အခန်း (၁၆၁-၁၇၀)
Vol. 2 Ch. 161-170
Vol 2 အခန်း ၁၆၁။ မင်းရဲ့ ဦးနှောက်ကို ကျောက်တုံးနဲ့လုပ်ထားတာလား?
ဘန်တာမြို့တစ်ခုလုံးကို ပြောင်းလဲရန်မှာ စကားပြောရုံ သို့မဟုတ် ကြော်ငြာရုံလေးနှင့် ရယူနိုင်မည့်အရာမဟုတ်ချေ။
အာရုံအများဆုံး စိုက်ခံရသည့် မြို့လမ်းဆုံနှင့် ဆန်ဒီမြစ်စီမံကိန်းတို့အပြင် ပြည်နယ်သစ်များ ဖန်တီးမည့် ဘန်တာမြို့၏ အစီစဉ်မှာ တဖြည်းဖြည်းစတင်နေပြီဖြစ်သည်။
ထို ပြည်နယ်သစ်များအတွက် ဖြေရှင်းပြီးသား ပထမဆုံးပြဿနာမှာ လမ်းများ၏ ပြဿနာပင်။
၎င်းမြို့ ပြုပြင်မွမ်းမံရေး အစီအစဉ်ကို ယခင်နှစ် ဖန်တီးခဲ့စဥ်က အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ မြို့ပြင်အတွက် စီစဉ်ထားသည့် ပြည်နယ်များ၌ တစ်ချိန်လုံး လမ်းများအား ဖောက်လုပ်ခဲ့သည်။
ယခုဆိုလျှင် တစ်နှစ်ခွဲကျော် ကြာမြင့်ပြီး အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြီးစီးနေပြီဖြစ်သည်။ ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ ခရိုင်အသီးသီးအတွက် လူထုပို့ဆောင်ရေးလိုင်းများကို စတင်ဖွင့်လှစ်ခဲ့၏။
ဖာဆန်ရထားလုံးလုပ်ငန်းစု၏ လူထုပို့ဆောင်ရေးဂိတ်မှ ဆင်းကာ မြို့တွင်းနေရာများစွာကို အမြန်သွားဖို့ မြင်းလှည်းများစီးရန် ရွေးချယ်နိုင်သည်။ ကိုယ်ပိုင်မြင်းလှည်းမရှိပါက လမ်းလျှောက်ခဲ့ရသည့်အချိန်နှင့် ယှဉ်လျှင် ၎င်းက လမ်းလျှောက်သည်ထက် ပိုမြန်သည်မှာ သံသယဖြစ်ဖွယ်ပင်မရှိချေ။
ဟားနက်စ်မှာ ရွှေဒင်္ဂါးတစ်ပြားနှင့် တစ်မနက်လုံး ဘန်တာမြို့ရှိ လူထုပို့ဆောင်ရေးလိုင်း ၁၁ လိုင်းလုံးကို စီးနင်းခဲ့သည်။ သူပြန်လာသောအခါတွင် ရှုယီကို ချီးကျူးဂုဏ်ပြုလာ၏။
"အဆင်ပြေလွန်းတယ်! တကယ်ကို အဆင်ပြေလွန်းတယ်!” ဟားနက်စ်သည် ယခင်ကကဲ့သို့ အနည်းငယ် ချဲ့ကားသည့် လေသံမျိုး ရှိနေဆဲဖြစ်သည်၊ "မင်းသွားမယ့်နေရာကို သက်တောင့်သက်သာရှိတဲ့ မြင်းလှည်းစီးဖို့ ငွေဒင်္ဂါးနည်းနည်းလောက်ယူသွားရုံနဲ့ မြန်မြန်ဆန်ဆန် သွားနိုင်တယ်၊ တကယ်ကို အဆင်ပြေလွန်းတယ်!”
ရှုယီက ရယ်ကာ "ဘယ်လိုလဲ? လူထုပို့ဆောင်ရေးစနစ်ကောင်းပေမယ့် လက်တွေ့မှာ အသုံးမဝင်ဘူးလို့ အရင်တစ်ခေါက်က ဘယ်သူပြောခဲ့တာပါလိမ့်?”
ဟားနက်စ်မျက်နှာက အနည်းငယ်နီရဲသွားပြီး ပြုံးကာပြောသည် "မင်းတို့ရဲ့ ဘန်တာမြို့က အချိန်တိုလေးအတွင်းမှာ လမ်းတွေအများကြီးဆောက်နိုင်လောက်အောင် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ ငါဘယ်လိုသိမှာလဲ။ ပြီးတော့လည်း၊ ဖာဆန်ရထားလုံးလုပ်ငန်းစုက မင်းနဲ့အတူ အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ။ ငါမြင်သလောက်ဆို လူထုမြင်းလှည်းစီးတဲ့လူ များများစားစား မရှိကြသေးတော့ သူတို့လည်း သေချာပေါက် အရှုံးရှိမှာပဲ။"
"အဲဒါက လူတွေအနေနဲ့ အသားမကျသေးလို့ပါ။" ရှုယီက ပြော၏၊ “အရင်လူတိုင်း ဆင်းရဲပြီး အများစုဆိုရင် ရွှေဒင်္ဂါးပြားတစ်ပြားတောင် မရှိကြဘူးဆိုတော့ လူထုမြင်းလှည်းစီးဖို့ ငွေဒင်္ဂါးနည်းနည်းလောက်သုံးဖို့ကို ဆန့်ကျင်ကြတယ်။ ဒါပေမယ့် အခုအချိန်မှာဘန်တာမြို့ရဲ့၀င်ငွေက အတော်လေး ပိုများလာတော့၊ အချိန်က ပိုက်ဆံထက် ပိုတန်ဖိုးရှိတယ်ဆိုတာ သူတို့နားလည်လာတဲ့အခါ မြင်းလှည်းစီးတဲ့ လူတွေ အများကြီး ထပ်တိုးလာမယ်ဆိုတာ သေချာပါတယ်။ အဲဒီအချိန်ကျ ခင်ဗျားသာ လူထုမြင်းလှည်းတွေ စီးချင်ရင် ကိုယ့်လမ်းပေါ် ကိုယ်သွားရလိမ့်မယ်။”
“ဘယ်လိုလုပ် ဒီလောက်ချဲ့ကားတာ နေရတာလဲ…..” ဟားနက်စ်က ငြင်းလိုက်သော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က ဘန်တာမြို့အကြောင်း စုံစမ်းစစ်ဆေးမှုကို တွေးကြည့်ရာ ထိုသို့ မဖြစ်နိုင်မှာ မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။
ဘန်တာမြို့၏လူဦးရေမှာ လျင်မြန်စွာ တိုးလာပြီး ထိုလူများ၏၀င်ငွေသည် ယခင်အကြိမ်ထက် အဆမတန် ပိုများလာသည်။
ထိုလမ်းကြောင်းအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် လူထုမြင်းလှည်းစီးဖို့ လူတိုင်း ငွေသုံးရန် ဆန္ဒရှိမည့်အချိန် ရောက်လာနိုင်၏။
ထိုအချိန်တွင် လူထူထပ်မည့် အခြေအနေပင်ရှိလာနိုင်သည်။
“အန်…...ဒီကိစ္စက မဆိုးပါဘူး၊ အန်ဗီမာမြို့တော်ကိုပြန်ရောက်ရင် လူထုပို့ဆောင်ရေးစနစ်ကို ကျင့်သုံးဖို့ တိုက်တွန်းဖို့ သတင်းစာတွေမှာ ရေးလိုက်ပါ့မယ်။” ဟားနက်စ်က စဉ်းစားကာ ပြော၏၊ “အဲဒါကြောင့် အပြင်ထွက်ရင် ငါတို့ရဲ့ကိုယ်ပိုင် မြင်းလှည်းတွေ သုံးစရာ မလိုတော့ဘူး”
ရှုယီက သူ့ကိုကြည့်၍ အေးစက်စွာပြောလေ၏ "အန်ဗီမာမြို့တော် မှာ ဒီအရာ ရှိလာနိုင်မယ်လို့ ခင်ဗျားထင်တာလား"
"ဘာလို့လဲ……"
ဟားနက်စ်မှာ ရုတ်တရက် ရပ်တန့်သွားသည်။
ရှုယီ၏မေးခွန်းက လုံးဝမမှားကြောင်း ရုတ်တရက် သူတွေးလိုက်မိ၏
အန်ဗီမာမြို့တော်မှာ….. လူထုပို့ဆောင်ရေးစနစ်ဖြင့် အမှန်တကယ်ချိတ်ဆက်နိုင်မည်လား။
ဘန်တာမြို့သည် မြို့စားအရှင်ကောင့်ထ်စီယန်၏ ပံ့ပိုးကူညီမှုဖြင့် လမ်းများအမြောက်အမြား ဖောက်လုပ်ထားသောကြောင့် ၎င်းကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ မြင်းလှည်းများက ထိုလမ်းများကိုဖြတ်သန်းရာ၌ မြန်ဆန်ရုံသာမက တည်လည်း တည်ငြိမ်သည်။
အန်ဗီမာမြို့တော် ရှိ လမ်းများကို ကျောက်ဖြင့် ခင်းထား၏။ ကျယ်ဝန်းခြင်းမရှိသလို ချောမွေ့မှုမရှိသောကြောင့် လမ်းအခြေအနေသည် ဘန်တာမြို့ထက် များစွာဆိုးရွားသည်။
ထို့အပြင် လူထုပို့ဆောင်ရေးစနစ် တည်ဆောက်ရာတွင် အရေးကြီးသောအချက်မှာ ထိန်းသိမ်းထားနိုင်လား မထိန်းသိမ်းနိုင်လား ဟူ၍ဖြစ်သည်။
ကောင့်ထ်စီယန်နှင့် ရှုယီတို့သည် ဘန်တာမြို့တွင် ပျမ်းမျှ ၀င်ငွေ အလွန်များပြားလာရာ သာမန်ပြည်သူများပင် မြင်းလှည်းစီးဖို့ ရွှေဒင်္ဂါးတချို့ ပေးဆောင်နိုင်သဖြင့် ဘန်တာမြို့လူထုပို့ဆောင်ရေးစနစ်တွင် ယုံကြည်မှုရှိကြသည်။
အန်ဗီမာမြို့တော်၌ မျိုးရိုးမြင့်ကြီးများနှင့် ကုန်သည်ကြီးများ အများအပြား စုရုံးနေကာ လူထုပို့ဆောင်ရေးစနစ်ကို အသုံးပြုရန် ငွေကြေးတတ်နိုင်သူ အလုံအလောက်ရှိသော်လည်း မျိုးရိုးမြင့်ကြီးများနှင့် ကုန်သည်ကြီးများအတွက် အခြားလူများနည်းတူမြင်းလှည်းကို မည်သို့စီးလိုမည်နည်း။ အဘယ့်ကြောင့် ၎င်းတို့အတွက် ပိုအဆင်ပြေသည့် သီးသန့်မြင်းလှည်းကိုသာ အသုံးမပြုဘဲ နေမည်နည်း?
လူထုပို့ဆောင်ရေးစနစ်အတွက် အလိုအပ်ဆုံးမြို့သားအများစုမှာ ၎င်းအတွက် ပေးဆောင်ရန် ဆန္ဒမရှိကြသလို မတတ်နိုင်ကြသည်လည်းရှိသည်။
အန်ဗီမာမြို့တော်သားများအတွက်၊ ၎င်းကငွေဒင်္ဂါးအနည်းငယ်လေးသာဆိုလျှင်တောင် ဂရုတစိုက်စဉ်းစားရန် လိုအပ်သည်။
ထိုသည်စဉ်းစားရင်း၊ ဟားနက်စ်အနေနှင့် ရှုယီက ဘန်တာမြို့မှာ အန်ဗီမာမြို့တော်ကိုကျော်သွားလိမ့်မည်ဟု ပြောစဉ်က၊ ၎င်းမှာ အဓိပ္ပာယ်မဲ့ဝါကြွားမှုတစ်ခုသာမဟုတ်ကြောင်းတွေ့ရှိသွား၏။
အနည်းဆုံး နိုင်ငံသားများအတွက် ပျမ်းမျှဝင်ငွေအရ ဘန်တာမြို့သည် အန်ဗီမာမြို့တော်ကို ကျော်လွန်နေပြီးသားပင်။
“နိုင်ငံသားတွေရဲ့ပျမ်းမျှဝင်ငွေကို ဘယ်လိုမြှင့်တင်ရမလဲလို့ မေးချင်တာလား?" ရှုယီသည် ဟားနက်စ်၏ ရိုးသားစွာ မေးလိုနေဟန်ကို ကြည့်ပြီး ပြုံးကာ ပြောသည် ။"ခင်ဗျားက အခု ဘန်တာမြို့မှာ မဟုတ်ဘူးလား? ကျုပ်ကိုမေးမယ့်အစား ကိုယ့်ဘာသာ လေ့လာတာက ပိုကောင်းတယ်။ တိုက်ရိုက်ကြည့်ရှုမှပဲ တိုက်ရိုက်ကောက်ချက်ချနိုင်မှာလေ။ အကြောင်းအရင်းကို သိချင်ရင် မြို့ပြင်က ရွာတွေမှာရှိတဲ့ သာမန်ပြည်သူတွေဆီကို သွားလေ့လာကြည့်ဖို့ အကြံပဲ ကျုပ်ပေးနိုင်တယ်။”
ဟားနက်စ်က ခေါင်းညိတ်လာ၏။ ရှုယီရဲ့ စကားလုံးများအား ချရေးမည်အပြုတွင် သူဟာ ရုတ်တရက် တစ်စုံတရာကို တွေးမိသွားသည်။
“တကယ်တော့ ကိုယ့်ဘာသာ လှည့်ပတ်သွားတာနဲ့ ယှဉ်ရင် မင်းနောက်ကို လိုက်ရတာ ပိုကောင်းတယ်လို့ ငါထင်တယ်။ မင်း နောက်ကိုလိုက်ရင်ရမယ့် အကျိုးကျေးဇူးတွေက ပိုကောင်းပြီး ဘန်တာမြို့ရဲ့ အပြောင်းအလဲကိုလည်း ပိုနားလည်လာနိုင်မယ်လို့ ငါ အာမခံတယ်။"
ရှုယီက လက်များ ဖြန့်ကာ "တိုက်ဆိုင်တာပဲ၊ ကျုပ်လည်းသွားတော့မလို့။ ဒီအတောတွင်း ကျုပ်သာ ဘန်တာမြို့မှာ မရှိလောက်ဘူးဆိုတော့ ခင်ဗျားနဲ့ အတူကုန်ဆုံးဖို့ အချိန်ရှိမှာ မဟုတ်ဘူး"
ဟားနက်စ်က အံ့ဩသွားကာ"မင်းဘယ်သွားမလို့လဲ?"
“ပြဿနာနည်းနည်းဖြေရှင်းဖို့ ဆန်နက်မြေရိုင်းကို သွားပြီးရင် စတက်တိန်းနယ်မြေကို ခရီးထွက်မယ်။ ကျုပ်ကို စောင့်ရင်း စိုးရိမ်နေတဲ့ လူတစ်ယောက်ရှိတယ်၊ ကျုပ်သာ မြန်မြန် မသွားဆိုရင် ကျုပ်ကို ပြန်ပေးဆွဲဖို့ ဘန်တာမြို့ဆီ လူတွေလွှတ်လိုက်မှာကို ကြောက်မိလို့ပါ။"
ဟားနက်စ်၏မျက်နှာတွင် အကြံအစည်ရှိသည့် အပြုံးတစ်ခု ပေါ်လာပြီး ရှုယီကို မျက်ခုံးပင့်ကာ မေးသည်၊"စတက်တိန်းနယ်မြေမှာ မိန်းမငယ်လေးတစ်ယောက်ယောက်ကို ရှာတွေ့ပြီး တစ်ဖက်ကို ပစ်ထားမှာတော့ မဖြစ်နိုင်ပါဘူးနော်? ဟေး ဟေး ငါ စတေးလ်ကိုသွားပြောပြီး သင်ခန်းစာတစ်ခု ပေးခိုင်းလိုက်ရမလား။
ရှုယီက မျက်လုံးများ လှိမ့်လိုက်၏၊ "နောက်ဆုံးတစ်ခေါက်တုန်းက ကောင်မလေးနှစ်ယောက်ကို ကျုပ်ပြန်ခေါ်လာခဲ့တာ အခုဆို သူတို့က ဗီဗီယန်တို့ စတေးလ်တို့နဲ့ တစ်နေကုန်အတူရှိနေပြီလေ၊ ခင်ဗျား ကြည့်ချင်လို့လား?"
ဟားနက်စ်က ရှုယီကို အံ့အားသင့်စွာကြည့်ကာ လက်မထောင်လျက် ထုတ်ဖော်ချီးကျူးလိုက်၏၊ "မင်းတကယ်တော်တယ်။ ကောင်မလေးနှစ်ယောက်ကို ခေါ်လာတာတင်မကဘူး သူတို့ကို စတေးလ်ရဲ့ နားမှာလည်းထားခဲ့သေးတာနော်၊ တကယ်ပဲ မင်းကို အရမ်းလေးစားမိပါတယ်။"
"အဓိပ္ပါယ်မရှိတာ၊ ခင်ဗျားထင်သလို မဟုတ်ပါဘူး" ရှုယီက ဟားနက်စ်ကို ပြတ်ပြတ်သားသား ရှုတ်ချလိုက်သည်။ သူသည် ထိုအဓိပ္ပါယ်မဲ့ ကိစ္စရပ်ကို ရှင်းပြရန် ပျင်းလွန်းသဖြင့် ပြောလိုက်သည်၊ “တိုတိုပြောရရင်တော့ အနည်းဆုံး လဝက်လောက်သွားမှာမို့လို့ ခင်ဗျားနဲ့အတူ ဘန်တာမြို့ထဲ လျှောက် မသွားနိုင်ဘူး။ တကယ်တော့ တစ်ယောက်ယောက်ကို ခေါ်သွားချင်ရင် «ဘန်တာတိုင်းမ်စ်»က သတင်းထောက်တစ်ယောက်ကို ခေါ်လိုက်လေ၊ သူတို့က ကျုပ်နဲ့ယှဉ်ရင် ဘန်တာမြို့နဲ့ ပိုရင်းနှီးတယ်။"
“အေး၊ ငါပြောနေတာပဲ၊ ငါလည်း မင်းလိုအလုပ်ရှုပ်တဲ့လူနဲ့ အတူတူသွားလည်ဖို့ မစီစဉ်ထားဘူး။ ဒါပေမယ့်…..” ဟားနက်စ်က ရုတ်တရက် ထူးဆန်းတဲ့ အပြုံးကို ပြုံးလိုက်ပြီး “ရှုယီ….. ကောင်းလား ဆိုးလား မသိတဲ့ သတင်းတချို့ ပြောပြပါရစေ။”
"ဘာသတင်းမို့လို့လဲ ကောင်းလား ဆိုးလားတောင် မသိရဘူးလား" ရှုယီက အံ့သြစွာ မေးလိုက်သည်။
"ဒါက....ရက်အနည်းငယ်အတွင်း ဆိုဖီယာ ရောက်လာလိမ့်မယ်..."
"သူမက ထပ်လာပြန်ပြီလား?" ရှုယီသည် အံ့အားသင့်သွားပြီး ခေါင်းကိုက်လာ၏။
ခမ်နက်ဒ်နှင့် ဘန်တာမြို့သို့ ဆိုဖီယာ ပထမဆုံးအကြိမ်လာစဉ်က ရှုယီကို ထူးထူးဆန်းဆန်း အထင်သေးသဖြင့် တစ်ချက်မျှပင် အကြည့်လေးမပို့လာခဲ့ချေ။
ရှုယီမှာ သူမက မိန်းမငယ်လေးဖြစ်ကာ ခမ်နက်ဒ်၏ညီမငယ်ဖြစ်သောကြောင့် စိတ်ထဲမထားပါသော်လည်း ၎င်းအတွက် ခေါင်းကိုက်နေသေးသည်။
နောက်ပိုင်းတွင် ခမ်နက်ဒ်က Frestech ကုန်သည်ကြီးများအသင်း၏ အထွေထွေမန်နေဂျာဖြစ်ရန် ဆုံးဖြတ်လိုက်သောအခါ ဆိုဖီယာသည် သူမ ပျင်းလာတိုင်း ဤနေရာသို့ ရောက်လာခဲ့သည်။
သူမ၏အစ်ကိုနှင့် တွေ့ဖို့ရန်ဟု ဆိုသော်လည်း ရှုယီကို အမြဲလာရှာကာ ဆွ'ဆွသွားသည်။ ရှုယီမှာ ၎င်းကို အနှောင့်အယှက်ဟု ခံစားမိသော်လည်း တခြားရွေးချယ်စရာ မရှိချေ။
ထို့ကြောင့် ဆိုဖီယာ လာမည်ကို ကြားလိုက်တိုင်း ရှုယီမှာခေါင်းကိုက်ခြင်းကို ခံစားရသည်။
ထိုရိုင်းစိုင်းသည့် မိန်းကလေးကို သူဘာမှလုပ်လို့မဖြစ်နိုင်သော်လည်း ဆက်လက် နှောင့်ယှက် ခွင့်တော့ မပြုနိုင်ပေ။
"ကောင်းပြီ၊ သူ အခုလာလည်း ကျုပ် ထွက်သွားမှာပဲ။ ကျုပ်ဒီမှာမရှိဘူးဆိုတာ သူမ သိရင် ပျင်းစရာကောင်းလို့ ရက်နည်းနည်းကြာရင် ထွက်သွားလိမ့်မယ်။" ရှုယီက ဝမ်းသာအားရ ပြောသည် "သူမမှာ ဘာပြဿနာရှိလဲတော့ ကျုပ်တကယ်မသိဘူး၊ သူမရောက်လာတိုင်း ကျုပ်ကို ဘာလို့ ဒုက္ခပေးနေတာလဲ? ကျုပ် သူမကို စော်ကားမိလို့လား?"
ဟားနက်စ်က ရှုယီကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လာသည်။
"ဟေး ရှုယီ၊ မင်း ရိုးရိုးသားသားနဲ့ပဲ ဒီလို ခံစားနေတာလား ဒါမှမဟုတ် တမင်သက်သက်လား"
"ဘာကို တမင်သက်သက်လဲ?" ရှုယီအံ့သြသွားသည်။
"တကယ်ကြီး ဆိုဖီယာက မင်းကို ဘာလို့ဆက်ရှာနေမှန်း မသိဘူးလား။ မင်းဦးနှောက်ကို ကျောက်တုံးနဲ့လုပ်ထားတာလား။" ဟားနက်စ်မှာ အနည်းငယ် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
ရှုယီက ရှုပ်ထွေးနေဟန်ဖြင့် ပြန်မေး၏ "ခင်ဗျား ဘာပြောချင်တာလဲ"
ဟားနက်စ်မှာ ရှုယီကို အတန်ကြာ ရိုးရိုးသားသားကြည့်လိုက်ရာ သူ့အမူအရာက လုံးဝအတုမဟုတ်ကြောင်း သိလိုက်ရသဖြင့် သူ့မျက်နှာကို အုပ်၍ မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချ၏၊ "စတေးလ်က မင်းကို ဘာလို့ သဘောကျတာကို ငါတကယ်မသိသလို သူ မင်းနဲ့ ဘယ်လိုနေနိုင်တယ်ဆိုတာကိုတောင် နားမလည်တော့ဘူး။ မင်းလို နှေးကွေးတဲ့လူအတွက် စတေးလ်ကအရင် မင်းကို ဝန်ခံခဲ့တာများလား"
ရှုယီက ၎င်းကို စဉ်းစားကာ “ပြောရရင် သူမက အစပြုခဲ့တာပါ….. ဒါပေမယ့် ဒါနဲ့ ဘာဆိုင်လို့လဲ။ ကျုပ် သူ့ကိုသဘောကျတယ်၊ သူကလည်း ကျုပ်ကိုသဘောကျတယ်၊ ဒါကလုံလောက်ပြီလေ။ ခင်ဗျားက ဘာပြောဖို့ကြိုးစားနေတာလဲ"
ဟားနက်စ်က ရှုယီကို အရှုံးပေးဟန် ကြည့်လာသည်။
ခဏအကြာတွင် ဟားနက်စ်လည်း သက်ပြင်းတစ်ချက်ချလိုက်၏။
"ဆိုဖီယာ၊ မင်းက တကယ်ကို အရူးပဲ..."
ရှုယီသည် ဟားနက်စ်ကို ရှုပ်ထွေးစွာ ကြည့်လေ၏။
ဒီလူက ဘာပြောဖို့ ကြိုးစားနေတာလဲ?
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၆၂။ ငါတို့လည်း နတ်သူငယ်တွေကို ခန့်အပ်ချင်တယ်
ရှုယီသည် နောက်တစ်နေ့တွင် မြင်းလှည်းဖြင့် ဆန်နက်မြေရိုင်းသို့သွားနေသော်လည်း ဟားနက်စ်ထံမှ သူလိုချင်သောအဖြေကို မရရှိသေးပေ။
ရှုယီက သူ့ကို အကြိမ်ပေါင်းများစွာ မေးခဲ့သော်လည်း အဆုံး၌ လက်လျှော့လိုက်သည်။
သူ့ထံတွင် လုပ်စရာများသောကြောင့် ထိုအဓိပ္ပါယ်မဲ့မေးခွန်းအတွက် အချိန်ဖြုန်းဖို့ မစီစဉ်ထားပါချေ။
ဟားနက်စ်က ဆိုဖီယာကို ရုတ်တရတ် အရူးဟုခေါ်ခဲ့သည့်အကြောင်းအရင်းနှင့်ယှဉ်လျှင် သူဟာ ဆန်နက်မြေရိုင်းရှိ ကိစ္စများကို ပို အာရုံစိုက်ခဲ့သည်။
သူနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည့် ဥက္ကဌဗင်းဆင့်ကို ကြည့်လိုက်ရင်း ရှုယီက မနေနိုင်ဘဲ သိလိုစွာ မေးမိသည်၊ "ဥက္ကဌဗင်းဆင့်၊ ခင်ဗျားက ဘာလို့ ဆန်နက်မြေရိုင်းကို ခရီးထွက်ဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တာလဲ"
ဥက္ကဌဗင်းဆင့်က သူ့နှာခေါင်းအောက်ရှိ နှုတ်ခမ်းမွေးလေးနှစ်စကို တို့ထိကာ အပြုံးမပျက်ဘဲ ပြန်ပြောသည်၊ "ကျုပ်တို့ရဲ့ အာမန်နီကုန်သည်ကြီးများအသင်းက အဝတ်အထည်တွေ ရောင်းတာဆိုတော့ ဆန်နက်မြေရိုင်းမှာ အဝတ်အစားတွေ ပိုရောင်းနိုင်မလားသိချင်လို့ သွားနေတာပါ။"
ရှုယီက မျက်မှောင်ကြုတ်ကာ မေးလေ၏၊ “ဗော်လ်လာမျိုးနွယ်စုက ကျုပ်တို့ဆီက အ၀တ်အစားတွေ တောင်းခဲ့လို့ ခင်ဗျား ရုတ်တရက် ဒီအကြံရသွားတာတော့ မဖြစ်နိုင်ပါဘူးနော်?”
"မဟုတ်ပါဘူး၊ အတိအကျပြောရမယ်ဆိုရင် ကျုပ်မှာ ဒီအကြံရှိနေတာကြာပြီ။" ဥက္ကဌဗင်းဆင့်ထ်က ပြောသည် “သားရဲလူမျိုးတွေဟာ အဝတ်အထည်ကို ချုပ်လုပ်ဖို့ မစွမ်းဆောင်နိုင်ခဲ့တာကြောင့် တိရိစ္ဆာန်အကာတွေကိုပဲ ၀တ်ကြတယ်။ ဟိုးအရင်က တွေးခဲ့ဖူးတာ ကျုပ်တို့လူသားတွေလုပ်ထားတဲ့ အဝတ်အစားတွေကို သူတို့ကျင့်သားရလာသရွေ့တော့ ဒါက အရမ်းကြီးတဲ့ဈေးကွက်တစ်ခု ဖြစ်လာမှာပဲ။ ဒါပေမယ့် ဒီမတိုင်ခင်က သားရဲလူမျိုးတွေမှာ အရင်းအနှီး တစ်ခုခုရှိရင် ပထမဆုံးသူတို့ဝယ်မယ့် အရာက လူသားတွေဆီက ဆားနဲ့ သံထည်ပစ္စည်း မျိုးစုံတွေပဲဆိုတော့ အဝတ်အစားတွေ မတောင်းခဲ့ကြဖူးဘူး။ ဒါနဲ့ ကျုပ်လည်း အရမ်းသိချင်သွားတယ်၊ သားရဲလူမျိုးတွေလည်း ရုတ်တရက် စိတ်ပြောင်းသွားပြီး ကျုပ်တို့လူသားတွေလို အဝတ်ဝတ်တာကို ဘာလို့ သင်ယူဖို့ ဆုံးဖြတ်ခဲ့တာလဲလို့?”
ရှုယီက ရယ်မောကာ သူ့လက်ကို ဝှေ့ယမ်းရင်းပြောသည် “ဥက္ကဌဗင်းဆင့်၊ ခင်ဗျား အတွေးလွန်နေတာလို့ ကျုပ်ထင်တယ်။ ဗော်လ်လာမျိုးနွယ်စုက ရွှေဒင်္ဂါးငါးသိန်းနဲ့ သတ္တုပျော့ကြောကို ဝယ်ထားတာကြောင့် ကျုပ်တို့ဆီက အဝတ်အစားတွေ တောင်းတာပါ။ ဒီရွှေဒင်္ဂါးတွေကို သားရဲလူမျိုးတွေအနေနဲ့ အရင်က မမြင်ဖူးကြတော့ ဘယ်လို သုံးစွဲရမယ်ဆိုတာကို မသိကြဘူး။ ခေါင်းဆောင်ဗော်လ်လာက လိုအပ်တာတွေ အများကြီးဝယ်ပြီးရင် ပိုက်ဆံနည်းနည်းပဲကျန်တော့တာသိလို့ အဝတ်အစားဝယ်ဖို့ ဆုံးဖြတ်လိုက်တာပဲ။ သူတို့ရဲ့ သဘောထားတွေ ပြောင်းသွားတာကြောင့်လို့ ကျုပ်တော့ မထင်ဘူး။ တခြားသားရဲလူမျိုးနွယ်တွေအတွက်တော့ ပိုက်ဆံအများကြီးရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် သူတို့ဆီ တူညီတဲ့ အကြံဉာဏ်တွေ ရှိလာမှာ မဟုတ်လောက်ဘူးဗျ။"
"ရပါတယ်၊ အဝတ်အစားလိုမျိုး အရာကိုဝတ်ပြီးတာနဲ့ သူတို့လည်း ချွတ်ဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး။" ဥက္ကဌဗင်းဆင့်က ယုံကြည်မှုရှိစွာ ပြုံးသည်၊"သားရဲလူမျိုးတွေဟာ ကျုပ်တို့ အာမန်နီကုန်သည်ကြီးများအသင်းရဲ့ အဝတ်အစားတွေကို ၀တ်ပြီးတာနဲ့ အဲဒီစုတ်ပြတ်နေတဲ့ သားရဲအရေတွေကို ဘယ်တော့မှ ဝတ်နိုင်မှာမဟုတ်ဘူးလို့ ကျုပ်အာမခံတယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီးကတော့..... အခုဆို ဥက္ကဌရှုက ဒီ ဆန်နက်မြေရိုင်းကို စိတ်ဝင်စားနေတာကြောင့်၊ ဒီသားရဲလူမျိုးတွေဟာလည်း လူပုလေးတွေလို ချမ်းသာလာလိမ့်မယ်လို့ ကျုပ်ထင်ပါတယ်”
"ခင်ဗျား ကျုပ်ကို တကယ် အထင်ကြီးနေတာပဲ။" ရှုယီက ကျိုးနွံစွာ ပြုံးပြလိုက်ပြီးမှ ပြဿနာတစ်ခုကို တွေးမိသည်၊ “ပိုက်ဆံရှိတဲ့ လူပုလေးတွေအကြောင်းပြောရင်….. ဥက္ကဌ ဗင်းဆင့်ထ်၊ ကမ်ဘီက သူနဲ့ သူ့ရဲ့လူပုလေးညီအစ်ကိုတွေ အဝတ်အစားဝယ်ဖို့ ခင်ဗျားရဲ့ အာမန်နီကုန်သည်ကြီးများအသင်းဆီကိုသွားတိုင်း၊ သူတို့နဲ့ လိုက်ဖက်တဲ့ အရွယ်အစားတွေ မရှိတော့ စိတ်ကြိုက် အော်ဒါပဲမှာနိုင်တယ်။ ခင်ဗျားတို့ အာမန်နီကုန်သည်ကြီးများအသင်းက လူပုလေးတွေကို ခွဲခြားဆက်ဆံနေပြီး ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလားလို့တောင် သူကမေးလာသေးတယ်။"
ဥက္ကဌဗင်းဆင့်မှာ အံ့အားသင့်သွားသော်လည်း လက်ကို အလျင်အမြန် ဝှေ့ယမ်းပြီး ပြောလိုက်သည်။ "မဟုတ်ပါဘူး၊မဟုတ်ပါဘူး။ ကျုပ်တို့လုပ်ငန်းစုက သဘာဝကျကျပဲ လူပုညီအစ်ကိုများကို ခွဲခြားမဆက်ဆံပါဘူး။ သူတို့အရွယ်အစားနဲ့ အဝတ်မရှိတာက ကျုပ်တို့ လျစ်လျူရှုထားတဲ့ အရာပဲ။ ဒါပေမယ့် ဥက္ကဌရှု ၊ လူပုလေးတွေက ကျုပ်တို့လုပ်ငန်းစုအနေနဲ့ လျစ်လျူရှုလို့ရတဲ့ အဝတ်အစားပမာဏကို ဝယ်ယူကြပြီး လူပုလေးတွေမှာလည်း ထူးကဲအရွယ်အစားတွေရှိတယ်ဆိုတာ ခင်ဗျားနားလည်နိုင်မယ်လို့ ကျုပ်ထင်ပါတယ်။”
“ဒါကို ကျုပ်နားလည်နိုင်ပါတယ်။ အခုအချိန် ကျုပ်တို့လုပ်ငန်းစုမှာ လူပုလေးအလုပ်သမားတစ်ထောင်ကျော်ရှိနေပြီဆိုတော့ နောက်ကျရင် ပိုများလာမှာကို ခင်ဗျားဆီ သတိပေးဖို့အတွက် ဒီတစ်ခေါက် ဒီကိစ္စကို ပြောတာပါ။ ဒီလူပုလေးတွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ ဘန်တာမြို့မှာ အဝတ်အစားတွေဝယ်ကြလိမ့်မယ်။ ကျုပ်ကသူတို့ကို အာမန်နီ ကုန်သည်ကြီးများအသင်းကိုပဲ အမြဲအကြံပြုခဲ့ပေမယ့် ခင်ဗျားသာ လူပုလေးတွေရဲ့တည်ဆောက်ပုံနဲ့ သူတို့ရဲ့အဝတ်အစားပုံစံတွေကို ဆက်ပြီးလျစ်လျူရှုထားရင်၊ ဖောက်သည်အုပ်စုကြီးကို ဆုံးရှုံးသွားနိုင်တယ်။" ရှုယီက ပြောသည်။
"ကောင်းပြီ၊ ကျုပ် ဒါကို သတိရနေမယ်။" ဥက္ကဌဗင်းဆင့်က စိတ်လှုပ်ရှားသော အသံဖြင့် မပြောမီ ခေါင်းညိတ်ပြသည်။ “လက်ရှိ ဘန်တာမြို့က အရမ်းမြန်မြန် ပြောင်းလဲနေတယ်။ အရင် ဘန်တာမြို့တွင် လူပုလေး သုံးယောက်လောက်တောင် မရှိခဲ့သလို နတ်သူငယ်တွေလည်းမရှိပေမယ့် အခုလမ်းတွေပေါ်မှာ လူပုလေးတွေ ရှိနေပြီး နတ်သူငယ်တွေကို မြင်ရတာလည်းပုံမှန်ဖြစ်နေပြီ။ ဘန်တာမြို့က လူတွေအတွက် ဘာမှ မထူးခြားတဲ့ အနေအထားကို ရောက်နေပါပြီ။”
ရှုယီက ရယ်မောလိုက်ပြီး “ဒါကြောင့် လောကကြီးက မြန်မြန်ဆန်ဆန် ပြောင်းလဲနေတယ် ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ကျုပ် ခဏနေ မိုးကျသစ်တောကို သွားပြီး ညတေးသံမျိုးနွယ်စုရဲ့ အကြီးအကဲနဲ့ စကားပြောမယ်။ မထင်မှတ်ထားတာတွေသာ မဖြစ်ခဲ့ရင်၊ အနာဂတ် ဘန်တာမြို့မှာ နတ်သူငယ်တွေကို ပိုမြင်တွေ့ရတော့မှာပါ။ လူပုလေးတွေကိုတော့ ….. လူတိုင်း ကျင့်သားရနေကြပြီမဟုတ်လား”
ဥက္ကဌ ဗင်းဆင့်က ရှုယီကိုကြည့်လျက် အနည်းငယ် တုံ့ဆိုင်းသွားကာ ပြောလေသည် "ဥက္ကဌ ရှု၊ ကျုပ်.....ခင်ဗျားကို တစ်ခုကူညီခိုင်းလို့ရမလား?"
"ကျေးဇူးပြုပြီး ပြောပါ။"
"ခင်ဗျား အခု နတ်သူငယ်တွေနဲ့ အရမ်းရင်းနှီးနေပြီလား? သူတို့ရဲ့အကြီးအကဲတွေနဲ့တောင် စကားပြောနိုင်တော့ ကျုပ်တို့ရဲ့ အာမန်နီကုန်သည်ကြီးများအသင်းက သူတို့ကို ကျုပ်တို့ရဲ့အဝတ်အစား ဒီဇိုင်နာတွေအဖြစ် ကျုပ်တို့လုပ်ငန်းစုမှာ အလုပ်လုပ်ဖို့ စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်တယ်လို့ ပြောပြပေးနိုင်မလား။" ဥက္ကဌဗင်းဆင့်က မေးသည်။
ရှုယီမှာ အနည်းငယ် အံ့အားသင့်သွားပြီး "ခင်ဗျားတို့ လုပ်ငန်းစုအတွက် အဝတ်အစား ဒီဇိုင်နာတွေ လုပ်ဖို့ နတ်သူငယ်တွေကို ငှားချင်တာလား"
“ဟုတ်ပါတယ်။ တစ်ယောက်တည်း မဟုတ်ဘူး၊ ဖြစ်နိုင်ရင် တချို့လောက် လိုချင်တာပါ။" ဥက္ကဌဗင်းဆင့်က ခေါင်းညိတ်ကာ ပြောသည်၊ "ဝတ်စုံဒီဇိုင်နာတွေအပြင်၊ နတ်သူငယ် တော်တော်များများကို မော်ဒယ်တွေအဖြစ် ခန့်အပ်ချင်တယ်..... အမ်း.... ခင်ဗျားတို့ လုပ်ငန်းစုနဲ့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ သခင်မလေး စတေးလ်လိုပေါ့။"
ရှုယီက ဥက္ကဌဗင်းဆင့်ကို အံ့သြတကြီးနဲ့ လှမ်းကြည့်ရင်း ရုတ်တရက် ပြုံးပြလိုက်ပြီး "ဥက္ကဌ ဗင်းဆင့်၊ ဒါကို ကျုပ်ရဲ့ဖန်တီးမှုကို ကူးယူတာလို့ ခေါ်လို့ရမလား"
ဥက္ကဌဗင်းဆင့်က ရယ်မောပြီး “ဒီလို ခေါ်လို့ရပါတယ်။ ဥက္ကဌရှုက ဆန်းသစ်တီထွင်တတ်တော့ ကျုပ်သာ ဒါကို အကိုးအကားအဖြစ် အသုံးမပြုရင် အလဟဿဖြစ်သွားမှာပေါ့။"
ရှုယီက မနေနိုင်ဘဲ ရယ်မောကာ ခေါင်းယမ်းသည်။ ထို့နောက် ခဏမျှစဉ်းစား၍ ဆိုလာ၏ “ဒီတောင်းဆိုချက်ကို ညတေးသံမျိုးနွယ်စုအကြီးအကဲဆီ ပြောပေးနိုင်ပေမယ့် သူ သဘောတူ၊ မတူကိုတော့ ကျုပ် အာမမခံနိုင်ပါဘူး။ ပြီးတော့လည်း ဘယ်လိုအခြေအနေရှိမယ်ဆိုတာ မပြောရသေးဘူးဆိုတော့လေ။"
"ကောင်းပါပြီ၊ ဥက္ကဌရှုကို ကျေးဇူးအများကြီးတင်ပါတယ်။ အခြေအနေကတော့…..” ဥက္ကဌဗင်းဆင့်က မပြောမီ အနည်းငယ် စဉ်းစားလိုက်သည်။ “အဝတ်အစား ဒီဇိုင်နာတွေအတွက်၊ ကျုပ်တို့လုပ်ငန်းစုက အကောင်းဆုံး ဒီဇိုင်နာတွေကို တစ်နှစ် ရွှေဒင်္ဂါးတစ်ထောင် လစာပေးတယ်၊ ဒါကြောင့် နတ်သူငယ်တွေက သူတို့ရဲ့ ထူးချွန်ထက်မြတ်တဲ့ အရည်အချင်းတွေကို အသုံးချနိုင်သရွေ့ သူတို့ရဲ့ လစာက အခြေအနေပေါ်မူတည်ပြီး တိုးဖို့ ရှိပြီး ရွှေဒင်္ဂါးငါးရာ ပေးပါမယ်။ မော်ဒယ်တွေနဲ့ ပြောရေးဆိုခွင့်ရှိသူတွေအတွက်တော့ ဆုံးဖြတ်ရခက်ပါတယ်။ သူတို့ ဘယ်လိုလုပ်ရတယ်ဆိုတာနဲ့ အလုပ်ချိန်ပေါ်မူတည်ပါတယ်၊ ဒါပေမယ့် တစ်နှစ်ကို ရွှေဒင်္ဂါးသုံးရာထက် မနည်းဘူးလို့ အာမခံနိုင်ပါတယ်။”
"ကောင်းပါပြီ၊ ဒီအခြေအနေတွေက မဆိုးပါဘူး၊ ဒါပေမယ့် ခင်ဗျားအရေးကြီးတာတစ်ခု မေ့သွားတယ်" ရှုယီက သတိပေးသည်။
"ဘာများလဲ?"
"ခင်ဗျားအနေနဲ့ သူတို့အတွက် အာမန်နီကုန်သည်ကြီးများအသင်းနာမည်နဲ့ အလုပ်သမားကတ်ကို လျှောက်ထား ပေးရမှာ။"ရှုယီက ပြော၏၊ "လုပ်အားခနဲ့ ယှဉ်ရင်၊ နတ်သူငယ်တွေဟာ လူ့အသိုင်းအဝိုင်းမှာ ပုံမှန်ဘဝနေထိုင်ခွင့်ရဖို့ကို ပိုပြီး ဂရုစိုက်ကြတယ်"
“ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ကျုပ်တို့ကုမ္ပဏီက ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိဘူးဆိုတော့ အချိန်ရောက်လာတဲ့အခါ ဥက္ကဌရှုဆီကို အကူအညီ တောင်းရလိမ့်မယ်။" ဥက္ကဌ ဗင်းဆင့်က ပြောသည်။
ရှုယီက ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ကိစ္စမရှိပါဘူး"
အဝတ်များ အပုံလိုက် တင်ဆောင်လာသော ယာဉ်တန်းကြီးမှာ မိုးကျသစ်တောင်ကြားတွင် ရပ်တန့်သွားသည်။ ရှုယီက ဥက္ကဌဗင်းဆင့်ထ်အား နှုတ်ဆက်ကာ ဥက္ကဌရန်နာဆာနှင့်တွေ့ဆုံရန် ဆမ်မရာမြို့ သို့ ဦးစွာသွားခွင့်ပြုလိုက်ပြီးနောက် မိုးကျသစ်တောင်ကြားသို့ဝင်ရောက်ခဲ့သည်။
နွေဦးရာသီမရောက်သေးသော်လည်း မိုးကျသစ်တောင်ကြားတွင် နတ်သူငယ်များထံမှ ထူးဆန်းသောအပင်များရှိနေသဖြင့် တောက်ပသောပန်းပွင့်များနှင့် အစိမ်းရောင်အရွက်များဖြင့် ပြည့်နေပါသည်။ တောင်ကြားတစ်ဝိုက်မှ မှော်စက်များ၏ သတ္တုသံများ ထွက်ပေါ်လာပြီး လူတို့ စကားပြောနေသည့် အသံများနှင့်အတူ မိုးကျသစ်တောင်ကြားမှာ သက်ဝင်လှုပ်ရှားနှင့်ပြည့်ဝကြောင်း ပြသနေသည်။
ရှုယီက ဝင်ပေါက်နှင့် မနီးမဝေး တာယာစက်ရုံထဲသို့ ဝင်လိုက်ရာ စက်ရုံ၏ ထောင့်တစ်နေရာသို့ မရောက်မီ တာယာထုတ်လုပ်ရေးလိုင်းကို တွေ့လိုက်ရ၏။
ထိုနေရာ၌ နတ်သူငယ်များ၊ လူပုလေးများနှင့် လူသားများ အပါအဝင် စုစုပေါင်း ဆယ်ယောက်ရှိသည်။ ၎င်းတို့မှာ ထုတ်လုပ်ရေးလိုင်းမှ ထုတ်လုပ်သည့် တာယာများထက် မြေပြင်ရှိ တာယာအချို့က ပိုကျဉ်းသည့်အကြောင်း ပြောဆိုနေကြသည်။
“ကျုပ်က တာယာအတွက် သစ်စေးပမာဏကို လျှော့ချပြီး လေဝင်လေထွက်ကို ပိုမိုလွယ်ကူစေမယ့်တာယာပြွန်ကို ပိုပျော့ပျောင်းလာစေဖို့အတွက် ပျော့ပြောင်းပစ္စည်းတချို့သုံးဖို့ အကြံပြုတယ်။" ပျော့ပျောင်းသော သစ်စေးဖြင့်ပြုလုပ်ထားသည့် တာယာကို ဖိကြည့်နေသည်မှာ လူပုလေး လက်သမား ဘော်ဒီယူ ဖြစ်သည်။
တာယာစက်ရုံသည် ရှုယီ၏တောင်းဆိုချက်အရ တာယာအသစ်တစ်မျိုးကို ဒီဇိုင်းဆွဲနေသောကြောင့် တာယာ၏အနားသတ်များကို အဓိကထား၍ တာယာဒီဇိုင်းရေးဆွဲခြင်းအတွက် မှော်စက်သုတေသနအလုပ်ရုံကပါ ရောက်လာရသည်။
“ဒါပေမယ့် အပျော့စားတွေများလွန်းရင် ရာသီဥတု ပိုပူလာတာနဲ့ တာယာပြွန်တွေ အရည်ပျော်သွားမှာကို စိုးရိမ်မိတယ်။အသုံးပြုလို့တောင် ရနိုင်မလားဆိုတာကို မပြောနဲ့ဦး သူ့ရဲ့ ပုံမှန်ပုံစံကိုတောင် ထိန်းသိမ်းထားနိုင်ဖို့ မဖြစ်နိုင်လောက်ဘူး”
ထိုသို့ပြောသူမှာ ရယ်ဒန် ဟုခေါ်သော နတ်သူငယ်အထီးဖြစ်သည်။ လက်ရှိတွင် သူဟာ တာယာစက်ရုံရှိ နတ်သူငယ် တစ်ရာအနက် အစေးများကို ကိုင်တွယ်ရာတွင် အကောင်းဆုံးသော နတ်သူငယ် တစ်ဦးဖြစ်သည်။
ထိုတာယာအသစ်ကို တီထွင်သောအခါတွင်၊ သူ၏ပါဝင်မှု ကင်းမဲ့နေမည်မဟုတ်သည်မှာ သေချာပါ၏။
“ဒီပြဿနာအတွက် စိုးရိမ်စရာတွေ အများကြီးရှိနေရင်၊ ပြီးပြည့်စုံတဲ့ အချိုးအထိ မရမချင်း မြင့်မားတဲ့အပူချိန်ကို ခံနိုင်ရည်ရှိတာကို အာမခံဖို့ နောက်ထပ်အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ရမယ်။ဥက္ကဌကတော့ ကျရှုံးမှာကို မကြောက်ဘူးလို့ ပြောတယ်။ ဆယ်ကြိမ်၊ အကြိမ်တစ်ရာ ဒါမှမဟုတ် အကြိမ်တစ်ထောင်လောက် စမ်းသပ်ရရင်တောင်မှ ထုတ်ကုန်ရဲ့ အရည်အသွေးကို အာမခံဖို့ လိုတယ်။”
"ဖြောင်း၊ ဖြောင်း၊ ဖြောင်း"
ယခုမှ ရောက်လာသော ရှုယီသည် ထိုစကားကိုကြားပြီး ချက်ချင်းပင် လက်ခုပ်တီးကာ ချီးမြှောက်လိုက်သည်၊ “အန်းခေါ့ထ်ရဲ့စကားက တော်တော်ကောင်းတယ်။ စမ်းသပ်ခြင်းနဲ့ ပတ်သက်လာရင် မကြောက်သင့်ဘူး၊ ကြောက်စရာက ထုတ်လုပ်ပြီးနောက်မှာ ထုတ်ကုန်ပျက်စီးတာပဲ။ ဘယ်လို ထုတ်ကုန်မျိုးတွေ ထုတ်လုပ်နေပါစေ၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာမဆို ထုတ်ကုန် ပြဿနာ ဖြစ်နိုင်ချေ နည်းနိုင်သမျှနည်းအောင် လျော့ချဖို့ အာမခံရမယ်။”
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၆၃။ လူပုလေးတွေလည်း မျက်နှာလိုချင်ပါတယ်
"ဥက္ကဌ"
"ဥက္ကဌ"
"ဥက္ကဌ၊ ဥက္ကဌ ရောက်နေတာပဲ....."
.....
ရှုယီ ရုတ်တရတ်ပေါ်လာသည်ကိုမြင်သော် ဆွေးနွေးမှုကို အာရုံစိုက်ထားကြသူအားလုံးမှာ ချက်ချင်း ရှုယီကို ယဉ်ကျေးစွာ နှုတ်ဆက်လာသည်။
ရှုယီ လက်ဝေ့ယမ်းကာဖြင့် အန်းခေါ့ထ်မှ သူ့အတွက် ထိုင်ခုံယူလာပေးမည်ကို တားဆီးလိုက်၏။ ထို့နောက် ကြမ်းပြင်ရှိ တာယာကိုယူကာ ထောင်၍ ဖိချလိုက်သည်။
တာယာထံမှ ထုထည်မှာ သူ၏ခါးလောက်ပင် မရောက်ဘဲ ငါးစင်တီမီတာအောက်သာ ကျယ်ဝန်းသည်ကိုမြင်သော် ရှုယီက စိတ်တိုင်းကျစွာ ခေါင်းငြိမ့်လေ၏။
"မဆိုးဘူး၊ ကြည့်ရတာ ဒါက ပုံသဏ္ဍာန်ကိုယူထားပုံပဲ။ နောက်ဆို အသေးစိတ်လေးတချို့ကို ဂရုစိုက်လိုက်ဖို့ပဲလိုမယ်၊ ဒါဆို တာယာကို အပြီးသတ်ပြီလို့ ယူဆလို့ရတယ်။"
ရှုယီက ထောက်ခံလာသည်ကိုမြင်သော် နံဘေးရှိလးများမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ဘော်ဒီယူက ပြုံးကာဖြင့် ရှုယီကို မေးလေ၏၊ "ဥက္ကဌ၊ ဒါကို ကြည့်ဖို့ တကူးတကလာတာလား?"
"မဟုတ်ပါဘူး၊ ကျုပ်တို့ လုပ်ငန်းစုရဲ့ လက်ရွေးစင် သုတေသနပညာရှင်တွေကို ဒီအရာအတွက် စုစည်းထားမှတော့ စိတ်ပူစရာမရှိပါဘူး။ ကျုပ် ဖြတ်သွားလို့ ဝင်ကြည့်ရုံတင်ပါ။" ရှုယီက ခေါင်းခါကာ ရုတ်တရတ် ရယ်ဒန်ကို မေးသည်၊ "ရယ်ဒန်, ခင်ဗျားကို တခြားလုပ်ငန်းစုတွေက တစ်နှစ်မှာ ရွှေဒင်္ဂါးသုံးရာပေးမယ်ဆိုရင် သွားဖို့ ဆန္ဒရှိလား?"
ရယ်ဒန်က အံ့ဩသွားကာ၊ "တစ်နှစ်ကို ရွှေဒင်္ဂါးသုံးရာ..... ဒါက တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ်ကျော်ပဲဆိုတော့ ဒီမှာရနေတာထက် သိပ်မှမမြင့်တာ။ ပြီးတော့ ဒီမှာဆို ကောင်းကောင်းဆက်ဆံခံနေရတာမို့ ဘာလို့ သွားရမှာလဲ?"
"ဒါဆို တစ်နှစ် ရွှေဒင်္ဂါးငါးရာဆိုရင်ရော? ဒါက ခင်ဗျား ဒီမှာရတာထက် အတော်လေးပိုများတယ်လေ။" ရှုယီက မေးသည်။
ရယ်ဒန်က ခေါင်းကို ခါလိုက်ဆဲပင်၊ "ဟင့်အင်း၊ ရွှေဒင်္ဂါးတစ်ထောင်ဆိုရင်တောင် ကျုပ်မသွားပါဘူး။ ကျုပ်က ဒီ Frestech ကုန်သည်ကြီးများအသင်းမှာ အရမ်းကို အဆင်ပြေနေပြီးတော့ လူသားပဲဖြစ်ဖြစ် လူပုလေးပဲဖြစ်ဖြစ် ဒီမှာ ကျုပ်နဲ့ အားလုံးအဆင်ပြေတယ်။ ကျုပ်အနေနဲ့ တခြား မရင်းနှီးတဲ့နေရာကိုသွားပြီး အစကနေပြန်မစချင်ဘူး။"
ရယ်ဒန်၏အဖြေက ခိုင်မာနေသည်ကိုမြင်သော် ရှုယီလည်း မနေနိုင်ဘဲ သက်ပြင်းချလေသည်။
"ကြည့်ရတာ ခင်ဗျားတို့ နတ်သူငယ်တွေက ပတ်ဝန်းကျင် အပြောင်းအလဲကို သဘောမကျတဲ့ပုံပဲ။ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌအနေနဲ့ ခင်ဗျားဆီကနေ ဒီလိုကြားရတာကို ဝမ်းသာပေမယ့်လည်း အကြီးအကဲအီလူရှာကတော့ အဲ့လောက်ထိ ဝမ်းပန်းတသာဖြစ်မယ်မထင်ဘူး။"
ရယ်ဒန်မှာ အသာမျက်မှောင်ကုပ်လိုက်လေသည်၊ "ဥက္ကဌ၊ ဥက္ကဌ ရုတ်တရတ်ကြီး ဒါကိုပြောလာတာ တစ်ခုခုများဖြစ်လို့လား?"
"အမ်း။ ဘာကြောင့်လဲဆိုတော့ တခြားလုပ်ငန်းစုကလည်း နတ်သူငယ်တွေကို အလုပ်သမားတွေအဖြစ်ခန့်အပ်ပြီး လစာ ရွှေဒင်္ဂါးငါးရာကနေ သုံးရာအထိ ပေးချင်နေတယ်။ ကျုပ်အနေနဲ့ အကြီးအကဲအီလူရှာကို မမေးခင်မှာ ခင်ဗျားရဲ့အမြင်ကို မေးချင်ရုံပါပဲ။" ရှုယီက ပြောသည်၊ "ဒါပေမယ့် ခင်ဗျားရဲ့ သဘောထားကိုသုံးသပ်ရရင် ဒီက တခြားနတ်သူငယ်တွေလည်း ဆန္ဒမရှိနေမှာကို စိုးမိတယ်။"
ရယ်ဒန်က ခေါင်းငြိမ့်ကာ၊ "ဟုတ်တယ်"
"ဒါဆို အကြီးအကဲအီလူရှာက ဒါကြောင့် စိတ်လှုပ်ရှားသွားနိုင်လား?" ရှုယီက မေးသည်။
"ဒါကတော့...." ရယ်ဒန်လည်း စဉ်းစားကြည့်ပြီးမှ အသာခေါင်းခါသည်၊ "အကြီးအကဲ ဘာတွေးလိမ့်မလဲကိုတော့ ကျုပ် မခန့်မှန်းနိုင်ဘူး။ ဥက္ကဌကိုယ်တိုင် သူမကို မေးရင်တော့ အကောင်းဆုံးလို့ထင်တယ်။
ရှုယီက ပခုံးတစ်ချက်တွန့်ကာ၊ "ကြည့်ရတာ ကျုပ်ပဲ ဒါကို လုပ်နိုင်မယ့်ပုံပဲ။"
အားလုံးနှင့်အတူ တာယာသစ်အကြောင်း ဆွေးနွေးပြီးနောက်တွင် ရှုယီမှာ တာယာစက်ရုံမှ ထွက်ခွာ၍ မိုးကျသစ်တောင်ကြားရှိ အထင်ရှားဆုံးသော သံမဏိစက်ရုံဆီ ဦးတည်လိုက်သည်။
ထိုနေရာကြီး၌ လက်ရှိတွင် သံမဏိအရည်ကျို မီးပြင်းဖိုကြီး အသစ်နှစ်လုံးရှိနေ၏။
Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ငန်း ကျယ်ပြန့်လာသည်နှင့် သံမဏိအမျိုးစုံအတွက် ဝယ်လိုအား ပိုမြင့်လာသည်။
စစ်တပ် လက်နက်စက်ရုံ၏ အလောတကြီး သံမဏိဝယ်လိုအားနှင့် ဘန်တာမြို့ရှိ Frestech ကုန်သည်ကြီးများအသင်းထံမှ သံမဏိထုတ်ကုန်များကို လိုအပ်နေသည့် အခြားလုပ်ငန်းစုများကိုပါ ပေါင်းလိုက်လျှင် လက်ရှိ သံမဏ်စက်ရုံ၏ ထုတ်လုပ်ရေးမှာ လိုက်မမှီနိုင်ဖြစ်နေရသည်။
ခေါင်းဆောင်စီလူကာနှင့် ခေါင်းဆောင်မွန်တိုတို့မှာ ရှုယီထံ သံမဏိစက်ရုံ၏ ထုတ်လုပ်ရေးပမာဏတိုးလာရန် မီးပြင်းဖိုတချို့ ထပ်မံပြုလုပ်ရန် တောင်းဆိုထားပြီးဖြစ်၏။
ရှုယီက ၎င်းကို မျှော်လင့်ထားပြီးသားဖြစ်ပါသော်ငြား အလျင်အမြန် သဘောမတူခဲ့ပါချေ။ ထိုအစား သူဟာ စစ်တပ်နှင့် ပူးပေါင်းမှုကို အတည်ပြုပြီးမှ ဘန်တာမြို့၏ လုပ်ငန်းစုများနှင့်အတူ တင်းတင်းကြပ်ကြပ်စူးစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကာ အထူးသဖြင့် မှော်စက်များထုတ်လုပ်သည့် လုပ်ငန်းစုများအနေနှင့် ဝယ်လိုအား၏ တိတိကျကျသုံးသပ်မှုကိုရရန် မီးပြင်းဖိုအသစ် နှစ်လုံးကို ပြင်ဆင်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။
ထိုသံမဏိအရည်ကျိုမီးပြင်းဖိုနှစ်လုံး အပြီးသတ်သွားချိန်တွင် သံမဏိစက်ရုံ၏ လစဉ် ထုတ်လုပ်နှုန်းမှာ တစ်လလျှင် တန်ပေါင်း နှစ်သိန်းအထိရောက်သွားသည်။
ရှုယီ၏ခန့်မှန်းချေအရ ၎င်းက စစ်တပ်နှင့် ဘန်တာမြို့၏ သံမဏိလိုအပ်မှုကို ၂နှစ်နီးပါး ဖြည့်ဆည်းပေးနိုင်လောက်သည်။
ထုတ်လုပ်မှုပမာဏသာ တန်ပေါင်းနှစ်သိန်းအထိ ရောက်သွားပါလျှင် သံမဏိစက်ရုံတစ်ရုံတည်းနှင့် ၎င်းတို့၏ ရောင်းရအမြတ်ငွေမှာ တစ်လကို ရွှေဒင်္ဂါး သန်းပေါင်းရှစ်ရာပတ်လည်ဖြစ်လာမည်။
ရွှေဒင်္ဂါး တစ်သန်းပတ်လည်လောက်သာရှိသည့် ကုန်ကျစရိတ်ကို နုတ်ယူလိုက်ပါသော်လည်း ထိုသည်က ကြောက်မက်ဖွယ် ပမာဏဖြစ်နေဆဲပင်။
အိမ်သုံးမှော်စက်အမျိုးမျိုးတို့၏ အမြတ်ငွေများကိုပါ ထည့်ပေါင်းလိုက်ပါလျှင် တစ်လကို စုစုပေါင်း ရွှေဒင်္ဂါးသုံးသိန်းပတ်လည်ရှိသည်ဟု သိနိုင်သည်။
မှန်ပါ၏၊ အိမ်သုံးမှော်စက်ဌာန၏ အမြတ်ငွေပမာဏအနေနှင့် ထိုသံမဏိစက်ရုံလေးကို မယှဉ်နိုင်ရသည့် အကြောင်းရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ အိမ်သုံးမှော်စက်ဈေးကွက်က ဘန်တာမြို့နှင့် အနီးနားမြို့များကို ဗဟိုပြုထားသောကြောင့်ဖြစ်၏။
သို့သော် အိမ်သုံးမှော်စက်များကို ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်တစ်ခွင်၌ ရောင်းချနေစဉ်တွင် ဈေးကွက်မှာ အဆပေါင်းဒါဇင်နှင့်ချီ၍ ကြီးမားလာကာ အမြတ်ကလည်း တိုးပွားလာသည်။
မကြာခင်က ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့၏ မှော်စက်လုပ်ငန်းစုများထံ ရွှေဒင်္ဂါးသုံးသန်းစာမှာယူမှုကြီးတစ်ခု ပြုလုပ်ခဲ့သေးသည်။
ထိုမှာယူမှု၌ Frestech ကုန်သည်ကြီးများအသင်းမှာ တစ်သန်းနှင့် ရှစ်သိန်းစာ ရှယ်ယာကြီးကိုယူခဲ့သည်။ ကျန်သည့် တစ်သန်းနှစ်သိန်းကိုမူ အခြားလုပ်ငန်းစုများက ခွဲဝေကြ၏။
အိမ်သုံးမှော်စက်များကို အခြားနယ်ပယ်များ၌ မိတ်ဆက်နေဆဲဖြစ်ပြီး လူအများစုကလည်း ပစ္စည်းသစ်ကို လက်မခံသေးကြပေ။
ရှုယီနှင့် ဟန့်ခ် ဝီလ်ဆန်တို့ ယခင်တစ်ခေါက် ဆွေးနွေးခဲ့ခြင်းအရ အိမ်သုံးမှော်စက်များမှာ နိုင်ငံတဝှမ်း၌ အင်မတန်ကောင်းမွန်သည့် တုံ့ပြန်မှုများကို ရထားပေသည်။ ထိုသည်မှာ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက ရွှေဒင်္ဂါးသုံးသန်းကျော် မှာယူမှုကို အတည်ပြုရန် ရုတ်တရတ် ဆုံးဖြတ်လိုက်သောကြောင့်ဖြစ်၏။
ရှုယီ၏သုံးသပ်ချက်အရ ၎င်း ရွှေဒင်္ဂါးသုံးသန်းမှာယူမှုမှာ နိုင်ငံတစ်ခုလုံးရှိ လူတိုင်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် မလုံလောက်ချေ။
လမ်ပူရီတိုင်းပြည်ရှိ မိသားစုတိုင်းထံတွင် ဘန်တာမြို့သားများကဲ့သို့ တူညီသည့် ဘဏ္ဍာရေးအင်အားရှိကြပါလျှင် ၎င်းမှာယူမှုမှာ သုံးသန်းစာတင်မကဘဲ သန်းသုံးဆယ်စာဆိုလျှင်တောင် ထူးဆန်းနေလိမ့်မည်မဟုတ်။
ထို့ကြောင့် ၎င်းလမ်းကြောင်းအရ အိမ်သုံးမှော်စက်ဈေးကွက်နှင့် သံမဏိဈေးကွက် နှစ်ခုစလုံးမှာ အင်မတန်တည်ငြိမ်သည့်ဈေးကွက်များဖြစ်ပြီး အမြတ်များကလည်း မကွာခြားပေ။
Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိစက်ရုံ၌ ထိုသို့သော အမြတ်ငွေရှိရခြင်းအကြောင်းရင်းမှာ လက်ရှိ သံမဏိဈေးကွက်ကို Frestech ကုန်သည်ကြီးများအသင်းက သိမ်းပိုက်ထားခြင်းကြောင့်သာဖြစ်သည်။
တန်ပေါင်းနှစ်သိန်းထုတ်လုပ်ခြင်းမှာ ကမ္ဘာမြေ၌ဆိုလျှင် ဖော်ပြရန်ပင် ထိုက်တန်သည့်အရာမဟုတ်ပေ။ ၎င်းက အင်မတန်သေးငယ်သော သံမဏိစက်ရုံဟု သတ်မှတ်လိမ့်မည်ဖြစ်ကာ ကမ္ဘာမြေရှိ မည်သည့်သံမဏိစက်ရုံကိုမှ ယှဉ်နိုင်မည်မဟုတ်ချေ။
အတိုချုံးဆိုရပါက အိမ်သုံးမှော်စက်ဈေးကွက်ဖြစ်စေ သံမဏိဈေးကွက်ဖြစ်စေ ၎င်းတို့အားလုံးမှာ ရှုယီ၏ မျက်လုံးများ၌ အလားအလာကောင်းများရှိသည်။ ထို့ကြောင့် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ဖွံ့ဖြိုးမှုအကြောင်းကို လုံးဝစိတ်မပူပေ။
အသစ်တည်ဆောက်ထားသည့် သံမဏိစက်ရုံကြောင့် ရှုယီမှာ ခေါင်းဆောင်စီလူကာနှင့် ခေါင်းဆောင်မွန်တိုတို့ကို မြင်ရခြင်းအား မအံ့ဩသွားပေ။
သို့သော် ၎င်းတို့အား မြင်ပြီးနောက်၌ ရှုယီ၏ ပထမဆုံးမေးခွန်းမှာ မိုးကျတောင်ကြားရှိ မည်သည့်စက်ရုံ၊ အလုပ်ရုံအကြောင်းမှ မဟုတ်ပါချေ။
"ခေါင်းဆောင် စီလူကာ, ခေါင်းဆောင် မွန်တို, အလုပ်သမားတွေ ပြင်ထားပြီးပြီလား?"
ခေါင်းဆောင် စီလူကာနှင့် ခေါင်းဆောင် မွန်တိုမှာ တစ်ဦးနှင့်တစ်ဦးကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ၎င်းတို့နောက်မှ လိုက်လာရန် ရှုယီကို အချက်ပြလေသည်။
ခေါင်းဆောင် နှစ်ဦးအနောက်လိုက်သွားသော် ၎င်းတို့မှာ မိုးကျသစ်တောင်ကြား၏ စက်မှုနယ်မြေမှ ခွာ၍ မြစ်ဆန်ပိုင်းရှိ လူနေနယ်မြေဆီကို ဦးတည်သွားကြသည်။ သိပ်မကြာလိုက်၊ ၎င်းတို့မှာ ဘောလုံးကွင်းတစ်ကွင်း အရွယ်အစားရှိ နေရာကျယ်ဆီ ရောက်လာကြ၏။
ထိုနေရာမှာ လူနေနယ်မြေကို ပြင်ဆင်နေစဉ်က ရှုယီမှ အမ်ရစ်ကုန်သည်ကြီးများအသင်းကို လူပုလေးများအတွက် လေ့ကျင့်ရေးနေရာအဖြစ်ချန်ထားခိုင်းသည့် အရာဖြစ်သည်။
ယခု ကွင်းထဲ၌ ရှုယီမှာ အပေါ်ပိုင်းဗလာနှင့် သန်သန်မာမာ လူပုလေးများအတန်းလိုက်ရှိနေကာ လက်ထဲ၌ ဧရာမတင်းပုတ်ကြီးများကို ကိုင်ကာ တစ်ဦးနှင့်တစ်ဦး ထိုးဝှေ့လေ့ကျင့်နေကြသည်။
သစ်သားတင်းပုတ်များက လူပုလေးတို့၏ အပေါ်ပိုင်းကိုယ်များကိုထိခတ်နေသည့် အသံများကိုကြားသော် ထိုလူများက လေ့ကျင့်နေစဉ်၌ပင် ထိန်းမထားဘဲ အားအင်အပြည့်နှင့် ထုရိုက်နေသည်ကို သိရသည်။
ရှုယီမှာ သူသာ သူ၏ခန္ဓာကိုယ်နှင့် ဝင်သွားပါက တင်းပုတ်လေးတစ်ခုနှင့်တင် ဘဝသက်တမ်းတစ်ဝက်လောက် ကုန်သွားမည်ကို သေချာသိနေပါ၏။
"ဒီလူတွေက ခင်ဗျားတို့ ဆုံးဖြတ်ထားတဲ့သူတွေလား?" ရှုယီက ကွင်းထဲရှိ သန်သန်မာမာလူပုလေးများထံ ညွှန်ပြ၍ ခေါင်းဆောင်နှစ်ဦးကို မေးလိုက်သည်၊ "ကြည့်ရတာ ရာနဲ့ချီပြီးရှိနေပုံပဲ? ဘာလို့ အဲ့လောက်အများကြီးရှိနေရတာလဲ?"
ခေါင်းဆောင် စီလူကာနှင့် ခေါင်းဆောင် မွန်တိုတို့မှာ တစ်ဦးနှင့်တစ်ဦး တစ်ဖန်ပြန်ကြည့်ရင်း အမူအရာတို့က ထူးဆန်းလာသည်။
၎င်းတို့မျက်နှာထက်ရှိ တုံ့ဆိုင်းနေဟန်ကိုမြင်သော် ရှုယီမှာ အင်မတန် ရှုပ်ထွေးသွား၏။
သူဟာ ထိုခေါင်းဆောင်နှစ်ဦးကိုသိလာခဲ့သည်က အချိန်ခဏတာလေးသာမဟုတ်တော့ရာ ၎င်းတို့က တည့်တိုးဆန်တတ်ပြီး မည်သည့်အရာကိုမှ တုံ့ဆိုင်းနေလိမ့်မည်မဟုတ်ချေ။ ကြည့်ရသည်မှာ ၎င်းတို့အနေနှင့် တစ်စုံတရာကို ရှက်ရွံ့နေသည်လား?
"ခေါင်းဆောင်တို့ ပြောစရာရှိရင် ပြောသာ ပြောလိုက်ပါ။ ခင်ဗျားတို့ ကျုပ်ကို မယုံကြည်တော့လို့လား?" ရှုယီက မနေနိုင်ဘဲ မျက်မှောင်ကုပ်ကာ မေးလေသည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျုပ်တို့ ဥက္ကဌကို ယုံတာပေါ့၊ ဒါပေမယ့်....." ခေါင်းဆောင် စီလူကာက ခေါင်းကုတ်၍ ရှက်ရွံ့နေဟန် ထုတ်ပြလာသည်၊ "ဥက္ကဌ၊ ကျုပ်တို့ ဒီလူတွေကို ရွေးထုတ်ခဲ့ပြီး မိုးကျတောင်ကြားမှာလည်း အဲဒီ့ လူပုလေးညီနောင်တွေက အသန်မာဆုံးမို့ ဥက္ကဌရဲ့ လိုအပ်ချက်ကို သေချာပေါက်ပြည့်မီပါတယ်။ ဒါပေမယ့်..... ဒါပေမယ့် သူတို့က အစောင့်တွေထဲဝင်ဖို့ မပြင်ဆင်ထားကြဘူး...."
ရှုယီက အံ့ဩသွားသည်၊ "အစောင့်တွေထဲဝင်ဖို့ မပြင်ဆင်ထားဘူး? ဒါဆို ကျုပ်ကို ဘာအတွက် ကြည့်ရအောင် ခေါ်လာတာလဲ? ကျုပ်ပြောမယ် ခေါင်းဆောင် စီလူကာ, ခင်ဗျားနဲ့ ခေါင်းဆောင်မွန်တိုတို့ ဘာတွေဖြစ်နေကြတာလဲ? မပြောနိုင်တာ တစ်ခုခုရှိနေတာလား? လူပုလေးတွေက သူတို့ဘဝတွေကို လူသားတွေဆီမရောင်းချင်သလို လုပ်ငန်းစုရဲ့အစောင့်တွေလည်းမဖြစ်ချင်ရင် ကျုပ်က သေချာပေါက် တွန်းအားပေးမှာမဟုတ်ပါဘူး။ ပြောသာပြောပါ။"
"မဟုတ်ပါဘူး၊ ညီနောင်တွေက ဆန္ဒမရှိကြလို့ မဟုတ်ပါဘူး။ အဲ့အစား ဥက္ကဌက လုပ်ငန်းစု အစောင့်တွေ ဖွဲ့စည်းချင်တယ်ကြားတာနဲ့ ညီနောင်တွေက မမျှော်လင့်ထားဘဲ အစောင့်ထဲဝင်ဖို့ အပြေးလာပြီး စာရင်းသွားတာပါ။" ခေါင်းဆောင် စီလူကာက ဆက်မပြောသည်ကို မြင်သော် ခေါင်းဆောင်မွန်တိုက ဆက်ပြောပေးလာသည်၊ "ဒီမှာ လူပုလေးညီနောင်တွေ အယောက်သုံးရာရှိပြီး သူတို့ကို ကျုပ်နဲ့ စီလူကာတို့ကပဲ လူပုလေးညီနောင်တစ်ထောင်ထဲကနေ ရွေးထုတ်ထားတာပါ။ တစ်ယောက်ချင်းစီက ခင်ဗျားတို့ရဲ့ အသန်မာဆုံးလူသားစစ်သည်ဆယ်ယောက်စာလောက် တိုက်ခိုက်နိုင်တာကို အာမခံပါတယ်။ တစ်ယောက်နဲ့ တစ်ရာယှဉ်ရင်တောင် ပြဿနာမရှိဘူး၊ ကျုပ်.....အာ၊ အားနာပါတယ် ဥက္ကဌ၊ ကျုပ်က ဥက္ကဌတို့ လူသားတွေအပေါ် အထင်သေးတာမဟုတ်ပါဘူး။"
ရှုယီက လက်ကိုဝေ့ယမ်းလိုက်ကာ၊ "ရပါတယ်၊ လူသားတွေကို ကိုယ်ခံအားအရာမှာ အားအနည်းဆုံးအဖြစ်သတ်မှတ်ထားတာက ယေဘုယျဗဟုသုတပဲဆိုတော့ ကျုပ်လည်း မငြင်းပါဘူး။ ဆက်ပြောပါ။ လူပုလေး ညီအကိုတွေက ဆန္ဒရှိမှတော့ ဘာလို့ ခေါင်းဆောင်စီလူကာက သူတို့တွေအနေနဲ့ အစောင့်တွေထဲဝင်ဖို့ မပြင်ရသေးဘူးပြောတာလဲ"
"ဒါက....." ခေါင်းဆောင် မွန်တိုသည်လည်း အနည်းငယ် တုံ့ဆိုင်းနေပြီးမှ စိတ်ပြင်ဆင်လိုက်သကဲ့သို့ ခေါင်းငြိမ့်ကာ ရှုယီကို မေးလေ၏၊ "ဥက္ကဌ၊ ကျုပ်ကြားထားတာတော့.... ညတေးသံမျိုးနွယ်စုက နတ်သူငယ်စစ်သည် အယောက်ငါးဆယ်ကလည်း အစောင့်ထဲမဝင်ဘဲ လုပ်ငန်းစုအတွက် ကြေးစားတွေအဖြစ်ဘဲ လုပ်တာဆို?"
ရှုယီက ခေါင်းငြိမ့်ကာ၊ "အမှန်ပဲ၊ အကြီးအကဲအီလူရှာက နတ်သူငယ်တွေအနေနဲ့ လူသားတွေရဲ့ အသုံးချခံရမှာကို မလိုလားတာကြောင့် ပူးပေါင်းမှုအရပဲ နတ်သူငယ် အယောက်ငါးဆယ်ကို ပို့ပေးခဲ့တာပါ။ နတ်သူငယ်စစ်သည်တွေက ကျုပ်ရဲ့ လက်အောက်ခံတွေမဟုတ်တော့ သူတို့ကို အမိန့်ပေးဖို့ ဘာအခွင့်အရေးမှ မရှိဘူးလေ။"
ထိုသည်ကို စဉ်းစားကြည့်ရင်း ရှုယီ၏စိတ်ထဲ၌ မီးလုံးတစ်လုံးလင်းသွားကာ ရုတ်တရတ် နားလည်လာလေသည်။
"ခေါင်းဆောင်တို့၊ ခင်ဗျားတို့လည်း..... လူပုလေးညီအကိုတွေကို နတ်သူငယ်တွေထက် မနိမ့်ကျစေချင်တော့ သူတို့တွေကို အစောင့်တွေထဲ မဝင်စေချင်တာမို့လား?"
ခေါင်းဆောင်စီလူကာနှင့် ခေါင်းဆောင် မွန်တိုတို့ နှစ်ဦးစလုံးမှာ အံ့ဩကာ ခါးသက်သက်ပြုံးလိုက်ကြ၏၊ "ဥက္ကဌ၊ ခင်ဗျားက တကယ်ကို ပါးနပ်တာပဲ။" ခေါင်းဆောင်စီလူကာက နေရခက်ဟန်ဖြင့် ပြောလာသည်၊ "အမှန်ပါပဲ၊ နတ်သူငယ်တွေက အစောင့်ထဲမဝင်မှတော့ လူပုလေးတွေသာဝင်လိုက်ရင် ကျုပ်တို့ ညီအကိုတွေအနေနဲ့ နတ်သူငယ်တွေရှေ့မှာ ခေါင်းမမော့နိုင်မှာ စိုးမိတယ်။ ဒီတော့ ကျုပ်နဲ့ ခေါင်းဆောင်မွန်တိုက ဒါကို ဆွေးနွေးခဲ့တာ၊ ကျုပ်တို့အနေနဲ့ ဒီညီအကို အယောက်သုံးရာကို ကြေးစားအဖြစ်ပဲ လုပ်ခိုင်းလို့ရမလား? ဒါပေမယ့် ဥက္ကဌရှုက စိတ်မချရင် နတ်သူငယ်တွေလိုမဟုတ်ဘဲ နည်းနည်းကြားကောင်းတာလေးပဲ ပြောလိုက်ပါ။ ကျုပ်တို့မှာ ဒီစစ်သည်သုံးရာကို ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိလို့ သူတို့အနေနဲ့ ဘာမဆိုလုပ်နိုင်တယ်။"
ခေါင်းဆောင် စီလူကာနှင့် ခေါင်းဆောင်မွန်တိုတို့၏ မျက်နှာထက်ရှိ မသေမသပ်အပြုံးများကိုကြည့်ရင်း ရှုယီမှာ မပြုံးဘဲ မနေနိုင်တော့ချေ။
ထိုလူပုလေးများ တည့်တိုးဆန်လှသည်မှာ တကယ်ကို ချစ်ဖို့ကောင်းလှသည်။
သူတို့တွေက နတ်သူငယ်တွေအရှေ့မှာ မျက်နှာရချင်တာပဲမဟုတ်လား၊ ဘာမှလည်း အဲ့လောက် မထူးခြားဘဲနဲ့။ ဘာလို့ ဒါကို စိတ်ထဲမှာ အလေးခံသယ်ထားရသလို လုပ်နေရတာလဲ?
"ကောင်းပြီလေ၊ ဒါကရှင်းရှင်းလေးပါ။ စဉ်းစားကြည့်ရင်.... ဒီလိုဆိုရင်ရော၊ ကျုပ်တို့အနေနဲ့ ခင်ဗျားတို့ ခေါင်းဆောင်နှစ်ယောက်ရဲ့ နာမည်အောက်မှာ မိုးကျတောင်ကြား လူပုလေးအစောင့်အဖွဲ့ကို ဖွဲ့လိုက်တယ်။ ဒီလူပုလေးအစောင့်အဖွဲ့က နာမည်အရတော့ မိုးကျတောင်ကြားက လူပုလေးညီအကိုတွေကို ကျူးကျော်သူတွေရန်က ကာကွယ်ပြီး မိုးကျတောင်ကြားမှ ငြိမ်းချမ်းရေးကို ဆက်ထိန်းသိမ်းထားဖို့ဖြစ်ပေမယ့် ကျုပ်ဆီက အမိန့်တွေလည်း ယူရမယ်။ ဒီအစီစဉ်ကို ခင်ဗျားတို့နှစ်ယောက် ဘယ်လိုထင်လဲ?"
ခေါင်းဆောင် စီလူကာနှင့် ခေါင်းဆောင်မွန်တိုတို့မှာ တစ်ဖန်ပြန်၍ အချင်းချင်းကြည့်ပြီးမှ တပြိုင်တည်း ခေါင်းငြိမ့်ကြသည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၆၄။ ငါးစာဟပ်သည်
သုံးရက်ကြာပြီးနောက် ရှုယီမှ လက်နက်အပြည့်တပ်ဆင်ထားသော နတ်သူငယ်စစ်သည်များနှင့် လူပုလေးစစ်သည်အယောက်နှစ်ရာတို့ကို ဆမ်မရာမြို့ထံခေါ်သွားရာ မြို့တစ်ခုလုံး ကသောင်းကနင်းဖြစ်သွားခဲ့သည်။
စိုင်စ်နယ်မြေကြီး၌ ၎င်းကို အင်မတန်အားကောင်းသည့် စစ်အင်အားဟု ယူဆရနိုင်သည်ပင်။
ဆမ်မရာကဲ့သို့ မြို့ငယ်လေးကို မဆိုထားနှင့် မြို့တော်တစ်ခုဆိုလျှင်တောင် ထိုတိုက်ခိုက်မှုမျိုးကို တားဆီးနိုင်မည့် တပ်ဖွဲ့အား ရှာဖွေရန် ခက်ခဲသည်။
ထိုအင်အားကြီး၏ အံ့ဖွယ်ကောင်းမှုကြောင့် မျက်မြင်တွေ့ကြသူများမှာ ရှုပ်ထွေးကုန်ကြသည်။
စိုင်စ်နယ်မြေကြီး၏သမိုင်းတွင် နတ်သူငယ်များနှင့် လူပုလေးများမှာ ယခင်က အတူတကွ မတိုက်ခိုက်ခဲ့ဖူးပါချေ။
၎င်းတို့၏ခေါင်းဆောင်မှာ ခပ်ပျော့ပျော့ လူသားတစ်ဦးဖြစ်နေသည်ကိုမူ ဆိုဖွယ်ပင်မရှိပေ။
"ငါက အဲ့လောက် ပျော့နေလို့လားဟ?" ရှုယီက ခပ်သွယ်သွယ်သဏ္ဍာန်ရှိသော်ငြား အတော်လေးသန်မာနေဆဲ နတ်သူငယ်စစ်သည်တစ်ဦးထံလှည့်ကြည့်လိုက်သည်။ သူဟာ ချက်ချင်းပင် သန်မာဟန်ရှိသည့် နတ်သူငယ်များနှင့် ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်သည့် အကြံကို လက်လျှော့ကာ ရိုးသားစွာပင် ထိုအကဲဖြတ်မှုကို လက်ခံလိုက်သည်၊ "ကောင်းပြီလေ၊ ကြည့်ရတာ ငါက အတော်လေး အားနည်းပုံပဲ။ ဒါပေမယ့် အဲဒီ့လူတွေသာ ငါက သတ္တမအဆင့် မှော်ပညာရှင်မှန်းသိရင် ငါက အားနည်းတယ်လို့ ပြောပါဦးမလား?"
ရှုယီက ကလေးတစ်ယောက်နှယ်ပြုမူနေသည်ကိုမြင်သော် သူ့ရှေ့ရှိ ဥက္ကဌရန်နာဆာက မနေနိုင်ဘဲ ရယ်မောလာသည်။
"နတ်သူငယ်စစ်သည် တစ်ရာနဲ့ လူပုလေးစစ်သည်နှစ်ရာအရှေ့မှာ သတ္တမအဆင့်မှော်ပညာရှင်တစ်ယောက်ဖြစ်နေရင်တောင် မလုံလောက်သေးဘူး။" ဥက္ကဌရန်နာဆာက မနီးမဝေး၌ စုဝေးနေကြသည့် နတ်သူငယ်နှင့် လူပုလေးအုပ်စုနှစ်စုကိုကြည့်ကာ ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်၊ "သူတို့မှာက အဲ့လိုဈေးကြီးတဲ့ လက်နက်တွေရှိတာကို မပြောနဲ့ဦး။ ကိုယ့်ဘာသာ လက်နက်ကိရိယာတွေလုပ်ပြီး သုံးကြတဲ့ အစဉ်အလာနဲ့ နတ်သူငယ်တွေကိုမပြောနဲ့၊ လူပုလေးတွေဝတ်ထားတဲ့ ချပ်ဝတ်ထူကြီးတွေနဲ့ သူတို့မှာ ရှိတဲ့ လက်နက်တွေကိုကြည့်လိုက်ဦး၊ ဒီလိုအရည်သွေးမြင့်လက်နက်တွေအားလုံးနဲ့ ပက်သတ်နေတာက? ဥက္ကဌရှု၊ ခင်ဗျားကိုယ်တိုင် သူတို့ကို အဲဒီ့လက်နက်တွေ ပေးခဲ့တာလို့တော့ မပြောပါဘူးနော်?"
"ဒါပေါ့။ သူတို့က ကျုပ်တို့ရဲ့ လုပ်ငန်းစုအတွက် အလုပ်လုပ်ပေးနေတော့ သင့်တော်တဲ့ လက်နက်တွေပေးရမှာပေါ့၊ မဟုတ်ရင် သူတို့ကိုဘာမှမပေးဘဲနဲ့ အသက်တွေကို ယူနေသလိုဖြစ်မသွားလောက်ဘူးလား?" ရှုယီက ပုံမှန် ဟန်ဖြင့် ဆိုသည်။
ဥက္ကဌရန်နာဆာက မနေနိုင်ဘဲ ခေါင်းခါကာ၊ "သူတို့အတွက် လက်နက်ထောက်ပံ့ချင်ရင်တောင် အဲ့လောက်အရည်သွေးမြင့်တဲ့လက်နက်တွေကို ရွေးဖို့ မလိုဘူးမို့လား? ကျုပ်ထင်တာတော့ လက်နက်ကိရိယာတစ်စုံစာအတွက် ရွှေဒင်္ဂါးသုံးရာလောက် အနည်းဆုံး သုံးခဲ့လောက်တယ် မဟုတ်လား? လူပုလေးစစ်သည် အယောက်နှစ်ရာအတွက်ဆို ရွှေဒင်္ဂါး ခြောက်ထောင်ပဲ။ ဒါက အတော်လေး သဘောထားကြီးလွန်းနေတယ်လို့မထင်ဘူးလား?"
ရှုယီက ရယ်ကာ ရုတ်တရတ် ဥက္ကဌရန်နာဆာထံ တိုးသွားလိုက်သည်။ ထို့နောက် အသံကိုနှိမ့်လျက် လျှို့ဝှက်ဟန်ဖြင့် ပြောလာ၏၊ "တစ်စုံစာက ရွှေဒင်္ဂါးငါးဆယ်တောင် မကုန်ဘူးလို့ပြောရင်ရော ခင်ဗျားယုံမှာလား?"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!" ဥက္ကဌရန်နာဆာက မနေနိုင်ဘဲ အသံကိုမြှင့်လိုက်သော်ငြား ရုတ်တရတ် အမှားကိုသတိပြုမိသွားကာ အသံကိုတိုးလိုက်သည်၊ "တကယ်ကြီးလား? လက်နက်ကိရိယာတွေမှာဆို ကျုပ်က အမှားလုပ်မိမှာမဟုတ်ဘူး၊ ပြီးတော့ သတ္တုနဲ့တင် အဆင့်ကမြင့်နေပြီ၊ လက်မှုပိုင်းကို မပြောနဲ့ဦး။ ဒီလို ချပ်ဝတ်တစ်စုံကိုလုပ်ဖို့ ပန်းပဲဆရာတစ်ယောက်က ကျွမ်းကျင်မှုအဆင့်မြင့်ရမယ်ဆိုတာတော့ ကျုပ်သေချာတယ်!"
ထိုသို့ပြောပြီးသည့်နောက် ဥက္ကဌရန်နာဆာက ရုတ်တရတ် တစ်စုံတရာကိုစဉ်းစားမိကာ နားလည်ဟန်ပြလာသည်။
"ဟုတ်သားပဲ၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းမှာက လူပုလေးပန်းပဲဆရာတွေ မနည်းတာကို မေ့သွားတယ်။ ဒါပေမယ့် တစ်စုံစာအတွက် ပစ္စည်းကတော့ ရွှေဒင်္ဂါးငါးဆယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဒီတော့ ခင်ဗျားတို့ လူပုလေးပန်းပဲဆရာတွေက အခမဲ့လုပ်ပေးတာများလား?"
ရှုယီက အသာပြုံးလျက် ခေါင်းခါကာ၊ "မဟုတ်ပါဘူး၊ ခင်ဗျားလုံးဝမှားနေပြီ။ လက်နက်နဲ့ ချပ်ဝတ်အားလုံးကို မှော်စက်တွေနဲ့လုပ်တာ။ ခေါင်းကနေ အမြီးထိ ပန်းပဲဆရာတွေအနေနဲ့ ပုံသွင်းဖို့ပဲလိုပြီး တခြားဘာမှ လုပ်ဖို့မလိုဘူး။"
ဥက္ကဌရန်နာဆာ၏မျက်လုံးများမှာ ရုတ်တရတ် ပြူးကျယ်သွားလေသည်။ သူ့အနေနှင့် ၎င်းက မဖြစ်နိုင်ဟု ပြောလိုက်ချင်ပါသော်လည်း ရှုယီ၏ ယုံကြည်မှုရှိရှိ အပြုံးကိုမြင်သော် တစ်ခွန်းမှ မဆိုနိုင်တော့ချေ။
စဉ်းစားကြည့်လိုက်ပြီးမှ ရှုယီကို မေးလေသည်၊ "ဥက္ကဌရှု၊ ကျုပ် စမ်းကြည့်လို့ရမလား?"
"ကျေးဇူးပြုပြီး"
ရန်နာဆာက ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းမှ လူသားအစောင့်တစ်ဦးကို ခေါ်ကာ ရှုယီကမူ လူပုလေး စစ်သည်တစ်ဦးကို ခေါ်လိုက်သည်။
ရှုယီ၏ အမိန့်အောက်၌ လူပုလေးစစ်သည်မှာ လူသားအစောင့်၏ ရှေ့တွင် ပုံမှန်အတိုင်းရပ်နေရာ ၎င်းလူသားအစောင့်က သူ၏ဓားကို တုံ့တုံ့ဆိုင်းဆိုင်းဖြင့် မြှောက်၍ လူပုလေးစစ်သည်၏ ပခုံးထက်သို့ အားကုန်သုံးကာ ခုတ်ချလိုက်သည်။
"ဖုန်း!"
အင်မတန် နက်ရှိုင်းသောအသံတစ်သံထွက်လာကာ လူသားအစောင့်၏လက်ထဲရှိ ဓားက လူပုလေးစစ်သည်၏ပခုံးထက်ရှိ ချပ်ဝတ်ထံမှ ပြန်ကန်ထွက်သွားသည်။
လူတိုင်း၏အကြည့်က လူပုလေးစစ်သည်၏ပခုံးထက် ကျရောက်လာကာ ချပ်ဝတ်ပေါ်တွင် အဖြူရောင်အမှတ်လေးတစ်ခုမှလွဲ မည်သည်မှ လုံးဝထိခိုက်မသွားသည်ကို တွေ့လိုက်ရသည်။
အားလုံးက အစောင့်လက်တွင်းရှိ ဓားကို လှည့်ကြည့်လိုက်ရာ ဓားသွားထက်၌ အမှတ်ကြီးကြီးတစ်ခု ကျန်ခဲ့ကြောင်း တွေ့လိုက်ရတော့သည်။
အားလုံးမှာ မနေနိုင်ဘဲ တအံ့တဩ ပင့်သက်ရှိုက်လိုက်မိကြ၏။
လူပုလေးများသည်ပင် မျက်လုံးများပြူးလျက် မျက်နှာများထက်၌ မယုံကြည်မှုဖြင့် လွှမ်းနေကြသည်။
လူသားတစ်ဦး၏ ခွန်အားနှင့် ၎င်းတို့ ချပ်ဝတ်များ ဝတ်ထားချိန်တွင် ထိခိုက်နိုင်မည်မဟုတ်သည်ကို သိပါသော်လည်း ချပ်ဝတ်၏ အရည်အသွေးက ထိုမျှကောင်းနေမည်ဟု ထင်မထားခဲ့ကြချေ။ ၎င်းက လူသား၏ တိုက်ခိုက်မှုကို ခုခံပေးရုံတင်မက တစ်ဖက်၏ဓားအရည်အသွေးသည်ပင် ရိုက်ခတ်မှုကြောင့် ပွန်းပဲ့သွားသေးသည်!
လူပုလေးစစ်သည်အားလုံးမှာ ၎င်းတို့ ဝတ်ဆင်ထားသည့် ချပ်ဝတ်ကို မယုံကြည်နိုင်ဟန်ဖြင့် မပွတ်ကြည့်ဘဲ မနေနိုင်ကြတော့ချေ။
ယမန်နေ့က မိုးကျသစ်တောင်ကြားမှ ထွက်သွားချိန်တွင် ရှုယီက ၎င်းတို့အား ထိုချပ်ဝတ်များ ပြောင်းလဲဝတ်ဆင်ခိုင်းခဲ့သည်။ ပထမတွင် ထိုချပ်ဝတ်များက အနည်းပေါ့ပါးသည်ဟု ထင်ထားကြခြင်းကြောင့် အရည်အသွေး မကောင်းဟု စဉ်းစားမိကာ ရှုယီကက အနည်းငယ် တွန့်တိုသည်ဟု စိတ်ထဲ၌ ညည်းညူနေခဲ့ကြသည်။
သို့သော် ဤချပ်ဝတ်များက ဤမျှအရည်အသွေးရှိမည်ဟု မည်သူက ထင်ထားပါမည်နည်း၊ ၎င်းက သူတို့အားအံ့ဩမိစေသည်။
နံဘေးရှိ ရှုယီမှာ ၎င်းကို လုံးဝ မအံ့သြပါချေ။
ဤချပ်ဝတ်တန်ဆာ အစုံများကို ခေါင်းဆောင်စီလူကာ၏ လူပုလေးများ ဖန်တီးထားသော သတ္တုစပ်အသစ်မှ ပြုလုပ်ထားသည်။ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရုံသာမက ခံနိုင်စွမ်းရှိသောကြောင့် ချပ်ဝတ်တန်ဆာပြုလုပ်ရန် အလွန်သင့်တော်၏။
ရှုယီမှာ ချပ်ဝတ်တန်ဆာအသစ်ပြုလုပ်ခွင့်ပေးရန် အဆိုပါသတ္တုစပ်ကို စစ်တပ်ထံရောင်းချဖို့ စီစဉ်ခဲ့သည်။လုပ်ငန်းစု၏အစောင့်များအဖြစ် လူပုလေးများကို စုဆောင်းရန် စိတ်ကူးရပြီးနောက် ခေါင်းဆောင် စီလူကာ နှင့် ခေါင်းဆောင် မွန်တို တို့အား ၎င်းချပ်ဝတ်တန်ဆာအစုံများကို ဦးစွာထုတ်လုပ်စေခဲ့ပြီး ယခုအခါ ၎င်းတို့ကို အသုံးပြုနိုင်ပြီဖြစ်သည်။
လူပုစစ်သည်များလက်တွင်းရှိ လက်နက်များဆိုလျှင် ပို၍ရိုးရှင်းပါသည်။
စစ်တပ်က ၎င်းတို့၏စက်ရုံမဆောက်ခင် Frestech ကုန်သည်ကြီးများအသင်းမှ ချပ်ဝတ်နှင့် လက်နက်အစုံငါးသောင်းစာကို ထုတ်လုပ်ခဲ့ပြီးဖြစ်သဖြင့် အစုံရာဂဏန်းနှင့်ချီ၍ လုပ်ရသည်မှာ လွယ်ကူသည်ပင်။
“အခု လက်နက်ကိုစမ်းကြည့်။”ရှုယီက ဥက္ကဌရန်နာဆာကို ပြောလိုက်သည်။
ဥက္ကဌရန်နာဆာက ခေါင်းညိတ်လိုက်၏။ သူ့ထံတွင် လူပုလေးများထံမှ အစမ်းထိုးနှက်ခံရမည့် လူသားအစောင့်မရှိသဖြင့် သူ့အား ချပ်ဝတ်တန်ဆာကို ချွတ်စေကာ မြေပြင်၌ ထား၍ လူပုလေးစစ်သည်အား လက်နက်ကို စမ်းသပ်ခွင့်ပေးလိုက်သည်။
လူပုလေးစစ်သည်၏လက်နက်မှာ စိတ်ရှုပ်ထွေးဖွယ်ကောင်းသော်လည်း လူပုလေးစစ်သည်၏ ခွန်အားဖြင့်၊ ၎င်းတို့မှာ လူသားအစောင့်ကို သေလုမျောပါးဖြစ်အောင် ရိုးရိုးကျောက်တုံးတစ်တုံးဖြင့် အနိုင်ယူနိုင်သည်။
လူပုလေးစစ်သည်က လှုပ်ရှားမှုစမည် အပြုတွင် ရှုယီ က ရုတ်တရက် ပြောလာသည်၊ "ခွန်အားနည်းနည်းလောက်တော့ သုံးပါ၊ မဟုတ်ရင် ဒီပုဆိန်ရဲ့အစွမ်းကို မပြနိုင်ဘူး"
လူပုလေးစစ်သည်က အံ့သြသွားသော်လည်း နားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်သည်။သူ၏ခေါင်းထက်ပင် ပိုကြီးမားသည့် ပုဆိန်ကို ခွန်အားများများစားစားမသုံးဘဲ အသာမြှောက်လိုက်ရာ ပုဆိန်က မြေဆွဲငင်အားကြောင့် ကျဆင်းလာသည်။
"ဘုန်း!"
မှုန်မှိုင်းသောအသံနှင့်အတူ ဖုန်မှုန့်များ ပြန့်ကျဲသွားပြီးနောက် လူတိုင်းက မြေပြင်ကိုကြည့်လိုက်ရာ လူသားအစောင့်ဝတ်ထားသည့် သံချပ်ကာက တစ်ဝက်ကွဲသွားသည်ကို တွေ့လိုက်ကြရသည်။
ပုဆိန်၏အသွားက မြေကြီးထဲသို့ လက်ချောင်းတစ်ချောင်းအရှည်ခန့် နစ်ဝင်နေရာ ပုဆိန်က မည်မျှ ထက်မြိသည်ကို ပြသနေလေ၏။
ဥက္ကဌရန်နာဆာက ချပ်ဝတ်တန်ဆာပေါ်ရှိ သေသပ်သော ဖြတ်တောက်မှုကို ကြည့်ကာ အံ့အားသင့်သွားပြီးနောက် လေးနက်ဟန်ဖြင့် ရှုယီထံ လက်ညိုးတစ်ချောင်းထောင်ကာ ပြောလာသည်၊ "တစ်စုံကို တစ်ရာဆိုတော့၊ ကျုပ်ကို အစုံသုံးရာစာရောင်းပေး။"
ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်၏။
အချိန်အတော်ကြာမျှ ငါးမျှားပြီးနောက်တွင် ငါးက အစာလာဟပ်သွားသည်သာ။
နောက်တစ်နေ့တွင်၊ ရှုယီနှင့် ဥက္ကဌရန်နာဆာတို့မှာ ဥက္ကဌဗင်းဆင့်ထ်နှင့်အတူ ဗော်လ်လာမျိုးနွယ်စုထံသို့ ကုန်စည်များအပြည့်ဖြင့် မြင်းလှည်းအစီးသုံးဆယ်ကျော်ကို စောင့်ရှောက်ကာကွယ်ပေးထားသည့် အစောင့်တပ်ကြီးကို ခေါ်ဆောင်လာခဲ့သည်။ ခေါင်းဆောင်ဗော်လ်လာမှသည် အသက်ငယ်ငယ်သာရှိသေးကြသော ဝံပုလွေငယ်လေးများအထိ အားလုံးမှာ ဤအချက်ကြောင့် ထိတ်လန့်သွားကြသည်။
လုပ်ငန်းစုသုံးခုက ထိုသတ္တုတွင်းကို တည်ဆောက်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ခေါင်းဆောင် ဗော်လ်လာ က လူသားများအနေနှင့် အစောင့်အကြပ်အချို့ စေလွှတ်မည်ကို သိသော်လည်း ဤမျှလောက် အထင်ကြီးလောက်စရာတပ်ဖွဲ့ကို စေလွှတ်လိမ့်မည်ဟု မထင်ခဲ့ပေ။
လူသားအစောင့်အကြပ် ရာဂဏန်းကို မေ့လိုက်လျှင် အဘယ်ကြောင့် ထို အစောင့်အကြပ်များအကြား နတ်သူငယ် အယောက်တစ်ရာ နှင့် လူပုလေး နှစ်ရာတို့ရှိနေရသနည်း?
နတ်သူငယ်တွေနဲ့ လူပုလေးတွေက ဘယ်အချိန်မှာ လူသားတွေနဲ့ စတင်ပူးပေါင်းလိုက်ကြတာများလဲ?
အင်မတန် တုန်လှုပ်သွားခြင်းကြောင့် ခေါင်းဆောင် ဗော်လ်လာမှာ ရှုယီနှင့် ဥက္ကဌ ရန်နာဆာတို့၏ အပြောကိုပင် မကြားတော့ဘဲ ကုန်ပစ္စည်းလဲလှယ်သည့် လုပ်ငန်းစဉ်အတွင်း ၎င်းတို့နှစ်ယောက်နောက်သာ ကြောင်တက်တက်နှင့် လိုက်သွားခဲ့သည်။
သို့သော် လုပ်ငန်းစဉ်ပြီးသည့်နောက် ခေါင်းဆောင်ဗော်လ်လာ ဟာ ကုန်စည်တောင်ပို့လေးကို ကြည့်ပြီး အာရုံကို တဖြည်းဖြည်း ပြန်ရလာခဲ့သည်။
ဝံပုလွေလေးတွေက ထိုတောင်ပို့လေးထဲမှ အရုပ်လေးများကို တူးဆွကာ ၎င်းတို့နှင့် ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို မြင်သော် ခေါင်းဆောင်ဗော်လ်လာ၏ ဝံပုလွေမျက်နှာမှာ ရင်ထဲထိသွားသည့် အပြုံးကို ထုတ်မပြဘဲ မနေနိုင်ခဲ့ချေ။
သားရဲလူမျိုးများမှာ ဆန်နက်မြေရိုင်း၌ ခါးသီးသောနေ့ရက်များတွင် နေထိုင်ခဲ့ကြသည်။ ထိုကလေးများမှာ ယခင်က ၎င်းတို့ကိုယ်၎င်းတို့ မကျွေးနိုင်လောက်သည်အထိ ဖြစ်ခဲ့ရာ ဆော့ကစားရန် အရုပ်များကို မဆိုနှင့်၊ အဝတ်အစားအသစ်တစ်ခုရှိခြင်းကပင် လုံလောက်သည်။
သို့သော် ထိုလူသားကုန်သည်သုံးဦးရောက်လာပြီး ထူးဆန်းသည့် သတ္တုပျော့ကြောကိုတွေ့ပြီးနောက် ၎င်းတို့မှာထိုအတွက် ရွှေဒင်္ဂါးငါးသိန်းကို ရုတ်တရက်ပေးခဲ့သည်။ ထိုအရာက ခေါင်းဆောင်ဗော်လ်လာအတွက် ကောင်းကင်မှ ပိုင်မုန့်ကြီးတစ်ခု ပြုတ်ကျသည်နှင့်ပင် တူကြောင်း ခံစားမိစေခဲ့သည်။
အရေးကြီးဆုံးအချက်မှာ ဤလူသားကုန်သည်များက ၎င်းတို့၏စကားကို လိုက်နာခဲ့ကြခြင်းပင်ဖြစ်သည်။ ၎င်းတို့က သူတို့လိုအပ်သည့်အရာများစွာကို ပေးအပ်ခဲ့ပြီး စျေးနှုန်းကလည်း သိပ်မမြင့်ခြင်းကြောင့် ခေါင်းဆောင် ဗော်လ်လာက ၎င်းတို့အပေါ် ယုံကြည်မှုအနည်းငယ် ရှိလာခဲ့သည်။
လူသားများသည် သားရဲလူမျိုးများ၏စိတ်နှလုံးတွင် မယုံကြည်နိုင်စရာ ဖြစ်ခဲ့ကြသော်လည်း ခေါင်းဆောင်ဗော်လ်လာအနေနှင့် ဤလူသားများက သတ္တုပျော့မိုင်းတွင်းကို လိုချင်ကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်ရာ ထိုမိုင်းတွင်းက ၎င်းတို့အတွက် အရေးကြီးဆုံးဖြစ်ပြီး အခြားအရာများကို လိမ်ညာရန် မလိုအပ်ကြောင်းက ထင်ရှားသည်။
ထိုသို့စဉ်းစားကာ ခေါင်းဆောင်ဗော်လ်လာက နောက်ထပ်အရေးကြီးသည့် ပြဿနာတစ်ခုကို ရုတ်တရက် တွေးမိသည်။ ၎င်းစဉ်းစားရင်း၊ သူက ရှုယီကို မေးလိုက်၏။"ဥက္ကဌရှု၊ အရင်တစ်ခေါက်က ခင်ဗျားတို့လုပ်ငန်းစုဆီမှာ ကျုပ်တို့မျိုးနွယ်စုဝင်တွေ အလုပ်လုပ်လို့ရပြီးတော့ ခင်ဗျားက သူတို့အတွက် အလုပ်သမားကတ်တွေလုပ်ပေးရင်၊ ခင်ဗျားတို့ရဲ့ လူသားနိုင်ငံမှာ တူညီတဲ့ဆက်ဆံခွင့်ရမယ်လို့ နောက်ဆုံးအကြိမ်တုန်းက ခင်ဗျားပြောဖူးတယ်။ ဒီကိစ္စမှာ တိုးတက်မှုရှိလား။”
ခေါင်းဆောင်ဗော်လ်လာ၏မျက်လုံးများရှိ မျှော်လင့်နေဟန်ကို မြင်သော် ရှုယီက ခပ်ဖျော့ဖျော့ပြုံးပြသည်။ ဤခေါင်းဆောင်ဗော်လ်လာသည် အမှန်တကယ်ပင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အတွေ့အကြုံရှိသည်။ သူဟာ ရွှေဒင်္ဂါးငါးသိန်းနှင့် ယှဉ်ပါက ပိုအရေးကြီးသည်မှာ ၎င်းတို့ ရေရှည်ပြဿနာကို ဖြေရှင်းဖို့ဖြစ်ကြောင်းကို သိလေ၏။
“အင်း၊ တိုးတက်မှု နည်းနည်းရှိပါတယ်။ ကျုပ် နိုင်ငံရဲ့အရအရာရှိတွေနဲ့ အတည်ပြုပြီးပြီ၊ ခင်ဗျားတို့၏သားရဲလူမျိုးတွေကိုလည်း နတ်သူငယ်နဲ့ လူပုလေးတွေလိုပဲ ဆက်ဆံလိမ့်မယ်။ ခင်ဗျားတို့ တခြားမျိုးနွယ်က လာရင်တောင် ကျုပ်တို့လူသား လုပ်ငန်းစုတွေမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိနေသရွေ့ အလုပ်သမားကတ်တွေ လျှောက်ထားလို့ရပါတယ်။"ရှုယီက ပြောသည်။
ခေါင်းဆောင်ဗော်လ်လာက ရွှင်လန်းသွားဟန် ပေါ်လာကာ တစ်စုံတစ်ခုကို ပြောမည်အပြုတွင် ရှုယီက ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“ဒါပေမယ့်…..”
ရှုယီက တမင်တကာ ခေတ္တရပ်လိုက်ရာ ခေါင်းဆောင်ဗော်လ်လာ၏နှလုံးက လည်မြိုအထိ ခုန်တက်သွားပြီး ရှုယီကို စိတ်လှုပ်တရှားကြည့်လာသည်။
“ဒါပေမယ့် အလုပ်သမားကတ်ရရှိရေးရဲ့ အကြောင်းပြချက်ကတော့ လူသားတွေကို ရန်ငြိုးထားလို့မရပါဘူး။ လူသားစက်ရုံတွေမှာ အလုပ်လုပ်ပြီး လူသားနိုင်ငံက ဥပဒေတွေကို လွန်ဆန်လို့မရဘဲ လူသားတွေရဲ့ စည်းမျဉ်းတွေကို လိုက်နာရပါမယ်။"
“ဒါပေါ့၊ ဒါပေါ့။” ခေါင်းခါ ဗော်လ်လာက ခေါင်းတညိတ်ညိတ်ဖြင့် “ဥက္ကဌရှု စိတ်ချလို့ရပါတယ်၊ ကျုပ်တို့ ဗော်လ်လာမျိုးနွယ်ဟာ လူသားတွေကို အင်မတန်ဖော်ရွေပါတယ်၊ အရင်ကလည်း လူသားတွေကို တစ်ခါမှ မတိုက်ခိုက်ဖူးပါဘူး။ ခင်ဗျားမယုံရင် ဥက္ကဌရန်နာဆာကိုမေးလို့ရတယ်။"
နံဘေးရှိ ဥက္ကဌရန်နာဆာက အသာပြုံးကာ "ဟုတ်တယ်၊ ဗော်လ်လာမျိုးနွယ်စု ကျုပ်တို့နဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ အမြဲအဆင်ပြေခဲ့တယ်ဆိုတာ ကျုပ်အာမခံနိုင်တယ်၊ အရင်ကလည်း သူတို့အနေနဲ့ လူသားတွေကို တစ်ခါမှ မတိုက်ခိုက်ဖူးဘူး"
"အဲဒါကောင်းတယ်။" ရှုယီက ခေါင်းညိတ်လိုက်ကာ "ဒီအရေးကြီးတဲ့ အခြေအနေနှစ်ခုအပြင် နိုင်ငံအရာရှိတွေဆီမှာ ကန့်သတ်ချက်တစ်ခုရှိတယ်။ သားရဲလူမျိုး အိမ်ထောင်စုတစ်ခုစီအတွက် အလုပ်သမားကတ်တစ်ခုပဲ ရနိုင်မယ်တဲ့။"
"အာ?" ခေါင်းဆောင်ဗော်လ်လာက ရှုယီကို တအံ့တဩကြည့်လျက် သူ၏ ဝံပုလွေမျက်လုံးကြီး နှစ်လုံးက ရှုပ်ထွေးစွာ မျက်တောင်ခတ်နေသည်မှာ ထိုကန့်သတ်ချက်က မည်သည့်အတွက်ဖြစ်ကြောင်း လုံးဝနားမလည်ဟန်ပင်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၆၅။ သားရဲလူမျိုးအလုပ်သမားများ၏ အားသာချက်
နှစ်လကျော်ကြာ ပြင်ဆင်ပြီးနောက်တွင် ဗော်လ်လာမျိုးနွယ်စုအနီးရှိ သတ္တုပျော့မိုင်းတွင်းအတွက် ပြင်ဆင်မှုများမှာ အတော်များများပြီးစီးသွားသည်။
ရှုယီနှင့် ဥက္ကဌရန်နာဆာတို့မှာ ခေါင်းဆောင်ဗော်လ်လာလိုအပ်သည့် ကုန်စည်များကို ယူဆောင်လာပြီးနောက်တွင် ၎င်းတို့ကြား သဘောတူညီမှုကို ဖြည့်ဆည်းလိုက်ပြီးဖြစ်ရာ ယခု သတ္တုပျော့ကြောကို တရားဝင်စတင်တူးဖော်နိုင်ပြီဖြစ်၏။
ခေါင်းဆောင်ဗော်လ်လာနှင့်အတူ ဆုံပြီးနောက်၌ နှစ်ဦးသားမှာ မိုင်းတွင်းအတွက် လိုအပ်သည့် မှော်စက်နောက်ဆုံးအသုတ်ကို ပေးပို့ခဲ့သည်။ ထို့နောက် Frestech ကုန်သည်ကြီးများအသင်း၊ ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းက လည်ပတ်မည့် သတ္တုပျော့မိုင်းတွင်းကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာရန် အခမ်းအနားလေးတစ်ခု ကျင်းပခဲ့သည်။
သတ္တုပျော့အရည်ကျိုစက်ရုံကို မဖွင့်သေးလေရာ တူးဖော်ပြီးသား သတ္တုပျော့များကို ဗော်လ်လာ မျိုးနွယ်စု၌ ယာယီသိုလှောင်ထားမည်ဖြစ်၏။ အရည်ကျိုစက်ရုံကို ဖွင့်လှစ်သည်နှင့် သတ္တုရိုင်းများကို စတင် အရည်ကျိုမည်ဖြစ်သည်။
ပထမဆုံးနေ့၌ များများစားစားမရခဲ့ရာ အပျော့စားသတ္တုရိုင်း တစ်တန်စာပင် မတူးနိုင်ခဲ့ပါချေ။
သို့သော် သတ္တုတွင်းထွက်၏ စစ်မှန်သောအပိုင်းမှာ မြေအောက်၌ ပုန်းကွယ်နေကတည်းက ၎င်းတို့အနေနှင့် အစပိုင်း၌ တူးဖော်နိုင်ရန် မဖြစ်နိုင်လေရာ ရှုယီနှင့် ဥက္ကဌရန်နာဆာတို့မှာ ၎င်းကြောင့် မအံ့ဩသွားပါချေ။
ပထမဆုံးနေ့၌ သတ္တုရိုင်းများ တူးဖော်နိုင်သည်ကပင် သတ္တုတွင်းထွက် မည်မျှကြွယ်ဝကြောင်းနှင့် သတ္တုကြောကို ဖွင့်ရန် မည်မျှ လွယ်ကူကြောင်းကို ပြသနေပါ၏။
လူပုလေးများ၏ စူးစမ်းလေ့လာမှုအရ ထိုသတ္တုပျော့တွင်းမှာ အလူမီနီယံနှင့် ကြေးနီ ကြွယ်ဝပေ၏။ ပထမဆုံးနေ့၌ တူးဖော်ရရှိသည့် တစ်တန်အနက် အများစုမှာ ကြေးနီသတ္တုရိုင်းများဖြစ်သည်။
တူးဖော်ထားသည့် ကြေးနီသတ္တုရိုင်းများကို သုံးသပ်ကြည့်ပါက ဤမိုင်းတွင်း၌ ကြေးနီသတ္တုရိုင်းပမာဏ များပြားလှသည်ပင်။
ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းလက်အောက် ကြေးနီသတ္တုတွင်းများမှ အန်ဂိုလာမျိုးနွယ်စု လူပုလေးတစ်ဦး၏ အချက်အလက်အရ ဤသတ္တုရိုင်းများရှိ ကြေးနီရာခိုင်နှုန်းမှာ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်း၏ မိုင်းတွင်းများထက်ပင် များစွာပိုသည်။
ထိုသည်က ရှုယီ အင်မတန်စိတ်တိုင်းကျသည့် ရလာဒ်ပင်။
ယခုတွင် လေအားထုတ်စက်နှင့်အတူ တိုးတက်မှုတစ်ခု ရှိလာပြီး ဘဲလ်လာနှင့် ကမ်ဘီတို့ ဦးဆောင်သည့် အသင်းက အသေးစားလေအားထုတ်စက်ကို တည်ငြိမ်စေပြီးဖြစ်သောကြောင့် ၎င်းတို့သုတေသန၏ နောက်တစ်ပိုင်းအတွက် ပိုမိုအားကောင်းသည့် လျှပ်ကူးခြင်းအတွက် ကြေးနီပမာဏကြီးကြီးတစ်ခု လိုအပ်နေသည်။
မှန်ပါ၏၊ သူ့အား စတေးလ်က သတိပေးထားသဖြင့် ယခင်ကကဲ့သို့ လျှပ်စစ်ထုတ်ဖော်ခြင်းကို အတင်းလုပ်ဆောင်မနေတော့ပါချေ။
စဉ်းစားကာ နှိုင်းယှဉ်ကြည့်ပြီးနောက် ရှုယီမှာ လျှပ်စစ်က ကမ္ဘာမြေရှိ စက်မှုစနစ်၌ ကျယ်ပြန့်ကာ အင်မတန် အရေးပါ,ပါသော်လည်း စိုင်စ်နယ်မြေကြီးအတွက်မူ မှော်ပညာ၏ တည်ရှိမှုကြောင့် အရာအတော်များများ၌ လျှပ်စစ်အစား မှော်စွမ်းအားကို သုံးနိုင်ကာ လျှပ်စစ်ထက်ပင် လုပ်ဆောင်ချက်ပိုကောင်းကြောင်းကို တွေ့လိုက်ရသည်။
ဥပမာ လေပေးစက်များဖြစ်သည်။ ကမ္ဘာမြေရှိ လေပေးစက်များမှာ လျှပ်စစ်ကို အသုံးပြုကာ လည်ပတ်ခြင်းကြောင့် တည်ငြိမ်သည့် အပူချိန်ကို ထိန်းသိမ်းရန် ကီလိုဝပ် သုံးမှ လေးအထိ လည်ပတ်ရကာ တစ်နာရီကို ကီလိုဝပ်သုံးမှလေးအထိ ကုန်ဆုံးသည်။
ရုပ်ကြွင်းလောင်စာ လျှပ်စစ်ဓာတ်အား၏ အခြေခံအကျဆုံး ပုံစံနှင့်ဆိုလျှင် ကျောက်မီးသွေး ကီလိုဂရမ်တစ်ဝက်စာက တစ်နာရီကြာ လောင်ကျွမ်းသည့် အဓိပ္ပာယ်ဖြစ်၏။
၎င်းက အင်မတန်မြင့်မားသော စွမ်းအင်စားသုံးနှုန်းပါပင်။
သို့သော် Frestech အမှတ်တံဆိပ် မှော်လေပေးစက်များမှာ လက်ဖဝါးတစ်ခုစာထက်သေးသည့် မှော်သလင်းကျောက်တစ်တုံးနှင့်တင် သုံးရက်ကြာအောင် လည်ပတ်နိုင်သည်။
ပျမ်းမျှတွက်ကြည့်သော် လက်သည်းခွံပမာဏပင် မရှိသည့် မှော်သလင်းကျောက်တစ်တုံးမှာ တစ်နာရီကြာ အသုံးခံသည်။
စိုင်စ်နယ်မြေတဝှမ်း၌ မှော်သလင်းကျောက်တွင်းများစွာရှိပြီး ၎င်းတို့၌ မှော်စွမ်းအင်ကြွယ်ဝစွာပါဝင်ပြီး ဤလောက၌ အလွယ်လေးမြင်တွေ့နိုင်ရာ မှော်လေပေးစက်များက လျှပ်စစ်လေပေးစက်များနှင့်ယှဉ်လျှင် များစွာ ပိုမိုသင့်တော်ပေ၏။
အရေးကြီးဆုံးအရာမှာ မှော်သလင်းကျောက်များထံ၌ မည်သည့် အညစ်အကြေးမှမရှိလေရာ ထိုအချက်နှင့်ပင် ရုပ်ကြွင်းလောင်စာများထက် များစွာ ပိုမိုအားကောင်းသည်။
ထို့ကြောင့် ရှုယီအနေနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းက အရေးပါသည်ဟု ခံစားရပါသော်လည်း ထိုမျှထိတော့ အရေးမကြီးချေ။
သူ့အတွက် လျှပ်စစ်စွမ်းအားက မှော်စက်များအတွက် ဖြည့်စွက်စာသာဖြစ်ပါ၏။
မှော်စွမ်းအားက ပြဿနာအားလုံးကို မဖြေရှင်းနိုင်ခြင်းကြောင့် လိုအပ်လာချိန်၌ လျှပ်စစ်စွမ်းအားကို အသုံးပြုနိုင်သည်။
ကြေးနီသတ္တုရိုင်းများအပြင် မိုင်းတွင်းရှိ အလူမီနီယံကလည်း အင်မတန် အရေးပါသည်ဟု ရှုယီ ခံစားရသည်။
အလူမီနီယံမှာလည်း စက်မှုနယ်ပယ်၌ အင်မတန်ကျယ်ပြန့်ကာ အရေးပါပြီး ကမ္ဘာမြေ၌ အလူမီနံယံသတ္တုစပ် အမျိုးစုံကို အသုံးပြုကြသည်ပင်။
သံသတ္တုကဲ့သို့ အသုံးမများပါသော်လည်း အလူမီနီယံနှင့် အလူမီနီယံသတ္တုစပ်များနေရာ၌ သံသတ္တုကို အစားမထိုးနိုင်သည်များလည်း ရှိပေ၏။
ဥပမာ အရေးပါသောနယ်ပယ်များဖြစ်ကြသည့် လေကြောင်း၊ အဆောက်အဦနှင့် ကားများတွင် အလူမီနီယံနှင့် အလူမီနီယံသတ္တုစပ်တို့၏ ထူးကဲသောလက္ခဏာရပ်များက အရေးကြီးအခန်းကဏ္ဍ၌ ပါဝင်လေ၏။
Frestech ကုန်သည်ကြီးများအသင်းမှာ သံမဏိသတ္တုစပ်များစွာကို ထုတ်လုပ်ခဲ့သော်လည်း ၎င်းတို့ကို သံအဖြစ် ကန့်သတ်ထားသည်။ ၎င်းတို့ကို မည်သို့ ဖန်တီးနေပါစေ တချို့လက္ခဏာရပ်များမှာ မဖွံ့ဖြိုးဆဲပေ။
ယခုတွင် ၎င်းတို့ထံ၌ သတ္တုပျော့မိုင်းတွင်းရှိလာပြီဖြစ်ရာ ခေါင်းဆောင်စီလူကာနှင့် လူပုလေးများအတွက် တိုးတက်ဖို့ရာ နေရာများစွာပိုရလာသည်။
အနာဂတ်တွင် Frestech ကုန်သည်ကြီးများအသင်းထံမှ အသုံးပြုပုံများ ခြားနားသည့် မှော်စက်များ ပို၍ ပို၍ များပြားလာလိမ့်မည်ဖြစ်သည်။
ရှုယီမှ သတ္တုရိုင်းများ တူးဖော်ခြင်းကို ကြည့်နေစဉ်တွင် ဥက္ကဌရန်နာဆာက သတ္တုရိုင်းတူးဖော်နေသော အလုပ်သမားများကို စောင့်ကြည့်နေသည်။
ခေါင်းဆောင် ဗော်လ်လာနှင့် သဘောတူညီချက်ရရှိပြီးနောက်တွင် ခေါင်းဆောင်ဗော်လ်လာက အစမ်းသဘောဖြင့် ယနေ့မိုင်းတွင်းသို့ဝင်ရန် မျိုးနွယ်ဝင် ဆယ်ဦးပို့ပေးလာသည်။ ၎င်းက ရှုယီနှင့် ဥက္ကဌရန်နာဆာတို့အား ၎င်းတို့က ဤအလုပ်နှင့် ကိုက်မကိုက်ကို မြင်နိုင်စေသည်။
၎င်းတို့ကို စောင့်ကြည့်ပြီးနောက် ဥက္ကဌရန်နာဆာက ထိုဝံပုလွေလူသားများမှာ မှော်စက်များနှင့် ပထမဆုံးအကြိမ် ထိတွေ့ရခြင်းကြောင့်သာ အတန်ငယ် ရှက်ပြာနိုင်နေသော်လည်း လုပ်ရည်ကိုင်ရည်က ကျွမ်းကျင် လူသားအလုပ်သမားများထက် ပိုကောင်းနေသည်ကို တွေ့လိုက်ရသည်။
သို့သော် ၎င်းမှာ ဝံပုလွေလူမျိုးများ၏ လူသားများထက် အားကောင်းကာ လိုက်လျောညီထွေဖြစ်သည့် သဘာဝ ခန္ဓာကိုယ်ကြောင့်ဖြစ်၏။
၎င်းတို့မှော်စက်များကို အသုံးမပြုပါလျှင်တောင် လူသားများထက် လုပ်ရည်ကိုင်ရည် ပိုမြင့်သည်။
အတန်ကြာ စောင့်ကြည့်ပြီးသော် ဥက္ကဌရန်နာဆာက မနေနိုင်တော့ဘဲ တူးဖော်ပြီး သတ္တုရိုင်းများ၏ အရည်အသွေးအား စစ်ဆေးနေသည့် ရှုယီကို ပြောလိုက်သည်၊ "ကျုပ် ရုတ်တရတ် ခင်ဗျားရဲ့ သားရဲလူမျိုးအလုပ်သမားတွေကို ခန့်အပ်မယ့် အကြံက အတော်ကောင်းတယ်လို့ သိလိုက်ရပြီ။"
"အိုး?" ရှုယီက သူ့ကို အံ့ဩစွာကြည့်လာ၏။ ဥက္ကဌရန်နာဆာက သူ၏ အကြံကို မငြင်းခဲ့ဖူးပါသော်လည်း ဘယ်တုန်းကမှလည်း ထောက်ခံခြင်းမရှိခဲ့ချေ၊ "ဘာလဲ? ခင်ဗျား တစ်ခုခုကို မြင်လိုက်ရလို့လား?"
"အမ်း" ဥက္ကဌရန်နာဆာက ခေါင်းငြိမ့်သည်၊ "အဲဒီ့သားရဲလူမျိုးတွေမှာ ပိုကောင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတယ်လို့ ပြောလို့ရတယ်။ သူတို့က နည်းနည်းလောက် ထုံအပေမယ့်လည်း ကိုယ်ကာယလုပ်သားအတွက်တော့ အတော်လေးကိုက်ညီတယ်။ မိုင်းတွင်းဆိုတာက ကိုယ်ကာယလုပ်သားအတော်များများကို လိုအပ်တဲ့နေရာဆိုတော့ လူသားအလုပ်သမားတွေနဲ့ယှဉ်ရင် သားရဲလူမျိုးအလုပ်သမားတွေကို လုပ်ခိုင်းတာက ပိုမြန်တာပေါ့။"
ဒီတော့ ပြောချင်တာက ဘယ်မျိုးနွယ်စုမှာမဆို အားသာချက်တွေရှိပြီးတော့ သူတို့ရဲ့ အားသာချက်တွေကို အသုံးပြုနေသရွေ့ အားလုံးအဆင်ပြေတယ်ပေါ့။" ရှုယီက အသာပြုံးသည်၊ "ပြီးတော့ ခင်ဗျား အရေးကြီးတာတစ်ခုမေ့သွားတယ်၊ ဒါကတော့ သားရဲလူမျိုးအလုပ်သမားတွေက လူသားအလုပ်သမားတွေနဲ့ယှဉ်ရင် လုပ်အားခကလည်း ပိုနည်းတယ်လေ။"
ဥက္ကဌရန်နာဆာက ခါးသက်သက်ရယ်မောလေသည်။
ရှုယီက မှန်ပါ၏။ ဤသတ္တုပျော့မိုင်းတွင်းက သားရဲလူမျိုးနယ်မြေ ဆန်နက်မြေရိုင်း၌ ရှိနေခြင်းကြောင့် လုပ်ငန်းစုသုံးစုမှာ လူသားအလုပ်သမားများကို ဆွဲဆောင်ရန် လုပ်အားခမြင့်မြင့်ကိုသာ ပေး၍ရသည်။
အဆုံး၌ ဤမိုင်းတွင်းရှိ လူသားလုပ်သားတစ်ဦးစီက တစ်လလျှင် ရွှေဒင်္ဂါးသုံးဆယ်ကျော်ရလေသည်။
၎င်းက ဘန်တာမြို့ရှိ ပျမ်းမျှ လုပ်အားခကို ကျော်လွန်နေလေ၏။
ထို့အပြင် ၎င်းက ဘန်တာမြို့နှင့် ဝေးကွာသောကြောင့် ထိုလူသားအလုပ်သမားများအတွက် အစာရေစာရရန်လည်း မလွယ်ပါချေ။
ထို့ကြောင့် အားလုံးကိုတွက်ချက်ကြည့်လျှင် အလုပ်သမားတစ်ဦးစီမှာ ပုံမှန်ဘဝ၌ နေထိုင်နိုင်ရန် တစ်လကို ရွှေဒင်္ဂါးဆယ်ပြားနီးနီးသုံးရန်လို၏။
ထိုသည်က မိုင်းတွင်းရှိ အလုပ်သမားတစ်ဦးစီအတွက် တစ်လလျှင် ရွှေဒင်္ဂါးလေးဆယ်ကျော် သုံးစွဲရသည့် အဓိပ္ပာယ်ပင်!
ထိုသည်က ဘန်တာမြို့ရှိ အလုပ်သမားများ၏ လစာ နှစ်ဆနီးနီးလောက်ရှိသည်။
ယခုတွင် မိုင်းတွင်း၌ လူသားအလုပ်သမား နှစ်ရာရှိလေရာ လုပ်ငန်းစုသုံးစုအနေနှင့် ၎င်းတို့အတွက် တစ်လလျှင် ရွှေဒင်္ဂါးတစ်သောင်းနီးပါး သုံးရသည်!
ယှဉ်ကြည့်သော် ရှုယီနှင့် ဥက္ကဌရန်နာဆာတို့ ခေါင်းဆောင်ဗော်လ်လာကို ပြောနေချိန်တွင် ရှုယီမှာ ဝံပုလွေလူသားအလုပ်သမားများကို တစ်လလျှင် လုပ်ခ ရွှေဒင်္ဂါး ငါးပြားစီသာ ပေးမည်ဟုပြောစဉ်က ခေါင်းဆောင်ဗော်လ်လာ၏ မျက်လုံးများတောက်ပလျက် ပျော်ရွှင်မှုဖြင့်ပြည့်သွားခဲ့သည်။
ထို့အပြင် မိုင်းတွင်းအနီး၌ နေထိုင်ကြသော ထိုဝံပုလွေလူသားများမှာ လုံးဝ နေထိုင်စရိတ် မကုန်ကျချေ။
အားလုံးကို နှိုင်းယှဉ်ကြည့်ရသော် တူညီသည့် မိုင်းတွင်းရှိ အလုပ်သမားတစ်ဦးအတွက် လူသားအလုပ်သမားတစ်ဦး၏ ကုန်ကျစရိတ်မှာ ဝံပုလွေလူသားအလုပ်သမားရှစ်ဦးစာရှိသည်က ကြီးမားသည့် ကွာဟချက်ပင်။
"ကြည့်ရတာ အစပိုင်းမှာ ခင်ဗျားရဲ့ သားရဲလူမျိုးအလုပ်သမားတွေကို ခန့်အပ်မယ့် အကြံက အတော်ကောင်းပုံပဲ။" ဥက္ကဌရန်နာဆာက သက်ပြင်းချကာပြောသည်၊ "သားရဲလူမျိုးအလုပ်သမားတွေသာ အဲ့လောက် မထုံအဘဲ မှော်စက်တွေကို ခက်ခက်ခဲခဲသုံးနေရတာသာမဟုတ်ရင် ကျုပ်တို့လည်း လူသားအလုပ်သမားတွေကို ဒီမိုင်းတွင်းမှာ လုံးဝ မလိုလောက်ဘူးလို့ ခံစားရတယ်။
"မဟုတ်ဘူး၊ ဒါက သေချာပေါက် မဖြစ်နိုင်ဘူး။" ရှုယီက ခေါင်းခါသည်၊ "ဒီမိုင်းတွင်းက လူသားတွေကို အဓိကလိုတယ်။ ကျုပ်တို့အနေနဲ့ သားရဲလူမျိုးအလုပ်သမားတွေကို ခန့်အပ်နိုင်ပေမယ့် လူသားတွေက အဓိကအပိုင်းကို ပြင်ဆင်ဖို့လိုတယ်။ မဟုတ်ဘဲ သားရဲလူမျိုးတွေနဲ့ပဲ ထိန်းချုပ်လိုက်ရင် ကျုပ်တို့လည်း အထိန်းအကွပ်မဲ့သွားလိမ့်မယ်။"
"အင်း ခင်ဗျားရဲ့စိုးရိမ်မှုတွေက မှန်ပါတယ်။" ဥက္ကဌရန်နာဆာက သဘောတူညီစွာ ခေါင်းငြိမ့်သည်၊ "သားရဲလူမျိုးတွေက အများအားဖြင့် သဘာဝကြောင့် ကြမ်းတမ်းရက်စက်တော့ ဒီမှာ သားရဲလူမျိုးတွေချည်းပဲလုပ်မယ်ဆို သူတို့အတွက် အရာအားလုံးကို ယူသွားချင်လာနိုင်တယ်။" ခေတ္တမျှရပ်တန့်ပြီးနောက် ဥက္ကဌရန်နာဆာက မေးလာသည်၊ "ဟုတ်သားပဲ၊ ခင်ဗျား ခေါင်းဆောင်ဗော်လ်လာကို ခင်ဗျားစဉ်းစားထားတာကြောင့် သားရဲလူမျိုးမိသားစုတစ်စုစီက အလုပ်သမားကတ်တစ်ခုပဲ ရမယ်ဆိုတာ ပြောပြီးပြီလား?"
"ဒါက တစိတ်တပိုင်းပါပဲ။" ရှုယီက ရယ်သည်၊ "ပန်းတိုင်အစစ်က ဒီကန့်သတ်ချက်နဲ့ သားရဲလူမျိုးနွယ်စုက မိသားစုတစ်စုစီကို ကျုပ်တို့ လူသားစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မိသားစုဝင်တွေအကြောင်းနဲ့ မျိုးနွယ်စုရဲ့ အလုပ်သမားကတ်ရဖို့ အခွင့်အရေးအကြောင်း စဉ်းစားခိုင်းဖို့ပဲ၊ ဒါမှ သူတို့အနေနဲ့ ကျုပ်တို့လူသားတွေအပေါ် အကြံဆိုးတွေ မထားရဲကြတော့မှာ။ စဉ်းစားကြည့်လေ၊ ဒီသားရဲလူမျိုးတွေသာ ကျုပ်တို့လူသားတွေကို တစ်ခုခုလုပ်လာရဲရင် သူတို့မိသားစုက အဆင့်အမြင့်ဆုံးမိသားစုဝင်အနေနဲ့ အလုပ်ဆုံးရှုံးရုံတင်မကဘူး သူတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံးကိုပါ ရှုပ်ထွေးသွားစေနိုင်တယ်။ သူတို့အနေနဲ့ တစ်ခုခုလုပ်ဝံ့မယ်ထင်လို့လား"
ဥက္ကဌရန်နာဆာက လေအေးအေးများရှူရှိုက်လျက် ရှုယီကို တအံ့တဩကြည့်လာသည်။
"ဥက္ကဌရှု၊ ခင်ဗျားအရင်က သားရဲလူမျိုးတွေကို ခန့်အပ်ဖို့ စဉ်းစားတော့ ဒါကိုစဉ်းစားခဲ့ပြီးသားလား?"
ရှုယီက အသာပြုံးကာ၊ "ခင်ဗျားကို အရင်ကမပြောခဲ့ဘူးလား၊ သားရဲလူမျိုးတွေကို ထိန်းချုပ်မယ့် နည်းလမ်းတွေအများကြီးရှိပါတယ်လို့။"
ဥက္ကဌရန်နာဆာက ရှုယီကို တအံ့တဩကြည့်ပြီးမှ မနေနိုင်ဘဲ ခေါင်းခါ၍ သက်ပြင်းချကာ ဆိုသည်၊ "ဥက္ကဌရှု၊ ခင်ဗျားက တကယ်ပဲ အရာအားလုံးကို စဉ်းစားထားတော့ ကျုပ်တောင် နည်းနည်းကြောက်လာပြီဗျာ။ ဒါပေမယ့် ဒီသားရဲလူမျိုးတွေမှာ ဒီလိုစိုးရိမ်မှုမျိုးတွေ ရှိလာမယ်လို့ ဘယ်လိုသေချာနေရတာလဲ? ဒါက အလုပ်လေးတစ်ခုပဲ မဟုတ်ဘူးလား? သားရဲလူမျိုးတွေအနေနဲ့ အရင်က အလုပ်တောင်မရှိပေမယ့် ပုံမှန်ဘဝမှာ နေခဲ့ကြတယ်မဟုတ်ဘူးလား?"
"ဒါကတော့ သူတို့အနေနဲ့ အရင်က သက်သာတဲ့ဘဝကို မခံစားခဲ့ဖူးလို့လေ။" ရှုယီက အသာပြုံးကာ ပြောသည်၊ "ကျုပ်ကိုယုံပါ၊ သူတို့တွေ တည်ငြိမ်တဲ့အလုပ်လေးတွေရလာပြီး ဒီအလုပ်တွေကြောင့် မိသားစုကို ဘဝကောင်းကောင်းပေးနိုင်လာတဲ့အခါ သေချာပေါက် ဒီလိုဘဝပုံစံမျိုးကို လက်လျှော့ကြလိမ့်မှာမဟုတ်ဘူး။ အရင်က သားရဲလူမျိုးတွေအနေနဲ့ ဖိနပ်မဝတ်ဘဲ လမ်းလျှောက်ရမှာကို မကြောက်ပေမယ့် ဖိနပ်ဝတ်ပြီး ဘယ်လောက်သက်သာတယ်ဆိုတာ အတွေ့အကြုံရှိပြီးနောက်ကျတော့ သေချာပေါက် ချွတ်ဖို့ ဆန္ဒမရှိတော့ဘဲ ခြေဗလာနဲ့ထပ်မလျှောက်ကြတော့ဘူး။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၆၆။ နတ်ဘုရားမ အသစ်
အခြားသားရဲလူမျိုးများအနေနှင့် ဖိနပ်များဝတ်သည်လားကို မသိရပါသော်လည်း အနည်းဆုံးတော့ ဗော်လ်လာမျိုးနွယ်စု၌ ယခင်က ဖိနပ်များမဝတ်ခဲ့ကြပါချေ။
ဖိနပ်မဝတ်ရုံတင်မကဘဲ ဥက္ကဌဗင်းဆင့်ထ်မြင်သလောက်အရ ယခင်က အဝတ်များပင် မဝတ်ခဲ့ကြချေ။
ထို့ကြောင့်ရှုယီ ဗော်လ်လာမျိုးနွယ်စုမှ ထွက်ခွာချိန်၌ ဥက္ကဌဗင်းဆင့်ထ်မှာ ဥက္ကဌရန်နာဆာနှင့် အတူကျန်နေခဲ့သည်။
ဥက္ကဌဗင်းဆင့်ထ်၏ ပြောကြားချက်အရ ဗော်လ်လာမျိုးနွယ်စု၏ ဝံပုလွေလူမျိုးများမှာ လူသားများဝတ်ဆင်သည့် ချည်ထည်အဝတ်များကို စိတ်ဝင်စားကြသဖြင့် သူဟာ ဝံပုလွေလူသားတိုင်းကို သူ၏ အာမန်နီ ကုန်သည်ကြီးများအသင်းမှ အဝတ်များအား သေချာပေါက် ဝတ်ခိုင်းလောက်သည်။
ဥက္ကဌဗင်းဆင့်ထ်က ဤ ဗော်လ်လာမျိုးနွယ်စု၌ သားရဲလူမျိုးများအတွက် အဝတ်များအား အထူးပြုထုတ်လုပ်မည့် အထည်စက်ရုံဖွင့်ရန် စီစဉ်ထားကြောင်းပင် ရှုယီကို တိတ်တဆိတ်ပြောခဲ့သေးသည်။
ရှုယီက သူ၏ ရဲရင့်သောအတွေးများကို လေးစားဟန်ပြကာ ထောက်ခံကြောင်းလည်း ပြသခဲ့သည်။
သို့သော် ရှုယီက ဗော်လ်လာမျိုးနွယ်စု၌ ရက်အနည်းငယ်သာ နေခဲ့ခြင်းကြောင့် ထိုထောက်ခံမှုက အပြောသာဖြစ်သွားသည်။ ထို့နောက် သူဟာ မိုင်းတွင်းကိုစောင့်ကြပ်ရန် လူပုလေးနှင့် နတ်သူငယ်စစ်သည်များကို ချန်ခဲ့ကာ ဆန်နက်မြေရိုင်း၏ တောင်ပိုင်း စတက်တိန်းနယ်မြေရှိရာသို့ မြင်းလှည်းနှင့် တစ်ဦးတည်း ဦးတည်လိုက်သည်။
ဤတစ်ခေါက် သူ၏ စတက်တိန်းနယ်မြေခရီးတွင် သူဟာ ရင်းနှီးမြှုပ်နှံမှုတချို့ကိုသာ အတည်ပြုရန်ဖြစ်ပြီး မည်သည်ကိုမှ ပြုလုပ်မည်မဟုတ်လေရာ နောက်ဆုံးတစ်ခေါက် အန်ကလိုနှင့် သွားစဉ်ကလမ်းအတိုင်းသာ သွားခဲ့သည်။
ပထမဦးဆုံး သူဟာ ခေါင်းဆောင်ဝိန်နှင့် တွေ့ဆုံကာ ဝိန်မြို့တော်အနီး၌ စည်သွပ်သီးစက်ရုံနှင့် ရာဘာထုတ်စက်ရုံတို့၌ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထို့နောက် နယ်စားစတက်တိန်းနှင့် တရားဝင်စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးကာ Frestech ကုန်သည်ကြီးများအသင်းထံ ၎င်းတို့၏ပိုင်ဆိုင်မှုအဖြစ် မိုင်းတွင်းသုံးတွင်းကို ပေးအပ်လာသည်။
စည်သွပ်သီးစက်ရုံနှင့် မိုင်းတွင်းသူံးတွင်း ဖွင့်လိုက်မည့်အချိန်ကိုတော့ ရှုယီမှာ ခိုရိုရွာရှိ စည်သွပ်သီးစက်ရုံနှင့် ဗော်လ်လာမျိုးနွယ်စုရှိ မိုင်းတွင်းတို့ကို တရားဝင်စတင်ကာ အတွေ့အကြုံစုဆောင်းပြီးသည်အထိ စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်၍ လှုပ်ရှားမည်ဖြစ်သည်။
ဤတစ်ခေါက် ရှုယီမှာ ရက်အနည်းငယ်မျှသာ လှည့်လည်၍ တစ်ပတ်တာမျှနှင့်ပင် စတက်တိန်း နယ်မြေမှ ပြန်လည်ထွက်ခွာသွားသည်။
သူ စတက်တိန်းနယ်မြေကို ဝင်လာချိန်ကနှင့် ယှဉ်လျှင် စာချုပ်နှစ်ခုပိုလာကာ ရွှေဒင်္ဂါးလေးသိန်းသုံးသောင်းလျော့သွားသည်။
ရွှေဒင်္ဂါးသုံးသိန်းသာ ပေးချေရမည်ဆိုသော်လည်း အဘယ့်ကြောင့် လေးသိန်းသုံးသောင်းဖြစ်သွားရသနည်း?
၎င်းက အင်မတန်ရှင်းလင်းပါပေသည်၊ အပို ရွှေဒင်္ဂါးတစ်သိန်းနှင့်သုံးသောင်းမှာ လောဘကြီးသည့် နယ်စားစတက်တိန်း, ဝန်ကြီးများနှင့် ခေါင်းဆောင်ဝိန်တို့အတွက်ဖြစ်၏။
စတက်တိန်းနယ်မြေမှ ထိုလောဘသားများနှင့် ကြုံဆုံပြီးနောက်တွင် ရှုယီက ဘန်တာမြို့သို့ပြန်လာလိုက်ချိန်မှသာ ဘန်တာမြို့ရှိ လေထုက စတက်တိန်း နယ်မြေနှင့် ယှဉ်လျှင် များစွာ ပိုမိုလတ်ဆက်သည်ဟု ခံစားမိသည်။
သူ့အား ပို၍ ဝမ်းသာစေသည်မှာ ဘန်တာမြို့သို့ ပြန်ရောက်ချိန်၌ အက်ဂ်နက်စ်လည်း ပြန်လာပြီဖြစ်သောကြောင့်ပင်။
ယခင်တစ်ခေါက် စတက်တိန်း နယ်မြေသို့သွားခဲ့စဉ်က ရှုယီမှာ လရိပ်မျိုးနွယ်စုမှ နတ်သူငယ်မလေးသုံးဦးကို အကြီးအကဲအီလူရှာနှင့် တွေ့ဆုံရန် အက်ဂ်နက်စ်ကို ခေါ်သွားစေခဲ့သော်လည်း အဘယ့်ကြောင့်မှန်းမသိရဘဲ နှစ်လလုံးလုံးကြာပြီးနောက်တွင် အက်ဂ်နက်စ်နှင့် လရိပ်မျိုးနွယ်စု နတ်သူငယ်မလေးသုံးဦးတို့မှာ ရှုယီကိုရှာရန် ဘန်တာမြို့သို့ ပြန်မလာခဲ့ချေ။
ရှုယီ လွန်ခဲ့သည့်ရက်အနည်းငယ်က ညတေးသံမျိုးနွယ်စုဆီသွားကာ အကြီးအကဲ အီလူရှာနှင့်တွေ့၍ ထိုကိစ္စကို မေးမြန်းခဲ့သည်။ အကြီးအကဲအီလူရှာက သူ့အား မပူပန်ရန်နှင့် လရိပ်မျိုးနွယ်စု နတ်သူငယ်မလေးသုံးဦးတို့မှ လက်ရှိတွင် ညတေးသံမျိုးနွယ်စု၏ အခြေနေကို လေ့လာနေခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
ယခု အက်ဂ်နက်စ်ပြန်လာပြီဖြစ်ရာ ရှုယီမှာ မည်သည်ဖြစ်သည်ကို မေးရပေမည်။ အဘယ့်ကြောင့် ၎င်းတို့မှာ ညတေးသံမျိုးနွယ်စု၌ နှစ်လတာ လှုပ်ရှားမှုမရှိရသနည်း။
"နှစ်လတည်းလေ။" အက်ဂ်နက်စ်က ရှုယီကို ဇဝေဇဝါဖြင့်ကြည့်လိုက်သည်၊ "ဥက္ကဌ၊ ဒါက အချိန်တိုတိုလေးပါပဲ သူတို့က သေချာပေါက် ကျွန်မတို့ ညတေးသံမျိုးနွယ်စုနဲ့ လုပ်ငန်းစုကြားက ပူးပေါင်းမှုကို နားလည်မှာမဟုတ်ဘူးလေ။"
"နှစ်လနဲ့တောင် နားမလည်နိုင်ကြဘူးလား?" ရှုယီက အနည်းငယ် မယုံနိုင်ဖြစ်နေကာ၊ "ကျုပ်တို့လုပ်ငန်းစုနဲ့ ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုတို့ ဘယ်လိုပူးပေါင်းတယ်ဆိုတာက ရိုးရှင်းတဲ့ကိစ္စလေးပါပဲ၊ ရက်နည်းနည်းလေးနဲ့တင် နားလည်နိုင်တယ်လေ။ ဘာလို့ ဒီလောက် အချိန်ယူကြရတာလဲ? အဲဒီ့ ကောင်မလေးသုံးယောက်က လုပ်ဆောင်နိုင်စွမ်းနိမ့်နေတာတော့မဟုတ်ဘူးမလား?"
အက်ဂ်နက်စ်က ရှုယီကို တအံ့တဩကြည့်လေသည်၊ "ဥက္ကဌ၊ နှစ်လဆိုတာက အဲ့လောက်မကြာပါဘူး၊ ဟုတ်တယ်မလား? ကျွန်မတို့နတ်သူငယ်တွေက ရှင်တို့လူသားတွေလို ဘဝသက်တမ်းတိုတိုလေးမဟုတ်တော့ ရှင့်လို အချိန်ကို အဲ့လောက် အရေးကြီးတယ်လို့မထင်ကြဘူး။"
အက်ဂ်နက်စ်၏ သဘာဝကျကျ အမူအရာကိုမြင်သော် ရှုယီမှာ ဆွံ့အသွားရသည်။
ထိုသို့စဉ်းစားရင်း သူဟာ အက်ဂ်နက်စ်၏စကားလုံးများကို ကူရာမဲ့စွာသာ အချက်အလက်အဖြစ်လက်ခံလိုက်နိုင်သည်။
နတ်သူငယ်များမှာ အတိုဆုံး ဘဝသက်တမ်း ငါးရာကျော်ရှိပြီး အများဆုံးဆိုလျှင် တစ်ထောင်ပင်ကျော်၏။
စိုင်စ်နယ်မြေ၏ လူသားများကသာ ဆယ်စုနှစ် သက်တမ်းလေးများရှိကြခြင်းသာဖြစ်သည်။ နတ်သူငယ်များအတွက် နှစ်လတာက လူသားများအတွက် တစ်ပတ်တာလောက်မျှသာရှိခြင်းကြောင့် ကြာလွန်းသည်ဟု သတ်မှတ်၍ မရပါချေ။
သက်တမ်းရှည်ခြင်းက နတ်သူငယ်များကို အတော်လေး ကွဲပြားနေစေသဖြင့် ၎င်းတို့က လူသားများကဲ့သို့ ကိစ္စများကို ထိထိရောက်ရောက်ဖြေရှင်းဖို့ရာ ဂရုမစိုက်ကြချေ။
ယခု စတက်တိန်းနယ်မြေ လရိပ်မျိုးနွယ်စုထံမှလာသော နတ်သူငယ်မလေးသုံးဦးကို ပြောရမည်ဆိုလျှင် ၎င်းတို့မှာလည်း စတက်တိန်း နယ်မြေသားများ၏ ပျင်းရိမှုကို ကူးစက်ခံလိုက်ရခြင်းဖြစ်နိုင်သည်။
ထိုသို့စဉ်းစားကြည့်ရသော် နတ်သူငယ်များလေးသုံးဦးအနေနှင့် ညတေးသံမျိုးနွယ်စုအား နှစ်လအတွင်း စစ်ဆေးမှုမပြီးစီးနိုင်သည်မှာ ထိုမျှ မထူးဆန်းတော့ချေ။
ရိုးရိုးသားသားပြောရလျှင် အတော်လေး ပြတ်သားသည့် အကြီးအကဲအီလူရှာက ပုံမှန်နတ်သူငယ်များနှင့် ကွဲပြားနေသည်ပင်။
သူမက ရှုယီကဲ့သို့ လူသားတစ်ဦးနှင့် အဆက်အသွယ်လုပ်ခဲ့ရုံသာမက ကိစ္စများပြုလုပ်ရာ၌ အင်မတန် ဆုံးဖြတ်ချက်ပြတ်သားကာ လုပ်ရည်ကိုင်ရည်မြင့်သည်။
ဥပမာ၊ ရှုယီက သူမအား ဥက္ကဌဗင်းဆင့်ထ်အနေနှင့် နတ်သူငယ်အချို့ကို စုဆောင်းရန်မျှော်လင့်နေကြောင်း ပြောလာချိန်တွင် ရက်အနည်းငယ်အတွင်း၌ပင် ဘန်တာမြို့သို့ ညတေးသံမျိုးနွယ်နတ်သူငယ်ငါးဦးကို ရှုယီနှင့်အတူ ထည့်ပေးလိုက်သည်။
ရှုယီမှာ အက်ဂ်နက်စ်နောက်မှ နတ်သူငယ်ငါးဦးကို လှည့်ကြည့်လိုက်သည်။ ထိုနတ်သူငယ်မလေးသုံးဦးနှင့် နတ်သူငယ်အထီးနှစ်ဦးတို့မှာ လှပသည့် အသွင်အပြင်များရှိကြသည့် နတ်သူငယ်များအကြား၌ပင် တသီးတသန့်ချောမောလွန်းလှသည်။
အထူးသဖြင့် နတ်သူငယ်မလေးသုံးဦးမှာ အက်ဂ်နက်စ်ထက်ပင် ပိုမိုကောင်းမွန်သည့် ကြန်အင်လက္ခဏာရပ်များရှိကြ၏။ ၎င်းတို့၏ သွင်ပြင်များမှာ ပြီးပြည့်စုံလုနီးပါးဖြစ်နေပြီး နတ်သူငယ်တို့၏ ဆန်းကြယ်ကျော့ရှင်းမှုကိုပါ ထည့်ပေါင်းလိုက်လျှင် ညတေးသံမျိုးနွယ်စုထုတ် ရိုးရိုးသားရေအဝတ်များဝတ်ကာ ပုံမှန်လေးရပ်နေသည်တောင် လူများအနေနှင့် ၎င်းတို့ကို မကြည့်ဘဲ မနေနိုင်အောင်ဖြစ်စေသည်။
နတ်သူငယ်အထီးနှစ်ဦးကမူ ရှုယီ၏ ယောက်ျားမျက်လုံးများဖြင့် ကြည့်လိုက်လျှင်တောင် ကြန်အင်လက္ခဏာများဖြစ်စေ အသွင်ပြင်ဖြစ်စေ ထက်မြတ်လှသည်။ ၎င်းတို့၏ အပြင်ပန်းသွင်ပြင်ကိုလေးနှင့်တင် ဘန်တာမြို့ရှိ အမျိုးသားချောချောများကို တမုဟုတ်ချင်း သတ်ချပစ်နိုင်သည်ပင်။
ရှုယီမှာ ၎င်းတို့ကို တခဏကြာကြည့်ပြီးနောက်၌ အက်ဂ်နက်စ်ကို ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်၊ "မော်ဒယ်တွေအပြင် ဥက္ကဌဗင်းဆင့်ထ်က ဒီဇိုင်နာတွေကိုလည်း စုဆောင်းချင်နေတာ။ ဘာလို့ အကြီးအကဲအီလူရှာက တစ်ယောက်မှ မပို့ပေးလိုက်တာလဲ?"
"အဲဒါသူတို့ပဲလေ။" အက်ဂ်နက်စ်က နတ်သူငယ်ငါးဦးကို ညွှန်ပြကာ၊ "အကြီးအကဲက ပြောတယ် ကျွန်မတို့နတ်သူငယ်တွေမှာ အလှအပအတွင် သဘာဝအရည်အချင်းရှိပြီးသားတဲ့။ ကျွန်မက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဒီဇိုင်နာဖြစ်နိုင်မှတော့ တစ်ယောက်ယောက်ကလည်း ဥက္ကဌဗင်းဆင့်ထ်အတွက် အဝတ်အထည်ဒီဇိုင်နာ ဖြစ်နိုင်မှာပဲလေ။"
"ဒီဇိုင်နာတစ်ယောက်ဟာ အလှတရားကို ထိရှလွယ်တဲ့သူတစ်ယောက်ဖြစ်လို့မရဘူး....." ရှုယီက ရေရွတ်ပြီးမှ ခေါင်းခါကာ၊ "ဒါပေမယ့် ထားလိုက်ပါတော့။ ဥက္ကဌဗင်းဆင့်ထ်က နတ်သူငယ်တွေကို သုံးချင်မှတော့ သူတို့ရဲ့ သွင်ပြင်နဲ့ မျက်နှာကျတွေအရ ဥက္ကဌဗင်းဆင့်ထ်လည်း သေချာပေါက် စိတ်တိုင်းကျမှာပါ။"
ရှုယီ၏အပြောကိုကြားသော် အက်ဂ်နက်စ်က ရုတ်တရတ် သူမကိုယ်သူမအထင်သေးသွားပြီး ရှုယီကို မေးလေသည်၊ "ဥက္ကဌ၊ ရှင် ကျွန်မရဲ့ပုံစံက အဆင်မပြေဘူးလို့ ထင်တာလား? ကျွန်မက မလှဘူးပေါ့?"
ရှုယီက အံ့ဩသွားသည်။ အက်ဂ်နက်စ်၏ လေးနက်နေဟန်ကိုမြင်သော် သူဟာ မပြုံးဘဲ မနေနိုင်တော့ချေ၊ "ဘာလို့ရုတ်တရတ်ကြီး ဒီမေးခွန်းကို မေးရတာလဲ?"
"ဥက္ကဌဗင်းဆင့်ထ်ကတော့ သူတို့လုပ်ငန်းစုအတွက် ကြော်ငြာတွေဖန်တီးဖို့ နတ်သူငယ်တွေကို မော်ဒယ်အဖြစ်ခန့်ထားချင်တာကြောင့်ပါ၊ ဒါပေမယ့် ရှင်က စတေးလ်ကိုပဲ ကြော်ငြာလုပ်ခိုင်းပြီး ကျွန်မကိုတော့ ဘယ်တော့မှမလုပ်ခိုင်းဘူးလေ။ ဒီတော့ ကျွန်မရဲ့ပုံစံက သိပ်အဆင်မပြေဘူး၊ သိပ်မလှဘူး ထင်လို့ ရှင့်အနေနဲ့ ကျွန်မကို ကြော်ငြာတွေ ဘယ်တော့မှ မလုပ်ခိုင်းတာလို့ ကျွန်မစဉ်းစားမိတယ်၊ ဟုတ်ရဲ့လား?"
ရှုယီမှာ ရယ်ရမလား ငိုရမလားပင်မသိတော့ချေ၊ "ခင်ဗျား ဘာလို့ အဓိပ္ပာယ်မရှိတာတွေပြောရတာလဲ? ခင်ဗျားက အရမ်းလှပြီးတော့ အရမ်းအဆင်ပြေတဲ့ သွင်ပြင်လည်းရှိပြီး သူတို့ငါးယောက်ထက်လည်း မဆိုးပါဘူး။ ကျုပ် ခင်ဗျားကို ကြော်ငြာတွေမလုပ်ခိုင်းတာက မလိုအပ်တာကြောင့်ပဲလေ။ ကျုပ်အတွက်အရေးကြီးတာက ခင်ဗျားရဲ့ ဒီဇိုင်းဆွဲတဲ့ အရည်အချင်းပဲ၊ ခင်ဗျားရဲ့သွင်ပြင်လည်းမဟုတ်သလို ပုံစံကြောင့်လည်းမဟုတ်ဘူး နားလည်ရဲ့လား?"
"အိုး" အက်ဂ်နက်စ်က ခေါင်းငြိမ့်လိုက်သော်လည်း သူဆိုလိုသည်ကို တကယ်ကြီးနားမလည်ချေ။
ရှုယီက ၎င်းအား သူမကို ရှင်းပြရန် မစီစဉ်ထားခဲ့ချေ။ သူက ၎င်းတို့ကို စူးစမ်းလိုစွာကြည့်ရှုနေကြသည့် နတ်သူငယ်ငါးဦးကိုကြည့်၍ အကြီးအကဲအီလူရှာမှာ အမှန်တကယ်ကို ရဲတင်းသည့် နတ်သူငယ် အကြီးအကဲဟု စဉ်းစားမိလိုက်သည်။ သူမက အမှန်တကယ်ကို သူမ၏ မျိုးနွယ်ဝင်များအား အခြားလူသားလုပ်ငန်းစု၌ ထိုမျှမြန်မြန် အလုပ်ဝင်ရန် လက်ခံခဲ့သည်။ ညတေးသံမျိုးနွယ်စု နတ်သူငယ်များ Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်စဉ်က သာမန်အလုပ်သမားများအဖြစ် လုပ်နေရုံနှင့်တင် ၎င်းတို့ပတ်ဝန်းကျင်မှ လူများနှင့် ဆက်ဆံရသည်မှာ အနည်းငယ် ဒုက္ခရောက်ခဲ့သည်။
ယခုတွင် ထိုနတ်သူငယ်ငါးဦးအား အာမန်နီ ကုန်သည်ကြီးများအသင်းက ခန့်အပ်မည်ဖြစ်ရာ မော်ဒယ်များဖြစ်စေ အဝတ်အစားဒီဇိုင်နာများဖြစ်စေ ၎င်းတို့အား လူများစွာက အာရုံစိုက်လာလိမ့်မည်သာ။
ဒီနတ်သူငယ်ငါးဦးက တစ်နေ့လုံး လူသားတွေဘေးနားမှာ နေဖို့ ပြင်ဆင်ထားကြရဲ့လား?
အချက်အလက်များက ရှုယီမှာ လူသားများ၏ နတ်သူငယ်များအပေါ် စွဲလန်းမှုကို လျှော့တွက်ထားကြောင်း သက်သေပြနေ၏။
Frestech ကုန်သည်ကြီးများအသင်းက နတ်သူငယ်များစွာကို ခန့်အပ်ထားရာ ဘန်တာမြို့၌ နတ်သူငယ်များပေါ်လာခြင်းကို မကြာခဏမြင်တွေ့နိုင်ကြပြီး အက်ဂ်နက်စ်ပထမဆုံးအကြိမ်ထွက်လာစဥ်ကလောက် တုံ့ပြန်မှု မပြင်းပါလျှင်တောင် အာမန်နီကုန်သည်ကြီးများအသင်းက နတ်သူငယ်ငါးဦးကို မော်ဒယ်များ၊ ဒီဇိုင်နာများအဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာလာသည်နှင့် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၌ အုတ်အော်သောင်းနင်းဖြစ်သွားသည်။
အာမန်နီကုန်သည်ကြီးများအသင်းက နတ်သူငယ်ငါးဦးအတွက် အထူးသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး နတ်သူငယ်ငါးဦးကို အာမန်နီကုန်သည်ကြီးများအသင်းမှ ၎င်းတို့အတွက် ဒီဇိုင်းဆွဲပေးထားသည့် သီးသန့်အဝတ်များကို ထိုပွဲ၌ ဝတ်စေခဲ့သည်။
နတ်သူငယ်ငါးဦး၏ အသွင်အပြင်များနှင့် ဂရုတစိုက်ဒီဇိုင်းဆွဲထားသည့် အဝတ်များကို ပေါင်းလိုက်ပါလျှင် ၎င်းက လူတိုင်း၏ အကြည့်များကို ဆွဲဆောင်လိုက်တော့သည်။
ရက်အနည်းငယ်အတွင်း၌ နတ်သူငယ်ငါးဦးမှာ ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၌ ကြယ်ပွင့်များဖြစ်လာကြ၏။
နတ်သူငယ်အထီးနှစ်ဦးကို မြင်ချိန်၌ ချက်ချင်း ကြွေဆင်းသွားကာ ၎င်းတို့နှလုံးသား၏ နတ်ဘုရားများဟု ခေါ်လာသည့် မျိုးရိုးမြင့် သခင်မလေးများစွာလည်း ရှိနေသည်။
နတ်သူငယ်မလေးသုံးဦးမှာမူ ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များရှိ အမျိုးသားတို့၏ နတ်ဘုရားမအသစ်များဖြစ်လာကြကာ အာမန်နီကုန်သည်ကြီးများအသင်း၏ အားကောင်းလှသော ကြော်ငြာကို ကျေးဇူးတင်နေကြသည်။
"ငါဘာလို့ရုတ်တရတ်ကြီး လူတွေဆီက အမေ့ခံလိုက်ရတယ်လို့ ခံစားနေရတာပါလိမ့်?" စတေးလ်က လမ်းထက်ရှိ နတ်သူငယ်တို့၏ ပုံတူကိုကြည့်ကာ ဟာသတွေ့လိုက်ရသလို အသံဖြင့် ပြောလာသည်၊ "ကြည့်ရတာ မကြာခင်မှာ 'ဘန်တာမြို့နတ်ဘုရားမ'ခေါင်းစဉ်ကို တစ်ယောက်ယောက်ဆီ ပေးရမယ့်ပုံပဲ။"
နံဘေးရှိ ရှုယီက ရယ်မောလိုက်၏။ သူက စတေးလ်၏လက်ကိုကိုင်၍ ပြုံးကာ ပြောလေသည်၊ "အဆင်ပြေပါတယ်၊ တခြားလူတွေမင်းကို မေ့သွားတာကောင်းတယ်။ အဲ့နည်းနဲ့ဆို မင်းက ကိုယ့်နှလုံးသားရဲ့ နတ်ဘုရားမလေးဖြစ်နိုင်ပြီ။"
စတေးလ်က ရှုယီကို မျက်လုံးများလှိမ့်ပြလိုက်သည်၊ "အရင်နှစ်ကတည်းက တခြားလုပ်ငန်းစုတွေမှာ ကျွန်မကို ကြော်ငြာတွေ သွားမလုပ်ခိုင်းတော့တာ ဒီအကြံရှိနေလို့လား?"
ရှုယီက ရယ်ကာ၊ "ဒါက ကိုယ်က မင်းပင်ပန်းမှာကို စိုးရိမ်တာကြောင့်ပဲမဟုတ်လား? ဘာပဲဖြစ်ဖြစ် လူမြင်ကွင်းမှာနေတာကို လက်မလျှော့ ချင်ဘူးလား"
"အင်း၊ ကျွန်မတကယ်ပဲ အပြင်မှာ ဈေးဝယ်ထွက်ရင် လူတွေအကြည့်ခံရတာကို ပင်ပန်းနေပါပြီ။" စတေးလ်က ဘေးဘီကိုကြည့်လျက် မျက်မှောင်ကုပ်ကာ ပြောသည်၊ "ဒါပေမယ့် အဲ့လိုမကြည့်ကြတာက ပိုဆိုးတယ်ဆိုတာ အခုသိလိုက်ရပြီ။"
"မမေ့နဲ့ဦး၊ မင်းက ကိုယ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သုတေသနဌာနက သုတေသနပညာရှင်တစ်ယောက်လေ။ မင်းသာ တစ်ခုခုလုပ်ချင်ရင် အီဗီတာ နဲ့ အာကာလီတို့ကို မှော်ပညာတချို့ သုတေသနလုပ်ဖို့ သွားရှာလိုက်ပေါ့။" ရှုယီက ပြော၏။
စတေးလ်က ခေါင်းခါ၍ ခါးသက်သက်ပြုံးကာ ပြောသည်၊ "ပြဿနာက အရင်ရက်က ကျွန်မ မှော်သုတေသနဌာနကိုသွားတော့ အီဗီတာနဲ့ အာကာလီတို့ ဘာတွေကို သုတေသနလုပ်နေမှန်းလုံးဝ နားမလည်နိုင်တာကို သိလိုက်ရတယ်။" ခဏမျှရပ်တန့်ပြီးနောက် သူမက ရှုယီ၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ကာ မျက်နှာထက်၌ တုန်လှုပ်ဟန်ပေါ်လာသည်၊ "ရှုယီ ကျွန်မက အသုံးမဝင်ဖြစ်နေပြီလား?"
ရှုယီက အနည်းငယ် ကြောင်အသွားသည်။ သူက မျက်မှောင်ကုပ်ရင်း စတေးလ်၏ တုန်လှုပ်နေဟန်ကိုကြည့်ကာ ယခု သူမကို နှစ်သိမ့်ပေးသည်က အသုံးမဝင်မှန်းသိလိုက်၏။
ရှုယီ၏ ခေါင်းထဲ၌ အတွေးပေါင်းစုံက အလျင်အမြန်ဖြတ်ပြေးသွားကာ ရုတ်တရတ် အကြံရသွားသည်။
"ကိုယ် မင်း အတော်လေးသဘောကျလောက်မယ့် အလုပ်တစ်ခု စဉ်းစားမိပြီ။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၆၇။ မှော်ပညာနှင့် မသက်ဆိုင်သည့် စက်ဘီး
မတ်လလယ်သို့ ဝင်ရောက်လာသည်တွင် ဆောင်းရာသီ၏ အေးစက်မှု လုံးလုံးပျောက်ကွယ်သွားပြီဖြစ်၏။ ဘန်တာမြို့အပြင်ဘက်ရှိ အေးခဲသည့်မြေကွက်မှာလည်း နွေးလာရာ အစိမ်းရောင် အကွက်လေးများက မြေဆီလွှာကိုဖြတ်၍ ပေါ်ထွက်လာကြသည်။
ဤရာသီမှာ လမ်းလျှောက်ရန် အချိန်ကောင်းဖြစ်သည်။ ထို့ကြောင့် ရာသီဥတုကောင်းလာချိန်တိုင်း ဘန်တာမြို့မှ ဇိမ်ခံမြင်းလှည်းများကို ယူဆောင်ကာ ထွက်လာကြသည့် မျိုးရိုးမြင့် သခင်လေး၊ သခင်မလေးများမှာ မြို့ပြင်ရှိ စိမ်းစိုစိုလယ်ကွင်းများထံ သွားရောက်ကြသည်။
ဘန်တာမြို့၏ မြို့ပြင်၌ လမ်းချောချောများရှိသော်လည်း အနောက်ဘက် ဆင်ခြေဖုံးအား မြို့စားအရှင်မှ စက်မှုနယ်မြေအဖြစ်ကြေညာထားလေရာ စိမ်းစိုနေသည့် အရိပ်အရောင်ပင်မရှိချေ။ သို့သော် တောင်ဘက် ဆင်ခြေဖုံးကိုမူ မြို့စားအရှင်က ပြန်လည်မွမ်းမံရေးဧရိယာအဖြစ်ကြေညာထားရာ သစ်တောကို ထိန်းသိမ်းထားရုံတင်မက ဆန်ဒီမြစ်မှ သွယ်တန်းထားသော တူးမြောင်းတစ်ခုလည်း ရှိလေသည်။ ဤတောရိုင်းကြီးမှာ သာယာလှပသော နွေဦးနေ့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်သည့် လှပသောရှုခင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ယနေ့မှာ ကြည်လင်သော နေ့တစ်နေ့ဖြစ်၏။ နေက ကောင်းကင်အလယ်ဗသိုသို့ဆိုက်ရောက်လာသည်နှင့် တောင်ဘက်ဂိတ်မှ ထွက်လာကြသော မျိုးရိုးမြင့်မိသားစုတို့၏ မြင်းလှည်းများစွာမှာ မြို့တောင်ပိုင်းရှိ စိမ်းစိုစိုနေရာထံ ဦးတည်သွားကြသည်။
မရေတွက်နိုင်လောက်သော မျိုးရိုးမြင့်သခင်လေးများနှင့် သခင်မလေးများမှာ ဤကောင်းမွန်သည့် ရာသီဥတုကို အခွင့်ကောင်းယူလျက် သဘာဝထဲ၌ လမ်းလျှောက်ထွက်ကာ အပြင်ဘက်သို့ ပျော်ပွဲစားထွက်ကြသည်ပင်။
သို့သော် ယနေ့ကမူ ပုံမှန်နှင့်ခြားနားနေ၏။
တံခါးမှ မြင်းလှည်းများစွာ ထွက်လာသည်နှင့် ၎င်းတို့ထဲတွင် မတူညီသည့်အရာနှစ်မျိုးရောနှောသွားသည်။
မြင်းလှည်းများထဲရှိ သခင်လေးများနှင့် သခင်မလေးများမှာ အပြင်ဘက်က အသံများကို ကြားသော် လမ်းထက်ကိုကြည့်ရန် လိုက်ကာများကိုဖွင့်လိုက်ရာ လူနှစ်ဦးက ယခင်ကမမြင်ခဲ့ဖူးသည့် သံဘောင်နှင့် ဘီးနှစ်ဘီးပါ ခပ်ပိန်ပိန် ထူးထူးဆန်းဆန်းအရာကို စီးနင်းနေကြသည်။
နှစ်ယောက်က ခြေနင်းများကို နင်းထားကြကာ ၎င်းတို့ခြေထောက်ကို လှုပ်ရှားလိုက်သည်နှင့် အောက်ခြေရှိ ဂီယာတစ်ခုမှာ အလျင်အမြန် လည်သွားသည်။
ဂီယာပွင့်လာသည်နှင့် သံဘောင်ရှိ ဘီးနှစ်ဘီးက လည်လာကာ ၎င်းတို့နှစ်ဦးကို ရှေ့သို့ ဆက်ရွေ့နေစေသည်။
အားလုံးကို အံ့ဩစေသည်မှာ ၎င်းတို့နှစ်ဦးထိုင်နေသည့်အရာက အင်မတန်ပျော့ပြောင်းကာ ဘီးနှစ်ဘီးအပြင် ဘောင်တစ်ခုသာ ပါနေခြင်းဖြစ်သည်။ သို့သော် ၎င်းက ထိုင်နေသည့် လူနှစ်ဦးကို အလျင်အမြန် ရှေ့သို့ ရွေ့စေကာ မြင်းလှည်းအမြောက်အများကို ကျော်တက်၍ မျိုးရိုးမြင့် သခင်လေးများနှင့် သခင်မလေးတို့ရှေ့၌ ဖြတ်ပြေးသွားလေသည်။
ထိုထူးဆန်းကာ အမည်မသိသည့် အရာများပေါ်မှာ အလျင်အမြန်ရှေ့ရောက်သွားသည့် နှစ်ဦးကိုမြင်သော် လှည်းထဲရှိ မျိုးရိုးမြင့် သခင်လေးနှင့် သခင်မလေးများဖြစ်စေ လမ်းလျှောက်နေကြသောလူများဖြစ်စေ အားလုံး အံ့ဩနေကြ၏။
ထိုလူနှစ်ဦး၏ တင်ပါးများအောက်က အရာက မည်သည်နည်း? အဘယ့်ကြောင့် ထိုမျှ မြန်ဆန်နေရသနည်း?
သို့သော် နှစ်ဦးသား အဝေးသို့ ပျောက်ကွယ်သွားသဖြင့် လူများ၏စိတ်ထဲရှိ မေးခွန်းများအတွက် အဖြေမရနိုင်တော့ချေ။
နောက်နေ့မှာလည်း ကြည်လင်သော နေ့တစ်နေ့ဖြစ်သည်။
မြင်းလှည်းများစွာက ပုံမှန်လိုပင် မြို့ဂိတ် အပြင်ဘက်ကို ထွက်သွားကြ၏။
သို့သော် ထပ်တူညီသည့် မနက်ခင်းကိုးနာရီတွင် ထိုလူနှစ်ယောက်ကိုသယ်ဆောင်ထားသည့် ထူးဆန်းသည့်အရာနှစ်ခုမှာ မြို့ပြင်သို့ ထွက်လာကြပြီး မြင်းလှည်းများကို ကျော်တက်၍ အဝေးသို့ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
လူတို့၏စိတ်ထဲရှိ မေးခွန်းများက နက်နဲလာ၏။
တတိယနေ့မှာလည်း နောက်ထပ် ကြည်လင်သောနေ့ဖြစ်၏။
ထပ်တူညီသည့် အရာက တစ်ဖန် ဖြစ်လာပြန်သည်။
စတုတ္ထနေ့.....
ပဉ္စမနေ့.....
.....
တစ်ပတ်လုံးစာ နေ့တိုင်းမှာ ရှားရှားပါးပါးကြည်လင်သော နေ့များဖြစ်ခဲ့ပြီး နေ့တိုင်း မျိုးရိုးမြင့် သခင်လေးများနှင့် သခင်မလေးများစွာတို့မှာ ပျော်ပွဲစားထွက်ခဲ့ကြသည်။ သို့သော် နေ့တိုင်း လူနှစ်ဦးက ထူးဆန်းသည့်အရာများပေါ်မှ မြို့ပြင်သို့ထွက်လာပြီးနောက်တွင် အလျင်အမြန် လူတို့၏အမြင်မှ ပျောက်ကွယ်သွားကြသည်။
ခုနစ်ရက်တာ ကြာပြီးနောက်တွင် ထိုထူးဆန်းသည့်အရာက ဘန်တာမြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားကာ လူတိုင်း၏သိလိုစိတ်ကို ဆွဲဆောင်နေတော့သည်။
မည်သည်မှ လုပ်စရာမရှိသည့် လူတချို့မှာ တောင်ဘက်ဂိတ်များ၌ စောင့်ဆိုင်းလျက် ထိုအရာနှစ်ခု၏ ထူးထူးဆန်းဆန်းသွင်ပြင်ကို ဆွဲသားခဲ့သည်။
သုံးသပ်ကြည့်ပြီးနောက်၌ လူတိုင်းမှာ ထိုအရာနှစ်ခု၌ အင်မတန်ရိုးရှင်းသည့် နိယာမရှိကြောင်း ရှာတွေ့သွားကြ၏။ ဘီးနှစ်ဘီးကို ထောင်ရန်သုံးထားကာ ၎င်းကို ဘောင်တစ်ဘောင်က ထောက်ခံထားပြီး စွမ်းအားသုံးရန် ဂီယာကို သုံး၍ ထိုအရာထက်၌ ထိုင်နေသည့်လူက ခြေနင်းများဖြင့် စွမ်းအားကိုထောက်ပံ့ပေးသည်။
သို့သော် နိယာမက ရိုးရှင်းဟန်ပေါ်သော်လည်း ထိုအရာက ထိန်းချုပ်စွမ်းအားလေးတစ်ခု၌သာ မူတည်ပြီး ထိုမျှမြန်မြန်ရွေ့လျားနိုင်သည် မယုံနိုင်ဖွယ်ပင်။
ပထမတွင် လူများက ထိုပစ္စည်းအကြောင်းနှင့် ဘယ်နေရာက လာသည်ကို မသိကြပါသော်လည်း စူးရှသည့်အမြင်နှင့် လူတစ်ချို့မှာမူ တာယာများကိုမြင်ပြီးသည့်နောက် တစ်စုံတရာကို ခန့်မှန်းမိလိုက်ကြသည်။
တာယာမှာ Frestech ကုန်သည်ကြီးများအသင်း တစ်ခုတည်းသာ ထုတ်လုပ်နိုင်သည့် အရာဖြစ်ပြီး ၎င်းတို့က ထူးဆန်းသည့်အရာများစွာ လုပ်လေ့ရှိသည့် အချက်ကို ထည့်ပေါင်းလိုက်ပါလျှင် ထိုထူးဆန်းသည့် အရာနှစ်ခုမှာလည်း Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်စက်အသစ်များဖြစ်နိုင်သည်!
၎င်းတို့၏မေးခွန်းများနှင့် ခန့်မှန်းချက်များ အားလုံးအတွက်အဖြေကို အဌမမြောက်နေ့၌ရခဲ့ကြသည်။
အဌမမြောက်နေ့ မနက်ခင်းတွင် «ဘန်တာတိုင်းမ်စ်»၏ သတင်းအသစ်က အမှန်တရားကို ထုတ်ပြလာခဲ့၏။
အားလုံး၏ခန့်မှန်းချက်က မမှားချေ၊ ထိုအရာနှစ်ခုမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အသစ်လွင်ဆုံးထုတ်ကုန်ဖြစ်သော်လည်း အားလုံးမထင်မှတ်ထားသည်မှာ ထိုအရာက မှော်ပညာနှင့် လုံးဝမဆက်စပ်နေပေ။
ထိုအရာအား စက်ဘီးဟုခေါ်ကာ လူလုပ်စွမ်းအားအပေါ်၌သာ မှီတည်ထားသည့် စက်ဖြစ်ပြီး လူလုပ်စွမ်းအားတစ်ခုတည်းသာပါဝင်ကာ မည်သည့်မှော်ပညာမှ မပါဝင်ချေ။
သို့သော် ၎င်းအား လူလုပ်စွမ်းအားဖြင့်သာ စွမ်းအားပေးထားခြင်းဆိုလျှင်သော်မှ စက်ဘီးအား စီးနင်းသူက အလုံအလောက်သန်မာနေသရွေ့ စက်ဘီးမှာ အင်မတန် လျင်မြန်စွာရွေ့လျားနိုင်ပေသည်။
«ဘန်တာတိုင်းမ်စ်»မှ အတွင်းသတင်းအရ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် စက်ဘီးကိုစမ်းသပ်နေချိန်တွင် စက်ဘီးကို စီးနင်းသူမှာ မနက်ခင်း၌ အမြင့်ဆုံးအရှိန်ဖြင့် ဘန်တာမြို့မှ ထွက်လာပါလျှင် နေ့လည်ခင်း၌ မိုးကျတောင်ကြားဆီရောက်နိုင်သည်ဟု ဆိုသည်။
မိုးကျတောင်ကြားမှာ ဘန်တာမြို့ထံမှဆိုလျှင် ခြောက်ဆယ်ကီလိုမီတာ၏အတိ ကွာဝေးကာ အကောင်းမြင်းလှည်းသည်ပင် ထိုနေရာသို့ရောက်ရန် သုံးနာရီမျှကြာသည်ကို သိရပေ၏။
[Eng Translator Note: ဒါကို မေးခွန်းထုတ်ချင်ကြသူတွေအတွက်ပါ၊ အတွေ့အကြုံမရှိတဲ့ စက်ဘီးစီးသူတစ်ယောက်ရဲ့ ယေဘုယျအမြန်နှုန်းက တစ်နာရီကို ၁၂မိုင်ဝန်းကျင်ရှိပြီး ကီလိုမီတာ အားဖြင့် တစ်နာရီကို ၂၀ကီလိုမီတာရှိပါတယ်။]
ထိုစက်ဘီး၏ အမြန်နှုန်းမှာ အကောင်းဆုံးမြင်းလှည်းများထက်ပင် များများစားစားနှေးမနေပါချေ!
«ဘန်တာတိုင်းမ်စ်»ရှိ သတင်းကိုမြင်သော် လူတိုင်း ပျော်ရွှင်မှုအပြည့်ဖြစ်သွားကြ၏။
ထိုသို့သော ပစ္စည်းကောင်းနှင့်ဆိုလျှင် ရှေ့လျှောက် ခရီးသွားဖို့ရာ များစွာ ပိုလွယ်လာမည်သာ!
မြင်းလှည်းများက ကောင်းမွန်ပါသော်လည်း သာမန်မိသားစုများအနေနှင့် မြင်းများကို မတတ်နိုင်ချေ။
ဘန်တာမြို့၏ လူထုပို့ဆောင်ရေးစနစ်က တဖြည်းဖြည်းတိုးတက်လာကာ သွားလိုသည့်နေရာများကို မြင်းလှည်းငှား၍ သွားနိုင်ပါသော်လည်း မြင်းလှည်းငှားဖို့က ငွေကြေးများစွာကုန်ကျသဖြင့် နေရာအတော်များများကို မသွားဖြစ်ကြပေ။
ဤ ရိုးရှင်းကာ ပေါ့ပါးသည့်စက်ဘီးနှင့် ယှဉ်လျှင် မြင်းလှည်းများမှာ သံသယပင် မလိုလောက်အောင် ပို၍ ဒုက္ခများသည်။
ထိုစက်ဘီးက Frestech ကုန်သည်ကြီးများအသင်းထံမှ ထုတ်ကုန်တစ်ခုသာဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင် လူများစွာက Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနတံခါးသို့ ရောက်လာကြသည်။ လူအတော်များများက ထိုစက်ဘီးကို မည်သည့်အချိန်၌ ရောင်းမည့်အကြောင်းကို မေးကြကာ လူတိုင်းက တစ်စီးလောက်ဝယ်ရန် မစောင့်နိုင်ကြတော့ချေ။
"ကြည့်ရတာ စက်ဘီးတွေရဲ့ ရောင်းအားကို စိတ်ပူဖို့ မလိုပုံပဲ။" ရှုယီက ရယ်လျက် လက်ထဲရှိ «ဘန်တာတိုင်းမ်စ်»ကို ချထားလိုက်သည်။ ထို့နောက် လေအားမှော်အင်ဂျင်နှင့် စွမ်းအားပေးထားသည့် ဘီးများရှိသော စက်ဘီးကို လှည့်ကြည့်လိုက်သည်။
တိတိကျကျဆိုရပါလျှင် ထိုစက်ဘီးမှာ အင်ဂျင်ကို ဖန်တီးနေစဉ်အတွင်း ရှုယီ ပြုလုပ်မိခဲ့သည့် သုတေသန အထောက်အကူတစ်ပိုင်းတစ်စသာဖြစ်သည်။
စက်ဘီးက စက်မှုနယ်ပယ်၌ အရေးပါသည့် ထုတ်ကုန်မဟုတ်ပါသော်လည်း စက်ဘီး၌ ဖုံးကွယ်ထားသည့် အရေးပါသော နည်းပညာအပိုင်းအစများစွာရှိသည်။
ဥပမာ၊ စွမ်းအားကူးပြောင်းရေးစနစ်၊ ဝတ္တုကို လည်စေသည့်bearingsများ၊ ဂီယာပုံသွင်းခြင်းနှင့် နည်းပညာအမျိုးစုံတို့အားလုံးကို ထိုစက်ဘီး ထုတ်လုပ်ရာ၌ အသုံးပြုထားသည်။
Frestech ကုန်သည်ကြီးများအသင်းထံ ထုတ်ကုန်သစ်တစ်မျိုး ပေးထားသည့်အပြင် ရှုယီမှာ ကမ်ဘီနှင့် အခြားလူတို့အား စမ်းသပ်မှုမှ တစ်ဆင့် ထိုနည်းပညာကို အနည်းအကျဉ်းမျှ လေ့လာမိစေရန် စက်ဘီးကို လေ့လာစေခဲ့သည်။
ထိုသည်က ကမ္ဘာမြေကနှင့် လုံးဝကွာခြားပေ၏။
ကမ္ဘာမြေရှိ မှော်စက်မှုအင်ဂျင်နီယာများမှ သီအိုရီကို ဦးစွာလေ့လာပြီးမှ လက်တွေ့သုတေသနကို ပြုလုပ်ကြသည်။
ကမ်ဘီကိုယ်စားပြုသည့် မှော်စက်မှုအင်ဂျင်နီယာတို့မှာ ပထမဦးစွာ ရှုယီ၏ လမ်းညွှန်မှုအောက်၌ လက်တွေ့သုတေသနပြုလုပ်ခဲ့ပြီး သီအိုရီဆိုင်ရာအသိပညာကို ရရှိသွားကြသည်။
ရှုယီက စက်မှုစနစ်၏တိုးတက်မှုကို အရှိန်မြှင့်ချင်ပြီး ဤနေရာ၌ ရွေးချယ်စရာမရှိလေရာ သူ၏အသိပညာကို ၎င်းတို့ထံ အတင်းအကြပ် ပေးအပ်ရုံသာ တတ်နိုင်သည်။
ကမ်ဘီကဲ့သို့ လူပုလေးများထံ၌ ၎င်းအတွက် အားကောင်းသည့်အရည်အချင်းရှိသည်မှာ ကိစ္စကောင်းပင်။ ရှုယီသာ ၎င်းတို့အတွက် တစ်စုံတရာကို ရှင်းပြလိုက်ရုံနှင့် အလွယ်လေးနားလည်နိုင်ကာ ၎င်းထံမှ အခြား အသိပညာအပိုင်းများကိုပင် ဆွဲထုတ်နိုင်သည်။
စက်ဘီးကို သုတေသနပြုခြင်းမှတစ်ဆင့် ကမ်ဘီနှင့် တခြားလူတို့မှာ စွမ်းအင်ကူးပြောင်းခြင်းကို နက်နက်နဲနဲနားလည်သည့် စက်မှုအင်ဂျင်နီယာများဖြစ်လာကြသည်။
နောက်ခြေလှမ်းမှာ ရှုယီအနေနှင့် စက်ဘီးအား လေအားမှော်အင်ဂျင်နှင့် အတိုင်းအတာတစ်ခုအထိ ပေါင်းစပ်ရန်ဖြစ်သည်။
၎င်းတို့သာ လေအားမှော်အင်ဂျင်မှ ထောက်ပံ့ပေးထားသည့် မှော်စက်ဘီးတစ်စီးသာဖန်တီးနိုင်ပါလျှင် လေအားမှော်အင်ဂျင်သုတေသနမှာ လက်တွေ့အသုံးဝင်မှုများရှိသည့် အဓိပ္ပာယ်ပင်။
ကမ်ဘီ၏ အဖွဲ့ လတ်တလောပြုလုပ်နေသည်မှာ လေအားမှော်အင်ဂျင်၏ တည်ငြိမ်သော အထွက်နှုန်းနှင့် bearingsများက မည်မျှ အားကောင်းသည်ကို စမ်းသပ်ရန်ဖြစ်သည်။
၎င်းစမ်းသပ်မှုက ဆယ်ရက်တာကြာမြင့်ခဲ့ပြီး ရလာဒ်များကို ရှုယီမှာစိတ်တိုင်းမကျချေ။
ပထမဦးစွာ လေအားမှော်အင်ဂျင်က တည်ငြိမ်သည့် အထွက်နှုန်းကို မထိန်းထားနိုင်ပေ။ ထိုအစား ၎င်းက သတိပေးချက်မရှိဘဲ မကြာခဏရပ်တန့်သွားပြီး တစ်ခါတရံတွင် လုပ်ဆောင်နိုင်စွမ်းက ပိုကောင်းလာသည်လည်းရှိသလို ပိုဆိုးသွားသည်လည်းရှိသည်။
ရှုယီနှင့် အခြားမှော်သုတေသနပညာရှင်များက ၎င်းကို ကြည့်ရှုပြီးနောက် အင်ဂျင်ထဲရှိ လေအားမှော်အစီအရင်မှလေမှာ အမြန်နှုန်းတိုးလာပြီး ကမောက်ကမလေစီးကြောင်းများဖန်တီးမည်ဖြစ်ကြောင်း တွေ့လိုက်ကြရသည်။ ၎င်းက မှော်အစီအရင်ကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မည်ဖြစ်ပြီး ၎င်း၏ အထွက်ကိုပါ သက်ရောက်မည်ပင်။
ထိုလွှမ်းမိုးမှုသာ အမှတ်တစ်ခုအထိရောက်သွားပါလျှင် မှော်အစီအရင်မှာ ၎င်း၏စွမ်းရည်ကို ယာယီဆုံးရှုံးမည်ဖြစ်ရာ အင်ဂျင်ကလည်း စွမ်းအားကို ဆုံးရှုံးမည်ဖြစ်၏။
၎င်း၌ အရေးပါသည့် ပြဿနာတစ်ခုရှိသေးကာ သတ္တုများဖြစ်သည်။
စက်ဘီး၏ ဂီယာများနှင့် bearingsများက အရှိန်နှုန်းနိမ့်ပါသော်လည်း အရှိန်မြင့်မြင့်ကို အချိန်ကြာထိန်းသိမ်းထားချိန်တွင် ၎င်းက ယိုယွင်းသွားမည်သာ။
၎င်းတို့၏ခန့်မှန်းချေအရ ထိုအရာကသာ လေအားမှော်အင်ဂျင်၏ အမြင့်ဆုံးအရှိန်ကို ထိန်းသိမ်းနိုင်ပါလျှင် ဂီယာများဖြစ်စေ၊ bearingsများဖြစ်စေ ဆယ်နာရီအတွင်း များစွာယိုယွင်းလာကာ ပျက်စီးပင်ပျက်စီးနိုင်သည်။
ရှုယီထံ၌ လတ်တလောတွင် ထိုပြဿနာကို ဖြေရှင်းမည့်နည်းလမ်းမရှိပါချေ။
ထိုသည်က ဖြေရှင်းရအခက်ဆုံးသော သတ္တုပြဿနာ ဖြစ်ခြင်းကြောင့်ပင်။
ကမ္ဘာမြေရှိ စက်မှစနစ်က ပြည့်စုံလုနီးပါးဖြစ်သော်လည်း သတ္တုအရာ၌ နောက်ကျကျန်နေဆဲပါပင်။
ရှုယီမှာ တရုတ်လူမျိုးစက်မှုအင်ဂျင်နီယာဖြစ်လေရာ သတ္တုနယ်ပယ်၌ မကျွမ်းကျင်ချေ။ နိုင်ငံ၏ ကန့်သတ်ချက်များကိုပါ ထည့်ပေါင်းလိုက်သော် ၎င်းတို့အနေနှင့် အဆင့်အမြင့်ဆုံး သတ္တုထုတ်လုပ်ရေးနည်းပညာကို ရရှိရန် မဖြစ်နိုင်ချေ။
ထိုပြဿနာအတွက် သူဟာ ခေါင်းဆောင်စီလူကာဦးဆောင်သည့် သတ္တုသုတေသနဌာနအနေနှင့် ရလာဒ်များရှိလာဖို့ကိုသာ မျှော်လင့်နိုင်သည်။
၎င်းမတိုင်ခင်က ခေါင်းဆောင် စီလူကာ ခေါင်းဆောင်သည့် သတ္တုသုတေသနဌာနမှာ ရှုယီကို ကျေနပ်အံ့ဩဖွယ်များစွာ ပေးခဲ့ပြီးဖြစ်၏။
ယခု ရှုယီမှ ၎င်းတို့ကို ထိုပြဿနာပေးသည်မှာ ဆန်နက်မြေရိုင်းရှိ သတ္တုပျော့အရည်ကျိုစက်ရုံ စတင်လည်ပတ်သည်နှင့် ခေါင်းဆောင်စီလူကာက ကျေနပ်ဖွယ်အဖြေပေးလယမည်ကို ယုံကြည်နေခြင်းကြောင့်ပင်။
သို့သော် ယင်းမတိုင်ခင်၌ သူဟာ စိတ်ရှည်ရှည်သာစောင့်နိုင်သည်။
ရှုယီအနေနှင့် အင်ဂျင်ကို ဖန်တီးရန် ပူပန်နေပါလျှင်တောင် ထိုနည်းပညာမျိုးက ပေါ့ဆမှုတစ်ခုကိုပင် ခွင့်ပြု၍ မရချေ။
ကမ္ဘာမြေမှ အရည်အချင်းရှိ စက်မှုအင်ဂျင်နီယာတစ်ဦးအနေနှင့် ရှုယီထံ၌ ထိုသို့သော ယုံကြည်မှုနှင့် စိတ်ရှည်မှုတို့ရှိပါ၏။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၆၈။ အစားထိုး၍ မရနိုင်သော ခမ်နက်ဒ်
ဘဝ၌ ပြဿနာများမှ လွတ်မြောက်ရန် မဖြစ်နိုင်သလို အမြဲလိုလို ပြဿနာများဖြင့် ပြည့်နှက်နေရန်လည်း မဖြစ်နိုင်ချေ။
သူဟာ အင်ဂျင်ထုတ်လုပ်ရာ၌ နှောင့်နှေးခြင်းနှင့် ကြုံတွေ့ခဲ့ရသော်လည်း ရှုယီ ဖန်တီးခဲ့သည့် စက်ဘီးမှာ သူ၏မျှော်မှန်းချက်ကိုပင် ကျော်လွန်သည်အထိ ရောင်းအားအရေအတွက်များမှာ အံ့ဩဖွယ်ဖြစ်နေစေသည်။
«ဘန်တာတိုင်းမ်စ်»၌ ခုနှစ်ရက်တာ ကြော်ငြာထည့်သွင်းခြင်းနှင့် ကြေညာမှုတို့အပြီး ခမ်နက်ဒ်မှ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ကြေညာပွဲကို ကျင်းပပြီး စက်ဘီးများကို တရားဝင်ရောင်းချမည်ဖြစ်ကြောင်း ကြေညာပြီးနောက် ပထမဆုံးရက်၌ပင် Frestech ကုန်သည်ကြီးများအသင်းမှာ စက်ဘီး အစီးငါးသောင်းစာ အော်ဒါရရှိခဲ့သည်။
တစ်ပတ်အတွင်း၌ ထိုအရေအတွက်က တစ်သိန်းအထိပြောင်းလဲသွား၏။
ရှုယီမှာ မှော်ပညာ၊ နတ်သူငယ်များနှင့် လူပုလေးများရှိသည့် စိုင်စ်နယ်မြေကြီးကဲ့သို့ အနောက်တိုင်းစိတ်ကူးယဉ်လောကတစ်ခုတွင် စက်ဘီးလိုအရာမျိုးကို ထိုမျှအလွယ်တကူ လက်ခံလိမ့်မည်ဖြစ်သောကြောင့် ရေပန်းစားလိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် ရောင်းအားအရေအတွက်က ထိုမျှ ကြောက်မက်ဖွယ်ကောင်းမည်ဟု ထင်မထားခဲ့ချေ။
ပြောရလျှင် စက်ဘီးများ၏ ကုန်ကျစရိတ်က မနည်းသဖြင့် Frestech ကုန်သည်ကြီးများအသင်း သတ်မှတ်ထားသည့် တန်ဖိုးမှာလည်း မနည်းချေ။
ဤတစ်ခေါက် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းထုတ်ကုန်အတွက် မတူညီသည့် မော်ဒယ်များပြုလုပ်ထားခဲ့သည်။ စက်ဘီးပထမအသုတ်ကို အမျိုးသား၊ အမျိုးသမီးခွဲထားကာ အမျိုးသားစီးစက်ဘီးများက ရွှေဒင်္ဂါးရှစ်ပြားဈေးနှုန်းရှိပြီး အမျိုးသမီးစီးစက်ဘီးများမှာ ရွှေဒင်္ဂါးခြောက်ပြားဈေးနှုန်းရှိသည်။
စက်ဘီးတစ်စီးဝယ်ခြင်းက လစာ၏တစ်ဝက်လောက်ကုန်ကျမည်ဖြစ်သောကြောင့် ထိုဈေးနှုန်းက ဘန်တာမြို့သားများအတွက် ၎င်းတို့၏ လက်ရှိ လုပ်ခလစာနှင့်ပင် ဈေးကြီးနေသေးလေသည်။
ထို့ကြောင့် ဘန်တာမြို့သားများကဲ့သို့ လစာမြင့်မြင့်မရသည့် အခြားမြို့သားများဆိုလျှင် ဆိုဖွယ်ပင် မရှိတော့ချေ။
သို့ရာ၌ စက်ဘီးများအား အရောင်းပြသည်နှင့် ဘန်တာမြို့သားများဖြစ်စေ အနီးအနားမြို့တော်မှ မြို့သားများဖြစ်စေ အားလုံးမှာ အလုအယက်ဖြစ်နေကြတော့သည်။
Frestech ကုန်သည်ကြီးများအသင်းက ပထမအသုတ် စက်ဘီးအစီးတစ်သောင်းစာကို တစ်ပတ်တာအတွက် စီစဉ်ထားသော်လည်း တစ်နေ့လည်ခင်းနှင့်တင် ရောင်းထွက်သွားသည်။
ရရှိလာသည့် အမှာစာအရေအတွက်ကြီးကိုမြင်သော် ရှုယီမှ စက်ဘီးစက်ရုံ၌ တာဝန်ပေးထားသည့် အန်းခေါ့ထ် မှာ ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။
Frestech ကုန်သည်ကြီးများအသင်းမှာ စက်ဘီးများ၏ ရောင်းအားအရေအတွက်က ထိုမျှထိ ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ရာ ထုတ်လုပ်ရေးလိုင်းတစ်ခုကိုသာ ပြင်ဆင်ထားခဲ့ကြသည်။ အလုပ်သမားကိုလည်း နှစ်ရာထက်ပို၍ မလေ့ကျင့်ထားပေးခဲ့ချေ။
လက်ရှိ လစဉ် စက်ရုံ၏ထုတ်လုပ်မှုက အစီးပေါင်း ငါးထောင်ဝန်းကျင်သာရှိ၏။
ကျန်သည့် အမှာစာ ကိုးသောင်းကို အပြီးသတ်ရန် တစ်နှစ်ကြာလျှင်တောင် မဖြစ်နိုင်လောက်ချေ။
ထိုအခြေနေနှင့် ရင်ဆိုင်ရသောအခါ အန်းခေါ့ထ်, ဆာဘက်စ်နှင့် ထိုအတွက် တကူးတက ပြန်လာခဲ့သော ဟိန့်ဇ်တို့ အားလုံးမှာ ရှုယီအား ထုတ်လုပ်ရေးလိုင်း နှစ်လိုင်းစာ ထပ်ဖွဲ့စည်းရန်နှင့် ဝယ်လိုအားကို ဖြည့်ရန် အလုပ်သမားများ ထပ်စုဆောင်းဖို့ရာ အခိုင်အမာ အကြံပြုလာခဲ့ကြသည်။
သို့သော်လည်း ခမ်နက်ဒ်ကမူ ၎င်းကို ဆန့်ကျင်ခဲ့သည်။
"အားလုံးပဲ၊ ဒါကို မှတ်ထားကြပါ၊ ဒါက ကျွန်တော်လုပ်ထားတဲ့ ရောင်းအားဖြန့်ချိရေးမြေပုံပါ။" ခမ်နက်ဒ်က အစည်းအဝေး သင်ပုန်းထက်၌ မြေပုံကြီးတစ်ခုကို ချိတ်ဆွဲ၍ မြေပုံ၌ သူဆွဲသားထားသည့် ပြွပ်သိပ်နေသော အနီရောင်အမှတ်များကို ညွှန်ပြလာသည်၊ "အနီရောင်အမှတ်တစ်မှတ်က တစ်ထောင်ကို ကိုယ်စားပြုပြီးတော့ အားလုံးသာ နီးနီးကပ်ကပ်ကြည့်မယ်ဆိုရင် ပြဿနာကို တွေ့ဖို့ မခဲယဉ်းပါဘူး။ ကျွန်တော်တို့ရဲ့ လက်ရှိ အမှာစာမှာ အဓိကအနေနဲ့ ဘန်တာမြို့နဲ့ အနီးအနားမြို့တွေမှာပဲ စုစည်းနေကြတယ်။ နည်းနည်းလောက်လေး ထပ်တိုးကြည့်လိုက်ရင် အန်ဗီမာမြို့တော်မှာလည်း စုစည်းနေကြသေးတယ်။ ကျန်တဲ့ နိုင်ငံတွေမှာကတော့ တော်တော် ပြန့်ကျဲနေတယ်”
အစည်းအဝေးရှိ အခြားလူများမှာ လမ်ပူရီတိုင်းပြည် မြေပုံကို အသေအချာကြည့်ရှုလိုက်ရာ အနီရောင်အမှတ်များက ဘန်တာမြို့တစ်ဝိုက်၌ စုစည်းနေကြသည့်အပြင် ခမာမြို့နှင့် ဆောလ်တန်မြို့တို့ကဲ့သို့ နေရာများ၌ ရှိပါသော်လည်း ဘန်တာမြို့လောက်တော့ မများနေပါချေ။
ထိုမြို့တော်သုံးခုအပြင် နောက်ထပ်မြို့တော်များ၌လည်း အမှတ်တချို့ရှိသည်။ အန်ဗီမာမြို့တော်၌ အနီအမှတ်အနည်းငယ်ထပ်၍ စုစည်းနေကြသော်လည်း ခမာမြို့ သို့မဟုတ် ဆောလ်တန်မြို့တို့နှင့် အတူတူလောက်ရှိပြီး ဘန်တာမြို့နှင့် အတော်လေး ကွာနေဆဲပင်။
မြေပုံရှိနောက်ထပ်နေရာများ၌မူ တစ်စက် နှစ်စက်သာ ရှိနေကြရာ တစ်စီးနှစ်စီးကိုသာ ကိုယ်စားပြုသည်။
"ဒီရောင်းအားဖြန့်ချိရေးမြေပုံအရ စက်ဘီးရဲ့ရောင်းအားအရေအတွက်ဟာ ပထမအပတ်အတွင်းမှာ ထောင်တက်သွားပေမယ့်လည်း အခုဆို ပထမအပတ်ပြီး ဆယ်ရက်ကြာနေပြီဖြစ်ပေမယ့် ရောင်းအားအရေအတွက်က တစ်သိန်းနှစ်သောင်းကနေ ထပ်မတိုးလာတာကို သတိပြုမိကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ စက်ဘီးရဲ့ ဈေးကွက်က လူတိုင်းစိတ်ကူးယဉ်ထားသလို ကြီးမားနေတာနဲ့ တခြားစီပဲလို့ မြင်ကြည့်နိုင်ပါတယ်။" ခမ်နက်ဒ်က လေးလေးနက်နက်ပြောလာသည်၊ "ကျွန်တော့်ရဲ့ ခန့်မှန်းချေအရ ဒီအစပျိုးပေါက်ကွဲမှုအပြီးမှာ ရှေ့လျှောက် လစဉ်ရောင်းအားအရေအတွက်က ငါးထောင်ကျော်မှာမဟုတ်လောက်ဘူး။ ကျွန်တော်တို့သာ ထုတ်လုပ်ရေးလိုင်းတွေကို အလျင်စလို ထပ်တိုးလိုက်ရင် ရင်းမြစ်တွေကို ဖြုန်းတီးသလိုဖြစ်သွားမှာပဲ။"
အန်းခေါ့ထ်က မျက်မှောင်ကုပ်ကာ၊ "အဲ့လောက်ထိ မနည်းနေနိုင်ပါဘူး၊ မဟုတ်ဘူးလား? ဒီအရာက ဘန်တာမြို့နဲ့ အနီးအနားမြို့တော်တွေမှာ ရေပန်းစားနေကြပြီး အန်ဗီမာမြို့တော်ကလူတွေတောင် သဘောကျတာကြောင့် နိုင်ငံက နေရာအတော်များများမှာလည်း လက်ခံလိမ့်မယ်လို့ ထင်တယ်။ အစီးငါးထောင်စာလေးလောက်တော့ မဖြစ်နိုင်လောက်ပါဘူး။"
"အမှန်ပဲ၊ အဲ့လောက်တော့မဆိုးလောက်ဘူး မို့လား?" ဟိန့်ဇ်ကလည်း ပြောလေ၏၊ "ခမ်နက်ဒ်, ရှုယီက မင်းရဲ့သုံးသပ်ပုံကျွမ်းကျင်မှုနဲ့ အမြင်ကျယ်တာကို ချီးကျူးထားပေမယ့်လည်း မင်း ဒီတစ်ခေါက်တော့ အမှားလုပ်မိပြီလို့ ငါထင်တယ်။ ဒီစက်ဘီးကို ကောင်းကောင်း ရောင်းနေရတာပဲ၊ ဘယ်လိုလုပ် ရှေ့လျှောက် ဒီလောက်ထိဆိုးမှာတဲ့လဲ?"
ဆာဘက်စ်ကမူ မည်သည်ကိုမှ မဆိုဘဲ ရှုယီကိုကြည့်ကာသာ ရှုယီ၏အမြင်ကို ကြားချင်နေသည်မှာ ရှင်းလင်းပါ၏။
ရှုယီလည်း မည်သည်ကိုမှမဆိုဘဲ အပြုံးဖြင့်သာ ခေါင်းခါသည်။ ထို့နောက် ခမ်နက်ဒ်ကိုကြည့်နေလိုက်ရာ သူ့အနေနှင့် လူတိုင်းအား ခမ်နက်ဒ်ပြောသည်ကို ဆက်နားထောင်စေချင်သည်မှာ ရှင်းလင်းပေသည်။
ခမ်နက်ဒ်ကမူ မည်သည့် ယဉ်ကျေးသမှုမှ ပြမလာဘဲ လည်ချောင်းရှင်း၍ ဆက်ပြောသည်၊ "အန်းခေါ့ထ်, ဒုဥက္ကဌဟိန့်ဇ်၊ ကျွန်တော် ခင်ဗျားတို့ရဲ့ အမြင်ကို နားလည်ပေးလို့ရပေမယ့်လည်း စက်ဘီးဆိုတာက ကျွန်တော်တို့လုပ်ငန်းစု အရင်က ထုတ်လုပ်ခဲ့တဲ့ မှော်စက်တစ်ခုနဲ့မှ ခြားနားမနေဘူး။ စက်ဘီးက အသိအမှတ်ပြုစရာကောင်းပြီး လူတွေရဲ့ ခရီးသွားအမြန်နှုန်းကို တိုးစေနိုင်တာကြောင့် သူတို့သာ ကိုယ်ပိုင်မြင်းလှည်းတွေကို မတတ်နိုင်ရန် ပုံမှန်အားဖြင့်တော့ စက်ဘီးကို ဝယ်လာချင်ကြမှာပဲ။"
"ဒါကို သုံးသပ်ကြည့်ရင် ရှေ့လျှောက် ရောင်းအား အရေအတွက်က တိုးလာလောက်တယ်လေ။ ဘာလို့ အဲ့လောက် နည်းမယ်လို့ ပြောရတာလဲ?" အန်းခေါ့ထ်က ရှုပ်ထွေးနေဟန်ဖြင့် မေးလာ၏။
ခမ်နက်ဒ်က အသာပြုံးပြကာ၊ "ကုန်စည်တွေကို ရောင်းချတဲ့အခါမှာ အချက်နှစ်ချက်ရှိတယ်။ လူတစ်ယောက်က တစ်ခုခုကို ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုပါစို့၊ တစ်ချက် သူတို့ဒီအရာကို ဝယ်ဖို့ လို၊ မလိုဆိုတဲ့ သူတို့ရဲ့ လိုအပ်ချက်ကို ကြည့်တယ်။ နှစ်ချက်မြောက်၊ သူတို့ တတ်နိုင်၊ မတတ်နိုင်ဆိုတဲ့ သုံးဖြုန်းနိုင်စွမ်းကိုကြည့်တယ်။ စက်ဘီးကိုတော့ လူအများစုက လိုအပ်ချက်ရှိလောက်တယ်ဆိုပေမယ့်..... လက်ရှိ လမ်ပူရီတိုင်းပြည်မှာ လူတော်တော်များများက ဒီလောက်သုံးဖြုန်းနိုင်စွမ်းမရှိနေဘူး။"
"သုံးဖြုန်းနိုင်စွမ်း?" အန်းခေါ့ထ်နှင့် ဟိန့်ဇ်တို့က တစ်ဦးနှင့် တစ်ဦးကြည့်ကာ ရှုပ်ထွေးသွားကြသည်၊ အမျိုးသားစီး စက်ဘီးက ရွှေဒင်္ဂါး ရှစ်ပြားပဲ ကျပြီး အမျိုးသမီးစီး စက်ဘီးက ရွှေဒင်္ဂါးခြောက်ပြားပဲကျတာကို၊ ဘယ်လိုများ မတတ်နိုင်ရတာလဲ?"
"ကျွန်တော် နားလည်တယ်။" ခမ်နက်ဒ်ပင် ပြန်မဖြေရသေးခင်၌ နံဘေးမှ ဆာဘက်စ်က ခေါင်းငြိမ့်၍ ပြောလာသည်၊ "ဟုတ်ပါတယ်၊ တကယ်ကို ဒါကိုဝယ်ဖို့ မတတ်နိုင်တဲ့ လူတွေအတော်များတယ်။ အန်းခေါ့ထ်နဲ့ ဒုဥက္ကဌတို့က နေ့တိုင်းလိုလို ဝင်ငွေမြင့်တဲ့ ဘန်တာမြို့နဲ့ ခမာမြို့က လူတွေနဲ့ပဲ ဆက်သွယ်နေရတာကြောင့် ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်မှာ သာမန်ပြည်သူအများစုက ချို့တဲ့တာကို မေ့သွားကြတာပါပဲ။ ကျွန်တော်တို့ ဘန်တာမြို့လို ပျမ်းမျှလူတစ်ယောက်က တစ်လဝင်ငွေ ရွှေဒင်္ဂါးဆယ်ပြားကျော်ရတာက ထူးခြားနေပါပြီ။ ဒီတော့ အထွေထွေမန်နေဂျာ လုပ်ထားတဲ့ ရောင်းအား လမ်းကြောင်းပြမြေပုံမှာ ဘန်တာမြို့က ရောင်းအားဟာ အန်ဗီမာမြို့တော်ထက် ရောင်းအား ပိုများနေတာကိုတောင် တွေ့ရတယ်လေ။ ပြီးတော့ ခမာမြို့နဲ့ ဆော်လ်တန်မြို့တို့က အန်ဗီမာမြို့တော်လိုပဲ၊ ဘာကြောင့်လဲဆိုတော့ ခမာမြို့နဲ့ ဆော်လ်တန်မြို့က လူအများစုအနေနဲ့ ကျွန်တော်တို့ဘန်တာမြို့ရဲ့ လုပ်ငန်းစုကြီးတွေအတွက် အလုပ်လုပ်ပေးကြတာကြောင့် လစဉ်ဝင်ငွေက ပိုမြင့်ပြီး စက်ဘီးဝယ်ဖို့ တတ်နိုင်တာပဲ။"
အန်းခေါ့ထ်နှင့် ဟိန့်ဇ်တို့က တစ်ဦးနှင့်တစ်ဦးကြည့်ကာ ခဏကြာသည့်နောက်တွင် မနေနိုင်ဘဲ ခေါင်းငြိမ့်လိုက်ကြသည်။
သူတို့မှာ နောက်ဆုံး၌ နားလည်သွားကြ၏၊ ဆာဘက်စ်မှာ မှန်ပေသည်။
ရိုးရိုးသားသားဆိုရပါလျှင် လမ်ပူရီတိုင်းပြည်၏ လူအများစုက ချို့တဲ့ကြပြီး လူများစွာမှာ ၎င်းတို့ကိုယ်ကိုပင် မကျွေးမွေးနိုင်ကြသဖြင့် စက်ဘီးတစ်စီးဝယ်ဖို့ရာ မည်သို့များ ရွှေဒင်္ဂါးအမြောက်အများကို သုံးပါမည်နည်း?
ဘန်တာမြို့သည်ပင် လွန်ခဲ့သည့် နှစ်အချို့က ထိုသို့ဖြစ်ခဲ့သည်သာ။ စက်ဘီးအား လွန်ခဲ့သည့်သုံးနှစ်ကဆိုလျှင် မည်သို့ရောင်းမည်ကိုစဉ်းစားရင်း တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ရာသာ ရခဲ့သည့် အထွေထွေစတိုးဆိုင်လေး၏ ပိုင်ရှင်ဖြစ်ခဲ့သူ ဟိန့်ဇ်သည်ပင် မည်သို့များ စက်ဘီးဝယ်ဖို့ ဖြစ်နိုင်ပါမည်နည်း။
ထိုသို့စဉ်းစားရင်း နှစ်ဦးသားမှာ ၎င်းက အနည်းငယ် မယုံကြည်နိုင်စရာဖြစ်သည်ဟု ရုတ်တရတ် ခံစားမိလိုက်ကြ၏။
ရောင်းအားဖြန့်ချိရေးမြေပုံရှိ အခြေနေကိုသုံးသပ်ကြည့်ပါက ဘန်တာမြို့၏ လူများမှာ အန်ဗီမာမြို့တော်ရှိလူများထက် ပို၍ပင်ချမ်းသာသည်ဟု အဓိပ္ပာယ်ရနေသည်လား?
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အန်ဗီမာမြို့တော်က လမ်ပူရီတိုင်းပြည်ရဲ့ မြို့တော်လေ!
"သံသယဖြစ်ဖို့မလိုပါဘူး ဒါတွေက အချက်အလက်ပဲလေ။" အခြေနေကို နားလည်ပြီးနောက် ထိုနှစ်ဦးထံရှိ အံ့အားသင့်ဟန်များကို ကြည့်ရင်း ရှုယီက အသာပြုံးကာ ပြောလိုက်၏။ "ဘန်တာမြို့မှာ အန်ဗီမာမြို့တော်နဲ့ယှဉ်ရင် မျိုးရိုးမြင့်ကြီးတွေနဲ့ ကုန်သည်တွေ များများစားစားမရှိတာလည်း ဖြစ်နိုင်ပေမယ့် လူတွေရဲ့ ပျမ်းမျှဝင်ငွေက တကယ်ကို အန်ဗီမာ မြို့တော်ထက် ပိုမြင့်နေတာပဲ။ နောက်ထပ် အရေးကြီးအကြောင်းအရင်းလည်းရှိသေးတယ်၊ ဘန်တာမြို့က လူတွေအနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို လက်ခံမှုမြင့်မားကြတာပဲ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်ကုန်ဖြစ်နေသရွေ့ ဘန်တာမြို့သားတွေက ယုံကြည်ချက် အပြည့်ရှိကြတယ်။ စက်ဘီးရဲ့ လုပ်ဆောင်ချက်တွေကို သိနေသရွေ့ သေချာပေါက် ချက်ချင်းဝယ်မှာပဲလေ။ တခြားမြို့ကလူတွေကတော့ စောင့်ကြည့်ရတာပေ့ါ။"
"အင်း၊ ဥက္ကဌပြောတာ မှန်တယ်။" ခမ်နက်ဒ်က ပြော၏၊ "ကျွန်တော်တို့သာ ရှေ့လျှောက် ကောင်းကောင်းကြော်ငြာပေးမယ်ဆိုရင် စက်ဘီးရောင်းအားအရေအတွက်က တိုးလာဦးမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ နောက်ထပ် ထုတ်လုပ်ရေးလိုင်းနှစ်လိုင်းတိုးရလောက်မယ့် အဆင့်ထိကိုတော့ မရောက်ဘူးလို့ထင်တယ်၊ ဒါကြောင့် ဒါကို လတ်တလောတော့ ဆိုင်းငံ့ထားဖို့ အကြံပေးပါတယ်။"
အန်းခေါ့ထ်နှင့် ဟိန့်ဇ်တို့လည်း တစ်ဦးနှင့်တစ်ဦးကြည့်ကာ ခေါင်းငြှိမ့်လိုက်ကြ၏။
"ကျွန်တော်သဘောတူတယ်။" ဆာဘက်စ်ကလည်း ပြောလာသည်။
ခမ်နက်ဒ်နှင့် အခြားလူများက ရှုယီကို ကြည့်လာ၍ သူလည်း အသာပြုံး၍ ပြော၏၊ "ကျုပ်တို့ ဒီကိစ္စမှာ အထွေထွေမန်နေဂျာကို နားထောင်မှာပါ၊ ကျုပ် ဝင်မစွက်ဖက်ပါဘူး။"
ဟိန့်ဇ်က ရှုယီကို အထူးတဆန်းကြည့်လာသော်ငြား မည်သည်ကိုမှ မဆိုချေ။
အစည်းအဝေးပြီးသည့်နောက် ဟိန့်ဇ်က ရှုယီကို ချက်ချင်းပင် တစ်ယောက်တည်းသွားရှာကာ စိုးရိမ်ဟန်ဖြင့် မေးလေသည်၊ "ရှုယီ၊ မင်း လုပ်ငန်းစုကို ခမ်နက်ဒ်ဆီ လက်လွှဲပြီး စီမံခိုင်းဖို့ စီစဉ်ထားတာလား?"
"ဘာလို့လဲ?" ရှုယီက အပြုံးဖြင့် ပြန်မေးလေ၏၊ "အခုဆို ခင်ဗျားလည်း ခမ်နက်ဒ်ရဲ့ အရည်အချင်းကို သေချာသိလောက်မယ်လို့ ကျုပ်ယုံတယ်၊ သူက အရည်အချင်း မရှိဘူးထင်လို့လား?"
"သူ့အရည်အချင်းကို သံသယဖြစ်လို့မဟုတ်ပါဘူး၊ သူက..... ဘာပဲဖြစ်ဖြစ် အမ်မာမိသားစုက လူလေ။" ဟိန့်ဇ်က သက်ပြင်းချကာဆိုသည်၊ "သူလည်း နောက်ဆုံးကျရင် အမ်မာမိသားစုဆီ ပြန်သွားရမှာဆိုတော့ မင်းသာ သူ့ကို ငါတို့လုပ်ငန်းစုမှာ အာဏာပေးလိုက်ရင်၊ ငါစိုးရိမ်တာက..... လုပ်ငန်းစုအတွက် မကောင်းမှာကိုပဲ။"
"ခင်ဗျား အတွေးလွန်နေပြီ။" ရှုယီက ဟိန့်ဇ်၏ပခုံးကိုပခုံးကိုပုတ်ကာ ထိုင်စေလိုက်သည်၊ "ပထမဆုံး ကျုပ်က ခမ်နက်ဒ်ရဲ့ကိုယ်ကျင့်စရိုက်ကို ယုံကြည်တယ်။ သူနဲ့ အချိန်ကြာ အတူအလုပ်လုပ်ပြီးနောက်မှာ သူက အရမ်းကို ရည်မှန်းကြီးမားတဲ့လူလို့ ထင်မိပေမယ့် သူက လုပ်ငန်းစုမှာ သူ့ရဲ့ရာထူးကို သဘောပေါက်ပါတယ်။ ဒီတော့ ကျုပ်တို့ လုပ်ငန်းစုအတွက် ဆက်လုပ်ချင်ကြောင်း ညွှန်ပြခဲ့တဲ့ အကြိမ်ပေါင်းများစွာလည်း ရှိပြီးတော့ အမ်မာမိသားစုဆီ မပြန်ချင်ဘူးလေ။"
"ဒါက သူဆုံးဖြတ်နိုင်တဲ့ အရာမဖြစ်နိုင်ဘူး။" ဟိန့်ဇ်က နှုတ်ခမ်းများတွန့်ကွေးကာ ပြောသည်။
"ဒီတော့ သူသာ အမ်မာမိသားစုဆီပြန်သွားလည်း ဘာဖြစ်လို့လဲ" ရှုယီက အေးဆေးဟန်ရှိနေဆဲဖြစ်ကာ၊ "သူက အထွေထွေမန်နေဂျာတစ်ယောက်ပဲကို၊ အဓိက ရှယ်ယာရှင်မှမဟုတ်တာ၊ ဒီတော့ သူက စီမံခန့်ခွဲမှုတချို့အတွက်ပဲ တာဝန်ရှိပြီး လုပ်ငန်းစုကို ဘာမှမလုပ်နိုင်ပါဘူး။ ပြီးတော့လည်း ဒီလို ထူးချွန်တဲ့ အထွေထွေမန်နေဂျာတစ်ယောက်ကို အစားထိုးဖို့ တစ်ယောက်ယောက်ရှာတာက အတော်ကို ခက်တယ်။ ဒါ့အပြင် သူ့နေရာမှာ အစားထိုးဖို့ တစ်ယောက်လောက် ရှာတွေ့မယ်ဆိုရင်တောင် သူ့နေရာကို အစားထိုးဝင်လာမယ့်လူကလည်း မထွက်သွားဘူးဆိုတာ ဘယ်လိုများသေချာလို့လဲ?"
ဟိန့်ဇ်လည်း စဉ်းစားကြည့်လိုက်ပြီးမှ ထိုပြဿနာမှာ ဖြေရှင်းနိုင်သည့်ပြဿနာမဟုတ်ကြောင်း သိလိုက်ရသည်။
လက်ရှိ Frestech ကုန်သည်ကြီးများအသင်းမှာ လုပ်ငန်းစုလေးတစ်စု မဟုတ်ပါချေ။ ၎င်းတို့ ကြီးမားလာသည်နှင့် ဂရုစိုက်စရာ ပိုများလာသည်။ ရှုယီသာ ယခင်ကကဲ့သို့ အရာအားလုံးကို လိုက်လံဂရုစိုက်နေရပါလျှင် သူ့ကိုယ်သူ ထက်ဝက်ပိုင်းလိုက်ပါလျှင်တောင် လုံလောက်မည်မဟုတ်ချေ။
ဟိန့်ဇ်လည်း သူ၏အရည်အချင်းက အကန့်သတ်ရှိသည့် အချက်ကို သေချာသိလေရာ ရှုယီကို ထိုမျှလောက် ကူညီနိုင်လိမ့်မည်မဟုတ်ပေ။
ခဏတာ စဉ်းစားကြည့်ပြီးနောက် ဟိန့်ဇ်မှာ သက်ပြင်းသာချနိုင်လိုက်ပြီး ကူရာမဲ့စွာ ပြောလေ၏၊ "ကောင်းပြီလေ၊ အခုတော့ ထားလိုက်ဦးမယ်။ ဒါပေမယ့် မင်းကို ကူညီနိုင်မယ့် လူတချို့ကိုတော့ တတ်နိုင်သမျှ မြန်မြန်ရှာသင့်တယ်၊ မဟုတ်လို့ ခမ်နက်ဒ်သာ ရုတ်တရတ်ကြီးထွက်သွားမယ်ဆိုရင် လုပ်ငန်းစုက ဖရိုဖရဲဖြစ်သွားလိမ့်မယ်။"
ရှုယီက တန်ဖိုးထားဟန် ပြုံးလိုက်ကာ၊ "နောက်ဆုံးတော့ နားလည်သွားပြီပဲ၊ ဟိန့်ဇ်။ လုပ်ငန်းစုကို ကျုပ်တစ်ယောက်တည်း ဂရုမစိုက်နိုင်တော့ စီမံခန့်ခွဲမှုအပိုင်းမှာ လူပမာဏထပ်တိုးတာက အဖြေမှန်ပဲ။ ဒီမှာ၊ တစ်ခုကို ကြည့်ကြည့်ပါဦး....."
ဟိန့်ဇ်မှာ ရှုယီ၏လက်ထဲက စာတမ်းများကို ယူကာ ကြည့်ရှုပြီးနောက်၌ ၎င်းထက်ရှိ ခေါင်းစဉ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
"Frestech ကုန်သည်ကြီးများအသင်း အသွင်ပြောင်းလဲရေးအစီစဉ်"
***
မှော်စက်မှုအင်ပါယာ
Vol 2 အခန်း ၁၆၉။ မဟာမှော်ပညာရှင်၏ မှော်မျှော်စင်ပျောက်ကွယ်ခြင်း
နောက်တစ်နှစ်ကုန်လွန်ကာ နောက်ထပ် နွေဦးကောက်ရိတ်သိမ်းချိန်ရောက်လာသည်။
စိုက်ပျိုးရေးသုံးမှော်စက် အမျိုးစုံတို့၏ အကူအညီနှင့်ပင် ဘန်တာမြို့၏ နွေဦးကောက်ရိတ်နှုန်းမှာ ယခင်နှင့်ယှဉ်လျှင် အဆများစွာတိုးတက်လာပြီး စိုင်စ်နယ်မြေကြီး၏ နိုင်ငံအားလုံးက နွေဦးကောက်ရိတ်ပွဲကို အရေးကြီးသည့် အရာအဖြစ် သတ်မှတ်ထားလေရာ ဘန်တာမြို့၌လည်း ထပ်တူဖြစ်သည်။
ကောင့်ထ်စီယန်က နွေဦးနှင့် ဆောင်းဦးကောက်ရိတ်ပွဲအချိန်ကျလာလျှင် လုပ်ငန်းစုကြီးများအား မြို့တော်ရှိ လုပ်ငန်းစုများအားလုံးအနေနှင့် အလုပ်သမားများ အိမ်ပြန်ကာ ကောက်ရိတ်သိမ်းခြင်း စိုက်ပျိုးခြင်းတို့၌ ကူညီရန် တစ်ပတ်တာ ပိတ်ရက်ပေးဖို့ အမိန့်ပေးထားခဲ့သည်။
ထို့ကြောင့် နွေဦးကောက်ရိတ်ချိန်ကျလာသည်နှင့် ဘန်တာမြို့မှာ ရုတ်တရတ် ငြိမ်းချမ်းလာသည်။
ရှုယီနှင့် စတေးလ်တို့က ဘန်တာမြို့လမ်းများတွင် စက်ဘီးများကို ခပ်ဖြည်းဖြည်း စီးနင်းနေကြသည်။ ၎င်းတို့ အနီးရှိ အေးစက်စက်ပတ်ဝန်းကျင်နှင့် ကြုံဆုံရချိန်တွင် ကျင့်သားမရနိုင်ဖြစ်နေကြ၏။
"တကယ် ထူးဆန်းတာပဲ။ ဘန်တာမြို့က ဟိုးလွန်ခဲ့တဲ့ ၂နှစ်မှာ ဒီထက်တောင် ပိုငြိမ်းအေးနေခဲ့ပေမယ့် ကျွန်မက ဘာလို့ အခု ကျင့်သားမရတော့ပါလိမ့်?" စတေးလ်က လမ်းတစ်လျှောက် ပိတ်ထားသည့် ဆိုင်များကိုကြည့်ကာ မျက်မှောင်အသာကုပ်လိုက်သည်။
ရှုယီက ရယ်ကာ၊ "ဒါက ပုံမှန်ပါပဲ၊ မင်းအနေနဲ့ ဒီ၂နှစ်အတွင်းမှာ ဘန်တာမြို့ရဲ့ စည်ကားမှုကို ကျင့်သားရနေခဲ့တာလေ၊ ဒီတော့ အခု တိတ်ဆိတ်သွားတာကို ကျင့်သားမရနိုင်ဖြစ်နေတာပေါ့။ ဒါကို သုံးသပ်ကြည့်ရရင် စတေးလ် မင်းက မြို့ကြီးတစ်မြို့မှာ နေတာကို ကျင့်သားရနေတဲ့ လူလေ။ ဒီလိုဆိုမှတော့ ဘာလို့ အန်ဗီမာမြို့တော်ကနေ ပြန်လာရတာလဲ?"
"တခြားရွေးချယ်စရာမရှိလို့ပါ၊ အမေနဲ့ အဖေကလည်း ပုံမှန်ဆို အိမ်မှာ မရှိတော့ အဖိုးက ဘန်တာမြို့မှာ တစ်ယောက်တည်းလေ။ ကျွန်မက အဖိုးနဲ့အတူ ကြီးပြင်းလာရတာဆိုတော့ သူ ဘန်တာမြို့မှာ တစ်ယောက်တည်းဖြစ်နေမှာကို စိုးရိမ်တာကြောင့် သူနဲ့အတူနေဖို့ ပြန်လာတာပေါ့။" စတေးလ်က ဘန်တာမြို့အထက် ကောင်းကင်ယံကို မော့ကြည့်ကာ ဖြေလေသည်။ ဤနေရာမှဆိုလျှင် မနီးမဝေးရှိ မှော်မျှော်စင်ကို ရေးရေးလေးမြင်နိုင်ပေ၏၊ "မှော်မျှော်စင်ကို ဖျက်တော့မှာဆိုတော့ အဖိုး ဝမ်းနည်းနေမလားလို့ စဉ်းစားမိလို့ပါ။"
"ဂရုစိုက်!" ရှုယီက ရုတ်တရတ် စတေးလ်၏စက်ဘီးလက်ကိုင်ကို ဖမ်းဆုပ်လျက် အာရုံပြောင်းသွားခြင်းကြောင့် မြောင်းထဲသို့ မတော်တဆ ပြုတ်ကျမည်မှ တားဆီးလိုက်သည်၊ "ကိုယ်ပြောတယ်၊ မင်းက အခုမှ စက်ဘီးစီးသင်ကာစပဲရှိသေးတာမို့ အာရုံမလွဲသွားစေနဲ့လို့။ မင်းပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ?"
စတေးလ်က အလျှော့မပေးဘဲ နှာခေါင်းရှုံ့ကာ ခြေနင်းကို အားအပြည့်နင်း၍ အမြန် ရွေ့သွားတော့သည်။
ရှုယီမှာလည်း မနေနိုင်ဘဲ ပြုံးလိုက်မိကာ ခေါင်းခါရင်း သူမနောက်သို့ အမြန်လိုက်၏။
"အဖိုးက မှော်မျှော်စင်ကို ပိတ်လိုက်မှတော့ ဖျက်ပစ်တာက ကောင်းတာပေါ့။ မဟုတ်ရင် မှော်မျှော်စင်ကို မြင်တိုင်း စိတ်ပြောင်းသွားလိမ့်မယ်။ ကိုယ့်ကို မကြည့်နဲ့လေ၊ ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပဲ၊ ကိုယ်က ကိုယ့်အသက်ကို မငဲ့ဘဲ မှော်မျှော်စင်ကို ဖျက်ပစ်ဖို့ အကြံပေးမှာမဟုတ်ဘူး။" ရှုယီက မနီးမဝေးရှိ မှော်မျှော်စင်ကို မော့ကြည့်ကာ အတန်ငယ်ဝမ်းနည်းသည့်အသံဖြင့် ဆိုလာသည်၊ "တကယ်တော့ အဘိုးက ဒါကို ဆက်ထားမယ်လို့ မျှော်လင့်ထားတာ။ ကိုယ်လည်း မြို့စားအရှင်ဆီမှာ ဒီမှော်မျှော်စင်ကို ဘန်တာမြို့ရဲ့ အမှတ်အသားအဖြစ် ဆက်ထားပြီး တခြားသူတွေ ဘန်တာမြို့ကို လာရင်ကြည့်ရအောင်လို့ အကြံပေးခဲ့ပါသေးတယ်။"
"အဖိုးကမှ မသေသေးတာ။" စတေးလ်က တုံ့ပြန်ကာ စက်ဘီးကို ကွေ့၍ မှော်မျှော်စင်ရှိရာဘက်သို့ နင်းသွားသည်။
စက်ဘီးမှာ ပုံမှန်အားဖြင့် လမ်းလျှောက်သည်ထက် များစွာ ပိုမြန်လေသည်။ ၎င်းတို့မှာ မှော်မျှော်စင်ရှေ့သို့ မိနစ်အနည်းငယ် အတွင်းရောက်သွားသော်လည်း မှော်မျှော်စင်အောက်၌ ရင်းနှီးနေသည့် ပုံရိပ်တစ်ခုရှိနေသည်။
"အဖိုး။" စတေးလ်က သူမ၏ စက်ဘီးကိုပစ်ချခဲ့ကာ မဟာမှော်ပညာရှင်ကမ်မီလာဆီ ပစ်ဝင်ကာ တိုးဖက်ပစ်လိုက်၏။
ရှုယီက အလျင်အမြန်ပင် စတေးလ်၏စက်ဘီးကို ပြေးဆွဲလိုက်ပြီး စက်ဘီးများကို ရပ်၍ အလျင်အမြန် လျှောက်သွားလိုက်သည်။ သူက မဟာမှော်ပညာရှင်ကမ်မီလာကို အပြုံးဖြင့် ပြောလေ၏၊ "မဟာမှော်ပညာရှင် ကမ်မီလာ၊ ခင်ဗျား....."
မဟာမှော်ပညာရှင် ကမ်မီလာက ရှုယီကို စိုက်ကြည့်ကာ၊ "ငါ့ကို ဘာလို့ ခေါ်လိုက်တာလဲ? မင်းနဲ့ စတေးလ်က နောက်လဆိုရင်ပဲ လက်ထပ်တော့မှာကို အဲ့လိုခေါ်နေတုန်းလား?"
"အိုင်း၊ ကျွန်တော် ဒါကို ကျင့်သားရနေပြီလေ။" ရှုယီက ရယ်လျက် လျင်မြန်စွာပင် စကားလုံးများပြောင်းပြောသည်၊ "အဖိုး၊ ဘာလို့ ဒီကိုရောက်နေရတာလဲ? နောက်ဆုံးတစ်ခေါက် လာကြည့်တာလား?"
"အင်းပေါ့။" မဟာမှော်ပညာရှင် ကမ်မီလာက မီတာနှစ်ဆယ် မြင့်မားသည့် မှော်မျှော်စင်ကို မော့ကြည့်ကာ သက်ပြင်းချ၍ ပြောသည်၊ "ဒီမှော်မျှော်စင်ကို ငါပထမဆုံး မဟာမှော်ပညာရှင်ဖြစ်တဲ့ နှစ်မှာ ဆောက်ခဲ့ပြီး အနှစ်၂၀တောင် ကြာခဲ့ပြီ။ မဟာမှော်ပညာရှင်ဖြစ်လာတည်းက အနှစ်၂၀အတွင်း ဒီမှာပဲ အချိန်အများစုကို ကုန်ဆုံးခဲ့တာလေ။ အခု ဖျက်တော့မယ်ဆိုတော့ ငါနည်းနည်း စိတ်ထဲမပါဖြစ်နေတာ။"
"အဖိုး ဆန္ဒမရှိရင်လည်း မဖျက်ပါနဲ့။" စတေးလ်က ဝမ်းနည်းနေသံဖြင့် ဆိုလာသည်၊ "အဖိုး၊ အဖိုးရဲ့ အနေအထားနဲ့ဆို အဖိုး မဖျက်ချင်ရင် ဘယ်သူကမှ ဖျက်ရဲမှာ မဟုတ်ပါဘူး။"
"ပြဿနာက ငါကိုက ဖျက်ချင်နေတာလေ။" မဟာမှော်ပညာရှင် ကမ်မီလာက ခေါင်းခါကာ၊ "မှော်သုတေသနဌာနမှာ အချိန်ကြာရှိနေခဲ့ပြီးနောက်တော့ အရင်က မှော်ပညာကို လေ့လာတဲ့ပုံစံက အဆုံးသတ်သွားပြီလို့ ခံစားရတယ်။ မှော်မျှော်စင်လို အရာတစ်ခုအတွက် မဟာမှော်ပညာရှင်တွေရဲ့လက်အောက်မှာ တခြားမှော်ပညာရှင်အစေခံတွေရှိနေတဲ့ စနစ်ကြီးက ဟိုးအရင်တည်းက မရှိတော့ဘူးလေ။ ဒီလိုဆိုမှတော့ ဒီမှော်မျှော်စင်ကို ဆက်သိမ်းထားဖို့ ဘာအဓိပ္ပာယ်မှမရှိတော့ဘူး။ ဒါကြောင့် ဘာလို့ ဖျက်ပစ်ပြီး အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုအဖြစ်မပြောင်းလဲရမှာလဲ၊ ဟုတ်တယ်မို့လား၊ ရှုယီ?"
ရှုယီက အသာပြုံးကာ ခေါင်းငြိမ့်သည်၊ "ဟုတ်ပါတယ်၊ မဟ..... အဖိုး၊ ဒီနေရာမှာ အသစ်တည်ဆောက်မယ့်အရာက လူတိုင်းကို မှော်ပညာအတွက် နားလည်မှုအသစ်ကို ပေးလိမ့်မယ်ဆိုတာ ကျွန်တော် အာမခံတယ်။"
"အင်း၊ မင်းလုပ်နိုင်မယ်ဆိုတာ ငါယုံပါတယ်။"
မဟာမှော်ပညာရှင် ကမ်မီလာက မှော်မျှော်စင်ကို ခဏတာကြည့်နေပြီး ၎င်းရှေ့မှ လှေကားဆီရောက်လာကာ လှေကားထစ်များအပေါ် လက်များချထားလိုက်သည်။
ရှုယီနှင့် စတေးလ်တို့က သူ၏ ဘယ်နှင့် ညာတွင် ဝင်ထိုင်လိုက်သည်။
မဟာမှော်ပညာရှင် ကမ်မီလာက အနည်းငယ်စဉ်းစားပြီးနောက် ရုတ်တရတ် ပြောလာ၏၊ "ရှုယီ မင်းကို သတင်းကောင်းတချို့ ပြောပြရဦးမယ်။"
"အမ်? ဘာသတင်းကောင်းများလဲဗျ?"
"မှော်ပညာရှင်များအဖွဲ့အစည်းက နောက်ဆုံးမှာ 'မှော်ပညာမူပိုင်ခွင့်'ကိုကြေညာလိုက်ပြီ။ အဲ့တော့ မှော်ပညာရှင်တွေအနေနဲ့ သူတို့လုပ်ခဲ့သမျှ ဘယ်မှော်ပညာဆိုင်ရာ တွေ့ရှိမှုအတွက်မဆို မူပိုင်ခွင့်လျှောက်ထားနိုင်ပြီ။ ဒီတော့ မင်း တစ်နှစ်ကျော်လောက် မျှော်လင့်နေခဲ့တဲ့အရာကလည်း နောက်ဆုံးမှာ ရလာဒ်ကို မြင်နိုင်ပြီပေါ့ကွာ။"
"တကယ်ကြီးလား?" ရှုယီက အင်မတန်ဝမ်းသာသွားသည်၊ သို့သော်လည်း အလျင်အမြန်မေးလာ၏၊ "ဒါဆို မူပိုင်ခွင့် ဘယ်လိုတင်ရမယ်ဆိုတာကိုရော ပြောခဲ့ကြသေးလား? ဘယ်လို ကာကွယ်မှာတဲ့လဲ?"
"အင်း။ ဒါကို ပြောရရင် မင်းနဲ့ဆိုင်တယ်။" မဟာမှော်ပညာရှင် ကမ်မီလာက ရှုယီကိုကြည့်ကာ၊ "မှော်ပညာရှင်များအဖွဲ့အစည်းက အရင်က မင်းရဲ့ အကြံပြုချက်ကို လုပ်ဆောင်မှာဖြစ်ပြီး မှော်ပညာမူပိုင်ခွင့်အတွက် အခကြေးငွေပေးဆောင်မှုကို နည်းလမ်းနှစ်မျိုးနဲ့ ကိုင်တွယ်လိမ့်မယ်။ တစ်မျိုးက မှော်ပညာရှင်များအဖွဲ့အစည်းကို အကဲဖြတ်ခိုင်းဖို့ တောင်းဆိုပြီး အကဲဖြတ် အဆင့်အလိုက် အခကြေးငွေပေးဆောင်ရမယ်၊ ပြီးရင် အဖွဲ့အစည်းက မတူညီတဲ့ အဆင့်တွေအတွက် မတူညီတဲ့ အကာအကွယ်အဆင့်တွေကို ပေးလိမ့်မယ်။"
"နှစ်မျိုးလား? ဒါဆို ဒုတိယတစ်မျိုးမှာကျတော့ မှော်ပညာရှင်တွေကို သူတို့ဘာသာ ချမှတ်ခိုင်းခွင့်ပြုမှာတော့ မဟုတ်ဘူးမို့လား?" ရှုယီက ရုတ်တရတ် မေး၏။
"ဟုတ်တယ်။ ဒုတိယတစ်မျိုးက မှော်ပညာရှင်တွေကို အခကြေးငွေသတ်မှတ်ခိုင်းပြီး သူတို့လိုသလောက် အခကြေးငွေ မြင့်မြင့် သတ်မှတ်နိုင်တယ်။ ဒါပေမယ့် မှော်ပညာရှင်များအဖွဲ့အစည်းကလည်း အဆင့်ကိုအကဲဖြတ်ပြီး အဆင့်အတိုင်း ကာကွယ်မှုကို ကမ်းလှမ်းလိမ့်မယ်။" မဟာမှော်ပညာရှင် ကမ်မီလာက ခေါင်းငြိမ့်ကာဖြေသည်။
"ဟမ့်၊ ဒီမှော်ပညာရှင်များအဖွဲ့အစည်းက တကယ်ကို ကောက်ကျစ်တာပဲ။" နံဘေးရှိ စတေးလ်က အသာနှာမှုတ်လိုက်သည်၊ "ရှုယီက နည်းလမ်းနှစ်မျိုးပေးထားတာကို သူတို့က တကယ်ကြီး နှစ်မျိုးလုံးသုံးတယ်။ အဖိုး၊ သူတို့က ရှုယီရဲ့ အကြံပြုချက်ကိုသုံးမှတော့ ရှုယီကို ဆုတစ်ခုခု မပေးသင့်ဘူးလား?"
"ဘာဆုလဲ?" မဟာမှော်ပညာရှင် ကမ်မီလာက စတေးလ်ကိုကြည့်လာသည်၊ "မှော်ပညာရှင်များအဖွဲ့အစည်းကနေ အကြံပြုချက်ကို လက်ခံလိုက်တာက ရှုယီရဲ့ ဂုဏ်ပဲ။ သူ ပျော်နေသင့်တာလေ ဘာလို့ ဆုလိုချင်ရမှာလဲ?"
ရှုယီက အသာရယ်လာကာ၊ "ဆုတွေကို မေ့ထားလိုက်ပါ။ မှော်ပညာရှင်များအဖွဲ့အစည်းက မှော်ပညာမူပိုင်ခွင့်ကို ခွင့်ပြုနိုင်တာနဲ့တင် ကျွန်တော့်အတွက် အကောင်းဆုံးဆုဖြစ်နေပြီ။ ဒီလိုဆို ကျွန်တော်တို့ မှော်သုတေသနဌာနက အရာတော်တော်များများကို မူပိုင်ခွင့်လျှောက်ထားနိုင်မယ်ဆိုတော့ အခုကစပြီး ပိုလွယ်လာတော့မှာပဲ။"
မဟာမှော်ပညာရှင် ကမ်မီလာက ရှုယီကို အလေးအနက်ကြည့်ကာ ခေါင်းအသာယမ်းလျက် လေးလေးနက်နက်ဆိုလာသည်၊ "မင်းအနေနဲ့ ပုံမှန်အရာတွေကို မူပိုင်ခွင့်တင်လို့ရပေမယ့်..... အရေးကြီးဆုံးအရာတွေကို သူတို့ဆီ မယူသွားနဲ့။"
ရှုယီက အံ့ဩသွားသည်။ မဟာမှော်ပညာရှင် ကမ်မီလာ၏ မျက်နှာထက်မှ လေးနက်နေဟန်ကိုမြင်သော် နှလုံးကတစ်ချက်တုန်ရီသွားကာ ခေါင်းငြိမ့်လိုက်၏။
သုံးရက်ကြာပြီးနောက် ဘန်တာမြို့၌ အနှစ်၂၀ကြာ တည်ရှိခဲ့သော မဟာမှော်ပညာရှင် ကမ်မီလာမှော်မျှော်စင်မှာ မြို့သူမြို့သားများစွာ၏ ရှေ့မှောက်၌ မဟာမှော်ပညာရှင် ကမ်မီလာ၏ ဧရာမမီးလုံးကြီးတစ်လုံးတည်းဖြင့် အပိုင်းအစများအဖြစ် ပျက်စီးသွားသည်။
မီတာနှစ်ဆယ်ကျော် မြင့်မားသည့် မှော်မျှော်စင်ကြီး ပျက်စီးသွားသည်ကိုမြင်သော် အနီးမှ ဘန်တာမြို့သူ မြို့တော်သားများမှာ အနည်းငယ် စိတ်ဓာတ်ကျသလိုခံစားလိုက်ရကာ ဆန္ဒမရှိဖြစ်နေကြ၏။
လမ်ပူရီတိုင်းပြည်၌ စုစုပေါင်း မဟာမှော်ပညာရှင်ငါးဦးရှိပြီး တစ်ဦးက ဘန်တာမြို့လေးတွင် နေထိုင်လေသည်။
ဘန်တာမြို့သားများက အမြဲတမ်း ဘန်တာမြို့အတွက် ဂုဏ်ယူနေခဲ့ကြ၏။ အနီးအနားက ခမာမြို့နှင့် ဆော်လ်တန်မြို့တို့မှ မြို့သူမြို့သားများနှင့် ရင်ဆိုင်ရတိုင်းလည်း မိမိတို့ကိုယ်ကို ထူးခြားသလို ခံစားနေခဲ့ကြသည်။
၎င်းတို့အနေနှင့် မော့ကြည့်လိုက်တိုင်း မဟာမှော်ပညာရှင် ကမ်မီလာ၏ မှော်မျှော်စင်ကို မြင်ရသဖြင့် အမြဲလိုလို လုံခြုံသည်ဟု ခံစားခဲ့ကြရသည်သာ။
ထိုသည်မှာ သာမန်လူများအတွက် မဟာမှော်ပညာရှင်တစ်ဦးနှင့် အတူ မြို့တစ်မြို့၌ နေထိုင်ရခြင်းက လုံခြုံစေခြင်းကြောင့်ဖြစ်သည်ပင်။
ယခုတွင် မှော်မျှော်စင်ကို ဖျက်ဆီးလိုက်ပြီဖြစ်ရာ မဟာမှော်ပညာရှင် ကမ်မီလာက ဘန်တာမြို့၌ နေထိုင်နေဆဲဖြစ်သော်လည်း လူများက တစ်စုံတရာ လစ်ဟာသွားသည့်နှယ် ခံစားလိုက်ကြရသည်။
တကယ်တမ်းတွင် မဟာမှော်ပညာရှင် ကမ်မီလာ၏ ဆုံးဖြတ်ချက်ကို ကောင့်ထ်စီယန်လည်း ဆန့်ကျင်ကာ မဖျောင်းဖျဖို့ ကြိုးစားခဲ့သေးသည်။
သူ၏အကြံများအရ မှော်မျှော်စင်၌ မဟာမှော်ပညာရှင်တစ်ဦးမရှိပါလျှင်တောင် သင်္ကေတအဖြစ် ဆက်သိမ်းထားနိုင်သည်။
သို့ရာ၌ မဟာမှော်ပညာရှင် ကမ်မီလာက ဖြိုဖျက်ဖို့ကို အခိုင်အမာဖြစ်နေပြီး ထိုနေရာ၌ မှော်မျှော်စင်တစ်ခုနှင့် မတူညီသည့် မှော်ပညာနှင့်ပြည့်နေသော အဆောက်အဦအသစ်တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်းဆိုလာခဲ့သည်။
ကောင့်ထ်စီယန်မှာ မဟာမှော်ပညာရှင်ကမ်မီလာအား စိတ်လျှော့သွားအောင်မလုပ်နိုင်တော့လေရာ «ဘန်တာတိုင်းမ်စ်»ကိုသာ ထိုသတင်းကြေညာခွင့်ပြုလိုက်ရသည်။ ထိုသည်က ဘန်တာမြို့၌ မဟာမှော်ပညာရှင် ကမ်မီလာ၏ မှော်မျှော်စင် တည်ရှိခဲ့ကြောင်း သမိုင်းကို သတိရစေရန်နှင့် ထိုနေရာ၌ မှော်ပညာအပြည့်ရှိသည့် အဆောက်အဦအသစ်ရှိလာမည်ဟု မဟာမှော်ပညာရှင်ကမ်မီလာက ဆိုထားကြောင်း သတင်းကို ထုတ်ပြန်ရန်ဖြစ်သည်။
«ဘန်တာတိုင်းမ်စ်»က ထိုသတင်းကို ထုတ်ပြန်လာသည်နှင့် ဘန်တာမြို့ရှိ လူတိုင်းမှာ ထိုအဆောက်အဦသစ်အကြောင်းကို သိလိုကာ မျှော်လင့်နေကြသည်။
မဟာမှော်ပညာရှင် ကမ်မီလာ၏ မှော်မျှော်စင်ကို ဖြိုချလိုက်ပြီး နှစ်ရက်အကြာတွင် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဆောက်လုပ်ရေးအသင်းက ရောက်လာက ထိုဧရိယာ၌ ခြံစည်းရိုးတစ်ခု ကာ၍ အပြင်ဘက်တွင် ဆိုင်းဘုတ်တစ်ခုကိုသာ ချိတ်ဆွဲထားသည်။
ထိုဆိုင်းဘုတ်ပေါ်၌ ရှင်းရှင်းလင်းလင်းရေးထားသည့် စာတစ်ကြောင်းရှိနေ၏။
"Frestech ကုန်သည်ကြီးများအသင်း၏ ခေတ်သစ်မှော်အဆောက်အဦးစီမံကိန်းက သုံးလအတွင်းလာမှာ ဖြစ်တဲ့အတွက် ကျေးဇူးပြုပြီး စောင့်ကြည့်ပေးကြပါ။"
ထိုဆိုင်းဘုတ်ပေါ်ရှိ စကားလုံးများကို မြင်သော် ဘန်တာမြို့၏ စူးစူးစမ်းစမ်းရှိကြသော မြို့သူမြို့သားများမှာ ပိုလို့ပင် ရှုပ်ထွေးသွားကြသည်။
ခေတ်သစ်မှော်အဆောက်အဦစီမံကိန်း? အဲဒါ ဘာကြီးလဲ?
ပြီးတော့ ဒါက Frestech ကုန်သည်ကြီးများအသင်းနဲ့ ဘယ်လို ပတ်သက်နေရတာလဲ.....
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၇၀။ ကောင့်ထ်စီယန် ထွက်သွားတော့မယ်
တစ်ပတ်မပြည့်ခင်တွင် ဘန်တာမြို့ တဝှမ်းရှိ လယ်မြေအားလုံးကို ရိတ်သိမ်းကာ ပြန်လည်စိုက်ပျိုးပြီးသွား၏။
မြို့စားအ်မ်တော်၏ စာရင်းများအရ ဤနှစ်နွေဦးကောက်ရိတ်သိမ်းပွဲပြီးနောက်တွင် ဘန်တာမြို့မှာ ဆောင်းဦးကောက်ရိတ်ချိန်ကနှင့် ယှဉ်ပါက တန်ပေါင်း ခြောက်သောင်းသာ ပိုများသည့် ကောက်ပဲသီးနှံ တန်ပေါင်း ခြောက်သိန်းသုံးသောင်းကို ရိတ်သိမ်းရရှိခဲ့သည်။ သို့သော်လည်း ၎င်းက ယခင်နှစ် ကောက်ရိတ်သိမ်းစဉ်အခါက တန်ပေါင်း သုံးသိန်းခြောက်သောင်း၏ နှစ်ဆ ဖြစ်လုနီးပါးပင်။
များများစားစား မတိုးလာသည့် အကြောင်းအရင်းမှာ လယ်မြေသစ်ဖွင့်လှစ်ခြင်းတစ်နှစ်ကြာပြီးနောက် ဘန်တာမြို့၏ လယ်မြေအားလုံးကို ဖွင့်လှစ်ပြီးဖြစ်သောကြောင့်ပင်။ ၎င်းတို့၏ စိုက်ပျိုးရေးနည်းပညာကို တိုးတက်စေခြင်းမှလွဲလျှင် တိုးလာဖို့ နေရာများများစားစားမရှိချေ။
သို့ရာ၌ ဤပမာဏက အတော်များနေသေးသည်။
ဘန်တာမြို့မှာ လမ်ပူရီတိုင်းပြည်ရှိ မြို့ငယ်လေးသာဖြစ်ပြီး မြေကွက်ပမာဏကလည်း အတော်နည်းပါးသည်။ သို့သော် ယခင်နှစ် ဆောင်းဦးကောက်ရိတ်စဉ်ကတည်းက ဘန်တာမြို့၏ ကောက်ပဲသီးနှံအထွက်နှုန်းက အဆမတန်ကြီးထွားခြင်းကို ကြုံတွေ့ခဲ့ရ၏။
ယခင်နှစ်၏ အရှေ့နှစ်က ဆောင်းဦးကောက်ရိတ်သိမ်းချိန်တွင် ဘန်တာမြို့နှင့် ဧရိယာတူမြို့တော်များကို ကျော်လွန်ခဲ့ပြီး ဘန်တာမြို့ထက် ဧရိယာပိုမိုကျယ်ဝန်းသည့် မြို့များစွာကိုပင် ကျော်လွန်သွားခဲ့သည်။
ယခင်နှစ်၏ နွေဦးကောက်ရိတ်သိမ်းစဉ်က ဂျုံ'တန်ပေါင်း သုံးသိန်းခြောက်သောင်းရခဲ့ရာ လမ်ပူရီတိုင်းပြည်ရှိ ဂျုံကို အဓိကစိုက်ပျိုးသော မြို့တော်များတွင် ထိပ်ဆုံးအဆင့်များ၌ ဝင်ခဲ့သည်။
ထို့နောက် ယခင်နှစ်၏ ဆောင်းဦးကောက်ရိတ်သိမ်းပြီးနောက် ဘန်တာမြို့မှာ ရုတ်တရတ် ဂျုံ'တန်ပေါင်း ငါးသိန်းခုနစ်သောင်းရခဲ့လေရာ လမ်ပူရီတိုင်းပြည်၌ ဂျုံအများဆုံး ရိတ်သိမ်းခဲ့သည့် မြို့တော်ဖြစ်လာသည်။ ၎င်းက လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်ကာ ဘုရင်ကြီးနှင့် စိုက်ပျိုးရေးဌာနတို့ထံမှပင် ချီးကျူးခံခဲ့ရသည်။ အကြီးမားဆုံးပံ့ပိုးကူညီမှုပေးထားသည့် Frestech ကုန်သည်ကြီးများအသင်းကို ချီးမွမ်းကာ ရှုယီကို ဘာရွန်အဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပြီး လမ်ပူရီတိုင်းပြည်၏ တစ်ဦးတည်းသော မျိုးရိုးမြင့် ကုန်သည်ဖြစ်စေခဲ့သည်။
"နှမျောစရာပဲ ဒီနှစ်နွေဦးကောက်ရိတ်နှုန်းက အသင့်အတင့်တိုးလာပေမယ့်လည်း ခင်ဗျားရဲ့ အဆင့်ကိုထပ်မြှင့်ပေးပြီး ဗစ်စကောင့်ဖြစ်အောင် လုပ်ပေးလို့ရတဲ့အထိတော့မဟုတ်ဘူး။" ကောင့်ထ်စီယန်က လက်ထဲရှိ သတင်းစာကိုဖတ်ရင်း ရှုယီကို အပြုံးဖြင့်ပြောလာသည်၊ "ဒါ့အပြင် တခြားမြို့တော်တွေက ကောက်ရိတ်နှုန်းလည်း အတော်လေး မြင့်လာတယ်။ ကျုပ်တို့ ဘန်တာမြို့က ခြောက်သိန်းသုံးသောင်းဖြစ်ပြီး ထိပ်ဆုံးမှာရှိနေဆဲဖြစ်ပေမယ့်လည်း တခြားမြို့တော်တွေနဲ့ယှဉ်ရင် အဲ့လောက်မြင့်မနေဘူးလေ။"
"အဆင့်က အရေးမကြီးပါဘူး၊ ကျုပ် ထုတ်လုပ်ထားတဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေဟာ နိုင်ငံမှာရှိတဲ့ လူတိုင်းကို ကျွေးထားနိုင်ဖို့ပဲ မျှော်လင့်တာပါ။ အခုဆို နိုင်ငံက ကောက်ပဲသီးနှံအထွက်နှုန်းလည်း အတော်တိုးလာပြီဆိုတော့ ဒီရည်မှန်းချက်က ဖြစ်မြောက်သွားလောက်ပြီလို့ ထင်ပါတယ်။" ရှုယီက အသာပြုံးကာပြောသည်။
"အင်း၊ ဒါကို အောင်မြင်သွားပြီလို့ ပြောမရသေးဘူး။" ကောင့်ထ်စီယန်က ခေါင်းငြိမ့်ကာ၊ "စိုက်ပျိုးရေးဌာနရဲ့အစီရင်ခံစာအရ ဒီနှစ်ရဲ့ကောက်ရိတ်နှုန်းက နိုင်ငံမှာရှိတဲ့ လူတိုင်းရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံတင်မကဘူး အတော်လေးလည်း ပိုလျှံနေသေးတယ်။ ဒါက လမ်ပူရီတိုင်းပြည်ကို စတင်တည်ထောင်လိုက်ကတည်း ဒီလိုဖြစ်လာတဲ့ ပထမအကြိမ်ဆိုတော့ အရှင်မင်းကြီးလည်း အတော်လေး ဝမ်းသာနေလောက်တယ်။ မျိုးရိုးမြင့်လူအိုကြီးတွေကသာ သူ့ကိုတားနေလို့မဟုတ်ရင် သေချာပေါက် ခင်ဗျားရဲ့အဆင့်ကို ထပ်မြှင့်ပေးဖို့ ပြင်နေလောက်တယ်။"
ထိုသို့ပြောရင်း ကောင့်ထ်စီယန်မှာအသာမျက်မှောင်ကုပ်လိုက်ပြီး အသံထဲ၌ မကျေနပ်မှုအရိပ်အယောင်များပြည့်နေသည်။
"ဒီလူအိုကြီးတွေက တကယ်ကို ခေါင်းမာလွန်းတယ်။ ပြည်သူတွေရဲ့ အစားအသောက် ပြဿနာကို ဖြေရှင်းတာက ကောင်းမှုကြီးတစ်ခုဖြစ်နေပြီလေ၊ ဒါကို ယှဉ်နိုင်လောက်မယ့် ဘယ်ကောင်းမှုရှိနေလို့လဲ? နောက်တစ်ဆင့်တောင် မမြှင့်ပေးရသေးတာကို ဆန့်ကျင်မှဖြစ်ကြမှာလား၊ တကယ်ကို မသိနားမလည်ကြတာပဲ။"
ရှုယီက အပြုံးဖြင့် လက်ယမ်းကာ၊ "မြို့စားအရှင် ဒီလောက် ဒေါသဖြစ်ဖို့ မလိုပါဘူးဗျာ။ ကျုပ်တကယ်ကိုပဲ အဆင့်ဆိုတာကို ဂရုမစိုက်ပါဘူး၊ ဒီတော့ မြှင့်ပေး မပေးကလည်း အရေးမပါနေဘူးလေ။ ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ ရည်ရွယ်ချက်ကို ရသွားတာကြောင့် စိတ်ကျေနပ်ပါတယ်။ အခြေခံအစားအစာနဲ့ နေရာထိုင်ခင်းပြဿနာကို ပြည်သူတွေအတွက် ဖြေရှင်းပြီးပြီဆိုတော့ နောက်တစ်ဆင့်က ကျုပ်တို့နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်ပေးဖို့ပဲ ဖြစ်ရမယ်။ ကျုပ်တို့သာ နိုင်ငံက လူတွေကို ဘန်တာမြို့သားတွေနဲ့ တန်းတူ အဆင့်ထိ ရောက်အောင်လုပ်ပေးနိုင်ရင် သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကို အာမခံနိုင်ရုံတင်မကဘူး လူနေမှုအဆင့်အတန်းကို တိုးလာစေမယ့် ပစ္စည်းတွေဝယ်လို့ရမယ့် အပိုဝင်ငွေပါရှိလာလိမ့်မယ်၊ ဒီလိုဆို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း အတွက် အထောက်အကူကြီးကြီးမားမားရမှာပဲ။"
"ဒါကို အလွယ်လေးရမှာမဟုတ်ဘူး။" ကောင့်ထ်စီယန်က အသာခေါင်းခါ၏၊ "ကျုပ်တို့ ဘန်တာမြို့က ဒီလောက်မြန်မြန်တိုးတက်လာတယ်ဆိုတာ ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ ပေါ်ထွက်လာပြီး မြို့တစ်မြို့လုံးရဲ့ ဖွံ့ဖြိုးမှုကို ရအောင်ယူပေးခဲ့လို့ပဲ။ ဘန်တာမြို့သားတွေအားလုံးမှာ သင့်တင့်တဲ့အလုပ်ရှိရုံတင်မကဘူး တခြားမြို့တွေက မြို့သားတွေပါ အလုပ်ရှာနိုင်ပြီး ဝင်ငွေတွေပါ မြင့်လာကြတယ်။ ဒါတွေအားလုံးဟာ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့မှာ အလုပ်များစွာကို ဖန်တီးပေးခဲ့လို့ပဲ။ မဟုတ်ရင် ဘန်တာမြို့က ဒီလောက်မြန်မြန်တိုးတက်လာလိမ့်မှာမဟုတ်ဘူး။"
ရှုယီက ကျိုးနွံစွာပြုံး၍ အမြန်ပြောလာသည်၊ "မြို့စားအရှင်က အတော်လေးချီးကျူးလွန်းနေပါပြီ။ ကျုပ်က ကျုပ်လုပ်ချင်တာကို လုပ်ခဲ့ရုံပါ၊ ဘန်တာမြို့က ဒီလောက်မြန်မြန်တိုးတက်လာတာကလည်း ခင်ဗျားရဲ့ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်မှုကြောင့်ပါပဲ။"
"မြှောက်မနေပါနဲ့တော့။" ကောင့်ထ်စီယန်က အပြုံးဖြင့် ပျက်ရယ်ပြုလာ၏။ ထို့နောက် စာတမ်းတစ်ခုကို ယူကာ ကြည့်လိုက်ပြီးနောက် မျက်နှာထက်တွင် ဝမ်းနည်းဟန်ပေါ်လာသည်၊ "လွန်ခဲ့တဲ့ ၂နှစ်က ဘန်တာမြို့ရဲ့ ဝင်ငွေက ရွှေဒင်္ဂါး တစ်သိန်းကျော်ပဲရှိခဲ့ပေမယ့် ၂နှစ်ကြာပြီးနောက်မှာ တစ်သိန်းနီးနီးလောက်ရှိလာတော့ ဆယ်ဆလောက်မြင့်လာတာပဲ။ အခု ကျုပ် ကိုင်ထားတာက အရင်လရဲ့ အခွန်တင်ပြချက်ဖြစ်ပြီးတော့ ဘန်တာမြို့က တစ်လတည်းနဲ့တင် အခွန်ဝင်ငွေ ရွှေဒင်္ဂါးငါးသိန်းခုနစ်သောင်းရထားတယ်။ ဒီလမ်းကြောင်းအတိုင်းဆိုရင် ဒီနှစ်ရဲ့ အမြတ်ခွန်က မနှစ်ကထက်တောင် များလာလောက်တယ်။"
"ဒါက မြို့စားအရှင်ရဲ့ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်မှုရဲ့ ရလာဒ်ပါပဲ။" ရှုယီက ပြုံးကာ ပြောလေသည်။
ကောင့်ထ်စီယန်က ရှုယီကို ကြည့်၍ နှာမှုတ်ကာ ပြောလာသည်၊ "ခင်ဗျားကို ချီးကျူးအောင် တွန်းအားပေးဖို့လိုလို့လား? အရင်လက ငါးသိန်းခုနှစ်သောင်းထဲမှာ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့တင် ဒါရဲ့ထက်ဝက်နီးပါး နှစ်သိန်းရှစ်သောင်းပေးခဲ့တာလေ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့မှာ အကြီးဆုံးလုပ်ငန်းစုဖြစ်လာဖို့ ၂နှစ်လောက်တောင် မလိုဘူးလို့ထင်တာပဲ။"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗျာ?" ရှုယီက လက်ယမ်းကာ၊ "မြို့စားအရှင် ကိစ္စတွေကို ဒီတိုင်းပြောလိုက်လို့မရဘူးလေ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုလေးတစ်ခုပါပဲ၊ ဒီလောက် အနေအထားထိရောက်လာတာကလည်း မြို့စားအရှင်ရဲ့ ထောက်ပံ့ပေးမှုကြောင့်ပါ။ အခုဆိုလည်း ကျုပ်တို့က မြို့ရဲ့ တိုးတက်ပြီးလုပ်ငန်းစုတွေနောက်မှာရှိနေတုန်းပဲဆိုတော့ မြို့စားအရှင်လည်း ကျုပ်တို့ကို ထောက်ပံ့ပေးဖို့ လိုနေသေးတယ်။"
"ဥက္ကဌရန့်ခ်သာ ဒါကိုကြားရင် ဒေါသထွက်လို့ သေသွားမယ်ဆိုတာ ခင်ဗျားယုံလား?" ကောင့်ထ် စီယန်က ရှုယီကို ကြည့်ပြီးနောက် ရုတ်တရတ် ပြတင်းအပြင်ကို ကြည့်လိုက်သည်။ ခဏတာ ခပ်ငေးငေးဖြစ်နေပြီးနောက်တွင် သူက သက်ပြင်းချကာ ပြောလာ၏၊ "ကျုပ် ခင်ဗျားကို ထောက်ပံ့ချင်ရင်တောင် မထောက်ပံ့နိုင်တော့မှာက နှမျောစရာပဲ။"
ရှုယီက အံ့ဩသွား၏၊ "မြို့စားအရှင်၊ ဒါက ဘာအဓိပ္ပာယ်လဲဗျ?"
ကောင့်ထ်စီယန်က ရှုယီဘက်ကို ပြန်လှည့်လာကာ အလေးအနက်ဆိုလေသည်၊ "ဒီနေ့ ခင်ဗျားကို ခေါ်လိုက်တာက ချီးကျူးဖို့တင်မဟုတ်ဘဲ နောက်နှစ်လကြာရင် ကျုပ် ထွက်သွားရတော့မယ့် အကြောင်းပြောဖို့ပါ။"
"ထွက်သွားမယ်?" ရှုယီက အံ့ဩနေသည်၊ "ဘယ်ကို သွားမှာလဲ?"
"နိုင်ငံရဲ့ စီစဉ်မှုအရ ဆိုဝယ်လ်မြို့တော်ကို မြို့စားအနေနဲ့သွားရမယ်။" ကောင့်ထ်စီယန်က ပြန်ဖြေ၏။
"ဆိုဝယ်လ်မြို့တော်?" ရှုယီလည်း စဉ်းစားကြည့်လိုက်သော် ထိုမြို့၏ အသေးစိတ်ကို မှတ်မိသွားသည်။ ထို့နောက် ချက်ချင်းပင် ဝမ်းသာသည့်အသံဖြင့်ဆိုလာ၏၊ "အဲဒါက မြောက်ပိုင်းမှာရှိတဲ့ အကြီးဆုံးမြို့တော်မဟုတ်ဘူးလား? မြို့စားအရှင်၊ မြို့စားအရှင်ကို ကျုပ် ဂုဏ်ပြုပေးရမှာပေါ့။ ပြီးတော့လည်း၊ ကျုပ် မှတ်မိသေးပါတယ်..... ဆိုဝယ်လ်မြို့တော်က ကြည့်ရတာ ခင်ဗျားတို့ မိသားစုပိုင် အကြီးဆုံးနယ်မြေလည်း ဖြစ်တဲ့ပုံပဲ၊ ဟုတ်လား? ဒီတော့ ခင်ဗျားကို အထောက်ခံဆုံးနေရာကို သွားရမယ့် အဓိပ္ပာယ်ပေါ့။"
ကောင့်ထ်စီယန်က ရှုယီကို ခဏတာကြည့်လာကာ ရှုယီ၏ ဝမ်းသာဟန်က အတုအယောင်မဟုတ်ကြောင်း အတည်ပြုလိုက်ပြီးနောက် မနေနိုင်ဘဲ သက်ပြင်းချကာ ပြောလေသည်၊ "ကျုပ်ဘက်ကနေကြည့်ရင်တော့ ဒါက ကိစ္စကောင်းပါပဲ။ နိုင်ငံက ကျုပ်ကို ဆိုဝယ်လ်မြို့တော်ဆီပို့တယ်ဆိုတော့ နိုင်ငံမှာ ကျုပ်ရဲ့ အနေအထားက လုံခြုံပြီး ရှေ့လျှောက်ဆိုလည်း ပိုမြင့်မြင့်သွားနိုင်မယ့်အဓိပ္ပာယ်ပဲ။ ဒါပေမယ့် ရှုယီ ခင်ဗျားအတွက်တော့ ဒါက ကိစ္စကောင်းမဟုတ်ဘူး။"
"ဒီလိုလား?" ရှုယီက အသာမျက်မှောင်ကုပ်လေ၏။ ခဏတာစဉ်းစားပြီးနောက်တွင် သူက မေးလေသည်၊ "မြို့စားအရှင်၊ ခင်ဗျားရဲ့နေရာမှာ ဘန်တာမြို့စားအဖြစ် ဘယ်သူလာမှာတဲ့လဲ?"
ကောင့်ထ် စီယန်က အတန်ငယ်ရပ်တန့်ပြီးနောက် ငြင်သာစွာ ဆိုလာသည်၊ "ကောင့်ထ်မန်နယ် စတက်ဂျ်။"
"စတက်ဂျ်?" ရှုယီ၏ မျက်လုံးများက အတန်ငယ် ဝိုင်းစက်သွားသည်။
"ကြည့်ရတာ ခင်ဗျားအနေနဲ့ ကျုပ်ပြောချင်တာကို နားလည်သွားပုံပဲ။" ကောင့်ထ်စီယန်၏အမူအရာက ပိုလို့ပင် လေးနက်လာသည်၊ "ရှုယီ၊ ကျုပ်က ခင်ဗျား ကြားစရာမလိုတဲ့စကားတွေကို ဖြုန်းတီးနေမှာမဟုတ်ဘူး။ ခင်ဗျားက ထက်မြတ်တဲ့လူပဲ၊ ဒီမျိုးရိုးနာမည်ရဲ့ အဓိပ္ပာယ်ကိုသိလောက်မှာပါ။"
ရှုယီက ခပ်လေးလေး ခေါင်းငြိမ့်လာသည်။ ခဏတာစဉ်းစားကြည့်ပြီးနောက်၌ ကောင့်ထ်စီယန်ကို မေးလေ၏၊ "မြို့စားအရှင် ဒီနေရာက ထွက်သွားဖို့က ခင်ဗျားရဲ့ မူလရည်ရွယ်ချက်မဟုတ်ဘူးမို့လား?"
"ခင်ဗျားက တကယ် ဉာဏ်ကောင်းတဲ့လူပဲ။" ကောင့်ထ်စီယန်က အသာခေါင်းငြိမ့်၍ ခါးသက်စွာပြုံးလေသည်၊ "ကျုပ်ဆိုရင်တောင် ဘာမှမလုပ်နိုင်တဲ့ အချိန်တွေရှိတယ်။"
ရှုယီလည်း တိတ်တဆိတ်တွေးတောကာ ရုတ်တရတ် အပြုံးတစ်ချက် လှစ်ဟလာ၏။
"မြို့စားအရှင်၊ ခင်ဗျားအနေနဲ့ ဘာကိုမှ စိတ်ပူဖို့လိုမယ်လို့ ကျုပ်မထင်ဘူး။ ဘယ်သူပဲ မြို့စားအရှင်ဖြစ်လာလာ သူတို့ရဲ့ အရေးကြီးဆုံးပန်းတိုင်က ဘန်တာမြို့ကို ပိုအားကောင်းလာအောင်လုပ်ဖို့ပဲ မဟုတ်လား? အားလုံးက ပန်းတိုင်တူနေမှတော့ ပူးပေါင်းဖို့ အခွင့်အရေးရှိပါတယ်။"
ကောင့်ထ်စီယန်က မနေနိုင်ဘဲ ပြုံးရင်း ဆိုသည်၊ "ခင်ဗျားက ကောင့်ထ်တစ်ယောက်နဲ့ ပူးပေါင်းချင်တာလား? ကျုပ်ပြောရရင် ခင်ဗျားမှာ အတော်လေး သတ္တိရှိတာပဲ။"
ရှုယီက ရယ်ကာ၊ "ကျုပ်ရဲ့ ကုန်သည်တစ်ယောက် အမြင်နဲ့ဆိုရင် အားလုံးမှာ လိုချင်တဲ့ အကျိုးအမြတ်ရှိတော့ ညှိနှိုင်းဖို့နေရာတော့ရှိပါတယ်။ ကောင့်ထ်တစ်ယောက် မပြောနဲ့၊ ဘုရင်ကြီးတောင် ချွင်းချက်မဟုတ်ဘူး။"
ကောင့်ထ်စီယန်က ခေါင်းခါကာ၊ "ဒါဆို ခင်ဗျားနဲ့ ကောင့်ထ်မန်နယ်စတက်ဂျ်တို့ ပျော်ပျော်ရွှင်ရွှင်ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်။"
ရှုယီက ကောင့်ထ်စီယန်နှင့်အတူ အလုပ်အစီစဉ်တချို့ကို ဆွေးနွေးလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်း နှင့် မြို့စားအိမ်တော်တို့၌ စီမံကိန်းများစွာရှိပြီး ဘန်တာမြို့ ပြန်လည်ပြုပြင်ရေးစီမံကိန်းကိုပင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့က အပြည့်အဝတာဝန်ယူထားသည်။ ကောင့်ထ်စီယန်သာ ထွက်သွားပါလျှင် ထိုစီမံကိန်းများကို များစွာ သက်ရောက်နိုင်၏။
မြို့စားအသစ်မှာ စတက်ဂျ်မိသားစုမှ ဖြစ်ရာ ရှုယီအား ကောင့်ထ်စီယန်ကဲ့သို့ များများစားစား ထောက်ခံနိုင်မည်မဟုတ်ပေ။
ကောင့်ထ်စီယန်နှင့် ရှုယီတို့ လုပ်ဆောင်ချင်သည်မှာ အရာအားလုံးကို နောက်နှစ်လအတွင်း အပြီးသတ်ရန်ဖြစ်၏။
အသေးစိတ်အများစုကို ဆွေးနွေးပြီးနောက်တွင် ညအချိန်ကျရောက်လာသည်ဖြစ်ရာ ရှုယီလည်း မြို့စားအိမ်တော်မှ ထွက်ခွာသွားသည်။
ညအခါရှိ ကြယ်ကလေးများကိုကြည့်ရင်း ရှုယီလည်း ခဏတာ စဉ်းစားလိုက်ပြီး မြင်းလှည်းနှင့် အိမ်သို့ အသော့နှင်လိုက်သည်။ သူဟာ စာနှစ်စောင်စရေးကာ ဘုရင်မ ဆယ်ဗီနီနှင့် အဝေးမှ မြောက်ပိုင်းနယ်စပ်ရှိ ဗစ်ကောင့်ထ် လက်စလိုင်းတို့ဆီသို့ လိပ်မူလိုက်သည်။
***