အခန်း (၁၅၁-၁၆၀)
Vol. 2 Ch. 151-160
Vol 2, အခန်း ၁၅၁။ ချို့တဲ့လှသော စစ်ဌာနချုပ်
"ဒါက....." မေဂျာ မက်ခ်ကွန်လီ၏ ပါးစပ်က ပွင့်ဟသွားကာ သက်ပြင်းရှည်ကြီးချလာလေသည်။ သူက ခါးသက်စွာ ပြုံး၍ပြောလေ၏၊ "ဥက္ကဌရှု၊ ဒီဈေးနှုန်းက..... အတော်ဈေးများလွန်းနေတယ်....."
"ဈေးများတယ်?" ရှုယီ ခေါင်းခါကာ၊ "မေဂျာ၊ ခင်ဗျား မူကြမ်းကိုမြင်ပြီးနောက်မှာ မှော်အမြောက်က ဘယ်လောက်အင်အားကြီးမှန်းသိမယ်လို့ ကျုပ်ထင်တယ်။ ဒီလိုစွမ်းအားမျိုးနဲ့ မှော်အမြောက်က ဈေးပေါမယ် ထင်လို့လား?"
"ကျုပ်သိပါတယ်၊ ဒါပေမယ့်....." မေဂျာ မက်ခ်ကွန်လီထံ၌ ကူရာမဲ့အပြုံးရှိနေကာ၊ "ဒီဈေးနှုန်းက အတော်မြင့်နေသေးတယ်။ ကျွန်တော်ခင်ဗျားကို ဖုံးမထားပါဘူး၊ ကျုပ်တို့ ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ နှစ်စဉ်ရငွေက ရွှေဒင်္ဂါးသုံးသိန်းထက် မပိုတော့ လက်နက်ကိရိယာတွေအပေါ်မှာ တစ်သိန်းအောက် သုံးရတယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ လက်နက်စက်ရုံတစ်ခု တည်ထောင်ခဲ့ပြီး ကုန်ကျစရိတ် အဆများစွာ လျှော့ချခဲ့တာကြောင့်သာ မဟုတ်ရင် ကြေးတစ်ပြားတောင် ကျုပ် ထုတ်ပေးနိုင်မှာမဟုတ်လောက်ဘူး။"
ရှုယီက မနေနိုင်ဘဲ ခေါင်းခါသည်။ လမ်ပူရီတိုင်းပြည်တကယ်ကို ချို့တဲ့လှရာ ၎င်းတို့၏ နှစ်စဉ်ဝင်ငွေက ရွှေဒင်္ဂါးနှစ်သန်းအောက်သာရှိပြီး စစ်တပ်အသုံးစရိတ်ကာ ရွှေဒင်္ဂါးသုံးသိန်းသာ ရှိလေသဖြင့် အင်မတန် သနားဖွယ်ရာပင်။
ထိုမျှ ငွေလောက်လေးနှင့် စစ်တပ်ကို ထိန်းသိမ်းရန် ဆွဲဆန့်ထားသည်ဖြစ်ရာ သူ့ကိုမြင်ချိန်၌ မေဂျာ မက်ခ်ကွန်လီအနေနှင့် စောဒကတက်လာသည်မှာ အံ့ဩစရာမဟုတ်ချေ။
သို့သော် သနားစိတ်မှာ သနားစိတ်သာဖြစ်ပြီး ထိုဈေးနှုန်းမှာ ရှုယီမှ တစ်ပြားပင်အလျော့ပေးရန်ဆန္ဒမရှိသည့် အရာပင်။
"မေဂျာ၊ ကျုပ်လည်း ခင်ဗျားကို ကူညီချင်ပေမယ့် မှော်အမြောက်ရဲ့ ကုန်ကျစရိတ်က အတော်လေး မြင့်နေလို့ပါ။ ဘာမှမပြောနဲ့ဦး၊ မှော်အမြောက်တစ်ခုလောက်လေး လုပ်ဖို့နဲ့ သံမဏိသုံးတန်ကျော်ကုန်တယ်။
ဒီ သံမဏိအမျိုးအစားအသစ်အတွက် ကျုပ်တို့လုပ်ငန်းစုက တစ်တန်ကို ရွှေဒင်္ဂါးတစ်ရာနဲ့ ရောင်းတာလေ။ သတ္တုတွေအပြင်ကို အလုပ်သမားကုန်ကျစရိတ်ကလည်း အတော်လေးမြင့်ပြီး အရေးကြီးဆုံးအပိုင်းက သုတေသန ကုန်ကျစရိတ်ပဲ။ ဒီမှော်အမြောက်ကို ထုတ်လုပ်ဖို့အတွက်နဲ့ မဟာမှော်ပညာရှင်ကမ်မီလာ အပါအဝင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်ပညာရှင်တွေက နှစ်လလုံးလုံး အလုပ်လုပ်ခဲ့ပြီး စားဖို့မေ့တယ်၊ အိပ်ချိန်လည်းလျော့ပြီး အချိန်ပိုတောင် လုပ်ရသေးတယ်။ ဒီ တစ်လုံးကို ရွှေဒင်္ဂါးတစ်ထောင်က အတော်လေးမြင့်တယ်လို့......ခင်ဗျားထင်တယ်ပေါ့?"
"တကယ်တော့ ဒါက မများပါဘူး။" မေဂျာ မက်ခ်ကွန်လီက ခေါင်းငြှိမ့်ကာ သက်ပြင်းချသည်၊ "ဒါပေမယ့် ဥက္ကရှု၊ ပြဿနာက ကျုပ်တို့စစ်ဌာနချုပ်အနေနဲ့ ဒီလောက် ငွေပမာဏကြီးကို မထုတ်နိုင်တာပဲ။ ဒီနှစ် စရိတ်ကလည်း သိပ်မကျန်တော့ သုံးလုံးလောက် ဝယ်နိုင်တာကတင် အတော်လေး အဆင်ပြေနေပါပြီ။"
"ခင်ဗျားသာ ဝယ်ချင်ရင် ရွှေဒင်္ဂါးတွေပဲသုံးရမယ်လို့ မဆိုလိုဘူးလေ....." ရှုယီက အသာပြောသည်။
မေဂျာ မက်ခ်ကွန်လီက ရှုယီကို ရှုပ်ထွေးစွာကြည့်လာ၏။
အနည်းငယ်စဉ်းစားကြည့်ပြီးနောက်၌ သူကလက်ဝေ့ယမ်းကာ၊ "ဒါကို အခု မပြောသေးဘူး။ ကျုပ်အနေနဲ့ ဒါကို ဝယ်ချင်ရင်တောင် ခင်ဗျားတို့လုပ်ငန်းစုက ပစ္စည်းတွေလုပ်ပြီး ကျုပ်အထက်ကလူတွေရဲ့ စိတ်ကိုလှုပ်ရှားအောင် ကြည့်ခိုင်းတဲ့အချိန်ထိ စောင့်ရဦးမှာ။ အခု တခြားအရာတွေကို ဆွေးနွေးဖို့က စောလွန်းနေသေးတယ်။"
မေဂျာ မက်ခ်ကွန်လီမှာ ၎င်းကို ဆွေးနွေးရန် မစီစဉ်ထားခဲ့လေရာ ရှုယီလည်း ထိုနေရာ၌သာ ရပ်လိုက်ရ၏။
မှန်ပါ၏၊ ထိုခေါင်းစဉ်မှလွဲ ရှုယီမှာ သူ၏ အခြားအရေးကြီးရည်ရွယ်ချက်ကို မပြောခဲ့ချေ။ မေဂျာ မက်ခ်ကွန်လီက မူကြမ်းကို ဂရုတစိုက်ချထားလိုက်သည်ကို မြင်သော် ရှုယီက တိုက်ရိုက်ပင် လက်ဖြန့်လာသည်။
"မေဂျာ၊ ကျုပ် ကတိပေးထားတာကိုတော့ ကျုပ်လုပ်ပေးပြီးပြီ၊ ခင်ဗျားတို့ ကတိပေးထားတဲ့ လူတွေကရော?"
"ကျုပ်နဲ့ လိုက်ခဲ့ပါ။"
မေဂျာ မက်ခ်ကွန်လီက ရှုယီထံ လက်ဝေ့ယမ်းပြပြီး ရုံးခန်းမှထွက်ကာ အပြင်ဘက် လေ့ကျင့်ကွင်းထံသို့ ခေါ်သွားသည်။ သူက ထိုနေရာ၌ တစ်ချိန်လုံးရပ်နေခဲ့သည့် လူတစ်ဦးထံကိုလည်း လက်ပြလိုက်သည်။
ထိုလူကြီးက လှမ်းလာကာ မေဂျာ မက်ခ်ကွန်လီထံ စစ်တပ်ပုံစံ အလေးပြုလာ၏။ သူက မေဂျာ မက်ခ်ကွန်လီကိုပဲ ဆက်တိုက်ကြည့်နေပြီး ရှုယီထံ အကြည့်လေးတစ်ချက်ပင် လွင့်မလာချေ။
သူ၏ သန်မာသည့်ကိုယ်ဟန်၊ ဖြောင့်တန်းသည့် ကျောပြင်နှင့် တည်ကြည်သည့်အမူအရာတို့နှင့် သူထံရှိ အမာရွတ်တို့ကိုကြည့်ရသော် ၎င်းက အတွေ့အကြုံများစွာရှိသော စစ်သည်တော်တစ်ဦးဖြစ်နိုင်သည်။
"လာပါ ဥက္ကဌရှု၊ မိတ်ဆက်ပေးပါရစေ။ သူက ဟာ့ထ်ပါ၊ ဒီနှစ် အငြိမ်းစားယူထားတဲ့ စစ်သည်ပဲ။ စစ်တပ်ထဲကို ဟာ့ထ် ဝင်လာကတည်းက သူက အမြဲတမ်း မြောက်ပိုင်းမှာ စခ်တိုင်းပြည်က ကောင်တွေနဲ့ တိုက်ခိုက်ခဲ့ရတော့ တိုက်ပွဲအတွေ့အကြုံများတယ်။ အရေးကြီးဆုံးကတော့ မြောက်ဘက်စစ်တပ်မှာ နည်းပြဖြစ်ခဲ့ဖူးပြီးတော့ လက်အောက်မှာလည်း အဖွဲ့တစ်ဖွဲ့ရှိခဲ့တဲ့။ သူက သေချာပေါက် ခင်ဗျားတို့လုပ်ငန်းစုအတွက် ခင်ဗျားရှာနေခဲ့တဲ့ အစောင့်ခေါင်းဆောင်အဖြစ် အသင့်တော်ဆုံးလူပဲ။" မေဂျာ မက်ခ်ကွန်လီက ထိုလူထံညွှန်ပြလျက် မိတ်ဆက်ပေးလာသည်။
မေဂျာ မက်ခ်ကွန်လီက ထိုသို့ပြောလာသည်ကိုကြားသော် ဟာ့ထ်က ရှုယီကို လှည့်ကြည့်လေ၏။
ကျောက်ချထားသည့် အကြည့်နှစ်ခုနှင့် ရှုယီမှာ ခေါင်းယားလာသည်ကိုပင် ခံစားလိုက်ရသည်။ သူ့ထံသို့ လူသတ်ငွေ့တစ်ခုလည်း ပျံ့လွင့်လာကာ တစ်ကိုယ်လုံးကို ကြက်သီးများဖုံးလွှမ်းသွားစေတော့၏။
ရှုယီလည်း မျက်လုံးများမှေးစင်းလျက် အသက်ပြင်းပြင်း တစ်ချက်ရှူရင်း မိမိကိုယ်ကိုယ် တည်ငြိမ်စေပြီး ဟာ့ထ်ကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
ဟာ့ထ်၏မျက်လုံးများက တောက်ပနေပြီး ရှုယီက သူ့အကြည့်ကို မရှောင်ဖယ်သည်အားမြင်သော် အတန်ငယ် အံ့ဩသွားဟန်ရှိ၏။ သူ၏မျက်နှာထက်၌ ချီးကျူးပြုံးတစ်ခုပင် ဖြတ်ပြေးသွားလေသည်။
"ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုလား?" ဟာ့ထ်က အစပြုကာ လက်ကမ်းပေးလာသည်၊ "ခင်ဗျားက ကျုပ်စိတ်ကူးထားတာထက် အတော်လေးပိုကောင်းနေတာပဲ။"
ရှုယီလည်း သူ့လက်ကို ပြန်ဆွဲ၍ နှုတ်ဆက်ကာ အပြုံးဖြင့် မေးလိုက်သည်၊ "ကျုပ်က ခင်ဗျားရဲ့စိတ်ကူးထဲမှာ ဘယ်လိုလူမျိုးဖြစ်နေခဲ့တာများလဲ?"
"ကျုပ်စိတ်ကူးထဲမှာ ကုန်သည်တွေအားလုံးက မျက်လုံးထဲ ငွေပဲရှိတဲ့ အမှိုက်တွေချည်းပဲ!" ဟာ့ထ်က ယဉ်ကျေးမှုမပြဘဲ ပြောလာသည်၊ "ကျုပ်ကို လာရှာတာ မေဂျာ မဟုတ်ဘဲ ဥက္ကဌရှုက တခြားကုန်သည်တွေနဲ့ မတူဘူးလို့သာ ကတိပေးမထားခဲ့ရင် ခင်ဗျားကို ကျုပ် လာတွေ့လောက်မိမှာမဟုတ်ဘူး။"
မေဂျာ မက်ခ်ကွန်လီက နေရခက်စွာပြုံး၍ ပြောသည်၊ "ဥက္ကဌရှု၊ ဟာ့ထ်မှာ ဒီလိုစရိုက်မျိုးရှိပေမယ့် သူ့ကို စိတ်မရှိပါနဲ့။"
ရှုယီလည်း ရယ်မောကာ၊ "အဆင်ပြေပါတယ်၊ ကျုပ်က ဒီလိုပွင့်လင်းတဲ့လူမျိုးကို သဘောကျတာ။ ဟာ့ထ်လို စစ်သားတစ်ယောက်အတွက် ကျုပ်တို့လုပ်ငန်းစုက အစောင့်တွေရဲ့ ခေါင်းဆောင်သာဖြစ်လာနိုင်ရင် ဘယ်သူကမှ ကျုပ်တို့လုပ်ငန်းစုကို ဆန့်ကျင်ဝံ့မှာမဟုတ်ဘူးလို့ ယုံကြည်တယ်။"
ရှုယီနှင့် ဟာ့ထ်တို့နှစ်ဦးစလုံး စိတ်တိုင်းကျသဖြင့် ထိုပထဆုံးသော တွေ့ဆုံမှုကို အောင်မြင်သည်ဟု ယူဆရမည်။
မေဂျာ မက်ခ်ကွန်လီက သက်သေပြု၍ ရှုယီနှင့် ဟာ့ထ်တို့မှာ ဟာ့ထ်အား Frestech ကုန်သည်ကြီးများအသင်းရှိ အစောင့်များ၏ ခေါင်းဆောင်အဖြစ်ခန့်အပ်မည့် စာချုပ်ကို လက်မှတ်ထိုးခဲ့ကြသည်။
ဟာ့ထ်အပြင် မေဂျာ မက်ခ်ကွန်လီမှာ ဟာ့ထ်နှင့် အဆင့်တူရှိသည့် အငြိမ်းစားစစ်သည် အယောက်နှစ်ရာကိုပါ စုဆောင်းထားခဲ့၏။
ထိုစစ်သားများမှာ စစ်ပွဲများစွာတိုက်ခိုက်ခဲ့သော လက်ရွေးစင်စစ်သည်များဖြစ်ကြရာ အငြိမ်းစားယူပြီးနောက်တွင် လမ်ပူရီတိုင်းပြည်ရှိ လုပ်ငန်းစုများစွာ၏ ပစ်မှတ်များဖြစ်လာခဲ့ကြသည်။
သူထံ၌သာ မေဂျာ မက်ခ်ကွန်လီမှတဆင့်ရသည့် အဆက်သွယ်မရှိပါလျှင် ရှုယီက ထိုသို့ စစ်သည်နှစ်ရာစုဆောင်းလိုလျှင်ပင် ဖြစ်နိုင်သည့် အရာတစ်ခု မဟုတ်ချေ။
လက်ရှိ စစ်ဌာနချုပ်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့အကြား ပူးပေါင်းမှုနှင့်စာလျှင် ထိုတောင်းဆိုချက်မှာ စစ်ဌာနချုပ်မှ ပေးလာခဲ့သည့် တန်ဖိုးအနည်းအကျဉ်းမျှသာဖြစ်သည်။
ထိုကိစ္စပြီးနောက် ရှုယီမှာ စစ်ဌာနချုပ်မှထွက်ခွာ၍ မားကွစ္စ်ဂျိုဝဲလ်ကို သွားတွေ့လိုက်သည်။
ယခင်နှစ်က အန်ဗီမာမြို့တော်သို့ သွားချိန်တွင် ရှုယီနှင့် မားကွစ္စ်ဂျိုဝဲလ်တို့မှာ လမ်ပူရီတိုင်းပြည်ရှိ သတ္တုပျော့ မိုင်းတွင်းအရေးကို ဆွေးနွေးခဲ့ကြသည်။
ယခု လများစွာကြာသွားပြီဖြစ်ရာ နှစ်ဘက်စလုံး၏ ပြင်ဆင်မှုများကလည်း ပြီးဆုံး၍ ခရာမာမြို့အပြင်ဘက်၌ နော်မာမျိုးနွယ်စု လူပုလေးများနှင့်အတူ သတ္တုပျော့ကြောကြီးတစ်ခုကို တွေ့ရှိခဲ့ကြသဖြင့် စတင်တူးဖော်ရန် ဆုံးဖြတ်ခဲ့ကြ၏။
နှစ်ဦးကြားရှိ ယခင်သဘောတူညီချက်အရ Frestech ကုန်သည်ကြီးများအသင်းနှင့် ဂျိုဝဲလ်မိသားစုတို့မှာ ခရာမာမြို့အနီးတွင် သံမဏိစက်ရုံတစ်ရုံ အတူတကွ ဆောက်လုပ်မည်ဖြစ်သည်။
ယခုတွင် ထိုသတ္တုပျော့ကြောကို ရှာတွေ့ခဲ့သဖြင့် ရှုယီမှာ စစ်တပ်၏ကိရိယာများအတွက် လိုအပ်ချက်အားလုံးကို ပြုလုပ်နိုင်ရန် သံမဏိစက်ရုံကို တိုက်ရိုက်တိုးချဲ့ပြီး သတ္တုပျော့များကိုလည်း အသုံးပြုနိုင်သည်လေ။
ထိုသို့ဖြင့် အစပိုင်း၌ ထိုသံမဏိစက်ရုံ၏ အရွယ်အစားမှာ မိုးကျသစ်တောင်ကြားရှိ သံမဏိစက်ရုံနှင့်ပင် မယှဉ်နိုင်ချေ။
ဂျိုဝဲလ်မိသားစုအတွက် ထိုသံမဏိစက်ရုံဖွင့်လှစ်ခြင်းမှာ အင်မတန်အရေးကြီးလှသောအရာပင်။ ထို့ကြောင့် ရှုယီ လာလည်ချိန်တွင် မားကွစ္စ် ဂျိုဝဲလ်က ရိုးသားစွာ ဆက်ဆံလေသည်။
နှစ်ဦးအကြားရှိ ဆွေးနွေးမှုများမှာ အင်မတန်ချောမွေ့ခဲ့သည်။
မားကွစ္စ် ဂျိုဝဲလ်က သူ၏ရည်ရွယ်ချက် များများစားစားကို ထုတ်မပြပါသော်လည်း သူ့လိုမျိုး လမ်ပူရီတိုင်းပြည်၏ အရေးကြီးပုဂ္ဂိုလ်တစ်ဦးအတွက် ဆန့်ကျင်မှုကို မပြနေသရွေ့ သူ့စိတ်ထဲ၌ ထောက်ခံသည်ဟု ဆိုလိုသည်။
ရှုယီက သူ့အား ဥက္ကဌမော်ဂန်ကဲ့သို့ ဈေးဆစ်ရမ် မျှော်လင့်မထားဘဲ သူ၏အခြေခံရည်ရွယ်ချက်များက ပန်းတိုင်ကို ရရှိစေပြီးသားဖြစ်ကြောင်းကိုသာ နားလည်နိုင်ရုံပင်။
တစ်ခုတည်းသော အံ့ဩဖွယ်မှာ ရှုယီက ဂျိုဝဲလ်အိမ်တော်မှ ထွက်ခွာရန် ပြင်နေစဉ်တွင် အိမ်ပြန်လာသည့် ဗင်းဆင့်ထ်နှင့် ဆုံသွားသည်။
ရှုယီကို မြင်လိုက်သည့်ခဏအတွင်း ဗင်းဆင့်ထ်၏ မျက်နှာက မရွှင်မပြဖြစ်လာ၏။
ယခင်တစ်ခေါက် ရှုယီရှေ့၌ သူ့ဖခင်က ဆူငေါက်ကာ တောင်းပန်ရန် တွန်းအားပေးခံခဲ့စဉ်က ဗင်းဆင့်ထ်၏ စိတ်နှလုံး၌ မလိုမှုနှင့် ဒေါသများတို့ပြည့်နေခဲ့သော်လည်း ရှုယီမှာ သူ ယှဉ်ပြိုင်နိုင်သည့်လူ မဟုတ်ကြောင်း သိလေသည်။ သူဟာ ရှုယီအား မည်မျှ မနာလိုမုန်းတီးသည်ဖြစ်စေ သူ့ရှေ့၌ မည်သည်ကိုမှ မလုပ်ဝံ့ချေ။
ထို့ကြောင့် ဗင်းဆင့်ထ်မှာ ရှုယီကို ကြည့်ရုံသာကြည့်၍ လုံးဝမမြင်သည့်နှယ် ဖြတ်လျှောက်သွားသည်။
ရှုယီလည်း ထိုလူမျိုးနှင့် ငြင်းခုံလိမ့်မည်မဟုတ်ရာ ပြုံးလျက် အိမ်တော်ထဲမှ ထွက်သွားလေ၏။
ဤတစ်ခေါက် သူ၏ အန်ဗီမာမြို့တော် ခရီးတွင် ရှုယီက သုံးရက်သာနေခဲ့သည်။ မေဂျာမက်ခ်ကွန်လီနှင့် မားကွစ္စ်ဂျိုဝဲလ်တို့ကို တွေ့ပြီးနောက် သူဟာ မဟာမှော်ပညာရှင်အီစန်ခယ်ကိုလည်း သွားတွေ့လိုက်သည်။
သူ၏ မေဂျာမက်ခ်ကွန်လီနှင့် အရေးကြီးသဘောတူညီမှုအပြင် မားကွစ္စ် ဂျိုဝဲလ်၊ မဟာမှော်ပညာရှင်အီစန်ခယ်တို့နှင့် အတူရှိခဲ့သည့် ယခင်သဘောတူညီချက်များကိုလည်း စစ်ဆေးမည်ဖြစ်ရာ အန်ဗီမာ မြို့တော်သို့ရောက်နေကတည်းက ၎င်းတို့နှင့် တွေ့ရမည်သာ။
ရှုယီမှာ ဘုရင်မဆယ်ဗီနီနှင့်လည်း တွေ့ချင်မိသည်။ သူ့အနေနှင့် ဘုရင်ကြီးကိုသာမေးလိုက်နိုင်သော်လည်း ဘုရင်မက မြောက်ဘက်နယ်စပ်ကို သွားရောက်စစဆေးပြီး ဘယ်အချိန် ပြန်လာမည်မှန်းကို မသိဟု ဆိုလာခဲ့၏။
အတိုချုံးရပါလျှင် အန်ဗီမာမြို့တော်သို့ ရှုယီလာရခြင်းမှာ လုပ်ငန်းစုအစောင့်များ ခေါ်ယူမည့် အကြီးဆုံးပြဿနာကို ဖြေရှင်းဖို့အပြင် များများစားစားမလုပ်ခဲ့ရချေ။
သို့သော် မေဂျာမက်ခ်ကွန်လီထံမှ တုံ့ပြန်မှုကို သုံးသပ်ရပါက ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းက မှော်အမြောက်'များထုတ်လုပ်ပြီး စစ်ဌာနချုပ်၏ အကြီးအကဲများထံ မှော်အမြောက်၏ စွမ်းအားကို ပြသနေသရွေ့ ၎င်းကို သေချာပေါက် ရောင်းရလိမ့်မည်။
ရှုယီမှာ မှော်အမြောက် ကုန်ကျစရိတ်က မြင့်သည်ဟု အမှန်အတိုင်းပြောခဲ့သော်လည်း သူကတော့ နည်းနည်းဇာချဲ့လေသည်။
အချက်အလက်အရ သုတေသနကုန်ကျစရိတ်ကိုပါ ထည့်ပေါင်းလိုက်လျှင် မှော်အမြောက်တစ်လုံးမှာ အနည်းဆုံး ရွှေဒင်္ဂါးခြောက်ရာမှ ခုနစ်ရာလောက် ကုန်ကျသည်။
အစုလိုက်အပြုံလိုက် မထုတ်လုပ်ခင်၌သာ သုတေသနဌာန၏ကုန်ကျစရိတ်ရှိခဲ့သည်။ ၎င်းအား ထုတ်လုပ်နိုင်သည်နှင့် ပမာဏများစွာကို အလျင်အမြန် ထုတ်လုပ်နိုင်လာမည်ဖြစ်ကာ သုတေသန ကုန်ကျစရိတ်က ရာခိုင်နှုန်းကြီးကြီးမားမားရှိလာမည်မဟုတ်ချေ။
၎င်းကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မှော်အမြောက်တစ်လုံးကို ရောင်းနေသရွေ့ ရွှေဒင်္ဂါးနှစ်ရာမှ သုံးရာအထိ အမြတ်ဝင်နိုင်မည်ဖြစ်သည်။
တစ်ခုတည်းသော ချို့ယွင်းချက်မှာ စစ်ဌာနချုပ်၌ ငွေမရှိခြင်းပင်....
သို့သော် ရှုယီအတွက် ၎င်းက ပြဿနာကြီးတစ်ရပ်မဟုတ်ချေ။
ငွေ၊ ၎င်းက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ထံ၌ နည်းပါးမနေချေ။
နှိုင်းယှဉ်ရလျှင် ငွေနှင့် မဝယ်ယူနိုင်သည့် အရာများကသာ ပို၍ အရေးကြီးလေ၏။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၅၂။ သမဂ္ဂ၏ ငြင်းဆိုမှု
တူညီသည့် ရာသီတွင် မတူညီသည့်နေရာများရှိ ရှုမြင်ကွင်းက လုံးဝကွဲပြားနေ၏။
ဖေဖော်ဝါရီအစောပိုင်း၌ စတက်တိန်း နယ်မြေအား စိမ်းလန်းမှုနှင့်အတူ နေခြည်နွေးနွေး လေပြေအေးအေးတို့ဖြင့် ဖုံးလွှမ်းထားကာ ဘန်တာမြို့၌မူ နှင်းမကျတော့ပါသော်လည်း အေးစက်နေဆဲပင်။
သို့သော် လမ်ပူရီတိုင်းပြည်၏ မြောက်ဘက်နယ်စပ်တွင် ကောင်းကင်ယံ၌ နှင်းများအပြည့်လွှမ်းကာ အေးစက်စက်ဆောင်းရာသီရှိနေဆဲဖြစ်သည်။
နှင်းထူသည့်နေ့တစ်ရက်၌ ဆယ်ဗီနီမှာ နယ်စပ်ကို စောင့်ကြည့်နေရသည့် မြောက်ဘက်စစ်တပ် အစောင့်အိမ်တစ်အိမ်တွင် ဗစ်ကောင့်ထ် လက်စ်လိုင်းနှင့် တွေ့ဆုံခဲ့သည်။
ပထမဆုံး ဗစ်ကောင့်ထ်လက်စ်လိုင်းကိုမြင်ချိန်တွင် ဆယ်ဗီနီမှာ သူ့အား သတိမထားမိလုနီးပါးဖြစ်သွားခဲ့သည်။
သူ့အား အန်ဗီမာမြို့တော်၌ တွေ့ခဲ့ချိန်ကဖြစ်စေ ဘန်တာမြို့တွင် ဆုံခဲ့စဉ်ကနှင့်ဖြစ်စေ ယှဉ်ကြည့်ပါက ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ အတော်လေး ကွဲပြားဟန် ပေါ်နေ၏။
လက်ရှိ ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ ရိုကျိုးဟန်မရှိဘဲ မျက်နှာက အတော်လေး မှောင်မိုက်နေကာ မြောက်ဘက်စစ်တပ်၌ ဆယ်ဗီနီ စစ်ဆေးမှုလုပ်စဉ်က မြင်တွေ့ခဲ့ရသည့် လူများနှင့် ခြားနားမှုမရှိချေ။ သူ့ထံ၌ ယခင်က မျိုးရိုးမြင့်သခင်လေးတစ်ယောက်၏ သဘာဝဆွဲဆောင်မှုမျိုးမရှိချေ။
"ဗစ်ကောင့်ထ်လက်စ်လိုင်း ကြည့်ရတာ ဒီနေရာမှာ ရှင့်ရဲ့နေ့ရက်တွေက ခက်ခဲနေပုံပဲ။" ဆယ်ဗီနီက မနေနိုင်ဘဲ ပြောလိုက်သည်။
ဗစ်ကောင့်ထ် လက်စ်လိုင်းက အသာပြုံးလေ၏။
ယခင်ကနှင့်ယှဉ်လျှင် ပြောင်းလဲမသွားသည့်အရာမှာ သူ၏အပြုံးသာဖြစ်သည်။
သူက အတော်လေးကြမ်းတမ်းသွားဟန်ရှိသော်လည်း ပြုံးလိုက်သည်နှင့် ယခင်က မျိုးရိုးမြင့်သခင်လေးတစ်ဦး၏ ထင်ရှားတည်ငြိမ်သည့် ခံစားချက်မျိုးရှိလာခဲ့သည်။
"အဲ့လောက်လည်း မခက်ပါဘူး၊ ဒီနေရာမှာ ကျုပ်ဘဝက သာမန်စစ်သည်လေးပါပဲ။ ပြီးတော့လည်း ပြောရရင် အထူးဆက်ဆံခံရတော့ ယှဉ်ကြည့်မယ်ဆို ကျုပ်ရဲ့အခြေအနေက တပ်ထဲက တခြားညီအစ်ကိုအများစုထက် အတော်လေး ပိုကောင်းပါတယ်။"
ဆယ်ဗီနီက တိတ်ဆိတ်သွားကာ ခဏအကြာမှ သက်ပြင်းချလာ၏။
"တကယ်တော့ ဖခမည်းတော်နဲ့ ကျွန်မ နှစ်ယောက်စလုံး တပ်ထဲက စစ်သားတွေရဲ့ အခြေနေဆိုးနေပြီး တိုးတက်အောင်လုပ်ဖို့ လိုနေမှန်းကိုသိကြပါတယ်၊ ဒါပေမယ့် လက်ရှိ နိုင်ငံရဲ့ဘဏ္ဍာရေးက ဘယ်လောက်ဆိုးရွားနေမှန်းလည်း ရှင်သိမှာပါ။ ဖခမည်းတော်အနေနဲ့ စိတ်ပူနေရင်တောင် ဒီအခြေနေကိုပြောင်းလဲဖို့ ဘာငွေမှ ထုတ်ပေးနိုင်မှာမဟုတ်ဘူး။"
"ကျုပ်လည်း သေချာသိတာကြောင့် ညီအစ်ကိုတွေအတွက် စောဒကတက်နေတာမဟုတ်ဘဲ အချက်ကျကျပြောနေရုံပါ။" ဗစ်ကောင့်ထ် လက်စ်လိုင်းက လေးနက်ဟန်ဖြင့် ဆိုသည်၊ "ဘုရင်မ၊ ကျုပ် ခင်ဗျားကို ပြောပြီးပြီ၊ မြောက်ဘက်ရဲ့ အခြေနေက အတော်လေး ဆိုးဝါးနေတယ်။ ဆောင်းရာသီ မစတင်ခင်မှာ စခ်တိုင်းပြည်ရဲ့ ခွေးကောင်တွေက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပြီး အခုတောင်မရပ်ကြဘူး။ မြောက်ဘက်စစ်တပ်က ဒီလောက်အကြာကြီး သူတို့ရဲ့အင်အားနဲ့ တိုက်ခိုက်နေရတော့ အတော်လေး အထိအခိုက်များနေပြီ။ စစ်ဌာနချုပ်ကနေ လက်နက်ပမာဏများများ ပို့ပေးခဲ့တာကြောင့်သာမဟုတ်ရင် ကျုပ်တို့ တောင့်ခံနိုင်ခဲ့မှာတောင်မဟုတ်ဘူး။"
ထိုသို့ပြောပြီးနောက် ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ ခေတ္တရပ်တန့်၍ အမူအရာက အနည်းငယ်ထူးဆန်းလို့လာလေသည်။
"ဘုရင်မ ကျုပ်အမြဲတမ်း မေးချင်နေခဲ့တာ။ စစ်ဌာနချုပ်မှာ ငွေအလုံအလောက်မရှိမှတော့ အဲဒီ့ လောဘကောင်ရှုယီကို စိတ်တိုင်းကျစေဖို့ ဘာအခြေနေတွေများ ပေးခဲ့ရတာလဲ?"
'ရှုယီ'ဟူသည့် အမည်ကိုကြားသော် ဆယ်ဗီနီက နှစ်လိုဖွယ်ပြုံး၍ ခေါင်းခါကာ ဆိုသည်၊ "ဥက္ကဌရှုက လောဘကြီးတဲ့လူ မဟုတ်ပါဘူး။ သူဟာ မှော်စက်မှုနယ်ပယ်ကို တည်ထောင်ချင်တဲ့အကြောင်း ကျွန်မကို အမြဲပြောနေတော့ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို သူ လိုအပ်နေတာပါ။ လမ်ပူရီတိုင်းပြည်ရဲ့ ပတ်ဝန်းကျင်က စံနမူနာဖြစ်မနေတော့ သူ့အနေနဲ့ နိုင်ငံကို တည်ငြိမ်ပြီး သန်မာလာတဲ့အထိ ထောက်ပံ့ဖို့လိုတယ်လေ။ ဒီတစ်ခေါက် Frestech ကုန်သည်ကြီးများအသင်းက စစ်ဌာနချုပ်နဲ့အတူ လက်နက်စက်ရုံတည်ထောင်ဖို့ အတူအလုပ်လုပ်ခဲ့ပြီး အတော်လေး ပေးခဲ့ပေမယ့် ဘာကိုမှ ပြန်မတောင်းလာခဲ့ဘူး။"
"မဟုတ်ဘူး၊ ကျုပ် သူ့ကိုနားလည်တယ်၊ သူ့အတွက် ဘာကိုမှ ပြန်မတောင်းဘူးဆိုတာ မဖြစ်နိုင်ဘူး။ ခင်ဗျားတို့အနေနဲ့ သူလိုချင်တာကို လတ်တလောမှာ မပေးနိုင်တော့ အကြွေးယူထားတာပဲဖြစ်ရမယ်။ အနာဂတ်မှာ အဲ့အရာတွေကို တောင်းဆိုချိန်ကျရင် ခင်ဗျား တတ်နိုင်မှာ မဟုတ်လောက်ဘူးလို့ ကျုပ်ခံစားရတယ်။"
"ကျွန်မ သဘောမတူဘူး။" ဆယ်ဗီနီက ခေါင်းခါကာ၊ "တကယ်တော့ ရှင်နဲ့ယှဉ်ကြည့်ရင် ကျွန်မက သူနဲ့ အဆက်အသွယ်ပိုရှိတော့ ရှင့်ထက် သူ့ကို ကောင်းကောင်းပိုနားလည်ပါတယ်။ သူက သူရဲ့ကိုယ်ပိုင်အကျိုးအမြတ်ကို အရေးပါဆုံးအဖြစ် သတ်မှတ်ထားတဲ့ ကုန်သည်တစ်ယောက်လို့ ဆက်တိုက် ပြောနေပေမယ့်လည်း သူလိုချင်တဲ့ အကျိုးအမြတ်တွေက တခြားကုန်သည်တွေနဲ့ ကွာတယ်။ တခြား ကုန်သည်တွေအတွက် အရေးကြီးဆုံးအရာက ရွှေဒင်္ဂါးတွေ ဘယ်လိုရမလဲဆိုတာပဲ ဆိုပေမယ့် ရှုယီအတွက် အရေးကြီးဆုံးက တခြားကုန်သည်တွေနဲ့ လူတွေ စိတ်ကူးနိုင်တာထက် ပိုကြီးမားတဲ့ အရာတွေပဲ။ အနာဂတ်မှာ သူ့အနေနဲ့ ကျွန်မကို ပြန်ပေးခိုင်းမယ်ဆိုရင် ကျွန်မလည်း လက်ခံချင်လိမ့်မယ်လို့ ထင်တယ်။"
ဗစ်ကောင့်ထ်လက်စ်လိုင်းက ဆယ်ဗီနီ၏ ဆုံးဖြတ်ပြီးသားအကြည့်ကို အံ့ဩစွာ ကြည့်လိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက်၌ သူက ရုတ်တရတ် မေးလေ၏၊ "သူက ခင်ဗျားကို တောင်းရင်ရော?"
ဆယ်ဗီနီက အံ့ဩသွားပြီးမှ မျက်မှောင်ကုပ်ကာ၊ "ရှင်ဆိုလိုတာက သူ့ကို လက်ထပ်စေချင်တာကိုလား? ဟင့်အင်း၊ မဖြစ်နိုင်တာ။ ရှုယီက စတေးလ်ကို နက်နက်ရှိုင်းရှိုင်း မေတ္တာရှိပြီး ဘယ်သူ့ကိုမှလည်း အခွင့်ရေးမပေးတော့ ဒါကို တောင်းဆိုဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူး။"
"ဒါက မသေချာဘူးလေ။" ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ ဖြည်းညင်းစွာ ခေါင်းကို ခါယမ်းလျက်နှင့်၊ "ဘုရင်မ၊ ခင်ဗျားသာ ထီးနန်းကိုဆက်ခံပြီး ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မဖြစ်လာလို့ ရှုယီက ခင်ဗျားကို လက်ထပ်မယ်ဆိုရင် သူ့အနေနဲ့ ဒီနိုင်ငံမှာ စွမ်းအားအကြီးဆုံးနောက်ခံကို ရလာမှာပဲ။ ဒီလိုဆို သူ့ရဲ့ အကြံစည်တွေကို ထုတ်ဖော်ရာမှာ အကူအညီကြီးကြီးမားမားရလိမ့်မယ်။ သူသာ တကယ်ပဲ ကုန်သည်တစ်ယောက်ဆိုရင် ဒီအကြံက သူလက်ခံနိုင်တဲ့ အရာပဲလေ။"
"ကျွန်မ ပြောပြီးပြီ၊ ရှုယီက တခြား လောဘကြီးတဲ့ ကုန်သည်တွေနဲ့မတူဘူး။" ဆယ်ဗီနီက ဗစ်ကောင့်ထ် လက်စ်လိုင်းကို အလေးအနက်ကြည့်ကာ ပြောသည်၊ "ဗစ်ကောင့်ထ်လက်စလိုင်း၊ ရှုယီက အမြဲတမ်း ကျွန်မကို ပြောပြခဲ့တယ်၊ ရှင်ဟာ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ချိန်မှာ သူ့ကို အများဆုံး ကူညီခဲ့ပြီး သူ့ရဲ့အတွေးတွေကိုလည်း ရှင်က အနားလည်ဆုံးပဲမို့လို့ သူက ရှင့်ကို အမြဲ မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့တယ်။ သူက ရှင့်ရဲ့မိတ်ဆွေဖြစ်နေမှတော့ ရှင့်အနေနဲ့ သူ့ကို ဒီလိုမစွပ်စွဲဘူးလို့ မျှော်လင့်မိပါတယ်။"
ဗစ်ကောင့်ထ် လက်စ်လိုင်းက အသာပြုံးလေသည်၊ "ဒါက စွပ်စွဲတာမှမဟုတ်တာ၊ နည်းလမ်းကျကျခန့်မှန်းချက်လေးတစ်ခုပဲလေ။ ပြီးတော့လည်း..... ဘုရင်မ၊ ခင်ဗျားအနေနဲ့ သူ့ကို လက်ထပ်မယ့် ဖြစ်နိုင်ချေကို မငြင်းဆန်ခဲ့ဘူး မဟုတ်လား? ခင်ဗျားမှာလည်း ဒီလို ရည်ရွယ်ချက်မျိုး ရှိနေတာများလား?"
ဆယ်ဗီနီ၏မျက်နှာထက်၌ ရှက်သွေးများ ဖုံးလွှမ်းသွားသည်။ သူမက ချက်ချင်းပင် စိတ်ကို ငြိမ်စေလျက် ဗစ်ကောင့်ထ်လက်စ်လိုင်းကို တည်ငြိမ်စွာကြည့်ကာ ပြန်မေးလေ၏၊ "ရှင်က ဒီမေးခွန်းကို အတည်မေးနေတာလား?"
ဗစ်ကောင့်ထ်လက်စ်လိုင်းက ခေါင်းငြှိမ့်ကာ၊ "အတည်ပြောနေတာပါ။ ရှုယီက ကျုပ်ကို သူ့ရဲ့မိတ်ဆွေလို ဆက်ဆံမှတော့ သူ့မိတ်ဆွေအနေနဲ့ ဒီလို အရေးကြီးလွန်းတဲ့ မေးခွန်းကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ ကူညီပေးသင့်တယ်လေ။"
ဆယ်ဗီနီက ဗစ်ကောင့်ထ်လက်စ်လိုင်းကို အတန်ကြာကြည့်နေပြီးမှ သက်ပြင်းတစ်ချက်ချသည်။ ထို့နောက် တည်ငြိမ်စွာကြည့်၍ ဖြေလာ၏၊ "ဒါဆို ရှင့်ကို ဟုတ်တယ်လို့ပဲ ဖြေပါ့မယ်။ ဖခမည်းတော် အကြံအရ တော်ဝင်မိသားစုကို အားကောင်းလာစေဖို့ မျိုးရိုးမြင့်တစ်ခုရဲ့ ဆက်ခံသူကို ကျွန်မအနေနဲ့လက်ဆက်နိုင်ဖို့ သူ မျှော်လင့်နေတာပါ။ ခမည်းတော် ရွေးချယ်ထားတဲ့ နံပါတ်တစ် ကိုယ်စားလှယ်က ရှင်ပဲ၊ ဗစ်ကောင့်ထ် လက်စ်လိုင်း။"
ဗစ်ကောင့်ထ် လက်စ်လိုင်းက အသာပြုံးကာ၊ "ကျုပ်အတွက် ဂုဏ်ယူစရာပါ။"
"ဒါပေမယ့် ကျွန်မက ဖခမည်းတော်ရဲ့အကြံကို သဘောမတူဘူး။" ဆယ်ဗီနီက ခေါင်းခါသည်၊ "နိုင်ငံရဲ့ မျိုးရိုးမြင့်တွေထဲမှာမှ စတက်ဂျ်မိသားစု အပါအဝင် မိသားစုတစ်ခုစီတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အကြံအစည်တွေရှိတယ်။ သူတို့အနေနဲ့ ဆက်ခံသူက ကျွန်မကို လက်ထပ်လိုက်တာကြောင့် တော်ဝင်မိသားစုကို တကယ်ကြီး ထောက်ပံ့ပေးကြမှာ မဟုတ်ဘူး၊ မှန်တယ်မလား? ဗစ်ကောင့်ထ် လက်စ်လိုင်း?"
"အရမ်း မှန်တယ်။" ဗစ်ကောင့်ထ် လက်စ်လိုင်းက ချီးကျူးကြောင်းပြသည့်အနေနှင့် လက်ခုပ် ဖွဖွတီးလေ၏၊ "ဘုရင်မ ခင်ဗျားက တကယ်ပဲ ဒါကို စဉ်းစားပြီးသားဆိုတော့ ပြောရဦးမယ်။ မျိုးရိုးမြင့်ကြီးတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်မိသားစုရှိတာကြောင့် အမြင့်ဆုံး ဦးစားပေးကြတာက သူတို့မိသားစုရဲ့ စိတ်ဝင်စားရာကိုပဲ။ တော်ဝင်မိသားစုအတွက်တောင် သူတို့တွေက နိုင်ငံမှာ အသန်မာဆုံး မျိုးရိုးမြင့်မိသားစု ဖြစ်နေရုံတင်။ ဘုရင်မသာ တစ်ယောက်ယောက်ကို လက်ထပ်လိုက်ရင် ဒါက လက်ထပ်ခြင်း သင်္ကေတလေးပဲဖြစ်ပြီး တကယ်တမ်း အဓိပ္ပာယ်မရှိပါဘူး။ မိသားစုနှစ်စု တကယ်တမ်း အလုပ်အတူလုပ်ဖို့က အဲဒီ့မိသားစုတွေရဲ့ တူညီတဲ့ စိတ်ဝင်စားရာအပေါ်မှာ မူတည်တယ်။"
"ဒီတော့ ကျွန်မရဲ့ လက်ထပ်ပွဲက ဘာကိုမှ မဆုံးဖြတ်နိုင်တဲ့ အဓိပ္ပာယ်ပဲပေါ့။ ဒါကြောင့် မျိုးရိုးမြင့်ကြီးတစ်ခုရဲ့ ဆက်ခံသူကို လက်ထပ်မှာနဲ့ စာရင် ကျွန်မအတွက် ပိုအရေးပါတဲ့ သာမန်လူတစ်ယောက်ကို လက်ထပ်တာက ပိုကောင်းမှာပဲ။"
"ဥပမာပြောရရင်၊ ရှုယီလား?" ဗစ်ကောင့်ထ်လက်စ်လိုင်းက ချက်ချင်းမေးလာသည်။
ဆယ်ဗီနီမှာ မနေနိုင်ဘဲ မျက်လုံးမှိတ်၍ အသက်ရှူသွင်းလိုက်သည်။ ထို့နောက်မှသာ မျက်လုံးဖွင့်လျက် တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလာ၏။
"ဟုတ်တယ်။ ရှုယီက အခုတော့ ဘာရွန်တစ်ယောက်ဆိုပေမယ့် သူ့ကို မျိုးရိုးမြင့်တစ်ယောက်လို ဆက်ဆံတဲ့လူမရှိတော့ သူရဲ့ရာထူးက သာမန်လူ နီးနီးပဲ၊ သူ့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကတော့ သာမန် လုံးဝမဟုတ်ဘူး။ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုပဲ ခိုင်ခိုင်မာမာ တိုးတက်ပြီး စိုင်စ်နယ်မြေကြီးကိုလည်း သူပြောသလိုမျိုး တကယ်ပြောင်းလဲနိုင်မယ်လို့တောင် ကျွန်မ အာမခံနိုင်တယ်။
"ကျွန်မသာ သူ့ကိုလက်ထပ်ပြီး တော်ဝင်မိသားစုကလည်း Frestech ကုန်သည်ကြီးများအသင်းရဲ့ အာဏာကို သုံးနိုင်မယ်ဆိုရင် တခြားဘယ်မိသားစုတွေထက်မဆို တော်ဝင်မိသားစုအတွက် ပိုပြီး အကူအညီဖြစ်စေလိမ့်မယ်။ အားလုံးနဲ့စာရင် ဒါက ပိုကောင်းတဲ့ ရွေးချယ်မှုပဲ။"
ဗစ်ကောင့်ထ် လက်စ်လိုင်းက အနည်းငယ်စဉ်းစားပြီးမှ ခေါင်းငြိမ့်၏၊ "ဘုရင်မ၊ ခင်ဗျားရဲ့ သုံးသပ်ချက်က အရမ်းမှန်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ပြဿနာ အကြီးကြီးကို လျစ်လျူရှုထားတယ်လို့ ကျုပ်ခံစားရတယ်။ ရှုယီကို လက်ထပ်တာက တော်ဝင်မိသားစုအတွက် အတော်လေး အကူအညီဖြစ်မှာ ဆိုပေမယ့် ခင်ဗျားရဲ့ ကိုယ်ပိုင်ခံစားချက်တွေကိုရော စဉ်းစား ပြီးပြီလား? ခင်ဗျား..... ရှုယီကို လက်ထပ်ဖို့ ဆန္ဒရှိရဲ့လား?"
ထိုမေးခွန်းကိုကြားသော် ဆယ်ဗီနီမှာ သူမမျက်နှာထက်ရှိ တည်ငြိမ်ဟန်ကို ဆက်မထိန်းထားနိုင်တော့ဘဲ ရှက်သွေးဖြန်းခြင်းကို မရပ်တန့်ဘဲ မနေနိုင်လိုက်ချေ။
ခဏကြာသည့်နောက် ခေါင်းငြှိမ့်ကာ ပြောလေသည်၊ "ကျွန်မထင်တာတော့.....ဆန္ဒရှိပါတယ်။ ရှုယီက တည်ငြိမ်ပြီး အားကောင်းတဲ့ အရှိန်အဝါနဲ့ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ပဲ။ ကျွန်မသူ့ကိုသိလာတာ အချိန်ကြာလာပြီး သူ ကျွန်မဘေးနားမှာရှိနေရင် အတော်လေး စိတ်အေးသလို ခံစားရတယ်။ အနာဂတ်အကြောင်းကိုလည်း သူ့ရဲ့ အားကောင်းတဲ့ ယုံကြည်မှုက သက်ရောက်လို့ ယုံကြည်ချက်ရှိလာတယ်။ ကျွန်မသာ သူ့ကို လက်ထပ်နိုင်မယ်ဆိုရင် အခုထက်တောင် ပိုပြီးတော့ ပျော်ရွှင်ရလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။"
ဗစ်ကောင့်ထ် လက်စ်လိုင်းက သာမန်ကာလျှံကာသာ မေးလိုက်ခြင်းဖြစ်သော်လည်း ဆယ်ဗီနီက သဘောတူလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူဟာ မနေနိုင်ဘဲ ဆယ်ဗီနီကို ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။
နှစ်ဦးသားမှာ အတန်ငယ် တိတ်ဆိတ်နေကြပြီးမှ ဗစ်ကောင့်ထ် လက်စ်လိုင်းက သက်ပြင်းချ၍ ခါးသက်သက်ပြုံးလျက် ခေါင်းခါကာ ပြောသည်၊ "ဘုရင်မ၊ ကျုပ်တကယ်ပဲ ခင်ဗျားကို စာနာမိသွားတယ်။ ခင်ဗျားရဲ့ အထောက်အထားနဲ့ဆို ခင်ဗျားနဲ့ လိုက်ဖက်ညီပြီး ခင်ဗျားဆီက လက်ခံမှုရနိုင်မယ့် လူကိုရှာတွေ့ဖို့ မဖြစ်နိုင်ပေမယ့် အခု ရှုယီက ရုတ်တရတ် ပေါ်လာတယ်လေ။ ခင်ဗျားအနေနဲ့ တကယ်ဆန္ဒရှိရင် သူ့ကို ရယူနိုင်တယ်လို့ ကျုပ်ထင်ပေမယ့် သခင်မလေး စတေးလ်ဆီကတော့ သူ့ကို လုယူဖို့ ဆန္ဒမရှိမှန်းလည်း ကျုပ်သိပါတယ်။"
ဆယ်ဗီနီက သက်ပြင်းချကာ ခေါင်းခါသည်။ ထို့နောက် ပြတင်းအပြင်ရှိ နှင်းများကိုကြည့်ရင်း အတန်ကြာ တိတ်တဆိတ်တွေးတောပြီး ဗစ်ကောင့်ထ်လက်စ်လိုင်းကို လှည့်ကြည့်လာသည်။
"လူတိုင်းမှာ သူတို့ပြောင်းလဲမှု မလုပ်ချင်တဲ့ အရာတစ်ခုရှိပြီး ရှုယီကလည်း ကျွန်မကြောင့်နဲ့ သခင်မလေး စတေးလ်အတွက် ခံစားချက်တွေကို ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါက ရှင့်လုပ်ငန်းစုရဲ့အကျိုးအမြတ်တွေကို ဆန့်ကျင်ပြီး ရှုယီကို စတော့ရှယ်ယာတွေပြန်ပေးခိုင်းတာနဲ့တူတယ် မဟုတ်လား?"
ဗစ်ကောင့်ထ် လက်စ်လိုင်းက နောက်တစ်ခါ ခါးသက်သက်ပြုံးကာ၊ "အရမ်းမှန်တယ်၊ ဒါကြောင့်ပဲ ကျုပ်ရဲ့မိသားစုက ကျုပ်ကို ဒီခါးသက်အေးစက်တဲ့ နယ်မြေဆီ ပို့လိုက်တာလေ။ နှင်းတွေကို ကြည့်ရတာက မြို့မှာတုန်းက ကျုပ်ရဲ့ ငြိမ်းချမ်းတဲ့ဘဝကို သတိရမိစေတယ်။"
ဆယ်ဗီနီက အသာပြုံးကာ၊ "ဒါကလည်း ဘဝအတွေ့အကြုံတစ်မျိုးပဲမဟုတ်လား? ရှင် အန်ဗီမာမြို့တော် ဒါမှမဟုတ် ဘန်တာမြို့ကို ပြန်လာတဲ့အခါကျရင် မျိုးရိုးမြင့်သခင်မငယ်လေးတွေက ရှင့်ရဲ့ ဒီနေရာက ခြောက်ခြားစရာဘဝအကြောင်းကို သေချာပေါက် ကြားချင်ကြမယ်လို့ ကျွန်မထင်တယ်။"
ဗစ်ကောင့်ထ် လက်စ်လိုင်းက ပခုံးတစ်ချက်တွန့်ကာ၊ "ကျုပ် ဒါကို သဘောမတူနိုင်ဘူး။ ကျုပ် ဒီက ထွက်ခွာတဲ့အခါ အရင်ကလို ခန့်ညားတဲ့ရုပ်ရည်တောင် မရှိနိုင်လောက်တော့ဘူး။"
ဆယ်ဗီနီနှင့် ဗစ်ကောင့်ထ် လက်စ်လိုင်းက တစ်ဦးနှင့် တစ်ဦးကြည့်ပြီး ရယ်မောလိုက်ကြတော့သည်။
ရယ်သံက အဆုံးမဲ့ နှင်းနှင့် လေထဲသို့ ကူးလူးလျက် ၎င်းတို့နှင့် အတူ ပျံ့နှံ့သွားလေသည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၅၃။ စိုက်ပျိုးရေးဆိုင်ရာ စက်မှုထွန်းကားရေး
ရယ်သံမှာ သဘာဝကျစွာပင် ဘန်တာမြို့ရောက်သည်အထိ ကီလိုမီတာထောင်ချီ၍တော့ ဖြတ်သွားမည်မဟုတ်ပေ။
သို့ရာတွင် ဆယ်ဗီနီနှင့် ဗစ်ကောင့်ထ်လက်စ်လိုင်းတို့က သူ့အကြောင်း ဆွေးနွေးနေသည်ကို မသိလေသော မြို့စားအိမ်တော်၏ နွေးထွေးသည့်ခန်းမရှိ ရှုယီမှာ ရုတ်တရတ် မနေနိုင်ဘဲ နှာချေမိရသည်။
ထိုရုတ်တရတ် နှာချေမှုက စာတမ်းဖတ်နေသည့် ကောင့်ထ်စီယန်ကို အနှောင့်အယှက်ဖြစ်သွားစေသလို ခန်းမထဲရှိ လူတိုင်း၏အာရုံကိုပါ ဆွဲဆောင်လိုက်တော့သည်။
ကောင့်ထ်စီယန်က အစီရင်ခံစာကိုချကာ ရှုယီကို အပြုံးဖြင့်ပြောလေသည်၊ "ဘာများလဲ? ဥက္ကဌရှု၊ ကျုပ် လက်ထဲမှာ အခုကိုင်ထားတာတဲ့ အစီရင်ခံစာကို စိတ်တိုင်းမကျလို့လား?"
ရှုယီ အလျင်အမြန် ခေါင်းခါကာ၊ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျုပ်အနေနဲ့ ဆန့်ကျင်ဖို့ မရှိပါဘူး။ ဒီတိုင်း..... ရုတ်တရတ် အေးသလို ခံစားလိုက်ရလို့ပါ။"
"အေးတယ်?" ကောင့်ထ် စီယန်က ခန်းမ နံရံရှိ မှော်လေပေးစက်နှစ်လုံးကိုကြည့်ကာ ပြုံး၍ ပြောသည်၊ "အဲဒါတွေက ခင်ဗျားတို့ Frestech အမှတ်တံဆိပ် မှော်လေပေးစက်တွေလေ။ သူတို့ကိုသုံးထားတဲ့အချိန်မှာ ခင်ဗျားက အေးတယ်လို့ခံစားနေရရင် ကျုပ် ခင်ဗျားကို Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ အနေနဲ့ ဒါတွေနဲ့ပတ်သက်ပြီး ပြဿနာရှိကြောင်းကို မေးရမယ်။"
"ဟား ဟား!"
လူတိုင်းက ကောင့်ထ်စီယန်မှာ ရှုယီကို စနောက်နေမှန်းသိကြသဖြင့် ရယ်မောလိုက်ကြသည်။
ရှုယီကလည်း ရယ်ကာ၊ "မဖြစ်နိုင်တာ၊ Frestech အမှတ်တံဆိပ် မှော်လေပေးစက်တွေက ယုံကြည်စိတ်ချရပြီးတော့ ပြဿနာလည်း လုံးဝမရှိပါဘူး။ မနေ့ညက မြစ်ဘေးမှာ စတေးလ်နဲ့အတူ လမ်းလျှောက်ခဲ့တော့ လေအေးတွေကနေ အအေးမိသွားတာဖြစ်မယ်။"
ခန်းမမှာ တစ်ဖန် ရယ်သံများနှင့် ပြည့်နှက်သွားပြန်၏။
ရှုယီနှင့် မနီးမဝေး၌ ထိုင်နေသည့် ဥက္ကဌရန့်ခ်က သက်ပြင်းချကာ ပြောလေသည်၊ "ဥက္ကဌရှုက ဘာပဲပြောပြော ငယ်သေးတယ်လေ၊ ဒီလို အေးစက်စက်ညမျိုးမှာ အပြင်ထွက်လည်နိုင်တယ်။ ကျုပ်လို လူအိုကြီးကတော့ မှောင်လာတာနဲ့ အိမ်အပြင်ကို ထွက်ဖို့ ဆန္ဒမရှိနေဘူး။"
လူတိုင်းက ရှုယီကို ကျီစယ်ကာ စနောက်နေကြတော့သည်။
Frestech ကုန်သည်ကြီးများအသင်း ကြီးထွားလာသည်နှင့်အမျှ ဘန်တာမြို့တွင် ရှုယီ၏ အနေအထားမှာလည်း မြင့်လာသည်။ တဖြည်းဖြည်းနှင့် သူ့အား မြို့ရှိ လုပ်ငန်းစုဟောင်းများ၏ ဥက္ကဌများနှင့် အဆင့်တူထားကာ ဆက်ဆံကြသည်။
အားလုံးက သူ၏ အသက်အရွယ်ကြောင့် စနောက်ခြင်းဖြစ်သော်လည်း အထင်သေးဝံ့သူတော့ မရှိပါချေ။
ယခင်က ရှုယီကို အကြီးမားဆုံးရန်စောင်ခဲ့သည့် ဥက္ကဌမော်ဂန်သည်ပင် ရှုယီက မားကွစ္စ်ဂျိုဝဲလ်နှင့် သဘောတူညီမှုပြုကာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းတို့ အတူတကွ အလုပ်လုပ်နေကြသဖြင့် ရှုယီကို ရန်လိုမှုမပြတော့ချေ။ ထိုအစား ယခုတွင် လူထုရှေ့၌ဖြစ်စေ ကိုယ်ပိုင်အချိန်၌ဖြစ်စေ ရှုယီထံ အတော်လေး ဖော်ရွေလာခဲ့သည်။
လူတိုင်း ရယ်မောခြင်းအမှု ပြီးစီးသွားသည့်နောက် ခန်းမရှိ လေးနက်နေသည့် အနေအထားမှာ အတန်ငယ် သက်တောင့်သက်သာဖြစ်သွားသည်။
အားလုံး စကားပြောခြင်း ရပ်တန့်လိုက်ချိန်၌ ရှုယီက ကောင့်ထ်စီယန် ကိုလှည့်ပြောလေ၏၊ "မြို့စားအရှင်၊ ကျုပ်မှာ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ဘာဆန့်ကျင်စရာမှမရှိပေမယ့် အဆိုပြုစရာတစ်ခုတော့ ရှိပါတယ်။"
"အိုး? ကြားပါရစေ။"
ကောင့်ထ်စီယန်သာမက အခြားလူများသည်ပင် စကားဆိုနေခြင်းကိုရပ်တန့်၍ ရှုယီကို ကြည့်ကာ အာရုံစိုက်လာကြသည်။
ရှုယီအား အချိန်ကြာသိရှိပြီးနောက်၌ ရှုယီက ထိုအခြေနေမျိုးတွင် တစ်ခုခုကို ပြောလိုက်ချိန်တိုင်း အတော်လေး လွှမ်းမိုးမှု ရှိလိမ့်မည်ဖြစ်ကြောင်းကို လူတိုင်းသိကြ၏။
သူ့ထံမှ အဆိုပြုချက်ဆိုလျှင် မြို့စားအရှင်က ဘယ်သောအခါမှ မငြင်းဆိုဘဲ အမြဲလိုလို ကြီးမားသည့်တစ်စုံတစ်ရာသာ ဖြစ်လိမ့်မည်ပင်။
"မြို့စားအရှင်၊ ခင်ဗျား ဖတ်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဘန်တာမြို့က ဒီနှစ်မတိုင်ခင်က လျစ်လျူရှုထားခဲ့တဲ့ မြေတွေကို ပြန်ဖွင့်ဖို့ စီစဉ်ထားတယ်။ ကျုပ်မှာ လယ်မြေတွေ ထပ်ဖွင့်ဖို့နဲ့ သီးနှံအထွက်နှုန်းတိုးဖို့ ဘာအမြင်မှ မရှိပေမယ့်လည်း ခင်ဗျားက အတော်လေး အရေးကြီးတဲ့ပြဿနာကို ဥပေက္ခာပြုထားတယ်လို့ ခံစားရတယ်။
"ဘာပြဿနာလဲ?" ကောင့်ထ် စီယန်က သိလိုစွာမေးသည်။
"လူတွေပါ။" ရှုယီက ပြောလေသည်၊ "သက်ဆိုင်တဲ့ ဘာအတိုင်းအတာမှမရှိရင် စိုက်ပျိုးရေးမှာ ပါဝင်မယ့် မြို့သားတွေ နည်းသထက် နည်းလာပြီး မကြာခင်မှာ မြေစိုက်မယ့် လူတွေ ရှိမှာမဟုတ်တော့ဘူးလို့ ခံစားရတယ်။"
ကောင့်ထ်စီယန်က မျက်မှောင်ကုပ်ကာ၊ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အခုဆို ဘန်တာမြို့အပြင်မှာ လယ်သမား အယောက်တစ်သိန်းကျော်ရှိနေတာ ဘယ်လိုလုပ် လယ်သမားတွေ နည်းနိုင်မှာတဲ့လဲ? ကျုပ်တို့ ဘာကိုမှ မစိုက်နိုင်တဲ့ အချိန်ကဆိုရင်တော့ အဆင်ပြေပေမယ့် အခုဆို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေရဲ့ အကူအညီနဲ့ အသီးနှံတွေစိုက်ဖို့ အတော်လေးပိုလွယ်ကူလာပြီး ပိုပြီးလည်းထိရောက်တော့ လူနည်းလာရင်တောင် ပြဿနာမရှိပါဘူး။ ဒီအချက်ကို စဉ်းစားပြီးတော့မှ ကျုပ်လည်း ဒီအစီစဉ်ကို ရေးဆွဲခဲ့တာပါ။ ခင်ဗျားတို့ လုပ်ငန်းစုက ရှေ့လျှောက် စိုက်ပျိုးရေးသုံးမှော်စက်တွေလုပ်ဖို့ မစီစဉ်ထားလို့များလား?"
"မဟုတ်ဘူးပေါ့။" ရှုယီက ခေါင်းခါကာ၊ "ဒါပေမယ့် အရှင်ကောင့်ထ်, ခင်ဗျား တစ်ခုကိုတော့ သတိမထားမိခဲ့ဘူး။ ဘန်တာမြို့အပြင်ဘက်မှာ မြို့သား တစ်သိန်းကျော်ရှိပေမယ့်လည်း ရွာက လူဘယ်နှယောက်လောက်က လယ်ဆက်လုပ်နေသေးတယ်ဆိုတာကို ပြဖို့ ခင်ဗျားမှာ စာရင်းရှိသလား?"
ကောင့်ထ်စီယန်က အံ့ဩသွားကာ၊ "ခင်ဗျားပြောတာက အဲဒီ့လယ်သမားတွေအနေနဲ့ သီးနှံတွေစိုက်ပျိုးမနေဘူးလို့လား? ဒါဆို သူတို့ ဘာတွေများလုပ်နေကြတာလဲ?"
ရှုယီက ရယ်လိုက်ပြီး သူ့ကိုယ်သူနှင့် ဘန်တာမြို့၏ လုပ်ငန်းစုမျိုးစုံမှ ကိုယ်စားလှယ်များကို ညွှန်ပြလေသည်၊ "ရှင်းပါတယ်၊ အဲဒီ့လယ်သမားတွေက စက်ရုံတွေမှာ အလုပ်လုပ်နေကြတယ်လေ။"
ကောင့်ထ်စီယန်မှာ အံ့ဩသွားရ၏။ သူက ရှုယီနှင့် အခြားလုပ်ငန်းစုကိုယ်စားလှယ်များကို ကြည့်ပြီးနောက် ရုတ်တရတ် နားလည်သွားဟန် ပေါ်လာသည်။
"အဲဒီ့ လယ်သမားတွေက ခင်ဗျားတို့ရဲ့ စက်ရုံတွေမှာ အလုပ်လုပ်နေတာကြောင့် ထပ်ပြီး လယ်စိုက်ဖို့ ဆန္ဒမရှိတော့ဘူးလို့ ပြောချင်တာလား?"
"ဟုတ်ပါတယ်။" ရှုယီက ခေါင်းငြိမ့်သည်၊ "ဘန်တာမြို့က လုပ်ငန်းစုတွေရဲ့စက်ရုံတွေမှာ အလုပ်လုပ်ရင်ရမယ့် ပျမ်းမျှလစာက တစ်လကို ရွှေဒင်္ဂါး ခုနစ်ပြားပဲ။ အစမ်းခန့်အနေနဲ့ စက်ရုံကို ဝင်လာကြတဲ့ အလုပ်သမားတွေတောင် တစ်လကို အနည်းဆုံး ရွှေဒင်္ဂါးလေးပြားရတယ်။ သီးနှံတွေစိုက်လို့ တစ်နှစ်မှ ရွှေဒင်္ဂါးလေးနည်းနည်းပဲရတဲ့ အရင်ကနဲ့ ယှဉ်ရင် စက်ရုံအလုပ်သမားအဖြစ်ဝင်လုပ်တာက လစာမြင့်မြင့်ပိုရမယ်လို့ သေချာတယ်လေ။ ကျုပ်သာ လယ်သမားဆိုရင်လည်း သီးနှံတွေစိုက်နေဖို့ ဆန္ဒမရှိဘဲ စက်ရုံမှာ အလုပ်လုပ်ဖို့ ရွေးချယ်မှာပဲ။"
"အမ်း.... ဒါက ကျုပ် ဥပေက္ခာပြုထားမိတဲ့ ပြဿနာပဲ။" ကောင့်ထ် စီယန်လည်း မျက်မှောင်ကုပ်လျက် စဉ်းစားပြီးနောက် မေးလေသည်၊ "ဥက္ကဌရှု၊ အခု ခင်ဗျားတို့ လုပ်ငန်းစုမှာ အလုပ်သမား ဘယ်လောက်ရှိလဲ?"
"နတ်သူငယ်တွေနဲ့ လူပုလေးတွေကို ထည့်မတွက်ရင် မနေ့က ကျုပ်တို့မှာ အလုပ်သမားလေးထောင်ကျော်အထိ ရှိခဲ့ပါတယ်။" ရှုယီက လက်ချောင်းလေးချောင်းထောင်ပြကာ ပြန်ဖြေ၏၊ "စည်သွပ်သီး စက်ရုံသစ်ဖွင့်တဲ့အခါကျရင် နောက်ထပ် အလုပ်သမား ငါးရာ ထပ်ပြီး စုဆောင်းဦးမှာပါ။ ဒါ့အပြင် အထွေထွေမန်နေဂျာ ခမ်နက်ဒ်ရဲ့ ခန့်မှန်းချေအရ ဒီနှစ်အတွင်း အလုပ်သမား နောက်ထပ် အယောက်တစ်ထောင် စုဆောင်းဖို့လိုသေးတယ်။"
"ဒီတော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့တင် လူငါးထောင်ကို ရထားတယ်ပေါ့?"
"ဟုတ်ပါတယ်။"
ကောင့်ထ် စီယန်မှာ အခြားသော လုပ်ငန်းစုကြီးများ၏ ဥက္ကဌများကိုလည်း မေးလိုက်ရာ ထပ်တူညီလုနီးပါး အဖြေကို ရရှိခဲ့လေသည်။
Frestech ကုန်သည်ကြီးများအသင်းမှ မှော်စက်များ ပိုမို ထုတ်လုပ်နေသည်နှင့် အခြားလုပ်ငန်းစုများမှာ ၎င်းတို့၏ ထုတ်လုပ်ရေးပုံစံကို စက်မှုပုံစံ ပြောင်းလဲလိုက်ကြသည်။
၎င်းတို့ ပိုမိုထုတ်လုပ်လေ အလုပ်သမား ပိုလိုအပ်လေဖြစ်သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းသည်ပင် အလုပ်သမား အယောက်နှစ်သောင်းကျော် ခန့်အပ်ခဲ့သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အထွေထွေဆောက်လုပ်ရေးပိုင်း၌ အလုပ်လုပ်နေဆဲ အလုပ်သမား အယောက် ခြောက်ထောင်အပြင် ကျန်ရှိသည့် အလုပ်သမား တစ်သောင်းသုံးထောင်မှာ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့ တစ်ခွင်၌ ဖြန့်ကျက်လျက် လမ်းများဖောက်ရန် အလုပ်ကြိုးစားနေကြသည်။
၎င်းတို့နှင့် ယှဉ်ပါက Frestech ကုန်သည်ကြီးများအသင်းထံ၌ ထိုမျှ အလုပ်သမား များများစားစားမရှိချေ။
Frestech ကုန်သည်ကြီးများအသင်း၊ အမ်ရစ်ကုန်သည်ကြီးများအသင်း၊ အာမန်နီကုန်သည်ကြီးများအသင်း၊ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းနှင့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းတို့ကို ပေါင်းကြည့်လိုက်ပါက ထို လုပ်ငန်းစုကြီး ငါးစုထံ၌ လူပေါင်း ခုနှစ်သောင်းကျော်ရှိလေသည်။
နောက်တွင် အခြားလုပ်ငန်းစုများ၏ အလုပ်သမားများကို ပေါင်းလိုက်ပါက ဘန်တာမြို့ရှိ စက်ရုံများ၌ အလုပ်လုပ်နေကြသော လူပေါင်း တစ်သိန်းကျော်ရှိပေ၏။
နောက်တွင် အခြားနယ်ပယ်ရှိ လူများလည်း ရှိသေးသည်။
၎င်းတို့အားလုံးကို အတူတကွပေါင်းကြည့်လိုက်လျှင် လယ်စိုက်ခြင်းမှလွဲ အခြားနယ်ပယ်များသို့ ဝင်ရောက်နေကြသည့် လူများမှာ နှစ်သိန်းနီးနီးရှိ၏။
ထို အရေအတွက်ကိုရပြီးသည့်နောက် ကောင့်ထ်စီယန်မှာ မနေနိုင်ဘဲ အတော် အံ့ဩသွားသည်။
အခြားနယ်ပယ်များ၌ လူနှစ်သိန်းနီးနီးရှိနေရာ အမျိုးသမီးများ၊ လူကြီးများနှင့် အလုပ်လုပ်၍မရနိုင်သေးသော လူငယ်များကို ထည့်ပေါင်းလိုက်လျင် စိုက်ပျိုးရေး လုပ်နိုင်မည့်လူ များများစားစားမကျန်တော့ချေ။
ဘန်တာမြို့၏ လူဦးရေမှာ နှစ်သိန်းပင်မကျော်ချေ။ ဘန်တာမြို့အပြင်မှ လာသည့် လူအရေအတွက်များစွာရှိမနေပါက လုပ်ငန်းစုများလည်း ထိုမျှ ကြောက်မက်ဖွယ် အလုပ်သမားပမာဏကို ရနိုင်လိမ့်မည်မဟုတ်ပါချေ။
ထိုသို့ဆိုလျှင်တောင် အမ်ရစ်ကုန်သည်ကြီးများအသင်းက ဦးဆောင်၍ အလုပ်သမားမလုံလောက်ဟု မြို့စားအရှင်ထံ စောဒကတက်နေကြသည်။ ၎င်းတို့မှာ အခြားနေရာမှ အလုပ်သမားများရရန် နည်းလမ်းတစ်ခုအား မြို့စားအရှင်ကို ရှာစေချင်နေကြ၏။
ထိုသည်ကို စဉ်းစားရင်း ကောင့်ထ်စီယန်မှာ မနေနိုင်ဘဲ သူ၏လက်ထဲရှိ အစီရင်ခံစာကိုကြည့်ကာ မဖတ်ရသေးသည် အစီရင်ခံစာ၏ နောက်ဆုံးအပိုင်းသို့ အကြည့်ပို့မိရ၏။
အစည်းအဝေး၏ အကြောင်းအရာမှာ ယခင်နှစ် ဘန်တာမြို့၏ အလုပ်မျိုးစုံကို အစီရင်ခံရန်နှင့် အစီရင်ခံစာ၏ နောက်ဆုံးအပိုင်းမှာ ဘန်တာမြို့အတွက် အမြတ်ခွန် တင်ပြထားခြင်းပင်။
လုပ်ငန်းစုကြီးများ၏ ကိုယ်စားလှယ်များအား ယနေ့ဖိတ်ကြားထားသည်မှာ ထူးကဲသည့် လုပ်ဆောင်မှုများရှိသော လုပ်ငန်းစုများအတွက် အကောက်ခွန်အစီရင်ခံစာကြောင့်ဖြစ်သည်။
သို့ရာ၌ အကောက်ခွန်အစီရင်ခံစာရှိ အရေအတွက်မျိုးစုံကို မြင်ပြီးနောက်တွင် ကောင့်ထ်စီယန်မှာ လက်တွေ့မဆန်သည့်နှယ် ခံစားလိုက်ရ၏။
ဘန်တာမြို့ အကောက်ခွန်ဌာန၏ နောက်ဆုံး တွက်ချက်မှုများအရ ဘန်တာမြို့၏ အခွန်မှာ ရွှေဒင်္ဂါး တစ်သန်းသုံးသိန်းနှင့် ခုနစ်သောင်းအထိ ရောက်ရှိသွားသည်။
ယမန်နှစ်၌ လမ်ပူရီတိုင်းပြည်မှာ အခွန်ငွေ ရွှေဒင်္ဂါးနှစ်သန်းပင် မရခဲ့ဟု သိရလေသည်။
ဒေသတွင်းအခွန်များ၏ သုံးပုံတစ်ပုံကို ပြန်ပေးရမည့် ဥပဒေအရ ဘန်တာမြို့မှာ ရွှေဒင်္ဂါး လေးသိန်းခွဲပေးခဲ့ရသည်။ ထိုသည်ကို နိုင်ငံ၏ တစ်နှစ်လုံးအခွန်၏ လေးပုံတစ်ပုံစာနီးနီးပင် ရှိလေ၏။
ထိုသည်မှာ ကြောက်မက်ဖွယ်ရလာဒ်ပင်။
၎င်းမှာ ဘန်တာမြို့၏ ယခင်နှစ်များရှိ အခွန်က ရွှေဒင်္ဂါး ငါးသောင်းပင် မကျော်ခဲ့ခြင်းကြောင့်ဖြစ်သည်။ နိုင်ငံ၏ မြို့တော် နှစ်ဆယ့်ခြောက်ခုအနက် ၎င်းက နောက်ဆုံးဖြစ်ခဲ့သည်။
ယခု ၂နှစ်အတွင်းတွင် ဘန်တာမြို့၏အခွန်ငွေမှာ မြို့တော်အန်ဗီမာကိုတောင် ကျော်လွန်သွားကာ တစ်နိုင်ငံလုံး၌ အခွန်အများဆုံးပေးဆောင်ခဲ့သည့် မြို့ဖြစ်လာ၏!
ရွှေဒင်္ဂါး တစ်သန်းသုံးသိန်းနှင့် ခုနစ်သောင်းတို့၏ ရင်းမြစ်များကိုကြည့်လိုက်ပါလျှင် စိုက်ပျိုးရေးသုံး မှော်စက်များထံမှ ကူညီမှုနှင့်တင် အခွန်က ရွှေဒင်္ဂါး သုံးသောင်းမှ တစ်သိန်းနားကပ်လာကြောင်း တွေ့နိုင်သည်။ သို့သော် စီးပွားရေးနယ်ပယ်မှ လာသည့် အခွန်ငွေတစ်သန်းနှင့်ယှဉ်လျှင် ၎င်းက ထုတ်ပြောဖို့ရာပင် မထိုက်တန်ချေ။
အခြားနည်းဖြင့်ပြောရလျှင် စိုက်ပျိုးရေးနယ်ပယ်မှ အရေးအပါဆုံး ဝင်ငွေကို ယခုတွင် စီးပွားရေးနယ်ပယ်က အရေးအပါဆုံးနယ်ပယ် ဖြစ်လာခြင်းကြောင့် လျစ်လျူပင် ရှုနိုင်လေ၏။
၎င်းကိုသာ ထပ်မံပိုင်းခြားကြည့်ပါလျှင် ထိုလုပ်ငန်းစုများအကြား၌ Frestech ကုန်သည်ကြီးများအသင်းကတင် အခွန်ငွေ ရွှေဒင်္ဂါး ငါးသိန်းပေးခဲ့သည်ကို တွေ့နိုင်သည်။ ထိုအခွန်များကိုသာ Frestech ကုန်သည်ကြီးများအသင်းရင်းနှီးထားသည့် အခြားစီးပွားရေးလုပ်ငန်းများထဲ ပေါင်းထည့်ပါက အရေအတွက်က ခုနစ်သိန်းကျော်မည်ဖြစ်ရာ စုစုပေါင်း၏ သုံးပုံနှစ်ပုံပင် ဖြစ်နေ၏။
၎င်းမှာ တကယ်တမ်း တွက်ချက်ကြည့်လျှင် ဘန်တာမြို့၏ ဝင်ငွေအတွက် အရေးပါဆုံးနယ်ပယ်မှာ Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားပြုထားသည့် မှော်စက်မှုနယ်ပယ်ဖြစ်သည်ဟု ဆိုလိုသည်ပင်။
၎င်းကိုစဉ်းစားကြည့်ရင်း ကောင့်ထ် စီယန်မှာ မနေနိုင်ဘဲ ရှုယီကို စိတ်ထဲ၌ ပို၍ပင် အရေးထားလိုက်တော့သည်။ သူက ရှုယီကို ကြည့်ကာ အပြုံးရေးရေးဖြင့်ပြောသည်၊ "ကြည့်ရတာ ဥက္ကဌရှုပြောခဲ့တဲ့ ပြဿနာက ရှိနေပြီး အတော်လည်း အရေးကြီးပုံပါပဲ။ ဒီတော့ ဥက္ကဌရှု ဘာအကြံများပေးချင်လဲ?"
ရှုယီက ခေါင်းငြှိမ့်ကာဖြေသည်၊ "ကျုပ်က စိုက်ပျိုးရေးဆိုင်ရာ စက်မှုထွန်းကားရေးရဲ့ ဖွံ့ဖြိုးမှုကို အကြံပြုချင်တာပါ။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၅၄။ ကျောက်တုံးတွေကို ရွှေ'အဖြစ် ပြောင်းလဲနိုင်တဲ့ ဥက္ကဌရှု
အစည်းအဝေးပြီးနောက် ကောင့်ထ်စီယန်က ရှုယီ တစ်ယောက်တည်းနေခဲ့ရန် တောင်းဆိုလာသည်။
အစည်းအဝေးအတွင်း၌ ကောင့်ထ်စီယန်မှာ ရှုယီပြောခဲ့သည့် 'စိုက်ပျိုးရေးဆိုင်ရာ စက်မှုထွန်းကားရေး’ အကြောင်းကို မမေးမြန်းခဲ့ခြင်းကြောင့် အစည်းအဝေးပြီးနောက် ၎င်းကို ရှုယီနှင့် အသေးစိတ် ဆွေးနွေးလိုခြင်းဖြစ်ကြောင်းကို မည်သူကမှ မအံ့ဩချေ။
သို့သော် လူတိုင်း ယုံကြည်ထားသည်နှင့် ကွဲလွဲစွာ ကောင့်ထ်စီယန်က ရှုယီအား 'စိုက်ပျိုးရေးဆိုင်ရာ စက်မှုထွန်းကားရေး' ပြဿနာအကြောင်းကို ချက်ချင်းမေးမလာဘဲ လူများစွာ လျစ်လျူရှုထားခဲ့သည့် အခြားကိစ္စကိုသာ မေးလာသည်။
"ဥက္ကဌရှု၊ ခင်ဗျား အစောတုန်းက 'စည်သွပ်သီးစက်ရုံ'အကြောင်း ပြောတော့ အဲဒါကို စတက်တိန်းနယ်မြေမှာ ဖွင့်မယ့် အစီစဉ်တွေကို ပြောဖူးတာ ကျုပ် မှတ်မိသေးတယ်။ ဘန်တာမြို့ကနေ ခင်ဗျား အလုပ်သမား ငါးရာ စုဆောင်းခဲ့တယ်လို့ ပြောခဲ့တယ်လေ..... သူတို့ကို စတက်တိန်းနယ်မြေဆီ ခေါ်သွားဖို့ စီစဉ်နေတာလား?" ကောင့်ထ်စီယန်က မေး၏။
"မဟုတ်ပါဘူး။" ရှုယီက ချက်ချင်း ခေါင်းခါကာ၊ "လူတွေစုဆောင်းပြီး စတက်တိန်းနယ်မြေကို ခေါ်သွားဖို့က ကုန်ကျစရိတ်မြင့်တယ်။ ကျုပ်ရဲ့ အကြံက ဘန်တာမြို့အပြင်ဘက်မှာ စည်သွပ်သီးစက်ရုံတစ်ရုံ အရင်ဆောက်ဖို့ပါ။ တည်နေရာကို ရွေးချယ်ပြီးပါပြီ၊ ခိုရိုရွာနံဘေးမှာ ဖြစ်လိမ့်မယ်။"
"ခိုရိုရွာ?" ကောင့်ထ်စီယန်က စဉ်းစားကာ၊ "အဲဒီ့ရွာက ပြန်လည်ပြုပြင်နေတဲ့ ရွာတွေထဲက ပထမအသုတ်မဟုတ်သလို ဘန်တာမြို့နဲ့လည်း မနီးဘူးလေ။ ဘာလို့ အဲ့နေရာကို ရွေးပြီး ဆန်းဒ်တွန်အိမ်ရာနားကို မရွေးရတာလဲ?"
"အဓိက အကြောင်းရင်းက ဘန်တာမြို့ရဲ့ အသီးပင်အများစုကို ခိုရိုရွာနားမှာ အဓိက တွေ့လို့ပါ။ ဒါကို ဥက္ကဌကန်တိုနာနဲ့ ကျုပ် ဆွေးနွေးပြီးနောက်မှာ အဲ့နေရာကို ဘန်တာမြို့ စည်သွပ်သီးစက်ရုံရဲ့ ဗဟိုတည်နေရာအဖြစ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့နေရာမှာ စည်သွပ်သီးစက်ရုံဆောက်ရင် အသီးတွေကိုလည်း မြန်မြန်လည်ပတ်အောင် လုပ်ဖို့ကလည်း ပိုလွယ်လိမ့်မယ်။" ရှုယီက ပြန်ဖြေသည်။
"ဥက္ကဌကန်တိုနာ?" ကောင့်ထ်စီယန်က အသာမျက်မှောင်ကုပ်ကာ၊ "အရင်က ခင်ဗျား ဒီနာမည်ပြောတာကို ကြားဖူးသလိုပဲ၊ သူ့ရဲ့လုပ်ငန်းစုက သာမန်လယ်သမားတွေအတွက် အသီးအနှံတွေ ရိတ်သိမ်းဖို့ အဓိက တာဝန်ယူထားတာမဟုတ်လား? ဘာလို့ သူနဲ့အတူ စည်သွပ်သီးစက်ရုံဆောက်ဖို့ ဆွေးနွေးတာလဲ?"
"မြို့စားအရှင်၊ ဒါက ကျွန်တော် အစောတုန်းက ပြောခဲ့တဲ့ 'စိုက်ပျိုးရေးဆိုင်ရာ စက်မှုထွန်းကားရေး'နဲ့ ဆက်စပ်နေပါတယ်။ ဥက္ကဌကန်တိုနာက အဓိက ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လုပ်ငန်းစုကလည်း အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့တောင် ပြောလို့ရတယ်။"
ကောင့်ထ်စီယန်မှာ မနေနိုင်ဘဲ ပြုံးလေသည်၊ "ကျုပ် မပြောရသေးဘဲ ခင်ဗျားက ဒီခေါင်းစဉ်ကို အရင်ဆွဲထုတ်လာတာပဲ။ ဟုတ်ပြီလေ ခင်ဗျားက အစပျိုးလိုက်မှတော့ အသေးစိတ်ပြောပြပါဦး။ ဘယ်လိုလုပ် ဥက္ကဌကန်တိုနာနဲ့ သူ့ရဲ့လုပ်ငန်းစုက ခင်ဗျားပြောခဲ့တဲ့ 'စိုက်ပျိုးရေးဆိုင်ရာ စက်မှုထွန်းကားရေး'နဲ့ဆက်စပ်နေရတာလဲ? ပြီးတော့ ခင်ဗျားပြောခဲ့တဲ့ အဲဒီ့ 'စိုက်ပျိုးရေးဆိုင်ရာ စက်မှုထွန်းကားရေး'ဆိုတာက အတိအကျ ဘာများလဲ?"
"ကောင်းပါပြီ" ရှုယီက ခေါင်းငြိမ့်ကာ မည်သည့်ယဉ်ကျေးမှုမှမပြဘဲနှင့် အတွေးများကို စုစည်း၍ လေးနက်ဟန်ဖြင့် ဆိုလိုက်လေသည်၊ "မြို့စားအရှင်၊ 'စိုက်ပျိုးရေးဆိုင်ရာ စက်မှုထွန်းကားရေး'ဆိုတာက အရမ်းကို ရှုပ်ထွေးပုံပေါ်ပေမယ့်လည်း ရှုထောင့်ပြောင်းကြည့်လိုက်မယ်ဆိုရင် အရမ်းကို ရိုးရှင်းတဲ့ ကိစ္စလေးပါ။ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့ လယ်စိုက်ခြင်းအရေးကိစ္စတွေကို စက်မှုနယ်ပယ်တစ်ခုအနေနဲ့သတ်မှတ်ပြီး တစ်ယောက်ယောက်ကို လုပ်ဆောင်ဖို့ ပေးရတာပါ။ မြို့စားအိမ်တော်အနေနဲ့က နှစ်တိုင်း လုံလောက်တဲ့ သီးနှံတွေကို ရယူဖို့ပဲလိုတာပေါ့။"
"ဒါက ကျုပ်တို့ရဲ့ လယ်မြေတွေကိုငှားတာလေးပဲမဟုတ်လား၊ ဘာတွေ ကွာခြားသွားလို့လဲ?" ကောင့်ထ်စီယန်က မျက်မှောင်ကုပ်ကာ မေးသည်၊ "ဘန်တာမြို့ရဲ့ လယ်မြေတွေကို ဘန်တာမြို့အပြင်ဘက်က လယ်သမားတွေဆီ ငှားရမ်းမှာဆိုတော့ မြို့စားအိမ်တော်အနေနဲ့ နှစ်တိုင်း ငှားရမ်းခပဲ စုဆောင်းဖို့လိုတာပေါ့။ ဒါက ခင်ဗျားပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား?"
"မတူပါဘူးဗျာ။" ရှုယီက ခေါင်းခါလျက် ပြောလေ၏၊ "ဒါက သူတို့ကို ခန့်အပ်တာလည်းပါတယ်၊ ဒါပေမယ့် အခု အပြင်ဘက်က လယ်သမားတွေက လယ်မြေအသေးစားတွေကိုပဲ ငှားရမ်းတော့ သူတို့ရဲ့ နှစ်စဉ်ဝင်ငွေက မများဘူးလေ။ ဒါကြောင့် လယ်သမားတွေက လယ်သမားအဖြစ်နဲ့ ဆက်နေဖို့ စိတ်မဝင်စားတော့ဘဲ စက်ရုံတွေမှာ အလုပ်လုပ်ဖို့ကိုပဲ ရွေးချယ်လိမ့်မယ်။ ဒါပေမယ့် ကျုပ်တို့သာ ဒီ စိုက်ပျိုးရေးဆိုင်ရာ စက်မှုထွန်းကားရေးကို ချမှတ်လိုက်ပြီး ပြန့်ကျဲနေတဲ့ လယ်ယာတွေအားလုံးကို ဗဟိုပြုလိုက်မယ်ဆိုရင် သူတို့လည်း လယ်စိုက်ဖို့ အာရုံစိုက်ထားနိုင်ပြီး လယ်သမားတွေကို အလွတ်ပေးလိုက်လို့ရပြီ။ သူတို့တွေက လယ်စိုက်ရာမှာ အထူးပြုထားတဲ့ ကန်တိုနာ ကုန်သည်ကြီးများအသင်းဆီမှာ လယ်လုပ်ရင်း လယ်မြေတွေရဲ့ တန်ဖိုးကလည်း တိုးလာလိမ့်မယ်။ ဒါဆို ကန်တိုနာကုန်သည်ကြီးများအသင်းအတွက်ပဲ ဖြစ်ဖြစ် မြို့စားအိမ်တော်အတွက်ပဲဖြစ်ဖြစ် အတော်လေး အထောက်အကူဖြစ်တယ်။"
"ဒါပေမယ့် အဲဒီ့လယ်သမားတွေက သူတို့ကိုယ်တိုင်အတွက် ဘာလယ်မြေမှ ရမှာမဟုတ်ဘူးမလား?" ကောင့်ထ်စီယန်က မျက်မှောင်တင်းတင်းကုပ်လျက်၊ "အဲဒီ့ လယ်သမားတွေဆီကနေ လယ်မြေတွေကို လုယူတာက သူတို့ရဲ့ ရှင်သန်ရမယ့် လမ်းကြောင်းကို ဖြတ်တောက်တာပဲ မဟုတ်ဘူးလား?"
ရှုယီလည်း မနေနိုင်ဘဲ ခေါင်းခါကာ၊ "မြို့စားအရှင်၊ ခင်ဗျားမှာ တူညီတဲ့ အတွေးဟောင်းတွေ ရှိနေတုန်းပဲကိုး။ ကျုပ် အစည်းအဝေးမှာ ပြောခဲ့တာတွေကို မကြားခဲ့ဘူးလား? အခုဆို တစ်နှစ်ပတ်လုံး ကြိုးကြိုးစားစားလုပ်ပြီးမှ ရွှေဒင်္ဂါးဆယ်ပြားလောက်လေးရတာနဲ့စာရင် စက်ရုံတွေမှာ အလုပ်လုပ်တာက ရွှေဒင်္ဂါးတစ်ရာကျော်ဝင်တာကြောင့် လယ်ဆက်စိုက်ချင်တဲ့ လယ်သမား များများစားစား မရှိတော့ဘူး။ ဒီလို ကွာခြားချက်နဲ့ သူတို့ကို သူတို့ရဲ့လယ်မြေတွေပြန်ပေးရင်တောင် ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့ ဆန္ဒရှိမှာမဟုတ်ကြဘူး။"
"ခင်ဗျားပြောတာ မှန်ပေမယ့်လည်း ဒါက ဒုက္ခဖြစ်မယ်လို့ ခံစားနေရတယ်။" ကောင့်ထ်စီယန်က ခေါင်းခါကာ၊ "စက်ရုံတွေမှာ အလုပ်လုပ်တာက လစာ အတော်လေးမြင့်ပေမယ့်လည်း သူတို့မှာ အလုပ်အမြဲရှိနေမယ်လို့ ခင်ဗျားက ဘယ်လိုအာမခံနိုင်မှာလဲ? စက်ရုံတွေသာ စီးပွားပျက်ပြီး အလုပ်သမားတွေ အလုပ်ဆုံးရှုံးကြမယ်ဆိုရင် သူတို့မှာ အစားအစာအတွက် လယ်စိုက်ဖို့တောင် မရှိတော့ ပြဿနာကြီးကြီးတက်လိမ့်မယ်။"
ရှုယီက အသာပြုံးလေ၏၊ "ခင်ဗျားရဲ့ စိုးရိမ်မှုကို ကျုပ်နားလည်ပါတယ်၊ ဒါပေမယ့် မြို့စားအရှင် ခင်ဗျားအနေနဲ့ ဘန်တာမြို့ရဲ့ အခြေနေအပေါ်မှာ ယုံကြည်ချက်ရှိလောက်မယ်လို့ ထင်တယ်။ စက်ရုံတွေပိတ်ပြီး အလုပ်သမားတွေ အလုပ်ဆုံးရှုံးမှာကို စိုးရိမ်မှာနဲ့ယှဉ်ရင် ဘန်တာမြို့က လက်ရှိ တိုးတက်မှုကို ဆက်မထိန်းနိုင်တော့ဘဲ လုပ်ငန်းစုကြီးတွေရဲ့ အလုပ်သမား လိုအပ်မှုကို မဖြည့်ဆည်းနိုင်တော့မှာကိုပဲ စိုးရိမ်သင့်တယ်။"
ကောင့်ထ်စီယန်က ရှုယီကို ကြည့်ကာ၊ "ကျုပ်ကို ဒီလိုသတိပေးနေတာ ရပ်လိုက်ပါဦး၊ ကျုပ်လည်း လူတွေကိုပိုရနေခဲ့ပေမယ့် နိုင်ငံရဲ့ မျိုးရိုးမြင့်တွေက သူတို့မြေက လူတွေကို ဂရုစိုက်ကြတော့ ဒါက လွယ်တဲ့အရာဟုတ်မနေဘူး။ ကောင်းပြီလေ၊ ခင်ဗျားက ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ဖို့မလိုဘူးလို့ ပြောနေမှတော့ အခု ဒါတွေမပြောဘဲနေကြတာပေါ့။ ခင်ဗျားရဲ့ ပြောပုံအရဆို ကန်တိုနာကုန်သည်ကြီးများအသင်းက ဒီလို လယ်မြေကြီးတစ်ခုကို တာဝန်ဖို့ စီစဉ်နေတယ်ပေါ့?".
"အဟုတ်ပဲ။ ကျုပ်နဲ့ ဥက္ကဌကန်တိုနာတို့ရဲ့ ဆွေးနွေးမှုအရ ဥက္ကဌကန်တိုနာက ခိုရိုရွာ၊ ခမ်ဘီယာရွာနဲ့ မော့စီလန်ရွာတွေမှာရှိတဲ့ လယ်မြေတွေအားလုံးကို ငှားဖို့ဆုံးဖြတ်လိုက်ပါတယ်။"
"သူ၊ သူကရဲတင်းလွန်းတာပဲ၊ သူက ရွာသုံးရွာကို တစ်ပြိုင်တည်း ဝါးမြိုချင်နေတယ်လေ။" ကောင့်ထ် စီယန်မှာ ချီးကျူး သက်ပြင်းချကာ ဆိုသည်၊ "ဒါပေမယ့် ဒီရွာသားတွေသာ လယ်မြေတွေကို ငှားရမ်းချင်လို့ အဲဒီ့လယ်မြေတွေ သူ့ဆီပေးလိုက်ရင်တောင် ပြန်ယူဖို့ မလွယ်တာကိုရော သူတွေးထားရဲ့လား။ ဒါကို သူ ဘယ်လိုဖြေရှင်းဖို့ရော စီစဉ်ထားတာလဲ?"
ရှုယီမှာ ကောင့်ထ်စီယန်၏အမေးကို ချက်ချင်းမဖြေဘဲ အတန်ငယ်တုံ့ဆိုင်းနေပြီးနောက်မှ ပြောလေ၏၊ "မြို့စားအရှင်၊ တကယ်တော့..... ကျုပ် မြင်သမျှပြောရရင် နိုင်ငံက လယ်သမားတွေကို ကောင်းကောင်းမဆက်ဆံဘူးလေ။ လယ်သမားတွေအနေနဲ့ တစ်နှစ်ပတ်လည်လုံး ကြိုးကြိုးစားစားလုပ်ခဲ့ရပြီး ကောက်ပဲသီးနှံအများစုကိုတော့ နိုင်ငံက ယူသွားတာကြောင့် ကျန်တာလေးနဲ့ပဲ အသက်ဆက်နိုင်ကြရတယ်။ ဒီလိုဘဝမျိုးကို လယ်သမားတွေအနေနဲ့ လွမ်းနေမှာမဟုတ်ဘူးလို့ ကျုပ်ထင်တယ်။"
ကောင့်ထ်စီယန်မှာ ရှုယီကို မျက်မှောင်ကုပ်ကြည့်လိုက်ရာ သူ၏အမူအရာက လေးနက်နေပြီး ပေါက်ပန်းလေးဆယ် လျှောက်ပြောနေခြင်းမဟုတ်သည်ကို မြင်သော် သက်ပြင်းချကာသာ ကူရာမဲ့မဲ့ဖြင့် ပြောလိုက်သည်၊ "ခင်ဗျားပြောတာမှန်တယ်ဆိုပေမယ့်လည်း ဒါတွေက ရိုးရာပဲလေ။ လမ်ပူရီတိုင်းပြည်အတွက်တင်မကဘူး စိုင်စ်နယ်မြေကြီးမှာရှိတဲ့ နိုင်ငံတွေအားလုံးအတွက် လယ်သမားတွေမှာ ကောင်းမွန်တဲ့ဘဝတွေမရှိကြဘူး။"
"ဒီတော့ ပြောချင်တာက မြို့စားအရှင်ရဲ့ ပူပန်မှုတွေက မလေးနက်ဘူးပေါ့။" ရှုယီက ခေါင်းစဉ်ပြောင်းလိုက်သည်၊ "ကန်တိုနာဟာ ခမ်ဘီယာရွာက ရွာသားတစ်ယောက်ဖြစ်ခဲ့တော့ အဲဒီ့လယ်သမားတွေရဲ့ လယ်လုပ်နေကြတဲ့အပေါ် သဘောထားကို သေချာသိပါတယ်။ အခြားဘာမှ ရွေးစရာမရှိလို့ လယ်စိုက်တာက ရှင်သန်ဖို့အတွက် တစ်ခုတည်းသော အခွင့်ရေးဖြစ်နေတာ။ ဒါပေမယ့်အခု တခြားရွေးချယ်စရာရှိလာတော့ လယ်သမားအဖြစ် ကျန်နေချင်ကြတဲ့ လယ်သမားတစ်ယောက်မှမရှိဘူး။"
"ခင်ဗျား ပြောတဲ့အဓိပ္ပာယ်က..... အဲဒီ့လယ်သမားတွေအနေနဲ့ သူတို့လယ်မြေတွေ ကျုပ်ကို ပြန်ယူခွင့်ပေးပြီး ကန်တိုနာကုန်သည်ကြီးများအသင်းဆီ ငှားစေချင်ကြတာပေါ့?" ကောင့်ထ်စီယန်က မေးလေ၏။
"ဟုတ်တယ်။ တကယ်တမ်း ကန်တိုနာက မြို့စားအိမ်တော်ကို ဆက်သွယ်ပြီး အဲ့ရွာတွေက လယ်မြေတွေကို တစ်ဆင့်ခံငှားချင်နေခဲ့တာ။ သူ အဲ့ဒီရွာသုံးရွာကို စုံစမ်းကြည့်တော့ ရွာသားတွေရဲ့ ၉၅ရာခိုင်နှုန်းကျော်က ဆန္ဒရှိကြတယ်လေ။ ဒါပေမယ့် သူ ကျုပ်ကို ဒီအကြောင်းမေးလာတော့ ကျုပ်လည်း သူ့အကြံဉာဏ်ကို ငြင်းခဲ့တယ်။"
ကန်တိုနာက အေးစက်စက် နှာမှုတ်လိုက်၏၊ "ခင်ဗျား လုပ်ခဲ့တာ ကောင်းပါတယ်။ သူက ဒီကိစ္စကို ကျုပ်ဆီကနေ ဖုံးကွယ်ထားဖို့ စီစဉ်နေတာလား? သူက တကယ် ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအားကို နားမလည်ဘူးပဲ။" ခဏမျှရပ်တန့်ပြီးနောက် ရှုယီကို မေးသည်၊ "အခု ခင်ဗျားက ဒါကို ကျုပ်နဲ့ ဆွေးနွေးလာတော့ ဒါက သူ့ကို ထောက်ခံတဲ့ အဓိပ္ပာယ်လား?"
"သူ့ရဲ့ အကြံကို ထောက်ခံချင်ပေမယ့် ဒါက သူ့ရဲ့ချဉ်းကပ်မှုကို ထောက်ခံတဲ့ အဓိပ္ပာယ်တော့မဟုတ်ဘူးလေ၊ ဒီတော့ ဒါကို မြို့စားအရှင်ဆီ ပြောပြရတာက ပိုပြီး ကျိုးကြောင်းသင့်တဲ့ နည်းလမ်းတစ်ခုခုရလာမယ့် မျှော်လင့်ချက်နဲ့ပါ။" ရှုယီက ဆိုသည်။
"ဒါဆို ခင်ဗျား ဘယ်လိုထင်လဲ?" ကောင့်ထ် စီယန်က ပြန်မေးသည်။
"ကျုပ် အနေနဲ့က မြို့စားအရှင်အနေနဲ့ ဒီရွာသုံးရွာကို ပထမဆုံး စမ်းသပ်မှုအဖြစ်ခွင့်ပြုပြီး အဲ့ရွာတွေကလယ်မြေတွေအားလုံးကို ကန်တိုနာ ကုန်သည်ကြီးများအသင်းဆီ ငှားခွင့်ပြုဖို့ သဘောတူမယ်လို့ မျှော်လင့်ပါတယ်။ မြို့စားအရှင်က ကန်တိုနာကုန်သည်ကြီးများအသင်းကို သာမန် လယ်သမားတစ်ယောက်အနေနဲ့ပဲ ဆက်ဆံသင့်ပြီး နှစ်စဉ် အခွန်ငွေ ကြေးတစ်ပြားတောင် လျှော့'မယူသင့်ပါဘူး။ တစ်ခုတည်းသော ခြားနားချက်က ဒီလယ်သမားဟာ လယ်မြေနည်းနည်းလောက် ပိုပြီး ငှားထားရုံပါပဲ။"
"သီအိုရီအရ ဒီအကြံက တကယ်ကို မဆိုးပါဘူး။" ကောင့်ထ် စီယန်က ခေါင်းငြိမ့်သည်၊ "ဒါပေမယ့် ကျုပ်မှာ အတော်အရေးကြီးတဲ့ပြဿနာရှိတယ်။ တူညီတဲ့ လယ်မြေက လယ်သမားတွေကို ရှင်သန်နေထိုင်ဖို့ ခွင့်ပြုနိုင်တယ်ဆိုတော့ အခု ဒါက ကန်တိုနာကုန်သည်ကြီးများအသင်းရဲ့ လက်ထဲကျရောက်သွားပြီ၊ ဒါဆို သူတို့အနေနဲ့ အခွန်တွေပေးဖို့နဲ့ ငွေအလုံအလောက်ဝင်ဖို့ ခင်ဗျား ဘယ်လို အာမခံမှာလဲ?"
"ရှင်းရှင်းပြောရရင် သူတို့ရဲ့စီးပွားကို စက်မှုလုပ်ငန်းကနေတစ်ဆင့် ကုန်ကျစရိတ် ချွေတာ, တာပါပဲ။ သူတို့ရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲပြီး အကျိုးအမြတ်ကို မြှင့်တင်တာပေါ့။ ဒါက အတော့်ကို ရှုပ်ထွေးတဲ့ကိစ္စဆိုပေမယ့် မြို့စားအရှင်နဲ့တော့ မဆိုင်နေဘူး မို့လား? မြို့စားအရှင် အနေနဲ့ နှစ်တိုင်း အခွန်စုဆောင်းရာမှာ အာရုံစိုက်ဖို့နဲ့ ဥက္ကဌကန်တိုနာ တွေးထားတာကနေ အကျိုးအမြတ် ဘယ်လိုရမယ်ဆိုတာကို သိဖို့ပဲ လိုတယ်။" ရှုယီက ပြောသည်။
"အဟုတ်ပါပဲ၊ ဒါပေမယ့် သူတို့လုပ်ငန်းစုက ငွေအလုံအလောက်မရရင် လက်လျှော့လိုက်ကြပြီး ဒီလယ်မြေတွေက အလဟဿဖြစ်သွားမှာကို ကျုပ် အတော်လေး စိတ်ပူတယ်။"
"ခင်ဗျားအနေနဲ့ ဒါကို စိတ်ပူဖို့မလိုဘူးထင်တယ်၊ ကျုပ် ဒီအတွက် ဥက္ကဌကန်တိုနာနဲ့ ဆွေးနွေးမှုတွေ အတော်လုပ်ပြီးပြီ။ သူတို့လုပ်ငန်းစုအနေနဲ့ ငွေရမယ့် နည်းလမ်းတွေရှာပြီး သေချာပေါက် ဒီအပေါ်မှာပဲ ကပ်တွယ်ထားမယ်လို့ ကျုပ် အာမခံနိုင်ပါတယ်။"
ရှုယီ၏ယုံကြည်ချက်ရှိသည့် အပြုံးကိုမြင်သော် ကောင့်ထ်စီယန်လည်း မနေနိုင်ဘဲ ပြုံးမိရသည်။
"ကျုပ်တကယ်ပဲ မေ့သွားတယ်၊ ခင်ဗျားက ဒီထဲမှာ ပါဝင်နေကတည်းက ဒီကနေ ဘယ်လိုလုပ် ငွေမရဘဲ နေမှာတဲ့လဲ? ကျုပ်မှန်တယ်မလား? ဥက္ကဌရှု ဆိုတာ လူတိုင်းက ကျောက်တုံးကို ရွှေအဖြစ် ပြောင်းနိုင်တယ်လို့ သတ်မှတ်ထားကြတဲ့ လူပဲမဟုတ်လား?"
ရှုယီမှာ ရယ်လျက်နှင့် ယဉ်ကျေးမှုပြမနေဘဲ ခေါင်းငြိမ့်လိုက်လေ၏။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၅၅။ မှော်အစီရင် ပဲ့တင်ထပ်ခြင်းနည်းပညာ
ဘန်တာမြို့၏လူများက ရှုယီကို ကျောက်တုံးများအား ရွှေအဖြစ် ပြောင်းနိုင်သူဟု သတ်မှတ်ကြပါလျှင်တောင် သူဟာ ရင်းနှီးမြှုပ်နှံမှုတိုင်း၌ ချက်ချင်း ငွေမရနိုင်ပါချေ။
ဥပမာ၊ လက်ရှိ Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးကြီးဆုံး စီမံကိန်းမှာ ဆန်နက်မြေရိုင်း၌ သတ္တုပျော့မိုင်းတွင်းဖြစ်သည်။
၎င်းအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်း, အမ်ရစ် ကုန်သည်ကြီးများအသင်းတို့နှင့် အတူ စုစုပေါင်း ရွှေဒင်္ဂါး ခုနစ်သိန်းကို ရင်းနှီးမြှုပ်နှံခဲ့လေ၏။
၎င်း၌ ခေါင်းဆောင်ဗော်လ်လာထံ သတ္တုကြော၌ သုံးရန်အတွက် ပေးခဲ့သည့် ရွှေဒင်္ဂါးငါးသိန်း မပါသေးချေ။
ထိုအကြားတွင် Frestech ကုန်သည်ကြီးများအသင်းမှာ သတ္တုပျော့အရည်ကျိုစက်ရုံကို တစ်ဦးတည်း ရင်းနှီးမြှုပ်နှံခဲ့လေရာ ထိုစီမံကိန်းတစ်ခုလေးနှင့်တင် ရွှေဒင်္ဂါးငါးသိန်းသုံးခဲ့ရသည်။
ထိုသည်မှာ အပေါ်ယံရင်းနှီးမြှုပ်နှံမှုသာ ရှိသေး၏။ မိုင်းတွင်းကို အမှန်တကယ် ဖွင့်လှစ်ရန်နှင့် သတ္တုပျော့အရည်ကျိုစက်ရုံ ဖွင့်ရမ် နောက်ထပ် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးများ လုပ်ရမည်ဖြစ်သည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ အမြတ်ငွေများပိုပိုရလာပြီး ကြီးထွားလာပါလျှင်တောင် ထိုစီမံကိန်း၌ ရင်းနှီးမြှုပ်နှံပုံနှင့် ဘဏ္ဍာရေး မန်နေဂျာ ဆာဘက်စ်မှာ အချိန်တိုင်းလိုလို မျက်မှောင်မကုပ်မိဘဲ မနေနိုင်တော့ချေ။
၎င်းက အခြားအရာများ၌ ရင်းနှီးမြှုပ်နှံဆိုလျှင် ဆာဘက်စ်အနေနှင့် စိတ်ထဲမထားသော်လည်း သတ္တုပျော့များ၏ အသုံးဝင်ပုံနားမလည်သဖြင့် အနာဂတ်အကျိုးအမြတ်များကို မတွက်ချက်နိုင်ရာ အမြဲတစေ ရှုယီအား ချင့်ချိန် မြှုပ်နှံဖို့ ပြောတတ်သည်။
မှန်ပါ၏၊ ဆာဘက်စ်မှာ ၎င်းသတိပေးချက်၌ အကန့်အသတ်ရှိနေသေးသဖြင့် တကယ်တမ်း မည်သည်ကိုမှ ဆန့်ကျင်လိမ့်မည်မဟုတ်။
ရှုယီမှာ ဆုံးဖြတ်ချက်များစွာနှင့် ထူးကဲသည့် အမြင်ကို သက်သေပြသခဲ့သည်ဖြစ်ရာ ဟိန့်ဇ်သည်ပင် ရှုယီ၏ဆုံးဖြတ်ချက်များပေါ်၌ မည်သည့် ဆန့်ကျင်ခြင်းကိုမှ မပြုလုပ်ချေ။ လုပ်ငန်းစုရှိ အခြားလူများဆိုလျှင် ထိုသို့ပြုလုပ်ရန် အရည်အချင်းအတော်လိုနေပါသေး၏။
ထို့အပြင် ယခင်လ ဘဏ္ဍာရေးအစီရင်ခံစာအရ Frestech ကုန်သည်ကြီးများအသင်းမှာ အိမ်သုံးမှော်စက်များတွင် ထုန်ကုန်သစ်များထုတ်လုပ်နေခြင်းကြောင့် ထုတ်ကုန်များထပ်မရောင်းခဲ့ရာ တိုးတက်မှုကြီးကြီးမားမားမရှိသော်လည်း ရွှေဒင်္ဂါးသုံးသိန်းတော့ အပိုဝင်နေသေးသည်။
ထို့အပြင် မှော်စက်အလုပ်ရုံတွင် ရူဒ်ဆန်တိုင်းပြည်အတွက် စိုက်ပျိုးရေးသုံးမှော်စက် တစ်သောင်း၏ ပထမအသုတ် မှာယူမှုကို ပြီးစီးသွားခဲ့သဖြင့် ရုတ်တရတ် ရွှေဒင်္ဂါး ခြောက်သိန်းလေးသောင်း ဝင်ငွေရခဲ့ပြီး ၎င်းမှ အမြတ်မှာ ရွှေဒင်္ဂါးလေးသိန်းရလေ၏။
လမ်ပူရီတိုင်းပြည်တစ်ခွင်လုံးရှိ မှော်ထုတ်လုပ်ရေးစက် ဝယ်လိုအားကိုပါ ထည့်ပေါင်းလိုက်ပါက Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်အလုပ်ရုံမှာ ယခင်လက အမြတ်ငွေ ခြောက်သိန်းကျော်ရခဲ့သည်။
သံမဏိစက်ရုံ၊ တာယာစက်ရုံနှင့် ပလက်စတစ်စက်ရုံတို့၏ အမြတ်ငွေများ အပါအဝင်ဆိုပါက Frestech ကုန်သည်ကြီးများအသင်းမှာ ယခင်လ၌ ရွှေဒင်္ဂါးတစ်သန်းငါးသိန်းလေးသောင်းအထိ ဝင်ခဲ့သည်!
လုပ်ငန်းစုကြီးထွားလာသည့် အတိုင်းအတာ၊ လစဉ် တိကျသည့် အသုံးစရိတ်မြင့်တက်လာမှုနှင့် အလုပ်သမားတို့၏ လစာနှင့်အကျိုးအမြတ်တို့မှာ ယခင်လက ရွှေဒင်္ဂါးတစ်သိန်းကျော်ခဲ့သော်လည်း နောက်ဆုံး တွက်ချက်မှုအရ Frestech ကုန်သည်ကြီးများအသင်း၏ အသားတင်အမြတ်ငွေမှာ ရွှေဒင်္ဂါးတစ်သန်းကျော်လေသည်။
ထိုသို့သော များပြားလှသည့် အမြတ်ငွေများနှင့်အတူ သတ္တုပျော့မိုင်းတွင်းများ၌ အတော်လေး ရင်းနှီးမြှုပ်နှံခဲ့ရသော်လည်း လက်ခံနိုင်သည့် ဘောင်ထဲ၌ ရှိနေပါသေး၏။
ဆာဘက်စ်မှာ ရှုယီအား ၎င်းတို့၏ တည်ရှိနေပြီးသားလုပ်ငန်းများကို အာရုံစိုက်ရန်နှင့် ခိုင်မာလာအောင်လုပ်ဖို့ရာ သတိပေးထားပြီး ၎င်းတို့၏အမြတ်ငွေများကို တိုးမြှင့်ရန်နှင့် လုပ်ငန်းသစ်များ ဖွင့်ဖို့ မစဉ်းစားရန်ပါရန် မျှော်လင့်နေသည်။
"ဟားဟား၊ ကျုပ် ဆာဘက်စ်ရဲ့ စိုးရိမ်မှုကို နားလည်လို့ ဒီတစ်ခေါက်လာရတာပါ။ ခင်ဗျားတို့များ ကျုပ်တို့အတွက် ငွေပမာဏကြီးကြီးဝင်ဖို့ တစ်ခုခုများ ထုတ်လုပ်ထားသလား လာကြည့်ချင်လို့လေ။" ရှုယီက ပြုံးရင်း သုတေသနဌာန ခေါင်းဆောင် အီဗီတာကိုနှုတ်ဆက်လေသည်။ ထို့နောက် သူဟာ အီဗီတာ၏လက်ထဲရှိ အစီရင်ခံစာများကို ယူကာ ဖတ်လိုက်သည်။
စတေးလ်ထံမှ အားပေးခံရပြီးကတည်းက ရှုယီမှာ ယခင်ကကဲ့သို့ စီမံကိန်းတစ်ခုစီတိုင်း၌ပါဝင်၊ အရေးကြီးခြေလှမ်းများအားလုံးကို ရှင်းပြ စသည်တို့အား မလုပ်တော့ဘဲ မှော်သုတေသနဌာနအတွက် အလုပ်များကို မရည်ရွယ်ဘဲ ချန်ထားခဲ့သည်။ ထိုအစား သူက အကြံဉာဏ်တစ်ချို့သာပေးကာ မှော်သုတေသနဌာန၏ ဝန်ထမ်းများအား ၎င်းတို့ဘာသာ အဖြေကို စဉ်းစားစေ၏။
ထိုနည်းလမ်းမှာ ပထမက တက်ကြွမှုကို ထိခိုက်ကာ မှော်သုတေသနဌာန၏ သုတေသနပြုနှုန်းကိုကျဆင်းစေသော်လည်း ခဏကြာသည့်နောက်တွင် သုတေသနပညာရှင်များမှာ ရှုယီထောက်ပံ့ပေးသည့် အတွေးများကို သုံးသပ် အခြေခံ၍ ၎င်းတို့၏ကိုယ်ပိုင်အဖြေများကို မည်သို့ စဉ်းစားဆင်ခြင်ရမည်အား သိရှိသွားကြတော့သည်။
ဥပမာ၊ ရှုယီမှ သင့်တော်သည့်နည်းလမ်းရှာမတွေ့ခြင်းကြောင့် ဘေးဖယ်ထားသည့် ဘန်တာမြို့ရှိ လမ်းများကို ထိန်ထိန်လင်းနေစေလိုသော အကြံရှိသည်။
သို့သော် ထိုအကြံအား မှော်သုတေသနဌာနထံ ချပြလိုက်ချိန်တွင် ၎င်းပြဿနာကို အလျင်အမြန် ဖြေရှင်းလိုက်ကြသည်။
အာကာလီနှင့် ကျန်သူတို့၏ သုတေသနအရ လမ်းမီးအိမ်များကို အဝေးထိန်းမှော်ပို့ဆောင်ရေးနည်းပညာနှင့် စွမ်းအားပေးကာ အမြင့်ရှိ မီးအိမ်များအား တောက်ပ လင်းထိန်စေနိုင်မည်ဟု အာမခံထားသည်။
ရှုယီထံ၌လည်း ၎င်းကို ဖြေရှင်းရန် အဝေးထိန်းမှော်ပို့ဆောင်ရေးကို အသုံးပြုမည့်အတွေးရှိထားလေရာ အာကာလီ၏ကြိုးစားမှုကြောင့် နောက်ဆုံးတွင် မှော်အစီအရင်ပဲ့တင်ထပ်ခြင်းနည်းပညာအား အသုံးပြုခြင်း၏ အဖြေကို ရခဲ့သည်။
ထိုနည်းပညာမှာ တကယ်တမ်းတွင် အာကာလီ မတော်တဆ ရှာတွေ့ခဲ့သည့်အရာဖြစ်၏။
စမ်းသပ်မှုလုပ်နေစဉ်အတွင်း အာကာလီက ဆင်တူသည့် မှော်အစီအရင်နှစ်ခုအား အတူထားလိုက်ပါလျှင် မှော်အစီရင်နှစ်ခုအကြားရှိ ဆင်တူမှုများကြောင့် ကိုက်ညီခြင်းဖြစ်လာလိမ့်မည်ဟု ရှာတွေ့ခဲ့သည်။
ရှင်းရှင်းပြောရလျှင် မှော်အစီအရင်နှစ်ခုမှာ ထပ်တူညီပြီး ၎င်းမှော်အစီအရင်နှစ်ခုစလုံးကို မှော်စွမ်းအား ထောက်ပံ့ပေးသည့် အခြေနေ၌ မှော်အစီရင်တစ်ခုကို အသက်သွင်းလိုက်သည်နှင့် ထိုမှော်အစီအရင်၌ ဖြစ်လာသမျှက အခြားတစ်ခု၌လည်း ဖြစ်လာမည်ဖြစ်သည်။
အာကာလီမှာ ၎င်းကို ဆက်တိုက် သုတေသနပြုနေခဲ့ပြီး မှော်အစီအရင်ထက်၌ အထူးချမှတ်ထားသည့်နေရာတစ်ခု ရှိနေသရွေ့ ထိုအထူးလက္ခဏာမှာ မှော်အစီအရင်တစ်ခု၌သာ မသက်ရောက်ကြောင်း တွေ့ရှိခဲ့သည်။
အီဗီတာ၏အစီရင်ခံစာအရ ယခု အာကာလီမှာ မှော်အစီအရင်အခုနှစ်ဆယ်ကို ဖန်တီးနိုင်ခဲ့ပြီး အထိန်းချုပ်ခံ အစီရင်တစ်ခုမှ တစ်ဆင့် အခြားမှော်အစီအရင် ဆယ့်ကိုးခုကို အသက်သွင်းနိုင်ပြီဖြစ်သည်။
၎င်းက ရှုယီ မဖြေရှင်းနိုင်ခဲ့သည့် အကွာအဝေးကြီးတစ်ခုမှ လမ်းမီးများအား ထိန်းချုပ်ခြင်းပြဿနာကို ဖြေရှင်းစေနိုင်ခဲ့သည်။ ၎င်းက တူညီသည့်မှော်အစီအရင်ကို လမ်းမီးအိမ်အားလုံးအတွက် အသုံးပြုနိုင်ပြီး အထိန်းချုပ်ခံမှော်အစီအရင်တစ်ခုတည်းမှနေ၍ လမ်းမီးအိမ်များရှိ မှော်အစီအရင်များအားလုံးကို သက်ရောက်ကာ အဖွင့်အပိတ်လုပ်စေနိုင်မည်ဖြစ်သည်။
အီဗီတာ ထုတ်ပြလာသည့် အစီရင်ခံစာများအရ ယခင်တစ်ခေါက် စမ်းသပ်မှုပြီးသည့်နောက် သုတေသနပညာရှင်များမှာ ထိုနည်းပညာ အသုံးပြုခြင်းပြဿနာအားလုံးကို ဖြေရှင်းခဲ့ကြောင်း ရှုယီ တွေ့လိုက်ရသည်။
စမ်းသပ်ချက်များ၏ တိကျသောအသေးစိတ်အချက်များကိုမြင်သော် ရှုယီလည်း အပြင်ထက်၍ မှော်သုတေသနဌာန ပတ်လည်၌ ဖြန့်ကျဲထားသော မှော်မီးအိမ်များကိုကြည့်လိုက်သည်။ ထို့နောက် အာကာလီထံ လှည့်၍ ပြောလေ၏၊ "လာပြီး ကျုပ်အတွက် စမ်းသပ်ပြပါဦး။"
"အမိန့်ရှိတိုင်းပါရှင့်!" အာကာလီက အထူးတလည် ဦးညွှတ်၍ ခြံဝန်းထဲရှိ သစ်ပင်တစ်ပင်ဆီ ပြေးသွားသည်။ ထို့နောက် ထိုနေရာ၌ ခင်းကျင်းထားသည့် ချပ်ပြားလေးတစ်ခုကို ညွှန်ပြကာ ရှုယီကို ပြောလာသည်၊ "ကြည့်လိုက်ပါ ဥက္ကဌ၊ ဒီအနီရောင်ခလုတ်က ပိတ်ဖို့အတွက်ဖြစ်ပြီး အစိမ်းက ဖွင့်ဖို့ပဲ။ ဒီအရာကို လှည့်ကြည့်ရင်တော့... ခဏအတွင်း ဘယ်လိုဖြစ်မလဲ သိရမှာပါ။"
ရှုယီက မနေနိုင်ဘဲ မျက်လုံးများနှိပ်လိုက်သည်။ ဒီအာကာလီကတော့ ဒီအတွက်တောင် နှေးကွေးဖို့လိုနေသေးတယ်။
"ကောင်းပြီ၊ အရင်ဆုံးဖွင့်ပြပါဦး။"
"ကောင်းပါပြီ။" အာကာလီလည်း ပြန်ဖြေကာ အစိမ်းရောင်ခလုပ်ကိုနှိပ်လိုက်သည်။ ခြံဝန်းထဲရှိ မီးအိမ်များက တမုဟုတ်ချင်း လင်းထိန်သွားလေ၏။
ထိုမှော်မီးအိမ်များကို အာကာလီနှင့် ကျန်သူတို့က ဂရုတစိုက် ရွေးချယ်ထားခြင်းပင်။ မှော်မီးအိမ်တစ်ခုစီ၏ သဏ္ဍာန်က ကွဲပြားရုံသာမက အလင်းရောင်မျိုးစုံ ထုတ်လွှင့်နေကာ ၎င်းတို့အား ထူးကဲသည့်နေရာများ၌ ထား,ထား၏။ ယခုတွင် ၎င်းတို့လည်း လင်းလာသည်ဖြစ်ရာ ခြံဝန်း၌ အရောင်ပေါင်းစုံတို့ဖြင့် ပြည့်နှက်သွားစေကာ အင်မတန် လှပနေစေသည်။
"ကောင်းပြီ၊ အခု ဒါရဲ့ သက်ရောက်မှုကို ကျုပ် မြင်ရအောင် လုပ်ပေးဖို့ လှည့်လာနိုင်ပါပြီ။ ကျုပ် ခန့်မှန်းတာသာ မမှားရင် ဒါက မှော်မီးအိမ်တွေ ဘယ်လောက်လင်းသလဲဆိုတာကို ထိန်းချုပ်လို့ရလောက်မယ် မဟုတ်လား?" ရှုယီက အပြုံးဖြင့်ဆိုသည်။
အာကာလီက ရှုယီကိုကြည့်လျက်၊ "ဥက္ကဌ၊ ရှင့်ကို နည်းနည်းလောက် ခန့်မှန်းခိုင်းပါရစေဦး၊ ဘာလို့ ဒီတိုင်း တည့်တိုးပြောလိုက်ရတာလဲ?"
ထိုသည်က အပြောသာဖြစ်ပြီး အာကာလီကမူ ဒိုင်ခွက်ကိုလှည့်နေဆဲဖြစ်ပြီး လှည့်နေစဉ်တွင် ခြံဝန်းထဲရှိ မှော်မီးအိမ်များမှာ ပိုမို အားနည်းလာသည်။ (T/N - ဒိုင်ခွက်လှည့်တာက မီးအလင်းရောင်ကို အတိုးအလျှော့ လုပ်နေတာပါ။)
ထိုမှော်မီးအိမ်များအား နေရာချစဉ်၌ အာကာလီတို့အဖွဲ့မှာ မှော်စွမ်းအင်အဆင့်သတ်မှတ်ခြင်းနည်းပညာကို သုံးကာ အလင်းရောင်မည်မျှတောက်ပနိုင်မည်ကို ထိန်းချုပ်ခဲ့သည်မှာ သေချာလောက်သည်။
အာကာလီ ၎င်းကို လှည့်နေရင်း မှော်မီးအိမ်များက မည်သို့ ပိုမိုတောက်ပလာသည် သို့မဟုတ် မည်သို့ပိုမို မှေးမှိန်လာသည်ကို မြင်လိုက်ရသည့်နောက် ရှုယီမှာ ပိတ်ရန် အာကာလီအား အနီရောင်ခလုန်ကို နှိပ်ခိုင်းလိုက်တော့သည်။
"အမ်း ဒါက အတော် အံ့ဩစရာပဲ။ ခင်ဗျားအနေနဲ့ ဒီလို ထူးကဲတဲ့ ရလာဒ်မျိုးရလာမယ်လို့တောင် မစဉ်းစားခဲ့ဖူးဘူး။"ရှုယီက ခေါင်းငြိမ့်ရင်း ချီးကျူးလိုမှုကို လုံးဝ မဖုံးကွယ်ထားချေ။
ရှုယီက သဘောတူသည်ကိုမြင်သော် အာကာလီ၏ အပြုံးက ပန်းလေးတစ်ပွင့်နှယ် ပွင့်လန်းလာသည်။ သူမက ဘဲလ်လာ, ဆယ်စီလီယာနှင့် ကူညီခဲ့သည့် အခြားလူများဘက်လှည့်၍ မျက်စိတစ်ဘက် မှိတ်ပြလိုက်၏။ ထို့နောက် သူမ၏လက်များကို ပွတ်ကာ ရယ်လျက် ရှုယီကို မေးသည်၊ "ဒါဆို.... ဥက္ကဌ၊ ဒီရလာဒ်က..... ကျွန်မတို့ အပိုဆုကြေးတွေ ပေးဖို့လုံလောက်တယ်လို့ ထင်လား?"
"ဒါပေါ့" ရှုယီလည်း အသာပြုံးရင်း ခေါင်းငြိမ့်သည်၊ "ဒီလို ကြီးမားတဲ့ ဆန်းသစ်တီထွင်မှု ကသာ အပိုဆုကြေးနဲ့ မထိုက်တန်ရင် ရှေ့လျှောက် ဆန်းသစ်တီထွင်မှုတွေကို ဘာအပိုဆုကြေးရဖို့မှ ထိုက်တန်တယ်လို့တောင် ထင်မှာမဟုတ်လောက်တော့ဘူး။"
အာကာလီနှင့် သုတေသနပညာရှင်တို့မှာ ရှုယီက အပိုဆုကြေး ပေးမည်ကိုသဘောတူသဖြင့် ဩဘာပေးလိုက်ကြပါသော်လည်း နောက်၌ ရှုယီ အပြောကိုကြားသော် အားလုံး အံ့ဩသွားတော့သည်။
ခဏကြာသည့်နောက် အာကာလီက ခေါင်းကုတ်ကာ ရှုယီကို ဂရုတစိုက်မေးလေ၏၊ "ဥက္ကဌ ဒီအတွက် ရှင့်ရဲ့ အကဲဖြတ်မှုက ဒီလောက်.... ဒီလောက်ထိ မြင့်တယ်လား?"
"ဟုတ်တယ်။" ရှုယီက လေးနက်ဟန်ဖြင့် ခေါင်းငြှိမ့်ကာ၊ "အာကာလီ, ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့သုတေသနက ဘယ်လောက် အရေးပါကြောင်း မသိသေးတာဖြစ်နိုင်တယ်၊ ဒါပေမယ့် ဒါက အင်မတန် အံ့ဖွယ်ကောင်းတဲ့တီထွင်မှုဖြစ်လို့ ခမ်းနားတယ်လို့တောင် ဖော်ပြလို့ရနိုင်တာကို ကျုပ်တော့သိတယ်ဗျ။"
ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူမလည်း မနေနိုင်တော့ဘဲ ရှုယီ၏ နှဖူးကိုစမ်းရန် လက်ထုတ်လိုက်သည်။
၎င်းက သေးငယ်သည့် ရှာတွေ့မှုလေးဖြစ်ရာ သုတေသနပညာရှင်များအနေနှင့် ၎င်းကို တစ်ခုခုအဖြစ် မသတ်မှတ်ထားသော်လည်း အဘယ့်ကြောင့် ဥက္ကဌက ထိုမျှ အကဲဖြတ်မှုကို မြှင့်ထားပေးရသနည်း?
ဥက္ကဌမှာများ..... အဖျားရှိနေတာလား?
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၅၆။ ဘာအတွက် အဲ့လောက်ထိ စဉ်းစားနေရတာလဲ
မတ်လ ရောက်လာသည်နှင့် ဆောင်းရာသီ၏အေးစက်မှုမှာ ဘန်တာမြို့မှ တဖြည်းဖြည်းထွက်ခွာသွားလေသည်။ ဘန်တာမြို့အပြင်ဘက်ရှိ တောထဲတွင် အစိမ်းရောင်မြင်ကွင်းများ ပေါ်ထွက်လာကြသည်။ လူတို့၏မျက်နှာများထံ ဖြတ်သန်း တိုက်ခတ်ကြသော လေမှာလည်း အရိုးစိမ့်လောက်သည်အထိ မအေးတော့လေရာ နေရောင်အောက်၌ ထိုင်နေချိန်တွင် အတော်လေး နွေးထွေးသလိုပင် ခံစားနေကြရသည်။
ရှုယီမှာ လက်ဝဲဘက် မနီးမဝေးမှ ခိုရိုမြို့ကိုကြည့်ရင်း ညွှန်ပြလာသည်။ လေထဲ၌ စက်ဝိုင်းတစ်ခုဆွဲပြီးနောက်တွင် အဝေးရှိ စီးဆင်းနေသော ဆန်ဒီ မြစ်ကို ညွှန်ပြ၏။
"ကန်တိုနာ, ဒီနေရာမှာ အသီးပင်တွေကို စီမံဖို့မလိုပါဘူး။ ဒါပေမယ့် အရင်က လုပ်ခဲ့တော့ အခုလည်း ထပ်တူလုပ်ရမှာပဲ။ ပြီးတော့ အသီးပင်တွေမရှိတဲ့ နေရာတွေအားလုံးကိုလည်း အသီးပင်တွေနဲ့ ဖြည့်ထားလိုက်ပါ။ ဒါက ဘန်တာမြို့ရဲ့ အနာဂတ် အသီးထုတ်လုပ်ရေး အခြေစိုက်ဌာနဖြစ်လာမှာဆိုတော့ ဒီနေမှာ ဘာမှမပေါ်လာရင် အကောင်းဆုံးပေါ့။ ပြီးတော့လည်း ဖြစ်နိုင်ရင် တတ်နိုင်သမျှ အမျိုးစားတူတဲ့ အသီးတွေကို အတူထားလိုက်၊ ဒီလိုဆို စိုက်ပျိုးဖို့ရော ရိတ်သိမ်းဖို့ရော လွယ်ကူသွားရုံတင်မကဘူး အတွဲလေးတွေဖန်တီးဖို့လည်း လွယ်သွားပြီ။"
ရှုယီ ထိုသို့ပြောနေစဉ်တွင် ကန်တိုနာက ခေါင်းငြှိမ့်ကာ မှတ်စုစာအုပ်အသေးလေးထုတ်၍ ရေးမှတ်ထားလိုက်သည်။
စာရွက်ထက်၌ ရေးချထားသည့် ကန်တိုနာ၏ စကားလုံးရှုပ်ရှုပ်များကိုမြင်သော် ရှုယီမှာ မနေနိုင်ဘဲ အပြုံးဖြင့် ခေါင်းခါမိသည်။
ထို ကန်တိုနာမှာ ယခင်က သာမန်လယ်သမားတစ်ဦးသာဖြစ်ရာ ပညာရေးကောင်းကောင်းလည်း မသင်ခဲ့ဖူးချေ။ သူ၏ အရေးအဖတ်ကျွမ်းကျင်မှုများကိုပင် ယမန်နှစ် ကန်တိုနာကုန်သည်ကြီးများအသင်းအား တည်ထောင်မှသာ လေ့ကျင့်ခဲ့သောကြောင့် လက်ရေးက အတော်ကို အရုပ်ဆိုးသည်။
သို့သော် ရှုယီမှာ သူ၏သဘောထားကိုတော့ အင်မတန် တန်ဖိုးထားပါ၏။
ကန်တိုနာ၌ စီးပွားရေးအတွက် အမြင်ကောင်းကောင်းရှိပြီး လိုက်လျောညီထွေသည့် စိတ်မျိုးရှိရာ အသက်သုံးဆယ်တွင် အသစ်အဆန်းများကို သင်ယူနိုင်သေးသဖြင့် သူ့အား အင်မတန် ရှားပါးသည်ဟု ယူဆနိုင်၏။
ယခင်ကမူ အခွင့်အရေးမရှိခဲ့သောကြောင့်သာ ထင်းမထွက်နေခဲ့ခြင်းပင်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းက လယ်သမားထောက်ပံ့ရေး အစီစဉ်အတွက် မှော်ကောက်ရိတ်စက် အသေးစားအား သူ့ထံ ထောက်ပံ့ပေးလိုက်ပြီးနောက်တွင် သူက တစ်နှစ်တာလေးအတွင်း ကန်တိုနာကုန်သည်ကြီးများအသင်းကိုတည်ထောင်၍ ဘန်တာမြို့နှင့် အနီးဝန်းကျင် မြို့များအတွက် သီးနှံများ ရိတ်သိမ်းခြင်းလုပ်ငန်းကို ရယူခဲ့သည်။
ယခင်နှစ် ဆောင်းဦးကောက်ရိတ်ပွဲအတွင်း ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များရှိ သီးနှံများကို ရိတ်သိမ်းရုံနှင့်တင် ကန်တိုနာကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါး ငါးထောင်ကျော်ရခဲ့သည်။
ထိုငွေနှင့် သူဟာ သူ့ကိုယ်တိုင်အတွက် လယ်ယာမြေကြီးတစ်ခုကို ငှားရမ်းမည့်အကြံရှိခဲ့၏။
ရှုယီက သူ ထိုအကြံပေးလာသည်တွင် ထိုလူမှာ ကမ္ဘာမြေမှ ကူးပြောင်းလာခဲ့သည်ဟုပင် ခံစားမိလုနီးနီးဖြစ်သွားသေးသည်။
ကန်တိုနာအား တန်ဖိုးထားမှုကြောင့် ရှုယီမှာ ကန်တိုနာ၏ အကြံကို ထောက်ပံ့၍ ၎င်းတို့နှစ်ဦးအကြား ပူးပေါင်းနိုင်ခြေကို ဆွေးနွေးခဲ့သည်။ သူဟာ ၎င်း အခွင့်အရေးကို ယူလျက်ပင် ကောင့်ထ်စီယန်ထံ စိုက်ပျိုးရေးဆိုင်ရာ စက်မှု ထွန်းကားရေး အကြံကို အဆိုတင်သွင်းခဲ့သည်။
ရှုယီနှင့် ကန်တိုနာတို့၏ အစီစဉ်များအရ ကန်တိုနာမှ ခိုရိုရွာ၊ ခမ်ဘီယာရွာနှင့် မော့စီလန်ရွာတို့ကို မြို့စား အိမ်တော်မှ ငှားရမ်းချိန်တွင် ကန်တိုနာကုန်သည်ကြီးများအသင်းမှာ ၎င်း ခမ်ဘီယာရွာနှင့် မော့စီလန်ရွာတို့၌ ဆန်နှင့် ဂျုံတို့ ကဲ့သို့ သီးနှံများစိုက်ပျိုးရန် တာဝန်ရှိလာမည်ပင်။
ခိုရိုရွာဝန်းကျင်ရှိ နယ်မြေ၌မူ အသီးပင် မျိုးစုံကို စိုက်ပျိုးမည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း ပြုလုပ်မည့်အရာမှာ ခိုရိုရွာအနီး၌ ပထမဆုံးသော စည်သွပ်သီးစက်ရုံအတွက် တည်နေရာရှာခြင်းပင်။
ထိုနည်းဖြင့် ၎င်းတို့မှာ လည်ပတ်ခြင်းနှင့် ပေါင်းစပ်နိုင်ကာ နှစ်ဘက်စလုံးအတွက် ကုန်ကျစရိတ် သက်သာစေမည်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းအတွက်ဖြစ်စေ ကန်တိုနာကုန်သည်ကြီးများအသင်းအတွက် ဖြစ်စေ အင်မတန် အကျိုးရှိသော သဘောတူညီမှုပင်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်တိုနာ ကုန်သည်ကြီးများအသင်းတို့အပြင် ရွာသုံးရွာရှိ ရွာသားတို့သည်လည်း ၎င်း ပူးပေါင်းမှုထံမှ အကျိုးအမြတ်ရလိမ့်မည်။
ရှုယီနှင့် ကန်တိုနာတို့၏အစီစဉ်အရ ရွာသုံးရွာ၏ ရွာသားတို့အတွက် ဘန်တာမြို့ရှိ အခြားမည်သည့်လုပ်ငန်းစုထံတွင် အလုပ်လုပ်မနေသရွေ့ ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းမှာ ကန်တိုနာကုန်သည်ကြီးများအသင်းအတွက် လယ်စိုက်နိုင်ပြီး ကျန်တစ်ပိုင်းမှာ Frestech ကုန်သည်ကြီးများအသင်းအတွက် စည်သွပ်သီးစက်ရုံ၌ အလုပ်သမားများအဖြစ် နေနိုင်သည်။
ထိုရွာသုံးရွာ၌ ရွာသားပေါင်း နှစ်ထောင်နီးနီးရှိလေရာ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် မြို့ရှိ လုပ်ငန်းစုများအတွက် အလုပ်လုပ်နေကြသူများမှလွဲလျှင် သာမန် အလုပ်သမား ခြောက်ရာလောက်ရှိ၏။
အသန်မာဆုံးလူရွယ် အယောက်သုံးရာကိုမူ ကန်တိုနာကုန်သည်ကြီးများအသင်းက ခေါ်ဆောင်သွားသည်။ စိုက်ပျိုးရေးသုံးမှော်စက်များ၏ အကူအညီနှင့်ပင် လယ်စိုက်ခြင်းမှာ အင်အား အတော်လိုနေသေးသည့် အရာဖြစ်သည်။
ကန်တိုနာကုန်သည်ကြီးများအသင်းမှာ လယ်မြေကို ထိုရွာသုံးရွာအတွက် တစ်ပြိုင်နက်တည်းယူဆောင်ခဲ့သည်ဖြစ်လေရာ ကောင့်ထ်စီယန် သတ်မှတ်ထားသည့် နှစ်စဉ်ပမာဏကို ရလိုပါလျှင် အလုပ်ကြိုးစားရမည်ဖြစ်သဖြင့် အားနည်းသည့်လူများက ထိုမျှများပြားသည့်အလုပ်ကို လုပ်နိုင်မည်မဟုတ်ပေ။
ကျန်သည့် အလုပ်သမားသုံးရာကိုမူ စည်သွပ်သီးစက်ရုံသို့ ထည့်လိုက်၏။
စည်သွပ်သီးစက်ရုံရှိ အလုပ်မှာ အတော်လေး သက်သာသည်။ ၎င်းတို့အနေနှင့် အစာချက်ကာ ဖြည့်၍ ထုပ်ပိုးရုံဖြစ်သဖြင့် ကိုယ်ကာယပိုင်း အားနည်းသူများပင် လုပ်နိုင်သည်။
တကယ်တမ်းတွင် ယခု ဘန်တာမြို့တစ်ဝှမ်း၌ အလုပ်များစွာရှိသည်ဖြစ်ရာ ထိုအလုပ်သမားခြောက်ရာသာ မြို့၌ အလုပ်သွားလုပ်လိုလျှင် သင့်တော်သည့် အလုပ်များရှာနိုင်သည်။
သို့သော် ဘန်တာမြို့၏ ရွာသားများမှာ စိုင်စ်နယ်မြေကြီး၏ ဓလေ့ထုံးတမ်းများဖြင့် လွှမ်းမိုးခံထားရပြီး ၎င်းတို့ရွာမှ ထွက်သွားဖို့ဆန္ဒမရှိသဖြင့် ရွာ၌ နေဖို့ ပိုလိုလားကြသည်ပင်။
ယခု Frestech ကုန်သည်ကြီးများအသင်း နှင့် ကန်တိုနာကုန်သည်ကြီးများအသင်းတို့က ၎င်းတို့အနီး၌ လယ်မြေကြီးတစ်ခုနှင့် စည်သွပ်သီးစက်ရုံတစ်ရုံကို ဖွဲ့စည်းတည်ထောင်လိုက်သဖြင့် လူများစွာက ဝင်လိုကြ၏။
ထို့အပြင် ကန်တိုနာကုန်သည်ကြီးများအသင်းမှာ ယခင်က တစ်နှစ်လုံး လယ်စိုက်ခြင်းမှ ရရှိသည့် ဝင်ငွေနှင့် တူညီစွာ တစ်လလျှင် လစာအဖြစ် ရွှေဒင်္ဂါး ခုနစ်ပြားပေးမည်ဖြစ်ကြောင်း ၎င်းတို့အလုပ်သမားများကို ကတိပေးထားသည်။
စည်သွပ်သီးစက်ရုံ၏ အလုပ်သမားများအတွက် လစာက ပိုနည်းပါသော်လည်း Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားပြုသည့် ရှုယီက အလုပ်သမားများ၏ အနိမ့်ဆုံးလစာမှာ ရွှေဒင်္ဂါးငါးပြားထက် မလျော့စေရဟု ပြောထား၏။
ဂိတ်များကို စောင့်ကြည့်ရန် စုဆောင်းခံထားရသည့် အလုပ်သမားများသည်ပင် တစ်လကို ရွှေဒင်္ဂါးငါးပြားရမည်ဖြစ်သည်။
ကန်တိုနာမှာ ခမ်ဘီယာရွာမှ ဖြစ်သော်လည်း လူများက သူ၏ကတိကို သံသယဖြစ်နေကြလေရာ ရွာသုံးရွာရှိ အလုပ်က ထိုမျှ ချောချောမွေ့မွေ့မဖြစ်ခဲ့ချေ။
သိူ့သော် Frestech ကုန်သည်ကြီးများအသင်းဝင်ရောက်လာသည်နှင့် ရွာသားများ၏ သဘောထားက အလျင်အမြန်ပြောင်းလဲသွားသည်။
Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ခဲ့သည်မှာ ၂နှစ်မျှသာ ကြာသေးသော်ငြား ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့ရှိ လူများမှာ ၎င်းတို့အား လုပ်ငန်းစုဟောင်းများထက်ပင် ပို၍ သိကြလေ၏။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ရပ်များနှင့်ပတ်သက်၍ သတင်းများစွာရှိလေသည်။ သတင်းစာမဖတ်သူသည်ပင် ဖတ်သူများထံမှ ကြားနိုင်သည်။ ၎င်းနောက်တွင် ဘန်တာမြို့ရှိ မှော်စက်များ၏ ကြော်ငြာမျိုးစုံလည်း ရှိသဖြင့် လူများအတွက် Frestech ကုန်သည်ကြီးများအသင်းအကြောင်းမသိရန်မှာ ခက်ခဲလှသည်။
ကန်တိုနာကုန်သည်ကြီးများအသင်းနှင့်ယှဉ်ပါက ယုံကြည်မှု၌ဖြစ်စေ ကျော်ကြားမှု၌ဖြစ်စေ Frestech ကုန်သည်ကြီးများအသင်းမှာ များစွာပိုမိုစိတ်ချရလေ၏။
ရှုယီမှာ မြို့စားအိမ်တော်မှ လူများနှင့်အတူလာသည်ကို မဆိုထားနှင့် မြို့စားအရှင်ထံမှလည်း ခွင့်ပြုချက်ရထားသည်ပင်။
ထိုရွာသားများ၏အမြင်တွင် မြို့စားအရှင်က နတ်ဘုရားတစ်ပါးနှင့်တူလေ၏။ မြို့စားအရှင်က တစ်စုံတစ်ခုကို ခွင့်ပြုလိုက်သရွေ့ ရွာသားများအနေနှင့် လုံးဝဆန့်ကျင်မည်မဟုတ်ချေ။
ထို့ကြောင့် ရှုယီက Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြု၍ ရွာသုံးရွာရှိ ရွာသားများကို ပြောလိုက်ပြီး ၎င်းတို့ထံမှ ခွင့်ပြုချက်လည်း ချက်ချင်းရလိုက်သဖြင့် ထိုစီမံကိန်းက အင်မတန် ချောချောမွေ့မွေ့ပဲ ဖြစ်သွားသည်။
၎င်းကြောင့် ကန်တိုနာမှာ ရှုယီကို ပိုလို့ပင် ဝတ်ပြုလိုစိတ်များတိုးလာသည်။ ထိုစီမံကိန်းနှင့် ဆက်စပ်နေသရွေ့ သူဟာ ရှုယီကို ချက်ချင်းလိုက်နာမည်ပင်။
ကန်တိုနာက သူ့စကားလုံးများ၏ အဓိကအချက်များကို ရေးချနေသည်ကိုမြင်သော် ရှုယီလည်း ခေါင်းငြိမ့်လျက် မနီးမဝေးရှိ ခိုရိုရွာသို့ သူနှင့်အတူ ဦးတည်လိုက်သည်။
ရွာထဲသို့ မဝင်ရသေးခင်တွင်ပင် အရသာရှိလောက်မည့်ရနံ့နှင့် ကြုံလိုက်ရ၏။
ရှုယီက အသက်ပြင်းပြင်းရှူ၍ ရနံ့ကို ခံစားရင်း သတိရသွားဟန် တစ်ချက်ပြလာသည်။
"ဒီအနံ့ကို မရတာ အချိန်အတော်ကြာနေပြီပဲ။ နောက်ဆုံးတစ်ခေါက် သကြားခဲမှာကျိုတဲ့ စည်သွပ်သီးကို စားခဲ့တာ အနည်းဆုံး အနှစ်၂၀ကျော်လောက်ရှိတော့မယ်......"
"လွန်ခဲ့တဲ့ အနှစ်၂၀?" နံဘေးရှိ ကန်တိုနာက ရှုပ်ထွေးစွာမေးမြန်းလေသည်၊ "ဥက္ကဌရှု၊ ခင်ဗျား လွန်ခဲ့တဲ့ အနှစ်၂၀တုန်းက အသက်ဆယ်နှစ်တောင် မရှိသေးဘူးလေ။ အဲ့တုန်းက စည်သွပ်သီးလုပ်ခဲ့တဲ့လူတွေရှိလို့လား? အရင်က ကျွန်တော်ဘာလို့ မကြားခဲ့ရတာပါလိမ့်? ဒီလိုကောင်းတဲ့အရာမျိုးက အချိန်အတော်ကြာတည်းက ပျံ့နှံ့နေသင့်တာ။"
ရှုယီက တမုဟုတ်ချင်းပင် နိုးကြားသွားပြီး ထိုရနံ့ကိုရပြီးချိန်၌ မတော်တဆ စကားကျွံသွားသည်ဟု ခံစားမိလိုက်သည်။
"ဇာတိမြို့မှာ စားခဲ့တာပါ။ ဒါကို လုပ်ခဲ့တာ အဘိုးတစ်ယောက်ပဲရှိတာလေ၊ အရသာရှိတယ်ထင်လို့ သူ့ဆီကနေ လုပ်နည်းကို သင်ခဲ့တာ။" ရှုယီက ပေါက်ကရပြောကာ ရှင်းပြလိုက်သည်။
"အိုး....." ကန်တိုနာက သူ့အား သံသယမဝင်ဘဲ နောင်တရနေသံဖြင့် ဆိုလာသည်၊ "ဒါနည်းလမ်းသာ အရင်အချိန်တွေတည်းက ပြန့်ခဲ့ရင်ကောင်းမှာပဲ။ ကျုပ်တို့ရွာတွေရဲ့ သစ်သီးတွေက ပုပ်ရင်းနဲ့ပဲ အလဟဿဖြစ်သွားခဲ့တော့လေ။"
ရှုယီက အသာပြုံးပြလိုက်သည်၊ "အေးဆေးပေါ့၊ အခုကစပြီး သိပ်မကြာခင်မှာ စည်သွပ်သီးမဟုတ်ရင်တောင် ဘန်တာမြို့ရဲ့ သစ်သီးတွေကို စိုင်စ်နယ်မြေကြီးရဲ့ အခြားနေရာတွေဆီ တင်ပို့နိုင်ပြီး ဘန်တာမြို့ရဲ့ လတ်ဆတ်တဲ့ အသီးအရသာကို မြည်းခိုင်းခွင့်ရမှာပါ။"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ကန်တိုနာက သူ့ကို မယုံကြည်သည်မှာ သေချာသည်၊ "တခြားနိုင်ငံတွေမပြောနဲ့ အန်ဗီမာမြို့တော်ဆီကို ပို့ဖို့တောင် ခုနစ်ရက်ကြာတယ်လေ။ ပို့ပြီးတဲ့အချိန်ကျရင် ပျက်စီးတောင် ပျက်စီးနေလောက်ပါပြီ။"
"မင်း မယုံဘူးလား?" ရှုယီက ဆန်းကြယ်စွာပြုံးကာ၊ "ဒါဆို စောင့်ကြည့်လိုက်ပေါ့။"
ရှုယီ၏ ယုံကြည်ချက်ရှိရှိ ခြေလှမ်းများကို မြင်သော် ကန်တိုနာမှာ ခေါင်းမခါဘဲ မနေနိုင်တော့ချေ။
ကန်တိုနာဟာ ဤတလော၌ ရှုယီနှင့် အချိန်ကြာ အတူရှိခဲ့သော်လည်း ရှုယီနှင့် အတူရှိလေ သူ၏အတွေးများကို နားမလည်နိုင်သလို လုံးဝအမှီမလိုက်နိုင်ဟု ခံစားရသည်။
ရှုယီအပေါ်၏ ပထမဆုံးအမြင်မှာ သတ္တိရှိသည့် ငယ်ရွယ်ကာအင်အားပြည့်ဝသော ဥက္ကဌဖြစ်လျှင် လက်ရှိ ကန်တိုနာ၏အမြင်၌ ရှုယီမှာ ပို၍ ပို၍ ဆန်းကြယ်လာသည်ပင်။
တစ်ယောက်ယောက်ကသာ ကန်တိုနာအား အခြားနိုင်ငံများသို့ အသီးများကို ပုပ်သွားခြင်းမရှိဘဲ ပို့ဆောင်နိုင်ကြောင်းပြောလာပါက ကန်တိုနာမှာ သေချာမစဉ်းစားဘဲ ပေါက်ကရပြောခြင်းအတွက် ဆူငေါက်လိုက်မည်ပင်။
သို့သော် ရှုယီပြောလာချိန်တွင် မူလက ကန်တိုနာအနေနှင့် မယုံခဲ့သော်လည်း စဉ်းစားကြည့်လိုက်ရာ ဤနှစ်များ တလျှောက် Frestech ကုန်သည်ကြီးများအသင်း ဖန်တီးလာခဲ့သည့် အံ့ဖွယ်ဖြစ်ရပ်များအားလုံးနှင့် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များထံ ပြောင်းလဲမှုကြီးတစ်ရပ် ယူဆောင်လာသည်ကို သတိရသွားသဖြင့် တဖြည်းဖြည်း မယုံကြည်နိုင်ဘဲ မနေတော့ချေ။
ဥက္ကဌရှုက ဖြစ်လာနိုင်သည်ဟုဆိုလျှင် ယခု မဖြစ်နိုင်သေးလျှင်တောင်မှ အနာဂတ်၌ ဖြစ်လာနိုင်သည်သာ!
ထိုသည်ကို တွေးတောရင်း ကန်တိုနာမှာ ရုတ်တရတ် မိမိခေါင်းကို မိမိရိုက်လိုက်၏။
သူဟာ ဇာတ်ကောင်ငယ်လေးတစ်ဦးသာဖြစ်ရာ မည်သို့များ ဥက္ကဌရှုကဲ့သို့သော ဇာတ်ကောင်ကြီးကြီးတစ်ဦး၏ အတွေးများကို ခန့်မှန်းရန် ကြိုးစားနိုင်မည်နည်း?
ဘာအတွက် အဲ့လောက်ထိ စဉ်းစားနေရတာလဲ? ဥက္ကဌရှုနောက်ကိုလိုက်ပြီး သူ ကိုင်တွယ်နိုင်တဲ့အရာတွေကို ကိုင်တွယ်တာက ပိုကောင်းတယ်လေ။ သဘာဝကျကျနဲ့ပဲ သူ့အနေနဲ့ ငွေရဖို့ Frestech ကုန်သည်ကြီးများအသင်းဆိုတဲ့ အပင်ကြီးကြီးအပေါ် မှီခိုရလိမ့်မယ်။
ထိုသို့စဉ်းစားရင်း ကန်တိုနာမှာ ပြုံးဖြဲဖြဲလုပ်လျက် သူ့ရှေ့ရှိ ရှုယီထံသို့ လျင်မြန်စွာ အမှီလိုက်သွားတော့၏။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၅၇။ လုပ်ငန်းစုငယ်များ၏ နည်းပညာဆိုင်ရာ သုတေသန
ခိုရိုရွာကို စစ်ဆေးပြီးနောက် ရှုယီက တိုက်ရိုက်ပင် သူ၏မြင်းလှည်းကိုယူလျက် ဆန်းဒ်တွန်စက်မှုနယ်မြေရှိ အိုင်ရီလန် ကုန်သည်ကြီးများအသင်းဆီသွားလေသည်။
ယခင်နှစ် Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့အသေးစားလုပ်ငန်းစု ထောက်ပံ့ရေးအစီစဉ်ကို ကြေညာစဉ်ကနှင့်ယှဉ်လျှင် ဆန်းဒ်တွန်အိမ်ရာအနီး၌ အစိတ်အပိုင်းထုတ်လုပ်ငန်းစုငယ်များ ပိုမိုများပြားလာကြသည်။ ၎င်းတို့မှာ လုပ်ငန်းစု ခြောက်ဆယ်ကျော်မှ တစ်ရာအထိ ဖြစ်လာ၏။
ထိုသို့သော တစ်နှစ်အတွင်း၌ ကြီးထွားလာမှုမှာ မှော်စက်မှုနယ်ပယ်အား အသိအမှတ်ပြုလာကြသည်ကို သက်သေပြသည့်အပြင် ၎င်းနယ်ပယ်၌ အလားအလာရှိသည့် အဓိပ္ပာယ်လည်းဖြစ်၏။
အစပိုင်း၌ အစိတ်အပိုင်းများ ထုတ်လုပ်ချင်ခဲ့သော အိုင်ရီလန်ကုန်သည်ကြီးများအသင်းကို ဥပမာယူကြည့်နိုင်သည်။
ယခင်နှစ်က ဖရီးမန်းနှင့် အခြားရွာသားများက ရှုယီထံ ထိုအကြံကို ပြောကြားကာ အိုင်ရီလန်ကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းလိုက်ချိန်တွင် ၎င်းတို့၏ စုစုပေါင်း ဝင်ငွေမှာ ရွှေဒင်္ဂါးနှစ်ရာပင် မရှိခဲ့ချေ။
အစပိုင်း၌ အရေးအပါဆုံး မှော်ထုတ်လုပ်ရေးစက်သုံးမျိုးမှာ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့အား အကြွေးဖြင့်ပေးထားခြင်းဖြစ်သည်။
လူများစွာအတွက် ထိုသို့သောလုပ်ငန်းစုမျိုးကို လုပ်ငန်းစုဟုခေါ်ဆိုရန်ပင် မထိုက်တန်ဘဲ အလုပ်ခွင်တစ်ခုဟုသာ သတ်မှတ်နိုင်ပေ၏။
သို့သော် လုပ်ငန်းစု တစ်ခုအဖြစ်ပင် ယူဆ၍မရနိုင်သော ထိုအလုပ်ခွင်လေးနှင့် ဖရီးမန်း၏အဖွဲ့မှာ နှစ်တစ်ဝက်မပြည့်ခင်၌ပင် ရွှေဒင်္ဂါး ငါးသောင်းကျော် ဝင်ငွေရခဲ့သည်။
လက်ရှိ အိုင်ရီလန်ကုန်သည်ကြီးများအသင်းမှာ မှော်စက်များအတွက် ကြွေးမှီကို ဆပ်ခဲ့ပြီးရုံသာမက မှော်စက်များစွာကို ထပ်မံဝယ်ယူကာ အလုပ်ရုံသစ်တစ်ခုပင် ထပ်ဆောက်နေသည်။ မည်သို့ကြည့်ကြည့် ၎င်းက အတော်လေးကို ပုံမှန်လုပ်ငန်းစုဖြစ်၏။
ထို့အပြင် အိုင်ရီလန်ကုန်သည်ကြီးများအသင်းက အစိတ်အပိုင်းထုတ်လုပ်ရေးလုပ်ငန်းစုသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံးလုပ်ငန်းစုဖြစ်သောကြောင့် ၎င်းတို့ထံ၌ ရှုယီ၏ထောက်ပံ့မှုရှိကာ ဖရီးမန်းနှင့် ကျန်သူတို့၏ အလုပ်ကြိုးစားမှုက ဘန်တာမြို့ရှိ အစိတ်အပိုင်းထုတ်လုပ်ရေးလုပ်ငန်းစုများကို ဦးဆောင်နေသည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအတွက် အစိတ်အပိုင်းအားလုံး ထုတ်လုပ်ပေးရုံသာမက ဘန်တာမြို့ရှိ အခြားလုပ်ငန်းစုများစွာနှင့်လည်း နီးကပ်သည့် ဆက်ဆံရေးများရှိကြသည်။
ယခင်နှစ်က အိုင်ရီလန်ကုန်သည်ကြီးများအသင်းမှာ နှစ်တစ်ဝက်နှင့်တင် ရွှေဒင်္ဂါး ငါးထောင်ကျော် ဝင်ခဲ့သည်က အင်မတန် အံ့ဩဖွယ်ဖြစ်နေသည်။
ဤနှစ်၌ နှစ်လသာ ကုန်လွန်သေးသည်ဖြစ်ပြီး ယခင်တစ်ခေါက် ရှုယီနှင့် ဆုံချိန်တွင် ဖရီးမန်း၏ပြောကြားချက်အရ ၎င်းတို့မှာ နောက်ထပ် ငါးထောင်ရပြီးပြီဖြစ်သည်!
ထို့ကြောင့် ဖရီးမန်းမှာ ဘယ်သွားသွား အမြဲပြုံးရွှင်လျက် မျက်နှာထက်၌ ကျေနပ်ဟန်ရှိနေသည်။
"ဟားဟား၊ ဥက္ကဌရှု ကျုပ် ဘယ်လိုလုပ် မပျော်ဘဲ နေမှာတဲ့လဲ? မနေ့ကမှ အာမန်နီကုန်သည်ကြီးများအသင်းနဲ့အတူ ချည်ထိုးအပ် အခုတစ်သိန်းစာ သဘောတူညီမှုအတွက် ဆွေးနွေးခဲ့တာ။" ဖရီးမန်းက ရယ်ရင်း ရှုယီကို ပြောလေသည်၊ "ကျုပ် ခင်ဗျားကို မဖုံးကွယ်ပါဘူး၊ ဒီမှာယူမှုလေးကတင် ရွှေဒင်္ဂါးရာနဲ့ချီပြီး ဝင်ခဲ့တယ်လေ။"
"ဒါဆို ကျုပ် တကယ်ပဲ ခင်ဗျားကို ဂုဏ်ပြုရမှာပေါ့။" ရှုယီက အသာပြုံးကာ ခေါင်းငြိမ့်သည်။
"ဥက္ကဌရှု၊ ကျုပ်ကို မရယ်ပါနဲ့။ အာမန်နီ ကုန်သည်ကြီးများအသင်းက ဒီအမှာစာကို ကျုပ်တို့ဆီပေးလာတာက ကျုပ်တို့ရဲ့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းအကြောင်း ခင်ဗျားပဲ အာမန်နီကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဗင်းဆင့်ထ်ဆီ ပြောပြလိုက်တာကြောင့်မဟုတ်လား?" ဖရီးမန်းက အလေးအနက် မေးလာသည်။
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ၊ "ဘယ်သူ ခင်ဗျားကိုပြောလဲ?"
ဖရီးမန်းက ခေါင်းကုတ်ကာ၊ "ခိုဗက်ခ်ပြောပြတာပါ။ အရင်တစ်ခေါက် မြို့ထဲက ပွဲတစ်ပွဲကို သွားတော့ ခင်ဗျားက အာမန်နီကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌကို ပြောနေတာ မြင်ခဲ့တယ်တဲ့လေ။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကအဲ၊ အာမန်နီကုန်သည်ကြီးများအသင်းက ကျုပ်တို့ဆီကို ဒီအမှာစာပေးဖို့ အရင်လူတွေလွှတ်လိုက်တယ်ဆိုတော့ ကျုပ်တို့ကို အာမန်နီကုန်သည်ကြီးများအသင်းမှာ ထောက်ခံပေးလိုက်တာ ခင်ဗျားပဲဖြစ်ရမယ်လေ။ မဟုတ်ရင် သူတို့အနေနဲ့ ကျုပ်တို့ကို သေချာပေါက် ရွေးမှာမဟုတ်ဘူး။"
"ပွဲမှာ?" ရှုယီက ခေတ္တမျှစဉ်းစားကြည့်လိုက်သည်။ ဖရီးမန်းမှာ လွန်ခဲ့သည့် ငါးရင်အကြာက ဆောင်းတွင်းကုန်လွန်ခြင်းကို အောင်ပွဲခံသည့် မြို့စားအရှင်၏ အစဉ်အလာ နွေဦးပွဲကို ပြောနေခြင်းဖြစ်လောက်သည်။
ထိုပွဲ၌ သူဟာ ဥက္ကဌဗင်းဆင့်ထ်နှင့် အမှန်တကယ် စကားပြောခဲ့ပါသော်လည်း ပြောသည့်အကြောင်းအရာမှာ ဆန်နက်မြေရိုင်းဆီသို့ ကုန်စည်ပမာဏများများ ယူဆောင်သွားခြင်းအကြောင်းသာဖြစ်သည်။ အိုင်ရီလန် ကုန်သည်ကြီးများအသင်းအကြောင်းကိုမူ ဥက္ကဌဗင်းဆင့်ထ်က မည်သည့် အစိတ်အပိုင်း လုပ်ငန်းစုက အကောင်းဆုံးဖြစ်ကြောင်း မေးလာသဖြင့် ၎င်းတို့ကို ပြောပြလိုက်ရုံပင်။
ထိုသို့ပြောရပါလျှင် အိုင်ရီလန် ကုန်သည်ကြီးများအသင်းက ထိုမှာယူမှုကို လက်ခံရရှိခြင်းမှာ ရှုယီ၏ ထောက်ခံပေးမှုကြောင့်လည်း အဓိကဖြစ်သည်။
သို့သော် ရှုယီမှာ မထိုက်တန်သည့် ကျေးဇူးတင်မှုကို ယူမည်မဟုတ်ချေ။
အခုတစ်သောင်းအောက် မှာယူမှုမှာ အိုင်ရီလန်ကုန်သည်ကြီးများအသင်းအတွက် မှာယူမှုကြီးတစ်ခုဖြစ်ပါသော်လည်း သူကတော့ မျက်လုံးထဲပင် မထည့်ပေ။
ထို့ကြောင့် ရှုယီက ဖရီးမန်း၏ ပခုံးကိုသာပုတ်လျက် ရယ်ရင်းပြောလိုက်သည်၊ "စိတ်ထဲမထားပါနဲ့။ ခင်ဗျားတို့ရဲ့ အစိတ်အပိုင်းတွေက အရည်အသွေးကောင်းတာကြောင့်သာ မဟုတ်ရင် ခင်ဗျားတို့ကို ဥက္ကဌဗင်းဆင့်ထ်ဆီမှာ ထောက်ခံပေးမှာမဟုတ်လောက်ဘူးမို့လား?"
ဖရီးမန်းက သူ့အား ကျေးဇူးတင်နေဆဲဖြစ်သည်ကို မြင်သော် ရှုယီက အလျင်အမြန်ပင် ခေါင်းစဉ်ပြောင်းလိုက်သည်။ သူက ဘေးဘီကိုကြည့်လျက် မေးလေ၏၊ "ကျုပ်လိုချင်တဲ့ဟာရော?"
ဖရီးမန်း၏ကျေးဇူးတင်စကားများမှာ ရှုယီကြောင့် ရပ်တန့်သွားပြီး ခဏမျှ အံ့ဩသွားပြီးနောက် ချက်ချင်းပင်ရှုယီအား ထောင့်၌ တစ်ချိန်လုံး လည်ပတ်အလုပ်လုပ်နေခဲ့သည့် မှော်ထုတ်လုပ်ရေးစက်တစ်လုံးဆီ ခေါ်သွားလိုက်သည်။
ထိုမှော်ထုတ်လုပ်ရေးစက်မှာ စည်သွပ်သီးများလုပ်ရာ၌ အရေးပါဆုံးအစိတ်အပိုင်းဖြစ်သည့် သတ္တုအဖုံး အဝိုင်းလေးများ ရာနှင့်ချီကာ ဖန်တီးနေသည်။
ရှုယီက တစ်ခုကို ကောက်ယူလိုက်ရာ ထိုအဖုံးက အပြင်၌ ချို့ယွင်းချက်လေးတစ်ခုပင်မရှိဘဲ ချောမွေ့နေသည်ကို သိလိုက်ရ၏။ ထို့နောက် အတွင်းဘက်ကို လက်ချောင်းသုံးကာ ထိကြည့်လိုက်သော် ချောမွေ့နေသည်ကို ခံစားမိသည်။
ဖရီးမန်းထံမှ ဖန်ကရားတစ်ခုကို ယူပြီးနောက်တွင် ရှုယီမှာ ပုလင်းအဖုံးပေါ်၌ ထား၍ အသာဖိလိုက်သည်။ ဖန်ကရားကို ဖုံးလိုက်သည်နှင့် ကလစ်'ဟူသည့် အသံထွက်လာကာ အဟလေးတစ်ခုပင် ရှိမနေချေ။
ရှုယီလည်း စိတ်တိုင်းကျစွာ ခေါင်းငြှိမ့်၍ နောက်ထပ် ပုလင်းအဖုံးများစွာနှင့် စမ်းသပ်ကြည့်လေသည်။ နောက်တွင် ထိုပုလင်းအဖုံးများအားလုံးက ဖန်ကရားများနှင့် အံကိုက်ဖြစ်သည်ကို တွေ့လိုက်ရသည်။
"အရမ်းကောင်းတယ်၊ ကြည့်ရတာ ခင်ဗျားက လှည့်ကွက်အမှန်ကို တွေ့သွားတဲ့ပုံပဲ။ ဒီပုလင်းအဖုံးတွေ အားလုံးအသုံးဝင်တယ်။" ရှုယီက ချီးကျူးပြုံး,ပြုံးလျက် ဖရီးမန်းကိုကြည့်လာသည်။
ရှုယီ၏အသိအမှတ်ပြုမှုကိုရသော် ဖရီးမန်းမှာ ချက်ချင်း ပျော်ရွှင်စွာ ပြုံးလေ၏။
ရှုယီမှ ၎င်းတို့အား စည်သွပ်ဘူးအဖုံးများအတွက် အမှာစာပေးချိန်တွင် မူကြမ်းတချို့နှင့် အသေးစိတ်အချက်တချို့ကိုသာ ပေးနိုင်ပြီး မည်သည်ကိုမှ မပေးနိုင်ခဲ့ချေ။ သူသာ အစိတ်အပိုင်းများ စတင်ထုတ်လုပ်ခိုင်းခဲ့စဉ်တုန်းကလို Frestech ကုန်သည်ကြီးများအသင်း စက်မှုဝန်ထမ်း၏အထောက်အပံ့အား မပေးခဲ့လေရာ ၎င်းတို့ကိုယ်တိုင် ရှာဖွေရုံသာ တတ်နိုင်သည်။
အစပိုင်းတွင် သင့်တော်သည့် အဖုံးလုပ်ရန် အကြိမ်များစွာကျရှုံးခဲ့ပြီး သတ္တုများစွာလည်း အလဟဿဖြစ်ခဲ့ရသည်။
လိုအပ်ချက်နှင့် ညီသည့် ပုလင်းအဖုံး တစ်သုတ်ကို ထုတ်လုပ်နိုင်ခဲ့သော်လည်း ထိုအသုတ်မလုပ်ခင်၌ ပုလင်းဖုံး တစ်သောင်းကျော် ပြုန်းတီးခဲ့သည်။
သို့သော် ၎င်းက ရှုယီမှ ဖရီးမန်းနှင့် ခိုဗက်ခ်တို့ကို ပြောခဲ့သလို လုပ်ငန်းစုတစ်ခုက ပိုမိုကြီးမားလာလိုပါလျှင် ၎င်းတို့ အမှန်တကယ်နားလည်သည့် အရာတချို့ ရှိဖို့လိုသည်။ Frestech ကုန်သည်ကြီးများအသင်းက ပေးလာသည့် လမ်းညွှန်မှုနောက်သာ လိုက်နေရုံဖြင့် အိုင်ရီလန်ကုန်သည်ကြီးများအသင်းမှာ ဘယ်တော့မှ တိုးတက်လိမ့်မည်မဟုတ်ပေ။
ဖရီးမန်းနှင့် ခိုဗက်ခ်တို့က ၎င်းကို နားလည်သဖြင့် သူ့ကို လုံးဝမဆန့်ကျင်ဘဲ ၎င်းအား ထုတ်လုပ်ဖို့ရန် ၎င်းတို့ကိုယ်တိုင် စမ်းသပ်ဖို့ရာ ရွေးချယ်ခဲ့၏။
၎င်းတို့အနေနှင့် ရွှေဒင်္ဂါးတစ်ထောင်နီးနီး ဆုံးရှုံးစေသည့် အကြိမ်ပေါင်း တစ်သောင်းကျော် ကျရှုံးခဲ့သော်လည်း ဆက်လက် လုပ်ဆောင်နေခဲ့သည်။
ကြိုးစားခြင်း၏ ရလာဒ်က ရှင်းလင်းပါ၏။
ရှုယီ အခေါ် 'စက်မှုသုတေသန'ပြီးနောက်တွင် ဖရီးမန်းမှာ အိုင်ရီလန်ကုန်သည်ကြီးများအသင်း၏ အလုပ်သမားများက မှော်ထုတ်လုပ်ရေးစက်များကို လည်ပတ်ရာ၌ များစွာပိုမို ကျွမ်းကျင်သည်ကို တွေ့ရှိသွားသည်။
ဥပမာ၊ လက်ရှိ မှော်ထုတ်လုပ်ရေးစက်ကို လည်ပတ်နေသည့် လူငယ်ပင်။ သူဟာ အိုင်ရီလန်ကုန်သည်ကြီးများအသင်းထံ ဝင်ရောက်ခဲ့စဉ်က မှော်ထုတ်လုပ်ရေးစက်အကြောင်း နကန်းတစ်လုံးမှပင် မသိသော်လည်း ယခုတွင် ထိုနေရာ၌ ကျွမ်းကျင်လုပ်သားတစ်ဦးဖြစ်နေခဲ့ပြီပင်။
ရှုယီက သူ့အား မှော်စက်အလုပ်ရုံရှိ လူပုလေးများနှင့် အဆင့်တူထား၍ပင် ချီးကျုးခဲ့သေးသည်။
လူပုလေးများ၌ တိုကာ တုတ်သည့်လက်များရှိသော်လည်း ထိုနေရာ၌ အင်မတန်ထူးချွန်သည်ဟု သိရသည်။
လူပုလေးတစ်ဦးကို ယှဉ်နိုင်သည်ကပင် ချီးကျူးမှုကြီးတစ်ခုဖြစ်နေပြီဖြစ်၏။
၎င်းအပြင် အရေးအပါဆုံးအရာမှာ ထိုစမ်းသပ်မှုများ ကျရှုံးနေစဉ်အတွင်း အိုင်ရီလန်ကုန်သည်ကြီးများအသင်းမှာ ပြဿနာများစွာ ရှာတွေ့ခဲ့သဖြင့် အစိတ်အပိုင်းများထုတ်လုပ်ရေးတွင် နားလည်မှုနှင့် အသိပညာ အသစ်အဆန်းများကိုလည်း ရရှိလာခဲ့ကြသည်။
ဖရီးမန်းမှာ ဆန်းဒ်တွန်စက်မှုနယ်မြေရှိ အစိတ်အပိုင်းအလုပ်ရုံရာချီအနက် အကောင်းဆုံး နည်းပညာရှိသည့် တစ်ခုကိုရွေးပါလျှင် အိုင်ရီလန်ကုန်သည်ကြီးများအသင်း သေချာပေါက်ဖြစ်မည်ကို အင်မတန် ယုံကြည်ချက်ရှိပါ၏!
"ဥက္ကဌရှု၊ ခင်ဗျားက ကျုပ်တို့ထုတ်လုပ်ထားတဲ့ ပုလင်းအဖုံးကို စိတ်တိုင်းကျမှတော့ ဒါတွေကို တရားဝင်စတင်ပြီး ထုတ်လုပ်လိုက်ရတော့မလား? ပထမအသုတ်အတွက် ဘယ်လောက်လိုလဲ?" ရှုယီက ဗာနီယာအတိုင်းအတာဖြင့် ပုလင်းအဖုံးကို တိုင်းတာမှုများလုပ်ပြီးသွားသည်ကို မြင်သော် ဖရီးမန်းက ထိုသို့မေးလာသည်။
"အခုတော့ အလျင်မလိုသေးပါဘူး။" ရှုယီက ခေါင်းခါကာ၊ "စည်သွပ်သီးစက်ရုံက ထုတ်လုပ်ရေးမစခင် နှစ်လလောက်လိုသေးတယ်။ အချိန်ကျလာရင် ထုတ်လုပ်မယ့် စည်သွပ်သီး အမျိုးအစားနဲ့ ပမာဏကို သိရမှာပါ။ ခင်ဗျားလည်း အခု အာမန်နီကုန်သည်ကြီးများအသင်းဆီကနေ မှာယူမှုကြီးရထားတော့ ဒီတလောမှာ အကောင်းဆုံးလုပ်လိုက်ပါ။"
"အမ်း" ဖရီးမန်းက ခေါင်းငြိမ့်၍ အလျင်အမြန် သဘောတူလေ၏။
ရှုယီကို စက်ရုံတစ်ဝိုက်လိုက်ပြပြီးနောက် ရှုယီက ပြန်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ရှုယီကို အပြင်ဘက် လိုက်ပို့ပြီးနောက် ဖရီးမန်းမှာ ရုတ်တရတ် နေရခက်ဟန်ဖြင့် ပါးစပ်ကို တုံ့ဆိုင်းစွာ ဖွင့်ဟနေသော်လည်း မည်သည်ကိုမှ မပြောနိုင်ချေ။
ရှုယီက မနေနိုင်ဘဲ ရယ်လျက်၊ "ပြောစရာရှိရင် ပြောသာပြောပါ၊ ကျုပ်က ဝေ့လည်ကြောင်ပတ်လုပ်တာ မကြိုက်မှန်း ခင်ဗျားသိတာပဲ။"
ဖရီးမန်းက ခေါင်းကုတ်၍ ရှက်ရွံ့ဟန်ပြုံးကာ ပြောသည်၊ "ဒီလိုပါ ဥက္ကဌရှု။ ဒီစက်မှုနယ်ပယ်မှာ အစိတ်အပိုင်းလုပ်ငန်းစုလေးတွေ များတော့ အကျိုးအမြတ်များများစားစားရှိပေမယ့်လည်း ပြိုင်ဆိုင်မှုက အတော်ပြင်းထန်တယ်။ လုပ်ငန်းစုတွေကြားမှာ စာချုပ်အတွက်နဲ့ ပြဿနာတက်တဲ့အချိန်တွေအတော်များများရှိနေပြီး လုပ်ငန်းစု အတော်များများကလည်း သူတို့ရဲ့ ဈေးနှုန်းတွေကို လျှော့ချဖို့ ရွေးချယ်ကြလိမ့်မယ်။ ကျုပ်တို့က အစိတ်အပိုင်းတွေအတွက် ငွေက များများစားစားမရတော့ ဈေးနှုန်းကိုသာ ထပ်ပြီး လျှော့ချလိုက်ရင် ရှေ့လျှောက် ဘယ်သူမှ ငွေတောင် ရနိုင်လောက်မှ မဟုတ်တော့ဘူး။"
"ဒါတော့? ခင်ဗျား အဖြေကို စဉ်းစားမိလို့လား?" ရှုယီက ပြန်မေး၏။
ဖရီးမန်းက ရယ်ကာ၊ "ကျုပ် ဘာကိုမှ မစဉ်းစားမိလို့သာ ခင်ဗျားကို မေးနေရတာ မဟုတ်လား?"
ရှုယီက သူ့ထံ ဝမ်းနည်းစွာကြည့်လေသည်၊ "ခင်ဗျားက မတွေးမိတာကြောင့်လား မပြောချင်တာကြောင့်လား? ခိုဗက်ခ်ကရော? သူက ကျုပ်ကို မေးဖို့ စဉ်းစားမိတဲ့လူဖြစ်မှာသေချာတယ်၊ ဒီတော့ ဘာလို့ ခင်ဗျားက အစားမေးပေးတာလဲ?"
"သူက လုပ်ငန်းတချို့အတွက် ခမာမြို့ကိုရောက်နေတယ်။" ဖရီးမန်းက အရှက်မဲ့သည့် အပြုံးမျိုးရှိနေသေးကာ ပြောသည်၊ "ဥက္ကဌရှု ခင်ဗျားက ဘန်တာမြို့ မှော်စက်စီးပွားရေးသမဂ္ဂရဲ့ ဥက္ကဌဖြစ်ပြီး ကျုပ်တို့ရဲ့ အစိတ်အပိုင်းလုပ်ငန်းစုလေးတွေကလည်း ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အသေးစားလုပ်ငန်းထောက်ပံ့ရေးအစီစဉ်ကလာတော့ ကျုပ်တို့ကို ဂရုမစိုက်ဘဲ နေလိုက်လို့မရဘူးလေ?”
ဖရီးမန်း၏မျက်နှာထက်ရှိ မကျေနပ်ဟန်ကိုမြင်သော် ရှုယီက သက်ပြင်းချ၍ ခေါင်းငြိမ့်သည်၊ "ကောင်းပြီလေ၊ အစိတ်အပိုင်းနယ်ပယ်ကလည်း မှော်စက်မှုနယ်ပယ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတော့ ကျုပ် လျစ်လျူရှုလို့မရဘူး။ နောက်အစည်းအဝေးကျရင် မှော်စက်ဆိုင်ရာထုတ်ကုန်တစ်ခုစီအတွက် အောက်ခြေဈေးနှုန်းကို ကြေညာလိုက်မယ်။ အဲဒီ့ဈေးနှုန်းကိုမှ ထပ်နှိမ့်ချချင်တဲ့ ဘယ်လုပ်ငန်းစုမဆို ဒေါသအလျောက်ယှဉ်ပြိုင်တယ်လို့ သတ်မှတ်ပြီး သမဂ္ဂကနေ ကန်ထုတ်ခံရလိမ့်မယ်။"
ဖရီးမန်းမှာ ချက်ချင်း ပျော်ရွှင်မှုဖြင့် ပြည့်နက်သွားရင်း ပြောလာသည်၊ "ကောင်းလိုက်တာ! ဥက္ကဌရှု စကားတစ်ခွန်းလောက်ပြောလိုက်တာနဲ့ ဒီပြဿနာကို အလွယ်လေး ဖြေရှင်းနိုင်တာပဲ။ ဒီလုပ်ငန်းစုတွေက အနာဂတ်မှာ အချင်းချင်းပြန်သတ်ဖို့ မလိုတော့ဘူးပေါ့!"
ရှုယီက ပျော်ရွှင်နေသည့် ဖရီးမန်းကိုကြည့်၍ ခေါင်းခါကာ သက်ပြင်းချ၍ ဆိုသည်၊ "ပျော်ဖို့က အရမ်းစောနေသေးတယ်။ ဘန်တာမြို့မှာ ကျုပ်ခင်ဗျားကို ဒီပြဿနာဖြေရှင်းဖို့ ကူညီနိုင်ပေမယ့်လည်း ဘန်တာမြို့ကနေထွက်ပြီး လမ်ပူရီတိုင်းပြည်ကနေ ထွက်ခွာပြီး နယ်မြေရဲ့ တခြားနေရာတွေဘက်ကို ရောက်သွားတဲ့အခါကျရင်တော့ ကျုပ်လည်း ဒီလိုကူညီနိုင်မှာမဟုတ်ဘူး။"
ဖရီးမန်းက ရယ်လျက် သဘာဝကျကျပင် လက်များဖြန့်လိုက်သည်၊ "ဒါက မရိုးရှင်းဘူးလား? အခု ဥက္ကဌရှုရဲ့စကားလုံးတွေက ဘန်တာမြို့မှာ သက်ရောက်မှုရှိပြီး ကျုပ်တို့ လမ်ပူရီတိုင်းပြည်ကနေ စတင်ဖြန့်ကျက်တဲ့အခါကျရင် ခင်ဗျားရဲ့စကားလုံးတွေက နိုင်ငံတစ်ခုလုံးကို သက်ရောက်လိမ့်မယ်။ နယ်မြေကြီးဆီကို ထပ်သွားရင်လည်း ခင်ဗျားရဲ့စကားတွေက သေချာပေါက် နယ်မြေတစ်လျှောက်မှာ သက်ရောက်မှာပါပဲ!"
ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ချေ။
"ဖရီးမန်း, ခင်ဗျားက ကျုပ်ကို အထင်ကြီးလွန်းနေပြီ....."
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၅၈။ မြို့လမ်းဆုံအသစ်
မတ်လသို့ ရောက်နေပြီ ဖြစ်ကာ အေးစက်စက် ဆောင်းရာသီက ကုန်လိုသွားပါသော်လည်း ညချမ်းအချိန်ခါများ၌ အေးစက်နေဆဲဖြစ်သည်။
ပုံမှန်အားဖြင့် ဆိုရလျှင် ထိုသို့သော အေးစက်စက်ညများ၌ ဘန်တာမြို့ရှိ လူအများစုမှာ အိမ်၌ နေကြရန်သည် ရွေးချယ်ကြသည်။ ၎င်းတို့အနေနှင့် စောင်ခြုံထဲ၌ ကွေးလျှင်ကွေး သို့မဟုတ် မှော်လေပေးစက်၏ လေနွေးနွေးများကို ခံစားလျှင် ခံစားနေတတ်သည်။
မည်သည့် ထူးထူးခြားခြားအရာမှ ဖြစ်မလာလျှင် မည်သူကမှ အပြင်ထွက်ရန် ဆန္ဒမရှိချေ။
သို့သော် ယနေ့ညတွင် ဘန်တာမြို့ရှိ လူအများက ထုံးစံကို ဆန့်ကျင်လိုက်ကြသည်။ ညမှောင်လာကာ ညစာစားပြီးသည်နှင့် နွေးထွေးသည့် အိမ်များမှ ထွက်ခွာလျက် လေပြေအေးအေးများထဲ ဝင်တိုး၍ ဘန်တာမြို့လယ်ခေါင်ရှိ မြို့လမ်းဆုံထံ ဦးတည်လိုက်ကြသည်။
လုံးဝ မှောင်လာချိန်တွင်မူ မြို့လမ်းဆုံအသွား လမ်းများ၌ လူများဖြင့် ပြည့်နှက်ကာ ပိတ်ဆို့နေတော့သည်။
ဤမျှ မအေးသည့် အချိန်၌ပင် ညနေခင်း၌ လူများစွာက မြို့လမ်းဆုံတစ်ဝိုက် လမ်းလျှောက်တတ်ကြပါသော်လည်း ဤကဲ့သို့ လူအုပ်လိုက်ကြီးတော့ မဖြစ်ဖူးချေ။
ထိုသို့ဖြစ်လာခြင်း အကြောင်းရင်းမှာ လွန်ခဲ့သည့် တစ်ပတ်က «ဘန်တာတိုင်းမ်စ်»မှာ တစ်ပတ်ကြာပြီးနောက်တွင် ဘန်တာမြို့လမ်းဆုံက ပုံစံအသစ်ဖြစ်လာပြီး လမ်းဆုံတစ်ခုလုံးပြောင်းလဲသွားမည်ဟူ၍ ခေါင်းစဉ်ကြီးကြီးသုံးကာ ကြေညာခဲ့ခြင်းကြောင့်ပင်။
မြို့စားအရှင်ကလည်း «ဘန်တာတိုင်းမ်စ်»၌ သူ၏ အမြင်များကို ဖော်ပြထားကာ ထိုမြို့လမ်းဆုံအသစ်အား အားလုံး၏မျက်မှောက်ရှေ့၌ ဖွင့်လှစ်ကာ အံ့အားသင့်စေမည်ဟု ညွှန်းဆိုထားလေသည်။
ကောင့်ထ်စီယန်မှာ ဘန်တာမြို့၏ မြို့စားအရှင်ဖြစ်သော်လည်း ယခင်က ထိုသို့ ကြီးကြီးကျယ်ကျယ်လုပ်သည်က ရှားသည်။ ထို့ကြောင့် «ဘန်တာတိုင်းမ်စ်» သတင်းထွက်လာသည်နှင့် ၎င်းက ဘန်တာမြို့မှ လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်တော့သည်။
ထိုမြို့လမ်းဆုံအသစ်၌ မည်သို့သော ပုံစံရှိလိမ့်မည်နည်း? ၎င်းက မြို့စားအရှင်ကိုပင် 'မယုံနိုင်ဖွယ်'ဟူသည့် စကားလုံးဖြင့် ဖော်ပြစေခဲ့သည်။
ထိုသတင်းထွက်ပြီး ဒုတိယနေ့မှစ၍ «ဘန်တာတိုင်းမ်စ်»၏ ခေါင်းစီးတွင် နံပါတ်အကြီးတစ်ခု နေ့တိုင်းရှိလာသည်။
ပထမနေ့၌ ခြောက်၊ ဒုတိယနေ့၌ ငါး၊ တတိယနေ့၌ လေး စသည်ဖြင့်....
ထို့ကြောင့် «ဘန်တာတိုင်းမ်စ်»က ရေတွက်ပေးနေကြောင်း အားလုံးသိကြသည်။
နေ့က နီးကပ်လာသည်နှင့် လူတိုင်းက ထိုမြို့လမ်းဆုံအသစ်အတွက် ပို၍ ပို၍ စိတ်လှုပ်ရှားလာကြသည်။
«ဘန်တာတိုင်းမ်စ်»သတင်း မထွက်လာခင်တွင် မြို့စားအိမ်တော်က ရုတ်တရတ် မြို့လမ်းဆုံကို ချိတ်ပိတ်ကာ လူများမမြင်နိုင်အောက်လုပ်ခဲ့သည်ကို လူတိုင်း တွေ့ခဲ့သည်။
၎င်းမှ ဆောက်လုပ်ရေးရှိသည့်အသံများကို ကြားနိုင်ခဲ့ကြသော်လည်း ထိုသို့ပြုလုပ်ခြင်းက လူများ၏အာရုံကို ပိုမိုဆွဲဆောင်ခဲ့၏။
ထိုနေ့ရက်ကျရောက်လာချိန်တွင် လူတိုင်း၏သိလိုစိတ်က အထွဋ်အထိပ်ကို ရောက်လာပြီး လူအများစုမှာ ညစာပင်မစားဘဲ မြို့လမ်းဆုံသစ်အား မြန်မြန်မြင်ရဖို့ရန် မြို့လမ်းဆုံသစ်သို့ သွားကြသည်။
မြို့စားအိမ်တော်က ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်လား မသေချာသော်လည်း ရွေးချယ်ထားသည့်နေ့မှာ လစဉ် လ'မထွက်သည့် နှစ်ရက်တာအနက်မှ တစ်ရက် ဖြစ်သည်။
တိမ်'ကင်းစင်နေသဖြင့် ကောင်းကင်ယံရှိ ကြယ်ကလေးများကို မြင်နေနိုင်သော်လည်း မှောင်လာသည်နှင့် မြို့လမ်းဆုံမှာမူ အမှောင်အတိကျရောက်နေသည်။
ထိုသည်ကို ကြိုတင်ခန့်မှန်းထားခဲ့ပြီးသား ထက်မြတ်သည့် မြို့သားအများစုကမူ ၎င်းတို့အိမ်မှ မှော်မီးအိမ်များယူလာကြသည်။
ကောင်းကင်က အမှောင်ထုထဲ ကျရောက်လာချိန်တွင် မြို့လမ်းဆုံတဝိုက်၌ အလင်းရောင်ပေါင်းစုံ ရောယှက်နေလေ၏။
တစ်ယောက်ယောက်မှ အပေါ်ကနေ၍ ငုံ့ကြည့်လိုက်ပါလျှင် သိပ်သည်းလှသောလူအုပ်ထဲ၌ ကောင်းကင်ယံမှ ကြယ်များကဲ့သို့သော အလင်းရောင်များ မရေတွက်နိုင်အောင် ရှိနေသည်ကို မြင်နိုင်ပေသည်။
အားလုံးက အချင်းချင်း စကားစမြည်ပြောနေကြရင်းစိတ်ရှည်ရှည်စောင့်ဆိုင်းနေကြ၏။ «ဘန်တာတိုင်းမ်စ်»ပြောထားသည့် ညရှစ်နာရီအချိန်ရောက်လာသောအခါ မြို့လမ်းဆုံကိုဖွင့်လိုက်သည်နှင့် အသံနက်နက်တစ်သံထွက်လာသည်။ ထို့နောက် မီးပန်းများက ကောင်းကင်ယံသို့ပြေးတက် ပေါက်ကွဲသွားကာ ညချမ်းအခါကို အလင်းပေးလေ၏။
၎င်းကြောင့် လူတိုင်းမှာ ချက်ချင်း စကားပြောရပ်သွားကြရာ နေရာတစ်ခုလုံးက တိတ်ကျသွားသည်နှင့် ခပ်ဩဩ ယောက်ျားသံတစ်သံ ထွက်ပေါ်လာ၏။
"ဘန်တာမြို့ ဒေသခံတို့၊ ဘန်တာမြို့လမ်းဆုံအသစ်ကနေ ကြိုဆိုပါတယ်!"
ထိုအသံထွက်လာသည်နှင့် မြို့လမ်းဆုံကို ဝိုင်းရံထားသည့် ခန်းဆီးကြီး ကျလာပြီး အမည်မသိ အားတစ်ခုဖြင့် ဘေးသို့ အဆွဲခံလိုက်ရသည်။
ဘန်တာမြို့လမ်းဆုံအား တစ်လနီးနီး ပိတ်ထားခဲ့ပြီး နောက်ဆုံး၌ ၎င်း၏ အသွင်ကို ပြလာပြီဖြစ်သည်။
လူအုပ်ကြီးက မြို့လမ်းဆုံကို ဝိုင်းအုံလိုက်ကြပြီး လူတိုင်းက မြို့လမ်းဆုံမှာ မည်သို့မည်ပုံရှိကြောင်း အလျင်အမြန် သိလိုနေကြဟန်ရှိသည်။
သို့သော် ၎င်းတို့လက်ထဲရှိ မှော်မီးအိမ်များနှင့် အပေါ်မှကြယ်များ၏ အလင်းရောင်လေးနှင့်တင် ရှေ့ဘက် တစ်ဆယ်မီတာကို မမြင်နိုင်ပါချေ။ ဤမျှ လူအများအပြားနှင့် မြို့လမ်းဆုံတစ်ခုလုံးအား မည်သို့မြင်နိုင်မည်နည်း။
မျက်လုံးပိုကောင်းသည့် လူတချို့မှာ အလင်းရောင်ဖျော့ဖျော့ဖြင့် မြို့လမ်းဆုံ၌ တိုင်ကြီးများရှိသည်ကို မြင်နိုင်ကြ၏။
လူတိုင်းက စိတ်မရှည်ဖြစ်နေကြချိန်တွင် မီးပန်းတစ်ခု လေပေါ်သို့ ပျံတက်သွားသည်နှင့် အလယ်ဗဟိုမှ အသံတစ်သံ ရုတ်တရတ်ထွက်လာသည်။
အားလုံး၏ အာရုံများဆွဲဆောင်ခံလိုက်ရသည့်နောက် မြို့လမ်းဆုံ၏ အလယ်ဗဟိုမှ လာသည့် အလင်းရောင်တစ်ခုရှိနေပြီး ထိုအလင်းရောင်ဖြင့် သွန်းဖြိုးခံလိုက်ရသည့် သဏ္ဍာန်တစ်ခု ရုတ်တရတ် ပေါ်ထွက်လာသည်။
စင်မြင့်ထက်ရှိ ကောင့်ထ်စီယန်မှာ အလင်းရောင်အောက်၌ဖြစ်သည်။ သူ့ထံ၌ အပြုံးရေးရေးတစ်ခုရှိနေကာ ဘေးပတ်လည်ရှိ လူများကိုကြည့်ရင်း အချက်ပြရန် လက်မြှောက်လိုက်သည်။
အားလုံး ငြိမ်ကျသွားချိန်တွင် ကောင့်ထ်စီယန်က ကြည်လင်သည့် အသံဖြင့် ဆိုလာ၏၊ "ဘန်တာမြို့သားတို့၊ ခင်ဗျားတို့ အနေနဲ့ ဒီညအတွက် အချိန်ကြာ စောင့်ဆိုင်းနေခဲ့ရတာကို ကျုပ်သိတော့ ခင်ဗျားတို့ အချိန်ကို မယူတော့ပါဘူး။ ဒီည ခင်ဗျားတို့ မြင်ရမယ့် အရာကို ခင်ဗျားတို့ သေချာပေါက် ဘယ်တော့မှ မေ့မှာမဟုတ်တာကို သတိပေးချင်ရုံပါပဲ!"
သူသာ မည်သည်ကိုမှ မဆိုလာလျှင် အဆင်ပြေသော်လည်း ထိုသို့ပြောလိုက်သည်နှင့် စင်မြင့် အောက်ရှိ လူများမှာ သိလိုစိတ်အပြည့်ဖြစ်လာပြီး ပိုလို့ပင် စိတ်မရှည် ဖြစ်လို့နေလေသည်။
အင်မတန် စိတ်မရှည်သည့် လူတချို့က အော်ပင်အော်ပြောလာသည်၊ "မြို့စားအရှင်၊ ဘာနဲ့တူလို့များလဲ? ကျုပ်တို့ကို မြင်ခွင့်ပေးပါတော့!"
ထိုအော်သံများကို ကြားသော် လူအုပ်ကြီးကလည်း ထိုသို့ လိုက်အော်ကြသည်။
အသံက အရှေ့ဘက်သို့ ပျံ့လာကာ ဈေးမှ အဝေးသို့ နှံ့သွားတော့၏။
ထိုအခိုက်၌ ဘန်တာမြို့တွင် ငြိမ်းချမ်းမှုကို ရှာဖွေရန် မဖြစ်နိုင်တော့ချေ။
ကောင့်ထ်စီယန်က တစ်ဖန်လက်ကိုမြှောက်၍ အားလုံးကို ငြိမ်ကျစေပြီး သူ၏နောက်ဘက်သို့ ခေါင်းငြိမ့်ပြလေသည်။
အလင်းရောင်အောက်၌ ချစ်စဖွယ်မျက်နှာဝိုင်းနှင့် သွယ်လျလျ မိန်းကလေးတစ်ဦးက လျှောက်လှမ်းလာပြီး ကောင့်ထ်စီယန်ထံ ဘူးလေးတစ်ခု လွှဲပေးလိုက်သည်။
ကောင့်ထ်စီယန်ကလည်း ဘူးလေးကိုယူ၍ မိန်းကလေးကို ကိစ္စတချို့မေးပြီးနောက် ပြန်လှည့်လာသည်။ ထို့နောက် လူတိုင်းကိုကြည့်ကာ လက်ထဲရှိ ဘူးကို မြှောက်ပြရင်း အသံကျယ်ကျယ်ဖြင့် ဆိုလာသည်၊ "အခုက အံ့ဖွယ်ဖြစ်ရပ်ကို သက်သေထူရမယ့် အချိန်ပါပဲ!"
ထိုသို့ပြောပြီးနောက် ကောင့်ထ်စီယန်မှာ လက်တစ်ချောင်းဖြင့် ဘူးအပေါ်ဖိချလိုက်သည်။
တစ်ခဏအတွင်း၌ မြို့လမ်းဆုံအထက်တွင် တောက်တောက်ပပ အလင်းရောင်များထွက်ပေါ်လာသည်မှာ လ'ပေါင်းများစွာက ၎င်းတို့အထက်၌ ထွန်းလင်းနေစေသလို မြို့လမ်းဆုံမှာ နေ့အချိန်ကဲ့သို့ ထိန်ထိန်လင်းနေပါ၏။
ထိုရုတ်တရတ် အပြောင်းအလဲက လူများကို မျက်လုံးပင် မှိတ်မိသွားစေသော်လည်း တစ်ဖန်ပြန်ဖွင့်လိုက်ချိန်၌ မြို့လမ်းဆုံတွင် ညဟူသည့်အရာက မရှိတော့ဘဲ နေ့နှယ်ဖြစ်နေသည်။
ထိုသို့သော အလင်းမှာ မြို့လမ်းဆုံ ပတ်ပတ်လည်ရှိ တိုင်များ၌ချိတ်ဆွဲထားသော ဧရာမ မှော်မီးအိမ်များမှလာသည်။
သစ်ပင်ပန်းမန်များ၏ နံဘေး၌လည်း မီးအိမ်ငယ်လေးများချိတ်ဆွဲထားသည့် တိုင်လေးများရှိလေသည်။
ထိုမီးအိမ်ငယ်များကမူ ဧရာမမီးအိမ်ကြီးများကဲ့သို့ အဖြူရောင်အလင်းများကို ထုတ်လွှတ်မပေးဘဲ အရောင်စုံအလင်းများကို ထုတ်လွှတ်ပေးနေ၏။
၎င်းက အတန်ငယ် ဖရိုဖရဲဖြစ်နေသော်လည်း အပင်များပေါ်၌ အလင်းပေးနေသည့်အခါတွင် လှလှပပလေးဖြစ်သွားသည်သာ။
သို့သော် ၎င်းကအပြီးသတ်မဟုတ်သေးချေ။
လူတိုင်း အလယ်ဗဟိုကို ကြည့်လိုက်သော် ရေပန်းတစ်ခုရှိနေကာ အလယ်ရှိ လူသွားစင်္ကြံ ဗဟို၌ ပြည့်စုံစွာ နေရာချထားလေသည်။
၎င်းတို့အထက်ရှိ အလင်းရောင်ကြောင့် လူတိုင်းမှာ စင်္ကြံထက်တွင် ရုပ်ထုတစ်ခုရှိကာ စင်္ကြံ၏ လေးဘက်လေးတန်တွက် အလင်းရောင်ပေါင်းစုံကို ထုတ်လွှတ်ပေးနေသည့် မှော်မီးအိမ်များ အတန်းလိုက်ရှိနေသည်ကို ကောင်းကောင်းမြင်နိုင်သည်။
အလင်းရောင်အားလုံးက ရုပ်ထုထံ ကျရောက်နေရာ လူများအား ရုပ်ထုကို မကြည့်ဘဲ မနေနိုင်အောင်ဖြစ်စေသည်။
သို့သော် ရုပ်ထုကို မြင်ချိန်၌ လူများမှာ ရှုပ်ထွေးသွားကြ၏။
အကြောင်းရင်းမှာ ၎င်းက လူတစ်ဦး၏ ရုပ်ထုမဟုတ်ဘဲ ခေါင်းထက်၌ ဦးချိုတစ်ချောင်းပေါက်နေကာ ကျောထက်၌ အတောင်ပံများရှိနေသော ထူးထူးဆန်းဆန်း မြင်းဖြူဖြစ်နေသောကြောင့်ပင်။
"ဒါက ဘာပါလိမ့်?"
အားလုံး ရှုပ်ထွေးနေကြချိန်တွင် စင်္ကြံပတ်လည်မှ ရေတန်းများထွက်လာကာ လေထဲသို့ အတူ ရောက်လာကြ၏။ ၎င်းတို့မှာ ရုတ်တရတ် အတူစုစည်း၍ တဖြည်းဖြည်းနှင့် ပန်းသဏ္ဍာန်ပွင့်လန်းလာသည်။
၎င်းအပေါ်၌ တောက်ပနေသည့် ရောင်စုံအလင်းများကြောင့် ရေဖြင့်ပြုလုပ်ထားသည့် ထိုပန်းမှာ အရောင်စုံနေရာ အံ့မခန်း လှပနေလေသည်။
လမ်းဆုံရှိလူများမှာ ထိုအံ့ဖွယ်ပြကွက်ကို မြင်လိုက်ကြသည်။ ၎င်းတို့မှာ လမ်းဆုံရှိ အလင်းတောက်တောက်များကြောင့် အံ့အားသင့်နေခဲ့ပါသော်လည်း ရေက ပုံစံအစုံပြောင်းနေသည်ကို မြင်ရာ ရူးမလိုပင် ဖြစ်သွားကြဟန်ရှိသည်။
လမ်းဆုံနှင့် မနီးမဝေး မြို့စားအိမ်တော်၏ တတိယအထပ်ရှိ အခန်းထဲတွင် ရှုယီမှာ လမ်းဆုံရှိ မြင်ကွင်းကို လှမ်းမျှော်ကြည့်နေပြီးနောက် နံဘေးရှိ ဟားနက်စ်ထံလှည့်လာရင်း သက်ပြင်းချ၍ ပြောသည်၊ "ကြည့်ရတာ မြို့စားအရှင်က ပြပွဲဖန်တီးတဲ့နေရာမှာ မတော်ဘူးပဲ။ ဒါက သူနဲ့ လူတွေကြားက အကွာအဝေးကို နီးကပ်အောင်လုပ်ပြီး သူ့ကို ဘန်တာမြို့သားတွေ နားလည်လာနိုင်အောင် လုပ်နိုင်တဲ့ အခွင့်ရေးဆိုပေမယ့် သူက ကျုပ်ရဲ့ အကြံကို ယူဖို့ ဆန္ဒမရှိဘူးလေ။ တကယ်ကို နှမျောစရာပဲ၊ အခွင့်ရေးကောင်းကို ဖြုန်းတီးတာလေ။"
ဟားနက်စ်က ရှုယီဘက်လှည့်ကာ မနေနိုင်တော့ဘဲ ပြုံး၍ ဆိုလေ၏၊ "မင်းက မြို့စားအရှင်ကို ဘယ်လိုလူမျိုး ထင်လို့လဲ? သူ့အနေနဲ့ မြို့သားတွေအတွက် ပြပွဲလေးလုပ်ပေးဖို့ လိုလို့လား? ဒီမြို့သားတွေက သူ့ကို ဘာမှ မလုပ်နိုင်ဘူးလေ။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၅၉။ မြို့သင်္ကေတ
ရှုယီမှာ စဉ်းစားကြည့်လိုက်သော်လည်း ဟားနက်စ်ကို ရှင်းပြဖို့ရာ လက်လျှော့လိုက်လေသည်။
စိုင်စ်နယ်မြေကြီး၏ လူမှုရေးစနစ်မှာ ကမ္ဘာမြေကနှင့် ခြားနားပေ၏။ ကမ္ဘာမြေ၌ နိုင်ငံရေးသမားများမှာ ပြည်သူ၏ထောက်ပံ့မှုကို လိုပါသော်လည်း စိုင်စ်နယ်မြေ၌ ကောင့်ထ်စီယန်ကဲ့သို့ မျိုးရိုးမြင့်တစ်ဦးမှာ မြို့ခံများအတွက် ပြပွဲလေးတစ်ပွဲလုပ်ပေးဖို့ မလိုအပ်နေချေ။
ထိုသည်က ဟားနက်စ်ပြောသလို မြို့သားများအတွက် မြို့စားရွေးချယ်ဖို့ရန် မဖြစ်နိုင်သလို ကောင့်ထ်စီယန်၏ရာထူးကို ဆုံးဖြတ်ပေးပြီး ကောင့်ထ်စီယန် နောက်ကွယ်မှ မိသားစုကို လွှမ်းမိုးရန် မဖြစ်နိုင်သောကြောင့် ကောင့်ထ်စီယန်ကိုလည်း လုံးဝ မလွှမ်းမိုးနိုင်ချေ။
"ဟုတ်ပြီ၊ ဒါကို မပြောတော့ဘူး။ ဟားနက်စ်, ခင်ဗျား ဒီမြို့လမ်းဆုံအသစ်ကို မြင်တော့ ဘယ်လိုသဘောရလဲ?" ရှုယီက ခေါင်းစဉ်ပြောင်းကာ မေးလိုက်၏။
"ဘယ်လိုသဘောရလဲ? ဒါက တကယ်ကို အံ့ဩသွားစေတယ်လေ!" ဟားနက်စ်က ချက်ချင်းပင် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်၊ "ရှုယီ၊ ငါ အရင်က ဘာလို့ ဒါကို မရှာတွေ့နိုင်ခဲ့ရတာလဲ၊ မင်းကတော့ တကယ့်ကို မြို့တစ်မြို့တည်ထောင်တဲ့နေရာမှာ ဆရာကြီးပဲ။ ဒီမြို့လမ်းဆုံးက အတော်လေး ဆန်းသစ်တယ်။ စိုင်စ်နယ်မြေကြီးတစ်ခုလုံးမှာ တူညီတဲ့ မြို့လမ်းဆုံရှိတဲ့ မြို့တစ်မြို့မှ မရှိဘူး။ အလယ်က ရေပန်းလှလှလေးကိုမပြောနဲ့ဦး မြို့လမ်းဆုံတစ်ခုလုံးကို အလင်းပေးနိုင်တဲ့ မှော်မီးအိမ်တွေကတင် အံ့ဩစေဖို့ လုံလောက်နေပြီလေ။"
ရှုယီက အသာပြုံး၍ ဟားနက်စ်က အမှန်တကယ်ကို အတွေ့အကြုံမရှိဟု ခံစားမိလိုက်သည်။
မြို့လမ်းဆုံလေးတစ်ခုကတင် သူ့အား အံ့အားသင့်စေဖို့ လုံလောက်နေရာ ကမ္ဘာမြေရှိ မြို့ကြီးပြကြီးများကိုသာ မြင်ရပါလျှင် အံ့ဩလွန်း၍ မေ့သွားလောက်သည်မဟုတ်ပါလား?
မှန်ပါ၏၊ ဘန်တာမြို့လမ်းဆုံအား သူ့အတွက် အင်မတန် အကြမ်းဆန်သည်မှာ သေချာသော်လည်း စိုင်စ်နယ်မြေ၌မူ အင်မတန် အံ့ဖွယ်အသစ်အဆန်းဖြစ်ပေ၏။
ဟားနက်စ်က သူ့အား အနည်းငယ် ဆက်ကာ ချီးကျူးနေပြီးနောက် ခေါင်းစဉ်ပြောင်းလိုက်သည်။
"ဒီမြို့လမ်းဆုံအသစ်က တကယ်ကို အတော်အဆင်ပြေပေမယ့် ငါ့ကို အန်ဗီမာမြို့တော်ကနေ တကူးတကလာခိုင်းတဲ့အထိ ထိုက်တန်လို့လား?"
"ဒါပေါ့၊ ခင်ဗျားက အန်ဗီမာမြို့တော် သတင်းစာလုပ်ငန်းရဲ့ လျှို့ဝှက်ခေါင်းဆောင်လေ။ ကျုပ်သာ ခင်ဗျားကိုမရှာရင် နိုင်ငံက လူတိုင်းကို ဘန်တာမြို့,မြို့လမ်းဆုံရဲ့ လှပတဲ့မြင်ကွင်းအကြောင်း ဘယ်လိုပြနိုင်မှာလဲ?" ရှုယီက အပြုံးဖြင့်ဆိုသည်။
ဟားနက်စ်က အသာမျက်မှောင်ကုပ်ကာ၊ "တကယ်တော့.... ငါအရမ်းသိချင်နေတာ။ ရှုယီ၊ မင်း ဘာလို့ ဒါကို တအားစိတ်ထက်သန်နေရတာလဲ? မင်းက ပုံမှန်လုပ်ငန်းစုတစ်ခုရဲ့ ဥက္ကဌဖြစ်ပြီး ဘန်တာမြို့ရဲ့ မြို့စားအရှင်မှ မဟုတ်တာ။ ဒီကိစ္စအတွက် အားအတော်လေးစိုက်ထုတ်ပြီး ဒီလိုတောင် ကြေညာဖို့ကို ဘာလို့လုပ်နေရတာလဲ?"
"ရှင်းရှင်းလေးပါ၊ ကျုပ်က ဘန်တာမြို့ရဲ့နာမည်ကို မြှင့်တင်ပေးချင်ပြီး ဒီဝေးလံသေးငယ်တဲ့မြို့လေးက လူတိုင်းရဲ့စိတ်ထဲမှာ ဆန်းသစ်ပြီးတော့ သက်ဝင်လှုပ်ရှားမှုအပြည့်နဲ့ အထင်ကြီးစရာကောင်းကြောင်း သိစေချင်လို့ပါ။ ဘန်တာမြို့သာ ကျော်ကြားလာရင် ဘန်တာမြို့က လုပ်ငန်းစုတွေကိုလည်း အတော်လေး အထောက်အကူဖြစ်တယ်လေ။" ထိုသို့ပြောပြီးနောက် ရှုယီက မနီးမဝေးရှိ မြို့လမ်းဆုံကိုညွှန်ပြကာ ပြောလေသည်၊ "အဲဒီ့ မြို့လမ်းဆုံရဲ့ အလယ်မှာရှိတဲ့ နတ်မြင်း(ယူနီကွန်း)ကိုမြင်တယ်မလား? ဒါက ဘန်တာမြို့ရဲ့ အမည်ကဒ်ပဲ။ အနာဂတ်မှာ လူတွေ ဘန်တာမြို့ကို မိတ်ဆက်ပေးကြရင် ဒါက ဘန်တာမြို့ရဲ့ သင်္ကေတဖြစ်လာလိမ့်မယ်။"
ဟားနက်စ်က ရှုယီ ညွှန်ပြသည့်နေရာကို ကြည့်လာကာ ရေရွတ်လေ၏၊ "ဒါက နတ်မြင်း(ယူနီကွန်း)လား? ငါက ပုံပျက်နေတဲ့ မြင်းလို့ထင်နေတာ....."
ရှုယီက မနေနိုင်ဘဲ မျက်လုံးလှိမ့်လိုက်၏။
ဤလောက၌ လူပုလေးများ၊ နတ်သူငယ်များ၊ သားရဲလူမျိုးများရှိနေပြီး တစ်ချိန်ကလည်း သွေးနှောများနှင့် နဂါးများပါရှိခဲ့ရာ အနောက်တိုင်း စိတ်ကူးယဉ်လောက၏ နတ်သားရဲဖြစ်သော နတ်မြင်း(ယူနီကွန်း)လည်း တည်ရှိမည်ဟု ဆိုလိုသည်ပင်။
သို့သော် ကောင့်ထ်စီယန်က ရုပ်ထု ဒီဇိုင်းကိုမေးလာချိန်တွင် ရှုယီက နတ်မြင်း(ယူနီကွန်း) အကြံပြုလိုက်ရာ နားဝေတိမ်တောင်ဖြစ်သွားခဲ့သည်။
နတ်မြင်း(ယူနီကွန်း)၏ အပြင်ပန်းသွင်ပြင်ကို အကြမ်းပေးလိုက်သည်တွင် ကောင့်ထ်စီယန်, အက်ဂ်နက်စ်နှင့် စက်ရုံထဲရှိ နတ်သူငယ်များသည်ပင် ယခင်က ထိုသို့သော သတ္တဝါဆန်းမျိုးကို မမြင်ဖူးခဲ့ကြချေ။
ရှုယီလည်း ဤလောက၌ နတ်မြင်း(ယူနီကွန်း)များ မရှိဟူသည့် အချက်ကိုသာ ကူရာမဲ့စွာ လက်ခံလိုက်ရသော်လည်း ကောင့်ထ်စီယန်ကမူ သူဆွဲပြလာသည့် ရုပ်ပုံကို အင်မတန်ကျေနပ်နေလေသည်။ ပန်းချီဆရာတစ်ဦးကို ဆွဲခိုင်းလိုက်သည့်နောက်တွင် ၎င်းအား ဘန်တာမြို့ကို ကိုယ်စားပြုမည့် ရုပ်ထုအဖြစ်ထားရန် ဆုံးဖြတ်လိုက်ကြ၏။
ထို နတ်မြင်း(ယူနီကွန်း)ထံ၌ အင်မတန် နက်နဲသည့် အဓိပ္ပာယ်ရှိလေသည်။
ပထမဦးစွာ နတ်မြင်း(ယူနီကွန်း)က မြင်းတစ်ကောင်အသွင်ရှိကာ မြင်းများက အမြန်နှုန်းနှင့် ခံနိုင်စွမ်းကို ကိုယ်စားပြုလေသည်။ ဘန်တာမြို့က လျင်လျင်မြန်မြန်ဖွံ့ဖြိုးခဲ့သည့် ပြည်နယ်တစ်ခုဖြစ်ပြီး တစ်ချိန်လုံးလည်း ဆက်လက်ဖွံ့ဖြိုးနေဆဲပင်။
နောက်တွင် နတ်မြင်း(ယူနီကွန်း)၏ ခေါင်းထက်၌ ဦးချိုတစ်ချောင်းသာ ပါရှိလေ၏။ ၎င်းမှာ မည်သည့်အခက်ခဲရှိရှိ ဘန်တာမြို့က ရှေ့သို့ဆက်တိုးကာ အရာအားလုံးကို ချိုးဖျက်သွားမည့် အဓိပ္ပာယ်ဖြစ်သည်။
နောက်ဆုံး အနေနှင့် တောင်ပံတစ်စုံမှာ ဘန်တာမြို့က ကောင်းကင်ယံထိတိုင် ပျံသန်းမည့် အဓိပ္ပာယ်ပါပင်။
ရှုယီက ကောင့်ထ်စီယန်အား ထိုအဓိပ္ပာယ်အားလုံးကို ပြောပြလိုက်သော် ကောင့်ထ်စီယန်က ပိုလို့ပင် လက်ခံလာသေး၏။
ကောင့်ထ်စီယန်မှာ ဘန်တာမြို့၏သမိုင်း၌ အတိတ်ကိုသာ ဖော်ပြမည်မဟုတ်ဘဲ လက်ရှိဘန်တာမြို့ကိုပါ ဖော်ပြမည့် စာအုပ်တစ်အုပ်ကိုပါ ဖြန့်ချိရန်ပင် စီစဉ်ထားသည်။ သူဟာ ထိုစာအုပ်မှတစ်ဆင့် လက်ရှိဘန်တာမြို့ကို လူတိုင်းထံ ပြသရန် စီစဉ်နေခြင်းပင်။
ထိုသည်ကလည်း ရှုယီ အဆိုပြုထားသည့် 'ဘန်တာမြို့ပုံရိပ်တည်ဆောက်ရေးအစီစဉ်'၏ တစ်စိတ်တပိုင်းဖြစ်သည်။
မြို့လမ်းဆုံကို ပြန်လည်တည်ဆောက်ခြင်းနှင့် ကောင့်ထ်စီယန်ကို ခေါ်ထားခြင်းကဲ့သို့ အခြားအရာများမှာ ဘန်တာမြို့အား နိုင်ငံတဝှမ်း၌ ကြော်ငြာလိုသည့် အစီစဉ်၏ တစ်စိတ်တပိုင်းသာပင်။
အတိုပြောရပါက လမ်ပူရီတိုင်းပြည်၌ ကြယ်ပွင့်မြို့တစ်မြို့တည်ထောင်ကာ လမ်ပူရီတိုင်းပြည်ရှိ လူတိုင်းကို ဘန်တာမြို့အကြောင်း သိစေခြင်းသာဖြစ်သည်။
"ဒါဆို မင်းရဲ့ အဓိက ရည်ရွယ်ချက်ကဘာလဲ?" ဟားနက်စ်ကမေး၏၊ "ဒါက ဘန်တာမြို့ရဲ့ လုပ်ငန်းစုအားလုံးအတွက် အထောက်အကူဖြစ်မယ်လို့ ပြောထားပေမယ့် ငါတော့ ဘယ်လို အကူအညီဖြစ်မယ်ဆိုတာ မမြင်ဘူး။ မင်းက မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နာမည်ကို မြှင့်တင်ဖို့နဲ့ နည်းနည်းပိုမြန်အောင် တိုးတက်စေချင်နေတာဆိုရင်တော့ ငါနားလည်ပါတယ်၊ ပြီးတော့ ဒါကိုရအောင် ကူညီနိုင်မယ့် နည်းလမ်း အတော်များများလည်းရှိတယ်လေ။ ဒါပေမယ့် ဘန်တာမြို့ရဲ့ သင်္ကေတတစ်ခု ဖန်တီးဖို့ကို ပြောနေတာဆိုရင်တော့..... ငါ့မှာ တူညီတဲ့အရာပဲ ပြောဖို့ရှိတယ်၊ ဒါက ကောင့်ထ်စီယန် စဉ်းစားရမယ့် အရာပဲဖြစ်ပြီး မင်းလို သာမန်ကုန်သည်တစ်ယောက်နဲ့ မဆိုင်ဘူးလို့လေ။"
ရှုယီက မနေနိုင်ဘဲ သက်ပြင်းချ၏။
မတူညီသည့် လူမှုအဖွဲ့အစည်း၌ မတူညီသည့် နားလည်မှုရှိသည်။ ကမ္ဘာမြေမှ ကူးပြောင်းလာသည့် ရှုယီအဖို့ မြို့တစ်မြို့၏ ပုံရိပ်ကို တည်ဆောက်ခြင်းက ပုံမှန်ကိစ္စသာပင်။
သို့သော် စိုင်စ်နယ်မြေကြီးမှ တစ်ယောက်ယောက်အတွက် မြို့တစ်မြို့က မြို့တစ်မြို့သာပင်။ ၎င်းက လူနည်းနည်းပိုများများနေထိုင်လာမည့် နေရာသာဖြစ်ပြီး မည်သည့် အဓိပ္ပာယ်ထူးထူးကဲကဲမှ ရှိမနေချေ။
၎င်းတို့အား မြို့တစ်မြို့ပုံရိပ်၏ အရေးပါမှုအကြောင်း နားလည်စေရန်မှာ ကျွဲပါးစောင်းတီးနေသလိုသာပင်။
အကြီးဆုံး အန်ဗီမာမြို့တော်မှ လာသည့် ဟားနက်စ်အတွက်ပင် ထပ်တူဖြစ်၏။
ထိုသို့စဉ်းစားပြီးနောက် ရှုယီမှာ သူသာ ဟားနက်စ်ကို ထိုအကြောင်းနားလည်စေလိုပြီး Frestech ကုန်သည်ကြီးများအသင်း အတွက် မည်သို့ အထောက်အကူဖြစ်ကြောင်း သိစေလိုပါက ၎င်းက ဒုက္ခများသည့် ကိစ္စဖြစ်မည်ပင်။ သူ့အနေနှင့် ရှင်းပြရန် ပျင်းရိလှသဖြင့် အကြောင်းရင်းကို ဂရုမထားဘဲ ကူကာ ကြေညာပေးဖို့ရန်သာ တောင်းဆိုလိုက်၏။
ဘန်တာမြို့၏လုပ်ငန်းစုများနှင့် ဘန်တာမြို့ထံ ယူဆောင်လာမည့် အကျိုးအမြတ်များကို ဟားနက်စ်အနေနှင့် လတ်တလောတွင် မသိပါသော်လည်း အနာဂတ်၌ သိလာလိမ့်မည်သာ။
မည်သို့ ကြေညာရမည်ကို ဟားနက်စ်နှင့်အတူ ဆွေးနွေးပြီးနောက်၌ ရှုယီက ဟားနက်စ်ကို မြို့စားအိမ်တော်သို့ ပြန်သွားသည့် ကောင့်ထ် စီယန် နှင့် ဆုံခိုင်းလိုက်ကာ သူကဖြင့် မြို့စားအိမ်တော်ရှိ တစ်နေရာသို့သွားလိုက်သည်။
ခန်းမထဲသို့ဝင်လိုက်ချိန်၌ ရှုယီမှာ တံခါးမှတဆင့် ထွက်လာသည့် အာကာလီ၏ ထူးထူးကဲကဲရယ်သံကို ကြားလိုက်ရ၏။
"ဟားဟား၊ ရှင် တကယ်ပဲ စင်မြင့်ပေါ်မှာ ရှိခဲ့သင့်တာ။ ဘေးက မှော်မီးအိမ်တွေ လင်းလာတော့ လူတိုင်းက မျက်လုံးမှိတ်လိုက်ကြတယ်လေ။ သူတို့လည်း ပြန်ဖွင့်ရော လူတိုင်းနီးပါး အံ့သြလို့ ပါးစပ်တွေပါ ပွင့်သွားကြတယ်။ သူတို့ရဲ့ အမူအရာတွေက တကယ်ကို ရယ်ရတာ....."
"အဲ့လိုလား? ကျုပ်ထင်တာတော့ သူတို့ပါးစပ်တွေက အခု ခင်ဗျားလောက်တော့ မပွင့်နေခဲ့ကြဘူးလားလို့လေ?" ရှုယီက ပြုံးလျက် တံခါးဖွင့်ကာ ဝင်လာသည်။
ခန်းမလေး၌ အာကာလီအပါအဝင် မှော်သုတေသနဌာန အဖွဲ့ဝင် ခုနစ်ယောက်ရှိနေသည်။ ၎င်းတို့မှာ မြို့လမ်းဆုံရှိ မှော်မီးအိမ်များအတွက် စက်ပိုင်းဆိုင်ရာထောက်ပံ့မည့်ဝန်ထမ်းများဖြစ်ကာ အဓိကအားဖြင့် လမ်းဆုံတစ်ခုလုံးကို မီးအိမ်ဖြင့် ထွန်းညှိမည့် ပြဿနာကို ဖြေရှင်းရန် တာဝန်ရှိကြသည်။
မြို့လမ်းဆုံ တဝိုက် တိုင်များအထက်ရှိ မှော်မီးအိမ်ကြီးများ၊ အပင်များအနီးရှိ မီးအိမ်ငယ်လေးများနှင့် ရေပန်းရှိ မီးအိမ်များအားလုံးကို ၎င်းတို့ ဒီဇိုင်းဆွဲထားခဲ့ခြင်းပင်။
ခေါင်းဆောင် ဒီဇိုင်းဆွဲသူမှာ အာကာလီဖြစ်၏။
ရှုယီဝင်လာသည်ကိုမြင်သော် အာကာလီက စိတ်လှုပ်တရှား ပြေးသွားလိုက်ချင်သော်လည်း ရှုယီ၏အပြောကိုကြားသည်နှင့် ရပ်တန့်ကာ နှာခေါင်းအသာရှုံ့၍ ဆိုသည်၊ "ဥက္ကဌ၊ ကျွန်မက အခုလေးတင်မှ အဓိပ္ပာယ်ရှိတဲ့အလုပ်ကို လုပ်ပြီးတာပါ၊ နည်းနည်းလောက် ဝမ်းသာခွင့်လေးပေးလို့မရဘူးလား?"
"ရတာပေါ့။" ရှုယီက အပြုံးဖြင့်ပြော၏၊ "ခင်ဗျားအနေနဲ့ နည်းနည်းပဲ ဝမ်းသာနိုင်ရုံတင်မကဘူး ကျုပ်မှာ ခင်ဗျားတို့အတွက်သတင်းကောင်းပါတာမို့ ဆက်ပျော်လို့ရသေးတယ်။ ဒီမြို့လမ်းဆုံတိုးတက်ရေးအစီစဉ်ရဲ့ အောင်မြင်မှုနဲ့ အထူးသဖြင့် မှော်မီးအိမ်တွေက ကောင်းကောင်းအလုပ်လုပ်နိုင်တာကြောင့် ကျုပ်က Frestech ကုန်သည်ကြီးများအသင်း ကိုယ်စား အထူးဆုတစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်တယ်။"
'အထူးဆု'ဟူသည့် အသံကိုကြားသော် သုတေသနပညာရှင်အားလုံးမှာ ရှုယီကို မျှော်လင့်တကြီး ကြည့်လာကြသည်။
ရှုယီမှာ တမင် ခဏရပ်ပြီးမှ ချောင်းဟန့်၍ အသံကျယ်ကျယ်ဖြင့် ပြောသည်၊ "အာကာလီကလွဲရင် ခင်ဗျားတို့ ခြောက်ယောက်က တတိယအဆင့်ဆုရမယ်။ ဒါက တစ်ယောက်ချင်းစီဟာ ရွှေဒင်္ဂါးတစ်ရာရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ!"
"အိုး!"
"ကောင်းတာပေါ့!"
"ကောင်းတယ်!"
"အဟားဟားဟား"
…...
ရှုယီပြောပြီးသည်နှင့် အားလုံးမှာ ချက်ချင်း ပျော်ရွှင်သွားကြသည်။
အာကာလီကမူ စိတ်လှုပ်ရှားနေဟန်ဖြင့် အပြေးရောက်လာကာ ရှုယီလက်ကို ဆွဲ၍ မေးလေ၏၊ "ဥက္ကဌ၊ ကျွန်မရဲ့ဆုကရော? အရင်တစ်ခေါက်က ရှင်ပြောတော့ ကျွန်မရဲ့ မှော်ပဲ့တင်ထပ်ခြင်းနည်းပညာက ကြီးကြီးမားမားတွေ့ရှိမှုဖြစ်ပြီး အလုပ်ကြိုးစားခဲ့တယ်လို့ရှင်ပြောခဲ့တယ်၊ ကြည့်ပါဦး ကျွန်မ ဘယ်လောက် ပိန်သွားလိုက်လဲ။ ဒီလိုဆိုမှတော့၊ ကျွန်မရဲ့ဆုက တခြားသူတွေထက်တော့ မနည်းလောက်ဘူးမို့လား?"
ရှုယီက အသာပြုံးလျက် ခေါင်းငြိမ့်ကာပြောသည်၊ "ဒါပေါ့ ခင်ဗျားက ဒီနည်းပညာကို တီထွင်သူဖြစ်ပြီး ဒီသုတေသနအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် ခင်ဗျားရဲ့ဆုက သေချာပေါက် တခြားလူတွေထက်ပိုမြင့်တယ်။"
"ဒါဆို ကျွန်မက ဒုတိယအဆင့်လောက်ရှိမှာပေါ့? စဉ်းစားပါရစေဦး..... ဒုတိယအဆင့်က.....အင်း....."
"မလိုပါဘူး။ ဒုတိယအဆင့်မဟုတ်ဘဲ ပထမအဆင့်မို့လို့လေ။ ဒီတော့ ခင်ဗျား ရွှေဒင်္ဂါး ငါးရာ ရမယ့် အဓိပ္ပာယ်ပဲ!"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၆၀။ ဘန်တာမြို့၏ ရည်မှန်းချက်များ
'ရွှေဒင်္ဂါးငါးရာ'ဟူသည့် အရေအတွက်ကိုကြားသော် ပျော်ရွှင်နေကြသည့် သုတေသနပညာရှင် ခြောက်ဦးမှာ အံ့ဩသွားကာ တစ်ခန်းလုံး ထူးထူးဆန်းဆန်းတိတ်ကျသွား၏။
ခဏကြာသော် အာကာလီက ရှုယီကို တုန်တုန်ယင်ယင်ဖြင့် မယုံကြည်နိုင်စွာ မေးလာသည်၊ "ဥ....ဥက္ကဌ၊ ရှင်ပြောတာ..... ကျွန်မက ပထမအဆင့်ဆုရမယ်တဲ့လား?"
"ဟုတ်ပါတယ်၊ ပထမအဆင့်ဆု ရွှေဒင်္ဂါးငါးရာလေ။ ခင်ဗျား ကြားတာမမှားပါဘူး။" ရှုယီက လေးနက်ဟန်ဖြင့် ခေါင်းငြိမ့်လေသည်။
အာကာလီက အနည်းငယ် အံ့ဩသွားပြီးမှ ရုတ်တရတ် ပျော်ရွှင်ကာ ခုန်ပေါက်နေတော့၏။
"ဟားဟား၊ ကောင်းလိုက်တာ! ရွှေဒင်္ဂါးငါးရာတဲ့! ငါ အဝတ်အစားအသစ်တွေ အများကြီးဝယ်လို့ရပြီ!"
ရှုယီက ဆွံ့အသွားသည်။
ထို အာကာလီမှာ နောက်ဆုံးတွင်လည်း အသက်နှစ်ဆယ်အရွယ် မိန်းမငယ်လေးသာဖြစ်သည်။ ရုတ်တရတ် ထိုသို့သော ဆုကြီးရလိုက်လေရာ သူမ ပထမဆုံးတွေးမိသည့်အရာက အဝတ်အသစ်များဝယ်ရန်ဖြစ်နေ၏။
အခြားသုတေသနပညာရှင်များက အာကာလီကို မနာလိုဟန်ဖြင့် ကြည့်နေသည်ကိုမြင်သော် ရှုယီက ထပ်ပေါင်းပြော၏၊ "အာကာလီကို အားမကျနေကြပါနဲ့။ ကျုပ်က အမြဲ နည်းပညာပိုင်းမှာ တိုးတက်မှုတွေအတွက် သဘောထားကြီးပေးမှာမို့ အာကာလီရဲ့အောင်မြင်မှုက ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ခင်ဗျားတို့လည်း သူမလို ဆုရချင်ရင် ကောင်းကောင်းလေ့လာပြီး သူမနဲ့ ပြိုင်နိုင်အောင် တိုးတက်မှုတစ်ခုလုပ်ပစ်လိုက်ပေါ့။"
သုတေသနပညာရှင်ခြောက်ဦးစလုံးမှာ ခေါင်းငြိမ့်လာကြသည်။
၎င်းတို့အနေနှင့် အာကာလီကို မနာလိုသော်လည်း အာကာလီက ဤတစ်ခေါက်၌ အကြီးဆုံးကဏ္ဍ၌ ပါဝင်ခဲ့မှန်းသိကြသည်။ ထိုမှော်ပဲ့တင်ထပ်ခြင်းနည်းပညာအား အာကာလီတစ်ဦးတည်း ဖန်တီးခဲ့သည်ဟု ဆို၍ပင်ရသည်။
ရွှေဒင်္ဂါးတစ်ရာကို ဆုအဖြစ်ရနိုင်သည်ကပင် ကျေနပ်အားရဖွယ်ဟု သတ်မှတ်နိုင်နေပြီဖြစ်၏။
အာကာလီနှင့် အခြားသုတေသနပညာရှင်တို့က အောင်ပွဲခံနေကြသည်ကိုကြည့်ရင်း ရှုယီလည်း မပြုံးဘဲ မနေနိုင်တော့ချေ။
တကယ်တမ်းတွင် သူ၏အမြင်အရ အာကာလီ၏ မှော်ပဲ့တင်ထပ်ခြင်းနည်းပညာမှာ အသုံးဝင်မှုများလှသည်။ မြို့လမ်းဆုံလေးရှိ မှော်မီးအိမ်များအားလုံးကို ထိန်းချုပ်ရန် အသုံးပြုရုံမှာ ထိုနည်းပညာ၏ အင်မတန်ရိုးရှင်းသည့် အသုံးပြုပုံတစ်ခုသာဖြစ်သည်။
၎င်းတို့သာ ထိုနည်းပညာကို ဆက်လက် သုတေသနလုပ်နိုင်ပါက အခြား မတူညီသည့်နေရာများစွာ၌လည်း သုံးနိုင်ပေ၏။ ယခုတွင်ပင် ရှုယီတွေးနိုင်သလောက် အကြံသုံးခုရှိနေပြီဖြစ်သည်။
ထို့အပြင် ၎င်းကို ဆက်လက်လေ့လာပါက အသုံးဝင်မှုများစွာ ရှိလာလိမ့်မည်မှာ အသေအချာပင်။
ထိုသို့ လွှမ်းမိုးမှုနှင့် အသုံးဝင်မှုအများအပြားရှိသည့် နည်းပညာအတွက် အာကာလီအား ရွှေဒင်္ဂါးငါးရာသာ ပေးခြင်းမှာ အတော်လေး နည်းနေသလိုခံစားနေရသည်။
ဖြစ်နိုင်ပါက အာကာလီအား ရွှေဒင်္ဂါးငါးသောင်းလောက်ပေးမှသာ ထိုက်တန်မည်ဟု ခံစားမိသည်။
မှန်ပါ၏၊ မှော်သုတေသနဌာန၏ဆုပေးစနစ်မှာ အီဗီတာပြုလုပ်ကာ ရှုယီက အသိအမှတ်ပြုထားခြင်းဖြစ်သောကြောင့် စည်းမျဉ်းကို ဆန္ဒရှိသလို ဖောက်ဖျက်၍ မရပါချေ။
ယခုတွင် ရွှေဒင်္ဂါးငါးရာသာ ဆုချီးမြှင့်ခြင်းက အနာဂတ်၌ တိုးတက်ရန် နေရာပိုများလာလောက်မည်သာ။
မှော်သုတေသနဌာနမှ အရေးပါမှုများလာသည့် မှော်စက်များကို ပိုပိုဖန်တီးလေ ပေးရမည့် ပမာဏမှာ မြင့်လာလေဖြစ်လိမ့်မည်။
ထိုအချိန်ရောက်လာလျှင် ကမ္ဘာမြေရှိ လုပ်ငန်းစုများကဲ့သို့ နည်းပညာတစ်ပိုင်းတစ်စမှာ သန်းပေါင်းဆယ်နှင့်ချီကာပင် ထိုက်တန်လာနိုင်မည်ဖြစ်၏။
ရှုယီက ကြည့်လာသည်ကို မြင်သော် စန်ချယ်လီက ဖြစ်ညှစ်ကာ ပြုံးပြလာသည်။
ရှုယီလည်း စဉ်းစားရင်း သူ့နံဘေး၌ ထိုင်ချလိုက်၏။ ထို့နောက် ပခုံးပုတ်လျက် အပြုံးဖြင့်ပြောသည်၊ "ဘယ်လိုလဲ? မင်းရဲ့အလုပ်က ဒီလောက်ထူးခြားနေတာကို ဘာလို့ ဒီလိုအမူအရာမျိုးရှိနေရတာလဲ? လာပါ၊ ရိုးရိုးသားသားပြောလိုက်၊ မင်းအနေနဲ့ ဘယ်အဆင့်ဆုနဲ့ ထိုက်တန်တယ်ထင်လို့လဲ?"
စန်ချယ်လီ၏ အပြုံးက ပိုလိုပင် နေရခက်ဟန်ပေါ်လာကာ လက်ကိုယမ်း၍ ပြောလေ၏၊ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျွန်တော် အလုပ်ဝင်တာ တစ်နှစ်လောက်ရှိခဲ့ပြီး အခုတော့ ကူညီနိုင်ပြီမို့ အတော်လေးပျော်နေတာပါ၊ ဘယ်လိုလုပ် ဆုငွေတချို့ လိုချင်ရမှာတဲ့လဲ။ ဥက္ကဌ၊ ကျွန်တော့ကို အတော်အဆင်ပြေနေပြီးသား အရာကို ဒီလောက်အကြာကြီး ယူထားလို့ အပြစ်မတင်ပါနဲ့။"
ရှုယီက စန်ချယ်လီကို ကြည့်ကာ မေးလေသည်၊ "ဒီတော့ မင်း ငါ့ကို အမြဲတမ်းရှောင်ဖို့ လုပ်နေတာက ရှက်လို့လား?"
စန်ချယ်လီက ရှက်ရွံ့ဟန်ပြကာ ခေါင်းငြိမ့်၍ အသံဩဩဖြင့် ဆိုသည်၊ "ဟုတ်ပါတယ်၊ တခြားလုပ်ဖော်ကိုင်ဖက်တွေက လုပ်ငန်းစုအတွက် နေ့တိုင်းလိုလို ရလာဒ်တွေရပြီး ထုတ်ကုန်အမျိုးစုံကို ထုတ်လုပ်နိုင်နေတော့ ကျွန်တော်က ဘာမှ မလုပ်ခဲ့ရသလို ခံစားရလို့ပါ။ ဥက္ကဌက ဘာမှမပြောပေမယ့်လည်း ကျွန်တော့်စိတ်ထဲမှာ အတော်မကောင်းလို့ပါ။ ဥက္ကဌကြောင့်သာ မဟုတ်ရင် အန်ဗီမာမြို့တော်မှာ ကျွန်တော် ဆာလောင်ရင်း သေသွားလောက်ပြီ။ ဥက္ကဌက ကျွန်တော့်ကို ကယ်ခဲ့ပြီး ဆန္ဒတွေကိုပါ ဖြည့်ဆည်းပေးခဲ့ရုံတင်မကဘူး ကျွန်တော့်ရဲ့ကိုယ်ပိုင် ဓာတ်ခွဲခန်းပါပေးပြီး ကျွန်တော်လေ့လာချင်တဲ့ မှော်ပညာကိုပါ လေ့လာခိုင်းခဲ့တော့ ဘယ်လိုပြန်ပေးရမလဲတောင် တကယ်မသိတော့ဘူး။ ကျွန်တော်သာ ဥက္ကဌပြောတဲ့ အစီစဉ်ရေးဆွဲခြင်းနည်းပညာကိုလုပ်နိုင်ပြီး ဥက္ကဌကို ပြန်ပေးနိုင်မယ်လို့ ထင်ခဲ့ပေမယ့်..... အဲ့လောက်ခက်မယ်လို့ ထင်မထားခဲ့မိဘူး။"
"မင်း အံ့ဩသွားတာလား?" ရှုယီက အပြုံးဖြင့်ပြောသည်၊ "ရိုးရိုးသားသားပြောရရင် မင်းအပေါ်မှာ ငါ ဒါကို မမျှော်လင့်ထားခဲ့ပါဘူး။ မင်း လုပ်ထားတဲ့ သလင်းလုံးကိုမြင်တော့ ဒီအကြံကိုရခဲ့တာပါ၊ ဒါကြောင့် မင်းကို ကြိုးစားကြည့်ခိုင်းဖို့ ဆုံးဖြတ်လိုက်တာ။ ဒီနည်းပညာက ဘယ်လောက်ခက်မှန်း ငါသေချာသိတာကြောင့် မင်းအနေနဲ့ အချိန်တိုလေးအတွင်း ဒါကို ထုတ်လုပ်နိုင်မယ်လို့ မမျှော်လင့်ထားပါဘူး။ ဒီတစ်ခေါက် နည်းပညာရဲ့ တစ်စိတ်တပိုင်းမှာ ပါဝင်နိုင်ပြီး ရေပန်းထဲက ရေစွမ်းအားမှော်အစီရင်နဲ့ ပုံသဏ္ဍာန်တွေဖန်တီးနိုင်တာကတင် အားရစရာဖြစ်နေပါပြီ။ ဒီတော့ မင်းအတွက် ဘာဖိအားမှမရှိဘူး၊ ဆက်ပြီး သုတေသနလုပ်နေဖို့ပဲ လိုတယ်။"
ရှုယီက အင်မတန် သဘောထားကြီးလှရာ စန်ချယ်လီမျက်နှာထက်ရှိ ရှက်ရွံ့ဟန်က ပိုလို့ပင် အားကောင်းလာ၏။
သူပြောသလိုပင် ရှုယီက သူ့အား ကယ်ခဲ့ရုံသာမက သူလိုချင်သည့်အရာကိုပါ ပေးခဲ့သည်။
သူသာ ထူးကဲသည့် မှော်ပညာကိုလေ့လာဖို့ မငြင်းဆန်ခဲ့လျှင် သူ၏မှော်ပညာပါရမီနှင့် ငတ်မွတ်လောက်သည်အထိ ဖြစ်သွားခဲ့လိမ့်မည်မဟုတ်ချေ။
သူ့အတွက် ထိုမှော်သုတေသနမှာ သူ၏ဘဝထက်ပင် ပိုမို အရေးပါလှသည်။
ယခု သူဟာ Frestech ကုန်သည်ကြီးများအသင်း၌ ရှိနေပြီး ရှုယီက သူမြတ်နိုးသည့် မှော်ပညာကို လေ့လာနိုင်မည့် ပတ်ဝန်းကျင်ကို ပေးထားပြီး ဘဝအတွက် လမ်းကြောင်းအသစ်ကိုပင် ပေးထားသလောက်ရှိသည်။
"ဟုတ်ပြီ! ငါ သေချာပေါက် ကြိုးစားရမယ်!" ထိုသို့စဉ်းစားရင်း စန်ချယ်လီက ရှုယီကို ပြောလေ၏၊ "ဥက္ကဌ စိတ်ချပါ၊ ကျွန်တော် တစ်နှစ်အတွင်းမလုပ်နိုင်ရင် ဆယ်နှစ်လုပ်လိုက်မယ်! ဆယ်နှစ်မလုပ်နိုင်ရင်၊ ဘဝသက်တမ်းတစ်ခုလုံးကို သုံးလိုက်ပါ့မယ်! ကျွန်တော် သေချာပေါက် မသေခင်မှာ ဥက္ကဌလိုချင်တဲ့ အစီအစဉ်ရေးဆွဲခြင်းနည်းပညာကို ထုတ်လုပ်နိုင်ရစေမယ်! ကျွန်တော့်ကို လစာပေးဖို့လည်းမလိုပါဘူး၊ အစားအစာနဲ့ မှော်ပစ္စည်းတွေပဲလိုတယ်! ကျွန်တော့်ရဲ့ တစ်ဘဝလုံးကို Frestech ကုန်သည်ကြီးများအသင်းဆီ ပေးအပ်ပါ့မယ်!"
ရှုယီက အသာပြုံးကာ ခေါင်းခါ၏၊ "ငါပြောပြီးပြီလေ၊ ဘာဖိအားမှမရှိပါဘူး၊ မင်းသက်သာသလို သုတေသနလုပ်ဖို့ပဲလိုတယ်။ ပြီးတော့ ဒီလုပ်ဆောင်ချက်ကနေတဆင့် ငါ ပြဿနာတစ်ခုကို ဥပေက္ခာပြုခဲ့မိတယ်လို့ သတိထားမိသွားတယ်။ အာကာလီက မှော်ပဲ့တင်ထပ်ခြင်းနည်းပညာကို ဒီလောက်မြန်မြန်ဖန်တီးနိုင်တာဟာ သူမရဲ့ကိုယ်ပိုင်ထူးချွန်မှုအပြင် တခြားသုတေသနပညာရှင် ခြောက်ဦးရဲ့ အကူအညီကြောင့်လည်းပါတယ်။ အဲ့အစား မင်းက တစ်ချိန်လည်း ကိုယ့်ဘာသာပဲ အလုပ်လုပ်နေခဲ့တာလေ။ ဒီတော့ မနက်ဖြန်ကစပြီး မင်းရဲ့သုတေသနမှာ ကူညီဖို့ လက်ထောက်တွေရွေးရမယ်။ ဘယ်လိုထင်လဲ?"
"မလိုဘူး မဟုတ်လား?" စန်ချယ်လီက အံ့ဩစွာပြောသည်၊ "ကျွန်တော် ဒါကို ကိုယ့်ဘာသာ သုတေသနလုပ်နိုင်ပါတယ်၊ လက်ထောက်တွေမလိုပါဘူး။"
"မဟာမှော်ပညာရှင်တွေတောင် မှော်ပညာကိုသုတေသနလုပ်ရင် လက်ထောက်တွေရှိတယ်၊ မင်းက ဘာလို့ မလိုရမှာလဲ? ဒီကိစ္စကို ဆုံးဖြတ်လိုက်ပြီ။ မင်းကို စဉ်းစားဖို့ သုံးရက်ပေးမယ်၊ ပြီးရင် မင်းလိုချင်တဲ့ လက်ထောက်စာရင်းကို အီဗီတာကို ပေးလို့ရသလို သူမနဲ့အတူ လက်ထောက်ရွေးလည်းရတယ်။ ဒီစာရင်းပြီးရင် ငါ့ကိုလာပြောလှည့်။"
ရှုယီက သူ့အား ညှိနှိုင်းခွင့်မပေးသည်ကိုမြင်သော် စန်ချယ်လီမှာ ခုခံမည့်စကားများအားလုံးကို မြိုချ၍ သဘောတူ ခေါင်းငြိမ့်လိုက်ရသည်။
"ပြီးတော့ လုပ်ဆောင်ချက်တွေကို ဆုချီးမြှင့်ရမယ်ဆိုတာ ငါ့ရဲ့ နိယာမပဲ။ မင်း တီထွင်ခဲ့တဲ့ မှော်အစီအရင်နှောင့်နှေးနည်းပညာက ရလာဒ်အတော်ကောင်းတယ်။ အာကာလီရဲ့ မှော်ပဲ့တင်ထပ်ခြင်းနည်းပညာလောက်တော့ အံ့ဩဖို့မကောင်းပေမယ့်လည်း အရမ်းကို အရေးပါနေတုန်းပဲလေ။ ဒီတော့ မင်းကို ရွှေဒင်္ဂါးနှစ်ရာဖြစ်တဲ့ ဒုတိယအဆင့် ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပြီ။" ရှုယီက အလေးအနက်ပြောလာသည်။
စန်ချယ်လီက အံ့ဩသွားလေ၏။ သူ့အနေနှင့် ငြင်းဆန်လိုက်ချင်သော်လည်း ရှုယီ၏ ဆုံးဖြတ်ပြီးဟန်ကိုမြင်သော် မည်သည်ကိုမှ မဆိုနိုင်တော့ဘဲ လက်သာခံနိုင်လိုက်သည်။
"ကောင်းပြီ၊ ဆက်ပြီး ကြိုးစား။ မင်းရဲ့ ဒီတစ်ခေါက် လုပ်ဆောင်ချက်က အာကာလီလောက်တော့မကောင်းပေမယ့်လည်း ငါ့အနေနဲ့ မှော်အစီအစဉ်ရေးဆွဲခြင်းနည်းပညာပေါ်မှာ အမြင်ကောင်းအမြဲရှိတယ်။ ဒါက အတော်လေးအရေးပါတဲ့နည်းပညာဖြစ်လာပြီး မှော်ပဲ့တင်ထပ်ခြင်းနည်းပညာထက် အလားအလာမနည်းလောက်ဘူးလို့လည်း ယုံကြည်တယ်။"
ရှုယီက စန်ချယ်လီ၏ပခုံးကိုထပ်ပုတ်ပေးလိုက်ပြီး အားပေးကာ အာကာလီနှင့် အခြားလူများကိုပါ နှုတ်ဆက်လိုက်သည်။ အခန်းထဲမှ ထထွက်သွားပြီးနောက် အစေခံတစ်ဦးက လမ်းပြပေးကာ ကောင့်ထ်စီယန်နှင့် ဟားနက်စ်တို့အား စကားပြောရန် တခြားအခန်းလေးထဲသွားလိုက်၏။
ထိုနှစ်ဦးက စကားပြောနေပြီး ရှုယီဝင်လာသည်ကိုမြင်သော် ရပ်တန့်၍ ကြည့်လာသည်။
"ရှုယီ ခင်ဗျားရဲ့ မှော်သုတေသနဌာနက သုတေသနပညာရှင်တွေကို အခုနက ဆုပေးနေတာမဟုတ်လား?" ရှုယီ ထိုင်ချလိုက်ချိန်၌ ကောင့်ထ်စီယန်က ပြုံးလျက် ထိုသို့မေးလာသည်၊ "ဒီကနေတောင် သူတို့တွေ အောင်ပွဲခံနေတာ ကြားလိုက်ရလို့ သူတို့ကိုပေးတဲ့ဆုတွေက မနည်းလောက်ဘူးထင်တယ်၊ ဟုတ်လား?"
ရှုယီလည်း အသာပြုံးကာ၊ "သိပ်မများပါဘူး၊ တစ်ယောက်ကို ရွှေဒင်္ဂါးတစ်ရာပါပဲ။"
"ဟ၊ တစ်ယောက်ကို ရွှေဒင်္ဂါးတစ်ရာက မများတာလား?" ဟားနက်စ်က ခေါင်းခါကာ သက်ပြင်းချသည်၊ "Frestech ကုန်သည်ကြီးများအသင်းက ချမ်းသာတယ်ပဲ ပြောရမလား ဒါမှမဟုတ် အဲဒီ့ ဥက္ကဌရှုက လက်ဖွာတယ်ပဲပြောရမလားပဲ?"
ရှုယီက ပခုံးတွန့်၏၊ "ခင်ဗျား ဘာပြောပြောအဆင်ပြေပါတယ်၊ ဒီတစ်ခေါက် သူတို့ရဲ့ လုပ်ဆောင်ချက်ကို ကျုပ် အတော်စိတ်တိုင်းကျတယ်လေ။ ကျုပ် စိတ်တိုင်းကျမှတော့ စိတ်ကျေနပ်စေလောက်မယ့် ဆုပေးရတာပေါ့။ မဟုတ်ရင် ရှေ့လျှောက် သူတို့အနေနဲ့ အလုပ်လုပ်ချင်ပါတော့မလား?"
"အမှန်ပဲ၊ ဒါပေမယ့် တစ်ယောက်ကို ရွှေဒင်္ဂါးတစ်ရာက မများလွန်းဘူးလား? အန်ဗီမာမြို့တော်က လုပ်ငန်းစုတွေအတွက်တောင် အလုပ်သမားတွေကို ဆုချတဲ့အနေနဲ့ ရွှေဒင်္ဂါး တစ်ယောက်ဆယ်ပြားပေးတာကတင် အတော်လေးအဆင်ပြေနေပြီ။" ဟားနက်စ်က မနေနိုင်ဘဲ ခံစားချက်အပြည့်ဖြင့်ပြောသည်။
"ဒါကတော့ ခင်ဗျားတို့ အန်ဗီမာမြို့တော်ရဲ့ လုပ်ငန်းစုတွေက ကပ်စေးနဲလို့ပေါ့၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့မှ မဆိုင်ဘဲ။" ရှုယီက အသာနှာခေါင်းရှုံ့၍ စိတ်ပျက်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။ "ပြောပါရစေ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းတင်မကဘူး အပြင်မှာလိုက်မေးကြည့်ရင်လည်း နှစ်စဉ် အခွန်ငွေ ရွှေဒင်္ဂါးငါးထောင်အောက် ဆောင်ရတဲ့ လုပ်ငန်းစုလေးတွေအတွက်တောင် သူတို့ရဲ့ ဝန်ထမ်းတွေက နည်းပညာမှာ ပြောင်းလဲမှုတစ်ခုလုပ်ရင် အနည်းဆုံး ရွှေဒင်္ဂါးငါးဆယ်ရလိမ့်မယ်။"
"အဲ့လောက်တောင်လား?" ဟားနက်စ်က မနေနိုင်ဘဲ မျက်မှောင်ကုပ်ကာ၊ "ခင်ဗျားတို့ ဘန်တာမြို့ရဲ့ လုပ်ငန်းစုတွေက ရူးနေကြတာလား? ဘာနည်းပညာ အသစ်ပြောင်းလဲမှုလဲ..... ကျုပ် «ဘန်တာတိုင်းမ်စ်»မှာ အဲဒီ့ အသစ်ပြောင်းလဲမှုဆိုတာတွေကို မြင်ခဲ့ဖူးပါတယ်၊ သူတို့က ဒီတိုင်း အများဆုံးရှိ ချိန်ဆမှုသေးသေးလေးတွေပဲလေ။ တကယ်ကိုပဲ ထူးခြားနေလို့လား? အဲ့လောက်အများကြီး ဆုပေးဖို့ရော လိုလို့လား?"
ရှုယီက ဟားနက်စ်ကိုကြည့်ကာ ခေါင်းခါ၏၊ "ဒီတော့ ဟားနက်စ်, ခင်ဗျား ဘန်တာမြို့ကနေ အဝေးရောက်နေတဲ့ နှစ်အတွင်းမှာ နောက်ကျကျန်နေခဲ့ပြီပဲ။ အန်ဗီမာမြို့တော်က လုပ်ငန်းစုတွေဆို ပိုလို့တောင် နောက်ကျကျန်နေသေးတယ်။"
ဟားနက်စ်က လက်မလျှော့ချင်သည့်အသံဖြင့် ဆိုလာ၏၊ "ဘာလဲ? မင်းက အန်ဗီမာမြို့တော်ဟာ ဘန်တာမြို့ကို မယှဉ်နိုင်ဘူးလို့ ပြောနေတာလား?"
ရှုယီက ဟားနက်စ်ရှေ့ရှိ မှတ်စုလေးကို ညွှန်ပြကာ ပြောသည်၊ "မြို့စားအရှင်အနေနဲ့ ဘန်တာမြို့ ပုံရိပ်တည်ဆောက်ရေးအစီစဉ်ကို ထမ်းဆောင်နေရတာကို..... ဘယ်လိုထင်လို့လဲ?"
ဟားနက်စ်က ကောင့်ထ် စီယန်ကိုကြည့်လိုက်ရာ ကောင့်ထ်စီယန်ထံ၌လည်း အပြုံးဖျော့ဖျော့ရှိနေပြီး ရှုယီအတွက်လုံးရှင်းပြလာမည့်အစီစဉ်မရှိကြောင်း တွေ့လိုက်ရသည်။
အတန်ငယ် အံ့ဩနေပြီးနောက်တွင် ဟားနက်စ်မှာ မနေနိုင်တော့ဘဲ စိတ်ထဲသက်ပြင်းချ၏။
ကောင့်ထ်စီယန်သာ ဘန်တာမြို့က လမ်ပူရီတိုင်းပြည်၏ အကြီးဆုံးမြို့တော်ဖြစ်သည့် အန်ဗီမာမြို့တော်ကို ကျော်လွန်ရန် စီစဉ်ထားခြင်းဆိုလျှင် ၎င်းက တကယ်ကို ရည်မှန်းချက်ကြီးလွန်းသွားပြီပင်။
သို့သော် နံဘေးရှိ ရှုယီက ပြုံးနေသည်ကို ကြည့်ရင်း ဟားနက်စ်မှာ တစ်စုံတရာကို ရုတ်တရတ် နားလည်လိုက်သည်။
ထိုအကြံမှာ မဖြစ်နိုင်ဟန်ပေါ်သော်လည်း ဖြစ်နိုင်သည်မှာ.....၎င်းကို တကယ်တမ်း အထမြောက်စေနိုင်သည်သာ....
***