← Chapters

အခန်း (၁၅၁-၁၆၀)

Vol. 3 Ch. 151-160

အခန်း (၁၅၁-၁၆၀)

Vol. 3 Ch. 151-160

Vol 3, အခန်း ၁၅၁။ ဘန်တာမြို့၌ အခြေချခြင်း

နှစ်ဦးသား မှော်လေသင်္ဘော၏ မှော်အစီအရင်အကြောင်း ရိုးရိုးရှင်းရှင်း ဆွေးနွေးပြီးနောက် အီဗီတာက ရုတ်တရတ်မေးလာသည်၊ "ဟုတ်သားပဲ၊ အာကာလီ၊ နင် အစီရင်ခံစာလုပ်ပြီးပြီဆိုတော့ အိမ်ပြန်ဖို့ မပြင်သေးဘူးလား?"

အာကာလီက အံ့ဩသွားသော်လည်း နောက်တွင် ချက်ချင်းဖြေလာသည်။

"ဟုတ်သားပဲ၊ ဒီအစီရင်ခံစာလွှဲပေးတာအပြင် မေးစရာရှိသေးတယ်၊ နင်ရော ပြန်ဖို့စီစဉ်ထားလား? ငါနဲ့အတူသွားချင်လား? ငါ မနက်ဖြန်‌ပြန်ချင်လို့။"

"ငါ အခုတော့ မဆုံးဖြတ်ရသေးဘူး။" အီဗီတာက ခေါင်းခါသည်၊ "ဒါပေမယ့် မနက်ဖြန်တော့ မပြန်ဖြစ်တာသေချာတယ်။ မှော်သုတေသနဌာနမှ အလုပ်တွေရှိသေးသလို မှော်လေသင်္ဘောကလည်း လက်ရှိမှာ မရှိမဖြစ်အခြေအနေကိုရောက်နေပြီ။ ငါသာ နှစ်သစ်ကူးအတွက်ပြန်သွားပြီးမှ ပြန်လာရင် တချို့အရာတွေကို မေ့သွားလိမ့်မယ်။"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" အာကာလီက ချက်ချင်းပြော၏၊ "ငါတို့ နေ့တိုင်း ဒီအရာတွေကို သုတေသနလုပ်ခဲ့တာပဲလေ၊ တစ်လတောင်မပြည့်တဲ့အချိန်လေးနဲ့ ဘယ်လိုမေ့မှာလဲ? နင့်ကိုယ်နင် အ‌ထင်သေးလွန်းနေတာမဟုတ်ဘူးလား?"

"လိုရင်းပြောရရင်..... ဒီတစ်ခေါက် အားလပ်ချိန်က ရှည်ပေမယ့်လည်း စောစောပြန်ဖို့ မစီစဉ်ထားဘူး။ အင်း..... မပြန်ဖြစ်တာလည်း ဖြစ်နိုင်တယ်။"

"အာ? နင် မပြန်တော့ဘူးလား?" အာကာလီက အံ့ဩသွားကာ၊ "ဒါက နှစ်သစ်ကူးလေ! နင်က အိမ်ပြန်ဖို့ မစီစဉ်ထားဘူးလား? နင့်ရဲ့ အမေနဲ့ အဖေသာ ဒါကိုသိရင် သေချာပေါက် ဒေါသထွက်မှာပဲ။"

အီဗီတာက အသာပြုံးကာ ပြော၏၊ "ငါက မပြန်ဘူးလို့ပဲပြောတာလေ၊ ငါ့ရဲ့ မိဘတွေနဲ့အတူ အချိန်ကုန်ဖို့ မစီစဉ်ထားဘူးလို့ မပြောပါဘူး။"

အာကာလီက အံ့ဩသွားကာ၊ "ဘာအဓိပ္ပာယ်လဲ?"

"ဘာလို့လည်းဆိုတော့ ငါ့ရဲ့ မိသားစုကို ဇာတိမြို့ကနေ ဘန်တာမြို့ဆီ နှစ်သစ်ကူးအတွက် ခေါ်ရမလားစဉ်းစားနေလို့လေ။" အီဗီတာက ဖြေသည်၊ "မြောက်ပိုင်းက အရမ်းအေးပြီး ငါတို့အိမ်ရဲ့အခြေအနေကလည်းမကောင်းဘူးလေ။ မှော်လေပေးစက်လေးနဲ့တင် ဘန်တာမြို့မှာလို သက်တောင့်သက်သာဖြစ်နေမှာမဟုတ်ဘူး။ ငါတို့ဇာတိမှာ နှစ်သစ်ကူးကို ကုန်ဆုံးစေမှာနဲ့စာရင် သူတို့ကို ဒီခေါ်လိုက်တာက ပိုကောင်းတယ်။"

"အင်း.... နင့်မှာက မိဘတွေပဲရှိပြီး တခြားဘယ်ဆွေမျိုးမှမရှိတော့ ဒီအကြံက မဆိုးပါဘူး။" အာကာလီက စဉ်းစားပြီးမှ စိတ်ဓာတ်ကျနေသည့်အသံဖြင့် ပြောသည်၊ "ဒါပေမယ့် ငါ့ဆီမှာက မိဘတွေအပြင် ဆွေမျိုးတွေလည်း တသီကြီးရှိတော့ ဒီလိုလုပ်လို့မရဘူး။ ငါသာ အဖေနဲ့ အမေကိုပဲ ဒီခေါ်လိုက်ရင် သူတို့လည်း သေချာပေါက် လာချင်မှာမဟုတ်ဘူး။"

အီဗီတာက စိတ်ဓာတ်ကျနေသည့် အာကာလီကိုကြည့်ပြီးနောက် အနည်းငယ်ရပ်တန့်ကာ လေးနက်စွာဖြင့် မေးလေသည်၊ "ငါ့မိဘတွေကို နှစ်သစ်ကူးအတွက် ခေါ်တာအပြင် တကယ်တော့ ဘန်တာမြို့မှာ အခြေချခိုင်းဖို့ပါ စီစဉ်နေ‌တာလေ။ အာကာလီ, နင်ရော ဒါကို စဉ်းစားဖူးတယ်မဟုတ်လား?"

"အခြေချမယ်?" အာကာလီက အံ့ဩသွားသော်လည်း စဉ်းစားကာ ခေါင်းငြိမ့်သည်၊ "မဆိုးပါဘူး၊ ဒါပေမယ့် ငါခုနက ပြောပြီးပြီလေ နင့်မှာက ဆွေမျိုးတွေ များများစားစားမရှိတော့ နင့်ရဲ့မိဘတွေကို နှစ်သစ်ကူးအတွက် လာခိုင်းတာဖြစ်ဖြစ် ဒီမှာအခြေချတာပဲဖြစ်ဖြစ် ပြဿနာမရှိဘူး။ ဒါပေမယ့် ငါ့ရဲ့မိသားစုနဲ့အတူ ဒါကို လုပ်လို့မရနိုင်ဘူး။"

"ဒါပေမယ့် နင် တစ်ခုခုမစဉ်းစားဖူးဘူးလား?" အီဗီတာ၏ မျက်နှာ၌ စိုးရိမ်ဟန်ရှိနေသည်။

"ဘာများလဲ?"

"မေ့သွားတာလား? အရင်တစ်ခေါက် ငါတို့တွေ စတေးလ်ကိုသွားတွေ့တော့ မင်းသားလေး အဲရစ်က စခ်တိုင်းပြည်ကို တိုက်ခိုက်ဖို့အတွက် နောက်နှစ်နွေဦးရာသီမှာ မြောက်ဘက်စစ်တပ်ကိုဦးဆောင်မယ်လို့ ဥက္ကဌပြောခဲ့တယ်မဟုတ်လား?" အီဗီတာက မေးသည်။

အာကာလီထံ၌ ထူးဆန်းဟန်ရှိနေကာ၊ "ဒါက ငါတို့အတွက် ဘာအရေးကြီးလို့လဲ? ဒါက မင်းသားလေး အဲရစ်နဲ့ မင်းသမီးလေး ဆယ်ဗီနီတို့လို အရေးကြီးပုဂ္ဂိုလ်တွေပဲ စဉ်းစားရမယ့် ကိစ္စမဟုတ်လား။ နင်က ဒါကိုစိတ်ပူတော့ ဘာအသုံးဝင်မှာလဲ? ပြီးတော့လည်း ဒါက နင်ပြောတာနဲ့ ဘာဆိုင်လို့လဲ?"

"ဆိုင်တာပေါ့။" အီဗီတာထံ၌ လေးနက်ဟန်ရှိနေပြီး ဟာသလုပ်နေဟန်လုံးဝမရှိပေ၊ "မင်းသားလေးက စခ်တိုင်းပြည်ကို တိုက်ခိုက်မယ်ဆိုတာ သူနိုင်ရင်တော့ အဆင်ပြေတာပေါ့၊ ဒါပေမယ့် အခြေအနေကသာ ဆိုးသွားပြီး စခ်တိုင်းပြည်က ငါတို့ကိုတိုက်ခိုက်လာရင် တိုင်းပြည်မြောက်ပိုင်းက မလုံမခြုံဖြစ်လာမှာပဲ။ ငါက ဘန်တာမြို့မှာ ငါ့ရဲ့မိဘတွေကို ခေါ်လာချင်တာဟာ ဒါကို စိတ်ပူတာကြောင့်ပဲ။"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....." အာကာလီက ငြင်းဆန်လိုက်မည်အပြုတွင် ရုတ်တရတ် မျက်မှောင်ကုပ်ကာ မျက်နှာထက်၌ စိုးရိမ်ဟန် ပေါ်လာသည်၊ "ဟုတ်တာပဲ၊ မင်းသားလေးက ငါတို့ Frestech ကုန်သည်ကြီးများအသင်းကို ငြင်းပယ်ပြီး ငါတို့ဆီကနေ ဘာစစ်ဘက်သုံးမှော်စက်ကိုမှ မမှာဘူးလို့ ဥက္ကဌပြောတာကြားတယ်၊ ဒီတော့ မြောက်ဘက်စစ်တပ်က အဲ့လောက် အားမကောင်းဘူးပေါ့။ သူတို့သာ တကယ်ပဲရှုံးသွားရင်....."

"အခု ငါဘာလို့ ဒီလိုစဉ်းစားမှန်းသိပြီလား?" အာကာလီထံရှိ အမူအရာကိုမြင်သော် အီဗီတာက မေးသည်၊ "ပြီးတော့လည်း.... အရင်ရက်နည်းနည်းအကြာက အဖေ့ဆီကလာတဲ့ စာမှာ လော်ရန်မြို့နဲ့ အနီးဝန်းကျင်မြို့တော်တွေအားလုံးက ပြည်သူတွေကို အတင်းအဓမ္မ အခွန်ကောက်နေတယ်လို့ပြောထားတယ်။ သူတို့က ပြည်သူတွေကို အနည်းဆုံး ရွှေဒင်္ဂါးဆယ်ပြား ဒါမှမဟုတ် မြောက်ဘက်စစ်တပ်အတွက် အသုံးပြုဖို့ သင့်တော်တဲ့ ကုန်စည်တွေ ထုတ်ခိုင်းတယ်လေ။ အဲဒီ့မြို့တော်တွေမှာရှိတဲ့ ပြည်သူတွေအားလုံးကဒါကို ညည်းညူနေကြပြီ။"

"မင်းသားလေးက တိုက်ခိုက်ချင်တဲ့လူလေ၊ ဘာလို့ ငါတို့ပြည်သူတွေကို ပေးခိုင်းဖို့ လိုအပ်နေတာလဲ!"

အာကာလီက ဒေါသတကြီးပြောလိုက်ပြီးမှ စိတ်ထိန်းသည်။ အနည်းငယ် စဉ်းစားနေပြီးနောက်၌ သူမက လေးပင်စွာ ခေါင်းငြိမ့်၏။

"ငါနားလည်ပြီ၊ ဒီကိစ္စက တကယ်ကို အရေးကြီးတာပဲ။ အီဗီတာ, နင်မှန်တယ် မြောက်ဘက်စစ်တပ်သာ ရှုံးသွားရင် ငါတို့မိသားစုက မြောက်ဘက်နယ်စပ်နဲ့နီးတော့ သူတို့အတွက် အရမ်းအန္တရာယ်များတယ်။ မဟုတ်သေးဘူး၊ ငါမနက်ဖြန် မြန်မြန်ပြန်ပြီး ငါ့မိဘတွေနဲ့ ဆွေမျိုးတွေကို ဒီပြောင်းလာဖို့ ရှင်းပြရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာလည်း ငွေအတော်လေးရှိတော့ ဒီနေရာကို ပြောင်းလာခိုင်းဖို့က ပြဿနာတော့မဟုတ်ပါဘူး။"

"အင်း၊ သူတို့ကို ဘန်တာမြို့ဆီ လာခိုင်းလိုက်ရင်တော့ အကောင်းဆုံးပေါ့။" အီဗီတာက ခေါင်းတစ်ချက်ငြိမ့်သည်၊ "အခုဆို ဘန်တာမြို့က ဒီလောက်ကောင်းကောင်းဖွံ့ဖြိုးနေတာဆိုတော့ ငါတို့ကို အောင်မြင်မှုနည်းနည်းရထားပြီးသားလို့ သတ်မှတ်လို့ရတယ်၊ အနည်းဆုံးတော့ ငါတို့မိသားစုတွေကို ထောက်ပံ့ဖို့ ငွေအလုံအလောက်ရတာပေါ့။ ပြီးတော့လည်း ဘန်တာမြို့မှာ အလုပ်အကိုင်အခွင့်အလမ်းတွေများတော့ သူတို့လာရင်တောင် အလုပ်တွေရှာနိုင်လိမ့်မယ်။ ဘယ်လိုပဲကြည့်ကြည့် ငါတို့ရဲ့ ဇာတိမြို့တွေမှာနေတာထက် ပိုကောင်းတယ်လေ။"

"ဟုတ်တယ်၊ မင်းသားလေး အဲရစ်ကြောင့် အဲ့လို စွန့်စားရမှာနဲ့စာရင် ဘုရင်မကိုပဲ အခွန်တွေပေးလိုက်မယ်!" အာကာလီက ဒေါသတကြီး မင်းသားလေး အဲရစ်ကို ဆူ‌ငေါက်ပြီးမှ သူမလက်ထဲရှိ အစီရင်ခံစာကို အီဗီတာထံ လွှဲပေးလိုက်သည်၊ "ငါမစောင့်နိုင်တော့ဘူး၊ အခုပဲ ထုပ်ပိုးပြီး မွန်းလွဲလောက်ကျရင် အိမ်အမြန်ပြန်ရမယ်! အီဗီတာ, ငါ ဒီအစီရင်ခံစာကိုမစစ်ဆေးရသေးလို့ ကျေးဇူးပြုပြီး ကူကြည့်ပေးပါဦးနော်။"

အာကာလီက ထိုသို့ပြောပြီးနောက် သူမအဆောင်ရှိရာဘက် ပြေးသွားသည်ကိုကြည့်ရင်း အီဗီတာမှာ မနေနိုင်ဘဲ ခေါင်းခါရင်း ရယ်မောမိသည်။ အစီရင်ခံစာကိုချထားပြီးနောက် သူမက လက်ထဲရှိ အဝေးထိန်းကိရိယာကိုနှိပ်လိုက်ရာ မှော်လေသင်္ဘောက တည်ငြိမ်စွာ နိမ့်ဆင်းလာသည်။ သူမ၏ ရင်ဘတ်အမြင့်လောက်အရောင်တွင် ၎င်းကို အ‌ဝေးရှိ မှော်သုတေသနဌာနသို့ သူမနှင့်အတူ ဦးတည်ရန်ထိန်းချုပ်လိုက်၏။

စတေးလ်က သူမ၏ စူထွက်နေသောဗိုက်‌လေးကိုထိကာပြတင်းအပြင်ကိုကြည့်လိုက်၏။ မဟာမှော်ပညာရှင်ကမ်မီလာက ခြံဝန်းထဲ၌ရှိနေသေးပြီး သူ့ရှေ့ရှိ ပါကင်ထိုးထားသော မှော်ကားကို ငေးကြည့်နေသည်အားတွေ့သော် သူမဟာ မနေနိုင်ဘဲ ရယ်ရသလိုခံစားမိ၏။

အဘိုးဟာ အသက်ကြီးလာသည်နှင့် ကလေးတစ်ယောက်နှင့် ပိုတူလာပြီး တကယ်ကို မှော်ကားတစ်စီးအား စိတ်တိုနေလေသည်။

လအစပိုင်းတွင် မဟာမှော်ပညာရှင်ကမ်မီလာမှာ တစ်စုံတရာကြောင့် လှုံ့ဆော်ခံလိုက်ရပြီး ရုတ်တရတ် ကားမောင်းလိုင်စင်စာမေးပွဲဖြေဖို့ ဆုံးဖြတ်လိုက်၏။

ရှုယီနှင့် စတေးလ်တို့မှာ အနည်းငယ် အံ့ဩသွားကြသော်လည်း ၎င်းတို့ထံ တောင်းဆိုလာသဖြင့် နှစ်ဦးကလည်း သူ့အား မငြင်းလိုက်ကြချေ။

သို့သော် မျှော်လင့်မထားသည်မှာ ဤစွမ်းအားကြီး ကြယ်လေးပွင့် မဟာမှော်ပညာရှင်ကြီးထံ၌ မှော်ကားမောင်းရာတွင် မည်သည့်ပါရမီမှ ပါမလာပေ။ လတစ်ဝက်ကြာပြီးနောက်တွင်ပင် အခြေခံအကျဆုံး ယာဉ်မောင်းစာမေးပွဲကို မကျော်ဖြတ်နိုင် ဖြစ်နေဆဲဖြစ်၏။

ပြင်းပြသည့်ဆန္ဒဖြင့် မဟာမှော်ပညာရှင်ကမ်မီလာက Frestech ကုန်သည်ကြီးများအသင်းထံမှာ သီးသန့် မှော်ကားတစ်စီးမှာယူကာ အားလပ်ချိန်ရတိုင်း ကြယ်ကြွေအိမ်ရာ၌ လှည့်ပတ်မောင်း‌နှင်လေသည်။

သို့သော် ရလာဒ်များက ကြောက်စရာပင်။ လက်ရှိ ကြယ်ကြွေအိမ်ရာ တစ်လျှောက်လုံးရှိ ကျိုးပဲ့နေသော သစ်ပင်များက ၎င်းကိုသက်သေပြနေ၏။

မဟာမှော်ပညာရှင်ကမ်မီလာထံ၌ စွမ်းအားကြီးမှော်ပညာရှိကာ အထိန်းအကွပ်မဲ့သွားတတ်သည့် မှော်ကားကို မှော်အစွမ်းသုံး၍ ရပ်တန့်ခြင်းကြောင့်သာမဟုတ်ပါလျှင် ကြယ်ကြွေအိမ်ရာ၌ သစ်ပင်အကျိုးအပဲ့ အနည်းအကျဉ်းမျှသာရှိမည်မဟုတ်ချေ။

စတေးလ်လည်း အသစ်စက်စက်ကျိုး‌နေသည့် သစ်ပင်များကို ကြည့်လိုက်ပြီးနောက် ကောင်းကင်သို့ မော့ကြည့်လေသည်။ ထို့နောက် မဟာမှော်ပညာရှင်ကမ်မီလာထံ အော်ပြောလိုက်၏၊ "အဘိုး နှင်းကျကာနီးပြီ၊ ဒီနေ့တော့ ဒီမှာပဲ ထားခဲ့လိုက်ရင်ရော?"

မဟာမှော်ပညာရှင်ကမ်မီလာက စတေးလ်ထံလှည့်ကြည့်ပြီးနောက် မှော်ကားထံပြန်လှည့်သွားသည်။ သူ၏ အမူအရာက ဆန္ဒရှိဟန်ပေါ်မနေသော်လည်း ရွေးချယ်စရာမရှိလေရာ သက်ပြင်းချ၍ အထဲသို့ ပြန်ဦးတည်လာတော့သည်။

သူမည်သို့ ဖြစ်သွားသည်ကိုကြည့်ရင်း စတေးလ်လည်း မရယ်မောမိဘဲ မနေနိုင်တော့ချေ။

သူမ၏ မှတ်ဉာဏ်မှ အဘိုးမှာ အမြဲတစေ အကြွင်းမဲ့အာဏာရှိခဲ့သည်။ လူတိုင်းက သူ့အား လေးစားကြသလို စတေးလ်ထက်ပင် အင်မတန်ကျော်ကြား၏။

၎င်းကပဲ စတေးလ် ငယ်စဉ်ကတည်းက မဟာမှော်ပညာရှင်ကမ်မီလာကို ချစ်ကြောက်ရိုသေစေခဲ့သော်ငြား သူ့အတွက် ခက်ခဲမည့် အရာတစ်ခုကို လုပ်ဆောင်ရသည့်နေ့တစ်နေ့ ရောက်လာမည်ဟု မထင်ထားခဲ့မိပေ။

သူ့အား အခက်တွေ့စေသည့် မှော်ကားအား ဖန်တီးထားသူမှာ သူမ၏ခင်ပွန်း ရှုယီဖြစ်ကာ ယာဉ်မောင်းလိုင်စင် ပြုလုပ်ရမည့် အကြံကလည်း ရှုယီထံမှသာ လာကြောင်းကို စဉ်းစားမိသော် စတေးလ်မှာ ပိုမို ရယ်ရသလိုပင် ခံစားမိလိုက်၏။

မဟာမှော်ပညာရှင်ကမ်မီလာပြန်ဝင်လာသည်ကို ကြိုဆိုရန် ထရပ်လိုက်မည်အပြုတွင် အိမ်ရာ အပြင်ဘက်ရှိ အသစ်ခင်းထားသော လမ်း‌တလျှောက် ရွေ့လာနေသည့် မြင်းလှည်းကို စတေးလ်မြင်လိုက်ရသည်။

မြင်းလှည်းထက်ရှိ သင်္ကေတကို ကြည့်လိုက်သည်တွင် စတေးလ်မှာ ချက်ချင်းနားလည်သွားသည်။ သူမက ထရပ်ကာ မဟာမှော်ပညာရှင်ကမ်မီလာကို ပြောလေ၏၊ "အဘိုး၊ ကျွန်မ အပြင်သွားဖို့လိုလို့။ အဘိုးကတော့ ဒီမှာပဲ နေ့လည်စာ စားလိုက်ပါ၊ ဗီဗီယန်နဲ့ အက်ဂ်နက်စ်လည်း ခဏနေပြန်လာတော့မှာဆိုတော့ လဇ်နဲ့အတူ နေ့လည်စာ လုပ်ပေးလိမ့်မယ်။ အဘိုးတစ်ခုခုစားချင်တာရှိရင် လဇ်ကို ပြောလိုက်ရုံပဲ။"

နံဘေးရှိ လဇ်က လျင်မြန်စွာဖြင့် မဟာမှော်ပညာရှင်ကမ်မီလာကို ကြည့်ရင်း သူ့ထံမှ အမိန့်ကို စောင့်ဆိုင်းနေသည်။

မဟာမှော်ပညာရှင်ကမ်မီလာက လက်ယမ်းကာ စတေးလ်ကို သံသယအပြည့်ဖြင့်မေးလေ၏၊ "အခု ဘာအတွက် အပြင်သွားမှာလဲ? နှင်းကျခါနီးနေပြီ၊ အိမ်မှာပဲနေပြီး နားသင့်တယ်။ ဒီအချိန်မှာ မင်းကိုယ်မင်းဂရုစိုက်ဖို့ပဲလိုတာ၊ တစ်ခုခုဖြစ်ခွင့်ပေးလို့မရဘူးလေ။"

"ကျွန်မ ကိုယ်တိုင် လုပ်ဖို့လိုတဲ့ အလုပ်တချို့ရှိလို့ပါ၊ မဟုတ်ရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။"

စတေးလ်က ဖြေသည်။ မြင်းလှည်းက အိမ်ရာအဝင်ဝသို့ရောက်လာပြီး ရပ်တန့်ခြင်းမရှိဘဲ အိမ်တော်ရှေ့ရှိ ဧရိယာကျယ်ကြီးထံသို့ သွားလေသည်။

မြင်းလှည်းတံခါးပွင့်လာကာ ဥက္ကဌ ပေါ်တာ၏ ဇနီး မီယာထွက်လာပြီး အပြုံးဖြင့် လျှောက်လာ၏။

"မဒမ်၊ အားလုံးပြင်ဆင်ပြီးပါပြီ၊ သူတို့အခု မဒမ်ကို စောင့်နေကြတယ်။"

မီယာက စတေးလ်ကို ရိုသေလေးစားစွာ မျက်နှာချင်းဆိုင်လာသည်မှာ သူမက လက်အောက်ငယ်သား သို့မဟုတ် အစေခံတစ်ဦးလိုပင်။ သူမက စတေးလ်၏နံဘေးသို့ ရောက်လာပြီး လဇ်ထံမှ စတေးလ်၏လက်ကို မည်သည့်ကျင့်ဝတ်မှမပြဘဲ ယူကာ ဂရုတစိုက်တွဲကူပေးလာသည်။

စတေးလ်က သူမနှင့် အကြိမ်ပေါင်းများစွာ ဆုံခဲ့ဖူး‌ကာ အချိန်တိုင်း ရိုသေလေးစားနေမှုကို ကျင့်သား မရပါသော်လည်း မည်သည်ကိုမှ မဆိုနိုင်သဖြင့် အပြုံးဖြင့်သာ ခေါင်းငြိမ့်ပြလိုက်နိုင်သည်။

"ဟုတ်ပြီလေ ကျွန်မလည်း ပြင်ဆင်ထားပြီးပြီဆိုတော့ စီစဉ်ကြတာပေါ့။" ထိုသို့ပြောပြီးနောက် စတေးလ်က မဟာမှော်ပညာရှင်ကမ်မီလာထံလှည့်ကာ၊ "အဘိုး၊ ကျွန်မသွားတော့မယ်။"

မဟာမှော်ပညာရှင်ကမ်မီလာက မျက်မှောင်ကုပ်ကာ ခေါင်းခါသည်၊ "မင်းကဒီလိုမျိုးနဲ့ ဒီရာသီဥတုကြီးမှာ အပြင်ထွက်တယ်ပေါ့။ ရှုယီသာ ဒီမှာရှိနေရင် သေချာပေါက် ဒီလိုဖြစ်ခွင့်ပြုမှာမဟုတ်ဘူး။"

စတေးလ်က ခနဲ့တဲ့တဲ့ပြုံးရင်း အသာနှာမှုတ်သည်၊ "ဒါက ကျွန်မရဲ့ အလုပ်လေ၊ ရှုယီက သဘောတူထားပြီးသားပါ။ သူသာ ဒီမှာရှိနေရင် ကျွန်မကို ဆန့်ကျင်လိမ့်မှာမဟုတ်ဘူး။"

မဟာမှော်ပညာရှင်ကမ်မီလာက သဘာဝကျစွာပင် စတေးလ်၏ ကိုယ်ကျင့်စရိုက်ကို နားလည်ပါ၏။ သူက သက်ပြင်းတစ်ချက်ချကာ လက်ခါလိုက်သည်၊ "ကောင်းပြီလေ၊ သွားပြီး စောစောပြန်လာခဲ့။ ဂရုလည်းစိုက်ဦး။ ဟုတ်သားပဲ၊ လဇ် စတေးလ်နဲ့အတူသွားပြီး လမ်းမှာစောင့်ရှောက်ပေးလိုက်ပါ။ မင်း သူမကို ဘာမှဖြစ်ခွင့်မပေးရဘူးနော်။"

လဇ်က တုံ့ဆိုင်းစွာဖြင့် စတေးလ်ကို ကြည့်လိုက်သည်။

စတေးလ်က မျက်မှောင်ကုပ်ကာ၊ "အဘိုး၊ ကျွန်မက ကလေးမဟုတ်ပါဘူး ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။"

မဟာမှော်ပညာရှင်ကမ်မီလာက နှာမှုတ်ကာ၊ "မင်းက အရင်နဲ့ မတူတော့ဘူးလေ၊ ဒီလိုမလုပ်ချင်လို့မရဘူး!"

မဟာမှော်ပညာရှင်ကမ်မီလာက အနည်းငယ်စိတ်တိုလာပြီဖြစ်သည်ကိုမြင်သော် စတေးလ်လည်း လျှာတစ်လစ်ထုတ်ရုံသာတတ်နိုင်ပြီး ပြန်မငြင်းဝံ့တော့ပေ။

လဇ်က အလျင်အမြန်သွားကာ မီယာလက်ထဲမှ စတေးလ်၏ လက်မောင်းကို တွဲကူရန် ယူလိုက်သည်။

သုံးယောက်သားက မြင်းလှည်းပေါ်တက်ပြီး တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေရင်း မဟာမှော်ပညာရှင်ကမ်မီလာက အသာနှာခေါင်းရှုံ့လေ၏။

"အဲ့ကောင်လေးရှုယီက စတေးလ်ကို အတော်လေး ပျက်စီးအောင်လုပ်ထားတာပဲ။ သူပြန်လာရင် ကောင်းကောင်းသင်ပြလိုက်ရမယ်၊ သူ့အနေနဲ့ စတေးလ်ကို အရာအားလုံးလုပ်ခွင့်ပြုထားလို့မရဘူး။ သူက စတေးလ်ရဲ့ ခင်ပွန်းဆိုတော့ သူဂရုစိုက်သင့်တဲ့အရာတွေကို ဂရုစိုက်သင့်တယ်။"

ဘေးဘီကိုကြည့်ရင်း မဟာမှော်ပညာရှင်ကမ်မီလာက စိတ်နောက်စွာ လက်ခါလိုက်သည်။

"ဆိုဝယ်လ်မြို့မှာသာ ဆက်သွယ်ရေးအစီအရင်တစ်ခုလောက်ရှိရင်ကောင်းမယ်၊ အဲ့ကောင်လေးကို အခုချက်ချင်း သင်ပြလို့ရမှာပဲ။"

ထိုသို့စဉ်းစားရင်း မဟာမှော်ပညာရှင်ကမ်မီလာက မှင်တက်သွားသည်။ သူက ထိုနေရာ၌ ခဏတာ မတ်တပ်ရပ်နေပြီးမှ ရုတ်တရတ် လက်ခုပ်တီးရင်း ရွှင်မြူးဟန်ပေါ်လာကာ မျက်လုံးများတောက်ပသွားသည်။

"ဟုတ်သားပဲ! ဆက်သွယ်ရေးအစီအရင်က မှော်အစီအရင်တစ်ခုပဲ မဟုတ်လား၊ နည်းလမ်းဟောင်းကိုသုံးပြီး မှော်စက်တစ်ခုထဲ ထည့်ထားလိုက်လို့ မရနိုင်လောက်ဘူးလား!"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၁၅၂။ အချိန်မီစီစဉ်ခြင်း

မြင်းလှည်းက စတေးလ်၊ မီယာနှင့် လဇ်တို့ကို ဘန်တာမြို့ အရှေ့ဂိတ်မှ ခေါ်ထုတ်သွားကာ ဘန်တာမြို့နှင့် မလှမ်းမကမ်းရှိ ဆန်ဒီမြစ်‌အောက်ဘက် ကမ်းခြေရှိရာဆီ ရောက်လာသည်။

ဆန်ဒီမြစ်ထက်ရှိ စန်းလန်မြစ် တူးမြောင်းဆီ ဦးတည်သော အသစ်ဆောက်ထားသည့် သင်္ဘောဆိပ်ခံတံတား၌ ရပ်လိုက်ချိန်တွင် လူသားအလုပ်သမားဒါဇင်ချီနှင့် မတူညီသော သားရဲလူမျိုးအလုပ်သမားတစ်ရာကျော်ကို တွေ့လိုက်ရသည်။

မြင်းလှည်းက နီးကပ်လာသည်ကိုမြင်သော် လူသားများကို ဦးဆောင်လာသည့် ဥက္ကဌပေါ်တာနှင့် သားရဲလူမျိုးများကို ကြီးကြပ်‌ထားဟန်ရှိသည့် ကျားရဲလူမျိုးတစ်ဦးတို့ ရောက်လာကြ၏။

စတေးလ်က မြင်းလှည်းထဲမှ သူမအား တွဲထားသည့် လဇ်နှင့်ထွက်လာသည်။ ဥက္ကဌ ပေါ်တာက သူမ၏ ဝမ်းဗိုက်ကို တစ်ချက်ကြည့်ကာ တောင်းပန်ဟန်ဖြင့် ဆို၏၊ "မဒမ်၊ ကျုပ်တကယ်ပဲ အားနာပါတယ်။ ဒီရာသီဥတုကြီးမှာ ခင်ဗျားကို ထွက်လာခိုင်းရတာ ခင်ဗျားအနေနဲ့ တကယ်ကို ခက်ခဲမှာပဲ။"

"ရပါတယ်။" စတေးလ်က အသာပြုံးရင်း လက်ခါပြပြီးနောက် ကျားရဲလူမျိုးထံလှည့်ကာ၊ "လော့ဟန်, ရှင်တို့လူတွေအားလုံး ဒီကိုရောက်နေပြီလား?"

ကျားရဲလူမျိုးက သူ၏ ပါးစပ်ကြီးကို ဖွင့်ဟကာ၊ "သူတို့ အားလုံးရောက်နေပါပြီ။ အားလုံး စောင့်နေတာကို မြင်မှာပါ။"

စတေးလ်က ထိုသားရဲလူမျိုးများကိုကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းတစ်ချက်ငြိမ့်လိုက်၏။ ထို့နောက် ဥက္ကဌ ပေါ်တာကို‌ မေးလေသည်၊ "ဥက္ကဌ ပေါ်တာ, ရှင် ဒီသားရဲလူမျိုးတွေကို စစ်ဆေးပြီးပြီလား? အရည်အချင်းမှီကြလား?"

ဥက္ကဌ ပေါ်တာက အပြုံးဖြင့် တဆတ်ဆတ်ခေါင်းငြိမ့်ပြူည်၊ "စိတ်တိုင်းကျတယ်၊ အရမ်းကိုစိတ်တိုင်းကျပါတယ်။ ကျုပ်တို့အဖွဲ့က သန်မာတဲ့လူတွေကို လိုအပ်နေရုံဆိုတော့ သူတို့သာ လုံလုံလောက်လောက်သန်မာနေ‌သရွေ့ သင့်တော်ကြပါတယ်။"

စတေးလ်က လော့ဟန်ကို လှည့်ကာ မေးလိုက်သည်၊ "ဒါဆို ရှင်တို့ကရော? ပေါ်တာကုန်သည်ကြီးများအသင်းက ဦးစားပေးထားတဲ့ အလုပ်အကိုင်အခြေအနေတွေကို စိတ်ကျေနပ်ရဲ့လား?"

လော့ဟန်က ခေါင်းငြိမ့်သည်၊ "အင်း၊ ကျုပ်တို့လည်း အတော်စိတ်တိုင်းကျပါတယ်။ ညီအစ်ကိုတွေအားလုံးလည်း ဒီမှာ အလုပ်လုပ်ရတာက အိမ်မှာနေရတာထက် အများကြီး ပိုကောင်းတယ်လို့ ပြောကြတယ်။"

"ကောင်းတာပေါ့။ နှစ်ဘက်စလုံးမှာ ဘာမကျေနပ်စရာမှမရှိတော့ အလုပ်သမားစာချုပ်မှာ လက်မှတ်ထိုးလို့ရပြီ၊ ကျွန်မက သက်သေလုပ်ပေးမယ်။" စတေးလ်က ပြော၏။

"ကောင်းပါပြီ"

"ကောင်းပါပြီ"

ဥက္ကဌ ပေါ်တာနှင့် လော့ဟန်တို့က တစ်ချိန်တည်း သဘောတူလိုက်ကြသည်။ ၎င်းတို့မှာ ဆိပ်ခံတံတားနံဘေးရှိ တဲလေးတစ်ခုဆီသွားကာ စာချုပ်လက်မှတ်ထိုးဖို့ ပြင်ဆင်လိုက်ကြ၏။

တကယ်တမ်းတွင် ၎င်းတို့အကြားရှိကိစ္စအား ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ဤသည်မှာ ဘန်တာမြို့နှင့် လမ်ပူရီတိုင်းပြည်တို့၏ ပထမဆုံး သားရဲအလုပ်သမားများ ခန့်အပ်သည့် အကြိမ်ဖြစ်သောကြောင့် လူမျိုးခြား အလုပ်သမားများနှင့် ဆက်သွယ်ရန် တိုင်းပြည်၌ အရည်အချင်းမီသည့် တစ်ခုတည်းသော လုပ်ငန်းစုဖြစ်သည့် ဆန်းသစ်လ ကုန်သည်ကြီးများအသင်းအား သက်သေအဖြစ်လိုအပ်ခြင်းဖြစ်၏။

မဒမ်၊ လေက အားကောင်းပြီး အေးတော့ အထဲကို သွားသင့်တယ်မဟုတ်လား?" လဇ်က အသံတိုးတိုးဖြင့် သတိပေးလာသည်။

စတေးလ်က ခေါင်းခါ၏။ သူမက သားရဲလူမျိုးများထံသွားကာ ကြည့်လိုက်သည်။

၎င်းသားရဲလူမျိုးများက သူမအရင်က မြင်ခဲ့ဖူးသည့် သားရဲလူမျိုးများလိုပင် စုတ်ပြဲနေသော အဝတ်များကို ဝတ်ထားလျှင်ဝတ်ထား မဟုတ်ပါက အဝတ်များပင် မဝတ်ထားဘဲ ၎င်းတို့၏ အသားအရေပမာဏများစွာကို ပြသထားသည်။

သားရဲလူမျိုးများထံ၌ သာမန်လူသားများထက် ပိုကောင်းသည့် ကိုယ်ကာယရှိပါလျှင်တောင် တုန်လှုပ်နေကာ အရုပ်ဆိုးဟန်များဖြစ်လာကြသည့် သားရဲလူမျိုးများစွာ ရှိလေသည်။

အတော်ငယ်ရွယ်ဟန်ရှိကာ ပိုအားနည်းသည့် မြေခွေး‌နှင့် ယုန်သားရဲလူမျိုးနှစ်ဦးထံ၌ ဝမ်းနည်းနေသည့် မျက်နှာထားများရှိနေသည်မှာ မည်သည့်အခိုက်အတန့်၌မဆို ခဲသွားတော့မည့်ဟန်ဖြစ်နေ၏။

စတေးလ်က မနေနိုင်ဘဲ မျက်မှောင်ကုပ်ရင်း မီယာကို လှည့်ခေါ်လိုက်သည်။

"အရင်ဆုံး သူတို့နေဖို့အတွက် နေရာတစ်နေရာ စီစဉ်ပေးလိုက်ပါဦး၊ ဒီမှာပဲ ရပ်မခိုင်းထားနဲ့။ သူတို့သာ ခဲသွားရင် အလုပ်လုပ်နိုင်မှာမဟုတ်ဘူး။" စတေးလ်က ပြောသည်။

မီယာထံ၌ နေရခက်ဟန်ရှိနေကာ၊ "သူက ကျွန်မတို့လုပ်ငန်းစုရဲ့ အလုပ်သမားတွေမဟုတ်တော့၊ ဒီလိုလုပ်တာက မကောင်း....."

"သိပ်မကြာခင်ဖြစ်လာမှာပါ။" စတေးလ်က သူမကိုစိုက်ကြည့်ကာ၊ "အရင်ဆုံး သူတို့အတွက် စီစဉ်ပေးလိုက်၊ ပြီးတော့ အားလုံးကို အဝတ်တစ်စုံစီပေးရင် အကောင်းဆုံးဖြစ်မယ်။"

မီယာက ပို၍တုံ့ဆိုင်းလာသည်၊ "တစ်ယောက်စီကို တစ်စုံဆိုရင်..... ငွေအတော် ကုန်မှာပေါ့..... ကျွန်မတို့လုပ်ငန်းစုကို အခုမှ ပြန်ဖွင့်ထားတာဆိုတော့ ငွေများများစားစားမရှိဘူးလေ...."

စတေးလ်က အနည်းငယ် စိတ်တိုလာသည်၊ "တစ်ယောက်ကို တစ်စုံဆို ဘယ်လောက်ကျမှာမို့လဲ? ရှင်သာ ငွေသုံးရမှာကိုကြောက်နေရင် ဒါကို သူတို့အတွက် ယူနီဖောင်းဝယ်ပေးသလိုသတ်မှတ်လိုက်ရင် သူတို့ရဲ့ လစာထဲကနေ ပြန်နှုတ်လိုက်ရုံပဲမဟုတ်လား? ငွေသုံးရမှာကိုအရမ်းစိုးရိမ်နေတော့ အာမန်နီကုန်သည်ကြီးများအသင်းဆီကနေ ဝယ်လိုက်ပါ။ ဒါကို ကျွန်မအတွက်လို့ပြောပြီး အာမန်နီကုန်သည်ကြီးများအသင်းကို ဈေးချိုတဲ့အထဲက ပေးခိုင်းလိုက်။"

စတေးလ်၏ အသံအနေအထားက အတန်ငယ် ပြင်းထန်နေသည်ကိုကြားသော် မီယာက မငြင်းဆန်ဝံ့တော့ဘဲ အလျင်အမြန်သဘောတူလိုက်၏။

တွက်ချက်ပြီးနောက်တွင် သူမက ပျော်ရွှင်ဟန်ပြလာသည်။

သခင်မလေးစတေးလ်သာ ပြောလိုက်သဖြင့် သူမဟာ အာမန်နီကုန်သည်ကြီးများအသင်းဆီသွားသရွေ့ သေချာပေါက် အဝတ်များကို ဈေးနည်းနည်းဖြင့် ဝယ်နိုင်မည်ဖြစ်သည်။

ထိုသို့ဖြင့် ၎င်းကို ဈေးကွက်ဈေးနှုန်းအတိုင်း သားရဲလူမျိုးများ၏ လစာထဲမှ နှုတ်လိုက်လျှင် သူမတို့လည်း အနည်းငယ် ငွေဝင်နိုင်မည်မဟုတ်လား?

မီယာ၏ ပျော်ရွှင်နေဟန်အား စတေးလ်ထံမှ ဖုံးကွယ်မထားနိုင်ပေ။ သူမဟာ မီယာစဉ်းစားနေသည့်အရာကို နားလည်သဖြင့် မနေနိုင်ဘဲ ဒေါသလည်းအနည်းငယ်ထွက်သလို ရယ်လည်း ရယ်ချင်မိသည်။

ဥက္ကဌ ပေါ်တာက အမြင်ရှိကာ ရဲတင်းသူဖြစ်သောကြောင့် သူ့အား ရှုယီက အလားအလာကောင်းသော ဥက္ကဌဟု ခေါ်ဆိုလေရာ အဘယ့်ကြောင့် သူ့အနေနှင့် အင်မတန်ကပ်စေးနှဲကာ တွက်ချက်တတ်ပြီး မည်သည့်အမြင်မှမရှိသည့်လူတစ်ဦးကို လက်ထပ်ခဲ့ရသနည်း?

သင့်အား သားရဲလူမျိုးများ၏ စိတ်နှလုံးထဲသို့ ထိုအဝတ်အစားများဖြင့် ခေါ်ဆောင်သွားနိုင်သော်လည်း သင်ဟာ ထိုအရာများကို စဉ်းစားနေသေးသည်။

ဥက္ကဌ ပေါ်တာသာ သူမစဉ်းစားနေသည်ကိုသိပါလျှင် သေလုအောင် ဒေါသမဖြစ်မှသာ ထူးဆန်းနေလိမ့်မည်။

၎င်းကိုစဉ်းစားရင်း စတေးလ်မှာ ရုတ်တရတ် အံ့အားသင့်သွား၏။

သူမလည်း ကိစ္စများကို လုပ်ဆောင်ချိန်တွင် ထိုနည်းတူစွာ သတိမထားမိဘဲ လုပ်မိခဲ့လေသလား?

သူမသာ မီယာလိုဖြစ်နေပါလျှင် ရှုယီက သေချာပေါက် စက်ဆုပ်နေလိမ့်မည်။

ရှုယီထံမှ စက်ဆုပ်ခံရမည်ကိုမဆိုထားနှင့် သူမကိုယ်တိုင်ပင် ထိုသို့သော မိန်းမမျိုးအဖြစ် မိမိကိုယ်ကိုယ် လက်မခံနိုင်ချေ။

အနည်းငယ်စဉ်းစားရင် မျက်မှောင်ကုပ်လိုက်ပြီးနောက် စတေးလ်က မီယာအား သားရဲလုပ်သားများအတွက် ကိစ္စများလုပ်ဆောင်ခိုင်းရန် လက်ယမ်းပြလိုက်၏။

သိပ်မကြာခင်၌ ဥက္ကဌ ပေါ်တာနှင့် လော့ဟန်တို့ ထွက်လာသည်။

စတေးလ်က နှစ်ဦးသားထံမှ အလုပ်သမားစာချုပ် မိတ္တူနှစ်စောင်ယူကာ ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် သူမ၏ တံဆိပ်တုံးဖြင့် ရိုက်နှိပ်ကာ ပြန်ပေးလိုက်သည်။

စာချုပ်များကို ယူပြီးနောက် ဥက္ကဌ ပေါ်တာနှင့် လော့ဟန်တို့မှာ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကြသည်။ နှစ်ယောက်သားက တစ်ဦးကို တစ်ဦးကြည့်ပြီးနောက် ရယ်မောလိုက်လေ၏။

ဥက္ကဌ ပေါ်တာက လော့ဟန်ထံ လက်ကမ်းပေးလိုက်ကာ၊ "လော့ဟန်, ကျုပ်တို့ လုပ်ငန်းစုရဲ့ သင်္ဘောတွေက ခင်ဗျားနဲ့ သားရဲလူမျိုးအလုပ်သမားတို့ရဲ့ အင်အားအပေါ် မူတည်သွားမှာပါ။"

လော့ဟန်က ခပ်ကျယ်ကျယ်ရယ်ကာ၊ "စိတ်ချပါ၊ ကျုပ်တို့ သားရဲလူမျိုးတွေအားလုံးက ကတိတည်ကြပါတယ်။ စာချုပ်ကိုလည်း လက်မှတ်ထိုးပြီးပြီဆိုတော့ သေချာပေါက် ကျုပ်တို့ရဲ့ အလုပ်တွေကို ကောင်းကောင်းလုပ်မှာပါ။"

နှစ်ဦးသားထံ၌ ပျော်ရွှင်ဖွယ် ဆွေးနွေးမှုလေးတစ်ခု ရှိနေသော်လည်း စတေးလ်က ၎င်းတို့အပေါ် ရေအေးတစ်ပုံးလောင်းချလိုက်သည်။

"ဥက္ကဌ ပေါ်တာ, အလုပ်ရှင်အနေနဲ့ လော့ဟန်နဲ့ တခြားသားရဲလူမျိုးတွေသာ ဘယ်နည်းနဲ့ဖြစ်ဖြစ် စာချုပ်ကို ဖောက်ဖျက်ရင် ရှင့်မှာ သူတို့ကို ထုတ်ပယ်ဖို့ အခွင့်အရေးရှိတယ်။ ဒါပေမယ့် သတိရထားရမှာက ရှင်တို့တွေ စာချုပ်မှာ လက်မှတ်ထိုးပြီးပြီဆိုတော့ သူတို့ကို ဘယ်လူသားအလုပ်သမားနဲ့မဆို ထပ်တူဆက်ဆံပြီး သူတို့ကို ခွဲခွဲခြားခြားပြုမှုလို့မရပါဘူး။"

"ဒါပေါ့ဗျာ၊ ဒါပေါ့၊ မဒမ်စိတ်ချလို့ရပါတယ်။" ဥက္ကဌ ပေါ်တာက အသာပြုံး၍ ခေါင်းငြိမ့်သည်။

"လော့ဟန်, ရှင်နဲ့ တခြားသားရဲလူမျိုးတွေက ဒီစာချုပ်ကို လက်ခံပြီးမှတော့ စာချုပ်အတိုင်း လုပ်ဆောင်ပြီး ကောင်းကောင်းအလုပ်လုပ်ရမယ်၊ အမှားတွေလုပ်လို့မရဘူး။ ရှင်တို့သာ စာချုပ်ဖောက်ဖျက်လို့ ထုတ်ပယ်ခံရရင် ဥပဒေအရ ဘယ်လောက် ပြင်းထန်တယ်ဆိုတာအပေါ် မူတည်ပြီး ရှင်တို့ရဲ့ အလုပ်သမားကဒ်ကိုဆုံးရှုံးမှာဖြစ်သလို နောက်ထပ် ၂နှစ်ကနေ ၅နှစ်အထိ လျှောက်ထားလို့မရနိုင်တော့ဘူး။ ဒီတော့ ဒီအလုပ်ကို ကောင်းကောင်းတန်ဖိုးထားရမယ်။"

လော့ဟန်က သူ၏ ရင်ဘတ်ကိုပုတ်၍ ကျယ်လောင်စွာ ဆိုလာ၏၊ "ကျုပ်တို့ သားရဲလူမျိုးတွေက သေချာပေါက် မယုတ်မာသလို လူတွေကိုလည်း မဆန့်ကျင်ပါဘူး၊ သေချာပေါက် ကတိအတိုင်းလုပ်မှာပါ!"

"ကောင်းတယ်" စတေးလ်က ခေါင်းတစ်ချက် ငြိမ့်ပြီးနောက် ဥက္ကဌ ပေါ်တာကို ပြောလိုက်သည်၊ "ဟုတ်ပြီ ကျွန်မရဲ့ အလုပ်ပြီးပြီဆိုတော့ ပြန်နားပါတော့မယ်။ သားရဲအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ကိစ္စတစ်ခုခုရှိရင် ဥက္ကဌ ပေါ်တာအနေနဲ့ ကျွန်မတို့ရဲ့ ဆန်းသစ်လကုန်သည်ကြီးများအသင်းဆီကို လာခဲ့ဖို့ ကြိုဆိုပါတယ်။'

ဥက္ကဌ ပေါ်တာက ထွက်ခွာတော့မည်ဟန် ပြုနေသော စတေးလ်ကို တားကာ လေးနက်စွာပြောလိုက်သည်၊ "မဒမ်၊ ကျုပ်မှာ ခင်ဗျားကို ကူ‌ညီပေးစေချင်တဲ့ အရာတစ်ခုရှိတယ်။"

စတေးလ်က သံသယအပြည့်ဖြင့် သူ့ထံကြည့်လိုက်သည်။

ဒီလူက ဘာလို့ အခုနတည်းက ပြောစရာရှိတာကို မပြောတာလဲ?

ဥက္ကဌ ပေါ်တာက နေရခက်ဟန်ပြုံးသည်။ သူက မီယာအား သားရဲလူမျိုးအလုပ်သမားများအတွက် ပစ္စည်းများကို ပြင်ဆင်ခိုင်းလိုက်ပြီး စတေးလ်ကို ဆိပ်ခံတံတားတစ်ဘက်ရှိ တဲလေးတစ်ခုထံ ခေါ်ဆောင်သွားသည်။

၎င်းတဲလေးအား မြစ်နှင့် နီးရာတွင် ဆောက်လုပ်ထားပြီး မျက်နှာပြင်ထိပ်ဖျားတည့်တည့်၌ ရှိနေသည်။

တဲလေးထဲဝင်လာပြီးနောက်၌ သူမဟာ ရေမျက်နှာပြင်ထက်ရှိ မျောနေသော လှေလေးသုံးစင်းကို တွေ့လိုက်ရ၏။

စတေးလ်က ထိုလှေသုံးစင်းကိုကြည့်ပြီးနောက်၌ ပြုံးနေသည့် ဥက္ကဌ ပေါ်တာကိုကြည့်လာသည်။ သူမ၏ စိတ်ကို ကစားလိုက်ရင်း မည်သည်ဖြစ်နေမှန်း ခန့်မှန်းနိုင်လိုက်၏။

သို့သော် သူမ၏ အမူအရာက မပြောင်းလဲသွားပေ။ သူမက ထပ်တူညီစွာ ပြုံးနေရင်း ဥက္ကဌ ပေါ်တာ ပြောလာမည်ကို စောင့်ဆိုင်းနေလေ၏။

ဥက္ကဌ ပေါ်တာက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် လက်များပွတ်ကာ နေရခက်သည့်အသံဖြင့် မေးလာသည်၊ "မဒမ်၊ ကျုပ်ကြားထားတာ.... Frestech ကုန်သည်ကြီးများအသင်းက မှော်လှေလို့ခေါ်တဲ့ မှော်စက်အသစ်တစ်မျိုးကို ထုတ်လုပ်နေတယ်ဆို?"

မျှော်လင့်ထားသလိုပင်။

စတေးလ်က အသာပြုံးသည်၊ "ရှင့်ရဲ့ သတင်းကွန်ရက်က အတော်မြန်တာပဲ၊ ရှုယီ အရင်က ပြောခဲ့ဖူးလို့လား?"

"ဥက္ကဌရှု အရင်က ကျုပ်ကို ဒီအကြောင်းပြောဖူးပေမယ့် Frestech ကုန်သည်ကြီးများအသင်းက ဒီတလောမှ စနေတာကို သိရတာ။ မဒမ်၊ ခင်ဗျားသိလား.... ဒီမှော်လှေကို ဘယ်လောက်အထိ ဖန်တီးပြီးပြီလဲ? ဘယ်အချိန်မှ ထုတ်ပြပြီး ရောင်းမှာလဲ?"

စတေးလ်က ခေါင်းခါ၏၊ "သူတို့တွေ ဒီတလောမှ လေ့လာနေမှန်းသိတာ၊ ဒါပေမယ့် တိုးတက်မှုကိုတော့.... ကျွန်မလည်း မသေချာဘူး။ ပြီးတော့ ကျွန်မသိရင်တောင် ရှင့်ကိုပြောဖို့က အဆင်မပြေဘူးလေ။ ရှင်သိလောက်မှာပါ။"

"သိပါတယ်၊ သိပါတယ် ဒါက လျှို့ဝှက်ချက်ပဲလေ။" ဥက္ကဌ ပေါ်တာက ဆက်တိုက်ခေါင်းငြိမ့်သည်၊ "ဒါပေမယ့် ကျုပ်က လျှို့ဝှက်ချက်ကို မေးနေတာမဟုတ်ဘဲ၊ ဒီတိုင်း....သတင်းနည်းနည်းလောက် သိထားချင်လို့ပါ။ ဒီလိုဆို Frestech ကုန်သည်ကြီးများအသင်းသာ ဒီ မှော်လှေကို ထုတ်လုပ်နိုင်လိုက်တဲ့အချိန်ကျရင် ကျုပ် ချက်ချင်းဝယ်နိုင်မှာပေါ့။"

"အခု မှော်လှေရဲ့ အရိပ်ယောင်တစ်ခုတောင် မရှိသေးတာ၊ ရှင်က ဝယ်ချင်နေပြီပေါ့?" စတေးလ်က မေးသည်။

"ဒါပေါ့!" ဥက္ကဌ ပေါ်တာက အင်မတန်သေချာနေရင်း ပြောလာသည်၊ "Frestech ကုန်သည်ကြီးများအသင်းက ဒါကို တီထွင်နေမှတော့ အရမ်းကို စွမ်းအားကြီးမှာပဲ။ ဒီမှော်လှေကလည်း မှော်ကားလိုပဲ ဝယ်လိုအားနည်းနည်းလေးပဲ မရှိလောက်ဘူးဆိုတာ သေချာတယ်။ ကျုပ် တခြားလူတွေနဲ့ ပြိုင်ဖို့ ဆန္ဒမရှိပါဘူး၊ ဒီတော့ ကျုပ်မျှော်လင့်တာက..... Ke, မဒမ်အနေနဲ့ အချိန်ကျလာရင် ကျုပ်တို့ လုပ်ငန်းစုဆီ မှော်လှေနည်းနည်းလောက် ဝယ်ခွင့်ပေးဖို့ ဥက္ကဌရှုကို ပြောပေးစေချင်လို့ပါ။"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၁၅၃။ ကုန်သွယ်မှုကျူးကျော်ဝင်ရောက်ခြင်း

"ဥက္ကဌရှု၊ ခင်ဗျားတို့ လုပ်ငန်းစုက ဘယ်လို နည်းပညာမျိုးကိုပဲ လွှဲပြောင်းပေးသည်ဖြစ်စေ

ကျုပ်တို့ ဗီဒယ်ကုန်သည်ကြီးများအသင်းက ရှယ်ယာတစ်ခု လိုချင်ပါတယ်။ မမေ့ပါနဲ့။"

"ဥက္ကဌရှု၊ ဒါက သူတို့ရဲ့ ဗီဒယ် ကုန်သည်ကြီးများအသင်းတစ်ခုတည်းမဟုတ်ဘူး၊ ကျုပ်တို့ ဘလန်ကာကုန်သည်ကြီးများအသင်းကလည်း ရှယ်ယာတစ်ခုလိုချင်တယ်။"

"ကျုပ်တို့ မန်ရှင်းကုန်သည်ကြီးများအသင်းလည်း အတူတူပဲ။"

"ကျုပ်တို့ရောပဲ....."

......

ဆိုဝယ်လ်မြို့လုပ်ငန်းစု ကိုယ်စားလှယ်များ၏ စိတ်ထက်သန်မှုကိုမြင်သော် ရှုယီက ရယ်မိရသည်။ သူက ခေါင်းငြိမ့်ကာ အသံကျယ်ကျယ်ဖြင့်ပြော၏၊ "အားလုံးပဲ စိတ်ချပါ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက နည်းပညာအသစ်တစ်ခုကို ထုတ်ဖော်လိုက်တာနဲ့ ဆိုဝယ်လ်မြို့က ရဲဘော်ရဲဘက်တွေကိုလည်း ဘန်တာမြို့က ရဲဘော်ရဲဘက်တွေလို စဉ်းစားပေးမှာပါ။ ကောင့်ထ်စီယန်က မြို့စားနေရာကို ယူနေသရွေ့ ဒီကတိက မပြောင်းလဲပါဘူး။"

နံဘေး၌ထိုင်နေသည့် Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာဖလှယ်ပွဲကို ကြီးကြပ်ပေးရန်ရောက်နေသော ကောင့်ထ်စီယန် က ရှုယီကိုကြည့်ကာ အသာပြုံး၍ခေါင်းငြိမ့်ရင်း မျက်လုံးများထဲ၌ ချီးကျူးမှုဖြင့် ပြည့်နှက်သွားသည်။

ရှုယီက ဤအခြေအနေအတွက် ကတိပေးကာ သူ့အပေါ် ထောက်ပံ့မှုကိုပါ ပြသလာသည်။

မျှော်လင့်ထားသလိုပင် ရှုယီ၏စကားလုံးများကို ကြားချိန်၌ ကိုယ်စားလှယ်များအားလုံးမှာ ကောင့်ထ်စီယန်၏ အလုပ်နှင့် ဆိုဝယ်လ်မြို့ကောင်းကောင်းတိုးတက်ဖို့ကို ထောက်ပံ့ကာ ဆိုဝယ်လ်မြို့ရှိ ကောင့်ထ်စီယန်၏ နေရာအား ထာဝရတည်‌မြဲနေစေရမည်ဟု ဆိုလာကြသည်။

၎င်းကိုကြားသော် ကောင့်ထ်စီယန်က မပြုံးမိဘဲ မနေနိုင်တော့ပေ၊ "ခင်ဗျားတို့က ကျုပ်ကို ကောင်းချီးပေးနေတာလား ကျိန်ဆဲနေတာလား? ကျုပ်သာ မြို့စားအဖြစ် ထာဝရနေရမယ်ဆိုရင် ထပ်ပြီး ရာထူးမတိုးရတော့ဘူးပေါ့?"

ကိုယ်စားလှယ်များအားလုံးက ရယ်မောလျက် အခြားလူများပြောသည့် စကားများကို အပြစ်ကြတော့သည်။ ဤမြင်ကွင်းမှာ မင်္ဂလာရှိလှကာ လေထုကလည်း သဟဇာတဖြစ်နေ၏။

Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာလွှဲပြောင်းရေးအစည်းအဝေး၌ လူတိုင်း စိတ်တိုင်းကျသည့် ရလာဒ်ကို ရလာကြ၏။

ကောင့်ထ်စီယန်က လုပ်ငန်းစုများစွာ၏ ထောက်ခံမှုကိုရရှိကာ ဆိုဝယ်လ်မြို့၏ လုပ်ငန်းစုများမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အိမ်သုံးမှော်စက်အမျိုးမျိုးတို့၏ ထုတ်လုပ်ရေးနည်းလမ်းများကို ရရှိခဲ့ကြသည်။

၎င်းတို့ ရှုယီနှင့်အတူ လက်မှတ်ရေးထိုးခဲ့သော စာချုပ်အရ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့အား နည်းပညာနှင့် ထောက်ပံ့ပေးမည်ဖြစ်ရုံသာမက စက်ရုံတစ်ရုံတည်ထောင်ရန်ပါ ကူညီမည်ဖြစ်သည်။ ၎င်းတို့မှာ ဤနည်းပညာအား ထုတ်ကုန်များအဖြစ် ပြောင်းလဲမည်ဟု အာမခံရ၏။

ရှုယီလည်း Frestech ကုန်သည်ကြီးများအသင်းမှာ ဆိုဝယ်လ်မြို့၌ အိမ်သုံးမှော်စက်အလုပ်ရုံမတည်ထောင်ဟု ကတိပေးထားရာ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့နှင့်အတူ ဈေးကွက်ကို မပြိုင်ဆိုင်၏ဟူသည့် အဓိပ္ပာယ်ပါပင်။

၎င်းက ထိုလုပ်ငန်းစုများအတွက် သတင်းကောင်းပင်၊ အကြောင်းမှာ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ ထုတ်လုပ်ရေးနည်းပညာကို ရရှိပါလျှင်တောင် ၎င်းတို့ထုတ်လုပ်သည့် အိမ်သုံးမှော်စက်များက Frestech အမှတ်တံဆိပ်နှင့် မယှဉ်သာပေ။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ ယခု လမ်ပူရီတိုင်းပြည်၌ အင်မတန် နာမည်ကြီးလှ၏။ လူများသာ မှော်စက်များကို ဝယ်ယူပါလျှင် အမြဲတစေ Frestech အမှတ်တံဆိပ်သာ ဝယ်ယူကြမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသာ ဆိုဝယ်လ်မြို့၌ အိမ်သုံးမှော်စက် အလုပ်ရုံတစ်ရုံတည်ထောင်လိုက်ပြီး Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်များကို ထုတ်လုပ်ပါက ၎င်းတို့လည်း လုံးဝယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

၎င်းတို့ ထုတ်လုပ်ရေးနည်းပညာကို ဝယ်လိုက်ပါလျှင်တောင် ထုတ်လုပ်ကာ ဖြန့်ချိရန်ပင် ခက်ခဲနေမည်ဖြစ်ရာ ငွေဝင်ဖို့ သုံးခြင်းကိုဆိုလျှင် ပြောနေရန်မလိုချေ။

ရှုယီ၏ ကတိကြောင့်သာ အိမ်‌သုံးမှော်စက်ထုတ်လုပ်ရေးနည်းလမ်းများဝယ်ယူရန် တုံ့ဆိုင်းနေခဲ့သည့် လုပ်ငန်းစုများက စိတ်ပြင်ဆင်လိုက်ကြခြင်းဖြစ်သည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာလွှဲပြောင်းခြင်းအစည်းအဝေးကို အင်မတန် တက်ကြွသွားစေသည်။ ကိုယ်စားလှယ်အားလုံးက ရှုယီကိုပြုံးပြကြကာ အင်မတန်ယဉ်ကျေးနေကြ၏။

ရှုယီအတွက် ၎င်းအား ရိတ်သိမ်းပမာဏအတော်အသင့်ရှိသည်။

ဆိုဝယ်လ်မြို့ထံ ဤနည်းပညာ‌ကို ရောင်းချခြင်းမှတဆင့် တစ်ရက်တာတည်းနှင့် လွှဲပြောင်းစာချုပ်များစွာနှင့်တင် ရွှေဒင်္ဂါး သုံးသန်းရရှိခဲ့သည်။

၎င်းက အန်ဗီမာမြို့တော်၌ ရရှိခဲ့သည့် ဆယ့်ငါးသန်းနှင့်ယှဉ်လျှင် အင်မတန်လိုအပ်နေသေးသော်ငြား ဤသည်က ဆိုဝယ်လ်မြို့တစ်ခုတည်းထံမှ ရိတ်သိမ်းမှုသာဖြစ်သည်။

သူသာ လမ်ပူရီတိုင်းပြည်ရှိ မြို့တော်တိုင်းထံမှ ဤမျှရရှိနိုင်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ နည်းပညာ လွှဲပြောင်းပေးရုံနှင့် ထိတ်လန့်ဖွယ်ငွေပမာဏတစ်ခုကို ရှာနိုင်လိမ့်မည်။

ဝင်ငွေအပြင် ရှုယီအတွက် ပိုအရေးကြီးသည်မှာ နည်းပညာ လွှဲပြောင်းခြင်းမှတဆင့် ဆိုဝယ်လ်မြို့၏ လုပ်ငန်းစု တစ်ဝက်ကျော်လောက်မှာ မှော်စက်မှုနယ်ပယ်တွင် ပါဝင်လာကြခြင်းဖြစ်သည်။

ဤသည်က မှော်စက်မှုနယ်ပယ်ထဲသို့ ၎င်းတို့အား ဝင်ဆံ့စေရန် အတော်လိုအပ်နေသေးသော်လည်း ကောင့်ထ်စီယန် ဤနေရာမှာရှိနေခြင်းဖြင့် သက်ရောက်မှုက ကောင်းမွန်မည်ဖြစ်ကြောင်း ရှုယီ ယုံကြည်သည်။

ပိုအရေးကြီးသည်မှာ ဆိုဝယ်လ်မြို့အား မှော်စက်မှုနယ်ပယ်ထဲသို့ ထည့်သွင်းခြင်းက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အရှေ့မြောက်ပိုင်းတွင် အုတ်မြစ်တစ်ခု တည်ဆောက်နိုင်လိုက်သည့် အဓိပ္ပာယ်ဖြစ်လာမည်။ ၎င်းတို့သာ ဆိုဝယ်လ်မြို့မှ တဆင့် ဆက်သွားလျှင် အရှေ့မြောက်ခရိုင်တစ်ခုလုံးအား မှော်စက်မှုနယ်ပယ်ထဲသို့ သွပ်သွင်းနိုင်မည်ဖြစ်၏။

ဤပန်းတိုင်ကိုသာ ရရှိကာ ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များနှင့် အန်ဗီမာမြို့တော် တဝိုက်ရှိ မှော်စက်မှုနယ်ပယ်ကိုပါ ထည့်ပေါင်းလိုက်ပါလျှင် လမ်ပူရီတိုင်းပြည်၏ တစ်ဝက်ကျော်ကို မှော်စက်မှုနယ်ပယ်ထဲသို့ ထည့်သွင်းပြီး ဖြစ်လာလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် ရှုယီ ထွန်းညှိခဲ့သည့် စက်မှုနယ်ပယ် မီးလျှံမှာ လမ်ပူရီတိုင်းပြည်ကို ဖြတ်သန်း၍ အလျှံတညီးညီးတောက်လောင်လာမည်ပင်။

အစည်းအဝေးပွဲအောင်မြင်ပြီးနောက် လက်ခံကျင်းပသူအနေနှင့် ရှုယီက လုပ်ငန်းစုကိုယ်စားလှယ်များအား ဆိုဝယ်လ်မြို့ရှိ အကြီးဆုံး စားသောက်ဆိုင်ကြီးထံ ဖိတ်ကြားလိုက်သည်။

သို့သော် ဤနေ့လည်စာပွဲအပြီးတွင် ရှုယီ၊ ကောင့်ထ်စီယန်နှင့် ဆိုဝယ်လ်မြို့မှ အကြီးဆုံးလုပ်ငန်းစုသုံးစု၏ ကိုယ်စားလှယ်များက အစည်းအဝေးလေးတစ်ခု လုပ်ကြသည်။

၎င်း၌ မိုင်ယာဒါ ကုန်သွယ်ရေးလုပ်ငန်းစု၏ ဥက္ကဌ ဆမ်ဆွန်လည်း ပါဝင်သည်။

"ဥက္ကဌ၊ ကျုပ်ကတော့ အရင်ကနဲ့အတူတူပါပဲ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ မြို့စားအိမ်တော်က ဆောက်လုပ်မယ့် သံမဏိစက်ရုံကို ကန့်ကွက်စရာမရှိပါဘူး၊ ဒါပေမယ့် ကျုပ်တို့ဆီကို သံမဏိထုတ်လုပ်ရေးနည်းပညာ လွှဲ‌မပေးတာက နည်းနည်း မမှန်မကန် ဖြစ်မနေဘူးလား?" ဥက္ကဌ ဆမ်ဆွန်၏ မျက်နှာထားက အစောပိုင်းက အစည်းအဝေးတုန်းကကဲ့သို့ ပျော်ပျော်ရွှင်ရွှင် ဖြစ်‌မနေချေ။

"ဟုတ်တယ်၊ ဥက္ကဌရှု ကျုပ်တို့ လုပ်ငန်းစု သုံးခုက သံမဏိစက်ရုံမှာ ရှယ်ယာတွေကိုလည်း စိတ်ရင်းမှန်နဲ့ ဝယ်ချင်ပေမယ့် ခင်ဗျားက ကျုပ်တို့ ပေးပြီးရင်တောင် သံမဏိထုတ်နည်းပညာကို ထိခွင့်တောင် မပြုဘူးဆိုတော့လေ။ ကျုပ်တို့က ဘာအတွက်နဲ့ ငွေကို ထုတ်ရတော့မှာလဲ?" Mobil ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ Duan Seropက မျက်မှောင်ကုပ်ကာ ပြောသည်။

"အမှန်ပဲ၊ ဥက္ကဌရှု ကျုပ်တို့လုပ်ငန်းစုတစ်ခုစီက ရှယ်ယာတစ်ခုအတွက် ရွှေဒင်္ဂါးသုံးသိန်းပေးခဲ့တယ်၊ ခင်ဗျားအနေနဲ့ ကျုပ်တို့လုပ်ငန်းစု သုံးစုကို သံမဏိထုတ်နည်းပညာလေး ဒီတိုင်းပေးလိုက်ရင် အနည်းဆုံး ကျုပ်တို့လည်း ဒါကိုဝယ်ဖို့ တစ်သန်းလောက် ထုတ်ပေးနိုင်တာပေါ့။ ဒီတန်ဖိုးက မလုံလောက်ဘူးလို့ ခံစားနေရသေးရင် ဆက်ဆွေးနွေးလို့ရပါတယ်။ ကျုပ်တို့ကို အဲ့အစား စတော့ရှယ်ယာပဲ ဝယ်ခိုင်းတာက အဓိပ္ပာယ်မရှိသလိုခံစားရတယ်။" ရိုဖယ်လီကုန်သည်ကြီးများအသင်း၏ ဥက္ကဌစကန်နို အော်ဝဲလ်က သဘောတူသည်။

ရှုယီက ၎င်းတို့သုံးဦးကိုကြည့်ကာ အပြုံးဖြင့် ပြောလိုက်၏၊ "ခင်ဗျားတို့ကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်တာက အားလုံးအတူတူ ငွေဝင်ရအောင်လို့ပေါ့။ မဟုတ်ရင် ဘာလို့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့ရဲ့ သံမဏိစက်ရုံမှာ ခင်ဗျားတို့ကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ရမှာလဲ? ခင်ဗျားတို့သုံးယောက်အနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ ငွေကြေးမလုံလောက်တာမို့လို့ ခင်ဗျားတို့အားလုံးကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်တယ်ထင်နေကြတာလား?"

သုံးဦးက အ‌ချင်းချင်းကြည့်လျက် ခေါင်းများခါလိုက်ကြသည်။

Frestech ကုန်သည်ကြီးများအသင်းက လက်ရှိတွင် တိုင်းပြည်၌ အမြတ်ငွေအများဆုံးရနေသည့် လုပ်ငန်းစုဖြစ်ကြောင်း မည်သူက မသိဘဲရှိမည်နည်း? Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မည်သည့်နေရာ၌ မှော်စက်များကို ထုတ်လုပ်သည်ဖြစ်စေ ချက်ချင်းအောင်မြင်မည်သာ။

၎င်းတို့ထံ၌ ငွေကြေးမလုံလောက်ဟု ပြောရန်မှာ ဟာသတစ်ခုလိုပင်။

ထိုသုံးဦးစလုံး ဆွံ့‌အနေကြသည်ကိုမြင်သော် ရှုယီက ခေါင်းငြိမ့်ကာဆိုသည်၊ "ရိုးရိုးသားသားပြောရရင် ကျုပ်အနေနဲ့ ခင်ဗျားတို့ကို ကျုပ်တို့လုပ်ငန်းစုဆီမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ကြားတာဟာ ဆိုဝယ်လ်မြို့မှာ လုပ်ဖော်ကိုင်ဖက်တွေ စုစည်းပေးနိုင်မယ်လို့ မျှော်လင့်ထားတာကြောင့်ပဲ။ မြို့စားအိမ်တော်ကို ပါဝင်ခိုင်းထားတဲ့ အကြောင်းအရင်းက ခင်ဗျားတို့ သုံးယောက်အနေနဲ့ မြို့စားအရှင်ကို ထောက်ပံ့နိုင်အောင်လို့ပါ။ မဟုတ်ရင် ဘာလို့ ကျုပ်က အသုံးမဝင်တာကို လုပ်မှာလဲ?"

ဥက္ကဌ ဆမ်ဆွန်က မျက်မှောင်ကုပ်ရင်း အနည်းငယ် မကျေမနပ်ဖြစ်သွားသည်၊ "ဥက္ကဌရှု၊ ခင်ဗျားဒီလိုမလုပ်ရင်တောင် ကျုပ်တို့က မြို့စားအရှင်ကို ထောက်ခံနေဆဲပဲလေ။"

ရှုယီက ပြုံးလျက် မရှင်းပြလိုက်ချေ။ သူက ထိုသုံးဦးကိုကြည့်ကာ ပြော၏၊ "ခင်ဗျားတို့အနေနဲ့ သံမဏိထုတ်လုပ်ရေးနည်းပညာကို လိုချင်မှန်းသိပေမယ့် ကျုပ် အရမ်းကို အားနာမိပါတယ်။ ကျုပ်ဒါကို အနာဂတ်မှာတော့ စဉ်းစားမိကောင်းစဉ်းစားမိနိုင်ပေမယ့် အနည်းဆုံးတော့ အခုမဟုတ်သေးဘူး။ သံမဏိစက်ရုံက ငွေဝင်ဖို့အတွက်ပဲလုပ်ထားတာမဟုတ်ဘူး၊ အရေးကြီးစစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာတွေအတွက်လည်း ပါတော့ ဂရုမစိုက်လို့ကမရဘူးလေ။"

"စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာတွေ?" သုံးဦးသားက ကောင့်ထ်စီယန်ကို တအံ့တဩကြည့်လာကြ၏။

ကောင့်ထ်စီယန်က လဘက်ရည်တစ်ငုံသောက်ကာ ခေါင်းငြိမ့်သည်၊ "အမှန်ပဲ၊ ဒီသံမဏိစက်ရုံက ထုတ်လုပ်တဲ့ သံမဏိဆိုင်ရာသတ္တုပစ္စည်းတွေကို ဆိုဝယ်လ်မြို့ရဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာတွေအတွက် သုံးမှာ။ ဘယ်လိုလုပ်လဲဆိုတာကိုတော့ ခင်ဗျားတို့ များများစားစားမမေးသင့်ဘူး။"

သုံးဦးသားက လျင်မြန်စွာ ခေါင်းငြိမ့်လိုက်ကြ၏။

အချင်းချင်းကြည့်ရှုနေကြပြီးနောက်တွင် ဥက္ကဌ ဆမ်ဆွန်က ရှုယီကို မေးလေ၏၊ "ဥက္ကဌရှု၊ အနာဂတ်မှာတော့ ဒီနည်းပညာ လွှဲပြောင်းဖို့ကို စဉ်းစားမိလောက်တယ်လို့ ပြောခဲ့တယ်မို့လား?"

"ဟုတ်ပါတယ်။"

"ဒါဆို ကျုပ်တို့ တခြားစာချုပ်ချုပ်ရင်ရော ဘယ်လိုလဲ? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ သံမဏိထုတ်လုပ်ရေးနည်းပညာကို လွှဲပြောင်းပေးလာခဲ့သည်ရှိသော် ကျုပ်တို့ လုပ်ငန်းစုသုံးစုက ဦးစားပေးမှုရ,ရမယ်။"

ရှုယီလည်း ခဏမျှ တွေးတောနေပြီးနောက် တဖြည်းဖြည်းခေါင်းခါလေသည်၊ "ကျုပ် မလုပ်နိုင်မှာကို စိုးမိပါတယ်။ ခင်ဗျားတို့က ပထမအသုတ်အတွင်းမှာ ရနိုင်လောက်မယ်လို့ပဲ အာမခံနိုင်တယ်။ ဘယ်လိုလွှဲပြောင်းပေးမယ်ဆိုတာကတော့ အခြေအနေပေါ် မူတည်သေး‌တယ်လေ။"

သုံးယောက်က တစ်ဖန် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြန်ကာ အားလုံးထံ၌ ကူရာမဲ့ဟန်များရှိနေကြ၏။

ရှုယီ၏ အသံအနေအထားက အင်မတန် မာကျောနေကာ ၎င်းတို့အား မည်သည့်ခွင့်ပြုချက်မှမပေးသော်လည်း Frestech ကုန်သည်ကြီးများအသင်းထံ၌ ရှိနေသည့် ကြီးစိုးနေမှု အားသာချက်ကြောင့် ရှုယီက ခိုင်မြဲနေပါလျှင်တောင် ၎င်းတို့မှ မည်သည်ကိုမှ မတတ်နိုင်ပေ။

အနည်းငယ်စဉ်းစားပြီးနောက် ဥက္ကဌ ဆမ်ဆွန်က ဖြည်းဖြည်းခေါင်းငြိမ့်ကာ၊ "ကောင်းပြီလေ၊ ကျုပ်တို့ မိုင်ယာဒါ ကုန်သွယ်ရေးလုပ်ငန်းစုက သံမဏိစက်ရုံမှာ သုံးသိန်းရင်းနှီးမြှုပ်နှံပါမယ်။"

ဥက္ကဌ Seropနှင့် ဥက္ကဌ Orwellတို့လည်း တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် ခေါင်းငြိမ့်လာကြသည်။

သုံးယောက်အား ပြန်ပို့ပြီးနောက်တွင် ကောင့်ထ်စီယန်က ရှုယီကို တစ္ဆေဆန်ဆန်ပြုံးကာ ကြည့်လာသည်။

"ဟေး၊ ရှုယီ သူတို့ လုပ်ငန်းစုသုံးခုကို ထောင်ချောက်ထဲထည့်တာက ကျုပ်ကို ထောက်ပံ့ရုံကြောင့်ပဲတော့ မဟုတ်ဘူးမို့လား?"

ရှုယီက မှားယွင်းနေဟန်ပြလာကာ၊ "မြို့စားအရှင် ဘယ်လိုများ ဒီလိုပြောနိုင်ရတာလဲ? ကျုပ်က ခင်ဗျားရဲ့ရာထူးကို အပြည့်အဝစဉ်းစားပေးထားတာကို ခင်ဗျားက ကျုပ်ကို သံသယဖြစ်နေတုန်းလား!"

ကောင့်ထ်စီယန်က လက်ယမ်းလိုက်ကာ၊ "ကောင်းပြီလေ၊ ဒါနဲ့ဆို ကျုပ်က ဘယ်လိုများ ခင်ဗျားကို ဘယ်လိုနားမလည်ဘဲ နေမလဲ? ခင်ဗျားအတွက်သာ ဘာအကျိုးအမြတ်မှမရရင် အဲ့အရာကို လုပ်ချင်တယ်ဆိုမှ ထူးဆန်းနေလိမ့်မယ်။"

ရှုယီကရယ်၏၊ "ဒါက..... ကျုပ်က ကုန်သည်လေ၊ ကျုပ်အတွက် အကျိုးအမြတ်လည်း ချန်ထားရတာက ပုံမှန်ပါပဲ။"

ကောင့်ထ်စီယန်က ခေါင်းငြိမ့်သည်၊ "ဒီလိုမှပေါ့။ ဒါပေမယ့် ရှုယီ ဘာလို့ ဒီကနေ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရမယ့် အကျိုးအမြတ်ကို မမြင်မိတာပါလိမ့်? သံမဏိစက်ရုံက ခင်ဗျားတို့လုပ်ငန်းစုအတွက် ဝင်ငွေအတည်ငြိမ်ဆုံး အရင်းမြစ်ဆိုတာကိုတော့ မှတ်‌မိသေးပါတယ်။ ဒီလုပ်ငန်းစုသုံးစုကိုသာ တစ်ပိုင်းလောက် အလကားပေးလိုက်ရင် ခင်ဗျားအတွက် ဘာအမြတ်ကျန်မှာလဲ?"

"အကျိုးအမြတ်ကို ရွှေဒင်္ဂါးနဲ့ပဲ တိုင်းတာနိုင်တာမဟုတ်ဘူးလေ။" ရှုယီက အသာပြုံး၍ ဆိုသည်၊ "မြို့စားအရှင်၊ ဒီလုပ်ငန်းစုသုံးခုကြားက ဘုံမြေကို တွေ့လား?"

ကောင့်ထ်စီယန်က မျက်မှောင်ကုပ်ကာ၊ "သူတို့က ငါတို့ ဆိုဝယ်လ်မြို့က အကြီးဆုံးလုပ်ငန်းစုတွေလို့ပဲသိတာ။"

"ဒါက အရေးမကြီးပါဘူး။" ရှုယီက ခေါင်းခါသည်၊ "ကျုပ်ပြောနေတဲ့ ဘုံမြေဆိုတာက အဲဒီ့ လုပ်ငန်းစုသုံးစုလုံး စခ်တိုင်းပြည်နဲ့အတူ ကုန်သွယ်နေတာကို ပြောတာ။"

ကောင့်ထ်စီယန်က အနည်းငယ် အံ့ဩသွားသည်။ သူက ရှုယီကို မျက်လုံးကျယ်ကျယ်များဖြင့်ကြည့်ကာ လေးနက်စွာဆိုလိုက်၏၊ "ခင်ဗျား ဘာလုပ်ချင်လို့လဲ?"

ရှုယီ၏ နှုတ်ခမ်းများကွေးတက်သွားရင်း လေးနက်သည့် အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

"မြို့စားအရှင်၊ ကုန်သွယ်မှုကျူးကျော်ဝင်ရောက်ခြင်းဆိုတာကို ကြားဖူးလား?"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၁၅၄။ လိုချင်ရင် တခြားရွေးစရာမရှိဘူး

ဆိုဝယ်လ်မြို့၌ လတစ်ဝက်ကြာနေပြီးနောက်တွင် ရှုယီမှာ ထွက်ခွာသွားသည်။

ဤခရီး၌ ဘန်တာမြို့မှ ထွက်လာကတည်းက တစ်လတာ ကုန်လွန်ပြီးဖြစ်သည်။ ၎င်းက ရှုယီ စတက်တိန်း နယ်မြေကို သွားချိန်ကထက်ပင် ပိုကြာသေးသည်။

နှစ်သစ်ကူးမတိုင်ခင် ဆယ်ရက်သာလိုတော့သဖြင့် ရှုယီမှာ ဘန်တာမြို့သို့ စတေးလ်၊ မဟာမှော်ပညာရှင်ကမ်မီလာတို့နှင့်အတူ နှစ်သစ်ကူးရန် အမြန်ပြန်ရမည်ဖြစ်၏။

ရှုယီနှင့် ကွဲပြားစွာ အတူလိုက်လာကြသည့် ဝန်ထမ်းများက နှစ်သစ်ကူးကို ဆိုဝယ်လ်မြို့၌ ကုန်ဆုံးရမည်ဖြစ်သည်။

ဆိုဝယ်လ်မြို့၏ ထုတ်လုပ်ရေး အခြေစိုက်ဌာနကို တည်ဆောက်နေဆဲဖြစ်ပြီး ပြီးမြောက်ရန် အလုပ်လည်း အတော်အသင့်ကျန်သေးသဖြင့် ဥက္ကဌအနေနှင့် အခွင့်ထူးခံစားရသော ရှုယီမှလွဲလျှင် အခြားလူများက ၎င်းကို မည်သို့ ရှောင်ရှားနိုင်မည်နည်း?

ယခင်က လူတစ်ရာကျော်ရှိခဲ့သော်လည်း ယခုတွင် ရှုယီနှင့် အတူပြန်ရသည့် တစ်ဦးတည်းသောလူမှာ လင်ဒါသာရှိသည်။

ကုန်သည်စု အစောင့် အယောက်ငါးဆယ်ကိုပင် ရှုယီက ဤနေရာမှာ ဆက်နေစေလျက် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအခြေစိုက်ဌာနကို စောင့်ကြပ်စေခဲ့သည်။

ဆိုဝယ်လ်မြို့မှ မထွက်ခွာခင်ညတွင် ရှုယီက ဥက္ကဌအနေနှင့် ထုတ်လုပ်ရေးအခြေစိုက်ဌာနတွင် နှစ်သစ်ကူးပါတီတစ်ခု ကျင်းပခဲ့သည်။ သူက ဤနေရာ၌ ကျန်ခဲ့ရမည့် ဝန်ထမ်းအားလုံးကို စုစည်းကာ ခမ်းနားသည့်ပွဲတော်ကျင်းပပေးလေရာ ၎င်းအား သူတို့အတွက် နှစ်သစ်ကူးကို စောစောကျင်းပခြင်းဟုပင် ယူဆနိုင်၏။

နောက်နေ့မနက်တွင် ရှုယီက အသောက်များသွားသောကြောင့် အနည်းငယ် နာကျင်နေသည့် ခေါင်းကို ဖိပွတ်လိုက်သည်။ သူက နံဘေးရှိ လင်ဒါကိုခေါ်ကာ တတ်နိုင်သမျှ မြန်မြန်ထွက်သွားရန် ပြင်လိုက်သည်။

လင်ဒါက အကျောဆန့်လိုက်ပြီးနောက် သူမ၏ အသားအရေကို ဖော်ပြလာသည်အားမြင်သော် ရှုယီက ခါးသက်သက်ရယ်လိုက်သည်။ သူက လုံးဝ မူးနေသဖြင့် မည်သို့များ ပြန်လာပြီးနောက် လင်ဒါနှင့်အတူ အချီပေါင်းများစွာ တိုက်ခိုက်နိုင်မည်နည်း? သူ၏ စိတ်က သောက်ထားလို့များ ရူးကြောင်ကြောင်ဖြစ်သွားတာလား?

"ဟုတ်ပြီ မြန်မြန်ထတော့ ငါတို့ မြန်မြန်သွားဖို့လိုတယ်။ ဒီညပဲ အန်ဗီမာမြို့တော်ကိုရောက်ဖို့ စီစဉ်ထားလို့။" ရှုယီက လင်ဒါ၏ တောင့်တင်းသောနောက်ကျောကို ပုတ်ကာ လောဆော်လိုက်သည်။

လင်ဒါလည်း ပြန်ထူးလျက် ထရပ်ရန် ရုန်းကန်လိုက်ရ၏။

ရှုယီ အဝတ်ဝတ်ရန် ကူပေးမည်အပြုတွင် တံခါးက ရုတ်တရတ်ပွင့်လာကာ လူတစ်ယောက်ဝင်လာ၏။

လင်ဒါလည်း ထိတ်လန့်စွာ အော်ဟစ်လျက် အိပ်ရာခင်းထဲ မြန်မြန်ပြန်ဝင်သွားသည်။

ရှုယီက အိပ်ရာထံရောက်လာသည့် မင်းသမီးလေးကာရိုလင်းကိုကြည့်ကာ ကူရာမဲ့စွာပြောလိုက်သည်၊ "မင်းသမီးလေး၊ မနက်စောစောမှာ ယောက်ျားတစ်ယောက်ရဲ့ အိပ်ရာထဲကို လာတာက မသင့်တော်ဘူး မဟုတ်လား?"

မင်းသမီးလေးကာရိုလင်းက သူမ၏မျက်လုံးကြီးကြီးများဖြင့် ရှုယီ အိပ်ရာထဲရှိ ခန္ဓာကိုယ်တစ်ဝက် ဝတ်လစ်စလစ်ဖြစ်နေသည့် လင်ဒါကိုကြည့်ရင်း ညစ်ညမ်းစွာ ပြုံးလိုက်၏။

"ဘာ မသင့်တော်တာရှိလို့လဲ? ဘာပဲဖြစ်ဖြစ် အရင်ညတွေတုန်းကလည်း ကြားဖူးပြီးသားဆိုတော့ မအံ့ဩတော့ပါဘူး။"

ရှုယီက ခေါင်းကိုပွတ်လျက် မြို့စားအိမ်တော်၏ အသံမလုံမှုကြီးကို ကျိန်ဆဲလိုက်သည်။ သူက သက်ပြင်းချကာ ဆို၏၊ "ကောင်းပြီလေ၊ မင်းသမီးလေး ဒီလောက်အစောကြီး ဘာလို့ရောက်လာတာလဲဗျ? အလုပ်ကိစ္စဆိုရင် မနေ့က ဆွေးနွေးလို့ ပြီးပြီ မဟုတ်ဘူးလား? အလုပ်ကိစ္စရှိရင်တောင် အရင်ဆုံးအပြင်ထွက်ပြီး ကျုပ်ကို အဝတ်နည်းနည်းလောက် ဝတ်ခွင့်ပေးရမယ် မဟုတ်ဘူးလား?"

"ဒါပေါ့ အလုပ်ကိစ္စရှိတယ်၊ ဒါက ကျွန်မတို့ မနေ့ကဆွေးနွေးခဲ့တဲ့ ကိစ္စ‌ထက်တောင် ပိုအရေးကြီးသေးတယ်။" မင်းသမီးလေးကာရိုလင်းက အသာပြုံးသည်။ သူမက ထွက်သွားမည့်ဟန်မပေါ်ဘဲ အိပ်ရာနံဘေး၌ ထိုင်ချကာ ခပ်သွယ်သွယ်လက်ချောင်း‌လေးတစ်ချောင်း ဆန့်ထုတ်၍ ရှုယီ၏ ရင်ဘတ်သို့ထိကာ လျှောဆင်းသွား၏။

ရှုယီက သူ၏ ဝမ်းဗိုက်၌ ရောက်ခါနီး မင်းသမီးလေးကာရိုလင်းလေးလက်ကို ဆုပ်ကိုင်ကာ မျက်မှောင်ကုပ်၍ ပြောသည်၊ "မင်းသမီးလေး၊ ကျုပ် ခုနက ပြောပြီးပြီလေ၊ ဒီလို စနောက်နေတာက ခင်ဗျားအတွက် ကျုပ်ရဲ့ မေတ္တာကို မတိုးစေလာနိုင်ဘူးလို့။ ခင်ဗျားကို ခင်ဗျား ထိန်းချုပ်နိုင်ဖို့မျှော်လင့်သည်။"

မင်းသမီးလေးကာရိုလင်းက လင်ဒါကို ခဏမျှ လှည့်ကြည့်လိုက်သည်။ လင်ဒါက ရှုယီနောက်၌ ပုန်းနေသည်ကိုမြင်သော် သူမက ရှုယီဘက်သို့ အသာပြုံး၍ ပြန်လှည့်လာ၏၊ "ဥက္ကဌရှု၊ ကျွန်မက အဲ့လို ပွင့်လင်းတဲ့ မိန်းမ‌တစ်ယောက်လို့ ထင်နေတာလား?"

ရှုယီက ခဏတာတိတ်ဆိတ်နေပြီးနောက် ခေါင်းခါသည်၊ "ကျုပ် မထင်ပါဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ လုပ်ရပ်တွေက အရမ်းကရော်ကမည်ဆန်နေတော့ ကျုပ် သဘောမကျဘူး။"

"ဒါဆို ဘာကြောင့်လဲဆိုတာ ရှင်သိလား?" မင်းသမီးလေးကာရိုလင်းက မေး၏။

ရှုယီက ခေါင်းခါလေသည်။

"ပြောပြမယ် ဥက္ကဌရှု၊ ကျွန်မ ရှင့်ကို သဘောကျတယ်လို့ ပြောခဲ့တာဟာ စနောက်နေတာမဟုတ်ဘူး။ ကျွန်မ တကယ်ပဲ ရှင့်ကို သဘောကျလို့ ကျွန်မကိုယ်တိုင်အတွက် ရှင့်ကို လိုချင်မိတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မသာ တစ်ခုခုကိုလိုချင်ရင် ရအောင်လို့ ဘယ်အရာကိုမဆို လုပ်ရမယ်ဆိုတာက ကျွန်မအဖေသင်ပေးခဲ့တဲ့ အရာတစ်ခုပဲ။ ဒါက ဒရိက်ခ်နယ်မြေမဟုတ်တာကို ရှင်ဝမ်းသာသင့်တယ်၊ မဟုတ်ရင် ကျွန်မ ရှင့်ကို အတင်းအကြပ် အိပ်ရာပေါ် ခေါ်သွားမိမှာပဲ။ ညတိုင်း ရှင့်ရဲ့ အစေခံမလှလှလေးနဲ့ အိပ်ရာထဲက အသံတွေကို နားထောင်ရုံပဲ တတ်နိုင်တဲ့ အခုလိုမျိုးဖြစ်မှာမဟုတ်ဘူး။"

မင်းသမီးလေးကာရိုလင်း ၏မျက်နှာထက်ရှိ တုနှိုင်းမဲ့ လေးနက်နေဟန်ကိုမြင်သော် ရှုယီမှာ သူမက ကျီစားနေသည်လား ထိုသို့ အလေးအနက်ပဲ တွေးနေသည်လားကိုပင် မသိတော့ချေ။

ကမ္ဘာမြေ၌ဖြစ်စေ ဤနေရာကိုရောက်ပြီးနောက်၌ ဖြစ်စေ ရှုယီမှာ မင်းသမီးလေးကာရိုလင်းက ဲ့သို့ ရဲတင်းသည့် မိန်းကလေးမျိုးနှင့် မဆုံခဲ့ဖူးချေ။

သူဟာ မင်းသမီးလေးကာရိုလင်းက ြောင့် လုံးဝစိတ်မလှုပ်ရှားခဲ့ဟုဆိုလျှင် မဖြစ်နိုင်ပါချေ။

မည်သို့ဖြစ်စေ မင်းသမီးလေးကာရိုလင်းက အင်မတန်လှပကာ ကောင်းမွန်သည့်အရှိန်အဝါရှိပြီး ကောင်းမွန်သည့် အသွင်သဏ္ဍာန်ရှိ၏။ ဤသို့သော မိန်းမမျိုးအား မည်သည့် ပုံမှန်ယောက်ျားမဆို စိတ်မလှုပ်ရှားဘဲ မနေပေ။

သို့သော် ရှုယီ ပြောခဲ့သလိုပါပင်၊ သူက ထိုသို့သော သဘောထားမျိုးကို မနှစ်သက်သလို သူ၏ သိက္ခာစောင့်ထိန်းမှုကိုပါ ပေါင်းထည့်လိုက်ပါလျှင် မင်းသမီးလေးကာရိုလင်း အပေါ် မည်သည့် အကြံအစည်မျိုးမှ မရှိပေ။

တစ်အောင့်ကြာ တိတ်ဆိတ်နေပြီးနောက် ရှုယီက သက်ပြင်းချကာ ပြောသည်၊ "မင်းသမီးလေး၊ ခင်ဗျားရဲ့ နှစ်သက်မှုကိုခံရတာက ကျုပ်အတွက် ဂုဏ်ယူစရာပါ၊ ဒါပေမယ့် ကျုပ်မှာ ဇနီးရှိတာကြောင့် ကျုပ်တို့ကြားမှာ တစ်ခုခုဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခင်ဗျားအနေနဲ့ ဒါကို နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်၊ ဒီလိုလုပ်ဖို့လည်း မလိုပါဘူး။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ဒရိက်ခ်နယ်မြေတို့ ပူးပေါင်းမှုကို ကျုပ် သေချာဂရုတစိုက် ချင့်ချိန်ပြီးနောက်မှာ ဆုံးဖြတ်ပြီးပြီမို့ ကျုပ်တို့ရဲ့ ဆက်နွယ်မှုကို ပြောင်းလဲမှာ မဟုတ်တာကြောင့် ဒီပူးပေါင်းမှုက ကောင်းကောင်းဆက်သွားနေပြီး တိုးတက်‌မှုကို ကောင်းကောင်းအာရုံစိုက်ဖို့ကို စိတ်ချလို့ရပါတယ်။"

"နောက်တစ်မျိုးပြောရရင်၊ ရှင်က ကျွန်မအနေနဲ့ ရှင့်ကြောင့် စိတ်လှုပ်ရှားရတာကို မယုံသေးဘူးပေါ့?" မင်းသမီးလေးကာရိုလင်းက အင်မတန် စိတ်ပျက်သွားပုံဖြင့် ခေါင်းခါသည်။ သူမက ရှုယီနောက်က လင်ဒါကိုကြည့်လိုက်ပြီးနောက် အပြုံးဖြင့် ထရပ်လိုက်သည်၊ "ကောင်းပြီလေ၊ ဥက္ကဌရှု ကျွန်မရှင့်ကို အိပ်ရာက ထွက်ဖို့ အချိန်ဆယ်မိနစ်ပေးမယ်။ ရှင်မထွက်သွားခင် ကျွန်မ အတည်ပြုချင်တာတစ်ခုရှိတယ်။"

မင်းသမီးလေးကာရိုလင်းက ထွက်သွားကာ တံခါးပိတ်လိုက်သည်ကိုမြင်သော် ရှုယီက သက်ပြင်းချလိုက်၏။ သူက ကူရာမဲ့စွာပြုံးလျက် ခေါင်းခါရင်း အိပ်ရာမှထွက်ရန် စောင်ကို မ'လိုက်သည်။

စောင်အား မ'လိုက်သည်နှင့် တံခါးက ရုတ်တရတ် ထပ်ပွင့်လာမည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။

ရှုယီက တအံ့တဩမော့ကြည့်လိုက်ရာ မင်းသမီးလေးကာရိုလင်း၏ ပူလောင်နေသော အကြည့်နှင့် ဆုံမိသွားသည်။

မင်းသမီးလေးကာရိုလင်းက သူနှင့် အကြည့်မပြိုင်ဘဲ ငုံ့ကြည့်လိုက်သည်ကိုမြင်လိုက်ရသည်။ ရှုယီလည်း မနေနိုင်ဘဲ ငုံ့ကြည့်လိုက်ရာ သူ နိုးကတည်းက မတ်မတ်ထောင်နေသည့် သူ၏ ညီလေးကို တွေ့လိုက်ရ၏။ ><

ရှုယီမှာ ထိတ်လန့်ပြီး အမြန် စောင်ကို ဆွဲကာ အုပ်လိုက်ရသည်။ သူက မော့ကာ မင်းသမီးလေးကာရိုလင်းကို ဒေါသတကြီး ကြည့်လိုက်၏။

မင်းသမီးလေးကာရိုလင်းက ရှုယီကို မျက်လုံးလေး တစ်ဖက်မှိတ်ပြရင်း နူးညံ့စွာရယ်မောလျက် လှည့်ထွက်သွားသည်။

ရှုယီလည်း အဝတ်ဝတ်ကာ ဧည့်ခန်းထဲသွားလိုက်သည့်နောက် မင်းသမီးလေးကာရိုလင်းက ကုလားထိုင်တစ်ခု၌ ထိုင်ရင်း လဘက်ရည်ပူပူတစ်ခွက် သောက်နေသည်ကို တွေ့လိုက်ရသည်။

ရှုယီကို မြင်သော် မင်းသမီးလေးကာရိုလင်း ၏မျက်လုံးများက ရှုယီ၏ အောက်ပိုင်းတစ်ဝက်ဆီ ကျရောက်လာ၏။

ရှုယီ၏ မျက်နှာက နီရဲသွားကာ မင်းသမီးလေးကာရိုလင်း ၏ ရှေ့၌ အမြန်ထိုင်ချရင်း သူ၏ ကိုယ်ကိုကာလိုက်၏။ သူက သူ၏ နေရခက်မှုကို ဖုံးကွယ်ကာ မင်းသမီးလေးကာရိုလင်းက ို ဒေါသတကြီးပြောလေသည်၊ "မင်းသမီးလေး၊ ခင်ဗျားသာ ဒီလို စနောက်မှုမျိုးတွေလုပ်ရင် ကျုပ်က တုံ့ပြန်ပေးလာမယ်ထင်လို့လား?"

ထိုသို့ပြောချိန်တွင် ရှုယီက ချက်ချင်း သူ၏ အမှားကို သတိပြုမိသွား၏။

မျှော်လင့်ထားသလိုပင် ရှုယီမှာ ၎င်းကိုကြားရသောအခါ မင်းသမီးလေးကာရိုလင်းက တခစ်ခစ်ရယ်လာ၏။ သူမက ကြိုဆိုဟန်ပြကာ ပြောလေသည်၊ "ကျွန်မက ဥက္ကဌရှုရဲ့ တုံ့ပြန်မှုကို ဘယ်အချိန်မဆို ကြိုဆိုပါတယ်၊ ဒါပေမယ့် ဥက္ကဌရှုက တကယ်ပဲ လာမှာမို့လို့လား?"

ရှုယီက ခေါင်းခါသည်။ သူ့အနေနှင့် အနှီမင်းသမီးလေးကာရိုလင်း နှင့် အတူ ထိုအကြောင်း ပြောနေသရွေ့ နာကျင်ခံစားရမည်ကိုသိပါ၏။

"ထားလိုက်တော့၊ စကားလုံးတွေ မဖြုန်းတော့ဘူး။ မင်းသမီးလေး၊ ခင်ဗျားက ဘာကို အတည်ပြုချင်တာလဲ? မနေ့က ကျုပ်တို့ ဆွေးနွေးလို့ ပြီးပြီမဟုတ်ဘူးလား?"

ရှုယီ၏ အလေးအနက်ဟန်ကိုမြင်သော် မင်းသမီးလေးကာရိုလင်းက စနောက်နေသည်ကို ရပ်တန့်၍ လဘက်ရည်ခွက်ကိုချကာ အလေးအနက်ပြောလာသည်၊ "ကျွန်မဒီနေ့ သတင်းတချို့ရခဲ့တယ်၊ ကျွန်မ အဖေက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ကျွန်မတို့ရဲ့ ပူးပေါင်းမှုကို နက်နဲစေချင်နေတယ်။ သူက လမ်ပူရီတိုင်းပြည် နယ်စပ်နားက မိုင်းတွင်းနှစ်တွင်းကို ရှင်တို့လုပ်ငန်းစုက နည်းပညာတချို့နဲ့ ဖလှယ်ချင်နေတာ။"

ရှုယီက အသာမျက်မှောင်ကုပ်ကာ၊ "မင်းသမီးလေး၊ ကျုပ်တို့ လုပ်ငန်းစုဆီမှာ ဖလှယ်မှာမဟုတ်တဲ့ နည်းပညာတချို့ရှိတာကို ခင်ဗျားသိမှာပါ။ ဒီမိုင်းတွင်းနှစ်တွင်းကို သုံးရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။"

"ကျွန်မ သိတာပေါ့ ဒါပေမယ့် ကျွန်မလိုချင်တာကလည်း ကျွန်မတို့ အရင်က ဆွေးနွေးထားတဲ့အထဲမှာ ပါ,ပါတယ်။ ပိုအတိအကျပြောရရင် ဆောက်လုပ်ရေးမှော်စက်ကြီးတွေလေ။ ဥက္ကဌရှုက နောက်ကျရင် လွှဲပေးမယ်လို့ ပြောခဲ့ပေမယ့် အဖေက တတ်နိုင်သမျှ မြန်မြန်ရချင်နေတယ်၊ ဒါမှ ကျွန်မတို့နယ်မြေလည်း တတ်နိုင်သမျှ များများစုပ်ယူနိုင်မှာ။" မင်းသမီးလေးကာရိုလင်းက ဆိုသည်။

"အတိအကျ ဘယ်ဟာတွေများလဲ?" ရှုယီက မေး၏။

"အတိအကျဆိုရင် ကျွန်မတို့ လိုချင်တာက coaxial drive, radius armနဲ့ set point နည်းပညာတွေပဲ။"

ရှုယီက မျက်လုံးများ မှေးကျဉ်းလိုက်သည်။

၎င်းတို့မှာ ထိုမျှ ထူးခြားဟန်မပေါ်သော်လည်း အတူတကွဆိုလျှင် ၎င်းတို့၏ ဘုံမြေက မှော်အမြောက်များနှင့် ဆက်စပ်နေ၏။

ဒရိက်ခ်နယ်မြေ၏ အတိုင်းအတာကြီးမှော်စက်များအတွက် ထက်သန်မှုနှင့် ပေါင်းစပ်လိုက်လျှင် ဒရိက်ခ်နယ်မြေက မှော်အမြောက်များကိုစိတ်ဝင်စားကာ မိတ္တူတစ်ခု ထုတ်လုပ်ချင်နေကြောင်း ရှုယီ သိသွားသည်။

ခြေတစ်လှမ်းထပ်သွားရန် ၎င်းတို့က စစ်ဘက်ဆိုင်ရာမှော်စက်ကြီးတချို့ကို ထုတ်လုပ်ချင်နေသည်။

၎င်းက ရှုယီကို အနည်းငယ် ရှုပ်ထွေးသွားစေ၏။

၎င်းတို့၏ စစ်တပ်အင်အားကိုသာ တိုးရာတွင် ဒရိက်ခ်နယ်မြေမှာ အကုန်ကျအသက်သာဆုံး၊ သုံးရလွယ်ကာ စွမ်းပကား အသင့်အတင့်ရှိ မှော်ထပ်ဆင့်လေးများနှင့် အသင့်တော်ဆုံးဖြစ်သည်။ အဘယ့်ကြောင့် ဤစစ်ဘက်သုံးမှော်စက်ကြီးများကို မျက်စိကျနေရသနည်း?

သို့သော် ဤတောင်းဆိုမှုက ယခင်က သူနှင့် ကောင့်ထ်စီယန်တို့ ဆွေးနွေးခဲ့ခြင်းမှ မသွေဖယ်နေသဖြင့် ရှုယီအတွက် ၎င်းမေးခွန်းမှာ အရေးမပါပေ။

ထို့ကြောင့် အနည်းငယ်စဉ်းစားပြီးနောက်တွင် သူဟာ သဘောတူ ခေါင်းငြိမ့်လိုက်သည်။

ရှုယီ ခေါင်းငြိမ့်သည်ကိုမြင်သော် မင်းသမီးလေးကာရိုလင်း၏ မျက်နှာထက်၌ အပြုံးပန်းလေးတစ်ပွင့် ပွင့်လန်းလာသည်။ သူမက ထရပ်ကာ ရှုယီထံလျှောက်သွားရင်း လက်တစ်ဖက် ကမ်းပေးလိုက်၏။

ရှုယီလည်း ထရပ်ကာ လက်ပြန်ကမ်းပေးရင်း မင်းသမီးလေးကာရိုလင်း၏ လက်ကို ဆွဲ၍ နှုတ်ဆက်ရန် ပြင်လိုက်သည်။

သူ၏လက်က သူမလက်ကိုထိသည်နှင့် မင်းသမီးလေးကာရိုလင်းက ရုတ်တရတ် ရှုယီအား သူမထံ‌ဆွဲကာ ရှေ့တိုးလာမည်ဟု မည်သူက စဉ်းစားထားမည်နည်း။

ရှုယီလည်း သတိလွတ်သွားရင်း မင်းသမီးလေးကာရိုလင်းမှာ ခြေဖျားထောက်ရပ်ကာ မျက်နှာလေးက နီးကပ်လာသည်ကိုသာ ကြည့်နေနိုင်တော့သည်။

၎င်းက ပွဲ၌ ချောင်းမြောင်းတိုက်ခိုက်ခဲ့ပုံနှင့် ကွဲပြားပြီး မင်းသမီးလေးကာရိုလင်း၏ နှုတ်ခမ်းများက ရှုယီမျက်နှာကို မထိဘဲ ရှုယီ၏ နှုတ်ခမ်းများထက်သို့ တိုက်ရိုက်ဖိကပ်လာလေသည်။

သူ၏ နှုတ်ခမ်းများက မင်းသမီးလေးကာရိုလင်း၏ ပူနွေးသည့် နှုတ်ခမ်းလေးများနှင့် ထိတွေ့သွားချိန်တွင် လျှာလေးတစ်ခုက ဖြတ်ကျော်လာကာ ရှုယီ၏ နှုတ်ခမ်းများကို ဖွင့်လှစ်ရင်း ခပ်မြန်မြန်ပင် ရှုယီ၏ အာခံတွင်းထဲသို့ ချဉ်းနင်းဝင်ရောက်လာသည်။

ရှုယီ အံ့ဩနေချိန်၌ မင်းသမီးလေးကာရိုလင်း၏ လျှာက ပြန်ဆုတ်သွားရင်း နှုတ်ခမ်းများကို ဖွင့်ဟလျက် ရှုယီ၏ နှုတ်ခမ်းများကို ကိုက်ချလိုက်လေ၏။

"ရှီးးးး"

ရှုယီမှာ သူ၏ နှုတ်ခမ်းများထံမှ နာကျင်မှုကိုခံစားနေရပြီး မနေနိုင်ဘဲ လေအေးအေးများကို ရှူရှိုက်လိုက်သည်။

သူ၏ နှုတ်ခမ်းကို ထိလိုက်သော် သွေးစအချို့ကို ခံစားမိ၏။ ၎င်းတို့မှာ မင်းသမီးလေးကာရိုလင်းကြောင့် ကိုက်ခံလိုက်ရသည်ပင်။

ရှုယီလည်း သူမကို ရယ်ရမလို ငိုရမလိုဖြင့် ကြည့်လိုက်ရင်း အင်မတန် ထွေပြားနေ၏။

မင်းသမီးလေးကာရိုလင်းက ရှုယီကို ရွှင်ပြစွာ ပြုံးပြရင်း သူမ၏ လက်များကို ခါယမ်းလိုက်သည်။

"ဥက္ကဌရှု၊ တာ့တာနော်"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၁၅၅။ ဗစ်ကောင့်ထ် လက်စ်လိုင်း၏ ဆုံးဖြတ်ချက်

"သခင်၊ နာနေသေးလား?"

ရှုယီက သူ၏နှုတ်ခမ်းကို ထိနေသည်အားမြင်သော် လင်ဒါက စိတ်ပူဟန်ဖြင့် မေးလာသည်။

ရှုယီလည်း ခါးသက်သက်ပြုံးရင်း ခေါင်းခါကာ၊ "နာတော့ နာတယ်၊ ဒါပေမယ့် ဒီပုံစံနဲ့ အိမ်ပြန်ရင် အဆင်မပြေလောက်ဘူး။ စတေးလ်သာ ဒါကိုတွေ့ရင် ငါ ဘယ်လိုရှင်းပြရမလဲ....."

လင်ဒါက ပါးစပ်ကို အုပ်ရင်း ရယ်မောလာ၏။

"ဘယ်သူ့က သခင့်ကို ဂရုမစိုက်ဘဲ မင်းသမီးလေးကာရိုလင်း အတင်းနမ်းလာအောင် လုပ်ခွင့်ပေးလိုက်လို့လဲ။ သခင်မသာ ဒါကို တွေ့ရင် သေချာပေါက် ဘာဖြစ်ခဲ့လဲ သိမှာပဲ။"

ရှုယီက သူမအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊ "စတေးလ်မေးရင် မင်း ကိုက်လိုက်တာလို့ပဲ ငါပြောမှာ!"

"သခင်မက ယုံမှာမဟုတ်ဘူး၊ ကျွန်မက ဒီလောက် မရဲတင်းတာကို သိတယ်လေ။"

လင်ဒါက ကြိတ်ရယ်နေသည်ကို မြင်သော် ရှုယီမှာ ကူရာမဲ့စွာ သက်ပြင်းချရင်း ၎င်းကို ရှင်းပြနိုင်လောက်မည်မဟုတ်ဟု ထင်လိုက်သည်။

အကောင်းဆုံးနည်းလမ်းမှာ ရိုးသားစွာဖြင့် စတေးလ်ကို ပြောလိုက်ပြီး သူမထံမှ ခွင့်လွှတ်ခံရရန် အကောင်းဆုံး ကြိုးစားရုံပင်။

မှော်ကားက အန်ဗီမာမြို့တော်ထဲ ဝင်‌သွားတော့မည်ကို မြင်သော် ရှုယီက ခေါင်းခါကာ ထိုအကြောင်း မစဉ်းစားတော့ချေ။

ဆင်းလိုက်ပြီးနောက် ရှုယီက လင်ဒါကို ကောင့်ထ်စီယန် အဆောက်အဦထံ ခေါ်သွားလိုက်သည်။

အိမ်စေလမ်က လွန်ခဲ့သည့် နှစ်ရက်က ကောင့်ထ်စီယန်ထံမှသတိပေးစာရထားသဖြင့် ရှုယီ ယနေ့ရောက်မည်ဖြစ်ကြောင်း သိထားလေရာ အရာအားလုံးကို ပြင်ဆင်ထား၏။ ရှုယီနှင့် လင်ဒါတို့ ပေါ်လာသည်ကိုမြင်သော် သူက ရှေ့သို့ သွားကြိုလိုက်သည်။

"ဥက္ကဌရှု၊ ဗစ်ကောင့်ထ်လက်စ်လိုင်းနဲ့ ဘာရွန်ဟားနက်စ်တို့က စောင့်နေပါတယ်။"

ရှုယီက အံ့ဩသွားကာ၊ "ဗစ်ကောင့်ထ်လက်စ်လိုင်း? ဘယ်တုန်းက ပြန်လာလိုက်တာလဲ?"

အိမ်စေ လမ် မဖြေနိုင်ခင်တွင် အတွင်းဘက်မှ ရယ်သံတစ်ချက် ထွက်လာသည်။

"ပြန်လာတာ လဝက်လောက်ရှိနေပြီ၊ ဒီနေ့ ခင်ဗျားနဲ့ တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး။"

ရှုယီက ကျေနပ်အံ့ဩဟန်ဖြင့် ကြည့်လိုက်ပြီးနောက် အပြုံးဖြင့် သွားလိုက်သည်။

"အရှင် ဗစ်ကောင့်ထ်၊ မတွေ့ရတာကြာပြီဗျာ!"

ဗစ်ကောင့်ထ် လက်စ်လိုင်းက ရယ်ကာ၊ "ရှုယီ၊ ခင်ဗျားကိုယ်တိုင်ကလည်း ဗစ်ကောင့်ထ်ဖြစ်နေပြီလေ၊ ကျုပ်ကို ဒီလို တရိုတသေထပ်ခေါ်နေဖို့ မလိုတော့ပါဘူး။"

ရှုယီက အမြန်ခေါင်းခါသည်၊ "ကျုပ်က အမြဲတမ်း အရှင် ဗစ်ကောင့်ထ်ကို ရိုသေလေးစားခဲ့တာပဲလေ။ ဒါက တော်ဝင်လွှတ်တော်ရဲ့ ဥပဒေတွေနဲ့ မဆိုင်ဘဲ ကျုပ်ရင်ထဲက လေးစားမှုသက်သက်ပါပဲ။"

ဗစ်ကောင့်ထ် လက်စ်လိုင်းက ဘာရွန်ဟားနက်စ်ဘက်လှည့်ကာ၊ "ကြည့်လေ၊ တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ ၂နှစ်ကြာပြီးတော့ ရှုယီက အရင်ကထက် အပြောပိုကောင်းလာဝယ်။ Frestech ကုန်သည်ကြီးများအသင်း ဒီလောက် ကောင်းကောင်း တိုးတက်နေတာ မဆန်းပါဘူး။"

ဘာရွန်ဟားနက်စ်က ပခုံးတွန့်၏၊ "သူ မှန်တယ်လို့ ငါထင်တာပဲ၊ မဟုတ်ရင် မင်းနဲ့ တွေ့တိုင်း မင်းကို အရှင် ဗစ်ကောင့်ထ်လို့ ခေါ်နေတော့မှာလေ?"

ရှုယီနှင့် ဗစ်ကောင့်ထ် လက်စ်လိုင်းတို့မှာ တစ်ဦးကို တစ်ဦး ကြည့်ပြီးနောက် ရယ်မောလာကြသည်။

"ကောင်းပြီ၊ မျိုးရိုးမြင့်တွေရဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုထားရအောင်။ ကျုပ်တို့ အားလုံးက မိတ်ဆွေဟောင်းတွေပဲ၊ အချင်းချင်း ဆန္ဒရှိသလို ခေါ်လို့ရပါတယ်။ ရှုယီ၊ ဟားနက်စ်လိုပဲနေပြီး ကျုပ်ကို လက်စ်လိုင်းလို့သာ ခေါ်ပါ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက တိုင်းပြည်မှာ အရမ်းကျော်ကြားတဲ့ ပုဂ္ဂိုလ်ဖြစ်နေပြီလေ၊ အရင်ကလို ကုန်သည်လေးတစ်ယောက်မဟုတ်တော့ဘူးဆိုတော့ ကျုပ်ကို အရင်ကလို မရိုမသေပြုပြီး နေလို့ရပါတယ်။" ဗစ်ကောင့်ထ် လက်စ်လိုင်းက ပြော၏။

ရှုယီလည်း အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ခေါင်းငြိမ့်လာသည်၊ "ကောင်းပါပြီ၊ ဗစ်..... အဲ၊ လက်စ်လိုင်း၊ ခင်ဗျား ပြန်လာပြီဆိုတော့ ဘာ အစီစဉ်တွေများရှိနေလဲ?"

"ကျုပ် ခင်ဗျားနဲ့ ဆွေးနွေးချင်တာ တစ်ခုရှိတယ်။ ကျုပ် မတိုင်ခင်က ခင်‌ဗျားတို့ လုပ်ငန်းစု မန်နေဂျာ ဖလိမ်နဲ့ ဆွေးနွေးခဲ့ပေမယ့် သူ့အနေနဲ့ ဆုံးဖြတ်ချက်မချနိုင်လို့ ခင်ဗျားကို စောင့်ဖို့ လိုတယ်လို့ ပြောတယ်။"

"ကျုပ်နဲ့ ဆွေးနွေးမယ်?" ရှုယီက အနည်းငယ် ရှုပ်ထွေးသွားသည်။ သူက ဟားနက်စ်ကို မေးခွန်းထုတ်ဟန်ဖြင့် ကြည့်လိုက်၏။

ဘာရွန် ဟားနက်စ်က ခေါင်းခါသည်။ ဗစ်ကောင့်ထ် လက်စ်လိုင်းက ရယ်ရင်း ရှုယီကို ခေါ်ကာ လျှောက်သွား၏။

"လာ၊ ကျုပ် ချန်နယ်စားသောက်ဆိုင်မှာ အခန်းတစ်ခန်း မှာထားပြီးသား! ဒီည မမူးဘဲ ပြန်လို့မရဘူး!"

ရှုယီမှာ ဗစ်ကောင့်ထ် လက်စ်လိုင်းနှင့် ဘာရွန်ဟားနက်စ်တို့ထံမှ ဆွဲခေါ်ခံနေရရင်း အိမ်စေ လမ်အား လင်ဒါကို စောင့်ရှောက်ဖို့ရန် ကူရာမဲ့စွာသာ ကြည့်နိုင်လိုက်သည်။

"မြောက်ဘက်စစ်တပ်အကြောင်းပြောရရင် တကယ်ကို ခက်ခဲတယ်။"

ဗစ်ကောင့်ထ် လက်စ်လိုင်းက သက်ပြင်းချပြီး မျက်လုံးများ၌ အမှတ်တရများ၊ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

"ဘယ်အချိန်မဆို ခဲလို့ သေသွားလောက်တဲ့ မြောက်ပိုင်းရဲ့ အေးစက်စက်ပတ်ဝန်းကျင်မှာ စစ်သည်အတော်များများက အပေါ်ထပ်လေးတစ်ထည်တောင် မရှိဘူးဆိုတာကို ခင်ဗျားတို့ စဉ်းတောင် မစဉ်းစားမိလောက်ဘူး။"

"လူအများကြီး သေလောက်အောင် မခဲကုန်ကြဘူးလား?" နံဘေးရှိ ဘာရွန်ဟားနက်စ်က မနေနိုင်ဘဲ မေးသည်။

"အတော်များများက‌တော့ သေလောက်တဲ့အထိ ဘယ်လိုခဲသွားမလဲ။" ဗစ်ကောင့်ထ်လက်စ်လိုင်းက ခေါင်းခါသည်၊ "ဒါပေမယ့် သေလောက်အောင်ခဲသည်အထိ ဖြစ်ခဲ့တဲ့ လူတွေက အလိမ်အညာမဟုတ်ဘူး။"

ဘာရွန် ဟားနက်စ်နှင့် ရှုယီတို့က တစ်ဦးကိုတစ်ဦးကြည့်ကာ အနည်းငယ် ဆန္ဒမရှိဟန်ပြသလာကြသည်။

ပွဲက တစ်ဝက်ကျော်သွားကာ ဝိုင်တစ်ဝက်လည်း ကုန်သွားပြီဖြစ်သည်။ ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ ၎င်းတို့နှစ်ဦးက မြောက်ဘက်စစ်တပ်အကြောင်း မေးလာသည်ကို ကြားချိန်တွင် မှတ်တမ်းကို ဖွင့်လိုက်သကဲ့သို့ စကားများထွက်အံကျလာသည်။

"ဘာလို့ မြောက်ဘက်စစ်တပ်က စစ်သည်တွေရဲ့ ကိုယ်ကာယက အရမ်းကောင်းနေရတာလဲ? သူတို့တွေ ခဲသေတော့မတက်ဖြစ်နေတာကနေ တားဆီးဖို့ အေးစက်စက်နေ့တွေမှာပါ ဆက်တိုက်လေ့ကျင့်နေရတာကြောင့်ပဲလေ။ ဒါပေမယ့် သူတို့ဆီမှာ ရိက္ခာအလုံအလောက်မရှိတော့ ဝမ်းစာမဖြည့်နိုင်ကြဘဲ လေ့ကျင့်ရေးတွေကလည်းများတော့ ခန္ဓာကိုယ်တွေက မခံနိုင်ကြဘူးလေ။ ဒါပေမယ့်လည်း လေ့ကျင့်မနေရင် သေလောက်တဲ့အထိ ခဲသွားမှာပဲ။ ဒါကြောင့် ဆောင်းရာသီရောက်တိုင်း မြောက်ဘက်စစ်တပ်က သူတို့ရဲ့ ရိက္ခာအလိုက် လေ့ကျင့်ရေးကို ဆုံးဖြတ်ကြတယ်။ သူတို့အနေနဲ့ ရက်နည်းနည်းကြာတိုင်း အစီစဉ်ကိုပြောင်းဖို့တောင် လိုအပ်တယ် မဟုတ်ရင် လူတွေသေသွားလိမ့်မယ်လေ။"

ရှုယီက မနေနိုင်ဘဲ မျက်မှောင်ကုပ်သည်၊ "မေဂျာ‌Mac Conelyက မြောက်ဘက်စစ်တပ်ရဲ့ တစ်နှစ်အသုံးစရိတ်က အနည်းဆုံး ရွှေဒင်္ဂါးနှစ်သိန်းရှိတယ်လို့ ပြောတာကြားတယ်။ လက်နက်ကိရိယာကောင်းကောင်း မလုံလောက်ရင်တောင် ဝမ်းစာဖြည့်ဖို့ မလုံလောက်တာတော့ မဖြစ်သင့်ဘူးမို့လား?"

ဗစ်ကောင့်ထ် လက်စ်လိုင်းက ရှုယီကို ကြည့်ကာ အေးစက်စက်ရယ်သည်၊ "နှစ်သိန်း? နောက်‌ဆုံးမှာ တကယ်တမ်း မြောက်ဘက်စစ်တပ်ရဲ့ စစ်သည်တွေအတွက် ဘယ်လောက်များ သုံးလဲဆိုတာ သိရဲ့လား?"

ရှုယီက ပြောစရာမဲ့သွားသည်။

သူဟာ ၎င်းနှင့် များများစားစား အဆက်အသွယ်မရှိသော်လည်း မေဂျာ မက်ခ်ကွန်လီထံမှ ကောလဟာလများအရ တော်ဝင်စစ်တပ်ထဲတွင် ပြင်းထန်သောအကျင့်ပျက်ခြစားမှုရှိကြောင်း ခန့်မှန်းနိုင်၏။ တိုင်းပြည်၏ ဘဏ္ဍာရေးမှာ အသုံးစရိတ် နှစ်သိန်းကို ထုတ်ပေးသော်လည်း ၎င်းတို့အပေါ်သုံးသည်မှာ ရွှေဒင်္ဂါး ငါးသောင်းအောက်သာရှိသည်။

ဤအခြေအနေတွင် မြောက်ဘက်စစ်တပ်မှာ နှစ်ပေါင်းများစွာ တောင့်ခံနိုင်ခဲ့ပြီး စခ်တိုင်းပြည်အား ခြေတစ်လှမ်းမှ တိုးခွင့်မပြုခဲ့သည်က မြောက်ဘက်စစ်တပ်အနေနှင့် မည်မျှ သန်မာကာ ပြတ်သားကြောင်း ပြသနေသည်။

"ဒါဆို ဒီရက်တွေအတွင်းမှာရော? မင်းသားလေး အဲရစ်က မြောက်ဘက်စစ်တပ်ကို ဦးဆောင်နေတယ်ဆိုတော့ ရိက္ခာမပြတ်လောက်ဘူး မို့လား?" ဘာရွန်ဟားနက်စ်ကမေးသည်၊ "မင်းသားလေးက ဒီစစ်ပွဲကို အနိုင်ရချင်ပြီး သူ့အတွက် ပုံရိပ်ကောင်း တည်ဆောက်ချင်တယ်ဆိုတော့ သူ့အနေနဲ့ သေ‌ချာပေါက် မြောက်ဘက်စစ်တပ်က စစ်သားတွေကို လျစ်လျူမရှုထားလောက်ဘူးလို့ ထင်တယ်။"

"ဒီလိုလား?" ဗစ်ကောင့်ထ် လက်စ်လိုင်း မြောက်ဘက်စစ်တပ်မှ မထွက်ခွာလာခင်တွင် မင်းသားလေး အဲရစ်က သူ့အား ဇိမ်ခံအစား‌အသောက်များ ဖိတ်ကြွေးခဲ့၏။ သူက နောက်တစ်ခေါက် အေးစက်စက်ရယ်ပြီး မည်သည်ကိုမှ မဆိုချေ။

ဗစ်ကောင့်ထ်လက်စ်လိုင်းက အပြောရပ်သွားချိန်တွင် ၎င်းတို့မှာ တိတ်ဆိတ်သွားကြသည်။

ရှုယီက အတွေးနက်နေသည့် ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် ဘာရွန် ဟားနက်စ်ကိုကြည့်ရင်း ချောင်းအသာဟန့်ကာ ဗစ်ကောင့်ထ်လက်စ်လိုင်းကို မေးလိုက်သည်။ "ဒီလို စိတ်ပျက်အားလျော့စရာကိစ္စတွေကို မပြောပဲနေရအောင်။ ဗစ်...... လက်စ်လိုင်း၊ ခင်ဗျားမှာ ကျုပ်နဲ့ ဆွေးနွေးစရာရှိပြီး အဲဒါက ခင်‌ဗျားရဲ့ အစီစဉ်တွေနဲ့ ဆက်စပ်နေတယ်လို့ ပြောခဲ့တယ်မလား? ဘာများလဲဗျ?"

ဗစ်ကောင့်ထ်လက်စ်လိုင်းက သူ၏ ဝိုင်ခွက်ကိုချကာ အလေးအနက်ပြောလာ၏၊ "ဒီကိစ္စကို မတိုင်ခင်ကတော့ မန်နေဂျာ ဖလိမ်နဲ့ ဆွေးနွေးခဲ့ပြီးပြီဆိုပေမယ့် သူက ခင်ဗျားကို ဆက်သွယ်မရခဲ့လို့ ကျုပ် ထပ်ပြောပါ့မယ်။ ရှုယီ၊ ကျုပ် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ အိမ်သုံးမှော်စက် အလုပ်ရုံတစ်ရုံဆောက်ချင်တယ်၊ ဘယ်လိုထင်လဲ?"

ရှုယီက အံ့ဩသွားသည်၊ "ခင်ဗျားက ကျုပ်တို့ လုပ်ငန်းစုနဲ့ ပူးပေါင်းချင်တယ်? ခင်ဗျားရဲ့ နာမည်နဲ့လား ဒါမှမဟုတ် စတက်ဂျ်မိသားစု နာမည်နဲ့လား?"

ဗစ်ကောင့်ထ် လက်စ်လိုင်းက အပြုံးဖြင့်ဆိုသည်။ "ကျုပ်က မိသားစုခေါင်းဆောင်မဟုတ်တော့ ကျုပ်ကိုယ်ကျုပ်ပဲ ကိုယ်စားပြုနိုင်တာပေါ့။"

ရှုယီက မျက်မှောင်ကုပ်ကာ၊ "ခင်ဗျားတို့ မိသားစုက ခင်ဗျား ဒီလိုလုပ်ရင် ကန့်ကွက်မှာ မဟုတ်လား?"

"ဒါက ကျုပ်ကိစ္စပါ၊ သူတို့အနေနဲ့ ကန့်ကွက်ဖို့ အရည်အချင်းမရှိပါဘူး။" ဗစ်ကောင့်ထ် လက်စ်လိုင်းက လက်ခါကာ၊ "ရှုယီ၊ ပြောမှာသာပြောပါ၊ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား?"

"ဖြစ်နိုင်တာပေါ့။ တကယ်လည်း လက်စ်လိုင်း၊ အရင်က ကျုပ်တို့ လုပ်ငန်းစုမှာ ခင်ဗျားရဲ့ ရှယ်ယာတွေရှိခဲ့တာပဲ၊ ခင်ဗျားက ကျုပ်တို့လုပ်ငန်းစုမှာ အဓိက ရှယ်ယာရှင်ဖြစ်လာမှာဆိုတော့ ကျုပ်နဲ့ ပူးပေါင်းမှုကို ဆွေးနွေးဖို့ မလိုပါဘူး။" ရှုယီက စိတ်ရင်းဖြင့် ပြောသည်။

"အတိတ်က ကိစ္စတွေကို ထည့်ပြောဖို့မလိုပါဘူး၊ ပြီးတော့ ရိုးသားရရင် အရင်က ကျုပ် အဲ့လိုထက်မြတ်တဲ့ ဆုံးဖြတ်ချက်ချခဲ့လို့ ဝမ်းသာမိတယ်။ မဟုတ်ရင် Frestech ကုန်သည်ကြီးများအသင်းမှာ ရှိခဲ့တဲ့ စတော့ရှယ်ယာတွေကြောင့် မိသားစုမှာရှိတဲ့ အဲ့လူတွေက ကျုပ်ကို ကိစ္စတွေ အတင်းလုပ်ဆောင်ခိုင်းဖို့ ကြိုးစားခဲ့လောက်တယ်။"

ရှုယီနှင့် ဟားနက်စ်တို့က တစ်ဦးကို တစ်ဦးကြည့်ရင်း မျက်လုံးများထဲ၌ တစ်ဦးစီ၏ ပူပန်မှုကို မြင်နေရသည်။

ဗစ်ကောင့်ထ် လက်စ်လိုင်း၏ စကားလုံးများအရ သူပြန်လာပြီးနောက် စတက်ဂျ်မိသားစုထဲရှိ အခြေအနေက မကောင်းဟု ပြောနိုင်ပေ၏။

ဤအခြေအနေတွင် သူဟာ တကယ်ကြီး အိမ်သုံးမှော်စက် အလုပ်ရုံကို ဆောက်ချင်နေသည်။ ဒါက မိသားစုကို ရှင်းရှင်းလင်းလင်းကြီး ဆန့်ကျင်နေတာမဟုတ်ဘူးလား?"

"လက်စ်လိုင်း၊ အကျိုးဆက်တွေကို ခင်ဗျား စဉ်းစားပြီးပြီလား?" ရှုယီက လေးနက်စွာ မေးလိုက်သည်။

ဗစ်ကောင့်ထ် လက်စ်လိုင်းက အသာပြုံးကာ၊ "စိတ်ချပါ၊ ဒီကိစ္စမှာဆိုရင် ကျုပ်က ခင်ဗျားထက် ကောင်းကောင်းပိုသိပါတယ်။"

ရှုယီက ခေါင်းငြိမ့်ကာ အသက်ပြင်းပြင်းရှူလျက် ပြောလာသည်၊ "ကောင်းပြီလေ၊ ခင်ဗျားက ဆုံးဖြတ်ချက်ချပြီးနေမှတော့ ခင်ဗျားကို မိတ်ဆွေအနေနဲ့ အပြည့်အဝထောက်ပံ့ရမှာပေါ့။ ပြောပါ၊ ခင်ဗျား ဖွင့်ချင်တာ လယ်လို မှော်စက် အလုပ်ရုံများလဲ? ကျုပ်တို့ လုပ်ငန်းစုနဲ့ ဘယ်လို ပူးပေါင်းချင်တာလဲ?"

ဗစ်ကောင့်ထ် လက်စ်လိုင်းက ခေါင်းခါသည်၊ "စက်ရုံအမျိုးအစားနဲ့ ပူးပေါင်းမှုအမျိုးအစားက အရေးမကြီးပါဘူး၊ ကျုပ်က ခင်ဗျားတို့ လုပ်ငန်းစုနဲ့အတူ အလုပ်လုပ်ဖို့ လိုအပ်နေရုံပဲ။"

၎င်းအဖြေကိုကြားသော် ရှုယီနှင့် ဘာရွန်ဟားနက်စ်တို့နှစ်ဦးစလုံးမှာ လေအေးများကို ရှူရှိုက်လိုက်ရသည်။

၎င်းတို့မှာ အစောပိုင်းတုန်းက ခန့်မှန်းရုံ ခန့်မှန်းခဲ့သော်လည်း ယခုမူ သေချာနေပြီဖြစ်၏။

ဗစ်ကောင့်ထ် လက်စ်လိုင်းက ရှင်းလင်းစွာပင် စတက်ဂျ်မိသားစုအား ဆန့်ကျင်ကာ ခေါင်းချင်းဆိုင်တော့မည်ဖြစ်သည်!

သို့သော် သူဟာ လက်ရှိ ခေါင်းဆောင်၏ အကြီးဆုံးသား၊ ဆက်ခံသူဖြစ်လာလောက်မည့်သူဖြစ်သည့်အတွက် မိသားစုကို ထိုသို့ဆန့်ကျင်ခြင်းက သူ့အတွက် မကောင်းချေ။

စတက်ဂျ်မိသားစုမှာ တိုင်းပြည်ရှိ အင်အားကြီးမျိုးရိုးမြင့်မိသားစုများအနက် တစ်ခုဖြစ်ပြီး ၎င်းအင်အားမှာ လူပုဂ္ဂိုလ်တစ်ဦးလေး ယှဉ်နိုင်သည့်အရာမဟုတ်ပေ။

ဗစ်ကောင့်ထ် လက်စ်လိုင်းအား မည်သည်က မိသားစုကို ဆန့်ကျင်စေလိုခဲ့သနည်း?

ရှုယီမှာ အတန်ကြာ တိတ်ဆိတ်သွားပြီး တဖြည်းဖြည်းမေးလိုက်သည်၊ "လက်စ်လိုင်း၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ အတူ ရပ်တည်ပြီး ဘုရင်မကို ထောက်ပံ့တာက ကျုပ် ခင်ဗျားကို လုပ်စေချင်တဲ့အရာဖြစ်ပေမယ့် ခင်ဗျား မိတ်ဆွေအနေနဲ့ဆို စိတ်ရင်းနဲ့ပဲ ခင်ဗျားအတွက် အကျိုးမရှိတာကြောင့် မလုပ်စေချင်ဘူး။"

"ဟုတ်တယ်၊ ခင်ဗျား ဒီလိုလုပ်ရင် ခံစားရုံပဲ ခံစားရမှာ။ ခင်ဗျား ဒါကို မေ့လိုက်ရင်ရော ဘယ်လိုလဲ?" ဘာရွန် ဟားနက်စ်ကလည်း အကြံပေးသည်။

မျိုးရိုးမြင့်မိသားစုကြီးတစ်ခုထံမှ လူတစ်ဦးအနေနှင့် ဘာရွန်ဟားနက်စ်မှာ ၎င်းတို့မိသားစုကို ဆန့်ကျင်ပါက မည်သို့သော သတ္တိမျိုးနှင့် တန်ကြေးကို ပေးဆပ်ဖို့ လိုသည်အား ရှုယီထက် ကောင်းကောင်းပိုသိသည်။

ဗစ်ကောင့်ထ် လက်စ်လိုင်းက ခေါင်းခါ၏၊ "ဒီလောကမှာ တန်ကြေးကို မေ့ထားပြီး လုပ်ချင်တဲ့ ကိစ္စတွေရှိတယ်။" ခဏရပ်တန့်လိုက်ပြီးနောက် ထပ်ပေါင်းပြောသည်၊ "အထူးသဖြင့် မြောက်ဘက်စစ်တပ်မှာ ၂နှစ်လောက် လေ့ကျင့်ရေးဆင်းပြီးနောက်မှာပေါ့။"

ဗစ်ကောင့်ထ် လက်စ်လိုင်း၏ ဆုံးဖြတ်ပြီးဟန်ကိုမြင်သော် ရှုယီမှာ ဖျောင်းဖျလျှင်လည်း အသုံးဝင်မည်မဟုတ်ကြောင်း သိလိုက်သည်။ စဉ်းစားပြီးနောက် သူက ဗစ်ကောင့်ထ် လက်စ်လိုင်းကို လက်ကမ်းပေးလိုက်၏။

"ကောင်းပြီလေ၊ လက်စ်လိုင်း ကျုပ် ခင်ဗျားကို မှော်စက်မှုနယ်ပယ်ကြီးကနေ တရားဝင်ကြိုဆိုပါတယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၁၅၆။ ကြယ်ပွင့်များဖြစ်လာကြသည့် သားရဲလူမျိုး မိန်းကလေးများ

ပွဲပြီးနောက် ဗစ်ကောင့်ထ် လက်စ်လိုင်းက တစ်ဦးတည်းအိမ်ပြန်သွားကာ ရှုယီနှင့် ဘာရွန်ဟားနက်စ်တို့က တူညီသည့်နေရာသို့သွားလိုက်ကြသည်။ ၎င်းတို့မှာ အန်ဗီမာမြို့တော် အရှေ့ဘက်ရှိ လူသူဝေးသောခြံဝန်းတစ်ခုဆီ ရောက်လာကြသည်။

၎င်းတို့ လျှောက်မဝင်သွားခင်တွင် ထောင့်ကို ချိုးကွေ့လာသည့် ဇိမ်ခံမြင်းလှည်း အမြောက်အမြားက တံခါး၌ ရပ်တန့်လိုက်သည်ကို မြင်လိုက်ရ၏။

ခဏကြာပြီးနောက် လူသားတို့၏ စံပုံစံ အရ လှပသည့် သားရဲလူမျိုးလက္ခဏာရပ်များရှိသော မိန်းကလေးများမှာ မြင်းလှည်းမှ ခုန်ဆင်းလာကြသည်။

ရှုယီကို မြင်ပြီးနောက် ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ဝင် သားရဲလူမျိုးမိန်းကလေးများအားလုံး ပျော်ရွှင်စွာ အော်ဟစ်လျက် ရောက်လာကြသည်။

"ဥက္ကဌ၊ ပြန်လာပြီပေါ့။" အရှေ့ရှိ တစ်ယောက်မှာ မြေခွေးမလေး အေဗရယ်ဖြစ်သည်။

ရှုယီက သူမထံရှိ တလက်လက်တောက်ပနေသော လက်ဝတ်လက်စားများနှင့် လက်မှုပညာသည်တစ်ဦးက သူမတစ်ဦးတည်းအတွက်သာ ပြုလုပ်ပေးထားဟန်ရှိသည့် ပစ္စည်းကောင်းများဖြင့် လုပ်ထားသော ဇိမ်ခံအဝတ်များကို ကြည့်လိုက်သည်။ သူဟာ မနေနိုင်ဘဲ မျက်မှောင်ကုပ်ပြီးနောက် တစ်ချက်ပြုံးသည်။

"အင်း ကျုပ်ပြန်လာပြီ။ ဆန်းသစ်လ ဆပ်ကပ်အဖွဲ့က မင်းတို့ မိန်းကလေးတွေ အန်ဗီမာမြို့တော်မှာ ပျော်ခဲ့ကြရဲ့လား?"

"အရမ်း ပျော်ပါတယ်!"

"ဟုတ်တယ်၊ ကျွန်မတို့ အတော်ကောင်းကောင်း နေနေကြပါတယ်!"

"ဒီမှာက ဆန်နက်မြေရိုင်းထက် အများကြီးပိုကောင်းတော့ ပြန်မသွားချင်ဘူး!"

"ကျွန်မလည်း ပြန်မသွားချင်ဘူး၊ ဒီမှာ နေတာက အများကြီးပိုကောင်းတယ်။ ဥက္ကဌ၊ ကျုပ်တို့ အန်ဗီမာမြို့တော်မှာ နေလို့ရမလား?"

ကြောင်အမြီးလေးနှင့် မိန်းကလေးတစ်ဦးက ထိုသို့မေးလာသည်ကိုကြားသော် အခြားမိန်းကလေးများအားလုံးက စကားပြောခြင်းကို ရပ်တန့်၍ ရှုယီထံ မျှော်လင့်တကြီးကြည့်လာကြသည်။

ရှုယီက ပခုံးတွန့်ကာ၊ "ဒါက စတေးလ်ကိုမေးသင့်တယ်၊ သူမက စီစဉ်‌မှုတွေ လုပ်နေရတာလေ။ ပြောရရင် သူက မင်းတို့ရဲ့ ဥက္ကဌပဲ၊ ကျုပ်မဟုတ်ဘူး။"

"ဥက္ကဌ၊ ရှင်က ဥက္ကဌ စတေးလ်ရဲ့ အမျိုးသားပဲလေ၊ သူမက သေချာပေါက် ရှင်ပြောတာကို နားထောင်မှာပါ။ ကျွန်မတို့နေဖို့အတွက် ရှင်ပဲ ဆုံးဖြတ်ပေးရင်ရော? ဥက္ကဌ စတေးလ်က သေချာပေါက် သဘောတူမှာပါ။" ယုန်မလေးတစ်ဦးက အသံမြှင့်ကာ ပြောလာ၏။

"ဟုတ်တယ်၊ ဥက္ကဌ၊ ရှင် သဘောတူလိုက်ရင်ရော?"

"ဥက္ကဌ....."

......

သားရဲလူမျိုးမိန်းကလေးများက သူ့ထံ‌တိုးလာကြသည်ကိုမြင်သော် ရှုယီက လျင်မြန်စွာ လက်မြောက်လိုက်၏၊ "ကောင်းပြီလေ၊ ကျုပ် စတေးလ်ကိုပြောလိုက်ပါမယ်၊ ဒါပေမယ့် သူမ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာတော့ ကျုပ်လည်း မသိဘူး။"

"ကောင်းတယ်!" သားရဲလူမျိုးမိန်းကလေးများအားလုံး ပျော်ရွှင်သွားကြသည်၊ "ငါတို့ နေလို့ရပြီ!"

၎င်းသားရဲလူမျိုးမိန်းကလေးများထံရှိ ဝမ်းသာနေဟန်ကိုမြင်သော် ရှုယီက မနေနိုင်ဘဲ အပြုံးဖြင့် ခေါင်းခါလေသည်။

ဆန်နက်မြေရိုင်းရှိ သားရဲလူမျိုးများ၏ နေထိုင်ရေးအခြေအနေမှာ အင်မတန် ဆိုးရွားလှသည်။ ၎င်းသားရဲလူမျိုးမိန်းကလေးများ အန်ဗီမာမြို့တော်ကို ရောက်ပြီးနောက် ဤနေရာရှိ ပိုကောင်းသည့် ဘဝကိုမြင်ကာ အိမ်ကိုမစဉ်းစားမိတော့သည်က မဆန်းပါချေ။

သားရဲလူမျိုးမိန်းကလေးများအား ဝင်ခွင့်ပြုရန် လက်ယမ်းပြပြီးနောက် ရှုယီက နောက်မှ တွေးဆဆဖြင့် လိုက်သွားသည်။ ထို့နောက် သူက ဘာရွန် ဟားနက်စ်ကို ပြောလေ၏၊ "ခင်ဗျား သူတို့ကို ဂရုစိုက်ပေးမယ်လို့ ပြောခဲ့ပေမယ့်လည်း သူတို့ဝတ်ထားတဲ့ လက်ဝတ်လက်စားတွေနဲ့ အဝတ်တွေက ခင်ဗျား သူတို့အတွက် ဝယ်ပေးထားတာတော့ မဖြစ်နိုင်လောက်ဘူးမို့လား?"

ဘာရွန် ဟားနက်စ်က ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ "ငါက ဘယ်တတ်နိုင်မှာလဲ? အေဗရယ်ရဲ့ လည်ပင်းပေါ်က လည်ဆွဲကို မြင်တယ်မလား? အဲဒါကို အရင်လေလံပွဲမှာ ရွှေဒင်္ဂါးခြောက်ထောင်နဲ့ ရောင်းခဲ့တာ။ ပြီးတော့ အေဗရယ်ကိုဝယ်ပေးတာကလည်း တခြားမျိုးရိုးမြင့်ပဲ၊ ငါက ဒါကိုပေးဖို့ တတ်နိုင်မယ်ထင်လို့လား?"

"ဘယ် မျိုးရိုးမြင့်များလဲ? အေဗရယ်က သူနဲ့အ‌တူ လေလံပွဲကို သွားခဲ့တာလား?" ရှုယီက မျက်မှောင်ကုပ်ကာမေးသည်။

ဘာရွန်ဟားနက်စ်က ရှုယီကို ထူးဆန်းစွာကြည့်လိုက်၏။

"ဖိုလဲ့ဒိုလေ"

"ဖိုလဲ့ဒို?" ရှုယီလည်း အနည်းငယ်စဉ်းစားပြီးနောက် သတိရသွားသည်။ ဖိုလဲ့ဒိုက နောက်ဆုံးတစ်ခေါက် လေလံပွဲတုန်းက သူနဲ့အပြိုင် ဈေးခေါ်ခဲ့တဲ့ ဘဝင်မြင့်မြင့်တစ်ယောက်မဟုတ်ဘူးလား?

"အိုး၊ သူ အေဗရယ်ကို ဘယ်လိုများ လေလံပွဲဆီ ခေါ်သွားခဲ့တာလဲ?"

"ဟေး အရူးလုပ်မနေနဲ့တော့၊ မင်း ဖိုလဲ့ဒို ဘာလိုချင်တယ်ဆိုတာကို မသိတာလား? သူက အေဗရယ်ကို လိုက်ဖို့ စဉ်းစားနေတာ အသိသာကြီးပဲ။" ဘာရွန်ဟားနက်စ်က ခနဲ့ဟန်ဖြင့်ဆိုလာသည်။

"ကျုပ် ခန့်မှန်းမိပါတယ်၊ ဒါပေမယ့် အေဗရယ်က ဘာပဲဖြစ်ဖြစ် သားရဲလူမျိုးလေ၊ သူက သူမကို လိုက်ချင်နေတုန်းလား?" ရှုယီမှာ အတန်ငယ် ရှုပ်ထွေးသွားသည်။

ဘာရွန် ဟားနက်စ်က ရှုယီကြောင့် အရှုံးပေးလိုက်ရဟန် ပေါ်နေ၏။

"ငါပြောမယ်၊ မင်း တကယ်ပဲ ရူးနေတာလား ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား? အေဗရယ်က သားရဲလူမျိုး‌၊ ဒါပေမယ့် သူမရဲ့ သွင်ပြင်ကိုကြည့်လေ၊ လူသားမိန်းမလှလေးတစ်ယောက်နဲ့ ဘာခြားလို့လဲ? မင်း ထည့်ပြောချင်ရင်တော့ သူမရဲ့ မြေခွေးအမြီးနဲ့ နားရွက်တွေက တကယ်တမ်း သူမကို လူသားမိန်းကလေးတွေထက်တောင် ပိုဆွဲဆောင်မှုရှိနေစေတယ်မဟုတ်လား? ပြောလိုက်မယ်၊ အေဗရယ် က အန်ဗီမာမြို့တော်မှာ ကြယ်ပွင့်ကြီးတစ်ပွင့်ပဲ၊ မျိုးရိုးမြင့်တွေအတော်များများ သူမကို လိုက်ချင်နေကြတာ။"

"မျိုးရိုးမြင့်တွေ သူမကို လိုက်ချင်နေမှတော့ ဖိုလဲ့ဒိုက သူမကို ရဖို့ ဘာ ကျွမ်းကျင်မှုတွေများသုံးခဲ့လဲ" ရှုယီက ပိုလို့ပင် သိချင်သွားသည်။

"သူ အောင်မြင်သွားတယ်လို့ ဘယ်သူပြောလဲ?" ဘာရွန်ဟားနက်စ်က ရှုယီကို မျက်လုံးများ လှိမ့်ပြလိုက်သည်၊ "ပြောပြမယ်၊ ဖိုလဲ့ဒိုက သူမကို ရွှေဒင်္ဂါး ခြောက်ထောင်တန် လည်ဆွဲပဲပေးခဲ့တာ၊ မြို့ထဲက မျိုးရိုး‌မြင့်တွေအနေနဲ့ သူမကို ဒီလည်ဆွဲထက်တောင် ပိုတန်ဖိုးကြီးတာတွေ ပေးခဲ့တယ်။ ဒါပေမယ့် အခုဆိုရင်တောင် အေဗရယ် က ဘယ်သူ့ကိုမှ အထူးတလည် စိတ်ဝင်စားတဲ့ပုံမပြသေးဘူး။"

ရှုယီမှာ အနည်းငယ် အံ့ဩသွားရသည်။ သူ့အနေနှင့် အနှီမြေခွေးမလေး အေဗရယ်မှာ မျိုးရိုးမြင့်များစွာနှင့်အတူ အဆက်အသွယ်အလွယ်လေးလုပ်ကာ သူမအတွက် ပေးချင်လာအောင်လုပ်ထားသဖြင့် လူမှုဆက်ဆံရေး ကျွမ်းကျင်သူဖြစ်နေသည်လား မဆိုနိုင်ပေ။

"မအံ့ဩသွားပါနဲ့။ အေဗရယ် တင်မကဘူး၊ သားရဲလူမျိုးမိန်းကလေး‌တိုင်းကို အန်ဗီမာမြို့တော်မှာ အတော်လေး ကြိုဆိုကြတယ်။ အေဗရယ်က အကျော်ကြားဆုံး ဆိုပေမယ့်လည်း တခြားမိန်းကလေးတွေကို ဆက်ဆံကြတာ သူမအောက်မလျော့ပါဘူး။" ရှုယီမျက်နှာထက်ရှိ အမူအရာကိုမြင်သော် ဘာရွန်ဟားနက်စ်က ဆက်ပြောသည်။

ရှုယီက မနေနိုင်ဘဲ ပြုံးသည်၊ "ဒီတော့ အဓိပ္ပာယ်က....အစပိုင်းမှာ ကျုပ် အရမ်းစိုးရိမ်နေခဲ့ပေမယ့် အန်ဗီမာမြို့တော်ရဲ့ လူတွေက ဒီသားရဲမိန်းကလေးတွေကို အလွယ်လေးလက်ခံမယ်လို့ မထင်ထားခဲ့ဖူးဘူးပေါ့။"

"အဓိပ္ပာယ်မရှိတာ၊ ဒီသားရဲလူမျိုးမိန်းကလေးတွေအားလုံးက လှပပြီး သူတို့ရဲ့ သားရဲလူမျိုး လက္ခဏာတွေကလည်း ဆွဲဆောင်မှုကိုတိုးစေတော့ မကျော်ကြားတာကမှ ထူးဆန်းနေလိမ့်မယ်။"

ရှုယီက ပခုံးတွန့်သည်၊ "လူအများစုက သားရဲလူမျိုးတွေကို မုန်းမယ်လို့ ထင်ထားတာ။"

"ဒါက ဘယ်သူဆိုတာ အပေါ်မူတည်တယ်လေ။ နတ်ဆိုးနဲ့တူတဲ့ သားရဲလူမျိုးတွေသာဆို သူတို့ကို အန်ဗီမာမြို့တော်ထဲကနေ မောင်းထုတ်မယ်လို့ပြောရင် ယုံမလား? ပြီးတော့လည်း မျိုးနွယ်စုစစ်ပွဲဆက်မရှိတော့သလို ငါတို့ လူသားတွေကလည်း တခြားမျိုး‌နွယ်တွေကို အတော်စူးစမ်းချင်နေကြတာလေ။ မင်း ဒီ ဆန်းသစ်လဆပ်ကပ်အဖွဲ့,ဖွဲ့လိုက်တာကို လူအတော်များများရဲ့ စူးစမ်းလိုမှုကို ဖြည့်ဆည်းတာလို့ ယူဆလို့ရတယ်။"

"အင်း၊ ဒါက ကျိုးကြောင်း ဆီလျော်တယ်။" ရှုယီက ခေါင်းငြိမ့်သည်၊ "ဟုတ်ပြီလေ၊ ကျုပ် ပြန်ပြီး ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ကို စီစဉ်ပေးဖို့ စတေးလ်နဲ့ ဆွေးနွေးလိုက်မယ်။ ဒီအတောအတွင်း ကျုပ် ခင်ဗျားကို ဒုက္ခပေးမိပြီ။"

ဘာရွန်ဟားနက်စ်က ခါးသက်သက်ရယ်ကာ၊ "သူတို့က တစ်အောင့်လောက်ကြည့်ပေးရတာတော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် သူတို့ကို ဆက်ပြီး စောင့်ရှောက်ပေးဖို့..... ဖိအားကို မယူနိုင်ဘူး။ ဒီမိန်းကလေးတွေ ဆက်ပြီး သန့်စင်နေမှာကို အာမခံဖို့ မျိုးရိုးမြင့်အတော်များများအနေနဲ့ ဒီသားရဲမိန်းကလေးတွေကို ဘာမှမလုပ်ဖို့ တားဆီးခဲ့ရတယ်။ ဖိုလဲ့ဒိုက ဒါအတွက်နဲ့ ငါ့ကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့တာကို မင်းသိလား?"

"သူ့မှာ အရည်အချင်းရှိရင် ကျုပ်ကို လာရှာခိုင်းလိုက်။" ရှုယီက ပြောသည်။

ဘာရွန်ဟားနက်စ်မှာ ရှုယီကို တအံ့တဩကြည့်လျက်၊ "ရှုယီ၊ ငါမင်းနဲ့ မတွေ့တာ လတစ်ဝက်လောက်ပဲရှိသေးပေမယ့် ဘာလို့ မင်းကပိုပြီး ရန်လိုလွန်းလာတယ်လို့ ခံစားနေမိပါလိမ့်?"

ရှုယီက အသာအယာပြုံးသည်၊ "ကျုပ် ဒါကို စဉ်းစားထားလို့ပေါ့။ အရမ်းကြီး သည်းခံနေဖို့ မကောင်းတဲ့ တချို့ကိစ္စတွေရှိတယ်လေ။"

"ကောင်းတယ်၊ မင်းအခုလိုဖြစ်နေတာ ငါသဘောကျတယ်။ မင်းက အားနည်းသလိုပြုမူနေတတ်တော့ သည်းခံဖို့လိုတဲ့ ကိစ္စအတော်များများရှိတာကြောင့် ဒါကို သိပ်ပြီးခံစားလို့ မကောင်းဖြစ်နေခဲ့တာ။ တကယ်တော့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက အခုဆို လုံးဝ အားနည်းမနေဘူးလေ။ မင်းက လူအတော်များများ အရေးထားရတဲ့ လူတစ်ယောက်ဖြစ်သလို မင်းရဲ့မှော်ပညာကလည်း အားနည်း မနေတော့ ဘာလို့ အားနည်းသလို ပြုမှုနေဖို့လိုမှာလဲ။" ဘာရွန်ဟားနက်စ်က ချီးကျူးလေသည်။

ရှုယီက ရယ်မောလိုက်ကာ၊ "ဒီတော့ ကျုပ်က ခင်ဗျားအမြင်မှာ ဒီလိုပေါ့? ဟုတ်ပြီလေ၊ အခုကစပြီး ခင်ဗျားကို မတူတာလေးတွေ မြင်ခွင့်ပြုပါ့မယ်။"

"ငါ စောင့်နေတယ်။" ဘာရွန်ဟားနက်စ်က နှစ်ကြိမ်လောက်ရယ်ပြီးနောက် ခါးသက်ဟန်ပြလာသည်၊ "ဒါပေမယ့် ရှုယီ၊ မင်း ဖိုလဲ့ဒိုနဲ့ အဲ့လူတွေကို မယဉ်ကျေးလို့ရပေမယ့် သားရဲလူမျိုးမိန်းကလေးတွေကိုတော့ ဒီနည်းနဲ့ လုပ်လို့မရဘူးမို့လား?"

"ဘာလို့ ဒီ‌လိုပြောတာလဲ?" ရှုယီက အံ့ဩစွာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့....." ဘာရွန်ဟားနက်စ်က ဘေးဘီကိုကြည့်ကာ သားရဲလူမျိုးမိန်းကလေးအားလုံး ၎င်းတို့အခန်းထဲရောက်နေပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်မှာ အသံတိုးလျက် ဆိုလာသည်၊ "မင်းလည်း မြင်တာပဲ၊ ဒီသားရဲလူမျိုးမိန်းကလေးတွေက အန်ဗီမာမြို့တော်မှာ‌ နေရတာကို အရမ်းစိတ်တိုင်းကျနေပြီး ဆန်နက်မြေရိုင်းကို ပြန်ဖို့တောင် ဆန္ဒမရှိကြတော့ဘူးလေ။"

"ဒါက ပုံမှန်ပါပဲ။ ဆန်နက်မြေရိုင်းရဲ့ လူနေမှုအခြေအနေက အဲ့လောက်ဆိုးနေတာကြောင့် ကျုပ်တောင် ပြန်မသွားချင်ဘူး။" ရှုယီက ဆိုသည်။

"အရေးကြီးတာက ဒီသားရဲလူမျိုးမိန်းကလေးတွေဟာ အန်ဗီမာမြို့တော်မှာ အရမ်းကိုကျော်ကြားနေပြီး လူချမ်းသာမျိုးရိုးမြင့်တွေနဲ့ ကုန်သည်တွေက သူတို့ကို လိုက်နေတယ်ဆိုတာပဲ။ ဒီမျိုးရိုးမြင့်တွေ၊ ကုန်သည်တွေနဲ့ ဆက်နွယ်မှုကြောင့် သူတို့စိတ်တွေလည်း လှုပ်ရှားနေတာ။ အဲဒီမျိုးရိုးမြင့်တွေ၊ ကုန်သည်တွေကို လျှို့ဝှက်ပြီးတွေ့နေကြတဲ့ သားရဲလူမျိုးမိန်းကလေးအတော်များများလည်းရှိတယ်။"

ရှုယီ၏ အမူအရာက ပြောင်းလဲသွားသည်၊ "ဒီတော့ သူတို့ တစ်ခုခုဖြစ်ခဲ့ကြသေးလား?"

ဟားနက်စ်က ခါးသက်စွာပြုံးလျက် ခေါင်းခါသည်၊ "ငါက သူတို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကိုပဲ ဂရုစိုက်ပြီး အဲဒီ မျိုးရိုးမြင့်တွေ ကုန်သည်တွေကို ကျိုးကြောင်း မသင့် မပြုမူဖို့ သတိပေးထားရတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်ကသာ ဆန္ဒရှိနေရင် ငါလည်း မတတ်နိုင်ဘူးလေ။"

ရှုယီ၏ မျက်နှာထားက အတန်ငယ် အရုပ်ဆိုးလာသည်။

သူဟာ စတေးလ်အား ဤ ဆန်းသစ်လ ဆပ်ကပ်အဖွဲ့အား လမ်ပူရီတိုင်းပြည်ရှိ လူသားများ၏ စိတ်ထဲရှိ အမြင်ကို ပြောင်း‌လဲရန် စီစဉ်စေခဲ့သည်။ သူ့အနေနှင့် လူသားများက သားရဲလူမျိုးအလုပ်သမားများကို လက်ခံရာ၌ ပိုမိုလွယ်ကူလာကာ သားရဲလူမျိုးများနှင့် အတူယှဉ်တွဲနေထိုင်စေလိုခြင်းဖြစ်၏။

သို့သော် ဆန်းသစ်လ ဆပ်ကပ်အဖွဲ့မှာ အန်ဗီမာမြို့တော်ရှိ မျိုးရိုးမြင့်များနှင့် ကုန်သည်များအတွက် စိတ်အပန်းဖြေစရာသာ ဖြစ်လာပါလျှင် သားရဲလူမျိုးများအား ကျွန်အဖြစ် လိုက်ဖမ်းစဉ်ကနှင့် မည်သည်က ခြားနားပါဦးမည်နည်း? ၎င်းက သူလိုချင်သည့် ပန်းတိုင်ကို ရရှိရန် မကူညီနိုင်ရုံမျှမက လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

လူသားတို့၏ ရှုထောင့်မှဆိုလျှင် သားရဲလူမျိုးအထီးများက အလုပ်သမားအဖြစ်ကြိုးကြိုးစားစားလပ်နေစဉ်၌ သားရဲလူမျိုးအမ လှလှလေးများက ၎င်းတို့ကို ပြုစုနေသည်မှာ ပုံ‌မှန်ဖြစ်သော်လည်း ရှုယီ၏ အမြင်က ထိုမျှ မကျဉ်းမြောင်းလှရာ မျိုးနွယ်နှစ်ခုအား အတူတကွ အလုပ်လုပ်စေချင်သည်။

တွေးဆဆဖြင့် မျက်မှောင်ကုပ်ပြီးနောက်၌ ရှုယီက ဘာရွန်ဟားနက်စ်ကို ပြောလိုက်၏၊ "ကျုပ် ဒီည မပြန်တော့ဘူး၊ ဒီမှာနေလိုက်မယ်။"

ဟားနက်စ်က အံ့ဩရင်း ရှုယီကို ထူးဆန်းမှုအပြည့်ဖြင့် ကြည့်လာသည်။ ထို့နောက် သားရဲလူမျိုး မိန်းကလေးများနေထိုင်သည့် ခြံဝန်းကို ညွှန်ပြလာကာ ရှုယီကို မျက်လုံးတစ်ဖက်မှိတ်ပြလာသည်။ သူစကားပြောမည်အပြု၌ ရှုယီ၏ အကြည့်ကြောင့် ရပ်တန့်မိသွားရ၏။

ရှုယီ၏ လေးနက်နေဟန်ကိုမြင်သော် ဟားနက်စ်က သူပြောလိုသည့် ဟာသကို ချက်ချင်း မြိုချလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၁၅၇။ မိမိကိုယ်တိုင်အတွက် ရွေးချယ်ပါ

တဖြည်းဖြည်း ညအချိန်ကျလာသည်နှင့် ဤခြံဝန်းမှာ တိတ်ဆိတ်လာ၏။

သားရဲလူမျိုးမိန်းကလေးများ၏ ရယ်သံနှင့် ဆော့ကစားနေသံများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြားသော် ရှုယီ၏ မျက်နှာ၌ စိတ်ပျက်သွားဟန် ဖြတ်ပြေးသွားသည်။

သူ့အနေနှင့် ၂နာရီကြာစောင့်ဆိုင်းနေခဲ့ပါသော်လည်း သားရဲလူမျိုး မိန်းကလေးတစ်ဦးကမျှ သူ့ကို လာမရှာချေ။

မှန်ပါ၏၊ သူ့အနေနှင့် ထိုသားရဲလူမျိုးမိန်းကလေးများအား ၎င်းတို့ကိုယ်၎င်းတို့ ကမ်းလှမ်းလာရန် စောင့်‌ဆိုင်းနေခြင်းမဟုတ်ဘဲ သားရဲလူမျိုးမိန်းကလေးများအကြား၌ သတိထားသူတချို့ရှိမည်လား မြင်လို၍ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နာရီအကြာက ရှုယီမှာ မနက်ဖြန် ဘန်တာမြို့ဆီ ပြန်မည်ဖြစ်ပြီး သူနှင့်အတူ ပြန်လိုက်ချင်သူရှိပါက အတူလိုက်နိုင်ကြောင်း သားရဲလူမျိုးမိန်းကလေးများထံ ကြေညာခဲ့သည်။

ဘန်တာမြို့သို့ ပြန်ရောက်ပြီးနောက်တွင် ဆန်းသစ်လ ဆပ်ကပ်အဖွဲ့၏ အနာဂတ်အစီစဉ်ကိုပါ ဆွေးနွေးမည့်အကြောင်းလည်း ဆိုခဲ့၏။ ဆန်းသစ်လ ဆပ်ကပ်အဖွဲ့နှင့် အတူနေလိုသည့် မိန်းကလေးများရှိပါက နေနိုင်ပေသည်။ ၎င်းတို့သာ မနေလိုဘဲ အခြားလမ်းကြောင်းရှာချင်ပါက သူဟာ ၎င်းကိုလည်း ကြိုဆိုပေးမည်ဖြစ်ကာ ၎င်းတို့အတွက် စီစဉ်ပေးရန် အကောင်းဆုံးပြုလုပ်မည်ဖြစ်၏။

၎င်းသားရဲလူမျိုးမိန်းကလေးများအနေနှင့် သူ၏ဆိုလိုရင်းကို နားလည်စေရန် အလို့ငှာ ရှုယီမှာ ဆန်းသစ်လဆပ်ကပ်အဖွဲ့ကို လမ်ပူရီတိုင်းပြည်၏ လူသားများထံ သားရဲလူမျိုးများအား ၎င်းတို့ကိုယ်ကို ထုတ်ဖော်ပြသနိုင်ကာ လူတို့၏ စိတ်ထဲရှိ ပုံရိပ်ကို ပြောင်းလဲဖို့ နည်းလမ်းအဖြစ် အသုံးပြုလိုကြောင်းပင် ပြောခဲ့၏။ သူဟာ ၎င်းတို့အား လူသားလောက၌ ပိုကောင်းသည့် ဘဝတွင်နေထိုင်စေလိုရုံလေးသာမဟုတ်ပေ။

"ရှင်းရှင်းပြောရရင်၊ ကျုပ်အနေနဲ့ မင်းတို့ကို လူသား မျိုးရိုးမြင့်တွေ၊ ကုန်သည်တွေရဲ့ အရုပ်တွေ ဖြစ်မလာစေချင်ဘူး။" အဆုံး၌ ရှုယီမှာ တိုက်ရိုက်ပင် ထုတ်ပြောခဲ့သည်။

သို့ရာတွင် ထိုသို့အားလုံးပြောပြီးနောက် ရှုယီမှာ စိတ်ရှည်စွာဖြင့် ဟားနက်စ်ပြင်ပေးထားသည့် အခန်းတွင် စောင့်ဆိုင်းနေခဲ့သော်လည်း သားရဲလူမျိုးမိန်းကလေးတစ်ဦးကမျှ သူ့ကိုလာမရှာကြချေ။

ရှုယီမှာ အင်မတန် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။

သို့သော် စဉ်းစားကြည့်ပါက သူ၏ သားရဲလူမျိုးမိန်းကလေးများအတွက် တောင်းဆိုချက်မှာ အင်မတန်မြင့်မားနေသည်ဟု ခံစားမိသည်။

၎င်းသားရဲလူမျိုးမိန်းကလေးများအတွက် ဆန်နက်မြေရိုင်းတွင် ကြမ်းတမ်းသည့်ဘဝ၌ နေထိုင်ခဲ့ရသဖြင့် ယခု အန်ဗီမာမြို့တော်သို့ ရောက်လာပြီး လူသားတို့၏ ပိုမိုကောင်းမွန်သော ဘဝကို ကြုံတွေ့ရသည့်အခါ ၎င်းကြောင့်ဆွဲဆောင်ခံလိုက်ရခြင်းက ပုံမှန်ပါပင်။ ရှုယီအနေနှင့် ၎င်းတို့အား တွန်းအားမပေးသင့်သလို ၎င်းက ကျိုးကြောင်းလည်းမသင့်ပေ။

"ငါ နည်းနည်းရက်စက်မိသွားတာများလား?" ရှုယီက သားရဲလူမျိုးမိန်းကလေးများအနားယူသည့်နေရာရှိ နောက်ဆုံး မီးအိမ်လေး မှိန်သွားသောအခါ စိတ်ထဲ၌ တုံ့ဆိုင်းမှုအနည်းငယ် ဖြစ်ပေါ်လာရသည်။

ဤ ဆန်းသစ်လ ဆပ်ကပ်အဖွဲ့၌ သူ၏မျှော်လင့်ချက်များပါရှိလေရာ ဆန်းသစ်လ ဆပ်ကပ်အဖွဲ့က သူ၏မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက် လားရာကို ဦးတည်သွားချိန်တွင် သူ့အနေနှင့် ၎င်းတို့အား တွန်းအားပေးကာ ပြန်လှည့်သင့်ပေ၏။

သူနှင့် စတေးလ်တို့သာ ၎င်းသားရဲလူမျိုးမိန်းကလေးများအား ထိန်းချုပ်ရပါလျှင် လွယ်ကူလိမ့်မယ်။

သို့သော် အနှီ သားရဲလူမျိုးမိန်းကလေးများ အန်ဗီမာမြို့တော်၌ နေထိုင်ပုံအကြောင်းကို ပြောချိန်တွင် ရှိနေကြသည့် အပြုံးများကို စဉ်းစားကြည့်ရင်း ရှုယီမှာ ထိုသို့ဆုံးဖြတ်ရန် အနည်းငယ် မတတ်နိုင်ဖြစ်နေသည်။

"အရင်က သားရဲလူမျိုးတွေအတွက် ဒီလောက်စဉ်းစားပေးဖူးတဲ့ လူမရှိခဲ့ဖူးလို့များလား? သူတို့က ဒီလမ်းကိုရွေးမှတော့ ဒီတိုင်းပဲ ထားလိုက်ကြတာပေါ့...."

ရှုယီ ခါးသက်သက်ရယ်ကာ တဖြည်းဖြည်းခေါင်းခါသည်။ သူဟာ ထရပ်လျက် အိပ်ရာဝင်ဖို့ပြင်လိုက်၏။

တံခါးဖွင့်လိုက်ချိန်တွင် တံခါးရှေ့ရှိ လမ်းလေးထက်၌ အဖြူလွှလွှပုံရိပ်တစ်ခုပေါ်လာသည်။

အေဗရယ် လျှောက်လာသည်ကိုကြည့်ရင်း ရှုယီက မပြုံးမိဘဲ မနေနိုင်လိုက်ချေ။

"ဘာလဲ? အေဗရယ်, မင်း မအိပ်သေးဘူးလား?"

အေဗရယ် က ခေါင်းခါလိုက်ရာ သူမ၏ အမွှေးထူထူ နားရွက်လေးက ညခင်းလေတွင် တုန်ရီသွားသည်။ ၎င်းက သူမကိုညစ်ကျယ်ကျယ်ဟန်ပေါ်သွားစေရာ သူမ၏ ကောင်းမွန်သော ကြန်အင်လက္ခဏာများကိုထည့်ပေါင်းလိုက်ပါက ၎င်းမျိုးရိုးမြင့်များနှင့် ကုန်သည်များအားလုံး သူမကိုလိုက်နေသည်မှာ အံ့ဩဖွယ်ရာမရှိတော့ချေ။

"ဥက္ကဌ၊ ကျွန်မရှင့်ကို နှောင့်ယှက်မိသလို ဖြစ်သွားလား?"

"ဝင်လာခဲ့ပါ"

၎င်းတို့ အခန်းထဲ ဝင်လိုက်ချိန်တွင် အေဗရယ် က ရှုယီကို အရင် လဘက်ရည်တစ်ခွက်ငှဲ့ပေးပြီးမှ ရှုယီရှေ့၌ တလေးတစားရပ်နေသည်။ ရှုယီက ထိုင်ခိုင်းမှသာ ထိုင်လေ၏။

"မင်းပြောချင်တာ တစ်ခုခုရှိရင် ပြောသာပြောပါ။" ရှုယီက ထိုသို့‌ပြောစဉ်တွင် ညင်သာသည့်လေသံနှင့် အမူအရာရှိနေဆဲဖြစ်သည်။

အေဗရယ်က အံကိုကြိတ်လျက် တုံ့ဆိုင်းဟန်ရှိနေ၏။ တစ်အောင့်ကြာပြီးနောက်တွင် ဆုံးဖြတ်ချက်ချလိုက်ပုံရကာ ခေါင်းငြိမ့်လာသည်။

"ဥက္ကဌ၊ တကယ်တော့..... တကယ်တော့၊ ရှင် မတိုင်ခင်က ကျွန်မတို့ကို ပြောခဲ့တာကို နားလည်သလို အားလုံးကလည်း ရှင် ကျွန်မတို့ကို ဆက်ဆံတဲ့ပုံကြောင့် အရမ်းကျေးဇူးတင်နေတာပါ၊ ရှင်က ကျွန်မတို့ကို အညီအမျှဆက်ဆံပေးတဲ့ ရှားရှားပါးပါးလူသားတစ်ဦးပါပဲ။ အဲဒီ့ကျွန်မတို့ကို လိုက်နေတဲ့ မျိုးရိုးမြင့်တွေနဲ့ ကုန်သည်တွေကတော့ ကျွန်မတို့ကို အရုပ်လို ဆက်ဆံနေရုံပဲလေ။"

ရှုယီက အေဗရယ်ကို အနည်းငယ်အံ့ဩစွာကြည့်ရင်း ဤသားရဲလူမျိုးမိန်းကလေးများက တကယ်တမ်း ဦးနှောက်ရှိသည်ဟု တွေးလိုက်သည်။

"ကြည့်ရတာ မင်းက သူတို့လွှတ်လိုက်တဲ့ ကိုယ်စားလှယ်ဖြစ်ရမယ်?" ရှုယီက အပြုံးဖြင့် ဆိုသည်၊ "ကောင်းပြီလေ၊ မင်းတို့ရဲ့ အတွေးနဲ့ ဆုံးဖြတ်ချက်ကိုပြောပါ။"

"ဥက္ကဌ၊ တကယ်တော့.... တကယ်တော့ ရှင် ကျွန်မတို့ကို အထင်သေးလောက်ပေမယ့် ကျွန်မတို့အတွက် လူသားကုန်သည်တွေနဲ့ မျိုးရိုးမြင့်တွေက အရုပ်လိုဆက်ဆံနေရင်တောင် ပိုကောင်းတဲ့ဘဝမှာနေနိုင်သရွေ့ အရုပ်တွေဖြစ်ဖို့ ဆန္ဒရှိကြပါတယ်.....ဒါက ဘာမှမဟုတ်ပါဘူး....."

"ဒါဆို မင်းလိုချင်တာကို သေချာပြောပါ။" ရှုယီက ခေါင်းငြိမ့်ကာ၊ "ဒါက မင်းတို့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဆိုရင် ကျုပ်လည်း ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် ကျုပ်ပြောကိုပြောရမှာက၊ ဘယ်သူမဆို ဒီဆုံးဖြတ်ချက်ကိုချရင် ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ထဲကနေ နုတ်ထွက်ကိုထွက်ရမယ်၊ ဘာလို့လဲဆိုတော့ ကျုပ်က ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ရဲ့ သန့်စင်မှုကို ထိန်းသိမ်းဖို့ လိုအပ်လို့ပဲ။"

အေဗရယ် က ခေါင်းခါသည်၊"ဥက္ကဌ အထင်လွဲနေပါပြီ။ တကယ်တမ်း ကျွန်မတို့လို အရင်က ဆန်နက်မြေရိုင်းမှာဆင်းဆင်းရဲရဲ နေခဲ့တဲ့လူတိုင်း အေးချမ်းပြီး သက်တောင့်သက်သာဖြစ်ရတဲ့ဘဝကို လိုချင်ရုံပါပဲ၊ ရှင်လည်း သိမှာပါ။ အခု ကျွန်မတို့မှာ ပိုကောင်းတဲ့ဘဝကို ရဖို့ အခွင့်အရေးရှိလာတော့ သူတို့တွေ ဒါနဲ့ လွဲချင်မှာမဟုတ်ဘူး။"

ရှုယီက အသာနှာမှုတ်သည်၊ "ကျုပ်ပြောပြီးပါပြီ၊ ဒါက မင်းတို့ရဲ့ဆုံးဖြတ်ချက်ပဲ၊ ကျုပ် ဝင်မစွက်ဖက်ဘူး။ ဒါပေမယ့် ကျုပ်ဆီမှာ ဒီဖျော်ဖြေရေးဆပ်ကပ်အဖွဲ့ထဲ ကြားဝင်ခွင့်တော့ရှိတယ်။"

အေဗရယ်က သူမ၏ သွားဖြူဖြူများကို အံကြိတ်ကာ ခါးသက်ဟန်ပြလာသည်။ သူမက ခေါင်းခါ၍ ပြော၏၊ "ဥက္ကဌ ရှင်က ကျွန်မတို့ရဲ့ အဓိပ္ပာယ်ကိုနားမလည်သေးဘူးပဲ။ တကယ်တမ်း၊ ကျွန်မတို့.... ကျွန်မတို့က စိုးရိမ်နေတာပါ။"

"စိုးရိမ်တယ်?" ရှုယီက သူမကို အံ့ဩစွာကြည့်လာသည်။ အေဗရယ် မျက်နှာထက်ရှိ ကြောက်ရွံ့၊ တုံ့ဆိုင်းကာ ပူပန်နေဟန်‌တို့ ရောနှက်နေပုံကို မြင်သော် သူက ခေါင်းငြိမ့်သည်၊ "မင်းတို့က ဆန်နက်မြေရိုင်းကနေ ကျုပ်တို့ရဲ့လူသားလောကမှာ နေထိုင်ဖို့ရတာဆိုတော့ စိုးရိမ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ခင်ဗျားတို့ရဲ့‌ မျှော်လင့်ချက်ကို မျိုးရိုးမြင့်တွေနဲ့ ကုန်သည်တွေ ခင်ဗျားတို့ကို လိုက်တဲ့အပေါ်မှာထားတာက ရွေးချယ်မှုကောင်းမဟုတ်ဘူးလို့ ကျုပ်ထင်တယ်။"

"ကျွန်မတို့လည်း ဒါကိုနားလည်ပေမယ့် ဥက္ကဌ၊ ရှင်က ကျွန်မတို့ကို ဘာများရွေးချယ်စေချင်နေတာလဲ?" ထိုသို့ပြောပြီးနောက် အေဗရယ်၏မျက်လုံးများက ရှုယီကိုကြည့်ကာ ခါးသက်ဟန်အချို့ပြလာ၏၊ "တကယ်တော့.... ဥက္ကဌ၊ ကျွန်မတို့ ညီအစ်မတွေ တိတ်တိတ်လေးဆွေးနွေးပြီးပြီ၊ အန်ဗီမာမြို့တော်ရဲ့ မျိုးရိုးမြင့်တွေ၊ ကုန်သည်တွေနဲ့ယှဉ်ရင် ရှင်က အဆပေါင်းမနည်း ပိုကောင်းတာကို ယုံကြည်ပါတယ်။ ရှင်သာကျွန်မတို့ကို ယူဖို့ ဆန္ဒရှိရင် အရမ်းကို ဝမ်းသာမိမှာပါ။"

အေဗရယ်၏ မျက်လုံးများထဲရှိ မျှော်လင့်နေဟန်ကိုမြင်သော် ရှုယီမျက်နှာထက်တွင် နေရခက်ဟန်ပေါ်လာသည်။ သူက ချောင်းဟန့်ကာ လက်ခါ၏၊ "ကျုပ်သာ ဒီလိုလုပ်ရင် ခင်ဗျားတို့ကို အရုပ်လိုဆက်ဆံတဲ့ မျိုးရိုးမြင့်တွေ ကုန်သည်တွေနဲ့ ဘာခြားတော့မှာလဲ? ဒီတော့ ဒါကို ထပ်မပြောပါနဲ့။"

အေဗရယ်ထံ၌ စိတ်ပျက်ဟန်ပေါ်လာ၏။ သူမက သက်ပြင်းချကာ ခေါင်းခါသည်၊ "ဟင့်အင်း ဥက္ကဌ၊ ရှင်က ကျွန်မတို့ကို အညီအမျှ ဆက်ဆံတာကြောင့် မတူပါဘူး။ ရှင်က အန်ဗီမာမြို့တော်က အပြင်ပန်းမှာပဲ ကျွန်မတို့ကို လေးစားတဲ့ မျိုးရိုးမြင့်တွေ ကုန်သည်တွေနဲ့ မတူပါဘူး။"

"မင်းတို့က ကျုပ်ကို ညီညီမျှမျှဆက်ဆံတယ်လို့ ထင်ရင် ဒီလိုလုပ်ဖို့က ပို‌လို့တောင်မဖြစ်နိုင်သေးတယ်။ ရှုယီက အသက်ပြင်းပြင်းရှူကာ လေးနက်ဟန်ဖြင့် ဆို၏၊ "ကောင်းပြီ၊ ကျုပ် မင်းတို့ရဲ့ အတွေးကို နားလည်ပါတယ်။ ကျုပ်လည်း ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ထဲဝင်မပါဘူးလို့ ပြောခဲ့ပေမယ့် တစ်ခုတော့ ကတိပေးနိုင်တယ်။"

အေဗရယ်၏ မျက်လုံးကြီးများက ရှုယီကို ငြိမ်သက်စွာ ကြည့်လာသည်။

"မင်းတို့သာ ဆန်းသစ်လဆပ်ကပ်အဖွဲ့ထဲမှာ ဆက်နေဖို့ ရွေးချယ်ရင် ကျုပ်အနေနဲ့ ဒီလောကမှာ တခြားလူသားတွေအပေါ် မှီခိုဖို့မလိုဘဲ ဒီလောကမှာ လွတ်လွတ်လပ်လပ်လျှောက်လမ်းနိုင်ဖို့ လမ်းကြောင်းကို အကောင်းဆုံးလုပ်ပြီး ရှာပေးမှာပါ။ ဒီအခွင့်အရေး ၁၀၀ရာခိုင်နှုန်းရှိတယ်လို့တော့ အာမ,မခံနိုင်ပေမယ့် အကောင်းဆုံးကြိုးစားမှာပါ။ ကျုပ်ကိုသာ ယုံကြည်ရင် နေပါ။ မယုံကြည်ရင်တော့ ကျုပ်လည်း ခင်ဗျားတို့ရဲ့ ရွေးချယ်မှုကို မစွက်ဖက်ပါဘူး။"

အေဗရယ်က ပါးစပ်ဟလျက် တစ်ခုခုပြောလိုက်ချင်သော်လည်း ခဏတန့်နေပြီးနောက် မပြောလာတော့ပေ။

စဉ်းစားပြီးနောက် အေဗရယ်က ရှုယီကို တလေးတစားဦးညွှတ်ကာ ထွက်သွားတော့သည်။

အေဗရယ် ထွက်သွားချိန်တွင် ဟားနက်စ်က အခန်းထဲသို့ ရောက်လာ၏။

"ရှုယီ၊ ဘာလို့ မင်းက သားရဲလူမျိုးတွေအတွက် ဒါတွေအားလုံးလုပ်ပေးနေတာလဲ?" ဘာရွန်ဟားနက်စ်က မျက်မှောင်ကုပ်ကာ ရှုပ်ထွေးဟန်ပြလာသည်၊ "တကယ်တမ်း၊ တိုင်းပြည်မှာ တခြားမျိုးနွယ်စု အလုပ်သမားတွေကို လူတွေလက်ခံပေးဖို့က မင်းရဲ့ပန်းတိုင်မှ မဟုတ်ဘဲ။ ဒါကအရမ်းရိုးရှင်းတယ်လို့ငါထင်တယ်၊ မင်းတို့လုပ်ငန်းစုမှာ တခြားမျိုးနွယ်ဝင် အလုပ်သမားတွေရှိပြီး လူတိုင်းကလည်း သူတို့ယူလာတဲ့ အကျိုးအမြတ်တွေကိုသိတော့ လက်ခံဖို့က မခက်ခဲပါဘူး။"

"ဒါက မတူဘူးလေ။" ရှုယီက ခေါင်းခါသည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ ကျုပ် ရှိတာကြောင့်ပဲ တခြားမျိုးနွယ်ဝင်လုပ်သားတွေကို ဒီလောက်မြန်မြန်လက်ခံနိုင်တာဆိုပေမယ့် တခြားလူတွေကျတော့ မတူဘူး။ ဘန်တာမြို့မှာတောင် တခြားမျိုးနွယ်စုအလုပ်သမားတွေအနေနဲ့ ခွဲခြားဆက်ဆံခံနေရတုန်းပဲ။"

ဘာရွန်ဟားနက်စ်ကလည်း ပြောသည်၊ "လူသားတွေအတွက် တခြားမျိုးနွယ်ဝင်တွေကို အညီအမျှဆက်ဆံဖို့က ဖြစ်နိုင်တယ်ထင်လို့လား? ဒါက သေချာပေါက် မဖြစ်နိုင်ဘူး။"

"မကြိုးစားကြည့်ဘဲ ဘယ်လိုသိမှာလဲ?" ရှုယီက သူ့ကိုကြည့်လိုက်သည်။

ဟားနက်စ်မှာ အနည်းငယ်ရှုပ်ထွေးသွားရသည်၊ "ရှုယီ၊ ငါ နားမလည်သေးဘူး။ ဘာလို့ မင်းက လူသားတွေနဲ့ အခြားမျိုးနွယ်တွေကို ယှဉ်တွဲနေထိုင်နိုင်ဖို့ ကြိုးစားနေရတာလဲ? တခြားမျိုးနွယ်ဝင်တွေဆီကနေ တစ်ခုခုလိုချင်ရင် ငါတို့ လူသားတွေမှာ လက်ရှိ ရှိထားတဲ့အားသာချက်နဲ့ဆို သူတို့တွေဆီက ရဖို့ တွန်းအားပေးလိုက်ရုံပဲလေ။ ဘာလို့ ဒီလောက် ကြိုးစားအားထုတ်နေရတာလဲ?"

"ခင်ဗျား နားမလည်ပါဘူး။ တခြားမျိုးနွယ်စုတွေက တခြားမျိုးနွယ်ဆိုတော့ အဓိပ္ပာယ်က သူတို့နဲ့ လူသားတွေကြား ခြားနားမှုတချို့ရှိတယ်လေ။ ကျုပ်တို့တွေကို ဒီတိုင်းသူတို့ ပေးလာရင်တောင် လူသားတွေ‌မလေ့လာနိုင်တဲ့အရာတွေရှိသေးတယ်။ သူတို့ကို တွန်းအားပေးတာက တချို့ ကောင်းကျိုးတွေရပေမယ့် ကျုပ်တကယ်လိုချင်တာကို ဘယ်တော့မှ မရနိုင်ဘူး။ ဒီတော့ သူတို့ဆီကနေ အကောင်းဆုံးကိုရဖို့အတွက် သူတို့ကိုလည်း ဆန္ဒအလျောက် ပေးဖို့ လိုသေးတယ်။"

"ဘာ? မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက တခြားမျိုးနွယ်စုတွေဆီကနေ အကျိုးအမြတ် အတော်များများရခဲ့တာလား?" ဘာရွန်ဟားနက်စ်က မေးသည်။

"ဒါပေါ့။ တခြားမျိုးနွယ်စုတွေက Frestech ကုန်သည်ကြီးများအသင်း မြန်မြန်တိုးတက်အောင် ပံ့ပိုးပေးထားတာလို့တောင် ပြောလို့ရတယ်။ ကျုပ်တို့ဆီမှာသာ သူတို့ရဲ့ လုပ်ဆောင်မှုတွေမရှိရင် Frestech ကုန်သည်ကြီးများအသင်းကလည်း ဒီလောက်အထိ အင်အားကောင်းလာမှာမဟုတ်ဘူး။"

ရှုယီ အသံထဲရှိ ယုံကြည်ချက်ရှိပုံကို ကြားသော် ဘာရွန်ဟားနက်စ်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။

"ဟုတ်ပြီလေ၊ အင်အားကြီး Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှု၊ ခင်ဗျားအနေနဲ့ မနက်ဖြန် တော်ဝင်လွှတ်တော်က အဘိုးကြီးတွေကို မြင်ရင် ဒီလိုပြုံးနေ‌နိုင်သေးဖို့ မျှော်လင့်ပါတယ်။"

ရှုယီက မျက်ခုံးများ တွန့်ချိုးလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၁၅၈။ တော်ဝင် အထက်လွှတ်တော်

ဤ အန်ဗီမာမြို့တော်သို့ ခရီးတွင် ရှုယီမှာ ဖြတ်သွားရုံသာ မဟုတ်ချေ။ တကယ်တမ်းတွင် သူ ဆိုဝယ်လ်မြို့၌ ရှိစဉ်ကတည်းက တော်ဝင်လွှတ်တော်ထံမှ တော်ဝင်‌အထက်လွှတ်တော်တွင် ပါဝင်ကာ မျိုးရိုးမြင့်တစ်ဦးအဖြစ် ရာထူးအကဲဖြတ်ရာ၌ တက်ရောက်ရန် အန်ဗီမာမြို့တော်သို့ လာရောက်ဖို့ရာ ဖိတ်ကြားထားခဲ့သည်။

ရှုယီ ၎င်းအတွက် အရည်အချင်းမီသည်မှာ သတင်းကောင်းလည်းဖြစ်သလို သတင်းဆိုးလည်းဖြစ်သည်။

သတင်းကောင်းမှာ တော်ဝင်လွှတ်တော်အနေနှင့် တော်ဝင်အထက်လွှတ်တော်က မျိုးရိုးမြင့်တစ်ဦး၏ အရည်အချင်းများကို အကဲဖြတ်ခြင်းမပြုခင် ၎င်းမျိုးရိုးမြင့်တစ်ယောက် လိုအပ်နေသည့်အချက်ဖြစ်သည်။ သဘာဝကျစွာပင် ဤသည်က မျိုးရိုးမြင့်တစ်ဦးအား အဆင့်မြှင့်ရန် အရည်အချင်းမီကြောင်း စစ်ဆေးခြင်းပါပင်။

ဤသည်မှာ ရှုယီက အကဲဖြတ်မှုကောင်းကို ရရှိသရွေ့ သူ၏ အဆင့် တိုးလာဖို့ အခွင့်အရေးရှိသည်။

သူဟာ ယခု ဗစ်ကောင့်ထ်တစ်ဦးဖြစ်ပြီး နှစ်ဝက်အောက်လေးနှင့် လမ်ပူရီတိုင်းပြည်ရှိ လူအနည်းငယ်သာ ကိုင်‌ဆောင်ထားနိုင်သည့် ခေါင်းစီးဖြစ်သော ကောင့်ထ် တစ်ဦးဖြစ်လာရန် အခွင့်အရေးရှိနေသည်။

ထို့အပြင် သူ့အား အများပြည်သူက အဆင့်မြှင့်ပေးမည်ဖြစ်ပြီး မည်သည့်စစ်ဘက်အောင်မြင်မှုမှမပါဘဲ ဤမျှမြန်မြန် မြှင့်တင်နိုင်သည်မှာ တကယ်ကို ရှားပါးလှသည်။

သတင်းဆိုးမှာ..... ရှုယီက သူ၏ ခေါင်းစီး ဘယ်သောအခါမှ တိုးလိမ့်မည်မဟုတ်သည့် အကဲဖြတ်မှု ဆိုးဆိုးလည်းရနိုင်သည်။

အဆုံးတွင် ယခင်က သာမန်လူဖြစ်ခဲ့ဖူးသည့် ရှုယီအတွက် ဤမျှအချိန်တိုလေးအတွင်း အဆင့်ထပ်တက်ရန် မဖြစ်နိုင်လုနီးပါးပါပင်။

ထို့ကြောင့် သူ ဆိုဝယ်လ်မြို့၌ ရှိနေစဉ်က ကောင့်ထ်စီယန်မှာ တော်ဝင်လွှတ်တော်အနေနှင့် ရှုယီအား အကြံဆိုးဖြင့် ဆင့်ခေါ်ကြောင်း ပြောပြခဲ့သည်။

အန်ဗီမာမြို့တော်သို့ ရောက်လာပြီး ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် ဘာရွန်ဟားနက်စ်တို့အား တွေ့ပြီးနောက်တွင် ၎င်းတို့နှစ်ဦးကလည်း ကောင့်ထ်စီယန်၏ သုံးသပ်ချက်ကို သဘောတူကြ၏။

ဤတစ်ခေါက် ရှုယီအတွက် တော်ဝင်အထက်လွှတ်တော်ကျင်းပခြင်းက အဆင်ပြေမည့်ပုံမပေါ်ချေ။

ထို့ကြောင့် နောက်နေ့မနက်တွင် ရှုယီမှာ ခမ်းနားစွာပြုလုပ်ထားသည့် တော်ဝင်လွှတ်တော်ဂိတ်များထံ ရောက်လာသော် ၎င်းအထက်၌ ရေးထိုးထားသည့်၊ 'လမ်ပူရီတိုင်းပြည် တော်ဝင်လွှတ်တော်'ဟူသော ရွှေရောင် စကားလုံးကြီးများကို တွေ့ရလေသဖြင့် မနေနိုင်ဘဲ သက်ပြင်းချမိသည်။

သူဟာ မှော်စက်မှုနယ်ပယ်‌ကို တည်ထောင်လိုရုံသာဖြစ်ရာ၊ အဘယ့်ကြောင့် လူများက သူ့အား ဒုက္ခလိုက်ပေးမေကြသနည်း?

သူ၏ အမည်ကို ပြောပြပြီးနောက် ရှုယီအား အဝင်ဝရှိ အစောင့်များက လျင်မြန်စွာပင် နားနေခန်းလေးတစ်ခုထဲသို့ ဦးဆောင်ခေါ်သွားသည်။

ခဏကြာသည့်နောက်၌ သုံးဆယ်ဝန်းကျင်ရှိပုံရသော လွှတ်တော်၏ ဝတ်ရုံများကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဝင်လာသည်။

သူက ရှုယီကိုမြင်ချိန်၌ ချက်ချင်း ဖော်ရွေစွာပြုံးပြကာ လက်နှစ်ဘက်စလုံး ဆန့်ထုတ်လာသည်။

"ဗစ်ကောင့်ထ်ရှု၊ ကျုပ် ခင်ဗျားနာမည်ကို ကြားဖူးတာကြာပါပြီ၊ ဒီနေ့ဆုံရတာ တကယ်ကို ဂုဏ်ယူစရာပါ။"

ရှုယီက ကမ်းပေးလာသည့် လက်ကိုဆွဲပြီးနောက် အသာပြုံးကာ ပြောလိုက်၏၊ "ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ။ မေးလို့ရမလား....."

"အိုး၊ ကျုပ် ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ။ ကျုပ်နာမည်က ဆော့ထ် လင်မ်ပါ၊ ကျုပ်ကလည်း ခင်ဗျားလို ဗစ်ကောင့်ထ်တစ်ယောက်ပါပဲ။"

"ဗစ်ကောင့်ထ် လင်မ်, ခင်ဗျားနဲ့ ဆုံရတာ ကျုပ်အတွက်လည်း ဂုဏ်ယူစရာပါပဲ။ ခင်ဗျားက လွှတ်တော် အဖွဲ့ဝင်လား? အထက်လွှတ်တော်က ဘယ်အချိန်စမှာလဲဗျ?"

ဗစ်ကောင့်ထ် လင်မ်က ရယ်သည်၊ "ဗစ်ကောင့်ထ်ရှုက တကယ်ပဲ အချိန်ကို ဂရုစိုက်တဲ့ ကုန်သည်တစ်ယောက်ပဲ၊ ဒါပေမယ့် အထက်လွှတ်တော်က ပြင်ဆင်ဖို့ အချိန်နည်းနည်းလိုလို့ ခင်ဗျားကို သတင်းလာပေးရင်းနဲ့..... အထက်လွှတ်တော်ရဲ့ အကြောင်းအရာတွေကို ပြောပြဖို့ပါ။ ဗစ်ကောင့်ထ်ရှု၊ ခင်ဗျား အရင်က တော်ဝင်အထက်လွှတ်တော်ကို မတက်ရောက်ဖူးဘူးမို့လား?"

"ဟုတ်ပါတယ်။" ရှုယီက ခေါင်းငြိမ့်သည်။

သူ ဘာရွန်တစ်ဦးဖြစ်လာချိန်၌ဖြစ်စေ ဗစ်ကောင့်ထ်ဖြစ်လာချိန်၌ဖြစ်စေ အရှင်မင်းကြီးက ၎င်းက အဆင့်‌များကို ပေးအပ်ခဲ့သည်ဖြစ်ရာ သူ့အနေနှင့် တော်ဝင် အထက်လွှတ်တော်သို့ ယခင် လာရောက်ဖို့ မလိုခဲ့ချေ။

တော်ဝင်လွှတ်တော်၏ ဥပဒေအရ ကောင့်ထ်အောက် အဆင့်များအတွက် အရှင်မင်းကြီးထံ၌ ပေးအပ်ရန်အခွင့်အရေးရှိကာ တော်ဝင်လွှတ်တော်ထံမှ အကဲဖြတ်မှုကို မလိုအပ်ချေ။

သို့သော် မျိုးရိုးမြင့်များ၏ သဘောမတူမှုများနှင့် ပြဿနာရှာခြင်းကြောင့် အရှင်မင်းကြီးက ၎င်းကို အသုံးပြုသည်မှာ ရှားပါးလှပြီး ဘုရင်ကြီး၏ဩဇာအာဏာကို သက်ရောက်မှုအချို့ရှိပေ၏။ ထို့ကြောင့် ဘုရင်ကြီးမှာ မျိုးရိုးမြင့်တစ်ဦးကို အဆင့်မြှင့်ပေးရန် ၎င်းအခွင့်အရေးအား အသုံးရှားလေသဖြင့် လူတစ်ဦးတည်းအပေါ် နှစ်ကြိမ်သုံးခြင်းကို ပြောနေရန်ပင် မ‌လိုပေ။

မှန်ပါ၏၊ တော်ဝင်လွှတ်တော်အနေနှင့် ဘုရင်ကြီးက ၎င်းအခွင့်အရေးကို သုံးလာလျှင်လည်း ပုံမှန်အားဖြင့် မည်သည့် ကန့်ကွက်မှုမှ ပြုမည်မဟုတ်ပေ။

သို့သော် ယခု ရှုယီမှာ ဗစ်ကောင့်ထ်တစ်ဦးဖြစ်ပြီး အဆင့်မြင့်လိုလျှင် သူ့အနေနှင့် အကဲဖြတ်မှုလုပ်ဖို့လိုအပ်လေရာ တော်ဝင်အထက်လွှတ်တော်က သူ၏ မျိုးရိုးမြင့်တစ်ယောက် အရည်အချင်းကို အကဲဖြတ်ရန် ခေါ်ဆိုနိုင်သည်။

"ဒါဆို အရင်ဆုံး ကျုပ် ခင်ဗျားကို ဒီအကဲဖြတ်မှုရဲ့ ပုံစံကိုပြောပြမယ်။ ဗစ်ကောင့်ထ်ရှု၊ ခဏနေကျရင် ခင်ဗျား ဘာမှလုပ်ဖို့မလိုပါဘူး၊ သူတို့ပြတဲ့ မေးခွန်းတွေကိုဖြေရုံပဲ။" ဗစ်ကောင့်ထ် လင်မ်က အပြုံးဖြင့်ပြောသည်၊ "ရိုးရိုးသားသားတော့ ဖြေဖို့လိုတာပေါ့။ မဟုတ်လို့ ခင်ဗျားသာ မရိုးမသားဖြေရင်တော့ အကဲဖြတ်မှုအပေါ် ပြင်းပြင်းထန်ထန်သက်ရောက်လိမ့်မယ်။"

ရှုယီက အသာမျက်မှောင်ကုပ်သည်။ လွှတ်တော်အဖွဲ့ဝင်များက မေးခွန်းမေးပြီး သူက ဖြေရုံသာ ဖြေနိုင်ခြင်းက အဆင့်ဆင့်မေးခွန်းများသာ မဟုတ်လေဘူးလား?

"ပုံမှန်အားဖြင့် ပြောရရင် ဝင်ပြိုင်ရတဲ့ အဖွဲ့ဝင်တိုင်း ခင်ဗျားကို မေးခွန်းတစ်ခုမေးနိုင်ပြီး ဒီမေးခွန်းတွေမှာ မတူညီ‌တဲ့ ခေါင်းစဉ် အတော်များများ ပါဝင်နိုင်တယ်။ ဗစ်ကောင့်ထ်ရှု ပြင်ဆင်ထားဖို့ မျှော်လင့်ပါတယ်။"

ရှုယီလည်း စဉ်းစားကာ မည်သည့် မမျှော်လင့်ထားခြင်းမှ ဖြစ်မလာသလို ခေါင်းငြိမ့်လိုက်သည်။

သူက ဤနေရာသို့ရောက်နေပြီဆိုကတည်းက မည်သည့်အရာကိုမှ အထူးတလည်စဉ်းစားဖို့ မလိုနေချေ။

တော်ဝင်လွှတ်တော်မှာ ဘုရင်ကြီး၏ လွှတ်တော်နှင့် ခြားနားပြီး၊ အများဆုံး သူ၏ မျိုးရိုးမြင့် ရာထူးကို ရှုပ်နိုင်ရုံသာဖြစ်သည်။ တိုင်းပြည်ရှိ လူများစွာ အိပ်မက်မက်ကြသည့် သူ၏ မျိုးရိုးမြင့် ရာထူးကို သူ့အနေနှင့် ဂရုမစိုက်လေရာ ဖိအားလည်း လုံးဝရှိမနေပေ။

ဗစ်ကောင့်ထ် လင်မ်က ရှုယီ၏ အေးဆေးနေဟန်ကြောင့် အနည်းငယ် အံ့ဩသွားကာ တအံ့တဩကြည့်နေပြီးနောက် မည်သည်ကိုမှ ဆိုမလာချေ။ ရှုယီနှင့် စကားအနည်းငယ်ဆိုပြီးနောက်တွင် သူက ရှုယီအား နားနေခန်းထဲမှ ခေါ်ထုတ်သွားကာ ခန်းမလေးတစ်ခုဆီခေါ်သွားသည်။

လမ်းတစ်လျှောက်၌ ဝန်ထမ်းအတော်များများရှိနေ၏။ ဗစ်ကောင့်ထ် လင်မ်က ရှုယီနှင့် အတူလျှောက်လာသည်ကိုမြင်သော် ၎င်းတို့အားလုံးက ရှုယီထံ စူးစမ်းလိုစွာ ကြည့်လာကြသည်။

ကြည့်ရသည်မှာ ယနေ့ ရှုယီက အကဲဖြတ်ပွဲကို လာမည်ဖြစ်ကြောင်း သိထားကြပုံပင်။

ထို့အပြင် ရှုယီကဲ့သို့ မျိုးရိုးမြင့်လည်းဖြစ်သလို ကုန်သည်လည်းဖြစ်သူက တကယ်ကို ရှားပါ၏။

Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်၌ ကျော်ကြားမှုကိုပါ ပေါင်းထည့်လိုက်လျှင် ၎င်းတို့ ရှုယီအကြောင်းသိလိုသည်မှာ လုံးဝထူးဆန်းမနေပေ။

ခန်းမထဲသို့လျှောက်သွားပြီးနောက် ခုံတန်းနှစ်တန်းဖြင့် ဝိုင်းရံထားသည့် အဝိုင်းသဏ္ဍာန်နေရာရှိနေသည်။ အလယ်ဗဟို၌ ခုံတစ်ခုမျှ မရှိဘဲ တိုင်လေး တစ်တိုင်သာရှိနေ၏။

၎င်းစီစဉ်မှုကိုမြင်သော် ရှုယီက မနေနိုင်ဘဲ မျက်မှောင်ကုပ်ရင်း နှလုံးခုန်သံပင်မြန်လာရသည်။

၎င်းက တကယ်ကို တရားခံစစ်မေးမည့်ပုံပေါက်နေ၏။

ရှုယီမှာ အခန်းအားလုံးက ထိုသို့ဖြစ်မည်ဟု မယုံကြည်ပေ၊ သူ၏ ပထမဆုံးအကဲဖြတ်နေရာက ဤသို့သော် နေရာတစ်ခုဖြစ်နေရာ တစ်ဘက်ထံ၌ အခြားရည်ရွယ်ချက်များရှိနေမည်မှာ ရှင်းလင်းပါသည်။

ကောင့်ထ်စီယန်, ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် ဘာရွန်ဟားနက်စ်တို့ ပြောခဲ့သည်များကို စဉ်းစားကြည့်ရင်း ရှုယီ စိတ်ထဲ၌ အေးစက်စက်နှာမှုတ်လိုက်သည်။ သူက ခုံအမြင့်ကြီးများ၌ ထိုင်နေကြသည့် အဖွဲ့ဝင်များကို မော့ကြည့်လိုက်သည်။

ဤခန်းမမှာ မကြီးလှဘဲ သူ၏ ပတ်ပတ်လည်၌ စုစုပေါင်း ခုံငါးဆယ်‌ပတ်လည် ဝိုင်းရံထားသည်။ ၎င်းတို့က အပြည့်မဟုတ်သလို ရှိနေသည့် လူနှစ်ဆယ်အောက်ကလည်း ခရမ်းရောင်ဝတ်ရုံများဝတ်ထားကြသည်။

ရှုယီက ၎င်းတို့ကိုကြည့်လိုက်ပြီး ၎င်းတို့ကလည်း ရှုယီကို ကြည့်နေကြ၏။

၎င်းတို့ကလည်း ရှုယီအကြောင်းကို စူးစမ်းလိုနေသည်မှာ သိသာပေသည်။

နှစ်ဘက်စလုံး အချင်းချင်းကြည့်လိုက်ပြီးနောက်တွင် ပထမတန်းမြောက်ဘက်၌ ထိုင်နေသည့် အသက်ခြောက်ဆယ်လောက်ရှိဟန်ပေါ်သူတစ်ဦးက ချောင်းဟန့်ကာ အသံကြည်ကြည်လင်လင်ဖြင့် ဆိုလာသည်၊ "ဗစ်ကောင့်ထ်ရှု ရှိနေပြီဆိုတော့ ဒီအထက်လွှတ်တော်ကို စလိုက်ကြတာပေါ့။"

ထိုသို့ပြောပြီးနောက် သူက ရှုယီကိုအလေးအနက်ဟန်ဖြင့် ကြည့်ကာ မေးလာသည်၊ "ဗစ်ကောင့်ထ် ရှုယီ၊ ခင်ဗျားအနေနဲ့ လွှတ်တော်က ဘာလို့ ဒီနေ့ ခင်ဗျားကို လာခိုင်းလိုက်ရတယ်ဆိုတာကိုသိလား?"

ရှုယီက ခေါင်းခါကာ၊ "ဘယ်သူကမှ ကျုပ်ကို အကြောင်းအရင်းမပြောရသေးပါဘူး။"

"အင်း....ကောင်းတယ်၊ အခု ကျုပ်က အကြောင်းရင်းကို ပြောပြပါ့မယ်။ ဒီအကဲဖြတ်မှုအတွက် အကြောင်းအရင်းက တော်ဝင်လွှတ်တော်ဟာ ဗစ်ကောင့်ထ်ရှုယီက တိုင်းပြည်ရဲ့ မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ရာထူးနဲ့ မလျော်ညီတဲ့ အရာအတော်များများကို လုပ်နေခဲ့တယ်လို့ အစီရင်ခံစာအတော်များများခဲ့တာကြောင့်ပါပဲ။ အမှန်တရားကို အတည်ပြုဖို့ တော်ဝင်လွှတ်တော်အနေနဲ့ ခင်ဗျားကို ပါဝင်ဖို့ တောင်းဆိုခဲ့ရတာပါ။ ခင်ဗျားသာ ဒါကို တကယ်လုပ်ခဲ့တယ်ဆိုရင် လွှတ်တော်က ခင်ဗျားကို သင့်တင့်တဲ့အပြစ်ပေးလိမ့်မယ်။"

"သူက၊ အပြစ်အ‌ကြောင်းပဲပြောနေတာလား?" ရှုယီက စိတ်ထဲ၌ အေးစက်စက်ရယ်လိုက်သည်။

တော်ဝင်လွှတ်တော်အဖွဲ့ဝင် အဘိုးကြီးက ခံစားချက်ကို တည့်တည့်သာ ချမှတ်လိုက်သည်၊ ၎င်းက သူမျှော်လင့်ထားသကဲ့သို့ ဆိုးဝါးပါ၏။

ရှုယီက တိတ်ဆိတ်နေသည်ကိုမြင်သော် နှစ်၂၀ကျော်ကြာ ဒုဥက္ကဌလုပ်ခဲ့သည့် တော်ဝင်လွှတ်တော်၏ ၎င်းအသက်ခြောက်ဆယ့်သုံးနှစ်ရွယ်အဘိုးကြီး၊ ကောင့်ထ် ဘာဆာမှာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။ သူ၏ မျက်နှာက မှုန်မှိုင်းလျက် ဆက်ပြော၏၊ "ဗစ်ကောင့်ထ်ရှုယီ၊ ခင်ဗျားကို မေးခွန်းတစ်ခုအရင်မေးပါရစေ။ ခင်ဗျားမှာ ဘန်တာမြို့ရဲ့ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌဆိုတဲ့ တခြားနောက်ခံ တမျိုးရောရှိသေးလား?"

ရှုယီက ခေါင်းငြိမ့်ကာ၊ "ရှိပါတယ်။"

"ခင်ဗျားက ဒီ Frestech ကုန်သည်ကြီးများအသင်းမှာ အဓိက ရှယ်ယာကို ထိန်းချုပ်တာလား?"

"ဟုတ်ပါတယ်။"

"Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စီးပွားရေးအပိုင်းမှာရော ဝင်ပါလား?"

"ပါ,ပါတယ်"

"Frestech ကုန်သည်ကြီးများအသင်းဆီကနေ လာတဲ့ ဝင်ငွေရဲ့ အဓိကအပိုင်းကိုရော ရလား?"

"ဒါကတော့ မဟုတ်ပါဘူး။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝင်ငွေအများစုကို ရင်းနှီးမြှုပ်နှံတာဆိုတော့ ကျုပ်ကိုယ်တိုင်က များများစားစားမရပါဘူး။"

"ခင်ဗျားအနေနဲ့ ဖြေဖို့ပဲလိုတယ်၊ Frestech ကုန်သည်ကြီးများအသင်းဆီကနေ ဝင်ငွေရလား?"

ရှုယီက အေးစက်စက်ပြုံးပြီးနောက် ခေါင်းငြိမ့်လာသည်၊ "ရပါတယ်"

"ဒါဆို ဗစ်ကောင့်ထ်ရှုယီ၊ တော်ဝင်လွှတ်တော်ကနေ မျိုးရိုးမြင့်တွေကို မျိုးရိုးမြင့်အဖြစ်နဲ့ စီးပွားရေးထဲ ဝင်မစွက်ဖက်ဖို့ စည်းမျဉ်းချမှန်းထားတာကိုရော သိရဲ့လား?"

"သိပါတယ်"

"ဒါဆို ဘာလို့ စီးပွားရေးလုပ်ဖို့ ရွေးချယ်တာလဲ?" ကောင့်ထ် ဘာဆာက သူ့ရှေ့ရှိ စားပွဲကို ရိုက်ချလိုက်ပြီး မျက်နှာထားကလည်း ပြင်းထန်လာသည်၊ "ဒါက တော်ဝင်လွှတ်တော်ရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်နေရုံတင်မကဘဲ မျိုးရိုးမြင့်အားလုံးရဲ့ မျက်နှာကို ခင်ဗျားက ဖြတ်ရိုက်နေသလိုပဲဆိုတာ သိလား?"

ရှုယီက သူ့ထံ ရယ်ရသည့်နှယ်ကြည့်လိုက်သည်၊ "ဒါက တော်ဝင်လွှတ်တော်ရဲ့ စည်းမျဉ်းကို ဆန့်ကျင်တာဆိုပေမယ့် မျိုးရိုးမြင့်တွေအားလုံးရဲ့ မျက်နှာကို ဖြတ်ရိုက်နေတယ်ဆိုတာကတော့..... အရမ်းမများလွန်းဘူးလား?"

"မင်းကို ငြင်းခုံခွင့်မပေးထားဘူး!" ကောင့်ထ် ဘာဆာက သူ့ထံစိုက်ကြည့်လာကာ၊ "ဗစ်ကောင့်ထ်ရှုယီ၊ ခင်ဗျားက တော်ဝင်လွှတ်တော်ရဲ့ စည်းမျဉ်းတွေကိုဆန့်ကျင်ပြီး ခင်ဗျားရဲ့ ဆိုးရွားတဲ့သဘောထားကြောင့် ဒီအထက်လွှတ်တော်ကနေ ဗစ်ကောင့်ထ်ရှုယီရဲ့ မျိုးရိုးမြင့်အဖြစ်ရာထူးကို ဖယ်ရှားပြီး သာမန်လူပြန်ဖြစ်စေဖို့ ဆုံးဖြတ်လိုက်တယ်!"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၁၅၉။ ဖယ်ရှားခြင်းနှင့် သဘောတူညီမှု

ယင်း သုံးသပ်ချက်ကိုကြားသော် ရှုယီက လုံးဝမအံ့ဩ‌သွားဘဲ ပျော်ရွှင်စွာ ပြုံးလိုက်၏။

ရှုယီ၏ တုံ့ပြန်ချက်ကို မြင်သော် ကောင့်ထ်ဘာဆာနှင့် ဘေးပတ်လည်ရှိ လွှတ်တော်အဖွဲ့ဝင်များမှာ အံ့ဩသွားသည်။

ကောင့်ထ်ဘာဆာက မျက်မှောင်ကုပ်ကာ ဟိန်းဟောက်၏၊ "ဘာကို ပြုံးနေတာလဲ? ဒါက မြင့်မြတ်တဲ့ တိုင်းပြည်လွှတ်တော်ပဲ၊ ဒီလို မထီလေးစားလုပ်လို့မရဘူး!"

ရှုယီက ခေါင်းခါသည်၊ "ကျုပ်က ဒါကို နည်းနည်းရယ်ရတယ်လို့ ထင်မိရုံပါ။ မျိုးရိုးမြင့်တစ်ယောက်ဆိုတဲ့ ခေါင်းစဉ်ကိုရဖို့ ဒီလောက်ခက်ပေမယ့် ဖယ်ရှားတာကလည်း ဒီလောက်ရိုးရှင်းနေတယ်လေ။ ဒုဥက္ကဌဆီက စကားနည်းနည်းလောက်ကြောင့်နဲ့ ကျုပ်ရဲ့ ရာထူးကို တိုက်ရိုက်ထုတ်ပယ်နိုင်တာပဲ။ ဟဲဟဲ၊ ဒါက အရမ်း ဂရုမထားရာကျတယ်လို့ မထင်ဘူးလား?"

ကောင့်ထ် ဘာဆာ၏ အမူအရာက မှောင်မိုက်သွားကာ၊ "ဒါက တော်ဝင်လွှတ်တော်အနေနဲ့ ဂရုတစိုက်ချိန်ဆပြီးရလာတဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းကို ဒီအထက်လွှတ်တော်မှာပါဝင်ခွင့်ပြုတာက မင်းကိုယ်မင်းရှင်းပြဖို့ အခွင့်အရေးပေးတာဆိုပေမယ့် မင်းက ကျိုးကြောင်းသင့် ဆွေးနွေးမှုမရှိဘူး။ ဒီတော့ ဒီအပြစ်ပေးမှုနဲ့ ပတ်သက်ပြီး ပြဿနာရှိတယ်ထင်လို့လား?"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ပြဿနာရှိတယ်လို့မထင်ပါဘူး၊ ဒီတိုင်း တကယ် ရယ်ချင်သွားလို့ပါပဲ။" ရှုယီက လက်ယမ်းကာ အပြုံးဖြင့်ပြောသည်၊ "ကျုပ်ကို ပါဝင်ဖို့ တောင်းဆိုတယ်လို့ ပြောတဲ့အချိန်က နည်းနည်းစိတ်လှုပ်ရှားခဲ့ပေမယ့် ဒါက အရမ်းရိုးရှင်းပြီး ရလာဒ်ကိုလည်း ဆုံးဖြတ်ပြီးသားဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလိုမှန်းသာသိရင် ကျုပ်လည်း လာမှာမဟုတ်ပါဘူး။ ဒါက အချိန်ဖြုန်းနေတာပဲ။"

"မထီလေးစားလုပ်တယ်ပေါ့!" ကောင့်ထ် ဘာဆာက ဒေါသတကြီး ဟိန်းဟောက်လေသည်၊ "ရှုယီ၊ ငါမင်းကို တစ်ခါ ထပ်သတိပေးမယ်၊ ဒါက မြင့်မြတ်တဲ့ တော်ဝင်လွှတ်တော်ပဲ၊ ဒီနေရာမှာ ဒီလို မထီလေးစားလာလုပ်လို့မရဘူးကွ!"

ရှုယီက ပခုံးတစ်ချက်တွ့န်ကာ၊ "အရှင် ဒုဥက္ကဌ၊ ကြည့်ရတာ ခင်ဗျားတစ်ခုခုကို မေ့သွားပုံပဲ။ အခုနကပဲ လွှတ်တော်က ကျုပ်ရဲ့ မျိုးရိုးမြင့်ရာထူးကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ကျုပ်က အခု သာမန်လူလေးတစ်ယောက်ပါပဲ။ ကျုပ်က သာမန်လူတစ်ယောက်ဆိုမှတော့ တော်ဝင်လွှတ်တော်က ကျုပ်ကို ဘာလို့ ဂရုစိုက်နေရတာလဲ? အရှင်ဒုဥက္ကဌသာ တစ်ခုခုကို မကျေနပ်ရင် တိုင်းပြည်လွှတ်တော်ဆီဖြစ်ဖြစ် အများပြည်သူ လုံခြုံရေးဌာနမှာဖြစ်ဖြစ် အယူခံဝင်လို့ရပါတယ်။"

ကောင့်ထ် ဘာဆာက ရှုယီထံ လက်ညှိုးညွှန်ကာ ခန္ဓာကိုယ်က ဒေါသတကြီး တုန်ရီနေသော်လည်း ရှုယီ၏ စကားများနှင့် ပတ်သက်ပြီး မည်သည့်ပြဿနာတစ်ခုကိုမှ မရှာနိုင်နေချေ။

တိုင်းပြည်‌လွှတ်တော်၏ ဥပဒေအရ တော်ဝင်လွှတ်တော်ထံ၌ မျိုးရိုးမြင့်များကို စီမံရန် အခွင့်အရေးရှိသော်လည်း မျိုးရိုးမြင့်များဖြင့်သာ ကန့်သတ်ထားသည်။ တိုင်းပြည်လွှတ်တော်က သာမန်ပြည်သူများကို တာဝန်ယူရသဖြင့် ၎င်းတို့ထံ၌ မည်သည့် အခွင့်အရေးမှမရှိပေ။

ရှုယီက မှန်ပါ၏။ သူဟာ မျိုးရိုးမြင့်မဟုတ်တော့ဘဲ သာမန်လူဖြစ်သွားပြီဖြစ်ရာ တော်ဝင်လွှတ်တော်က သူ့အား ထိန်းချုပ် ကန့်သတ်နိုင်ခွင့် လုံးဝမရှိတော့ဟူသည့် အဓိပ္ပာယ်ပါပင်။

ရှုယီက သာမန် ပြည်သူဆိုလျှင် တော်ဝင်လွှတ်တော်မှာ သူနှင့်ရင်ဆိုင်ရန် နည်းလမ်းပေါင်းတစ်သောင်းလောက်ရှာနိုင်ပေ၏။

သို့သော် ရှုယီက သာမန်ပြည်သူမဟုတ်ဘဲ သူ၏နောက်၌ အင်အားကြီး လူများ များစွာရှိလေသည်။ တော်ဝင်လွှတ်တော်အနေနှင့် ရှုယီကို ရင်ဆိုင်လိုခြင်းမှာ လူတချို့၏ အမိန့်ကြောင့်ဖြစ်သဖြင့် ဤတော်ဝင်အထက်လွှတ်တော်ကို အသုံးပြုခဲ့ရခြင်းဖြစ်ကာ ၎င်းတို့၏ နည်းလမ်း၌ အမှားတစ်ခုပင် လုပ်၍မရနိုင်ချေ။

အခြားအဖွဲ့ဝင်အားလုံးက ရှုယီကို ငေးကြည့်လာကြသည်။

၎င်းတို့မှာ ရှုယီက သူ့ကိုယ်သူအတွက် ငြင်းခုံကာ တော်ဝင်လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာဆန့်ကျင်မည်ဟု ထင်ခဲ့သည်။

သို့သော် ရှုယီက လုံးဝ ငြင်းခုံခြင်းမရှိဟု မထင်ခဲ့ကြချေ။ ကောင့်ထ် ဘာဆာ၏ ဆုံးဖြတ်ချက်ကိုကြားပြီးနောက် ရှုယီက စိတ်လှုပ်ရှားဟန် မပြဘဲ ထူးဆန်းစွာ လက်ခံလိုက်သည်။

တကယ်တမ်းတွင် ရှုယီ၏ မျိုးရိုးမြင့်ရာထူးကို ဖယ်ရှားခြင်းမှာ အင်မတန် အရေးကြီးသည့်ကိစ္စဖြစ်သောကြောင့် ရှုယီကို ထိုသို့ပြုလုပ်ရန် မစီစဉ်ထားဘဲ၊ တော်ဝင်‌လွှတ်တော်မှာ ဤဆုံးဖြတ်ချကို အလွယ်တကူမချနိုင်ပေ။

ရှုယီသာ ရှင်းပြလိုလျှင် ရှုယီအတွက် ပြစ်ဒဏ်ကို လျော့ပေါ့ကာ ၎င်းတို့၏ ရည်ရွယ်ချက်အမှန်ကိုရအောင်လုပ်ရန် စဉ်းစားထားကြ၏။ ၎င်းတို့မှာ မျိုးရိုးမြင့်တစ်ဦးအဖြစ် ရှုယီရရှိသော အကျိုးအမြတ်များကို လျော့ချလိုကြသည်၊ ဥပမာဆိုရလျှင် သူ၏နယ်မြေ၊ အခွန်၊ မူဝါဒအကျိုးအမြတ်နှင့် Frestech ကုန်သည်ကြီးများအသင်းကို အားနည်းစေနိုင်မည့် အခြား အားသာချက်များဖြစ်၏။

ရှုယီက မရှင်းပြဘဲ ဤသုံးသပ်မှုကို လက်ခံလိုက်ကာ ကောင့်ထ် ဘာဆာကို ထိုသို့ပြုမူဆက်ဆံလေသည်။ ကောင့်ထ် ဘာဆာမှာ သူ၏မူလအစီစဉ်ကို ထမ်းဆောင်လိုပြီး ရှုယီ၏ ခေါင်းစဉ်အား ဖယ်ရှားလိုက်သည့် ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းလိုသော်လည်း ယခု မပြောနိုင်တော့ချေ။

ရှုယီက ထိုနေရာ၌ ခပ်ရေးရေးပြုံးနေသည်ကို ကြည့်ရင်း ကောင့်ထ် ဘာဆာနှင့် အခြားအဖွဲ့ဝင်များက ခဏတာ စကားမဆိုကြတော့ချေ။

ရှုယီလည်း ဝေ့ဝဲကြည့်လိုက်သော် လူတိုင်းက သူထံ ငေးမောကြည့်နေကြသည်ကို တွေ့ရသဖြင့် အသာပြုံးကာ ပြောလိုက်၏၊ "တစ်ခုခုရှိလို့လားဗျ? ဘာမှ မရှိတော့ရင် ကျုပ်သွားပါတော့မယ်။ ကျုပ်မှာ တခြားလုပ်စရာအတော်များများရှိနေလို့ ဒီနေရာမှာနေပြီး ခင်ဗျားတို့နဲ့ မကစားနိုင်ဘူး။"

သူ လှည့်ထွက်မည်အပြုတွင် ကောင့်ထ် ဘာဆာက ဒေါသတကြီး အော်လာ၏၊ "ရပ်လိုက်!"

ရှုယီက လမ်းတစ်ဝက်၌ ရပ်ကာ ကောင့်ထ် ဘာဆာကို မျက်မှောင်ကုပ်လျက် ပြန်လှည့်ကြည့်သည်၊ "အရှင် ဒုဥက္ကဌ၊ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ မျိုးရိုးမြင့်တစ်ဦးအဖြစ် သိက္ခာကို မှတ်ထားပါဦး။ သာမန်လူတစ်ယောက်ကို ဒီလိုအော်တာက အရမ်း မလေးမစားဖြစ်လွန်းမနေဘူးလား?"

ကောင့်ထ် ဘာဆာမှာ တံတွေးပင် နင်လုနီးနီးဖြစ်သွားသည်။ အကြိမ်ရေအချို့ ချောင်းဆိုးနေပြီးနောက် သူက အသက်လုရှူရင်း ဆိုလာ၏၊ "မင်း သွားလို့မရဘူး လုပ်စရာတစ်ခုရှိသေးတယ်။"

"အိုး?"

ကောင့်ထ် ဘာဆာက စိတ်ထိန်းကာ ပြင်ဆင်ထားပြီးသား စာရွက်စာတမ်းများကို စားပွဲအောက်မှ ထုတ်ယူလိုက်သည်။

"အခုဆို မင်းအနေနဲ့ မျိုးရိုးမြင့်ရာထူးကို ဆုံးရှုံးလိုက်ရပြီဆိုတော့ မျိုးရိုးမြင့်အ‌ဖြစ် ခံစားခဲ့ရတဲ့ အခွင့်အရေးတွေကိုလည်း ပြန်ယူရမယ်။ ဒါက သက်ဆိုင်ရာစာရွက်စာတမ်းတွေပဲ၊ မထွက်သွားခင် လက်မှတ်ထိုးပေးရမယ်။"

ရှုယီမှာ လူငယ်အဖွဲ့ဝင်တစ်ဦး၏ လက်ထဲမှ စာရွက်စာတမ်းများကိုယူကာ ကြည့်လိုက်သည်။ စာရွက်စာတမ်းများ၌ ဗစ်ကောင့်ထ်အနေနှင့် ရှုယီရထားသည့် ကိုယ်ပိုင်နယ်မြေကို ပြန်ယူရန် ဖော်ပြထားကြောင်း တွေ့လိုက်ရသည်။

ရှုယီက ၎င်းကြောင့် မအံ့ဩသွားသော်လည်း ၎င်း၏ အသေးစိတ် အချက်အလက်များကို အနည်းငယ် ကန့်ကွက်လိုက်သည်။

"အရှင် ဒုဥက္ကဌ၊ ဒီ «နယ်မြေစာချုပ်ပြန်ရုတ်သိမ်းခြင်း»အရ ကျုပ်က ဘန်တာမြို့အပြင်ဘက်က မိုးကျတောင်ကြားတစ်ခုလုံးကို ပြန်ပေးရမှာမဟုတ်လား? ဒါဆို မိုးကျတောင်ကြားမှာရှိတဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စက်ရုံတွေနဲ့ တခြား ဌာနတွေကိုရော ဘယ်လိုလုပ်ရမှာလဲ?"

ထိုမေးခွန်းကိုကြားသော် ကောင့်ထ် ဘာဆာနှင့် တခြားအဖွဲ့ဝင်များမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

ကောင့်ထ် ဘာဆာက ယုံကြည်ချက်ရှိရှိပြုံးကာ၊ "ဒီဌာနတွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာက လွှတ်တော်နဲ့ မဆိုင်ဘူးလေ။ Frestech ကုန်သည်ကြီးများအသင်းကသာ နယ်မြေကို အချိန်မီ ပြန်မပေးနိုင်ရင် နယ်မြေမှာရှိတဲ့ အရာရာတိုင်းကိုပါ တပါတည်း ယူသွားမှာပါ။"

"ဒီတော့ တော်ဝင်လွှတ်တော်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို မိုးကျတောင်ကြားကနေ မောင်းထုတ်ဖို့ စီစဉ်ထားတဲ့အဓိပ္ပာယ်ပေါ့?" ရှုယီက မေး၏။

ကောင့်ထ် ဘာဆာက တင်းမာစွာဖြင့် "ရှုယီ၊ ငါ‌ မင်းကို သတိပေးနေတယ်၊ မင်းအနေနဲ့ လွှတ်တော်ကို စွပ်စွဲရင် တိုင်းပြည်လွှတ်တော်က မင်းကို တာဝန်ယူမယ်လို့ ငါအာမခံတယ်။"

ရှုယီက သက်ပြင်းချကာ၊ ဤဒုဥက္ကဌက ရှင်းလင်းစွာပင် အရှက်မဲ့လှသဖြင့် ပြောနေလည်း အသုံးမဝင်ဟု စဉ်းစားမိသည်။

စာရွက်စာတမ်း၏ အကြောင်းအရာများကိုဖတ်ပြီးနောက် ရှုယီက ၎င်းကို သာမန်ကာလျှံကာပင် ဘေးသို့ပစ်ကာ ကောင့်ထ် ဘာဆာကို အလေးအနက်ကြည့်၍ ပြောလိုက်သည်၊ "အရှင် ဒုဥက္ကဌ၊ ကျုပ်ခင်ဗျားကို သတိပေးရမယ်၊ မိုးကျတောင်ကြားနဲ့ ဘေးပတ်လည်ဧရိယာတွေမှာရှိတဲ့ ကျုပ်ရဲ့ ကိုယ်ပိုင်နယ်မြေက အဲ့လောက်မကြီးပါဘူး။ မြေကွက်အများစုကိုလည်း တော်ဝင်မိသားစုဆီကနေ တိုက်ရိုက်ငှားရမ်းထားတာပါ။ တော်ဝင်လွှတ်တော်အနေနဲ့ ကျုပ်ရဲ့ မျိုးရိုးမြင့်ရာထူးကို ဖယ်ရှားပြီး နယ်မြေကို ပြန်ယူလို့ရပေမယ့် ဒီငှားရမ်းထားတဲ့ မြေကို ဝင်စွက်ဖက်ခွင့်မရှိဘူး။"

ကောင့်ထ် ဘာဆာက အေးစက်စက်နှာမှုတ်ကာပြောသည်၊ "လွှတ်တော်က ဒီလို ဆုံးဖြတ်ချက်ကို အတည်မပြုဘဲ ချမှတ်မယ်လို့ထင်နေတာလား? တော်ဝင်မိသားစုဆီကနေ Frestech ကုန်သည်ကြီးများအသင်းငှားရမ်းထားတဲ့‌ မြေကို ဂရုမစိုက်ဘူး၊ ဒါပေမယ့် မိုးကျတောင်ကြားမှာရှိတဲ့ စတုရန်းတစ်ဆယ်ကီလိုမီတာမြေကို ပြန်ပေးရမယ်!"

ရှုယီက အံ့အားသင့်ဟန်ပြလာသည်၊ "အရှင် ဒုဥက္ကဌ၊ ကျုပ်ဆီမှာ စတုရန်းတစ်ဆယ်ကီလိုမီတာနီးနီး မြေကွက်ရှိတယ်လို့ ဘယ်သူကပြောတာလဲ? ကျုပ်က ဗစ်ကောင့်ထ်လေးတစ်ယောက်ပါပဲ၊ ဘယ်လိုများ အဲ့လောက်ကြီးတဲ့ ကိုယ်ပိုင်နယ်မြေရှိမှာလဲ? ခင်ဗျား အမှားလုပ်မိတာဖြစ်ရမယ်!"

ကောင့်ထ် ဘာဆာက လက်ခါကာ၊ "လိမ်ညာဖို့ မကြိုးစားနဲ့၊ လွှတ်တော်မှာ မင်းရဲ့ကိုယ်ပိုင်နယ်မြေမှတ်တမ်းရှိတယ်၊ ဘယ်လိုလုပ်မှားနိုင်မှာလဲ?"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျုပ် အရှင်မင်းကြီးဆီကနေ စတုရန်း တစ်ထောင်မီတာမြေကိုပဲ လျှောက်ခဲ့တာက ကိုယ်ပိုင်အိမ်တော်တစ်ခုဆောက်ဖို့ပါပဲ။ ကျုပ်က ဘယ်လိုများ စတုရန်းတစ်ဆယ်ကီလိုမီတာရှိတဲ့ မြေကို တောင်းဆိုနိုင်မှာလဲ။ ကျုပ် တောင်းဆိုရင်တောင် အရှင်မင်းကြီးက ပေးမှာမဟုတ်ဘူး။ ဒီတော့ ခင်ဗျားတို့ မှားနေတာပဲဖြစ်ရမယ်။ အရှင် ဒုဥက္ကဌမယုံကြည်ရင် အရှင်မင်းကြီးဆီ တိုင်ပင်ဖို့ တောင်းဆိုပါတယ်။"

ကောင့်ထ် ဘာဆာက တစ်ချက်ရယ်ကာ ရှုယီအနေနဲ့ နောက်ဆုံးအခိုက်အတန့်ရုန်းကန်မှုပြုနေမှန်း သေချာနေသဖြင့် အေးစက်စက်ပြောလိုက်သည်၊ "မလိုဘူး၊ တော်ဝင်လွှတ်တော်က ရှိပြီးသား အရာတွေအပေါ်အခြေခံပြီး လိုရင်းဆုံးဖြတ်ချက်ကိုပဲ ချဖို့လိုအပ်တယ်။ ပြီးတော့လည်း ဒီလိုကိစ္စလေးအတွက်နဲ့ အရှင်မင်းကြီးကို အနှောင့်အယှက်ပေးလို့မရဘူး....."

တစ်ဝက်လောက်ပြောပြီးနောက် ကောင့်ထ် ဘာဆာမှာ ရုတ်တရတ်ရပ်တန့်သွားရင်း ရှုယီ၏နောက်ဘက်သို့ တစ္ဆေမြင်လိုက်ရသလို ကြည့်နေလေ၏။

အခြားအဖွဲ့ဝင်များအားလုံးလည်း တူညီသည့် အမူအရာရှိနေကာ ရှုယီနောက်သို့ ငေးကြည့်လာကြသည်။

ရှုယီလှည့်ကြည့်လိုက်သော် ထိုမျှ မထူးခြားသလို ပြောစရာမရှိလောက်သည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးက ခန်းမထဲ တဖြည်းဖြည်းလျှောက်ဝင်လာသည်။

သက်လတ်ပိုင်းလူကြီးက ရှုယီကို ခေါင်းငြိမ့်ပြပြီးနောက် ကောင့်ထ် ဘာဆာကို မေးလာ၏၊ "ဒုဥက္ကဌ ဘာဆာ, ရှုယီရဲ့ အထက်လွှတ်တော်က ပြီးပြီလား? ရလာဒ်ရော ထွက်လာပြီလား?"

ကောင့်ထ် ဘာဆာ၏ မျက်နှာထားက အင်မတန်အရုပ်ဆိုးလာပြီး အတန်ကြာ တုံ့ဆိုင်းနေပြီးမှ ဖြေလာသည်၊ "ပြီးပါပြီ၊ ရလာဒ်က....." ကောင့်ထ် ဘာဆာက ရှုယီကိုကြည့်ပြီး မျက်နှာထားက ပို၍ အရုပ်ဆိုးလာကာ၊ "ဗစ်ကောင့်ထ်ရှုယီက လွှတ်တော်ရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်ခဲ့လို့ မျိုးရိုးမြင့် ရာထူးကို ဆုံးရှုံးသွားပါပြီ။"

သက်လတ်ပိုင်းလူက ခေါင်းငြိမ့်ပြီးနောက် ရှုယီကို လှည့်မေးသည်၊ "ဥက္ကဌရှု၊ မင်းကအခု သာမန်လူပေါ့?"

"ဟုတ်ပါတယ်။"

ရှုယီက စိတ်ထဲကိုရှာဖွေကြည့်ရာ ဘုရင်ကြီးနှင့်‌တွေ့စဉ်က ဤသက်လတ်ပိုင်းလူကို မြင်ခဲ့ဖူးပုံရကြောင်း သတိရသွားသည်။

ကောင့်ထ် ဘာဆာနှင့် ဤနေရာရှိ အခြားအဖွဲ့ဝင်များ မည်မျှ ရိုသေလေးစားနေကြပုံကိုမြင်သော် ထို ထူးခြားဟန်မရှိသည့် သက်လတ်ပိုင်းလူမှာ ဘုရင်ကြီး၏ လူယုံတော်ဖြစ်လောက်သည်က သေချာ၏။

"အရမ်းကောင်းတယ်၊ ဥက္ကဌရှုက သာမန်လူဖြစ်သွားမှာတော့ ဘုရင်ကြီးက ခင်ဗျားအတွက်ပေးလိုက်တဲ့ အမိန့်စာကို ဖတ်ပြလို့ရတာပေါ့။"

သက်လတ်ပိုင်းလူက ရင်ဘတ်ထဲမှ ဘုရင်ကြီး၏ ချိပ်တံဆိပ်ပါ အမိန့်စာကိုထုတ်ယူလိုက်ရာ ကောင့်ထ် ဘာဆာမှာ နှလုံးခုန်နှုန်းတစ်ချက်ပင်ချော်သွားရင်း မျက်နှာက မှောင်မိုက်လာသည်။

"ရှုယီရဲ့ တိုင်းပြည်အပေါ်ထောက်ပံ့မှုများအရ အရှင်မင်းကြီးဟာ သာမန်လူရှုယီအား ဘာရွန် အဖြစ် အဆင့်မြှင့်တင်ပြီး ချီးမြှောက်လိုက်ပါတယ်။"

ရှုယီ အံ့ဩနေစဉ်တွင် သက်လတ်ပိုင်းလူက နောက်ထပ် အမိန့်တစ်ခုထုတ်ကာ ဆက်ဖတ်လေသည်။

"ရှုယီ၏ တိုင်းပြည်အပေါ် ထောက်ပံ့မှုများကြောင့် အရှင်မင်းကြီးမှာ ဘာရွန်ရှုယီအား ဗစ်ကောင့်ထ်အဖြစ် တိုးမြှင့်ကာ ချီးမြှောက်လိုက်ပါတယ်။"

မတူညီသည့် ခေါင်းစဉ်များရှိခြင်းမှလွဲ ဤအမိန့်စာများ၌ မည်သည့် ထူးခြားချက်မှမရှိချေ။

သက်လတ်ပိုင်းလူက ပြင်ဆင်ထားပြီးဖြစ်ကာ ရှုယီအတွက် တကူးတကရောက်လာခြင်းဖြစ်သည်ကို မြင်နိုင်ပါ၏။

ကောင့်ထ် ဘာဆာ၏ မျက်နှာက အင်မတန် အရုပ်ဆိုးသွားကာ၊ "ဒီက.... မန်နေဂျာ ဒဲမာ, ရှုယီကို ကျုပ်တို့ တော်ဝင်လွှတ်တော်က ရာထူးဖယ်လိုက်ရုံပဲရှိသေးတာကို အရှင်မင်းကြီးက ဒီအချိန်မှာတင် မျိုးရိုးမြင့်အဖြစ်အဆင့်မြှင့်တင်ပေးလိုက်တာက..... အဆင်မပြေလှဘူးမို့လား?"

ဒဲမာက သူ့ကိုကြည့်၍ တည်ငြိမ်စွာပြောသည်၊ "ကျုပ်က ဒါတွေကို မသိပါဘူး၊ အရှင်မင်းကြီး လာခိုင်းဖို့ အမိန့်ပေးထားလို့ပါ။ အရှင်မင်းကြီးက ရှုယီကို ရာထူးဖယ်လိုက်တာနဲ့ ဒီအမိန့်နှစ်ခု ဖတ်ပြရမယ်လို့ ပြောထားတာပါ။ ပြီးတော့လည်း ဒီအမိန့်နှစ်ခုက အမြဲတမ်း သက်ရောက်မှုရှိနေမှာပါ။"

ဒဲမာ၏ စကားလုံးများကိုကြားသော် ကောင့်ထ် ဘာဆာနှင့် ဘေးပတ်လည်ရှိ အဖွဲ့ဝင်များအားလုံးထံ၌ မီးကျီခဲများ ငြိမ်းသွားသလို မျက်နှာထားမျိုး‌ရှိနေကြ၏။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၁၆၀။ တရားဝင် မှောင်ခိုသွင်းခြင်း

"အရှင်မင်းကြီး၊ အရှင့်ရဲ့ ထောက်ပံ့ကူညီမှုတွေကို ကျေးဇူးတင်ပေမယ့် ဒီလိုလုပ်တာက.... အရမ်း တွန်းအားပေးသလိုဖြစ်မနေဘူးလား? အဲဒီလွှတ်တော် အဖွဲ့ဝင်တွေဆီမှာ အရှင့်ရဲ့ ချဉ်းကပ်မှုအတွက် သေချာပေါက် အကြံတစ်ခုခုရှိနေမှာပဲ။" ရှုယီက ဂရုစိုက်စွာမေးလိုက်သည်။

လမ်ပူရီဆယ့်သုံးက ရှုယီကိုကြည့်ကာ၊ "ဘာလဲ?" မင်းက တကယ်ပဲ မင်းရဲ့ မျိုးရိုးမြင့် နောက်ခံကို ဖယ်ထုတ်သွားစေချင်လို့လား?"

ရှုယီက ပခုံးတစ်ချက် တွန့်ကာ၊ "ကျွန်တော်က မျိုးရိုးမြင့်ရာထူးကို အဲ့လောက် ဂရုမစိုက်ပါဘူး၊ ဒီတိုင်း ဖယ်သွားခွင့်ပေးလိုက်တာက ပိုကောင်းတယ်။ ပြဿနာက အရှင်မင်းကြီးရဲ့ နည်းလမ်းပဲ၊ ဒါက အရှင့်ကို တော်ဝင်လွှတ်တော်အနေနဲ့ မကျေမနပ်ဖြစ်စေလိမ့်မယ်။ ဗစ်ကောင့်ထ် ခေါင်းစဉ်လေးတစ်ခုအတွက်နဲ့ ဒါက မတန်ပါဘူး။"

"ကိုယ်တော်က တန်တယ်လို့ ခံစားရရင် အဆင်ပြေတယ်။" လမ်ပူရီဆယ့်သုံးက တဖြည်းဖြည်းခေါင်းခါ၏။ သူက ရှုယီကို အလေးအနက်ကြည့်ကာ နက်နဲ့စွာမေးလိုက်သည်၊ "ရှုယီ၊ ကိုယ်တော်သာ ဒီကိစ္စကို အာရုံမစိုက်ဘဲ မင်းရဲ့ မျိုးရိုးမြင့် ခေါင်းစဉ်နဲ့ ကိုယ်ပိုင်နယ်မြေကိုပါ ဆုံးရှုံးခွင့်ပေးလိုက်ရင် မင်းက ဘာလုပ်မှာမို့လဲ?"

"ကျွန်တော် ဘာမှမလုပ်ပါဘူး။" ရှုယီက ခေါင်းခါသည်၊ "တော်ဝင်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်လို့မရသလို သူတို့က ဒီလိုလုပ်နေမှတော့ နယ်မြေကို ပြန်ပေးရုံပဲ တတ်နိုင်တာပေါ့။"

"Frestech ကုန်သည်ကြီးများအသင်းကိုရော ဘယ်လိုလုပ်မလဲ? အဲဒါကို ဘယ်လိုကိုင်တွယ်မှာလဲ?" လမ်ပူရီဆယ့်သုံးက မေးသည်။

"ကျွန်တော်က Frestech ကုန်သည်ကြီးများအသင်းကို ဘာမှမရှိတာကနေ တည်ထောင်ခဲ့ပြီး အခု လက်ရှိ အုတ်မြစ်လည်းရှိတော့ တခြားနေရာမှာ တည်ထောင်နိုင်ဖို့ကို သေချာပေါက် ယုံကြည်မှုရှိပါတယ်။" ရှုယီက ယုံကြည်ချက်ဖြင့် ပြုံးကာ ပြောသည်၊ "နေရာက ကိစ္စမရှိပါဘူး၊ ကျွန်တော်ရှိနေသရွေ့ Frestech ကုန်သည်ကြီးများအသင်းလည်း ရှိနေမှာပါ။"

"မင်းရဲ့ ယုံကြည်ချက်က ပြင်းသားပဲ။" လမ်ပူရီဆယ့်သုံးက ရှုယီကို ချီးကျူး ခေါင်းငြိမ့်ကာ၊ "ဒါပေမယ့် ဘယ်နေရာမှာ တည်ထောင်မယ်ဆိုတာကို မင်းဂရုမစိုက်ရင်တောင် ကိုယ်တော်က ဂရုစိုက်တယ်။ Frestech ကုန်သည်ကြီးများအသင်းလို အရေးကြီးတာကို လမ်ပူရီတိုင်းပြည်ကနေသာ ထွက်ခွာခွင့်ပေးလိုက်ရင် ကိုယ်တော့ကို တိုင်းပြည်ရဲ့ အပြစ်သားအဖြစ် သတ်မှတ်ကြလိမ့်မယ်။'

ရှုယီက အံ့ဩသွားကာ၊ "အရှင်မင်းကြီး၊ အရှင်က ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဒီလောက် အရေးထားမယ်လို့ မထင်ထားခဲ့ဘူး။"

"ကိုယ်တော်က ဘယ်လိုလုပ် အရေးမထားမလဲ?" လမ်ပူရီဆယ့်သုံးက နံဘေးရှိ စာတမ်းအထုပ်ကို ပုတ်ကည၊ "ဒီနေရာမှာ Frestech ကုန်သည်ကြီးများအသင်းရဲ့ တိုင်းပြည်အပေါ် အကောင်းဘက်ကနေ သက်ရောက်တဲ့ အဆုံးမဲ့အချက်တွေကို သက်သေပြထားတယ်။ ကိုယ်တော်သာ မင်းကို အရေးမထားရင် ဘယ်လိုလုပ် အရည်အချင်းရှိတဲ့ ဘုရင်ဖြစ်လာတော့မလဲ?"

ရှုယီက ရယ်ပြီးနောက် စဉ်းစားသည်၊ "အရှင်မင်းကြီး၊ အရှင်က ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဒီလိုတန်ဖိုးထားမှတော့ ကျွန်တော်တို့ကို အခွင့်အရေးတချို့ပေးရင်ရော?"

လမ်ပူရီဆယ့်သုံးက အနည်းငယ်ရယ်ရွှင်ဖွယ်ခံစားလိုက်ရကာ၊ "ဒီကောင်လေးကတော့ ဘယ်လိုကစားရမလဲသိတာပဲ၊ ဒါပေမယ့် ကိုယ်တော်မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ ပြောပါ၊ မင်း ဘယ်လိုအခွင့်အရေးမျိုးလိုချင်လဲ? ကျိုးကြောင်းသင့်ရင်တော့ ကိုယ်တော် သဘောတူနိုင်ပါတယ်။"

လမ်ပူရီဆယ့်သုံးက ဤမျှလောက် ပြောရဆိုရလွယ်မည်ဟု သူ မထင်ထားခဲ့ချေ။ ရှုယီမှာ စိတ်ထဲ၌ အင်မတန်ရွှင်ပျသွားရင်း အမြန်ပြောလိုက်၏၊ "အရှင်မင်းကြီး၊ အရှင်က ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို အခမဲ့ကုန်သွယ်ခွင့်ပြုထားပေမယ့်လည်း ဒီအခွင့်အရေးက မလုံလောက်ဘူးလို့ခံစားနေရတယ်။"

"အိုး? ဘာများလိုအပ်နေသေးလို့လဲ?"

"အင်း..... ကျွန်တော်တို့ရဲ့ လုပ်ငန်းစုက တခြားတိုင်းပြည်တွေ၊ နယ်ပယ်တွေနဲ့ ဒီအခမဲ့ ကုန်သွယ်ခဲ့ကြောင့် အခမဲ့ကုန်သွယ်နိုင်ပေမယ့်လည်း ရန်သူတွေနဲ့ ကုန်သွယ်ဖို့ကိုတော့ အတင်းအကြပ်တားမြစ်ခံထားရတယ်လေ၊ ဒီတော့....."

လမ်ပူရီဆယ့်သုံးက မျက်လုံးများကို မှေးကျဉ်းကာ၊ "ဘာလဲ? မင်းက စခ်တိုင်းပြည်နဲ့ စီးပွားရေးလုပ်ချင်လို့လား? စခ်တိုင်းပြည်က အလုံအလောက်မသန်မာသေးဘူးထင်လို့လား? သူတို့ကို ပိုသန်မာလာစေဖို့ ငွေပေးချင်လို့လား?"

"မဟုတ်ပါဘူး။" ရှုယီက ခေါင်းခါကာ၊ "အရှင်မင်းကြီး၊ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက အမြဲတမ်း နှစ်ဘက်စလုံးကို အကျိုးအမြတ်ဖန်တီးပေးပေမယ့်လည်း ဒါကစီးပွားရေးလုပ်ဖို့ အတွက်ပါပဲ။ တခြားဘက်ကနေ ငွေရဖို့က အဲ့လောက်မခက်ပါဘူး။ စခ်တိုင်းပြည်နဲ့ ကုန်သွယ်တဲ့အချိန်ကျရင် စခ်တိုင်းပြည်ကို ပိုသန်မာလာစေမှာမဟုတ်ဘဲ သူတို့ရဲ့ ရင်းမြစ်နဲ့ငွေတွေကို ကျဆင်းစေပြီး အားနည်းလာစေလိမ့်မယ်။"

"ဒီလိုလား?" လမ်ပူရီဆယ့်သုံးမှာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်၊ "မင်းက ဘယ်လိုများလုပ်မှာလဲ?"

"ဥပမာပေးရရင်။ အရှင်မင်းကြီး ကျွန်တော်တို့လုပ်ငန်းစုသာ စခ်တိုင်းပြည်ဆီ မှော်လေပေးစက်ရောင်းပေးရင် သူတို့ရဲ့ စွမ်းအားက တိုးလာမှာလား?"

"မတိုးဘူးပေါ့။" လမ်ပူရီဆယ့်သုံးက ခေါင်းခါသည်၊ "လေပေးစက်ကို နေ့စဉ်ဘဝအတွက်ပဲသုံးလို့ရတော့ သေချာပေါက် တိုင်းပြည်ရဲ့ အင်အားတိုးတက်ဖို့ အထောက်အကူမဖြစ်ဘူး။"

"ဒါပေမယ့် ကျွန်တော်တို့လုပ်ငန်းစုရဲ့ လက်ရှိ မှော်လေပေးစက်က ရွှေဒင်္ဂါး နှစ်ဆယ့်ရှစ်ပြားတန်တယ်လေ။ ကျွန်တော်တို့သာ စခ်တိုင်းပြည်ကို တစ်လုံး ရောင်းပေးရင် စခ်တိုင်းပြည်လက်ထဲကနေ ရွှေဒင်္ဂါး နှစ်ဆယ့်ရှစ်ပြားယူလိုက်ရမှာပဲ။ ဒါက စခ်တိုင်းပြည်ရဲ့ ဘဏ္ဍာကို အားနည်းစေပြီး ကျွန်တော်တို့အပိုင်လုပ်ငန်းစုကို သန်မာအောင်လုပ်တာနဲ့ ညီမျှတယ်။"

လမ်ပူရီဆယ့်သုံးလည်း စဉ်းစားကာ အသာခေါင်းငြိမ့်လာသည်၊ "မင်းရဲ့ အဓိပ္ပာယ်ကို ကိုယ်တော်နားလည်ပြီ၊ ဒါပေမယ့် စခ်တိုင်းပြည်က အဲ့လောက် မတုံးအလောက်ဘူး။ သူတို့က မင်းရောင်းတာကို လိုချင်မယ်ဆိုပေမယ့် တင်းကြပ်မှုတွေတော့ရှိမှာပဲ။"

ရှုယီက ရယ်လျက်ဆိုသည်၊ "အရှင်မင်းကြီး၊ အရှင်မင်းကြီးလည်း မှောင်ခိုသွင်းတဲ့ အကြောင်းကို သိမယ်လို့ထင်ပါတယ်။"

လမ်ပူရီဆယ့်သုံး၏ မျက်နှာက မှောင်မိုက်သွားကာ အေးစက်စက်နှာမှုတ်လာသည်၊ "လုပ်ငန်းစုတစ်ခုရဲ့ ဥက္ကဌက ကိုယ်တော့်ကို မှောင်ခိုသွင်းတဲ့အကြောင်းပြောနေတာ၊ တကယ်ကို ရဲတင်းတာပဲ!"

ရှုယီက မကြောက်ရွံ့ချေ၊ ထိုအစား လူပါးဝစွာပြုံးလာကာ၊ "အရှင်မင်းကြီး ကျွန်တော်ပြောတာက မှောင်ခိုသွင်းတဲ့အကြောင်းပဲမဟုတ်ပါဘူး၊ ကျွန်တော်လိုချင်နဲ့ အခွင့်အရေးက မှောင်ခိုသွင်းတာနဲ့ ဆက်စပ်နေတာပါ။"

လမ်ပူရီဆယ့်သုံးက ၎င်းကို ရယ်ရသလိုခံစားလိုက်ရတာ၊ "ဘာလဲ? မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက မှောင်ခိုသွင်းချင်လို့လား?"

"ဟုတ်ပါတယ်၊ ဒါပေမယ့် တရားဝင်မှောင်ခိုသွင်းချင်တာပါ။"

"မှောင်ခိုသွင်းတာက ဘာ တရားဝင်မှာလဲ? နောက်နေတာလား?" လမ်ပူရီဆယ့်သုံးက ရှုယီကိုကြည့်လာသည်။

"မဟုတ်ပါဘူး။" ရှုယီက လေးနက်ဟန်ဖြင့်ဆို၏၊ "ဒါကို အရှင်မင်းကြီးက ခွင့်ပြုလိုက်ပြီး ကြီးကြပ်ပေးတာနဲ့ တရားဝင်ဖြစ်သွားမှာပါ။"

ရှုယီက ဟာသလုပ်နေပုံမရသည်ကိုမြင်သော် လမ်ပူရီဆယ့်သုံးက ခဏစဉ်းစားပြီးနောက် ရုတ်တရတ် ရှုယီကို စဉ်းလဲစွာ ပြုံးပြလာသည်။

"ဥက္ကဌရှု၊ မင်းက ကုန်သည်တစ်ယောက်‌ဆိုမှတော့ အကျိုးအမြတ်အတွက် တန်ကြေးပေးဖို့လိုတာကိုသိမှာပါ၊ ဟုတ်တယ်မို့လား?"

ရှုယီက ခါးသက်သက်ရယ်ကာ လက်များကိုဖြန့်လိုက်၏၊ "အရှင်မင်းကြီး၊ ကျွန်တော်က ဒီမှာရှိနေတာပဲလေ၊ အရှင်လိုသမျှကို ပြောလိုက်ပါ။"

လမ်ပူရီဆယ့်သုံးက ရယ်ကာ၊ "ဒါဆို ကိုယ်တော် ထိန်းမထားတော့ဘူး။"

ရှုယီ ပြန်သွားချိန်တွင် ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် ဘာရွန်ဟားနက်စ်တို့က စောင့်ဆိုင်းနေကြ၏။ ရှုယီကိုမြင်ချိန်တွင် ၎င်းတို့ထံ၌ ထူးဆန်းဟန်ရှိနေသည်။

တော်ဝင်လွှတ်တော်ကို စောင့်ကြည့်သူများများစားစားမရှိသော်လည်း အန်ဗီမာမြို့တော်၏ မျိုးရိုးမြင့်အသိုင်းအဝိုင်းအတွက် တော်ဝင်လွှတ်တော် အရေးကိစ္စများက လျှို့ဝှက်ချက်မဟုတ်ပေ၊ အထူးသဖြင့် ဤမျှ အံ့ဩဖွယ်ကိစ္စမျိုးဖြစ်သည်။

အရှင်မင်းကြီးကိုယ်တိုင်က ရှုယီ၏ ဗစ်ကောင့်ထ် ရာထူးကို ထိန်းသိမ်းဖို့ တွန်းအားပေးရန် ထွက်လာခဲ့သည်သာ!

မန်နေဂျာ ဒဲမာက အားလုံးရှေ့မှောက်၌ အရှင်မင်းကြီး၏ အမိန့်များကို ကြေညာခဲ့လေရာ မြို့တော်၏ မျိုးရိုးမြင့်များအတွက် ၎င်းက တော်ဝင်လွှတ်တော်ကို ပါးနှစ်ချက်လောက် ရိုက်လိုက်သလိုပင်။

လမ်ပူရီတိုင်းပြည်ထံ၌ သမိုင်းကြောင်းနှစ်ရာချီရှိသော်လည်း ဘုရင်နှင့် တော်ဝင်လွှတ်တော်တို့က မျက်လုံးချင်းတေ့တေ့ဆိုင်ဆိုင်တွေ့သည့် အကြိမ်များစွာမရှိသလို တိုက်ရိုက် တိုက်ခိုက်ခြင်းလည်းမရှိရာ တော်ဝင်လွှတ်တော်၏ မျက်နှာကို တိုက်ရိုက် ဖြတ်ရိုက်လိုက်ခြင်းက ဖြစ်ဖူးသည်မှာ ရှားပါးလွန်းလှသည်။

ဘုရင်ကြီးက ၎င်းတို့အနေနှင့် ရှုယီကို ထိ၍မရကြောင်း ပြောလိုက်သည်မှာ ရှင်းလင်း၏။

၎င်းမတိုင်ခင်က လူများစွာမှာ ဘုရင်ကြီးက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း ကို အလေးထားမှန်းသိကြသော်လည်း မည်သူကမှ ဘုရင်ကြီးအနေနှင့် ဤမျှထိ အလေးပေးမည်ဟု မထင်ခဲ့ချေ။ သူဟာ တော်ဝင်လွှတ်တော်ကို ပါးရိုက်ရန်ပင် တုံ့ဆိုင်းမနေခဲ့။

ဤကိစ္စတရပ်က ရှုယီအား လမ်ပူရီတိုင်းပြည် မျိုးရိုးမြင့်အသိုင်းအဝိုင်း၌ အာရုံအစိုက်ခံရဆုံး မျိုးရိုးမြင့်ဖြစ်လာစေကာ လူများစွာက လေးစားလာကြသည်။

သို့သော် ဗစ်ကောင့်ထ် လက်စ်လိုင်းနှင့် ဘာရွန် ဟားနက်စ်တို့က ရှုယီကိုမြင်ချိန်၌ ပျော်ရွှင်ဟန်မရှိနေချေ။

"ရှုယီ၊ မင်းကို အရှင်မင်းကြီးက အသုံးချလိုက်တယ်လို့ ငါခံစားနေရတယ်။" ဘာရွန် ဟားနက်စ်က ခေါင်းခါ၍ သက်ပြင်းချလျက်ဆို၏၊ "မင်းကို တော်ဝင်လွှတ်တော်ဆီက‌နေ အတင်းကာကွယ်ပေးပြီး ဘယ်သူကမှ အလွယ်လေး မဆန့်ကျင်အောင်လုပ်တာက အရမ်းကို ခန့်ညားလွန်းပေမယ့်လည်း ဒါက တော်ဝင်လွှတ်တော်ကလူတွေအနေနဲ့ မင်းကို အရိုးထဲထိမုန်းသွားပြီး အနာဂတ်မှာ ဒုက္ခတွေပိုဖြစ်လာစေလိမ့်မယ်။"

ရှုယီက အပြုံးနှင့်ဆိုသည်၊ "ကျုပ်ကို ပြဿနာရှာဖို့က ဘာအကြောင်းအရင်းမှ မရှိလောက်ဘူးလို့ထင်လို့လား? အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ရုတ်တရတ် ဆုံးဖြတ်ထားတာမဟုတ်ဘူး။"

ဘာရွန် ဟားနက်စ်လည်း စဉ်းစားပြီးနောက် အပြုံးဖြင့်ပြောသည်၊ "ဟုတ်တယ်၊ တော်ဝင်လွှတ်တော်က အဘိုးကြီးတွေက မင်းသားလေး အဲရစ်ဘက်မှာ ရပ်တည်ကြတာဆိုတော့ သေချာပေါက် မင်းကို ရှုပ်အောင်လုပ်မှာပဲ။ အရှင်မင်းကြီး မင်းကို အသုံးချတာက သတိပေးလိုက်တာပဲ။'

"ဒီတော့ အသုံးချခံရတာက အဆင်ပြေတဲ့ အဓိပ္ပာယ်ပဲလေ။ ခင်ဗျားသိထားရမှာက အရှင်မင်းကြီးဆီက အသုံးချခံချင်တဲ့လူတွေများပေမယ့် အရည်အချင်းမရှိကြဘူးဆိုတာပဲ။"

"မင်း ဒါကိုမြင်ပြီးပြီပဲ။" ဗစ်ကောင့်ထ် လက်စ်လိုင်းက မပြုံးမိဘဲမနေနိုင်ချေ၊ "မင်းကို ဒီတိုက်ခိုက်မှုကြောင့် စိတ်ဓာတ်ကျမှာစိုး‌ရိမ်နေပေမယ့် အခုမင်းက လုံးဝ မသက်ရောက်ခံလိုက်ရပုံပေါ်နေတယ်။ စိတ်ချလိုက်ပါပြီကွာ။"

"ကျုပ်ကို လုံးဝကြီး မသက်ရောက်တာတော့ ဘယ်ဟုတ်မလဲ။" ရှုယီက ခေါင်းခါ၍ သက်ပြင်းချကာဆိုသည်၊ "အနည်းဆုံးတော့ ဒီကိစ္စကနေ တစ်ခုကိုနားလည်လိုက်တယ်။ ကျုပ် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျုပ်ကို ဘုရင်မ ဆယ်ဗီနီရဲ့ ဘက်တော်သားအဖြစ် သတ်မှတ်ပြီးနေကြပြီ။ ခင်ဗျားလိုပေါ့ လက်စ်လိုင်း၊ ခင်ဗျား ဘယ်လိုတွေးတွေး၊ လူတိုင်းက ခင်ဗျားက စတက်ဂျ်မိသားစုကလို့ ထင်ကြမှာပဲ။"

ဗစ်ကောင့်ထ် လက်စ်လိုင်းက အပြုံးဖြင့် ခေါင်းခါသည်၊ "ဒါတင်မကဘူး၊ ငါသာ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းနိုင်လိုက်ရင် လူတိုင်းက စတက်ဂျ်မိသားစု ဘက်ပြောင်းသွားပြီလို့ထင်ကြမှာပဲ။ ဒါရဲ့ တုံ့ပြန်ချက်က တကယ်ကို စိတ်ဝင်စားစရာကောင်းမှာ သေချာတယ်။"

ရှုယီနှင့် ဘာရွန် ဟားနက်စ်က သူ့ထံ တအံ့တဩကြည့်လိုက်ကြ၏။ ဘာရွန် ဟားနက်စ်က မနေနိုင်ဘဲ မေးသည်၊ "ဟေး၊ လက်စ်လိုင်း၊ ခင်ဗျား ဒီလိုစဉ်းစားပြီး လုပ်တာတော့ မဟုတ်ဘူးမို့လား?"

ဗစ်ကောင့်ထ် လက်စ်လိုင်းက မည်သည်ကိုမှမဆိုဘဲ ပြုံးသည်။

ရှုယီက မျက်မှောင်ကုပ်ကာဆို၏၊ "လက်စ်လိုင်း၊ ခင်ဗျားသာ ဒီလိုလုပ်ရင် မိသားစုကို ဆန့်ကျင်ရာမကျဘူးလား?"

All Chapters