← Chapters

အခန်း (၁၇၁-၁၈၀)

Vol. 2 Ch. 171-180

အခန်း (၁၇၁-၁၈၀)

Vol. 2 Ch. 171-180

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၇၁။ ကိုယ်စားလှယ်

ဧပြီသို့ ဝင်ရောက်လာချိန်တွင် ဘန်တာမြို့ရှိ လူများမှာ Frestech ကုန်သည်ကြီးများအသင်းက ငြိမ်ကျသွားသည်ကို ရုတ်တရတ် တွေ့ရှိလိုက်ကြသည်။

Frestech ကုန်သည်ကြီးများအသင်းက ယခင်က မတည်ငြိမ်ခဲ့ခြင်းတော့မဟုတ်ဘဲ သတင်းကြီးများကို အချိန်ကြာမထုတ်ပြန်ခြင်းကို ကျင့်သားမရကြခြင်းသာဖြစ်၏။ ထုတ်ကုန်သစ်ကြော်ငြာသည်ဖြစ်စေ တခြားနာမည်ကြီးသတင်းဖြစ်စေ မည်သို့ဖြစ်ပါစေ လူတို့၏အာရုံက Frestech ကုန်သည်ကြီးများအသင်းထံ ဆွဲဆောင်ခံရမည်သာ။

ဧပြီသို့ ဝင်လာပြီးနောက်၌ Frestech ကုန်သည်ကြီးများအသင်းက တစ်လကြာ တိတ်ဆိတ်နေခဲ့သည်။

ထိုတိတ်ဆိတ်မှုက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မည်သည်ကိုမှ လုပ်ဆောင်မနေခဲ့သည့် အဓိပ္ပာယ်တော့မဟုတ်ပေ။

ထိုအစား Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများမှာ ဆက်လက်လည်ပတ်နေကြပြီး ထုန်ကုန်များကလည်း ထွက်လာနေကာ လမ်ပူရီတိုင်းပြည်၏ နေရာအသီးသီး၌ ရောင်းချနေကြဆဲပင်။

Frestech ကုန်သည်ကြီးများအသင်း တာဝန်ယူထားသည့် ဘန်တာမြို့ပြုပြင်ပြောင်းလဲရေးအစီစဉ်က ရုတ်တရတ် များစွာပိုမို မြန်မြန်ဆန်ဆန် ပြီးလာသည်။

ယခင်ပ အမ်ရစ်ကုန်သည်ကြီးများအသင်းမှ လမ်းတည်ဆောက်ရေးအသင်းတစ်ခုသာ မြို့ပြင်၌ အလုပ်လုပ်နေခဲ့ကြပြီး တစ်ကြိမ်ကို တစ်လမ်းသာ ဖောက်လုပ်ခဲ့ကြသည်။

သို့သော် ယခုတွင် လေးဖွဲ့ရှိနေကာ တစ်ကြိမ်ကို ‌မတူညီသည့် လမ်းလေးလမ်း ဖောက်လုပ်နေကြ၏။

တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုက ဘန်တာမြို့၌ ညဘက်တွင် အလင်းရရန် လမ်းမီးများဆင်ဖို့ စီစဉ်ထားသည်ဟု «ဘန်တာတိုင်းမ်စ်»က ညွှန်းဆိုလာသည်၊ သို့သော် နည်းပညာ အကန့်အသတ်ရှိသဖြင့် ပြင်ဆင်ဖို့ရာ အချိန်အနည်းငယ်လိုမည်ဖြစ်သည်။ ၎င်းတို့သည် တစ်နှစ်အတွင်း ပြီးမြောက်ရန်သာ ကြိုးပမ်းနိုင်၏။

«ဘန်တာတိုင်းမ်စ်»မှ သတင်းထွက်လာပြီးနောက် လဝက်အကြာတွင် ဘန်တာမြို့ရှိ လူအများအပြားမှာ မြို့လမ်းဆုံသစ်၏ ဘေးဘက်များ၌ မီးတိုင်တချို့ ဆောက်လုပ်နေရင်း ၎င်းတို့ထက်၌ မှော်မီးအိမ်များ ထည့်သွင်းနေသည်ကို မြင်ခဲ့ကြသည်။

လူတချို့က ထိုသည်မှာ အမြန်လှုပ်ရှားနေသည်ဟု ထင်ကြသော်လည်း ဥက္ကဌရှုမှ နည်းပညာ အဆင်သင့်မဖြစ်သေးသည်ဟု ဆိုထားချိန်တွင် ၎င်းတို့အနေနှင့် မည်သို့ စတင်ဆောက်လုပ်နိုင်ဦးမည်နည်း? သို့သော် လူအများစုကမူ ထိုလုပ်ရပ်ကို ထောက်ခံကြသည်။

မြို့လမ်းဆုံရှိ မှော်မီးအိမ်များက ညဘက်တွင် နေ့အချိန်ကဲ့သို့ လင်းထိန်နေရန်မှာ မည်မျှ အရေးပါကြောင်းသက်သေပြနေလေသည်။ ၎င်းတို့သာ ဘန်တာမြို့တဝှမ်း၌ မှော်မီးအိမ်များကို ထည့်သွင်းပါလျှင် ညရောက်လာပါကလည်း မှောင်နေမည်မဟုတ်တော့ဘဲ နေ့အချိန်ကဲ့သို့ လင်းထိန်နေမည်ဖြစ်ရာ နေ့အချိန်၌ကဲ့သို့ သက်ဝင်လှုပ်ရှားနေစေမည်ပင်။

သို့ရာ၌ မြို့တော်ရှိ ထိုတိုးတက်မှုများမှလွဲ၍ ဧပြီလတွင် Frestech ကုန်သည်ကြီးများအသင်းမှာ မည်သည်ကိုမှ ကြီးကြီးမားမားမလုပ်ဆောင်ခဲ့ပါချေ။

တစ်စုံတရာကိုသာ ဖော်ပြရမည်ဆိုပါလျှင် Frestech ကုန်သည်ကြီးများအသင်းနှင့် သက်ဆိုင်နေသော ခိုရိုရွာ အနီးရှိ စည်သွပ်သီးစက်ရုံဖြစ်သည်။

သို့သော် စည်သွပ်သီးစက်ရုံက စည်သွပ်သီးကိုသာ ထုတ်လုပ်ကာ သာမန်အသီးများကိုသာ အသုံးပြုသဖြင့် လူများအတွက် မထူးခြားလေရာ ၎င်းကို များများစားစား အာရုံမစိုက်ကြပါချေ။

ထို့ကြောင့် အတိုချုံးဆိုရလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ရုတ်တရတ် နှေးကျသွားပုံရှိပြီး ယခင်က ပြုလုပ်ခဲ့သလို ရှေ့သို့ အလျင်မသွားတော့ပေ။

“ကိုယ်က Frestech ကုန်သည်ကြီးများအသင်းကို ကျေနပ်နေပြီး ရည်ရွယ်ချက်တွေ ပျောက်သွားပြီလို့ ပြောနေကြတယ်လား?” ရှုယီက သူ့လက်ထဲရှိ «ခမာတိုင်းမ်စ်»ကိုကြည့်ကာ မနေနိုင်ဘဲ ရယ်မောလေသည်၊ “ဒီလူတွေက တကယ်ကို အတင့်ရဲတာပဲ။ သူတို့အပြောအရဆို ကိုယ်က လုံးဝအနားယူဖို့ အခွင့်အရေးမရသင့်ဘူးပေါ့?”

“ရှင့်‌အနေနဲ့ အနားမယူ‌လို့မရ‌တာတော့မဟုတ်ပေမယ့် အားလုံးက ရှင်ယူလာတဲ့ အသစ်အဆန်းတွေကို ကျင့်သားရနေကြပြီလေ။ အခုဆို ဘာအသစ်အဆန်းမှ ပေါ်မလာတာ ကြာနေပြီဆိုတော့ အားလုံးကျင့်သားမရဖြစ်နေကြတာလို့ ကျွန်မထင်တယ်။ စတေးလ်မှာ ပြန်ဖြေပြီးနောက်၌ ရှုယီရှေ့သို့ လှည့်လာကာ မေးသည်၊ “ဘယ်လိုလဲ? ကြည့်ကောင်းရဲ့လား?”

ရှုယီက လက်မထောင်ကာ ပြန်မရုတ်သိမ်းဘဲ ဆိုလာ၏၊ “အရမ်းကောင်းတယ်!”

စတေးလ်ကလည်း အသာပြုံး၍ အာမန်နီကုန်သည်ကြီးများအသင်း၏ ထိပ်တန်း ဒီဇိုင်နာများပြုလုပ်ပေးထားသည့် အထူးနို့နှစ်ရောင် ဖြူစွတ်စွတ်ဝတ်စုံကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် အသာမျက်မှောင်ကုပ်လာလေရာ တစ်စုံတရာကို မကျေနပ်သယောင်ရှိ၏။

“ဒီဝတ်စုံက မဆိုးပေမယ့်လည်း ဘာလို့ ကျွန်မနဲ့ကျ မာတာ’လိုမျိုး ကြည့်ကောင်းနေတာမဟုတ်ဘူးလို့ ခံစားနေရတာပါလိမ့်?”

“ဘယ်လိုဖြစ်နိုင်မှာလဲ?” ရှုယီက ချက်ချင်းငြင်းဆိုလာ၏၊ “မာတာ’ရဲ့ ပုံစံက မဆိုးပေမယ့်လည်း သူမက နတ်သူငယ်တစ်ယောက်ပဲလေ။ သူမဆီမှာက သိမ်မွေ့ပြီး လိုက်ဖက်တဲ့ ခံစားချက်ရပေမယ့် မင်းရဲ့တောက်ပနေပုံကို လုံးဝမယှဉ်နိုင်ပါဘူး။ မင်းက တစ်ချက်ကြည့်ရုံနဲ့တင် လူတွေကို ပျော်ရွှင်စေနိုင် မဟုတ်လား? ဒီဝတ်စုံက သူမနဲ့ကြည့်ကောင်းပေမယ့်လည်း မင်းနဲ့ယှဉ်နိုင်ဖို့တော့ အဝေးကြီးလိုပါသေးတယ်!”

“ဒီလိုလား?” စတေးလ်က ရှုယီကို အပြုံးဖြင့် မျက်လုံးတစ်ဖက်မှိတ်ပြကာ၊ “ရှင့်မှာက အပြောကောင်းတဲ့ ပါးစပ်‌ရှိနေတာဆိုပေမယ့် မာတာ’သာကြားရင် သေချာပေါက် နာကျင်သွားလိမ့်မယ်။”

“ကျစ်၊ သူတို့ နာကျင်လည်း ဘာဖြစ်လဲ။ သူတို့ ဒီမှာရှိနေရင်တောင် ကိုယ်က အဲ့တိုင်းပဲပြောမှာ။ ကိုယ့်ရဲ့ဇနီးလေးကို ချီးကျူးတာပဲကို သူတို့က ဘာများပြောရဲမှာလဲ? ပြီးတော့လည်း မင်းက အခုဆို သူတို့ရဲ့ ကိုယ်စားလှယ်ဖြစ်နေတော့ မင်းအပေါ် ဘာအမြင်မှ ရှိလောက်မှာ မဟုတ်‌ဘူးလေ၊ဟုတ်တယ်မို့လား?” ရှုယီက အပြုံးဖြင့်ပြောသည်။

“ဟေး၊ ကျွန်မကနောက်သုံးရက်နေမှ ရှင့်ရဲ့ဇနီးဖြစ်မှာပါနော်၊ ဒီတိုင်းလျှောက်ပြော‌မနေပါနဲ့။” စတေးလ်က အပြုံးဖြင့် ခုခံပြောဆိုလာသည်။ သူမက စဉ်းစားကြည့်ပြီးနောက် ခေါင်းခါကာ ခါးသက်သက်ပြုံးသည်၊ “အချိန်ခဏလောက် သူတို့ရဲ့ ကိုယ်စားလှယ်ဖြစ်ပြီးနောက်မှာ ရှင်ဘာကြောင့် ကျွန်မကို ဒါလုပ်ခိုင်းမှန်း သဘောပေါက်သွားတယ်။ ဒီနတ်သူငယ်တွေက တကယ်ကို..... အမ်း၊ တုံးတာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်မတို့ လူသားတွေရဲ့ ထုံးတမ်းတွေကို နားမလည်ကြဘူး။ သူတို့သာ ဥက္ကဌဗင်းဆင့်ထ်လို မြေခွေးအိုကြီးနဲ့ ညှိနှိုင်းရင် သူ့ဆီက အရောင်းစားခံလိုက်ရရင်တောင် ငွေ‌တွက်ပေးလောက်တယ်။”

ရှုယီက ရယ်ကာ၊ “ဥက္ကဌ ဗင်းဆင့်ထ်က ဒီလိုလုပ်မှာတော့ မဟုတ်ပေမယ့် သူတို့က အခု ကြယ်ပွင့်တွေဆိုတော့ သူတို့ကို ရဖို့ ကြိုးစားနေတဲ့လူတွေ များလာလိမ့်မယ်။ သူတို့ကို ကူညီမယ့် ကိုယ်စားလှယ်သာမရှိရင် ဒီလိုမျိုးက တကယ်ကြီးဖြစ်လာမှာပဲ။ ကိုယ်မင်းကို ဒီလိုတစ်ခါမှ မမေးခဲ့ဖူးပေမယ့် စတေးလ် မင်းရဲ့လက်ရှိ အလုပ်မှာ မင်းပျော်ရဲ့လား? မင်းသာ သဘောမကျရင် မင်းကို တစ်ခုခုလုပ်ခိုင်းလို့ရပါတယ်။ ဥပမာ ပြောရရင် Frestech ကျောင်းတော်လည်း ပြီးတော့မှာ ဆိုတော့ ကျောင်းအုပ်နဲ့ ဆရာ၊ဆရာမ အတော်များများကို လိုနေသေးတော့ မင်းလည်း လုပ်လို့ရတယ်။”

“အဲဒါကို မေ့ထားလိုက်ပါ၊ ကျွန်မ သူတို့ရဲ့ ကိုယ်စားလှယ်ဖြစ်ရတာ ပျော်ပါတယ်။ ဒီနတ်သူငယ်တွေက အရမ်းကို သန့်စင်ကြပြီး သူတို့နဲ့ အတူရှိရတာလည်း အတော်ကို ရိုးရှင်းပြီး အ‌ရမ်းပျော်စရာကောင်းတယ်။ သူတို့ကို ကူညီပြီး လူနေမှုဘဝထဲ ဝင်ဆံ့စေနိုင်တာကတင် ကျွန်မအတွက် အောင်မြင်မှုကြီးတစ်ခုလို ခံစားနေရပါပြီ။” စတေးလ်က ပြောသည်။

“မင်းပျော်ရင် ရပြီ။” ရှုယီက ခေါင်းငြိမ့်ကာ ပြုံးလေ၏။

နောက်ဆုံးတစ်ခေါက်က စတေးလ်မှာ သူမထံ၌ မည်သည်မှ လုပ်စရာမရှိဘဲ အင်မတန်ပျင်းရိနေပြီး အသုံးမဝင်သလိုခံစားနေရသည်ဟု ပြောခဲ့သည်။ ရှုယီလည်း ဂရုတစိုက်စဉ်းစားကြည့်ပြီးနောက် စတေးလ်အား အာမန်နီကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးမည့် နတ်သူငယ်ငါးဦးတို့အတွက် ကိုယ်စားလှယ်ဖြစ်ရန် အကြံကိုရသွားခဲ့သည်။

ညတေးသံမျိုးနွယ်စု နတ်သူငယ်များက ဘန်တာမြို့၌ အကြိမ်များစွာ ပေါ်လာခဲ့သော်လည်း မိုးကျတောအုပ်ရှိ ညတေးသံမျိုးနွယ်စုထံ သွားနိုင်သည့် လူသားများမှာ ရှုယီ၊ စတေးလ်နှင့် ဗီဗီယန်တို့သာ ဖြစ်သည်။

ညတေးသံမျိုးနွယ်စုအတွက် ထိုလူသုံးယောက်ကိုသာ အမှန်တကယ်ယုံကြည်ကြသည်။

ရှုယီက ကိစ္စများစွာဖြင့် အလုပ်များနေကာ ဗီဗီယန်ကလည်း ကျောင်းရှိသေးသောကြောင့် ထိုအလုပ်အတွက် စတေးလ်ကသာ သင့်တော်လေသည်။

ထိုကိုယ်စားလှယ်ဆိုသည်မှာ ကမ္ဘာမြေရှိ ကြယ်ပွင့်များ၏ ကိုယ်စားလှယ်လိုပင်။ အာမန်နီကုန်သည်ကြီးများအသင်းနှင့် နတ်သူငယ်များ ညှိနှိုင်းဖို့ကို ကူညီပြီး အကောင်းဆုံးဆက်ဆံမှုပေး၍ အလုပ်၌ ပိုကောင်းကောင်းဝင်ဆန့်ကာ လူသားများနှင့် ဆက်ဆံရာတွင်လည်း ပို၍ လုံခြုံကာ အဆင်ပြေရန်ဖြစ်သည်။

ယခင်က ထိုနတ်သူငယ်ငါးဦးမှာ လူသားများအပေါ် သတိထားခဲ့သဖြင့် အာမန်နီ ကုန်သည်ကြီးများအသင်း၌ ၎င်းတို့၏ အလုပ်က မတွင်တော့ချေ။

သို့သော် စတေးလ်က ၎င်းတို့၏ ကိုယ်စားလှယ်ဖြစ်ပြီးနောက်တွင် ယခင်က စတေးလ်၏ ကြယ်ပွင့်ဖြစ်ဖူးသည့် အတွေ့အကြုံနှင့် နတ်သူငယ်များထံမှလည်း ယုံကြည်မှုရထားသည့် အချက်ကြောင့် သူမက ၎င်းကို အတော်လွယ်ကူစွာ ဂရုစိုက်ခဲ့သည်။ နတ်သူငယ်များ၏ အလုပ်က များစွာပိုမိုချောမွေ့လာရုံမျှမက ပိုလို့ပင် သက်သာလာကြကာ လူသားများနှင့် စကားပြောချိန်၌လည်း ပိုမို စိတ်အေးလာကြ၏။

“အခြေခံအရတော့ အာမန်နီ ကုန်သည်ကြီးများအသင်းနဲ့အတူ အလုပ်လုပ်နေတဲ့ သူတို့ကြားမှာ ဘာပြဿနာ‌မှမရှိတာကြောင့် အခု ကျွန်မ အတော်ကို အားနေတာ။ လုပ်စရာ များများစားစားလည်းမရှိဘူး။” စတေးလ်က ပြောသည်၊ “ဒီပေမယ့် ဒီအလုပ်ကနေတဆင့် မာတာ’နဲ့ မိတ်ဆွေတွေဖြစ်လာရတာကို အရမ်းဝမ်းသာတယ်။”

“မင်းသာ ဒီအလုပ်လမ်းကြောင်းကို စိတ်တိုင်းကျတယ်ဆိုရင် ချဲ့ထွင်ဖို့ရော စဉ်းစားထားလား?” ရှုယီက မေး၏။

“ချဲ့ထွင်ဖို့? ဘယ်လိုလဲ?” စတေးလ်က တအံ့တဩဖြင့် ပြန်မေးလာသည်။

“ဒါက..... မျှော်လင့်မထားတာတွေသာ ဖြစ်မလာရင် လူသားလုပ်ငန်းစုတွေအတွက် အလုပ်လုပ်မယ့် နတ်သူငယ်တွေ လူပုလေးတွေ ပိုများလာပြီး သားရဲလူမျိုးတွေတောင်ရှိလာတော့မှာ။ မင်း သူတို့ရဲ့ ကိုယ်စားလှယ်လုပ်ပြီး ကိစ္စမျိုးစုံမှာ ကူညီချင်လား?”

စ‌တေးလ်က ရုတ်တရတ် မျက်မှောင်ကုပ်လေ၏၊ “လူပုလေးတွေက အဆင်ပြေပါသေးတယ်၊ ဒါပေမယ့် ရှင်တကယ် ကျွန်မကို အဲဒီ့ သားရဲလူမျိုး အရိုင်းကောင်တွေနဲ့ တစ်နေ့လုံး ရှိနေစေချင်လို့လား?”

“သားရဲလူမျိုးတိုင်းက ရိုင်းစိုင်းနေတာတော့ မဟုတ်ပါဘူး။ ဆန်နက်မြေရိုင်းမှာ ရိုင်းစိုင်းပြင်းထန်တဲ့ သားရဲလူမျိုး မျိုးနွယ်စုအတော်များများရှိပေမယ့်လည်း မရိုင်းစိုင်းဘဲ သိမ်မွေ့တဲ့ သားရဲလူမျိုးတွေလည်း အတော်များများရှိပါတယ်။ ဥပမာပြောရရင် ဆန်နက်မြေရိုင်းကို ဥက္ကဌ ဗင်းဆင့်ထ်သွားတုန်းက လူသားတွေနဲ့ ဆင်တူတဲ့ မြေခွေးနဲ့ ယုန်မျိုးနွယ်စုတွေဆီသွားခဲ့သေးတယ်။ ပြီးတော့လည်း သူ‌တို့က အတော်လှကြတာ။ ဥက္ကဌဗင်းဆင့်ထ်တောင် အာမန်နီကုန်သည်ကြီးများအသင်းအတွက် မော်ဒယ်လုပ်ဖို့ မြေခွေးမျိုးနွယ်နဲ့ ယုန်မျိုးနွယ်မိန်းကလေးတချို့ကို စုဆောင်းမလို့ စီစဉ်နေတယ်လို့ ကိုယ့်ကို ပြောသေးတယ်။”

“မြေခွေးမျိုးနွယ်စု? ယုန်မျိုးနွယ်စု?” စတေးလ်မှာ စဉ်းစားကြည့်သော်လည်း သားရဲလူမျိုးများနှင့် ချောမောလှပသည် ဟူသော စကားလုံးများကို အတူမထားနိုင်ချေ၊ “ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ကျွန်မဒါတွေအားလုံးကို တစ်ယောက်တည်း မလုပ်ချင်ဘူး။”

“ရှင်းပါတယ်၊ မင်းအနေနဲ့ ကြယ်ပွင့် အေဂ....အိုး ကြယ်ပွင့် လုပ်ငန်းစုတစ်ခု ဖန်တီးလိုက်ရုံပေါ့။ လုပ်ငန်းစုက တခြားမျိုးနွယ်စုတွေအတွက် ကိုယ်စားလှယ်အဖြစ်လုပ်ပြီး သူတို့ကို လူသားလုပ်ငန်းစုတွေမှာ အလုပ်လုပ်နည်းလမ်းစဉ်တွေနဲ့ ပတ်သက်ပြီး ကူညီရမှာပဲ။ မင်းတစ်ယောက်တည်းမလုပ်နိုင်တော့ အကူတချို့ရှာရမှာပေါ့။ ဥပမာ မင်းက ရိုင်းစိုင်းဟန်ရှိတဲ့ ဝံပုလွေမျိုးနွယ်စု ဒါမှမဟုတ် ကျွဲရိုင်းမျိုးနွယ်စုတွေနဲ့ ပတ်သက်တာကို မလုပ်ချင်ရင် ဒါကို လုပ်ဖို့ ဆန္ဒရှိမယ့် တစ်ယောက်ယောက်ကို ရှာလိုက်ရုံပဲ။”

“ဒီအကြံမဆိုးဘူး.....” စတေးလ်က ရိုးသားစွာ စဉ်းစားပြီးနောက် ပြောလာသည်၊ “မာတာ’နဲ့ တခြားလူတွေကလည်း သူတို့အနေနဲ့ အာမန်နီကုန်သည်ကြီးများအသင်းနဲ့အတူ အလုပ်‌လုပ်ရတာ အရမ်းပျော်ပြီး ညတေးသံမျိုးနွယ်စုမှာရှိတဲ့ သာမန်နေ့ထက်ပိုပြီး ကောင်းတယ်လို့ ပြောကြတယ်။ သူမအနေနဲ့ ညတေးသံမျိုးနွယ်စုကိုတောင် မပြန်ချင်တော့ဘူးလို့ပြောသေးတယ်။ သူတို့အပြောအရဆို လူသားလုပ်ငန်းစုတွေမှာ အလုပ်လုပ်ချင်ပြီး လူသားတွေနဲ့ ယှဉ်တွဲနေထိုင်ချင်တဲ့ တခြားမျိုးနွယ်တွေလည်း ရှိမှာပဲ။ အမ်း..... ဒီအလုပ်မှာ အလားအလာတော့ရှိပေမယ့် ရှင့်အနေနဲ့ အရင်ဆုံး ကျွန်မ ဆက်လုပ်ချင်၊ မလုပ်ချင်ကို စဉ်းစားခွင့်ပေးသင့်တယ်။”

စတေးလ်က အတွေးနက်နေသည်ကို မြင်သော် ရှုယီက ပြုံး၍ သူမခါးကို ဆွဲဖက်ကာ ပါးပေါ် တစ်ချက် နမ်းလိုက်သည်။

“ရှေ့လျှောက် မင်းအနေနဲ့ လုပ်ချင်၊ မလုပ်ချင်ကို စဉ်းစားလို့ရပါတယ်။ အခုကတော့ ကိုယ်နဲ့အတူ တတ်နိုင်သမျှ အလှဆုံးပုံစံနဲ့ လက်ထပ်ဖို့ကို ဦးစားပေးသင့်တယ်။”

စတေးလ်က ရှုယီကို မျက်လုံးလှိမ့်ပြလာကာ၊ “ကျွန်မက အခု မလှလို့များလား?”

ရှုယီက ချက်ချင်း ရယ်မောလာလေသည်၊ “လှပါတယ်! သေချာပေါက် လှပါတယ်ဗျာ! ကျွန်တော် ရှုယီရဲ့ မိန်းမလေးက ဘယ်အချိန်မဆို အလှဆုံးပါပဲ!”

စတေးလ်က ပျော်ရွှင်စွာပြုံးလျက် ပွေ့ဖက်ကာ ရှုယီကို အားအပြည့်ဖြင့် နမ်းလာတော့၏။

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၇၂။ လက်ထပ်ပွဲ

Frestech ကုန်သည်ကြီးများအသင်းက ဧပြီ၌ တည်ငြိမ်နေခဲ့၍ အခြားလူများကို မတည်ငြိမ်ဖြစ်စေသည်ဟု ဆိုရလျှင် မေလသို့ ရောက်လာသည်နှင့် အားလုံး၏ အာရုံကို Frestech ကုန်သည်ကြီးများအသင်းဆီ ပြန်ဆွဲယူမည့် အံ့ဩစရာ သတင်းတစ်ခု ထုတ်ပြန်လာခဲ့သည်။

ထိုအံ့အားသင့်ဖွယ်သတင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရှုယီက သခင်မလေးစတေးလ်နှင့် လက်ထပ်မည့်အကြောင်းပင်!

«ဘန်တာတိုင်းမ်စ်»မှ ထိုအံ့အားသင့်စရာ သတင်းကို ထုတ်ပြန်လိုက်ချိန်တွင် ဘန်တာမြို့မှာ ချက်ချင်းရုတ်ရုတ်သဲသဲဖြစ်သွားသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့ရှိလူတိုင်း အာရုံစိုက်သည့် လုပ်ငန်းစုဖြစ်လာသည်။ ဥက္ကဌဖြစ်သူ ရှုယီမှာ ငယ်ရွယ်၊ ခန့်ညား၊ ချမ်းသာပြီး ဘုရင်ကြီးကိုယ်တိုင်ပေးအပ်ထားသည့် ဘာရွန်အဆင့်လည်းရှိပေသည်။

ထိုသို့သော ထူးချွန်ထက်မြတ်သည့် လူငယ်တစ်ယောက်မှာ ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များရှိ မိန်းမငယ်လေးအားလုံး၏ စိတ်ကူးယဉ်ချစ်သူဖြစ်နေပြီးသားပင်။

ရှုယီနှင့် စတေးလ်တို့ စတင်တွဲပြီးနောက်ပိုင်းတွင်ပင် ရှုယီထံ ရဲတင်းစွာ ဖွင့်ပြောခဲ့သည့် မိန်းကလေးများစွာရှိခဲ့သည်။ ရှုယီနှင့် တူညီသည့် ပွဲတက်ကာ သူ့အပေါ် ခံစားချက်ရှိကြောင်းပြခဲ့သော မျိုးရိုးမြင့် အမျိုးသမီးငယ်လေးများစွာပင်ရှိပါ၏။

သို့သော် သူ၏လက်ထပ်ပွဲကို ကြေညာလိုက်ပြီဖြစ်ရာ ၎င်းက သူ့အပေါ် မြတ်နိုးနေကြသည့် မိန်းမငယ်လေးများစွာကို တမုဟုတ်ချင်း အသည်းကွဲသွားစေသည်။

ရှုယီထံ၌ ရှိသည့် လွှမ်းမိုးမှုနှင့်ယှဉ်ပါက စတေးလ်မှာ မနိမ့်ကျရုံတင်မက လွှမ်းမိုးမှုက ပိုလို့ပင် အားကောင်းနေသေးသည်။

ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များမှ အသိမှတ်ပြုခံထားရသော ‘ဘန်တာနတ်ဘုရားမ’အနေနှင့် စတေးလ်မှာ အချိန်ကြာ Frestech ကုန်သည်ကြီးများအသင်း၏ ကြော်ငြာတွင် မပေါ်လာခဲ့လျှင်တောင် အမျိုးသားများစွာ၏ နှလုံးသားထဲက နတ်ဘုရားမ ဖြစ်နေဆဲပင်။

စတေးလ်က ရှုယီနှင့် တွဲနေပြီဖြစ်ကြောင်း ကြေညာခဲ့ချိန်တွင် အမျိုးသားများစွာ၏ အသည်းကိုခွဲခဲ့သည်။ ထို့နောက် ရှုယီနှင့် စေ့စပ်ကြောင်းကြေညာခြင်းက ၎င်းတို့၏ နှလုံးသားကို ဓားတစ်ချောင်းနှင့် လှီးဖြတ်နေသလိုဖြစ်၏။

ယခုတွင် ရှုယီကို လက်ထပ်မည်ဖြစ်ကြောင်း ကြေညာလာရာ ၎င်းက သူမကို တိတ်တဆိတ် မြတ်နိုးနေကြသည့် ယောက်ျားပေါင်းများစွာ၏ အသည်းနှလုံးကို အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေသည်။

အဆုံးတွင် ၎င်းတို့၏ လက်ထပ်ပွဲသတင်းကို ကြေညာချိန်၌၏ ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့တို့ရှိ လူများစွာမှာ စတင်ငိုကြွေးကာ မျက်ရည်မြစ်တစ်စင်းကို ဖန်တီးလိုက်ကြသည်။ XD

သို့သော် ဝမ်းနည်းသည်ထက် ဂုဏ်ပြုရန် ရွေးချယ်ခဲ့သူက များပါ၏။

လူအများစုအတွက်မူ ရှုယီနှင့် စတေးလ်က ပြီးပြည့်စုံသည့် အတွဲပါပင်။

ရှုယီနှင့် တွဲဖက်နိုင်မည့် မိန်းကလေးမှာရှားလှသလို စတေးလ်နှင့် တွဲဖက်နိုင်မည့် ယောက်ျားမှာ ပိုလို့ပင်ရှားသည်။

နှစ်ဦးသား၏ပေါင်းစည်းမှုက လူတိုင်း၏ကောင်းချီးကို ရရှိပြီး ချစ်ခြင်းမေတ္တာအပေါ် လူတိုင်း၏မျှော်လင့်ချက်နှင့် ဆန္ဒပင် ပါဝင်နေသည်။

ထိုနှစ်ဦးသာ ပြတ်စဲသွားပါလျှင် ဝမ်းနည်းမည့်လူက ပိုတောင်များပေလိမ့်မည်။

ယခုတွင် ထိုနှစ်ဦးက ချိန်းတွေ့ရာမှစေ့စပ်ပြီး စေ့စပ်ရာမှ လက်ထပ်မည်ဖြစ်ရာ ထိုအတောအတွင်း မည်သည့်သတင်းဆိုးမှလည်း မရှိတော့ဘဲ အမြဲတစေ ချစ်စဖွယ်စုံတွဲပုံရိပ်ကိုသာ ပြသနေ‌သဖြင့် လူတိုင်း၏ နှလုံးသားထဲရှိ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးလေသည်။

«ဘန်တာတိုင်းမ်စ်»ကမူ ၎င်းတို့၏ လက်ထပ်ပွဲအား စာတစ်ကြောင်းဖြင့်သာ ထောပနာပြုခဲ့ပြီး ၎င်းမှာ ထိုနှစ်ဦးသာ လက်မထပ်ဖြစ်ပါလျှင် ချစ်ခြင်းတရား၏ သစ္စာဖောက်မှုဖြစ်ပြီး ဘုရားသခင်သည်ပင် ၎င်းတို့ကို အလွတ်ပေးမည်မဟုတ်ချေ!

လက်ထပ်ပွဲအား မေလ သုံးရက်နေ့ဟု သတ်မှတ်ထားသည်။

ရှုယီ၏အကြံအရ သူဟာ အမှတ်ရ‌နေစေရန် စတေးလ်နှင့် ပထမဆုံးတွေ့ဆုံခဲ့သည့် ဇွန်လ ခုနစ်ရက်နေ့၌ ပြုလုပ်ချင်ခဲ့သည်။

သို့သော် စတေးလ်၏မွေးနေ့က မေလ တစ်ဆယ့်ခြောက်ရက်နေ့၌ဖြစ်ရာ ထိုနေ့ပြီးနောက်တွင် စတေးလ်က နှစ်ဆယ့်နှစ်ဖြစ်လာမည်။

စိုင်စ်နယ်မြေကြီး၏ အစဉ်အလာအရ ရှုယီထူးဆန်းသလိုခံစားရသည်မှာ မိန်းကလေးများက အသက်၂၂နှစ်နောက်ပိုင်းလက်ထပ်လျှင် ပျော်ရွှင်ဖွယ်အိမ်ထောင်ကို မရနိုင်ကြဆိုသည့် အရာပင်။ ထို့ကြောင့် စိုင်စ်နယ်မြေကြီးရှိ မိန်းကလေးများမှာ ၂၂မပြည့်ခင် သို့မဟုတ် နှစ်ဆယ့်သုံးနှစ်ပြည့်ပြီးမှသာ လက်ထပ်ဖို့ ရွေးချယ်ကြသည်။

သို့သော် ရှုယီ၊ စတေးလ်နှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့မှာ လက်ထပ်ဖို့ နောက်ထပ်နှစ်ထိ စောင့်ရန် ဆန္ဒမရှိတော့သဖြင့် ဆယ့်ခြောက်ရက်နေ့မတိုင်ခင် လက်ထပ်ရန် ရွေးချယ်ကာ မေလသုံးရက်နေ့ကို သတ်မှတ်လိုက်ကြ၏။

စိုင်စ်နယ်မြေကြီး၏ ဒဏ္ဍာရီများအရ မေလ သုံးရက်မြောက်နေ့မှာ မဟာနတ်ဘုရားခြောက်ပါးအနက် တစ်ပါးဖြစ်သည့် ဆန်းသစ်လနတ်ဘုရားမ အိုင်ရီနီ ရှူခါ၏ မွေးနေ့ဖြစ်သည်။

ထိုနေ့၌ လက်ထပ်ခြင်းဖြင့် နတ်ဘုရားမ၏ကောင်းချီးကိုရရှိပြီး ၎င်းတို့အား ကောင်းချီးနှင့်ပြည့်စုံသည့် လက်ထပ်ပွဲကို ရစေမည်။

ထို့ကြောင့် မေလသုံးရက်နေ့တွင် ရှုယီနှင့် စတေးလ်တို့သာမက အခြားစုံတွဲများစွာလည်း လက်ထပ်ရန် ရွေးချယ်ကြသည်။

မှန်ပါ၏ အခြားသော စုံတွဲ၏ လက်ထပ်ပွဲမှာ ရှုယီနှင့် စတေးလ်တို့လောက် နာမည်ကြီးဖို့ မဖြစ်နိုင်ပေ။

မေလသုံးရက်နေ့၌ ဘန်တာမြို့ သမိုင်းတွင် အကြီးကျယ်ဆုံးသော လက်ထပ်ပွဲအား အနောက်မြောက်ဘက် ဆင်ခြေဖုံးရှိ အိမ်ရာ၌ ကျင်းပမည်ဖြစ်၏။

ထိုအိမ်ရာမှာ ဥက္ကဌခရုစ်က စေ့စပ်ပွဲလက်ဆောင်ပေးထားသည့် နေရာပါပင်။ စေ့စပ်ပြီးနောက်တွင် နှစ်ဦးသား ပြင်ဆင်ခဲ့ရာမှ လွန်ခဲ့သည့် လဝက်အကြာခန့်က အပြီးသတ်လိုက်ခြင်းဖြစ်သဖြင့် လက်ထပ်ပွဲပြီးနောက်၌ ပထမဆုံးအကြိမ် ပြောင်းရွှေ့လာမည်ဖြစ်၏။

၎င်းလက်ထပ်ပွဲက မည်မျှ ခမ်းနားသည်ကို ဖော်ပြရန်ပင်မလိုချေ၊ လက်ထပ်ပွဲကို လာသည့်လူများနှင့်တင် လူတိုင်းကို တောက်ပနေစေဖို့ လုံလောက်သည်။

ပထမဦးဆုံး လက်ထပ်ပွဲ၏ အကြီးအမှူးမှာ ဘန်တာမြို့စားအရှင်၊ ကောင့်ထ်စီယန်ဆာမော့ပါပင်!

မြို့စားဖြစ်သည့် အရှင်ကောင့်ထ်က လက်ထပ်ပွဲတစ်ပွဲ၏ အကြီးအမှူးဖြစ်ရန်မှာ အမှန်ကို အံ့မခန်းဖွယ်ကိစ္စပါပင်။

သို့ရာတွင် မြို့စားအရှင်မှာ ထိုသို့ ပြုလုပ်ခဲ့ပြီး အင်မတန်ပျော်ရွှင်နေဟန်ရှိ၏။

နောက်တွင် သတို့သမီးဘက်မှ ကိုယ်စားပြုသူမှာ အံ့မခန်း မဟာမှော်ပညာရှင်ကမ်မီလာဖြစ်သည်။

မဟာမှော်ပညာရှင်တစ်ဦးအနေနှင့် သူ၏ဂုဏ်ပုဒ်က ကောင့်ထ်စီယန်၏ အောက်၌ရှိမနေချေ။

နှိုင်းယှဉ်ရလျှင် မဟာမှော်ပညာရှင်ကမ်မီလာ၏ ဘေးနှစ်ဖက်၌ ရပ်နေကြသည့် စတေးလ်၏မိဘများက အဆင့်မြင့် မှော်ပညာရှင်များဖြစ်ကြပါသော်လည်း အဆင့်များစွာပိုနိမ့်သည်။

ဘန်တာမြို့ရှိ အရေးပါဆုံးလူနှစ်ဦးအပြင် မျိုးရိုးမြင့်အားလုံးကပါ လက်ထပ်ပွဲကို တက်ရောက်ကာ လက်ဆောင်များ ကောင်းချီးများယူဆောင်လာခဲ့ကြသည်။

ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို သဘောမတူဆုံးဖြစ်သည့် ဘာရွန်Belil စတက်ဂျ်သည်ပင် တက်ရောက်လာသည်။ သူက ဆုတောင်းပေးကာ ပြုံးလာချိန်တွင် အင်မတန် ရိုးသားနေကာ တွန့်ဆုတ် နေဟန်မရှိချေ။

မျိုးရိုးမြင့်များအပြင် ဘန်တာမြို့လုပ်ငန်းစုများ၏ ခေါင်းဆောင်များအားလုံးလည်း လာကြသည်။

ဆာရန့်ခ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရန့်ခ်, အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌခရုစ်, အာမန်နီကုန်သည်ကြီးများအသင်း၏ ဥက္ကဌဗင်းဆင့်ထ်နှင့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌမော်ဂန်တို့သာမက လုပ်ငန်းစု အကြီး၊အသေးများ အားလုံး၏ ဥက္ကဌများသည်ပင် တစ်ယောက်မကျန် လက်ထပ်ပွဲသို့ တက်ရောက်လာကြသည်။

ပြိုင်ဘက်ဆက်ဆံရေးအစုံအလင်ရှိသည့် လုပ်ငန်းစုများအတွက် ထိုသို့ ဥက္ကဌများအားလုံးကို အတူတကွစု‌စည်းစေရန်မှာ မဖြစ်နိုင်လောက်သည့်ဟန်ရှိ၏။

သို့ရာတွင် အားလုံးက ရှုယီ၏ လုပ်ငန်းစု၌ အတူတကွစုစည်းလာကြပြီး ရှုယီထံ ရိုးရိုးသားသားဆုတောင်းပေးလာကြသည်။

၎င်းကိုသုံးသပ်ရုံနှင့်တင် လက်ရှိဘန်တာမြို့၏ စီးပွားရေးလောကတွင် ရှုယီ၏ အနေအထားကို မြင်ရန် လုံလောက်သည်။

အသေအချာစဉ်းစားကြည့်ပါက လုံးဝ မထူးဆန်းကြောင်းတွေ့ရလိမ့်မည်။

ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့မှာ လက်ရှိ ဘန်တာမြို့ အနေအထားကိုဖန်တီးရာ၌ အရေးကြီး အခန်းကဏ္ဍ၌ ပါဝင်ထားသည်ပင်။

တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မြို့တော်ရှိ လုပ်ငန်းစုများ အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အကျိုးအမြတ်ရခဲ့ကြသည်သာ။

အစိတ်အပိုင်းလုပ်ငန်းစုများအနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်ကြောင့်သာ ပေါ်လာသည်ကို ထည့်ပြောရန်ပင် မလိုပါချေ။

ထို လုပ်ငန်းစုလေးများမှာ တစ်လလျှင် ဝင်ငွေ ရွှေဒင်္ဂါးထောင်နှင့်ချီ၍ ရကြသည်။ ၎င်းမတိုင်ခင်က ထိုသူတို့မှာ ဘန်တာမြို့၌ တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်ရာပင်မရကြသည့် သာမန်လူများသာဖြစ်ခဲ့သည်။

ထိုလူများ၏ စိတ်တွင်း၌ သဘာဝကျကျပင် ရှုယီကို ကျေးဇူးတင်ကြသည်။

ထိုလူများအပြင် ရှုယီကို ကျေးဇူးအတင်ကြဆုံးလူများမှာ ဘန်တာမြို့ပြင်ရှိ ကျေးရွာများမှ သာမန်လယ်သမားများပင်။

Frestech ကုန်သည်ကြီးများအသင်း ပေါ်ထွက်လာကတည်းက ပထမဦးဆုံး ‌စိုက်ပျိုးရေးသုံးမှော်စက်များကို တီထွင်ကာ ဘန်တာမြို့ရှိ လယ်စိုက်နှုန်းကို တိုးစေခဲ့သည်။ ယခု ၂နှစ်တာအတွင်းတွင် လူတိုင်းမှာ ဝမ်းစာမဖြည့်နိုင်သည့် နာကျင်မှုမျိုးကို ခံစားဖို့ မလို‌ကြတော့ချေ။

၎င်းနောက်၌ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့၏ ဖွံ့ဖြိုးမှုကို ဦးဆောင်ခဲ့လေရာ လယ်သမားအယောက်စီတိုင်းက သင့်လျော်သည့်အလုပ်အကိုင်ကို ရှာဖွေနိုင်ပြီး ဝင်ငွေကလည်း ယခင်ကထက် အဆမတန်မြင့်မားလာလေသည်။

ယခုတွင် ဘန်တာမြို့သားများမှာ အလုံအလောက်စားသောက်နိုင်ရုံသာမက လူနေမှုအဆင့်အတန်းမြင့်မားလာဖို့ရန် ရွှေဒင်္ဂါးအပိုများ ရှိလာနိုင်ပြီဖြစ်၏။

ထိုအရာအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ ရောက်လာခဲ့ခြင်းဖြစ်လေ၏။

ထို့ကြောင့် ဤလက်ထပ်ပွဲ၌ မျိုးရိုးမြင့်များနှင့် ကုန်သည်များအပြင် မြို့ပြင်မှ ဂုဏ်ပြုရန် ရောင်လာကြသည့် လယ်သမားများလည်းရှိသည်။

ထိုသည်မှာလည်း မြင်ရခဲလှသည့် မြင်ကွင်းတစ်ခုပါပင်။

ရှုယီကဲ့သို့သော ကုန်သည်ကြီးတစ်ဦး၏လက်ထပ်ပွဲ၌ ပုံမှန်အားဖြင့် ဧည့်သည်များမှာ တူညီသည့် အနေအထားရှိသော မျိုးရိုးမြင့်များနှင့် အခြားသော ကုန်သည်များသာ ဖြစ်သင့်သည်။ ရှုယီ၏ ဂုဏ်ပုဒ်နှင့် မအပ်စပ်သည့် သာမန်လယ်သမားများအားလုံး ဤနေရာသို့ ရောက်လာကြခြင်းမှာ တကယ်ကို ထူးဆန်းပါ၏။

သို့သော် ရှုယီက ရောက်လာကြသည့် ဧည့်သည်အားလုံးကို ကြိုဆိုကာ ဖိတ်ကြားလေသည်။

ထို့ကြောင့် ဤသည်မှာ သမိုင်း၌ ဘန်တာမြို့၏ အခမ်းနားဆုံးလက်ထပ်ပွဲဖြစ်နိုင်ကာ ဘန်တာမြို့သမိုင်းတစ်လျှောက်တွင် ဧည့်သည်အားလုံးကို ကြိုဆိုသည့် တစ်ခုတည်းသော လက်ထပ်ပွဲဖြစ်ပါ၏။

ကမ္ဘာမြေမှ တရုတ်နိုင်ငံရှိ လက်ထပ်ပွဲများနှင့် နှိုင်းယှဉ်ရလျှင် စိုင်စ်နယ်မြေကြီး၏ လက်ထပ်ပွဲ အစဉ်အလာမှာ ရှုယီ၏ဂုဏ်ပုဒ်နှင့်ဆိုလျှင် ပို၍ရိုးရှင်းပါသော်လည်း ဤလက်ထပ်ပွဲ၌ အဆင့်တစ်ခုစီတိုင်းကို လိုက်နာရမည်ဖြစ်သည်။

ပထမဦးစွာ အန်ဗီမာမြို့တော်မှ ၎င်းတို့ အထူးတလည်ဖိတ်ကြားထားသည့် ဘုန်းတော်ကြီးထံမှ ကောင်းချီးကို ခံယူကာ ရှုယီနှင့် စတေးလ်တို့မှာ ဘုရားသခင်ထံ သစ္စာပြုရမည်ဖြစ်သည်။ ထို့နောက် ရှုယီက မျိုးရိုးမြင့်ဖြစ်သောကြောင့် ဤနေရာရှိ အဆင့်အမြင့်ဆုံး မျိုးရိုးမြင့် ဖြစ်သည့် ကောင့်ထ်စီယန်ထံ၌ စတေးလ်ကို ထာဝရကာကွယ်ပေးမည်ဖြစ်ကြောင်းကို ကျိန်ဆိုရမည်ဖြစ်၏။ ၎င်းနောက်တွင် ၎င်းတို့မှာ မှော်ပညာရှင်များဖြစ်ပြီး မဟာမှော်ပညာရှင်ကမ်မီလာ၏ မဟာမှော်ပညာရှင်ဟူသော ဂုဏ်ပုဒ်အရ မှော်သစ္စာလည်း ပြုရမည်ဖြစ်သည်။

ထိုသစ္စာပြုခြင်းများ ပြုလုပ်ပြီးနောက်တွင် ကောင်းချီးအမျိုးစုံအားလုံး လက်ခံရမည်ဖြစ်၏။

ထိုသည်မှာ တစ်နာရီကြာပြီးနောက်မှသာ ပြီးဆုံးသွားသည့် လုပ်ရိုးလုပ်စဉ်ဖြစ်သည်။

ဓလေ့ထုံးတမ်းများအရ ဧည့်သည်တစ်ဦးမှ လက်ထပ်ပွဲသို့ လာရောက်သည်နှင့် စုံတွဲကို ကောင်းချီးပေးရန် အရည်အချင်းမီပေသည်။

ဤတစ်ခေါက်လာရောက်ကြသော ဧည့်သည်များမှာ အလွန်တရာများပြားလှသည်ပင်။ မဟာမှော်ပညာရှင်ကမ်မီလာနှင့် ကောင့်ထ် စီယန်မှသည် မြို့ပြင်မှ လယ်သမားများအထိဖြစ်လေရာ အဖွဲ့တစ်ဖွဲ့စီမှ ကိုယ်စားလှယ်တစ်ဦးစီ လွှတ်ပေးပါလျှင်တောင် ရှုယီနှင့် စတေးလ်ကို ကောင်းချီးပေးရမည့် လူမှာ ရာနှင့်ချီကျန်နေဆဲပင်။

လက်ထပ်ပွဲပြီးသည့်နောက် ၎င်းတို့စုံတွဲဟာ လူတိုင်းကို ရင်းနှီးသည့် အခိုက်အတန့်လေးအား ပြသရမည်မှာ သဘာဝကျသည်။

သာမန် မိန်းကလေးတစ်ဦးသာဆိုလျှင် ခေါင်းငုံ့လျက် ရှက်ရွံ့ဟန် ရှိနေလိမ့်မည်သာ။

သို့သော် စတေးလ်က ရှုယီကို မော့ကြည့်ကာ အနမ်းပေးရန် ရှေ့သို့ တိုးလာ၏။

ရှုယီကလည်း အသာပြုံးလျက် စတေးကို ထိန်းကိုင်ထားသည်။ ထို့နောက် ခေါင်းကိုငုံ့လျက် ၎င်းတို့၏ နှုတ်ခမ်းလွှာများကို အတူတကွဖိကပ်လိုက်တော့၏။

“ဝုန်းး!”

အိမ်‌ရာမှထွက်လာသည့် အားပေးသံမှာ မိုးကြိုးသံလိုပါပင်။

အားလုံးရှေ့တွင် လူတိုင်းမှ အကောင်းဆုံးစုံတွဲဟုသတ်မှတ်ထားကြသည့် လူငယ်များမှာ လက်ထပ်သွားကြကာ အားလုံး၏ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သည်။

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၇၃။ သူရဲဘောကြောင်သူ

လက်ထပ်ပွဲပြီးနောက် တစ်ပတ်အကြာတွင် ဆယ်ဗီနီက ရှုယီနှင့် စတေးလ်တို့ရှေ့မှောက်၌ အံ့အားသင့်ဖွယ် ပေါ်ထွက်လာသည်။

“ကျွန်မတကယ် စိတ်မကောင်းပါဘူး။” ဆယ်ဗီနီက ၎င်းတို့ထံ တောင်းပန်လိုဟန်ဖြင့် ကြည့်၍ ပြောလာသည်၊ “ကျွန်မ ရှင်တို့ရဲ့လက်ထပ်ပွဲကိုတက်ပြီး ကိုယ်တိုင် ဆုတောင်းပေးချင်ပေမယ့် မတော်တဆတစ်ခုကြောင့် နှောင့်နှေးသွားရတာ။ တကယ်ပဲ တောင်းပန်ပါတယ်နော်။”

ရှုယီက ဆယ်ဗီနီကို ရိုးသားစွာကြည့်လိုက်ရာ သူမ၏မျက်နှာထက်၌ နွမ်းနယ်နေဟန် လွှမ်းနေသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကုပ်မိသွားစေသည်။ သူက လက်ယမ်း၍ ပြောလေ၏၊ “ဒါက ဘာမှ ကိစ္စမရှိပါဘူး။ ဘုရင်မက အလုပ်များတော့ နှောင့်နှေးသွားတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ဘုရင်မ၊ ကျုပ်ကြားထားတာတော့..... ခင်ဗျားရဲ့ လတ်တလောအခြေနေက မကောင်းဘူးဆို.....”

ဆယ်ဗီနီက အံ့အားသင့်ဟန်ဖြင့် ရှုယီကိုကြည့်လာကာ ပြန်မေးလေသည်၊ “ဘာလို့ ဒါကို မေးရတာလဲ?”

“ဒါကို တစ်ချို့လူတွေ ပြောပြလာတဲ့ အချက်အလက်တွေကနေ ကောက်ချက်ချထားတာပါ......”

“ကောင့်ထ်စီယန်ရောပါလား?” ဆယ်ဗီနီက မေးသည်။

“ကောင့်ထ်စီယန်က ဘာမှမပြောပါဘူး။ ဒါပေမယ့် သူ့နေရာကို ဆက်ခံမယ့်လူက စတက်ဂျ်မိသားစုကလို့ပဲ ပြောတယ်။ ကျုပ်ထင်တာတော့..... ဒါက ဘုရင်မမြင်ချင်တဲ့ အရာမဟုတ်ဘူးလို့လေ။” ရှုယီက ခဏမျှရပ်တန့်ကာ ပြောလာသည်၊ “ဒါ့အပြင် ဗစ်‌ကောင့်ထ်လက်စလိုင်းရဲ့ အဖြေကလည်း ကျုပ်ကို အချက်အလက်တချို့ ပေးတယ်။ ဘုရင်မ အဲဒီမျိုးရိုးမြင့်အိုကြီးတွေက ခင်ဗျားကို ထောက်ခံခဲ့ဖူးတယ်မဟုတ်ဘူးလား? ဘာလို့ ရုတ်တရတ်စိတ်ပြောင်းပြီး မင်းသား‌လေးအဲရစ်ကို ထောက်ခံလိုက်ကြတာလဲ?”

ဆယ်ဗီနီက စတေးလ်ကိုကြည့်လာ၏။

ရှုယီက ချက်ချင်းပြောသည်၊ “စတေးလ်က ကျုပ်ဇနီးပဲ၊ သူမကို ကျုပ်အနေနဲ့ ဘာမှ ဖုံးကွယ်ထားဖို့ မလိုပါဘူး။”

“ကျွန်မ ဝမ်းသာပြီး ရှင်နဲ့ စတေးလ်ကြားက ဆက်ဆံရေးကို မနာလိုဖြစ်မိတယ်။” ဆယ်ဗီနီက အသာပြုံးပြီးနောက် ခေါင်းခါကာ ပြောသည်၊ “ကျွန်မအနေနဲ့ အရာအားလုံးကို ထုတ်ပြနိုင်မယ့် လူတစ်ယောက်ကို ဘယ်တော့မှ ရှာမတွေ့နိုင်တော့မှာက နှမျောစရာပဲ၊ ဒီတော့..... ကျွန်မအတွက် ရှင်တို့ကို ပြောပြလို့ အဆင်မပြေတဲ့ အရာတချို့ရှိတယ်လေ။”

ရှုယီက ပခုံးတွန့်လျက် မိမိကိုယ်ကို သရော်ဟန်ပြုံး၍ ပြောလာ၏၊ “ကျုပ်က ကျုပ်ကိုယ်ကျုပ် ဘုရင်မရဲ့ ယုံကြည်ရတဲ့မဟာမိတ်လို့ထင်ထားခဲ့တာ။”

ရှုယီက ရုတ်တရတ် သူမထံ ယဉ်ကျေးသည့်စကားကိုသုံးနှုန်းပြောဆိုလာသည်အား ကြားသော် ရှုယီက သူ့စိတ်ထဲရှိ မကျေနပ်မှုကို ပြသလာသည်မှန်း ဆယ်ဗီနီမှာ အဘယ်သို့ မသိဘဲနေလိမ့်မည်နည်း? သူမက ခါးသက်သက်ရယ်လျက်သာ ပြောလိုက်သည်၊ “ရှုယီ၊ ကျွန်မ ရှင့်ကို ‌မပြောချင်လို့မဟုတ်ပါဘူး၊ တကယ်က မပြောနိုင်တာပါ။ ရှင်သိရင် ရှင့်ရဲ့ကိုယ်ကျင့်စရိုက်အပေါ် ကျွန်မနားလည်ထားသလောက်နဲ့ဆို ရှင် သေချာပေါက် ဝင်ပါဖို့ ရွေးလောက်မယ့် အရာတွေအတော်များတယ်။ ဒါပေမယ့် အခု ရှင့်ကို ဒီလိုမလုပ်စေချင်ဘူး။ Frestech ကုန်သည်ကြီးများအသင်းက ကောင်းကောင်း တိုးတက်နိုင်နေတော့ ရှင့်အနေနဲ့ ကျွန်မတို့ လမ်ပူရီတိုင်းပြည်ကို ပိုအားကောင်းလာအောင် လုပ်ပေးမယ်လို့ မျှော်လင့်တယ်။ ပိုကြီးမားလာအောင် မလုပ်နိုင်ခင်မှာ ရှင့်ကိုပျက်စီးသွားစေဖို့ မလိုလားဘူး။ ကျွန်မရဲ့ဆိုလိုရင်းကို နားလည်ရဲ့လား?”

ဆယ်ဗီနီ၏အသံထဲရှိ ရိုးသားဟန်ကိုကြားသော် စတေးလ်က ရှုယီလက်ကို လှမ်းကိုင်၍ ခေါင်းခါပြလိုက်သည်။

ရှုယီလည်း သက်ပြင်းချ၍ ဆယ်ဗီနီကို ခဏတာကြည့်ကာ ရိုးရိုးသားသားပြောလေ၏၊ “ဘုရင်မ၊ ကျုပ် ခင်ဗျားရဲ့အတွေးတွေကိုနားလည်ပါတယ်၊ ဒါပေမယ့် ကျုပ်အတွေးတွေကိုလည်း ခင်ဗျားနားလည်ဖို့‌ မျှော်လင့်တယ်။ ကျုပ် မြင်သလောက်တို ခင်ဗျားက နိုင်ငံမှာ အသင့်တော်ဆုံး ဆက်ခံသူပဲ။ ခင်ဗျားက လမ်ပူရီတိုင်းပြည်ကို သန်မာအားကောင်းလာစေဖို့ အမှန်တကယ်ဆန္ဒရှိနေပြီး တခြားလူတွေလို ထီးနန်းကိုပဲ မက်တဲ့လူမဟုတ်တာကြောင့် ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ အင်အားအကုန်နဲ့ ခင်ဗျားကို ထောက်ပံ့မှာပါ။”

လူများစွာက ဆယ်ဗီနီကို ထောက်ပံ့ရန် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို ဆက်သွယ်ခဲ့ခြင်းဖြစ်သော်လည်း ဤသည်က ရှုယီကိုယ်တိုင် သူ၏သဘောထားကို ထုတ်ပြလာသည့် ပထမဆုံးအကြိမ်ပါပင်။

ဆယ်ဗီနီမှာ ရှုယီအသံထဲရှိ လေးနက်မှုကိုကြားသောအခါ မနေနိုင်ဘဲ စိတ်ပင် လှုပ်ရှားသွားသည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်၌ သူမက အသာခေါင်းယမ်းလျက် ပြော၏၊ “ကျွန်မအနေနဲ့ ရှင့်ရဲ့လက်ခံမှုနဲ့ ထောက်ခံမှုကိုရတာနဲ့တင် အရမ်းဝမ်းသာနေပါပြီ၊ ဒါပေမယ့် ကျေးဇူးပြုပြီး ယုံကြည်ပေးပါ၊ ရှင်က တကယ် တကယ်ကို အခုအချိန်မှာ ဒီကိစ္စအကြောင်း သိဖို့ မသင့်တော်သေးဘူး။ အချိန်ကျလာရင် ကျွန်မပြောပြပါ့မယ်။”

ဆယ်ဗီနီက ထိုမျှ ဆုံးဖြတ်ထားသည်ကို မြင်သော် ရှုယီလည်း ထိုစကားဝိုင်းကိုဆက်နေရန် အဓိပ္ပာယ်မရှိတော့မှန်းသိလိုက်သည်။ သူက ခေါင်းတစ်ချက် ငြိမ့်ကာ ပြောလေ၏၊ “ကောင်းပြီလေ၊ အဲဒီ့နေ့က မကြာခင်ရောက်လာဖို့ ကျုပ် မျှော်လင့်ပါတယ်။”

ဆယ်ဗီနီက အသာပြုံး၏။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ရာ သူမမျက်နှာထက်၌ ပေါ်မလာသင့်သည့် ခံစားချက်များပေါ်လာလေသည်။

“ကျွန်မတို့ စီးပွားရေးအကြောင်း ဆွေးနွေးသင့်တယ်။ ရှင့်အနေနဲ့ ကောင့်ထ်စီယန် နေရာကို ယူမယ့်လူက ကောင့်ထ်စတက်ဂျ်မှန်းသိပြီးသားဆိုတော့ ဒီကိစ္စက ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းအပေါ် လွှမ်းမိုးမှုရှိမယ်ဆိုတာကို သိမယ်လို့ထင်ပါတယ်။”

ရှုယီက ခပ်ဖြေးဖြေးခေါင်းငြိမ့်ကာ၊ “‌အင်း၊ ဒါပေမယ့် အဲဒါက ဆိုးလိမ့်မယ်မှန်းသိပေမယ့် ဘယ်လိုဆိုးမယ်ဆိုတာကိုတော့ မသိတာပဲ။”

“ကျွန်မကတော့..... ရှင်စိတ်ကူးထားတာထက် ပိုဆိုးမယ်လို့ပဲ ပြောနိုင်တယ်။” ဆယ်ဗီနီက လေးနက်နေဟန်ဖြင့် ပြောလေသည်။

“ဒီလိုလား?” ရှုယီနှင့် စတေးလ်တို့က တစ်ချိန်တည်း မျက်မှောင်ကုပ်လိုက်ကြသည်၊ “ဒီတော့ ခင်ဗျားနဲ့ မင်းသားလေးရဲ့ ဆက်ဆံရေးက အရာအားလုံးကို ဖွင့်ချပြလာတဲ့ အနေအထားကို ရောက်လာတဲ့ အဓိပ္ပာယ်ပေါ့?”

“ဒီလို ပြောလို့တော့ရပါတယ်။” ဆယ်ဗီနီ၏အသံက ကူရာမဲ့ဟန်ရှိနေကာ၊ “ဒါက ကျွန်မမြင်ချင်တဲ့အရာမျိုးမဟုတ်ပေမယ့်လည်း အချက်အလက်တွေကတော့ ဒီတိုင်းပဲ။ ပြီးတော့လည်း ကျွန်မအနေနဲ့ ဒီကိစ္စကို မခုခံနြထင်တော့ ရှင်ကို ပိုပြီးဂရုစိုက်ဖို့ပဲ သတိပေးနိုင်တယ်။ ကျွန်မရဲ့ အစ်ကိုတော်ကို လှုပ်ရှားဖို့ ဘာဆင်ခြေမှ မပေးပါနဲ့၊ ကျွန်မဆိုလိုရင်းကို နားလည်ရဲ့လား?”

ရှုယီက မျက်မှောင်ကို ပိုတင်းတင်းကုပ်ကာ ခါးသက်သက်ရယ်လျက် ပြောလေသည်၊ “ဒီတော့ ခင်ဗျားက ကျုပ်ကို သူရဲဘောကြောင်တဲ့လူဖြစ်စေချင်နေတာလား?”

“ဖခမည်းတော်က ကျွန်မကို တစ်ခါပြောဖူးတယ်၊ ရှင့်အနေနဲ့ ကြီးမားတဲ့အရာတွေကိုလိုချင်ရင် စိတ်ရှည်ဖို့ သင်ယူရမယ်တဲ့။ အခုတော့ ဒီစကားကို ရှင့်ကိုပဲပြောလိုက်ပြီ။” ဆယ်ဗီနီက လေးနက်စွာပြောသည်။

ရှုယီက ဆယ်ဗီနီကိုကြည့်၍ ခေါင်းခါကာ ဆိုသည်၊ “ဘုရင်မ၊ ဒီစကားတွေက ကျုပ်အတွက်သင့်တော်ပါတယ်၊ ဒါပေမယ့် ခင်ဗျားအတွက်တော့ မသင့်တော်ဘူး။ ခင်ဗျားသာ ခင်ဗျားကိုယ်တိုင် မဖြေရှင်းနိုင်သေးရင် ခင်ဗျားကို ထောက်ခံနေတဲ့ လူအတော်များများလည်း စိတ်ပျက်လာကြလိမ့်မယ်။ မင်းသားအဲရစ်က ခင်ဗျားနဲ့စာရင် ထီးနန်းကိုရယူဖို့ ပိုသင့်တော်တယ်လို့ ခင်ဗျားတကယ်ပဲ ထင်နေတာလား?”

“ကျွန်မ ဒါကို မဆွေးနွေးချင်ဘူး။” ဆယ်ဗီနီက ခေါင်းခါကာ ထိုအကြောင်းအရာကို တားဆီးလာသည်၊ “ဥက္ကဌရှု၊ ကျွန်မလာတာက ရှင်နဲ့ စတေးလ်ကို ကိုယ်တိုင်ဆုတောင်းပေးချင်တာအပြင် ဆွေးနွေးဖို့လိုတဲ့ အရေးကြီးကိစ္စတချို့ကြောင့်လည်းပါတယ်။ ပထမဆုံးကိစ္စက မှော်အမြောက်နဲ့ ဆိုင်တယ်။”

“မှော်အမြောက်နဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား?” ရှုယီကမေးသည်၊ “ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့ စာထဲမှာတော့ မှော်အမြောက်က မြောက်ဘက်‌ ရှေ့တန်းမှာ အံ့မခန်း စွမ်းအားကိုပြသခဲ့တယ်ဆိုပဲ။ စခ်တိုင်းပြည်စစ်သည်တွေကိုလည်း ထပ်ခါထပ်ခါ အနိုင်ယူခဲ့ပြီး တိုက်ကွက်တစ်ခုတောင်ထိန်းမထားနိုင်တော့ဘူးတဲ့။”

“ဟုတ်တယ်၊ မှော်အမြောက်က တကယ်ကို စွမ်းအားကြီးပါတယ်၊ ဒါပေမယ့် သူ့ရဲ့စွမ်းအားကြီးလုပ်ဆောင်ချက်ကြောင့်ပဲ စစ်ဌာနချုပ်က ဒီနည်းပညာကို တစ်ယောက်ယောက်ရဲ့လက်ထဲမှာ ချန်ထားဖို့ ဆန္ဒမရှိကြဘူး။ စစ်ဌာနချုပ်က ရှင့်အနေနဲ့ မှော်အမြောက် နည်းပညာကို စစ်ဌာနချုပ်ဆီပေးပြီး နည်းပညာကို နားလည်အောင်ကူညီနိုင်မယ့် စက်မှုဝန်ထမ်းတွေပါပို့ပေးစေချင်ကြောင်း ဆုံးဖြတ်လိုက်ကြတယ်။”

“ဘုရင်မ၊ ဒါက ခင်ဗျားရဲ့ရည်ရွယ်ချက်လား?” ရှုယီက လေးနက်စွာမေးသည်။

ဆယ်ဗီနီက ခေတ္တမျှရပ်တန့်ကာ ပြောသည်၊ “ဒါက စစ်ဌာနချုပ်ရဲ့ ရည်ရွယ်ချက်ပါ။”

ရှုယီက တမုဟုတ်ချင်းနားလည်လိုက်၏၊ “ဒါဆို ကျုပ် ငြင်းလို့ရလား?”

“ကျွန်မတော့ မရမှာပဲ ကြောက်မိတယ်။”

ထိုအဖြေကိုကြားသော် ရှုယီက မနေနိုင်ဘဲ အေးစက်စွာရယ်လာသည်၊ “ဒါဆို၊ စစ်ဌာနချုပ်က ကျုပ်ကို ဘာနဲ့ ကမ်းလှမ်းမလဲဆိုတာ မေးလို့ရမလား?”

ဆယ်ဗီနီမှာ အတန်ငယ်တိတ်ဆိတ်နေပြီးမှ တဖြည်းဖြည်း ဖြေဆိုလာ၏၊ “ဒါက စစ်ဌာနချုပ်နဲ့ တော်ဝင်လွှတ်တော်တို့ရဲ့ ဆုံးဖြတ်ချက်ပါ။ စစ်ဘက်ဆိုင်ရာ နည်းပညာတွေအားလုံးကို ရှေ့လျှောက် ကိုယ်ပိုင်အဖြစ်ထားလို့မရတော့ဘူး။

“ဒီတော့ ဘာကမ်းလှမ်းချက်မှ မရှိဘူးပေါ့?” ရှုယီက မေးသည်။

ဆယ်ဗီနီက ခပ်ဖြည်းဖြည်း ခေါင်းခါလာသည်။

“အရမ်းကောင်းတယ်။” ရှုယီက အေးစက်စက်ထပ်ရယ်လာကာ၊ “ဒီတော့ ကျုပ် အလကားတော့ လွှဲပေးရမယ့် အဓိပ္ပာယ်ပေါ့။ ကြည့်ရတာ စစ်ဌာနချုပ်ရဲ့မျက်နှာက အဲ့လောက် အရေမထူပုံပဲ။ သူတို့အနေနဲ့ ကျုပ်ကို ရှက်စရာတောင်းဆိုချက်ပေးပေးတော့မယ်ဆို ဘုရင်မကို ဒိုင်းကာအနေနဲ့ လာခိုင်းလို့ရတာကို သိနေကြတယ်။ ကောင်းတယ်၊ ကျုပ်က သာမန်ကုန်သည်လေးတစ်ယောက်ပဲဆိုတော့ ဒီနည်းပညာကို အလကားပဲပေးဖို့ ရွေးချယ်ရမှာပေါ့၊ စစ်ဌာနချုပ်ကို ဆန့်ကျင်ဖို့ မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် ဘုရင်မ၊ ကျေးဇူးပြုပြီး သူတို့ရဲ့လုပ်ရပ်တွေအတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းစဉ်းစားဖို့ စစ်ဌာချုပ်နဲ့ တော်ဝင်လွှတ်တော်ကို ပြောပေးပါဦး။”

ဆယ်ဗီနီက ခါးသက်စွာပြုံးလျက် သက်ပြင်းချ၍ပြောသည်၊ “ရှုယီ၊ ဒါကြောင့်နဲ့ နိုင်ငံအပေါ် သစ္စာမမဲ့သွား‌ဖို့တော့ မျှော်လင့်ပါတယ်။ ခမည်းတော်က ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို အင်မတန် အရေးထားပါတယ်။”

“ဒီလိုအရေးထားမှုမျိုးဆိုရင်တော့ ကျုပ်မရလည်း အဆင်ပြေပါတယ်။” ရှုယီက အေးစက်စက်နှာမှုတ်ကာပြောသည်။ ထိုသို့ပြောပြီးနောက် ဆယ်ဗီနီကို မတူညီသည့် အမူအရာဖြင့်ကြည့်လာကာ၊ “သစ္စာမဲ့တာကတော့.... ကျုပ်က ဘုရင်မကိုပဲ အမြဲ သစ္စာရှိမှာဆိုတော့ အဲဒီ့သစ္စာကို စိတ်မပျက်ဖို့ မျှော်လင့်ပါတယ်။”

ဆယ်ဗီနီက ဆွံ့အသွားကာ အခန်းကလည်း တိတ်ကျသွားသည်။

အခန်းတွင်းရှိ နေရခက်မှုကို ခံစားရသော် စတေးလ်က ဖြစ်ညှစ်ပြုံးကာ ဆယ်ဗီနီကို ပြောသည်၊ “ဘုရင်မ၊ ဒါက ပထမကိစ္စဆိုရင် ဒုတိယကိစ္စရှိသေးလို့လား?”

ဆယ်ဗီနီက အသက်ရှူသွင်းကာ သူမကိုယ်သူမ တည်ငြိမ်စေလိုက်ပြီး စတေးလ်ထံ အသာပြုံး၍ ဖြေလာလေသည်၊ “ဒုတိယကိစ္စက သတင်းကောင်းပါ။ ခမည်းတော်က ဘန်တာမြို့၊ ခမာမြို့နဲ့ ဆော်လ်တန်မြို့တို့ကို လမ်ပူရီတိုင်းပြည်ရဲ့ အထူးစီးပွားဇုန်အဖြစ် တရားဝင်သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီအထူးစီးပွားဇုန်မှာ နိုင်ငံဥပဒေအရ မြို့သုံးမြို့က ကုန်သွယ်မှုအားလုံးက အထူးအကျိုးအမြတ်တွေနဲ့ ဦးစားပေးဆက်ဆံမှုတွေကို ရလိမ့်မယ်။”

“ဒါက သတင်းကောင်းလေးတစ်ခုဆိုပေမယ့် တိုက်ဆိုင်လွန်းမနေဘူးလား?” ရှုယီ၏ အသံအနေအထားက သရော်ဟန်ရှိနေသည်၊ “ကောင့်ထ်စီယန်ကို ပြောင်းပြီး ကောင့်ထ်စတက်ဂျ်က တာဝန်ယူမယ့်အချိန်မှာ ဒါကိုကြေညာတယ်ဆိုတော့လေ။ ဘုရင်မ ဒါက ကောင့်ထ်စတက်ဂျ်အတွက် လမ်းခင်းပြီး အရှိန်ကို ဖန်တီးပေးဖို့ မဟုတ်တာ သေချာရဲ့လား?”

“ရှင် ဘယ်လိုပဲထင်ထင် ဒါက ဘန်တာမြို့အတွက် ကိစ္စကောင်းပဲမဟုတ်ဘူးလား?” ဆယ်ဗီနီက ပြော၏၊ “အထူးစီးပွားဇုန်တစ်ခုကို စာရင်းလုပ်ပြီးရင် ဘန်တာမြို့က လုပ်ငန်းစုတွေအားလုံး ဦး‌စားပေးဆက်ဆံမှုကို ရကြလိမ့်မယ်။” ဥပမာပြောရရင် ဘန်တာမြို့က လုပ်ငန်းစုတွေရဲ့ ထုတ်ကုန်တွေ နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေဆီ ရောက်သွားတဲ့အခါ ဒေသအသီးသီးရဲ့ အခွန်လွှမ်းမိုးမှုကိုခံရမယ့်အစား သတ်မှတ်အခွန်ကိုပဲ ပေးဆောင်ရမှာ။ ဒါကိုသုံးသပ်ကြည့်ရုံနဲ့ ဘန်တာမြို့ရဲ့ လုပ်ငန်းစုတွေ အကျိုးအမြတ် ဘယ်လောက်ရမယ်ဆိုတာကို ရှင် သိလောက်မှာပါ။

“အင်း၊ ဒါက တကယ်ကို ကိစ္စကောင်းပါပဲ။” ရှုယီက ခေါင်းငြိမ့်သည်။

လမ်ပူရီတိုင်းပြည်၌ တသမတ်တည်းချမှတ်ထားသည့် အခွန်စံနှုန်းမရှိသောကြောင့် မတူညီသည့်နေရာများကို မြို့စားအမျိုးမျိုးက ထိန်းချုပ်ထားသည်။

ဥပမာ၊ ဘန်တာမြို့လုပ်ငန်းများအနေနှင့် အခွန် ၃၄ရာခိုင်နှုန်း ပေးရမည်ဖြစ်ပြီး ခမာမြို့၌ အခွန် ၃၇ရာခိုင်နှုန်းရှိကာ ဆော်လ်တန်မြို့၌ ၃၈ ရာခိုင်နှုန်းရှိသည်။

ဘန်တာမြို့၏ အခွန်များက အနည်းဆုံးဖြစ်နေသည်မှာ ကောင့်ထ်စီယန်က အမြဲလိုလို စီးပွားရေးတိုးတက်မှုကို ထောက်ပံ့သောကြောင့်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့ တိုးတက်မှုကို ဦးဆောင်လာသည့်နောက်တွင် ဘန်တာမြို့ရှိ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် တစ်ဖန် ‌လျော့နည်းသွားပြန်သည်။

အခွန် ၃၄ရာခိုင်နှုန်းမှာ လမ်ပူရီတိုင်းပြည်၌ပင် အနည်းဆုံးဖြစ်သည်။

လမ်ပူရီတိုင်းပြည်၏ အခြားမြို့တော်များတွင် ထိုမြို့တော်သုံးခုထက် များစွာပိုမြင့်ကာ အချို့မြို့တော်များ၌မူ အံ့အားသင့်ဖွယ် အခွန် ၅၀ရာခိုင်နှုန်းအထိပင်ရှိ၏!

ရှုယီ၏အမြင်အရ ထိုသည်မှာ မိုက်မဲလှသည့် အကောက်ခွန်နှုန်းထားပါပင်။

လမ်ပူရီတိုင်းပြည်၏ စီးပွားရေးနယ်ပယ်က မဖွံ့ဖြိုး‌သေးလေရာ ဤအခြေနေ၌ စီးပွားရေးနယ်ပယ်တိုးတက်မှုကို မြှင့်တင်ရန် အခွန်လျှော့ပေးရမည့်အစား အခွန်ကို ထိုမျှ မြှင့်ထားသည်မှာ စီးပွားရေးနယ်ပယ်က တိုးတက်နိုင်လျှင်ပင် ထူးဆန်းနေလိမ့်မည်။

ယခင်က၊ ဘန်တာမြို့၏ လုပ်ငန်းစုကြီးများအနေနှင့် အခြားမြို့တော်များ၌ ထုတ်ကုန်များရောင်းချလိုပါလျှင် ထိုမြို့တော်များ၏ အခွန်နှုန်းထားကိုပေးဆောင်ရသည်။ အခြားမြို့တော်များသို့ ၎င်းတို့၏ထုတ်ကုန်များကို တင်ပို့ရန် ရွေးချယ်လိုက်လျှင် သယ်ယူပို့ဆောင်ခကိုပါ တွက်ချက်ဖို့လိုအပ်လေရာ အချိန်အများစု၌ ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များကို ရောင်းချသလောက် များများစားစား ငွေရခြင်းမရှိချေ။ ထို့ကြောင့် ဘန်တာမြို့လုပ်ငန်း အများစုမှာ ထုတ်ကုန်များကို ဒေသတွင်း၌သာ ရောင်းချကြပြီး တိုင်းတပါးဈေးကွက်များ၌ တိုးချဲ့ရန် စိတ်မဝင်စားကြချေ။

ယခုတွင် ဘုရင်ကြီးက ဤနေရာကို အထူးစီးပွားဇုန်အဖြစ်သတ်မှတ်၍ အခွန်စံနှုန်းသတ်မှတ်ပေးလိုက်ရာ ဘန်တာမြို့လုပ်ငန်းစုများ၏ တိုးတက်မှုကို မြှင့်တင်ပေး‌နိုင်သည်ပင်။

သို့သော် ရှုယီကမူ ၎င်းကို ဝမ်းမသာချေ။

ပထမဦးစွာ ဤသည်က လမ်ပူရီတိုင်းပြည်အနေနှင့် ပထမဆုံးအကြိမ် အခွန်စံနှုန်းသတ်မှတ်ခြင်းဖြစ်သဖြင့် ရှုယီမှာ ကောင်းစွာ သတ်မှတ်နိုင်လောက်မည်ဟုတ်ကြောင်း သံသယဖြစ်မိသည်။

ဒုတိယအနေနှင့် ဤနေရာကို အထူးစီးပွားဇုန်အဖြစ် သတ်မှတ်လိုက်ခြင်းက အဆင်ပြေနေပြီဖြစ်သော်လည်း ကောင့်ထ် စီယန် နေရာကို အစားဝင်မည့်သူမှာ ကောင့်ထ်စတက်ဂျ် ဖြစ်လေသည်။

စတက်ဂျ်မိသားစု၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် သဘောထားကို လျစ်လျူရှုကာ ကောင့်ထ်စတက်ဂျ်မှာ ကောင့်ထ်စီယန်ကဲ့သို့ ရဲဝံ့၍ အမြင်ကျယ်ပါမည်လား?

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၇၄။ လုပ်ငန်းစု ပြန်လည်ဖွဲ့စည်းခြင်း

ရှုယီမှာ စိတ်ထဲ၌ ပူပန်မှုများရှိနေပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းကြီး၏ တိုးတက်မှုမှာ နှောင့်နှေးမသွားခဲ့ချေ။

တိတ်ဆိတ်သည့် ဧပြီကုန်လွန်ကာ မေလသို့ ဝင်ရောက်လာသည်နှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ရှုယီနှင့် စတေးလ်တို့၏လက်ထပ်ပွဲကို ဦးစွာ ကြေညာကာ မှော်ရေခဲစက်ဖြစ်သည့် ထုတ်ကုန်သစ်ကို ချပြခဲ့သည်။

ရိုးသားစွာ‌ဆိုရလျှင် မှော်ရေခဲစက်မှာ လုံးဝကြီး ထုတ်ကုန်သစ်မဟုတ်ဘဲ မှော်ရေခဲသေတ္တာ၏ အဆက်သာဖြစ်သည်။

၎င်းက ပစ္စည်းများကို ခဲအောင်သာ ထိန်းသိမ်းနိုင်သည့် မှော်ရေခဲသေတ္တာနှင့် ကွာခြားလေသည်။ မှော်ရေခဲစက်အား ပစ္စည်းများကို ခဲအောင်ထိန်းသိမ်းနိုင်သည့် အောက်အဆင့်နှင့် အပူချိန်ကိုသာလျှော့ချကာ ပစ္စည်းများကိုမခဲစေဘဲ လတ်လတ်ဆတ်ဆတ်ထိန်းထားနိုင်သည့် အထက်အဆင့်ဟူ၍ နှစ်ဆင့်ခွဲထားသည်။

မှော်ရေခဲစက်ထွက်လာသည်နှင့် မိသားစုများစွာက ချက်ချင်းကြိုဆိုကြ၏။

မှော်ရေခဲသေတ္တာမှာ ပစ္စည်းများကို ခဲစေရန်သာတတ်နိုင်ခြင်းကြောင့် အသုံးပြုမှုတစ်ခုသာရှိလေရာ ရောင်းအားက သာမန်အရေအတွက်၌သာရှိသည်။ နွေရာသီ၌ ရေခဲမုန့်နှင့် အခြားရေခဲထုတ်ကုန်များကို ရောင်းချချိန်မှသာ ရောင်း‌အားအရေအတွက်မြင့်လေသည်။

[Note: ဒီနေရာမှာ E Translatorက ပြောထားပါတယ်။ Chinese နဲ့ သုံးထားတဲ့ အသုံးမှာ ရေခဲသေတ္တာနဲ့ ရေခဲစက်က ပြောင်းပြန်ဖြစ်နေတာကြောင့်ပါတဲ့။ အမှန်ဆို ရေခဲစက်က ရေခဲသေတ္တာဖြစ်ပြီး ရေခဲသေတ္တာနေရာမှာက ရေခဲစက်ပါ။ ဒါပေမယ့် အသုံးနှုန်းကို ဒီတိုင်းပဲ ဆက်သုံးသွားမှာပါတဲ့။]

သို့သော် မှော်ရေခဲစက်က ခြားနားပါ၏၊ ၎င်း၏ နှစ်ခုတွဲလုပ်ဆောင်ချက်မှာ အိမ်ထောင်စုများစွာအတွက် အသုံးတည့်သည်။

အထူးသဖြင့် ပစ္စည်းများကို လတ်ဆတ်အောင် ထိန်းသိမ်းနိုင်သည့် အထက်အဆင့်၏ ‌လုပ်ဆောင်ချက်ပင်။ လက်စမသတ်ရသေးသည့် ဟင်းပွဲများကို နောက်တစ်ကြိမ်ထပ်စားဖို့ရာ ၎င်းထဲ၌ လတ်လတ်ဆတ်ဆတ်သိမ်းထားနိုင်သည်။

၎င်းက အိမ်ရှင်များအတွက် ပြဿနာများစွာကို ဖြေရှင်းပေးလေရာ သဘာဝကျစွာပင် အင်မတန် ရေပန်းစား၏။

Frestech အမှတ်တံဆိပ် မှော်ရေခဲစက်အား တစ်ပတ်စာသာ ဖြန့်ချိလိုက်ပြီး အလုံးပေါင်း နှစ်သောင်းကျော် ရောင်းရသည်။

တစ်လုံးလျှင် ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားဈေးနှုန်းရှိရာ တစ်ပတ်အတွင်း၌ Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးငါးသိန်းရရှိခဲ့သည်။

ကုန်ကျစရိတ်ကို ဖယ်လိုက်လျှင် အသားတင်အမြတ်ငွေမှာ ရွှေဒင်္ဂါးသုံးသိန်းကျော်၏။

မှော်ရေခဲသေတ္တာကိုပါ ထည့်ပေါင်းလိုက်သော် Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ဌာနမှာ ယခုတွင် မှော်ပန်ကာ၊ မှော်လေပေးစက်၊ မှော်ပေါင်မုန့်မီးကင်စက်၊ အလိုအလျောက် မှော်ထမင်းပေါင်းအိုး၊ မှော်မီးအိမ်၊ မှော်ရေခဲစက်နှင့် မှော်ရေနွေးအိုးဟူ၍ ထုတ်ကုန်စုစုပေါင်း ရှစ်မျိုးရှိလာသည်။

ချပြကာစ မှော်ရေခဲစက်မပါဝင်လျှင် အခြားထုတ်ကုန် ခုနစ်မျိုး၏ ရောင်းအားမှာ တဟုန်ထိုးနာမည်ရသည့် ကာလများပြီးသည့်နောက် တည်ငြိမ်နေခဲ့သည်။

အခြား ထုတ်ကုန်ခုနစ်မျိုး၏ ရောင်းအားမှာလည်း တည်တည်ငြိမ်ငြိမ်တိုးလာရင်း ခုနစ်သိန်းမှ ရှစ်သိန်း ရောင်းအားရှိသည်။

ကုန်ကျစရိတ်ကိုဖယ်လိုက်သော် အိမ်သုံးမှော်စက်ဌာနမှာ Frestech ကုန်သည်ကြီးများအသင်းအတွက် တစ်လလျှင် ရွှေဒင်္ဂါး လေးသိန်းပတ်လည် အသားတင်အမြတ်ငွေကို ယူလာပေးသည်။

ထို့ကြောင့် ရှုယီu အန်းခေါ့ထ်မှာ အိမ်သုံးမှော်စက်ဌာနကို စီမံခန့်ခွဲမည်ဖြစ်ကြောင်းကြေညာလိုက်ချိန်တွင် သူဟာ ‌ဟိန့်ဇ်ပြောစဉ်ကတည်းက ပြင်ဆင်ထားသော်လည်း အသက်ရှူနှုန်းက မြန်ဆန်လာပြီး အင်မတန် စိတ်လှုပ်ရှားနေတော့သည်။

“ကျွန်‌တော်..... ကျွန်တော် ကြိုးစားပါ့မယ်..... အာ၊ ကောင်းကောင်းလုပ်ပါ့မယ်။ ကျွန်တော် သေချာပေါက် ဥက္ကဌရဲ့ မျှော်လင့်ချက်ကို မပျက်စီးစေရပါဘူး!” အန်းခေါ့ထ်က ကျယ်လောင်စွာပြောလာ၏။

ရှုယီက အပြုံးဖြင့် ခေါင်းငြိမ့်၏၊ “ဟုတ်ပါပြီ၊ ငါ မင်းရဲ့ အရည်အချင်းကို ယုံပါတယ်။ ဒါ့အပြင် မင်းရဲ့ တာဝန်က ပိုများလာတော့ လစာကလည်း တိုးလာမှာပါ။ အန်းခေါ့ထ် အိမ်သုံးမှော်စက်ဌာနရဲ့ မန်နေဂျာအနေနဲ့ မင်းရဲ့လက်ရှိ လစာက ရွှေဒင်္ဂါးငါးဆယ်ဖြစ်လာလိမ့်မယ်။ ဘယ်လိုလဲ? ဒီလစာကို ကျေနပ်ရဲ့လား?”

“အာ? ရွှေဒင်္ဂါးငါးဆယ်? ဒါက အထွေထွေ မန်နေဂျာခမ်နက်ဒ်နဲ့ အတူတူပဲ မဟုတ်လား?” အန်းခေါ့ထ်က အံ့အားသင့်သွားကာ၊ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကျွန်တော်က အထွေထွေမန်နေဂျာ ခမ်နက်ဒ်နဲ့ မယှဉ်နိုင်ဘူးလေ။”

“နှိမ့်ချမနေပါနဲ့၊ မင်းက ငါတို့ လုပ်ငန်းစုရဲ့ အိမ်သုံးမှော်စက်အလုပ်ရုံမှာ ရက်နည်းနည်းလေးပဲလုပ်ခဲ့တာမှမဟုတ်တာ၊ မင်းရဲ့အရည်အချင်းက မဆိုးပါဘူး။ ပြီးတော့လည်း အ‌ထွေထွေမန်နေဂျာ ခမ်နက်ဒ်အတွက် တခြားအစီစဉ်ရှိတာကြောင့် မင်းစိုးရိမ်ဖို့ မလိုပါဘူး။” ရှုယီက အန်းခေါ့ထ်ကို အပြုံးဖြင့် ထိုင်ရန် အချက်ပြကာ အန်းခေါ့ထ်ဘေး၌ ထိုင်နေသည့် အီဗီတာဘက် လှည့်လိုက်သည်၊ “အီဗီတာ, ခင်ဗျားတို့ မှော်သုတေသနဌာနက လုပ်ငန်းစုရဲ့ စီမံခန့်ခွဲမှုဧရိယာနဲ့ တူညီ‌တဲ့ နေရာမှာမဟုတ်ပေမယ့်လည်း မှော်သုတေသနဌာနက ကျုပ်အတွက် အရေးကြီးဆုံးဌာနပဲ၊ ဒီတော့ မှော်သုတေသနဌာနအတွက် လစာပြောင်းလဲဖို့ ဆုံးဖြတ်ထားတယ်။ ခင်ဗျားက မှော်သုတေသနဌာနခေါင်းဆောင်ဆိုတော့ ခင်ဗျားကို တခြားဌာနရဲ့ မန်နေဂျာတွေနည်းတူ ဆက်ဆံရမှာမို့ ခင်ဗျားရဲ့လစာက တစ်လကို ရွှေဒင်္ဂါးငါးဆယ်ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့ဌာနက တခြားအဖွဲ့ဝင်တွေကို ညှိနှိုင်းဖို့ကတော့ ခေါင်းဆောင်ဖြစ်တဲ့ ခင်ဗျားရဲ့တာဝန်ပဲ။ ကျုပ်ကို နှစ်ရက်အတွင်း အစီရင်ခံပါ။”

အီဗီတာမှာ အန်းခေါ့ထ်ထက် ပိုမိုတည်ငြိမ်ပါ၏။ သူမက ပြုံးရုံသာပြုံး၍ အသာခေါင်းငြိမ့်ကာ သဘောတူလာသည်။

ယနေ့ အစည်းအဝေးမှာ Frestech ကုန်သည်ကြီးများအသင်းအား ပြန်လည်ဖွဲ့စည်းရန်ဖြစ်ရာ တတ်ရောက်သူများအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်နှင့် အလတ်အဆင့် အဖွဲ့ဝင်များဖြစ်ကြသည်။

Frestech ကုန်သည်ကြီးများအသင်း၌ ထုတ်ကုန်များ ပိုပိုများပြားလာကာ ပို၍ပို၍ ကြီးမားလာသဖြင့် ရှုယီမှာ အန်းခေါ့ထ်ကဲ့သို့သော အလတ်အဆင့်မန်နေဂျာတစ်ဦးအတွက် မရှင်းလင်းသည့်အခြေအနေများတွင် လုပ်ပိုင်ခွင့်နှင့်ပတ်သက်သည့် ပြဿနာရှိသည်ကို‌ တွေ့ခဲ့ရသည်။ ထို့ကြောင့် ထိုပြဿနာပေါ်မလာခင် သူဟာ လုပ်ငန်းစု၏တည်ဆောက်မှုကို ပြန်လည်ဖွဲ့စည်းရမည်ဖြစ်သည်။ ပန်းတိုင်မှာ လုပ်ပိုင်ခွင့်ကိုရှင်းလင်းစေပြီး Frestech ကုန်သည်ကြီးများအသင်းကို ပိုမိုချောမွေ့စွာ တိုးတက်စေရန်ဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ပိုင်ခွင့်ဖွဲ့စည်းပုံတစ်ခုလုံးကို များများစားစားပြောင်းလဲမသွားစေဘဲ လုပ်ပိုင်ခွင့်၏ ခန့်ခွဲမှုကို ရှင်းလင်းစေရုံဖြစ်ပြီး လူတစ်ဦးစီ တာဝန်ရှိသည့်နေရာကို သတ်မှတ်ခြင်းသာဖြစ်သည်။

ဥပမာဆိုရသော်၊ အန်းခေါ့ထ်မှာ အိမ်သုံးမှော်စက်ဌာန၏ မန်နေဂျာအလုပ်ကို ဟိန့်ဇ်ထံမှ အတော်ကြာကြာက ရရှိခဲ့ပြီး တစ်ချိန်လုံး ထူးထူးချွန်ချွန်လုပ်ဆောင်ခဲ့သည်။ အိမ်သုံးမှော်စက်အလုပ်ရုံကို ကောင်းစွာစီမံခန့်ခွဲထားလေရာ သူဟာ အိမ်သုံးမှော်စက်အလုပ်ရုံ၏ မန်နေဂျာ သေချာပေါက်ဖြစ်လာပြီး ထုတ်လုပ်ရေးနှင့်သက်ဆိုင်ရာ လည်ပတ်မှုအားလုံးကို စီမံခန့်ခွဲရန်အတွက် တာဝန်ယူရမည်ဖြစ်၏။

အခြားရှုထောင့်များမှဆိုရင် ပြောင်းလဲမှုများများစားစားမရှိပါချေ။ သူ့အနေနှင့် ယခင်က တာဝန်ယူထားသည့်နေရာကို တာဝန်ယူရမြဲဖြစ်သည်။

တစ်ခုတည်းသောပြောင်းလဲမှုမှာ ဟိန့်ဇ်က ခမာမြို့၏ စက်ရုံမန်နေဂျာအလုပ်မှ ထွက်ခွာက ဟိန့်ဇ်ကိုယ်တိုင်ရွေးချယ်ထားသည့် တစ်ယောက်ဖြင့် ထိုနေရာကို အစားထိုးမည်ဖြစ်သည်။

ထိုပြန်လည်ဖွဲ့စည်းခြင်းပြီးနောက်တွင် ဟိန့်ဇ်မှာ ရှုယီ၏ လက်ထောက်အနေနှင့် လုပ်ငန်းစု၌ ဆက်ရှိနေပြီး မည်သည့် ခိုင်မာသည့်ရာထူးကိုမှ မယူပါချေ။

ဖော်ပြရန် ထိုက်တန်သည့် တစ်ခုတည်းသောအရာမှာ အထွေထွေမန်နေဂျာခမ်နက်ဒ်က Frestech ကုန်သည်ကြီးများအသင်း၏ CEOဖြစ်လာခြင်းပါပင်။

ထိုသည်မှာ ရှုယီထုတ်ပြလာသည့် နောက်ထပ် ရာထူးအသစ်ဖြစ်သော်လည်း ခမ်နက်ဒ် လုပ်ဆောင်ရမည့် တာဝန်များက တူညီနေဆဲသာ။

မှတ်ထားရန် လိုအပ်သည့် တစ်ခုတည်းသောအရာမှာ ရှုယီက ခမ်နက်ဒ် အနေနှင့် CEOရာထူးယူမည်ဖြစ်ကြောင်း ကြေညာလိုက်ကတည်းက သူဟာ လုပ်ငန်းစုကို စီမံခန့်ခွဲ‌ခြင်းနှင့် လုပ်ငန်းစု ဖွံ့ဖြိုးမှုဦးတည်ရာတို့၌ ဝင်စွက်ဖက်တော့မည်မဟုတ်ကြောင်းကိုလည်း ကြေညာခဲ့သည်။

ရှုယီက ထိုသို့ ကြေညာလိုက်သည်ကို ကြားသော် ဟိန့်ဇ်နှင့် ခမ်နက်ဒ်သာမက လူတိုင်း အံ့ဩသွားသည်။

အားလုံး၏ စိတ်ထဲ၌ ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ညီမျှသည်ပင်။ သူဟာ လုပ်ငန်းစု၏မဏ္ဍိုင်ဖြစ်ပြီး သူသာ လုပ်ငန်းစုကို စီမံခန့်ခွဲရာ၌ တာဝန်မယူတော့ပါက လုပ်ငန်းစုကို လက်လျှော့တော့မည်လား?

“ခင်ဗျားတို့ ထင်သလိုမဟုတ်ပါဘူး။” အားလုံး၏သံသယနှင့် ရင်ဆိုင်ရသောအခါ ရှုယီက အပြုံးဖြင့် လက်ယမ်းလေသည်၊ “ကျုပ်က ဘယ်လိုလုပ် လုံးဝကြီး ဂရုမစိုက်ဘဲ နေမှာလဲ၊ ဒီလုပ်ငန်းစုကို ကျုပ်လက်တွေနဲ့ ကိုယ်တိုင် ဖန်တီးထားတာကြောင့် ကျုပ်အနေနဲ့ လုပ်ငန်းစုအကြောင်း ဂရုမစိုက်ဖို့က မဖြစ်နိုင်ဘူးလေ။ ကျုပ်က ကျုပ်အချိန်နဲ့ စွမ်းအင်ကို အတော်လေးဖြုန်းတီးရာ‌ကျနေလို့ ဒါတွေကို တခြားနေရာတွေမှာ ရင်းနှီးမြှုပ်နှံချင်တာကြောင့် စီမံခန့်ခွဲမှုမလုပ်တော့ရုံပါ။ ဥပမာပြောရရင်..... စတေးလ်နဲ့အတူ ပျားရည်ဆမ်းခရီးထွက်လာမျိုးပေါ့.....”

“ဟားဟား!”

အစည်းဝေးအခန်းထဲရှိ လူအားလုံးမှာ ဝါးလုံးကွဲရယ်မောလိုက်ကြ၏။

ရှုယီက ဟာသလုပ်နေမှန်းသိသော်လည်း ထိုရှင်းလင်းချက်ကြောင့် လူတိုင်းနားလည်သွားကြသည်။ ရှုယီက သူ၏ တန်ဖိုးရှိသော အချိန်နှင့် စွမ်းအင်ကို အသေးအဖွဲကိစ္စများ၌ မဖြုန်းတီးချင်တော့ရုံသာဖြစ်သည်။

ပြန်လည်ဖွဲ့စည်းခြင်း အစည်းအဝေးပြီးသည့်နောက်တွင် ပြောင်းလဲသွားသည့် အရာများများစားစားမရှိပါချေ။ ရှုယီက ထိုပြန်လည်ဖွဲ့စည်းရေးကိုသုံးကာ ၎င်းတို့လစာများကို တိုးမြှင့်သောကြောင့် ဟာသလုပ်သူများစွာရှိကြသည်။

တကယ်တမ်းတွင် အဆင့်မြင့်နှင့် အလတ်အဆင့်အဖွဲ့ဝင်အများစုမှာ ဤတစ်ကြိမ်၌ လစာအတော်လေးမြင့်လာသည်ပင်။

အန်းခေါ့ထ်၏ ယခင်လစာမှာ ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားအောက်သာရှိခဲ့ပြီး ယခုတွင် နှစ်ဆထိဖြစ်သွားသည်။

အီဗီတာ၏ ယခင်လစာမှာ ရွှေဒင်္ဂါးနှစ်ဆယ့်သုံးပြားသာဖြစ်သော်လည်း ယခုတွင် ရွှေဒင်္ဂါးငါးဆယ်ဖြစ်သွားသည်။

ခမ်နက်ဒ်ကမူ တစ်ဦးတည်းသော CEOဖြစ်လေရာ လစာက ရွှေဒင်္ဂါးငါးဆယ်မှာ ရှစ်ဆယ်အထိ ဖြစ်လာသည်။

ဤသည်မှာ အင်မတန်များပြားလှသည့် အရေအတွက်ပင်။

စိုင်စ်နယ်မြေကြီး၏ လုပ်ငန်းစုများအတွက် လုပ်ငန်းစုတစ်ခု၏ ခေါင်းဆောင်များဖြစ်နေသရွေ့ သေချာပေါက် လုပ်ငန်းစု၏ ရှယ်ယာများကို သေချာပေါက် ရလိမ့်မည်။ ထို့ကြောင့် ၎င်းတို့ကို လစာပေးခြင်းမှာ ယဉ်ကျေးမှုသာဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်း၏ မည်သည့်ရှယ်ယာမှမရှိသော ခမ်နက်ဒ်အတွက် တစ်လလျှင် လစာတစ်ခုတည်း ရွှေဒင်္ဂါးရှစ်ဆယ်ရသည်မှာ အတော်လည်း ထူးခြားသည်။

အီဗီတာ, အန်းခေါ့ထ်နှင့် ကမ်ဘီတို့ ကဲ့သို့သော တစ်လလျှင် ရွှေဒင်္ဂါးငါးဆယ်ရသည့် ဌာနခေါင်းဆောင်များအတွက်ဆိုလျှင်ပင် ထိုသည်က အသစ်အဆန်းဖြစ်နေ၏။

“ဒါက ကြော်ငြာဖို့ အခွင့်ကောင်းလို့ ခံစားနေရတယ်။” အစည်းအဝေးပြီးနောက် ခမ်နက်ဒ်က ရှုယီကို ထိုအကြံပေးရန် သွားရှာခဲ့သည်၊ “ဥက္ကဌ၊ ဥက္ကဌက အမြဲတမ်း ကျွန်တော်တို့လုပ်ငန်းစုမှာ စီမံခန့်ခွဲမှုအရည်အချင်းရှိတဲ့ လူတွေလိုနေတယ်လို့ ပြောခဲ့တယ်မဟုတ်လား? ကျွန်တော်တို့သာ ကျွန်တော်တို့မန်နေဂျာတွေရတဲ့ လစာမြင့်မြင့်ကို ကြော်ငြာလိုက်ရင် စီမံခန့်ခွဲမှုအတွက် အရည်ချင်းရှိတဲ့လူတချို့ရှာတွေ့နိုင်မယ်လို့ ယုံကြည်တယ်။”

ရှုယီက လက်ယမ်းလိုက်ကာ၊ “မင်းကိုယ်တိုင်သာ ဆုံးဖြတ်ချက်ချလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ်၊ မင်းက CEOဆိုတော့ ဒါက မင်းလုပ်သင့်တဲ့အရာပဲလေ။ ငါနဲ့ လုံးဝမဆိုင်ဘူး။”

ခမ်နက်ဒ်၏နှုတ်ခမ်းမှာ တွန့်သွားရင်း ပြုံးလိုက်ချင်သော်လည်း မလုပ်နိုင်လိုက်ချေ။ စဉ်းစားပြီးနောက်တွင် မျက်မှောင်ကုပ်ကာ မေး၏၊ “ဥက္ကဌ၊ ခင်ဗျားတကယ်ပဲ လုံးဝလက်လျှော့ဖို့ စီစဉ်ထားတာလား? လုပ်ငန်းစုက တိုးတက်နေတဲ့ အရေးကြီးကာလအတွင်းမှာရှိနေဆဲဖြစ်ပြီး ခင်ဗျားရဲ့ဦးဆောင်မှုလိုနေဆဲလို့ ခံစားမိတယ်။”

“ငါပြောပြီးသားလေ၊ ငါ လုံးဝလက်လျှော့တာမဟုတ်ပါဘူး။ အဲ့အစား ငါက မင်းဆီ လုပ်ငန်းစုရဲ့စီမံခန့်ခွဲမှုကို လွှဲပေးလိုက်ရင် ဒီလုပ်ငန်းစုက ဘယ်ဘက်ကို ဦးတည်ပြီး ဖွံ့ဖြိုးမယ်ဆိုတာကို ဆင်ခြင်ဖို့ အချိန်နဲ့ အားစိုက်မှုပိုရနိုင်အောင်လို့ပါ။” ရှုယီက ခဏမျှရပ်တန့်ပြီးနောက် ရုတ်တရတ်သက်ပြင်းချသည်။ သူက မြို့၏ အနောက်မြောက်ဘက်ကိုကြည့်၍ မျက်လုံးများကို အသာမှေးကျဉ်းလိုက်၏၊ “တကယ်တမ်း ငါ့ရဲ့ မူလအစီစဉ်အရ လုပ်ငန်းစုက တစ်လှမ်းပြီးတစ်လှမ်းရှေ့တိုးသွားရင်း ပိုသန်မာလာဖို့ပဲ လိုပြီး ငါ့စိတ်ထဲကလို လောကကြီးကို ပြောင်းလဲနိုင်မယ့် တည်ရှိမှုဖြစ်လာဖို့ပေါ့။ ဒါပေမယ့်..... ကိုယ့်အတွက် မလိုအပ်တဲ့ပြဿနာတွေကို ဖြစ်စေတဲ့ လူတွေက ရှိစမြဲလေ။”

ခမ်နက်ဒ်က ရှုယီကို အသေအချာကြည့်လာ၍ ခဏတာစဉ်းစားပြီးနောက်တွင် အသာပြုံးကာ ပြောလေသည်၊ “စိတ်ချပါ၊ ဥက္ကဌ။ ထက်မြတ်တဲ့လူတွေက ကျွန်တော်တို့လုပ်ငန်းစုရဲ့ အသုံးဝင်မှုကို မြင်နိုင်နေသရွေ့ ဘာပဲဖြစ်လာလာ အဲဒီ‌လူတွေ‌အနေနဲ့ ကျွန်တော်တို့လုပ်ငန်းစု အသုံးဝင်မှုကို ထိန်းသိမ်းဖို့ ခွင့်ပြုမယ်လို့ထင်တယ်။ ဘုရင်မက‌လည်း လုံးဝပြန်မတိုက်ခိုက်နိုင်တာတော့ မဟုတ်ဘူးမို့လား?”

ရှုယီက သူ့ကိုကြည့်၍ အသာခေါင်းငြိမ့်ကာ၊ “ဒီလိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။”

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၇၅။ သဘောထားကို ဖော်ပြခြင်း

လမ်ပူရီတိုင်းပြည်မှာ အနောက်တောင်ပိုင်း၌ ရှိသဖြင့် တောင်ပိုင်းနှင့် အနီးဆုံးမြို့တော်ဖြစ်သည့် ဘန်တာမြို့မှာ နိုင်ငံ၏ အခြားမြို့တော်များထက် နွေရာသီကို စောစောကြိုဆိုရသည်။

ရှုယီမှာ ဘန်တာမြို့သို့ လွန်ခဲ့သည့် ၂နှစ်အကြာ ဇွန်လက ရောက်ရှိခဲ့ပြီး ထိုစဉ်ကဘန်တာမြို့‌မှာ နွေအလယ်လောက်ကဲ့သို့ ပူ‌အိုက်နေပြီဖြစ်သည်။

ယခုတွင် ဘန်တာမြို့၌ ဇွန်လကို ဝင်ရောက်လာသည်ဖြစ်ရာ ရာသီဥတုက တဖြည်းဖြည်း ပိုနွေးလာ၏။

သို့သော် ထို အထူးရာသီဥတုမှာ အခြားမြို့တော်များက ဘန်တာမြို့၌ အထူးပတ်ဝန်းကျင်တစ်ခု ဖန်တီးထားခြင်းကြောင့်မဟုတ်ပေ။

ဇွန်လသို့ ရောက်လာချိန်တွင် ခိုရိုရွာအနီးရှိ နွေရာသီစာ သစ်သီးများမှာ ရင့်မှည့်လာကာ ရိတ်သိမ်းရာသီသို့ ရောက်နေပြီဖြစ်သည်။

ယခင်နှစ်များကလိုပင် ဇွန်လအစမှာ သစ်တော်သီးများနှင့် စောင်းလျားသီးများကို ရိတ်သိမ်းဖို့ အချိန်ကောင်းဖြစ်သည်။ ခိုရိုရွာ၏ ရွာသားများမှာ ယခင်နှစ်များက ကဲ့သို့ပင် ၎င်းတို့၏ သစ်သီးခြံများ၌ အလုပ်များနေကာ ဤအချိန်ကို အသီးများခူးဆွတ်ရန် အသုံးပြုနေကြ၏။

သို့သော် ယခင်နှစ်များကကဲ့သို့ ဘန်တာမြို့ သို့မဟုတ် အနီးအနားက ခမာမြို့နှင့် ဆော်လ်တန်မြို့များသို့ ရောင်းရန် ချက်ချင်းပို့ဆောင်ခြင်းနှင့် ကွာခြားသည်မှာ ယခုနှစ်တွင် ခိုရိုရွာသားများ ခူးဆွတ်ထားသည့် သစ်တော်သီးများနှင့် စောင်းလျားသီးများကို ရွာအနီး၌ တည်ဆောက်ထားသည့် စည်သွပ်သီးစက်ရုံသို့ ပို့ဆောင်ကာ အားလုံးကို တင်ပို့ခဲ့သည်။

ထိုသည်မှာ စည်သွပ်သီးစက်ရုံကို တည်ဆောက်ချိန်က ခိုရိုရွာရှိ အသီးများအားလုံးကို Frestech ကုန်သည်ကြီးများအသင်းက ယခင်နှစ် ဈေးကွက်ဈေးနှုန်းဖြင့် ဝယ်ယူထားခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့အားလုံးကို စည်သွပ်သီးအဖြစ် ပြောင်းလဲမည်ဖြစ်၏။

သစ်တော်သီးများနှင့် စောင်းလျားသီးများကို စက်ရုံဆီသို့ ပို့ဆောင်ပြီးနောက်တွင် ၎င်းတို့အား ဦးစွာ ပြုတ်လိုက်ကြသည်။ ပြုတ်ပြီးနောက်၌ ဖန်ဘူးထဲထည့်ကာ သံဖုံးဖြင့် ပိတ်၍ ထုပ်ပိုးလိုက်၏။

စက်ရုံသို့ အသီးများပို့နေစဉ်တွင် ပြုတ်ရာမှ ချိုမြမြရနံ့ပျံ့လွင့်လာကာ ခိုရိုကျေးရွာတစ်ရွာလုံးကို စွဲမက်ဖွယ် ချိုအီအီရနံ့ဖြင့် ဖုံးလွှမ်းသွားသည်။

စတေးလ်က ထိုချိုမြိန်သည်လေကို တဝရှူရှိုက်လျက် မနေနိုင်ဘဲ ချီးကျူးလာသည်၊ “ဒီအနံ့က အတော်ကောင်းတာပဲ၊ ကျွန်မတောင် ဒီမှာ နေချင်တယ်။”

ရှုယီက အသာပြုံးကာ၊ “ဒါကို နည်းနည်းလောက် ရှူတာက ပြဿနာမရှိပေမယ့် နေ့တိုင်းရှူနေရင်တော့ သိပ်မကြာလိုက်ဘဲ အသီးတွေမြင်တာနဲ့ အော်ဂလီဆန်လာလိမ့်မှာကို ယုံလား?”

“အဲ့လောက်များ ဆိုးနေလို့လား?” စတေးလ်က ရှုယီကို သံသယဖြင့် ကြည့်လာသည်။ သူမက စက်ရုံဘက်သို့ တိုးကပ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ချစ်မြတ်နိုးလွန်းနေဟန်ဖြင့်၊ “ဒီလို ချိုမြိန်နဲ့အနံ့လေးကို ကျွန်မက ဘယ်လိုလုပ် စိတ်ကုန်လာမှာလဲ?”

ရှုယီက ရယ်လျက် စနောက်လေသည်၊ “ဒါဆို မင်းဒီမှာ နေပြီး စိတ်ကုန်မလား မကုန်လားသိရအောင် တစ်ပတ်လောက် အလုပ်လုပ်မလား?”

စတေးလ်က နှာခေါင်းလေးရှုံ့လျက် ယုံကြည်ဟန်ပေါ်မနေချေ။ အလုပ်ယူနီဖောင်း အဖြူရောင်ကို ဝတ်ဆင်ထားသည့် ခပ်ဝဝသက်လတ်ပိုင်း လူတစ်ဦးက အပြုံးဖြင့် ဆိုလာလေသည်၊ “ဥက္ကဌပြောတာမှန်ပါတယ်။ မဒမ်စတေးလ်၊ မဒမ်သာ ဒီမှာနေရင် ဒီအနံ့က ဘယ်လောက်ပဲ ကောင်းကောင်း နည်းနည်းတော့ အော်ဂလီဆန်လာလိမ့်မယ်။ ကြည့်ပါဦး၊ အလုပ်သမားတွေအားလုံး နှာခေါင်းစည်းတွေ တပ်ထားကြတယ်လေ။ ပထမဆုံး ဒါက ဥက္ကဌရဲ့ ကျန်းမာရေးအတွက် စည်းကမ်းကြပ်ထားတာကြောင့်ဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ အနံ့ရေးရေးလေးဆိုရင်တောင် ကာထားဖို့ပါပဲ။”

“တကယ်ကြီးလား?” စတေးလ်က စက်ရုံ၌ အသီးများပြုတ်နေသည့် အလုပ်သမားများကိုကြည့်လိုက်ရာ ထိုအလုပ်သမားများ အားလုံး၏ မျက်နှာထက်၌ နှာခေါင်းစည်း ခပ်ကြီးကြီးများရှိသည်ကို တွေ့လိုက်ရသည်။ သူမက သိလိုစွာဖြင့် နှာခေါင်းစည်းတပ်ကာ လိုက်လံ အနံ့ခံကြည့်လေသည်။

စတေးလ်မှာ လှည့်လည်ကြည့်ရှုရန် စိတ်ဝင်တစားဖြစ်နေသည်ကိုမြင်သော် ရှုယီလည်း မပြုံးဘဲ မနေနိုင်တော့ချေ။ သူက သူမနှင့်အတူ မသွားတော့ဘဲ သက်လတ်ပိုင်းလူကို မေးလိုက်သည်၊ “စက်ရုံခေါင်းဆောင် ဝီလ်, စက်ရုံကို လည်ပတ်နေတာ အခုဆို လဝက်လောက်ရှိပြီဆိုတော့ ချောချောမွေ့မွေ့ဖြစ်ရဲ့လား?”

စက်ရုံခေါင်းဆောင် ဝီလ်က ခပ်ကျယ်ကျယ်ရယ်လျက် ပြန်ဖြေလာသည်၊ “ကျုပ်တို့တွေ ပထမကတော့ အတွေ့အကြုံမရှိလို့ ပြဿနာ နည်းနည်းလောက်ရှိခဲ့ပေမယ့် ဥက္ကဌရဲ့လမ်းပြမှုကြောင့် အဲ့လောက် ဒုက္ခမများခဲ့ပါဘူး။ အခုဆို စက်ရုံက အတော်လေးချောချောမွေ့မွေ့လည်ပတ်နေပြီး အလုပ်သမားတွေကလည်း အရမ်းကို စိတ်အားထက်သန်ကြပါတယ်။”

“ချောမွေ့ရင်တော့ အဆင်ပြေပါတယ်။ ဒါဆို ဒီလအတွင်းမှာ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ ပထမအသုတ်ကို ပေးနိုင်မယ်လို့ထင်လား?” ရှုယီက မေးသည်။

ထိုမေးခွန်းကိုကြားသော် စက်ရုံခေါင်းဆောင်ဝီလ်က အနည်းငယ်တုံ့ဆိုင်းသွား၏။

“ဒါက..... လတ်တလောတော့ ကျုပ်တို့တွေအနေနဲ့ တစ်နေ့ကို စည်သွပ်ဘူးတွေ နှစ်ထောင်အောက်ပဲ ထုတ်လုပ်နိုင်သေးတယ်၊ ဒါပေမယ့် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ ပထမအသုတ်က ဘူးပေါင်း တစ်သိန်းဆိုတော့..... နည်းနည်းလောက် ခက်မှာကို စိုးရိမ်မိပါတယ်.....”

“အခက်အခဲရှိရင် ကျော်လွှားဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်လေ။” ရှုယီက မည်သည့် ယဉ်ကျေးမှုမှ မပြဘဲ ပြောလေသည်၊ “ဒါက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ မှာယူမှုထဲက ပထမအသုတ်ပဲ။ ပထမအသုတ်မှာ ပြဿနာရှိနေရင် ကျုပ်တို့ရဲ့ ရှေ့လျှောက်အလုပ်တွေကိုပါ သက်ရောက်လာလိမ့်မယ်။ ဒီတော့ ‌စက်ရုံခေါင်းဆောင် ဝီလ်၊ ခင်ဗျားအနေနဲ့ ကျုပ်တို့ အလုပ်သမားတွေရဲ့ လုပ်နိုင်စွမ်းကို တိုးမြှင့်ဖို့ နည်းလမ်းစဉ်းစားရမယ်။”

“ဒါပေါ့၊ ဒါပေါ့။” စက်ရုံမန်နေဂျာဝီလ်က ခေါင်းတဆတ်ဆတ်ငြိမ့်ကာ၊ “ဒါက ဥက္ကဌရဲ့ အမိန့်ဆိုမှတော့ ကျုပ်သေချာပါက် အောင်မြင်အောင် အကောင်းဆုံးလုပ်ပါ့မယ်။”

“ကျုပ်ရဲ့ အမိန့် ဟုတ်၊ မဟုတ်နဲ့ မဆိုင်ပါဘူး။” ရှုယီက ခေါင်းခါသည်၊ “ဒီစည်သွပ်သီးစက်ရုံက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းလက်အောက် စက်ရုံတစ်ရုံဖြစ်ပေမယ့်လည်း စက်ရုံမှာရှိတဲ့ အလုပ်သမားတွေအားလုံးက ခိုရို, ခမ်ဘီယာ နဲ့ မော့စီလန် ရွာတွေက ရွာသားတွေဖြစ်ပြီး ခိုရိုရွာကနေ ရိတ်သိမ်းထားတဲ့ အသီးတွေကို သုံးရတာလေ။ ဒီစက်ရုံရဲ့ လုပ်နိုင်စွမ်းသာ ကောင်းမယ်ဆိုရင် အကျိုးအမြတ်အများဆုံးရမှာက ဒီရွာသုံးရွာပဲ၊ အထူးသဖြင့် ခိုရိုရွာက ရွာသားတွေပေါ့။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ရွာသားနဲ့ ရွာတွေရဲ့ အကျိုးအမြတ်ကို ထောက်ထားပြီး ကောင်းကောင်းလုပ်ရမယ်။”

“နားလည်ပါပြီ!” ‌စက်ရုံခေါင်းဆောင်ဝီလ်က ခေါင်းငြိမ့်သည်၊ “ဥက္ကဌ၊ ကျုပ်သေချာပေါက် ဒီစက်ရုံကို ကောင်းကောင်းကိုင်တွယ်ဖို့ အကောင်းဆုံးလုပ်ပါ့မယ်!”

“ဟုတ်ပါပြီ၊ ကျုပ် ခင်ဗျားကို ယုံပါတယ်။” ရှုယီက အသာပြုံး၍ ‌စက်ရုံခေါင်းဆောင်ဝီလ်၏ ပခုံးကိုပုတ်ကာ သတိပေးလိုက်သည်၊ “ဟုတ်သားပဲ၊ လုပ်ကိုင်နိုင်စွမ်းကို မမြှင့်တင်ခင်မှာ အရည်အသွေးကို သေချာအောင် လုပ်ဖို့လိုတယ်။ ဒီစက်ရုံက စားဖွယ်ပစ္စည်းတွေကို လုပ်ရတာမို့ စိတ်ချရအောင် မလုပ်ရင် လူတစ်ယောက်ရဲ့ ဘဝကိုယူသွားနိုင်တာ သိလောက်မှာပါ။” ရှုယီက အင်မတန်လေးနက်နေသည်ကိုမြင်သော် စက်ရုံခေါင်းဆောင်ဝီလ်လည်း အခိုင်အမာသဘောတူလာလေသည်။

ကိစ္စတချို့ထပ်ပြောပြီးနောက်တွင် ရှုယီနှင့် စတေးလ်တို့မှာ စက်ရုံခေါင်းဆောင်ဝီလ်၏ ဦးဆောင်မှုဖြင့် စည်သွပ်သီးစက်ရုံကို လိုက်ပတ်ကြည့်နေပြီးနောက် ခိုရိုရွာမှ ထွက်ခွာသွားသည်။ ၎င်းတို့၏ မြင်းလှည်းက မိုးသွန်းလမ်းဆီ ဆင်းလာကာ မိုးကျတောင်ကြားသို့ ဦးတည်လိုက်၏။

စတေးလ်က အဝေး၌ ပျောက်ကွယ်သွားသည့် ခိုရိုရွာကို လှည့်ကြည့်ရင်း ရှုယီကို မေးလာ၏၊ “ဘာလို့ အတော်လေးခေါင်တဲ့နေရာမှာရှိတဲ့ အဲဒီစည်သွပ်သီးစက်ရုံဆီသွားရတာလဲ? ကျွန်မသာ တစ်ခုလောက်ပြောရမယ်ဆိုရင် ဒီစည်သွပ်သီးစက်ရုံက လက်ရှိ လုပ်ငန်းစုလက်အောက်က မှော်စက်တွေနဲ့ မသက်ဆိုင်ဆုံးနေရာ ဖြစ်လောက်မယ်။”

“မှော်စက်တွေနဲ့ မဆိုင်လို့သာ ကိုယ်ဒီကိုလာဖို့ ရွေးချယ်လိုက်တာပေါ့။” ရှုယီက အပြုံးဖြင့် ပြန်ဖြေသည်၊ “ကိုယ့်အနေနဲ့ လုပ်ငန်းစုကို စီမံခန့်ခွဲမှုမလုပ်တော့သလို ဘာမှလည်း ဝင်မပါတော့ကြောင်း ကြေညာလိုက်ကတည်းက ဒါကို ပြရမှာပေါ့။ ဒါပေမယ့် ကိုယ်သာ အရာအားလုံးကို လုံးဝလျစ်လျူရှုပြီး မင်းနဲ့ ပျားရည်ဆမ်းခရီးထွက်မယ်ဆိုရင် လုပ်ငန်းစုကလူတွေ ပူပန်နေကြလိမ့်မယ်။”

“ဟမ့်၊ ဘာပူပန်စရာရှိလို့လဲ? သူတို့တွေပဲ အားလပ်ရက်ယူဖို့ခွင့်ရပြီး ရှင်ကျတော့မရတာကြောင့်လား?” စတေးလ်က နှုတ်ခမ်းစူလျက် ပြော၏။

“ဒါက အားလပ်ရက်ယူတဲ့ ပြဿနာမဟုတ်ဘူးလေ၊ ယုံကြည်ချက်နဲ့ သက်ဆိုင်နေတာ။ ကိုယ်သာ ဘာကိုမှဂရုမစိုက်ရင် တချို့လူတွေက ကိုယ့်အနေနဲ့ လက်လျှော့ဖို့ တကယ်ကြီးစီစဉ်နေတာပဲလို့ ခံစားရလာလိမ့်မယ်။ ဒါဆို လုပ်ငန်းစုမှာရှိတဲ့ လူတော်တော်များများလည်း လုပ်ငန်းစုကို ယုံကြည်မှု လျော့နည်းလာပြီး ပြဿနာကြီးကြီးမားမားဖြစ်လာလိမ့်မယ်ဆိုတာ သေချာတယ်။” ရှုယီက ဆိုသည်။

“ကျွန်မ မပြောနိုင်ပါဘူး၊ ဒါပေမယ့်ရှင်က အတော်လေး အတ္တကြီးတာပဲ။” စတေးလ်က ရှုယီ၏ပါးကို ပုတ်ကာ၊ “ဥက္ကဌရှု၊ ရှင့်ရဲ့စကားလုံးတွေအရဆို Frestech ကုန်သည်ကြီးများအသင်းက ရှင်မရှိဘဲ မလည်ပတ်နိုင်ဘူးပေါ့? အရမ်းကြီး မာနကြီးနေတာမဟုတ်ဘူးလား?”

“ကိုယ်က ဒီလောက် မာနကြီးတယ်ပေါ့။” ရှုယီက ရယ်ကာ၊ “ကိုယ့်စကားလုံးတွေက အချက်အလက်တွေ မဟုတ်ပါဘူးလို့ မင်း ငြင်းဆန်ရဲလား?”

စတေးလ်က ရှုယီကို ငြင်းဆန်လိုက်ချင်ပါသော်လည်း သူမအနေနှင့် မပြုလုပ်နိုင်ကြောင်းတွေ့ရှိလိုက်ရသည်။

ထိုသည်မှာ ရှုယီ၏စကားလုံးများက အချက်အလက်ကျနေသောကြောင့်ပင်။

Frestech ကုန်သည်ကြီးများအသင်း၌ တစ်ယောက်ယောက် မရှိ၍ရပါသော်လည်း ဥက္ကဌအနေနဲ့ သူကတော့ မရှိ၍ မရနိုင်ချေ။

ရှုယီက Frestech ကုန်သည်ကြီးများအသင်းနှင့် ညီမျှသည်ဟု ဆိုလျှင်ပင် ချဲ့ကားလွန်းမနေချေ။

ဤလုပ်ငန်းစုကို လွန်ခဲ့သည့် ၂နှစ်ကမှ တည်ထောင်ခဲ့သော်လည်း ဤမျှမြန်မြန် ချဲ့ထွင်နိုင်ကာ အချိန်တိုလေးအတွင်း ဘန်တာမြို့ရှိ အချက်အချာလုပ်ငန်းစု ဖြစ်လာစေပြီး လမ်ပူရီတိုင်းပြည်တစ်ခုလုံးတွင်ပင် လွှမ်းမိုးမှုတစ်ခု ရှိနေရသည့် အကြောင်းအရင်းမှာ အားလုံး ရှုယီကြောင့်သာ ဖြစ်သည်။

၎င်းတို့သာ တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းက ဆက်လက်လည်ပတ်နိုင်ပါသော်လည်း ရှုယီမရှိပါက ရှုယီပြောခဲ့သလိုပင် ပြဿနာကြီးများ ဖြစ်လာလိမ့်မည်။

စတေးလ်၏ ဆွံ့အနေပုံကိုမြင်သော် ရှုယီက ရယ်လေသည်။ သူက စတေးလ်၏ မျက်နှာလေးကို ညှစ်၍ ပြောလာ၏၊ “ဒီတော့ ကိုယ်က လူတိုင်း ကိုယ့်သဘောထားကို ရှင်းလင်းသွားစေချင်တာပါ။ ဒါက ခမ်နက်ဒ်အတွက်လည်း လုပ်ငန်းစုကို စီမံခန့်ခွဲဖို့ အဆင်ပြေစေနိုင်ပြီး ကိုယ်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်နေဆဲဆိုတာ လူတွေနားလည်လာမယ်လေ။ လူတွေကို စိတ်ချရဖို့က ‌အတော်ခက်တယ်ဆိုပေမယ့် စဉ်းစားကြည့်ရင် ဒီစည်သွပ်သီးစက်ရုံက အတော်ကောင်းတဲ့ ရွေးချယ်မှုဆိုတာ ကိုယ်တွေ့လိုက်ရတယ်။ စည်သွပ်သီးစက်ရုံက လုပ်ငန်းစုရဲ့ အဓိကလုပ်ငန်းနဲ့ မဆိုင်‌တာကြောင့် ကိုယ်သာ ဒီနေရာကို လာစစ်ဆေးရင် အဓိကလုပ်ငန်းကို ဂရုစိုက်နေတဲ့ ခမ်နက်ဒ်ဆီ မသက်ရောက်စေတော့ဘူးပေါ့။ ပြီးတော့လည်း မင်းသတိမထားမိဘူးလား? ကိုယ် ခေါင်းဆောင်ဝီလ်နဲ့ ပြောနေတုန်းက အလုပ်ရုံကို ဘယ်လိုစီစဉ်ရမယ်ဆိုတာနဲ့ ဆိုင်တဲ့ စကားတစ်လုံးမှမပါဘူးလေ။”

စတေးလ်က ခေါင်းလေး‌စောင်းပြီးစဉ်းစားလိုက်သော် ရှုယီပြောသည်မှာ လုံးဝမှန်ကြောင်းသိလိုက်ရသည်။

သို့သော် စဉ်းစားကြည့်လိုက်ရင်း စတေးလ်မှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်၍ သက်ပြင်းဖွဖွချလျက် ပြောလာသည်၊ “ဘာလို့ ရှင်က ဒီပြဿနာတွေအားလုံးကို ရင်ဆိုင်နေရတာလဲ? လူတိုင်းက ရှင်ဟာ Frestech ကုန်သည်ကြီးများအသင်းရဲ့ တစ်ဦးတည်းသော ဥက္ကဌဖြစ်ပြီး ရှင်ဘာပဲလုပ်လုပ် လူတိုင်းရဲ့စိတ်ထဲက ရှင့်ရဲ့ပုံစံကို လျှော့နည်းသွားစေဖို့ မဖြစ်နိုင်ဘူးလေ။ ဒီလောက်တွေးတောနေတာ မပင်ပန်းဘူးလား?”

ရှုယီက ပခုံးတွန့်ကာ၊ “ကိုယ်ပင်ပန်းနေတာကြောင့်ပဲ ခမ်နက်ဒ်ရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ဖို့ လုပ်နိုင်သမျှ အားလုံးလုပ်နေတာပဲလေ။ ဒီလိုမှပဲ ကိုယ့်အနေနဲ့ ခမ်နက်ဒ်ကို ကိုယ့်အတွက် စီမံခန့်ခွဲမှုမှာ ဂရုစိုက်ခိုင်းနိုင်ပြီး တခြားကိစ္စတွေလုပ်ဖို့ အချိန်ရလာမှာပေါ့။ ကြည့်ပါဦး၊ ဒါသာ အရင်ကဆို ကိုယ် ဘယ်လိုများ ‌မင်းနဲ့အတူ တစ်နေကုန် နေနိုင်ပါ့မလဲ? မင်း မပျော်ဘူးလား?”

စတေးလ်က ချိုသာစွာပြုံး၍ ရှုယီကို နမ်းရှိုက်ကာ သိမ်မွေ့စွာပြောလေသည်၊ “ဒါပေါ့ အရမ်းပျော်တယ်။ ရှင်သာ ပိုပြီး သက်သာနိုင်ပြီး အရင်ကလို ကိစ္စတွေအားလုံးကို စိတ်ပူစရာမလိုတော့ရင် ကျွန်မက ဘယ်လိုလုပ် မပျော်ဘဲ နေမှာလဲ။”

ရှုယီက သူမကို ပြန်နမ်းကာ ပြုံးလာသည်။ ထို့နောက် မြင်းလှည်းအပြင်ဘက်ကိုကြည့်၍ စိတ်ထဲ သက်ပြင်းချလေ၏။

အပြင်ပန်း၌ သူဟာ လုပ်ငန်းစု စီမံခန့်ခွဲခြင်းကို ဆိုင်းငံ့ထားနိုင်ကာ အချိန်နဲ့ အားစိုက်မှု ပိုရထားပါ၏။

သို့သော် လက်တွေ့တွင် Frestech ကုန်သည်ကြီးများအသင်းက ဆက်လက်တိုးတက်နေသည်နှင့် ဥက္ကဌတစ်ဦးအနေဖြင့် သူ ဂရုစိုက်ရမည့် ကိစ္စများမှာ ပိုများကာ ရှုပ်ထွေးလာနေသည်။

ထို့အပြင် ထိုအရာများ၌ ပြောင်းလဲမှုများစွာလည်း ပါဝင်နေပါ၏။ တစ်ခုသာ မှားယွင်းသွားလျှင် ပြဿနာကြီးတစ်ခု ဖြစ်လာမည်သာ။

ယခင်ကနှင့် ယှဉ်လျှင် သူဟာ တကယ်တမ်း များများစားစား သက်သာမနေချေ။

မှော်စက်မှုအင်ပါယာ

Vol 2 အခန်း ၁၇၆။ အခြားမျိုးနွယ်ဝင် ကိုယ်စားလှယ်

မြင်းလှည်းမှာ မိုးကျတောင်ကြားသို့ တဖြည်းဖြည်းဝင်ရောက်လာသည်။ ရှုယီက ယခင်ကကဲ့သို့ စက်ရုံအမျိုးမျိုးတို့ကို သွားမစစ်ဆေးတော့ဘဲ ခေါင်းဆောင်မွန်တိုနှင့် ခေါင်းဆောင် စီလူကာ တို့ကိုသာ တိုက်ရိုက်သွားရှာလိုက်သည်။

လူပုလေးခေါင်းဆောင်နှစ်ဦးစလုံးကို ရှုယီလာနေစဉ်က ဆက်သွယ်ထားခဲ့ပြီးဖြစ်ရာ စတေးလ်နှင့် အတူလာသည်ကိုမြင်ချိန်တွင် ချက်ချင်း သူ၏ရည်ရွယ်ချက်ကို နားလည်သွား၏။

“ဥက္ကဌ၊ လိုအပ်တာရှိမယ်လို့ ကျုပ်မခံစားရဘူး။” စီလူကာက စတေးလ် လွှဲပေးလာသည့် စာတမ်းကို အတန်ကြာကြည့်ပြီးနောက် မျက်မှောင်ကုပ်၍ ပြောလေသည်၊ “ဥက္ကဌနဲ့ Frestech ကုန်သည်ကြီးများအသင်းကို လူပုလေးတွေအားလုံးက ယုံကြည်ကြပါတယ်။ ကျုပ်တို့က ဥက္ကဌနဲ့အတူ စာချုပ်မှာ လက်မှတ်ထိုးပြီးမှတော့ ဘာလို့ သခင်မလေး စတေးလ်နဲ့ နောက်ထပ်စာချုပ်ကို လက်မှတ်ထိုးဖို့နဲ့ ဒုက္ခရှာဖို့လိုတော့မှာလဲ?”

“နောက်တစ်မျိုးပြောရရင် အဲဒါက ဒုက္ခရှာရုံပဲမဟုတ်ဘူးလား?” ‌နံဘေးရှိ ခေါင်းဆောင် မွန်တိုကလည်း ပြောလာသည်၊ “ကျုပ်တို့ လူပုလေးတွေက ကတိတည်ပြပါတယ်၊ ကျုပ်တို့က ဥက္ကဌကိုယုံကြည်မှတော့ စာချုပ်တစ်ခုမှာ လက်မှတ်ထိုးဖို့တောင် မလို‌ပါဘူး။ လုပ်ထုံးလုပ်နည်းတွေအကုန်လုံးကလည်း ကျုပ်ခေါင်းကို ကြီးလာစေမယ့်အကြောင်းဆို မပြောနဲ့တော့။”

ရှုယီက သူ့ထက်ပိုကြီးသည့် ခေါင်းဆောင် မွန်တို၏ ခေါင်းကိုကြည့်ကာ မနေနိုင်ဘဲ ပြုံးမိသွားပြီး ပြောလိုက်သည်၊ “ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို ယုံကြည်ဖို့ ရွေးချယ်ထားတာက ကျုပ်အတွက် ဂုဏ်ယူစရာပါ အရမ်းဝမ်းသာမိပါတယ်။ ကျုပ်နဲ့ ခင်ဗျားတို့ ပူးပေါင်းတာပဲဆိုရင်တော့ စာချုပ်ချုပ်ဖို့ မလိုပါဘူး။ ဒါပေမယ့် လူပုလေးညီနောင်တွေအားလုံးက ခင်ဗျားတို့လို ကျုပ်ကို ယုံကြည်ပါ့မယ်လို့ အာမ,မခံနိုင်ဘူးမို့လား? ပြီးတော့လည်း ရှေ့လျှောက် ကျုပ်ကိုယ်ကျုပ် မပြောင်းလဲပါဘူးလို့ အာမ,မခံနိုင်သလို ကျုပ် ခင်ဗျားတို့ကို ကတိပေးထားတဲ့အရာတွေကိုပါ ပြောင်းလဲပစ်လိုက်နိုင်တယ်။ ဒီတော့ ဒါက ကျုပ်ရဲ့ အရာအားလုံးကို ဂရုစိုက်မှုက လူပုလေးညီအစ်ကိုတွေရဲ့ အကျိုးအမြတ်အတွက် စိတ်ချစရာဖြစ်စေလိမ့်မယ်လို့ အဓိပ္ပာယ်ပဲလေ။”

“ရှုယီ ပြောတာမှန်တယ်။” စတေးလ်က ထောက်ခံလာသည်၊ “ရှင်တို့အနေနဲ့ အပြောနဲ့ သဘောတူညီချက်တွေကို လုံးဝ ယုံကြည်ပစ်လိုက်လို့မရဘူး။ နောက်ထပ် အရေးကြီးပြဿနာလည်းရှိသေးတယ်၊ အဲဒါက Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ လက်မှတ်ထိုးထားကြတဲ့ ရှင်တို့နဲ့ တခြားလူပုလေးညီအစ်ကိုတွေရဲ့ စာချုပ်က နိုင်ငံရဲ့ ဥပဒေနဲ့ မကိုက်ညီသေးတော့ ဥပဒေအရ အကာအကွယ်မရသေးဘူး။ ဒီတော့ Frestech ကုန်သည်ကြီးများအသင်းကသာ စာချုပ်ကို ဆန့်ကျင်ပြီး လူပုလေးတွေကို ထုတ်ပယ်ချင်ရင် ရှင်တို့ ခုခံနိုင်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။”

“ကျုပ် ဥက္ကဌကို ယုံကြည်ပါတယ်၊ သူက ဒီလိုလုပ်မှာမဟုတ်ဘူး။” ခေါင်းဆောင် စီလူကာ က သေချာနေသည့်အသံဖြင့်ဆိုလာ၏။

“ကျုပ်ရောပဲ။” ခေါင်းဆောင် မွန်တိုလည်း ပြောလာသည်။

“ဒီကိစ္စက ရှုယီကို ယုံ၊ မယုံနဲ့ မဆိုင်ဘဲ စာချုပ်ရဲ့ အကျုံးဝင်မှုက တခြားကိစ္စပဲ။” စတေးလ်က ပြောသည်၊ “ခေါင်းဆောင်တို့၊ ရှင်တို့က ရှုယီအနေနဲ့ အနာဂတ်မှာ သူ့စိတ်ကို ပြောင်း‌လိုက်မှာ စိတ်မပူကြဘူးလား?”

စီလူကာက စတေးလ်ကို ကြည့်၍ ရှုပ်ထွေးစွာမေးလာသည်၊ “သခင်မလေးစတေးလ်၊ မင်းက ဥက္ကဌနဲ့ လက်ထပ်ကာစကို ဘာလို့ သူ့ကို ကျုပ်တို့ ယုံသလောက်တောင် မယုံဘူးလို့ ခံစားနေရတာပါလိမ့်? ခင်ဗျားက သူ့အကြောင်း မကောင်းတာတွေ ဆက်ပြောနေတာလား?”

“ဟုတ်တယ်၊ သခင်မလေးစတေးလ် မင်းနဲ့ ဥက္ကဌကြားမှာ ပြဿနာဖြစ်ခဲ့တာတော့ မဖြစ်နိုင်ပါဘူးနော်....” ခေါင်းဆောင် မွန်တိုက ပဟေဠိဖြစ်နေဟန်ဖြင့် မေးလာသည်။

စတေးလ်က ၎င်းတို့ အပြောကြောင့် ဆွံ့အသွားကာ ရုတ်တရတ် ရှုယီ၏လက်ကို လှည့်ကာ ရိုက်လိုက်ပြီး ဒေါသသံဖြင့် ဆိုလာ၏၊ “ဒါတွေအားလုံး ရှင့်အမှားပဲ၊ ရှင်က ကျွန်မကို ဒီကိစ္စနဲ့ တာဝန်ပေးလိုက်တာလေ။ အခုတော့ ခေါင်းဆောင် နှစ်ယောက်က ကျွန်မတို့ ဆက်ဆံရေးကို သံသယဖြစ်နေပြီ!”

ရှုယီက ရယ်ရင်း ခေါင်းဆောင်နှစ်ဦးကို အမြန်ရှင်းပြလိုက်သည်၊ “ခင်ဗျားတို့ နှစ်ယောက် အထင်မလွဲပါနဲ့၊ စတေးလ်က ဒီလိုမလုပ်ချင်ပေမယ့် ကျုပ်က သူမကို တွန်းအားပေးခဲ့တာပါ။ စတေးလ်မှန်တယ်၊ ဒီကိစ္စက လူပုလေးညီအစ်ကိုတွေရဲ့ အကျိုးအမြတ်တွေကို စိတ်ချရစေမှာဖြစ်တဲ့အတွက် ကျုပ်ကို ယုံတာ မယုံတာနဲ့ မဆိုင်ပါဘူး။ အန်ဂိုလာနဲ့ နော်မာ ‌မျိုးနွယ်စုတို့ရဲ့ ခေါင်းဆောင်တွေအနေနဲ့ ခင်ဗျားတို့ အရင်ဆုံး မျိုးနွယ်ဝင်တွေအတွက် စဉ်းစားပြီးမှ လူပုလေးမျိုးနွယ်စုရဲ့ အကျိုးအမြတ်ကိုစဉ်းစားရမှာ၊ ဒါကြောင့် ခင်ဗျားတို့ ဒါကို သေချာစဉ်းစားပြီးမှ ဒီစာချုပ်မှာ လက်မှတ်ထိုးရင် အကောင်းဆုံးပဲလို့ အကြံပေးချင်တယ်။”

ခေါင်းဆောင် စီလူကာ နှင့် ခေါင်းဆောင် မွန်တိုတို့က တစ်ဦးနှင့် တစ်ဦးကြည့်ပြီးနောက် ကူရာမဲ့စွာ ခေါင်းငြိမ့်လာကြသည်၊ “ဥက္ကဌက ဒီလို လုပ်ဖို့ အခိုင်အမာတောင်းဆိုနေမှတော့ ကျုပ်တို့ သဘောတူပါ့မယ်။”

ခေါင်းဆောင် စီလူကာ နှင့် ခေါင်းဆောင် မွန်တိုတို့က စတေးလ်ထုတ်ပေးလာသည့် တာဝန်ခွဲဝေရေးလုပ်ပိုင်ခွင့်စာချုပ်ကို လက်မှတ်ထိုးနေကြသည်အားမြင်သော် ရှုယီက ခေါင်းငြိမ့်လေ၏။ ထို့နောက် စတေးလ်အား ခေါင်းဆောင်စီလူကာ နှင့် ခေါင်းဆောင်မွန်တိုကို လက်မှတ်ထိုးခိုင်းရမည့် အခြားစာချုပ်များကိုပါ ထုတ်စေလိုက်သည်။

စတေးလ်ပြောခဲ့သလိုပင် လူပုလေးများအနေနှင့် ယခင်က Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ရန် စာချုပ်၌ လက်မှတ်ထိုးခဲ့သော်လည်း လမ်ပူရီတိုင်းပြည်တွင် အခြားမျိုးနွယ်စုများက လူသားလုပ်ငန်းစုများ၌ အလုပ်လုပ်ခြင်းနှင့် ပတ်သက်သော ဥပဒေမရှိရာ စာချုပ်ကို နိုင်ငံဥပဒေနှင့် မကာကွယ်ထားပါချေ။

ထိုသည်က သီအိုရီအရဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းက လိုသလို အကြောင်းပြချက်မရှိ မည်သည့်တာဝန်မှမယူဘဲ လူပုလေးအလုပ်သမားများကို ထုတ်ပယ်နိုင်သည်ဟု ဆိုလိုသည်။

ထိုသည်က သီအိုရီအရသာဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းအနေနှင့် သန်မာသည့်ကိုယ်ကာယရှိကာ မည်သို့အလုပ်ကြိုးစားရမည်မှန်းသိကြသည့် လူပုလေးအလုပ်သမားများကို လက်လျှော့ချင်မည်မဟုတ်ပါသော်လည်း ရှုယီမှာ ကမ္ဘာမြေမှ ကူးပြောင်းလာသူဖြစ်သဖြင့် ထိုစိတ်ချရမှုမျိုးကို အရေးထားပေသည်။ ထိုသည်မှာ အခြားမျိုးနွယ်စုအလုပ်သမားများအတွက် အလုပ်သမားကတ် လုပ်ပေးရန် နိုင်ငံ၏အစိုးရထံသို့ ရှင်းပြပြီးနောက်တွင် အခြားမျိုးနွယ်ဝင်အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းရန် ဆယ်ဗီနီထံ အဆိုပြုခဲ့သည့် အကြောင်းရင်းပါပင်။

ယခင်က ဆယ်ဗီနီမှ ရှုယီကို လာတွေ့ချိန်တွင် တော်ဝင်လွှတ်တော်က သူအဆိုပြုထားသည့် အခြားမျိုးနွယ်တင်အလုပ်သမားဥပဒေကို ပြဌာန်းလိုက်ပြီဖြစ်သည်ဟု ပြောပြခဲ့သည်။

ထို ဥပဒေများအရ လမ်ပူရီတိုင်းပြည်၏ လူသားလုပ်ငန်းစုများအနေနှင့် အခြားမျိုးနွယ်ဝင်အလုပ်သမားများကို ခန့်အပ်ချိန်တွင် ၎င်းတို့အတွက် ဦးစွာ အလုပ်သမားကတ်များ လျှောက်ထားပေးရမည်ဖြစ်သည်။ ထို့နောက် မှတ်ပုံတင်ခြင်းနှင့် လုံခြုံရေးစစ်ဆေးမှုတို့ကို ခံယူပြီးမှသာ လူသားလုပ်ငန်းစုတစ်ခု၏ အသိအမှတ်ပြုလုပ်သားဖြစ်လာမည်ဖြစ်ပြီး သာမန် လူသားအလုပ်သမားတစ်ဦးနည်းတူ ဆက်ဆံခံရမည်ဖြစ်၏။

သို့သော် ထို လုပ်ထုံးလုပ်နည်းမှာ အတန်ငယ်ရှုပ်ထွေးပြီး လူ့အသိုင်းအဝိုင်းရှိပြီး ယခင်က အခြားမျိုးနွယ်ဝင်အလုပ်သမားများကို ခန့်အပ်ခြင်း အတွေ့အကြုံမရှိသည့် လမ်ပူရီတိုင်းပြည်ကို ခွင့်ပြုရန်မှာ ၎င်းတို့အား

၎င်းတို့၏ရှေးထုံးမှ တွန်းထုတ်နေသလိုပင်။

၎င်းတို့သာ အခြားမျိုးနွယ်ဝင်အလုပ်သမားများကို ခန့်အပ်သည့် လုပ်ငန်းစုများအား ထိုသို့ပြုလုပ်ခွင့်ပြုလိုက်ပါလျှင် သီအိုရီအရဖြစ်နိုင်ပါသော်လည်း အစိုးရအနေနှင့် လူသားလုပ်ငန်းစုတိုင်းကို စစ်ဆေးရမည်ဖြစ်ရာ အင်မတတ် ငြီးငွေ့စရာပင်။ ထို့ကြောင့် တော်ဝင်လွှတ်တော်က ၎င်းကို ငြင်းပယ်ခဲ့၏။

အဆုံးတွင် ဆယ်ဗီနီက ရှုယီ၏ ထိုလုပ်ထုံးလုပ်နည်းများကို အခြေအနေအရ ညှိနှိုင်းရန် အထူးအဖွဲ့အစည်းတစ်ခုကို လုပ်ပိုင်ခွင့် လွှဲအပ်မည့် အကြံအား တော်ဝင်လွှတ်တော်ကို အဆိုပြုခဲ့သည်။

၎င်းအဖွဲ့အစည်း၏ လက်ရှိ နာမည်မှာ လမ်ပူရီတိုင်းပြည်၏ အခြားမျိုးနွယ်ဝင်ခန့်အပ်ရေးစီမံခန့်ခွဲမှုဌာန ဖြစ်ပြီး ၎င်းက အဓိကအားဖြင့် လူသားလုပ်ငန်းစုများမှ အခြားမျိုးနွယ်ဝင်အလုပ်သမားများကို ခန့်အပ်ချိန်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို ဂရုစိုက်ရန် ‌တာဝန်ရှိသည်။

ထိုဌာနမှာ အခြားမျိုးနွယ်ဝင်အလုပ်သမားများအား တိုက်ရိုက်မပြောဘဲ ၎င်းတို့၏ လူသားကိုယ်စားလှယ်များကို ပြောမည်ဖြစ်သည်။

နောက်တစ်မျိုးဆိုရပါက အခြားမျိုးနွယ်ဝင်များအနေနှင့် လူသားလုပ်ငန်းစုများအတွက် အလုပ်လုပ်လိုပါလျှင် ၎င်းတို့အတွက် သက်ဆိုင်ရာ လုပ်ရိုးလုပ်စဉ်များအားလုံးကို တာဝန်ယူပေးမည့် လူသားကိုယ်စားလှယ်တစ်ဦးရှာရမည်ဖြစ်သည်။

ထိုကိုယ်စားလှယ်မှာ အခြားမျိုးနွယ်ဝင်အလုပ်သမားကို ခန့်အပ်မည့် လုပ်ငန်းစုကလူ ဖြစ်၍မရသဖြင့် ရှုယီနှင့် ဆယ်ဗီနီတို့နှင့်အတူ ဆွေးနွေးပြီးနောက်တွင် စတေးလ်မှာ ငွေအတွက် အခြားမျိုးနွယ်ဝင်များကို ကိုယ်စားပြုပြီး လူသားလုပ်ငန်းစုများသို့ ဝင်ရောက်ရာ၌ ကူညီရန် အထူးပြုထားသည့် လုပ်ငန်းစုတစ်ခုကို ဖန်တီးလိုက်ရသည်။

ရှုယီက လတ်တလောတွင် လမ်ပူရီတိုင်းပြည်၌ အခြားမျိုးနွယ်ဝင်များ အယုံကြည်ရဆုံးလူသားဖြစ်ပြီး စတေးလ်က သူ၏ဇနီးဖြစ်သောကြောင့် သူမအနေနှင့် တခြားမျိုးနွယ်ဝင်များ၏ ယုံကြည်မှုကို ရရန် သဘာဝပါရမီရသွားသည်။

ဥပမာ၊ Frestech ကုန်သည်ကြီးများအသင်း၏ လူပုလေးနှင့် နတ်သူငယ်အလုပ်သမားများသာ စတေးလ်က ၎င်းတို့၏ ကိုယ်စားလှယ်ဖြစ်မှန်းသိရပါလျှင် သေချာပေါက် မည်သည့် ပြဿနာမှ ရှိလာမည်မဟုတ်ပေ။

ခေါင်းဆောင်စီလူကာ နှင့် ခေါင်းဆောင်မွန်တိုတို့ အမြင်အရဆိုလျှင် ထိုသည်က လုံးဝမလိုအပ်ပါချေ။

၎င်းတို့အနေနှင့် ရှုယီကို လုံးဝယုံကြည်သည်။ ရှုယီက ယခင်က ၎င်းတို့နှင့်အတူ စာချုပ်၌ လက်မှတ်ထိုးရန် Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုခဲ့စဉ်က ၎င်းတို့မှာ အင်မတန် စိတ်ပျက်၊ ရှုပ်ထွေးကာ ဒေါသပင် ထွက်ခဲ့ရပြီး ရှုယီက ၎င်းတို့ကို မယုံကြည်ဟု ခံစားမိခဲ့ကြသည်။

ယခုတွင် ပိုလို့ပင် ရှုပ်ထွေးလာကာ အနည်းငယ် ဆန္ဒမရှိ‌ဖြစ်စေ၏။

သို့သော် ရှုယီနှင့် စတေးလ်တို့၏ စိတ်ရှည်ရှည်ရှင်းပြချက်အရ လူပုလေးခေါင်းဆောင် နှစ်ဦးစလုံး နားလည်ကြသည်။ လူ့အသိုင်းအဝိုင်းက လူပုလေးအသိုင်းအဝိုင်းနှင့် ခြားနားသည်ဖြစ်ရာ လူပုလေးများက ၎င်း လုပ်ရိုးလုပ်စဉ်များကို ရှုပ်ထွေးသည်ဟု ထင်ပါသော်လည်း လူသားလုပ်ငန်းစုများ၌ အလုပ်လုပ်ဖို့ ရွေးချယ်ထားကြလေရာ လူသားတို့၏ ဓလေ့ကို လိုက်နာသင့်ပေသည်။

သို့သော် စတေးလ်က ခေါင်းဆောင်နှစ်ဦးကို ရှင်းပြရန် စာချုပ်များ ထုတ်လိုက်ချိန်၌ နှစ်ဦးသားမှာ သူမအား တည့်တိုး ငြင်းဆန်လိုက်ကြသည်။ ၎င်းတို့က ဘောပင်ကိုယူကာ စာချုပ်ထက်၌ နာမည်ရေးထိုးလိုက်ကြတော့၏။

ခေါင်းဆောင်နှစ်ဦး၏ အပြုအမူကိုမြင်သော် ရှုယီက မနေနိုင်တော့ဘဲ ပြုံး၍ ပြောလာ၏၊ “‌ခေါင်းဆောင်စီလူကာ, ခေါင်းဆောင်မွန်တိုတို့ ခင်ဗျားတို့က စာချုပ်ကိုတောင် မဖတ်ဘဲနဲ့ လက်မှတ်ထိုးနေတော့ ကျုပ်က ခင်ဗျားတို့ကို ရောင်းစားမှာကို မကြောက်ဘူးလား?”

ခေါင်းဆောင်စီလူကာက ရယ်မောကာ၊ “ကျုပ်က ဥက္ကဌကို ယုံပါတယ်၊ ဘာကြောက်စရာရှိမှာလဲ။”

“အမှန်ပဲ။ ခင်ဗျား ကျုပ်တို့ကို ရောင်းရင်တောင် ဒါကို တကယ်ပဲ လိုက်နာဖို့လိုလို့လား? အဆိုးဆုံးရှိ ညီအစ်ကိုတွေကို တောင်တန်းတွေဆီခေါ်သွားပြီး အရင်ကလို ပြန်နေရုံပေါ့။” ခေါင်းဆောင် မွန်တိုက ဆိုသည်။

ရှုယီက ကူရာမဲ့စွာ ခေါင်းခါကာ၊ “ဒါက အရင်ကနဲ့ မတူဘူးလေ။ ခေါင်းဆောင်တို့ ခင်ဗျားတို့ ဝန်ခံရမှာက လူပုလေးညီအစ်ကိုတွေရဲ့ဘဝက အခုဆို အတော်လေး ပိုကောင်းလာနေပြီ။ ခင်ဗျားတို့က ဒီလိုဘဝမျိုးကို စွန့်ပြီး ဘာဝိုင်မှတောင် မသောက်နိုင်ခဲ့တဲ့ အရင်ဘဝကို ပြန်သွားချင်လို့လား?”

ခေါင်းဆောင်စီလူကာ နှင့် ခေါင်းဆောင်မွန်တိုတို့က တစ်ဦးနှင့် တစ်ဦးကြည့်ပြီးနောက် ခါးသက်သက်ပြုံး၍ ခေါင်းခါလေသည်။

“ဟုတ်တယ်၊ ညီအစ်ကိုတွေ လုပ်ငန်းစုမှာ အလုပ်စလုပ်ကတည်းက သူတို့ဘဝတွေက အရင်ကထက်ပိုကောင်းလာတယ်။ အရင်ကလို ခါးသက်တဲ့ဘဝမျိုးမှာ ပြန်နေခိုင်းဖို့ကိုတော့ သူတို့လည်း လုံးဝဆန္ဒမရှိလောက်ဘူး။” ခေါင်းဆောင်စီလူကာက ခံစားချက်အပြည့်ဖြင့်ပြောပြီး မေးလာ၏၊ “ဒါပေမယ့် ဒါက ဒီစာချုပ်တွေကို လက်မှတ်ထိုးတာနဲ့ ဘာဆိုင်လို့လဲ? ဥက္ကဌနဲ့ ၂နှစ်လောက် ရင်းနှီးလာပြီးတော့ ကျုပ်တို့ လူသားတွေအနေနဲ့ လူသားတွေကို နားမလည်ရင်တောင် ဥက္ကဌက ယုံကြည်မှုနဲ့ ‌ထိုက်တန်တယ်ဆိုတာ သိကြသေးပါတယ်။ ဒီတော့ ခင်ဗျားဒီမှာရှိနေသရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။”

“ဒါပေမယ့် ကျုပ် ဒီမှာ မရှိ‌တော့ရင်ရော?” ရှုယီက ပြန်မေးသည်၊ “ပထမဆုံး ကျုပ်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ မဖြစ်နိုင်တော့တဲ့ ‌ဖြစ်နိုင်ချေကို မပြောနဲ့ဦး၊ ဒါက ခင်ဗျားတို့ ပစ်ပယ်ထားလို့မရတဲ့ မေးခွန်းပဲ။ ဘာပဲဖြစ်ဖြစ် ကျုပ်က လူသားတစ်ယောက်ပဲဆိုတော့ အဆုံးကျရင် သေရမှာပဲလေ။ လူသားတွေရဲ့ ဘဝသက်တမ်းက အများဆုံးရှိ နှစ်တစ်ရာပဲ၊ ခင်ဗျားတို့ လူပုလေးတွေ၊ နတ်သူငယ်တွေလို နှစ်ရာနဲ့ချီပြီး နေနိုင်တာနဲ့ယှဉ်ရင် အကွာကြီးပဲ။ ကျုပ်သေသွားတဲ့အခါကျရင် ခင်ဗျားတို့ လူပုလေးညီအစ်ကိုတွေ အများစုက ရှင်နေကြဦးမယ်လို့ ထင်တယ်။ ဒီတော့ ခင်ဗျားတို့ဆီမှာ ကျုပ်လောက် ယုံလို့ရနိုင်မယ့် တခြားလူသားရှိလာမယ်ထင်လို့လား?”

ရှုယီက ‘သေခြင်း’ကို ထုတ်ပြောလာသည်ကို ကြားသော် နံဘေးရှိ စတေးလ်က မနေနိုင်ဘဲ ရှုယီလက်ကို တင်းတင်းကြပ်ကြပ်လှမ်းကိုင်ကာ နံဘေးသို့ တိုးကပ်သွားလိုက်သည်။

ခေါင်းဆောင်နှစ်ဦးလည်း အံ့ဩသွား၏။ ရှုယီကို အနည်းငယ်ကြာအောင် ကြည့်ပြီးနောက် ခေါင်းကုတ်လိုက်ကြကာ၊ “ဒါက တကယ်ကို ပြဿနာပဲ။”

ရှုယီက သူ၏ရည်ရွယ်ချက်အမှန်ကို ခေါင်းဆောင်နှစ်ဦးထံ ရှင်းပြမည်အပြုတွင် ၎င်းတို့သုံးဦးနံဘေးမှ အသံတစ်သံ ရုတ်တရတ်ထွက်လာ၏။

“ဥက္ကဌရှုက ဘဝသက်တမ်းအရမ်းတိုနေတာကို စိတ်ပူနေမှတော့ ဒီတိုင်း တိုးလိုက်ရုံပေါ့။”

မှော်စက်မှုအင်ပါယာ

Vol 2 အခန်း ၁၇၇။ နတ်သူငယ်တွေလည်း စက်ရုံတစ်ရုံ ဖွင့်ချင်နေတယ်

လူသားနှစ်ဦးနှင့် လူပုလေးနှစ်ဦးတို့မှာ အံ့ဩသွားကာ အသံလာရာဘက်ကိုကြည့်လိုက်ကြသည်။ ၎င်းတို့မှာ လေထုပုံပျက်သွားကာ ပုံရိပ်များစွာ တဖြည်းဖြည်းပေါ်လာသည်ကို မြင်လိုက်ရ၏။

ရှုယီက ရှေ့တိုးကြည့်လိုက်သော် အံ့ဩသွားသည်။

“အကြီးအကဲ အီလူရှာ, ဘယ်လိုလုပ်.....” ရှုယီက ဘေးဘီကိုကြည့်လိုက်ကာ၊ “ဘယ်လိုလုပ် မိုးကျသစ်တောကနေ ထွက်လာတာလဲ?”

အကြီးအကဲ အီလူရှာက အသာပြုံးကာ၊ “ဥက္ကဌရှု၊ ကျွန်မက ကျွန်မရဲ့ ဘဝတစ်ခုလုံးကို မိုးကျသစ်တောမှာပဲ ကုန်ဆုံးခဲ့တယ်လို့ ထင်နေတာလား?”

ရှုယီက မသက်မသာပြုံးကာ၊ “မဟုတ်ပါဘူး။ ဒါပေမယ့် အရင်၂နှစ်က ကျုပ် အကြီးအကဲနဲ့ ပထမဆုံးအကြိမ်တွေ့တော့ အကြီးအကဲက မိုးကျသစ်တောကနေ ထွက်လာတာကို မမြင်ဖူးသလို မကြားလည်းမကြားဖူးတော့ ပထမဆုံးတစ်ခေါက် ရောက်လာတာကို ကျင့်သားမရဖြစ်နေတာပါ။”

ထိုသို့ပြောပြီးနောက် သူ၏မျက်လုံးများက အကြီးအကဲအီလူရှာနှင့် အတူပါလာသည့် နတ်သူငယ်များထံကျရောက်လာသည်။ သူက အကြီးအကဲအီလူရှာနံဘေး၌ ရပ်နေသည့် အက်ဂ်နက်စ်ကို ပြုံးပြပြီးနောက် လရိပ်မျိုးနွယ်စုက မိန်းကလေးသုံးဦးကိုကြည့်ကာ မေးလိုက်သည်၊ “ဒီဘက်က သခင်မလေး သုံးယောက်က ညတေးသံမျိုးနွယ်စုအတွက် စစ်ဆေးမှု ပြီးသွားပြီလားဗျ?”

အလယ်ရှိ အနည်းငယ် အရပ်ပိုရှည်သည့် နတ်သူငယ်မလေးက ခေါင်းငြိမ့်ကာ ပြောလာသည်၊ “ပြီးပါပြီ၊ ကျွန်မတို့တွေ ညတေးသံမျိုးနွယ်စုက ရှင်တို့လူသားတွေနဲ့ ဘယ်လိုပူးပေါင်းတယ်ဆိုတာ နားလည်သွားပါပြီ။ အခု အကြီးအကဲအီလူရှာကို ကျွန်မတို့ကိုပါ ခေါ်လာခိုင်းခဲ့တာက ဥက္ကဌရှုနဲ့အတူ လူသားတွေနဲ့တရားဝင် ယှဉ်တွဲနေထိုင်ရာမှာ ဘယ်လိုအတွေ့အကြုံနဲ့ နေထိုင်ရမယ်ဆိုတာကို ဆွေးနွေးချင်လို့ပါ။”

“ဒါကရှင်းပါတယ်။” ရှုယီက အေးဆေးဟန်ဖြင့် ပြောလိုက်သည်၊ “ကျုပ်တို့ လုပ်ငန်းစုမှာ အလုပ်လုပ်နေတဲ့ ညတေးသံမျိုးနွယ်စု နတ်သူငယ်တွေအတော်များများရှိတော့ လက်ရှိ‌ လုပ်ငန်းစုမှာ အလုပ်လုပ်ရင်း လူသားတွေနဲ့ အတူ ဘယ်လိုနေရမယ်ဆိုတာကို လေ့လာရင်း အတွေ့အကြုံယူနေကြတယ်။ ခင်ဗျားတို့သာ ဆန္ဒရှိရင် ကျုပ်တို့အနေနဲ့လည်း ခင်ဗျားတို့ကို လုပ်ငန်းစုထဲ ဝင်ဖို့ ကြိုဆိုပါတယ်။ ကျုပ်တတ်နိုင်သ‌မျှ အကောင်းဆုံး ကူညီမှာပါ။”

“မဟုတ်ပါဘူး၊ ကျွန်မတို့တွေ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းထဲဝင်ဖို့ မစီစဉ်ထားဘူး။” ရှုယီသတိရသလောက် စတေးရှားဟု ခေါ်တွင်သည့် နတ်သူငယ်မလေးက ခေါင်းခါလာသည်၊ “ကျွန်မတို့ လရိပ်မျိုးနွယ်စုက ညတေးသံမျိုးနွယ်စုနဲ့ မတူဘူး။ ကျွန်မတို့အနေနဲ့ ပုံမှန်အားဖြင့် စတက်တိန်းနယ်မြေမှာ လူသားတွေနဲ့ အဆက်အသွယ်ရှိတော့ ဒါကို လိုက်လျောညီထွေဖြစ်ဖို့ မလိုဘူး။ အကြီးအကဲရဲ့ ညွှန်ကြားချက်အရဆိုရင် ရှင်တို့ လူသားတွေနဲ့အတူ တရားဝင်နေထိုင်ဖို့ အတွေ့အကြုံပဲ လိုတာပါ။”

“အိုး? ဒါဆို ခင်ဗျားတို့ စိတ်ထဲမှာဘာရှိတာလဲ၊ ဘာကိုများ အဆိုပြုချင်တာလဲ?” ရှုယီက သိလိုစွာမေးလိုက်သည်။

လရိပ်မျိုးနွယ်စုဝင်မိန်းကလေးသူံးဦးက တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ပြီးမှ စတေးရှားက ပြောလာသည်၊ “အက်ဂ်နက်စ်ရဲ့အပြောအရဆိုရင် ဘန်တာမြို့က အာမန်နီ ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးနေတဲ့ ညတေးသံမျိုးနွယ်စုဝင် နတ်သူငယ်ငါးယောက်ရှိတယ်။ ကျွန်မ‌တို့က သူတို့လိုမျိုး ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကလွဲပြီး လူသားလုပ်ငန်းစုတစ်ခုမှာ အတွေ့အကြုံယူချင်တာပါ။ ဥက္ကဌရှု ဒါနဲ့ ပတ်သက်ပြီး ကူညီနိုင်မလား?”

“ခင်ဗျားတို့က တခြားလုပ်ငန်းစုတွေကို ဝင်ချင်တာလား?” ရှုယီက နတ်သူငယ်မလေးသုံးဦးကိုကြည့်လိုက်၏။ ၎င်းတို့၏ မျှော်လင့်နေဟန်နှင့် မျက်လုံးများထဲရှိ ‌စိတ်လှုပ်ရှားမှုအရိပ်အယောင်တို့ကို မြင်လိုက်ရချိန်တွင် မနေနိုင်ဘဲ ရယ်ချင်သွားသည်။

ထိုနတ်သူငယ်မလေးသုံးဦးမှာ ထိုအရာအား စွန့်စားခန်းတစ်ခုအဖြစ် ဆက်ဆံနေသည့် လူသားမိန်းကလေးများနှင့် မတူပေဘူးလား?

“ဟုတ်ပါတယ်။” စတေးရှားက ခေါင်းငြိမ့်၏။

“ဟုတ်ပြီ၊ ခင်ဗျားတို့ စတေးလ်ကို အရင်ပြောပြီး သူမကို ခင်ဗျားတို့အတွက် ကိုယ်စားလှယ်လုပ်ခိုင်းပြီး အခြေခံလုပ်ရိုးလုပ်စဉ်တွေအတွက် တာဝန်ယူဖို့ ကူညီခိုင်းလိုက်ပါ။”

ထို လရိပ်မျိုးနွယ်စုမိန်းကလေးသုံးဦးကို အက်ဂ်နက်စ်က ‌စတေးလ်ထံခေါ်သွားသော် ရှုယီက အကြီးအကဲ အီလူရှာကို မေးမြန်းရန် အချိန်ရသွားသည်၊ “အကြီးအကဲအီလူရှာ, ခင်ဗျားသူတို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ခင်ဗျားတို့ မျိုးနွယ်စုထဲမှာ အကြာကြီးထိန်းသိမ်းထားတာလား?”

“ရှင့်ရဲ့ ပထမမေးခွန်းက ဘဝသက်တမ်းကို ဘယ်လိုတိုးရမလဲဆိုတာ ဖြစ်မယ်ထင်ထားတာ။” အကြီးအကဲ အီလူရှာက အသာပြုံး၍ဆိုသည်၊ “ဥက္ကဌရှု၊ ရှင် ကျွန်မပြောလိုက်တာကို မသိချင်ဘူးလား?”

ရှုယီက ရယ်မောလျက်နှင့်၊ “သိချင်တာပေါ့ဗျာ။ ကျုပ်က ဒါကို ခေါင်းဆောင်စီလူကာ ရှေ့မှာ လွယ်လွယ်ပြောခဲ့ပေမယ့် လူသားတစ်ယောက်အနေနဲ့တော့ သေခြင်းတရားကို ကြောက်တာပေါ့။ ကျုပ်ရဲ့ အိမ်မက်ပြည့်မြောက်ဖို့ အချိန်ကြာမှာမို့ လူသားတစ်ယောက်ရဲ့ သက်တမ်းနဲ့တောင် ဒီအိပ်မက်ပြည့်တာကို ကြည့်ဖို့ ခဲယဉ်းတာကြောင့် ကျုပ်ဘဝသက်တမ်းကို တိုးနိုင်မယ့် နည်းလမ်းကို လိုချင်တာပေါ့။ ဒါပေမယ့် မျိုးနွယ်တစ်ခုရဲ့ ဘဝသက်တမ်းက အကန့်အသတ်ရှိတော့ ဒီတိုင်းလေး တိုးလိုက်လို့ မရဘူးမို့လား?”

“ဟင့်အင်း ရှင် မတိုးနိုင်တာမဟုတ်ဘူး။” အကြီးအကဲ အီလူရှာက ခေါင်းခါသည်။

ရှုယီက အကြီးအကဲအီလူရှာကို သံသယအပြည့်ဖြင့် ကြည့်ကာ အဘယ့်ကြောင့် သူမက ထိုမေးခွန်းကို အလေးအနက်ဆိုနေသည်အား နားမလည်တော့ပါချေ။ ထိုသို့စဉ်းစားရင်း မေးလိုက်၏၊ “ခင်ဗျားအနေနဲ့ ကျုပ်ကို မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ မျှော်လင့်နေတာတော့ မဟုတ်ဘူးမို့လား? မဟာမှော်ပညာရှင်ဖြစ်လာတာက ဘဝသက်တမ်းကို သဘာဝကျကျပဲ တိုးစေနိုင်ပေမယ့် ခန့်မှန်းချေပဲရှိပြီး ဘယ်လောက်တိုးလာမယ်ဆိုတဲ့ အရေအတွက် အတိအကျမရှိဘူးလေ။ စိုင်စ်နယ်မြေကြီးရဲ့ သမိုင်းက မဟာမှော်ပညာရှင်တွေအနေနဲ့ ယေဘုယျအားဖြင့် တစ်ရာကျော်လောက် ပိုပြီး ရှင်သန်နေထိုင်ခဲ့ကြပေမယ့်လည်း မဟာမှော်ပညာရှင် အများစုကတော့ ဆယ်နှစ်ကျော်လောက်ပဲ နေခဲ့ကြရတယ်။”

“မဟာမှော်ပညာရှင်တစ်ယောက်ရဲ့ သက်တမ်း အဲ့လောက်မရှည်ပေမယ့် ခေါင်းဆောင်မှော်ပညာရှင်ရဲ့ သက်တမ်းကတော့ မတူဘူး။” အကြီးအကဲ အီလူရှာက ပြောသည် “စိုင်စ်နယ်မြေကြီးက လူသား ခေါင်းဆောင်မှော်ပညာရှင်ရဲ့ သက်တမ်းကို အနှစ်၂၀၀ကျော်အဖြစ်သတ်မှတ်ထားတယ်။ ဒါ့အပြင် လူသား အကြီးအကဲမှော်ပညာရှင်ရဲ့ သက်တမ်းက ကျွန်မတို့ နတ်သူငယ်တွေရဲ့ ပျမ်းမျှသက်တမ်းကိုတောင် ကျော်လွန်နေတယ်။”

ရှုယီ၏နှုတ်ခမ်းများတွန့်သွားရင်း လက်ယမ်းလာသည်၊ “ကျုပ်အနေနဲ့ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်ဖို့တောင် မစဉ်းစားရဲတာ အကြီးအကဲမှော်ပညာရှင်ဆိုရင် ပြောမနေပါနဲ့တော့။ လူသားတွေက နတ်သူငယ်တွေဆီကနေ မှော်ပညာကိုလေ့လာခဲ့တာ နှစ်ပေါင်းငါးထောင်ကျော်ပြီး အကြီးအကဲမှော်ပညာရှင် အယောက်ပေါင်းနှစ်ဆယ်လောက်ပဲ ရှိသေးတာကို မှတ်မိပြီ။ ကျုပ်အနေနဲ့ အဲဒီ့ ဒဏ္ဍာရီထဲက တစ်ယောက် ဖြစ်နိုင်မယ်ထင်လို့လား? ကျုပ်က ဒဏ္ဍာရီလာကုန်သည်တစ်ယောက်ဖြစ်လာမယ်လို့ပြောရင်တောင် ပိုယုံကြည်ရဦးမယ်။”

“လူသားတွေဆိုတာ အံ့ဖွယ်ဖြစ်ရပ်တွေ၊ ဖြစ်နိုင်ချေတွေနဲ့ ပြည့်နှက်နေတဲ့ မျိုးနွယ်ပဲ။ ဥက္ကဌရှု၊ ရှင့်ရဲ့ မှော်ပညာ အရည်အချင်းက မထက်မြတ်ဘူးဆိုပေမယ့်လည်း အကြီးအကဲမှော်ပညာရှင်တွေအားလုံးက မှော်ပညာမှာ ထက်မြတ်ကြတဲ့ သူတွေချည်းပဲမဟုတ်ဘူး။ ကျွန်မရဲ့ လူသား အကြီးအကဲမှော်ပညာရှင်ခုနစ်ယောက်ကို နားလည်မှုအရဆိုရင် သူတို့တွေက အရည်အချင်းထက် အခွင့်အလမ်းကြောင့် အကြီးအကဲမှော်ပညာရှင်တွေ ဖြစ်လာနိုင်ခဲ့ကြတာပဲ။” အကြီးအကဲ အီလူရှာက လေးနက်နေဟန်ဖြင့် ဆိုသည်။

ရှုယီက အကြီးအကဲ အီလူရှာကို ရှုပ်ထွေးဟန်ဖြင့်ကြည့်ကာ မနေနိုင်တော့ဘဲ စိတ်ထဲရှိနေသည့် မေးခွန်းကို မေးချလိုက်သည်။

“အကြီးအကဲ အီလူရှာ ဘာလို့ ကျုပ် သက်တမ်းအရမ်းတိုတာကို ဂရုစိုက်နေရတာလဲ?”

အကြီးအကဲအီလူရှာက နံဘေးရှိ ခေါင်းဆောင်စီလူကာ နှင့် ခေါင်းဆောင်မွန်တိုတို့ကို ကြည့်၍ ပြုံးကာ ပြောသည်၊ “ကျွန်မ ဘာလို့အဲ့လောက် ဂရုစိုက်နေတယ်ဆိုတာကို ခေါင်းဆောင်နှစ်ယောက်ကတော့ နားလည်မယ်လို့ထင်တယ်။”

ရှုယီ ကြည့်လာသည်ကိုမြင်သော် ခေါင်းဆောင် စီလူကာက အတန်ငယ် ရပ်တန့်နေပြီးမှ ပြောသည်၊ “ဥက္ကဌ၊ ခင်ဗျားက ကျုပ်တို့ လူပုလေးတွေနဲ့ ရိုးရိုးသားသားပူးပေါင်းနိုင်ပြီး ကျုပ်တို့လူပုလေးတွေရဲ့ ဘဝကို ‌တိုးတက်အောင်လုပ်ပေးခဲ့တဲ့ ရှားပါးတဲ့လူတစ်ယောက်ပါ။ ခင်ဗျား အစောတုန်းက ပြောသလိုပဲ၊ ခင်ဗျားသာ ဒီမှာမရှိတော့ရင် ကျုပ်တို့ကို ကြီးကြီးမားမား ထိခိုက်စေလိမ့်မယ်။ ဖြစ်နိုင်ရင် ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ သက်တမ်းကိုတိုးနိုင်မယ်လို့မျှော်လင့်တယ်၊ ဒါမှ ကျုပ်တို့ လူပုလေးတွေအနေနဲ့ ခင်ဗျားနဲ့အတူ အချိန်ကြာကြာ ပူးပေါင်းနိုင်ပြီး ကျုပ်တို့ မျိုးနွယ်ဝင်တွေလည်း ဒီလို ဘဝကောင်းကောင်းကို ထိန်းထားနိုင်မှာ။ ကျုပ်ထင်တာတော့..... အကြီးအကဲ အီလူရှာကလည်း ဒီလိုတွေးနေတာပဲ။”

အကြီးအကဲအီလူရှာက အသာခေါင်းငြိမ့်လာသည်၊ “ဟုတ်တယ်။ ဥက္ကဌရှု၊ ရှင်က ကျွန်မတို့ နတ်သူငယ်တွေယုံကြည်ရတဲ့ ရှားရှားပါးပါးလူသားပါပဲ။ ဒါက အရမ်းရှားပါးတဲ့ကိစ္စမို့လို့ ကျွန်မတို့ ညတေးသံမျိုးနွယ်စုအတွက်ပဲဖြစ်စေ ကျွန်မကိုယ်တိုင်အတွက်ပဲဖြစ်စေ ရှင့်အနေနဲ့ သက်တမ်းရှည်ရှည်နေနိုင်ဖို့ တကယ်မျှော်လင့်တယ်။ ရိုးရိုးသားသားပြောရရင် လက်ရှိ ရှင်က ကျွန်မတို့ ညတေးသံမျိုးနွယ်စုအတွက် အရမ်းအရေးပါတယ်။ ရှင်သာ ဒီမှာရှိမနေရင် ကျွန်မတို့ လူသားတွေနဲ့ ဆက်ပြီးပူးပေါင်းနိုင်ပါ့တော့မလားကို အာမ,မခံနိုင်ဘူး။”

ရှုယီက လေးနက်နေသည့် ခေါင်းဆောင်စီလူကာ နှင့် ခေါင်းဆောင်မွန်တိုတို့ကိုကြည့်ပြီးနောက် ဟာသလုပ်နေဟန်မရှိဘဲ တည်ငြိမ်နေဟန်ရှိသည့် အကြီးအကဲအီလူရှာကိုကြည့်လိုက်သည်။ သူက မနေနိုင်ဘဲ ရှက်ရွံ့မှုကြောင့် နှာခေါင်းကိုပွတ်ကာ ပြောလေ၏၊ “ခင်ဗျားတို့က ကျုပ်ကို အဲ့လို အရေးထားကြတော့ ကျုပ်တကယ်ပဲ ဖိအားအတော်ခံစားရတယ်။ ဒီဝေးကွာတဲ့အရာတွေကို အနာဂတ်မှာပဲ ပြောကြတာပေါ့။ အကြီးအကဲအီလူရှာ, စီးပွားရေးအကြောင်းဆွေးနွေးကြရအောင်ပါ။ ကျုပ်ထင်တာတော့ ခင်ဗျားအနေနဲ့ မိုးကျသစ်တောကခွာပြီး ကျုပ်ကို လာတွေ့ဖို့အတွက်က ကျုပ်နဲ့ အရေးတကြီးဆွေးနွေးစရာရှိလို့ပဲလို့ ထင်တယ်။ ကျုပ် ခင်ဗျားအတွက် လုပ်ပေးနိုင်တာရှိရင် ဝမ်းပန်းတသာနဲ့ လုပ်ပေးမှာပါ။”

အကြီးအကဲ အီလူရှာက အသာပြုံးကာ၊ “ကောင်းပြီလေ၊ ဥက္ကဌရှု။ ဒီတစ်ခေါက် ကျွန်မ မိုးကျသစ်တောကနေထွက်လာတာဟာ ဒီမိုးကျတောင်ကြားရဲ့ လေထုကို ကြည့်ဖို့ပါ။ အက်ဂ်နက်စ်ဆီကနေ ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်လုပ်ရေးအခြေစိုက်ဌာနလို့ ပြောတာ ကြားခဲ့တယ်။”

“ဟုတ်ပါတယ်၊ ကျုပ်တို့ လုပ်ငန်းစုရဲ့ အဓိက ထုတ်လုပ်ရေးအခြေစိုက်ဌာနက ဒီမှာပါ။ ဒါကို ကျုပ်တို့ လုပ်ငန်းစုရဲ့ ဗဟိုချက်လို့ သတ်မှတ်လို့ရပါတယ်။” ရှုယီက ပြန်ဖြေသည်။

“ဒါဆို Frestech ကုန်သည်ကြီးများအသင်းနဲ့ မဆိုင်တဲ့ စက်ရုံတွေကိုရော ဒီမှာတည်ထောင်ဖို့ ခွင့်ပြုထားသေးလား?” အကြီးအကဲ အီလူရှာက မေး၏။

ရှုယီက အံ့ဩသွားကာ၊ “ဘာလို့ ဒီလိုမေးတာလဲဗျ?”

“ကျွန်မ‌အနေနဲ့ ဥက္ကဌရှုကို ကျွန်မတို့ ညတေးသံမျိုးနွယ်စုက မိုးကျတောင်ကြားမှာ စက်ရုံတစ်ရုံဖွင့်မယ်ဆိုရင် ခွင့်ပြုနိုင်မလား မေးချင်လို့ပါ။” အကြီးအကဲ အီလူရှာက မေးသည်။

ရှုယီတင်မကဘဲ နံဘေးရှိ ခေါင်းဆောင်စီလူကာနှင့် ခေါင်းဆောင်မွန်တိုတို့ပါ အံ့ဩသွားကြ၏။

ရှုယီလည်း အကြီးအကဲအီလူရှာကို အတန်ကြာ ‌ကြည့်နေသည်။ အနည်းငယ် ကြာပြီးနောက် သူက တံတွေးမျိုချလျက် ခက်ခက်ခဲခဲဖြင့် မယုံနိုင်စွာမေးလာသည်၊ “အကြီးအကဲ အီလူရှာ, ခင်ဗျား.....ခင်ဗျားက ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုရဲ့ ကိုယ်ပိုင်စက်ရုံဖွင့်ဖို့ စီစဉ်နေတယ်လို့ ပြောနေတာလား? ကျုပ် နားကြားများမှားတာလား?”

“ဟင့်အင်း၊ မမှားပါဘူး။ ကျွန်မတို့ ညတေးသံမျိုးနွယ်စုက တကယ်ပဲ ကိုယ်ပိုင်စက်ရုံဖွင့်ချင်လို့ပါ။” အကြီးအကဲအီလူရှာက ရှုယီကို ကြည့်ကာ ရှုပ်ထွေးနေသည်၊ “ဘာလို့ ဥက္ကဌရှုက အရမ်းအံ့ဩသွားတာလဲ? ကျွန်မတို့ ညတေးသံမျိုးနွယ်စုက စက်ရုံတစ်ရုံဖွင့်လိမ့်မယ်လို့ မထင်ထားခဲ့မိလို့လား?”

“ဒါက.... နတ်သူငယ်တွေနဲ့ စက်ရုံကို ချိတ်ဆက်ကြည့်ဖို့ ကျုပ်အတွက် တကယ်ကို ခက်ခဲသွားလို့ပါ.....” ရှုယီက ရိုးသားစွာ ဝန်ခံသည်၊ “ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ မှတ်ဉာဏ်ထဲမှာ နတ်သူငယ်တွေက မွန်မြတ်တဲ့ တည်ရှိမှုတွေဖြစ်ပြီး စက်ရုံတစ်ရုံဖွင့်တာလိုမျိုးအရာက ကျုပ်လို ကလိမ်ကျတဲ့ လူသားကုန်သည်ပဲ လုပ်မယ့် အရာလေ။ ကျုပ်အနေနဲ့ ဒီနှစ်ခုကို ချိတ်ဆက်ကြည့်ဖို့က တကယ်ကိုခက်တာပဲ။”

“ဒါက ရှင့်ရဲ့ ကျွန်မတို့ နတ်သူငယ်မျိုးနွယ်အပေါ် အထင်မှားခြင်းပဲ။” အကြီးအကဲအီလူရှာက ပြောသည်၊ “တကယ်တော့ ကျွန်မတို့ နတ်သူငယ်တွေလည်း သာမန်ဘဝနဲ့နေချင်တယ်လေ၊ လူသားတွေလိုပေါ့။ ကျွန်မတို့ နတ်သူငယ်တွေလည်း စားဖို့၊ အိပ်ဖို့၊ အညစ်အကြေးစွန့်ဖို့နဲ့ ကာမဆက်ဆံဖို့တောင် လိုကြတာပဲ။ လူသားတွေလုပ်တဲ့ အရာအတော်များများကို ကျွန်မတို့ နတ်သူငယ်တွေလည်းလုပ်ကြပါတယ်။ ဘာလို့ လူသားတွေလိုမျိုး ကျွန်မတို့ စက်ရုံဖွင့်တာက ထူးဆန်းနေရမှာလဲ?”

ရှုယီက ခေါင်းခါသည်။ အကြီးအကဲအီလူရှာစကားလုံးများက ကျိုးကြောင်းသင့်ပါသော်လည်း အံ့ဩစရာဖြစ်နေဆဲပင်။

လူသားတစ်ယောက်သာ စဉ်းစားကြည့်လျှင် နတ်သူငယ်များကို စက်ရုံဖွင့်ဖို့ရာ ဘယ်တော့မှ ဆက်စပ်ကြည့်နိုင်မည်မဟုတ်ပေ။

ရှုယီက စိတ်ထဲရှိ ပြင်းထန်သောခံစားချက်များကို ခက်ခက်ခဲခဲဖိနှိပ်လိုက်၏။ သူက ခေါင်းခါကာ ပြောလေသည်၊ “ကောင်းပါပြီ။ မိုးကျတောင်ကြားကလည်း ကြီးတာပဲဆိုတော့ ညတေးသံမျိုးနွယ်စုအနေနဲ့ စက်ရုံတစ်ရုံဖွင့်ချင်ရင် ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ခင်ဗျားတို့ကို ကြိုဆိုပြီး ထောက်ပံ့မှာပါ။ ဒါပေမယ့် အကြီးအကဲအီလူရှာ, ခင်ဗျားအနေနဲ့ ဘာစက်ရုံအမျိုးအစားဖွင့်ဖို့ စီစဉ်ထားတာလဲ?”

“ကျွန်မတို့ ညတေးသံမျိုးနွယ်စုဆီမှာ လတ်တလောရှိတဲ့ တစ်ခုတည်းသော နည်းပညာက ပလက်စတစ်ထုတ်လုပ်ခြင်းပဲဆိုတော့ ပလက်စတစ်ထုတ်စက်ရုံကိုပဲ ‌ဖွင့်နိုင်တာပေါ့။” အကြီးအကဲအီလူရှာက ဖြေသည်၊ “ပြီးတော့ အက်ဂ်နက်စ်က ရာဘာထုတ်တာက ပလက်စတစ်ထုတ်တာနဲ့ ခပ်ဆင်ဆင်ပဲလို့ ပြောထားလို့ ကျွန်မ ရာဘာထုတ်တာကိုလည်း လုပ်ချင်တယ်။”

ရှုယီက စတေးလ်နှင့် လရိပ်မျိုးနွယ်စုဝင်မိန်းကလေးသုံးဦး ‌စကားပြောနေကြသည့် အဝေးမှနေရာကိုကြည့်လိုက်သည်။ ဤတစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ခဲ့သော အက်ဂ်နက်စ်မှလွဲ၍ ထိုမိန်းကလေးသုံးဦးမှာ တာဝန်မှမလွတ်နိုင်ပေ။

ထိုသို့စဉ်းစားကြည့်ပြီး ရှုယီလည်း အကြီးအကဲအီလူရှာကို ခေါင်းငြိမ့်ပြကာ အပြုံးဖြင့် ပြောလေသည်၊ “အကြီးအကဲ အီလူရှာက ဒီလိုစဉ်းစားမိမှတော့ ကျုပ်လည်း ကြိုဆိုပါတယ်။ ကျုပ်တို့ လူသားလုပ်ငန်းစုမှာ လုပ်တာနဲ့ယှဉ်ရင် လူသားတွေနဲ့အတူ ကုန်သွယ်ရာမှာ ပါဝင်တာက နတ်သူငယ်တွေရဲ့ လူသားတွေအပေါ် နားလည်မှုကို ပိုနက်နက်နဲနဲသိလာစေဖို့ ပိုလွယ်ပြီးတော့ ကျုပ်တို့လူသားတွေနဲ့ ယှဉ်တွဲနေထိုင်ဖို့လည်း ပိုလွယ်တယ်။”

အကြီးအကဲ အီလူရှာက အသာခေါင်းငြိမ့်သည်၊ “ဒါကလည်း ကျွန်မစဉ်းစားမိတဲ့ အဓိက အကြောင်းအရင်းပါပဲ။”

မှော်စက်မှုအင်ပါယာ

Vol 2 အခန်း ၁၇၈။ စက်ရုံတစ်ရုံ တည်ဆောက်ခြင်း၏ အဓိပ္ပာယ်

လွန်ခဲ့သည့် နှစ်ထောင်ချီကြာက မျိုးနွယ်စုစစ်ပွဲများနှင့် လူသားများက နတ်သူငယ်များထံမှ နယ်မြေကြီး၏ ထိန်းချုပ်မှုကို ရယူစဉ်ကတည်းက လူသားများအနေနှင့် အခြားမျိုးနွယ်စုများ၏ နေရာကိုပါ ဆက်ယူကာ ၎င်းတို့ရှင်သန်နေထိုင်ရန် နေရာများများစားစားမချန်ထားခဲ့ချေ။

အကြီးအကဲအီလူရှာမှာ ရှုယီနှင့်အတူ ပူးပေါင်းခြင်းမှတစ်ဆင့် နတ်သူငယ်များနေထိုင်ရန် နေရာတစ်ခုရဖို့ နည်းလမ်းတချို့ ရှာလိုသဖြင့် ရှုယီနှင့် အတူအလုပ်လုပ်ကာ ရှုယီကို ဆက်‌လက်ထောက်ပံ့ရန် ရွေးချယ်ခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် အတူပူးပေါင်းခြင်း‌က အကြီးအကဲအီလူရှာအား ညတေးသံမျိုးနွယ်စုများထံသို့ Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် အတိအကျပြောရလျှင် ရှုယီ ယူဆောင်လာခဲ့သည့် အပြောင်းအလဲများကို တဖြည်းဖြည်း မြင်တွေ့လာရစေသည်။ ထို့အပြင် သူမဟာ ထိုပြောင်းလဲမှုများကို မြင်ဖို့ ဆန္ဒရှိကာ အင်မတန်ဝမ်းမြောက်ပြီး ၎င်းက သူမအား နတ်သူငယ်များနှင့် လူသားများ အတူတကွ ယှဉ်တွဲနေထိုင်ရန် ဖြစ်နိုင်ချေကို ‌မြင်ရစေသည်။

အကြီးအကဲအီလူရှာက သတ္တိရှိကာ အမြင်ကျယ်သော နတ်သူငယ်အကြီးအကဲတစ်ဦးဖြစ်လေသည်။ သူမအနေနှင့် ထိုဖြစ်နိုင်ချေကို ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ မြင်လိုက်ရကတည်းက ထိုဖြစ်နိုင်ချေကို တိုးမြှင့်ချင်နေသည်ပင်။

အတိအကျဆိုရပါက သူမဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် အတူ ပူးပေါင်းခြင်းကို နက်ရှိုင်းစေချင်ကာ နတ်သူငယ်များအား လူ့အသိုင်းဝိုင်း၏ တစ်စိတ်တစ်ပိုင်း အမှန်တကယ် ဖြစ်လာစေချင်သည်။

စီးပွားရေးမှာ လူ့အသိုင်းအဝိုင်း၌ အရှုပ်ထွေးဆုံးကိစ္စဟု အကြီးအကဲအီလူရှာက ယူဆထားပြီး စဉ်းစားဖို့လိုအပ်သည့် ကိစ္စများစွာလည်းရှိသည်။ နတ်သူငယ်များအနေနှင့် ၎င်းက ဒုက္ခများသည်ဟု ခံစားရကာ လူသားတို့နှင့် ဆက်‌ဆံရေးများတည်ဆောက်ခြင်းကိုပင် စိတ်ပျက်ကြသဖြင့် အကြီးအကဲ အီလူရှာက ဤတစ်ခေါက်တွင် သူမ၏ မျိုးနွယ်ဝင်များကို ကုန်သွယ်မှု၌ ပါဝင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။

ပလက်စတစ်စက်ရုံတည်ဆောက်ခြင်းမှာ အင်မတန် ကောင်းမွန်သော ရွေးချယ်မှုပါပင်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းမှတစ်ဆင့် ညတေးသံမျိုးနွယ်စုမှာ ပလက်စတစ်ထုတ်လုပ်ခြင်း၏ အခြေခံများကို ဖမ်းဆုပ်ခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းထံမှ သင်ယူပြီးနောက် မျိုးနွယ်ဝင်များအနေနှင့် ယခင်ကလို အလုပ်လုပ်ချိန်၌ အီလေးဆွဲမနေတော့ချေ။ ၎င်းတို့၏ လက်ရှိ လုပ်နိုင်စွမ်းမှာ လူသားအလုပ်သမားလောက် ရှိလာသဖြင့် အကြီးအကဲ အီလူရှာမှာ ထိုပလက်စတစ်စက်ရုံကို ဖွင့်လှစ်ရန် ယုံကြည်ချက်ရှိလာခြင်းဖြစ်၏။

အကြီးအကဲ အီလူရှာအတွက် ထိုသည်က ညတေးသံမျိုးနွယ်စု၏ လူ့အသိုင်းအဝိုင်းထဲသို့ ပထမဆုံးသော ခြေလှမ်းဖြစ်သည်။

ပလက်စတစ်စက်ရုံသာ လူ့အသိုင်းအဝိုင်း၌ တည်ရှိနိုင်ပြီး တည်တည်မြဲမြဲ ထုတ်လုပ်နိုင်ပါက နတ်သူငယ်များအနေနှင့် လူသားများနှင့်အတူ နေထိုင်နိုင်ရန် အရည်အချင်းရှိသည့် အဓိပ္ပာယ်ပင်။

လူသားများသာ နတ်သူငယ်များက စက်ရုံတစ်ရုံဖွင့်လှစ်ခြင်းကို လက်ခံရန် ဆန္ဒရှိပါလျှင် ၎င်းက အကြီးအကဲ အီလူရှာ၏ ရည်ရွယ်ချက်ကို အောင်မြင်စေလိမ့်မည်။

မှန်ပါ၏၊ အကြီးအကဲအီလူရှာမှာ ညတေးသံမျိုးနွယ်စုက လက်ရှိတွင် လူ့အသိုင်းဝိုင်းထဲသို့ ခြေလှမ်းရန် မပြင်ဆင်ရသေးသလို စက်ရုံဖွင့်ရန် အင်အားနှင့် ပတ်ဝန်းကျင် မရှိမှန်းကို သေချာသိပေသည်။ ထို့ကြောင့် သူမက မိုးကျတောင်ကြား၌ ထိုပလက်စတစ်စက်ရုံကို ဖွင့်လှစ်ပြီး Frestech ကုန်သည်ကြီးများအသင်းထံ၌ မှီခိုကာ ပထမခြေလှမ်းကိုလှမ်းရန် ရွေးချယ်ခဲ့ခြင်းပင်။

ရှုယီသာ သာမန်လူသားလုပ်ငန်းစု၏ ဥက္ကဌတစ်ဦးသာဆိုလျှင် ညတေးသံမျိုးနွယ်စုက Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးနေသည့် စာချုပ်ချုပ်ဆိုထားသူလေးတစ်ဦးသာဖြစ်သောကြောင့် ထိုအဆိုပြုချက်ကို သေချာပေါက် ငြင်းပယ်လိမ့်မည်သာ။

Frestech ကုန်သည်ကြီးများအသင်းအတွက် မည်သည့်လုပ်ပိုင်ခွင့်မှမရှိသည့် ဤစာချုပ်သမားလေးကို အလွယ်လေးထိန်းချုပ်နိုင်ကာ ထိုနတ်သူငယ်များထံမှ အဖိုးတန်သည့်အရာများကို ညှစ်ထုတ်ရန်လည်း အလွယ်လေးဖြစ်သည်။

သို့သော် ရှုယီက သာမန်လူသားကုန်သည်လေးတစ်ဦးမဟုတ်ချေ။

ငွေကိုသာ ရှာဖွေနေခြင်းနှင့် ယှဉ်လျှင် ရှုယီက သူ၏ အိပ်မက်များကို ရှာတွေ့ရသည်အား ပို၍ ဂရုစိုက်သည်။

စိုင်စ်နယ်မြေကြီး၌ မှော်ပညာက ဦးဆောင်သည့် မှော်စက်မှုစနစ်ကို တည်ထောင်ရန် နတ်သူငယ်များကို လက်လျှော့၍ မဖြစ်ပါချေ။

လူသားတို့၏မှော်ပညာကို နတ်သူငယ်များထံမှ သင်ယူခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် လူသားတို့၏ ဆန်းသစ်တီထွင်မှုနှင့်အတူ နတ်သူငယ်မှော်ပညာက ပိုမိုရှုပ်ထွေးလာပြီး လူသားတို့လက်ထဲ၌ စွမ်းအားပိုကြီးလာသော်လည်း နတ်သူငယ်များက မှော်ပညာရင်းမြစ်ဖြစ်သည်။ လူသားများနားမလည်နိုင်သည့် မှော်ပညာ၏ ထူးကဲသော အပိုင်းတချို့ရှိနေပါသေးသည်။

ထို့ကြောင့် ရှုယီမှာ အမြဲလိုလို မှော်စက်များအား သုတေသနပြုရာ၌ နတ်သူငယ်များကို ပါဝင်စေချင်ခဲ့သည်။ လူပုလေးများကဲ့သို့ ၎င်းတို့မျိုးနွယ်စု၏ အထူးအသိပညာနှင့် ကျွမ်းကျင်မှုတို့ကိုသာ မှော်စက်များလေ့လာရာ၌ အသုံးချပါလျှင် မှော်စက်မှုနယ်ပယ်ကို နောက်ထပ် ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေလိမ့်မည်။

ရှုယီမှာ ယခင်က အကြီးအကဲ အီလူရှာ၏ အတွေးများကို နားမလည်ခဲ့ရာ ၎င်းတို့ထံ၌ ဆက်ဆံရေးကောင်းများရှိလာသည်အထိ စောင့်စားပြီးမှ တဖြည်းဖြည်း အကြီးအကဲ အီလူရှာကို အကြံများပေးနေခဲ့သည်။

သို့သော် ရှုယီ မထင်မှတ်ထားသည်မှာ အကြီးအကဲအီလူရှာက စက်ရုံတစ်ရုံဖွင့်ကာ မှော်စက်မှုနယ်ပယ်၌ ရင်းနှီးမြှုပ်နှံရန် အစပျိုးလာခဲ့သဖြင့် သဘာဝကျကျပင် ရှုယီက ကြိုဆိုလေသည်။

မှန်ပါ၏၊ သူဟာ ထိုကိစ္စကို အကြီးအကဲ အီလူရှာထက် ပိုမိုကောင်းစွာနားလည်သည်။

နတ်သူငယ်များက လူသားများနှင့် မည်သို့ ဆက်သွယ်ရမည်ကို နားမလည်သလို လူ့အသိုင်းအဝိုင်းကို အမှန်တကယ်နားမလည်သည့်အချက်ကိုပါ ထည့်ပေါင်းလိုက်ပြီး ၎င်းတို့သာ ကိုယ်ပိုင်လုပ်ငန်းစုတည်ထောင်ရင် ၎င်းတို့ကိုယ်ကိုသာ အားကိုးလိုက်ပါက နတ်သူငယ်မျိုးနွယ်စုထက် အဆပေါင်းများစွာပိုမိုရှုပ်ထွေးသည့် လူ့အသိုင်းအဝိုင်းဆီမှ အနိုင်ယူခံလိုက်ရကာ အောင်မြင်ဖို့ အခွင့်အရေးမရှိဖြစ်သွားလိမ့်မည်။

အကြီးအကဲ အီလူရှာ၏ သိလိုစိတ်နှင့် မျှော်လင့်ချက်ကို ထိန်းသိမ်းရန် အလို့ငှာ သူမက ထိုသို့ ‌ထုတ်မပြောလာလျှင်တောင် ရှုယီက အကြီးအကဲ အီလူရှာထံ ပလက်စတစ်စက်ရုံဖွင့်ဖို့ရာ အကူအညီတောင်းမည်ဖြစ်သည်။

မိုးကျတောင်ကြားမှာ စတုရန်းကီလိုမီတာ တစ်ဆယ်ကျော်ရှိသဖြင့် စတုရန်းမီတာတစ်ထောင်ပင် မယူသည့် ပလက်စတစ်စက်ရုံတစ်ရုံကို တည်ဆောက်ရန်က ပြောနေစရာပင် မလိုသည့် ကိစ္စဖြစ်သည်။

တည်နေရာထက်စာလျှင် အရေးကြီးဆုံးအရာမှာ လုပ်ထုံးလုပ်နည်းများသာဖြစ်သည်။

နတ်သူငယ်များ သို့မဟုတ် လူ့အသိုင်းအဝိုင်း၌ စက်ရုံတစ်ရုံ၊ လုပ်ငန်းစုတစ်စု ဖန်တီးလိုသည့် အခြားမျိုးနွယ်စုတစ်ခုခုတို့၌ပင် ထိုသို့သော အစဉ်အလာမျိုး မရှိခဲ့ချေ။

စိုင်စ်နယ်မြေကြီး၏ ဥပဒေက မပြည့်စုံဘဲ ကမ္ဘာမြေရှိ ပုံမှန်နိုင်ငံများ၏ ဥပဒေများနှင့်ပင် မယှဉ်နိုင်လျှင်သော်မှ အကြီးအကဲအီလူရှာက နတ်သူငယ်များအနေနှင့် လူ့အသိုင်းအဝိုင်းထဲဝင်ရောက်ရန် ထိုပလက်စတစ်စက်ရုံကို အသုံးပြုချင်သဖြင့် ထိုသည်က ပုံမှန်အစဉ်အလာကိုလိုက်နာဖို့အကောင်းဆုံးဖြစ်သည်။

ရှုယီနှင့် စတေးလ်တို့ မိုးကျတောင်ကြားသို့ ကိစ္စအချို့ဖြင့် ရောက်နေပြီး အခြားမျိုးနွယ်စုအလုပ်သမားများကို အစိုးရဆီမှ တရားဝင်ရာထူးရရှိစေရန် ကူညီသည်မှာ တိုက်ဆိုင်မှုဖြစ်သည်။ ယခု အကြီးအကဲအီလူရှာက ထိုကိစ္စကို ထုတ်ပြလာလေရာ ရှုယီက ထိုအကြောင်းကိုဆယ်ဗီနီထံ အစီရင်ခံစာရေးတင်ဖို့ စီစဉ်ထားလိုက်‌‌တော့၏။

ဘုရင်ကြီးနှင့် တော်ဝင်လွှတ်တော်တို့၏ လက်ရှိ အခြားမျိုးနွယ်စုများအပေါ် သဘောထားအရ ၎င်းကို အကောင်အထည်ဖော်ပြီးနောက်တွင် အခြားမျိုးနွယ်စုများလည်း လမ်ပူရီတိုင်းပြည် စက်ရုံတစ်ရုံဖွင့်လှစ်ခွင့် ရလာနိုင်သည်ဟု ယုံကြည်၏။

အ‌ဖြေတစ်ခုရရန်က အချိန်တစ်ခုကြာမည်ဖြစ်ရာ ၎င်းမတိုင်ခင်တွင် အကြီးအကဲအီလူရှာအား ကိစ္စတချို့ ပြင်ဆင်ထားရန် ရှုယီလည်း အကြံပေးလိုက်သည်။

ဥပမာဆိုရလျှင် စက်ရုံတည်ဆောက်မည့် တည်နေရာ ရွေးချယ်ခြင်း၊ ထိုစက်ရုံမှတစ်ဆင့် ထုတ်ကုန်စီးဆင်းမှုနှင့် ပိုအရေးကြီးဆုံးဖြစ်သည့် ထုတ်ကုန်များကို မည်သို့ ရောင်းချရမည်တို့ဖြစ်သည်။

ယခင်က ညတေးသံမျိုးနွယ်စုအနေနှင့် Frestech ကုန်သည်ကြီးများအသင်းမှ ပေးအပ်ထားသည့် ပလက်စတစ် အော်ဒါများကို အပြီးသတ်ပေးဖို့သာလိုသဖြင့် ထိုကိစ္စများကို စဉ်းစားဖို့ မလိုခဲ့ပေ။

ယခုတွင် ၎င်းတို့က ထိုအရာအားလုံးကို လုပ်ဆောင်၍ အကြီးအကဲအီလူရှာက သာမန်လူသားကုန်သည်တစ်ယောက်နှယ် စက်ရုံတစ်ရုံကို လည်ပတ်စေချင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် စဉ်းစားရမည့် ကိစ္စများစွာရှိပေမည်။

ရှုယီက အရာအားလုံးကို လုပ်ဆောင်ပေးရန် မစီစဉ်ထားချေ။ အကြီးအကဲအီလူရှာအနေနှင့် လူသားတို့၏စီးပွားရေးအပေါ် နားလည်လာစေရန် ရှုယီမှာ သုံးသပ်ရမည့်နေရာများနှင့် အချိန်အများစု၌ ညွှန်ကြားလျက်တစ်ချို့ကိုသာ ပြောပြပေးပြီး အကြီးအကဲ အီလူရှာကို ကိုယ်တိုင် လေ့လာစေသည်။

အကြီးအကဲအီလူရှာက သူ့အား အာရုံစိုက်ကာ နားထောင်နေပြီး ရိုးသားစွာသင်ယူနေသည်ကို မြင်ချိန်တိုင်း ရှုယီမှာ စိတ်ထဲ၌ ထူးထူးဆန်းဆန်းခံစားရလေသည်။

အကြီးအကဲအီလူရှာမှာ အသက်ခြောက်ရာကျော်ပြီဖြစ်ပြီး သူ့ထံ၌ အခြေခံစီးပွားရေးကို ကျောင်းသားတစ်ဦးနှယ်သင်ယူနေသည့် ဤမြင်ကွင်းမှာ အတော်လေးထူးဆန်းပေ၏။

သို့သော် အကြီးအကဲအီလူရှာက ၎င်းကို ထူးဆန်းသည်ဟု လုံးဝမခံစားရချေ။ သူမက ရှုယီ မေးခွန်းတစ်ခုကို ရှင်းပြချိန်တွင် အသေချာအာရုံစိုက်ထားပြီး ကိုယ်ပိုင်အတွေးဖြင့် မေးခွန်းများကိုလည်း ဆက်တိုက်မေးတတ်သည်။

သူ အက်ဂ်နက်စ်နှင့် ပထမဆုံးတစ်ခေါက် ဆုံတွေ့ချိန်က ရှုယီမှာ နတ်သူငယ်များအနေနှင့် လူသားများနှင့် ထိုမျှ ကွာခြားဟန်မပေါ်သော်လည်း လူသားများနှင့် ကွာခြားသည့် အတွေးများစွာနှင့် ကိုယ်ကျင့်စရိုက်ပုံစံများစွာရှိသည်။

ဥပမာဆိုရလျှင် ရှုယီကဲ့သို့ လူသားကုန်သည်တစ်ဦးအတွက် အရိုးရှင်းဆုံးအသိပညာမှာ ကုန်ကျစရိတ်ကို ကန့်သတ်ခြင်းဖြစ်၏။

သို့သော် အကြီးအကဲအီလူရှာအတွက် သူမအနေနှင့် တစ်ခုခုလုပ်ဖို့ လိုအပ်နေပါလျှင် ပထမဦးစွာ ထိုအရာကို ပြည့်စုံစွာ ပြုလုပ်နိုင်၊ မပြုလုပ်နိုင်ကိုသာ ဂရုစိုက်ပြီး ကုန်ကျစရိတ်ကို လုံးဝထည့်မတွက်ချေ။

ရှုယီက ထိုအချက်ကို ဆွဲထုတ်လာသည့်နောက် အကြီးအကဲအီလူရှာက နားလည်ဟန် ခေါင်းငြိမ့်သည်။

“လုပ်ငန်းစုတစ်ခုအတွက် အရေးပါဆုံးအရာက အမြတ်အစွန်းပဲ။” ရှုယီက အကြီးအကဲအီလူရှာကို လေးနက်ဟန်ဖြင့် သင်ကြားလိုက်သည်၊ “အမြတ်အစွန်းက ပြောရရင် ရှင်းပါတယ်၊ ကုန်ကျစရိတ်တွေအားလုံးကို ဖယ်လိုက်ပြီးရင် ထုတ်ကုန်ကို ရောင်းချတာကနေ ငွေဝင်နိုင်မလားဆိုတာပဲ။ ပြည့်စုံမှုနောက်လိုက်တာက ပြဿနာမဟုတ်ပေမယ့် စက်ရုံတစ်ရုံရဲ့ ခေါင်းဆောင်အနေနဲ့ အမြတ်အစွန်းကို ဦးစားပေးရမယ်။ ဒီတော့ ခင်ဗျားတို့ ကုန်ကျစရိတ်ကို လျှော့ချနိုင်မယ့် အရာမှန်သမျှ လုပ်ဖို့လိုတယ်။”

အကြီးအကဲအီလူရှာက အသာခေါင်းငြိမ့်ကာ၊ “ကျွန်မအနဲ့ ဒီ အမြတ်အစွန်းကို ဗဟိုပြုထားတဲ့ အတွေးကို သဘောမကျပေမယ့်လည်း လုပ်ငန်းစုတစ်ခုကို တည်ထောင်တာက အမြတ်ရဖို့ပဲဆိုတော့။ ကျွန်မ ဒီစက်ရုံကို ဖွင့်ဖို့ ရွေးချယ်လိုက်ကတည်း အဓိပ္ပာယ်မရှိတဲ့ပြဿနာတွေကို မစဉ်းစားသင့်တော့တဲ့ အဓိပ္ပာယ်ပဲ။”

ရှုယီက အသာပြုံးလေသည်။ အကြီးအကဲ အီလူရှာအား ညတေးသံမျိုးနွယ်စု၏ ‌အမျှော်အမြင်အရှိဆုံးဟု သတ်မှတ်၍ရ၏၊ သူမက တကယ်ကိုပင် နတ်သူငယ်တစ်ဦး၏ အခြေခံစရိုက်နှင့် ဆန့်ကျင်ဖို့ကို ရွေးချယ်ကာ အမြတ်အစွန်းကို ဗဟိုပြုထားသည့် အချက်ကို လက်ခံနိုင်၏။

ဤတစ်ခေါက်ရှုယီမှာ အကြီးအကဲအီလူရှာအား ဈေးကွက်၏ အခြေခံစည်းမျဉ်းများကို သင်ကြားရန် ရက်ပေါင်းများစွာ အသုံးပြုခဲ့သည်။

သင်ကြားရန် မလွယ်ကူသည့် ကျန်ကိစ္စများကိုမူ အကြီးအကဲ အီလူရှာကိုယ်တိုင် သင်ယူမည့် အချိန်ကို စောင့်ရလိမ့်မည်။

ထိုနေ့ရက်များတွင် စတေးလ်က မိုးကျတောင်ကြားရှိ အခြားမျိုးနွယ်ဝင်အလုပ်သမားများအတွက် လုပ်ရိုးလုပ်စဉ်များကို တဖြည်းဖြည်းလုပ်ဆောင်နေခဲ့သည်။

အာမန်နီကုန်သည်ကြီးများအသင်းရှိ နတ်သူငယ်ငါးဦးအပါအဝင် ယခုစတေးလ်၏ New Moon ကုန်သည်ကြီးများအသင်းမှာ အခြားမျိုးနွယ်ဝင်အလုပ်သမားစုစုပေါင်း တစ်ထောင့်နှစ်ရာခုနှစ်ဆယ့်ခြောက်(၁၂၇၆)ဦးကို စီမံခန့်ခွဲနေသည်။

ယခု New Moon ကုန်သည်ကြီးများအသင်းမှာ စုဆောင်းထားသော အခြား‌မျိုးနွယ်ဝင်အလုပ်သမားများ၏ အထောက်အထားများကို တင်ပြကာ အလုပ်သမားကတ်များကို ပြန်ထုတ်ရသည်၊ ထို့နောက် ထိုအခြားမျိုးနွယ်ဝင်အလုပ်သမားများအား လူသားအလုပ်သမားများနည်းတူဆက်ဆံကာ လမ်ပူရီတိုင်းပြည်၏ ဥပဒေဖြင့် အကာအကွယ်ပေးလေသည်။

အခြားမျိုးနွယ်ဝင်အလုပ်သမားများအားလုံး၏ အချက်အလက်များကို စနစ်တကျဆောင်ရွက်ရခြင်းမှာ စီမံကိန်းကြီးတစ်ခုပင်။ စတေးလ်မှာ ထိုမျှ အလုပ်များခြင်းကို အင်မတန်ပျော်မွေ့ပါသော်လည်း စတေးလ်အနေနှင့် အနားယူနိုင်ဖို့ရန် စိတ်ဝင်စားမှုတူညီသူတစ်ချို့ကို ရှာဖွေသင့်ကြောင်း အလေးအနက် ရှုယီမှ အကြံပေးထားသည်။

စတေးလ်က မိုးကျတောင်ကြားတစ်ခွင် ရှေ့ပြေးလိုက် နောက်ပြေးလိုက်လုပ်ကာ အခြားမျိုးနွယ်ဝင်အလုပ်သမားများ၏ တရားဝင်လုပ်ပိုင်ခွင့်နှင့် ထိုအချက်အလက်များကို စုဆောင်းနေသည်ကို မြင်သော် ရှုယီမှာ မနေနိုင်ဘဲ ဝမ်းနည်းလာသည်။

ယခင်က ရှုယီကသာ အမြဲအလုပ်များနေပြီး စတေးလ်ထံ၌ အားလပ်ချိန်များစွာရှိခဲ့ရာ အမြဲလိုလို ရှုယီမှာ စတေးလ်နှင့်အတူ ကုန်ဆုံးရန် အချိန်မရှိခဲ့ချေ။

သို့သော် ယခု ရှုယီထံ၌ အားလပ်ချိန်ရှိလာသော် စတေးလ်က အလုပ်များနေရသည်။ သူမထံ၌ ရေလေးတစ်ငုံသောက်ဖို့ရန်ပင် အချိန်မရှိသဖြင့် ရှုယီနှင့် ယခင်က‌လို ဟိုဟိုဒီဒီလျှောက်သွားရန်ကိုမူ ထည့်ပြောစရာပင်မလိုချေ။

ထိုသို့ပြောင်းလဲသွားခြင်းက တကယ်ကို ဝဋ်လည်ခြင်းပါပင်။

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၇၉။ မထွက်ခွာခင် နောက်ဆုံးသောကိစ္စတစ်ရပ်

ရှုယီနှင့် စတေးလ်တို့မှာ မိုးကျတောင်ကြား၌ တစ်ပတ်ပြည့်အောင်နေပြီးမှ ထွက်ခွာသွားကြသည်။

၎င်းတို့ ရောက်လာကြသည့် အချိန်နှင့်စာလျှင် ထွက်သွားချိန်၌ လူပိုများ၏။

လရိပ်မျိုးနွယ်စုမှ နတ်သူငယ်မလေးသုံးဦးနှင့် အလုပ်ပြန်လာရသော အက်ဂ်နက်စ်တို့အပြင် ညတေးသံမျိုးနွယ်စုမှ နတ်သူငယ်အထီးနှင့် နတ်သူငယ်မလေးတစ်ဦးတို့ပါ အပိုပါသည်။

အကြီးအကဲအီလူရှာရွေးချယ်ထားသည့် ထိုနတ်သူငယ်နှစ်ဦးမှာ ညတေးသံမျိုးနွယ်စု၏ ပလက်စတစ်စက်ရုံဖွင့်လှစ်ချိန်၌ မန်နေဂျာများ လုပ်စေရန် စီစဉ်ထားသူများဖြစ်သည်။

နတ်သူငယ်အထီးကို အမ်လုဒ်ဟုခေါ်ဆိုကာ အ‌တွင်းရေးကိစ္စများကို တာဝန်ယူရမည်ဖြစ်ပြီး နတ်သူငယ်မလေးအား ဒယ်လီဟုခေါ်ဆိုကာ စက်ရုံကိုယ်စား အခြားလူများနှင့် ညှိနှိုင်းရာ၌ တာဝန်ယူရမည်ဖြစ်၏။

အကြီးအကဲအီလူရှာက ထိုနှစ်ဦးအား ရှုယီနှင့်အတူ ဘန်တာမြို့သို့ လိုက်ခိုင်းသည်မှာ ညတေးသံမျိုးနွယ်စုကို ကိုယ်စားပြုခြင်းအပြင် လမ်ပူရီတိုင်းပြည်သို့ စက်ရုံတစ်ရုံတည်ဆောက်မည့်အကြောင်း လျှောက်လွှာတင်ရန်လည်းဖြစ်သည်။ စက်ရုံတစ်ရုံနှင့် လုပ်ငန်းစုတစ်ခုကို မည်သို့စီမံခန့်ခွဲရမည်အား ရှုယီ၏ အကူအညီနှင့် လေ့လာရန်လည်းဖြစ်သည်။

ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ လက်ရှိ ဘန်တာမြို့ရှိ ပြယုဂ်အရ သူ့အနေနှင့် ၎င်းတို့အတွက် လေ့လာရန် အခွင့်အလမ်းရှာပေးဖို့က လွယ်ကူပါသည်။

ရှုယီ၏ အကူအညီကိုလိုအပ်နေကြသည့် အခြားလူများမှာ လရိပ်မျိုးနွယ်စုမှ နတ်သူငယ်မလေးသုံးဦးပင်ဖြစ်၏။

၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းမှ လွဲ၍ တခြားလုပ်ငန်းစုများ၌ အလုပ်လုပ်ချင်သည်ကလည်း ရှုယီအတွက် ထိုမျှ မခက်ခဲနေပါချေ။

အာမန်နီကုန်သည်ကြီးများအသင်းက ထိုနတ်သူငယ်ငါးဦးကို ခန့်အပ်ပြီးနောက် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များတွင် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သေးသည်။

ထိုသည်မှာ နတ်သူငယ်များက ယခင်ကမူ Frestech ကုန်သည်ကြီးများအသင်းအတွက်သာ အလုပ်လုပ်ပေးခဲ့ခြင်းကြောင့်ပင်။ အခြားလုပ်ငန်းစုများက နတ်သူငယ်များကို မည်သို့ကမ်းလှမ်းနေသည်ဖြစ်စေ နတ်သူငယ်များက ၎င်းတို့ထံ အကြည့်တစ်ချက်ပင် ပို့မလာခဲ့ကြသဖြင့် အခြားလုပ်ငန်းစုများက လက်လျှော့ခဲ့ကြသည်။

သို့သော် ယခုတွင် နတ်သူငယ်များက Frestech ကုန်သည်ကြီးများအသင်းအပြင် လုပ်ငန်းစုတစ်ခုထဲသို့ပါဝင်လာရာ ၎င်းတို့၏ မျှော်လင့်ချက်ကို ပြန်လည်ရရှိလာစေသည်။ ၎င်းတို့အားလုံးမှာ ရှုယီကို ဆက်သွယ်ကာ ၎င်းတို့ကလည်း နတ်သူငယ်များကို ခန့်အပ်နိုင်ရန် မျှော်လင့်‌နေသည်။

မည်သည့်အရာများကိုမှ မဆိုထားနှင့် နတ်သူငယ်များထံ၌ရှိသည့် ကျော်ကြားမှုကတင် နတ်သူငယ်များကို လစာမြင့်မြင့်ပေးရန် လုံလောက်သည်။

ထို့ကြောင့် ရှုယီသာ နတ်သူငယ်သုံးဦးက အခြားလုပ်ငန်းစုသို့ ဝင်ရောက်လိုကြောင်းကိုသာ ထုတ်ပြန်လိုက်ပါလျှင် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များများရှိ လုပ်ငန်းစုအားလုံးမှာ ရှေ့သို့ အတင်းတိုးလာကြလိမ့်မည်။

ရှုယီအတွက် စဉ်းစားရန်အလိုအပ်ဆုံးမှာ မည်သည့်လုပ်ငန်းစုကို ရွေးရမည့်အကြောင်းမဟုတ်ဘဲ ထိုနတ်သူငယ်မလေးသုံးဦးအတွက် မည်သည့်အလုပ်က သင့်လျော်သည့်အကြောင်းဖြစ်သည်။

စတေးလ်က ၎င်းတို့၏ ကိုယ်စားလှယ်ဖြစ်ရာ ယခင်က ထိုမေးခွန်းကို မေးခဲ့သော်လည်း ၎င်းတို့က လူသားတို့၏ အလုပ်ကိုနားမလည်လေရာ ဆုံးဖြတ်ရန် ခက်ခဲ့သည်။

ထို့ကြောင့် ရှုယီနှင့် စတေးလ်တို့မှ ၎င်းတို့ကို ဘန်တာမြို့သို့ခေါ်လာချိန်တွင် ဦးစွာ အလုပ်တချို့ လုပ်စေပြီးမှ ဆုံးဖြတ်ရန် စီစဉ်ထားသည်။

သို့သော် ၎င်းတို့က ညတေးသံမျိုးနွယ်စု၌ လေ့လာရန် လေးလတာ ကုန်ဆုံးခဲ့သည့် အကြောင်းကို စဉ်းစားရင်း ရှုယီလည်း မနေနိုင်ဘဲ ခါးသက်စွာပြုံးလိုက်၏။

ညတေးသံမျိုးနွယ်စုမှာ နတ်သူငယ်တစ်ထောင်လောက်သာရှိသည့် မျိုးနွယ်စုလေးတစ်ခုပင်။ ရိုးရှင်းပါ၏၊ ၎င်းတို့အနေနှင့် လေးလတာ ကြာမြင့်ခဲ့သော်ငြား နားလည်ရန် လိုနေသေးသည်။ ၎င်းတို့သာ ပို၍ ရှုပ်ထွေးသည့် လူ့အသိုင်းအဝိုင်း၌ အလုပ်လုပ်ပါက အခြေခံနားလည်မှုရရန် တစ်နှစ်၊ ၂နှစ်တော့ ကုန်ဆုံးဖို့လိုလိမ့်မည်မဟုတ်ပါလား?

ထိုသို့စဉ်းစားရင်း ရှုယီမှာ မနေနိုင်တော့ဘဲ မြင်းလှည်းထဲ၌ ပါလာသည့် အက်ဂ်နက်စ်ကို မေးလိုက်သည်၊ “အက်ဂ်နက်စ်, စတေးရှားနဲ့ ကျန်တဲ့သူတွေက ဒီလတွေအတွင်း ညတေးသံမျိုးနွယ်စုမှာ ဘာတွေလုပ်ခဲ့ကြလဲ? သူတို့အနေနဲ့ ကျုပ်တို့ လုပ်ငန်းစုနဲ့ ခင်ဗျားတို့ မျိုးနွယ်စုပူးပေါင်းတဲ့အကြောင်းကို နားလည်ဖို့ အချိန်လေးလတောင်လိုတာကို မယုံနိုင်လို့ပါ၊ ဒါက များလွန်းတယ်လေ။”

အက်ဂ်နက်စ်က ခေါင်းစောင်းကာ စဉ်းစားလေသည်၊ “သူတို့ဘာမှမလုပ်ပါဘူး၊ ကျွန်မတို့နဲ့အတူ နေခဲ့ရုံပဲ။ ဥက္ကဌ လေးလဆိုတာက အချိန်အရမ်းကြာတာလား?”

“ဘယ်လိုထင်လို့လဲ?” ရှုယီက ဝမ်းနည်းစွာ ပြန်မေးလိုက်လေသည်။

အက်ဂ်နက်စ်လည်း စဉ်းစားပြီးနောက် နားလည်ဟန်ဖြင့်ဆိုလာသည်၊ “အိုး ဟုတ်သားပဲ၊ လေးလဆိုတာက လူသားတွေအတွက် အရမ်းကြာလွန်းတယ်။ ဒီလောက်အချိန်နဲ့ဆို ကျွန်မလည်း ဗီဗီယန်နဲ့အတူ ဒီဇိုင်းအသစ် အတော်များများတောင် ဆွဲပြီးလောက်ပြီ။”

“ကြည့်လေ၊ အဲဒီအချိန်ဆိုတာက အရမ်းတန်ဖိုးရှိတယ်ဆိုတာ သိတယ်မဟုတ်လား?” ရှုယီက ဝမ်းသာစွာ ပြောလိုက်၏။

သူ့နောက်သို့ အချိန်အကြာဆုံး လိုက်ကာ သူ၏ မရပ်မနားကြိုးစားခြင်း‌အောက်၌ လွှမ်းမိုးခံထားရသည့် နတ်သူငယ်မလေး အက်ဂ်နက်စ်မှာ လူသားတစ်ဦး၏ စိတ်ဖြင့် ပြဿနာများကို စဉ်းစားရာ၌ တဖြည်းဖြည်းကျင့်သားရလာသည်။

အကြီးအကဲအီလူရှာမှာလည်း အက်ဂ်နက်စ်ထံမှ ထိုပြောင်းလဲမှုကြီးကို မြင်တွေ့ခဲ့ခြင်းကြောင့် ရုတ်တရတ် ထိုခြေလှမ်းကို လှမ်းခဲ့သည်လည်း ဖြစ်နိုင်သည်။

“ဒါပေမယ့် အကြီးအကဲက သူတို့ကို မျိုးနွယ်စုထဲမှာ နည်းနည်းကြာကြာ နေစေချင်ခဲ့တာကြောင့်ပါ။” အက်ဂ်နက်စ်က ခန့်မှန်းကာ၊ “အကြီးအကဲက ကျွန်မကို မပြောခဲ့ပေမယ့်လည်း သူတို့ကိုတော့ ခဏခဏပြောတာ သတိထားမိတယ်။ သူမက သူတို့ကို လရိပ်မျိုးနွယ်စုအကြောင်းလည်းမေးနေတော့ ကျွန်မထင်တာက အကြီးအကဲအနေနဲ့ သူတို့ကိုစကားပြောရင်း လရိပ်မျိုးနွယ်စုကို နားလည်ချင်နေတာပဲ။”

“ဒီလိုဖြစ်နိုင်ချေတော့ ရှိပေမယ့် အကြီးအကဲ အီလူရှာက လရိပ်မျိုးနွယ်စုကို နားလည်ချင်နေရုံပဲ မဟုတ်ဘူး.....”

ရှုယီနှင့် အကြီးအကဲအီလူရှာမှာ ပလက်စတစ်စက်ရုံကို တည်ဆောက်ချိန်၌ ရာဘာထုတ်လုပ်ရေးကိုပါ မည်သို့ ထည့်သွင်းမည်ဖြစ်ကြောင်းစဉ်းစားရင်း သူ၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။

လမ်ပူရီတိုင်းပြည်၌ မည်သည့်ရာဘာသစ်ပင်မှမရှိပါသော်လည်း စတက်တိန်းနယ်မြေ၌ အတော်များပါ၏။

လရိပ်မျိုးနွယ်စုမှာ စတက်တိန်းနယ်မြေရှိ တစ်ခုတည်းသော နတ်သူငယ်မျိုးနွယ်စုပါပင်။ အကြီးအကဲအီလူရှာက လရိပ်မျိုးနွယ်စုနှင့် ဆက်ဆံရေးကို လေးနက်စေချင်နေသည်မှာ ရာဘာထုတ်လုပ်ရာ၌ လရိပ်မျိုးနွယ်စုနှင့် အတူ ပူးပေါင်းလိုဟန်ရှိသည်။

မှန်ပါ၏၊ အကြီးအကဲအီလူရှာ၏ အဓိကရည်ရွယ်ချက်မှာ ပူးပေါင်းရုံတင်မဟုတ်ဘဲ မျိုးနွယ်စုနှစ်ခုကြား ဆက်ဆံရေးကို ခိုင်မာလာစေရန်ဖြစ်သည်။

စိုင်စ်နယ်မြေကြီး၏ နတ်သူငယ်များမှာ နေရာအနှံ့ပြန့်ကြဲနေကြပြီး နတ်သူငယ်များက ၎င်းတို့နေထိုင်သည့်နေရာကို စွန့်ခွာရန် ရှားပါးလှသဖြင့် မျိုးရိုးတူလျှင်သော်မှ မတူညီသည့် မျိုးနွယ်စုများ၏ နတ်သူငယ်များမှာ အချင်းချင်းဆက်သွယ်ဖို့ ရှားပါးကြသည်။

ယခုတွင် ထိုအ‌ခွင့်အရေးရှိနေရာ အကြီးအကဲ အီလူရှာမှာ လက်လျှော့လိမ့်မည်မဟုတ်ချေ။

အက်ဂ်နက်စ်အား သူမ၏ စတေးရှားနှင့် လရိပ်မျိုးနွယ်စုအပေါ် အမြင်ကို မေးနေစဉ်တွင် မြင်းလှည်းက မိုးကျတောင်ကြားမှ ဘန်တာမြို့သို့ ချောချောမွေ့မွေ့သွားနေသည်။

ဘန်တာမြို့သို့ ဝင်ရောက်လာပြီးနောက်တွင် ရှုယီနှင့် စတေးလ်တို့က သီးခြားပြုမှုလိုက်ကြသည်။

စတေးလ်က လရိပ်မျိုးနွယ်စု နတ်သူငယ်မလေးသုံးဦးနှင့် ညတေးသံမျိုးနွယ်စုနတ်သူငယ်နှစ်ဦးကို ဆန်းဒ်တွန်အိမ်ရာသို့ ခေါ်ဆောင်ကာ ၎င်းတို့နေထိုင်ရန် နေရာပြင်ပေးလိုက်သည်။

ရှုယီနှင့် အက်ဂ်နက်စ်တို့ကမူ မြို့စားအိမ်တော်သို့ အတူတကွ ဦးတည်လိုက်ကြ၏။

ဇွန်လလယ်ရောက်နေပြီဖြစ်ရာ ကောင့်ထ် စီယန် သူ့ထံပြောကြားခဲ့သည့် အချိန်အရ ဘန်တာမြို့မှ ထွက်ခွာမည့်ရက်နှင့် နီးကပ်နေပြီဖြစ်သည်။

ရှုယီ မြို့စားအိမ်တော်သို့ ဝင်သွားပြီးနောက်တွင် အစေခံများက အထုပ်အပိုးများပြင်ဆင်ထားသည့် လက္ခဏာများကို မြင်လိုက်ရသည်။

ကောင့်ထ်စီယန်ကို တွေ့ချိန်တွင် ကောင့်ထ်စီယန်က သူ့အား ရှောင်တိမ်းမသွားဘဲ တိုက်ရိုက်ပြောလာ၏၊ “သုံးရက်၊ ဒါက ကောင့်ထ်စတက်ဂျ် ဘန်တာမြို့ကိုလာပြီး ကျုပ်ကိစ္စတွေကို လွှဲပေးရမယ့် အချိန်ပဲ။ ဒီတော့ ရှုယီ၊ ခင်ဗျားမှာ သုံးရက်ပဲကျန်တယ်။ ခင်ဗျား တစ်ခုခုလုပ်ဖို့လိုအပ်ရင် နောက်သုံးရက်အတွင်းမှာ ကျုပ်ကို မြန်မြန်ပြောပါ။”

ရှုယီက ခေါင်းခါကာ၊ “မြို့စားအရှင်၊ ခင်ဗျား ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကူညီတာက လုံလောက်နေပါပြီ၊ ဒီသုံးရက်အတွင်း ခင်ဗျားကိစ္စတွေကိုသာ လုပ်လိုက်ပါ။ စိတ်ချပါ၊ ကောင့်ထ်စတက်ဂျ် မြို့စားအရှင်ဖြစ်လာတာက အမှောင်နေ့ရက်တွေရောက်လာတဲ့ အဓိပ္ပာယ်တော့ မဟုတ်ဘူးမို့လား? ပြဿနာအတော်များများရှိနေပေမယ့်လည်း ကျုပ် ပြင်ဆင်ထားတာတွေရှိတော့ ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ တိုးတက်မှုကို မထိခိုက်စေလောက်ဘူးလို့ ထင်တယ်။”

“ခင်ဗျားမှာ ယုံကြည်ချက်ရှိရင်တော့ ကောင်းပါတယ်။” ကောင့်ထ်စီယန်က ရှုယီကို ရှားရှားပါးပါး ပခုံးပုတ်လာကာ ရှုယီအပေါ် တန်ဖိုးထားမှုကို ပွင့်ပွင့်လင်းလင်းပြလာသည်၊ “Frestech ကုန်သည်ကြီးများအသင်းက ပဲ့ထိန်းအနေနဲ့ ခင်ဗျားကို ရထားတော့ အမြဲတမ်း ချောချောမွေ့မွေ့ တိုးတက်လိမ့်မယ်ဆိုတာ သေချာပါတယ်။ ဒါပေါ့ ပြဿနာတွေရှိလာရင်လည်း ခင်ဗျား ဘုရင်မနဲ့အတူ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျုပ်ခင်ဗျားကို ထောက်ခံခဲ့တဲ့ အဓိက အကြောင်းအရင်းက တကယ်တမ်း ဘုရင်မက ခင်ဗျားကို ထောက်ခံလို့ပါ။”

“ကျုပ်နားလည်ပါတယ်။” ရှုယီက ခေါင်းငြိမ့်သည်။ သူက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ မေးလေ၏၊ “မြို့စားအရှင်၊ ဘုရင်မ.....ရဲ့ အခြေအနေက ပိုကောင်းလာပြီလား?”

ကောင့်ထ်စီယန်က အသာရယ်လာကာ၊ “ခင်ဗျားသိပါတယ်၊ ဘုရင်မကို ဂရုစိုက်တာက ကောင်းတယ်ဆိုပေမယ့် အခုတော့ ဒီအကြောင်းကို ဂရုမစိုက်ဖို့ အကြံပေးချင်တယ်။ ကျုပ်က မကြာခင် ထွက်သွားရတော့မှာဆိုတော့ တိုက်ရိုက်ပဲပြောလိုက်ပါ့မယ်။ ရှုယီ၊ ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းမှာက အလားအလာကြီးကြီးမားမားရှိပြီး ဘုရင်မနဲ့ ကျုပ် နှစ်ယောက်လုံးက ခင်ဗျားကို ထောက်ခံပေမယ့်လည်းအခု ခင်ဗျားက အတော်လေးအားနည်းတော့ ဒီကိစ္စမှာ ဝင်မပါသင့်ဘူး။ ဘုရင်မနဲ့ ကျုပ်က ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အလားအလာကို အသိအမှတ်ပြုထားတော့ ခင်ဗျားအနေနဲ့ ခိုင်ခိုင်မြဲမြဲ တိုးတက်အောင်လုပ်ဖို့ပဲလိုပြီး လမ်းတစ်ဝက်မှာ ကိုယ့်ကိုယ်ကို မဖျက်ဆီးပါနဲ့။ ကျုပ်ပြောတာကို နားလည်ရဲ့လား?”

ရှုယီက ဖြည်းညင်းစွာ ခေါင်းငြိမ့်လိုက်၏၊ “အင်း၊ အရင်တစ်ခေါက်က ဘုရင်မ ကျုပ်ကို ရှင်းပြပြီးသွားပါပြီ။ ကျုပ်က ဒီတိုင်း..... နည်းနည်း အဲ့လိုမလုပ်ချင်ရုံပါ။”

“ဘာကို မလုပ်ချင်ရတာလဲ။” ကောင့်ထ် စီယန် က လေးနက်ဟန်ဖြင့်ဆိုသည်၊ “မမေ့နဲ့၊ ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်း တိုးတက်လာနိုင်ဖို့က ကျုပ်နဲ့ ဘုရင်မတို့ရဲ့ ဆန္ဒအမှန်ပဲ။ ခင်ဗျား အခု အချိန်မှာ တခြားအရာတွေကို ဂရုစိုက်ဖို့ မလိုဘူး!”

ရှုယီက သက်ပြင်းရှည်ကြီးချလျက် ‌ကူရာမဲ့စွာခါးသက်သက်ပြုံး၍ ခေါင်းငြိမ့်သည်၊ “ကောင်းပြီလေ ကျုပ် မှတ်ထားပါ့မယ်။ ဟုတ်သားပဲ၊ မြို့စားအရှင် ဒီမကျေနပ်စရာတွေကို မဆွေးနွေးတော့ဘူး။ အချိန်အရဆို ဒီနေ့က မေဂျာမက်ခ်ကွန်လီကတိပေးထားတဲ့ လူတွေရောက်လာမယ့်အချိန်ပဲ၊ သူတို့ ရောက်ပြီလား?”

“ကျုပ်နဲ့လိုက်ခဲ့ပါ”

ရှုယီက မြို့စားအိမ်တော်၏ နောက်ဘက်သို့ ကောင့်ထ် စီယန် နောက်မှ လိုက်သွားသည်။

ထောင့်ကိုဖြတ်ပြီးနောက်တွင် အသံစုံကိုကြားလိုက်ရသဖြင့် အနည်းဆုံးလူရာချီ ရှိပုံပင်။

ရှုယီက တအံ့တဩမေး‌လိုက်၏၊ “သူတို့က မြို့စားရဲ့အိမ်တော်မှာ လေ့ကျင့်နေတာများလား?”

ကောင့်ထ်စီယန်က ရယ်ကာ၊ “တကယ်တော့ သူတို့ မနေ့ရောက်တာဆိုပေမယ့် မြို့စောင့်တန်းလျားမှာ ထားဖို့က အဆင်မပြေဘူးလေ၊ အဲမှာ သူတို့အတွက် သင့်တော်တဲ့‌နေရာမရှိသလို ခင်ဗျားလည်းမရှိတော့ ဒီမှာပဲ ခဏထားလိုက်တာ။”

ရှုယီက ရှက်ရွံ့စွာ နှာခေါင်းကို ထိလျက် ရှင်းပြလေ၏၊ “သူတို့ကို သဘောတူထားတဲ့နေ့မှ ရောက်လာမယ် ထင်ထားတာ။ ပြီးတော့လည်း အရင်ရက်တွေက ကိစ္စရှိလို့ ပြန်မလာနိုင်ခဲ့ဘူး။”

ကောင့်ထ်စီယန်က ခေါင်းခါကာ၊ “ရှင်းပြဖို့ မလိုပါဘူး၊ ဒီလူတွေကို ခင်ဗျားဆီ လုံလုံခြုံခြုံလွှဲပေးတာက ဘန်တာမြို့မှာ ကျုပ်လုပ်နိုင်တဲ့ ‌နောက်ဆုံးအရာပဲမို့ ကိစ္စကြီးမဟုတ်ပါဘူး။”

ရှုယီမှာ ရင်ထဲ နွေးထွေးသွားသည်။ သူက ခေါင်းငြိမ့်လိုက်သော်လည်း မည်သည်ကိုမှ မဆိုဘဲ ကောင့်ထ်စီယန် နောက်လိုက်ရင်း မြို့စားအိမ်တော်နောက်ဘက်ရှိ ကွင်းလေးထဲ ရောက်သွားသည်။

ကွင်းထဲ၌ ဟာ့ထ်က ဦးဆောင်၍ လေ့ကျင့်ပေးနေသည့် သန်သန်မာမာယောက်ျားသားများ အဖွဲ့လိုက်ရှိနေ၏။ ၎င်းတို့၏ လှုပ်ရှားမှုများက အတော်လေး တူညီဟန်ရှိသလို အံ့ဩဖွယ်လည်းကောင်းသည်။

ရှုယီ ၎င်းတို့ကိုကြည့်လိုက်ရင်း တိတ်တဆိတ်ရေတွက်ပြီးနောက် အံ့ဩသွား၏။

“ဘာ‌လို့ လူတွေအဲ့လောက်များနေရတာလဲ?”

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၈၀။ လက်ရွေးစင် အယောက်ငါးရာ

ရှုယီမှာ ထိုကိစ္စကို မေဂျာမက်ခ်ကွန်လီနှင့် ဆွေးနွေးစဉ်က Frestech ကုန်သည်ကြီးများအသင်းအတွက် အစောင့်အဖွဲ့ ဖွဲ့စည်းရန် စစ်သည်သုံးရာလောက် ရှာနိုင်ဖို့ မျှော်လင့်ခဲ့သည်။

သို့သော် ဟာ့ထ်ဦးဆောင်သည့် အစောင့်များမှာ သူ မည်သို့ ရေတွက်သည်ဖြစ်စေ သုံးရာမကပါချေ။

“တွက်ဖို့ မလိုပါဘူး၊ အားလုံးပေါင်း ငါးရာရှိတယ်၊ သူတို့အားလုံး ပင်စင်မယူခင်က လက်ရွေးစင်တွေချည်းပဲဆိုတာ ကျုပ် အာမခံတယ်။” ကောင့်ထ်စီယန်က အသာပြုံးကာ ပြောသည်။

ရှုယီက လေ့ကျင့်နေသူများကို ရှုပ်ထွေးစွာကြည့်၍ ကောင့်ထ်စီယန်ကို‌ မေးလိုက်၏၊ “ဘာလို့လဲ?”

“ခင်ဗျားနားမလည်ဘူးလား? တကယ်တော့ ဒါက ဘုရင်မရဲ့ အကြံလေ။ သူမက ခင်ဗျားရဲ့ တောင်းဆိုချက် ပမာဏကို ကျော်ပြီး ပေးဖို့ မေဂျာမက်ခ်ကွန်လီကို ဆက်သွယ်ခဲ့တာ။ ဒါကြောင့် မေဂျာမက်ခ်ကွန်လီက လူနှစ်ဆရှာဖို့ ကူညီခဲ့ရုံတင်မကဘူး။ လက်ရွေးစင်တွေကိုပါ တကူးတကရွေးခဲ့တာ။ ဒီစစ်သည်ငါးရာက ပင်စင်မယူခဲ့ဘဲ တပ်ရင်းတစ်ဖွဲ့ ဖွဲ့စည်းပြီး လေ့ကျင့်ရေးလေးနည်းနည်းလုပ်ရုံနဲ့ ဘယ်စစ်တပ်က တပ်မဟာကိုမဆို ယှဉ်တိုက်နိုင်တယ်လို့ ပြောရင်တောင် လွန်မှာမဟုတ်ဘူး။”

ကောင့်ထ်စီယန်က အမှန်တကယ်တွင် ရှုယီကို အနည်းငယ် မနာလိုဟန်ဖြင့် ကြည့်နေခဲ့ခြင်းဖြစ်သည်။ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ရရှိသည့် လက်ရွေးစင်အယောက်ငါးရာကြောင့် မနာလိုနေသည်လား သို့မဟုတ် ဘုရင်မဆယ်ဗီနီက ရှုယီကို အထူးဂရုစိုက်သဖြင့် မနာလိုနေသည်လားကိုတော့ ပြောရခက်၏။

တော်ဝင်စစ်တပ်ဖွဲ့စည်းခြင်းအရ တပ်မဟာတစ်ခုကို တပ်ရင်းသုံးခုဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း လူအယောက် တစ်ထောင့်ငါးရာရှိသည်။

ကောင့်ထ်စီယန်မှာ ထိုလူငါးရာက လေ့ကျင့်ရေးနည်းနည်းလုပ်ရုံနှင့် တပ်မဟာတစ်ခုကို ယှဉ်တိုက်နိုင်သည်ဟု ဆိုခြင်းမှာ ထိုလူငါးရာက အမှန်ပင် လက်ရွေးစင်ဖြစ်ကြောင်းကို ပြရန် လုံလောက်ပါ၏။

ရှုယီက ဆယ်ဗီနီ၏ အထူးဂရုစိုက်မှုကို ကျေးဇူးတင်ပါသော်လည်း သံသယဖြစ်မိလေသည်။

ထိုလူငါးရာက စစ်တပ်ထဲရှိ လက်ရွေးစင်များဖြစ်သည်ဆိုကတည်းက စစ်တပ်မှာ မည်သို့များသူ့ထံသို့ ရုတ်တရတ် ပေးဖို့ ဆန္ဒရှိမည်နည်း?

ရှုယီမှာ မေဂျာ မက်ခ်ကွန်လီထံ တောင်းဆိုစဉ်က လုပ်ငန်းစုအတွက် အစောင့်အနေနှင့် ပင်စင်ယူပြီးသား စစ်သည်အယောက်သုံးရာကိုသာ လိုချင်ခဲ့ပြီး များများစားစားမမျှော်လင့်ထားပါချေ။

သူ၏အမြင်တွင် Frestech ကုန်သည်ကြီးများအသင်းထံ၌ လုပ်ငန်းစုဟောင်းတစ်ခု၏ နောက်ခံမရှိလေရာ အစောင့်အဖွဲ့တစ်ခုကို ဖွဲ့စည်းရာ၌ မည်သည်မှမပါဘဲ စတင်ရလိမ့်မည်ဖြစ်ကာ တဖြည်းဖြည်း အင်အားကို တည်ဆောက်ရမည်ဟုပင်။

ထို့ကြောင့် သူ၏အကြံက အုတ်မြစ်တစ်ခုတည်ဆောက်ကာ လူအင်အားတစ်စုအဖြစ်သာ ဆောင်ရွက်ရန် ပထမအသုတ်ကို ရယူရုံဖြစ်၏။

သူ့အနေနှင့် မေဂျာ မက်ခ်ကွန်လီက မြောက်ပိုင်းစစ်တပ်မှ အရေးကြီးနည်းပြတစ်ဦးတင်မက လက်ရွေးစင်စစ်သည် ငါးရာကိုပင် ပေးလာလိမ့်မည်ဟု ထင်မထားချေ။

ဘုရင်မ ဆယ်ဗီနီ၏ အထူးဂရုစိုက်မှုနှင့် ဆိုလျှင်တောင် ထိုမျှတော့မဖြစ်နိုင်ချေ။

ဆယ်ဗီနီ၏ အထူးဂရုစိုက်မှုနှင့်အတူ မေဂျာ မက်ခ်ကွန်လီက တော်ဝင်မိသားစုအပေါ် သူ၏သစ္စာတရားကို အခြေခံ၍ ရွေးချယ်၍ရနိုင်သော်လည်း အယောက်ငါးရာတော့ ပေးမည်မဟုတ်ပေ။

“မခန့်မှန်းနေနဲ့တော့။ ‌မေဂျာ မက်ခ်ကွန်လီက ခင်ဗျားကို ဒီလက်ရွေးစင်အယောက်ငါးရာပေးတာဟာ ဘုရင်မ ဆယ်ဗီနီရဲ့ အထူးတောင်းဆိုမှုအပြင် အရေးပါဆုံးအကြောင်းရင်းက ဘုရင်ကြီးက အမိန့်ပေးထားတာကြောင့်ပဲ။” ကောင့်ထ်စီယန်က ရှုယီမျက်လုံးများထဲရှိ သံသယကိုမြင်သော် ရှင်းပြလာသည်။

ရှုယီလည်း နားလည်လိုက်သည်။

ဘုရင်ကြီးသာ ထိုအကြောင်းကို ကိုယ်တိုင်ထုတ်ပြာလျှင် ထိုသက်ရောက်မှုအထိ မရနိုင်သည်တော့မဟုတ်ချေ။

“ဒါပေါ့ ဘုရင်ကြီးပြောလာတာတောင် မေဂျာမက်ခ်ကွန်လီက စစ်ဌာနချုပ်ရဲ့ ဘယ်အဖွဲ့အစည်းကမှ ဘာမှမပြောတာကြောင့် ခင်ဗျားကို ပေးနိုင်တာ။” ကောင့်ထ်စီယန်က ရှုယီကို ကြည့်၍ လျှာနှစ်ကြိမ်သပ်ကာ‌ ခေါင်းခါသည် “ခင်ဗျားသိလား၊ ဂိုဏ်းကွဲမှုတွေနဲ့ပြည့်နေတဲ့ တော်ဝင်စစ်တပ်အတွက် ကိစ္စတစ်ခုကို သဘောတူဖို့က အံ့မခန်းကိစ္စပဲ? အရင်က ကိစ္စတစ်ခု ဘယ်လောက်သေးသေး တော်ဝင်စစ်တပ်က တိုက်ခိုက်မှုအပြည့်ဖြစ်နေပြီး ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတယ်။”

“ဘာလို့ ဒီလို‌ဖြစ်ခဲ့တာလဲ?” ရှုယီ နားမလည်နိုင်ချေ၊ “ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက စစ်ဌာနချုပ်နဲ့ ပူးပေါင်းထားပေမယ့်လည်း စစ်ဌာနချုပ်က ကျုပ်ကို ထောက်ပံ့ပြီးပြီလေ။ သူတို့အတွက် ဘာငြင်းဆန်မှုမှမရှိတာက..... နည်းနည်း မထူးဆန်းဘူးလား? ဘုရင်မ ဆယ်ဗီနီကို ဆန့်ကျင်တဲ့လူတွေလိုပေါ့၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကိုလည်း စစ်ဌာနချုပ်မှာ သဘောမတွေ့တဲ့လူတွေ ရှိလောက်မှာပဲ၊ ဟုတ်တယ်မို့လား?”

“ဒါကို မှော်အမြောက် နည်းပညာအတွက် အခကြေးငွေလို့ သတ်မှတ်လို့ရတယ်။” ကောင့်ထ်စီယန်က ပြန်ဖြေ၍ လက်ရွေးစင် အယောက်ငါးရာကို လေ့ကျင့်ပေးနေသည့် ဟာ့ထ်ဘက်လှည့်၍ သက်ပြင်းချကာ ဆိုလိုက်သည်၊ “မကြာသေးခင်က မြောက်ပိုင်းက အောင်မြင်တဲ့အစီရင်ခံစာတွေရခဲ့ပြီး စစ်ဌာနချုပ်ကနေ သုံးသပ်စစ်ဆေးပြီးနောက်မှာ မြောက်ပိုင်းက ဒီရုတ်တရတ် အပြောင်းအလဲက ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ကို စတင်ပူးပေါင်းခဲ့တာကြောင့်လို့ အတည်ပြုခဲ့ကြတယ်။ မှော်အမြောက်တွေရဲ့ ပြင်းထန်တဲ့ ပစ်လွှတ်နိုင်စွမ်းကိုမပြောသေးဘူး၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း ပထမအသုတ်ထုတ်လုပ်ခဲ့တဲ့ ဂီယာနဲ့တင် အတော်လေး အထောက်အကူဖြစ်ခဲ့တာ။”

“အိုး? ကျုပ် ဒါကို ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့စာကနေ နည်းနည်းသိထားပေမယ့် သူက အသေးစိတ်တော့မပြောထားဘူး။ ဘယ်လောက် အသုံးဝင်လို့လဲ?” ရှုယီက မေးသည်။

“ကျုပ်လည်း စစ်တပ်ကမဟုတ်သလို အဲ့အပိုင်းမှာ အဆက်အသွယ်မရှိတော့ အတိအကျမသိ‌ဘူး။ သိချင်ရင် ဘုရင်မကိုမေးကြည့်လို့ရတယ်။” ကောင့်ထ် စီယန် က ဆက်ပြောသည်၊ “ဒါပေမယ့် စစ်ဌာချုပ် ဒီတစ်ခေါက် မငြင်းပယ်ခဲ့တဲ့အကြောင်းရင်းက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့အကူအညီဟာ သူတို့ရဲ့ တိုက်ပွဲအင်အားကို တိုးတက်စေတာကြောင့်လို့တော့ သိထားတယ်။ စစ်သည်တွေအတွက် ဦးစားပေးပန်းတိုင်က အနိုင်ရဖို့ပဲ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အကူအညီနဲ့ အနိုင်ရနိုင်တော့ ခင်ဗျားကို လက်ရွေးစင်ငါးရာလောက်လေးပေးတာက ဘာမှကိုမဟုတ်ဘူးလေ။”

“ဒီလိုလား?” ရှုယီက အေးစက်စက်ရယ်လေသည်၊ “သူတို့ အဲ့လောက်ဂရုစိုက်နေရင် သူတို့မှာ အစွမ်းအစရှိလာတဲ့အခါ ကျုပ်ကို မှော်အမြောက်နည်းပညာ လွှဲပေးဖို့ တွန်းအားပေးမှာမဟုတ်ဘူး။”

ကောင့်ထ်စီယန်က အသာပြုံး၏။ သူက ရှုယီ၏ ပခုံးကိုပုတ်လျက် အေးဆေးစွာ ပြောသည်၊ “ခင်ဗျားစိတ်ထဲက ဒေါသကို နားလည်ပေမယ့်လည်း ခင်ဗျားရဲ့လက်ရှိ အင်အားနဲ့ဆိုရင် စစ်ဌာနချုပ်ကို ဆန့်ကျင်တာက မကောင်းဘူးလို့ အကြံပေးချင်တယ်။ စစ်ဌာနချုပ်က အရေးကြီးပုဂ္ဂိုလ်တွေရဲ့ အသိအမှတ်ပြုခံရနိင်ဖို့နဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းမှုရဲ့ အရေးပါပုံကို ပြန်အကဲဖြတ်ခိုင်းဖို့က ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်း တိုအတွက် အောင်မြင်မှုဖြစ်နေပြီလေ၊ မှော်အမြောက်ကတော့.....”

ကောင့်ထ်စီယန်က ရုတ်တရတ် အသံတိုးသွားကာ အဆန်းတကြယ်ဖြင့်ပြောလာသည်၊ “ကျုပ်ရထားတဲ့ သတင်းအရ စစ်ဌာနချုပ်ကနေ ခင်ဗျားနဲ့အတူ မှော်အမြောက်အကြောင်း ဆွေးနွေးဖို့ တစ်ယော်ကယောက်ကို လွှတ်လိုက်နိုင်တယ်၊ ခင်ဗျားရဲ့စိတ်ကို ပြင်ထားဖို့ လိုတာပေါ့။”

“အမ်?” ရှုယီမှာ အံ့ဩသွားသော်လည်း စဉ်းစားပြီးနောက်တွင် ၎င်းက သတင်းကောင်းဟု ခံစားမိသွားသည်။

စစ်ဌာနချုပ်က ရှုယီကို မှော်အမြောက်နည်းပညာအား အတင်းလွှဲခိုင်းထားလေရာ ရှုယီအနေနှင့် ဆန္ဒမရှိသော်လည်း စစ်ဌာနချုပ်ကို မတိုက်ခိုက်နိုင်ပါချေ။

ကောင့်ထ်စီယန် ပြောသလိုပင် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိအင်အားနှင့် လုံးဝရင်ဆိုင်နိုင်မည်မဟုတ်။

၎င်းတို့သာ လွှဲပေးဖို့ မရွေးချယ်ပါက ထိုလက်ရွေးစင်ငါးရာလည်း ရှိလာမည်မဟုတ်ပေ။

ထို့အပြင် စစ်ဌာနချုပ်က မှော်အမြောက်အကြောင်း ရှုယီနှင့် လာဆွေးနွေးမည်ဖြစ်သည်။

ရှုယီက စိတ်ထဲ၌ အေးစက်စက်ရယ်လျက် မျက်လုံးထဲတွင် စက်ဆုပ်မှုတို့ပြည့်သွားသည်။

စစ်ဌာနချုပ်ရှိ လူများမှာ အမှန်တကယ်ပဲ သူသာ မှော်အမြောက်နည်းပညာကို လွှဲပေးပါက ကိုင်တွယ်နိုင်ကြမည်ဟု ထင်နေပေရော့လား?

၎င်းတို့အနေနှင့် ရှုယီက နည်းပညာကိုလွှဲပေးစဉ်တွင် ၎င်းတို့ ခုန်ဆင်းရန် တွင်းကြီးတစ်တွင်းဖန်တီးထားပြီးဖြစ်သည်ကို စဉ်းစားမိလိမ့်မည်မဟုတ်ပေ။

ယခု ရှုယီနှင့် စကားလာပြောမည်ဖြစ်ရာ တွင်းထဲသို့ ခုန်ဆင်းလာသည်မှာ ၎င်းတို့ဖြစ်သည်။

‌လိုက်ပါလာမည်မှာ အပေါ်သို့ လုံးဝမ‌တက်နိုင်တော့ခြင်းပင်။

ထိုအတွေးများက မျက်တောင်တစ်ခတ်အတွင်းဖြတ်သန်းသွားပြီး ရှုယီ၏ မျက်နှာက နူးညံ့သည့် အပြုံးမျက်နှာ ပြန်ဖြစ်သွားရင်း ခေါင်းငြိမ့်ကာဆို၏၊ “ဟုတ်ပါပြီ၊ ကျုပ် စစ်ဌာနချုပ်က လူတွေကို စောင့်နေပါ့မယ်။ ဒါပေမယ့် သူတို့မလာခင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် စစ်သားအသစ်တွေကို ကြိုဆိုရဦးမယ်။”

ရှုယီက ဟာ့ထ်နှင့် လက်ရွေးစင် ငါးရာကို နှုတ်ဆက်လိုက်ချင်သော်လည်း ရှုယီ ထွက်လာသည်နှင့် ထိုစစ်သည်ငါးရာက မူလကလို ဖော်ရွေဟန်မရှိဘဲ တချို့မှာ ရန်လိုမှု စိတ်ပျက်မှုများကို မျက်လုံးထဲမှ ပြသနေသည်။

၎င်းတို့ကို ဤနေရာသို့ မပို့ခင်က ဤနေရာသို့လာရမည့် ရည်ရွယ်ချက်ကိုသိခဲ့ရသည်။

တကယ်တမ်း ၎င်းတို့မှာ စစ်တပ်ရှိ လက်ရွေးစင်များဖြစ်ကာတစ်ဝက်လောက်နီးပါးက တာဝန်ထမ်းရွက်နေရဆဲဖြစ်ပေ၏။ ၎င်းတို့မှာ ၎င်းတို့အဖွဲ့များ၏ အဓိက တပ်ဖွဲ့အင်အားများဖြစ်ခဲ့ရုံသာမက အငြိမ်းစားယူရန် မည်သည့်အတွေးမှမရှိခဲ့ကြချေ။

သို့သော် စစ်ဌာနချုပ်က ၎င်းတို့ကို အငြိမ်းစားယူဖို့ တွန်းအားပေးကာ အတူတကွစုစည်းလျက် ဤနေရာသို့ပို့၍ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များဖြစ်လာရန် ပြောကြားခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းအကြောင်းကို ထိုစစ်သားများက ကြားဖူးကြသော်လည်း ၎င်းတို့နားလည်မှုက သာမန်လူများထက် ပိုမကောင်းနေချေ။

Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ကို အငြိမ်းစားယူရန် တွန်းအားပေးခဲ့ခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်း အပေါ် ခံစားချက်ကောင်းမနေချေ။

ထို့အပြင် ထိုလက်ရွေးစင်စစ်သည်တို့၏ အမြင်တွင် သာမန်လုပ်ငန်းစုတစ်ခု၏ အစောင့်များက မည်သည့်အဓိပ္ပာယ်မှမရှိပေ။

ယခုတွင် ၎င်းတို့က လုပ်ငန်းစုတစ်ခု၏ အစောင့်များဖြစ်လာရန် အပြေးလာခဲ့ရရာ ၎င်းတို့ကို အရှက်ခွဲနေခြင်းပင်။

ထို့ကြောင့် ၎င်းတို့မှာ ရှုယီကို ဖော်ရွေခြင်းမရှိဘဲ ရန်လိုမှုကိုပင် ပြထားသည်။

သို့သော် ရှုယီက ကြိုဆိုပွဲမိန့်ခွန်းကို အပြီးသတ်ကာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များရရှိမည့် အကျိုးအမြတ်မျိုးစုံကိုကြေညာလိုက်ချိန်တွင် ထိုလူများ၏ မျက်လုံးထဲရှိ ရန်လိုမှုနှင့် စိတ်ပျက်မှုတို့က အံ့ဩမှု မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ ၎င်းတို့ထံ၌ ကျေနပ်အံ့ဩမှုများလည်း စီးဖြန်းသွားလေသည်။

ရှုယီကြေညာလိုက်သည့် အခြေနေများအရ ၎င်းတို့သာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များဖြစ်လာပါက အစပိုင်းတွင် ပထမအဆင့်အစောင့်များဖြစ်လာပြီး ပထမအဆင့်အစောင့်တစ်ဦး၏ အကျိုးအမြတ်ကိုရမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ စည်းမျဉ်းများအရ ပထမအဆင့်အစောင့်တစ်ဦးမှာ လစဉ် ရွှေဒင်္ဂါး ဆယ့်ငါးပြားရမည်ဖြစ်သည်။

ထိုသည်နှင့်တင် လက်ရွေးစင်အယောက်ငါးရာ၏ မျက်လုံးများကို တောက်ပသွားစေရန် လုံလောက်လေ၏။

၎င်းတို့မှာ လမ်ပူရီတိုင်းပြည်၏ လက်ရွေးစင်များဖြစ်ကြပါလျှင်တောင် လမ်ပူရီတိုင်းပြည်က ချို့တဲ့လေရာ စစ်ဌာနချုပ်လည်း ချို့တဲ့ပေသည်။ ၎င်းတို့က စစ်သားတိုင်းကို လက်နက်ချပ်ဝတ်တစ်စုံစာနှင့်ပင် မထောက်ပံ့နိုင်သဖြင့် လစာကိုဆို ပြောရန်ပင်မလိုချေ။

စစ်ဌာနချုပ်၏ စည်းကမ်းများအရ စစ်သားတစ်ဦးစီတိုင်းမှာ တစ်နှစ် တစ်ခါသာ ထောက်ပံ့ကြေးသတ်မှတ်ထားသည်။ သာမန်စစ်သည်များမှာ တစ်နှစ်လျှင် ရွှေဒင်္ဂါးနှစ်ဆယ်ပတ်လည်သာရပြီး ၎င်းတို့ လက်ရွေးစင်များမှာမူ လုပ်ဆောင်မှုကောင်းကောင်းလုပ်ထားသဖြင့် တစ်နှစ်လျှင် ရွှေဒင်္ဂါးသုံးဆယ်ကျော်ရသည်။

သို့သော် ထိုထောက်ပံ့ငွေများကို ပေးရန်ရှားပါးလှလေရာ ထိုလူငါးရာမှာ လုံးဝချို့တဲ့နေပါ၏။

ထို့အပြင် ၎င်းတို့ရလျှင်သော်မှ တစ်နှစ်လျှင် ရွှေဒင်္ဂါးသုံးဆယ်သာဖြစ်၏။ Frestech ကုန်သည်ကြီးများအသင်း၏ ပထမအဆင့် အစောင့်မှာ တစ်လလျှင် ရွှေဒင်္ဂါး ဆယ့်ငါးပြားရမည်ဖြစ်ရာ တစ်နှစ်လျှင် တစ်ရာ့နှင့်ရှစ်ဆယ်ဖြစ်သည်!

ဘုရားသခင်၊ ထိုလူငါးရာအနက် တစ်ဦးတစ်လေမျှပင် ယခင်က ‌ရွှေဒင်္ဂါးတစ်ရာ့ ရှစ်ဆယ်ကို မမြင်ဖူးပါချေ!

ထိုအခြေခံလစာကို ကြားရုံနှင့်ပင် ထိုလူများ၏ စိတ်ထဲရှိ Frestech ကုန်သည်ကြီးများအသင်းအပေါ် ရန်လိုမှုက ပျောက်ကွယ်သွားသည်။

၎င်းအပြင် ရှုယီက ၎င်းတို့အကျိုးအမြတ်များအကြောင်း ကြေညာသည်ကို ကြားချိန်တွင် စိတ်တွင်း၌ မထိန်းချုပ်နိုင်ဘဲ လှုပ်ရှားမှုများပြည့်သွားသည်။

ရှုယီ၏အပြောအရ ၎င်းတို့၏ အခြေခံလစာကို ရမည့်အပြင် ပထမအဆင့် အစောင့်များမှာ အခြေခံ အကျိုးအမြတ်ကိုလည်း ရမည်ပင်။

ဥပမာဆိုရလျှင် ၎င်းတို့အနေနှင့် ဆန်၊ ဂျုံ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အခြားနေ့စဉ်လိုအပ်ချက်များကို လစဉ်ရရှိမည်ဖြစ်၏။ ထို့အပြင် အားလပ်ရက်ရောက်လာတိုင်း Frestech ကုန်သည်ကြီးများအသင်းက အကျိုးအမြတ်များ ထပ်ပေါင်းထောက်ပံ့မည်ဖြစ်သည်။

ထိုအရာများက ပုံမှန်ဟုထင်ရသော်လည်း အင်မတန် အကျိုးရှိသည့် ပစ္စည်းများသာ။ ၎င်းက အလွယ်လေးပင် သာမန်မိသားစုများမှလာသည့် ထိုစစ်သားများ၏ နှလုံးသားကို ဖမ်းယူလိုက်သည်။

ထိုအကျိုးအမြတ်များနှင့် လစာအပြင် Frestech ကုန်သည်ကြီးများအသင်းက အစောင့်များကို အာမခံတချို့လည်း ရရှိစေ၏။

ဥပမာ၊ အစောင့်တစ်ဦးမှာ လုပ်ငန်းစုအတွက် အလုပ်လုပ်နေရင်း ထိခိုက်သွားလျှင် သို့မဟုတ် အသတ်ခံလိုက်ရပါလျှင် Frestech ကုန်သည်ကြီးများအသင်းက လျော်ကြေးပေးမည်ဖြစ်သည်။

၎င်းတို့သာ ထိခိုက်ဒဏ်ရာရပါလျှင် Frestech ကုန်သည်ကြီးများအသင်းက ဆေးဖိုးဝါးခနှင့် လစာကိုပါ ကုသနေစဉ်အတွင်းပေးမည်ဖြစ်၏။

၎င်းတို့သာ ကျိုးပဲ့ဒဏ်ရာရခြင်း သို့မဟုတ် အသတ်ခံရခြင်းတို့ဖြစ်ပါလျှင် လျော်ကြေးများစွာရမည်ဖြစ်သည်။

ရှုယီက အစောင့်တစ်ဦးမှာ လုပ်ငန်းစုအတွက် တာဝန်ထမ်းဆောင်ရင်း အသတ်ခံလိုက်ရပါက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရွှေဒင်္ဂါးတစ်ထောင်နှင့်အတူ ၎င်းတို့၏ သတ်မှတ်လက်ခံမည်သူ့ကို ပေးမည်ဖြစ်ကြောင်း‌ကတိပေးလာသည်ကို ကြားလိုက်ကြရသည်။ ထိုသည်က လူများစွာကို ရှုယီထံ အသက်များရောင်းဖို့ ချက်ချင်း အကြံရသွားစေသလိုပင်။

၎င်းတို့မိသားစု၏ ချို့တဲ့ခြင်းကြောင့်သာမဟုတ်ပါက သာမန်လူတစ်ဦးမှာ စစ်တပ်ထဲဝင်ရန် ရွေးချယ်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ထိုစစ်သည်ငါးရာက လက်ရွေးစစ်များဖြစ်သော်လည်း မိသားစုများက ဒုက္ခကြုံနေရသည်။

တော်ဝင်စစ်တပ်က အင်မတန်ချို့တဲ့ခြင်းကြောင့် ၎င်းတို့ကိုယ်ကိုသာ ထောက်ပံ့နိုင်ပြီး မိသားစုအခြေအနေကို လုံးဝမပြောင်းလဲနိုင်ပါချေ။

၎င်းတို့အတွက် ရွှေဒင်္ဂါးတစ်ထောင်ကို မမြင်ခဲ့ဖူးရုံသာမက ယခင်က စိတ်ပင်မကူးခဲ့ဖူးသည့် အရာပါပင်။

တစ်ယောက်ယောက်ကသာ ၎င်းတို့အသက်ကိုဝယ်ရန် ရွှေဒင်္ဂါးတစ်ထောင်နှင့် ကမ်းလှမ်းလာပါက သေချာပေါက် တိုက်ပွဲကွင်းပြင်တွင် အကြိမ်များစွာ အသတ်ခံပြီးဖြစ်လောက်သည်။ သေခြင်းနှင့် မခြားနားသည့် ထို‌‌လက်ရွေးစင်စစ်သည်များမှာ အင်မတန်ပျော်ရွှင်ကြလိမ့်မည်သာ။

ထိုအခြေနေ၌ပင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်အဖွဲ့ထဲဝင်ပြီးနောက်၌ တာဝန်ချိန်အတွင်း ချက်ချင်းသေလိုက်ရန် တိတ်တဆိတ်ကြံစည်ထားသူများပင်ရှိလေသည်။

၎င်းတို့မိသားစုများကသာ လျော်ကြေးအဖြစ် ရွှေဒင်္ဂါးတစ်ထောင်ရနိုင်ပါက ထိုသည်က ထိုက်တန်မည်ပင်!

သို့သော် နောက်ပိုင်းရှုယီပြောလာသည်ကိုကြားသော် ထိုအကြံက ချက်ချင်းပျောက်ကွယ်သွား၏။

ထိုသည်မှာ ရှုယီအပြောအရ ၎င်းတို့၏ အစောင့်အဆင့်များက တာဝန်ချိန်များနှင့် မစ်ရှင်အတွင်း လုပ်ဆောင်ချက်များတို့ကြောင့် တိုးလာနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။

အဆင့်မြင့်အစောင့်များမှာ လစာပိုမြင့်ပြီး အာမခံပိုကောင်း၏။

ပထမအဆင့်အစောင့်မှာ တာဝန်ချိန်အတွင်း သေဆုံးပါက ရွှေဒင်္ဂါးတစ်ထောင်ရမည်ဖြစ်သည်။

ဒုတိယအဆင့်မှာ ရွေဒင်္ဂါးတစ်ထောင့်ငါးရာ ရမည်ဖြစ်၏။

တတိယအဆင့်မှာ ရွှေဒင်္ဂါးနှစ်ထောင်ရမည်ပင်။

သို့သော် ၎င်းတို့သာ တတိယအဆင့်ဖြစ်လာပါက မည်သူက ၎င်းတို့၏ကိုယ်ပိုင်သေဆုံးမှုကို ရယူဖို့ရာ ရူးနှမ်းနေမည်နည်း?

တတိယအဆင့်အစောင့်မှာ လစာ ရွှေဒင်္ဂါးသုံးဆယ်ရမည်ပင်!

၎င်းတို့သာ Frestech ကုန်သည်ကြီးများအသင်းအတွက် နှစ် ၂၀ကြာ အလုပ်လုပ်ပေးပါလျှင် လုပ်ငန်းစု၌ အလုပ်များရနိုင်မည်ကို မဆိုထားနှင့် အသက်ခြောက်ဆယ်ပြည့်ပြီးနောက်တွင် ပင်စင်လစာလည်းရမည်ဖြစ်၏!

ထိုသို့သောဘဝမျိုးမှာ ခက်ခဲသောဘဝ၌ နေထိုင်ခဲ့ရသည့် ၎င်းစစ်သားများအတွက် ကောင်းကင်ဘုံတစ်ခုလိုပါပင်!

မူလက ကောင့်ထ်စီယန်မှာ ထိုစစ်သားများထံမှ ရှုယီအပေါ်ရန်လိုမှုများကိုမြင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် နှစ်ခြိုက်လာကြသည်ကိုမြင်သည့်နောက်တွင် မနေနိုင်တော့ဘဲ ခါးသက်စွာပြုံးလိုက်သည်။

သူ့အနေနှင့် ရှုယီမှာ ထိုကြမ်းတမ်းသည့်စစ်သားများကို မည်သို့ ဂရုစိုက်မည်အား ပူပန်နေခဲ့သော်လည်း ရှုယီက အလွယ်တကူကိုင်တွယ်သွားလိမ့်မည်ဟု မစဉ်းစားခဲ့မိချေ။

ရှုယီက အင်မတန်တည့်တိုးကျသည့် နည်းလမ်းကိုသုံးခဲ့သည်ကို ကောင့်ထ်စီယန်မှာ မစဉ်းစားပင်မစဉ်းစားခဲ့သလို ယုံလည်း မယုံနိုင်ခဲ့ပေ။

ထိုသည်က ၎င်းတို့အား ငွေဖြင့် ဖျက်ဆီးခြင်းပင်.....

***

All Chapters