ကောင်းကင်နတ်တံခါးတိုက်ပွဲ
Vol. 015 Ch. 1490
ဟောက်ထျန်းမြို့တွင် မရေတွက်နိုင်သည့် လူများသည် ကောင်းကင်သို့ မော့ကြည့်နေကြပြီး လူတိုင်းက မြို့တွင်းမှ မွန်းကျပ်ဖွယ် လေထုအခြေအနေကို ခံစားမိနိုင်ကြသည်။
ကောင်းကင်ထက်တွင် မမြင်နိုင်သည့် မုန်တိုင်းတစ်ခု ဖြစ်တည်နေသည်ဟု ထင်မှတ်ရ၏။ စွမ်းအားဖိအားများ အောက်တွင် တောက်ပသည့် နေအလင်းက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ လေထုက အသက်မဲ့ကာ စိတ်ဓာတ်ကျဆင်းဖွယ် ဖြစ်လာပြီး လူအများကို အသက်ရှူရန်ပင် ခက်ခဲ၍ နေရထိုင်ရ အဆင်မပြေ ဖြစ်လာစေသည်။
“လာနေပြီ” လူတိုင်းက ရေရွတ်လိုက်ကာ သူတို့၏ နှလုံးသားများက တုန်ယင်နေသည်။ သူတို့အားလုံးသည် မည်သည်ကို ဆိုလိုသည်လဲ သိရှိကြ၏။ ရက်အနည်းငယ်အကြာက ကောင်းကင်အာဏာစက်ဘုံတွင် ကောလာဟလပေါင်းစုံ ပလူပျံနေခဲ့သည်။ အထူးသဖြင့် ဟောက်ထျန်းမြို့တွင် ဖြစ်၏။ ပြောကြသည်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်သည် ကောင်းကင်အာဏာစက်ဘုံ၏ အနာဂတ်ကို ရှေ့ဖြစ်ဟောပြောနိုင်သည့် သာမန်မဟုတ်သော ပုဂ္ဂိုလ်ကို ဖိတ်ကြားခဲ့ပြီး ထိုပုဂ္ဂိုလ်က ကောင်းကင်နတ်တံခါးတွင် ကံကောင်းခြင်းများ ရှိနေကြောင်း ပြောကြားခဲ့သည်။ ထို့အတွက်ကြောင့် ကောင်းကင်အာဏာစက် ပြည်ထောင်သည် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးအင်အားစုများကို စတင်စုစည်းကာ ကောင်းကင်နတ်တံခါးကို တစ်ဖန် ဝန်းရံရန် ကြိုးစားနေကြသည်။
ဤတစ်ကြိမ်၌ အင်အားစု မည်မျှ လာကြမည်ကို မည်သူမှ မသိကြပေ။
စွမ်းအားများက အားကောင်းသထက် အားကောင်းလာသော်လည်း ဟောက်ထျန်းမြို့ရှိ လူများသည် လာနေသည့် မည်သူ့ကိုမှ မမြင်ကြရသေးပေ။ နောက်ဆုံး၌ ကောင်းကင်ထက်တွင် ထူးခြားသည့် ဖိအားများ ထုတ်လွှတ်နေသော နတ်ဘုရားသဖွယ် ပုဂ္ဂိုလ်အချို့သည် မြင်ကွင်းအတွင်း ဝင်ရောက်လာကာ ကောင်းကင်နတ်တံခါးသို့ ဦးတည်လာနေကြသည်။
လူသားတန်ခိုးရှင်လောက၏ တိုက်ပွဲများသည် ကြီးမားကျယ်ပြန့်လှပြီး တန်ခိုးရှင်များသည်လည်း စည်းမျဉ်းများကို လိုက်နာက အပြစ်မဲ့သူများကို သတ်ဖြတ်ကြခြင်းမရှိပေ။ ဟောက်ထျန်းမြို့သည် ကောင်းကင်နတ်တံခါး၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော်လည်း သူတို့နှင့် တိုက်ရိုက်ပတ်သက်မှု မရှိပေ။ ဟောက်ထျန်းမြို့၏ လူများက ကောင်းကင်နတ်တံခါးနှင့် မသက်ဆိုင်သည့်အတွက် ကောင်းကင်အာဏာစက် ပြည်ထောင်သည် မြို့လုံးကျွတ် သတ်ဖြတ်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ယင်းသည် ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ကာ သူတို့၏ အနာဂတ်ကို ထိခိုက်စေလိမ့်မည်ဖြစ်ကာ အခြားသောအင်အားစုများက သူတို့ကို ထိခိုက်စေနိုင်မည့် ဆင်ခြေဖြစ်လာသည်။
သူတို့နှင့် ကောင်းကင်နတ်တံခါး ကြားမှ ရန်လိုစိတ်သည် ဂိုဏ်းနှစ်ခုကြားမှ ရန်ငြိုး၊ အင်အားစုနှစ်ခုကြားမှ အငြင်းပွားမှု ဖြစ်၍ ပုံမှန်ကိစ္စပင် ဖြစ်သည်။ ပြဿနာရှုပ်ထွေးနေသည့် အချိန်အတောအတွင်း ထိုသို့သော တိုက်ပွဲသည် မကြာခဏ ဖြစ်ပွားသော်လည်း ယနေ့ကဲ့သို့ ငြိမ်းချမ်းနေသည့် အချိန်အတွင်း ဤထိပ်သီးအဆင့် တိုက်ပွဲမှာ သာမန်မဟုတ်ပေ။
ထိုကဲ့သို့ နတ်ဘုရားသဖွယ် ပုဂ္ဂိုလ်များအပြင် ဟောက်ထျန်းမြို့၏ အခြားသော နေရာတွင် မရေတွက်နိုင်သော နတ်မိုးကြိုးများ ကျဆင်းလာနေပြီး ကောင်းကင်ကို လွှမ်းခြုံသွားသည်။ ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ လွှမ်းခြုံနေ၏။ ထိုသည်မှာ ကမ္ဘာပျက်သည့် နေ့ရောက်လာသကဲ့သို့ပင် ဖြစ်သည်။
“ခရမ်းရင့်ကောင်းကင်နန်းတော်လည်း ရောက်လာပြီ” မရေတွက်နိုင်သည့် လူများက တီးတိုးရေရွတ်လိုက်ကြပြီး သူတို့၏ နှလုံးသားအတွင်း တုန်ရီနေကြသည်။ သို့သော်လည်း ထိုသည်က မျှော်လင့်ထားသည့်အတွင်းမှာပင် ရှိနေသေး၏။ ခရမ်းရင့်ကောင်းကင်နန်းတော်သည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အားအကောင်းဆုံး မဟာမိတ်ဖြစ်ကာ အတိတ်ဖြစ်ရပ်တွင်လည်း တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့သည်။ ထိုရန်ငြိုးအာဃာတများကြောင့် ခရမ်းရင့်ကောင်းကင်နန်းတော်သည် ကောင်းကင်နတ်တံခါးကို အလွတ်ပေးလိမ့်မည်မဟုတ်ဘဲ ဖျက်ဆီးရန်အကောင်းဆုံး ကြိုးစားကြလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူတို့က ဟောကိန်းကို သိပြီးပြီးချင်း ခရမ်းရင့်ကောင်းကင်နန်းတော်သည် ကောင်းကင်နတ်တံခါးကို ဖျက်ဆီးရန် သူတို့၏ စိတ်ကို ပြင်ဆင်ထားခဲ့သည်။
ဤထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များသည် အလွန် တိကျပြတ်သားသော ပုဂ္ဂိုလ်များ ဖြစ်သည်။ သူတို့ တစ်ကြိမ် စိတ်ဆုံးဖြတ်ပြီးပါက သူတို့သည် ချက်ချင်းလှုပ်ရှားလိမ့်မည် ဖြစ်ကာ ပြင်းထန်သည့် စစ်ပွဲကိုပင် စတင်နိုင်ပေသည်။
ကောင်းကင်နတ်တံခါးမှ လူများ အားလုံးသည် ခြိမ်းခြောက်နိုင်ပြီး ကြောက်မက်ဖွယ် အသက်ဓာတ်ကို ခံစားမိကြသည်။ ထိုအချိန်တွင် ကောင်းကင်နတ်တံခါးမှ လူတိုင်းက တည်ငြိမ်နေကြ၏။ ကောင်းကင်နတ်တံခါးရှေ့တွင် ပုဂ္ဂိုလ်နှစ်ဦးက ဘေးချင်းယှဉ်ကာ ရပ်နေကြသည်။ သူတို့သည် ကောင်းကင်နတ်တံခါးမှ ခေါင်းဆောင်နှစ်ယောက် ဖြစ်ကြသည်။
ကျန်းကလန်ခေါင်းဆောင် ကျန်းချန်ကျီနှင့် ဟွားကလန်ခေါင်းဆောင် ဟွားကျန့်ရှန်တို့သည် ရပ်နေကြကာ သူတို့၏ အဝတ်များက လေနှင့် တဖျတ်ဖျတ်လွင့်နေပြီး ခန္ဓာကိုယ်အား နတ်အလင်းများဖြင့် လွှမ်းခြုံထားသည်။ ကောင်းကင်နတ်တံခါးမှ လူများသည် ထိုပုဂ္ဂိုလ်နှစ်ဦးဆီသို့ ကြည့်လိုက်ပြီး သူတို့သည် ထိုနှစ်ယောက်အား လောကကြီးနှင့် မသက်ဆိုင်သော မသေမျိုးများကဲ့သို့ ခံစားမိကြပေသည်။
“ငါတို့ ပခုံးချင်းယှဉ်မတိုက်ရတာ ဘယ်လောက်ကြာပြီလဲ” ကျန်းချန်ကျီက ကောင်းကင်ကို ကြည့်ကာ မေးလိုက်သည်။
“တော်တော်တော့ ကြာပြီ။ ငါ သေချာမမှတ်မိတော့ဘူး” ဟွားကျန့်ရှန်က ပြန်ဖြေလိုက်သည်။ အမှန်တကယ်ပင် အလွန် ကြာညောင်းခဲ့ပြီ ဖြစ်၏။
“ဒီခံစားချက်က အတော်လေး ကောင်းမွန်တာပဲ” ကျန်းချန်ကျီက ဟွားကျန့်ရှန်ကို ပြုံးကာ ပြောလိုက်သည်။
“သွားစမ်းပါ။ ငါ့မှာ မင်းအတွက် ခံစားချက်မရှိဘူး။” ဟွားကျန့်ရှန်က ပြန်ပြောလိုက်သည်။ ကျန်းချန်ကျီက ရယ်မောလိုက်၏။ ထိုအချိန်၌ ကောင်းကင်နတ်တံခါးတစ်ခွင်တွင် နတ်အရှိန်အဝါများ ဖုံးလွှမ်းထားသည်။ သူက ကောင်းကင်သို့ ပျံသန်းမတိုက်ခိုက်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက ရုတ်တရက် ပြန်လည် ငယ်ရွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ကောင်းကင်နတ်တံခါး၏ မရေတွက်နိုင်သည့် လူများသည် ခေါင်းဆောင်နှစ်ဦးကြားမှ စကားများကို ကြားသည့်အခါ ထူးဆန်းသည့် အကြည့်များ ဖြစ်ပေါ်လာသည်။ ပုံမှန်အားဖြင့် ထို ခေါင်းဆောင်နှစ်ဦးသည် အလွန် တည်ငြိမ်ပြီး ဟာသ ပြောခဲသည်။ ပုံမှန်တွေ့ဆုံမှုများမှ လွဲ၍ လူများသည် သူတို့၏ စကားစမြည်ပြောဆိုခြင်းကို ကြားရရန် ခက်ခဲပေသည်။
လူအများသည် သူတို့၏ ဆက်ဆံရေးက အလွန် ကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ သူတို့၏ နှလုံးသားများက နွေးထွေးသွားသည်ကို ခံစားလိုက်ကြရသည်။
ကောင်းကင်နတ်တံခါး၏ ဤအဓိကအင်အားစု နှစ်ခုမှာ တစ်ခါတစ်ရံ၌ အချင်းချင်း ရန်လိုအငြင်းပွားမှုများ ရှိတတ်ကြသည်။ ယခု သူတို့ ခေါင်းဆောင်များ၏ စကားကို ကြားရပြီးနောက် တန်ခိုးရှင်များက သူတို့ကိုယ်သူတို့ အနည်းငယ် ရှက်ရွံ့သွားခဲ့ကြသည်။
ကောင်းကင်နတ်တံခါးသည် ဤမျှ နှစ်ပေါင်းများစွာ ကြာသည်ထိ ဖြတ်သန်းလာနိုင်ခဲ့သည်မှာ အကြောင်းရင်းရှိပေသည်။ မဟုတ်လျှင် ပြင်ပအင်အားစုများ ကျူးကျော်မလာခင်ကပင် အတွင်းပိုင်း လှိုက်စားကာ ပျက်စီးပြီး ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် အလွန် ထက်ရှသည့် အသက်ဓာတ်တစ်ခု ထွက်ပေါ်လာသည်။ နတ်ဓားတစ်လက်ကဲ့သို့ ထက်ရှနေသော ပုံရိပ်တစ်ခုသည် ရှေ့သို့ လှမ်းထွက်လာခဲ့သည်။ သူက ရှေ့သို့ ကြည့်နေသော်လည်း မျက်လုံးများထဲတွင် မည်သည်ကိုမှ မမြင်ရသကဲ့သို့ ဖြစ်နေသည်။ သူက ပြိုင်ဘက်ကင်း လက်နက်တစ်ခုပင် ဖြစ်သည်။ သူက ဝမ်ကလန်ခေါင်းဆောင် ဖြစ်၏။
ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်တို့သည် သူတို့၏ မျက်လုံးများကို သူ့ထံသို့ လှည့်ကြည့်လိုက်လျှင် ဝမ်ကလန်ခေါင်းဆောင်က ခပ်တိုးတိုးပြောလိုက်သည်။ “တောင်းပန်ပါတယ်.. အနှောင့်အယှက်ပေးမိသလို ဖြစ်သွားလား”
“...” ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်တို့က ဆွံ့အသွားရသည်။
“...” အခြားသူများသည်လည်း ထို့အတူပင် ဖြစ်၏။
သို့သော် အခုချိန်က နောက်ပြောင်နေရမည့် အချိန်မဟုတ်ပေ။ ကြောက်မက်ဖွယ် အသက်ဓာတ်က ကောင်းကင်မှ ကျဆင်းလာသည်။ နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်များ ပါဝင်သည့် လူစုသည် အဝေးမှ ပေါ်ပေါက်လာကာ သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် အသက်ဓာတ်များ ထုတ်လွှတ်နေသည်။ သူတို့အားလုံးသည် တော်ဝင်ဝတ်စုံများ ဝတ်ဆင်ထားပြီး ဝင့်ကြွားမှုတို့နှင့် ပြည့်နှက်နေသည်။ ဦးဆောင်လာသည့် လူမှာ ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင် ဖြစ်ကာ သူက တိုက်ခိုက်ရန် ကိုယ်တိုင်ရောက်လာခြင်း ဖြစ်သည်။
သူက ကောင်းကင်နတ်တံခါးကို ဖျက်ဆီးလိုပါက သူက မည်သို့ ကျရှုံးနိုင်မည်နည်း။
ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်၏ လက်ထဲတွင် ကြီးမားသည့် စုတ်တံတစ်ချောင်း ရှိနေကာ ယင်းသည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ ရန်ဟောင်အဆင့် ကြောက်မက်ဖွယ် ချန်းချိုးစုတ်တံဖြစ်သည်။ ၎င်းသည် တစ်ချက်တည်းနှင့် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
ဘုန်း...
အခြားတစ်နေရာမှ ချောက်ချားဖွယ် မိုးခြိမ်းသံများကို ကြားလာရသည်။ နတ်မိုးကြိုးများက ကောင်းကင်မှ ကျဆင်းလာကာ ကောင်းကင်နတ်တံခါးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ကောင်းကင်တွင် လူတစ်စု ပေါ်ပေါက်လာပြီး ဦးဆောင်လာသူ၏ လက်ထဲတွင် ကိုင်ဆောင်ထားသည်မှာ ရန်ဟောင်အဆင့်လက်နက် ခရမ်းရင့်ကောင်းကင်နတ်တူ ဖြစ်ပေသည်။ နတ်တူသည် အလွန် ကြီးမားလှ၏။ ၎င်းထံမှ အဆုံးမဲ့ နတ်မိုးကြိုးများ ကျဆင်းလာနေသည်မှာ ကမ္ဘာပျက်အလင်းများကဲ့သို့ပင် ဖြစ်သည်။
နောက်ထပ် အခြားနေရာမှ နတ်ဆိုးချီအငွေ့အသက်များ လွင့်ပျံလာပြီး ယင်းကျောင်းတောင်မှ နတ်ဆိုးတန်ခိုးရှင်များ ရောက်ရှိလာသည်။ ယခုတွင် အလွန် များပြားလှသော အင်အားစုများ ပေါင်းစည်း၍ ကောင်းကင်နတ်တံခါးကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်နတ်တံခါးသို့ ရောက်လာနေကြသည်။ ပုံမှန်အားဖြင့် ယင်းကျောင်းတောင်က ဤအရှုပ်အထွေး၌ ဝင်ပါလိမ့်မည်တော့ မဟုတ်ပေ။ သူတို့က ရီဖူရှင်းနှင့် ရန်ငြိုးရှိသော်လည်း သူတို့က သူနှင့် အမုန်းတရားမနက်ရှိုင်းသည့်အတွက် ဤအရေး၌ ဝင်ပါလိမ့်မည် မဟုတ်ပေ။
သို့သော် ခရမ်းရွှေကြွက်ကလန်ကတော့ ပါဝင်လိမ့်မည် ဖြစ်သည့်အတွက် ယင်းကျောင်းတောင်သည်လည်း ဤအခွင့်အရေးအား လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ ယနေ့အခါတွင် ယင်းကျောင်းတောင်သည် ထိပ်သီးအင်အားစုများကြား၌ အားနည်းလာနေသည်။ ခရမ်းရွှေကြွက်ကလန်က ဤအခွင့်အရေး၌ ကျော်ကြားသွားခဲ့လျှင် ယင်းကျောင်းတောင်အတွက် အလွန် အရှက်ရဖွယ် အခြေအနေ ဖြစ်လာရပေလိမ့်မည်။
ထို့ကြောင့် သူတို့က သူတို့၏ အနာဂတ်အတွက် ဤတိုက်ပွဲကို ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
ထပ်ပေါင်းဆိုရလျှင် ဤအင်အားစုများက ပါဝင်ရန်အသင့်ဖြစ်နေပြီး များပြားလှသည့် ထိပ်သီးပုဂ္ဂိုလ်များသည်လည်း ဟောက်ထျန်းမြို့သို့ ရောက်လာနေကြ၏။ သူတို့ထဲမှ အများစုမှာ တိုက်ပွဲကို စောင့်ကြည့်ရန်သာ ဖြစ်သည်။ ဤတိုက်ပွဲသည် ထိပ်သီးအင်အားစုများ၏ သေခြင်းရှင်ခြင်းနှင့် တိုက်ရိုက် ပတ်သက်နေကာ ဤ ထိပ်တန်းအဆင့် စစ်ပွဲက ကောင်းကင်အာဏာစက်ဘုံ၏ အနာဂတ်အရေးကို တိုက်ရိုက်သက်ရောက်မှု ရှိလာစေလိမ့်မည် ဖြစ်သည်။
နောက်ဆုံးတွင် ထောင်ချီနတ်တောင်မှ တန်ခိုးရှင်များနှင့် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များသည် ဝင်မပါရန် ဆုံးဖြတ်ခဲ့သော်လည်း လာရောက် ကြည့်ရှုကြပေသည်။ သူတို့သည် ထိုသို့သော အင်အားအစုအဖွဲ့ကို မြင်သည့်အခါ အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤအခြေအနေမှနေ၍ သူတို့သည် ဤတစ်ကြိမ်၌ ရှင်သန်နိုင်ရန် ခက်ခဲမည်ကို ပြောနိုင်ကြပေသည်။ ကောင်းကင်နတ်တံခါးဂိုဏ်းသည် သူတို့၏ အောင်မြင်သော နေ့ရက်များကို ပြန်မရနိုင်မီ သုတ်သင်ခံရတော့မည်လား။
နတ်ဆင်ကလန်မှ တန်ခိုးရှင်များသည်လည်း ရောက်ရှိလာကြပြီ ဖြစ်သည်။ ကောင်းကင်ထက်တွင် နတ်ဆင်အင်ပါယာသည် ကိုယ်တိုင်ရောက်ရှိလာကာ ကောင်းကင်အောက်ဘက်သို့ ငုံ့ကြည့်နေသည်။ ရီဖူရှင်းက နတ်ဆင်ကလန်၏ အမွေအနှစ်ကို ဆက်ခံခဲ့သော်လည်း သူတို့က ဤအရှုပ်အထွေး၌ တိုက်ရိုက်ပါဝင်ပတ်သက်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ရီဖူရှင်း အန္တရာယ်ကျရောက်လာပါက သူတို့က သူ့အား ကူညီမည် ဖြစ်သည်။
ထို့ပြင် ဤတိုက်ပွဲ၌ ကောင်းကင်နတ်တံခါးတွင် ဝှက်ဖဲအချို့ ရှိနေသင့်သည်။
ဖျက်ဆီးခြင်းစွမ်းအားများက ပေါ်ပေါက်လာသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများရှိနေရာ အထက်ကောင်းကင်တွင် ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင် စုတ်တံကို မြှောက်ကာ ကောင်းကင်၌ စုတ်ချက်များ ရေးဆွဲလိုက်သည်။ မိုးကုပ်စက်ဝိုင်းသည် နှစ်ခြမ်းကွဲသွားကာ သတ်ဖြတ်ခြင်း အလင်းတန်းများက ကောင်းကင်မှ ကျဆင်းလာပြီး ကောင်းကင်နတ်တံခါးမှ လူများ ရှိနေရာသို့ တိုးဝင်သွားခဲ့သည်။ စုတ်ချက်တစ်ခုသည်ပင် ကောင်းကင်နတ်တံခါးကို ဖျက်ဆီးပစ်နိုင်တော့မယောင် ထင်မှတ်ရပေသည်။
သူက တွေဝေတုံ့ဆိုင်းခြင်းမရှိ အားအကောင်းဆုံး တိုက်ခိုက်မှုအား ဖော်ထုတ်ခဲ့သည်။ ဖျက်ဆီးခြင်းစွမ်းအားက ရှန့်ထိုအဆင့် တန်ခိုးရှင်များ တောင့်ခံနိုင်ခြင်း မရှိရလောက်အောင် ပြင်းထန်လှသည်။ စစ်ပွဲ စတင်လိုက်ကတည်းက သူတို့သည် မည်သည့် ထောက်ထားညှာတာမှုမှ မပြသခဲ့ဘဲ ကောင်းကင်နတ်တံခါးကို အမြစ်မှ ဆွဲလှန်ပစ်ချင်နေပေသည်။
ဘုန်း! ထိုအချိန်တွင် အဆုံးမဲ့ တောက်ပနေသော ဝင်္ကပါတစ်ခုက ကောင်းကင်နတ်တံခါးမှ တဖြည်းဖြည်း မြင့်တက် ထွက်ပေါ်လာခဲ့သည်။ အဆုံးမဲ့ ကျယ်ပြောသည့် ကောင်းကင်နတ်တံခါးမှ အနှိုင်းမဲ့ နတ်အလင်းများ ပေါက်ကွဲထွက်လာသည်။ ကောင်းကင်နတ်တံခါး ထိပ်ဖျား၌ ပြီးပြည့်စုံသည့် နတ်ဝင်္ကပါတစ်ခု နိုးထလာကာ ကောင်းကင်နတ်တံခါးအထက်တွင် လှည့်ပတ်နေခဲ့သည်။
“ကျွယ်ရှန်းဝင်္ကပါ”
ထို မြင်ကွင်းသည် အားလုံးသော တန်ခိုးရှင်များကို အံ့အားသင့်သွားစေခဲ့သည်။ ဤသည်က ကျွယ်ရှန်းအစီအရင်မှ ပြောင်းလဲ ဖြစ်တည်လာသော ကျွယ်ရှန်းဝင်္ကပါ ဖြစ်ကာ ကောင်းကင်နတ်တံခါး၏ အဆုံးအစမဲ့ နေရာတစ်ခုလုံးကို လွှမ်းခြုံထားလိုက်ပေသည်။ ကောင်းကင်နတ်တံခါး၏ ကံစွမ်းအားများနှင့် မဟာလမ်းစဉ် စွမ်းအားများသည် ဝင်္ကပါအတွင်း စုပ်ယူခံလိုက်ရကာ ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ်အရှိန်အဝါများသည်ပင် အရှိန်အဟုန်ဖြင့် ဆွဲယူခံနေရကာ အရာအားလုံးသည် ကျွယ်ရှန်းဝင်္ကပါ၏ စုပ်ယူဝါးမျိုခြင်းကို ခံနေကြရပေသည်။
“ဒီဟာက ဂူထျန်းရှင်း ထားရစ်ခဲ့တာလား”
လူအများထံ၌ အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။ ထိုသည်က ဂူထျန်းရှင်း၏ စွမ်းရည်ဖြစ်ကာ ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်တို့၏ စွမ်းရည်မဟုတ်ခဲ့ပေ။
ထိုသည်ကလည်း ဂူထျန်းရှင်း ကြိုတင်စီစဉ်ပေးခဲ့ခြင်း ဖြစ်နိုင်သလား။
ဘုန်း…
ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး ဟောက်ထျန်းမြို့မှ မရေတွက်နိုင်သော လူများ၏ နှလုံးသားများက လျင်မြန်စွာ ခုန်ပေါက်လာကာ သူတို့၏ သွေးကြောထဲမှ သွေးများသည်လည်း အော်မြည်နေခဲ့သည်။ မိုးကြိုးများက ကောင်းကင်တွင် လှည့်ပတ်နေကာ ကောင်းကင်နတ်တံခါး၏ အထက် ကောင်းကင်၌ နတ်ဘုရားပြစ်ဒဏ် မိုးကြိုးမုန်တိုင်းတို့ ပေါ်ပေါက်လာသည်။ ယင်းသည် ကမ္ဘာဖျက်မိုးကြိုးဝင်္ကပါနှင့် လွှမ်းမိုးထားခြင်း ခံရပေသည်။
အခြားတစ်ဖက်တွင် ယင်းကျောင်းတောင်မှ နတ်လှံများ ထွက်ပေါ်လာကာ တစ်ချက်တည်းနှင့် ကောင်းကင်ကို ထိုးခွဲလိုက်သည်။ မရေတွက်နိုင်သည့် လှံအလင်းတန်းများက ကောင်းကင်ကို ထိုးဖောက်ကာ အောက်သို့ ပြန်လည်ကျဆင်းလာသည်။
ကောင်းကင်နတ်တံခါးရှေ့ အောက်ဘက်မြေပြင်တွင် တုန်ခါသည့် အသံ ထွက်ပေါ်လာကာ မြေပြင်၌ အက်ကွဲရာများ ပေါ်ပေါက်လာသည်။ မြေအောက်မှ များပြားလှသော ပုံရိပ်များ လှုပ်ရှားလာကာ နတ်အလင်းရောင် ခပ်ဖျော့ဖျော့ လင်းလဲ့နေခဲ့သည်။
ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များက စဉ်းစားတွေးတောနေကြသည်။ ထိုကြွက်တန်ခိုးရှင်များသည် မြေပြင်ကို ဖြတ်သန်းကာ လျှောက်လာကြပြီး ကောင်းကင်နတ်တံခါး အတွင်းပိုင်းကို တိုက်ရိုက်ဖျက်ဆီးပစ်ချင်နေခဲ့သည်။
အင်အားစုလေးခုမှ တန်ခိုးရှင်များသည် တစ်ချိန်တည်း တစ်ပြိုင်တည်း လှုပ်ရှားလာကြကာ ရုတ်တရက် ကောင်းကင်နတ်တံခါးတစ်ခုလုံးကို လွှမ်းမိုးထားလိုက်ကြသည်။
ကျွယ်ရှန်းဝင်္ကပါသည် မဟာလမ်းစဉ် ကံစွမ်းအားများကို ဝါးမျိုနေပြီး ကောင်းကင်နတ်တံခါးကို လှည့်ပတ်နေသည်။ လူတိုင်းသည် ကျွယ်ရှန်းဝင်္ကပါထက်တွင် ရပ်နေသကဲ့သို့ ထင်မှတ်ရကာ ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်တို့က ဝင်္ကပါ၏ အလယ်တွင် ရပ်နေကြပေသည်။
ဘုန်း…
မရေတွက်နိုင်သည့် နတ်တစ္ဆေတို့က သူတို့၏ ခန္ဓာကိုယ်များအနီး လှည့်ပတ်နေသည်။ ကျန်းချန်ကျီသည် ကျွယ်ရှန်းဝင်္ကပါ၏ လှည့်ပတ်မှုနှင့် ဆန့်ကျင်ကာ လက်ကို မြှောက်လိုက်ပြီး ကောင်းကင်သို့ တိုက်ခိုက်မှု ဖော်ထုတ်လိုက်သည်။ ကျယ်လောင်သည့် အော်မြည်သံက ကောင်းကင်နှင့် မြေကြီးအကြား ထွက်ပေါ်လာကာ များပြားလှသည့် လက်ဝါးရိပ်များက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များထံ ရိုက်ခတ်သွားခဲ့သည်။
ဟွားကျန့်ရှန်သည်လည်း စတင်လှုပ်ရှားခဲ့သည်။ သူက လေထဲသို့ ခြေချလိုက်ကာ သူ၏ ခန္ဓာမှ အသက်ဓာတ်က ဆက်လက် မြင့်တက်နေကာ အားကောင်းလာပေသည်။
ဝမ်ကလန်၏ ခေါင်းဆောင်ကလည်း လှုပ်ရှားလိုက်သည်။ သူ့အနီးတွင် နတ်အလင်းများက တောက်ပနေသည်။ သူက လက်နှစ်ဖက်နှင့် လက်ဝါးရိပ်ကို ထုတ်ဖော်ကာ ဟစ်ကြွေးလိုက်သည်။ ဝင်္ကပါထဲတွင် သိန်းသန်းချီသည့် နတ်ဓားများ ပေါ်ပေါက်လာကာ ကောင်းကင်ကို ထိုးဖောက်သွားခဲ့၏။ တစ်ချိန်တည်းမှာပင် အချို့သော နတ်ဓားများက ကောင်းကင်နတ်တံခါးရှေ့တွင် ပျံဝဲနေပြီးနောက် အောက်သို့ ကျဆင်းလာပေသည်။ ယင်းတို့သည် မြေပြင်သို့ အပြင်းအထန် ထိုးဆင်းသွားကာ မြေအောက်ရှိ ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များကို ထိုးစိုက်လိုက်သည်။
ရုတ်ခြည်းပင် ကြီးကျယ်ခမ်းနားသည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ထိုတိုက်ပွဲ၌ ပါဝင်သူများမှာ ထိပ်သီးပုဂ္ဂိုလ်များပင် ဖြစ်သည်။ ဤသို့ တိုက်ပွဲ အဆင့်မျိုးတွင် အခြားသူများ ပါဝင်ရန်ခက်ခဲပေလိမ့်မည်။ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်ပင်လျှင် ပါဝင်နိုင်သည့်ဆိုရုံမျှသာ ရှိရာ ရှန့်ထိုအဆင့် တန်ခိုးရှင်များအတွက် ပါဝင်ရန်မဆိုထားနှင့် ဘေး၌ ရပ်နေရန်ပင် အဆင့်မီလိမ့်မည် မဟုတ်ပေ။ သူတို့က ဝင်ပါမိခဲ့လျှင် ချက်ချင်းပင် သေဆုံးသွားကြရပေလိမ့်မည်။
“ဝင်္ကပါ အသက်သွင်းလိုက်တော့” နတ်အလင်းများဖြင့် လွှမ်းခြုံခံထားရသော ကျန်းချန်ကျီက ကောင်းကင်အောက်သို့ ကြည့်ကာ ပြောလိုက်သည်။ လူအများထံ၌ အံ့အားသင့်မှုများ ပေါ်ပေါက်လာသည်။ ဝင်္ကပါအား အသက်သွင်းမည်ဟု ပြောနေသည်လား။
သူတို့က ကျွယ်ရှန်းဝင်္ကပါကို အသက်သွင်းပြီးသား မဟုတ်သည်လား။
သို့တည်းမဟုတ် ကောင်းကင်နတ်တံခါးဂိုဏ်းက ထပ်၍ အသက်သွင်းချင်နေသော နောက်ထပ် ဝင်္ကပါတစ်ခု ရှိနေသည်လား။
***