← Chapters

ဖခင်ချန်ထန်

Vol. 18 Ch. 265

ဖခင်ချန်ထန်

Vol. 18 Ch. 265

စွင်းယိရှန်းမှာ သူ့ဘ၀တွင် ဒီလောက် ဂုဏ်ယူမိချိန် မရှိခဲ့ပေ။

သူသည် ရှီးကျင်းမြို့မှ အဆင့်နိမ့် အရာရှိတစ်ဦးသာ ဖြစ်သည်။ ရက်သတ္တပတ်များအတွင်း သူ အပြင်ထွက်သောအခါ လူအနည်းငယ်ကသာ သူ့ကို လှမ်းကြည့်သည်။

သို့သော် ယနေ့တွင် လူထောင်ပေါင်းများစွာ၏ အာရုံစိုက်မှုကို ခံစားနေရတာကြောင့် မူးဝေပြီး နှလုံးခုန်မြန်လာသည်။ သို့သော် ထီးအောက်တွင် လမ်းလျှောက်ပြီး မြို့တော်ထဲသို့ ဝင်ရောက်ခဲ့သော ချန်ရှီကတော့ မတူညီသော စိတ်ခံစားချက်များ ရှိ​နေခဲ့သည်။

"ကျ​နော့်အဘိုးက ဒီမှာ လူတွေအများကြီး သတ်သွားတယ်... သူ့ကို ရှီးကျင်းရဲ့ သားသတ်သမားလို့ ခေါ်တယ်"

သူ စွင်းယိရှန်းကို ပြော​ပြလိုက်သည်။ စွင်းယိရှန်း တုန်လှုပ်သွားပြီး ဒီအာရုံစူးစိုက်မှု အလယ်မှာ သူခံစားခဲ့ရတဲ့ စိတ်လှုပ်ရှားမှုတွေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

"သခင်ငယ်.. ဒီကိစ္စကို ထပ်ပြီး မပြောပါနဲ့တော့ လူကြီးမင်းချန်ထန်လည်း ဆရာကြီး ဒီကိစ္စကြောင့် လူတော်တော်များများရဲ့ ရန်လိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်"

ချန်ရှီကတော့ ဒါကို အလေးအနက်မထားချေ။ ထိုအချိန်တွင် လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။

“သူက က​လေးပညာရှင်မလား... လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က သေသွားပြီလေ..”

ချန်ရှီ အသံ၏ အရင်းအမြစ်ဆီသို့ လှမ်းကြည့်သော်လည်း လူအုပ်ကြီးကိုသာ တွေ့လိုက်ရသည်။ လူတော်တော်များများက ဒီမြို့ထဲကို ဝင်လာတဲ့ ပညာရှင်တွေကို ကြည့်နေတာကြောင့် ဘယ်သူတွေက ဘာတွေ ပြောနေလဲ ဆိုတာ မပြောနိုင်ပါဘူး။

အနောက်နွားရှင်းကျိုး အရပ်ရပ်မှ စာမေးပွဲဖြေမည့် ကိုယ်စားလှယ်လောင်း ၂၆၀ ကျော် မြို့ထဲသို့ တစ်ပြိုင်နက် ဝင်ရောက်လာတာက သမိုင်းတွင် အလွန်ရှားပါးသော ဖြစ်ရပ်ပင်။

သူတို့ မကြာခဏ မြင်ဖူးတာကတော့ လပတ်ပတ်လည်က ကြယ်တွေလို မြို့ထဲကို ဝင်လာကြတဲ့ အထက်တန်းစား မိသားစုက ပညာရှင်တွေကို ပံ့ပိုးပေးတဲ့ ကျွန်တွေနဲ့ ထိန်းသိမ်းသူတွေ အများအပြားပါပဲ။

သို့သော်လည်း ယခုရှီးကျင်းသို့ ဝင်ရောက်လာသူ များသည် ရာသီဥတုဒဏ်နှင့် ဖုန်မှုန့်များ စွန်းထင်းနေပြီး အချို့မှာ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဟောင်းများပင် ရှိခဲ့သော် လည်း ၎င်းတို့၏ စိတ်ဓာတ်များသည် ကမ္ဘာကြီးက သူတို့ကို ညစ်ညမ်းစေခြင်း မရှိထားသကဲ့သို့ အံ့သြဖွယ်ကောင်းလှသည်။

"သူ အသက်ရှင်နေပြန်ပြီ.."

"လွန်ခဲ့တဲ့ သုံးနှစ်လောက်က သေဆုံးသွားခဲ့သင့်တာ....အခု ပြန်ရှင်ပြီး သူ့ရဲ့ အမြင့်မြတ်ဆုံး တာအိုသန္ဓေသားကို ရှာဖို့ ရှီးကျင်းကို ရောက်လာခဲ့တာ ဖြစ်မယ်"

လူအုပ်ထဲတွင် ဆွေးနွေးနေကြသည့် အသံများ ထွက်ပေါ်လာခဲ့​ပြန်သည်။

ချန်ရှီ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ မျက်နှာတွေ အများကြီးပါပဲ။ နားရွက်ကြီးကြီးနဲ့ ခေါင်မိုးပေါ်ထိုင်ပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး တစ်ခုခုကို အမြန်မှတ်တမ်းတင်နေတာမျိုးလည်း ရှိနေသေးသည်။

မရေမတွက်နိုင်သော အကြည့်များကို သူ သတိပြုမိပြီး ထိုအကြည့်ပိုင်ရှင်များ၏ ခံစားချက်ကိုလည်း ခံစားနိုင်ပုံရသည်။

စူးစမ်းလိုစိတ်၊ ရန်လိုမှု၊ သံသယနှင့် လေးမြတ်မှုတို့ဖြင့်။

ချန်ရှီ သူ့အကြည့်ကို ဆုတ်လိုက်ပြီး စကားပြောနေသော လူများကို လိုက်မရှာတော့ပေ။

စွင်းယိရှန်း: "သခင်ငယ်ချန်... မင်း ရှီးကျင်းကို မရောက်ခင် လူတော်တော်များများက မင်းကိုသိနေပြီးသား...မင်းရဲ့ လုပ်ရပ်တွေက အာရုံတွေ အများကြီးကို ဆွဲဆောင်မိလိမ့်မယ်"

မြို့ထဲသို့ ဝင်လာသောအခါ ရှီးကျင်းရှိ ကုံးထျန်းအိမ်တော်က ၎င်းတို့အား ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနှုတ်ဆက်ပြီး အားလုံးကို ကုံးထျန်းသို့ လာရောက်ဖို့ ကြိုဆိုရင်း နှုတ်ဆက်စကားများဖလှယ်ကြသည်။ ကုံးထျန်းအိမ်တော် အပြင်ဘက်တွင် ကိုယ်စားလှယ်လောင်းများ လိုက်ပါရန် အလံများကို စိတ်အားထက်သန်စွာ ကိုင်ဆောင်ထားသော လူအနည်းငယ်လည်း ရှိနေပြီ ဖြစ်သည်။

ခဏအကြာ၌ ကုံးထျန်းအိမ်တော်က ခရိုင်မှူးက လူတိုင်းကို ထွက်လာတွေ့လေသည်။

"ရှီးကျင်းမှာ အခြေချနေထိုင်တဲ့အခါ မင်းတို့ရဲ့မွေးရပ်မြေ အဖွဲ့အစည်းက လူတွေက မင်းကို တံခါးဝမှာ လာနှုတ်ဆက်ကြလိမ့်မယ်... ဘေးကင်းစေဖို့ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ ခန်းမတွေဆီ သွားပြီး စာမေးပွဲစတဲ့အထိ စောင့်လိုက်ပါ... ဒီခရိုင်က မင်းတို့ကို စာမေးပွဲမှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်..."

သူက လေးလေးနက်နက် ဦးညွှတ်ဟန်ဆောင်ပြီး ဖြေဆိုမည့် ကိုယ်စားလှယ်လောင်းများကလည်း နှုတ်ခွန်းဆက်စကား ပြန်ပြောကြသည်။

ကုံးထျန်း စံအိမ်ကြီးထဲက ထွက်လာတော့ ရှင်းရှန်ခရိုင်၊ ကုံကျိုး၊ ရှန်ကျိုး အစရှိတဲ့ ပြည်နယ်တွေရဲ့ နာမည်တွေကို ရေးထားတဲ့ အလံ ကိုင်ဆောင်ထားတဲ့ လူတော်တော်များများကို တွေ့လိုက်ရတယ်။ အားလုံးက ကိုယ့်ပြည်နယ်နာမည်ကို ရှာနေကြတာ တွေ့ပြီး ချန်ရှီကိုလည်း နှုတ်ဆက်ဖို့ ထွက်လာကြ၏။

ကုံးထျန်း စီရင်စုသည်လည်း ဤပညာရှင်တို့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူတို့အားလုံးက ချန်ရှီကို ဦးညွှတ်ပြီး နှုတ်ဆက်နေကြသည်။ အချို့က ချန်ရှီ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ နှစ်ကြိမ်တိုင်တိုင် ဂါဝရပြုပြီးမှ ထွက်သွားကြသည်။

"ချန်ကျဲ့ယွမ်...နင် ရှင်းရှန်ခရိုင်ရဲ့ ဌာနကို သွားချင်လား"

ဟူဖေးဖေးက မေးလာသည်။ သူမသည် နန်းနန်းလက်ကို ဆုပ်ကိုင်ထားပြီး ချန်ရှီလည်း သူတို့နှင့်အတူ နေနိုင်လိမ့်မည်ဟု မျှော်လင့်ထားပုံပင်။

ချန်ရှီ ခေါင်းခါပြီး ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်သည်။

"ငါ ချန်ထန်ကို သွားတွေ့ရဦးမယ်"

ကုံထျန်းစီရင်စုဘက်က အသံထွက်လာခဲ့သည်။

"ချန်ကျဲ့ယွမ်... ကျေးဇူးပြုပြီး ခဏနေပါဦး..."

ချန်ရှီ လမ်းလျှောက်တာ ရပ်သွားသည်။ ကုံးထျန်းစီရင်စုရဲ့ တာဝန်ရှိသူက သူ့ကို နူးညံ့တဲ့ အမူအရာနဲ့ ကြည့်ပြီး ပြောပြလာသည်။

"ချန်ကျဲယွမ်က ရှီးကျင်းနဲ့ ရှင်းရှန်က မတူဘူးဆိုတာ မသိလို့ဖြစ်မယ် ရှင်းရှန်က ဧကရာဇ်မင်းနဲ့ ဝေးကွာတယ်။ မင်းပြစ်မှုကျူးလွန်ရင် မင်းကို တစ်ယောက်ယောက်က ကူညီဖြေရှင်းပေးလိမ့်မယ်... ဒါပေမယ့် ရှီးကျင်းကတော့ ပုန်းနေတဲ့ နဂါးတွေနဲ့ ဝပ်နေတဲ့ ကျားတွေ ပြည့်နေတာ... တခြားနေရာတွေက ပိုးကောင်တွေထက် ပိုဆိုးတယ်... သတိမထားရင် ဘေးဥပဒ်တွေ ကြုံလာရမယ်”

စွင်းယိရှန်းတော့ သူ့နှလုံးသားထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။

ကုံးထျန်းစီရင်စုရဲ့ တာဝန်ရှိသူ စကားများထဲတွင် အခြားအရာတစ်ခုခု ရှိနေပြီဖြစ်ပြီး ချန်ရှီအတွက် သတိပေးချက် တစ်ခုဖြစ်သည်။ ရှင်းရှန်မှာ ချန်ရှီက အစွမ်းထက်သော နဂါးဖြစ်သည်။ သို့သော် ရှီးကျင်းတွင်မူ သူသည် မြွေတစ်​ကောင်ထက် သာလွန်ခြင်း မရှိသောကြောင့် ဒုက္ခမဖြစ်အောင် ကြိုးစားတာက အကောင်းဆုံး ဖြစ်သည်။

လမ်းတစ်လျှောက်တွင် စွင်းယိရှန်းလည်း ချန်ရှီရဲ့ ဒေါသကို နားလည်လာသည်။ သူသည် သန်မာသောစရိုက်ရှိပြီး လိမ္မာပါးနပ်မှု မရှိသောကြောင့် ဒုက္ခရောက်မည်ကို မစိုးရိမ်ဘဲ မနေနိုင်ပေ။

သို့သော် ချန်ရှီ မျက်နှာသည် ကြည်ကြည်လင်လင်သာ ဖြစ်ပြီး။

"ကျွန်တော် ခရိုင်မှူးရဲ့ သွန်သင်ချက်ကို မှတ်သားထားပါ့မယ်"

စွင်းယိရှန်း အံ့အားသင့်သွားပြီး "သူ ပြန်မပြောဘူးလား?"

ကုံးထျန်း စီရင်စုကလူလည်း အတော်လေး ကျေနပ်သွားသည်။

"သွားတော့... ဘာပြစ်မှုမှ မကျူးလွန်နဲ့...ကျူးလွန်ရင် မင်းငါ့လက်ထဲ ရောက်လာတာနဲ့ မလွယ်ဘူးမှတ်!"

"ဟုတ်ကဲ့!"

စွင်းယိရှန်း တစ်ယောက်တည်း တွေးနေမိသည်။

"ကုံးထျန်းစီရင်စုရဲ့ အရာရှိက သတ္တိကောင်းသားပဲ... သခင်ငယ်ချန်ကြောင့် ဘုရင်ခံတော်တော်များများ ဆုံးပါးသွားတာကို သူသိတယ် ဒါပေမယ့် သူက သခင်ငယ်ချန်ရှေ့မှာ ဒီလို ကြမ်းတမ်းတဲ့ စကားကို သုံးရဲသေးတယ်... တကယ်ကို အံ့သြစရာကောင်းတာပဲ!'

ချန်ရှီ ထွက်သွားတော့မယ့် အချိန်မှာ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။

"ခင်ဗျားနာမည်တောင် မသိရသေးဘူးနော်..."

"ရှကျိုကဲပါ...."

ချန်ရှီ: "လူကြီးမင်းရှမှာ နာမည်ကောင်း ရှိတာပဲ... ရှဝေးရင်း၊ ရှချူးလီတို့နဲ့ ဆွေမျိုးတွေလား"

ကုံးထျန်းစီရင်စု၏ ရှကျိုကဲလည်း မပျော်မရွှင် ဖြစ်သွားသည်။ ရှဝေးရင်းနဲ့ ရှချူးလီ သေဆုံးနေပြီးသား ရှမိသားစုဝင်တွေ ဖြစ်သည်။

"ဒါ... ငါတို့မိသားစုတွေ.." သူ့မျက်နှာက အနည်းငယ် မှိုင်းမှိုင်းနေသည်။

ချန်ရှီ: "လူကြီးမင်းရှ... ဒါက တကယ်ကောင်းတဲ့ နာမည်ပဲနော်"

ထို့နောက် စွင်းယိရှန်းနဲ့ အဝေးသို့ လိုက်သွားခဲ့​လေသည်။

ကုံးထျန်းစီရင်စုရဲ့ ဌာနမှူး ရှကျိုကဲလည်း သူ ထွက်သွားတာကို ကြည့်ပြီး ချန်ရှီတို့မိသားစုရဲ့ ခွေးက သူ့ကို နောက်ထပ် နှစ်ခါ​လောက် ထပ်ကြည့်သွားတယ်လို့ ခံစားလိုက်ရလေသည်။

စွင်းယိရှန်းရဲ့ လမ်းညွှန်မှုအောက်တွင် ချန်ရှီသည် ဟေးကော်နဲ့ သစ်သားလှည်းကို ရှီးကျင်းမြို့ထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ရှီlကျင်းကို အတွင်းမြို့နှင့် အပြင်မြို့အဖြစ် ပိုင်းခြားထားသည်။ အတွင်းမြို့သည် ရှီကျင်းအရာရှိများ၏ အိမ်တော်များနှင့် နန်းတော်အများစု ဖြစ်ပြီး မြို့ပြင်သည် မြို့တော်သို့လာရောက်ကြသော အရာရှိများနှင့် သာမန်ပြည်သူများနေထိုင်ရာ မြို့ဖြစ်သည်။ အတွင်းနှင့် အပြင် ခြားနားမှုတွေလည်း ရှိထား၏။

ချန်ထန်သည် တတိယအဆင့် အရာရှိတစ်ဦးဖြစ်ပြီး ရှီးကျင်းတွင် အခန်း ဆယ်ခန်းကျော်ရှိသော အိမ်ကြီးကို ပိုင်ဆိုင်ထားသည်။ ရာထူးနိမ့်သွားပါက သူသည် အဆင့်မြင့် အရာရှိတစ်ဦး မဟုတ်တော့ဘဲ မြို့တွင်းမှ နှင်ထုတ်ခံရကာ ပြင်အယပမြို့၌ အခြေချနေထိုင်ရမည် ဖြစ်ပါသည်။

ချန်ရှီသည် အတွင်းမြို့ထဲသို့ လိုက်သွားပြီးနောက် အတွင်းမြို့က အပြင်ကထက် ပိုမိုတိတ်ဆိတ်သွားတာကို ခံစားလိုက်ရသည်။ ရထားလုံးနဲ့ မြင်းတွေ အသွားအလာ အများကြီးရှိပေမယ့် အချင်းချင်း ဖြတ်သွားရုံသာ၊ လူလည်း သိပ်မများချေ။

လူများနေသော်လည်း ရှေ့မှယာဉ်များ ဖြတ်သွားနိုင်ရန် တိတ်တဆိတ် ရပ်တန့်ကာ စောင့်ဆိုင်းနေမည် ဖြစ်သည်။

မြို့ပြင်မှာ ယာဉ်ကြောပိတ်နေရင် အသံပိုကျယ်လာပြီး တစ်ခါတလေ ရန်ဖြစ်တာတွေတောင် ဖြစ်တတ်ပါသေး၏။

သိပ်မကြာခင်မှာပဲ သူတို့ ချန်အိမ်ရှေ့ကို ရောက်လာပြီး စွင်းယိရှန်းက အသံကျယ်ကျယ်နဲ့ အော်လိုက်သည်။

"လူကြီးမင်းချန်... ကျနော်တို့ ရောက်ပါပြီ"

ချန်ရှီခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားသည်။ သူရပ်ပြီး အိမ်ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာသလို ခံစားရနေရပေမယ့် လျစ်လျူရှုဟန်ဆောင်ထားသည်။

အိမ်ဘေးတွင် ပင်မတံခါးနှင့် ဘေးတံခါးတစ်ခုရှိသည်။ တံခါး၏ ဘယ်ညာနှင့် ညာဘက်တွင် စာအုပ်ပုံးနှစ်ချပ်ပါရှိပြီး ပိုင်ရှင်မှာ အစိုးရအမှုထမ်း ဖြစ်ကြောင်း ညွှန်ပြပါသည်။ မြင်းများရပ်နားရန် အသုံးပြုသည့် တံခါးရှေ့တွင် နေရာလွတ်တစ်ခုရှိသည်။ သစ်သားလှည်းက သူ့ဘာသာသူ မောင်းပြီး အဲဒီ​နေရာမှာ ရပ်သွား၏။

ထိုအချိန်တွင် မိုးရေစက်အချို့သည် ကောင်းကင်မှ ကျဆင်းလာသဖြင့် မိုးရေဒဏ်မှ ကာကွယ်ရန် သစ်သားတွန်းလှည်းက ထီးကို ဖွင့်လိုက်သည်။ ဟေးကော်လည်း မိုးမစိုချင်တာကြောင့် လှည်းအောက်သို့ ပြေးသွားခဲ့သည်။

စွင်းယိရှန်းက ချိုင်းထောက်ကို မှီကာ ကျောက်လှေခါးသုံးထစ်ကို ရွှေ့ကာ တံခါး ခေါက်လိုက်သည်။ ချန်ရှီလည်း သူ့နောက်ကို လိုက်သွားပြီး သူ့အဆစ်တွေ ဖြူလာသည်အထိ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

စွင်းယိရှန်း: "ဖြေးဖြေးလုပ်ပါ... မင်း လမ်းတစ်လျှောက်မှာ အရမ်းငြိမ်သက်နေခဲ့ပါတယ်"

"စိတ်မလှုပ်ရှားပါဘူး..."

ချန်ရှီက စိတ်လှုပ်ရှားစွာ ပြောပြီး သူ့လည်ပင်းက အနည်းငယ် တောင့်တင်းသွားသည်။ ထိုအချိန်တွင် တံခါးပွင့်လာ၏။ တံခါးဖွင့်ပေးသူမှာ အသက်သုံးဆယ်၊ လေးဆယ်ခန့် အစေခံတစ်ဦး ဖြစ်သည်။ သူက စွင်းယိရှန်းကို မှတ်မိတာကြောင့် သူ့ကို အမြန်ဖိတ်လိုက်သည်။

"လူကြီးမင်းစွင်း.... ဒါက သခင်​လေးလား"

ဦးထုပ်အနက် ဆောင်းထားသော အစေခံက မေး​လေသည်။

စွင်းယိရှန်း : "သခင်ငယ်လို့ ခေါ်ပါ"

"သခင်ငယ်...."

ချန်ရှီသည် တံခါးကို ဝင်လိုက်တာနဲ့ သူ့ဘယ်ခြေနဲ့လား၊ ညာခြေနဲ့ အရင်ဝင်ရမှာလားလို့ တွေးရင်း ခေါင်းညိတ်​ပြလိုက်သည်။ စွင်းယိရှန်း လှည့်ကြည့်ကာ အံ့အားသင့်စွာဖြင့် ဆို၏။

"သခင်ငယ် ဝင်လာခဲ့လေ..."

ချန်ရှီလည်း တုံ့ပြန်ပြီး သူ့ခြေထောက်တွေကို လှုပ်ချင်ပေမယ့် မထင်မှတ်ပဲ ခြေနှစ်ချောင်းစလုံး တပြိုင်တည်း လှုပ်သွားပြီး တံခါးခုံပေါ်ကနေ ခုန်ချသွားတော့သည်။

"ငါ အရမ်းစိတ်​ပူ​နေတာပဲ..."

ချန်ရှီ အနည်းငယ် စိတ်ဆိုးလာသည်။

"ငါ သိပ်စိတ်မပူသင့်ဘူး... ချန်ထန်က ငါ့ကို အသိအမှတ်မပြုသလို ငါလည်းသူ့ကို အသိအမှတ် မပြုထားဘူး... သူ့ကို မြင်ပြီး ထွက်သွားပြီး ရှင်းရှန်ခရိုင်က ဌာနမှာ သွားနေမယ်"

အစေခံက အံ့သြတကြီးနဲ့ အိမ်ထဲကို ဘာကြောင့် ခုန်ဆင်းလာတာလဲလို့ အံ့သြသွားတယ်။

စွင်းယိရှန်း: "ငါတို့မွေးရပ်မြေ ရှင်းရှန်ရဲ့ စည်းမျဉ်းတွေအရ ခြေထောက်နှစ်ဖက်စလုံးနဲ့ ပထမဦးဆုံးအကြိမ် ဝင်ရမှာ"

အစေခံမှာ ရှင်းရှန်ကို တစ်ခါမှ မရောက်ဖူးသောကြောင့် ယုံကြည်သွားခဲ့သည်။ ချန်ရှီသည် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို တွဲလျက် ရှေ့သို့ လျှောက်သွားလုနီးပါး ဖြစ်လာသဖြင့် လျင်မြန်စွာ ရပ်လိုက်ပြီး သူ့ကိုယ်သူ ငြိမ်သက်ကာ ပုံမှန်လမ်းလျှောက်သည့် ဟန်ပန်ကို ပြန်စလိုက်သည်။

မျက်စိက လှည့်ပတ်ကြည့်ရှုပြီး သူ့ကိုယ်သူ အာရုံပြောင်းသွားအောင် လုပ်လိုက်သည်။ ခြံက မကြီးပါ၊ ဝင်ပေါက်နှစ်ပေါက် ရှိကာ အိမ်ရှေ့ခြံသည် ဧည့်ခန်းနှင့် ခန်းမဖြစ်ပြီး မီးဖိုချောင်နှင့် အသုံးဝင်သည့် အခန်း နှစ်ခန်းရှိသည်။ နောက်ဖေးခြံသည် ပိုင်ရှင်မိသားစုအတွက် အနားယူရာ နေရာဖြစ်မည်။

အိမ်က သေးသေးလေး ဆိုပေမယ့် ရှိသင့်တဲ့ အရာအားလုံးရှိသည်။ ခြံရှေ့နှင့် နောက်ဘက်တွင် လေဝင်လေထွက် ကောင်းရာ မိုးစင်္ကြံများရှိပြီး ခြံဝင်းသည် ရှုခင်းများ​ဖြင့် အလှဆင်ထား၏။ နောက်ဖေး​​ခြံတွင် ကျောက်ဆောင်နှင့် ငါးကန်တစ်ခုရှိပြီး ထင်းရှူးပင်များနှင့် မုရန်ပင်များစွာ စိုက်ပျိုးထားသည်။

ခြံထဲမှာ လူသိပ်မရှိပါ။ ချန်ရှီသည် အိမ်အကူနှင့် အစေခံ နှစ်ယောက်သာ မြင်ခဲ့သည်။

စွင်းယိရှန်းသည် ချိုင်းထောက်ကို မှီရင်း အိမ်နောက်ဖေးရှိ ပင်မခန်းမသို့ ခေါ်သွားခဲ့သည်။

"ခဏထိုင်ပါဦး... လူကြီးမင်းချန်နဲ့ စကားပြောလိုက်ဦးမယ်"

ချန်ရှီ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အေးစက်နေသော ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ ဖင်ကိုရွှေ့ကာ ပင်မခန်းမ၏ အပြင်အဆင်ကို ကြည့်လိုက်​သေးသည်။

ပင်မခန်းမသည် ဧည့်သည်များ တွေ့ဆုံရန် နေရာမဟုတ်ဘဲ မိသားစုဝင်များ စုစည်းရန်၊ ဗုဒ္ဓကို ကိုးကွယ်ရန်နှင့် ၎င်းတို့၏ ဘိုးဘေးများအား ပူဇော်ကန်​တော့ရန် နေရာဖြစ်သည်။ စတုရန်းစားပွဲနှင့် ထိုင်ခုံအဝိုင်းများစွာ ရှိသည်။ စားပွဲနောက်တွင် ခုနစ်ပေရှည်သော စားပွဲရှည်တစ်ခုရှိသည်။ စားပွဲ၏ အလယ်ဗဟိုတွင် "အိမ်တော်သခင် ချန်ကုန်းဟွေ့ အမည်ရှိသော ကွယ်လွန်သူ ဖခင် ချန်ယင်တူးသည် အနောက်တိုင်း ကြာပန်းထိုင်ခုံတွင် လူပြန်ဝင်စားခဲ့သည်" ကဲ့သို့သော စကားလုံးများဖြင့် ရေးထားသော ဝိညာဉ်ကမ္ဗည်းပြား တစ်ခုရှိသည်။

နံ့သာပြာနှင့် ပြည့်နေသော နတ်ကျောက်ပြားရှေ့တွင် အမွှေးတိုင်ငယ်တစ်ခု ရှိသည်။ ချန်ရှီ အဝေးက လှမ်းကြည့်တော့ စားပွဲပေါ်တွင် ပူဇော်သက္ကာများ ရှိပါသေးသည်။ အသီးအနှံများကို ထိုနေရာတွင် အသစ်ချထားပြီး အလွန်လတ်ဆတ်နေသေးသည်။

စားပွဲ၏ တစ်ဖက်တွင် ဓားတစ်ချောင်းနှင့် နံ့သာပေါင်းမီးရှို့သည့် နံ့သာအိုး မီးရှို့ထားသည်။ အမွှေးနံ့သာရနံ့သည် ဓားဆီသို့ ပျံ့လွင့်သွားသည်။ ဓားသည် ပြင်းထန်ပြီး ထူးကဲသော စွမ်းအားကို ထုတ်လွှတ်ကာ နံ့သာများကို နှစ်ပေါင်းများစွာ စုပ်ယူခဲ့ပေလိမ့်မည်။

စားပွဲနောက်ကွယ်တွင် ရှုခင်းပန်းချီကား ချိတ်ဆွဲထားသည်။ ပန်းချီကားထဲက ရှုခင်းက ချန်ယန်တောင် ဖြစ်ကာ ကြီးကျယ်ခမ်းနားစွာ ခြယ်မှုန်းဖားခဲ့သည်။ ချန်ရှီသည် တောင်ထိပ်ပေါ်တွင် မြွေကြီး ရွှမ်ရှန်းကိုလည်း တွေ့ခဲ့သည်။

သူသည် ကြောက်ရွံ့မှုကို မျိုသိပ်ကာ အနီးနားသို့ ရွှေ့ရင်း ဟွမ်ဖောရွာ၏ တည်နေရာကို ရှာဖွေခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ရွာကို အလွန်လျင်မြန်စွာ တွေ့ရှိခဲ့သည်။ ရွာကို ပန်းချီကားတစ်ချပ်ထဲတွင် အမှန်တကယ် ရေးဆွဲထားပြီး ၎င်းဘေးတွင် ကွေးကျနေသော မိုးမခပင်ဟောင်းတစ်ပင် ရှိ၏။

အထူးခြားဆုံးကတော့ သစ်ပင်ပေါ်မှာ ကြိုးဆွဲချ သရဲတစ္ဆေတစ်ကောင် ရှိနေတာပါပဲ။

"ချန်ထန်လည်း ကျူးရှို့ချိုင်နဲ့ တွေ့ဖူးတယ်ပေါ့?"

ချန်ရှီ အရမ်းအံ့သြသွားသည်။

သူ့ကို အံ့အားသင့်​စေဆုံးအရာက သစ်ပင်အောက်မှာ လူတစ်ယောက် ရှိနေတာပင်။ ပညာတော်သင်နှင့် တူသောလူ။ ကြိုးဆွဲချ သရဲတစ္ဆေနဲ့ စကားပြောနေသလိုပဲ သူ့ခေါင်းကို မော့ကြည့်နေ၏။

"ဒီလူက ဘယ်သူလဲ"

အဖိုးလား?

ဒါမှမဟုတ် ဖန်တီးခံရှောင်ဝူလား?

ဒါမှမဟုတ်... ချန်ထန်လား?

စွင်းယိရှန်း အိမ်ရှေ့ခန်းတွင် တိတ်ဆိတ်စွာ စောင့်နေခဲ့သည်။ အစေခံကတော့ ချန်ထန်ကိုရှာဖွေရန် အခွန်ဝန်ကြီးဌာနထံ ပြေးသွားခဲ့သည်။ သူကလည်း ကျင့်ကြံသူ ဖြစ်တာကြောင့် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ကို သုံးသွားခဲ့ရာ အမွှေးတိုင်တစ်ချောင်း ကုန်ဆုံးပြီးနောက် တံခါးအပြင်ဘက်တွင် ခြေသံကြားလိုက်ရသည်။

စွင်းယိရှန်း လှည့်ကြည့်လိုက်တော့ လူလတ်ပိုင်း အရာရှိတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရသည်။ ထိုသူက အနီရောင် တရားဝင် ၀တ်စုံနဲ့ ဦးထုပ်ကို ဝတ်ထားလေ၏။

"လူကြီးမင်းချန်... ကျွန်တော် တာဝန် ပြီးသွားပါပြီ သခင်ငယ်ကို ပြန်ခေါ်လာပါပြီ!"

ချန်ထန်က သူ့ထံသို့ အလျင်အမြန် လျှောက်လာကာ သူ့ကို ထောက်ကူရင်း ထိုင်ခိုင်းသည်။ ဒဏ်ရာများကို ဦးစွာ စစ်ဆေးခဲ့ရာ စွင်းယိရှန်းက နေကောင်းကြောင်း တွေ့ရှိခဲ့သည်။ ဤတော့မှ သူက သက်ပြင်းတစ်ချက်ချကာ ဆို၏။

"ယိရှန်း.... မင်း ဒီတစ်ခါတော့ အရမ်းပင်ပန်းသွားပြီ... မင်းကြောင့်သာ မဟုတ်ရင် ချန်ရှီ လမ်းမှာသေသွားလိမ့်မယ်... ချန်ထန် မင်းကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိ​တော့ပါဘူး!"

မတ်တတ်ထ၍ မြေပေါ်၌ ဦးညွှတ်လေ၏။ စွင်းယိရှန်းလည်း နှုတ်ခွန်းဆက်စကားကို အမြန်ပြန်ပြောပြီး ဒေါသတကြီး ပြုံးလိုက်သည်။

"ငါ့ကို ကျေးဇူးမတင်နဲ့.... ငါမရှိရင်တောင် မင်းရဲ့သားက ရှီးကျင်းကို အသက်ရှင်လျက်နဲ့ ပို​တောင် မြန်မြန်နဲ့ ရောက်လာလိမ့်မယ်... လမ်းတလျှောက်မှာ သူ အများကြီး လုပ်နိုင်မယ်လို့ မထင်ထားဘူး..."

သူ့မျက်နှာမှာ ထူးဆန်းတဲ့ အကြည့်တွေ ရှိနေခဲ့သည်။ ဒဏ်ရာရပြီးနောက် ချန်ရှီရဲ့ အဂ္ဂိရတ်ဆေးနဲ့ ဟေးကော်ရဲ့ ကုသမှုကို ခံစားခဲ့ရသည့်အပြင် ကျန်တဲ့ နေ့တိုင်းလည်း စားသောက်နေခဲ့ရပုံပင်။ သူ့ပတ်ဝန်းကျင်မှာ ပညာရှင်အမြောက်အမြား ရှိပြီးတော့ သူ့ဒဏ်ရာတွေကို နေ့တိုင်း စစ်ဆေးပြီး မသေဖို့လည်း တောင်းတခဲ့ကြသည်။

ချန်ထန် အံ့သြသွားပြီး သူဘာလို့ ဒီလိုပြောလဲ နားမလည်သလို ဖြစ်သွားသည်။ စွင်းယိရှန်းက ပြုံးပြီး။

"မင်းရဲ့သားက ပင်မခန်းမမှာ စောင့်နေတုန်းပဲ... ငါတို့ စကားစမြည်ပြောဖို့ အချိန်အများကြီး ရှိပါတယ်... မြန်မြန် သွားကြည့်!"

"သူက ငါ့သားမဟုတ်ဘူး ငါ့သားသေပြီ... ယိရှန်း သူက ဘယ်လိုလူလဲ"

စွင်းယိရှန်းလည်း ခဏလောက် တုံ့ဆိုင်းသွားသည်။

"သူက ရိုးသားတယ်၊ တည်ငြိမ်တယ်၊ ရင့်ကျက်တယ်၊ ရက်ရောတယ်၊ လျောက်ပတ်တယ်၊ ကြင်နာတယ်၊ ဖြောင့်မတ်တယ်... သူ့မှာ ဘာအပြစ်မှ မတွေ့ဘူး ဒါပဲ..."

သူ ရှက်ရွံ့ပြီး ချီတုံချတုံ ဖြစ်နေပုံရသည်။ ချန်ရှီက သူ့ရှေ့တွင် ဤကဲ့သို့ တမင်တကာ ပြုမူနေသည်ဟု သူ ခံစားမိသည်။

"ဘာလဲ?"

စွင်းယိရှန်း သူ့ကို တွန်းထုတ်လိုက်သည်။

"မြန်မြန်သွား မြန်မြန်သွား သူ့ကို စိတ်တိုသွားအောင် မစောင့်ခိုင်းနဲ့!"

ချန်ထန် အိမ်ရှေ့ခန်းမှ ထွက်လာပြီး စွင်းယိရှန်း သူ့ကို အိမ်နောက်ဖေးကနေ လှမ်းကြည့်နေခဲ့သည်။ ချန်ထန် လျှောက်လှမ်းလာသည်နှင့်အမျှ သူ့ခြေလှမ်းများက အဆင်မပြေဖြစ်လာပြီး လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ဖြင့် ရှေ့သို့ လျှောက်သွားချင်နေတာ သူမြင်လိုက်ရသည်။

စွင်းယိရှန်း ချောင်းဆိုးလိုက်ရာ ချန်ထန်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကြောင်း သတိပြုမိသည်။ သူ့ကိုယ်သူ ငြိမ်သက်သွားအောင် ထိန်းပြီးမှသာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

"သခင်မကို ဝင်ခေါ်လိုက်ပါ..."

အိမ်အကူတစ်ယောက်ကို အမိန့်လှည့်ပေးလိုက်သေးသည်။ ချန်ထန် ပင်မခန်းမသို့ ရောက်သော် ထိုနေရာ၌ ခဏရပ်ပြီးနောက်မှ ဝင်လာခဲ့သည်။

ချန်ရှီ လှည့်ကြည့်လိုက်တော့ ခန်းမအဝင်ဝမှာ တရားဝင် အမှုထမ်းဝတ်စုံ ဝတ်ထားတဲ့ အရပ်ရှည်ရှည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် ဖြောင့်ဖြောင့်သော ကိုယ်ဟန်အနေအထားရှိပြီး ဂုဏ်သိက္ခာရှိသော အသွင်အပြင်ရှိသည်။ သူ့အဖိုးနဲ့ ခပ်ဆင်ဆင်တူ၏။ သူ့အဖိုးသာ ဆယ်စုနှစ်အနည်းငယ် ငယ်သေးရင် ဒီလိုပုံပဲ ပေါက်နေလိမ့်မည်။

သူက ချန်ရှီကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ ခဏမျှ ငြိမ်သက်နေခဲ့သည်။

ချန်ရှီသည်လည်း ချန်ထန်နှင့် တွေ့ဆုံခြင်း မြင်ကွင်းကို မူလက စိတ်ထဲတွင် အကြိမ်ကြိမ် စိတ်ကူးခဲ့ပြီး ဖြစ်နိုင်ချေ အများအပြားကို ကောက်ချက်ချကာ တစ်ယောက်ကို တစ်ယောက် ကြမ်းတမ်းစွာ စကားစွတ်ပြောကာ ချန်တန်ကို သတ်ပစ်ချင်သည့် မြင်ကွင်းများပင် စိတ်ကူးခဲ့ဖူးသည်။ ဒါပေမဲ့ ချန်ထန်ကို တကယ်တွေ့လိုက်တဲ့အခါ ရုတ်တရက် ငြိမ်သက်သွားသလို ခံစားလိုက်ရပြီး အရင်က စိတ်ကူးထားတဲ့ မြင်ကွင်းတွေ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

သူ့အဖိုးက သူ့ကို ကြီးပြင်းလာအောင် စောင့်ရှောက်ပေးခဲ့ပေမယ့် သူလည်း အဖေနဲ့ သားရဲ့ နွေးထွေးမှုကို တောင့်တခဲ့ဖူးသည်။

ချန်ထန် အရင်က ဘာပြောပြော၊ ဘာပဲလုပ်လုပ် သူ့ကို သားအဖြစ် အသိအမှတ်ပြုထားသရွေ့တော့ ချန်ထန်ကို အဖေခေါ်ဖို့ ဆန္ဒရှိနေမှာပါပဲ။

ချန်ထန်သည် နံရံနားက ကုလားထိုင်နားကို ​ရောက်လာထိုင်ပြီး လက်ဟန်ပြလေသည်။

"ထိုင်ပါ"

ချန်ရှီ ထိုင်ချလိုက်ပြီး သူ့လက်တွေကို နောက်တစ်ကြိမ် ပွတ်ပေးနေမိရာ သူ့လက်ဆစ်တွေ ဖြူလာတော့သည်။

"ရှီးကျင်းင အရမ်းဝေးတယ် မင်း အများကြီး ဒုက္ခရောက်ခဲ့ရမှာပဲ... မင်း ရှီးကျင်းကို ဘေးကင်းကင်း လာနိုင်ခဲ့လို့ ငါ အရမ်းပျော်ပါတယ်..."

ချန်ထန်က သူ့လက်ကို ကြည့်ပြီး :"မင်းအဖိုးဆုံးပါးသွားတော့ ငါပြန်မလာနိုင်ခဲ့ဘူး... ရှီးကျင်းနဲ့ ချန်ယန်တောင်က အရမ်းဝေးတယ် ပြန်သွားစရာ အချိန်မရှိတော့ဘူး။ သူဆုံးပါးသွားပြီးတဲ့နောက်မှာ ငါအများကြီး တွေးမိပါတယ်... သူ အကြောက်လွန်နေခဲ့ပေမယ့် ငါကလည်း သိပ်အကောင်း​​ကြီးတော့ မဟုတ်ပါဘူး... ငါလည်း မှားခဲ့ပါတယ်..."

ချန်ရှီသည် သူ့နှလုံးသားထဲတွင် ရေခဲတစ်ပိုင်း အရည်ပျော်သွားသလို ခံစားလိုက်ရသည်။ သူ့လက်တွေကို ပွတ်သပ်​နေတာ ရပ်လိုက်ပြီး ဘာမှမပြောဘဲ သူ့လက်ချောင်းတွေကိုသာ ဆုပ်ထားလိုက်မိသည်။

ချန်ထန်က ခဏလောက် နှုတ်ဆိတ်နေပြီးမှ ဆက်ပြောလာသည်။

"မင်းဒီမှာ နေချင်သလောက် နေနိုင်ပေမယ့်... မင်းကို ငါ့သားအဖြစ် အသိအမှတ် မပြုနိုင်ဘူး"

ချန်ရှီသည် လက်သီးများကို တင်းတင်းဆုပ်ထားကာ နှလုံးခုန်မြန်လာသည်။

"မင်းကို အသိအမှတ် မပြုဘူး... ငါ့ရဲ့ တစ်ဆယ်လေးက သေသွားပြီ။ ငါ သူ့ကို ငါ့လက်နဲ့ ခေါင်းတလားထဲ ထည့်လိုက်တယ်... သူ့ခန္ဓာကိုယ်က သေးသေးလေး ကျင်နည်းနည်းပဲ ရှိတာ ငါ့ရဲ့ တစ်ဆယ်လေးက လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က သေသွားပြီ... မင်းဘယ်သူလဲဆိုတာ ငါမသိပေမယ့် မင်းကို ငါ့သားအဖြစ် ဆက်ဆံပါ့မယ်..."

"ဒီသခင်က လိုချင်မနေဘူး!"

ချန်ရှီ မတ်တပ်ထရပ်ပြီး စားပွဲကို ဆောင့်ရိုက်လိုက်တာကြောင့် သူတို့ကြားက စားပွဲက အပိုင်းပိုင်း ကွဲသွားတော့သည်။

"ဒီမှာနေရတာ အဆင်မပြေဘူး... ဒီသခင်က ရှင်းရှန်ခန်းမမှာပဲ ပြန်နေမယ်!"

ချန်ထန်လည်း ဒေါသအရှိန်အဟုန်ဖြင့် ပြည့်နှက်နေသည်။ သူက စားပွဲကို ရိုက်ချင်ပေမယ့် ချန်ရှီကြောင်း အပိုင်းပိုင်း ကွဲနေပြီ။ သူရုတ်တရက် ထရပ်ပြီး အော်လိုက်သည်။

"မင်းကငါ့ရှေ့မှာ သခင်လို့ ခေါ်လိုက်တာလား... ဒါ မင်းကို ချန်ယင်တူး သင်ပေးခဲ့တာလား..."

ချန်ရှီ ဒေါသတကြီးနဲ့ :"ခင်ဗျား သူ့ကို ချန်ယင်တူးလို့ ခေါ်လိုက်တယ်ပေါ့... ခင်ဗျားသူ့ကို အဖေလို့ ခေါ်ရမှာ!"

"သေနာကောင်!"

ချန်ထန် ဒေါသအရမ်း ထွက်ပြီး သူ့လက်တွေပါ တုန်လာသည်။ သူ့လက်ကို မြှောက်ချင်သော်လည်း ထိန်းထားလိုက်သည်။

လူနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် စူးစူးဝါးဝါးကြည့်ကာ သူတို့၏ကိုယ်လုံးသည် တဆက်တည်းနီးပါးဖြစ်ကာ လက်သီးများကို ဆုပ်ထားကြသည်။

ချန်ရှီ ဟစ်အော်ပြီး ချန်စံအိမ်မှ ထွက်သွားဖို့ ပြင်လိုက်စဥ် အိမ်အကူတစ်ယောက်က သစ်သားဘီးတပ်ကုလားထိုင်ကို တွန်းတွန်းရင်း စင်္ကြံလမ်းအတိုင်း လျှောက်လာကာ ပင်မခန်းမထဲ ဝင်လာခဲ့လေသည်။ ဘီးတပ်ကုလားထိုင်တွင် သပ်သပ်ရပ်ရပ် ဝတ်စားထားသော အမျိုးသမီးတစ်ဦးသည် ဒူးကွေးလျက် ငြိမ်ငြိမ်ကလေး ထိုင်နေ၏။

ချန်ရှီရဲ့ ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားပြီး နေရာ၌ပင် အေးခဲသွားခဲ့သည်။ ဤအမျိုးသမီးသည် ဟွမ်ဖောရွာရှိ ချန်မိသားစု၏ ရတနာသေတ္တာထဲတွင် ထည့်ထားသော မိသားစုပုံတူထဲက လူဖြစ်သည်။

ထိုအချိန်တုန်းက ကလေး ချန်ရှီသည် သူ့အဖိုး၏ပေါင်ပေါ်တွင် ထိုင်နေပြီး ဤအမျိုးသမီးနဲ့ ချန်ထန်က သူ့အဖိုးနောက်တွင် ရပ်နေလေသည်။ ထိုအချိန်က သူမမျက်နှာတွင် အပြုံးတစ်ခု ရှိနေခဲ့သည်။

ယခုမူ ဘီးတပ်ကုလားထိုင်ပေါ်မှ အမျိုးသမီးသည် မှိန်းနေပြီး မျက်လုံးများက အသက်မဲ့နေပုံပေါ်သည်။ သူမ၏ ဝိညာဉ်သည် အချိန်အတော်ကြာအောင် ပျောက်ဆုံးသွားခဲ့သလိုပင်။

ခန္ဓာသာလျှင် အသက်ရှင်နေသေး၏။

ချန်ထန်သည် ပင်မခန်းမထဲမှ ထွက်လာကာ သူ့နံဘေးသို့ အမြန်လျှောက်သွားလေသည်။ သူက ဘီးတပ်ကုလားထိုင်ဘေးတွင် ထိုင်ချရင်း ထိုအမျိုးသမီး၏လက်ကို ဆုပ်ကိုင်လိုက်ကာ သူ့မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာသည်။

"ရူရူ.... ကိုယ်တို့သား ပြန်လာပြီ"

သူ့အသံမှာ ကြမ်းတမ်းခက်ထန်မှု မရှိသလို နူးညံ့သိမ်မွေ့မှုများသာ။

"ကြည့်စမ်း... မင်းရဲ့သား ပြန်လာပြီလေ... ရူရူ ကြည့်.... အဲဒါ တစ်ဆယ်လေးပဲ... အရင်ကနဲ့ တစ်ပုံစံတည်းတူတဲ့ တစ်ဆယ်လေး...."

All Chapters