အခန်း (၁၁-၂၀)
Vol. 3 Ch. 11-20
Vol3, အခန်း ၁၁။ ဘဝအသစ်အစီစဉ်များ
Frestechကုန်သည်ကြီးများအသင်းမှာ သတင်းစာရှင်းလင်းပွဲမကျင်းပခဲ့သည်မှာ အတော်ကြာပြီပင်။
ထုတ်ကုန်သစ် သို့မဟုတ် သတင်းတို့ ထွက်ရှိပါလျှင် ဘန်တာမြို့သားများမှာ Frestechကုန်သည်ကြီးများအသင်း မှော်စက်ပစ္စည်းအသစ်များ၊ သတင်းကြီးများကြေညာခြင်းကို ကြုံကြရ၏။ ယခုတွင် စက်ဘီးများကို ကြေညာသည့် နောက်ဆုံးသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ချိန်တည်းက လေးလနားပင်ကပ်နေပြီဖြစ်ပြီး Frestechကုန်သည်ကြီးများအသင်းမှာ မည်သည့်လှုပ်ရှားမှုများကိုမှမလုပ်ရသေးသည့်အတွက် လူများမှာလည်း ၎င်းကို မကြုံဖူးပါချေ။
ဒါကြောင့် ဘန်တာတိုင်းမ်စ်မှ သုံးရက်နေလျှင် Frestechကုန်သည်ကြီးများအသင်းမှာ ဂျူလိုင် ၂၄ရက်နေ့၌ သတင်းစာရှင်းလင်းပွဲကျင်းပမည်ဖြစ်ကြောင်း ကြေညာလိုက်ချိန်တွင် ၎င်းက ဘန်တာမြို့တော်ရှိ အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်သွားတော့သည်။
၎င်းက လများစွာအကြာမှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲဖြစ်သည့်ကြောင့်သာမက ယခင်ကနှင့်မတူသည့် နေရာ၌ကျင်းပမည်လည်း ဖြစ်သောကြောင့်ပါပင်။
ဦးဆုံး ထိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ကုန်သစ်ကြေညာသည့်ပွဲမဟုတ်ဘဲ တစ်စုံတရာကို ကြေညာမည့် သတင်းစာရှင်းလင်းပွဲဖြစ်၏။
ဒုတိယအနေနှင့် ယင်းသတင်းစာရှင်းလင်းပွဲကို ယခင် နေ့လည်ခင်းတွင် ကျင်းပသည်နှင့်မတူဘဲ ည၌ကျင်းပမည်ဖြစ်သည်။
လူများ အာရုံစိုက်သည့် နောက်ဆုံးအရာမှာ ထိုပွဲအား မဟာမှော်ပညာရှင်ကမ်မီလာ၏မှော်မျှော်စင်၏ နေရာဟောင်း၌ ကျင်းပမည်ကိုဖြစ်သည်။
ထိုသတင်းအားကြည့်ရင်း လူတိုင်းနီးပါးက ချက်ချင်းတုံ့ပြန်ခဲ့ကြ၏။
သုံးလအကြာက မဟာမှော်ပညာရှင်ကမ်မီလာက သူ၏မှော်မျှော်စင်ကို ကိုယ်တိုင် ဖြိုချခဲ့၏။ သူက ထိုနေရာကို ခြံစည်းရိုးနှင့် ကာရံထားက အတွင်းဘက်အား မည်သူ့ကိုမှ မြင်တွေ့ခွင့်မပေးခဲ့ပါချေ။
နောက်ဆုံး၌ ကျန်ရှိခဲ့သည့် ထိုအပျက်အစီးပုံထက်တွင် 'Frestechကုန်သည်ကြီးများအသင်းရဲ့ ခေတ်ပေါ်မှော်အဆောက်အဦဂအစီစဉ်သစ်က သုံးလအတွင်း ရောက်လာတော့မယ်၊ ကျေးဇူးပြုပြီး ဒါကို စောင့်ကြည့်ပေးကြပါ" ဆိုသည့် ဆိုင်းဘုတ်ကိုရေးသားထားခဲ့သည်။
အချိန်ကို တွက်ကြည့်လျှင် တကယ်ကို သုံးလကြာပြီဖြစ်၏။
ဘန်တာမြို့သားများမှ မဟာမှော်ပညာရှင်ကမ်မီလာ၏မှော်မျှော်စင်ကိုဖြတ်သွားပြီး ထိုဆိုင်းဘုတ်ကိုတွေ့ချိန်တွင် အတွင်းရှိ အခြေနေကို မမြင်ရပါသော်လည်း ထို "ခေတ်ပေါ်မှော်အဆောက်အဦအစီစဉ်သစ်"ဆိုသည်ကို အားလုံး အင်မတန်သိလိုကြ၏။
ယခုတွင် ၎င်းတို့ ဘန်တာတိုင်းမ်စ်ရှိ Frestechကုန်သည်ကြီးများအသင်းက သတင်းစာရှင်းလင်းပွဲကျင်းပမည့် သတင်းကိုမြင်ကြပြီး ထိုကြေညာချက်က ထို "ခေတ်ပေါ်မှော်အဆောက်အဦအစီစဉ်သစ်"နှင့် ဆက်စပ်နေသည်ကို ချက်ချင်းသိလိုက်ကြတော့သည်။
ထင်မထားသည့် တစ်ခုခုသာ ဖြစ်မလာပါလျှင် Frestechကုန်သည်ကြီးများအသင်းက ထို "ခေတ်ပေါ်မှော်အဆောက်အဦအစီစဉ်သစ်"ကို ထိုပွဲ၌ ကြေညာလိမ့်မည်။
ထို့ကြောင့် ဘန်တာမြို့သားများ၏ စိတ်နှလုံးထဲရှိ သိလိုမှုက ထိပ်ဆုံးသို့ရောက်လာသည်။ ညနေရောက်လာသည်နှင့် မရေတွက်နိုင်သည့် ဘန်တာမြို့တော်သားများမှာ မှော်ပညာရှင်ကမ်မီလာ၏မှော်မျှော်စင်သို့ အပြေးရောက်လာကြတော့သည်။
နောက်ဆုံးတစ်ခေါက် လူများ နေရာတစ်ခုထံ ထိုသို့ ပြေးကာစုရုံးသည့် ညမှာ မြို့လမ်းဆုံစီမံရေးပြီးသည့် အချိန်ကဖြစ်သည်။ ထိုအခြေနေထပ်ဖြစ်လာသည်ကို မြင်သော် အားလုံးမှာ မနေနိုင်ဘဲ နှစ်ယောက်အတူ ချိတ်ဆက်ကြတော့၏။
နောက်ဆုံးတစ်ခေါက်က မြို့လမ်းဆုံမှာ ဘန်တာမြို့သားတို့၏ အမြင်ကိုဖွင့်လှစ်ပေးခဲ့သည်။ ၎င်းတို့အနေနှင့် Frestechကုန်သည်ကြီးများအသင်းက ဒီတစ်ခေါက်လည်း သူတို့အား စိတ်မပျက်စေဘဲ "ခေတ်ပေါ်မှော်အဆောက်အဦအစီစဉ်သစ်"မှာ သေချာပေါက် အားလုံးအတွက် ပုံပြင်လိုအတွေ့အကြုံဖြစ်မည်ကို ယုံကြည်ကြသည်။
သို့သော် နောက်ဆုံးတစ်ခေါက် လမ်းဆုံအသစ်ဖွင့်တုန်းကနှင့် ကွဲပြားစွာ ယခုက ညအချိန်ဖြစ်ပါသော်လည်း ဘန်တာမြို့တော်က အမှောင်ထုနှင့် အပြည့်အဝဖုံးလွှမ်းမနေပါချေ။ လမ်းမီးတိုင်များရှိခြင်းကြောင့် ဘန်တာမြို့တော်တစ်ဝက်သာ အမှောင်ထုထဲကျရောက်နေသည်။ နောက်ဆုံးတစ်ခေါက် ထွက်လာချိန်ကလို လူများက မှော်မီးအိမ်များ သယ်လာရန် မလိုတော့ချေ။
လူတိုင်း မျှော်လင့်တကြီးထွက်လာကြပြီး မှော်ပညာရှင်ကမ်မီလာ၏မှော်မျှော်စင်ဟောင်းရှေ့ရှိ နေရာလွတ်၌ အလျင်အမြန်စုဝေးလိုက်ကြသည်။ ၎င်းတို့က ဤအနီးတစ်ဝိုက် လမ်းအချို့၌ အလွယ်တကူပင်ပြည့်သွားကြပြီး မြို့လမ်းဆုံဖွင့်ချိန်၏ ထပ်ဆင့်မြင်ကွင်းဖြစ်လာသည်။
သို့သော်ဤတစ်ခေါက်တွင် Frestechကုန်သည်ကြီးများအသင်းမှာ လူများအား ကြာကြာစောင့်နေရအောင် မလုပ်တော့ပါချေ။
အကြောင်းမှာ နွေရာသီဖြစ်ပြီး နေဝင်သည်က အတော်လေးနောက်ကျခြင်းကြောင့်ပင်။ ဘန်တာတိုင်းမ်စ်၌ Frestechကုန်သည်ကြီးများအသင်းကြေညာထားသလို ရှစ်နာရီသို့ရောက်ချိန်တွင် နေဝင်သွားသည်က သိပ်မကြာသေးပေ။
ခပ်မှိန်မှိန်ညရောက်ရှိလာလျှင်တောင် အနီးအနား လမ်းမီးတိုင်များက တဖြည်းဖြည်းလင်းလို့လာ၏။ လူတိုင်း ထိုတောက်ပသော လမ်းမီးတိုင်များကို မြင်လိုက်ရာ Frestechကုန်သည်ကြီးများအသင်းကို ထပ်မံ သတိရသွားကြပြန်သည်။
ထိုအချိန်၌ မဟာမှော်ပညာရှင်ကမ်မီလာ၏မှော်မျှော်စင်ကို ကာထားသော ခန်းဆီးမှာ ရုတ်တရတ် ဆွဲဖွင့်ခံလိုက်ရတော့သည်။ ခန်းဆီးများအောက်ရှိအရာကို အားလုံးက ရှင်းရှင်းလင်းလင်းမမြင်နိုင်ချိန်တွင် တောက်ပသည့် လိမ္မော်ရောင်အလင်းက ပေါ်ထွက်လာ၏။
ထိုအလင်းက တောက်ပသည် သို့သော် တလက်လက်ဖြစ်မနေချေ။ အားလုံးက ထိုအလင်းကိုအားပြုလျက် ၎င်းတို့နံဘေးရှိ အခြေအနေကို မြင်လိုက်ရသည်။
အားလုံးရှေ့ပေါ်လာသည်မှာ သာမန်ပုံနှစ်ထပ်တိုက်ဖြစ်သည်။
အားလုံး အံ့အားသင့်သွား၏။ Frestechကုန်သည်ကြီးများအသင်းက ၎င်းတို့အား သုံးလစောင့်ခိုင်းကာ လူတိုင်း၏ စူးစမ်းလိုမှုကို ထိန်းထားပြီးနောက်၌ ၎င်းတို့ရှေ့ပေါ်လာမည့်အရာက ထိုသို့သော သာမန်ပုံနှစ်ထပ်တိုက်လေးဖြစ်နေမည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ပါချေ။
ဒါက ဘာတွေကောင်းနေလို့လဲ?
အားလုံး ရှုပ်ထွေးနေစဉ်၌ ရင်းနှီးနေသောပုံသဏ္ဍာန်တစ်ခုက လိမ္မော်ရောင်အလင်းများထဲမှ လှမ်းထွက်လာသည်။
"ဥက္ကဌရှု!"
"ဘုရားရေ! ဒါတကယ်ကို ဥက္ကဌရှုပဲ!"
"မဖြစ်နိုင်တာ? ဥက္ကဌရှုက ဒီသတင်းစာရှင်းလင်းပွဲကို ဦးဆောင်ခဲ့တာများလား?"
"ဒါ... ဒါကတကယ်ကို မယုံနိုင်စရာပဲ! တကယ်ကြီးကို ဥက္ကဌရှုပဲ!"
"ဥက္ကဌရှု၊ မတွေ့ရတာကြာပြီ!"
…...
ရှုယီ လိမ္မော်ရောင်အလင်း၌ ရပ်နေသည်ကို မြင်သော် သူ့မျက်နှာအား တိုက်ရိုက်မြင်ရသူတို့မှာ ပျော်ရွှင်လာကြပြီး ရှုယီကို အော်ခေါ်နေကြတော့၏။
အထွေထွေမန်နေဂျာဖြစ်လောက်မည့် ခမ်နက်ဒ်မှ Frestechကုန်သည်ကြီးများအသင်းအတွက် ကြေညာပေးကတည်းက ရှုယီက ၎င်းနောက်တွင် လူထုရှေ့သို့ ပေါ်မလာခဲ့တော့ချေ။
ဘန်တာတိုင်းမ်စ်က သူ့သတင်းတချို့ကို ဖော်ပြခဲ့ပေမယ့်လည်း သူ့ကိုမတွေ့ရတော့ ဘန်တာမြို့တော်သားများမှာ အမြဲလိုလို တစ်ခုခုက ပျောက်ဆုံးနေသည်ဟု ခံစားခဲ့ရသည်။
အထူးသဖြင့် Frestechကုန်သည်ကြီးများအသင်း ဘန်တာမြို့တော်မှ ထွက်သွားပြီးနောက်တွင် ရှုယီက နှစ်လလောက် ပြန်မလာတော့ချေ။
ထိုသည်က အားလုံးအား ရှုယီက ဘန်တာမြို့တော်ကို လက်လျှော့လိုက်ပြီလား? Frestechကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်ကိုလက်လျှော့လိုက်ပြီလား? ဟု တွေးမိစေသည်။
ဘန်တာမြို့တော်သားများမှာ ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းမှ ဘန်တာမြို့တော်သို့ ယူဆောင်လာသည့် အပြောင်းအလဲများကို သတိထားမိသည်။ ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းတို့ကြောင့်သာ မဟုတ်ပါလျှင် ၂နှစ်တာလေးအတွင်း ဘန်တာမြို့တော်၌ လူတိုင်း၏ဘဝကို ကြီးကြီးမားမားပြောင်းလဲစေခဲ့သည့် ထိုသို့သောပြောင်းလဲမှုကြီးဖြစ်လာရန် မဖြစ်နိုင်ကြောင်းကို ၎င်းတို့က ရှင်းရှင်းလင်းလင်းသိပါသည်။
ထို့ကြောင့် မည်သူကမှ ၎င်းကိုမဖော်ပြကြပါသော်လည်း စိတ်နှလုံးများထဲတွင် ဘန်တာမြို့တော်သားများက ရှုယီအား ကောင့်ထ်စီယန်နှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့ထက် မြင့်မြင့် နေရာပေးထားကြ၏။
ယခုတွင် လများစွာအကြာ၌ ရှုယီက လူတိုင်းရှေ့ပေါ်လာရာ အားလုံး၏ စိတ်နှလုံးများထဲ နှစ်သက်ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်သွားတော့သည်။
Frestechကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်၌ သတင်းစာရှင်းလင်းပွဲကိုကျင်းပပြီး ရှုယီပေါ်လာခဲ့သည်၊ ၎င်းက ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့တော်ကို လက်မလျှော့ဟု ဆိုလိုပါ၏! ဘန်တာမြို့တော်၌ မျှော်လင့်ချက် ရှိပါသေးသည်!
လမ်းမီးတိုင်များအောက် အားလုံး၏မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေပုံကိုမြင်ရသောအခါ ရှုယီမှာ အားလုံးကို အပြုံးနှင့် လက်ဝေ့ယမ်းပြလိုက်ရာ နောက်ထပ် ပျော်ရွှင်စွာ ဝေ့ယမ်းမှုကို ဖန်တီးမိသွား၏။
ရှုယီမှာ မနေနိုင်ဘဲ ပျော်ရွှင်သွားသည်။ သူက ဘန်တာမြို့သားများ၏ နှလုံးသားထဲ၌ ကြယ်တစ်ပွင့် ဖြစ်လာပြီးသားပင်။
လည်ချောင်းရှင်းပြီးနောက် ရှုယီက အားလုံးကို ငြိမ်ကျသွားစေရန် ညာလက်ကိုမြှောက်လိုက်၏။ ထို့နောက် အသံချဲ့မှော်ပညာကိုသုံးကာ ပြောလိုက်သည်၊ "အားလုံးပဲ မင်္ဂလာညနေခင်းပါ၊ ကျုပ်တို့ရဲ့ Frestechကုန်သည်ကြီးများအသင်းသတင်းစာရှင်းလင်းပွဲကနေကြိုဆိုပါတယ်။ ကျုပ်တို့ရဲ့ သတင်းစာရှင်းလင်းပွဲကို အချိန်ကြာမကျင်းပခဲ့ရတော့ အားလုံးပဲ လွမ်းနေကြရဲ့လား?"
လူအုပ်ကြီးက ချက်ချင်းရယ်မောညံဖြင့် ညံသွားတော့သည်။
"အမှန်ပဲ! အရမ်းကြာနေခဲ့ပြီ!"
"ဟုတ်တယ်၊ ဥက္ကဌရှု၊ ခင်ဗျားသာ နောက်ထပ် သတင်းစာရှင်းလင်းပွဲ မကျင်းပတော့ရင်၊ ကျုပ်တို့ ခင်ဗျားရဲ့ Frestechကုန်သည်ကြီးများအသင်းကိုတောင် မေ့နေလောက်ပြီ"
"အဓိပ္ပာယ်မရှိတာမပြောပါနဲ့။ ငါတို့အိမ်တွေကလွဲရင် Frestechကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေပဲရှိတာ ဘယ်လိုမေ့နိုင်မှာလဲ?"
"ဟား၊ ဟား၊ ကျုပ်တို့ ခင်ဗျားတို့Frestechကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်ကြေညာမှုကို သတိရပါတယ်။ ဥက္ကဌရှု၊ ဒီတစ်ခေါက်ရော ကျုပ်တို့ကို ဘယ်လိုပစ္စည်းအသစ်တွေ မိတ်ဆက်ပေးဦးမှာလဲဗျ?"
"ဟုတ်တယ်၊ ဘာပစ္စည်းသစ်တွေလဲ၊ မြန်မြန်ပြောပြပါဗျို့။ ကျုပ်လည်း တခြားလူတွေကို Frestechကုန်သည်ကြီးများအသင်းက နောက်ထပ် ဘယ်လိုမှော်စက်ပစ္စည်းမျိုးတွေ မိတ်ဆက်ပေးမလဲ ပြောနေတာ"
"အန်း၊ ကျုပ်တို့ အရမ်းသိချင်မိပါတယ်။ ဥက္ကဌရှု၊ မြန်မြန်ပြောပြပါ။"
လူတိုင်း၏မျက်နှာထက်ရှိ သံသယများကိုကြည့်ရင်း ရှုယီမှာ နောက်ထပ်မေးလာမည့်သူကိုစောင့်မနေတော့ဘဲ နှစ်ထပ်တိုက်ကို ညွှန်ပြလျက် ပြောလိုက်၏၊ "အားလုံးပဲ ကျုပ်တို့ ဒီမှာ ဆိုင်းဘုတ်တစ်ခုဆွဲပြီး ဒါကို ခေတ်ပေါ်မှော်အဆောက်အဦအစီစဉ်သစ်လို့ရေးထားခဲ့တာကို သိကြပြီးဖြစ်မှာပါ။ ဒါဆို ကျုပ်အားလုံးကို အခုပဲ ဒီ အစီစဉ်သစ်က ဘဝသစ်အစီစဉ်လို့ပြောပါရစေ။ ဒီဘဝသစ်အစီစဉ်လို့ ခေါ်တဲ့အရာက လူတိုင်းကို သူတို့ရဲ့အတိတ်ဘဝနေထိုင်ပုံတွေကို မေ့စေပြီး ဒီနေ့ကစလို့ ခင်ဗျားတို့ မှော်စွမ်းအားကို အခြေခံပြီး ဘဝအသစ်မှာ နေရတော့မှာပါ။ ဦးဆုံး၊ ဒီမှော်မီးအိမ်ကိုကြည့်လိုက်ပါဦး..."
ရှုယီဟာ အဆောက်အဦအဝင်ဝက လိမ္မော်ရောင်မီးကိုထုတ်လွှတ်နေသည့် မှော်မီးအိမ်နှစ်ခုအား ညွှန်ပြလိုက်ပြီး အားလုံးကြည့်နေချိန်မှာပင် ၎င်းတို့ဘေးကို နှိပ်ချဖို့ရာ လက်တစ်ချောင်းထုတ်လိုက်၏။
မှော်မီးအိမ်က ရုတ်တရတ် ထိတ်လန့်သံကိုဖန်တီးပြီး မှိတ်သွားတော့သည်။
အားလုံးကတော့ ဒါဟာ မှော်မီးအိမ် အဝေးထိန်းနည်းပညာဆိုသည်ကို သိလိုက်ကြ၏။ ၎င်းက Frestechကုန်သည်ကြီးများအသင်း ဖန်တီးပြီးသား အဝေးထိန်းမှော်ကူးပြောင်းနည်းပညာဖြစ်သောကြောင့် ဘန်တာတိုင်းမ်စ်က တင်ပြပြီးသားပင်။
ယခု ဘန်တာမြို့တော်၌ထိုနည်းပညာကို လမ်းများထက်မှ မီးတိုင်များနှင့် လမ်းဆုံမှ မီးတိုင်များတွင် သုံးထားသည်။
ယခုတွင် ထိုလိမ္မော်ရောင်မှော်မီးအိမ်များ၌လည်း ထိုနည်းပညာကိုသုံးထားကြောင်း ရှင်းလင်း၏။
ရှုယီက ထပ်နှိပ်လိုက်ရာ လိမ္မော်ရောင်မှော်မီးအိမ်များမှာ ထပ်မံလင်းလာပြီး အဆောက်အဦငယ်ရှေ့ရှိ နေရာလွတ်ကို တစ်ဖန်လင်းထိန်သွားစေသည်။
"အားလုံးပဲကြည့်ကြပါ၊ ဒီမီးခလုတ်ကို တံခါးနားမှာ ထား,ထားပါတယ်။ ဒီလိုမျိုး၊ ခင်ဗျားတို့တံခါးနားကိုသွားတဲ့အချိန်မှာ နှိပ်ပြီး တံခါးရှေ့က နေရာကို လင်းစေနိုင်တယ်၊ ဒီလိုဆိုရင် ခင်ဗျားတို့ အမှောင်ထဲနေစရာမလိုတော့ဘူးပေါ့။" ရှုယီ၏အသံက ထပ်မံထွက်ပေါ်လာ၏။ "ပြီးတော့၊ ပိတ်ဖို့ကိုလည်း ပူစရာမလိုပါဘူး။ တံခါးရဲ့တစ်ဖက်မှာ နောက်ထပ် ခလုတ်တစ်ခုရှိပါတယ်။ ခင်ဗျားတို့ ဒီခလုတ်ကိုနှိပ်နေသရွေ့ကတော့ မှော်မီးအိမ်ကိုထိန်းချုပ်နိုင်ပြီး တံခါးကနေ ဝင်ပြီးတဲ့နောက်မှာလည်း မီးပြန်ပိတ်နိုင်တာကို အာမခံပါတယ်။ ခင်ဗျားတို့ အပြင်မထွက်ခင်မှာ မီးကိုဖွင့်ပြီး အပြင်က လမ်းကို မီးထွန်းပေးလို့ရတာကိုလည်း အာမခံပါတယ်။"
ရှုယီ၏ရှင်းလင်းချက်ကို ကြားသည်တွင် အားလုံးမှာ မနေနိုင်ဘဲ တိတ်တခိုး ခေါင်းငြိမ့်လိုက်ကြ၏။
ထိုပုံစံက အင်မတန် ရိုးရှင်းလှသော်လည်း အကြံကောင်းဖြစ်လေသည်။ ၎င်းက တံခါးအပြင်ကိုထွက်ချိန် လူများ၏လိုအပ်ချက်ကို လုံးဝ တွေးဆထားသည်။ ၎င်းကို Frestech ကုန်သည်ကြီးများအသင်း ယခင်ကပြုလုပ်ခဲ့သည့် အိမ်ထောင်ပရိဘောဂမှော်စက်ပစ္စည်းများနှင့် တူညီသည်ဟု ယူဆနိုင်ပြီး ၎င်းကိုသုံးနေချိန်တွင် လူများကို သက်တောင့်သက်သာဖြစ်စေသည်။
"ဒီတံခါးမီးအိမ်က အင်မတန်ရိုးရှင်းပေမယ့်လည်း ကျုပ်ဒီနေ့ပြောတဲ့ ဘဝသစ်အစီစဉ်ကိုကိုယ်စားပြုတယ်၊ ဒါက အဆင်ပြေတယ်၊ သက်တောင့်သက်သာရှိတယ်၊ မြန်ဆန်တယ်။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးရင်းဆက်ရှင်းပြသည်၊ "ပြီးတော့၊ ဒီတံခါးမီးအိမ်က အစပဲရှိပါသေးတယ်။ ဒီအခန်းက ဘာမူမမှန်တဲ့မှော်ပညာမှ မရှိဘူးထင်ရပေမယ့်၊ အထဲမှာ ဖုံးကွယ်ထားတဲ့ အခြားအစီစဉ်တွေရှိသေးတယ်၊ ဒါကြောင့် အားလုံးကို ကျုပ်ရဲ့ရှင်းလင်းချက်တွေနောက်လိုက်လာဖို့ တောင်းဆိုပါတယ်..."
***
မှော်စက်မှုအင်ပါယာ
Vol3, အခန်း ၁၂။ ဘဝသစ်ကို တွေ့ကြုံခြင်း
တံခါးမီးအိမ်ထိန်း နှစ်ဘက်ခလုတ်ဒီဇိုင်းလေးနှင့် Frestechကုန်သည်ကြီးများအသင်းအတွက် ထိုဘဝသစ်အစီစဉ်ကို ထုတ်ဖော်ပြသရန် မလုံလောက်သည်က မှန်ပါ၏။
ရှုယီ၏ရှင်းပြချက်နောက်ကိုလိုက်ရင်း အပြင်ဘက်ရှိလူများမှာ တဖြည်းဖြည်း ထိုဘဝသစ်အစီစဉ်ကို နားလည်လာကြ၏။ ၎င်းက လူတို့၏ဘဝကို ယခင်ကနှင့်ယှဉ်လျင် ၎င်းတို့၏ဘဝအစိတ်အပိုင်းအားလုံးအား အမျိုးမျိုးသော အိမ်သုံးမှော်စက်ပစ္စည်းများနှင့် ပေါင်းစပ်ကာ ကွဲပြားသည့်နေထိုင်မှုရရှိစေရန်ဖြစ်ပြီး၊ ကိစ္စများကို ပိုအဆင်ပြေ၊ လျင်မြန်ကာ သက်တောင့်သက်သာဖြစ်စေရန်ဖြစ်ပါ၏။
ဥပမာ၊ မီးထွန်းပြီးသားတံခါးကို ဖြတ်သွားပြီးနောက်တွင် ၎င်းတို့မှာ နောက်ထပ်မီးခလုတ်တစ်ခုအားလည်း နှိပ်နိုင်ပြီး ဧည့်ခန်းမျက်နှာကျက်၌ ချိတ်ထားသော မှော်မီးအိမ်ကိုဖွင့်ကာ တစ်ခန်းလုံးကို လင်းစေနိုင်သည်။
တစ်နေ့တာအလုပ်ပြီးနောက် အိမ်ပြန်လာသည့်အခါ ရေနွေးနွေးလေးတစ်ခွက်သောက်ချင်ပါလျှင် ၎င်းက အင်မတန် ရိုးရှင်းလှ၏။ ထိုလူမှာ မှော်ရေနွေးကရားနှင့် ရေပူတစ်အိုးကိုဆူပွက်စေရန် ခလုတ်အားနှိပ်လျက် ငါးမိနစ်ခန့်ထားရန်သာဖြစ်သည်။ ချန်ထားသည့် ရေနွေးတစ်ဝက်ကိုသောက်စရာမလိုသလို ရေကြိုချက်ရန် မီးဖိုကို ဖွင့်သကဲ့သို့ ဒုက္ခများဖို့လည်းမလိုတော့ပါချေ။
အစာစားဖို့ရာလည်း အင်မတန်လွယ်ကူလှသည်။ မီးဖိုချောင်ရှိ မှော်ပေါင်မုန့်မီးကင်စက် သို့မဟုတ် မှော်ထမင်းပေါင်းအိုးတို့နှင့်အတူ ပါဝင်ပစ္စည်းများကိုသာထပ်၍ ခလုတ်ဖွင့်ရန်သာလိုအပ်သည်၊ ထို့နောက်တွင် လက်လက်ဆတ်ဆတ် ချက်ပြီးသားထမင်း သို့မဟုတ် ပေါင်မုန့်ထွက်လာသည်ကို စောင့်နေရုံသာ။
မင်း ဟင်းအမယ်တွေစားချင်လား? ဒါကလည်း လွယ်ပါတယ်။ Frestechကုန်သည်ကြီးများအသင်းရဲ့ အသစ်ထုတ်လိုက်တဲ့ မှော်မီးဖိုနဲ့ဆိုရင် မှော်ကျောက်တုံးလေးထည့်ဖို့နဲ့ ခလုတ်လေးနှိပ်ဖို့ပဲလိုတယ်၊ ပြီးရင်တော့ မှော်မီးဖိုမှာ မီးတောက်လေးတွေပေါ်လာလိမ့်မယ်။ မီးမွှေးဖို့အတွက် ထင်းတွေယူတာလိုမျိုး ဒုက္ခခံဖို့လည်း မလိုတော့ဘူး။
ပြီးတော့ မီးဖိုပေါ်က ခလုတ်ကို မီးတောက်အရွယ်အစားပြောင်းဖို့လည်း ချိန်လို့ရတယ်။ ဒီနည်းနဲ့ အိုးကိုမွှေနေချိန်မှာ မီးတောက်လေးကိုသုံးလို့ရတယ်။
ရိုးရာထင်းမီးဖိုတွေနဲ့စာရင် မှော်မီးဖိုရဲ့ အားအသာဆုံးအချက်က နေရာများများမယူတာပဲ။
ဒါက ခါးလောက်ထိရှည်တဲ့ ထင်းမီးဖိုကြီးတွေလိုမျိုး နေရာရဲ့ စတုရန်းတစ်မီတာမလိုဘူး။ မှော်မီးဖိုက လေးဆယ်စင်တီမီတာတောင်ပြည့်အောင်မရှည်ဘဲ အမြင့်ကလည်း ၁၃စင်တီမီတာတောင်မပြည့်ဘူး၊ ဒါကြောင့် ဒါကို ချက်ပြုတ်ရာမှာသုံးဖို့ ခုံတစ်ခုပေါ်မှာ လွယ်လွယ်ထားနိုင်တယ်။
ဘာလဲ? အငွေ့တွေကို စိတ်ပူလို့လား?
ကျေးဇူးပြုပြီး၊ မင်း ထင်းမီးဖိုတွေနဲ့ အငွေ့တွေလုံလုံလောက်လောက်မရခဲ့ဘူးလား? မှော်မီးဖိုက အတော်လေးပိုကောင်းတယ်လေ၊ ဟုတ်ပြီလား? မှော်မီးဖိုရဲ့ မီးတောက်တွေကို မီးတောက်မှော်အစီအရင်ကနေ လုပ်ထားတာကြောင့် ထင်းမီးလိုမျိုး မီးခိုးမထုတ်ပေးဘူး။
အိုးကိုမွှေရာက ထွက်လာမယ့် အငွေ့အကြောင်းပြောမယ်ဆိုရင်တော့ အတော်လေးရိုးရှင်းပါတယ်။ ဒီအခန်းထဲက အသစ်လွင်ဆုံး မှော်မီးဖိုချောင်ပန်ကာကိုသာသုံးလိုက်။
မှော်မီးဖိုချောင်ပန်ကာကို မှော်မီးဖိုအပေါ်မှာထားရင် ခလုပ်လေးနှိပ်လိုက်ရုံနဲ့ မှော်မီးဖိုချောင်ပန်ကာက အလိုအလျောက် စုပ်ယူသွားလိမ့်မယ်။ မှော်မီးဖိုက ဖြစ်လာတဲ့ အငွေ့တွေအားလုံးကို စုပ်ယူပြီး မှော်မီးဖိုချောင်ပန်ကာနဲ့ဆက်ထားတဲ့ အထူးပလက်စတစ်ပိုက်လိုင်းထဲကို စီးဆင်းသွားပြီး အခန်းထဲမှာ တစ်ငွေ့တောင် ကျန်ခဲ့မှာမဟုတ်ဘူး။
ကောင်းပြီလေ၊ အစားစာလုပ်ပြီးနောက်မှာ မှော်ရေခဲသေတ္တာထဲ အအေးခံထားတဲ့ ယမကာတချို့ထုတ်ရင်း လက်လက်ဆတ်ဆတ်ချက်ထားတဲ့ အစားစာကို စားလို့ရတယ်။
မင်းရဲ့ဗိုက်ကို ဖြည့်၊ ခဏနားပြီးရင်း နွေအပူမှာ ချွေးထွက်ဖို့ လွယ်တယ်၊ ဒါကြောင့် မင်းရေချိုးရမယ်၊ ဟုတ်တယ်ဟုတ်?
ပူစရာမလိုပါဘူး၊ မှော်အိမ်ထဲမှာ အထူးရေချိုးခန်းရှိတယ်လေ။ ဒါ့အပြင် ပြင်ဆင်ထားတဲ့ပိုက်လိုင်းတွေနဲ့ ခလုတ်ကိုဖွင့်လိုက်သရွေ့ မှော်မြေအောက်ရေပိုက်က အမြင့်ဆုံးထပ်ခိုးမှာ ရောက်နေရင်တောင် မြေအောက်ရေလှောင်ကန်ကရေကို ယူလာလိမ့်မယ်။
ရေလှောင်ကန်က ရေတစ်တန်လောက်ကို ထိန်းထားနိုင်ပြီး မိသားစုဝင်လေးယောက်ကို တစ်နေ့လုံးသုံးဖို့တောင် လုံလောက်နေစေတယ်။
ဆေးကြောဖို့ ရေအေးကို မသုံးချင်ရင်လည်း ကိစ္စမရှိပါဘူး။ မှော်ရေပူပေးစက်ကိုဖွင့်လိုက်တာနဲ့ ရေနွေးနွေးချိုးလို့ရပြီ။
ဟုတ်ပြီလေ၊ ရေချိုးပြီးနောက်ကျ အဝတ်စားတွေကိုရှင်းတဲ့ဘက်ကို မင်းကိုယ်တိုင် လုပ်ရလိမ့်မယ်။
မင်းဒါကို လုပ်ဖို့ အင်မတန်ပင်ပန်းတယ်ဆိုရင် ခဏလောက်စောင့်နေလိုက်ပါဦး၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်အဝတ်လျှော်စက်ကို လက်ရှိမှာ ထုတ်နေပါတယ်။
ရှုယီ၏ပြောကြားချက်အရ ထိုထုတ်ကုန်သစ်မှာ တစ်နှစ်အတွင်း ထွက်လာမည်ဖြစ်ကာ အဝတ်လျှော်ရန် အချိန်သက်သာမည်ဖြစ်၏။
ဒါကြောင့် တစ်နေ့လုံး အလုပ်ပင်ပန်းပြီးနောက်မှာ မင်း ဒီမှော်အဆောက်အဦမှာနေတာနဲ့ ဒါကိုတွေ့လိမ့်မယ်၊ မင်းကိုယ်တိုင်လုပ်ရမယ့် အရာတချို့တော့ရှိတာပေါ့။ ဒါက မင်းကို အတော်လေးပင်ပန်းသက်သာစေပြီး အချိန်လည်း အတော်သက်သာစေတယ်လေ။
နားချင်ပြီး တိတ်ဆိတ်မှုလိုချင်တဲ့အချိန်ကျ မာစတာခလုတ်ကိုနှိပ်လိုက်ရင် မှော်စက်ပစ္စည်းတွေအားလုံး အလုပ်လုပ်နေတာရပ်သွားလိမ့်မယ်။ မှော်အခန်းက တိတ်ဆိတ်သွားတော့ မင်းလည်းကောင်းကောင်းနားရတာပေါ့။
ဒီလိုဘဝမျိုး လှုပ်ရှားနေတာ မဟုတ်လား?
ရှုယီက လူများလှုပ်ရှားနေသလားကိုမသိချေ၊ သို့သော် သူရှင်းပြပြီးချိန်၌ ဤကလူတိုင်းမှာ လှုပ်ရှားသွားဟန်ကိုပြသလိုက်သည်ကိုတော့ သေချာပါ၏။
ရှုယီမှ ထိုမှော်အခန်းကိုဖွင့်ကာ အားလုံးအားလည်ပတ်ခွင့်ပြုကြောင်း ကြေညာလိုက်ချိန်တွင် လူများမှာ ရှုယီဖော်ပြခဲ့သည့် အိပ်မက်လို ဘဝသစ်အစီစဉ်ကို ဦးဆုံးကြုံတွေ့ချင်ရကား ရှေ့သို့ မြန်မြန်တိုးလာကြသည်။
ရှုယီက လူတိုင်းအား စိတ်အေးအေးထားပြီး တန်းစီဖို့ ပြောလိုက်ခြင်းကြောင့်သာ မဟုတ်လျှင် ထိုမှော်အခန်းက ဤလူအရိုင်းများကြောင့် ပျက်စီးပြီး တစ်ပတ်လောက်နှင့် ပြင်လို့ရမည်မဟုတ်တော့ချေ။
ကျူရစ်ခ်က ပထမအသုတ် ခွင့်ပြုထားသည့် လူငါးယောက်ထဲမှ ဖြစ်သည်ကို မြင်သော် ရှုယီက ခပ်ဖျော့ဖျော့ပြုံးလျက် အမှောင်ထဲသို့ ပြန်ဆုတ်သွား၏။
ကျူရစ်ခ်က ကန်တိုနာ၏ဖော်ပြချက်ကို ကြားပြီးနောက်လက်ဦးမှုရယူခဲ့ပါသော်လည်း လူသားရင်းမြစ်(HR)ဝန်ထမ်းနှင့် ခမ်နက်ဒ်တို့၏ စစ်ဆေးမှုများကို ဖြတ်သန်းပြီး သူက မြန်ဆန်ရှင်းလင်းသော စိတ်ရှိသူဖြစ်ကာ စကားပြောလည်းကောင်းကြောင်း တိကျအောင်ပြုလုပ်ခဲ့ရသည်။ သူက ထိုဘဝသစ်အစီစဉ်မှော်အခန်းအတွက် တာဝန်ပေးခံပြီး လူများကိုလမ်းပြရရန် အင်မတန်သင့်တော်သည်၊ ထို့ကြောင့် ရှုယီက ၎င်းက သူနှင့်ချန်ထားရန် သေချာသွားသည်။
"ဥက္ကဌရှု၊ ကျွန်မတို့ အခုထွက်ရတော့မှာလား" ရှုယီမှ မှော်အခန်းနောက်သို့ လျှောက်သွားပြီးနောက် ဒယ်လီက အမှောင်ထုထဲမှထွက်လာ၏။
ရှုယီက ကောင်းကင်ကိုကြည့်လိုက်ရာ လခြမ်းကွေးလေးက တစ်ဝက်တစ်ပျက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူကခေါင်းတစ်ချက်ငြိမ့်လျက်၊ "သွားကြစို့"
နှစ်ဦးသားမှာ နောက်တံခါးမှထွက်ရင်း မတူညီသည့် ငြိမ်းချမ်းသောလမ်းကြားထဲသို့ လျှောက်သွားကြသည်။ ၎င်းတို့မှာ ထိုနေရာ၌ စောင့်နေသည့် မြင်းလှည်းထဲဝင်လျက် မြို့စားအိမ်တော်သို့ ဦးတည်လိုက်ကြတော့၏။
မြင်းလှည်းစထွက်ပြီးနောက် ရှုယီက သူ့ရှေ့၌ထိုင်နေသော ဒယ်လီကိုကြည့်လိုက်သည်။ သူမမျက်နှာထက်က တင်းမာနေပုံကိုကြည့်ပြီး သူက မနေနိုင်ဘဲ ပြုံးလျက်ပြောလာသည်၊ "ငါ မင်းတို့ နတ်သူငယ်တွေက ဘယ်တော့မှ စိတ်မရှုပ်တတ်ဘူးထင်နေခဲ့တာ"
"ဥက္ကဌရှု၊ ကျွန်မကို မနောက်နေနဲ့တော့။" ဒယ်လီက ခါးသက်သက်အပြုံးဖြင့် ခေါင်းကိုခါလိုက်သည်။
သူမက အကြီးအကဲအီလူရှာမှ ညတေးသံမျိုးနွယ်စု၏ရာဘာထုတ်ရုံအတွက် ညှိနှိုင်းရန် အထူးရွေးချယ်ပေးထားသည့် ကိုယ်စားပြုဖြစ်ပါသော်လည်း ဒါက သူမထံ၌ လူများနှင့် အတော်ကောင်းကောင်းဆက်ဆံနိုင်သည်ဟု ဆိုလိုခြင်းပါပင်။
၎င်းက ညတေးသံမျိုးနွယ်စုအတွင်း၌သာဖြစ်၏။သူမက လူသားများနှင့်ရင်ဆိုင်ရပြီး နတ်သူငယ်တွေအတွက် အင်မတန်ခက်ခဲသည့် စီးပွားရေးကို စတင်ရင်ဆိုင်နေရချိန်မှာလည်း သူမအပေါ် ဖိအားနည်းနည်းရှိပေသည်။
နောက်ဆုံးတစ်ခေါက် ဒယ်လီ ဘန်တာမြို့တော်အား ရာဘာထုတ်ရုံကို ဖန်တီးရန် လျှောက်လွှာများကိုဖြည့်ဖို့ စတေးလ်နှင့် အတူလာချိန်တွင် စတေးလ်၏ အကူအညီရခဲ့ပါလျှင်တောင် ပြဿနာများစွာနှင့် ကြုံခဲ့ရ၏။ ထို့ကြောင့် ၎င်းက သူမကို အင်မတန်စိတ်ရှုပ်ထွေးစေသည်။
"တကယ်တော့ စိတ်ရှုပ်ဖို့ မလိုပါဘူး" ရှုယီက အပြုံးလေးနှင့် ပြောလိုက်၏၊ "မင်းဒီကိစ္စကို ဒီလိုရှုပ်ထွေးတယ်လို့ ဆက်ဆံဖို့မလိုဘူး၊ ငါတို့လူသားတွေရဲ့ ကုန်သွယ်ရေးလုပ်ငန်းက ဝယ်တာနဲ့ ရောင်းတာလေးပါပဲ။ မင်းက အခု မင်းတို့ရဲ့ ရာဘာထုတ်ရုံကို ကိုယ်စားပြုတယ်၊ ဒါကြောင့် မင်းတို့ အလုပ်ရုံရဲ့ အနေအထားက ရာဘာထုတ်ကုန်တွေကို ရောင်းချတာပဲ။ ဒါကြောင့် မင်း ဒီပစ္စည်းတွေကို ဘယ်လိုရောင်းဖို့နဲ့ ဘယ်ဈေးနဲ့လဲဆိုတာကို တွေးဖို့ပဲလိုပြီး ကျန်တာ ဘာမှတွေးစရာမလိုဘူး။ မင်းခဏနေ သူတို့နဲ့တွေ့ရင် ဖြစ်စဉ်ကို တဖြည်းဖြည်းသင်ယူနိုင်သွားမှာပါ။"
"အန်း၊ ကျေးဇူးတင်ပါတယ် ဥက္ကဌရှု၊" ဒယ်လီက ခေါင်းငြိမ့်အပြီးမှာ မျက်ခုံးတွေကိုတွန့်ချိုးလိုက်တယ်၊ "ဒါပေမယ့် ဘာရာဘာထုတ်ကုန်ကိုပဲလုပ်လုပ် ဥက္ကဌရှုကပဲ ကျွန်မတို့ကို တာဝန်ပေးထားတာဆိုတော့ ကျွန်မတို့အခု ဘာတွေကိုရောင်းနိုင်တယ်ဆိုတာကို မသိဘူး။"
"ဒါက..." ရှုယီက ခဏမျှတွေးနေပြီးနောက် ပြတင်းအပြင်ကို ခဏကြည့်ကာ မောင်းနှင်သူအား ရုတ်တရတ် ရပ်ရန်ပြောလိုက်သည်။ သူက ဒယ်လီဆီလက်ကိုဝေ့ယမ်းပြလိုက်၏၊ "လာ ဒီကိုတစ်ချက်ကြည့်"
ဒယ်လီက ရှုယီနှင့်အတူ မြင်းလှည်းမှထွက်လာသည်ကို ရှုပ်ထွေးနေသော်လည်း နောက်တွင် သူမက ရှုယီနှင့်အတူ မပိတ်သေးသည့် အင်္ကျီဆိုင်သို့ ဝင်သွားတော့သည်။
ထိုအင်္ကျီဆိုင်က ယခု၌ ရှင်းလင်းစွာပင် မည်သည့်အလုပ်မှမရှိဘဲ သုံးဆယ်အရွယ်မိန်းမတစ်ဦးက ပျင်းရိကာ ကောင်တာကို မှီနေ၏။ လူများဝင်လာသံကိုကြားသော် သူမက ပြောင်းလဲသွားသလိုမျိုး ချက်ချင်းအပြုံးကိုလှစ်ဟပြကာ ရှေ့သို့ထွက်လာ၏။
သူမ သူတို့အား ကြိုဆိုလုဆဲဆဲတွင် ဝင်လာသည့် ရှုယီကို မြင်လိုက်ရတော့၏။ သူမမျက်နှာထက်ရှိ အပြုံးမှာ တွန့်သွားပြီးမှ ပိုမို ပွင့်လန်းတောက်ပကာ ချယ်လှယ်နေသံဖြင့်ဆိုလိုက်သည်၊ "ဥက္ကဌရှု၊ ဘာလို့ဒီရောက်နေတာလဲ?"
"ဘာလဲ? ငါ့ကိုမကြိုဆိုဘူးလား?" ရှုယီက ရယ်လိုက်၏။
သူက ဘေးဘီကိုကြည့်လိုက်ရာ မှော်လေအေးပေးစက်ကိုတွေ့သွားက မေးလိုက်၏၊ "အစ်မ ဆာရာ၊ မင်းရဲ့ မှော်လေအေးပေးစက်ကို ဘယ်တုန်းက ပြောင်းခဲ့တာလဲ?"
ဒီဆိုင်မှာ ရှုယီ လွန်ခဲ့သည့်နှစ်က စတေးလ်နှင့်အတူ ဈေးဝယ်ထွက်ခဲ့သည့်ဆိုင်ဖြစ်ကာ ဆိုင်ရှင်နာမည်က ဆာရာပါပင်။
လွန်ခဲ့သည့်နှစ်က သူမသုံးနေသည့် မှော်လေအေးပေးစက်က သံချေးတက်နေသည့်အကြောင်းရှုယီကို ညည်းပြလိုက်ရာ ရှုယီက မကြာခင်တွင် မှော်လေအေးပေးစက်အတွက် သံချေးခုခံနိုင်မည့်တစ်ခုခုကို တီထွင်နေကြောင်းပြောခဲ့သည်။
ယခု ကြည့်ရသည်မှာ သူမက မှော်လေအေးပေးစက်ကို ပြောင်းဖို့ အသေအချာဆုံးဖြတ်ခဲ့ပုံရ၏။
"ရှင်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်း မှော်လေအေးပေးစက်အသစ်ပွဲတော် လုပ်တုန်းက ငါလဲခဲ့တာ အခုဆို တစ်နှစ်ကျော်လောက်ရှိပြီပေါ့။" အစ်မဆာရာက အပြုံးဖြင့် ပြန်ဖြေလာသည်။ ထို့နောက် သူမက ရှုယီနောက်မှ စူးစမ်းလိုဟန်လိုက်လာသော ဒယ်လီကိုကြည့်ကာ မေးလိုက်၏၊
"ဥက္ကဌရှု၊ ရှင် ဒီနေ့ ဒီနတ်သူငယ်မငယ်လေးအတွက် အဝတ်တွေရွေးပေးဖို့ စီစဉ်ထားတာလား?"
Frestech ကုန်သည်ကြီးများအသင်းကြောင့် ဘန်တာမြို့တော်၏ လူများက နတ်သူငယ်လေးများကိုမြင်သော် အနည်းငယ်အံ့ဩခဲ့ကြပါသော်လည်း ၎င်းတို့၏တုန့်ပြန်မှုက ယခင်ကလောက် ပြင်းထန်မနေပါချေ။
အထူးသဖြင့် အဝတ်ဆိုင်ကို ခန့်ခွဲရသော ဆာရာပင်။ သူမက Frestech ကုန်သည်ကြီးများအသင်း၏ နတ်သူငယ်လေးများ ဒီကိုလာကာ အဝတ်အသစ်ဝယ်ကြသည်ကို မကြာခဏမြင်တွေ့ခဲ့သည်၊ ထို့ကြောင့် သူမက ရှုယီနောက်လိုက်လာသည့် နတ်သူငယ်မလေးကိုမြင်ချိန်၌ အံ့မဩသွားခြင်းပေ။
ရိုးရိုးသားသားဆိုလျှင် သူမက ဒီနေ့ ဒီနေရာ၌ ရှုယီ အဘယ့်ကြောင့်ပေါ်လာကြောင်း ပို၍သိချင်၏။
Frestech ကုန်သည်ကြီးများအသင်း ဆန်းဒ်တွန်အိမ်ရာကို စွန့်ခွာပြီး မိုးကျတောင်ကြား၌ တိုးတက်စေချိန်တွင် ရှုယီက ဘန်တာမြို့၌ လများစွာ ပေါ်မလာနိုင်ချေ။
"မဟုတ်ပါဘူး၊ ငါသူမကို ကြည့်ဖို့ တစ်ချက်ခေါ်လာရုံတင်။ အခုကစပြီးသိပ်မကြာခင် မင်းရဲ့ဆိုင်မှာ နတ်သူငယ်တွေကိုယ်တိုင်ရောင်းတဲ့ ပစ္စည်းတွေသုံးရလိမ့်မယ်"
ရှုယီက ဒယ်လီကို လှည့်မကြည့်ခင် အပြုံးနှင့်ဖြေလိုက်၏။ "ဒီလိုဆိုရင်ရော? မင်းလုပ်နိုင်တဲ့ တစ်ခုခု တွေ့လား?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၃။ ဒယ်လီ၏ ပထမဆုံးသောစီးပွားရေး သဘောတူညီချက်
ဒယ်လီက ချက်ချင်းမတုံ့ပြန်ဘဲ သိပ်ကြီးပုံမပေါ်သည့် ဤဆိုင်ကိုတောင် ဝေ့ဝဲကြည့်လိုက်သည်။ ထောင့်တိုင်းကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက်၌ သူမက အစ်မ ဆာရာရှေ့သို့လာကာ အဝတ်များချိတ်ထားသည့် အဝတ်ချိတ်တစ်ခုကို ညွှန်ပြရင်း မေးလိုက်၏၊ "ဒါတွေကို ဝယ်ဖို့ ဘယ်လောက်သုံးရလဲဆိုတာ မေးကြည့်လို့ရမလား?"
အစ်မဆာရာက အံ့ဩသွားပြီးမှ တောင်းပန်ပြုံး,ပြုံးလိုက်ရင်း၊ "စိတ်မကောင်းပါဘူး၊ အဝတ်ဝယ်တဲ့တန်ဖိုးကို ထုတ်ပြောဖို့က ကျွန်မအတွက် အဆင်မပြေလို့ပါ။"
"မဟုတ်ပါဘူး၊ ကျွန်မက အဝတ်တွေကိုမေးနေတာမဟုတ်ဘူး၊ ဒါကိုမေးနေတာ... ရှင်တို့လူတွေ အခေါ် အဝတ်ချိတ်ဆိုလား?" ဒယ်လီကမေးလိုက်သည်။
"အဝတ်ချိတ်?" အစ်မဆာရာက ဒယ်လီကို အံ့အားတကြီးမေးလိုက်ပြီးမှ ရှုယီကို မေးခွန်းထုတ်နေတဲ့ အကြည့်နဲ့ကြည့်လိုက်တယ်။
ရှုယီက သူမကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ရင်း၊ "အစ်မဆာရာ, ဒီအဝတ်ချိတ်တွေဝယ်ဖို့ ဘယ်လောက်သုံးရလဲဆိုတာက မင်းပြောပြလို့မရတာမဟုတ်ပါဘူး။ မင်းသူမကိုပြောပြလိုက်ရင် သူမဆီကတောင် အကျိုးအမြတ်ရသွားဦးမယ်။"
"အကျိုးအမြတ်?" အစ်မဆာရာက ဒယ်လီကို သံသယအပြည့်နှင့်ကြည့်လိုက်၏။ သူမက ထိုလှပသည့် နတ်သူငယ်မလေးထံမှ အကျိုးမြတ်တစ်ခုခုရလိမ့်မည်ဟု မခံစားမိပါချေ၊ သို့သော် ရှုယီကိုတော့ယုံသဖြင့် ရိုးသားစွာ ပြန်ဖြေလိုက်သည်၊ "ဒီအဝတ်ချိတ်တွေဆိုရင်တော့၊ ကျွန်မသူတို့ကို တိုင်ယာမီ ကုန်သည်ကြီးများအသင်းကနေဝယ်ခဲ့ပြီး သူတို့က ပျမ်းမျှ... ငွေဒင်္ဂါး ၁၇ပြားဝန်းကျင်လောက် ကုန်ကျတယ်။"
"ငွေဒင်္ဂါး ၁၇ပြား?" ဒယ်လီက ၎င်းကိုတွေးကြည့်ပြီးမှ ရှုယီကို လှည့်မေးလိုက်သည်၊ "ဒီတန်ဖိုးက မြင့်လား?"
"မြင့်သည်ဖြစ်စေ မမြင့်သည်ဖြစ်စေ ဒါကဆက်စပ်မှုရှိတယ်" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာပြောလိုက်သည်၊ "ဒယ်လီ ပိုပြီးဈေးပေါတဲ့ အစားထိုးတစ်ခုရှိရင် ဒီဈေးကို မြင့်တယ်လို့ ယူဆရတယ်။ ဒါပေမယ့် မရှိရင်တော့ မြင့်တယ် မမြင့်ဘူးဆိုတဲ့ သဘောတရားမရှိဘူး။"
"ကျွန်မနားလည်ပြီ" ဒယ်လီက ခေါင်းငြိမ့်ပြီးနောက် အစ်မဆာရာကို မေးလိုက်သည်၊ "ဒါဆို ကျွန်မမေးလို့ရမလား၊ ကျွန်မသာ... ရှင့်ကို ဒီလိုတူညီတာမျိုးတစ်ခုခုရောင်းနိုင်မယ်၊ ဒါပေမယ့် တစ်ခုကို ငွေဒင်္ဂါး ၁၅ပြားကျပြီး အဝတ်ချိတ်ရမှာလည်း ပိုအဆင်ပြေမယ်ဆိုရင်၊ ရှင်ဝယ်မှာလား?"
အစ်မဆာရာက တစ်ဖန် အံ့ဩသွားပြန်၏၊
"အဓိပ္ပာယ်မရှိတာ၊ ပိုလည်းကောင်းပြီး ဈေးလည်းပေါတဲ့ ပစ္စည်းမျိုးရှိရင် ကျွန်မဝယ်မှာအသေအချာပဲ၊ ဒါပေမယ့် ပိုကောင်းပြီး ပိုဈေးပေါတဲ့ အဝတ်ချိတ်မျိုးက ရှိလို့လား? ဟုတ်ပါတယ်၊ ရှင်တို့ နတ်သူငယ်တွေက တောထဲမှာနေတာကြောင့် သစ်သား အဝတ်ချိတ်တွေဖြစ်နိုင်တယ်မဟုတ်လား?"
"မဟုတ်ဘူး၊ ကျွန်မပြောနေတာ ဒါမဟုတ်ဘူး" ဒယ်လီက ခေါင်းကိုခါလျက် အစ်မဆာရာအတွက် စာရွက်ပိုင်းလေးတစ်ခုကိုထုတ်ယူလိုက်သည်၊ "အစ်မဆာရာ, ကျွန်မကိုယ်ကျွန်မမိတ်ဆက်ပေးပါရစေ။ ကျွန်မက ညတေးသံမျိုးနွယ်စုရဲ့ ရာဘာထုတ်ရုံလုပ်ငန်းစုက မန်နေဂျာပါ။ ဒါက ကျွန်မရဲ့ နာမည်ကဒ်၊ ယူလိုက်ပါ"
အစ်မဆာရာက အနည်းငယ်ကြောင်အနေပြီး ရှုယီကို မယုံကြည်နိုင်သလိုကြည့်လိုက်သည်။ သူ၏အမူအရာကလည်း အင်မတန်ထူးဆန်းနေပြီး ရယ်ချင်နေသည်ကို ဖိနှိပ်ထားရပုံအားတွေ့သွားသောကြောင့် သူမက ပိုလို့ပင်ရှုပ်ထွေးသွားရ၏။
"ဥက္ကဌရှု၊ ဒါက..."
"ခိ...အာ...မဟုတ်...ဘာမှမဟုတ်ပါဘူး၊ အံ့ဩဖို့မလိုဘူး။" ရှုယီက ရယ်ချင်စိတ်ကို တားရန် အနညးငယ်အားထုတ်လိုက်ရ၏။
နတ်သူငယ်မလေးတစ်ဦးက သူမ၏အမည်ကိုဆွဲထုတ်ပြီး သူမက လုပ်ငန်းစုတစ်ခုရဲ့ စီးပွားရေးမန်နေဂျာဖြစ်ကြောင်းပြောကြားသည်ကို မြင်သော် ထိုမြင်ကွင်းက ရှုယီကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်ပါသော်လည်း သူဟာ ခံစားချက်ကိုဖိမနှိပ်ထားနိုင်လု ဖြစ်သွားပြီး ရယ်တော့မိမလိုပင် ဖြစ်သွားသည်။
"အစ်မ ဆာရာ, ရှင်းပြပါရစေ။ ဒီနတ်သူငယ်သခင်မလေးဒယ်လီက ရာဘာထုတ်ရုံကနေလာတာပါ။ ဒီရာဘာကိုတော့ မင်း ကျုပ်တို့ရဲ့ Frestechကုန်သည်ကြီးများအသင်း ကြော်ငြာကနေ နည်းနည်းလောက်သိထားလောက်မှာပေါ့" ရှုယီက မေးလိုက်၏။
"အန်၊ ကျွန်မနည်းနည်းတော့သိပါတယ်။ ဒါပေမယ့် များများစားစားတော့မဟုတ်ဘူး။" အစ်မဆာရာက ရိုးရိုးသားသားပြန်ဖြေ၏။
"တကယ်တမ်းကျုပ်တို့Frestechကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်အတော်များများက ရာဘာကိုသုံးထားတယ်လေ။ ဥပမာ၊ မှော်ပန်ကာအသစ်ရဲ့ အဖုံးကို ရာဘာကနေလုပ်ထားတာပဲ။ ဒါက ပေါ့ပါးရုံတင်မကဘူး၊ အင်မတန်ခံနိုင်ရည်လည်းရှိတယ်။ ဒါကို ကျုပ်တို့အရင်ကသုံးတဲ့ သံအဖုံးနဲ့တောင် ယှဉ်လို့ရတယ်၊"ရှုယီက ပြောလိုက်သည်။
"အန်၊ သိပြီ။ ကျွန်မအမျိုးသားက မှော်ပန်ကာမျိုးဆက်တိုင်းကို ယူလာဖူးပြီး အသစ်ဆုံးမှောပန်ကာတစ်ခုရဲ့ ရာဘာအဖုံးက ပထမဆုံးမျိုးဆက်သံအဖုံးနဲ့ယှဉ်ရင် အတော်လေး ပေါ့တယ်။ နေရာရွေ့တဲ့အခါ ပိုပြီးတောင်လွယ်နေတာပေါ့၊" အစ်မဆာရာက အပြုံးနှင့်ပြောလာ၏။
"အဟုတ်ပဲ။ ဒယ်လီက အခုနက မင်းရဲ့ အဝတ်ချိတ်တွေအကြောင်းမေးတာကို၊ ကျုပ်ထင်တာကတော့ သူမက သစ်သားချိတ်တွေနေရာမှာ အစားထိုးဖို့ ပလက်စတစ်ချိတ်တွေလုပ်ချင်တာလို့ပဲ။ ကျုပ်အတွက်တော့ ပလက်စတစ်မျက်နှာပြင်က အရမ်းချောမွေ့တာကြောင့် ပလက်စတစ်ချိတ်တွေက ပိုပြီး သုံးလို့လွယ်လိမ့်မယ်။ မင်းသုံးတဲ့သစ်သားအဝတ်ချိတ်တွေရဲ့မျက်နှာပြင်က အင်မတန်ကြမ်းတော့ အဝတ်တွေပျက်စီးဖို့ အရမ်းလွယ်သွားတယ်။"
"အမှန်ပဲ၊ ကျွန်မ တိုင်ယာမီကုန်သည်ကြီးများအသင်းကို ဒီပြဿနာအကြောင်းပြောခဲ့သေးတယ်၊ ဒါပေမယ့် သူတို့လည်းဘာမှမတတ်နိုင်ဘူး၊ ဒါကြောင့် အဝတ်တွေ ချိတ်တဲ့နေရာမှာ ကျွန်မအရမ်းသတိထားနေရတာပေါ့။ ဒါပေမယ့် ကျွန်မက အဝတ်တွေရောင်းနေရတော့ ပြထားဖို့သာ မချိတ်ထားရင် အဆင်မပြေဘူးလေ။ ကျွန်မ ဒီပြဿနာပေါ်မှာ ဦးနှောက်စွမ်းအားတွေပါ အတော်လေးသုံးရသေးတယ်။" အစ်မ ဆာရာက စောဒကတက်လိုက်၏။
ရှုယီက ခပ်ဖျော့ဖျော့ပြုံးရင်း ဒယ်လီထံ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
ဒယ်လီက နားလည်ကာ အလျင်အမြန်ပြောလိုက်သည်၊ "ရှင်သာ ပလက်စတစ်အဝတ်ချိတ်တွေထုတ်တဲ့အခါ သုံးမယ်ဆိုရင် ဒီပြဿနာက ရှိမှာမဟုတ်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မတို့အနေနဲ့ ချိတ်တွေက အရေပြားလိုချောမွေ့ပြီး ဘာဆူးချွန်မှ မပါကြောင်း အာမခံပါတယ်။
"တကယ်ကြီး?" အစ်မဆာရာက သံသယအဖြင့် ဒယ်လီကိုကြည့်လာသည်။
ဒယ်လီက ရှုယီကိုကြည့်လိုက်ပါသော်လည်း သူကမည်သည်ကိုမှမဆိုဘဲ ပြုံးရုံပြုံးသည်။ သူမကတွေးပြီးမှ ဖြေလိုက်၏၊ "ရှင်လိုအပ်ရင် ရှင်အရင်ဆုံး စမ်းသပ်ကြည့်ဖို့ ထုတ်ကုန်တစ်ခု လုပ်ပေးနိုင်ပါတယ်။ ရှင်ကျေနပ်မယ်ဆိုရင်တော့ ကျွန်မတို့ ရှင့်ရဲ့အမှာကို လုပ်ပေးပါ့မယ်။"
"အဲဒါက.. ဒီလိုပဲ အဆင်ပြေသွားမှာပါ" အစ်မဆာရာက ခဏမျှတွေးတောပြီး ဒယ်လီထံမှရသည့် ကဒ်ကိုကြည့်ရင်း,"ညတေးသံမျိုးနွယ်စုရဲ့ ပလက်စတစ်အလုပ်ရုံ? ကျွန်မမှတ်မိပြီ... ဥက္ကဌရှု၊ ဒါက ရှင်တို့ Frestechကုန်သည်ကြီးများအသင်းနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ညတေးသံမျိုးနွယ်စုလို့ခေါ်တဲ့ နတ်သူငယ်မျိုးနွယ်စုမဟုတ်လား? ဒီပလက်စတစ်အလုပ်ရုံကို သူတို့လုပ်တာလား?"
"ဟုတ်ပါတယ်၊" ရှုယီက အစ်မဆာရာ၏အံ့အားသင့်သွားပုံမှာ အနည်းငယ်ရယ်ရသည်ကို တွေ့သွား၏၊ "ကျုပ်တို့လုပ်ငန်းစုရဲ့ မှော်စက်ပစ္စည်းပလက်စတစ်ထုတ်ကုန်တွေအားလုံးက ညတေးသံမျိုးနွယ်စုဆီကပဲ လာတာမို့လို့ သူတို့ရဲ့အစွမ်းအစကိုတော့ သံသယဝင်ဖို့မလိုပါဘူး။ ဒါကိုတွေးကြည့်ပါ၊ သူတို့က ပေါ့ပါးတဲ့ မှော်ပန်ကာအဖုံးတွေကိုတောင် အင်မတန်ပြည့်စုံအောင်လုပ်ထားတာ၊ အဝတ်ချိတ်လေးတွေကို လုပ်ဖို့ သေချာပေါက် ဘာပြဿနာရှိတော့မှာလဲဗျာ၊ ဟုတ်တယ်မို့လား?"
"အန်း... နတ်သူငယ်တွေလုပ်တဲ့ပစ္စည်းတွေက သေချာပေါက် ပြည့်စုံနေမှာပဲ..." အစ်မဆာရာက ၎င်းကိုတွေးပြီးနောက် ခေါင်းငြိမ့်လာကာ၊ "ဟုတ်ပြီလေ၊ ကျွန်မအရင်ဆုံး စမ်းကြည့်ဖို့ ပလက်စတစ်အဝတ်ချိတ် အခုတစ်ရာကို မှာမယ်။ ကျွန်မဒါတွေကို စိတ်ကျေနပ်ရင်တော့ မိတ်ဆွေတွေကိုပါ ညွှန်းပေးပါ့မယ်။"
"ရှင့်ရဲ့စီးပွားရေးအတွက် ကျေးဇူးတင်ပါတယ်၊" သူမ၏အားထုတ်မှုက အဆင်ပြေသွားသည်ကိုမြင်သော် ဒယ်လီက ခပ်ပြုံးပြုံးဖြစ်နေ၏။ သူမက အလျင်အမြန်ပင် အစ်မဆာရာကို ပို့မည့်အချိန်နှင့် ထုတ်ကုန်ပို့ဆောင်မည့်လမ်းကြောင်းကိုချလိုက်သည်။
အားလုံးကို သတိထားလုပ်ဆောင်ပြီးနောက်၌ ရှုယီနှင့် ဒယ်လီမှာ ထွက်သွားတော့သည်။ မြင်းလှည်းပေါ်ရောက်ပြီးသော် သူမမျက်နှာထက်ရှိ အပြုံးက အင်မတန်တောက်ပလို့လာ၏။
"ဂုဏ်ယူပါတယ် ဒယ်လီ, ဒီမှာယူမှုက အရမ်းနည်းသေးပေမယ့်လည်း မင်းရဲ့ကိုယ်ပိုင်အားထုတ်မှုနဲ့ လုပ်ခဲ့တဲ့ ပထမဆုံးသဘောတူညီချက်ပဲ။ ဒါက အရမ်းအဓိပ္ပာယ်ရှိတယ်။" ရှုယီက အပြုံးဖြင့်ပြောလိုက်သည်။
"ဒါတွေအားလုံးက ဥက္ကဌရှုရဲ့ အကူညီကြောင့်ပါ၊ ဒါကို ကျွန်မတစ်ဦးတည်းရဲ့ အားထုတ်မှုလို့ တထစ်ချတည်း ယူဆလို့မရနိုင်သေးပါဘူး။" ဒယ်လီက ခပ်မြန်မြန်ပြောလိုက်သည်။
"နှိမ့်ချဖို့မလိုပါဘူး၊ ပလက်စတစ်ချိတ်တွေကို တွေးမိတာက မင်းရဲ့ကိုယ်ပိုင်အစွမ်းစပေါ်မှာ မူတည်နေတာလေ၊ ကျုပ်ဘာမှမပြောခဲ့ပါဘူး။" ရှုယီက သူ့လက်ကိုဝေ့ယမ်းပြီးမှ ပြောလာသည်၊ "ဒါပေမယ့်အခု မင်းက အရေးကြီးဆုံးပထမခြေလှမ်းကိုလှမ်းလိုက်ပြီဆိုတော့ ကျုပ်တစ်ခုပြောရဦးမယ်။"
"ပြောပါ" ဒယ်လီက အာရုံစိုက်ထားဟန်ထုတ်ပြလာ၏။
"မင်းအနေနဲ့ သစ်သားချိတ်တွေနေရာမှာ ပလက်စတစ်ချိတ်တွေကို အစားထိုးသုံးဖို့ တွေးမိတာက ကောင်းပေမယ့်လည်း မင်းရဲ့နယ်ပယ်ကိုပိုချဲ့ထွင်ဖို့ လိုနေသေးတယ်။ ဒါကိုတွေးကြည့်၊ မင်း လူတိုင်းကို အဝတ်တွေ ခင်းကျင်းပြဖို့ အဝတ်ချိတ်တွေ သုံးနိုင်ပေမယ့်လည်း အဝတ်တွေကို ချိတ်ပေါ်မှာ ချိတ်တာနဲ့တင် အဝတ်တွေရဲ့ ထူးခြားမှုကို မပြသနိုင်ဘူးလေ၊ ဟုတ်တယ်မလား?" ရှုယီက ပြောသည်။
ဒယ်လီက ၎င်းကိုတွေးပြီးမှ မေးလိုက်၏၊ "ရှင်ဆိုလိုတာက... အဝတ်တွေရဲ့ ထူးခြားချက်ကို ပြသနိုင်တဲ့ အရာတစ်ခု ဖန်တီးဖို့လား?"
ရှုယီက ဒယ်လီကို လက်မထောင်ပြရင်း ချီးကျူးလိုက်သည်၊ "အရမ်းကောင်းတယ်! ဒယ်လီ, အကြီးအကဲအီလူရှာက မင်းကို စီးပွားရေးညှိနှိုင်းမှုအတွက် ရွေးချယ်ခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး။ မင်းရဲ့ တုံ့ပြန်မှုတွေက အတော်မြန်ဆန်ပြီး မင်းရဲ့စိတ်ကလည်း အတော်လေး လိုက်လျောညီထွေဖြစ်တတ်တာကို ငါတကယ်ပြောရမယ်။ မင်းအတွက် အရည်အချင်းရှိမန်နေဂျာဖြစ်လာဖို့ အချိန်များများစားစားယူဖို့ မလိုဘူးလို့ ကျုပ်ထင်တယ်။"
ဒယ်လီမှာ နတ်သူငယ်ပင်၊ သူမက သာမန်လူများကဲ့သို့ တူညီသည့် ခံစားချက်များလည်းမရှိပါချေ။ ချီးကျူးစကားအချို့ပြောပြီးနောက်၌ သူမက ခေါင်းငြိမ့်လျက် ဆိုလာ၏၊ "ကျွန်မကြိုးစားမှာပါ။ ဥက္ကဌရှု၊ ကျွန်မတွေးထားပါတယ်။ အဝတ်တွေရဲ့ ထူးခြားချက်ကို ထုတ်ပြတဲ့နေရာမှာ ပြည့်ပြည့်ဝဝထောက်ပံ့ဖို့က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုလိုတယ်။ ကျွန်မတို့အနေနဲ့ လူသားခန္ဓာကိုယ်လို တူညီတဲ့အရွယ်အစားနဲ့ပုံသဏ္ဍာန်ရှိတဲ့ မော်ဒယ်တစ်ခု လုပ်နိုင်မယ်ထင်တယ်၊ ဒီလိုဆိုရင် ကျွန်မတို့ အဝတ်တွေ ဆင်ပေးပြီး ဒီအကျိုးကိုရမှာပဲ။"
ရှုယီက မထိန်းနိုင်ဘဲ အံ့အားသင့်သွားတော့သည်။
သူက လူသားသဏ္ဍာန်ကို ညွှန်းဆိုချင်နေပါသော်လည်း ဒယ်လီက ၎င်းကို အလျင်အမြန် တွေးမိလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။
လူသားများနှင့်ယှဉ်လျှင် နတ်သူငယ်များက ဆန်းသစ်ဖန်တီးရာ၌ မယှဉ်နိုင်ဟုဆိုရမည်၊ ၎င်းက အသိအမှတ်မပြုခြင်းနှင့် မထိုက်တန်ပေရာ။
ပြောရလျှင် အနည်းဆုံး ဒယ်လီက ယနေ့၌ ရှုယီကို ဖန်တီးမှုကောင်းကောင်း ပြသခဲ့၏။
နှစ်ယောက်မှာ အဝတ်ချိတ်များနှင့် လူသားမော်ဒယ်များကို လမ်းတစ်လျှောက်၌ ဆွေးနွေးရင်း မကြာမီ မြင်းလှည်းက မြို့စားအိမ်တော်ရှေ့သို့ ဆိုက်ရောက်လာတော့၏။
ရှုယီက ခုန်ထွက်ကာ သူအလည်မရောက်သည့်အချိန်ကြာခဲ့သော မြို့စားအိမ်တော်ကို ကြည့်ရှုလိုက်၏။ သူက မနေနိုင်ဘဲ ဝမ်းနည်းနေဟန်ထုတ်ပြလာသည်။
လအနည်းငယ်အကြာက သူဟာ မြို့စားအိမ်တော်သို့ မကြာခဏလာခဲ့သည်။ ဤနေ့များတွင် သူက ဘန်တာသို့ပင် မလာခဲ့ရချေ၊ ထို့ကြောင့် မြို့စားအိမ်တော်ကိုမူ ပြောရန်ပင်မလိုပါချေ။
"ဥက္ကဌရှု၊ ကျွန်မနားမလည်ဘူး။ ဘာလို့ ဘန်တာမြို့စားက ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို အရမ်းမဖော်မရွေဖြစ်နေချိန်မှာ ဘာလို့ရှင်က သူဖိတ်ကြားတာကို လက်ခံလိုက်ရတာလဲ? ဘာလို့ ပွဲကိုလာရတာလဲ?" ဒယ်လီက ရှုယီကို ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။
"ဒယ်လီ, အခုမင်းက တရားဝင်ကုန်သည်ပဲ၊ မင်းတစ်ခုကိုသတိရနေဖို့လိုတယ်။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးရင်း ဆိုလိုက်သည်၊ "အရည်အချင်းရှိကုန်သည်တစ်ယောက်အတွက် အာဃာတတွေက အဓိပ္ပာယ်မရှိဘူး။ ကုန်သည်တစ်ယောက်ရဲ့ဆုံးဖြတ်ချက်ကို သက်ရောက်စေတဲ့ အရာက အမြဲတမ်း အကျိုးအမြတ်တစ်ခုပဲရှိတယ်။"
***
မှော်စက်မှုအင်ပါယာ
Vol3, အခန်း ၁၄။ အမြတ်အစွန်းရင်းမြစ်အသစ်
"ဟား၊ ဟား၊ ဥက္ကဌရှု၊ တကယ်ကို အတော်ကြာပြီနော်၊" ကောင့်ထ်စတက်ဂျ်က ဖော်ရွေလွန်းလှသည့်အပြုံးနှင့် ရှုယီကို ကြိုဆိုလိုက်သည်။
လွန်ခဲ့သည့်တစ်လ သူမြို့စားဖြစ်လာပြီး ရှုယီအား ကြိုဆိုခဲ့ချိန်ကနှင့်စာလျှင် ၎င်းက လုံးဝကွဲပြားနေ၏။ ၎င်းမှာ ကောင့်ထ်စတက်ဂျ်ကလုံးဝမတူသည့်လူလိုပင်၊ ရှုယီအား မိတ်ဆွေဟောင်းတစ်ယောက်ကဲ့သို့ ဆက်ဆံနေ၏။ ဤသည်က ဘေးနားကလူများကို မျက်လုံးများပြူးစေသည့်အထိပင်။
ရှုယီကလည်း သူနှင့်ပထမဆုံးတွေ့ခဲ့သည့်အချိန်ကလိုမဟုတ်တော့ဘဲ မျက်နှာထက်၌ ဖော်ရွေသည့်အပြုံးတစ်ပွင့်ရှိနေကာ ကောင့်ထ်စတက်ဂျ်အားနှုတ်ဆက်ရန် ရှေ့သို့ တလေးတစားလာလိုက်၏။
"မြို့စားအရှင်၊ ကျုပ်ကို ဒီလိုကိုယ်တိုင်လာကြိုတာက တကယ်ကိုပဲ ဂုဏ်ယူစရာပါဗျာ။"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဥက္ကဌရှု ခင်ဗျားက ကျုပ်အထူးဖိတ်ထားတဲ့ ဂုဏ်ယူရတဲ့ ဧည့်သည်ပါ၊ ဒါကြောင့် ခင်ဗျားကို ကောင်းကောင်းကြိုရမှာပေါ့။ လာပါ၊ အထဲကိုကြွပါ။" ကောင့်ထ်စတက်ဂျ်က ရှုယီကို အထဲသို့ဖိတ်လိုက်ရင်း သူ့မျက်လုံးများက နောက်ရှိ ဒယ်လီကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါက ကျုပ်တို့လုပ်ငန်းစုအောက်က ရာဘာထုတ်ရုံရဲ့ စီးပွားရေးမန်နေဂျာ၊ သခင်မလေးဒယ်လီပါ" ရှုယီက ချက်ချင်းရှင်းပြလိုက်သည်၊ "ခင်ဗျားမြင်သလိုပဲ သူမက ညတေးသံမျိုးနွယ်စုရဲ့ နတ်သူငယ်မျိုးနွယ်ကလာတာပါ"
ဒယ်လီ၏ရှေ့၌ ကောင့်ထ်စတက်ဂျ်က ဖော်ရွေခြင်းမရှိပါချေ။ သူက ဒယ်လီကို ခေါင်းတစ်ချက်သာငြိမ့်ပြပြီး မြို့စားအိမ်တော်သို့ ဦးတည်လိုက်သည်။
ရှုယီက ကောင့်ထ်စတက်ဂျ် နောက်ကိုလိုက်ရင်း ရင်းနှီးနေသည့် ပွဲခန်းမသို့ ဝင်လိုက်ရာ အခြားသော ဘန်တာမြို့လုပ်ငန်းစုကြီးများ၏ ဥက္ကများရောက်နှင့်နေသည်ကို တွေ့လိုက်ရ၏။
ကောင့်ထ်စတက်ဂျ်က ရှုယီကို ကိုယ်တိုင်ခေါ်ဆောင်လာသည်အားမြင်သော် ဥက္ကဌခရုစ်က မနီးမဝေးမှနေ၍ ကဲ့ရဲ့ပြုံး,ပြုံးကာ ရှုယီထံ လက်တစ်ဖက်မြှောက်ပြလိုက်သည်။
၎င်းက ရှုယီထံသို့ ရည်ရွယ်ခြင်းမဟုတ်ဘဲ အထူးသဖြင့် ကောင့်ထ်စတက်ဂျ်၏ လုပ်ရပ်များကြောင့်သာပင်။
ကောင့်ထ်စတက်ဂျ်က မြို့စားဖြစ်လာသည်မှာ လအတိုလေးသာရှိသေးသော်လည်း သူ၏စိုက်ပျိုးရေးဆိုင်ရာမူဝါဒကြောင့် မြို့၏လုပ်ငန်းစုများကို မတူညီသည့် အဆင့်များဖြင့် ဖိနှိပ်ထားခဲ့သည်။
၎င်းတို့အကြား၌ Frestech ကုန်သည်ကြီးများအသင်းနှင့် ၎င်းနှင့်အတူထွက်ခွာသွားခဲ့သည့် တိုက်ရိုက်လွှမ်းမိုးမှုအများဆုံးရရှိခဲ့သော အမ်ရစ်ကုန်သည်ကြီးများအသင်းတို့ပါသည်။ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်မှထွက်ခွာသွားသည်က သက်ရောက်မှုများများစားစားမရှိပါချေ၊ သို့သော် အမ်ရစ်ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်၌ နက်ရှိုင်းသောအုတ်မြစ်ရှိသောကြောင့် ၎င်းတို့မှာ အချိန်ကာလတိုလေးအတွင်း၌ မရုတ်သိမ်းနိုင်ပါချေ။ ၎င်းတို့က အထိအခိုက် အဆုံးအရှုံးပိုများခဲ့ကြ၏။
၎င်းကြောင့် ဥက္ကဌခရုစ်မှာ ကောင့်ထ်စတက်ဂျ်ကို အင်မတန်မကျေမနပ်ဖြစ်နေသည်။ ယခုတွင်မူ သူဟာ ရွေးစရာမရှိဘဲ သဘောထားကိုပြောင်းပြီး လုပ်ငန်းစုကြီးများ၏ ဥက္ကဌများကိုပင် စုစည်းခေါ်ဆောင်လာကာ ကိုယ်တိုင်ကိုယ်ကျ ရှုယီကိုတောင် ကြိုဆိုနေသည်က သဘာဝကျစွာပင် ဥက္ကဌခရုစ်အား အင်မတန်ပျော်ရွှင်စေသည်။
အဘယ့်ကြောင့်ဆိုသော် သူ၏အမြင်တွင် ၎င်းက ကောင့်ထ်စတက်ဂျ်မှာ သူ၏ အတ္တကြီးသောခေါင်းကို အတင်းအကြပ် ငုံ့ထားရခြင်းကြောင့်ပင်။
၎င်းအတွက် ဥက္ကဌခရုစ်က အင်မတန် ကျေနပ်အားရနေတော့သည်။
ဥက္ကဌခရုစ်မှလွဲလျှင် အခြားဥက္ကဌများမှာ ရှုယီဝင်လာချိန်၌ အားလုံး ကြိုဆိုလိုက်ကြသည်။
မည်သူကမှ ဥက္ကဌခရုစ်နှင့် တူညီသည့်အရာကိုမလုပ်ကြပါသော်လည်း အားလုံး၏မျက်နှာထက်ရှိ အေးချမ်းသည့်အပြုံးကို သုံးသပ်ရလျှင် ၎င်းတို့အားလုံးက ကောင့်ထ်စတက်ဂျ်၏ သဘောထားရုတ်တရတ်ပြောင်းလဲသွားမှုကြောင့် စိတ်လှုပ်ရှားနေကြသည်။
အဆုံး၌ ထိုလုပ်ငန်းစုများက ဘန်တာမြို့တော်၏လုပ်ငန်းစုများပါပင်။ ကောင့်ထ်စတက်ဂျ်က ဘန်တာမြို့စားဖြစ်သည်ကြောင့် သူသာ စီးပွားရေးကို ဖိနှိပ်ဖို့ဆုံးဖြတ်ပြီး စိုက်ပျိုးရေး၌ အဓိကထားကာ ကယလုပ်ငန်းစုကြီးများအားဖိနှိပ်ပါလျှင် ထိုလုပ်ငန်းစုများက မတူညီသည့်အင်အားစုများ၏ ထောက်ပံ့မှုများကိုရနိုင်မည်ဆိုသော်လည်း ၎င်းတို့ထံ၌ ကောင့်ထ်စတက်ဂျ်ကို ပြိုင်ဆိုင်ရန် မည်သည့်နည်းလမ်းကောင်းမျှ မရှိပါချေ။
သို့သော် ၎င်းကိုပြောရလျှင် ထိုလုပ်ငန်းစုကြီးများနောက်၌ မတူညီသော အင်အားစုများရှိနေခြင်းကြောင့်သာ ကောင့်ထ် စတက်ဂျ် ၎င်းတို့အား ဖိနှိပ်ခြင်းက ထိုအင်အားစုများကို ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့စေခြင်းပါပင်။ ထို့ကြောင့် ကောင့်ထ်စတက်ဂျ်က လမ်ပူရီတိုင်းပြည်ခေါင်းမာသောအရူးအိုကြီးများအား ကိုယ်စားပြုပြီး စတက်ဂျ်မိသားစု၏ ထောက်ပံ့မှုရှိပါလျှင်တောင် ထိုအရေးကိစ္စ၌ သူဟာ အားမထည့်နိုင်တော့ဘဲ လိုက်လျောမှု တချို့လုပ်ဆောင်ရခြင်းပင်။
သို့ရာ၌ သူသာရှုယီမှလွဲ မည်သူ့ကိုမှ ကိုယ်တိုင်မကြိုဆိုပါလျှင် အတွေးတချို့ကို လှုံ့ဆော်မိသွားနိုင်၏။
ရှုယီ ခန်းမထဲသို့ ရောက်လာချိန်တွင် ရောက်လာသည့် နောက်ထပ် ဧည့်သည်အဖွဲ့သုံးစုလည်း ရောက်လာ၏။ ဧည့်သည်အားလုံးရောက်ပြီးနောက်၌ ကောင့်ထ်စတက်ဂျ်က မိန့်ခွန်းတိုလေးပြောကြားရန် စင်ထက်သို့တက်သွားပြီး ပွဲစကြောင်း ကြေညာလိုက်တော့သည်။
ဥက္ကဌခရုစ်က ချက်ချင်း ရှုယီကို ရှာဖွေလိုက်သည်။
"ဟေး၊ ဥက္ကဌရှု၊ ကျုပ်တို့ရဲ့ မြို့စားကြီးက ခင်ဗျားကို ပစ်မှတ်ထားဖို့များကြိုးစားနေတာလား?" ဥက္ကဌခရုစ်က မေးလာ၏။
"ဒါမဖြစ်နိုင်ပါဘူး။" ရှုယီက ခေါင်းကိုခါလိုက်ကာ၊ "ကျုပ်နဲ့သူအတွက် ဆက်နွယ်မှုရှိလာဖို့မဖြစ်နိုင်တာ အားလုံးအသိပါပဲ၊ ဒါကြောင့် ဘယ်သူကမှကျုပ်ကိုသံသယဖြစ်မှာမဟုတ်ဘူး။ သူဒီလိုလုပ်တာက သူ့ရဲ့ ကျုပ်အပေါ်သဘောထားကို ပြချင်ရုံသက်သက်ပါပဲ။"
"သူ့သဘောထား? သူက ခင်ဗျားကို ရုတ်တရတ်ကြီး ထောက်ပံ့လာမယ်လို့တော့ မတွေးမိဘူးမို့လား?" ဥက္ကဌခရုစ်က မေးသည်။
"ဒါက သေချာပေါက် မဖြစ်နိုင်တာပဲ။ ကျုပ်ခန့်မှန်းချက်ကို သုံးသပ်ရရင် သူက ကျုပ်လုပ်ငန်းစုနဲ့ ပူးပေါင်းပြီး အားလုံးအပေါ်မှာ ထား,ထားတဲ့ ဖိအားကို ဖြေလျှော့ချင်တာပဲဖြစ်မယ်။"
"ခင်ဗျားမှာ သူနဲ့ အလုပ်တွဲလုပ်ချင်တာ ဘာရှိလဲ"
"အဲဒါကို သူ့ကိုသွားမေးသင့်တယ်" ရှုယီက ပခုံးတစ်ချက် တွန့်ပြလိုက်သည်။ သူက ကိုယ်ကို အနည်းငယ်စောင်းလျက် နောက်က ဒယ်လီကိုထုတ်ပြလာ၏၊ "လာပါ၊ ဒီအဓိပ္ပာယ်မရှိတဲ့ ကိစ္စကို မဆွေးနွေးကြရအောင်။ သူ့ကို မိတ်ဆက်ပေးပါရစေ၊ ဒါက..."
"သခင်မလေး ဒယ်လီ, မဟုတ်လား နောက်ဆုံးတစ်ခေါက် သခင်မလေး စတေးလ် ဘန်တာမြို့တော်ကို သူမနဲ့အတူလာတဲ့အချိန်မှာ ကိုယ်တို့ တွေ့ခဲ့သေးတယ်။" ဥက္ကဌ ခရုစ်က ရှုယီကိုကြားဖြတ်ကာ အနည်းငယ်ဦးညွှတ်လျက် ဒယ်လီထံ သူ၏ညာလက်ကိုထုတ်ပေးလာ၏၊ "မင်းကိုထပ်တွေ့ရတာ အင်မတန် ဝမ်းသာမိပါတယ်၊ လှပတဲ့ သခင်မလေး ဒယ်လီ"
ဒယ်လီက အတန်ငယ်တုံ့ဆိုင်းနေပြီးမှ သူမလက်ကို ထုတ်ပေးလိုက်ပြီး ဥက္ကဌရှုကို ၎င်းအား နမ်းရှုံ့ခွင့်ပေးလိုက်၏။ သူမက ပြန်ဖြေသည်မှာ၊"ကျွန်မလည်း ရှင်နဲ့တွေ့ရတာ အင်မတန် ဝမ်းမြောက်မိပါတယ်၊ ဥက္ကဌခရုစ်။ နောက်ဆုံးတစ်ခေါက် သခင်မလေး စတေးလ် ကျွန်မကိုပြောခဲ့တာတော့ ရှင်က ဥက္ကဌရှုရဲ့ အကောင်းဆုံးတွဲဖက်တဲ့။"
ဥက္ကဌ ခရုစ်က ရယ်လိုက်ရင်း၊ "ဒါပေါ့၊ မင်းမယုံရင် ဥက္ကဌရှုကိုမေးကြည့်လိုက်။ ကိုယ်ကလွဲပြီး ဘန်တာမြို့တော်မှာ သူနဲနီးစပ်တဲ့ ဘယ်တွဲဖက် ရှာနိုင်လဲ?"
ရှုယီက အပြုံးနှင့် ပြောလိုက်သည်၊ "ဥက္ကဌခရုစ်ပြောတာမှန်တယ်။ အခု၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့ အနီးကပ်ဆုံးဆက်စပ်ရေးရှိတယ်။ ဒါပေမယ့်... အမ်ရစ်ကုန်သည်ကြီးများအသင်းက အခြားတိုင်းပြည်တွေမှာ ဖွင့်လှစ်တာနဲ့ ကျုပ်တို့ဒါကို ထိန်းသိမ်းနိုင်ပါတော့မလားတော့ မသိဘူး။"
ဥက္ကဌ ခရုစ်၏အမူအရာက ပြောင်းလဲသွားကာ ရှုယီ၏ စနောက်မှုကို ဥပေက္ခာပြုလိုက်၏။ သူ ရှုယီကို မေးလာသည်က၊ "ခင်ဗျား နျူမန်နဲ့ ဘာတွေဆွေးနွေးခဲ့လဲ?"
"တကယ်တော့ဘာမှမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီအစီစဉ်နဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူးလို့ ခံစားရတယ်။ နျူမန်က ကျုပ်ကို မထွက်ခွာခင်မှာ ခင်ဗျားတို့ရဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနဲ့ ပြည်တွင်းအလုပ်သမားတချို့ကို ခေါ်ပေးနိုင်မလားလို့တော့ မေးခိုင်းလိုက်သေးတယ်၊ ခင်ဗျားကို ထောက်ပံ့ဖို့ သူတို့အတွက် ပိုလွယ်အောင်လို့တဲ့လေ" ရှုယီကပြောလိုက်၏။
"ခင်ဗျားသူ့ကို သဘောတူခဲ့လား?"
"ဒါကပဲ ကျုပ်ခင်ဗျားကိုအခုမေးနေတာမဟုတ်လား?" ရှုယီက လက်များကို ဖြန့်ကာပြောလာသည်။
ဥက္ကဌခရုစ်က အနည်းငယ်အံ့အားသင့်သွားသည်၊ "ခင်ဗျားဘာလို့ ဒီ အဆိုပြုချက်ကိုလက်ခံခဲ့တာလဲ? ရူဒ်ဆန်တိုင်းပြည်က ပြည်တွင်းလုပ်သားတွေကိုသာ စုဆောင်းရင် ကျုပ်တို့ လုပ်ငန်းစုရဲ့နည်းလမ်းတွေ ခိုးယူခံနိုင်တာကို မသိလို့လား?"
"နည်းပညာက အားလုံးဒီမှာပဲလေ၊ ခိုးယူဖို့က အဲ့လောက်မလွယ်ပါဘူး။" ရှုယီက သူ့ခေါင်းကိုညွှန်ပြလာကာ၊ "ခင်ဗျားဦးဆောင်မှုကို ထိန်းသိမ်းချင်ရင် အကောင်းဆုံးနည်းလမ်းက နည်းပညာ ဖော်ထုတ်ခံရတာကနေ ကာကွယ်ဖို့မဟုတ်ဘူး၊ အဲ့အစား နည်းပညာအသစ်ထုတ်လုပ်ပြီး ဦးဆောင်မှုကို ထိန်းသိမ်းထားဖို့ပဲ။ မမေ့နဲ့ဦး၊ နည်းပညာဆိုတာ စက်မှုရဲ့ အခြေခံအုတ်မြစ်ပဲ။"
"ခင်ဗျားဒါကို ကြားကောင်းအောင် ပြောတတ်တာပဲ" ဥက္ကဌခရုစ်က ခါးသက်သက်ပြုံးရင်းပြောလာသည်၊ "ခင်ဗျား ဒါကို မပူတာက Frestech ကုန်သည်ကြီးများအသင်းမှာက တိုးတက်တဲ့ နည်းပညာအတော်များများရှိတယ်လေ၊ ဒါကြောင့် ခင်ဗျား တစ်ခု နှစ်ခုလေးလောက်တောင် မလွဲဘူး။ ဒါပေမယ့် ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းမှာတော့ ဦးဆောင်နေတဲ့ နည်းပညာများများစားစားမရှိဘူး၊ ကျုပ်တို့က ခင်ဗျားလို ဇိမ်ကျနေလို့မရနိုင်ဘူးလေ။"
"ခင်ဗျား ဈေးကွက်အတွက် နည်းပညာဖလှယ်ခြင်းကို ကြားဖူးလား?" ရှုယီက မေးလိုက်၏။
"ဒါက ဘာကိုပြောချင်တာလဲ?"
"ရှင်းရှင်းပြောရရင်၊ ဒါက ခင်ဗျားရဲ့နည်းပညာရဲ့ အကျိုးအမြတ်ကို လူတိုင်းကြုံတွေ့ခွင့်ပေးဖို့ ထုတ်ဖော်လိုက်တာပဲ။ လူတိုင်းကို ဒီနည်းပညာနဲ့ ထိတွေ့စေရင်း လူတွေက ဒါကို လိုအပ်လာလိမ့်မယ်။ ဒီလိုပဲ၊ ဒါက အဲဒီ့နည်းပညာအတွက် သဘာဝဝယ်လိုအားကို ဖန်တီးပေးတယ်။ ခင်ဗျား အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ လက်ရှိအခြေနေနဲ့သာဆိုရင် လမ်းကို ခင်းလိုက်လေလေ လုပ်ငန်းစုအတွက် အကျိုးများများရလေလေပဲ၊ " ရှုယီက ဆိုလိုက်၏။
ဥက္ကဌခရုစ်က ၎င်းကို ခဏမျှတွေးတောပြီး ခေါင်းငြိမ့်လိုက်သည်၊ "ခင်ဗျားပြောတာမှန်ကောင်းမှန်နိုင်ပါတယ်၊ ဒါပေမယ့် အလျင်လိုဖို့ မလိုဘူးလို့ ကျုပ်ထင်တယ်။ ကျုပ်တို့လုပ်ငန်းစုက လမ်းခင်းနေသရွေ့ လမ်းမကွန်ရက်ကို နောက်ဆုံးမှာ ပြီးသွားလိမ့်မယ်။ အဲ့လိုဆိုရင် အားလုံးက လမ်းမတွေရဲ့ အကျိုးအမြတ်ကို နားလည်ပြီး ကျုပ်တို့လုပ်ငန်းလည်း စီးပွား မကျမှာ။"
ရှုယီက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
သူနှင့်ယှဉ်လျှင် ဥက္ကဌခရုစ်ကမှ စစ်မှန်သည့်ကုန်သည်ဖြစ်၏။ သူက အမ်ရစ်ကုန်သည်ကြီးများအသင်းကို လမ်းများမြန်မြန်ခင်းကာ သူ၏အစီစဉ်များကို အလျင်အမြန်တိုးမြှင့်ရန် ကွန်ရက်ကိုပြီးစေချင်နေ၏၊ သို့သော် အမ်ရစ် ကုန်သည်ကြီးများအသင်း၏ ရှုထောင့်ကကြည့်လျှင် သူက ၎င်းကို လုပ်ဖို့ သေချာပေါက်ဆန္ဒမရှိပါချေ။
ဤကဲ့သို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ စုစုပေါင်းအမြတ်ငွေကို ချုံ့ပြီး အမြတ်သံသရာကို တိုစေခြင်းနှင့် ညီမျှသောကြောင့်ဖြစ်သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းကဲ့သို့ နှစ်ရာချီသမိုင်းနှင့် လုပ်ငန်းစုအတွက် သဘာဝကျစွာပင် ၎င်းတို့မှာ အရှည်ကို အာရုံစိုက်ကြသည်။
ရှုယီမှာ ဥက္ကဌခရုစ်အား စကားလုံးလေးများဖြင့်သာ ရှင်းပြရန်က မဖြစ်နိုင်မှန်းသေချာသိပါ၏။
သူ ဒယ်လီကို သင်ပေးလိုက်သည့် စကားလုံးများကိုသုံးရလျှင် ကုန်သည်တစ်ဦးအား လှုပ်ရှားစေနိုင်သည့် တစ်ခုတည်းသောအရာက အကျိုးအမြတ်များပါပင်။
"ဟုတ်ပြီလေ၊ ခရုစ်, သဘောတူညီချက်တစ်ခုလုပ်ရအောင်" ရှုယီက ၎င်းကိုတွေးပြီးမှ ပြောလိုက်၏။
ရှုယီက သူ့နာမည်အား"ဥက္ကဌ"ပင်မထည့်ဘဲ ပြောလာသည်ကို ကြားကာ ဥက္ကဌခရုစ်၏မျက်ခုံးများ ပင့်သွားရ၏။ သူကရှုယီပြောတော့မည့်အရာက အင်မတန်မရေးကြီးသည်ကို နားလည်သွားသောကြောင့် သူ၏အမူအရာကပင် လေးနက်လာကာ ရှုယီကို ခေါင်းငြိမ့်ပြလိုက်၏၊ "ဒါဆို ပြောလေ"
"ခင်ဗျားရဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းသာ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ စတက်တိန်း ဒက်ချီတို့နဲ့ ဆန်နက်ဖြုန်းတီးနယ်မြေတို့မှာ ငါးနှစ်အတွင်း လမ်းပြီးအောင်ခင်းနိုင်မယ်ဆိုရင် ကျုပ်က ခင်ဗျားလုပ်ငန်းစုအတွက် ကြီးမားတဲ့အလားအလာနဲ့ အမြတ်စွန်းရင်းမြစ်တစ်ခု ဖန်တီးပေးမယ်။ ဒီသဘောတူညီချက်ကို ခင်ဗျားဘယ်လိုသဘောရလဲ?" ရှုယီက မေးလိုက်သည်။
ဥက္ကဌခရုစ်က ရှုယီကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။ ရှုယီ၏ လေးနက်နေသော အမူအရာကြောင့်သာမဟုတ်ပါလျှင် သူက ရှုယီစနောက်နေခြင်းဟုသာ ထင်မိမှာပင်။
ရှုယီ၏သဘောတူချက်က ငွေ၊ နည်းပညာနှင့် ကုန်စည်များသာပါဝင်နေပါလျှင်တောင် သူက ထိုမျှထူးဆန်းသည်ဟု ခံစားရမည်မဟုတ်။ သို့သော် ရှုယီက တကယ်ကြီး သူ့လုပ်ငန်းစုအား အမြတ်စွန်းရင်းမြစ်တစ်ခုပေးလာမည်ကို ဘယ်တုန်းကမှ မတွေးခဲ့ချေ။
ဒီလိုအရာမျိုးကို လွယ်လွယ်လေးရနိုင်မယ်လို့ သူထင်နေတာများလား?
ဒီလိုကိစ္စကောင်းရှိနေမှတော့ ဘာလို့ Frestechကုန်သည်ကြီးများအသင်းက ဘာလို့ သူတို့ဘာသာ ဒါကို မသုံးကြတာလဲ?
"ဒါက ကျုပ်တို့Frestechကုန်သည်ကြီးများအသင်းဆိုတာ မှော်စက်ပစ္စည်းလုပ်ငန်းကိုပဲ အဓိကထားတာကြောင့်ပါ။ ဒီအမြတ်စွန်းရင်းမြစ်က ကောင်းပေမယ့်လည်း အနန္တအလားလာနဲ့ဆိုရင် ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ လည်ပတ်မှုနှုန်းနဲ့ဆိုင်သွားပြီး ကျုပ်က စွက်ဖက်ဖို့တော့ စိတ်မဝင်စားပါဘူး" ရှုယီက လေးနက်နေဟန်ဖြင့်ဆိုလိုက်သည်။
ဥက္ကဌခရုစ်က ရှုယီကို တဒင်္ဂမျှ ရှုပ်ထွေးစွာကြည့်လိုက်သည်၊"ကျုပ်တို့ လုပ်ငန်းစုရဲ့လည်ပတ်မှုနှုန်းနဲ့ ဆိုင်တယ်? ခင်ဗျား ဆောက်လုပ်ရေး အကြောင်းကို ပြောနေတာတော့ မဟုတ်ဘူးမို့လား?"
ရှုယီကခပ်ဖျော့ဖျော့ပြုံးလိုက်ကာ၊ "ဟုတ်တယ်လေ၊ ဆောက်လုပ်ရေးပဲ"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၅။ သားရဲမျိုးနွယ်များထံ၌ရင်းနှီးမြှုပ်နှံမှု
ဥက္ကဌခရုစ်က တွေးဆဆဟန်ဖြင့် လျှောက်ထွက်သွားသည်ကိုကြည့်ရင်း ဒယ်လီက ရှုယီအား မနေနိုင်ဘဲ မေးလိုက်၏၊ "ဥက္ကဌရှု၊ ရှင်ပြောတော့ ကုန်သည်တစ်ယောက်အတွက် အရေးကြီးဆုံးက အကျိုးအမြတ်တွေဆို? ဒါပေမယ့် ရှင်ခုနလေးတင် ဖော်ပြခဲ့တာအရ ဒီအမြတ်စွန်းရင်းမြစ်အသစ်မှာ အကျိုးအမြတ်အသစ်ကြီးကြီးရှိတယ်လေ၊ ဒါဆိုဘာလို့ ဒါကို အမ်ရစ်ကုန်သည်ကြီးများအသင်းကိုပေးမှာလဲ?"
"အကုန်လုံးကြီးကို ပေးမှာတော့မဟုတ်ဘူးလေ" ရှုယီက အပြုံးဖြင့်ဖြေလိုက်၏၊ "ဒီအမြတ်စွန်းရင်းမြစ်အသစ်မှာ Frestech ကုန်သည်ကြီးများအသင်းနဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်း နှစ်ခုလုံးအတွက် အကျိုးအမြတ်ရှိတယ်ဆိုတာကို မင်းကြားခဲ့နိုင်တယ်။ ငါတို့သာ အလုပ်တူတူလုပ်ပြီး ရလာဒ်ကောင်းရင် နှစ်ဖက်လုံး အနိုင်ရမယ်လေ။ အမ်ရစ်ကုန်သည်ကြီးများအသင်းက ပိုပြီးဝင်ငွေရမယ်ဆိုပေမယ့်လည်း ကျုပ်တို့Frestechကုန်သည်ကြီးများအသင်းအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဘာအခြေခံအုတ်မြစ်တွေမှ မရှိထားဘူးလေ။ ဒါကို ကျုပ်တို့ဘာသာ လုပ်မယ်ဆိုရင် အောင်မြင်မယ်၊ မအောင်မြင်ဘူးကိုမပြောနဲ့ဦး အချိန်နဲ့ လုံ့လကို အတော်လေးအားစိုက်ရမယ်။ ကျုပ်အတွက်တော့ ကျုပ်မှာ မရှိနေဆုံးအရာက အဲဒီ့နှစ်ခု(အချိန်နဲ့ လုံ့လ)ပဲ။"
ဒယ်လီက အနည်းငယ်တိတ်ဆိတ်နေပြီးမှ ရုတ်တရတ်ပြောလာသည်၊ "အကြီးအကဲက ရှင့်ရဲ့ဘဝသက်တမ်းကို စိတ်ပူနေတာ အံ့ဩစရာမဟုတ်တော့ပါဘူး။ ဥက္ကဌရှု၊ ရှင်သာ ကျွန်မတို့ နတ်သူငယ်တွေလို နှစ်ရာနဲ့ချီရှင်သန်နိုင်ရင် အတော်လေးကောင်းမှာပဲ။"
ရှုယီရယ်လိုက်၏၊ "ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကတော့ရှိတာပဲလေ။ ကျုပ်က လူသားတစ်ယောက်ပါ၊ ကျုပ်အနေနဲ့ လူသားတွေရဲ့ကန့်သတ်ထားတဲ့ သက်တမ်းကို လက်ခံရမှာပေါ့။ ကျုပ်အတွက် ကျုပ်လုပ်ချင်တဲ့ အရာတွေလုပ်ဖို့ အင်အားအပြည့်ရှိတဲ့ သက်တမ်းပါပဲ။ ဒါဆို ထပ်ပြီး၊ ကျုပ် အဆင့်မြင့်ဘုန်းတော်ကြီးဖြစ်လာဖို့ အခွင့်အရေးမရှိတော့ဘူးလား?"
ဒယ်လီကမည်သည်ကိုမှမဆိုပါချေ။
"ကောင်းပါပြီ၊ ခင်ဗျားလည်းသိပါတယ် ဘဝကတိုပြီး အချိန်ကအဖိုးတန်တယ်လေ၊ ကျုပ်တို့ဒီမှာပဲ အချိန်မဖြုန်းသင့်ဘူး။ လိုက်ခဲ့ပါ။"
ရှုယီက ဒယ်လီထံလက်ယမ်းပြကာ ခန်းမထဲရှိ နောက်ထပ်ဥက္ကဌတစ်ယောက်ဆီ ဦးတည်လိုက်၏။
ဒယ်လီကို ခေါ်ဆောင်သွားရခြင်းအကြောင်းရင်းမှာ ဤအခွင့်အရေးကိုသုံးလျက် ထိုပွဲမှ ဥက္ကဌတချို့နှင့် သူမကို တွေ့ဆုံနိုင်စေရန်ပင်။ ထိုလုပ်ငန်းစုကြီးများနှင့် ပူးပေါင်းရန်အခွင့်ရေးသာရပါလျှင် အဆင်ပြေမည်ဖြစ်၏။
ရှုယီကိုမျက်နှာသာပေးပြီး နတ်သူငယ်လေးကို စူးစမ်းလိုခြင်းများအကြားတွင် အခြားသောဥက္ကဌတစ်ဦးက ဒယ်လီကို စကားပြောရန် ငြင်းမည်မဟုတ်ချေ။
ဒယ်လီက ပထမကတော့ စိတ်ရှုပ်နေပါသော်လည်း မြန်မြန်ဆန်ဆန်ပင် အားလုံးနှင့်ပြောဆိုရသည်ကို အသားကျသွားခဲ့၏။
သူမအနေနှင့် ပုံမှန်ကုန်သည်တစ်ဦးကဲ့သို့ မချောမွေ့ပါသော်ငြား သူမ၏ နတ်သူငယ်ဂုဏ်ပုဒ်နှင့်အညီ သူမ၏တုံ့ပြန်မှုများက တစ်ဖက်၏ယုံကြည်မှုကိုရရန် ပိုမိုလွယ်ကူစေခဲ့သည်။
ထို့ကြောင့် စကားဝိုင်းတိုလေးအချို့နှင့်တင် ညတေးသံမျိုးနွယ်စု၏ရာဘာထုတ်ရုံနှင့် ပူးပေါင်းချင်သည့် လုပ်ငန်းစုများစွာ ရှိလာခဲ့သည်။
မှန်ပါ၏၊ ထိုလုပ်ငန်းစုများသည်လည်း အစ်မဆာရာနည်းတူ ပလက်စတစ် အနည်းငယ်လိုအပ်နေကြ၏။
၎င်းတို့အနေနှင့် ဒယ်လီမှ သင့်တော်သည့် ပလက်စတစ်ထုတ်ကုန်များပေးနိုင်သရွေ့ သဘောတူမည်ဖြစ်ပြီး ညတေးသံမျိုးနွယ်စု၏အလုပ်ရုံသို့ အမှာစာများ တင်ပေးမည်ဖြစ်သည်။
ဒယ်လီမှာ တဖြည်းဖြည်းနှင့် ထိုပတ်ဝန်းကျင်နှင့် အသားကျလာသည်ကိုမြင်သော် ရှုယီက ဘေးဖယ်နေကာ သူမတစ်ဦးတည်းရင်ဆိုင်ခွင့်ပြုလိုက်တော့သည်။
အာမန်နီကုန်သည်ကြီးများအသင်း၏ ဥက္ကဌဗင်းဆင့်ထ်မှာ ဘေးဘက်၌ မှီလျက်စောင့်နေခဲ့သည်ပင်။
ရှုယီက သူ့ကိုမြင်သော် ချက်ချင်းပင် အပြုံးတစ်ခုဖြင့် မေးလိုက်၏၊ "ဟေး၊ ဥက္ကဌဗင်းဆင့်ထ် ခင်ဗျား အခုဆန်နက်မြေရိုင်းမှာနှစ်လလောက် ထောက်လှမ်းနေရတယ် ကြားတယ်၊ ရလာဒ်က ဘယ်လိုနေလဲ?"
ထိုမေးခွန်းကိုကြားသော် ဥက္ကဌဗင်းဆင့်ထ်၏ အမူအရာက ထူးဆန်းလာကာ၊ "ကောင်းသလား ဆိုးသလားတောင်မသိတော့ပါဘူးဗျာ။ သတင်းကောင်းကတော့ ဆန်နက်မြေရိုင်းက သားရဲလူမျိုးတွေက အဝတ်တွေတကယ်ကြီးမလုပ်နိုင်ဘဲ လူအဝတ်တွေ ဝတ်ရတာကို အခွင့်သာတယ်လို့ ထင်ကြတယ်လေ၊ ဒါကြောင့် သီအိုရီအရတော့ ဒါက အင်မတန်ကျယ်ပြန့်တဲ့ ဈေးကွက်ပဲ။"
"ဒါဆို သတင်းဆိုးကဘာများလဲ?"
"သတင်းဆိုးကတော့ ဆန်နက်မြေရိုင်းရဲ့ သားရဲလူမျိုးတွေက အင်မတန်ဆင်းရဲကြတယ်ဗျာ။ သူတို့အတွက် ကျုပ်တို့လူသားတွေနဲ့ ရင်းမြစ်လေးတချို့လောက် လဲလှယ်လိုက်ရရင်တောင် ဆားတို့ တခြားလိုအပ်တဲ့အသုံးအဆောင်တွေကို ဦးစားပေးကြတယ်။ အဝတ်တွေကိုကျတော့... ကျုပ်သားရဲမျိုးနွယ်စုအတော်များများဆီသွားဖူးပြီး အဝတ်,ဝတ်ရတာကိုဂရုမစိုက်တဲ့ သားရဲလူမျိုးတွေကိုလည်း တွေ့ခဲ့တယ်။ ဝတ်လစ်စလစ်လျှောက်သွားနေတဲ့ သားရဲမျိုးနွယ်စုဝင် ဆယ်ယောက်ကျော်ကျော်လောက်ကိုတောင် မြင်ခဲ့သေးတယ်၊ ကြည့်ရတာလည်း တခြားသားရဲတွေနဲ့ ဘာမှမခြားပါဘူး။
ဥက္ကဌဗင်းဆင့်ထ်၏မျက်နှာထက်ရှိ ခါးသက်သက်အပြုံးကိုမြင်သော် ရှုယီက ခပ်ဖျော့ဖျော့ပြုံးရင်းပြောလိုက်သည်၊ "ဒါက ကျုပ်ရဲ့ ဇာတိမြို့က ဟာသကိုတောင် သတိရမိစေတယ်။ အဲ့မှာသားရဲမျိုးနွယ်စုကို ထောက်လှမ်းဖို့ အရောင်းလုပ်သားနှစ်ယောက်ပို့ခဲ့တယ်လေ။ တစ်ယောက်က ပြန်လာတဲ့အချိန်မှာ အရမ်းစိတ်ဓာတ်ကျသွားပြီး သူတို့ ဖိနပ်တွေမဝတ်ခဲ့ရကြောင်းတင်ပြတယ်။ နောက်တစ်ယောက်ကျတော့ သားရဲတွေ ဖိနပ်မဝတ်တာကြောင့် အရမ်းကောင်းတယ်ဆိုပြီး ပျော်ပျော်ရွှင်ရွှင်အစီရင်ခံလာတယ်လေ!"
ဥက္ကဌဗင်းဆင့်ထ်က ရယ်လိုက်၏၊ "ဥက္ကဌရှု၊ ခင်ဗျားကျုပ်ရဲ့ မဆုံးဖြတ်နိုင်တဲ့ခံစားချက်တွေကို ရယ်နေတာလားဗျာ?"
"ကျုပ်က ခင်ဗျားကို ဈေးကွက်တစ်ခုလိုအရာမျိုးအတွက် သတိပေးချင်ရုံပါ၊ တစ်ခုမှမရှိရင် ဖန်တီးလို့ရတယ်လေ။ ဥပမာ၊ ဗော်လာမျိုးနွယ်စုကိုကြည့်လိုက်၊ သူတို့အခု အဝတ်တွေ မဝတ်ထားကြလို့လား?" ရှုယီက မေးလိုက်သည်။
"အမှန်ပဲ။ သားရဲလူမျိုးတွေ အရင်က အဝတ်မဝတ်ကြဘူး၊ ဒါကြောင့် သူတို့ကို အဝတ်,ဝတ်ခိုင်းလို့ရတယ်။ ဒါပေမယ့် သူတို့အဝတ်,ဝတ်မယ့်နေရာကို ဖန်တီးဖို့ကလည်း ပြဿနာရှိနေသေးတယ်။" ဥက္ကဌဗင်းဆင့်ထ်က တွေးဆဆဖြင့် မျက်မှောင်ထပ်တွန့်သွားပြန်သည်။
"ကျုပ်ခင်ဗျားကို သတိပြုစရာတချို့ပေးမယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒီနှစ် ဗော်လာမျိုးနွယ်စု အနီးက အိမ်သုံးမှော်စက်ပစ္စည်းစုဝေး စက်ရုံတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့စီစဉ်ထားတယ်၊ အထူးသဖြင့် အိမ်သုံးမှော်စက်ပစ္စည်းတွေစုဝေးဖို့ပေါ့" ရှုယီကပြောလိုက်၏။
ဥက္ကဌ ဗင်းဆင့်ထ်က အံ့ဩသွားသည်၊ "ဘာဖြစ်လို့လဲ? ခင်ဗျား စုဝေးအလုပ်,လုပ်ချင်ရင် မိုးကျတောင်ကြားမှာလည်း လုပ်လို့ရတာပဲ? ခင်ဗျားဘယ်လိုပဲကြည့်ကြည့် ဆန်နက်မြေရိုင်းနဲ့စာရင် အများကြီးလည်းပိုအဆင်ပြေလုံခြုံတယ် မဟုတ်လား?"
"အဓိကအချက်က ကုန်ကျစရိတ်ပဲ" ရှုယီက ရှင်းပြလိုက်၏၊ "ဆန်နက်မြေရိုင်းကိုပြောရရင် ဒါက နည်းနည်းလောက်ဝေးတယ်လို့ အားလုံးခံစားရနိုင်ပေမယ့် တကယ်တမ်း ဒါကိုယှဉ်ကြည့်မယ်ဆို ဘန်တာမြို့တော်နဲ့ယှဉ်ရင် နိုင်ငံရဲ့မြောက်ဘက်နဲ့ ပိုနီးပြီး မြောက်ဘက်က စခ်တိုင်းပြည်နဲ့ တိုက်ရိုက်ထိစပ်နေတယ်။ နယ်မြေချောမွေ့မှုကိုပါ ပေါင်းထည့်ပြီး ကျုပ်တို့သာ လမ်းတွေဆောက်နိုင်ရင် နိုင်ငံမြောက်ပိုင်းကို ဘန်တာမြို့ကနေသွားတာနဲ့စာရင် ပိုလွယ်သွားတော့မှာ။"
"ခင်ဗျားပြောချင်တာက ဒီလိုနဲ့ လမ်းပန်းဆက်သွယ်ရေးကုန်ကျမှုကို သက်သာစေတယ်ပေါ့? ဒါပေမယ့် ဆန်နက်မြေရိုင်းကိုထိန်းချုပ်တဲ့ သားရဲမျိုးနွယ်စုမှာ အလုပ်ရုံဆောက်ဖို့ကအတော်လေး မလုံခြုံဘူးလို့ ကျုပ်ထင်တယ်။" ဥက္ကဌ ဗင်းဆင့်ထ်က ခေါင်းခါကာ ပြောလာသည်။
"ဒါဆို ကျုပ်တို့ လုပ်ငန်းစုသုံးခု မိုင်းတွင်းတွေဆောက်နေတာနဲ့ ဗော်လာမျိုးနွယ်စုနားက ကျုပ်တို့လုပ်ငန်းစုရဲ့အားပျော့သတ္တုရောစပ်တဲ့အလုပ်ရုံကရော လုံခြုံတယ်လို့ထင်လား?" ရှုယီမေးလိုက်၏။
"ဒါလည်းမလုံခြုံပါဘူး၊ မဟုတ်ရင် ကျုပ်တို့ လုပ်ငန်းစုသုံးခုအနေနဲ့ မိုင်းတွင်းနားမှာ အစောင့်တွေ အတော်များများထားမှာမဟုတ်ဘူးလေ။"
"ဒါကအခုပါပဲ။ ခဏလောက်ကြာရင် ဒါက အရမ်းလုံခြုံလာတာကို တွေ့ရလိမ့်မယ်။ တစ်ယောက်ယောက်ကသာ မိုင်းတွင်းနဲ့ အားပျော့သတ္တုရောစပ်ရုံကို တိုက်ခိုက်ရင် ဗော်လာမျိုးနွယ်စုရဲ့ဝံပုလွေလူမျိုးတွေနဲ့ အနီးနား မျိုးနွယ်စုရဲ့ သားရဲလူမျိုးတွေက ကျုပ်တို့ထက်တောင် ပိုပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ ကျုပ်အာမခံရဲတယ်။" ရှုယီက အပြုံးဖြင့်ပြောလာ၏။
"ဘာလို့လဲ?" ဥက္ကဌဗင်းဆင့်ထ်က ကြက်သေသေသွားသည်။
"အကြောင်းကတော့ဗျာ ဗော်လာမျိုးနွယ်စုကနေ ခန့်ထားတဲ့ လုပ်သားတွေတော်တော်များများရှိပြီး အနီးနားက သားရဲမျိုးနွယ်စုတွေကိုလည်း မိုင်းတွင်းနဲ့ အလုပ်ရုံမှာ ခန့်ထားသေးတယ်လေ။ မိုင်းတွင်းနဲ့ အလုပ်ရုံသာ တိုက်ခိုက်ခံရရင် သူတို့အလုပ်ထပ်လုပ်လို့မရတော့ဘဲ လစာတွေကို ထိခိုက်မယ်လေ။ ခင်ဗျားတွေးကြည့်... လူသားတွေရဲ့လုပ်ငန်းစုတွေကနေ ဆန္ဒရှိသလိုပစ္စည်းတွေဝယ်ဖို့ တိကျတဲ့လစာရနိုင်ပြီးနောက်မှာ လနည်းနည်းလောက်ပဲ သူတို့ စိတ်ကူးယဉ်ဘဝမှာ နေခဲ့ဖူးတဲ့ သားရဲမျိုးနွယ်တွေကလက်လျှော့ပြီး ဖျက်ဆီးခွင့်ပေးမတဲ့လား?"
ရှုယီ၏မျက်နှာထက်မှ ထူးထူးဆန်းဆန်းအပြုံးကိုမြင်ရသောအခါ ဥက္ကဌဗင်းဆင့်ထ်မှာ မနေနိုင်ဘဲ ဝေဝါးဝါးဖြင့်မေးလာ၏၊ "ဥက္ကဌရှု၊ ဒါက အစတည်းက ခင်ဗျားရဲ့ အစီစဉ်တော့ မဖြစ်နိုင်ဘူး မဟုတ်လား?"
ရှုယီက မတုံ့ပြန်ဘဲနေလိုက်သည်။
ဥက္ကဌဗင်းဆင့်ထ်က ခဏမျှတိတ်ဆိတ်နေပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်တော့သည်။
"ကျုပ်ခင်ဗျားပြောချင်တာကို နားလည်ပြီထင်တယ်။ ဒီသားရဲမျိုးနွယ်တွေကို တည်ငြိမ်တဲ့အလုပ်ကနေ တည်ငြိမ်တဲ့လစာရအောင်လုပ်ပြီး တည်ငြိမ်တဲ့ဘဝပေးမယ်ဆိုရင် သူတို့ရဲ့ အရင်ဘဝနေနည်းတွေဆီပြန်သွားချင်လောက်မှာမဟုတ်တော့ဘူး။ ဒါပေမယ့် ဒီလိုပဲ၊ ဒါက သားရဲမျိုးနွယ်ရဲ့အရိုင်းသဘာဝကိုဖျက်ဆီးပြီး ယဉ်ပါးအောင်လုပ်တာနဲ့ညီမျှတယ်။ ပြီးတော့ ဒါက သားရဲမျိုးနွယ်တွေကို နေ့စဉ်လိုအပ်တာတွေဝယ်နိုင်တာတွေထက် တဖြေးဖြေးပိုရလာစေနိုင်တယ်။ ဥပမာ၊ ကျုပ်တို့ အာမန်နီကုန်သည်ကြီးများအသင်းကနေ အဝတ်ဝယ်တာမျိုးပေါ့?"
ရှုယီက အပြုံးဖြင့်ခေါင်းငြိမ့်လိုက်၏၊ "မဆိုးဘူး ဥက္ကဌဗင်းဆင့်ထ်။ အခုကျုပ် ဈေးကွက်ကိုဖန်တီးလို့ရတယ်လို့ ဘာကြောင့်ပြောမှန်းသိပြီလား? ကျုပ်အကြံဉာဏ်တွေအရ အနာဂတ် သားရဲလူမျိုးတွေ အဝတ်ပဲ ဝတ်မှာတင်မဟုတ်ဘူး။ သားရဲမျိုးနွယ်မိသားစုတစ်ခုစီတိုင်း ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်ပစ္စည်းတွေကိုပါ သုံးကြလိမ့်မယ်။ ဆန်နက်မြေရိုင်းမှာ သားရဲလူမျိုးပေါင်း ငါးသိန်းကျော်ရှိတယ်၊ ဒါက ဘန်တာမြို့များစွာနဲ့ညီမျှတဲ့ ဈေးကွက်ကြီးပဲ။"
ဥက္ကဌ ဗင်းဆင့်ထ်က မနေနိုင်ဘဲခေါင်းယမ်းလျက် သက်ပြင်းချကာပြောလိုက်သည်၊ "ဥက္ကဌရှု၊ ကျုပ်တကယ်ကိုပြောရဦးမယ်၊ ခင်ဗျားက အရမ်းကိုရှေ့ကြိုတွေးတာပဲနော်။ သားရဲလူမျိုးတွေက အခု သားရဲတွေနဲ့ဘာမှမခြားဘူး၊ ဒါပေမယ့် ခင်ဗျားက ကျုပ်တို့လူသားအတွက်တောင် ဇိမ်ခံပစ္စည်းလို့ယူဆရတဲ့ မှော်စက်ပစ္စည်းတွေကို သူတို့ကိုသုံးစေချင်နေတယ်။ ခင်ဗျားရဲ့အကြံက အရမ်းပဲရှေ့ရောက်နေတာလား ရူးသွပ်တာပဲလားဆိုတာကိုတော့ ကျုပ်တကယ်ပဲ မသိတော့ပါဘူး..."
"ဟား၊ ဟား၊ တစ်ခါတလေကျရင် အရမ်းတိုးတက်နေတဲ့အကြံဉာဏ်တွေက ရူးသွပ်တဲ့ အကြံဉာဏ်တွေနဲ့ ဘာမှမခြားပါဘူး။" ရှာယီက ရယ်ရင်းပြောလိုက်သည်၊ "ကျုပ် ပညာရှင်လိုဆက်ဆံခံရမလား အရူးလိုဆက်ဆံခံရမလားဆိုတာက အောင်မြင်လား မအောင်မြင်လားပေါ်မှာပဲမူတည်ပါတယ်။ ဒါကြောင့် ဥက္ကဌဗင်းဆင့်ထ်, ခင်ဗျားကျုပ်ကိုလာမရှာခဲ့ရင်တောင် ကျုပ်က ခင်ဗျားကို လာရှာမှာပဲ။ ဘယ်လိုလဲ? ခင်ဗျားကျုပ်နဲ့တူဖို့ စိတ်ဝင်စားရဲ့လား၊ ဆန်နက်မြေရိုင်းမှာ ဝါဂွမ်းရုံတစ်ခု မြှုပ်နှံဖို့ကိုလေ? ဆန်နက်မြေရိုင်းမှာ မြှုပ်နှံတာက ကုန်ကျမှုအတော်များများသက်သာနိုင်တယ်လို့ ကျုပ်ကတိပေးပါတယ်ဗျာ။ လမ်းပန်းဆက်သွယ်ရေးကုန်ကျမှုကလွဲရင် ခင်ဗျားကိုအသက်သာစေနိုင်ဆုံးက လူသားကုန်ကျမှုပဲ။"
"အိုး? ဒါကဘာကိုဆိုလိုတာလဲ?" ဥက္ကဌဗင်းဆင့်ထ်က သိလိုဟန်ဖြင့်မေးလိုက်၏၊ သူလှုပ်ရှားသွားသည်က ရှင်းလင်းပါ၏။
"ကျုပ်တို့ရဲ့ မိုင်းတွင်းတွေမှာ လတိုင်း သားရဲလုပ်သားဘယ်လောက်ကို ကမ်းလှမ်းသလဲခင်ဗျားသိလား?" ရှုယီက မေးလိုက်သည်။
"ခင်ဗျားရဲ့အကြံဉာဏ်တွေအရ ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းရဲ့ မိုင်းတွင်းတွေက လူသားလုပ်သားတွေထက်တော့ မနည်းလောက်ဘူး မို့လား? ဒါက... ရွှေဆယ့်ငါးပြားထက်တော့ မများလောက်ပါဘူး?" ဥက္ကဌဗင်းဆင့်ထ်က ခန့်မှန်းလာ၏။
"မဟုတ်ဘူး၊ ဒါက ရွှေငါးပြားတည်းရယ်!" ရှုယီက သူ့လက်ကို ဆွဲဆန့်လိုက်သည်။
"ဒီလောက်နည်းနည်းလေး?" ဥက္ကဌဗင်းဆင့်ထ်၏ မျက်လုံးများက အံ့အားတကြီးပြူးထွက်သွားသည်၊ "ဒီသားရဲလူမျိုးတွေက ဒီလို လစာနိမ့်နိမ့်လေးကို ဘယ်လိုသဘောတူတာလဲ?"
"ဆန့်ကျင်ဘက်ပဲ၊ သားရဲလူမျိုးတွေက ဒီလစာကို အင်မတန်ကျေနပ်ကြပြီး ဥက္ကဌခရုစ်နဲ့ ဥက္ကဌ ရန်နာဆာကတောင် ဒါအတွက် ကျုပ်ကို အတော်လေးကျေးဇူးတင်နေကြတယ်။ ကျုပ်တို့Frestechကုန်သည်ကြီးများအသင်းရဲ့ အားပျော့သတ္တုရောစပ်ရုံက လုပ်သားတွေလစာဆိုပိုတောင်နည်းသေးတယ်။ တစ်လကို ရွှေဒင်္ဂါးလေးပြားနဲ့ ကျုပ်ကိုဥက္ကဌအနေနဲ့ သူတို့ရဲ့ သဘောထားတွေတောင်ပြကြသေးတယ်။ သူတို့ကျုပ်ကိုတွေ့တိုင်းအမြဲ ရိုးသားတဲ့ ဆုတောင်းတွေလည်းပေးကြတယ်။" ရှုယီက ဂုဏ်ယူနေသံဖြင့်ပြောလာသည်။
"ဒီ..." ဥက္ကဌဗင်းဆင့်ထ်မှာ အနည်းငယ်မယုံကြည်နိုင်ဖြစ်နေဆဲ၊ သို့သော် ၎င်းအားတွေးတောပြီးနောက်၌ ၎င်းက အင်မတန်ကျိုးကြောင်းသင့်သည်ကို တွေ့ရှိလိုက်ရသည်။
သားရဲလူမျိုးများက မည်သည့်ရွေဒင်္ဂါးများမှမရနိုင်ပါချေ၊ ၎င်းတို့၏ ပစ္စည်းများလဲလှယ်ပါလျှင်တောင် လူသားကုန်သည်များထံမှ သာမန်ပစ္စည်းများသာရရှိကြ၏။
ယခုတွင် ၎င်းတို့မှာ ထိုတောက်ပသော ရွှေဒင်္ဂါးများကိုရရှိနိုင်ပြီး လူသားများထံမှ လိုအပ်သည်များကို ၎င်းတို့အားအသုံးပြု၍ ဝယ်နိုင်ကာ နေထိုင်မှုအဆင့်အတန်းလည်း အတော်လေးတိုးမြင့်လာကြပြီပင်။
၎င်းတို့အတွက် လစာရနိုင်သည်ကပင် လုံလောက်နေရာ မည်သို့များ ဘန်တာမြို့ရှိ လုပ်သားများကဲ့သို့ တူညီသည့်လစာမြင့်မြင့်ကို ရနိုင်မည်နည်း?
ဥက္ကဌဗင်းဆင့်ထ်မှာ အလျင်အမြန်ပင် လစာနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ခတို့၏ ခြားနားချက်ကို တွက်ချက်ကာ အဆုံး၌ နှိုင်းယှဉ်ပြီးနောက် သူဟာ မတိုင်ခင်က ရှုယီပြောခဲ့သည့် သားရဲလူမျိုးများ၏ လစာကို အံ့အားသင့်နေသည်၊ သူသာ ဆန်နက်မြေရိုင်း၌ အလုပ်ရုံတစ်ခုဖွင့်နိုင်ပါလျှင် သူ၏ကုန်ကျမှုကို များစွာလျှော့ချနိုင်မည်ဖြစ်၏!
ထိုကောက်ချက်ဆွဲပြီးနောက် ဥက္ကဌဗင်းဆင့်ထ်၏ ရှုယီကိုကြည့်နေသည့် အမူအရာကပိုလို့ပင်ထူးဆန်းလာတော့သည်။
ဒီလူက ဒါကို ဘယ်လိုများစဉ်းစားလိုက်တာလဲ?
***
မှော်စက်မှုအင်ပါယာ
Vol3, အခန်း ၁၆။ ဒရိက်ခ်နယ်မြေ
ဥက္ကဌဗင်းဆင့်ထ်နှင့်အတူ အသေးစိတ်တချို့ဆွေးနွေးပြီးနောက် ကောင့်ထ်စတက်ဂျ်က ရှုယီကို သူမျှော်လင့်ထားသလိုဘေးသို့ စကားလာပြောရန် အခေါ်လွှတ်လိုက်သည်။
သို့သော် ရှုယီကို အံ့အားသင့်စေသည်မှာ အခန်းထဲသို့ဝင်လာပြီးနောက် ကောင့်ထ်စတက်ဂျ်မှလွဲလျှင် သူ,မသိသည့် လူနှစ်ဦးရှိနေ၏။
"လာပါ၊ ဥက္ကဌရှု၊ မိတ်ဆက်ပေးပါရစေ။ ဒီလူနှစ်ယောက်က ဒရိက်ခ်နယ်မြေ သခင်မလေး ကာရိုလင်းနဲ့ သခင်လေး အော်ဒရင်တို့ပါ။" ကောင့်ထ်စတက်ဂျ်မှာ ရှုယီဝင်လာသည်ကိုမြင်သော် ထရပ်ပြီး အခြားလူများကိုမိတ်ဆက်ပေးကာ ရှုယီကို ညွှန်ပြလျက်ပြောလိုက်၏၊ "သခင်မလေး ကာရိုလင်း, ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှုယီပါ။"
ရှုယီက ကောင့်ထ်စတက်ဂျ် မိတ်ဆက်ပေးလာကတည်းက သတိထားမိသည်၊ သူ သခင်မလေး ကာရိုလင်းကို ဦးစွာနေရာပေးသည်က သူမ၏ဂုဏ်ပုဒ်မှာ ထိုအော်ဒရင်ထက်ပိုမြင့်သည်ဟု ဆိုလိုသည်ပင်။
မျှော်လင့်ထားသလိုပင် ကောင့်ထ် စတက်ဂျ်၏ မိတ်ဆက်မှုကို ကြားပြီးနောက် သခင်မလေး ကာရိုလင်းမှာ သူမ၏ သွယ်လျလျလက်ကိုရှုယီထံကမ်းပေးရင်း တောက်ပစွာ ပြုံးပြလာ၏၊ "ဥက္ကဌရှု၊ ကျွန်မရှင့်နာမည်ကိုကြားဖူးတာကြာပါပြီ၊ ရှင်နဲ့အမြဲဆုံချင်နေခဲ့တာ။ ဒီနေ့ရှင့်ကို လူကိုယ်တိုင်တွေ့ရတော့ ကျွန်မအရမ်းဝမ်းသာပြီး ဂုဏ်ယူမိပါတယ်။"
အကြည့်များက သခင်မလေး ကာရိုလင်း၏မျက်နှာဆီရောက်သွားချိန်၌ ရှုယီ၏မျက်လုံးများမှာ တမုဟုတ်ချင်းတောက်ပသွားသည်။
စိုင်စ်နယ်မြေသို့ ရောက်ရှိပြီး ငါးနှစ်ကျော်အထိ ရှုယီမှာ မရေတွက်နိုင်သော မိန်းမလှလေးများကို မြင်တွေ့ခဲ့ရ၏။ ယင်းမတိုင်ခင်က သူဟာ စတေးလ်၏အလှနှင့် ယှဉ်နိုင်သည့် မိန်းကလေးမျိုး မတွေ့ခဲ့ဖူးပါချေ။
သို့သော် ယခုတွင် စတေးလ်အနေနှင့် ပြိုင်ဘက်တစ်ယောက်ရှိလာပြီဖြစ်၏။
ထိုသခင်မလေး ကာရိုလင်း၏သွင်ပြင်က စတေးလ်ထက် တစ်ခုလေးမျှပင် ဆိုးရွားနေခြင်းမရှိချေ။
သို့သော် သူမက စတေးလ်ထံ၌ရှိသည့် တောက်ပသောသွင်ပြင်နှင့်တော့ ခြားနားပါ၏။ ထိုသခင်မလေး ကာရိုလင်း၏မျက်နှာက အင်မတန်သိမ်မွေ့ကာ မျက်လုံးများကလည်း ရေကဲ့သို့ တည်ငြိမ်နေပြီး စတေးလ်နှင့်လုံးဝခြားနားသည့် ကျော့ရှင်းသည့်အလှကို ပေးစွမ်းနေသည်။
ရှုယီက သူမ၏လက်ကို နူးနူးညံ့ညံ့ကိုင်ရန် လက်ထုတ်ကာ အပြုံးနှင့်ဆိုလိုက်သည်၊ "ခင်ဗျားလိုမျိုး လှပတဲ့သခင်မလေးဆီကနေ ချီးမွမ်းခံရနိုင်တာက ကျုပ်ရဲ့ဂုဏ်ယူမှုပါပဲ။ ဒါပေမယ့် သခင်မလေး ကာရိုလင်း ဘာလို့ကျုပ်ကို အမြဲတွေ့ချင်နေရတာလဲဗျ?"
သခင်မလေး ကာရိုလင်းက ခပ်ဖျော့ဖျော့ပြုံးကာ ရှုယီအား လှပစွာကြည့်လိုက်သည်၊ "ဒါက ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ခဲ့တဲ့ မှော်စက်ပစ္စည်းတွေကို မြင်ခဲ့တာကြောင့်ပေါ့၊ ဒါနဲ့ ဒီလိုမှော်စက်ပစ္စည်းတွေကို တီထွင်နိုင်တဲ့လူအကြောင်းသိချင်နေခဲ့တာ။ ဥက္ကဌရှု၊ ကျွန်မတကယ်ပဲ သိချင်တာကလေ၊ ရှင် မှော်စက်ပစ္စည်းတွေကိုသုံးဖို့လွယ်အောင် ဘယ်လိုများတီထွင်ခဲ့တာလဲဟင်?"
"ဒါက... ခင်ဗျား ဒါကို ကိုးကားမှုလေးတစ်ခုလို့ ဆက်ဆံလို့ရပါတယ်" ရှုယီက ရယ်ပြီး ကောင့်ထ် စတက်ဂျ် ဘက်လှည့်လိုက်သည်၊ "မြို့စားအရှင်၊ ခင်ဗျားက ဒီကိုသီးသန့်ခေါ်ပြီး ဒီဂုဏ်ယူစရာဧည့်သည်နှစ်ဦးနဲ့ တွေ့ဖို့ ဖိတ်ထားတော့ ခင်ဗျားမှာ တစ်ခုခုဆွေးနေစရာရှိကိုရှိတာကြောင့် မဟုတ်လား?"
ကောင့်ထ် စတက်ဂျ်က မျက်ခုံးကို အနည်းငယ်တွ့န်လိုက်ပြီးမှ ဖြေလျှော့လိုက်သည်။ သူက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းငြိမ့်လျက် ရှုယီနှင့် ကျန်နှစ်ဦးကို ထိုင်ရန် ပြောလိုက်သည်။
အားလုံးထိုင်ပြီးနောက်၌ ကောင့်ထ် စတက်ဂျ်မှာ ချောင်းအသာဟန့်လျက် ရှုယီကိုပြောလာသည်၊ "ဥက္ကဌရှု၊ ကျုပ်အရင်ဆုံး ခင်ဗျားကို ရှင်းပြချက်ပေးရမယ်ထင်တယ်။ ဒီနေ့တွေအတွင်းမှာ ကျုပ်အကောင်အထည်ဖော်ထားတဲ့ စိုက်ပျိုးရေးမူဝါဒအကြောင်း ဘန်တာမြို့တဝိုက်မှာ ပြောနေကြတဲ့ ကောလဟာလတွေရှိပါတယ်၊ ခင်ဗျားတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကို တမင်ရည်ရွယ်ပြီး နယ်မြေတွေကို ဘယ်လိုသုံးဖို့ ပြန်စီစဉ်ရမလဲ ဆိုတာတွေလိုပေါ့။ ဒါက ကျုပ်ရဲ့ရည်ရွယ်ချက်မဟုတ်တာကို မြင်စေချင်ပါတယ်၊ ဒါက လူတချို့ကျုပ်ကို အထင်လွဲမိကြရုံပါပဲ။"
ရှုယီက ကောင့်ထ် စတက်ဂျ်၏ မျက်နှာထက်ရှိ ရိုးသားသောအမူအရာကိုကြည့်ကာ သူ့ကိုယ်သူ,မပြုံးဖို့တွန်းအားပေးလိုက်သည်။ သူကလည်း ရိုးသားသည့်အသံဖြင့်ပြောရန် ကိုယ့်ကိုယ်ကို တွန်းအားပေးရင်း ခေါင်းငြိမ့်လျက် ဆိုလိုက်၏၊ "ကျုပ်နားလည်ပါတယ်။ မြို့စားအရှင်သာ ကျုပ်နဲ့ Frestechကုန်သည်ကြီးများအသင်းကိုတကယ်ပစ်မှတ်ထားမယ်ဆိုရင် ကျုပ်တို့အခုလိုကောင်းကောင်းနေနိုင်ပါ့မလားဗျာ? ဒီလိုမထင်ဘူးလား၊ မြို့စားအရှင်?"
ကောင့်ထ် စတက်ဂျ်၏မျက်နှာက အနည်းငယ်တွန့်ရှုံ့သွားပြီးမှာ တစ်ချက်ရယ်လာ၏၊ "ဒါပေါ့မဖြစ်နိုင်တာ။ ဘန်တာမြို့တော်ရဲ့မြို့စားအနေနဲ့ ကျုပ်က ဒီစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုက အရေးကြီးကြောင်း ယုံကြည်ပေမယ့်လည်း ကျုပ်တို့ဘန်တာမြို့ရဲ့လုပ်ငန်းစုတွေကိုတော့ သေစေနိုင်တဲ့ ထောင်ချောက်တွေမချပါဘူးဗျာ။ ဒီလိုတစ်ခုခုမဖြစ်နိုင်တာက ရှင်းနေတာပါပဲ။ ဒါကြောင့် ဥက္ကဌရှု၊ ခင်ဗျားနားလည်ထားရမယ်၊ မဟုတ်ရင် တခြားလူတွေ အထင်လွဲမှာ။"
"ကျုပ်နားလည်ပါတယ်" ရှုယီက ခေါင်းငြိမ့်လိုက်၏။ သူက ကောင့်ထ်စတက်ဂျ်နဲ့အရေးမပါသည်များကိုပြောရန် အင်မတန်ပျင်းရိလှရကား၊ မေးရင်းနှင့်သာ ဆက်ပြောလိုက်သည်၊
"ဒါဆို မြို့စားအရှင်၊ ကျုပ်တို့ စီးပွားရေးအကြောင်းပြောကြတော့မလား?"
"ကောင်းပါပြီ၊ ဥက္ကဌရှုက အချိန်ကို အတော်တန်ဖိုးထားတာပဲ၊ ခင်ဗျားဒီလောက်အောင်မြင်နေတာ အံ့ဩမနေတော့ပါဘူး။" ကောင့်ထ်စတက်ဂျ်က ချီးကျူးလိုက်ပြီးနောက် သခင်မလေး ကာရိုလင်းနှင့် သခင်လေး အော်ဒရင်ကို ခေါင်းငြိမ့်ပြကာ ရှုယီကိုဆက်ပြောလိုက်သည်၊
"သခင်မလေးရှု၊ ကျုပ် သခင်မလေး ကာရိုလင်းနဲ့ သခင်လေး အော်ဒရင်တို့ကို မိတ်ဆက်ပေးတုန်းက သူတို့နာမည်နဲ့ လာတဲ့နေရာကိုပဲပြောခဲ့ရတယ်၊ ဒါပေမယ့် သူတို့ဂုဏ်ပုဒ်တွေမပါခဲ့ဘူး။ အခု သူတို့ကိုမိတ်ဆက်ပေးပါ့မယ်။ သခင်မလေး ကာရိုလင်းက ဒုခ်ဒရိက်ခ်ရဲ့ အငယ်ဆုံးသမီးနဲ့ သခင်လေးအော်ဒရင်က ဒရိက်ခ်နယ်မြေရဲ့ စီးပွားရေးဝန်ကြီးပါ။"
ရှုယီက အံ့ဩသွားပြီး တစ်ဖန်ထရပ်ကာ ထိုနှစ်ဦးထံရိုသေသမှုဖြင့် ဂါရဝပြုလိုက်၏။
"ဒါဆို မင်းသမီးလေး ကာရိုလင်းပေါ့၊ ကျုပ်တကယ်ကို ရိုင်းပြမိသွားပါတယ်"
မင်းသမီးလေး ကာရိုလင်းနှင့် ဝန်ကြီးချုပ် အော်ဒရင်တို့နှစ်ဦးစလုံးလဲ ထရပ်ကာ ဂါရဝပြုလိုက်ကြ၏။ မင်းသမီးလေး ကာရိုလင်းက ခပ်ဖျော့ဖျော့ပြုံးလျက်ပြောလာသည်၊ "ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ၊ ဗစ်ကောင့်ထ်ရှု၊ စိတ်ထဲထားဖို့ မလိုပါဘူး။"
ရှုယီက သူမအား မျိုးရိုးမြင့်အဖြစ်ဆက်ဆံလိုက်သောကြောင့် မင်းသမီးလေး ကာရိုလင်းမှာလည်း "ဥက္ကဌရှု"မှ "ဗစ်ကောင့်ထ်ရှု"ဟုပြောင်းခေါ်လိုက်သည်။
အော်ဒရင်ကလည်း ခေါင်းငြိမ့်လျက်ဆိုလိုက်သည်၊ "ဗစ်ကောင့်ထ်ရှု ဒါကိုစိတ်ထဲထားဖို့မလိုပါဘူး။ ပြောရရင် မင်းသမီးလေးနဲ့ကျုပ်က Frestechကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းချင်တဲ့ မျှော်လင့်ချက်နဲ့သာ ခင်ဗျားကိုတွေ့ဖို့လာတာပါ၊ ဒါကြောင့် ခင်ဗျားက 'ဥက္ကဌရှု'အနေနဲ့ဆက်ရှိဖို့ မျှော်လင့်ပါတယ်။ ကျုပ်ဆိုလိုရင်းကို နားလည်တယ် မဟုတ်လားဗျ?"
"စီးပွားရေးပူးပေါင်းမှု?" ရှုယီက ကောင့်ထ်စတက်ဂျ်ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။
ထိုကောင့်ထ်စတက်ဂျ်က ရှင်းလင်းစွာပင် Frestechကုန်သည်ကြီးများအသင်းအား ဖိနှိပ်ခဲ့ရာ အဘယ့်ကြောင့် ယခုလိုဧည့်သည်များခေါ်လာရန် လက်ဦးမှုယူနေရသနည်း?
ရှုယီ ဖတ်ရှုခဲ့သည့်ပထဝီဝင်စာအုပ်များအရ ၎င်းက ထို ဒရိက်ခ်နယ်မြေမှာ လမ်ပူရီတိုင်းပြည်၏ အရှေ့မြောက်နယ်စပ်၌ စခ်တိုင်းပြည်နှင့် နယ်စပ်မျှဝေကာ တည်ရှိသည်ပင်။ ၎င်းကို လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်အကြားရှိ နယ်မြေငယ်ဟု သတ်မှတ်နိုင်ပါ၏။
၎င်းက နယ်မြေလေးတစ်ခုသာဖြစ်ပါသော်လည်း၊ ထို ဒရိက်ခ်နယ်မြေက နှစ်ရာချီကြာ လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်အကြားက နယ်မြေအကြောလေးများ၌ ရှင်သန်ခဲ့နိုင်သဖြင့် စတက်တိန်းနယ်မြေထက် များစွာ သန်မာလေသည်၊ ၎င်းအား ကျွမ်းကျင်မှုအချို့ရှိသည့် မျိုးရိုးမြင့်မိသားစုဟုပင် မြင်တွေ့နိုင်သည်။
သို့သော် ထို ဒရိက်ခ်နယ်မြေအား လမ်ပူရီတိုင်းပြည်၏အနောက်မြောက်နယ်စပ်နှင့် ဆက်သွယ်ထားပြီး ဘန်တာမြို့မှာမူ လမ်ပူရီတိုင်းပြည်၏ အနောက်တောင်ဘက်၌ ရှိသည်ပင်၊ ထို့ကြောင့် ၎င်းတို့အကြား၌ ကီလိုမီတာ တစ်ထောင်ကွာဝေးသည်။
ထိုမင်းသမီးလေး ကာရိုလင်းနှင့် ဝန်ကြီးချုပ် အော်ဒရင်တို့မှာ ဒရိက်ခ်နယ်မြေရဲ့ အရေးပါသောလူများဖြစ်ကြသည်၊ သို့ရာတွင် ၎င်းတို့က ရှုယီနှင့်တွေ့ရန် ထိုကြာရှည်သည့်အချိန်ကို ကုန်ဆုံးကာ အကွာအဝေးအရှည်ကြီးအား ခရီးနှင်လာခဲ့သည်က အတော်လေးအရေးကြီးပုံပေါ်ပါ၏။
သို့သော်လည်း ၎င်းက ပုံမှန်စီးပွားရေးပူးပေါင်းမှုဖြစ်မည်လားကို ရှုယီက အင်မတန်သိချင်နေကာ၊ ထိုစီးပွားရေး ဝန်ကြီးကပင် အော်ဒရင်က ရှုယီနှင့် တွေ့ဆုံဖို့လုံလောက်နေပြီဖြစ်ရာ အဘယ့်ကြောင့်များ မင်းသမီးလေး ကာရိုလင်းကလည်း လိုက်လာရသနည်း?
"ကျွန်မတကယ်ပဲ ဥက္ကဌရှုယီကို ကိုယ်တိုင်တွေ့ချင်တာကြောင့်ပါ။" ရှုယီ၏မေးခွန်းရှေ့၌ မင်းသမီးလေး ကာရိုလင်းမှာ အပြုံးချိုချိုဖြင့် ပြောလိုက်သည်၊ "ကျွန်မ ငယ်ကတည်းက မှော်ပညာကို အင်မတန်စိတ်ဝင်စားခဲ့တာ၊ ဒါပေမယ့် ကျွန်မက ပါရမီမပါတော့ မှော်စွမ်းအားလည်း အမြဲ မရှိဖြစ်နေတယ်။
ဒါကြောင့် ကျွန်မ မှော်ပညာနဲ့လုပ်ထားတဲ့ အရုပ်လေးတချို့ကိုပဲ စိတ်ဝင်စားနိုင်ခဲ့တာလေ။ ကျွန်မငယ်ကတည်းက မှော်ပညာဆိုတာ အရမ်းကို ဆန်းကြယ်တယ်၊ ဒါက လူတွေ ကိုယ်တိုင်စွမ်းအားနဲ့မလုပ်နိုင်မယ့် ဆန်းကြယ်တဲ့အရာတွေကို မှော်ပညာကလုပ်ထားတာပဲလို့ စိတ်ကူးခဲ့တယ်။ အရင်က ဒီနယ်မြေမှာ ဒီလိုအရာတချို့ရှိခဲ့ပေမယ့် သူတို့ကိုသုတေသနလုပ်ဖို့တော့ ကျွမ်းကျင်မှုမရှိခဲ့ဘူးလေ၊ ဒါကြောင့် ကျွန်မအမြဲ နောင်တရနေခဲ့တာ။ ဒါပေမယ့်ရှင့်ရဲ့ Frestechကုန်သည်ကြီးများအသင်းက မှော်စက်ပစ္စည်းတွေ ထုတ်လုပ်ပေးခဲ့တာကိုလည်းမြင်ရော ကျွန်မရဲ့နောင်တတွေ ဖြည့်ဆည်းခံလိုရတာကို တွေ့ရှိသွားတယ်! ဥက္ကဌရှု၊ ကျွန်မ ဒီမှော်စက်ပစ္စည်းတွေကို မြင်ချိန်က ကျွန်မရဲ့ စိတ်လှုပ်ရှားမှုကို နားလည်နိုင်လား?"
ပြောနေရင်း မင်းသမီးလေး ကာရိုလင်းက နီးကပ်လာပြီး မျက်နှာထက်၌ စိတ်လှုပ်ရှားသည့် အပြုံးပေါ်လာသောအခါ ရှုယီက ပြုံးလိုက်၏။ သူ ခေါင်းကိုအနည်းငယ်မော့လိုက်သည်က သူငုံ့ကြည့်လိုက်လျှင် သူမရင်ဘတ်ပေါ်မှ နှင်းဖြူရောင်အသားအရည်လေးကို မမြင်အောင် ရှောင်ရှားရန်ဖြစ်၏။
"မင်းသမီးလေး ကာရိုလင်းကလည်း ကျုပ်နဲ့ တူညီနဲ့ စိတ်ဝင်စားမှုရှိမယ်လို့ မထင်ခဲ့ဖူးဘူး။ ဒီမှော်စက်ပစ္စည်းတွေလုပ်တာက ကျုပ်ငယ်ငယ်ကတွေးခဲ့တဲ့ စိတ်ကူးကလာတာပါ။ မှော်စက်ပစ္စည်းမျိုးစုံလုပ်နိုင်ဖို့က ကျုပ်နှလုံးသားထဲက အိပ်မက်ပဲ။"
မင်းသမီးလေး ကာရိုလင်းက သက်ပြင်းချလျက်ဆိုလိုလိုက်သည်၊ "ဥက္ကဌရှု၊ ကျွန်မသာရှင့်ကို ငယ်ကတည်းကတွေ့ခဲ့ရင်ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါဆို ကျွန်မတို့ တူညီတဲ့ အိပ်မက်နဲ့ ကြီးပြင်းလာပြီး မှော်စက်ပစ္စည်းတွေကို အတူလေ့လာလို့ရမှာ။"
ရှုယီက အတန်ငယ်ချောင်းဟန့်လျက် မင်းသမီးလေး ကာရိုလင်းပြောသည့်စကားလုံးများက အနည်းငယ်မရေရာဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
နောက်တစ်ခုမှာ သူက ကမ္ဘာမြေ၌ ကြီးပြင်းခဲ့ခြင်းဖြစ်၏။ မင်းသမီးလေး ကာရိုလင်းက သူနှင့်တူညီသည့်အိပ်မက်ရှိခဲ့ပါလျှင်တောင် အတူတကွ ကြီးပြင်းလာဖို့ရန်မှာ မဖြစ်နိုင်ပါချေ။
"မင်းသမီးလေး ကာရိုလင်းမှာ ဒီအိပ်မက်ရှိနေသေးရင်တော့ အခု မှော်ပညာကိုစသင်ဖို့က မဖြစ်နိုင်တာမဟုတ်ပါဘူး။" ရှုယီက ပြုံးကာ အော်ဒရင်ဘက်လှည့်လိုက်သည်၊ " သခင်လေး အော်ဒရင် ခင်ဗျားအခုနလေးတင်ပြောခဲ့တဲ့ စီးပွားရေးပူးပေါင်းမှုမှာ ခင်ဗျားအထူးသဖြင့် ဘာကို ပိုသဘောကျသလဲ?"
အော်ဒရင်က အတန်ငယ်တုံ့ဆိုင်းနေပြီးမှပြောလိုက်သည်၊ "ဥက္ကဌရှု၊ ခင်ဗျားတို့ လုပ်ငန်းစုက ရူဒ်ဆန်တိုင်းပြည်နဲ့ စတက်တိန်းနယ်မြေမှာ ပူးပေါင်းထားတယ်လို့ကြားတယ်?"
"ဟုတ်ပါတယ်၊" ရှုယီက ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို၊ ဥက္ကဌရှု၊ ကျုပ်တို့ ဒရိက်ခ်နယ်မြေက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပိုပြီး ရင်းနှီးတဲ့ ပူးပေါင်းမှုရချင်ရင်၊ ခင်ဗျားလက်ခံဖို့ ဆန္ဒရှိလား?"
"ကျုပ်က ကုန်သည်လေးတစ်ယောက်ပါပဲ" ရှုယီက ခပ်ဖျော့ဖျော့ပြုံးလျက် ဆိုလိုက်သည်၊ "လုံလောက်တဲ့ပိုက်ဆံရှိနေသရွေ့ကတော့ ရင်းနှီးတဲ့ပူးပေါင်းမှုအတွက် ပြဿနာမရှိပါဘူး။ ဒါပေမယ့် သခင်လေးအော်ဒရင်, ခင်ဗျားက အဓိက ဘယ်လို ပူးပေါင်းမှုအမျိုးအစားကိုပြောချင်တာလဲဗျ?"
"အမ်း... ကျုပ်ကြားခဲ့တာတော့ ရူဒ်ဆန်တိုင်းပြည်က ခင်ဗျားတို့ လုပ်ငန်းစုကနေ စိုက်ပျိုးရေးမှော်စက်ပစ္စည်း သောင်းနဲ့ချီမှာယူထားတယ်ဆိုပဲ။ ကျုပ်တို့ ဒရိက်ခ်နယ်မြေကနဲ့ ဒီလိုထူးဆန်းတဲ့စိုက်ပျိုးရေးမှော်စက်ပစ္စည်းတွေကို လိုနေပေမယ့်လည်း ဒါတွေကိုဝယ်ရုံနဲ့ ပြဿနာမရှင်းနိုင်ဘူးလို့ကျုပ်ခံစားမိတယ်။"
"ဒီတော့?"
"ဒီတော့ ကျုပ်က ခင်ဗျားတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံထားဖို့ ဒရိက်ခ်နယ်မြေကနေ ဒုခ်ဒရိက်ခ် ကိုယ်စားလာရတာပါ။ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေကို ထုတ်လုပ်မယ့် အလုပ်ရုံတစ်ခုကို တည်ဆောက်ဖို့တင်မကဘူး၊ ခင်ဗျားတို့လုပ်ငန်းစုကထုတ်တဲ့ မှော်ပစ္စည်းအားလုံးကို ထုတ်လုပ်မယ့် အလုပ်ရုံလည်းဆောက်ဖို့ပါ။” အော်ဒရင်က အင်မတန် ခမ်းနားနေပုံနှင့် လက်ကိုယမ်းကာပြော၏။
"ဒီအကြံက မဆိုးဘူး၊ ပြီးတော့ကျုပ်လည်း ဒီသီအိုရီကို လုံးဝသဘောတူတယ်၊ ဒါပေမယ့်..." ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း "ခိုင်မာတဲ့ စီမံကိန်းကလည်း အရမ်းလက်တွေ့ကျမနေဘူး။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၇။ ကောင့်ထ်စတက်ဂျ်၏ တောင်းဆိုချက်
၎င်းတို့သုံးဦးမှာ တစ်ချိန်တည်း ရပ်တန့်သွားကြသည်။
မင်းသမီးလေး ကာရိုလင်းက ဦးစွာ အံ့အားတသင့်မေးလိုက်၏၊ "ဘာလို့လဲ? ဥက္ကဌရှု၊ ရှင် ရူဒ်ဆန်တိုင်းပြည်နဲ့ စတက်တိန်းနယ်မြေမှာ ရင်းနှီးမြုပ်နှံဖို့သဘောတူထားပြီး၊ ဘာလို့ ကျွန်မတို့ ဒရိက်ခ်နယ်မြေမှ မမြှုပ်နှံချင်ရတာလဲ?"
"ဒါက ကျုပ်မလုပ်နိုင်တာတော့မဟုတ်ပါဘူး၊ သခင်လေး အော်ဒရင်ရဲ့အကြံက အတော်ကို လက်တွေ့မကျနေလို့ပါ။ ဒါမှမဟုတ် ဒီအခြေနေမှာမို့လို့ လက်တွေ့မကျတာလည်း ဖြစ်နိုင်လောက်တယ်။" ရှုယီက ပြောသည်။
"ဘာလို့ ဒါက လက်တွေ့မကျတာလဲ?" မင်းသမီးလေး ကာရိုလင်းက ဆက်မေးလာ၏။
"အကွာအဝေးကြောင့်ပါ" ရှုယီပြောလိုက်သည်၊ "မင်းသမီးလေး၊ သခင်လေး အော်ဒရင်, ခင်ဗျားတို့အနေနဲ့ ဒရိက်ခ်နယ်မြေနဲ့ ကျုပ်တို့လမ်ပူရီတိုင်းပြည်ကြား နယ်စပ်က ဘန်တာမြို့တော်ကနေဆိုရင် ကီလိုမီတာတစ်ထောင်နီးနီးဝေးတာကို သိကြမယ်ထင်ပါတယ်။ ဒါက အတော်ကိုဝေးလံတဲ့ခရီးဖြစ်ပြီး ကျုပ်တို့လုပ်ငန်းစုရဲ့လက်ရှိအင်အားနဲ့ဆိုရင် ဒီလိုဝေးလံတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံဖို့က အရမ်းစိတ်ချရတာမျိုးမဟုတ်ဘူးလေ။"
"ဘာလို့ ဒါက စိတ်မချရတာလဲ?" မင်းသမီးလေး ကာရိုလင်းမေးပြန်၏၊ "ရူဒ်ဆန်တိုင်းပြည်ရဲ့ မြို့တော်ဆိုလည်း တစ်ထောင်ကီလိုမီတာလောက်နီးနီးဝေးပြီး ကျွန်မတို့ ဒရိက်ခ်နယ်မြေထက် နီးနေတာမှမဟုတ်တာ။ ဘာလို့ ရူဒ်ဆန်တိုင်းပြည်မှာ မြှုပ်နှံတာကျ စိတ်ချပြီး ဒရိက်ခ်နယ်မြေမှာတော့ စိတ်မချရတာလဲ?"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်၊ "မင်းသမီးလေး၊ ရူဒ်ဆန်တိုင်းပြည်နဲ့ ကျုပ်တို့လမ်ပူရီတိုင်းပြည်တို့က နီးကပ်တဲ့မဟာမိတ်တွေပါ။ ရူဒ်ဆန်တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံတာက ဘာအန္တရာယ်မှမရှိတော့ ကျုပ်အရမ်းကို စိတ်ချတာပေါ့။"
မင်းသမီးလေး ကာရိုလင်းက မျက်မှောင်ကျုံ့လိုက်ကာ၊ "ကျွန်မတို့ရဲ့ ဒရိက်ခ်နယ်မြေက မလုံခြုံဘူးလို့ ရှင်ထင်နေတာများလား?"
"ကျုပ် ခင်ဗျားတို့ ဒရိက်ခ်နယ်မြေကို မပူပါဘူး၊ တကယ်တမ်းစိုးရိမ်တာက ခင်ဗျားတို့ရဲ့ အိမ်နီးချင်းတွေကိုပါ။" ရှုယီက အပြုံးဖြင့်ဆိုလိုက်၏။
မင်းသမီးလေး ကာရိုလင်းနှင့် အော်ဒရင်မှာ တစ်ပြိုင်တည်း နားလည်သွားကြသည်။
"ဒါဆိုရှင်က စခ်တိုင်းပြည်ကို စိုးရိမ်နေတာပေါ့လေ" မင်းသမီးလေး ကာရိုလင်းက အော်ဒရင်ကိုကြည့်ပြီးမှ ရှုယီကို ပြောလိုက်သည်၊ "ဥက္ကဌရှု၊ ကျွန်မထင်တာတော့ ရှင်ဒါကိုလုံးဝ စိတ်မပူသင့်ပါဘူး။ စခ်တိုင်းပြည်က ရှင်တို့ လမ်ပူရီတိုင်းပြည်နဲ့ ရန်သူဆက်ဆံရေးရှိပေမယ့် ကျွန်မတို့ ဒရိက်ခ်တိုင်းပြည်ကိုတွေ အမြဲဖော်ရွေခဲ့တာပါ။ ဒါက ကျွန်မတို့ရဲ့ နယ်မြေမှာ ရှင့်လုပ်ငန်းစု ရင်းနှီးမြှုပ်နှံတာကို သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။"
အော်ဒရင်ကလည်း ပြောလာ၏၊ "မင်းသမီးလေးပြောတာမှန်ပါတယ်၊ စခ်တိုင်းပြည်က ခင်ဗျားတို့လမ်ပူရီတိုင်းပြည်နဲ့ ဆန့်ကျင်နေပေမယ့်လည်း ခင်ဗျားတို့လုပ်ငန်းစု ကျုပ်တို့နယ်မြေမှာ ရင်းနှီးမြှုပ်နှံတာနဲ့ မသက်ဆိုင်ပါဘူး။ ဒါက ပုံမှန်စီးပွားရေးပူးပေါင်းမှုလေးပါပဲ၊ စခ်တိုင်းပြည်အနေနဲ့ ကျုပ်တို့ ဒရိက်ခ်တိုင်းပြည်မှာ ဒီအတွက်ကြောင့်နဲ့ ခင်ဗျားတို့ လုပ်ငန်းစုကို မရွှေ့နိုင်ပါဘူး။ သူတို့သာ ဒီလိုလုပ်ရဲမယ်ဆိုရင် ကျုပ်တို့ နယ်မြေကို ဆန့်ကျင်တဲ့လုပ်ရပ်လို့ သတ်မှတ်ရမှာပါ။ ဒါက စခ်တိုင်းပြည်အနေနဲ့ နှစ်များစွာ ရှောင်းတိမ်းလာခဲ့တဲ့အရာဖြစ်တာကြောင့် ခင်ဗျား စိတ်ပူဖို့မလိုပါဘူး။"
ရှုယီက အော်ဒရင်၏စကားလုံးများက အချက်အလက်ကျသည်ကို သိပါ၏။ ဒရိက်ခ်တိုင်းပြည်က လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်အကြားတွင် အချိန်ကြာရှင်သန်နိုင်ခဲ့ကာ အားမနည်းနေခြင်းဆိုသည်ထက် လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည် နှစ်တိုင်းပြည်စလုံးက ၎င်းတို့ကို ဆွဲထားသောကြောင့် ၎င်းတို့အနေနှင့် အလွယ်တကူ မတိုက်ခိုက်ဝံ့ခြင်းပင်။
လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့မှာ အင်အားချင်းနီးစပ်ကြသောကြောင့် ဒရိက်ခ်နယ်မြေမှ တစ်ခုနှင့်ပူးပေါင်းလိုက်သည်နှင့် မျှချေက တစ်ဘက်ကို အလေးသာကာ အခြေအနေကို ချက်ချင်းပြောင်းသွားစေနိုင်၏။
၎င်းက တစ်ဘက်ကလည်းမြင်လိုသည့်အရာမဟုတ်ပါချေ၊ ထို့ကြောင့် ဒရိက်ခ်နယ်မြေက အမြဲတစေ နှစ်ဘက်စလုံးအား ဖော်ရွေခဲ့၏။
သို့သော် ရှုယီက အော်ဒရင်၏ အဆိုပြုချက်ကိုငြင်းဆန်ရခြင်းမှာ လုံခြုံမှုပြဿနာလေးတစ်ခုကြောင့်သာ မဟုတ်ဘဲ သူသာ ဤတစ်ခေါက် ဒရိက်ခ်နယ်မြေ၌ ရင်းနှီးမြှုပ်နှံလိုက်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းအတွက် သူ၏အစီစဉ်များကို နှောင့်ယှက်သလိုဖြစ်သွားလိမ့်မည်။
သူ၏ ရေရှည်စီမံကိန်းအရ Frestechကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်၌ ဦးဆုံး ဖွံ့ဖြိုးပြီး တည်ငြိမ်သည့် အုတ်မြစ်ကို ရရန်ဖြစ်သည်။
၎င်းက ရပြီးသားဖြစ်သည်။ ကောင့်ထ်စတက်ဂျ်က အတင်းအကြပ်နှင့် Frestechကုန်သည်ကြီးများအသင်းထံလာရောက် ချိန်ရွယ်ပါလျှင်တောင် ထိုလူက သူတို့အား မည်သည်မှလုပ်နိုင်မည်မဟုတ်ချေ။
နောက်၊ ၎င်းက Frestechကုန်သည်ကြီးများအသင်းအား လမ်ပူရီတိုင်းပြည် တဝှမ်း၌ ဖွံ့ဖြိုးစေရန်ဖြစ်ကာ တိုင်းပြည်တစ်ခုလုံးကိုဖြတ်၍ မှော်စက်ပစ္စည်းစက်မှုပညာကို ဖြန့်ကျက်ပြီး လမ်ပူရီတိုင်းပြည်၏ မျက်နှာစာနှင့် တိုင်းပြည်အင်အားကို ပြောင်းလဲရန်ဖြစ်၏။
၎င်းက ယခုတွင်တော့ လမ်ပူရီတိုင်းပြည်ရှိ မရှင်းလင်းသော မူဝါဒ အခြေနေကြောင့်အဟန့်အတားဖြစ်နေသည်ပင်။
ထို့ကြောင့် ရှုယီမှာ ခြေလှမ်းအနည်းငယ်တိုး၍ အခြားတိုင်းပြည်များ၌ ရင်းနှီးမြှုပ်နှံနေခြင်းပင်။ ၎င်းက Frestechကုန်သည်ကြီးများအသင်း၏ နယ်မြေကို ကျယ်ပြန့်စေကာ စိုင်စ်နယ်မြေရှိ နေရာများစွာကို ပျံ့နှံ့သွားစေလိမ့်မည်။
ရှုယီပက ထိုခြေလှမ်းကို အင်မတန် သတိထားခဲ့ရသည်။ Frestechကုန်သည်ကြီးများအသင်းအနေနှင့် စတက်တိန်းနယ်မြေ၌ဖြစ်ဖြစ် ရူဒ်ဆန်တိုင်းပြည်၌ဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံရာတွင် အင်မတန်ဂရုထားရသည်။ မည်သည်မှဖြစ်လာမည်မဟုတ်ဟူသော အနည်းဆုံး၈၀%လောက် အာမခံချက်မရှိဘဲနှင့်တော့ ရှုယီက မြှုပ်နှံရန်ဆန္ဒမရှိပေ။
ထို့ကြောင့် Frestechကုန်သည်ကြီးများအသင်းထံ၌ ရူဒ်ဆန်တိုင်းပြည်, စတက်တိန်းနယ်မြေတို့နှင့် သဘောတူညီချက်များစွာရှိသည်ဟု ထင်ရပါသော်လည်း လက်တွေ့တွင် Frestechကုန်သည်ကြီးများအသင်းမှာ ထိုနေရာများ၌ အလုပ်ရုံများစွာ မဆောက်ခဲ့ရသေးပါချေ။
ထိုအခိုက်တွင် အဝေးမှ ဒရိက်ခ်နယ်မြေက ရုတ်တရတ်ကြီး ၎င်းတို့ထံ၌ သူ၏အင်အားအလုံးစုံနှင့် ရင်းနှီးမြှုပ်နှံပါရန် ဖိတ်ကြားလာခဲ့ရာ ရှုယီအနေနှင့် ချက်ချင်းတော့ သဘောတူမည်မဟုတ်။
သို့ရာတွင် ရှုယီက ၎င်းတို့ကို ပိတ်ပင်ခြင်းတော့မပြုချေ၊ ဒရိက်ခ်နယ်မြေက လမ်ပူရီတိုင်းပြည်နှင့် ထိစပ်နေသောကြောင့်ပင်။ Frestechကုန်သည်ကြီးများအသင်း၏ ရေရှည်စီမံကိန်းတွင် ၎င်းက သူတို့ လွှမ်းမိုးရမည့် နယ်မြေတစ်ခုဖြစ်သည်။
မင်းသမီးလေး ကာရိုလင်းနှင့် အော်ဒရင်တို့ထံရှိ ရိုးသားသော အမူအရာများကိုမြင်ရသော် ရှုယီက အနည်းငယ်တွေးကာ ပြောလိုက်သည်၊ "ဒီလိုဆိုရင်ရောဗျ၊ ကျုပ်တို့ လုပ်ငန်းစုက ခင်ဗျားတို့ ဒရိက်ခ်နယ်မြေမှာ လုံးဝကြီး မြှုပ်နှံဖို့ကျတော့ လက်တွေ့မကျဘူး၊ ဒါပေမယ့် ပူးပေါင်းမှုအသေးစားလေးတွေဆိုရင် ကိစ္စမရှိပါဘူး။ ကျုပ်ရဲ့ဇာတိမြို့က ဆိုရိုးတစ်ခုရှိတယ်၊ များများစားတာက မင်းကို ဝ'စေမယ်ဆိုတာ မမေ့လိုက်နဲ့တဲ့။ ဒါကြောင့် ကျုပ်တို့ ပူးပေါင်းမှုကို တစ်ဆင့်ချင်းပဲသွားပြီး အတိုင်းအတာတစ်ခုထိ စုဆောင်းပြီးမှ အပြည့်အဝ မြှုပ်နှံနိုင်မယ်။ ဒါပေမယ့် ဒါမတိုင်ခင်တော့ ခင်ဗျားတို့ အရမ်းစိတ်မရှည်မဖြစ်ကြဖို့ မျှော်လင့်ပါတယ်။"
မင်းသမီးလေး ကာရိုလင်းနှင့် အော်ဒရင်တို့မှာ အချင်းချင်းကြည့်လိုက်ပြီးမှ အော်ဒရင်က ခေါင်းငြိမ့်လာသည်၊ "ဥက္ကဌရှုက အင်မတန် အကျိုးကြောင်းသင့်တာကိုတော့ ကျုပ်ဝန်ခံပါတယ်။ ဒါဆို ဥက္ကဌရှု၊ ကျုပ်တို့ဘယ်ကနေ စရမယ်လို့ ခင်ဗျားထင်လဲ?"
ရှုယီက အနည်းငယ်အံ့ဩသွားသော်လည်း အလျင်အမြန် အသိစိတ်ပြန်ဝင်လာသည်။ ဖြစ်နိုင်သည်မှာ ထို အော်ဒရင်က သူ့အနေနှင့် ဒရိက်ခ်နယ်မြေ၌ အပြည့်အဝမြှုပ်နှံလောက်မည်မဟုတ်ဟု သိပြီးဖြစ်လောက်သည်။
သူက ကောင်းကင်လိုမြင့်သည့် တန်ဖိုးတစ်ခု သတ်မှတ်ပေးပြီးမှာ သင့်တော်သည့် တန်ဖိုးသို့ ချလိုက်ခြင်းဖြစ်၏။
သူက ဒရိက်ခ်နယ်မြေ၌ အပြည့်အဝ မမြှုပ်နှံခဲ့ပါသော်လည်း ဒရိက်ခ်နယ်မြေနှင့် ပူးပေါင်းဖို့ရန်တော့ သဘောတူလိုက်သည်။ ၎င်းကို နားလည်ပြီးနောက်တွင် ရှုယီက ခေါင်းခါခြင်းကိုမရပ်တန့်နိုင်တော့ချေ။
နယ်မြေတစ်ခု၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်လာသူတစ်ယောက်မှာ တကယ်တော့ Frestechကုန်သည်ကြီးများအသင်းအား ချက်ချင်း အပြည့်အဝ ရင်းနှီးမြှုပ်နှံစေချင်သည့် သွေးနွေးလူငယ်တချို့ဟုတ်မနေပါချေ။
သို့သော် ရှုယီက ဒရိက်ခ်နယ်မြေ၌ မြှုပ်နှံခြင်းကို မဆန့်ကျင်ခဲ့သဖြင့် ဤနေရာ၌ လွှမ်းမိုးမှုများများစားစားရှိမနေပါချေ။
"ကျုပ် ဒရိက်ခ်နယ်မြေအကြောင်းတော့ သိပ်မသိတာကြောင့် ဘယ်ကစရမလဲကို ကျုပ်ကစမေးရမှာပါ။ ခင်ဗျားတို့ နယ်မြေက ဘာတွေလိုအပ်တယ်၊ ကျုပ်တို့လုပ်ငန်းစုက ဘာတွေထောက်ပံ့ရမယ်ဆိုတာကို ကျုပ်တို့ဆုံးဖြတ်ပြီးရင် ကျုပ်တို့ ပူးပေါင်းမှုရဲ့ တိကျတဲ့အသေးစိတ်တွေအကြောင်းပြောကြရင်ရော?" ရှုယီ ပြန်မေးလိုက်သည်။
"ကောင်းပြီလေ" အော်ဒရင်က အပြုံးကြီးကြီးဖြင့် သဘောတူလိုက်သည်၊ "ဒါပေမယ့် ဥက္ကဌရှု၊ ဒါတွေက ကျုပ်တို့အနေနဲ့ ခင်ဗျားတို့ လုပ်ငန်းစုကို နားလည်ဖို့လည်းလိုသေးတယ်။ ဒါကြောင့် နောက်အချိန်ကာလအတွင်းမှာ မင်းသမီးလေးနဲ့ကျုပ် ခင်ဗျားကို နှောင့်ယှက်ရမယ်။"
"သေချာပေါက် ရတာပေါ့ဗျာ" ရှုယီက နွေးထွေးစွာပြုံးပြလိုက်ရင်း၊ "ကျုပ်တို့ လုပ်ငန်းစုကို ကြည့်ရှုဖို့ အဝေးကလာတဲ့ ဧည့်သည်တွေရှိနေတာကတင် ကျုပ်တို့ရဲ့ ဂုဏ်ယူစရာဖြစ်နေပါပြီ။"
"ဟုတ်ပြီလေ။ ဥက္ကဌရှု၊ မနက်ဖြန်ကစပြီး၊ ကျုပ်တို့ မိုးကျတောင်ကြားကို ကြည့်နိုင်မည်လို့ မျှော်လင့်ပါတယ်။ ခင်ဗျား အားလုံးပြင်ဆင်ထားနိုင်ဖို့လည်း မျှော်လင့်ပါတယ်ဗျာ" အော်ဒရင်ကပြော၏။
"သေချာပေါက်ကိုပေါ့"
"ဥက္ကဌရှု၊ ခဏနေမှတွေ့ကြတာပေါ့" မင်းသမီးလေး ကာရိုလင်းက ရှုယီကို လက်ပြနှုတ်ဆက်ပြီးနောက် ပြုံးနေသည့် အော်ဒရင်နှင့်အတူ အခန်းထဲမှထွက်သွားသည်။
"ခဏနေတွေ့မယ်?" ရှုယီက ရှုပ်ထွေးသွားသည်။ သူကမင်းသမီးလေး ကာရိုလင်းနှင့် အော်ဒရင်ထွက်သွားသည်ကိုကြည့်ပြီးမှ တိတ်ဆိတ်နေသည့် ကောင့်ထ်စတက်ဂျ်ဘက်ကိုလှည့်လိုက်တော့၏။ သူ့မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားရင်း တည်တည်ငြိမ်ငြိမ်မေးလာသည်၊ "မြို့စားအရှင်၊ ခင်ဗျားကျုပ်နဲ့ ဘာများပြောဖို့လို,လို့လဲဗျ?"
"ဘာမှတော့မဟုတ်ပါဘူး။ ကျုပ် ခင်ဗျားနဲ့ အကူညီလိုရုံပါ" မင်းသမီးလေး ကာရိုလင်းနှင့် အော်ဒရင်ထွက်သွားပြီးနောက်တွင် ကောင့်ထ်စတက်ဂျ်၏အပြုံးလည်း ပြယ်လွင့်သွားခဲ့သည်ပင်။ ခပ်ဖျော့ဖျော့အပြုံးတစ်စကရှိနေသေးပါသော်လည်း အေးစက်နေ၏။
"အိုး? ခင်ဗျားကျုပ်အကူညီလိုလို့လား? မြို့စားအရှင်က အရမ်းယဉ်ကျေးနေပါပြီ၊ ခင်ဗျားပြောရမှာကို ပြောပါ။" ရှုယီက ပြောလိုက်သည်။
ကောင့်ထ်စတက်ဂျ်က ရှုယီကိုကြည့်ပြီး ကန့်ကွက်ခြင်းမပြုသည်ကိုမြင်သော် ခေါင်းငြိမ့်ကာဆိုလိုက်သည်၊ "ကောင်းပြီ၊ မြို့စားအိမ်တော်ရဲ့ကိုယ်စားပြုအနေနဲ့၊ ကျုပ်မှာ... Frestechကုန်သည်ကြီးများအသင်းအတွက် တောင်းဆိုချက်တစ်ခုရှိတယ်။ အခုဘန်တာမြို့တော်က ဆောင်းဦးကောက်ရိတ်သိမ်းပွဲထဲကို ဝင်လာတော့ အရာအားလုံး ချောချောမွေ့မွေ့ပြီးစီးတာနဲ့ ဘန်တာမြို့တော်ရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းကို အာမခံဖို့ ကျုပ် Frestechကုန်သည်ကြီးများအသင်းကို ဘန်တာမြို့က စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေအားလုံး လဝက်အတွင်းမှာ ထိန်းသိမ်းထားဖို့ တောင်းဆိုပါတယ်။ တစ်ခုခုထိခိုက်မှုရှိရင်၊ လဝက်အတွင်းမှာပဲ ပြင်ဆင်တာ၊ ဒါမှမဟုတ် အစားထိုးတာကိုလုပ်ရပါမယ်။ ကျုပ်ဆိုလိုရင်းကို နားလည်ရဲ့လား?"
"ကျုပ်နားမလည်ဘူး" ရှုယီက ခေါင်းကိုခါလိုက်ရင်း၊
"မြို့စားအရှင်၊ ဘန်တာမြို့တော်က စိုက်ပျိုးရေးသုံး မှော်စက်ပစ္စည်းတွေအားလုံး Frestechကုန်သည်ကြီးများအသင်းကနေ ရောင်းထွက်ပြီးသွားတာကြောင့် သူတို့အားလုံးကို ကျုပ်တို့ လုပ်ငန်းစုက အာမခံထားခဲ့တယ်။ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေမှာ ပြဿနာရှိလာခဲ့ရင် ဝယ်သူတွေက ကျုပ်တို့ရဲ့ ဝန်ဆောင်မှုဌာနမှာ အစီရင်တင်လို့ရပါတယ်။ ကျုပ်တို့ အားလုံးကို စစ်ဆေးဖို့ မလိုဘူးလို့ထင်တယ်"
"ကျုပ်ပြောတာက၊ ဆောင်းဦး ကောက်ရိတ်သိမ်းပွဲတော်ကို ချောချောမွေ့မွေ့တိုးတက်စေတာ သေချာဖို့ပါ။" ကောင့်ထ်စတက်ဂျ်က မျက်မှောင်တွန့်လျက်ပြောလာသည်။
"ကောင်းပြီလေ၊ မြို့စားအိမ်တော်ရဲ့ တောင်းဆိုမှုဖြစ်နေမှတော့၊ ကျုပ်လည်း Frestechကုန်သည်ကြီးများအသင်းကိုယ်စားလက်ခံရမှာပေါ့။ ဒါပေမယ့်..." ရှုယီက ကောင့်ထ်စတက်ဂျ်ကို အပြုံးဖျော့ဖျော့ဖြင့်ကြည့်လျက်၊ "အပိုကုန်ကျစရိတ်ကိုတော့၊ မြို့စားအရှင်က သူတို့အတွက် ကျခံပေးမှာလားဗျ?"
ကောင့်ထ်စတက်ဂျ်က အေးစက်စက်နှာမှုတ်လိုက်ပြန်၏၊
"ဘာလဲ? ဆောင်းဦးကောက်ရိတ်သိမ်းပွဲက ဘန်တာမြို့တော်မှာ အရေးကြီးဆုံးပဲလေ၊ ခင်ဗျားတို့ Frestechကုန်သည်ကြီးများအသင်း ထောက်ပံ့မှုသေးသေးလေးတောင် မလုပ်နိုင်ဘူးလား? ဥက္ကဌရှု၊ အရေးကြီးကိစ္စတွေရှေ့မှာ၊ ခင်ဗျားရဲ့ ကုန်သည်တစ်ယောက်မျက်နှာကို မပြဖို့ အကြံပေးချင်တယ်၊ ခင်ဗျားက တိုင်းပြည်ရဲ့ မျိုးရိုးမြင့် အမှုထမ်းလည်း ဖြစ်တယ်လေ!"
ရှုယီက ပခုံးတစ်ချက်တွန့်လိုက်၏၊ "ကောင်းပြီလေ၊ ကျုပ်နားလည်ပြီ။ ကျုပ်က မြို့စားအရှင်ရဲ့ အစီစဉ်တွေကိုလက်ခံဖို့ Frestechကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုတာပါ။"
ကောင့်ထ်စတက်ဂျ်က ထပ်နှာမှုတ်လိုက်ပြီးမှ ဆက်ပြောသည်၊"ဒါထက် စာရင်းအင်းတွေအရ ကျုပ် ဘန်တာမြို့တော်မှာ ပြန်သိမ်းထားတဲ့မြေတွေပေါ် စိုက်ပျိုးဖို့ကို တွေ့ထားတယ်၊ ကျုပ်တို့အနေနဲ့ နောက်ထပ် စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်း သုံးထောင်လောက်လိုတယ်။ ကျုပ်က တစ်လအတွင်းမှာ မြို့စားအိမ်တော်ကို ကိုယ်စားပြုပြီး စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေထောက်ပံ့ဖို့ ခင်ဗျားတို့ Frestechကုန်သည်ကြီးများအသင်းကို တောင်းဆိုပါတယ်။"
ရှုယီ၏မျက်ခုံးများက မြင့်တက်သွားရင်း အသံကိုလည်းမြှင့်လိုက်၏၊ "မြို့စားအရှင်၊ ကျုပ်တို့ Frestechကုန်သည်ကြီးများအသင်းမှာ မှာယူမှုတွေများနေတော့ ဒါတွေကို ထုတ်လုပ်ဖို့ အင်မတန်ခဲယဉ်းလှပါတယ်။ လတစ်ဝက်လောက်နဲ့ မြို့စားအိမ်တော်ကိုစိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေထောက်ပံ့ဖို့ဆိုရင် အခြားမှာယူမှုတွေကိုထိခိုက်ပါလိမ့်မယ်။"
"ကျုပ်ဂရုမစိုက်ဘူး။ ဒါက မြို့စားအိမ်တော်ရဲ့ အမိန့်ပဲ၊ ခင်ဗျားလက်ခံရမယ်။" ကောင့်ထ်စတက်ဂျ် က လက်ယမ်းကာပြောလိုက်၏။
ကောင့်ထ်စတက်ဂျ်က ကျိုးကြောင်းမဆီလျော်သော အမိန့်ပေးလာသည်ကိုမြင်သော် ရှုယီက သက်ပြင်းချလျက် ထိုင်ခုံနောက်ကို မှီလိုက်သည်။
သူက ကောင့်ထ်စတက်ဂျ် ကိုကြည့်လျက် အပြုံးဖြင့်မေးလိုက်သည်၊ "ဒါဆို ကျုပ် မြို့စားအရှင်ကိုမေးလို့ရမလား၊ ဒီ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်ကိုလည်း ကျုပ်တို့ Frestechကုန်သည်ကြီးများအသင်းကပဲ ပေးရဦးမှာလား?"
ကောင့်ထ်စတက်ဂျ်၏ မျက်နှာက တွန့်ရှုံ့သွားပြီး အံကြိတ်ကာပြောလိုက်၏၊ "ဟင့်အင်း၊ ဒီစိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းသုံးထောင်အတွက်ကိုတော့ မြို့စားအိမ်တော်က ပေးမယ်။"
ရှုယီမျက်နှာထက်က အပြုံးမှာ တမုဟုတ်ချင်း ပိုလို့ပင် နက်ရှိုင်းလာတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol3, အခန်း ၁၈။ တစ်စုံတစ်ဦး၏ အိမ်၌ နေထိုင်ခြင်း
ကြယ်ကြွေအိမ်ရာမှာ ညအချိန်၌ အင်မတန်တိတ်ဆိတ်လှပါသော်လည်း ဒီညမှာတော့ အခြားညများ၏ သေလုအောင်တိတ်ဆိတ်မှုနှင့် ခြားနားပေသည်။ နွေရာသီနှင့်ပါလာသော ကြယ်ကြွေအိမ်ရာအပြင်ဘက်မှ အင်းဆက်များ၏ အသံများသာမက အိုးများဖွင့်သည့်အသံများနှင့် ထိုအိုးများထဲ၌ အစားအစာချက်ပြုတ်ေနေသံများလည်း ရှိပေ၏။
ဗီဗီယန်, လဇ်နှင့် လင်ဒါတို့မှာ ပုံမှန်ထက် ၂နာရီနောက်ကျနေသော တစ်နပ်စာကို ချက်ပြုတ်ရာ၌ အာရုံစိုက်ထားကြသည်။
၎င်းတို့ အင်မတန်နောက်ကျမှ ချက်ပြုတ်ရခြင်းအကြောင်းမှာ ယနေ့တွင် ရှုယီက မိုးကျတောင်ကြားမှ ပြန်လာမည်ဖြစ်သောကြောင့်ပင်။
သူက မြို့စားအရှင် လက်ခံကျင်းပသည့် ပွဲသို့ သွားရသေးသည် ဆိုသော်လည်း သူ ပွဲ၌ များများစားစား စားမလာကြောင်း ဗီဗီယန်နှင့် ကျန်သူများကို ဆက်သွယ်ပြောထားခဲ့သည်၊ ထို့ကြောင့် သူ၏အစာအိမ်ကိုဖြည့်ရန် ပြန်လာရခြင်းပါပင်။
ထို့ကြောင့် ဗီဗီယန်နှင့် ကျန်သူများမှာ ၎င်းတို့၏ညစာကိုပြင်ဆင်ပြီး အချိန်ကို တွက်ချက်ခဲ့ကြသည်။ မြို့စားအိမ်တော်၏ပွဲ အဆုံးသတ်ခါနီး၌ ညစာကို ချက်ပြုတ်ကြတော့၏။
ဥက္ကဌ ခရုစ်က ရှုယီအား ထို ကြယ်ကြွေအိမ်ရာကို သူနှင့် စတေးလ်တို့၏ စေ့စပ်ပွဲအတွက် လက်ဆောင်အနေနှင့်ပေးကာ လက်ထပ်ပြီးနောက်၌ ၎င်းတို့၏ အိမ်တော်အဖြစ် သတ်မှတ်ထားကြပါသော်လည်း ဤလ၌ စတေးလ်နှင့်ရှုယီမှာ မိုးကျရွာတွင် အများဆုံးအချိန်ကုန်ခဲ့၍ ဤနေရာ၌ မနေခဲ့ရချေ။
ဗီဗီယန်မှာ ဘာရွန် ရစ်တိုမှော်ကျောင်းတော်၌ စာလေ့လာနေခြင်းကြောင့် သူမအတွက် ရှုယီနှင့်အတူ ၆၀ကီလိုမီတာကို နေ့တိုင်းသွားရန် အဆင်မပြေလှပါချေ၊ ရှုယီက သူမကို ဤနေရာ၌ နေစေခဲ့သည်။ သူက စတက်တိန်းနယ်မြေမှ အစေခံမလေးနှစ်ဦး လဇ်နှင့် လင်ဒါတို့ကို သူမနှင့်အတူ နေစေခဲ့သည်။
သုံးယောက်သား ကြယ်ကြွေအိမ်ရာ၌ တစ်လကျော်နေခဲ့ကြ၏။ ၎င်းတို့အနေနှင့် အတော်လေးသက်သာချောင်ချိစွာ နေခဲ့ကြသည်ပင်။
"ဟေး၊ အက်ဂ်နက်စ်, မင်းထွက်ပြီး သခင်လေးပြန်လာကြောင်းကြည့်ပြီးပြီလား?" ဗီဗီယန်က အစားစာများချက်ပြုတ်ပြီးသည်ကိုမြင်သော် ဟင်းပွဲလုပ်ခြင်းမှ တားမြစ်ခံထားရသည့် တံခါးနားမှအက်ဂ်နက်စ်ကို လှမ်းမေးလိုက်သည်။
အက်ဂ်နက်စ်က အပြင်ဘက်က အမှောင်ထုကိုကြည့်ပြီး သူမလုံးဝဝင်မကူညီနိုင်သည့် မီးဖိုချောင်ဘက်သို့ ပြန်ကြည့်လိုက်၏။ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက်တွင် သူမက သဘောတူလိုက်သည်။ သူမ ပြန်လှည့်မည်အပြု သူမ၏ ခပ်ချွန်ချွန်နားရွက်လေးများက ရုတ်တရတ် ထောင်သွားကာ ပျော်ရွှင်ဟန်ထုတ်ပြလာသည်၊ "ဥက္ကဌက ပြန်ရောက်နေပြီ" ခဏကြာသော် သူမက ရုတ်တရတ် သံသယအပြည့်ဖြစ်သွားကာ၊
"ထူးဆန်းတယ်၊ သူတစ်ယောက်တည်း မဟုတ်ပုံပဲ။"
"ဒီလိုလား? သခင်လေးက ဧည့်သည်တချို့ပါ ခေါ်လားသေးတာလား?" ဗီဗီယန်က မီးဖိုချောင်ထဲရှိ ပိုလျှံနေသော စားဖွယ်များကိုကြည့်လိုက်ပြီး စိတ်ပူမနေပါချေ။ ထို့နောက် မေးလိုက်၏၊ "လူဘယ်နှယောက်လဲဆိုတာကို ကြားရလား?"
အက်ဂ်နက်စ်၏ အမူအရာက ပိုလို့ပင် သံသယဟန်ပေါ်လာကာ၊ "ဧည့်သည်က တစ်ယောက်တည်း၊ ခြေသံတွေကို သုံးသပ်ကြည့်ရရင်၊ မိန်းကလေးတစ်ယောက်ဖြစ်မယ့်ပုံပဲ။"
"မိန်းကလေးတစ်ယောက်?" ဗီဗီယန်သည်လည်း ဤတစ်ခေါက်၌ အနည်းငယ် စူးစမ်းလိုသွားကာ၊ "အစ်မစတေးလ်က အန်ဗီမာမြို့ကို စတေးရှားရဲ့အုပ်စုနဲ့အတူသွားတယ်၊ သခင်လေးက ဘယ်မိန်းကလေးကို ခေါ်လာတာဖြစ်မလဲ?"
"ငါမသိဘူး" အက်ဂ်နက်စ်က ခေါင်းခါလိုက်သည်။ အနည်းငယ်တွေးပြီးနောက် သူမက ခန့်မှန်းလိုက်ကာ၊ "ဖြစ်နိုင်တာက ဥက္ကဌမှာ ချစ်သူအသစ်ရှိနေတာများလား? ဒီလိုအရာတွေက လူသားတွေအတွက် အရမ်းကို ပုံမှန်ဖြစ်လွန်းတယ်လို့ ငါကြားဖူးတယ်။"
"ဖြစ်နိုင်တယ်..."ဗီဗီယန်က အနည်းငယ်တုံ့ဆိုင်းဟန်ဖြင့်၊
"ဒါပေမယ့် သခင်လေးက ဒီလိုလူမျိုးမဟုတ်ဘူးလို့ ငါခံစားရတယ်..."
အတန်ငယ်တွေးတောပြီးနောက်တွင် ဗီဗီယန်က ခေါင်းကိုခါလျက်၊ "အဲ့လောက်လည်း ကိစ္စမရှိပါဘူး။ ဒါကသခင်လေးရဲ့ ချစ်သူဖြစ်နေရင်တောင် သူတို့က ဧည့်သည်တစ်ယောက်ပဲလေ။ လဇ်, လင်ဒါ၊ နင်တို့နေပြီး ဟင်းပွဲတွေ လက်စသတ်လိုက်လို့ရတယ်။ အက်ဂ်နက်စ်၊ ငါတို့က သခင်လေးကို ထွက်ကြိုရမယ်။"
ဗီဗီယန်နှင့် အက်ဂ်နက်စ်မှာ အိမ်ရာ၏ ဝင်ပေါက်သို့ရောက်လာသော် အမှောင်ထဲမှ အရိပ်နှစ်ခု လျှောက်လာပြီး ဝင်ပေါက်က မှော်မီးအလင်းရောင်အောက်သို့ ဝင်လာသည်ကို မြင်လိုက်ရ၏။
ဗီဗီယန်၏မျက်လုံးများက ရှုယီဆီကျရောက်သွားပြီး သူ့ဘေးမှ မင်းသမီးလေး ကာရိုလင်း ဆီရောက်သွားရာ ထိတ်လန့်မှုဖြင့် မျက်လုံးများပြူးလျက် အာမေဋိတ်ပြုလိုက်မိသည်၊ "ဝါး၊ ဒီမိန်းကလေးက တကယ်ကို အစ်မ စတေးလ်လိုလှတာပဲ။ သူမက တကယ်ပဲ သခင်လေးရဲ့ ချစ်သူဖြစ်နိုင်လောက်လား?"
အက်ဂ်နက်စ်က မင်းသမီးလေး ကာရိုလင်းကိုကြည့်လိုက်သော်လည်း သံသယဝင်ပုံရှိနေဆဲပင်၊ "ဒီလိုလား? ကျွန်မဘာလို့ သူမက သခင်မလေး စတေးလ်လိုသန့်စင်တယ်လို့ မခံစားရတာပါလိမ့်။ ကျွန်မတို့လုပုလေးမျိုးနွယ်တွေရဲ့ အလှအပခံစားမှုနဲ့သုံးသပ်ရရင် ဒီမိန်းကလေးက လုံးဝမလှနေဘူး။ ဥက္ကဌရဲ့မျက်လုံးတွေက ဒီလောက်ထိ ဆိုးရွားနေတာများလား?"
ဗီဗီယန်က အက်ဂ်နက်စ်ကို တအံ့တဩကြည့်လိုက်ပြီး ရှုယီနံဘေးက စတေးလ်လိုမျိုးလှပသော မိန်းကလေးအပေါ် အဘယ့်ကြောင့် ထိုသို့သဘောထားမျိုးရှိနေရသည်ကို နားမလည်ပါချေ။ စတေးလ်က ချက်ချင်းပင် နတ်သူငယ်များနှင့် လူသားများ၏အမြင်က ကွဲပြားနေသည်ကို တွေးမိသောကြောင့် သူမနှင့် မငြင်းနေတော့ဘဲ ရှေ့ထွက်ပြီးသာ နှုတ်ဆက်လိုက်သည်။
သခင်လေး၊ ပြန်လာပြီပဲ" ဗီဗီယန်က ရှုယီအား အပြုံးချိုချိုလေးဖြင့် ပြောလိုက်သည်။
"အန်း" ရှုယီက ခေါင်းငြိမ့်လိုက်၏။ သူက သူမနောက်မှလိုက်လာသည့် အက်ဂ်နက်စ်ကိုကြည့်လျက် ထူးဆန်းနေသံဖြင့်မေးလိုက်သည်၊
"အက်ဂ်နက်စ်, မင်းဒီနေ့ ဘာလို့ရောက်နေတာလဲ? မင်း အရင်ရက်တချို့ကပဲ ဆန်နက်မြေရိုင်းမှာ ရောက်နေတာမဟုတ်ဘူးလား?"
"ဆန်နက်မြေရိုင်းက ကိစ္စကို ဂရုစိုက်ပြီးပါပြီ၊ ဒါကြောင့် အစီရင်ခံဖို့ ပြန်လာတာပါ။" အက်ဂ်နက်စ်က အပြုံးလေးဖြင့် ဖြေဆိုကာ မင်းသမီးလေး ကာရိုလင်းထံခေါင်းငြိမ့်ပြလိုက်သည်၊
"ဥက္ကဌ၊ ဒီလူသားသခင်မလေးက ဘယ်သူများလဲ?"
ဗီဗီယန်၏မျက်နှာထက်ရှိ သိလိုဟန်ကိုမြင်သော် ရှုယီက သူမအား ထိုနှစ်ဦးနှင့် မိတ်ဆက်ပေးလိုက်သည်။ "ဒါက ဒရိက်ခ်နယ်မြေရဲ့ မင်းသမီးလေးကာရိုလင်းပါ။ သူမက ဒီကို ဒရိက်ခ်နယ်မြေနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ကြား ပူးပေါင်းတဲ့ကိစ္စကို ဆွေးနွေးဖို့ လိုက်လာတာပါ။"
အက်ဂ်နက်စ်က ခေါင်းငြိမ့်လိုက်ပြီး မည်သည့် ထူးခြားသော တုံ့ပြန်မှုကိုမှမပေးပါချေ။ ဗီဗီယန်ကို ထိုမိန်းကလေးမှာ တကယ်တမ်း မင်းသမီးလေးဖြစ်သည်ကို ကြားပြီးနောက်တွင် ကူကယ်ရာမဲ့စွာဖြင့် ဒူးကိုကွေးလျက် ဦးညွတ်အရိုအသေပေးလိုက်သည်။
ရှုယီက သူမကို ဖမ်းဆွဲလျက် မျက်မှောင်တွန့်ကာပြောလိုက်၏၊
"ဗီဗီယန်, ငါမင်းကိုပြောထားတာကို တစ်ချိန်လုံးမေ့နေတာလား?"
ဗီဗီယန်က အံ့ဩကာ မျက်နှာပင်နီရဲသွား၏။ သူမ ခေါင်းကိုငုံ့လျက် အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်၊ "တောင်းပန်ပါတယ်၊ သခင်လေး၊ ကျွန်မမေ့သွားလို့။"
ရှုယီက ခေါင်းကိုခါလျက် အနည်းငယ်ရှုပ်ထွေးသွားသော မင်းသမီးလေးကာရိုလင်းဘက်ကို လှည့်ကာပြောလိုက်သည်၊ "မင်းသမီးလေး၊ ဒီနတ်သူငယ်မလေးကို အက်ဂ်နက်စ်လို့ခေါ်ပါတယ်၊ သူမက ကျုပ်တို့Frestech ကုန်သည်ကြီးများအသင်းရဲ့ ဒီဇိုင်းရေးဆွဲသူပါ၊ သူမကတော့ ဗီဗီယန်, သူမကလည်း ကျုပ်တို့လုပ်ငန်းစုက ဒီဇိုင်းရေးဆွဲသူပါပဲ။ ကျုပ်တို့ရဲ့ အိမ်သုံးမှော်စက်ပစ္စည်းတွေအများစုကို သူတို့နှစ်ယောက်အတူတူ ဒီဇိုင်းရေးဆွဲပေးခဲ့တာပေါ့။"
မင်းသမီးလေး ကာရိုလင်းက အက်ဂ်နက်စ်နှင့် ဗီဗီယန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊ "ဘုရားရေ၊ ကျွန်မအမြဲတမ်း ဒီလိုလှပတဲ့ မှော်စက်ပစ္စည်းတွေကို ဘယ်သူကများ ဒီဇိုင်း ဆွဲခဲ့သလဲ တွေးနေတာ၊ ဒါပေမယ့် ဒီလို လှပတဲ့ နတ်သူငယ်မိန်းကလေးတစ်ယောက်နဲ့ ချစ်စရာ လူသားမိန်းကလေး လုပ်ခဲ့တာလို့ ထင်မထားခဲ့ဖူးဘူး။ ဒါက တကယ်ကို အံ့ဩစရာပဲ!"
အက်ဂ်နက်စ်ကတော့ တကယ်ကြီး တုံ့မပြန်သော်လည်း ဗီဗီယန်၏မျက်နှာမှာမူ နီရဲကာ မည်သည့်စကားမှမဆိုပါချေ။
"မင်းသမီးလေး၊ မင်း နတ်သူငယ်တစ်ယောက်ကိုမြင်တာ အံ့ဩမသွားပါလား? ဒရိက်ခ် နယ်မြေမှာလည်း နတ်သူငယ်တွေကို မကြာခဏမြင်ရလို့များလား?" ရှုယီက မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ကျွန်မတို့ နယ်မြေမှာ နတ်သူငယ်တွေကို တွေ့ခဲ့တာ နှစ်ရာနဲ့ချီကြာနေပါပြီ။"
မင်းသမီးလေး ကာရိုလင်းက ခေါင်းကိုခါလိုက်ရင်း၊ "ဒါပေမယ့် ကျွန်မ ဒီ မှော်စက်ပစ္စည်းအသစ်တွေကို မြင်ကတည်းက Frestech ကုန်သည်ကြီးများအသင်းနဲ့ ဥက္ကဌရှုကို အာရုံစိုက်လာခဲ့တာကြောင့် ရှင့်ရဲ့လုပ်ငန်းစုက နတ်သူငယ်တွေနဲ့ နီးစပ်တာကို သိတယ်လေ။ ရှင် အတော်များတဲ့ နတ်သူငယ်တွေကိုတောင် အလုပ်ခန့်ထားတော့ ကျွန်မ သူတို့ကိုတွေ့ရတာ မအံ့ဩတော့ဘူးလေ။ ဒါပေါ့၊ ဒါက ကျွန်မရဲ့ပထမဆုံး နတ်သူငယ်စစ်စစ်ကို မြင်ရတဲ့အချိန်ပဲ၊ ဒါကြောင့် ကျွန်မ တကယ်ကိုအရမ်း အံ့ဩမိပါတယ်။"
"ဒီလိုလား?" ရှုယီက ရယ်လိုက်၏။ သူဟာ မင်းသမီးလေးကာရိုလင်းကို ဖိတ်ကြားလိုက်တုန်းက ထိုမျှ ဂရုမစိုက်ခဲ့ပါချေ။
လဇ်နှင့် လင်ဒါတို့က ထိုအချိန်၌ ညစာပြင်ဆင်ပြီးဖြစ်၏။ စားပွဲထက်ရှိ ဟင်းပွဲများကိုမြင်သော် ရှုယီက သူမအားဖိတ်ကြားလိုက်ရာ မင်းသမီးလေး ကာရိုလင်းက မြို့စားအိမ်တော်၏ပွဲ၌ များများစားစားမစားခဲ့ရသဖြင့် ထို အရသာရှိပုံပေါ်သည့် ဟင်းပွဲများက အရသာရှိဖို့ မျှော်လင့်သည်ဟု ပြောလာ၏။
သဘာဝကျစွာပင် ရှုယီက မငြင်းဆန်ဘဲ မင်းသမီးလေး ကာရိုလင်းကို ခုံဆွဲပေးလိုက်၏။
လက်ရှိတွင် မင်းသမီးလေး ကာရိုလင်းကဲ့သို့ အပြင်လူရှိနေသောကြောင့် ခံစားချက်က နည်းနည်း လျော့ကျနေသည်။
သို့သော် မင်းသမီးလေး ကာရိုလင်းက လူများနှင့် အတော်လေးအဆင်ပြေရကား လွယ်ကူစွာပင် စား,ပွဲ၏လေထုကို ပြောင်းလဲကာ ဗီဗီယန်ကို မည်သို့ မှော်စက်ပစ္စည်းဒီဇိုင်းများရေးဆွဲကြောင်းမေးနေလေသည်။
ထို နောက်ကျသည့်ညစာက ပျော်ရွှင်ဖွယ်လေထုနှင့် အဆုံးသတ်သွားသည်။ ထို့နောက် ရှုယီက မင်းသမီးလေးကာရိုလင်းကို ဧည့်သည်ခန်းရှာလျက် လဇ်အား သူမအတွက် အဝတ်တချို့နှင့် ရေချိုးရန် ပြင်ပေးစေ၏။
မင်းသမီးလေး ကာရိုလင်း ထွက်သွားချိန်တွင် ဗီဗီယန်က ရှုယီကို သိလိုဟန်ဖြင့်မေးလိုက်သည်၊ "သခင်လေး? ဒီမင်းသမီးလေးက သခင်လေးရဲ့ ချစ်သူလား?"
ရှုယီက ပါးစပ်အပြည့်သောက်ထားသည့်ရေကိုပင် ထွေးထုတ်မိသွားကာ ဗီဗီယန်ကိုထိတ်လန့်စွာကြည့်လျက် ပြန်မေးလိုက်၏၊ "ဘာချစ်သူလဲ? ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ?"
ဗီဗီယန်က စိတ်ဓာတ်ကျနေဟန်ဖြင့်၊ "သူမက သခင်လေးရဲ့ ချစ်သူမဟုတ်ရင်၊ ဘာလို့ အိမ်တော်ကို နှစ်ယောက်တည်း အတူပြန်လာရတာလဲ? ဒါက အရမ်းမထူးဆန်းနေဘူးလား?"
"မင်းတင်မဟုတ်ဘူး၊ ငါလည်း ဒါက ထူးဆန်းတယ်လို့ ခံစားနေရတာ။" ရှုယီက လက်ကို ယမ်းလိုက်သည်။
ဆွေးနွေးမှုပြီးနောက် မင်းသမီးလေး ကာရိုလင်းက ရှုယီကို ခဏနေပြန်တွေ့မည်ဟု ပြောသွားသည်။ သူက ဆိုလိုရင်းကိုနားမလည်ခဲ့သော်လည်း ကောင့်ထ်စတက်ဂျ်နှင့် ပြောအပြီး ကြယ်ကြွေအိမ်တော်သို့ ပြန်နားရန် ဦးတည်လာစဉ်တွင် မင်းသမီးလေးကာရိုလင်းက ကောင့်ထ်စတက်ဂျ်နှင့်အတူပေါ်လာခဲ့၏။ ထို့နောက် ရှုယီက အံ့ဩသွားသည်မှာ သူမက ရှုယီ၏အိမ်တော်၌ ညလိုက်နေနိုင်ဖို့ မျှော်လင့်နေခြင်းပင်။
သူမထိုအချိန်ကပေးသည့် အကြောင်းပြချက်မှာ ၎င်းတို့၏ ပူးပေါင်းမှု အသေးစိတ်လေးများကို ဆွေးနွေးရန်ဟုပင်၊ ထို့ကြောင့် ရှုယီက မည်သည်ကိုမှ မဆိုဘဲ သဘောတူလိုက်၏။
သို့သော် သူမတစ်ယောက်တည်း သူ၏ မြင်းလှည်းထဲဝင်လာပြီး အော်ဒရင်ပါမလာသည်ကိုမြင်ချိန်၌ ရှုယီက ယောက်ျား မိန်းမအကြား ကိစ္စကို အရေးမစိုက်ပါလျှင်တောင် ထိုသို့သော ပြဿနာမျိုးရှိကြောင်းကို သူသိသည်ပင်။
သို့သော် ဤသည်က သူနှင့် မင်းသမီးလေးကာရိုလင်းတို့၏ ပထမဆုံးတွေ့ဆုံခြင်းဖြစ်ရာ သူမက အဘယ့်ကြောင့် ထိုသို့ ပြုမူရသနည်း။
ရှုယီမှာ သူ့ကိုယ်သူ ဆွဲဆောင်မှုရှိသည်ဟု မထင်ပါ၊ သူက မင်းသမီးလေးတစ်ယောက်အား တစ်ခါလေးတွေ့ရုံနှင့် လိုက်လာစေနိုင်သည့် နေရာမျိုးတွင် ရှိနေသူမဟုတ်ပါချေ။
"ဒါဆို သခင်လေးဒီညဘာလုပ်မှာလဲ?" ဗီဗီယန်က အနည်းငယ်အံ့ဩသွား၏၊ "သူမက ချစ်သူမဟုတ်ရင် အစ်မစတေးလ်က သူမကို အိမ်ခေါ်လာကြောင်းသိသွားရင် သေချာပေါက် မပျော်မရွှင်ဖြစ်သွားမယ်လို့ ကျွန်မထင်တယ်။"
ရှုယီကလည်း ကြောင်အနေပြီးမှ ပြန်မေးလိုက်၏၊ "မင်းပြောချင်တာက သူမသာ ငါ့ချစ်သူဆိုရင်တော့ စတေးလ်က ပျော်နေမှာလို့လား?"
"ဟုတ်တယ်လေ၊ သခင်လေးရဲ့ ပုံစံနဲ့ဆိုရင် ချစ်သူမရှိတာမှ ထူးဆန်းနေမယ်။" ဗီဗီယန်က ပုံမှန်လိုပြောလိုက်သည်၊ "အစ်မစတေးလ် ကျွန်မကိုနောက်ဆုံးတစ်ခေါက် ပြောခဲ့တာတော့ သခင်လေးသာ ချစ်သူတွေ့မယ်ဆိုရင် သူမသေချာပေါက်ပျော်မှာပဲတဲ့ မဟုတ်ရင် ရှက်စရာကောင်းမယ်တဲ့။ ဒီ မင်းသမီးလေး ကာရိုလင်းက အရမ်းလှတော့ အစ်မစတေးလ်အနေနဲ့ အရမ်းကျေနပ်မယ်လို့ထင်ပါတယ်။"
"ဘာအဓိပ္ပာယ်မရှိတာလဲ" ရှုယီက လက်ယမ်းလျက်၊ "စတေးလ်က မင်းကို နောက်နေတာပါ။ ငါသာတကယ် ချစ်သူတစ်ယောက်ရှာတွေ့ရင် စတေးလ်က ငါ့ကို ဓားနဲ့ ခုတ်မယ်ဆိုတာယုံလား?"
"အစ်မစတေးလ်က ဒီလောက်မရက်စက်ပါဘူး။" ဗီဗီယန်က သူမရင်ကိုပုတ်လျက် တဖြည်းဖြည်းကြောက်ရွံ့နေသံဖြင့်ပြောလာ၏၊ "အစ်မစတေးလ်ကို ဒီညအကြောင်း သူမပြန်လာတာနဲ့ ပျော်သွားအောင် ပြောလိုက်ရမလား စဉ်းစားနေတာ၊ ဒါဆို ဒီလိုမဟုတ်ဘူးပေါ့။"
ရှုယီက ကူကယ်ရာမဲ့စွာ မျက်လုံးလှိမ့်လိုက်၏။
"ကောင်းပြီ၊ မင်းသူမကို သာမန်ဧည့်သည်လိုပဲ ဆက်ဆံပါ။ ဒါနဲ့ ငါမနက်ဖြန် မိုးကျတောင်ကြားကို သွားရမှာဆိုတော့ သူမ ဒီမှာ ရက်နည်းနည်းလောက်ထပ် ပိုနေမှာ မဟုတ်လောက်ဘူး။ ရှေ့လျှောက် ငါတတ်နိုင်သမျှ သူမနဲ့ဆက်သွယ်ရဦးမယ်၊ မဟုတ်ရင် စတေးလ်က ဒေါသဖြစ်နေလိမ့်မယ်။"
ရှုယီက အနည်းငယ်တွေးတောပြီးမှ ထရပ်ကာပြောလိုက်၏၊ "ငါစာကြည့်ခန်းထဲသွားဦးမယ်၊ ဘယ်သူ့ကိုမှ မနှောင့်ယှက်စေနဲ့။ ဟုတ်သားပဲ၊ အက်ဂ်နက်စ် ငါနဲ့လိုက်လာခဲ့၊ ပြောစရာတချို့ရှိတယ်။"
အက်ဂ်နက်စ်က သဘောတူကာ ရှုယီနောက် စာကြည့်ခန်းသို့လိုက်သွားတော့သည်။
ဗီဗီယန်က ရှုယီထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် ရေချိုးနေသည့် မင်းသမီးလေး ကာရိုလင်းရှိရာဘက်ကို ကြည့်လိုက်သည်။ သူမမျက်လုံးများက သံသယနှင့်ပြည့်နေ၏။
***
မှော်စက်မှုအင်ပါယာ
Vol3, အခန်း ၁၉။ ထပ်မံ၍ သည်းမခံနိုင်လုနီးပါးဖြစ်လာသော ကောင့်ထ်စတက်ဂျ်
ရှုယီက အက်ဂ်နက်စ်ကို များများစားစားပြောခြင်းမဟုတ်ဘဲ အဓိကအားဖြင့် ဒီဇိုင်းဌာနနှင့် သက်ဆိုင်သည်များသာဖြစ်၏။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ထုတ်ကုန်အမျိုးအစားတစ်ခုချင်းစီအကြား၌ ကွဲပြားသည့် မော်ဒယ်နှင့် မှော်စက်ပစ္စည်းများကို ပို၍ပို၍ ထုတ်လုပ်နေရသည်။
ဥပမာ၊ ကွဲပြားသည့် ပထမဆုံး မော်ဒယ်များမှာ ယောက်ျား၊မိန်းမခွဲထားသော စက်ဘီးများဖြစ်၏။ နောက်တွင် လူကြီးနှင့် ကလေးမော်ဒယ်များအပြင် ထပ်မံ၍ ဇိမ်ခံမော်ဒယ်၊ ဖက်ရှင်ကျသော မော်ဒယ်နှင့် ရိုးရိုးမော်ဒယ်များလည်း ခွဲထားကြသေးသည်။
အိမ်သုံးမှော်စက်ပစ္စည်းများအတွက်လည်း ရှုယီအနေနှင့် ၎င်းတို့ကို ကွဲပြားသည့်မော်ဒယ်များအဖြစ် ခွဲထားရန် စီစဉ်ထားသည်။
ဥပမာ၊ မှော်လေအေးပေးစက်က လက်ရှိတွင် အေးသည့် အမျိုးအစားနှင့် အပူချိန်ပြောင်းလဲနိုင်သော အမျိုးအစားတို့ရှိသည်။ ယခင်က ၎င်းကိုမချပြခင်တွင် ရှုယီက ထိုအမျိုးအစားနှစ်မျိုးကိုသာ ပြုလုပ်ခဲ့သော်ငြား ယခုတွင် မှော်လေအေးပေးစက် သုတေသနက ပို၍နက်နဲလာပြီး အပူ၊ အအေး လုပ်ဆောင်ချက်များ၏ သက်ရောက်မှုကိုပါ ပြောင်းလဲရင်းကမ္ဘာမြေပေါ်က လေအေးပေးစက်များနည်းတူ လိုက်လံလုပ်ဆောင်လာခဲ့သည်။ ၎င်းတို့အား မတူညီသော လိုအပ်ချက်များအတွက် မတူညီသော သက်ရောက်မှုအနေနှင့် ခွဲခြားထားသည်။
တူညီသော အသုတ်များကိုမူ အခြားအိမ်သုံးမှော်စက်ပစ္စည်းများနှင့် အသုံးပြုသောကြောင့် ၎င်းနှင့် ပြဿနာတစ်ရပ်ရှိသေးသည်။
တူညီသောထုတ်ကုန်၏ မတူညီသောအမျိုးအစားများရှိခြင်းကြောင့် တူညီသော ဒီဇိုင်းဖြစ်နေလျှင် အင်မတန် ပျင်းဖွယ်ရာပင်။
ကမ္ဘာမြေပေါ်မှ စိတ်ကြိုက်ပုံစံများအရ မတူညီသော ထုတ်ကုန်များမှာ မတူညီသော ဒီဇိုင်းများကို လိုအပ်၏။ ၎င်းက အမျိုးအစားများအကြား၌ ခွဲခြားရန် ပိုမိုလွယ်ကူစေရုံသာမက လူများအတွက် ကြည့်ရ ပိုကောင်းစေသည်။
ထိုကဲ့သို့ပင် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ ဒီဇိုင်းဌာနထံ၌ အက်ဂ်နက်စ်နှင့် ဗီဗီယန်တို့နှင့် မလုံလောက်ပါချေ။
ဗီဗီယန်က လက်ရှိတွင် ဘာရွန်ရစ်တိုမှော်ကျောင်းတော်၌ လေ့လာနေဆဲဖြစ်ရာ သူမအနေဖြင့် ကြာရှည်စွာလုပ်နိုင်မည်မဟုတ်။ ထိုသည်က ဒီဇိုင်းအများစုကို အက်ဂ်နက်စ်မှ လုပ်ဆောင်သည်ဟု ဆိုလိုသည်။
နတ်သူငယ်များက စွမ်းအင်များနှင့်ပြည့်နေပါလျှင်တောင် အက်ဂ်နက်စ်၏အချိန်ကို ကန့်သတ်ထားဆဲပါပင်။ ထို့ကြောင့် ရှုယီက အက်ဂ်နက်စ်ကို ပြောကာ သူမအနေနှင့် ဒီဇိုင်းဌာနအတွက် အက်ဂ်နက်စ်အား ဒီဇိုင်းများအပြီးသတ်ရာ၌ ကူညီရန် ညတေးသံမျိုးနွယ်စုထံမှ နတ်သူငယ်ဒီဇိုင်းရေးဆွဲသူတချို့ကိုရှာဖို့ မျှော်လင့်နေသည်။
ရှုယီ၏ တောင်းဆိုချက်ကိုကြားသော် အက်ဂ်နက်စ်၏မျက်နှာက ပျော်ရွှင်မှုဖြင့် ဖုံးလွှမ်းသွား၏။
"ဥက္ကဌ၊ ရှင်ဘာမှမပြောရင်တောင် ကျွန်မက ဒီကိစ္စကို ရှင်နဲ့ တိုင်ပင်ဖို့လုပ်ထားတာ" အက်ဂ်နက်စ်က ပြောလိုက်သည်၊ "ကျွန်မမှာ အချိန်အလုံအလောက်မရှိဘူးလို့ ကျွန်မလည်းတွေးထားပြီးသားပါ။ ဒီဇိုင်းတွေဆွဲရတာအပြင် ကျွန်မအနေနဲ့က ဆန်နက်မြေရိုင်းမှာ သစ်တောပြောင်းလဲမှုတွေအတွက်လည်း တာဝန်ရှိသေးတယ်၊ ဒါကြောင့် ကျွန်မတကယ်ကို အလုပ်များနေတာ။"
"အန်း၊ ဒါကြောင့် ဒီအလုပ်မှာ နည်းနည်းကူဖို့ မင်းအတွက် လူရှာပေးဖို့ စဉ်းစားထားတာပါ။" ရှုယီက ခေါင်းငြိမ့်လိုက်သည်၊
"မင်းက ဒီနေ့ဒီမှာရှိနေမှတော့၊ မင်းကို ဒီအကြောင်း သတင်းပေးရမယ်။ အက်ဂ်နက်စ်, မင်းရဲ့ လုပ်ဆောင်မှုကောင်းတာအပေါ် အခြေခံပြီးတော့ ငါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌအနေနဲ့ မင်းကို ဒီဇိုင်းဌာနရဲ့ ခေါင်းဆောင်အဖြစ် ခန့်ထားမယ်။"
"အာ?" အက်ဂ်နက်စ်က ကြောင်အသွားကာ၊ "ရှင်ကျွန်မကို ခေါင်းဆောင်ဖြစ်စေချင်တာလား? ဒါ... ဒါကမဟုတ်ဘူးမလား၊ ဟင်? ဥက္ကဌ ကျွန်မ ဘာကိုမှမသိဘူး..."
"မင်း ဒီဇိုင်းတွေကို နားလည်ရင်အဆင်ပြေပါပြီကွာ၊" ရှုယီက အပြုံးနှင့်ဆိုလိုက်ကာ၊ "ဒီဇိုင်းဌာနက ခေါ်ယူမယ့် ဝန်ထမ်းအသစ်တွေကို အားလုံးမင်းကိုင်တွယ်ရမယ်။ ဒါကြောင့် မင်း အသုံးဝင်တဲ့ ဒီဇိုင်းဆွဲသူ ရှာတွေ့တာ မတွေ့တာက မင်းနဲ့ဆိုင်သွားပြီ။"
အက်ဂ်နက်စ်က ၎င်းကိုတွေးလျက် တုံ့ဆိုင်းမနေတော့ဘဲ တုံ့ပြန်မှုဖြင့် ခေါင်းငြိမ့်ပြလာ၏။
"ကောင်းပြီ၊ ဒါဆို ကျွန်မ ကြိုးစားရမှာပေါ့။"
"အမှန်ပဲ၊ ရှုယီက အနည်းငယ်စဉ်းစားပြီးမှ မေးလိုက်၏၊ "ဟုတ်ပြီ ငါမေ့နေတာကို ခုသတိရပြီ။ စတက်တိန်းနယ်မြေက လမ်ပူရီတိုင်းပြည်ထက်သေးပေမယ့် စတက်တိန်းနယ်မြေရဲ့ လရိပ်မျိုးနွယ်စုမှာက နတ်သူငယ်ပေါင်း သုံးထောင်ကျော်ရှိတယ်။ မင်းတို့ ညတေးသံမျိုးနွယ်စုမှာက နတ်သူငယ်တစ်ထောင်တောင် မရှိဘူးမလား? ယေဘုယျအမြင်ကို သုံးသပ်ရရင် တိုင်းပြည်ထဲမှာ အခြားနတ်သူငယ်မျိုးနွယ်စုတွေရှိရမယ်။"
အက်ဂ်နက်စ်က ခေတ္တမျှတွေးတောကာ ခေါင်းကိုခါယမ်းလိုက်၏၊ "ကျွန်မ ငယ်ငယ်ကတည်းက မိုးကျတောကနဲ့ ထွက်တာ ရှားပြီး အကြီးအကဲတွေကလည်း ဒါကို အရင်ကပြောတာမကြားဖူးတော့ ကျွန်မတကယ်ပဲ မသိဘူး။"
"ဟုတ်ပြီလေ၊ နောက်မှ အကြီးအကဲ အီလူရှာကို မေးကြည့်လိုက်တော့မယ်။"
ရှုယီက အက်ဂ်နက်စ်ထံ ဒီဇိုင်းဌာနအတွက်လူခေါ်ခြင်းနဲ့ပက်သတ်သည့် ကိစ္စတချို့ကိုပြောပြီးနောက် သူမကို စာကြည့်ခန်းမှ ထွက်သွားခိုင်းလိုက်တော့သည်။ သူကတော့ စာကြည့်ခန်းနံရံ၌ ချိတ်ထားသည့် မြေပုံကြီးဆီ သွားလိုက်၏။
ထိုမြေပုံက အလုပ်ရုံ၏ရုံးခန်း၌ ချိတ်ဆွဲထားသည့် မြေပုံနှင့် ကွာခြားသည်။ လမ်ပူရီတိုင်းပြည်သာမက ထိုမြေပုံ၌ လမ်ပူရီတိုင်းပြည် အနီးတစ်ဝိုက်ရှိ တိုင်းပြည်များလည်း ပါဝင်သည်။
ဥပမာ၊ ရှုယီ မတိုင်ခင်က လည်ပတ်ခဲ့သော စတက်တိန်းနယ်မြေ၊ လမ်ပူရီတိုင်းပြည်အား အမြဲဆန့်ကျင်နေသော မြောက်ဘက်မှ စခ်တိုင်းပြည်တို့နှင့် ရှုယီ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော ရူဒ်ဆန်တိုင်းပြည်တို့ပါပင်။
ရှုယီ၏ အကြည့်များက မြေပုံပေါ်ရွေ့သွားပြီး ထိပ်ဆုံးညာဘက်ထောင့်သို့ကျသွားကာ လမ်ပူရီတိုင်းပြည်၊ စခ်တိုင်းပြည်တို့ နှစ်ခုစလုံးနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဒရိက်ခ်နယ်မြေကို ကြည့်ရှုလိုက်သည်။
မြေပုံမှသုံးသပ်ကြည့်လျှင် ဒရိက်ခ်နယ်မြေက စတက်တိန်းနယ်မြေထက် သေး၏။
သို့သော် စတက်တိန်းနယ်မြေ၌ ထူးကဲသည့် ပထီဝင်အနေအထားရှိကာ အတော်လေးဝေးလံ၏၊ ထို့ကြောင့် နှိုင်းယှဉ်ပြောရလျှင် ဒရိက်ခ်နယ်မြေက ပိုသေးကာ များစွာ ပိုမို အရေးပါ၏။
လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့အတွက်တော့ ၎င်းတို့က နယ်မြေ၏ ငါးပုံတစ်ပုံစာထက်ပင်သေးပါသော်လည်း အင်မတန်အရေးပါဆဲပင်။
တစ်ဘက်,ဘက်ကသာ ဒရိက်ခ်နယ်မြေ၏ ထောက်ပံ့ကိုရပါလျှင် ၎င်းတို့က အရေးသာပြီး တစ်ဘက်ကို သုတ်သင်ဖို့ မဖြစ်နိုင်သည် မဟုတ်တော့ချေ။
"ငါတို့သာ ဒရိက်ခ်နယ်မြေကို ရနိုင်ရင် ဒီအင်မတန်အရေးသာမှုနဲ့ ဆယ်ဗီနီအတွက် ထောက်ပံ့မှုက မင်းသားလေး အဲရစ်ကို ကျော်လွန်သွားနိုင်လောက်မလား?"
ရှုယီက မြေပုံရှိ ဘန်တာမြို့တော်ပေါ်အား လက်ဖြင့် ထိလျက် အပေါ်ဘက် ညာထောင့်ရှိ ဒရိက်ခ်နယ်မြေထံ မျဉ်းဆွဲလိုက်သည်။ တွက်ချက်ပြီးနောက်၌ ၎င်းက ၇၀၀ကီလိုမီတာကျော်ဝေးသည်ကို တွေ့ရှိသွား၏။
ထိုအကွာအဝေးမှာ ကမ္ဘာမြေပေါ်၌ မဝေးပါသော်လည်း စိုင်စ်နယ်မြေ၌မှု ပို့ဆောင်ဆက်သွယ်ရေးစနစ် မဖွံ့ဖြိုးသေးသောကြောင့် ထိုအကွာအဝေးက အတော်လေးဝေးကွာသည်ဟု မှတ်ယူနိုင်သည်။
Frestech ကုန်သည်ကြီးများအသင်းကထိုခြေလှမ်းဝေးဝေးကိုလှမ်းလိုပြီး ၇၀၀ကီလိုမီတာကျော်အဝေးမှ ဒရိက်ခ်နယ်မြေထံ လွှမ်းမိုးလိုသည်မှာ အရမ်းလက်တွေ့ဆန်မနေပါချေ။
စိတ်ထဲ၌ ကိစ္စတချို့ကို တွက်ချက်ကြည့်ရင်း ရှုယီက မြေပုံထက်မှ အစိတ်အပိုင်းတချို့ကို ထိလိုက်သည်။
ထိုအမှတ်များမှာ ဘန်တာမြို့တော်မှ ဒရိက်ခ်နယ်မြေသို့ ချိတ်ဆက်ထားသော မြို့များဖြစ်၏။ Frestech ကုန်သည်ကြီးများအသင်းသာ တဖြေးဖြေးအရှိန်ယူ၍ ထိုမြို့များ၌ ဦးစွာဖွံ့ဖြိုးစေမည်ဆိုပါလျှင် ခြေတစ်လှမ်းချင်းလှမ်းခြင်းဖြင့် အဆုံး၌ ဒရိက်ခ်နယ်မြေထဲသို့ ဝင်ရောက်နိုင်သွားလိမ့်မည်။
"အဆုံးမှာတော့ လမ်ပူရီတိုင်းပြည်မှာ အုတ်မြစ်ကိုမချရသေးဘဲ အခြားတိုင်းပြည်ကို တိုးတက်အောင်လုပ်ချင်တာက လက်တွေ့ကျတဲ့ အကြံမဟုတ်ဘူးပဲ။"
ရှုယီက သူ့မျက်လုံးများ အန်ဗီမာမြို့တော်သို့ မကျရောက်ခင် သက်ပြင်းတစ်ချက်ချလိုက်၏။
"ဆယ်ဗီနီသာ အခုချက်ချင်း ထီးနန်းရနိုင်ရင် ဘယ်လောက်ကောင်းမလဲ။ သူမက မှော်စက်ပစ္စည်းစက်မှုလုပ်ငန်းကို ထောက်ပံ့တော့ ငါတို့အနေနဲ့ လမ်ပူရီတိုင်းပြည်မှာ ပိုပြီးမြန်မြန် တိုးတက်လာနိုင်မှာ။ ဒါက အခြားတိုင်းပြည်တွေမှာ အုတ်မြစ်ဘယ်လိုချပြီးတိုးတက်အောင်လုပ်မလဲဆိုတဲ့ ငါ့ရဲ့ ခေါင်းကိုက်စရာတွေကိုတောင် ကယ်နိုင်သေးတယ်။"
ရှုယီက ထိုကိစ္စကို မထိန်းချုပ်နိုင်သည်က တကယ်ကို သနားဖွယ်ရာဖြစ်ကာ အကူအညီမဲ့နေသည်ဟုပင် ယူဆနိုင်၏။
Frestech ကုန်သည်ကြီးများအသင်းက ယခုတိုးတက်နေပြီဆိုပါလျှင်တောင် လမ်ပူရီတိုင်းပြည်၏ မူဝါဒများ,ကြားဝင်ရန် လုံလောက်ဖို့ လိုနေသေး၏။
"ငါအခုလုပ်နိုင်တာက မြို့စားအသစ်ကို ရှုံးနိမ့်ခြင်းရဲ့အရသာအကြောင်း ကောင်းကောင်းမြည်းခိုင်းဖို့ပဲ။"
မြို့စားအိမ်တော်က စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းသုံးထောင်အတွက်ပေးရမည်ကို သဘောတူစဉ်က ကောင့်ထ်စတက်ဂျ်၏ နာကျင်နေဟန်ကို တွေးမိရာ ရှုယီမှာ မပြုံးဘဲ မနေနိုင်တော့ချေ။
လွန်ခဲ့သည့် ၂နှစ်က Frestech ကုန်သည်ကြီးများအသင်း၏ထွက်ပေါ်လာမှုက ဘန်တာမြို့တော်၏ တိုးတက်မှုကို ယူဆောင်လာခြင်းနှင့်အတူ ဘန်တာမြို့တော်၏ ဝင်ငွေကလည်း များစွာ မြင့်တက်လာသည်။ ၎င်းတို့၏ တိုင်းပြည်အခွန်အတွက် ပေးဆောင်ရချိန်တွင်တောင် ရွေဒင်္ဂါးတစ်သန်းကျော်လောက် ပိုလျှံနေခဲ့သေး၏။
၎င်းက ဘန်တာမြို့တော်ကဲ့သို့ မြို့ငယ်လေးအတွက် ကြီးမားသည့်ပမာဏဖြစ်သော်လည်း ရှုယီ၏ အကြံပြုမှုအောက်၌ ကောင့်ထ်စီယန်မှာ ထိုငွေများအား မြို့တော်တည်ဆောက်ရေး အစီစဉ်များ၌ ဘန်တာမြို့တော်ကို တိုးတက်စေရန် သုံးခဲ့ပြီး ဘန်တာမြို့တော်အတွက် ရေရှည်စီမံကိန်းချခဲ့သည်။
၎င်းတို့အားလုံးကို တွက်ချက်ကြည့်သော် ကောင့်ထ်စီယန် မြို့စား ဖြစ်နေချိန်တွင် ဘန်တာမြို့တော်၏ ဝင်ငွေက မြင့်တက်လာပါသော်ငြား ၎င်းတို့သုံးခဲ့သည့် ငွေက ပိုများနေ၏။
ကောင့်ထ်စီယန်ကို မြို့စားအဖြစ်အစားထိုးချိန်၌ စာရင်းကိုင်က အရာအားလုံးကို တွက်ချက်ကြည့်လျှင် မြို့စားအိမ်တော်ထံ၌ ကြေးတစ်ပြားပင် မကျန်ခဲ့ချေ။ မြို့တစ်ခုလုံးအတွက် အမျိုးမျိုးသောစီမံကိန်းများကြောင့် ၎င်းတို့မှာ မြို့တော်ရှိ လုပ်ငန်းစုများထံ၌ ပမာဏကြီးစွာ အကြွေးတင်နေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းကို ဥပမာယူရလျှင် မြို့စားအိမ်တော်က ရွှေဒင်္ဂါး၁၁သိန်း၇သောင်းအထိ အကြွေးတင်ခဲ့သည်။
စီမံကိန်းအများဆုံးယူရသော အမ်ရစ်ကုန်သည်ကြီးများအသင်း၌မူ ဥက္ကဌခရုစ်မှာ ရှုယီထံပြောကြားချက်အရ မြို့စားအိမ်တော်မှာ ၎င်းတို့ကို ရွှေဒင်္ဂါး ၇သိန်း၈သောင်းအထိ အကြွေးတင်ခဲ့သည်ဟုပင်။
မြို့စားအိမ်တော်၏ ကြွေးမှီအားလုံးကို ပေါင်းကြည့်ပါလျှင် ရှုယီခန့်မှန်းကြည့်ရသလောက် ရွှေဒင်္ဂါးပေါင်း ၁၅သန်း အကြွေးတင်နေ၏။
ဘန်တာမြို့တော်သာ ယခင်ကလို တူညီသည့် ကျော်ကြားမှုနောက် လိုက်ခဲ့ပါလျှင် ကြွေးမှီများမှာ တက်နေမြဲဖြစ်ပြီး နှစ်အချို့ကြာမှ ဆပ်၍ရနိုင်မည်ပင်။
သို့သော် ယခုတွင် မြို့စားအိမ်တော်အခြေအနေအား အခြားအစီစဉ်ရှိသော ကောင့်ထ်စတက်ဂျ်က ထိန်းချုပ်လိုက်ရာ စတက်ဂျ်မိသားစု၏ မူဝါဒအမြင်များကို ထုတ်ဖော်၍ အရူးအိုကြီးများကို ကိုယ်စားပြုပြီး သူဟာ ဦးဆုံး Frestech ကုန်သည်ကြီးများအသင်းကို တွန်းအားပေးခဲ့သည်၊ ထို့နောက် သူ၏စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများချမှတ်ရင်း ဘန်တာမြို့တော်၏ လုပ်ငန်းစုများကို ဘန်တာမြို့တော်မှ ထွက်ခွာစေခဲ့၏။
ဘန်တာမြို့တော်၏ ဝင်ငွေမြင့်တက်ခဲ့ရသည့် ၂နှစ်အတွက် အကြောင်းအရင်းမှာ ၎င်းတို့အများစုက စီးပွားရေးခွန်များမှ လာ၏။
ယခုတွင် အခွန်အများစုမရှိတော့သောကြောင့် မြို့စားအိမ်တော်အနေနှင့် ထိုကြီးမားသည့် အသုံးစရိတ်အတွက် မည်သည့်နေရာ၌ ငွေရှာမည်နည်း?
စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများမှာ ရွှေဒင်္ဂါး၂သိန်းအောက်သာ ကျပြီး ထိုမျှမများပါသော်လည်း မြို့စားအိမ်တော်အနေနှင့် ရွှေဒင်္ဂါး နှစ်သိန်းမဆိုနှင့်နှစ်သောင်းကိုပင် မထုတ်နိုင်ပါချေ။
အကြောင်းမှာ မြို့စားအိမ်တော်၏ဆုံးဖြတ်မှုကြောင့် ကောင့်ထ်စတက်ဂျ်မှာ Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားချင်ပါသော်လည်း သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို အရာအားလုံးအတွက် မပေးဆောင်နိုင်ရာ ၎င်းက ခိုးသည်နှင့် မခြားပါချေ။
ရှုယီက ထိုအခြေအနေကို အင်မတန်ရှင်းလင်းစွာသိပါ၏၊ သို့သော် ကောင့်ထ်စတက်ဂျ်မှာ Frestech ကုန်သည်ကြီးများအသင်းမှ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းသုံးထောင်ကို တောင်းဆိုလာချိန်တွင် သူဟာ မျက်တောင်ပင်မခတ်ဘဲ သဘောတူခဲ့သည်။
တကယ်တမ်းတော့ ရှုယီမှာ ကောင့်ထ်စတက်ဂျ်အား အရာအားလုံးအတွက် Frestech ကုန်သည်ကြီးများအသင်းထံ ပေးချေစေချင်သည်။
သို့သော် ကောင့်ထ်စတက်ဂျ်က ထိုမျှလောက် မရူးနှမ်းသည်မှာ နှမျောစရာပင်။
ထိုသို့တွေးလျက် ရှုယီက အေးစက်စက်တစ်ချက်ရယ်ရုံမှ မတတ်နိုင်ပါချေ။
"အိုင်း၊ ဒီ ကောင့်ထ်စတက်ဂျ် ဘယ်လောက်ထိ ဒီလို ခေါင်းမာနိုင်မလဲ ငါမြင်ချင်မိတယ်။"
ထိုအချိန်၌ တံခါးထံမှ ခေါက်သံနှစ်ချက်ထွက်ပေါ်လာခဲ့၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၂၀။ မင်းဘာကို လဲလှယ်နိုင်လဲ
ရှုယီက မျက်မှောင်တွန့်လိုက်၏။ ခဏကြာတွေးတောပြီးနောက် သက်ပြင်းချကာ တံခါးဖွင့်လိုက်သည်။
"ဥက္ကဌရှု၊ ရှင်ရေမချိုးရသေးဘဲ အလုပ်သွားလုပ်နေတယ်လို့ကြားတယ်၊ ရှင်တကယ် အလုပ်ကြိုးစားတာပဲ။" မင်းသမီးလေး ကာရိုလင်းက စိုစွတ်နေဟန်ရှိသော သူမ၏ဆံပင်ကို လှန်ထား၏။ သူမဝတ်ဆင်ထားသည့် လျော့တိလျော့ရဲညအိပ်ဝတ်စုံနှင့် ပျင်းရိဟန်တို့ကိုပါ ပေါင်းလိုက်သော် သူမက ဆွဲဆောင်မှုအပြည့်နှင့် ညှို့အားပြင်းနေသယောင်ပါပင်။
ရှုယီက ဗီဗီယန်ဖြစ်နေသောပြဿနာကိုစဉ်းစားပြီး မင်းသမီးလေး ကာရိုလင်း၏ ဆွဲဆောင်မှုရှိသောမျက်နှာနှင့် ခန္ဓာကိုယ်ကိုကြည့်က အတန်ငယ် မျက်မှောင်တွန့်သွား၏။ အနည်းငယ်တုံ့ဆိုင်းပြီးနောက် သူက ဘေးကိုအနည်းငယ်တိုးလျက် သူမကို ဝင်ခွင့်ပြုလိုက်သည်။
မင်းသမီးလေးကာရိုလင်းက စာကြည့်ခန်းကို ဝေ့ဝဲကြည့်လျက် အကြည့်တို့က ရှုယီကြည့်ရှုနေခဲ့သည့် မြေပုံပေါ်သို့ ကျရောက်သွားတော့သည်။ သူမက မြေပုံထက်ရှိ အမျိုးမျိုးသောထူးထူးဆန်းဆန်းအမှတ်အသားတို့ကို ကြည့်ကာ ရှုယီအား သိလိုဟန်ဖြင့်မေးလာခဲ့၏၊ "ဥက္ကဌရှု၊ ဒီအမှတ်အသားတွေက ဘာအဓိပ္ပာယ်ရှိလဲ?"
"ဒါတွေက Frestech ကုန်သည်ကြီးများအသင်း ရေရှည်စီမံကိန်းအတွက် ကျုပ်ရဲ့ယူဆချက်တွေပါ။" ရှုယီက တွေးဆဆဖြင့် ပြောလိုက်သည်။
မင်းသမီးလေးကာရိုလင်းက ရှည်သွယ်သွယ်လက်ချောင်းဖြင့် အပေါ်ဘက်ညာထောင့်မှ ဒရိက်ခ်နယ်မြေကိုထိလိုက်သည်။ သူမက ခပ်ဖျော့ဖျော့အပြုံးဖြင့် မေးလာသည်၊ "ဒါဆို ဥက္ကဌရှု၊ ရှင့်ရဲ့အစီစဉ်မှာ ကျွန်မတို့ရဲ့ ဒရိက်ခ်နယ်မြေပါရဲ့လား?"
"ယာယီတော့ မပါသေးဘူး။" ရှုယီက ရိုးရှင်းစွာပင် ခေါင်းခါလိုက်သည်။
"ဒါက တကယ်ကို နှမျောစရာပဲ။" မင်းသမီးလေးကာရိုလင်းက နောင်တရနေဟန်ဖြင့် ဆိုလာ၏၊ "ဥက္ကဌရှု၊ ရှင်ကျွန်မတို့ရဲ့ ဒရိက်ခ်နယ်မြေအကြောင်းများများစားစားမသိသေးလို့ပါ၊ ဒါကြောင့်ပဲ ကျွန်မတို့နယ်မြေက ရှင့်ရဲ့Frestech ကုန်သည်ကြီးများအသင်းဖွံ့ဖြိုးမှုအတွက် အင်မတန်သင့်လျော်ကြောင်းကို မသိတာပေါ့။"
"ဒါက... တကယ်တမ်းစေ့စေ့ငုငုမကြည့်ထားဘဲ ကျုပ်အနေနဲ့ မသေချာဘူး။"
ရှုယီ၏ တုံ့ပြန်ချက်ကိုကြားသော် မင်းသမီးလေးကာရိုလင်းက ရှုယီထံလှည့်လျက် မျက်ခုံးများတွန့်လိုက်ရင်း၊ "ဥက္ကဌရှု၊ ကျွန်မရေချိုးပြီးတည်းက ကျွန်မတို့ကြားမှာ ရှင် အကွာအဝေးတွေခြားနေတယ်လို့ ဘာကြောင့် ခံစားနေရပါလိမ့်? မြို့စားအိမ်တော်မှာတော့ ရှင် ရှင်းရှင်းလင်းလင်းပဲ ကျွန်မတို့နဲ့ ပူးပေါင်းဖို့ သဘောတူခဲ့တာပါ။"
ရှုယီ၏မျက်လုံးများက မင်းသမီးလေးကာရိုလင်းဖြူလွှ၍ ဖောက်ထွင်းမြင်ရလုနီးပါးညအိပ်ဝတ်စုံထံ အကြည့်ရောက်သွားပြီး၊ မင်းရဲ့ကြီးမားလှတဲ့ဆွဲဆောင်မှုကြောင့် ပြဿနာတစ်ခုဖြစ်သွားနိုင်တယ်ဟု တွေးတောနေသည်။
ရှုယီမျက်နှာထက်ရှိ ခပ်ဖျော့ဖျော့ အပြုံးနှင့် မျက်လုံးထဲရှိ ခြားနားထားသော အကြည့်တို့ကိုမြင်သော် မင်းသမီးလေးကာရိုလင်းမှာ အနည်းငယ်စဉ်းစားရန် မျက်မှောင်တွန့်လိုက်၏။ ခဏအကြာ၌ သူမအပြုံးများပြန်ရောက်လာရင်း ပြောလိုက်သည်၊
"ဟုတ်ပါပြီ၊ ကြည့်ရတာ ကျွန်မအရမ်းလောသွားပုံပဲ။ ဒါက ကျွန်မနဲ့ ဥက္ကဌရှုတို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး အချင်းချင်းလည်းမသိကြသေးတာကြောင့် ဒီလို နက်နဲတဲ့ ခေါင်းစဉ်ကို ဆွေးနွေးဖို့က မှန်မနေဘူးပဲ။ ဒီလိုဆိုမှတော့၊ ဒီည တရားဝင်စီးပွားရေးအကြောင်းမပြောဘဲနေကြတာပေါ့။ ဥက္ကဌရှု၊ ကျွန်မတို့ အတွင်းရေးလေးတွေပြောကြရင်ရော ဘယ်လိုလဲ?"
ရှုယီက မျက်မှောင်တွန့်လိုက်သည်။ ငါတို့ မရင်းနှီးမှတော့ အတွင်းရေးကိစ္စတွေပြောဖို့က ပိုလို့တောင်မှားနေသေးတယ်လေ။
သူကတော့ စိတ်ရှုပ်သွားပုံမပြပါချေ။ ထို့ကြောင့် ယဉ်ကျေးပြသည့်အနေနှင့် အပြုံးတစ်ခု ညှစ်ထုတ်လျက် မေးလိုက်၏၊ "မင်းသမီးလေးက ဘယ်လိုခေါင်းစဉ်မျိုးကို စိတ်ဝင်စားပါသလဲ?"
မင်းသမီးလေးကာရိုလင်းက သိလိုစိတ်နှင့်ပြည့်နေသော ခပ်ဖျော့ဖျော့အပြုံးကို ထုတ်ပြလာသည်၊ "ဥက္ကဌရှု၊ ရှင်က လက်ထပ်ပြီးသားလို့ကျွန်မကြားတယ်။ ပြီးတော့ ရှင့်ရဲ့ဇနီးကလည်း ဘန်တာမြို့တော်မှာ အလှဆုံးမိန်းကလေးဆို?"
ရှုယီက ကြောင်အသွား၏၊ သူမက ထိုသို့တကယ်ကြီးမေးလာမည်ဟု ထင်မထားခဲ့ပါချေ။
"အန်း၊ ဟုတ်ပါတယ်။ ကျုပ်ရဲ့ဇနီးက စတေးလ်လို့ခေါ်ပါတယ်။ ကျုပ်တို့ လက်ထပ်ထားတာ သုံးလတောင် မပြည့်သေးပေမယ့် ကျုပ်တို့ရဲ့ ဆက်ဆံရေးက ကောင်းပါတယ်။" ရှုယီက 'ကျုပ်တို့ဆက်ဆံရေးက ကောင်းပါတယ်'ဆိုသော နေရာကို သေချာဖိပြောလိုက်သည်။
သို့သော် ၎င်းက မင်းသမီးလေးကာရိုလင်းကို တစ်စုံတရာအဖြစ်အထင်လွဲသွားစေကာ သူမက ခေါင်းငြိမ့်လျက်ပြောလာ၏၊ "အန်း၊ ကျွန်မ အစေခံမလေးသုံးယောက်လုံး အပျိုစင်တွေဆိုတာ တွေ့တာကြောင့် သိပါတယ်။"
ရှုယီက တစ်ဖန်ကြောင်အမ်းသွားပြန်သည်။ သူဟာ မင်းသမီးလေးကာရိုလင်းလို ငယ်ရွယ်လှပသူတစ်ယောက်က ထို 'ကြမ်းတမ်း'သည့်အရာမျိုးကို ပြောလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
"ဒါက... မင်းသမီးလေး၊ ခင်ဗျားရဲ့ကောက်ချက်ချပုံက... နည်းနည်းထူးဆန်းနေတယ်..." ရှုယီက အတန်ငယ် နေရခက်သောအသံဖြင့် ဆိုလိုက်၏။
မင်းသမီးလေးကာရိုလင်းက ရှုယီမျက်နှာထက်မှ ထူးဆန်းနေဟန်ကိုမြင်ကာ ခပ်ဖျော့ဖျော့ပြုံးရင်း ဆိုလိုက်သည်၊ "အိုင်း၊ ဥက္ကဌရှု၊ ရှင်က တကယ်ကို မျိုးရိုးမြင့်တစ်ယောက်နဲ့ မတူဘူးပဲ။ အနည်းဆုံးတော့ ရှင်က ကျွန်မရင်းနှီးတဲ့ အဲဒီ့ မျိုးရိုးမြင့်တွေလိုမဟုတ်ဘူး။ အဲဒီမျိုးရိုးမြင့်တွေမှာသာ ရှင့်လိုငယ်ရွယ်လှပတဲ့ အစေခံမလေးသုံးယောက်ရှိရင်တော့လား သုံးရက်ကျော်လောက်ဆိုတာနဲ့ သူတို့ အပျိုတွေဖြစ်တော့မှာ မဟုတ်ဘူးလို့ ကြားတယ်။"
ရှုယီက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလျက်၊ "မင်းသမီးလေး၊ ကျုပ်ထင်တာတော့ ခင်ဗျားရဲ့မြင့်မြတ်လှပတဲ့ ပုံစံနဲ့ ဒီလိုစကားတွေကို ခင်ဗျားဆီက ကြားရတာ နည်းနည်းမသင့်တော်ဘူး။"
မင်းသမီးလေးကာရိုလင်းက ရှုယီကို ကြည့်ကာ ရုတ်တရတ် ထရယ်လာ၏။
"ဒါကြောင့် ကျွန်မပြောတာ၊ ဥက္ကဌရှု၊ ရှင်ကတကယ်ကို မျိုးရိုးမြင့်တစ်ယောက်နဲ့ မတူဘူးလို့။ မျိုးရိုးမြင့်တစ်ယောက်အတွက် ဒါက ဘာမှအရေးမပါဘူး။ ရိုးရိုးသားသားပြောရရင် ကျွန်မက ဒီညကို ရှင်နဲ့ကုန်ဆုံးဖို့ မျှော်လင့်ချက်နဲ့ ဒီမှာညအိပ်ဖို့ အကြောင်းပြခဲ့တာပဲ။ ကျွန်မသာ ကျွန်မတို့ ပူးပေါင်းမှု တိုးတက်ဖို့ ကျွန်မခန္ဓာကိုယ်ကို သုံးနိုင်ခဲ့ရင် ဒါက အင်မတန်ထိုက်တန်မယ်လို့ ခံစားရတယ်လေ။ ကျွန်မထင်တာရှင်က ကျွန်မရဲ့တောင်းဆိုမှုကို မငြင်းရင်၊ ရှင်က ဒါကိုသဘောတူတာပဲလို့၊ ဒါပေမယ့် အခုကြည့်ရတာ ရှင်က ဒီကိစ္စကို မတွေးထားခဲ့ပုံပဲ။"
ရှုယီက ခါးသက်သက်ပြုံးလျက်ပြောလိုက်သည်၊ "မင်းသမီးလေး၊ ကျုပ်များများစားစားမတွေးခဲ့ပါဘူး၊ ဒါပေမယ့် ကျုပ်ဒါကို နောက်ကျရင် တွေးထားလိုက်ပါ့မယ်။ ကျုပ်တွေးမိပြီးချိန်ကျရင် အရမ်းနောက်ကျသွားပြီး ခင်ဗျားကို လမ်းတစ်ဝက်က ပြန်မပို့နိုင်တော့ဘူး၊ ဟုတ်တယ်မလား? ဒါပေမယ့် ကျုပ်အတော်လေးသိချင်မိတာက ခင်ဗျားဘာကြောင့် ဒီကိစ္စကို တည့်တိုးပြောနိုင်ရတာလဲလို့လေ? ခင်ဗျားအသံကို သုံးသပ်ကြည့်ရရင်ဒါကိုလုပ်ဖို့ စီစဉ်ထားတာ မင်းမဟုတ်ဘူးမို့လား?"
"ဟင့်အင်း၊ ဆန့်ကျင်ဘက်ပဲ၊ ကျွန်မက ပိုလို့တောင် ဒါကိုလုပ်ချင်နေသေးတယ်။" မင်းသမီးလေးကာရိုလင်းက ရှုယီထံသို့ ခြေလှမ်းဖော့ကာ ချဉ်းကပ်သွားပြီး ညှို့ဓာတ်က သူမမျက်လုံးများထဲ၌ ပေါ်လာ၏၊ "ဒါက ကျွန်မတို့ရဲ့ ပူးပေါင်းမှုကို နက်ရှိုင်းစေရုံတင်မကဘူး၊ ရှင့်မှာ ကျွန်မကို စိတ်ညှို့နေနိုင်တဲ့ ဆွဲဆောင်မှုရှိတာကြောင့်လည်းပါတယ်။"
ရှုယီက နောက်သို့ နှစ်လှမ်းဆုတ်လျက် ခေါင်းကိုခါလိုက်ရင်း၊ "ကျုပ်အစောတုန်းက ပြောပြီးပြီ၊ ကျုပ်မှာ ဇနီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်လို့။"
"ကြည့်ပါဦး၊ ဒါက ကျွန်မကို ညှို့ယူနေတဲ့ ဆွဲဆောင်မှုပဲ။" မင်းသမီးလေးကာရိုလင်းက အံ့အားသင့်ဟန်ဖြင့်၊ "မျိုးရိုးမြင့်တစ်ယောက်အနေနဲ့၊ ရှင်က ကျွန်မကို ရှင့်ရဲ့ဇနီးအတွက် ငြင်းဆန်နေတာပဲ၊ ဒါက တကယ်ပဲ ကျွန်မကို အံ့ဩစေတယ်။"
ရှုယီ မျက်ခုံးကို ဖိနှိပ်လျက်၊ "မင်းသမီးလေး၊ မျိုးရိုးမြင့်တိုင်းက သူတို့ရဲ့ အစေခံတိုင်းကို လိုချင်နေတာမဟုတ်ပါဘူး။"
မင်းသမီးလေးကာရိုလင်း၏မျက်နှာထက်မှ အမူအရာကိုမြင်သော် ရှုယီမှာ ယခင်က ဘန်တာမြို့တော် ပွဲများ၌ အဘယ့်ကြောင့် မျိုးရိုးမြင့် အမျိုးသမီးများက ညှို့အားပြင်းဟန်များကိုပြပြီး ၎င်းတို့၏ ဘာသာစကားကလည်း ထူးကဲနေသည်ကို နားလည်သွားခြင်းက သူ့ကို သည်းမခံနိုင်ဖြစ်သွားစေ၏။
မင်းသမီးလေးကာရိုလင်း၏အမူအရာကိုသုံးသပ်ကြည့်သော်၏ ထိုကဲ့သို့သော အရာမျိုးက စိုင်စ်နယ်မြေ၏ မျိုးရိုးမြင့်များအတွက် ဘာမှမထူးခြားနေပါချေ။
သူက ကမ္ဘာမြေပေါ်မှ ဝိဉာဉ်ကူးပြောင်းလာခြင်းကြောင့်သာ ရှေးရိုးစွဲ မျိုးရိုးမြင့်လိုဖြစ်နေ၏။
၎င်းကို စဉ်းစားကြည့်ရင်း သူက မနေနိုင်ဘဲ တိတ်တဆိတ်ပျော်ရွှင်သွားရသည်။ စတေးလ်က မျိုးရိုးမြင့် မိန်းကလေးမဟုတ်ဘဲ ပညာရေးတင်းကြပ်တဲ့ မှော်ပညာရှင်မိသားစုဆီက လာတာ ကောင်းတဲ့အရာပဲ။
"အန်း၊ ကျွန်မ ယုံပါတယ်၊ ဒါပေမယ့် အရင်က မမြင်ဖူးဘူး။" မင်းသမီးလေးကာရိုလင်းထံ၌ တူညီသည့် အပြုံးဖျော့ဖျော့ရှိနေဆဲဖြစ်သော်လည်း မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းလျက် စနောက်နေဟန်လည်းမရှိတော့ပါချေ၊ "ဥက္ကဌရှု၊ ကျွန်မ ရှင့်ရဲ့ဇနီးကို အရမ်းသိနားလည်ချင်မိတယ်။ သူမအပေါ် ရှင်ဒီလောက် အရူးအမူးဖြစ်နေရအောင် သူမမှာ ဘယ်လိုဆွဲဆောင်မှုမျိုးများရှိလဲလို့လေ? ကျွန်မကသူမနဲ့ မယှဉ်နိုင်လို့များလား?"
ရှုယီက ခေါင်းကိုခါလျက်၊ "မင်းသမီးလေး၊ ဒီလို ကိစ္စမျိုးမေးတာက ဘာအဓိပ္ပာယ်မှမရှိပါဘူး။ ကျုပ်အခု ခင်ဗျားနဲ့ တရားဝင်စီးပွားရေးအကြောင်းပဲ ဆွေးနွေးချင်မိပါတယ်။ ကျုပ်အရင်က ပြောခဲ့သလို ကျုပ်က ကုန်သည်တစ်ယောက်ပဲ၊ ကျုပ်အတွက် အကျိုးအမြတ်ရနေသရွေ့ ခင်ဗျားတို့ကြားမှာ ပူးပေါင်းဖို့ အခွင့်ရေးရှိတယ်။ ဒါပေမယ့် ကျုပ်စိတ်မကောင်းပါဘူး၊ အနည်းဆုံးတော့ အခု ကျုပ် ဒရိက်ခ်နယ်မြေကနေ ဘာအကျိုးအမြတ်လမ်းကိုမှ မမြင်နိုင်တော့ဘူး။"
ရှုယီ၏ တရားဝင်စီးပွားရေးအကြောင်းကြားသော် မင်းသမီးလေးကာရိုလင်း၏မရေရာသောအသွင်က ပျောက်ကွယ်သွား၏။ အနည်းငယ်စဉ်းစားပြီးနောက် သူမက လေးနက်နေဟန်ဖြင့် ဆိုလာသည်၊
"တကယ်တော့ ကျွန်မ ဒီကိုလာတဲ့လမ်းမှာ ဒီပြဿနာကို စဉ်းစားထားပြီးသားပါ။ ဥက္ကဌရှုမှန်တာ ဖြစ်နိုင်ပါတယ်, ကျွန်မတို့ရဲ့ ဒရိက်ခ်နယ်မြေက Frestech ကုန်သည်ကြီးများအသင်းဆီကနေဆို အရမ်းဝေးပြီး ရှင့်ကို ကျွန်မတို့ ဒရိက်ခ်နယ်မြေမှာ မြှုပ်နှံဖို့ ကမ်းလှမ်းတာက တကယ်ကိုခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်မတို့ဘာလို့ အခြားနည်းလမ်း မတွေးကြည့်ရမှာလဲ?"
"အခြားနည်းလမ်း?" ရှုယီက အံ့ဩနေဟန်ဖြင့် ဆိုလိုက်သည်။
"ဥက္ကဌရှု၊ ဒါကို တစ်ချက်လာကြည့်ပါဦး"
မင်းသမီးလေးကာရိုလင်းမှာ ရှုယီထံ လက်ယမ်းပြကာ နံရံထက်မှ မြေပုံကို လာကြည့်ရန် အချက်ပြလိုက်သည်။ သူမက မြေပုံထက်ရှိ ဘန်တာမြို့တော်နှင့် ဒရိက်ခ်နယ်မြေအကြားက နေရာလေးကို ညွှန်ပြလာ၏၊ "ဥက္ကဌရှု၊ ရှင် ကျွန်မတို့ ဒရိက်ခ်နယ်မြေမှာ ရင်းနှီးမြှုပ်နှံ စိတ်အပူဆုံးက ဘန်တာမြို့တော်ကနေဆို အရမ်းဝေးတာကြောင့် မဟုတ်လား?"
"အမှန်ပဲ။ ပြီးတော့၊ ဒါက အခြားတိုင်းပြည်လည်းဖြစ်တာကြောင့် ကျုပ်ကို လမ်ပူရီတိုင်းပြည်လို စိတ်ချမှုရအောင် မခံစားရစေဘူး။" ရှုယီက ခေါင်းငြိမ့်ကာဆိုလာသည်။
"လမ်ပူရီတိုင်းပြည်မှာဆိုရင်တောင် ရှင်လုံးဝကြီး စိတ်မချဘူး မို့လား? ကျွန်မကြားခဲ့ပါတယ်၊ ကောင်းပြီ၊ ဒီကိစ္စကို ထပ်မပြောတော့ဘူး။ ဒါကို ကြည့်ရအောင်..." မင်းသမီးလေးကာရိုလင်းက ဒရိက်ခ်နယ်မြေအနီးက အပေါ်ဘက်ညာထောင့်က မြို့တစ်ခုကိုညွှန်ပြလာ၏၊ " ဥက္ကဌရှု၊ ကျွန်မရဲ့သတင်းအရ၊ အရင်မြို့စား ကောင့်ထ်စီယန်ကို ဆိုဝယ်လ်မြို့ပို့ထားတာမဟုတ်လား?"
ရှုယီက နီးနီးကပ်ကပ်ကြည့်လိုက်ရာ မင်းသမီးလေးကာရိုလင်းက ဆိုဝယ်လ်ဟု မှတ်ထားသော မြို့ကို ညွှန်ပြနေ၏။
"ဟုတ်ပါတယ်၊ ကောင့်ထ်စီယန်က အဲ့ဒါနဲ့ ပတ်သက်ပြီးနှမျောစရာပဲ။ သူ့ကို ရုတ်တရတ်ကြီး ဘန်တာမြို့နဲ့ ဝေးတဲ့နေရာဆီပို့လိုက်တာလေ၊ သူပြန်လာဖို့အဆင်မပြေသလို ရှေ့လျှောက်လည်း တစ်ချက်မကြည့်နိုင်တော့ပါဘူး၊" ရှုယီက ပြောလိုက်၏။
"ဒါက ကောင့်ထ် စီယန်အတွက် အဆင်မပြေတာဖြစ်နိုင်တယ်ဆိုပေမယ့် ဥက္ကဌရှု၊ ဒါက ကျွန်မတို့ရဲ့ ပူးပေါင်းမှုအတွက် အဆင်မပြေပေဘူးလား"
"အိုး? ခင်ဗျား ဘာကို ဆိုလိုချင်တာလဲဗျ?" ရှုယီက မင်းသမီးလေးကာရိုလင်း၏ဆိုလိုရင်းကို ခန့်မှန်းလိုက်နိုင်သောကြောင့် စိတ်ဝင်စားမှုတချို့ ထုတ်ပြလာသည်။
"ကြည့်ပါဦး၊ ဒီ ဆိုဝယ်လ်မြို့တော်က ကျွန်မတို့ နယ်စပ်ကနေဆို တစ်ရာ ကီလိုမီတာပဲဝေးတယ်။ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဆိုဝယ်လ်မြို့တော်မှာ အခြေခံပြီး ထုတ်လုပ်မှုတစ်ခု တည်ဆောက်မယ်ဆိုရင် Frestech ကုန်သည်ကြီးများအသင်းရဲ့ ကုန်စည်တွေကို ဒရိက်ခ်နယ်မြေဆီ ပို့ဆောင်တာပဲဖြစ်ဖြစ်၊ ရှင်တို့လုပ်ငန်းစုက လိုတာကို ကျွန်မတို့ဆီကနေ ပို့တာဖြစ်ဖြစ် အဆင်ပြေလိမ့်မယ်။ ပြီးတော့ ဆိုဝယ်လ်မြို့တော်ရဲ့ မြို့စားက ကောင့်ထ်စီယန်ဆိုတော့ ရှင်သူ့ကို ယုံလို့ရတယ်မဟုတ်လား?"
ရှုယီက မြေပုံကို တွေးဆဆဖြင့်ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်၊ "ဒီအစီစဉ်က တကယ်ကိုအဆင်ပြေတာပဲ၊ ဒါပေမယ့် မင်းသမီးလေး၊ ခင်ဗျားကျုပ်ကို မပြောရသေးဘူး၊ ကျုပ်အနေနဲ့ ခင်ဗျားတို့ ဒရိက်ခ်နယ်မြေကနေ ဘာအကျိုးအမြတ်တွေရမှာလဲ?"
"ကျွန်မတို့ ဒရိက်ခ်နယ်မြေက မကြီးပေမယ့်လည်း၊ သဘာဝသယံဇာတတွေအင်မတန်ကြွယ်ဝတယ်။ ဥပမာ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်ပစ္စည်းတွေထုတ်လုပ်ဖို့ သံတွေကို အများဆုံးလိုအပ်ပြီး ကျွန်မတို့နယ်မြေမှာက တော်တော်များများရှိတယ်လေ။" မင်းသမီးလေးကာရိုလင်းကပြောလိုက်၏။
"သံဆိုတာက အင်မတန်အရေးပါတဲ့ရင်းမြစ်ပဲ၊ ခင်ဗျားတို့ ဒရိက်ခ်နယ်မြေက ဒါတွေကို ထုတ်ဖို့ ဆန္ဒရှိရဲ့လား?" ရှုယီက မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။
"ဘာလို့? အဲ့မှာရှိတဲ့ သံတွေကို ဘာမှမသုံးရသေးဘူး၊ ကျွန်မတို့အနေနဲ့ လိုအပ်တာအဖြစ် လဲလှယ်နိုင်မယ်ဆိုရင် ဝမ်းပမ်းတသာ လုပ်ဖြစ်မှာပဲ။ ကျွန်မတို့နယ်မြေက လူတွေလည်း ဘန်တာမြို့တော်က လူတွေလို နေထိုင်နိုင်သရွေ့ ဘာကိုမဆို လဲလှယ်ဖို့ ဆန္ဒရှိပါတယ်။" ထိုသို့ပြောပြီးနောက် မင်းသမီးလေးကာရိုလင်းက ရှုယီကို ကျီစားဟန်ဖြင့်ကြည့်ကာ၊ "အဲ့ထဲမှာ ကျွန်မတောင်ပါသေးတယ်"
ရှုယီက ပြုံးရင်း ခေါင်းယမ်းလိုက်၏၊ "ဒါက တကယ်ကို နှမျောစရာပါ၊ မင်းသမီးလေး။ ကျုပ်ရဲ့အမြင်အရဆို မင်းရဲ့ ဆွဲဆောင်မှုက ကျုပ်အတွက် သံသတ္တုမိုင်းတွင်းတွေနဲ့စာရင် ဆွဲဆောင်မှုနည်းနေသေးတယ်။"
***