ခင်ဗျား ဒီကိုလာပြီးစည်သွပ်သီး စက်ရုံတစ်ရုံ ဆောက်ရမယ်! ခင်ဗျားမှာ ဘာတောင်းဆိုချက်ပဲရှိရှိ ကျုပ် အားလုံး သဘောတူမှာပါ!"
အန်ကလိုလည်း ချောင်းအသာဟန့်ပြီး စိတ်လှုပ်ရှားနေသည့် ခေါင်းဆောင်ဝိန်ကို ရှုယီအား တွန်းအားပေးခြင်းမှ တားဆီးလိုက်သည်။
"ဥက္ကဌရှု၊ ကျုပ်မေးပါရစေ၊ ခင်ဗျားပြောခဲ့တဲ့ ရာဘာစက်ရုံဆိုတာက ဘာများလဲ?"
"ဒါပေါ့" ရှုယီက အသာပြုံး၍ ပြောသည်၊ "မစ္စတာအန်ကလို, ခင်ဗျား ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ တာယာစက်ရုံရှိတာ သိလောက်မှာပါ၊ ဟုတ်တယ်မလား?"
"အမ်း သိပါတယ်။" အန်ကလိုက ခေါင်းငြိမ့်သည်၊ "ကျုပ် ဘန်တာမြို့မှာ ရှိတုန်းက မြင်းလှည်းတွေအားလုံးကို တာယာတွေနဲ့ လဲလိုက်တာတွေ့တယ်။ ကျုပ်တောင် တချို့အပေါ်မှာ ထိုင်ခဲ့တော့ တာယာတွေနဲ့လဲပြီးနောက်မှာ မြင်းလှည်းက ငြိမ်နေရုံတင်မကဘူး အတော်လေးလည်း မြန်လာသေးတယ်။ တကယ်တမ်း ကျုပ်တောင် တာယာတချို့ ပြန်ဝယ်လာပြီး မြင်းလှည်းတွေမှာတပ်ဖို့ စီစဉ်ထားသေးပေမယ့် လုပ်စရာ ကိစ္စတွေကများတော့ မေ့သွားတယ်။"
"ကြည့်ရတာ တာယာတွေကနေ ရလာတဲ့ အကျိုးကျေးဇူးတွေကို ခင်ဗျားသိပုံပဲ။" ရှုယီက အသာပြုံးလေ၏၊ "ကျုပ်တို့လုပ်ငန်းစုက လက်ရှိမှာ တာယာတွေကိုလုပ်ဖို့ အထူးသတ္တုတစ်ခုကိုသုံးထားပြီး အဲဒီ့အထူးသတ္တုက ရာဘာရဲ့ လက္ခဏာရပ်တွေနဲ့ ဆင်တူတယ်။ ကျုပ် အရင်က လမ်ပူရီတိုင်းပြည်မှာ ရာဘာပင်တွေမတွေ့ခဲ့ရတာကြောင့် အဲဒီ့ အထူးသတ္တုကို သုံးခဲ့ရတာပေါ့။ အခု ဒီမှာ ရာဘာပင်တွေကို တွေ့လိုက်ရတော့ အဲဒီ့ အထူးသတ္တုတွေနေရာမှာ ရာဘာနဲ့ အစားထိုးနိုင်မလားလို့ စဉ်းစားရတော့မယ်။"
"ရပါတယ်! လုပ်လို့ရတာပေါ့! ခင်ဗျား သေချာပေါက် လုပ်လို့ရတယ်!" အန်ကလိုမပြောနိုင်ခင်၌ ခေါင်းဆောင်ဝိန်က ပြောလာ၏၊ "ဥက္ကဌရှု၊ ခင်ဗျား ရာဘာစက်ရုံဖွင့်ဖို့အကြောင်းကိုပဲ စိုးရိမ်ဖို့လိုပါတယ်။ ခင်ဗျားလာနေသရွေ့ စည်သွပ်သီးစက်ရုံလိုပဲ ကျုပ်တို့က ခင်ဗျားလိုအပ်သမျှကို ပြင်ဆင်ပေးမှာပါ!"
အန်ကလိုလည်း အသာမျက်မှောင်ကုပ်လိုက်၏။ ခေါင်းဆောင်ဝိန်က သူ့မတိုင်ခင်ပြောလိုက်သည်မှာ သူ့အား အတန်ငယ် မသက်မသာဖြစ်သွားစေခဲ့သော်လည်း မည်သည်ကိုမှမဆိုဘဲ ရှုယီ၏တုံ့ပြန်မှုကိုသာ စောင့်နေလိုက်သည်။
ရှုယီက မတုံ့ပြန်ဘဲ ခေါင်းသာငြိမ့်၍ ခပ်ရေးရေးပြုံးလေသည်၊ "ခေါင်းဆောင် ဝိန်က ဒီလိုဖိတ်နေမှတော့ ကျုပ်က ခင်ဗျားရဲ့ ရည်ရွယ်ချက်ကောင်းကို သေချာပေါက် စိတ်မပျက်စေရပါဘူး။ နောက်ကျရင် မစ္စတာအန်ကလိုနဲ့အတူ နယ်စားကြီးကို တွေ့ရမှာဆိုတော့ အရာအားလုံး ချောချောမွေ့မွေ့ဖြစ်သွားရင် ကျုပ် ဒီကိစ္စကို သေချာ စဉ်းစားမှာပါ။"
ရှုယီက တိကျသည့်အဖြေကို မပေးသော်လည်း ခေါင်းဆောင်ဝိန်ကမူ ရှုယီ သဘောတူလိုက်သလို ဆက်ဆံလာ၏။ သူ၏မျက်လုံးများကို မှေးကျဉ်းလျက်ပြုံးလိုက်သည်က အတော်လေးရယ်ရွှင်ဖွယ်ဖြစ်သွားစေလေသည်။
ရှုယီ၏အဖြေများက ပြစ်ချက်မရှိသဖြင့် အန်ကလိုလည်း မည်သည်မှ မပြောနိုင်တော့ပေ။
ထို့ကြောင့် ဤမျှ အထူးတလည်မခမ်းနားနေသည့် ကြိုဆိုညစာစားပွဲက ပျော်ရွှင်ဖွယ်လေထုနှင့် အဆုံးသတ်သွားတော့သည်။
ညစာစားပြီးနောက် အပြင်ဘက်၌ မှောင်နေပြီဖြစ်၏။
ရှုယီလည်း စတက်တိန်းနယ်မြေ၏ ဆိုးဝါးလှသည့် လမ်းတလျှောက် ပြေးလွှားခဲ့ရသော မြင်းလှည်းပေါ် ထိုင်ခဲ့ရခြင်းကြောင့် အတန်ငယ် မောပန်းနေရာ အနားယူလိုသဖြင့် ဝိန်မြို့ပြင်ရှိ မီးပုံပွဲ၌ ပါဝင်ဆင်နွှဲဖို့ရန် ဖိတ်ကြားလာသည့် ခေါင်းဆောင်ဝိန်နှင့် အန်ကလိုတို့ကို ငြင်းဆန်လိုက်ပေသည်။
ရေချိုးချိန်၌ သူဟာ အံ့ဩသွားသော်လည်း ခေါင်းဆောင်ဝိန်က သူ့ကိုဂရုစိုက်ခိုင်းရန် အစေခံနှစ်ဦး စေလွှတ်လိုက်ခြင်းကို သိပြီး မအံ့ဩတော့ချေ။
ရှုယီက မူလက ကျင့်သားမရသော်လည်း ဤသည်က ၎င်းတို့ခေါင်းဆောင်သခင်၏ အမိန့်များဖြစ်ကြောင်း ရှင်းပြလာလေသည်။ သူသာ ၎င်းတို့အား ပြုစုခွင့်မပေးပါက ခဏနေ သေချာပေါက် အသတ်ခံရလိမ့်မည်။ ရှုယီ၏နှလုံးသားက နူးညံ့လေရာ ၎င်းတို့ကို ဂရုစိုက်ခိုင်းလိုက်တော့၏။
အစေခံနှစ်ဦးက လေ့ကျင့်ထားသည်မှာ ကောင်းသည့်အရာဖြစ်ပြီး ရှုယီရေချိုးနေစဉ်တွင် မည်သည်ကိုမှ ပြုလုပ်မလာချေ၊ မဟုတ်ပါက ရှုယီလည်း မိမိကိုယ်ကို ရပ်တန့်နိုင်မည် မဟုတ်လောက်။
ရေချိုးပြီးသည့်နောက်တွင် အစေခံနှစ်ဦးက သဘာဝကျကျပင် ရှုယီနှင့်အတူ အိပ်ရာသို့ သွားမည်ဖြစ်ကြောင်း ညွှန်းဆိုလာ၏။
ရှုယီလည်း စဉ်းစားလိုက်ကာ ၎င်းတို့အား သူ့အခန်းသို့ လာခွင့်ပြုလိုက်သည်။
သို့သော် အစေခံနှစ်ဦးက အဝတ်များချွတ်လိုက်ချိန်၌ တစ်ချိန်တည်းမှာ မေ့မျောသွားပြီး အသိစိတ်မဲ့သွားလေ၏။
ရှုယီလည်း လဲကျသွားသည့် မိန်းကလေးနှစ်ဦးကို လှမ်းဖမ်းကာ အိပ်ရာပေါ်တင်၍ စောင်များခြုံပေးလိုက်သည်။ အစေခံနှစ်ဦးမေ့လဲဖို့ နတ်သူငယ်မှော်ပညာကို သုံးပြီးနောက် အခန်းတွင်း၌ပေါ်လာသော အက်ဂ်နက်စ်က ခေါင်းငြှိမ့်ပြလာသည်၊ "သွားကြမယ်"
အက်ဂ်နက်စ်လည်း အိပ်ရာထဲရှိ အစေခံနှစ်ဦးကိုကြည့်ကာ အနည်းငယ်တုံ့ဆိုင်း၍ မေးလာ၏၊ "ဥက္ကဌ၊ ပုံရိပ်ယောင်မှော်ပညာက သူတို့ကို ပုံရိပ်ယောင်တွေ မြင်အောင်လုပ်ပေးနိုင်ပေမယ့် ခန္ဓာကိုယ်မှာတော့ လုံးဝသက်ရောက်မှာမဟုတ်ဘူး။ ရှင်သာ တစ်ခြားသူတွေကို လှည့်ဖျားချင်ရင် သူတို့ခန္ဓာကိုယ်တွေကို တစ်ခုခုလုပ်ဖို့ ကျွန်မ အကြံပြုချင်တယ်။"
ရှုယီလည်း မျက်လုံးလှိမ့်လိုက်ကာ၊ "ကျုပ်က ဘယ်လိုလုပ်ရမှာလဲ? သူတို့ကို တစ်ခုခုလုပ်စေချင်နေတာလား? ဟာသပဲ။"
အက်ဂ်နက်စ်လည်း ရှုယီကိုကြည့်ရင်း ရုတ်တရတ် လက်ခုပ်တီးကာ၊ "အိုး၊ အခုမှ သတိရတယ်။ ဥက္ကဌ၊ အရင်တစ်ခေါက်က ပြောခဲ့တယ်လေ၊ လူသားတွေက ရှက်တတ်ကြတာကြောင့် မိတ်လိုက်ချိန်မှာ တခြားလူတွေ ဘေးမှာရှိတာ မကြိုက်ဘူးမလား? အဆင်ပြေပါတယ်၊ ကျွန်မက လူသားမဟုတ်ဘူးလေ။"
ရှုယီလည်း အက်ဂ်နက်စ်ကို မပျော်မရွှင်ဖြင့်ကြည့်လိုက်၏၊ "ကျုပ်တို့ လူသားတွေက ရှက်တတ်ပေမယ့် ခင်ဗျားတို့ နတ်သူငယ်တွေကရော အတူတူပဲ မဟုတ်ဘူးလား? ခင်ဗျားတို့ နတ်သူငယ်တွေ မိတ်လိုက်ချိန်မှာရော တခြားလူတွေ စောင့်ကြည့်နေတာကို သဘောကျမယ်လို့ မယုံဘူး။"
အက်ဂ်နက်စ်လည်း အလေးအနက် ခေါင်းခါလာသည်၊ "ကျွန်မတို့ နတ်သူငယ်တွေက ရှင်တို့ လူသားတွေလို မိတ်မလိုက်ဘူး။"
ရှုယီမှာ အံ့ဩသွားလေ၏၊ ၎င်းကို သူ ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။
"ဒါဆို နတ်သူငယ်တွေကို ဘယ်လိုမျိုးပွားလဲ? ပြီးတော့လည်း ခင်ဗျားတို့ နတ်သူငယ်တွေမှာ ကျုပ်တို့လူသားတွေလို လက်ထပ်ထားတဲ့ ဆက်ဆံရေးရှိတာ မြင်ဖူးပါတယ်။"
"ကျွန်မတို့တွေရဲ့ မျိုးဆက်တွေကို မွေးပေးဖို့ သုံးတဲ့ နည်းလမ်းက....."အက်ဂ်နက်စ်မှာ ခေါင်းလေးစောင်းကာ စဉ်းစားပြီးမှ ခေါင်းခါ၏၊ "ကျွန်မလည်း မသိဘူး။ အကြီးအကဲက ကျွန်မ အရမ်းငယ်သေးတယ်လို့ပြောထားတယ်။ မျိုးဆက်တွေကို မွေးပေးဖို့ မစဉ်းစားခင် ကျွန်မအနေနဲ့ အနည်းဆုံး အသက်တစ်ရာရှိဖို့လိုတယ်။"
ရှုယီလည်း မျက်လုံးများကို တစ်ဖန်လှိမ့်လိုက်ကာ ၎င်းအား နတ်သူငယ်တစ်ဦးထံရှင်းပြခြင်းက အချိန်ဖြုန်းနေခြင်းဟုသာ တွေးလိုက်မိ၏။
"ဟုတ်ပြီ၊ ပေါက်ကရတွေ မပြောတော့ဘူး။ ဒီမိန်းကလေးနှစ်ယောက်ကို ဒီမှာ ထားခဲ့တဲ့အကြောင်း ဂရုစိုက်ဖို့မလိုပါဘူး၊ ကျုပ်က သူတို့ကို အရာအားလုံးကနေ ဖုံးကွယ်ဖို့ မစီစဉ်ထားဘူး။ အက်ဂ်နက်စ် အခု ခင်ဗျားရဲ့ အရိပ်ငုပ်လျှိုးမန္တာန်က ဘယ်လိုနေလဲ? ကျုပ်ကို ခေါ်သွားနိုင်မယ်လို့ အာမခံနိုင်လား?"
အက်ဂ်နက်စ်လည်း စိတ်ဓာတ်ကျဟန်ဖြင့် ခေါင်းငိုက်စိုက်ချကာ ပြောသည်၊ "အဲ့လောက် မကောင်းဘူး"
"ဒါ ဘာအဓိပ္ပာယ်လဲ? ခင်ဗျား ကျုပ်ကို ခေါ်သွားဖို့ ယုံကြည်ချက် မရှိဘူးပေါ့?"
"အိမ်တော်က ထွက်ရုံပဲဆိုရင်တော့ အဆင်ပြေလောက်ပါတယ်။"
"ဒါဆိုရပြီ။ သွားကြစို့"
"အမ်း" အက်ဂ်နက်စ် ဖြေလိုက်ချိန်တွင် သူမကိုယ်မှ အစိမ်းဖျော့ဖျော့အလင်း တစ်ပြ တောက်ပလာကာ ရှုယီကိုလည်း လွှမ်းခြုံသွားသည်။
တစ်ခဏအတွင်း ထိုနှစ်ဦးက အခန်းထဲမှ ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားတော့၏။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၄၃။ ငါက စာလေးတစ်စောင်ပို့ပေးရုံပါ
ဝိန်အိမ်တော် အရှေ့မြောက်ဘက် တစ်ကီလိုမီတာရှိ သစ်တောထဲတွင် ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းတစ်ချက်လက်သွားကာ အက်ဂ်နက်စ်နှင့် ရှုယီတို့ပေါ်လာသည်။
"မဆိုးဘူး။ အက်ဂ်နက်စ်, ခင်ဗျားကျုပ်ကို ခေါ်လာဖို့ ယုံကြည်ချက်မရှိဘူးပြောပေမယ့် ကျုပ်တို့တွေ ဒီလောက်ဝေးဝေးထိ ရောက်လာကြတာပဲ။" ရှုယီက အက်ဂ်နက်စ်ကို ချီးကျူးလေ၏။
အက်ဂ်နက်စ်၏ မျက်လုံးများလည်း ကျဉ်းမြောင်းသွားကာ အပြုံးတစ်ချက်ပေါ်လာသည်မှာ ကောင်းကင်ယံရှိ လခြမ်းကွေးလေးလိုပါပင်။
"ကြည့်ရတာ ကျွန်မ တိုးတက်သွားပုံပဲ။"
"ဟုတ်သားပဲ၊ ခင်ဗျားက နှစ်ရာချီအတွင်း ညတေးသံမျိုးနွယ်စုမှ ပါရမီအကောင်းဆုံး တစ်ယောက်လို့ အကြီးအကဲအီလူရှာ ပြောခဲ့သေးတယ်။ ပထမကတော့ ကျုပ် မယုံခဲ့ဘူး။"
ရှုယီလည်း အပြုံးနှင့်ပြောသည်၊ "လွန်ခဲ့တဲ့ လနည်းနည်းလောက်တုန်းက ကျုပ်မေးတော့ အရိပ်ငုပ်လျှိုးမန္တာန်ကို မသိခဲ့ကြောင်းပြောခဲ့ပေမယ့် အခုတော့ ဒါကို သုံးတာ တော်နေပြီ။ ကျုပ်ထင်တာတော့ ခင်ဗျားသိပ်မကြာခင်မှာ အကြီးအကဲအီလူရှာလို စွမ်းအားကြီးလာမှာပဲ။"
အက်ဂ်နက်စ်က ရိုးသားဟန်ဖြင့် ခေါင်းခါသည်၊ "မဖြစ်နိုင်ပါဘူး။ အကြီးအကဲ အီလူရှာက ကျွန်မတို့ ညတေးသံမျိုးနွယ်စုမှာ ပါရမီအကောင်းဆုံးဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ မှော်ပညာကို လေ့ကျင့်ခဲ့တာ၊ ကျွန်မက ဘယ်လိုလုပ် သူမကို လိုက်မှီမှာတဲ့လဲ?"
ရှုယီလည်း ပခုံးတွန့်လိုက်၏။ အက်ဂ်နက်စ်နှင့် အချိန်ကြာ အတူရှိပြီးနောက်၌ သူမက ယခင်ကထက်များစွာ ပိုကောင်းလာသော်လည်း မွေးရာပါ မိုက်မဲသော စိတ်သဘောထားက ရှိနေဆဲဖြစ်သည်။ သူမ အနေနှင့် ဘယ်အချိန်မှ ပြောင်းလဲမည်ကို သူတကယ်မသိချေ။
မဖြစ်နိုင်ပါဘူး.... သူမကအမြင်ကျဉ်းတာကို ဘယ်တော့မှမပြောင်းလဲနိုင်ခဲ့တဲ့ ဟိန့်ဇ်လို ဖြစ်လာမှာများလား?
ရှုယီလည်း ထိုရောက်တတ်ရာရာများကို စဉ်းစားရင်း အက်ဂ်နက်စ်ကို ပြောလိုက်သည်၊ "ဟုတ်ပြီ လရိပ်မျိုးနွယ်စုရဲ့ နတ်သူငယ်တွေကို ဆက်သွယ်လိုက်တော့ ကျုပ်တို့ အချိန်သိပ်မရဘူး။"
"အမ်း။"
အက်ဂ်နက်စ်က ပြန်ဖြေပြီးနောက်တွင် ခေါင်းငုံ့ကာ ရင်ဘတ်ပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် ပါးစပ် အသာဖွင့်လိုက်ရာ ဆွတ်ပျံ့ဖွယ်သီချင်းသံက ပျံ့လွင့်လာပြီး တောအုပ်၏ အဘက်ဘက်သို့ ပျံ့နှံ့သွား၏။
ယခင်က နတ်သူငယ်များ အချင်းချင်း မည်သို့ ဆက်သွယ်ကြသည်ကို မြင်ခဲ့ဖူးပါလျှင်သော်မှ အက်ဂ်နက်စ် ထိုဆက်သွယ်နည်းသုံးသည်ကို မြင်တွေ့ချိန်တိုင်း နှလုံးခုန်သံတစ်ချက်ချော်သွားဆဲပင်။
မှိန်ပြပြ ညချမ်းတွင် အက်ဂ်နက်စ်က စိမ်းဖျော့ဖျော့အလင်းနှင့် ခြုံလွှမ်းနေလေရာ ရှုယီဖတ်ခဲ့ဖူးသည့် စိတ်ကူးယဉ်ဝတ္ထုများထဲရှိ နတ်သူငယ်များနှင့် ကိုက်ညီနေပေသည်။
သီချင်းသံ ပျံ့လွင့်သွားပြီး မကြာလိုက် တောအုပ်မှ သစ်ရွက်များ ရှပ်တိုက်သောအသံထွက်လာသည်။
ခဏကြာသည့်နောက် သစ်ပင်များ၏ ထိပ်ဖျားမှ သွယ်လျသော ပုံရိပ်သုံးခု ကျဆင်းလာ၏။
နှစ်ဘက်စလုံးက အချင်းချင်းမြင်တွေ့ကြချိန်တွင် ရုတ်တရတ်ပေါ်လာသည့် နတ်သူငယ်သုံးဦးက အံ့ဩသွားသည်။
"လူသား?" အလယ်ရှိ နတ်သူငယ်အထီးက ရှုယီကို တအံ့တဩကြည့်ပြီးနောက် အက်ဂ်နက်စ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်လေသည်။
အက်ဂ်နက်စ်က ထိုနတ်သူငယ်သုံးဦးကို အသာပြုံးကာ ကြည့်လေသည်၊ "ရှင်တို့က လရိပ်မျိုးနွယ်စုကလား? ကျွန်မက အက်ဂ်နက်စ်ပါ၊ လမ်ပူရီတိုင်းပြည်ရဲ့ ညတေးသံမျိုးနွယ်စုက လာတာပါ။"
နတ်သူငယ်သုံးဦးမှာ တစ်ဖန် အံ့ဩသွားလေသည်။ အလယ်ရှိ နတ်သူငယ်အထီးက တုံ့ပြန်ကာ ခေါင်းငြှိမ့်လိုက်ပြီးနောက် မမေးဘဲ မနေနိုင်တော့ချေ၊ "ခင်ဗျားက ညတေးသံမျိုးနွယ်စုက လာတယ်ဆိုမှတော့ ဘာကြောင့် လူသားတစ်ယောက်နဲ့ အတူရှိနေရတာလဲ? ပြီးတော့ မင်းက ကျုပ်တို့ နတ်သူငယ်တွေ အချင်းချင်း ဆင့်ခေါ်တဲ့ မှော်ပညာကို သူ့ရှေ့မှာတောင် သုံးလိုက်သေးတယ်? ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုက ဒီလို လုပ်လို့မရတာကို မပြောလို့များလား?"
ထိုနတ်သူငယ်အထီး၏ မယဉ်ကျေးသည့်အသံအနေအထားကြောင့် ရှုယီက အသာ မျက်မှောင်ကုပ်လိုက်သည်။
ကြည့်ရသည်မှာ စတက်တိန်းနယ်မြေ၏ နတ်သူငယ်များက နယ်မြေရှိ လူများထံ ၎င်းတို့ကိုယ်ကို ဖုံးကွယ်မထားဘဲ မကြာခဏ လူသားများနှင့် အဆက်အသွယ်လုပ်ပါသော်လည်း လူသားများထံ ရန်လိုမှုကိုတော့ လုံးဝ မလျှော့ချကြချေ။ ဤသည်က အက်ဂ်နက်စ်နှင့် ရှုယီတို့ ပထမဆုံး တွေ့ဆုံသည်ထက်တောင် ပိုဆိုးသေးသည်။
"သူက သာမန်လူတစ်ယောက်မဟုတ်ပါဘူး၊ ဒါကြောင့် သူ့ရှေ့မှာ ဒီမှော်ပညာကို သုံးတာက ပြဿနာမရှိဘူး။ အကြီးအကဲကတောင် ဒါကို သဘောတူထားပါတယ်။" အက်ဂ်နက်စ်က ရှုယီကို ရှင်းပြလာသည်၊ "ပြီးတော့လည်း၊ ကျွန်မ ဒီတစ်ခေါက်လာတာက သူ့ကို ရှင်တို့အားလုံးနဲ့ မိတ်ဆက်ပေးမယ့် မျှော်လင့်ချက်နဲ့ပါ။"
"လူသားတစ်ယောက်နဲ့ ကျုပ်တို့ကို မိတ်ဆက်ပေးမယ်?" နတ်သူငယ်သုံးဦးမှာ တစ်ဖန်အံ့ဩသွားပြန်သည်။ အလယ်ရှိ နတ်သူငယ်အထီးက ရှုယီကို ကြည့်လာပြီး ရုတ်တရတ် ခါးထက်မှ ဓားတိုကို ဆွဲထုတ်ကာ ရှုယီထံ ရွယ်လျက် အော်လာသည်၊ "လူသား၊ မင်း ဒီမျိုးနွယ်ဝင်လေးကို ခြိမ်းခြောက်တာ ဒါမှမဟုတ် စက်ဆုပ်စရာ လှည့်ဖျားတဲ့ မှော်ပညာသုံးပြီး ငါတို့ဆီ ခေါ်လာခိုင်းတာ၊ ဟုတ်တယ်မို့လား?"
အက်ဂ်နက်စ်နှင့် ရှုယီတို့လည်း အံ့ဩသွားသည်။ သူတို့အနေနှင့် လရိပ်မျိုးနွယ်စုက လူသားများကို ထိုမျှ နက်နက်ရှိုင်းရှိုင်း ဆန့်ကျင်နေမည်ဟု မထင်ခဲ့ချေ။
အက်ဂ်နက်စ်လည်း လျင်မြန်စွာ လက်ဝေ့ယမ်းကု ရှင်းပြလာသည်၊ "မဟုတ်ပါဘူး၊ သူ ကျွန်မကို ဘာမှော်ပညာနဲ့မှ မပြုစားထားသလို ခြိမ်းလည်းမခြောက်ပါဘူး၊ ကျွန်မက သူ့ကို ဒီနေရာခေါ်လာတာပါ...."
ရှုယီက မနေနိုင်တော့ဘဲ စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ အက်ဂ်နက်စ်က မရှင်းပြလိုက်လျှင် အဆင်ပြေပါသော်လည်း ထိုရှင်းပြချက်က တကယ်ကို အလိမ်အညာနှင့် တူနေ၏။
မျှော်လင့်ထားသလိုပင် နတ်သူငယ်သုံးဦးက ရှုယီကို အကြင်နာမဲ့စွာကြည့်လာသည်။ ကျန်နတ်သူငယ်နှစ်ဦးကလည်း လက်နက်များဆွဲထုတ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
ရှုယီလည်း ဆက်ရှင်းပြချင်နေသည့် အက်ဂ်နက်စ်ကို ပြန်ဆွဲကာ ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလေသည်။
"ကျုပ်ဆီမှာ နတ်သူငယ်မလေးတစ်ဦးကို ခြိမ်းခြောက်ဖို့ ဒါမှမဟုတ် လှည့်ဖျားဖို့ အစွမ်းရှိရင်ရှိမှာပါ၊ ဒါပေမယ့် ကျုပ်မှာ နတ်သူငယ်အကြီးအကဲတစ်ဦးကို ခြိမ်းခြောက်ဖို့ လှည့်ဖျားဖို့ အစွမ်းရှိတယ်လို့ မထင်ကြဘူးမို့လား? ဒါက ညတေးသံမျိုးနွယ်စု အကြီးအကဲ အီလူရှာ ကျုပ်ကို ယူလာခိုင်းတဲ့ စာပါ၊ ဒါကို လရိပ်အကြီးအကဲလီဆန်ယာဆီ လွှဲပေးစေချင်ပါတယ်၊ သူမက အမှန်တရားကို မြင်နိုင်ပါလိမ့်မယ်။"
"ခင်ဗျားက တကယ်ကြီး အကြီးအကဲရဲ့ နာမည်ကို သိနေတာလား?" အလယ်မှ နတ်သူငယ်အထီးဟာ ရှုယီကို တအံ့တဩကြည့်ပြီးနောက် ရှုယီကိုင်ထားသည့် စာကိုကြည့်ကာ မျက်နှာထက်ရှိ အမူအရာက ပို လေးနက်လာတော့သည်။
နတ်သူငယ်တစ်ဦးအနေနှင့် ထိုစာကိုချိတ်ဆက်ထားသော စွမ်းအားကြီး နတ်သူငယ်မှော်ပညာကို အာရုံခံနိုင်ပါ၏။ လူတစ်ဦးမှာ ထိုစာကိုဖွင့်ဖို့ကြိုးစားရာ၌ လုံလုံလောက်လောက် သန်မာမနေပါလျှင် ထိုစာထက်မှ မှော်အစွမ်းကြောင့် အပြင်းအထန်ထိခိုက်သွားလိမ့်မည်။
စာမှလာသည့် စွမ်းအားကြီးမှော်အစွမ်းကို ခံစားမိရုံနှင့် ထိုလူသားက အမှန်တရားကိုပြောနေကြောင်းနားလည်လိုက်သည်။
သူဟာ မည်မျှ သန်မာနေပါစေ စာတစ်စောင်အပေါ်၌ ထိုသို့ အားကောင်းလှသော နတ်သူငယ်မှော်ပညာကို ခတ်နှိပ်နိုင်ရန် နတ်သူငယ်အကြီးအကဲကို ခြိမ်းခြောက်ဖို့ မဖြစ်နိုင်ပေ။
လှည့်ဖျားခြင်းဆိုလျှင်..... ဟာသတစ်ခုလိုသာ!
ထိုသို့တွေးကြည့်ရင်း သူက ရှုယီထံ သတိထားနေမှုကို အနည်းငယ် ဖြေလျှော့လိုက်သည်။
သူ အမှားမလုပ်မိကြောင်း သေချာရန် စာကို ယူပြီးနောက်၌ သူ၏မျက်လုံးများက ရှုယီကို ပိုမိုသောသံသယဖြင့် ကြည့်နေလေသည်။
သူနားမလည်ချေ။ ၎င်းလူသားနှင့် နတ်သူငယ်မလေးတို့ ပြောကြသည်ကသာ မှန်ပါလျှင် အဘယ့်ကြောင့် ညတေးသံမျိုးနွယ်စု အကြီးအကဲက ထိုလူသားကို အကြီးအကဲလီဆန်ယာအတွင် စာတစ်စောင်ယူလာစေသနည်း?
သူမက ထိုလူကို ၎င်းတို့နှင့် တွေ့အောင် နတ်သူငယ်တစ်ဦးကိုပါ လမ်းညွှန်ခိုင်းလေသည်။
ဒီလူသားရဲ့..... ဇစ်မြစ်က ဘာများလဲ?
"ဘယ်လိုလဲ? အခု အက်ဂ်နက်စ်ကို ယုံပြီးလား?" ထိုနတ်သူငယ်၏ မျက်နှာရှိ သံသယကိုမြင်သော် ရှုယီလည်း အပြုံးဖြင့် မေးလေသည်။
အလယ်ရှိ နတ်သူငယ်အထီးက သူ၏လက်ထဲရှိ စာကိုကြည့်ကာ ခေါင်းငြိမ့်၏၊ "ဒါ မှန်လောက်တယ်။ ဒါပေမယ့် လူသား၊ ခင်ဗျား ဒီကို စာတစ်စောင်ပို့ဖို့ပဲ ရောက်လာတာလား?"
ရှုယီက အသာပြုံးကာ၊ "ဟုတ်ပါတယ်၊ စာပို့ဖို့ လာရုံပါပဲ။ နောက်မှ တစ်ခုခုရှိလာဖို့ကတော့ စာကိုမြင်ပြီးတဲ့ အကြီးအကဲလီဆန်ယာရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် ဘာ မမျှော်လင့်ထားတာမှ ဖြစ်မလာရင် အကြီးအကဲက စာကိုမြင်ပြီးရင် ကျုပ်နဲ့ဆုံဖို့ ရွေးချယ်လောက်မယ်လို့ထင်တယ်။"
အလယ်ရှိ နတ်သူငယ် အထီးက ရှုယီကို မျက်မှောင်ကုပ်၍ ကြည့်လိုက်သော်လည်း အဘယ့်ကြောင့် ထိုသို့ ကြီးမားသည့် အသံအနေထားနှင့် ပြောလာကြောင်း နားမလည်ချေ။
သို့ရာ၌ လက်ထဲရှိ စာကိုကြည့်ကာ သံသယများကို ပြန်ရုတ်သိမ်းလိုက်သည်။ စဉ်းစားပြီးနောက် သူက မေး၏၊ "ဒါပေမယ့် အကြီးအကဲက ခင်ဗျားနဲ့တွေ့ဖို့ ဆုံးဖြတ်လိုက်ရင် ခင်ဗျားကို ဘယ်လို ရှာရမှာလဲ?"
“ဒါက ရိုးရှင်းပါတယ်။ ကျုပ်က စတက်တိန်းနယ်မြေမှာခဏနေပြီး နောက်ကျရင် နယ်စားစတက်တိန်းရဲ့နေရာကို သွားမှာပါ။ ကျုပ် ဂရုစိုက်ရမယ့် ကိစ္စတွေက တော်တော်ကြီးမားတော့ ခင်ဗျားတို့ ကျုပ်အကြောင်း သတင်းတွေကို လွယ်လွယ်ရှာနိုင်လိမ့်မယ်။ ရှာရခက်မယ်မထင်ဘူး"
ရှုယီ၏ ယုံကြည်မှုအပြည့်ဖြင့် အသံကိုကြားသော် စာကိုယူထားသော နတ်သူငယ်က သူ့ကို အကြိမ်ပေါင်းများစွာ မကြည့်ဘဲ မနေနိုင်တော့ချေ။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူ့စိတ်ထဲရှိ မေးခွန်းများကို မျိုသိပ်ထားကာ စာကို ချထားလိုက်သည်။
"ဒီစာကို အကြီးအကဲဆီ ပို့ပေးပြီး ခင်ဗျားရဲ့စကားတွေကိုပါ ပို့ပေးမယ်။" စာကိုယူထားသည့် နတ်သူငယ်က ထိုသို့ပြော၏။ သူနှင့် သူ့အဖော်နှစ်ယောက် ထွက်ခွာခါနီးတွင် အက်ဂ်နက်စ်က ရုတ်တရက် အသံပြုလာသည်။
"ရှင်တို့နဲ့အတူ ရှင်တို့မျိုးနွယ်စုထဲကို လိုက်လို့ရမလား" အက်ဂ်နက်စ်က မေးလိုက်၏။
နတ်သူငယ်သုံးဦးက အံ့ဩသွားသည်။ စေ့စပ်ညှိနှိုင်းရန် တာဝန်ရှိသော နတ်သူငယ်အထီးက မျက်ခုံးပင့်ကာ ပြောလာသည်၊ "စည်းကမ်းအရ အဝေးကလာတဲ့ ဧည့်သည်ကို မငြင်းသင့်ပေမယ့် မင်းက လူသားနဲ့ အတူရှိနေတာဆိုတော့ တောင်းပန်စကားပဲ ပြောရမှာ အားနာပါတယ်။"
“မဟုတ်ဘူး၊ ရှင် အထင်လွဲနေပြီ။ သူက ကျွန်မနဲ့ လိုက်မလာပါဘူး၊ ကျွန်မတစ်ယောက်တည်းပဲ ဖြစ်လိမ့်မယ်။" အက်ဂ်နက်စ်က ခေါင်းခါ၍ပြော၏၊ “ဒီစာက အစစ်အမှန်ဆိုတာ အကြီးအကဲလီဆန်ယာကို သက်သေပြဖို့ ရှင်တို့နဲ့ အတူလိုက်ချင်တာပါ။ပြီးတော့၊ အကြီးအကဲလီဆန်ယာအနေနဲ့ ဒီစာကိုဖတ်ပြီးနောက်ကျရင် မေးခွန်းတွေရှိလာမှာမို့ သူမကို ရှင်းပြဖို့လိုမယ်ထင်တယ်။"
လရိပ်မျိုးနွယ်စု နတ်သူငယ်သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ နတ်သူငယ် အထီးက ခေါင်းညိတ်ပြကာ “ကောင်းပြီ၊ လူသားမလိုက်ရင် ကျုပ်က အကြီးအကဲကိုယ်စား ခင်ဗျားကို ဧည့်သည်တစ်ယောက်အနေနဲ့ ဖိတ်ကြားပါတယ်။"
အက်ဂ်နက်စ်က ခေါင်းငြိမ့်ကာ ရှုယီဘက်လှည့်ပြောလိုက်သည်၊ "ဥက္ကဌ၊ ကျွန်မ သွားတော့မယ်"
ရှုယီက သူမကို ပြုံးပြပြီး "အွန်း၊ သွားတော့။ အကြီးအကဲလီဆန်ယာကို ကျုပ်နဲ့ အကြီးအကဲအီလူရှာတို့ရဲ့ အတွေးအမြင်တွေကို နားလည်အောင် ရှင်းပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
"ကျွန်မအကောင်းဆုံးကြိုးစားပါ့မယ်။"
အက်ဂ်နက်စ် သည် ဤစကားကိုပြောပြီးနောက် နတ်သူငယ်သုံးယောက်နှင့် ထွက်သွားတော့မည်ကို မြင်လိုက်ရသော် ရှုယီမှာ အနည်းငယ် တွန့်ဆုတ်သွားပြီး အက်ဂ်နက်စ်ကို မခေါ်နိုင်ဘဲ မနေနိုင်လိုက်ပေ။
"ဥက္ကဌ ရှင်ပြောစရာရှိသေးလို့လား" အက်ဂ်နက်စ်က အနည်းငယ်စိုးရိမ်နေသော ရှုယီကို သံသယစိတ်ဖြင့် ကြည့်လိုက်၏။
“အက်ဂ်နက်စ်….. ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ဘေးကင်းရေးကို အရင်စဉ်းစားရမယ်ဆိုတာ သတိရပါ။ တစ်ခုခုမှားနေတယ်ဆိုရင် အဲဒါကို သိပ်ပြီးမစဉ်းစားဘဲ ကိုယ့်ကိုကိုယ် လုံခြုံအောင်လုပ်ပါ၊ တခြား ဘာမှ အရေးမကြီးပါဘူး။ နားလည်ရဲ့လား?"
ရှုယီ၏စကားကိုကြားသည်တွင် လရိပ်မျိုးနွယ်စုမှ နတ်သူငယ်သုံးယောက်မှာ ရှုယီကို ဒေါသတကြီး ကြည့်နေကြလေသည်။
နတ်သူငယ်အထီးကမူ "လူသား၊ ကျုပ်တို့ နတ်သူငယ်တွေက ခင်ဗျားတို့လူသားတွေလို အရှက်ကင်းမဲ့ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်လို့ ထင်နေတာလား။သူက ကျုပ်တို့မျိုးနွယ်ရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်ပဲ၊ သူ့ကို ဘယ်လို အန္တရာယ်မျိုး ကြုံလာစေနိုင်မှာလဲ!"
ရှုယီလည်းပခုံးတွန့်ကာ အငြင်းမပွားတော့ဘဲ အက်ဂ်နက်စ်ကို သတိဆက်ပေး၏၊ “ကျုပ်ပြောတာကို သတိရပါ။ ဘာပဲဖြစ်ဖြစ် ခင်ဗျား ဘေးကင်းဖို့အရေးထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး။ ဒါကိုမှတ်ထားရမယ်!"
ရှုယီ၏သတိပေးချက်မှာ အနည်းငယ်ထူးဆန်းသည်ဟု အက်ဂ်နက်စ်က ခံစားမိသော်လည်း၎င်းစကားများကိုကြားသောအခါ သူမ၏နှလုံးသားသည် ထူးထူးခြားခြားပျော်ရွှင်သွားခဲ့၏။
သူမက ရှုယီကို တဆတ်ဆတ် ခေါင်းညိတ်ပြပြီး ပြတ်ပြတ်သားသား အသံနှင့် ပြန်ပြောလိုက်သည် "သတိထားပါ့မယ်။ ဥက္ကဌ၊ သတင်းကောင်းကို စောင့်နေပါ”
ရှုယီလည်း အက်ဂ်နက်စ် နှင့် လရိပ်မျိုးနွယ်စု နတ်သူငယ်သုံးယောက် တောထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ပြုံးပြ နှုတ်ဆက်လိုက်၏။
***
မှော်စက်မှုအင်ပါယာ
Vol 2 အခန်း ၁၄၄။ လောဘကြီးသော လူများ
နောက်နေ့ ဝိန်အိမ်တော်သို့ ထွက်သွားသောအခါ၊ ရှုယီမှာ မနေ့ညက သူ့အတွက် တာဝန်ထမ်းဆောင်ခဲ့သော အစေခံနှစ်ယောက်ကို ပေးရန်အတွက် ခေါင်းဆောင်ဝိန်ထံ တောင်းဖို့ အစပြုခဲ့သည်။
ခေါင်းဆောင်ဝိန်က ထိုသို့လုပ်ဖို့စီစဉ်ထားပြီးသားဖြစ်ရာ ရှုယီကမေးသော် အင်မတန်ပျော်သွားသည်။ မည်သည်ကိုမှမဆိုဘဲ လက်ဝေ့ယမ်းကာသာ အစေခံနှစ်ဦးအား သခင်သစ်နောက်လိုက်ရန်နှင့် သူ့အား ဘယ်တော့မှ မဆန့်ကျင်သင့်ကြောင်း ပြောလိုက်သေး၏။
ကျွန်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်အတွက် ….. သူတို့သည် လမ်ပူရီတိုင်းပြည်တွင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ရမည်ဖြစ်သော်လည်း စတက်တိန်းနယ်မြေတွင် ကျွန်များသည် ကျွန်များသာဖြစ်ပြီး သာမန်ကုန်ပစ္စည်းများနှင့် မခြားပေ။ ခေါင်းဆောင်ဝိန်က သူတို့ကို ရှုယီအား ပေးချင်လျှင် ဘယ်သူမှ ဘာမှ မပြောနိုင်။
မြင်းလှည်းသည် ခေါင်းဆောင်ဝိန်၏ ပျော်ရွှင်သော အကြည့်များဖြင့် ထွက်ခွာသွားပြီး ဖာရာဒေးမြို့တော်သို့ ဦးတည်သွားခဲ့သည်။
အန်ကလိုသည် ဆန့်ကျင်ဘက်တွင် ထိုင်နေသော ရှုယီကို ခဏတာ ကြည့်နေ၏။ အကြိမ်အနည်းငယ် ချီတုံချတုံဖြစ်ပြီး နောက်ဆုံးတွင် သူသည် မနေနိုင်ဘဲ မေးလာခဲ့သည်။ "ဥက္ကဌရှု ၊ ခင်ဗျားကို ကျုပ်နားလည်ထားမှုအရ ခင်ဗျားက အလှလေးတွေကို ဂရုမစိုက်တဲ့သူ ဖြစ်သင့်တယ် မဟုတ်လား။ ဒီအစေခံနှစ်ယောက်ကို ဘာလို့ ခေါင်းဆောင်ဝိန်ဆီက တောင်းတာလဲ။"
ရှုယီက အပြုံးနှင့် ဆို၏၊ "စတေးလ်က မလှဘူးလို့ ခင်ဗျားထင်တာလား?"
အန်ကလိုက ခေါင်းယမ်းပြရင်း အံ့အားသင့်သွားကာ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒီလို အဓိပ္ပာယ်မဟုတ်ပါဘူး။ သခင်မလေးစတေးလ်က နတ်ဘုရားမတစ်ပါးလိုပဲ၊ ဥက္ကဌရဲ့ အမြင်နဲ့ ပတ်သက်ပြီး ပြောစရာမရှိပေမယ့် ကျုပ် သတိပြုမိတဲ့အချက်ကို အခြေခံပြီး ပြောရရင်တော့... အာ... အဲဒါကို သိပ်ပြီး မမက်မောဘူး။ ပြီးတော့၊ ဒီအစေခံနှစ်ယောက်က အပျိုစင်ဖြစ်ဆဲဆိုတာကို ကျုပ်တွေ့လိုက်ရတယ်၊ ဒါကြောင့် မနေ့ညက သူတို့ကို ခင်ဗျားလုံးဝမထိခဲ့ဘူး။ ဒါနဲ့ပဲ ကျုပ် အရမ်းသိချင်နေတယ်၊ ဘာလို့ စံနှုန်းတွေကို ဆန့်ကျင်ပြီး တောင်းဆိုလိုက်တာလဲ။"
ရှုယီက ချက်ချင်းပင် အံ့အားသင့်သွားပြီး "သူတို့နှစ်ယောက်က အပျိုစင်တာကို ခင်ဗျားတကယ်ပဲ မြင်ခဲ့တာလား"
အန်ကလိုက ညစ်ညမ်းစွာ ပြုံးရင်း “ဒါ…..ကျုပ်လို အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အတွက် သိနိုင်ပါတယ်။ ဒါ့ထက်၊ ကျုပ် မြင်နိုင်ရုံတင်မကဘူး ခေါင်းဆောင်ဝိန်လည်း မြင်နိုင်မယ်လို့ ယုံကြည်တယ်။”
"ခေါင်းဆောင်ဝိန်လည်း မြင်နိုင်တာလား" အန်ကလို၏ တိကျသေချာသော တုံ့ပြန်မှုကို ကြားပြီးနောက် ရှုယီကအတွေးထဲသို့ မျောသွားခဲ့သည်။ သူက အံ့သြသွားရုံသာမက ရယ်မောလာရင်း “ကောင်းတာပေါ့၊ ဒါကို ခေါင်းဆောင်ဝိန်မြင်တာ ကောင်းပါတယ်။ ကျုပ်ရဲ့ သဘောထားကို ပြဖို့ အဲဒီ အစေခံ နှစ်ယောက်ကို တောင်းလိုက်တယ်။ ဒီအစေခံနှစ်ယောက်က အပျိုစင်ဖြစ်နေတုန်းပဲဆိုတာ သူသိတော့ ကျုပ်ရဲ့ သဘောထားကို ပြဖို့ သူတို့ကို တောင်းဆိုတာပဲလေ။"
အန်ကလိုက မျက်ခုံးပင့်လိုက်ပြီး "ဥက္ကဌ ရှု၊ ခင်ဗျားက သူနဲ့ တကယ်ပူးပေါင်းဖို့ စီစဉ်နေတယ်လို့ ဆိုလိုတာလား။"
"ဘာလို့မဖြစ်ရမှာလဲ?" ရှုယီက အပြုံးဖြင့်ပြောသည်၊ “မနေ့က စည်သွပ်သီး စက်ရုံနဲ့ ရာဘာစက်ရုံအကြောင်း ပြောနေတာဟာ ဟာသမဟုတ်ပါဘူး၊ ဒီစက်ရုံနှစ်ရုံအတွက် အလားအလာရှိတယ်လို့ ကျုပ်တကယ်ထင်ပါတယ်။ ဘန်တာမြို့ကို ပြန်ရောက်ပြီးရင် ဒီစက်ရုံနှစ်ခုကို ဒီမှာ ဆောက်ဖို့ ပြင်ဆင်မယ်။ နောက်ထပ်..... စက်ရုံတွေလည်း ထပ်ဖွင့်နိုင်လောက်သေးတယ်”
အန်ကလို၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်လိုက်ရသော် ရှုယီမှာအနည်းငယ် အံ့သြသွားသည်။
"ဘာလဲ? မစ်စတာ အန်ကလို၊ ခင်ဗျားက ကျုပ်ကိုစတက်တိန်းနယ်မြေမှာ ရင်းနှီးမြှုပ်နှံလာဖို့ အမြဲကြိုးစားခဲ့တာမဟုတ်လား။ အခု မိုင်းတွင်းသုံးတွင်းဝယ်တာအပြင် တခြားစက်ရုံတွေ အများကြီးဆောက်ဖို့ ဆန္ဒရှိနေတာကို ဘာလို့ ခင်ဗျားက ပျော်တဲ့ပုံမပေါက်ရတာလဲ?"
“မဟုတ်ဘူး၊ မပျော်တာ မဟုတ်ပါဘူး။ ခင်ဗျားဒီလောက်အများကြီးရင်းနှီးမြှုပ်နှံနိုင်ရင်၊ ကျုပ်က စတက်တိန်းနယ်မြေကိုယ်စား ခင်ဗျားကို လေးလေးနက်နက် ကြိုဆိုပါတယ်။" အန်ကလိုက "ကျုပ် ခေါင်းဆောင်ဝိန်ကို နည်းနည်း စိတ်ပူလို့ပါ"ဟု ပြုံးပြီး ခပ်မြန်မြန် ပြောလိုက်သည်။
အန်ကလိုက ခါးသီးစွာ ရယ်မောလိုက်ပြီး "ဥက္ကဌရှုက တကယ်ကို ထက်မြက်ပါတယ်။ ဟုတ်ပါတယ်၊ ကျုပ်ရဲ့ ခေါင်းဆောင်ဝိန်ကို နားလည်ထားတာအရဆိုရင် လောဘကြီးတာကလွဲလို့ သူ့မှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေ မရှိဘူး။ ခင်ဗျား သူနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာကို ကျုပ် အရမ်းစိုးရိမ်တယ်။ သူက ခင်ဗျားရဲ့ကိစ္စတွေကို ဖျက်စီးပြီး ခင်ဗျားရဲ့နယ်မြေအပေါ် ယုံကြည်မှုတွေ ဆုံးရှုံးသွားအောင်လုပ်မှာကို ကျုပ်စိုးရိမ်တယ်။"
"လောဘကြီးတယ်? လောဘကြီးတာက ကောင်းပါတယ်။ သူသာ လောဘမကြီးရင် ကျုပ်စိုးရိမ်နေရမှာ။” ရှုယီက လုံးဝဂရုမစိုက်ဘဲ ပြုံးလျက်ပြောသည် ။ “လောဘကြီးတဲ့သူတွေမှာ ပြတ်သားတဲ့ ပန်းတိုင်တွေရှိတာကြောင့် ကိုင်တွယ်ရတာ ပိုလွယ်ပါတယ်။ ခေါင်းဆောင်ဝိန်က တစ်ချို့အရာတွေအပေါ် အလွန်အကျူး လောဘကြီးမနေသရွေ့တော့ သူနဲ့ အရမ်းကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုရှိလာနိုင်မယ်လို့ ကျုပ်ထင်တယ်။”
အန်ကလိုသည် အလားတူ ခါးသီးသော အပြုံးဖြင့် “သူ အရမ်းလောဘကြီးသွားမှာ ကြောက်မိတယ်။ ဥက္ကဋ္ဌရှု၊ ကျုပ်တို့နယ်မြေက မျိုးရိုးမြင့်တွေရဲ့ ပင်ကိုယ်စရိုက်တွေကို ခင်ဗျား နားမလည်တာ ဖြစ်နိုင်တယ်။ ခေါင်းဆောင်ဝိန်လို အရာအားလုံးကို သူ့လက်ထဲမှာ ကိုင်ဆောင်လိုထားချင်တဲ့လူအတွက် အခုဘယ်လောက် ခင်မင်ရင်းနှီးခဲ့တာကို မကြည့်ဘဲ၊ အကျိုးအမြတ်ရဖို့အတွက်လေးနဲ့ အချိန်မရွေး ဒေါသထွက်သွားနိုင်တယ်။"
အန်ကလို၏အသံထဲမှ ကူကယ်ရာမဲ့ဟန်ကိုကြားသော် ရှုယီလည်း စဉ်းစားပြီး မနေနိုင်တော့ဘဲ မေးလာသည်။ အန်ကလို ခင်ဗျား ကျုပ်ကို ဝိန်မြို့တော်အနီးမှာ ရင်းနှီးမြှပ်နှံဖို့ ခေါင်းဆောင်ဝိန်နဲ့သဘောတူထားလို့ သူနဲ့ ရည်ရွယ်ချက်ရှိရှိတွေ့ခိုင်းတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားပြောတာကို ကြားတော့ ဒါက ခင်ဗျားရဲ့ ရည်ရွယ်ချက်အမှန်မဟုတ်ဘူးလို့ ထင်တယ်"
အန်ကလိုလည်း သက်ပြင်းတစ်ချက်ချကာ ခဏမျှရပ်တန့်၍ ပြောလာသည် "ဥက္ကဌရှုက ဒါကို မြင်ပြီးပြီဆိုတော့ ကျုပ် မဖုံးကွယ်တော့ပါဘူး။ ခေါင်းဆောင်ဝိန်နဲ့ ဒီလိုသဘောတူညီချက်ကို လုပ်ထားခဲ့တယ်။ ခင်ဗျားကို သူ့အိမ်မှာ တစ်ညလောက်နေခိုင်းနိုင်ပြီး ခင်ဗျားနဲ့တွေ့ဖို့ ခေါင်းဆောင်ဝိန်ကို အခွင့်အရေးပေးရင် သူကကျုပ်ကို ပံ့ပိုးပေးလိမ့်မယ်။"
"အဲဒါကို ကျုပ်နားလည်ပါတယ်" ရှုယီက ခေါင်းညိတ်လိုက်ပြီး "ဒါပေမယ့် ခင်ဗျားက ဘာလို့ ဒီစိတ်ဓာတ်ကျစရာကောင်းတဲ့ စကားလုံးတွေ ကျုပ်ကို ပြောခဲ့တာလဲဆိုတာ နားမလည်သေးဘူး။ ခေါင်းဆောင်ဝိန်ကို ရုတ်တရက် မကျေနပ်လို့လား?"
"ကျုပ် ခေါင်းဆောင်ဝိန်ကို မကျေနပ်တာမဟုတ်ပါဘူး... ကောင်းပြီ၊ မှန်ပါတယ်" အန်ကလိုက ခါးသီးစွာ ပြုံးလိုက်သော်လည်း သူ၏ အပြုံးတွင် ရိုးသားမှု အရိပ်အယောင်များ ရှိနေသည် ။"ဥက္ကဌရှု၊ ခင်ဗျားကို ကျုပ်တို့ရဲ့ နယ်မြေမှာ ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ထားပေမယ့် ဒီအတွက် မျှော်လင့်ချက် သိပ်မရှိခဲ့ပါဘူး။ ကျုပ်တို့ရဲ့နယ်မြေကြီးဟာ ရေသေနဲ့တူနေတာကြာပြီဖြစ်လို့၊ လူတစ်ဦးတည်း ဒါမှမဟုတ် လုပ်ငန်းစုတစ်ခုတည်းကိုပဲ အားကိုးလို့ မရဘူးလို့ ခံစားရတယ်။”
"Frestech ကုန်သည်ကြီးများအသင်းကို အမှီပြုရုံနဲ့ စတက်တိန်းနယ်မြေ တစ်ခုလုံးကိုမပြောင်းလဲနိုင်ဘူးလို့လည်း ကျုပ်လည်းခံစားရတဲ့အတွက် ဒါကသိပ်မထူးဆန်းပါဘူး။" ရှုယီက ခေါင်းညိတ်ပြသည်။
“ဒါပေမယ့် ခင်ဗျား ကျုပ်တို့ရဲ့နယ်မြေမှာ တစ်ရက်နေခဲ့ပြီးမှ ကျုပ်မှားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတယ်။" အန်ကလိုက ရှုယီကို မျှော်လင့်ချက် အနည်းငယ်ဖြင့် ကြည့်နေ၏၊ "တခြားလုပ်ငန်းစုတွေက နိုင်ငံတစ်ခုလုံးကို မပြောင်းလဲနိုင်ပေမယ့် ဥက္ကဌရှု ဒီဖြစ်နိုင်ခြေက ခင်ဗျားဆီကလာတယ်လို့ ကျုပ်တကယ်ခံစားရတယ်။"
ရှုယီလည်း လက်ကို အလျင်အမြန်ဝှေ့ယမ်းလိုက်ကာ "ခင်ဗျား ကျုပ်ကို အရမ်းမျှော်လင့်ထားတာပဲ"
“မဟုတ်ဘူး! ဒါက မလုံလောက်သေးဘူး!" အန်ကလိုက လေးလေးနက်နက် ပြောသည်။ "ဥက္ကဌရှု၊ ခင်ဗျားက ကျုပ်တို့ရဲ့နယ်မြေမှာ တစ်ရက်ပဲနေရသေးပြီး နည်းနည်းပဲ မြင်ခဲ့ရသေးပေမယ့် စည်သွပ်သီးစက်ရုံနဲ့ ရာဘာစက်ရုံတို့နဲ့ စတင်နေပြီလေ။ နယ်မြေတစ်ခုလုံးကိုသာ ဆန်းစစ်ပြီးရင် ခင်ဗျားမှာ အကြံဉာဏ်သစ်တွေ ဘယ်လောက်တောင် ရှိလာမလဲ? ခင်ဗျားသာ အဲဒီအကြံအစည်တစ်ခုစီကို သဘောပေါက်နိုင်ရင် ကျုပ်တို့ရဲ့ နယ်မြေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေရှိလာမယ်လို့ အာမခံရဲပါတယ်။”
"ခင်ဗျား ချဲ့ကားလွန်းသွားပြီ။" ရှုယီက အပြုံးဖြင့်ပြော၏ ” စက်ရုံတွေမှာ ရင်းနှီးမြုပ်နှံတာက သေးငယ်တဲ့ကိစ္စလေးပါပဲ၊ ဒါပေမယ့် နိုင်ငံတစ်ခုလုံးကို ပြောင်းလဲဖို့က နိုင်ငံသူနိုင်ငံသားတွေအပေါ် မူတည်ပါတယ်”
၎င်းကိုကြားပြီးနောက် အန်ကလိုက အံ့အားသင့်သွားသည်။ ရုတ်တရတ် မျှော်လင့်ချက်တွေပြည့်နေသည့် ပူဖောင်းတစ်ခုထံမှ အလျင်အမြန်ပင် သူ၏အမူအရာ သို့မဟုတ် ခန္ဓာကိုယ်တို့မှာ ကြေကွဲခြင်းအဖြစ်ပြောင်းလဲသွားတော့သည်။
“လူတွေ…..” အန်ကလိုက ပြတင်းပေါက်မှ လှမ်းကြည့်ကာ ခါးသက်သက် ရယ်လိုက်သည်။ ထို့နောက် သက်ပြင်းချလျက် “ဒီလူတွေကို ပြောင်းလဲဖို့ ဘယ်လိုလုပ် ဒီလောက်ရိုးရှင်းနိုင်မှာလဲ…..”
အန်ကလို၏မျက်နှာပေါ်မှ ဆိတ်သုဉ်းသောအကြည့်ကိုမြင်လိုက်ရသော် ရှုယီလည်း စိတ်အားထက်သန်သောလူမှ မယုံနိုင်လောက်အောင် အထီးကျန်သူတစ်ယောက်ထံ ပထမဆုံးအကြိမ်အဖြစ် ရောက်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
မနက်မိုးလင်းပြီးနောက် မြင်းလှည်းက ရှုယီနှင့် အန်ကလိုတို့ကို ဖာရာဒေးမြို့သို့ ခေါ်ဆောင်သွားသည်။ အန်ကလိုက ရှုယီအား နယ်စားစတက်တိန်းနှင့် နယ်မြေ၏ အခြား ဝန်ကြီးများတို့နှင့် တွေ့ရန် အမြန် ခေါ်သွားခြင်းဖြစ်သည်။
အလားတူ ခပ်ဝဝနယ်စားစတက်တိန်းနှင့် အခြားဝန်ကြီးများတို့အား ခဏမျှတွေ့ဆုံပြီးနောက်၊ ရှုယီမှာ အန်ကလိုက အဘယ်ကြောင့် အထီးကျန်နေခဲ့ရသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။
နယ်စားစတက်တိန်းကို မတွေ့ခင်တွင် နယ်စားက စတက်တိန်းနယ်မြေ၏ မိုင်းတွင်းသုံးတွင်းကို အခြားနိုင်ငံတစ်ခု၏ အမည်မသိလုပ်ငန်းစုတစ်ခုထံ ရောင်းချဖို့ စတင်လုပ်ဆောင်ခဲ့ပြီးကတည်းက သူဟာ ရဲရင့်တဲ့ ခေါင်းဆောင်ဖြစ်လိမ့်မည်ဟု ရှုယီ ထင်ခဲ့မိသည်။ သူဟာ ဤမိုင်းတွင်းသုံးတွင်းကို အသုံးပြု၍ အခြားနိုင်ငံမှ လုပ်ငန်းစုများကို ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ကာစတက်တိန်းနယ်မြေ၏ အခြေအနေကို ပြောင်းလဲရန် စီစဉ်နေသည်ပင်။
သို့သော် နယ်စားစတက်တိန်းနှင့်တွေ့ကာ အတူ နေ့လည်စာစားရင်း စကားပြောအပြီးတွင် နယ်စားစတက်တိန်းနှင့် ပတ်သက်သည့် သူ့၏ ခန့်မှန်းချက်ဟာ လုံးဝမှားယွင်းနေကြောင်း တွေ့ရှိခဲ့သည်။
ဤနယ်စားက ခေါင်းဆောင်ဝိန်ထက် ပိုဝနေရုံသာမက ပိုလို့လည်း လောဘကကြီးသေးသည်။
ရှုယီကိုတွေ့ပြီး နှုတ်ခွန်းဆက်စကားအနည်းငယ်ပြောပြီးနောက် နယ်စားစတက်တိန်းမှာ မိုင်းတွင်းသုံးတွင်းခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။
ရှုယီကို အံ့အားသင့်စေသည့်အချက်မှာ မြို့စားစတက်တိန်းထံ၌ အန်ကလိုနှင့် လုံးဝကွဲပြားသော အမြင်များ ရှိနေခြင်းဖြစ်သည်။
အန်ကလိုသည် ရှုယီနှင့် ညှိနှိုင်းသောအခါ၊ သူသည် အဆိုပါမိုင်းသုံးတွင်းအတွက် Frestech ကုန်သည်ကြီးများအသင်းထံမှ နည်းပညာအချို့ကို ရရှိရန် မျှော်လင့်ခဲ့သည်။ သို့သော် နယ်စားစတက်တိန်းမှာမူ ဤမိုင်းတွင်းသုံးတွင်းဝယ်ရန် မည်မျှပေးမည်ကို ရှုယီအားတိုက်ရိုက်မေးလာ၏။
ရှုယီက မိုင်းတွင်းများကို မစစ်ဆေးရသေးခင် စျေးနှုန်း မဆုံးဖြတ်နိုင်သေးကြောင်း ပြောသည့်အခါ နယ်စားစတက်တိန်းနှင့် အခြားဝန်ကြီးများက ယေဘုယျ ခန့်မှန်းချက်ပေးဖို့ ရှုယီကို အတင်းအကျပ်ခိုင်းစေခဲ့သည်။ ရှုယီသာ ၎င်းတို့ကို အလုံအလောက်ပေးနိုင်ပါလျှင် မိုင်းတွင်းသုံးတွင်းစလုံးကို Frestech ကုန်သည်ကြီးများအသင်းဆီ ချက်ချင်းရောင်းဖို့ ဆုံးဖြတ်နိုင်သည်ဟုပင် ဆိုလာကြ၏။
ရှုယီလည်း ကူရာမဲ့နေရာ ခန့်မှန်းချေ တစ်သန်းမှ တစ်သန်းခွဲပတ်လည်သာ မေးခဲ့သည်။
မိုင်းတွင်းသုံးတွင်းမှာ ရွှေဒင်္ဂါးနှစ်သန်းလောက်ရှိမည်ဟု ခန့်မှန်းထားသော်လည်း နယ်စားစတက်တိန်းနှင့် အခြားဝန်ကြီးများ၏ အပြောအဆိုတွေကိုမြင်က တစ်သန်းကနေ နှစ်သန်းအထိ မပြောရဲတော့ချေ။
အဘယ်ကြောင့်ဆိုသော် စျေးနှုန်းကို ကြားပြီးနောက် နယ်စားစတက်တိန်းနှင့် အခြားဝန်ကြီးများ၏ မျက်လုံးများ တောက်ပလာသောကြောင့်ဖြစ်သည်။ သူတို့ကချက်ချင်းပင် တစ်သန်းကိုလျစ်လျူရှုပြီး တစ်သန်းခွဲ စျေးနှုန်းသတ်မှတ်ခဲ့သည်။
ရှုယီက သူသာတစ်သန်းမှ နှစ်သန်းအထိဟုပြောခဲ့မည်ဆိုပါက ထိုလူများဟာ ရွှေဒင်္ဂါးနှစ်သန်းနှင့် စျေးသတ်မှတ်မည်ဆိုသည်မှာ သေချာသလောက်ပင်။
လမ်း၌ အန်ကလိုပြောခဲ့သည်များကို တွေးရင်း နယ်စားစတက်တိန်းနှင့် အခြားဝန်ကြီးများ၏ လောဘတကြီး ပျော်ရွှင်နေသည့် အမူအရာတွေကို မြင်နေရသည်၊ ရှုယီမှာ မတိုင်ခင်က အန်ကလို၏ ဤလူများကို အကဲဖြတ်မှုက ထိုမျှပြင်းထန်သည်မဟုတ်သော်လည်း ရှေးရိုးဆန်လွန်းသည်ဟု ထင်ခဲ့မိသည်။
သူတို့က ခေါင်းဆောင်ဝိန်ထက်စာလျှင် ပို၍ လောဘကြီးပြီး ယုံကြည်ကိုးစားချင်စရာမရှိပေ။
ရှုယီအတွက် နယ်စားစတက်တိန်း အပါအဝင်ဤနယ်မြေခေါင်းဆောင်တွေမှာ လောဘကြီးပြီး အားကိုးလို့မရပါချေ။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၄၅။ တကယ်ပဲ နိုင်ငံတစ်နိုင်ငံလား?
ရှုယီက ဖာရာဒေးမြို့၌ တစ်ရက်မျှသာ နေခဲ့ပြီး နောက်တွင် အန်ကလိုနှင့် နယ်စားစတက်တိန်းလွှတ်လိုက်သော ဝန်ကြီးနှစ်ဦးနှင့်အတူ မိုင်းတွင်းသုံးတွင်းဆီ ဦးတည်ခဲ့သည်။
ထိုသို့ရောက်ချိန်တွင် ရှုယီမှာ သူ တစ်လစောကာ ပို့ခဲ့သည့် နော်မာမျိုးနွယ်စုမှ လူပုလေးနှစ်ဦးကို မြင်လိုက်ရသည်။
ထိုလူပုလေးများ ရှာတွေ့ခဲ့ခြင်းအရ ၎င်းမိုင်းတွင်းများမှာ သတ္တုတွင်းထွက် ကြွယ်ဝလှ၏။ သံသတ္တုတွင်းနှစ်တွင်း ယခင်က ရှုယီ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းထံမှ လုယူခဲ့သည့် တစ်ခုထက်ပင် ပိုကြီးသေးသည်။
သံသတ္တုတွင်း တစ်တွင်းလျှင် ခုနှစ်သိန်း ပတ်လည်ခန့်မှန်းချေရာ ထိုသံသတ္တုနှစ်တွင်း၏ တန်ဖိုးကပင် ရွှေဒင်္ဂါး တစ်သန်းခွဲကျော်နေပြီဖြစ်သည်။
ထိုတန်ဖိုးက ယခင်နှစ်မှ အရာပင်။ သံသတ္တုရိုင်းများ၏ မြင့်တက်လာသော တန်ဖိုးအရဆိုလျှင် ထိုသံသတ္တုနှစ်တွင်းမှာ ရွှေဒင်္ဂါးနှစ်သန်းကျော်လောက်၏။
စတက်တိန်းနယ်မြေ၌ မိုင်းတူးခြင်းကုန်ကျစရိတ်ကို ချင့်ချိန်ရမည်ဖြစ်သော်လည်း စတက်တိန်းနယ်မြေက ထိုမိုင်းတွင်းများ၏ အမြဲတမ်းတူးဖော်ခွင့်ကို ရောင်းချထားခြင်းဖြစ်ပြီး လမ်ပူရီတိုင်းပြည်ကလို အချိန်အကန့်သတ်မရှိလေရာ ကုန်ကျစရိတ်က အတော်လေး သက်သာပေသည်။
နိုင်ငံအာဏာရှေ့တွင် အမြဲတမ်း တူးဖော်ခွင့်မှာ အလိမ်အညာသာဖြစ်သည်။
သို့သော် အခြားကြေးနီတွင်း၏ အခြေနေကို စဉ်းစားကြည့်ရင်း ထိုစွန့်စားမှုများက များပြားလွန်းသည်ဟု မယူဆနိုင်ပေ။
လူပုလေးများ၏ တင်ပြချက်များအရ ကြေးနီမိုင်းတွင်း၏ သတ္တုတွင်းထွက်ရင်းမြစ်များမှာ သံသတ္တုတွင်း နှစ်တွင်းထက်ပင် ပိုလို့ ကြွယ်ဝသေးသည်။
ထိုသည်က ရှုယီအတွက် အားရကျေနပ်စရာပင်။
သူ၏ ဤတစ်ကြိမ် အဓိကပန်းတိုင်မှာ ကြေးနီတွင်းဖြစ်ကာ ကြေးနီတွင်းသာ ရင်းမြစ်ကြွယ်ဝပါလျှင် ရိတ်သိမ်းမှုလည်း ကြွယ်ဝပေလိမ့်မည်။
လူပုလေးနှစ်ဦးက ၎င်းကိုရှာဖွေခဲ့ခြင်းကြောင့် ရှုယီက မိုင်းတွင်းသုံးတွင်းထံဦးတည်သွားခြင်းမှာ ထုံးစံပင်။ သာမန်ကာလျှံကာကြည့်ပြီးနောက် သူဟာ လမ်းများနှင့် အနီးဝန်းကျင်ဧရိယာကိုကြည့်ပြီး ဖာရာဒေးမြို့သို့ ပြန်သွားတော့သည်။
နောက်သုံးရက်အကြာ၌ ရှုယီက နယ်စားစတက်တိန်းနှင့် သူ၏လက်အောက်ငယ်သားတို့နှင့်အတူ ခြူးတစ်ပြားစီတိုင်းအတွက် ညှိနှိုင်းခဲ့သည်။
သူ၏လက်အောက်ငယ်သားများမှ ရှုယီမှာ မိုင်းတွင်းများနှင့်ပတ်သက်၍ အင်မတန် စိတ်ကျေနပ်ကြောင်းတင်ပြထားခြင်းကြောင့် သို့မဟုတ် ရှုယီ၏ စပေးသည့် ရွှေဒင်္ဂါးတစ်သန်းခွဲဈေးနှုန်းက ၎င်းတို့ကို ယုံကြည်ချက်ရှိလာစေသည်ကြောင့်လည်း ဖြစ်နိုင်ဖြစ်နိုင်သည်၊ ၎င်းတို့ ညှိနှိုင်းချိန်တွင် နယ်စားစတက်တိန်းက အစဈေးနှုန်း ရွှေဒင်္ဂါးနှစ်သိန်းဖြင့် စတင်လေ၏။
ရိုးရိုးသားသားပြောရပါက ထိုမိုင်းတွင်းသုံးတွင်းအတွက် ရွှေဒင်္ဂါးနှစ်သန်းပေးဝယ်ရန်မှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့အတွက် ရ'ပေါက် ကြီးကြီးမားမားဖြစ်သော်လည်း ရှုယီအနေနှင့် ၎င်းကို ရိုးရိုးလေးသဘောတူဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ခိုင်ခိုင်မာမာဆန့်ကျင်ပြီး ထိုမိုင်းတွင်းသုံးတွင်း၏ ပြစ်ချက်များကို ဖော်ပြကာ ဈေးနှုန်းကို ရွှေဒင်္ဂါးတစ်သန်းအထိ လျှော့ချလိုက်လေသည်။
နယ်စားစတက်တိန်းနှင့် သူ၏ လက်အောက်ခံသားများမှာ ဆွေးနွေးမှုအတွင်း၌ အင်မတန်ကျယ်လောင်ကာ အတော်စွမ်းအားကြီးဟန်ရှိသော်လည်း အဆုံး၌ ရှုယီကသာ ထိုညှိနှိုင်းမှု၌ အသာစီးရသူဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းမှလွဲလျှင် စတက်တိန်းနယ်မြေကဲ့သို့ နောက်ပြန်ဆွဲနေသည့်နေရာ၌ ရင်းနှီးမြှုပ်နှံလိုသည့် အခြားလုပ်ငန်းစုတစ်ခုမျှမရှိချေ။ ရှုယီကသာ ၎င်းတို့၏ ရွေးချယ်စရာဖြစ်လေရာ မည်သည်ကိုမှ မတတ်နိုင်ချေ။
ရှုယီ ထုတ်ပြောလာသည့် ပြစ်ချက်များက စတက်တိန်းနယ်မြေ၏ နောက်ပြန်သဘာဝကို တွန်းအားပေးနေသဖြင့် လုံးဝမငြင်းနိုင်ပေ။
ထို့ကြောင့် အင်မတန်ခက်ခဲမည်ဟု ရှုယီ ထင်ခဲ့ရသော ညှိနှိုင်းမှုက သုံးရက်အတွင်းဖြေရှင်းပြီးသွားသည်။
စတက်တိန်း နယ်မြေနှင့် ရှုယီတို့ ချမှတ်လိုက်သည့် နောက်ဆုံး ဈေးနှုန်းမှာ ရွှေဒင်္ဂါး တစ်သန်းနှင့်သုံးရာ့ငါးဆယ်ဖြစ်သည်။
ရင်းမြစ်ကြွယ်ဝလှသည့် မိုင်းတွင်းသုံးတွင်းအတွက် ၎င်းကို ဟင်းရွက်ကန်စွန်းကဲ့သို့ ဈေးပေါလှသည်ဟု ယူဆနိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းကိုလည်း ဈေးသက်သာလွန်းစွာ ရရှိစေခဲ့သည်။
မှန်ပါ၏၊ ထိုမိုင်းတွင်းများကို စ'မတူးခင် ပြင်ဆင်မှုများစွာ ပြုလုပ်ဖို့ လိုအပ်သည်ပင်။
စတက်တိန်းနယ်မြေ၏ ချို့တဲ့သော သဘာဝ၊ အထူးသဖြင့် မိုင်းတွင်းများ ပတ်လည်ရှိ လမ်းများ ဆိုးရွားခြင်းက Frestech ကုန်သည်ကြီးများအသင်းကို အပြင်းအထန်ရိုက်ခတ်မှုဖြစ်စေလိမ့်မည်။ ထို့ကြောင့် ရှုယီက ဘန်တာမြို့သို့ ပြန်ရောက်သည်နှင့် စတက်တိန်းနယ်မြေသို့ အများပြည်သူသုံးလမ်းဖောက်ရန် အမ်ရစ်ကုန်သည်ကြီးများအသင်းကို ချက်ချင်းဆက်သွယ်ဖို့ ပြင်ဆင်ထားသည်။
ရှုယီမှ နယ်စားစတက်တိန်းကို သူ၏ ဆုံးဖြတ်ချက်အကြောင်း ပြောချိန်၌ ၎င်းက နယ်စားစတက်တိန်းနှင့် သူ၏ ဝန်ကြီးများကို ချက်ချင်းပျော်ရွှင်သွားစေသော်လည်း အများပြည်သူသုံးလမ်းက မည်သည်မှန်းကိုတော့ မသိကြချေ။
ညှိနှိုင်းမှုကို အပြီးသတ်ကာ သဘောတူညီမှုရသွားပြီးနောက် ရှုယီက စတက်တိန်းနယ်မြေ၌ ထပ်မနေတော့ဘဲ နောက်နေ့၌ပင် လမ်ပူရီတိုင်းပြည်ကို ပြန်ဖို့ ပြင်ဆင်တော့သည်။
ညှိနှိုင်းမှု ပြီးဆုံးသွားသည့် ညတွင် ရှုယီ ရက်ပေါင်းများစွာ မမြင်တွေ့ခဲ့ရသော အန်ကလိုက ရုတ်တရတ် ပေါ်လာလေ၏။
အန်ကလို၏ ယစ်မူးနေသည့်အသွင်ကို မြင်ချိန်၌ ရှုယီက အနည်းငယ် အံ့ဩသွားသည်။
အန်ကလိုကို စတွေ့သည့် ပထမအကြိမ်ကတည်းက ရှုယီမှာ သူ့အား ဘယ်အချိန်၌ တွေ့တွေ့ အမြဲတစေ စိတ်အားထက်သန်ကာ အားအင်ပြည့်ဝနေသည်မှာ ဘယ်တော့မှ လဲမကျတော့မလိုပင်။ ထို့အပြင် ရှုယီလည်း အန်ဗီမာမြို့တော်ရှိ ပွဲ၌ သူ၏ အယ်လ်ကိုဟောခံနိုင်စွမ်းက အတော်ကောင်းမှန်းသိထားလေရာ အဘယ့်ကြောင့် ယနေ့ ယစ်မူးနေရသနည်း?
စတက်တိန်းနယ်မြေ၌ ဝိုင်မရှိဟု သိထားခဲ့သည်ဖြစ်ရာ အန်ကလိုအတွက် နိုင်ငံအတွင်းတွေ့ခဲ့ရသော ဝိုင်ကြောင့် ယစ်မူးရန် မဖြစ်နိုင်ချေ။
"ရှု..... ဥက္ကဌရှု..... ဂုဏ်.....ဂုဏ်ယူပါတယ်....." အန်ကလိုက ထိုသို့ပြောရင်း ရှုယီ မျက်နှာရှိရာသို့ လေချဉ်တက်လိုက်ရာ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
ရှုယီက မျက်မှောင်ကုပ်လျက် ခေါင်းဆောင် ဝိန်ထံမှ ရခဲ့သည့် အစေခံမလေးနှစ်ဦးကို အချက်ပြကာ နယ်စားစတက်တိန်းမှ သူ့အတွက် ပြင်ထားပေးခဲ့သည့် နှစ်ထပ်သစ်လုံးအိမ်လေးထဲသို့ ကူတွဲခေါ်လာခိုင်းရ၏။ ထို့နောက် အစေခံမလေးနှစ်ဦးက သူ့မျက်နှာထက်သို့ ရေအေးအေးနှစ်ထားသည့် ပဝါကို တင်ပေးထားလိုက်သည်။
စတက်တိန်းနယ်မြေက ဆောင်းတွင်းနှင့် ဆောင်းတွင်းညများ၌ ထိုမျှ မအေးပါသော်လည်း ရေက အတော်လေး အေးနေဆဲပင်။
အန်ကလိုမှာ ရေအေးကြောင့် နိုးလာကာ အတန်ငယ် စိတ်တိုသွားသည်။ သူက မျက်လုံးဖွင့်လျက် ရှုယီကို ကြည့်လိုက်ပြီးနောက် ပါးစပ်မှ အရက်နံ့များ ထွက်လာသည်။ ထို့နောက် ရုတ်တရတ်ပြောလာ၏၊ "ဥက္ကဌရှု၊ ကျုပ်နဲ့ ခဏလောက် စကားပြောလို့ရမလား?"
ရှုယီလည်း စဉ်းစားကာ အစေခံမလေးများကို ပြန်လွှတ်လိုက်သည်။
အန်ကလိုက ခက်ခက်ခဲခဲထထိုင်ကာ အဆောက်အဦငယ်ထဲမှ လျှောက်ထွက်ရင်း ၎င်းရှေ့ရှိ ရေကန်ငယ်လှလှလေးအရှေ့၌ ထိုင်ချလာလေသည်။
ရှုယီလည်း သူ့နံဘေး၌ထိုင်ကာ ပြောလာမည်ကို စောင့်ဆိုင်းနေလိုက်၏။
ခဏကြာသည့်နောက် အန်ကလိုက ရုတ်တရတ် ကိုယ့်ကိုယ်ကိုယ် သရော်ပြုံးကာ၊ "ဥက္ကဌရှု၊ ခင်ဗျား ကျုပ်ကို ငတုံးတစ်ယောက်လို့ ထင်လား?"
ရှုယီလည်း တအံ့တဩခေါင်းခါကာ၊ "ဘာလို့ ခင်ဗျား ဒီလိုထင်ရတာလဲ? ခင်ဗျားသာ ငတုံးဆိုရင် ဒီနိုင်ငံက လူအများစုက ငတုံးတွေလို့ ကျုပ်ထင်တယ်၊ ဟုတ်ပြီလား?"
ရှုယီ၏ အဖြေကိုကြားသော် အန်ကလိုက ရုတ်တရတ် ရယ်မောရင်း နည်းနည်းကြာမှသာ တဖြည်းဖြည်းရပ်သွားသည်။ ၎င်းနောက် ရှုယီထံ လက်ညှိုးထိုးလျက် ခေါင်းငြှိမ့်ကာ ဆိုလေ၏၊ "ကောင်းတယ် ဥက္ကဌရှု၊ နောက်ဆုံးတော့ ခင်ဗျားစိတ်ထဲက စကားလုံးတွေကို ပြောလိုက်ပြီပဲ။ ဒီတော့ ခင်ဗျားစိတ်ထဲမှာ ဒီနိုင်ငံရဲ့ လူအများစုက ငတုံးတွေပေါ့။ အမှန်ပဲ၊ သူတို့အားလုံးက ငတုံးတွေပဲ!"
အန်ကလို၏ မျက်နှာ၌ ဒေါသများ ရုတ်တရတ် ဆူပွက်လာသည်ကို မြင်သော် ရှုယီက မျက်မှောင်မကုပ်မိဘဲ မနေနိုင်တော့ပေ။
သူဟာ အနည်းငယ် ရှုပ်ထွေးသွားလေသည်။ အဘယ့်ကြောင့် အချင်းချင်း ရက်အနည်းငယ်ကြာ မမြင်ခဲ့ရသည့်နောက်၌ အန်ကလိုက ရုတ်တရတ် တစ်လောကလုံးကို မုန်းတီးလာရသနည်း?
နယ်စားစတက်တိန်းနဲ့ အဲဒီဝန်ကြီးတွေက သူ့ကို ညှိနှိုင်းမှုကနေ ထုတ်ပယ်လိုက်တာကြောင့်များလား?
"အန်ကလို, ခင်ဗျား ဘာပြောချင်တာလဲ?" ရှုယီက အဓိပ္ပာယ်မရှိ အမူးသမားတစ်ဦးနှင့် ဝေ့လည်ကြောင်ပတ်လုပ်ဖို့ မစီစဉ်ထားပါချေ။
အန်ကလိုက ရှုယီကို ကြည့်၍ နောက်တစ်ခါ လေချဉ်တက်လာကာ ရယ်ရင်း ပြောလေ၏၊ "ကျုပ်က ဘာပြောချင်တာလဲ? ကျုပ်ပြောချင်တာက..... ကျုပ်ဟာ ငတုံးတစ်ယောက်ပဲ။ ကျုပ်သာ ငတုံးမဟုတ်ရင် ကျုပ်ရဲ့ နိုင်ငံကို ရောင်းဖို့ ဘာကြောင့် အစပျိုးခဲ့ပါ့မလဲ?"
"ခင်ဗျားက မိုင်းတွင်းသုံးတွင်းကို ပြောတာဆိုရင်တော့ ခင်ဗျားရဲ့ ဖော်ပြချက်က နည်းနည်းများသွားပြီလို့ ကျုပ်ထင်တယ်။" ရှုယီက ခေါင်းခါသည်၊ "ဒါက မိုင်းတွင်းလေး တချို့ပါပဲ၊ ပြီးတော့လည်း စတက်တိန်းနယ်မြေရဲ့ အကျိုးအမြတ်နဲ့ သက်ဆိုင်နေတယ် မဟုတ်ဘူးလား?"
"အကျိုးအမြတ်တွေနဲ့ သက်ဆိုင်နေတယ်?" အန်ကလိုက ရယ်သည်၊ "ခင်ဗျားက ရွှေဒင်္ဂါးတစ်သန်းသုံးရာ့ငါးဆယ်ကိုပြောနေတာလား? ပြောပါရစေ၊ ဒီရွှေဒင်္ဂါးတွေက နယ်စားနဲ့ အဲဒီ့စက်ဆုပ်စရာကောင်တွေရဲ့ အိတ်ကပ်ထဲကိုပဲ ရောက်သွားမှာ။ နယ်မြေက ဘယ်တော့မှ ကြေးတစ်ပြားတောင် ရမှာမဟုတ်ဘူး။ အိုး၊ ဟုတ်သားပဲ ခင်ဗျား လမ်းခင်းချိန်ကျရင်တော့ အကျိုးအမြတ်တချို့ရမှာပါ။ ဒါပေမယ့် လမ်းလေးတစ်လမ်းပဲလား? ဟားးး! လမ်းလေးတစ်လမ်းက ဘာကို ပြောင်းလဲနိုင်မှာလဲ?"
"ခင်ဗျား မေ့သွားပြီပဲ၊ ဒီ မိုင်းတွင်းသုံးတွင်း စတင်လည်ပတ်ရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရလာမှာပါ။" ရှုယီက သတိပေးသည်။
အန်ကလိုလည်း ရုတ်တရတ် ရှုယီကို ငေးကြည့်ကာ၊ "ဥက္ကဌရှု ရိုးသားပါ၊ ခင်ဗျားက ကျုပ်တို့နယ်မြေက လူတွေကို ခန့်ဖို့ စီစဉ်ထားရဲ့လား? ဒါမှမဟုတ် လမ်ပူရီတိုင်းပြည်က လူတွေကို ပို့ဖို့ စီစဉ်ထားတာလား?"
ရှုယီလည်း ထိုအစီစဉ်ရှိထားသဖြင့် ပြောစရာစကားပျောက်ဆုံးသွားတော့သည်။
ရှုယီက မတုံ့ပြန်လာသည်ကိုကြည့်ရင်း အန်ကလိုက ရုတ်ရတ် အေးစက်စွာရယ်လေ၏။
"ကျုပ် မှန်တယ်လား? ဟုတ်သားပဲ၊ တကယ်တော့ ခင်ဗျားတင်မကဘူး၊ ကျုပ်တို့နယ်မြေသားတွေကို ကျုပ်လည်း ဆက်မကြည့်နေနိုင်ဘူး။ သူတို့က အတော်လေးပျင်းကြပြီး အလုပ်ပေးရင်တောင် လုပ်ချင်ကြမှာ မဟုတ်ဘူး။ ကျုပ်သာဆိုရင်လည်း လမ်ပူရီတိုင်းပြည်ကလူတွေကို လွှတ်ဖို့ ရွေးချယ်မှာပဲ။"
ရှုယီလည်း အတန်ငယ် တိတ်ဆိတ်သွားပြီးမှ ရုတ်တရတ်မေးလေသည်၊ "အန်ကလို ခင်ဗျားက နိုင်ငံကို ချစ်မြတ်နိုးပြီး စတက်တိန်းနယ်မြေကို အားကောင်းလာစေဖို့အတွက် တစ်ခုခုလုပ်ရာမှာ ရိုးသားတဲ့လူဆိုတာ ကျုပ်မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျုပ် ခင်ဗျားကို အမြဲမေးချင်နေခဲ့တာ၊ ခင်ဗျား..... တကယ်ပဲ စတက်တိန်းနယ်မြေကို နိုင်ငံတစ်နိုင်ငံလို့ထင်လား?"
အန်ကလိုက ရုတ်တရတ် အံ့ဩသွား၏။ ခဏကြာသည့်နောက် သူ၏မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာတော့သည်။
အတန်ငယ်ကြာသော် အန်ကလိုမှာ မျက်ရည်များပေပွလာတော့၏။ သူဟာ ငိုညည်းနေသော်လည်း သူပြောနေသည့်အရာများကိုတော့ ရှုယီလည်း မကြားနိုင်ချေ။
ပြောနေချိန်၌ အင်မတန်စိတ်လှုပ်ရှားနေခဲ့၍လည်း ဖြစ်နိုင်ကာ သိပ်မကြာလိုက် အန်ကလိုက ချောင်းဆိုးလျက် မြေပြင်ပေါ်ပစ်ကျသွားပြီး ရေကန်ထဲသို့ အန်ချလိုက်သည်။
ရှုယီက အစေခံမလေးနှစ်ဦးကို လှည့်ခေါ်ကာ အန်ကလိုအတွက် ဆေးကြောရန် ပစ္စည်းများနှင့် သန့်ရှင်းရန် လိုအပ်သည်တို့ကို ပြင်ဆင်ခိုင်းလိုက်သည်။ မြေပြင်ပေါ်၌ ငိုကာ အန်နေသည့် အန်ကလိုကို လှည့်ကြည့်လိုက်ချိန်တွင် နာကျင်မှုအပြည့်ဖြစ်ဟန်ရှိနေလေရာ သူလည်း စိတ်ထဲ၌ သက်ပြင်းချလိုက်၏။
တကယ်တမ်းတွင် သူ့စိတ်ထဲ၌ ထိုမေးခွန်းရှိနေပြီးသားဖြစ်သော်လည်း မေးရန် အခွင့်ရေးမရခဲ့ပေ။
စတက်တိန်းနယ်မြေ၌ ရှိနေခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ရှုယီအနေနှင့် စတက်တိန်းနယ်မြေထံ၌ နိုင်ငံတစ်နိုင်ငံ၏ ပုံစံလုံးဝမရှိဟု ပြောနိုင်သည်။
ပထမဦးစွာ နိုင်ငံကို နယ်စားစတက်တိန်းက အမည်အရ အုပ်ချုပ်ပါသော်လည်း နယ်စားစတက်တိန်းမှာ ဖာရာဒေးမြို့အနီးတစ်ဝိုက်ကိုသာ ထိန်းချုပ်နေခြင်းဖြစ်သည်။ အတိအကျဆိုရပါလျှင် သူဟာ ခေါင်းဆောင်ဝိန်နှင့် အဆင့်တူဖြစ်ပြီး သူအုပ်ချုပ်သည့် နေရာက အနည်းငယ်လေး ပိုကြီးရုံသာ။
ဒုတိယအနေနှင့် ရှုယီမှာ စတက်တိန်းနယ်မြေ၏ ပြည်သားများအကြောင်းပြောရလျှင် ၎င်းတို့ထံ၌ နိုင်ငံသားတို့၏ စိတ်ဓာတ်လုံးဝမရှိကြချေ။
ထိုပြည်သားများအတွက် မည်သည့်မျိုးရိုးမြင့်က ၎င်းတို့ကို အုပ်ချုပ်နေမှန်းသာ သိကြပြီး စတက်တိန်းနယ်မြေကိုလည်း လုံးဝ ဂရုမစိုက်ကြပေ။
၎င်းတို့ကို အုပ်ချုပ်နေသည့် မျိုးရိုးမြင့်ကို မကျေမနပ်ဖြစ်လာပါလျှင် အခြားမျိုးရိုးမြင့်၏ နယ်မြေသို့သာ အပြေးသွားလိုက်ခြင်း သို့မဟုတ် ထောင့်တစ်ထောင့်၌သာ ပုန်းနေလိုက်ရုံပင်။ မည်သို့သော ထူးခြားဖြစ်စဉ်မှ မဖြစ်ပွားသရွေ့ ၎င်းတို့အထက်၌ မည်သူရှိနေသည်ကိုလည်း လုံးဝ ဂရုမစိုက်ချေ။
ရှင်းရှင်းပြောရပါက စတက်တိန်းနယ်မြေဟူသည် ပထဝီဝင်အခေါ်သာဖြစ်ပြီး လုံးဝ နိုင်ငံတစ်နိုင်ငံ မဟုတ်ပါပေ။
ကမ္ဘာမြေရှိ အခေါ်နှင့် ဆိုလျှင် စတက်တိန်းနယ်မြေမှာ ဧရိယာများကို ထိန်းချုပ်ထားသည့် UNနှင့် ခေါင်းဆောင်များတို့ကဲ့သို့ ခေါင်းဆောင်ဝိန်နှင့် နယ်စား စတက်တိန်းတို့ အတူတကွ ပေါင်းထားကြခြင်းပင်။
နယ်စား စတက်တိန်း၏ မိသားစုက ၎င်းတို့အကြား၌ အမြဲလိုလို အကြီးဆုံးဖြစ်သောကြောင့် သူထံ၌ အကြီးဆုံးအာဏာရှိသည်။
သို့ဖြစ်ရာ နယ်စားစတက်တိန်း၏ စကားလုံးများက စတက်တိန်းနယ်မြေတစ်ခုလုံး၌ မသက်ရောက်ခဲ့ပေ။ ထိုမိုင်းတွင်းသုံးတွင်းကို ရောင်းနိုင်သည့် အကြောင်းရင်းမှာလည်း ထိုမိုင်းတွင်းသုံးတွင်းက နယ်စားစတက်တိန်းထိန်းချုပ်ထားသည့် ဧရိယာ၌ ရှိခြင်းကြောင့်ဖြစ်၏။
ထိုမိုင်းတွင်းများမှာ အခြားမျိုးရိုးမြင့်၏ နယ်မြေ၌သာရှိနေသည်ဆိုလျှင် သူလည်း ရောင်းနိုင်လိမ့်မည်မဟုတ်ပေ။
၎င်းကြောင့် ရှုယီက အန်ကလိုကို ထိုမေးခွန်းမျိုးမေးရခြင်းဖြစ်သည်။
သို့သော် အန်ကလို၏တုံ့ပြန်ချက်က ဤမျှပြင်းထန်လိမ့်မည်ဟု ထင်မထားခဲ့ချေ။
ထိုလူမှာ အမြဲတမ်း စတက်တိန်းနယ်မြေနံဘေး၌ ရပ်တည်ကာ စတက်တိန်းနယ်မြေကို နိုင်ငံစစ်စစ်တစ်ခုနှယ် ဆက်ဆံပါ၏။ သူဟာ နိုင်ငံကို ပိုကောင်းရန် ပြောင်းလဲချင်ကာ နိုင်ငံသားများကိုလည်း ပိုကောင်းသည့် ဘဝပေးချင်သည်။
သို့သော် လက်တွေ့က ရက်စက်ပါ၏။ သူက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို စတက်တိန်းနယ်မြေထံ ခက်ခက်ခဲခဲခေါ်လာပြီး ရှုယီအား ဤနေရာ၌ ရင်းနှီးမြှုပ်နှံရာ၌ ဖြောင်းဖျခြင်းကို အောင်မြင်ခဲ့သည်။
သို့ရာတွင် နယ်စားစတက်တိန်းနှင့် သူ့၏ 'ဝန်ကြီး'ဆိုသူများက ရှုယီထံမှ ငွေသာလိုချင်ပြီး စတက်တိန်းနယ်မြေ၏ အကြောင်းကို လုံးဝဂရုမစိုက်ချေ။
ထိုအခြေအနေမျိုးနှင့် အန်ကလိုက မည်သို့များ စိတ်ဓာတ်မကျဘဲ နေနိုင်မည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၄၆။ ငါ ယုံကြည်ကိုးစားလို့ရမယ်လူကို လိုတယ်
နောက်မနက် အစောပိုင်းတွင် အန်ကလိုက အစေခံမလေးနှစ်ဦး သူ့အတွက်ပြင်ပေးထားသည့် အိပ်ရာမှ နိုးလာသည်။ ပထမဦးဆုံး သူဟာ ခေါင်းကိုက်ခြင်းကို ခံစားလိုက်ရပြီးနောက် တမုဟုတ်ချင်းပင် ယမန်နေ့ညက အဖြစ်အပျက် အလုံးစုံကို ပြန်စဉ်းစားလိုက်၏။
မနေ့ညက ရှုယီထံ သူဘာပြောခဲ့သည်နှင့် မည်မျှ ရိုင်းစိုင်းခဲ့သည်ကို စဉ်းစားရင်း သူဟာ အရက်မူးပြီးနောက် အရာအားလုံးကိုမေ့လျော့သွားသည့် အခြားလူများနှင့်မတူသောကြောင့် မိမိကိုယ်ကိုမုန်းတီးသွားကာ ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း မှတ်မိနေပေသည်။
လှေကားအောက်သို့ ဆင်းသွားသည့်နောက် ရှုယီကို မြင်သော် ပိုလို့ပင် နေရခက်လာသေးသည်။
ရှုယီက မည်သည့် ထူးဆန်းဟန်မှ မပြဘဲ မျက်နှာချင်းဆိုင်ဘက်ကို ညွှန်ပြ၏၊ "ထိုင်ပါ၊ ခင်ဗျားဗိုက်ဆာနေလောက်ပြီလို့ ထင်တယ်။"
အန်ကလိုမှာ ရှားရှားပါးပါး မျက်နှာပင် နီလာရသည်။ စဉ်းစားကြည့်ပြီးနောက်တွင် သူဟာ ခုံကိုဆွဲကာ မည်သည်မှမဆိုဘဲ စားပွဲ၌ ပြင်ထားပြီးသား မနက်စာကို ဆွဲယူလိုက်၏။
သူက ခပ်မြန်မြန်စားနေသော်လည်း သူစားလိုက်သည့် အပိုင်းတိုင်းကို သေချာဝါးပြီးမှ မြိုချကြောင်း ရှုယီတွေ့လိုက်ရသည်။
၎င်းကို သုံးသပ်ကြည့်ရပါက အနှီအန်ကလိုမှာ သေချာပေါက် မိမိကိုယ်ကို ကောင်းကောင်းစည်းကမ်းသတ်မှတ်ထားသည့် လူတစ်ဦးပင်။
သိပ်မကြာလိုက် အန်ကလိုမှာ မနက်စာကို လက်စသတ်ပြီးသွားကာ ပါးစားကိုသုတ်လျက် မျက်နှာထက်ရှိ အမူအရာက ပုံမှန် ပြန်ဖြစ်သွားသည်။
သူ၏အမူအရာကို မြင်သော် ရှုယီလည်း ချီးကျူးကာ ခေါင်းငြှိမ့်လိုက်တော့၏။
ဤအခြေနေတွင် ထိုမျှမြန်မြန် ပြန်ကောင်းနိုင်သည်မှာ အန်ကလို၏စိတ်ဓာတ်က မည်မျှ ခိုင်မာကြောင်းကို ပြဖို့ လုံလောက်သည်။
"ဥက္ကဌရှု၊ မနေ့ညက ကျုပ်ကိုယ်ကျုပ် မထိန်းနိုင်ခဲ့ဘူး၊ ဒါကြောင့် တကယ်ကို အားနာပါတယ်။" အန်ကလိုက တည်ငြိမ်စွာပြောသည်။
ရှုယီလည်း အသာပြုံးကာ လက်ယမ်း၍ ပြောလိုက်သည်၊ "စိတ်ထဲထားဖို့မလိုပါဘူး၊ လူတိုင်းက သောက်တဲ့အချိန်တိုင်း အထိန်းအကွပ်မဲ့ကြတာပဲလေ။ ဒါပေမယ့် မစ္စတာအန်ကလို, ခင်ဗျားတကယ်ပဲ စတက်တိန်းနယ်မြေဆီမှာ မျှော်လင့်ချက်ကို ဆုံးရှုံးဖူးလား?"
အန်ကလို၏အမူအရာက အတန်ငယ် ပြောင်းလဲသွားသော်လည်း ရှုယီရှေ့၌ မည်သည်ကိုမှ ဖုံးကွယ်မထားတော့ချေ။ သူက ခေါင်းခါ၏ ဆိုလာ၏၊ "ဟင့်အင်း၊ ကျုပ် နည်းနည်းတော့ စိတ်ပျက်ပေမယ့်လည်း အဲ့လောက်တော့မဟုတ်ပါဘူး။ ကျုပ်အနေနဲ့ နည်းလမ်းမှန်ကို ယုံကြည်နေတုန်းပဲ၊ ဒီနိုင်ငံက ကျုပ်စိတ်ကူးထားသလို ဖြစ်လာနိုင်ပါတယ်။"
"ဒါပေမယ့် ခင်ဗျားရဲ့စံနမူနာဖြစ်တဲ့ စတက်တိန်းနယ်မြေက တခြားသူတွေရဲ့ စံနမူနာရော ဟုတ်ရဲ့လား?"
အန်ကလို၏ပါးစပ်မှာ မဲ့ရွဲ့သွားပြီးမှ အတင်းကာရော ပြုံးလေသည်၊ "ကျုပ် ဘာကိုမှ ကတိမပေးထားပေမယ့် ကျုပ်ရဲ့စိတ်ထဲက စံနမူနာ စတက်တိန်းနယ်မြေက အနည်းဆုံးတော့ နိုင်ငံသားအများစုကို ပိုကောင်းတဲ့ဘဝမှာ နေနိုင်စေလိမ့်မယ်လို့ ယုံကြည်တယ်။"
ရှုယီက အန်ကလိုကို စိုက်ကြည့်ပြီးမှ အသာခေါင်းငြှိမ့်ကာ၊ "ပြောရဦးမယ်၊ ကျုပ်လည်း အတူတူပဲမို့ ခင်ဗျားလို အတွေးရှိတဲ့လူကို တကယ်ပဲလေးစားပါတယ်။ ဒါပေမယ့် မစ္စတာအန်ကလို, ကျုပ်အနေနဲ့ ခင်ဗျားသိပြီးသားမို့ ဒါကို သတိပေးဖို့မလိုဘူးလို့ထင်ပါတယ်။ ကျုပ်အမြင်မှာ အကောင်းဆုံးရွေးချယ်မှုက ခင်ဗျားကို ပစ်ပြီး နယ်စားစတက်တိန်းနဲ့ ခေါင်းဆောင်ဝိန်တို့ အရေးပါတဲ့ မျိုးရိုးမြင့်တွေနဲ့ ပူးပေါင်းတာပဲ။ သူတို့နဲ့ ပူးပေါင်းတာက ခင်ဗျားနဲ့ ပူးပေါင်းတာထက် ကျုပ်ကို ပြဿနာပိုနည်းစေမယ်လို့ထင်တယ်။"
အန်ကလို၏မျက်နှာထားက ရုတ်တရတ် ပြောင်းလဲသွားကာ အသက်ပြင်းပြင်းရှူလိုက်ပါသော်လည်း အလျှင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ရှုယီကို အသေအချာကြည့်ပြီး ပြောလေ၏၊ "ဥက္ကဌရှု၊ သူတို့နဲ့ ပူးပေါင်းတာက ပိုပြီး ရိုးရှင်းတယ်လို့တော့ ကျုပ်ထင်ပါတယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့လည်း ဒီလို ရေတိုဆို အကျိုးအမြတ်အတော်များများ ရမယ်လို့ ကျုပ်အာမခံပေမယ့် ရေရှည်ကျရင် ခင်ဗျား သေချာပေါက် စိတ်ပျက်မှာပဲ။"
ရှုယီက သက်ပြင်းချသည်၊ "ဒါကလည်း ကျုပ်စိုးရိမ်နေတဲ့ ပြဿနာပါပဲ၊ ကျုပ်အနေနဲ့ ရေရှည်က အကျိုးအမြတ်တွေကို ဂရုစိုက်ပြီး ခင်ဗျားလို ထက်မြတ်တဲ့လူတစ်ယောက်နဲ့ ပူးပေါင်းနိုင်ဖို့ မျှော်လင့်မိပေမယ့်၊ မစ္စတာအန်ကလို, လက်ရှိ စတက်တိန်းနယ်မြေမှာ.... ခင်ဗျားက အာဏာအလုံအလောက်မရှိတာကို စိုးရိမ်ရသေးတယ်။"
အန်ကလို၏ အမူအရာက အနည်းငယ်စိတ်ဓာတ်ကျသွားဟန် ရှိသော်လည်း ခဏတာတိတ်ဆိတ်နေပြီးနောက်၌ တဖြည်းဖြည်းပြောလာသည်၊ "ကျုပ်မှာ အခု ဘာမှမရှိဘူးဆိုတာက အနာဂတ်မှာလည်း မရှိဘူးလို့ မဆိုလိုဘူးလေ။ ခင်ဗျားတို့လုပ်ငန်းစုနဲ့ ပူးပေါင်းတဲ့ အခွင့်အရေးနဲ့ ကျုပ်လည်း လွှမ်းမိုးမှုတချို့တော့ တဖြည်းဖြည်းရလာမယ်ထင်တာပဲ။"
"ကျုပ် ခင်ဗျားရဲ့ အစွမ်းအစကို ယုံကြည်ပါတယ်။" ရှုယီက ခေါင်းငြှိမ့်သည်၊ "ဒါပေမယ့် ခင်ဗျား ဒီအာဏာရမှာကို စောင့်ဖို့ ကျုပ်မှာ အချိန်မရှိလို့ပါ။ မစ္စတာအန်ကလို, Frestech ကုန်သည်ကြီးများအသင်းက အတော်လေး မြန်မြန် တိုးတက်လာတာကို သိလောက်မှာပါ၊ ဒီတော့ ကျုပ်တို့သာ အခု စတက်တိန်းနယ်မြေက လိုအပ်တဲ့အရာတွေကို မရနိုင်ရင် နောက်၂နှစ်မှာ စတက်တိန်းနယ်မြေက အဲ့အရာတွေကို မလိုအပ်နိုင်တော့ဘူး။"
"မဟုတ်ဘူး!" အန်ကလိုက အသံကျယ်ကျယ်ဖြင့်ဆိုသည်၊ "စတက်တိန်းနယ်မြေမှာ သေချာပေါက် ခင်ဗျားလိုအပ်တဲ့ အရာတွေရှိပါတယ်။ ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီမှာ ရင်းနှီးမြှုပ်နှံလို့ အကျိုးအမြတ် လုံလုံလောက်လောက်ရမယ်လို့ ကျုပ် အာမခံနိုင်ပါတယ်။"
"ကျုပ်ပြောပြီးပြီလေ၊ အရေးကြီးဆုံးအရာက အချိန်ပဲ။" ရှုယီက လုံးဝမလှုပ်ရှားသွားဘဲ မည်သည့်မေးခွန်းကိုမှ ခွင့်မပြုဟန်ဖြင့် ဆိုလာသည်၊ "ဒီ စတက်တိန်းနယ်မြေဆီ ခရီးမှာ ကျုပ်အချိန်တစ်ပတ်လောက် သုံးပြီးနေပြီ။ ကျုပ်ပြန်တဲ့အခါ လိုမယ့်အချိန်ကိုပါ ရေတွက်ကြည့်လိုက်ရင် လတစ်ဝက်လောက်တောင် ကျော်သွားနိုင်တယ်။ ကျုပ်သာ လတစ်ဝက်အတွင်း ယုံကြည်နိုင်မယ့် တစ်ခုခုကိုသာ မတွေ့ရရင် ဒီနေရာကို နောင်တအပြည့်နဲ့ပဲ လက်လျှော့နိုင်ရုံပဲ တတ်နိုင်တယ်။ မစ္စတာအန်ကလို, ကျုပ်မှန်တယ်မထင်ဘူးလား?"
အန်ကလိုက အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရှုယီကို အသံနက်နက်ဖြင့်မေးလိုက်သည်၊ "ဥက္ကဌရှု၊ ဒီဆုံးဖြတ်ချက်ကိုချဖို့ ဘာကိုလိုအပ်လဲ?"
"ကျုပ်က ဒီနေရာမှာ ရင်းနှီးမြှုပ်နှံစေဖို့ စိတ်အေးစေတဲ့ ခေါင်းဆောင်တစ်ယောက်ကို လိုအပ်တာ။" ရှုယီ၏မျက်နှာထားက အင်မတန် လေးနက်လာသည်၊ "ဒါပေမယ့် ရိုးသားရရင် နယ်စားစတက်တိန်းပဲဖြစ်ဖြစ် ခေါင်းဆောင်ဝိန်ပဲဖြစ်ဖြစ် ကျုပ်ကို စိတ်ချစေလောက်တဲ့အထိ အရည်အချင်းမမီဘူး။ ကျုပ်ကို စိတ်ချစေတဲ့ လူတစ်ယောက်ကို ပြောပြပါဆို ခင်ဗျားပဲ ရှိတယ်လို့ထင်တယ်၊ မစ္စတာအန်ကလို."
အန်ကလို၏အသက်ရှူသံက လေးလံလာကာ ရှုယီကို ခေတ္တမျှကြည့်၍ တဖြည်းဖြည်းပြောလေ၏၊ "ဥက္ကဌရှု၊ ခင်ဗျား ဘာကို ပြောချင်တာလဲ?"
ရှုယီက အသာပြုံးကာ၊ "မစ္စတာအန်ကလို, ခင်ဗျားက ကျုပ်ကိုယ်တိုင် ဉာဏ်ကောင်းတယ်လို့ ချီးကျူးခံထားရတာမို့ ကျုပ်ဆိုလိုရင်းကို နားလည်နိုင်မယ်လို့ထင်ပါတယ်။ ဒါ့အပြင် ခင်ဗျားမှာ လုံလောက်တဲ့ သတ္တိနဲ့ အစွမ်းအစတွေလည်း ရှိမယ်လို့ယုံတယ်။ ဒါပေါ့ ခင်ဗျား ဒါကို ခက်ခဲတယ်လို့ ခံစားရရင် အကူညီတချို့ပေးဖို့ကိုတော့ ကျုပ် စိတ်ထဲမထားပါဘူး။"
အန်ကလိုအသက်ရှူသံက ပိုလို့ပင်လေးလံလာရာ ဤအဆောက်အဦလေး၌ပင် ရှင်းရှင်းလင်းလင်းကြားနိုင်၏။
ခဏကြာသည့်နောက် သူက တဖြည်းဖြည်း ခက်ခက်ခဲခဲနှင့် ပြောလာသည်။
"ဥက္ကဌရှု၊ ကျုပ်ကို ဘာအကူအညီမျိုး ပေးနိုင်သလဲကို မေးလို့ရမလား?"
ထိုအမေးကိုကြားသော် ရှုယီ၏ မျက်နှာထက်ရှိ အပြုံးက ချက်ချင်းပဲ များစွာ တောက်ပလာသည်။
ရှုယီမှာ နယ်စားစတက်တိန်းကို မနှုတ်ဆက်ခင် ဖာရာဒေးမြို့၌ နောက်နှစ်ရက်နေခဲ့၏။
မထွက်ခွာခင်တွင် Frestech ကုန်သည်ကြီးများအသင်းက တတ်နိုင်သမျှ မြန်မြန် ထိုမိုင်းတွင်းသုံးတွင်း၌ အလုပ်စမည်ဖြစ်ကြောင်း ကတိပေးကာ နယ်စားစတက်တိန်းကလည်း အချိန်ကျလာပါက ပူးပေါင်းနိုင်ရန် မျှော်လင့်နေ၏။
နယ်စားစတက်တိန်းက သဘာဝကျစွာပင် ကူညီနိုင်သမျှ အားလုံး ကူညီမည်ဖြစ်ရာ စတက်တိန်း နယ်မြေ၌ Frestech ကုန်သည်ကြီးများအသင်းကို မည်သည့်ပြဿနာမှ ကြုံဆုံခွင့်မပြုဟု ကတိပေးခဲ့သည်။
၎င်းတို့မှာ စာချုပ်မှ လက်မှတ်ထိုးကာစဖြစ်လျှင်သော်မှ ရှုယီက ချက်ချင်းပင် ရွှေဒင်္ဂါးငါးသောင်း ပေးခဲ့သောကြောင့် ဖော်ရွေဟန်ရှိနေခြင်းဖြစ်၏။
စတက်တိန်း နယ်မြေထံ၌ နှစ်စဉ်အခွန်မှာ ရွှေဒင်္ဂါးနှစ်သိန်းအောက်သာရှိပြီး ၎င်း၏ (ငွေပမာဏ)အစိတ်ပိုင်းကြီးကြီးကို သူ၏ ဇိမ်ခံနေထိုင်မှုပုံစံအားထိန်းသိမ်းရန် သုံးထားသည်ဖြစ်ရာ သူ့ထံ၌ ထိုမျှ ငွေများများမရှိခဲ့ဖူးချေ။
ယခု ရှုယီက သူ့ထံသို့ ရွှေဒင်္ဂါးငါးသောင်းကို သာမန်ကာလျှံကာလေးပေးလာသည်က Frestech ကုန်သည်ကြီးများအသင်း၏ အင်အားကို မြင်စေလိုက်ရုံသာမက ရှုယီကိုလည်း များစွာပိုမို ဖော်ရွေလာစေသည်။
Frestech ကုန်သည်ကြီးများအသင်းက မိုင်းတွင်းများကို ဖွင့်လှစ်သစ်အချိန်တွင် နောက်ထပ် တစ်သန်းနှင့် သုံးသိန်းကို ပေးမည်အား စဉ်းစားကြည့်ရင်း နယ်စားစတက်တိန်းက မနေနိုင်တော့ဘဲ အဆီများလှုပ်ခါလျက် ရယ်မောနေလေသည်။
ဖာရာဒေးမြို့မှ ထွက်ခွာလာချိန်တွင် အန်ကလိုက သူထွက်လာသည်အား မြင်ခဲ့၏။
သို့သော် ဤတစ်ခေါက် အန်ကလိုက မည်သူကိုမှ မခေါ်လာဘဲ ရှုယီနှင့် အတူထွက်ခွာလာကာ ခေါင်းဆောင်ဝိန်ပေးထားသည့် အစေခံမလေးနှစ်ဦးလည်း မြင်းလှည်းထဲ၌ လိုက်ပါလာသည်။
၎င်းတို့ ထွက်ခွာချိန်၌ ယူသည့်လမ်းကြောင်းမှာ လာစဉ်က တစ်ခုနှင့် အနည်းငယ်ကွဲပြားသည်။
ဖာရာဒေးမြို့မှ မြင်းလှည်းထွက်ခွာသည့်နောက် ၎င်းတို့က အရှေ့ဘက်သို့ လမ်းလွှဲလိုက်သည်။ ၎င်းတို့က အလယ်ခေါင်ရှိ ချောင်ကျသောနေရာကိုရွေးကာ တောအုပ်ထဲ မောင်းဝင်သွား၏။
ရှုယီလည်း မြင်းလှည်းထဲမှ ထွက်ကာ အန်ကလိုကို တစ်စုံတရာပြောပြီးနောက် အုံ့ဆိုင်းနေသော တောအုပ်ထဲသို့ ဦးတည်လိုက်သည်။
မြင်းလှည်းကို မမြင်နိုင်တော့သည့် အချိန်၌ ရှုယီက အော်ခေါ်လိုက်၏၊ "ဟုတ်ပြီ အက်ဂ်နက်စ်, ခင်ဗျား အခုထွက်လာလို့ရပြီ။"
ရယ်သံတိုးဖွဖွနှင့် အက်ဂ်နက်စ်၏ ရင်းနှီးနေသော ပုံရိပ်လေးက သူ့နံဘေး၌ပေါ်လာကာ မထင်မှတ်ထားစွာဖြင့် ရှုယီထံပစ်ဝင်လာသည်။
အက်ဂ်နက်စ်ထံမှ နွေးထွေးမှုနှင့် ရနံ့သင်းသင်းကို ခံစားမိသော် ရှုယီမှာ မအံ့ဩမိဘဲ မနေနိုင်တော့ချေ။
"အက်ဂ်နက်စ်, ဘာလို့လဲ? မင်း အနိုင်ကျင့်ခံခဲ့ရတာလား?" ရှုယီ ထိုသို့မေးချိန်တွင် မျက်လုံးများက အကြင်နာမဲ့သည့် အကြည့်များဖြင့် ပေါ်ထွက်လာသည့် လရိပ်မျိုးနွယ်စု နတ်သူငယ်များထံ ကျရောက်နေသည်။
ထိုနတ်သူငယ်သုံးဦး၏ ခေါင်းဆောင်မှာ ယခင်တစ်ခေါက်က ရှုယီထံမှ စာရခဲ့သူဖြစ်သည်။ ရှုယီ၏ မဖော်ရွေဟန်ကိုမြင်သော် သူက မျက်မှောင်ကုပ်၍ ချက်ချင်းပြော၏၊ "လူသား၊ မင်းက ကျုပ်တို့ကို သံသယဝင်နေတာလား? အရင်တစ်ခေါက်တည်းက ကျုပ်ပြောပြီးသားပဲ၊ အက်ဂ်နက်စ်က အဝေးကလာတဲ့ဧည့်သည်မို့ ကျုပ်တို့က ဘယ်လိုအနိုင်ကျင့်နိုင်မှာလဲ?"
"ဟုတ်ပါတယ်၊ လရိပ်မျိုးနွယ်စုက ကျွန်မအပေါ် အတော်ကောင်းကြတယ်။" အက်ဂ်နက်စ်က ရှုယီကို လွှတ်ပေးကာ သိလိုစွာကြည့်၍ မေးလိုက်သည်။
သူမ အနိုင်ကျင့်ခံထားရအောင် ဘယ်လိုပုံပေါ်နေလို့လဲ?
"ခင်ဗျား အနိုင်ကျင့်မခံရဘဲ ဘာလို့ကျုပ်ကို ရုတ်တရတ်လာဖက်ရတာလဲ?" ရှုယီက မပျော်မရွှင်ဖြင့် ပြော၏၊ "ကျုပ်ကို လန့်သွားစေတာပဲ၊ ခင်ဗျားက လူသားမိန်းကလေးလို ကျုပ်ကိုဖက်ပြီး တစ်ယောက်ယောက်ဆီက အနိုင်ကျင့်ခံထားရသလို ငိုတော့ အဲ့လိုထင်သွားတာ။"
"လူသားမိန်းကလေးတွေက အနိုင်ကျင့်ခံရတဲ့အခါ ဖက်ပြီး ငိုကြတာလား?" အက်ဂ်နက်စ်က ပိုလို့ပင် သိလိုစိတ်များလာရသည်၊ "ဒါပေမယ့် ကျွန်မရှင့်ကိုမြင်တော့ ဖက်ချင်သွားရုံပါပဲ၊ ဘာအဓိပ္ပာယ်မှမရှိပါဘူး။"
"ကျုပ်ကို ဖက်ချင်ရုံပဲ?" ရှုယီက အက်ဂ်နက်စ်ကို မျက်လုံးများဝိုင်း၍ကြည့်ကာ၊ "ဘာလို့ ကျုပ်ကို ရုတ်တရတ်ကြီး ဖက်ချင်ရတာလဲ? ကျုပ်နဲ့ခင်ဗျား ဒီလောက်ကြာကြာ အတူရှိပြီးခဲ့ပေမယ့် အရင်က ဒီလိုဖြစ်တာ မမြင်ဖူးဘူး။"
"ဟုတ်သားပဲ၊ ဒီတစ်ခေါက် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ....." ရှုယီကို စိတ်တိုစေပြီး ရယ်စေချင်သည်မှာ အက်ဂ်နက်စ်က ထိုမေးခွန်းကို အတည်ကြီးစဉ်းစားနေသောကြောင့်ပင်။
သူမ၏ အလေးအနက် တွေးတောနေဟန်ကိုကြည့်ရင်း ရှုယီက ခေါင်းသာ ခါလိုက်နိုင်သည်။ သူက နတ်သူငယ်လေးကိုမေးလိုက်၏၊ "ခင်ဗျားတို့က ကျုပ်နဲ့ထပ်တွေ့ဖို့ လူတွေပို့လိုက်မှတော့ အကြီးအကဲလီဆန်ယာက ကျုပ်နဲ့တွေ့ဖို့ ဆန္ဒရှိတယ်လို့ အဓိပ္ပာယ်ရတယ်မဟုတ်လား?"
နတ်သူငယ်အထီးက ခေါင်းငြှိမ့်၏၊ "ဟုတ်ပါတယ်၊ အကြီးအကဲက ခင်ဗျားကို ကျုပ်တို့မျိုးနွယ်စုထဲ ဧည့်သည်အနေနဲ့ ဖိတ်လိုက်ပါတယ်။ ကျေးဇူးပြုပြီး"
အခြား နတ်သူငယ်အထီးနှင့် အမတို့ကလည်း သူ့ကို သိလိုစွာကြည့်လာရာ ရှုယီက အသာပြုံးလိုက်၏။ သူက တွေးတောနေဆဲ အက်ဂ်နက်စ်ကို ဆွဲခေါ်ကာ နတ်သူငယ်အထီးနောက်လိုက်ရင်း နက်သည်ထက်ပိုနက်သည့်တောအုပ်ထဲ လျှောက်ဝင်သွားတော့သည်။
၎င်းတို့ ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလို့မပြီးခင်မှာပင် အက်ဂ်နက်စ်က ရုတ်တရတ် နိုးကြားသွားကာ ခပ်ကျယ်ကျယ်ပြောလာခဲ့သည်၊ "ဘာကြောင့်ဆိုတာ ကျွန်မသိပြီ! ဥက္ကဌ ကျွန်မ ရှင့်ကို လွမ်းနေခဲ့တာကြောင့် ရုတ်တရတ် ဖက်ချင်သွားတာပဲ!"
ရှုယီနှင့် အခြား နတ်သူငယ်သုံးဦးမှာ အက်ဂ်နက်စ်ကို တအံ့တဩကြည့်လာကြသည်။
ထိုပြဿနာကို ဖြေရှင်းနိုင်သွားသဖြင့် စိတ်သက်သာရာရစွာ သက်ပြီးချပြီး ပြုံးနေသည့် အက်ဂ်နက်စ်ကို မြင်သော် ရှုယီလည်း ကိုယ့်ခေါင်းသာ ကိုယ်ပြန်ရိုက်လိုက်တော့သည်။
ထိုအက်ဂ်နက်စ်မှာ တကယ်ကို သဘာဝ အရူးလေးပင်.....
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၄၇။ လရိပ်မျိုးနွယ်စု၏ ဆုံးဖြတ်ချက်
ဒဏ္ဍာရီများ၌ ပြောထားသလိုပင် နတ်သူငယ်မျိုးနွယ်စု၌ အထီးနှင့် အစ်မ အရေအတွက် အညီအမျှရှိသော်လည်း အရေးပါသည့် နေရာများ၌ ရှိသည်မှာ သာမန်နတ်သူငယ် အမများပင်။
ညတေးသံမျိုးနွယ်စု၏ အကြီးအကဲ အီလူရှာက နတ်သူငယ်အမ ဖြစ်ကာ လရိပ်မျိုးနွယ်စုရှိ အကြီးအကဲသုံးဦးစလုံးကလည်း နတ်သူငယ် အမများဖြစ်ကြသည်။
အရိပ်တေးသံ အကြီးအကဲလီဆန်ယာမှာ အကြီးအကဲသုံးဦးအနက် အကြီးဆုံးဖြစ်ရာ အမြင့်ဆုံး ရာထူးနှင့် အကြီးအကဲဖြစ်သည်။
အကြီးအကဲ အီလူရှာမှ ရှုယီကို ပြောကြားခဲ့ချက်အရ သူမက အသက်လေးရာနီးနီးပင်ရှိနေပြီဖြစ်ရာ အကြီးအကဲ အီလူရှာထက် ဆယ်စုနှစ်များစွာ ပိုကြီးလေသည်။
သို့သော် အသွင်ပြင်အရ သူမမှာ အသက်နှစ်ဆယ်အစောပိုင်းအရွယ်ရှိ လူသားမိန်းကလေးတစ်ဦးနှင့် မခြားပေ။ သူမ အသက်အရွယ်ကလည်း အကြီးအကဲအီလူရှာလောက် နီးနီးသာ ရှိဟန်ပေါ်နေသည်။
အကြီးအကဲအီလူရှာပေးပို့ခဲ့သည့် စာကြောင့် အရိပ်တေးသံအကြီးအကဲလီဆန်ယာမှာ သာမန်နတ်သူငယ်များကဲ့သို့ ရှုယီကို သတိမထားသလို ရန်လည်းမလိုဘဲ သိလိုစိတ်အပြည့်ရှိသည့် မျက်လုံးများဖြင့်သာ ကြည့်လာသည်။
"လူသား၊ ရှင့်ရဲ့ အသွင်ပြင်ကိုသုံးသပ်ကြည့်ရရင်တော့ ဘာထူးခြားချက်မှရှိမနေဘူးပဲ။ ရှင်က လူသား မှော်ပညာရှင်ဆိုပေမယ့်လည်း အဲ့လောက်မသန်မာဘူးလို့ ပြောနိုင်တယ်။ အီလူရှာက ရှင့်အပေါ် ဘာလို့ ဒီလို ကွဲပြားတဲ့အမြင်မျိုးရှိရသလဲကို တကယ်သိချင်မိတယ်။" အရိပ်တေးသံအကြီးအကဲ လီဆန်ယာ၏ ပထမဆုံးစကားလုံးများမှာ သူမစိတ်ထဲရှိ သိလိုစိတ်ကို တိုက်ရိုက်ဖော်ပြနေသည်။
ရှုယီက အပြုံးဖြင့် ဖြေလိုက်လေ၏၊ "အရိပ်တေးသံအကြီးအကဲ၊ အရင်ရက်တွေတုန်းက အက်ဂ်နက်စ်အနေနဲ့ အကြီးအကဲကို ကျုပ်အကြောင်းတွေ ပြောပြပြီးပြီလို့ထင်ပါတယ်။"
"အင်း၊ အက်ဂ်နက်စ်ကြည့်ရတာ ရှင့်ကို အတော်လေး သဘောတွေ့ပုံပဲ။ သူမက ရှင့်ရဲ့ ကောင်းမှုတွေ အားလုံးအကြောင်းပြောထားတယ်၊ သူမအနေနဲ့ ရှင်က နတ်သူငယ်မျိုးနွယ် တစ်ခုလုံးကို ကယ်ထားတယ်လို့တောင် ခံစားရတယ်တဲ့။" အရိပ်တေးသံအကြီးအကဲလီဆန်ယာက ရှုယီကို တစ်ဖန်ကြည့်လာပြီးနောက် ခေါင်းခါလိုက်သည်၊ "ဒါပေမယ့် ကျွန်မကတော့ ဒီဖြစ်နိုင်ချေကို မမြင်ဘူး။"
"အရိပ်တေးသံ အကြီးအကဲ၊ ဒီကိစ္စကို လွယ်လွယ်နဲ့ မမြင်တွေ့နိုင်ပါဘူး။ ဒါပေါ့၊ ဒါက အက်ဂ်နက်စ်ပြောသလောက်တော့ ကြီးကျယ်တယ်လို့ ကျုပ်မခံစားရပါဘူး။ နတ်သူငယ်မျိုးနွယ်စုသာ ရင်းရင်းနှီးနှီးနဲ့ လူသားတွေနဲ့အတူ လိုက်လျောညီထွေမနေရင် နတ်သူငယ်မျိုးနွယ်စုမှာ ဘာအန္တရာယ်မှမရှိလာသလို ဘာမှ ကယ်ဖို့လည်း ရှိမှာမဟုတ်ဘူး။" ရှုယီက ပြောသည်။
"လူသားတွေနဲ့အတူ လိုက်လျောညီထွေနေတာ?" အရိပ်တေးသံအကြီးအကဲလီဆန်ယာ၏ အမူအရာက အနည်းငယ် စိတ်ဓာတ်ကျလာရင်း အတိတ်ကို တွေးတောကြည့်နေသည်၊ "မျိုးနွယ်စု စစ်ပွဲတွေမတိုင်ခင်က လူသားတွေဟာ နတ်သူငယ်တွေနဲ့အတူ တကယ်ကိုပဲ အချိန်ကြာကြာ လိုက်လျောညီထွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် လူသားတွေက သူတို့ကိုယ်ကို သန်မာလာပြီလို့ ခံစားမိတဲ့နောက်မှာ ချက်ချင်းပဲ ဂရုတောင်မစိုက်တော့ဘဲ စစ်ကြေညာလိုက်ကြတယ်။ အဲ့ကတည်းက လူသားတွေနဲ့ နတ်သူငယ်တို့ဟာ လိုက်လျောညီထွေမှုနှင့် နေထိုင်ဖို့ အခွင့်မရှိတော့တာပဲ။"
"ခင်ဗျားက သမိုင်းကြောင်းကို ဂရုစိုက်လွန်းနေပြီ။" ရှုယီမှာ မည်သည့်ယဉ်ကျေးမှုမှ မပါဘဲ ဆိုလိုက်သည်၊ "ကျုပ်တို့ လူသားတွေကလည်း သမိုင်းကြောင်းကို အလေးထားပေမယ့် သမိုင်းကြောင်းက သမိုင်းကြောင်းပဲဆိုတာကို သိကြပါတယ်။ အတိတ်ကအရာတွေက ဖြစ်ပျက်ပြီးသားတွေပဲ။ အခုဆို မျိုးနွယ်စုစစ်ပွဲကြီးဖြစ်တာလည်း နှစ်ထောင်ချီကြာနေပြီဆိုတော့ လူသားတွေနဲ့ နတ်သူငယ်တွေကြားက ရန်ညှိုးလည်း ပျောက်ကွယ်နေပါပြီ။ ညတေးသံမျိုးနွယ်စုရဲ့ နတ်သူငယ်တွေက ကျုပ်တို့ လူသားတွေနဲ့ လိုက်လျောညီထွေမှုရှိရှိ နေနိုင်မှတော့ တခြား နတ်သူငယ်မျိုးနွယ်စုတွေလည်း ထပ်တူလုပ်နိုင်မယ်လို့ ကျုပ်ထင်တယ်။"
"ကျွန်မအနေနဲ့ အီလူရှာရဲ့ သတ္တိကို လေးစားပါတယ်၊ သူမက သူမရဲ့ မျိုးနွယ်စု ကံတရားအတွက် နှလုံးသားကို စေခိုင်းခဲ့တာပဲ။ ဒါပေမယ့်..... ကျွန်မတို့ လရိပ်မျိုးနွယ်စုက ညတေးသံမျိုးနွယ်စုနဲ့ တူညီတဲ့ အန္တရာယ်တွေရင်ဆိုင်နေရတာမဟုတ်တော့ လူသားတွေနဲ့ ယှဉ်တွဲမနေရင်တောင် ရှင်သန်နိုင်နေဆဲပါပဲ။ ဒီတော့ လူသား၊ ရှင်နဲ့ ကျွန်မတွေ့တာက အီလူရှာရဲ့ စာကြောင့်ဆိုပေမယ့် ဒါကို ဆက်လုပ်ဖို့ မလိုတော့ဘူးလို့ ခံစားရတယ်။သွားလိုက်ပါတော့။"
အရိပ်တေးသံအကြီးအကဲလီဆန်ယာ၏ မျက်နှာထက်မှ တည်ငြိမ်ဟန်ကို မြင်သော် ရှုယီလည်း မနေနိုင်ဘဲ စိတ်ထဲ၌ ဆဲရေးလိုက်မိသည်။
ထိုနတ်သူငယ်များမှာ ဂရုမစိုက်ဟန်ရှိသော်လည်း ၎င်းက သူတို့၏ မာနပင်။
နယ်မြေကြီး၏ နတ်သူငယ်များမှာ သေခြင်းရှင်ခြင်း ကိစ္စကို ရင်ဆိုင်နေရသည်က သေချာသော်လည်း သူမအနေနှင့် လုံးဝ အန္တရာယ်မရှိဟု ပြောနေသေးသည်။
ဒါကို နတ်သူငယ်တွေက အရမ်းမာနကြီးတာကြောင့်လို့ပဲ ပြောရမလား သူမအနေနဲ့ ပြဿနာကို လုံးဝသတိမထားမိလို့ပဲလား?
လရိပ်မျိုးနွယ်စု၌ နတ်သူငယ် အယောက်သုံးထောင်ရှိကာ စတက်တိန်း နယ်မြေက လူများနှင့် မည်သို့ ဆက်ဆံသည်အား စဉ်းစားကြည့်ကာ ရှုယီမှာ ၎င်းက အပြီးသတ်ဟု ခံစားမိသွားသည်။
ကုန်ကုန်ပြောရလျှင် ရှုယီက နတ်သူငယ်များစွာကို သိပါ၏။ ၎င်းတို့မှာ မာနကြီးပါလျှင်တောင်၎င်းတို့ သတိပြုမိသည့် အချက်များက တူညီသည့်အားသာချက်ရှိသည်။
အရိပ်တေးသံအကြီးအကဲလီဆန်ယာက လရိပ်မျိုးနွယ်စုမှာ အန္တရာယ်ရှိသည်ဟု မထင်လေရာ သူမ ထိုသို့ ခံစားနေမိခြင်းပဲဖြစ်ရမည်။
ထိုသို့စဉ်းစားရင်း ရှုယီက သူမနှင့် အတူ ဝေ့လည်ကြောင်ပတ်လုပ်မနေသင့်တော့ဟု ခံစားလိုက်ရသည်။ စဉ်းစားကြည့်ပြီးနောက် တိုက်ရိုက်သာ မေးလိုက်၏၊ "အရိပ်တေးသံအကြီးအကဲ ခင်ဗျားတို့ လရိပ်မျိုးနွယ်စုက အန္တရာယ်မရှိဘူးလို့ ခင်ဗျားပြောနေတော့ ကျုပ် တစ်ခုမေးပါရစေ။ အခု လရိပ်မျိုးနွယ်စုမှာ ..... နတ်သူငယ် ဘယ်နှယောက်များရှိနေလဲ?"
အရိပ်တေးသံအကြီးအကဲလီဆန်ယာက အံ့ဩစွာ ပြန်မေးသည်၊ "ဘာအတွက် ဒါကို မေးတာလဲ?"
"ဘာလို့လဲဆိုတော့ လူဦးရေဆိုတာ မျိုးနွယ်စုအောင်မြင်ခြင်းရဲ့ အတိုင်းအတာတစ်ခုမို့ပါ။ မျိုးနွယ်စုတစ်ခုရဲ့ လူဦးရေက ဆက်လက်တိုးပွားနေရင် အဲဒီ့မျိုးနွယ်စုဟာ အောင်မြင်မှု တိုးပွားခြင်းရဲ့ ဖြစ်စဉ်ထဲမှာ ရှိတယ်လို့ ဆိုလိုတယ်။ လူဦးရေကသာ ဆက်လျော့နည်းနေရင်တော့ မျိုးနွယ်စုက အခက်အခဲနဲ့ ရင်ဆိုင်ရပြီပဲ။ အရိပ်တေးသံအကြီးအကဲ လရိပ်မျိုးနွယ်စုရဲ့ လူဦးရေက လွန်ခဲ့တဲ့ ဆယ်နှစ် ဒါမှမဟုတ် အနှစ်တစ်ရာအတွင်းမှာ တိုးလာသလား ကျသွားသလား?"
အရိပ်တေးသံအကြီးအကဲလီဆန်ယာ၏ အမူအရာက အတန်ငယ် ပြောင်းလဲသွားသည်။
လရိပ်မျိုးနွယ်စု၏ အသက်အကြီးဆုံး အကြီးအကဲအနေနှင့် သူမဟာ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း မျိုးနွယ်စုရှိ လူဦးရေက များများစားစား မပြောင်းလဲခဲ့ကြောင်း သေချာပါသည်၊ သို့သော် လွန်ခဲ့သည့် အနှစ်တစ်ရာနှင့် ယှဉ်ရလျှင် လရိပ်မျိုးနွယ်စုမှာ တူညီသည့် လူဦးရေ၏ ၉၀ရာခိုင်နှုန်းပင် မရှိချေ!
လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း လရိပ်မျိုးနွယ်စုမှာ အနည်းဆုံး လူဦးရေ ဆယ်ပုံတစ်ပုံခန့် ဆုံးရှုံးခဲ့သည်။
ထိုလမ်းကြောင်းကို သုံးသပ်လျှင် နှစ်တစ်ထောင်မပြည့်ခင်အတွင်း လရိပ်မျိုးနွယ်စုက နယ်မြေကြီးမှ သဘာဝကျကျပင် ပျောက်ကွယ်သွားတော့မည်သာ။
အရိပ်တေးသံအကြီးအကဲလီဆန်ယာ၏ မျက်နှာထက်ရှိ အမူအရာကိုမြင်သော် ရှုယီမှာ သူ၏ ခန့်မှန်းချက် မမှားကြောင်း နားလည်လိုက်သည်။
တကယ်တမ်းတွင် ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့သာမက မျိုးနွယ်စု စစ်ပွဲကြီးအပြီး၌ နယ်မြေကြီးရှိ နတ်သူငယ်ဦးရေမှာ ဆက်လက်ကျဆင်းနေသည်ဟု ပြောရမည်။
စိုင်စ်နယ်မြေကြီး၌ နတ်သူငယ်များကို အတွေ့ရနည်းခြင်းအကြောင်းရင်းမှာ နတ်သူငယ်များက လူသားများနှင့် ဆက်သွယ်ရန် ဆန္ဒမရှိခြင်းအပြင် ပိုအရေးပါသည်က နတ်သူငယ်များက ပို၍ပင် ရှားပါးလာသောကြောင့်ဖြစ်၏။
ထိုလမ်းကြောင်းအရ နောက်ထပ် နှစ်တစ်ထောင်အတွင်း၌ နတ်သူငယ်များမှာ ကမ္ဘာပေါ်ရှိ တရုတ်နိုင်ငံက ပန်ဒါများကဲ့သို့ ရှားပါးသည့် မျိုးနွယ်ဖြစ်လာပေလိမ့်မည်။
ထိုကြောက်မက်ဖွယ်ဖြစ်ရပ်ကြောင့် အကြီးအကဲအီလူရှာက ရှုယီနှင့် တွေ့ပြီးနောက် လူသားများနှင့် နတ်သူငယ်များယှဉ်တွဲနေထိုင်ခြင်း၏ ဖြစ်နိုင်ချေနောက်ကို စတင်လိုက်ခြင်းဖြစ်သည်။ သူမက နတ်သူငယ်များအား နယ်မြေကြီးထံပြန်လာစေချင်ကာ နေထိုင်မှုပုံစံသစ်နှင့် ဘဝကို ငှားရမ်းပေးလိုခြင်းပင်။
အကြီးအကဲအီလူရှာက ညတေးသံမျိုးနွယ်စု၏ အခက်ခဲကြောင့် ထိုသို့ရဲရင့်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီး လရိပ်မျိုးနွယ်စုကမူ ယခု၌ ထိုအခက်အခဲကို မကြုံရသေးသဖြင့် အရိပ်တေးသံအကြီးအကဲလီဆန်ယာက ထိုအကြံကို တစ်ခါလေးမျှပင် မစဉ်းစားခဲ့ပါချေ။
သို့သော် ရှုယီက ထိုအမေးကို ထုတ်ပြောလာချိန်၌ အရိပ်တေးသံအကြီးအကဲလီဆန်ယာက မဖြစ်မနေ ထိုအချက်ကို ရင်ဆိုင်ရပေမည်။
ထိုအချိန်တွင် သူမက ရုတ်တရတ် အကြီးအကဲအီလူရှာက စာထဲ၌ တစ်စုံတရာကို ဖော်ပြထားခဲ့မှန်း သတိရသွားတော့သည်။
စာထဲတွင် အကြီးအကဲအီလူရှာက ၎င်းတို့ လူသားများနှင့် ပူးပေါင်းမှုစတင်ကတည်းက ညတေးသံမျိုးနွယ်စုမှာ တစ်နှစ်တာလေးအတွင်း အသစ်မွေးဖွားလာသည့် နတ်သူငယ်လေး သုံးဦးရှိခဲ့သည်ဟု ပြောထားသည်။
နတ်သူငယ် တစ်ရာအောက်သာရှိသည့် ညတေးသံမျိုးနွယ်စုအတွက် ၎င်းမှာ စိတ်ကူးပင်မယဉ်နိုင်သည့် မွေးဖွားမှုနှုန်းပင်!
မျိုးနွယ်စု စစ်ပွဲ မတိုင်ခင် နတ်သူငယ်များမှ ၎င်းတို့အထွဋ်အထိပ်၌ ရှိစဉ်ကပင် နတ်သူငယ်မျိုးနွယ်တစ်ခုလုံး၏ မွေးဖွားမှုနှုန်းမှာ တစ်ထောင်၌ တစ်ယောက်ပင် မကျော်ချေ!
နတ်သူငယ်များက လူသားများ၏ ဘဝသက်တမ်းထက် အဆများစွာ ပိုရှည်သည့် အချက်ကို ပေါင်းလိုက်ပါလျှင် ထိုမွေးဖွားမှုနှုန်းက လူသားများ၏ မွေးဖွားမှုနှုန်းနှင့် နီးစပ်သလောက်ရှိသည်!
အကြီးအကဲ အီလူရှာမှာ ထိုပြောင်းလဲမှုအတွက် အကြောင်းအရင်းကို မသေချာသော်လည်း စာထဲ၌ မွေးဖွားမှုနှုန်း ပြောင်းခြင်းဖြစ်စေ မျိုးနွယ်စု၏ မျိုးနွယ်ဝင်များပြောင်းလဲခြင်းဖြစ်စေ အားလုံးက ရှုယီဟုခေါ်သည့် ဤလူသား၏ ပေါ်ထွက်လာမှုပြီးမှ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ညွှန်ပြလာသည်။
သူမအနေနှင့် အကြောင်းရင်းကို မသိသော်လည်း ထိုရှုယီက သော့ချက်ဖြစ်နိုင်သည်။
၎င်းကို စဉ်းစားရင်း နတ်သူငယ်များကို လူသားများကဲ့သို့ မြန်မြန်မွေးထုတ်ခြင်းဖြစ်နိုင်ချေကို စဉ်းစားမိသော် အရိပ်တေးသံအကြီးအကဲလီဆန်ယာက ရှုယီကို ဖော်ရွေစွာကြည့်လာတော့၏။
သုံးရက်ကြာပြီးနောက် ရှုယီ၏အဖွဲ့မှာ ဆမ်မရာမြို့သို့ ပြန်လာသည်။
၎င်းတို့ထွက်ခွာချိန်နှင့်ယှဉ်လျှင် ပြန်လာခဲ့ကြသည်မှာ ရှုယီနှင့် အက်ဂ်နက်စ်တို့အပြင် ရှုယီကို ခေါင်းဆောင်ဝိန်ပေးခဲ့သည့် အစေခံမလေးနှစ်ဦးနှင့် လရိပ်မျိုးနွယ်စုမှ နတ်သူငယ်မလေးသုံးဦးတို့ပါ,ပါလာကြသည်။
ထိုနတ်သူငယ်မလေးသုံးဦးက အရိပ်တေးသံအကြီးအကဲလီဆန်ယာ၏ အမိန့်များကြောင့် လမ်ပူရီတိုင်းပြည်သို့ ရှုယီနှင့် အတူလိုက်လာခဲ့သည်။
အရိပ်တေးသံအကြီးအကဲလီဆန်ယာ ပြောကြားချက်အရ ထိုနတ်သူငယ်မလေးသုံးဦးမှာ ညတေးသံမျိုးနွယ်စုထံပို့ခဲ့သည့် သံတမန်များပင်။
ရှုယီက ၎င်းကိုမဆန့်ကျင်သလို လရိပ်မျိုးနွယ်စုနှင့် ပူးပေါင်းရန် အစည်းဝေးလေးတစ်ခု ကျင်းပပေးဖို့ကိုပင် မမျှော်လင့်ထားချေ။
သူနှင့် ညတေးသံမျိုးနွယ်စုတို့၏ ပူးပေါင်းမှုပုံစံကို အရိပ်တေးသံအကြီးအကဲ နားလည်ရန် ထိုနယ်သူငယ်သုံးဦးနှင့် အတူစေလွှတ်ခဲ့ပြီးမှ သူမ၏ ဆုံးဖြတ်ချက်ကိုချမည်ကလည်း ကောင်းပါ၏။
သို့သော် သူနားမလည်နိုင်သည်မှာ အဘယ့်ကြောင့် အရိပ်တေးသံအကြီးအကဲလီဆန်ယာက နတ်သူငယ်မလေးသုံးဦးကို တစ်ပြိုင်တည်းစေလွှတ်ပြီး အားလုံးက လှပသည့် နတ်သူငယ်မလေးများဖြစ်နေကြောင်းပင်။
ပြောရလျှင် အထူးဆန်းဆုံးမှာ သူမအနေနှင့် ထိုအတွက် အတွေ့အကြုံလုံလောက်သည့် နတ်သူငယ်များကို စေလွှတ်သင့်သော်လည်း အသက်တစ်ရာပင် မပြည့်သေးသည့် နတ်သူငယ်သုံးဦးကို စေလွှတ်ခဲ့သည်။
လူသားများ၏ နှစ်နှင့်တွက်ကြည့်သော် ၎င်းတို့က အသက်နှစ်ဆယ်ပင် မပြည့်သေးဟု ဆိုလိုသည်။
အသက်နှစ်ဆယ်ပင်မပြည့်သေးသည့် မိန်းမငယ်လေးက ဘာကိုနားလည်နိုင်မှာတဲ့လဲ?
ရှုယီက ထိုအတွက် မေးခွန်းများစွာရှိသော်လည်း နံဘေးရှိ အက်ဂ်နက်စ်ကိုကြည့်ကာ ထိုမေးခွန်းများကို ရုတ်သိမ်းလိုက်သည်။
ယခင်က အကြီးအကဲ အီလူရှာမှာ လူသားများ၏အသက်နှင့်ဆိုလျှင် အရွယ်ပင်မရောက်သေးသည့် အက်ဂ်နက်စ်ကို စေလွှတ်ခဲ့သည်။ ယခု အရိပ်တေးသံအကြီးအကဲ ပြုလုပ်လာသည်မှာလည်း ၎င်းအား ရိုးရှင်းစွာ အတုယူခြင်းပင်။
၎င်းက သူ့အတွက် ပြဿနာတော့မဟုတ်ချေ။
ထိုအစား သူနှင့် ညတေးသံမျိုးနွယ်စုအကြားရှိ ပူးပေါင်းမှုက မည်သည်ဖြစ်ကြောင်းကိုသာပြလိုက်ချင်ရုံဖြစ်သည်။ ထိုမိန်းမငယ်လေးများမှာ အရှင်းလင်းဆုံးတင်ပြချက်များကို ပေးလိမ့်မည်ဖြစ်ရာ အရိပ်တေးသံအကြီးအကဲ နားလည်ဖို့ ပိုလွယ်ပေလိမ့်မည်။
နောက်ဆုံးရလာဒ်အတွက် ရှုယီက အင်မတန်ယုံကြည်ချက်ရှိပါ၏။
အထူးသဖြင့် ဆမ်မရာမြို့အပြင်ဘက်ရှိ ဆန်နက်မြေရိုင်းကို ဦးတည်သော လမ်းက ပြီးလုနီးနီးဖြစ်သည်ကို မြင်ချိန်၌ ဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၄၈။ ဗီဗီယန်အတွက် လက်ဆောင်
ဆမ်မရာမြို့နှင့် ဗော်လ်လာမျိုးနွယ်စုကြား အကွာအဝေးမှာ ကီလိုမီတာနှစ်ဆယ် ပတ်လည်ရှိသည်။ လမ်းဖောက်နေချိန်တွင် တချို့အရာများကို ရှောင်ရှားရမည်ဖြစ်သောကြောင့် အကွာအဝေးက သုံးဆယ်ကီလိုမီတာပတ်လည်ဖြစ်သွားသည်။
ထိုလမ်းအတွက် ယခင် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အမြန်နှုန်းမှာ အမြန်ဆုံးတစ်လလောက်နှင့် ပြီးနိုင်သည်။
ဤတစ်ခေါက် ရှုယီ၏ စတက်တိန်းနယ်မြေသို့ ခရီးအတွက် ဆယ်ရက်ကြာခဲ့ပြီး လမ်းကတော့ ပြီးကာနီးဖြစ်နေပြီပင်။
ထိုသည်က ၎င်းတို့ အလုပ်လုပ်နှုန်းမှာ သုံးဆတိုးလာသည်ဟု အဓိပ္ပာယ်ရ၏!
ဘာလို့ ဒီလောက် မြန်ရတာလဲ?
ရှုယီမှာ ဆမ်မရာမြို့၌ ကုန်စည်လှည်းပေါင်း အမြောက်အများနှင့် ဗော်လ်လာမျိုးနွယ်စုထံ ပို့ဆောင်မည်ဟန်ပြင်နေသည့် ဥက္ကဌခရုစ်ကိုကြည့်ရင်း သံသယများနေသည်။
"ဒါက မြန်တာပေါ့။" ဥက္ကဌခရုစ်က ဝင့်ကြွားစွာပြောလာသည် "ဒီတစ်ခေါက် ကျုပ်က ဆောက်လုပ်ရေးအဖွဲ့နှစ်ဖွဲ့ကို ခေါ်လာပြီး ဒီလမ်းကိုပြီးဖို့ နာရီတစ်ပတ်လောက်လုပ်ရတော့ ဒီလောက်မှမမြန်ရင် ထူးဆန်းနေလိမ့်မယ်။"
"အရည်အသွေးပိုင်းကရော ပြဿနာရှိမှာလား?" ရှုယီက မျက်မှောင်ကုပ်သည်။
"မရှိပါဘူး။" ဥက္ကဌခရုစ် က ခေါင်းခါကာ၊ "တကယ်တမ်းဒီလောက်မြန်တဲ့ အရေးကြီးဆုံး အကြောင်းရင်းက အလုပ်သမားအဖွဲ့နှစ်ဖွဲ့ကို ခေါ်လာတာကြောင့်တင်မဟုတ်ဘဲ ကျုပ်တို့လုပ်ငန်းစုက ဆောက်လုပ်ရေးအမြန်နှုန်းကို မြှင့်ဖို့ အသစ်လွင်ဆုံးနည်းပညာကို သုံးထားတာကြောင့် အရည်အသွေးက မကျစေရဘူးလို့ အာမခံတယ်။ ဘယ်လိုလဲ? စွမ်းအားမကြီးဘူးလား?"
ရှုယီက တမုဟုတ်ချင်း သိလိုသွားသည်။ ဘိလပ်မြေ၊ အားဖြည့်ဘိလပ်မြေတို့ ဖြစ်စေ ကွန်ကရစ်လမ်းနည်းပညာဖြစ်စေ အားလုံးက သူကပဲ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ပေးထားခြင်းဖြစ်သည်။ ယခုတွင် သူက နည်းပညာအသစ်တစ်မျိုးကို ထုတ်လာနိုင်ရာ တကယ်ကို အံ့ဩစရာပင်။
"ဘာနည်းလမ်းလဲ? အဲဒါက ဒီလို အေးစက်တဲ့ရာသီဥတုမျိုးမှာ လမ်းတွေဆက်ခင်းဖို့ လုပ်နိုင်တယ်လား? လမ်းတွေမအက်လောက်ဘူးလား?" ရှုယီက မနေနိုင်ဘဲ သိလိုစွာမေးလိုက်သည်။
"သိချင်လား?" ရှုယီ ခေါင်းငြှိမ့်သည်ကိုမြင်သော် ဥက္ကဌခရုစ်က ဂုဏ်ယူစွာရယ်လျက် ရှုယီထံ လက်ကို ဖြန့်လိုက်သည်၊ "ခင်ဗျားသိချင်ရင် အလွယ်လေးပဲ မဟုတ်လား? ဒါကို ဝယ်ဖို့ ငွေထုတ်လိုက်လေ၊ ကျုပ် သေချာပေါက် ပြောပြမှာပါ။"
ရှုယီက သူ့ကိုကြည့်ကာ၊ "ခင်ဗျား မပြောချင်လည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ်ကျုပ်တို့ လုပ်ငန်းစုက လမ်းခင်းနေတာမှမဟုတ်တာ၊ သိရင်လည်း အသုံးမလိုပါဘူး။"
ဥက္ကဌခရုစ်က ရယ်ကာ၊ "ခင်ဗျားတို့ လုပ်ငန်းစုအတွက် အသုံးမလိုတာကို သိတာပေါ့၊ ဒါပေမယ့် ခင်ဗျားက နည်းပညာဝယ်ခိုင်းဖို့ ကျုပ်ကို လက်အမြဲ ဖြန့်ပြနေလို့ အခုတော့ ခင်ဗျားလိုလိုက်လုပ်နိုင်ပြီလေ။ ဟားဟား ဒီခံစားချက်က တကယ်ကို ကောင်းတာပဲ!"
ရှုယီက မနေနိုင်တော့ဘဲ မျက်လုံးများ လှိမ့်လိုက်သည်။
"ကောင်းပြီ၊ ကျုပ် ဟာသလုပ်နေတာရပ်လိုက်တော့မယ်။ မိုင်းတွင်းနားက အလုပ်သမားအဆောင်ကို ဆောက်ပြီးပြီဆိုတော့ ပြဿနာက မိုင်းတွင်းအတွက် အလုပ်သမားတွေပဲ မဟုတ်လား?" ဥက္ကဌခရုစ်က ရယ်မောနေခြင်းကို ရပ်တန့်လျက် ရှုယီကို လေးနက်စွာပြန်မေးသည်၊ "ကျုပ်တို့သာ သားရဲလူမျိုးတွေကို ခန့်လိုက်ရင် ဥက္ကဌရန်နာဆာရဲ့ စိုးရိမ်မှုတွေကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းဖို့ လိုတယ်။"
"ကျုပ် ဘန်တာမြို့ကို ပြန်ရောက်ရင် ကောင့်ထ်စီယန်ကို ရှာပြီး ဘုရင်မဆယ်ဗီနီကို သတင်းပို့လိုက်မယ်။ ကျုပ်ထင်တာတော့ ဘုရင်မလည်း ကျုပ်အကြံတွေကို သဘောတူလောက်မယ်၊ ဒါပေမယ့် ဆုံးဖြတ်ချက်ချဖို့တော့ အချိန်တစ်ခုလောက်ကြာနိုင်တယ်။ ဒီမတိုင်ခင် မိုင်းတွင်းကို ဆက်ပြင်ဆင်နေပြီး ခင်ဗျားတို့နှစ်ယောက် လုပ်ဖို့ လိုတာကိုလုပ်နေလိုက်ပါ။"
"ဒါက လွယ်ပါတယ်။" ဥက္ကဌခရုစ်မှာ ဗော်လ်လာမျိုးနွယ်စု ရှိရာဘက်ကို ကြည့်ရင်း ပြောသည်၊ "ကျုပ် ဒီမှာနေဖို့ကတော့ မဖြစ်နိုင်ဘူး။ ကျုပ်တို့ လုပ်ငန်းစုကို လမ်းတွေခင်းဖို့ တောင်းဆိုလာတဲ့လူတွေ ပိုပိုများလာသလို တခြားမြို့တွေရဲ့ မြို့စားတွေလည်း ဗင်နီလာသစ်ခွဆင်ခြေဖုံးကို မြင်ပြီးတော့ အရမ်းစိတ်တိုင်းကျသွားပြီး သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေတွေမှာပါ တူညီတဲ့ ဆင်ခြေဖုံးကို တည်ဆောက်ဖို့ ပြင်ဆင်နေကြတယ်။ ကျုပ် အခုဆို ဒီအလုပ်နဲ့ အဓိက အလုပ်များနေပြီ။"
ရှုယီက ဥက္ကဌခရုစ်ကို အတန်ငယ် အံ့ဩစွာဖြင့် ကြည့်လိုက်သည်။ လမ်ပူရီတိုင်းပြည်မှာ အိမ်ခြံမြေဈေးကွက်က ပေါက်ဖွားလာပြီလား?
၎င်းကို စဉ်းစားသော် လက်ရှိ လမ်ပူရီတိုင်းပြည်၏ လူဦးရေနှင့် စီးပွားရေးအဆင့်ဖြင့် အိမ်ခြံမြေဈေးကွက်၏ ဝယ်လိုအားကို မဆုံနိုင်ရာ တိုးတက်မှုအတွက် အုတ်မြစ်လုံးဝမရှိခဲ့ပေ။
သူကတော့ ၎င်းကို တကယ်ဂရုမစိုက်ချေ။ ရှုယီလည်း ဥက္ကဌခရုစ်၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်၊ "အခု ကျုပ်လည်း ခင်ဗျားကို လမ်းခင်းပေးဖို့ လိုအပ်နေပြီ။"
ရှုယီက ဆမ်မရာမြို့မှ စတက်တိန်းနယ်မြေသို့ လမ်းတစ်လမ်းဖောက်လုပ်စေလိုကြောင်း ပြောလာသည်တွင် ဥက္ကဌခရုစ်မှာ ထိုမျှ မအံ့ဩသွားခဲ့ချေ။ သူက သက်ပြင်းချကာ ဆိုသည်၊ "ကျုပ်သိပါတယ်၊ ခင်ဗျား စီးပွားရေးလုပ်မယ့် ဘယ်နေရာမှာမဆို လမ်းတွေသေချာပေါက် ခင်းမှာပဲ။"
ရှုယီက အသာပြုံးသည်၊ "ဒါပေါ့။ လမ်းခင်းတာက ချမ်းသာဖို့ဆိုတာ ကျုပ်အရင်ပြောခဲ့တာပဲလေ၊ ဘယ်လိုများ ဒီစကားပုံကို လိုက်မနာဘဲ နေနိုင်မှာလဲ?"
"လမ်းခင်းတာက အဆင်ပြေပါတယ်၊ ဒါပေမယ့် ဥက္ကဌရှု မှော်ကားကတော့..... ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ တတ်နိုင်သမျှ မြန်မြန် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျုပ်လည်း အလုပ်သမား ပမာဏများများကို စ'စုဆောင်းနေပြီမို့ ခင်ဗျားရဲ့ မှော်ကားသာ ဆက်နှောင့်နှေးနေရင် ကျုပ်တို့ လုပ်ငန်းစုက ဆုံးရှုံးမှုကြီးဖြစ်သွားလိမ့်မယ်။"
ရှုယီလည်း ခါးသက်သက်သာ ပြုံးပြလိုက်နိုင်သည်၊ "ကျုပ်လည်း မြန်မြန်မလုပ်ချင်ဘူး ထင်လို့လား? ပြောပါရစေ၊ အရေးကြီးဆုံးအရာကို ထုတ်လုပ်လိုက်တာနဲ့ မှော်ကားတင်မကဘူး ခင်ဗျားစိတ်တောင်မကူးဖူးတဲ့ အရာမျိုးစုံလည်း တစ်ခါတည်း ထွက်လာလိမ့်မယ်။ ဒီအရာတွေက နယ်မြေကြီးပေါ်မှာ ကောင်းကင်ဘုံကို တုန်လှုပ်လောက်အောင် ပြောင်းလဲမှုကြီးတစ်ခု ဖန်တီးပေးနိုင်မယ်လို့ ကျုပ် ပြောနိုင်တယ်။"
ဥက္ကဌခရုစ်က နားကလော်ကာ၊ "ကောင်းပြီလေ၊ ကျုပ် နားတွေလည်း ဒါကိုကြားရလို့ ထုံနေပါပြီ၊ ဒါကို ထုတ်လုပ်ပြီးမှပဲ ပြောပါတော့။"
ဥက္ကဌခရုစ်၏သရော်မှုဖြင့် ကြုံရသောအခါ ရှုယီမှာ ပခုံးသာ တွန့်လိုက်နိုင်သည်။
နယ်မြေကြီးရှိ လူများအား အင်ဂျင်မှလာသည့် ဘဝဆင့်ကဲပြောင်းလဲမှုကို နားလည်စေရန် ၎င်းက တကယ်ကို လက်တွေ့မကျချေ။
သိူ့သော် အင်ဂျင်အား ထုတ်လုပ်လိုက်ပါလျှင် ရှုယီအနေနှင့် ၎င်းမှ ယူဆောင်လာမည့် ပြောင်းလဲမှုများကြောင့် လူတိုင်းကို အံ့ဩစေနိုင်မည်။
ရှုယီထံ၌ ဗော်လ်လာမျိုးနွယ်စုကို တစ်ချက်ကြည့်ရန်နှင့် ခေါင်းဆောင်ဗော်လ်လာနှင့် စကားအနည်းငယ်ပြောဖို့ရန်သာ အချိန်ရှိလိုက်ပြီးနောက် သားရဲလူမျိုး အလုပ်သမားများကို ခန့်အပ်မည့် အစီစဉ်အား အတည်ပြုလိုက်သည်။ ထို့နောက် သူဟာ အက်ဂ်နက်စ်နှင့် လရိပ်မျိုးနွယ်စု နတ်သူငယ်မလေးသုံးဦးကို မိုးသွန်းတောအုပ်သို့ ခေါ်ဆောင်သွား၏။
အကြီးအကဲအီလူရှာနှင့်တွေ့ကာ သူနှင့် အရိပ်တေးသံအကြီးအကဲလီဆန်ယာတို့၏ တွေ့ဆုံခဲ့ပုံကို ရိုးရိုးရှင်းရှင်း ဖော်ပြပြီးနောက် ရှုယီမှာ မိုးသွန်းတောအုပ်မှ ထွက်ခွာသွားတော့သည်။
လရိပ်မျိုးနွယ်စုမှ နတ်သူငယ်မလေးသုံးဦးမှာ အရိပ်တေးသံအကြီးအကဲ လီဆန်ယာ၏ အမိန့်အောက်မှ ညတေးသံမျိုးနွယ်စုကို လာရောက်ကြသည်ဖြစ်ရာ ၎င်းတို့ နတ်သူငယ်အချင်းချင်းဆွေးနွေးရမည့် လျှို့ဝှက်သတင်းများရှိနိုင်သဖြင့် ရှုယီလို လူသားတစ်ဦးအနေနှင့် ထိုနေရာ၌ ရှိရန် မသင့်တော်ချေ။
ပိုအရေးကြီးသည်မှာ သူ ဘန်တာမြို့မှ ထွက်ခွာခဲ့ခြင်းမှာ လတစ်ဝက်လောက်ရှိနေခဲ့ပြီဖြစ်ရာ စတေးလ်ကို လွမ်းနေမိသည်။
"အာ၊ ရှုယီ ရှင်နောက်ဆုံးတော့ ပြန်လာပြီပဲ.....ဝူးး...."
စတေးလ်က ရှုယီကို မြင်ကာ တအံ့တဩခေါ်လိုက်ရုံရှိသေး ရှုယီက သူ၏ နှုတ်ခမ်းများဖြင့် သူမပါးစပ်ကို ဖိပိတ်လာသည်။
ပထမက အံ့ဩမှုကြောင့် သူမအနေနှင့် ဘာလုပ်ရမည်မှန်းမသိသော်လည်း ခဏနေသော် စိတ်အားထက်သန်စွာ တုံ့ပြန်လိုက်သည်။
နှစ်ဦးသား နှစ်သစ်ကူး၌ စေ့စပ်လိုက်ပြီးချိန်တွင် ရှုယီက လဝက်ခန့်ထွက်သွားခဲ့သည်ဖြစ်ရာ စတေးလ်လည်း လွမ်းနေပြီဖြစ်၏။
ယခု ရှုယီက သူမကိုတွေ့ရန် စိတ်အားထက်သန် တက်ကြွနေသည်က သူမအတွက် ရှုယီ၏ ခံစားချက်များကို တမုဟုတ်ချင်း ခံစားမိစေလေရာ စိတ်နှလုံး၌ ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။
နှစ်ဦးသားက မိနစ်ပေါင်းများစွာကြာအောင် နမ်းပြီးမှ ခွဲခွာလိုက်၏။ စတေးလ်၏မျက်နှာက ရှက်သွေးကြွယ်နေပြီး လက်များဖြင့် မျက်လုံးများကို အုပ်ထားသေည်လည်း သူမဟ လက်ချောင်းများကြားမှ ဗီဗီယန်က ၎င်းတို့ကို တိတ်တဆိတ်ကြည့်နေသည်ကို မြင်နိုင်ပေသည်။ သူမလည်း မျက်နှာထက်ရှိ ရှက်သွေးဖြန်းခြင်းအမှုကို ရပ်တန့်၍ ရှုယီကို ထုရိုက်ကာ ပြောလိုက်သည်၊ "ဗီဗီယန်က ဒီမှာရှိတယ်၊ ကလေးတွေကို ဒီလို မဖျက်စီးနဲ့တော့။"
ရှုယီလည်း ရယ်မောကာ၊ "ဗီဗီယန်က ကလေးပဲရှိသေးတာလား? သူမက ဆယ့်ခြောက်နှစ်တောင်ရှိနေပြီမို့ အခု အရွယ်ရောက်နေပါပြီ။"
ဗီဗီယန်က လက်ချကာ ရှက်သွေးဖြန်းလျက် ခေါင်းငြှိမ့်လာသည်၊ "အမ်း ကျွန်မက အရွယ်ရောက်နေပါပြီ။"
စတေးလ်၏မျက်လုံးများက တစ်နေ့ထက်တစ်နေ့ ပိုပိုထွားလာသည့် ဗီဗီယန်၏ ရင်ဘတ်ပေါ် ဖြတ်ပြေးသွားပြီးမှ အမှားလုပ်လိုက်မှန်း သိသွားသည်။
ရှုယီ ဗီဗီယန်ကို ဝယ်စဉ်က သူမဟာ ပိန်ပိန်ပါးပါးကလေးလေးသာ ဖြစ်သော်လည်း တစ်နှစ်ကြာပြီးနောက်၌ လှပသော မိန်းမငယ်လေးဖြစ်လာခဲ့သည်။
"ဗီဗီယန်, မင်းရဲ့ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့အတွက် ငါ လက်ဆောင်တစ်ခု ဝယ်လာတယ်။" ရှုယီက ရုတ်တရတ် အပြုံးနှင့်ပြောလိုက်သည်။
"လက်ဆောင်?" ဗီဗီယန် နှင့် စတေးလ်တို့မှာ လျှောက်ထွက်သွားသည့် ရှုယီကို ရှုပ်ထွေးစွာကြည့်လိုက်၏။ သူက ဗီဗီယန်ထက် အနည်းငယ်ပိုကြီးသော အသားအရေနည်းနည်းမှောင်သော်လည်း သူမထက် ပိုကျန်းမာသည့် မိန်းမလှလေးနှစ်ယောက်ကို ခေါ်လာသည်။
"ဒီနှစ်ယောက်က...." စတေးလ်က ရုတ်တရတ်ပေါ်လာသည့် မိန်းကလေးနှစ်ဦးကို တအံ့တဩကြည့်လိုက်၏။
"အိုး၊ ခဏနေ သူတို့ဘယ်ကလာတယ်ဆိုတာ ကိုယ်ပြောပြမှာပါ။ လဇ်, လင်ဒါ, ဒါက စတေးလ်၊ ကျုပ်ရဲ့ သတို့သမီးလောင်းပါ။"
ရှုယီက စတေးလ်နှင့် မိတ်ဆက်ပေးလာချိန်တွင် မိန်းကလေးနှစ်ဦးမှာ စတေးလ်နှင့် ဗီဗီယန်တို့၏ အံ့ဩနေသော အကြည့်များအောက်၌ ချက်ချင်း ဒူးထောက်ချလိုက်သည်။ ၎င်းတို့၏ ခေါင်းများကို အတော်လေး ငုံ့ထားရင်း ရိုသေစွာပြောလာသည်၊ "သခင်မကို နှုတ်ဆက်ပါတယ်။"
စတေးလ်က အံ့ဩသွားသော်လည်း အနည်းငယ်စဉ်းစားပြီးနောက် တုံ့ပြန်လာသည်။
"ဟေး ရှုယီ ရှင် ခရီးထွက်ပြီးနောက်မှ အစေခံနှစ်ဦး ဝယ်လာတာလား? ပြီးတော့ နှစ်ယောက်စလုံးက မိန်းမလှငယ်ငယ်လေးနှစ်ယောက်လေ? ရှင်.... ရှင်က နှာဘူးလား?"
"ကိုယ်က ဘယ်လိုလုပ် နှာဘူးဖြစ်ရမလဲ?" ရှုယီက သူမကို ဝမ်းနည်းစွာကြည့်လိုက်၏။ ထို့နောက် မိန်းကလေးနှစ်ဦးကို ဆွဲထူကာ လေးနက်ဟန်ဖြင့် ပြောလာသည်၊ "ကျုပ်နေရာမှာ ခေါင်းဆောင်ဝိန်ကို ဆက်ဆံသလို ပြုမူစရာမလိုသလို ဒူးထောက်ဖို့လည်း မလိုဘူး။ ကြည့်ပါဦး၊ သူမကို ဗီဗီယန်လို့ခေါ်တယ်၊ နာမည်အရတော့ သူမက ကျုပ်ရဲ့ အစေခံဆိုပေမယ့် သေချာပေါက် တခြားလူတွေကို လွယ်လွယ်လေး ဦးမညွှတ်ဘူး။ ဟုတ်တယ်မဟုတ်လား ဗီဗီယန်?"
ဗီဗီယန်လည်း မိန်းကလေးနှစ်ဦးကိုကြည့်၍ ရှုယီကို မေးလိုက်သည်၊ "သခင်လေး၊ အစေခံတွေ ထပ်ဝယ်လာတာလား?"
"အမ်း ဘယ်လိုလဲ? မင်းအတွက် ငါအဖော်နှစ်ယောက် တွေ့ခဲ့တာ။ သူတို့အသက်တွေက အတူတူလောက်ဖြစ်ပြီး ရာထူးကလည်းတူတော့ မင်းတို့တွေမှာ စိတ်ဝင်စားစရာ တူညီတာလေးတွေလည်းရှိမှာပေါ့။ ပြီးတော့ နှစ်ယောက်က စတက်တိန်းနယ်မြေက လာတာဖြစ်လို့ မင်း သူတို့နဲ့ စတက်တိန်းနယ်မြေအကြောင်းပြောလို့ရတယ်လေ။ အဲ့နေရာမှာ စိတ်ဝင်စားစရာတွေအတော်များတယ်၊ မင်းသေချာပေါက် စိတ်ဝင်စားမှာပဲ။" ရှုယီက အပြုံးဖြင့် ပြောသည်။
"တကယ်လား? ကောင်းလိုက်တာ!" ဗီဗီယန်က ချက်ချင်း ပြုံးဖြီးသွား၏။ သူမက လဇ်နှင့် လင်ဒါတို့ကို ဆွဲခေါ်သွားကာ မေးခွန်းတွေမေးတော့သည်။
ဗီဗီယန်ကလည်း အစေခံတစ်ဦးဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်၊ ထို့ကြောင့် အစပိုင်း၌ လဇ်နှင့် လင်ဒါတို့မှာ သတိထားသော်လည်း သိပ်မကြာခင်တွင် စိတ်သက်သာသွားပြီး ဗီဗီယန်နှင့် စကားဝိုင်းဖွဲ့နေတော့သည်။
မိန်းမငယ်လေးသုံးဦးက ပျော်ပျော်ရွှင်ရွှင် စကားဝိုင်းဖွဲ့နေကြသည်ကိုမြင်သော် စတေးလ်လည်း ရှုယီကို လှည့်မေးလိုက်၏၊ " ဒီတစ်ခေါက် စတက်တိန်းနယ်မြေက ဘာရခဲ့လဲ? ဒီမိန်းမလှငယ်ငယ်လေးနှစ်ယောက်ကို ပြန်ခေါ်လာတယ်လို့တော့ မပြောနဲ့နော်?"
"ကိုယ် သူတို့ကိုဝယ်လာတာမဟုတ်ဘဲ လူတွေက ပေးလိုက်တာလို့ပြောရင်ရော?" ရှုယီက အပြုံးဖြင့် ဆက်သည်၊ "ကောင်းပြီ သူတို့ကလွဲရင် ဒီတစ်ခေါက် စတက်တိန်း နယ်မြေကနေ ဘာမှသိပ်မရခဲ့ပါဘူး။ ဒါပေမယ့် ကိုယ် လူတစ်ယောက်ကနေတစ်ဆင့် ဒီလူဟာ.... ရှေ့လျှောက် စတက်တိန်းနယ်မြေတစ်ခုလုံးကို ပြောင်းလဲရာမှာ ထိန်းချုပ်ဖို့ ကိုယ့်ကိုကူညီနိုင်မယ်ဆိုတာကို မြင်ခဲ့ရတယ်....."
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၄၉။ ရှုယီ၏ ဆုံးဖြတ်ချက်
ဆောင်းတွင်း၌ အလုပ်လုပ်လိုသူများမှာ စတက်တိန်းနယ်မြေသာမဟုတ်ဘဲ ကောင့်ထ်စီယန်လည်း ပါဝင်၏။
မြစ်စီးဆင်းမှုက ဆောင်းတွင်း၌ ပို၍ အားနည်းသည်ဖြစ်ရာ ၎င်းကို အခွင့်ရေးယူ၍ ဘန်တာမြို့ရှိ ဆန်ဒီမြစ်ကို ပြုပြင်ကာ နုံးများကို စတင်ရှင်းလင်းမည်ဖြစ်သည်။
ထိုရှင်းလင်းမှုအတောအတွင်း Frestech ကုန်သည်ကြီးများအသင်းထုတ် မှော်မြေတူးစက်အကြီးစားမှာ ပထမဆုံးအကြိမ်ပေါ်ထွက်လာလေသည်။
လယ်မြေအသွင်ပြောင်းရန်သုံးသည့် အသေးစားမှော်မြေတူးစက်များနှင့်ယှဉ်လျှင် အသစ်ထုတ်အကြီးစား မှော်မြေတူးစက်များမှာ ကမ္ဘာမြေရှိ တစ်ခုနှင့် မယှဉ်နိုင်ဘဲ မြင်းလှည်းများဖြင့် ဆွဲရသော်လည်း အုတ်မြစ်တူးထားသော လက်တံကိုတော့ အတုယူထားသည်။ နေရာ၌ ရှိနေသရွေ့ ၎င်းက ကမ္ဘာမြေက အသေးစားမြေတူးစက်များကဲ့သို့ အညစ်အကြေးများကို တူးထုတ်နိုင်သည်။
မှော်စက်များ၏အကူအညီဖြင့် မြစ်'နုံးရှင်းလင်းရေးအလုပ်မှာ အင်မတန်ချောမွေ့သွားသည်။ ၎င်းက နှစ်လသာကြာပြီး ဘန်တာမြို့အနီး၌ နှစ်များစွာ တည်ခဲ့သည့် နုံးများက လုံးဝဖယ်ရှားခံလိုက်ရတော့သည်။ မြစ်တစ်ခုလုံးကလည်း ငါးမီတာနီးနီးလောက် ရေကျသွားသည်။
တစ်ချိန်တည်းတွင် ဘန်တာမြို့ မြစ်စုန်ပိုင်းတွင်၏ ဆန်ဒီမြစ်မှ ရမ်မြစ်သို့ ချိတ်ဆက်နေသည့် တူးမြောင်းကို တူးဖော်နေပြီဖြစ်သည်။
ထိုစီမံကိန်း၏ တာဝန်ခံပေါ်တာ ပြောကြားချက်အရ ထိုတူးမြောင်းကို တူးဖော်ရန် တစ်နှစ်မှ တစ်နှစ်ခွဲလောက်ထိ ကြာမည်။
ဆန်ဒီမြစ် ပြုပြင်ပြောင်းလဲရေးနှင့် တူးမြောင်း တူးဖော်ခြင်းတို့၏ အနာဂတ်ကို ချင့်ချိန်ရင်း ကောင့်ထ် စီယန်က မြစ်ဆန်ပိုင်း ဆည်တစ်ခု တည်ဆောက်မည့် ရှုယီ၏ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့သည်။
ရေကြီးမှုများကို ကာကွယ်တားဆီးခြင်းအပြင် ထိုဆည်ထံ၌ ရှုယီမှ ကောင့်ထ်စီယန်ကို မပြောပြရသေးသည့် အခြားလုပ်ဆောင်ချက်ရှိပြီး ၎င်းမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အဖြစ် အသုံးပြုရန်ပင်။
၎င်းတို့သာ ရှုယီ၏ အစီစဉ်နောက်လိုက်ပါလျှင် မြစ်စီးကြောင်းက ထိုမျှ မသန်မာလျှင်တောင် ထိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှာ ဘန်တာမြို့အတွက် စွမ်းအင်ထောက်ပံ့ဖို့ လုံလောက်သည်။
သို့သော် ရှုယီမှာ စက်မှုအင်ဂျင်နီယာသာဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် မရင်းနှီးချေ။ ထို့ကြောင့် သူ့အနေနှင့် မှော်လေအားထုတ်စက်ကို ထုတ်လုပ်နိုင်ပါလျှင်တောင်သက်ဆိုင်ရာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ဖန်တီးရန် ရေအားထုတ်စက်ကိုမူ မထုတ်လုပ်နိုင်ပေ။
ထို့ကြောင့် ဆည်ဆောက်ချိန်တွင် ရှုယီက အမ်ရစ် ကုန်သည်ကြီးများအသင်းအတွက် ရှေ့လျှောက်တွင် ရေအားလျှပ်စစ်ဓာတ်အားပေးရုံတစ်ရုံတည်ဆောက်ဖို့ ဆည်၌ နေရာအလုံအလောက်ချန်ထားရန် သူ၏ အကြံများကိုသာ ဥက္ကဌခရုစ်ကို ပြောပြလိုက်သည်။
ရေအားထုတ်စက်ကို သုတေသနလုပ်နေချိန်တွင် ရှုယီမှာ အရေးကြီးပြဿနာတစ်ခု တွေ့ခဲ့သည်။
သူ့အနေနှင့် မှော်ပညာကို သူ၏ စက်မှုအင်ဂျင်နီယာ သီအိုရီဆိုင်ရာအသိပညာနှင့် ပေါင်းစပ်ကောင်းပေါင်းစပ်နိုင်ကာ ဤလောက၌ မှော်စက်အသစ်မျိုးစုံအောင်လုပ်နိုင်ပါသော်လည်း သူ၏ အစွမ်းအစကလည်း အကန့်အသတ်ရှိသည်သာ။
သူ့ကျွမ်းကျင်မှုထဲက လုံးဝမဟုတ်သည့် ရေအားထုတ်စက်တစ်ခုလိုအရာမျိုးအတွက် ထိုခေါင်းစဉ်၌ သူ့ထံတွင် အသိပညာများများစားစားမရှိပါချေ။
ပုံတူပွားတစ်ခု ဖန်တီးရန် သူ၏ လက်ရှိ အစွမ်းအစနှင့် မဖြစ်နိုင်ခြင်းမဟုတ်သော်လည်း အင်မတန် ခက်ခဲမည်ပင်။
ယခုတွင် သူ၏အချိန်ကို အင်မတန်,တန်ဖိုးရှိသည်ဟု ယူဆ၍ရနေရာ ထိုသို့သော သုတေသနမျိုး၌ ဖြုန်းတီးရန် အချိန်လည်းမရှိချေ။
ထို့ကြောင့် ၎င်းက အင်မတန်ဒွိဟဖြစ်ရသည့် ပြဿနာပင်။
သူ့အနေနှင့် ကမ္ဘာမြေထံမှ စက်မှုစနစ်၏ အရေးကြီးကဏ္ဍများကို အမှန်တကယ် ကူးယူကာ စိုင်စ်နယ်မြေကြီး၌ ဆင်တူစွာ ပြီးပြည့်စုံသည့် စက်မှုစနစ်ကို ဖန်တီးချင်သော်လည်း သူက နတ်ဘုရားတစ်ပါး မဟုတ်လေရာ အရာအားလုံး လုပ်ရန် အတွက်တော့မဖြစ်နိုင်ချေ။
"ရှင် မလုပ်နိုင်တာတွေကိုတော့ မလုပ်ဘဲနဲ့ တခြားလူတွေကိုသာ ပေးလိုက်ပါ။" ရှုယီက သူ၏ ပူပန်မှုများအကြောင်းပြောလာသည်ကို ကြားသော် စတေးလ်က အေးဆေးစွာပြုံး၍ ပြောလေ၏၊ "ရှုယီ ရှင်က လူတစ်ယောက်ပါ၊ နတ်ဘုရားမှမဟုတ်တာ။ ရှင်မလုပ်နိုင်မယ့်အရာတွေတော့ သေချာပေါက် ရှိတာပဲ။ ရှင်သာ ဒါကို စိတ်ပူနေရင် ကိုယ့်ကိုယ်ကို ဒုက္ခပေးနေသလိုပဲလေ။ ပြီးတော့လည်း ဒါတွေအားလုံး အပြီးသတ်ဖို့ကို ဘာလို့ စိတ်မရှည်ဖြစ်နေရတာလဲ?"
ရှုယီက ခေါင်းသာခါလိုက်ပြီး သက်ပြင်းချလေ၏။
သူ့အတွက် စတေးလ်အား သူဟာ ကမ္ဘာမြေမှ ကူးပြောင်းလာသည်ဟု ပြောရန် မဖြစ်နိုင်လေရာ သူ၏ စိုးရိမ်မှုများကို ပြောပြနေသော်လည်း ကိစ္စအချို့ကိုသာ မရေမရာပြောနိုင်သည်။ စတေးလ်အတွက်လည်း အဘယ့်ကြောင့် သူက ထိုမျှ ဒုက္ခဖြစ်နေမှန်းကို နားလည်ရန် မဖြစ်နိုင်ပေ။
"ဟုတ်ပြီလေ၊ ဒါကို တွေးရင်း အချိန်မဖြုန်းနဲ့တော့၊ တခြားအရာတွေလုပ်ဖို့လည်း ရှင့်အချိန်တွေကိုသုံးသင့်တယ်။" ရှုယီ၏ အမူအရာက ပိုမိုကောင်းမလာသည်ကို မြင်သော် စတေးလ်က ခေါင်းစဉ်ပြောင်းလိုက်သည်၊ "မှော်စက်တွေကလွဲရင် ရှင်မလုပ်နိုင်တာတွေအများကြီးရှိတယ်လို့ ပြောခဲ့တယ်လေ၊ ဒီတော့ ရှင်းရှင်းလေးပါ။ ရှင့်အနေနဲ့ မှော်စက်တွေကိုလုပ်တဲ့အခါ အကောင်းဆုံးလုပ်ဖို့ပဲလိုတယ်။ ဥပမာပြောရရင် ရှင့်အနေနဲ့ ဘာရေအားထုတ်စက်ဆိုလားကို မဖန်တီးနိုင်လည်း အဆင်ပြေပါတယ်၊ ရှင် မှော်လေအားထုတ်စက်ကို ထုတ်လုပ်ခဲ့ပြီးသားမဟုတ်လား? အဲ့အရာကိုပဲ အပြီးသတ်ဖို့လိုပြီးတော့ ရှင်ရဲ့ပန်းတိုင်ကို ရောက်နိုင်မယ်လို့ ကျွန်မခံစားရတယ်။"
"ကိုယ်မလုပ်နိုင်တာတွေကို မလုပ်ရဘူး?" ရှုယီက စတေးလ်ကို အံ့ဩစွာကြည့်ရင်း မျက်လုံးများ၌ ဆန္ဒမရှိဟန်ပြလာသည်။
စတေးလ်က သူ့မျက်နှာကို ထိကာ ရိုးသားစွာ ခေါင်းတစ်ငြိမ့်ပြလာသည်။
"အင်း၊ လူတိုင်းမှာ အကန့်အသတ်ရှိကြတာမို့ ရှင်က အရမ်းကြိုးစားပြီး ကျွန်မသိသမျှ လူတိုင်းကို ကျော်လွန်နေရင်တောင် ရှင့်မှာ ရှင့်ရဲ့ အကန့်သတ်ရှိသေးတယ်လေ။ ဒါက အဘိုး အရင်က ကျွန်မကို သတိပေးခဲ့တဲ့အရာပဲ၊ ကျွန်မ မှော်ပညာကို လေ့လာချိန်မှာ ကျွန်မ မတော်တဲ့ မှော်စွမ်းအားတစ်ခု အပေါ်မှာပဲ အချိန်မဖြုန်းဖို့ပေါ့။"
"မှော်လောက,က အကန့်သတ်မဲ့ပြီး မှော်ပညာရှင်တစ်ဦးက သေချာပေါက် အရာအားလုံးကို မရှာဖွေမစူးစမ်းနိုင်ဘူး။ မှော်ပညာရှင်တစ်ယောက်အတွက် အရေးကြီးဆုံးအရာက သူတို့တွေ ထူးချွန်တဲ့မှော်ပညာကို တစိုက်မတ်မတ်လေ့လာဖို့ပဲ။ သူတို့သာ ဒါကိုလုပ်နိုင်ရင် စွမ်းအားကြီးပြီး ထူးချွန်တဲ့ မှော်ပညာရှင်တစ်ဦးဖြစ်လာပြီး မှော်လောကကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲနိုင်တယ်။ ကျွန်မထင်တာတော့ ဒါကရှင့်ကို ဖော်ပြဖို့ အသင့်တော်ဆုံးပဲ။"
စတေး၏ သိမ်မွေ့သောအားပေးသံကိုနားထောင်ရင်း ရှုယီမှာ အတွေးထဲနစ်မျောသွားသည်။
ခဏကြာသည့်နောက် သူ့အကြည့်က တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာ၏။
စတေးလ်က မှန်ပါသည်၊ လူတစ်ဦး၏ စွမ်းအားမှာ အကန့်သတ်ရှိကာ ၎င်းတို့လိုသမျှ အားလုံးကို ရနိုင်ရန် မဖြစ်နိုင်ပေ။
သူ့အနေနှင့် ကမ္ဘာမြေထံမှ စက်မှုစနစ်ကို နယ်မြေကြီးထံသို့ ကူးချလိုက်ချင်သော်လည်း အမှန်မှာ သူမှလွဲ၍ စက်မှုစနစ်နှင့် ပတ်သက်သည့် ဗဟုသုတ ရှိသူ ဟူ၍ မရှိနေခြင်းဖြစ်သည်။
စက်မှုစနစ်မှာ ကြီးမား ရှုပ်ထွေးသည့် စနစ်ဖြစ်ရာ သူဟာ စက်မှုအင်ဂျင်နီယာပိုင်း၌ ထူးချွန်၍ အသိပညာနှင့် နားလည်မှု နက်နက်ရှိုင်းရှိုင်းရှိပါလျှင်တောင် အခြားနေရာများ၌ တူညီသည့် စွမ်းရည်ရှိမည်ဟု မဆိုနိုင်ချေ။
စက်မှုအင်ဂျင်နီယာတစ်ဦးအနေနှင့် သူဟာ မည်သူထက်မဆို "လုပ်ရည်ကိုင်ရည်"ဟူသည့် ဝေါဟာရ၏ အနက်ကို နားလည်သင့်သည်။
သူ မကျွမ်းကျင်ရာတစ်ခုကို လေ့လာရာ၌ သူ၏ လုပ်ကိုင်နိုင်စွမ်းက နိမ့်နေကတည်းက သူ့အနေနှင့် ၎င်းကို လေ့လာရင်းဖြင့် သူ၏ တန်ဖိုးရှိသောအချိန်ကို မဖြုန်းတီးသင့်ဟု အဓိပ္ပာယ်ရပေသည်။
၎င်းနှင့်စာလျှင် သူအားသာရာကို အာရုံကောင်းကောင်းစိုက်၍ ထပ်မံရှာဖွေစူးစမ်းမှုများပြုသင့်၏။
သူ၏ စွမ်းအားရှိသည့်နေရာမှာ မှော်စက်များဖြစ်နေကတည်းက ကမ္ဘာမြေပေါ်ရှိ စက်များအား ကျော်တက်သွားနိုင်ဖို့ပင် အဘယ့်ကြောင့် ၎င်းကိုဆက်လေ့မလာဘဲ အခြားအရာများအပေါ်၌ သူ၏အချိန်ကို ဖြုန်းတီးရမည်နည်း?
သူ့ထံ၌ ရေအားထုတ်စက်များနှင့်ပတ်သက်သည့် ဗဟုသုတမရှိလေရာ သုတေသနအမြန်နှုန်းက နှေးနေသည်။
ထို့ကြောင့် လတ်တလောတော့ ၎င်းကို လေ့လာတော့အည်မဟုတ်။
အီဗီတာ အရင်တစ်ခေါက်က အဆိုပြုခဲ့သည့် မှော်လေအားထုတ်စက်နှင့် မီးအားထုတ်စက်တို့ အလုပ်ဖြစ်နေသရွေ့ ၎င်းတို့နှင့်အတူ သူဆန္ဒရှိရာ အကျိုးသက်ရောက်မှုကို ရရှိနိုင်သလို ၎င်းတို့ပင် ကျော်လွန်သွားနိုင်သည်။
ရေအားထုတ်စက်နှင့်ပင် အာကာလီက ရေအသုံးပြုခြင်းကို အစားထိုးနိုင်မည့် ထိုပြဿနာအား ဖြေရှင်းရန် ရေစွမ်းအင်မှော်အစီအရင်ကို တိုက်ရန် အသုံးပြုဖို့ အဆိုပြုလာခဲ့သည်။
၎င်းကို စဉ်းစားရင်း ရှုယီမှာ ဤလောက၌ ထူးခြားသည့်အကြံဉာဏ်များရှိသည်က သူတစ်ယောက်တည်းသာမဟုတ်ဘဲ အခြားလူများကလည်း သူနှင့်ယှဉ်ပါက လိုအပ်မနေကြောင်း နားလည်လိုက်သည်။
ထိုသည်ကို တွေးပြီးနောက် ရှုယီ စိတ်ထဲရှိ မီးသီးတစ်လုံး လင်းသွားဟန်ဖြင့် သူဟာ အတောမသတ်နိုင်အောင် ရယ်မောလေတော့၏။
"ဟား၊ ဟား.....ဟား ..... စ.....စတေးလ်၊ မင်းပြောတာ မှန်တယ်၊ လုံးဝကိုမှန်တယ်!" ရှုယီမှာ ရယ်မောနေရင်း အသက်ပင် မရှူနိုင်တော့ရာ စတေးလ်လည်း မအံ့ဩဘဲ မနေနိုင်အောင်ဖြစ်သွားရသည်၊ "ကိုယ်မလုပ်နိုင်တဲ့ အရာတွေကို မလုပ်ရဘူး။ အမ်း၊ ဒါတွေအကုန်လုံးကို ကိုယ့်ဘာသာ ဘယ်လို အပြီးသတ်နိုင်ပါ့မလဲ? ကိုယ်မလုပ်နိုင်တဲ့အရာတွေကို ရှေ့လျှောက် နယ်မြေကြီးကလူတွေလုပ်ဖို့ ချန်ထားလိုက်ရုံပါပဲ။ ကိုယ့်အတွက်တော့ ကိုယ်လုပ်နိုင်တာနဲ့ လုပ်သင့်တဲ့အရာတွေကိုပဲ လုပ်ရမယ်။"
စတေးလ်မှာ ရှုယီက ဘယ်အဓိပ္ပာယ်ဖြင့် ပြောနေမှန်းမသိသော်လည်း သူက အင်မတန်ဝမ်းမြောက်နေသည်ကို မြင်လေရာ ၎င်းကို သေချာစဥ်းစားလိုက်ပြီးမှန်း သိလိုက်ရသဖြင့် သူမလည်း ဝမ်းသာသွားသည်။
"ဟုတ်တယ်၊ ရှင့်အနေနဲ့ ရှင်အားသာတဲ့ဘက်မှာပဲ အာရုံစိုက်ထားဖို့ လိုအပ်တယ်။" စတေးလ်က ပြောလေ၏။
"အမ်း" ရှုယီက ခေါင်းငြှိမ့်ပြီး ပြောလာသည်၊ "ဒါပေမယ့် ကိုယ်လည်း တခြားအရာတွေကို လျစ်လျူမရှုနိုင်ရုံပါပဲ။ ကိုယ်မလုပ်နိုင်ပေမယ့်လည်း တခြားလူတွေလုပ်နိုင်မယ်လို့ ယုံတယ်။ ကိုယ့်အနေနဲ့ အကြံပေးဖို့ပဲလိုပြီး တစ်ယောက်ယောက်ကို ကိုယ့်အတွက် ဒီဆန္ဒတွေကို ဖြည့်ခိုင်းလိုက်ရုံပေါ့။ စတေးလ်၊ ကိုယ် ဘာလုပ်သင့်တယ်ဆိုတာ ကိုယ်သိသွားပြီလို့ထင်တယ်!"
စတေးလ်က ရှုယီကို ရှုပ်ထွေးစွာကြည့်လာသည်။
သူက ဘာလုပ်ဖို့ စီစဉ်နေတာလဲ?
သုံးရက်ကြာသည့်နောက် «ဘန်တာတိုင်းမ်စ်»မှာ ရှုယီ၏ ဆောင်းပါးကိုဖြန့်ဝေရန် အရှေ့စာမျက်နှာ၊ ဒုတိယစာမျက်နှာနှင့် တတိယစာမျက်နှာတို့ကို အသုံးပြုခဲ့ရ၏။
ထိုဆောင်းပါး၏ ခေါင်းစဉ်မှာ "ကျွန်တော့် မျက်လုံးများထဲမှ ဤလောက" ဖြစ်သည်။
ထိုခေါင်းစဉ်ကိုမြင်သော် ရှုပ်ထွေးသွားသော်လည်း စူးစမ်းသိရှိလိုကြသည့်လူများစွာရှိကြ၏။
Frestech ကုန်သည်ကြီးများအသင်းမှာ လူများအတွက် ထူးဆန်းသည့် လုပ်ငန်းစုတစ်ခုဖြစ်ရာ လူတိုင်းက ရှုယီကို စိတ်ဝင်စားကြ၏။ "သူ့မျက်လုံးများထဲရှိ လောက"က မည်သို့ဖြစ်လိမ့်မည်နည်း?
ဆောင်းပါးမိတ်ဆက်မှာ ချက်ချင်းပင် ဖတ်သူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။
"ဘာကြောင့် နေက အရှေ့ဘက်ကနေ အမြဲထွက်လာပြီး အနောက်ဘက်မှာ ဝင်ရတာလဲ? ဘာလို့ အလင်းရောင်က မိုးကြိုးနောက် အမြဲလိုက်ရတာလဲ? အဘယ့်ကြောင့် ပန်းသီးတစ်လုံးက သစ်ပင်ကနေ မြေပြင်ကို ကြွေကျရတာလဲ? လူများစွာရဲ့ စိတ်ထဲမှာ ဒါတွေ အားလုံးက သဘာဝလို့ စဉ်းစားကြတဲ့အရာဖြစ်တာကြောင့် ဒီမေးခွန်းသုံးခုဟာ အတော်လေးကို ကြောင်တောင်တောင်နိုင်တယ်လို့ ထင်ကြမှာပဲ၊ ဒီတော့ "ဘာကြောင့်"ဆိုတာတွေ မရှိဘူးပေါ့။ ဒါပေမယ့် ကျွန်တော့်အတွက် ဒီမေးခွန်းတွေအားလုံးမှာ အဖြေတွေရှိပါတယ်....."
နောက်ထပ် စာပိုဒ်အချို့တွင် ရှုယီမှာ လေးလံသည့် ခန္ဓာကိုယ်တို့၏ ရွေ့လျားမှု၊ ကောင်းကင်ယံရှိ တိမ်လွှာတို့နှင့် မြေဆွဲအား အကြောင်းတို့ကို ယေဘုယျ မိတ်ဆက်ပေးထားသည်။
ပြဿနာများစွာကြောင့် ၎င်းကို သူဟာ ခပ်ရေးရေးသာ ဖော်ပြထားသော်လည်း ထိုဆောင်းပါးကို ဖတ်သူများမှာ သူပြောသည်များက အဓိပ္ပာယ်မမဲ့ဘဲ အကျိုးအကြောင်းသင့်သည်ကို မြင်နိုင်ကြသည်။
ထိုသို့ဖြင့် ၎င်းဆောင်းပါးမှာ အလွယ်တကူပင် လူများ၏ သိလိုစိတ်ကို ဆွဲဆောင်လိုက်တော့၏။
မှန်ပါ၏၊ အဘယ့်ကြောင့်များဖြစ်သနည်း?
၎င်းတို့က လူများအနေနှင့် ကျင့်သားရနေသည့် အရာများစွာဖြစ်နေလေရာ အဘယ့်ကြောင့် ဖြစ်လာသည်ကို မမေးခဲ့ကြသော်လည်း ၎င်းတို့သာ သုံးသပ်ကြည့်လိုက်ပါက ၎င်းနောက်၌ အကြောင်းရင်းတချို့ ရှိနေသည်။
စာဖတ်သူတို့၏ သိလိုစိတ်ကို နှိုးဆွပြီးနောက် ရှုယီက ခေါင်းစဉ်ပြောင်းကာ မှော်စက်များ အသုံးပြုပုံ၏ ယေဘုယျဖော်ပြချက်ကိုပေးလာသည်။
မှော်စက်များ၏ အရေးပါမှုနှင့် အဆင်ပြေမှုကို ဖော်ပြပြီးနောက် ရှုယီမှာ ဆောင်းပါး၏ နောက်ဆုံးအပိုင်းအား မှော်စက်များ၏ အနာဂတ်ရှုထောင့်များကို ဖော်ပြရန် အသုံးပြုထားသည်။
သူ၏ဖော်ပြချက်၌ မှော်စက်များသာ ဆက်လက်တိုးတက်နေသရွေ့ ဘန်တာမြို့နှင့် လမ်ပူရီတိုင်းပြည်သာမက တစ်လောကလုံးသည်ပင် လောကကိုတုန်လှုပ်စေနိုင်လောက်သည့် ပြောင်းလဲမှုနှင့် ကြုံရလိမ့်မည်သာ။ လူတိုင်း၏ ဘဝများကလည်း ယခင်ကနှင့် လုံးဝခြားနားလာပေမည်။
ရှုယီမှာ မှော်စက်များရေပန်းစားလာပြီးနောက် ဖြစ်လာမည့် ပုံရိပ်ကို ရေးခြယ်ရန် ကောင်းမွန်စွာ ဂရုတစိုက်ဖော်ပြထားပြီးနောက်တွင် လူများ ဘယ်တော့မှ စိတ်မကူးခဲ့ဖူးသည့် သတင်း နှစ်ခုကို ကြေညာလိုက်သည်။
ပထမတစ်ခုမှ အနာဂတ်တွင် သူဟာ မှော်စက်များအား စိတ်ဝင်စားသည့် လူတိုင်းကို မှော်စက်များအား မည်သို့လုပ်ပြီး လုပ်ဆောင်ချက်များ အဘယ့်ကြောင့်ထိုသို့ရှိနေရသည်ကို သိစေရန် မှော်စက်သီအိုရီကို အခြေခံ၍ စာအုပ်များ စီးရီးအလိုက် ဖြန့်ချိမည်ဖြစ်သည်။
ပထမသတင်းက လူတိုင်းကို အံ့အားသင့်ရန် လုံလောက်ပါက ဒုတိယသတင်းကို မြင်ကြချိန်တွင် ၎င်းတို့မှာ ပိုလို့ပင် အံ့အားသင့်သွားကြ၏။
ဒုတိယ သတင်းမှာ ရှုယီက သူ့အမည်ဖြင့် ကျောင်းတစ်ကျောင်းဖွင့်လှစ်ရန် ပြင်ဆင်ထားခြင်းပင်။
ပို၍ မူမမှန်သည်မှာ ထိုကျောင်းက ကျွမ်းကျင်ရာများကို သင်ပေးမည့် မှော်ကျောင်းတစ်ကျောင်းမဟုတ်သလို စီးပွားရေးကျောင်းလည်းမဟုတ်ဘဲ အခြေခံဗဟုသုတသင်ကျောင်းတစ်ကျောင်းပင်။ ၎င်းက ရှုယီတွက်တထားသည့် အခြေခံဗဟုသုတများကို ကျောင်းသားများအား သင်စေကာ လောကအပေါ်နားလည်မှုကို နက်နဲစေရန်ဖြစ်၏။
ထိုအသိပညာ၌ ဆောင်းပါးထဲတွင် ထည့်သွင်းထားသည့် မေးခွန်းများလည်း ပါဝင်သည်။
«ဘန်တာတိုင်းမ်စ်»ရှိ ဆောင်းပါးကို မြင်တွေ့ကြပြီးနောက်တွင် အခြားလူများတင်မက ရှုယီနံဘေးရှိလူများသည်ပင် ရှုယီလုပ်နေသည့်အရာကို နားမလည်ကြချေ။
ဆောင်းပါးကို မြင်ပြီးသည့်နောက် စတေးလ်က ရှုယီကို ချက်ချင်းကြည့်လာသည်။
"ရှင်က မှော်စက်မှုနယ်ပယ်ရဲ့ တိုးတက်မှုကို မြှင့်တင်ဖို့ စိုင်စ်နယ်မြေကြီးကလူတွေကို မှော်စက်တွေပြုလုပ်ရမှာ ပါဝင်စေချင်နေကတည်းက ရှင့်ရဲ့ ပထမ ဆုံးဖြတ်ချက်ကို ကျွန်မနားလည်ပါတယ်။ ဒါက Frestech ကုန်သည်ကြီးများအသင်းအတွက် ပြိုင်ဘက်တွေ ဖန်တီးလာနိုင်ပေမယ့်လည်း ရှင်မှ တကယ် ဂရုမစိုက်တာပဲလေ။"
စတေးလ်က မျက်မှောင်ကုပ်လျက် လက်ထဲရှိ «ဘန်တာတိုင်းမ်စ်»ကို ပြန်ကြည့်ရင်း မျက်လုံးထဲ၌ ရှုပ်ထွေးမှုများပြည့်နှက်သွားသည်။
"ဒါပေမယ့် ဒုတိယဆုံးဖြတ်ချက်က..... အတော်လေးထူးဆန်းနေတယ်။ ရှင်က ဘာလို့ ဒီလိုကျောင်းမျိုးကို ဖွင့်မှာလဲ? ရှင့်အတွက် ငွေက ပြဿနာမဟုတ်ပေမယ့် အချိန်က ပြဿနာလေ? ရှင့်မှာ ကလေးတွေကိုသင်ဖို့ အချိန်များများစားစားရှိလို့လား?"
ရှုယီက ပြုံးလိုက်ပြီး စတေးလ်၏ မေးခွန်းကိုပြန်မဖြေချေ။ ထို့နောက် ယမန်နေ့ညက ပြုလုပ်ခဲ့သည့် Frestech မူလတန်းကြိုကျောင်း၏ အခြေခံအစီစဉ်ကို စတေးလ်ထံလွှဲပေးလိုက်သည်။
"တစ်ချက်ကြည့်လိုက်။ မင်း ဒါကို ဖတ်ပြီးရင် နားလည်လောက်မယ်။"
စတေးလ်က ၎င်းကို သံသယအပြည့်ဖြင့်ကြည့်ရင်း မျက်နှာထက်ရှိ ရှုပ်ထွေးဟန်က တဖြည်းဖြည်းပျောက်ကွယ်လာသည်။
ရှုယီမှ ကျောင်းအတွက် စီစဉ်ထားသည့် စာတမ်းကိုကြည့်ပြီးနောက်တွင် စတေးလ်မှာ ရှုယီ၏အတွေးများကို ယေဘုယျအားဖြင့် နားလည်သွားသည်။
သို့သော် အနည်းငယ်စဉ်းစားကြည့်ပြီးနောက်၌ မနေနိုင်တော့ဘဲ မေးလေ၏၊ "ရှင်လုပ်နေတာတွေကို နားလည်ပေမယ့် နားမလည်တာက ဘာကြောင့် လုပ်တာလဲဆိုတာပဲ။ ဒါက ရှင့်ကို မှော်စက်တွေ တိုးတက်စေရာမှာ အကူအညီပေးမှာမို့လား?"
ရှုယီလည်း အသာပြုံးကာ၊ "ဒါက မှော်စက်တွေကို တိုးတက်အောင်လုပ်ရာမှာ ကူညီမယ်လို့မထင်ရသလို ဘာမှမဆိုင်ဘူးလို့လည်း ထင်ရပေမယ့် စက်မှုစနစ်ဆိုတာက မှော်စက်မှုနယ်ပယ်လေးပဲ မဟုတ်ဘူး။ ကိုယ်က ဒီကျောင်းကို စိုင်စ်နယ်မြေမှာ မျိုးစေ့ချဖို့ ဖန်တီးချင်တာ။ ဒီအစေ့တွေ ဘယ်အချိန်ကြီးထွားလာပြီး ဘယ်လိုအသီးတွေ ထုတ်ပေးမယ်ဆိုတာကတော့ ကိုယ်အခု စဉ်းစားရမယ့် အရာမဟုတ်သေးဘူး။"
စတေးလ်က ရှုယီက ခဏကြာ ငေးကြည့်နေပြီးမှ ခေါင်းခါကာ သက်ပြင်းချ၍ ပြောလေသည်၊ "ရှင်တကယ်ပဲ ဘာတွေစဉ်းစားနေတယ်ဆိုတာကို ကျွန်မ နားမလည်တဲ့အချိန်တွေရှိတယ်၊ ဒါပေမယ့် ထားလိုက်ပါ။ ရှင်က ဒါကို လုပ်မှတော့ ကျွန်မလည်း ထောက်ပံ့ရမှာပေါ့။ ရှင့်ရဲ့ သတို့သမီးလောင်းဖြစ်ဖို့ ဘယ်သူများ ပြောခဲ့လို့လဲ?"
ထိုသို့ပြောပြီးနောက် စတေးလ်က ဆန်းကြယ်စွာပြုံးလိုက်သည်။
ရှုယီလည်း မပြုံးဘဲ မနေနိုင်တော့ဘဲ လက်ကိုဆန့်တန်းလျက် သူမကို ဖက် နမ်းလိုက်တော့သည်။ သူမမျက်နှာထက်ရှိ ဝမ်းသာပြုံးကိုမြင်သော် သူ၏ နှလုံးသားထဲ၌လည်း ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွား၏။
စတေးလ်သာ ထိုကိစ္စများကို တွေးတောဖို့ မကူညီခဲ့လျှင် သူလည်း ရှုပ်ထွေးနေဆဲဖြစ်ပြီး ဘယ်လမ်းကြောင်းကို လျှောက်ရမည်ကိုတောင် သိလိမ့်မည်မဟုတ်ချေ။
သူ၏ဆုံးဖြတ်ချက်နှစ်ခုကို လူများက နားလည်ကြလိမ့်မည်မဟုတ်သော်လည်း ၎င်းတို့နားလည်ဖို့လည်း ရှုယီအတွက် မလိုအပ်ချေ။
သူဟာ ထိုဆုံးဖြတ်ချက်နှစ်ခုချပြီးနောက် ပိုပြီး စိတ်သက်သာကာ အနာဂတ်အတွက် သူ့စိတ်ထဲရှိ အစီစဉ်ကလည်း ပိုမိုရှင်းလင်းလာသည်ကိုသာ သိသည်။
စတေးလ်သည်ပင် အဘယ့်ကြောင့် သူက ထိုကျောင်းကိုဖွင့်လှစ်လိုမှန်း နားမလည်သော်လည်း ရှုယီမှာ အနာဂတ်စိုင်စ်နယ်မြေကြီးတွင် ထိုကျောင်းက နေရာတိုင်းပျံ့နှံ့လျက် အရေအတွက်ကလည်း မှော်ကျောင်းတော်များထက် အဆများစွာ များလာမည်ကို သေချာနေပေသည်။
မှန်ပါ၏ လက်ရှိတွင် ထိုသည်က ရှုယီ စဉ်းစားရမည့် အရာမဟုတ်ချေ။
အဆုံး၌ ထိုကျောင်းမှာ ထိုဆုံးဖြတ်ချက်ချပြီးနောက် သူ့အတွက် နှစ်သိမ့်ရာလေးသာဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၅၀။ မှော် အမြောက်
လူတိုင်းက ရှုယီ၏စာအုပ်များနှင့် ကျောင်းအသစ်ကို စောင့်မျှော်နေကြစဉ်တွင် ရှုယီက အန်ဗီမာမြို့တော်သို့ တစ်ကိုယ်တည်း တိတ်တဆိတ်သွားခဲ့၏။
ဤတစ်ခေါက်တွင် သူဟာ မည်သူနှင့်မှမတွေ့ဘဲ စစ်ဌာနချုပ်၏ ထောက်ပံ့ပို့ဆောင်ရေးဌာနရှိရာသို့ တိုက်ရိုက်သွား၍ မေဂျာမက်ခ်ကွန်လီကို သွားတွေ့သည်။
"ဟေး ဥက္ကဌရှု ခင်ဗျား စတက်တိန်းနယ်မြေကိုသွားခဲ့တယ်လို့ ကျုပ်ကြားတယ်။" မေဂျာ မက်ခ်ကွန်လီက ရှုယီကို မြင်သည်တွင် ချက်ချင်း အပြုံးဖြင့် ထိုသို့ မေးလာခဲ့၏၊ "စတက်တိန်းနယ်မြေကို ဘယ်လိုထင်လဲ? လုံးဝ ကုသဖို့ မမှီတော့ဘူးလို့ ခံစားခဲ့ရသေးလား?"
ထို အမေးကိုကြားသော် ရှုယီက ချက်ချင်းနားလည်သွား၏။ စတက်တိန်းနယ်မြေရှိ လူများ၏ပျင်းရိမှုနှင့် အထက်တန်းလွှာတို့၏လောဘကိုသိသည်မှာ သူတင်မကဘဲ လူအများအကြားရှိ ယေဘုယျအသိပင်။
"သူတို့ကို ကယ်တင်ဖို့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့်....." ရှုယီက ပခုံးတွန့်ကာ ခါးသက်သက်ပြုံး၍ ပြောလေသည်၊ "အဲ့ဒီဘက်မှာ ကိစ္စတွေလုပ်ဆောင်ဖို့က တကယ်ကို ခက်ခဲတယ်။"
မေဂျာမက်ခ်ကွန်လီက ရယ်မောလျက် ရှုယီ၏ပခုံးကိုပုတ်လိုက်သည်၊ "ခင်ဗျားသာ ကိစ္စတွေကို ဂရုစိုက်ချင်ရင် လမ်ပူရီတိုင်းပြည်မှာပဲနေသင့်တယ်။ အထူးသဖြင့် ခင်ဗျားလို အရည်အချင်းတွေနဲ့ လူတစ်ယောက်အတွက် စတက်တိန်းနယ်မြေလိုနေရာမှာ အချိန်ဖြုန်းနေဖို့ မလိုပါဘူး။"
ရှုယီက သူ့ကိုကြည့်လိုက်၏။ လမ်ပူရီတိုင်းပြည်၏ မြေများသာ မားလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာတို့ကဲ့သို့ ကျယ်ဝန်းပြီး ရင်းမြစ်များလည်း ၎င်းတို့နှယ် ကြွယ်ဝပါလျှင် သူလည်း လမ်ပူရီတိုင်းပြည်၌သာ နေဖို့ဆန္ဒရှိလိမ့်မည်။"
သို့သော် လမ်ပူရီတိုင်းပြည်မှာ စိုင်စ်နယ်မြေ၌ နိုင်ငံငယ်လေးတစ်ခုမျှသာဖြစ်ပြီး ရင်းမြစ်များကလည်း ထိုမျှ မကြွယ်ဝချေ။ ရင်းမြစ်အများစုကိုလည်း မျိုးရိုးမြင့်များကြား ခွဲဝေထားပြီးဖြစ်ရာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ လုပ်ငန်းစုငယ် အသစ်လေးတစ်ခု ကိုင်တွယ်နိုင်သည့်အရာမရှိပေ။
Frestech ကုန်သည်ကြီးများအသင်း၏ ဂျိုဝဲလ်မိသားစုနှင့် ပူးပေါင်းခြင်းကဲ့သို့ပင်။ ရှုယီ၏ဆန္ဒအမှန်များအရ သူဟာ လမ်ပူရီတိုင်းပြည်ရှိ သတ္တုပျော့ မိုင်းတွင်းများအားလုံးကို Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထိန်းချုပ်လိုသည်။ သို့သော်လည်း ဂျိုဝဲလ်မိသားစုက ထိုမျှ သဘောထားမကြီးကြောင်းသိလေရာ ဂျိုဝဲလ်မိသားစုထံမှ အထူးဆက်ဆံရေးကို ရရန် ထိုပူးပေါင်းရေးနည်းလမ်းကိုသာ သုံးနိုင်သည်။
ကမ္ဘာမြေမှ ကူးပြောင်းလာသည့် လူတစ်ဦးအနေနှင့် ရှုယီမှာ ရင်းမြစ်များ ထိန်းချုပ်ခြင်း၏ အရေးပါမှုကို သေချာနားလည်၏။
ယခု လမ်ပူရီတိုင်းပြည်တွင် မည်သည့်အခွင့်အရေးမှမရှိလေရာ ရှုယီအနေနှင့် အခြားနေရာများ၌သာ မျက်လုံးကိုပို့ထားရသည်။
ဆန်နက်မြေရိုင်း၌ သားရဲလူမျိုးများ၏ အကြည့်အောက်၌ သတ္တုပျော့များကို တူးဖော်ရန်နှင့် နယ်စားစတက်တိန်းက ယုံချင်စရာမကောင်းကြောင်းသိပြီးနောက်၌ပင် မိုင်းတွင်းသုံးတွင်းဝယ်ရန် စတက်တိန်းနယ်မြေသို့ အပြေးသွားရခြင်းတို့၏ အကြောင်းရင်းမှာ ထိုနှစ်နေရာရှိ ရင်းမြစ်များကို ထိန်းချုပ်ထားနိုင်သရွေ့ ၎င်းတို့ကိုပါ လုံးဝ ထိန်းချုပ်လာနိုင်လိမ့်မည်ဖြစ်သောကြောင့်ပင်။
သူ့လက်ထဲရှိ အဖိုးတန်ဆုံးသော စွမ်းအင်ရင်းမြစ်များကို ထိန်းချုပ်ရန် ဈေးနှုန်းတစ်ခု ပေးရလျှင်တောင် အဆင်ပြေပါသည်။
မှန်ပေသည်၊ ထိုသို့လုပ်ဆောင်ရန် ဦးစွာ အင်မတန် အရေးကြီးသည့်ပြဿနာတစ်ရပ်ကို ဂရုထားရဦးမည်။
ရှုယီက မျက်လုံးများဖြင့် မေဂျာမက်ခ်ကွန်လီကို အချက်ပြလိုက်ရာ မေဂျာမက်ခ်ကွန်လီလည်း ဘေးဘီကြည့်၍ ရှုယီကို လျှို့ဝှက်ခန်းတစ်ခုဆီ ခေါ်လာ၏။
"ခင်ဗျား အဲဒီကို ဒီလောက်မြန်မြန် ထုတ်လုပ်ပြီးသွားတယ်လား?" တံခါးပိတ်သွားသည်နှင့် မေဂျာမက်ခ်ကွန်လီလည်း ရှုယီကို မျှော်လင့်ဟန် စိတ်လှုပ်ရှားဟန်တို့ဖြင့် ကြည့်လာသည်။
ရှုယီလည်း အသာပြုံး၍ မေဂျာမက်ခ်ကွန်လီအတွက် မူကြမ်းတစ်စုံ ထုတ်ပေးလိုက်သည်။
မေဂျာမက်ခ်ကွန်လီက ၎င်းကို အလျင်ယူလိုက်ပြီး ရှုယီအကြောင်း ဂရုမစိုက်ဘဲ ၎င်းတို့ထံလျှောက်သွားသည်။
အကြိမ်ရေအနည်းငယ် ကြည့်ရှုပြီးနောက်တွင် မေဂျာမက်ခ်ကွန်လီ၏ မျက်လုံးများ တောက်ပလာတော့သည်။ အဆုံးသို့ရောက်ချိန်တွင် သူဟာ ပျော်ရွှင် စိတ်လှုပ်ရှားစွာ ပြုံးနေလေ၏။
နောက်ဆုံးစာမျက်နှာကို ဖတ်ရှုပြီးသည့်နောက် မေဂျာမက်ခ်ကွန်လီမှာ သူ၏ ပေါင်ကိုရိုက်၍ ထရယ်လေသည်။
"ကောင်းတယ်! ကောင်းတယ်! ကျုပ်တို့သာ မှော်အမြောက်ကိုသုံးနိုင်မယ်ဆိုရင် စစ်တပ်ရဲ့ တိုက်ပွဲအင်အားက အတော်လေး တိုးတက်လာမှာပဲ!"
ရှုယီက အပြုံးဖြင့် ဆိုလေသည်၊ "ဒါပေါ့။ ကျုပ်တို့တွေ ဘာစစ်ဆေးမှုမှတော့ မလုပ်ရသေးပေမယ့်လည်း ဒီမှော်အမြောက်ကို လုံးဝ သံမဏိနဲ့လုပ်ထားပြီး အားကောင်းတဲ့ အဟုန်ရှိတာကြောင့် သီအိုရီအရ အကြီးဆုံး ပစ်နိုင်တဲ့ အလေးချိန်က တစ်တန်ပဲ! ပြီးတော့လည်း ရိုးရာအမြောက်တွေလို အချိန်အကြာကြီး ချိန်ညှိနေဖို့လည်း မလိုဘူး။ ကျုပ်တို့ရဲ့ လက်ရှိ ခန့်မှန်းချေအရ တစ်ချက်ပစ်ပြီးတိုင်း ပြန်ဖြည့်ပြီး ချိန်ဖို့က မိနစ်ဝက်ထက် ပိုကြာမှာမဟုတ်ဘူး။"
"ဒီတော့ ကျောက်တုံးတွေကို မြန်မြန် တင်နိုင်သရွေ့ တစ်မိနစ်အတွင်းမှာ နှစ်တုံးစာတောင် ပစ်နိုင်တယ်လို့ ဆိုလိုတာပေါ့?" မေဂျာ မက်ခ်ကွန်လီက မျက်လုံးဝိုင်းစက်ကာ မေးလေသည်။
"အမှန်ပဲ။" ရှုယီက အသာခေါင်းငြှိမ့်ကာ၊ "ပြီးတော့ ဒါက ပထမမျိုးဆက် မှော်အမြောက်ပဲရှိသေးတယ်။ ခင်ဗျားသာ ဒီလောက်အလျင်မလိုနေရင် နောက်ထပ် ဆက်တိုက်ပစ်မှော်အမြောက် မျိုးဆက်တစ်ခုကိုပါ ထုတ်လုပ်ပြီး ယူလာချင်တာ။"
"ဆက်တိုက်ပစ် မှော်အမြောက်?" မေဂျာမက်ခ်ကွန်လီ၏ တောက်ပနေသောမျက်လုံးများက ပိုလို့ပင်လင်းလက်လာကာ၊ "အဆက်မပြတ်ပစ်နိုင်တာကို ပြောတာလား?"
"အဲ့လိုပေါ့။ အတိအကျပြောရရင် မှော်အမြောက်ကို ကျောက်တုံးတွေနဲ့ ဖြည့်ပြီးလို့ ချိန်ပြီးတဲ့နောက်ကျရင် ဖြည့်ထားတဲ့ ကျောက်တုံးတွေအားလုံးကို ပစ်နိုင်တယ်။ မှော်အမြောက်ကို တာဝန်ယူထားတဲ့ စစ်သားတွေအနေနဲ့ အမြှောက်စာ သေတ္တာထဲမှာ ကျောက်တုံးတွေ အလုံအလောက်ပြင်ထားဖို့ပဲ လိုတယ်။"
"အမြှောက်စာ သေတ္တာ?" မေဂျာ မက်ခ်ကွန်လီက မျက်မှောင်ကုပ်ရင်း စဉ်းစားပြီးမှ တုံ့ပြန်လာလေသည်၊ "အဲဒါက ကျောက်တုံးတွေထည့်တဲ့ အထူးသေတ္တာလား?"
"အန်း၊ ဒါကို အမြှောက်စာလို့ နာမည်ပေးရတာကတော့ ကျုပ်အတွက် အမြောက်တစ်လုံးရဲ့ ကျောက်တုံးတွေက အမြှောက်စာမို့ပဲ။" ထိုသို့ပြောပြီးနောက် ရှုယီက ခေတ္တမျှရပ်တန့်ကာ အဓိပ္ပာယ်ပါသည့် အပြုံးက မျက်နှာထက် ပေါ်လွင်လာသည်၊ "တကယ်တော့ ကျုပ်ပြောရရင် ကျောက်တုံးတွေကို တကယ်ပဲ အမြှောက်စာလို့ သတ်မှတ်လို့မရပါဘူး....."
မေဂျာ မက်ခ်ကွန်လီက ရှုယီကို ကြည့်ရင်း စိတ်ထဲ၌ မေးခွန်းများပေါ်လာသည်။ သို့သော် ရှုယီက ထိုအကြောင်း ပြောဖို့ဆန္ဒမရှိလေရာ သေချာစဉ်းစားပြီးမှ မှော်အမြောက်များနှင့် ဆက်စပ်နေသော မေးခွန်းများကို မေးလာသည်။
အခြေခံဗဟုသုတကို နားလည်ပြီးနောက် မေဂျာ မက်ခ်ကွန်လီက ခေါင်းတစ်ချက်ငြှိမ့်ကာ၊ "ဟုတ်ပါပြီ၊ ဒီမှော်အမြောက်က အတော်လေးအဆင်ပြေတယ်။ ဒါကို အရင်ဆုံး စစ်ဌာနချုပ်က ဗိုလ်ချုပ်ကြီးတွေနဲ့ ဆွေးနွေးဖို့လိုသေးပေမယ့်လည်း အောင်မြင်လောက်မယ်လို့ထင်တယ်။ ဥက္ကဌရှု၊ ခင်ဗျားတို့လုပ်ငန်းစုအနေနဲ့ မှော်အမြောက်တွေကို ထုတ်လုပ်ဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မေးလို့ရမလား?"
"လတ်တလောမှာ ထုတ်လုပ်မနေတော့ ကျုပ်လည်း အချိန်အတိအကျ ပြောလို့မရဘူး။ ဒါပေမယ့် သုတေသနဌာနရဲ့ ခန့်မှန်းချက်တွေအရ ဒါကို ထုတ်လုပ်မယ်ဆိုရင် တစ်ခုလုပ်ဖို့ အနည်းဆုံးတစ်ပါတ်တော့ကြာမယ်။"
"တကယ်ကြီး တစ်ပတ်ပဲလား? ဒီလောက်မြန်တယ်ပေါ့!" မေဂျာမက်ခ်ကွန်လီက အံ့အားသင့်ဟန်ရှိနေကာ၊ "ဒီအရာက အတော်လေးရှုပ်ထွေးလွန်းတော့ အနည်းဆုံး တစ်ခု လုပ်ဖို့ လပေါင်းများစွာကြာလောက်မယ် ထင်နေခဲ့တာ။"
ရှုယီက အသာပြုံးရင်း စက်မှုနယ်ပယ်၏ ဆန်းကြယ်ဖြစ်ရပ်အပေါ် သူ၏ ခန့်မှန်းချေက များလွန်းသည်ဟု တွေးလိုက်သည်။
၎င်းမှာ စိုင်စ်နယ်မြေကြီး၏ စက်မှုစနစ်က အင်မတန် အားနည်းခြင်းကြောင့်ပင်။ Frestech ကုန်သည်ကြီးများအသင်းသည်ပင် ကမ္ဘာမြေရှိ စက်ရုံကြီးများနှင့် မယှဉ်နိုင်သဖြင့် မှော်အမြောက်တစ်လုံးပြီးဖို့ရာ တစ်ပတ်လောက် အချိန်ယူရမည်။
ထိုမှော်အမြောက်က မေဂျာမက်ခ်ကွန်လီအတွက် အင်မတန် ရှုပ်ထွေးဟန်ပေါ်လေရာ သူ့အား အံ့ဩစေနိုင်သော်လည်း ရှုယီကဲ့သို့ စက်မှုအင်ဂျင်နီယာတစ်ဦးအတွက်မူ ၎င်းက အင်မတန် ရိုးရှင်းလှပြီး ထုတ်ပြောဖို့ရန်ပင် မထိုက်တန်နေချေ။
၎င်းကိုသာ ကမ္ဘာမြေရှိ ဖွံ့ဖြိုးပြီးစက်မှုစနစ်၌ ထား၍ လေးလံသည့်စက်ကြီးများ ပြုလုပ်သည့် စက်ရုံတစ်ရုံထံပေးလိုက်ပါလျှင် ၎င်းကို ပြုလုပ်ရန် ရက်အနည်းငယ်မျှသာ ကြာလေမည်။
ထုတ်လုပ်ရေးတပ်ဆင်လိုင်းရှိသည့် စက်ရုံတစ်ရုံသို့ ပေးလိုက်ပါလျှင် တစ်လုံးကို တည်ဆောက်ရန် တစ်ရက်ပင်ကြာမည်မဟုတ်ချေ။
မေဂျာ မက်ခ်ကွန်လီမှာ ရှုယီကို တုံ့ဆိုင်းစွာကြည့်၍ မေးလေ၏၊ "ဒါက..... ဥက္ကဌရှု၊ ဒီမှော်အမြောက်ကို၊ ကျုပ်တို့ စစ်ဌာနချုပ် ကိုယ်တိုင် ထုတ်လုပ်နိုင်မယ်လို့ ခင်ဗျားထင်လား?"
ရှုယီက ချက်ချင်းပင် ပြုံးလေ၏။
မျှော်လင့်ထားသလိုပင် မူကြမ်းအား ထုတ်ပေးလိုက်သရွေ့ စစ်ဌာနချုပ်မှာ ၎င်းတို့လက်ထဲ၌ မှော်အမြောက်များကို ဆုပ်ကိုင်ထားဖို့ မျှော်လင့်နေမည်သာ။
သို့သော် ဤတစ်ခေါက်၌ မတူညီစွာဖြင့် ရှုယီမှာ စဉ်းပင်မစဉ်းစားဘဲ ခေါင်းခါလိုက်သည်။
"ကျုပ်ကြောက်တာ မဟုတ်ပါဘူး။" ရှုယီက အလေးအနက်ဟန်ဖြင့်၊ "မေဂျာ မက်ခ်ကွန်လီ ခင်ဗျားအနေနဲ့ မှော်အမြောက်က အတော်ရှုပ်ထွေးတာကို နားလည်မယ်လို့ထင်ပါတယ်။ ဒါကို လုပ်ဖို့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အတော်လေးတောင် အားစိုက်ခဲ့ရတယ်။ ခင်ဗျားတို့ စစ်ဌာနချုပ်မှာ ဒီလို စွမ်းဆောင်ရည်ရှိမယ်လို့ ကျုပ်မထင်ဘူး။"
"ဒါကို ကျုပ်တို့ကို မူကြမ်းနဲ့ နည်းပညာ ပေးရုံနဲ့ မလုံလောက်လို့လား?" မေဂျာ မက်ခ်ကွန်လီက ဆက်မေးနေပြီး အလျှော့ပေးရန် ဆန္ဒမရှိချေ။
ရှုယီက ခိုင်မာစွာ ခေါင်းခါ၏။
"မဟုတ်ပါဘူး မေဂျာ၊ ဒါက လက်နက်တွေ ချပ်ဝတ်တွေ ထုတ်လုပ်တာနဲ့ မတူလို့ပါ။ လက်နက်နဲ့ ချပ်ဝတ်တွေကို ထုတ်လုပ်ခြင်းရဲ့ အဓိကအပိုင်းက ကျုပ်တို့လုပ်ငန်းစုက မှော်ထုတ်လုပ်ရေးစက်တွေပါ။ အလုပ်သမားတွေအနေနဲ့ ဒါတွေရဲ့ အသုံးပြုပုံကို နားလည်ဖို့ပဲလိုတော့ လုပ်ရတာက အဲ့လောက် မခက်ပါဘူး။ ဒါပေမယ့် မှော်အမြောက်တွေလို ရှုပ်ထွေးတဲ့အရာကို ထုတ်လုပ်ဖို့က ကျုပ်အနေနဲ့ ခင်ဗျားတို့ကို သက်ဆိုင်ရာနည်းပညာပေးလိုက်မယ်ဆိုရင်တောင် စစ်ဌာနချုပ်အနေနဲ့ နားလည်နိုင်မှာ မဟုတ်ဘူး။" ထိုသို့ပြောပြီးနောက်၌ ရှုယီက ခြိမ်းခြောက်ဟန် ပြုံးရင်း ပြောသည်၊ "ပြီးတော့လည်း ကျုပ်တို့အတွက် သက်ဆိုင်ရာနည်းပညာကို ထုတ်ပေးဖို့ မဖြစ်နိုင်တာ မဟုတ်ပေမယ့်လည်း စစ်ဌာနချုပ်အနေနဲ့က ကျုပ်တို့အတွက် အခကြေးငွေအဖြစ် တစ်ခုခုကို သုံးဖို့ စီစဉ်သင့်တယ်။"
မေဂျာ မက်ခ်ကွန်လီက တစ်ဖန်တိတ်ဆိတ်သွားပြန်၏။
သူ့အနေနှင့် စစ်ဌာနချုပ်က Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီထံမှ ထိုအရာများကို တောင်းဆိုရန် နိုင်ငံအစိုးရအပေါ်၌ အားထားနိုင်ပြီး ၎င်းကို Frestech ကုန်သည်ကြီးများအသင်းကို တွန်းအားပင်ပေးကာ လွှဲပေးခိုင်းနိုင်မှန်းကို သိလေ၏။
သို့သော် အခမဲ့ရယူရန်ကတော့ သေချာပေါက် မဖြစ်နိုင်သည့်အရာပင်။
သူဟာ ထိုမူကြမ်းကိုကြည့်လိုက်ရုံနှင့် ၎င်းမှော်အမြောက်ကမည်မျှ အားကောင်းသည်ကို ပြောနိုင်ရာ လမ်ပူရီတိုင်းပြည်၏ စစ်တပ်ထံ၌သာ ထိုအရာပါက ၎င်းတို့၏ တိုက်ပွဲစွမ်းအားကို သေချာပေါက် တိုးမြှင့်နိုင်မည်ဖြစ်လေရာ စစ်ဌာနချုပ်က ၎င်းကို လိုအပ်မည်မှာ သေချာသည်။
သို့သော် စစ်ဌာနချုပ်က တွန်းအားပေးလွန်သွားလျှင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့အနေနှင့် ၎င်းတို့ကို ထောက်ခံသူများ၏ မကျေနပ်မှုကို လျစ်လျူရှု၍ မကျေမနပ် ပြန်တိုက်ခိုက်လာစေနိုင်ရာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးရုံဖြင့် ဆုံးရှုံးမှုက ကြီးမားမည်ဖြစ်၏။
ရှင်းရှင်းပြောရလျှင် လက်ရှိ Frestech ကုန်သည်ကြီးများအသင်းမှာ ထင်ရှားလေသည်။ ၎င်းတို့မှလွဲလျှင် စစ်ဌာနချုပ် လိုအပ်နေသည့် စစ်တပ်သုံးမှော်စက်များကို သုတေသနလုပ်နိုင်သည့် အခြားလုပ်ငန်းစု ဟူ၍ မရှိချေ။
"စစ်တပ်သုံးမှော်စက်"ဟူသည့် အသိသညာကပင် ရှုယီ အဆိုပြုခဲ့သည့် အရာဖြစ်သည်။
ထို့ကြောင့် မေဂျာ မက်ခ်ကွန်လီမှာ စစ်ဌာနချုပ်ထောက်ပံ့ပို့ဆောင်ရေးဌာန၏ မန်နေဂျာဖြစ်ပါလျှင်တောင် ရှုယီထံ အင်မတန် ယဉ်ကျေးနေခြင်းပင်။
၎င်းက ဘုရင်မ ဆယ်ဗီနီနှင့် ဘုရင်ကြီးတို့၏ ရှုယီအပေါ် အရေးထားမှုကြောင့်တင်မဟုတ်ဘဲ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့အား အလောတလျင်လိုအပ်သည်များကို ပေးစွမ်းခြင်းကြောင့်ပင်။
အချက်အလက်အားလုံးကို အလျင်အမြန် တွက်ချက်ပြီးနောက်၌ မေဂျာ မက်ခ်ကွန်လီက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား စစ်ဌာနချုပ်ထံ နည်းပညာကိုပေးခိုင်းမည့် အတွေးကို လက်လျှော့လိုက်တော့သည်။ ၎င်းကို စဉ်းစားပြီးနောက်၌ သူက ခေါင်းငြိမ့်ကာ ပြောလေ၏၊ "ကောင်းပြီ ဒီတော့ ဥက္ကဌရှု၊ ကျုပ်မေးလို့ရမလား..... ခင်ဗျားတို့ လုပ်ငန်းစုအနေနဲ့ မှော်အမြောက်တစ်လုံးအတွက် ကျုပ်တို့ကို ဘယ်လောက်ပေးသွင်းခိုင်းဖို့ စီစဉ်ထားလဲ?"
ရှုယီက အပြုံးဖြင့် လက်တစ်ချောင်းထောင်ပြကာ၊ "တစ်လုံးကို တစ်ထောင်"
မေဂျာမက်ခ်ကွန်လီ၏မျက်နှာမှာ တမုဟုတ်ချင်းဖျော့တော့သွားလေသည်။
***