ပြင်းထန်သော သတ်ဖြတ်လိုစိတ်
Vol. 015 Ch. 1485
ထိုအဖြစ်ကို မြင်လိုက်ရသည့် လူအများ၏ နှလုံးသားက အပြင်းအထန် ခုန်ပေါက်လာခဲ့သည်။ ရီထျန်းယွိ၏ ခန္ဓာကိုယ်က လွင့်စဉ်သွားကာ သူ၏ ပါးစပ်မှ သွေးတို့ စီးကျနေခဲ့သည်။
နှင်တံတိုက်ခိုက်မှုက လူအများကို သူတို့၏ ဦးရေခွံများကိုပင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာစေခဲ့သည်။ သူတို့သာ ဖြစ်လျှင် ထိုရိုက်ချက်က သူတို့အား အဆုံးသတ်ပစ်ရန် လုံလောက်နေလိမ့်မည် ဖြစ်သည်။
ရီထျန်းယွိက နောက် တစ်ကြိမ် ထပ်အရိုက်ခံရပြီး ဤထိခိုက်မှုက ပေါ့သေးသေး မဟုတ်ခဲ့ပေ။
ထိုသူက မည်သူနည်း။ တချို့က တအံ့တသြနှင့် တိတ်ဆိတ်စွာဖြင့် ချင်ရွှမ်ကန်းထံသို့ လှမ်းကြည့်သည်။ သူက ရှန့်ထိုအဆင့်နှင့်ပင် စေတီအောက်သို့ တိုက်ရိုက်ဝင်ရောက်လာကာ ရီဖူရှင်းကို စေတီ၏ တိုက်ခိုက်မှုမှနေ၍ ကာကွယ်ပေးခဲ့ကာ စေဆီကိုပင် ထိုနေရာ၌ ချုပ်ထားနိုင်ခဲ့သည်။
ထို့အပြင် သူ့ထံမှ ရန်ဟောင်စွမ်းအားကို ထုတ်လွှတ်ခဲ့ပြီး အခြားတစ်ဖက်တွင် ခြေတစ်လှမ်း ခိုင်ခိုင်မာမာ ချထားခဲ့ပြီးဖြစ်သည်။ သူက ရန်ဟောင်အဆင့်မှ ခြေလှမ်းဝက်မျှပင် မကွာဝေးတော့ဘဲ အချိန်မရွေး ရန်ဟောင်အဆင့်သို့ ဝင်ရောက်ရန် ဖြစ်နိုင်ပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ၏ အကြည့်တို့က အလွန် ထက်ရှနေခဲ့သည်။ သူတို့ထဲမှ အချို့သည် ယခင် ကောင်းကင်နတ်ဆိုးမြို့၌ ရှိစဉ်က သူ၏ ခွန်အားကို ထုတ်ဖော်ပြသခဲ့သည့် ရီဖူရှင်း၏ ဆရာ ချင်ရွှမ်ကန်း ဖြစ်သည်ကို သတိပြုမိကြသည်။ သူ၏ စွမ်းအားက အစွမ်းထက်ပြီး သူ၏ အဆင့်က ထင်မှတ်မထားလောက်အောင် နက်နဲလှသည်။
ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ ရီထျန်းယွိက ဤကဲ့သို့သော အရှက်ရမှုမျိုးကို မည်သည့်အခါကမှ ခံစားခဲ့ရဖူးခြင်း မရှိပေ။
ဤတစ်ကြိမ်၌ သူ့အား ဗြဟ္မာ့သန့်စင်ကောင်းကင်မှ ဖိတ်ကြားခဲ့သည့်အတွက် နံပါတ်တစ်နတ်မိမယ် ချင်းဟယ်နှင့် လက်ထပ်ရန် ပြင်ဆင်ခဲ့သော်လည်း ချင်းဟယ်သည် သူနှင့်အတူ နေရသည်ထက် အသက်သေသည်ထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားခဲ့ကာ သူ့အား စိတ်သဘောထား သေးသိမ်သူ ဖြစ်စေခဲ့သည်။ ထို့နောက်တွင် ရီဖူရှင်းက သူ့အား တိုက်ခိုက်ရန် ရှေ့သို့ ထွက်လာကာ ယခုကဲ့သို့ ဖြစ်လာခြင်း ဖြစ်ပေသည်။
ဗြဟ္မာ့ကောင်းကင်မြို့တွင် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံသည် ယခင်က မည်သည့်အခါမှ မကြုံတွေ့ခဲ့ရဖူးသည့် စော်ကားမှုအား ခံစားခဲ့ရသည်။
ဤသည်က ပထမဆုံးအကြိမ်သာ ဖြစ်သော်လည်း ခရမ်းရင့်ကောင်းကင်နန်းတော်၏ မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင် ဖြစ်သည့် ကျန်းယွမ်၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်းများ လက်သွားခဲ့သည်။ ယခု အဖြစ်အပျက်က ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာပေသည်။ ရီထျန်းယွိနှင့် ရီဖူရှင်း ကြားမှ အမုန်းတရားက နက်ရှိုင်းလာလေ ခရမ်းရင့်ကောင်းကင်နန်းတော်အတွက် အကျိုးအမြတ်ရှိလေ ဖြစ်သည်။ သာမန်အားဖြင့် ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်တို့မှာ ယှဉ်ပြိုင်ဘက် ရန်သူများ ဖြစ်ကြသည်။
သူက တွေးနေသည့် အချိန်တွင် အားကောင်း၍ ပြင်းထန်သည့် စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို ခံစားမိလိုက်ပေသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များသည် ရီထျန်းယွိ ထိခိုက်ဒဏ်ရာရသည်ကို မြင်သည့်အခါ လှုပ်ရှားမှု ပြုလုပ်လာကြပေသည်။ ရန်ဟောင်စွမ်းအားများက ကောင်းကင်ကို လွှမ်းခြုံသွားခဲ့သည်။ ရန်ဟောင်တစ်ပါး၏ ထက်ရှသော တိုက်ချက်က ချင်ရွှမ်ကန်းနှင့် ရီဖူရှင်းထံသို့ ဦးတည်လိုက်ကာ ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်သည်။
ကောင်းကင်နတ်တံခါးမှ ရန်ဟောင်များသည်လည်း ဤအခိုက်အတန့်အတွက် ပြင်ဆင်ထားခဲ့သည်။ တောက်ပသည့် နတ်အလင်းများက လင်းလက်လာပြီး ပုဂ္ဂိုလ်တစ်ဦးက လေထုကို ဖြတ်သန်း၍ ဆင်းသက်လာသည်။ နတ်ဓားသည် တစ်ချိန်တည်းတွင် ထိုးထွက်လာကာ ဖျက်ဆီးခြင်း ရန်ဟောင်စွမ်းအားများနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ ပြင်းထန်သည့် မုန်တိုင်းက ကောင်းကင်နှင့် မြေကြီးအကြား ဖြစ်ပေါ်လာခဲ့သည်။ ရက်စက် ပြင်းထန်သည့် ဖိအားက ရီဖူရှင်း နှင့် ချင်ရွှမ်ကန်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူတို့က နောက်သို့ အနည်းငယ် လွင့်ထွက်သွားကြသည်။ စေတီက ချက်ချင်း နောက်သို့ ပျံသန်းသွားကာ ရီထျန်းယွိထံ ဦးတည်သည်။
ဘုန်း... ဘုန်း.... ဘုန်း....
ရန်ဟောင်စွမ်းအားများက တစ်ချိန်တည်းတွင် ထွက်ပေါ်လာပြီး ကောင်းကင်ကို လွှမ်းခြုံသွားကာ အောက်ဘက်ရှိ လူများက မဟာလမ်းစဉ်နတ်စွမ်းအားများ၏ မွန်းကျပ်မှုကို အမှန်တကယ် ခံစားလိုက်ကြရသည်။ သူတို့က မွန်းကျပ်လာကာ အသက်ရှူမှုများကလည်း မြန်ဆန်လာသည်။
ရန်ဟောင်တိုက်ပွဲက ဖြစ်ပေါ်လာခဲ့လေပြီလား။
ထိုအချိန်တွင် ဗြဟ္မာ့ကောင်းကင်မြို့မှ မရေတွက်နိုင်သည့် လူများက ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး ရွှမ်ထျန်းစံအိမ်အထက်တွင် ရန်ဟောင်စွမ်းအား ဖိအားများကို သိသိသာသာ ခံစားမိလာကြပေသည်။
ရီဖူရှင်းနှင့် ချင်ရွှမ်ကန်းက ကောင်းကင်နတ်တံခါးဂိုဏ်း လူအုပ်အတွင်းသို့ ပြန်ဆုတ်ခွာလိုက်ကြသည်။ ဤအခြေအနေအောက်တွင် သူတို့က ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိပေ။ ချင်ရွှမ်ကန်းက ရန်ဟောင်အဆင့်နှင့် မဝေးတော့သော်လည်း အခြားသူများ၏ အဆင့်က အလွန် မြင့်မားနေသည်။ သူက ရန်ဟောင်အဆင့်သို့ ဝင်ရောက်သွားလျှင်ပင် ပါဝင်နိုင်ရန်မှာ သူ့အတွက် ခက်ခဲနေဦးမည် ဖြစ်သည်။
ရီထျန်းယွိနှင့် နတ်ဘုရားနန်းတော်မှ လူများ ဤနေရာတွင် ရှိနေပြီး သူတို့နောက်မှ လိုက်ပါလာသည့် ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များလည်း ရှိနေသေး၏။
ကျန်းထိုက်ချူးနှင့် ဟွားချင်းယွင်လည်း ဤနေရာတွင် ရှိနေသည့်အတွက် ကောင်းကင်နတ်တံခါး၏ စောင့်ရှောက်သူများကလည်း အားနည်းလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကောင်းကင်ထက်မှ ထွက်ပေါ်လာသည့် စွမ်းအားများ၏ ဖိအားက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။
“အဲဒီတော့ ရှုံးတာနဲ့ ရန်ဟောင်တွေက ဝင်စွက်ဖက်လို့ ရတယ်ပေါ့ ဟုတ်လား။” နတ်ဆင်ကလန်မှ တန်ခိုးရှင်က ပြောသည်။
ယနေ့ တိုက်ပွဲတွင် ရီဖူရှင်းသည် လူသားတန်ခိုးရှင်သာ ဖြစ်ပါသော်လည်း နတ်ဆင်များ၏ နည်းစနစ်ကို ဆက်ခံ၍ အပြည့်အဝ အသုံးပြုနိုင်ကြောင်း သက်သေပြခဲ့သည်။ သူက နတ်ဆင်များ၏ ထိပ်တန်းပါရမီရှင်များထက်ပင် ပို၍ အားကောင်းလှပေသည်။ ထို့ကြောင့် နတ်ဆင်အင်ပါယာက ရီဖူရှင်းကို ကောင်းကောင်း စောင့်ရှောက်ပေးရန် သူတို့အား မှာသည်မှာ အံ့သြစရာမရှိတော့ပေ။
ကြည့်ရသည်မှာ ယခင်က ရီဖူရှင်း နတ်ဆင်များနှင့်အတူ လိုက်ခဲ့ရသည့်အခါကပင် နတ်ဆင်အင်ပါယာက သူ၏ အကန့်အသတ်မဲ့ အလားအလာကို မြင်တွေ့ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ဤတိုက်ပွဲသည် သူက ရီထျန်းယွိ ၊ ဂူတုံးလျှိုတို့နှင့် ပခုံးချင်း ယှဉ်နိုင်သည်ကို လုံလောက်စွာ သက်သေပြခဲ့ပြီး သူ့အပေါ် လေးစားထိုက်မှုက ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။
ယခင်က သူသည် တိုက်ပွဲများစွာတွင် တောက်ပခဲ့ပြီးဖြစ်သော်လည်း ယနေ့တိုက်ပွဲက သူ၏ သမိုင်းတွင် မှတ်ကျောက်တင်ခံရမည် ဖြစ်ကာ မကြာခင်၌ ကောင်းကင်အာဏာစက်ဘုံ တစ်ခွင်သို့ ပျံ့နှံ့သွားတော့မည် ဖြစ်သည်။
“ဒီနေ့ ရီဖူရှင်းက ကောင်းကင်အာဏာစက် ပြည်ထောင်နဲ့ ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ လက်ထပ်မဟာမိတ် ပြုမှုကို ဝင်နှောင့်ယှက်ခဲ့တယ်။ နတ်ဆင်ကလန်က ဝင်မပါတာ ပိုကောင်းလိမ့်မယ်” ကောင်းကင်အာဏာစက် ပြည်ထောင် တန်ခိုးရှင်က ပြောသည်။ သူ့အသံက လေဟာနယ်ကို ဖြတ်ခွင်းကာ ထွက်ပေါ်လာပြီး ဗြဟ္မာ့ကောင်းကင်မြို့မှ လူတိုင်း ရှင်းလင်းစွာ ကြားနိုင်ကြပေသည်။
နတ်ဆင်များ ပါဝင်ပတ်သက်ပြီး ကောင်းကင်အာဏာစက် ပြည်ထောင် အခက်တွေ့စေမည်ကိုသာ မစိုးရိမ်ပါက ပြည်ထောင်မှ လူများသည် ရီဖူရှင်းအား တိုက်ခိုက်ပြီးသည်မှာ ကြာလောက်ပြီ ဖြစ်သည်။
“ရှန့်ခိုအဆင့်တွေရဲ့ ပညာဖလှယ်တဲ့ ပြိုင်ပွဲတွေမှာ ရန်ဟောင်တွေ စွက်ဖက်ခွင့် မပြုဘူး။ ဒါက လူသားတန်ခိုးရှင်လောကရဲ့ စည်းမျဉ်းပဲ။ အခု မင်းတို့ရဲ့ အိမ်ရှေ့စံ ရှုံးနိမ့်သွားတော့မှ မင်းတို့ရဲ့ ရန်ဟောင်တွေက တိုက်ပွဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီးတော့ ကျုပ်တို့ကို ဝင်မစွက်ဖို့ တားဆီးမလို့ ကြံနေတယ်လား” နတ်ဆင်ကလန်မှ တန်ခိုးရှင်၏ အသံက ခန့်ညားစွာ ထွက်ပေါ်လာသည်။ သူက လမ်းလျှောက်လိုက်လျှင် ကောင်းကင်က တုန်ခါ၍ အော်မြည်လာကာ ပေါက်ကွဲသံများ ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ် ဖြစ်လာစေသည်။
သူက ထိုသို့သာ ပြောသော်လည်း လူတိုင်းသည် ဤတိုက်ပွဲက ပညာဖလှယ်သည့်အဆင့်မှ ကျော်လွန်သွားခဲ့ပြီး ဖြစ်သည်ကို လူတိုင်း သိကြပေသည်။ ရီဖူရှင်းနှင့် ရီထျန်းယွိ နှစ်ယောက်လုံးက သူတို့၏ ခွန်အားအစစ်အမှန်ကို ထုတ်ဖော်ပြခဲ့ကြပြီး ဖြစ်သည်။
“လူသားတန်ခိုးရှင်လောကရဲ့ ကိစ္စကို နတ်ဆိုးဘုံက ဝင်မစွက်ဖက်တာတော့ အကောင်းဆုံးပဲ” ကောင်းကင်အာဏာစက်ပြည်ထောင်မှ ရန်ဟောင်က ဆက်ပြောသည်။ “မမေ့နဲ့။ ကောင်းကင်အာဏာစက်ဘုံမှာ လူသားတန်ခိုးရှင်လောကနဲ့ နတ်ဆိုးဘုံကို နယ်နိမိတ် ပိုင်းခြားထားတယ်။ ခင်ဗျားတို့အားလုံးက ဒီမှာ ဧည့်သည်တွေပဲ။ ကျုပ်တို့က ပြဿနာ ရှာမှာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့လည်း ဒီကိစ္စထဲ ဝင်မစွက်ဖက်သင့်ဘူး”
“အဲဒါမှန်တယ်။ နတ်ဆင်တွေက ကိုယ် ဘယ်နေရာမှာ ရောက်နေလဲဆိုတာကို မမေ့သင့်ဘူး” ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်ကလည်း ဝင်ပြောသည်။ သူတို့က ယခုတွင် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် မဟာမိတ်များ ဖြစ်သည်။
ဘန်း...
နတ်ဆင်များ၏ တန်ခိုးရှင်တို့သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ ဆက်သွားသည်။ လေဟာနယ်က ပြင်းထန်စွာ တုန်ခါနေပြီး ဗြဟ္မာ့ကောင်းကင်မြို့မှ ကျင့်ကြံခြင်း၌ အားမကောင်းသည့် လူများသည် ညည်းညူလိုက်ရကာ သူတို့၏ မျက်နှာများက ဖြူဖျော့နေသည်။ သာမန် ခြေနင်းချက်လေးသာ ဖြစ်သော်လည်း ထိုမမြင်နိုင်သည့် စွမ်းအားက သူတို့အား ဖိနှိပ်နိုင်ရန် လုံလောက်ပေသည်။
“ကောင်းကင်အာဏာစက် ပြည်ထောင်က လူတွေ ပြောတာ မှန်တယ်။ ကျုပ်တို့လို နတ်ဆိုးဘုံက ဘာလို့ လူသားတွေ အရေးမှာ ဝင်စွက်ဖက်ရမှာလဲ” ထိုအချိန်၌ အသံတစ်ခုကို ကြားလိုက်ရသည်။ ပြောလိုက်သည့်သူမှာ ခရမ်းရွှေကြွက်ကလန်မှ နတ်ဆိုးအင်ပါယာဖြစ်သည်။ သူတို့သည် အမြဲတစေ အခြေအနေများ ဆိုးဝါးစေရန် ဖန်တီးချင်နေကြပေသည်။
ခရမ်းရွှေကြွက်ကလန်သည် များမြောင်လှသည့် ပြဿနာ အရှုပ်အထွေးများကြား၌ တိုးတက်မြင့်မားလာကြခြင်း ဖြစ်သည်။
ယခုတွင် ကိစ္စများက ပိုမိုဆိုးဝါးလာပါက သူတို့အတွက် နောက်ထပ် အခွင့်အရေး ရလာလိမ့်ဦးမည်မှာ အသေအချာပင် ဖြစ်သည်။
သူက နတ်ဆင်များ ဤအချိန်တွင် မည်သည့်အတွက် ပါဝင်ရသည်ကို ကောင်းစွာ နားလည်ပေသည်။ သူတို့သည် သူတို့၏ အထူးနည်းစနစ်များအား ရီဖူရှင်းကို လက်ဆင့်ကမ်းပေးလိုက်ကာ လူသားတန်ခိုးရှင်လောကတွင် တစ်နေရာရရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် သူတို့သည် ကောင်းကင်အာဏာစက်ဘုံ အနာဂတ်ပြောင်းလဲမှုတွင် တစိတ်တစ်ပိုင်း ပါဝင်ခဲ့သည်ဟု ပြောနိုင်ပေသည်။
သို့သော် ရှင်းလင်းစွာပင် ခရမ်းရွှေကြွက်ကလန်သည် ထိုသည်အား မြင်တွေ့လိုခြင်း မရှိကြပေ။
“ဘာလို့ မင်းတို့ ကြွက်တွေက နေရာတကာ ပါနေတာတုန်း” နတ်ဆင်ကလန်မှ တန်ခိုးရှင်က သူတို့အား သိမ်းကျုံးကြည့်ကာ မေးသည်။ ရန်ဟောင်နတ်ဆင်၏ မျက်လုံးများထဲတွင် လွှမ်းမိုးနိုင်မှုနှင့် အထင်သေးခြင်းတို့ ပျော်ဝင်နေ၏။ နတ်ဆင်များသည် နတ်ဆိုးဘုံ၌ တော်ဝင်သွေးဆက်များအဖြစ် အမြဲတစေ မြင့်မြတ်သော အဆင့်အတန်းရှိခဲ့သည်။ အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ ခေတ်အခါက သူတို့၏ ရွှေခေတ်ဖြစ်ခဲ့ကာ နတ်ဆိုးဘုံ၌ ထပ်သီးနတ်ဆိုးကလန် ဖြစ်ခဲ့ပေသည်။ ထိုအချိန်က ခရမ်းရွှေကြွက်များသည် စမ်းတဝါးဝါး ဖြစ်နေကြဆဲ ဖြစ်၏။
ထိုသည်မှာလည်း မည်သည့်အတွက်ကြောင့် ခရမ်းရွှေကြွက်များ ဆတ်ဆတ်ထိမခံ ဖြစ်နေရသလဲဟူသည့် အကြောင်းရင်းပင် ဖြစ်သည်။ နတ်ဆိုးဘုံတွင် များပြားလှသည့် တော်ဝင်နတ်ဆိုးကလန်များက သူတို့အား အထင်အမြင်သေးကြသည်။ သူတို့က အမှန်တကယ် အားကောင်းကြလျှင်ပင် သူတို့အပေါ် အသိအမှတ်ပြု လေးစားသည်မှာ ရှားလေသည်။
ခရမ်းရွှေရောင်ဝါက တောက်ပလာကာ ပေါက်ကွဲထွက်လာ၏။ ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်၏ ခန္ဓာကိုယ်သည် ရောင်စဉ်များ တောက်ပနေခဲ့သည်။ သူက ရှေ့သို့ ရွေ့လျားလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ “ကျုပ်တို့ ကြွက်တွေက နတ်ဆင်တွေရဲ့ အစွမ်းကို ကြုံတွေ့ဖူးချင်ပါသေးတယ်”
သူက ပြောပြီးသည်နှင့် လက်ကို မြှောက်ကာ တိုက်ခိုက်မှုအား ဖော်ထုတ်သည်။ ကောင်းကင်ထက်တွင် အဆုံးမဲ့ ကြီးမားသည့် ခရမ်းရွှေကြွက်ပုံရိပ် ပေါ်ပေါက်လာကာ ကောင်းကင်ကို ကာဆီးလျက် အောက်ဘက်ရှိ ရန်ဟောင် နတ်ဆင်ကို ကိုက်ရန် ကြံရွယ်သည်။
ရန်ဟောင်နတ်ဆင်က မျက်မှောင်ကြုတ်သည်။ ဤကြွက်က သတ္တိကောင်းကာ သူ့အား တိုက်ခိုက်ရဲပေသည်။ သို့သော် သူက တစ်ဖက်လူ၏ ရည်ရွယ်ရင်းကို ချက်ချင်း နားလည်သဘောပေါက်ခဲ့သည်။ ကြွက်များသည် ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများ လုပ်ချင်သည်ကို လုပ်ခွင့်ရစေရန် သူတို့အား ဟန့်တားထားလိုခြင်း ဖြစ်သည်။
လေထဲသို့ ခြေချလိုက်ပြီး ကြီးမားသည့် နတ်ဆင်၏ ပုံရိပ်ပေါ်ပေါက်လာကာ ရန်ဟောင်နတ်ဆင် တိုက်ပွဲသဏ္ဌာန်က ကောင်းကင်နှင့် မြေကြီးကိုပင် ကွဲအက်သွားစေသည်။
ထိုအချိန်တွင် ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်များသည်လည်း ရှေ့သို့ လျင်မြန်စွာ တိုးဝင်သွားသည်။ ချက်ချင်းပင် ကောင်းကင်အာဏာစက် နတ်အလင်းက ကောင်းကင်ကို လွှမ်းခြုံသွားပြီး အဆုံးမဲ့ လေဟာနယ်အတွင်း ဤနေရာအား ပိတ်ဆို့ထားသည်။ သူတို့သည် ရီဖူရှင်းအား ဤနေရာတွင်ပင် သတ်ဖြတ်ရန် ရည်ရွယ်နေသည်။
“သူ့ကို ကာကွယ်ကြ” ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များက မျက်မှောင်ကြုတ်သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ ဤရန်ဟောင်များက အမှန်တကယ် စိတ်ပိုင်းဖြတ်ပြီး ဖြစ်ပုံရသည်။ သူတို့ အားလုံးကို ရှုံးနိမ့်စေရန်ထက် သူတို့ ကာကွယ်နေသည့် သူများထဲမှ အားနည်းသည့် တန်ခိုးရှင်တို့ကို သတ်ရသည်က ပို၍ လွယ်ကူပေသည်။ ထို့ကြောင့် သူတို့က ကောင်းကင်အာဏာစက် ချုပ်နှောင်မှု အလင်းလွှာကို အသုံးပြုကာ သူတို့အား အပြင်ဘက်မှ ရီထျန်းယွိဆီ ချဉ်းကပ်ရာ၌ နှောင့်နှေးစေရန် လုပ်ဆောင်ထားသည်။
“ဂရုစိုက်” တစ်ယောက်က ရီဖူရှင်းကို ပြောသည်။ ဤတိုက်ခိုက်မှုက ရီဖူရှင်း၏ အသက်ကို ယူဆောင်ရန် ရည်ရွယ်နေသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်သည် သတ်ဖြတ်ရန် ရည်ရွယ်ချက်အား လက်ကိုင်ထားထားကြပြီး သူတို့က ရီဖူရှင်းကို ဤနေရာတွင် သတ်ဖြတ်ချင်နေသည်။
ဂူတုံးလျှိုက တိကျသေချာသည့် အဆင့်အတန်းတစ်ခု ရှိနေပြီ ဖြစ်ရာ ရီဖူရှင်းကို သတ်ဖြတ်ပစ်သည်ကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။ မဟုတ်လျှင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်နှစ်ဦး ရှိနေခြင်းက သူတို့အတွက် အနာဂတ်တွင် ပြဿနာကြီး ဖြစ်စေပေလိမ့်မည်။
သတ်ဖြတ်ခြင်း နတ်အလင်းတို့က ကောင်းကင်မှ ကျလာပြီး ရီဖူရှင်းထံ တိုက်ရိုက်တိုးဝင်သွားသည်။ ကောင်းကင်နတ်တံခါးမှ ရန်ဟောင်သည် ခုန်ထွက်လာကာ ရီဖူရှင်းရှိနေသည့်နေရာအား အကာအကွယ် ပြုလုပ်ပေးသည်။ နတ်အလင်းများက တောက်ပလာပြီး နတ်ဝင်္ကပါ ဖြစ်တည်လာသည်။
သို့သော် အခြားတစ်ဖက်တွင် လက်ကို မြှောက်ကာ လေဟာနယ်ကို ဖြတ်ခွင်း၍ ရီဖူရှင်းထံ တိုးဝင်လာသည့် တန်ခိုးရှင်တစ်ဦး ရှိနေသေးသည်။ သူတို့က အကြာကြီး တိုက်ခိုက်ရန် စိတ်မဝင်စားဘဲ ရီဖူရှင်းကိုသာ သတ်ဖြတ်ချင်နေပေသည်။
နတ်အလင်းများက အတားအဆီး ဝင်္ကပါအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို ပိတ်ဆို့ကာဆီးထားသည်။ ထိုလက်တစ်ချောင်း ကျဆင်းလာသည့်အခါ ကောင်းကင်တွင် နတ်အလင်းများ လွှမ်းခြုံနေသည်။ ယင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်မှု ဖြစ်ပေသည်။
နတ်ဆင်ကလန်မှ တန်ခိုးရှင်များသည် ခရမ်းရွှေကြွက်များ၏ ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ခံနေရကာ အခြေအနေက မလူးသာမလွန့်သာ ဖြစ်နေသည်။
အလွန်များပြားသည့် ရန်ဟောင်များ ရှေ့တွင် ရီဖူရှင်းသည် အားနည်းနေပုံရကာ သူတို့၏ တိုက်ခိုက်မှုအား ခံနိုင်ရည်မရှိနိုင်ပေ။
ထိုအချိန်၌ အားကောင်းလှသည့် မဟာလမ်းစဉ် စွမ်းအားက ကောင်းကင်ထက်မှ ကျဆင်းလာပြီး သူတို့အားလုံးကို ဖိနှိပ်ထားသည်။
နတ်အလင်းက တည့်မတ်စွာ ကျဆင်းလာပြီး ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များ၏ မျက်နှာက ပြောင်းလဲသွားသည်။ သူတို့က ခေါင်းမော့ကာ ကောင်းကင်သို့ ကြည့်လိုက်ကြ၏။ ကောင်းကင်တွင် ကျက်သရေရှိလှသည့် မျက်နှာတစ်ခု ပေါ်ပေါက်လာသည်။ ထိုမျက်နှာသည် အလွန် ပြီးပြည့်စုံလှကာ ကျယ်ပြောလှသည့် ကောင်းကင်အာဏာစက်ဘုံ တစ်ခွင်၌ပင် ထိုသို့သော မျက်နှာမျိုးကို ရှာတွေ့ရန် ခက်ခဲပေမည်။
သို့သော် ထိုမျက်လုံးများအတွင်း သြဇာလွှမ်းမိုးမှုအပြည့်ရှိနေကာ လူအများသည် ထိုမျက်နှာ၏ အလှကြောင့် စိတ်လှုပ်ရှားမိရန်ပင် မေ့သွားစေသည်။
အကြည့်တစ်ချက်နှင့်ပင် ရန်ဟောင်များနှင့် နတ်ဆိုးအင်ပါယာတို့ကို ရှင်းပြ၍ မရနိုင်သော ခြိမ်းခြောက်မှုအား ခံစားရမိစေကာ တိုက်ခိုက်မှုများက ချက်ချင်းရပ်စဲသွားခဲ့သည်။
“အရှင်မ” ဗြဟ္မာ့ကောင်းကင်မြို့မှ မရေတွက်နိုင်သော လူများသည် ကောင်းကင်ထက်၌ ထိုမျက်နှာ ပေါ်လာသည်ကို မြင်သည့်အခါ တလေးတစားနှင့် အရိုအသေပြုလိုက်ကြသည်။ လူအများသည် အရှင်မအား ကိုယ်တိုင်မြင်တွေ့ခွင့် ရလိုက်သည့်အတွက် အလွန် စိတ်လှုပ်ရှားနေကြပေသည်။
“မင်းတို့တွေ ဒီလို ပရမ်းပတာ လုပ်နေမယ်ဆိုရင် ဗြဟ္မာ့ကောင်းကင်မြို့ကနေ ထွက်သွားကြ” အလွန် မောက်မာပြီး အေးစက်သည့်အသံက ကောင်းကင်ထက်မှ ထွက်ပေါ်လာခဲ့သည်။ ယင်းအသံသည် အာဏာရှင်ဆန်၍ လွှမ်းမိုးချုပ်ကိုင်နိုင်ကာ ငြင်းဆန်၍ မရနိုင်သည့် စွမ်းအားတို့ ပါဝင်နေသည်။ တိုက်ခိုက်ခြင်းက ချက်ချင်းရပ်တန့်သွားသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များ၏ အကြည့်က မည်းမှောင်သွားသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်က ယနေ့ ဖြစ်ရပ်အတွက် တာဝန်ရှိသော်လည်း သူတို့၏ ဘုရင်က ဤနေရာ၌ မရှိသည့်အတွက် သူတို့ထဲက မည်သူကများ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အရှင်မကို ပြောဆိုရန် အရည်အချင်း ပြည့်မီလိမ့်မည်နည်း။
မည်သူကမှ သူမအား မေးခွန်း မထုတ်ရဲကြပေ။
***
စာစဉ်(၁၀၃) ပြီး၏။